News @ M-Media

Category: ပညာရေး

  • မာလာလာ၏ ကုလသမဂ္ဂ မိန့်ခွန်းပြောကြားချက် အပြည့်အစုံ

    M-Media
    ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၃
    အောင်သန်းလွင် (BCSc) မြန်မာပြန်သည်။

    970405_600072260027647_681066384_aအစွန်းရောက်တာလီဘန်တို့ရဲ့ လက်ချက်နဲ့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာ ရရှိခဲ့တဲ့ အမျိုးသမီးအခွင့်အရေးနဲ့ ပညာသင်ကြားခွင့်အတွက် ကြိုးပမ်းသူ မာလာလာဟာ ဇူလိုင် ၁၂ ရက်နေ့က သူမရဲ့ (၁၆) နှစ်မြောက်မွေးနေ့မှာ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်မှာ မိန့်ခွန့်ပြောကြား ခဲ့တာဖြစ်ပါတယ်။

    ဂုဏ်သရေရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုး မစ္စတာ ဘန်ကီမွန်း၊ ကမ္ဘာလုံးဆိုင်ရာ ပညာရေး ကုလသမဂ္ဂသံတမန် မစ္စတာ ဂေါ်ဒန် ဘရောင်း၊ လေးစားရပါသော လူကြီးမင်းများနှင့် ချစ်ခင်လေးစားရသော အစ်ကို၊ ညီအစ်မများရှင် … အတ်စလာမ်မိုအလိုင်း ကွမ်း(ဘုရားရှင်ထံ မှ ငြိမ်းအေးခြင်း သက်ရောက်ပါစေ)

    အချိန်အတော်ကြာပြီးတဲ့နောက် ခုလိုထပ်မံ စကားပြောခွင့်ရတာဟာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ။ ခုလို ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ အတူရှိခွင့်ရတာဟာ ကျွန်မအတွက် တကယ့်ကို ဂုဏ်သရေရှိတဲ့ နေ့တစ်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အမျိုးသမီး ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီ ဘူတိုရဲ့ ခြုံလွှာကို ဝတ်ဆင် ထားပါတယ်။ ကျွန်မရဲ့ စကားကို ဘယ်က စပြောရမှန်း မသိပါဘူး။ လူတွေက ကျွန်မကို ဘာပြောစေချင်လဲဆိုတာလဲ မသိပါဘူး။ ဒါပေမယ့် ပထမဆုံးအနေနဲ့ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဘုရားသခင် ရှေ့မှောက်မှာတော့ လူသားအားလုံးဟာ တန်းတူညီမျှမှုရှိပါတယ်။ ကျွန်မအမြန်သက် သာပျောက်ကင်းဖို့နဲ့ ဘဝအသစ်တစ်ခု ပြန်စနိုင်အောင် ကူညီပေးခဲ့တဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ များစွာသောလူတွေ ဟာ ကျွန်မ မယုံကြည်နိုင်လောက်အောင်ကို ကျွန်မအတွက် ချစ်ခြင်းမေတ္တာပြသခဲ့ကြပါတယ်။ ကမ္ဘာအနှံ့က ထောင်ပေါင်များစွာသော ကျန်းမာစေကြောင်း ဆန္ဒမွန်တွေနဲ့ လက်ဆောင်တွေ ရရှိခဲ့ပါတယ်။ သူတို့အားလုံးကိုကျေးဇူးတင်ပါတယ်။ အပြစ်ကင်းတဲ့ စကားလုံးတွေနဲ့ ကျွန်မကို အားပေးခဲ့တဲ့ ကလေး ငယ်တွေ ကို ကျေးဇူး တင်ပါတယ်။ ဆုတောင်းဝတ်ပြုမှုတွေနဲ့ ကျွန်မကို အားဖြည့်ပေးခဲ့တဲ့ လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပါကစ္စ တန် ဆေးရုံက ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အင်္ဂလန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု(UAE) က အစိုးရတွေ၊ ကျွန်မ ကျန်းမာရေးကောင်းပြီး ခွန်အားပြန်ရလာအောင် ကူညီခဲ့တဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

    1069385_600071950027678_190887564_n

    ကျွန်မဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး ဘန်ကီမွန်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ပညာတတ်မြောက်ရေး စဦးကြိုးပမ်းမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ကုလသမဂ္ဂ ပညာရေးသံတမန် ဂေါ်ဒန်ဘရောင်း၊ ကုလသမဂ္ဂဥက္ကဌ ဖြစ်သူ ဗာ့ခ် ဂျရမစ်ခ် တို့ကို အပြည့်အဝထောက်ခံပါတယ်။ ပညာရေးမှာ သူတို့ဆက်လက်ဦးဆောင် မှုအတွက်လည်း ကျေးဇူးတင်ပါတယ်။ သူတို့ဟာ ကျွန်မတို့အားလုံးပါဝင်တဲ့ ဒီပညာရေးအတွက် အမှန်တကယ်ဖြစ်မြောက်လာအောင် လုပ်ဆောင်သွားမှာဖြစ် ပါတယ်။ ချစ်ခင်ရပါသော အစ်ကို အစ်မများရှင် …  ဒီတစ်ခုကို အမှတ်ရပေးပါ။ “မာလာလာနေ့” ဟာ ကျွန်မ တစ်ဦးတည်းအတွက် မဟုတ်ပါဘူး။ ဒီနေ့ဟာ သူတို့ရဲ့အခွင့်အရေးတွေအတွက် သူတို့ရဲ့ အသံကို ထုတ်ဖော်ခဲ့ကြတဲ့ အမျိုးသမီးတိုင်းအတွက်၊ လူငယ် ယောက်ျားလေး၊ မိန်းကလေး တိုင်း အတွက်ပဲဖြစ်ပါတယ်။

    ကမ္ဘာမှာ ရာနဲ့ချီတဲ့ လူသားအရေး လှုပ်ရှားသူတွေ၊ လူမှုရေးဆောင်ရွက်ကြသူတွေရှိကြပါတယ်။ သူတို့ဟာ သူတို့အခွင့်အရေးတစ်ခု တည်း အတွက် ပြောဆို လှုပ်ရှားနေကြတာမဟုတ်ပါဘူး။ သူတို့ဟာ အားလုံးရဲ့ပန်းတိုင်ဖြစ်တဲ့ ငြိမ်းချမ်းမှု၊ ပညာရေးနဲ့ တန်းတူညီမျှမှု  ရှိရေးတို့အတွက် ရုန်းကန်လှုပ်ရှား ကြိုးပမ်းအား ထုတ်နေကြတာဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေဟာ ထောင်ပေါင်းများစွာသော လူတွေကို သတ်ဖြတ်ခဲ့ကြပြီး သန်းနဲ့ချီတဲ့လူတွေကို ဒဏ်ရာအနာ တရဖြစ်စေခဲ့ပါတယ်။ ကျွန်မဟာ သူတို့ထဲက တစ်ယောက်ပါပဲ။ ဒါကြောင့်ဒီနေ့ အဲ့ဒီလိုလူတွေထဲက မိန်းကလေး တစ်ယောက်အနေနဲ့ဒီမှာ ကျွန်မရပ်စ ကားပြောရတာပါပဲ။ ကျွန်မတစ်ဦးတည်းအတွက်ပြောတာလည်း မဟုတ်ပါဘူး။ ထုတ်မပြောတဲ့ သူတွေအတွက် လည်း ကြားနိုင်ရအောင် ကျွန်မပြောရခြင်းဖြစ် ပါတယ်။ သူတို့ရဲ့ရပိုင်ခွင့် အခွင့်အရေးတွေအတွက်၊ ငြိမ်းချမ်းစွာနေခွင့် အခွင့်အရေးအတွက်၊ ဂုဏ်သိက္ခာရှိစွာ ဆက်ဆံခံရရေးအတွက်၊ တန်းတူညီမျှ အခွင့်အရေးအတွက်၊ ပညာသင်ကြားခွင့်ရရေး အခွင့်အရေးအတွက် စတာတွေအတွက် ကြိုးစား အားထုတ်သူတွေအားလုံး ကိုယ်စားပြောရတာဖြစ်ပါတယ်။

    သူငယ်ချင်းတို့ … ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ တာလီဘန်တွေဟာ ကျွန်မဦးခေါင်းရဲ့ ဘယ်ဘက်ကိုသေနတ်နဲ့ ပစ်ခတ်သွားခဲ့ပါ တယ်။ ကျွန်မရဲ့ သူငယ်ချင်းကိုလည်း ပစ်ခတ်ခဲ့ပါတယ်။ သူတို့ဟာ ကျည်ဆံတွေက ကျွန်မတို့ကို တိတ်ဆိတ်သွားစေခဲ့ မယ်လို့ တွေးထင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ထင်သလိုမဟုတ်ခဲ့ပါဘူး။ သူတို့ထင်ခဲ့တဲ့ တိတ်ဆိတ်မှုတွေ အစား ထောင်ပေါင်းများစွာသော အသံတွေပေါ်ထွက်လာခဲ့ပါတယ်။ အကြမ်းဖက်သမားတွေ ဟာ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကို ပြောင်းလဲအောင်၊ ရပ်တံ့အောင် လုပ်နိုင်မယ်လို့ ထင်မြင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်မဘဝမှာ အားနည်း မှုတွေ၊ ကြောက် ရွံ့မှုတွေ၊ မျှော်လင့်ချက်မဲ့မှုတွေသာသေဆုံးခဲ့ပြီး ကျွန်မကတော့ မပြောင်းမလဲဆက်ရှိနေပါတယ်။ ခွန်အားတွေ၊ စွမ်းအားတွေနဲ့ ရဲစွမ်း သတ္တိတွေသာ မွေးဖွားလာခဲ့ပါတယ်။ ကျွန်မဟာ ဒီမာလာလာပါပဲ။ ကျွန်မရဲ့ ရည်မှန်းချက်တွေလည်း အရင်ကအတိုင်း ပဲ။ ကျွန်မရဲ့ မျှော်လင့် ချက်တွေ လည်း ဒီအတိုင်းပဲ။ ကျွန်မရဲ့ စိတ်ကူးတွေလည်း အရင်အတိုင်း အတူတူပဲ။ ချစ်ခင်ရသော အစ်မ အစ်ကိုတို့ … ကျွန်မက ဘယ်သူကိုမှ ဆန့်ကျင်လိုတဲ့ သဘောမရှိပါဘူး။ ဒီမှာခုလို စကားပြောရတာဟာလည်း တာလီဘန်နဲ့ အခြားအကြမ်းဖက် သမားတွေကို ပုဂ္ဂိုလ်ရေးဆိုင်ရာ လက်စားချေဖို့ဆိုတဲ့ရည်ရွယ် ချက်မျိုးဆိုတာလည်းမရှိပါဘူး။ ကျွန်မဒီမှာ စကားပြောရတာဟာ ကလေးတိုင်းပညာ သင်ကြားခွင့် ရရှိရေး အတွက်ပဲဖြစ်ပါတယ်။ ကျွန်မဟာ တာလီဘန်တွေနဲ့ အခြားအကြမ်းဖက်သမားတွေရဲ့ သားသမီးတွေအတွက် ပညာ သင်ကြား ခွင့်ရရေးကိုလည်း လိုချင်ပါတယ်။ ကျွန်မကို ပစ်ခတ်ခဲ့တဲ့  တာလီဘန်တွေကိုလည်း မမုန်းပါ။

    1005095_600072080027665_351890974_n

    ကျွန်မလက်ထဲသေနတ်ထည့်ပေးပြီး ကျွန်မကို ပစ်ခတ်ခဲ့တဲ့ တာလီဘန်တွေ ရှေ့မှာရပ်နေမယ်ဆိုရင်တောင်မှ ကျွန်မပစ်ခတ်လိမ့်မှာမဟုတ်ပါဘူး။ ဒီကြင်နာ သနားမှုဟာ ကြင်နာသနားတတ်တဲ့ တမန်တော် မုဟမ္မဒ် ၊ ခရစ်တော် ယေရှု နဲ့ မြတ်ဗုဒ္ဓတို့ဆီက ကျွန်မသင်ယူခဲ့တာပါ။ ဒီအမွေအနှစ်ကို မာတင်လူသာ ကင်း၊ နလ်ဆင် မန်ဒဲလား၊ မိုဟမ္မဒ်အလီဂျင်းနားတို့ ထံကလည်း ထပ်ဆင့်အမွေအဖြစ်နဲ့ ကျွန်မရရှိခဲ့ပါတယ်။

    ဒါဟာ ကျွန်မသင်ယူခဲ့ရတဲ့ ဂန္ဓီကြီး၊ ဘာချာခန်း၊ မာသာ ထရီဆာတို့ ရဲ့ အကြမ်းမဖက် အဟိံသ မေတ္တာဝါဒသဘောတရားလည်းလည်းဖြစ်ပါတယ်။ ဒါ့အပြင်ဒါဟာ ကျွန်မအဖေနဲ့ အမေထံက သင်ယူခဲ့ရတဲ့ ခွင့်လွှတ်တတ်မှုလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မရဲ့ အတွင်းသဏ္ဍန် စိတ်ဝိညာဉ်ကိုက ငြိမ်းအေးဖို့နဲ့ လူတိုင်းကို ချစ်ခင်ဖို့တိုက်တွန်းနေပါတယ်။

    ချစ်ခင်လေးစားရသော အစ်မ၊ အစ်ကိုတို့ ကျွန်မတို့ဟာ အမှောင်ကိုမြင်မှ အလင်းရောင်ရဲ့ အရေးပါအရာရောက်မှုကို သတိရကြတယ်။ ကျွန်မတို့ တိတ် ဆိတ်ကြရတဲ့အခါမှပဲ ကျွန်မတို့ အသံတွေရဲ့ အရေးပါ အရာရောက်မှုကို သိရတယ်။ ဖျက်ဆီးတဲ့ သေနတ်တွေကို မြင်မှပဲ ကလောင်တံနဲ့ စာအုပ်ရဲ့ အရေးပါမှုကို သိကြရတယ်။ ပညာရှိတွေပြောကြတာက ” ကလောင်သွားသည် ဓားသွားထက်ထက်၏” ။ ဒါဟာအမှန်ပါပဲ။ အစွန်းရောက် အကြမ်း ဖက်သမားတွေဟာ စာအုပ်နဲ့ ကလောင်တံတွေကို ကြောက်ကြပါတယ်။ ပညာရေးရဲ့ စွမ်းပကားက သူတို့ကို ကြောက်လန့်တုန်လှုပ်သွားစေတယ်။ သူတို့ ဟာ အမျိုးသမီးတွေကို ကြောက်ကြပါတယ်။ အမျိုးသမီးတွေရဲ့ ထုတ်ဖော်တဲ့အသံစွမ်းအားကို သူတို့ကြောက်ကြတယ်။ ဒါ့ကြောင့်ပဲ ကတ်တားခရိုင် မှာ အပြစ်မဲ့တဲ့ ကျောင်းသား ၁၄ ယောက်လောက်ကို သူတို့သတ်ခဲ့တာပေါ့။ ဒါ့ကြောင့်သူတို့ဟာ အမျိုးသမီးဆရာမတွေကို သတ်ခဲ့ကြတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ကျောင်းတွေကို ဖောက်ခွဲ ဖျက်စီးကြတယ်။ အကြောင်းက သူတို့ဟာ အပြောင်းအလဲနဲ့ သာတူညီမျှမှုတွေ ကျွန်မတို့ လူအဖွဲ့အစည်းထဲကို ယူဆောင်လာမှာကို ကြောက်ကြလို့ပဲ။ ကျွန်မတို့ကျောင်းက လူငယ်လေးတစ်ဦးကို ဂျာနယ်လစ် တစ်ယောက်ကမေးတာကို အမှတ်ရမိပါတယ်။ “တာလီဘန်တွေဟာ ဘာလို့ပညာရေးကို ဆန့်ကျင်ရတာလဲ ?” လူငယ်လေးက စာအုပ်ကို ညွှန်ပြပြီး မဆိုင်းမတွဖြေလိုက်တာက “တာလီဘန်တွေဟာ စာအုပ်ထဲမှာ ဘာတွေရေးထားလဲဆိုတာ သူတို့မသိဘူး။”

    တာလီဘန်နဲ့ အကြမ်းဖက်သမားတွေဟာ ကျောင်းသွားတဲ့သူတွေကို အယူ အစွဲကြီးကြီးနဲ့ ဘုရားကပဲ သေနတ်နဲ့ချိန်ရွယ်ထားလိမ့်မယ် လို့လွဲမှားစွာ ထင်နေမြင်နေကြတယ်။ သူတို့ဟာ အစ္စလာမ်သာသနာကို သူတို့ကိုယ်ကျိုး တစ်ခုတည်းအတွက်နဲ့ လွဲမှားစွာအသုံးချနေကြတယ်။ ပါကစ္စတန် ဟာ ငြိမ်းချမ်း မှုကိုချစ်ခင်တဲ့၊ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ပါတယ်။ အာဖဂန်က ပထန်လူမျိုးတွေဟာ သူတို့သားသမီးတွေအတွက် ပညာရေးကို လိုလားကြပါတယ်။ ပညာရေးဟာ အဓိကဖြစ်သလို ကလေးတိုင်း ပညာသင်ကြားခွင့်ရရေးဟာ သူတို့ရဲ့ တာဝန်နဲ့ဝတ္တရားပဲဖြစ်ပါ တယ်။ ငြိမ်းချမ်းမှု ကတော့ ပညာရေးအတွက် လိုအပ်မှုတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာ့နေရာ အနှံ့အပြားမှာ အထူးသဖြင့် ပါကစ္စတန်နဲ့ အာဖဂန် တို့မှာ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် ကလေးငယ်တွေဟာ ပညာရေးအတွက် ကျောင်းတွေကို သွားလာခွင့်မရကြပါဘူး။ ကျွန်မတို့ဟာ ဒီစစ်ပွဲတွေကို တကယ်ပဲ စိတ်ကုန်လှပါပြီ။ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ကမ္ဘာအနှံ့မှာ အမျိုးမျိုးပဲ ခံစားနေကြရပါတယ်။

    အိန္ဒယမှာဆိုရင် အပြစ်မဲ့တဲ့ ဆင်းရဲတဲ့ ကလေးငယ်တွေဟာ ကလေးလုပ်သားတွေရဲ့ သားကောင်တွေဖြစ်နေပါတယ်။ နိုင်ဂျီးရီးယား မှာ ကျောင်းပေါင်း များစွာ ဖျက်ဆီးခံရတယ်။ အာဖဂန်က လူတွေဟာ အစွန်းရောက်တွေရဲ့ ဆိုးကျိုးသက်ရောက်မှုကို ခံစားနေရတယ်။ အမျိုးသမီးငယ်လေးတွေဟာ အိမ်ဖော်လို အလုပ် မျိုးတွေလုပ်ကိုင်နေရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခံကြရတယ်။ ဆင်းရဲမှု၊ အသိဉာဏ်ပညာမဲ့မှု၊ တရားမျှတခြင်းကင်းမဲ့မှု၊ မျက်ကန်းမျိုးချစ်ဝါဒတွေနဲ့၊ လူ့အခြေခံအခွင့်အရေး ချိုးဖောက်မှုတွေဟာ အမျိုးသား၊ အမျိုးသမီး နှစ်ဖက်လုံးမှာ တွေ့ကြုံရတဲ့ အဓိကပြဿနာတွေပဲဖြစ်ပါတယ်။

    ဒီနေ့တော့ ကျွန်မဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး အထူးအလေးပေးပြောချင်ပါတယ်။ အကြောင်းက သူတို့ဟာ အခွင့်အရေးအချိုးအဖောက် အခံရဆုံးဖြစ်လို့ပါပဲ။ တစ်ချိန်ကတော့ အမျိုးသမီးအရေး လှုပ်ရှား တက်ကြွသူတွေဟာ သူတို့အခွင့်အရေး အတွက် အမျိုးသားတွေကို အကူအညီတောင်းခဲ့ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်မတို့ဟာ ကိုယ်တိုင်လုပ်ယူကြတော့မှာပါ။ ဒါပေမယ့် အမျိုးသားတွေကို အမျိုးသမီးအခွင့် အရေးအတွက် မပြောမဆိုဘဲနေကြဖို့ ဆိုလိုတာမဟုတ်ပါဘူး။ အမျိုးသမီးတွေကိုလည်း လွတ်လပ်စွာနဲ့ သူတို့အခွင့်အရေးအတွက် သူတို့ကိုယ်တိုင်လည်း ပါဝင်ကြိုးစားကြဖို့ အလေးပေးချင်တာပါ။ ဒါ့ကြောင့် အစ်မ၊ အစ်ကိုတို့…အခုအချိန်ဟာ ကျွန်မတို့အသံတွေကို မြှင့်တင်ကြရမယ့် အချိန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း ငြိမ်းချမ်းပြီး သာယာဝပြောစေမယ့် နည်းဗျူဟာ စည်းစနစ်တွေ ချမှတ်ကြဖို့ တောင်းဆိုချင်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေကို အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးနဲ့ပတ် သတ်ပြီး ကာကွယ်ပေးကြဖို့ တောင်းဆိုပါတယ်။ အမျိုးသမီးတွေ ရဲ့အခွင့်အရေးနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်တွေကို လက်မခံနိုင်ပါဘူး။

    နိုင်ငံတိုင်းမှာရှိတဲ့အစိုးရတွေအနေနဲ့ ကလေးငယ်တိုင်းအတွက် အခမဲ့ မဖြစ်မနေ ပညာရေးကို ဖြည့်ဆည်းပေးကြဖို့တောင်းဆိုပါတယ်။ နိုင်ငံတိုင်းက အစိုးရတွေအနေနဲ့ အကြမ်းဖက်မှုတွေနဲ့ ကြောက်လန့်ဖွယ်ဆူပူမငြိမ်မသက်မှုတွေကို ငြိမ်းအေးအောင် လုပ်ကြဖို့တောင်းဆိုပါတယ်။ ကလေး ငယ်တွေကို ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အန္တရာယ်ပေးမှုတွေကနေ အကာအကွယ်ပေးကြပါ။ တိုးတက်ပြီးနိုင်ငံတွေအနေနဲ့လည်း အမျိုးသမီး ပညာရေးအခွင့်အရေးအတွက် တိုးတက်ဆဲကမ္ဘာ့ အခြားနေရာတွေအထိ ဖြန့်ကျက် အကူအညီပေးကြဖို့တောင်းဆိုပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့ နားလည်သည်းခံကြဖို့၊ လူတန်းစား၊မျိုးနွယ်၊ဘာသာအယူဝါဒ၊ အသားအရောင်၊ လိင်ကွဲပြားမှုတွေနဲ့ဆိုင်တဲ့ အာဃာတ တွေကို ဖယ်ရှားကြဖို့၊ အားလုံးအောင်မြင်တိုးတက်တက်ပြီး လွတ်လပ်တဲ့အခြေအနေကိုဖန်တီးကြဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်မတို့အထဲက တစ်ဝက်လောက် က နောက်ကိုပြန်လှည့်နေရင် ကျွန်မတို့အောင်မြင်ကြမှာမဟုတ်ပါဘူး။ ကမ္ဘာအနှံ့က ကျွန်မရဲ့ ညီအစ်မတွေကိုပြောချင်တာက သတ္တိရှိကြပါ၊ မိမိအတွင်းက ခွန်အားကို အားကိုး အသုံးချကြပါ။ ဒါ့အပြင် မိမိတို့ရဲ့ အခွင့်အရေးပြည့်ဝတဲ့ အနာဂတ်အလားအလာကို သတိတရရှိကြပါ။

    ချစ်ခင်ရသောအစ်ကို အစ်မတို … ကျွန်မတို့ဟာ ကလေးငယ်တိုင်းရဲ့ အနာဂတ်ထွန်းလင်းတောက်ပဖို့ ကျောင်းတွေနဲ့ ပညာရေးကိုအလိုရှိပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ငြိမ်းချမ်းတဲ့ ပညာရေး ပန်းတိုင်ကို ဆက်လက်ချီတက်ကြမှာပါ။ ဘယ်သူမှ ကျွန်မတို့ကို ရပ်တံ့နိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ အခွင့်အရေးတွေအတွက် ပြောကြားမယ်။ ကျွန်မတို့ရဲ့ အသံတွေနဲ့အတူ ပြောင်းလဲမှုတွေ ဖြစ်လာရမယ်။ ကျွန်မတို့ရဲ့ စကားလုံးတွေရဲ့ ခွန်အားနဲ့ စွမ်းပကားကို ကျွန်မတို့ယုံကြည်မှုရှိပါတယ်။ ကျွန်မတို့စကားလုံးတွေဟာ ကမ္ဘာကြီးကိုပြောင်းလဲနိုင်ပါတယ်။ အကြောင်းက ကျွန်မတို့ အားလုံးဟာ အတူတကွဖြစ်ကြပြီး ပညာရေးအတွက် အားလုံးစုစည်းကြလို့ပါပဲ။ ကျွန်မတို့ရဲ့ ရည်မှန်းချက်အောင်မြင်ဖို့အတွက် အသိဉာဏ် ပညာ ဗဟုသုတလက်နက်နဲ့ ကျွန်မတို့ကိုယ်ကို စွမ်းအားမြှင့်တင်ရပါမယ်။ အဲ့ဒီနောက် အတူတကွစုစည်းမှုနဲ့ ကျွန်မတို့ကိုယ်ကို ဒိုင်းသဖွယ်အကာအကွယ်ရှိနေရပါမယ်။

    ချစ်ခင်ရသော အစ်ကို အစ်မတို့ … သန်းပေါင်းများစွာသောလူတွေဟာ ဆင်းရဲမှု၊ တရားမျှတခြင်းကင်းမဲ့မှု နဲ့ မသိနားမလည်မှုတွေရဲ့ ဆိုးကျိုးတွေခံ စားနေရတယ်ဆိုတာ မေ့မထားကြပါနဲ့။ သန်းနဲ့ချီတဲ့ ကလေးငယ်တွေဟာ သူတို့နေရမယ့် ကျောင်းတွေရဲ့ပြင်ပကို ရောက်နေကြ ရတယ်ဆိုတာ မမေ့ပါနဲ့။ ကျွန်မတို့ အစ်ကိုတွေ အစ်မတွေဟာ ထွန်းလင်းငြိမ်းချမ်းတဲ့ အနာဂတ်တစ်ခုကို စောင့်မျှော်နေကြတယ်ဆိုတာ မမေ့ပါနဲ့။

    ဒါ့ကြောင့် စာမတတ်မှုပပျောက်ရေး၊ ဆင်းရဲ့မှုပပျောက်ရေးနဲ့၊ အကြမ်းဖက်ဝါဒတွေပပျောက်ရေးစတဲ့ ခန်းနားထယ်ဝါတဲ့ ကြိုးပမ်းအား ထုတ်မှုကိုပြုလုပ်ကြပါစို့။ အစွမ်းထက် လက်နက်ဖြစ်တဲ့ စာအုပ်နဲ့ ကလောင်တံတွေကို ကောက်ယူကြမယ်။ ကလေးတစ်ယောက်၊ ဆရာတစ်ယောက် စာအုပ်တစ်အုပ်နဲ့ ကလောင်တံတစ်ချောင်းက ကမ္ဘာကိုပြောင်းလဲနိုင်တယ်။ ပညာရေးက တစ်ခုတည်းသော အဖြေဖြစ်တယ်။ ပညာရေးသည်သာ ပထမ။ ကျေးဇူးတင်ပါတယ်။

     

  • Post Graduae Certificate in Peace, Democracy and Development သင်တန်းကို MDRI – CSIS မှ ဖွင့်လှစ်မည်

    ဇူလိုင် ၁၀၊ ၂၀၁၃
    M-Media
    K K

    ရန်ကုန် ။           ။ MDRI ၏ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) မှ ပဉ္စမအကြိမ် ဖွင့်လှစ်မည့် Post Graduae Certificate in Peace, Democracy and Development သင်တန်းကို ဇူလိုင်လ ၂၉-ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါသင်တန်းကို ပြည်တွင်း/ပြည်ပမှ နိုင်ငံရေးပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ ဖွံ့ဖြိုးရေးဆိုင်ရာပညာရှင်များနှင့် တက္ကသိုလ်များမှ ၀ါရင့် ပါမောက္ခများ ပို့ချပေးမည်ဖြစ်ပြီး

    (၁) Peace building and Conflict Resolution

    (၂) Democracy and Human Right

    (၃) Sustainable Human Development ကဏ္ဍ (၃)ခုနှင့်ဆိုင်သော ဘာသာရပ်(၁၅)ခုကို သင်ကြားပေးမည်ဖြစ်ပါသည်။

    တက်ရောက်သူများအနေဖြင့်လည်း သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ရန် လိုအပ်ပါသည်။

    သင်တန်းတက်ရောက်လိုသူသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး အသက်(၂၅)နှစ်မှ (၅၅)နှစ်အတွင်းရှိရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်လိုသူ၊ စိတ်ဝင်စားသူဖြစ်ရမည်ဟုလည်း သိရသည်။

    သင်တန်းတက်ရောက်လိုသူသည် ဘွဲ့လက်မှတ်မိတ္ထူ၊ မှတ်ပုံတင်မိတ္တူ (၁)စောင်စီ၊ ပတ်စ်ပို့စ်ဓါတ်ပုံ(၃)ပုံနှင့်အတူ CSIS ရုံးခန်း၊ အမှတ်(၂၇)၊ ၆-မိုင်ခွဲ၊ ပြည်လမ်း၊ ရန်ကုန်တိုင်းဒေသကြီး (09-73107596) သို့ ဇူလိုင်လ ၁၈-ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပါသည်။

    မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း (MDRI)၏ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန (CSIS) သည် မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေး၊ ဥပဒေရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို စီမံခန့်ခွဲနိုင်သည့် လိုအပ်သော လူ့အရင်းအမြစ်များ ဖြစ်ထွန်းနိုင်ရေးကို ရှေ့ရှုဖွင့်လှစ်ထားသော အစိုးရ မဟုတ်သည့် (NGO)တစ်ခု ဖြစ်ကြောင်း သိရသည်။

    MDRI

     

  • ဆော်ဒီအမျိုးသမီးများအား လေ့ကျင့်သင်ကြားပေးရန် UK ကောလိပ်များ ဒေါ်လာ ၁၁၄ သန်းတန် စာချုပ် လေလံအောင်

    ဇူလို်င် -၁ ၊ ၂၀၁၃
    M-Media

    EDDAH။    ။ ဗြိတိန်ကောလိပ် ၃ ခုပေါင်းထားသည့် ကဏ္ဍစုံအဖွဲ့အစည်းတစ်ခုသည် ဆော်ဒီအာရေဗျ (Saudi Arabia) တွင် အမျိုးသမီးသီးသန့်် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်တစ်ခုဖွင့်လှစ်နိုင်ရန် ပေါင် ၇၅ သန်း (ဒေါ်လာ ၁၁၄ သန်း)တန် စာချုပ်ကို လေလံ အနိုင်ရရှိခဲ့ကြောင်း တနင်္ဂနွေနေ့က ကြေညာခဲ့သည်။

    Saudi women

    အဆိုတစ်ခုအရ NESCOT ကဏ္ဍစုံအဖွဲ့အစည်းတွင် နောက်ထပ် ပညာရေးကောလိပ် ၃ ကျောင်းပါရှိပြီး၊ North East Surrey College of Technology (NESCOT)၊ Highbury College Portsmouth and Burton နှင့် South Derbyshire College တို့ဖြစ်ကြသည်။

    ဂျီဒဟ် (Jeddah) အမျိုးသမီးကောလိပ်သည် တင်ဒါခေါ်ယူခံရသူ ၁၁ ဖွဲ့အနက် တစ်ခုဖြစ်ပြီး၊ ဆော်ဒီ ရီယဲလ် ၄ သန်းတန် စာချုပ်ထဲတွင် အပါအ၀င်ဖြစ်သည်။ အမေရိကန်၊ ကနေဒါ၊ ဗြိတိန် နှင့် စပိန်မှကောလိပ်များနှင့်အပြိုင် ဈေးကွက်လိုအပ်ချက်နှင့်အညီ ဆော်ဒီတွင် နည်းပညာရပ်အား သင်တန်းပေးရေး တင်ဒါအား ရရှိအောင် ဦးဆောင်ကြိုးစားနေသည်။ ၄င်း တင်ဒါခေါ်ယူမှုသည် ဆော်ဒီအာရေဗျတွင် ရှိသူများ၊ အထူးသဖြင့် အမျိုးသမီးများကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုမြှင့်တင်ရေး ပထမဆုံးကြိုးပမ်းချက်အနေဖြင့် ထိုစီမံချက်ပေါ်ထွက်လာရသည်။

    North East Surrey College of Technology (NESCOT) သည် ကဏ္ဍစုံကို ဦးဆောင်လျက် ရှိသည်။ ဗြိတိန်၊ အမေရိကား၊ သြစတေးလျ နှင့် နယူးဇီလန်နိုင်ငံများရှိ ကမ္ဘာ့အဖွဲ့အစည်း ၅၀၀ ကျော်ထဲမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် ဆော်ဒီအာရေဗျတွင် ပထမဆုံးသော သက်မွေးဝမ်းကျောင်း ကောလိပ် ၁၀ ခုအနက် တစ်ခုအား ရင်းနှီးမြှုပ်နှံမှု၌ စိတ်အားထက်သန်ပါကြောင်း ဖွင့်ပြောခဲ့သည်။ ကောလိပ်တိုင်းအား နေရာဒေသ သတ်မှတ်ပြီး ဖြစ်ကာ၊ Technical and Vocational Training Corporation (TVTC) မှ တည်ဆောက်ထားပြီးဖြစ်သည်။
    “ ကျွန်မတို့ရဲ့ ကြိုးပမ်းမှု နဲ့ အားထုတ်မှုကြောင့် ဂျီဒဟ်မှာ အမျိုးသမီးကောလိပ်တစ်ခုအတွက် ကန်ထရိုက်ရခဲ့ပါတယ်။ ယူကေမှ လက်တွဲဖော်များရဲ့ အရည်အသွေးပြည့်သူ၊ ကျွမ်းကျင်သူတွေက  ဂျီဒဟ်နေ အမျိုးသမီးများရဲ့ဘ၀တွေကို ပြောင်းလဲစေမှာဖြစ်တယ်လို့ ကျွန်မတို့ ယုံပါတယ်။ နောက်ထပ် အမြောက်အများ ပေါ်ပေါက်လာဦးမယ့်အထဲက ပထမဦးဆုံးဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ” ဟု NESCOT ကောလိပ်ကျောင်းအုပ် စူနိုင်နာ မန်း (Sunaina Mann) မှ ပြောကြားခဲ့သည်။

    အဲဗားရှဒ်ရီရာဒ် (Eversheds Riyadh) ၏ လုပ်ဖော်ကိုင်ဖက် ဖိုင်စလ် တဗ်ဘာ (Faisal Tabbaa) အမည်ရှိ အကြံပေးဥပဒေအဖွဲ့မှ “ ဆော်ဒီ အစိုးရဟာ နိုင်ငံတစ်ဝှန်း အရည်အသွေးမြှင့်တင်ရေးသင်တန်းများကို ပြုလုပ်ဖို့ အားသန်လျက်ရှိပါတယ်။ ဒီစီမံကိန်းက အရေးပါတဲ့  NESCOT ကဏ္ဍစုံအဖွဲ့အစည်းဟာ ဆော်ဒီ အလုပ်သမားထုရဲ့ အခြေခံကျွမ်းကျင်မှုကို မြှင့်တင်တိုးတက်စေဖို့ အနာဂတ်လက်တွဲဖော်များအတွက် ပုံစံတူစနစ်တစ်ရပ်ကို ပေးစွမ်းပါလိမ့်မယ်။  အပြည်ပြည်ဆိုင်ရာပညာရေးစံနစ်က ပညာရေးအခန်းကဏ္ဍအတွက် အရေးကြီးဆုံးတွန်းအားတစ်ခုဖြစ်တယ်။  ဒီလိုမျိုး အခြေခံစီမံချက်ထဲ အသုံးချရသည်မှာ ကျွန်တော်တိုရဲ့ကျွမ်းကျင်မှုကို အသုံးချခွင့်ရလို့ အလွန်ကို ပီတိဖြစ်မိပါတယ် ” ဟု ဆိုခဲ့သည်။

    အရည်ချင်းရှိ အမျိုးသမီးများအတွက် ကျောင်းအသစ်များဖွင့်လှစ်ခြင်းနှင့်အတူ  တက္ကသိုလ်များတက်ရန် အထူးအလေးထားဆောင်ရွက်ပေးမှုဖြင့် ဆော်ဒီအမျိုးသမီးများအား ကမ္ဘာ့အဆင့်မီပညာရပ်များကို ဆက်လက်အရယူဖို့ တွန်းအားပေးလျက်ရှိနေပါသည်။  ၁၉၆၅ ခုနှစ်တွင် စာတတ်မြောက်သော အမျိုးသမီးဦးရေမှာ ၅ ရာခိုင်နှုန်းသာရှိခဲ့သည်။ ယနေ့သော် ဆော်ဒီအာရေဗျတွင် ကောလိပ်ကျောင်းသားများ၏ ၆၀ ရာခိုင်နှုန်းသည် မိန်းကလေးများဖြစ်ပြီး၊ သူတို့၏ အလုပ်ရရှိမှုမှာ ၅.၄ မှ ၁၄.၄ ရာခိုင်နှုန်းသို့ သုံးဆနီးပါးအထိ တိုးမြှင့်သွားပြီဖြစ်သည်။

    ဆော်ဒီဘုရင်မှ နိုင်ငံရပ်ခြားပညာတော်သင်ဆော်ဒီလူငယ်များအတွက် စကောလားရှစ်များကို ရက်ရက်ရောရော ပေးအပ်နေပြီဖြစ်ပြီး ၄င်းလူငယ်အများစုမှာ မိန်းကလေးများဖြစ်ကြောင်း သိရသည်။

    Ref:Saudi Gazette

  • ကျောင်းဖွင့် ရာသီနှင့် မိတ္ထီလာ ရွှေ့ပြောင်း စခန်းများမှ ကလေးငယ်များ၏ ပညာရေး

    မေ-၈ ၊ ၂၀၁၃
    M-Media
    ဆိုးပေ ရေးသားသည်။

    A Muslim boy looks on after evacuation to a temporary relief camp in riot-hit Meiktila, central Myanmar on March 22, 2013.
    ဒုက္ခသည် စခန်းမှ ကလေးငယ်တစ်ဦး (ဓါတ်ပုံ AP)

    စခန်းများ

    ကျောင်းဖွင့်ရာသီ နီးလာပြီဖြစ်သဖြင့် ကျောင်းများတွင်ဖွင့်ထားသော ဒုက္ခသည်စခန်းများကို အခြားနေရာများသို့ ရွှေ့ပြောင်းလိုက်ကြောင်း သိရသည်။ လောလောဆယ်တွင် မွတ်စလင် အများစုရှိသော စခန်းသုံးခုရှိပြီး ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ကြသော စခန်းနှစ်ခုရှိသည်။ ကန့်ဘလူနှင့် ယင်းတော်တွင်လည်း အစိုးရက ဖွင့်ပေးထားခြင်း မဟုတ်သော်လည်း ရပ်မိရပ်ဖနှင့် စေတနာရှင်များမှ ကူညီပေးထားသော စခန်းနှစ်ခုလည်း ရှိနေပါသည်။

    ပြန်လည် ပျိုးထောင်မှု အစီအစဉ်များ

    ယခုအခါ အိမ်ရာများ မပျက်မစီး အကောင်းအတိုင်းရှိပြီး လုံခြုံစိတ်ချရပြီဖြစ်သော ရွာနှင့် ရပ်ကွက်များမှ မိသားစုများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ရွာအုပ်ချုပ်ရေးရုံးများနှင့်တဆင့် ချိတ်ဆက်ကာ ပြန်ခွင့်ပြုပြီဖြစ်သည်။ မိမိတို့၏ ဆွေမျိုးသားချင်းများအကူအညီဖြင့် တစ်ရပ်တစ်ကျေးသို့ ပြောင်းရွှေ့နေထိုင်လိုသူများကိုလည်း ခွင့်ပြုထားပြီဖြစ်သည်။ အိမ်ရာပျက်စီးဆုံးရှုံးခဲ့သူများအတွက် တန်ဖိုးအသင့် အိမ်များ ဆောက်လုပ်ရန် ရာထားချက်နှင့် အလှူရှင်အချို့ရှိသော်လည်း မြေနေရာအတွက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

    လက်ရှိအခြေအနေ

    မိတ္ထီလာမြို့ ဆင်ခြေဖုံးရပ်ကွက်များနှင့် ရွာများတွင် နှစ်ဖက် အသိုင်းအဝိုင်းများကြား ပုံမှန် အေးချမ်း စပြုနေပြီဖြစ်သော်လည်း မြို့ပေါ် ရပ်ကွက်များမှာမူ မူလတည်ငြိမ်မှုသို့ ရောက်ရှိရန် အချိန်ပေး ဆောင်ရွက်ရဦးမည်ဖြစ်သည်။

    ကလေးငယ်များ၏ ပညာရေး အခက်အခဲ

    မိုးတပြိုက်နှစ်ပြိုက်ကျကာ ကျောင်းဖွင့်ရာသီ နီးကပ်လာပြီဖြစ်သော်လည်း ပဋိပက္ခတို့၏ မြေစာပင် ဖြစ်ခဲ့ရရှာသော စခန်းများရှိ အပြစ်မဲ့ ကလေးငယ်များ  အတွက်မူ ကျောင်းဖွင့်ရာသီမှာ ဝိုးတဝါးနှင့် မသေချာလှပေ။ နှစ်ဖက်အသိုင်းအဝိုင်းရှိ ကလေးငယ်များမှာ အခက်အခဲ အခြေအနေများ ကွဲပြားသော်လည်း တူညီမှု တစ်ခုမှာ မရေရာသော ကျောင်းဖွင့်ရာသီပင် ဖြစ်သည်။

    အစိုးရနှင့် လူမှုရေးအဖွဲ့များ၏ ကူညီမှု အလျှင်အမြန်လိုအပ်

    ဗုဒ္ဓဘာသာဝင် ကလေးငယ်များအတွက် ကျောင်းဖွင့်ရာသီ အမှီ ကျောင်းတက်ရန် အဓိက အခက်အခဲမှာ စရိတ်ပြဿနာဖြစ်သည်။ အရေးအခင်းများကြောင့် မိဘတို့၏ စီးပွားများ ပျက်ခဲ့ရပြီး စားဝတ်နေရေး အခက်အခဲက မိသားစုများ အတွက် နံပါတ်တစ် ဦးစားပေးဖြစ်နေသဖြင့် ကလေးငယ်များ၏ ပညာရေးမှာ ဒုတိယနေရာ ရောက်နေသည်မှာ မဆန်းလှပါ။ အခြေခံအဆင့် အစိုးရပညာရေးမှာ အခမဲ့ဖြစ်သော်လည်း ကလေးငယ်များအတွက် တစ်နှစ်ပတ်လုံး လိုအပ်မည့် ကျန်စရိတ်များနှင့် ထိုကလေးငယ်များ အလုပ်လုပ်ပါက မိသားစုအတွက် တနိုင်ဝင်ထမ်းမည့် ဝင်ငွေ လျော့မှုက စိန်ခေါ်မှုဖြစ်နေသည်။

    စခန်းများရှိ မွတ်စလင်ကလေးငယ်များမှာမူ မိသားစု စားဝတ်နေရေး ကိစ္စအပြင် ကျောင်းများသို့ပင် သွားတက်ရောက်ရန်မှာ ခက်ခဲလွန်းနေပြီး စခန်းများအတွင်းတွင် ယာယီစာသင်ခန်းများ ကျောင်းဖွင့်ရာသီ အမှီဖွင့်ရန် အရေးတကြီးလိုအပ်နေပါသည်။ ကလေးငယ်များ၏ ပညာရေးတစ်နှစ် မအောက်စေရန် ပရဟိတလုပ်အားပေးများ သက်သက်ဖြင့်ဖွင့်လှစ်ရန် မလုံလောက်ဘဲ အစိုးရတာဝန်ရှိသူများမှ ဦးစီးစီစဉ်ပေးသော အသိအမှတ်ပြု အခြေခံပညာရေး သင်ရိုးနှင့် ဆရာများဖြစ်ရန် လိုအပ်နေပါသည်။

    စခန်းများ၏ အထွေထွေ လိုအပ်မှုအတွက် သက်ဆိုင်ရာနှင့် အဖွဲ့အစည်းများ၊ စေတနာရှင်များမှ ကူညီဆောင်ရွက်ပေးနေသော်လည်း ကျောင်းဖွင့် ရာသီနီးသဖြင့် ကလေးငယ်များ၏ ပညာရေး အတွက် ပညာရေးဝန်ကြီးဌာနမှ ပါဝင်ဆောင်ရွက်ခြင်းမျိုး မရှိသေးဟုလည်း သိရပါသည်။ မည်သို့ပင်ဖြစ်စေကာမူ နှစ်ဘက် အသိုင်းအဝိုင်းမှ ကလေးငယ်များ အားလုံးသည် အပြစ်ကင်းစင်ကြပြီး အမိမြန်မာနိုင်ငံတော်၏ အနာဂတ် မျိုးဆက်များဖြစ်သဖြင့် သူတို့၏ ပညာရေးကိုလည်း အခြားအရေး ကိစ္စများကဲ့သို့ အလေးပေး အရေးစိုက် ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်နှင့် လူမှု အဖွဲ့များရော စေတနာရှင် မိဘပြည်သူများပါ ကျောင်းဖွင့်ရာသီ အမှီ ကလေးငယ်များ၏ ပညာရေးကို အာရုံစိုက် ဆောင်ရွက် လှုပ်ရှားမှုများ ပြုလုပ်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

  • အဝေးသင်

    ဧပြီ ၂၈-၂၀၁၃
    M-Media
    ဆောင်းပါးရှင်- ကျော်မိုးအောင်

      distanceကျွန်တော် တက္ကသိုလ်နှစ်ခုတွင် အဝေးသင်ကျောင်းသားအဖြစ် ကျောင်းတက်ကာ ပညာသင်ယူဖူးပါသည်။

    ထိုတက္ကသိုလ်များအကြောင်းမပြောမီ မြန်မာနိုင်ငံတွင် ကျွန်တော်တို့ ပညာသင်ယူခဲ့ရသည့် ပညာသင်နှစ်၏ ထူးခြားမှုဖြင့်စတင်လျင် ပိုပြည့်စုံမည်ဖြစ်သဖြင့် ထိုအကြောင်းအရာမှ စပါရစေ။

    ကျွန်တော် သူငယ်တန်းစတက်တော့ ၁၉၈၈ ခုနှစ်။ ထိုနှစ်တွင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတစ်ရပ် ဖြစ်ခဲ့သည့် ၈.၈.၈၈ သပိတ်ကြီးကြောင့် တစ်ပြည်လုံးရှိကျောင်းများ ပိတ်ခဲ့သောကြောင့် နောက်နှစ်တွင်လည်း သူငယ်တန်း ပြန်တက်ရသည်။ ထိုအချိန်မှ ၅နှစ်ပြည့်သော ကျောင်းသားသစ်များလည်း သူငယ်တန်းတက်ရာ ထိုပညာသင်နှစ်သည် အခြားအခြားသော နှစ်များထက် ကျောင်းသားဦးရေ စံချိန်တင် နှစ်ဆများသော ထူးခြားသည့်နှစ်ဖြစ်သည်။ တစ်နှစ်တစ်တန်း ပုံမှန်အောင်လာကြသူတို့ ၁၉၉၉-၂၀၀၀ ပညာသင်နှစ်တွင် ဆယ်တန်းဖြေဆိုကြရာ ၁၀တန်းဖြေသူ အများဆုံးနှစ် ဖြစ်ခဲ့ပြန်သည်။ ထို့နောက် တက္ကသိုလ် တက်ကြစဉ်လည်း ထိုနည်းလည်းကောင်း။ ကျောင်းသား အလွန်များသည့်နှစ်။

    ကျွန်တော် ၁၀တန်းအောင်တော့ အမှတ်က မကောင်းတကောင်းဟု ဆိုရပေမည်။ ဆေးနှင့်ဆိုင်သောတက္ကသိုလ် တက်နိုင်လောက်သော အမှတ်မမီသော်လည်း ကွန်ပြူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့  တက်နိုင်သည့် အနေအထား။ သို့သော် ထိုစဉ်က စဉ်းစားသည်က ကွန်ပြူတာသည်လည်း ပြင်ပတွင် လေ့လာနိုင်သလို နိုင်ငံတကာအသိအမှတ်ပြု အင်ဂျင်နီယာသင်တန်းများလည်း ပြည်တွင်းတွင် ဖွင့်နေပြီဖြစ်ခြင်းကြောင့် တစ်ကြောင်း၊ မြို့နှင့် အတော်အတန် ဝေးကွာသောနေရာတွင် ဖွင့်လှစ်ထားသည့် ထိုတက္ကသိုလ်များတက်ပါက တစ်ရက်လျင် တစ်နာရီခွဲခန့် ဖယ်ရီကားပေါ်တွင် အချိန်ကုန်ရမည်ကို မလိုလားသောကြောင့်တစ်ကြောင်း အဝေးသင်တက္ကသိုလ်သာ တက်ရောက်ကာ အပြင်မှသာ အင်္ဂလိပ်ဘာသာစကားနှင့် ကျန်ဘာသာရပ်များ လေ့လာဖို့ရန်ပင် ဆုံးဖြတ်ခဲ့သည်။

    ထို့အတွက် ကျွန်တော်တို့အရင် ၁၉၉၈-၁၉၉၉ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် ဘာသာရပ်အလိုက် အနိမ့်ဆုံးဝင်ခွင့် သတ်မှတ်ချက်ကိုကြည့်ကာ စိတ်ဝင်စားမည့်ဘာသာရပ် ရွေးချယ်ရန် ဆုံးဖြတ်လျက် လေ့လာကြည့်တော့ အင်္ဂလိပ်စာ၊ သင်္ချာနှင့် ဥပဒေတို့က ထိပ်ဆုံးသုံးခု။ အမှတ်ပေါင်း ၂၉၀ကျော် အနည်းဆုံးရသူတို့ လျှောက်ထားနိုင်သည့်ဘာသာရပ်များ။ (မှတ်ချက် … ထိုစဉ်က ဆယ်တန်းတွင် ဘာသာရပ်၅ခု ဖြေရသည့်အချိန်ဖြစ်ရာ တစ်ဘာသာလျင် ပျမ်းမျှ အမှတ်၆၀ခန့် အနိမ့်ဆုံးရသူများ တက်ကြသည့် ဘာသာရပ်များဖြစ်သည်။) ထိုအထဲကမှ ဥပဒေပညာ သင်ယူရန် ရွေးချယ် လျှောက်ထားခဲ့သည်။

    လအနည်းငယ်ကြာတော့ ကျောင်းမှ ဝင်ခွင့်ပြုကြောင်း အကြောင်းကြားစာရောက်လာတော့ ကျောင်းသွားအပ်သည်။ ကျောင်းသွားအပ်သည့်အချိန်တွင် ပထမဆုံး စတင်ကြုံရသည်က ကျောင်းသားရေးရာတွင် ကျောင်းအပ်ရန် ရောက်နေသော သောင်းဂဏန်းရှိသည့် လူအုပ်ကြီးဖြစ်သည်။ ကျွန်တော်နှင့်အတူ ဥပဒေအထူးပြုသင်ယူကြမည့် ကျောင်းသားအရေအတွက်က ၃၀၀၀ နီးပါး။

    ကျွန်တော်တို့နှစ်အတွက် အနိမ့်ဆုံးဝင်ခွင့်အမှတ် မည်မျှသတ်မှတ်သည်ကို သိချင်သောကြောင့် ကြော်ညာသင်ပုန်းသွားကြည့်မိတော့ အတော်စိတ်ပျက်သွားမိသည်။ အနိမ့်ဆုံအမှတ် သတ်မှတ်ချက်က အမှတ် ၂၀၀။ ဒီအတိုင်းဆိုတော့ မအောင်မချင်းမော်ဒရေးရှင်းဖြင့် အောင်လာသူလည်း အတူတူ တက်ခွင့်ရသည်ပေါ့။ တစ်ဘာသာ အမှတ်၄၀ဖြင့် အောင်သည်ဆိုရုံမျှဆိုနိုင်ရုံ အောင်လာလည်း တန်းတူပဲပေါ့ ဆိုသည့်အတွေး ရောက်လာသည်။ အမှန်တော့ ကိုယ်နှင့်တိုက်ရိုက်မဆိုင်ဟု ဆိုလိုကလည်း ဆိုနိုင်သည့် ကိစ္စဖြစ်သော်လည်း ကိုယ့်ရမှတ်ကိုယ် ဘဝင်လေဟပ်၊ ဂုဏ်ယူကြေနပ်သူတစ်ဦးအနေဖြင့်တော့ စိတ်ပျက်စရာ။

    ဒီလိုနှင့် ပထမနှစ် စတက်ဖြစ်သည်။ ငွေစာရင်းသွင်းပြီးတော့ ချလံလေးတစ်စောင်ရသည်။ သင်ခန်းစာ စာအုပ်များ၊ ကက်ဆက်ခွေများ ကတော့ နောက်လလောက်မှ တစ်ခေါက်ပြန်လာဖို့ … ကျောင်းသား များလွန်းသောကြောင့် အားလုံးမရနိုင်သေး၊ ရှေ့ဆုံးလာအပ်သူ အချို့သာ ပေးလိုက်နိုင်သည်ဟု သိရသည်။ နောက်တစ်လ ကျောင်းသွားတော့ နောက်ထပ် တစ်လလောက်ကြာမှ ပြန်လာရန် ပြောပြန်သည်။ နောက်လလည်း ထိုနည်းလည်းကောင်း၊ နောက်တစ်လ (ကျောင်းဖွင့်ချိန်မှစလျင် ၃လအကြာ)မှသာလျင် လက်ထဲသို့ စာအုပ်များ အစုံအလင်ရသည်။

    ထိုနှစ်အတွက် Assignment စာစဉ်များ ဖြေဆိုရတော့ ကျွန်တော့်တွင် စာအုပ်များမရှိ။ သို့သော် ပြဿနာမရှိ … အသင့်ဖြေဆိုပြီးသား စာစဉ်များ ရောင်းသည်လေ။ ပြန်ကူးရေးရုံသာ … ဘာခက်တာမှတ်လို့။ မြန်မာစာနှင့် အင်္ဂလိပ်စာမှလွဲလျင် ကျန်သည်တို့ကို ကျွန်တော် နားမလည် …. ဒီတိုင်းပဲ ပြန်ကူးပေးလိုက်သည်။ ညောင်းလိုက်သည့်လက် … ပျင်းစရာ။

    စာမေးပွဲမဖြေခင် ၁၀ရက်အလိုရောက်တော့ အနီးကပ်သင်တန်း တက္ကသိုလ်တွင် သွားတက်ရသည်။ ဆရာတွေက စာမေးပွဲတွင်မေးမည့် မေးခွန်းများနှင့် အဖြေများ သင်ပေးသည်။ တစ်ဘာသာလျင် ၁၀ပုဒ် … ထိုအထဲက ၆ပုဒ်မေးကာ ၄ပုဒ်ဖြေရမည်။ ၃ပုဒ်ဖြေနိုင်လျင် စာမေးပွဲအောင်မည်။

    စာမေးပွဲဖြေရတော့ တက္ကသိုလ်ထဲမှာမဟုတ် … အစိုးရ အထက်တန်းကျောင်းတစ်ကျောင်းမှာ။ စာမေးပွဲဖြေခါနီးတွင် ကျောင်းသား တစ်ယောက်မှ ဦးဆောင်ကာ ကျောင်းသားတစ်ဦးလျင် ၃၀၀ကျပ် လိုက်ကောက်သည်။ အခန်းစောင့်မည့်ဆရာမတို့အား ကန်တော့ရန်တဲ့။ စိတ်မဝင်စားသော်လည်း အားလုံးနှင့်ဆန့်ကျင်ကာ ကန့်လန့်မလုပ်လိုသောကြောင့်  ပေးလိုက်သည်။ ထူးထူးခြားခြားပါပင် …. ကျောင်းသားအားလုံးနီးပါး စာအုပ်ဖွင့်ကာ ပေါ်ပေါ်တင်တင် ကူးရေးကြသည်။ ခိုးကြောင်ခိုးဝှက် စာရွက်အတိုအစ သေးသေးမွှားမွှားတို့ဖြင့်မဟုတ်။ (ကြွားခြင်းမဟုတ်ပါ … ကျွန်တော် ကိုယ့်စာကိုယ်ကျက်ကာ မကူးဘဲ ဖြေခဲ့ပါသည်။ သူငယ်ချင်းကတော့ မင်းက သူရဲကောင်းလုပ်တာလား … ရူးတာလား တစ်ခုခုပဲတဲ့။)

    ခဏနေတော့ အတန်းစောင့်ဆရာမက စစ်ဆေးရေးလာလျင် ကူးရေးနေသည်ကို ခေတ္တရပ်ထားရန်နှင့် အခြား စာမေးပွဲခန်းများတွင် ကျောင်းသား တစ်ဦးလျင် ၅၀၀နှုန်းကန်တော့ကြကြောင်းဆိုလာသောကြောင့် ကျောင်းသားများ တစ်ဦးလျင် ၂၀၀စီ ထပ်ပေးကြရသည်။

    သည်လိုနှင့် ပထမနှစ်ပြီးဆုံးကာ ဒုတိယနှစ် ရောက်ခဲ့သည်။ သည်နှစ်တော့ နပ်သွားပြီ … လက်အညောင်းခံကာ စာစဉ်တွေ ကူးမရေးတော့။ ကျောင်းသွား အပ်စဉ်က မုန့်ဖိုးပေးကာ အကူအညီတောင်းခဲ့ဖူးသည့် ကျောင်းသားရေးရာ စာရေးက စုစုပေါင်း တစ်သောင်းကျပ်ဖြင့် စာစဉ်ရေးပေးကြောင်း ပြောလာတော့ သူ့လက် အပ်လိုက်သည်။ သက်သာသွားသည်ပေါ့ … ထုံးစံအတိုင်း စာမေးပွဲ ဖြေရပြန်သည်။ ဒီတစ်နှစ်လည်း ရိုးရိုးသားသာ ခိုးမစားသူလေးကျွန်တော်ပေါ့။ ပိုက်ဆံကတော့ (သူတို့အခေါ် ခန်းဝင်ကြေးတဲ့) တစ်ရက်၅၀၀ ကန်တော့ရတုန်း။

    တတိယနှစ်ယောက်လာတော့လည်း ထိုနည်းနှင်နှင်။ ဒီတစ်ကြိမ်တော့ ပထမနှစ်လောက် မရိုးသားတော့ … ကျက်ရမှတ်ရ လွယ်သည့်ဘာသာရပ်များ ကျက်မှတ်ကာ တစ်ချို့တစ်ဝက် ကူးရေးခဲ့သည်။

    သည်လိုနှင့်ပဲ နောက်ဆုံးနှစ်ရောက်ခဲ့သည်။ ဒီနှစ်ကတော့ ထူးခြားသည်။ တက္ကသိုလ်ထဲတွင် စာမေးပွဲဖြေရသည်။ အခန်းစောင့်ဆရာများကလည်း တက္ကသိုလ်ဆရာများ။ ယခင်ကလို လွှတ်မပေးရန် အထက်က ညွှန်ကြားထားသည်တဲ့။ BBC ၊ VOA ၊ RFA တို့တွင် သတင်း ပါခဲ့သည်ကိုး။ သူငယ်တန်းဖတ်စာပါ “သူစာကူး၏ … ပထမဆုရသည်” ဆိုသည်ကို ပြောင်လှောင်သည့်အတွက် ကျွန်တော်တို့ကြောင့် “သူပညာထူး၏ … ပထမဆုရသည်”ဟု ပြောင်းလဲ လိုက်သည့်နှစ်ဖြစ်သည်။ ထို့ကြောင့် ခိုးချသမျှအား စာရွက်သိမ်းသည်။ သုံးကြိမ်မြောက်အထိ ခိုးချရန်အားထုတ်သူကို စာမေးပွဲဖြေခွင့် ပယ်ဖျက်သည်။

    သုံးနှစ်သာလျင် တက်ခဲ့ကြရသူ အခြား ဘာသာရပ်များကို အထူးပြုလေ့လာသူတို့အတွက်ကတော့ ဘွဲ့သာရသွားသည် … ဤသို့သောစာမေးပွဲမျိုး တက္ကသိုလ်တွင် မကြုံလိုက်ရ။ နှစ်စဉ် ခန်းဝင်ကြေးပေးကာ စာကူးလျက် ကျောင်းပြီးသွားကြရလေသည်။

    ထိုနှစ်ကစာမေးပွဲကို ကျွန်တော် ပျော်ပါသည် … တကယ်တမ်းတော့ ဘာမှလည်းမခက်လှ။ ဒါမေးဒါဖြေ ၅ပုဒ်လောက် အလွတ်ကျက် လိုက်လျင် အောင်ပြီဖြစ်သည်။ သို့သော် ထိုနှစ်က မနည်းလှသော ကျောင်းသားများ စာမေးပွဲ ကျကြသည်. ကျမည်ပေါ့ … ယခင်သုံးနှစ်လုံးလုံး စာမှ မကျက်ခဲ့ကြရလေသည်ပဲလေ။ မဟုတ်တာလူမိမှာ အလွန်ကြောက်တတ်သောကျွန်တော်၊ သိက္ခာကျမှာ အလွန်ကြောက်တတ်သောကျွန်တော်ကတော့ စာကျက်လိုက်သည်ပေါ့ … ဒီနည်းက စာမေးပွဲခန်းထဲမှာ ချွေးပြန် သောကရောက်နေစရာမလိုသော၊ အသက်သာဆုံးသောနည်း။

    တက္ကသိုလ်မှပေးသော ပြဌာန်းစာအုပ်များ၊ ပို့ချချက် ကက်ဆက်ခွေများ လုံးဝမရလိုက်သည့်နှစ်လည်း ရှိခဲ့သည်။ ကက်ဆက်ခွေတို့တွင် အပေါ်မှ ပတ်ထားသော တိပ် ကိုပင် မခွာဖြစ်ခဲ့သည်တို့လည်း အများအပြား။ မှတ်မှတ်ရရ သုံးခွေသာ နားထောင်ဖြစ်ခဲ့ဖူးပါသည်။

    ထိုစဉ်က မြန်မာ့ရုပ်သံမှတစ်ဆင့်လည်း ပို့ချချက် သင်ခန်းစာများ ထုတ်လွှင့်ခဲ့ဖူးသည်။ ကျွန်တော် ကြိုးစားပမ်းစား အပတ်စဉ် စောင့်ကြည့်ခဲ့ဖူးပါသည်။ မှန်ရာ ပြောရလျင် အတော်ပင် ပျင်းရိဖွယ်ကောင်းနေကာ အသက်မဝင်သည်ကတော့ အမှန်ပါ။ ဆရာဆရာမများက အတောင့်လိုက်ကြီးနှင့် စာဖတ်ပြနေသည်မှာ ကြာတော့ ပျင်းလာသည့်အတွက် ဆက်နားမထောင်ဖြစ်တော့။

    ဒီလိုနှင့်ပင် လေးနှစ်တိတိ ပညာသင်ယူခဲ့ပြီးနောက် ကျွန်တော် ဘွဲ့တစ်ခုရခဲ့သည်။ ထိုဘွဲ့ယူရန် ဘွဲ့နှင်းသဘင် ကျွန်တော် မတက်ခဲ့ပါ။ ရှက်သည်လေ။ ခုချိန်ထိလည်း ကျွန်တော် ဘာဘွဲ့ရသလဲ မေးလာလျင် ဖြေရသည်မှာ လိပ်ပြာမလုံ …. နောက်ထပ်တက်ခဲ့သော၊ ကိုယ်တိုင်လည်း စိတ်ဝင်စားသော၊ အပြင်ကနေလည်း တတ်ကျွမ်အောင် လေ့လာသင်ယူခဲ့သော၊ တကယ်လည်း ကြိုးစားအားထုတ်ခဲ့သော နိုင်ငံခြားဘာသာတက္ကသိုလ် အင်္ဂလိပ်စာ ဒီပလိုမာကိုလည်းကောင်း၊ အပြင်သင်တန်းတက်၊ စာမေးပွဲဖြေကာ ရရှိခဲ့သည့် နိုင်ငံခြားမှချီးမြှင့်သော အင်ဂျင်နီယာ ဒီပလိုမာတို့ကိုလည်းကောင်းသာ ဖော်ထုတ်ပြောတတ်သည်။ ဥပဒေဘွဲ့နှင့်စပ်လျဉ်းလျင်မူ  အာရုံမရောက်စေရန် ဖော့ပြောတတ်သည့်အကျင့် ရခဲ့သည်။ ဘာမှလည်း မတတ်ခဲ့ဘဲလေ။ ဥပဒနှင့်ပတ်သက်လျင် ၄၂၀၊ ၃၇၆ လောက်သာ သိသူဖြစ်သည်။

    ထိုခေတ်က အဝေးသင်တက္ကသိုလ်တက်ကာ ဘွဲ့တစ်ခုရခဲ့သူ လူတိုင်းကိုမဆိုနိုင်သော်လည်း မနည်းလှသည့် လူများကတော့ ကျွန်တော့်နည်းတူ …. သို့မဟုတ် ကျွန်တော့်ထက် ပိုမိုဆိုးရွားစွာ ကျောင်းပြီးကာ ဘွဲ့ဓာတ်ပုံအိမ်မှာ အလှချိတ်နိုင်သည့်အဆင့် ပညာရေး ရခဲ့ကြပါလိမ့်မည်။ ထိုသူတို့က ကျောင်းဆက် တက်ကြကာ တက္ကသိုလ်များတွင် ဆရာဖြစ်နေကြသူတွေလည်း ရှိနေလောက်ပြီ။ သို့မဟုတ်လည်း လုပ်ငန်းခွင် အသီးသီးတွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း ဦးစီးဦးဆောင် ပြုနေသူများ ဖြစ်နေရလောက်ပါပြီ။

    ကွယ်လွန်သွားရှာပြီဖြစ်သော စာရေးဆရာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာ ဦးကံချွန်၏ ဟောပြောမှုမှ ဟာသတစ်ခုကို သတိရမိသည်။ သူငယ်တန်းကျောင်းသား သားငယ်အား သူ့ဖခင်က “ဖေဖေ” ကို မည်သို့စာလုံးပေါင်းရကြောင်းမေးတော့ ကလေးက မပေါင်းတတ်ကြောင်းပြောသည်။ ထိုအခါ ဖခင်က “ဒါလေးတောင် မပေါင်းတတ်ဘူးလား … သေချာမှတ်ထား …. ဖေ့ရေးချဖေ ဖေ့ရေးချ ဖေ .. ဖေဖေ” ဟုပေါင်းပြသည်တဲ့။ ထိုအခါ မိခင်က ပြန်ပြောပုံက“ တော်က လူကြီးကို … ပေါင်းတတ်မှာပေါ့” တဲ့။ ဤသည်က ဟာသမြောက်အောင် အလွန်အကျူးပြောထားသော လက်တွေ့မဟုတ်သည့်အရာဆိုသော်လည်း ဆင်တူရိုးမှားတို့ တွေ့နေရသည်ကတော့ အမှန်ပါပင်။

    ထိုကာလများက ဘွဲ့ရကာ ဘာမှမတတ်ကြသူတွေ လုပ်ငန်းခွင်ထဲမှာလည်း တွေ့နေရသည်။ အင်္ဂလိပ်စာအထူးပြုဖြင့် MA မဟာဝိဇ္ဖာဘွဲ့၊ MRes မဟာသုတေသနဘွဲ့ရထားသူတွေ၊ PhD ပါရဂူဘွဲ့အတွက် လေ့လာပြင်ဆင်နေသူတွေက အင်္ဂလိပ်ဘာသာစကားအား ထမင်းစားရေသောက်အဆင့် သာသာတောင် ဖြစ်ဖြစ်မြောက်မြောက် မပြောနိုင်ကြသည်ကို အင်တာဗျူးများတွင် လက်တွေ့ကြုံ ရဖူးသည်။နောက်ထပ် မြင်သာသည့် ဥပမာ ပေးရလျင် တီဗီအစီအစဉ်တွင် ၅တန်းနှင့်ပြိုင်တာတောင် မနိုင်သူ ဘွဲ့ရများလည်း ဒုနှင့်ဒေး မဟုတ်ပါလော။
    ပြောရလျင် ကိုယ်တွေ့ အတွေ့အကြုံအရ  ထို့နောက်ပိုင်း အဝေးသင်ပညာရေးကို အထင်မကြီးမိတော့။ ယခင်က စာပေးစာယူ ခေတ်ကတော့ မသိ။ အဝေးသင်ကိုတော့ ပညာရေးနှင့် အဝေးရောက်အောင်ပင် သင်ပေးလိုက်သည့် စနစ်လားဟုပင် သံသယ ဖြစ်ခဲ့မိသည်။

    အဝေးသင်ပညာရေးကို ကြောက်သွားသူ ကျွန်တော် ၂၀၁၂မှ စတင်ကာ အဝေးသင်ပညာရေးနှင့် နောက်တစ်ကြိမ် ထိတွေ့ခွင့် ရခဲ့ရပြန်ပါသည်။

    ဒီတစ်ခါတော့ ပြည်တွင်းတက္ကသိုလ် မဟုတ်တော့။ နိုင်ငံခြား တက္ကသိုလ်တစ်ခုမှ ဖွင့်သည့် မဟာဘွဲ့သင်တန်းဖြစ်သည်။ အဝေးသင်ဟုဆိုနိုင်သည့် စနစ်တစ်မျိုး ဖြစ်သည့် online e-learning course ဖြစ်သည်။ ပြည်တွင်း အင်တာနက်ဆက်သွယ်မှုမြန်နှုန်းဖြင့် အတော်ပင် စွန့်စွန့်စားစား ဆုံးဖြတ်ချက်ချကာ တက်ခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်ဘက်ကလည်း ကိုယ့်နိုင်ငံ အင်တာနက်အနေအထားကို သိရှိလက်ခံထားသောကြောင့် ပြဿနာ ကြီးကြီးမားမားတော့ မရှိလှ။ စာမေးပွဲ ဖြေနေစဉ် အင်တာနက် ခေတ္တ ပြတ်တောက်သွားသောကြောင့် စိတ်ကသိကအောက် အနည်းငယ်ဖြစ်ခဲ့ဖူးသည်ကလွဲလျင် အဆင်ပြေသည်ဟု ဆိုနိုင်ပါသည်။

    ယခင်က ကျွန်တော် ကြုံခဲ့ဖူးသည့် အဝေးသင်နှင့်မူ အတော် ကွာခြားလှပါသည်။ ကုန်ကျစရိတ် သင်တန်းကြေးအားဖြင့်လည်း အဆများစွာ ကွာသည်ကိုး။ သင်ရိုးပုံစံက (3-0-6) credit စနစ်ဖြစ်သည်။ ဘာသာရပ်တစ်ခုအတွက် သီတင်းပတ်တစ်ပတ်လျင် ၃နာရီစာ သင်ခန်းစာများကို video file များ download လုပ်ကာ ကြည့်ရှုလေ့လာရသည်။ 0 ဆိုသည်က lab တစ်ခုတွင် လက်တွေ့လုပ်ရသောအချိန်ဖြစ်သည်။ ကျွန်တော်ယူသည့်ဘာသာရပ်က သိပ္ပံအထူးပြုမဟုတ်သောကြောင့် လုပ်ဆောင်ရန်မလို။ ထို့နောက် တစ်ပတ်လျင် စုစုပေါင်း ၆နာရီစာမျှရှိသော reference readingများဖတ်ခြင်း၊  assignment များဆောင်ရွက်ခြင်း၊ project များ လုပ်ဆောင်ခြင်း၊  webinar ခေါ် web-seminar ဆွေးနွေးချက်များတွင် ပါဝင်ခြင်းများ လုပ်ရသည်။ ယခင်ကလို အဆင်သင့် ready-made ကူးရေးစရာ မရှိ။ သူများရေးထားသော စာအုပ်စာတမ်းအား ကိုးကားဖော်ပြချက် “quotation”  အနေဖြင့်မှလွဲလျင် ဝါကျတစ်ကြောင်းစာမျှပင် တိုက်ရိုက်ကူးယူပါက သူတစ်ပါးထံမှခိုးချသည် plagiarism ဟုသတ်မှတ်ကာ အပယ်ခံရမည်။ ကိုယ့်အားကိုယ်သာ အပြည့်အဝ ကိုးရသည်။ မရှင်းလင်းသည်ရှိကလည်း သင်ကြားသည့်ဆရာထံ email ပို့ကာမေးမြန်းခြင်းဖြင့်လည်းကောင်း၊ ကြိုတင်ချိန်းဆိုကာ  video conference လုပ်ကြလျက်လည်းကောင်း၊ forum များတွင် အခြားကျောင်းသားများနှင့် အပြန်အလှန် မေးကြဖြေကြဖလှယ်ကြခြင်းဖြင့်လည်းကောင်း မေးမြန်းဆွေးနွေးနိုင်သည်။ အဝေးမှသင်ယူနေသောကြောင့် အဝေးသင်ဟု ဆိုရသော်လည်း လက်တွေ့စာသင်ခန်းတွင်းတွင် သင်ယူနေရသည်နှင့် များစွာ မကွာလှ။ အိုးမကွာအိမ်မကွာ လုပ်ငန်းခွင်အားလပ်ချိန်တွင် လေ့လာနိုင်သည်က အားသာချက်ဖြစ်သည်။ ပြင်ပ တွန်းအားမရှိသော်လည်း ကိုယ့်ကိုကိုယ် တာဝန်ယူကာ အချိန်တစ်ခု သတ်သတ်မှတ်မှတ်ဖြင့် လေ့လာသင်ယူတတ်ရန်သာ အရေးကြီးပါသည်။

    ထိုသင်တန်း စတက်စဉ်မှစကာ မြန်မာပြည်၏ အဝေးသင်စနစ်နှင့် အပြုသဘော နှိုင်းယှဉ်သုံးသပ်နေမိသည်။ မိမိတို့ နိုင်ငံ၏ အဝေးသင်ပညာရေး စနစ်ကို ယခုလိုဖြစ်လာအောင် ဘာတွေ လုပ်ကြရန် လိုအပ်နေသည်လဲ။ ဘာတွေက အတားအဆီး ရှိနေသည်လဲ။ ဆရာနှင့်ကျောင်းသားအချိုး မမျှတသောကြောင့်လား … ကြိုးနီစနစ် ကြီးစိုးနေခြင်းကြောင့်လား … ပေးနိုင်သည်နှင့် ယူလိုသည် supply and demand မမျှတသောကြောင့်လား …. ကျောင်းသားဖြစ်သူတို့ကိုယ်တိုင် အပါအဝင် အဆင့်ဆင့်က ပြီးစလွယ်ပင် လက်မှတ်ရရုံသက်သက်သာလျင် လုပ်နေကြ၊လုပ်ခဲ့ကြခြင်းကြောင်းလား … စသည့် မေးခွန်းပေါင်းများစွာကို အဖြေထုတ်နေမိသည်။ တက္ကသိုလ်တွင် ကိုယ်တိုင်ကိုယ်ကျ on-campus လက်တွေ့သွားရောက် သင်ယူခြင်းသည် အကောင်းဆုံးဖြစ်သည်မှန်သော်လည်း အဝေးသင်စနစ်သည်လည်း မှန်ကန်ကောင်းမွန်ပါက မဆိုးပါ။ အသုံးတည့်လှပါသည်။ ယခု ပြည်တွင်းအနေအထားကတော့ မည်သို့သော ပုံစံဖြင့် သင်သင်၊ တတ်သင့်သလောက် မတတ်သည်ကတော့ အရှိတရားပင်။

    တိုင်းပြည်အနာဂတ်ကောင်းတည်ဆောက်ရေးအတွက် ပညာရေးသည် အသက်သွေးကြော ဖြစ်ပါသည်။ အနာဂတ်ကျောင်းသားမျိုးဆက်သစ်များ ကျွန်တော်တို့ကြုံခဲ့ရသော ဘာမှမတတ်သည့်ပညာရေးမျိုး မကြုံရလေအောင် ဘာတွေလုပ်ကြရမည်နည်း။ လက်ရှိ  အဆိုပါ ပညာရေးဖြင့် ကျောင်းပြီးထားကြသူတို့အတွက်ရော ပြန်လည်ဖြည့်ဆည်း ကုစားနိုင်မည့်နည်းလမ်းများ မည်သို့ ရှာကြမည်နည်း။ သူတို့ကို ပြန်လည် မဖြည့်စည်းပေးနိုင်ပါကလည်း တိုင်းပြည်၏ ပစ္စုပ္ပန်က သူတို့လက်ထဲမှာ ရောက်နေရာ အနာဂတ်က ရင်လေးစရာ။ အစိုးရကိုသာ ရှိသမျှတာဝန် ပုံချအပြစ်တင်မည့်အစား တစ်ဦးတစ်ယောက်ချင်းစီဖြစ်စေ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကပညာရေး အခန်းကဏ္ဍတို့မှဖြစ်စေ မည်သို့ဆောင်ရွက်ကြမည်နည်း။ ကျွန်တော့်အနေဖြင့်ကတော့ ကြုံတွေ့ခဲ့ဖူးသည်ကို ပြန်လည် ဝေမျှလျက် အဖြေရှာနေသေးသူ တစ်ဦး သက်သက်သာ ဖြစ်ပါသည်။ စာရှုသူ မိတ်ဆွေကလည်း မိမိတို့ အတွေ့အကြုံ၊ အကြံပြုချက်များ မျှဝေပေးကြစေလိုပါသည်။

    ပညာရေး ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက် နိုင်ငံတကာ အကူအညီများ ရယူခြင်းသည်လည်း အရေးပါသည့် အခွင့်အလမ်းတစ်ခုဖြစ်ပါသည်။ အရေးကြီးသည်က ထိုသို့သောစနစ်ကို ကြုံခဲ့ဖူးသူတို့ ကိုယ်တိုင်က လိုလိုလားလားဖြင့် ထိုအခြေအနေမှ ထိုးဖောက်ထွက်နိုင်ရန် ကြိုးစားကြရန်ပင် ဖြစ်ပါသည်။ မည်သူမဆို မိမိကိုယ်ကို မိမိ ပြုပြင်ပြောင်းလဲမှသာ စစ်မှန်သော တိုးတက်ပြောင်းလဲမှုရရှိနိုင်ပါမည်။

    မှတ်သားဖူးသည့် ဆိုရိုးစကားအား ကိုးကားလျက် နိဂုံးချုပ်ပါမည်။

    “The difference between who you are and what you want to be is what you do.”

    “သင် လက်ရှိ ဘာဖြစ်နေသည်” နှင့် “သင် ဘာဖြစ်လိုသည်” ဆိုသည့်နှစ်ခုအကြား ကွာခြားချက်ကတော့ “သင် လက်တွေ့ ဘာလုပ်မည်” ဆိုသည်ပါပင်။