News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • ပုံပြောင်းကိုဗစ်ပြန့်နှံ့သည့် ယူကေနှင့် ကမ္ဘာ့နိုင်ငံများ အဆက်အသွယ်ဖြတ်

    ပုံပြောင်းကိုဗစ်ပြန့်နှံ့သည့် ယူကေနှင့် ကမ္ဘာ့နိုင်ငံများ အဆက်အသွယ်ဖြတ်

    ဒီဇင်ဘာ ၂၁၊ ၂၀၂၀
    M-Media

    -ယူကေမှာ ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ် အလျင်အမြန်ကူးစက်မှုကို တွေ့လာရပြီးတဲ့နောက် ဥရောပနိုင်ငံတော်တော်များများနဲ့ ကမ္ဘာ့နိုင်ငံတွေက ယူ​ကေလေယာဉ်တွေကို ဝင်ခွင့်ပိတ်လိုက်ပါတယ်။

    လက်ရှိ ကမ္ဘာမှာပြန့်နှံ့နေတဲ့ အမျိုးအစားထက် ကူးစက်မှု ၇၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်တဲ့ ပုံပြောင်းကိုဗစ်ဟာ မြို့တော်လန်ဒန်နဲ့ အင်္ဂလန်အရှေ့တောင်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စတင်ပြန့်နှံ့ခဲ့တာဖြစ်ပြီး လက်ရှိ အဲဒီဒေသတွေမှာ တင်းကြပ်တဲ့ ကိုဗစ်ဥ​ပဒေတွေ ထုတ်ပြန်ထားပါတယ်။

    ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီ ပုံပြောင်းဗိုင်းရပ်စ်ဟာ ပိုမိုသေဆုံးနိုင်တယ် ဒါမှမဟုတ် လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေး မတိုးဘူးဆိုတဲ့ သက်သေအထောက်အထားမျိုး မတွေ့ရဘူးလို့ မနေ့က မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ယူကေကျန်းမာရေးဝန်ကြီး မတ် ဟန်းကော့က ပုံပြောင်းကိုဗစ်ကူးစက်မှုကို ထိန်းချုပ်လို့ မရအောင် ဖြစ်နေတယ်လို့ မနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်၊ အီတလီ၊ ဘလ်ဂျီယံတို့အပါအဝင် ဥရောပနိုင်ငံတော်တော်များများက ယူကေလေယာဉ်တွေ ဝင်ရောက်မှုကို ပိတ်ပင်လိုက်ပါတယ်။ ကနေဒါ၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ​ဟောင်ကောင်နဲ့ အခြားနိုင်ငံတစ်ချို့ကလည်း ယူကေက လေယာဉ်တွေ ဝင်ရောက်မှုကို ပိတ်ပင်ထားပါတယ်။

    လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေဟာ ပုံပြောင်းကိုဗစ်အတွက် အသုံးဝင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ယူကေဟာ Pfizer-BioNTech ကာကွယ်ဆေးကို ပထမဆုံး အသုံးပြုတဲ့ နိုင်ငံပါ။

    နောက်ထပ် အသုံးပြုနိုင်တော့မယ့် ကိုဗစ်ကာကွယ်ဆေးက အမေရိကန်ဆေးကုမ္ပဏီ Moderna ထုတ် ဆေးဖြစ်ပြီး အမေရိကန်အစိုးရက အသုံးပြုဖို့ ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

    Ref: CNA

  • ရုရှား၏ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယတွင်ထုတ်မည်

    ရုရှား၏ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယတွင်ထုတ်မည်

    ဒီဇင်ဘာ ၁၉၊ ၂၀၂၀
    M-Media

    -ရုရှားက ဖန်တီးထားတဲ့ Sputnik V ကိုဗစ်ကာကွယ်ဆေးကို လာမယ့်နှစ်အတွင်း အိန္ဒိယမှာ အလုံးရေ သန်း ၃၀၀ လောက် ထုတ်လုပ်ဖို့ ရှိနေပါတယ်။

    Sputnik V ဟာ ကမ္ဘာမှာ အစိုးရက တရားဝင်ခွင့်ပြုတဲ့ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးဖြစ်ပြီး ယူအေအီး၊ ဗင်နီဇွဲလား၊ အိန္ဒိယနဲ့ ဘီလာရုဇ်နိုင်ငံတွေမှာ စမ်းသပ်အသုံးပြုနေကာ ၉၁ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ထားပါတယ်။

    အိန္ဒိယဆေးကုမ္ပဏီ Hetero Biopharma က သူတို့ဟာ Sputnik V အလုံးရေ သန်း ၁၀၀ လောက်ထုတ်လုပ်မယ်လို့ တရားဝင်ပြောကြားထားတာပါ။ နောက်ထပ် သန်း ၂၀၀ လောက်ကို တစ်ခြား ဘယ်ကုမ္ပဏီတွေက ထုတ်ပေးမလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

    နယူးဒေလီမှာရှိတဲ့ ရုရှားသံရုံးကတော့ အိန္ဒိယမှာထုတ်ထားတဲ့ ကာကွယ်ဆေးကို စမ်းသပ်အသုံးပြုနေတယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့က Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။

    ရုရှားအစိုးရ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ RDIF အကြီးအကဲ ကီရီရ် ဒီမီထရီဗ်က အိန္ဒိယကဆေးကုမ္ပဏီကြီး ၄ ခုလောက်နဲ့ စာချုပ်ချုပ်ထားပြီး နောက်နှစ်အတွင်း အလုံးရေ သန်း ၃၀၀ ကျော်လောက် ထုတ်လုပ်ဖို့ရှိတယ်လို့ ရုရှားသတင်းဌာနတစ်ခုကို ပြောပါတယ်။

    အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး အကြီးအကျယ် ထုတ်လုပ်နိုင်ဖို့အတွက်လည်း ပြင်ဆင်ထားပါတယ်။ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက လာမယ့် သီတင်းပတ်​အနည်းငယ်အတွင်း ကိုဗစ်ကာကွယ်ဆေးတစ်ချို့ကို အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုပေးသွားမယ်လို့ ပြောကြားထားပါတယ်။

    လက်ရှိမှာ အောက်စဖို့ဒ်ထုတ် Oxford-AstraZeneca၊ အမေရိကန်ထုတ် Pfizer-BioNTech နဲ့ အိန္ဒိယကုမ္ပဏီ Bharat Biotech ထုတ် ကာကွယ်ဆေးတွေက အရေးပေါ်အသုံးပြုခွင့်ပေးဖို့ လျှောက်ထားပါတယ်။

    Ref: CNA

  • တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    ဒီဇင်ဘာ ၁၇၊ ၂၀၂၀
    M-Media

    ဝူဟန်မြို့

    ပြင်သစ်သမ္မတ မာခရွန် ကိုဗစ်ကူးစက်ခံရ

    သမ္မတ အီမန်နျူယဲလ်မာခရွန်ဟာ ကိုဗစ်ကူးစက်ခံထားရပြီး တစ်ပတ်တာ ကွာရန်တင်းဝင်သွားမယ်လို့ ပြင်သစ်သမ္မတရုံးက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    အသက် ၄၂ နှစ်အရွယ် မာခရွန်ဟာ ရောဂါလက္ခဏာတွေ ပြတာကြောင့် ကိုဗစ်စစ်ခဲ့တာပါ။ အသက် ၆၇ နှစ်အရွယ် သမ္မတကတော်နဲ့ ဝန်ကြီးချုပ် ဂျီင် ကက်စ်တက်စ်တို့လည်း ကွာရန်တင်း ဝင်နေပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မာခရွန်နဲ့တွေ့ဆုံခဲ့တဲ့ ဥရောပထိပ်ပိုင်းခေါင်းဆောင်တွေထဲက တော်တော်များများက သူတို့လည်း ကွာရန်တင်းဝင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    မာခရွန်ဟာ ကွာရန်တင်းဝင်နေပေမယ့် လုပ်ငန်းတာဝန်တွေကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

    WHO အဖွဲ့ ဝူဟန်သွားပြီး ကိုဗစ်အကြောင်း စုံစမ်းမည်

    ကိုဗစ်ရောဂါပိုးရဲ့ ရင်းမြစ်ကို လေ့လာစုံစမ်း ဖော်ထုတ်ဖို့အတွက် ပညာရှင် ၁၀ ဦးပါတဲ့အဖွဲ့ဟာ လာမယ့်လမှာ ​တရုတ်နိုင်ငံ ဝူဟန်မြို့ကို သွားရောက်မယ်လို့ WHO က ထုတ်ပြန်ပါတယ်။

    ကိုဗစ်ဟာ ဝူဟန်မြို့ အသားငါးရောင်းတဲ့စျေးက ကူးစက်တာလို့ သတင်းထွက်တာပါ။ ဒီကိစ္စအတွက် နိုင်ငံတကာ ပညာရှင်တွေ လာရောက်စူးစမ်းဖို့ တရုတ်ဟာ အရင်တုန်းက ခါးခါးသီးသီး ငြင်းခဲ့ပါတယ်။

    WHO အဖွဲ့ထဲမှာ ပါဝင်မယ့် ပညာရှင် ရောဘတ်ခို့က အခုခရီးစဉ်ဟာ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မဟုတ်ဘဲ ဝူဟန်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ စုံစမ်းဖို့၊ ရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး အနာဂတ်မှာဖြစ်လာမယ့် အန္တရာယ်ကို တားဆီးဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကိုဗစ်ဟာ တရုတ်အစိုးရက ဖန်တီးပြီး ဖြန့်တာလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ပြီး ဒီအတွက် တရုတ်အစိုးရနဲ့ တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

    ယူကေတွင် တစ်ပတ်အတွင်း လူ ၁ သိန်းကျော် ကိုဗစ်ကာကွယ်ဆေးထိုး

    ယူကေမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူပေါင်း ၁၃၇၈၉၇ ဦး ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရခဲ့ပါတယ်။

    ယူကေဟာ Pfizer / BioNTech ကိုဗစ်ကာကွယ်ဆေးကို ပထမဆုံး အသုံးပြုတဲ့နိုင်ငံပါ။ လက်ရှိမှာ ကာကွယ်ဆေးစင်တာ ၂၀၀ လောက်ရှိနေပြီး နောက်တစ်ပတ်အတွင်း တစ်ထောင်လောက်အထိ တိုးချဲ့ဖို့ ရှိနေပါတယ်။

    ယူကေအစိုးရဟာ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက် ၇၀ ကျော်အရွယ်တွေကို ဦးစားပေး ထိုး​ပေးနေတာ ဖြစ်ပါတယ်။

    ယူကေမှာ ကိုဗစ်ကာကွယ်ဆေးစထိုးတဲ့ တစ်ပတ်အတွင်း ဓာတ်မတည့်သူ ၂ ဦးသာ တွေ့ခဲ့ရပါတယ်။ ဆေးရဲ့ အန္တရာယ်ကင်းမှုကို စိတ်ချရပေမယ့် ဆေးသယ်ယူရေးမှာ အခက်အခဲတစ်ချို့ရှိတယ်လို့ ယူကေအစိုးရက ပြောကြားထားပါတယ်။

    Ref: BBC, CNN

  • ဆော်ဒီအာရေဗျတွင် ကိုဗစ်ကာကွယ်ဆေး စထိုး

    ဆော်ဒီအာရေဗျတွင် ကိုဗစ်ကာကွယ်ဆေး စထိုး

    ​ဒီဇင်ဘာ ၁၇၊ ၂၀၂၀
    M-Media

    -ဆော်အာရေဗျနိုင်ငံမှာ မနေ့က Pfizer-BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် ရောက်ရှိလာခဲ့ပြီးတဲ့နောက် ဒီကနေ့မှာ စတင်ပြီး ကာကွယ်ဆေးထိုးနှံနေပြီ ဖြစ်ပါတယ်။

    နိုင်ငံတစ်ဝှမ်း ကာကွယ်ဆေးထိုးနှံမယ့်စင်တာတွေကို နောက် ၃ ရက်အတွင်း ဝေငှ ဖြန့်ဖြူးပေးသွားမှာပါ။

    ကာကွယ်ဆေးထိုးနှံရေးအတွက် အွန်လိုင်းက စာရင်းပေးမှုကို ဆော်ဒီက အင်္ဂါနေ့မှာ စတင် လက်ခံခဲ့တာဖြစ်ပြီး လက်ရှိ နိုင်ငံတစ်ဝှမ်း စာရင်းပေးထားသူ ၁ သိန်းခွဲလောက် ရှိနေပါတယ်။

    ဆော်ဒီဟာ နိုင်ငံသားတွေနဲ့ နိုင်ငံအတွင်း ရှိနေသူအားလုံးကို အခမဲ့ ကာကွယ်ဆေး ထိုးပေးမယ်လို့ ကြေငြာထားတာပါ။ ဒါပေမယ့် မထိုးမနေရမဟုတ်ဘဲ ကိုယ့်ရဲ့သဘောဆန္ဒ​အတိုင်းပဲလို့ ဆော်ဒီအစိုးရက ပြောပါတယ်။

    “ဆော်ဒီအာရေဗျက ဒေသအားလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံရေးစင်တာတွေ ထားရှိသွားမှာ ဖြစ်ပါတယ်” လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သောင်ဖစ်က် အလ် ရာဘီယာက ပြောကြားခဲ့ပါတယ်။

    အခုရောက်လာတဲ့ Pfizer-BioNTech ကာကွယ်ဆေးဟာ အန္တရာယ်ကင်းတယ်လို့လည်း ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

    Ref: Alarabiya

  • တောင်ကိုရီးယားတွင် ကိုဗစ်ကူးစက်မှု စံချိန်တင်မြင့်တက်

    တောင်ကိုရီးယားတွင် ကိုဗစ်ကူးစက်မှု စံချိန်တင်မြင့်တက်

    ဒီဇင်ဘာ ၁၆၊ ၂၀၂၀
    M-Media

    -တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်မှု စံချိန် မြင့်တက်လာတာကြောင့် အာဏာပိုင်​တွေက ပိုမိုတင်းကြပ်တဲ့ စည်းမျဉ်းဥပဒေတွေထုတ်ဖို့ ပြင်ဆင်နေပါတယ်။

    ဒီကနေ့ ကူးစက်မှုအရေအတွက်ဟာ ၁၀၇၈ ဦးရှိခဲ့ပြီး ကိုဗစ်စတင်ပြန်နှံ့ပြီးတဲ့နောက်ပိုင်း တစ်နေ့တာ အမြင့်ဆုံး ကူးစက်မှုလည်း ဖြစ်ပါတယ်။ သေဆုံးသူက ၁၂ ဦး ရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၆၁၂ ဦး ရှိလာတာပါ။

    တောင်ကိုရီးယားမှာ စုစုပေါင်း ကိုဗစ်ကူးစက်သူအရေအတွက်က ၄၅၄၄၂ ဦး ရှိလာပြီ ဖြစ်ပါတယ်။ အခု ကူးစက်မှုအသစ်တွေကို မြို့တော်ဆိုးလ်၊ အနီးအနားက ဂျုံဂျီပြည်နယ်နဲ့ အင်ချန်မြို့တွေမှာ အများဆုံး တွေ့ရတာပါ။

    ကိုဗစ်ကပ်ရောဂါ အစောပိုင်းမှာ တောင်ကိုရီးယားဟာ ထိန်းချုပ်မှု အကောင်းဆုံးလုပ်နိုင်တဲ့ နိုင်ငံအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

    ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာတဲ့အတွက် အရေးပေါ် ဆေးရုံတွေ ပြင်ဆင်တာ၊ ​ကိုဗစ်သီးသန့် စမ်းသပ်ကုသတဲ့ ဒေသန္တရဆေးခန်းတွေ တိုးချဲ့ဖွင့်လှစ်တာ၊ စစ်ဆေးမှု တိုးမြှင့်ဆောင်ရွက်တာတွေကို အာဏာပိုင်တွေက လုပ်​နေပါတယ်။

    အခုကိုဗစ်လှိုင်းမှာ တစ်နေ့ကို ကူးစက်သူ ၁၂၀၀ လောက်အထိ ရှိလာနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

    Ref: Aljazeera