News @ M-Media

Category: ဘာသာပြန်

  • လူမျိုးရေး၊ ဘာသာရေးအရ ငြှင်းပမ်းမှုကို မြန်မာအစိုးရသစ်က အဆုံးသတ်ရန် လူ့အခွင့်အရေးအဖွဲ့တစ်ခု တိုက်တွန်း

    လူမျိုးရေး၊ ဘာသာရေးအရ ငြှင်းပမ်းမှုကို မြန်မာအစိုးရသစ်က အဆုံးသတ်ရန် လူ့အခွင့်အရေးအဖွဲ့တစ်ခု တိုက်တွန်း

    ဧပြီ ၇၊ ၂၀၁၆

    M-Media
    daw su

    – လူနည်းစုအခွင့်​အ​ရေးနှင့်​ လွတ်​လပ်​စွာယုံကြည်​ကိုးကွယ်​ခွင့်​တို့ကို ရာစုနှစ်​ဝက်​တစ်​ခု​ကျော်​ကြာမှ မြန်​မာ့ ပထမဦးဆုံးအရပ်​သားဦး​ဆောင်​သည့်​အစိုးရ၏ အ​ရေးအကြီးဆုံးတစ်​​နေရာတွင်​ထားရှိရမည်​ဟု လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Minority Rights Group (MRG) က ၃၁၊၃၊၂၀၁၆ တွင်​ ထုတ်​ပြန်​လိုက်​သည်​။

    မြန်​မာပြည်​​မြောက်​ဘက်​ရှိ တိုင်းရင်းသားလူမျိုးများအ​ပေါ် အကြမ်းဖက်​မှုကို ဟန့်​တားခြင်းနှင့်​ ရိုဟင်​ဂျာလူနည်းစုများခွဲခြားဆက်​ဆံနှိပ်​စက်​ခံရခြင်းများ အဆုံးသတ်​ရန်​တို့မှာ ဦးစား​ပေးလုပ်​ငန်းစဉ်​ဖြစ်​သင့်​သည်​။

    မြန်​မာပြည်​​မြောက်​ပိုင်းရှိ တ​အောင်း၊ ကချင်​နှင့်​ ရှမ်းလူမှုအသိုင်းအ၀ိုင်းများအပေါ် တပ်မတော်၏မတရားစစ်ရေးချိုးဖောက်မှုများသည် နိုင်ငံဒီမိုကရေစီအကူးအပြောင်းကာလ၏ ချီးကျူးရန်အကောင်းဆုံးကာလအပေါ် အမည်းစက်တစ်ခုအဖြစ် ကျန်ရစ်နေပြီး ပြင်းထန်ဆဲပဋိပက္ခများအဆုံးသတ်ရေးကို ဒေါ်​အောင်​ဆန်းစုကြည်​ ဦး​ဆောင်​​သောအစိုးရအတွက် ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သင့်သည်ဟု MRG က ဆိုသည်။ ဒေသခံလူ့အခွင့်အရေးအဖွဲ့များမှ စုဆောင်းရရှိသည့် သက်သေခံချက်များးအရ မြန်မာ့တပ်မတော်သည် လက်နက်မဲ့အရပ်သားများ၊ မီးရှို့ဖျက်ဆီးပြီးကျေးရွာများကို ပစ်မှတ်ထားပြီး အခြားသောကမ်းအကုန်ဆုံးလူ့အခွင့်အရေးချိုးဖောက်မှုများကို လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်အတွင်း၌ပင် တစ်ကိုယ်တော်ကျူးလွန်ခဲ့သည်ဟု သိရသည်။

    “နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့အာရုံဟာ နေပြည်တော်ရှိနိုင်ငံရေးအရဖြစ်ပေါ်တိုးတက်မှုအပေါ်ရှိနေချိန်မှာ မြန်မာ့တပ်မတော်ဟာ ရှမ်းမြောက်ပိုင်းနဲ့ ကချင်ပြည်နယ်က လူနည်းစုအသိုင်းအ၀ိုင်းအပေါ် စော်ကားမှုတွေကို ဆက်လက်ကျူးလွန်ခဲ့ပါတယ်” ဟု MRG ရဲ့မူဝါဒနှင့်ဆက်သွယ်ရေးဒါရိုက်တာ Carl Soderberghက ဆိုသည်။ “ညဉ်းပန်းနှိပ်စက်ခြင်း၊ အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်း၊ ခိုးမှုနှင့် အိမ်ခြံမြေဖျက်ဆီးခြင်းရဲ့ အစီရင်ခံစာတွေကို ပြစ်မှုကျူးလွန်သူတွေပါထည့်သွင်းပြီး တက်လာမဲ့အစိုးရက အပြည့်အ၀ဘက်လိုက်မှုကင်းကင်းနဲ့ စုံစမ်းစစ်ဆေးသင့်ပါတယ်”

    တပ်မတော်သည် မြန်မာ့နိုင်ငံရေးတွင် ကြောက်မက်ဖွယ်အင်အားရှိနေဆဲဖြစ်ပြီး လွှတ်တော်တွင် အမတ်နေရာ ၂၅ ရာခိုင်နှုန်းယူထားသည်။ အဓိကအစိုးရ၀န်ကြီးဌာနများကို ထိန်းချုပ်ထားသည်။ နိုင်ငံ၏အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင်လည်း နေရာအများဆုံး ရရှိထားသည်။

    အခြားသောတရားစီရင်ရေးဆိုင်ရာအကြမ်းဖက်မှုနှင့် ပြစ်ဒဏ်ကိုအရေးမယူမှု အလားအလာတစ်ရပ်ကလည်း မြန်မာ့တပ်မတော်တွင်ရှိနေပြီး ဘေးဖယ်ခံလူနည်းစုအသိုင်းအ၀ိုင်းပြဿနာများသည် ရာဇ၀တ်မှုများကို ပွင့်လင်းမြင်သာစွာနှင့် တာဝန်ခံမှုဖြင့် စုံစမ်းစစ်ဆေးမှုမရှိလျှင် အစိုးရသစ်သက်တမ်းတွင် ဆက်လက်ရှိနေမည်ဖြစ်သည်။ ဒေါ်​အောင်​ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ စစ်တပ်၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ၊ အမျိုးသမီးများအပါအ၀င် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်မြှင့်တင်ရန်၊ ပဋိပက္ခနှင့်သက်ဆိုင်သော ဆက်စပ်ချိုးဖောက်မှုများအဆုံးသတ်ရန် MRGက ဆိုသည်။

    မြန်မာနိုင်ငံမှ နိုင်ငံမဲ့ရိုဟင်ဂျာလူနည်းစုအပေါ် ညဉ်းပန်းနှိပ်စက်မှုကိုလည်း အရေးတကြီးကိစ္စတစ်ခုအဖြစ် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ ၁၀၀,၀၀၀ ကျော်သော မွတ်စ်လင်မ်များ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းမရရှိဘဲ ကျန်းမာရေးနှင့်မညီညွတ်သော ရွှေ့ပြောင်းစခန်းများတွင် နေထိုင်နေရဆဲဖြစ်သော မြန်မာပြည်အနောက်ခြမ်း ရခိုင်ပြည်နယ်တွင် လေးနှစ်နီးပါးကြာ အရေးပေါ်အခြေအနေကြေညာထားမှု ရုပ်သိမ်းလိုက်သည့် ယခုသီတင်းပတ်ဆုံးဖြတ်ချက်ကို MRGမှ ကြိုဆိုလိုက်သည်။ သို့သော် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်နှင့် ရိုဟင်ဂျာများအတွက် နိုင်ငံသားဖြစ်မှုအပါအ၀င် အခြေခံအခွင့်အရေးများကို သေချာစေသည့်၊ နှစ်ဖက်အသိုင်းအ၀ိုင်း ပြန်လည်သင့်မြတ်ရေး မြှင့်တင်ပေးသည့် ခိုင်မာတိကျသော လုပ်ငန်းစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်ရပေမည်။

    ၂၀၁၅ခုနှစ်တွင် မြန်မာအစိုးရသည် လူနည်းစုဘာသာဝင်များ၏ အခွင့်အရေးကို ကန့်သတ်သည့် မျိုးစောင့်ဥပဒေများကို အတည်ပြုခဲ့ပြီး ၎င်းဥပဒေများသည် ကြီးထွားလာသည့် ဗုဒ္ဓဘာသာအမျိုးသားရေးလှုပ်ရှားမှုမှဖိအားကို စိုးရိမ်ရာမှတဆင့် ပေါ်ထွက်လာခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ၁၀၀,၀၀၀ကျော်သော ရိုဟင်ဂျာမွတ်စ်လင်မ်များ တိုင်းပြည်မှနီးရာပင်လယ်ပြင်သို့ ထွက်ပြေးခဲ့သည်ဟု ခန့်မှန်းကြပြီး ၎င်းသည် ဆယ်စုနှစ်များအတွင်း အရှေ့တောင်အာရှ၏ အဆိုးဝါးဆုံးသော လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းအဖြစ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

    “တက်လာမဲ့အစိုးရမှာ ကမ္ဘာ့အဆိုးဝါးဆုံးဖယ်ကြဉ်ခံထားရတဲ့ လူမှုအသိုင်းအ၀ိုင်းတစ်ခုအပေါ် နိုင်ငံ့ဂုဏ်သိက္ခာကျဆင်းဖွယ် ညှဉ်းပန်းနှိပ်စက်မှုဆယ်စုနှစ်တွေကို အဆုံးသတ်ဖို့ သမိုင်းဝင်အခွင့်အလမ်းတစ်ရပ်ရှိနေပါတယ်။ ဒါဟာ အလဟဿဖြစ်စရာ မရှိပါဘူး” ဟု Soderberghက ဆက်ပြောသည်။

    “မြန်မာ့ခေါင်းဆောင်မှုအသစ်ဟာ ပွင့်လင်းမြင်သာမှုပေါ် အခြေခံသည့် နိုင်ငံရေးအုပ်ချုပ်မှုစနစ်၏ ခေတ်သစ်ကို ဆောင်ကျဉ်းပေးနိုင်ပြီး လူ့အခွင့်အရေးကို လေးစားမှုရှိမယ်လို့ ကြီးမားတဲ့မျှော်လင့်ချက်ရှိပါတယ်။ တိုင်းပြည်ရဲ့ ဘေးဒုက္ခအခံစားနေရဆုံးနေထိုင်သူတွေကို နောက်ချန်မထားခဲ့ဖို့ ဒါဟာ အလွန်အရေးကြီးပါတယ်”

    (minorityrights.org တွင် ဖော်ပြထားသည့် Burma: Suu Kyi-led government must end ethnic and religious persecution, says MRG ကို ရဲမျိုး​ဇော်​က ဆီ​လျော်​​အောင်​ ဘာသာပြန်​ဆိုသည်​။)

  • ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ နီးစပ်ပြီလား

    ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ နီးစပ်ပြီလား

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆

    meeting-1
    NLD ပါတီခေါင်းဆောင်နှင့် မြန်မာတပ်မတော်အကြား စေ့စပ်ညှိနှိုင်းမှုများက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနေရာ တားဆီးထားသည့် ပုဒ်မ ဖယ်ရှားရန် နီးစပ်သွားပြီဖြစ်သည်။

    တပ်မတော်အကြီးအကဲနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား စေ့စပ်ဆွေးနွေးချက်များမှ သူမအပေါ် သမ္မတနေရာ တားဆီးထားသည့်ဥပဒေအား ဆိုင်းငံ့စေမည့် ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်မည်ဟု အစိုးရဟောင်းကို ကျားကန်ပေးခဲ့သော မြန်မာရုပ်သံလိုင်းနှစ်ခုမှ သတင်းထုတ်ပြန်ခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သော်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)က သူမအား သမ္မတ မဖြစ်နိုင်အောင် တားဆီးလျက်ရှိသည်။ အဆိုပါဥပဒေ၌ ဇနီးခင်ပွန်း သို့မဟုတ် သားသမီးများမှာ နိုင်ငံခြားသားဖြစ်နေ ပါက နိုင်ငံခေါင်းဆောင်တာဝန်ယူခွင့် မရှိကြောင်း ဖော်ပြထားသည်။ ဒေါ်စုကြည်၏ခင်ပွန်း(ကွယ်လွန်)မှာ ဗြိတိသျှအမျိုးသားဖြစ်ပြီး သူမ၏သားနှစ်ဦးမှာလည်း မြန်မာနိုင်ငံသားများ မဟုတ်ကြပေ။

    လွှတ်တော်အမတ် သုံးပုံနှစ်ပုံအင်အားဖြင့် ပုဒ်မ ၅၉(စ) အား တရားဝင် ဆိုင်းငံ့နိုင်ရေးကို ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ညှိနှိုင်းဆွေးနွေးနေခဲ့ရာမှ တနင်္ဂနွေနေ့နှောင်းပိုင်းတွင် Sky Net နှင့် MNTV သတင်းဋ္ဌာနနှစ်ခုမှ အဆိုပါဥပဒေဆိုင်းငံ့စေရန် စေ့စပ်ညှိနှိုင်းမှုမှာ ရလဒ်ကောင်းများ ထွက်ပေါ်နိုင်ကြောင်း ရှေ့ဆင့်နောက်ဆင့် ကြေငြာ သွားသည်။ လွှတ်တော်အမတ်နေရာအားလုံး၏ ၂၅ ရာခိုင်နှုန်းကို စစ်ဖက်ဆိုင်ရာမှ ကြိုတင်ရယူထားပြီးဖြစ်သောကြောင့် NLD အင်အားသက်သက်ဖြင့် ၎င်းအရေးအရာကို ကိုင်တွယ်၍ မရနိုင်ချေ။

    ” အရာရာအားလုံး အဆင်ပြေတော့မယ်လို့ ကျွန်တော် ထင်ပါတယ်။ စေ့စပ်ညှိနှိုင်းဆွေးနွေးချက်တွေက ကျွန်တော်တို့ခေါင်းဆောင်အတွက် သမ္မတဖြစ်ဖို့ အပြုသဘောဆောင်နေပါပြီ ” ဟု ပါတီ၏ဗဟိုကော်မတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးကျော်ထွေးက ဆိုသည်။

    သို့သော် နိုင်ငံရေးသုတေသီ ဦးရန်မျိုးသိမ်းက ဤသို့ သတိပေးပြောကြားလိုက်သည်။
    ” ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် အဆိုတင်သွင်းခံရမယ်ဆိုတဲ့ကိစ္စကို အတည်ပြုဖို့ စောလွန်းပါသေးတယ်။ ဥပဒေကို ဆိုင်းငံ့ဖို့နဲ့ ပြောင်းလဲပြင်ဆင်ဖို့က အချိန်ယူရဦးမှာဖြစ်လို့ပါပဲ။ တီဗီကကြေငြာလိုက်တဲ့ သတင်းတိုလေးတစ်ပုဒ်လောက်ကို ကျွန်တော်တို့ ယုံကြည်ကိုးစားလို့ မရပါဘူး “။

    သမ္မတ မဖြစ်လျှင်လည်း နိုင်ငံတော်ကို မျက်ကွယ်မှ ထိန်းကျောင်းသွားမည်ဟု ကနဦးပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ဆိုထားခဲ့သည်။ NLD အဖို့မူ မိမိဘ၀တစ်ခုလုံး ပေးဆပ်ထားခဲ့သော အသက် ၇၀ အရွယ် ဒီမိုကရေစီခေါင်းဆောင်အား တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုရန် နှစ်သက်လိုလားနေကြသည်။

    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ထိပ်တန်းခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ခဲ့ပြီး ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ၏ မဟာမိတ်တစ်ဦးလည်းဖြစ်သူ သူရဦးရွှေမန်းသည် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များလေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ တာဝန်ကို ပြီးခဲ့သည့် သောကြာနေ့မှစ၍ ဦးဆောင်နေပြီဖြစ်သည်။ သူသည် အခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေးအား အားပေးထောက်ခံသွားမည်ဟု အများက ယုံကြည်ထားကြသည်။

    ရွေးကောက်ပွဲပြီးဆုံးခဲ့ပြီဖြစ်သော်လည်း ရှည်လျားများပြားသည့် နည်းစဉ်များကြောင့် လာမည့် မတ်လ ၃၁ သို့မဟုတ် ဧပြီ ၁ ရက်နေ့မှသာ သမ္မတဖြစ်လာသူမှ မိမိ၏တာဝန်အား စတင်ထမ်းဆောင်ရမည်ဖြစ်သည်။

    ယခုလအတွင်း လွှတ်တော်ကိုယ်စားလှယ်သစ်များသည် ၎င်းတို့၏တာဝန်ဝတ္တရားများနှင့်စပ်လျဉ်း၍ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပြီး ဖေဖေါ်ဝါရီ ၈ ရက် ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် ပထမနေ့ အစည်းအဝေးတွင် ဒုတိယသမ္မတများ အမည်စာရင်း တင်သွင်းရမည့် ရက်ကို မတ်လ ၁၇ ရက်နေ့ အဖြစ် တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

    Ref : The Guardian
    MNTV
    နောက်ဆက်တွဲ
    —————
    MNTV သတင်းဋ္ဌာနကမူ လွှတ်တော်ကိုယ်စားလှယ်အချို့၏ သဘောထားများကို ထုတ်လွှင့်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ၅၉(စ) ဆိုင်းငံ့ရေးပြေလည်မှုအား တင်ပြခဲ့ခြင်းမဟုတ်ကြောင်း  ကြေညာချက် တစ်စောင် ထုတ်ပြီး ယင်းကြေညာချက်ကို အစိုးရပိုင် MOI Webportal Myanmar ၏ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြခဲ့တာကို တွေ့ရှိရပါသည်။

  • လူနည်းစုဝင်များကို အထောက်အထားမဲ့ မတရားစီရင်နေသော မြန်မာအာဏာပိုင်များ

    လူနည်းစုဝင်များကို အထောက်အထားမဲ့ မတရားစီရင်နေသော မြန်မာအာဏာပိုင်များ

    ဒီဇင်ဘာ ၉၊ ၂၀၁၅
    M-Media

    muslim
    – မြန်မာမွတ်စ်လင်မ်တပ်မတော် အမည်ရှိအဖွဲ့မှ သင်တန်းတက်ခဲ့ခြင်းဟု စွပ်စွဲခံထားရသော မွတ်စ်လင်မ်အမျိုးသား ၁၂ ဦးကို တရားမျှတစွာ အမှုရင်ဆိုင်နိုင်ရေးအပေါ် ငြင်းဆိုလိုက်သဖြင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်သော Fortify Rights က မြန်မာအစိုးရအား ပြင်းထန်စွာဝေဖန်လိုက်သည်။

    တရားခံရှေ့နေများနှင့် လုံခြုံရေးကျွမ်းကျင်ပညာရှင်များက အဆိုပါ Myanmar Muslim Army ဟူသည့် အဖွဲ့အစည်းသည် အလျဉ်းရှိမနေကြောင်း၊ မွတ်စ်လင်မ်များအပေါ် နှိပ်ကွပ်ရေးအတွက် အကြမ်းဖက်သမားများအဖြစ် အမည်တပ်ပြီး ရမည်ရှာနိုင်ရန် အာဏာပိုင်တို့မှ တီထွင်ဖန်တီးချက်ဖြစ်ကြောင်း သုံးသပ်ထားကြသည်။

    Fortify Rights အဖွဲ့၏ တနင်္ဂနွေနေ့ထုတ်ပြန်ချက်တွင် အာဏာပိုင်များက အစွပ်စွဲခံထားရသူများကို ဖမ်းဆီးနှိပ်စက်ခဲ့ပြီး ယခုအခါ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တရားရုံးတွင် အမှုကိုစစ်ဆေးစီရင်နေသည်ဟု ဖော်ပြခဲ့သည်။

    “နှိပ်စက်ညှင်းပန်းမှုကို မပိတ်ပင်မတားဆီးနိုင်ဘူးဆိုရင် တရားမျှတမှု ပေါ်လွင်လာမှာ မဟုတ်ပါဘူး။ ခိုင်မာတဲ့စွဲချက်အထောက်အထား မတင်ပြနိုင်မချင်း – မျှတမှန်ကန်တဲ့ တရားစီရင်မှုစံနှုန်း မရှိမချင်း ဒီအမှုမှာ အစွန်းအထင်းညစ်ညမ်းမှုတွေ ကင်းရှင်းနိုင်ဦးမှာ မဟုတ်ပါဘူး” ဟု ၎င်းလူ့အခွင့်အရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မက်သျူး စမစ်က ဆိုသည်။

    စိုးမိုးအောင်(၂၄ နှစ်)အား ထိန်းသိမ်းထားစဉ်အတွင်း အာဏာပိုင်များက ရိုက်နှက်ခြင်း၊ အစာရေစာဖြတ်တောက်ခြင်း၊ စစ်ဆေးမေးမြန်းချိန်၌ အမျိုးအမည်မသိသော ဆေးများထိုးသွင်းခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း၊ အကြပ်ကိုင်မှုအားဖြင့် သူသည် ၀န်ခံထွက်ဆိုချက်ဟု ယူဆရသော စာရွက်ပေါ်၌ လက်မှတ်ထိုးပေးခဲ့ရကြောင်း သိရသည်။

    အဆိုပါ တရားစွဲဆိုခြင်းခံရသူများအားလုံးသည် မန္တလေး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မှ အသက် ၁၉ နှစ်မှ ၅၈ နှစ်အတွင်းရှိ မွတ်စ်လင်မ်အမျိုးသားများဖြစ်ကြသည်။ ၎င်းတို့သည် ၂၀၁၄ ခုနှစ်အတွင်းက Myanmar Muslim Army အမည်ရှိ အဖွဲ့နှင့် ဆက်သွယ်ပူးပေါင်းခဲ့သည်ဟုဆို၍ အစိုးရတရားလိုများဖက်က စွပ်စွဲထားသည်။

    သို့သော် ရုံးတင်စစ်ဆေးသောအခါတွင်မူ အာဏာပိုင်များဖက်မှ အဖွဲ့တည်ရှိမှု၏အထောက်အထားသော်လည်းကောင်း၊ ၎င်းအုပ်စုနှင့် တရားလိုများ၏ဆက်နွှယ်မှုကိုသော်လည်းလည်းကောင်း မတင်ပြနိုင်ခဲ့ကြ။ အစိုးရဖက်မှ တရားလိုအဖြစ်ဆောင်ရွက်ကြသူ ရဲအရာရှိများကလည်း နိုင်ငံတော်၏လျှို့ဝှက်အက်ဥပဒေအရ အထောက်အထားများကို ထုတ်ဖော်ပြောဆိုပိုင်ခွင့်မရှိဟု ထွက်ဆိုခဲ့ကြသည်။

    “တရားစီရင်မှုဆိုတာ အချက်အလက်၊ အထောက်အထားများအပေါ် အခြေခံရပါတယ်။ သံသယတွေ၊ လျှို့ဝှက်မှုတွေနဲ့ စီရင်ဆုံးဖြတ်လို့ မရပါဘူး။ ဒီတရားပြိုင် (အစိုးရအခေါ် တရားခံ)တွေကို အရေးယူနိုင်တဲ့ စီရင်ချက်ချနိုင်အောင် နိုင်ငံတော်ဖက်က အထောက်အထားတစ်စုံတစ်ရာ ပြသဖို့ ပျက်ကွက်နေပါပြီ” ဟု စမစ်က ဆိုသည်။

    တရားစွဲခံရသူများမှာ နိုဝင်ဘာ ၁၄ မှ ဒီဇင်ဘာ ၂၆ ရက်အထိ ထိန်းသိမ်းခံရပြီး မြန်မာနိုင်ငံအရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅(ည)ဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်။ ယင်းဥပဒေအရ သူတို့မှာ ထောင်ဒဏ် ၇ နှစ်ထိ ကျခံရဖွယ်ရှိသည်။ ၎င်းတို့အနက် သုံးဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ် သုံးနှစ်ကျခံစေရန် မန္တလေးတရားရုံးမှ ဒီဇင်ဘာ ၇ ရက်နေ့တွင် စီရင်ချက်ချလိုက်ကြောင်း စမစ်က ဆိုသည်။

    “လူမျိုး၊ ဘာသာ၊ စွဲချက်တင်ပြစ်မှုအမျိုးအစား မခွဲခြားဘဲ အားလုံးကို တစ်တန်းတည်းထားပြီး မှန်ကန်မျှတစွာ တရားစီရင်ခွင့်ကို မြန်မာအစိုးရအနေနဲ့ ခိုင်မာအောင် လုပ်ဆောင်ပေးရပါလိမ့်မယ်။ နှိပ်စက်ညှင်းပန်းမှုအပေါ် အားထားခြင်းနဲ့ ကျင့်ဝတ်မဲ့တရားစီရင်ခြင်းက မတရားမှုကို သက်ဆိုးရှည်စေတဲ့အပြင် အနာဂတ်ပဋိပက္ခအတွက် မျိုးစေ့ကြဲနေခြင်းသာ ဖြစ်ပါတယ်”။

    Rajaratnam School of International Studies(RISS) ၏ ၂၀၁၅ အစီရင်ခံစာတွင် ဖော်ပြထားသည့် Myanmar Musim Army ဟူသည်ကို ကြားသိသူ မရှိသလောက်ပင်။ ၎င်းအစီရင်ခံစာအတွင်းမှာလည်း Gunaratna က “အတည်မပြုနိုင်သောသတင်းများအရ Myanmar Muslim Army – MMA ဟူသည့်အုပ်စုတစ်ခု ထွက်ပေါ်လာသည်။ ထိုင်းနယ်စပ်တွင် မြန်မာမွတ်စ်လင်မ်များကို လေ့ကျင့်ပေးရန်ဟု သတင်းရရှိခဲ့သည်” ဟူ၍ ရေးသားထား၏။

    ထိုအုပ်စု အမှန်တကယ် ရှိမရှိဟူသည်ကို လူ့အခွင့်အရေးအုပ်စုများ၊ အကြမ်းဖက်မှုကျွမ်းကျင်သူများ၊ အမေရိကန်အစိုးရ အဖွဲ့အစည်းများပင် အတည်မပြုနိုင်သေးချေ။

    မေလက ၀ါရှင်တန်ဒီစီရှိ အမျိုးသားစစ်ပညာကောလိပ်မှ အရှေ့တောင်အာရှဒေသတွင်းလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပရော်ဖက်ဆာ Zachary Abuza သည် “မိမိအနေဖြင့် Myanmar Muslim Army ဆိုသည်ကို လုံးဝ မကြားခဲ့ဖူးကြောင်း” The Intercept ဒီဂျစ်တယ်မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

    “ကျွန်တော့်အတွက်တော့ ဒါဟာ တမင်လီဆည်ဖန်တီးထားချက်လို့ မြင်ပါတယ်။ နိုင်ငံအစိုးရကို ပုန်ကန်သူအုပ်စုတွေအနေနဲ့ နိုင်ငံအစိုးရကတရားဝင် သုံးနှုန်းနေသော မြန်မာဆိုတဲ့ ဝေါဟာရကို ခေါင်းစဉ်တပ်ဖို့ ဖြစ်နိုင်ပါ့မလား ဆိုပြီး ကျွန်တော် သံသယမကင်း ဖြစ်နေပါတယ်”။

    ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခံနေရသော ရိုဟင်ဂျာ အများစုအပါအ၀င် လူနည်းစု မြန်မာမွတ်စ်လင်မ်တို့သည် ၂၀၁၂ ခုနှစ် လူမျိုးရေးဘာသာရေး အသွင်ဆောင်အကြမ်းဖက်မှုဖြစ်စဉ်ကစပြီး ယနေ့တိုင် အန္တရာယ်ကင်းဘေးရှင်းသည့်အဖြစ် ရှိမနေသေးပါ။

    နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင်လည်း နိုင်ငံသားသတ်မှတ်ချက်နှင့်ငြိစွန်းသည်ဟု အကြောင်းပြချက်ဖြင့် မွတ်စ်လင်မ်များစွာသည်လည်းကောင်း၊ ရိုဟင်ဂျာလူမျိုး သိန်းဂဏန်းမျှသည်လည်းကောင်း မဲပေးခွင့် မရရှိခဲ့ကြ။ အစွန်းရောက်အမျိုးသားရေးဝါဒီတို့မှ ၎င်းတို့အား စာရင်းမသွင်းရန် လှုံ့ဆော်ချက်များအပေါ် နိုင်ငံအစိုးရမှ ဦးညွတ်လိုက်လျောပေးခဲ့ခြင်းကြောင့်ဖြစ်သည်။

    Fortify Rights သည် အကျိုးအမြတ်အခြေမတည်သော လူ့အခွင့်အရေးအဖွဲ့တစ်ရပ်ဖြစ်သည်။ ဆွစ်ဇာလန်နှင့် အမေရိကတွင် တရားဝင်မှတ်ပုံတင်ထားပြီး အရှေ့တောင်အာရှ၌ အခြေစိုက်သည်။

    Ref : Anadolu Agency

    (Joshua Carroll ရေးသားသော Myanmar gov’t accused of denying 12 Muslims fair trial သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ပြန်ဆိုတင်ပြသည်။)

  • ရွေးကောက်ပွဲအလွန် မြန်မာမွတ်စ်လင်မ်တို့ဘ၀ အသက်ရှူချောင်လာနိုင်မလား ? (ဘာသာပြန်ဆောင်းပါး)

    ရွေးကောက်ပွဲအလွန် မြန်မာမွတ်စ်လင်မ်တို့ဘ၀ အသက်ရှူချောင်လာနိုင်မလား ? (ဘာသာပြန်ဆောင်းပါး)

    နိုဝင်ဘာ ၂၂၊ ၂၀၁၅

    M-Media

    myan
    နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် မန္တလေး၌ မဲပေးရန် စောင့်ဆိုင်းနေကြသည့် မွတ်စလင်များ

    အထွေထွေရွေးကောက်ပွဲမတိုင်ခင် လအနည်းငယ်အလိုမှာ စစ်တပ်ကျားကန်အစိုးရအဖွဲ့က ထောင်ပေါင်းများစွာသော မွတ်စ်လင်မ်တို့ကို မဲပေးခွင့်စာရင်းထဲ မသွင်းခဲ့ပါဘူး။ မဲပေးခွင့်စာရင်းဝင်ဖို့ သူတို့ဟာ နိုင်ငံသားဖြစ်ကြောင်း သက်သေအထောက်အထား တင်ပြခဲ့ကြရတယ်။ ဒီလိုတင်ပြတဲ့နေရာမှာ တစ်ချိန်က အစိုးရအသိအမှတ်ပြုထားခဲ့တဲ့ နိုင်ငံသားဆိုင်ရာလက်မှတ်များကိုလည်း ငြင်းပယ်ခဲ့ကြတယ်။

    ဒါဟာ တစ်ယူသန်ဗုဒ္ဓဘာသာဝင်များရဲ့ “သေတွင်းပို့ကမ်ပိန်းများ” နဲ့အတူ ခွဲခြားချိုးနှိမ်မှုကို ရင်ဆိုင်နေရတဲ့ သန်းချီမွတ်စ်လင်မ်တို့အပေါ် ရမ်းကားခြင်း တစ်စိတ်တစ်ဒေသမျှသာ ရှိပါသေးတယ်။ မွတ်စ်လင်မ် လွှတ်တော်အမတ် အချို့ဟာလည်း ပြန်လည်ရွေးကောက်ခံရေးမှာ တားမြစ်ပိတ်ပင်ခံလိုက်ရပါတယ်။

    မြန်မာနိုင်ငံအနောက်မြောက်ပိုင်းက လူဦးရေပမာဏကြီးမားတဲ့ သိန်းချီသော ရိုဟင်ဂျာလူမျိုးစုလည်း နိုင်ငံသားအခွင့်အရေးမှ ငြင်းပယ်ခံရယုံမက၊ သုဿန်တစပြင်လိုဖြစ်နေတဲ့ ရွာတွေ ဒုက္ခသည်စခန်းတွေထဲ လှောင်ပိတ်ခံနေရပါတယ်။

    ပြီးခဲ့တဲ့ရက်သတ္တပတ်က မြန်မာ့ရွေးကောက်ပွဲအပြီး အပြတ်အသတ်အနိုင်ရလိုက်တဲ့ ဒီမိုကရေစီအင်အားစုက အာဏာလွဲပြောင်းရယူဖို့ ပြင်ဆင်နေပြီဖြစ်သလို၊ NLD ဦးဆောင်တဲ့ အစိုးရသစ်လက်အောက်မှာ မိမိတို့ရဲ့ဘ၀ တကယ်ရော လွတ်မြောက်တိုးတက်နိုင်မလားဆိုပြီး မွတ်စ်လင်မ်များက စူးစမ်းနေကြပါပြီ။ NLD ရဲ့သဘောထားအရတော့ ဒီလိုဖြစ်ဖို့ လမ်းမမြင်နိုင်သေးပါဘူး။

    NLD ပါတီရဲ့ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က “ကျွန်တော်တို့ဆီမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှု၊ အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ အခြားဦးစားပေးအရာတွေ ရှိနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာများနဲ့ပတ်သက်ပြီး သူက လက်ရှိ စစ်တပ်ကျားကန်အစိုးရရဲ့အသုံးအနှုန်းနဲ့လေသံအတိုင်း “သူတို့ဟာ တအုံတကျင်း တရားမ၀င် ၀င်ရောက်လာသူများဖြစ်လို့ ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့ရမယ်။ တရားဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ လူ့အခွင့်အရေးများအပေါ် အခြေတည်ပြီး ဒီကိစ္စကို ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့လည်း ညှိနှိုင်းဆွေးနွေးသွားဖို့ရှိပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီလူတွေ အားလုံးနီးပါးဟာ အဲ့ဒီနိုင်ငံက လာရောက်ခဲ့ကြလို့ပါပဲ” ဆိုပြီး ပြောဆိုနေဆဲဖြစ်ပါတယ်။

    နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကို ဖူးသစ်စ ဒီမိုကရေစီစနစ်အတွက် ပြတ်ပြတ်သားသားအောင်မြင်တဲ့ပွဲအဖြစ် ချီးကျူးဂုဏ်ပြုကြတယ်။ သို့တစေ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်ထားကြပြီး (နှစ်ဖက်အတိုက်အခံကြား) ညှပ်မိနေတဲ့ မွတ်စ်လင်မ်အများစုအဖို့ အချိုတစ်ဝက် အခါးတစ်ဝက် အချိန်ကာလလို့ ဆိုနိုင်ပါတယ်။

    မွတ်စ်လင်မ်တွေနဲ့ပတ်သက်တဲ့ အစိုးရမူဝါဒများ လုံးဝ အသွင်ပြောင်းလဲသွားဖို့ မရှိသေးဘူး၊ ဒါပေမယ့် အဆိုးဝါးဆုံး ဖြစ်မလာဖို့တော့ မွတ်စ်လင်မ်ထုက မျှော်လင့်နေကြတယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ လေ့လာသူများအဆိုအရ မွတ်စ်လင်မ်တွေအပေါ် ခွဲခြားချိုနှိမ်တာကို ရပ်တန့်ဖို့ NLD ခေါင်းဆောင်များက မည်သည့်လှုပ်ရှားဆောင်ရွက်မှုနဲ့ကတိက၀တ်တွေ မပြုခဲ့ကြပေမယ့် တိုက်ခိုက်တဲ့အသွင်ဆောင်မှုတွေကိုလည်း မပြုခဲ့ကြပေဘူး။

    “NLD နဲ့ ဒေါ်စုကြည်က ကျွန်တော်တို့ကို ကူညီသွားမယ်လို့ လူသိရှင်ကြား အသံမထုတ်ခဲ့ပေမယ့် အခြားသူတွေထက်စာရင် ကျွန်တော်တို့အပေါ် သဘောထားမှန်ကန်တယ်ဆိုပြီး မွတ်စ်လင်မ်အများစုရဲ့ အတွေးအမြင်မှာရှိနေကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ မွတ်စ်လင်မ်တွေရဲ့အပြည့်အ၀ ပူးပေါင်းပါဝင်ခြင်းကို ထောက်ခံအားပေးမှု ရှိကောင်းမှရှိခဲ့ပါမယ်။ ဒါပေမယ့် အသင်တို့ဟာ နိုင်ငံသားအဖြစ် (တန်းတူ)ဆက်ဆံခံရမယ်လို့တော့ ကျွန်မတို့ အာမခံပါတယ် ဆိုတဲ့စကား ပြောကြားဖို့ ဒေါ်စုကြည်ပေါ် အကြွေးတင်နေတဲ့ အုပ်ချုပ်ရေးဝန်ထုပ်တစ်ခု ဖြစ်ပါလိမ့်မယ်။ သူမရဲ့အစိုးရလက်ထက်မှာ နောက်ထပ် ခွဲခြားဆက်ဆံမှုမျိုး ဖြစ်လာမှာ မဟုတ်တဲ့အကြောင်း အခွင့်အာဏာအပြည့်အ၀ ရထားပြီးဖြစ်ပါတယ်” လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က မြန်မာ့အရေးကျွမ်းကျင်သူ David Scott Mathieson က ဆိုပါတယ်။

    ရိုဟင်ဂျာတွေအတွက် ထုတ်ဖော်ပြောဆိုမှု မရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပမှာ အကြီးအကျယ် ဝေဖန်ခံထားရပါတယ်။ ပြီးခဲ့တဲ့ နွေဦးကာလများအတွင်း ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေက သမုဒ္ဒရာဖြတ်ပြေး လှေစီးဒုက္ခသည်တွေဖြစ်ကုန်ပြီး – သေသူကသေ ပင်လယ်ထဲအစာငတ်သူငတ်၊ အချို့သူများကို နိုင်ငံအချို့က ပြန်ပို့ရတဲ့အထိ သူတို့ရဲ့ဘ၀ ခါးသည်းလွန်းလို့ပါပဲ။ အဲ့ဒီကိစ္စဟာလည်း ဒေသတွင်း တော်တော်လေး ဂယက်ရိုက်စေခဲ့တဲ့ ပြဿနာပါ။ မွတ်စ်လင်မ်ဆန့်ကျင်ရေးအမုန်းတရား အရှိန်မြင့်တက်နေပြီး မည်သည့်စေ့စပ်ဖျန်ဖြန်ရေးလမ်းစ မရနိုင်တဲ့နိုင်ငံတစ်ခုမှာ ဒီလိုအသံထုတ်လိုက်ရင် မိမိရဲ့နိုင်ငံရေးကို မိမိကိုယ်တိုင် သတ်သလိုဖြစ်မယ်ဆိုတဲ့အမြင်ရှိလို့ သူမက နှုတ်ဆိတ်မျိုသိပ်ထားပုံရပါတယ်။

    သူမရဲ့ပါတီသော်လည်းကောင်း၊ စစ်တပ်ယိမ်း အာဏာရပါတီသော်လည်းကောင်း မွတ်စ်လင်မ်ကိုယ်စားလှယ်လောင်း တစ်ဦးကိုမျှ တာဝန်ယူပွဲထုတ်တာမျိုး မရှိခဲ့ကြပါဘူး။ ဇန်န၀ါရီ လနှောင်းပိုင်း ထွက်ပေါ်လာတော့မယ့် ပါလီမန်သစ်က မွတ်စ်လင်မ်ကင်းမဲ့ဇုန်တစ်ခု ဖြစ်သွားခဲ့ပါပြီ။ ဒါဟာ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ပထမဆုံးအကြိမ် ဖြစ်သွားပါတယ်။

    ၁၉၈၈ ခုနှစ် NLD ပါတီတည်ထောင်စဉ်ကတည်းက အဖွဲ့ဝင်ဖြစ်ခဲ့သူတစ်ဦးဟာ ပါတီကနှုတ်ထွက်တယ်၊ ရွေးကောက်ပွဲကော်မရှင်ကို နှစ်ကြိမ်တိုင်တိုင် အယူခံဝင်ပြီးတဲ့နောက်မှာမှ မွတ်စ်လင်မ်ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်လာတဲ့ ဦးရန်နိုင်က ပြောပြပါတယ်။ သူတာဝန်ယူထားတဲ့ မြောင်းမြမြို့ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီမှာ ပါတီဝင်တွေက သူ့ကို ဘာသာရေးအခြေပြု ကန့်ကွက်မှုတွေပြုလာကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံ အကြိမ်ကြိမ် စာရေးပေးပို့ခဲ့ပေမယ့် အကြောင်းပြန်ကြားချက် တစ်စုံတစ်ရာ မရရှိခဲ့ပါဘူး။ “ဒါဟာ ခွဲခြားချိုးနှိမ်ဆက်ဆံမှုဖြစ်တယ်။ အမည်ခံဒီမိုကရက်ပါတီဖြစ်နေလို့ ကျွန်တော် အလွန်အမင်း စိတ်ပျက်သွားခဲ့ပါတယ်”။

    ဒါကြောင့်မို့ လွှတ်တော်မှာ မွတ်စ်လင်မ်တွေရဲ့အသံထုတ်ပေးနိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်ပန်းတိုင် ထားရှိပြီး မွတ်စ်လင်မ်အများစုရှိတဲ့ပါတီထဲ ၀င်ရောက်လို့ ယှဉ်ပြိုင်အရွေးခံခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ မွတ်စ်လင်မ်ဦးရေ ၄၀ ရာခိုင်နှုန်းရှိတဲ့ မြို့နယ်မှာ မဲ ၁ ရာခိုင်နှုန်းသာရရှိပြီး NLD ကတော့ ၈၀ ရာခိုင်နှုန်းအထိ ရရှိသွားခဲ့ပါတယ်။ “မွတ်စ်လင်မ်တွေက ကျွန်တော်တို့ကိုပင်လျှင် မဲမပေးခဲ့ကြပါဘူး။ ဒေါ်စုရဲ့သြဇာလွှမ်းမိုးမှုက မွတ်စ်လင်မ်တွေအပေါ် အလွန့်အလွန် ကြီးမားလွန်းပါတယ်” ဟု သူက မုဒိတာစကား ဆိုခဲ့ပါတယ်။

    သုတေသီများရဲ့အဆိုအရလည်းကောင်း၊ မွတ်စ်လင်မ်မဲဆန္ဒရှင်တို့နဲ့ အင်တာဗျူးအရလည်းကောင်း မွတ်စ်လင်မ်တွေအားလုံးလိုလို NLD ကိုပဲ တခဲနက် မဲထည့်ခဲ့ကြောင်း သိရပါတယ်။

    “ကျွန်မတို့ရဲ့ ထောက်ခံအားပေးမှုရရှိဖို့ သူတို့(မွတ်စ်လင်မ်ကိုယ်စားလှယ်လောင်းများ)က ဘာဆိုဘာမျှ မပြောခဲ့ကြဘူး။ ဒါပေမယ့် (ပြောခဲ့ရင်လည်း) ကျွန်မတို့အားလုံးနီးပါးက အပြောင်းအလဲကို မျှော်လင့်တမ်းတနေကြတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် NLD ကို မဲထည့်ကြမှာဖြစ်ပါတယ်” လို့ မွတ်စ်လင်မ်အများစုရပ်ဝန်းအနီး လမ်းဘေးမှာ ဖရဲသီးစိတ် ရောင်းချနေတဲ့ ဒေါ်ခင်မာချို (၄၈ နှစ်)က ပြောကြားပါတယ်။

    မိမိတို့ပါတီက ရွေးကောက်ပွဲဝင်ဖို့ မွတ်စ်လင်မ်ကိုယ်စားလှယ်လောင်း တစ်ဦးမျှ မရွေးချယ်ခဲ့ကြောင်း၊ ရွေးချယ်ခဲ့ရင် နိုင်ငံရေးထဲသြဇာကြီးမားနေတဲ့ တစ်ယူသန်ဗုဒ္ဓဘာသာဝင်အုပ်စုကို သွားဆွသလိုဖြစ်မယ့်အကြောင်း NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ၀န်ခံပြောကြားခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးတွေ ဦးဆောင်လှုပ်ရှားနေတဲ့ အဆိုပါ မျိုးချစ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မွတ်စ်လင်မ်တွေအပေါ် သဘောထားပျော့ပြောင်းလွန်းတယ်လို့ ဝေဖန်စွပ်စွဲမှု ရှိနေပါတယ်။

    “တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ အနိုင်ရမယ်ဆိုရင် မွတ်စ်လင်မ်တွေက နိုင်ငံကို လွှမ်းမိုးကြီးစိုးလိမ့်မယ်လို့ သူတို့က ပြောခဲ့ကြတယ်လေ” လို့ ဦးဝင်းထိန်က ပြောသော်လည်း မိမိပါတီဟာ ဘာသာတရားအားလုံးအပေါ် တန်းတူညီမျှ ဆက်ဆံသွားမယ်လို့ အခိုင်အမာ ဆိုပါတယ်။

    ဒီရွေးကောက်ပွဲမှာ မွတ်စ်လင်မ်တွေအတွက် အလင်းရောင်တစ်ရပ်ရရှိခဲ့မယ်ဆိုရင် အဲ့ဒါဟာ အာဏာရပါတီအကြိုက် ရွေးကောက်ပွဲလမ်းကြောင်းချော်အောင် ကြံဆောင်နေကြတဲ့ – အာဏာရပါတီခေါင်းဆောင်များက ကျောထောက်နောက်ခံပြုထားတဲ့ တစ်ယူသန်ဗုဒ္ဓဘာသာဝင်တွေ ရှုံးနိမ့်သွားခြင်းသာ ဖြစ်ပါလိမ့်မယ်။

    ဒါပေမယ့် ဒီလှုပ်ရှားမှုဟာ နိုင်ငံရေးအင်အားစုလိုမျိုး ပျောက်ကွယ်သွားမယ့်ပုံနဲ့ မတူညီနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။ “စိတ်မကောင်းခြင်းကြီးစွာနဲ့ပြောရရင်တော့ အဲ့ဒီလှုပ်ရှားမှု ခေါင်းပြန်ထောင်လာနိုင်တယ်လို့ ထင်ပါတယ်” ဆိုပြီး လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့က မစ္စတာ Mathieson ကဆိုပါတယ်။

    အဆိုပါအုပ်စုရဲ့ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သူ ဘုန်းတော်ကြီး အရှင်ဝီရသူက ဒီလှုပ်ရှားမှုကို ရှေ့ဆက်မယ်၊ မိမိတို့တင်သွင်းထားတဲ့ ဥပဒေများကို အစိုးရသစ်မှ ပြန်လည်မရုပ်သိမ်းရေးအတွက် မိမိတို့အုပ်စုမှ အနီးကပ် စောင့်ကြည့်သွားမယ်၊ မျိုးစောင့်ဥပဒေများကို မိမိတို့မှ အကောင်းဆုံးကာကွယ်သွားမယ်၊ ဘယ်သူ့ကိုမှ ဖျက်ဆီးခွင့်မပေးနိုင်ဘူးလို့ ကြွေးကြော်ထားပါတယ်။ အခြေခံလူ့အခွင့်အရေးကို အလျဉ်းအရေးမစိုက်ဘဲ မကြာသေးမီကပြဋ္ဌာန်းလိုက်တဲ့ မျိုးစောင့်ဥပဒေလေးရပ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အဲ့ဒီဥပဒေများထဲမှာ မွတ်စ်လင်မ်တွေလို့ အထူးပြုဖော်ပြထားမှုမရှိပေမယ့် မွတ်စ်လင်မ်တွေအပေါ် ရည်ရွယ်ဦးတည်ထားကြောင်း လူအများက နားလည်သဘောပေါက်ကြပါတယ်။

    တရားဥပဒေစိုးမိုးရေးကို ပြန်လည်ဆောင်ကြဉ်းပေးဖို့ ကတိက၀တ်ပြုထားတဲ့ပါတီ ဦးဆောင်ထားတဲ့အစိုးရအဖွဲ့ကိုသာ အယုံအကြည်ရှိကြောင်း မြန်မာ့ဒီမိုကရေစီခရီးရှည်ကြီးနဲ့ပတ်သက်ပြီး မွတ်စ်လင်မ်များစွာတို့က ဆိုကြပါတယ်။

    “လူမျိုးရေး ဘာသာရေး ပုတ်ခတ်စော်ကားမှုတွေကတော့ ရှိနေဆဲပါပဲ။ တကယ်လို့ တရားဥပဒေစိုးမိုးမှုသာရှိမယ်ဆိုရင် တင်းမာမှုတွေကို လျှော့ချပေးနိုင်ပါလိမ့်မယ်” လို့ ရန်ကုန်မြို့က ဂရပ်ဖစ်ဒီဇိုင်နာဖြစ်ပြီး NLD ကိုလည်း မဲပေးခဲ့တဲ့ မွတ်စ်လင်မ်ဖြစ်သူ ဦးအောင်ကျော်ထွန်းက ပြောပါတယ်။ NLD ကို မဲပေးခဲ့ကြတဲ့ အခြားမွတ်စ်လင်မ်များအတိုင်း သူက “မျှော်လင့်ချက်” ဆိုတဲ့ စကားလုံး သုံးနှုန်းသွားခဲ့ပါတယ်။ ဒီမျှော်လင့်ချက်ကိုကိုလည်း အတိုင်းသား တွေ့မြင်နေရတဲ့အတွက် အဲ့ဒါဘာကြောင့်လဲလို့ မေးမြန်းရာမှာ မြန်မာ့လူ့အခွင့်အရေးလေ့လာစောင့်ကြည့်မှုအဖွဲ့ Fortify Rights ရဲ့ အမှုဆောင်ဒါရိုက်တာ Methew Smith က အောက်ပါအတိုင်း ဖြေကြားသွားပါတယ်။

    “အကြောင်းကတော့ မွတ်စ်လင်မ်တွေနဲ့ပတ်သက်တဲ့အရေးအရာမှာ NLD က နှုတ်ဆိတ်နေခဲ့လို့ စိတ်ပျက်ခဲ့လင့်ကစား မွတ်စ်လင်မ်လူ့အဖွဲ့အစည်းဝင်တွေက NLD အပေါ်ထားရှိတဲ့ မျှော်လင့်မှုကို ဆုပ်ကိုင်ထားကြဆဲပါပဲ။ (တစ်ကဏ္ဍစီသာ ဖြစ်ပါတယ်)။ ဒါဟာ လက်ဆင့်ကမ်းမျှော်လင့်ချက်ဖြစ်ပြီး ကျွန်တော်တို့ထားရှိတဲ့ မျှော်လင့်ချက်နဲ့လည်း တူညီနေတာကြောင့်ပါ”။

    (အိမ့်သီရိသူနှင့် စောနိုင်တို့၏ သတင်းပေးပို့ချက်အပေါ် Austin Ramzy က New York Times တွင် ရေးသားသော After Myanmar Election, Few Signs of a Better Life for Muslims ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင်ပြန်ဆိုသည်။)

  • ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက် သိပ်မကြီးစေချင်

    ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက် သိပ်မကြီးစေချင်

    နိုဝင်ဘာ ၆ ၊ ၂၀၁၅
    M-Media

    index
    (ဓာတ်ပုံ) ၂၀၁၅ ခုနှစ် ဇန္န၀ါရီ ၄ ရက် နေပြည်တော်တွင်ပြုလုပ်သော ၆၇ ကြိမ်မြောက်လွတ်လပ်ရေးနေ့ ချီတက်ပွဲအခမ်းအနားမှ မြန်မာစစ်သည်များ (ဓာတ်ပုံ – စိုးသန်းဝင်း၊ AFP)

    မြန်မာ့အတိုက်အခံ အင်အားစုအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖွယ်ရှိသော်လည်း စစ်တပ်က ဆက်လက် ချုပ်ကိုင်နေဦးမှာ ဖြစ်ပါတယ်။

    လာမယ့် နိုဝင်ဘာ ၈ ရက်မှာ မြန်မာပြည်သူတွေအားလုံး အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲထည့်ရပါတော့မယ်။ အမြင်သက်သက် ဆုံးဖြတ်ခြင်းနဲ့ မြင်မြင်သမျှအကောင်းမထင်ခြင်းတို့ထက် အတိတ်သမိုင်းကို သင်ခန်းစာယူပြီး ဒီရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒပေါ် မူတည်မလားဆိုတဲ့အပေါ် အစစ်အမှန်စမ်းသပ်ချက်ကြီးတစ်ရပ် ဖြစ်လာပါလိမ့်မယ်။

    ပြန်လည်ပြုပြင်ရေးလမ်းကြောင်းနဲ့တစ်ကွ သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်တစ်ပိုင်းအစိုးရဟာ လေးနှစ်တာအတွင်း သန်း ၅၀ ကျော် ပြည်သူတို့ရဲ့နိုင်ငံအတွက် ဘယ်လောက်အထိ စံနမူကောင်းတစ်ရပ် ထားပေးခဲ့တယ်ဆိုတာ ပေါ်ထွက်လာတော့မှာလည်း ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အများစုကို လွတ်ပေးခဲ့တယ် (သို့သော် အသစ်သစ်သော ထပ်မံဖမ်းဆီးမှုက ရှေ့ဆက်နေဆဲ)။ မီဒီယာပိုင်းမှာ တင်းကြပ်တဲ့ ဆင်ဆာစံနစ်ကို ရုပ်သိမ်းခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ လွတ်လပ်တဲ့ ကြားဖြတ်ရွေးကောက်တစ်ရပ် ပြုလုပ်ပေးရာမှ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမတ်တစ်ဦးအဖြစ်နဲ့ လွှတ်တော်ထဲ ရောက်လာပါတယ်။

    လာမယ့်ရွေးကောက်ပွဲဟာ စစ်တပ်အာဏာစသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်ကစလို့ နှစ်ပေါင်း ၅၀ အတွင်း ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလို့ ဆိုရမှာပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ၁၄ နှစ်မြောက်မှာပဲ စစ်တပ်က အာဏာသိမ်းယူလိုက်ခြင်းဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD  က အမတ်နေရာအများစုနဲ့ အနိုင်ရကောင်းရနိုင်မယ် – ကြိုးဆွဲထိန်းချုပ်နေတဲ့ တရုတ်ကို ခွာထုတ်ပြီး အနောက်တိုင်းရဲ့မဟာမိတ်ခိုင်ခိုင်တစ်ရပ် ဖြစ်လာမယ့်အပြင်၊ တစ်ချိန်တုန်းက (အာဆီယံ)ဒေသတွင်း ထိပ်တန်းနိုင်ငံတစ်ခုဖြစ်ခဲ့တဲ့ အဆင့်အတန်းတစ်ချို့လည်း ပြန်လည်ရရှိလာလိမ့်မယ်လို့ ပြည်သူလူထု အမြောက်အများက မျှော်လင့်ထားကြပါတယ်။

    သို့ပေမယ့် အောင်ပွဲရမယ်လို့ ဆိုနိုင်ဖို့ အချိန်စောလွန်းနေပါသေးတယ်။ မည်သို့ဆိုစေ ဒီရွေးကောက်ပွဲကို အဆင်ပြေပြေ ဖြတ်သန်းနိုင်ခဲ့ရင်တောင်မှ အများမျှော်လင့်နေသလို အကူးအပြောင်းမှတ်တိုင်တစ်ခု ထူနိုင်ပြီလို့ ဆိုမရသေးပါဘူး။ အကြောင်းကတော့ စစ်တစ်ပိုင်းအရပ်သားတစ်ပိုင်းအစိုးရရဲ့ အပုံအပင်ပုံစံချထားမှုများကြားက ဘယ်လောက်အထိ မဲအပြတ်အသတ်နိုင်မလဲ ဆိုတာ မူတည်နေပါသေးတယ်။ ပြည်သူ့အာဏာဆိုတာ သော့ခတ်ခံထားရဆဲပါ။

    အာဏာရှင်ဟောင်း ဦးသန်းရွှေက စီရင်ပြဋ္ဌာန်းလိုက်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အောက်လွှတ်တော်အမတ်ဦးရေ လေးပုံတစ်ပုံ(၁၆၆ ဦး)ဟာ စစ်တပ်က တိုက်ရိုက်ခန့်အပ်တဲ့ (ပြည်သူတွေရဲ့ ရွေးကောက်တင်မြှောက်ခြင်းမဟုတ်သော) စစ်တပ်ကိုယ်စားလှယ်တွေပါ။ ပြီးတော့ ဥပဒေတစ်ရပ်ရပ်ပြောင်းလဲရေး၊ ပြင်ဆင်ရေး၊ ဖယ်ရှားရေးအတွက် လွှတ်တော်အမတ် သုံးပုံနှစ်ပုံအထက်ရဲ့ ထောက်ခံမှုလည်း လိုအပ်နေပါတယ်။ ဒီအတိုင်းသာဆိုရင် NLD နဲ့ အခြားအတိုက်အခံ ပါတီငယ်တွေ ဘယ်လောက်စွမ်းဆောင်နိုင်သည်ဖြစ်စေ စစ်တပ်ပုံသွင်းဥပဒေကတော့ အချိန်ကာလတစ်ရပ်အထိ ဆက်လက်တည်ရှိနေနိုင်ပါမယ်။

    ဒါတင်မက အဆိုပါ အခြေခံဥပဒေဟာ စစ်တပ်ကို နိုင်ငံတော်ရဲ့ အဓိပတိအခန်းကဏ္ဍတွေထဲ ၀င်စွက်ခြယ်လှယ်ဖို့ အာမခံချက်ပေးထားပါတယ်။  ပြည်တွင်းရန်ကို ကာကွယ်နှိမ်းနှင်းဖို့ အနှောင့်အယှက်မရှိ အခွင့်အာဏာပေးထားပါတယ်၊ အထူးသဖြင့် လူနည်းစုဝင် တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ်မှာ ဖြစ်တယ်။ ကွယ်လွန်သူ ခင်ပွန်းနဲ့ လက်ရှိသားနှစ်ဦးဟာ ဗြိတိန်နိုင်ငံသားများဖြစ်တယ်ဆိုတဲ့ ပြစ်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် မရအောင် ကန့်သတ်ထားမှုတွေလည်း ရှိနေပါတယ်။

    အဆိုပါဥပဒေများကို အစားထိုးပြင်ဆင်နိုင်ဖို့ NLD က သန်းချီတဲ့ ပြည်သူ့ထောက်ခံလက်မှတ်တွေနဲ့ လွှတ်တော်ကို တင်သွင်းအဆိုပြုခဲ့တယ်။ သို့သော်လည်း ၂ နှစ်တာကာလအတွင်း ဖွဲ့ခြေဥပြင်ဆင်ပြောင်းလဲဖို့ ကြိုးစားချက်မှန်သမျှ ရှုံးနိမ့်ခဲ့ရတယ်။ ဒါဟာ ၂၀၁၁ ခုနှစ်ကစပြီး မျှော်လင့်လာရတဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို နောက်ပြန်ဆုတ်နေသော အထင်ရှားဆုံးပြယုဂ်တစ်ခုဖြစ်ပါတယ်။ အချုပ်ဆိုရရင် အမည်ဆိုးတွင်နေတဲ့စစ်တပ်က ဒီရွေးကောက်ပွဲမှာ NLD နဲ့ လူနည်းစုဝင်အတိုက်အခံတိုင်းရင်းသားပါတီငယ်များစွာရဲ့လက်ထဲမှာ မရှုမလှ ကျဆုံးရတော့မယ့် အခြေအနေဆိုက်နေပါတယ်။ သို့တိုင် စစ်တပ်က ခေါင်းမာစွာနဲ့ အာဏာလက်မလွှတ်ရေးကို ဆုပ်ကိုင်ထားဆဲပါ။ ရလဒ်အားဖြင့် လာမယ့်ရွေးကောက်ပွဲမှာ NLD နဲ့ အခြားအတိုက်အခံပါတီများစွာက အမတ်နေရာအများစု ရရှိအောင်မြင်ခဲ့လျှင်ပင် နိုင်ငံ့အာဏာကို ချောချောမွေ့မွေ့ လွှဲပြောင်းပေးဖို့ တော်တော်ခဲယဉ်းပါလိမ့်မယ်။

    စစ်တပ်ကို အခိုင်အမာကျားကန်ပေးထားပြီး ဒီမိုကရေစီသဘောတရားကိုဆန့်ကျင်ထားတဲ့ ဖွဲ့ခြေဥ မပြောင်းလဲထားတာကြောင့် သူတို့ဟာ ပြုပြင်ပြောင်းလဲရေးနဲ့ အာဏာအချို့ လွှဲပြောင်းပေးလိမ့်မယ်လို့ အချို့က ဆိုကြပါတယ်။ ဒါလည်း မှန်နိုင်ပါတယ်။ သို့သော် လက်တွေ့မှာကတော့ မည်သည့်လွတ်လပ်မျှတမှုကို ထပ်မံမလိုလားပဲ ကြောက်ရွံ့နေကြတဲ့ တစ်လှေတည်းစီး အရာရှိတအုံတကျင်း အတွက် ဒီဖွဲ့ခြေဥဟာ အကောင်းဆုံးအကာအကွယ်ပေးနေကြောင်း တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်နောက်ပိုင်း စီးပွားရေး ပိတ်ဆို့မှု အားလုံးနီးပါးကို အနောက်တိုင်းက မဆိုင်းမတွ အလျင်အမြန် ရုတ်သိမ်းပေးလိုက်တာကြောင့် ဒီအာဏာပိုင်အရာရှိများဟာ အနောက်တိုင်းကနေ သူတို့အလိုချင်ဆုံးအရာတွေကို ရသွားပြီဖြစ်ပါတယ်။ အဲ့ဒီအရာများကတော့ – ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာငွေကြေး အဖွဲ့ IMF နဲ့ စီးပွားရေးပတ်သက်မှုအသစ် ထူထောင်နိုင်ခြင်း၊ တပြုံတမ ထောက်ပံ့ကူညီငွေများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလှိုင်းကြီး စသည်ဖြင့် ဖြစ်ပါတယ်။ အိုဘားမားအစိုးရအဖွဲ့က လက်ရှိလမ်းစဉ်အတိုင်း ရှေ့ဆက်လျှောက်ဖို့ တိုးမြှင့်ထောက်ပြနေသည့်တိုင် ဒီလူတွေက ရှေ့ဆက်မွမ်းမံပြုပြင်ပြောင်းလဲရေး ဖိအားတွေကို မဖြုံကြပါဘူး။

    ထပ်ဆင့်တင်ပြရရင် လက်ရှိမြန်မာအာဏာပိုင်များဟာ ဒီရွေးကောက်ပွဲရလဒ်ကို ကြိုတင် ဆုံးဖြတ်ထားတာကြောင့် မဲဆန္ဒနယ်တွေ၊ မဲဆန္ဒရှင်ကို သေသေချာချာ စိစစ်လိုက်ကြတာကို တွေ့ကြရမှာပါ။ ဒီအချက်နဲ့ပတ်သက်လို့ ဥပမာတစ်ခုပေးပါမယ်။ ၂၀၁၀ ခုနှစ်က ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာမွတ်စ်လင်မ် ၈ သိန်းကို မဲထည့်ခွင့်ပေးခဲ့ကြတယ်။ ခုချိန်မှာ မဲပေးခွင့် မဆိုထားနဲ့၊ အခြေခံ လူ့အခွင့်အရေးကိုပင်လျှင် လက်လွှတ်ဆုံးရှုံးနေရပါတယ်။ ပိုပြီးရုပ်ပျက်ဆင်းပျက်ဖြစ်စေတာကတော့ သူတို့ကို မြန်မာနိုင်ငံသားအဖြစ် ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့တာမို့လို့ သူတို့ရဲ့အခွင့်အရေးဆုံးရှုံးမှုကို ပြန်လည်ထူထောင်ခွင့်လည်း မရရှိကြပါဘူး။ ၂၀၁၀ ခုနှစ်တုန်းက ဒေသခံရခိုင်ပါတီနဲ့ရင်ဆိုင်ဖို့ အင်အားလိုတဲ့အတွက် ရိုဟင်ဂျာတွေကို မရှိသုံး သုံးခဲ့ကြတယ်။ ဒီတစ်ကြိမ် အခွင့်အရေးရုပ်သိမ်းလိုက်တာက နောက်ထပ်ရည်ရွယ်ချက်တစ်မျိုးဖြစ်တယ် – နိုင်ငံတွင်း မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ခုတုံးလုပ်ပြီး နိုင်ငံရေးအရ အမြတ်ထုတ်လိုက်ခြင်းပါပဲ။

    USDP ဟာ မိမိတို့အပေါ် အတိုက်အခံပြုလာတော့မယ့် လူများစုဗုဒ္ဓဘာသာဝင်တွေဆီက မဲသဲ့ယူနိုင်အောင် ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာတစ်ခုဖြစ်တဲ့ အစ္စလာမ်မုန်းတီးရေးနဲ့ မွတ်စ်လင်မ်အကြောက်တရားဖြစ်ပေါ်အောင် လူထုအကြား ဖန်တီးသွတ်သွင်းခဲ့တယ်။ နိုင်ငံအနှံ့ လူမျိုးရေးဘာသာရေးဆိုင်ရာ သွေးကွဲမှုတွေ၊ မငြိမ်သက်မှုတွေ ပေါ်ပေါက်စေတယ်။ လူများစုအကျိုးကို ကာကွယ်ပေးတယ်ဆိုပြီး ဘာသာခြားတွေအပေါ် ခွဲခြားချိုးနှိမ်တဲ့ဥပဒေတွေကို ပြဋ္ဌာန်းတယ်။ ဒီလိုဥပဒေထွက်ပေါ်လာအောင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဆိုတဲ့ မဘသအဖွဲ့ဖြစ်လာအောင် လမ်းခင်းပေးလိုက်တယ်။ ဗုဒ္ဓဘာသာဝင်မြန်မာပြည်သူတွေ ဦးထိပ်ထားလေးစားကြတဲ့ ရဟန်းသံဃာတော်တွေကို ဦးဆောင်စေခဲ့တယ်။ ဒီတော့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ထောက်ခံအားပေးမှု အများအပြား ရလာစေတယ်။ မဘသရဲ့သြဇာအင်အားကြီးထွားလာမှုက ဒေါ်အောင်ဆန်းစုကြည်ကိုပင်လျှင် လူနည်းစုအခွင့်အရေးချိုးဖောက်မှုအပေါ်ဝေဖန်ဖို့ ပါးစပ်ပိတ်သွားစေခဲ့ပါတယ်။ သဘောအားဖြင့် လူနည်းစုရဲ့အခွင့်အရေးတွေကို ဖယ်ထုတ်ပြပြီး လူများစုရဲ့မဲကို (တဆင့်ခံ မဘသနဲ့ ကယ်တင်ရှင်လုပ်) ရယူလိုက်ခြင်းဖြစ်ပါတယ်။

    ဒါကြောင့် ဒီရွေးကောက်ပွဲကို ဒီအခြေအနေအတိုင်း ဆက်လှမ်းသည့်တိုင် ၂၀၁၀ ရလဒ်မျိုး ထွက်လာဖို့များနေပါတယ်။ သူတို့ဟာ ကိုယ့်အနေအထားကို ကိုယ်တိုင် ထင်ထင်ရှားရှား ပြန်မြင်ရမှာ မလွဲပါဘူး။ ပြည်သူတွေအဖို့ ဒီမိုကရေစီရဲ့အစိပ်အပိုင်းတစ်ခုမျှသာ ဖြစ်တဲ့ မိမိရွေးချယ်ရာကို မဲပေးနိုင်ခွင့်ရရှိခဲြဲ့ခင်း ဆိုတာထက် မပိုပါဘူး။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို နိုင်ငံရေးနဲ့စီးပွားရေးအရ ထဲထဲဝင်ဝင် လေ့လာဆန်းစစ်ထားပြီဖြစ်တဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ နိုင်ငံ့အခြေခံဥပဒေနဲ့ နိုင်ငံ့အခြေခံအဆောက်အဦအခန်းကဏ္ဍများ ပြောင်းလဲလာအောင် ဆက်လက်ဖိအားပေးသွားဖို့ လိုအပ်ပါတယ်။ သို့အားဖြင့် အစစ်အမှန် ပြောင်းလဲမှုဟာ ကွဲပြားထင်ရှားလာပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကျော် အတွေ့အကြုံများအရ ရွေးကောက်ပွဲအပါအ၀င် မည်သည့်အရာကိုဖြစ်စေ စစ်တပ်က လွယ်လင့်တကူ အလျှော့ပေးမှာ မဟုတ်ဘဲ အရင်အတိုင်း ဆက်လက် အနိုင်ကျင့်သွားဖို့ ရှိနေပါတယ်။ နိဂုံးအနေနဲ့တင်ပြရရင် ဒီရွေးကောက်ပွဲကြီးဟာ ရေရှည်စစ်ပွဲကြီးအတွက် ရှေ့တစ်လှမ်းတက်လာတဲ့ ထိပ်တိုက်တိုး ရင်ဆိုင်တိုက်ပွဲမျှသာ ဖြစ်ပါကြောင်း။

    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    Ref : Foreign Policy
    Richard Cockett ရေးသားသော Why We Shouldn’t Expect Too Much From Burma’s Election ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။