News @ M-Media
Author: YinYin
  • တိုင်ဖုန်းဟိုင်ယန်ကြောင့် ဖိလစ်ပိုင်တွင် လူတစ်ရာကျော် သေဆုံး
    တိုင်ဖုန်းဟိုင်ယန်ကြောင့် ဖိလစ်ပိုင်တွင် လူတစ်ရာကျော် သေဆုံး
    နိုဝင်ဘာ ၉၊ ၂၀၁၃
    M-Media
    8b7c4333ff68c6eeaa009157b5127002e3589653
    နိုင်ငံ၏ အလယ်ပိုင်းဒေသတွင် ယမန်နေ့က အပြင်းထန်ဆုံး တိုက်ခတ်သွားသော တိုင်ဖုန်း ဟိုင်ယန်ကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် လူတစ်ရာကျော်သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ယနေ့တွင် ထုတ်ပြန်ခဲ့သည်
    သေဆုံးသူတစ်ရာကျော်မှာ နိုင်ငံရှိအာဏာပိုင်များက မုန်တိုင်းကြောင့် အသေအပျောက် စာရင်းစတင်ကောက်ယူပြီးနောက်ပိုင်း ဖိလစ်ပိုင်မြောက်ပိုင်း Leyte ပြည်နယ် Tacloban မြို့မှ ရရှိသည့် အသအေပျောက်စာရင်းဖြစ်သည်။ ထိုမုန်တိုင်းမှာ ကုန်းတွင်းပိုင်းသို့ ဦးတည်တိုက်ခတ်ခဲ့သည့် မုန်တိုင်းများတွင် ဖိလစ်ပိုင်းသမိုင်း၌ အဆိုးဝါးဆုံးမုန်တိုင်းဖြစ်ခဲ့သည်။
    Tacloban လေဆိပ်မှ မန်နေဂျာက လမ်းမပေါ်တွင်လူများသေဆုံးလျက်ရှိပြီး ၁၀၀ ကျော်ခန့်ရှိကြောင်း၊ ဒဏ်ရာရရသူများမှာလည်း ၁၀၀ ကျော်ခန့်ရှိသည်ဟု သတင်းပေးပို့ခဲ့ကြောင်း ပြည်သူ့လေကြောင်းအရာရှိ ကပ္ပတိန် ဂျွန်အန်ဒရူးက ပြေကြားခဲ့သည်။
    မုန်တိုင်းကြောင့် Tacloban လေဆိပ်မှာပျက်ဆီးခဲ့ပြီး၊ ဒီရေမှာ လေဆိပ်၏ ဒုတိယထပ်အထိ ရောက်ရှိခဲ့သည်။ သစ်ပင်များမှာလည်း ထက်ပိုင်းကျိုးကာ လမ်းများပေါ်တွင် ပိတ်ဆို့လျက်ရှိကြပြီး ဖိလစ်ပိုင်ပြည်သူများမှာ လေဆိပ်အနီးတွင် စုရုံးနေကြကာ ဖိလစ်ပိုင်စစ်တပ်မှ ဝေငှသော အစားအသောက်များနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ရယူနေကြသည်ဟု သိရသည်။
    ထိုမုန်တိုင်းမှာ ယခုအခါအားလျော့သွားပြီး ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်သို့ ယမန်နေ့ ညနေက ရွေးလျားသွားခဲ့ပြီဖြစ်သည်။
    Ref : CNN
  • ဖယောင်းတိုင်မီးထွန်း၍ လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်
    ဖယောင်းတိုင်မီးထွန်း၍ လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်
    နိုဝင်ဘာ ၉၊ ၂၀၁၃
    M-Media
    A.N.Lay
    ရန်ကုန် ။           ။       လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှုအား ကန့်ကွက်ဆန္ဒပြသည့် ဖယောင်းတိုင်မီးထွန်း ကိုင်ဆောင်၍ လမ်းလျှောက်ကာ ဆန္ဒပြ ထုတ်ဖော်မှုတစ်ခုကို မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလ ရပ်ကွက် City Mark ရှေ့တွင် နိုဝင်ဘာ ၈-ရက်နေ့ ညနေ ၆-နာရီတွင် စတင်ပြုလုပ်ခဲ့ပြီး ဆန္ဒထုတ်ဖော်သူ ၂၀၀-ခန့် ပါဝင် ခဲ့ကြသည်။
    “မန္တလေးမြို့မှာလည်း မီတာခ မူလအတိုင်းထားရှိရေးအတွက် နိုဝင်ဘာ ၈-ရက်နေ့ ညနေ ၆း၃၀-အချိန်မှ စ၍ တောင်းဆိုနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော် သမ္မတကြီးကို ယုံကြည်လေးစားချင်ပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုတာကို ပါးစပ်ကနေပဲ ကြွေးကြော်မနေပဲ ပြည်သူတွေအတွက် အခြေခံဖြစ်တဲ့ အခွန်ခ တိုးမြင့်နေခြင်းကို နိုင်ငံတော်သမ္မတအနေနဲ့အရင်ဦးဆုံး လျော့ချပေးဖို့ကို တောင်းဆိုနေခြင်းဖြစ်ပါတယ်။ မီတာခ မြင့်မားလာခြင်းဟာ ကုန်ဈေးနှုန်းကိုလည်း မြင့်မား လာစေတဲ့အတွက် ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုတဲ့ စကားဟာ မီတာခ တိုးမြင့်ခြင်းနဲ့အတူ မကိုက်ညီ နေခြင်းဖြစ်ပါတယ်။ သမ္မတကြီးအနေနဲ့ မီတာခ လျော့ချပေးဖို့ သက်ဆိုင်ရာဌာနသို့ တိုက်တွန်းပေးဖို့ တောင်းဆိုနေခြင်းဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ ဆင်းရဲမှုပပျောက်ရေးဆိုတာ ကျွန်တော်တို့ပြည်သူလူထုက ဆင်းရဲတွင်း ထပ်ပြီးတော့ နက်နေရမှာလား မီတာခတွေကို တိုးမြင့် လိုက်ခြင်းဟာ ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုတဲ့ စကားနဲ့ညီညွတ်လားဆိုတာ ကျွန်တော်တို့ ပြည်သူတွေဟာ ဒီနေ့မှာမေးခွန်းထုတ်စရာဖြစ်လာပါပြီ။ ပြည်သူ့အစိုးရဆိုရင်ပြည်သူ့ အသံကို နားထောင်ပေးပါ။ ကျွန်တော်တို့ ပြည်သူတွေဟာ မီတာခကို မြင့်မားစွာ ပေးဆောင် နေရခြင်းဟာ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရရဲ့လုပ်ဆောင်ချက်မဟုတ်ဘူးလို့ကျွန်တော်တို့ယုံဆပါတယ်။ ကျွန်တော်တို့ ဒီလိုတောင်းဆိုမှုဟာ ပြည်သူတွေနဲ့ သက်ဆိုင် သလို၊ ပြည်သူတွေရွှေးချယ်ထားတဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့လည်း သက်ဆိုင်ပါတယ်”လို့ ဆန္ဒထုတ်ဖော်သူများထဲမှ တစ်ဦးက M-Media ကို ပြောကြားခဲ့ပါသည်။
  • သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် ရာပြည့် စာဖတ်ခန်းဖွင့်မည်
    သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် ရာပြည့် စာဖတ်ခန်းဖွင့်မည်
    နိုဝင်ဘာ ၁၉၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်
    DSCN1201
    ရန်ကုန်  ။         ။              ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် ရာပြည့်စာဖတ်ခန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါသည်။
    လာမည့် ၂၀၁၄-ခုနှစ် ဒီဇင်ဘာလတွင် ကျရောက်မည့် ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်၏ မွေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ဗိုလ်မှူးဘရှင်၏ ဆွေမျိုးများနှင့် တပည့်များမှ ရာပြည့်စာဖတ်ခန်းကို ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
    ရာပြည့်စာဖတ်ခန်းဖွင့်ပွဲအား ၂၀၁၃-ခု နိုဝင်ဘာလ ၁၀-ရက် (တနင်္ဂနွေနေ့) နံနက် ၈း၀၀-နာရီမှ ၁၀း၀၀-နာရီအထိ အမှတ်-၁၇၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တက်ရောက်ချီးမြှင့်ပေးကြရန် ဖိတ်ကြားကြောင်းကိုလည်း သိရှိရပါသည်။
    DSCN1200
  • ၂၀၁၄ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာ
    ၂၀၁၄ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာ
    နိုဝင်ဘာ ၉၊ ၂၀၁၃
    M-Media
    ရေးသားသူ – သီတာလတ်
    ဆွေးနွေးသူ ဆရာ ဦးဝင်းမြင့် (UNFPA)
    ဆွေးနွေးသူ ဆရာ ဦးဝင်းမြင့် (UNFPA)
    *  သန်းခေါင်စာရင်းအကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် ဦးဝင်းမြင့် (UNFPA) MMSY တွင် ဆွေးနွေးခဲ့သည့်အကြောင်းအရာများကို  ပြန်လည် မျှဝေရေးသားခြင်းဖြစ်ပါသည်။ ဆရာဦးဝင်းမြင့် အား ၁၉၆၀ ခုနှစ်တွင် မွေးဖွားခဲ့ပြီး M.E (Com) Statistics နှင့် ဘွဲ့ရရှိကာ M.Dev (Master of Development Studies) ဘွဲ့ကိုပါ ထပ်မံရရှိခဲ့ပါသည်။ Nation Planning and Economics Developemnt (အမျိုသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု) ၀န်ကြီး ဌာနတွင် ၁၉ နှစ်ဝန်းကျင်ခန့်၊ IOM (International Organizational Migration ) အဖွဲ့အစည်းတွင် တစ်နှစ်ဝန်းကျင်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး United Nations Food Programme Association ၏ National Program တွင် Monitoring and Evaluation Officer အဖြစ် လက်ရှိတွင် တာဝန်ထမ်းဆောင်နေပါသည်။လက်ရှိတွင် နိုင်ငံသားတိုင်း သိထားသင့်သည့် ၂၀၁၄ သန်းခေါင်စာရင်းတွင် မည်သို့မည်ပုံကောက်ယူမည်၊ နိုင်ငံတော်အနေနှင့် မည်သည့်အစီအစဉ်များထားရှိသည်တို့ကို ဆရာဦးဝင်းမြင့်မှ “၂၀၁၄ သန်းခေါင်စာရင်း အကြောင်းသိကောင်းစရာ”ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။
    အစိုးရနှင့် UNFPA တို့ ပူးပေါင်း၍ ၄-နှစ်ကျော်ကျော် စီမံကိန်းတစ်ခုဟာ “Population & Housing Census Myanmar 2014’’ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆိုတဲ့စီမံကိန်းပါ။ သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်မှာတစ်ကြိမ်၊ ၁၉၈၃ ခုနှစ်မှာတစ်ကြိမ် ကောက်ခံထားဖူးပါတယ်။ သန်းခေါင်စာရင်းကို ရပ်ကွက်အခေါ်က အိမ်ထောင်စုစာရင်းနဲ့ မှားတတ်ကြတယ်။ လူဦးရေနှင့်သန်းခေါင်စာရင်း Logo လေးကလည်း အဓိပ္ပါယ်ရှိပါတယ်။ ကော်မတီဖွဲ့ပြီး သေချာရွေးချယ်ခဲ့ကြပါတယ်။ “ပြည်သူအားလုံး ပါဝင်ဖို့ သန်းခေါင်စာရင်းကောက်ကြစို့” အားလုံးပါဝင်နိုင်စေဖို့ ဖိတ်ခေါ်ထားပါတယ်။
    ယနေ့ပြောမယ့်အကြောင်းအရာတွေက
    (၁) သန်းခေါင်စာရင်း နောက်ခံသမိုင်း
    (၂) သန်းခေါင်စာရင်း လုပ်ငန်းစဉ်
    (၃) သန်းခေါင်စာရင်း နည်းပညာ
    (၄) အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေ
    (၅) မေးခွန်းလွှာ
    (၆) သန်းခေါင်စာရင်းကောက်ခြင်းမှ ရရှိမည့် ရလဒ်များ
    (၇) ပြည်သူများ၏ အခန်းကဏ္ဍ ဆိုပြီး အပိုင်းလိုက်ပြောပြသွားမှာဖြစ်ပါတယ်။
    (၁) သန်းခေါင်စာရင်း နောက်ခံသမိုင်း
    မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို ဗြိတိသျှလက်အောက်ကျရောက်ခဲ့သော (၁၈၇၂ မှ ၁၉၄၁)ခုနှစ်ထိ ၁၀နှစ်တစ်ကြိမ် ကောက်ယူခဲ့တယ်။ မြန်မာ့လွတ်လပ်ရေးရပြီးနောက်ပိုင်း သန်းခေါင်စာရင်း မကောက်ယူဖြစ်တော့ဘဲ ၁၉၇၃ ခုနှစ်မှာတစ်ကြိမ်၊ ၁၉၈၃ ခုနှစ်မှာတစ်ကြိမ် ကောက်ခံထားဖူးပါတယ်။ ကုလသမဂ္ဂမှ နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းကို ၁၀ နှစ်တစ်ကြိမ်ကောက်ခံရမည် ဟု သတ်မှတ် ပြဌာန်းထားတယ်။ သန်းခေါင်စာရင်းတစ်ကြိမ်ကောက်ယူရန် အနည်းဆုံးအချိန် (၄) နှစ်ယူရတယ်။ ငွေကြေးကုန်ကျမှုအလွန်များတယ်။ လူဦးရေပညာအရ (၁၀)နှစ်ကိုတစ်ကြိမ် လူဦးရေးစာရင်းကောက်ထားလျှင် အဲဒီစာရင်းသည် နောင် (၁၀)နှစ်အတွက် စီမံကိန်းများရေးဆွဲရန် ခိုင်မာသော သတင်းအချက်အလက်များဖြစ်လာတယ်။ ၁၉၈၃ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ခဲ့တယ်။ အဲ့ဒီ ၁၉၈၃ နောက်ပိုင်းမှာ သန်းခေါင်စာရင်း မကောက်နိုင်တော့ဘူး။ ခုနှစ်နောက်ပိုင်း အစိုးရမှ သန်းခေါင်စာရင်း မကောက်တော့ဘဲ နမူနာစစ်တမ်းများ၊ သက်ဆိုင်ရာရုံးများမှ မှတ်တမ်း၊ မှတ်ရာများ အချက်အလက်များကို ယူပါတယ်။ ပြီးတော့လူဦးရေကိုခန့်မှန်းတယ် ၁၉၈၃ကစပြီး မြန်မာနိုင်ငံဟာ အုပ်ချုပ်ရေးဆိုင်ရာ မှတ်တမ်းတွေ နောက် suryey လို့ခေါ်တဲ့စစ်တမ်းတွေ administrative record တွေကပဲလူဦးရေကိုခန့်မှန်းခဲ့ရတယ် တွက်ချက်ခဲ့ရတယ်။
    (၂) သန်းခေါင်စာရင်း လုပ်ငန်းစဉ်
    အဲဒါကြောင့်မို့မြန်မာနိုင်ငံမှာ ၂၀၁၄ကျရင် သန်းခေါင်စာရင်းကောက်ကြမယ်ဆိုပြီး လက်ရှိအစိုးရဦးသိန်းစိန်က ရည်ရွယ်တယ်။ အဲ့ဒီတော့ ဖွံ့ဖြိုးဖို့ကူညီပေးတဲ့အခါတော့ လူပေါ်မူတည်ပြီးအထောက်အပံ့ပေးရတယ်။ ဆိုလိုတာက လူဦးရေတိတိကျကျ မသိဘူးဆိုရင် ဖွံဖြိုးရေးလုပ်ငန်းလုပ်တဲ့နေရာမှာ အရမ်းခက်ခဲတယ်။ ဆိုလိုတာက လူ၁၀၀၀အတွက်ပေးရမယ့်ဟာကို လူ၅၀၀၀အတွက်တွက်တယ။် လူ၅၀၀၀အတွက် ပေးရမယ့်ဟာကို လူ၁၀၀၀အတွက်တွက်တယ်။ ပိုတာလိုတာတွေ အများကြီးရှိတဲ့အတွက် လူဦးရေတိကျဖို့လိုတယ် ဆိုတဲ့အနေအထားမျိုး၇ှိတယ်။ ဘယ်လိုဖြစ်နေလည်းဆိုတော့ လ.ဝ.ကဦးစီးဌာနက ၂၀၁၂မှာလူဦးရေသန်း၆၀ရှိမယ်လို့ ခန့်မှန်းတယ်။ ဒါအစိုးရခန့်မှန်းတာ အဲဒါကိုအစိုးရကပဲ လ၀က၀န်ကြီးဋ္ဌာနက ခန့်မှန်းတဲ့သန်း၆၀ဆိုတဲ့ဟာကို UNက သန်း၅၆သန်းပဲ ခန့်မှန်းတယ်။ အဲ့တော့လေးသန်းလောက်ကွာတယ်။ သန်းခေါင်စာရင်းကောက်ဖို့အတွက် ကုန်ကျစရိတ်ကို တွက်ချက်လိုက်တော့ US$ 58.5 သန်းခန့် ကုန်ကျမယ်။ အဲဒီစရိတ်စကတွေကို အစိုးရတစ်ဦးတည်းလည်း ကုန်ကျမခံနိုင်ဘူး။ UN တစ်ခုတည်းကလည်း ကုန်ကျမခံနိုင်ဘူး။ အဲအတွက် ရန်ပုံငွေရှာရတယ်။ အစိုးရက US$ 15 သန်းထည့်ဝင်ပြီး UNကတော့ US$ 5 သန်းထည့်ဝင်တယ်။ အခြားနိုင်ငံက ဖံွံ့ဖြိုးမှုကို ကူညီပေးနေတဲ့ အလှူရှင်တွေက ကျန်တာ ထည့်ဝင်ကြတယ်။ အားလုံး US$ 62 သန်းခန့် ရရှိထားပြီ။
    (၃) သန်းခေါင်စာရင်း နည်းပညာ
    တကမ္ဘာလုံးမှာသတ်မှတ်ထားတဲ့ သန်းခေါင်စာရင်းကောက်တဲ့အခါ နည်းလမ်း ၂ မျိုးနဲ့ကောက်တယ်။ နေမြဲလူဦးရေကို ကောက်ခြင်းနှင့် တွေ့ရှိတဲ့နေရာမှာ တွေ့ရှိတဲ့လူတွေကို ကောက်ခြင်းဖြစ်တယ်။ ၂၀၁၄ သန်းခေါင်စာရင်းကောက်တဲ့အခါ တွေ့ရှိတဲ့နေရာမှာ တွေ့ရှိတဲ့လူတွေကို ကောက်ခြင်း(de-fato)ဖြစ်တယ်။ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းတွင်ရှိနေသော နိုင်ငံသား၊ နိုင်ငံခြားသားအပါအဝင် အားလုံးသော လူတိုင်းကို ကောက်ယူမယ်။ Census Night ကို ၂၀၁၄ခုနှစ်၊ မတ်လ ၂၉ရက် စနေနေ့ည ၁၂း၀၀ နာရီဟုသတ်မှတ်ထားတယ်။ သန်းခေါင်စာရင်ကောက်ယူမည့် ကြာချိန်ကတော့ တနိုင်ငံလုံးကို မတ်လ ၃၀ရက် ၀၀း၀၀နာရီကစပြီး ဧပြီလ ၁၀ ရက်နေ့အထိ (၁၂) ရက်တိုင်တိုင် ကောက်ယူမယ်။ အဲဒီအချိန် မိမိအိမ်တွင်ရှိနေသော လူအားလုံးကို ရည်ညွန်းပြီး ကောက်ယူမယ်။ ကိုယ့်အိမ်မှာ ဘယ်သူရှိနေနေ အဲဒီအိမ်ရဲ့စာရင်းထဲမှာ ပါဝင်မယ်။ တွေ့ရှိသမျှ လူတိုင်းကို သန်းခေါင်စာရင်းကောက်ယူသောနည်းလမ်းပုံစံကို အသုံးပြုပြီးတွက်ချက်မယ်။ အကယ်၍များ အပြင်မှာ တွေ့ရှိပြီး စာရင်းကောက်ယူပြီးဖြစ်နေရင် ကိုယ်တိုင်က ဘယ်နေရာမှာတော့ ကောက်ယူပြီးပါပြီဆိုတာကို မှန်မှန်ကန်ကန်ပြောပြဖို့လိုတယ်။ နိုင်ငံခြားသံရုံးများ မပါဝင်ပါ။ နိုင်ငံခြားသံရုံးကို သက်ဆိုင်ရာနိုင်ငံကသာ ပိုင်သည်။ သန်းခေါင်စာရင်းကောက်ယူပြီးမှ သေဆုံးသွားလျှင် သန်းခေါင်စာရင်းတွင်ပါဝင်ပြီး ကျော်လွန်ပြီးမှ မွေးဖွားလာကြသူများ မပါဝင်ပါ။ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ သတင်းစာမှာ သန်းခေါင်စာရင်း ဥပဒေ ပြဌာန်းခြင်းကို ဖော်ပြထားတယ်။ လေ့လာကြည့်ပါ။
    (၄) အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေ
    အပြည်ပြည်ဆိုင်ရာ စံချိန်စံညွန်းအရဆိုရင် နိုင်ငံတိုင်းမှာ သန်းခေါင်စာရင်းဥပဒေဆိုတာ ပြဌာန်းရတယ်။ မြန်မာနိုင်ငံမှာ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းကောက်တုန်းက ၁၉၇၂ သန်းခေါင်စာရင်းဥပဒေကို အသုံးပြုတယ်။ ၁၉၈၃ခုနှစ်မှာ သန်းခေါင်စာရင်းကောက်တော့လည်း ၁၉၇၂ သန်းခေါင်စာရင်းဥပဒေကို သုံးခဲ့တယ်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ခောတ်နှင့်လိုက်လျောညီထွေသော သန်းခေါင်စာရင်းဥပဒေကို ပြုပြင်ပြဌာန်းလိုက်သည်။ မြန်မာနိုင်ငံရဲ့သန်းခေါင်စာရင်းရုံးက နေပြည်တော် ပြည်သူအင်အားဦးစီးဌာနတွင် ဖွင့်လှစ်ထားပြီး ဥပဒေအရ သန်းခေါင်စာရင်း ကော်မရှင်မှာ ဥက္ကဌအဖြစ် ဦးခင်ရီ (လ.ဝ.က ဝန်ကြီး)၊ နာယကအဖြစ် ဒု-သမ္မတ စိုင်းမောက်ခမ်းတို့ ပါဝင်ဖွဲ့စည်းသည်။ ကော်မရှင်လက်အောက်တွင် လိုအပ်သောကော်မတီငယ်များ ဆက်လက်ဖွဲ့စည်းတယ်။ ထိုအထဲမှာ ၁၂နိုင်ငံမှ သန်းခေါင်စာရင်း ပညာကျွမ်းကျင်ပညာရှင်(၁၄)ဦး ပါဝင်သော အပြည်ပြည်ဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့လည်းပါဝင်တယ်။ မြန်မာနိုင်ငံမှာ နှစ် ၃၀ ကျော် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့နယ်နိမိတ်ကို တိကျစွာခန့်မှန်းနိုင်ခြင်းမရှိဘူး။ သန်းခေါင်စာရင်းကောက်ယူတဲ့အခါ ပထမဆုံး မြေပုံဆွဲဖို့ မြန်မာ့မြေအနေအထားကို လိုက်ပြီး အပိုင်းငယ်ပေါင်း( )ပိုင်းခြားရတယ်။ သန်းခေါင်စာရင်းအကြောင်း၊ ဘာကြောင့် ကောက်ယူရသလဲဆိုတာကို အများပြည်သူကို အသိပညာပေးရမယ်။ တွက်ချက်နည်းတွေကိုလည်း ဆန်းစစ်ရမယ်။ ဖြည့်စွပ်ထားတဲ့အချက်အလက်တွေအပေါ်မှာ နည်းပညာများနှင့် ပေါင်းစပ်အဖြေရှာမယ်။ သန်းခေါင်စာရင်းကောက်ယူခြင်းကြောင့် နိုင်ငံရေးအရ နည်းပညာအရ ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာကိုပါ ဝေဖန်ဆန်းစစ်နိုင်ရန် ကျွမ်းကျင်ပညာတွေ ခေါ်ယူရခြင်းဖြစ်တယ်။  သတင်းနဲ့ပြန်ကြားရေးဌာနလည်း ဖွဲ့စည်းထားပြီ။ ရှေ့ပြေးသန်းခေါင်စာရင်းကို မြန်မာနိုင်ငံအနှံမှ မြို့နယ်ပေါင်း ၂၀ ကို စမ်းသပ်ကောက်ယူခဲ့တယ်။ တိုင်းရင်းသားအဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များကို အစိုးရမှ ဖိတ်ကြားခဲ့တယ်။ ဒေသဆိုင်ရာဘာသာစကားအလိုက် သတင်းနဲ့ပြန်ကြားရေးဌာနများကို နေရာအနှံမှာ ဖွင့်လှစ်ပေးမည်။ နောင်တစ်ချိန် သန်းခေါင်စာရင်းကောက်ယူချိန်ထိ ထိန်းသိမ်းနိုင်ပြီး မှတ်တမ်းတင်ဖို့အတွက် အချက်အလက်များ အားလုံးကိုသိမ်းဆည်းထားမယ်။ သန်းခေါင်စာရင်းကောက်ယူချိန်မှာ မေးမယ့်မေးခွန်းက အခရာပဲ။ အဲဒီမေးခွန်းလွှာပြုလုပ်ဖို့အတွက် နေပြည်တော်မှာ အစိုးရဌာနများ၊ လူဦးရေနဲ့လူမှုရေးဆိုင်ရာအဖွဲ့အစည်းအသီးသီးကို အစည်းအဝေးခေါ်ယူတိုင်ပင်ခဲ့တယ်။ ဌာနဆိုင်ရာ လိုအပ်သော အခြေခံအချက်အလက်များကို တောင်းခံပြီး နိုင်ငံတိုးတက်ဖို့အတွက် ဘယ်လိုအချက်အလက်တွေ ယူမလဲဆိုတဲ့ ပညာရှင်များထံမှ အကြံဉာဏ် တောင်းခံတယ်။ ကုလသမဂ္ဂမှ ပြုစုထားသော စံမေးခွန်းလွှာကို လေ့လာတယ်။ ယခင်သန်းခေါင်စာရင်းကောက်တုန်းက မေးခဲ့ဖူးတဲ့ မေးခွန်းလွှာကို ပြန်ကြည့်တယ်။ အိမ်နီးချင်နိုင်ငံတွေက သန်းခေါင်စာရင်းမေးခွန်းပုံစံတွေကို ပြန်ကြည့်တယ်။ အဲဒါအချက်တွေကို အခြေခံပြီး ၂၀၁၄ သန်းခေါင်စာရင်းမေးခွန်းလွှာကို ပြုစုရေးဆွဲတယ်။ အကုန်ပြီးစီးသွားတဲ့အခါ အဲဒီမေးခွန်းလွှာကို  အင်္ဂလန်မှာ အရွက်ရေ (၁၆)သန်း ရိုက်နှိပ်ထားတယ်။ နိုဝင်ဘာလကုန်ပိုင်းဆိုရင် မြန်မာပြည်ကို ရောက်မယ်။
    (၅) မေးခွန်းလွှာ
    ၂၀၁၄သန်းခေါင်စာရင်း မေးခွန်းလွှာမှာ မေးခွန်းပေါင်း (၄၁) ချက်ပါဝင်တယ်။ အိမ်တစ်အိမ်ကို မေးခွန်း ၄၁ချက်ကို ဖြေဆိုဖို့ ပျမ်းမျှအချိန် မိနစ် ၂၀ ကနေ မိနစ် ၃၀ ထိကြာနိုင်တယ်။ မေးခွန်းတွေကို ဖြေတဲ့အခါ ၁ ၂ ၃ ၄ ဆိုပြီး ရေးမှာ မဟုတ်ဘူး။ ခဲတံနဲ့ ခြယ်ရမှာဖြစ်တယ်။ အဲလိုလုပ်နိုင်ဖို့အတွက် သန်းခေါင်စာရင်းကောက်ရမည့်သူတွေကို သင်တန်းပေးထားပြီးသားပဲ။ အခြေခံဖွဲ့စည်းပုံအရ တိုင်းရင်းသား (၁၃၅) မျိုးရှိတယ်လို့ ပြဌာန်းထားတယ်။ ပတ်ဝန်းကျင်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ နယ်နိမိတ်တွေမှာ အချို့လူမျိုးစုတွေရှိတယ်။ အထူးသဖြင့် ရခိုင်ဘက်( ဘင်္ဂါလားဒေ့ရှ်နယ်စပ်)၊ နာဂဘက်မှာ၊ ပြည်တွင်းမှာလည်းရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် လူမျိုးစုတစ်စုသည် စုစုပေါင်းလူဦးရေရဲ့ 0.001 %  အရေအတွက်ရှိမယ်ဆိုရင်  လွှတ်တော်မှာ နေရာတစ်နေရာရမယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်နေရာရမယ်။ အဲဒါကြောင့် ရှမ်း၊ မွန်၊ ချင်းတွေက ရန်ကုန်မှာ သူတို့လူမျိုးစု ဘယ်လောက်ရှိသလဲဆိုတာ စစ်တမ်းကောက်တယ်။ အမှန်တော့ အဲဒါတွေက သန်းခေါင်စာရင်းနဲ့မဆိုင်ဘူး၊ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပဲဆိုင်တယ်။ အချို့လူမျိုးစုတွေကလည်း သူတို့လူမျိုးစုကို အသိအမှတ်ပြုရေးအတွက် ကြိုးပမ်းနေတဲ့သူတွေလည်း ရှိတယ်။ လူမျိုးစုတွေကို ထည့်သွင်းရေး၊ မထည့်သွင်းရေးဆိုတာ သန်းခေါင်စာရင်းကိစ္စမဟုတ်ပါ။ အဲဒါက နိုင်ငံရေးရာကိစ္စ ဖြစ်တယ်။ မည်သည့်တိုင်းရင်းသားဖြစ်နေပါစေ၊ မျိုးနွယ်စုကြီးကြီးဖြစ်ဖြစ်၊ သေးသေးဖြစ်ဖြစ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာ ပါကိုပါရမယ်။ ၁၉၈၂ ခုနှစ်မတိုင်မီက လူမျိုးစု (၁၄၄)မျိုးရှိရာမှ ၁၉၈၃ခုနှစ်နောက်ပိုင်းမှာ လူမျိုးစု(၁၃၅)မျိုးသာ ပါဝင်ပြဌာန်း ခဲ့တယ်။ ပျောက်သွားတဲ့ လူမျိုးစု (၈) မျိုးက သူတို့ရဲ့လူမျိုးစုပါဝင်နိုင်ရေးအတွက် လုပ်ကြတယ်။ ဒါက နိုင်ငံရေးအပိုင်းပါ။ (၁၃၅)မျိုးမှာ ပါဝင်တဲ့မျိုးနွယ်တွေအတွက် code no. တွေပါရှိပြီးသား။ အဲထဲမှာ မပါဝင်တဲ့မျိုးနွယ်စုတွေကိုတော့ Other ဆိုတဲ့အကွက်ထဲမှာ ထည့်မယ်။ ကိုယ့်မျိုးနွယ်စု မပါဝင်သူတွေဟာ Other ဆိုတဲ့ code no. က 9 1 4 ။ အဲဒီဘေးက ကွက်လပ်ကလေးမှာ ကိုယ့်ရဲ့မျိုးနွယ်စုကို ဖွင့်ဟပြောပါ။ စာရင်းကောက်သူက ကာယကံရှင်ပြောတဲ့တိုင်း 9 1 4 ရဲ့ဘေးက ……………ကွက်လပ်မှာ ကိုယ်ပြောတဲ့မျိုးနွယ်စုကို ရေးပေးလိမ့်မယ်။ အချို့မှတ်ပုံတင်ကဒ်တွေမှာ ကိုယ့်လူမျိုးအမည်အမှန်ကို  မရေးထားခဲ့လျှင်လည်း သန်းခေါင်စာရင်းကောက်သူအား ကိုယ့်မျိုးနွယ်စုကို မှန်ကန်တိကျစွာပြောပါ။ မှတ်ပုံတင်ကတ်ပြားကို ထုတ်ပြစရာမလိုဘူး။ ကိုယ်ရထားတဲ့ကတ်ရဲ့အရောင် ပန်းရောင်၊ အစိမ်းရောင်၊ အဖြူရောင် စသဖြင့် အရောင်ကိုသာ ပြောပြရမှာပါ။ ဘာကတ်မှ မရှိရင်လည်း မရှိဘူးလို့ ပြောလိုက်ရုံပဲ။ ကိုယ့်မိဘရဲ့လူမျိုးက ဘာဖြစ်ဖြစ် ကိုယ်ထည့်ချင်တဲ့လူမျိုးကို ထည့်ခွင့်ရှိတယ်။ ကိုယ်ဆန္ဒရှိတဲ့လူမျိုးကိုသာ ထည့်တာကို သန်းခေါင်စာရင်းကောက်သူက ရေး၊ မရေး သေချာကြည့်ပါ။ သန်းခေါင်စာရင်းမှာ ဖြည့်စွက်ထားသည့် လူအမည်ကို မကြည့်ပါ။ အဓိက ဘာသာ၊ လူမျိုးစု ကိုသာကြည့်မှာဖြစ်ပါတယ်။ သန်းခေါင်စာရင်းကောက်ပြီးနောက် ပထမဆုံးထုတ်ပြန်ချိန်မှာ Other လို့ပဲ ထုတ်ပြန်မယ်ပြီး မျိုးနွယ်စုအမည်တွေ မပါဘူး။ ဒါပေမယ့် နောက်ပိုင်းထုတ်ပြန်တဲ့အခါ တစ်မျိုးချင်းစီ ထုတ်ပြန်ပေးမယ်။ သေချာသုံးသပ်စီစစ်ပြီးတဲ့အခါမှာ နောက်တစ်ချိန်ရေးဆွဲမယ့် နိုင်ငံသားဥပဒေအတွက် အကျိုးသက်ရောက်မှုရှိလာမယ်။ ဒါကြောင့် သန်းခေါင်စာရင်းမှ ရသော အချက်အလက်သည် ဥပဒေပြုရာတွင်လည်း အသုံးဝင်တယ်။ အဲဒီအတွက် ဖြေဆိုသူသည် မိမိဆန္ဒရှိသော မျိုးနွယ်စုကိုသာ ပွင့်ပွင့်လင်းလင်း၊ မှန်မှန်ကန်ကန်ပြောဆိုပါ။ ကိုယ့်က သေချာပြောရဲ့သားနဲ့ မရေးဘူးဆိုရင် ကြီးကြပ်ရေးမှူးကို တိုင်လို့ရတယ်။ အဲဒါမှ အရေးမယူဘူးဆိုရင် အထက်အဆင့်ဆင့်ကို အချိန်မီတိုင်ကြားလို့ရတယ်။ သူတို့မေးတာကို ကောင်းကောင်းမွန်မွန် ပြန်မဖြေဘူးဆိုရင်လည်း အိမ်ရှင်ကို တရားစွဲလို့ရတယ်။ ကိုယ့်မိသားစုဝင်တစ်ဦးဦးက ပြည်ပမှာရောက်နေသူရှိရင် ဘယ်နိုင်ငံမှာ ရောက်နေပါတယ်လို့ ပြောနိုင်တယ်။ ဘယ်လိုနည်းနဲ့သွားခဲ့သွားခဲ့ အရေးယူခြင်း၊ မယူခြင်းနဲ့ မဆိုင်ဘူး။ ကိုယ့်နိုင်ငံသား/မိသားစုဝင်တစ်ယောက် အခြားဘယ်နိုင်ငံမှာရှိနေတယ်ဆိုတာ ပေါ်လွင်သွားတယ်။ အဲဒါမှ ကိုယ့်သန်းခေါင်စာရင်းမှာ ကိုယ့်မိသားစုဝင်အားလုံးပါဝင်မယ်။ ကိုယ့်မိသားစုဝင်ထဲမှ ပျောက်ဆုံးနေသူရှိရင်လည်း ပြောပြရမယ်။ အခြားဘယ်နယ်ကို ရောက်နေတယ်ဆိုတာကိုလည်း ပြောပြရမယ်။ သန်းခေါင်စာရင်းကောက်ပြီးလို့ စာရင်းထုတ်ပြန်တဲ့အခါ အမည်စာရင်းထုတ်ပြန်မှာမဟုတ်ဘဲ လူဦးရေစာရင်းကို ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့် စသဖြင့် ထုတ်ပြန်မှာဖြစ်တယ်။
     (၆) သန်းခေါင်စာရင်းကောက်ခြင်းမှ ရရှိမည့် ရလဒ်များ
    ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းကောက်ခံပြီးတဲ့အခါ မြန်မာနိုင်ငံမှာ လူဦးရေ ဘယ်လောက်ရှိသလဲဆိုတာ အကြမ်းဖျဉ်း ရလဒ်ရှိလာပြီ။ အမျိုးသားဦးရေ၊ အမျိုးသမီးဦးရေကို ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် အသီးသီးဖော်ပြပေးလိမ့်မယ်။ နောက် ၁၁လကြာတဲ့အခါ အကုန်အပြည့်အစုံ ထုတ်ပြန်ပေးမယ်။ သက်ဆိုင်ရာ ဌာနအလိုက် အစီရင်ခံစာစစ်တမ်းတွေ ထွက်လာမယ်။  နောက် ၁၀နှစ်၊ အနှစ် ၂၀ မှာ ဖြစ်လာမဲ့ လူဦးရေ၊ မွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ သက်ကြီးရွယ်အို၊ လူငယ်အရေအတွက် စသဖြင့် အားလုံးကို ခန့်မှန်းနိုင်မယ်။ လူမျိုးစုအချို့ တိုးလာဖို့ရှိသလို လျှော့သွားနိုင်တဲ့ လူမျိုးစုလည်း ရှိနိုင်တယ်။
    (၇) ပြည်သူများ၏ အခန်းကဏ္ဍ
    သန်းခေါင်စာရင်းဆိုတာ အိမ်ထောင်စုစာရင်းနဲ့မတူဘူး။ မှတ်ပုံတင်ကတ်နဲ့မဆိုင်ဘူး။ ကိုယ်ပတ်ဝန်းကျင်က လူအချင်းချင်း သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီးသိသမျှကို မျှဝေမယ်။ မှန်မှန်ကန်ကန် ဖြေပေးကြဖို့၊ လှည်းနေ လှေအောင်း မြင်းစောင်းမကျန် လူမှန်သမျှ သန်းခေါင်စာရင်းထဲမှာ ပါဝင်ရမယ်ဆိုတာကို ပြည်သူအချင်းချင်းလည်း အသိပေးဖြန့်ဝေကြရမယ်။
  • နိုဝင်ဘာ ၇၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    နိုဝင်ဘာ ၇၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို
    နိုဝင်ဘာ ၇၊ ၂၀၁၃
    M-Media
    ပင်လုံမြို့ရှိ ပင်လုံကျောက်တိုင်ကို ပြုပြင်ပြီး သမိုင်းဝင်ပြတိုက်ဖွင့်မည်
    ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ရှိ သမိုင်းဝင် ပင်လုံကျောက်တိုင်အား ပြန်လည်ပြုပြင်ပြီး ပင်လုံကျောက်တိုက်ဖြစ်ပေါ်လာပုံအား မော်ကွန်းအဖြစ် ပြသ သွားမည် ဖြစ်ကြောင်း၊ ယခု နိုဝင်ဘာမှ စတင်၍ ၂၀၁၄-ခု ဇန်န၀ါရီလအတွင်း အပြီးတည်ဆောက်ရန် လျာထားပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံစာချုပ် လက်မှတ်ရေးထိုးနေပုံများအပါအ၀င် ပင်လုံစာချုပ်ကိုပါ ထည့်သွင်း ပြသသွားမည်ဖြစ်ကြောင်း၊ ကျောက်တိုင်ဝင်း ပြုပြင်ရန် ပြည်နယ်အစိုးရမှ ကျပ်သိန်း ပေါင်း ၇-ထောင်ကျော် ချပေးမည်ဖြစ်ပြီး ထူးကုမ္ပဏီက တာဝန်ယူ ပြုပြင်မွမ်းမံသွားမည်ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနမှတဆင့် သိရှိရပါတယ်။
    _______________________
    ပညာရေး ဒုဝန်ကြီး အရှက်ရစေခဲ့တဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ မှတ်ချက်
    အမျိုးသားလွှတ်တော်တွင် အောက်တိုဘာ ၁၀-ရက်နေ့က ပညာရေးဆိုင်ရာ မေးခွန်းများ သွားရောက်ဖြေကြားခဲ့သည့် ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင်မှာ အလွတ်ကျက်ထားသည့်ပုံစံဖြင့် မေးခွန်းများ မဖြေရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သတိပေးခဲ့မှုကြောင့် ဒုဝန်ကြီး အရှက်ကွဲခဲ့ရသည့်အတွက် မသင့်လျော်သော အပြုအမူဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော် နာယကထံသို့ အစိုးရအဖွဲ့ရုံးမှ စာပေးပို့ထားကြောင်း မနေ့က လွှတ်တော်အစည်းအဝေးတွင် ဦးခင်အောင်မြင့်က လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးပြောဆိုလိုက်သည်ဟု ဧရာဝတီ သတင်းဌာနတွင် ဖော်ပြထားပါသည်။
    ______________________
    တိုးမြှင့်သည့် မီတာခနှုန်းထားများ လျှော့ချ မပေးမချင်း ရက်အကန့်အသတ်မရှိ ဆန္ဒပြမည်ဟု ဆို
    နိုဝင်ဘာလတွင် စတင် တိုးမြင့်ကောက်ခံမည်ဖြစ်သော မီတာခနှုန်းထားများကို လျော့ချပေးမချင်း ရက်အကန့်အသတ်မရှိ ဆန္ဒထုတ်ဖော်သွားမည်ဟု ရန်ကုန်မြို့တွင် နိုဝင်ဘာ ၇-ရက်ညနေပိုင်း၌ ဒုတိယနေ့အဖြစ် ဆန္ဒထုတ်ဖော်သူများက ပြောကြားလိုက်ကြောင်းနှင့် ဆန္ဒဖော်ထုတ်ရာတွင် ဒီမိုကရေစီအင်အားစု၊ Generation Youths၊ လိုင်ဇာသို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့တို့မှ ပါဝင်သော်လည်း အဖွဲ့ကိုယ်စားပြုအနေဖြင့် ဆန္ဒပြခြင်းမဟုတ်ဘဲ ပြည်သူကိုယ်စားပြုအနေဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု မဇ္ဈိမသတင်းဌာနတွင် ဖော်ပြထားပါသည်။
    ______________________
    အစ္စရေး၏ အိမ်ရာစီမံကိန်းများမှာ တရားမ၀င်ဟု ဂျွန်ကယ်ရီပြော
    မတရားသိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင်နယ်မြေတွင် ဆောက်လုပ် နေသာ အစ္စရေး၏ အိမ်ရာစီမံကိန်းများနှင့်ပက်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရှုတ်ချလိုက်ပြီး၊ ထိုအိမ်ရာစီမံကိန်းများမှာ တရားမ၀င်ဘဲ ယခုလက်ရှိဆောင်ရွက်နေသည့် ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေး အားထုတ်မှုအား ကူညီနိုင်မည် မဟုတ်ဟု ပြောကြား လိုက်သည်။
    ကယ်ရီ၏ ထိုမှတ်ချက်မှာ ဘက်သလင်ဟမ်တွင် ပါလက်စတိုင်းဝန်ကြီးချုပ် မဟ်မူးဒ်အဘတ်စ်နှင့်တွေ့ဆုံပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
    “အမေရိကန်ရဲ့ရပ်တည်ချက်ဟာ အခုကျွန်တော်တို့အခုပြောသလိုပါပဲ။ ဒီအိမ်ရာ စီမံကိန်းတွေဟာ တရားမ၀င်ဘူးဆိုတာကို အမေရိကန်က အမြဲတမ်းပြောခဲ့ပါတယ်”ဟု ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။
    ထို့ပြင် ထိုကဲ့သို့ တရားမ၀င်အိမ်ရာများဆောက်လုပ်ခြင်းက ငြိမ်းချမ်းရေး အတွက် အနှောက်အယှက်ဖြစ်ကြောင်း ပါလက်စတိုင်းပြည်သူများက ထင်မြင်ယူဆ နေကြောင်းကို ကယ်ရီက “ကျွန်တော်ရှင်းရှင်းလင်းလင်း ပြောချင်တာက ဒီတရားမ၀င်အိမ်ရာတွေကို ပါလက်စတိုင်းပြည်သူတွေက ဘယ်တော့မှ သဘောတူ လက်ခံမှာ မဟုတ်ပါဘူး” ဟု ထပ်လောင်းပြောကြား ခဲ့သည်။
    ၎င်းနောက် အမေရိကန်အနေနှင့် ပါလက်စတိုင်းနိုင်ငံ၏ စီးပွားရေးအား ပြန်လည်ထူထောင်ရေးအတွက် ကန်ဒေါ်လာ ၇၅-သန်း ကူညီထောက်ပံ့မည် ဟု ကယ်ရီက ကြေညာခဲ့သည်။
    အစ္စရေးနိုင်ငံမှာ ၁၉၆၇ ခုနှစ် စစ်ပွဲပြီးကတည်းက ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုစလင်တို့ကို သိမ်းပိုက်ခဲ့ပြီး ထိုအချိန်မှ စ၍ အိမ်ရာများ ဆောက်လုပ်ခဲ့ကာ ယခုအချိန်အထိ ပါလက်စတိုင်း ပိုင် ထိုဒေသများတွင် အစ္စရေးနိုင်ငံသား သန်းဝက်ခန့် နေထိုင်နေကြသည်။
    Ref : Aljazeera
    1____________________________
    ရုရှားဗုံးကြဲလေယာဉ်နှစ်စီး ကိုလံဘီယာလေပိုင်နက်ထဲသို့ဝင်ရောက်ခဲ့
    ရုရှားဗုံးကြဲလေယာဉ်နှစ်စီးမှာ ကိုလံဘီယာလေပိုင်နက်ထဲသို့ တရားမ၀င် ၀င်ရောက်လာခဲ့ခြင်းအား အံ့သြမိသည်ဟု ကိုလံဘီယာ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ် ဂူအီလာမို လီယွန်က ပြောကြားခဲ့သည်။
    ထိုဗုံးကြဲလေယာဉ်နှစ်စင်းမှာ ပြီးခဲ့သည့် သောကြာနေ့က ကိုလံဘီယာနိုင်ငံ လေပိုင်နက်ထဲသို့ဝင်ရောက်လာခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ နီကာရာဂွာနိုင်ငံသို့ ပျံသန်းသွားခဲ့ခြင်း ဖြစ်သည်ဟု လီယွန်က သတင်းစာရှင်လင်းပွဲတွင် ပြောကြားခဲ့သည်။
    “ဒီနှစ်မှာ နိုင်ငံ ၂၂ နိုင်ငံက လေယာဉ် ၁၂၂ စင်းကိုသာ ၀င်ရောက်ခွင့်ပေးထားပြီး ဗင်နီဇွဲလားနဲ့ နီဂါရာကွာလမ်းကြောင်းအတွက် ရုရှားလေယာဉ် ၅ စင်းပဲ ပျံသန်းခွင့် ပေးထားတာပါ”
    ထို့ပြင် ဗုံးကြဲလေယာဉ် ၂-စင်းမှာ အပြန်တွင်လည်း ကိုလံဘီယာလေပိုင်နက်ထဲကသို့ ၀င်ရောက်လာခဲ့ပြီး ၎င်းတို့အား တားမြစ်ရန် ကိုလံဘီယာ တိုက်လေယာဉ်နှစ်စင်း ပျံတက်ခဲ့ပြီးနောက် ထိုဗုံးကြဲလေယာဉ်နှစ်စင်းမှာ ကိုလံဘီယာလေပိုင်နက်မှ ပြန်လည်ထွက်ခွာသွားသည်ဟု လီယွန်က ထပ်လောင်းပြောကြားခဲ့သည်။
    ထိုဖြစ်ရပ်ဖြစ်ပွားပြီးနောက် ထိုလုပ်ရပ်နှင့်ပက်သက်၍ ကန့်ကွက်ကြောင်း ရုရှားအစိုးရအား သ၀ဏ်လွှာပေးပို့ရန် ကိုလံဘီယာသမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်က ကာကွယ်ရေးဝန်ကြီး ဂျူအန် ကားလို့စ် ပင်ဇန်အား ညွှန်ကြားခဲ့သည်ဟု သိရသည်။
    သို့သော်ရုရှားဘက်က ထိုသတင်းအားငြင်းဆိုခဲ့ပြီး ရုရှားနိုင်ငံ၏ လေတပ်မှာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သောလုပ်ရပ်များကို လုပ်ဆောင်ခြင်း မရှိဟု ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
    Ref : Xinhua
    ____________________________
    ဟလာလ်စားသောက်ကုန်တင်ပို့မှုကို ဂျပန်တိုးမြှင့်မည်
    အရှေ့အလယ်ပိုင်းနှင့် အာရှနိုင်ငံများရှိ မွတ်စလင်နိုင်ငံများမှာ ၀ယ်လိုအားကောင်းလာမှုကြောင့် နိုင်ငံ၏ ဟလာလ် အစားအသောက် တင်ပို့မှုအား တိုးမြှင့်ရန် ဂျပန်နိုင်ငံက စီစဉ်နေသည်ဟု သိရသည်။
    ၂၀၂၀-ခုနှစ်တွင် ဟလာလ်စားသောက်ကုန်တင်ပို့မှုအား နှစ်ဆအထိတိုးမြှင့်ရန် အစီအစဉ်တစ်ခုကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထုတ်ပြန်ကြေညာခဲ့ပြီး ဂျပန်နိုင်ငံ၏ ၀င်ငွေမှာ ကန်ဒေါ်လာ ၁၀.၃ ဘီလီယံ ရှိလာမည်ဖြစ်သည်။
    ဟာလာလ်စံနှုန်းပြည့်မီရန်အတွက် စားသောက်ကုန်ထုပ်လုပ်ရေး ပစ္စည်းကိရိယာများအား အဆင့်မြှင့်တင်မှုများပြုလုပ်ရန် ဂျပန်အစိုးရက စီစဉ်နေသည်ဟု ကူဝိတ် သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။
    ဂျပန်အစိုးရမှာ အဓိကအားဖြင့် အမဲသားတင်ပို့မှုအား တိုးမြှင့်ရန် မျှော်လင့်နေပြီး၊ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံများမှာ ဂျပန်နိုင်ငံမှ တင်ပို့သော အမဲသားအား အဓိက ၀ယ်ယူသော နိုင်ငံများဖြစ်ကြသည်။
    သို့သော်လည်း ဂျပန်အမဲသားအား ယူအေအီးနိုင်ငံမှ ၀ယ်လိုအားလည်းမြင့်မားလျက်ရှိပြီး၊ ဆော်ဒီအာရေဗျ၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသို့လည်း တိုးချဲ့တင်ပို့ ရန် ဂျပန်နိုင်ငံမှ ရည်ရွယ်နေသည်။
    Ref : Islam RU
    ____________________________
    ပထမဦးဆုံး အမျိုးသမီးပြောရေးဆိုခွင့်ရှိသူအား ဟားမတ်စ်ခန့်အပ်
    ပါလက်စတိုင်းတော်လှန်ရေးလှုပ်ရှားမှုကို ဦးဆောင်နေသည့် ဟားမတ်စ်အဖွဲ့က ၎င်းတို့၏ အင်္ဂလိပ်ရေးရာ ပြောရေးဆိုခွင့်ရှိသူအဖြစ် အမျိုးသမီးတစ်ဦးအား ပထမဆုံး ခန့်အပ်ခဲ့သည်ဟု သိရသည်။
    အဆိုပါအမျိုးသမီးမှာ အလ်မူဒါလာဟု အမည်ရပြီး အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်သည်။ ငယ်စဉ်က ယူကေတွင်ကြီးပြင်းခဲ့သည့် ဒါလာက ၎င်းအနေဖြင့် အနောက်နှင့် အစ္စရေးမီဒီယာများအား စာင့်ကြည့်သွားမည်ဖြစ်ပြီး၊ ပါလက်စတိုင်းနှင့် ဂါဇာနယ်မြေများနှင့်ပက်သက်၍ လွဲမှားစွာဖော်ပြနေမှုများအားပြောင်းလဲသွားမည်ဟု အင်တာဗျူး တွင် ဖြေကြားခဲ့သည်။
    “အစ္စရေးမီဒီယာတွေက သတင်းအမှားတွေကိုဖော်ပြနေတယ်ဆိုတာ ကမ္ဘာ့မီဒီယာတွေကသတိပြုမိကြပါတယ်။ ဒါ့ကြောင့် အစ္စရေးရဲ့မမှန်မကန်ဖော်ပြမှုတွေကို ဖွင့်ချဖို့ ကျွန်မတို့အားထုတ်ရပါမယ်” ဟု ဒါလာက ထည့်သွင်းပြောကြားခဲ့သည်။
    ဒါလာမှာ ယခင်က al-Kitab ရုပ်သံတွင် အလုပ်လုပ်ခဲ့ဖူးပြီး ဂါဇာရှိ အစ္စလာမ့် တက္ကသိုလ်တွင် ဂျာနယ်လစ်နှင့် မီဒီယာပညာရပ်များကို ဆည်းပူးခဲ့သူဖြစ်သည်။
    Ref : Islam RU
    ____________________________
    အမေရိကန် ရေတပ် ဒုဗိုလ်မှူးကြီးတစ်ဦး လာဘ်စားမှုကြောင့် တရားစွဲဆိုခံရ
    အရှေ့တောင်အာရှရှိ အမေရိကန်သင်္ဘောများအား ဆိပ်ကမ်းဆိုင်ရာဝန်ဆောင်မှုပေးနေသည့် ကန်ထရိုက်တာတစ်ဦးထံမှ လာဘ်ငွေများယူခဲ့သောကြောင့် အမေရိကန် ရေတပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦးမှာ တရားစွဲဆိုခံနေရသည်ဟု သိရသည်။
    ဂျိုဆေး လူးဝစ်ဆန်းချက်ဇ်ဟု အမည်ရသည့် အဆိုပါ ဗိုလ်မှူးကြီးမှာ အသက် ၄၁-နှစ်အရွယ်ရှိပြီဖြစ်ပြီး၊ ဖလော်ရီဒါပြည်နယ်ရှိ တမ်ပမြို့တွင် ယမန်နေ့က ဖမ်းဆီးခံခဲ့ ရသည်။
    ဆန်းချက်ဇ်မှာ ကန်ဒေါ်လာ တစ်သိန်း၊ ပြည့်တန်ဆာများနှင့် အခြားသာ ပစ္စည်းများကို လာဘ်လာဘ အဖြစ်ယူခဲ့ပြီးနောက်၊ အမေရိကန် ရေတပ်မှ အချက်အလက်များကို အာရှဆိုင်ရာ ရေကြာင်းကုမ္ပဏီတစ်ခုဖြစ်သည့် Glenn Defense Marine Asia Ltd ၏ စီအီးအိုဖြစ်သူ လီယွန်နာ့ဒ် ဂလန်း ဖရန်စစ်သို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
    ပြီးခဲ့သည့်စက်တင်ဘာလက စင်ကာပူအခြေစိုက် ကန်ထရိုက်တာ တစ်ဦးဖြစ်သူ ဖရန်စစ်အား ဆန်ဒီယေဂိုတွင် ဖမ်းဆီးခဲ့ပြီး ၎င်းမှာဆန်းချက်ဇ်နှင့်တွဲ၍ တရားရင်ဆိုင်ရမည် ဖြစ်သည်။
    အခြားသော အမေရိကန်ရေတပ်အရာရှိနှစ်ဦးမှာလည်း ထိုအဖြစ်အပျက်တွင် ပါဝင်နေသည်ဟုသိရသည်။ ထိုနှစ်ဦးမှာ စစ်သင်္ဘောများသွားရောက်မည့် လမ်းကြောင်း များအား ပေါက်ကြားစေခဲ့သည့် ဒုဗိုလ်မှူးကြီး မိုက်ကယ်ဗန်းနက်နှင့် အကြီးတန်းရေကြောင်းပြ အရာရှိ ဂျွန် ဗလီဗ်ဗီအောတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ အပြစ်မရှိ ကြောင်း လျှောက်ထားခဲ့ကြသည်။
    သို့သော်လည်း စုံးစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟု ရှေ့နေများမှ ထုန်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    Ref : Press TV
    ____________________________
    အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများအား သတင်းပေးပို့နိုင်သည့် ဖုန်းဆော့ဖ်ဝဲတစ်ခုအား ပြင်သစ်တွင် ဖြန့်ချီ
    အစ္စလာမ်ဆန့်ကျင်ရေး အပြုအမူများနှင့် စကားများကို တိုင်ကြားနိုင်မည့် ဖုန်းဆော့ဖ်ဝဲတစ်ခုအား ပြင်သစ်ရှိ အစ္စလာမ်ကြောက်ရောဂါတိုက်ဖျက်ရေး အဖွဲ့တစ်ခု ဖြစ်သည့် The Collectif Contre l’Islamophobie en France(CCIF) ပြင်သစ်နိုင်ငံတွင် တနင်္လာနေ့က စတင်ဖြန့်ချီခဲ့သည်ဟု သိရသည်။
    ထိုဆော့ဖ်ဝဲအား အိုင်ဖုန်း၊ အိုင်ပက်နှင့် အန်ဒရွိုက်ဖုန်းများတွင်ပါအသုံးပြုနိုင်မည်ဖြစ်ပြီး၊ အသုံးပြုသူများအနေဖြင့် လူမျိုးရေးခွဲခြားသူများနှင့် အစ္စလာမ်ဆန့်ကျင်ရေး အပြုအမူများအား စီစစ်နိုင်မည်ဖြစ်သည်။ ထို့ပြင် မိမိ၏ပတ်ဝန်းကျင်တွင် ထိုကဲ့သို့သောလုပ်ရပ်များ ရှိ၊ မရှိကို စစ်ဆေးနိုင်ပြီး အဓိကအားအဖြင့် ထိုကဲ့သို့သော အဖြစ်အပျက်များဖြစ်ပွားလာပါက ကျူးလွန်ခံရသူများနှင့် မျက်မြင်သက်သေများက ထိုဆော့ဖ်ဝဲအား အသုံးပြုကာ သတင်းပေးပို့နိုင်မည်ဖြစ်သည်။
    “(ဆော့ဖ်ဝဲကိုထုပ်လုပ်ရခြင်းရဲ့) အဓိကရည်ရွယ်ချက်ကတော့ ဒီလိုခွဲခြားဆန့်ကျင်တဲ့ အပြုအမူတွေဖြစ်လာတဲ့အခါ ချက်ခြင်း သတင်းပေးပို့နိုင်ဖို့ပါ။ ပြီးတော့ အစ္စလာမ် ကြောက်ရောဂါရှိသူတွေရဲ့ အန္တရာယ်ပေးမှုကို ခံရတဲ့သူတွေကို ဥပဒေဆိုင်ရာ အကြံအဥာဏ်တွေပေးဖို့နဲ့၊ သူတို့ရဲ့ ရပိုင်ခွင့်တွေအကြောင်းကို သတင်းပေးဖို့လည်း ဖြစ်ပါတယ်” ဟု CCIF ၏ ပြောရေးဆိုခွင့်ရှိသူ Babacar Sene က The Local သတင်းစာသို့ တနင်္လာနေ့က ပြောကြားခဲ့သည်။
    Ref : The Local
    ____________________________