News @ M-Media
Category: ဆောင်းပါး
  • အာရှတိုက်က ကြောက်စရာ ကွမ်းစွဲလမ်းမှု ပြဿနာ (ဘာသာပြန်-သတင်းဆောင်းပါး)
    နိုဝင်ဘာ-၇ ၂၀၁၃
    M-Media
    မြင့်မိုရ်မောင်မောင် ဘာသာပြန်သည်။
    CNN ၏ နိုင်ငံအသီးသီးမှ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုနှင့်အခွင့်အလမ်းများဆိုင်ရာ On the Road အစီအစဉ် အယ်ဒီတာ မှတ်စု ဖြစ်သည်။ ၄င်းအဖွဲ့သားတို့သည် နိုင်ငံ၏တိုးတက်မှု နှင့် အသွင်းပြောင်းမှုများကို လေ့လာရန် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြသည်။
    131025001452-betel-nut-12-horizontal-gallery
    ရန်ကုန်၊ မြန်မာ၊။        ။ ကွမ်းစားကြမ်းသူများဟာ ရယ်မောလိုက်တဲ့အခါတိုင်း သူတို့ရဲ့ကွမ်းစွဲမှုကို မြင်သာစေပါတယ်။ ထုံးသုတ်ထားတဲ့ကွမ်းရွက်ထဲ ကွမ်းသီးစိတ်နဲ့ဆေးရွက်ကြီးတွေထည့်ယာပြီး နှစ်ပေါင်းများစွာ ကွမ်းဝါးနေသူတို့ရဲ့သွားများက နီစွေးစွေးအရောင်ထွက်နေတယ်လေ။
    “ လူတစ်ချို့က လက်ဖက်ရည်၊ ကော်ဖိသောက်ပြီးတဲ့နောက် ကွမ်းဝါးကြတယ်။ ကျွန်တော်ကတော့ အစာစာပြီးတိုင်း ကွမ်းယာကိုဝါးလေ့ရှိပါတယ်။ ကျွန်တော် ကွမ်းယာကို နှစ်သက်လို့ပါ ” ဆိုပြီး ရန်ကုန်မြို့ဈေးကြီးတစ်ခုက အသက် ၂၈ နှစ်အရွယ် ခေါက်ဆွဲရောင်းသူ မောင်မျိုးမင်းသန်းက ဆိုပါတယ်။
    ကွမ်းသီး သို့မဟုတ် ကွမ်းယာဟာ လက်ဖက်ရည် ကော်ဖီများအတိုင်း အရှိန်တက်လာစေလေ့ရှိတယ်။ ဒါပေမယ့် လက်ဖက်ရည်ကော်ဖီတို့နဲ့ မတူတာက ကွမ်းယာဟာ ခံတွင်းကင်ဆာရောဂါကိုလည်း ဖြစ်ပွားစေတတ်ပါတယ်။
    “ ကွမ်းတစ်ယာစားမိလို့ကတော့ ပြဿနာ မရှိသေးဘူး။ နောက်ထပ် ဒုတိယတစ်ယာ စ၀ါးတဲ့အခါ အန္တရာယ် ကြီးလာတော့တာပါပဲ။ အတိုင်းအတာတစ်ခုရောက်ယင်တော့ အဲ့ဒီလူတွေ ကင်ဆာရောဂါ ရရှိသွားနိုင်ပါတယ် ” လို့ ထိုင်ဝမ်က ကောင်းရှုံဆေးတက္ကသိုလ် ဒုပါမောက္ခ ပရော်ဖက်ဆာ ယင်ချင်းကိုက ပြောကြားပါတယ်။ သူဟာ ၁၉၉၀ ခုနှစ်များအတွင်း ကွမ်းသီးနဲ့ခံတွင်း ဆက်နွှယ်မှုအပေါ် ပထမဆုံးလေ့လာသုတေသနပြုခဲ့သူဖြစ်တယ်။
    ကွမ်းယာဆိုတာကတော့ သာမန်အားဖြင့် ထုံးရည်သုတ်ထားတဲ့ ကွမ်းရွက်ထဲ ကွမ်းသီးစိတ်တွေကို ထည့်ပြီး ထုပ်ပိုးပြင်ဆင်ထားတဲ့ စားစရာတစ်မျိုးပါ။ တချို့ကတော့ ဆေးရွက်ကြီး ထည့်ဝါးကြတယ်။ အာရှဒေသအသီးသီးမှာ ကွမ်းယာထဲ ဖာလာ၊ လေးညှင်း၊ အချို(ယို) စတာတွေကို အရသာထူးကဲဖို့အတွက်လည်း ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ ၂၀၀၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာကင်ဆာရောဂါသုတေသနအဖွဲ့ရဲ့ “ကွမ်းယာနှင့်ကွမ်းသီးဝါးခြင်း” စာတမ်းမှာ ဒီအကြောင်းတွေကို ဖော်ပြထားပါတယ်။
    ကမ္ဘာတစ်ဝှန်းမှာ ကွမ်းဝါးသူပေါင်း သန်း ၆၀၀ ၀န်းကျင်ရှိတယ်လို့ ခန့်မှန်းထားကြတယ်။ ဆေးရွက်ကြီး(ဆေးလိပ်)၊ အရက် နဲ့ ကဖိန်းဓာတ်ပါ အချိုရည် သုံးစွဲသူများရဲ့နောက် စတုတ္ထနေရာ ရောက်နေပါတယ်။ အာရှဒေသမှာတော့ ကွမ်းဝါးခြင်းဓလေ့ အများဆုံး နဲ့ အရွယ်မရွေးတာကို တွေ့ရတယ်။ စူးစမ်းမှုတွေမှာ ကလေးငယ်တချို့ရဲ့သွားတွေမှာ ပေါ်လွင်နေပါတယ်။
    မြန်မာနိုင်ငံအတွင်း ကားမောင်းသူတွေအကြား လမ်းခရီးမှာနိုးကြားနေဖို့ ကွမ်းဝါးခြင်းက အလွန် ခေတ်စားပါတယ်။
    အငှားယာဉ်မောင်း ဦးစိန်က တစ်နေ့ကို ကွမ်း ၁၀ ယာဝန်းကျင်ဝါးလေ့ရှိပြီး ရန်ကုန်မြို့လယ်လမ်းဘေးဆိုင်များကနေ ၀ယ်ယူတတ်သူပါ။ သူက “ ဆေးရွက်ကြီးက မူးယစ်ဆေးဆန်ဆန်ပါပဲ။ အဲ့ဒါကို ကျွန်တော်ထည့်ဝါးယင် ရီဝေေ၀ ဖြစ်နေတတ်ပါတယ် ” လို့ ပြောပြတယ်။ သူ့အဆိုအရ သူက ဆေးလိပ်မသောက်ဘူး၊ ကွမ်းယာကတော့ မိမိအတွက် အကောင်းဆုံးပါလို့ ဆိုပါတယ်။ သူ့ကျန်းမာရေးအရလား ကုန်ကျစားရိတ်ကြောင့်လားဆိုတာတော့ သဲကွဲစွာ မသိရပါဘူး။
    131025001427-betel-nut-11-horizontal-gallery
    ကွမ်းသုံးယာပါ ကွမ်းတစ်ထုတ်ကို မြန်မာငွေ ၁၀၀ ကျပ်( အမေရိကန်ဒေါ်လာ ၁၀ ဆင့်) ပေးရတယ်။ ရန်ကုန်မြို့လယ်က ကွမ်းရောင်းသူ ကျော်သက်(၂၆ နှစ်)ရဲ့ ရောင်းဈေးဖြစ်ပြီး ဦးစိန်စောင့်ယူနေစဉ်မှာ သူက သွက်လက် လျင်မြန်စွာနဲ့ ကွမ်းယာထုပ်ပိုးပေးနေတာကို တွေ့ရတယ်။
    ကျော်သက်က တစ်နေ့ကို ဘယ်နှစ်ထုပ်အထိ ယာပေးနိုင်တာကို မပြောနိုင်ပေမယ့် ၂ မိနစ်အတွင်း ကွမ်း ၆ ထုပ်ကို စံနစ်တကျ သေသေသပ်သပ် လုပ်ကိုင်သွားခဲ့တယ်။ ကွမ်းယာအပေါ် မထုပ်ပိုးခင် ထုံးထပ်ဖြန်းယုံမကဘူး၊ အထားခံအောင်လို့ ဆေးရွက်ကြီးမှုန့်တွေကိုလည်း ဖြူးလိုက်ပါသေးတယ်။
    ငွေပေးချေရင်း ရီပြုံးလိုက်တဲ့ ဦးစိန်ရဲ့သွားများမှာ ကွမ်းဂျိုးကပ်လို့ အနီရောင်သန်းနေပါတယ်။
    ကြေးခေတ်ကာလကတည်းက ကွမ်းဝါးတဲ့အစဉ်အလာ စတင်နေခဲ့ကြောင်း ၂၀၀၁ ခုနှစ် ဗီယက်နမ်နိုင်ငံ၊ Thanh Hoa ခရိုင်၊ Nui Nap ဒေသမှာ တူးဖော်ရရှိတဲ့ ရုပ်ကြွင်းများကို လေ့လာမှုအရ သိရတယ်။ သွားတွေမှာ ကွမ်းဂျိုးကပ်နေတာကို သုတေသီများက တွေ့မြင်ခဲ့ရတယ်။
    ဒီအစဉ်အလာဟာ ဘာသာရေးနဲ့ယဉ်ကျေးမှုဓလေ့ကနေ ကာလကြာမြင့်စွာကတည်းက ဆက်နွှယ်ဖြစ်တည်လာခဲ့တာပါ။ အာရှဒေသအချို့မှာ ကွမ်းယာကို သွားကိုက်သွားနာ၊ ၀က်ခြံ စတဲ့ကိစ္စတွေအတွက် ဆေးမြီးတိုအဖြစ် အသုံးပြုကြတယ်။ တချို့သူတွေကျပြန်တော့ ကာမစွမ်းအင်တိုးပွားစေတယ်လို့ ယုံကြည်ကြတယ်။
    ဆေးရွက်ကြီးပါဝင်သည်ဖြစ်စေ မပါသည်ဖြစ်စေ ကွမ်းဝါးခြင်းကြောင့် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေများပြားတယ်ဆိုပြီး သိပ္ပံနည်းကျသုတေသနပြုချက်မှာ တွေ့ရပါတယ်။
    ကွမ်းသီးနဲ့ဆေးရွက်ကြီးကတဆင့် ထွက်လာတဲ့ ကင်ဆာဖြစ်ပွားစေနိုင်တဲ့ဓာတ်သဘာဝကို ကွမ်းဝါးသူရဲ့တံတွေးများမှာ တွေ့ရလေ့ရှိတယ်။ ဆေးရွက်ကြီးကတဆင့် စိမ့်ထွက်လာမှုလား၊ ရောထွေးဝါးစားရာက ထွက်ရှိလာတာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
    ပါမောက္ခကို က ဒုတိယနည်းလမ်းကနေ ဖြစ်ရတယ်လို့ ယူဆပါတယ်။ “ ကွမ်းရွက်က ကင်ဆာဖြစ်စေတဲ့ပြဿနာ မရှိပါဘူး။ ထုံး(ရည်) ကလည်း မဖြစ်စေတာ မှန်ပေမယ့် အဲ့ဒီဓာတ်ကိုထွက်လာအောင်တော့ အထောက်အကူပြုနေတယ်။ ငုပ်လျှိုးနေတဲ့ အန္တရာယ်လို့ ပြောယင်မမှားပေဘူး ” လို့ သူက ဆိုပါတယ်။
    131025000829-betel-nut-5-horizontal-gallery
    နိုင်ငံတစ်ချို့က အာဏာပိုင်တွေဟာ သတိပေးနှိုးဆော်မှုတွေ လုပ်ပေမယ့်လည်း ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကွမ်းစွဲနေသူတွေကို နားလည်အောင် ရှင်းပြဖို့ မလွယ်လှဘူး။ “ လူတွေက သိတော့သိကြတယ်။ ဒါပေမယ့် စွဲလန်းမှုကို ဖြတ်တောက်ဖို့က တော်တော်ခဲယဉ်းတယ်လေ ” လို့ ပါမောက္ခကိုက ပြောပြတယ်။
    ပါပူးဝါး နယူးဂီနီရဲ့မြို့တော် Port Moresby မှာ မကြာသေးမီကပဲ ကွမ်းရောင်းချခြင်းနဲ့ကွမ်းဝါးခြင်းကို တားမြစ်ပိတ်ပင်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒါက ကွမ်းဝါးသူတွေအနေနဲ့ စည်းကမ်းမဲ့ကွမ်းထွေးခြင်း ပပျောက်အောင်ကိုသာ အဓိက ရည်ရွယ်ခဲ့တာပါ။
    မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ စားသုံးသူအကျိုးကာကွယ်ရေးအဖွဲ့ဟာ ကွမ်းဝါးခြင်းရဲ့အန္တရာယ်နဲ့ ပတ်သက်ပြီး လူထုပညာပေးလုပ်ငန်းတွေကို စတင်ကြိုးပမ်းဆောင်ရွက်နေပါတယ်။ သို့တစေလည်း ကွမ်းရွက်ပေါ်က ပိုးသတ်ဆေးအန္တရာယ်များအကြောင်းသာ ဖြစ်နေပါတယ်။
    “ ရှေးပဝေသဏီကတည်းက ကွမ်းရွက်ကို ဆေးဝါးအဖြစ် အသုံးပြုလာကြတယ်။ ဒါပေမယ့် ခုအခါမှာ ကွမ်းရွက်တွေကလည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုးသတ်ဆေးကို အလွန်အကျွံအသုံးပြုလာကြလို့ပါပဲ ” လို့ အဖွဲ့ဥက္ကဌဖြစ်သူက CNN ကို ပြောပြခဲ့တယ်။
    သိပ္ပံအထောက်အထား မဟုတ်တဲ့ သီအိုရီတစ်ရပ်ကို ပါမောက္ခကို က ဒီလိုတင်ပြထားပါတယ်။
    “ ကွမ်းရွက်နဲ့ကွမ်းသီးအကြားက ဆက်သွယ်ချက်ကို အတိအကျ မသိရပါဘူး။ ကွမ်းသီးနဲ့ကွမ်းရွက် နှစ်မျိုးလုံးက ပိုးမွှားလေးတွေကို ကိုယ်ခံအား ပိုကောင်းစေပါတယ်။ အစောပိုင်းလေ့လာမှုတွေမှာ ပိုးသတ်ဆေးတွေက သွေးကင်ဆာ သို့မဟုတ် Lymph ကင်ဆာနဲ့ ဆက်စပ်မှုရှိနိုင်တာကိုပြသထားခဲ့ပေမယ့် ခံတွင်းကင်ဆာနဲ့ဆက်စပ်မှုကိုတော့ လုံးဝ မတွေ့ရပါဘူး ”။
    မည်သည့်ခိုင်လုံသောအကြောင်းအချက်ရှိစေကာမူ ခေါက်ဆွဲရောင်းသူ မျိုးမင်းသန်းကတော့ ကွမ်းဖြတ်ဖို့ အစီအစဉ် မရှိဘူးလို့ဆိုပါတယ်။ နံနက် ၃ နာရီကနေ ည ၈ နာရီအထိ ငြီးငွေ့စရာအရောင်းကာလရှည်ကြီးကိုကျော်ဖြတ်ဖို့ သူ့အတွက် ကွမ်း ၁၀ ထုပ်လောက် လိုအပ်ပါတယ်တဲ့။
    “ ကျွန်တော် တစ်နေကုန်အလုပ်လုပ်နေရတာပါ။ တစ်နေ့ဆိုတဲ့အချိန်က ရှည်လျားကြာညောင်းလှတော့ ကွမ်းဝါးနေယင် မအိပ်ချင်တော့ဘူးလေ ” ဆိုပြီး သူက ပြောပြခဲ့ပါတယ်။
    CNN မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် Hilary Whiteman ၏ Nothing to smile about: Asia’s deadly addiction to betel quids ဆောင်းပါးကို မြင့်မိုရ်မောင်မောင် စီလျော်အောင် မြန်မာပြန်ဆိုပါသည်။
    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]
  • ဒေါ်အောင်ဆန်းစုကြည် နှင့် အစ္စလာမ်ကြောက် ဗုဒ္ဓဘာသာဝင်များ လောက (By ဒေါက်တာ မောင်ဇာနည်)
    နိုဝင်ဘာ ၄၊ ၂၀၁၃
    M-Media
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်
    20131136475110734_20
    ဆယ်စုနှစ်များစွာ မကောင်းမြင်အောင်ပုံဖော်၍ ဖိနှိပ်ခံထားရသော လူနည်းစုမြန်မာမွတ်စ်လင်မ်တို့မှာ နှုတ်ပိတ်တိတ်ဆက်လျက်ရှိသည့်မီဒီယာအကြားဝယ် အကြမ်းဖက်လှိုင်းသစ်တစ်ရပ်ကို ရင်ဆိုင်နေရ၏။
    လူ့အခွင့်အရေး၊ အကြမ်းမဖက်ရေး နှင့် ပြန်လည်ရင်ကြားစေ့ရေး၌ ကမ္ဘာ့အထင်ရှားဆုံးရုပ်လုံးတစ်ခုဖြစ်လျက်ရှိသူ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်၏ အစ္စလာမ်ကြောက်ဗုဒ္ဓဘာသာလောကသို့ တိုးဝင်ခဲ့ပေပြီ။ Today အမည်ရှိ BBC ၏ အထူးတင်ဆက်မှုအစီအစဉ်၌ ပြည်သူနှင့် ဘုန်းကြီးများ အပါအ၀င် ဗုဒ္ဓဘာသာဝင်တို့၏ စံနစ်တကျ အကြမ်းဖက်မှု လှိုင်းလုံးများ နှင့် နာဇီဆန်ဆန် အမုန်းဝါဒဖြန့်မှုများကို အပြန်အလှန် အကြမ်းဖက်မှု အဖြစ် သူမက ပုံဖော်ကာ ဗုဒ္ဓဘာသာဝင် မြန်မာများသည် ကမ္ဘာအနှံ့ မွတ်စ်လင်မ်သြဇာ ကြီးထွားမြင့်မားနေမှု အပေါ် စိုးရိမ်ကြောက်ရွံ့နေခြင်းကြောင့်ဖြစ်ကြောင်း ဆိုလိုက်သည်။
    ထင်ရှားသောအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ “အကြောက်တရားမှလွတ်မြောက်ရေး” အတွေးအမြင်ကို မြန်မာပြည်သာမက ကမ္ဘာတစ်ဝှန်းကပင် ချီးကျူးလေးစားခဲ့ကြသည်။ သို့သော် ယခုအခါ သူမကိုယ်တိုင်က အခြားအကြောက်တရားတစ်မျိုးဖြစ်သည့် Islamophobia ခေါ် “ အစ္စလာမ်ကို အမြင်မှားကြောက်ရွံ့မှု ” ထဲသို့ မြုပ်ဝင်သွားပုံရလေသည်။
    လက်ရှိအကြမ်းဖက်လှိုင်းလုံးများသည် အပြန်အလှန်အကြမ်းဖက်မှု ဖြစ်ရန်နေနေသာသာ နိုင်ငံ့လူဦးရေ သန်း ၆၀ အနက် ၁.၃ သန်းရှိ ရိုဟင်ဂျာမွတ်စ်လင်မ်တို့အား မျိုးသုဉ်းရှင်းလင်းရေးလုပ်နေသည်ကို တစစဖြင့် အမှန်တရား ပေါ်လွင်လာလျက်ရှိနေသည်။ ဤသည်မှာ London-based Equal Rights Trust သုတေသနကောလိပ်မှ သုံးနှစ်တာလေ့လာမှုအပြီး ကျွန်ုပ်၏ ကောက်ချက်ချမှုပင် ဖြစ်ပါသည်။
    သမိုင်းနှင့်ချီသော မျိုးသုဉ်းရှင်းလင်းမှု
    ————————————–
    စစ်တပ်ချုပ်ကိုင်ထားသည့် မြန်မာနိုင်ငံအနောက်ပိုင်း အာရကန်ပြည်နယ်(ယခုအခေါ် ရခိုင်ပြည်နယ်)၌ ၁၉၇၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ဆင်ရေးကြီးတစ်ရပ်ကို ပထမဆုံး ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။ လူပေါင်း နှစ်သိန်းလေးသောင်းခန့်မှာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ နယ်နှင်မောင်းထုတ်ခံရသည်။ ဤသည်ကား အနောက်တိုင်းမှ အစွန်းရောက်အစ္စလာမ်တို့ကိုပြုလုပ်သည့် “War on Terror” မတိုင်မှီကတည်းက ဖြစ်စဉ်တည်း။ မွတ်စ်လင်မ်များအပါအ၀င် လူများစုဗမာလူမျိုးတို့က “အမေစု” ဟုခေါ်တွင်နေသော အောက်စ်ဖို့ဒ် တက္ကသိုလ်ထွက် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင်သည် “မွတ်စ်လင်မ်တို့၏သြဇာမြင့်တက်ကြီးထွားလာခြင်း” ဟူသည့်စကားလုံးကို အလျောက်ပတ်ဆုံးဆင်ခြေအဖြစ် အသုံးပြုလိုက်လေသည်။
    မတူညီသောနောက်ခံအနေအထားရှိကြသည့် ဗုဒ္ဓဘာသာမြန်မာများ နှင့် မွတ်စ်လင်မ်များသည် အချင်းချင်း ကြောက်ရွံ့စိုးရိမ်နေကြသည်ဟု ဒေါ်အောင်ဆန်းစုကြည်က လွဲမှားစွာ ယှဉ်တွဲသုံးသပ်ခဲ့သည်။ မွတ်စ်လင်မ်တို့မှာ မီးရှို့သတ်ဖြတ်ခံရခြင်း၊ ပျက်လိုပျက်ဆီးပြုခံရခြင်း၊ အဓမ္မဌာနီစွန့်ခွာစေခြင်း စသော လက်တွေ့မျက်တွေ့အချက်များကို သူမမှ လုံးလုံးလျားလျား လျစ်လျူရှုလိုက်ကြောင်း ပေါ်လွင်နေပေသည်။ ရခိုင်ပြည်နယ်အတွင်း အိုးမဲ့အိမ်မဲ့ဖြစ်သွားသော လူတစ်သိန်းလေးသောင်းကျော်အပါအ၀င် အကြမ်းဖက်ခံသားကောင်များ၏ ၉၀ ရာခိုင်နှုန်းမှာ ရိုဟင်ဂျာ နှင့် အခြားမွတ်စ်လင်မ်တို့ ဖြစ်ကြ၏။ ပြည်တွင်းရှိ မြို့၁၁ မြို့အသီးသီးသို့ မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုများ ပြန့်နှံ့ခဲ့ရာ သေဆုံးသူမွတ်စ်လင်မ်ဦးရေ ၁၀၀၊ ဌာနေပျောက်သူမွတ်စ်လင်မ်ဦးရေ ၁၂၀၀၀၊ ဖျက်ဆီးခံမွတ်စ်လင်မ်အိမ်ခြေ ၁၃၀၀ နှင့် ဖျက်ဆီးခံဗလီဝတ်ကျောင်း ၃၇ လုံး ရှိနေပြီဖြစ်သည်။
    ၁၉၉၀ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာမွတ်စ်လင်မ်တို့မှာ လုံခြုံရေးတင်းကြပ်ထားသည့် နယ်မြေများအတွင်း ပိတ်လှောင်ခံထားရသည်။ ခရီးသွားလာခွင့်ဆိုင်ရာ ပြင်းထန်သောကန့်သတ်ချက်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပြည့်ဝစွာမရအောင် ကာဆီးမှုများ၊ ပညာရေးနှင့်အလုပ်အကိုင် မရရှိစေမှုများ ကြုံခဲ့ရသည်။ နိုင်ငံလုံခြုံရေးတပ်ဖွဲ့တို့၏လက်အောက်ဝယ် လိင်စော်ကားမှုများ၊ အပြစ်ရှာစွပ်စွဲမတရားစီရင်ခြင်းများ၊ အဓမ္မစေခိုင်းမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ စသည့် ညှင်းပန်းရက်စက်မှုများမှာ အထိန်းအကွပ်မဲ့ တိုးပွားလျက် ရှိသည်။
    ထိမ်းမြားခြင်းနှင့်မီးဖွားခြင်းဆိုင်ရာ တင်းကြပ်ကန့်သတ်မှုများကြောင့် ရိုဟင်ဂျာကလေးငယ် ခြောက်သောင်းကျော်မှာ မြန်မာအစိုးရ၏အသိအမှတ်ပြုခြင်းကို မရရှိကြ (၀ါ) နိုင်ငံသားစာရင်း အသွင်းမခံကြရ။ ကလေးသူငယ်များဆိုင်ရာအခွင့်အရေးကို ချိုးဖောက်လျက် အခြေခံပညာသင်ယူခွင့်ကိုလည်း မပေးခဲ့ကြချေ။ မြန်မာသည် အာရှတိုက်အတွင်း စာတတ်မြောက်မှုနှုန်း အမြင့်ဆုံးနိုင်ငံစာရင်း၌ ပါဝင်နေသော်လည်း အရွယ်ရောက်ပြီး ရိုဟင်ဂျာ ၈၀ ရာခိုင်နှုန်းမှာ စာပေမတတ်မြောက်ကြသည်မှာ အံ့အားသင့်စရာပင်။ ဆေးဝါးကုသခွင့်ရရှိမှုနှင့်စပ်လျဉ်း၍ လူနာ ၃၇၅ ဦးလျှင် ဆရာဝန်တစ်ဦးနှုန်းဆိုသည့် နိုင်ငံတော်ပျမ်းမျှအချိုးနှင့်နှိုင်းယှဉ်ကြည့်သောအခါ ရိုဟင်ဂျာမွတ်စ်လင်မ်တို့အကြား လူနာ ၇၅၀၀၀ လျှင် ဆရာဝန်တစ်ဦး၊ ရိုဟင်ဂျာအများစုရှိရာဒေသများတွင် လူနာ ၈၃၀၀၀ လျှင် ဆရာဝန်တစ်ဦးနှုန်း ဖြစ်နေသည်ကိုတွေ့ရ၏။
    လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ HRW မှဆိုထားသော မျိုးသုဉ်းရှင်းလင်းခြင်း နှင့် လူ့အခွင့်အရေးချိုးဖောက်ရာဇ၀တ်မှုများမှာ မြန်မာနိုင်ငံ၌ မရှိကြောင်း ဒေါ်စုကြည်မှ ငြင်းဆိုလိုက်သဖြင့် အပြည်ပြည်ဆိုင်ရာ၏စောင့်ကြည့်အကဲခတ်မှု ပိုမို ကြီးမားသွားစေသည်။ မြန်မာပြည်လူဦးရေစုစုပေါင်း၏ ၄ ရာခိုင်နှုန်းမျှသာရှိနေသော လူနည်းစုမွတ်စ်လင်မ်တို့အား လူမျိုးရေးအကြမ်းဖက်မှုများအပေါ် တမင်ရေငုံနှုတ်ပိတ်နေနေခြင်းကြောင့် သူမအား နိုင်ငံတကာဝေဖန်မှု မြင့်မားနေဆဲဖြစ်သည်။
    ၁၉၇၈ ခုနှစ်ကတည်းက နိုင်ငံတော်မူဝါဒဖြင့် ရိုဟင်ဂျာတို့အပေါ် စံနစ်တကျကြိုတင်စီမံပြီး တငွေ့ငွေ့လောင်ကျွမ်းနေသော မျိုးသုဉ်းရှင်းလင်းရေး၊ နိုင်ငံတော်မှ ထိထိရောက်ရောက်အရေးမယူဘဲ ထပ်မံမျက်နှာလွှဲထားခဲ့သော မကြာသေးမီဖြစ်ပွားခဲ့သည့် မွတ်စ်လင်မ်ဆန့်ကျင်ရေး တအုံတကျင်းအကြမ်းဖက်မှု၊ မီဒီယာအား ဒုတိယလက်နက်လိုအသုံးချမှုတို့အား ရှုတ်ချဝေဖန်ရန် ဒေါ်စုကြည်မှ ပျက်ကွက်ခဲ့သည်။
    နှုတ်ပိတ်တိတ်ဆိတ် မီဒီယာများ
    ———————————-
    ရိုဟင်ဂျာတို့အား စံနစ်တကျကြံစည်ရှင်းလင်းရေးပုံဟန်တို့ကို မီဒီယာများမှ ဆယ်စုနှစ်များစွာ မသိကျိုးကျွံ ပြုခဲ့ကြသည်။ ယခုချိန်တိုင်အောင် မီဒီယာခေါင်းကြီးပိုင်း၌ ထိုက်ထိုက်တန်တန်နေရာရထားသူ ဒေါ်စုကြည်ပင်လျှင် မျိုးသုဉ်းရှင်းလင်းရေး မဟုတ်ပါ၊ မရှိပါဟု ဆိုနေချေပြီ။ တရုတ်၏လက်ဝါးကြီး အုပ်ပုံဟန်နှင့် အတူ မြန်မာစစ်ခေါင်းဆောင်များ တံခါးဖွင့်ဝါဒ ကျင့်သုံးကတည်းက မြန်မာနိုင်ငံသည် နောက်ဆုံးလက်ကျန် အပျိုစင်စီးပွားရေးဈေးကွက်များ အနက်တစ်ခု အပါအ၀င်ဖြစ်နေကြောင်း မီဒီယာများနှင့်အပြည်ပြည်ဆိုင်ရာ မူဝါဒ စာမျက်နှာများပေါ်တွင် ဘွားဘွားကြီး ပေါ်လွင်လာတော့သည်။ မြန်မာပြည်ရှိ ၄င်းရွှေအခွင့်အလမ်းနှင့် ယှဉ်လာပါက အရာရာအားလုံးမှာ ၄င်းတို့အတွက် ဒုတိယအဆင့်သို့ ရောက်ရှိသွားပါသည်။
    ရိုဟင်ဂျာနှင့် အခြားမြန်မာမွတ်စ်လင်မ်တို့သည် မိမိတို့ရပ်တည်မှုနှင့်စပ်လျဉ်း၍ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရ၏။ ၄င်းတို့သည် လူနည်းစုလေးသာဖြစ်နေသည် သာမက မြန်မာ့ စီးပွားရေး၊ နိုင်ငံရေး၊ လူ့ အဖွဲ့အစည်းအရေးတို့၌ တန်းတူ အခွင့်အရေး မရရှိခြင်းကြောင့် နိမ့်ကျသည့်အခြေအနေတွင် ရှိနေခဲ့ပြီးဖြစ်သည်။ ၄င်းတို့သည် ဗုဒ္ဓ လမ်းစဉ်ကိုသော်လည်းကောင်း၊ နိုင်ငံတော် လုံခြုံရေးနှင့် အချုပ်အခြာအာဏာကိုသော်လည်းကောင်း အန္တရာယ်ပေးသူများ မဟုတ်ကြ။ လူမှု ကဏ္ဍတိုင်း၌ ဖိနှိပ်ရန် စံနစ်တကျ ဖွဲ့စည်းစုရုံးထားသည့် မွတ်စ်လင်မ်ဆန့်ကျင်မှု အမျိုးသားရေး ၀ါဒီများဖက်သို့ အမေစုသည် သိသိသာသာ တိမ်းညွှတ်ရပ်တည်သွားသည့်အပြင် –  ဗြိတိန်၊ အမေရိကန်စသည့် အစိုးရများက ကိုယ်ပိုင်ဗျူဟာမူဝါဒနှင့် စီးပွားရေးအခွင့်အလမ်းအမိဖမ်းရေးလိုအပ်ချက်အရ Islamophobia ရောဂါရှင် ၀ါဒဖြန့်လှုံ့ဆော်သူနှင့် အမုန်းတရား သွတ်သွင်းဟောပြောသူတို့ကို ထင်ရှားစွာ ကျားကန်ပေးနေသည့် စစ်ခေါင်းဆောင်တို့နှင့် သင့်မြတ်ရေးကို ရွေးချယ်လိုက်သောအခါ ……. မြန်မာ မွတ်စ်လင်မ်တို့ အဖို့ ဒုက္ခတွင်း နက်သထက်နက်ရပေသည်။
    aljazeera တွင် ဖော်ပြပါရှိသော ဒေါက်တာမောင်ဇာနည်၏ Aung San Suu Kyi and the world of Buddhist Islamophobia ဆောင်းပါးကို “ မြင့်မိုရ်မောင်မောင် ” မှ ဆီလျော်အောင်ပြန်ဆိုရေးသားသည်။
    ဆောင်းပါးရှင် မောင်ဇာနည်သည် London School of Economics မှ Civil Society and Human Security Unit ၏ ဧည့်သည်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ မိမိဇာတိမြန်မာပြည်မှ လူမျိုးရေးအကြမ်းဖက်မှု နှင့် နာဇီလက်သစ်ဗုဒ္ဓ အမျိုးသားရေးဝါဒတို့အပေါ် ဝေဖန်သုံးသပ် တင်ပြနေသူလည်း ဖြစ်သည်။
  • ပညာအရည်အသွေးမြင့်မားဖို့ ဆရာအရည်အချင်းမြင့်တင်စို့
    ပညာအရည်အသွေးမြင့်မားဖို့ ဆရာအရည်အချင်းမြင့်တင်စို့
    အောက်တိုဘာ ၃၀၊ ၂၀၁၃
    M-Media
    ဆောင်းပါးရှင် – ဒေါက်တာသန်းမင်းထိုက်(မြန်မာစာ)
    2013-10-30 11.02.06
    လက်ရာညံ့၍ အလှမပီသော ယမင်းရုပ်က ထုဆစ်သူ ပန်းပုဆရာ၏ ခပ်ညံ့ညံ့ပညာကို လှစ်ဟဖော်ပြနေပါသည်။ လက်ရာ မြောက်၍ အသက်ဝင်သော ယမင်းရုပ်မှာမူ လက်ရာရှင် ပန်းပုဆရာ၏ ပါရမီပြည့်ဝသည့် အတတ်ပညာကို ဖော်ကျူး ပြသနေပါသည်။ ပန်းပုပညာ၏ အရည်အသွေးသည် ပန်းပုဆရာ၏ အရည်အချင်းပေါ်တွင် တိုက်ရိုက် တည်မှီနေသကဲ့သို့ ပညာတိုင်း ပညာတိုင်း၏ အရည်အသွေးသည် ပညာကမ်းဆင့်သူ ဆရာတို့၏ အရည်အချင်းပေါ်တွင် တည်မှီနေပါသည်။ ဆရာ့ အရည်အချင်း မြင့်ပါမှ ပညာအရည်အသွေးမြင့်ပါလိမ့်မည်။ပညာအရည်အသွေးကို မြှင့်မားစေလိုလျှင် ဆရာ့အရည်အချင်းကို ဦးစွာမြှင့်တင်ကြရပါမည်။
    ‘ပညာ’ဟုဆိုရာတွင် ‘၀ိဇ္ဖာ’တည်းဟူသော အသိပညာ၊ သိပ္ပံတည်းဟူသောအတတ်ပညာ ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ ဆရာတော်ရှင်မဟာရဋ္ဌသာရက ကိုးခန်းပျို့တွင် “၀ိဇ္ဖာသိပ္ပ လူ့ကိစ္စ” ဟု သုံးနှုန်းမိန့်ဆိုခဲ့ပါသည်။ အသိပညာ အတတ်ပညာ ရှာမှီးခြင်းသည် လူတို့နှင့်သာဆိုင်သောကိစ္စ ဖြစ်သည်။ လူတို့၏အမှတ်လက္ခဏာဖြစ်သည်။ လူပီသရန် ပညာကို သင်ယူကြရပါသည်။ သင်ယူသူရှိလျှင်သင်ကြားပေးသာဆရာလည်းရှိရပါမည်။
    ‘ဆရာ’သည် ‘ပညာ’ကို လက်ဆင့်ကမ်းသယ်ဆောင်ပေးသူဖြစ်သည်။ ရှေးလူတို့၏ အမွေဖြစ်သော အသိ၊ အတတ်တို့ကို နှောင်းလူတို့က ဆရာဖြင့် တဆင့်သယ်ဆောင် ရယူပြီးနောက် အသိသစ် အတတ်သစ်တို့ဖြင့် ပေါင်းစည်းကာ ပညာ အဆောက်အအုံကို ပိုမိုမြင့်စွင့်ခိုင်မာ စေသည်။ ပညာသယ်ဆောင်သူဆရာတို့က အရည်အချင်း မြင့်လျှင် မဖိတ်စင်၊ မယိုယွင်း၊ မတိမ်းပါးအောင် သယ်ဆောင်ပို့ပေးနိုင်ပါမည်။ ဆရာ့အရည်အချင်းနိမ့်လျှင်မူ ပညာသယ်ဆောင်ရာ၌  အလေအလွင့် ရှိနိုင်ပါသည်။ ဆုတ်ယုတ်လျော့ပါးနိုင်ပါသည်။
    ၂၁-ရာစု မုခ်ဦးအလွန်ကို အင်တာနက်ခေတ်၊ နည်းပညာခေတ်၊ အီလက်ထရောနစ်ခေတ်၊ သတင်းကွန်ရက်ခေတ် စသည်ဖြင့် သမုတ်ကြသည်။ မည်သို့ခေါ်ခေါ် ဤခေတ်သည် ကမ္ဘာကို ရွာဖြစ်စေသောခေတ် ဖြစ်သည်။ ခြုံပြောရလျှင် ပညာလှိုင်လှိုင်ကြွယ်သော ပညာခေတ်ဖြစ်သည်။ ပညာနိမ့်ပါးလျှင် ခေတ်ကိုမျက်ခြည်ဖြတ်သူ၊ ခေတ်နှင့် အံမ၀င်သူ၊ ခေတ်နောက်ကျန်သူ ဖြစ်ပေမည်။ ဤခေတ်၏ လူ့အဖွဲ.အစည်းသည် ပညာလူအဖွဲ့အစည်းဖြစ်သည်။ ပညာနိမ့်ပါးလျှင် လူတောတိုးဝံ့မည် မဟုတ်၊ တိုးဝံ့သော်ပဲထား၊လူပုံအလယ်တင့်တယ်မည်မဟုတ်။ ယနေ့ ကမ္ဘာ၏ သြဇာသည်လည်း ပညာဖြစ်သည် လူခါးတောင်ကျိုက်ပြီး လက်ရုံးချင်းယှဉ်ပြိုင်ရသောခေတ် မဟုတ်။ ဥာဏ်ခါးတောင်းကြိုက်ပြီး ပညာချင်း ယှဉ်ရသောခေတ်ဖြစ်သည်။
    ခေတ်က ဤသို့သောခေတ်၊ မိမိတိုင်းပြည်ကလဲ ယခုမှ စနစ်သစ် ခေတ်သစ်ဆီသို့  ခြေလှမ်းသစ်လှမ်းနေသော နုနုထွေးထွေးကာလ။ ဤခေတ် ဤစနစ်တွင် တိုင်းပြည် အတွက် ပညာသည် အရေးအပါဆုံး မောင်းနှင်အားတရပ် ဖြစ်သည်။ ခပ်ညံ့ညံ့ပညာရေးဖြင့် ခရီးတွင်မည်မဟုတ်။ ကမ္ဘာနှင့်ယှဉ်ကာ အမှီလိုက်ရန်လည်း လွယ်မည် မဟုတ်။ အရည်အသွေးမြင့်သော ပညာဖြင့်သာ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ကာ အနာဂတ်တိုင်းပြည်ကို လှပဝေစည်အောင် ၀ိုင်းဝန်းတည်ထောင်ကြရပါမည်။
    အရည်အသွေးမြင့်သော ပညာဆိုသည်မှာ အဘယ်နည်း။ ရှင်မဟာသီလ၀ံသက ပါရာယန၀တ္ထုတွင် ပညာဟူသည် အပြစ်အကျိုးကို ခွဲခြမ်းနိုင်ခြင်းဥာဏ် ဟူ၍ ဖွင့်ဆိုခဲ့ ပါသည်။ မြန်မာအဘိဓာန်တွင်လဲ ပညာကို ခွဲခြမ်းသိမြင်နိုင်သော အသိဥာဏ်၊ ‘အတတ်’ ဟူ၍ဖွင့်ဆိုထားပါသည်။ ဤအဖွင့်တွင် ပညာ၏သဘောလက္ခာဏာကို ပြတ်ပြတ် ထင်ထင် တွေ့နိုင်သည်။ ပညာသည် အကောင်း၊ အဆိုး၊ အမှား၊ အမှန်၊ အကျိုး၊ အပြစ်တို့ကို ခွဲခြားသိမြင်စေတတ်သော လက္ခဏာရှိသည်။ တစ်ဖန် ပုဂံခေတ် သိင်္ဃသူ့ သမီးကျောက်စာတွင် ‘ပညာမရှိသော၊ မိုက်သော’ဟူ၍လည်းကောင်း၊ ‘ပညာရှိသော၊ အကြောင်းကိုသိတတ်သော’ဟူ၍လည်းကောင်း အနက်တူစကားလုံးကွဲများဖြင့် ဆုတောင်းထားပုံကို တွေ့ရသည်။ ပညာမရှိခြင်းသည် မိုက်ခြင်းဖြစ်သည်။ မိုက်မဲခြင်း၊ မှောင်မိုက်ခြင်း၊ အသိအမြင် အလင်းမဲ့ခြင်းတို့သည် ပညာမဲ့ခြင်း၊ ပညာကင်းခြင်း လက္ခဏာဖြစ်သည်။ ပညာရှိလျှင်ကား အကြောင်းကိုသိ၏။ အကျိုးတရားတိုင်း၏ အကြောင်းတရားတို့ကို ဆင်ခြင်သိမြင်အောင် ကြိုးစားနိုင်စွမ်းရှိ၏။ ပန်းသီးကြွေခြင်း၏ အကြောင်းရင်းမှာ ကမ္ဘာမြေ၏ ဆွဲအားကြောင့်ဟု သိသွားသော နယူတန်သည် ပညာရှိသူဖြစ်လာ၏။
    တစ်စုံတစ်ယောက်သည် အတန်းပညာသင်ယူတတ်မြောက်၍ ဘွဲ့လက်မှတ်တို့ကို ကိုင်ဆောင်ထားပါသော်လည်း အကောင်းနှင့်အဆိုး မကွဲမပြားဖြစ်နေလျှင် အမှားနှင့် အမှန် ရောရောထွေးထွေး ရှိနေလျှင် အကျိုးနှင့်အပြစ် ခြားခြားနားနား ဆင်ခြင်မသိလျှင် ပြဿနာ၏အကြောင်းရင်းကို ခြေခြေမြစ်မြစ် စေ့ငှသေချာ လေ့လာစူးစမ်းခြင်း မရှိပဲ ကောလဟလများကို ယုံလွယ် လက်ခံလွယ် လက်ဆင့်ကမ်းလွယ်လျှင် ပဋိ့ပက္ခများတွင် ကျင်လည်နစ်မျော အရုန်းခက်သူဖြစ်နေလျှင် ထိုသူသည် ပညာ၏ သဘောကို ငုံမိခြုံမိသူမဟုတ် အရည်အသွေးနိမ့်သော ပညာကိုသာ ရရှိထားသူဖြစ်သည်။
    ၂၁-ရာစု ကမ္ဘာတွင် အသိပွားရန်၊ လုပ်တတ်ကိုင်တတ်ရန်၊ ဖွံ့ဖြိုးစေရန်၊ အတူရှင်သန်နေထိုင်ရန်တို့အတွက် ရည်ရွယ်၍ ပညာသင်ကြပါသည်။ ဤရည်ရွယ်ချက်ကို အောင်မြင်စွာ ပေါက်မြောက်ခြင်း ရှိ-မရှိသည်လည်း ပညာအရည်အသွေးနှင့် သက်ဆိုင်ပါသည်။ အရည်အသွေးမြင့်သောပညာ ဟုတ် မဟုတ်ကို ဤနည်းဖြင့် ဆန်းစစ် ကြည့်နိုင်ပါသည်။
    ပညာအရည်အသွေးမြင့်မားရန် ဆရာ့အရည်အချင်းကို မြှင့်တင်ရပါမည်။ သို့ဖြစ်လျှင် ဆရာ့အရည်အချင်းတို့ကား အဘယ် အရာများနည်း။
    လူတိုင်းသည် အခြားသူများအတွက် တစ်ကြိမ်တစ်ခါမက ဆရာဖြစ်ခဲ့ဖူးပေမည်။ သို့သော် ဆရာဘ၀ဖြင့် အသက်မွေး၍ ပညာလက်ဆင့်ကမ်းသည့်အလုပ်ကို တစိုက် မတ်မတ်လုပ်မည့်သူအတွက်ကား ၀ါသနာသည် မရှိမဖြစ် အခြေခံ အရည်အသွေးဖြစ်သည်။ အချို့က ဆရာအလုပ်ကို ရရာအလုပ်ရှာရင်း ၀င်လုပ်မိလျက်သား ဖြစ်သွား သူများရှိသည်။ အသက်မွေးဝမ်းကျောင်းတစ်ရပ်အနေဖြင့် ၀င်လုပ်ကြသည်။ အချို့လည်း ဆရာဘ၀ ရကာမှ ဆရာစိတ် စီးဝင်လွှမ်းခြုံမိသွားသည်။ အချို့ကမူ ဆရာဟု အမည်တွင်သော်လည်း ဆရာမပီ၊ ဆရာမည်ကာမတ္တဖြစ်သည်။ အကြောင်းမှာ မူလကပင် ၀ါသနာအခြေမခံသောကြောင့်ဖြစ်သည်။ ၀ါသနာမပါလျှင် အနစ်နာမခံလို၊
    စေတနာပါမည်လည်း မဟုတ်။ စွဲမြဲကြံ့ခိုင်စိတ်လည်းမရှိ၊ စာသင်သား၏အကျိုးကို မကြည့်ဘဲ မိမိ အကျိုးကိုသာ ကြည့်တတ်ကြသည်။ ထို့ကြောင့် အရည်အသွေးမြင့် ဆရာများ ပေါ်ထွန်းစေရန် ၀ါသနာအခြေခံဆရာများကို ရွေးချယ်အပ်သည်။ ကာယကံရှင်များကလည်း ၀ါသနာပါမှသာ ဆရာအလုပ်ကို ရွေးချယ်သင့်သည်။
    ဆရာသည် ‘သင်ခြေပညာ’နှင့် ‘သင်ဝေပညာ’ကို ဖြည့်ဆည်းထားရန် လိုအပ်ပါသည်။ ‘အခြေခံပညာ’ဆိုသည်မှာ မိမိသင်ကြား ပို့ချရမည့် အခြေခံအကြောင်းအရာ၊ ဘာသာရပ်ကို ဆိုလိုသည်။ ဘာသာရပ်မကျွမ်းကျင်ဘဲ ဆရာလုပ်လျှင် အရည်အချင်းရှိသော ဆရာမဖြစ်နိုင်ပေ။ အရည်အသွေးမြင့်သော ပညာကိုလည်း ကမ်းဆင့် နိုင်မည်မဟုတ်ပေ။ ဆရာသည် အချို့ကို အကုန်သိ၍ အကုန်ကို အချို့သိအပ်သည်။ မိမိကျွမ်းကျင်ရာဘာသာရပ်အချို့တွင် မမိသည် သိမြင်နှံ့စပ်သူ ဖြစ်ရမည်။ မိမိဘာသာရပ်အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိရမည်။ မိမိဘာသာရပ်မဟုတ်သော ဆက်စပ်ရာ အကြောင်းအရာတို့ကိုလည်း ဗဟုသုတရှိနေရမည်။ ထိုသို့ဖြစ်ရန် ဆရာသည် အမြဲစာဖတ်ရမည်။ ၀မ်းစာပြည့်ဖို့ လိုသည်။
    ဆရာသည် ထာဝရကျောင်းသား ဖြစ်သည်။ အစဉ်အမြဲ လေ့လာဖြည်းဆည်းနေရပါမည်။ သုတေသနမပြတ်ပြု၍ အတွေးသစ် အမြင်သစ်များဖြင့် မိမိအရည်အချင်း ကို မြှင့်တင်နေရပါမည်။ ဆရာသည် မိမိသင်မည့်ဘာသာရပ်တစ်ခုတည်းကိုသာ ကျွမ်းကျင်နေရုံဖြင့် မလုံလောက်သေးချေ။ တစ်နည်း ‘သင်ခြေပညာ’ဖြင့် မလုံလောက်။ ‘သင်ဝေပညာ’ကိုပါ ဖြည့်ဆည်းထားအပ်သည်။ ‘သင်ဝေပညာ’ဆိုသည်မှာ သင်ကြားမျှဝေပုံ နည်းနာဖြစ်သည်။ ‘ဘာသင်မလဲ’ဆိုသည်ထက် ‘ဘယ်လိုသင်မလဲ’ကပို၍ အရေးကြီးသည်ထင်သည်။ သင်မည့် အကြောင်းအရာက အရေးမကြီးဟု ဆိုလိုခြင်းမဟုတ်ပေ။ သင်မည့် အကြောင်းအရာသည် အဓိကပေးမည့် ပညာဖြစ်သည်။ သို့သော် ‘သင်ပြနည်း’ကို မသိပဲသင်လျှင် ‘ပေးကားပေး၏အရ’ဆိုသလို ဖြစ်တတ်သည်။ ထို့ကြောင့် ဆရာ့ အရည်အချင်းကို ‘သင်ဝေပညာ’ဖြည့်ဆည်းခြင်းအားဖြင့်လည်း မြှင့်တင်ရပါမည်။
    မျက်မှောက်ခေတ်ပညာရေးသည် ဆရာဗဟိုပြု ပညာရေးမှသည် ကျောင်းသားဗဟိုပြု ပညာရေးဘက်သို့ ပြောင်းလဲလာပြီ ဖြစ်သည်။ ဆရာက တပည့်များအား ပို့ချရုံ သက်သက် ပညာရေးမျိုး မဟုတ်တော့ပေ။ သင်ယူမှု လွယ်ကူချောမွေ့အောင် စီစဉ်ပေးသူ၊ ကူညီသူ၊ လမ်းညွှန်သူ၊ နည်းလမ်းပြသူ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ များကို လေ့ကျင့်ပြုပြင်ပေးရသူ ဖြစ်လာပါသည်။ ဤအရည်အချင်းများ ဆရာ့တွင် ရှိရပါမည်။
    ဆရာသည် အဂတိတရားကင်းစင်ရန်လည် လိုအပ်သည်။ မိမိတပည့်သားတို့အား အဆင့်အတန်း၊ ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ ခွဲခြားခြင်းကင်းရမည်။ ရင်ဝယ်သား ကဲ့သို့ တစ်တန်းတစ်စားတည်း ဆက်ဆံတတ်သူဖြစ်ရမည်။ စာသင်သား၏ နောက်ခံလူမှုအခြေအနေကိုလည်း သိနားလည်အောင် အားထုတ်သင့်သည်။အားပေးနှစ်သိမ့် ခြင်း၊ ကူညီပံ့ပိုးခြင်း၊ စာနာခြင်းတို့ဖြင့် ပညာသင်ကြားရာတွင် အခက်အခဲ ဆူးငြောင့်ခလုတ်များကို ဖယ်ရှားနိုင်ကောင်းသည်။ ဆရာသည် တပည့်အား စာသာမက ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရား၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်တို့ကိုလည်း သွတ်သွင်းပေးသင့်ပါသည်။ ၀န်းကျင်နှင့် သဟဇာတရှိရှိ နေတတ်ထိုင်တတ် ပေါင်းသင်း တတ်အောင်လည်း သင်ကြားပေးနိုင်ရပါမည်။ ဆရာသည် စာကိုသာမဟုတ် စိတ်ကိုပါ သင်ကြားရာသည်။
    ဆရာသည် ဆရာ့ဘ၀၊ ဆရာ့အလုပ်ကို တန်ဖိုးထားတတ်သူဖြစ်သည်။ ဆောင်ရွက်ရမည့်တာဝန်ကို သိရမည်။ စောင့်စည်းရမည့် ကျင့်ဝတ်ကိုလည်း သိရမည်။ လိုက်နာ ရမည့်စည်းကမ်းကိုလည်း သိရမည်။ စာသင်ခန်းကို ကောင်းစွာ ထိန်းနိုင်၊ ကိုင်တွယ်နိုင်သူဖြစ်ရမည်။ စာသင်ချိန်တွင် အသံကို လုံလောက်စွာ မြှင့်နိုင်ရမည်။ အတက် အကျလည်း ရှိရမည်။ နှုတ်နှင့်မဟုတ်သော အမူအရာတို့ဖြင့်လည်း ပြောဆိုညွှန်ကြား သရုပ်ဖော်နိုင်ရမည်။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနှင့် စာကို ထိထိမိမိ သင်နိုင် ရမည်။ စာသင်သား၏ တစ်ဆက်တစ်စပ်တည်း အာရုံစိုက်နိုင်စွမ်းသည် မိနစ် ၂၀-မျှသာဖြစ်သည်ကို မမေ့သင့်ပေ။ သင်ကောင်းတိုင်း သင်၍ မရပါ။ သင်တိုင်း တတ်သည် မဟုတ်။ ပေးတိုင်းရသည်မဟုတ်။ အာရုံအပြောင်းအလဲ ဖြစ်စေရမည်။ စာသင်ချိန်အဆုံးပိုင်းတွင် ပြန်လည် ခြုံငုံသုံးသပ်တင်ပြမှုပြုရန် အရေးကြီးသည်။ ဟင်းကောင်းရန် ဟင်းကို မြည်းရသကဲ့သို့ မိမိသင်ကြားမှု အောင်မြင်ထိရောက်မှု ရှိ မရှိကိုလည်း အမြဲမပြတ် ပြန်လည် အကဲဖြတ်မှု ရှိရပါမည်။ ပြန်လည် စစ်ကြောမှု ပြုရပါမည်။ မြေဖြူ ကိုင်သည့်ခေတ်မှ ကွန်ပျူတာ၊ ပါဝါပွိုင့်၊ ပရိုဂျက်တာတို့ဖြင့် သင်ကြားရသောခေတ်သို့ ပြောင်းလာပြီဖြစ်ရာ ဆရာသည် နည်းပညာပိုင်းတွင်လည်း ပြတ်ကျန်ခဲ့၍ မရပေ။
    သင်ထောက်ကူ များနှင့် ခေတ်မီနည်းပညာများကို ကောင်းစွာ အသုံးပြုနိုင်ရပါမည်။
    စင်စစ် ပညာသင်ရာတွင် စာသင်သားအတွက် ဆရာအပြင် စာသင်ခန်း၊ သင်ရိုးညွှန်းတမ်း၊ သင်ထောက်ကူပစ္စည်းများလည်း လိုအပ်ပေသည်။ သို့ရာတွင် ထိုအရာများကို ဆရာကတဆင့် ဖန်တီးနိုင်ပါသည်။ သို့မဟုတ်လည်း ထိုအရာများကို အလဲအလှယ်ဖြင့် အစားထိုးနိုင်ပါသည်။ တိုးတက်ထွန်းကားလာသော နည်းပညာများဖြင့် အစား ထိုး၍ မရသော အရာကား ‘ဆရာ’ပင်ဖြစ်သည်။
    ဆရာသည် ပညာဖြင့် အသက်မွေးသူဖြစ်၍ မြတ်သော အသက်ရှင်ခြင်းဖြင့် ရှင်သန်နေသူဖြစ်ပါသည်။ စေတနာ၊ ပါသနာ၊ အနစ်နာဟူသော နာ(၃)နာအပြင် အကြင်နာ၊ နမူနာ၊ နည်းနာ တို့ ထပ်လောင်း၍ နာ(၆)နာနှင့် ပြည့်စုံရသူဖြစ်ပါသည်။ ထို့ပြင် ‘ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု’ဟူသော နာယကဂုဏ်(၆)ပါး နှင့်လည်း ပြည့်စုံရသူဖြစ်ပါသည်။ ‘အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့’ဟူသော ဆရာ့ဝတ္တရားတို့နှင့်လည်း အလေ့အထုံ စွဲမြဲသူ ဖြစ်ရပါသည်။ ပညာခေတ်တွင် နည်းပညာ စက်ပစ္စည်းများ မည်မျှပင် တိုးတက်စေကာမူ ဆရာတို့၏ နှလုံးသားမျိုးကို မည်သည့်နည်းပညာနှင့်မျှ အစားထိုး၍ မရနိုင် သေးပါ။ ထို့ကြောင့်လည်း ပညာအရည်အသွေးမြင့်မားရေး လိုအပ်ချက်ကို ဆရာဖြင့်သာ စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြသည့်အတိုင်း ဆရာ့အရည်အချင်း မြှင့်တင်ဖို့ ကိုသာ အားထုတ်ကြရမည် ဖြစ်ပါသည်။
    ဆရာ့အရည်အသွေးမြှင့်တင်ရန် နိုင်ငံတော်က ခေတ်ပြောင်း စနစ်ပြောင်းသည်နှင့်အညီ တတ်နိုင်စွမ်းသလောက် ကြိုးပမ်း အကောင်အထည်ဖော်လျက် ရှိပါသည်။ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် အခြားသော ပညာရေးကောလိပ် ၂၁-ခုလည်း ရှိနှင့်ပြီးဖြစ်ပါသည်။ ထိုတက္ကသိုလ်၊ ကောလိပ်များမှ အခြေခံပညာကဏ္ဍအတွက် လိုအပ် သော အရည်အသွေးမြင့် ဆရာများကို မွေးထုတ်ပေးလျက်ရှိပါသည်။ အဆင့်မြင့်ပညာကဏ္ဍအတွက် ၂၀၁၂ စက်တင်ဘာတွင် အသစ်ခန့်လိုက်သော တက္ကသိုလ်နည်းပြ၊ သရုပ်ပြများကို အရည်အချင်းမြှင့် သင်တန်းများ ဖွင့်လှစ်သင်ကြားမွမ်းမံပေးခဲ့ပါသည်။ ထိုသင်တန်းများတွင် ‘သင်ခြေပညာ’ရော ‘သင်ဝေပညာ’ပါ ဖြည့်ဆည်းလေ့ကျင့် ပေးနိုင်ခဲ့ ပါသည်။ အင်္ဂလိပ်စာ အရည်အသွေးမြင့်မားစေရန်လည်း အင်္ဂလိပ်စာသင်တန်း သီးသန့် ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
    မြန်မာနိုင်ငံသည် အာဆီယံပညာရေးကွန်ရက်ကို ၀င်ရောက်ရန် တာစူနေပါသည်။ အရည်အချင်းမြင့် ဆရာများမရှိလျှင် ၀င်ဆံ့နိုင်မည်မဟုတ်ပါ။ကမ္ဘာ့တက္ကသိုလ်များ နှင့်လည်း ပညာရေးနှီးနှောဖလှယ်မှုများ၊ ပူးပေါင်းမြှင့်တင်မှုများ ပြုလုပ်ရန် အစီအစဉ်များ ရှိနေပါသည်။ တိုင်းပြည်၏အနာဂတ် အလားအလာကောင်းများကို မြင်တွေ့ နေရပါပြီ။ ဆရာတို့သည်လည်း ဘ၀မျှော်လင့်ချက်ရှိသော လူသားများဖြစ်ပါသည်။ တိုင်းပြည် အနာဂတ်အတွက် ပခုံးထမ်းလိုစိတ်ကြောင့်ဖြစ်စေ၊ မိမိတို့၏ အရည် အချင်းပေါ်မူတည်၍ တိုးတက်လမ်းများ ခင်းကျင်းပေးထားလျှင်ဖြစ်စေ၊ ဘ၀ဖူလုံမှုမှာ အပြည့်အ၀ရှိလျှင်ဖြစ်စေ မိမိတို့ အရည်အချင်းကို မိမိတို့ကိုယ်တိုင် မြှင့်တင် ကြလိမ့်မည်ဟု ယုံကြည် ယူဆပါသည်။
    အချုပ်အားဖြင့်ဆိုပါမည်။ အရည်အသွေးမြင့်ပညာအတွက် အရည်အချင်းမြင့်ဆရာတို့ကို ခေတ်က တောင်းဆိုနေပါပြီ။ အရည်အချင်း မပြည့်မီသူများ တစ်စတစ်စ နောက်ကောက်ကျ ကျန်ရစ်ခဲ့ပါလိမ့်မည်။ မကျန်ခဲ့၊ မချန်ခဲ့စေလိုလျှင် အရည်အချင်း မြှင့်ကြပါမည်။ ကမ္ဘာ့အလယ်တွင် တိုင်းပြည်ဂုဏ်တက်၍ ပြည်သူ့ဘ၀ အရောင် လက်လိုလျှင် ‘ပညာအရည်အသွေး မြင့်မားဖို့ ဆရာအရည်အချင်း မြှင့်တင်စို့’ဟုသာ တိုက်တွန်းနှိုးဆော်လိုပါတော့သည်။
    —————————————
    * ယခုဆောင်းပါးသည် ၂၀၁၃-ခု အောက်တိုဘာ ၅-ရက်၊ ကမ္ဘာ့ဆရာများနေ့ နိုင်ငံတော်အဆင့် တက္ကသိုလ် ကောလိပ်အဆင့်တွင် ဒေါက်တာသန်းမင်းထိုက်(မြန်မာစာ) ပထမဆုရရှိခဲ့သော ဆောင်းပါးဖြစ်ပါသည်။ ယခု ဆောင်းပါး ပထမဆုကို နေပြည်တော်တွင် လက်ခံရယူရခဲ့ပါသည်။ ၎င်းနောက် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆-ရက် နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့် သိပ္ပံပပညာရှင်အဖွဲ့ဆု ၂၀၁၂- ခုနှစ်အတွက် ဆယ်သုံးကြိမ်မြောက် သုတေသန စာတမ်းဖတ်ပွဲ ဆုချီးမြှင့်မှုတွင်လည်း ၀ိဇ္ဇာပညာရပ်(မြန်မာစာ)တွင် ‘မြန်မာဘာသာစကား၏ စကားလုံးဖွဲ့ပုံကို သမူဟဘာသာဗေဒ ရှုထောင့်မှ လေ့လာချက်’ခေါင်းစဉ်ဖြင့် ဆုထပ်မံလက်ခံရယူခဲ့ရသူဖြစ်ပါသည်။
    ဒေါက်တာသန်းမင်းထိုက်နှင့် အင်တာဗျူး ဖတ်လိုပါက >> http://www.m-mediagroup.com/?s=%E1%80%80%E1%80%AF%E1%80%AD%E1%80%9E%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%91%E1%80%AD%E1%80%AF%E1%80%80%E1%80%B9
  • အစ္စလာမ့် ဒီမိုကရေစီ ပုံရိပ်လွှာ (ဆောင်းပါးရှင် ကဏ္ဍ)
    အောက်တိုဘာ ၂၉၊ ၂၀၁၃
    M-Media
    ဂျူလိုင်ရဲရင့်
    inside islam
    မုစ်လင်မ်နိုင်ငံအချို့ရှိ အိုးနင်းခွက်နင်း အုပ်ချုပ်ရေးစံနစ်များက ”အစ္စလာမ် နှင့် ဒီမိုကရေစီစံနစ် ယှဉ်တွဲရှိနိုင်သလော” ဟူသည့် မေးခွန်းဖြစ်ပေါ်လာပြီး မကြုံစဖူး သည်းသည်းလှုပ် ငြင်းခုန်လျက်ရှိကြပါသည်
    မုစ်လင်မ်ကမ္ဘာအဖို့ ဒီမိုကရေစီပန်းတိုင်သို့ရောက်ရှိရန် တစ်ခုတည်းသောနည်းလမ်းမှာ လောကီဝါဒကို ကျင့်သုံးလိုက်ခြင်းသာဖြစ်သည်ဟုအချို့က ဆိုကြ၏။ ”အနောက်တိုင်းသည် အစ္စလာမ် နှင့် အစ္စလာမ့်အဆင့်အတန်းကို ဖျက်ဆီးနေခြင်းသာဖြစ်သည်”ဟု ဆိုကြကုန်သော တွေးခေါ်ရှင်များ နှင့် အစွန်းရောက်သူများကို ဤအယူအဆက ထိုးဆွလိုက်ရာရောက်သွားစေပါသည်။
    ကမ္ဘာ့ရာဇဝင်ကို ပြန်ကြည့်လေသော် အစ္စလာမ့်ဒီမိုကရေစီစံနစ်သည် အစ္စလာမ့်ခေတ်ဦးကာလကတည်းကပင် အယူအဆရော လက်တွေ့ပါ ညီညွတ်မျှတစွာ ပေါ်လွင် ထွန်းကားခဲ့ပြီးဖြစ်နေပါသည်။ မုစ်လင်မ်ကမ္ဘာ၌ လက်ရှိ နိုင်ငံရေးဖွံ့ဖြိုးမှုသည် အဖိနှိပ်ခံစံနစ်မှလွတ်မြောက်လိုသည့်ဆန္ဒနှင့် တွဲလျက်ရှိနေလေသည်။ ထို့ကြောင့် အစ္စလာမ့်နည်းကျဒီမိုကရေစီစံနစ် ဟူသည် မည်သို့ဖြစ်ကြောင်း မြင်ယောင်လာနိုင်ရန် လုံလောက်သည့်အချိန်တစ်ရပ်ကို ပေးရပေလိမ့်မည်
    မုစ်လင်မ်တို့သည် ကြီးကြီးမားမားအစဉ်အလာရှိခဲ့သောအစ္စလာမ့်နည်းကျဒီမိုကရေစီစံနစ်၏စည်းမျဉ်းများကို ပြန်လည်ချိတ်ဆက်မိရန် နည်းလမ်းတစ်ရပ် ရှာဖွေ ကြရ မည်ဖြစ်သည်။ သို့မှသာလျှင် ဒီမိုကရေစီ၏ အတွေးအခေါ်သည် မိမိတို့၏ယုံကြည်ချက်မှာ ပြီးပြည့်စုံသောဘဝလမ်းစဉ်အဖြစ် သတ်မှတ်ခံယူထားကြသည့် မုစ်လင်မ်များ အကြား ပြေပြစ်ချောမွေ့စွာ ရောက်ရှိသွားပေမည်။ အကယ်၍ ကုရ်အာန်အပါအဝင် အစ္စလာမ့်အရင်းအမြစ်များ နှင့် ဒီမိုကရေစီစံနစ်မှာ မုစ်လင်မ်တို့၏အသိတရား၌ မကိန်းအောင်းနိုင်ခဲ့ပါလျှင် ပညာရှင်တို့၏ကျမ်းဂန်များသည် လက်တွေ့အသုံးချ၍ မရသော စာအုပ်များသက်သက်အနေနှင့်သာ စခန်းသိမ်းရတော့မည် ဖြစ်ပါသည်။
    ဖန်ဆင်းရှင်၏ဥပဒေ နှင့် လူလုပ်ဥပဒေတို့ ထိပ်တိုက်တွေ့ခြင်း
    “ဒီမိုကရေစီစံနစ် နှင့် အစ္စလာမ့်ဥပဒေမှာ မတူကွဲပြားမှုရှိသည်။ ဒီမိုကရေစီသည် လူလုပ်ဥပဒေ ဖြစ်ပြီး အစ္စလာမ်သည် ဖန်ဆင်းရှင်၏ ဥပဒေဖြစ်သည်”ဟု အချို့မှ အငြင်း ဝင်ကြ၏။ သို့ရာတွင် ယင်းသို့သော လူစားများက အစ္စလာမ်သည် သီယိုကရေစီ (သာသနာ့ပဒေသရာဇ်စံနစ်)အား ကိုယ်စားပြုသည်ဟု လွဲမှားစွာ ယူဆနေတတ်ကြပြန် ၏။ စင်စစ် ၎င်း Theocracy သည် ဒီမိုကရေစီ၏ ဆန့်ကျင်ဖက် ဖြစ်၏။ Theocracy ဟူသည်မှာ ဖန်ဆင်းရှင်ကိုယ်စား ပြောရေးဆိုခွင့်ဆုံးဖြတ်ခွင့်ရှိသူများမှ အာဏာပိုင် အဖြစ် သာသနာ့အာဏာဖြင့် အုပ်ချုပ်သည့်စံနစ်ကို ခေါ်ဆိုသည်။
    သီယိုကရေစီဝါဒ၌ ဗဟိုဦးစီးချုပ်ကိုင်သူ (ဥပမာ ပုပ်ရဟန်းမင်းကြီး) သို့မဟုတ် အခွင့်ထူးခံလူတစ်စု (ဥပမာ ဆရာသခင်/ဘုန်းတော်ကြီးများ)က အထူးအဆင့်အတန်း တစ်ရပ်အနေဖြင့် ဗျာဒိတ်သတင်းများကို မပြတ်ရရှိနေကြပြီး ၎င်းအားဖြင့် ဖန်ဆင်းရှင်၏ အလိုတော်ကိုသိလျက် အခါအားလျော်စွာ လူ့အဖွဲ့အစည်းအပေါ်သို့ ပြဋ္ဌာန်း ကျင့်သုံးသောဓလေ့ရှိသည်။
    သို့သော် စွန္နီမုစ်လင်မ်အားလုံးက လူတစ်ဦး (ဝါ) လူတစ်စုမှ ဖန်ဆင်းရှင်နှင့် တိုက်ရိုက်အဆက်အသွယ်ရှိပြီး ဖန်ဆင်းရှင်၏အလိုတော်အားသိနိုင်သည့် အထူးနည်းလမ်း ပိုင်ဆိုင်ခြင်းအယူအဆကို လက်မခံကြချေ။ လုံးဝ ပြီးပြည့်စုံသော ၊ လိုအပ်ချက်ဟူ၍ မရှိသော၊ မေးခွန်းထုတ်ရန်မလိုအပ်သော သာသနာ့အခြေတည်အုပ်ချုပ်မှု အာဏာမှာ မည်သည့်အဖန်ဆင်းခံ၏လက်ထဲတွင် မရှိနိုင်။ မိမိတို့၏အုပ်ချုပ်မှုသည် ကုရ်အာန်နှင့်စွန္နဟ်ရှိ ဗျာဒိတ်ဥပဒေအတိုင်း ဖြစ်မှသာလျှင် အာဏာ သို့မဟုတ် သြဇာ သက်ရောက်မှုရှိပေသည်။ အစ္စလာမ်သာသနာ၌ ကုရ်အာန်နှင့်စွန္နဟ်ရှိ ထင်ရှားသော အမိန့်မပါဘဲ လူသား၏ဥာဏ်ရည်သက်သက်ဖြင့် ဖန်ဆင်းရှင်၏အလိုတော်အား ဆုံးဖြတ်သတ်မှတ်ခြင်းကို ကန့်ကွက်ယုံမှတစ်ပါး အခြားမရှိပါလေ။
    ထို့ကြောင့်လည်း (ဗျာဒိတ်ကျမ်းဂန် ရရှိထားပါလျက်) အလ္လာဟ်အရှင်မြတ်ကိုစွန့်၍ မိမိတို့၏ဓမ္မဆရာများ၊ ဘုန်းတော်ကြီးများအား အရှင်သခင်အဖြစ်ပြုလုပ်ခဲ့ကြသည့်ဂျူးနှင့်ခရစ်ယာန်တို့အပေါ် ကုရ်အာန်က ပြင်းထန်စွာ ဝေဖန်ထားခြင်းဖြစ်သည် (၉း၃၁)။ တစ်နည်းဆိုသော် လွန်လေပြီးသောအတိတ်က သာသနာရေးဆိုင်ရာ လူ့အဖွဲ့ အစည်းတို့သည် ဖန်ဆင်းရှင်၏ဥပဒေအစား ၄င်းတို့၏ဘာသာရေးခေါင်းဆောင်များနောက်သို့ မျက်ကန်းရမ်းလျှောက်ပြုခဲ့ခြင်းကို ကုရ်အာန်မှ ဖော်ထုတ်တင်ပြထားလေ သည်။
    ထိုနည်းတူ သာသနာရေးရာလုပ်ပိုင်ခွင့်အာဏာကို အထက်မှအောက်သို့ အဆင့်ဆင့်သတ်မှတ် ထူထောင်ခြင်း မပြုရန် ကုရ်အာန်က အထူးသတိပေးထား၏။ ယင်းလူစား များသည် ကာလရွေ့မျောလာသည်နှင့်အမျှ လူတို့၏ဥစ္စာပစ္စည်းအား မတရားသောနည်းဖြင့် ရယူကြယုံမက လူတို့အား အလ္လာဟ့်လမ်းတော်မှလည်း ပိတ်ပင်တားဆီး လာလေ့ ရှိသောကြောင့်ဖြစ်သည် (၉း၃၄)။
    ကုရ်အာန်သည် သီယိုကရေစီဝါဒအပေါ် အယုံအကြည် မရှိ။ ကုရ်အာန့်နည်းကျအုပ်ချုပ်ပုံစံနစ်မှာ ဖော်ပြပါ အယူအဆအချက်သုံးချက်အပေါ် တည်ဆောက်စေသည်။
    ၁။ ဖန်ဆင်းရှင်တစ်ပါးတည်းသာ တုနှိုင်းမဲ့ဂုဏ်တော်များ၏ အရှင်သခင်
    တစ်ဆူတစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်သည်သာ ဖန်ဆင်းရှင်၊ ကျွေးမွေးပေးကမ်းသည့် ပျိုးထောင်ရှင်၊ အရှင်သခင် ဟူသော ဂုဏ်တော်အပေါင်း၏ ပိုင်ရှင် ဖြစ်တော်မူရာ ထိုအရှင်သည်သာ အဖန်ဆင်းခံ ဝေနေယျအားလုံးအပေါ် စိုးမိုးလျက်ရှိတော်မူ၏။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်ထံတော်၌သာ လူတစ်ဦးချင်းအတွက် ဖြစ်စေ၊ လူအများအတွက်ဖြစ်စေ လူ့ဘဝရေးရာဥပဒေများကို ဖန်တီးနိုင်သော မူလအခွင့်အာဏာကို ပိုင်ဆိုင်တော်မူ၏။
    ၂။ ဝဟီ (ဗျာဒိတ်အသိပေးချက်)
    လူသားတို့အဖို့ စံပြုရာဘဝ၊ ၄င်း ဖန်ဆင်းရှင်၏ဥပဒေနှင့်လမ်းညွှန်မှုအပေါ်တည်ဆောက်ထားသော လမ်းစဉ်ကို သိနားလည်စေအောင် ဝဟီ(ဗျာဒိတ်လမ်းညွှန်)ကသာ ကိုယ်စားပြုထားခြင်းဖြစ်သည် (၄း၇၉-၈ဝ ၊ ၇း၁၅၇-၁၅၈)။
    ၃။ ဖန်ဆင်းရှင်မှချီးမြှင့်ထားသည့် ကမ္ဘာ့ကိုယ်စားလှယ်ဟူသော လူသားအဆင့်အတန်း
    သာသနာ့ဂုဏ်ဆောင်ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် သာသနာအုပ်စုတစ်စုသာလျှင် ဤအဆင့်အတန်း၏ ပိုင်ရှင်ဟု ကြွေးကြော်စရာ အကြောင်းမရှိ၊ ဤသည်မှာ တာဝန်နှင့် အခွင့်အရေးဆိုင်ရာ ဗျာဒိတ်ဥပဒေအောက်၌ နေထိုင်ရှင်သန်နေကြကုန်သော လူသားအားလုံးမှ ကိုယ်စီပိုင်ဆိုင်ထားကြသည့် ဂုဏ်ရည်အဆင့်အတန်းဖြစ်၏။ သို့ဖြစ်ရာ ခေါင်းဆောင်ဖြစ်စေ လယ်သမားဖြစ်စေ လူ့အဖွဲ့အစည်းဝင်တိုင်း၌ အခွင့်အရေးနှင့်တာဝန်နှင့်စပ်လျဉ်း၍ ဥပဒေ၏အောက်တွင် တန်းတူသာဖြစ်သည်။ ဥပဒေ၏အထက် ၌ မည်သည့်လူသားမှ မရှိချေ။ ဖန်ဆင်းရှင်၏အလိုတော်အား ကြားခံတင်ပြပေးနေသူအဖြစ် ရာထူးခန့်အပ်ခံရခြင်းဟူ၍လည်း မရှိပါချေ။
    အမျိုးသားအမျိုးသမီးတိုင်းသည် ရွေးချယ်ခံရသူများပီပီ အလ္လာဟ့်သိစိတ်အခြေတည်လူ့ယဉ်ကျေးမှုကြီးကို ပြုစုပျိုးထောင်ကြရမည်ဖြစ်သည်။ ယင်းလူ့ဘောင်အဖွဲ့ အစည်းသည် လူထုကောင်းကျိုး နှင့် ကောင်းမြတ်သည့် အရေးအရာများ၌ ပူးပေါင်းပါဝင်ကြရပါမည်။ လူထုဆိုးကျိုးနှင့်ဘေးအန္တရာယ်များကို အားထုတ်ကာကွယ် ကြရပါမည် (၉း၇၁ ၊ ၂၂း၄၁)။ ပြောင်းလဲတိုးတက်နေသောလူ့အဖွဲ့အစည်းအတွက် အရေးပါသောအကြောင်းရပ်အသစ်များလည်း ထွက်ပေါ်လာလေ့ရှိခြင်းကြောင့် ဖန်ဆင်းရှင်၏အလိုတော်အားသိရှိနိုင်ရန် ဥာဏ်လွှာအားထုတ်ချက် (အိဂ်ျသိဟာ့ဒ်) ၌လည်း လူ့အဖွဲ့အစည်းမှ နိုးကြားစွာ ပါဝင်ကြရပေမည်
    ဗျာဒိတ်ဥပဒေကို လိုက်နာသော တိုင်းသူပြည်သားတို့သည် အပြန်အလှန်နှီးနှောတိုင်ပင်ခြင်းစံနစ် (ယှူရာ)၏အောက်မှ ယင်းဥပဒေများအား သတ်မှတ် အကောင်အထည် ဖော်ရပါသည် (၄၂း၃၈)။ ၄င်း၌ ပါလီမန် သို့မဟုတ် ကွန်ကရက်လွှတ်တော် အမတ်များကဲ့သို့ ဥပဒေ အတည်ပြုရေးရွေးချယ်ခံ အင်အားစုတစ်ရပ်က ကျမ်းမြတ်ကုရ်အာန်၊ စွန္နဟ် နှင့် အခြားဥပဒေရင်းမြစ်များအားဖြင့် အချေအတင်ဆွေးနွေးဆုံးဖြတ်ကြရ၏။
    အနောက်တိုင်းဒီမိုကရေစီ နှင့် အစ္စလာမ့်ဒီမိုကရေစီအကြား အဓိကကွာခြားချက်အချို့ ရှိနေပါသည်။ အနောက်တိုင်းဒီမိုကရေစီက အုပ်ချူပ်မှု အာဏာစက် (ဝါ) အချုပ် အခြာအာဏာကို လူတို့ထံပေးအပ်သည်။ ယင်းသူတို့က နိုင်ငံသားတို့အတွက် တာဝန်နှင့် အခွင့်အရေးများကို သတ်မှတ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် ပုံဖော်ကြသည်။ အစ္စလာမ့်ဒီမိုကရေစီမှာကား အချုပ်အခြာ အာဏာ/ဥပဒေစည်းမျဉ်းကို ဖန်ဆင်းရှင်ထံ လွှဲအပ်သည်။ ဖန်ဆင်းရှင်မှ လူတို့အပေါ် တာဝန်ဝတ္တရားနှင့်အခွင့်အရေးများကို ချမှတ်ပေးတော်မူသည် (၄း၁)။ အနောက်တိုင်း ဒီမိုကရေစီတွင် လူတို့သည် ကာလံဒေသံ လမ်းကြောင်းအပေါ် မူတည်ပြီး ကိုယ်ပိုင်ဥပဒေများကို ဖန်တီးကြသည်။ အစ္စလာမ့်ဒီမိုကရေစီ မှာတော့ အပြောင်းအလဲမရှိသော ဖန်ဆင်းရှင်၏နိစ္စထာဝရစည်းမျဉ်းများအတိုင်း လှုပ်ရှားလည်ပတ်သည်။ အနောက်တိုင်း ဒီမိုကရေစီက လူတို့၏ ဆန္ဒကို ဦးထိပ်ထားအလုပ်အကျွေးပြုသည်။ အစ္စလာမ့်ဒီမိုကရေစီကား ဖန်ဆင်းရှင်၏အလို ဆန္ဒတော်ကို ဦးထိပ်ထားအလုပ်အကျွေးပြုသည်။ ချုပ်ရပါလျှင် စံနစ်နှစ်ရပ် လုံး၌ တူညီသည့်အနှစ်သားတစ်ခုမှာ ရွေးချယ်ခံကိုယ်စားလှယ်များမှ အုပ်ချုပ်ခွင့်ရရှိခြင်းပင် ဖြစ်သည်။
    လူလုပ်ဒီမိုကရေစီစံနစ်၌ ဖွဲ့စည်းပုံစည်းမျဉ်း နှင့် စကားလုံးများက ဥပဒေပြုနိုင်သော လူသားစွမ်းရည်ကို ထိန်းချုပ်ထား၏။ အစ္စလာမ့်ဒီမိုကရေစီစံနစ်၌ လူသား၏ အုပ်ချုပ်မှု စွမ်းရည်ကို ကုရ်အာန်၏ဗျာဒိတ်ဥပဒေ နှင့် စွန္နဟ်အခြေပြုစည်းမျဉ်းများက ထိန်းချုပ်ကန့်သတ်ထားပေသည်။
    ပြည်သူ့ဆန္ဒ အဓိက
    ဒီမိုကရေစီစံနစ်ဟူသည် ပြည်သူ့ဆန္ဒကို ကိုယ်စားပြု၏။ နိုင်ငံသူနိုင်ငံသားတို့သည် ရွေးကောက်တင်မြှောက်ခြင်းဖြင့် မိမိတို့ဆန္ဒကို ထုတ်ဖော်ရ၏။ ကျမ်းမြတ်ကုရ်အာန် က ယင်းကဲ့သို့ အများဆန္ဒဖြင့် ရွေးကောက်တင်မြှောက်မှုကို ညွှန်ပြထားပါသလော ? ဧကန်ပင် ညွှန်ထားပါသည်။
    ကုရ်အာန်(၂း၃ဝ)အရ ကမ္ဘာ့လူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ကိုယ်စားလှယ်တော်များဖြစ်ကြပေရာ မိမိတို့ တိုင်းပြည်နိုင်ငံများအတွက် တာဝန်ရှိနေကြသည်။ ဤအချက်က လူတို့၏ခေါင်းဆောင် နှင့် ကိုယ်စားလှယ်များကို လူထုကပင် ရွေးချယ်တင်မြှောက်ရမည့် အယူအဆပင် ဖြစ်ပါသည်။
    ကုရ်အာန်၏အမိန့်ဖြစ်သော ယှူရာ (အပြန်အလှန်နှီးနှောဖလှယ်၍ သဘောတူညီချက်ရယူမှု)သည် ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ခြင်း၏ အနှစ်သာရပင် ဖြစ်သည်။
    ကုရ်အာန်က မုစ်လင်မ်တို့အား ”အလ္လာဟ်အရှင်မြတ်အား နာခံကြ၊ ရစူလ်တမန်တော်အား နာခံကြ၊ ၄င်းနောက် အသင်တို့အနက်မှ (လမ်းစဉ်မှန်)အာဏာပိုင်များကို နာခံကြ” ဟု သင်ကြားထားသည် (၄း၅၉)။ ဤပါဒတော်၏ တတိယညွှန်းချက်တွင် အသင်တို့အပေါ် ဟုဆိုမထားဘဲ “အသင်တို့အနက်မှ” ဟု ရှင်းလင်းပြတ်သားစွာ ဆိုထားသောကြောင့် ခေါင်းဆောင်ကို ပြည်သူလူထုအနက်မှ ပြည်သူများကသာရွေးချယ်၍၊ ခေါင်းဆောင်သည် ပြည်သူလူထုထဲမှပင် ထွက်ပေါ်လာရမည်ဖြစ်သည်။ တိုင်းသူပြည်သားများအပေါ် ခေါင်းဆောင်ကို တစ်ဖက်သတ် တင်မြှောက်သတ်မှတ်ခြင်းမျိုး မဟုတ်ရပါ။
    ရွေးချယ်တင်မြှောက်မှုအယူအဆဆိုင်ရာ အဖြေတစ်ချို့ နှင့် စံပြပုံရိပ်ကို ခေတ်ဦးအစ္စလာမ့်ရာဇဝင်၌ ခိုင်ခိုင်မာမာ ထူးထူးခြားခြား တွေ့ကြရပေလိမ့်မည်။ တမန်တော် မုဟမ္မဒ် (ဆွ) ကွယ်လွန်အံ့ဆဲဆဲအချိန်တွင် ကိုယ်တော်၏ဆွေသဟာများက ကိုယ်တော်သည် မိမိ၏လူ့ဘောင် အဖွဲ့အစည်းအတွက် ခေါင်းဆောင်တစ်ဦးဦးကို ထုတ်ဖော် မှာကြားတော်မူလိမ့်မည်ဟု ခန့်မှန်းယူဆခဲ့ကြ၏။ သို့သော် တမန်တော်မြတ်သည် ဤအရေးအရာနှင့်စပ်လျဉ်း၍ ရေငုံနှုတ်ပိတ်နေတော်မူခဲ့သည်မှာ မထူးခြားပါသလော ? တမန်တော်မြတ်(ဆွ)သည် မည်သည့်အမိန့်မှ မပေးတော်မူခဲ့ခြင်းမှာ လူ့အဖွဲ့အစည်း၏ခေါင်းဆောင်ကို လူထုကိုယ်တိုင်က ဆုံးဖြတ်ရွေးချယ်စေရန်ဖြစ်ပါ၏။ ထိုအခြေ အနေ၌ အဆိုပြုခံရသော ဆွေသဟာတော် သုံးပါးရှိခဲ့၏။ အဗူဗကရ်၊ အုမရ် နှင့် စအဒ် (ရဿွိ-ဟွံမ်)တို့ဖြစ်၏။ ၄င်းတို့အနက် အဗူဗကရ်အား အခိုင်မာဆုံး ရွေးချယ်လိုက် ကြပြီး အစ္စလာမ်သာသနာ၏ ပထမဦးဆုံး ခလီဖဟ်အဖြစ် အတည်ပြုတင်မြှောက်ခဲ့ကြသည်။ အခြားသော အစဉ်အဆက်ခလီဖဟ်များဖြစ်လာကြသော အုမရ်၊ အုဆ်မာန်း၊ အလီ (ရဿွိ-ဟွံမ်) တို့သည်လည်း အလားတူပုံစံအတိုင်း အွမ္မဟ် (မုစ်လင်မ်လူထု)၏ ရွေးကောက် တင်မြှောက်ခံခဲ့ကြရပေသည်။ ဤသည်ကား မုစ်လင်မ် လူထု အများစု၏ဆန္ဒကို ကိုယ်စားပြုချက်ပင် ဖြစ်ပါသည်။
    သို့ဖြစ်၍ ရွေးကောက်ပွဲဟူသည် အစ္စလာမ့်အုပ်ချုပ်ရေးစံနစ်အတွက် သဟဇာတ ဖြစ်သည်သာမက အစ္စလာမ့်နည်းကျအုပ်ချုပ်ရေးစံနစ်၏ အရေးပါသော ကဏ္ဍတစ်ရပ် အဖြစ်လည်း ပါဝင်နေပေသည်။
    လူထုမှအပ်နှင်းသော အာဏာ နှင့် တာဝန်
    ဒီမိုကရေစီယန္တရား ပီပြင်စွာလည်ပတ်နိုင်ရေးအတွက် လူထုအနေဖြင့် တာဝန်ကျေပွန်နိုင်မည့် ခေါင်းဆောင်နှင့်ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ကြရပေမည်။ ဤလုပ်ငန်းစဉ်၌ ယှူရာသည် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်လာသည် (၄၂း၃၈)။ ယှူရာ၏ အတွေးအမြင်က လူထု၏သဘောတူညီမှုအားဖြင့် တာဝန်ထမ်းဆောင် မည့် ပြည်သူ့ကိုယ်စားလှယ်များကို ထွက်ပေါ်ရရှိစေသည်။ အာဏာသုံးခန့်အပ်ခြင်းပုံစံက တရားမဝင်ပါ။
    သို့သော်လည်း အစ္စလာမ့်ဒီမိုကရေစီစံနစ်အပေါ် သံသယပွားသူတို့က ယှူရာသည် ဒီမိုကရေစီ၏ လုပ်ထုံးလုပ်နည်း၌ မပါဝင်၊ ပေါင်းစပ်ထည့်သွင်းစရာလည်း မဟုတ်ဟု ဆိုကြ၏။ အစ္စလာမ့်ဒီမိုကရေစီစံနစ်အား ထောက်ခံရပ်တည်ကြသူတို့ကမူ ယှူရာက လူထုကိုယ်စားလှယ်များအပေါ် ဧကန်ပင် သြဇာသက်ရောက်ရမည်။ တမန်တော်မြတ်(ဆွ)နှင့် လက်ဦးခလီဖဟ်လေးပါးတို့၏ လက်တွေ့ဆောင်ရွက်ချက်များ၌အခြေခံကာ ပညာရှင်အများစု၏ အကြံဥာဏ်ကို ရယူအပ်သည်ဟု ပြန်လည် ချေပေကြ၏။ ဒုတိယအားဖြင့် ခေါင်းဆောင်နှင့်လူထုကိုယ်စားလှယ် ရွေးချယ်တင်မြှောက်ရေးတာဝန်အား ကုရ်အာန် က အောက်ပါကဲ့သို့ ဖော်ပြထားသည်ကို တွေ့ရ မည်။
    အလ္လာဟ်အရှင်မြတ်သည် အသင် (မုစ်လင်မ်)တို့အား (မိမိတို့ထံသူတစ်ပါးက) ယုံကြည်စွာအပ်နှံမှုများကို ထိုအပ်နှံကြသူများထံ (ပြန်လည်) ပေးဆပ်ကြရန် လည်းကောင်း၊ လူတို့စပ်ကြား၌ စီရင်ဆုံးဖြတ်ကြရာတွင် တရားမျှတစွာဖြင့် စီရင်ဆုံးဖြတ်ကြရန်လည်းကောင်း ဧကန်စင်စစ် အမိန့်တော်ပေးထားတော်မူ၏။ ကုရ်အာန် (၄း၅၈)
    အရွေးချယ်ခံကိုယ်စားလှယ်သည် လူထုမှ ယုံကြည်စွာလွှဲအပ်ခံရသူ ဖြစ်သည်။ ယင်းအပ်နှံမှုနှင့် ထိုက်တန်စွာ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ထိုသူ သို့မဟုတ် သူမအနေဖြင့် တရားမျှတမှုအပေါ် ရပ်တည်ရန်လည်း အရေးကြီးသည်။ အကယ်၍ လူထုကိုယ်စားလှယ်တစ်ဦးဦးမှာ ဤစံချိန်စံညွှန်းနှစ်ရပ်၏အရည်အချင်း မရှိသော် ထိုသူ သို့မဟုတ် သူမသည် ပြည်သူတို့၏ယုံစားခြင်းမှ လက်မဲ့ဖြစ်၍ အုပ်ချုပ်ရေးနှင့်ထိုက်တန်သူ မမည်ချေ။
    တတိယအားဖြင့် ကိုယ်စားလှယ်တို့၏ဥပဒေတင်သွင်းမှု/အတည်ပြုမှုများမှာ မိမိတို့၏ကိုယ်ပိုင်ဆန္ဒ နှင့် ရမ္မက်များအပေါ် အခြေမပြုရပေ။ ကုရ်အာန် နှင့် စွန္နဟ်၏ လမ်းကြောင်းအတွင်း၌သာ တည်ရှိနေရပေမည် (၄း၅၉)။ ကုရ်အာန် နှင့် စွန္နဟ် တည်းဟူသော အရင်းအမြစ်ကြီးနှစ်ရပ်မှာ အစ္စလာမ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပင် ဖြစ်သည်။ သို့ဖြစ်ရာ အခြေခံဥပဒေအား ချိုးဖျက်ရာရောက်သည့် ဥပဒေစည်းမျဉ်းများကိုပယ်ချနိုင်ရန် ဘက်ညီမှု နှင့် တန်ပြန်စစ်ဆေးမှုစံနစ် ရှိနေရမည်၊ ၎င်းအတွက် “(နှောင်ကြိုးမဲ့) လွတ်လပ်သော ဥပဒေပညာရှင်များ ကောင်စီ” တစ်ခုကိုလည်း ဖွဲ့စည်းကြရပေမည်။ အကြောင်းမှာ ဥပဒေပါရဂူတစ်ဦးတစ်ယောက်တည်း ထံ၌ အချုပ်အခြာအာဏာ/ လုပ်ပိုင်ခွင့်များ စုပြုံရောက်ရှိမနေရန် ဖြစ်သည်။ ဆက်လက်၍ လူထုကိုယ်စားလှယ်နှင့်ဥပဒေပညာရှင်များသည် လူထုမှ အပ်နှင်းထားသော ဦးဆောင်မှု၊ ကိုယ်စားပြုမှု၏တာဝန်များနှင့်အညီ ညီလာခံကျင်းပရန် တာဝန်ရှိပါသည်။
    ကျမ်းမြတ်ကုရ်အာန်၏အုပ်ချုပ်ရေးဆိုင်ရာအတွေးအမြင်က လူထုဆန္ဒအခြေပြုဒီမိုကရေစီ၏ အဓိကစည်းမျဉ်းအား ဖော်ကျူးပြသလျက်ရှိနေပေသည်။
    လွတ်လပ်ခွင့် နှင့် အစ္စလာမ့်အတွေးအခေါ်
    လူတို့ထံ၌ ဥပဒေပြင်ဆင်ရန် လွတ်လပ်စွာ အရေးဆိုခွင့်၊ လွတ်လပ်စွာဟောပြောရေးသားခွင့် ၊ လွတ်လပ်စွာစည်းရုံးစုဝေးခွင့် အပါအဝင် သက်ဆိုင်ရာလွတ်လပ်မှုများ ရှိရခြင်းသည် ဒီမိုကရေစီ၏လိုအပ်ချက်ဖြစ်၏။ လွတ်လပ်ခြင်းဟူသည် နိုင်ငံရေးမူဝါဒထက် များစွာကျယ်ပြန့်ပါသည်။ ဥပမာ – ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့် ကိစ္စမျိုးလည်း ပါဝင်နေသည်။ မိမိအတွင်းရေး/ကိုယ်ရေးကိုယ်တာကို ကာကွယ်ပိုင်ခွင့်ကဲ့သို့ အခြားဥပဒေများမှာ ဒီမိုကရေစီစစ်စစ်ဟုဆိုနေသည့် လူ့အဖွဲ့အစည်းများအတွင်း ယနေ့တိုင်အောင် အပြင်းအထန် အရေးဆိုနေရဆဲပင်။
    လွတ်လပ်မှုကိုအတည်ပြုရေးသည် အစ္စလာမ့်လူ့အဖွဲ့အစည်းတစ်ရပ်၌ အခွင့်အရေးသက်သက်သာမဟုတ်၊ တာဝန်လည်းဖြစ်နေသည်။ ကုရ်အာန်က လူသားကို ကမ္ဘာမြေ၏ကိုယ်စားလှယ်အဖြစ် ဂုဏ်တင်ထားသောကြောင့်ဖြစ်သည် (၂း၃ဝ)။ သို့ဖြစ်၍ အမျိုးသားအတွက်ဖြစ်စေ အမျိုးသမီးအတွက်ဖြစ်စေ ဥပဒေရေးရာ ဆွေးနွေး တင်ပြခွင့် အခွင့်အရေးကို ဖယ်ရှားမရနိုင်ပါ။ ထို့ကြောင့် မည်သည့် ဒီမိုကရေစီစံနစ်အမျိုးအစား၌ဖြစ်စေကာမူ ဤအခွင့်အရေးနှင့်လုပ်ဆောင်ချက်များအား စမ်းသပ် ကျင့်သုံးကြည့်ရန် လက်ဆင့်ကမ်းသင့်ပေသည်။
    လူ့အဖွဲ့အစည်းအပေါ် စာရိတ္တ နှင့် စည်းကမ်း(ကျင့်ဝတ်တရား) ပဲ့တင်ထပ်နေရေးအတွက် လူမှုရေးရာလှုပ်ရှားမှု နှင့် အရေးဆိုမှုများကို ဆောင်ရွက်ရန် ကုရ်အာန်က ထောက်ခံထားပါသည်။
    အစ္စလာမ့်ဒီမိုကရေစီစံနစ်တစ်ရပ်အနေနှင့် နိုင်ငံရေး နှင့် လူမှုရေးရာ စည်းရုံးခြင်း/စုရုံးခြင်းအတွက် လွတ်လပ်ခွင့်အား မဖြစ်မနေ အသိအမှတ်ပြုရပေမည်။ သာသနာ့ လွတ်လပ်ခွင့်မှာလည်း အစ္စလာမ့်ဒီမိုကရေစီစံနစ်တွင် အရေးကြီးလှပေသည်။ ယနေ့ကာလ အချို့မုစ်လင်မ်လူ့အစုအဖွဲ့များအကြားတွင် သာသနာ့ရေးရာလိုက်လျော နားလည်မှုနှင့်ပတ်သက်၍ အားနည်းလျက်ရှိနေကြ၏။ သို့တစေ အချို့မုစ်လင်မ်နိုင်ငံများကမူ ဘာသာခြားအုပ်စုများအပေါ် အထူးလိုက်လျောစွာ အခွင့်အရေးများ ပေးထားကြပါသည်။
    အစ္စလာမ့်ယဉ်ကျေးမှု၌ ဘာသာရေးလွတ်လပ်ခွင့်အပြည့်အဝပေးခဲ့ကြသော သမိုင်းကြောင်းသာဓက များစွာ ရှိနေပါသည်။ ဥပမာ – စပိန်သည် အစ္စလာမ်နိုင်ငံဖြစ်ခဲ့စဉ်က မုစ်လင်မ်မဟုတ်သူများမှာ ထိပ်ပိုင်းဆိုင်ရာ အာဏာပိုင်ရာထူးများ ရရှိခံစားနိုင်ခဲ့ကြသည်အထိပင် ဖြစ်သည်။
    “သာသနာရေး၌ အဓမ္မစံနစ် မရှိ ” (၂း၂၅၆) ဟူသောအဆိုဖြင့် ကုရ်အာန်က ဘာသာတရားလွတ်လပ်ခွင့်အား အပြည့်အဝ အသိအမှတ်ပြုထားကြောင်း ထင်ရှားပါသည်။ သို့သာမက ဘာသာရေးလွတ်လပ်ခွင့်ကို ဖော်ဆောင်ရန်၊ (ဘာသာခြားတို့၏) ဝတ်ပြုရာကျောင်းကန်ဇရပ်များ တိုက်ခိုက်ခံရလျှင် မုစ်လင်မ်တို့မှ အကာအကွယ်ပေးကြရန် အထိပင် မုစ်လင်မ်တို့ကို သွန်သင်ထားပါသည် (၂၂း၎ဝ)။ ထို့ကြောင့် ကုရ်အာန့်သဘောတရား၌ ဤအခွင့်အရေးလည်း ပါဝင်လျက်ရှိပေသည်။
    အတွင်းရေး/ကိုယ်ရေးကိုယ်တာကာကွယ်ပိုင်ခွင့်ဥပဒေသည် အနောက်တိုင်းဒီမိုကရေစီလောကအတွင်း လက်ရှိသမယ၌ အလွန်ရေပန်းစားနေသော ဆွေးနွေးမှုတစ်ရပ် ဖြစ်နေ၏။ ကုရ်အာန်ကမူ နိုင်ငံသားတစ်ဦး၏လွတ်လပ်ခွင့်များအနက် အတွင်းရေးကိစ္စများသည် အရေးပါသောအချက်ဖြစ်သည်ဟု ကနဦးကပင် ရှင်းပြထားသည်။ ထောက်လှမ်းစပ်စုခြင်း၊ သူတစ်ပါး၏အိမ်သို့ အခွင့်မရှိဝင်ရောက်ခြင်း၊ မိသားစုတစ်ခုတည်းအတွင်းမှာပင် သက်ဆိုင်ရာသီးသန့်အခန်းသို့ဝင်ရန် အခွင့်မတောင်းခြင်း တို့ကို ကုရ်အာန်က တားမြစ်ထားသည် (၂၄း၂၇ ၊ ၂၄း၅၈ ၊ ၄၉း၁၂ )။ သို့သာမက အိမ်နေ/အိမ်ရှင်များ ဝင်ခွင့်မပြုပါက ပြန်လှည့်ထွက်သွားရမည့်အကြောင်းကိုပါ ဆုံးမ ထား၏ (၂၄း၂၈)။ အစ္စလာမ့်ဥပဒေသည် ကိုယ်ရေးကိုယ်တာအတွင်းရေးကဏ္ဍများအပေါ် အလေးအနက်ထားသည်ဖြစ်ရာ အစ္စလာမ့်ဒီမိုကရေစီစံနစ်အဖို့ အရေးပါ လှသည့်အယူအဆတစ်ရပ် ဖြစ်သည်။
    လူထု၏စာရိတ္တခြစားမှုကို အာဏာပိုင်မှ တရားသဖြင့်နှိမ်နှင်းနိုင်ပါသော်လည်း အတွင်းရေးကဏ္ဍမှာ သီးသန့်သာဖြစ်၏။ အကြောင်းမှာ အိမ်နံရံလေးဖက်အတွင်း ပြုလုပ် သည့်လုပ်ရပ်များသည် ထိုသူနှင့်ဖန်ဆင်းရှင်အကြားရှိ ကိစ္စရပ်သာ ဖြစ်နေ၍တည်း။
    အစ္စလာမ်၏လွတ်လပ်မှုဆိုင်ရာစည်းမျဉ်းများသည် ရှေးဆန်လှသည်ဟု ဆိုကောင်းဆိုနိုင်မည် ဖြစ်သော်လည်း ဒီမိုကရေစီစံနစ်မှာကား ရှေးဆန်မှုနှင့်အတူယှဉ်တွဲ မရှိနိုင်ဟု ဆိုမရပါလေ။
    ဥပမာ – အစ္စလာမ့်ဒီမိုကရေစီစံနစ်အပေါ် သံသယပွားသူများစွာက အစ္စလာမ်သည် ဒီမိုကရေစီနှင့် သဟဇာတ မဖြစ်၊ အကြောင်းမှာ အမျိုးသမီးတို့သည် မိမိနှစ်သက် သလို ဝတ်စားဆင်ယင်ခွင့်မရှိ၍ဖြစ်သည်ဟု စောဒက ဝင်ကြ၏။ သို့ရာတွင် အနောက်တိုင်းလောက၌လည်း ဝတ်စားဆင်ယင်မှုဆိုင်ရာအဆင့်အတန်း ဟူသည် ရှိနေပါ၏။ ၎င်းတို့မှာ အိနြေ္ဒသိက္ခာရှိရှိဝတ်စားဆင်ယင်ခြင်းအပေါ်အခြေခံထားသည့် ယဉ်ကျေးမှုအယူအဆဖြစ်သည်။ မုစ်လင်မ်နိုင်ငံများတွင် ဝတ်စားဆင်ယင်မှုဥပဒေများ၏ အဓိပ္ပာယ်ဖွင့်ချက်များမှာ တည်ကြည်သော လုံခြုံဝတ်စားဆင်ယင်မှုဖြစ်စေရေးကို အကျိုးသက်ရောက်စေသည်။ ယင်းဖွင့်ဆိုချက်မှာ လူ့အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု မတူညီချေ။ အိနြေ္ဒသိက္ခာအရှိဆုံး ဝတ်စားဆင်ယင်ပုံနှင့်ပတ်သက်၍ မုစ်လင်မ်အမျိုးသမီးများထံ၌လည်း တစ်ထေရာတည်းဟူ၍ မရှိကြပါ။ သို့ရာတွင် အစ္စလာမ့် ဒီမိုကရေစီစံနစ်၌ လူတို့၏ထုံးတမ်းဓလေ့သည်လည်း ဥပဒေပြုခြင်း၌ ထည့်သွင်းစဉ်းစားရလေ့ရှိပါသည်။
    သာတူညီမျှလူမှုရေးရာ နှင့် အစ္စလာမ့်ဥပဒေ
    လူမှုရေးသာတူညီမျှမှုသည် ပြည့်ဝသည့်ဒီမိုကရေစီစံနစ်အတွက်မရှိမဖြစ်ကဏ္ဍတစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီအရေးအရာ၌ ပါဝင်ဆောင်ရွက်ခွင့်ကို မည်သည့်နိုင်ငံသားမှ လက်မဲ့မဖြစ်စေရပါ။ ဤသည်မှာ ပြည်သူ့အာဏာပင်ဖြစ်၏။ တိုင်းသူပြည်သားတိုင်းသည် နိုင်ငံ၏ဥပဒေအောက်ဝယ် တစ်ပြေးညီရှိရပါမည်။ ခွဲခြားနှိမ့်ချဆက်ဆံရေးမရှိပဲ တပြေးညီအခွင့်အရေးခံစားမှုတွင် တန်းတူဖြစ်နေရပါမည်။ ဤအချက်က လူနည်းစုတို့၏အခွင့်အရေးများကိုအာမခံချက်ပေးနေသည်
    ထိရောက်သောနိုင်ငံရေးအင်အားစုဖွဲ့ရန် အင်အားမလုံလောက်သည့်လူ့အဖွဲ့အစည်းများအဖို့ ဤအခွင့်အရေးမှာ မရှိမဖြစ် အရေးပါလှပေသည်။ လူမှုဘဝသာတူ ညီမျှမှုနှင့် စပ်လျဉ်း၍ ကုရ်အာန်က ပါဒတော်များစွာ ပြဆိုထားသည်။ သာတူညီမျှမှုကိစ္စသည်လည်း အစ္စလာမ့်ဥပဒေ၌ မရှိမဖြစ် ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်နေသည်။ ဥပမာ ပါဒတော်(၄၉း၁၃)၌ ကျားမ မရွေး၊ လူမျိုးမရွေး လူသားတိုင်းသည် ဖန်ဆင်းရှင်၏ တူညီသော ဖန်ဆင်းခံများပင်ဖြစ်ကြောင်း၊ တဖန် (၆ဝး၈)၌ မုစ်လင်မ်တို့သည် အစ္စလာမ်၏ရန်သူ မဟုတ်ကြကုန်သော ဘာသာခြားများနှင့် ကောင်းမွန်သင့်မြတ်စွာနှင့် တရားမျှတစွာ ဆက်ဆံရမည့်အကြောင်း ညွှန်ပြထား၏။
    သာတူညီမျှမှုဆိုင်ရာ လူမှုဥပဒေများ၌ ခေါင်းခဲစရာ အချက်သုံးရပ် ကြုံရလေ့ရှိ၏။ စီးပွားရေးကဏ္ဍ၌ အမျိုးသမီးတစ်ဦးတည်း၏ သက်သေခံ ထွက်ဆိုမှု၊ အမွေခံမှု၊ ကွာရှင်းပြတ်စဲမှုတို့ဖြစ်ကြ၏။ ဤအခြေအနေသုံးရပ်တွင် အမျိုးသမီးတို့မှာ တန်းတူအခွင့်အရေးရဖို့နေနေသာသာ ခွဲခြားခံရသည်ဟု အချို့က အမြင်ရှိနေခဲ့သည်။ မုစ်လင်မ်တို့၏ ဤဥပဒေနောက်ကွယ်မှအကြောင်းရင်း/ရည်ရွယ်ရင်းကို နှံ့စပ်သေချာစွာ လေ့လာကြသောအခါဝယ် ယင်းသတ်မှတ်ချက်များမှာ ခွဲခြားနှိမ့်ချဆက်ဆံခြင်း မဟုတ်၊ အစ္စလာမ့်လူ့အဖွဲ့အစည်းရှိ “ လူမှုရေးရာနှင့်မိသားစုဆိုင်ရာ တာဝန်ယူရခြင်း အနေအထား ”ပေါ်မူတည်၍ ဖော်ဆောင်ချပြထားခြင်းဖြစ်ကြောင်း သိမြင်လာကြ ပေသည်။
    ခေတ်သစ် အစ္စလာမ့်ရေးရာ ဖွင့်ဆိုချက်အချို့က အစ္စလာမ့်ဥပဒေရှိ တရားမျှတမှု အနှစ်သာရနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် အချို့ဥပဒေများကို လက်ရှိခေတ် ၏ သရုပ်မှန်များအပေါ် သုံးသပ်ကာ ပြန်လည်ပြင်ဆင် တည်ဆောက်ရန် တွန်းအားပေးနေပါသည်။ သို့သော်လည်း ဤအချက်တစ်ချက်တည်းဖြင့် ဒီမိုကရေစီဖွံ့ဖြိုး တိုးတက်ရေးကို အကာအကွယ်ပေးရာ မရောက်ပါလေ။ အကြောင်းမူ ယနေ့ခေတ်၏ မည်သည့်တိုင်းနိုင်ငံ၌ပင်ဖြစ်စေ မညီမျှမှု၊ တစ်ဖက်စောင်းနင်းဖြစ်မှုများမှာ နည်းများမဆို ရှိနေကြ၍ ဖြစ်လေသည်။ ထို့ကြောင့် ဤလူမှုရေးရာကိစ္စများ တိုးတက်လာဖို့မှာ အချိန်ယူရပေဦးမည်။
    နောက်ဆုံးအားဖြင့်ထောက်ပြလိုသည့် အချက်တစ်ချက် ရှိပါသည်။ အစ္စလာမ်သည် ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်ခြင်းရှိမရှိ မှသည် ကုရ်အာန်သည် ဒီမိုကရေစီနှင့် သဟဇာတ ဖြစ်မဖြစ်အထိ ခြုံငုံဆွေးနွေးခဲ့လေပြီ။ အစ္စလာမ့်အစိုးရအာဏာပိုင်များအနေဖြင့် လွတ်လပ်မှုနှင့်တရားမျှတမှုအလို့ငှါ (ဘောင်မလွတ်သော) အခြားပုံဟန် များကိုလည်း ဖော်ဆောင်နိုင်ပေသည်။ ကုရ်အာန်၏ရှုထောင့်၌ “ ကွဲပြားခြားနားခြင်းသည် ဖန်ဆင်းရှင်၏အလိုတော်သာ ဖြစ်သည် ” ဟု ဖော်ပြနေ၏ (၄၉း၁၃)။ နိုင်ငံတိုင်း သို့မဟုတ် လူ့အဖွဲ့အစည်းတိုင်းက လူသားများဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ပုံစံတည်းသော နိုင်ငံရေး သို့မဟုတ် လူမှုရေးစံနစ်ကိုလိုက်နာရန် မဖြစ်နိုင်ကြောင်း ပင်တည်း။
    ** Sohaib Sultan ၏ The Koran(Qur’an) for Dummies – (Wiley Publishing Inc, Indiana, USA, 2004) မှ ကောက်နှုတ်၍ တိုက်ရိုက်ပြန်ဆိုရေးသားသည်။
    —————————————-
    ** M-Media သို့ ဆောင်းပါးရှင် ဂျူလိုင်ရဲရင့်ပေးပို့သော ဘာသာပြန် ဆောင်းပါးဖြစ်ပါသည်။ မူရင်းဆောင်းပါးရှင်၏ အမြင်နဲ့ အာဘော်ဖြစ်ပါသည်။
    ဆောင်းပါးများ ပေးပို့လိုလျှင် [email protected] သို့ အီးမေးလ်ပေးပို့နိုင်ပါသည်။
  • အစ္စလာမ့် လမ်းစဉ်ဖြင့် လူ့ဘ၀ တည်ဆောက်မှုဆိုင်ရာ အခြေခံဥပဒေ (သို့မဟုတ်) ယှရီအဟ်
    အောက်တိုဘာ-၂၈ ၊ ၂၀၁၃
    ရေးသား ပေးပို့သူ- ဂျူလိုင်ရဲရင့်
    အစ္စလာမ့် လမ်းစဉ်ဖြင့် လူ့ဘ၀ တည်ဆောက်မှုဆိုင်ရာ အခြေခံဥပဒေ (သို့မဟုတ်) ယှရီအဟ်
     အစ္စလာမ့်ဥပဒေ နှင့် အစ္စလာမ့်လူ့အဖွဲ့အစည်း
    shariah-law-an-introduction
     အစ္စလာမ်သည် ဖန်ဆင်းရှင်၏အလိုတော်သို့ လွှဲအပ်နာခံအပ်နှင်းခြင်းအပေါ် တည်ဆောက်ထား သော ဘဝလမ်းစဉ်ဖြစ်သည်။ အရဗီလို ယှရီအဟ် ဟုခေါ်သည့် အစ္စလာမ့်ဥပဒေလမ်းကြောင်းက ” ဖန်ဆင်းရှင်၏ အလိုတော်ဟူသည် အသို့နည်း ” ဆိုသောမေးခွန်းကို အဖြေပေးထားပါသည်။ ကျမ်းမြတ်ကုရ်အာန်၌ ဥပဒေပြဋ္ဌာန်းချက် များကို ရှင်းလင်းစွာဖော်ပြထားသော ပါဒတော်များစွာပါဝင်နေ၏။ ၄င်းပြင် ထိုပါဒတော်များသည် အစ္စလာမ့်ဥပဒေအား ထုတ်နှုတ်ရယူသည့် အဓိကအရင်းအမြစ်များ ဖြစ်ပေသည်။  ဤကဏ္ဍသည် အစ္စလာမ့်ဥပဒေကိုလိုက်နာပါသည်ဟု ကြွေးကြော်ထားကြကုန်သည့် မုစ်လင်မ်နိုင်ငံတစ်ခုခု၏ဥပဒေ (ဝါ) ကျင့်ထုံးကို ဖော်ပြခြင်းမဟုတ်ဘဲ အစ္စလာမ့်ယှရီအဟ်သဘောတရားကို တင်ပြခြင်းသာဖြစ်သည်။ ယှရီအဟ်၏အဓိပ္ပါယ်/ဆိုလိုချက်၊ ဥပဒေကို ပညာရှင်များမှ မည်သို့ထုတ်ယူကြပုံ၊ အစ္စလာမ့်ဥပဒေတွင် နေ့တစ်ဓူဝအရေးအရာများ ပါဝင်နေပုံ၊ အစ္စလာမ့်လူ့အဖွဲ့အစည်းအတွင်းရှိ အငြင်းပွားဖွယ်  ပြစ်မှုဆိုင်ရာဥပဒေများ နှင့် ၄င်းတို့၏ရည်ရွယ်ချက်များအကြောင်းတို့ကို အဆင့်လိုက်တင်ပြသွားပါမည်။
    ယှရီအဟ် ဟူသည်
    ယနေ့ခေတ်ရှိမုစ်လင်မ်အများအပြားတို့သည် ယှရီအဟ်ဟူသည့် အသုံးအနှုန်းကို ပြစ်မှုဆိုင်ရာ အစ္စလာမ့်ဥပဒေအဖြစ်သာ သီးသန့်သုံးစွဲနေ သကဲ့သို့ ဖြစ်နေ၏။ ပြစ်မှုဆိုင်ရာ ဥပဒေသည် ယှရီအဟ်၏သေးငယ်သော အစိတ်အပိုင်းတစ်ရပ်မျှသာ ဖြစ်ပါသည်။ စင်စစ်၌ ယှရီအဟ် ဟူသည် လူတစ်ဦးချင်းဖြစ်စေ လူ့အဖွဲ့အစည်း တစ်ရပ်လုံးဖြစ်စေ ဘဝ၏အရေးအရာ အပေါင်းနှင့်စပ်ဆိုင်သော နာမ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ လမ်းကြောင်းအား ကျယ်ဝန်းစွာ ဖော်ထုတ်ထားချက်ပင် ဖြစ်သည်။  ယှရီအဟ် ဟူသောဝေါဟာရမှ အစ္စလာမ့်ဥပဒေ၏ အခြေခံဒဿန နှင့် ရည်ရွယ်ချက်ကို သိရှိနိုင်၏။ ယှရီအဟ်၏ ရင်းမြစ်ဝေါဟာရမှာ ယှရာ ဖြစ်ပြီး အောက်ဖော်ပြပါ အဓိပ္ပာယ်ခြောက်မျိုးထွက်ရှိသည်။ ပထမလေးမျိုးမှာ အစ္စလာမ့်ဥပဒေဆိုသည်ထက် အစ္စလာမ့်ဥပဒေအတိုင်း ဘဝတည်ဆောက်မှု လမ်းကြောင်းကို ညွှန်းထားသည်။
    ၁။  စတင်ခြင်း 
    အစ္စလာမ့်ဥပဒေသည် မုစ်လင်မ့်လူ့အဖွဲ့အစည်းအတွင်း နေထိုင်ရှင်သန်ရေးစည်းမျဉ်းများကို အခြေခံမှအစ စတင်ချမှတ်ထားသည်။
    ၂။  ရွက်လှေ
    ရွက်လှေသည် လူတို့အား ခရီးဆက်စေပြီး မျှော်မှန်းရာပန်းတိုင်သို့ အဆင့်ဆင့်သယ်ဆောင်ပေး၏။ လူ့အသိုက်အမြုံ၏ ဥာဏ်ရည်၊ ကျင့်ဝတ်၊ ကိုယ်ကျင့်တရား၊ စိတ်ဓါတ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယှရီအဟ်က ရွက်လှေတစ်စင်းကဲ့သို့အလား ဆောင်ကြဉ်းပေးသည်။
    ၃။  အမိုးအကာတဲ(အကာအကွယ်)  
    ယှရီအဟ်သည် အမိုးအကာရှိတဲတစ်လုံးကဲ့သို့ လူတို့အား ရုပ်၊ နာမ်၊ စိတ်ဓါတ် မပျက်စီးအောင် ကာကွယ်စောင့်ရှောက်ပေးသည်။
    ၄။  ဥပဒေပြဋ္ဌာန်းခြင်း  
    အုပ်ချုပ်ရေးရည်ရွယ်ချက်အတွက် အစ္စလာမ့်ဥပဒေများအားသတ်မှတ်ရာတွင် စီရင်ခြင်း၏လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို ဖော်ပြသည့်စကားလုံးဖြစ်သည်။ အလားတူစွာ နိုင်ငံသားတစ်ဦးချင်းစီ၏ တာဝန်နှင့်အခွင့်အရေးအပေါ် အခြေပြုသော လူမှုဆက်ဆံရေးကိုလည်း ယှရီအဟ်မှ ပြဋ္ဌာန်းထားသည်။
    ၅။  ရေရှိရာသို့သွားရာလမ်းကြောင်း 
    အာရေဗျသဲကန္တာရများတွင် ရေသည် အသက်ရှင်သန်ရေးအတွက် ပင်မအကြောင်းအချက်ဖြစ်သည်။  ဤသဘောတရားအရ ယှရီအဟ်က အစ္စလာမ့်လူ့အသိုင်းအဝိုင်း တစ်ရပ်ကို ရုပ်၊ နာမ်၊ ကိုယ်ကျင့်တရားပိုင်းနှင့်သက်ဆိုင် သော ဘဝနေထိုင်မှုအား ဖြစ်ပေါ်လာစေသည်။ လမ်းကြောင်းဟု ရည်ညွှန်းခြင်းမှာ ယင်းလမ်း၏အဆုံးသတ်သည် ဖန်ဆင်းရှင်၏အလိုတော်သို့ အကြွင်းမဲ့နာခံအပ်နှင်းလိုက်ခြင်း ဖြစ်သည်။ အစ္စလာမ့်ဥပဒေက စာရိတ္တဆိုးကို လျော့ပါး စေ၍ စာရိတ္တကောင်းကိုတိုးပွားစေသော ပတ်ဝန်းကျင်တစ်ခုအား ဖန်တီးပေးသည်။
    ၆။  မခန်းခြောက်သည့်စမ်းပေါက်  
    ဤစကားသည် ရင်းမြစ်အဓိပ္ပာယ်သာ မဟုတ်၊ ယှရီအဟ် ဟူသောဝေါဟာရ၏ကိုယ်စားပြုချက်ပင် ဖြစ်နေသည်။ အဆက်မပြတ်ရေထွက်ရှိနေခြင်း ဟုသည့်ဆိုလိုချက်က ယှရီအဟ်သည် ” လူ့ခပ်သိမ်းအတွက် အဆုံးမရှိ အကျိုးဖြစ်ထွန်းစေရာ  လောကတစ်ဝှန်းနှင့်သက်ဆိုင်သောပညာ ” ဟူ၍ အစ္စလာမ့်ဒဿနကို ညွှန်ပြနေပေသည်။  သို့ဖြစ်ရာ ဤဥပဒေသည် လူမျိုးတစ်စု၊ နိုင်ငံတစ်ခု၊ ခေတ်ကာလတစ်ရပ်တည်းအတွက်သာမဟုတ် – အစ္စလာမ့် ယုံကြည်ချက်ကိုလက်ခံသူတိုင်းနှင့် သက်ဆိုင်နေပါသည်။
    ဗျာဒိတ်ဥပဒေအား ထုတ်နှုတ်ခြင်း နှင့် ဖွင့်ဆိုခြင်း
     ယှရီအဟ် ဟုအမည်တွင်သည့် ဥပဒေများသည် လမ်းကြောင်းများစွာမှဆင်းသက်လာသည် (လာမည့်အခန်း၌ အသေးစိတ်တင်ပြပါမည်)။ ၄င်းလမ်းကြောင်းမှ ထုတ်နှုတ်သည့် ဥပဒေများမှာ နက်နဲသည့်အတတ်ပညာမှတဆင့် စံနစ်တကျဖြစ်အောင် စီမံထားခြင်းဖြစ်သည်။ ယင်းအတတ်ပညာကို ဖိက်ဟ် (ကျွန်ုပ်တို့ထံတွင် ဖိကဟ်ဟု အသံထွက်၏) ဟု ခေါ်၏။ ဥပဒေပြုပညာ ဖြစ်သည်။ ဤပညာက ဖန်ဆင်းရှင်၏အလိုတော်အား နားလည်စေသည်။     ဥပဒေပြုရေး လမ်းကြောင်းမှ ပညာရှင်များကို ဖုကဟာ (ဧကဝုစ်နာမ် – ဖကီးဟ်)ဟု သိရှိကြသည်။ ဤပညာ ရှင်များသည် အစိုးရအာဏာပိုင် လက်အောက်ခံများအဖြစ် လုပ်ကိုင်လေ့ မရှိကြချေ။ ၄င်းတို့ထံ၌ အခြားဖုကဟာတို့၏ ထောက်ခံခွင့်ပြုချက် (အိဂျာဇဟ်)ဖြင့် တရားဝင်အယူအဆတစ်ရပ်ကို ထုတ်ပြန်နိုင်သည့်အခွင့်အာဏာ ရှိကြသည်။  ဤပညာရပ်ကို သိတတ်ရန်မှာ  ဘဝတစ်ခုလုံးမြုပ်နှံထားရပါသည်။ မြောက်များလှစွာသော ဆရာမြတ် ဆရာကောင်းများ (စစ်မှန်သည့်ပညာရှင်များ)က ၄င်းတို့သည် နှစ်ပေါင်း ၂ဝ ကျော်အထိ လေ့လာသော်ငြား ဤအတတ်ပညာ၏ လက်သင်များသာဖြစ်သေးကြောင်း ဆိုတတ်ကြ၏။ ဤအတတ်ပညာ၏ ရှုပ်ထွေးနက်နဲမှုကြောင့် ဖုကဟာများ၏ ဘဝနှင့်ရင်း၍ ကြိုးပမ်းပုံဖော်ချက်များကို ယခုတင်ပြသည့် ကဏ္ဍတစ်ခုတည်းဖြင့်ပြည့်စုံ လုံလောက်သည်ဟု ဆိုမရနိုင်ပါ။
    အများစုဖြစ်သော စွန္နီတို့၏ အစဉ်အလာအရ အစ္စလာမ်သာသနာ၌ သာသနာပိုင်လူတန်းစား ဟူ၍ မရှိ။ ဖန်ဆင်းရှင်နှင့် ဆက်သွယ်မှုရှိနေပြီး ဖန်ဆင်းရှင်၏ဆန္ဒကို လူထုထံချပြသော ဂိုဏ်းအုပ်ဂိုဏ်းချုပ်ဟူ၍လည်း မရှိပါ။ ဖန်ဆင်းရှင်နှင့်တိုက်ရိုက်ဆက်သွယ်ပေးလျက်ရှိသော (ပုပ်ရဟန်းမင်းကဲ့သို့) ကြားခံပုဂ္ဂိုလ် မရှိပါ။ လူသား၏ အသိတရား နှင့် နာမ်ပိုင်းဆိုင်ရာအပေါ် အပြင်းအထန်အားထုတ်မှုဖြင့် ဖန်ဆင်းရှင်၏အလိုတော်အား သိမြင်နားလည်မည်ဟုသာ အယုံအကြည်ထားကြပေသည်။  အစ္စလာမ့် လမ်းစဉ်တွင် ဗျာဒိတ်တော်လာ လမ်းညွှန်ချက်အား သိမြင်နားလည်မှု နှင့် လက်တွေ့အသုံးချမှုကို ဥပဒေပြုခြင်း အတတ်ပညာအားဖြင့် လူသားတို့ထံ ရောက်ရှိပေသည်။ ၄င်းအထူးလေးမြတ်ဖွယ်ရာ ဥပဒေ ပါရဂူများမှာလည်း ဥပဒေအသိုင်းအဝိုင်းမှ ပညာရှင်များ၏ဆန်းစစ်မှုကို ခံယူရလေ့ရှိသည်။ အကြောင်းမှာ ဖန်ဆင်းရှင်၏ ဗျာဒိတ်တော်အား တိုက်ရိုက်လက်ခံရယူသူဟူ၍ မရှိတော့ခြင်းကြောင့်ဖြစ်သည်။ ဤဆန်းစစ်မှု နှင့် ညှိနှိုင်းသုံးသပ်မှု နည်းစဉ်၌ အယူအဆကွဲလွဲခွင့် နှင့် အချေအတင်ဆွေးနွေးခွင့် (အိခ်သိလာ့ဖ်)သော်လည်းကောင်း၊ တညီတညွတ်တည်း လက်ခံခြင်း (အိသိဖာ့က်)သော် လည်းကောင်း ဖြစ်လာပေသည်။  ဥပဒေရေးရာအယူအဆကို ဖဝါဟ် (ဗဟုဝုစ်နာမ် – ဖသ်ဝါ) ဟုခေါ်ဆို၏။ အသေအချာလေ့ကျင့် သင်ကြားထားသောသူများသာလျှင် ဖသ်ဝါ ပေးပိုင်ခွင့်ရှိ၏။ သို့သော် မိမိ၏ကိုယ်ပိုင်အယူအဆ မပါဝင်မထည့်သွင်း ရချေ။ အကယ်၍ ဥပဒေပြုအတတ်ပညာသိပ္ပံဘာသာရပ်၌ ကျွမ်းကျင်စွာ လေ့ကျင့်သင်ကြားဖူးခြင်း၊ နက်နက်နဲနဲ လေ့လာဖူးခြင်း မရှိသုများမှ ထုတ်ပြန်သော ဖသ်ဝါများကို အစ္စလာမ့်အယူအဆအရ ခိုင်မာခြင်း၊ တရားဝင်ခြင်း မရှိ ဟု  သတ်မှတ်ကြပေသည်။
    အခြေခံစည်းမျဉ်းများ နှင့် စည်းကမ်းချက်များကို ရှာဖွေရယူခြင်း
      ယှရီအဟ် အဖြစ်သတ်မှတ်ရန်  အစ္စလာမ့်ဥပဒေပြုပါရဂူများသည် အရင်းအမြစ်ကြီးလေးရပ်ကို အသုံးပြု၍ ထုတ်နှုတ်ရယူကြရ၏။
    (က)။ ကုရ်အာန် ကျမ်းတော်မြတ်
    (ခ)။ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)၏ဓလေ့တော် (စွန္နဟ်)
    (ဂ)။ ပညာရှင်များ၏ သဘောတူအဆိုညီမှု (အိဂ်ျမာအ်)
    (ဃ)။ သဏ္ဍာန်တူဥပဒေဆိုင်ရာ နှိုင်းယှဉ်ဆန်းစစ်သုတေသနပြုချက်များ (ကိယာ့စ်)
    (က) ကျမ်းမြတ်ကုရ်အာန်၌
    ဤသည်ကား လူခပ်သိမ်းတို့ထံ ရှင်းလင်းဖော်ပြချက်၊ လမ်းညွှန်တရား နှင့် (အရှင့်နှစ်မြို့မှုအလို့ငှါ ဒုစရိုက်မှ ကြဉ်ရှောင်ကြကုန်သော) မုသ်သကီများအဖို့ ဆုံးမသြဝါဒ ဖြစ်၏။                       ကုရ်အာန်  ( ၃း ၁၃၈ )
    ကုရ်အာန်က အထက်ပါကဲ့သို့ဆိုထား၏။ ဤပါဒတော်က ကျမ်းဂန်ကုရ်အာန်၏ ဥပဒေများမှာ တိကျ ရှင်းလင်းစွာ ဖော်ပြထားခြင်းကြောင့် မည်သည့်သံသယမျှဖြစ်စရာ မလိုကြောင်း တင်ပြထားသည်။ သို့သော် ဗျာဒိတ် ထုတ်ပြန်ခြင်း လမ်းကြောင်းပေါ်မူတည်ပြီး အချို့ဥပဒေများမှာ အဆင့်ဆင့်ပြဌာန်း၍ အချို့မှာ သစ်လွင်ခြင်းခံရသည် (ဆိုလိုသည်မှာ – အချို့ဥပဒေများသည် ထပ်ဆင့်ရှင်းပြချက် သို့မဟုတ် အခြားပါဒတော်များအပေါ် ကန့်သတ်ချက်များ ဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်)။  ကျမ်းမြတ်ကုရ်အာန်သည် တစ်ကြိမ်တည်းနှင့် တစ်လုံးတစ်ဝတည်း ထုတ်ပြန်ကျရောက်လာခြင်း မဟုတ်။ အဆင့်လိုက် ကျရောက်လာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အစ္စလာမ့်ဥပဒေများသည်လည်း မုစ်လင်မ်လူ့အဖွဲ့အစည်း၏ လူမှုရေး၊ ကိုယ်ကျင့်စာဂဖြစ်စဉ်နှင့် တစ်ကွ ဖွံ့ဖြိုးတိုးတက်လာခဲ့၏။ ဥပမာ – အစ္စလာမ်မတိုင်မီ အာရေဗျယဉ်ကျေးမှု၌ အစဉ်အလာ အလေ့အထဖြစ်နေသည့် မူးယစ်ဆေးဝါး နှင့် လောင်းကစားကို တားမြစ်ရာတွင် ကုရ်အာန်က ပထမအဆင့်အနေဖြင့် မူးယစ်သေစာသည် သန့်စင်သော ရိက္ခာမဖြစ်၍ အားမပေးကြောင်း ဖော်ပြသည် (၁၆း၆၇)။ ဒုတိယအဆင့်၌ မူးယစ်သေစာနှင့်လောင်းကစားသည် မဆိုစလောက်ကောင်းကျိုးရှိနေလင့် ကစား မကောင်းကျိုး များပြားသည့်ပြစ်မှု တစ်ရပ်အဖြစ် ဖော်ပြတားမြစ်သည် (၂း၂၁၉)။ တတိယအဆင့်၌ မူးယစ်သေစာ မှီဝဲထားသော အခြေအနေတွင် ဆွလာသ်ဝတ်ပြုခွင့် မရှိကြောင်း တစ်ဆင့်တက်ကာ တားမြစ်၏ (၄း၄၃)။ မုစ်လင်မ်တို့သည် တစ်နေ့လျှင် ငါးကြိမ်တိုင်တိုင် ဝတ်ပြုရသဖြင့် မုစ်လင်မ်လူ့အဖွဲ့အစည်းမှ နောက်ဆုံးအဆင့်အဖြစ် ကြိုတင်ပြင်ဆင်နိုင်ရန် ဤဥပဒေဖြင့် ကန့်သတ်အချက်ပေးလိုက်ခြင်းဖြစ်သည်။ နောက်ဆုံး စတုတ္ထအဆင့်တွင်ကား မူးယစ်သေစာသုံးစွဲခြင်း နှင့်လောင်းကစားကို ယတိပြတ် ပိတ်ပင်တားမြစ်လိုက်ပါသည် (၅း၉ဝ-၉၁)။  ကုရ်အာန်သည် တိကျသောဥပဒေပြဋ္ဌာန်းချက်များကို အနည်းငယ်မျှသာ ချပြထား၏။ သို့သော် အစ္စလာမ့်ဥပဒေ၌ အခြေခံစည်းမျဉ်းအဖြစ် ဖွဲ့တည်နိုင်မည့် ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်ချက်များကိုမူ ကျယ်ကျယ် ပြန့်ပြန့်ပြန့် ချမှတ်ထားပေသည်။
    ဖုကဟာများသည် ရံဖန်ရံခါ ပါဒတော်တစ်ခုတည်းမှပင် စည်းမျဉ်းများစွာကို ထုတ်ယူ ဖော်ဆောင်တတ်ကြ၏။ အခြေအနေအသစ်၊ အနေအထားအသစ်များ ထွက်ပေါ်လာလျှင် ထပ်တိုးပြဋ္ဌာန်းရမည့် အခြေခံ ဥပဒေစည်းမျဉ်းများကို ပြဋ္ဌာန်းထားပြီးသောဥပဒေ၏ နောက်ကွယ်ရှိ အကြောင်းရင်းခံ (အိလ္လဟ်)မှ ရှာဖွေရယူကြ၏။  ကုရ်အာန်ရှိ ဥပဒေအများစုသည် လူထုကောင်းကျိုးဖြစ်ထွန်းရေး အတွေးအခေါ်မှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ၄င်း၌ လူတစ်ဦးချင်းသာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ရုပ်၊ နာမ်၊ ကိုယ်ကျင့်တရား၊ အသိဥာဏ် မြင့်ခြင်းတရားများ ပါဝင်နေ၏။ လူထုကောင်းကျိုးးဖြစ်ထွန်းစေရေး ဟူသောအယူအဆသည် အစ္စလာမ့်ဥပဒေ၏ အခြေခံစည်းမျဉ်းအဖြစ် ဆန့်ထွက်လာပြီးနောက် အသစ်အသစ်သော ယဉ်ကျေးမှုများ၊ ခေတ်အလျောက် အခြေအနေများအတွက် အသုံးချနိုင်ပေသည်။ ဥပမာ လက်ရှိခေတ်ကာလတွင် ယာဉ်မောင်းဥပဒေသည် ယှရီအဟ်၏အစိတ်အပိုင်း တစ်ရပ်ဖြစ်လာသည်။ ၄င်းဥပဒေကို ချိုးဖောက်ပါက အပြစ်ရှိသည်ဟု သတ်မှတ်ကြသည်။ ဤဥပဒေများမှာ လူတို့၏ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများကို ကာကွယ်ရန် ဆောင်ရွက်ထားသဖြင့် အစ္စလာမ့်ဥပဒေ၏ ရည်ရွယ်ချက်၌ အကျုံးဝင်နေ၍ ဖြစ်ပါသည်။  ကုရ်အာန်ဆိုင်ရာ အခြေခံစည်းမျဉ်း၏ အခြားဥပမာတစ်ရပ်မှာ လွယ်ကူမှုရှိစေခြင်း ဖြစ်၏။ ၄င်းမှာ
    အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ လွယ်ကူသက်သာချောင်ချိမှုကို အလိုရှိတော်မူပေသည်။ အသင်တို့အဖို့ ခက်ခဲမှုကိုကား (အလျဉ်း) လိုလားတော်မူသည် မဟုတ်ချေ ” ဟူသောအဆိုမှ ဆင်းသက်လာသည် (၂း၁၈၅)။ တာဝန်အဖြစ် သတ်မှတ်မထားသော ခက်ခဲခြင်းမှ သာသနာ့ ကိုင်းရှိုင်းမှုသည် ထွက်ရှိမလာပါ (ဥပမာ – မိမိကိုယ်ကိုနာကြင်စေခြင်း)။ ဖန်ဆင်းရှင်၏ ဥပဒေနောက့်သို့ ရိုးသားဖြူစင်စွာ လိုက်နာခြင်းဟူသော လွယ်ကူမှုမှသာ ထွက်လာသည်ဟု ဥပဒေပါရဂူများက ကောက်ချက်ချကြသည်။ ဤစည်းမျဉ်းကို အစ္စလာမ့်ဥပဒေက အလယ်အလတ်လမ်းစဉ်အဖြစ် ညွှန်ပြသည်။ ဖသ်ဝါ ထုတ်သည့်အခါ၌ ဖြစ်စေ၊ လူတို့အား အစ္စလာမ်သို့ ဖိတ်ခေါ်သတင်းပေးသည့်အခါ၌ဖြစ်စေ လူတို့အတွက် လွယ်ကူသက်သာမှုရှိစေရန် တိုက်တွန်းထားပါသည်။ ဤလမ်းစဉ်က အစ္စလာမ်၏ အခြေခံအချက်များ၌ ခိုင်မာမြဲမြံရန် နှင့် အစ္စလာမ့်ဦးတည်ချက်များ ခိုင်မာအားကောင်းလာစေရန် တိုက်တွန်းထားသလို၊ အရာရာတိုင်း၌ လွယ်ကူချောင်ချိစေရန် နှင့် ကုရ်အာန့်ဦးတည်ချက်ပြည့်မြောက်ရေး၌ လှုပ်သာလှည့်သာသောနည်းလမ်းများအား အသုံးပြုရန်ကိုလည်း တိုက်တွန်းအားပေးထားပေသည်။  ကုရ်အာန်ရှိ ဥပဒေအပေါင်းကို ကျယ်ပြန့်သော စည်းမျဉ်းအမျိုးအစားခြောက်မျိုးဖြင့် အဓိကအုပ်စုများအဖြစ် ခွဲခြားနိုင်ပေသည်။
    ၁။  သာသနာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
    လူ့အဖွဲ့အစည်း၌ တစ်ဆူရှင်ဝါဒ နှင့် အစ္စလာမ့်ကျင့်ရပ်များကို ဤဥပဒေများက တည်ဆောက် ကျင့်ကြံစေသည်။ ဤစည်းမျဉ်းက လူ့အဖွဲ့အစည်းအတွင်းရှိ သာသနာအပေါင်း၏လွတ်လပ်စွာကိုးကွယ်ခွင့်ကိုလည်း အကာအကွယ်ပေးထားပါသည်။
    ၂။  အသက်ဘဝကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
    ဤဥပဒေများက လူသားတို့၏အသက်ဘဝကို တန်ဖိုးထား၍ ကာကွယ်စောင့်ရှောက်ရေးဥပဒေများကို ဖြစ်လာစေသည်။
    ၃။  မျိုးနွယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
    ကြံ့ခိုင်သော အစ္စလာမ့်လူ့အဖွဲ့အစည်း၏အုတ်မြစ်ဖြစ်သည့် မိသားစုနှောင်ကြိုးများကို ဤဥပဒေများက စောင့်ရှောက်၊ အားကောင်းစေသည်။ တရားမဝင် ကာမဆက်ဆံမှု နှင့် လိင်ဖောက်ပြန်မှုကိုလည်း အပြစ်ပေးစေ၏။
    ၄။  ဥစ္စာပိုင်ဆိုင်မှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
    ဤဥပဒေများက နိုင်ငံသားတို့၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် နှင့် ရှာဖွေစုဆောင်းခွင့်ကို ထိန်းသိမ်းပေးသည်။ ခိုးဝှက်ခြင်းအပါအဝင် မတရားမှုများထံမှ အကာအကွယ်ပေးထားသည်။
    ၅။  ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
    ဂုဏ်သိက္ခာသည် လူ့အခွင့်အရေးများ နှင့် အစ္စလာမ့်လမ်းစဉ်၏အခြေခံပင်ဖြစ်ပြီး ဤဥပဒေများက  နိုင်ငံသားတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးသည်။
    ၆။  အသိဥာဏ်တရားကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
    အသိဥာဏ် နှင့် ဆင်ခြင်တုံတရားသည် ထွဋ်မြတ်ကြောင်း အစ္စလာမ့်လမ်းစဉ်က သတ်မှတ်ထား၏။ ထို့ကြောင့် ယှရီအဟ်က ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာအန္တရာယ်များမှ အသိဥာဏ်ကို အကာအကွယ်ပေးစေ၏။ အသိဥာဏ်နှင့်ဆုံးဖြတ်မှုကို တစ်သီးတစ်ခြားစီဖြစ်သွားစေသော အရက်ကဲ့သို့ မူးယစ်သေစာများကို ဥပဒေက တားမြစ် ထားသည်။  ကုရ်အာန်ကပြဆိုထားသော အစ္စလာမ့်ဥပဒေ၏ဤစည်းမျဉ်းများအပေါ် မုစ်လင်မ်တို့က မိမိတို့၏  ယုံကြည်ချက်နှင့်လုပ်ရပ်များကို အခြေတည်ထားခြင်း ဖြစ်ပေသည်။
    သာသနာ့ကျင့်စဉ်ကျင့်ရပ်များ
    ဘဝ၏အချိန်တိုင်းသည် အဖိုးထိုက်တန်၏ ဟု အစ္စလာမ့်လမ်းစဉ်က သတ်မှတ်သည်။ ဗျာဒိတ်လမ်းညွှန်အောက်မှ နေထိုင်ဆောင်ရွက်ပါက ဘဝ၏မည်သည့်လုပ်ရပ်မဆို သာသနာ့ကျင့်ရပ်များအဖြစ် စာရင်းဝင်သွားမည်ဖြစ်သည်။  အစ္စလာမ့်ဥပဒေက မဏ္ဍိုင်ငါးရပ်ကို အဓိကသာသနာ့ကျင့်ရပ်များအဖြစ် တည်ဆောက်စေသည်။
    ၁။ ယုံကြည်ချက်ကို ဖွင့်ဟကြေငြာခြင်း – ယှဟာဒဟ်
    ၂။ တစ်နေ့လျှင် ငါးကြိမ် ဝတ်ပြုခြင်း – ဆွလာသ် (၂း၃)
    ၃။ ရမဿွာန်လမြတ်တွင် အရုဏ်ချိန်မှနေဝင်ချိန်အထိ ဥပုသ်သီလဆောက်တည်ခြင်း – ဆွောင်မ် (၂း၁၈၃-၁၈၅)
    ၄။ သန့်စင်ဒါန ပေးဆောင်ခြင်း – ဇကာ့သ် (၉း၆ဝ)
    ၅။ ငွေကြေးအင်အားနှင့်အတူ ခန္ဓာအင်အားရှိနေပါက မက္ကဟ်ရှိ အလ္လာဟ့်အိမ်တော်သို့ သွားရောက်ခြင်း –    ဟဂ်ျ (၂း၁၉၆-၂ဝဝ)။
    လူမှုဆက်ဆံရေး
    ဤဥပဒေသည် မုစ်လင်မ်အချင်းချင်းတို့၏ အခွင့်အရေး၊ တာဝန်ဝတ္တရားများနှင့်သက်ဆိုင်သည်။ ၄င်း၌ အပြန်အလှန်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး၊ စီးပွားရေးကျင့်ဝတ်များ ပါဝင်သည်။ လူမှုဆက်ဆံရေးဆိုင်ရာဥပဒေ၌ လူသတ်မှု၊ ခိုးဝှက်မှု စသည့် ပြစ်မှုကြီးများအတွက်လည်း ပြစ်ဒဏ်ချမှတ်ခြင်း ရှိသည်။
    မိသားစုဆိုင်ရာဥပဒေ
    ကုရ်အာန်ရှိ မိသားစုဆိုင်ရာဥပဒေများမှာ မိသားစုဝင်အချင်းချင်းဆက်ဆံရေး၊ လက်ထပ်ထိမ်းမြားခြင်း၊ လိင်မှုရေးရာကိစ္စ၊ ကွာရှင်းပြတ်စဲခြင်း၊ အမွေခံခြင်းတို့နှင့် သက်ဆိုင်ပါသည်။ အမျိုးသမီးအခွင့်အရေးနှင့် တာဝန်ကိစ္စသည်လည်း မိသာစုဆိုင်ရာဥပဒေ၌ အရေးကြီးအခန်းကဏ္ဍမှ ပါဝင်၏။
    အစားအသောက်ဥပဒေ
    အစားအသောက်ဆိုင်ရာဥပဒေသည် အခန်းကဏ္ဍ မကြီးမားသော်လည်း အစ္စလာမ့်ဥပဒေ၌ အရေးပါ သောအကြောင်းတစ်ရပ်ဖြစ်သည်။ ခန္ဓာကိုယ်တွင်းသို့ တိုက်ရိုက်ဝင်ရောက်သောအရာသည် အလ္လာဟ့်သိစိတ်ကို အကျိုး သက်ရောက်စေ၏။ ထို့ကြောင့် ယှရီအဟ်၌ မရှိမဖြစ် ထည့်သွင်းထားခြင်း ဖြစ်သည်။
    စစ်မက်ဥပဒေ
    စစ်မက်ရေးရာနှင့်ပတ်သက်၍ ကုရ်အာန်မှ တိကျသောစည်းကမ်းချက်များ ချမှတ်ထားသည်။ စစ်မက် ကာလအတွင်း စောင့်ထိန်းရမည့် အခြေခံကျင့်ဝတ်များ သာမက စစ်နိုင်ပစ္စည်းခွဲဝေဖြန့်ချိမှုလည်း ပါဝင်သည်။
      ()  စွန္နဟ်၌
    အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့တော်အား သက်ဝင်ယုံကြည်သည့်အပြင် အလ္လာဟ်အရှင်မြတ်အား များမြောင်စွာ အောက်မေ့တသသူအဖို့ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်ထံ၌ မွန်မြတ်လှစွာသော စံနမူနာသည် အသင်တို့အတွက် ဧကန်ရှိပေသည်။          ကုရ်အာန်  ( ၃၃း ၂၁ )
    တမန်တော် မုဟမ္မဒ်(ဆွ)အပေါ် အထက်ပါ ကုရ်အာန့်ညွှန်းချက်သာမက သာသနာ့ရေးရာနှင့်စပ်လျဉ်း၍ မုဟမ္မဒ်(ဆွ)သည် ဒုတိယအရင်းအမြစ်ကြီးဖြစ်ကြောင်း အထက်ပါကဲ့သို့ ပြတ်သားစွာ ဖော်ပြထားသည်ကို တွေ့ရပေမည်။
    အိုသက်ဝင်ယုံကြည်သူအပေါင်းတို့။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား လိုက်နာနာခံကြလေကုန်။ ထို့နည်းတူ ရစူလ်တမန်တော်မြတ်အား လိုက်နာနာခံကြလေကုန်။ ထို့နည်းတူ အသင်တို့အနက်မှ (အစ္စလာမ့် ကျင့်ဝတ်နှင့်အညီရှိကြသော) အာဏာပိုင်များ/ခေါင်းဆောင်များကို လိုက်နာနာခံကြလေကုန်။ တဖန် အကယ်၍ အသင်တို့သည် တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ အငြင်းပွားကြသော် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ရစူလ်တမန်တော်မြတ်ထံသို့ ရည်ညွှန်းကိုးကားမှုပြုကြကုန်။
    ကုရ်အာန် ( ၄း ၅၉ )
    စွန္နဟ်ဟုသိကြသော တမန်တော်မြတ် မုဟမ္မဒ်(ဆွ)၏ဘဝစံနမူနာသည် အစ္စလာမ့်ဥပဒေ၏ ဒုတိယမြောက် အရင်းအမြစ်ဖြစ်သည်။ စွန္နဟ်သည် တမန်တော့်ဖြစ်စဉ် အသေးစိတ်ကို သြဝါဒတော်များနှင့် တစ်ကွ သူ၏ သာဝကတော်တို့မှ ဆင့်ပြန်ချက်များဖြစ်ကြ၏။ ၄င်း၌ လုပ်ရပ်များ၊ မိန့်ကြားမှုများ၊ တမန်တော်မှ ဆိတ်ငြိမ်စွာဖြင့် ခွင့်ပြုချက်(သဘောတူချက်)များ၊ တမန်တော့်ရှေ့မှောက်ရှိ လုပ်ရပ်တစ်ခုခုကို ကိုယ်တော်မြတ်မှ တိုက်တွန်းအားပေးချက် သို့မဟုတ် တားမြစ်ချက်များ ပါဝင်ကြ၏။ စွန္နဟ်အား သမိုင်းအဆက်ဆက် ထိန်းသိမ်းလာသောမှတ်တမ်းကို ဟဒီးဆ် ဟု ခေါ်ဆိုသည်။  စွန္နဟ်က ကုရ်အာန်၏သွန်သင်မှုများကို ရှင်းပြသည်၊ ဖွင့်ဆိုပြသည်။ ဘဝရေးရာ၌ ကုရ်အာန့် စည်းမျဉ်းအတိုင်း မည်သို့နေထိုင်ရမည်ကို ပြသထားသည်။ ဥပမာ ကုရ်အာန်၌ မုစ်လင်မ်တို့ကို ဘဝတစ်လျှောက်လုံး ဆွလာသ်ငါးကြိမ် ဝတ်ပြုရန် ဖိတ်ခေါ်ထားသော်လည်း ဝတ်ပြုနည်းအဆင့်ဆင့်ကိုမူ တိကျစွာ ချပြမထားချေ။ ဆွလာသ် ဝတ်ပြုပုံအသေးစိတ်နှင့် တစ်ကွ ကျင့်သုံးနည်းဥပဒေကို စွန္နဟ်မှသာ ရရှိခြင်းဖြစ်သည်။  အလားတူစွာ ကုရ်အာန်က မုစ်လင်မ်တို့အား ဇကာ့သ်ပေးလှူရန် ညွှန်ကြားထားသော်လည်း ပမာဏကိုမူ ဆိုမထားပါ။ နှစ်စဉ်မည်မျှပေးဆောင် ရမည်ကို ဟဒီးဆ်၌သာ ရှာဖွေသိရှိကြရပေသည်။  ဖန်ဆင်းရှင်၏အလိုတော်အား သိအောင်ကြိုးစားသော မုစ်လင်မ်သည် ပထမဦးစွာ ကုရ်အာန်၊ ၄င်းနောက် ဟဒီးဆ်ကို မိမိတို့၏ အခြေခံရင်းမြစ်နှစ်ရပ်အဖြစ် လက်ကိုင်ပြုရပါသည်။ တမန်တော် မုဟမ္မဒ်(ဆွ)၏ ဘဝစံနမူနာသည် အစ္စလာမ့် ဥပဒေပြုခြင်း၌ အရေးအကြီးဆုံးအခန်း ကဏ္ဍ၌ ပါဝင်နေပေသည်။  ဟဒီးဆ်၌ အပိုင်းနှစ်ရပ်ပါဝင်၏။ ဆင့်ပြန်သူတို့၏အစဉ်အဆက်ကွင်းဆက် (အိစ်နဒ်) နှင့် အကြောင်းအရာစာသားများ (မသ်န်) ဖြစ်၏။ ဟဒီးဆ်တော်တစ်ပုဒ်၏ယေဘူယျပုံစံကို အောက်ပါအတိုင်း တွေ့ကြရ ပေမည်။  “ အဗူ ဟုရိုင်ရဟ်ထံမှ အလ်အအ်ရာ့ဂ်ျ၊ ၄င်းထံမှ မုဟမ္မဒ် ဗင်န် ယဟ်ယာ ဗင်န် ဟဗ်ဗာန်း နှင့် အဗူလ် ဇင်နဒ်၊ ၄င်းတို့ထံမှ မာလစ်က် ဗင်န် အနတ်စ်က ဆင့်ပြန်ခဲ့သည်။ ရစူလုလ္လာဟ်(ဆွ)မှ မိန့်တော်မူသည်မှာ –  မိမိ၏ညီနောင်မှ ကမ်းလှမ်းထားပြီးသော အမျိုးသမီးကို အသင်တို့အနက် မည်သူမျှ ထိမ်းမြားရေးအတွက် သူမကို မကမ်းလှမ်းကြလေနှင့်
    ဟဒီးဆ်စုဆောင်းသူတို့သည် မုစ်လင်မ်လောကတစ်လွှား၌ အချိန်နှင့်အမျှ ဟဒီးဆ်ကို ရှာဖွေစုဆောင်းခဲ့ကြ၏။ အစ္စလာမ့်အစဉ်အလာ၌ ဟဒီးဆ်စုဆောင်းကျမ်း ၆ စောင်ကို ယေဘူယျအားဖြင့် အခိုင်မာဆုံးအဖြစ် သတ်မှတ်ထားကြသည်။ ၄င်းတို့မှာ  – အစ္စမာအီလ် အလ်ဗုခါရီ၊ မုစ်လင်မ် အိဗ်နု အလ်ဟဂ်ျဂျာ့ဂ်ျ၊ အဗူ ဒါဝူးဒ်၊ အန် နိစာအီ၊ အသ် သိရ် မိဇီ၊ အိဗ်နုမာဂျာဟ် တို့ဖြစ်ကြ၏။ ၄င်းတို့အနက် အလ်ဗုခါရီ နှင့် မုစ်လင်မ် ဟဒီးဆ်ကျမ်းနှစ်စောင်သည် သြဇာအကြီးမားဆုံး ဖြစ်ကြသည်။  ဟဒီးဆ်စုဆောင်းဆဲကာလတွင် မတိကျစွာ ဆင့်ပြန်ထားသောဟဒီးဆ်များ၊ ဟဒီးဆ်အတုများနှင့် စပ်လျဉ်းသောပြဿနာများ မြောက်များစွာ ဖြစ်ပေါ်ခဲ့၏။ ယင်းစိန်ခေါ်ချက်ကြောင့် မခိုင်မာသည့် ဟဒီးဆ်များမှ  ခိုင်မာမှန်ကန်သည့်ဟဒီးဆ်တော်များအား ရွေးထုတ်စိစစ်ရန် ဟဒီးဆ်ဆန်းစစ်ခြင်းပညာရပ် ထွန်းပေါ်လာခဲ့သည်။ အိစ်နဒ် နှင့် မသ်န် နှစ်မျိုးလုံးကို ဆန်းစစ်သည့်အတတ်ပညာဖြင့် ဟဒီးဆ်များကို စုဆောင်းခဲ့ကြခြင်း ဖြစ်ပေသည်။
    အိစ်နဒ် (ဆင့်ပြန်မှုကွင်းဆက်များ)ကိုဆန်းစစ်ခြင်း
    ခိုင်မာသည့်ဟဒီးဆ်တစ်ပုဒ်အဖြစ်သတ်မှတ်ရန်အတွက် ဟဒီးဆ်၌ပါဝင်သော တမန်တော်မြတ်(ဆွ)မှ ပြောဆို/ဆောင်ရွက်စဉ် ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ကြား သိခဲ့သူတစ်ဦးဦးအထိ ခြေရာကောက်ကြရသည်။ ၄င်းထံမှ အဆင့်ဆင့် ဆင့်ပြန်လာသူတိုင်း၏ ဘဝ၊ ကိုယ်ကျင့်တရား နှင့် မှတ်ဥာဏ်စွမ်းရည်အသီးသီးကိုလည်း ဂဃနဏ ဆန်းစစ်ရသည်။ ယင်းသို့ စေ့စပ်စွာ ဆန်းစစ်ပြီးမှသာ ဖန်ဆင်းရှင်၏အလိုတော်ကို တမန်တော်မြတ်(ဆွ)၏ စကား နှင့် လုပ်ရပ်အဖြစ် ကိုယ်စားပြုထားသော ဟဒီးဆ်ဟု လက်ခံအတည်ပြုကြပေသည်။  သက်ဆိုင်ရာဟဒီးဆ်ကို အစဉ်အဆက်ဆင့်ပြန်လာသူ တစ်ဦးချင်းစီ၏စကားများ အတိအကျ နီးပါးတူညီမှသာ  ” အခိုင်မာဆုံးဟဒီးဆ် ” အဖြစ် သတ်မှတ်သည်။ သို့သော် ရံဖန်ရံခါတွင် ဟဒီးဆ်တစ်ပုဒ်၏ဆင့်ပြန်ချက် သုံးလေးမျိုး၌ အဓိပ္ပာယ်တစ်မျိုးတည်းထွက်နေသော်လည်း စကားလုံးများမှာ အနည်းငယ်ကွဲပြားမှုများ ရှိကြ၏။ ယင်းသို့သော ဟဒီးဆ်တော်ကို ” အခိုင်မာဆုံးမှ တစ်ဆင့်နိမ့် (ဟစံန်)” (သင့်လျော်ပြီးလက်နိုင်ခံဖွယ်)အဖြစ် သတ်မှတ်ကြ၏။
    မသ်န် (ဟဒီးဆ်၏အကြောင်းအရာများ)ကို ဆန်းစစ်ခြင်း
    ပညာရှင်တို့သည် ဆင့်ပြန်သူအစဉ်အဆက်နှင့်တစ်ကွ ဟဒီးဆ်တော်လာ အကြောင်းအရာများကိုလည်း ဆန်းစစ်ရ၏။ အကြောင်းအရာများမှာ ကုရ်အာန်၏ သွန်သင်မှု၊ အနှစ်သာရများနှင့် ကိုက်ညီမှုရှိနေရပါမည်။ အကြောင်းမှာ မုဟမ္မဒ်(ဆွ)၏ အဓိကပင်မတာဝန်သည် ကျမ်းဂန်၏အဆုံးအမတရားကို ဖြန့်ချိခြင်းသာ ဖြစ်သောကြောင့်ပင်။ ဟဒီးဆ်တစ်ပုဒ်သည် ကုရ်အာန်နှင့်ဆန့်ကျင်နေပါက မခိုင်မာဟု သတ်မှတ်လေ့ရှိသည်။ အလားတူစွာပင် ခိုင်မာမှန်ကန်သည်ဟု အဆိုညီညွတ်ပြီးသောဟဒီးဆ် တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေပါကလည်း လက်မခံတတ်ကြချေ။  သို့သော်လည်း ကျမ်းမြတ်ကုရ်အာန်ကဲ့သို့ မုဟမ္မဒ်(ဆွ)၏ သွန်သင်ချက်များသည် လူ့အဖွဲ့အစည်း တိုးတက်မှု အဆင့်ဆင့်ဖြစ်စဉ်အပေါ် မူတည်သောကြောင့် အကြောင်းအရာတစ်ခုတည်းအတွက်ပင် မတူညီသည့် လုပ်ဆောင်ချက်နှစ်မျိုးထွက်ပေါ်ရသော ဟဒီးဆ်နှစ်ပုဒ်အဖြစ်လည်း တွေ့ရတတ်ပေသည်။ ၄င်းဟဒီးဆ်များမှာ ဆန့်ကျင် ဖက်များ မဟုတ်ကြ။ တစ်မျိုးထက်ပိုသော နည်းလမ်းများကို ပြသထားခြင်း သို့မဟုတ် မုစ်လင်မ်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးပြီးနောက်မှာမှ တိုးမြှင့်သတ်မှတ်သည့်ဥပဒေများ ဖြစ်နိုင်ပေသည်။ ယင်းသို့သောကိစ္စမျိုးတွင်  နောက်ပိုင်းကာလ မှတ်တမ်းတင်မှုက ကနဦးကာလမှတ်တမ်းအား လွှမ်းမိုးထား၏ (နောက်ပိုင်းကာလဟဒီးဆ်ကို ရှေးဦးကာလဟဒီးဆ် ထက် ဦးစားပေးကြရ၏)။  ဟဒီးဆ်တစ်ပုဒ်၏အကြောင်းအရာသည် ကုရ်အာန့်ဆိုလိုချက်များနှင့်ကိုက်ညီနေသရွေ့ ခိုင်မာမှန်ကန်မှုရှိကြောင်း သတ်မှတ်လက်ခံကြပေသည်။
    ခိုင်မာမှန်ကန်မှု အဆင့်အတန်းများ
    ဆန်းစစ်ပြီးသည့်ဟဒီးဆ်တော်တစ်ပုဒ်၏ ခိုင်မာမှန်ကန်မှုအဆင့်အတန်းကို အောက်ပါကဲ့သို့ (အကြမ်းအားဖြင့်) ခွဲခြားထားသည်။
    ၁။  အကောင်းဆုံးနှင့်အခိုင်မာဆုံးဟဒီးဆ်ဆွဟီးဟ်  
    ခိုင်မာမှန်ကန်မှု၌ အဆင့်အမြင့်ဆုံးဖြစ်သည်။ ၄င်း၏ ဆင့်ပြန်သူကွင်းဆက်နှင့်စာသားအကြောင်းအရာမှာ အပြစ်အနာအဆာကင်းစင်သည်။ အစ္စလာမ့်ဥပဒေပြုရေးအတွက် အခိုင်မာအမှန်ကန်ဆုံး အမျိုးအစား ဖြစ်လာသည်။
    ၂။  လက်ခံနိုင်ဖွယ်ဟစံန်    
    ဆင့်ပြန်သူကွင်းဆက်၌ သံသယအနည်းငယ်ပါရှိသော ဟဒီးဆ်ကို ဤသတ်မှတ်ချက်တွင် ထည့်သွင်း ကြသည်။ ဥပမာ ဆင့်ပြန်သူတစ်ဦးဦးသည် မှတ်ဥာဏ်အားနည်းခြင်း သို့မဟုတ် ချို့ယွင်းချက်တစ်စုံတစ်ရာရှိနေခြင်း စသည်မျိုး ဖြစ်၏။ သို့သော် အခြားဆင့်ပြန်သူများမှာ ခိုင်မာမှန်ကန်စိတ်ချရသူများ ဖြစ်နေသည်ဆိုလျှင် ဤဟဒီးဆ် အမျိုးအစားကိုလည်း အစ္စလာမ့်ဥပဒေပြုရာ၌ သုံးသည်။ သို့ရာတွင် ဆွဟီးဟ် ဟဒီးဆ်များကို ပိုမိုဦးစားပေးရသည်။
    ၃။  အားနည်းသောဟဒီးဆ်ဿွအီးဖ် 
    ဤဟဒီးဆ်များသည် ဆင့်ပြန်သူကွင်းဆက်ပြတ်တောက်နေခြင်း သို့မဟုတ် အကြောင်းအရာများမှာ လက်ခံနိုင်စရာ မရှိခြင်း/ကြောင်းကျိုးလျော်ညီမှုမရှိခြင်းတို့ကြောင့် မခိုင်မာဟု သတ်မှတ်ကြသည်။  သို့ရာတွင် ကုရ်အာန် သို့မဟုတ် ဆွဟီးဟ် ဟဒီးဆ်နှင့် ဆန့်ကျင်ဖက်မဖြစ်သော ဟဒီးဆ်များကိုမူ အသုံးပြုတတ်ကြ၏။ ဥပမာ – ” တရုတ်ပြည်၌ပင်ဖြစ်စေ ပညာကို (သွားရောက်)ရှာဖွေကြကုန် ” ဟူသောဟဒီးဆ်မှာ အလွန်ကျော်ကြား၏။ စင်စစ်၌ ဆင့်ပြန်မှုကွင်းဆက်ပြတ်တောက်နေမှုကြောင့် ဿွအီးဖ် အဆင့်ဝင်နေသော်လည်း ” ပညာရှာဖွေခြင်းသည် မုစ်လင်မ်အမျိုးသားအမျိုးသမီးတိုင်းအတွက် မပြုမနေရတာဝန် ဖြစ်၏ ” ဟူသော ဆွဟီးဟ် ဟဒီးဆ်၏အနှစ်သာရနှင့်ထပ်တူပင်ဖြစ်နေသည်။ ယင်းသို့ဟဒီးဆ်မျိုးကို မုစ်လင်မ်များမှ ခိုင်မာမှန်ကန်သည်ဟု ယူဆ၍ အသုံးပြုလေ့ရှိပေသည်။
    ()  ပညာရှင်များ၏ သဘောတူအဆိုညီမှုအိဂ်ျမာအ်၌
    ”  ငါ၏နောက်လိုက်များမှ (အစစ်အမှန်) ပညာရှင်တို့သည် မည်သည့်အခါမျှ မှားယွင်းမှု၌ ရပ်တည် ကြလိမ့်မည်မဟုတ်  ” ဟု တမန်တော် မုဟမ္မဒ်(ဆွ)မှ မိန့်တော်မူခဲ့၏။ သို့ဖြစ်ရာ အစ္စလာမ့်ဥပဒေဖွံ့ဖြိုးတိုးတက်မှုတွင်  အိဂ်ျမာအ် ဟုခေါ်သော ပညာရှင်များ၏ သဘောတူအဆိုညီမှုမှာ တတိယအရင်းအမြစ်ဖြစ်လာခဲ့သည်။ အိဂ်ျမာအ် ၏အယူအဆကား – ခေတ်တစ်ခေတ်/မျိုးဆက်တစ်ဆက်ရှိ ပညာရှင်တို့မှ သာသနာ့ရေးရာကိစ္စတစ်ရပ်ရပ်အပေါ် အကွဲအလွဲမရှိ သဘောတူအဆိုညီကြလျှင် ၄င်းစည်းမျဉ်းကို ဥပဒေအဖြစ် ပြဋ္ဌာန်းခြင်းဖြစ်သည်။  ကုရ်အာန်၌သော်လည်းကောင်း၊ စွန္နဟ်၌သော်လည်းကောင်း သက်ဆိုင်ရာကိစ္စတစ်ခုခုနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြတ်သားသောလမ်းညွှန်ကို မတွေ့ရသည့်အခါမှသာ ပညာရှင်များမှ အိဂ်ျမာအ် ပြုခွင့်ရှိပေသည်။ (မရှာဖွေ မစိစစ်မသုံးသပ်ဘဲ စဉ်းစားအဖြေထုတ်ပိုင်ခွင့် မရှိချေ)။ ယင်းသို့သောစည်းမျဉ်းများကို အစ္စလာမ့်အသိပညာကြွယ်ဝလှသည့်ပညာရှင်များမှ ထုတ်ဖော်ကြရ၏။ ၄င်းတို့အနေနှင့် မိမိတို့၏ကိုယ်ပိုင်အယူအဆကို အသုံးပြုခွင့်မရှိဘဲ ကုရ်အာန်နှင့်စွန္နဟ်တို့မှ အကြောင်းရင်းခံ နှင့် အနှစ်သာရများ၌သာ အခြေခံတွေးခေါ်ရပေသည်။  ဥပမာ အစ္စလာမ့်နယ်ပယ်သည် အာရေဗျနယ်နမိတ်ကိုကျော်လွန်သွားသောအခါဝယ် မုစ်လင်မ် လူ့အဖွဲ့အစည်းအဖို့ မိမိတို့ကိုဆန့်ကျင်သည့် မုစ်လင်မ်မဟုတ်သော အခြားနိုင်ငံများနှင့် ပဋိညာဉ်စာချုပ်များ ပြုနိုင် မပြုနိုင်ကိစ္စကို ရင်ဆိုင်ကြုံတွေ့ခဲ့ရ၏။ ဤအကြောင်းနှင့်စပ်လျဉ်း၍ ကုရ်အာန်နှင့်စွန္နဟ်၌ ရှင်းရှင်းလင်းလင်းဖော်ပြချက် မရှိ။ ထို့ကြောင့် ပညာရှင်များသည် ” ၄င်းပြင် အကယ်၍ ထိုသူတို့သည် ငြိမ်းချမ်းရေးသို့ ယိမ်းညွှတ်ကြပါလျှင် အသင်တို့သည်လည်း ငြိမ်းချမ်းရေးဖက်သို့ တိမ်းညွှတ်ပါလေ  (၈း၆၁) ” ဟူသော ကုရ်အာန့်ဆိုလိုချက်ကိုမှီး၍ မုစ်လင်မ့်လူ့အဖွဲ့အစည်းအား မလိုမုန်းထားရှိစေကာမူ ဒုက္ခအန္တရာယ်ပေးခြင်းမပြုသမျှ ၄င်းတို့နှင့် ပဋိညာဉ် ပြုနိုင်သည်ဟု သဘောတူအဆိုညီခဲ့ကြပါသည်။
    ()  သဏ္ဍာန်တူဥပဒေဆိုင်ရာ နှိုင်းယှဉ်ဆန်းစစ်သုတေသနပြုချက်များ (ကိယာ့စ်) ...
    အစ္စလာမ်လောကမှ ဥပဒေပါရဂူများသည် ဖန်ဆင်းရှင်၏အလိုတော်အားသိနိုင်ရန် ဆင်ခြင်တုံတရားဖြင့် အပြင်းအထန်အားထုတ်မှု – အိဂ်ျသိဟာ့ဒ် နည်းလမ်းကို အသုံးပြုလာခဲ့ကြသည်။ အသစ်ထွန်းပေါ်လာသည့် ယဉ်ကျေးမှု နှင့် ခေတ်ကာလ၌ (ဗျာဒိတ်နှင့်ညီညွတ်သော) တရားဝင်စည်းမျဉ်းများ ရရှိရေးအတွက်ဖြစ်သည်။ ကနဦးပိုင်းက ပညာရှင်တို့သည် ကျိုးသင့်ကြောင်းသင့်အတွေးအမြင် (ရိုင်ယ်)အားဖြင့် အစ္စလာမ့်အစဉ်အလာအပေါ်အခြေပြု၍ ဥာဏ်စွမ်းထုတ်ကြိုးပမ်းခဲ့ကြကုန်၏။ သို့သော်လည်း ကာလကြာရှည်လာသည်နှင့်အမျှ ဤနည်းစဉ်မှာ လျော့တိလျော့ရဲဖြစ်လွန်းသည်ဟု ပညာရှင်များမှ အမြင်ဖြစ်လာကာ အခြေအမြစ်မဲ့ မခိုင်မာသည့်အတွေးအမြင်များထွက်ရှိလာမည်ကို စိုးရိမ်ခဲ့ကြကုန်၏။  ထင်ရှားကျော်ကြား၍ သြဇာကြီးမားသော ဥပဒေပါရဂူ (အိမာမ်) ရှာဖိအီ၏ဦးဆောင်မှုဖြင့် အစ္စလာမ့် ဥပဒေပညာရှင်တို့က ဥပဒေဆိုင်ရာနှိုင်းယှဉ်ဆန်းစစ်သုတေသနပြုချက်တစ်ရပ်ကို ဖော်ထုတ်အသုံးပြုခဲ့ကြသည်။  ၄င်းကို ကိယာ့စ် ဟုခေါ်ဆိုသည်။ ကုရ်အာန်၊ စွန္နဟ်၊ အိဂ်ျမာအ်၌ ထင်ရှားသည့်စည်းမျဉ်းမတွေ့ရပါက သက်ဆိုင်ရာ အကြောင်းကိစ္စအတွက် ယင်းအရင်းအမြစ်သုံးရပ်ရှိ သဏ္ဍာန်တူ/ဆင်တူယိုးမှားကိစ္စ/အနေအထားများအပေါ် အခြေခံ လျက် နှိုင်းယှဉ်သုံးသပ်ကာ အဖြေထုတ်လေ့ရှိပေသည်။
    ဗျာဒိတ်ဥပဒေ၏ အဆင့်သတ်မှတ်ချက် ရပ်
      ၁။ မပြုမနေရဖရဿွ်
    ဤဥပဒေများကို ကုရ်အာန် နှင့် စွန္နဟ်၌ ထင်ရှားစွာ အမိန့်ပေးဖော်ပြထား၏။ ယင်းဖော်ပြချက်၏ အကြောင်းတရား၊ အမြော်အမြင်မှ လူတစ်ဦးချင်းနှင့်လူ့အဖွဲ့အစည်းအကျိုးအတွက် ဥပဒေများကို ထုတ်ယူခြင်း ဖြစ်သည်။ ဤမပြုမနေရတာဝန်ကို ထမ်းဆောင်ခြင်းသည် ဖန်ဆင်းရှင်ထံတော်မှ အမြင့်မားဆုံးသောကုသိုလ်အကျိုး ရရှိစေသည်။  ဤတာဝန်များကို ရှောင်ဖယ်သော် သို့မဟုတ် အလေးကရုမပြုသော် အပြစ်ထိုက်၍ နောင်တမလွန်တွင် ဖန်ဆင်းရှင်၏ပြစ်ဒဏ်ခတ်ခြင်းကို ခံရသည်။ အချို့ကိစ္စများ၌ ဤလောကီတွင်လည်း ပြစ်ဒဏ်သက်ရောက်၏။  လူတစ်ဦးချင်းစီနှင့်ပတ်သက်နေသော ဤအရာများကို သိရှိခြင်း၊ ဘဝတစ်လျှောက်ကျင့်ကြံခြင်းသည် မုစ်လင်မ်တိုင်းအတွက် မုစ်လင်မ်ဖြစ်ခြင်း၏တာဝန်ပင်ဖြစ်ပါသည်။ ဤတာဝန်များ၌ အစ္စလာမ့်မဏ္ဍိုင်ငါးရပ်လည်း အပါအဝင်ဖြစ်၏။  အများနှင့်သက်ဆိုင်သည့် မပြုမနေရတာဝန်များမှာမူ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် တာဝန်ရှိသော်လည်း လူတစ်ဦးချင်းစီအတွက် မလိုအပ်ပါ။ လူတစ်စုမှ ဆောင်ရွက်ပေးခြင်းဖြင့် တာဝန်ကျေပွန်ရာရောက်၏။ လူ့အဖွဲ့အစည်းကိုကာကွယ်ရန် လူတိုင်းကိုယ်စီတာဝန်ရှိ၏။ သို့သော် နိုင်ငံကိုကာကွယ်ရန်မှာ အများဆိုင်ရာတာဝန် ဖြစ်၏။
    ၂။ တိုက်တွန်းမှု/တွန်းအားပေးမှုမန်ဒူးဗ်
    ဤဥပဒေများသည် မပြုမနေရဥပဒေတို့ကို အထောက်အကူဖြစ်စေသည်။ ဤလုပ်ရပ်များကို လုပ်ဆောင်ပါက ကုသိုလ်ရရှိပြီး ၊ လျစ်လျူရှုမိလျှင်လည်း အပြစ်မဖြစ်ချေ။  ဥပမာ – တစ်နေ့ဆွလာသ်ငါးကြိမ်ဝတ်ပြုခြင်းသည် မပြုမနေရတာဝန်ဖြစ်၏။ သို့သော် ဤဝတ်ပြုမှု ငါးကြိမ်ရှိ အပိုဖြည့်စွက်ဝတ်ပြုမှုများမှာ ဖန်ဆင်းရှင်နှင့်ပိုမိုနီးကပ်စေသည်ဟု တိုက်တွန်းထားသည်။ (ကျွန်ုပ်တို့ထံ၌ နဝါဖိလ် ဟု ခြုံငုံခေါ်ဆိုကြသည်)။
    ၃။ ခွင့်ပြုချက်မုဗာဟ်
    ဤလုပ်ရပ်များသည် ခွင့်ပြဗုချက်ရှိ၏။ ကောင်းသည်ဆိုး၏ တိကျစွာ သတ်မှတ်မထားချေ။ ဥပမာ တစ်ဆူရှင်ဝါဒ (သောင်ဟီးဒ်)အပေါ်မှာသာ ရပ်တည်ကုန်ကြသော ရှေးကျမ်းရသူတို့၏သားငါးများကို စားသုံးခွင့်ရှိသလို ၄င်းတို့အနက်မှ အမျိုးသမီးများကိုလည်း ထိမ်းမြားခွင့်ရှိသည်ဟု ကုရ်အာန်၌ ဖော်ပြ၏ (၅း၅)။ ဤအပြုအမူနှစ်မျိုးမှာ စာရိတ္တကောင်းခြင်း ဆိုးခြင်းနှင့်မသက်ဆိုင်၊ ကုသိုလ်လည်းမရ ပြစ်ဒဏ်လည်းမသင့်ချေ။ (ယနေ့ခေတ်တွင် အဟ်လိကိသာ့ဗ် ခေါ် ရှေးကျမ်းရသူများအနက် ဗျာဒိတ်အမိန့်အမှန်အတိုင်း ရပ်တည်သူ မရှိသလောက် နည်းပါးလွန်း၏)  လုပ်ရပ်တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ ကုရ်အာန်နှင့်စွန္နဟ်၌ တစ်စုံတစ်ရာသတ်မှတ်ချက်ရှိပါလျှင် ခွင့်ပြုချက်ပေးထားသည်ဟု နားလည်နိုင်ပါသည်။ တိကျစွာတားမြစ်ချက် သို့မဟုတ် အစ္စလာမ့်အဆုံးအမနှင့် မဆန့်ကျင်သောအရာဟူသမျှ ပြုခွင့်ရှိကြောင်းကို ဆိုလိုပေသည်။ ဤသည်မှာ အစ္စလာမ့်ကျင့်ဝတ်၌ နေ့စဉ်ဘဝဆိုင်ရာ အခြေခံအကျဆုံးစည်းမျဉ်းပင်ဖြစ်၏။
    ၄။ မနှစ်မြို့ဖွယ်မကရူးဟ်
    ဤလုပ်ရပ်များကို တားမြစ်မထား၊ သို့သော် မနှစ်မြို့ဖွယ် သို့မဟုတ် ကဲ့ရဲ့ရှုတ်ချစရာကိစ္စမျိုးဖြစ်၏။ ၄င်းတို့ကိုပြုလုပ်မိခြင်းဖြင့် အပြစ်မဖြစ်၊ သို့ရာတွင် ရှောင်ကြဉ်ခြင်းက ကုသိုလ်အကျိုးကို ရရှိစေသည်။ အကောင်းဆုံး ဥပမာပေးရလျှင် ကွာရှင်းပြတ်စဲခြင်းကိစ္စမျိုးဖြစ်သည်။ လင်မယားကွာရှင်းမှုကို ” ဖန်ဆင်းရှင်ထံတော်ပါး၌ ပြုပိုင်ခွင့် ရှိသောအရာများအနက် မနှစ်မြို့ဖွယ်အဖြစ်ဆုံးကိစ္စ ” ဟု သတ်မှတ်ထားပါသည်။
    ၅။ ယတိပြတ်တားမြစ်ပိတ်ပင်ချက်ဟရာမ်
    ဤလုပ်ရပ်များမှာ လုံးဝပိတ်ပင်တားမြစ်ခြင်းခံရ၏။ ယင်းအရာများသည် လူတစ်ဦးချင်းရော လူ့အဖွဲ့အစည်းကိုပါ အန္တရာယ်ဖြစ်စေသောကြောင့် တားမြစ်ထားခြင်းဖြစ်သည်။ ဤလုပ်ရပ်များကိုပြုလုပ်လျှင် အပြစ်ရှိသည်ဟု သတ်မှတ်ထားပြီးအချို့မှာ အရေးယူပြစ်ဒဏ်ပေးစေသည်။ တားမြစ်ချက်တို့အား ရှောင်ကြဉ်ခြင်းမှာ ဖန်ဆင်းရှင်ထံတော်မှ ဆုလာဘ် (အကျိုးကုသိုလ်) ရရှိစေ၏။ ဟရာမ်၏ဥပမာများမှာ လူသတ်မှု၊ ခိုးဝှက်မှု၊ လိင်ဖောက်ပြန်မှု၊ အရက်သေစာသောက်စားခြင်း၊ လောင်းကစား စသည်တို့ဖြစ်သည်။ ယေဘူယျအားဖြင့် တားမြစ်မှုဖက်ရှေ့ရှုသော လုပ်ရပ်များကို ဟရာမ်ဟု သတ်မှတ်ထားပေသည်။  ဟရာမ်လုပ်ရပ်များတွင်လည်း နှစ်မျိုးနှစ်စားရှိ၏။ တစ်မျိုးမှာ ၄င်းကိုယ်၌ကပင် အန္တရာယ်ဖြစ်စေသောအပြုအမူများ ဖြစ်သည်။ နောက်တစ်မျိုးမှာ ခွင့်ပြုချက်လုပ်ရပ်များဖြစ်သော်လည်း  အချို့အခြေအနေကြောင့် ဟရာမ်ဖြစ်ရ၏။ ဥပမာ – အလှူဒါနပေးကမ်းခြင်းသည် ကောင်းမြတ်သော အပြုအမူ တစ်ရပ်ဖြစ်သည့်တိုင် (ခိုးဝှက်ခြင်း သို့မဟုတ် သမ္မာအာဇီဝ မဟုတ်သည့်/မသမာသည့်စီးပွားရေးမှရရှိလာသော) ဓနဥစ္စာများမှ လှူဒါန်းခြင်းကိုမူ တားမြစ်ပိတ်ပင်ထားပါသည်။  အခြေအနေ/အနေအထားပေါ်မူတည်၍ ကျင့်ဝတ်လုပ်ရပ်များ၏အမျိုးအစားသည်လည်း အပြောင်းအလဲဖြစ်တတ်၏။ ဥပမာပေးရပါလျှင် ဆေးလိပ်သောက်ခြင်းပေါ်ထွန်းလာကာစ၌ အစ္စလာမ့်ပညာရှင်အများအပြားက ၄င်းကို မနှစ်မြို့မှု (မကရူးဟ်) ဟု အမျိုးအစားသတ်မှတ်ခဲ့ကြသည်။ အနံ့အသက်ဆိုးဝါးသောကြောင့်ဖြစ်သည်။ တဖန် ဆေးလိပ်သောက်ခြင်းသည် ကင်ဆာ နှင့် အခြားရောဂါများဖြစ်အောင် ခန္ဓာကိုယ်အား အန္တရာယ်ပြုနိုင်ကြောင်း ဆေးပညာဆိုင်ရာဖော်ထုတ်ချက်များထွက်လာသည့်အခါ ပညာရှင်များစွာက ဟရာမ်၏အမျိုးအစား၌ ထည့်သွင်းလိုကြသည်။ ယှရီအဟ်မှ အကာအကွယ်ပြုထားသည့် ‘ အသက်နှင့်ဘဝကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ‘ အပေါ် အန္တရာယ် ဖြစ်လာစေသောကြောင့်ပင်။ သို့ရာတွင်လည်း အချို့ဥပဒေဆိုင်ရာသတ်မှတ်ယူဆချက် (ဖသ်ဝါ)မှာကား လူတစ်ဦးချင်းစီအဖို့ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်အခြေအနေအပေါ် မူတည်ကြောင်း ဖော်ပြထားပေသည်။
        ရာဇဝတ်ပြစ်မှုဆိုင်ရာ အစ္စလာမ့်ဥပဒေများအကြောင်း
     ရာဇဝတ်ပြစ်မှုဆိုင်ရာ အစ္စလာမ့်ဥပဒေများသည် မကောင်းမှုများအား ဟန့်တားရန်အတွက်ဖြစ်၏။ အလွန်ဆိုးသွမ်းသည့်ဒုစရိုက်လုပ်ရပ်များအပေါ် တင်းကြပ်စွာစီစဉ်ထားခြင်းက လူတို့အဖို့ မပြုအပ်သောအရာကို မပြုလုပ်မီ ဆယ်ကြိမ်မက(ကြိမ်ဖန်များစွာ) စဉ်းစားသွားစေပါသည်။  အစ္စလာမ့်သွန်သင်ချက်အတိုင်း အမှန်တကယ်ကျင့်သုံးကြကုန်သော အစ္စလာမ့်တရားခုံရုံးများ၏ ရာဇဝတ်ပြစ်မှုဆိုင်ရာတရားဥပဒေများ၌ ပြစ်ဒဏ်ချမှတ်ရန် အလွန်ပင် အလေးထားစိစစ်ကြ၏။ တရားသူကြီးတို့သည် အကြောင်းအရာတစ်ခုချင်းအလိုက်သုံးသပ်ပြီး သက်သေအထာက်အထားခိုင်လုံမှသာ ရုံးတော်မှအမိန့်ချမှတ်ခြင်း ပြုကြပေသည်။  သို့ရာတွင် ခြွင်းချက်အချို့တော့ရှိ၏။ ဥပမာ အကောင်းနှင့်အဆိုးကို မခွဲခြားနိုင်သော စိတ်ဝေဒနာရှင် သို့မဟုတ် အရွယ်မရောက်သေးသူများကိုမူ ပြစ်ဒဏ်ချမှတ်ခြင်း မပြုနိုင်ပါ။  တဖန် ဥပဒေတစ်ရပ်ရပ်အား လိုက်နာကျင့်သုံးရန် အလွန်ပင်ခက်ခဲသော သို့တည်းမဟုတ် စာနာထောက်ထားအပ်သည့် အခြေအနေ/အနေအထားမျိုး ဖြစ်နေပါက ယင်းဥပဒေများကို တရားရုံးမှ ယာယီရွှေ့ဆိုင်းခွင့် ရှိသည်။ ဥပမာ ခလီဖဟ် အုမရ် (ရဿွိ) လက်ထက်က အစ္စလာမ့်အုပ်ချုပ်မှုအောက်ရှိဒေသတစ်ခု၌ အငတ်ဘေး ဆိုက်ခဲ့သည်။ လူတို့သည် ပြင်းထန်သောအကျဉ်းအကြပ်ကာလ၏အခြေခံလိုအပ်ချက်များကြောင့် အသက်ရှင်သန်ရေးအတွက် ခိုးဝှက်မှုများရှိလာခဲ့ရာ အုမရ် (ရဿွိ)က ယင်းအခြေအနေ၌ ခိုးဝှက်မှုဆိုင်ရာပြစ်ဒဏ်ပေးရေးကို ယာယီဆိုင်းငံ့ရန် အမိန့်ထုတ်ခဲ့သည်။  ရာဇဝတ်မှုဆိုင်ရာဥပဒေများသည် ဥပဒေစိုးမိုးရေးအပေါ် တည်ဆောက်ထားခြင်းဖြစ်သည်။ သို့ဖြစ်၍ အစ္စလာမ်ရေးရာအာဏာပိုင်တစ်ရပ်မရှိဘဲနှင့် ထိုဥပဒေများကို အသုံးမချနိုင်ပါ။ ထို့ကြောင့် အစ္စလာမ်တိုင်းပြည်နှင့် အစ္စလာမ့်ခုံရုံးများ၌သာလျှင် အစ္စလာမ့်ဥပဒေ နှင့် လုပ်ထုံးလုပ်နည်းတို့ကို လက်တွေ့အကောင် အထည်ဖော်နိုင်မည်ဖြစ်သည်။  ရာဇဝတ်မှုဆိုင်ရာပြစ်ဒဏ်ပေးဥပဒေများနောက်ကွယ်ရှိ (ကုရ်အာန်မှပြဆိုထားသော) အကြောင်းတရားအချို့ကို စတိသဘောမျှ ဆက်လက်ဖော်ပြသွားပါအံ့။
     လူသတ်မှု
    သူတစ်ပါး၏အသက်ကို မတရားသတ်ဖြတ်ခြင်း၏ပြစ်ဒဏ်မှာ သေဒဏ်ဟု ကုရ်အာန်ကဆိုထား၏ (၂း၁၇၈)။ ဤဥပဒေသည် လူမှုစီးပွားအဆင့်အတန်းမရွေး လူအားလုံးအပေါ် အကျုံးဝင်ပါသည်။  သို့သော် သေစားသေစေပြစ်ဒဏ်အစား ကိဆွာ့ဆွ် မည်သော အသက်လျော်ကြေးပေးမှုဥပဒေ တစ်ရပ်ကိုလည်း ရွေးချယ် ခွင့်ပေးထားသည်။ အကယ်၍ အသတ်ခံရသူမိသားစုမှ ဆန္ဒရှိပါက လျောက်ပတ်သည့် လျော်ကြေးဖြင့် လူသတ်တရားခံအား ခွင့်လွှတ်ကျေအေးနိုင်သည်။ လျော်ကြေးပုံစံမှာ အစ္စလာမ့်ခုံရုံး နှင့် အသတ်ခံရသူ မိသားစုတို့မှ ဆုံးဖြတ်လေ့ရှိ၏။(ပြင်ပလူများ စွက်ဖက်ခွင့် မရှိ)။ ကျမ်းမြတ်ကုရ်အာန် (၂း၁၇၈)၌ ဤဒုတိယနည်းလမ်းကို ” ဤသည်ကား အသင်တို့၏ဖန်ဆင်းရှင်ထံတော်မှ သေဒဏ်မှသက်သာစေခြင်း နှင့် ကရုဏာတော်သက်ရောက်စေခြင်း ” ဟုညွှန်း၍ အထူးအားပေးတိုက်တွန်းထားပေသည်။ အစ္စလာမ့်ရှေးထုံးဥပဒေများ၌ သေစားသေစေပြစ်ဒဏ်ချမှတ်ရန် သက်သေလေးဦး မုချရှိရမည်။ မရှိပါက အခြားပြစ်ဒဏ်များကဲ့သို့ ထောင်သွင်းအကျဉ်းချခြင်းပြစ်ဒဏ်ကိုသာ စီရင်နိုင်ပါသည်။ သို့ရာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း နှင့် လူသတ်မှုများဆက်တိုက် ကျူးလွန်ခြင်းအတွက်မူ  လျော်ကြေးဥပဒေကို အသုံးမပြုပါ။ ကိဆွာ့ဆ်ွအား တစ်ဦးကိုတစ်ဦး သတ်ဖြတ်ခြင်းအတွက်သာ အသုံးပြုပါသည်။
    ဤဥပဒေကို ကျမ်းမြတ်ကုရ်အာန်က ဤသို့လှပစွာ ရှင်းပြထားသည်။
     အိုဆင်ခြင်တုံတရားပြည့်ဝသူအပေါင်းတို့။ ယင်းတရားသဖြင့် ပြစ်ဒဏ်ပေးဥပဒေ၌ အသင်တို့အဖို့ အသက်ရှင်ခြင်း ရှိနေ၏။ သို့မှသာ အသင်တို့သည် ကြဉ်ရှောင်သူများ ဖြစ်တန်ရာ၏သတည်း။              ကုရ်အာန် ( ၂း ၁၇၉ )
    ကုရ်အာန်က တရားမျှတစွာ ပြစ်ဒဏ်ပေးဥပဒေကို လူ့အဖွဲ့အစည်း၏ အသက်ဘဝအပေါ် ကာကွယ်သည့်နည်းလမ်းအဖြစ် သုံးသပ်ပြထား၏။ သွေးချောင်းစီးခြင်းအစား ခန္တီပါရမီကောင်းလာအောင် တွန်းအားပေးထားသည်။ လူ့အသက်ကိုတန်ဖိုးမထားတတ်သည့် ဒုစရိုက်သားအား လူ့အဖွဲ့အစည်းမှ ဖယ်ထုတ်လိုက်စေခြင်းဖြစ်သည်။
     ပျက်လိုဖျက်ဆီးဆူပူသောင်းကျန်းမှုများ
    ဤရာဇဝတ်မှုဥပဒေကို အရဗီလို ဟိရာဗဟ် ဟုခေါ်သည်။ အနောက်တိုင်းအစ္စလာမ့်ပညာရှင်များက ဤစကားလုံးကို လမ်းဓါးပြ သို့မဟုတ် တောပုန်းဓါးပြသောင်းကျန်းသူများဟု ပြန်ဆိုလေ့ရှိသည်။ စင်စစ်အားဖြင့် ယင်းပြန်ဆိုမှုသည် ဟိရာဗဟ်၏အစိတ်အပိုင်းတစ်ရပ်မျှသာဖြစ်နေ၏။ လူ့အဖွဲ့အစည်းအတွင်း၌ အကြောက်တရားနှင့်  စိုးရိမ်မှုများဖြစ်ပေါ်စေခြင်း၊ အကြမ်းဖက်ခြင်း စသဖြင့် မတည်ငြိမ်မှုများဖြစ်လာအောင် ကြိုးပမ်းပြုလုပ်ချက်များကို တားဆီးကာကွယ်သည်အထိပင် ဥပဒေက ကျယ်ပြန့်ပါသည်။ အစ္စလာမ့်လောက၌ ဟိရာဗဟ်အား အကြမ်းဖက်လုယက်မှုကဲ့သို့သာ အဓိပ္ပါယ်ဖွင့်ဆိုထားသည်မဟုတ်ကြောင်း တွေ့ရပါမည်။ ဥပမာ ကျော်ကြားလှသည့် စပိန်မှဥပဒေပါရဂူ အိဗ်နု အဗ်ဒုလ်ဗားရ်က ဟိရာဗဟ်အား ဤသို့အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
    ” အကြင်မည်သူမဆို လူသွားလမ်းမများ၌ လွတ်လပ်စွာသွားလာမှုကို အနှောင့်အယှက်ပေးလျှင်၊ ခရီးသွားလာရေး၌ လူတို့၏လုံခြုံမှုကိုထိပါးလျှင်၊ ငွေကြေး ဥစ္စာလုယက်ခြင်း – လူသတ်ခြင်း – ဖန်ဆင်းရှင်မှပိတ်ပင်တားမြစ်ထားသော အဓမ္မနည်းလမ်းကိုသုံး၍ အကြမ်းဖက်ခြင်းအားဖြင့် တိုင်းပြည်ဒေသအတွင်း ပျက်လိုဖျက်ဆီးကိစ္စ  များဖြစ်ပေါ်အောင်ကြိုးပမ်းမှု၊ မတည်ငြိမ်စေမှု စသည်တို့မှာ ဟိရာဗဟ်ပြစ်မှု၌ အကျုံးဝင်ပါသည်။ ထိုသူသည် မုစ်လင်မ်ဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ကျွန်ဖြစ်စေ၊ သူ့ရည်ရွယ်ချက်အမှန်က ငွေလုသတ်ဖြတ်ခြင်းဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ ”
    ဟိရာဗဟ်၏ပြစ်ဒဏ်မှာ ကြီးလေးပြင်းထန်လှ၏။ ဤပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် ကွပ်မျက်ခြင်းသော်လည်းကောင်း၊ ယာလက်ဘယ်ခြေ သို့မဟုတ် ဘယ်လက်ယာခြေအား ဖြတ်တောက်ပစ်ခြင်းသော်လည်းကောင်း၊ နယ်နှင်ခြင်းသော်လည်းကောင်း ပြစ်ဒဏ်ခံရမည်ဖြစ်၏။ သို့ရာတွင် နှိမ်နှင်းမှုမခံရမီ နောင်တသံဝေဂဖြင့် ဝန်ခံတောင်းပန်သူများမှာမူ ထိုပြစ်ဒဏ်မှလွတ်ကင်းစေသည်။  ဤပြစ်မှုဥပဒေ၌ ကျူးလွန်ခြင်း၏ပြင်းထန်မှု များပြားခြင်း နည်းပါးခြင်းအပေါ်မူတည်၍  ဖော်ပြပါပြစ်ဒဏ်လေးမျိုးအနက်တစ်မျိုးကို ခုံသမာဓိများမှ စီရင်ချက်ချနိုင်သည်။ မည်သည့်ပြစ်ဒဏ်က မည်သို့သောအဆင့်အထိဟူသည်ကိုမူ ကွဲပြားကြ၏။  ပျက်လိုဖျက်ဆီးဖြစ်စေရန် လှုံ့ဆော်ကြိုးပမ်းသည့်အမှုအပေါ် ပြင်းထန်ကြီးမားသည့်ပြစ်ဒဏ် ချမှတ်ခြင်းမှာ ယင်းအမှုသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏တည်ငြိမ်မှုကို ပျက်ပြားစေပြီး လူ့တိုးတက်မှုဖြစ်စဉ်ကိုလည်း  ဟန့်တားထိခိုက်စေသောကြောင့်ဖြစ်သည်။ အမြစ်လှန်ဖျက်ဆီးမှုများကို ကာကွယ်ရန်မှာ  ယှရီအဟ်၏ရည်ရွယ်ချက်များအနက် အပါအဝင်ဖြစ်၏။ အစ္စလာမ့်ဥပဒေသည် လူ့အဖွဲ့အစည်း လူ့အသိုက်အမြုံအား ကောင်းကျိုးဖြစ်ထွန်းမှုကိုသာ ဦးတည်ထားသဖြင့် လူ့အဖွဲ့အစည်းအသိုင်းအ၀ိုင်းအား အကြီးအကျယ်အန္တရာယ်ဖြစ်စေသော ယင်းသို့အမှုများကို ကြပ်တည်းစွာ နှိမ်နှင်းရပေသည်။
     နိုင်ငံတော်သစ္စာဖောက်မှု
    အစ္စလာမ့်ဥပဒေပါရဂူများက နိုင်ငံတော်သစ္စာဖောက်မှုကို ဤ ဟိရာဗဟ် အမျိုးအစား၌ ထည့်သွင်းသတ်မှတ်ကြ၏။ ဤဥပဒေမှာ အစ္စလာမ်ကို ဘက်ကန်၍ အစ္စလာမ်နိုင်ငံအား ဖျက်ဆီးမည့်ရန်သူတို့နှင့် ပူးပေါင်းသူ (သူလျှို)များအပေါ်၌လည်း သက်ရောက်မှုရှိသည်။  သစ္စာဖောက်မှုပြစ်ဒဏ်၌ အမျိုးမျိုးရှိ၏။ အမြင့်ဆုံးမှာ သေဒဏ်ဖြစ်သည်။ မုစ်လင်မ်မဟုတ်သည့် တိုင်းနိုင်ငံအများစုမှာလည်း နိုင်ငံတော်လုံခြုံရေးကိုထိခိုက်စေသည့်ကိစ္စများ၊ သူလျှိုမှုများအပေါ် အလားတူဥပဒေများ ချမှတ်ထားကြောင်း သိနိုင်ပေသည်။
     ခိုးဝှက်ခြင်း
     ခိုးသူသည် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ၄င်းတို့၏လက်များကို ဖြတ်တောက်ကြလေကုန်။ ဤသည်မှာ ၄င်းတို့နှင့်ထိုက်တန်သောပြစ်ဒဏ်ဖြစ်၏။ အလ္လာဟ်အရှင်မြတ်ထံတော်မှ (အခြားသူများအဖို့) သတိသံဝေဂ ရစေရန် စံပြပြစ်ဒဏ်ဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် ဘုန်းတန်ခိုးအာနုဘော်ကြီးမားတော်မူသော  ဥာဏ်အမြော်မြင်ပြည့်ဝလွန်းတော်မူသော အရှင်သခင်ဖြစ်တော်မူ၏။ တဖန် ၄င်းသူ (သူခိုး)သည်  ပြစ်မှုကျူးလွန်ပြီးနောက် (နောင်တသံဝေဂရ၍) တောင်းပန်ပြီးနောက် (မိမိကိုယ်ကို) ပြုပြင်ခဲ့ပါက မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူဖက်သို့ ကရုဏာတော်ဖြင့် ပြန်လှည့်တော်မူအံ့ (ပြစ်ဒဏ်လျှော့ပေါ့ခြင်းရှိတော်မူအံ့) စင်စစ်ဧကန် အလ္လာဟ် အရှင်မြတ်သည် အဖန်တလဲ ခွင့်လွှတ်ချမ်းသာခွင့်ပေးသနားတော်မူသော အလွန်တရာညှာတာထောက်ထားတော်မူသော အရှင်မြတ်တည်း။             ကုရ်အာန် (၅း ၃၈ – ၃၉ )
    စွန္နဟ်၏နည်းလမ်း၌ ဖြတ်တောက်ရမည့်လက်မှာ နှစ်ဖက်လုံးမဟုတ်။ လက်ျာလက်တစ်ဖက်တည်း ဖြစ်၏ဟု ဥပဒေပါရဂူအများစုက ဆိုကြသည်။ ဤဥပဒေမှ ချမှတ်မည့်ပြစ်ဒဏ်များအတွက် ခိုးဝှက်ခြင်းအခြေအနေအကြောင်းရင်းသုံးရပ်ကို စေ့ငုစွာ သုံးသပ်ရ၏။
    (က) ထိန်းသိမ်းမှုမရှိသည့်ပစ္စည်းဥစ္စာများ
    တစ်စုံတစ်ဦးသည် ထိန်းသိမ်းမှုမဲ့/ပိုင်ရှင်မဲ့ပစ္စည်းကိုခိုးယူလျှင် လက်ကိုဖြတ်တောက်သောပြစ်ဒဏ်ဖြင့် အစ္စလာမ့်ခုံရုံးများမှ အမြဲတစေ စီရင်လေ့မရှိပါ။ တရားသူကြီးသည် ၄င်းထက်လျှော့ပေါ့သည့်ပြစ်ဒဏ်ကို ဆုံးဖြတ်ပေးနိုင်သည်။
    () ခိုးယူသည့်ပစ္စည်းပမာဏ
    ခိုးယူသည့်ပစ္စည်းပမာဏအတိုင်းအတာမည်မျှရှိလျှင် လက်ဖြတ်ရမည်ကို ဥပဒေပါရဂူများအကြား ကွဲလွဲမှုရှိကြ၏။ များသောအားဖြင့် ပမာဏသည် မဆိုစလောက်မျှသာဖြစ်ပြီး ပထမဆုံးအကြိမ်ခိုးယူသူဖြစ်သော် ဤပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးလေ့ရှိကြ၏။
    () ဒုက္ခ၏တွန်းအားကြောင့်ခိုးယူခြင်း
    အသက်နှင့်ဘဝ ရှင်သန်ရပ်တည်ရန် ဆိုးဆိုးဝါးဝါးလိုအပ်နေသူများ၏ခိုးယူခြင်းအပေါ် ဤပြစ်ဒဏ်ကို မချမှတ်ကြပါ။ ဤဥပဒေ၌ အစာရေစာခိုးယူခြင်း၊ အအေးဒဏ်ပြင်းထန်၍ အိမ်ယာမဲ့သူများမှ အနွေးထည်/အဝတ်အစားခိုးယူခြင်း စသည်များအပေါ် သက်ရောက်မှု မရှိပါ။ အဘယ်ကြောင့်ဆိုသော် အစ္စလာမ်အစိုးရသည် နိုင်ငံသားတိုင်း၏ ရှင်သန်ရေးအခြေခံလိုအပ်ချက်ဖြစ်သော စားဝတ်နေရေးကို မဖြစ်မနေဆောင်ရွက်ပေးရမည့်တာဝန်  ရှိနေသောကြောင့် ဖြစ်၏။  အစ္စလာမ့်ဥပဒေက ပိုင်ဆိုင်မှုအပေါ်တန်ဖိုးထားသည့်အတွက် နစ်နာအောင်ခိုးယူသူတို့ကို ပြင်းထန်စွာ ကန့်ကွက်ပြီးတားမြစ်ထားရပေသည်။ လူ့အဖွဲ့အစည်း၏အခွင့်အရေးများကို ကာကွယ်ရန် ဥပဒေချိုးဖောက်သူအား ကြီးလေးသည့်ပြစ်ဒဏ် ပေးကြရစမြဲသာတည်း။
    တရားမဝင်ကာမမှုများ
    အိမ်ထောင်မဲ့ တရားမဝင်ကာမမှုကျူးလွန်သူ အမျိုးသားနှင့်အမျိုးသမီးကို အပြစ်ရှိကြောင်းထင်ရှားပါက ကြိမ်ဒဏ်တစ်ရာစီပေးရန် ကုရ်အာန် (၂၄း၂)၌ ဆိုထားသည်။ စွန္နဟ်အရ ကြိမ်ဒဏ်တစ်ရာကိုလည်းကောင်း ၊ ခဲပေါက်သေဒဏ်သော်လည်းကောင်း ပေးနိုင်၏။  သို့ရာတွင်လည်း အလိုတူ လိင်ဆက်ဆံမှုဖြစ်စေ၊ (အိမ်ထောင်ရှိသူတို့၏) လိင်ဖောက်ပြန်မှုဖြစ်စေ သက်သေသာဓကများ တင်ပြရန် တင်းကြပ်သည့် စည်းကမ်းချက်များ ရှိနေပါသည်။ အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးကို တရားမဝင်ကာမမှုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ပေးရန် အတွက် အခြေခံအားဖြင့် စိတ်ချယုံကြည်ရသော အမျိုးသားလေးဦး၏ သက်သေခံမှုမှာ မရှိမဖြစ်လိုအပ်သည် (၂၄း၎)။ အစ္စလာမ့်ခုံရုံးအနေနှင့် ယင်းအမှုကို သက်သေများမှ အမှန်တကယ်တွေ့မြင်မှသာ ဖြေရှင်းစီရင်ရသည်။ သံသယသက်သက်မျှဖြင့် ပြုလုပ်ဆောင်ရွက်ခွင့် မရှိချေ။  ကျမ်းမြတ်ကုရ်အာန်၌ သူတစ်ပါး၏အတွင်းရေးအား စုံစမ်းစပ်စုခြင်းကိုလည်း ပြင်းထန်စွာ တားမြစ်ထား၏ (၄၉း၁၂)။ သို့ဖြစ်ရာ သူတစ်ပါး၏အိမ်တွင်းရေး အပေါ်စွက်ဖက်သူ သို့မဟုတ် ချောင်းမြောင်းကြည့်ရှုသူ၏ သက်သေခံချက်အား လက်ခံစရာ အကြောင်းမရှိချေ။ ထို့ကြောင့် အလိုတူဆက်ဆံမှုဖြစ်စေ၊ ဖောက်ပြန်မှုဖြစ်စေ အမျိုးသားနှင့် အမျိုးသမီးတို့သည် လူပုံအလယ် အရှက်တရားကင်းမဲ့စွာ ဆက်ဆံကြခြင်း မဟုတ်ပါဘဲလျက် သက်သေ အထောက်အထားတင်ပြခြင်း ဟူသည် ဖြစ်နိုင်ချေမရှိကြောင်း ထင်ရှားနေပါသည်။  ဤဥပဒေသည် အမျိုးသမီးများအတွက်သာ အကျုံးဝင်သက်ရောက်သည်ဟု များလှစွာသောလူတို့မှ အတွေးချော်မှု ရှိနေ၏။ စင်စစ်၌ အမျိုးသား နှင့် အမျိုးသမီးဟု ကုရ်အာန်က တိတိကျကျ ဖော်ပြထား၏ (၂၄း၂)။
    နိုက်ဂျီးရီးယားကဲ့သို့ နိုင်ငံအချို့၏တရားရုံးတွင် အမျိုးသမီးများကို ထိမ်းမြားမှုမရှိဘဲသန္ဓေရှိလာခြင်းအပေါ် တရားမဝင် ကာမမှု ဟူ၍ စွဲချက်တင်လေ့ရှိကြ၏။ ပဋိသန္ဓေရှိယုံဖြင့် ပြစ်မှု၏အထောက်အထားအဖြစ် မသတ်မှတ်နိုင်ပါ။ ဤသည်မှာ  ကုရ်အာန် နှင့် စွန္နဟ်အား တလွဲအသုံးချခြင်းပင်ဖြစ်သည်။  အောက်ဖော်ပြပါအခြေအနေ၌ ဤဥပဒေအတွက် သက်သေ မလိုအပ်ပါ။
    ၁။ လင်ယောက်ျားဖြစ်သူကိုယ်တိုင်က ဇနီးဖြစ်သူအား လိင်ဖောက်ပြန်ကြောင်း သက်သေခံခြင်း  လင်ယောက်ျားဖြစ်သူက မိမိ၏မိန်းမသည် အခြားအမျိုးသားနှင့် ဖောက်ပြန်ကြောင်း သက်သေခံထွက်ဆိုပါက အခြား မည်သည့်သက်သေမျှ မလိုအပ်တော့ပါ။ လင်ယောကျာ်းသည် တရားခုံရုံးရှေ့မှောက်ဝယ် မိမိသည် အမှန်ကိုပြောဆိုကြောင်း ဖန်ဆင်းရှင်အား တိုင်တည်၍ လေးကြိမ်တိုင်တိုင် ကျိန်ဆိုရ၏။ ငါးကြိမ်မြောက်ကျိန်ဆိုမှုတွင် ” မိမိသည် မုသားဆိုပါက ဖန်ဆင်းရှင်၏ ကျိန်စာသည် မိမိအပေါ် ပြင်းထန်စွာ ကျရောက်စေသား ” ဟုထည့်သွင်း  ပြောဆိုရ၏ (၂၄း၆-၇)။ ၄င်းနောက် ဇနီးဖြစ်သူလည်း မိမိသည် မလိမ်ညာပါကြောင်း လေးကြိမ်တိုင်တိုင် ဖန်ဆင်းရှင်အားတိုင်တည်၍ ကျိန်ဆိုရ၏။ ပဉ္စမအကြိမ်တွင် သူမ၏ခင်ပွန်းသည်သည် မှန်ရာကိုဆိုခြင်းဖြစ်သော် ဖန်ဆင်းရှင်၏ အမျက်တော်သည် သူမအပေါ် သက်ရောက်ပါစေကြောင်း ထည့်သွင်းပြောဆိုရ၏ (၂၄း၈-၉)။  ယင်းသို့ကျိန်ဆိုပြီးဆုံးလျှင် (မုသားဆိုသူမှ ကျိန်စာသင့်မည်ဖြစ်၍) အမျိုးသားအပေါ်၌လည်းကောင်း၊ အမျိုးသမီးအပေါ်၌လည်းကောင်း ပြစ်ဒဏ်တစ်စုံတစ်ရာချမှတ်ခြင်း မပြုပါ။ သို့သော် ထိုအနေအထားအထိရောက်သွားပြီဆိုလျှင်  ၄င်းတို့၏ထိမ်းမြားထားခြင်းမှာ အလိုလိုပျက်ပြယ်ပြီး ဖြစ်ပေသည်။
     မုဒိန်းမှု
    ဗလက္ကာရပြုကျင့်ခံရသည့်အမျိုးသမီး၏သက်သေခံချက်ကပင်လျှင် မုဒိန်းကျင့်သူအား အရေးယူရန် လုံလောက်ကြောင်း စွန္နဟ်၌ ဖော်ပြသည်။ ဥပဒေ၏နည်းစဉ်အတိုင်း စစ်ဆေးပြီး အကယ်၍ ပြစ်မှုထင်ရှားပါက မုဒိန်းကောင်အား ခဲပေါက်သေဒဏ်ပေးပါသည်။ မတရားခံရသည့်အမျိုးသမီးအဖို့ မည်သည့်အပြစ်မျှ မရှိချေ။
    ၂။ ကိုယ်တိုင် ထုတ်ဖော်ဝန်ခံလာခြင်း  အကယ်၍ လူတစ်ဦးသည် တရားခုံရုံးသို့ကိုယ်တိုင် လာရောက်၍ မိမိသည် တရားမဝင် ကာမမှု သို့မဟုတ် လိင်ဖောက်ပြန်မှု ကျူးလွန်ခဲ့ပါ၏ဟု ထွက်ဆိုပါလျှင် သက်သေခံသူများ မလိုအပ်ပါ။ သို့သော် ဖန်ဆင်းရှင်က မိမိအတွက်  ဖုံးဖိကာကွယ်ပေးထားတော်မူသော အရာကို ဖွင့်ချဖော်ထုတ်ခြင်းကိုမူ အစ္စလာမ့်ဥပဒေက အားပေးထားသည် မဟုတ်ပါ။  အလားတူပင် စွန္နဟ်အရ လူတစ်ဦးသည် တရားသူကြီးထံလာရောက်၍ ယင်းပြစ်မှုကို ဝန်ခံသည့်တိုင်အောင် တရားသူကြီးမှ မိမိကိုယ်ကိုစွဲချက်တင်ခြင်း မပြုရန် သုံးကြိမ်တိုင်တိုင် သတိပေးပယ်ချရပါမည်။ ၄င်းမှ ရှေ့ဆက်လာပါမှ ထုတ်ဖော်ဝန်ခံသည့်အတိုင်း ပြစ်ဒဏ်စီရင်ပေးရပေသည်။  ဤသည်၌ မိမိ၏ကာမဖောက်ပြန်မှုကို မိမိကိုယ်တိုင်ထုတ်ဖော်ဝန်ခံခြင်းမှာ မိုက်မဲလှလေခြင်း ဟု တွေးထင်မိကြပေမည်။ အမှန်ကား သာသနာကိုအမှန်ကိုင်းရှိုင်းသည့်မုစ်လင်မ်တို့သည် ဤလောကီတွင် ပြစ်ဒဏ်ခံလိုက်ရခြင်းက  နောင်တမလွန်ဝယ် ပြစ်ဒဏ်ပေးခံရတော့မည် မဟုတ်ကြောင်း ယုံကြည်ထား၍ဖြစ်၏။  ယှရီအဟ်က မျိုးနွယ်နှင့်မိသားစုအား ထိန်းသိမ်းတည်တံ့စေသည်။ မိသားစုတစ်ခု၏ဓလေ့သည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ စာရိတ္တ နှင့် ကျင့်ဝတ်ဆိုင်ရာ အုတ်မြစ်ဖြစ်ပါသည်။ သို့ဖြစ်ရာ ထိမ်းမြားခြင်းဓလေ့ အပေါ် အန္တရာယ်ဖြစ်စေခြင်း/ မကောင်းကျိုးသက်ရောက်လာစေခြင်းသည် ပြစ်မှုကြီးတစ်ရပ်ဖြစ်သဖြင့် ယှရီအဟ်က  အမြစ်လှန်ရပ်တန့်စေလိုခြင်းပင်။
    တရားမဝင်ကာမမှုဆိုင်ရာမုသားသက်သေထွက်ဆိုခြင်း
    ယှရီအဟ်၌ မုသားသက်သေထွက်ဆိုခြင်းသည် အကြီးလေးဆုံးပြစ်မှုတစ်ရပ်ဟု သတ်မှတ်ထားသည်။ အထက်ပါအာယသ်တော်က – စွပ်စွဲပြီးနောက် သက်သေလေးဦး မတင်ပြနိုင်ကြသူများ၊ အဆင့်ဆင့်စစ်ဆေးချက်များအရ လုပ်ကြံသက်သေထွက်ဆိုသူ နှင့် စွပ်စွဲသူအဖြစ် ပေါ်လွင်လာသူများကို တိတိကျကျရည်ညွှန်းနေပါသည်။
    လူသိများသည့် ဥပဒေလမ်းကြောင်း လေးသွယ်
     ကျမ်းမြတ်ကုရ်အာန် နှင့် စွန္နဟ်ရှိ အလ္လာဟ့်အလိုတော်အား အဓိပ္ပာယ်ဖွင့်ဆိုရှင်းလင်းရန် ဥပဒေများ ထုတ်ယူရာတွင် ကာလကြာရှည်သည်နှင့်အမျှ လမ်းကြောင်းများ အဆင့်ဆင့်ပေါ်ပေါက်ခဲ့၏။ ၄င်းတို့အနက် လမ်းကြောင်းလေးသွယ်မှာ အထင်ရှားဆုံးဖြစ်၏။ ယင်းလမ်းကြောင်း၏ခေါင်းဆောင်(အိမာမ်)များထံ၌ အစ္စလာမ့်အခြေခံ အရင်းအမြစ်များအပေါ် တစ်စုံတစ်ရာကွဲလွဲမှုဟူ၍ မရှိကြချေ။ သို့ရာတွင် ဥပဒေပြုရေးအတွက် ထုတ်ယူသည့်စည်းမျဉ်းများကတော့ အချို့နေရာ၌ ခြားနားချက် ကြီးမားသည်။ မုစ်လင်မ်အများစုသည် ဤဥပဒေအတွေးအခေါ်လမ်းကြောင်းများအနက် တစ်ရပ်ရပ်နောက်သို့ တစ်နည်းနည်းဖြင့် နောက်လိုက်ပြုလျက် ရှိကြပါသည်။  ယင်းအတွေးအခေါ်လမ်းကြောင်းအား အရဗီလို မဇ်ဟဗ် ဟုခေါ်၏။
    ၁။  ဟနဖီ ဥပဒေလမ်းကြောင်း
    အန် နုအ်မာန်း အိဗ်နု ဆာဘိသ် အဗူ ဟနီဖဟ် (၇ဝဝ-၇၆၇)၏အမည်ကို အစွဲပြု၍ ဟနဖီ ဥပဒေလမ်းကြောင်းဟု လူသိများလာခဲ့သည်။ သူသည် ရှေးဟောင်း အာဖဂန်နစ္စတန်ဇာတိမှ သူကောင်းပြုခံရသည့် ကျွန်တစ်ဦး၏ မြေးဖြစ်သည်။ သူသည် စည်းမျဉ်းကောက်မှုပုံစံကို လက်ဦးပထမ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပြီး ယင်းအားဖြင့် ပညာရှင်များမှာ ကျမ်းမြတ်ကုရ်အာန်မှ အစ္စလာမ့်ဥပဒေများကို အလွယ်တကူ ကောက်နှုတ်နိုင်ခဲ့ကြသည်။  အဗူဟနီဖဟ်က ဥပဒေဆိုင်ရာသဏ္ဍာန်တူ နှိုင်းယှဉ်သုံးသပ်ချက် (ကိယာ့စ်)အပေါ် အလွန်ပင် အလေးအနက်ထားခဲ့၏။ အတွေးအမြင် အယူအဆများ ပြေပြစ်ချောမွေ့လာစေရန်အလို့ငှါ ဖြစ်သည်။ ၄င်းပြင် ဥပဒေပညာရှင်အနေနှင့် နည်းလမ်းနှစ်ရပ်အနက် ပိုမိုကောင်းမြတ်ခြင်းကိုရွေးချယ်နိုင်သည့် အသားပေးစံနစ် (အရဗီလို အိစ်သိဟ်စာန်)ကိုလည်း အထူးအားထားခဲ့၏။ သို့ဖြစ်၍ ဟနဖီဥပဒေသည် ဥပဒေရေးရာ၌ သက်ညှာမှုအရှိဆုံး နှင့် အံဝင်ပြေပြစ်မှုအဖြစ်ဆုံးဟု ယနေ့ခေတ်အထိ သတ်မှတ်ခံရပေသည်။  ထို့ကြောင့်လည်း ဟနဖီဥပဒေလမ်းကြောင်းနောက်လိုက်သူများမှာ အလွန်များပြားကြခြင်းဖြစ်၏။ မုစ်လင်မ်လူဦးရေအများဆုံးဖြစ်သည့် ဗဟိုအာရှ နှင့် တောင်အာရှဒေသများ၌ ဤဥပဒေလမ်းကြောင်းက လွှမ်းမိုးထားသည်။ ၄င်းပြင် အမေရိကန်နိုင်ငံ(နှင့် အနောက်နိုင်ငံများ)ရှိ တောင်အာရှအနွယ်ဝင် မုစ်လင်မ်လူ့အဖွဲ့အစည်းအားလုံးမှာ ဟနဖီဥပဒေလမ်းကြောင်း၏နောက်လိုက်များ ဖြစ်ကြကုန်၏။
    ၂။  မာလိကီ ဥပဒေလမ်းကြောင်း
    မာလစ်က် အိဗ်နု အနတ်စ် (၇၁၆-၇၉၅)သည် အစ္စလာမ့်ဥပဒေရေးရာကျမ်းကို ပထမဦးဆုံး ပြုစုခဲ့သူဖြစ်ပြီး ထိုကျမ်းဂန်မှာ ‘ မုဝသ်ွသွာ ‘ ဟု အမည်တွင်သည်။ ဤလမ်းကြောင်း (မဇ်ဟဗ်)၌ အစ္စလာမ့်ဥပဒေ၏ အရင်းအမြစ်အဖြစ် မဒီနဟ်မြို့နေ သာဝကတော်တို့၏ဆင့်ပြန်ချက်များကိုသာ အသုံးပြုထားသည်။ ထိုသာဝကတော် တို့မှာ လက်ဦးပထမ မုစ်လင်မ့်လူ့အဖွဲ့အစည်းကို တည်ထောင်ခဲ့သောမျိုးဆက်ဖြစ်သည့်အတွက် ၄င်းတို့သည် တမန်တော့်လမ်းညွှန်နှင့် ကွဲလွဲသည့်ဥပဒေ သို့မဟုတ် အလေ့အထကို ဖန်တီးခဲ့မည်မဟုတ်ဟု (အိမာမ်) မာလစ်က်မှ ယုံကြည်ခဲ့၏။  အိမာမ် မာလစ်က်သည်လည်း ဒေသဆိုင်ရာထုံးတမ်း ဓလေ့ (အုရ်ဖ်)မှာ အစ္စလာမ့်ဥပဒေ၏အနှစ်သာရနှင့် ဆန့်ကျင်မှု မဖြစ်သမျှ အစ္စလာမ့်ဥပဒေ၌ ခြွင်းချက်များအဖြစ် ထောက်ခံအတည်ပြုထားသည်။ ၄င်းပြင် ခေတ်ကာလ အရေးအရာများနှင့် ပတ်သက်၍ ဥပဒေနှင့်စည်းမျဉ်းသတ်မှတ်မှုတို့သည် လူထုကောင်းကျိုးနှင့်အထွေထွေတိုးတက်မှု (အိစ်သိစ်လာဟ်)အတွက် ဦးတည်ရမည်ဟုလည်း ဆိုခဲ့၏။ ထိုသို့သောအရေးအရာမျိုးတွင် ဥပဒေသဘောတရား/အနှစ်သာရက ရေးသားထားသည့်ဥပဒေစာသားအား ဖုံးလွှမ်းသွားလေ့ရှိသည်။  မာလိကီလမ်းကြောင်းလိုက်သူများသည် အနောက်အာဖရိက နှင့် မြောက်အာဖရိက၌ အများဆုံး ဖြစ်၏။ အီဂျစ်၊ ဆူဒန်၊ ဘာရိန်း နှင့် ကူဝိတ်နိုင်ငံများ၌လည်း များစွာတွေ့ရ၏။ သြဇာကြီးမားသည့်ပညာရှင်အချို့က ဤလမ်းကြောင်းမှာ အမေရိကန်မုစ်လင်မ်များနှင့်ကိုက်ညီကြောင်း ထောက်ခံအားပေးသဖြင့် အမေရိကန်ပြည်ထောင်စု အတွင်း၌လည်း စတင်ရေပန်းစားနေပြီဖြစ်သည်။
    ၃။  ရှာဖိအီ ဥပဒေလမ်းကြောင်း
    မုဟမ္မဒ် အိဗ်နု အိဒ်ရီးစ် အရှ်ရှာဖိအီ (၇၆၇-၈၂ဝ)အား အစ္စလာမ့်သမိုင်း၌ အထက်မြက်ဆုံး ဥပဒေပါရဂူများအနက် အပါအဝင်တစ်ဦးအဖြစ် သတ်မှတ်ကြသည်။ သူသည် အစ္စလာမ့်ဥပဒေ၏ရင်းမြစ်များကို ကုရ်အာန်၊ စွန္နဟ်၊ အိဂ်ျမာအ် နှင့် ကိယာ့စ်တို့အတွင်းမှသာ ထုတ်နှုတ်ပြဋ္ဌာန်းမှုပြုခဲ့သည်။ (အိမာမ်) ရှာဖိအီသည် ဟနဖီလမ်းကြောင်းမှ အိစ်သိဟ်စာန် (လွယ်ကူသည့်ဖက်ဦးစားပေးသည့်စံနစ်)ကို လက်မခံခဲ့။ သို့သာမက မဒီနဟ် လူ့အဖွဲ့အစည်းတစ်ခုတည်းကိုသာမူတည်၍ အစ္စလာမ့်အရင်းအမြစ်အဖြစ် အသုံးပြုထားသော မာလိကီ၏နည်းလမ်းကိုလည်း လက်မခံခဲ့ချေ။  ဤဥပဒေလမ်းကြောင်းက အီဂျစ်ပြည်တောင်ပိုင်း နှင့် အာရေဗျတောင်ပိုင်း၌ သြဇာကြီးမားသည်။ အရှေ့အာဖရိက၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗဟိုအာရှဒေသအချို့ နှင့် အမေရိကန်မုစ်လင်မ်များအကြား၌လည်း ဤလမ်းကြောင်း၏နောက်လိုက်များစွာ ရှိကြ၏။
    ၄။  ဟမ်ဗလီ ဥပဒဒေလမ်းကြောင်း
    အဟ်မဒ် အိဗ်နု ဟမ်ဗလ် (၇၈ဝ-၈၅၅)၏အမည်ကို အစွဲပြုခေါ်ဝေါ်ထားပြီး ဥပဒေလမ်းကြောင်း လေးရပ်၌ ရှေးရိုးစွဲအကြီးဆုံး (ဝါ) အတင်းကြပ်ဆုံးဖြစ်၏။ အိဗ်နု ဟမ်ဗလ်သည် အစ္စလာမ့်ဥပဒေပြုရာ၌ ကိယာ့စ်ကို လုံးလုံးလျားလျား စိတ်မဝင်စားခဲ့ချေ။ သို့သော်လည်း ခွင့်ပြုနိုင်သော/ခွင့်ပြုအပ်သော အယူအဆ (အိဗာဟဟ်)ကို ထုတ်ဖော်ခဲ့သည်။ ၄င်းမှာ ကုရ်အာန်၊ စွန္နဟ်နှင့်မဆန့်ကျင်သည့်လုပ်ရပ်မှန်သမျှ တရားဝင်သည်ဟု ယူဆခြင်းဖြစ်သည်။ ဟမ်ဗလီ၏ မဇ်ဟဗ်သည် ဤအယူအဆကြောင့်သာ အသက်ရှုချောင်သွားခဲ့ရသည်။  စအူဒီအာရေဗျ၊ အိုမန်၊ ကာတာနိုင်ငံရှိ မုစ်လင်မ်အများစုက ဤလမ်းကြောင်းနောက်လိုက်ကြ၏။ အမေရိကန်နိုင်ငံ၌လည်း အစ္စလာမ်ကိုလက်ခံလာသူတို့အကြား ဤလမ်ကြောင်းကိုလက်ခံသူ တိုးပွားလျက်ရှိ၏။
    နိဂုံး
     အစ္စလာမ်သာသနာ့အဆုံးအမ၌ အရှိအတိုင်း သွန်သင်ဆုံးမခိုင်းထား၏။ အခြေခံကျကျ တိကျမှုဖြစ်အောင် လမ်းကြောင်းညွှန်ပြထား၏။ ဥပဒေများ၊ အဆုံးအဖြတ်များကို မိမိဆန္ဒ၊ အစွဲ၊ အတွေးအမြင်ပေါ် အခြေပြုပြီး ထုတ်ယူကျင့်သုံးသတ်မှတ်ခွင့် မရှိပါ။  ကမ္ဘာ့ဘာသာတရားများအနက် လူ့ဘောင်လောက၏အရေးအရာအ၀၀အတွက် စံနစ်တကျ ပုံစံချစည်းမျဉ်းများ၊ နည်းလမ်းများ ပေးအပ်ထားသည်မှာ အစ္စလာမ်သာသနာ တစ်ခုတည်းသာ ရှိနေပါ၏။ ယနေ့ ကမ္ဘာ့ကုလသမဂ္ဂသည်လည်းကောင်း၊ အနောက်တိုင်းမှ အတိုးတက်ဆုံးဒီမိုကရေစီနိုင်ငံများသည်လည်းကောင်း၊ လူ့အခွင့်အရေးဆိုင်ရာ ဦးဆောင်အဖွဲ့အစည်းကြီးများသည်လည်းကောင်း မိမိတို့၏အခြေခံမူစံနစ်များ၊ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေများတွင် အစ္စလာမ့်ယှရီအဟ်၏ အုတ်မြစ်နှင့် အနှစ်သာရတို့ကို အမည်မဖော်ဝံ့ဘဲ ယူငင်သုံးစွဲကျင့်ဆောင်လျက်ရှိသည်ကို တွေ့ရပါ၏။  အဆုံးသတ်အားဖြင့်ဆိုရပါလျှင် လူတို့သည် နေရာ၊ အာဏာ၊ အတ္တစွဲ၊ ဆန္ဒ၊ ထင်ပေါ်ကျော်ကြားမှု စသည်များနောက် အာသာငမ်းငမ်းလိုက်နေကြသဖြင့် ယနေ့ကမ္ဘာတစ်ဝှန်းကိုကြည့်လိုက်သော် ငြိမ်းချမ်းရေးယှရီအဟ်ကို တိတိကျကျလိုက်နာကျင့်သုံးနေသည့် အစ္စလာမ်နိုင်ငံတစ်နိုင်ငံ အစ္စလာမ့်လူ့အဖွဲ့အစည်းတစ်ခုမျှ မရှိပါ။ ဂေါတမဗုဒ္ဓ၏ မေတ္တာထားတရားဓမ္မအပေါ် တိတိကျကျလိုက်နာ ကျင့်သုံးနေသည့် ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံ ဗုဒ္ဓဘာသာဝင်လူ့အဖွဲ့အစည်းတစ်ခုမျှ မရှိပါ။ ယေရှုသခင်၏ ခွင့်လွှတ်ခြင်း သွန်သင်ဆုံးမချက်များအပေါ် တိတိကျကျလိုက်နာ ကျင့်သုံးနေသည့် ခရစ်ယာန်နိုင်ငံတစ်နိုင်ငံ ခရစ်ယာန်လူ့အဖွဲ့အစည်းတစ်ခုမျှ မရှိပါ။ ဟိန္ဒူ နှင့် ဂျူးများထံတွင်လည်း ထိုနည်းလည်းကောင်းသာ ဖြစ်ပါ၏။ ဘာသာတရား နှင့် ဘာသာဝင် မကွဲပြားကြ။ လူတစ်ဦး သို့မဟုတ် လူတစ်စု၏ အတွေးအမြင်၊ စိတ်ဓာတ်၊ လုပ်ရပ်များမှာ သက်ဆိုင်ရာဘာသာတရားကို အခါခပ်သိမ်း ကိုယ်စားပြုနေသည်မဟုတ်။ ၄င်းတို့ကိုကြည့်၍ ဘာသာတရားအား ဆုံးဖြတ်သုံးသပ်မည်ဆိုပါက ကမ္ဘာပေါ်တွင် မည်သည့်ဘာသာ တရားကိုမှ ကောင်းကွက်မြင်နိုင်ကြတော့မည် မဟုတ်။ ဘာသာတရား ယုံကြည်မှု နှင့် လူကိုလူလိုမြင်တတ်မှု ကွဲပြားစေရန်အတွက် ဥပဒေ ဟူ၍ သတ်မှတ်ဖော်ဆောင်ခြင်း ဖြစ်ပေသတည်း။
    ဘာသာမဲ့/ဘာသာမရှိသူသည် ဘာသာတရား တစ်ခုခု၏ ခေါင်းစဉ်အောက်သို့ ရောက်နိုင်ချေ ရှိသေး၏။ လူကိုကြည့်၍ ဘာသာတရားကို မုန်းတီးတတ်သူတို့ အဖို့မှာကား မည်သည့် ခေါင်းစဉ်အောက်၌ အခွံစွပ်ထားသူဖြစ်စေကာမူ ၄င်းတို့၏သရုပ်မှန်မှာ အသိဥာဏ်နှင့် နှလုံးသားတံခါး ချိတ်ပိတ်ခံရသည့် မိစ္ဆာတိထ္ထိများ စင်စစ်ဖြစ်သတည်း။
    လေ့လာမှုမရှိသော ဝေဖန်မှုသည် အသိမဲ့လမ်းသို့ လျှောက်လှမ်းနေခြင်းသာတည်း။
    ဆင်ခြင်တုံတရားဖြင့် လူပီသနိုင်ကြပါစေ။
    ဂျူလိုင်ရဲရင့်
    ** M-Media သို့ ပေးပို့လာသော ဆောင်းပါးဖြစ်ပြီး ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်သည်။