News @ M-Media

Category: ဘာသာပြန်

  • ချက်ခြင်းဖြေရှင်းရန် လိုအပ်သည့် နိုင်ငံအတွင်းမှ မေ့လျော့ခံ အိမ်တွင်းကလေးလုပ်သား ပြဿနာ

    ချက်ခြင်းဖြေရှင်းရန် လိုအပ်သည့် နိုင်ငံအတွင်းမှ မေ့လျော့ခံ အိမ်တွင်းကလေးလုပ်သား ပြဿနာ

    ဇွန် ၂၇၊ ၂၀၁၆
    M-Media

    child labour

    – လုပ်ငန်းခွင်များတွင် ကလေးအလုပ်သမားများအသုံးပြုမှုအပေါ် ချက်ခြင်းအရေးယူမည်ဟု အစိုးရက ပြီးခဲ့သည့်တစ်ပတ်တွင် ကတိပြုခဲ့သည့် သတင်းမှာ သတင်းကောင်းတစ်ခုဖြစ်သည်။

    အသက် ၁၄ နှစ်အောက်ကလေးငယ်များအား စီးပွားရေးလုပ်ငန်းများတွင် အမြတ်ထုတ်အသုံးချနေမှုအပေါ် ထိုကဲ့သို့ အာရုံစိုက်လာခြင်းက ကြိုဆိုစရာကိစ္စတစ်ခုဖြစ်သော်လည်း နေအိမ်များတွင် ကလေးအလုပ်သမားများအား အသုံးပြုနေမှုမှာ ထင်ထင်ပေါ်ပေါ်မရှိဘဲ လှိုက်စားနေသည့် ပြဿနာတစ်ခု ဖြစ်လေသည်။

    မြန်မာနိုင်ငံတွင် အိမ်ပြင်ထွက်အလုပ်လုပ်ရသည့် အမျိုးသားများနှင့် အိမ်တွင်နေရသည့် အမျိုးသမီးများအကြား လှုမှုရေးဆိုင်ရာ စည်းခြားမှုကို နိစ္စဓူဝ မြင်နေကြရသကဲ့သို့ ကလေးအလုပ်သမားများအကြားတွင်လည်း ထိုစည်းခြားမှုမှာ သိသိသာသာ ရှိနေလေသည်။

    လက်ဖက်ရည်ဆိုင်များ၊ ဘီယာဆိုင်များနှင့် နိုင်ငံတစ်ဝှမ်း အခြားသော အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် အလုပ်လုပ်ကိုင်နေကြရသော ယောင်္ကျာလေးများကို အလွယ်တကူ တွေ့နိုင်၊ မြင်နိုင်ကြသည်။

    သို့ရာတွင် နေအိမ်များ၌ အိမ်အကူအဖြစ် အလုပ်လုပ်နေကြရသည့် မိန်းကလေးငယ်များစွာမှာ အိမ်တွင်း၌ လုပ်ကိုင်ရသော ၎င်းတို့၏ အလုပ်သဘာဝကြောင့် ခေါင်းပုံဖြတ်ခံရမှု၊ အနိုင်ကျင့်ခံရမှု အခွင့်အလမ်း ပိုများနေသည်ဆိုသည့် ပြဿနာကိုမူ သိသင့်သလောက် မသိကြ။

    မြန်မာနိုင်ငံတွင် လူကုန်ကူးမှုအပေါ် အာရုံစိုက်မှုမှာ အတော်လေးမြင့်တက်လာခဲ့သည်။ မကြာသေးမီကပင် နိုင်ငံခြား အထူးသဖြင့် စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်နေသော မြန်မာအမျိုးသမီးများ အနိုင်ကျင့်ခံရမှုများကို တားဆီးရေး ကြိုးပမ်းမှုအဖြစ် ဥပေဒေကြောင်းအရ လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပြီး ရလဒ်မှာ အကောင်းအဆိုး ၂ မျိုးစလုံး ရှိခဲ့သည်။

    သို့သော်လည်း အရေးတယူဆောင်ရွက်ခြင်းမခံရဘဲ၊ ယခုအချိန်အထိ ဆက်လက်ဖြစ်ပွားနေသော နိုင်ငံအတွင်းရှိ အိမ်အကူအမျိုးသမီးငယ်များ အနိုင်ကျင့်ခံရခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်းပြဿနာအပေါ် ပိုမိုအာရုံစိုက်ဆောင်ရွက်ရန်၊ ဆွေးနွေးအဖြေရှာမှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်သည်။

    မြန်မာနိုင်အတွင်းရှိနေသည့် ကလေးအိမ်အကူလုပ်သားအရေအတွက်နှင့် ပတ်သက်သည့် တိကျသော ကိန်းဂဏန်း မှတ်တမ်းများမရှိ။ သို့သော်လည်း အသက် ၁၀ နှစ်မှ ၁၇ နှစ်အကြား ကလေး ၅ ဦးတွင် ၁ ဦးမှာ ကျောင်းမတက်ရဘဲ အလုပ်လုပ်နေရသည်ဟု သန်ခေါင်စာရင်းကောက်ယူမှုမှ အလုပ်အကိုင်နှင့် ပတ်သက်၍ မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရလေသည်။

    မိန်းကလေးငယ်များအား အိမ်အကူအဖြစ် အသုံးပြုမှုကို နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရယုံသာမက၊ အများစုကလည်း ထိုအခြေအနေကို လက်ခံထားကြသည်။ အချို့သောအခြေအနေများတွင် ဆင်းရဲနွမ်းပါးသည့် အသိုင်းအ၀ိုင်းမှ ဆင်းသက်လာသော ကလေးများကို နေရာထိုင်ခင်းနှင့် အလုပ်အကိုင်ပေးသည့် ထိုအခြေအနေမျိုးကို လူမှုဖူလုံရေး ပုံစံတစ်ခုအဖြစ်ပင် မှတ်ယူကြသည်။

    ထိုကဲ့သို အိမ်အကူအဖြစ် ခိုင်းစေကြသူ အိမ်ရှင်အချို့မှာ ရည်ရွယ်ချက်ကောင်းများ ရှိသည်ဆိုသော်လည်း အနိုင်ကျင့်ခံရနိုင်ခြေ ရှိသည်ဆိုသည့် အခြေအနေကိုတော့ ငြင်း၍ မရ။ အိမ်အကူ မိန်းကလေးငယ်များအား အလွန်အမင်း ခိုင်းစေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ပြဿနာများကိုလည်း မကြာခဏ တွေ့မြင်နေရသည်။ ထိုကဲ့သို့ အနိုင်ကျင့်မှု တော်တော်များများမှာ တိုင်ကြားမှုမရှိ၊ အရေးမှုမရှိ ဆိုသည်ကိုလည်း သိရှိရသည်။

    အစိုးရကတော့ အသက် ၁၄ နှစ်အောက် ကလေးငယ်များအား အလုပ်မခိုင်းရန်နှင့် မလိုက်နာပါက ဒဏ်ငွေ သိန်း ၅၀ မှ၊ သိန်း ၁၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဟု စီးပွားရေးလုပ်ငန်းရှင်များအား ပြီးခဲ့သည့်တစ်ပတ်တွင် သတိပေးခဲ့သည်။ ဟော်တယ်လုပ်ငန်း လုပ်ကိုင်သူများ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ အလတ်စားနှင့် အငယ်စား စက်ရုံပိုင်ရှင်များ၊ ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူများနှင့် တွေ့ဆုံစဉ် တာဝန်ရှိသူများက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    ထိုအကြောင်းအရာများကို မြန်မာနိုင်ငံရှိ အလယ်အလတ်အဆင့် အိမ်ရှင်မများအား ရှင်းပြပြောဆိုရန်နှင့် အိမ်အကူများအပေါ် ခေါင်းပုံဖြတ်၊ အမြတ်ထုတ်ခြင်းများကို ရှောင်ရှားရေး သတိပေးရန်မှာလည်း အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်သည်။

    စီးပွားရေးလုပ်ငန်းဆိုင်ရာနှင့်ပတ်သက်၍ ရည်ရွယ်ပြဌာန်းထားသော ဥပေဒများတွင် မီးဖိုဆောင်အပါအ၀င် အန္တရာယ်ရှိသော နေရာများတွင် ကလေးငယ်များအား အလုပ်လုပ်ကိုင်စေခြင်းမှ တားဆီးရေး သတ်မှတ်ချက်လည်း ပါဝင်သည်။ သို့သော်လည်း ချက်ခြင်းပြုတ်ခြင်းက အိမ်အကူများ၏ အလုပ်တာဝန်များတွင် ပုံမှန်ပါဝင်နေသည့် အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။

    လက်တွေ့လိုက်နာကျင့်သုံးမှု နည်းပါးသော်လည်း ထိုဥပဒေတွင် အသက် ၁၄ နှစ်မှ ၁၆ နှစ်ရှိ ကလေးငယ်များအား တစ်နေ့လျှင် ၄ နာရီထက်ပို၍ အလုပ်ခိုင်းစေခြင်းကို တားမြစ်ထားသည်။ သို့ဆိုလျှင် အိမ်အကူ အမျိုးသမီးငယ်အများအပေါ် ထိုကဲ့သို့ အချိန်ပိုင်းအလုပ် စီစဉ်ပေးသူ၊ သို့မဟုတ် ခွင့်ပြုသူ အိမ်ရှင်မည်မျှ ရှိသနည်းဆိုသည်မှာလည်း မေးခွန်းထုတ်စရာပင်။

    လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအရ အသက် ၁၆ နှစ် သို့မဟုတ် ၁၈ နှစ်အောက် ကလေးများအား အလုပ်ခိုင်းစေမှုကို ချက်ခြင်းလက်ငင်း အရေးယူခြင်းမှာ လက်တွေ့မကျဆိုသည်က အမှန်တရားတစ်ခုဖြစ်ပြီး လူငယ်တော်တော်များများနှင့် ၎င်းတို့၏မိသာစုများ ၀င်ငွေပြတ်လပ်မှုအထိ ဦးတည်သွားနိုင်လေသည်။

    သို့သော်လည်း ထိုအချက်က ကလေးငယ်များအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများကို ဖာထေးရန် ဆင်ခြေတစ်ခု ဖြစ်၍မရ။ ကလေးငယ်များ အလုပ်လုပ်နေရမှုအခြေအနေကို အဆုံးသတ်ရန် လိုအပ်သည့် ကြိုးပမ်းအားထုတ်မှုတိုင်းကို တတ်နိုင်သမျှမြန်မြန် ဆောင်ရွက်ရမည်ဖြစ်သည်။

    ကလေးများ အလုပ်ခန့်ထားမှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များအား ရှင်းလင်းပြောကြားရာတွင် အလုပ်သမား၊ လူဝင်မှုနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စက်ရုံနှင့် အထွေထွေအလုပ်သမားရေးရာ ဥပဒေများ လေ့လာဆန်းစစ်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဦးအောင်နိုင်က ဥပဒေရေးရာ တာဝန်ဝတ္တရာများကို အဓိကထား ပြောကြားခဲ့သည်။

    “နိုင်ငံတကာသဘောတူညီချက်တွေအရ၊ အသက် ၁၈ နှစ်အောက်ဆိုရင် ကလေးလို့ပဲ သတ်မှတ်ပါတယ်။ ဒါပေမယ့် ဒီသတ်မှတ်ချက်က ကျွန်တော်တို့နိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံနဲ့ အဆင်မပြေဘူးလေ။ တကယ်လို့ ကျွန်တော်တို့အနေနဲ့ ကလေးတွေကို အလုပ်မခိုင်းဘူးဆိုရင် သူတို့ဟာ အလုပ်အကိုင်အခွင့်အလမ်းတွေဆုံးရှုံးပြီး သူတို့နဲ့ သူတို့ရဲ့ မိသားစုတွေကလည်း ၀င်ငွေရဖို့ ခက်ခဲမှာပါ” ဟု ညွှန်ကြားရေးမှူးကဆိုသည်။

    သို့သော်လည်း ကလေးများအား ကျောင်းမထားဘဲ ကျွမ်းကျင်မှုမရှိသည့် အလုပ်များတွင် ခိုင်းစေခြင်းက ရေရှည်တွင် မိသားစု၏ ဆင်းရဲတွင်းကို ပို၍ နက်သထက် နက်လာစေမည်ဖြစ်သည်။ မိန်းကလေးငယ်များကို အိမ်အကူလုပ်ငန်းတွင်သာ ဘ၀တစ်သက်တာလုံး ထည့်သွင်းနှစ်မြှုပ်ထားခြင်းက နိုင်ငံအတွင်း ရှင်သန်ကြီးထွားရန် လိုအပ်နေသည့် ကျား၊ မ တန်းတူညီမျှရေးအတွက် တိုင်းပြည်ရှိ အခွင့်အလမ်းများကို ဓားမြတိုက်ယူလိုက်ခြင်းဖြစ်သည်။

    တိုင်းရင်းသားရေးရာ တန်းတူညီမျှမှုကို ဆောင်ရွက်သည့်အခါမျိုးတွင် အိမ်တွင်း ကလေးလုပ်သားပြဿနာကိုလည်း အရေးပါသည့် ကိစ္စတစ်ခုအဖြစ် မှတ်ယူသင့်သည်။ မည်သည့်တိုင်းရင်းသားလူမျိုး အသိုင်းအ၀ိုင်းတွင်မဆို ကလေးငယ်များအနေဖြင့် ၎င်းတို့အတွက် ကုန်ကျစားရိတ်ကို ပြန်လည်ရှာဖွေပေးရမည်ဆိုသည့် သဘောထားမျိုး အချို့မိသားစုများတွင် ရှိနေသည်မှာ ၀မ်းနည်းစရာကောင်းသည့် ကိစ္စဖြစ်သည်။

    သို့သော်လည်း အချို့သော အသိုင်းအ၀ိုင်းများတွင် ပိုကောင်းသည့်ဘ၀တစ်ခုကို အလိုအလျောက်ရရှိနိုင်လိမ့်မည်ဆိုသည့် ယုံကြည်ချက်များဖြင့် ကလေးများအား မြို့ကြီးများတွင် အလုပ်လုပ်ရန် စေလွှတ်မှုများမှာလည်း တွင်ကျယ်သည့်ကိစ္စ ဖြစ်နေပြီး ထိုပြဿနာမှာလည်း ဖြေရှင်းရမည့်ပြဿနာ ဖြစ်သည်။

    ကျေးလက်ဒေသများတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် အလွန်အမင်း ဆင်းရဲမွဲတေမှုကို ခံစားရခြင်းကြောင့် မြို့သို့လွှတ်၍ အလုပ်ခိုင်းခြင်းကို နားလည်ပေး၍ရသည်။ အချို့သော မိသားစုများက ၎င်းတို့ထံတွင် အလုပ်လုပ်နေသည့် ကလေးများအား ကျောင်းတက်ရန် ခွင့်ပြုသည်။

    သို့သော်လည်း ကလေးငယ်များအား ၎င်းကျင်လည်ရာအသိုင်းအ၀ိုင်း၊ တတ်ကျွမ်းရာဘာသာစကားနှင့် ဝေးရာသို့ပို့ခြင်း၊ ကျောင်းမထားခြင်း၊ အမြတ်ထုတ်ခံရနိုင်ဖွယ်ရှိသည့် အခြေအနေများသို့ ပို့ဆောင်ခြင်း စသည်တို့ကြောင့် ရေရှည်တွင်ဖြစ်လာမည့် လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နောက်ဆက်တွဲပြဿနာများကိုမူ တိုင်းပြည်ရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် အနာဂတ်တို့အား ကာကွယ်ရေးနှင့်ပတ်သက်၍ လုပ်ဆောင်ရန် အမှန်တစ်ကယ် စိတ်ဆန္ဒရှိသူများအနေဖြင့် ချက်ခြင်းဆောင်ရွက်ရမည့် အရေးကြီးကိစ္စတစ်ခုအဖြစ် မှတ်ယူသင့်သည်။

    အချုပ်ဆိုရလျှင် မည်သည့်တိုင်းရင်းသားမျိုးနွယ်မဆို၊ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကလေးငယ်တိုင်းမှာ အထက်တွင်ဖော်ပြထားသည့် အခြေအအနေမျိုးတွင် ထိခိုက်ခံစားနေရသည်ကို မိမိတို့က သတိတရ ရှိရမည်ဖြစ်သည်။

    စီးပွားရေးလုပ်ငန်းများတွင် ကလေးငယ်များ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရမှုများကို ဖြေရှင်းရန် အစိုးရက ဆောင်ရွက်နေသည်ကို မြင်ရခြင်းမှာ အပြုသဘောဆောင်သည့် အခြေအနေဖြစ်သည်။ သို့ရာတွင် နေအိမ်များအတွင်း ဖြစ်နေသည့် ကလေးငယ်များအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများမှာလည်း မေ့လျော့ထား၍မရသည့် ကိစ္စပင် ဖြစ်ပေတော့သည်။

    Ref: mmtimes

    (Myanmar Times တွင် ဖော်ပြထားသည့် The fight against child labour begin at home ဆောင်းပါးအား လေးမောင်မှ
    ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံကူး အဝေးပြေးလမ်းမကြီး တည်ဆောက်တော့မည်

    အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံကူး အဝေးပြေးလမ်းမကြီး တည်ဆောက်တော့မည်

    မေ ၂၉၊ ၂၀၁၆

    M-Media
    highway

     

    – အိန္ဒိယ၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ၁၄၀၀ ကီလိုမီတာရှိ အဝေးပြေးလမ်းမကြီးတစ်ခုအတွက် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ညှိနှိုင်းလျက်ရှိသည်။ ၎င်းလမ်းမကြီးသည် အိန္ဒိယကို အရှေ့တောင်အာရှဒေသများနှင့် ကုန်းလမ်းကြောင်းဖြင့် ဆက်သွယ်စေမည်ဖြစ်၏။

    အဝေးပြေးလမ်းမတွင် ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ၌ ဆောက်လုပ်ထားခဲ့သည့် တံတား ၇၃ စင်းအား အိန္ဒိယအစိုးရ၏ငွေကြေးထောက်ပံ့မှုဖြင့် ပြန်လည်မွမ်းမံသွားမည်ဟု အိန္ဒိယသံအမတ် ဘဂ၀မ့်ဆင်း ဘစ်ရှ်နွိုင်းက The Nation သို့ပြောကြားသည်။

    ၁၈ လတာကြာမြင့်မည့် ပြင်ဆင်မွမ်းမံမှု ပြီးစီးသွားလျှင် နိုင်ငံသုံးခုစလုံးအတွက် ကူးလူးယှက်သွယ်သွားလာနိုင်မည့် အဝေးပြေးလမ်းမတစ်ခု ဖြစ်လာပေမည်။

    အိန္ဒိယနိုင်ငံအရှေ့ပိုင်း မိုရေးဒေသမှ မြန်မာနိုင်ငံ တမူးမြို့အထိ စတင်လိုက်သော အဆိုပါ အဝေးပြေးလမ်းမ စီမံချက်ကို ရွေးကောက်ပွဲအနိုင်ရ မြန်မာအစိုးရသစ်က အပြုသဘောဆောင် ကြိုဆိုခဲ့သည်။

    ထိုင်းနိုင်ငံ တာမဲဆောက်ခရိုင်အထိ ရောက်မည့် အဆိုပါ ၁၄၀၀ ကီလိုမီတာ အဝေးပြေးလမ်းမကြီးအဆုံးသတ်နိုင်ရန်အတွက် သုံးနိုင်ငံယာဉ်သွားလာရေးဆိုင်ရာ သဘောတူညီချက်ချုပ်ဆိုရမည်ဖြစ်ပြီး၊ ၎င်းကို စတင် ညှိနှိုင်းနေပြီဖြစ်သည်။

    ၎င်းသည် အရှေ့တောင်အာရှနှင့် တောင်အာရှအကြား ကုန်းလမ်းကူးသန်းဆက်သွယ်မှုလမ်းကြောင်းတစ်ခု ဖြစ်ပေါ်၍ ကုန်စည်ပို့ဆောင်ရေး အဓိကအားပြုနေသော မိတ်ဖက်နိုင်ငံများအကြားရှိ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးတက်စေမည်ဖြစ်သည်။

    သို့သော် မြန်မာနိုင်ငံဖက်ခြမ်းတွင် လုံခြုံရေးပြဿနာအချို့ ရှိနေဆဲဖြစ်သဖြင့် အာဏာပိုင်များမှ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသည်။

    သုံးနိုင်ငံကူးအဝေးပြေးလမ်းမကြီးသည် အာရှဘီလူးအိန္ဒိယ၏စီးပွားရေးနှင့် အရှေ့တိုင်းအိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေးကို တိုးမြှင့်ဖော်ဆောင်မည့် အိန္ဒိယနိုင်ငံ၏ အရှေ့တိုင်းဆိုင်ရာမူဝါဒကို ထင်ဟပ်စေသည်။

    ထိုင်းနိုင်ငံနယ်စပ်အနီးရှိ မြန်မာနိုင်ငံ၏ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်းသည်လည်း အိန္ဒိယအရှေ့ပိုင်းနှင့် အာဆီယံနိုင်ငံများအတွက် အထောက်အကူပြုဦးမည်ဟု မျှော်လင့်ရသည်။

    စီမံလျာထားသော ယင်းဆိပ်ကမ်းသည် အိန္ဒိယ၏ Chennai ဆိပ်ကမ်းနှင့်လည်းကောင်း၊ သမုဒ္ဒရာတစ်ဖက်ခြမ်းရှိ ထိုင်းနိုင်ငံ၏ Laem Chabang ဆိပ်ကမ်းနှင့်လည်းကောင်း ဆက်သွယ်ပေးနိုင်သည်။

    ၎င်း “အရှေ့မျှော် မူဝါဒ” ၏အောက်မှ အာဆီယံ ၁၀ နိုင်ငံပါဝင်သည့် လက်ရှိ အိန္ဒိယ-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် FTA အရ စီးပွားရေးဆိုင်ရာ ဒေသတွင်း စုပေါင်းလက်တွဲဖော်အုပ်စု Regional Comprehensive Economic Partnership (RCEP) ကို ဖွဲ့စည်းနိုင်ရန်လည်း အိန္ဒိယမှ ညှိနှိုင်းလျက်ရှိသည်။

    ဗီယက်နမ်၊ စင်္ကာပူ၊ မလေးရှား စသော အာဆီယံနိုင်ငံအချို့မှာ အမေရိကန်ဦးဆောင်သည့် ပစိတ်ဖိတ်ဒေသဖြတ်ကျော်လက်တွဲဖော် (TPP) FTA အဖွဲ့ဝင်များ ဖြစ်လာကြသောကြောင့်၊ အာဆီယံသည် ၎င်း၏ ပင်မကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြသော အိန္ဒိယ၊ တရုတ်တို့နှင့် RCEP သဘောတူညီချက်များကို အကောင်အထည်ဖော်ပုံစံချနိုင်ရန် ၎င်း၏ FTA များကို မြှင့်တင်ရတော့မည်ဖြစ်၏။

    အိန္ဒိယသည် အာဆီယံကို မိမိ၏ အရှေ့မျှော်မူဝါဒ၏ အူတိုင်အစိပ်အပိုင်းတစ်ရပ်အဖြစ် အမြင်ထားရှိသည်။ မြန်မာနိုင်ငံသည် အိန္ဒိယ၏ ကပ်လျက်အိမ်နီးချင်းဖြစ်သလို ထိုင်းနိုင်ငံနှင့်လည်း ယဉ်ကျေးမှုအပါအ၀င် အခြားဆက်နွှယ်ချက်များနှင့်တူ ကာလရှည် ရေကြောင်းကုန်သွယ်မှုအိမ်နီးချင်းနိုင်ငံလည်း ဖြစ်နေသည်။ သို့ဖြစ်၍ နှစ်နိုင်ငံစလုံးသည် အိန္ဒိယအတွက် အာဆီယံ၏တံခါးဝများ ဖြစ်နေသည်။

    ယမန်နှစ်က ထိုင်း-အိန္ဒိယကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ(ထိုင်း ဘတ်ငွေ ၂၈၅.၅ သန်း) ရှိခဲ့ပြီး ထိုင်းနိုင်ငံသို့ အိန္ဒိယဧည့်သည်ပေါင်း တစ်သန်းထိ သွားရောက်လည်ပတ်ခဲ့ကြသည်။ ၎င်းအပြင် အိန္ဒိယရိုးရာမင်္ဂလာပွဲပေါင်း ၃၀၀ ခန့်ကိုလည်း ထိုင်းနိုင်ငံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

    အိန္ဒိယနိုင်ငံ၌ ထိုင်းမှ အဓိကရင်းနှီးမြှုပ်နှံသူများမှာ CP Group, Delta Electronics, Ital-Thai and Pruksa Real Estate တို့ဖြစ်၍၊ ထိုင်းနိုင်ငံ၌ လည်ပတ်လုပ်ကိုင်နေသည့် အဓိကစီးပွားရေးအုပ်စုများမှာ Tata Group, Aditya Birla and Indorama တို့ ဖြစ်ကြသည်။

    ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှုကြားမှ အိန္ဒိယသည် နှစ်စဉ် ၇ ရာခိုင်နှုန်း တိုးတက်နေကြောင်း အိန္ဒိယသံအမတ်က ဆိုသည်။

    Ref : The Nation

  • လောင်းရိပ်အောက်ကထွက်လာသူများ (သို့မဟုတ်) နီပေါနိုင်ငံမွတ်စ်လင်မ်များ

    လောင်းရိပ်အောက်ကထွက်လာသူများ (သို့မဟုတ်) နီပေါနိုင်ငံမွတ်စ်လင်မ်များ

    မေ ၂၇၊ ၂၀၁၆
    M-Media

    np 1
    နီပေါနိုင်ငံ၊ နီပါဂွန့်ရှိ အာအိရှဟ် ဘာ့နသ် စာသင်ကျောင်းမှ ကလေးငယ်များ

    – ရာစုနှစ်ချီပြီး ခွဲခြားခြင်းနှင့် လျစ်လျူရှုခြင်းခံခဲ့ရသည့် နီပေါနိုင်ငံမွတ်စ်လင်မ်တို့မှာ လင်းဝင်းတောက်ပသည့် အနာဂတ်အတွက် မျှော်လင့်ချက် ရှိလာလေပြီ။

    ခတ္တမန္ဒုမြို့၊ ယခင်နန်းတော်ဟောင်း ယခု ပြတိုက်နှင့် ခဲတစ်ပစ်အကွာတွင် ဂျာမေ့ဗလီတစ်လုံးရှိ၏။ ၎င်း၏ ထောင့်တစ်ထောင့်တွင် Begum Hazrat Mahal ၏ ဂူဗိမာန်က လဲလျောင်းနားစက်နေသည်။ ၎င်း၏ တစ်ချိန်က ခမ်းနားထယ်ဝါခြင်းအပိုင်းအစများမှာ တိမ်ကောပြယ်လွင့်စပြုနေသည်။

    Mahal မဟာလ်သည် အိန္ဒိယရှိ Awadh မည်သော ပြည်နယ်ကလေး၏ ဘုရင်မဖြစ်၏။ ၁၈၅၇ ဗြိတိသျှတော်လှန်ရေးနှင့် ကြုံဆုံရာတွင် ပုန်ကန်ခြင်းပြိုလဲပြီးနောက် သူမသည် လခ်နောင်မြို့သို့ တိမ်းရှောင်သည်။ ဗြိတိသျှတို့၏ တော်လှန်ရေးကိုဖြိုခွင်းမှု၌ နီပေါဘုရင် Jung Bahadur Thapa က ၀င်ရောက်ကူညီသည်။ မြို့ကိုသိမ်းပြီးသည့်နောက် သူက မဟာလ်အား ခိုလှုံခွင့်ပေးခဲ့သည်။ မဟာလ်၏ ဘက်တော်သားအများအပြားကလည်း သူမနှင့်အတူ နီပေါသို့ လိုက်လာခဲ့ကြကြောင်း ဂျာမေ့ဗလီအတွင်းရေးမှူး M Hussain က ဆိုသည်။

    သို့သော် အစ္စလာမ်သာသနာသည် နီပေါနိုင်ငံသို့ ၎င်းမတိုင်မီကပင် ရောက်နှင့်ပြီးဖြစ်သည်။

    ၁၅ ရာစုနှစ်က ကရှ်မီးယားကုန်သည်များသည် တိဗက်မြို့တော် လာဆားသို့ သွားရာတွင် ခတ္တမန္ဒုကို ပထမဆုံးဖြတ်သန်းရောက်ရှိကြသည်။ ၎င်းတို့အနက် များစွာသောသူတို့က Ratna Malla ဘုရင်အုပ်စိုးချိန်ကာလအတွင်း ခတ္တမန္ဒု(ယခင်အခေါ် – ကန်တီပူးရ်)၊ ဘာ့ခ်တာပူးရ်နှင့် လာလစ်ပူးရ်၌ အခြေချနေထိုင်ခဲ့ကြသည်။

    ခတ္တမန္ဒုနန်းတော်မှ ကိုက်တစ်ရာနှစ်ရာအကွာအဝေးတွင် နှစ်ပေါင်း ၅၀၀ သက်တမ်းရှိ ကရှ်မီရီတကီယာ ဗလီဝတ်ကျောင်းက ဤသမိုင်းကို သက်သေပြုနေပါသည်။

    “မွတ်စ်လင်မ်တွေဟာ အသံတိတ်လူနည်းစုအဖြစ် ရာစုနှစ်များစွာ နီပေါနိုင်ငံထဲ အေးအေးချမ်းချမ်းသင့်သင့်မြတ်မြတ် နေထိုင်လာခဲ့ကြတယ်။ မော်ဝါဒီတော်လှန်ရေးက သူတို့(မွတ်စ်လင်မ်)တွေရဲ့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေအတွက် လမ်းခင်းပေးလိုက်ပါတယ်” ဟု Hussain က ဗလီဝတ်ကျောင်းပရ၀ုဏ်ထဲရှိ သူ၏ရုံးခန်းငယ်လေးတွင် ပြောပြသည်။

    သို့သော် မော်ဝါဒီတော်လှန်ရေး(၁၉၉၆-၂၀၀၆) ကြောင့် လက်ရှိနှစ်များအတွင်း သူတို့သည် လူ့မြင်ကွင်းသို့ရောက်ရှိကာ နှုတ်ကိုဖွင့်ဟလာစေခဲ့သည်။

    မော်ဝါဒီတို့ဦးဆောင်သော ဒီမိုကရေစီနည်းကျ ရွေးချယ်ခံအစိုးရ အာဏာရလာသည့် ၂၀၀၈ ခုနှစ်တွင် သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းလိုက်သည်။ ထိုနှစ်မှာပင် မွတ်စ်လင်မ်တို့၏ပွဲတော်ရက်များကို အများပြည်သူအားလပ်ရပ်များအဖြစ် ပထမဆုံး ကြေငြာပေးခဲ့သည်။

    np 2
    အိန္ဒိယနိုင်ငံ၊ အ၀ါ့ဇ်ပြည်နယ်လေး၏ဘုရင်မ Begam Hazrat Mahal ၏ ဂူဗိမာန်

    သေတွင်းမှ လွတ်မြောက်ခြင်း

    ခတ္တမန္ဒုမြို့မှ ၅၀၀ ကီလိုမီတာဝေးကွာပြီး အိန္ဒိယနယ်စပ်အနီး Banke ခရိုင်ရှိ မွတ်စ်လင်မ်တို့၏အိမ်များတွင် ကုရ်အာန်စာသားများပါဝင်သော အလံစိမ်းများ လွှင့်ထူထားသည်ကို တွေ့ရ၏။ ၎င်းမှာ တောင်အာရှသား မွတ်စ်လင်မ်အများစုကကျင်းပလေ့ရှိသည့် တမန်တော်မုဟမ္မဒ်ဖွားမြင်တော်မူခြင်း အထိမ်းအမှတ်ပွဲတော် ကျင်းပနေခြင်းဖြစ်သည်။

    ယင်းသို့ လူထုအခင်းအကျင်းတို့မှာ နီပေါနိုင်ငံ၏ လူနည်းစုဝင်များ၊ တိုင်းရင်းအုပ်စုများ၏ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများအပေါ် အစိုးရသစ်၏ အသိအမှတ်ပြုခြင်းကို ပေါ်လွင်နေစေသည်။

    Banke သည် တောင်ပိုင်းလွင်ပြင်၌ တည်ရှိပြီး Tarai (၀ါ) Madhes ဒေသအဖြစ် လူသိများသည်။ မွတ်စ်လင်မ်လူဦးရေပမာဏအားလုံး၏ ၉၅ ရာခိုင်နှုန်းက ထိုဒေသတွင် မှီတင်းနေထိုင်လျက်ရှိကြသည်။ အများစုမှာ ဆင်းရဲနွမ်းပါး၍ အိမ်ပိုင်မြေပိုင် မရှိကြချေ။ သူတို့သည် Madhesi နယ်သားများပင်ဖြစ်သော်လည်း နိုင်ငံရေးကိုယ်စားပြုခွင့်မရှိကြ၊ အလုပ်အကိုင်လောကတွင်လည်း Madhesi နယ်သားတို့၏ ကျယ်ပြန့်စွာ ခွဲခြားဆက်ဆံမှုကို ခံနေကြရသည်။ စီးပွားရေးနယ်ပယ်ထဲ တံတားခင်းနိုင်သူ လက်တစ်ဆုပ်စာမျှသာရှိ၏။ ၎င်းတို့အနက်အပါအ၀င်တစ်ဦးဖြစ်သော အလမ်းခန်း(၂၈ နှစ်)သည် Banke ရှိ Nepalgunj နယ်သားဖြစ်ပြီး၊ Madhes ဒေသအတွင်း တရားလက်လွှတ်သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ မတရားဖမ်းဆီးမှုများအပေါ် ဆန့်ကျင်လှုပ်ရှားမှုများကို ဆောင်ရွက်နေသော THRD Alliance – NGO ၌ တာဝန်ထမ်းဆောင်နေသည်။

    ၂၀၀၇ ခုနှစ် Madhesis နယ်သားတို့မှ ခွဲခြားဆက်ဆံမှုအပေါ် ဆန္ဒပြမှုစတင်ချိန်တွင် ၁၇ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ခန်းက Rani Talau ဒေသရှိ

    np 5
    နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒုမှ ဂျာမေ့ဗလီဝတ်ကျောင်းတော်

    သူ၏ရုံးခန်းငယ်လေးတွင် “ဂုဏ်သိက္ခနဲ့ရှင်သန်ခွင့် နဲ့ လူ့အခွင့်အရေးကို လူတိုင်း ရရှိဖို့ လိုပါတယ်” ဟု ပြောကြားသည်။

    Madhesis တို့သည် နယ်စပ်တစ်ဖက်မှ အိမ်နီးချင်းအိန္ဒိယသားတို့နှင့် ယဉ်ကျေးမှုအရ နီးစပ်မှုရှိကြသည်။ တောင်တန်းဒေသများရှိ အထက်တန်းလွှာ နီပေါလူမျိုးတို့သည် တိုင်းပြည်၏စီးပွားရေးနှင့် နိုင်ငံရေးကို လက်ဝါးကြီးအုပ်နေခဲ့ကြောင်း ၎င်းတို့က ဆိုကြသည်။

    THRD Alliance ၌ အလုပ်မ၀င်မီ ခန်းသည် စာနယ်ဇင်းသမားတစ်ဦးဖြစ်ခဲ့သည်။
    “မြေအောက်လှုပ်ရှားသူ Madhesi ခေါင်းဆောင်တစ်ဦးနဲ့ အင်တာဗျူးခဲ့တဲ့အတွက် ကျွန်တော့်ကို လူသတ်မှုနဲ့ ဆူပူထကြွအောင်လှုံ့ဆော်မှုနဲ့ ဖမ်းဆီးခဲ့တယ်။ ဒါပေမယ့် သူတို့ ဘာမှ သက်သေမပြနိုင်ခဲ့ဘူး။ ဒါဟာ ကျွန်တော့်အနေနဲ့ သေတွင်းကလွတ်မြောက်သွားခြင်းပါပဲ”။

    ယခုအခါ သူသည် တရားလက်လွတ်သတ်ဖြတ်ခြင်း၊ ဥပဒေမဲ့ထိန်းသိမ်းခြင်းတို့ကို မှတ်တမ်းပြုစုရန် နီပေါတခွင် ခရီးနှင်လျက်ရှိသည်။ သူ့မိသားစုနှင့်မတူကွဲပြားစွာ မွတ်စ်လင်မ်မဟုတ်သော မာဂါတိုင်းရင်းသူတစ်ဦးကို ထိမ်းမြားထားသည်။

    “ကျွန်တော် ရဲစခန်းမှာ ထိန်းသိမ်းခံရစဉ်က ကျွန်တော့်ကို သူမ ရပ်တည်ပေးခဲ့တယ်။ အဲ့ဒီမှာ သူမကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ”။

    မိမိ၏မိသားစုလည်း ထိုစဉ်ကတည်းက မိမိ၏ဇနီးအဖြစ် လက်ခံလိုက်ကြောင်း၊ သူမသည် ယခုအခါ သူနာပြုတစ်ဦးဖြစ်ရန် သင်ယူလေ့လာနေကြောင်း ခန်းက ပြောပြသည်။

     

    np 3
    ခတ္တမန္ဒု ရှိ ကက်ရှ်မီရီ တာကီယာ ဗလီဝတ်ကျောင်းတော်တွင် မွတ်စလင်များ ၀တ်ပြုနေပုံ

    ၂၀၀၈ ခုနှစ်တွင် မွတ်စ်လင်မ်ပွဲတော်များကို အများပြည်သူအားလပ်ရပ်များအဖြစ် ကြေငြာခဲ့သည် (ဓာတ်ပုံ – Prabhat R Jha/Al Jazeera)

    ပညာရေးအခွင့်အလမ်း ဆုံးရှုံးနေဆဲ

    ဘာသာကွဲထိမ်းမြားမှုများ မရှိသလောက်ရှားပါးလှသည့် နိုင်ငံအတွင်း ခန်းသည် လူ့အသိုင်းအ၀ိုင်းစံနှုန်းများကို ချိုးဖျက်လိုက်ပြီး ရှေ့ဆက်ရင်ဆိုင်ရန် အားမွေးထားသည်။

    နိပေါနိုင်ငံ၏ အကြောင်းမလှဆုံးအုပ်စုများတွင် မွတ်စ်လင်မ်အမျိုးသားအမျိုးသမီးများ ပါဝင်နေကြသည်။

    မွတ်စ်လင်မ်အမျိုးသမီးများအနက် ၂၆ ရာခိုင်နှုန်းသာ စာပေတတ်မြောက်ကြသည်။ နိုင်ငံ့အမျိုးသမီးများ၏ ပျမ်းမျှဦးရေ ၅၅ ရာခိုင်နှုန်းမှာ စာပေတတ်မြောက်ကြသော်လည်း အလယ်တန်းကျောင်းအဆင့်အထိ တက်ရောက်ဖူးသူ မွတ်စ်လင်မ်မိန်းကလေး ၁၂ ရာခိုင်နှုန်းမျှသာ ရှိနေ၏။

    Nepalgunj ဂျာမေ့ဗလီဥက္ကဋ္ဌဟောင်း အဗ်ဒုရ်ရဟ်မာန်း (၅၂ နှစ်)က လူထုစာသင်ကျောင်းစနစ်နှင့် အစ္စလာမ့်တန်ဖိုးတရားအချို့အကြား ရင်ဘောင်တန်းမရနိုင်သည့်အမြင်တစ်ရပ်ကို သိမ့်မွေ့ချိုသာစွာ ပြောပြပါသည်။

    “ပူရ်ဒဟ်(ဟိဂျာ့ဗ် သို့မဟုတ် နိကာ့ဗ်) ဆင်ယင်ထားတဲ့ မွတ်စ်လင်မ်မိန်းကလေးတွေအပေါ် စူးစမ်းမှုတွေ ရှိကြတယ်။ သူတို့ကို လူမျိုးခြားတွေလို ကြည့်ရှုဆက်ဆံခံရတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာနှိပ်စက်ခြင်းတစ်မျိုးပါပဲ။ အစိုးရအနေနဲ့ မွတ်စ်လင်မ်တွေရဲ့ပညာရေးနဲ့ပတ်သက်ပြီး (ပညာသင်ဆု ဒါမှမဟုတ် ငွေကြေးအကူအညီ) အထူးအစီအစဉ်တစ်ရပ်ဖြစ်စေ၊ အစ္စလာမ့်တန်ဖိုးတရားနဲ့အညီ ကျွန်တော်တို့ရဲ့ကလေးတွေကို လွတ်လပ်စွာ ပညာသင်ကြားခွင့်ဖြစ်စေ ဆောင်ရွက်ပေးသင့်တယ်”။

    ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ ဘွဲ့ရနှင့် ဘွဲ့လွန် မွတ်စ်လင်မ်ဦးရေမှာ ၅၀၀၀ ပင် မပြည့်ခဲ့။

    np 4
    ၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ ဘွဲ့ရနှင့် ဘွဲ့လွန် မွတ်စ်လင်မ်ဦးရေမှာ ၅၀၀၀ ပင် မပြည့်ခဲ့။

    တော်လှန်ရေးအလွန် ဒီမိုကရက်တစ်အာဏာပိုင်များက လူ့အဖွဲ့အစည်းအရေးအရာများကို အသိအမှတ်ပြုခဲ့သည်။ မဒ်ရဆာ ဘာသာရေးစာသင်ကျောင်းငယ်များကို မွတ်စ်လင်မ်များအကြား ပညာရေးတိုးတက်မြင့်မားလာနိုင်ရေးကဏ္ဍတစ်ရပ်အဖြစ် သတ်မှတ်ပေးခဲ့သည်။

    မဒ်ရဆာ ဘုတ်အဖွဲ့ကို ၂၀၀၇ ခုနှစ်တွင် ပထမဆုံးအကြိမ်ဖွဲ့စည်းပြီး နိုင်ငံတွင်းမွတ်စ်လင်မ်အများအပြား အသုံးပြုနေသော အူရဒူဘာသာစကားဖြင့် သင်ကြားနိုင်အောင် သင်ရိုးများကို စီစဉ်ပေးသည်။

    အခြားတိုင်းရင်းအုပ်စုများအသုံးပြုနေကြသည့် မာဂါ နှင့် တမန်း ဘာသာစကားများကိုလည်း အသိအမှတ်ပြုခဲ့သည်။ ၎င်းမှာ ပဒေသရာဇ်ခေတ်ကာလအတွင်း နီပါလီဘာသာစကားကိုသာ ဦးစားပေးခဲ့ခြင်းနှင့် ပြတ်ပြန်သားသား ကွဲပြားခြားနားချက်ပင်ဖြစ်သည်။

    မဒ်ရဆာကျောင်းများသည် တရားဝင်မှတ်ပုံတင်ပြီး သိပ္ပံ၊ သင်္ချာ၊ အင်္ဂလိပ်နှင့် နီပါလီ(နီပေါဘာသာစကား)ဘာသာရပ်များကိုပါ သင်ကြားပေးမည်ဆိုပါက ဘဏ္ဍာရေးထောက်ပံ့မှုပေးမည်ဟု အစိုးရက ကတိက၀တ်ပြုခဲ့သည်။

    သို့သော် ယင်းမူဝါဒကြေငြာပြီး ၁၀ နှစ်ခန့်အကြာတွင် မဒ်ရဆာကျောင်း ၂၀၀၀ အနက်တစ်ဝက်ကျော်မှာတရားဝင်မှတ်ပုံတင်ပြီးသော်လည်း လုံလောက်သည့်အကူအညီမရကြောင်း စောဒတက်ဝင်လာကြသည်။

    အင်္ဂလိပ်စာပေနှင့်တွဲ၍သင်ကြားပေးနေသော အာအိရှဟ်ဘာ့နသ် မိန်းကလေးကျောင်း၏ဦးစီး Badre Alam Khan က အစိုးရအထောက်အပံ့ လုံလောက်စွာ မရရှိကြောင်း ဆိုသည်။ ယင်းမဒ်ရဆာသည် ၂၀၀၆ ခုနှစ်တွင် ကျောင်းသူ ၆ ဦးနှင့် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ မိန်းကလေးပေါင်း ၄၀၆ ဥိးကို သင်ကြားပေးနေသည်။ အခြေခံလိုအပ်ချက်များ၊ စာသင်ဆရာများ ပြည့်စုံလုံလောက်မှု မရှိတော့သဖြင့် ကျောင်းသူများကို ထပ်မံလက်ခံသင်ကြားပေး၍ မရနိုင်တော့ကြောင်း ရှင်းပြသည်။

    “ဒီမဒ်ရဆာကျောင်းကို စဖွင့်ကတည်းက မိန်းကလေးတွေက ပူရ်ဒဟ် ဆင်ယင်ခွင့်ပြုခဲ့ပါတယ်။ ခေတ်ပညာရေးနဲ့ အစ္စလာမ့်ပညာရေးကို မျှတအောင် ကျွန်တော်တို့ သင်ကြားပေးနေပါတယ်” ဟု ကျောင်းအုပ်ဖြစ်သူ Talat Parveen က ဆိုသည်။ Talat Parveen (၂၈ နှစ်)သည် အိန္ဒိယနိုင်ငံ ဂိုရာ့ပူးရ်မြို့သူဖြစ်ပြီး သူမ၏ခင်ပွန်းမှာ နီပေါမှဖြစ်သည်။ အဆင့်မြင့်ပညာရေးကိုရရှိလာပါက နိုင်ငံတွင်း မွတ်စ်လင်မ်အများအပြားမှာ ဆင်းရဲတွင်းမှ လွတ်မြောက်လာနိုင်ကြောင်း သူမ ယုံကြည်ထားသည်။

    “အဆင့်မီပညာရေးကိုသင်ကြားပေးနိုင်တဲ့ ကောလိပ်နဲ့ စာသင်ကျောင်းတွေ ပိုမိုများပြားလာဖို့ လိုအပ်နေပါတယ်။ ပူရ်ဒဟ်က ရှင်တို့(အခြားသူများ)ကို ဘာမှမထိခိုက်စေပါဘူး။ ကျွန်မ အင်္ဂလိပ်စာမဟာဘွဲ့ ရရှိထားသူပါ။ ဒီနိကာ့ဗ်က ဒီဘွဲ့အတွက် ဘာအတားအဆီးမှ မဖြစ်ခဲ့ပါဘူး”။

    ပညာရေး၊ ကျောင်းဆောင် အခမဲ့စနစ်နှင့် ပညာသင်ဆုများကဲ့သို့ အထူးအစီအမံများ ဆောင်ရွက်ပေးမည်ဆိုလျှင် မွတ်စ်လင်မ်တို့အား ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်လိမ့်မည်ဟု အသက် ၃၆ နှစ်အရွယ် လူမှုဝန်ထမ်းဖြစ်သူ အဗ်ဒုလ်ကာရီက ယုံကြည်ထား၏။ သို့သော် “ဒါတွေကို ဘာမှလုပ်မထားပေးဘူးဗျ” ဟု သူက ဆိုပါသည်။

    np 6
    Nepalgunj ရှိ မဒ်ရဆာကျောင်း စာသင်ခန်းတစ်ခု

    တောက်ပလာမည့် အနာဂတ်

    နိုင်ငံလူဦးရေ သန်း ၃၀ အနက် ၅ ရာခိုင်နှုန်းခန့်ရှိသော မွတ်စ်လင်မ်တို့သည် သီးခြားဆန်သည့်အုပ်စုအဖြစ် လူ့အဖွဲ့အစည်းခေါင်းဆောင်များက အမြင်ရှိနေကြသည်။

    “Madhes နယ်မှာ နေထိုင်နေကြပေမယ့် မွတ်စ်လင်မ်တွေဟာ အခြားအုပ်စုတွေနဲ့ မတူကွဲပြားမှု ရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဝိသေသအနေနဲ့ကလည်း ယဉ်ကျေးမှု၊ ဘာသာစကား၊ စီးပွားရေးဆောင်ရွက်ပုံတွေအပေါ် မူတည်ပြီး ကွဲပြားစရာတွေ ဖြစ်နေပါတယ်” ဟု Unified Communist Party of Nepal မှ ဒေသခံမော်ဝါဒီခေါင်းဆောင် Hussain Faruqi က ဆိုသည်။

    ၂၀၁၅ ခုနှစ်တွင် သက်ဝင်လှုပ်ရှားလာသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်၌ ပထမဆုံးအနေဖြင့် မွတ်စ်လင်မ်တို့အား ဒုတိယတန်းစားအုပ်စုဝင်များစာရင်းအတွင်း ထည့်သွင်းပေးထား၏။ ၎င်းအပြင် ပြည်သူ့ဝန်ထမ်းအရေအတွက် ၁ ရာခိုင်နှုန်းမျှသာရှိနေသော မွတ်စ်လင်မ်တို့အတွက် အလုပ်အကိုင်ဝေစုတစ်ရပ်ပေးရန် လျာထားခဲ့၏။

    အနာဂတ်နှင့်ပတ်သက်ပြီး အကောင်းမြင်ကြသူ မွတ်စ်လင်မ် အမြောက်အများ ရှိနေကြပါသည်။ နီပေါနိုင်ငံရှိ အခြားမြို့များထက် မွတ်စ်လင်မ်ဦးရေများပြားသည့် Nepalgunj ၌ မွတ်စ်လင်မ်လူနည်းစုသီးသန့်ပိုင် ရေဒီယိုအသံလွှင့်ဋ္ဌာန၊ စာသင်ကျောင်းများ၊ စေတနာ့ဒါနအဖွဲ့အစည်းများကို ဂုဏ်ယူစဖွယ် တွေ့ကြရသည်။

    နီပေါမွတ်စ်လင်မ်တို့၏အလားအလာနှင့်ပတ်သက်၍ လက်ရှိအစိုးရ၏ညွှန့်ပေါင်းအဖွဲ့နိုင်ငံရေးပါတီဝင်ဖြစ်သော Faruqi မှ အကောင်းဆုံးကို မျှော်လင့်ထားပေသည်။

    “အီးဒ်နေ့တွေကို အားလပ်ရက်အဖြစ် ကြေငြာထားပြီးပြီ၊ မွတ်စ်လင်မ်ကော်မရှင်နဲ့ မဒ်ရဆာဘုတ်အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီ။ နီပေါက မွတ်စ်လင်မ်တွေအတွက် အခွင့်အရေးပိုမိုရရှိအောင် ကျွန်တော်တို့ပါတီက ဆက်လက် တိုက်ပွဲဝင်သွားဦးမှာပါ”။

    np 7
    နီပေါနိုင်ငံတောင်ပိုင်း Nepalgunj မြို့တွင် စက်ဘီးစီးနင်းနေကြသော မွတ်စ်လင်မ်စုံတွဲအား တွေ့ရစဉ်

     

    (Ref : The Muslims of Nepal: Coming out of the shadows By Saif Khalid; Al Jazeera)
    (ဘာသာပြန် – မင်းထွဋ်ခေါင်)

  • ရိုးရာနည်းလမ်းဖြင့် အနာဂတ်လမ်းခင်းသူ ပါကစ္စတန် ဗိသုကာပညာရှင် ယာစမင်း လယ်ရီ

    ရိုးရာနည်းလမ်းဖြင့် အနာဂတ်လမ်းခင်းသူ ပါကစ္စတန် ဗိသုကာပညာရှင် ယာစမင်း လယ်ရီ

    မ ၉၊ ၂၀၁

    M-Media
     paki
    – ပါကစ္စတန်နိုင်ငံသား ဗိသုကာပညာရှင် ယာစမင်း လာရီသည် ရေဘေးဒဏ်သင့် ဆင်းဒ်ဒေသ၌ ဒေသန္တရဆိုင်ရာ ဆောက်လုပ်ရေးနည်းပညာဖြင့် ရွာများကို ပြန်လည်ထူထောင်ပေးလျက်ရှိသည်။

    ယာစမင်း လာရီသည် ပါကစ္စတန်၏ ပထမဦးဆုံး အမျိုးသမီးဗိသုကာပညာရှင်၊ ကမ္ဘာ့သဘာဝဘေးဒဏ်သင့် ကယ်ဆယ်ရေးစခန်းများကို အပံ့ပိုးနိုင်ဆုံးသူလည်းဖြစ်သည်။ ၂၀၁၀ ခုနှစ်မှစ၍ ပါကစ္စတန်တွင် ရေဘေးနှင့် ငလျင်ဒဏ်ခံစားရသူတို့အတွက် အိမ်ရာပေါင်း ၃၆၀၀၀ အထက်ကို သူမက ဆောက်လုပ်ပေးထားခဲ့ပြီးဖြစ်၏။

    နိုင်ငံတကာအဖွဲ့အစည်းများကပေးသော အရံသင့်နေအိမ်များ၏ဖွဲ့စည်းမှုအားနည်းချက်ကို ရှောင်ဖယ်သောအားဖြင့် လာရီသည် ထုံးနှင့် ၀ါးကဲ့သို့သော ရိုးရာနည်းလမ်းနှင့် ပြည်တွင်းဖြစ်ပစ္စည်းတို့ကို အသုံးပြုသည်။ သူမ၏အိမ်ယာပုံစံငယ်လေးများမှာ လူတို့အနေဖြင့် ၎င်းတို့ဖာသာ တည်ဆောက်ရန် ရိုးရှင်းလွယ်ကူလှသည်။ ဤနည်းအားဖြင့် ဗိသုကာပညာသည်လည်း လူသားချင်းစာနာကူညီရေးတွင် တစ်ထောင့်တစ်နေရာမှ အသုံးဝင်ကြောင်း သူမက ခင်းကျင်းဖော်ထုတ်ပြရန် မျှော်လင့်ထားသည်။

    “ကပ်ဘေးသင့်ဒုက္ခသည်တွေကို လိုအပ်ချက်ရှိနေသူတွေအပေါ် စွန့်ကြဲသလို မဆက်ဆံပဲ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံပေးဖို့ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေကို မကြာမကြာပြောတတ်ပါတယ်” ဟု သူမက ဆိုသည်။

    တစ်ချိန်က လယ်ရီသည် ပါကစ္စတန်နိုင်ငံပိုင် ရေနံကုမ္ပဏီကြီးလို အလုပ်အပ်သူများအတွက် ကွန်ကရစ်နှင့် သံမဏိအဆောက်အဦကြီးများကို လက်ခံဆောက်လုပ်ပေးခဲ့သည်။ သို့သော် ၂၀၀၅ ကပ်ဘေးသင့်သောအခါ သူမသည် ကျေးလက်ဒေသပြည်သူများအတွက် ရေလွှမ်းခြင်းနှင့်ငလျင်ဒဏ်ခံ အဆောက်အဦးပုံစံထုတ်ရန် ရိုးရာနည်းလမ်းများဖက် လှည့်ပြောင်းအသုံးပြုခဲ့သည်။

    သူမသည် ဆင်းဒ်ဒေသသို့ပြန်လာရာ သူမဆောက်လုပ်ခဲ့သည့်အိမ်များမှာ ၂၀၁၃ ရေလွှမ်းမိုးမှုဒဏ်မှ ခံနိုင်ရည်ရှိခဲ့သည်ကိုလည်းကောင်း၊ အ၀ါရန်ရွာသားတို့သည် ၂၀၁၃ ဘလိုချစ္စတန်မြေငလျင်ဒဏ်မှ သက်သာရာရခဲ့သည်ကိုလည်းကောင်း တွေ့ခဲ့ရပေသည်။

    အိန္ဒိယမှ ရုပ်ရှင်ဖန်တီးသူ ဖိုင်ဇာ အဟ်မဒ်ခန်းက ပါကစ္စတန်သို့သွားရောက်၍ ၎င်းနှင့်ပတ်သက်သော မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး အလ်ဂျဇီးရားအင်္ဂလိပ်ပိုင်းအစီအစဉ်၌ ၂၀၁၄ သြဂုတ်လအတွင်း တင်ဆက်ခဲ့သည်။

    ၎င်း၌ ယာစမင်း လယ်ရီနှင့်အဖွဲ့သည် ရိုးရာတည်ဆောက်ခြင်းနည်းလမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် ၂၀၀၅ ခုနှစ်က Heritage Foundation ကို ဆင်းဒ်ဒေသ၊ Moak Sharif ကျေးရွာတွင် ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစင်တာတွင် အမျိုးသမီးရေးရာဋ္ဌာန၊ ကလေးသူငယ်များအတွက် သင်ကြားလေ့လာရေးဋ္ဌာန၊ ကျေးလက်ပြည်သူများအတွက် ဆေးပေးခန်း ပါဝင်ကြောင်း၊ အစိုးရထံမှ ကွန်ကရစ်အိမ်ရာဆောက်လုပ်မှုရံပုံငွေ မရယူဘဲ ရွှံ့၊ ၀ါး၊ သစ်ရွက် ကဲ့သို့ သဘာဝပစ္စည်းများကို အသုံးပြုကာ နေအိမ်များကို ဆောက်လုပ်နေကြကြောင်း၊ မိမိရောက်ရှိစဉ်က သူတို့သည် အစိုးရကျောင်းတစ်ခုဖွင့်လှစ်နိုင်ရန် ကြိုးစားနေကြောင်း၊ ရွာသူများက မိခင်များကော်မတီတစ်ရပ်ကို ကိုယ်ထူကိုယ်ထ ဖွဲ့စည်းကာ စာသင်ကျောင်းလည်ပတ်နိုင်ရေးအတွက် စီစဉ်ကြကြောင်း၊ အိန္ဒိယသို့ မိမိပြန်ရောက်သောအခါ ၎င်းတို့သည် အော်ဂဲနစ်လယ်ယာစိုက်ပျိုးခြင်း၊ ဇီဝဓာတ်မြေသြဇာနှင့် သဘာဝဆပ်ပြာအသုံးပြုခြင်းတို့ကို ဆောင်ရွက်နေပြီဟု လယ်ရီမှ ၀မ်းသာအားရ ဆက်သွယ်ပြောကြားလာကြောင်း၊ ရိုးရာနည်းလမ်းများသည် လူသားနှင့်သဘာဝစံနစ်ကို ချိန်ခွင်လျှာညီမျှစေအောင် ဟန်ချက်ထိန်းပေးရာရောက်ကြောင်း၊ ယာစမင်းနှင့်အဖွဲ့သားများက ယင်းကွက်လပ်ကို ဖြည့်ဆည်းပေးနေခြင်းဖြစ်ကြောင်း ဝေေ၀ဆာဆာ ဖော်ပြထားပေသည်။ သူမ၏စကားတစ်ရပ်ကိုလည်း ဤသို့တွေ့ရပါမည်။

    “ကျွန်မတို့ဟာ အရာရာအားလုံးအတွက် ဒီမြေကို မှီခိုနေရတယ်။ (ဒီထဲကနေ) ကျွန်မတို့ သိရှိတာကို ထုတ်ယူပြီး ပြန်လည်ဖြည့်ဆည်းပေးတယ်။ မြို့ပြနေသူများဟာ သဘာဝမြေသားနဲ့ အဆက်အသွယ် ပြတ်တောက်နေကြတဲ့အတွက် သစ်ပင်ခုတ်ပစ်ဖို့၊ တွင်းနက်တွေတူးဖို့ နှစ်ခါပြန် စဉ်းစားမနေကြတော့ဘူး။ လူတွေက သဘာဝနဲ့ ကင်းကွာနေထိုင်နိုင်တယ်လို့ ထင်မြင်ကြတယ်။ ဒါပေမယ့် သီးခြားကင်းကွာလို့မရပါဘူး။ တကယ်လို့ သဘာဝစနစ် ပျက်သုဉ်းရင် သူတို့လည်း ပျက်သုဉ်းကုန်မှာပါပဲ”။

    Ref: Al Jazeera

    (Pakistan: A Traditional Future ကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် မှီငြမ်းပြန်ဆိုသည်။)

  • မြန်မာ့ကျောက်စိမ်း၊ ဆေးဝါးနှင့် သောင်းကျန်းသူတို့၏ အဆိပ်သင့်အမွှေဇယား

    မြန်မာ့ကျောက်စိမ်း၊ ဆေးဝါးနှင့် သောင်းကျန်းသူတို့၏ အဆိပ်သင့်အမွှေဇယား

    ဧပြီ ၁၀၊ ၂၀၁၆

    M-Media
    jade
    ကျောက်စိမ်းကုန်သည်တစ်ဦးမှ မိမိရွေးချယ်ထားသည့်ကျောက်များကို ရောင်းချရန်ပြသနေစဉ်။ (ဓာတ်ပုံ – Washington Post)

    – မူးယစ်ရာဇာများ၊ စစ်တပ်အခွင့်ထူးခံများနှင့် ငွေကစားသူတရုတ်လူမျိုးများကို တရားမ၀င်ကြွယ်ဝနေစေသည်မှာ သွေးစွန်းနေသောမြန်မာ့ကျောက်စိမ်းပင်ဖြစ်၏။

    Yup Zau Hkawng သည် ကချင်ပြည်နယ်တွင် ထင်ရှားသူတစ်ဦး၊ စစ်တပ်နှင့်သူပုန်များအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ကြားဝင်ဆောင်ရွက်သူတစ်ဦး၊ ကချင်လူမျိုးအနက် ရှားရှားပါးပါး ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

    jade 2
    မြန်မာနိုင်ငံ၏အသက်သွေးကြောတစ်ခုဖြစ်သော ဧရာဝတီမြစ် (ဓာတ်ပုံ – Washington Post)

    မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်၌ လူဦးရေ ၁.၂ သန်း မှီတင်းနေထိုင်လျက်ရှိသည်။ တရားမ၀င်ကျောက်စိမ်းတူးဖော်ခြင်းယဉ်ကျေးမှု၊ ဘိန်းစိုက်ပျိုးခြင်း၊ သဘာ၀၀န်းကျင်ထိခိုက်ပျက်စီးခြင်း၊ တရုတ်နှင့် လက်နက်ကိုင်သောင်းကျန်းသူတို့ဖြင့် လုံးထွေးနေသော အငြင်းပွားဖွယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ အပါအ၀င် မြန်မာနိုင်ငံ၏ ကိုင်တွယ်ရအခက်ခဲဆုံးပြဿနာအချို့ကလည်း ၎င်းပြည်နယ်အတွင်း ရှိနေကြသည်။ ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးဒဏ်ခံခဲ့ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရွေးချယ်ခံ အရပ်သားအစိုးရသစ် အာဏာရလာပြီဖြစ်သည်။ သို့သော် ဤအစိုးရသစ်အတွက် အမာကြောဆုံးစိန်ခေါ်မှုများအနက် ကချင်ပြည်နယ်လည်း အပါအ၀င် ဖြစ်လာနိုင်ပေမည်။

    ကချင်ပြည်နယ်၏ အနိဋ္ဌာရုံအများအပြားမှာ အဖိုးအနဂ္ဂထိုက်တန်လွန်းသော ကျောက်စိမ်း၌ အကြောင်းခံလျက် ရှိ၏။ အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားသည့် စစ်တပ်၏မိသားစုဝင်များနှင့် ခရိုနီများသည် ၎င်းဒေသထွက် ကျောက်စိမ်းများအပြင် သစ်၊ ရွှေ ကဲ့သို့ သဘာဝသယံဇာတများအား လက်ကုန်နှိုက်ယူလျက်ရှိကြောင်း တက်ကြွလှုပ်ရှားသူများက စွပ်စွဲထားကြသည်။ အစိုးရသစ်တက်မလာမှီ ပြီးခဲ့သောနှစ်၌ ကုမ္ပဏီကြီးများက ကျောက်စိမ်းများကို ရနိုင်သမျှ နေ့နေ့ညည တရစပ်ထုတ်ယူခဲ့ကြရာ တောင်စွယ်တောင်တန်းများမှာ ချိုင့်ဝှမ်းများအဖြစ် ရက်သတ္တပတ်အနည်းငယ်အတွင်း အသွင်ပြောင်းသွားရပေသည်။

    လက်နက်များ၊ မူးယစ်ဆေးဝါးများ၊ ကျောက်မျက်ရတနာများသည်လည်း စိုက်ကွက်လယ်ခင်းတို့ကိုလည်းကောင်း၊ တရုတ်နယ်စပ်ပေါ်မှလည်းကောင်း အတားအဆီးမရှိ ယာဉ်တန်းများဖြင့်တင်ဆောင်၍ ကုန်သွယ်လျက်ရှိသည်။ လက်နက်ကိုင် ကေအိုင်အေတပ်ကလည်း နိုင်ငံ့သယံဇာတများကို အကြောင်းပြုပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဆယ်စုနှစ်များစွာတစ်လျှောက် ထောင်ချီသောလူများ နယ်မြေရွှေ့ပြောင်း အိုးအိမ်မဲ့ဘ၀ ရောက်ခဲ့ကြရသည်။

    Jade 3
    ရွှေဇက်ဒုက္ခသည်စခန်းတွင် အသက်အကြီးဆုံးဖြစ်သူ Hkum Lu (၉၀ နှစ်)အား တွေ့ရစဉ်။ ၁၉၉၄ ခုနှစ်ကတည်းက မြန်မာအစိုးရနှင့် ကေအိုင်အေအကြား စတင်လာသည့် ပဋိပက္ခတိုက်ပွဲများအရှိန်မြှင့်တက်လာမှုကြောင့် ၂၀၁၁ ခုနှစ်တွင် ထိုနေရာသို့ လူငါးရာခန့်ကို အဓမ္မရွှေ့ပြောင်းအခြေချစေခဲ့သည်။ (ဓာတ်ပုံ – Washington Post )

    ထိုနေရာအတွက် အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ကွန်ရက်တစ်ခုအဖြစ် အကျိုးဆောင်ပေးနေသော Steven Tsa Ji က “ရွေးကောက်ပွဲမှာ အတိုက်အခံဖက်က အနိုင်ရတဲ့အပေါ် ကျွန်တော်တို့ အလွန် ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် နှစ် ၆၀ လောက် ဖြစ်ပျက်လာခဲ့တာကို သူတို့က ငါးနှစ်အတွင်း ဘယ်လိုဖြေရှင်းနိုင်ပါ့မလဲ” ဟု ဆိုပါသည်။

    စစ်တပ်ကျားကန် မြန်မာအစိုးရဟောင်းသည် လူထုကန့်ကွက်သံကျယ်လောင်လာပြီးနောက် ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သော ကချင်ပြည်နယ်မှ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိ မြစ်ဆုံဆည်စီမံကိန်းအား ဆိုင်းငံ့ခဲ့သည်။ ထိုစီမံကိန်းကြောင့် နယ်ခံရွာသူရွာသားပေါင်း တစ်သောင်းကျော် ရွှေ့ပြောင်းခဲ့ကြရသည်။ မြစ်လမ်းကြောင်း ပြောင်းလဲသဖြင့် တောရိုင်းတိရစ္ဆာန်များ၊ ငါးမျိုးစိတ်များနှင့် ဆန်စပါးစိုက်ပျိုးရာ မြေနုကျွန်းများ ပျက်စီးခဲ့ရသည်။

    မြန်မာနိုင်ငံအတွင်း လုံလောက်မျှအလျဉ်းမရှိသေးသော်လည်း မူလသဘောတူညီချက်အရ ယင်းရေအားလျှပ်စစ်စီမံကိန်းမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားအများစုကို တရုတ်ပြည်သို့ ပြန်လည်ပို့ဆောင်ပေးရမည်ဖြစ်၏။

    jade 4
    မြစ်ဆုံဆည်စီမံကိန်းကြောင့် အောင်မြင်သာရွာသူရွာသား ၁၅၀၀ ခန့် အဓမ္မနေရာရွှေ့ ဖယ်ရှားခံခဲ့ရသည်။ အဆိုပါစီမံကိန်းအား ၂၀၁၁ ခုနှစ်က စတင်ခဲ့ပြီး များမကြာမီ နယ်ခံအများစု ထွက်ခွာပေးခဲ့ရသည်မှာ ယနေ့တိုင် ဖြစ်သည် (ဓာတ်ပုံ – Washington Post )

    အစိုးရသစ် အပြောင်းအလဲဖြစ်ခြင်းနှင့်အတူ တရုတ်တို့သည်လည်း အဆိုပါတည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်အကောင်အထည်ဖော်နိုင်ရေး မျှော်လင့်ချက်ဖြင့် မြန်မာနိုင်ငံကို စတင် ဖိအားပေးလာတော့သည်။ ပြီးခဲ့သည်လတွင် တရုတ်နိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က “ဒီပူးပေါင်းဆောင်ရွက်မှု ရှေ့ဆက်တိုးမယ့်ပုံဟန်က နှစ်နိုင်ငံစလုံးအတွက် အရေးပါတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    ၂၀၁၁ ခုနှစ်တွင် ဤစီမံကိန်းကို ကန့်ကွက်ခဲ့သူ ဒေါ်စုကြည်သည် ဤအရေးနှင့်ပတ်သက်ပြီး လက်ရှိအမြင်ကို မဆိုစလောက်သာ ထုတ်ပြခဲ့သည်။ အစိုးရသစ်သည် ဆုံးဖြတ်ချက်မချမှတ်မီ ဤစီမံကိန်း၏ပဋိညာဉ်အပေါ် ပြန်လည်သုံးသပ်စိစစ်ဦးမည်ဟု သူမက ဆိုသည်။

    “ဒီစီမံကိန်းကို ရှေ့ဆက်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဧရာဝတီမြစ်ကို သတ်မယ်ဆိုရင် တစ်နိုင်ငံလုံးကို သတ်ပစ်တာနဲ့ အတူတူပါပဲ” ဟူ၍ ပြည်နယ်လွှတ်တော်အမတ်ဖြစ်သူ Ja Seng Hkwan (၅၀ နှစ်)က ပြောကြားလိုက်သည်။

    jade 5
    မြစ်ဆုံဆည်စီမံကိန်းမှာ လတ်တလောအခြေအနေတွင် မတင်မကျ ဖြစ်လျက်ရှိသည်။ ကချင်ပြည်နယ်အတွင်း အမည်ပျက်လျက်ရှိသည့် ယင်းစီမံကိန်းကို အရွေးချယ်ခံအစိုးရသစ်မှ ပြန်လည်လုပ်ဆောင်မည်လော၊ ဖျက်သိမ်းမည်လော ဟူသည်ကို ရှင်းလင်းစွာ မသိရသေးချေ။ ၎င်းကြောင့် မြေပြင်ဧရိယာအများအပြား ရေလွှမ်းနိုင်သည့်အပြင် ၎င်းမှထွက်သော လျှပ်စစ်ဓာတ်အားအများစုမှာလည်း တရုတ်ပြည်သို့သာ ပို့ဆောင်မည်ဖြစ်၏ (ဓာတ်ပုံ – Washington Post)

    ကချင်နှင့် အစိုးရအကြား ဖြစ်ပွားရသည့် ပဋိပက္ခ၏အရင်းခံအချက်သည် ဒေသ၏သဘာဝသယံဇာတအား စိုးမိုးထိန်းချုပ်လိုက်ခြင်းကြောင့်ဖြစ်၏။ ယင်းပဋိပက္ခမှာ ၁၉၄၈ ခုနှစ် ဗြိတိသျှထံမှ နိုင်ငံ့လွတ်လပ်ရေး ရရှိချိန်မှ စတင်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်လူများစုဖြစ်သော မြန်မာနိုင်ငံမှ ကချင်လူမျိုးတို့သည် များသောအားဖြင့် ခရစ်ယျာန်များ ဖြစ်ကြသည်။

    ၂၀၁၁ ခုနှစ်၌ ၁၇ နှစ်တာ အတိုက်အခိုက်ရပ်စဲရေးသဘောတူညီချက် ကျိုးပျက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)နှင့် စစ်တပ်တို့သည် တရုတ်လူမျိုးတို့ ကြီးကြပ်လုပ်ကိုင်နေသော ရေအားလျှပ်စစ်စက်ရုံအနီးတွင် တိုက်ပွဲများ ပြန်လည်စတင်ခဲ့ကြသည်။ လူပေါင်း တစ်သိန်းဝန်းကျင် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရသည်။

    ထိုအချိန်မှစတင်ပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုများ၊ ကလေးစစ်သားစုဆောင်းခြင်းများ၊ မြေမြှုပ်မှိုင်းထောင်ခြင်းများကို နှစ်ဖက်စလုံးမှ ကျူးလွန်ပြုလုပ်ခဲ့ကြကြောင်း Human Rights Watch ကဲ့သို့ တက်ကြွလှုပ်ရှားသူအုပ်စုများက တင်ပြထားကြသည်။ တိုက်ပွဲများကြောင့် ဒေါ်စုကြည်နှင့် သူမ၏ NLD ပါတီ သရဖူဆောင်းခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲတွင် ဒေသတွင်းရှိ ရွာပေါင်းများစွာ၌ မဲဆန္ဒပေးခြင်း မပြုလုပ်နိုင်ခဲ့။

    jade 6
    ဧရာဝတီမြစ်ထဲရှိ ရေပေါ်စားသောက်ဆိုင်တစ်ခုအနီး လှေငယ်တစ်စင်းမှ ငါးမျှားနေသူတစ်ဦး (ဓာတ်ပုံ – Washington Post)

    လက်ရှိနှစ်များအတွင်း စစ်တပ်ထိန်းချုပ်အုပ်စုများ၊ စစ်တပ်ခရိုနီနှင့်မိသားစုများ၏ ကုမ္ပဏီတို့မှလည်းကောင်း၊ တရားမ၀င် တရုတ်ရင်းနှီးမြှုပ်နှံသူတို့မှလည်းကောင်း အတိုင်းထက်အလွန် တူးဖော်/ထုတ်လုပ်နေခြင်းကြောင့် တောပြုန်းခြင်း၊ မြစ်ချောင်းများတိမ်ကောခြင်း၊ လူအများအပြား သေဆုံးစေသည့် မြေပြိုခြင်းများ လျင်မြန်စွာ ဖြစ်ပေါ်ခဲ့ရသည်ဟု Global Witness အုပ်စု၏အစီရင်ခံစာ၌ ဖော်ပြထားသည်။ ဒေသတွင်း ကျောက်စိမ်းထုတ်လုပ်မှုတန်ဖိုးမှာ ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံမှ ၃၁ ဘီလီယံအထိ မြင့်မားခဲ့ကြောင်း အဆိုပါအုပ်စုက ခန့်မှန်းထားပြီး၊ ယင်းထွက်ကုန်အများစုမှာ တရုတ်ပြည်နယ်စပ်တစ်လျှောက်တွင် ခြေရာပျောက်သွားခဲ့ကြောင်း သိရသည်။

    မြစ်ကြီးနားမြို့လည် လေဟာပြင်လ္ဘက်ရည်ဆိုင်တစ်ခုတွင် ကျောက်စိမ်းကောက်သူများနှင့် အ၀ယ်တော်များသည် ကျောက်စိမ်းတုံးနှင့်ကျောက်မျက်များကို အရောင်တင်ပြီးသော်လည်းကောင်း၊ အရိုင်းတုံးများအဖြစ်သော်လည်းကောင်း တရားမ၀င် ရောင်းဝယ်လျက်ရှိကြ၏။ ၎င်းမှာ မြန်မာ့ကျောက်မျက်ရောင်းဝယ်ပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေများနှင့် ဆန့်ကျင်နေ၏။ သို့သော် ယင်းကျောက်စိမ်းများက အနိမ့်စားအရည်အသွေးများသာ ဖြစ်ကြသည်။

    ဧရာမ တူးဖော်ရေးကုမ္ပဏီများမှ စွန့်ပစ်လိုက်သည့် မြေစာပုံများအတွင် ကျောက်ကောက်သူ နော်ခမ်း (၄၄ နှစ်) က မိမိမှာ လစဉ် အမေရိကန်ဒေါ်လာ ၂၀၀၀ အထိ ၀င်ငွေရရှိကြောင်း၊ ၎င်းအလုပ်သည် အပြင်းစားငှက်ဖျားရောဂါ နှင့် အစဉ်အမြဲ မြေပြိုခြင်းတို့ကြောင့် အန္တရာယ်များလှကြောင်း၊ သို့သော် ကျောက်စိမ်းသည် (ကံကောင်းပါက) တစ်နေ့တည်းနှင့် သူဋ္ဌေးသူကြွယ် ဖြစ်သွားစေနိုင်ကြောင်း ပြောပြသည်။

    ဒေါ်စုကြည်၏ အောင်မြင်မှုသည် နိုင်ငံ့လုံခြုံရေးအင်အားစု၊ အခရာကျသည့် ၀န်ကြီးဋ္ဌာနနှင့် ယန္တရားများကို ထိန်းချုပ်ထားဆဲဖြစ်သော စစ်တပ်နှင့် ဆက်ဆံရေးကဏ္ဍအပေါ် မူတည်နေကြောင်း၊ ပါတီအနေဖြင့် ၎င်းကျောက်စိမ်းပြဿနာကို ဦးစားပေးကိုင်တွယ်ဆောင်ရွက်ဖွယ် မရှိနိုင်သေးကြောင်း သူမ၏ပါတီဝင်များက ဆိုကြသည်။

    “ဒေါ်စုကြည်အနေနဲ့ ဒီအကြောင်းအရာတွေကို ချက်ခြင်း ပြောဆိုသွားမယ်လို့ ကျွန်မ မထင်မိဘူး။ ငွေရောင်ကျည်ဆံကို သုံးပြီး အနက်ကို အဖြူဖြစ်အောင် ကျွန်မတို့ ပြောင်းလိုက်လို့ မရပါဘူး။ သူမကတော့ ဒီလုပ်ငန်းတွေကို ဖျက်ဆီးမှာ မဟုတ်ပါဘူး။ ဒါဟာ စောင့်စည်းရမယ့် ကျင့်ဝတ်များနဲ့ သက်ဆိုင်နေလို့ပါပဲ။ ဒီစီးပွားရေးတွေက ခရိုနီဝါဒကို ဖြစ်ထွန်းလာစေသော်လည်း တစ်ချိန်တည်းမှာ လူပေါင်းများစွာကို အလုပ်အကိုင်လည်း ရရှိစေပါတယ်။ သူမအဖို့တော့ ဒါဟာ အသေးအဖွဲကိစ္စလေးသာ ဖြစ်ပါတယ်” ဟု ဒေါ်စုကြည်ပါတီဝင် လွှတ်တော်အမတ် တစ်ဖြစ်လဲ ရန်ကုန်မြို့ရှိ ရွှေနှင့်ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သူ ဒေါ်သက်သက်ခိုင်က ပြောကြားလိုက်ပါသည်။

    (Washington Post တွင် Annie Gowen ရေးသားသော Toxic mix of jade, drugs and rebels in Myanmar ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)