News @ M-Media
Category: ကျန်းမာရေးနှင့်ဆေးပညာ
  • ကလေးများ ဂိမ်းဆော့မှုကို တရုတ်က တင်းကြပ်တော့မည်
    ကလေးများ ဂိမ်းဆော့မှုကို တရုတ်က တင်းကြပ်တော့မည်
    သြဂုတ် ၃၁၊ ၂၀၁၈
    M-Media
    တရုတ်ကျောင်းသားတစ်ဦး ဂိမ်းကစားနေစဉ်
    – ဂိမ်းကစားမှုကြောင့် ကလေးငယ်တွေမှာ အမြင်အာရုံ ချို့ယွင်းတဲ့ ပြဿနာတွေ မြင့်တက်လာတဲ့အတွက် တရုတ်နိုင်ငံက အွန်လိုင်းဂိမ်းတွေနဲ့ ဂိမ်းကစားမယ့်အချိန်ကို ကန့်သတ်တော့မယ်လို့ သိရပါတယ်။
    တရုတ် ပညာရေးဝန်ကြီးဌာနက ၀ဘ်ဆိုက်မှာ မနေ့က လွှင့်တင်ထားတဲ့ ကြေငြာချက်မှာ ဒီလို တားဆီးမယ့် အစီအစဉ်ဟာ ကလေးငယ်တွေအကြား မျက်စိရောဂါတွေကို ဖြေရှင်းရေး နည်းလမ်းတစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
    နိုင်ငံတွင်းက အမြင်အာရုံကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုမို အာရုံစိုက်လုပ်ဆောင်ဖို့ သမ္မတ ရှီကျင့်ဖျင်က အခုတစ်ပတ်အစောပိုင်းမှာ တိုက်တွန်းခဲ့ပြီးတဲ့နောက် အခုအစီအစဉ် ပေါ်ထွက်လာတာပါ။
    တရုတ်နိုင်ငံဟာ အွန်လိုင်းဂိမ်းယဉ်ကျေးမှု ကြီးကြီးမားမား ရှိနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
    အခြားဝန်ကြီးဌာန ၇ ခုက ထောက်ခံထားတဲ့ အဲဒီကြေငြာချက်မှာ အွန်လိုင်းကနေ ကစားလို့ရတဲ့ ဂိမ်းတော်တော်များများအပေါ် စည်းကမ်းတွေ တင်းကြပ်သွားမှာဖြစ်ပြီး၊ အသစ်ထွက်တာကို ကန့်သတ်တာ၊ ဂိမ်းတွေအတွက် အနိမ့်ဆုံးအသက် သတ်မှတ်တာ၊ အရွယ်မရောက်သေးသူတွေရဲ့ ဂိမ်းကစားချိန်ကို လျှော့ချခိုင်းတာတွေ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။
    ဒါပေမယ့် အချိန်ဘယ်လောက်အတွင်း လုပ်ဆောင်မလဲဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒီကြေငြာချက် ထွက်လာပြီးနောက် တရုတ်နိုင်ငံက ဂိမ်းကုမ္ပဏီတွေရဲ့ ရှယ်ယာတွေဟာ ထိုးကျသွားခဲ့ပါတယ်။
    လေ့လာမှုတွေအရ တရုတ်နိုင်ငံ ကလေးငယ်တွေမှာ မျက်စိမှုန်တာတွေ အဖြစ်များလာပြီး ဖုန်းတွေ အလွန်အကျွံ ကြည့်မှုနဲ့ တင်းကြပ်တဲ့ ကျောင်းအချိန်ဇယားတွေကြောင့်ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
    ၂၀၁၅ ခုနှစ်က ထုတ်ပြန်တဲ့ နိုင်ငံလုံးဆိုင်ရာအစီရင်ခံစာမှာ ထတရုတ်နိုင်ငံမှာ လူ သန်း ၅၀၀ လောက်ဟာ မျက်စိရောဂါ ခံစားနေရပြီး၊ သန်း ၄၅၀ လောက်ဟာ မျက်စိမှုန်နေကြတယ်လို့ ဖော်ပြထားပါတယ်။
    အမြင်အာရုံဆိုင်ရာ ရောဂါကြောင့် ၂၀၁၂ ခုနှစ်မှာ တရုတ်နိုင်ငံဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ လောက် ကုန်ကျခဲ့တယ်လို့လည်း ဆိုပါတယ်။
    Ref : CNA
  • အိန္ဒိယတွင် နီဖာဟ်ဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၁၀ ဦး သေဆုံး
    အိန္ဒိယတွင် နီဖာဟ်ဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၁၀ ဦး သေဆုံး
    မေ ၂၂၊ ၂၀၁၈
    M-Media
    – အိန္ဒိယနိုင်ငံ တောင်ပိုင်းက ကီရာလာပြည်နယ်မှာ လင်းဆွဲတွေကနေတစ်ဆင့်ကူးစစ်တဲ့ နီဖာဟ် ဗိုင်းရပ်ကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
    နီဖာဟ်ဗိုင်းရပ်ဟာ လူနဲ့ တိရစ္ဆာန်တွေ အထူးသဖြင့် ၀က်တွေမှာ အလျင်အမြန် ကူးစက်ပြန့်နှံ့တတ်ပြီး အခုအချိန်အထိ ကာကွယ်ဆေး မရှိသေးပါဘူး။ ကူးစက်သူတွေမှာ သေဆုံးမှုဟာ ၇၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။
    ကီရာလာ ကျန်းမာရေးဝန်ကြီး ကေကေ ရှိုင်လာဂျာက ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၁၀ ဦးရှိလာပြီး ၂ ဦးက စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “နီဖာဟ်ဗိုင်းရပ်စ်ကူးစက်သူ ၁၈ ယောက်ရှိပြီး အဲဒီအထဲက ၁၂ ယောက်ဟာ အခြေအနေ ပြန်ကောင်းသွားပါပြီ။ ၆ ယောက်ကတော့ မကောင်းသေးပါဘူး”
    သေးဆုံးသူတွေထဲမှာ လူနာတွေကို ကုသပေးတဲ့ သူနာပြုတစ်ဦးလည်း ပါဝင်ပါတယ်။ ပြည်နယ်အတွင်းမှာ ဒီကူးစက်မှုကြောင့် ကြောက်လန့်မှုတွေ ရှိနေပြီး အစိုးရက တတ်နိုင်သမျှအားလုံးကို လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    နီဖာဟ်ဗိုင်းရပ်စ်ကို ၁၉၉၈ ခုနှစ်က မလေးရှားနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ရောဂါလက္ခဏာတွေက အဖျားကြီးတာ၊ ခေါင်းကိုက်တာ၊ အသက်ရှုရခက်တာ၊ မူးဝေတာ၊ ဦးနှောက်ရောင်ရမ်းတာ၊ စိတ်ကစဥ့်ကလျားဖြစ်တာ၊ ကိုးမားဝင်တာတွေ ဖြစ်ပါတယ်။
    Ref: Aljazeera
  • အာဖရိကရှိ ကွန်ဂိုနိုင်ငံတွင် အီဘိုလာပြန့်နှံ့မှု စိုးရိမ်စရာဖြစ်လာ
    အာဖရိကရှိ ကွန်ဂိုနိုင်ငံတွင် အီဘိုလာပြန့်နှံ့မှု စိုးရိမ်စရာဖြစ်လာ
    မေ ၁၇၊ ၂၀၁၈
    M-Media
    – အာဖရိကအလယ်ပိုင်းက ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ်ဟာ မြို့ပေါ်တွေအထိ ရောက်လာတဲ့အတွက် စိုးရိမ်စရာကောင်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီနေ့မှာ သတိပေးလိုက်ပါတယ်။
    အီဘိုလာ ပြန်လည်ဖြစ်ပွားနေကြောင်း ကွန်ဂိုက မေလ ၈ ရက်နေ့မှာ ကြေငြာခဲ့တာဖြစ်ပြီး အခုအချိန်အထိ လူ ၂၃ ဦးလောက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
    အရင်က နိုင်ငံအနောက်မြောက်ပိုင်း ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ဖြစ်တာဖြစ်ပေမယ့် အခုအချိန်မှာတော့ စတင်ဖြစ်ပွားတဲ့ ဘီကိုရိုဒေသနဲ့ ကီလိုမီတာ ၁၅၀ လောက်ဝေးတဲ့ မဘန်ဒါကာမြို့မှာပါ ကူးစက်ဖြစ်ပွားမှု ရှိလာတယ်လို့ WHO က ဒီကနေ့မှာ အတည်ပြုပါတယ်။
    WHO ရဲ့ ညွှန်ကြားရေးမှူး တီဒရို့စ် အဒ်ဟာနွန်က ဒါဟာ စိုးရိမ်စရာကိစ္စတစ်ခုဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်မှာ WHO တာဝန်ရှိသူတစ်ဦးက အီဘိုလာဟာ မဘန်ဒါကာကို ရောက်လာမယ်ဆိုရင် ကွန်ဂိုအနေနဲ့ နောက်ထပ် အီဘိုလာ ပြဿနာကြီးတစ်ခုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ အဲဒီမြို့မှာ နေထိုင်သူဟာ ၁ သန်းဝန်းကျင်လောက် ရှိနေပါတယ်။
    Ref: Aljazeera
  • လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင် လူ ၇ သန်း သေဆုံး
    လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင် လူ ၇ သန်း သေဆုံး
    မေ ၂၊ ၂၀၁၈
    M-Media
    – ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ချမ်းသာတဲ့နိုင်ငံတွေအကြား လေထုအရည်အသွေး ကွာခြားမှုဟာ ပုံမှန် မြင့်တက်လာနေပြီး လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝှမ်း တစ်နှစ်ကို လူ ၇ သန်းလောက် သေဆုံးနေတယ်လို့ ကုလရဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
    “လေထုညစ်ညမ်းမှုက ကျွန်တော်တို့အားလုံကို ခြိမ်းခြောက်နေပါတယ်။ ဒါပေမယ့် အဆင်းရဲဆုံးနဲ့ လစ်လျူရှုခံရဆုံး နိုင်ငံတွေက ဒီဝန်ထုပ်ဝန်ပိုးကို အထမ်းရဆုံးပါ” လို့ WHO ရဲ့ ညွှန်ကြားရေးမျူးချုပ် တက်ဒရို့စ် အဒ်ဟာ နမ် ဂရီဘရီယီဆက်စ်က ပြောကြားခဲ့ပါတယ်။
    “အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအများဆုံးပါဝင်တဲ့ လူပေါင်း ၃ ဘီလီယံလောက်ဟာ သူတို့အိမ်မှာ အသုံးပြုတဲ့ မီးသွေးမီးဖိုတွေ၊ ရေနံဆီတွေကြောင့် နေ့စဉ် ဆိုးရွားတဲ့ အငွေ့တွေကို ရှူရှိုက်နေရတာဟာ လက်မခံနိုင်စရာပါ”
    ကမ္ဘာ့လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ မသန့်ရှင်းတဲ့လေကို ရှူရှိုက်နေရပြီး၊ ချမ်းသာတဲ့နိုင်ငံတွေမှာ လေထုအရည်အသွေးက တစ်ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေက ပိုဆိုးလာတယ်လို့ WHO က ပြောပါတယ်။
    WHO ဟာ လေထုထဲမှာ သေးငယ်တဲ့ အမှုန်လေးတွေ ပါဝင်မှုကို သုတေသနလုပ်ကာ လေထုအရည်အသွေးကို သုံးသပ်တာဖြစ်ပါတယ်။ အဲဒီ အမှုန်လေးတွေဟာ အဆုတ်နဲ့ သွေးလှည့်ပတ်မှုလမ်းကြောင်းထဲ ၀င်ရောက်မယ်ဆိုရင် ကင်ဆာရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ပါတယ်။
    လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ကမ္ဘာတစ်ဝှမ်း တစ်နှစ်ကို ၇ သန်းလောက်ရှိပြီး ၉၀ ရာခိုင်နှုန်းက ၀င်ငွေနိမ့်တဲ့ အာရှနဲ့ အာဖရိကနိုင်ငံတွေက ဖြစ်ပါတယ်။
    သုတေသနရလဒ်တွေအရ လေထုညစ်ညမ်းမှု အဆိုးဆုံးက အရှေ့အလယ်ပိုင်း၊ အာရှနဲ့ အာဖရိကနိုင်ငံတွေဖြစ်ပြီး အဓိကပြဿနာက ချက်ရေးပြုတ်ရေးမှာ သန့်စင်တဲ့ လောင်စာ မရရှိတာ ဖြစ်ပါတယ်။ လေထုညစ်ညမ်းစေတဲ့ နောက်ထပ်အကြောင်းအရင်းတွေက သယ်ယူပို့ဆောင်ရေးနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကြောင့် ဖြစ်ပါတယ်။
    Ref: Aljazeera
  • တစ်ခါသုံးပလက်စတစ်ပစ္စည်းများ ရောင်းချမှုပိတ်တော့မည်ဟု ဗြိတိန် ကြေငြာ
    တစ်ခါသုံးပလက်စတစ်ပစ္စည်းများ ရောင်းချမှုပိတ်တော့မည်ဟု ဗြိတိန် ကြေငြာ
    ဧပြီ ၁၉၊ ၂၀၁၈
    M-Media
    – အအေးသောက်ရာမှာ အသုံးပြုတဲ့ ပလက်စတစ်ပိုက်တွေနဲ့ တစ်ခြား တစ်ခါသုံးပစ္စည်းတွေ ရောင်းချတာကို ပိတ်ပင်သွားမယ်လို့ ဗြိတိန် ၀န်ကြီးချုပ်ရုံးက ဒီကနေ့မှာ ကြေငြာလိုက်ပြီး ပင်လယ်သမုဒ္ဒရာ ညစ်ညမ်းမှုကို ဟန့်တားဖို့ ရည်ရွယ်တဲ့ ဆောင်ရွက်မှု ဖြစ်ပါတယ်။
    “ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေဟာ ကမ္ဘာကြီးက ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေထဲက တစ်ခုပါ။ ဒါ့ကြောင် အဏ္ဏ၀ါပတ်ဝန်းကျင်ကို ထိန်သိမ်းကာကွယ်ရေးဟာ ကျွန်မတို့ရဲ့ ဓနသဟာယအဖွဲ့ဝင်နိုင်ငံ အစိုးရအကြီးအကဲတွေရဲ့ အစည်းအဝေးမှာ အဓိကအကြောင်းအရာ ဖြစ်လာမှာပါ” လို့ ဒီကနေ့ စတင်ကျင်းပမယ့် ဓနသဟာယနိုင်ငံများ ထိပ်သီးအစည်းအဝေးမတိုင်ခင် ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ၀န်ကြီးချုပ် ထရီဇာမေက ပြောကြားခဲ့ပါတယ်။
    ရောင်းချမှုပိတ်ပင်မယ့် တစ်ခါသုံးပစ္စည်းတွေမှာ သစ်သီးဖျော်ရည်တွေကိုမွှေတဲ့ ပလက်စတစ်အတံတွေ၊ နားကြပ်တံတွေလည်း ပါဝင်မှာဖြစ်ပါတယ်။
    လာမယ့်နှစ် မတ်လ ဥရောပသမဂ္ဂကနေ မထွက်ခင် ဗြိတိန်ဟာ ကိုလိုနီနိုင်ငံဟောင်း အများစုအပါအ၀င် နိုင်ငံပေါင်း ၅၃ နိုင်ငံပါဝင်တဲ့ ဓနသဟာယအဖွဲ့နဲ့ ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် ကြိုးစားနေပါတယ်။
    ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေကို တိုက်ဖျက်ဖို့နဲ့ ဓနသဟာယနိုင်ငံတွေမှာ သမုဒ္ဒရာအတွင်း ရောက်ရှိမယ့် ပလက်စတစ် စွန့်ပစ်ပစ္စည်းအရေအတွက်ကို ကန့်သတ်ဖို့အတွက် ဒေါ်လာ ၈၇ သန်းလောက် အကုန်ခံမယ့်ကိစ္စကို ဗြိတိန်ဟာ အခု ဓနသဟာယအစည်းအဝေးမှာ တင်ပြဖို့ ရှိနေပါတယ်။
    ထရီဇာမေရဲ့ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပလက်စပစ္စည်းတွေကို ပိတ်ပင်ဖို့အတွက် အကြံပြုဆွေးနွေးနိုင်ရေး အစီအစဉ်တစ်ခုကို အခုနှစ်နှောင်းပိုင်းမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး မီခေးလ် ဂိုဗီက ထုတ်ပြန်မယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။
    ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေဟာ ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေကို လျှော့ချဖို့ ကြိုးစားနေကြပြီး စကော့တလန်ဟာ ၂၀၁၉ ခုနှစ်မှာ အအေးသောက်တဲ့ ပလက်စတစ်ပိုက်တွေကို လုံးဝ ပိတ်ပင်သွားဖို့ စီစဉ်နေပါတယ်။
    ထိုင်ဝမ်ကလည်း ပိုက်၊ ခွက်နဲ့ အိတ်တွေအပါဝအင် တစ်ခါသုံး ပလက်စတစ်ပစ္စည်းတွေကို ၂၀၃၀ ပြည့်နှစ်မှာ လုံးဝ ပိတ်ပင်သွားဖို့ အစီအစဉ်ရှိနေပါတယ်။
    Ref : CNA