News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာသည့် တူရကီတွင် တစ်နိုင်ငံလုံး လော့ဒေါင်းချ

    ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာသည့် တူရကီတွင် တစ်နိုင်ငံလုံး လော့ဒေါင်းချ

    ဧပြီ ၂၉၊ ၂၀၂၁
    M-Media

    -ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာတာကြောင့် ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၁၇ ရက်နေ့အထိ တစ်နိုင်ငံလုံး လော့ဒေါင်းချမယ်လို့ တူရကီက ကြေငြာလိုက်ပါတယ်။

    တူရကီမှာ ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးမှုဟာ ပြီးခဲ့တဲ့တစ်ပတ်က စတင်ပြီး မြင့်တက်လာကာ နေ့စဉ်သေဆုံးမှုက ၃၅၀ အထိ ရှိလာခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ ကိုဗစ်လှိုင်း ၂ ခုက တစ်နေ့တာသေဆုံးမှုထက် ပိုမိုမြင့်တက်လာတာ ဖြစ်ပါတယ်။

    အခုလအစပိုင်းက နေ့စဉ်ကူးစက်မှု ၆ သောင်းကျော် ရှိခဲ့ရာကနေ မနေ့ကတော့ ၄ သောင်းကျော်အထိ ကျဆင်းသွားပါတယ်။

    တူရကီသမ္မတ အာဒိုဂန်က တစ်နေ့ကကို ကူးစက်မှု ၅ ထောင်သာ ရှိတော့အောင် အလျင်အမြန်လျှော့ချသွားရမှာဖြစ်တဲ့အတွက် တစ်နိုင်ငံလုံး လော့ဒေါင်းချမှုကို လုပ်ဆောင်ရတာလို့ တနင်္လာနေ့မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    ဇန်နဝါရီလလယ်ကစပြီး တူရကီဟာ ပြည်သူ ၂၂ သန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ စီစဉ်ခဲ့တာပါ။ လက်ရှိအချိန်အထိ လူပေါင်း ၁၃.၅၅ သန်း ပထမတစ်ကြိမ် ကာကွယ်ဆေး ထိုးထားပြီးပါပြီ။

    တရုတ်ထုတ် Sinovac ကာကွယ်ဆေး သန်း ၁၀၀ ကို တူရကီက မှာယူထားပြီး အမြန်ဆုံးပို့ပေးဖို့လည်း တရုတ်ကို တောင်းဆိုထားပါတယ်။

    တူရကီဟာ Pfizer-BioNTech ကာကွယ်ဆေးကို ရရှိထားပြီး၊ Sputnik V ဝယ်ယူဖို့နဲ့ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့လည်း ရုရှားနဲ့ စာချုပ်ချုပ်ဆိုထားပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ဒဏ်ခံနေရသည့် အိန္ဒိယကို အကူအညီပေးရန် ပါကစ္စတန် ကမ်းလှမ်း

    ကိုဗစ်ဒဏ်ခံနေရသည့် အိန္ဒိယကို အကူအညီပေးရန် ပါကစ္စတန် ကမ်းလှမ်း

    ဧပြီ ၂၅၊ ၂၀၂၁
    M-Media

    -ကိုဗစ်ဒဏ်ကို တစ်ကျော့ပြန် ခံနေရတဲ့ အိန္ဒိယနိုင်ငံအတွက် မရှိမဖြစ် ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ထောက်ပံ့ပေးဖို့ ပါကစ္စတန်နိုင်ငံက ကမ်းလှမ်းလိုက်ပါတယ်။

    အိန္ဒိယမှာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်စလို့ ကိုဗစ်လှိုင်း ထပ်ဖြစ်ခဲ့ပြီး နေ့စဉ် လူ သိန်းချီ ရောဂါကူးစက်နေကာ သေဆုံးသူတွေလည်း ထောင်ချီရှိနေတာပါ။ အိန္ဒိယနိုင်ငံတစ်ဝှမ်း ဆေးရုံဆေးခန်းတွေ၊ အောက်ဆီဂျင်အပါအဝင် ဆေးဘက်ဆိုင်ရာပစ္စည်းတွေ မလုံမလောက်ဖြစ်နေတာကိုလည်း ကြုံတွေ့နေရပါတယ်။

    ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အိန္ဒိယပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့အတွက် ဒီလိုကမ်းလှမ်းတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ထောက်ပံ့ပေးမယ့် ပစ္စည်းတွေထဲမှာ အသက်ရှုစက်တွေ၊ အောက်ဆီဂျင်နဲ့ ဆက်စက်ပစ္စည်းတွေ၊ ဒစ်ဂျစ်တယ် X-ray စက်တွေ၊ PPE နဲ့ ဆက်စပ်ကိရိယာတွေ ပါဝယ်ပါတယ်။

    ဒီပစ္စည်းတွေ အလျင်အမြန် ပို့ပေးနိုင်ရေး၊ ကပ်ရောဂါကြောင့် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို လျော့ချနိုင်ရေးမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် နှစ်ဖက်အာဏာပိုင်တွင် အတူနည်းလမ်းရှာ လုပ်ဆောင်နိုင်တယ်လို့လည်း ကြေငြာချက်က ဆိုပါတယ်။

    သောကြာနေ့ကလည်း ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ကိုဗစ်ဒဏ်ခံစားနေရတဲ့ အိန္ဒိယပြည်သူတွေ အမြန်ဆုံး သက်သာပါစေကြောင်း Twitter ကနေတစ်ဆင့် ဆုမွန်ကောင်း တောင်းခဲ့ပါတယ်။

    ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှား မဟ်မူးဒ် ကိုရိုက်ရှီက လူသားချင်းစာနာထောက်ထားမှုကို ဦးစားပေးကာ ဒီလိုအကူအညီပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အိန္ဒိယအစိုးရရဲ့ တုန့်ပြန်မှုကို စောင့်ဆိုင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ရန်ဘက်နိုင်ငံတွေဖြစ်ပြီး ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသအတွက် စစ်ဖြစ်ဖူးပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကစလို့ ဆက်ဆံရေးပုံမှန်ပြန်ဖြစ်အောင် နှစ်ဖက်အာဏာပိုင်တွေက လျှို့ဝှက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြပါတယ်။

    Ref: Pakistan Today

  • အိန္ဒိယမှ တစ်ကျော့ပြန်ကိုဗစ် ကျန်းမာရေးစနစ် ပြိုလဲမည့်အန္တရာယ် ရှိနေ

    အိန္ဒိယမှ တစ်ကျော့ပြန်ကိုဗစ် ကျန်းမာရေးစနစ် ပြိုလဲမည့်အန္တရာယ် ရှိနေ

    ဧပြီ ၁၈၊ ၂၀၂၁
    M-Media

    -အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်မှု အလွန်အမင်း ပြန်လည်မြင့်တက်လာပြီး ကျန်းမာရေးစနစ် လဲပြိုသွားနိုင်တဲ့ အခြေအနေမျိုးအထိ ရောက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

    ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှု ၂ သိန်း ၆ သောင်းကျော် ရှိခဲ့ပြီး ၄ ရက်ဆက် ၂ သိန်းကျော်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကူစက်မှု ၁၄.၇ သန်း ရှိပြီး အမေရိကန်ပြီးရင် ကမ္ဘာမှာ ဒုတိယအများဆုံး ကိုဗစ်ကူစက်တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

    မနေ့က ကိုဗစ်ကြောင့် သေဆုံးသူ ၁၅၀၀ ရှိခဲ့ပြီး စုစုပေါင်း သေဆုံးမှုဟာ ၁၇၇၁၅၀ ဦး ရှိလာတာပါ။

    ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာတာကြောင့် ဆေးရုံနဲ့ ဆေးဝါး မလုံလောက်မှုတွေ ဖြစ်နေပြီး ဆိုးရွားတဲ့ ဒေသတစ်ချို့မှာ အစိုးရက ခေတ္တညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

    အာဏာရ BJP ပါတီဟာ လာမယ့်တစ်ပတ်အတွင်း လူအများအပြားပါဝင်မယ့် လူထုချီတက်ပွဲ အနည်းဆုံး ၂ ခုလုပ်ဖို့ စီစဉ်ထားသလို၊ ဟိန္ဒူဘာသာရေးပွဲတစ်ချို့လည်း နိုင်ငံတစ်ဝှမ်း ကျင်းပဖို့ ရှိတာကြောင့် လူစုလူဝေးများပြီး ကိုဗစ်ကူးစက်မှု အဆမတန် မြင့်တက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Reuters

  • တတိယမြောက် ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေးကို အီရန်က လူသားများတွင် စမ်းသပ်

    တတိယမြောက် ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေးကို အီရန်က လူသားများတွင် စမ်းသပ်

    မတ် ၁၆၊ ၂၀၂၁
    M-Media

    -တတိယမြောက် ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေး Fakhravac ကို လူသားတွေမှာ စတင်စမ်းသပ်နေပြီလို့ အီရန်က ကြေငြာပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာနှောင်းပိုင်းမှာ လုပ်ကြံခံလိုက်ရတဲ့ နျူသိပ္ပံပညာရှင် မိုရှန် ဖာကရီဇာဒါကို ဂုဏ်ပြုတဲ့အနေနဲ့ Fakhravac လို့ အမည်ပေးထားတာပါ။ ဖာကရီဇာဒါဟာ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရေးအဖွဲ့တစ်ခုကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

    Fakhravac ကိုဗစ်ကာကွယ်ဆေး လူသားတွေမှာ စတင်စမ်းသပ်ထိုးနှံမှု အခမ်းအနားကို ဒီကနေ့ မြို့တော်တီဟီရန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ကာကွယ်ရေးဝန်ကြီး အမီရန် ဟာတာမီ၊ ကျန်းမာရေးဝန်ကြီး စအီဒ် နာမာကီနဲ့ ဖာကရီဇာဒါရဲ့ မိသားစုဝင်တွေ ဒီအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

    ဖာကရီဇာဒါရဲ့သားဖြစ်သူ ဟာမဒ် ဖာကရီဇာဒါက မိမိဆန္ဒအလျောက် ဒီကာကွယ်ဆေးကို ထိုးနှံခဲ့ပါတယ်။

    အီရန်ရဲ့ ပထမဦးစားပေး ကိုဗစ်ကာကွယ်ဆေးဟာ COVIran Barekat ဖြစ်ပြီး လက်ရှိမှာ အလုံးရေ ၃ သန်းထုတ်လုပ်မှု စတင်နေပြီလို့ အီရန် ကိုဗစ်ကာကွယ်ဆေးစီမံကိန်း Setad ရဲ့ အကြီးအကဲ မိုဟာမက် မွခ်ဘာရ်က ပြောပါတယ်။ အခုနွေရာသီကုန်ရင် အလုံးရေ ၁၅ သန်းလောက် ထုတ်လုပ်ဖို့ အီရန်က စီစဉ်နေပါတယ်။

    ကနဦးစမ်းသပ်မှုတွေအရ Barekat ကာကွယ်ဆေးဟာ ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ အီရန်အာဏာပိုင်တွေက ​ပြောပါတယ်။ တနင်္လာနေ့မှာ အဆင့် ၂ စမ်းသပ်မှု စတင်ခဲ့ပြီး သိပ်မကြာခင်မှာ အဆင့် ၃ စမ်းသပ်မှုနဲ့ပေါင်းကာ နိုင်ငံအတွင်းက လူသောင်းချီကို ထိုးပေးမှာ ဖြစ်ပါတယ်။

    အီရန်ဆေးသုတေသနကုမ္ပဏီ Pasteur Institute of Iran နဲ့ ကျူးဘားနိုင်ငံတို့ ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကိုလည်း လူသားတွေမှာ စတင်စမ်းသပ်ခဲ့ပြီး အလုံးရေ ၁ သိန်း မှာယူခဲ့ပါတယ်။

    နောက်ထပ် အီရန်ဆေးဝါးလုပ်ငန်း Razi Vaccine and Serum Research Institute က ထုတ်တဲ့ Razi COV-Pars ကိုလည်း လူသားတွေမှာ စမ်းသပ်ဖို့ စီစဉ်နေပါတယ်။

    ၂၀၂၀ အစောပိုင်း ကိုဗစ် စတင်ပြန့်နှံချိန်ကစလို့ အီရန်မှာ သေဆုံးသူ ၆၁၀၀၀ ရှိခဲ့တာပါ။ လက်ရှိမှာ နိုင်ငံရပ်ခြားက ကိုဗစ်ကာကွယ်ဆေးတွေကို တင်သွင်းပြီး ထိုးပေးတာမျိုးတွေကိုလည်း အီရန်က လုပ်ဆောင်နေပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ကာကွယ်ဆေး ကောလဟာလများကို Facebook တင်းတင်းကြပ်ကြပ် ကိုင်တွယ်မည်

    ကိုဗစ်ကာကွယ်ဆေး ကောလဟာလများကို Facebook တင်းတင်းကြပ်ကြပ် ကိုင်တွယ်မည်

    ဖေဖော်ဝါရီ ၉၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကာကွယ်​ဆေးနဲ့ပတ်သက်ပြီး သတင်းတု၊ သတင်းမှားဖြန့်နေတဲ့ အကောင့်တွေ၊ပေ့ချ်တွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထိန်းချုပ်သွားမယ်လို့ Facebook က ပြောကြားလိုက်ပါတယ်။

    ကာကွယ်ဆေးဟာ လူလုပ်ထားတာဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးတာထက် ရောဂါကူးတာက ပိုကောင်းတယ်၊ ကာကွယ်ဆေးထိုးတာ အန္တရာယ်ရှိတယ်၊ အသိဉာဏ် ချို့ယွင်းနိုင်တယ် စတဲ့ ကာကွယ်ဆေးမထိုးအောင် ဝါဒဖြန့်တာတွေ ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီသတင်းမှားတွေကို ကိုင်တွယ်ထိန်းချုပ်ဖို့ ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေကို ပြောထားပါတယ်။

    Facebook ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဒီလိုသတင်းအမှားတွေကို သေသေချာချာ စီစစ်ဖို့ ​Group ကိုင်တွယ်သူတွေကို အသိပေးသွားမှာဖြစ်ပြီး၊ ကာကွယ်ဆေးမထိုးအောင် ပြောကြားမှုတွေကို Instagram မှာလည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားမယ်လို့ ဖော်ပြထားပါတယ်။

    ဘယ်နေရာမှာ ဘယ်အချိန် ဆေးထိုးလို့ရလဲဆိုတာ အပါအဝင် ကာကွယ်ဆေးထိုးပေးတဲ့ စင်တာတွေရဲ့ သတင်းအချက်အလက်ကို အသေးစိတ် ကြည့်ရှုလို့ရတဲ့ လုပ်ဆောင်ချက်တစ်ခုကို Facebook က အခုတစ်ပတ်အတွင်း ထည့်ပေးသွားမှာပါ။

    “ကျွန်တော်တို့ရဲ့ မူဝါဒတွေနဲ့ ကိုက်ညီတဲ့ Covid-19 အကြောင်း၊ ကာကွယ်ဆေးအကြောင်းပြောကြားမှုတွေကို အပြင်က အချက်အလက်စစ်ဆေးတဲ့သူတွေက ထပ်စစ်သွားမှာပါ။ သတင်းမှားတွေ့ရင် ဒါကို သီးသန့်ထားပြီး ဖယ်ရှားသွားမှာ ဖြစ်ပါတယ်” လို့ Facebook ရဲ့ မနေ့က ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ​ကာကွယ်ဆေးမထိုးရေး ဝါဒဖြန့်မှုတွေဟာ ​Facebook ပေါ်မှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက တည်ရှိခဲ့တာ ဖြစ်ပြီး ခွင့်ပြုပေးခဲ့တဲ့ တစ်ချို့ကြော်ငြာတွေမှာတောင် ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သတင်းအမှားတွေ ပါလာတာ ရှိခဲ့ပါတယ်။

    လက်ရှိမှာ ဒါကို တိုက်ဖျက်ဖို့အတွက် Facebook က ကြိုးစားနေပါတယ်။

    Ref: Aljazeera