News @ M-Media

Category: ထွေရာလေးပါး

  • လုပ်ငန်းခွင်မှာ ပိုမိုအောင်မြင်တိုးတက်စေဖို့ နည်းလမ်း (၁၈)သွယ်

    လုပ်ငန်းခွင်မှာ ပိုမိုအောင်မြင်တိုးတက်စေဖို့ နည်းလမ်း (၁၈)သွယ်

    မတ် ၁ ၊ ၂၀၁၅
    M-Media
    ဘာသာပြန် – နုရည်ထွန်း

    18

    ၁) လုပ်ငန်းခွင်သွား အချိန်သုံးထား
    လုပ်ငန်းခွင်အသွား (ရထား၊ လိုင်းကား၊ ကိုယ်ပိုင်ကား) ခရီးတလျှောက်မှာ အလဟသ အချိန်ကုန်မခံဘဲ စိတ်အားတက်ဖွယ် သီချင်းမျိုး၊ ဒါမှမဟုတ် တစ်ကိုယ်ရည် တိုးတက်ရေးဆိုင်ရာ အသံလွှင့် အစီအစဉ်များကို နားထောင်ရင်း သွားပါ။

    ၂) အချိန်စောရောက် အကျိုးမောက်
    လုပ်ငန်းခွင်ကို အချိန်မှန် စောစောရောက်အောင် သွားပါ။ တစ်နေ့တာအတွက် ဦးစားပေးလုပ်ဖို့ လိုအပ်တဲ့ လုပ်ငန်းဆောင်တာများအပေါ်ကို အာရုံစူးစိုက်ပါ။

    ၃) အီးမေးစစ်ကြ အလေ့အထ
    လုပ်ငန်းခွင် ရောက်လျင်ရောက်ချင်း အီးမေးကြည့်ခြင်းမျိုးကို ရှောင်ကြဉ်ပါ။ လုပ်ဖို့ကျန်နေတဲ့ လက်ထဲရှိနေတဲ့ လုပ်ငန်းဆောင်တာတွေကို အာရုံစူးစိုက်ပါ။ ပြီးနောက်မှ ပုံမှန်ဆိုသလို အီးမေးစစ်ပါ။

    ၄) အချိန်ဇယား ချမှတ်ထား
    တစ်နေ့တာအတွက် အချိန်ဇယားဆွဲ လုပ်ကိုင်ပြီး ထိရောက်အောင်မြင်နိုင်မယ့် ဦးတည်ချက်၊ ရည်မှန်းချက်များ ချမှာလုပ်ဆောင်ပါ။

    ၅) အချိန်သုံးချ သေချာဂန
    အချိန်ကို သေချာဂန စီမံအသုံးချနိုင်ဖို့ အရေးအကြီးဆုံး လုပ်ငန်းဆောင်တာတွေကို ဦးစားပေး လုပ်ကိုင်ပါ။

    ၆) မကြာမကြာ ခဏနားပါ
    အလုပ်ကို မနားတမ်းတောက်လျှောက် မလုပ်ဘဲ မကြာခဏ ဆိုသလို ခဏတဖြုတ် အနားယူပေးခြင်းအားဖြင့် ကိုယ်စိတ်ခွန်အား ပြန်လည်ဖြိုးမောက်လာပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအပေါ် ပြန်လည်အာရုံစူးစိုက်နိုင်မှာပါ။

    ၇) စည်းဝေးဆွေးနွေး အာရုံပေး
    စည်းဝေးဆွေးနွေးခြင်းဟာလည်း လုပ်ငန်းခွင် အာရုံစူးစိုက်မှုကို တိုးတက်စေပါတယ်။ အစည်းအဝေးတွေဟာ ရှင်းလင်းပြတ်သားပြီး ထိထိရောက်ရောက်ရှိတဲ့ ရည်မှန်းချက်၊ ဦးတည်ချက်များနဲ့ အဆုံးသတ်ပါစေ။

    ၈) ကြံ့ခိုင်ကျန်းမာ စိတ်ချမ်းသာ
    ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး မိမိရဲ့ လုပ်ရည်ကိုင်ရည် တိုးမြင့်လာစေဖို့ ကောင်းတဲ့အလုပ်ဖြစ်ပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာမှုကို ရရှိစေပါတယ်။

    ၉) အလောသုံးဆယ် ရှောင်ပါလေ
    အလျင်စလို အလောသုံးဆယ် လုပ်လိုက်တဲ့ လုပ်ငန်းဆောင်တာတွဟာ အလွဲအမှားတွေ ပါလာတတ်ပြီး အစကနေ တကျော့ပြန် လုပ်ဆောင်ရတတ်လေ့ရှိတာကြောင့် ဖြေးဖြေးမှန်မှန် လုပ်တတ်ဖို့ကို ကျင့်ယူရပါမယ်။

    ၁၀) ရိုင်းပင်းကူညီ မျှဝေခံစား
    ကိုယ့်ရဲ့ အောင်မြင်မှုတွေကို တခြားသူတွေနဲ့ မျှဝေခံစားပြီး လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဘက်တွေရဲ့ အောင်မြင်မှုတွေကိုလည်း ဝမ်းသာပေးပါ။ လွဲမှားမှုတွေ ရှိနေရင်လည်း ရိုင်းပင်းကူညီပါ။

    ၁၁) လက်တွဲညီညာ အောင်ကြောင်းဖြာ
    အကူအညီတောင်းခံဖို့ ဘယ်သောအခါမျှ မတွန့်ဆုတ်ပါနဲ့။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲညီညာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက် အောင်မြင်နိုင်ပါတယ်။

    ၁၂)  လူ့စိတ်အလို နတ်မလိုက်နိုင်
    အလုပ်ဆိုတာ တာဝန်ဖြစ်တာကြောင့် စိတ်အလိုကျသည် ဖြစ်စေ၊ စိတ်မကျသည်ဖြစ်စေ စိတ်ခံစားမှုကို ဘေးဖယ်ပြီး တာဝန်ကျေအောင် လုပ်ဆောင်တတ်ရပါမယ်။

    ၁၃) ဖွယ်ဖွယ်ရာရာ အားလုပ်ရက်မှာ
    အမယ်စုံရင် ထမင်းမြိန် ဆိုသလို အလုပ်နားရက်တွေမှာ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဖွယ်ဖွယ်ရာရာလေးတွေ ကြံဆလုပ်ဆောင်ပါ။ အကောင်းမြင်စိတ်ကို တိုးပွါးစေပြီး ပိုမိုကျေနပ်ဖွယ် ခံစားမှုတွေကို ရရှိစေပါတယ်။

    ၁၄)  ကောင်းမြင်စိတ်ထား မွေးယူပွါး
    လုပ်ငန်းခွင်မှာနဲ့ လုပ်ဖော်ကိုင်ဘက်တွေပေါ်မှာ အကောင်းမြင်စိတ် ထားပေးခြင်းဖြင့် ကိုယ့်ကိုတိုင်လည်း သူတို့တွေရဲ့ တန်ပြန်အကောင်းမြင်မှုကို ကူးစက်ရရှိလာပါလိမ့်မယ်။

    ၁၅) မေတ္တာထားပေး
    အဆိုးမြင်စိတ်ရှိတတ်တဲ့ လုပ်ဖော်ကိုင်ဘက်တွေအပေါ် မေတ္တာထားပေးပါ။ အဆိုးမြင်တတ်သူတွေဟာ အကြောင်းမလှတာမျိုးတွေ ရှိနေတတ်ပါတယ်။

    ၁၆)  ပုဂ္ဂိုလ်ရေးရာ ဘေးကင်းစေရာ
    လုပ်ငန်းခွင်တွေမှာ လူမှုရေး ပုဂ္ဂိုလ်ရေးရာများ ရှိတတ်ပြီး အဲဒီအရှုတ်ဇာတ်ထုတ်များကြောင့် ကိုယ့်လုပ်ငန်းဆောင်တာ အထိအခိုက် အနှောက်အယှက် အဖြစ်မခံပါနဲ့။ ရှေ့ဆက်ဖို့ လိုအပ်တဲ့အရာတွေကို အာရုံစူးစိုက် လုပ်ဆောင်ပါ။

    ၁၇)  ဝေဖန်တုံ့ပြန် အပြုသဘောဆောင်
    အဝေဖန် ခံရပြီဆိုရင် အကြောင်းရင်းကို သေချာနားလည်အောင် ကြိုးစားပြီး အပြုသဘောဆောင် ဝေဖန်မှု၊ တုန့်ပြန်မှုတွေဆိုရင်တော့ ကိုယ့်တိုးတက်မှုအတွက် အသုံးချလိုက်ပါ။

    ၁၈)  ကျင့်သားရယူ ပြောင်းလဲမူ
    စီးပွားရေးလုပ်ငန်းတွေဆိုတာ လိုအပ်ချက်အရ ပြောင်းလဲရှင်သန်ရပါတယ်။ အပြောင်းအလဲကို လက်ခံနိုင်ဖို့ ကျင့်သားရဖို့ မိမိကိုယ်ကို ပြင်ဆင်ထားဖို့ လိုအပ်ပါမယ်။

    ကိုးကား – cmd

  • အလုပ်ရှင် သူဌေးဆိုးရဲ့ အကျင့်ဆိုး ၁၂-မျိုး

    အလုပ်ရှင် သူဌေးဆိုးရဲ့ အကျင့်ဆိုး ၁၂-မျိုး

    ဖေဖော်ဝါရီ ၁၄ ၊ ၂၀၁၅
    M-Media
    နုရည်ထွန်း ဘာသာပြန်သည်။

    2014-06-03-infographicsannoyingcharacteristicsofahorribleboss-thumb

    နေ့စဉ် လူမှုဘ၀မှာ လူအမျိုးမျိုးအဖုံဖုံနဲ့ ကြုံတွေ့ရလေ့ ရှိပါတယ်။ အဲဒီအထဲမှာမှ လုပ်ငန်းခွင်မှာ မလွဲမသွေ ကြုံတွေ့ရတဲ့ သူတွေကတော့ အလုပ်ရှင် သူဌေးတွေ ဖြစ်ပါတယ်။ အလုပ်ရှင်ကောင်းနဲ့ ကြုံတွေ့ရသူတွေအတွက်ကတော့ မိမိတကိုယ်ရည်အတွက်ရော မိမိလုပ်ငန်းခွင်အတွက်ပါ ပိုမိုတိုးတက်စေနိုင်တဲ့ အခွင့်အလမ်းများ ရရှိနိုင်သလို အလုပ်ရှင်ဆိုးနဲ့ ကြုံတွေ့ရသူတွေအတွက်ကတော့ မိမိပင်ကိုယ် အရည်အချင်းကို ထုတ်ဖော်ပြသခွင့် မရနိုင်တဲ့အပြင် မိမိတကိုယ်ရည်နဲ့ လုပ်ငန်းခွင်ရဲ့ အရည်အသွေးတွေလည်း ဆုတ်ယုတ်သွားစေတတ်ပါတယ်။

    ဒါကြောင့် လုပ်ငန်းခွင်တစ်ခုမှာ ၀န်ထမ်းကောင်းဖြစ်ဖို့ အရေးကြီးသလို မိမိကိုယ်တိုင် အလုပ်ရှင် ဖြစ်လာတဲ့အခါမှာလည်း အလုပ်ရှင် သူဋ္ဌေးဆိုးတစ်ယောက် မဖြစ်ဖို့ အရေးကြီးပါတယ်။ အလုပ်ရှင်ဆိုး တစ်ယောက်မှာ ရှိတတ်တဲ့ အမူအကျင့်တွေထဲက များသောအားဖြင့် တွေ့ရလေ့ရှိတတ်တဲ့ (၁၂) မျိုးကို ဖော်ပြလိုက်ပါတယ်။

    ၁။ ထိန်းချုပ်လိုခြင်း

    သူတို့ဟာ အရာအားလုံးကို ထိန်းချုပ်လိုကြပြီး အဲ့ဒီ ထိန်းချုပ်မှုကြောင့် မလိုလားအပ်တဲ့ အခက်အခဲတွေ၊ အတားအဆီးတွေ ဖြစ်လာ တတ်ပါတယ်။

    ၂။ တွေဝေခြင်း

    ခေါင်းဆောင်ကောင်းဆိုတာ ဆုံးဖြတ်ချက်ကို မှန်ကန်စွာနဲ့ မြန်ဆန်စွာ ချတတ်ဖို့ လိုအပ်ပါတယ်။ တွေဝေတတ်တဲ့ အလုပ်ရှင်ကတော့ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ အားနည်းလေ့ရှိပါတယ်။

    ၃။ ခေါင်းမာခြင်း

    မိမိလုပ်ဆောင်လိုက်တဲ့ အရာရာတိုင်းဟာ အမြဲတမ်း မှန်ကန်တယ်လို့ တွေးထင်တတ်လေ့ရှိကြတဲ့ အလုပ်ရှင်တွေအတွက် လုပ်ငန်းခွင်မှာ ဆိုးရွားတဲ့အချက် တစ်ချက်ဖြစ်လာပါလိမ့်မယ်။

    ၄။ အတိုက်အခံလုပ်ခြင်း

    အပြောင်းအလဲတစ်ခုလောက် ပြုလုပ်ဖို့ကို အတိုက်အခံလုပ်ပြီး တွန့်ဆုတ်နေတတ်တာဟာလည်း အလုပ်ရှင်ဆိုးရဲ့ အမူအကျင့်တစ်မျိုး ဖြစ်ပြီး အပြောင်းအလဲဟာ အကောင်းဘက်ကို ဦးတည်မှု ရှိတယ်ဆိုတာကို သူတို့ နားလည်မှု မပေးနိုင်ကြပါဘူး။

    ၅။ အသေးစိပ်စီမံခြင်း

    သေးမွှားတဲ့ လုပ်ငန်းဆောင်တာတွေကိုကအစ သူတို့ကိုယ်တိုင် အသေးစိပ် လိုက်လံပါဝင်ပြီး စိစစ်စီမံနေမှ စိတ်တိုင်းကျတဲ့အတွက် ၀န်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်သွေး တိုးတက်မှုကို ပျက်စီးဆုံးရှုံးစေတတ်ပါတယ်။

    ၆။  အကြောက်တရား

    သူတို့ဟာ ၀န်ထမ်းတွေကို အကြောက်တရားနဲ့ ထိန်းချုပ်ဦးဆောင်လေ့ရှိကြပြီး အဲ့ဒါဟာ စီမံအုပ်ချုပ်ရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခုလို့ လွဲမှားစွာ ထင်မှတ်နေလေ့ ရှိကြပါတယ်။

    ၇။ ထိုးထွင်းမမြင်ခြင်း

    သူတို့ဟာ ဖောက်ထွက်ထိုးထွင်းတဲ့ အမြင်မျိုး မရှိတတ်ကြပါဘူး။ ခေါင်းဆောင်ကောင်းတွေမှာတော့ ရှင်းလင်းပြတ်သားတဲ့ ထိုးထွင်းအမြင် ရှိတတ်ပြီး ရေရှည်အတွက် စဉ်းစားလေ့ရှိပါတယ်။

    ၈။  မျက်နှာလိုက်ခြင်း

    တစ်ဦးတစ်ယောက်ကို မျက်နှာသာပေးခြင်း၊ မျက်နှာလိုက်ခြင်း လုပ်လေ့ရှိတတ်ပြီး အဲ့ဒီလို လုပ်တာဟာ လုပ်ငန်းခွင်အတွင်း အခြားဝန်ထမ်းတွေအတွက် စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေ ဖြစ်လာစေပါတယ်။

    ၉။  မောက်မာခက်ထန်ခြင်း

    မောက်မာခက်ထန်ခြင်းဟာ လူတစ်ဦးရဲ့ ကိုယ်ရေးကိုယ်သွေးတွေထဲမှာမှ အကျည်းအတန်ဆုံး လက္ခဏာတစ်ခု ဖြစ်ပါတယ်။

    ၁၀။  ဒေါသူပုန်ထခြင်း

    လုပ်ငန်းခွင်တစ်ဝိုက် ခါးထောက်လမ်းလျှောက်ပြီး အချိန်တိုင်းလိုလို ဒေါသူပုန်ထနေလေ့ရှိတဲ့ အလုပ်ရှင်ဟာလည်း လုပ်ငန်းခွင်အတွင်းမှာ အဆိုးသာ ဖြစ်ပေါ်စေမှာပါ။

    ၁၁။  အပြစ်ပုံချခြင်း

    အလုပ်ရှင်ဆိုးတွေဟာ ဂုဏ်ယူဖွယ်ရှိလာရင် သူတို့လုပ်ဆောင်မှုလို့ ပြုမူမာန်ထောင်တတ်ကြပြီး အမှားအယွင်း ရှိလာခဲ့ရင်တော့ အခြားသော ၀န်ထမ်းတွေအပေါ်ကို အပြစ်ပုံချ ကြိမ်းမောင်းလေ့ ရှိတတ်ကြပါတယ်။

    ၁၂။ စိတ်ခံစားမှု

    လက်တွေနဲ့ အချက်အလက်တွေအပေါ် ဦးစားပေး စဉ်းစားသုံးသပ် လုပ်ကိုင်ဆောင်ရွက်ရမယ့်အစား သူတို့ဟာ စိတ်ခံစားမှုပေါ် အခြေပြုပြီး ဆုံးဖြတ်ချက်များ ချလေ့ရှိတတ်ပါတယ်။

    ဒီ အမူအကျင့် ၁၂-မျိုးက အလုပ်ရှင်ဆိုး၊ ခေါင်းဆောင်ဆိုးတွေမှာ အများဆုံး တွေ့ရလေ့ရှိတဲ့ အချက်တွေဖြစ်ပါတယ်။ ဒီအကျင့်ဆိုး ၁၂-မျိုးအပြင် အရေးပါတဲ့ နောက်တစ်ချက်ကိုလည်း စာရေးသူ Jeff Fermin က ထပ်ပြီး ဖြည့်စွက်ပြောထားပါသေးတယ်။ အဲ့ဒါကတော့ အလုပ်ရှင်ဆိုးတွေဟာ Team Building ကို လစ်လျူရှုတတ်ကြခြင်း ဖြစ်ပါတယ်။

    ဒါအပြင် ကိုယ့်ရဲ့ လုပ်ငန်းခွင်အတွင်းမှာ ကောင်းမွန်တဲ့ ဦးဆောင်မှုနဲ့ ဝန်ထမ်းများအားလုံးကို ယုံကြည်မှု၊ အလေးထားမှုနဲ့ ပျော်ရွှင်အောင် ထားတတ်ဖို့ လိုအပ်ပါတယ်။

    ကိုးကား – Business2Community

  • “ပညာရေးဥပဒေ” ရေးဆွဲရာမှာပါဝင်တဲ့ သမ္မတ အကြံပေးတစ်ဦးရဲ့ သမိုင်းစာမျက်နှာ တကွက်

    “ပညာရေးဥပဒေ” ရေးဆွဲရာမှာပါဝင်တဲ့ သမ္မတ အကြံပေးတစ်ဦးရဲ့ သမိုင်းစာမျက်နှာ တကွက်

    ဇန်နဝါရီ ၂၉ ၊ ၂၀၁၅
    Patrick Tan ရေးသည်။

    Dr Daw Yin Yin Nwe

    ၁၉၈၃မှာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်ဒီ ဒုဝန်ကြီးဖြစ်သွားတယ်။ တောင်ငူဆောင်က အင်္ဂလိပ်စာပါမောက္ခ ဒေါ်အီးဂျေကံကြီးဆီကို သူ့ရဲ့Mazda 929L အသေးနဲ့လာတတ်တယ်။

    သူလာရင် သူ့ယာဉ်မောင်းက ကားကို တောင်ငူဆောင်ရဲ့ပေါ်တီကိုအောက်မှာလာရပ်ပေးတယ်။ ဆရာမကြီးက ပထမထပ်ကနေလှုပ်လှုပ် လှုပ်လှုပ်နဲ့ဆင်းလာတော့ သွက်သွက်လက်လက်ကျနော်ကပြေးပြီး ကားတခါးဖွင့် ကြိုပေးရတယ်။ ဆရာကြီးဆင်းပြီးရင် သူ့ယာဉ်မောင်းက ကားကို တောင်ငူဆောင်ရှေ့ကွက်လပ်မှာ သွားရပ်ထားပြီး စောင့်နေရတယ်။ ဘာအစောင့်အကြပ်မှမပါဘူး။

    ဆရာမကြီးက သူ့ကို ဝန်ကြီးလို့နောက်ခေါ်ရင်မကြိုက်ဘူး။ “ဆရာပဲခေါ်ပါဗျ၊ ကျနော်နှစ်သက်တာဒီဂုဏ်ပုဒ်”…လို့ ရယ်ရယ်မောမော ပြန်ပြောတတ်တယ်။

    သူပြန်တော့မယ်ဆိုမှ ဆရာမကြီးခိုင်းလို့ ကျနော်ကသူ့ယာဉ်မောင်းကို အချက်ပြလိုက်ရင် ကားကိုပေါ်တီကိုအောက် လာ ထိုးပေးတယ်။ သူ့ယာဉ်မောင်းက ဆင်းပြီးကားတခါးဖွင့်ပေးတယ်။ ကားထဲကနေလက်ပြပြီးပြန်သွားရော။

    အဲလိုမျိုးနောက်တစ်ယောက်က အမရဆောင် သမိုင်းဌာန ပါမောက္ခဦးထွန်းအောင်ချိန်လက်အောက်မှာ အမှုထမ်းနေသော ကထိကဒေါ်နီနီမြင့်ပါ။

    ကျောင်းလာရင် သူ့ခင်ပွန်းဥက္ကဌကြီးဦးနေဝင်းလည်းစီးတတ်တဲ့ ဆ/နံပါတ် Mercedes E အနက်ကြီးနဲ့လာပါတယ်။ ဆရာမက ပုဝါ ဝတ်စုံ လည်ဆွဲနားကပ်ကအစ One set ဆင်မြန်းလေ့ရှိပါတယ်။ သူ့ယာဉ်မောင်းက တိုက်ပုံ၊ ကော်လံကတုံး အဖြူဝတ် စစ်မှုထမ်းပါ။

    အမရဆောင်ပေါ်တီကိုအောက်ကားရပ်ရင် ယာဉ်မောင်းက ဆင်းပြီးကားတခါးဖွင့်ပေးပါတယ်။ ဆရာမက သူ့အိတ်သူဆွဲပြီးတက်လာတာပါပဲ။ ယာဉ်မောင်းက ကားကို အမရဆောင်ရှေ့ကခရေပင်ကြီးအောက်မှာ ရပ်ထားပြီး တနေကုန်စောင့်ပါတယ်။

    ညနေ ဆရာမပြန်ခါနီးရင် tutor လေးတစ်ယောက်ယောက်က Corridor ကနေလှမ်းပြီး အချက်ပြလိုက်ရင် ယာဉ်မောင်းကြီးက ကားကိုပေါ်တီကိုအောက်မောင်းလာပေးပြီး လာကြိုသွားပါတယ်။

    ဒါ….ပြည့်ဝပြီး အဆင့်ရှိသောပညာတတ်ကြီးများရဲ့ စည်းကမ်းလိုက်နာတတ်သောယဉ်ကျေးမှုပါ။

    ရန်ုကုန်တက္ကသိုလ်စာသင်ဆောင်တွေရဲ့ ဘယ်ပေါ်တီကိုအောက်မှာမှ ဘယ်ပုဂ္ဂိုလ်ရဲ့ကားမျှ ကျောက်ချရပ်နားထားလေ့မရှိတာ အစဉ်အဆက်ကျင့်သံုးခဲ့တဲ့ “ယဉ်ကျေးမှု” ပါ။ အမိန့်ထုတ်မထားဘူး၊ စာတန်းဆိုင်းပုဒ်ချိတ်မထားပါဘူး။

    အဲ့ဒါတွေနဲ့ဆန့်ကျင်ဖက်တစ်ခုပြောပြမယ်။

    မန္တလေးဆောင် ဘူမိဗေဒဌာန ပါမောက္ခ ဦးဘသန်းဟက် (ဟာဂျီမ ပျဉ်းမနားစိန်ဒေါ်ပုရဲ့သားမက်) လက်အောက်မှာအမှုထမ်းနေတဲ့ Demonstrator သရုပ်ပြဆရာမလေးတစ်ဦးပါ။

    ဥက္ကဌကြီးဦးနေဝင်းရဲ့ချွေးမဆိုတဲ့ အရှိန်နဲ့ Mazda 323 အနီ ထ/၄၄၄၄ ကို ကိုယ်တိုင်မောင်းကာ ကျောင်းသို့လာပြီး ကားကိုမန္တလေးဆောင်ပေါ်တီကိုအောက်မှာ ဘယ်သူ့ကိုမျှဂရုမစိုက်၊ ဘာစည်းကမ်းကိုမျှ မလိုက်နာ၊ ဘာယဉ်ကျေးမှုမျှ နားမလည်ဘဲ တစ်နေကုန်ကျောက်ချရပ်နာထားလေ့ရှိပါတယ်။

    အဲ့ဒီိလိုအမျိုးသမီးတစ်ဦးက နောင်မျိုးဆက်သစ်တို့အတွက် အလွန်အရေးပါသော “ပညာရေးဥပဒေ” ပြဌာန်းဖို့ အကြံပေးတစ်ဦးဖြစ်နေတာ အံ့သြဖွယ်ရာတွေ့လိုက်ရတယ်ဗျာ။

    သူကတော့ ကိုဖြိုးဝေဝင်းအရှိန်နဲ့ ဆိုရှယ်လစ်ခေတ်မှာ ရတောင့်ရခဲ နိုင်ငံခြား ပညာသင်ဆုရပြီး ဒေါက်တာ ဘွဲ့ရလာခဲ့သော ဒေါက်တာဒေါ်ရင်ရင်နွယ်ပါတဲ့ခင်ဗျား။

  • ပထမဆုံးသော လွတ်လပ်ရေးနေ့ မိန့်ကြားချက်(ဝန်ကြီးချုပ် သခင်နု)

    ပထမဆုံးသော လွတ်လပ်ရေးနေ့ မိန့်ကြားချက်(ဝန်ကြီးချုပ် သခင်နု)

    U Nu

    ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူတစုတည်းရဲ့လွတ်လပ်ရေး မဟုတ်။ဗမာတနိုင်ငံလုံးမှာရှိတဲ့ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ကရင်နီ၊ ရခိုင်၊မွန်-ဗမာအစရှိတဲ့၊  ဗမာ တိုင်းရင်းသူ တိုင်းရင်းသား သွေးချင်း သားချင်း အားလုံးတို့စည်းစည်းလုံးလုံး ကြိုးပမ်းမှုကြောင့် ရတဲ့ လွတ်လပ်ရေး ဖြစ်တဲ့ အတွက်၊ ယခုလွတ်လပ်ရေးဟာ-ရှမ်း၊ချင်း၊ကချင်၊ကရင်၊ ကရင်နီ၊ရခိုင်၊မွန်-ဗမာ အစရှိတဲ့ တိုင်းရင်းသား သွေးချင်း သားချင်း အားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။ ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ-လူတန်းစား တစားတည်းရဲ့ လွတ်လပ်ရေး မဟုတ်။ ဗမာတနိုင်ငံလုံးမှာရှိကြတဲ့-လယ်သမား၊ အလုပ်သမား၊ဈေးသူ၊ဈေးသား၊ကျောင်းသူ ကျောင်းသား၊ အမှုထမ်း အရာထမ်းများမှ စ၍ တော်လှန်ရေးသမားများသို့တိုင်အောင် လူတန်းစားပေါင်းစုံက ညီညီညာညာ စွန့်စွန့်စားစားအုံကြွကာ-ကြိုးပမ်းမှုကြောင့်၊ ရရှိတဲ့လွတ်လပ်ရေးဖြစ် သဖြင့်။ ယခုလွတ်လပ်ရေးဟာ-လယ်သမား၊ အလုပ်သမား ၊ ဈေးသူဈေးသား၊ကျောင်းသူကျောင်းသား၊ အမှူထမ်း အရာထမ်းများမှစ၍၊ တော်လှန်ရေးသမားများ အထိ ပါဝင်သော လူတန်းစားအမျိုးမျိုးရဲ့ လွတ်လပ်ရေးဖြစ်တယ်။

    ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ နိုင်ငံရေး တသင်း တဖွဲ့ တည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဗမာမူစလင်၊လူငယ်၊အမျိးသ္မီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံး-သမဂ္ဂ အစရှိတဲ့ နိုင်ငံရေး အဖွဲ့အသီးသီးဟာ၊ ကိုယ့်ဆိုင်ရာ နယ်နိမိတ် အတွင်းမှနေပြီး၊ နယ်ချဲ့စနစ်ကြီးကို၊ ဝိုင်းအုံ တိုက်ခိုက်ကြတဲ့အတွက် ရရှိလာတဲ့ လွတ်လပ်ရေးကြီးဖြစ် တာကြောင့် ယခုလွတ်လပ်ရေးဟာ- ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဗမာမူစလင်၊လူငယ်၊ အမျိးသ္မီး၊ တောင်သူလယ်သမား၊ အလုပ်သမား အစည်းအရုံး-သမဂ္ဂ အစရှိတဲ့ များမြောင်လှစွာသော အသင်းအဖွဲ့အားလုံးရဲ့ လွတ်လပ်ရေးပင်ဖြစ်တယ်

    ယခုလိုတနိုင်ငံလုံးရှိ တိုင်းရင်းသားအသီးသီး လူတန်းစားအသီးသီး အသင်းအဖွဲ့အသီးသီးတို့ အပြင်းအထန်ကြိုးပမ်းမှုကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်သဖြင့် ဤလွတ်လပ်ရေးကို တိုင်းရင်းသားအားလုံး-လူတန်းစားအားလုံး-အသင်းအဖွဲ့အားလုံး- ဟာ ရိုသေကြရမယ်။ မြတ်နိုးကြ ရမယ်။ လေးစားကြရမယ်။ ဒီလွတ်လပ်ရေးကို တိုက်ရိုက်အားဖြင့်သော်၎င်း ၊ သွယ်ဝိုက်တဲ့နည်း အားဖြင့်သော် ၄င်း ထိပါးငြိစွမ်း လာမယ်ဆိုလျှင်၊ တိုင်းရင်းသား အားလုံးသည်၎င်း လူတန်းစား အားလုံးသည်၎င်း- အသင်းအဖွဲ့ အားလုံးသည်၎င်း ၊ ရင်ကိုမြေကတုပ်လုပ်၍ ခုခံ ကာကွယ်စောင့်ရှောက်ကြရမယ် ၊ ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ-လူတမျိုးတည်း အတွက် အသုံးချရန် မဟုတ်၊ ဗမာ ပြည်ထောင်စု သမတနိုင်ငံ အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား အသီးသီးအတွက် မျှမျှတတ အသုံးချရန်ဖြစ်တယ်။ ဒီလွတ်လပ်ရေးဟာ လူတန်းစားတစားတည်းအတွက် အသုံးချရန်မဟုတ် ။ လူ့အခွင့်အရေးများကို ဘယ်အခါမှ ဒင်းပြည့်ကျပ်ပြည့်မရခဲ့ကြဖူးတဲ့ လူတန်းစားအားလုံးအတွက် မျှမျှတတ အသုံးချရန်ဖြစ်တယ်။ ဒီလွတ်လပ်ရေးဟာ-တသင်းတဖွဲ့တည်း အတွက် အသုံးချရန်မဟုတ်၊ ပြည်ထောင်စု အခြေခံ အုပ်ချုပ်ရေးစည်းမျဉ်းကြီးကို လိုက်နာရိုသေသော အသင်းအဖွဲ့အားလုံးအတွက်၊ မျှမျှတတ အသုံးချရန် ဖြစ်တယ်။

    ဒီလွတ်လပ်ရေးမှ ပြည်ထောင်စု သမတ နိုင်ငံတော် အတွင်းရှိ လူအများဆုံးအတွက် အကျိုးအများဆုံး ရရှိနိုင်ဘို့အတွက် ဒီလွတ်လပ်ရေးကို ခိုင်ခိုင်ခံ့ခံ အုဠ်မြစ်ချပြီး ဗမာနိုင်ငံသစ်ကြီးကို ကျွန်တော်တို့ အင်အားရှိသလောက် တည့်တည့်မတ်မတ် ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ကြတော့မယ်။ ဒီဗမာနိုင်ငံသစ်ကြီးကို အပြီးသတ်တည်ဆောက်ပြီးတဲ့အခါ ၊ ဒီနိုင်ငံအတွင်းမှာ လူညွှန့်ခူးစားနေတဲ့ လူတန်းစားလဲမရှိတော့ဘူး။ လူညွန့်ခူး အစားခံနေရတဲ့ လူတန်းစားလဲ မရှိတော့ဘူး။ လက်ဝါးကြီးအုပ်နေတဲ့ လူတန်းစားလဲ မရှိတော့ဘူး။ လက်ဝါးကြီးအုပ် ခံနေရတဲ့ လူတန်းစားလဲ မရှိတော့ဘူး။ နှဖူးကချွေးခြေမ အထိ ကျအောင် ရွှံ့ဗွက်တွေထဲမှာ-စက်ရုံတွေထဲမှာ -တောအထပ်ထပ် တောင် အထပ်ထပ်တွေထဲမှာ-မြေတွင်းတွေထဲမှာ -နေပူမရှောင်၊ မိုးရွာမရှောင်၊ တကုန်းကုန်းတရုန်းရုန်းနှင့် လုပ်ကြရပြီး၊ လူတန်းစေ့ ဘဝကလေးတောင်မှ မရရှိကြတဲ့ လူတန်းစားတို့လဲ မရှိတော့ဘူး။ ဒီလူတန်းစားတွေကို ဒီလိုဘဝဆုံးအောင် နှိပ်ကွပ်ထားတဲ့ လူတန်းစားတွေလဲ မရှိတော့ဘူး။

    ဒီနိုင်ငံသစ်မှာ ရှိရှိသမျှလူတွေဟာ ကိုယ့်အစွမ်း ရှိသရွေ့ ကိုယ်စွမ်းတဲ့ဘက်မှ ဝင်ပြီး အမှုထမ်းကြ၊ လယ်လုပ်တတ်တဲ့လူတွေက လယ်တွေလုပ်ကြ၊ စက်မောင်းတတ်တဲ့လူတွေက စက်မောင်းကြ။ တွင်းတွေ တူးနိုင်တဲ့လူတွေကလဲ တွင်းတွေကို တူးကြ။ ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်ကြတဲ့လူတွေကလဲ တရားရုံးတွေ ရာဇဝတ် ဌာနတွေမှာ လုပ်ကြ။ ကာကွယ်ရေးမှာ ကျွမ်းကျင်ကြတဲ့လူတွေကလဲ စစ်တပ်တွေမှာ အမှုထမ်းကြ။ အအုပ်အချုပ် အစီအမံမှာ လိမ္မာပါးနပ်ကြတဲ့လူတွေကလဲ၊ အစိုးရဌာန အသီးသီးမှာ ဝင်ရောက်ဆောင်ရွက်ကြ။ အဲ့ဒီနည်းနှင့် ဗမာ့မြေတွင်းမြေပြင်မှာ ရှိတဲ့ အဆီအနှစ်တွေကို ဗမာတိုင်းရင်းသားတွေ လူတန်းစေ့စေ့နေနိုင်တဲ့အခြေအနေကစပြီး လိုသလောက်အသုံးပြုနိုင်တဲ့အခြေအနေအထိ အားလုံးဝိုင်းပြီး ကြိုးပမ်းကြရမယ်။ ဗမာ့မြေဆီမြေနှစ်တွေနှင့် ဗမာတိုင်းရင်းသူ၊တိုင်းရင်းသားတွေရဲ့ လူဦးရေနဲ့ယှဉ်ကြည့်မယ် ဆိုလျှင်၊ မြေဆီမြေနှစ်တွေက အင်မတန်များပြားနေတဲ့ အတွက် ခေါင်းဆောင်တွေကလဲ သစ္စာမဖေါက်ဘဲ- ခြေလှမ်းမမှားဘဲ- လူထုကလဲ ထမ်းဆောင်ရမည့်တာဝန်တွေကို မပျက်မကွက်ဘဲ၊ ဝါးအစည်းပြေသလို မပြေဘဲ- ဇွဲကောင်းကောင်နှင့် ကြိုးပမ်းလိုက်ကြရင်- ကျွန်တော်ပြောခဲ့တဲ့ ဗမာနိုင်ငံသစ်ကြီးဟာ – အနှေးထက် အမြန်ဆောက်ဖြစ်ရမယ်ဆိုတာ ကျွန်တော်အတည့် အလင်း ကျေညာလိုက်တယ်။

    အဲ့ဒီနိုင်ငံသစ်ကြီးတည်ဆောက်နေတဲ့နေရာမှာ၊ ခေါင်းဆောင်တွေသစ္စာဖေါက်ကြရင်၎င်း၊ ခြေလှမ်းမှားကြရင်၎င်း၊ ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေး ကျောက်တိုင်ကြီးသည်- ထိုသစ္စာဖေါက်နေသော ခေါင်းဆောင်များ ကို၎င်း၊ ခြေလှမ်းမှားနေသော ခေါင်းဆောင်များကို ၄င်း အချိန်မီ သတိပေးနိုင်သည်ဖြစ်ပါစေသတည်း။

    အဲ့ဒီနိုင်ငံသစ်ကြီး တည်ဆောက်သည့်နေရာတွင် ဗမာ့လူထုကြီးသည် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ပျက်ကွက်လျှင်၎င်း၊ ဝါးအစည်းပြေသကဲ့သို့ ပြေကြတော့မည်ဆိုလျှင်၎င်း၊ ဤကျောက်တိုင်ကြီးသည် အချိန်မီ သတိပေးနိုင်သည်ဖြစ်ပါစေသတည်း။

    အဲ့ဒီနိုင်ငံသစ်ကြီးအား တည်ဆောက်ခြင်းကို ဖျက်လိုဖျက်ဆီး လုပ်လိုသော ပြည်တွင်း ပြည်ပ ရန်သူများ ပေါ်ပေါက်လျှင်လည်း၊ ထိုရန်သူများကို အပြီးတိုင် ချေမှုန်းပစ်နိုင်သည် အထိ- ဗမာ့လူထုကြီးအား ဇာတိသွေး ဇာတိမာန် များ တခဲနက် တက်ကြွလာနိုင်အောင် ဤကျောက်တိုင်ကြီးသည် စွမ်းဆောင်ပေးနိုင်သည် ဖြစ်ပါစေသတည်း။

    ဓါတ်ပုံ အညွှန်း -သမ္မတကြီး စိဝ်ရွှေသိုက်ထံ ကျမ်းသစ္စာ ကျိမ်ဆိုနေသည့် ဝန်ကြီးချုပ် သခင်နု။ (၁၉၄၈ ခု ဇန်နဝါရီ ၄ ရက်)

    (မြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေး နှင့် အသံလွှင့်ဌာန.. မှ ထုတ်ဝေသော ” မြန်မာနိုင်ငံတော် လွတ်လပ်ရေးအောင်ပွဲ ” စာအုပ်မှ မူရင်းအရေးအသား အတိုင်း ကူးယူဖေါ်ပြသည်။)

    Credit => Nay Win FB စာမျက်နှာ

  • ပုရိသ

    ပုရိသ

    ဒီဇင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    ကြည်စင်ခ ရေးသည်။
    selfish
    ကျွန်မဘဝတွင် ပတ်ဝန်းကျင်ဒေသအရရော မိရိုးဖလာ ယဉ်ကျေးမှုအရပါ ယောင်္ကျားများသည် မိန်းမများ ထက်မြတ်သည်၊ သာသည်ဟု အမြဲကြားခဲ့ရဘူးပါသည်။ ငယ်စဉ်ကလေးဘဝကပင် အငယ်ဆုံးမောင်လေးအား ခြေထောက်ဖြင့်တို့၍ စကားမပြောရပါ။ ကျော်ခွသွားမိလျှင် အမြဲဆူခံထိပါသည်။ သူ့ဘောင်းဘီ၊ အကျီင်္ကစ၍ ကျော်ခွ၍မရပါ။ ဒီလိုနှင့်ပင် ကျွန်မ၏ဘဝတွင် ယောင်္ကျားများက မိန်းမများထက် ပို၍သာနေသည်ဟု အလိုလိုထင်မြင်ယူဆနေခဲ့သည်။

    ဗုဒ္ဓဘာသာတွင် အမျိုးသားများသာ ဘုရားဖြစ်ခွင့် ရှိခြင်းကလည်း ထိုအယူအဆကိုပို၍ ခိုင်မာစေခဲ့သည်။ စိတ်ဓာတ်ခွန်အား၊ လူခွန်အားအရရော ယောင်္ကျားများသည် မိန်းမများထက်သာလွန်ကြသည်။ ထိုထဲတွင် အနစ်နာခံမှုများ များစွာပါဝင်လေသည်။ မိသားစုတစ်ခုတွင်လည်း အိမ်ထောင်ဦးစီး အဖေများကိုသာ တစ်မိသားစုလုံးက ရိုသေလေးစား ဂရုပြုနေထိုင်ခဲ့ကြပေသည်။

    ကျွန်မနှင့်နီးစပ်ရာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းအားလုံးက ထိုအယူအဆကို ကျေနပ်စွာပင် လက်ခံခဲ့ပေသည်။ သို့သော်လည်း ကျွန်မ ညီမဝမ်းကွဲလေး အိမ်ထောင်ကျသောအခါ ထိုအယူအဆကို သွေဖီချင်လာသည်။ ယောင်္ကျားများကို မလေးစားချင်တော့ပေ။ ညီမ၏ အမျိုးသားမှာ မရခင်က လိမ်မ္မာရေးခြားရှိသော လူငယ်လေး တစ်ဦးဖြစ်ခဲ့ဖူးသည်။ သို့သော် ညီမ၏ညံ့ဖျင်းမှုကြောင့်သော် လည်းကောင်း၊ ကံတရားကြောင့်သော်လည်းကောင်း ထိုလူငယ်လေးသည် အိမ်ထောင်ကျပြီးသော အခါမှစ၍ အရက်သောက်တတ်လာသည်။ ထိုမှစ၍ ကြက်တိုက်၊ ဖဲရိုက် နောက်ဆုံးမိန်းမနှင့် ရန်ဖြစ်လျှင်ပင် လက်ပါတတ်လာသည်။ မိန်းမမှာ သူကယောင်္ကျားပဲ မူးတုန်းလုပ်တာ ဟူသောသဘောဖြင့် အမြဲငြိမ်ခဲနေခဲ့သည်။ ထိုစဉ်က ဝင်ပြောချင်သော်လည်း အမေကသူများ အိမ်ထောင်ရေးဟူ၍ တားမြစ်ထား၍သာ မပြောဖြစ်ခဲ့ပေ။

    သူငယ်ချင်း အိမ်ထောင်ကျသော်လည်း သူ့အမျိုးသားကဝင်ငွေတော့ရှာပေးပါသည်။ သို့သော် ကလေးကိစ္စနှင့် ပတ်သက်လာလျှင် သူနှင့်လားလားမှမဆိုင်သလိုနေသည်။ ယခုခေတ်နှင့် ယခင်ခေတ် ကွာသလားတော့ မတွေးတတ်တော့ပြီ။ ထိုအခြေမျိုးကိုတွေ့မြင်ခဲ့ရသော ကျွန်မသည် ယောင်္ကျားဆိုသည်များကို အထင်မကြီးချင်တော့ချေ။ လေးစားချင်စိတ်လည်းကုန်ခန်းနေလေသည်။

    ကျွန်မ၏ ထိုဖြစ်နေသော စိတ်ဓာတ်အင်အားပို၍ ခိုင်မာအောင်ကူညီပေးသည့် အထောက်အပံ့ကရှိနေလေသည်။ လိုင်းကားများတိုး၍စီးရသော ယနေ့ခေတ်တွင် ထိုအနစ်နာခံသော အမျိုးသားများကို မတွေ့သလောက်ရှားပါးရခြင်းဖြစ်သည်။ မိန်းကလေးများနှင့် အပြိုင်နေရာလုရမှာကိုပင် မရှက်တတ်ကြသော ယောင်္ကျားများကို နေ့တိုင်းလိုလိုပင် တွေ့မြင်နေရပါသည်။

    ဒီနေ့အလုပ်သွားရင်း လိုင်းကားပေါ်တွင် ကြုံခဲ့ရသော အဖြစ်အပျက်အား ကျွန်မ၏စိတ်အစဉ်တွင် ဘယ်သောအခါမျှ ဖျောက်ဖျက်၍ရမည် မဟုတ်တော့ပါ။ ထုံးစံအတိုင်းလိုင်းကားကကြပ်ပါ၏။ လူများကလည်း စပါယ်ယာ တိုးခိုင်းတိုင်း တိုးရပါသည်။ ယောင်္ကျား၊ မိန်းမအားလုံး တန်းတူပင် တိုးကြပါသည်။ ထိုထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးပါလာသည်ကို သတိထားမိပါသည်။ ကိုယ်ကလဲ မတ်တပ်မို့မကူညီအားပါ။ သူ့ကြည့်ရတာတော်တော်လေး နွမ်းနေပါတယ်။ ထိုင်ခုံများတွင်လည်း မည်သူကမျှထမပေးကြချေ။ ကားကကြပ်သည်ကိုး။ ကားကမြို့ထဲ ဆူးလေမှတ်တိုင်ရောက်တော့ ထိုကိုယ်ဝန်ဆောင် အမျိုးသမီးကရှေ့ကထိုင်ခုံမှ လူကဆင်းဖို့ဟန်ပြင်နေပါသည်။ ကျွန်မလည်းကြည့်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးအတွက် ဝမ်းသာသွားသည်။ သူနေရာရတော့မည်။ သို့သော်မှတ်တိုင်ရောက်၍ ထိုင်ခုံမှလူကထပြီးမမျှော်လင့်သော အဖြစ်အပျက်တစ်ခုကဖြစ်၍လာသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးဘေးတွင် ကျန်ရှိနေသာ လူလတ်ပိုင်း အမျိုးသားသည် ထိုနေရာကိုလျင်မြန်စွာ ဖျက်ကနဲဝင်ထိုင်လိုက်လေသည်။ ကိုယ်ဝန်သည် သည် အံ့သြတကြီးကြည့်နေလေသည်။ သူမတင်မက ထိုအနီးနားတွင်ရှိသော ခရီးသည်အားလုံးကလည်း ထိုလူအားကြည့်နေကြလေသည်။ ထိုသူသည် မျက်နှာပြောင်စွာပင် ဆက်လက်၍ ပေကပ်ထိုင်နေလေသည်။ လိုင်းကားကလည်း မိမိလိုရာကို ဆက်လက်၍ထွက်ခွာလေသည်။ ကျွန်မကမော်တင်ရောက်၍ ဆင်းခဲ့လေသည်။

    အမျိုးသမီးများ  ကိုယ်ဝန်သည်အမျိုးသမီးကိုပင်နေရာ လုစီးခဲ့သော ထိုအမျိုးသားအား မည်ကဲ့သို့သောစိတ်ဖြင့် လေးစား၍ရပါအံ့နည်း။