News @ M-Media

Category: ဆောင်းပါး

  • ဒါဟာ လူမျိုးရေးခွဲခြားမှု၊ ဗုဒ္ဓဝါဒ မဟုတ်။ (ဘာသာပြန်)

    ဒါဟာ လူမျိုးရေးခွဲခြားမှု၊ ဗုဒ္ဓဝါဒ မဟုတ်။ (ဘာသာပြန်)

    စက်တင်ဘာ ၅ ၊ ၂၀၁၂

    M-Media

     

    Source: http://www.bangkokpost.com/opinion/opinion/310878/brazen-racism-prevails-not-buddhism
    Caption: This is racism, not Buddhism
    ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာပါ ဆောင်းပါး။

    ခက်ထန်တင်းမာနေတဲ့ မျက်နှာတွေနဲ့ ဗုဒ္ဓဘာသာရဟန်းတွေစီတန်းပြီး လမ်းပေါ်ထွက်ဆန္ဒပြကြပြီး၊ အဖိနှိပ်ခံလူတန်းစားတစ်ရပ်ကို ထပ်ပြီးတော့ ပြင်းထန်တဲ့ဆက်ဆံရေးမျိုး ပေးဖို့ ဖိအားပေးတောင်းဆိုကြမယ်ဆိုရင် ခင်ဗျားအနေနဲ့ ဘယ်လိုခံစားရမတုန်း။

    The protest is the latest indication of deep rooted sentiment against the Rohingya population in Myanmar [AFP]

    တနင်္ဂနွေနေ့မှာ ဘုန်းကြီးကျောင်းတွေများပြားလှတဲ့ မန္တလေးမှာတော့ ထောင်ချီတဲ့မြန်မာရဟန်းတွေက လမ်းပေါ်ထွက်ပြီး နိုင်ငံမဲ့နေတဲ့ မွတ်စလင်မ် ရိုဟင်ဂျာတွေကို ရက်စက်စွာ ခွဲခြားဆက်ဆံတဲ့ အစိုးရကို ထောက်ခံဖို့အဲဒီလိုလုပ်နေခဲ့ကြပါတယ်။

    သူတို့ဘာတွေ တွေးနေစဉ်စားနေကြလဲဆိုတော့ မသိပါ။

    ကမ္ဘာကြီးမှာ မတရားမှုတွေ ပြည့်နှက်နေပါတယ်။ ဒါပေမယ့် အာဃာတတွေထားပြီး လူသားချင်းညှင်းပမ်းတဲ့အနေနဲ့ အဲဒါမျိုးတွေကို ထောက်ခံပြီး တစ်စုံတစ်ခုပြုလုပ်ဖို့ နေနေသာသာ ရဟန်းသံဃာများက အဲဒါမျိုးတွေကို ဆန့်ကျင်တဲ့ ဆန္ဒမျိုးသာ ဖော်ထုတ်ပြသရမယ်မဟုတ်လား?

    ကိုယ်ချင်းစာနာမှုနဲ့ တကိုယ်ကောင်းမဆန်မှုတွေဟာ ဗုဒ္ဓဘာသာရဲ့ အရင်းအမြစ်တွေပဲ မဟုတ်လား? သံဃာတွေရဲ့အလုပ်က သူသူကိုယ်ကိုယ်မှာရှိနေတဲ့ မနာလိုဝန်တိုမှု မစ္ဆရိယစိတ်တွေကို အာဃာတတရားတွေကို အလွှာအထပ်ထပ်ရှုမြင်ပြီး ၀ိညာဉ်ရေးရာတိုးတက်မြင့်မားလာဖို့၊ သို့အားဖြင့် မိမိတို့ရဲ့ ကိုယ်နုတ်နှလုံးအပြုအမူတွေမှာပါ အကျိုးသက်ရောက်ဖို့ ကြိုးစားနေကြရမှာ မဟုတ်လား?

    မြန်မာပြည်အပြင်ဘက် လူအများစုကြီးကတော့ ဒါမျိုးမေးခွန်းတွေ မေးမြန်းနေကြပါပြီ။ ဘာကြောင့်လဲဆိုတော့ ၂၀၀၇ တုန်းက အစိုးရကို ဆန့်ကျင်တဲ့ အဲဒီရဟန်းတွေပဲ အခုအခါမှာတော့ အန္တီရိုဟင်ဂျာရဟန်းတွေ ဖြစ်နေကြလို့ပါ။ သူတို့က တချိန်ကတော့ လူထုအတွက်ဖြစ်ခဲ့ကြတယ်၊ စစ်အစိုးရရဲ့ ရက်စက်စွာဖိနှိပ်မှုကို ခံခဲ့ကြရတယ်။

    အကယ်၍ ရှင်တော်ဗုဒ္ဓက သူတို့ကို လမ်းပေါ်ထွက်ဖို့ သွန်သင်ခဲ့တာမျိုးမရှိဘူးဆိုရင် ၊ အခုလုပ်ရပ်က ဘာနဲ့အလားသဏ္ဌာန်တူနေပါသလဲ?

    အဖြေကတော့ လွန်စွာရိုးရှင်းလှပါတယ် ____ ဒါဟာ လူမျိုးရေးခွဲခြားတဲ့ (တစောက်ကန်း)အမျိုးသားရေးစိတ်ဓာတ်ပါ။ ဘာလဲရဟန်းတွေက သူတို့နဲ့အမျိုးတူသူများအတွက်ပဲ တရားမျှတမှုရဖို့ အလိုရှိတာလား။

    လူဦးရေများတဲ့ ဗမာဗုဒ္ဓရဟန်းတွေက အသားမည်းတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တရားမ၀င် ၀င်ရောက်လာသူတွေ၊ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြေကို လုယူမယ့် ရန်လိုနေတဲ့စည်းအပြင်က လူတွေလို့ ယုံကြည်နေကြတယ်။ ဒါကြောင့် ရဟန်းတွေက သူတို့ရဲ့ အမိမြေ၊ လူမျိုးနဲ့ ဘာသာတရားတွေကို ခြိမ်းခြောက်ခံနေရတယ်လို့ ထင်နေပြီး အဲဒါတွေ ပပျောက်ဖို့ အစိုးရကိုထောက်ခံရမယ်လို့လည်း ခံစားနားလည်ထားကြပါတယ်။

    အဲဒါကို မျိုးချစ်စိတ်၊ အစွန်းရောက် အမျိုးသားရေး၊ လူမျိုးရေးအရ အာဃာတထားရှိမှုနဲ့ လူမျိုးရေးခွဲခြားမှုများအဖြစ် ကင်ပွန်းတပ်နိုင်ပါတယ်။ ဒါကို ဘယ်လိုပဲ ကင်ပွန်းတပ်တပ်၊ ဒါတွေက ရန်လိုမှုကိုဖြစ်စေတယ်၊ အမုန်းတရားကို ပျံ့နှံ့စေတယ်၊ လူလူချင်းခွဲခြားမှုတွေကို ဖြစ်စေတယ်။ ဒါမျိုးတွေကို ဗုဒ္ဓဘာသာက ဆန့်ကျင်ပါတယ်။

    ဘာလဲ – ဖန်လုံအိမ်ထဲက လူတွေက အတွင်းကနေပြီး ခဲနဲ့ပစ်ပေါက်တဲ့အပြုအမူမျိုး လုပ်သင့်ပါသလား?

    မလေးမွတ်စလင်မ် ခွဲထွက်ရေးသမားတွေကို တားဆီးဖို့အတွက် ခဏတဖြုတ်လမ်းထွက် ဆန္ဒပြတာမျိုးရှိပေမယ့် ကျွန်တော်တို့ရဟန်းတွေက ဒါမျိုးတွေ တားမြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် သူတို့က တခြားဘာသာတွေအပေါ်မှာ လွှမ်းမိုးဖို့  ဥပဒေတစ်ရပ်အတွက်တော့ အကြိမ်များစွာ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

    ဘယ်အချိန်မှာပဲဖြစ်ဖြစ် အဲဒီရဟန်းတွေ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်လုပ်ပေးဖို့တောင်းဆိုတဲ့အခါတိုင်း၊ သူတို့က အစ္စလာမ်သာသနာအပေါ်မှာ သံသယ၀င်နေတယ်ဆိုတာမျိုး ကိုလည်း အမြဲတစေ ကြားသိနေရပါတယ်။ မကြာသေးမီကပဲ လူ ၈ ဦးကို ဇီဝိန်ခြွေပြစ်ခဲ့တဲ့ ဗုံးပါက်ကွဲမှုတစ်ခု၊ ထိန်းမနိုင်သိမ်း မရဖြစ်နေတဲ့ တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့ပါတယ်၊ အဲဒီအဖြစ်အပျက်အတွက်တော့ ကျွန်တော်တို့ရဟန်းတွေက ဒေသခံတွေအတွက် တရားမျှတမှုရဖို့ တောင်းဆိုတာမျိုး၊ သူတို့နဲ့သက်ဆိုင်တဲ့ အပြုအမူမျိုး ကျွန်တော်မကြားရသေးပါဘူး။ ဒါ့ပြင် သူတို့က မလေးမွတ်စလင်မ်တွေ သူတို့ရဲ့လိုအပ်ချက်တွေ ထုတ်ဖော်ပြောဆိုဖို့အခွင့်အရေး၊ မလုံလောက်မှုတွေ၊ လူမျိုးရေးအရခွဲခြားခံရမှု၊ အကြမ်းဖက်မှုတွေကို ခွဲခြမ်းစိတ်ဖြာဖို့ အတွက် ပြောဆိုတင်ပြဖို့အခွင့်အရေးတွေ လိုအပ်နေတယ်ဆိုတာမျိုးလည်း အဲဒီရဟန်းတွေ မထောက်ပြကြသေးပါဘူး။

    ဒါပေမယ့်လည်း အဲဒီရဟန်းတွေက ခုခံသလိုလိုဘာလိုလိုနဲ့ သူတို့ရဲ့ ကျောင်းသင်္ခန်းတွေမှာ ခံကတုပ်တွေထားပြီး စစ်သားများကို စောင့်ကြပ်စေတဲ့ အန္တရာယ်ရှိနည်းလမ်းကိုတော့ အသုံးပြုလုပ်ဆောင်နေကြပါတယ်။

    မြန်မာရဟန်းတွေနဲ့လားတူ ကျွန်တော်တို့ရဟန်းတွေကလည်း ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ပြဌာန်းပြီး ဗုဒ္ဓဘာသာဝင်တွေက တခြားသူတွေထက် သာလွန်ထူးကဲစွာ အခွင့်အရေးခံစားရဖို့အတွက် စစ်တပ်ကို အပြည့်အ၀ထောက်ခံနေကြပါတယ်။ ဒါတွေကို အင်အားသုံး ရပ်တန့်ရာမှာ ဆူပူသောင်းကျန်းမှုတွေဖြစ်မယ်ဆိုရင်တောင် ဖြစ်ပါစေတော့။

    ထိုင်းနိုင်ငံကတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေ၊ တရားထိုင်ခြင်းလုပ်ငန်းတွေ အာရုံစူးစိုက်လုပ်ဆောင်မှုတွေဘက်မှာ တဟုန်ထိုးတိုက်လာနေတာ သက်သေသာဓကပဲဖြစ်ပါတယ်။

    ဒီလိုမျိုးပြုမူဆောင်ရွက်မှုတွေက နိုင်ငံရေးအမြင်မတူမှုတွေအပေါ်မှာ အငြင်းပွားပြီး အသံထွက်စောဒတက်ဖို့အတွက် လှုပ်ရှားဆောင်ရွက်နေတာမျိုး ဖြစ်နိုင်ပါသလား။ အကယ်၍ ခင်ဗျားက အဲဒီအတိုင်းမြှော်လင့်ထားတယ်ဆိုရင်တော့ စိတ်ပျက်ဖို့သာပြင်ပေရော့။

    အဲဒီထဲက လူတွေကလည်း ခြိမ်းခြောက်မှုတွေကိုဖယ်ရှားဖို့က ခန္ဓာထဲက ရောဂါပိုးမွှားတွေကို ဖျက်ဆီးပြစ်သလိုမျိုး ဖျက်ဆီးဖယ်ရှားဖို့ရာ မရှိမဖြစ်လိုအပ်တယ်ဆိုတဲ့ အမြင်ကို တင်ပြပြောဆိုနေကြပါတယ်။ ဘာသာဖြစ်ဖြစ် ခင်ဗျားစိတ်ထဲမှာ အဲလိုမျိုးရှိလာတာနဲ့ပဲ အမုန်းပွားများရေးတရားတွေ၊ တ၀က်သာမှန်နေတဲ့စကားတွေ၊ လူစုလူဝေးနဲ့ စခန်းသွင်းပြီး ဆူပူသောင်းကျန်းမှုမျိုးတွေ လုပ်မယ်ဆိုရင် ခင်ဗျားစိတ်က လက်ယာရောက်လိုက် လက်ဝဲရောက်လိုက်၊ အနီဖြစ်လိုက် အ၀ါဖြစ်လိုက်၊ ခိုင်ခိုင်မတ်မတ်ရပ်တည်မှုဖြစ်လိုက် အဲလိုခိုင်မတ်စွာရပ်တည်တာကို ဆန့်ကျင်သူဖြစ်လိုက်နဲ့ ဂဏာမငြိမ်ဖြစ်နေပြီ။

    ကျွန်တော်တို့က ဗုဒ္ဓကို အာရုံပြုပြီးတရားထိုင်မယ်၊ အဲ. နောက်တော့ ကျွန်တော်တို့ရဲ့အတွေးတွေ၊ စကားလုံးတွေကို လိုသလိုဖန်တီးပြီး ပြုမူဆောင်ရွက်ပုံတွေကလည်း သဏ္ဌာန်အမျိုးမျိုးနဲ့ အစွန်းရောက်နေမယ်ဆိုရင် ဒါဟာဗုဒ္ဓဝါဒ မဟုတ်ပါ။

    ဗုဒ္ဓလမ်းကတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ဦးတည်ပါတယ်။ အိုင်ဒီယာပိုင်းဆိုင်ရာ အစွန်းရောက်မှုကတော့ ထိန်းချုပ်မယ်၊ ဖိနှိပ်မယ်၊ နိုင်သူစားကြေးပါပဲ။

    အိုင်ဒီယာပိုင်းဆိုင်ရာ အစွန်းရောက်မှုနဲ့ လူမျိုးရေးအခြေခံ အမျိုးသားစိတ်ဓာတ်ကတော့ ဆူပူသောင်းကျန်းခိုက်ရန်ပွားမှုကို များပြားစေ ပါတယ်။ နိုင်ငံတော်ရဲ့ ဒေသ အစိတ်အပိုင်းတွေကို ပေါင်းစည်းဖို့ဆိုတဲ့ ရည်မှန်းချက်ကတော့ နှစ်မြို့စရာမဟုတ်လို့ ပြောရုံကလွဲလို့ တခြားရွေးစရာမရှိပါ။

    ဒီလိုဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေကတော့ သူတို့ရဲ့နာရီပေါင်းများစွာ တရားထိုင်မှုတွေကို ရိုးရှင်းစွာနဲ့ပဲ အလေအလွင့်ဖြစ်စေခဲ့ပါပြီ။

     

     

  • အင်တာနက်စာမျက်နှာမှာ တွေ့မိသမျှ

    အင်တာနက်စာမျက်နှာမှာ တွေ့မိသမျှ

    စက်တင်ဘာ၊ ၃၊ ၂၀၁၂

    M-Media

    Lily Flower

    အခုနောက်ပိုင်း အထူးသဖြင့် အွန်လိုင်းလောက(အင်တာနက်စာမျက်နှာတွေ)မှာ ကျမမြင်တွေ့နေရတာပြောပြချင်ပါတယ်။

    ဒီလို ပြောလိုက်တာက ကျမ အခုရေးတဲ့စာဟာ အင်တာနက်စာမျက်နှာပေါ်မှာဖြစ်လို့ အွန်လိုင်းလောကလို့ပြောလိုက်ခြင်းပါ။ တကယ်တမ်းတော့ အပြင်လောကမှာလည်း ရိုက်ခတ်သက်ရောက်နေတာရှိပါတယ်။

    ဘာကိုမြင်တွေ့နေရသလဲဆိုရင် တစ်ယောက်နဲ့တစ်ယောက် မကြားဝံ့မနာသာပြောဆိုရေးသားမှုတွေ၊ ဘာသာတရားကိုထိုးနှက်တိုက်ခိုက်မှုတွေ စတဲ့ မကောင်းမြင်မှုတွေကို အဓိကတွေ့နေရပါတယ်။ ဘာကြောင့် အဲလိုတွေဖြစ်နေရတာလဲ။ အဖြေကရှင်းပါတယ်။ နားလည်မှုမရှိကြလို့ပါ။ နားလည်မှုမရှိဘူးဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုတဲ့စကားလုံးအသုံးအနှုန်း (အသားလွတ် ကြမ်းတမ်းရိုင်းစိုင်းတဲ့ အရေးအသားများကို မဆိုလိုပါ)၊ နောက် ခိုင်မာတဲ့ သမိုင်းကြောင်း၊ နောက်ပြီးတော့ ဘာသာတရား (မိမိဘာသာအပြင် အခြားသူရဲ့ဘာသာတရား) အစရှိတဲ့ အကြောင်းအရာတွေကို ဆိုလိုပါတယ်။

    တစ်ယောက်က ရေးသားလိုက်တဲ့စကားလုံးက ဘာကိုရည်ရွယ်တယ်ဆိုတာ နောက်တစ်ယောက်က သေချာနားမလည်ပဲ ကိုယ်တိုင်ရဲ့စိတ်အလိုကျ မကောင်းမြင်ပြီး အဲဒီ မကောင်းမြင်စိတ်နဲ့ပဲ နားလည်မှုလွဲစွာ ပြန်လည်ရေးသားလိုက်တတ်ကြတယ်။

    နောက်တစ်ခု သမိုင်းကြောင်းကို နားမလည်တာပါ။ သမိုင်းဆိုတာ ဒဏ္ဍာရီမဟုတ်ပါဘူး။ ပါးစပ်ပြောပုံပြင်မဟုတ်ပါဘူး။ တကယ်ဖြစ်ပျက်တည်ရှိခဲ့တာကို သမိုင်းလို့ခေါ်တာပါ။ ဒီတော့ ခိုင်မာတဲ့သမိုင်းကြောင်းတွေကို ကိုယ်တိုင်နားလည်သဘောပေါက်ခြင်းမရှိထားတော့ ကိုယ်ကြားဖူးခဲ့တဲ့ ပုံပြင် ဒဏ္ဍာရီကိုသာ သမိုင်းလို့ထင်ပြီး တကယ့်သမိုင်းကို လက်မခံတော့ဘဲ ဇွတ်ငြင်းတော့တာဟာလည်း သမိုင်းကြောင်းကို နားမလည်တာပါပဲ။ ဒါကြောင့် ကိုယ်တိုင် မသိတာနဲ့ဘဲ သမိုင်းမရှိဘူးလို့ တပ်အပ်မပြောဘဲ သေချာလေ့လာသင့်ပါတယ်။ အခြားတစ်ယောက်/လူတစ်စုရဲ့ သမိုင်းကို လိမ်ညာခြင်း၊ ဖျောက်ဖျက်ခြင်းတွေကို ကိုယ်တိုင်က မသိပဲ၊ သေချာမလေ့လာပဲ အဲဒီသူတွေပြောတဲ့ သမိုင်းလိမ်ကို ယုံကြည်လက်ခံလိုက်ခြင်းဟာလည်း သမိုင်းကိုနားမလည်စေတော့တဲ့ အချက်တစ်ခုပါပဲ။ အဲဒီအခါမှာ ကိုယ်လက်ခံထားတဲ့သမိုင်းကသာ အမှန်ဖြစ်တယ်ဆိုပြီး အမှားကိုအမှန်အဖြစ် ဇွတ်အတင်းတွန်းပို့တော့တာဟာ သမိုင်းကိုနားမလည်ဘူးဆိုတာ ထင်ထင်ရှားရှားကြီး ပေါ်လွင်နေပါတယ်။ ဒါကြောင့် သမိုင်းမှန်ကို သိရှိလက်ခံနိုင်တတ်ဖို့ အလွန်အရေးကြီးပါတယ်။

    နောက်တစ်ခုက ဘာသာရေးကို နားမလည်တာပါ။ ဘာသာတရားတိုင်းမှာ တကယ့်စစ်မှန်တဲ့အနှစ်သာရတွေနဲ့ ပြည့်နေပါတယ်။ ဘာသာတရားတိုင်းရဲ့ လမ်းပြပုဂ္ဂိုလ်တွေဟာ လူတွေကို မကောင်းမှုလုပ်ဖို့မသွန်သင်ပါဘူး။ ကောင်းမှုတွေကိုပဲ သွန်သင်ခဲ့တာပါ။ ဒီတော့ ကိုယ့်ဘာသာတရားရဲ့ တကယ့်အနှစ်သာရက ဘာကိုလဲဆိုတာ နားလည်ဖို့ပါတယ်။ ကိုယ့်ဘာသာတရားကိုမှ အားလုံးနားမလည် မသိပဲနဲ့ သူများဘာသာတရားကို စော်ကားတာမျိုးဟာမဖြစ်သင့်ပါဘူး။ ဘာသာတရားဆိုတာ လူတစ်ယောက်ရဲ့ ပါးစပ်ဖျားက အော်နေတာထက် နှလုံးသားထဲကသာ ယုံကြည်သင့်တာပါ။ ကိုယ့်ဘာသာတရားသာ ကိုယ့်နှလုံးသားမှာပြည့်နေရင်၊ လူတိုင်းရဲ့နှလုံးသားမှာပြည့်နေရင် အဲဒီဘာသာတရားပျောက်ကွယ်သွားမှာလည်း ပူစရာမလိုပါဘူး။

    ကိုယ့်ဘာသာတရားပျောက်ပျက်မှာစိုးလို့ တစ်ခြားဘာသာတရားကို နှိမ့်ချပြောစရာလည်းမလိုပါဘူး။ လူတစ်ယောက်ဟာ ကိုယ်တိုင်က သီလသမာဓိနဲ့လုံခြုံပြည့်စုံနေရင် ဘယ်သူကပဲ မကောင်းမှုလုပ်ဖို့တိုက်တွန်းတိုက်တွန်း အဲဒီသမာဓိအပြည့်နဲ့လူရဲ့ သမာဓိကပျောက်ပျက်သွားမှာမဟုတ်ပါဘူး။ တကယ်လို့ သူသာ သမာဓိနဲ့မပြည့်စုံရင်တော့ သူများကနည်းနည်းလာတိုက်တွန်းတာနဲ့ သမာဓိလျော့မှာပါပဲ။ ဘာသာတရားဆိုတာလည်းအဲလိုပါပဲ လူတစ်ယောက်ရဲ့နှလုံးသားထဲက နှစ်နှစ်ကာကာ ယုံကြည်တယ်ဆိုရင် တစ်ခြားဘာသာကို ကူးပြောင်းဖို့ဆိုတာ အလွန်ကိုခဲယဉ်းပါတယ်။ ဒါကြောင့် ကိုယ်လက်ခံရာဘာသာတရားကို စိတ်နှလုံးသားနဲ့ ယုံကြည်တယ်ဆိုရင် ကိုယ့်ဘာသာ ပျောက်ပျက်သွားမှာ ပူပင်နေစရာမလိုပါဘူး။ ကိုယ်ယုံကြည်ရာ ဘာသာတရား မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ပဲလိုပါတယ်။ ကိုယ့်ဘာသာတရား ပျောက်ပျက်မှာစိုးလို့ ထိန်းသိမ်းတယ်ဆိုပြီး တစ်ခြားဘာသာတရားအကြောင်း မဟုတ်မမှန်ပြောဆိုခြင်းဟာ  တစ်ခြားဘာသာကို အပုတ်ချပြောဆို ရေးသားခြင်းသာဖြစ်ပါတယ်။ တကယ်လို့ အဲလိုမဟုတ်မမှန်ပြောတာဟာ ကိုယ်သိထားတဲ့ အနည်းငယ်လေးနဲ့ပဲပြောတာဆိုရင်တော့ လေးနက်တဲ့ တရားစစ်မှန်တွေကို ပိုမိုသိရှိအောင် လေ့လာဖို့လိုပါတယ်။

    ကိုယ့်ဘာသာတရားကို တကယ်တန်ဖိုးထား လေးစားနားလည်သူဟာ သူတစ်ပါးရဲ့ ဘာသာ သာသနာကို မဟုတ်မမှန် ယုတ်ညံ့တဲ့ စော်ကားပြောဆိုမှုမျိုးကို ဘယ်သောအခါမှ ပြုလုပ်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘာသာတရားမှာရော ဘာသာတရားရဲ့လမ်းပြပုဂ္ဂိုလ်တွေကရော တစ်ခြားသူကို စော်ကားပြောဆိုဖို့ မသွန်သင်ခဲ့လို့ပါ။ ဒီတော့ သူများဘာသာ သာသနာကို  စော်ကားနေသူတွေ အနေနဲ့ ပထမဦးဆုံးက ကိုယ့်ဘာသာ တရားရဲ့အနှစ်သာရကို သေချာနားလည်အောင်လေ့လာဖို့ နှလုံးသွင်းဖို့ လိုအပ်ပါတယ်။ ဒုတိယကတော့ တစ်ခြားဘာသာသာသနာရဲ့ အနှစ်သာရကို နားလည်အောင်လေ့လာသင့်ပါတယ်။

    (ဒီလိုပြောရတာက တချို့တချို့သော ဘုန်းဘုန်းတွေရဲ့ တရားတော်တွေကို ကျမ အမြဲတမ်း နားထောင်လေ့ရှိလို့ပါ။ ထေရ်ကြီးဝါကြီးဆရာတော်တချို့ တရားပွဲတွေလုပ်ရင် နိဗ္ဗာန်ရောက်ကြောင်းတရားဒေသနာဟောကြားခြင်းလို့ ခေါင်းစဉ်တပ်ထားပေမယ့် တခြားသာသနာကို မကောင်းပြောနေတာပိုများပါတယ်။ မကောင်းပြောတယ်လို့ ကျမသုံးနှုန်းလိုက်ရတာက ဘုန်းဘုန်းတို့ဟောနေ ပြောနေတာတွေက တခြားဘာသာတရားရဲ့ အနှစ်သာရနဲ့ တလွဲဖြစ်နေလို့ပါ။ တချို့ဆို ဘာသာခြားမုန်းတီးရေးကို တမင်တကာဟောကြားနေတာပါပဲ။ ဘုန်းဘုန်းတို့ဟောကြားလိုက်တဲ့ တရားတွေကို နာယူနေတဲ့ ဒကာဒကာမတွေဟာ တခြားဘာသာအကြောင်းကိုမသိတဲ့အခါ ဘုန်းဘုန်းတို့ဟောကြားတာတွေကို အမှန်လို့ထင်မှတ်ပြီး တခြားဘာသာဝင်တွေအပေါ် အမြင် မကြည်လင်မှုတွေ ဖြစ်လာပါတယ်၊ ကိုယ့်ဘာသာကို လွှမ်းမိုးခြယ်လှယ်တော့မယ်လို့ ထင်မှတ်ပြီး မုန်းတီးမှုတွေဖြစ်လာပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတွေလည်း တရားဒေသနာ ဟောကြားတဲ့အခါမှာ သူများသာသနာကို သေချာ နားမလည်လို့ပဲဖြစ်ဖြစ် နားလည်ရက်နဲ့ဖြစ်ဖြစ် လွဲမှားစွာဟောကြားခြင်းထက် မိမိတို့ဘာသာရဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားတော် အစစ်အမှန်များကို ဟောကြားခြင်းဖြင့်သာ မိမိယုံကြည်ရာ ဘာသာကို ထိန်းသိမ်းနိုင်ပါတယ်။)

    ဘာသာပေါင်းစုံချစ်ကြည်ရေးဖော်ဆောင်မှုဖြင့် ဘာသာပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ သတ္တလောကကြီးကိုလည်းအလှဆင်သင့်ပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာနေထိုင်ရင်း အေးချမ်းသာယာတဲ့ အမိမြန်မာပြည်ကို အလှဆင်နိုင်ကြပါစေ။

     

    Lily Flower

  • အမှန်အတိုင်း မြင်တတ်ပါစေ

    အမှန်အတိုင်း မြင်တတ်ပါစေ

    စက်တင်ဘာ၊ ၂ ၊ ၂၀၁၂

    M-Media

    စိန်စံထိုက်

    ၂၀၁၂ သြဂုတ်လ မှာထုတ်တဲ့ ပြည်တွင်းဂျာနယ်တစ်စောင်မှာ ဖော်ပြထားတဲ့ ဆောင်းပါးတပုဒ်ကြောင့် ကျွန်တော့်အသိထဲကို အတွေးပုံရိပ်တစ်ခု ၀င်လာပါတယ်။ ကျွန်တော့်အတွေးပုံရိပ်ကို မပြောခင် ဂျာနယ်မှာ ဖော်ပြတဲ့ ဆောင်းပါးအကြောင်းအရာကို အကျဉ်းချုံးလေးနဲနဲ ပြောချင်ပါတယ်။

    ဒီဆောင်းပါးက လူမျိုးတစ်မျိုးချင်းရဲ့ စိတ်နေသဘောထား ဓလေ့စရိုက်ကို ဖော်ပြတဲ့ simple post လေးပဲ ဖြစ်ပါတယ်။

    ဆောင်းပါးဖော်ပြချက်အရ ကားတစ်စီးသာ မောင်းလို့ရတဲ့ မြို့စွန်က ချောင်းတံတားလေးတစ်ခုကို အခြေခံပါတယ်။

    အဲဒီချောင်းတံတားရဲ့ မျက်နှာချင်းဆိုင် တစ်ဖက်တစ်ချက်ဆီမှာ ကားနှစ်စီးမျက်နှာချင်းဆိုင် ဆုံကြတဲ့အခါ လူမျိုးတစ်မျိုးချင်းရဲ့ ဗီဇစရိုက်အရ ပြုမူမယ့် အသွင်သဏ္ဍာန်ကို ဖော်ပြထားတာ ဖြစ်ပါတယ်။

    ဆိုကြပါစို့…တံတားထိပ် နှစ်ဖက်ကား ၂စီးမှာ တစ်ဖက်က ဂျပန်လူမျိုး မောင်းနှင်လာတဲ့ မော်တော်ယာဉ်ဆိုရင်… အဲဒီဂျပန်ကြီးဟာ သူ့ကားကို နောက်ပြန်ဆုတ်ပြီး တစ်ဖက်ကကားကို ဦးစားပေးသွားခွင့်ရအောင် ဆောင်ရွက်ပါလိမ့်မယ်တဲ့။ ဒါကတော့ ဂျပန်လူမျိုးရဲ့ စိတ်ရှည်သည်းခံမှုနဲ့ တစ်ပါးသူကို ဦးစားပေးတဲ့ စိတ်ဓာတ်ကို ဖော်ပြတာ ဖြစ်ပါတယ်။

    ဒီလိုပဲ ဒီနေရာမှာ ကိုရီးယားလူမျိုး ယာဉ်မောင်းတစ်ဦးဆိုရင်တော့ သူဟာ ကားကို တံတားပေါ်က အလျင်အမြန် ဖြတ်သန်းနိုင်ဖို့ အတွက် တပါးသူရဲ့ ခံစားမှုကို အလေးမထားဘဲ ကဆုန်ပေါက်ပြီး မောင်းဝင်သွားပါလိ့မ်မယ်တဲ့။ ဒါကတော့ ကိုရီးယားလူမျိုးတွေဟာ သွက်သွက်လက်လက်နဲ့ ကသုတ်ကရက် လုပ်တတ်တဲ့ စိတ်ဓါတ်ကြောင့်ပဲ ဖြစ်ပါတယ်တဲ့။

    နောက်ယာဉ်မောင်းတစ်ဦးကတော့ တရုတ်လူမျိုးပဲ ဖြစ်ပါတယ်။ သူကတော့ ကားကို တံတားထိပ်ရောက်တာနဲ့ သူ့ကားကို စက်သတ်ပြီး ရပ်လိုက်ပါတယ်။ ပြီးတဲ့အခါ ကားဒက်ရှ်ဘုတ်ထဲက သတင်းစာ တစ်စောင်ကို ယူပြီး အေးအေးဆေးဆေး အမူအယာနဲ့ သတင်းစာဖတ်တဲ့အသွင် လုပ်ပါလိမ့်မယ်လို့ ဖော်ပြပါတယ်။ အဲဒီလိုလုပ်တာကြောင့် တစ်ဖက်က ကားသမားဟာ သူ့ကားကို နောက်ဆုတ်ပြီး တစ်ဖက်က တရုတ်လူမျိုးကား မြန်မြန်မောင်းလာအောင် ပြုလုပ်ပါလိမ့်မယ်တဲ့…ဒါကတော့ တရုတ်လူမျိုးရဲ့

    စိတ်နေသဘောထား ဗီဇစရိုက်ကို ဖော်ပြတာပဲ ဖြစ်ပါတယ်။

    ဆောင်းပါးရဲ့ အဓိက ဖော်ပြချက်ကတော့ ဒါပါပဲ။ ဒီမှာ လူမျိုးတစ်မျိုးချင်းရဲ့ ဗီဇစရိုက် အမူအကျင့်ကို ပေါ်လွင်အောင် ရေးပြခဲ့ခြင်းပဲ ဖြစ်ပါတယ်။

    အဲဒီဆောင်းပါးကိုဖတ်ပြီး ကျွန်တော် တွေးမိတယ် ဆိုတာကတော့ ကျွန်တော်တို့ မွတ်စလင်မ်တွေ အထူးသဖြင့် ဦးကျော်ဆန်းပြောတဲ့ ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗီဇစရိုက် အမူအကျင့်ကို ဖြတ်ခနဲ တွေးလိုက်မိရက်သား ဖြစ်သွားတာပါ။
    အဲဒီတော့ ကျွန်တော်တို့ ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်ဆိုသူတွေဟာ လူမျိုးအလိုက် စိတ်နေသဘောထား။ အမူအကျင့် နဲ့ စရိုက် လက္ခဏာတွေကို ပြန်လည် ဆန်းစစ် လေ့လာသုံးသပ်မယ်ဆိုရင် … မွတ်စလင်မ်တွေဟာ ဟိုးအရင် ပုဂံခေတ်ကစပြီး ရှေးမြန်မာမင်းများ အဆက်ဆက်မှာ တိုင်းပြည်အကျိုးကို ကောင်းတဲ့ဘက်ကနေ ကူညီဆောင်ရွက်ခဲ့တယ်ဆိုတာ သမိုင်းက သက်သေပြနေတာကြောင့် အပိုတွေ ပြောဖို့ လိုမယ် မထင်ပါ။ မွတ်စလင်မ်တွေဟာ မြန်မာမင်းများလက်ထက်မှာ တာဝန်ကျေခဲ့တဲ့အပြင် နယ်ချဲ့တော်လှန်ရေးနဲ့ လွတ်လပ်ရေး တိုက်ပွဲတွေမှာလည်း အင်တိုက်အားတိုက် ပါဝင်ခဲ့ပြီး အသက်ကိုပင် ပေးဆပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ရှိခဲ့တယ်ဆိုတာ အားလုံးသိတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မေးစရာတစ်ခုတော့ ရှိလာမှာပါ။ ဒါကတော့ အရင်ကလူတွေ လုပ်ခဲ့တာ မင်းတို့နဲ့ ဘာဆိုင်သလဲ ဆိုတဲ့ မေးခွန်းပါ။ ဒါကိုလည်း အခြေအနေ အမှန်ကို သဘောပေါက်အောင် ရှင်းပြပါမယ်။

      ပါလီမန်ခေတ် ကုန်ဆုံးပြီး ဒီဘက်ခေတ်ရောက်လာတဲ့အခါမှာ ဦးနေ၀င်းဦးဆောင်တဲ့ အိမ်စောင့်အစိုးရ ၊ တော်လှန်ရေးကောင်စီ (မဆလ) ခေတ် စတဲ့ ကာလတွေမှာတော့ ဦးနေ၀င်းဟာ မွတ်စလင်မ်တွေကို တိုင်းပြည်ထူထောင်ရေးနဲ့ အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်လာခြင်း မရှိအောင် စနစ်တကျ အကွက်ချပြီး ဖယ်ရှားခဲ့ပါတယ်။ ယုတ်စွအဆုံး အားကစား လောကမှာတောင် ယခင်က မြန်မာ့အားကစား လောကကို မွတ်စလင်မ်တွေက ဂုဏ်ဆောင်ခဲ့တဲ့ သမိုင်းကို အလေးမထားဘဲ ဖယ်ကြဉ်ခဲ့တဲ့အထိ လုပ်ဆောင်ခဲ့ပါတယ်။

    ဒီ့ထက်ပိုဆိုးတာက  မြန်မာ့သမိုင်း တစ်လျှောက်လုံးမှာ မွတ်စလင်မ်တွေဟာ ပသီလူမျိုး၊ ဇေရဘာဒီလူမျိုး ၊ မြန်မာမွတ်စလင်မ် စတဲ့ အမည်မျာနဲ့ တိုင်းရင်းသားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပေမယ့် ၁၉၈၂ ခုနှစ် ဖွဲ့စည်းပုံဥပဒေမှာ မွတ်စလင်မ်တွေကို တိုင်းရင်းသားအဖြစ်က ဖယ်ရှားပြီး ဦးနေ၀င်းဟာ တပါတီအာဏာရှင်စနစ်နဲ့ မိမိစိတ်ကြိုက်ပုံဖော်ခြင်း ပြုခဲ့ပါတယ်။

    ဒီလို အခြေအနေတွေကြောင့်  မွတ်စလင်မ်တွေဟာ ၀မ်းနည်းကြေကွဲစွာနဲ့ တိုင်းပြည်အကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်ခွင့် မရခဲ့ခြင်း ဖြစ်ပါတယ်။

    မွတ်စလင်မ်တွေဟာ မြန်မာနိုင်ငံ အကျိုးကို သယ်ပိုးခဲ့တဲ့ သမိုင်းသာ ရှိခဲ့ပါတယ်။ နိုင်ငံတော် ပျက်စီးအောင် ပြည်သူလူထု အကျိုးယုတ်အောင် မည်ကဲ့သို့မျှ လုပ်ဆောင်ခြင်း မပြုခဲ့ဘူးဆိုတာ စစ်မှန်တဲ့ မြန်မာပြည်သူတွေ အားလုံးသိကြပါတယ်။

    ဒါကြောင့်လဲ တစ်ချိန်က ဗုဒ္ဓဘာသာစစ်စစ် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေဟာ မွတ်စလင်မ်တွေကို လေးစားသောအားဖြင့် မြန်မာထဲက မြန်မာလူမျိုး တစ်မျိုးပဲ ဖြစ်ပါတယ်လို့တောင် သတ်မှတ်ခြင်း ပြုခဲ့ကြပါတယ်။

    ဒီကနေ့ အင်တာနက်ထဲမှာ မွတ်စလင်မ်တွေကို တစ်တစ်ခွခွ၊ ပယ်ပယ်နယ်နယ်၊ ရိုင်းရိုင်းစိုင်းစိုင်း ဝေဖန်ပုတ်ခတ်သူတွေဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးစစ်စစ် မဟုတ်လောက်ပါဘူး။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးစစ်စစ်ဟာ သူတစ်ပါး ထိခိုက်နစ်နာအောင် စိတ်နဲ့တောင်  မပြစ်မှားကြတဲ့ ရိုးသားတဲ့ ဗီဇစရိုက်ရှိတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ ဒီလို ဝေဖန်တိုက်ခိုက်သူတွေဟာ လူတစ်စုထံက အခကြေးငွေယူပြီး တာဝန်ကျေအောင် လုပ်နေကြရတဲ့ အဆဲပါရဂူဘွဲ့ရတဲ့ အခစားဝန်ထမ်းတွေသာ ဖြစ်ပါတယ်။

    ဒါကြောင့် ကျွန်တော်တို့ဟာ ဒီလူတွေရဲ့လုပ်ရပ်ကို အလေးထားပြီး ပြန်လည်တုန့်ပြန်ခြင်း မပြုသင့်ပါဘူး။

    ကျွန်တော်တို့မွတ်စလင်မ်တွေဟာ သင်ကောင်းကောင်း၊ မကောင်းကောင်း၊ ကျွန်ုပ်ကောင်းမည်ဆိုတဲ့ မူအပေါ်မှာပဲ မိမိတို့ ရပ်တည်သင့်ပါတယ်။ အ၀ီစိငရဲကို သွားဖို့ အကုသိုလ်လမ်းကို လျှောက်နေတဲ့သူတွေကိုတော့ ပြန်လည်တုန့်ပြန်ခြင်းမပြုဘဲ သိက္ခာရှိရှိ လမ်းဖွင့်ပေးလိုက်ပါ။ သူတို့ရဲ့ အဆဲသမိုင်းကို သူတို့ရေးကြပါစေ။

    ကျွန်တော် အဓိက ပြောချင်တာကတော့ မွတ်စလင်တွေဟာ မျိုးရိုးဗီဇအရ ရိုးသားသူတွေ ဖြစ်ပါတယ်။ တိုင်းပြည်နစ်နာအောင် ပြည်သူထိခိုက်အောင်လုပ်တတ်တဲ့ အကျင့်စရိုက် လုံးဝမရှိကြပါ။ မွတ်စလင်မ်တွေရဲ့ ဗီဇစရိုက်ကို ယေဘုယျသဘောအရ ထင်သာမြင်သာ ရှိတာလေးတွေကို အနဲငယ် ရှင်းပြလိုပါတယ်။
    မွတ်စလင်မ် ဆိုသူတွေဟာ…

    ၁။ ဘိန်းနဲ့ မူးယစ်ဆေးဝါး ကုန်မကူးပါ။ ရောင်းချခြင်း မပြုပါ။

    ၂။ လူကုန်မကူးပါ (ဘ၈င်္လားဒေ့ရှ်ကလည်း လူကုန်မ၀ယ်ပါ)

    ၃။ စားတော်ဆက် အမည်တပ်၍ အရက်သေစာ ရောင်းချခြင်း မပြုပါ။

    ၄။ တည်းခိုခန်း (INN) အမည်တပ်၍ ဇိမ်ခန်း မဖွင့်ပါ။

    ၅။ လောင်းကစားဒိုင်များလုပ်၍ လူငယ်တို့၏ စာရိတ္တကို မဖျက်ဆီးပါ။

    ၆။ မာဆတ်ဟုခေါ်သော နှိပ်စားဂွင်မလုပ်ပါ။

    ၇။ ကာရာအိုကေ အမည်တပ်၍ မိန်းမပျိုများကို ပျက်စီးစေသော အလုပ်ကို မလုပ်ပါ။

    ၈။ မြောင်းဆီများကို ပဲဆီအမည်တပ်၍ ထုတ်လုပ်ရောင်းချခြင်း မပြုပါ။

    ၉။ လူကို အန္တရာယ်ဖြစ်စေသော ဆေးဝါးအတုများ ထုတ်လုပ်ရောင်းချခြင်း မပြုပါ။

    ၁၀။ လူကို အန္တရာယ်ဖြစ်စေသော ခြင်ဆေးများ ထုတ်လုပ်ရောင်းချခြင်း မပြုပါ။

    ၁၁။ ကလေးသူငယ်များ အန္တရာယ် ဖြစ်စေသော သကြားလုံး၊ နို့မှုန့်များနှင့် မုန့်ပဲသွားရေစာများ ထုတ်လုပ်ရောင်းချခြင်း မပြုပါ။

    ၁၂။ Asbestos သတ္တုပါဝင်သော လူကို အဆုတ်ကင်ဆာ နှင့် အခြားရောဂါဝေဒနာများ ဖြစ်စေနိုင်သော မော်တော်ယာဉ်များ

         ထုတ်လုပ်ရောင်းချခြင်းမပြုပါ။

    ထို့အပြင် အစ္စလာမ် ဘာသာက ကြီးလေးသော အပြစ်ရှိသည့် (ဟရာမ်) အဖြစ် တားမြစ်ထားသော အောက်ပါ အကြောင်းအရာများနှင့် လုပ်ငန်းများကိုလည်း ရှောင်ကြဉ်ကြပါသည်။

    ၁။ အမြတ်ကြီးစားခြင်း

    ၂။ စားသောက်ကုန် ပစ္စည်းများ သိုလှောင်ခြင်း

    ၃။ ဆင်းရဲသားများကို ခေါင်းပုံဖြတ်၍ အတိုးစားခြင်း၊ အပေါင်ခံခြင်း

    ၄။ လူကို အန္တရာယ်ဖြစ်စေသော (ပုပ်သိုးနေသော အစားအစာ) များရောင်းချခြင်း မပြုကြပါ။

    ၅။ အလေးခိုးခြင်း၊ ရေထိုးခြင်း မပြုကြပါ။

    ၆။ ဘာသာမတူသူများအား ဝေဖန် ပုတ်ခတ် စော်ကားခြင်း မပြုရပါ။

    ၇။ အခြားဘာသာဝင်များ၏ သာသနိက အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ စော်ကားခြင်း မပြုရပါ။

    ၈။ မိမိနေထိုင်သော တိုင်းပြည်အပေါ် သစ္စာစောင့်သိ ရိုသေရပါသည်။

    ၉။ လူသားမျိုးနွယ်အားလုံးကို တအူတုံဆင်း အိမ်ထောင်စု စာရင်းဝင်များဟု မှတ်ယူကြပါသည်။

    ဤသည်မှာ အစ္စလာမ်သာသနာ၏ အဆုံးအမ နှင့် လမ်းညွှန်မှု များ ဖြစ်ပါသည်။

    (ချွင်းချက်အနေနှင့် ပြောစရာ တစ်ခု ရှိပါသည်။ အစ္စလာမ် သာသနာသည် ကျူးကျော်စစ်ကို လုံးဝ တားမြစ်ပြီး ခုခံစစ်ကိုမူ ခွင့်ပြုထားပါသည်။)

    လူမျိုး ဘာသာအသီးသီးတွင် စုန်းပြူးများ ရှိတတ်ကြပါသည်။ အစ္စလာမ်ဘာသာဝင်အမည်ခံ တစ်ဦးစ နှစ်ဦးစ မှ ဘာသာတရား၏ အဆုံးအမများကို ဖောက်ဖျက် ကျူးလွန်သူများ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် မည်သည့်ကိစ္စရပ်ကိုမဆို ရာခိုင်နှုန်း နှင့် တွက်ဆရသည်ကို စာပေဗဟုသုတ ရှိရုံမျှနှင့် သိနိုင်ပါသည်။

    ထို့ကြောင့် အချုပ်အားဖြင့် ပြောရလျှင် မွတ်စလင်မ်ဆိုသူများသည် ရိုးသားခြင်း၊ ဂတိတည်ခြင်း၊ သစ္စာစောင့်သိခြင်း။ တပါးသူ မနစ်နာအောင် စောင့်ထိန်းသော ဓလေ့စရိုက် ရှိသူများအဖြစ် သုံးသပ်ရမည် ဖြစ်ပါသည်။ မွတ်စလင်မ်တို့၏  တရားတော်အရ မိမိနေထိုင်သော တိုင်းပြည်ကို စူးစူးနစ်နစ် ချစ်မြတ်နိုး ရပါသည်။ အတူယှဉ်တွဲ နေထိုင်သော လူမျိုးများကို မြတ်မြတ်နိုးနိုး လေးစားချစ်ခင်ရပါသည်။ ဤသို့ ပြောဆိုခြင်းကြောင့် သင်က ပြန်လှန် ပြောဆိုပါဦးမည်။

    ဒီလိုဆို တိုင်းတိုင်းရင်းသား  ပေးရတော့မှာလား ဟု မေးလာလျှင် ကျွန်ုပ်က တစ်ခုပဲ ပြန်ဖြေပါမည်။ လက်တွေ့ အခြေအနေအရ တိုင်းရင်းသား ဖြစ်တော့ရော ဘာတွေများ ထူးလာမှာလဲ ဟုသာ ဖြစ်ပါသည်။

    ဒီကနေ့ တိုင်းရင်းသားများ ဖြစ်ကြသော ကချင် စစ်ပြေးဒုက္ခသည်များ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ကရင်ပြည်နယ်မှ ရေဘေးဒုက္ခသည်များ၊ လယ်မြေများကို မတရား သိမ်းဆည်းခံရ၍ ဆန္ဒထုတ်ဖော်နေသော တိုင်းရင်းသားများ အနှစ် ၂၀ ကျော် နေထိုင်ပြီးကာမှ ကျူးကျော်ဟု ဆိုကာ ဖယ်ရှားခံရ၍ ခြေသလုံးအိမ်တိုင် ဖြစ်နေသော မိသားစုများ၊ လုပ်ခ လစာနည်း၍ စားဝတ်နေရေး ကြပ်တည်းနေကြသော မြန်မာ အလုပ်သမများ၊ ရခိုင်ပြည်နယ်မှ အိုးအိမ်ဖျက်၍ ဒုက္ခခံစားနေကြရသော သက်ကြီးရွယ်အိုများ၊ လူမမယ်ကလေးသူငယ်များ၊ ကျန်းမာရေး ချို့တဲ့နေကြသော ဝေဒနာသည်များ စသည်ကဲ့သို့သော တိုင်းရင်းသား ညီနောင်များကို သင် ဘယ်လောက် ကူညီနိုင်ပြီလဲဟု ၀မ်းနည်းစွာနှင့် မေးရန်သာ ရှိပါသည်။

    ဧရာဝတီတိုင်းတွင် နာဂစ်ဝင်မွှေစဉ်က လေဘေးဒုက္ခသည်များကို မွတ်စလင်မ်များ မည်မျှအတိုင်းအတာအထိ ကူညီခဲ့ကြသည်ကို ဧရာဝတီတိုင်းသားများ သိကြပါသည်။

    ယခုအခါတွင် ဘာသာ၊ လူမျိုး၊ အရောင်အဆင်း မခွဲခြားဘဲ ဘာသာတရားတိုင်းမှ လမ်းညွှန်သော မေတ္တာတရားကို အခြေခံလျှက် လူသားဝါဒဆန်ဆန် ကိုယ်ချင်းစာစိတ်ဖြင့် လူသားအရင်းအမြစ်ကို တန်ဖိုးထား၍ စုပေါင်းလက်တွဲပြီး ကူညီကြမည်ဆိုပါလျှင်

    မွတ်စလင်မ်တို့သည်လည်း စိုသောလက် မခြောက်မီ၊ ဆန့်သောလက် မကွေးမီ သစ္စာတရား၏ အတိမ်အနက်၊ မေတ္တာတရားကို ချိန်စက်ပြချင်ပါသည်ဟုသာ ပြောလိုပါသည်။

    (မှတ်ချက်) လူမျိုး တစ်မျိုး၏ ဂုဏ်သိက္ခာ သတင်းသည် ထိုလူမျိုး၏  ပြုမူပြောဆို ဆက်ဆံခြင်းပေါ်တွင်သာ တည်ပါသည်။ နယူတန်၏ သီအိုရီ အရ ဖြစ်စဉ်တိုင်းတွင် တန်ပြန် သက်ရောက်မှု ရှိသည်ကို သတိပြုပါ။

  • မမေးလည်းဖြေ(၁၀) -ကုရ်အာန်ကျမ်းမြတ်ဆိုတာ ဘာလဲ?

    မမေးလည်းဖြေ(၁၀) -ကုရ်အာန်ကျမ်းမြတ်ဆိုတာ ဘာလဲ?

    အလ်ဟာဂ်ျ မုဖ်သီ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)


    ကုရ်အာန်ဆိုတာ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ထံက ကမ္ဘာဂြိုဟ်မှာရှိတဲ့ လူခပ်သိမ်းအတွက် နောက်ဆုံးနဲ့ပြီးပြည့်စုံတဲ့ လမ်းညွှန်တစ်ရပ် ဖြစ်ပါတယ်။ နောက်ဆုံးလူသား နဗီတမန်တော်ချုပ်မုဟမ္မဒ်( صلى اله عليه وسلم)ထံမလာအိကဟ်ကောင်းကင်တမန်စွမ်းအားရှင် ဂျိဗရာအီလ် ကတစ်ဆင့် ထုတ်ပြန်ပို့ချခဲ့တာ ဖြစ်ပါတယ်။ ဒီခေတ်ဟာ ICTလို့ခေါ်တဲ့ သတင်းနဲ့ဆက်သွယ်ရေးနည်းပညာ အလွန်ထွန်းကားတဲ့ခေတ်ဖြစ်ပေမယ့် အဲဒီဂျီဗရာအီလ်ဆိုတဲ့ အလ္လာဟ့်ရဲ့ဝဟီလမ်းညွှန် ဆက်သွယ်မှုနည်းစနစ်ကိုတော့ သက်ဆိုင်ရာနဗီတမန်တော်တွေ ကလွဲလို့ အခြားဘယ်လူသားမှဥာဏ်မမီနိုင်ကြပါဘူး။ အနှိုင်းမဲ့ကိုးကွယ်ရာနဲ့ နှိုင်းရတရားထဲမှာရှိတဲ့ လူသားအကြား အလွန်အဆင့်မြင့်ပြီးပြည့်စုံတဲ့ဆက်သွယ်ရေးနည်းတစ်ရပ် ဖြစ်ပါတယ်။ ဘယ်သူမှ ဟန့်တားနှောင့်ယှက် ခိုးယူလို့မရနိုင်တဲ့ နည်းစနစ်လည်းဖြစ်ပါတယ်။ဒီနေ့ဆက်သွယ်ရေး

    နည်းပညာဟာ တစက္ကန့်ကို(၁၈၆၀၀၀) မိုင်နှုန်း ပြေးတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကိုအသုံးပြုပို့ရတဲ့အတွက် ဂလက်ဆီလို့ခေါ်တဲ့ ကြယ်မြို့တော် တစ်ခုကိုဖြတ်ဖို့တောင် နှစ်ပေါင်း သန်းနဲ့ချီပြီးကြာမှာဖြစ်ပါတယ်။ဒါပေမဲ့ အလ္လာဟ့်ရဲ့ ဂျီဗရာအီလ်နည်းကတော့ အလ္လာဟ်ပို့လို့ ရတဲ့သတင်းလမ်းညွှန်ချက်တွေကို သက်ဆိုင်ရာလက်ခံရရှိမယ့် လူသားနဗီတမန်တော် အလင်းပြပုဂ္ဂိုလ်ရဲ့ စိတ်နှလုံးသားထဲကို သူနားလည်ပြောဆိုနေတဲ့ ဘာသာစကားနဲ့ဘာသာပြန်ပြီးသား အဖြစ်ချက်ချင်းရောက်ရှိ သွားခြင်းပဲဖြစ်ပါတယ်။

    ဥပမာ-တမန်တော်မူစာ (Moses) ထံကို ဟီဗရူးဘာသာစကားနဲ့ရောက်လာတယ်။ တမန်တော်အီစာ(ယေရှုခရစ်တော်) ထံကို အရမစ် (Aramic)ဘာသာစကားနဲ့ရောက်ရှိလာတယ်။ အခုလည်း နောက်ဆုံး လူသားနဗီတမန်တော်ချုပ် မုဟမ္မဒ်(صلى اله عليه وسلم) သခင်ဟာအာရဗ်လူမျိုးဖြစ်တဲ့အတွက် နောက်ဆုံးလမ်းညွှန် ကျမ်းဖြစ်တဲ့ ကုရ်အာန်ဟာ အရဗီဘာသာစကားနဲ့ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါပေမယ့် ကုရ်အာန်ကျမ်းဟာ အစအဆုံး တစ်ပြိုင်တည်း ကျရောက်လာတာမဟုတ်ဘဲတမန်တော်မြတ် ကြုံတွေ့ရတဲ့ အခြေအနေတွေအလိုက် မက္ကဟ်မြို့မှာ(၁၃)နှစ်၊ မဒီနဟ်မြို့မှာ (၁၀)နှစ် စုစုပေါင်း(၂၃)နှစ်အတွင်းမှာ အလီလီကျရောက်ပြီးမှ ပြီးပြည့်စုံ ခဲ့ခြင်းဖြစ်ပါတယ်။ (ကုရ်အာန် ၂၆း၁၉၂ ၊ ၄၇း၂ ၊ ၂း၁၈၅ ၊ ၉၇း၁ ၊ ၄၄း၅၈၊ ၄၃း၃)

    အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ကိုကုရ်အာန်ကို ရှင်ပြန်ထမြောက်ရမယ့်နေ့တိုင် လူခပ်သိမ်း အတွက် နောက်ဆုံးလမ်းညွှန်အဖြစ်ထုတ်ပြန်လိုက်ပေမယ့် မျက်စီမှိတ်ပြီး ယုံကြည်ရမယ်လို့ အဓ္ဓမ မကျင့်သုံးထားပါဘူး။ ကုရ်အာန်ထဲ ပါတာတွေကို စာတွေ့၊ သက်သေလက္ခဏာနဲ့ အလ္လာဟ်ရဲ့ ဖန်ဆင်းမှုသဘာဝတရားကြီးကို လက်တွေ့သက်သေလက္ခဏာတွေအဖြစ် သိပ္ပံ၊ ၀ိဇ္ဖာ၊ နည်းပညာပေါင်းစုံနဲ့ ဆန်းစစ်လေ့လာပြီးမှကျမ်းရှင်နဲ့ဖန်ဆင်းရှင်ဟာ အနှိုင်းမဲ့`တစ်´ဖြစ်ကြောင်း ၀န်ခံ ထောက်ခံစေပါတယ်။ တစ်နည်းပြောရရင် ဥာဏ်ကို စာတွေ့ လက်တွေ့ စေစား ပွားများစေတာဖြစ်ပါတယ်။အဲဒီလိုဆန်းစစ်လေ့လာပြီး ယုံကြည်လက်ခံတယ်ဆိုရင် ကုရ်အာန်ကျမ်းစာဟာ အဲဒီယုံကြည်လက်ခံလာသူ (မွတ်စလင်မ်) အတွက်အမှားနဲ့ အမှန်ခွဲခြားတဲ့ မှတ်ကျောက် (ဖုရ်ကာန်အဖြစ် ခံယူကျင့်သုံးရမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် အဲဒီကုရ်အာန်နဲ့ ဆန့်ကျင်တာမှန်သမျှ ယုံကြည်ခြင်း၊ ခံယူကျင့်သုံးခြင်း လုံးဝ ပြုပိုင်ခွင့် မရှိတော့ပါဘူး။ ဒါကြောင့် ကုရ်အာန်ဆိုတာ အစ္စလာမ့်ဘ၀ တည်ဆောက်မှုလည်းစဉ်အတွက် အစ္စလာမ့် တရားဥပဒေရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ (ကုရ်အာန် ၂း၁၈၅ ၊ ၅း၄၄ ၊ ၁၃း၃၇)

    ကုရ်အာန်ဆိုတဲ့ကျမ်းစကုရ်အာန်ဆိုတဲ့ကျမ်းစာအမည်

    ကမ္ဘာ့ဘာသာရေး ကျမ်းစာအချို့ရဲ့ အမည်တွေဟာ သက်ဆိုင်ရာကျမ်းစာထမှဲာ မပါဘဲ လူတွေကအမည်ပေးမှည့်ခေါ်တာကို တွေ့ရပါလိမ့်မယ်။ ဥပမာ-သမ္မာကျမ်း (Bible) ဆိုတဲ့အမည်ဟာ သမ္မာကျမ်းထဲမှာ မပါပါဘူး။လူတွေက အမည်ပေး ခေါ်ဝေါ်နေခြင်းသာဖြစ်ပါတယ်။
    `ကုရ်အာန်´ ဆိုတဲ့ကျမ်းရဲ့အမည်ဟာ ကုရ်အာန် ကျမ်းစာထဲမှာအတိအလင်း ဖေါ်ပြထားတာကိုတွေ့ရပါလိမ့်မယ်။ ဥပမာ-(ကုရ်အာန် ၂း၁၈၅ ၊ ၁၂း၂ ၊ ၅၄း၁၇) တွေမှာ ဖေါ်ပြထားပါတယ်။`ကုရ်အာန်’ ဆိုတဲ့ အရဗီဝေါဟာရရဲ့ အဓိပ္ပါယ်ကတော့ `ရေွး ချယ်စုစည်းခြင်း၊ အဖန်တလဲလရွဲတ်ဖတ် ခြင်း´ဆိုပြီးရပါတယ်။ ဆိုလိုတာကတော့ ကုရ်အာန်ကျမ်းစာထဲမှာ ကမ္ဘာ့ရှေးကျမ်းအသီးသီးရဲ့ အနှစ်သာရတွေ ကိုရွေးချယ်စုစည်း ဖော်ပြထားတဲ့အပြင် ရှင်ပြန်ထမြောက်ရမယ့် နေ့တိုင် ကြုံတွေ့ရမယ့် ရေးရာကိစ္စတွေ အတွက်ပြီးပြည့်စုံတဲ့ လမ်းညွှန်တွေကို စုစည်းထားတဲ့ နောက်ဆုံးလမ်းညွှန် ကျမ်းဖြစ်တဲ့အတွက် လူသားတွေအနေနဲ့ ဘ၀လမ်းညွှန်အဖြစ် အဖန်တလဲလဲ ဖတ်ရွတ်လေ့လာနေရမယ့် ကျမ်းဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

    ကုရ်အာန်ကျမ်းစာတစ်အုပ်တည်းသာ မူရင်းအတိုင်းသန့်စင်စွာရှိနေခြင်း၏အံ့ဖွယ်

    ကုရ်အာန်ကျမ်းစာ မတိုင်မီကရရှိခဲ့တဲ့ ကမ္ဘာ့ဘာသာရေးကျမ်းစာအသီးသီးဟာ ဒီနေ့ဆိုရင်ကမ္ဘာပေါ်မှာ မူရင်းအတိုင်း မရှိကြတော့ပါဘူး။ တစ်ချို့ဆိုရင် မူရင်းဘာသာစကားနဲ့တောင် မရှိကြတော့ဘဲ တစ်ချို့ဆိုရင် လုံးဝ ပျောက်ကွယ်သွားပြီဖြစ်တဲ့အတွက် အဲဒီမူရင်းအတိုင်း မဟုတ်တော့တဲ့ကျမ်းကိုကိုင်ပြီး အကြွင်းမဲ့ပြီးပြည့်စုံတဲ့ သစ္စာတရားကို လေ့လာရှာဖွေဖို့ အလွန်ခက်ခဲနေပြီ ဖြစ်ပါတယ်။ ဖွင့်ဆိုတဲ့နေရာမှာ ကွဲလွဲချက်တွေ အမြောက်အများ ပေါ်လာမှာဖြစ်ပါတယ်။ဒါပေမဲ့ ကုရ်အာန်ရဲ့ ထူးခြားချက်ကတော့ အခုဆိုရင် ကမ္ဘာပေါ်မှာ နှစ်ပေါင်း(၁၄၀၀) ကျော်ပြီဖြစ်ပေမဲ့မူရင်းအရဗီဘာသာစာပေနဲ့ မူရင်းအတိုင်း ၏သည် မရွေး ရှိနေခြင်းပဲဖြစ်ပါတယ်။

    ဘယ်နိုင်ငံက ဘယ်လူမျိုးပဲ ဖတ်ဖတ်၊အသံထွက်ဟာ အတူတူပဲဖြစ်ပါတယ်။ တစ်နိုင်ငံမှာအသံထွက်တစ်မျိုး ကွဲလွဲချက်မရှိတာကို နိုင်ငံ ပေါင်းစုံက ပါဝင်တဲ့ကမ္ဘာ့ကုရ်အာန်ကျမ်းစာ ဖတ်ရွတ်ပြိုင်ပွဲတွေမှာ ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလို မူရင်းအတိုင်း သန့်စင်စွာရှိနေရတဲ့အကြောင်းကတော့–

    ၁။ တမန်တော်ချုပ်မုဟမ္မဒ်(ဆွ)ဟာ နောက်ဆုံးနဗီတမန်တော်ချုပ်ဖြစ်ပြီး သူ့နောက်မှာနောက်ထပ်နဗီတမန်တော်အသစ်ပေါ်ထွန်းစရာမရှိတော့ခြင်း၊ ကုရ်အာန်ကျမ်းစာဟာ အလ္လာဟ့်ထံက နောက်ဆုံးလမ်းညွှန်ဖြစ်ပြီးနောက်ထပ်လမ်းညွှန်လာစရာမရှိတော့ခြင်းတို့ကြောင့် ကျမ်းရှင် အလ္လာဟ်ကိုယ်တိုင်က ကုရ်အာန်ကျမ်းစာကိုယိုယွင်းပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ထားတယ်လို့ အာမခံထားတဲ့အတွက် ဖြစ်ပါတယ်။ (ကုရ်အာန် ၁၅း၉)

    ၂။ ဒီအပြင်မွတ်စလင်မ်တွေအနေနဲ့ ကုရ်အာန်ကျမ်းစာကိုလက်တွေ့ထိန်းသိမ်းခြင်းနဲ့ ကာကွယ်စောင့်ရှောက် ခြင်းနည်းစနစ်သမိုင်းကို ကြည့်ရင် တမန်တော်ချုပ်မုဟမ္မဒ်(صلى اله عليه وسلم) ဆီကို ကုရ်အာန်ကျမ်းစာရဲ့ လမ်းညွှန်ချက်တွေကျရောက်လာတိုင်း တမန်တော်မြတ်(صلى اله عليه وسلم)ရဲ့ ကြီးကြပ်မှုနဲ့ စာဖြင့် ရေးသားမှတ်တမ်းတင်ခြင်းအပြင် လူအများကအလွတ်ကျက်မှတ်ပြီး စိတ်နှလုံးမှာ မှတ်တမ်းတင်ခြင်းကို တစ်ပြိုင်တည်း ပြုခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒီ့အပြင်မွတ်စလင်မ်တွေဟာ ကုရ်အာန်ကျမ်းစာရဲ့ အစိတ်အပိုင်းတွေကို မိမိတို့ရဲ့ နေ့စဉ်(၅)ကြိမ်ဆွလားသ် ၀တ်ပြုမှုမှာ နေ့စဉ်ဖတ်ရွတ် ဆင်ခြင်ခြင်း၊ ဟာဖိဇ်ွခေါ် ကုရ်အာန်ကျမ်းစာကို အစအဆုံး အလွတ်ကျက်မှတ် အာဂုံဆောင် သူများကမ္ဘာနဲ့အ၀ှမ်း နှစ်စဉ်မွေးထုတ်ပေးနေခြင်းနဲ့ မွတ်စလင်မ် ကျားမမရွေး အမြဲလိုလို ကုရ်အာန်ကို ရွတ်ဖတ်နေခြင်းတို့ကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

    ကမ္ဘာ့ရှေးကျမ်းစာအသီးသီးကို ဒီလို ပီပီပြင်ပြင် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ဒီနေ့ဆိုရင် ကမ္ဘာပေါ်မှာ ကုရ်အာန်ကျမ်းစာကို ကမ္ဘာ့ဘာသာစကား အသီးသီးနဲ့ ဘာသာပြန်ဆိုထားပြီးဖြစ်ပါတယ်။ ဘာသာပြန်ဆိုသူတွေရဲ့ အရည်အသွေးအလိုက် အယူအဆ ကွဲလွဲချက်အချို့ ရှိနေပေမယ့် ဒီကွဲလွဲချက်တွေကို မှတ်ကျောက်တင် ဆန်းစစ်နိုင်ဖို့ အရဗီစာပေနဲ့ မူရင်းကုရ်အာန် ရှိနေခြင်းဟာ အစ္စလာမ်ရဲ့ ထူးခြားချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။

    ကုရ်အာန်၏အရဗီဘာသာစာပေ၏အံ့ဖွယ်

    ကမ္ဘာပေါ်မှာ အရဗီစကား ပြောတဲ့နိုင်ငံများစွာရှိနေပြိး ဒေသအလိုက် အနည်းငယ် ကွဲပြားမှုရှိနေပေမယ့်ကုရ်အာန်ကျမ်းစာမှာ သုံးထားတဲ့ အရဗီစာပေကတော့ အားလုံးအတွက် စံနမူနာပြဲဖစ်ပါတယ်။ ဒီ့အပြင် အရဗီဘသာစကားဟာ မပြောပလောက်တဲ့ လူအနည်းငယ်သာ သုံးစွဲနေတဲ့ ဘာသာစကားအသေ (Dead Language)မျိုးလဲမဟုတ်ဘဲနဲ့ ကမ္ဘာ့လူအများစုသုံးစွဲနေတဲ့ ရှင်သန်နေတဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်များသာမကဘဲ မွတ်စလင်မ်မဟုတ်သူများပါ သုံးစွဲနေပြီး အခုဆိုရင် ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်ကြီးမှာအာရဗီစာပေဌာန သီးခြားထားရှိနေပြီ ဖြစ်ပါတယ်။

    ဒါတင်မ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ရုံးသုံးဘာသာစကား (၆) မျိုးအနက် အရဗီဟာ တစ်မျိုးအပါအ၀င်ဖြစ်နေပါပြီ။ဒီ့အပြင် ဒီနေ့ကမ္ဘာရဲ့ သိပ္ပံပညာနဲ့ နိုင်ငံရေးနယ်ပယ်အသီးသီးမှာ စာပေဝေါဟာရတွေကျယ်ပြန့်လာ ချိန်မှာအရဗီစာပေဟာ ခေတ်၊ စနစ်၊ အသိပညာရဲ့ လိုအပ်ချက်တွေကို အဆင့်မြင့်စာပေတစ်ရပ်အနေနဲ့ ဖြည့်ဆည်းပေးနေတယ်ဆိုတာ တွေ့ရှိလာခဲ့ပါတယ်။ ဥပမာ- ကမ္ဘာ့မွတ်စလင်မ်အဖွဲ့ချုပ် (ရာဗိသွဟ်) ကနေပြီး ဒီနေ့ ကမ္ဘာ့သိပ္ပံပညာရပ်အသီးသီးရဲ့ ကမ္ဘာကျော်ပါရဂူ (၁၄) ဦးကို နိုင်ငံအသီးသီးက ခေတ်ခေါ်ပြီး အရဗီကုရ်အာန်ကျမ်း မူရင်းနဲ့တမန်တော်မုဟမ္မဒ်သခင်(صلى الله عليه وسلم) သြ၀ါဒမှတ်တမ်းထဲက သက်ဆိုင်ရာ သိပ္ပံ၊ ၀ိဇ္ဇာ နည်းပညာဘာသာ ရပ်အလိုက်အချက်အလက်တွေကို ထုတ်ပေးပြီး လက်တွေ့ နောက်ဆုံးပေါ် ပညာတွေနဲ့ စမ်းသပ် စစ်ဆေးစေခဲ့တဲ့အခါသုတေသနအဆုံးမှာ ကမ္ဘာ့ပါရဂူအားလုံးက အရဗီကုရ်အာန်ကျမ်းနဲ့ တမန်တော်ရဲ့ သြ၀ါဒ မှတ်တမ်းတွေကိုခေတ်ရှေ့ပြေးနေတဲ့ အံ့ဖွယ်အဖြစ် ချီးကျူး ဂုဏ်ပြု ကြေငြာခဲ့ကြရပါတယ်။ သူတို့တွေရဲ့ ကုရ်အာန်အပေါ် သုတေသနနဲ့တွေ့ရှိချက်များကို This Is The Truth (သည်မှာသစ္စာတရားတည်း) ဆိုတဲ့စာအုပ်နဲ့ ဗွီဒိယို၊ ဗီစီဒီခွေများအဖြစ် ကမ္ဘာကိုဖြန့်ချိနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီပါရဂူ(၁၄) ဦးထဲမှာ(၁) ဦးကလွဲလို့ ကျန်သူတွေဟာ မွတ်စလင်မ်တွေမဟုတ်ကြပါဘူး။ အဲဒီအထဲက ယိုးဒယားက ပါမောက္ခ တာဂါစုမ်ကတော့ အစ္စလာမ်ကို လက်ခံလိုက်ကြောင်းကြေငြာသွားခဲပါတယ်။

    ကုရ်အာန်ကျမ်းစာဖွဲ့စည်းပုံ (မက္ကဟ်နှင့်မဒီနဟ်စူရဟ်)

    ကုရ်အာန်ကျမ်းစာဟာ မုဟမ္မဒ်သခင်(صلى الله عليه وسلم) သက်တော်(၄၀) ပြည့်တဲ့အခါ အာရေဗျဒေသ၊ မက္ကာဟ်မြို့ပြင်မှာရှိတဲ့ ဟီရာ လို့ခေါ်တဲ့ သုတေသန လှိုဏ်ဂူမှာ တရားဆင်ခြင်နေစဉ် အနိုင်းမဲ့ ကိုးကွယ်ရာ မြတ်အလ္လာဟ်ကကောင်းကင်တမန် ဂျီဗရာအီလ်ကနေတစ်ဆင့် စတင် ထုတ်ပြန်ပို့ချခဲ့တာပါ။ အရဗီပြက္ခဒိန်အရတော့ ရမဒွန်လထဲမှာဖြစ်ပါတယ်။ ပညာရှင်အများစုကတော့ (၂၇) နေ့ညလို့ မှတ်တမ်းတင်ထား ကြပါတယ်။ အဲဒီလို ကုရ်အာန် စတင်ထုတ်ပြန်ပို့ချတဲ့ ညကို ကဒရ်ညဥ့်(၀ါ) တိုင်းတာသတ်မှတ်တဲ့ညဥ့်လို့ အလ္လာဟ်က ဂုဏ်ပြုဖော်ပြ ထားပါတယ်။ (ကုရ်အာန်၉၆း၁-၆)။ ဆိုလိုတာက လူတစ်ဦးချင်းဖြစ်စေ၊ လူအဖွဲ့ အစည်းဖြစ်စေ သူတို့ရဲ့ အောင်မြင်မှုနဲ့ ဆုံးရှုံးမှုကံကြမ္မာကိုကုရ်အာန်ရဲ့လမ်းညွှန်ချက်နဲ့ တိုင်းတာသတ်မှတ် လိုက်လို့ဖြစ်ပါတယ်။ ဘယ်သူမဆို အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်ကို သက်ဝင်ယုံကြည်ပြီး ကုရ်အာန်ရဲ့ လမ်းညွှန်အတိုင်း ကျင့်သုံးနေထိုင်ရင် လောကီဘ၀ရော၊မတလွန်ဘ၀မှာပါ အောင်မြင်ငြိမ်းချမ်းမှု ရရှိမှာဖြစ်ပြီး ဘယ်သူမဆို အလ္လာဟ်ကိုငြင်းပယ်မယ်၊ ကုရ်အာန်ရဲ့လမ်းညွှန်ချက်တွေကို ဆန့်ကျင်နေထိုင်မယ်ဆိုရင် လောကီနဲ့ တမလွန် နှစ်ဘ၀စလုံး ဆုံးရှုံး နစ်နာမှာဖြစ်ပါတယ်။

    အဲဒီလို ကုရ်အာန် စတင်ထုတ်ပြန်ခြင်းနဲ့အတူ မုဟမ္မဒ်သခင်(صلى الله عليه وسلم)ကိုလည်း နဗီတမန်တော် တာဝန်ကို စတင်ပေးအပ်ခဲ့ပါတယ်။ တမန်တော်မြတ်ရဲ့ မက္ကာဟ်မြို့(၁၃)နှစ်တာ တမန်တော်သက်တမ်း ကိုကြည့်ရင်ဖန်ဆင်းတာလည်းအလ္လာဟ်၊ ထိန်းသိမ်း စောင့်ရှောက် နေတာလည်း အလ္လာဟ်၊ တရားစီရင် စစ်ဆေးမှာလည်းအလ္လာဟ်ဆိုတဲ့ အလ္လာဟ်တစ်ပါးတည်းသာ အနှိုင်းမဲ့ကိုးကွယ်ရာဆိုတဲ့ (သောင်ဟီးဒ်)တရားကို ဟောကြားရတဲ့ အခါအလ္လာဟ်ကိုငြင်းသူတွေ၊ အလ္လာဟ်ကိုလက်ခံပေမယ့် အခြားတစ်စုံတစ်ရာ(နတ်)တွေနဲ့ နှိုင်းယှဉ်ကိုးကွယ် သူတွေကအပြင်းအထန် ဆန့်ကျင်မှုတွေ ခံခဲ့ရတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မက္ကာဟ်ကာလ ကုရ်အာန်အာယသ်လမ်းညွှန်တွေကိုကြည့်ရင် ယုံကြည်ချက် သန့်စင်ဖွံ့ဖြိုးရေး (Purity of Faith) ကိုဦးစားပေးထားတာကို တွေ့ရပါတယ်။ဖိနှိပ်ညှင်းပန်းမှုတွေ ရှိနေတဲ့အတွက် ကျင့်စဉ်ခန်းတွေ များစွာမတွေ့ရပါဘူး။ ဒါပေမယ့် မဒီနဟ်ကာလ(၁၀)နှစ်ကိုကြည့်ရင်တော့ အစ္စလာမ့်နိုင်ငံတော် လွတ်လပ်စွာထူထောင်နိုင်ပြီး ဖြစ်တဲ့အတွက် ပညာရေး၊ စီးပွားရေး၊ကျန်းမာရေး၊ စစ်နဲ့ငြိမ်းချမ်းရေး၊ လူမှုရေး၊ ပြန်ကြားရေး၊ ဘာသာခြားနဲ့ ဆက်ဆံရေး၊ အုပ်ချုပ်ရေးစတဲ့ လမ်းညွှန်ဥပဒေတွေ၊ရုပ်နဲ့ စိတ်ဝိညာဉ် သန့်စင်ဖွံ့ဖြိုးရေးအတွက် ၀တ်ပြုတည်ဆောက်မှုဆိုင်ရာ ကျင့်စဉ်တွေစတဲ့ အစ္စလာမ့် တရားဥပဒေရေးရာတွေနဲ့ ပတ်သက်တဲ့ ကုရ်အာန်အာယသ်များစွာကို တွေ့ရမှာဖြစ်ပါတယ်။ ကုရ်အာန်ထဲမှာ ရုပ်နဲ့နာမ်၊ တစ်ဦးနဲ့အများ၊လောကီနဲ့ တမလွန် အားလုံးအတွက် ပြီးပြည့်စုံတဲ့ လမ်းညွှန် အားလုံးပါဝင်နေပါတယ်။

    တမန်တော်မြတ်(صلى الله عليه وسلم)ဟာ မဒီနဟ်ရောက်ပြီး(၈) နှစ်မြောက် (ဟစ်ဂျရီ-၈ခုနှစ်) မှာ မက္ကဟ်မြို့ကို ငြိမ်းချမ်းစွာအောင်နိုင်ပြီး မဒီနဟ်မြို့မှာပဲ စံမြန်း နေခဲ့ပါတယ်။ ဟစ်ဂျရီ(၁၀) ခုနှစ်မှာ နောက်ဆုံးဟဂ်ျ ကျင့်စဉ်ပြုပြီး (တမန်တော်မြတ်နောက်ဆုံး ဟဂ်ျပြုနေစဉ်မှာပဲ ကုရ်အာန်ရဲ့ နောက်ဆုံးအာယသ် (၅း၃) ကျရောက်ခဲ့ပါတယ်) နောက်အလ္လာဟ့်ကရုဏာတော် ခံယူကာ အလ္လာဟ်ထံ ပြန်ကြွသွားတော်မူခဲ့ပါတယ်။တမန်တော်မြတ်(صلى الله عليه وسلم)ရှိစဉ်ကတည်းက ကုရ်အာန်ကို ချက်ခြင်း စာဖြင့်မှတ်တမ်းတင်ခြင်း၊ အာဂုံဆောင်ကျက်မှတ်ခြင်းတို့နဲ့ မှတ်တမ်းတင်ခဲ့ ကြတဲ့အတွက် တမန်တော်မြတ်(صلى الله عليه وسلم)) မကွယ်လွန်ခင် ကတည်းက ကုရ်အာန်ကျမ်းမြတ် အစအဆုံးကို မှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အလ္လာဟ်က ကုရ်အာန်ကို တမန်တော်မြတ် ခေတ်လူတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ အချိန်နဲ့အားလျော်စွာ ကုရ်အာန်အာယသ်တွေကို ချပေးခဲ့ပေမယ့် ပြီးပြည့်စုံသွားတဲ့အခါကျတော့ အဲဒီအစီအစဉ်အတိုင်းမဟုတ်တော့ဘဲ ခေတ်တိုင်းအတွက် လမ်းညွှန်ဥပဒေအဖြစ် အသုံး ချနိုင်ဖို့လက်ရှိ အစီအစဉ်အတိုင်း တမန်တော်မြတ်(صلى الله عليه وسلم)) ကိုစီစဉ် စေခဲ့ပါတယ် ဒီ့အပြင် ကျပြီးသလောက် အာယသ်တွေကိုနှစ်စဉ်တမန်တော်မြတ်(صلى الله عليه وسلم)က ရမဒွါန်လရောက်ရင်` လက်ရှိအစီအစဉ်အတိုင်း ရွတ်ဖတ်ပြရပါတယ်။

    ဒါကြောင့်ကုရ်အာန်ကျမ်းစာမှာ စူရဟ်ခေါ် ကဏ္ဍပေါင်း(၁၁၄) ပုဒ်ပါဝင်ပြီး ကဏ္ဍတစ်ခုချင်းစီကို အာယသ်လို့ခေါ်တဲ့လမ်းညွှန်/သက်သေလက္ခဏာ စာကြောင်းများနဲ့ ဖွဲ့စည်းထားပါတယ်။ စူရဟ်ခေါ် ကဏ္ဍတစ်ခုချင်းဟာ အတိုအရှည်မတူကြပါဘူး။ ဥပမာ- အရှည်ဆုံးစူရဟ် အမှတ်-(၂)ဟာ အာယသ်လမ်းညွှန်ပေါင်း(၂၈၆) ပါဝင်ပြီး အတို ဆုံးစူရဟ်ကဏ္ဍအမှတ်(၁၀၈)မှာ အာယသ်လမ်းညွှန်ပေါင်း(၃) ကြောင်းသာပါဝင်ပါတယ်။

    ကုရ်အာန်အပေါ်သံသယရှိသူများကိုဖိတ်ခေါ်ချက်

    ဖန်ဆင်းရှင် အလ္လာဟ်ကိုယ်တိုင် ကုရ်အာန်နဲ့ ပတ်သက်ပြီး သံသယရှိသူများကို အခုလို လမ်းညွှန် ဖိတ် ခေါ်ထားပါတယ်။“ထို့အပြင် အကယ်၍ အသင်တို့သည် ငါ(အလ္လာဟ်) အရှင်မြတ် ထုတ်ပြန်ပို့ချတော်မူခဲ့သောအရာ (ကုရ်အာန်)နှင့်စပ်လျဉ်း၍ ယုံမှားသံသယရှိခဲ့ကြပါလျှင် အသင်တို့သည် ယင်း(ကုရ်အာန်)နှင့် အလားတူ စူရဟ်ကဏ္ဍတစ်ပုဒ်ကိုယူဆောင်လာကြကုန်လော့။

    ထို့အပြင် အသင်တို့သည် မှန်သောစကားကိုဆိုသူများဖြစ်ခြဲ့ကပါလျှင် (ယင်းသို့ယှဉ်ပြိုင်ကြရာတွင်) အလ္လာဟ်အရှင်မြတ်မှအပ အခြားယိုင်းပင်းကူညီမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။သို့သော်အသင်တို့သည် (ကုရ်အာန်ကျမ်းမြတ်နှင့်ယှဉ်ပြိုင်ခြင်းကို အတိတ်ကာလတွင်လည်း) မလုပ်နိုင်ခဲ့ကြ၊(မျက်မှောက်ကာလတွင်လည်း) လုပ်နိုင်ကြသည်လည်းမဟုတ်၊ (နောင်အနာဂတ်တွင်လည်း) အလျှင်း လုပ်နိုင်ကြဦးမည်မဟုတ်ချေ၊ သို့ဖြစ်ပေရာ အသင်တို့သည် ငရဲမီးကို အသိထားကြလော့။ ယင်း၏ လောင်စာမှာ လူများနှင့် ကျောက်တုံးများဖြစ်ကြပေမည်။ အမှန်တရားကို ငြင်းပယ်ကြသူတို့အတွက် အသင့်ပြင် ထားပြီးဖြစ်ချေသည်” (ကုရ်အာန် ၂း၂၃-၂၄)အခုကမ္ဘာပေါ်မှာ အရဗ်နိုင်ငံတွေထဲမှာ မွတ်စလင်မ်မဟုတ်တဲ့ အရဗ်များစွာရှိနေကြပါတယ်။

    ဒီ့အပြင် ကမ္ဘာလူမျိုးအသီးသီးမှာ မွတ်စလင်မ်မဟုတ်ပေမယ့် အရဗီကျွမ်းကျင်သူ များစွာလည်း ရှိနေပါတယ်။ ဂျူးတွေဆို ရင်လည်းအရဗီအလွန် ကျွမ်းကျင်သူတွေရှိကြပါတယ်။ အနောက်တိုင်းတက္ကသိုလ်ကြီးတွေ၊ ရုရှားနိုင်ငံရဲ့မော်စကိုတက္ကသိုလ်တွေမှာ အရဗီလေ့လာရေးဌာနကြီးတွေလည်း သီးခြားဖွင့်ထားပါတယ်။ ဒါပေမဲ့ ကုရ်အာန်ကျမ်းစာရဲ့အခုဖော်ပြခဲ့တဲ့စိန်ခေါ်ချက်ကို တုန့်ပြန်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိတဲ့အပြင် ကုရ်အာန်ကိုလေ့လာလိုက်ကြတဲ့သူတွေဟာ အမှန်တရားကိုသိမြင်ပြီး အစ္စလာမ်ဘာသာဝင်တွေဖြစ်လာခြဲ့ကလို့ အခုဆိုရင် အစ္စလာမ်ဟာကမ္ဘာပေါ်မှာအမြန်ဆုံးပြန့်ပွားနေတဲ့ သာသနာလို့တောင် Jehovah Witness က ဖေါ်ညွှန်းနေပါ တယ်။

    အစ္စလာမ်ကို ရန်လိုနေကြတဲ့သူတွေအနေနဲ့ အစ္စလာမ်နဲ့ တမန်တော်မြတ်(صلى الله عليه وسلم)ကို မဟုတ်မမှန် လုပ်ကြံပြောဆိုရေးသားနေကြမယ့်အစား စာကြောင်း(၃)ကြောင်းလောက် ကုရ်အာန်န့ယှဲဉ်ပြီး ရေးပြနိုင်ရင် ပိုပြီးထိရောက်မှာပါ။ဒါပေမယ့် အလ္လာဟ်က ကတိပေးထားပြီးဖြစ်ပါတယ်။ (ကုရ်အာန် ၂း၂၄၊ ၁၅း၉) ဒီအပြင်ကုရ်အာန် ရဲ့ အလင်းရောင်ဟာကမ္ဘာကို လွှမ်းသွားမယ်လို့လည်း ဆိုထားပါတယ်။ အမှန်တရားမှာ အင်အားရှိပြီးသားဖြစ်ပါတယ်။ညီနောင်၊ ညီအစ်မများအနေနဲ့ ကျွန်တော်မကြာသေးခင်ကတင်ပြခဲ့တဲ့ “ကုရ်အာန်အပေါ်ထားရှိရမယ့်မွတ်စလင်မ်တို့၏တာဝန်များ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဤခေါင်းစဉ်ကို ယှဉ်တွဲလေ့လာပြီး ကုရ်အာန်ကို အပြည့်အ၀ ယုံကြည်ပါ။

    သဂ်ျဝီးဒ်ပညာနဲ့ စနစ်တကျ ရွတ်ဖတ်ပါ။ အဓိပ္ပါယ် နားလည်အောင် ကြိုးစားပါ။ လက်တွေ့လိုက်နာ ကျင့်သုံးပါ။အခြားသူများ သိအောင်လည်း ကုရ်အာန်ရဲ့ အသိပညာတွေကို ကာယ၊ ဥာဏ၊ ဓနနဲ့ ၀ိုင်းဝန်းကူညီ ဖြန့်ကြပါလို့တိုက်တွန်းရင်း အလ္လာဟ်က(၄) ကြိမ်မေးထားတဲ့ ဒီမေးခွန်းကို ဘ၀မှာ မသေခင်ဖြေဖို့ တိုက်တွန်း လိုက်ပါတယ်။“မုချဧကန် ငါအရှင်မြတ်သည် ကုရ်အာန်ကို ကျက်မှတ်တရားရယူရန်အတွက် လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ်တရားရယူသူတစ်ဦးတစ်ယောက်ရှိပါ၏လော”။ (ကုရ်အာန် ၅၄း၁၇၊ ၅၄း၂၂၊ ၅၄း၃၂၊ ၅၄း၄၀)

    အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

  • အမိမြေ ပူလောင်တာ ရခိုင်တွေကြောင့်လား?

     L. နေတောင်

     

    ဆောင်းပါးမစခင် ကြိုပြောစရာရှိတာတွေကို ကြိုပြီးတော့ပြောထားချင်တယ်။ ဒီဆောင်းပါကို နာမည်ကြီးမြန်မာသတင်းဌာန ၂ ခု စီ အရင်ပို့ ပေမဲ့ ပါမလာတဲ့အတွက် M-Media ကိုပို့ ပါ တယ်။ နယ်စပ်က ကျနော့်အတွေ့ အကြုံအပေါ်အခြေခံပြီး ရခိုင်-ရိုဟင်ဂျာအရေး တင်ပြချင်ပါတယ်။

    နောက်တခုက အမျိုးသမီးတဦး မတရားကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံရတယ်ဆိုတော့ ကျနော်က လက်ရှိ ကချင်ပြည်မှာ အမျိုးသမီးတွေ ဒီလိုပြုကျင့်ခံနေရတာနဲ့ ဆက် တွေးပြီး အတော် ကိုယ်ချင်းစာပါတယ်။ ဒေါသလည်းဖြစ်မိတယ်။ သတင်းတွေကို သေချာဖတ်ကြည့်လိုက် တော့ အစ္စလာမ်ဘာသာတွေက ခုလိုလုပ်တယ်ဆိုပြီးရေးထားတော့ ကျနော် ချက်ချင်းတွေးမိတယ်။ ဒါသွေးရိုးသားရိုးဟုတ်ပါ့မလား။ ပြသနာတွေများ ဆက်ဖြစ်လာတော့မလားပေါ့လေ။

    ရခိုင်ပြည်မှာဖြစ်တယ်ဆိုတာရယ် ကျနော်တို့  တိုင်းရင်းသားညီအစ်ကိုလည်းဖြစ်တဲ့ ရခိုင်သတင်း ဌာနတခုက ဒီကိစ္စကို လူမျိုးရေးဘာသာရေးစကားလုံးတွေနဲ့  တသီကြီးဖော်ပြထားထာတွေ့ လိုက်တော့  ဒါဆို ရင်တော့မဟုတ်တော့ဘူး၊ တခုခုတော့ဖြစ်တော့မှာ သေချာတယ်ပေါ့။ သိပ်မကြာပါဘူး။ ခရီးသွား အစ္စလာမ် ၁၀ ယောက် အသတ်ခံလိုက်ရတယ်ဆိုပြီး မြန်မာတနိုင်ငံလုံး ရိုက်ခတ်သွားတယ်။

    ဒီကိစ္စကို ကျနော်ဘယ်လိုမြင်လဲဆိုရင် ရခိုင်တွေဟာ ရိုဟင်ဂျာမုန်းတာနဲ့ တတိုင်းပြည်လုံးကို အပူအပင်တွေ ပြဿနာတွေ တင်ပို့ နေတယ်လို့ မြင်တယ်။ ထင်ရာပြောတာမဟုတ်ပါဘူးခင်ဗျာ၊ အတွေ့ အကြုံတွေအရ မြင်ရာကိုပြောတာပါ။ ဆိုလိုတာက ဒီလိုပါ။

    ကျနော် နယ်စပ်မှာ အကြာကြီးနေဖူးပါတယ်။ တိုင်းရင်းသားလူငယ်ကိစ္စတွေအများကြီးသွား ဖူးတယ်။ ကျနော်ဘ၀င်မကျတာတခုက ဘာလဲဆိုရင် ရခိုင်တွေဟာ အ မျိုးသားရေးစိတ်ဓာတ် အရမ်းပြင်းထန်တယ်ဗျာ။ တိုင်းပြည်ချစ်စိတ်ထက် ကိုယ့်လူမျိုးရေးတခုတည်းကို အရမ်းရှေ့ တန်းတင်တယ်။ တနိုင်ငံလုံးအတွက် ခြုံပြီး ရိုးရိုးသားသားဝေဖန်တာပါ။ ကျနော်တို့  အစည်းအဝေးတွေလုပ်မယ်ဆိုရင် ရခိုင်တွေက ရိုဟင်ဂျာဆိုတဲ့ စကား ၁ ခွန်းလေးတောင်ပေး မပြောဘူး။ မတော်လို့  အဲ့ဒီစကားလုံးထွက်သွားရင်တောင် ကျနော်တို့ အပြောခံရတော့တာပါပဲ။ ကျနော်တို့ က ဒါဆိုရင် ဘယ်လိုခေါ်ရမလဲဆိုတော့ ဘင်္ဂလီကုလားလို့ ပဲခေါ်တဲ့။ ကုလားဆိုတာ နှိမ်ချပြီးခေါ်မှန်းသိရက်နဲ့ ရခိုင်တွေနဲ့ ဆက်ဆံရေး မပျက်ချင်တော့ အဲ့ဒီလိုပဲလိုက်ခေါ်ကြရတယ်။ လူ့ အခွင့်အရေးဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲ ဝေါ့ရှော့ ကြီးတွေသွားပြီး ရိုဟင်ဂျာဆိုတဲ့ လူတွေခံနေရတာကို မသိကျိုးကျွံပြုကြရတယ်။ ရခိုင်အကြိုက်လိုက်ပြီး ခွဲခြားဆက်ဆံကြရတယ်။

    အစည်းအဝေးမဟုတ်ဘဲ အင်ဖော်မာစကားပြောပွဲလုပ်တာတို့  အလုပ်သင်တန်း ဝေါ့ရှော့တို့ လုပ်လို့  ရိုဟင်ဂျာ လူငယ်တယောက်ယောက်ကိုဖိတ်မိရင်တောင် ရိုဟင်ဂျာကိုထွက်ခိုင်းရင်ထွက် မထွက်ခိုင်းရင် ကျနော်တို့  ကျမတို့ ထွက်မယ်ဆိုပြီး ထွက်သွားကြတယ်။ တခါတလေ အီးမေးပို့ လို့   ရိုဟင်ဂျာ တစ်ယောက်လောက် ပါသွားရင်တောင် သူတို့ ကိုပို့ ရကောင်းလားဆိုပြီး ပြသနာရှာခံရတယ်။

    ကျနော်တို့ က ရိုဟင်ဂျာကို တိုင်းရင်းသားဖြစ်တယ်လို့  ပြောနေတာမဟုတ်ပါဘူး။ ခုနက အလုပ်ရုံဆွေးနွေးပွဲဆိုတာ လည်း တိုင်းရင်းသားဖြစ်ရေး မဖြစ်ရေး မဟုတ်ပါဘူး။ မြန်မာပြည်မှာ တရုတ်တို့ ဘာတို့  သံယံဇာတထုတ်တဲ့ကိစ္စတို့ ၊ ဒုက္ခသည်အခွင့်အရေး၊ အခြေခံလူ့ အခွင့်အရေးတို့ နဲ့ ဆိုင်တဲ့ကိစ္စတို့ ပါ။ ဒုက္ခသည်အရေး စုပေါင်းလုပ်တဲ့နေရာမှာ ရိုဟင်ဂျာဒုက္ခသည်ကိစ္စအတွက် ရိုဟင်ဂျာကို မဆက်သွယ်ရင် ဘယ်သူ့ ကိုဆက်သွယ်ရမလဲခင်ဗျာ။ ကျနော်တို့ လည်း မသွားနိုင်၊ ဘာမှလည်းလုပ်မပေးတတ်။  ဘင်္ဂလားမှာရှိတဲ့ ဒုက္ခသည်ကိစ္စ ရိုဟင်ဂျာကို မခေါ်ရင် ကျနော်တို့  ဘယ်လိုလုပ်ကြမလဲ။

    ဒီလိုကိစ္စတွေမှာတောင် လုံးဝဆက်ဆက်ထိမခံဘဲ။ လူဆိုတဲ့ အခွင့်အရေးလေးတော့ နဲနဲလေးစဉ်းစားသင့်တယ်လို့  ပြောတော့ ဒါဆိုရင် ရိုဟင်ဂျာတွေကို ခင်ဗျားတို့  ပြည်နယ်မှာ ခေါ်ထားပါလားဆိုပြီးတမျိုး၊ အဲ့ဒီကိစ္စဟာ ရခိုင်ပြည်ကိစ္စဖြစ်လို့  ခင်ဗျားတို့  ၀င်မပြောနဲ့ ဆိုပြီးတခါပြောတယ်။

    ဒီလိုဆိုရင် ကျနော်ပြောချင်တယ်ဗျာ။ ရခိုင်-ရိုဟင်ဂျာအရေးက ရခိုင်ပြည်ကိစ္စချည်းဆို ခုဘာဖြစ်လို့ ရခိုင်ပြသနာကို တနိုင်ငံလုံးဆီထိ တင်ပို့ ရတာလဲ။ ရခိုင်ပြည်မှာသတ်တဲ့ကိစ္စ မြန်မာပြည်တခုလုံးပူပန်ရပြီ။ ရခိုင်တွေက ရိုဟင်ဂျာမုန်းတယ်ဆိုပြီး ဘာသာရေးတခုလုံးကို ခြုံပြောတာတွေ၊ ကုလားကုလားဆိုပြီး ခြုံငုံပြောဆိုတာတွေ အမြဲကြားနေရတော့ စိတ်မကောင်းဘူးဗျာ။

    နောက်တခုက — ရခိုင်တွေဟာ ရိုဟင်ဂျာကိုချည်းမဟုတ်၊ ဗမာတွေကိုလည်း အရမ်းမုန်းတယ်။ အစည်းအဝေးတိုင်းမှာ မဟာဗမာလူမျိုးကြီးဝါဒဆိုပြီး ဗမာတွေ ကိုလည်း အကောင်းတစက်မှမမြင်ဘူး။

    တခါက ဘန်ကောက်က ချူလာလောင်ကုန်းတက္ကသိုလ်မှာ ကလေးစစ်သားကိစ္စ နိုင်ငံတကာအစည်းအဝေးလုပ်တော့ အဲ့ဒီမှာလည်း ဗမာတွေ ရခိုင့်နိုင် ငံတော်ကိုဖျက်ဆီးခဲ့တဲ့အကြောင်း၊ ဗမာတွေမကောင်းကြောင်း စကားလုံးကြမ်းကြမ်းတွေနဲ့  ကတုန်ကယင်ထပြောတော့ ကျနော်တို့ တွေ တော်တော် မျက်နှာပူရတယ်။ ဘယ်သွားသွား ဒီလိုကြုံရတော့ မျက်နှာအရမ်းပူရတယ်။ အဲ့လိုမဖြစ်အောင်အကြံပေးတိုင်း ခင်ဗျားနဲ့  ဗမာအမျိုးတော်လားဆိုပြီးတခါ၊ ဒူးမနာသားဆိုပြီးတမျိုး အပြောခံရသေးတယ်။ နောက်ပိုင်းဆို အစည်းအဝေးတွေသွားရင် ကျနော် ဘယ်တိုင်းရင်းသားဖြစ်တယ်ဆိုပြီး ရခိုင်မဟုတ်မှန်း အ စည်းအဝေးတက်သမားတွေသိအောင် ထုတ်ပြောရတဲ့အဆင့်ထိဖြစ်လာတယ်။ တခြားအများကြီးရှိသေးတယ်။ နယ်စပ်မှာ တိုင်းရင်းသား ကိစ္စလှုပ်ရှား နေတဲ့လူ တိုင်းသိပါတယ်။ ကျနော်တို့  ခေါင်းဆောင်တွေကလည်း ကိုယ့်အထုပ်ကိုယ်မရှင်းနိုင်တာတမျိုး၊ ရခိုင်က အုပ်စုတောင့်တော့ သူတို့ နဲ့  ပြသနာမဖြစ်ချင်တာနဲ့  နှုတ် ပိတ်နေရတယ်။

    ဗမာတွေ ကျနော်တို့  တိုင်းရင်းသားတွေကို နှိပ်စက်တာ မှန်ပါတယ်။ ဒါပေမဲ့ ပြောတာဆိုတာမှာ သူ့ နေရာနဲ့ သူပေါ့ဗျာ။ ဗမာစစ်တပ်မကောင်းတိုင်း ဗမာတခုလုံးကို သိမ်းကြုံးပြောနေတာလည်း မဟုတ်သေးဘူး။ ဗမာစစ်တပ်လို့  ပြောပြောနေတဲ့ စစ်တပ်မှာတောင် ချင်းတွေ၊ ရခိုင်တွေ၊ ရှမ်းတွေ၊ ရှိသေးတာပဲ။ မြန်မာပြည်အရှေ့  ပိုင်း တိုင်းရင်းသားဒေသတွေမှာ မုဒိန်းမှုတွေကျူးလွန်တဲ့ထဲမှာ ရခိုင်တပ်တွေ တော်တော်ဆိုးတယ်။ အရင်တုန်းက စစ်တပ်အချင်းချင်းပို့ တဲ့ ကြေးနန်းသတင်းတွေ ခနခနဖတ်ရတယ်။ သတင်းတွေမှာ မုဒိန်းမှုဖြစ်ပြီဆိုရင် ခနနေ ရခိုင်တပ်၊ ခုနေ ရခိုင်တပ်။ ခနခနကြားနေရတာပဲ။ ဆိုလိုတာက မကောင်းဘူးဆိုတဲ့ စစ်တပ်တောင်မှ ဗမာ ဗမာ ခြုံပြောလို့  မရဘူးလို့ ပြောတာပါ။ နောက်ပြီးတော့ ရခိုင်တွေလည်း မုဒိန်းမှုကျူးလွန်တယ်ဆိုတာ ပြောချင်တယ်။ ဒါအမှန်တရားပါပဲ။ မယုံရင် စောင့်ကြည့်ပါ၊ အမှန်တရားကို ထုတ်ဖော်ပြောလို့ ရတဲ့တနေ့ ကြရင် ဒါတွေပေါ်လာပါမယ်။

    နောက်တခုကျနော်ပြောချင်တာက ဘာသာရေး။ ရခိုင်အများစုက ဗုဒ္ဓဘာသာဖြစ်တော့ ရခိုင်အမျိုးသားရေးဝါဒက ဗုဒ္ဓဘာသာမပါရင်မပြီးဘူးဖြစ်နေတယ်။ ရိုဟင်ဂျာကိစ္စပြောရင် ရိုဟင်ဂျာချည်းပြသနာမဟုတ်တော့ဘူး၊ ဗုဒ္ဓဘာသာကို လွမ်းမိုးတော့မှာမလို့ ဆိုပြီး အစ္စလာမ်ဘာသာကိုပါတိုက်တော့တယ်။

    ဗုဒ္ဓဘာသာကိုကိုင်ပြီးပြောလာဆိုလာတော့ ဗမာအများစု ဗုဒ္ဓဘာသာတွေလည်း ဗုဒ္ဓဘာသာကာကွယ်ရေးတို့ ၊ မြန်မာပြည်ဟာ ဗုဒ္ဓဘာသာတိုင်း ပြည်ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာတတိုင်းပြည်လုံး စည်ပင်ထွန်းကားရေးဆိုပြီး ဗုဒ္ဓဘာသာကို ပရိုမုတ်လုပ်ကြရော။ ဒီနေရာမှာ ကြားထဲက ခံရတာက ဗုဒ္ဓဘာသာမဟုတ်တဲ့ ကျနော်တို့  တိုင်းရင်းသားတွေပါ။ ဗုဒ္ဓဘာသာအကြောင်းပြပြီး ခရစ်ယာန်ဘုရားကျောင်းတွေကို ဖျက်ဆီးတယ်၊ တရားဟောဆရာတွေကိုဖမ်းတယ်၊ နှိပ်စက်တယ်။ ချင်းပြည်နဲ့  ကချင်ပြည်မှာ ဒီလိုတွေ အများကြီး အများကြီး။ ကရင်ပြည်မှာတော့ ပြောမနေတော့နဲ့ပေါ့ဗျာ။ ကချင်ပြည်နယ်မှာ ချရှ်ကိုသိမ်းပြီး စစ်စခန်းဆောက်လိုက်တယ်ဗျာ။ လက်ဝါးကပ်တိုင်တွေ မမြင်ချင်ဘူးဆိုလို့  ကျနော်တို့  ပြည်သူတွေကိုယ်တိုင်ပဲ ကိုယ့်စရိတ်နဲ့ ကိုယ် သွား ဖြုတ်ပေးခဲ့ရတယ်။ ရခိုင်တွေကြောင့် ကျနော်တို့ လည်း ထိခိုက်နေတယ်။

    Photo: Mandalay Gazette

    အခုနောက်ဆုံး လူ ၁၀ ယောက်သတ်မှုကိုလည်း ကြည့်ကြည့်ပါ။ အသတ်ခံရတဲ့လူတွေရဲ့ ဓာတ်ပုံတွေ့ ရတယ်ဗျာ။ မသေမချင်းရိုက်သတ်ထားတာ ခေါင်း တွေဟာပေါက်ပြဲထွက်ပြီး ရစရာမရှိလောက်အောင် ရိုက်ထားတယ်။ ရခိုင် ညီအကိုတွေကိုပြောချင်ပါတယ်ဗျာ – လူသတ်မှုမှာ ဂုဏ်ယူစရာဆိုတာမရှိ ပါဘူးလို့ ။ လူမျိုးရေး ဘာသာရေး အစွန်းရောက်မှုမှာ ဂုဏ်ယူစရာ ဆင်နွဲစရာမရှိပါဘူးလို့ ။ ခုလိုဖြစ်တော့ ရခိုင်အားလုံးရဲ့  သိက္ခာပိုပြီးတော့ ကျဆင်းသွားပြီ။

    ဒါဘာကြောင့်ဖြစ်ရတာလဲ။ ရိုဟင်ဂျာမုန်းတာတော့ ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ ရိုဟင်ဂျာမုန်း တယ်ဆိုပြီး အင်တာနက်ပေါ်မှာ ဆဲနေဆိုနေတဲ့ စကားလုံးတွေကို သတိထားကြည့်ပါ။ တကယ့် မင်းမဲ့စရိုက်ဆန်ဆန်ပါပဲ။ အပြင်မှာလည်းဒီလိုပါပဲ။

    ရခိုင်တွေက သူ့ လူမျိုးအတွက်ဆိုပြီး လူမျိုးရေးဝါဒတွေကြီးထွားပြီး မဆင်မခြင် တတိုင်းပြည် လုံးကလူတွေကို ရိုဟင်ဂျာမုန်းတီးရေးတင်မက ခုနောက် ဆုံး အစ္စလာမ်ဘာသာဝင်တွေကိုပါ ရန်ရှာတဲ့အထိဖြစ်လာပြီ။ ရိုဟင်ဂျာကို ရန်ရှာတုန်းက ပြသနာက သေးသေးလေးပေမဲ့ အစ္စလာမ်တခုလုံးကို ရန်ရှာရင် ဒါ တတိုင်းပြည်လုံးမှာရှိတဲ့ အစ္စလာမ်ဘာသာတွေကို ရန်သွားရှာလို့ တနိုင်ငံလုံးအတိုင်းအတာဖြစ်သွားပြီ။ ရိုဟင်ဂျာကို အကြောင်းပြပြီး တတိုင်းပြည်လုံးကို အပူလှိုင်းတွေတိုက်ပေးသလိုဖြစ်နေပြီ။ ကျနော်တို့ တိုင်းရင်းသားလူငယ်အတွေကလည်း မချစ်သော်လည်း အောင့်ကာနမ်းဆိုသလိုသာ ရခိုင်တွေကို ဆက်ဆံနေရတာ။ ခုလိုမျိုးထိဖြစ်လာတော့ အောင့်နမ်းရမှာတောင် စိတ်ထဲမကောင်းလှဘူးဗျာ။ သိသိနဲ့  ပါးစပ်ပိတ်ထားရတာ၊ ချိုးဖောက်ခံနေရတာ သိသိနဲ့ မျက် ကွယ်ပြုနေရတော့ လူ့ အခွင့်အရေးဆိုတာပြောဖို့  လိပ်ပြာမလုံတာကြာပြီ။

    ဒီနေရာမှာ ကျနော့်အနေနဲ့  ကျနော့် တိုင်းရင်းသား ညီအကိုမောင်နှမတွေကို တခုပြောချင်ပါတယ်။ ရခိုင်လူသတ်မှုကို သင်ခန်းစာယူပါ။ ရခိုင်တွေကို နိုင်ငံတကာက အရင်တုန်းက အမျိုးသားရေးဝါဒပျင်းထန်သမားတွေလို့ ပဲသိတယ်။ ဗမာတွေကို ကျနော်တို့  မဟာဗဟာလူမျိုးကြီးဝါဒီဆိုပြီး စွပ်စွဲသလို ရခိုင်တွေကိုလည်း နိုင်ငံတကာက လူမျိုးကြီးသမားတွေလို့ ပဲသိတယ်။ ခုတော့ racist (လူမျိုးရေးခွဲခြားတဲ့လူတွေ) လို့ တင်မက  ဒါမှမဟုတ် ခုလို လူသတ်မှုတွေပါဖြစ်တော့ အစွန်းရောက် အကြမ်းဖက်သမားတွေလို့  သတ်မှတ်ကြတော့မှာ။

    ပြီးခဲ့တဲ့ ၂ နှစ် လောက်ကတည်းက အင်တာနက်မှာ လူမျိုးရေးတိုက်ခိုက်တာတွေ ဘာသာရေး တိုက်ခိုက်တာတွေ တွေ့ ရတော့ နဲနဲစိတ်မကောင်းဖြစ်မိတယ်။ ပိုပြီး စိတ်မကောင်းဖြစ်လာရတာတော့ ကျနော်တို့  တိုင်းရင်းသားလူငယ်လေးတွေကပါ သူများနားယောင်ပြီး ဒေါသတွေဖြစ်ပြ၊ မူစလင်တွေကို လိုက်ဆဲကြနဲ့ မြင်ရတော့ လူငယ်တွေခမြာ သူတို့ ရဲ့  တိုင်းပြည်ချစ်စိတ်ကို အလွဲသုံးစားလုပ်ခံနေရပါလားပေါ့။

    ကျနော် ရိုဟင်ဂျာဖက်လိုက်ပြီးပြောတာမဟုတ်ပါ။ ခုဖြစ်တဲ့ရခိုင် ရိုဟင်ဂျာကိစ္စမှာ ရခိုင်ပြည်သူတွေလည်းနာပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေ အတိုင်းအဆမဲ့  ပိုနာတယ်၊ လုံခြုံရေးတွေနဲ့ ရခိုင်တွေပေါင်းပြီး အကြီးအကျယ်တိုက်ခိုက်ထားတယ်ဆိုတာတွေ သတင်းတွေ ဓာတ်ပုံတွေ ဗီဒီယိုတွေ အတိအကျရထားတယ်။ ဒါတွေမြင်တော့ ရိုဟင်ဂျာတွေ ဘယ်လောက်ထိခိုက်ပျက်ဆီးသွားတယ်ဆိုတာ ရခိုင်တွေခံရတာထက် အများကြီး အများကြီးဆိုးပါတယ်။

    ဒါကြောင့် တိုင်းရင်းသားတွေရော ဗမာတွေရော ရခိုင်အစွန်းရောက်တစုရဲ့  လူမျိုးရေးဘာသာရေး မှိုင်းမမိပါစနဲ့ လို့  အကြံပေးလိုပါတယ်ဗျာ။ တိုင်းပြည် ငြိမ်းချမ်းဖို့  သွားနေရတဲ့အချိန်မှာ လူတစုရဲ့  မိုက်ကန်းမှုကြောင့် သူခိုးဓားရိုးကမ်းမဖြစ်စေဖို့  လူမျိုးရေး ဘာသာရေး ကိစ္စတွေမှာ ရှောင်ပေးကြပါ။

     

    ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်ဖြစ်သည်။