News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • သွေးအမျိုးအစားအားလုံးကို တစ်မျိုးတည်းပြောင်းနိုင်မည့် နည်းလမ်းသစ် တွေ့ရှိ

    သွေးအမျိုးအစားအားလုံးကို တစ်မျိုးတည်းပြောင်းနိုင်မည့် နည်းလမ်းသစ် တွေ့ရှိ

    ဇွန် ၁၃၊ ၂၀၁၉
    M-Media

    -မတူညီတဲ့ သွေးအမျိုးအစားတွေကို လူအားလုံးနဲ့ ကိုက်ညီတဲ့ သွေးအဖြစ် ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းတစ်ခုကို ကနေဒါ သိပ္ပံပညာရှင်တွေက ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပြီး ဒါဟာ ကမ္ဘ္ဘာပေါ်က လူပေါင်းများစွာရဲ့အသက် ကယ်တင်နိုင်မယ့် နည်းသစ်တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

    British Columbia တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ လူ့အူထဲမှာ ပေါက်ဖွားတဲ့ မိုက်ခရုဘ်ပိုးမွှားတစ်ခုကို အသုံးပြုကာ A သွေး၊ B သွေးနဲ့ AB သွေးတွေကို လူအားလုံးနဲ့ အဆင်ပြေစေမယ့် O သွေးအဖြစ် ပြောင်းနိုင်မယ့် နည်းလမ်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    သွေးနီဥတွေမှာ ပါဝင်တဲ့ သကြားဓာတ် ပမာဏနဲ့ သွေးအမျိုးအစားကို ခွဲထုတ်တာဖြစ်ပြီး O သွေးမှာတော့ သကြားဓာတ် လုံးဝ မပါဝင်ပါဘူး။ သကြားဓာတ်ပါဝင်တဲ့ သွေးအမျိုးအစားတွေကို အင်ဇိုင်းတစ်မျိုး အသုံးပြုကာ သကြားဓာတ် ဖယ်ရှားနိုင်ပါတယ်။ အဲဒီနည်းလမ်းအတွက်
    အန္တရာယ်ကင်းကင်းနဲ့ အမြောက်အများ ထုတ်ယူသုံးစွဲနိုင်မယ့် အင်ဇိုင်းကို သိပ္ပံပညာရှင်တွေက လူ့သားအူထဲမှာ တွေ့ခဲ့ရပါတယ်။

    ဒီနည်းလမ်းကို ကနေဒါ သိပ္ပံပညာရှင်တွေက ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ရှာဖွေဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပေမယ့် ရလဒ်ကိုတော့ ဇွန်လ ၁၀ ရက်နေ့ကမှ Nature Microbiology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

    သွေးထဲက သကြားဓာတ်ကို ထုတ်ပေးနိုင်မယ့် အင်ဇိုင်းကို ဓာတ်ခွဲခန်းထဲမှာ ဘေးထွက်ဆိုးကျိုးမရှိဘဲ ထုတ်လုပ်နိုင်မယ့် နည်းလမ်းကို လက်ရှိမှာ သိပ္ပံပညာရှင်တွေက ဆက်လက်စမ်းသပ်နေပြီး အောင်မြင်မယ်ဆိုရင် သွေးလှူဒါန်းမှုနဲ့ သွေးသွင်းမှု နည်းလမ်းတွေကို တစ်ဆစ်ချိုး ပြောင်းလဲလာနိုင်မှာ ဖြစ်ပါတယ်။

    Ref: RT

  • ကွန်ဂိုတွင် အီဘိုလာဖြစ်ပွားမှု တစ်ခြားနိုင်ငံများသို့ ကူးစက်နိုင်သည်ဟု WHO သတိပေး

    ကွန်ဂိုတွင် အီဘိုလာဖြစ်ပွားမှု တစ်ခြားနိုင်ငံများသို့ ကူးစက်နိုင်သည်ဟု WHO သတိပေး

    မေ ၁၁၊ ၂၀၁၉
    M-Media

    -အာဖရိက အနောက်ခြမ်း ကွန်ဂိုနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးစင်တာတွေကို လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်မှု ဆက်လုပ်နေမယ်ဆိုရင် အီဘိုလာဟာ နယ်စပ်ကနေတစ်ခြားနိုင်ငံတွေအထိ ပြန့်နှံ့သွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။

    လက်ရှိ ကွန်ဂိုနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုဟာ သမိုင်းတစ်လျှောက် ဒုတိယအဆိုးဆုံးဖြစ်ပြီး ၉ လတာအတွင်း လူပေါင်း ၁၁၀၅ ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှု၊ ကျန်းမာရေးဝန်ထမ်းတွေအပေါ် ပြည်သူလူထုက မယုံကြည်မှုတွေကြောင့် ရောဂါကူးစက်မှု တားဆီးရေး ဆောင်ရွက်ချက်တွေဟာ မျှော်မှန်းထားသလောက် ထိရောက်မှုမရှိ ဖြစ်နေပါတယ်။

    မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ WHO က စီစဉ်ထားတဲ့ ဆောင်ရွက်ချက်တွေ ပြီးမြောက်မှုမရှိရင် နယ်စပ်က မြောက်ပိုင်းကီဗူနဲ့ အီတူရီ ပြည်နယ်တို့ကိုကျော်ကာ ရ၀မ်ဒါ၊ ယူဂန်ဒါနဲ့ တောင်ဆူဒန်တို့အထိ ပြန့်နှံ့သွားနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    လတ်တလော ရောဂါပြန့်နှံ့မှု အနေအထားအတွက် စိုးရိမ်မိတယ်လို့လည်း WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် တီဒရို့စ် အဒ်ဟန်နွမ်က ပြောကြားခဲ့ပါတယ်။

    “ကူးစက်မှု မြင့်မားလာတာကြောင့် ကွန်ဂိုကနေ ပတ်ဝန်းကျင်နိုင်ငံတွေကို ရောဂါပြန့်နှံ့မယ့်အန္တရာယ်ကလည်း မြင့်တက်လာပါတယ်။ ဒီအခြေအနေဆိုးကို ရပ်တန့်နိုင်တဲ့ အနေအထား ကျွန်တော်တို့မှာ ရှိနေပေမယ့် ဆောင်ရွက်ချက်တွေကို တိုက်ခိုက်မှု ဆက်လုပ်နေမယ်ဆိုရင် ရပ်တန့်ဖို့ တော်တော်လေး ခက်ခဲသွားပါလိမ့်မယ်”

    အီဘိုလာရောဂါ အဓိကဖြစ်ပွားနေတဲ့ ဘူတမ်ဘိုမြို့က ကုသရေးစင်တာကို သူပုန်အဖွဲ့ Mai-Mai က အခုသီတင်းပတ်အစောပိုင်းမှာ ၀င်ရောက်တိုက်ခဲ့ပါတယ်။ မေလ ၃ ရက်နေ့ကလည်း ဘူတမ်ဘိုမြို့အရှေ့ပိုင်းက ကတ္တ၀ါမြို့မှာ ရောဂါကြောင့် သေဆုံးသူကို မြေမြှုပ်တဲ့အဖွဲ့ကို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ဆေးဘက်ဆိုင်ရာ လုပ်ငန်းတွေကို ၅ ရက်ကြာ ရပ်ဆိုင်းခဲ့ရပါတယ်။

    Ref: Aljazeera

  • တစ်ကျော့ပြန် အီဘိုလာကြောင့် ကွန်ဂိုတွင် သေဆုံးသူ တစ်ထောင်ကျော်ပြီ

    တစ်ကျော့ပြန် အီဘိုလာကြောင့် ကွန်ဂိုတွင် သေဆုံးသူ တစ်ထောင်ကျော်ပြီ

    မေ ၄၊ ၂၀၁၉
    M-Media

    -တစ်ကျော့ပြန်ဖြစ်ပွားတဲ့ အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ တစ်ထောင်ကျော်ရှိပြီလို့ အာဖရိကတိုက် ကွန်ဂိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ကွန်ဂိုမှာပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက အီဘိုလာ တစ်ကျော့ပြန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
    ရောဂါကူးစက်နေသူတွေထဲက ၁၄ ဦး သောကြာနေ့မှာ ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၁၀၀၈ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ ရောဂါကူးစက်နေသူ ၁၄၅၀ က တစ်ထောင်ကျော် သေဆုံးခဲ့တာပါ။

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကုန်ဆုံးခဲ့တဲ့ သီတင်းတစ်ပတ်တာ ကာလအတွင်း အီဘိုလာ နောက်ထပ် ကူးစက်မှု အရေအတွက်ဟာ ၁၂၆ ဦးအထိ ရှိလာတာကြောင့် သောကြာနေ့မနက်ပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးခဲ့ပါတယ်။

    ကွန်ဂိုကျန်းမာရေးန်ဝကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အီဘိုလာကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လက်နက်ကိုင်တွေက တိုက်ခိုက်တာ၊ ကုသမှုကို နှောက်ယှက်တာကြောင့် ကူးစက်သူ အရေအတွက် တိုးမြင့်လာရခြင်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကွန်ဂိုမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ အီဘိုလာကာကွယ်ဆေး လိုက်လံထိုးနှံပေးနေပြီး ယနေ့အချိန်အထိ လူ တစ်သိန်းတစ်သောင်းနီးပါး ကာကွယ်ဆေး ထိုးထားပါတယ်။ ကာကွယ်ဆေးဟာ စမ်းသပ်ဆဲအဆင့်မှာသာ ရှိပေမယ့် ၉၇.၅ ရာခိုင်နှုန်းလောက် အောင်မြင်မယ်လို့ မျှော်လင့်ထားပါတယ်။

    အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ ဂီရီ၊ ဆီရာလီယိုနီနဲ့ လိုက်ဘေးရီးယားတို့မှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း အီဘိုလာကူးစက်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၁၃၀၀ လောက် သေဆုံးခဲ့ပါတယ်။ ဒါဟာ သမိုင်းတစ်လျှောက် အာဖရိကမှာ အီဘိုလာကြောင့်သေဆုံးမှု ဒုတိယမြောက်အများဆုံး ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကိုယ်အင်္ဂါအစားထိုးကုသမှုအတွက် ဒရုန်းကို ပထမဆုံးအကြိမ် အောင်မြင်စွာ အသုံးပြုနိုင်

    ကိုယ်အင်္ဂါအစားထိုးကုသမှုအတွက် ဒရုန်းကို ပထမဆုံးအကြိမ် အောင်မြင်စွာ အသုံးပြုနိုင်

    မေ ၂၊ ၂၀၁၉
    M-Media

    ကျောက်ကပ်ပို့ဆောင်သည့် မြင်ကွင်း

    – အမေရိကန်ပြည်ထောင်စု မေရီလန်းတက္ကသိုလ်က ဆေးရုံမှာ လူနာတစ်ဦး ကျောက်ကပ် အစားထိုးကုသမှုအတွင်း ဒရုန်းနဲ့ ကျောက်ကပ်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဒါဟာ ဆေးပညာသမိုင်းမှာ အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုအတွက် ပထမဆုံးအကြိမ် လူမဲ့ယာဉ်ကို အောင်မြင်စွာ အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

    ဒီအောင်မြင်မှုကို မေရီလန်းတက္ကသိုလ်က ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် အစားထိုးမယ့်ကျောက်ကပ်ကို ဘယ်လောက်ဝေးတဲ့နေရာက၊ အချိန်ဘယ်လောက်အတွင်း ဒရုန်းနဲ့ ပို့ဆောင်ခဲ့လဲဆိုတာကိုတော့ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။

    ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အစားထိုးကုသရမှာ တစ်ချို့အစိတ်အပိုင်းတွေဟာ အချိန်အနည်းငယ်သာ အထားခံတာကြောင့် ခွဲစိပ်ခန်းကို အချိန်မီရောက်အောင်
    ပို့ဆောင်နိုင်ရေးဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။ ဒရုန်းတွေကို အသုံးပြုခြင်းအားဖြင့် ပို့ဆောင်ရာမှာ အချိန်ကြန့်ကြာမှုနဲ့ အခြား ဖြစ်လာနိုင်တဲ့ အခက်အခဲတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဒရုန်းတွေဟာ အပူချိန်လို ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေအတွက် အရေးပါတဲ့ အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်ပါတယ်။ မေရီလန်းတက္ကသိုလ်က အသုံးပြုခဲ့တဲ့ ဒရုန်းဟာ ပန်ကာနဲ့ ဘတ္တရီအပိုတွေ ပါဝင်သလို မတော်တဆ ပြုတ်ကျတာမျိုးဖြစ်ရင် အသုံးပြုနိုင်မယ့် လေထီးငယ်တစ်ခုလည်း ပါဝင်ပါတယ်။

    ခွဲစိပ်မှုမှာ ပါဝင်ခဲ့တဲ့ ပါမောက္ခ ဒေါက်တာ ဂျိုးဆက်ပ် စကာလီယာက အခုလို ဒရုန်းတွေကို အသုံးပြုနိုင်ခြင်းအားဖြင့် အပြင်မှာ ကြာကြာထားလို့မရတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ အစားထိုးကုသမှုကို ပိုမိုလုပ်ဆောင်လာနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ အင်္ဂါအစိတ်ပိုင်းတွေအတွက် Uber ပါပဲ”

    အမှန်တကယ် အသုံးမပြုခင် ၄၄ ကြိမ်၊ နာရီပေါင်း ၇၀၀ ကျော် စမ်းသပ်ပျံသန်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

    ကျောက်ကပ်အစားထိုးကုသူဟာ ဘာလ်တီမိုးမြို့က သူနာပြုတစ်ဦးဖြစ်ပြီး ပုံမှန် ကျောက်ကပ်ဆေးမှုကို ၈ နှစ်တာ ပြုလုပ်ခဲ့ရပြီးတဲ့နောက် အစားထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Business Insider

  • ဖုန်း၊ တက်ဘလက်ကြည့်ချိန် များပြားသည့် ကလေးငယ်များတွင် ဖွံ့ဖြိုးမှုပြဿနာ ဖြစ်ပွားနိုင်

    ဖုန်း၊ တက်ဘလက်ကြည့်ချိန် များပြားသည့် ကလေးငယ်များတွင် ဖွံ့ဖြိုးမှုပြဿနာ ဖြစ်ပွားနိုင်

    ဧပြီ ၂၅၊ ၂၀၁၉
    M-Media

    – တီဗီ၊ ကွန်ပျူတာ၊ ဖုန်းနဲ့ တက်ဘလက်တွေကို အချိန်ကြာကြာကြည့်တဲ့ ကလေးငယ်တွေဟာ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနဲ့ ဘာသာစကားသင်ယူမှု ထိခိုက်တာတွေလို ဖွံ့ဖြိုးမှုပေါ် ဆိုးကျိုးသက်ရောက်နိုင်တယ်လို့ လေ့လာဆန်းစစ်မှုတွေကို ကိုးကားပြီး ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

    အီလက်ထရောနစ် ကိရိယာတွေကို အချိန်အများအပြား အသုံးပြုမှုဟာ ကလေးတွေအပေါ် ဘယ်လို ထိခိုက်နိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံ Calgary တက္ကသိုလ်က စိတ်ပညာဆိုင်ရာ လက်ထောက် ပရော်ဖက်ဆာ ရှီရီ မာဒီဂန်ဦးဆောင်တဲ့အဖွဲ့ All Our Families ခေါင်းစဉ်နဲ့ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပြီး ရလဒ်ကို ဆေးပညာဂျာနယ် JAMA မှာ ပြီးခဲ့တဲ့တစ်ပတ်က ဖော်ပြခဲ့ပါတယ်။

    မာဒီဂန်ရဲ့ လေ့လာဆန်းစစ်မှုမှာ အသက် ၂ နှစ်အရွယ် ကလေးငယ်တွေနဲ့ မိခင်တွေ စုစုပေါင်း ၂၄၄၁ ဦး ပါဝင်ခဲ့ပါတယ်။ တစ်နေ့တာအတွင်း ကလေးငယ်တွေဟာ တီဗီ၊ ကွန်ပျူတာ၊ ဖုန်းနဲ့ တက်ဘလက်တွေလို ကိရိယာတွေရှေ့မှာ အချိန် ဘယ်လောက်များများ ကုန်ဆုံးလဲဆိုတာနဲ့ သူတို့ရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို မိခင်တွေက သုတေသနအဖွဲ့ကို သတင်းပေးပို့ရတာ ဖြစ်ပါတယ်။

    အရင်က ဒီလိုလေ့လာဆန်းစစ်မှုတွေဟာ အချိန်ကာလ တစ်ခုတည်းအတွက် သတ်မှတ်ပြီး လုပ်ဆောင်ခဲ့ပေမယ့် မာဒီဂန်နဲ့အဖွဲ့က စမ်းသပ်မှုမှာ ပါဝင်တဲ့ ကလေးငယ်တွေ ၅ နှစ်ပြည့်တဲ့အချိန်အထိ စမ်းသပ်မှုကို ၃ နှစ်ကြာ လုပ်ဆောင်ခဲ့ကာ ကလေးတွေရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို တစ်နှစ်ချင်းစီ စောင့်ကြည့် လေ့လာခဲ့ကြပါတယ်။

    စမ်းသပ်မှုမှာ ပါဝင်တဲ့ ကလေးငယ်တွေဟာ တစ်နေ့ကို ၂ နာရီကနေ ၃ နာရီအထိ တီဗီစခရင်ရှေ့မှာ ကုန်ဆုံးတာကို တွေ့ခဲ့ရပြီး များသောအားဖြင့် ဆက်သွယ်ပြောဆိုမှု စွမ်းရည်၊ ပြဿနာ ဖြေရှင်းနိုင်မှု စွမ်းရည်နဲ့ လူ့အဖွဲ့အစည်းမှာ ပါဝင်လှုပ်ရှားနိုင်မှု စွမ်းရည်တွေ ထိခိုက်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် အစတည်းက ဖွံ့ဖြိုးမှု နှေးကွေးတဲ့ ကလေးငယ်တွေကို ငြိမ်စေဖို့ မိဘတွေက ဗီဒီယိုတွေ၊ တီဗီတွေကြည့်ခိုင်းတာ၊ ဗီဒီယိုဂိမ်း ကစားခိုင်းတာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ မာဒီဂန်နဲ့ အဖွဲ့က သုံးသပ်ပါတယ်။

    အမေရိကန် ကလေးဆရာဝန်များအသင်းဖြစ်တဲ့ American Academy of Pediatrics က လမ်းလျှောက်တတ်ကာစအရွယ်တွေနဲ့ ၅ နှစ် ၆ နှစ်အရွယ်တွေ ဖုန်း၊ တက်ဘလက် ကြည့်ချိန်ဟာ တစ်နေ့ကို တစ်နာရီထက် မကျော်စေရဘဲ အဲဒီလိုကြည်တဲ့အခါမှာလည်း အသိဉာဏ်ဖွံ့ဖြိုးစေရေး အထောက်အကူဖြစ်စေတဲ့ ဗီဒီယိုမျိုးတွေ ဖြစ်ရမယ်လို့ အကြံပြု ထုတ်ပြန်ထားပါတယ်။

    Ref : Time