News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • ကိုဗစ်သုတေသနကို ခိုးရန်ကြိုးစားမှုကြောင့် ကန်ရှိ တရုတ်ကောင်စစ်ဝန်ရုံး အပိတ်ခံရ

    ကိုဗစ်သုတေသနကို ခိုးရန်ကြိုးစားမှုကြောင့် ကန်ရှိ တရုတ်ကောင်စစ်ဝန်ရုံး အပိတ်ခံရ

    ဇူလိုင် ၂၅၊ ၂၀၂၀
    M-Media

    -တရုတ်က အမေရိကန်ကို လျှို့ဝှက်ထောက်လှမ်းရာမှာ ဟူစတန်မြို့ ကောင်စစ်ဝန်ရုံးက အဆိုးဆုံးဖြစ်နေတဲ့အတွက် ပိတ်ခိုင်းလိုက်တာဖြစ်တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    တက္ကဆက်ပြည်နယ် ဟူစတန်က တရုတ်ကောင်စစ်ဝန်ရုံးကို လာမယ့်သောကြာနေ့ နောက်ဆုံးထား ပိတ်ပေးဖို့ အမေရိကန်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမိန့်ပေးခဲ့ပြီး တရုတ်ကလည်း ချန်ဒူးမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ အမိန့်ထုတ်ထားပါတယ်။

    အမေရိကန်ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသုတေသနတွေကို တရုတ်က ခိုးယူဖို့ ကြိုးစားနေပြီး ဟူစတန်ကောင်စစ်ဝန်ရုံးက အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ မနေ့က အမေရိကန်အစိုးရ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    တက္ကဆက်ပြည်နယ်ဟာ အစိုးရက ထောက်ပံ့ပေးထားတဲ့ ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းတွေ အဓိကအလုပ်ဆောင်တဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။ တရုတ်က ကိုဗစ်ကာကွယ်ဆေး သုတေသနကို ဘယ်လောက်အနေအထားအထိ ရရှိဖို့ ပစ်မှတ်ထားခဲ့လဲဆိုတာကိုတော့ ကန်အစိုးရ တာဝန်ရှိသူတွေက မပြောခဲ့ပါဘူး။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်၀န်ဘင်းက အမေရိကန်ရဲ့ ဒီပြောဆိုမှုတွေဟာ ရန်ညှိုးထား သွားပုပ်လေလွင့်စကားတွေဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    အမေရိကန်တရားရေးဌာန အကြီးတန်းအရာရှိတစ်ဦးကလည်း နိုင်ငံခြားကောင်စစ်ဝန်ရုံးတွေကို နိုင်ငံခြားထောက်လှမ်းရေး အခြေစိုက်နေရာအဖြစ် အသုံးပြုခွင့် အမေရိကန်က ပေးထားပေမယ့် တရုတ်ကောင်စစ်ဝန်ရုံးက​တော့ စည်းဖောက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters



  • တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    ဇူလိုင် ၂၃၊ ၂၀၂၀
    M-Media

    ကိုဗစ်ကာကွယ်ဆေး လာမည့်နှစ်အတွင်းရရန် ဗီယက်နမ်ပစ်မှတ်ထား

    ဗီယက်နမ်နိုင်ငံဟာ ပြည်တွင်းမှာ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်အောင် ကြိုးစားနေပြီး တိုးတက်မှုတွေလည်း ရရှိနေတာကြောင့် ၂၀၂၁ ခုနှစ်မှာ စီးပွားဖြစ် ထုတ်လုပ်သုံးစွဲနိုင်ဖို့ စီစဉ်ထားပါတယ်။ ကာကွယ်ဆေးစမ်းသပ်ထုတ်လုပ်မှုဟာ ပုံမှန်အားဖြင့် ၅ နှစ်လောက်ကြာနိုင်ပေမယ့် ၂၀၂၁ ခုမှာ အဆင်သင့်ဖြစ်နိုင်ဖို့ ဗီယက်နမ်က အထူးစီမံကိန်းချ ဆောင်ရွက်နေတာပါ။ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းမှာ ဗီယက်နမ်နိုင်ငံဟာ အောင်မြင်မှုရရှိထားပြီး ကူးစက်မှုလုံး၀မရှိတာ ၃ လကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

    ဖုန်းနှင့် တီဗီကြည့်ချိန် တစ်နေ့ကို ၂ နာရီသာ ထားသင့်

    တစ်နေ့တာ တီဗီနဲ့ ဖုန်းကြည့်ချိန်ကို ၂ နာရီအောက် လျှော့ချပေးခြင်းအားဖြင့် ကင်ဆာနဲ့ နှလုံးသွေကြောကျဉ်း ရောဂါတွေလို ရောဂါမျိုး ဖြစ်ပွားမှု၊ အရွယ်မတိုင်ခင် သေဆုံးမှုကို လျှော့ချနိုင်တယ်ဆိုတာ လေ့လာမှုမှာ တွေ့ရတယ်လို့ စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့က သုတေသနပညာရှင်တွေက ပြောကြားလိုက်ပါတယ်။ လူပေါင်း ၅ သိန်းလောက်ကို ၂ နှစ်ကြာ လေ့ခဲ့တာပါ။ အထိုင်များရင် ကျန်းမာရေးကို ထိခိုက်နိုင်ပြီး တီဗီနဲ့ ဖုန်းကြည့်ချိန်ကိုလျှော့ကာ ကျန်းမာရေး လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးသင့်တယ်လို့လည်း သုတေသနမှာပါဝင်တဲ့ ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    အောက်စဖို့ဒ်က ကိုဗစ်ကာကွယ်ဆေး အလုပ်ဖြစ်

    အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ အန္တရာယ်ကင်းပြီး ကိုဗစ်တိုက်ဖျက်နိုင်တဲ့ ကိုယ်ခံအားကို ထုတ်ပေးတယ်ဆိုတာ တွေခဲ့ရပါတယ်။ လူပေါင်း တစ်ထောင်ကျော်မှာ စမ်းသပ်ပြီးတဲ့နောက် ဒီရလဒ် ထွက်လာတာပါ။ ရောဂါကို အမှန်တကယ် ကာကွယ်နိုင်မလားဆိုတာ သေချာဖို့အတွက် နောက်ထပ် ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်မှုတွေ လိုအပ်နေပါသေးတယ်။ ယူကေအစိုးရကတော့ ဒီကာကွယ်ဆေး သန်း ၁၀၀ ကို မှာယူထားပါတယ်။ ကိုဗစ်ဟာ ယူကေမှာ ခရစ္စမတ်အထိ ဆက်ရှိနေအုံးမယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

    Ref: BBC, The Star

  • တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    ဇူလိုင် ၁၆၊ ၂၀၂၀
    M-Media

    ကိုဗစ်ကာကွယ်ဆေးအချက်အလက်များ ခိုးယူရန် ရုရှားဟက်ကာများ ကြိုးစား

    -ကိုဗစ်ကာကွယ်ဆေးအချက်အလက်တွေ ခိုးယူဖို့အတွက် ယူကေ၊ အမေရိကန်နဲ့ ကနေဒါတို့မှာရှိတဲ့ ကာကွယ်ဆေးဖော်နေတဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားကာ ရုရှားဟက်ကာတွေက ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    ယူကေရဲ့ နိုင်ငံတော် ဆိုက်ဘာလုံခြုံရေးစင်တာ(NCSC)က တိုက်ခိုက်မှုကို ရုရှားထောက်လှမ်းရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ APT29 အဖွဲ့က ပြုလုပ်တာလို့ ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ကိုဗစ်ကာကွယ်ဆေး သုတေသနကို ထိခိုက်မှုမရှိဘူးလို့လည်း ဆိုပါတယ်။ ဘယ်အဖွဲ့အစည်းတွေ ဆိုက်ဘာတိုက်ခိုက်ခံရလဲဆိုတာနဲ့ ဟက်ကာတွေက ဘာတွေရသွားလဲဆိုတာကို NCSC က ထုတ်မပြောပါဘူး။

    ဟက်ကာတွေဟာ ဆော့ဖ်ဝဲယိုပေါက်တွေ၊ Malware တွေကနေတစ်ဆင့် ကွန်ပျူတာကွန်ယက်တွေထဲဝင်ရောက်ခဲ့ကြသလို၊ အသုံးပြုသူတစ်ချို့ရဲ့ Log in အချက်အလက်တွေကိုလည်း ရယူခဲ့ပါတယ်။ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး NCSC က အခြား ကာကွယ်ဆေးဖော်နေတဲ့ အဖွဲ့အစည်းတွေကို သတိပေးထားပါတယ်။

    ကိုဗစ်ကြောင့် ကလေးများအတွက် ကာကွယ်ဆေးထိုးမှု အစီအစဉ်များ ရပ်ဆိုင်း

    • Covid-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း ကလေးငယ်တွေမှာ ဝက်သက်၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးနဲ့ မေးခိုင်ကာကွယ်ဆေး ထိုးနှံမှုပမာဏ သိသိသာသာ ကျဆင်းသွားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်ပါတယ်။

    ကာကွယ်ဆေးထိုးနှံမှုဟာ ပြည်သူ့ကျန်းမာရေးမှာ အရေးပါတဲ့ ဆောင်ရွက်ချက်တစ်ခု ဖြစ်ပါတယ်။

    ကိုဗစ်နောက်ဆက်တွဲ လှုပ်ရှားသွားလာမှု ကန့်သတ်တာ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ရေးပစ္စည်း လုံလုံလောက်လောက် မရှိတာတွေကြောင့် အခုနှစ် ပထမ ၄ လပတ်အတွင်း ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၈၀​ လောက်မှာ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးရေး အစီအစဉ်တွေ ရပ်ဆိုင်းသွားပါတယ်။

    ကာကွယ်ဆေး မထိုးရတာကြောင့် ဝက်သက်၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးနဲ့ မေးခိုင်ရောဂါတွေ ကူးစက်သေဆုံးမှုကို ပိုမိုမြင်တွေ့ရလိမ့်မယ်လို့လည်း WHO က သတိပေးခဲ့ပါတယ်။

    ဆောင်းရာသီတွင် ကိုဗစ်ဒုတိယလှိုင်းကို ယူကေ ကြုံရဖွယ်ရှိနေ

    • လာမယ့်ဆောင်းရာသီ ယူကေမှာ Covid-19 ဒုတိယလှိုင်း ရိုက်ခတ်နိုင်ပြီး အဆိုးဆုံးအနေအထားမှာ လူပေါင်း တစ်သိန်းနှစ်သောင်းလောက် သေဆုံးနိုင်ဖွယ်ရှိတယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

    လက်ရှိ ယူကေမှာ ကိုဗစ်ကြောင့် ၄၄၈၃၀ ဦး သေဆုံးထားပြီးဖြစ်ပါတယ်။ ရောဂါ ပြန့်နှံ့ကူးစက်မှု အခြေအနေမကို သုံးသပ်ပြီး ယူကေ ဆေးသိပ္ပံအကယ်ဒီက ဇူလိုင်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ လာမယ့် ဆောင်းရာသီကာလအတွင်း ပြန့်နှံ့မှု ဘယ်လောက်ရှိနိုင်လဲဆိုတာ တိတိကျကျ တွက်ဆမရနိုင်ဘူးလို့ ဖော်ပြထားပါတယ်။

    အေးတဲ့ရာသီမှာ ဗိုင်းရပ်စ်ဟာ ပိုကြာကြာရှင်သန်နိုင်ပြီး၊ လူတွေဟာ အိမ်ထဲမှာပဲ အနေများတာကြောင့် ကူးစက်နိုင်ချေကလည်း ပိုမို မြင့်မားလိမ့်မယ်လို့ ဆိုပါတယ်။

    ယူကေကျန်းမာရေးဌာနအနေနဲ့ ကိုဗစ်အပြင်၊ အခြား ရာသီပေါ်ရောဂါတွေကြောင့် ဖိအားတွေများလာနိုင်ပြီး အဆိုးဆုံးအခြေအနေ မဖြစ်အောင် အခုအချိန်ကတည်းက ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ဖို့လည်း အစီရင်ခံစာမှာ ိဖော်ပြခဲ့ပါတယ်။

  • ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကို ရုရှားက ဩဂုတ်လတွင် ဖြန့်ချီမည်

    ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကို ရုရှားက ဩဂုတ်လတွင် ဖြန့်ချီမည်

    ဇူလိုင် ၁၄၊ ၂၀၂၀
    M-Media

    -Covid-19 ကာကွယ်ဆေးကို အစောဆုံး လာမယ့်လလောက် ထုတ်ဝေဖြန့်ချီသွားမယ်လို့ ရုရှားသိပ္ပံပညာရှင်တွေက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    အစိုးရရဲ့ ဆေးဘက်ဆိုင်ရာအသင်း Gamalei Institute of Epidemiology and Microbiology က ကိုဗစ် ကာကွယ်ဆေးတစ်မျိုးကို ထုတ်လုပ်ကာ Sechenov တက္ကသိုလ်ရဲ့ စမ်းသပ်မှုဟာ တနင်္ဂနွေနေ့မှာ ပြီးဆုံးခဲ့ပါတယ်။

    တက္ကသိုလ်ရဲ့ သုတေသနအကြီးအကဲ Smolyarchuk က ကာကွယ်ဆေးစမ်းသပ်မှု အောင်မြင်ခဲ့ပြီး၊ အန္တရာယ်ကင်းတယ်ဆိုတာကိုလည်း တွေ့ခဲ့ရတယ်လို့ ရုရှားပြည်တွင်းမီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။

    Gamalei အသင်းရဲ့ ဒါရိုက်တာ Alexander Gintsburg က ဩဂုတ်လ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အတွင်း ပြည်တွင်းမှာ ဖြန့်ဝေသွားမှာဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီတွေက လာမယ့်စက်တင်ဘာမှာ စီးပွားဖြစ် ထုတ်လုပ်နိုင်မယ်လို့ ပြော​ကြားခဲ့ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကာကွယ်ဆေးစမ်းသပ်မှုကို အဆင့် ၁၊ ၂၊ ၃ အဖြစ် သတ်မှတ်ထားပြီး ဒီ ၃ ဆင့်စလုံးမှာ အန္တရာယ်ကင်းမှု၊ ထိရောက်မှုရှိမှသာ အမြောက်အများ ထုတ်လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။

    Gamalei အဖွဲ့က ထုတ်လုပ်တဲ့ အခုကာကွယ်ဆေးဟာ အဆင့် ၁၊ ၂ စမ်းသပ်မှု အောင်မြင်စွာပြီးဆုံးခဲ့ပြီး ဩဂုတ်လ ​တတိယအဆင့် စမ်းသပ်မှု အောင်မြင်ရင် ကိုဗစ်ကာကွယ်ဆေးအဖြစ် ကမ္ဘာကို ဖြန့်ချီနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ကာကွယ်​ဆေး စမ်းသပ်မှုတွေ ရှိနေပမယ့် ကမ္ဘာတစ်ဝှမ်း ဖြန့်ချီမှု မရှိသေးပါဘူး။

    Ref: Times Now

  • ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဝန်ထမ်း ၃ ထောင်ကျော် သေဆုံး

    ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဝန်ထမ်း ၃ ထောင်ကျော် သေဆုံး

    ဇူလိုင် ၁၄၊ ၂၀၂၀
    M-Media

    -၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ပြန့်နှံ့ခဲ့တဲ့ Covid-19 ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဝန်ထမ်းပေါင်း ၃၀၀၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က မနေ့မှာ ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

    ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးမှုမှာ ရုရှားက ၅၄၅ ဦးနဲ့ အများဆုံးဖြစ်ပြီး ယူကေက ၅၄၀ ဦး၊ အမေရိကန်က ၅၀၇ ဦး ရှိပါတယ်။ စာရင်း​ကောက်ယူမှုမှာ မပါဝင်တာတွေ ရှိတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးမှုအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့လည်း AI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အဖွဲ့ရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ အကြံပေး ဆန်ဟီတာ အမ်ဘက်စ်က ကျန်းမာရေးဝန်ထမ်းတွေရဲ့ အသက်တွေကို ပိုမိုအလေးထားဖို့အတွက် ကမ္ဘာ့တစ်ဝှမ်း အစိုးရတွေကို တိုက်တွန်းကြောင်း၊ မိမိတို့ရဲ့ အသက်န္တရာယ်ထိခိုက်မယ့်အကြောင်း ထုတ်ဖော်ပြောဆိုတဲ့ ဝန်ထမ်းတွေကို အချို့အစိုးရတွေက အရေးယူအပြစ်ပေးတာမျိုး မြင်ရတာဟာ စိတ်ပျက်စရာကောင်းကြောင်း ပြောကြားခဲ့ပါတယ်။

    ကိုဗစ်ကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်း ၃၅၁ ဦး သေဆုံးထားပြီး၊ မက္ကဆီကိုနိုင်ငံမှာလည်း ၂၄၈ ဦး သေဆုံးထားပါတယ်။

    ကမ္ဘာတစ်ဝှမ်း Covid-19 ကူးစက်သူအရေအတွက် စုစုပေါင်း ၁၂.၉ သန်းရှိနေပြီး သေဆုံးသူကတော့ ၅၆၉၀၀၀ ဦး ရှိပါတယ်။

    Ref: Aljazeera