News @ M-Media

Author: YinYin

  • နိုဝင်ဘာ ၁၂၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၁၂၊ အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media

    ကမ္ဘာ့ဖလား လုံခြုံရေးနှင့် ပက်သက်ပြီး သြစတေးလျစိုးရိမ်

    Untitled
    လာမည့်နှစ်တွင် ဘရာဇီးနိုင်ငံတွင်ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ လုံခြုံရေးနှင့်ပက်သက်၍ စိုးရိမ်မိပြီး၊ ထိုကိစ္စအား ဆောင်ရွက်ရန်မှာ ဘရာဇီးလ်နိုင်ငံ အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာမည်ဟု သြစတေးလျ ဘောလုံးအဖွဲ့ချုပ်၏ တာဝန်ရှိသူများက ယနေ့တွင် ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် တစ်ပါတ်က မြို့တော် ရီယိုဒီဂျနေရိုးတွင် ကျင်းပြုလုပ်ရန် စီစဉ်ထားသည့် Soccerex ကမ္ဘာ့ ဘောလုံးညီလာခံကို နိုင်ငံအတွင်းမငြိမ်သက်မှုများကြောင့် ဖျက်သိမ်းရန် အစိုးရက ဆုံးဖြတ်ပြီးနောက်ပိုင်း၊ ၂၀၁၄ ဇွန်လတွင် ပြုလုပ်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲအား ဘရာဇီးလ်အနေဖြင့် ဘေးကင်းစွာ ကျင်းပနိုင်မည့်စွမ်းရည်နှင့် ပက်သက်ပြီး စိုးရိမ်စိတ်မှာ မြင့်တက်လာခဲ့သည်။

    နိုင်ငံ၏ မြို့တော် ရီယိုဒီဂျနေရိုးနှင့် ဆော်ပေါ်လိုမြို့များတွင် အစိုးရ၏ ချစားမှုများနှင့် ၂၀၁၄ ကမ္ဘာ့ဖလားနှင့် ၂၀၁၆ အိုလံပစ်ပြိုင်ပွဲများ ကျင်းပရန်အတွက် ဒေါ်လာ သန်း သောင်းချီသုံးစွဲမှုများအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများမှာ ပြီးခဲ့သည့် လအနည်းငယ်မှစ၍ မကြာခဏဖြစ်ပေါ်နေသည်။

    ထို့ကြောင့် တစ်လတာကြာမြင့်မည့် ပြိုင်ပွဲကာလအတွင်း လာရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးသမားများ၏ ဘေးကင်းလုံခြုံမှုအတွက် စီစဉ်ထားရှိသော လုံခြုံရေး အစီအမံများအပေါ် သြစတေးလျအစိုးရအနေဖြင့် စိုးရိမ်နေကြောင်း သြစတေးလျ ဘောလုံးအဖွဲ့ချုပ်၏ အကြီးအကဲ ဒေးဗစ်ဂါလော့ပ်က ၀န်ခံပြောကြားခဲ့သည်။

    Channelnewsasia
    _______________________

    လီဗာပူးလ်တွင် ကစားခဲ့သည့်တစ်လျှောက် ယခုအချိန်မှာ အသင်း၏ အကောင်းဆုံးအချိန်ဖြစ်သည့်ဟု ဂျွန်ဆင်ဆို


    ၂၀၀၉ ခုနှစ်က လီဗာပူးလ်အသင်းသို့ပြောင်းရွှေ့လာကတည်းက အသင်း၏ ကစားပုံမှာ ယခုအချိန်တွင် အကောင်းဆုံးဖြစ်နေသည်ဟု အင်္ဂလက်ရွေးစင် နောက်ခံလူ ဂလင်းဂျွန်ဆင်က ပြောကြားလိုက်သည်။

    ထိုပြင် အသင်းအနေဖြင့် အရည်အသွေးကောင်းများဖြင့်ပြည်ဝနေပြီး အာဆင်နယ်နှင့်ပွဲတွင် တွေ့ခဲ့ရသည့်အရှုံးမှ ပြန်လည်ခေါင်းထောင်လာနိုင်သည့် အသင်း၏ စွမ်းရည်အား ချီးကျူးပြောဆိုခဲ့သည်။

    “အရင်တုန်းက ကျွန်တော်တို့မှာ ကစားသမားကောင်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လူစာရင်းနဲ့ ပွဲထွက်ကစားသမား ၁၁ ယောက်ကတော့ ကျွန်တော်အသင်းမှာ စကစား ခဲ့တဲ့ သက်တမ်းတစ်လျှောက် အခုအချိန်ဟာ အကောင်းဆုံးပဲလို့ ကျွန်တော်ထင်ပါတယ်” ဟု ဂျွန်ဆင်၏ ပြောကြားမှုကို အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

    ဂျွန်ဆင်မှာ လီဗာပူးလ်အသင်းသို့ရောက်ရှိပြီးနောက် လေးနှစ်တာကာလအတွင်း နည်းပြလေးဦး၏လက်အောက်တွင် ကစားခဲ့ရသော ကစားသမားတစ်ဦးဖြစ်သည်။

    လီဗာပူးလ်အသင်းမှာ ပြီးခဲ့သည့် စနေနေ့က ဖူလ်ဟမ်အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားတွင် ဦးဆောင်သူ အာဆင်နယ်အသင်းထက် နှစ်မှတ် လျော့ဖြင့် ဒုတိယနေရာတွင်ရှိနေသည်။

    Goal
    _______________________

    ATP World Tour Finals ချန်ပီယံဘွဲ့အား ဂျိုကိုဗစ်ကာကွယ်


    လန်ဒန်တွင် ကျင်းပခဲ့သည့် ယခုနှစ် ATP ရာသီပိတ်တင်းနစ်ပြိုင်ပွဲတစ်ခုဖြစ်သည့် ATP World Tour Finals တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပ်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က စပိန်တင်းနစ်သမား ရာဖေးလ် နာဒယ်အား အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    လက်ရှိ ကမ္ဘာ့အဆင် ၂ ရှိ ဂျိုကိုဗစ်မှာ လက်ရှိချန်ပီယံလည်းဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ နာဒယ်အား ၆-၃၊ ၆-၄ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ကာ ချန်ပီယံဘွဲ့ကို ကာကွယ် နိုင်ခဲ့သည်။

    ယခုပွဲဗိုလ်စွဲနိုင်ခဲ့မှုမှာ ဂျိုကိုဗစ်၏ ကစားသမားသက်တမ်း ၂၂ ခုမြောက်အောင်ပွဲ ဖြစ်ပြီး၊ ဘေဂျင်း၊ ရှန်ဟိုင်းနှင့် ပဲရစ်အိုးပင်းတို့တွင် ဗိုလ်စွဲခဲ့ပြီးနောက် ယခုနှစ်အတွင်း ပြိုင်ပွဲလေးခုအား ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    “တင်းနစ်ကွင်းထဲမှာတော့ ကျွန်တော်တို့တစ်ယောက်တည်းကစားနေတာကို ခင်ဗျားတို့မြင်ရမှာပါ။ ဒါပေမယ့် တကယ့်အောင်မြင်မှုက ကျွန်တော်တို့နောက်ကွယ်မှာ ရှိတဲ့(အသင်းက) လူတွေဆီကလာတာပါ” ဟု ဂျိုကိုဗစ်က နည်းပြအဖွဲ့၏ အရေးပါမှုကို ပွဲအပြီးတွင်ပြောကြားသွားခဲ့သည်။

    Skysports
    _______________________

    တားမြစ်ဆေးပြဿနာကြောင့် စပိန်တင်းနစ်မယ်တစ်ဦး ၂ နှစ်ပွဲပယ်ပြစ်ဒဏ်ခံရ

    စပိန်အမျိုးသမီးတင်းနစ်မယ်တစ်ဦးဖြစ်သူ နူရီယာ လာဂိုစ်တီရာ ဗိုက်စ်မှာ တားမြစ်ဆေးဝါးပြဿနာကြောင့် တင်းနစ်ကစားခွင့် ၂ နှစ် ပိတ်ပင်ခံခဲ့ရသည်ဟု သိရသည်။

    အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သည့် နူရီယာမှာ ပြီးခဲ့သည့် ဂျူလိုင်လက အမေရိကန်ပြည်ထောင်စု စတန်းဖို့ဒ်တွင် ကျင်းပပြုလုပ်ခဲ့သော Bank of the West Classic တင်းနစ်ပြိုင်ပွဲတွင် တားမြစ်ဆေးဝါးတစ်ခုဖြစ်သည့် d-methamphetamine သုံးစွဲကြောင်း တွေ့ရှိရ၍ ယခုကဲ့သို့ ကစားခွင့်ပိတ်ပင်ခံခဲ့ရခြင်းဖြစ်သည်။

    နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်မှ ထုတ်ပြန်သောအစီရင်ခံစာတွင် လွတ်လပ်သောကြားနာမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး၊ ထိုကြားနားမှုတွင် နူရီယာ အနေဖြင့် ၎င်း၏ ခန္ဓာကိုယ် ထဲသို့ d-methamphetamine ဆေးဝါး မည်ကဲ့သို့ ၀င်ရောက်ခဲ့သည်ကို ရှင်းမပြနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့သည်။

    Skysports
    _______________________

  • မွတ်စလင်မ်အမျိုးသမီး ညီလာခံ ရုရှားတွင်ပြုလုပ်

    မွတ်စလင်မ်အမျိုးသမီး ညီလာခံ ရုရှားတွင်ပြုလုပ်

    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media

    conf_muslimat_saratov

    “The role of women in modern society” ဟု အမည်ရသည့် မွတ်စလင်မ် အမျိုးသမီးညီလာခံတစ်ခုကို ရုရှားနိုင်ငံ အနောက်ပိုင်း Saratov Oblast ပြည်နယ် Saratov မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။

    ထိုညီလာခံအား Saratov မြို့အခြေစိုက် မွတ်စလင်မ် အမျိုးသမီးအဖွဲ့အစည်း Rodnik က ရုရှားမွဖ်သီကောင်စီနှင့် ရုရှားမွတ်စလင်မ်အမျိုးသမီး အစည်းအရုံးတို့၏ ကူညီမှုဖြင့် စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။

    ညီလာခံသို့ မော်စကို၊ တာတာစတန်၊ ဒါဂီစတန်၊ ဘရှ်ကော့တ်တိုစတန် စသည့် ပြည်နယ်များနှင့် ရုရှားနိုင်ငံတစ်ဝှမ်းမှ မွတ်စလင်မ်အမျိုးသမီး ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး၊ ယခုလက်ရှိအခြေအနေများ၊ ကလေးငယ်များအား ပြုစုပျိုထောင်းခြင်း၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးကိစ္စရပ်များအပါအ၀င်၊ အလှူဒါနပြုလုပ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြပြီး ၎င်းတို့ ကြုံတွေရသော အတွေ့အကြုံများကိုလည်း မျှဝေခဲ့ကြသည်။

    အစ္စလာမ်ဘာသာမှာ ရုရှားနိုင်ငံတွင် ခရစ်ယာန်ဘာသာပြီးနောက် ကိုးကွယ်ယုံကြည်မှုအများဆုံး အယူဝါဒတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံတစ်ဝှမ်းတွင် အစ္စလာမ်နှင့်ပက်သက်သည့် ရှေးဟောင်းအမွေအနှစ်များစွာရှိနေကာ ရုရှား လူဦးရေ၏ ၁၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။

    Ref : Islam RU

  • သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Centre) ရန်ကုန်တွင် ဖွင့်တော့မည်

    သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Centre) ရန်ကုန်တွင် ဖွင့်တော့မည်

    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    လမင်းဖြူ

    တရုတ်ပြည်ရှိ Day Care Center တစ်ခု၏ ၂၀၁၀-ခု ဇူလိုင်လက ဓါတ်ပုံဖြစ်ပါသည်။
    တရုတ်ပြည်ရှိ Day Care Center တစ်ခု၏ ၂၀၁၀-ခု ဇူလိုင်လက ဓါတ်ပုံဖြစ်ပါသည်။

    ရန်ကုန် ။        ။        သက်ကြီးရွယ်အိုများအား နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Center for the Aged)ကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် မကြာခင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

    မကြာခင်ဖွင့်လှစ်တော့မည့် အဆိုပါ Day Care Centre တွင် ကမ္ပည်းမော်ကွန်း၊ ဘုရားခန်း၊ အဘိုးအဘွားများ နားနေခန်း၊ ဆေးပေးခန်း၊ ဧည့်ခန်း၊ ကိုယ်ကာယ လေ့ကျင့်ခန်း၊ အပန်းဖြေနားနေခန်း၊ စာကြည့်ခန်း၊တစ်ကိုယ်ရေသန့်ရှင်းခန်း၊ ကွန်ပျူတာခန်း၊ သီချင်းဆိုခန်း၊ စားသောက်ခန်း၊ ဖွင့်ပွဲကျင်းပမည့်နေရာများနှင့် အစမ်းလေ့ကျင့်မှုများလည်း ပြင်ဆင်လုပ်ဆောင်နေပြီး  ရနက်ုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်တွင် တည်ရှိသည်ဟု သိရသည်။

    အဆိုပါ Day Care Centre ဖွင့်လှစ်ရန် ပြင်ဆင်နေမှုအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ  ဒေါ်မြတ်မြတ်အုန်းခင်မှ နိုဝင်ဘာ ၉-ရက်နေ့က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းလည်း သိရပါသည်။

    သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာသည် တခြားသော နိုင်ငံများတွင် လုပ်ဆောင်သည်များကို လေ့လာ၍ မြန်မာနိုင်ငံတွင် ယခုအခါ ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်သည့် တစ်ခုတည်းသော Day Care Center ဖြစ်ကြောင်းလည်း သိရပါသည်။

  • ဖိလစ်ပိုင်အစိုးရက နိုင်ငံအား အရေးပေါ်အခြေအနေကြေညာ

    ဖိလစ်ပိုင်အစိုးရက နိုင်ငံအား အရေးပေါ်အခြေအနေကြေညာ

    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media

    ဖိလစ်ပိုင်နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးတိုက်ခတ်ခဲ့သည့် တိုင်ဖုန်းဟိုင်ယန်ကြောင့် လူသောင်းချီသေဆုံးခဲ့ပြီးနောက် အစိုးရက နိုင်ငံအား ကပ်ဘေးကျရောက်သည့် အရေးပေါ်အခြေအနေကြေညာလိုက်သည်ဟု သိရသည်။

    မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံစားရပြီး စားဝတ်နေရေးအခက်အခဲများ ကြုံတွေနေရသည့် သန်းချီသောလူများအား အကူအညီများအလျင်အမြန် ဆောင်ရွက်ပေးရန် အတွက် ဖိလစ်ပိုင်သမ္မတ ဘန်အစ်ဂနို အကွီနိုက ယမန်နေ့တွင်အမိန့်ပေးခဲ့ပြီး၊ ဒုက္ခရောက်နေသူများထံ အကူအညီများမြန်မြန်ရောက်ရှိလိမ့်မည်ဟု ကတိပေးခဲ့သည်။

    “တည်တည်ငြိမ်ငြိမ်နေဖို့၊ ဆုတောင်းဖို့နဲ့ ပူပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့ ကျွန်တော်မေတ္တာရပ်ခံလိုပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ဖေးမခြင်းကသာ ဒီကပ်ဆိုး ကနေ လွတ်မြောက်နိုင်ဖို့ ကျွန်တော်တို့ကို ကူညီနိုင်မှာဖြစ်ပါတယ်” ဟု အကွီနိုက ရုပ်မြင်သံကြားမှတစ်ဆင့် ယမန်နေ့ကပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

    အမေရိကန်၊ ဥရောပ၊ နယူးဇီလန်နှင့် သြစတေးလျနိုင်ငံတို့အပါအ၀င် အခြားသောနိုင်ငံများနှင့် အဖွဲ့အစည်းများမှာ မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသများတွင် ကယ်ဆယ်ရေး နှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ယမန်နေ့ကတည်းက ဖိလစ်ပိုင်သို့ လာရောက်နေကြသည်ဟု သိရသည်။

    Ref : Aljazeera

  • နိုဝင်ဘာ ၁၁၊ပြည်တွင်းနှင့် နိုင်ငံတကာ သတင်း စုစည်းမှု

    နိုဝင်ဘာ ၁၁၊ပြည်တွင်းနှင့် နိုင်ငံတကာ သတင်း စုစည်းမှု

    နိုဝင်ဘာ ၁၁၊ ၂၀၁၃
    M-Media

    လက်ထိပ်ဖြင့် ရေနစ်သေဆုံးခဲ့သူ အမျိုးသမီးအတွက် ဖမ်းဆီးထားသည့် ရဲ ၄-ဦးအား ပြန်လွှတ်

    ၂၀၁၃-ခု ဇွန်လအတွင်းက ဧရာဝတီတိုင်း သပြေပင်ကျေးရွာမှ ရွှေ ၁၀-ကျပ်သား ပျောက်ဆုံးမှု သံသယတရားခံအဖြစ် ဖမ်းဆီးအမှုစစ်ဆေးနေစဉ် လက်ထိတ်ခတ် ခံထားရ မသန်းသန်းအေးသည် င၀န်မြစ်အတွင်း ခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သဖြင့် တာဝန်ရှိသည့် ရဲဝန်ထမ်း ၅-ဦးအား ဖမ်းဆီးထားရာမှ ယခုလ ၅-ရက်နေ့က ရဲတပ်ကြပ် ၄-ဦးအား ရာထူးတဆင့်ဆီ လျော့ချ၍ ပြန်လွှတ်ပေးခဲ့ပြီး မသန်းသန်းအေး သေဆုံးမှုတွင် အဓိကတာဝန်ရှိသူ အဖွဲ့ခေါင်းဆောင် အမှုစစ်ဖြစ်သူ ဒုရဲအုပ်ကို သီးသန့်အမိန့်ချမည်ဖြစ်ကြောင်း ဧရာဝတီသတင်းတွင် ဖော်ပြထားပါတယ်။
    _______________________

    မြန်မာအကျဉ်းသားများ လွတ်မြောက်ရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ ကြိုးပမ်းဆောင်ရွက်

    ထိုင်းနိုင်ငံ၏ အစဉ်အလာအရ ထိုင်းဘုရင်နှင့် မိဖုရားတို့၏ မွေးနေ့အခါသမယမှာ ထိုင်းလူမျိုးများအပါအ၀င် ထိုင်းနိုင်ငံတ၀န်းရှိ ပြစ်ဒဏ်အသီးသီးကျခံနေရသူများကို ပြစ်ဒဏ်လျော့ပေါ့ခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းများ ပြုလုပ်လျက်ရှိသည့်အတွက် လာမယ့် ဒီဇင်ဘာ ၅-ရက် မွေးနေ့တွင်လည်း မြန်မာနိုင်ငံသား အကျဉ်းသား များ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးအတွက် ထိုင်းနိုင်ငံဌာနအသီးသီးသို့ ဘန်ကောက်ရှိ မြန်မာနိုင်ငံ သံရုံးမှ အကြောင်းကြား မေတ္တာရပ်ခံထားကြောင်း RFA သတင်း ဖော်ပြချက်မှ သိရှိရပါတယ်။
    ______________________

    ကျပ် ခြောက်ဘီလျံဖိုး လက်နက်များ ၀ယ်ယူမည့် ပြည်ထဲရေးဌာန

    မြန်မာ ကျပ် ခြောက်ဘီလျံ တန်ဖိုးရှိသည့် နည်းပညာမြင့် လက်နက်များကို ပြည်ထဲရေးဝန်ကြီးဌာနက ၀ယ်ယူနေပြီး နယ်စပ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များအား အဆိုပါ လက်နက်များကို တပ်ဆင် ပေးအပ်သွားမည်ဖြစ်ကြောင်း ဧရာဝတီသတင်းဖော်ပြချက်အရ သိရပါတယ်။
    ______________________

    အီရန် ဒုဝန်ကြီးတစ်ဦး တီဟီရန်တွင် လုပ်ကြံခံရ

    အီရန်နိုင်ငံ၏ စက်မှုလက်မှုဝန်ကြီးဌာနမှ ဒုဝန်ကြီးတစ်ဦးမှာ အမည်မသိ သေနတ်သမားတစ်ဦး၏ လုပ်ကြံခြင်းကို ခံခဲ့ရသည်ဟု အီရန်နိုင်ငံပိုင် သတင်းဌာန IRNA က ဖော်ပြခဲ့သည်။

    သတ္ထုတွင်းနှင့် ကုန်သွယ်ရေးဝန်ကြီးလည်းဖြစ်သူ ဆက်ဖ်ဒါရ် ရဟ်မတ်အာဘာဒီမှာ အီရန်မြို့အရှေ့ဘက်ပိုင်းတွင် ယမန်နေ့ ည ၇ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ ရခြင်းဖြစ်ပြီး ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ထိမှန်ခဲ့သည်ဟု သိရသည်။

    ကျည်ဆံခွံအား ၎င်း၏ ကားအတွင်းတွင်တွေ့ရှိခဲ့ရပြီး ကား၏ မှန်များမှာလည်း အကောင်းပကတိအတိုင်းရှိနေသောကြောင့် လူသတ်သမားမှာ ၀န်ကြီး၏ကားနှင့် အတူ လိုက်ပါသွားသောသူဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ထိုလူသတ်မှုအား ဆက်လက်စုံစမ်းနေပြီး မည်သည့်အဖွဲ့အစည်းကမှ ယခုအချိန်အထိ တာဝန်ယူမှုမရှိသေးဟု ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း နိုင်ငံအနောက်တောင်ပိုင်း ပါကစ္စတန်နယ်စပ်ရှိ မြို့တစ်မြို့တွင် အီရန်တရားသူကြီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသေးသည်။

    Ref : Aljazeera

    ___________________
    ပြုပြင်ပြောင်းလဲလုပ်ငန်းများလုပ်ဆောင်ရန် တရုတ်ကွန်မြူနစ်ပါတီပြင်ဆင်

    နိုင်ငံမှာ နှစ်ပေါင်း ၃၀ ကြာ လျင်မြန်စွာတိုးတက်လာခဲ့ပြီးနောက် ထိုတိုးတက်မှုအား ထိန်းထားနိုင်ရန် ကြိုးပမ်းရန်အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရန်နှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို မည်ကဲ့သို့အကောင်အထည်ဖော်မည်ကို ဆွေးနွေးရန် ၄ ရက်ကြာအစည်းအဝေး တစ်ရပ်ကို တရုတ် ခေါင်းဆောင် များက ပြုလုပ်ခဲ့ကြသည်ဟုသိရသည်။

    ထိုအစည်းအဝေးအား ဘေဂျင်းမြို့အနောက်ဘက်ရှိ ဆိုဗီယက်ခေတ် အဆောက်အဦးတစ်ခုတွင် လုံခြုံရေးတင်းကျပ်စွာဖြင့် စနေနေ့ကတည်းက စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး၊ ပြီးခဲ့သည့် မတ်လကမှ အာဏာလွှဲပြောင်းရယူ ထားသည့် တရုတ်ခေါင်းဆောင်သစ်အနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်ရန် မည်မျှ စိတ် ထက်သန်မှုရှိသည်ကို ထိုအစည်းအဝေးမှ တွေ့မြင်ရမည်ဖြစ်သည်။

    ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏စီးပွားရေးမှာ လိုအပ်သည်ထက်ပိုထုတ်နိုင်စွမ်းများခြင်း၊ အကြွေးများထူပြောခြင်းနှင့် နေအိမ်ဈေးများ အဆမတန်မြင့်တက်ခြင်း စသည့် ၀န်ထုန်ဝန်ပိုးများကြောင့် အကြပ်အတည်းများတွေ့နေရေပြီး တရုတ်သမ္မတ ဇီဂျင်းပင်နှင့် ၀န်ကြီးချုပ် လီ ကက်ရှန် တို့အနေဖြင့် တိုးတက်မှုများအား ထိန်းကြောင်းနိုင်မည့် အစီအစဉ်တစ်ခုအား ပြုလုပ်ပေးရမည်ဖြစ်သည်။

    အစည်းအဝေးပြုလုပ်နေစဉ်အတွင်း သတင်းအနည်းငယ်ကိုသာ ထုတ်ပြန်သွားမည်ဖြစ်မည်ဖြစ်ပြီး၊ ပြုပြင်ပြောင်းလဲရေးနှင့်ပက်သက်သည့် ဆွေးနွေးမှုများကို ထိုအစည်း အဝေးတွင် ဆွေးနွေးနေသည်ဟု ဇင်ဟွာ သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    Ref : Aljazeera

    ___________________
    ငြိမ်းချမ်းရေးကိစ္စအတွက်ဆွေးနွေးရန် ဆီးရီးယားအတိုက်အခံများ သဘောတူ

    ဂျီနီဗာတွင်ပြုလုပ်မည့် ကမ္ဘာ့နိုင်ငံများ ပါဝင်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ အခြေအနေ တစ်ခုအား လက်ခံပါက ပါဝင်မည်ဟု ဆီးရီးယား အတိုက်အခံများက သဘောတူခဲ့ကြောင်း ဆီးရီးယား အမျိုးသား မဟာမိတ်အဖွဲ့ကထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ၂ နှစ်ခွဲကြာဖြစ်ပွားနေသည့် ပြည်တွင်းစစ်အား ရပ်တန့်ရန်ရည်ရွယ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်မီ အကူးအပြောင်းကာလ အစိုးရဖွဲ့စည်းရေးနှင့် ဆွေးနွေးပွဲမတိုင်မီ ပြုလုပ်ရမည့်ကိစ္စရပ်များကိုလည်း ယနေ့ထုတ်ပြန်သည့် အဆိုပါ ကြေညာချက်တွင်ဖော်ပြထားသည်။

    နိုင်ငံအတွင်း အဓိကလိုအပ်ချက်များကိုလည်း ရေးသားဖော်ပြခဲ့ပြီး ထိုလိုအပ်ချက်များတွင် စစ်တပ်များဝန်းရံထားသော ဒေသများအတွင်း ကယ်ဆယ်ရေးအသင်းအဖွဲ့များ ၀င်ရောက်ရန်အတွက် အာမခံချက်ပေးရန်၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် နိုင်ငံရေး အပြောင်းလဲများကို ပြုလုပ်ပေးမည့် အစည်းအဝေး ကျင်းပရန်ကိုလည်း တောင်းဆိုခဲ့သည်။

    ထို့ပြင် ကြေညာချက်၏ အဓိကအချက်မှာ တိုင်းပြည်၏ အနာဂတ်တွင် ယခုလက်ရှိ ဘာရှာ အလ်-အာဆတ် အစိုးရ အနေဖြင့် လုံဝ ပါဝင် ပတ်သက်ခြင်းမပြုရ ဆိုသည်ကိုလည်း ထည့်သွင်းရေးသားထားသည်။

    Ref : Aljazeera

    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]