News @ M-Media

Category: ထွေရာလေးပါး

  • သန့်စင်သော တိုင်းပြည်နှင့် လူမျိုးဖြစ်ရန် စိတ်အညစ်အကြေးများအား ခဝါချလိုက်ကြပါစို့

    သန့်စင်သော တိုင်းပြည်နှင့် လူမျိုးဖြစ်ရန် စိတ်အညစ်အကြေးများအား ခဝါချလိုက်ကြပါစို့

    ဇွန် ၂၂ ၊ ၂၀၁၅
    M-Media
    Z.Y ရေးသည်

    မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများသည် မည်သည့်လူမျိုး မည်သည့်တိုင်းပြည်နှင့်မျှ မတူအောင်ပင် လှူဒါန်းပေးကမ်းမှုများမှာ ရက်ရက်ရောရောနှင့်စေတနာပြည့်ဝစွာ ပါဝင်လျှက်ရှိပေ၏။

    မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့သည် မေတ္တာစေတနာလည်း ကြီးမားစွာထားတတ်ကြပေသည်။ ကိုယ်ချင်းစာတရားလည်း ကြီးမားကြပေသည်။ တခြားကိစ္စကိုမကြည့်နှင့်။ ယခုခေတ်ကာလအချိန်အခါ ရာသီစာဖြစ်သော ကားလမ်းများပိတ်ဆို့ကျပ်ခြင်းကိုပင် ကြည့်ပါလေ။ ဘတ်စ်ကားကြီးများသည် သူ့ထက်ငါဦး ရှေ့ရောက်ချင်သည့်ဇောဖြင့် အကိုရေ တစ်စီးလောက် တစ်စီးလောက် ဟူ၍လည်းကောင်း၊ လက်ပြ၍လည်းကောင်း၊ မီးတောက်၍လည်းကောင်း၊ မိမိတို့လမ်းကြောင်းပေါ်မှ အခြားသောကားလမ်းကြောင်းပေါ်သို့ အဓမ္မတက်ကာ ကျော်ကြခွကြသည်ကို ကျန်သည့်ကားငယ်များမှ ကြည်ဖြူစွာ လက်လျော့ပေးကြလေ၏။ မကြည်ဖြူ၍လည်း မဖြစ်ပြီ၊ မဟုတ်လျှင် အဆဲကြိမ်းခံရပေဦးမည် မဟုတ်ပါလား။

    အလှူရေစက်လက်နဲ့မကွာ တစ်မူးရလို့ တစ်ပဲလှူ အစရှိတဲ့စကားအစဉ်အလာများမှာ မဟုတ်တမ်းတရားပြောဆိုထားခြင်း မဟုတ်ပေ။ မြန်မာလူမျိုးနှင့် တိုင်းရင်းသားများတို့၏ ရက်ရောခြင်း၊ ပေးကမ်းလှူဒါန်းမှုကြီးမားခြင်း စေတနာကိုပြသသော သဘောပင်ဖြစ်၏။ ထိုကဲ့သို့ ရက်ရောမှု၊ မေတ္တာစေတနာထားမှုများကို အခွင့်ကောင်းယူ၍ နည်းလမ်းပေါင်းမျိုးစုံ ဝတ်ရုံလွှာ အမောင်ပြများမျိုးစုံဖြင့် လက်ကြောတင်းအောင် အလုပ်မလုပ်ဘဲနှင့် အရှက်နည်းစွာ တောင်းရမ်းစားသောက်၍ ရေသာခိုတတ်ကြသည်မှာလည်း မြန်မာနိုင်ငံတွင်ရှိသူများပင်တည်း။

    ယခုဆိုလျှင် ကမ္ဘောဒီးယားကဲ့သို့နိုင်ငံငယ်လေးမှာပင် တောင်းရမ်းစားသောက်သူ ပပျောက်လျော့နည်းသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ခံယူထားသည်ကို တွေ့ရှိရပေသည်။ လူဆိုသည်မှာလည်း အကျင့်၏သားကောင်းများပင် မဟုတ်ပါလား။ ခေါက်ရိုးကျိုးနေပြီဖြစ်သော အကျင့်ခြစားနေပြီဖြစ်သော စရိုက်ဆိုးများအား ပပျောက်သွားစေရန် ဆောင်ရွက်ရာတွင် လက်ခုပ်တီးခြင်း ဥပမာကဲ့သို့ နှစ်ဖက်တီးမှ မြည်မည်ဖြစ်သောကြောင့် တောင်းရမ်းသူများဘက်မှ ပေးကမ်းစွန့်ကြဲသူများရှိနေသမျှ ကာလပတ်လုံး သူတို့၏အကျင့်စရိုက်များ ပျောက်ကွယ်သွားမည် မဟုတ်ပေ။ လုပ်အားနှင့် ငွေကိုငွေအားနှင့် ရင်းနှီး၍ ရှာဖွေကြရသည်မို့ အလွယ်တကူပေးကမ်းစွန့်ကြဲမှုများ မစဉ်းစားမဆင်ခြင် ပေးကမ်းရက်ရောမှုများမှ ရှောင်ကျဉ်ကြရပေမည်။

    သို့ဆိုပါလျှင် ငွေကြေးကိုတောင်းရမ်း၍ အလွယ်တကူမရရှိနိုင်ပြီမို့ လုပ်အားတို့ဖြင့် ရှာဖွေစားသောက်ကြပေလိမ့်မည်။ အမှန်တကယ် အလုပ်မလုပ်နိုင်သူ၊ အလုပ်မလုပ်နိုင်သည့် အရွယ်အိုများကိုဖြင့် မဆိုလိုပေ။ မိမိတို့လုပ်အားဖြင့် ရှာဖွေစားသောက်နိုင်ကြလေသော အရွယ်ကောင်းများ တောင်းရမ်းစားသောက်မှုအား ရှောင်ကျဉ်၍အလုပ်လုပ်ကိုင် စားသောက်ကြမည်ဆိုလျှင် တိုင်းပြည်အတွက် အလုပ်လုပ်သူအင်အားများလည်း တိုးပွားပြီး ရေသာခိုအချောင်နှိုက်လိုစိတ်များလည်း ကင်းဝေးကြပေလိမ့်မည်။

    မိတ်ဆွေ သင်သည် တိုးတက်ကောင်းမွန်လာမည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်တံ့ခိုင်မြဲရန်အတွက် အုပ်တစ်ချပ် သဲတစ်ပွင့်မဖြစ်သော်တောင်မှ ရေစက်ရေပေါက်လေးတစ်ခုပင်ဖြစ်စေဦးတော့။

    Z.Y

  • မဟာပညာရှိ ဂျာရစ်နှင့် အမေးအဖြေ (၆)

    မဟာပညာရှိ ဂျာရစ်နှင့် အမေးအဖြေ (၆)

    ဇွန် ၂၀ ၊ ၂၀၁၅
    M-Media
    Jayit copy
    မေး။    ။ ဦးဦးရေ ၂၀၁၅ ရွေးကောက်ပွဲကြီးလဲ နီးလာပြီနော်။ မြန်မာနိုင်ငံမသန်စွမ်းသူများထဲကမှ အရည်အချင်းရှိ သူတွေရှိနေတာမို့ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်တယ်လို့ ကြားရတယ်။ အဲဒါတကယ်ပဲလား ဦးဂျာရစ်ရယ်။
    မီးငယ်လေး (တွံတေး)

    ဖြေ။    ။ မှန်တာပေါ့ မီးငယ်လေးရယ်။ နိုင်ငံရဲ့ခေါင်းဆောင်ကောင်း တစ်ဦးဆိုတာ နိုင်ငံရေးအသိပညာ၊ အတတ်ပညာတွေပြည့်ဝနေဖို့ရယ်၊ ကိုယ့်ကျိုးကိုမကြည့်၊ အများပြည်သူ အကျိုးကိုကြည့်နိုင်တဲ့ ခေါင်းဆောင် အရည်အချင်းတွေပြည့်ဝနေမယ် ဆိုရင် ဝင်ရောက် ရွေးချယ်ခံသင့်ပါတယ်။ မသန်စွမ်းသူတွေမှာလဲ မသန်ပေမယ့် အစွမ်းအစတွေ များစွာရှိကြပါတယ်။

    မေး။    ။ ဘုရားကျောင်းကန်၊ စေတီ၊ ပုထိုးနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို လေ့လာကြည့်ရှုဖို့ စီစဉ်ထားတဲ့ နေရာတွေ အတော်များများမှာ ရေအိမ်တွေ သန့်ရှင်းမှု မရှိတာကြောင့် နိုင်ငံခြားသား ဧည့်သည်တွေရဲ့နှာခေါင်းရှုံ့တာခံရတယ်ကွာ။ အဲဒီလိုကိစ္စတွေ မဖြစ်သင့်ဘူးထင်တယ်။ နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာ ထိခိုက်တာပေါ့ကွာ။
    အဘထူး (ကံမ)
    ဖြေ။    ။ ဟုတ်ပေသပေါ့ အဘရယ်။ မြန်မာတို့ရဲ့အထွတ်အမြတ် အထင်ကရနေရာတွေမှာ ကျန်းမာရေးအတွက် အဓိက လိုအပ်တဲ့ ရေအိမ်တွေ လုံလောက်အောင်ထားရှိ မပေးနိုင်တာရယ်၊ သန့်ရှင်းမှုအတွက် ဝန်ဆောင်မှု အားနည်းတာတွေကို သာသနာရေးရာ ဒု-ဝန်ကြီး ဒေါက်တာမောင်မောင်ဌေးက ဇွန်လ (၅) ရက်နေ့ကကျင်းပသည့် အစည်းအဝေးမှာ ပြောကြားတယ်လို့ သိရပါတယ်။ သာသနာရေးရာ ဝန်ကြီးဌာနအနေနဲ့တော့ သက်ဆိုင်ရာ ဂေါပကအဖွဲ့တွေကို တွန်းအားပေး ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။ အဘရေ စိတ်အေးအေးလေးထား နည်းနည်းလေးမှ စိတ်မပူနဲ့ ပူနဲ့နော်ဗျ။

    မေး။    ။ ဦးဂျာရစ်ရေ ဗကသကျောင်းသူ မပိုပိုက “ဒီကိစ္စမှာကျွန်မတို့က မတရားလုပ်တာ မဟုတ်ဘူး။ မတရားခံရတာ၊ အဲဒီအတွက်ကြောင့် ဒူးထောက်ပြီး အာမခံလျောက်မှာ မဟုတ်ဘူး” လို့ ရဲရဲရင့်ရင့်ပြောသွားတာ ဂုဏ်ယူစရာပဲနော်။
    မီးချစ် (ရေကြည်)
    ဖြေ။    ။ ဒါပေါ့ကွယ်။ သူရဲကောင်းဆိုတာ လက်ရုံးရည်ထက် နှလုံးရည်က ပိုအရေးကြီးတယ်။ ဖြူဖြူကျော်သိန်းဆိုတဲ့ ဟိုသီချင်းလိုပေါ့။ “ပတ္တမြားမှန်ရင် ဘယ်နွံမှာနှစ်မလဲ မညစ်ဘူးဟေ့” ဆိုပဲ ဆိုပဲ၊ မျိုးချစ်စိတ်ဆိုတာ ကိုယ့်အမျိုးကိုကိုယ်ချစ်ဖို့ မဟုတ်ဘူး။ တိုင်းပြည်နဲ့ လူမျိုးကိုချစ်ဖို့။

  • နှင်းဆီခင်- လှမ်းရအောင် ပျော်ပျော်ရွှင်ရွှင် ကလေးပေါ့

    နှင်းဆီခင်- လှမ်းရအောင် ပျော်ပျော်ရွှင်ရွှင် ကလေးပေါ့

    ဇွန် ၁၉ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင် ရေးသည်။
    oldcouple_thumb3
    ဘဝမှာကြီးကြီးမားမားပြောင်းလဲရတဲ့ အဆင့်တွေ ရှိနေတတ်ပါတယ်။ မူလအခြေအနေနောက်တစ်ခုကို အလိုက်သင့် လက်ခံနိုင်တာ ပျော်ရွှင်ကြည်နူးမှု အပြည့်နှင့် လှမ်းနိုင်မလှမ်းနိုင် ဆိုတာကတော့ ကာယကံရှင် တစ်ဦးစီရဲ့ ခံယူချကပေါ် မှီနေတယ်လေ။ အပြောင်းအလဲပေါ်မှာ ကိုယ့်ရဲ့အမြင်က အဓိကကျနေတာကိုး။ ခက်ခဲပင်ပန်းလွန်းတယ်ဆိုတဲ့ အဆိုးမြင်စိတ်နှင့် ဆိုရင်တော့ ထင်ထားတဲ့အတိုင်းစိတ်ပင်ပန်းမှုဒဏ်ကို မလွဲမသွေခံစားရမှာပါ။ ဒါမှမဟုတ် ဘဝမှာအခြေအနေ တစ်ခုကနေ နောက် တစ်ခုကို ပြောင်းလဲခြင်း ဆိုတာ ကိုယ့်ကျမှထူးပြီးဖြစ်တာမျိုးမှ မဟုတ်တာ။ သူများတကာတွေလည်း ဒီလိုချည်းပေါ့။ ဒါဟာသဘာဝ တရားပဲလေလို့ ခံယူပြီးအကောင်းမြင်ကြည့်နေမယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ စိတ်ခံစားမှုရဲ့နောက်မှာ အရိပ်လိုကပ်ပါလာတတ်တဲ့ အကျိုးဆက်တွေရဲ့ အတွန်းအတိုက်ကို ခံစားကြရမှာလည်း သေချာတဲ့ကိစ္စရပ်တစ်ခုပဲပေါ့။ ကျယ်ပြောလှတဲ့ လူမှုရေးနယ်ပယ်မှာ ကိုယ့်ဘဝလေးရှင်သန်ကြည်နူးစွာ ရှင်သန်ဖို့ကိုယ်တိုင်လုပ်ယူရမဲ့ အချက်အလက်တွေကို ပညာရှင်တွေက အဆိုပြု လမ်းညွှန်ထားကြတယ်။

    ဘဝမှာမှတ်မှတ်သားသားပြောကြ စတမ်းဆိုရင် ချိုမြိန်စရာကောင်းတဲ့ အခါ သမယတွေဟာ လူတိုင်း အတွက်ရှိနေဆဲပါ။ တစ်စုံတစ်ခုသော အပြောင်းအလဲ ဆိုတာကလည်း ရုပ်ပိုင်းဆိုင်ရာထက် ရင်ထဲမှာ တစ်စိမ့်စိမ့် ခံစားရင်း မှတ်မှတ်ထင်ထင်ဖြစ်ကြရတာမျိုး။ ဘယ် အသက်အရွယ်ရောက်လို့ ဘယ်လိုပဲလောကဓံနှင့် ဇရာဖိစီးမှုကို ခံရပါစေ။ အခုတွေးကြည့်ရင် ချက်ချင်းဆိုသလို ရင်ထဲမှာ လှိုက်ခနဲကြည်နူးလာတတ်တာကိုး။

    ဆိုပါစို့။ ကလေးအရွယ်မှာ အမေ့ရင်ခွင်ထဲ လုံခြုံနွေးထွေးမှု အပြည့်နှင့် သက်တောင့်သက်သာ ကလေးနေနေရာက ကျောင်းနေချိန် အရွယ်ရောက်လာတော့ သူစိမ်းသူရံ တွေကြားမှာ ရောက်သွားတာ တကယ့်ကို အပြောင်းအလဲကြီးတစ်ခုလို့ ဆိုရမယ်။ အဲဒီအခါ နေတတ်ထိုင်တတ်အောင် ကိုယ့်ဘာသာပြုပြင် ယူလိုက်ကြရစမြဲပါပဲ။ အဲဒီလိုကလေးတွေ ဘဝကနေ မမောတမ်း ခရီးရှည်ကြီးလျှောက်ရင်း ပညာတွေသင်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင်ကြိုးပမ်း စတာတွေနှင့် လုံးချာလိုက်နေရပြန်ပါပြီ။

    ရုပ်ပိုင်းဆိုင်ရာက ဘယ်လိုပဲလှုပ်ရှား ရုန်းကန်နေတယ်ပဲထားဦး၊ နှလုံးသား ခံစားချက်ဆိုတာကိုတော့ မေ့ထားလို့မှမရတော့တာပဲ။ အဲဒီအခါ ရင်ခုန်ခံစားခြင်းဆိုတဲ့ ဘဝရဲ့အထင်ကရအဆင့်ကို လှမ်းရပြီပေါ့။ ဒါဟာလည်း ဘဝမှာထင်ရှားတဲ့ အပြောင်းအလဲ တစ်ခုဖြစ်လာပြန်တယ်။ မချစ်ဘူး မချစ်ဘူး ဆိုတော့လည်း အရူးအမူး ခံစားရလောက်ပါတယ်။ “ချစ်တယ်” ဆိုတဲ့ရိုးသားစွာတောင်း ခံလာတဲ့ (ယောင်္ကျားပျိုရဲ့) တောင်းဆိုမှုအပေါ် ချစ်သူမိန်းကလေးရဲ့ ခေါင်းညိတ်ခေါင်းခါ အဖြေတစ်ခုဟာ တစ်ဘဝစာ အရေးပါတာတော့ အမှန်ပါပဲ။ နှစ်ဖက်မိဘ ဆွေမျိုးအသိုင်းအဝိုင်း၊ ဥစ္စာ၊ ပညာ အချက်အလက်ပေါင်း များစွာပေါ်မှာ အခြေခံပြီး အလေးအနက်စဉ်းစား လက်တွဲခဲ့ကြသူတွေ ရှိကြတယ်။ ဒါပေမယ့် ခေါင်းစဉ်မည်မည်ရ မရှိပါဘူး။ နှလုံးသားချင်း နားလည်မှုလေးတစ်ခုတည်းနှင့် ချစ်သွားကြသူတွေကလည်း မနည်းမနော။ ဘယ်လို အခြေအနေကြောင့်ပဲဖြစ်ဖြစ် ရင်ခုန်လှုပ်ရှားရတဲ့ ချစ်သူဘဝဆိုတာ လူတိုင်း နီးပါးကျော်ဖြတ်ဖြစ်ခဲ့ကြတာပဲပေါ့။ အမေတို့ သဘောကျရွေးချယ်ပေးတာကို ရင်ခုန်သံအေးစက်စက်နှင့်ပဲ ဘဝတစ်ခုကို လက်တွဲလျှောက်ကြတာကတော့ ခြွင်းချက်ပေါ့နော်။

    ချစ်သူဘဝရဲ့အပျော်လေးတွေမှာ လက်တွေ့ကျတဲ့ ဆန်၊ ဆီ၊ ဆား ကိစ္စတွေကို ထည့်စဉ်စားဖို့မှ မလိုတာပဲလေ။ ပျော်ရွှင်စရာနေ့ရက်တွေ ချည်းပေါ့။ လူငယ်လူရွယ်လေးတွေက စောဒကတတ်ကြတယ်။ ရည်စားဘဝရဲ့ လက်ရှိအပျော်လေးတွေကို ဘဝအမောနှင့် သောကကို ချည်းတွေးရင်း ဖျက်ဆီးပစ်လိုက်ရတော့မှာတဲ့လားတဲ့။

    “ဆင်းရဲခြင်းက တံခါးခေါက်တဲ့အခါ အချစ်တို့သည် ပြတင်းပေါက်မှ ခုန်ထွက်ပြေးသွားကြသည်” ဆိုတဲ့ အဆိုအမိန့်တွေကိုချည်း ထပ်ပြန်တလဲလဲ စဉ်းစားရင်းအချစ်ရဲ့ချိုမြိန်မှုတွေကို ဥပေက္ခာပြုလိုက်ရတော့မှာတဲ့လား တဲ့။

    တကယ်တမ်းပြောမယ်ဆိုရင် အမေတို့၊ အဘွားတို့တုန်းကလည်း အိုးတစ်လုံးဖျာ တစ်ချပ်နှင့်ဘဝကို ရဲရဲဝံ့ဝံ့စခဲ့ကြတာမျိုးတွေ မရှိ မဟုတ်ရှိနှင့်ပြီးသားပါ။ နောက်တော့လည်း သားတစ်ဖျာမြေး တစ်ရာရတဲ့အထိ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်လေး တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြတယ်။ ဒါဟာဘာကြောင့်များလဲ ဘဝရဲ့အပြောင်းအလဲတစ်ခုကု လှမ်းတဲ့အခါ ခိုင်မာတဲ့ ဘဝအခြေအနေ တစ်ခုရောက်ကို ရောက်ရမယ်ဆိုတဲ့အနေနှင့် ကျားကုန်ကျားခဲကြိုးပမ်းခဲ့ကြလို့ပေါ့။ ဇွဲနှင့်ကြံ့ခိုင်မှုဆိုတာ မရှိမဖြစ် လိုအပ်ချက်တွေဖြစ် သလို သာယာတဲ့ အနာဂတ်ဘဝကို တည်ဆောက်ဖို့ အတွက် ပညာအခြေခံ၊ အတွေးအခေါ်ရင့်သန်မှုဆိုတာတွေလည်းလိုပြန်ရော။

    လောကဓံရဲ့အခိုက်အတန့်တွေကို ကြုံလာရတဲ့အခါ ခိုင်မြဲတဲ့ သစ္စာတရား၊ အချင်းချင်းနားလည်စာနာလေးမှုတွေက ပျော်ရွှင်ခြင်း တံခါးကိုရောက်ဖို့ တွန်းအားပေးနေကြတာတွေပဲပေါ့။ နှစ်ယောက်တစ်ဘဝ တည်ဆောက်ရာမှာ လူမှုကျင့်ဝတ်တွေကို မပျက်မယွင်းထိန်းသိမ်းဖို့၊ အကျင့်စာရိတ္တအရာမှာ တစ်ရွေးသားကလေးမှ အပွန်းအပဲ့မခံစေရအောင်တော့ အလေးအနက် ထားကြရမှာပါ။

    တစ်ခါက ကျင်းပခဲ့တဲ့ ရွှေရတု အခမ်းအနားတစ်ခုမှာ ကာယကံရှင် အမျိုးသမီးကြီး (အထူးကုဆရာဝန်ကြီးတစ်ဦး) ကပြောဖူးတယ်။

    “သမီးရေ အမေတို့အခုလို ရွှေရတုအခမ်းအနား ကျင်းပဖြစ်ဖို့ လွယ်တယ်လို့တော့ မထင်လေနဲ့။ နှစ် (၅၀) အိမ်ထောင်သက်တမ်းမှာ အဆင်မပြေတာတွေ၊ ဒေါသတွေ၊ ဝမ်းနည်းကြေကွဲရတာတွေကို တစ်လှည့်စီကြုံခဲ့ရတာပေါ့။ ဒါပေမယ့် အမေတို့က အခက်အခဲမရှိ ကျော်ဖြတ်နိုင်ခဲ့ကြတယ်။ အဲဒါ ဘာကြောင့်လဲသိလား။”

    “ဟုတ်ကဲ့ ပြောပါ အမေ ဆိုတော့”

    “သူရောကိုယ်ပါ ပညာတတ်၊ ရာထူးရာခံတွေနဲ့ချည်းဆိုတော့ မာနချင်းပြိုင်ဖို့ အခွင့်အလမ်းကတော်လေး များနေတယ်လေ။ ဒါပေမယ့် အမေတို့က လက်ဆွဲနှုတ်ဆက်တဲ့ သဘောမျိုးအမြဲကျင့်တယ်”

    “လက်ဆွဲနှုတ်ဆက်တယ်ဆိုတာကရော”

    “ဒီလိုလေ လက်ဆွဲနှုတ်ဆက်ရင် ဘယ်သူ့ ဘယ်သူ့မှ အသာစီးမရှိဘူး။ လက်ချင်းအညီထားကြရတယ်။ အထက်အောက်ထားလို့မှ မရတာ။ ဒီလိုပါပဲ အမေတို့လည်း တစ်ဦးကိုတစ်ဦးလေးစားတန်ဖိုးထားတယ် အပေဒအယူမျှအောင် ကြိုးစားတယ်။ ဒါပါပဲ” တဲ့။

    လက်ဆွဲနှုတ်ဆက်ကြရင်း ကာလအရှည်ကြီးကို လျှောက်ကြရအောင်ပါ။

    နှင်းဆီခင်

  • နှင်းဆီခင်- အားလပ်ရက် ရသလား၊ အသုံးချရအောင်

    နှင်းဆီခင်- အားလပ်ရက် ရသလား၊ အသုံးချရအောင်

    ဇွန် ၇ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင် ရေးသည်။
    .holiday
    လုပ်ငန်းခွင် ၊ ပညာရေး စတာတွေမှာ နေထွက်နေဝင်ဆိုသလို လှုပ်ရှားနေကြရတာ သဘာဝဖြစ်စဉ်တစ်ခုမို့ ဆန်းတယ်လို့တော့ မဆိုသာပါဘူး။ ဆန်းတာကတော့ အဲဒီလိုကရွတ်တွေလျှောက်ရုန်းကန်နေရတဲ့ တာဝန်တွေ ဝတ္တရားတွေကနေပြီး အချိန်ကလေးနည်းနည်းဖဲ့လို့ အားချိန်ယူမရတာပဲပေါ့။ လောကမှာ ဒီလိုလူစားတွေများမှများမို့ အားရက်ကလေးမှာ ခရီးတိုလေးဖြစ်ဖြစ် သွားရအောင်ပါဆိုတဲ့သူတွေ ရှားပါးလာခြင်းပါပဲ။ ရှားပါဆို “ခရီးထွက်ပါလား” လို့ ကိုယ်ကစေတနာပရပွနှင့် တိုက်တွန်းတယ်ပဲထားဦး တစ်ဖက်လူမှာအခြေအနေကလေးပေးပါဦးမှ။ ငွေ၊ အချိန်နှင့် အခြေအနေအရပ်ရပ် အဆင်ပြေဖို့ ဆိုတာက စာရွက်ပေါ်မှာ ရေးချသလောက်မလွယ်ဘူးလေ။
    .
    “ခရီးထွက်တယ်ဆိုတာ လူသွားတာမဟုတ်ဘူး ပိုက်ဆံကသွားတာ” လို့မိတ်ဆွေတစ်ယောက်ကပြောဖူးတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ ခရီးလေးထွက်ဖြစ်ပါစေတော့ရယ်လို့ မျှော်လင့်ချက်ကြီးကြီးထားမိပြီး အတတ်နိုင်ဆုံး ကြိုးပမ်းတယ်။ မျှော်လင့်တဲ့ အတိုင်းဖြစ်လာလို့ ကတော့ ဘာပြောစရာလိုသေးသလဲ။ အကောင်းဆုံးပေါ့။ ဒါပေမယ့် တစ်ခုခုလွဲချော်လို့ ခရီးမထွက်ဖြစ်လိုက်ရသူအနေနှင့် “နောင်နှစ်ခါ တန်ဆောင်မုန်း” နှင့်တင်ဖြေသိမ့်ရင်း နောင်နှစ်တွေကျမှဆိုပြီး ရင်ထဲတေးလိုက်ရသူတွေ မရှားဘူးပေါ့နော်။
    .
    တချို့ရှိတယ်။ လုပ်ငန်းခွင်မှာ နားရက်မယူဘဲ ဘယ်နှစ် နှစ်ဆက်တိုက် အလုပ်လုပ်ခဲ့တာဆိုပြီး ဂုဏ်ယူတတ်ကြတယ်။ မှန်တယ်၊ အလုပ်ပြီးအလုပ် အလုပ်ကလွဲလို့ ဘဝမှာဘာမှအရေးမကြီးဘူးလို့ ခံယူထားသူတွေအတွက်တော့ ကောင်းပါတယ်။ ဒါပေမယ့် အသွေးအသားနှင့်တည်ဆောက်ထားတဲ့လူဆိုတာက  စိတ်ခံစားမှုရှိတယ်လေ။ ဒါကိုမေ့ထားလို့မှ မရတာ။ ဘဝအမောနှင့်သောကတွေကို ခဏလေးဖြစ်ဖြစ် ကျော်လွှားသွားနိုင်အောင် ကိုယ့်အိမ်လေးရဲ့ ပြင်ပကမ္ဘာကိုထွက်ကြည့်ဖို့တော့ လိုမှာပါ။ စိတ်လွတ်လပ်ပေါ့ပါးမှုကို ခံစားလိုက်ရမှာတော့ သေချာတယ်။
    .
    မြင်ဖူးကြမှာပါ။ အရွယ်လွန် သက်ကြီးပိုင်းတွေ တစ်ယောက်နှင့်တစ်ယောက် အဖော်သဟဲပြုရင်း နိုင်ငံတကာကို ထွက်လည်ကြသူတွေလေ။ လူတိုင်းဟာ ငွေကြေးချမ်းသာလို့ချည်းတော့ မဟုတ်ကြဘူး။ ခရီးထွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကလေး ထားပြီး  ပြင်ပြင်ဆင်ဆင် စုဆောင်းခဲ့ကြရသူတွေလည်း မရှိမဟုတ်ရှိကြသလို ပိုက်ဆံဒလဟောသုံးပြီး ကမ္ဘာပတ်နိုင်သူတွေလည်း ဦးရေ မသေးလှပါဘူး။ ဒါပေမယ့် အခြေအနေတွေ ဘယ်လိုလဲကွာခြားပါစေ ခရီးထွက်လို့ရလိုက်တဲ့ ရင်ထဲကကြည်နူးမှုတွေကတော့ မကွာခြားပါဘူး။ ကျန်းမာဖျက်လတ်ပြီး တက်ကြွတဲ့အရွယ်မှာ ခရီးထွက်တယ်ဆိုတာ ဖြစ်နိုင်ခြေများပေမယ့် အရွယ်လွန်သူတွေအဖို့ ကျားကုတ်ကျားခဲ ကြိုးပမ်းရတာများတယ်။ ကျန်းမာရေးက လူ့နောက်မလိုက်နိုင်၊ ဖျတ်လတ်သန်စွမ်းမှုနှင့် ပျိုရွယ်မှုတွေက ဟိုးအဝေးကြီးမှာ ကျန်နေခဲ့ပြီ။ ဒါပေမယ့် ခုချိန်ထိ ဇရာအရွယ်မှာ ရှင်သန်ကြံ့ခိုင်နေတာ တစ်ခုတော့ရှိတယ်။ အဲဒါက စိတ်ဓာတ်။
    .
    အဲဒီလိုကြံ့ခိုင်တဲ့ စိတ်ဓာတ်ကိုအရင်းခံပြီး ကမ္ဘာမြေအနှံ့ခရီးဆန့်ကျသူတွေဟာ သူတို့ရဲ့နေဝင်အချိန်လေးကို ပျော်ရွှင်ကြည်နူးမှုတွေနဲ့ အဆုံးသတ်တဲ့သဘော။ အတွေ့အကြုံသစ် ဒေသဝန်းကျင်အသစ်မှာ ယဉ်ကျေးမှုဓလေ့ကွာခြားသူတွေနှင့် ဆုံဆည်းရတာ ထူးခြားတဲ့ အတွေ့အကြုံတစ်ခုပဲပေါ့။ သက်ကြီးပိုင်းတစ်ချို့ဟာ သူတို့ရဲ့ အတိတ်နှစ်ဟောင်းတွေကို ပြန်လည်ကြည့်ရင်း ဝမ်းနည်းကြေကွဲစရာ၊ အားတက်စရာ စိတ်လှုပ်စရာစသည်တို့နှင့် ပြည့်နှက်နေတာကို ခံစားတွေးတောမိကြမှာပါ။ သားသမီး မြေးမြစ်တွေကလည်း လူလားမြောက်လို့ ကိုယ့်ဘဝနှင့်ကိုယ်၊ မိအိုဖအိုတွေရဲ့ ရင်ခွင်ကို စွန့်ခွာပြီး သံယောဇဉ်အသစ် အသစ်တွေဖွဲ့နှောင်ထားနှင့်ကြပြီ။ ဒီတော့ နှစ်ယောက်တည်း ကျန်နေကြတဲ့ (တချို့ကတော့ တစ်ယောက်တည်း) သူတွေအဖို့ ခရီးယာယီထွက်ရင်း လောကကြီးမှာ အလိုက်သင့်နေပျော်အောင်နေကြရပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ဘဝမှာ အားမာန်လေးတစ်ခုအမြတ်ရလိုက်တဲ့သဘော။ ခရီးသွားလာခွင့်ကလေးရတာကိုက ဘဝမှာ ကျေနပ်စရာကောင်းနေပြီပဲကိုး။
    .
    သုတေသနပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ သိရတာကတော့ အားလပ်ရက်ခရီးထွက်တာ (ခရီးတို၊ ခရီးရှည်) ဟာလူတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်တယ်။ လုပ်နေရတဲ့တာဝန်ဝတ္တရားတွေထဲက အချိန်ကလေးနည်းနည်းဖဲ့ပြီး ခရီးမထွက်နိုင်လို့ကတော့ စိတ်ဖိစီးမှုနှင့် ကျန်းမာရေး ချွတ်ယွင်းမှု အဆင့်တွေမြင့်သည်ထက်မြင့်လာသလို၊ လူမှုရေးနှင့် စိတ်ပျော်ရွှင် ကြည်နူးမှုအဆင့်တွေ နိမ့်သည်ထက်နိမ့်လာတယ်လို့ ဆိုပါတယ်။
    .
    ကောင်းပြီ။ ကောင်းကျိုးတွေအများကြီး (ဆိုးကျိုးနည်းနည်း ပါးပါးလောက်ပဲ) ရှိတဲ့ ခရီးထွက်ခြင်းဆိုတာကို ဘယ်လို အကြောင်းပြချက်တွေက ဟန့်တားနေတာပါလိမ့်။
    .
    “အလုပ်များလွန်းလို့အားချိန်ဆိုတာ မရှိပါဘူး။”
    .
    “အလုပ်မှာတင်ရတော့မဲ့ ပရောဂျက်က ရက်ကပ်နေပြီ အလုပ်ကိုပစ်ပြီး ဘယ်မှသွားလို့ မဖြစ်ပါဘူး”
    .
    “ဌာနမှာရှိကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ တစ်ယောက်တလေမှ ခွင့်ယူပြီး ခရီးသွားတယ်လို့ မကြားမိပါဘူး”
    .
    “အများပြည်သူ ဝန်ထမ်းတွေ အနားယူအပန်းဖြေဖို့ နိုင်ငံတော်က သတ်မှတ်ထားတဲ ပိတ်ရက်ရှည် (သင်္ကြန်ပိတ်ရက်မျိုး) မှာ အလုပ်ကြွေးအိမ်အလုပ်တွေ ကျုံးလုပ်လုပ်တာပိုပြီး အကျိုးရှိမလားပဲ”
    .
    “စုဆောင်းထားတဲ့ငွေထဲက ခရီးထွက်ဖို့သုံးပစ်လိုက်ရမှာ နှမြောပါတယ်။ ပျော်ရ ခဏပေါ၊ ခရီးကပြန်လာရင် ဆုံလည်နွားလို ရုန်းရဦးမှာဆိုတော့ ဘာထူမှာလဲ”
    .
    စတဲ့ စတဲ့အတွေးတွေထဲမှာ စာဖိတ်သူရော ပါနေမလား။ ရေတွင်းများလိုပေါ့။ တစ်နေကုန်သုံးထားသမျှ ညဘက်မှာအနားရတဲ့ အချိန်ကလေး အတွင်း ရေတွေပြန်ပြည့်လာတဲ့ သဘောပါပဲ။ ဘဝရဲ့နေ့သစ်တွေမှာ ဆတက်ထမ်းပိုးပြီး အလုပ်လုပ်နိုင်ဖို့ .
    စိတ်ဓာတ် ခွန်အားပေးနိုင်တဲ့ ခရီး ယာယီလေးဖြစ်ဖြစ် ထွက်ကြည့်ရအောင်ပါလို့။
    .
    နှင်းဆီခင်

  • နှင်းဆီခင်- နှစ်သိမ့်ပေးမယ်ဆို

    နှင်းဆီခင်- နှစ်သိမ့်ပေးမယ်ဆို

    မေ ၂၅ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    main-qimg-75d1a0bc54ddc9943d6883a518aa8bae
    ထီးတည်းနေလို့မရတဲ့ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ သွေးချင်းသားချင်းတွေ၊ မိသားစုဝင်တွေ ပြီးတော့ သူစိမ်းတွေနှင့် ရောနှောဆက်ဆံနေကြရတာ သဘာဝပါ။ ဒီတော့လည်း ခင်မင်ရင်းနှီးမှု အတိုင်းအတာ ကိုယ့်ဆွေမျိုး၊ ကိုယ့်မိသားစုဝင်တွေ ထက် တစ်ဆင့် နိမ့်သည်ပဲထား၊ မိတ်ဆွေအပေါင်းအသင်းတွေ အပေါ် ထားရှိတဲ့ သံယောဇဉ်အထုက မနည်းမနော ခိုင်မာလာတတ်ပါတယ်။ ရင်းနှီးမှုအတိုင်းအတာ အရ ပျော်လည်းအတူ ဝမ်းနည်းလည်းအတူ မျှဝေခံစားဖြစ်ကြတယ်။ ဒါဟာလည်း မိတ်ဆွေကောင်းတို့ရဲ့ အရည်အသွေးတွေထဲက တစ်ခုလို့ ဆိုနိုင်တယ်။ တကယ်တော့ တစ်ယောက်နှင့် တစ်ယောက် ရင်ဖွင့်ပြောကြပြီဆိုတဲ့အခါ ရင်ထဲက အပျော်လေးတွေ စီးဝင်လာတတ်သလို သူရဲ့သောက ဒုက္ခတွေကြောင့်လည်း ကိုယ်ပါ ဝမ်းနည်းမဆုံးဖြစ်ရတာမျိုးလည်းရှိတယ်။ လောကသဘာဝအရ ပျော်စရာလေးတွေ၊ ဝမ်းနည်းပူဆွေးမှုတွေဟာ ကူးစက်တတ်တဲ့သဘောရှိကြတာကိုး။

    ကောင်းပြီ။ ကိုယ်နှင့် ဆယ်နွယ်နေသောသူတစ်ဦးဦး (ဒါမှမဟုတ်) အများမှာ အောင်မြင်သူတွေ အဆင်ပြေမှုတွေ ရလာတာကို ကိုယ်ပါရောပြီး ဝမ်းသာပေးနိုင်ပါ့မလား။ မနာလိုဝန်တိုစိတ်ကြီးက ကိုယ့်ရဲ့အပျော်လေးတွေကို ဖျက်ဆီးဟန့်တားနေဦးမှာလား။ ဒီအတွေးတွေကတော့ သူများမသိဘူး။ ကာယကံရှင်သာ အသိဆုံးလေ။ တကယ့်စိတ်ရင်းစေတနာမှန်နှင့် ခင်မင်မိသူဆိုရင်တော့ သူနှင့်အတူ အားပါးတရ ပျော်ရွှင်ကြည်နူးပေးနိုင်မှာသေချာတယ်။ ရှိသေးတယ်။ လူဆိုတာ အမြဲတမ်း အောင်မြင်ပြီး ပျော်ရွှင်နေကြတာမှ မဟုတ်တာပဲ။ ဝမ်းနည်းပူဆွေးရတဲ့သောက ဒုက္ခဆိုတာကို ရင်ဆီးခံကြရသည်ပဲပေါ့။ ကိုယ့်မှာ ဒါမှမဟုတ် ကိုယ့်ရင်းနှီးသူများမှာ ကိုယ့်အိမ်နီးချင်းမှာ စသည်ဖြင့် သောကပွေကြ ရတာတွေ မကြာခဏကြုံကြရမှာပါ။ အထူးသဖြင့်တော့ နိစ္စဒူဝ လှုပ်ရှားလုပ်ကိုင်နေရတဲ့ ကံကြမ္မာဆိုးတဲ့ကြုံကြိုက်ခဲ့ရတာမျိုး။ ဒါကတော့ သူရောကိုယ်ပါဘဝမှာ ကြုံတွေ့နိုင်ဖို့ကတော့ ရာနှုန်းပြည့်ပဲလေ။

    သောက ဒုက္ခတွေ ခံစားရတဲ့ထဲမှာ တစ်သက်တာခွဲခွာရခြင်းကတော့ အဆိုးဝါးဆုံးပါပဲလို့ ဆိုရမှာဖြစ်သလို အဲဒီလိုသောက ပရိဒေဝမျိုး ခံစားလာရတဲ့အခါ အကောင်းဆုံးသောနည်းလမ်းတွေနှင့် အားပေးနှစ်သိမ့်ကြရစမြဲ။ ရုပ်ဝတ္တုပစ္စည်း အထာက်အပံ့ဆိုတာ မရှိမဟုတ်ရှိပေမယ့် စိတ်ဓာတ်ရေးရာ အားပေးနှစ်သိမ့်မှုကလည်း အရေးပါအရာရောက်လှပါတယ်။ ဆိုပါစို့ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးရဲ့ မိသားစုကွယ်လွန်သွား တာမျိုးကား လေယာဉ် ရေယာဉ် စတာတွေမှာ မတော်တဆ ထိခိုက်မှုကြောင့် ရုတ်တရက်ကြီး ဆုံးရှုံးသွားတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရောဂါဝေဒနာကြောင့်ပဲဖြစ်ဖြစ် အသက်အရွယ်အရပဲဆိုဆို အသက်ဆုံးရှုံးသွားကြတယ်။ အဲဒီအခါ ကာယကံရှင်ရဲ့ လူမျိုး၊ မျိုးနွယ်စုနှင့်ဆိုင်တဲ့ ဓလေ့ထုံးစံတွေအရ ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ်ကို ဖော်ဆောင် ကျင်းပကြတယ်။

    ဥပမာ အနေနှင့် အာရှတိုက်သားအနွယ်ဝင် မလေးလူမျိုးတွေရဲ့ ဓလေ့ထုံးစံအရကတော့ ကွယ်လွန်သေဆုံးခြင်းဆိုတာ ဘုရားသခင်ရဲ့ အလိုတော့အရကြောင့်သာပဲဆိုတဲ့ အသိစိတ်ကို တဖွဖွဆိုရင်း ကျန်ရစ်သူမိသားစုတွေကို နှစ်သိမ့် စကားပြောဆိုလေ့ရှိကြတယ်။

    ရိုးရာ တရုတ်လူမျိုးတွေကတော့ သေဆုံးခြင်းဆိုတာဟာ ကျိန်စာသင့်ခြင်းစတဲ့ မကောင်းမြင်စကားလုံးမျိုး သုံးစွဲတာကို လုံးဝ ရှောင်ရှားလေ့ရှိတယ်။ သွေးသား လုံးဝမတော်စပ်ဘဲနှင့် ဝမ်းနည်းစကားဆိုတာမျိုးကို အစစ်အမှန် မဟုတ်ဘဲ အယောင်ဆောင်တာလို့ ယူဆတယ်။ ကျန်ရစ်သူ မိသားစုအပေါ် ဂုဏ်သိက္ခာညှိုးနွမ်းစေတာလို့လည်း ယူဆပြန်တယ်။

    ဟိန္ဒူ လူမျိုးတွေကျပြန်တော့ သေဆုံးခြင်းဆိုတာ သံသရာတစ်လျှောက်ကူးပြောင်းမှု တစ်ခုလို့ ယူဆထားတာမို့ (၁၁) ရက်ကြာအောင် ပူဆွေးဝမ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပရင်း သံသရာမှာ ကူးပြောင်းနိုင်ဖို့ ခရီးလမ်းဆောင်ကျဉ်းပေးလေ့ရှိတယ်။

    လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးရဲ့ ပူးဆွေးဝမ်းနည်းခြင်းဟာ တခြားကျန်တဲ့သူကို ကူးစက် သွားတာတော့ အမှန်ပဲ။ ဒီတော့ အဲဒီကာယကံရှင်ရဲ့သောကကို လုံးဝ မဟုတ်သည့်တိုင် တစ်စိတ်တစ်ဒေသလျော့ပါး သွားအောင် သင့်လျော်တဲ့ဂရုစိုက်မှုနှင့် အားပေးနှစ်သိမ့်မှုတွေကို အတတ်နိုင်ဆုံး ဆောင်ရွက်ဖို့ လိုပြီပေါ့။

    ဒီတော့ ဘာလုပ်သင့်သလဲ။ ဦးဆုံးအနေနှင့်ကတော့ သောကဝေနေတဲ့ လုပ်ဖော်ကိုင်ဖက်ကို သူရဲ့ခံစားနေရသမျှ ဝမ်းနည်းပူဆွေးမှုကို နားလည် လက်ခံပေးပါတယ်ဆိုတာ သူသိအောင်လုပ်ရပါလိမ့်မယ်။ အဲဒီအတွက် တကယ့်ကို လှိုက်လှိုက်လှဲလှဲ ခံစားနေရတာကို သူသိအောင် ကိုယ်အမူအရာ၊ နှုတ် အမူအရာနှင့် ဖော်ပြရမှာပါ။ အချင်းချင်းစာနာ ကူညီစိတ်ကြောင့် တတ်စွမ်းသရွေ့ အထောက်အပံ့တွေပေးဖို့ ကြိုးစားရမယ်။ (တစ်ချို့ကတော့ လက်ခံဖို့ ငြင်းတယ်) သူခံစားရသမျှ အတွေ့အကြုံတွေကို အားပါးတရ ဖွင့်ပြောပါစေ။ အဲဒါကိုလည်း စိတ်ရှည်ရှည်ထားပြီး နားထောင်ပေးသင့်တယ်။ ခံစားရတဲ့ ကာယကံရှင်အနေနှင့် ထပ်ပြန်တလဲလဲ ပြောလာပါစေ။ မညည်းမညူပဲ နားထောင်ပေးတာဟာ သူ့ရင်ထဲကသောကကို လျော့ပါးစေနိုင်တာကတော့ အမှန်ပါပဲ။ တကယ်လို့ သူကဘာမှပြောပြချင်စိတ်မရှိဘဲ ဆိတ်ဆိတ်နေနေရင်လည်း ဘာမှမမေးမြန်းပဲ အလိုက်သင့်နေပေးသင့်တယ်။ နောက်ပြီး သူရဲ့လူမှုရေးရာ တာဝန်ဝတ္တရားတွေ (ဈေးဝယ်တာကအစ) ကို တစ်နိုင်တစ်ပိုင် ဝိုင်းကူပေးတာဟာ ထိရောက်တဲ့ ကူညီမှု ဆိုတာ မမေ့သင့်ဘူး။

    တစ်ခါတစ်ရံမှာတော့ ပူဆွေးနေသူကို စကားတွေ အများကြီးပြောပြီး နှစ်သိမ့်ပေးနေတာ ထက် သူ့အနားမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် ကလေးနေပြီး သူပြောသမျှ စိတ်ရှည်ရှည်နှင့် နားထောင်ပေးတာက သူ့ကိုစကားလုံးရာထောင်ချီပြီး အားပေးစကားပြောနေတာထက်ပိုပြီး ထိရောက်မှုရှိပါတယ်။ ရှိုက်ကြီးတငင် ငိုကြွေးနေသူကို “မငိုနဲ့နော်” လို့တိုက်တွန်းတာထက် သူ့အားအောင် ငိုစေတာဟာ ရင်ထဲကသောက အထုကို လျော့ပါးသွားစေတတ်ပါတယ်။ ပူဆွေးသောကဖြေပျောက်စေဖို့ ဆေးမြီးတို မရှိပါဘူး။ အချိန်ကာလက ကုစားသွားပါလိမ့်မယ်။ ကိုယ့်အကျိုး၊ မိသားစုအကျိုးနှင့် ကျယ်ကျယ်ပြန့်ပြန့် ပြောရရင် လူသားအကျိုးပြုလုပ်ငန်းတွေမှာ တတ်စွမ်းသလောက် ဆောင်ရွက်ရင် အာရုံနှစ်ထားနိုင်ခဲ့ရင်ပေါ့။ မဝေးလှတဲ့ အချိန်ကာလတစ်ခုမှာ စိတ်တည်ငြိမ်အေးချမ်းပြီး နေသား ကျသွားပါလိမ့်မယ်ဆိုတဲ့အကြောင်း။

    နှင်းဆီခင်