News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • သေဆုံးသူ ၁၃၂ ဦးအထိ ရှိလာပြီဖြစ်တဲ့ ဝူဟန်ဗိုင်းရပ်စ် (နောက်ဆုံးရသတင်းများ)

    သေဆုံးသူ ၁၃၂ ဦးအထိ ရှိလာပြီဖြစ်တဲ့ ဝူဟန်ဗိုင်းရပ်စ် (နောက်ဆုံးရသတင်းများ)

    ဇန်နဝါရီ ၂၉၊ ၂၀၂၀ (နေ့လည် ၁ နာရီ)
    M-Media

    • တရုတ်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်သစ် ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ အင်္ဂါနေ့အထိ ၁၃၂ ဦး ရှိလာပြီလို့ တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ရောဂါပိုး ကူးစက်နေသူအရေအတွက်ဟာ ၅၉၇၄ ဦးအထိ မြင့်တက်လာပြီး ကူးစက်နေတယ်လို့ သံသယရှိသူကတော့ ၉၂၃၉ ဦး ရှိနေပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးအဖွဲ့ အကြီးအကဲ Zhong Nanshan က ကူးစက်မှုဟာ နောက်တစ်ပတ်ကနေ ၁၀ ရက်အတွင်း အမြင့်ဆုံးကို ရောက်လာဖို့ရှိတယ်လို့ သတိပေးထားပါတယ်။
    • တရုတ်နိုင်ငံကရောက်လာတဲ့ မိသားစုတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်နေတာကို တွေ့ရတယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ဒီကနေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပြီး ဒါဟာ ယူအေအီးမှာ ပထမဆုံး ကူးစက်သူ တွေ့ရှိမှုလည်း ဖြစ်ပါတယ်။ ကူးစက်ခံရသူတွေကို ဆေးဝါးကုသမှုတွေ ပေးနေပြီး တည်ငြိမ်တဲ့ အနေအထားတစ်ခုမှာ ရှိနေတယ်လို့လည်း ယူအေအီး ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
    • ရောဂါအဓိကဖြစ်ပွားရာ ဝူဟန်မြို့ကနေ ကယ်ထုတ်လာသူတွေထဲက လူ ၄ ဦးမှာ ချောင်းဆိုး၊ ဖျားနာတာတွေ တွေ့ရတဲ့အတွက် ဆေးရုံတင်ကာ ဆေးဝါးကုသမှုတွေပေးနေတယ်လို့ ဂျပန်က ထုတ်ပြန်ထားပါတယ်။ ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ အမေရိကန်နိုင်ငံသား ၂၄၀ ကို တယ်ဆောင်သွားတဲ့ လေယာဉ်တစ်စီးဟာ အလာစကာမြို့ကို ဆိုက်ရောက်ဖို့ရှိနေပြီး၊ နိုင်ငံအတွင်းက လေဆိပ်ပေါင်း ၂၀ ကျော်မှာလည်း စောင့်ကြည့်စစ်ဆေးမှုတွေကို အမေရိကန်က တိုးမြှင့်လုပ်ဆောင်ထားပါတယ်။
    • ရောဂါကူးစက်ဖြစ်ပွားနေသူ ၃ ဦး ထပ်မံတွေ့ရှိရတယ်လို့ မလေးရှားနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပြီး စုစုပေါင်း မလေးရှားမှာ ရောဂါကူးစက်သူအရေအတွက်ဟာ ၇ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။
    • ဩစတေးလျနိုင်ငံကလည်း ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ နိုင်ငံသားတွေကို ကယ်ထုတ်ကာ ခရစ္စမတ်ကျွန်းမှာ စောင့်ကြည့်ထိန်းသိမ်းထားဖို့ စီစဉ်နေပါတယ်။

    Ref: Aljazeera

  • ဝူဟန်ကိုမသွားဘဲ ရောဂါကူးစက်သူကို ဂျပန်တွင် ပထမဆုံးတွေ့ရှိ (နောက်ဆုံးရသတင်းများ)

    ဝူဟန်ကိုမသွားဘဲ ရောဂါကူးစက်သူကို ဂျပန်တွင် ပထမဆုံးတွေ့ရှိ (နောက်ဆုံးရသတင်းများ)

    ဇန်နဝါရီ ၂၈၊ ၂၀၂၀ (ည ၈ နာရီ)
    M-Media

    ဝူဟန်ဗိုင်းရပ်စ် ကူးစက်နေသည့် နိုင်ငံများ

    – ကိုရိုနာဗိုင်းရပ်စ်ပိုးစ် ပြန့်နှံ့ဖြစ်ပွားရာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကို သွားရောက်ခြင်းမရှိတဲ့ ဂျပန်အမျိုးသားတစ်ဦး ရောဂါကူးစက်နေတယ်လို့ ဂျပန်နိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အသက် ၆၀ အရွယ်အဲဒီ အဘိုးအိုဟာ ခရီးသွားဘတ်စ်ကားယဉ်မောင်းဖြစ်ပြီး ဝူဟန်မြို့ကနေ လာရောက်တဲ့ တရုတ်ခရီးသွားတွေကို ဇန်နဝါရီ ၈ ရက်ကနေ ၁၆ ရက်နေ့အတွင်း လိုက်လံပို့ဆောင်ပေးခဲ့သူပါ။ ဒါဟာ ဝူဟန်ကိုမသွားဘဲနဲ့ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်မှုလည်း ဖြစ်ပါတယ်။

    – ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်သူတစ်ဦးကို ပထမဆုံးတွေ့ရှိတယ်လို့ မနေ့မှာကြေငြာထားတဲ့ သီရိလင်္ကာက ဒီကနေ့မှာ တရုတ်နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းလိုက်ပါတယ်။

    – ဂျာမနီက ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်သူတစ်ဦးကို ပထမဆုံးတွေ့ရှိခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကူးစက်သူဟာ အသက် ၃၃ နှစ်အရွယ် ဂျာမန်အမျိုးသားဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်က ဂျာမနီကိုလာရောက်ခဲ့တဲ့ တရုတ်အမျိုးသမီး လုပ်ဖော်ကိုင်ဖက်ထံကနေ ကူးစက်တာဖြစ်ပါတယ်။ ဂျာမနီဟာ ယူကေပြီးတဲ့နောက် ဝူဟန်ဗိုင်းရပ်စ်တွေ့ရှိတဲ့ ဒုတိယမြောက် ဥရောပနိုင်ငံ ဖြစ်လာပါတယ်။

    – ဟောင်ကောင်အစိုးရက တရုတ်ပြည်မကြီးနဲ့ ဆက်သွယ်ထားတဲ့ ရထားလိုင်း၊ သင်္ဘောလိုင်းတွေကို ဇန်နဝါရီ ၃၀ ရက်နေ့ကစပြီး ရပ်ဆိုင်းတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ လေကြောင်းခရီးစဉ်ကိုလည်း ထက်ဝက်အထိ လျှော့ချမှာဖြစ်ပြီး ပြည်မကြီးလူတွေအတွက် တစ်ကိုယ်ရေ ခရီးသွားဗီဇာ ထုတ်ပေးမှုကိုလည်း ရပ်ဆိုင်းမယ်လို့ ဆိုပါတယ်။

    – ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က တရုတ်နိုင်ငံဟာ ကိုရိုဗိုင်းရပ်စ်သစ်ကို တားဆီးနိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး တည်တည်ငြိမ်ငြိမ်ရှိဖို့ မိမိတို့နိုင်ငံသားတွေကို တရုတ်နိုင်ငံကနေ ပြန်လည်ခေါ်ဆောင်ရေး အလျင်စလိုမလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • သေဆုံးသူ ၁၀၀ ကျော်လာတဲ့ ဝူဟန်ဗိုင်းရပ်စ် (နောက်ဆုံးရသတင်းများ)

    သေဆုံးသူ ၁၀၀ ကျော်လာတဲ့ ဝူဟန်ဗိုင်းရပ်စ် (နောက်ဆုံးရသတင်းများ)

    ဇန်နဝါရီ ၂၈၊ ၂၀၂၀ (မနက် ၁၁ နာရီ)
    M-Media

    • တရုတ်နိုင်ငံမှာ ပြန့်နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ အင်္ဂါနေ့မှာ ၁၀၆ ဦးအထိ မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှုက ၁၃၀၀ နီးပါးအထိ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် တရုတ်နိုင်ငံတစ်ဝှမ်းမှာ ရောဂါကူးစက်သူအရေအတွက်ဟာ ၄၅၂၀ အထိ မြင့်တက်လာခဲ့ပြီး အများစုက ရောဂါစတင်ရာ ဝူဟန်မြို့မှာ ဖြစ်ပါတယ်။ ရောဂါကူးစက်နေတယ်ဆိုတဲ့ သံသယနဲ့ စောင့်ကြည့်ခံရသူ အရေအတွက်ဟာ ၇၀၀၀ နီးပါးအထိ ရှိနေပါတယ်။
    • တရုတ်နှစ်ကူးအားလပ်ရက်ကို နောက်တစ်ပတ် တနင်္ဂနွေနေ့အထိ တရုတ်က ထပ်တိုးလိုက်ပြီး စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ ကျောင်းပြန်ဖွင့်မယ့် ရက်ကိုလည်း နောက်ဆုတ်လိုက်ပါတယ်။ ကျောင်းသားတွေကို အပြင်ပေးမထွက်ဖို့၊ လူစုလူဝေးတွေ မလုပ်ဖို့လည်း ပညာရေးဝန်ကြီးဌာနက ကျောင်းတွေကို ညွှန်ကြားထားပါတယ်။
    • အမေရိကန်နဲ့ ကနေဒါတို့က တရုတ်နိုင်ငံကို ခရီးသွားခြင်းမပြုဖို့ နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အမေရိကန်သမ္မ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံကို အကူအညီပေးဖို့ အဆင်သင့်ပဲလို့ ပြောကြားခဲ့ပါတယ်။
    • ကမ္ဘောဒီယားနဲ့ သီရိလင်္ကာတို့က ဝူဟန်ဗိုင်းရပ်စ်ကူးစက်နေသူ တစ်ဦးစီ တွေ့ခဲ့ရတယ်လို့ တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာဒီးယားမှာ အသက် ၆၀ အရွယ် အဖိုးအိုနဲ့ သီရလင်္ကာမှာ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ ကူးစက်နေတာဖြစ်ပြီး သူတို့ ၂ ဦးစလုံးဟာ ရောဂါဖြစ်ပွားရာ ဝူဟန်မြို့ကို သွားရောက်ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။
    • ရှမ်းပြည်နယ် မိုင်းလား အထူးဒေသ (၄) မှာ မိုင်းလားအဖွဲ့ (NDAA) က တောရိုင်းတိရစ္ဆာန်တွေ ရောင်းချခြင်းမပြုဖို့ တားမြစ်မိန့် ထုတ်ပြန်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ တောရိုင်းတိရစ္ဆာန်တွေကနေ ကူးစက်တာဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေရှိနေတာပါ။ မိုင်းလားဒေသဟာ တရားမဝင် တောရိုင်းတိရစ္ဆာန်စျေးကွက်အဖြစ် လူသိများပါတယ်။

    Ref: Aljazeera, Reuters

  • ကူးစက်မြန် ဝူဟန်ဗိုင်းရစ်ပ်နှင့်ပတ်သက်၍ နောက်ဆုံးရ သတင်းများ (၂၇.၁.၂၀၁၉ – ည ၇ နာရီ)

    ကူးစက်မြန် ဝူဟန်ဗိုင်းရစ်ပ်နှင့်ပတ်သက်၍ နောက်ဆုံးရ သတင်းများ (၂၇.၁.၂၀၁၉ – ည ၇ နာရီ)

    ဇန်နဝါရ ၂၇၊ ၂၀၂၀
    M-Media

    • ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကနေ ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၁ ဦးအထိ ရှိလာခဲ့ပြီး ကူးစက်ခံနေရသူ အရေအတွက်က ၂၇၀၀ ကျော်ရှိတယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ရောဂါပိုးဝင်ပြီး လက္ခဏာမပြခင်အဆင့်မှာတင် ကူးစက်တတ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။
    • ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus ဟာ ဒီကနေ့မနက်ပိုင်းက မြို့တော်ဘေဂျင်းကို ရောက်ရှိလာပြီး အစိုးရတာဝန်ရှိသူတွေ၊ ရောဂါတားဆီးကာကွယ်ရေး ဆောင်ရွက်နေသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
    • အာရှမှာ တောင်ကိုရီးယား၊ နီပေါ၊ ဂျပန်၊ ထိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဩစတေးလျနိုင်ငံတွေကို ရောဂါပိုး ပြန့်နှံ့ရောက်ရှိနေပြီး၊ ဥရောပမှာ ပြင်သစ်၊ အမေရိကတိုက်မှာ အမေရိကန်နဲ့ ကနေဒါတို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
    • ဂျပန်၊ စပိန်၊ ယူကေနဲ့ ဂျာမနီနဲ့ အီရတ်တို့က ဝူဟန်မှာရှိတဲ့ သူတို့နိုင်ငံသားတွေ၊ ကျောင်းသားတွေကို ပြန်ခေါ်ဖို့ ဆောင်ရွက်နေပြီး မလေးရှားနဲ့ မကာအိုတို့ကလည်း ဝူဟန်နဲ့ ဟူဘေးပြည်နယ်က လာရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံသားတွေကို ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်လိုက်ပါတယ်။ မွန်ဂိုလီးယားကလည်း တရုတ်နယ်စပ်ကနေ ကားတွေ၊ လူတွေ ဝင်ရောက်မှုကို ပိတ်ပင်လိုက်ပြီး၊ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားလိုက်ပါတယ်။
    • ရောဂါစဖြစ်တဲ့ ဟူဘေးပြည်နယ်က ဝူဟန်မြို့နဲ့ ပတ်ဝန်းကျင်မြို့တစ်ချို့ကို တရုတ်အစိုးရက အသွားအလာ ဖြတ်တောက်ထားသလို၊ နိုင်ငံတစ်ဝှမ်းက မြို့ကြီးတော်တော်များများကိုလည်း ခရီးသွားခွင့် ပိတ်ပင်ထားပါတယ်။ ရာဂါကူးစက်ပြန့်နှံ့မှုဟာ ဝူဟန်မြို့မှာ သိသိသာသာကိုမြင့်တက်လာပါတယ်။
    • ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်ဟာ တောရိုင်းတိရစ္ဆာန်တွေကနေ စတင်ကူးစက်တယ်လို့ ယူဆထားတဲ့အတွက် တောရိုင်းတိရိစ္ဆာန်ရောင်းချမှုကို တရုတ်အစိုးရက ယာယီပိတ်ပင်ထားပါတယ်။
    • မြန်မာအစိုးရရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ လက်ရှိအချိန်အထိ မြန်မာနိုင်ငံကို ရောက်ရှိခြင်းမရှိသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်ဂိတ်ကို ဝင်ထွက်သွားလာမှု ပိတ်ပင်ထားတယ်လို့ သတင်းထွက်ခဲ့ပေမယ့် နယ်စပ်တာဝန်ရှိသူတွေက ငြင်းဆိုခဲ့ပြီး အသွားအလာနည်းသွားတာမျိုးသာရှိတယ်လို့ ဆိုပါတယ်။
    • နိုင်ငံခြားရေးဝန်ကြီးဌာနက ဝူဟန်မြို့မှာရှိနေတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူတွေ ဆောလျင်စွာ ပြန်ရောက်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

    Ref: BBC, Aljazeera, mmtimes

    mmHelthNews

  • ချမ်းသာသည့် ကနေဒါနိုင်ငံတွင် လူသန်းချီ ငတ်မွတ်ခေါင်းပါး‌နေ

    ချမ်းသာသည့် ကနေဒါနိုင်ငံတွင် လူသန်းချီ ငတ်မွတ်ခေါင်းပါး‌နေ

    ဇန်နဝါရီ ၂၂၊ ၂၀၂၀
    M-Media

    -ချမ်းသာကြွယ်၀တဲ့နိုင်ငံတစ်ခုလို့ သတ်မှတ်ခံထားရတဲ့ ကနေဒါနိုင်ငံမှာ ငတ်မွတ်ခေါင်းပါးသူအရေအတွက်ဟာ သန်းနဲ့ချီရှိနေပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားနေရတယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်မှာ တွေ့ရှိခဲ့ပါတယ်။

    ကနေဒါနိုင်ငံက အရွယ်ရောက်ပြီးသူ ၅ သိန်းကျော်ကို အခြေခံတဲ့ အဲဒီ လေ့လာဆန်းစစ်မှုအရ ကင်ဆာကလွဲရင် အခြားသေဆုံးမှုတွေမှာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ စားနပ်ရိက္ခာ လုံလုံလောက်လောက် ရသူတွေထက်၊ မရသူတွေမှာ ကူးစက်ရောဂါ၊ နာတာရှည်ရောဂါဖြစ်ပွားတာ၊ မိမိကိုယ်ကို သတ်‌သေတာတွေကလည်း ၂ ဆလောက် မြင့်တက်လာတာကို တွေ့ရတယ်လို့လည်း Canadian Medical Association ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုရလဒ်က ဆိုပါတယ်။

    လေ့လာဆန်းစစ်မှုမှာ ပါဝင်သူ ဖီမန်က တတိယကမ္ဘာမှာ ဖြစ်ပျက်နေတာတွေကို ပထမကမ္ဘာမှာ တွေ့ရှိခဲ့တာဖြစ်ကြောင်း၊ ကနေဒါက စားနပ်ရိက္ခာ မလုံလောက်သူတွေမှာ ကူးစက်ရောဂါ၊ ဆေးအဆိပ်အတောက်ဖြစ်တာတွေလို ပြဿနာတွေကို တွေ့ရပြီး အခြား ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလည်း ဒီအခြေအနေတွေကို တွေ့ရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

    “လေ့လာဆန်းစစ်မှုရလဒ်က ကျွန်တော်တို့ကို တော်တော်လေး တုန်လှုပ်စေပါတယ်။ ကနေဒါလို ဖွံ့ဖြိုးပြီးနိုင်ငံမှာတောင် စားနပ်ရိက္ခာမလုံလောက်မှုဟာ လူတွေသေစေတဲ့ အကြောင်းအရင်း ဖြစ်နေပါတယ်”

    တရားဝင်ကိန်းဂဏန်းတွေအရ ကနေဒါနိုင်ငံမှာ လူပေါင်း ၄ သန်းလောက် စားနပ်ရိက္ခာ မလုံလောက်တာကို တွေ့ရပါတယ်။ နောက်ဆက်တွဲအဖြစ် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုကို ဖြစ်ပေါ်စေတယ်လို့လည်း မန်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ‌ကမ္ဘာတစ်ဝှမ်းမှာ လူပေါင်း ၂ ဘီလီယံလောက်ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ လုံလုံလောက်လောက်မရဘဲ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ ဒီအရေအတွက်ရဲ့ ၈ ရာခိုင်နှုန်းက မြောက်အမေရိကနဲ့ ဥရောပနိုင်ငံတွေက ဖြစ်ပါတယ်။

    ရောဂါတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေကို တားဆီးကာကွယ်ရာမှာ ‌လူတွေ စားနပ်ရိက္ခာ လုံလုံလောက်လောက် မရတဲ့အချက်ကို အဓိကထားပြီး ဖြေရှင်းသင့်တယ်လို့လည်း ကနေဒါက‌ လေ့လာဆန်းစစ်သူတွေက အာဏာပိုင်တွေကို အကြံပြုခဲ့ပါတယ်။

    Ref: Reuters