News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • ပုံပြောင်းကိုဗစ်ကြောင့် သေဆုံးမှုများနိုင်ဟု ယူကေဝန်ကြီးချုပ် သတိပေး

    ပုံပြောင်းကိုဗစ်ကြောင့် သေဆုံးမှုများနိုင်ဟု ယူကေဝန်ကြီးချုပ် သတိပေး

    ဇန်နဝါရီ ၂၃၊ ၂၀၂၁
    M-Media

    -နိုင်ငံတစ်ဝှမ်းမှာတွေ့ရတဲ့ ပုံပြောင်းကိုဗစ်ဟာ သေဆုံးမှုများပြားနိုင်တယ်လို့ ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်ပြီး ​လက်ရှိကာကွယ်ဆေးကတော့ ပုံပြောင်းကိုဗစ်အတွက် အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီပုံပြောင်းကိုဗစ်ဟာ ယူကေမှာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက စတင်ပြန့်နှံ့နေတာဖြစ်ပြီး ကူးစက်မှုက သာမန်ထက် ၇၀ ရာခိုင်နှုန်း မြင့်မားပေမယ့် သေဆုံးမှုအန္တရာယ် မရှိဘူးလို့ အစောပိုင်းမှာ ထုတ်ပြန်ထားတာပါ။

    မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဂျွန်ဆင်က သေဆုံးမှုမြင့်တက်လာတာနဲ့ ပုံပြောင်းကိုဗစ် ဆက်စပ်မှုရှိနိုင်တယ်လို့ ထုတ်ပြောပါတယ်။ ဒါပေမယ့် လက်ရှိ အသုံးပြုနေတဲ့ Pfizer-BioNTech၊ AsterAstrazeneca ကာကွယ်ဆေးတွေဟာ ပုံပြောင်းကိုဗစ်အတွက်လည်း ထိရောက်မှုရှိတယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ယူ​ကေ ထိပ်တန်းသိပ္ပံပညာရှင် ပက်ထရစ် ဗာလန့်စ်က ပုံပြောင်းကိုဗစ်ကြောင့် သေဆုံးမှုတွေရှိတယ်ဆိုတဲ့ အချက်အလက်ဟာ ခိုင်မာမှုသိပ်မရှိသေးဘူးလို့ သာမာန် ကိုဗစ်ကူးစက်နေသူတွေ ဆေးရုံကိုရောက်လာရင် သူတို့အတွက် စိုးရိမ်စရာ မရှိတော့ပေမယ့်၊ ပုံပြောင်းဗိုင်းရပ်စ်က ပိုစိုးရိမ်ရတယ်ဆိုတာကိုတော့ ဝန်ခံခဲ့ပါတယ်။

    ယူကေမှာတွေ့ရတဲ့ ပုံပြောင်းကိုဗစ်ကို တောင်အာဖရိကနဲ့ ဘရာဇီးလ်တို့မှာလည်း တွေ့ထားပါတယ်။

    Ref: Aljazeera

  • တစ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    တစ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာသတင်းများ

    ဇန်နဝါရီ ၂၂၊ ၂၀၂၁
    M-Media

    လက်သန့်ဆေးများကြောင့် ကလေးမျက်လုံး ထိခိုက်မှုမြင့်တက်လာ

    ကိုဗစ်ကာလအတွင်း လက်သန့်ဆေးတွေကြောင့် ကလေးငယ်တွေ မျက်စိထိခိုက်တာ များလာတယ်လို့ ပြင်သစ်ကျန်းမာရေးစင်တာ French Poison Control Center ရဲ့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    လက်သန့်ဆေးတွေကို ပျမ်းမျှအမြင့် ၃ ပေလောက်မှာ ထားတတ်ကြပြီး လူကြီးတွေမှာ ခါးလယ်လောက်ရှိနေပေမယ့် ကလေးငယ်တွေအတွက် မျက်လုံးနဲ့ တစ်တန်းတည်း ဖြစ်နေတာကြောင့် မတော်တဆ မျက်လုံးထဲဝင်မှုတွေ ဖြစ်လာတာပါ။

    အလ်ကိုဟောနဲ့ အခြား ဓာတုပစ္စည်းတွေအသုံးပြုထားတဲ့ လက်သန့်ဆေးတွေ မျက်လုံးထဲဝင်တာကြောင့် မျက်​ကြည်လွှာတစ်ရှူး ထိခိုက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ၂၀၁၉ ခုနှစ်ကထက်စာရင် ၂၀၂၀ မှာ ဒီလိုအဖြစ်အပျက်တွေ သိသိသာသာ မြင့်တက်လာပြီး ထိခိုက်မှုအများစုက မပြင်းထန်ဘူးလို့လည်း စင်တာက ဆိုပါတယ်။

    ကိုဗစ်ကြောင့် ကမ္ဘာကြီးကိုယ်ကျင့်တရားပိုင်း ယိုယွင်းနေပြီဟု WHO ပြော

    ကိုဗစ်ကာကွယ်ဆေးရဖို့ ကြိုးပမ်းရာမှာ ကမ္ဘာကြီးဟာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ယိုယွင်းတဲ့ဆင့်ကို ရောက်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဝေဖန်ပြောကြားလိုက်ပါတယ်။

    လက်ရှိ ကာကွယ်ဆေးတွေကို ချမ်းသာတဲ့နိုင်ငံတွေက အများအပြား ကြိုတင်မှာယူထားကြတာပါ။ Tedros က ချမ်းသာတဲ့နိုင်ငံတွေက လူငယ်တွေ ကိုဗစ်ကာကွယ်ဆေး အရင်ထိုးနေရတဲ့အချိန် ဆင်းရဲတဲ့နိုင်ငံတွေက ထိခိုက်လွယ်သူတွေ ​ဘာဆေးမှ မရတာဟာ မမျှတဘူးလို့ ဆိုပါတယ်။

    လက်ရှိ ကာကွယ်ဆေး ၃၉ သန်းကို ချမ်းသာတဲ့နိုင်ငံ ၄၉ နိုင်ငံက မျှဝေယူနေကြပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ ပျမ်းမျှ ၂၅ လုံးသာ ရရှိနေတာ ဖြစ်ပါတယ်။

    အသွင်ပြောင်းကိုဗစ်အတွက် အောက်စဖို့ဒ်တက္ကသိုလ်က ကာကွယ်ဆေးဖန်တီးနေ

    ယူကေ၊ တောင်အာဖရိကနဲ့ ဘရာဇီးလ်တို့မှာ တွေ့နေရတဲ့ အသွင်ပြောင်း ကိုဗစ်ကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးရအောင် အောက်စဖို့ဒ်တက္ကသိုလ် သိပ္ပံပညာရှင်တွေက ဖန်တီးနေကြပါတယ်။

    အသွင်ပြောင်းဗိုင်းရပ်စ်ဟာ မူလ ဗိုင်းရပ်စ်ထက် ၇၀ ရာခိုင်နှုန်း ပိုပြီး ကူးစက်မြန်တာပါ။ အောက်စဖို့ဒ်တက္ကသိုလ်ဟာ ဆေးကုမ္ပဏီတစ်ခုနဲ့ပေါင်းပြီး AstraZeneca ကိုဗစ်ကာကွယ်ဆေး ထုတ်ထားကာ ဒီကာကွယ်ဆေးကိုပဲ အသွင်ပြောင်းကိုဗစ်အတွက် သုံးနိုင်ရေး ပြုပြင်သွားမှာ ဖြစ်ပါတယ်။

    လက်ရှိမှာ အမေရိကန်-ဂျာမန်ကာကွယ်ဆေး Pfizer-BioNTech၊ အောက်စဖို့ထုတ် AstraZeneca၊ ရုရှားနဲ့ တရုတ်တို့က ထုတ်တဲ့ ကာကွယ်ဆေးတွေ ရှိနေပေမယ့် အသွင်ပြောင်းကိုဗစ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါ့မလားဆိုတာ တိတိကျကျ မသိရပါဘူး။

    Ref: CNN, BBC

  • ဒုက္ခသည်များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့် ပထမဆုံးနိုင်ငံ ဂျော်ဒန်ဖြစ်လာ

    ဒုက္ခသည်များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့် ပထမဆုံးနိုင်ငံ ဂျော်ဒန်ဖြစ်လာ

    ဇန်နဝါရီ ၂၀၊ ၂၀၂၁
    M-Media

    -ဂျော်ဒန်နိုင်ငံဟာ ဒုက္ခသည်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ဆီးရီးယားနဲ့ အီရတ်တို့က စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ပြည်သူတွေကို ဂျော်ဒန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ကာကွယ်ဆေးထိုးပေးခဲ့တာပါ။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပို ဂရန်ဒီက ဂျော်ဒန်အစိုးရရဲ့ နိုင်ငံတစ်ဝှမ်း ကိုဗစ်ကာကွယ်ဆေးထိုးပေးရေး အစီအစဉ်မှာ ဒုက္ခသည်တွေကို ထည့်သွင်းထားတာ ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပြီး တစ်ခြားနိုင်ငံတွေလည်း ဒီလိုဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    “ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးတဲ့နေရာမှာ ဂျော်ဒန်က ဦးဆောင်သူဖြစ်ခဲ့ပါတယ်။ ကာကွယ်ဆေးထိုးနှံရေးအပါအဝင် ကိုဗစ်ကပ်ရောဂါတိုက်ဖျက်မယ့် ကျန်းမာရေး အစီအစဉ်တိုင်းမှာ ဂျော်ဒန်ဟာ ဒုက္ခသည်တွေကို ပါဝင်စေပြီး လူတိုင်း အန္တရာယ်ကင်းရေး ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ပမာပြလိုက်တာလည်းဖြစ်ပါတယ်”

    ဂျော်ဒန်ဟာ ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းထားသူတွေအပါအဝင် နိုင်ငံအတွင်း လူဦးရေရဲ့ ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိ ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေးဖို့ စီစဉ်ထားတာပါ။

    ဒုက္ခသည် ၇ သိန်း ၄ သောင်းကျော်ကို ဂျော်ဒန်က လက်ခံထားပြီး ​၆ သိန်းကျော်က ဆီးရီးယားစစ်ပွဲကြောင့် ထွက်ပြေးလာရသူတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က စတင်ခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးထိုးရေးအစီအစဉ်အရ ဒုက္ခသည် အနည်းဆုံး ၁၀၀ လောက် ထိုးနှံခွင့် ရရှိထားပါတယ်။

    ဂျော်ဒန်ရဲ့ ကိုဗစ်ကူးစက်မှုဟာ နိုဝင်ဘာလက အမြင့်ဆုံးကို ရောက်ခဲ့ပေမယ့် အခုအချိန်မှာတော့ သိသိသာသာ ကျဆင်းသွားပြီ​ ဖြစ်ပါတယ်။

    Ref: Middle East Eye

  • ကိုဗစ်ကာကွယ်ဆေး နောက်ထပ်နှစ်မျိုးကို ဆော်ဒီက အသုံးပြုခွင့်ပေ

    ကိုဗစ်ကာကွယ်ဆေး နောက်ထပ်နှစ်မျိုးကို ဆော်ဒီက အသုံးပြုခွင့်ပေ

    ဇန်နဝါရီ ၁၉၊ ၂၀၂၁
    M-Media

    -ယူကေ အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး AstraZeneca နဲ့ အမေရိကန်ထုတ် Moderna ဆေးတို့ကို ဆော်ဒီအာရေဗျက ဒီကနေ့မှာ အသုံးပြုခွင့်ပေးလိုက်ပါတယ်။

    အရင်က အမေရိကန်-ဂျာမန် ကိုဗစ်ကာကွယ်ဆေး Pfizer/BioNTech ကို အသုံးပြုခွင့်ပေးထားပြီး စုစုပေါင်း ၃ မျိုး ဖြစ်လာတာပါ။ Pfizer/BioNTech ကာကွယ်ဆေးကို သိုလှောင်ဖို့အတွက် အအေးပေးခန်းတွေလိုအပ်ပြီး AstraZeneca နဲ့ Moderna တို့ကိုတော့ သာမန်အပူချိန်မှာတင် သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။

    ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူ အီဘရာဟင် အလ်-အိုရိုင်ဖီက ကိုဗစ်ကာကွယ်ဆေးရရှိဖို့အတွက် ကမ္ဘာ့နိုင်ငံတွေက အလုအယက်ကြိုးစားနေကြပြီး Pfizer/BioNTech ဝယ်လိုအားကလည်း မြင့်တက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီအာ​ရေဗျအနေနဲ့ ကိုဗစ်ကာကွယ်ဆေး အလုံအလောက်ရအောင် ကြိုးစားထားပြီး ကာကွယ်ဆေးထိုးမှု လုပ်ငန်းတွေကိုလည်း အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။

    “နိုင်ငံတစ်ဝှမ်း ကာကွယ်ဆေးထိုးပေးတဲ့ စင်တာတွေမှာ ဝန်ထမ်းတွေ တိုးမြှင့်ခန့်ထားပြီး သူတို့ဟာ အတွေ့အကြုံလည်း တော်တော်ရှိနေပါတယ်။ လုပ်တာကိုင်တာတွေ မြန်လာပြီး ကာကွယ်ဆေးထိုးမယ့်သူတွေကိုလည်း ပိုလက်ခံလာနိုင်ပါတယ်”

    ဆော်ဒီအာရေဗျအစိုးရဟာ နိုင်ငံတစ်ဝှမ်း ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး စင်တာတွေကို တိုးချဲ့ဖွင့်လှစ်ဖို့လည်း စီစဉ်နေပါတယ်။ ဆော်ဒီမှာ ကာကွယ်ဆေးထိုးမှုကို ဒီဇင်ဘာလကတည်းက စတင်ခဲ့တာဖြစ်ပြီး ပထမလမှာတင် နိုင်ငံတစ်ဝှမ်းက လူ ၂ သန်းလောက်ထိုးဖို့ စာရင်းပေးခဲ့ပါတယ်။

    Ref: Arab News



  • အိန္ဒိယတွင် ကိုဗစ်ကာကွယ်ဆေးထိုးမှု စတင်

    အိန္ဒိယတွင် ကိုဗစ်ကာကွယ်ဆေးထိုးမှု စတင်

    ဇန်နဝါရီ ၁၇၊ ၂၀၂၁
    M-Media

    -နိုင်ငံတစ်ဝှမ်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို အိန္ဒိယက မနေ့မှာ စတင်လိုက်ပြီး ကမ္ဘာအကြီးဆုံး ကိုဗစ်ကာကွယ်ဆေးထိုးမှုထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ကိုဗစ်တိုက်ဖျက်ရေး ရှေ့တန်းကနေ ပါဝင်ဆောင်ရွက်နေတဲ့ သူနာပြုတွေ၊ ဆရာဝန်တွေနဲ့ အခြားကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး ထိုးသွားမှာပါ။

    ဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဒီကာကွယ်ဆေးထိုးမှုဟာ အိန္ဒိယရဲ့လုပ်နိုင်စွမ်းကို ဖော်ပြတဲ့ ဆောင်ရွက်မှုတစ်ခုဖြစ်ပြီး ဆေးရဲ့ အန္တရာယ်ကင်းမှုနဲ့ပတ်သက်တဲ့ ကောလဟာလတွေကို မယုံကြဖို့ အွန်လိုင်းမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ကာကွယ်ဆေးထိုးပြီးသွားရင်လည်း နမော်နမဲ့မနေပါနဲ့။ နှားခေါင်းစည်းမချွတ်ပါနဲ့။ ခပ်ခွာခွာနေထိုင်ဖို့လည်း မမေ့ပါနဲ့”

    အိန္ဒိယဟာ ယူကေထုတ် ကိုဗစ်ကာကွယ်ဆေး AstraZeneca နဲ့ ပြည်တွင်းကုမ္ပဏီ Bharat Biotech က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတို့ကို အရေးပေါ်အသုံးပြုခွင့် ပေးထားပြီး နိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေကို ပြီးခဲ့တဲ့တစ်ပတ်က အလုံးရေ ၁၆.၅ သန်း ပို့ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera