News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • အချိန်ကြာကြာအလုပ်လုပ်ခြင်းက လေဖြတ်နိုင်ချေပိုများ

    အချိန်ကြာကြာအလုပ်လုပ်ခြင်းက လေဖြတ်နိုင်ချေပိုများ

    သြဂုတ် ၂၁၊ ၂၀၁၅
    M-Media

    stroke

    – အချိန်ကြာမြင့်စွာအလုပ်အလုပ်သော သူများသည် ထိုသို့ မလုပ်သောသူများထက် ပို၍ လေဖြတ်နိုင်ချေ အလားအလာပိုရှိသည်ဟု လေ့လာမှုများကို ကိုးကား၍ ဗြိတိန် သုတေသနပညာရှင်များက ပြောကြားလိုက်သည်။

    လူပေါင် သန်းဝက်ကျော်ကို လေ့လာခဲ့ခြင်းဖြစ်ပြီး ရုံးချိန်ဖြစ်သော နံနက် ၉ နာရီမှ ညနေ ၅ နာရီထက် ကျော်လွန်ပြီး အလုပ်လုပ်သူများတွင် လေဖြတ်နိုင်သည့် အခွင့်အရေး ပိုများသည်ကို တွေ့ခဲ့ရသည်။ ထိုသို့ ဆက်စပ်မှုမှာ မသေချာသေးသော်လည်း သီအိုရီအရ စိတ်ဖိစီးမှုများသော အလုပ်နှင့် လူနေမှုဘ၀ကို ထိခိုက်စေသော သက်ရောက်မှုများလည်း ပါဝင်သည်။

    ကျွမ်းကျင်သူများကမူ အချိန်ကြာကြာ အလုပ်လုပ်သူများမှာ ၎င်းတို့၏ သွေးဖိအားကို စောင့်ကြည်သင့်သည်ဟု ဆိုသည်။ လေ့လာမှုများအရ တစ်ပတ်လျှင် ၃၅ နာရီမှ နာရီ ၄၀ အထိ အလုပ်လုပ်သူများထက် ၄၈ နာရီအထိ အလုပ်လုပ်သူများမှာ လေဖြတ်နိုင်ချေ ၁၀ ရာခိုင်နှုန်း ပိုများပြီး၊ ၅၄ နာရီ အလုပ်လုပ်သူများမှာ ၂၇ ရာခိုင်နှုန်း၊ ၅၅ နာရီအလုပ်လုပ်သူများမှာ ၃၃ ရာခိုင်နှုန်း ပိုများသည်ကို ထိုလေ့လာမှုမှ တွေ့ခဲ့ရသည်။

    လန်ဒန်တက္ကသိုလ်မှ ဒေါက်တာ မီကာ ကီဗီမာကီကမူ ၃၅ နာရီမှ နာရီ ၄၀ အထိ အလုပ်သော လူ ၁၀၀၀ အုပ်စုတွင် ဆယ်စုနှစ်တစ်ခုအတွင်း ၅ ယောက်အောက်သာ လေဖြတ်ရောဂါ ရရှိပြီး ၅၅ နာရီထက်ပို၍ အလုပ်လုပ်သူအုပ်စုတွင် ၆ ဦးအထိ လေဖြတ်သည်ဟု ပြောကြားခဲ့သည်။

    စိတ်ဖိစီးမှုများသော အလုပ်များကို အချိန်ကြာကြာလုပ်ခြင်းနှင့် ကြာမြင့်စွာထိုင်ခြင်းမှာ ကျန်းမာရေးအတွက် ဆိုးရွားပြီး လေဖြတ်မှုအန္တရာယ်ကိုလည်း မြင့်တက်လာစေနိုင်သည်။

    လေဖြတ်မှုအသင်းမှ ဒေါက်တာ ရှမင်း ကွာဒီရ်ကမူ အချိန်ကြာကြာ အလုပ်လုပ်ခြင်းတွင် ကြာမြင့်စွာထိုင်ခြင်း၊ စိတ်ဖိစီးမှုများခြင်းနှင့် မိမိ၏ ကျန်းမာရေးကို စစ်ဆေးရန် အချိန်နည်းခြင်းတို့ ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    “သွေဖိအားပုံမှန်တိုင်းဖို့ ကျွန်တော်တို့ အကြံပြုပါတယ်။ တစ်ကယ်လို့များ လေဖြတ်မယ်လို့ စိုးရိမ်လာရင် ဆရာဝန် ဒါမှမဟုတ် ကျန်းမာရေးကျွမ်းကျင်သူနဲ့ ပြသင့်ပါတယ်” ဟု ကွာဒီရ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: BBC

  • မသန့်သောရေကို ရေသန့်အဖြစ် ပြောင်းပေးနိုင်မည့် Drinkable Book လာပြီ

    မသန့်သောရေကို ရေသန့်အဖြစ် ပြောင်းပေးနိုင်မည့် Drinkable Book လာပြီ

    သြဂုတ် ၂၀၊ ၂၀၁၅
    M-Media

    water

    – သန့်ရှင်းသော သောက်သုံးရေကို မရရှိသည့် ဒေသများ၌ ရေကိုစစ်ကာ သောက်ရေအဖြစ် ပြောင်းလဲပေးနိုင်မည့် Drinkable Book ဟုခေါ်သည့် စာအုပ်ကို ဓာတုဗေဒပညာရှင်တစ်ဦးက တီထွင်ထုတ်လုပ်ခဲ့ပြီး အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု သိရသည်။

    ရေစစ်အဖြစ် အသုံးပြုနိုင်သော အဆိုပါစာအုပ်၏ စာရွက်များကို ဆေးလ်ဗားနိုက်ထရိတ် နာနိုအမှုန်များအသုံးပြု၍ ဖန်တီးထားသော နည်းပညာမြင့် ရေစစ်စက္ကူများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ၀မ်းရောဂါပိုး၊ အီကိုလီ ဘက်တီးရီးယားနှင့် အသည်းရောင်ရောဂါပိုးတို့ကို သေစေနိုင်မည်ဖြစ်သည်။

    အဆိုပါစာအုပ်ကို အမေရိကန်နိုင်ငံ ပစ်ဘာ့ဂ်မြို့ရှိ Carnegie Mellon တက္ကသိုလ်မှ ဓာတုဗေဒပညာရှင်တစ်ဦးဖြစ်သူ ထရီဆာ ဒန်ကိုဗစ်ခ်ျက လွန်ခဲ့သည့် နှစ်အနည်းကပင် တီထွင်ခဲ့ခြင်းဖြစ်သည်။

    “ဒီရေစစ်စာရွက်တွေကို နိုင်ငံတော်တော်များများမှာ ကျွန်မတို့ စမ်းသပ်ခဲ့ပါတယ်။ တောင်အာဖရိက၊ ဂါနာနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွေမှာ ဒီစာရွက်အသုံးပြုပြီး ရေမစစ်ခင်နဲ့ စစ်ပြီးတဲ့နောက်မှာ ထွက်ပေါ်လာတဲ့ ရေရဲ့ အရည်အသွေးကို တွက်ချက်ခဲ့ပါတယ်” ဟု ဒန်ကိုဗစ်ခ်ျက အလ်ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အဆိုပါ စာရွက်များကို ဟေတီနှင့် ကင်ညာနိုင်ငံတို့တွင်လည်း စမ်းသပ်ခဲ့ပြီး ထိုစာရွက်များကြောင့် ရေအတွင်းရှိ ဘက်တီးရီးယားများ၏ ၉၉.၉ ရာခိုင်နှုန်းမှာ သေဆုံးခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါရလဒ်မှာ ဘုံပိုင်ရေထက်ပင် ပိုမိုကောင်းမွန်သည်ကို တွေ့ရှိခဲ့ရသည်။

    ကမ္ဘာတစ်ဝှမ်းတွင် လူပေါင်း သန်း ၅၀၀ ကျော်မှာ သန့်ရှင်းသောရေကို ရရှိခြင်း မရှိဘဲ၊ သောက်သုံးရေမသန့်သောကြောင့် သေဆုံးရသည့် လူအေရေအတွက်မှာ တစ်နှစ်လျှင် ၈၄၂၀၀၀ ခန့် ရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ယမန်နှစ်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။

    Ref: Aljazeera

  • ဆီရာလီယိုနီတွင် အီဘိုလာ တစ်ကျော့ပြန်ထွက်ပေါ်လာ

    ဆီရာလီယိုနီတွင် အီဘိုလာ တစ်ကျော့ပြန်ထွက်ပေါ်လာ

    သြဂုတ် ၄၊ ၂၀၁၅
    M-Media

    sirra

    – အီဘိုလာကူးစက်မှုသတင်းများကို လပေါင်းများစွာ ကြားခဲ့ရခြင်းမရှိသည့် ဆီရာလီယိုနီနိုင်ငံ တွန်ကိုလီလီခရိုင်တွင် ပြီးခဲ့သည့်တစ်ပတ်က အီဘိုလာဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးနောက် ရောဂါပိုးကူးစက်နေသူ ၂ ဦးကို ထပ်မံတွေ့ရှိခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    ရောဂါပိုးကူးစက်နေသူများမှာ ဇူလိုင်လအလယ်ပိုင်းက ရောဂါကူးစက်ခံရပြီးနောက် သေဆုံးသွားခဲ့သည့် ထိုအမျိုးသား၏ ဆွေမျိုးများဖြစ်သည်ဟု အီဘိုလာ တုန့်ပြန်ရေးစင်တာက တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

    “ဗိုင်းရပ်စ်က ဘယ်မှာရှိလဲဆိုတာ ကျွန်တော်တို့ အခု သိပါပြီ။ ပြီးတော့ ကျန်ရှိနေတဲ့ ဒီကူးစက်မှုတွေကို ၀န်းရံခြင်း၊ ထိန်းချုပ်ခြင်းနဲ့ ရှင်းလင်းခြင်းလုပ်ငန်းစဉ်တွေ ဆောင်ရွက်ခြင်းအားဖြင့် ဒီပြန့်နှံ့မှုကို ခြေရာခံနေပါတယ်” ဟု စင်တာ၏ ပြောရေးဆိုခွင့်ရှိသူ အိုဘီ စီဆေးက ပောကြားခဲ့သည်။

    အာဏာပိုင်များကမူ ကူးစက်မှုကို ထိန်းချုပ်ရန် အလျင်အမြန် လုပ်ဆောင်နေကြသော်လည်း အဆိုပါကူးစက်မှုမှာ စိတ်ပူစရာဖြစ်သည်ဟု စီဆေးက ဆိုသည်။

    အမည်မဖေါ်လိုသူ အမျိုးသားတစ်ဦး ပြီးခဲ့သည့် သီတင်းပတ်က သေဆုံးခဲ့ပြီးနောက် အာဏာပိုင်များမှာ လူ ၅၀၀ ခန့်ကို သီးသန့်ခွဲထားကာ စောင့်ကြည့်မှုများ ပြုလုပ်နေသည်။ သေဆုံးသွားသူမှာ အီဘိုလာကို မြို့တော် ဖရီးတောင်းတွင် ကူးစက်ခဲ့ခြင်းဖြစ်ပြီး ထို့နောက် ၎င်းနေထိုင်ရာ ဇာတိသို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။

    ဒေသတွင်းဆေရုံး၌ ၎င်းအား အဖျားရှိနေသည်ကို စမ်းသပ်တွေ့ရှိခဲ့ရသော်လည်း အီဘိုလာ အရေးပေါ်ဌာနသို့ အကြောင်းကြားခဲ့ခြင်း မရှိပေ။ ထို့ပြင် မိသားစုဝင်များကလည်း ထိုအမျိုးသား၏ အလောင်းကို ရောဂါပိုး ပြန့်နှံခြင်းမရှိစေရန် ပြုလုပ်ရသည့် ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းမရှိဘဲ မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ကြသည်။

    ဆီရာလီယိုနီနိုင်ငံတွင် အီဘိုလာကူးစက်မှု လုံးဝမရှိတော့သည်မှာ ၅ လခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုမှ ပြန်လည် ထွက်ပေါ်လာခြင်းဖြစ်သည်။

    Ref: Aljazeera

  • ကွမ်းစားတဲ့ ဓလေ့အတွက်  အချက်ပေးခေါင်းလောင်းသံ

    ကွမ်းစားတဲ့ ဓလေ့အတွက် အချက်ပေးခေါင်းလောင်းသံ

    Part-HKG-Hkg10197691-1-1-0

    – ရန်ကုန်မြို့လည်ခေါင်ရှိ ကားကြပ်သောလမ်းမပေါ်၌ သူ၏ အငှားယာဉ်ကလေးကို မောင်းနှင်လှုပ်ရှားနေစဉ် မျိုးမင်းထိုက်တစ်ယောက် ကွမ်းသီးနှင့် ဆေးရွက်ကြီးတို့ ရောထားသော ကွမ်းယာကို စည်းချက်ကျကျ ၀ါးနေသည်။ သူ၏ သွားများမှာလည်း နီညိုရောင်သန်းနေ၏။

    မြန်မာနိုင်ငံ၏ တဟုန်ထိုး တိုးတက်လာသော ကုန်သွယ်ရေးအချက်အချာမြို့၏ မပြတ်တမ်း ကားပိတ်နေသည့်နေရာတွင် သူ၏လုပ်ငန်းကို ခေါက်တုံ့ခေါက်ပြန် လုပ်နေကာ ရှည်လျားသည့်နေ့ကို ကုန်ဆုံးနေရသည်မှာ ကျင့်သားရသည်ထက်ကို ပိုနေသည်။ ထိုသို့ ရုန်းကန်လှုပ်ရှားနေနိုင်သည်မှာ ကွမ်းယာကြောင့်လည်း ပါသည်။

    “ကျွန်တော် တက္ကဆီစမောင်းတုန်းက အရမ်းအိပ်ငိုက်တယ်။ ဒါ့ကြောင့် အိပ်မငိုက်ဖို့အတွက် ကျွန်တော် ကွမ်းယာစားတာပါ” ဟု အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သည့် ၎င်းက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ကွမ်းယာမှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အလွန်လူကြိုက်များသော အာရုံကျယ် မြုံ့စရာတစ်ခု ဖြစ်လေသည်။

    သို့သော်လည်း ဆေးစွဲသကဲ့သို့ စွဲသွားမှု၊ သွားများတွင် ဂျိုးတက်မှုနှင့် ခံတွင်းကင်ဆာအန္တရာယ် မြင့်မားမှုတို့အပါအ၀င် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသော အရာတစ်ခုလည်းဖြစ်သည်။

    ဆေးရွက်ကြီး အပိုင်းအစ၊ ကွမ်းသီးစိတ်၊ ထုံးအရည်နှင့် အခြားဆေးများကို ကွမ်းပင်မှရသော လတ်ဆတ်သည့် ကွမ်းရွက်တွင်ထည့်ကာ ထုပ်လိုက်သော ကွမ်းယာကို မြန်မာနိုင်ငံရှိ နေရာတိုင်း၌ တွေ့မြင်ရသည်။

    ကွမ်းကြိုက်သူများကတော့ ကွမ်းမှာ နိုးကြားစေသည်၊ စွမ်းအားကိုမြှင့်တင်ပေးသည်၊ အသက်ရှုကောင်းစေသည်ဟု ကောင်းကွက်များပြ၍ အမွှမ်းတင်ကြသည်။

    “သွားတွေနာတဲ့အတွက် ကျွန်တော် ကွမ်း စ,စားခဲ့တာပါ။ သိပ်တော့မကြိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော် သွားနာတာကို ပျောက် သွားစေခဲ့ပြီး ကျွန်တော်လည်း ကြိုက်လာပါတယ်” ဟု မျိုးမင်းထိုက်က ဆိုသည်။ သူ၏ နှုတ်ခမ်းတွင်တော့ အနီရောင် ကွမ်းချေးများကို မြင်နေရသည်။
    Part-HKG-Hkg10197693-1-1-0
    “ဒါ မြန်မာတွေရဲ့ ဓလေ့ပါပဲ”

    ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သည့် အာဏာရှင်များမှာ ၂၀၁၁ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေးအစိုးရအတွက် လမ်းဖွင့်ပေးခဲ့ပြီး၊ ထိုပြောင်းလဲမှု၏ ရလဒ်အဖြစ် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ပေးခဲ့ပြီးနောက် ရန်ကုန်မြို့မှာလည်း အခြေအနေပြောင်းလဲသွားသည်။

    မြင့်တက်လာသည့် မိုးမျှော်အဆောက်အဦးများပေါ်တွင် ကရိန်းများက တိုးဝှေ့နေရာယူလာကြသည်။ ပြည်သူများကလည်း လွန်ခဲ့သည့် နှစ်အနည်းငယ်က မကိုင်နိုင်သော မိုဘိုင်းဖုန်းမျာကို ဖောဖောသီသီ ကိုင်လာနိုင်ကြသည်။

    သို့ရာတွင် အချို့အရာများကတော့ မပြောင်းလဲ။ ထိုအထဲတွင် လမ်းတိုင်းနီးပါးနှင့် နံရံများတွင် တွေ့ရသည့် ကွမ်းတံတွေးကွက်များလည်း ပါဝင်သည်။

    ကွမ်းတစ်ထုတ် ၂၀၀ ကျပ်ဖြင့် ရောင်းချနေသော မြို့တစ်ဝှမ်းရှိ ကွမ်းယာဆိုင်ငယ်များတွင် ကွမ်းဝါးသူများက တန်းစီနေကြသည်။ လည်ပင်းတွင် ကြိုးဖြင့် သိုင်းထားသည့် ကွမ်းယာဗန်းဖြင့် လူရှုပ်သည့် လမ်းဆုံလမ်းခွများတွင် ကားသမားများအား လိုက်လံရောင်းချနေသူများလည်း ရှိသည်။

    ကွမ်းယာရောင်းသူများအတွက်တော့ နိုင်ငံ့ဓလေ့တစ်ခုကို ဖြည့်တင်းပေးသည့် ထိုအလုပ်က ၎င်းတို့၏ ဘ၀ကို စိုပြေစေသည်။ မျိုးမြင့်ထွန်းတစ်ယောက် နေ့စဉ် မနက် ၃ နာရီထ၍ မြို့တွင်းရှိ ဘူတာရုံတွင် ရထားစီးသူများကို ကွမ်းရောင်းသည်။

    တစ်ရက်လျှင် ပုံမှန်ဖောက်သည် ၂၀ အပြင် အခြားအယောက် ၈၀ ခန့်ကို ရောင်းချရပါက ကန်ဒေါ်လာ ၄၀ (လေးသောင်းကျော်) ၀န်းကျင် ၀င်ငွေရသည်ဟု သူက ခန့်မှန်းထားသည်။ ထိုဝင်ငွေမှာ ၂၀၁၂ ခုနှစ်က တစ်ဦးလျှင် တစ်လ ပျမ်းမျှ ဒေါ်လာ ၁၀၀ အောက်သာ ၀င်ငွေရကြသည့် မြန်မာလိုနိုင်ငံမျိုးတွင် အတော်လေး စိုပြေသည့် ၀င်ငွေမျိုးဖြစ်သည်။

    “မြန်မာနိုင်ငံက လူအများစုဟာ ကွမ်းစားကြပါတယ်။ ဒါက မြန်မာတွေရဲ့ ဓလေ့တစ်ခုပါ။ အချိန်အတော်ကြာကတည်းက ရှိနေခဲ့တာပါ” ဟု မျိုးမြင့်ထွန်းက ပြောသည်။

    သို့သော်လည်း ဆရာဝန်များကတော့ နိုးကြားမှု အတွက်ဆိုသည့် နိုင်ငံလုံးဆိုင်ရာ ထိုအာသီသမှာ စနစ်ကျသော ကျန်းမာရေး စနစ်မျိုး မရှိသည့် မြန်မာနိုင်ငံတွင် ကျန်းမာရေးကို ထိခိုက်စေသည်ဟု သတိပေးခဲ့သည်။

    “မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဆေးလိပ်မဟုတ်တဲ့ ဆေးရွက်ကြီးကို သုံးစွဲသူအရေအတွက် အမြင့်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံပါ။ အထူးသဖြင့် အမျိုးသားတွေ ကြားထဲမှာပေါ့”  ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ စပါယ်ရှယ်လစ်တစ်ဦးဖြစ်သူ ဒေါက်တာ ဒီရန်ဒရာ နာရိန်း ဆင်ဟာက AFP သို့ ပြောကြားခဲ့သည်။

    သူ၏ သုတေသနပြုမှုတွင် မြန်မာနိုင်ငံမှ အမျိုးသားအရေအတွက်၏ ထက်ဝက်ကျော်နှင့် အမျိုးသမီးများ၏ ၁၆ ရာခိုင်နှုန်းမှာ ဆေးရွက်ကြီး သုံးစွဲကြသည်ကို တွေ့ရှိခဲ့ရသည်။

    ဆေးရွက်ကြီးနှင့် ကွမ်းသီး နှစ်ခုစလုံးမှာ ကင်ဆာရောဂါကို ဖြစ်ပွားစေသည့် အရာများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၌ ကင်ဆာရောဂါဖြစ်ပွားသူများ၏ ငါးပုံတစ်ပုံမှာ ခံတွင်းနှင့်သက်ဆိုင်သည့် ကင်ဆာရောဂါ ဖြစ်ပွားကြသူများ ဖြစ်သည်။

    ဆေးရွက်ကြီးမပါဘဲ ကွမ်းစားသူများမှာ မစားသူများထက် စအို၊ ပါးစပ်နှင့် လည်ချောင်းကင်ဆာ ဖြစ်ပွားနိုင်သည့် အခြေအနေ ၂၅၀ ရာခိုင်နှုန်း ပိုများသည်ဟု ဆင်ဟာက ဆိုသည်။ ဆေးရွက်ကြီးနှင့် ကွမ်းစားသူများကတော့ ရောဂါဖြစ်နိုင်ချေ ရာခိုင်နှုန်း ၇၇၀ အထိပင် ရှိလေသည်။

    သို့သော်လည်း ကွမ်းမစားရေး အသိပညာပေးမှုမှာ ပြန့်နှံ့ခြင်းမရှိဟု ဆရာဝန်များက ဆိုသည်။

    “ကွမ်းစားခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေကို မြန်မာနိုင်ငံလူတွေက မသိကြပါဘူး” ဟု ပြည်တွင်း အသိပညာပေးရေးအဖွဲ့ဖြစ်သော ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း PHF မှ ဒေါက်တာ သန်းစိန်က သတိပေးခဲ့သည်။

    ကျန်းမာရေးအသုံးစားရိတ် နည်းပါးသည့်နိုင်ငံ

    WHO ၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ မြန်မာနိုင်ငံမှာ ကျန်မာရေးအတွက် ဘက်ဂျက်အသုံးပြုမှု အနည်းဆုံး နိုင်ငံဖြစ်သည်ဟု သိရပြီး ၂၀၁၃ ခုနှစ်တွင် GDP ၏ ၀.၅ ရာခိုင်နှုန်းသာ အသုံးပြုခဲ့ကာ တောင် ဆူဒန်နှင့် ဟေတီနိုင်ငံတို့ထက်ပင် ပိုမိုနည်းပါးလေသည်။

    သို့သော်လည်း ၂၀၁၄ ခုနှစ်တွင် နိုင်ငံ GDP ၏ ၄.၃ ရာခိုင်နှုန်းကို စစ်အသုံးစားရိတ်အဖြစ် သတ်မှတ်ခဲ့သည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့မှ လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။

    ခံတွင်းကင်ဆာဖြစ်ခြင်းမှာ ပုံမှန်အားဖြင့် နှေးကွေးပြီး သေဆုံးမှုကို ရှောင်ရှားနိုင်သည့် ရောဂါမျိုးဖြစ်သည်။

    အိမ်နီးချင်းနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံရှိ စီးကရက်ဘူးများတွင် ကျန်းမာရေးအန္တရာယ်ကို သတိပေးထားသော ကြောက်စရာကောင်းသည့် ဓာတ်ပုံများ ပါဝင်သည်။ သို့သော်လည်း ကွမ်းယာအထုပ်များတွင်တော့ ဘာမှမပါ။

    PHF အနေဖြင့် ထိုကျန်းမာရေး ပညာပေးမှုမျိုးကို ပြန့်နှံ့ရန်အတွက် လက်ကမ်းစာရွက်များနှင့် ပိုစတာများကို ရိုက်ထုတ်ထားသည်။ ထို့ပြင် ကွမ်းယာဆိုင်ငယ်များတွင်လည်း သတိပေးချက်များ ကပ်ထားချင်သည်။ ကျန်းမာရေး ၀န်ကြီးဌာနကမူ ထိုအဆိုပြုချက်ကို လေ့လာနေဆဲဟု ပြောကြားခဲ့သည်။

    သို့သော်လည်း မြန်မာနိုင်ငံတွင် ကွမ်းစားသည့်ဓလေ့ကို တိုက်ထုတ်ရန်မှာ လွယ်ကူသည့် ကိစ္စမျိုးမဟုတ်။ ကွမ်းစားခြင်းမှာ တောင်အာရှနှင့် အရှေ့တောင် အာရှတို့တွင် ရာစုနှစ်များစွာကြာ ရှိခဲ့သည့် အမြစ်တွယ်နေသော ရိုးရာဓလေ့ဖြစ်သည်။

    မည်သို့ပင်ဖြစ်စေ ဒေါက်တာ သန်းစိန်တစ်ယောက် အိမ်နီးချင်းနိုင်ငံများ၏ ဆောင်ရွက်မှုများကို အားကျနေသည်။

    “ထိုင်းကိုသွားကြည့်ရင် လူတွေ ကွမ်းစားတာမျိုးကို တွေ့ရတော့မှာ မဟုတ်ပါဘူး။ ကျေးလက်ဒေသတွေမှာတောင်မှ မစားကြတော့ပါဘူး။ မလေးရှားကြည့်ရင်လည်း ဒီလိုပါပဲ။ ဒါဆို ကျွန်တော်တို့လူမျိုးတွေက ဘာ့ကြောင့် ဒီဓလေ့ကို ဆက်ထိန်းထားတာလဲ” ဟု သူက မေးခွန်းထုတ်ခဲ့သည်။

    တက္ကဆီ စတီယာတိုင်နောက်တွင် ထိုင်နေသည့် မျိုးမင်းထိုက်ကမူ ၎င်းမှာ ကျန်းမာရေးအန္တရာယ်နှင့် ပတ်သက်၍ သိရှိနေသော်လည်း ၁၂ နှစ်တာ ကွမ်းစားလာခဲ့ပြီးနောက် ဖြတ်ဖို့မရှိတော့ဟု ပြောကြားခဲ့သည်။

    “(ကျန်းမာရေးထိခိုက်မှာကို) ကျွန်တော် ကြောက်ပါတယ်။ ဒါပေမယ့် ကွမ်းမရှိရင် မနေနိုင်ဘူးဗျာ”

    Ref: AFP

    လေးမောင် ဘာသာပြန်သည်။

  • ကမ္ဘာ့ပထမဆုံး 3D printing ဦးခေါင်းခွံ အစားထိုးမှု တရုတ်တွင်ပြုလုပ်

    ကမ္ဘာ့ပထမဆုံး 3D printing ဦးခေါင်းခွံ အစားထိုးမှု တရုတ်တွင်ပြုလုပ်

    ဇူလိုင် ၁၉၊ ၂၀၁၅
    M-Media

    china

    – တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအား ကမ္ဘာ့ပထမဆုံးအဖြစ် 3D printing နည်းပညာကို အသုံးပြု၍ ဦးခေါင်းခွံ အစားထိုးခွဲစိတ်မှုကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။

    ဟန်ဟန်ဟု အမည်ရသည့် အဆိုပါကလေးငယ်မှာ မွေးရာပါ ဟိုက်ဒရိုဆပ်ဟာလက်စ်ရောဂါ ဖြစ်ပွားနေသူဖြစ်ပြီး ထိုရောဂါကြောင့် ဦးနှောက်အတွင်း အရည်တစ်မျိုးကို လုံလောက်စွာ မစုဆောင်းနိုင်ချေ။

    ထို့ပြင် ၎င်း၏ ဦးခေါင်းမှာလည်း သာမန်အရွယ်အစားထက် ၄ ဆခန့် ကြီးထွားနေကာ လည်ပင်းက ထောက်ပံ့မှု မပြုလုပ်နိုင်သောကြောင့် ဟန်ဟန်မှာ အိပ်ရာထဲတွင်ပင် လှဲနေရကာ အကျိုးဆက်အဖြစ် မျက်လုံးလည်း ကွယ်သွားခဲ့သည်။

    ချန်ရှာပြည်နယ် Second People ဆေးရုံမှ ခွဲစိတ်ဆရာဝန်များမှာ 3D printing နည်းပညာကို အသုံးပြု၍ ဦးခေါင်းခွံပုံစံတစ်ခုကို ဖန်တီးခဲ့ပြီး၊ ဦးခေါင်းခွံအစားထိုးရာတွင် ဦးနှောက်အား အောက်ခံအဖြစ် ကာကွယ်ပေးမည့် တိုက်တယ်နီယံ ဇကာတစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။

    ထို့နောက် ၁၇ နာရီကြာသည့် ခွဲစိတ်ကုသမှုတွင် ဦးခေါင်းခွံအား ဖယ်ရှားခဲ့ကာ 3D printing ဦးခေါင်းခွံကို အောင်မြင်စွာ အစားထိုးနိုင်ခဲ့သည်။

    “ဦးခေါင်းခွံကို ဖယ်ရှားပြီးတဲ့နောက်ပိုင်းမှာ ဦးနှောက်က အခွံခွာထားတဲ့ ဥလေးလိုပါပဲ။ ဦးနှောက်အမှေးပါး ကြပ်ကြပ်တည်းတည်းရှိဖို့နဲ့ ဦးနှောက် အရမ်းလှုပ်နေတာကို ရပ်တန့်စေဖို့အတွက် လိုအပ်နေတဲ့အရည်တွေကို အစက်ချ ထည့်သွင်းခဲ့ရပါတယ်။ ပြီးတော့ ဦးခေါင်းခွံရဲ့ဖိအားကိုလည်း မှန်ကန်အောင် လုပ်ခဲ့ရပါတယ်” ဟု ခွဲစိတ်မှုတွင် ပါဝင်ခဲ့သည့် ဒေါက်တာ ကူအန် ဝေပင်းက
    ပြောကြားခဲ့သည်။

    ခွဲစိတ်ဆရာဝန်များမှာ ဦးနှောက်အတွင်းသို့ အရည် ၇.၅ လီတာကို ၄ နာရီကြာ ထည့်သွင်းခဲ့ရပြီး ဟန်ဟန်၏ မျက်နှာမှာ အကောင်းပကတိအတိုင်းရှိကာ ဦးခေါင်းခွံအသစ်နှင့် အံဝင်ခွင်ကျ ဖြစ်ခဲ့သည်ဟု ဒေါက်တာကူအန်က ထည့်သွင်းပြောကြားခဲ့သည်။

    ဟန်ဟန်မှာ ဆက်လက်ကြီးထွားနေသောကြောင့် ဦးခေါင်းခွံအား အရွယ်ရောက်ပြီးသည့် ဦးခေါင်းခွံအရွယ်အစားကို အသုံးပြုခဲ့ရသည်ဟု ခွဲစိတ်ဆရာဝန်များက ဆိုသည်။ ထို့ပြင် သူမ၏ဦးခေါင်းမှာ သေးငယ်လာပါက ဦးခေါင်းခွံတစ်ရှူးများကို အသုံးပြု၍
    ထပ်မံကုသနိုင်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ဟန်ဟန်မှာ လက်ရှိအချိန်တွင် အထူးကြပ်မတ်ကုသမှုအောက်တွင် ရှိနေသည်။

    Ref: Straitstimes