News @ M-Media

Category: ကျန်းမာရေးနှင့်ဆေးပညာ

  • MERS ရောဂါပိုးကြောင့် တောင်ကိုရီးယားတွင် ၂ ဦးသေဆုံး

    MERS ရောဂါပိုးကြောင့် တောင်ကိုရီးယားတွင် ၂ ဦးသေဆုံး

    ဇွန် ၂၊ ၂၀၁၅
    M-Media

    south

    – အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကို ဖြစ်စေပြီး အရှေ့အလယ်ပိုင်းတွင် ကူးစက်ပြန့်နှံ့သည့် MERS ဗိုင်းရပ်ကြောင့် ၂ ဦး သေဆုံးခဲ့သည်ဟု တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ကြေညာလိုက်ပြီး ထိုဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယားတွင် ပထမဆုံး သေဆုံးမှုလည်း ဖြစ်သည်။

    MERS ဗိုင်းရပ်စ် ကူးစက်နေသည်ဟူသော သံသယဖြင့် ဆေးကုသမှုခံယူနေရသော အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ယမန်နေ့က သေဆုံးခဲ့ပြီး နောက်ပိုင်းတွင် ၎င်း၌ ဗိုင်းရပ်စ်ပိုး ကူးစက်နေကြာင်း စမ်းသပ်တွေ့ရှိခဲ့ရသည်။

    လွန်ခဲ့သည့် ရက်အနည်းငယ်က ဗိုင်းရပ်စ်ပိုး ကူးစက်နေသည်ဟု စမ်းသပ်တွေ့ရှိခဲ့ရသူ အသက် ၇၁ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှာ ယနေ့တွင်သေဆုံးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    တနင်္လာနေ့ညတွင် ရောဂါပိုးကူးစက်သူ ၆ ဦးကို ထပ်မံတွေ့ရှိခဲ့ရပြီး သေဆုံးသူ ၂ ဦးအပါအ၀င် နိုင်ငံတစ်ဝှမ်း MERS ဗိုင်းရပ်စ်ပိုး ကူးစက်နေသူမှာ စုစုပေါင်း ၂၅ ဦး ရှိနေပြီဖြစ်သည်။

    တောင်ကိုရီးယားတွင် ဖြစ်ပွားမှုမှာ ဗိုင်းရပ်စ်ပိုးအခြေတည်သော အရှေ့အလယ်ပိုင်းအပြင်ဘက်တွင် အကြီးမားဆုံးလည်းဖြစ်ကာ စိုးရိမ်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သည်။ တောင်ကိုရီးယား၌ MERS ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို မေ ၂၀ ရက်နေ့က စတင် သိရှိခဲ့ရခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနကမူ ဗိုင်းရပ်စ်နှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ထိတွေ့ခဲ့သူ ၆၈၂ ဦးကို
    ထိန်းသိမ်းထားခြင်း၊ အထူးစောင့်ကြည့်ခြင်းတို့ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    MERS ဗိုင်းရပ်စ်ပိုးမှာ ဆားစ်ရောဂါပိုးနှင့် ဆင်တူပြီး ကုသ၍မရသေးသည့် ရောဂါပိုးဖြစ်သော်လည်း ဆားစ်ရောဂါပိုးထက် ကူးစက်မှုနှုန်း နည်းပါးသည်။ ၂၀၀၃ ခုနှစ်က အာရှနိုင်ငံတစ်ဝှမ်းတွင် ကူးစက်ပြန့်နှံ့ခဲ့သော ဆားစ်ရောဂါပိုးကြောင့် လူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့ရသည်။

    Ref: Channelnewsasia

  • ဘေဂျင်းဆေးလိပ်ဆန့်ကျင်ရေးအစီအစဉ် တရုတ်အစိုးရက ပိုမိုတင်းကျပ်

    ဘေဂျင်းဆေးလိပ်ဆန့်ကျင်ရေးအစီအစဉ် တရုတ်အစိုးရက ပိုမိုတင်းကျပ်

    ဇွန် ၁၊ ၂၀၁၅
    M-Media

    china

    – လက်ရှိတွင် ဘေဂျင်းရှိ စားသောက်ဆိုင်များ၊ ရုံးများနှင့် အများပြည်သူသုံး ယာဉ်များတွင် ဆေးလိပ်သောက်သုံးခြင်းမပြုရန် တားမြစ်ထားသည့် တရုတ်နိုင်ငံမှာ ဆေးလိပ်သောက်သုံးမှု မပြုရသည့် နေရာများကို ပိုမိုတင်းကျပ်လိုက်သည့် ဥပဒေသစ်ကို ပြဌာန်းလိုက်သည်ဟု သိရသည်။

    ယနေ့တွင်စတင်လိုက်သည့် ဥပဒေအောက်တွင် စာသင်ကျောင်းများနှင့် ဆေးရုံးများအနီး ဆေးလိပ်သောက်ခြင်းကိုပါ ပိတ်ပင်ခဲ့ပြီး အဆိုပါဥပဒေကို ချိုးဖောက်သည့် မည်သူမဆို ဒဏ်ငွေ ကန်ဒေါ်လာ ၃၂.၂၅ ဒေါ်လာနှင့် ညီမျှသည့် ယွမ်ငွေကို ပေးဆောင်ရမည်ဖြစ်သည်။ လက်ရှိ ဒဏ်ငွေမှာ ၁.၆၀ ဒေါ်လာသာ ရှိသည်။

    အသစ်ပြဌာန်းလိုက်သည့် ဥပဒေအား သုံးကြိမ်တိုင်တိုင်ချိုးဖောက်ပါက အမည်မှတ်သားခြင်းခံရကာ အစိုးရ၏ ၀ဘ်ဆိုက်တွင် လူသိရှင်ကြား ဖော်ပြခြင်းခံရမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်များကမူ ၎င်းတို့၏ လုပ်ငန်းအဆောက်အဦးများတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်ခြင်းမရှိပါက ဒေါ်လာ ၁၆၀၀ အထိ ဒဏ်ရိုက်ခံရမည်ဖြစ်သည်။

    ထို့ပြင် အခြေခံပညာ မူလတန်းကျောင်းများနှင့် မူကြိုများမှ မီတာ ၁၀၀ အကွာတွင်ရှိသည့် ဆိုင်များတွင် စီးကရက်ရောင်းချခြင်းကိုလည်း အဆိုပါဥပဒေသစ်က တားမြစ်ပိတ်ပင်ထားသည်။

    တရုတ်နိုင်ငံတွင် ဆေးလိပ်သောက်သုံးသူမှာ သန်း ၃၀၀ ကျော်ရှိပြီး ဆေးလိပ်နှင့် ဆက်စပ်သည့် ရောဂါများကြောင့် သေဆုံးသူမှာ နှစ်စဉ် ၁ သန်းခန့်ရှိနေသည်ဟု အမျိုးသားကျန်းမာရေးနှင့် မိသားစုစီမံကိန်းကော်မရှင်၏ မှတ်တမ်းအများအရ သိရသည်။

    ၂၀၁၁ ခုနှစ်ကစတင်ခဲ့သည့် ဆေးလိပ်သောက်သုံးမှု တားမြစ်ရေး အစီအစဉ်မှာ အောင်မြင်မှုမရှိခဲ့ပေ။ သို့သော်လည်း ယခုထုတ်ပြန်လိုက်သည့် ဥပဒေသစ်အား လိုက်နာခြင်း ရှိ၊ မရှိ စစ်ဆေးရန်အတွက် စစ်ဆေးရေးမှူး ၁၃၀၀ ကျော်ကိုလည်း ခန့်အပ်သွားမည်ဖြစ်သည်။

    ပါလီမန်မှာ ဆေးလိပ်နှင့်ပတ်သက်သည့် ကြော်ငြာများကို မီဒီယာများ၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ကြော်ငြာခြင်းကို ပိတ်ပင်သည့် ဥပဒေတစ်ခုကိုလည်း ပြီးခဲ့သည့်လက ပြဌာန်းခဲ့သည်။

    ဘေဂျင်းတွင် ဆေးလိပ်သောက်သုံးသူဦးရေမှာ ၄.၂ သန်းရှိပြီး ထိုပမာဏမှာ အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများတွင် ဆေးလိပ်သောက်သုံးသူ ၂၃.၄ ရာခိုင်နှုန်းလည်း ဖြစ်သည်။ ၎င်းတို့မှာ တစ်နေ့လျှင် စီးကရက် ပျမ်းမျှ ၁၄.၆ လိပ် သောက်သုံးကြသည်ဟု ဘေဂျင်း ရောဂါဘယထိန်းချုပ်ရေးစင်တာက ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှုအရ သိရသည်။

    တရုတ်နိုင်ငံရှိ မြို့တော်တော်များများတွင် အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၌ ဆေးလိပ်သောက်သုံးခြင်းကို တားမြစ်ပိတ်ပင်ထားသော်လည်း တင်းတင်းကျပ်ကျပ်မရှိချေ။

    Ref: Aljazeera

  • ကြိုးဖြင့်လုပ်သည့် လေ့ကျင့်ခန်းများ အမေရိကန် ဂျင်မ်များတွင် ခေတ်စားလာ

    ကြိုးဖြင့်လုပ်သည့် လေ့ကျင့်ခန်းများ အမေရိကန် ဂျင်မ်များတွင် ခေတ်စားလာ

    မေ ၂၆၊ ၂၀၁၅
    M-Media

    – အလုံးတုပ်ပြီး ကြီးမားကာ သင်္ဘောချည်ရာတွင် အသုံးပြုသည့် ကြိုးများက အမေရိကန်ရှိ ဂျင်မ်များတွင် ပြင်းထန်သည့်လေ့ကျင့်ခန်း လုပ်သူများ အသုံးပြုသည့် အရာများဖြစ်လာနေသည်ဟု သိရသည်။

    ကြိုးခုန်ခြင်းကဲ့သို့ ကိုယ်ခန္ဓာနှင့် ကြွက်သားများ သန်မာလာအောင် ဆောင်ရွက်ခြင်းကို ဘောလုံးကဲ့သို့ အားကစားနည်းများ၏ လေ့ကျင့်မှုများတွင် အသုံးပြုကြသော်လည်း ပညာရှင်များကမူ ထိုကြိုးများက ဂျင်မ်များတွင် နေ့စဉ် လေ့ကျင့်ခန်းများ၌ အဓိကအသုံးပြုသည် ပစ္စည်းများ ဖြစ်လာနေသည်ဟု ပြောကြားခဲ့သည်။

    ဂျင်မ်များတွင် အများဆုံးပြုလုပ်သည့် ကြိုးလေ့ကျင့်ခန်းမှာ အလုံးတုပ်သည့် ကြိုးနှစ်ချောင်း၏ ထိပ်ပိုင်းများကို လူ ၂ ဦးက ထိပ်တစ်ဖက်ဆီမှ ကိုင်၍ လှိုင်းလုံးများဖြစ်လာအောင် လှုပ်ခါရခြင်းဖြစ်သည်။

    “အဲဒါက ခန္ဓာကိုယ်အပေါ်ပိုင်းကို နည်းနည်း ကစားသလိုပါပဲ။ မတူညီတဲ့ ကြွက်သားတွေကို အသုံးပြု ကစားတာမျိုးတော့ မဟုတ်ပါဘူး။ မတူညီတဲ့ နည်းလမ်းနဲ့ ကြွက်သားတွေကို လေ့ကျင့်ပေးတာပါပဲ” ဟု ကျန်းမာရေးလေ့ကျင့်ခန်းဆိုင်ရာ အမေရိကန်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန် ရို့စ်က ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းက အဆိုပါလေ့ကျင့်ခန်းများမှာ စိတ်နှင့် ခန္ဓာကိုယ်ကို ဆက်သွယ်ပေးသည်ဟုလည်း ဆိုသည်။

    “ကြိုးတွေက ခင်ဗျားဘယ်လို လှုပ်ရှားနေလဲဆိုတာကို ပြပါတယ်။ ကြိုးကိုကြည့်တဲ့အခါ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုရဲ့ ရုပ်ပိုင်းဆိုင်ရာ သရုပ်သကန်ကို မြင်ရပါတယ်။ ဒါကို ကောင်းကောင်းလုပ်တတ်သွားရင် ခင်ဗျားရဲ့ ခန္ဓာကိုယ်ကလည်း ကောင်းကောင်းလှုပ်ရှားနေမှာပါ” ဟု ၎င်းက ရှင်းပြခဲ့သည်။

    ကြိုးဖြင့် လေ့ကျင့်ခန်းလုပ်ခြင်းမှာ ကယ်လိုရီလောင်ကျွမ်းမှုကိုလည်း ဖြစ်စေပြီး Strength & Conditioning သုတေသနစင်တာမှ လေ့လာမှုပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပြီလတွင် ထုတ်ဝေသော ဂျာနယ်၌ ဖော်ပြမှုတွင် ကြိုးဖြင့် ၁၀ မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပါက နှလုံးခုန်နှုန်းကို မြင့်မားစေပြီး နှလုံးသွေးကြောများ သန်မာစေရန်အတွက် လုံလောက်သည့် စွမ်းအင်ကိုလည်း ရစေည်ဟု
    ရေးသားထားသည်။

    Ref: Channelnewsasia

  • အသက်ကြီးအမျိုးသားများ ပုံမှန်လေ့ကျင့်ခန်းလုပ်လျှင် သေဆုံးမှုအန္တရာယ်ကို လျော့ချနိုင်

    အသက်ကြီးအမျိုးသားများ ပုံမှန်လေ့ကျင့်ခန်းလုပ်လျှင် သေဆုံးမှုအန္တရာယ်ကို လျော့ချနိုင်

    မေ ၁၈၊ ၂၀၁၅
    M-Media

    health

    – အသက်အရွယ်အိုမင်းသော အမျိုးသားများအနေဖြင့် နာရီဝက်ခန့် လေ့ကျင့်ခန်းလုပ်မှုကို တစ်ပတ်လျှင် ၆ ကြိမ်ပြုလုပ်ပါက သေဆုံးမှုအန္တရာယ် ၄၀ ရာခိုင်နှုန်း လျော့ကျနိုင်သည်ဟုလေ့လာမှုများအရ သိရသည်။

    နော်ဝေနိုင်ငံ အော်စလိုရှိ အားကစားသိပ္ပံကျောင်းမှ ပြုလုပ်သော အဆိုပါလေ့လာမှုတွင် အမျိုးသား ၆၀၀၀ ခန့် ပါဝင်ခဲ့ပြီး လေ့ကျင့်ခန်းများမှာ ပေါ့ပါးသော လေ့ကျင့်ခန်းများ ဖြစ်သော်လည်း လေ့ကျင့်ခန်းလုပ်သူများမှာ မလုပ်သူများထက် အသက် ၅ နှစ်ခန့် ပို၍ နေရသည်ကို တွေ့ခဲ့ရသည်။

    သို့သော်လည်း ပြင်းထန်သော လေ့ကျင့်ခန်းများဖြစ်ပါက သေဆုံးမှုအန္တရာယ်မှာ ၃၇ ရာခိုင်နှုန်းသာ လျော့ကျမည်ဖြစ်ကာ ထိုကဲ့သို့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းမှာ ဆေးလိပ်ဖြတ်ခြင်းကြောင့် ရရှိသည့် ကျန်းမာရေးအကျိုးကျေးဇူးနှင့် တူညီသော အကျိုးကျေးဇူးကို ရရှိသည်ဟု Britich Medical ဂျာနယ်တွင် ဖော်ပြခဲ့သည်။

    လေ့လာသူများကမူ အသက်အရွယ်ကြီးရင့်သူများအတွက် ပြည်သူ့ကျန်းမာရေး ဗျူဟာများနှင့် လှုပ်ရှားမှုများတွင် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို အဓိကထား ဆောင်ရွက်သင့်သည်ဟု ဆိုပြီး၊ ဆရာဝန်များအနေဖြင့် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တားဆီးနိုင်မည့် ကျန်းမာရေးပြဿနာ အမြောက်အများကို အာရုံစိုက်ရမည်ဟုလည်း ပြောကြားခဲ့သည်။

    လေ့လာမှုတွင် အလွန်အမင်း ပြင်းပြန်းထန်ထန် လေ့ကျင့်ခန်းလုပ်သော အဖွဲ့မှာ သေဆုံးမှုအန္တရာယ် ၄၉ ရာခိုင်နှုန်း လျော့ကျစေသည်ကို တွေ့ခဲ့ရသည်။

    “ပျမ်းမျှ အသက် ၇၃ နှစ်ရှိတဲ့ အမျိုးသားတွေတောင်မှ လေ့ကျင့်ခန်းလုပ်မယ်၊ တက်တက်ကြွကြွနေမယ်ဆိုရင် ဘာမှမလုပ်တဲ့သူတွေထက် မျှော်မှန်းသက်တမ်းဟာ ၅ နှစ်လောက် ပိုပါတယ်” ဟု သုတေသနပညာရှင်များက ပြောကြားခဲ့သည်။

    Ref: Telegraph

  • ဗီတာမင် B က အဖြစ်များသော အရေပြားကင်ဆာအန္တရာယ်ကို လျှော့ချနိုင်

    ဗီတာမင် B က အဖြစ်များသော အရေပြားကင်ဆာအန္တရာယ်ကို လျှော့ချနိုင်

    မေ ၁၅၊ ၂၀၁၅
    M-Media

    Vitamins

    – မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုများအရ နေ့စဉ် ဗီတာမင် B ဓာတ် စားသုံးပေးခြင်းဖြင့် အရေပြားကင်ဆာ ဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားသောသူများတွင် ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

    အဆိုပါ လေ့လာမှုကို ဆစ်ဒနီတက္ကသိုလ်မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗီတာမင် B3 ပုံစံတစ်မျိုးဖြစ်သည့် နီကိုတီနာမိုက်က လွန်ခဲသည့် ၅ နှစ်အတွင်း ကင်ဆာရောဂါ အနည်းဆုံး ၂ မျိုး ဖြစ်ပွားခဲ့သည့် သူများတွင် အရေပြားကင်ဆာ ဖြစ်ပွားမှုကို ၂၃ ရာခိုင်နှုန်း လျော့ချပေးနိုင်သည်ကို တွေ့ခဲ့ရသည်။ လေ့လာမှုတွင် လူနာအား တစ်နေ့လျှင် နီကိုတီနာမိုက် တစ်ကြိမ်လျှင် ၁ လုံးဖြင့် ၂ ကြိမ် ကျွေးခဲ့သည်။

    ထိုတွေ့ရှိချက်က အသားဖြူသူများတွင် များသောအားဖြင့် ဖြစ်ပွားလေ့ရှိသော အရေပြားကင်ဆာကို ကုသရာတွင် ကျန်းမာရေးဝန်ထုပ်ဝန်ပိုးနှင့် ကုန်ကျစားရိတ်ကို လျော့ချနိုင်မည့်နည်းလမ်း ဖြစ်လာမည်ဟု American Society of Clinical Oncology အဖွဲ့က ပြောကြားခဲ့သည်။

    အရေပြားကင်ဆာ ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းမှာ နေမှလာသော ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့်ဖြစ်ပြီး ထိုသို့ထိတွေ့မှုကြောင့် ကလပ်စည်း DNA ပျက်ဆီးခြင်း၊ ပုံမှန်မဟုတ်သော ဆဲလ်များကို ဖယ်ရှားရန် အရေပြား၏ ခုခံအားကို ကျဆင်းစေခြင်းတို့ကို ဖြစ်ပေါ်စေသည်။

    အရေပြားကင်ဆာတွင် အမျိုးအစား အမျိုးအမျိုးရှိပြီး အဖြစ်အများဆုံးမှာ basal cell နှင့် squamous cell carcinomas တို့ဖြစ်ကာ နီကိုတီနာမိုက်က အဆိုပါ ကင်ဆာရောဂါ ၂ ခုစလုံး၏ အန္တရာယ်အား လျှော့ချပေးနိုင်သည်ကို တွေ့ရှိခဲ့ရသည်။

    သုတေသနပညာရှင်များကမူ ကင်ဆာရောဂါ ဖြစ်နိုင်ချေအများဆုံးသူမှာ နေရောင်ကာပစ္စည်းများ အသုံးပြုခြင်း၊ အရေပြားအား စောင့်ကြည့်မှုများကို လုပ်ဆောင်ရန် လိုအပ်သည်ဟုဆိုသည်။

    ထို့ပြင် နီကိုတီနာမိုက်ကို မှီဝဲခြင်းမှာ လူတိုင်းအတွက်မဟုတ်ဘဲ အရေပြားကင်ဆာ ဖြစ်နိုင်ချေများသည့် သူများသာ ဆောင်ရွက်ရမည်ဟု ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia