News @ M-Media

Category: ဆောင်းပါး

  • ဘာစန်းသီး၊ အောင်မေသုနှင့် အမှတ်ရစရာ အမှတ်မှားမှုများ (မျိုးမြင့်ချို)

    ဘာစန်းသီး၊ အောင်မေသုနှင့် အမှတ်ရစရာ အမှတ်မှားမှုများ (မျိုးမြင့်ချို)

    စက်တင်ဘာ၊ ၁၈ ၊ ၂၀၁၂

    မျိုးမြင့်ချို

    “နင့် နာမည်လေးက အတော်လှတာပဲ” ဟုပြောလိုက်ချိန်တွင် မစန်းသီမျက်နှာ ဝင်းကနဲဖြစ်သွားသည်ကို သတိထားလိုက်မိသည်။ “လူကော..ဦးလေး”တဲ့ “အင်း…လူလား..လူလည်းချောပါတယ်ဟာ” တကယ်က မစန်းသီသည် ချောသည့်လှသည့်မိန်းမများထဲတွင် စာရင်းဝင်သည်ဟု မဆိုနိုင်သော်လည်း ဟိန္ဒူသွေးစစ်စစ်ဖြစ်သည့် အတိုင်းမျက်လုံးမျက်ခုံး နှာတံပေါ်ပေါ်နှင့်ကြည့်ကောင်းသည်။ မျက်နှာချို၏။ စိတ်ထားကောင်း၏။ ဗမာစကားကို အိန္ဒိယတိုက်သားအသံထွက်နှင့် တတ်နိုင်သလောက် သိမ်သိမ်မွေ့မွေ့ကြိုး စားပြောတတ်၏။  အသားမဲသည်ဆိုသော်လည်း ခြောက်ခြောက်သွေ့သွေ့တော့ မဟုတ်။ စိုစိုပြေပြေရှိသည်။ စာမတတ်၊ ကျောင်းမနေ ဖူးသူ။ လမ်းထိပ်က ထမင်းဆိုင်တွင်တောက်တိုမယ်ရ အလုပ်သမား။ နိုင်ငံရေးနှင့်စကြဝဋ္ဌာတခုစာလောက်ဝေး၏။

    ဦးအောင်မေသု (ခ) ဦးသုရဲ့ နောက်ဆုံးခရီးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ ရေဝေးမွတ်စလင်သုဿန်သို့ လိုက်လံပို့ဆောင်ခဲ့စဉ်က

    ၁၉၈၉ ခုနှစ်။ အင်းစိန်ထောင် တိုက်ဝင်းများရှိ ၄ တိုက် ၃ ခန်း။ ၁၂ ပေ ၈ပေ အခန်းကျဉ်းလေးတခု။ အတူနေသူများက ဦးအောင်မေသု(မင်းလှ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်)၊ ကိုမြင့်လှိုင်(ခေါ်) ကိုမြင့် (မင်္ဂလာဒုံ)၊ ကိုမျိုးကြည်(မှော်ဘီ)၊ ကိုသိန်းထူး (ခေါ်) ကိုသက်ဇင်(ပုသိမ်)နှင့်ကျနော်။ အားလုံးတွင် ဦးအောင်မေသုက အသက်အကြီးဆုံး။ ကျနော်တို့က သူ့ကို ဦးသု..ဟုခေါ်သည်။ အစ္စလာမ်ဘာသာဝင်။ လူမျိုးကတော့ ဘာလူမျိုးလည်းကျနော်မမေးမိခဲ့။  ၅ ယောက်ထဲတွင် နိုင်ငံရေးဘဝ အတွေ့အကြုံအစုံလင် ဆုံး။ ကျွန်းပြန်။ ၉  တန်းကျောင်းသားဘဝမှ စတင်ခဲ့သည့် သူ့နိုင်ငံရေးလမ်းတလျှောက်လုံး ဆူးညှောင့်ခလုပ်ကန်သင်းများနှင့် တင်းကြမ်း။ မဆလ တခေတ်လုံး လှုပ်မရလွန့်မရအောင် နှိပ်ကွပ်ခံရသည့်ကြားမှ ဘဝကိုတပင်တပမ်းထူထောင်ခဲ့ရသူ။ အသားညိုညို၊ လူကောင် သေးသေး၊ ခါးကလည်း မဆိုစလောက်လေးခပ်ယိုင်ယိုင်၊ အူကျရောဂါဆိုးဆိုးရွားရွား၊ မိသားစုထောင် ဝင်စာဆိုသည်ကလည်း  လာတချက်မလာတချက်။ သို့နှင့်တိုင် ဘယ်တော့မှ ဘဝကိုစိတ်မပျက်။ မငြီးညူတတ်။ ရယ်ရယ်မောမောပျော်ပျော်ရွှင်ရွှင်နှင့် ကြိတ်မှိတ်ပေတေပြီးခံ၏။

    တယောက်ကိုတယောက် တနေ့လျှင် ၂၃ နာရီခန့် မျက်နှာချင်းဆိုင်ချင်ချင်၊ မဆိုင်ချင်ချင် ဆိုင်နေရသည့်အနေအထား။ အိပ်ချိန်မှတပါး စကားတွေပြောကြသည်။ နိုင်ငံရေး၊ စာပေအနုပညာ၊ လောကအကြောင်း၊   သူ့အကြောင်းကိုယ့်အကြောင်း အကြောင်းပေါင်းလည်းစုံသလို၊ တခါတရံမှာလည်း မတူသည့်အမြင်များက လေးလေးနက်နက်ပြင်းပြင်း ထန်ထန် ငြင်းကြခုံကြ ဆီသို့ဆိုက်သွားသည်လည်းရှိ၏။ ထိုအခါမျိုးတွင် သူကဘယ်တော့မှ ခုံသမာဓိမလုပ်သလို သူ့တရားကိုလည်း ဇွတ်ထူထောင်လေ့ မရှိ။  သူ့အမြင်သူပြောပြီး သူ့ရပ်ခံချက်အတိုင်းသရပ်သည်။

    “မဟာအောက်တိုဘာတော်လှန်ရေးကြီးအပြီးနဲ့ ဒုတိယကမ္ဘာစစ်အပြီးနှောင်းပိုင်းကာလတွေမှာ ကမ္ဘာ့ပြည်သူတွေရဲ့ တိမ်းညွှတ်မှုက လက်ဝဲတိမ်းညွှတ်မှုနဲ့ဆိုရှယ်လစ်ရေး၊ ပြည်သူ့ဒီမိုကရေစီထူထောင်ရေးဗျ.. အခုဟာက လက်ယာတိမ်းညွှတ်မှုနဲ့ဈေးကွက်စီးပွားရေး၊ ပါတီစုံဒီမိုကရေစီ ထူထောင်ရေးဗျ… ဆိုတော့ ကျနော်တို့အမြင်တွေတင်မကဘူး လုပ်ဟန်နည်းနာတွေပါ ပြောင်းကိုပြောင်းရမယ်။ မပြောင်းရင် ပြတ်ကျန်ခဲ့လိမ့်မယ်ဗျ…”

    “ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်တာဟာ..ဒီမိုကရေစီရေးတိုက်ပွဲဝင်တာဖြစ်တယ်… ကွန်မြူနစ်ကိုတိုက်ဖို့ဆို  စစ်အာဏာရှင် နဲ့တောင်ပေါင်းမယ်… ဆိုတဲ့ အတွေးအခေါ်ရှိသူတွေရဲ့ နိုင်ငံရေးလားရာကို ဘာမှပြောစရာမရှိပါဘူး.. သူတို့ရွေးချယ်တဲ့လမ်းက သူတို့ကို ခေါ်ဆောင် သွားမှပါဗျာ”

    “ဒီမှာ..ကျနော်ပြောမယ်..နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာလိုအပ်လို့လုပ်ရတာပဲ.. တနည်းပြောရရင် အာဏာလိုချင်လို့ဗျာ.. အာဏာလိုချင်တယ်ဆိုတာကလည်း ပဒေသရာဇ်တွေစကားနဲ့ပြောရရင် ရှင်ဘုရင်လုပ်ချင်တာပဲ…တခုပဲရှိတယ်… ရှင်ဘုရင် လုပ်ချင်တဲ့ကောင်ဆိုတာ ညံ့လို့မရဘူးဗျ… ညံတဲ့ကောင်လည်းဘယ်တော့မှရှင်ဘုရင်မဖြစ်ဘူး..”

    သူပြောခဲ့ဖူးသည့်စကားများစွာအနက်မှ တချို့ကို ယခုတိုင်ပင်မှတ်မှတ်ရရရှိနေသေး၏။

    တနေ့ကျနော်က သူ့ကို “ဦးသုရဲ့နာမည်က တော်တော်ထူးခြားတယ်နော်.. အောင်မေသုဆိုတဲ့ ဒီလိုနာမည်မျိုးက အမှည့်နည်းတယ် လို့ ကျနော်ထင်တာပဲ…ဟုဆိုကာ သူ့အမည်ကိုစပ်စုမိ၏။ သူက ထုံးစံအတိုင်း တချက်ပြုံးလိုက်ပြီး .. “ကျနော်က အရင်တုန်းက နီအောင်မေသု ဗျ… ဗိုလ်စက်ရောင်ကတော့ ခင်ဗျားတို့ကြားတဲ့အတိုင်းပဲ..ဧဝံမေသုတံ..တဲ့..ကျနော်တို့ခေတ်က နီ ဆိုတာကို လက်ဝဲအတွေးအခေါ်ရှိတဲ့ လူငယ်တွေတော်တော်များက နာမည်ရှေ့မှာ မြတ်မြတ်နိုးနိုးတပ်ကြတာဆိုတော့ ကျနော်လည်း တပ်တာပေါ့ဗျာ..” တဲ့။ “ကျနော်ဆိုလိုတာက အောင်မေသုဆိုတာကိုပါ..ရုတ်တရက်ဆို ပါဋ္ဌိလိုလိုဘာလိုလိုနဲ့..ဥပမာဗျာ သုမောင် ဆိုပါတော့ ကောင်းသောလူကလေး.. ဆိုတာမျိုး..” ဆိုတော့ သူပြုံးသာနေသည်။ ဘာမှမပြော။ သည်တော့မှ ကျနော်က မစန်းသီ အကြောင်းသူ့ကိုပြောပြသည်။

    “ဒါနဲ့..မစန်းသီ..နင့် ဒီနာမည်ကို ဘယ်သူပေးတာလဲဟ..ပြောပြပါဦး..နင့်မိဘပေးတာလား” ဗမာစကားပင်အနိုင်နိုင်ပြောနေကြရသည့် မစန်းသီ၏မိဘများက မစန်းသီဆိုသည့် နာမည်လှလှလေးကို ရွေးပေးနိုင်လောက်မည် မထင်သဖြင့် မေးမိလိုက်၏။ “မဟုတ်ဘူး ဦးလေး.. ကျမ ၁၃ နှစ်လောက်က ရပ်ကွက်ထဲကို မှတ်ပုံတင်ရုံးကလူကြီးတွေလာတယ်။ မှတ်ပုံတင်မရှိသေးသူတွေကို မှတ်ပုံတင်လုပ်ပေးတော့ အမေနဲ့ကျမသွားတယ်… အဲဒီ စာရေးတဲ့လူကြီးက ကျမနာမည်မေးတော့ ကျမကနာမည် ပြောပြတယ်… ကျမမှာဗမာနာမည် မရှိဘူး… ကုလားနာမည်ပဲရှိတယ်…ဟိန္ဒူလို ဘာစန်းသီး လို့ ခေါ်တယ်… ဘာစန်းသီးလို့ပြောတော့… သူက ၂ ခါ ၃ ခါပြန်မေးတယ်….. ကျမကလည်း ဘာစန်းသီး..ဘာစန်းသီး လို့ပဲပြန်ပြန်ဖြေတယ်… သူက ဘယ်လိုကြားသလဲတော့မသိပါဘူး ဦးလေးရာ… နောက်တော့ မှတ်ပုံတင်ရရော… ရတော့မှ ဘေးအိမ်ကလူကိုပြတော့ သူက “ဟဲ့..နင်က ဗမာနာမည်တွေ ဘာတွေနဲ့ပါလား” လို့ ပြောပြီး “ဒီမှာလေ နင့်နာမည်က ဘာစန်းသီးကနေ မစန်းသီဖြစ်သွားပြီ…” တဲ့ “အဲဒီလိုနဲ့ မစန်းသီဖြစ်လာတာပါဦးလေးရာ..”တဲ့။

    ကျနော့စကားဆုံးတော့ ဦးသုက “ခင်ဗျားက ကျနော့နာမည်ကိုရော ဘယ်ကနေဘယ်လို ဖြစ်လာတယ်ထင်လို့လဲ..” တဲ့။ “ကျနော့် အသိထဲမှာ ရမ်းမသူးတို့ အူမူရ်သူးတို့ ဆိုတဲ့နာမည်နဲ့ မွတ်စလင်မ်တွေရှိတယ်…ဘာလူမျိုးတွေလည်းတော့ ကျနော်လည်း မသိပါဘူး… ဗမာစကား ပြောရင်တော့ မစန်းသီလိုပဲ ခပ်ယိုင်ယိုင်ရယ်…တခါ ဦးသုကလည်း အစ္စလာမ်ဘာသာဝင်၊ အစ္စလာမ် နာမည်လည်းရှိမှာပေါ့၊ နောက်ပြီး.. ဦးသုပြောသလောက်ကလည်း ဦးသုအဖေက ဗမာလိုသိပ်မပြီဘူးဆိုတော့… ကျနော်တွေး မိတာက.. ဘာစန်းသီးကနေ မစန်းသီဖြစ်သလိုမျိုး… မှတ်ပုံတင်အရာရှိ၊ ဒါမှမဟုတ်လည်း ကျောင်းစအပ်တုန်းက ကျောင်းစာရေးက အကြားလွဲပြီး ရမ်းမသူးတို့ အူမူရ်သူးတို့ကနေများ အောင်မေသု ဖြစ်လာသလားလို့ပါ..”

    သူ၏ ထူထဲရှည်လျားလှသည့် မျက်ခုံးမွှေးကြီးများကို အသာအယာဆွဲယူပွတ်သတ်နေရင်းက “ခင်ဗျားဗျာ.. တော်တော်ကြံကြံဖန်ဖန် ဆက်စပ် တွေးတဲ့သူပါလား… အကျိုးအကြောင်းလည်းဆီလျော် ယုတ္တိယုတ္တာလည်းကျ၊ ဟုတ်လည်းအဟုတ်ပဲ… ဒါပေမယ့် ခင်ဗျား တွေးမိသလို ဟုတ်တယ် မဟုတ်ဘူးဆိုတာထက် ဒီ..အောင်မေသုဆိုတဲ့နာမည်က ကျနော့်အဖေကိုယ်တိုင်ရွေးပြီးပေးခဲ့ တာဗျ- ဘာပဲ ဖြစ်ဖြစ်လေ… ရမ်းမသူးကနေ ဒါမှမဟုတ် အူရ်မူသူးကနေ အောင်မေသုဖြစ်တာဖြစ်ဖြစ်… အောင်မေသု ကနေ ပဲ အောင်မေသု ဖြစ်တာဖြစ်ဖြစ် ပါ.. အရေးမကြီးပါဘူး… ကျနော် အောင်မေသုအဖြစ်နဲ့ အောင်မေသုဖြစ်နေရတာ ကိုပဲ ကြိုက်ပါတယ်…နောက်လည်း အောင်မေသုပဲဖြစ်နေဦး မှာပါ” ဟု ဆိုကာ ထုံးစံအတိုင်း ခပ်ပြုံးပြုံး…သည်လိုနှင့် သည်ညနေခင်းကား ကုန်ဆုံးသွားရပြန်သည်။

    ကျနော်မြင်ခဲ့ဖူးသည့်အောင်မေသုကား အောင်မေသုအဖြစ်နှင့်သာ နေသွား သေသွားခဲ့ပါသည်။

    မျိုးမြင့်ချို FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • အာရကာနစ္စတန် (Arakanistan) အပိုင်း-၁

    အာရကာနစ္စတန် (Arakanistan) အပိုင်း-၁

    ရဲရင့်သစ္စာ

    အာရကာနစ္စတန် (Arakanistan) ဆိုတဲ့ အမည်ကို ကြားလိုက်တာနဲ့ရိုဟင်ဂျာကုလားတွေ က ရခိုင်ပြည်နယ်မှာ မွတ်စလင်နိုင်ငံ တည်ထောင်ဖို့ရည်ရွယ်ထားတဲ့နာမည်ဘဲလို့ ဒီခေတ် ဗုဒ္ဓဘာသာဝင် အများစု က သိလိုက်ကြမှာဖြစ်ပါတယ်။  နိုင်ငံခြားတွေမှာစာတမ်းတွေကျမ်းတွေပြုစုနေပါတယ် ဆိုတဲ့ ပညာတတ်များ က ရေးသားဝါဒဖြန့် လူထုဆီနည်း အမျိုးမျိုးနဲ့အရောက်ပို့နေတာကြောင့်  မြန်မာ လူထု (အထူးသဖြင့် အွန်လိုင်းလူထု) လည်း ဟုတ်နိုးနိုးနဲ့ ရောယောင်ပြီး မခံမရပ်နိုင်တွေဖြစ် ရိုဟင်ဂျာ ကို ဆဲဆို စတာတွေ ကို တစိုက် မတ်မတ် ပြုလုပ်လာနေကြတာလို့မြင်မိပါတယ်။  ဖြစ်သင့်ပါတယ်၊ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်ကို ခွဲထုတ်ပြီးသီးသန့်နိုင်ငံ တခု တည်ထောင်ဖို့ လူတစု  က ကြိုးစားနေတာသိရရင် စိတ်ဆိုးဒေါသ ထွက်ကြတာ ဟာ တိုင်းချစ်ပြည်ချစ် လူတိုင်းဖြစ်သင့်တဲ့သဘာဝခံစားချက်ပါ။

    ရိုဟင်ဂျာ မဟုတ်တဲ့ ကျွန်တော်၊ မြန်မာမွတ်စလင်တဦးဖြစ်တဲ့ ကျွန်တော် ဟာလည်း ရိုဟင်ဂျာဆိုသူတွေ ဟာ  အာရကာနစ္စတန် (Arakanistan) လို့ခေါ်တဲ့ နိုင်ငံတည်ထောင်ဖို့ကြိုး စားနေသူတွေ ဖြစ်ကြောင်း စကြားရ၊ စဖတ်ရတော့ မခံမရပ်နိုင်ဖြစ်မိပါတယ်။ ဘာသာတူဖြစ်ဖြစ် ဘာဖြစ်ဖြစ် ရိုဟင်ဂျာ တွေကို ဆန့်ကျင်စိတ် တဖွားဖွား ပေါ်ပေါက်ခဲ့ပါတယ်။

    ရိုဟင်ဂျာတွေ ဟာ အာရကာနစ္စတန် နိုင်ငံ ထူထောင်ဖို့ လုပ်ဆောင်နေတယ် ဆိုတာကို ကျွန်တော် စဖတ် ရတာ Islamization of Burma Through Chittagonian Bengalis as “Rohingya Refugees“ စာတမ်းမှာပါ။ စာတမ်းရေးသားသူ က ခေတ်ပညာတတ် တစ်ဦးဖြစ်တဲ့ ဦးခင်မောင်စော ဆိုတဲ့ ပုဂ္ဂိုလ် ပါ။  အဲဒီစာတမ်း ခေါင်းစဉ် 4.1 မှာ- ဘင်းဂလား က ဝင်ရောက်လာတဲ့ စစ်တကောင်းဘင်္ဂလီ လူမျိုး တွေဟာ မြန်မာပြည်လွတ်လပ်ရေးရပြီးချိန် မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မွတ်စလင်နိုင်ငံ “Arakanistan” ကို တည်ထောင်ဖို့ ကြိုးစားခဲ့ကြတယ် လို့ ရေးထားပါတယ်။  ဦးခင်မောင်စော ရေးထားတာကို အထောက်အကူပြုပြီး ဦးခင်မောင်စောလို စာတတ်ပေတတ်တွေ အပါအဝင် အချို့လူတွေကလည်း ရိုဟင်ဂျာတွေ က သီးခြားနိုင်ငံ အာရကာနစ္စတန် တည်ထောင်ဖို့ လုပ်နေသူတွေဖြစ်ကြောင်းဝါဒဖြန့် ပြောဆိုလာကြတာကိုတွေ့ရပါတယ်။ တစ်ရက်မှာ မိတ်ဆွေရိုဟင်ဂျာ၁ ယောက်နဲ့ စကားစပ်မိရင်း အာရကာနစ္စတန် အကြောင်းပြောပြမိတော့ ရိုဟင်ဂျာတွေဟာ အာရကာနစ္စတန် (သို့) သီးခြားခွဲထွက်ခွင့်တောင်းခံခဲ့သူတွေ လုံးဝ မဟုတ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပြီး၊ ကိုရဲရင့်အနေနဲ့ အဲဒီ သမိုင်းကြောင်းကို သေချာသုတေသန ပြုလေ့လာပြီး တွေ့ရှိတဲ့ အမှန်တရားကို လူထု သိအောင်ရေးပြစေလိုကြောင်းဆိုခဲ့ပါတယ်။ ကျွန်တော်လည်း ကောင်းပါပြီ သုတေသန ပြုလေ့လာပြီး တွေ့တဲ့ အမှန်ကို အမှန်အတိုင်းရေးသားပါ့မယ်လို့ သူ့ကို ကတိပေးခဲ့ပါတယ်။

    ဦးခင်မောင်စော က သူ့စာတမ်းမှာ အထက်ပါအတိုင်း  ရေးရုံ ရေးထားတာပါ၊ စာအုပ်စာတမ်း အထောက်အထားမည်မည်ရရ ပေးမထားပါဘူး။ သူပြထားတဲ့ အထောက်အထား က တော့ ၁၉၄၇ က ဖဆပလအသင်းဝင် ဦးရရှစ်နဲ့ ဦးနုတို့ ရဲ့ မိန့်ခွန်းဖြစ်နေပါတယ်။ အဲဒါနဲ့ ကျွန်တော် လည်း လွန်ခဲ့တဲ့ ၇ ရက်လောက် က စပြီး ဦးခင်မောင်စောရေးထားတဲ့ “Arakanistan” နဲ့ပတ်သက်တဲ့ အထောက်အထားကို လိုက်ရှာခဲ့ပါတယ်။ မနေ့ည ကမှ “Arakanistan” နဲ့ပတ်သက်တဲ့ အထောက်အထားတွေ့ခဲ့ပါတယ်။ ကျွန်တော် ကြိုးစားရှာဖွေထားတဲ့ အထောက်အထားကို လူတိုင်းသိနိုင်ဖို့အတွက် ကျွန်တော်ရေးပြပါ့မယ်။ စာဖတ်သူမိတ်ဆွေတွေ အနေနဲ့လည်း သမိုင်းကြောင်းကို သမိုင်းကြောင်းလိုဘဲ မြင်စေချင်ပါတယ်။ ကျွန်တော့်ရဲ့ တင်ပြမှု အပေါ် အခြားအရောင်တွေ မစွန်းပါစေနဲ့လို့ကြိုတင် မေတ္တာရပ်ခံလိုပါတယ် ခင်ဗျာ။

    ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (တတိယတွဲ) စာအုပ် ကို ဖတ်မိပါတယ်။ အဲဒီစာအုပ် ကို ၁၉၉၁ ခုနှစ် က တက္ကသိုလ်များပုံနှိပ်တိုက် ၊ ရန်ကုန် မှာ ရိုက်နှိပ်ခဲ့တာဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ စာပေ ခွင့်ပြုချက်အမှတ် (၃၆၉၉) နဲ့ တက္ကသိုလ်များ ပုံနှိပ်တိုက် မန်နေဂျာ ဦးစိုးမြင့် က ထုတ်ဝေခဲ့တာပါ။ ပြုစုသူတွေက တော့ဦးကျော်ဝင်း၊ ဦးမြဟန် နဲ့ ဦးသိန်းလှိုင် တို့ ဖြစ်ကြပြီး၊ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေး အဖွဲ့ က စိစစ်ထားတာဖြစ်ပါတယ်။ အဲဒီစာအုပ် “အခန်း ၁၂ ၊ ရခိုင် မွန် နှင့် ချင်းပြည်နယ် တောင်းဆိုခြင်း” အခန်းမှာ၊ ရခိုင်ကိုယ်စားလှယ်တွေဟာ ၁၉၃၀ လန်ဒန်မျက်နှာစုံညီ အစည်းအဝေး ကို သွားတက်ကတည်းက ရခိုင်ပြည်နယ် ကို သီးခြား လွတ်လပ်ရေးပေးဖို့ တောင်းဆိုရန် အစီအစဉ်ရှိခဲ့ပေမဲ့၊ မြန်မာခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးချစ်လှိုင်နဲ့ ဦးဘဘေ တို့ ကတောင်းပန်တဲ့ အတွက် မတောင်းဆိုဖြစ်ခဲ့ လို့ရေးထားပါတယ်။ ၁၉၃၀ လန်ဒန် အစည်းအဝေးကို တက်ခဲ့တဲ့ ရခိုင်ကိုယ်စားလှယ်တွေဟာ ဦးထွန်းအောင်ကျော် နဲ့ မစ္စမေအောင် (ဒေါ်မြစိန်) တို့ ဖြစ်ကြပါတယ်။

    ၁၉၃၇ ခုနှစ် ၉၁ ဌာန အုပ်ချုပ်ရေး ပေါ်ပေါက်လာချိန်မှာ ဥပဒေပြုလွှတ်တော်ရခိုင်အမတ်ဖြစ်တဲ့ အမျိုးသားကျောင်းဆရာကြီး ဦးထွန်းအောင် က ရခိုင်ကိုပြည်နယ် တစ်နယ်အဖြစ် အော်တိုနော်မီ (Autonomy) ပေးသင့်ကြောင်း ရခိုင်တိုင်းမှာ လှုံ့ဆော်ခဲ့တယ်လို့ အထောက်အထားပေးပြီးရေးထားပါတယ်။

    ဦးလှထွန်းဖြူ နဲ့ ထင်ရှားတဲ့ ရခိုင်ခေါင်းဆောင်အချို့ ဟာ ရန်ကုန်မြို့မှာ “အာရကံနီစတန်” ရခိုင်ပြည်နယ်တောင်းဆိုရေးအတွက် အစည်းအဝေးကျင်းပဖို့ စိုင်းပြင်းနေကြကြောင်းရေး သားထားပါတယ်။ အာရကာနစ္စတန် (Arakanistan) ဆိုတဲ့ အမည် ကို ဘယ်သူစသုံးခဲ့ တာလည်း ပေါ်လာပါပြီ။ စဖတ်ရခြင်းတော့အလွန်ကို အံ့ဩမိပါတယ်။ စာဖတ်သူတွေလည်းအံ့ဩမိမှာပါ။ မယုံမရှိကြပါနဲ့။

    ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (တတိယတွဲ) စာအုပ် စာမျက်နှာ (၁၆၈)

     

    ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (တတိယတွဲ) စာအုပ် စာမျက်နှာ (၁၆၈)

    ဒါတွေ က လွတ်လပ်ရေးမရခင်  အာရကာနစ္စတန် (Arakanistan) လှုပ်ရှားမှုတွေပါ။ လွတ်လပ်ရေးရပြီးတော့လည်း အာရကာနစ္စတန် (Arakanistan) ဝါဒီတွေ က အပြင်းအထန် လှုပ်ရှားခဲ့ပါသေးတယ်။ ပြည်သူ့လွှတ်တော်မှာ တောင်းဆိုတာတွေ လုပ်ခဲ့ပါတယ်။ အကျယ်တဝင့်တော့ ကျွန်တော်ရေးမပြတော့ပါဘူး။ ထူးခြား တာ က ရခိုင် က ရိုဟင်ဂျာ တွေ ဟာ ရခိုင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွက်ရရေးအဆို ကို လုံးဝ မထောက်ခံခဲ့တဲ့အပြင် အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

    ၁၉၅၆ ဖေဖော်ဝါရီ လ ၂၂ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရမ်းဗြဲ အမတ် ဦးဘမြိုင် က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ (ပြင်ဆင်ချက်) ဥပဒေကြမ်း ကို ဆွေးနွေးစဉ်းစားဖို့ အဆိုသွင်းခဲ့ပါတယ်။ အဲဒီ အဆိုရဲ့ အနှစ်ချုပ် က တော့ ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် အဖြစ် ဖန်တီးဖို့နဲ့ ဗဟိုအစိုးရရဲ့ချုပ်ကိုင်မှုကနေ ကင်းလွတ်စေဖို့ ဖြစ်ပါတယ်။ ဦးဘမြိုင်ရဲ့ အဲဒီအဆိုကို ဘူးသီးတောင်အမတ် ဖြစ်တဲ့ အဘူ(ရ်) ဘောရှော (ရ်) က ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ အဲဒီလိုဆွေးနွေးခဲ့တဲ့ အနှစ်ချုပ် က တော့ ရခိုင်ပြည်နယ် အလိုမရှိကြောင်း၊ အကယ်၍သာ အစိုးရ က ရခိုင်တိုင်းကို ပြည်နယ်ပေးမယ်ဆိုရင် ဘူးသီးတောင် မောင်တော နယ်တွေကို ရခိုင်ပြည်နယ်အတွင်း မထည့်သွင်း ဘဲ သီးခြား ခရိုင်တစ်ခု အဖြစ် ပြည်မ လက်အောက်မှာသာ ထားပေးဖို့မေတ္တာရပ်ခံကြောင်း။  

    ရခိုင် အမတ် ဦးဘမြိုင်ရဲ့ တောင်းဆိုချက်ကိုအစိုးရအဖွဲ့ က မလိုက်လျောခဲ့ပါဘူး။

    ဦးဘမြိုင်ရဲ့ ရခိုင်ပြည်နယ် ဖွဲ့စည်းရေးအတွက် အခြေခံ ဥပဒေ (ပြင်ဆင်ချက်) ဥပဒေကြမ်းအဆို အရေးနိမ့်သွားပြီး နောက်ပိုင်းမှာလည်း ရခိုင်လွှတ်တော် အမတ် တစ်ချို့ဟာအခါအခွင့် သင့်တိုင်း ရခိုင်ပြည်နယ် ရရှိရေးကို လွှတ်တော်အတွင်းမှာတောင်းဆိုခဲ့ကြပါတယ်။

    ၁၉၅၇ ခု မတ်လ ၇ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မြို့ဟောင်းအမတ် ဦးလှထွန်းဖြူ က ရခိုင်ပြည်နယ် တောင်းဆိုခြင်း ဟာဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ တောင်းဆိုခြင်း သာဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဦးလှထွန်းဖြူ ရဲ့ ဆွေးနွေးချက် ကို ဝန်ကြီးချုပ် ဦးနု က အဘယ်ကြောင့်ရခိုင်ပြည်နယ် မပေးလိုကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

    ရခိုင်အမျိုးသားတွေ ဟာ လွှတ်တော်ပြင်ပမှာလည်း ပြည်နယ်တောင်းဆိုမှုကိုလုပ်ဆောင်ခဲ့ ကြကြောင်း ဖတ်ရပါတယ်။ ၁၉၅၇ စက်တင်ဘာ ၂၈ ၊ ၂၉ ရက်တွေမှာ ရန်ကုန်မြို့တော်ခန်းမ မှာ လူမျိုးပေါင်းစုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲ မှာ ရခိုင်အမျိုးသား ဦးကျော်မင်းက သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး သဘာပတိအဖွင့်မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။ ရခိုင်အမျိုးသားတွေ က သူတို့ရဲ့ မကျေနပ်ချက်တွေကို တင်ပြခဲ့ကြပြီး ဖဆပလအစိုးရ ဟာ မတရားကြောင်းဖွင့်ဟခဲ့ကြပါတယ်။

    ၁၉၅၇ စက်တင်ဘာလ ၃၀ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အတိုက်အခံပါတီဖြစ်တဲ့ ပမညတ အမတ် ဦးသိန်းဖေမြင့် (ဘုတလင်) က လည်း ရခိုင်ပြည်နယ် ပေးသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ၁၉၅၇ အောက်တိုဘာ ၁ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရတည အမတ် ဦးလှထွန်းဖြူ က ရခိုင်ပြည်နယ် ပေးဖို့ ဆွေးနွေးခဲ့ပါသေးတယ်။ ဦးဖော်သင် (ပုဏ္ဏားကျွန်းအမတ်) နဲ့ ဦးကျော်မင်း (စစ်တွေအမတ်) တို့ က ထောက် ခံဆွေးနွေးခဲ့ပြီး၊ ရိုဟင်ဂျာလူမျိုး ဖြစ်တဲ့ဦးအဘူခိုင် (မောင်တော တောင်ပိုင်းအမတ်) က ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ မာန်အောင် အမတ် ဖြစ်တဲ့ ဦးလုံးဖြူ ကလည်း ကန့်ကွက် ဆွေးနွေးခဲ့ပါတယ်။ ပမညတ ဒေါက်တာ ဦးဧမောင် (ပြည်အမတ်) က တော့ ဦးလှထွန်းဖြူ အဆိုကို ထောက်ခံဆွေးနွေးခဲ့ပါတယ်။ ဦးကျော်တင် (သံတွဲ မြောက်ပိုင်း အမတ်) က တော့ ဦးလှထွန်းဖြူဆွေးနွေးချက်ကိုအပြင်းအထန် ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးဘစော နဲ့ ဝန်ကြီး ဦးခင်မောင်လတ်တို့ကလည်း ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်ရရှိရေးလွှတ်တော်တွင်းကြိုးပမ်းမှု (၁၉၅၈) ဟာ လည်း အရေးနိမ့်ခဲ့ရပြန်ပါတယ်။

     

    ဆောင်းပါးရှင် ရဲရင့်သစ္စာထံမှ ခွင့်ပြုချက်တောင်းပြီး ဖော်ပြပါသည်။

  • မြန်မာ့ စတုတ္ထမဏ္ဍိုင်ဝင်တို့ သတိမူဖွယ်

    မြန်မာ့ စတုတ္ထမဏ္ဍိုင်ဝင်တို့ သတိမူဖွယ်

    စက်တင်ဘာ၊ ၁၆ ၊ ၂၀၁၂

    M-Media

    ဇေယျာသူ

    မြန်မာနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်လို့သတ်မှတ်လာကြတဲ့ မြန်မာ့မီဒီယာလောကမှာ ရပ်တည်နေကြသူတွေအနေနဲ့ ဗဟုသုတအပြည့်ရှိဖို့လိုအပ်ပါတယ်။ စတုတ္ထမဏ္ဍိုင်ဆိုတဲ့နေရာမှာ သိက္ခာရှိစွာ ရပ်တည်နိုင်ဖို့လိုပါတယ်။ ကိုယ့်မီဒီယာနာမည်ကြီးဖို့၊ သတင်းဦးသတင်းထူးကိုဖော်ပြနိုင်ဖို့အတွက် ကြိုးစားသင့်ပါတယ်။ အဲလို ကြိုးစားတဲ့နေရာမှာ သတင်း မှန်ကန်မှုကိုလည်း အထူးအလေးထားပြီး စာဖတ်သူ၊ ကြည့်ရှုသူကို အဆိပ်အတောက်ဖြစ်စေမယ့် စကားလုံးအသုံးအနှုန်း၊ အပြောအဆို၊ အရေးအသားတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်မီဒီယာကနေ သတင်းဦးရေးရပြီးရောဆိုပြီး မပြုလုပ်သင့်ပါဘူး။ သတင်းဦးရပြီးရော မှန်မမှန်မစိစစ်ပဲ ရေးသားဖော်ပြခြင်းဟာ စာဖတ်သူတွေကို စော်ကားမှုတစ်ရပ်ပါပဲ။ ပြီးတော့ ကိုယ့်မီဒီယာက မှားယွင်းဖော်ပြမိပြီဆိုရင်လည်း ရိုးသားစွာပဲ စာဖတ်သူတွေကို တောင်းပန်သင့်ပါတယ်။ ဒါဟာ ကိုယ့်မီဒီယာရဲ့ ရိုးသားစွာ မှားယွင်းမှုအတွက် စာဖတ်သူတွေကို အလေးထားမှုရှိတယ်ဆိုတာကို ဖော်ပြပါတယ်။ နောက်ပြီးတော့ စာအုပ်ပဲဖြစ်ဖြစ်၊ မဂ္ဂဇင်းပဲဖြစ်ဖြစ်၊ ဂျာနယ်ပဲဖြစ်ဖြစ် အယ်ဒီတာနဲ့ အယ်ဒီတာအဖွဲ့ဝင်တွေဟာလည်း ဗဟုသုတပြည့်ဝသင့်ပါတယ်။ ဥပမာ – ဂျာနယ်တစ်ခုဆိုပါစို့။ ကိုယ့်ဂျာနယ်ရဲ့ သတင်းထောက်ကလည်း ဗဟုသုတအသင့်အတင့်တော့ ရှိသင့်ပါတယ်။ သတင်းထောက်ဆိုတာကလည်း ကိုယ့်ဂျာနယ်က သတင်းဦးဖော်ပြနိုင်ဖို့အတွက် အထူးကြိုးစားပေမယ့် လက်ရှိအဖြစ်အပျက်တစ်ခုတည်းကို မီးမောင်းထိုးရေးသားလိုက်တာထက် သတင်းရဲ့ရင်းမြစ်ကိုလည်းသေချာသိပြီးမှ ရေးသားသင့်ပါတယ်။

    ဒီနေ့မျက်မှောက်ကာလမှာ လူတွေအားလုံးက ကိုယ့်နည်းကိုယ်ဟန်နဲ့ ဂျာနယ်လစ်တွေဖြစ်နေကြပါတယ်။ အခုခေတ်စားနေတဲ့စကားလုံးပုံစံနဲ့ပြောရရင် Community Journalist (CJ) တွေပေါ့။ ကိုယ်တိုင်က ကွန်မြူနတီ ဂျာနယ်လစ်ဖြစ်နေတာကို သိသူ၊ ဂျာနစ်လစ်ဖြစ်နေတာကိုမသိသူပဲ ကွာခြားပါတယ်။ အခုလို နည်းပညာတွေ တိုးတက်လာတဲ့အချိန် အင်တာနက်မှာ ဖော်ပြရေးသားနေကြသူတွေဟာလည်း ကွန်မြူနတီ ဂျာနယ်လစ်တွေပါပဲ။ ဒါကြောင့် မိမိရဲ့ရေးသားဖော်ပြလိုက်မှုဟာ တစ်ဘက်သားကို အဆိပ်အတောက်မဖြစ်စေဖို့ သတိထားသင့်ပါတယ်။ ဂျာနယ်၊ မဂ္ဂဇင်း၊ မီဒီယာထောင်ပြီး ဂျာနယ်လစ်လုပ်မှ စတုတ္တုမဏ္ဍိုင်ဖြစ်တာမဟုတ်ပါဘူး။ အွန်လိုင်းမှာရေးသားနေကြတာတွေဟာလည်း ကွန်မြူနတီဂျာနယ်လစ်တွေလို့ ကျွန်မမြင်ပါတယ်။ ဒီတော့ ကျွန်မတို့တွေ(လူတိုင်း)ရဲ့ ရေးသားဖော်ပြချက်တွေဟာလည်း စတုတ္တမဏ္ဍိုင်ထဲမှာသက်ဝင်နေပါတယ်။ ဒါကြောင့် ကိုယ့်သိတဲ့ ကိုယ်ရလိုက်တဲ့ ကိုယ်တွေ့မြင်လိုက်တဲ့ အကြောင်းအရာတွေကို ရေးသားသူတွေအနေနဲ့ အများအတွက် အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို သတိထားရှောင်ရှားနိုင်ဖို့ အလွန်လိုအပ်ပါတယ်။

    လွန်ခဲ့တဲ့ ရက်အနည်းငယ်က FB မှာ တစ်ယောက်က ကောလင်းမြို့ရဲ့သတင်းတစ်ခု တင်ထားတာကို ကျွန်မတွေ့ရှိဖတ်ရှုလိုက်ရတယ်။ အဲဒီသတင်းနဲ့ ပုံတစ်ခုကိုလည်း တွဲပြီးတင်ထားတယ်။ သူဖော်ပြထားတဲ့ သတင်းရဲ့ source က (news from..Royal Hero Media)လို့ပါတယ်။ သတင်းနဲ့ ဖော်ပြထားတဲ့ဓါတ်ပုံကလွဲနေပါတယ်။ အဲဒီဓါတ်ပုံက တကယ်တမ်းတော့ လူတိုင်းသိနေတဲ့ ရခိုင်က မုဒိမ်းမှုကျူးလွန်ခဲ့တယ်ဆိုတဲ့ လူငယ်(၃)ယောက်ရဲ့ပုံပါ။ အဲဒါမျိုးဆိုရင် သတင်းကိုတင်တဲ့သူက သိထားသင့်တဲ့အရာပါ။ ဘယ်လိုမှ မလွဲချော်သင့်ပါဘူး။ ဒါကြောင့် ကျွန်မတို့တွေ အားလုံးဟာ ကွန်မြူနတီ ဂျာနယ်လစ်ဇင်တွေဖြစ်နေတဲ့အတွက် ဒီလိုအကြောင်းကိစ္စတွေမှာလည်း သတိထားရှောင်ကြဉ်ပါလို့ ပြောချင်ပါတယ် စတုတ္ထမဏ္ဍိုင်ဝင်တို့ရေ။

  • မမေးလည်းဖြေ(၁၁)- ” ၇၈၆” ဆိုသည်မှာ ( By စိန်ဌေးဟန်)

    မမေးလည်းဖြေ(၁၁)- ” ၇၈၆” ဆိုသည်မှာ ( By စိန်ဌေးဟန်)

     မေး။              ။ အစ္စလာမ် ဘာသာဝင်များဧ။် ဆိုင်များ လုပ်ငန်းဌာနများဧ။် ဆိုင်းဘုတ်များတွင် 786 (ခုနှစ်ရာရှစ်ဆယ်ခြောက်) ဟူသော ကိန်းဂဏန်း တစ်ခုကို တွေ့ရတတ်ပေရာ ယင်း ‘786 ‘ ဟူသည် 7+8+6=21 ကိုကိုယ်စားပြုပီး (၂၁ ) ရာစုတွင် အစ္စလာမ်သာသနာသည် ကမ္ဘာကိုလွှမ်းရမည်ဟူသော အတိတ် နမိတ်ကိုဆောင်ယူကာ အစ္စလာမ် ပြန့်ပွားရေး စီမံကိန်းအား နှိုးဆော်နေသော ကိန်းတစ်ခုဆိုသည်မှာ မှန်ပါသလား ? ။

    ဖြေ ။         ။ မွစ်စလင်မ်တို့ဧ။် တိုက်တာအိုးအိမ် အဆောက်အဦး ပစ္စည်းပစ္စယများ  အထူးသဖြင့် ဈေးဆိုင်များတွင် 786 (ခုနှစ်ရာရှစ်ဆယ့်ခြောက်)ဟူသော ကိန်းဂဏန်းတစ်ခုကိုတွေ့ရတတ် ပေရာ ယင်းကိန်းဂဏန်း၏ အဖြေမှာလည်း အင်မတန်ရိုးရှင်းလှပါသည်။

    သို့ရာတွင် အချို့သောပုဂ္ဂိုလ်တို့မှာ ယင်း ‘786‘ ကိန်းဂဏန်း၏ သဘောသဘာဝကို ရိုးသားစွာ မသိ နားမလည်ခြင်းကြောင့် လည်းကောင်း ၊ အချို့မှာ အစ္စလာမ်အပေါ်တွင် အကောက်ကြံလိုခြင်းကြောင့် လည်းကောင်း ‘786‘ တွင် ပါဝင်သော 786 ကိုပေါင်းလျှင် ၂၁ရသဖြင့် (၂၁)ကို ကိုယ်စားပြုသည် ယင်းသည် ၂၁ရာစုတွင် တစ်ကမ္ဘာလုံး၌ အစ္စလာမ် ပြန့်ပွားရေးအတွက် နိမိတ်ဆောင် စကားလုံး လှုံ့ဆော် စကားလုံးဟု အယူမှားသူကမှား အပူပွားသူက ပွားကြပါတော့သည်။

    အမှန်ဆိုရသော် ထိုသို့ လားလားမှ မဟုတ်ရပါ။

    အာရဗီစာပေတွင် ဗျည်းအက္ခရာ နှစ်ဆယ့်ရှစ်(၂၈)လုံးရှိပီး ဗျည်းအက္ခရာ တစ်လုံးချင်းစီအတွက် ကိန်းဂဏန်းများဖြင့် အက္ခရာတန်ဖိုး သတ်မှတ်ထားပါသည်။ အစ္စလာမ်သာသနာ၏ အခြေခံ အုတ်မြစ်ဖြစ်သော ကျမ်းမြတ်ကုရ်အာန်သည်လည်း အာရဗီဘာသာစကားဖြင့် ထုတ်ပြန်ပို့ချပေးခြင်း ခံရလေရာ ရံဖန်ရံခါ၌ ကုရ်အာန်ကျမ်းဂန်လာစာသားများအား အသုံးပြုရာတွင် မူရင်းအတိုင်း အက္ခရာများဖြင့် မရေးသားပဲ အက္ခရာများ၏ ကိန်းဂဏန်း တန်ဖိုးစုစုပေါင်းကိုသာ သင်္ကေတ ဆောင်ပြီး ရေးသားအသုံးပြုခြင်းသာဖြစ်လေသည်။ ဗျည်းအက္ခရာ နှစ်ဆယ့်ရှစ်လုံးဧ။် ကိုယ်ပိုင်တန်ဖိုးအသီးသီးမှာ

    ဤကိန်းဂဏန်းများကို အခြေခံကာ “786” ဟူသော ကိန်းဂဏန်းတစ်ခု ဖြစ်ပေါ်လာရခြင်း ဖြစ်တော့သည်။ ယင်း ကိန်းမှာ ကုရ်အာန်ကျမ်းမြတ်၏ ပထမဦးဆုံး အာယသ်တော်ဖြစ်သည့် ကုရ်အာန် အဖွင့်ကဏ္ဍ၊ ပါဒ ၁ ဖြစ်သော…..

    (၁း၁) ကို အက္ခရာတန်ဖိုးတွက်ထုတ်ထားခြင်းသာလျှင်ဖြစ်ပေသည်။ဤအာယသ်တော၏ အဓိပ္ပါယ်မှာ … ” အနှိုင်းမဲ့ ဂရုဏာရှင်၊ ထာဝရ ဂရုဏာရှင် အလ္လာဟ၏နာမတော်ဖြင့် “ ဟု အဓိပ္ပါယ်ရပါသည်။

    ဤ အာယသ်တော်၌ အာရဗီအက္ခရာ ၁၉ လုံးဖြင့်ဖွဲ့စည်းထားပြီး ယင်းအက္ခရာ19 လုံးဧ။် အက္ခရာတန်ဖိုး စုစုပေါင်းမှာ

    အလ္လာဟ်အသျှင်သည် မွတ်စလင်မ်တို့အား မည်သည့်အလုပ်ကိုမဆို စတင်ကြံရွယ်ပြုလုပ်သောအခါ ဤအာယသ်တော်အား တသ ဆင်ခြင် နှလုံးသွင်းရန် ညွှန်ကြားထားပါသည်။( ကုရ်အာန် တမန်တော်ဟူးဒ်ကဏ္ဍ၊ပါဒ ၄၁၊ ကုရ်အာန် ပုရွက်ဆိတ်ကဏ္ဍ၊ပါဒ ၃၀၊ကုရ်အာန် ဖတ်ရွတ်လော့ ကဏ္ဍ၊ပါဒ ၁)

    သည့်အတွက်ကြောင့်ပင် မွတ်စလင်မ်တစ်ဦးအဖို့ မည်သည့် အလုပ်ကို ပြုမူကျင့်ကြံသည်ဖြစ်ပါစေ မိမိဧ။် တစ်ပါးတည်းသော အရှင့်နာမတော်ကို ရှေ့တန်းတင်သည့်အနေဖြင့်  “အနှိုင်းမဲ့ဂရုဏာရှင်၊ ထာဝရဂရုဏာရှင် အလ္လာဟ်၏ နာမတော်ဖြင့်”ဟုရွတ်ဆိုကြရပါသည်။

    ထို့အပြင် (ကုရ်အာန်အထူးဂရုဏာတော်ရှင်ကဏ္ဍ။ပါဒ ၇၈) တွင်

    “အသင့်အား ဖန်ဆင်းတော်မူသော ဘုန်းတော်အနန္တအရှင်၊ ကျေးဇူးတော်ရှင်၏ နာမတော်သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် အတိပြီးလေဧ။်” ဟုဆိုထားသဖြင့် မွတ်စလင်မ်တစ်ဦးအဖို့ မိမိအရှင်သခင်၏ နာမတော်ကို စတင်နှလုံးသွင်း တသမိသည်နှင့် တစ်ပြိုင်နက် သစ္စာမာန်တင်းကာ ” ငါ့အရှင်၏ နာမတော်သည် ကျက်သရေမင်္ဂလာရှိ၏ ထို့အတွက် ငါသည် ထိုအရှင၏ နာမတော်ဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ရကား ငါနှင့် အမင်္ဂလာအလုပ်သည် မအပ်စပ်၊မထိုက်တန်သည်ဖြစ်သဖြင့် ငါမလုပ်၊ ငါသည်မင်္ဂလာရှိသော အလုပ်ကိုသာလုပ်ရမည်” ဟူသော အသိတရားဖြစ်ပေါ်စေရန်ပင်ဖြစ်သည်။

    သို့ရှိရာ မွတ်စလင်မ်မှန်လျှင် အလ္လာဟ့်နာမတော်ကို အစဉ်သဖြင့်ဦးထိပ်နှလုံးသွင်း အမှတ်ရကာ မင်္ဂလာကျက်သရေရှိသော အလုပ်ကိုသာ ရွေးချယ်ပြုမူရသည့်အတွက် အလ္လာဟ်၏ နာမတော်ကို တသ သတိရသောအခါ၌ ဖြစ်စေ၊ ယင်းဧ။်အထိမ်းအမှတ် လက္ခဏာဖြစ်သော “786” ဟူသော ကိန်းဂဏန်းကို တွေ့မြင်ရသော အခါ၌ဖြစ်စေ၊ မင်္ဂလာတရားကို မျက်ခြေမပျက်စေရန် အတွက် မိမိကိုယ်ကိုမိမိ ပြန်သတိပေးရာရောက်သဖြင့် တရားသတိ အစဉ်နိုးကြားနေလေတော့သည်။

    ဤသို့ရှိပါလျှင် “786” ဧ။် အနှစ်သာရများ အနက်တစ်ချက်မှာ ကျက်သရေ မင်္ဂလာရှိသောအလုပ်ကိုသာ လုပ်ကြရန်အတွက် နှိုးဆော်နေသော “မင်္ဂလာတရားနှိုးဆော်ချက် ” ဖြစ်သဖြင့် လောကဓာတ်ကြီးအတွက် မင်္ဂလာရှိစေသဖြင့် ကောင်းမြတ်လှပါဘိတကား။

    ဤဖော်ပြချက်များသည် အမှန်ကို ဆိုထားခြင်းသာဖြစ်ပါသည်။’786‘ တွင်ပါသော ဂဏန်းသုံးလုံးကိုပေါင်းလျှင် 7+8+6=21 ဖြစ်သဖြင့် 21 ဂဏန်းကို ရည်ရွယ်ချက်ရှိရှိဖြင့် သုံးထားခြင်းသာဖြစ်ရမည်ဟူသော စွပ်စွဲပြောဆိုချက်များ အတွက် မွတ်စလင်မ်တို့ပင် တအံ့တသြဖြစ်ကြရပါသည်။ အကြောင်းမှာ အာရဗီ အက္ခရာတန်ဖိုးအား ထိုသို့ ထပ်ဆင့်ပြန်ပေါင်းလို့မရပါ။ အဓိပ္ပါယ်လည်းရှိမည် မဟုတ်တော့ပါ။ဤယူဆချက်မှာ မွတ်စလင်မ်တို့၏ အယူအဆမဟုတ်ဘဲ အစ္စလာမ်အပေါ် အများသူငါတို့ အကြည်အညို ပျက်လာစေရန် မသမာသူတို့၏ ထွင်လုံးတစ်ခုသာဖြစ်ပါသည်။

    ယခုကဲ့သို့ အာရဗီအက္ခရာများကို ဂဏန်းတန်ဖိုးများ သတ်မှတ်ထားခြင်းမှာ မွတ်စလင်မ်တို့သည် ကိန်းဂဏန်းများနှင့် ယဉ်ပါးလျက်ရှိနေနိုင်သဖြင့် အများနှင့်ယှဉ်လျှင် သင်္ချာပညာ၌ နောက်ကျကျန်ရစ်မည်မဟုတ်တော့ရန် အတွက်ပင် ဖြစ်ပါသည်။ထို့ကြောင့်လည်း အလ္လာဟ်ကကုရ်အာန်တွင် ကိန်းဂဏန်းများကိုဖော်ပြထားရာ၌ ဒသမကိန်းသုညဒသမတစ်၊( ၀.၁)ကို ဖော်ပြထားသကဲ့သို့ သိန်းဂဏန်း (တစ်သိန်း) ၁၀၀၀၀၀ ကိုလည်းဖော်ပြထားခြင်းဖြင့် သင်္ချာပညာ မထွန်းကားသေးသော အခါသမယ၌ပင် သင်္ချာပညာကို မွတ်စလင်မ်တို့စိတ်ဝင်စားမှု့ ရှိလာစေရန်၊ တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်ချက်လည်း တစ်ချက်ပါဝင်ပါသည်။

    အစ္စလာမ်သည် ၂၁ ရာစုကျကာမှ ကမ္ဘာကို လွှမ်းမိုးရမည်ဟု ယူဆသူတို့မှာ ကုရ်အာန်ကိုလည်း နားမလည်၊ အစ္စလာမ်ကိုလည်း မလေ့လာလို့သာဖြစ်ပါလိမ့်မည်။ အလ္လာဟ်သည် တမန်တော်မုဟမ္မဒ်(ဆွ)ကို စေလွှတ်ခဲ့ရာတွင် “ယှဉ်တွယ်ကိုးကွယ်သူများ မနှစ်မြို့သော်ငြားလည်း ထိုအရှင်မြတ်သည်မိမိဧ။် ရစူလ်တမန်တော်အား အလုံးစုံသောဝါဒ လမ်းစဉ်များထက်ဝယ် ထင်ရှားပေါ်လွင်စေရန် တရားလမ်းညွှန်နှင့် ၀ါဒလမ်းစဉ်အမှန်ဖြင့် စေလွှတ်တော်မူ ခဲ့လေသည်။” (ကုရ်အာန် အစီအတန်းများကဏ္ဍ ၊ ပါဒ ၉)

    သို့ရှိလေရာ “ထင်ပေါ်ရင် စင်တော်ကကောက်” ဆိုသကဲ့သို့ ဤအာယသ်တော်တွင် အရာ ခပ်သိမ်းတို့ထက်ဝယ် လွှမ်းမိုးထင်ပေါ်မှု့ဟူသည်

    (၁) လမ်းညွှန်နိုင်သော တရားလမ်းညွှန်ဖြစ်ခြင်း

    (၂) လမ်းစဉ်မှန်ဖြစ်ခြင်း

    တို့အပေါ်၌သာ မူတည်နေပါသည်။အစ္စလာမ်သည် ထိုအချက်နှစ်ချက်ပေါ်တွင် လုံးဝအခြေခံ တည်ဆောက် ထားသည်ဖြစ်ရာ မနာလိုမရှုစိမ့်သူတို့ လုပ်ကြံတားဆီးကြ လင့်ကစား ထင်ရှား ပေါ်လွင်နေမည်သာဖြစ်တော့သည်။

    “ထိုသူတို့သည် အလ္လာဟ၏ တရားအလင်းရောင်ကို မိမိတို့၏ ပါးစပ်များဖြင့် ငြိမ်းသတ်လိုကြ၏  ၊ သွေဖီငြင်းပယ်သူတို့မနှစ်မြို့ငြားလည်း အလ္လာဟ်သည် မိမိဧ။် တရားရောင်ခြည်ကို ကုံလုံပြည့်စုံအောင် ပြုထားတော်မူလေသည်” (ကုရ်အာန် အစီအတန်းများကဏ္ဍ ပါဒ ၈)

    ” ညံ့ဖျင်းမှူ့ဖြင့် ရနံ့သင်းမှု့ကို မတည်ဆောက်နိုင်ပါ ဖြစ်လာသမျှကို သစ္စာအလှဖြင့်သာ ရင်ဆိုင်ကျော်လွှားနိုင်ပါမည်”

    မွတ်စလင်မ်တို့ဧ။်ဆိုင်များတွင် ‘786‘ ရေးထားခြင်းမှာ မွတ်စလင်မ်အချင်းချင်းကိုသာ အားပေးကြရန်ဖြစ်သည်ဟု စွပ်စွဲသူတစ်ချို့လည်း ရှိပါသည်။ မွတ်စလင်မ်တစ်ဦးအဖို့ရာတွင် အစားအသောက်စားသုံးရာ၌ တရားစည်းကမ်းများကို လိုက်နာရပါသည်။ စားချင်ရာစား သောက်ချင်တိုင်းသောက်လို့မရပါ။ ဤသို့ စားသောက်မိပါလျှင် အလ္လာဟ်၏ အမိန့်တော်ကို မနာခံရာရောက်သဖြင့် လွန်စွာမှပင် အပြစ်ဖြစ်ရပါသည်။

    ကုရ်အာန်ကျမ်းမြတ်တွင် အလ္လာဟ်က မွတ်စလင်မ်တို့အား

    “အသင်တို့သည် စင်ကြယ်သန့်ရှင်းသော အစာအဟာရများကို စားသုံးကြပီး အကျင့်ကောင်းကိုကျင့်ကြလော့ ” (ကုရ်အာန် ယုံကြည်သူများကဏ္ဍ၊ ပါဒ ၅၁)

    ” အသင်တို့သည် အလ္လာအသျှင်ပေးသနားထားတော်မူသည်များအနက် တရားဝင် ခွင့်ပြုထားသော သန့်စင်ြပီး ဥပါဒ်ကင်းသော အစာအဟာရများကို စားသုံးကြလော့ ” (ကုရ်အာန် ခဲဘွယ်ဘောစဉ်ကဏ္ဍ ပါဒ ၈၈ )

    “အလိုအလျောက်သေသော တိရိစ္ဆာန်၊ သွေး ၊ ၀က်သား ၊ အလ္လာဟ်အသျှင်မြတ်အပြင် အခြားသောအရာကို ရည်စူးထားသော တိရိစ္ဆာန် ၊ လည်လိမ်ညှစ်ပီး သေသောတိရိစ္ဆာန် ၊ရိုက်နှက်ခံရပီး သေသောတိရိစ္ဆာန် ၊ အမြင့်မှကျပီး သေသောတိရိစ္ဆာန် ၊ ဦးချိုဝှေ့ခံရသဖြင့် သင်တို့ ဇဗဟ်လှီးဖြတ်နိုင်သော တိရိစ္ဆာန်မှအပ သားရဲတိရိစ္ဆာန်များမှ ကိုက်ခဲသတ်ဖြတ်ထားသော တိရိစ္ဆာန်များ ၊ ရုပ်ထု ရုပ်ပွားများထားရှိရာဌာနများ၌ ပူဇော်ပသားရန် လှီးဖြတ်ထားသော တိရိစ္ဆာန်နှင့် မဲမြှားတို့ဖြင့် ကံစမ်းခြင်းသည် အသင်တို့အဖို့ “ဟရာမ်” စားသုံးခွင့်မရှိဟု တားမြစ်ထားပြီး ဖြစ်လေသည်။ ဤသည်တို့မှာ ပြစ်မှူ့ဒုစရိုက်များပင်။(ကုရ်အာန် ခဲဘွယ်ဘောစဉ်ကဏ္ဍ ပါဒ ၃ )

              ဤသို့အားဖြင့် အလ္လာဟ် တားမြစ်ထားသော အစားအသောက်များကို ရှောင်ရှားနိုင်စေရေးအတွက် အကောင်းဆုံးနည်းလမ်းမှာ မွတ်စလင်မ်တို့သည် မွတ်စလင်မ်တို့အချင်းချင်း လှီးဖြတ်ချက်ပြုတ်ထားသော မွတ်စလင်မ်ဆိုင်များတွင် စားသောက်ခြင်းမှတပါး အခြားမရှိနိုင်ပါ။

    တရားတော်က တားမြစ်ထားသော အရာမဟုတ်သည့် အခြားအစားအစာများကိုမူ စားသုံးခွင့်ထားရှိပါသည်။ သည့်အတွက်ကြောင့်ပင် ဘာသာခြားသူတို့ ဖွင့်လှစ်ရောင်းချသော လက်ဖက်ရည်ဆိုင်များ၌ပင် မွတ်စလင်မ်တို့ လက်ဖက်ရည် သောက်နေမှူ့များကို လက်တွေ့တွေ့မြင်နိုင်ကြပေသည်။ အခြားသော လူသုံးကုန်ပစ္စည်းများကိုလည်း ဘာသာခြားတို့ရောင်းချသော ဆိုင်များတွင် အပြန်အလှန် ၀ယ်ယူနေကြသည်မှာလည်း မငြင်းနိုင်သော သက်သေ သာဓကတစ်ရပ်ပင်။ “ခင်ရာဆွေမျိုး၊မြိန်ရာဟင်းကောင်း” ဆိုသည့် ရှေးလူကြီးသူမတို့ဧ။် ဆိုရိုးစကားကိုလည်း မမေ့အပ်ပါ။

        ဘာသာတရားတိုင်းသည် သဘောထားကြီးမှု့ကိုသာ သင်ကြားကြပါသည်။ သို့ရာတွင် ဘာသာတရား၏ သင်ကြားချက် စည်းဘောင်ထက်ကျော်လွန်ကာ ဘာသာဝင်တစ်ချို့တွင်ကား အယူသည်း အစွန်းရောက်မှု့ များလည်း ဘာသာတရားအသီးသီးဧ။် ဘာသာဝင်တိုင်းတွင် ရှိနိုင်ပါသည်။ဤသည် ထိုပုဂ္ဂိုလ်များဧ။် ကိုယ်ပိုင်ပြသနာသာ ဖြစ်ပါသည်။

    အစ္စလာမ်သည် အယူသည်းမှု့ကို ဘယ်အခါမျှအားမပေးပါ မတိုက်တွန်းပါ။သင်ကြားမှု့လည်းမရှိပါ။ အောက်တွင်ဖော်ပြထားသော ကုရ်အာန်အာယသ်တော်နှင့် တမန်တော်မြတ်ကြီးဧ။် မိန့်ခွန်းများသည် ၀င့်ဝင့်ကြွားကြွား သက်သေခံပါလိမ့်မည်။

       ” အသင်တို့သည် ဘာသာသာသနာရေးရာ၌ အယူသည်းအစွန်းရောက်ခြင်း မပြုကြလေနှင့်” (ကုရ်အာန် အမျိုးသမီးများကဏ္ဍ ပါဒ ၁၇၁ )

        ” ဘာသာတရား၌ အယူသည်းအစွန်းရောက်မှူ့အား အထူးရှောင်ရှားကြလေကုန်။ အသင်တို့အရင်ကရှိခဲ့ကြသော သူတို့သည် ဘာသာသာသနာအရေး၌ အယူသည်း အစွန်းရောက်မှု့ ကြောင့်သာလျှင် ပျက်စီးခဲ့ကြရလေသည်။”

    (မုဟမ္မဒ်သခင်၏ ဟာ့ဂ်ျမိန့်ခွန်း)

     

  • Brainwashing (သို့) ဦးနှောက်ကျင်းခြင်း

    Brainwashing (သို့) ဦးနှောက်ကျင်းခြင်း

    ဦးဦး မှော်ဆရာ

    Brainwashing (သို့) ဦးနှောက်ကျင်းခြင်း ( ပထမပိုင်း )

    Brainwashing ကို အင်္ဂလိပ်-မြန်မာ အဘိဓါန်မှာ ဦးနှောက်ကျင်းခြင်း၊ ရှိရင်းစွဲ အတွေးအခေါ် အယူအဆတွေကို စွန့်လွတ်ဖယ်ရှားပြီး အခြားအယူအဆကို လက်ခံရန် အဓမ္မပြုကျင့်ခြင်း လို့ ဘာသာပြန်ထားတာ တွေ့ရပါတယ်။ သဘောက လူတစ်ဦးရဲ့ ခေါင်းထဲက အတွေးဟောင်းတွေကို ဖယ်ထုတ်ပစ်ပြီး အယူသစ်တွေ ရိုက်သွင်းပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

    လူတစ်ယောက်ရဲ့ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး အတွေးအခေါ်အယူအဆတွေကို ကပြောင်းကပြန် တနည်းအားဖြင့် ဆန့်ကျင်ဘက်ဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ကူပါဘူး။ အဲဒီလိုဖြစ်သွားဖို့ အဲဒီလူရဲ့ နှလုံးသား နဲ့ ၀ိဥာဉ်အားအင်ကုန်ခမ်းပြီး သိမြင်နားလည်နိုင်တဲ့ စွမ်းအားနဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းအားတွေကို သုညဖြစ်သွားအောင် အရင်လုပ်ရမှာပါ။

    ‘မင်း ဒီကိစ္စနဲ့ပက်သက်ပြီး ဘယ်လိုယုံကြည်နေသေးသလဲ’ လို့မေးရင် “ကျွန်တော့်ခေါင်းထဲမှာ ဘာမှမရှိတော့ဘူး၊ ဘာမှ မယုံကြည်တော့ဘူး” လို့ပြောရတဲ့အဆင့်ထိရောက်အောင် အရင်အလုပ်ခံရပါတယ်။ အဲဒီအခါကျမှ ‘ကဲ ..ဒါဆို မင်းဒီလိုယုံကြည်ပေတော့’ လို့ ဆက်အပြောခံရပြီး နောက်ပြောတာတွေကို လိုက်မှတ်ရင်း မှတ်ရင်းနဲ့ သူတို့ပြောတာတွေကို တကယ်ယုံသွားရတဲ့ဘ၀ကို ရောက်သွားရခြင်းပဲ ဖြစ်ပါတယ်။

    Brainwash ဆိုတဲ့ ဦးနှောက်ကျင်းတဲ့အလုပ်ကို ရှေးပဝေသဏီကတည်းက လူတွေလုပ်ခဲ့ကြတာပါ။ ရှေးအီဂျစ်နိုင်ငံ ဖာရိုဘုရင်တွေလက်ထက်ကတည်းက လုပ်ခဲ့ကြပါတယ်။ လူတွေကို သွေးဆောင်ဖြားယောင်းပြီး ထုထည်ကြီးမားတဲ့ ပိရမစ်ကြီးတွေကို ဆောက်ခိုင်းခဲ့တာကို သမိုင်းသုတေသီတွေက  ထောက်ပြခဲ့ကြတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီနိုင်ငံမှာလည်း လုပ်ခဲ့ကြတာပါပဲ။ စစ်အေးခေတ်မှာလည်း အရှေ့အုပ်စု နဲ့ အနောက်အုပ်စု နှစ်စုလုံးက ဒီလိုလုပ်ခဲ့ကြပါတယ်။ ကိုရီးယားစစ်ပွဲ (၁၉၅၀-၅၃) အတွင်းမှာ တရုတ်အကျဉ်းထောင်များထဲမှာ ဖမ်းဆီးခံရတဲ့ အမေရိကန်စစ်သားတွေလည်း ဦးနှောက်အကျင်းခံခဲ့ရပါတယ်။  ဒီအကြောင်းနဲ့ပက်သက်ပြီး အမေရိကန်ဂျာနယ်လစ် “အက်ဒွပ် ဟန်တား” ရေးတဲ့ ” New Leader” ဆိုတဲ့ စာအုပ် ၁၉၅၀ ခုနှစ်မှာ ထွက်လာပြီးတဲ့နောက်ပိုင်းမှာမှ Brainwashing ဆိုတဲ့ ဝေါဟာရက ခေတ်စားလာခဲ့တာပါ။ ဦးနှောက်အကျင်းခံရတာထက်စာရင် သေလိုက်တာကမှ သက်သာဦးမယ်လို့ ဒီစာအုပ်မှာ ဖေါ်ပြထားပါတယ်။

    ဒီနေရာမှာ ပြောစရာရှိတာက လူတစ်ယောက်ရဲ့ အတွေးအခေါ်အယူအဆတွေကို ကပြောင်းကပြန် ဆန့်ကျင်ဘက်ဖြစ်သွားအောင် ပြောင်းလဲပစ်လိုက်တာမျိုးကိုသာ ဦးနှောက်ကျင်းတယ်လို့ ခေါ်တာမဟုတ်ဘဲ လူတစ်ယောက်ကို တစ်စုံတစ်ခုကို ယုံကြည်သွားအောင် ဆွဲဆောင်တိုက်တွန်းတာမျိုးကလည်း “brainwash” လုပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါ ပါတယ်။ ဥပမာ အသစ်ပေါ်လာတဲ့ ပစ္စည်းတစ်ခုကို ၀ယ်သုံးချင်လာအောင် အတင်းတိုက်တွန်းပြီး ကြော်ငြာလွန်းမက ကြော်ငြာကြတော့ လူအများက ဟုတ်မှာပဲလို့ ယုံကြည်ပြီးဝယ်လိုက်မိတဲ့အခါမျိုးကို “brainwash” အလုပ်ခံလိုက်ရတယ်လို့ ပြောလေ့ရှိကြပါတယ်။ အမှန်တကယ်လည်း ဒီနေ့ခေတ်မှာ ကြော်ငြာတွေ၊ မီဒီယာတွေ အလွန်အားကောင်းလာတဲ့အတွက် လူတွေလည်း အလွယ်တကူ ဦးနှောက်အကျင်းခံကြရလေ့ ရှိပါတယ်။ လိုအပ်ချက်တွေအရ၊ လုပ်ဆောင်ချက်တွေအရ ဦးနှောက်ကျင်းခြင်း ဒီဂရီကွာခြားတယ်လို့ ဆိုပါတော့ဗျာ။

    … ” ဂျစ်ပဆီတွေဟာ ရာဇ၀တ်ကောင်တွေပဲလို့ ကောက်ချက်ချလိုက်တာနဲ့ ဂျစ်ပဆီမှန်ရင် ရာဇ၀တ်မှုကျူးလွန်မဲ့သူများလို့ ထင်သွားကြတာ …. “

    ဒီခေါင်းစဉ်က အလွန်ကျယ်ပြန့်တဲ့အတွက် အသေးစိတ်ဖေါ်ပြရင် စာရှည်ပြီး စာဖတ်သူများစိတ်ဝင်စားမှု လျော့နည်းနိုင်တာကြောင့် အတိုချုံးပြီး နားလည်ရလွယ်ကူအောင် ကျနော့်ရဲ့ အမြင်များကိုပါပေါင်းစပ်ပြီး အတတ်နိုင်ဆုံး ဖေါ်ပြပေးပါ့မယ်။ ယေဘုယျအားဖြင့် ဦးနှောက်ကျင်းနည်း ၆ မျိုးရှိပါတယ်။ ဒီနည်းတွေကတော့ စာသင်ကျောင်းတွေ၊ စစ်တပ်တွေ၊ ဘာသာရေးအစွန်းရောက်အဖွဲ့အစည်းတွေ၊ တစ်ပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်နဲ့ အုပ်စိုးတဲ့တိုင်းပြည်တွေ၊ နိုင်ငံရေးခံယူချက်ကြောင့် အကျဉ်းကျနေသူတွေ၊ စစ်သုံ့ပန်းတွေကို ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းများဖြစ်ပါတယ်။

    ပထမဆုံးနည်းလမ်းကတော့ လိမ်ညာခြင်း ဖြစ်ပါတယ်

    ၁၄ ရာစုနှစ်က ဥရောပမှာ Black Death ဆိုတဲ့ ပလိပ်ရောဂါဆိုးကြီး ကျရောက်ခဲ့တယ်။ ဥရောပမှာရှိတဲ့ လူဦးရေရဲ့တစ်ဝက်ကျော်ဟာ ဒီရောဂါကြောင့် သေခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဂျူးတွေက ရေတွင်းထဲကို အဆိပ်ခပ်လို့ ခုလိုဖြစ်ရတာဆိုတဲ့ ကောလဟာလသတင်း ထွက်ပေါ်လာပါတယ်။ လူတွေဟာ အဲဒီအချိန်တုန်းက တစ်ရွာ နဲ့ တစ်ရွာ ကူးလူးဆက်ဆံမှု သိပ်မရှိကြသေးပါဘူး။ ဒါကြောင့် ဒီသတင်း မှန် မမှန်မဆုံးဖြတ်နိုင်ဘဲ ယုံကြည်သွားကြတဲ့အတွက် လက်ရှိဘေးဒုက္ခကြီးထဲက ထွက်ပေါက်ရှာတဲ့အနေနဲ့ အကြမ်းဖက်ကြရာမှာ ဂျူးတွေ လူးလိမ့်ခံခဲ့ကြရပါတယ်။

    ၈၈၈၈ အရေးအခင်းအတွင်း ဗကပတွေ မြို့ထဲဝင်ရောက်လာပြီဆိုတဲ့ ၀ါဒဖြန့်မှုနဲ့ လက်နက်မပါဘဲ ဆန္ဒပြနေသော ကျောင်းသားပြည်သူများကို ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းဖို့ ဒီနည်းလမ်းကိုအသုံးချပြီး စစ်တပ်ကိုခိုင်းခဲ့တာပါ။

    ဒီမှာသိသာတဲ့အချက်က ပတ်ဝန်းကျင်ဒေသများနှင့် ကူးလူးဆက်ဆံခွင့်မပြုဘဲ အဆက်အသွယ်ဖြတ်ပြီး သီးခြားခွဲထုတ်ခံထားတဲ့ဒေသတွေ၊ လူအုပ်စုတွေ (isolated area/community)မှာ အဓိကရုန်းဖန်တီးဖို့၊ ဦးနှောက်ကျင်းခံရဖို့ ပိုမိုလွယ်ကူတယ်ဆိုတာပါပဲ။

    ဒုတိယနည်းလမ်းက တိတိကျကျမဟုတ်ဘဲ ခြုံငုံကောက်ချက်ချခြင်း ဖြစ်ပါတယ်

    ဥရောပမှာ ဂျစ်ပဆီတွေဟာ ရာဇ၀တ်ကောင်တွေပဲလို့ ကောက်ချက်ချလိုက်တာနဲ့ ဂျစ်ပဆီမှန်ရင် ရာဇ၀တ်မှုကျူးလွန်မဲ့သူများလို့ ထင်သွားကြတာမျိုးပါ။ ဒါပေမဲ့ ဂရိနိုင်ငံမှာ စစ်တမ်းကောက်ယူလိုက်တဲ့အခါ ရာဇ၀တ်မှုကျူးလွန်သူတွေရဲ့ ၉၆ ရာခိုင်နှုန်းဟာ ဂရိတွေပဲဖြစ်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ အစွဲမချွတ်ဘဲ ထင်မြဲဆက်ထင်နေကြတော့ နေရာအတည်တကျမရှိ ရွှေ့ပြောင်းနေထိုင်လေ့ရှိပေမဲ့ အပြစ်မရှိတဲ့ ဂျစ်ပဆီတွေအတွက်ကတော့ နစ်နာကြရတာပေါ့။

    ထို့အတူ ကမ္ဘာ့မီဒီယာစာမျက်နှာများပေါ်တွင် တွင်တွင်ကျယ်ကျယ်သုံးစွဲလာတဲ့ ၀ါဒဖြန့်စကားတစ်ခွန်းမှာ “မွတ်ဆလင်တိုင်းသည် အကြမ်းဖက်သမားများ မဟုတ်သော်လည်း အကြမ်းဖက်သမားတိုင်းသည် မွတ်ဆလင်များ ဖြစ်ကြသည်” ဆိုသော စကားဖြစ်ပါတယ်။ အမှန်တကယ်တော့ ထိုအယူအဆအတွက် တိကျခိုင်လုံတဲ့ အထောက်အထားများ၊ စစ်တမ်းများ မရှိပါဘူး။ အမေရိကန် အက်ဖ်ဘီအိုင်မှ တရားဝင်ထုတ်ပြန်သောစစ်တမ်းတစ်ခုတွင် ၁၉၈၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် ကျူးလွန်ခဲ့သော အကြမ်းဖက်မှုများအနက်  ၆% ကသာ အစ္စလာမ္မစ်အစွန်းရောက်များဖြစ်ပြီး၊ ကျန်တဲ့ ၉၄%အနက် ၄၂%မှာ အမေရိကန်ဖွားလက်တင်လူမျိုးများ၊ ၂၄% မှာ လက်ဝဲစွန်းေ၇ာက်များ၊ ၇% မှာ ဂျူးအစွန်းရောက်များ၊ ၅% မှာ ကွန်မြူနစ်များနှင့် ၁၆% မှာ ကျန်အစုအဖွဲ့များရဲ့ အကြမ်းဖက်မှုများသာ ဖြစ်ပါတယ်။

    ထို့အတူ ၂၀၀၈ ခုနှစ်ထိ ဥရောပတိုက်တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများနှင့်ပက်သက်သော စစ်တမ်းများကို ထုတ်ပြန်ရာ ၉၉.၆% က မွတ်ဆလင်မဟုတ်သော အခြားအစွန်းရောက်အဖွဲ့များရဲ့ လက်ချက်ဖြစ်နေပါတယ်။ ထိုထဲတွင် ၈၄.၈% မှာ အစ္စလာမ်ဘာသာဝင်များနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသော ခွဲထွက်ရေးသမား များကြောင့်ဖြစ်ရသော အကြမ်းဖက်မှုများဖြစ်ပါတယ်။ လက်ဝဲစွန်းရောက်ဝါဒီများ၏ အကြမ်းဖက်မှုများကလည်း အစ္စလာမ္မစ်အစွန်းရောက်သမားများထက် ၁၆ ဆ ပိုမိုဖြစ်ပွားခဲ့ပြီး၊ မွတ်ဆလင်အစွန်းရောက်အကြမ်းဖက်မှုမှာ ဖြစ်စဉ်အားလုံး၏ ၀.၄% သာရှိတယ်လို့ သိရပါတယ်။ သို့သော်လည်း ဒီလိုတိကျခိုင်လုံတဲ့ တရားဝင်စစ်တမ်းများရှိနေသော်လည်း မိမိဦးနှောက်ထဲဝင်ရောက်ပြီးသား အစွဲတစ်ခုကို ဆက်လက်ကိုင်စွဲ ထားခြင်းကြောင့် အကြမ်းဖက်မှုများနဲ့ မည်သို့မျှမသက်ဆိုင်သော ကမ္ဘာအနှံ့မှ အစ္စလာမ်ဘာသာဝင်များ နစ်နာကြရပါတယ်။

     

    တတိယနည်းလမ်းက လွှဲချခြင်း (သို့) ထိုးကျွေးခြင်းပါ

    ကိုယ်ပြစ်မှုကျူးလွန်တာကို လူတွေ သံသယမရှိအောင် အများသံသယရှိလောက်တဲ့ အခြေအနေမျိုးရှိသူတစ်ဦးဦးကို တရားခံအဖြစ် ကင်ပွန်းတပ်ပေးလိုက်ခြင်းကို ဆိုလိုပါတယ်။ ဒါကို လူတွေ ယုံကြည်သွားတဲ့အတွက် လူသတ်မှုမကျူးလွန်ပါပဲ ထောင်ထဲရောက်သွားရတဲ့ လူတွေလည်း အတော်များများ ရှိခဲ့ပါတယ်။ ထိုနည်းလမ်းကို အဓိကရုန်းများဖန်တီးရာတွင်လည်း မရိုးတမ်း အသုံးပြုလေ့ရှိပါတယ်။ လူအများစုရဲ့စိတ်ထဲမှာဖြစ်လေ့ရှိတဲ့ တဖက်သားအပေါ်  အထင်အမြင်သေးတဲ့စိတ်၊ သံသယစိတ် ကို အသုံးချတာလို့ပဲ မြင်ပါတယ်။ တော်တော်လေး ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။

    ၂၀၁၁ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ အစိုးရရုံးများ တည်ရှိရာအနီးတွင် ကားဗုံးဖောက်ခွဲခဲ့ရာ လူ ၈ ဦးသေဆုံးခဲ့သည်။ ထို့နောက် ယူတိုရာ (Utoya) ကျွန်းသို့သွားရောက်ကာ လူငယ်အများအပြား ပါဝင်သော လူအုပ်စုအား ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ၆၉ ဦးသေဆုံးခဲ့သည်။ လက်ယာစွန်းရောက်အမျိုးသားရေးဝါဒီ အန်းဒရက်စ် ဘရီဗစ်ခ် ဆိုသူ တစ်ဦးတည်းက ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီပြဿနာစဖြစ်ဖြစ်ခြင်း သတင်းးကြေငြာခဲ့ရာမှာ “အယ်လ်ကေဒါရဲ့ လက်ချက်နဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားတယ်” လို့ ကြေငြာခဲ့တာကို ပြန်အမှတ်ရမိပါသေးတယ်။

    မြန်မာပြည်တစ်နေရာရာမှာ ဗုံးကွဲမှုဖြစ်ပြီဆိုတာနဲ့ ဘာစုံစမ်းစစ်ဆေးမှုမှ မလုပ်သေးခင် သတင်းစာထဲမှာ KNU၊ KIA၊ ABFDS စတဲ့အဖွဲ့အစည်း တစ်ခုခုရဲ့လက်ချက်အဖြစ် ကြေငြာခဲ့တာတွေဟာလည်း ဒီအချက်ထဲမှာ အကြုံးဝင်ပါတယ်။

    Brainwashing (သို့) ဦးနှောက်ကျင်းခြင်း (ဒုတိယပိုင်း )

    …. ” တကယ်တမ်း မင်းကြီးမှာ ဘာပုဆိုးမှမပါဘဲ တွဲလောင်းကြီး ဖြစ်နေတာကို ….”

    စတုတ္ထနည်းလမ်းကတော့ ခံစားချက်ကို ခေါင်းပုံဖြတ်တာပါ

    ဆောင်းပါးတစ်ပုဒ်ရဲ့အစမှာ “ကျွန်တော့် ဆောင်းပါးကို တော်ရုံတန်ရုံ ပညာအခြေခံမျိုးနဲ့တော့ ဘယ်နားလည်နိုင်မလဲ ..” ဆိုပြီး အစချီထားလိုက်တယ် ဆိုရင် ဆောင်းပါးကြီးက အသုံးမကျမှန်း သိနေပေမဲ့ မဝေဖန်ရဲတော့ဘူး။ ဝေဖန်လိုက်ရင် ကိုယ်ပါ ပညာအခြေခံမကောင်းလို့ နားမလည်တဲ့သူ ဖြစ်သွားတော့မှာကိုး။ လူဆိုတာ အဲဒီလို ကိုယ့်ကိုယ်ကို မသေချာမရေရာလေ့ရှိတဲ့ သက်ရှိတစ်မျိုးဖြစ်ပါတယ်။ ဒီအားနည်းချက်ကြောင့် သူများအမြတ်ထုတ်တာကို ခံနေကြရတာပါ။ တကယ်တော့ မကောင်းတာကို မကောင်းဘူးလို့ မပြောရဲတဲ့အတွက် ပိုပြီးတော့လည်း ညံ့ရာ ရောက်သွားရပါတယ်။

    တခါတုန်းက သာယာဝတီမင်းဟာ ကြက်ဟင်းခါးရွက်အစိမ်းကို ငါးပိချက်နဲ့ တို့စားရတာ ခံတွင်းတွေ့တော်မူတယ်။ အဲဒါကို မူးကြီးမတ်ကြီးတွေကို စားခိုင်းတော့ ခါးလွန်းလို့ မစားနိုင်ကြဘူး။ အဲဒီတော့ ကြိတ်မိတ်မြိုချရင်း ပြုံးနေကြတာကို တွေ့သွားတဲ့အခါ ‘ဘာပြုံးတာလဲ’ လို့ မင်းကြီးကမေးတယ်။ ဒီတော့ အမတ်ကြီး ဦးပေါ်ဦးက မင်းကြီးကို “နတ်ဝတ်ပုဆိုး တိမ်မီးခိုး”ဆိုတဲ့ပုံပြင်ကို လျောက်ထားခဲ့တယ်။ တခါတုန်းက ဘုရင်ကြီးကို ရုက္ခစိုးက ‘နတ်ဝတ်ပုဆိုး တိမ်မီးခိုး ‘ ဆိုပြီး ဘာမှမရှိတဲ့ဟာကို ရွှေကလပ်ပေါ်တင်ပြီး ဆက်သ သတဲ့။ ဘုန်းကံရှိသူတွေသာလျှင် မြင်ရမယ်လို့လည်း ဆိုလိုက်သေးတယ်။ ဒီတော့ ဘုရင်ကြီးက ဘုန်းကံမရှိဘူးလို့ အထင်ခံရမှာစိုးလို့ ဘာမှမရှိတဲ့ဟာကြီးကို ၀တ်ဟန်ဆောင်တာကို မှုးကြီးမတ်ကြီးတွေက မကြည့်ရဲလို့ ခေါင်းငုံပြီးပြုံးနေကြရတဲ့ ပုံပြင်ပေါ့။ အမှန်တော့ အဲဒီရုက္ခစိုးဆိုတာကလည်း တကယ်မရှိခဲ့ပါဘူး။ ဘုရင့်ဆုလာဘ်ကို မျှော်ကိုးတဲ့ တောတွင်းသားတစ်ယောက်က ရုက္ခစိုးကလွတ်လိုက်တာဆိုပြီး လူလည်လုပ်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီပုံပြင်မှာလည်း မူကွဲရှိပါသေးတယ်။ အဲဒီမူကွဲပုံပြင်ထဲမှာတော့ ရက်ကန်းသည်က ဘုရင်ကြီးကို နတ်ဝတ်ပုဆိုး တိမ်မီးခိုးကို ဆက်သတယ်ပေါ့ဗျာ။ ပြီးတော့ ငါးပါးသီလမလုံသူတွေ မမြင်ရဘူးဆိုပြီး လျှောက်ထားခဲ့တယ်။ မင်းကြီးက အဲဒီ နတ်ဝတ်ပုဆိုး တိမ်မီးခိုးကို  ၀တ်ပြီး တိုင်းခန်းလှည့်လည်ခဲ့ပါတယ်။ တကယ်တမ်း မင်းကြီးမှာ ဘာပုဆိုးမှမပါဘဲ တွဲလောင်းကြီး ဖြစ်နေတာကို လူတိုင်းမြင်ပေမဲ့ ဘယ်သူမှမပြောရဲကြဘူး။ တနေရာမှာ ကလေးတစ်ယောက်က အမှန်ကို ထအော်တော့မှ အားလုံးဟာ ရက်ကန်းသည်ရဲ့ brainwash လုပ်တာခံလိုက်ကြရပြီဆိုတာကို သိလိုက်ကြရတာပါ။ အဲဒီလိုအဖြစ်မျိုး ရှေးယခင်က ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

     

    ပဉ္စမနည်းလမ်းကတော့ ဆောင်ပုဒ်တွေ ကြွေးကြော်သံတွေ ဖြစ်ပါတယ်

    ဦးဦးမှော်ဆရာတို့ နိုင်ငံမှာလည်း နှစ်ပေါင်းများစွာ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေ၊ ဗီဒီယိုတွေ၊ လမ်းဆုံလမ်းခွနေရာကောင်းတွေမှာ နှစ်ပေါင်းများစွာ မြင်တွေ့ခဲ့ကြရတဲ့ ဦးတည်ချက်ဆောင်ပုဒ်တွေ၊ ကြွေးကြော်သံတွေက ဒီအချက်ထဲမှာ အကြုံးဝင်ပါတယ်။ ကျနော့်တူလေးတွေ ငယ်စဉ်က မြန်မာ့ရုပ်မြင်သံကြားကပြသခဲ့တဲ့ စစ်ကားတွေကြည့်ပြီး ဗကပတို့၊ ကေအင်န်ယူတို့ကို အလွန်ဆိုးရွားတဲ့လူဆိုးဂိုဏ်းများအဖြစ်သာ အမြင်ရှိခဲ့ပါတယ်။ သူတို့အမြင်မှာတော့ ဗိုလ်မြ ဆိုသူဟာ ဦးနှောက်မရှိတဲ့သူ၊ ကြောက်စရာကောင်းတဲ့ လူဆိုးကြီးပေါ့။ နိုင်ငံအနှံ့ တိုင်းရင်းသားသူပုန်ထရတဲ့ အကြောင်းရင်းတွေက ဘာလဲဆိုတာ သူတို့မှ မသိတာ..

    ဒီလိုဝါဒဖြန့်မှုများထဲမှာ ပညာရေးစနစ်ကိုအသုံးချခြင်းဟာလည်း အလွန်ဆိုးရွားပြီး ထိရောက်လွန်းတဲ့ အချက်တစ်ချက်ပါ။ ဥပမာ သမိုင်းဘာသာရပ်တွင် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး ရည်ရွယ်ချက်ဖြင့် မရှိခဲ့တာကို အရှိလုပ်၊ တကယ်ဖြစ်ခဲ့တာကို ဘာမှမဖြစ်ခဲ့သလို ဖျောက်ဖျက်၊ မဖြစ်ခဲ့တာကို တကယ် ဖြစ်ခဲ့သလိုဖန်တီးပြီး သင်ကြားပေးမှုပါပဲ။ ယခုခေတ်ကလေးအများစုသည် သမိန်ဗရမ်း နဲ့ တရုတ်စစ်သူကြီး ဂါမဏိ စီးချင်းထိုးပွဲ၊ သမိန်ဗရမ်း နှင့် စလုံကျော်ခေါင် စီးချင်းထိုးပွဲမျိုးကို အဟုတ်ထင်နေကြတုန်းပါ။ အမှန်တကယ်တော့ ဒီအဖြစ်အပျက်နဲ့ ပက်သက်ပြီး ခိုင်လုံတဲ့ သမိုင်းမှတ်တမ်းများလုံးဝမရှိဘဲ ထောက်ကွက် ဟာကွက်များနဲ့သာ ပြည့်နှက်နေတဲ့ ပုံတိုပတ်စသာဖြစ်ပါတယ်။ နောက်ပြီး ၁၉၆၂ ခုနှစ်မှာ ဦးနေ၀င်းအစိုးရက တိုင်းပြည်ကို ချောက်ထဲကျတော့မဲ့ဆဲဆဲ လက်တစ်လုံးလောက်အလိုမှာ မတတ်သာတဲ့အဆုံး သမိုင်းပေး တာဝန်အရ ကယ်တင်လိုက်ရတယ်ဆိုတဲ့သမိုင်းကို ကျနော့်တူတော်မောင်တွေစိတ်ထဲ အဟုတ်မှတ်နေပါတယ်ဗျာ။ ဒါ့ပြင် သမိုင်းစာအုပ်ထဲမှာကိုပဲ နယ်ချဲ့အင်္ဂလိပ်ကို ကုလားဖြူဟု သင်ကြားခြင်း၊ အိန္ဒိယသားများကို ကုလားဟုသင်ကြားခြင်းကလည်း ကလေးငယ်များကို ငယ်စဉ်ထဲက လူ လူခြင်း ခွဲခြားစိတ်ကို ရိုက်သွင်းပေးလိုက်ခြင်းလို့ပဲ မြင်ပါတယ်။ အထက်ပါဥပမာတွေလိုပဲ သေးငယ်တဲ့ ကိစ္စလေးတွေကိုအကြောင်းပြုပြီး ကလေးသူငယ်တွေရဲ့စိတ်ထဲမှာ တဖြေးဖြေးနဲ့ လူမျိုးကြီးဝါဒ၊ အစွန်းရောက်အမျိုးသားရေးဝါဒမှိုင်းမိလာပြီး ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်း လျော့ပါးသွားကာ နောင်တွင်လည်း အလွယ်တကူ ဦးနှောက်ကျင်း ခံရနိုင်ပါတယ်။

    မြန်မာနိုင်ငံကို အင်္ဂလိပ်အုပ်စိုးစဉ်အခါကလည်း ကိုလိုနီပညာရေးတွင် နိုင်ငံတော်ဝါဒ ခေါ် အင်ပီရီရယ်လစ်ဇင်း ကို စာသင်ကျောင်းများတွင် တနည်းမဟုတ်တနည်း ထည့်သွင်းသင်ကြားခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလိပ်ဖတ်စာအုပ်တွေမှာ အင်္ဂလန်ဘုရင်ရဲ့ ဘုန်းကျက်သရေကြီးပုံတွေ၊ မြန်မာဖတ်စာမှာ ဂျော့ဘုရင်ရဲ့ ဘုန်းတော် ဘွဲ့ရတုတွေ၊ ပထ၀ီဝင်တွင် ဗြိတိသျှအင်ပိုင်ယာကြီး ကြီးကျယ်ပုံတွေ၊ ဗြိတိသျှရာဇ၀င်တွေမှာ အင်္ဂလိပ်တို့ရဲ့စွမ်းရည်ထက်မြက်ပုံတွေကို အားပါးတရထည့်သွင်းသင်ကြားခဲ့ပါတယ်။ ဒါတင်မကသေး မြန်မာရာဇ၀င်ကိုလည်း အင်္ဂလိပ်ပညာဝန် မစ္စတာ စီဒဗလျူကောက်က အင်္ဂလိပ်လိုရေးပြီး ကျောင်းသုံးစာအုပ်အဖြစ် သင်ကြားခဲ့ပါတယ်။ ဒီလိုကျောင်းသုံးရေးရာမှာ ထင်ရှားအောင်ရေးတဲ့ အချက်တွေကတော့

    (၁) မြန်မာမင်းများ ရက်စက်ပြီး အတွေးအခေါ်၊ စဉ်းစားဥာဏ်နည်းပုံ

    (၂) အင်္ဂလိပ်တို့က တရားသဖြင့်အုပ်ချုပ်သဖြင့် မြန်မာတို့ ကြီးပွားတိုးတက် အေးချမ်းသာယာရှိပုံကို အဓိကဖေါ်ညွှန်းထားခြင်းပဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာကလေးများ မိမိအမျိုးသားအုပ်ချုပ်ရေးကို ရွံမုန်းပြီး အင်္ဂလိပ်ကို အားကိုးနေစေရန် သွန်သင်ခြင်းဖြစ်ပါတယ်။

    နောက်ပြီး ကိုလိုနီခေတ်ကကျောင်းတွေမှာ ကျောင်းတက်ရင် God Save The King ဆိုတဲ့ကျွန်သီချင်း ဆိုရတယ်။ အခမ်းအနားတွေမှာ အဖွင့်အပိတ် အဲဒီသီချင်းဆိုရတယ်။ တကယ်တော့ ကိုလိုနီလက်အောက်ခံ များကို ကျွန်စိတ်ဝင်အောင် ရိုက်သွင်းနေခြင်းတစ်မျိုးပါ။ ဒါဟာ ကိုလိုနီပညာရေးစနစ်ရဲ့ ဦးနှောက်ကျင်းနည်း တွေပါပဲ ။

     

    ဆဌမနည်းလမ်းကတော့ သင်္ကေတတွေပါ

    ဥပမာ – အနီရောင်အောက်ခံ စတုရန်းကွက်ထဲက အဖြူရောင် စက်ဝိုင်းပေါ်မှာရှိတဲ့ အနက်ရောင်စကြာတံဆိပ်လိုဟာမျိုးကို ဆိုလိုတာပါ။ ဒီဂျာမန်နာဇီပါတီရဲ့ စကြာတံဆိပ်ကို မြင်လိုက်ရတာနဲ့ နာဇီပါတီဝင်တွေရဲ့စိတ်ထဲမှာ ဂျူးလူမျိုးတွေကို သုတ်သင်သတ်ဖြတ်ချင်စိတ်တဖွားဖွား ပေါ်လာကြတာမျိုးပါပဲ။ နာဇီပါတီက ဂျူးလူမျိုးတွေကို သုတ်သင်ခြင်းဟာ မှန်ကန်တယ်လို့ ၀ါဒဖြန့်ထားခဲ့တာကိုး။

    ဒီတော့ အဲဒီလို ဦးနှောက်အကျင်းမခံရအောင် ဘယ်လိုလုပ်နိုင်မလဲ? ဦးနှောက်အကျင်းမခံရအောင် ကာကွယ်ဖို့အတွက် အချက် ၅ ချက်ရှိပါတယ်။

    ပထမအချက်က အခြေခံပညာရှိပြီး ဗဟုသုတကြွယ်ဝအောင် ကိုယ့်ဟာကိုယ် လုပ်ထားကြဖို့ပါပဲ။ အမှားအယွင်းဆိုတာ မသိခြင်းကစတယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ ကိုယ်ဟာ အကြောင်းအရာတစ်ခုကို အမှန်အကန်သိပြီဆိုတာနဲ့ အလိမ်ခံရနိုင်တဲ့အကြောင်းတစ်ခု လျော့သွားပြီလို့ မှတ်ပါ။

    ဒုတိယအချက်ကတော့ ခေတ်စကားနဲ့ပြောရရင် မပိန်းဖို့လိုပါတယ်။ ဥပမာ ခေါင်းလိမ်းဆီတစ်မျိုးဟာ ဆံပင်နက်တယ်ဆိုပြီး အတင်းကြော်ငြာပြီးရောင်းနေရင် အဲဒီဆေးထုတ်လုပ်သူတွေ ဘာကြောင့် သန်းကြွယ်သူဌေးမဖြစ်နေသေးတာလဲဆိုတာ ထည့်စဉ်းစားသင့်ပါတယ်။ ဒီနေရာမှာပြောလိုတာက လုံးဝခါးခါးသီးသီး ငြင်းပယ်တဲ့သဘောတော့ မဟုတ်ပါဘူး။ သဘာဝအတိုင်း ဆံပင်ပြန်နက်စေတဲ့ဆေးတွေ ပေါ်နေပါလား ဆိုတာကို သတင်းတစ်ရပ်အနေနဲ့တော့ လက်ခံထားရမှာ ဖြစ်ပါတယ်။

    တတိယအချက်က မိမိရဲ့သိမြင်နိုင်တဲ့စွမ်းအားကို အသုံးချဖို့ပါပဲ။ ဟိုဘက်အိမ်က အောင်ဘု စတော်ဘယ်ရီပင်ပေါ်က ပြုတ်ကျလို့ ခြေထောက်ကျိုးသွားတယ်လို့ ပြောလာရင် စဉ်းစားချိန်လည်းမရ၊ အရေးလည်းမကြီးလို့ အေး အေး ဆိုပြီး ခေါင်းညိတ်ခဲ့ရင်တောင်၊ နောက်ပြီးကျရင် စတော်ဘယ်ရီပင်ပေါ် လူတက်လို့ရလို့လားဆိုတာကို အေးအေးဆေးဆေး ပြန်စဉ်းစားကြည့်ဖို့ လိုပါတယ်။

    စတုတ္ထအချက်က ၀ါဂွမ်းကို ရေထဲနှစ်လိုက်သလို ကြားသမျှအကြောင်းအရာတွေကို အကုန်စုပ်မယူလိုက်ဖို့ပဲ ဖြစ်ပါတယ်။ ကြား ကြားသမျှအရာတွေမှန်သမျှ နှစ်မျိုးနှစ်စားပဲရှိပြီး အဲဒါတွေကတော့ ဖြစ်ရပ်မှန်နဲ့ ထင်မြင်ချက်တို့ပဲ ဖြစ်တယ်ဆိုတာကို သတိရနေရမှာပါ။ ကြားသမျှအကြောင်းအရာတွေကို နားထောင်ထားပြီး ဒီဟာတွေဟာ ဖြစ်ရပ်မှန်လား၊ ထင်မြင်ချက်ကို ခံစားချက်ထည့်ပေါင်းထားတာလားဆိုတာ ဆန်းစစ်ရပါမယ်။ ဒီနေရာမှာ ကိုယ်ကြားခဲ့တဲ့သတင်းရဲ့ ဇစ်မြစ်ကိုလည်း ထည့်စဉ်းစားရပါမယ်။

    ပဉ္စမအချက်ကတော့ ကိုယ်ကြားရတဲ့အချက်ကို လူအများဘယ်လောက်လက်ခံကြတယ်၊ ဘယ်လိုထင်မြင် ကြတယ်၊ ဘယ်လိုတုန့်ပြန်ကြတယ်ဆိုတာ လေ့လာစူးစမ်းဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ အဖြေမှန်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီအချက်ပေါ်မှာအခြေခံပြီး ထပ်မံတွေးစရာတွေ အများအပြား ရှိလာနိုင်ပါတယ်။ ကိုယ့်ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းပေါ် မူတည်ပြီးတော့ပေါ့ဗျာ …

    ဒီအချက် ၅ ချက်ကို နားလည်မယ်ဆိုရင် ဦးနှောက်အကျင်းမခံရဘူးလို့  သုတေသီတွေက သုတေသနပြုပြီး တင်ပြထားကြပါတယ် ။

     

    ဒါကြောင့် ကြက်ဟင်းခါးရွက် ချိုတယ်လို့ ဘယ်ရုက္ခစိုးက မစားရ၀ခမန်း ပြောနေ ပြောနေ ကိုယ်လေ့လာဆည်းပူးခဲ့တဲ့ ပညာဗဟုသုတတွေကို အခြေခံပြီး ကိုယ့်ဦးနှောက်ကို ကိုယ်အားကိုးခြင်းသည်သာလျှင် အမှန်ကန်ဆုံးနည်းလမ်းဖြစ်ပါတယ် ခင်ဗျာ ..။

     

    (ဦးဦး မှော်ဆရာ)

    Ref : New Leader by Edward Hunter

    Brainwashing : The Science of Thought Control by Kathleen Taylor

    နီမင်းဆွေ – နတ်ဝတ်ပုဆိုး တိမ်မီးခိုးနှယ်

    Propaganda Critic

    http://www.loonwatch.com/2010/01/terrorism-in-europe/

    http://www.fbi.gov/stats-services/publications/terrorism-2002-2005/…

     

    ဦးဦး မှော်ဆရာ ဘလော့မှ ကူးယူဖော်ပြပါသည်။