News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ပြီ (နောက်ဆုံးရသတင်းများ)

    ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ပြီ (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၁၁၊ ၂၀၂၀ (ညနေ ၅ နာရီ)
    M-Media

    ၀ူဟန်ကိုသွားရောက်ခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်
    • ဖေဖော်ဝါရီ ၁၀ ရက်နေ့ တစ်ရက်တည်းမှာတင် တရုတ်နိုင်ငံအတွင်း ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ စံချိန်တင် ၁၀၈ ဦးရှိခဲ့‌ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၁၀၁၆ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ကူးစက်သူက မနေ့မှာ ၂၄၇၈ ဦး ထပ်တိုးလာကာ ၄၂၆၃၈ ဦးအထိ ရောက်လာပါတယ်။ ဟူဘေးပြည်နယ်က ကျန်းမာရေးကော်မရှင် ထိပ်တန်းအရာရှိ ၂ ဦးကိုလည်း တရုတ်အစိုးရက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ဗိုင်းရပ်စ်အဓိကပြန့်နှံ့ရာ ဝူဟန်မြို့ကို သမ္မတရှီကျင့်ဖျင် မနေ့က ပထမဆုံးအကြိမ် သွားရောက်ကြည့်ရှုခဲ့ပါတယ်။
    • ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ အိမ်ထဲမှာပဲနေဖို့ တရုတ်နဲ့ကပ်နေတဲ့ ဟောင်ကောင်မှာ အစိုးရက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဟောင်ကောင်မှာ ကျောင်းတွေလည်း ပိတ်ထားပြီး၊ လူတွေဟာ များသောအားဖြင့် အိမ်ကနေသာ အလုပ်လုပ်နေကြပါတယ်။ တရုတ်နဲ့ကပ်နေတဲ့ နောက်ထပ်ကျွန်းတစ်ကျွန်းဖြစ်တဲ့ ထိုင်ဝမ်ကတော့ ဟောင်ကောင်နဲ့ မကာအိုတို့ကို ခရီးမသွားဖို့ ပြည်သူတွေကို သတိပေးထားပါတယ်။
    • ဗီယက်နမ်နိုင်ငံမှာ ဗိုင်းရပ်ကူးစက်သူအရေအတွက်ဟာ ၁၅ ဦးအထိ မြင့်တက်လာပြီး ၃ လအရွယ်ကလေးငယ်တစ်ဦးလည်း အဘွားဖြစ်သူထံကနေ ကူးစက်ခဲ့ပါတယ်။ ထိုင်းမှာတော့ မနေ့က တရုတ်အမျိုးသမီးတစ်ဦး ကူးစက်တာကို တွေ့ခဲ့ရပြီး စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၃၃ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ အဲဒီအထဲက ၁၀ ဦးဟာ နေပြန်ကောင်းသွားတဲ့အတွက် ဆေးရုံကနေ ဆင်းသွားပြီ ဖြစ်ပါတယ်။
    • ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဘန်ကောက်မှာ ကမ်းကပ်မယ့် အမေရိကန် ကမ္ဘာလှည့်သင်္ဘော MS Westerdam က ခရီးသည်တွေဆင်းခွင့် တောင်းခံမှုကို ထိုင်းနိုင်ငံက ငြင်းဆိုလိုက်ပြီး ဗိုင်းရပ်စ်ပြန့်နှံ့မယ့်အန္တရာယ် ရှိနိုင်တဲ့အတွက်ကြောင့်လို့ ပြောကြားခဲ့ပါတယ်။ သင်္ဘောကုမ္ပဏီကတော့ လိုက်ပါလာတဲ့ ခရီးသည်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်စရာ အကြောင်းမရှိဘူးလို့ ဆိုပါတယ်။
    • တရုတ်ဖက်ကနေ ဗိုင်းရပ်စ်တွေဝင်မလာရေး နယ်စပ်မှာ ပတ္တရောင်လှည့်ဖို့အတွက် လူရာချီစေလွှတ်ထားတယ်လို့ မြောက်ကိုရီးယားက မနေ့မှာ ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားဟာ တရုတ်နဲ့ ကုန်းကြောင်း၊ လေကြောင်း အားလုံးကို ဖြတ်တောက်ထားတာပါ။ တောင်ကိုရီးယားကတော့ မြောက်ကိုရီးယားဖက်ကို ဝူဟန်ဗိုင်းရပ်စ် ရောက်နေပြီလို့ ဆိုပါတယ်။

    Ref: Aljazeera

  • ဝူဟန်ဗိုင်းရပ်စ်နှိမ်နှင်းရေး ကုလအဖွဲ့ တရုတ်ကိုရောက်ရှိလာ (နောက်ဆုံးရသတင်းများ)

    ဝူဟန်ဗိုင်းရပ်စ်နှိမ်နှင်းရေး ကုလအဖွဲ့ တရုတ်ကိုရောက်ရှိလာ (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၁၀၊ ၂၀၂၀ (ညနေ ၅ နာရီခွဲ)
    M-Media

    – ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူအရေအတွက်ဟာ ၉၀၈ ဦး ရှိလာခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အဖွဲ့က ဦးဆောင်တဲ့ နိုင်‌ငံတကာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့အဖွဲ့တစ်ခုဟာလည်း တရုတ်နိုင်ငံကို သွားရောက်နေပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ မနေ့ကတစ်ရက်တည်း သေဆုံးသူ ၉၇ ဦးရှိပြီး ရောဂါ စတင်ပြန့်နှံ့ကတည်းက တစ်ရက်အတွင်း အများဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။ ကူးစက်နေသူအရေအတွက်ကတော့ ၄ သောင်းကျော် ရှိလာပြီ ဖြစ်ပါတယ်။

    – ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ ရေပြင်မှာ ကျောက်ချရပ်နားထားတဲ့ Diamond Princess ကမ္ဘာလှည့်ဇိမ်ခံသင်္ဘောမှာ ဗိုင်းရပ်စ်ကူးစက်နေတယ်လို့ အတည်ပြုနိုင်သူအရေအတွက်ဟာ ၁၃၆ ဦးအထိ ရှိလာပြီဖြစ်ပြီး ဂျပန်၊ အမေရိကန်၊ ဩစတေးလျ၊ ဖိလစ်ပိုင်၊ ကနေဒါနဲ့ ယူကရိန်းနိုင်ငံတို့က ဖြစ်ပါတယ်။

    – ယူကေက ကိုရိုနာဗိုင်းရပ်စ်သစ်ကို ပြည်သူ့ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွားခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒါ့‌ကြောင့် အစိုးရဟာ ဗိုင်းရပ်စ်နှိမ်နှင်းရေးလုပ်ငန်း ဆောင်ရွက်ရာမှာ အာဏာအသုံးပြုခွင့် ပိုမိုရရှိမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံက ဝူဟန်မြို့နဲ့ ဟူဘေးပြည်နယ်ကို ရောဂါကူးစက်ရာနေရာအဖြစ် ယူကေကေ သတ်မှတ်လိုက်ပြီး နိုင်ငံအတွင်း ဆေးရုံ ၂ ရုံကိုလည်း ဝူဟန်ဗိုင်းရပ်စ် သီးသန့်ကုသရာ နေရာအဖြစ် ပြောင်းလဲခဲ့ပါတယ်။

    – တရုတ်နိုင်ငံကို သွားရောက်ခဲ့ခြင်းမရှိတဲ့သူတွေမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု တွေ့ရတာဟာ စိုးရိမ်စရာဖြစ်ပြီး နိုင်ငံအားလုံး ပြင်ဆင်ထားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောကြားလိုက်ပါတယ်။ အခု ကြုံတွေ့နေရတာတွေဟာ ‌ရေခဲတောင်ကြီးတစ်ခုရဲ့ ထိပ်ပိုင်းကို မြင်‌ရတာဖြစ်ပြီး၊ နိုင်ငံတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်ရှိကာ၊ အချက်အလက်တွေကို မချွင်းမချန်မျှဝေကြဖို့လည်း သူက အကြံပြုခဲ့ပါတယ်။

    Ref: Aljazeera

  • တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    ‌ဖေဖော်ဝါရီ ၇၊ ၂၀၂၀
    M-Media

    ဝူဟန်ဗိုင်းရပ်စ် ကာကွယ်ဆေးရရန် သိပ္ပံပညာရှင်များ အပြင်းအထန် ကြိုးစားနေ

    တရုတ်နိုင်ငံကနေစတင်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၅ နိုင်ငံလောက်ကို ပြန့်နှံ့သွားပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်း သိပ္ပံပညာရှင်တွေဟာ သမိုင်းမှာ ဘယ်တုန်းကမှနဲ့ မတူတဲ့ အားထုတ်မှုမျိုးနဲ့ အပြင်းအထန် ကြိုးစားနေပြကြပါတယ်။ လန်ဒန်မြို့ Imperial ကောလိပ်က သိပ္ပံပညာရှင်အဖွဲ့ဟာ သူတို့ဖန်တီးထားတဲ့ ကာကွယ်ဆေးကို နောက်တစ်ပတ် အစောပိုင်းလောက်ကျရင် တိရစ္ဆာန်တွေမှာ စတင်စမ်းသပ်တော့မှာဖြစ်ပြီး နောက်လအနည်းမှာ လူတွေကို စမ်းသပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ကမ္ဘာ့ ဆေးဘက်ဆိုင်ရာအဖွဲ့ CEPI ဟာ ကာကွယ်ဆေးအတွက် အနည်းဆုံး သုတေသန ၃ ခုလောက် လုပ်ဆောင်နေပြီး သီတင်းပတ် ၁၆ ပတ်လောက်အတွင်း ဆေးဘက်ဆိုင်ရာ စမ်းသပ်မှု လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

    AIDS တိုက်ဖျက်ရေးတွင် ကမ္ဘာကျော်သည့် သိပ္ပံပညာရှင် ကွယ်လွန်

    HIV ဗိုင်းရပ်စ်နဲ့ AIDS အပါအဝင် ဆန်းဆန်းပြားပြားရောဂါတွေ တိုက်ဖျက်ရေး သုတေသနလုပ်ငန်းမှာ လမ်းသစ်ဖောက်ခဲ့ပြီး၊ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ဖော်‌ဆောင်ပေးနိုင်ခဲ့တဲ့ ကနေဒါ သိပ္ပံပညာရှင် အသက် ၆၇ နှစ်အရွယ် ဒေါက်တာ ဖရန့် ပလမ်မာဟာ အင်္ဂါနေ့က ကင်ညာနိုင်ငံမှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ ‌ဒေါက်တာ ပလမ်မာဟာ ဆားစ်ရောဂါ၊ H1N1 နဲ့ အီဘိုလာ တိုက်ဖျက်ရေးလုပ်ငန်းတွေမှာလည်း ဦးဆောင်ခဲ့သူပါ။ အရက်စွဲရောဂါ ကုသဖို့အတွက် မကြာသေးခင်ကမှ ဦးနှောက်ခွဲစိပ်မှု ခံယူခဲ့ပါတယ်။ ကင်ညာနိုင်ငံအခြေစိုက်ကာ လုပ်ဆောင်ခဲ့တဲ့ သူ့ရဲ့ သုတေသန လုပ်ငန်းတွေကြောင့် HIV ပိုးနဲ့ AIDS ရောဂါ ကူးစက်မှုအကြောင်း ပိုမိုအသေးစိတ် သိရှိခွင့်ရခဲ့သလို၊ ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းတွေမှာလည်း နည်းသစ်လမ်းသစ်တွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒေါက်တာ ပလမ်မာဟာ ကနေဒါနိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုအပါအဝင် ကမ္ဘာတစ်ဝှမ်းက ဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့ပါတယ်။

    ဝူဟန်ဗိုင်းရပ်စ်မကူးချင်ရင် လက်မကြာခဏဆေးပါ

    ခရီးတွေသွားတဲ့အခါ မျက်နှာဖုံးတပ်တာ၊ လက်အိတ်ဝတ်တာတွေထက် လက်ကို မကြာခဏ ဆေးပေးတာက ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကို ပိုပြီး ထိထိရောက်ရောက် ကာကွယ်နိုင်တယ်လို့ ကမ္ဘာ့လေကြောင်းလိုင်းပေါင်း ၂၉၀ လောက် အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအဖွဲ့ (IATA) က ထိပ်တန်းဆရာဝန် ဒေးဗစ်ပေါ်ဝဲလ်က ပြောကြားလိုက်ပါတယ်။ ဗိုင်းရပ်စ်ဟာ ထိုင်ခုံတွေ၊ လက်တန်းတွေလိုနေရာမျိုးတွေမှာ ‌ကြာကြာ မရှင်သန်နိုင်တာကြောင့် လူလူချင်း ထိတွေ့မှုကသာ ကူးစက်ဖို့ အန္တရာယ်အများဆုံးလို့ သူက ဆိုပါတယ်။ လေယာဉ်မှာအသုံးပြုတဲ့ လေစစ်ဇကာတွေဟာ ခွဲစိပ်ခန်းမှာ အသုံးပြုတဲ့ ဇကာတွေလိုဖြစ်တာကြောင့် ဗိုင်းရပ်စ်နဲ့ အခြားအမှုန် မပါအောင် ၉၉.၉၇ ရာခိုင်နှုန်းလောက် သန့်စင်ပေးနိုင်ကြောင်း၊ မျက်နှာဖုံးတွေက ဗိုင်းရပ်စ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားမျိုး မရှိကြောင်းလည်း သူက Bloomberg နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    ကင်ဆာကုသမှုနည်းလမ်းအတွက် သမိုင်းဝင် တွေ့ရှိမှုတစ်ခု ပေါ်ပေါက်လာ

    ကင်ဆာရောဂါအားလုံးရဲ့ အသေးစိတ်တည်ဆောက်ပုံ အားလုံးနီးပါးလောက်ကို အမေရိကန်သိပ္ပံပညာရှင်တွေက သုတေသနတစ်ခုမှာ ဖော်ထုတ်နိုင်ခဲ့ပြီး၊ ဖြစ်ပွားတဲ့ကင်ဆာအလိုက် ကုသရေး၊ စောစီးစွာ စမ်းသပ်ဖော်ထုတ်ရေးတွေမှာ အရင်ကထက် ပိုပြီး တိုးတက်လာဖို့ရှိတယ်လို့ ပညာရှင်တွေက ယုံကြည်နေပါတယ်။ တွေ့ရှိချက်ကို Nature ဂျာနယ်မှာ မကြာသေးမီက ဖော်ပြခဲ့ရာမှာ ကင်ဆာရောဂါဟာ jigsaw တစ်ခုလိုဖြစ်ပြီး လူသားတွေက ၁ ရာခိုင်နှုန်းသာ သိရှိကြောင်း၊ ယခုလေ့လာမှုအရ ခန္ဓာကိုယ်ထဲကဆဲလ်တွေ ပုံပြောင်းကာ ကင်ဆာဆဲလ်အဖြစ် ကြီးထွားလာတဲ့အဆင့်မှာတင် ကုသနိုင်တဲ့ အနေအထားတွေကို တွေ့ရကြောင်း ရေးသားထားပါတယ်။ ဆဲလ်တွေဟာ ကင်ဆာလို့မသိခင် ၁၀ စုနှစ်လောက်အရင်ကတည်းက စတင်ပုံပြောင်းတာဖြစ်ပြီး ဒါကို ကာဘွန်အသုံးပြု ဖော်ထုတ်နိုင်မယ့် နည်းလမ်းကိုလည်း ပညာရှင်တွေက အခုလေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။

    Ref: Bloomberg, Aljazeera, BBC

  • ဝူဟန်ဗိုင်းရပ်စ်အကြောင်း ပထမဆုံးသတိပေးခဲ့သည့် ဆရာဝန်လီ ကွယ်လွန် (နောက်ဆုံးရ သတင်းများ)

    ဝူဟန်ဗိုင်းရပ်စ်အကြောင်း ပထမဆုံးသတိပေးခဲ့သည့် ဆရာဝန်လီ ကွယ်လွန် (နောက်ဆုံးရ သတင်းများ)

    ဖေဖော်ဝါရီ ၇၊ ၂၀၂၀
    M-Media

    ဗိုင်းရပ်အကြောင်း ပထမဆုံးသတိပေးခဲ့သောကြောင့် တရုတ်အာဏာပိုင်များ၏ ခြိမ်းခြောက်မှုကို ခံခဲ့ရသည့် ဒေါက်တာလီ
    • တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်အထိ ၆၃၆ ဦး ရှိလာပြီဖြစ်ပြီး၊ ဖေဖော်ဝါရီ ၆ ရက်နေ့ တစ်ရက်တည်းမှာတင် ၇၃ ဦး သေဆုံးခဲ့တာပါ။ ကူးစက်မှုကတော့ ၂၄ နာရီအတွင်း ၃၁၄၃ ဦး ရှိခဲ့ပြီး စုစုပေါင်း ကူးစက်မှုအရေအတွက်ဟာ ၃၁၁၆၁ ဦး ရှိလာပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအပြင်ဘက်မှာတော့ ဟောင်ကောင်နဲ့ ဖိလစ်ပိုင်တို့မှာ ၁ ဦးစီသေဆုံးပြီး အနည်းဆုံး နိုင်ငံပေါင်း ၂၅ နိုင်ငံကို ပြန့်နှံ့နေပြီ ဖြစ်ပါတယ်။
    • ဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုအကြောင်းကို ပထမဆုံးသတိပေးခဲ့သူတစ်ဦးဖြစ်တဲ့ ဝူဟန်မြို့က အသက် ၃၄ နှစ်အရွယ် ဆရာဝန် လီဝမ်လျန်ဟာ မနေ့က ဒီရောဂါနဲ့ပဲ ကွယ်လွန်သွားခဲ့ပါတယ်။ လီဟာ ကောလဟာလတွေ လွှင့်တယ်ဆိုပြီး တရုတ်အာဏာပိုင်တွေက အစပိုင်းမှာ ခေါ်ယူသတိပေးခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ National Supervisory Commission က သူတို့အနေနဲ့ ဟူဘေးပြည်နယ်ကို အဖွဲ့တစ်ခုစေလွှတ်ထားပြီး ဒေါက်တာလီရဲ့ကိစ္စကို အသေးစိတ် စုံစမ်းစစ်ဆေးသွားမယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒေသန္တရ အာဏာပိုင်တွေကလည်း ‌နောက်ပိုင်းမှာ ဒေါက်တာလီကို သွားရောက်တောင်းပန်ခဲ့ပါတယ်။
    • ရောဂါပြန့်နှံ့မှုကို အစွမ်းကုန် တိုက်ဖျက်သွားမှာဖြစ်ပြီး တစ်ဖြည်းဖြည်းနဲ့ အောင်မြင်တွေ ရရှိနေတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီကနေ့မနက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖုန်းဆက်ပြောဆိုခဲ့ပါတယ်။ ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုး မိမိတို့မှာရှိနေပြီး တိုင်းပြည်ရဲ့ ရေရှည် စီးပွားရေးတိုးတက်မှုဟာ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လည်း ရှီက ဆိုပါတယ်။
    • တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုဟာ အမြင့်ဆုံးအခြေအနေကို ရောက်နေလားဆိုတာ ပြောဖို့ စောနေသေးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အဓိကကူးစက်မှုဟာ ဟူ‌ဘေးပြည်နယ်မှာသာ ဆက်လက်ဖြစ်ပွားနေပြီး တရုတ်နိုင်ငံရဲ့ တစ်ခြားနေရာတွေမှာ ပြန့်နှံ့မှုဟာ ဗုဒ္ဓဟူးမှာ ပထမဆုံးအကြိမ်အဖြစ် သိသိသာသာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
    • ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ရေပြင်မှာ ကျောက်ချထားပြီး လူ ၃၇၀၀ လောက် လိုက်ပါလာတဲ့ ကမ္ဘာလှည့် ဇိမ်ခံသင်္ဘောမှာ ဗိုင်းရပ်စ်ကူးစက်နေသူအရေအတွက်ဟာ ၄၁ ဦးအထိ ရှိလာတယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောပါတယ်။ ဟောင်ကောင်မှာလည်း ‌ဇိမ်ခံသင်္ဘော ၂ စီးကို ရေပြင်မှာ ကျောက်ချကာ ၁၄ ရက်တာ စောင့်ကြည့်နေပါတယ်။ သင်္ဘော ၂ စီးမှာ စုစုပေါင်း လူထောင်ချီ ရှိနေတာပါ။
    • ဝူဟန်မြို့ကနေ ကယ်ထုတ်လာတဲ့ နိုင်ငံသား ၂၄၃ ဦးဟာ ကျန်းမာရေးကောင်းမွန်တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ နှာခေါင်းတို့ဖတ်နမူနာယူကာ စစ်ဆေးစရာ မလိုဘူးလို့ အင်ဒိုကျန်းမာရေးဝန်ကြီးဌာနက မနေ့မှာ ပြောကြားခဲ့ပါတယ်။ လက်ရှိ ဒီလူတွေကို သီးသန့်ခွဲထားပြီး စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • တရုတ်နိုင်ငံအပြင်မှာ ပြည်တွင်းကူးစက်မှုတွေ ရှိလာပြီဖြစ်တဲ့ ဝူဟန်ဗိုင်းရပ်စ် (နောက်ဆုံးရသတင်းများ)

    တရုတ်နိုင်ငံအပြင်မှာ ပြည်တွင်းကူးစက်မှုတွေ ရှိလာပြီဖြစ်တဲ့ ဝူဟန်ဗိုင်းရပ်စ် (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၅၊ ၂၀၂၀ (ညနေ ၆ နာရီခွဲ)
    M-Media

    ဝူဟန်မြို့တွင် ဆေးရုံဆေက်လုပ်နေမှု မြင်ကွင်း

    – ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူဦးရေဟာ ဖေဖော်ဝါရီ ၅ ရက်၊ ဗုဒ္ဓဟူးနေ့မနက်အထိ ၄၉၀ ဦး ရှိလာခဲ့ပြီး ကူးစက်နေသူအရေအတွက်ကတော့ ၂၄၃၂၄ ဦး ရှိလာပြီဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ ရောဂါပြန့်နှံ့မှု ဗဟိုချက်ဖြစ်တဲ့ ဝူဟန်မြို့မှာ ၁၀ ရက်အတွင်း ကုတင် ၁၀၀၀ နဲ့ ကုတင် ၁၆၀၀ ရှိတဲ့ ဆေးရုံနှစ်ခုကို အပြီးဆောက်လုပ်နိုင်ခဲ့ပြီး၊ ရောဂါပြန့်ပွားရာနေရာတွေမှာ နောက်ထပ် အရေးပေါ်ဆေးရုံတွေ ဆောက်လုပ်ဖို့လည်း တရုတ်က စီစဉ်ထားပါတယ်။

    – ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့နိုင်ငံပေါင်းဟာ ၂၀ ကျော်လာခဲ့ပြီး စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းတို့မှာ တရုတ်နိုင်ငံကလာတာမဟုတ်ဘဲ ပြည်တွင်းကူးစက်မှုတွေ ရှိလာပြီလို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    – ရောဂါသံသယရှိသူတွေကို သီးသန့်ခွဲထားနိုင်ဖို့အတွက် ပုဂ္ဂလိက သင်္ဘောတွေကို အသုံးပြုဖို့ ဂျပန်က စီစဉ်နေပါတယ်။ လက်ရှိမှာ လူ ၃၀၀ ကနေ ၅၀ လောက်အထိဆန့်မယ့် ဇိမ်ခံသင်္ဘောတစ်စီးကို တိုကျိုအနီးက ရေတပ်စခန်းနားမှာ ပြင်ဆင်ထားတာပါ။ ဒါပေမယ့် ဒီအစီအစဉ်မှာ ကာယကံရှင်ရဲ့ဆန္ဒကို အလေးထားဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဂျပန်ဟာ ဝူဟန်မြို့က သူ့နိုင်ငံသားတွေကို ၃ ကြိမ်ကြိမ်တိုင်တိုင် ပုဂ္ဂလိက လေကြောင်းလိုင်းတွေနဲ့ ပြန်လည်ခေါ်ယူခဲ့ပြီး နောက်ထပ် ခေါ်ယူမယ့် အစီအစဉ်လည်း ရှိနေပါတယ်။

    – လူ ၃၇၀၀ လောက် လိုက်ပါလာပြီး ယိုကိုဟားမားမြို့အနီး ရေပြင်မှာ ကျောက်ချခိုင်းထားတဲ့ ကမ္ဘာလှည့် ဇိမ်ခံသင်္ဘော Diamond Princess မှာ အနည်းဆုံး ၁၀ ယောက်လောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ ဂျပန်အာဏာပိုင်တွေက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ သင်္ဘော‌ပေါ် လိုက်ပါလာတဲ့ အသက် ၈၀ အရွယ် ခရီသည်တစ်ဦးမှာ ဗိုင်းရပ်စ်တွေ့ရတာကြောင့် ဟောင်ကောင်မှာ ဆေးကုသမှုခံယူဖို့ ဆင်းနေပြီးခဲ့နောက် ဒီသင်္ဘောဟာ ဂျပန်နိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဆက်လက်စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပြီး ကူးစက်သူအရေအတွက် တိုးနိုင်တယ်လို့လည်း ဆိုပါတယ်။

    – လူပေါင်း ၁၈၀၀ လောက် လိုက်ပါလာတဲ့ ကမ္ဘာလှည့် ဇိမ်ခံသင်္ဘောတစ်စီးမှာ အနည်းဆုံး လူ ၃၀ လောက် ဗိုင်းရပ်စ်ကူးစက်နေတယ်လို့ ဟောင်ကောင်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ထိုင်ဝမ်ကအဝင်မခံတဲ့ အဲဒီသင်္ဘောဟာ ဒီကနေ့မနက်က ဟောင်ကောင်ကို ရောက်ရှိလာခဲ့တာပါ။ တရုတ်ပြည်မကြီးက ခရီးသွား ၃ ဦးဟာ ဇန်နဝါရီ ၁၉ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ အဲဒီသင်္ဘာပေါ်မှာ ရှိခဲ့ပေမယ့် လက်ရှိ ခရီးသည်တွေအားလုံးဟာ သူတို့နဲ့ ထိတွေ့ဆက်ဆံခဲ့ခြင်းမရှိဘူးလို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။

    Ref : Aljazeera, CNA