News @ M-Media

Category: ဘာသာပြန်

  • စစ်အစိုးရတို့၏ ထုံးစံအတိုင်း ဇာတိပြလာတဲ့ ထိုင်းအာဏာသိမ်းအစိုးရ

    စစ်အစိုးရတို့၏ ထုံးစံအတိုင်း ဇာတိပြလာတဲ့ ထိုင်းအာဏာသိမ်းအစိုးရ

    စက်တင်ဘာ ၂၉၊ ၂၀၁၆
    M-Media

    thai-2

    – ထိုင်းစစ်အစိုးရမှာ ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးကတည်းက ‘ငြင်းပမ်းနှိပ်စက်မှု ၀ါဒ’ ကို ပေါက်ဖွားစေခဲ့သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Amnesty International က ပြောကြားလိုက်သည်။

    ယမန်နေ့က Make Him Speak by Tomorrow: Torture and Other Ill-Treatment in Thailand (မနက်ဖြန်ပြောအောင်လုပ် – ထိုင်းနိုင်ငံမှ ညှင်းပမ်းမှုနှင့် ဆိုးရွာစွာ ဆက်ဆံမှုများ) ခေါင်းစဉ်ဖြင့် အစီအရင်ခံစာတစ်စောင်ကို Amnesty International အဖွဲ့က ထုတ်ပြန်ခဲ့ပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့၏လက်တွင် ညှင်းပမ်းမှုနှင့် ဆိုးရွားစွာ ဆက်ဆံခံရသည်ဟူသော အဖြစ်အပျက် ၇၄ ခု ပါဝင်ခဲ့သည်။

    ရိုက်နှက်ခြင်း၊ ပလက်စတစ်အိတ်နှင့် အသက်ရှုကြပ်အောင်လုပ်ခြင်း၊ လက် သို့မဟုတ် ကြိုးဖြင့် လည်ပင်းညှစ်ခြင်း၊ ရေနှစ်ခြင်း၊ လိင်အင်္ဂါအား လျှပ်စစ်ဖြင့်လျှော့ရိုက်ခြင်းနှင့် လူ့ဂုဏ်သိက္ခာကို ကျဆင်းစေသည့် အခြားသော ညှင်းပမ်းနှိက်စက်မှုများကို ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

    ထိုင်းအစိုးရကတော့ ထိုကဲ့သို ညှင်းပမ်းမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိဟု ငြင်းဆိုခဲ့သည်။

    “အဲဒီစွပ်စွဲချက်တွေအတွက် ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ဒီလို ညှင်းပမ်းတယ်ဆိုတဲ့ လက္ခဏာမျိုး မတွေ့ရပါဘူး။ ကျွန်တော်လည်း ဒီလက္ခဏာမျိုး မတွေ့သလို၊ ထိုင်းပြည်သူတွေလည်း မတွေ့ပါဘူး” ဟု ၀န်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Sansern Kaewkamnerd က ပြောကြားခဲ့သည်။

    ယမန်နေ့တွင် Amnesty International က ၀န်ထမ်းနှစ်ဦးပါဝင်ကာ အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်၍ ဘန်ကောက်မြို့၌ သတင်းစာရှင်းလင်းပွဲလုပ်ရန် စီစဉ်ခဲ့သော်လည်း ဒေသအာဏာပိုင်များက ပါဝင်သူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်သောကြောင့် ဖျက်သိမ်းခဲ့ရသည်ဟုဆိုသည်။

    ၎င်းတို့အား ဖိအားပေးခဲ့သည့်အုပ်စုက သတင်းစာရှင်းလင်းပွဲတွင် စကားပြောဆိုမည့်သူများမှာ ဥပကြောင်းအရ အရေးယူခြင်း ခံရမည်ဟု သတိပေးခဲ့ကြောင်း Amnesty International ၏ ပြောရေးဆိုခွင့်ရှိသူ အိုမာရ် ၀ါရာအစ်ခ်ျက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    “အဲဒီအခမ်းအနားမှာ Amnesty International က ဘယ်သူမဆို စကားပြောမယ်ဆိုရင် ဒါဟာ ထိုင်းနိုင်ငံရဲ့ အလုပ်သမား ဥပဒေကို ချိုးဖောက်တာဖြစ်မယ်လို့ အာဏာပိုင်တွေက ကျွန်တော်တို့ကို ပြောပါတယ်။ နောက်ထပ်တော့ သူတို့ ဘာမှ မပြောတော့ပါဘူး” ဟု ၀ါရာအစ်ခ်ျက ပြောကြားခဲ့သည်။

    အစိုးရကတော့ သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းမရှိခဲ့။ သို့သော်လည်း သတင်းစာရှင်းလင်းပွဲလုပ်ရန် စီစဉ်ထားသည့် Four Wings ဟိုတယ်တွင် အလုပ်လုပ်ကိုင်သူတစ်ဦးက ထိုအစီအစဉ်ကို ဟန့်တားရန်အတွက် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဟိုတယ်သို့ လာသွားသည်ဟု အတည်ပြုခဲ့သည်။

    အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေးအကြီးဆုံးဖြစ်သော ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ်က အစိုးရကို ဆန့်ကျင်သော ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီး အကြမ်းဖက်မှုကို ဟန့်တားရန်နှင့် တရားဥပဒေ စိုးမိုးစေရန်ဟု ပြောကြားခဲ့သည်။

    အာဏာသိမ်းပြီးကတည်းက အစိုးရအား ဝေဖန်သူများစွာကို စစ်ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အရေအတွက်အတိအကျကို ထုတ်ပြန်ခဲ့ခြင်းမရှိ။

    Amnesty International ကတော့ အာဏာသိမ်းပြီးနောက် ထုတ်ပြန်ခဲ့သော အမိန့်များက ပြည်သူများအား ဖမ်းဆီးကာ အကျဉ်းချထားခွင့်ကို အာဏာပိုင်များ ရရှိစေသည်ဟု ဆိုသည်။

    “သူတို့ကိုယ်ပိုင် ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ထိုင်းစစ်အာဏာရှင်တွေဟာ ညှင်းပမ်းမှုဝါဒကို ပေါက်ဖွားစေခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်သူတွေအတွက် တာဝန်ခံမှုလည်း မရှိဘူး။ ညှင်းပမ်းခံနေရသူတွေအတွက်လည်း တရားမျှတမှု မရှိပါဘူး” ဟု Amnesty International ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး ရာဖန်ဒီ ဒီဂျာမင်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်မတ်လက ထိုင်းစစ်အစိုးရမှာ နိုင်ငံအတွင်း ရာဇ၀တ်မှုများကို နှိမ်နှင်းရန် ရဲတပ်ဖွဲ့ မလုံလောက်ဟု ဆိုကာ စစ်သားများအား ဖမ်းဆီးခွင့် ထိန်းသိမ်းခွင့် ပေးခဲ့သည်။

    ၂၀၁၅ ခုနှစ်ကတည်းက ထုတ်ပြန်ခဲ့သည့် မာရှယ်လော၊ စစ်တပ်အား မာရှယ်လောတွင် ရရှိသည့် အာဏာများကို ပေးထားသည့် ယာယီဖွဲ့စည်းပုံမှ ပုဒ်မ ၄၄ တို့အပါဝင် အချို့သော ဥပဒေရေးရာ ပြဌာန်းချက်များကလည်း ထိုကဲ့သို့ ညှင်းပမ်းနှိပ်စက်မှု လမ်းစဉ်ကို အားပေးအားမြှောက်ပြုရာ ရောက်နေသည်။ ဝေဖန်သူများက ပုဒ်မ ၄၄ ကို အာဏာရှင်ဥပဒေဟု သမုတ်ခဲ့သည်။

    ထိုင်းလုံခြုံရေးတပ်ဖွဲ့များမှာ ဒုက္ခသည်များ၊ မူးယစ်ဆေးသုံးစွဲသည်ဟု ယူဆရသူများ၊ တိုင်းရင်းသားလူနည်းစုများနှင့် အခြားသူများအပေါ် ညှင်းပမ်းမှု၊ ဆိုးရွားစွာ ဆက်ဆံမှုရှိသည်ဟုလည်း Amnesty International က ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    စစ်တပ်၏ အာဏာကို တိုးချဲ့ပြီး တိုင်းပြည်အတွင်း စိတ်ဝမ်းကွဲမှုများ ဖြစ်စေနိုင်သည်ဟု အတိုက်အခံများက စွပ်စွဲထားသော စစ်တပ်ကျောထောက်နောက်ခံပြု ဖွဲ့စည်းပုံကို သြဂုတ်လကတွင် ပြည်သူ့ဆန္ဒခံယူကာ အတည်ပြုခဲ့သည်။

    ထိုကဲ့သို့ အတည်ပြုခဲ့မှုကြောင့် စစ်အစိုးရက ကတိပြုထားသကဲ့သို့ ၂၀၁၇ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရေးအတွက် လမ်းပွင့်သွားခဲ့သည်။ သို့သော်လည်း ထိုဖွဲ့စည်းပုံကြောင့် နောင်တက်လာမည့် အစိုးရမှာလည်း စစ်နစ်စစ်ဟန်အတိုင်း အုပ်ချုပ်ရပေလိမ့်မည်။

    စစ်အစိုးရခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကတော့ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုအတွက် မကြာခဏ ကာကွယ်ပြောကြားခဲ့ပြီး နိုင်ငံရေးမတည်ငြိမ်မှုများ အချိန်အတော်ကြာ ဖြစ်ပွားခဲ့သည့် တိုင်းပြည်ကို တည်ငြိမ်ရန်အတွက် လိုအပ်သည့် အာဏာသိမ်းမှုဖြစ်သည်ဟု ဆိုလေသည်။

    Ref: Aljazeera

  • အာဖရိကမှာ လူမျိုးရေးခွဲခြားသူအဖြစ် ရှုမြင်ခံရတဲ့ မဟတ္တမ ဂန္ဒီ

    အာဖရိကမှာ လူမျိုးရေးခွဲခြားသူအဖြစ် ရှုမြင်ခံရတဲ့ မဟတ္တမ ဂန္ဒီ

    စက်တင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    gd

    – ဂါနာနိုင်ငံရှိ Ghana တက္ကသိုလ်တွင် ထားရှိသော အကြမ်းမဖက် ငြိမ်းချမ်းရေးသမား မဟတ္တမ ဂန္ဓီ၏ ရုပ်ထုကို ဖယ်ရှားရန် ဂါနာ ပညာရှင်များ၊ ကျောင်းသားများ၊ အနုပညာရှင်များက ဆော်သြနေကြပြီး အိန္ဒိယ၏ လွတ်လပ်ရေးလှုပ်ရှားမှုခေါင်းဆောင်ကြီးမှာ လူနည်းစုများအပေါ် လူမျိုးရေးခွဲခြားသူတစ်ဦးအဖြစ် သမုတ်ခံရသည်။

    (၁၈၉၃ ခုနှစ်မှ ၁၉၁၄ ခုနှစ်အထိ) တောင်အာဖရိကတွင် ၂၁ နှစ်ကြာ နေထိုင်ခဲ့ပြီး ထိုဒေသတွင်နေထိုင်သည့် အိန္ဒိယပြည်သူများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် ဂန္ဒီ၏ ရုပ်ထုကို အိန္ဒိယသမ္မတ ပရာနဘ် မူခါဂျီ ဂါနာသို့လာရောက်စဉ် ပြီးခဲ့သည့် ဇွန်လက ထိုတက္ကသိုလ်ဝင်းအတွင်း ထားရှိခဲ့ခြင်းဖြစ်သည်။

    အွန်လိုင်းမှ ဖြန့်ဝေနေသည့် တိုက်တွန်းစာတစ်စောင်တွင် Ghana တက္ကသိုလ်ရှိ ပါမောက္ခများက ဂန္ဒီကြီး တောင်အာဖရိကတွင်ရှိနေစဉ် ရေးသားခဲ့သော စာများကို ထောက်ပြ၍ ၎င်းမှာ ‘လူမျိုးရေးခွဲခြားမှု အမှတ်သညာ’ ဟု စွပ်စွဲကြသည်။

    အိန္ဒိယသားများကို လူမည်းအာဖရိကန်များထက် ပိုမိုသာမြတ်သည်ဟု သဘောသက်ရောက်သည့် ရေးသားမှုများ၊ လူမည်းများကို ခွဲခြားနှိမ့်ချသည့် အခေါ်အဝေါ်ဖြစ်သော Kaffir ဟု သုံးစွဲမှုများကို ၎င်းတို့က အထောက်အထားပေးကြသည်။

    ၎င်းတို့၏ တိုက်တွန်းစာတွင် ထုတ်နှုတ်ပြထားသည့် ဂန္ဒီ၏ ရေးသားမှုမှာ အောက်ပါအတိုင်းဖြစ်သည်။

    “ဥရောပသားတွေကို ငါတို့အပေါ်မှာ သတ်မှတ်ဖို့ကြိုစားနေတဲ့ နှိမ့်ချမှုကို ငါတို့က ဆက်လက်တွန်းလှန်နေရသူတွေ ဖြစ်တယ်။ အဲဒီဥရောပသားတွေက အမဲလိုက်ပြီး မိန်းမတင်တောင်းဖို့ ရည်ရွယ်ချက်နဲ့ ကျွဲနွားတွေ စုဆောင်းကာ သူတို့ရဲ့ ဘ၀တွေကို အပြင်းထူထူ၊ ၀တ်လစ်စလစ် ကုန်ဆုံးတတ်တဲ့ အရိုင်းအစိုင်း ကက်ဖ်ဖီရ် (Kaffir) တွေလို အဆင့်မျိုးမှာ ငါတို့ကို ထားချင်နေတာ”

    တောင်အာဖရိကမှ ဆန့်ကျင်ဆန္ဒပြမှု

    ၁၈၆၉ ခုနှစ်တွင် မွေးဖွားခဲ့သည့် မိုဟန်ဒက်ဇ် ကာရမ်ချန် ဂန္ဒီမှာ ၎င်း၏ အကြမ်းမဖက်ခုခံရေး သဘောတရားကြောင့် နိုင်ငံတကာတွင် လူသိများပြီး၊ ဗြိတိသျှအုပ်ချုပ်မှုလက်အောက်တွင် နှစ် ၂၀၀ ကျော်နေခဲ့ရသည့် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးအတွက်လည်း ရှေ့တန်းမှ ပါဝင်ခဲ့သူဖြစ်သည်။

    သန်းပေါင်းများစွာသော အိန္ဒိယပြည်သူများကတော့ ၁၉၄၈ ခုနှစ်တွင် လုပ်ကြံခံခဲ့ရသည့် ၎င်းအား မဟတ္တမ (ကြီးကျယ်မြင့်မြတ်သူ) ဟု ခေါ်ဆိုကြပြီး ငြိမ်းချမ်းရေးဖြင့် နိုင်ငံရေး၊ လူမှုရေးကိစ္စများကို ဖြေရှင်းနိုင်ခဲ့သူ ခေါင်ဆောင်ကြီးအဖြစ် မှတ်ယူကြသည်။

    သို့ရာတွင် ဂါနာတွင် ဂန္ဒီ၏ရုပ်ထိုကို ဖြုတ်ချရန် တိုက်တွန်းခဲ့သူများကတော့ ဂန္ဒီအား ထိုသို့ အသိအမှတ်မပြုဘဲ၊ တောင်အာဖရိက၌ ရှိနေစဉ် ဗြိတိသျှနယ်ချဲ့များ၏ ဘက်တော်သားအဖြစ် လူမည်းများ၏ အကျိုးစီးပွားကို အရေးမစိုက်ဟု စွပ်စွဲခဲ့သည်။

    “ကျွန်တော်တို့တက္ကသိုလ်မှာ ရုပ်ထုကြီးထုပြီး သူတို့ ဂုဏ်ပြုထားတာ မြင်နေရရင် ဂန္ဒီဟာ လူမည်းမျိုးနွယ်အပေါ်မှာ မမျှတတဲ့ သဘောထားမျိုး ရှိတယ်ဆိုတာကို သမိုင်းပညာရှင်တွေက ဘယ်လိုလုပ်သင်မလဲ။ ရှင်းပြမလဲ” ဟု Ghana တက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သူ အပီယဂ်ျယီ-အတူဝါက ဂန္ဒီရုပ်ထုဖယ်ရှားရေး လှုံ့ဆော်စာတွင် ရေးသားခဲ့ပြီး အခြား ထင်ရှားသူ ၄ ဦးကလည်း ထိုစာတွင် လက်မှတ်ရေးထိုးခဲ့သည်။

    တောင်အာဖရိကတွင် ဂန္ဒီ၏သမိုင်းက မကြာခဏ မေးခွန်းထုတ်ခံရသည်။

    ပြီးခဲ့သည့်နှစ်က #GandhiMustFall ဟူသည့်ခေါင်းစဉ်ဖြင့် ဂန္ဒီဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ရာ တောင်အာဖရိကပြည်သူများ၏ ထောက်ခံမှု ရရှိခဲ့ပြီး “လူမျိုးရေးခွဲခြားသူ ဂန္ဒီ ကျဆုံးပါစေ” ဟူသော ပိုစတာများကိုကိုင်ကာ ပြုလုပ်သည့် ဆန္ဒပြတွင် ပါဝင်သူများက ဂျိုဟန်နစ္စဘတ်ရှိ ၎င်း၏ ရုပ်ထုကို ခဲများဖြင့် ထုခဲ့ကြသည်။

    မဟတ္တမဂန္ဒီ၏ မြေးတော်စပ်ပြီး တာင်အာဖရိက အာဏာရပါတီ African National Congress ကိုယ်စားပြု လွှတ်တော်အမတ်ဟောင်းလည်းဖြစ်သည့် အီလာဂန္ဒီက သူမ၏အဖိုးဖြစ်သူ သုံးနှုန်းခဲ့သည့် ‘kaffir’ ဟူသော စကားလုံးမှာ ယခုခေတ်တွင် အလွန်စော်ကားသည့် စကားလုံးဖြစ်သော်လည်း ထိုစဉ်အချိန်က ကြမ်းတမ်းသော သို့မဟုတ် နှိမ့်ချလိုသော သဘောမျိုး မရှိဘဲ ဂန္ဒီမှာ ထိုစကားလုံးဖြင့် အာဖရိကပြည်သူများအား ရိုင်းစိုင်းသူ၊ အိန္ဒိယပြည်သူများထက် နိမ့်ကျသူအဖြစ် ရည်ညွှန်း သည်ဟု လိုရာစွဲပြော၍မရဟုလည်း ပြောကြားခဲ့သည်။

    “ကိုယ် ဂုဏ်တက်ဖို့အတွက် အခြားသူတွေကို ဘာ့ကြောင့် ဝေဖန်ပုတ်ခတ်နေတာလဲဆိုတာကို ကျွန်မတို့ မေးရမယ်ရှင့်။ ဒီလိုဝေဖန်ပုတ်ခတ်မှုတွေဟာ အခြေအမြစ်မရှိပါဘူး။ သူ့ရဲ့ နောက်ပိုင်းဘ၀မှာ ဂန္ဒီ ဖြန့်ဖြူးခဲ့တဲ့ အယူအဆတွေက ဇာတ်၊ အဆင့်အတန်း၊ လူမျိုး စတာတွေအားလုံးကို လေးစားဖို့ပါ” ဟု အီလာက ပြောကြားခဲ့ပြီး ဂန္ဒီအား ဆန့်ကျသူများ၏ စွပ်စွဲမှုများနှင့် ‘လုံးဝ ဆန့်ကျင်ဖက်’ ဖြစ်နေသည့် ဂန္ဒီ၏ ‘အခြားသဘောထား အမြောက်အများ’ ရှိနေသည်ဟုလည်း ဆိုသည်။

    “သူတို့က သူ့ရဲ့ရုပ်ထု မရှိချင်ဘူးဆိုရင် နည်းလမ်းပေါင်းစုံသုံးပြီး ဖယ်ရှားပါ။ ဒါပေမယ့် အကြမ်းမဖက်ရေးအယူဆ၊ ချစ်ခြင်းမေတ္တာ၊ လူသားချင်းစာနာထောက်ထားမှု၊ လူသားတွေ၊ သဘာဝတရားတွေ၊ စင်္ကြာဝဠာကြီးတစ်ခုလုံးအပေါ် လေးစားတန်ဖိုးထားမှုတွေကိုတော့ မဖယ်ရှားဖို့ ကျွန်မ ရိုးသားစွာ တောင်းဆိုပါရစေ။ ဘာ့ကြောင့်လည်းဆိုတော့ ဒါတွေဟာ ဂန္ဒီကြီး မားမားမတ်မတ် ရပ်တည်ခဲ့တဲ့၊ အသက်ပေးခဲ့ရတဲ့ သဘေားထားအယူအဆတွေ ဖြစ်လို့ပါပဲ”

    မငြင်းနိုင်သည့် အမှန်တရား

    ‘တောင်အာဖရိက ဟိန္ဒူ မဟာ ဆဘ်ဟာ’ အသင်း၏ ဥက္ကဌဖြစ်သူ အက်ရှ်ဝင် တရီကမ်ဂျီက ဂန္ဒီအပေါ် လူမျိုးရေးခွဲခြားမှု စွပ်စွဲချက်များမှာ ယခုမှ ဖြစ်လာခဲ့ခြင်းမဟုတ်ဟု ဆိုသည်။

    “ဒီလိုစွပ်စွဲမှုတွေကို ကျွန်တော်တို့ အရင်ကလည်း ကြားဖူးပါတယ်။ သိသာထင်ရှားတာတစ်ခုက ဂန္ဒီကြီးဟာ တောင်အာဖရိက က လူမည်းတွေနဲ့အတူ နေထိုင်ဖို့နဲ့ လူဖြူလူမည်းခွဲခြားမှုကို အထူတကွ တွန်းလှန်ဖို့ ရွေးချယ်ခဲ့တာပါပဲ။ သူဟာ တောင်အာဖရိကသားတွေအားလုံးရဲ့ လေးစားမှုကို ရရှိခဲ့ပြီး အထူးသဖြင့် (ယခင်) သမ္မတဟောင်း နဲလ်ဆင် မင်ဒဲလားနဲ့ အာဖရိကအမျိုးသားကွန်ဂရက် ပါတီ ANC ရဲ့ ချီးမွမ်းထောပနာပြုမှုကို အထူး ရရှိခဲ့ပါတယ်” ဟု တရီကမ်ဂျီက ပြောကြားခဲ့သည်။

    ဒါဘန်မြို့ရှိ လမ်းတစ်ခုအား ၎င်း၏အမည် ပေးထားမှုကို ထောက်ပြ၍ ဂန္ဒီမှာ ‘တောင်အာဖရိကနိုင်ငံသား အားလုံး၏ လေးစားအားကျဖွယ် အမှတ်သညာ’ ဖြစ်ပြီး ‘ဂန္ဒီ၏ အကြမ်းမဖက်မှု သဘောတရားမှာ တောင်အာဖရိကတွင် အမှန်တကယ်ကြီးမားသည့် သက်ရောက်မှု ရှိခဲ့ကာ လူဖြူလူမည်း ခွဲခြားမှုကို ဆန့်ကျင်ရာတွင် တွန်းအားဖြစ်စေခဲ့သည်’ ဟုလည်း တရီကမ်ဂျီက ပြောကြားခဲ့သည်။

    ဂျိုဟန်နစ္စဘတ် တက္ကသိုလ်မှ လူမှုဗေဒ ပါမောက္ခဖြစ်ပြီး The South African Gandhi : Stretcher-Bearer of Empire စာအုပ်ကို ပူးတွဲရေးသားသူ အက်ရှ်ဝင် ဒီစိုင်းက အာဖရိကပြည်သူများက ၎င်းတို့အား ခွဲခြားဆက်ဆံမှု၊ ကျွန်ကဲ့သို့ အခြေအနေမျိုးဖြင့် မိုင်းတွင်းများတွင် အလုပ်လုပ်ရမှုတို့ကို တွန်းလှန်ခဲ့ရသည့် ရှည်လျားသော သမိုင်းကြောင်းကို ဂန္ဒီက မည်သည့်အခါကမှ အသိအမှတ်မပြုခဲ့ဟု ဆိုသည်။

    “ဂန္ဓီကို ဂုဏ်တင်ပြီး ကမ္ဘာလုံးဆိုင်ရာလူသား၊ တောင်အာဖရိကရဲ့ ပထမဆုံးနဲ့ အစောဆုံး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူအဖြစ် ဖော်ပြချင်ကြတဲ့ သမိုင်းပညာရှင်တွေ ရှိနေပြီး ဒါတွေဟာ မှားယွင်းတဲ့ ဖော်ပြမှုပါပဲ” ဟု အက်ရှ်ဝင် ဒီစိုင်းက ပြောကြားခဲ့ပြီး ဂန္ဒီမှာ လူမည်းများအပေါ် လူမျိုးရေးခွဲခြားသည့် အမြင်များ ရှိခဲ့သည်ဆိုသည့် သမိုင်းမှတ်တမ်း မြောက်များစွာ ရှိသည်ဟု ပြောကြားခဲ့သည်။

    “သိပ်အမွှမ်းတင်လွန်တာတွေကို ရင်ဆိုင်ဖြေရှင်းရပါမယ်။ တောင်အာဖရိက ဂန္ဒီနဲ့ပတ်သက်တဲ့ အမှန်တရားကတော့ သိပ်ကျေနပ်စရာ ဖြစ်မှာ မဟုတ်ပါဘူး။ ဂန္ဒီရဲ့ ရုပ်ထုကို ဖယ်ရှားချင်တဲ့ သူတွေအနေနဲ့ တောင်အာဖရိကမှာ အာဖရိကန်တွေရဲ့ရုန်းကန်ခဲ့ရမှုတွေအပေါ် အလေးမထားတဲ့ လူတစ်ယောက်ရဲ့ ရုပ်ထုကို ဖယ်ရှားဖို့ဆိုတဲ့ ပုံးစံမျိုးနဲ့သာ အာရုံစိုက် လုပ်ဆောခဲ့ပါတယ်”

    ဂုဏ်ပြုရမည့် အာဖရိက သူရဲကောင်းများ

    ဂန္ဒီ၏ရုပ်ထုအား ဖယ်ရှားရန် ရည်ရွယ်၍ #GandhiForComeDown အမည်ဖြင့် ဂါနာနိုင်ငံတွင် ပြုလုပ်နေသည့် အွန်လိုင်း လှုပ်ရှားမှုမှာ ပြီးခဲ့သည့်နှစ်က တောင်အာဖရိကနိုင်ငံတွင် ‘ရိုဒက်င်္ဇ ကျဆုံးရမည်’ (Rhodes Must Fall) ဟူသည့် လှုပ်ရှားမှုနှင့် နှိုင်းယှဉ် ဖော်ပြခံရသည်။

    တောင်အာဖရိကတွင် ပြုလုပ်ခဲ့သည့် အဆိုပါ လှုပ်ရှားမှုမှာ ဗြိတိသျှ နယ်ချဲ့သမားနှင့် လူမျိုးကြီးဝါဒီ စီစီလ် ရိုဒက်ဇ်အား ဂုဏ်ပြု၍ Cape Town တက္ကသိုလ်တွင် ထုတ်လုပ်ထားသည့် ရုပ်ထုအား ဖယ်ရှားရန်ဖြစ်သည်။

    ယခုတစ်ပတ် အစောပိုင်းမှာပင် ဂန္ဒီရုပ်ထုအား ဖယ်ရှားရေး တောင်းဆိုစာတွင် လက်မှတ်ပေါင်း ၁၀၃၀ ရရှိခဲ့ပြီး ထိုလှုပ်ရှားမှုကို စီစဉ်သူများကမူ လူမျိုးရေးခွဲခြားသူများ၏ ရုပ်ထုများကို ကမ္ဘာတစ်ဝှမ်းမှ တက္ကသိုလ်များက ဖယ်ရှားမှုများကို ထောက်ပြ၍ Ghana တက္ကသိုလ်ရှိ ဂန္ဒီရုပ်ထုအား ဖယ်ရှားရန် ပညာရေးအာဏာပိုင်းများအား တိုက်တွန်းခဲ့သည်။

    “မကြာခင်မှာပဲ ဒီရုပ်ထုကို ဖယ်ရှားပြီး ဖြစ်မှာပါ” ဟု Ghana တက္ကသိုလ်ရှိ အာဖရိကရေးရာ လေ့လာရေးဌာနမှ သုတေသန ပညာရှင်တစ်ဦးဖြစ်သူ အိုဘာဒီလီ ကမ်ဘွန်က ၎င်းတို့၏ လှုပ်ရှားမှု ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

    “နောက်ပိုင်းမှာတော့ ကျွန်တော်တို့ဟာ အာဖရိကန်/လူနည်းတွေရဲ့ ဂုဏ်သိက္ခာအတွက် ကမ္ဘာတစ်ဝှမ်း ဆက်စက်လှုပ်ရှားမှုပေါင်းများစွာနဲ့ ဆက်သွယ်လုပ်ကိုင်ချင်ကြောင်း ကျွန်တ်ာတို့ ပြသသွားမှာပါ” ဟု အွန်လိုင်းတွင် လူမည်းအရေး ဆောင်ရွက်မှုများဖြစ်သော #RhodesMustFall၊ #BlackLivesMatter၊ #ICantBreathe နှင့် #ColinKaepernick လှုပ်ရှားမှုများကို ရည်ညွှန်း၍ ဒီစိုင်းက ပြောကြားခဲ့သည်။

    ဂန္ဒိ၏ရုပ်ထုကို တက္ကသိုလ်ဝင်းအတွင်းမှ ဖယ်ရှားချင်သူများက ထိုရုပ်ထု၏နေရာတွင် အာဖရိက သူရဲကောင်း အမျိုးသားများ၊ အမျိုးသမီးများကို အစားထိုးရန် တိုက်တွန်းနေကြသည်။

    “ကျွန်တော်တို့ သူရဲကောင်းတွေ ရုပ်ထုကို မထားဘဲနဲ့ တစ်ခြားလူမျိုးရဲ့ သူရဲကောင်းရုပ်ထုကို ဘာ့ကြောင့် ကျွန်တော်တို့ထားရမှာလဲ။ ဒီလိုထားတာမျိုးဟာ ကိုယ်ပိုင်အုပ်ချုပ်မှု၊ အသိအမှတ်ပြုမှု၊ လေစားမှုတွေရရှိဖို့ ကျွန်တော်တို့ရဲ့ ရုန်းကန်ကြိုးစားခဲ့ရတာကို သဲထဲရေသွန်သလို လုပ်ပစ်လိုက်တာပါပဲ” ဟု ဂန္ဒီရုပ်ထုဖယ်ရှားရေး လက်မှတ်ရေးထိုးသူတစ်ဦးက ပြောကြားခဲ့လေသည်။

    Ref: Aljazeera

    (Aljazeera ၏ Ghana: Call to remove Gandhi statue over ‘racist views’ ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင်
    ဘာသာပြန်ဆိုသည်။)

  • ခွဲခြားမှု၊ အစွန်းရောက်မှုတွေနဲ့ ငြိမ်းချမ်းရေး အလှမ်းဝေးနေသေးတဲ့ အာဖဂန်နစ္စတန်

    ခွဲခြားမှု၊ အစွန်းရောက်မှုတွေနဲ့ ငြိမ်းချမ်းရေး အလှမ်းဝေးနေသေးတဲ့ အာဖဂန်နစ္စတန်

    ဇွန် ၂၄၊ ၂၀၁၆
    M-Media

    afghan

    – မြို့တော် ကဘူးလ်မှာ စနေနေ့ကပြုလုပ်ခဲ့တဲ့ ချီတက်ဆန္ဒပြပွဲတစ်ခုမှာ အသေခံဗုံးခွဲမှု ၂ ခုကြောင့် လူပေါင်း ၈၀ သေဆုံးခဲ့ပြီး ၂၃၀ ဒဏ်ရာရရှိခဲ့တဲ့အတွက် အာဖဂန်နစ္စတန်က နိုင်ငံတော်ဝမ်းနယ်ဖွယ်နေ့အဖြစ် ကြေငြာလိုက်ပါတယ်။

    ရုပ်မြင်သံကြားကနေပြုလုပ်တဲ့မိန့်ခွန်းမှာ အာဖဂန်သမ္မတ အရှ်ရက်ဖ် ဂါနီက အဲဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို အပြစ်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    “အပြစ်ရှိသူတွေအားလုံးကို ကျွန်တော် လက်စားချေသွားမှာပါ” လို့ ဒီနေ့မှာ ပြုလုပ်တဲ့ နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့ ကြေငြာမှုမှာ ဂါနီက ပြောကြားခဲ့ပါတယ်။

    အာဖဂန်ဆိုင်ရာ ကုလသံအမတ် တာဒါမီချီ ယာမာမိုတိုကတော့ ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး စစ်ရာဇ၀တ်မှုဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်ကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုမှာ ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

    အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနက နောက်ထပ် ၁၀ ရက်အတွင်း လူစုလူဝေးတွေ မပြုလုပ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီ စနေနေ့တိုက်ခိုက်မှုဟာ နိုင်ငံရဲ့ ဓာတ်အားလိုင်းအသစ်က သူတို့နေထိုင်ရာ ပြည်နယ်တွေကို ကျော်သွားတာကို မကျေနပ်တဲ့အတွက် ထောင်ပေါင်းများစွာသော ဟာဇာရာလူနည်းစုတွေရဲ့ ဆန္ဒပြမှုအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

    “IS အဖွဲ့က တိုက်ခိုက်ရေးသမား ၂ ယောက်ဟာ အာဖဂန်နစ္စတန်က ကဘူးလ်မြို့မှာ ပြုလုပ်တဲ့ ရှီယိုက်တွေရဲ့ ဆန္ဒပြမှုအတွင်းမှာ အသေခံဗုံးခွဲခဲ့ပါတယ်” လို့ IS နဲ့ ဆက်နွယ်နေတဲ့ ၀ဘ်ဆိုက် Amaq မှာ ဖော်ပြထားပါတယ်။

    အာဖဂန်ရဲ့ အဓိကထောက်လှမ်းရေး အေဂျင်စီဖြစ်တဲ့ NDS က တာဝန်ရှိသူတွေကတော့ ဒီတိုကခိုက်မှုဟာ နန်ဂါဟာပြည်နယ် အာချင်ခရိုင်အခြေစိုက်တဲ့ အဘူအလီလို့ခေါ်တဲ့လူက IS အဖွဲ့ဝင် တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သူ ပြုလုပ်တာဖြစ်ပြီး ဗုံးခွဲသမား ၃ ဦး ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အခင်းဖြစ်ပွားပြီးပြီးချင်း အရေးပေါ်ကားတွေ အခင်းဖြစ်ရာနေရာကို အလျင်အမြန်သွားရောက်ခဲ့ပြီး အာဏာပိုင်တွေက လမ်းဆုံတွေကို ပိတ်ခဲ့ကာ ဆန္ဒပြမှုတွေကို ထိန်းချုပ်ဖို့အတွက် ကွန်တိန်နာတွေကိုလည်း လမ်းခွတွေမှာ ချထားခဲ့ပါတယ်။

    “ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာနဲ့ မီတာအနည်းအငယ်အကွာက လူအုပ်ကြီးထဲမှာ ကျွန်တော် ရှိနေတာပါ။ တော်တော်အသံကျယ်ပြီး ကျွန်တော်လည်း တော်တော်လေး တုန်လှုပ်ခဲ့ပါတယ်။ အဲဒီနေရာမှာ အလောင်းတွေ ပြန့်ကျဲတာကိုလည်း ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒီနိုင်ငံမှာ လူ့အသက်တွေက တန်ဖိုးမရှိတော့ဘူးလားဗျာ” လို့ ဆန္ဒပြမှုမှာ ပါဝင်ခဲ့သူ မဟ်ဒီအလီက ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုအတွင်းမှာ သူငယ်ချင်းဖြစ်သူ ဆုံးရှုံးခဲ့ရတဲ့ ဆန္ဒပြသူတစ်ဦးကတော့ မိမိတို့အနေနဲ့ အစိုးရအပေါ်မှာ မျှော်လင့်ချက်တွေ ဆုံးရှုံးလာခဲ့ပြီး ဒီထိခိုက်ခံစားရမှုကနေ ပြန်လည်နလန်ထူလာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    “ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အခွင့်အရေးကို ငြိမ်းချမ်းစွာ တောင်းဆိုကြသူတွေပါ။ ကျွန်တော်တို့ ဘယ်သူ့ကို နာကျင်စေခဲ့လို့လဲဗျာ။ ကျွန်တော့်သူငယ်ချင်းကို ဘာ့ကြောင့် ဆုံးရှုံးခဲ့ရတာလဲ။ သူ အသက်ပေးရတာ ထိုက်တန်ရဲ့လား။ ကျွန်တော်တို့ တော်တော်လေး တုန်လှုပ်မိပါတယ်” လို့ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ဇာဖာရ်က ဆိုပါတယ်။

    စနေနေ့ကဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ နှစ်ငယ်အနည်းငယ်အတွင်း ကဘူးလ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်ခိုက်မှုတွေထဲမှာ အဆိုးဆုံးလည်းဖြစ်ပါတယ်။ အရင်က IS ဟာ အာဖဂန်နိုင်ငံအရှေ့ပိုင်းမှာသာ အသေခံတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး အခု ကဘူးလ်ကိုတိုက်ခိုက်မှုဟာ သူတို့အဖွဲ့ရဲ့ လုပ်နိုင်စွမ်းကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

    တာလီဘန်ကတော့ ဒီတိုက်ခိုက်မှုမှာပါဝင်မှုမရှိဘူးလို့ ငြင်းဆိုခဲ့ပြီး ဒါဟာ ပြည်တွင်းစစ်မီးမွှေးဖို့အတွက် လုပ်ကြံမှုတစ်ခုသာဖြစ်တယ်လို့ ကြေငြာချက်မှာ ဖ်ာပြထားပါတယ်။

    ပါရှန်စကားပြောတဲ့ ဟာဇာရာလူမျိးတွေဟာ အာဖဂန်လူဦးရေရဲ့ ၉ ရာခိုင်နှုန်းရှိပြီး နိုင်ငံရဲ့ တတိယအများဆုံး လူနည်းစုဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ခွဲခြားဆက်ဆံမှုကို အချိန်အတော်ကြာ ခံစားခဲ့ရပြီး တာလီဘန်အစိုးရလက်ထက်မှာ ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရပါတယ်။

    အလယ်အာရှနိုင်ငံတွေဖြစ်တဲ့ တာ့ခ်မန်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ကို ဆက်သွယ်မယ့် ၅၀၀ ကီလိုဗိုလ် TUTAP ဓာတ်အားလိုင်းစီမံကိန်းဟာ စောစောပိုင်းက နိုင်ငံအလယ်ပိုင်း နန်ဂါဟာပြည်နယ်ကို ဖြတ်သန်းဖို့ သတ်မှတ်ထားတာပါ။

    ဒါပေမယ့် ဒီလမ်းကြောင်းကို အာဖဂန်အစိုးရက ပြောင်းလဲခဲ့ပြီး ကာဘူးလ်မြောက်ဘက် တောင်တန်းများထူထပ်ရာ ဒေသကနေတစ်ဆင့် သွယ်တန်းဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ အစိုးရက ဒီလို လမ်းကြောင်းတိုအောင် ဆောင်ရွက်မှုဟာ စီမံကိန်းကို ပိုမိုမြန်ဆန်စေပြီး ဒေါ်လာသန်းပေါင်းများစွာ သက်သာစေမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဟာဇာရာလူမျိုးစုခေါင်းဆောင်တွေကတော့ အစိုးရရဲ့ ဒီအစီအစဉ်ကို ရှုတ်ချခဲ့ပြီး မိမိတို့လူ့အဖွဲ့အစည်းကို ဘေးဖယ်ထုတ်လိုတဲ့ ဆောင်ရွက်မှုသာဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

    Ref: Aljazeera

    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် Afghanistan mourns protest blast victims ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ရင်ကြားစေ့ရန် လိုအပ်နေသည့် သူရဲသမိန်ကျေးရွာ

    လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ရင်ကြားစေ့ရန် လိုအပ်နေသည့် သူရဲသမိန်ကျေးရွာ

    ဇွန် ၃၀၊ ၂၀၁၆
    M-Media

    thuye
    တိုက်ခိုက်မှုဖြစ်ပြီးနောက် လုံခြုံရေးယူထားသည့် ရဲများ

    – ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ သူရဲသမိန်ကျေးရွာတွင် မွတ်စလင်ရွာသားတစ်ဦး၏ နေအိမ်တွင်းသို့ ၀င်ရောက်လုယက်ခြင်း၊ ဗလီဝတ်ကျောင်းတော်တစ်လုံးအား ဖျက်ဆီးခြင်း၊ အမျိုးသားတစ်ဦးအား လက်ရောက်ကျူးလွန်ခြင်းတို့ ဖြစ်ပွားပြီး တစ်ပတ်ကြာသည်အထိ ရဲတပ်ဖွဲ့က သံသယရှိသူများအား ရှာဖွေဖမ်းဆီးမှုများ မလုပ်သေး။

    ဝေါမြို့နယ်ရှိ အစိုးရတာဝန်ရှိသူများကလည်း မိမိတို့အနေဖြင့် စုံစမ်စစ်ဆေးမှုများ မပြုလုပ်ရသေးဟု Myanmar Times သို့ အတည်ပြုပြောကြားခဲ့သည်။ ထိုကဲ့သို့ အရေးယူဆောင်ရွက်မှု မရှိခြင်းက အထက်အာဏာပိုင်များမှ တိုက်ရိုက်ညွှန်ကြားချက် ဖြစ်ပုံရသည်။

    “တစ်ကယ်လို့ ကျွန်တော်တို့ အခုအချိန်မှာ အရေးယူလိုက်မယ်ဆိုရင် ပြဿနာကို ရပ်တန့်လို့ရမှာ မဟုတ်ဘဲ၊ အခြေအနေက ပိုဆိုးသွားနိုင်ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်းက ပြောကြားခဲ့သည်။

    မိမိတို့အား စော်ကားနှိမ့်ချသည်ဟု မွတ်စလင်များက မှတ်ယူသည့် ရန်လိုသော Facebook ပို့စ်တစ်ခုက ပြဿနာ၏ အစဖြစ်သည်ဆိုသည့်အချက်ကို သူရဲသမိန်ရွာရှိ လူတိုင်းက လက်ခံကြသည်။ သို့သော်လည်း တိုက်ခိုက်မှု၏ ကြီးကျယ်မှု၊ ရွာအပေါ် ရိုက်ခတ်မှုနှင့်ပတ်သက်၍တော့ အမြင်များ ကွဲပြားနေကြသည်။

    နောက်ထပ် ထိုကဲ့သို့ တိုက်ခိုက်မှုဖြစ်မည်ကို ကြောက်ရွံ့ခြင်း၊ အကြမ်းဖက်မှု ထပ်ဖြစ်မည်ဟု ကောလဟာလများ ထွက်ပေါ်နေခြင်းတို့ကြောင့် မွတ်စလင်ရွာသားများမှာ အခြားနေရာများတွင် သွားရောက်ခိုလှုံနေရလေသည်။

    လူဦးရေ ၁၅၀၀ ကျော်ရှိသည့် အဆိုပါ ရွာကြီးတွင် မွတ်စလင်အရေအတွက်က ၂၆၈ ဦးရှိသည်။ ၎င်းတို့ထဲမှ ၂၀၀ က တိုက်ခိုက်ခံရမည်ကို စိုးရိမ်သည့်အတွက် အခြားရွာများရှိ ဆွေမျိုးများထံတွင် သွားရောက်ခိုလှုံနေကြသည်။ ရွာခံ ရှေ့ဆောင်အီမာမ်တစ်ဦးက ရမ်ဇာန်ဥပုသ်လ၏ ကျန်ရှိသည့်ရက်များအတွက် ၎င်းတို့တွင် ၀တ်ပြုရာနေရာ မရှိတော့ဟု ဖွင့်ဟ ပြောကြားခဲ့သည်။

    သို့သော်လည်း အချို့သော ဗုဒ္ဓဘာသာဝင်အိမ်နီးချင်းများကတော့ ထိုတိုက်ခိုက်မှုက အဘယ့်ကြောင့် ဆိုးဝါးသည့် ကိစ္စတစ်ခုအဖြစ် သတ်မှတ်ခံရပြီး၊ နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာနှင့် မွတ်စလင်လူ့အဖွဲအစည်းအကြား နောက်ထပ် ပေါက်ကွဲနိုင်သည့် စိတ်ဝမ်းကွဲမှုအဖြစ် နိုင်ငံတကာက မှတ်ယူနေကြသည်ကို နားမလည်နိုင်ဖြစ်နေကြသည်။

    “ကျွန်တော်တို့ (ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ) ဟာ ဒီမှာ နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာခဲ့ကြတာပါ။ ကျွန်တော်တို့ဟာ မိတ်ဆွေ၊ သူငယ်ချင်းတွေပါ။ ဒီပြဿနာဟာ ရရှစ်ကိုပဲ ထိခိုက်တာပါ။ အခြား မွတ်စလင်ရွာသားတွေကို မထိခိုက်ပါဘူး” ဟု သူရဲသမိန်ရွာသားတစ်ဦးဖြစ်သူ ဦးထွန်းလွင်က ပြောကြားခဲ့သည်။

    ထို့ပြင် အဘ်ဒူလ်ရရှစ်မှာ ၎င်းစိုက်ပျိုးခဲ့သည်များကို ရိပ်သိမ်းရခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

    အဆိုပါပြဿနာမှာ ဇွန်လ ၂၁ ရက်နေ့တွင်  ဆိုရှယ်မီဒီယာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ရွာသားတစ်ဦးက ရွာတွင်ဆောက်နေသော အဆောက်ဦးတစ်ခုကို ဆိုရှယ်မီဒီယာတွင်တင်ကာ ဗလီတစ်လုံးဟု စွပ်စွဲပြီး အာဏာပိုင်များအနေဖြင့် ထိုအဆောက်အဦးကို အဘယ့်ကြောင့် မတားဆီးရသလဲဆိုသည်ကို သိလိုသည်ဟု တောင်းဆိုခဲ့သည်။

    tha main
    ဖျက်ဆီးခံခဲ့ရသည့် နေရာတစ်ခု

    ထိုမေးခွန်းထုတ်ခံရသည့် အဆောက်အဦးကို ဆောက်လုပ်သူ အဘ်ဒူလ်ရရှစ်က ထိုကဲ့သို့ လွှင့်တင်မှုအတွက် အိမ်နီးချင်းများကို ကြိမ်းမောင်းပြောဆိုလေသည်။ ၂ ရက်တာကြာမြင့်ခဲ့ပြီးနောက် လူအုပ်ကြီး၏ တိုက်ခိုက်မှု ပေါ်ထွက်လာခဲ့ပြီး အဘ်ဒူလ် ရရှစ်၏ နေအိမ် ဖြိုဖျက်ခံခဲ့ရသလို၊ ရွာရှိ ဗလီမှာလည်း ဖျက်ဆီးခံခဲ့ရသည်။ ဂိုထောင်အဖြစ် အသုံးပြုမည်ဟုဆိုသည့် ဆောက်လုပ်ဆဲ အဆိုပါအဆောက်အဦးနှင့် မွတ်စလင်သင်္ချိုင်းမှာလည်း ထိုဖျက်ဆီးမှုတွင် အဆစ်ပါသွားခဲ့သည်။ အဘ်ဒူလ် ရရှစ်ကတော့ လက်ကောက်ဝတ်နှင့် ဦးခေါင်း ဘယ်ဖက်ဂျိုဇောင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ခဲ့ရလေသည်။

    “သူက လူတွေကို မတရား ကြိမ်းမောင်းဆဲဆိုတာကြောင့် ရွာသားတွေက မခံမရပ်နိုင်ဖြစ်တာပါ။ သူတို့တွေ ရရှစ်ရဲ့အိမ်၊ ဂိုထောင်နဲ့ ဗလီကိုပါ ဖျက်ဆီးလိုက်တယ်။ ကျွန်တော်ကတော့ ဒါ မှားတယ်လို့ မထင်ပါဘူး” ဟု ဦးထွန်းလွင်က ပြောကြားခဲ့သည်။

    ထိုအကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ရွာတွင် တည်ငြိမ်အေးချမ်းရေးအတွက် ရဲတပ်ဖွဲ့ ၅၀ ကျော်ကို ချထားသည်ဟု ဝေါမြို့နယ် ရဲတပ်ဖွဲ့အကြီးအကဲ ဦးအုန်းလွင်ကဆိုပြီး နောက်ထပ် ပဋိပက္ခဖြစ်ပွားပါက သူရဲသမိန်ရွာ၏ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ဆီးနိုင်သည်ဟု ပြောကြားခဲ့သည်။

    ရရှစ်၏ အိမ်အပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ချထားပြီး ရရှစ်ကတော့ ၎င်း၏ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၏ ထိန်းသိမ်းမှုအောက်တွင် နေထိုင်နေရသည်ဟု ဒေသတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကျေးရွာရဲကင်းက လက်ရှိအချိန်တွင် သတင်းထောက်များအနေဖြင့် ရရှစ်နှင့် တွေ့နိုင်မည်မဟုတ်ဟု ဆိုသည်။ တိုက်ခိုက်မှုဖြစ်ပွားကတည်းက ရရှစ်ကို မတွေ့ရတော့ဟု ၎င်း၏ မိသားစုက ပြောကြားခဲ့သည်။

    “ရဲတပ်ဖွဲ့က လုံခြုံရေးအတွက် ရှိနေတာပါ။ ကျွန်မတို့ကို မေးတာမြန်းတာမျိုး မရှိပါဘူး။ ကျွန်မတို့ ဘာမှ အမှားမလုပ်ထားတဲ့အတွက် အရေးယူခံရမှာကိုလည်း မစိုးရိမ်ပါဘူး” ဟု ဗုဒ္ဓဘာသာဝင်ရွာသူတစ်ဦးဖြစ်သူ ဒေါ်ခင်မျိုးအေးက ပြောကြားခဲ့သည်။

    အကယ်၍ ထိုအဖြစ်အတွက် နောက်ဆက်တွဲရလဒ်ကို ရင်ဆိုင်ရမည်ဆိုပါက ထိုလူမှာ ရွာသားများကို ဆဲဆိုကြိမ်းမောင်း၍ ပြဿနာလုပ်ခဲ့သူပင် ဖြစ်ရမည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    “ဗလီဖြိုခံခဲ့ရတဲ့အတွက် ဘယ်သူ့ကို အပြစ်တင်ရမလဲ။ ရွာသားတွေက တအားဒေါသထွက်နေလို့ ဒီလိုလုပ်လိုက်ကြတာပါ”

    အဘ်ဒူလ်ရရှစ်၏ ဖခင်ဖြစ်သူ ဦးအီဘရာဟင်က အငြင်းပွားမှုကို သင့်တော်သည့်နည်းလမ်းများဖြင့် ဖြေရှင်းရမည့်အစား ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်များအကြား ထိုကဲ့သို့ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့်အတွက် အလွန်တုန်လှုပ်မိသည်ဟု ဆိုသည်။

    “ရရှစ်ကြိမ်းမောင်းလို့ သူတို့ မကျေနပ်ဘူးဆိုရင် ရဲတိုင်နိုင်တာပဲလေ။ ဥပဒေနည်းလမ်းတွေအရ သူတို့ အကူအညီ ရယူရမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့အိမ်ကို သူတို့ ဖျက်ဆီးတယ်။ ကျွန်တော်တို့ ပိုက်ဆံတွေနဲ့ လက်ဝက်လက်စားတွေကိုလည်း ယူသွားတယ်။ ကျွန်တော်ကတော့ ဒါဟာ သက်သက်အနိုင်ကျင့်တာလို့ ထင်ပါတယ်” ဟု ဦးအီဘရာဟင်က ပြောကြားခဲ့သည်။

    ထိုပြဿနာ၏ နောက်ဆက်တွဲရလဒ်များကို မိမိတို့မိသားစုမှ ကျော်လွန်ကာ တစ်ခြားသူများ ခံစားခဲ့ကြရပြီး ရွာရှိ မွတ်စလင်များမှာ ၎င်းတို့၏ အသက်အိုးအိမ်အတွက် စိုးရိမ်သောကြောင့်၊ နေအိမ်များကို စွန့်ခွာခဲ့ရသည်၏ ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ပြဿနာမှာ မှားယွင်းသည့်စွပ်စွဲမှုများကြောင့် စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးအီဘရာဟင်က ဆိုသည်။ ရရှစ်ဆောက်လုပ်နေသည့် အဆောက်ဦးက ၎င်း၏ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းအတွက် ပစ္စည်းများထားရှိရန် ရည်ရွယ်ခြင်းဖြစ်သည်။

    “ဗလီမှာ ဘုရားဝတ်ပြုဖို့ လာသူက ၁၀ ယောက်တောင်မပြည့်ပါဘူး။ ဘာ့ကြောင့် ကျွန်တော်တို့က နောက်ထပ် ဗလီတစ်လုံး ထပ်ဆောက်ရမှာလဲ” ဟု ဦးအီဘရာဟင်က ဆိုသည်။

    ရွာရှိဗလီမှ ရှေ့ဆောင်အီမာမ်တစ်ဦးဖြစ်သူ ဦးဒူးက မွတ်စလင်များ အိုးအိမ်စွန့်ခွာထွက်ပြေးနေရမှုမှာ ယာယီသာဖြစ်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    “ရမ်ဇာန်ဥပုသ်လရဲ့ ကျန်တဲ့ရက်တွေမှာ သူတို့တွေဟာ ဆွေမျိုးတွေအိမ်မှာ သွားနေကြပါတယ်။ သူတို့က ကြောက်ရွံ့နေကြတယ်။ တိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်း သူတို့ဟာ ၂ ရက်လောက် ရဲစခန်းမှာ သွားအိပ်ခဲ့ရတယ်လေ”

    ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်းကတော့ မိမိတို့အစိုးရမှာ ဖျက်ဆီးခံရသည့်ဗလီ ပြုပြင်ရေး ကူညီသွားမည်ဖြစ်ပြီး ယခုလက်ရှိတွင် မွတ်စလင်များအနေဖြင့် အိမ်တစ်လုံးတွင် စုးပေါင်းဝတ်ပြုကြရန် အကြံပြုခဲ့သည်ဟု ဆိုသည်။

    သူရဲသမိန်ရွာမှ ရွာသားအများစု၏ နေ့စဉ်ဘ၀မှာ ပုံမှန်ပြန်ဖြစ်နေပုံရသော်လည်း တင်းမာမှုများကတော့ တမြုံ့မြုံ့ ဆက်လက်ရှိနေဆဲဖြစ်ကာ လူတော်တော်များများမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။ တိုင်းဒေသကြီးအစိုးရက ဇွန်လ ၂၇ ရက်နေ့တွင် ဗုဒ္ဓဘာသာဝင် ၆ ဦးနှင့် မွတ်စလင် ၄ ဦးပါဝင်သော ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါအဖွဲ့မှာ ရရှစ်အပါအ၀င် အိုးအိမ်စွန့်ခွာရသူများ ပြန်လာသည့်အခါ ငြိမ်းချမ်းစွာ ပြန်လည်အတူယှဉ်တွဲနေထိုင်နိုင်ရေး မျှော်လင့်ချက်ဖြင့် လူ့အဖွဲ့အစည်း ၂ ခုအကြား ယုံကြည်မှုတည်ဆောက်ရေးကို ဆောင်ရွက်ရမည် ဖြစ်ပေသည်။

    Ref: mmtimes

    (Myanmar Times တွင် ဖော်ပြထားသည့် Sectarian tensions linger in the wake of mob attack ဆောင်းပါးကို လေးမောင်မှ ဆီလျောအောင် ဘာသာပြန်ဆိုသည်။)

  • သွက်ချာပါဒလိုက်နေသော မြန်မာ့တရားစီရင်မှုစနစ်

    သွက်ချာပါဒလိုက်နေသော မြန်မာ့တရားစီရင်မှုစနစ်

    ဇွန် ၂၈၊ ၂၀၁၆

    M-Media
    daw

    – ပိန်လှီအိုမင်း၍ အားနည်းချည့်နဲ့စွာဖြင့် မိမိဖာသာ မတ်တတ်ရပ်ယုံမျှသာ စွမ်းနိုင်တော့သော အသက် ၇၂ နှစ်အရွယ် ဒေါ်တင်ညွန့်သည် အာမခံခွင့်ရရန် အကြိမ်ကြိမ် ငြင်းပယ်ခံနေရပါ၏။

    ဇွန်လ ၂၀ ရက်နေ့ ကြားနာမှုအပြီး ဗိုလ်တစ်ထောင်တရားရုံးမှ ထွက်လာသော ဒေါ်တင်ညွန့်အား တွေ့ရစဉ် (ဓာတ်ပုံ – အောင်မြင်ရဲဇော်၊ The Myanmar Times)

    မတ်လ ၁၆ ရက်တွင် ဖမ်းဆီးခံလိုက်ရပြီးနောက် မတ်တတ်မရပ်နိုင်တော့ဘဲ ဆေးရုံတင်ခဲ့ရသည့် ဒေါ်တင်ညွှန့်အား ရန်ကုန်မြို့၏ အမည်ပျက် အင်းစိန်ထောင်ထဲ၌ မေလ ၂ ရက်ကတည်းက ထိန်းသိမ်းထားခဲ့သည်။ ကိုယ်တစ်ခြမ်းလေသင်တုန်းဖြတ်ထားခြင်းအတွက် လိုအပ်နေသော ဆေးဝါးကုသမှုကို သူမ မရရှိကြောင်း သူမ၏ မိသားစု ဆိုပါသည်။

    ဇွန်လ ၁၇ ရက်က ဗိုလ်တစ်ထောင်မြို့နယ်တရားရုံးရှိ အမှုသည်များစောင့်ဆိုင်းရာအခန်းတွင် The Myanmar Times မှ သူမအား သွားရောက်တွေ့ဆုံခဲ့သည်။ ဝေဒနာခံစားနေရသည့် သူမ၏ လည်ပင်း၊ နောက်ကျောနှင့် ခြေထောက်များမှ နေရာအားလုံးကို လက်ညှိုးထိုးပြကာ စိုစွတ်ထိုင်းမှိုင်းသောရာသီတွင် သွားလာလှုပ်ရှားရန် ခက်ခဲနေကြောင်း၊ နာတာရှည်နှလုံးရောဂါနှင့် သွေးတိုးရောဂါလည်း ရှိနေကြောင်း ပြောပြပါသည်။ မျက်တွင်းများ ချောင်ကျနေသည်ကိုလည်း အတိုင်းသား မြင်နေရပါ၏။

    သူမအတွက် ကြားနာချိန်ရောက်သော် စောင့်ဆိုင်းရာအခန်းမှ နှစ်ထပ်ဆောင်တရားရုံးခန်းမပေါ်သို့ မိသားစုဝင်၏ အကူအညီဖြင့် တက်ရောက်ခဲ့ရကြောင်း တွေ့ရသည်။

    သူမ၏ကျန်းမာရေးအခြေအနေ ဆိုးဝါးနေသည့်တိုင်အောင် တရားသူကြီးက အာမခံရရှိရေးကို ပယ်ချနေဆဲဖြစ်ရာ ယင်းအသနာခံချက်ပယ်ချခံရမှု အကြိမ်တိုင်းက သူမ၏မိသားစုအပေါ် ဆင့်ကဲသောက ဖြစ်နေစေသည်။

    “ကျွန်မရဲ့ ယောက္ခမကို မတရားပြုမူဆက်ဆံနေကြတယ်” ဟု မသီတာမြင့်က ပြောပြသည်။

    သူမ၏အာမခံ မရရှိနိုင်မှုမှာ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်မှ အကျည်းတန်မှုတစ်ရပ်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

    သြစတေးလျ အမျိုးသားတက္ကသိုလ်မှ Nick Cheesman က “တရားလိုများအနေနှင့် တရားပြိုင်များအား လွတ်လပ်စွာသွားလာခွင့် မရှိအောင် ငွေကြေးအကုန်ကျခံ၍ တားဆီးခွင့်ရှိသည်” ဟု သူ၏ Opposing the Rule of Law တွင် ရေးသားထားသည်။

    သူသည် ၁၉၉၆ ခုနှစ်က အမှုတစ်ခုအားဖြင့် အဆိုတင်သွင်းခြင်းဖြစ်သည်။ ၎င်းအမှု၌ အမျိုးသမီးက တရားရုံးတွင် ငွေကြေးအကုန်ကျခံပြီး မိမိ၏သမီးနှင့် ခိုးရာလိုက်ပြေးခဲ့သော အမျိုးသားအား ရဲတပ်ဖွဲ့ဖြင့် ဖမ်းဆီးစေခဲ့သည်။

    ဒေါ်တင်ညွန့်၏ အကျဉ်းကျမှုနောက်ကွယ်တွင် အလားတူ အကြောင်းရင်းခံများရှိနေကြောင်း မိသားစုဝင်များက အခိုင်အမာပြောကြားသည်။

    “ကျွန်တော့်မိခင်နဲ့ပတ်သက်ပြီး ကျွန်တော် အလွန်ဝမ်းနည်းရတယ်။ ဒါမျိုး မဖြစ်သင့်ပါဘူး။ (ကျွန်တော့်ရဲ့ လက်ထပ်ထိမ်းမြားမှုအကြောင်းကို) သူမ မသိခဲ့ဘူး။ မိသားစုဝင် တစ်ဦးမှလည်း မသိခဲ့ကြပါဘူး” ဟု သားဖြစ်သူ ကိုသန်းနိုင်က ဆိုသည်။

    ဦးလှမြင့်က မိမိ၏တူဖြစ်သူ ကိုသန်းနိုင် (၃၅ နှစ်)သည် မိမိ၏သမီးဖြစ်သူ မသီတာမြင့် (၂၆)နှစ်အား သွေးဆောင်ခေါ်ယူသွားသည်၊ ထိုကိစ္စ၌ မိမိ၏ခယ်မဖြစ်သူ ဒေါ်တင်ညွန့်က အလိုတူအလိုပါဖြစ်သည် ဟူ၍ တိုင်ကြားရာမှ ဤအမှုဖြစ်ပွားခဲ့သည်။ ယင်းစုံတွဲမှာ မတ်လ ၁၃ ရက်နေ့တွင် အတူတစ်ကွပျောက်ဆုံးသွားသည့်နောက် ဦးလှမြင့်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

    သို့သော် မိသားစုဝင်တို့က ဦးလှမြင့်သည် လီဆယ်အမှုဖွင့်ခြင်းဖြစ်ကြောင်း၊ တရားစီရင်ရေးလမ်းကြောင်းကို ၀င်ရောက်စွက်ဖက်ကာ သူ၏သမီးဖြစ်သူအား အိမ်ပြန်လာစေရန် တွန်းအားပေးနေခြင်းဖြစ်ကြောင်း ဆိုသည်။

    ဒေါ်တင်ညွန့်မှာ အပြစ်ကင်းပါကြောင်း၊ သို့သော် မိမိ၏သမီး အိမ်ပြန်လာသည်အထိ သူမအား ချုပ်နှောင်ထိန်းသိမ်းထားရန် ဖိအားပေးသွားမည်ဖြစ်ကြောင်း မိမိ၏ဦးလေးက မိမိအား ဖုန်းဆက်ပြောကြားခဲ့သည်ဟု ကိုသန်းနိုင်က ထွက်ဆိုထားသည်။ ဤသည့်အပေါ် The Myanmar Times မှ ဆက်သွယ်မေးမြန်းရာတွင် ဦးလှမြင့်က မှတ်ချက်တစ်စုံတစ်ရာပေးရန် ငြင်းဆိုခဲ့သည်။

    တရားရုံးတစ်ဖက်ခြမ်းရှိ ရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းသူ ရဲအရာရှိများကို တရားရုံး၌ မတွေ့ကြရသည့်အပြင် တရားလို ဦးလှမြင့်ကလည်း တရားစွဲဆိုခြင်းကို အချိန်ဆွဲ၍ အာမခံမပေးရန်ကိုသာ တင်ပြလျက်ရှိသည်။
    Daw Tin Nyunt’s family says that her lawyer has requested bail on four separate occasions.
    ဒေါ်တင်ညွန့်၏ရှေ့နေသည် အာမခံပေးရန် မေတ္တာရပ်ခံလျှောက်လဲခဲ့သည်မှာ လေးကြိမ်တိုင်တိုင်ရှိနေပြီဟု မိသားစုဝင်များက ဆိုသည်။

    အမှုစလျှင်စချင်း တရားပြိုင်၏အသက်အရွယ် နှင့် ကျန်းမာရေးအခြေအနေဆိုင်ရာ အထောက်အထားတို့ဖြင့် အသနားခံစာ တင်ပြခဲ့သော်လည်း တရားသူကြီး ဦးအောင်နေမျိုးက ပယ်ချခဲ့သည်။

    ဒုတိယအကြိမ်တွင် နှစ်ဖက်စလုံးထံမှ ကြားနာမှု ပြုရဦးမည်ဟု ဆိုကာ အာမခံလျှောက်ထားမှုကို ၎င်းတရားသူကြီးက ထပ်မံ ငြင်းဆိုခဲ့သည်။

    လက်ရှိနောက်ဆုံးရုံးချိန်း ဇွန်လ ၂၀ ရက်နေ့တွင်တော့ နောက်တစ်ကြိမ်ရုံးချိန်းကြားနာမှု မပြီးမချင်း တရားပြိုင်၏ အာမခံလျှောက်ထားမှုကို လက်ခံစဉ်းစားပေးဦးမည်မဟုတ်ဟု တရားသူကြီးက ပြောဆိုလိုက်ကြောင်း သိရသည်။

    တစ်ကြိမ်တွင် သက်ကြီးရွယ်အိုတရားပြိုင်တစ်ဦးအနေနှင့် အာမခံချက်ပေးရန် ခိုင်မာနေသဖြင့် လျှောက်ထားချက်ကို လက်ခံခဲ့သော်လည်း အမှုကိုရပ်ဆိုင်းထားရန် လျှောက်တင်လာချက်ကြောင့် ဒေါ်တင်ညွန့်၏မိသားစုအဖို့ အလွန်ဒေါသဖြစ်မိကြောင်း ၎င်းတို့က ပြောပြ၏။ မတ်လ ၂၉ ရက်တွင် သင်္ကြန်အတွက် သူမကို ယာယီ ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးခဲ့သည်။

    အာမခံချက်နှင့်ပတ်သက်၍ မှောက်ချည်လှန်ချည်ပြုလုပ်နေခြင်းမှာ တရားရေးစနစ်ကို ကစားနေခြင်းဖြစ်သည်ဟု ကိုသန်းနိုင်က ဆိုသည်။

    “တရားရုံးနောက်ကွယ်မှာ တစ်ဦးဦး သို့မဟုတ် တစ်စုံတစ်ရာသောအကြောင်းရင်း ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီတရားသူကြီးတစ်ဦးတည်းကပဲ တစ်ကြိမ်မှာ ကျွန်တော့်မိခင်ဟာ အာမခံရသင့်တယ်ပြောလိုက်၊ နောက်တစ်ကြိမ်မှာ မရသင့်ဘူးပြောလိုက် ဖြစ်နေတယ်လေ”။

    နိုင်ငံတကာတရားသူကြီးများအဖွဲ့၏ ဥပဒေအကြံပေး ဒေါ်ဇာလီအေးက ဥပဒေကြောင်းအရ ဒေါ်တင်ညွှန့်အား အာမခံချက်ဖြင့် လွှတ်ပေးနိုင်သည့် အခွင့်အလမ်း အသီးသီး ရှိနေကြောင်း ပြောပြပါသည်။

    “ဒါဟာ တရားပြိုင်ရဲ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရက်ရွှေ့ဆိုင်းငံ့မှု သိပ်များလွန်းနေတယ်။ တရားပြိုင်အနေနဲ့ မျှမျှတတ အမှုရင်ဆိုင်ခွင့် ရရှိသင့်ပါတယ်။ အာမခံပေးခွင့်မရှိတဲ့ လူပင်လျှင် တရားသူကြီးရဲ့ အခွင့်အာဏာအရ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၁ အရ အာမခံအကျိုး ခံစားခွင့် ရှိနေပါတယ်”။

    ထို့ပြင် သူမက ပုဒ်မ ၄၉၇ ကိုလည်း ထောက်ပြခဲ့သည်။ ၎င်း၌ “အကယ်၍ အသက် ၁၆ နှစ်အောက်ဖြစ်နေလျှင် သို့မဟုတ် အမျိုးသမီးဖြစ်နေလျှင် သို့မဟုတ် ကျန်းမာကြံ့ခိုင်သူမဟုတ်လျှင် တရားရုံးမှ သက်ညှာသောအားဖြင့် လွတ်ငြိမ်းခွင့်ပေးနိုင်သည်” ဟုဆိုထားသည်။

    ဒေါ်တင်ညွန့်အား ဖမ်းဆီးစဉ် ဖြစ်ပျက်ခဲ့သည့် ကျန်းမာရေးအခြေအနေများက အာမခံပေးရန် လုံလောက်သော အထောက်အထားဖြစ်ကြောင်း သူမ၏မိသားစုမှ ပြောကြားသည်။

    ဒေါ်တင်ညွန့်၏ အခြားချွေးမဖြစ်သူ မပန်းအိ၏အဆိုအရ မတ်လ ၁၆ ရက် ရဲတပ်ဖွဲ့ဝင်များ အိမ်သို့လာရောက်ဖမ်းဆီးစဉ် ဒေါ်တင်ညွန့်သည် မူးမေ့လဲကျသွားခဲ့ပြီး ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ တက်ရောက်ခွင့် တောင်းခံခဲ့ရသည်။

    မတ်လ ၂၃ ရက် ဆေးရုံဆင်းသောအခါ အငှားယာဉ်တစ်စီးထဲ တွဲယူခေါ်ဆောင်စဉ် ရဲတပ်ဖွဲ့ဝင်များက သူမအား လမ်းမှဖြတ်တားပြန်သည်။ ဒေါ်တင်ညွန့်မှာ ထပ်မံမူးလဲပြန်သဖြင့် ဆေးရုံထပ်တင်ရပြီး အောက်စီဂျင်ခေါင်းစွပ် သုံးရသည်အထိ ကုသခဲ့ရသည်။

    မတ်လ ၂၉ ရက်တွင် ရဲတပ်ဖွဲ့ဝင်များ ပြန်ရောက်လာပြီး ဒေါ်တင်ညွန့်ကို ဆေးရုံကုတင်ပေါ်မှ ဗိုလ်တစ်ထောင်မြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားကြသည်။ ထိုနေရာတွင် သူမအား မေးမြန်းစစ်ဆေးခဲ့သည်။ သင်္ကြန်ရက်တွင်း ခေတ္တအာမခံမပေးမီ ညအိပ်ညနေ နေခဲ့ရသည်။

    သို့သော် ပွဲတော်ရက်အပြီး မေလ ၂ ရက်တွင် သူမအား ပြန်လည်ခေါ်ယူကာ မေးခွန်းများစွာမေးမြန်းသည်။ ထို့နောက် လမ်းတစ်ဖက်ခြမ်းရှိ တရားရုံးသို့ ခေါ်ဆောင်သွားပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၆ ဖြင့် ရုံးတင်၍ အင်းစိန်ထောင်သို့ လွှဲပြောင်းလိုက်ရာ သူမ၏ရှေ့နေပင်လျှင် မယုံနိုင်အောင် အံ့သြသွားရသည်။

    ဒေါ်တင်ညွန့်၏သားတစ်ဦးဖြစ်သူ ကိုမျိုးမြင့်ထွန်းက အကျဉ်းထောင်ထဲ သွားရောက်တွေ့ဆုံစဉ် မိမိ၏မိခင်မှာ အလွန်အမင်း နွမ်းလျအားနည်းနေကြောင်း The Myanmar Times သို့ ပြောကြားသည်။

    သူ၏ဇနီး မပန်းအိကလည်း (ထောင်)ဆရာဝန်များမှ လုံလောက်သော စောင့်ရှောက်မှု မပေးကြကြောင်း၊ အားဆေးသွင်းခြင်း၊ လက်ဝဲဖက်ကိုယ်တစ်ခြမ်းလေဖြတ်ခြင်းအတွက် ကုသမှုပေးခြင်း အစရှိသည့် ဆေးဝါးအကူအညီ မရရှိကြောင်း ဆိုသည်။

    စစ်အစိုးရလက်ထက် အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတို့၏အခြေအနေများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းများ မနှစ်မြို့ကြ။ ၂၀၁၄ ခုနှစ် The Myanmar Times မှ ထောင်တွင်းအခြေအနေများအား လေ့လာစုံစမ်းကြည့်ရာတွင် ညှင်းပန်းနှိပ်စက်ခြင်းနှင့် အဆုံးစီရင်ခြင်းကာလ လွန်မြောက်လာသော်လည်း အကျင့်ပျက်ခြစားမှုများက ကြီးစိုးလွှမ်းမိုးနေသည့်အပြင် ပို၍ပင် အရှိန်မြင့် ဆိုးဝါးနေခဲ့သည်ကို တွေ့ခဲ့ရ၏။

    လူ့အခွင့်အရေးသမားအချို့၏ အပြင်းအထန်ဝေဖန်ခဲ့သော ပြစ်မှုဖြင့် အကျဉ်းကျခဲ့သူ နယူးဇီလန်နိုင်ငံသား Philip Blackwood မှာ ထောင်ထဲရှိစဉ်ကာလ ၂၀၁၅ ခုနှစ်တွင် အာဟာရပြတ်လပ်ပြီး ခန္ဓာကိုယ်အလေးချိန် ၂၀ ကီလိုဂရမ်(၄၄ ပေါင်)အထိ ကျဆင်းသွားခဲ့ကြောင်း ဆိုကြသည်။

    ဒေါ်တင်ညွှန့်အပေါ် ပြုမူဆက်ဆံပုံက မြန်မာနိုင်ငံ၏ တရားစီရင်ခြင်းစနစ်နှင့်ပတ်သက်၍ မေးခွန်းများစွာ ဆင့်ကဲ ပေါ်ထွက်လာစေပြန်သည်။ နှုတ်တိုက်အလွတ်ကျက်မှတ်ခြင်း၊ နိုင်ငံရေးစွက်ဖက်မှုရှိခြင်း၊ အကျင့်ပျက်ခြစားမှု အမြစ်တွယ်နေခြင်းတို့က ယင်းစနစ်အား ဖုံးလွှမ်းလျက်ရှိနေ၏။

    “ဥပဒေပညာရေးချို့တဲ့နေမှုကြောင့် ရှေ့နေတော်တော်များများသာမက အောက်ခြေအဆင့် တရားသူကြီးများပင်လျှင် ပြစ်မှုဆိုင်ရာဥပဒေကြောင်းနဲ့ ကျွမ်းဝင်မှု မရှိကြပါဘူး။ ဆယ်စုနှစ်များစွာကြာအောင် ဥပဒေပညာရေးချို့တဲ့မှုနဲ့ ရေပေါ်ဆီတရားသူကြီးအဖွဲ့တွေ ဒွန်တွဲမိတဲ့အခါ မတရားအမှုစစ်ခြင်းနဲ့ အခွင့်အရေးချိုးဖောက်ခြင်းတွေ အလွန်အကျွံ ဖြစ်လာတော့တာပါပဲ” ဟု ICJ ၏ နိုင်ငံတကာဥပဒေအကြံပေး Vani Sathisan က The Myanmar Times သို့ ပြောကြားလိုက်သည်။

    မကြာသေးမီက နိုင်ငံပေါင်း ၁၀၂ နိုင်ငံအား ကမ္ဘာ့တရားမျှတမှု စီမံကိန်း World Justice Project စစ်တမ်းတစ်ရပ်ကောက်ယူခဲ့ရာ မြန်မာနိုင်ငံသည် တရားဥပဒေစိုးမိုးမှုနှင့်စပ်လျဉ်း၍ အဆင့် ၉၁ ၌လည်းကောင်း၊ ပြစ်မှုဆိုင်ရာတရားစီရင်ရေးစနစ်နှင့်စပ်လျဉ်း၍ အဆင့် ၉၆ ၌လည်းကောင်း၊ အခြေခံလူ့အခွင့်အရေးနှင့်ပတ်သက်၍ အဆင့် ၁၀၀ ၌လည်းကောင်း ရပ်တည်လျက်ရှိကြောင်း တွေ့ရ၏။ ၎င်းအပြင် မြန်မာနိုင်ငံသည် ရုံးမတင်မီ ဖမ်းဆီးထိန်းသိမ်းမှု လွန်ကဲခြင်း၊ အမှုစီရင်ခြင်း၌ နှောင့်နှေးကြန့်ကြာခြင်း၊ စီရင်ဆုံးဖြတ်မှု ညံ့ဖျင်းခြင်း စသော ပြဿနာများဖြင့် ကျော်စောနေပါသည်။

    သို့တိုင် ဒေါ်တင်ညွန့်၏မိသားစုကမူ သေချာရေရာမှု တစ်စုံတစ်ရာ မရှိသော်လည်း နောက်ဆုံးတွင် အာမခံရရှိလိမ့်မည်ဟု အကောင်းမြင်စိတ် လက်ကိုင်ပြုထားဆဲဖြစ်ပါသည်။

    ကိုမျိုးမြင့်ထွန်းက ဤသို့ ပြောကြားခဲ့ပါသည်။
    “တရားမျှတမှု ရရှိလာမယ်လို့ ကျွန်တော် အမှန်တကယ် မျှော်လင့်ထားပါတယ်။ ဒီဖြစ်စဉ်ကို တရားသူကြီးရဲ့ တရားသဖြင့် ဆုံးဖြတ်ချက်နဲ့ အဆုံးသတ်လိုက်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ”။

    Ref : The Myanmar Times
    (Ashok Manandhar ရေးသားသော Law and disorder: 72-year-old denied bail amid broken system သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင်ပြန်ဆိုသည်။)