News @ M-Media

Category: ဆောင်းပါး

  • လ.ဝ.က သွားတောလား

    ကျော်မိုးအောင်

    ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေအကြောင်း ကျယ်ကျယ်လောင်လောင် ပြောဆိုဝေဖန် နေကြသူများရဲ့ (အဆဲအဆိုမပါတဲ့) ဆွေးနွေးချက်တွေဆို သေသေချာချာ အချိန်ပေးပြီးတော့ ဂရုတစိုက် ဖတ်ကြည့်ဖြစ်ပါတယ်။ ကိုယ့်ဘက်သူ့ဘက် နှစ်ဖက်အမြင်ကို မျှမျှတတ သိချင်လို့ပါ။ အဲဒီထဲမှာ အများစု ဝေဖန်လေကန် ထောက်ပြကြတဲ့ အချက်တစ်ချက်က မှတ်ပုံတင် (နိုင်ငံသား စီစစ်ရေး ကဒ်ပြား) ထုတ်ပေးမှုနဲ့လည်း ဆက်စပ်တာ တွေ့ရပါတယ်။

    မကြာခဏဆိုသလို တွေ့ရလေ့ ရှိတာတစ်ခုက ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များသည်လည်း အိန္ဒိယ၊ ပါကစ္စတန် ဘင်္ဂလားဒေ့ရှ်ကနေ မနေ့တစ်နေ့က (အနိမ့်ဆုံးတော့ အင်္ဂလိပ်ခေတ်လောက်ကမှ၊ ဒါမှမဟုတ်ရင် ဘယ်လောက်မှမကြာသေးခင်ကမှ) ခိုးဝင်လာကြတယ်။ အခုချိန်ထိလည်း နယ်စပ်မှာ ခိုးဝင်နေကြဆဲပဲ။ အဲဒီနောက် လဝကမှာ ပိုက်ဆံပေးပြီး မသမာတဲ့နည်းနဲ့ မှတ်ပုံတင် ရအောင် လိမ်ညာယူကြတယ်..ဆိုတဲ့ အမြင်မျိုးပါ။

    ဒီတော့ ကိုယ့်ဟာကိုယ် ပြန်ပြီး မေးခွန်းတစ်ချို့ မေးကြည့်မိပါတယ်။
    ၁။ မှတ်ပုံတင် လက်ဝယ်မရှိသူဆိုရင် နိုင်ငံသား မဟုတ်နိုင်ဘူးလား။
    ၂။ မှတ်ပုံတင်အတွက် အချက်အလက် ပြင်ဆင်ဖြည့်ထားပြီးမှ မှတ်ပုံတင် (သို့) နိုင်ငံသားကဒ် ရထားရင် အဲဒီနိုင်ငံသားသည် နိုင်ငံသားစစ်စစ် ဟုတ်ပါသလား။
    (မှတ်ပုံတင်လို့ပဲ လွယ်လွယ် ပြောလိုက်ရင်လည်း နိုင်ငံသား စီစစ်ရေးကဒ်ကိုပါ ဆိုလိုပါတယ်လို့ နားလည်ပေးပါ။)
    ၃။ မှတ်ပုံတင်အတွက် ပိုက်ဆံပေးရပြီးမှ မှတ်ပုံတင် ရထားရင် အဲဒီနိုင်ငံသားသည် လိမ်လည်ကာ နိုင်ငံသား လျှောက်ထားသူထဲမှာ အကြုံးဝင်နေပြီလား။
    ၄။ မှတ်ပုံတင် မရှိကြတာ ပြည်တွင်းနေမွတ်စလင်မ်တွေတင်မကပါဘူး။ အားလုံးအတွက် ခက်တယ်ဆိုတာကရော ဘယ်လိုလဲ။
    စသည်..စသည်ဖြင့်ပေါ့လေ။ တွေးကြည့်မိတယ်။ ဒီအတွေးကို အခြေခံပြီး တစ်သက်လုံး ဘယ်တော့မှ မေ့ပျောက်သွားမှာ၊ ခံစားချက် ဝေဝါးပေးသွားနိုင်မှာ မဟုတ်တဲ့ လဝကသွားတောလား မှတ်ပုံတင်လျှောက်ထားခြင်း ကိုယ်တွေ့ဇာတ်လမ်းကို အားလုံးကို ဝေမျှချင်ပါတယ်။

    ကျွန်တော့် မိသားစု မျိုးရိုးစဉ်ဆက်ကို အနည်းငယ် နောက်ကြောင်းပြန်ပါရစေ။
    ကျွန်တော့်အဖိုးက မန္တလေး တက္ကသိုလ် အရှေ့တိုင်း (ပါဠိ)ဌာနက ဌာနမှူးပါ။ (ဆရာဦးကို M.A [မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာ(ပါဠိ)ဌာန ဌာနမှူး]   )
    (ဒီပို့စ်ကို တင်ခဲ့တုန်းကတည်းက တစ်ချိန်ချိန်မှာ ခုပြောချင်တဲ့ မှတ်ပုံတင်အကြောင်းမှာ ပြောချင်လို့ပါ။) သူ့တစ်သက်လုံးမှာ ဗမာဆန်ပုံက ဗုဒ္ဓဘာသာ ဗမာလူမျိုးစစ်စစ်တွေထက်တောင် ဗမာစာပေ၊ ပါဠိစာပေမှာ ထူးချွန်တတ်မြောက်သူပါ။ အိမ်မှာ အမြဲတမ်း ရဟန်းသံဃာတော်များ မပြတ် လာရောက်နေခဲ့ကြတာပါ။ ဘုန်းတော်ကြီးများကို အင်္ဂလိပ်စာ သင်ကြားပေး၊ နိုင်ငံခြားသားများကို မြန်မာစာ၊ ပါဠိနဲ့ မြန်မာမှုတွေ သင်ကြားပေးခဲ့သူ၊ တစ်ဖက်ကလည်း ကိုယ့်ဘာသာတရားအတွက် စာပေတွေ ရေးသားခဲ့သူပါ။

    ၁၉၈၇ခုနှစ်က အလ္လာဟ့်အမိန့်တော်ခံ (ကွယ်လွန်)ခဲ့ပါတယ်။ ၁၉၈၇ ဆိုတော့ အမျိုးသား မှတ်ပုံတင်ပဲ ရှိခဲ့စဉ်၊ နိုင်ငံသား စီစစ်ရေးကဒ်ပြား မတိုင်ခင် ခေတ်ကပါ။ ကျန် အဖိုးအဖွားများလည်း မရှေးမနှောင်း ကွယ်လွန်ခဲ့ကြပါတယ်။ အဖွားများကတော့ နိုင်ငံသားကဒ် ထုတ်ပေးပြီး ၉၀ခုနှစ် နောက်ပိုင်းမှာ ဆုံးကြတာပါ။

    ကျွန်တော့် မိဘ နှစ်ပါးစလုံးကလည်း အစိုးရအမှုထမ်း (ယခု အငြိမ်းစား) တွေပါ။

    ၁၉၉၃ခုနှစ် ကျွန်တော် ၁၀နှစ်ပြည့်ပြီးတော့ လဝကမှာ ပထမဆုံး နိုင်ငံသားကဒ် လျှောက်ဖြစ်တော့ ဘိုးစဉ်ဘောင်ဆက် အထက် သုံးဆက်ရဲ့ အမည်၊ ကိုးကွယ်သည့်ဘာသာ၊ လူမျိုး စတာတွေကို ဖြည့်ရပါတယ်။ ကျွန်တော့် ပါပါက သူတို့တွေရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ မွေးရာဒေသ၊ ကွယ်လွန်သေဆုံးသည့်နေ့၊ မြှုပ်နှံရာဒေသ စတာတွေအားလုံးကို စနစ်တကျ စာအုပ်တစ်အုပ်နဲ့ မှတ်တမ်းတင်ထားတာပါ။ အားလုံးဟာ လူမျိုး ဗမာ၊ ကိုးကွယ်သည့်ဘာသာ အစ္စလာမ် အနေနဲ့ တရားဝင် မှတ်တမ်းဝင်ကြသူတွေပါ။ ကျွန်တော့်နိုင်ငံသားကဒ်မှာလည်း လူမျိုးဗမာ၊ ကိုးကွယ်သည့်ဘာသာ အစ္စလာမ်ပါပဲ။

    လဝကရုံးကို နှစ်ကြိမ် မိဘတွေနဲ့ လိုက်သွားဖြစ်ပါတယ်။ တစ်ကြိမ်က လက်ဘွေနှိပ်၊ နောက်တစ်ကြိမ်က ကဒ်ထုတ်။ အဲဒီတုန်းကတည်းက မြေမြိုလို့ လူမျိုးမပြောက်၊ လူမြိုမှ လူမျိုးပျောက်မည်ဆိုတဲ့ ဆိုင်းဘုတ်ကြီး မြင်ဖူးခဲ့ပါရဲ့။

    ၂၀၀၄ခုနှစ်ထဲမှာ ၁၈နှစ်ပြည့်ကဒ် လဲဖို့လုပ်ဖြစ်ပါတယ်။ ၃နှစ် ကျော်လွန်ပြီးမှပါ။ ဒီတစ်ခေါက်တော့ အရင်ကလောက် မလွယ်တော့။ မြို့နယ်ဦးစီးက အစ္စလာမ်ဘာသာဝင်တွေဆို ခရိုင်ဦးစီး ထောက်ခံချက် လိုပါတယ်၊ ခရိုင်ရုံးကို သွားပါဦးတဲ့။ သိပ်တော့ ကိစ္စမရှိ၊ ကျောင်းဆရာမဖြစ်တဲ့ မေမေက ကျောင်းက ခဏခွင့်တောင်းကာ ဖြူစိမ်းဝတ်နှင့်ပင် လိုက်လာပေးပါတယ်။ ကျွန်တော် ဆယ့်ရှစ်နှစ်ပြည့်နှင့် ကျွန်တော့်ညီရဲ့ ဆယ်နှစ်ပြည့် တစ်ခါတည်း ပေါင်းလုပ်ဖြစ်တယ်။ နှစ်ပတ်လောက် အချိန်ပေးလိုက်တော့ ရသွားပါတယ်။ ပုံမှန် ထိုက်သင့်တဲ့ ဂါရဝပြုမှု (ချောဆီ)လေးကတော့ နည်းနည်း ပါတာပေါ့။

    ဇာတ်လမ်းက ခုမှ စမှာပါ။ ၂၀၀၈ခုနှစ်မှာ ကျွန်တော့်ညီ ၁၈နှစ်ပြည့်ပါပြီ။ ဆယ်တန်းလည်း အောင်ပြီးလို့ နိုင်ငံခြား ပညာတော်သင် သွားခွင့်လည်း ရွေးချယ်ခံရပြီ။ နိုင်ငံကူးလက်မှတ် လျှောက်တော့မယ့်အချိန်မှာ ၁၈နှစ်ပြည့်ကဒ် ပြောင်းလဲဖို့လုပ်ပါတယ်။ လဝကရုံးကို သွားရပြန်ပြီပေါ့။

    ပထမဆုံး ဖောင်ဖြည့်တော့မယ့် အချိန်မှာ စာရေးမက အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်ကို ယူကြည့်ပြီးတော့ မွတ်စလင်မ်ဆိုရင် ဗမာလို့ ရေးထားတာ မရပါဘူးတဲ့။ အဲဒီထဲက အားလုံးမှာ အိန္ဒိယဖြစ်စေ၊ ပါကစ္စတန်ဖြစ်စေ၊ ဘင်္ဂါလီဖြစ်စေ အရင် ပေါင်းထဲ့ပြီးမှ ၁၈နှစ်ပြည့်ကဒ် ဆက်လျှောက်လို့ ရမယ်တဲ့။ ဘယ်လိုဖြစ်သွားတာလဲ၊ ဆွေစဉ်မျိုးဆက် ဒီအတိုင်းပဲ ရခဲ့တာလေ။ နိုင်ငံတော်က အစဉ်အဆက် တရားဝင် သတ်မှတ်ပေးထားတဲ့အတိုင်းပဲ … အစရှိသည်ဖြင့် (ရက်စွဲများနှင့်တကွ အလွတ်တောင် ကျက်မှတ်ထားတဲ့) သမိုင်းအထောက်အထားတွေ ပြောတော့လည်း သူ ဒါတွေမသိဘူးတဲ့၊ အရင်က ဘာပေးခဲ့ပေးခဲ့ အခု အထက်က ညွှန်ကြားထားတဲ့အတိုင်း အဲဒါတွေ မထည့်နိုင်ရင် ဘာမှ ဆက်လုပ်ပေးလို့ မရပါဘူးတဲ့။ ကြိုက်တဲ့ဆီ တက်တိုင်၊ တက်မေးလို့လည်း ရပါတယ်တဲ့။

    ဒါနဲ့ပဲ ဘာမှ ဆက်မလုပ်ဘဲ ပြန်လာခဲ့ကြပါတယ်။ ကျွန်တော်တို့ အားကိုးတဲ့ (ဗမာမွတ်စလင်မ်) ဘာသာရေးခေါင်းဆောင်တွေကို လှမ်းမေးကြည့်တော့လည်း ဟုတ်ပါတယ်၊ ခုအဲဒီလို ဖြစ်နေပြီ၊ ဘယ်အထက်က သတ်မှတ်တာမှန်းတော့ သေချာမသိရတဲ့ နှုတ်မိန့်အရ အားလုံး ဒီအတိုင်း ဖြစ်နေပါပြီ၊ Passport လျှောက်ဖို့က အရေးကြီးတယ်၊ ဘာပဲရေးထားရေးထား ကဒ်ရပြီးရော၊ သူတို့စိတ်ကြိုက် ထည့်ပါစေတဲ့။ ဘာမှမတတ်နိုင်တော့၊ လမ်းဆုံးပြီ။

    နောက်ရက် လဝကရုံးသွားတော့ ကျွန်တော်ပါမသွား။ ကျွန်တော့်ညီက သူ့အစီအစဉ်နှင့်သူ သွားပါတယ်။  ကျွန်တော်တို့ကတော့ ဖောင်မှာ အချက်အလက် ပြင်ဖြည့်ရတာကိုလည်း လိမ်ဖြည့်ရတယ်လို့ သတ်မှတ်တဲ့အတွက် အဲဒီအပိုင်းကို (ဘာဖြည့်ရမှန်းလည်း သေချာမသိလို့ပါ) ကွက်လပ်ထားပြီး သွားခိုင်းလိုက်ပါတယ်။ ကြိုက်တာသာဖြည့်ပါစေတော့ပေါ့။ ဒါပေမယ့် စာရေးမက နင်တို့ဟာနင်တို့ ဘယ်ကလာလို့လာမှန်တောင် မသိဘူးလား၊ ကိုယ့်ဟာကိုယ် ဘာကုလားလဲ စဉ်းစား ကိုယ့်အမျိုးကိုယ်ဖြည့်လို့ ပြောပါတယ်တဲ့။ (ညီလေးက တော်တော် စိတ်ဆိုးမာန်ဆိုး ဖြစ်လာပြီး ပြန်ပြောပြတဲ့ စကားပါ။)

                 ဒီလိုနဲ့ပဲပေါ့လေ … သေပြီးသား ဘိုးစဉ်ဘောင်ဆက် အပါအဝင် ၂၀၀၈မှာ ၁၈နှစ်ပြည့်သွားသူ ကျွန်တော့်ညီ၊ ၂၆နှစ်အရွယ် ကျွန်တော်၊ မိဘတွေအားလုံး အိမ်ထောင်စု ဇယားမှာ “အိန္ဒိယဗမာ” အဖြစ် လူမျိုးပြောင်းမင်္ဂလာ ခံယူခဲ့ကြပါတယ်။

    ဒီလောက်နဲ့ ကိစ္စပြီးသွားတယ်ဆိုရင် အခုလို စာဖွဲ့မနေတော့ပါ။ နောက်ဆက်တွဲ ပိုဆိုးတာ ကျန်ပါသေးတယ်။

    သူတို့ပြောတဲ့အတိုင်း အိမ်ထောင်စုဇယားမှာ “အိန္ဒိယဗမာ” လူမျိုး ဖြစ်သွားတော့ နောက်ဇာတ်လမ်းက သွေးနှောတွေအတွက် မှတ်ပုံတင်က မြို့နယ်ရုံးက လုပ်မပေးပါ။ တိုင်းရုံးက အတည်ပြုမှာဆိုတော့ တိုင်းရုံးကိုဆက်ပါတဲ့။
    ထူးခြားတာက တိုင်းရုံးရောက်တော့ အချက်ပေးခြင်းပါ။ မှတ်ပုံတင် လျှောက်ထားဆဲ မရရှိသေးသူများရဲ့ ဖိုင်တွဲတွေ အပုံလိုက်ကို ပြပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက လျှောက်ထားဆဲတွေပါ၊ မပြည့်စုံမှုတွေ အကြောင်းကြောင်းတွေကြောင့် ကျန့်ကြာနေတာတွေပါတဲ့။ အရေးကြီးလားတဲ့။ ဆိုလိုရင်းကို သဘောပေါက်ပါတယ်။ ဟုတ်ကဲ့ပါပေါ့။ သိတတ်ပါ့မယ်ပေါ့။ ဈေးတစ်ခါတည်း ခေါ်ပါတယ်။ ဘယ်၍ဘယ်မျှ တောင်းစရာကို ပြတ်ပြတ်သားသားပဲ ပြောတောင်းပါတယ်။

    ဖြည့်စရာ ဖိုင်တွေမှာ အဖိုးအဖွားတွေရဲ့ ရာဇဝင်ကို ဖြည့်ပြီး တင်ရပါမယ်တဲ့။ ဒါကလည်း အရင်က လုပ်ရိုးလုပ်စဉ် မထူးခြားဖူးဆိုတော့ အရင်အတိုင်းပဲ သူတို့တွေ မွေးရက်၊ မွေးရပ်၊ ကွယ်လွန်ရက်၊ မှတ်ပုံတင်အမှတ် စတာတွေကို ဖြည့်တာပေါ့။ ဒါပေမယ့် ဒီလိုမဟုတ်၊ သူတို့မွေးရာ အရပ်တွေမှာ လဝကရုံးတွေကနေ သူတို့ရဲ့ ဖိုင်တွေ သွားယူပေးရမယ်တဲ့။

    အဖေဘက်က အဖိုးအဖွား မှတ်တမ်းရှိရာ ဧရာဝတီတိုင်းကိုသွား၊ ရအောင်သွားယူ၊ ပြန်လာ။ အချိန်ကုန်၊ ခရီးစရိတ်ကုန်၊ လူပန်းတာကလွဲလို့ အေးအေးဆေးဆေး ပြီးခဲ့ကြပါတယ်။ မန္တလေး ချမ်းအေးသာစံမှာ မွေး၊ တစ်သက်လုံး ဒီမှာပဲ နေခဲ့ပြီး ဒီမှာပဲ ကွယ်လွန်ခဲ့တဲ့ အဖိုးအတွက်ကြမှ လာထစ်ပါတယ်။ သူတို့ ချမ်းအေးသာစံရုံးမှာ အဖိုးရဲ့ (သူတို့အခေါ်) အမှုတွဲ ရုံးမှာ ရှာမတွေ့တော့ပါတဲ့၊ ပြောင်းရွှေ့ရင်း ပျောက်ဆုံး/ပျက်စီး စာရင်းဝင်နေပါတယ်တဲ့။ အဲဒီအတွက် အဖိုးနဲ့ပတ်သက်တဲ့ အထောက်အထား ပြည့်စုံခြင်းမရှိတဲ့အတွက် သုံးခေါက်ချိုးပဲ ပေးနိုင်ပါမယ်တဲ့။

    ဒီတစ်ခုအတွက်တော့ အတော် ပေါက်ကွဲခဲ့ကြပါတယ်။ လုံးဝ မယူနိုင်ပါလို့။ နိုင်ငံသား စစ်စစ်ကြီးတွေရဲ့ သားသမီး၊ မြေးမြစ်က မိသားစုဝင်အားလုံးသာမက သူကိုယ်တိုင်တောင် ၁၀နှစ်တုန်းကအထိ နိုင်ငံသားကဒ်စစ်စစ် ရပါလျက်နဲ့ ဘာကိစ္စ တစ်ဆင့်နိမ့် ပြောင်းရမှာလဲလို့။

    (တစ်ဆင့် ဘယ်လိုနိမ့်သလဲ သေချာမသိပါ၊ ဒါပေမယ့် အဲဒီကဒ်မှာ ရေးထားတာက ပြည်ထောင်စုမြန်မာနိုင်ငံတော် သက်သေခံကဒ်ပြားတဲ့။ ဤလက်မှတ် ကိုင်ဆောင်သူသည် အကယ်စင်စစ် နိုင်ငံသားဖြစ်ကြောင်း သက်သေခံ အလျဉ်း မဖြစ်စေရဆိုတဲ့ မှတ်ချက်ကြီးကတော့ ပါနေတာလေ။ ဒီလိုဆိုတော့ ဘာလို့ ယူဆရမှာလဲ။ နိုင်ငံသားကဒ်နဲ့ ဘာတွေကွာနိုင်သလဲဆိုတော့ အနီးစပ်ဆုံး မန္တလေး Mobile Mother ဖုန်းဆိုင်မှာ ရေးထားတာကတော့ ဖုန်းပိုင်ဆိုင်မှု လျှောက်ထားဖို့ကို သုံးခေါက်ချိုးကဒ် မရပါ၊ နိုင်ငံသားကဒ် ဖြစ်ရပါမယ်တဲ့။ ဒီတော့ နိုင်ငံသား အပြည့်အဝ မဟုတ်ဘူးလို့ ယူဆနိုင်တဲ့ ကဒ်ကြီး အစားထိုးပေးမှာကို လက်မခံနိုင်တာပါ။)

    မှတ်တမ်းမှတ်ရာ ပျောက်ဆုံး ပျက်စီးတာက သူတို့ ရုံးတွင်းကိစ္စ၊ ကျွန်တော်တို့ဘက်က ဒီအဖိုးနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ သူအလုပ်လုပ်ခဲ့တဲ့ ဌာနက မှတ်တမ်းတွေ၊ ဘယ်နေ့မွေး၊ ဘယ်နေ့ကွယ်လွန်၊ မှတ်ပုံတင်အမှတ်ဘာ အားလုံး အတိအကျ ပြောနိုင်ပြီးသား။ ပြဿနာက ညီလေး ကျောင်းတက်ရမယ့်ကာလက နီးသထက်နီးလာပြီ။ Passport ကလည်း လပိုင်းကြာဦးမှာ။ မမှီတော့မှာကိုလည်း အတော် စိုးရိမ်နေကြရပြီ။ သက်ဆိုင်ရာ တက္ကသိုလ် အဖွဲ့အစည်းကိုတောင် Passport အခက်အခဲကြောင့် ကြာနေရကြောင်း အကြောင်းကြားထားရပြီ။ လဝကနဲ့က စကားအချေအတင် ဖြစ်နေရတုန်း။

    ကံကောင်းထောက်မစွာနဲ့ သတင်းကောင်း တစ်ခု ကြားရပါတယ်။ ကျွန်တော်တို့အဒေါ်က အဖိုးရဲ့ မှတ်ပုံတင်ကို ဓာတ်ပုံရိုက် သိမ်းထားတာရှိနေတယ်လေ။ (ဆုံးတာက ၁၉၈၇၊ မိတ္တူကူးစက် မရှိသေးတဲ့အချိန်၊ အတော်ကံကောင်းလို့ ဓာတ်ပုံရိုက်ဖြစ်တာ ရှိထားတာပါ။) အဲဒါနဲ့ တွဲတင်တော့မှ အဆင့်ဆင့် ဆောင်ရွက်အပြီး နောက်ဆုံး သုံးလေးလအကြာမှာ နဂိုမူလအတိုင်း နိုင်ငံသားကဒ် ရပါတယ်။ လူမျိုးကတော့ “အိန္ဒိယဗမာ” အဖြစ်နဲ့ပေါ့။

    ဒါကြောင့် ကျွန်တော်တို့ မိသားစုဟာ ၂၀၀၈ မတိုင်ခင်ထိ အားလုံး ဗမာ၊ အဲဒီနောက် အိမ်ထောင်စုဇယားအရ“အိန္ဒိယ+ဗမာ”၊ မှတ်ပုံတင်များမှာ ဗမာ၊ ကျွန်တော့်ညီတစ်ယောက်ကတော့ မှတ်ပုံတင်မှာလည်း “အိန္ဒိယ+ဗမာ”။
    နောက်ပိုင်း ဖောင်တွေဖြည့်ရလို့ လူမျိုးပါလာရင် ဘာထည့်ရမှန်း မသိပါ။ လူမျိုးက မှတ်ပုံတင်မှာ တစ်မျိုး၊ အိမ်ထောင်စုဇယားမှာ တစ်မျိုးကိုး။

    နောက်တစ်ချက် မှတ်ပုံတင် မရှိခြင်းနဲ့ ပတ်သက်လို့။ ကျွန်တော့် ညီဝမ်းကွဲ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ နိုင်ငံသားကဒ် ရပါတယ်။ အသက် ၂၀ကို အတော်ကြီးကျော်ပြီးတော့မှပါ။ လျှောက်ဖို့ ပြင်ဆင်ရတဲ့ သက်တမ်း ၁၀နှစ်ကျော်ကြာခဲ့ပါတယ်။
    သူ့အဖေ၊ ကျွန်တော့်ဦးလေးက ရန်ကုန် သာကေတမှာ ငယ်စဉ် နေထိုင်ခဲ့စဉ်က မှတ်ပုံတင်ကဒ် ခါးပိုက်အနှိုက်ခံရလို့ ပျောက်ဆုံးထားပြီး ရဲစခန်းက ထုတ်ပေးတဲ့ ပျောက်ဆုံးကြောင်းထောက်ခံစာနဲ့ နှစ်ပေါင်းများစွာ နေခဲ့ရသူပါ။ မှတ်ပုံတင် ပြန်လျှောက်တော့ အရေးအခင်းကာလက ဒေါပုံ လဝကရုံး ပျက်စီးမှု ရှိခဲ့တော့ သူ့မိသားစု မှတ်တမ်းမှတ်ရာ ပျက်စီးစာရင်းမှာ ပါထားတဲ့အတွက် လွယ်လွယ်နဲ့ ပြန်မရလို့ပါ။ သူလည်း နှစ်ပေါင်းများစွာ ပြန်ကြိုးစားမှ မကြာသေးခင်ကမှ နိုင်ကဒ် ပြန်ရသူ၊ ငယ်ငယ်ကနဲ့တော့ လူမျိုးမတူတော့ဘူးပေါ့။ ထုံးစံအတိုင်း အိန္ဒိယဗမာပေါ့။ အဲဒီနောက်မှ သူ့သားက ဆက်လုပ်လို့ရပါတယ်။

    အဲဒီညီက တက္ကသိုလ်မှာကျောင်းပြီးတော့ မှတ်ပုံတင်မရှိလို့ ဘွဲ့လက်မှတ် ထုတ်ခွင့်မရခဲ့သူပါ။ ထဲထဲဝင်ဝင်ရှိသူ မိတ်ဆွေတစ်ချို့ကတော့ ဗမာ၊ ဗုဒ္ဓဘာသာအဖြစ်နဲ့ မှတ်ပုံတင်လျှောက်လိုရင် ဖြစ်နိုင်ကြောင်း၊ လမ်းကြောင်းရှိကြောင်း ပြောကြပါရဲ့၊ ဒါပေမယ့် ဘယ်လိုပုံစံနဲ့မဆို လိမ်ဖို့ကို လိပ်ပြာမလုံလို့ မလုပ်ဖြစ်ခဲ့ကြပါ။ နောက်ဆုံး နှစ်ပေါင်း အတော်ကြာတော့မှ နိုင်ကဒ် ရခဲ့ကြပါတယ်။

    ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တွေထဲမှာလည်း ဒီလိုမျိုး မှတ်ပုံတင်လုပ်ရတဲ့ အခက်အခဲကြောင့် ဗမာ၊ဗုဒ္ဓဘာသာအဖြစ်နဲ့ ပြောင်းသွားကြရသူတွေ ဘယ်လောက်များ ရှိနေနိုင်မလဲ မသိပါ။

    အခုနှစ်ပိုင်းတွေမှာတော့ မှတ်ပုံတင်ကို ရပ်ကွက်တွေ ကျောင်းတွေမှာ ကွင်းဆင်းပြီး လိုက်လုပ်ပေးနေပါတယ်။ စာရွက်စာတမ်းကြေး ဘာမှ မပြောပလောက်တဲ့ ပမာဏလေးပဲ ကုန်ကျမှုရှိတော့တယ်ဆိုတော့ ဝမ်းသာစရာပါ။ လွယ်လွယ်ကူကူနဲ့ မှတ်ပုံတင်ရတာပေါ့။ အလွန်ကောင်းပါတယ်။ ဗမာ ဗုဒ္ဓဘာသာ မိတ်ဆွေတွေရဲ့ သားသမီးများလည်း အခုမှ အိမ်ထောင်စုဇယား ဖြည့်ကြသူတွေ၊ မှတ်ပုံတင် လုပ်ဖြစ်ကြသူတွေ ရှိကြတာ တွေ့မိပါတယ်။

    မနှစ်က နယ်ဘက်က ကျွန်တော့် အမျိုးတွေဆီ အလည်သွားတုန်း အသက် ၁၀နှစ်ကျော်ကျော် တူဝမ်းကွဲတော်သူက ကျောင်းကနေအိမ်ကို မျက်စိမျက်နှာပျက်ပြီး ပြန်လာပါတယ်။ အိမ်လည်းရောက်ရော တုန်ရီပြီး ငိုသံကြီးနဲ့ ပြောပြပါတယ်။ သူ့ကို ဖမ်းကြတော့မယ်ထင်တယ်၊ သူဘာမှလည်း အပြစ်မလုပ်မိဘဲနဲ့တဲ့။ ကျွန်တော်တို့ကလည်း ဘာများဖြစ်လဲ စိုးရိမ်သွားကြတာပေါ့။ မေးကြည့်တော့ ကျောင်းမှာ မှတ်ပုံတင် လိုက်လုပ်ပေးတာ (သူနဲ့ ညီအစ်ကို တစ်ဝမ်းကွဲတော်သူ၊ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ကျွန်တော့်တူတစ်ဦး အပါအဝင်) အတန်းဖော်အားလုံးကို မှတ်ပုံတင် ထုတ်ပေးပေမယ့် အခန်းတွင်းမှာ တစ်ဦးတည်းသောမွတ်စလင်မ်ဖြစ်တဲ့ သူ့အတွက် ဖြည့်ထားတဲ့ဖိုင်မှာ “သံသယ” ဆိုပြီး ရေးသွားတယ်၊ မှတ်ပုံတင်တော့ မရဘူးတဲ့။ ကလေးတစ်ယောက်အတွက်တော့ ခံစားချက်တော်တော်ပြင်းစေတဲ့ အချက်တစ်ချက်ပါ။

    အဲဒီတော့ အပေါ်ဆုံးမှာ စဉ်းစားမိခဲ့တဲ့ အတွေးတွေ မေးခွန်းတွေကို ကိုယ့်ဟာကိုယ် ဖြေကြည့်မိတော့
    ၁။ ကျွန်တော်တို့သည် နိုင်ငံသားကဒ်အတွက် ဖြည့်စွက်ရာတွင် မူလက သိထားတာ မှတ်သားထားခဲ့တာနဲ့မတူဘဲ နောက်ဆုံးအကြိမ်မှာ ပြုပြင် ပြောင်းလဲ ဖြည့်သွင်းကြသူများပါ။
     
    ၂။ မှတ်ပုံတင်ရဖို့ မနည်းလှသော ပိုက်ဆံပမာဏကြီးတစ်ခုကို ပေးပြီး ရယူထားရသူတွေပါ။
    ဒီအတွက် လိမ်လည်ကာ နိုင်ငံသား လျှောက်ထားသူထဲမှာ အကြုံးဝင်နေပြီလား။ စဉ်းစားမိတာပါ။
     
    ၃။ “မှတ်ပုံတင် လက်ဝယ်မရှိသူဆိုရင် နိုင်ငံသား မဟုတ်နိုင်ဘူးလား။” ဆိုတာကလည်း အချက်ပေါင်းများစွာကို ထည့်စဉ်းစာမှ အဖြေမှန်ရမှာပါ။ နိုင်ငံတွင်း (ပြည်မ၊ အလယ်တည့်တည့် ရန်ကုန်၊ မန္တလေးလို မြို့ကြီးများမှာ) နေသူတွေအတွက်တောင် မှတ်ပုံတင် ဒီလောက်ခက်နေရင်၊ နယ်ရောက်နေကြသူများအတွက် ဘယ်လို ဖြစ်မလဲ မစဉ်းစားတတ်ပါ။
     
                 ကျွန်တော့် သားအတွက် စာရွက်စာတမ်းကို ရှမ်းပြည်က ပြန်ယူတော့ မြို့နယ်ရုံးက တစ်နေရာ၊ ခရိုင်ရုံးက တစ်ခြား မြို့ရွာမှာ။ သွားရလာရတာ သီးသန့်နေရာတွေမှာပါ။ ဒီလိုမျိုးတွေအတွက် ဒုက္ခခံ လုပ်ဖို့ အချိန်၊ ငွေကြေး မပေးနိုင်သူတွေအတွက် ဘယ်လောက် ခက်ခဲနေကြပါမလဲ။ နယ်စပ် တံခါးဝနားက သူတွေအတွက်တော့ ဆိုဖွယ်မရှိလို့ မြင်ပါတယ်။
     
    ၄။ အစ္စလာမ်ဘာသာဝင် (လဝက အခေါ် သွေးနှော) မဟုတ်သူများအတွက်ရော ဒီလို အခက်အခဲတွေ ဘယ်လောက် ရှိမလဲ အသေအချာမသိပါ။ သို့သော် လဝက ပြောစကားအရကတော့ သူတို့တွေ ခရိုင်ရုံး၊ တိုင်းရုံး အဆင့်ဆင့် သွားရရန် မလိုအပ်လို့ ယူဆပါတယ်။ တစ်ခေတ် တစ်ချိန်က ပွင့်လင်းမြင်သာမှု မရှိခင် အရင်အခြေအနေမှာ လုပ်ငန်း တွင်ကျယ်ရေး မရှိမဖြစ် ချောဆီကတော့ လက်ဖက်ရည်ဖိုး၊ ရန်ပုံငွေ စတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ လူတိုင်း ပေးကြရတာ ရှိမှာပါ။ အနည်းအများတော့ ကွာနိုင်ပါတယ်။ ဒါပေမယ့် ခုချိန်ခါမှာတော့ ကျန်နိုင်ငံသားများအတွက် အတော်လေး ပိုလွယ်သွားပြီးလို့ ထင်ပါတယ်။ ကျွန်တော်တို့တွေပဲ ကျန်နေသေးတာပါ။

    ဝန်ကြီး ဦးခင်ရီရဲ့ အင်တာဗျုးအဖြေတစ်ခု မနှစ်က ဖတ်လိုက်ရပါတယ်။ သွေးနှောများ မှတ်ပုံတင် လျှောက်ထားတာကိုလည်း အထောက်အထား ပြည့်စုံရင် ထုတ်ပေးနေပါတယ်တဲ့။ ဒါပေမယ့် ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်အများစုဟာ အထောက်အထားအတွက် မျက်ဖြူဆိုက်နေကြရတယ် ဆိုတဲ့ ကျွန်တော်တို့အခက်အခဲကို ဝန်ကြီးမင်းများ သတိပြုမိကြပါရဲ့လား မသိပါ။

    ဒီစာရေးရခြင်းက အပြစ်တင်ချင်လို့ မဟုတ်ပါ။ ကျွန်တော်တို့ ကြုံတွေ့နေရတာတွေ ဒီလိုရှိကြောင်း သိစေချင်လို့ပါ။ မှတ်ပုံတင် မရှိတိုင်း၊ ရှိဖို့အတွက် ပိုက်ဆံပေးရတိုင်း ခိုးဝင်လာသူ၊ နိုင်ငံသား မဖြစ်ထိုက်သူဆိုတာ ဟုတ်အဟုတ် စဉ်းစားစေချင်လို့ပါ။

    ဘာသာရေးအဖွဲ့အစည်းများ၊ ခေါင်းဆောင်များကလည်း ဒီအခက်အခဲကို သက်ဆိုင်သူတို့ထံ အကြိမ်ကြိမ် တင်ပြခဲ့ကြပြီးဆိုတာ သိရ ကြားရ ဖတ်ရပါတယ်။ ထူးခြားတဲ့ အဖြေ မထွက်သေးပါ။

    ဒီမြေမှာမွေး၊ ဒီမြေမှာကြီး၊ ဒီမြေမှာ သေကြရမယ့် ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေကို ငါတို့က ဒီနိုင်ငံသား မဟုတ်ဘူး၊ ဒီနိုင်ငံနဲ့ ငါတို့နဲ့မဆိုင်ဘူဆိုတဲ့စိတ်၊ သိမ်ငယ်စိတ်ဝင်လာအောင် တွန်းပို့ခံရရင် သူတို့အတွက်သာမက တိုင်းပြည်အတွက်လည်း မကောင်းပါ။ ဒီလူတွေမှာ တိုင်းပြည်ချစ်စိတ်၊  နိုင်ငံ့အကျိုး သယ်ပိုးလိုစိတ်တွေ ရှိနေရင် တိုင်းပြည်အတွက် မသေးလှတဲ့ အင်အားတစ်ရပ်ပါ။ တစ်ခေတ်တစ်ချိန်တုန်းကလည်း နိုင်ငံအတွက် အင်အားစု တစ်ရပ်အနေနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ၊ နိုင်ငံတော် တည်ဆောက်ရေးမှာ ပါခဲ့ဖူးကြသူတွေရဲ့ သားမြေးတွေပါ။ လက်ရှိမှာလည်း ပညာတတ်၊ လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ အမြောက်အမြား ရှိနေသေးတဲ့ အစုအဝေးပါ။

    ကျွန်တော်တို့ ဘာဆက်လုပ်ကြရပါမလဲ။

    ကျွန်တော်အရင်ရေးခဲ့ဘူးနဲ့ အောက်က ပိုစ်တွေနဲ့  ယှဉ်ဖတ်ကြရင် ကျွန်တော်ပြောချင်တာကို ပိုနားလည်ပါမယ်။

    1. ကျွန်တော်တို့က ဘာတွေလဲ?
    2. ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး
    3. အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၏ တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆို
  • မမေးလည်းဖြေ(၉)- အကပ္ပိယ အသားများ (သို့) မစားသင့် မစားအပ်သောအသားများ

    ဌေးလွင်ဦး

    ကျွန်ုပ်တို့ အစ္စလာမ်သာသနာဝင်များအနေဖြင့် ၀က်သား မစားသုံးသည့် ကိစ္စသည်လည်း- အဘယ်ကြောင့် မ စားသုံးရသနည်းဟု မကြာခဏ စောကြောခံရသော အကြောင်းအရာတစ်ခု ဖြစ်သည်။ ကျမ္မာရေးရှုဒေါင့်- ဆေး ပညာရှုဒေါင့်မှ မည်သို့ ရှင်းပြစေကာမူ-၊ ဘ၀င်တကျ လက်ခံပေးနိုင်စွမ်း မရှိချေ။ ထိုသို့ ဖြစ်ရခြင်းမှာ သာသနာ ကိုယ်စီမှ ပြဌာန်းထားသော အကပ္ပ
ိယ အသားများ ကို မေ့လျှော့နေခြင်းကြောင့်သာ ဖြစ်သည်။

    သာသနာတိုင်းတွင် ဉာဏ်စဉ်တော်ဆောင် ပုဂ္ဂိုလ်များက နောက်လိုက် ဒကာများအား မစားသင့် မစားအပ်သော အကပ္ပိယ အသား ဟူ၍ တားမြစ်ထားမှုများ ရှိပေသည်။ ထိုအတွက် လူသားများ၏ စောဒကအား ပြန်လည် ဖြေ ကြားထားခြင်း မရှိချေ။ ထိုသာသနာ အား ယုံကြည်လက်ခံသူသည် ထိုသာသနာမှ ပြဌာန်းထားသော အကပ္ပိယ အသားများကို ရှောင်ကြည်ရမည်မှာ ၀တ္ထရား ဖြစ်ပေ သည်။ ထိုသို့ ရှောင်ကြဉ်ခြင်း အတွက် ထိုသာသနာမှ မ ဟုတ်သူ တစ်ဦးအနေဖြင့် ပုတ်ခတ်စော်ကားခြင်း၊ စေဒက တက်ခြင်းမှာ စိတ်ဓါတ်ရေးရာ မရင့်ကျက်သူ၊ မိမိ ဘက်ကို မိမိမကြည့်ဘဲလျှက် သူတစ်ပါးအား အပြစ်တင်စောသူသာ ဖြစ်တော့သည်။ ဤသို့ မဘွယ်မရာသော စိတ်ဓါတ်ရေးရာ အကုသိုလ်များ မသင့်ရစေရန် ကျွန်ုပ်တို့၏ ညီနောက် မြန်မာဗုဒ္ဓဘာသာဝင်တို့အား ပြောပြရ မည်မှာ ကျွန်ုပ်တို့၏  တာဝန်သာ ဖြစ်ပေသည်။

    ဗုဒ္ဓဘာသာဝင်များ အတွက် ကိုယ်တော်ဂေါတမ တားမြစ်ခဲ့သော အသားများမှာ လူ၊ ဆင်၊ မြင်း၊ ကျား၊ ခြင်္သေ့၊ ခွေး၊ သစ်၊ ၀ံ၊ အောင်း၊ မြွေ- အသားတို့ ဖြစ်သည်- (မဟာဝဂ္ဂ ၂၈၀၊ ၂၈၁)။ ထိုအသားများအား မစားရသည့် အ ကြောင်းများကို ပြော ဆိုစဉ်တွင် ယုတ္တိခိုင်မာသော အကြောင်းပြချက်များ မရှိချေ။ ဆင် သား- မြင်းသားကို မစား ရခြင်းမှာ ဆင်၊ မြင်းတို့သည် မင်းတို့၏ အသုံးအဆောင် ဖြစ်ခြင်းကြောင့် မင်းတို့ ငြိုငြင်နိုင်ခြင်းကြောင့် ဟုသာ ဆိုထားပေသည်။ ထိုအဖြေသည်လည်း ယုတ္တိဖြင့်ကြည့်လျှင် အားနည်းလှပေသည်။ အခြားသော အသားများ အတွက်မူ အကြောင်းပြချက် မရှိချေ။ မည်သို့ဆိုစေ- ယုတ္တိရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ- သူတို့ အတွက် အ ကပ္ပိယ အသားများဟု သတ်မှတ်ထားရာ အတွက် ရှောင်ကြဉ်ခြင်းအား ကျွန်ုပ်တို့ အစ္စလာမ် သာသနာဝင် များ မှ စောဒကတက်ခြင်း၊ ပုတ်ခတ်ခြင်း၊ သရော်ခြင်းများ မရှိချေ။

    အစ္စလာမ် သာသနာဝင်များ အတွက် အကပ္ပိယ အသားများ အဖြစ်ပြဌာန်းထားသော ခွာကွဲ၍ စားမြုံမပြန်သော အသား (၀က်သား) ဟူသည် ဗုဒ္ဓဘာသာများ အတွက် ပြဌာန်းထားသော ကျား၊ ခြင်္သေ့၊ ခွေး၊ သစ်၊ ၀ံ တို့၏ အ သားမျိုးနွယ်တွင် ပါဝင်သော အသား ဖြစ်ပေသည်။ အဆိုပါ သတ္တ၀ါများသည်လည်း ခွာကွဲလျှက် စားမြုံမပြန် သော သတ္တ၀ါများ ဖြစ်သည်။

    ဤသို့ ဆိုလျှင် ကိုယ်တော်ဂေါတမ အနေဖြင့် ၀က်သားကို အမည်နာမဖြင့် မတားမြစ်ခဲ့ဟု ဆိုဘွယ်ရှိပြန်သည်။ ထိုအတွက် စောဒကမှာ သက်သတ်လွတ်စားသော ခတ္တိယ မျိုးရိုးမှ ဖြစ်သော ကိုယ်တော် ဂေါတမသည် မစ္ဖျိမ ပဋိပဋာ လမ်းစဉ် အရ အသား၊ ငါး ၀တ္ထုများအား ဘုန်းပေးစားသောက်ရသော်လည်း ၀က်သား စားခဲ့သည်ဟူ သော အထောက်အထားမှာ အငြင်း ပွားဘွယ် ဖြစ်နေပြန်သည်။ အများစုကြီး လက်ခံစွဲကိုင်ထားသော– ကိုယ် တော် ဂေါတမသည် ပန်းတိမ်သည် စုန္ဒ ဆက်ကပ် လှုဒါန်းသည့် ၀က်ပျိုဖြူသားအား ဘုန်းပေးစားသုံး၍ သွေးဝမ်း သွားလျှက် ပရိနိဗ္ဗာန်ပြုခဲ့ရသည်– ဟူသော အထောက် အထားမှာ ရာနှုန်းပြည့် မှန်သည်ဟု မဆိုနိုင်ပေ။ ထို အ ဆိုမှ– ပန်းတိမ်သည် စုန္ဒ လှုဒါန်းသည့် ဆွမ်း (အစာ) ကို အဿီတိ ဟု ဖေါ်ပြ၍၊ ဆရာတော် ရှင်ဥက္ကဌက သူ ၏ ကန်တော့ပန်း စာအုပ်တွင် အဿီတိ ဆိုသည်မှာ မိုးဦးကျရာသီတွင် ပေါက်သော ၀က်နင်းမှို ဟုခေါ်သော မှို တစ်မျိုးဟု ဆိုထားပေသည်။ အလားတူ ရွှေကျင်ဂိုဏ်းကဲ့သို့ အခြားသော ဗုဒ္ဓသာသနာဂိုဏ်များကမူ အဿီတိ ကို မြောက်ဥ ဟု ဆိုပေသည်။ ပါဠိအဘိဓာန်များကို လိုက်ကြည့်လျှင် ၀က် သတ္တ၀ါကို သူကရ (နီပေါဘာသာ ဖြင့် စူကာရ်)၊ အသားကို မံသ (မာ့ဆ်)၊ ထိုနှစ်လုံးပေါင်း၍ ၀က်သားကို သူကရ-မံသ (စူကာရ်မာ့ဆ်) ဟု ခေါ်ပေ သည်။ ထိုသို့ဆိုလျှင် ဆရာတော် ရှင်ဥက္ကဌပြောသော အဿီတိ ဟူသည့် ဝေါဟာရသည် အဘိဓာန်အာဖြင့် ပိုမို နီးစပ်မှု ရှိပေသည်။ အဘိဓာန်တွင် မှိုသိမ် ကို အာသိတာ (နီပေါ ဘာသာဖြင့်- အာဆီးတ်) ဟု ခေါ်ကြောင်း တွေ့ ရ၍ အဿီတိ ဟူသည် အာသိတာ နှင့်သာ နီးစပ်လျှက် သူကရ-မံသ နှင့် ဆက်စပ်မှု အလှမ်းဝေးနေပေသည်။

    မည်သို့ဆိုစေ– ဘာသာတရားတိုင်းတွင် အကပ္ပိယ အသားဟူသည် ပြဌာန်းထားကြောင်း- ထို့အတွက် မိမိ သာ သနာမှ ပြဌာန်း ထားသော အကပ္ပိယ အသားများကို မေ့လျှော့နေလျှက် သူတစ်ပါးဘာသာမှ ပြဌာန်းထားသော အကပ္ပိယ အသားများ အား စောဒက တက်နေခြင်းမှာ မလျှော်ကန်ကြောင်း ကျွန်ုပ်တို့အနေဖြင့် ပြောဆိုရှင်းပြ လျှက် နားလည်မှု တည်ဆောက်ရမည်၊ အပြန်အလှန် လေးစား အသိအမှတ်ပြုပေးရမည်သာ ဖြစ်သည်။
    Dr Zakir Naik ဖြေဆိုထားသော အစ္စလာမ်သာသနာမှ ဝက်သားတားမြစ်မှုအကြောင်းဖတ်လိုလျှင် Click Here

  • ရိုဟင်ဂျာ ပြဿနာ Rohingyar Crisis

    ရိုဟင်ဂျာ ပြဿနာ Rohingyar Crisis

    ငြိမ်းချမ်းအေး
    August 18, 2012

    ရိုဟင်ဂျာ ပြဿနာ အကြပ်အတည်း နှင့် အခြား ဆက်စပ်နေသော အကြောင်းအရာ အခြေအနေများ အပေါ် ကိုယ်ပိုင် အမြင် နဲ့ အကြံပြုချက်များ
    (Personal Views and Recommendations on Rohingyar Crisis and Other Related Matters)
    ဓာတ်ပုံ – ကာတွန်းဆရာကြီး ဦးဖေသိန်း ရဲ့ “’ဒီက ဒို့ဘယ်သွားကြမလဲ” စာအုပ် မှ ယူသည်။ (အီးဘွတ်ခ် ကို Burmese Classic အွန်လိုင်းစာမျက်နှာက ပြန်လည် မျှဝေသည်။)
    နောက်ခံ အခြေအနေ (Background)
    ရိုဟင်ဂျာ ပြဿနာ လို့ ခေါင်းစဉ် တပ်လိုက်တော့ ဒီ စာဖတ်ဖြစ်သူအားလုံး မျက်ခုံးတွေ ပင့်သွားကြမယ်ထင်ပါတယ်။ စာဖတ်သူတွေကို ပထမဦးဆုံး သိစေချင်တာကတော့ စာရေးသူဟာ အရင် စစ်အစိုးရ ခေတ် ကတည်းက ဒီလို အွန်လိုင်းမှာ မိမိ အမြင်တွေ တင်ပြ ဖလှယ်လေ့ရှိပေမယ့် ဘယ်တုန်းကမှ ရိုဟင်ဂျာပြဿနာကို ရှေ့တန်းတင် ဦးတိုက်ပြီး ပြောလေ့ မရှိခဲ့ဖူးဘူး ဆိုတာပါ။ အကြောင်းက စစ်အစိုးရခေတ်တလျှောက်လုံး မှာ လူများစု မြန်မာ အပါအဝင် အခြား လူနည်းစု တိုင်းရင်းသား လူမျိုးစုတွေ၊ လူမျိုးကွဲ/ဘာသာခြား နိုင်ငံသားအားလုံးဟာ ဖိနှိမှု၊ မတရားမှုတွေရဲ့ ဒဏ်ကို စစ်ဖိနပ် အောက်မှာ ပြားပြားဝပ် အားလုံး တန်းတူ ခံစားနေရလို့ အုပ်စု တစုကို အခြေပြုတဲ့ ဘယ်သူ့ အကြောင်းမှ သီးသန့် အလေးထား ပြောဖို့မလို၊ စနစ်ဆိုးအကြောင်းသာ ထောက်ပြဖို့လိုတယ်လို့ ယူဆလို့ဖြစ်ပါတယ်။ လူနည်းစု တိုင်းရင်းသားတွေနဲ့ လူမျိုးကွဲ/ဘာသာခြား တွေ ဟာ နယ်စပ်ဒေသတွေနဲ့ ပဋိပက္ခ နယ်မြေတွေမှာ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ ပို ခံကောင်း ခံ ရတယ်ဆိုနိုင်ပေမယ့် တုန်းအောက်က ဖားချင်း အတူတူချည်းပဲလို့ ယူဆတဲ့ အတွက် ယေဘုယျ သဘောဆောင်တဲ့ အကြောင်းတွေကိုပဲ အရင်တုန်းက ပြောလေ့ ဆွေးနွေးလေ့ရှိခဲ့ပါတယ်။

     

    ခု ခေတ်စနစ် ပြောင်းပြီလို့ ဆိုနိုင်တဲ့ အချိန်ရောက်တော့လည်း ရိုဟင်ဂျာ ပြဿနာကို စပြောဖို့ ဆိုဖို့ စိတ်ကူးမရှိခဲ့ပါ။ အကြောင်းက စာရေးသူ တဦးတည်း သဘော နိုင်ငံရေး ခံယူချက် အမြင် အရ အခြေခံကျကျ ခေတ်ပြောင်းခဲ့တယ်လို့ မယုံကြည်လို့ရယ်၊ အပေါ်ယံ ခေတ်ပြောင်းပြီ ဆိုစေအုံး.. စနစ်ဆိုး၊ အကျင့်ဟောင်းတွေ ပြောင်းဖို့ အုပ်ချုပ်သူ အစိုးရ အပါအဝင် လူတန်းစား အသီးသီး နဲ့ သာမန် ပြည်သူလူထုရဲ့ အတွေးအခေါ် အယူအဆဟောင်းတွေ ပြောင်းဖို့က အချိန်ယူရအုံးမယ်ဆိုတာ နားလည်လို့ရယ်၊ တကယ်လို့ ခု စ ပြောစရာရှိရင် ရိုဟင်ဂျာတွေ နည်းတူ အိမ်နီးချင်း နိုင်ငံတွေ နဲ့ ကမ္ဘာတဝှမ်း မှာ နိုင်ငံမဲ့ ဒုက္ခသည် အနေနဲ့ ရောက်နေတဲ့ အခြား တိုင်းရင်းသားတွေကိစ္စ ဖြေရှင်းဖို့ လိုတဲ့ အကြောင်းသာ အရင်ပြော ဖို့လိုပြီး သူတို့တတွေ အများစု သူတို့ မြေပြန်နင်းခွင့်ရပြီးမှ ရိုဟင်ဂျာ ပြဿနာ ကို ပြောသင့်၊ ဖြေရှင်းသင့်၊ ပြောနိုင်၊ ဖြေရှင်းနိုင်မယ်လို့ စာရေးသူတဦးတည်း အမြင်အရ ယူဆလို့ရယ်ကြောင့် ဖြစ်ပါတယ်။ ဆိုခဲ့တဲ့ အကြောင်းတွေထဲက နောက်ဆုံးအချက်ကို ဖတ်ရတော့ ရိုဟင်ဂျာ တွေ နဲ့ သူတို့ကို စာနာသူ၊ ထောက်ခံသူတွေက ဒီစာရေးသူက ဘက်လိုက်တယ်လို့လည်း မမြင်စေချင်ပါ။ သမိုင်း ဖြစ်စဉ် နဲ့ လက်ရှိ ပကတိ အခြေအနေအရ ရိုဟင်ဂျာ ပြဿနာ က ဖြေရှင်းဖို့ ပို သိမ်မွေ့ ခက်ခဲလို့ ဒီလို ယူဆခဲ့တာ ဖြစ်ပါတယ်။

     

    ဒါပေမယ့် သိပ်မကြာခင်တုန်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်က လူတဦးချင်းသဘောနဲ့ ကျူးလွန်းခဲ့တဲ့ ရာဇဝတ်မှု ကနေဆက်စပ်လို့ နောက်ပိုင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ဆောင်လာပြီး အကြမ်းဖက်မှု၊ သတ်ဖြတ်မှု တွေ ဆက်ဖြစ်ကာ အဓိကရုဏ်း ပုံစံ မတည်ငြိမ်မှုတွေ ဒေသတွင်းမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။

     

    [စကားချပ် – အဲဒီ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကိုလည်း ဖြစ်ခါစမှာ အကြောင်း/အကျိုး ရှာတဲ့ စာရေးသူရဲ့ အမြင်ကို “ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်စရာ” (ညွှန်း-၁) ဆိုပြီ ရေးခဲ့ဖူးပါတယ်။]

     

    ဒီလို အနေအထားနဲ့ အတူ မိမိတို့ ရဲ့ လူ့အဖွဲ့အစည်းမှာ ကိုးကွယ်မှု ဘာသာတူ တိုင်းရင်းသား ရခိုင် တွေကို စာနာသူ၊ ဘင်္ဂါလီ အနွယ် ရိုဟင်ဂျာ တွေ ကို စာနာတဲ့ သူတို့နဲ့ဘာသာတူ ဗမာပြည်ဖွား၊ နိုင်ငံသား ဘာသာကွဲတွေ စတဲ့ ဘက်နှစ်ဘက်စလုံးက လူတွေ၊ ဘက်မလိုက်ဘဲ ဖြစ်စဉ် သတင်း အချက်အလက် အမှန်ကိုသာ ကိုယ်ပိုင် အာဘော် မပါ အတိအကျ အစွဲကင်းကင်း ဖော်ပြပြီး သူကြီး အလုပ်၊ တရားသူကြီး အလုပ် ဝင်မလုပ်ဘဲ နေရမယ့် မီဒီယာတွေ (ပြည်တွင်း/ပြည်ပ/နိုင်ငံပိုင်) နဲ့ ပြဿနာကို အလျင်အမြန် ထင်သာမြင်သာ ရှိရှိ ဖြေရှင်းရမယ့် ဒေသခံ ပြည်နယ် အစိုးရ နဲ့ ပြည်ထောင်စု အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေ၊ ကြားဝင် ဖြေရှင်း စေ့စပ်ဖို့ ကြိုးစားရမယ့် နိုင်ငံရေးပါတီတွေ စတဲ့ အစုအဖွဲ့ အသီးသီးက တုန့်ပြန်ပုံတွေမှားယွင်း၊ အရေးယူပုံတွေ နောက်ကျ၊ သဘောထားတွေ မမှန်ကန်၊ ဘာသာ/လူမျိုး အခြေခံစိတ်တွေ ထား စတဲ့ မမှန်ကန်တဲ့ ဖြေရှင်းမှု နဲ့ သဘောတွေ ကြောင့် လူမျိုးရေး/ဘာသာ ကွဲတွေအကြား အမြင်မကြည်လင်မှု နဲ့ အမုန်းတွေဟာ ဗမာ့ လူ့အဖွဲ့အစည်းထဲကို အရင်ကထက် ပို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရောက်ရှိလို့လာခဲ့ပါတယ်။

     

    ဒီသဘော နဲ့ ဖြစ်စဉ်ဟာ တိုင်းပြည် နယ်နမိတ် ကိုပါ ကျော်ဖြတ်ပြီး နိုင်ငံတကာမှာပါ ထင်ရှားလာခြင်းနဲ့အတူ ပွင့်လင်းမြင်သာမှု မရှိသေးတဲ့ မိမိလူအဖွဲ့အစည်းရဲ့ အားနည်းချက်ကြောင့် သတင်းတွေ၊ ဖြစ်ရပ်တွေဟာ အမျိုးမျိုး ချဲ့ထွင် ပုံဖျက်ခံရကာ စွပ်စွဲမှု အကြီးကြီးတွေ ထိ ဖြစ်လာတဲ့ အတွက် ဒီ ရိုဟင်ဂျာ ပြဿနာ ကို ပြည်တွင်း ပကတိ အခြေအနေ အခြေပြုကာ နိုင်ငံတကာ စံနှုန်းတွေနဲ့လည်း ကိုက်ညီအောင် စဉ်းစား စီစဉ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အားလုံး အလုံးစုံ ဖြေရှင်းနိုင်မှသာ ခု ဒီမိုကရေစီ နိုင်ငံတော်သစ် တခု ပြန်လည် တည်ထောင်မယ်လို့ ကြွေးကြော်နေတဲ့ တိုင်းပြည်ရဲ့ ရှေ့ အနာဂတ် လမ်းမှာ လုပ်ရမယ့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အောင်မြင်အောင် လုပ်နိုင်တော့မယ့် အခြေအနေ ဖြစ်သွားခဲ့ရပါတယ်။

     

    နောက်တခုက မိမိ လူ့အဖွဲ့အစည်းရဲ့ ဖုံးဖုံးဖိဖိ သိုသိုဝှက်ဝှက် လုပ်တတ်တဲ့ အကျင့် နဲ့ ပွင့်လင်းမြင်သာမှုအားနည်းတဲ့ စရိုက် အရိုးစွဲနေမှုသဘောက ချဲ့ကား လုပ်ကြံ ပြောဆိုခံရမှုတွေ နဲ့ အတူ အကျိုးဆက် ရင်ဆိုင်ရလာနိုင်တဲ့ (ခုအချိန်မှာ ခြိမ်းခြောက်မှု အနေနဲ့က စရှိနေပါပြီ) အကြမ်းဖက်ခံရမှု အခြေအနေက နိုင်ငံ ရဲ့ တိုးတက် စည်ပင်သာယာဝပြောရေး နဲ့ နိုင်ငံသား အားလုံး ရဲ့ လုံခြုံရေးကို တကယ် ထိခိုက်နိုင်မယ့် အခြေအနေဖြစ်သွားခဲ့ရပါတယ်။ တိုင်းပြည်ရဲ့ လုံခြုံရေးကိုတာဝန် ယူပေးရတဲ့ သူတွေမှာ ခေတ်မီ ကောင်းမွန် ပြည့်စုံတဲ့ စနစ်၊ နည်းပညာ၊ ကျွမ်းကျင်မှု၊ စနစ်တကျ လေ့ကျင့်ပေးမှု အားနည်းခြင်း နဲ့ အတူ ဘယ်အရာမဆို ပြီးပြီးရော အလွယ် လုပ်တတ်တဲ့ အကျင့်ဟောင်း မပျောက်သေးတဲ့ အခုလို အချိန်မှာ ဒီလို အနေအထားဟာ ခြိမ်းခြောက်မှု သက်သက်ဆိုစေအုံးတော့. အပြစ်မဲ့ပြည်သူလူထုအတွက်၊ တိုင်းပြည် ခေါင်းဆောင်တွေ အတွက် တကယ်ပဲ စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကမှ တကယ် ခု တချို့ ပုဂ္ဂိုလ်များ ရိုဟင်ဂျာ ပြဿနာကို ရှုမြင် သုံးနှုံးနေတဲ့ အမျိုးသား လုံခြုံရေး (National Security) ပြဿနာ အစစ် ဖြစ်ပါတယ်။

     

    ဒီလို နောက်ခံအနေအထားတွေကြောင့် စာရေးသူလည်း ဘယ်လို အသံမျိုး၊ လွှမ်းမိုးအရာရောက်မှုမျိုးမှ ဖြစ်ပေါ်စေနိုင်စွမ်း သူ မဟုတ်တဲ့ သာမန်လေ့လာသူ လူငယ် တယောက်ပေမယ့် ရိုဟင်ဂျာ ပြဿနာ နဲ့ ဆက်စပ်လို့ ဝင်ရောက် ပြောဆိုဆွေးနွေးလိုစိတ် ဖြစ်ပေါ်လာရပါတယ်။ နောက်အကြောင်းတခုက ဆိုခဲ့သလို ဒီပြဿနာကို တခါမှ ဆောင်းပါးရှည် အနေနဲ့ အကျယ်တဝင့် မပြောခဲ့ဖူးဘူးဆိုတာ မှန်ပေမယ့် ဒီ ရခိုင် မတည်ငြိမ်မှု ဖြစ်စဉ် အစကို သုံးသပ်ခဲ့တဲ့ “ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်စရာ” ဆောင်းပါး နောက်မှာ စာရေးသူရဲ့ ရိုဟင်ဂျာ ပြဿနာ အမြင် ကို ကိုယ်ပိုင် လူမှုကွယ်ရက် စာမျက်နှာပေါ်မှာ စာတို အနေနဲ့ တခါ ရေးခဲ့ဖူးပါတယ်။ ရေးခဲ့တဲ့ စာတိုပါ သဘော နဲ့ အခု ဆောင်းပါးမှာ ရေးမယ့် အချက် တွေဟာ အတူတူ ပါပဲ။ အဲဒီတုန်းက ရေးခဲ့တဲ့ စာတို ပါ သဘော ထား အတော်များများ၊ အထူးသဖြင့် နိုင်ငံသား ဥပဒေကို အမှန်အတိုင်း အသုံးချပြီး လက်ရှိ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ရိုဟင်ဂျာတွေထဲက နိုင်ငံသားဖြစ်ထိုက်သူတွေကို နိုင်ငံသား အခွင့်အရေး အပြည့်အဝ ပေးပြီး ဖြေရှင်းမှ ဒီပြဿနာ ကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်ဆိုတဲ့ သဘောကို လက်ခံ နားလည်မှု ရှိလာတဲ့ သဘော လက်ရှိ အစိုးရရဲ့ အကြီးအကဲ နိုင်ငံတော် သမ္မတ ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုလာတဲ့ အခု အချိန်မှာ ဒီအကြောင်းရဲ့ နောက်ခံ အခြေအနေကို နည်းနည်း အသေးစိတ် ဆွေးနွေးတဲ့ ဆောင်းပါး ပုံစံ အသစ် ရေးလိုစိတ် ဖြစ်ပေါ်လာပါတယ်။ အောက်တွင် ဆက်လက် ဖတ်ရူပါ။

     

    ရိုဟင်ဂျာလူမျိုး နာမည် အခေါ်အဝေါ် အငြင်းပွားမှု (Rohingyar: Naming Controversial)
    ရခိုင် နဲ့ မြန်မာ သမိုင်းပညာရှင် တချို့ နဲ့ ရခိုင်၊ မြန်မာ အများစုက ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ် နဲ့ အသုံးအနှုန်း ဟာ လွတ်လပ်တဲ့ ဗမာပြည် ခေတ်ဦး ရောက်မှ နိုင်ငံရေး လိုအပ်ချက်အရ တည်ထွင် ဖန်တီး သုံးစွဲ ခဲ့ကြတယ်လို့ ယူဆနေကြပါတယ်။

     

    နိုင်ငံရေး သဘော မဆောင်ဘဲ ဘာသာဗေဒ သဘောအရ ဒီဝေါဟာရ ဖြစ်ပေါ်လာပုံ ကို ရခိုင်/ မြန်မာ – ရိုဟင်ဂျာ ဘက်နှစ်ဘက်စလုံးလည်း လက်ခံနိုင်မယ့် ရှေးကွင်းဆက် ပြောရမယ်ဆိုရင် (၁၈) ရာစု နှောင်းပိုင်း (၁၇၉၉) ခုနှစ်မှာ အခု အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဒေသ ပတ်ဝန်ကျင် ဗြိတိသျှ-အိန္ဒိယ မှာ အခြေချနေထိုင်ပြီး စစ်တကောင်း ဒေသ နဲ့ ရခိုင် ဒေသတွေကို သွားလာလေ့လာခဲ့တဲ့ အဲ့ခေတ်က ခေတ်ပြိုင် ပုဂ္ဂိုလ် လို့ ဆိုနိုင်တဲ့ စကော့လူမျိုး ဆရာဝန် Dr. Francis Buchanan-Hamilton (1762-1829) ရေးသားခဲ့တဲ့ “မြန်မာ (ဗမာ) လက်နက် အင်ပါယာ နိုင်ငံတော် အတွင်းရှိ ဘာသာစကား အပြော တချို့ရဲ့ ဝေါဟာရ အသုံးများ နှိုင်းယှဉ်လေ့လာချက်“ ဆောင်းပါးမှာ ရခိုင်ဒေသ မှာ နေထိုင်နေတဲ့ မဟာမေဒင် ဘာသာ ကိုးကွယ် တဲ့ ရိုအင်ဂျာ (Rooinga) လူမျိုးတွေရဲ့ စကားကိုလည်း ဒေသသုံး စကား (Dialect) အနေ နဲ့ ထည့်သွင်း မှတ်တမ်း တင်ခဲ့ပါတယ်။ ဒီ အချက်ကိုလည်း ယနေ့ခေတ်ပြိုင် ပြင်သစ် လူမျိုး ရခိုင် သမိုင်း ကျွမ်းကျင်သူ ပညာရှင် Dr. Jacques P. Leider က ဘာသာဗေဒ သဘောအရ ခု တွေ့ရှိ့ရသေးသမျှ ထဲက အစောဆုံး တွေ့ရှိချက် လို့ လက်ခံထားပါတယ်။ သူဟာ ရိုဟင်ဂျာ တွေကို ဌာနေတိုင်းရင်းသား မဟုတ်ဘူးလို့ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ထားသူ တယောက်ဆိုတာလည်း သတိပြုပါ။

     

    ဘာသာဗေဒ စကားလုံး ဝေါဟာရ တွေ ရဲ့ ရင်းမြစ် နဲ့ ဖြစ်ပေါ် ပြောင်းလဲတိုးတက်မှု (Etymology) သဘော အရ (၁၈) ရာစု ထက် ရှေးကျတယ် ဆိုတဲ့ အခြား ကောက်ချက် ဆွဲ သူ ပညာရှင် တွေရဲ့ အမြင်တွေလည်း ရှိပါတယ်။ ဒါပေမယ့် စာရေးသူဟာ ဒီစာကို အငြင်းပွားမှုတွေ ဖြစ်ပေါ်စေဖို့ ရေးတာမဟုတ်ဘဲ ဘက်နှစ်ဘက်စလုံး လက်ခံနိုင်တဲ့ အတိုင်းအတာ ကိုပဲ ဆိုချင်တဲ့ အတွက် အကျယ်ထည့်မရေးခြင်း ဖြစ်ပါတယ်။

     

    ဒီလို နောက်ခံ အခြေအနေ မှာ စာရေးသူ အနေနဲ့ ဘယ်တုန်းကတည်းက ရိုဟင်ဂျာ စကားလုံး ပေါ်ခဲ့တယ်၊ ရိုဟင်ဂျာလို့ ခေါ်ခဲ့တယ်/မခေါ်ခဲ့ဘူး ဆိုတာ မငြင်းဘဲ လူမျိုးတွေရဲ့ မွေးရာပါ လွတ်လပ်စွာ ရွေးချယ်ခွင့် အဘောအရ သူတို့ လူမျိုးတွေ အများစု ကျေနပ်လို့ သူတို့ဘာသာ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲခွင့်ရှိခြင်းကို လက်ခံပါတယ်။ အများကလည်း သူတို့ကို ညွှန်းဆိုရင် သူတို့ခေါ်စေဖို့ သတ်မှတ်ထားတဲ့ နာမည် အတိုင်းပဲ အသုံးပြုရမယ်လို့ ယုံကြည်ပါတယ်။ အခြား လူမျိုး တမျိုးမျိုးရဲ့ နာမည် နဲ့ မတူတဲ့ အခြား သူတို့ ကြိုက်တဲ့ နာမည် အသစ် တခုခုကို သူတို့ လူမျိုး ဆန္ဒအရ ခုမှ ပြောင်းလဲသတ်မှတ်ချင်တယ်ဆိုရင်လည်း ရသေးတယ် လို့ ယူဆပါတယ်။

     

    ရိုဟင်ဂျာဟာ ဗမာနိုင်ငံရဲ့ ဌာနေ တိုင်းရင်းသားလား (Is Rohingyar a Native Ethnic Group of Burma?)
    ဗမာနိုင်ငံသမိုင်းကို အခြေခံ အဆင့် လေ့လာဖူးသူဆိုရင် ရိုဟင်ဂျာ တွေ ဟာ အပြည့်အဝ နိုင်ငံသားတွေအဆင့်သာမက ဌာနေ တိုင်းရင်းသားပါ အသတ်မှတ်ခံခဲ့ရဖူးတယ်ဆိုတယ်ကို သိနိုင်မှာ ဖြစ်ပါတယ်။ အားလုံး လက်လှမ်းမီနိုင်တဲ့ အလွယ်ဆုံး အထောက်အထားပြရရင် စာပေဗိမာန် ၁၉၆၄ ပဌမအကြိမ်ထုတ် မြန်မာ့စွဲစုံကျမ်း အတွဲ (၉)၊ အပိုင်း (က)၊ စာမျက်နှာ (၈၉) ပါ “မေယုနယ်ခြားခရိုင်” ခေါင်းစဉ် အောက်က ရခိုင်ပြည်နယ် မယူတောင်တန်းကို ဗဟိုပြုတဲ့ မယူမြစ် နဲ့ နတ်မြစ်ကြား ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင် မြို့နယ်များမှာ နေထိုင်တဲ့ လူအများစု (၇၅ ရာခိုင်နှုန်း) ရိုဟင်ဂျာ လူမျိုးများ နဲ့ အခြား ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမွီး တိုင်းရင်းသားတွေ အကြောင်းကို ဖတ်ကြည့်ရင် သိနိုင်မှာ ဖြစ်ပါတယ်။

     

    ဒီလို နောက်ခံသမိုင်း နဲ့ အခြေအနေ မှာ ဗမာ့သမိုင်းကို အခြေခံထက်ပို လေ့လာဖူးတယ် တယ်လို့ ဆိုချင်ရင် ရတဲ့ စာရေးသူ အနေနဲ့ ရိုဟင်ဂျာ ဟာ ဗမာနိုင်ငံရဲ့ ဌာနေတိုင်းရင်းသား တွေပါလို ဘယ်တုန်းကမှ မဆိုခဲ့၊ မမြင်ခဲ့၊ မပြောခဲ့သလို အခုဆောင်းပါ အပါအဝင် နောင်လည်း.. ပြောမှာ ရေးမှာ မဟုတ်ပါ။ အကြောင်းက ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်ကြောင်း သတ်မှတ်ခံခဲ့ရမှု ဖြစ်စဉ် နဲ့ အကြောင်း သဘောကို လက်မခံလို့ ဖြစ်ပါတယ်။ ဒီလိုပဲ နောက်ပိုင်း စစ်အစိုးရခေတ် ရောက်မှ နိုင်ငံရေး လိုအပ်ချက် သဘောအရ သတ်မှတ်ခဲ့တဲ့ အခြား တိုင်းရင်းသားဖြစ်မှု တချို့ကိုလည်း အလုံးစုံ သဘော အနေနဲ့ လက်ခံလို့ မရပါ။ ငြင်းလည်း မငြင်းပါ။

     

    သူတို့ တိုင်းရင်းသား ဟုတ်/မဟုတ် စာရေးသူ အနေနဲ့ မပြောဘူး/ မငြင်းဘူးဆိုတာ ဘာကြောင့် ဆိုတာကို နောက်အကြောင်းတခုပြရရင်…
    လူတွေဟာ သမိုင်းမတင်မီ ခေတ်တွေမှာ ကမ္ဘာ အနှံ့ ဆိုသလို ရေကြည်ရာ မြက်နုရာ ရှာဖွေရင်းနဲ့ လှည့်လည်၊ သွားလာလေ့ရှိပြီး သင့်လျော်ရာ နေရာ၊ ဒေသ နဲ့ ဥတု မှာ သင့်လျော်သလို နေထိုင် အခြေချ လေ့ရှိကြပါတယ်။ လူမျိုးစု တစုကို လက်ရှိ တိုင်းပြည်၊ နိုင်ငံရယ်လို့ ခေါ်ဆို သတ်မှတ်ကြတဲ့ နေရာတနေရာအတွက် ဌာနေတိုင်းရင်းသား ဟုတ်/မဟုတ် သတ်မှတ်ရာမှာ အခြား သိပ္ပံနည်းကျ ဘာသာဗေဒ၊ မနုဿဗေဒ စတဲ့ ပညာရပ်ဆိုင်ရာ သုံးသပ် ကောက်ချက်ဆွဲမှု များနဲ့ အတူ အဓိက က သမိုင်း ဖြစ်စဉ် မှတ်တမ်း အနေနဲ့ လက်ရှိ နိုင်ငံတည်ရှိတဲ့ နေရာဒေသ၊ နယ်နမိတ်အတွင်းကို သမိုင်းမတင်မီ (သို့) သမိုင်းတင်စ အခြေအနေက စလို့ နောက်ပိုင်း ဘယ်အချိန် အစောဆုံး အဲ့လူမျိုးစု အများစု ဝင်ရောက် အခြေချ နေထိုင်ကြ (Mass Migration/Settlement) သလဲဆိုတာကို ကြည့်ဆုံးဖြတ်လေ့ရှိကြပါတယ်။

     

    မြန်မာ အပါအဝင် အခြား လက်ရှိ အစိုးရ နဲ့ လူအများစု နိုင်ငံတိုင်းရင်းသားအဖြစ် လက်ခံထားတဲ့ လူမျိုးစုတွေလည်း ဒီလို လှည့်လည်သွားလာ နေထိုင်ခဲ့ကြရင်းနဲ့ပဲ ဗမာ့ သမိုင်းမတင်မီ နဲ့ တင်ပြီးစ ခေတ်တွေမှာ လက်ရှိ ဗမာ နိုင်ငံလို့ ခေါ်ဆိုသတ်မှတ်တဲ့ ဧရိယာ အတွင်းကို ဝင်ရောက် အခြေချ နေထိုင်ခဲ့ကြတာပါပဲ။ ဒီလို စတင် အခြေချနေထိုင်တဲ့ အချိန် သတ်မှတ်ကြရမှာလည်း ရှာဖွေတွေ့ရှိတဲ့ မြေထဲသမိုင်းဆိုင်ရာ အထောက်အထား အချက်အလက်တွေအရ ခုနှစ်၊ သက္ကရာဇ် အတိအကျ ပြောဆိုနိုင်မှု အားနည်းပြီး အမျိုးမျိုးယူဆနိုင်စရာ ရှိပါတယ်။ ဒီလို သဘောအတိုင်းပဲ ရိုဟင်ဂျာတွေ ဘယ်အချိန်တုန်းကတည်းက ခုလက်ရှိ သူတို့နေထိုင်နေတဲ့ ရခိုင် နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားဒေသမှာ လာရောက် အခြေချနေကြသလဲဆိုတာဟာလည်း သမိုင်းဆိုင်ရာ အချက်အလက်အနေနဲ့ ဘက်နှစ်ဘက် အပြန်အလှန် အငြင်းပွားဖွယ်ရာ အခြေအနေ ဖြစ်နေလို့ ဖြစ်ပါတယ်။

     

    စာရေးသူ အမြင်နဲ့ သူတို့ဟာ တိုင်းရင်းသား တကယ် ဟုတ်/မဟုတ်လည်း သုံးသပ်လိုစိတ် မရှိပါ။ သုံးသပ်လိုစိတ် မရှိတာထက် သုံးသပ်နိုင်ခွင့်မရှိတာဆိုရင်ပိုမှန်ပါမယ်။ စာရေးသူ တယောက်တည်း အမြင်၊ သဘောထားနဲ့ သုံးသပ်ပြောဆို၊ ဟုတ်/မဟုတ် ရေးသားပြောဆိုရင်လည်း အငြင်းပွားဖွယ်ရာ ဖြစ်လာတာသာ အဖတ်တင်ပြီး ဘာမှ လက်ရှိ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အထောက်အကူ ပြုမှာ မဟုတ်ပါ။

     

    သူတို့ကို ဌာနေတိုင်းရင်းသား ဟုတ်/မဟုတ် ဆုံးဖြတ်တဲ့ အလုပ်ကို စာရေးသူ အမြင် တခုတည်းနဲ့ သုံးသပ်လို့ မရသလို အခြား ပုဂ္ဂိုလ် တဦးဦး၊ ပညာရှင် တယောက် ယောက်၊ နိုင်ငံရေး အဖွဲ့အစည်း တခုခု နဲ့ အစိုးရ အပါအဝင် တဦးချင်း၊ တဖွဲ့ချင်း သဘော ဘယ်သူမှလည်း လုပ်ဆောင်၊ ပြောဆို၊ ဆုံးဖြတ်လို့မရပါ။ နောက်ဆုံးမှာ ဥပဒေပြု လွှတ်တော် နဲ့ အစိုးရက ဌာနေတိုင်းရင်းသား ဖြစ်မှု ကို ဆုံးဖြတ်ချက် ချပေးရမှာ မှန်ပေမယ့် ဒီလို ဆုံးဖြတ်ချနိုင်ဖို့က ပထမဦးဆုံး အနေနဲ့ ဘက်ပေါင်းစုံက လက်ခံနိုင်တဲ့ လွတ်လပ် ဘက်မလိုက်တဲ့ ဘာသာဗေဒ၊ မနုဿဗေဒ၊ သမိုင်း၊ ရှေးဟောင်း မြေထဲသမိုင်း ပညာရှင် စတဲ့ ပညာရပ် ဆိုင်ရာ အမြင်တခုတည်း အပေါ်သာ အခြေခံတဲ့ ပညာရှင်တွေ စုစည်းထားတဲ့ လွတ်လပ်တဲ့ လေ့လာစုံစမ်းရေး အဖွဲ့က သုံးသပ်လေ့လာပြီး အကြံပြုချက် တရပ်ကို လူထု နဲ့ အစိုးရထံကို တင်ပြရမှာ ဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ အဂတိ ကင်းတဲ့ သုံးသပ်ချက် ထုတ်ပြန်ပြီးနောက် လိုအပ်ရင် အများစု လူထု သဘောထားဆန္ဒခံကာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ လွတ်လပ်စ ဗမာပြည် ပါလီမန် ဒီမိုကရေစီ အစိုးရခေတ်၊ နောက်ပိုင်း တော်လှန်ရေးကောင်စီ နဲ့ မဆလ ခေတ်ဦးပိုင်းတွေမှာ သတ်မှတ်ခံထားရတဲ့ ရိုဟင်ဂျာရဲ့ တိုင်းရင်းသားဖြစ်မှု နဲ့ နောက်ပိုင်း စစ်အစိုးရခေတ်မှာ အသိမှတ်ပြုခဲ့တဲ့ တခြား တိုင်းရင်းသားလူမျိုး ကို စာရေးသူ လက်မခံဘူး၊ သူတို့ဟာ တိုင်းရင်းသားတွေပါလို့ ခုလည်း မပြောဘူး၊ ငြင်းလည်း မငြင်းဘူးဆိုတာက ခု စာရေးသူ တင်ပြခဲ့တဲ့ လွတ်လပ်မျှတတဲ့ ပညာရပ်ဆိုင်ရာ သဘော၊ အလုပ် နဲ့ ဖြစ်စဉ် အဲဒီ အချိန်တုန်းက အားနည်းခဲ့လို့ ဖြစ်ပါတယ်။

     

    အထက်မှာ ဆိုခဲ့တဲ့ အနေအထားမှာ ရိုဟင်ဂျာ ဟာ တိုင်းရင်းသား ဟုတ်/မဟုတ်ကို လက်ရှိ အချိန်မှာ အငြင်းမပွားကြဖို့ ရခိုင်၊ မြန်မာ၊ ရိုဟင်ဂျာ ပညာရှင် နဲ့ သာမန် လူထု ကို စာရေးသူအနေနဲ့ အကြံပြု တောင်းဆိုချင်ပါတယ်။ ဒီလိုအငြင်းပွားမှု ဘာကြောင့် မလုပ်သင့်သလဲဆိုတာက စာရေးသူ တဦးတည်း ဘာကြောင့် မဆုံးဖြတ်နိုင်၊ အငြင်းမပွားနိုင်၊ အငြင်းပွားခွင့်၊ ဆုံးဖြတ်ခွင့် မရှိလို့ပါလို့ အကြောင်းပြ အထက်မှာ ဆိုခဲ့တဲ့ သဘောတရား အတိုင်းပဲ ဖြစ်လို့ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံသားဖြစ်ပိုင်ခွင့်ကို တဘက်သတ် ဥပဒေ အရ သတ်မှတ်ပြဋ္ဌာန်းချက်ကြောင့် လက်လွတ်ဆုံးရှုံးလိုက်ရလို့ တဘက်က အရင်ကတည်းက ဌာနေ တိုင်းရင်းသားတွေပါ ဆိုတဲ့ အခြေအနေကို ဇောင်းပေးပြီး ပြောဆို ဆွေးနွေးလိုတဲ့ အဝေးရောက် ရိုဟင်ဂျာ ခေါင်းဆောင်၊ ပညာရှင် ဆိုသူများနဲ့ ပြန်လည် မဟုတ်ကြောင်း ငြင်းချက်ထုတ်နေတဲ့ ရခိုင်၊ မြန်မာ ပညာရှင် များကို စာရေးသူ အနေနဲ့ အနူးအညွတ် မေတ္တာ ရပ်ခံ အသိကပ်စေလိုတာကတော့ ဒီလို တိုင်းရင်းသာ ဟုတ်/မဟုတ် အခုအချိန်မှာ အငြင်းပွားနေလို့ ပြဿနာ က ပြီးမှာ မဟုတ်တဲ့ အပြင် ငြင်းနေတုန်းကာလမှာပဲ လူမျိုးရေး အဓိကရုဏ်း ပုံစံတွေ ထပ်ဖြစ်ရင် အရင်ဆုံး အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ဆုံးရှုံးရမှာက အခု စာရေးနေသူ စာရေးသူ၊ အခု စာဖတ်နေသူ အများစု အပါအဝင် အငြင်းပွားနေသူ ပညာ ရှင်များမဟုတ်ဘဲ တကယ် ပဋိပက္ခ ဒေသမှာ နေထိုင်နေတဲ့ ရခိုင် နဲ့ ရိုဟင်ဂျာ ပြည်သူလူထုတွေသာ ဖြစ်တယ် ဆိုတဲ့ အကြောင်းပါ။

     

    လတ်တလော တရားမဝင် ဝင်ရောက် အခြေချနေထိုင်သူများ နဲ့ အကျင့်ပျက် လာဘ်စားမှု (Recent Illegal Immigrants and Corruption)
    ရိုဟင်ဂျာ ပြဿနာ ကို သုံးသပ်ရင် မူရင်း ဗမာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မေယုနယ်ခြားဒေသမှာ ရာစုနှစ်ပေါင်းများစွာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေ နဲ့ ခု လူအများ ပြောဆိုနေကြတဲ့ နောက်ပိုင်း ခိုးဝင်လာနေတယ်ဆိုတဲ့ ဘင်္ဂါလီ တွေ ကို ခွဲခြား မြင်နိုင်ရပါမယ်။ စာရေးသူ အနေနဲ့ ခုလတ်တလော၊ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်အတွင်းမှာ အဲဒေသကို တရားမဝင် ခိုးဝင် ဝင်ရောက်နေထိုင်သူတွေ ရှိတယ်ဆိုတာကို မငြင်းပါ။ ဒါပေမယ့် ဒါဟာ အနည်းစု ဖြစ်တယ်ဆိုတာကိုပဲ ထောက်ပြချင်ပါတယ်။ အကြောင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လက်မှတ်ကိုင်ထားသူ သူတို့ နိုင်ငံသားတွေဟာ အစစအရာရာ ဖိနှိပ်မှု ပြင်းထန်၊ အလုပ်အကိုင် အခွင့်အရေး နည်းပါ၊ လုပ်ခ လစာနည်း၊ ပိုက်ဆံတန်ဖိုး မရှိ တဲ့ ဒီဘက်ကို လာရောက် အခြေချစရာ အကြောင်းမရှိလို့ပါ။ လက်လုပ်လက်စားထဲက ဒီဘက်မှာ အလုပ်အကိုင် လာလုပ်တာ အနည်းစု ရှိကောင်း ရှိပါမယ်။ ဒါပေမယ့် တကယ် ဘင်္ဂလားဒေ့ရှ့် နိုင်ငံသား အခြေခံလူတန်းစားတွေဟာ မိမိတို့ နိုင်ငံဘက် ကူးလာပြီး နှစ်ပြား၊ တပဲ ရမယ့် အလုပ်မျိုးတွေထက် သူတို့ အစိုးရ က ကိုယ်တိုင်က ဦးစီးပြီး စနစ်တကျနဲ့ နိုင်ငံတကာကို တရားဝင် အလုပ်ကြမ်း အလုပ်သမား တင်ပို့ပြီး နိုင်ငံခြား ဝင်ငွေ ရှာနေတဲ့ အစီအစဉ်အရ အခြား ချမ်းသာတဲ့ စင်္ကာပူလို၊ သူတို့နဲ့ ဘာသာချင်း တူတဲ့ အာရပ်နိုင်ငံတွေလိုမှာ သွားလုပ် ဒေါ်လာရှာနေကြတာက အများစု ဖြစ်ပါတယ်။ နောက်တခုက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ထဲက အလယ်အလတ်တန်းစား၊ ငွေကြေးလည်း ထုတ်နိုင်တဲ့ စီးပွားရေးသမား တချို့ ဒီဘက်လာ အာဏာပိုင်တွေကို လာဘ်ထိုး၊ ဝင် စီးပွားလုပ်၊ ဟိုဘက်ဒီဘက် တရားမဝင် ကူးချည် သန်းချည် လုပ်နေတာတွေ ရှိမှာပါ။ ဒါဟာ မူရင်း အဲ့ဒေသမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေနဲ့ မပတ်သက်ပါ။

     

    အာဏာပိုင် တွေရဲ့ အကျင့်ပျက် ခြစားမှုကြောင့် ဒီလို တဘက် အိမ်နီးချင်းနိုင်ငံက စီးပွားရေးသမားတွေ မိမိနိုင်ငံတွင်းကို တရားမဝင် ဝင်ရောက် စီးပွားလာရှာခွင့်ရနေတဲ့ ပြဿနာဟာ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်အတွင်းမှာ ဘင်္ဂလားဒေ့ရှ် နယ်စပ် တခုတည်းမှပဲ ရှိနေတာမဟုတ်ပါ။ ဗမာပြည်ရဲ့ အိမ်နီးချင်းနိုင်ငံတိုင်းနဲ့ ထိစပ်နေတဲ့ စီးပွားဖွံ့ဖြိုးတဲ့ နယ်စပ်မြို့တွေတိုင်းမှာ ရှိနေတဲ့ ပြဿနာပါ။ ဘင်္ဂါလီတွေလိုပဲ အိန္ဒိယ၊ ထိုင်း၊ တရုပ် အလယ်အလတ် စီးပွားရေးလုပ်ငန်းရှင်တွေ၊ သစ်လုပ်ငန်းရှင်တွေ၊ တရားမဝင် မှောင်ခို ပစ္စည်း တင်သွင်းသူတွေ၊ မူးရစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေဟာ ဒီလို ဒေသဆိုင်ရာ အာဏာပိုင် အဆင့်ဆင့် ကို လာဘ်ထိုးတဲ့ နည်းနဲ့ပဲ ဝင်ထွက်သွားလာ လုပ်ကိုင်နေကြတာပါ။ အများစုဟာ အခြေချနေထိုင်သူတွေ မဟုတ်ပါ။

     

    လွန်ခဲ့တဲ့ နှစ် (၂၀) ကျော် အတွင်း တိုင်းပြည်မှာ တကယ် လာရောက် အခြေချ နေထိုင်သူတွေက နယ်စပ်တွေကနေ ဝင်လာတဲ့ မှတ်ပုံတင် အသစ်ကျပ်ချွတ် သုံးလေးခု ကိုင်၊ ငွေမည်းတွေကို ကားနောက်ခန်းမှာ ဂုန်နီအိပ်ပေါင်းများစွာနဲ့ ထည့်ပြီး တိုင်းပြည်ရဲ့ မြိုးကြီးတိုင်းမှာ ဝင်ရောက်နေရာယူခွင့် ရနေသူ တရုပ် သူဌေး အကြီးစားတွေပါ။ ရိုဟင်ဂျာ ကို လူဝင်မှုကြီးကြပ်ရေး နဲ့ အစိုးရ ဝန်ထမ်းတွေ အကျင့်ပျက်မှု ပြဿနာ၊ အမျိုးသားရေး အမြင်နဲ့သာ အဓိက ကြည့်သင့်တယ်လို့ ယူဆနေသူများကိုလည်း ဒီလိုကိစ္စတွေကိုပါ ထည့်သွင်း စဉ်းစားဖို့ အကြံပြုချင်ပါတယ်။

     

    ဟို ယခင် နဲ့ လက်ရှိ ဗမာပြည်မှာ တရားမဝင် မှတ်ပုံတင်အတု (သို့) သက်တမ်းကုန်/တရားမဝင်တော့တဲ့ နိုင်ငံသား ကဒ်ပြားကိုင်ဆောင်ပြီး ဗမာပြည်မှာ နေထိုင် သွားလာ နေကြတာ နိုင်ငံခြားသာ ချည်းပဲလည်း မဟုတ်ပါ။ တခြား နိုင်ငံ တခုခု (ဥပမာ စင်္ကာပူ၊ အမေရိကန်၊ ထိုင်ဝမ်) မှာ နိုင်ငံသား ခံယူပြီး မြန်မာလူမျိုး အစစ် နဲ့ မြန်မာနိုင်ငံဖွား လူမျိုးစုံ နိုင်ငံသားဟောင်းတွေလည်း ပါ ပါတယ်။ သူတို့ထဲက အများစုဟာ ဗမာပြည် ပြန်လာလည်ရင် နိုင်ငံခြားသား ပတ်ပို့စ် နဲ့ ဝင်ကောင်း ဝင်ခဲ့ပေမယ့် ဗမာပြည်မှာ နေထိုင်သွားလာနေစဉ် တလျှောက် ဗမာနိုင်ငံသားကဒ် ပြား ကိုင်ဆောင်ပြီး နိုင်ငံသား အခွင့်အရေး ခံယူနေကြတာတွေရှိပါတယ်။ တချို့ဆို ဗမာပတ်ပို့ကို အရှင်ထားပြီး ပြန်အဝင် လေဆိပ်မှာကတည်းကကို ဗမာပတ်ပို့စ် နဲ့ ဝင် ဗမာပြည် မှာ တရားမဝင် နိုင်ငံသားနှစ်မျိုး (Illegal Dual Citizenship) ခံယူပြီး နှစ်ရှည်လများ ပြန်လာနေထိုင် စီးပွားလုပ်နေကြတာတွေလည်း ရှိပါတယ်။ ဆိုလိုချင်တာက လူဝင်မှုကြီးကြပ်ရေးပြဿနာက ရိုဟင်ဂျာ တခုတည်း (သို့) ဘင်္ဂါလီ တခုတည်း မဟုတ်ဘဲ အားလုံး ဖြန့်ကျက် စဉ်းစားပြီး ဗမာပြည်က အစိုးရ ရုံးလုပ်ငန်းတွေရဲ့ စည်းစနစ်မကျမှု၊ အကျင့်ပျက်မှု ပုံစံမျိုးကို ထည့်သွင်း စဉ်းစား အစိုးရ ကို ပြုပြင်ဖို့ တောင်းဆိုရမယ် ဆိုတာကိုပါ။

     

    ရိုဟင်ဂျာတွေထဲက အစိုးရ အာဏာပိုင်တွေကို လာဘ်ထိုးရတာတွေ ရှိတာ မှန်ပါတယ်။ အဲ့ဒေသမှာ ရာစုနဲ့ချီ နေခဲ့တဲ့ သူတို့ရဲ့ မျိုးဆက်တွေဟာ နောက်ပိုင်းမှာ နိုင်ငံသားအခွင့်အရေး လက်လွတ်ဆုံးရှုံးသွားရလို့ မှတ်ပုံတင်ရအောင်၊ ဆေးကုသခွင့် ရအောင်၊ ခရီးသွားခွင့်ရအောင်၊ အိမ်ထောင်ပြုခွင့်ရအောင် စတဲ့ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေကို လျော့နည်းစေဖို့အတွက် ပိုက်ဆံပေး ဖြေရှင်းနေရတာပါ။

     

    နယ်စပ်ဒေသမဟုတ်တဲ့ အတွင်းပိုင်းက မြို့ကြီးတွေမှာ နေထိုင်တဲ့ အစဉ်အဆက်က နိုင်ငံသားဖြစ်ခဲ့တဲ့ လူမျိုးကွဲ (တရုတ်/အိန္ဒိယ)၊ ဘာသာခြားတွေလည်း မှတ်ပုံတင်လို၊ သန်းခေါင်စာရင်းလို အာဏာပိုင်တွေနဲ့ ဆက်ဆံရတဲ့ ကိစ္စမျိုးတွေမှာ ဘယ်လောက်ခက်ခဲ၊ ဘယ်လောက် ငွေကုန်ကြေးကျများ၊ စိတ်ပန်း၊ လူပန်း ဖြစ်ရသလဲဆိုတာ မိတ်ဆွေထဲမှာ အဲ့လူ လူမျိုးကွဲ၊ ဘာသာခြားတွေ ရှိတဲ့သူဆိုရင် နားလည် ခံစားသိနိုင်မှာပါ။ စာရေးသူ သိတဲ့ ရန်ကုန် တရုတ်တန်းမှာ ဘိုးဘွား၊ မိဘ က အစ မွေးတဲ့ တရုတ်သူငယ်ချင်းတွေဆို အစိုးရ က ဆီက ရထားတဲ့ မှတ်ပုံတင် ကို ပျောက်မှာစိုးလို့ ရွှေလို အိမ်မှာ ဂရုတစိုက် သိမ်းထားပြီး ဓာတ်ပုံဆိုင်က လုပ်ပေးတဲ့ အစစ်နဲ့ တသွေမတိမ်းတူတဲ့ မှတ်ပုံတင်ကိုပဲ ခရီးသွားရင် ယူသွားနေရတာပါ။ ရန်ကုန် မှာ အဲ့လို မှတ်ပုံတင် အစစ်ရှိပြီးသားလူတွေကို အတုလုပ်ပေးတဲ့ ဓာတ်ပုံဆိုင်ဆိုရင် နီးစပ်တဲ့သူတွေ၊ လူမျိုးကွဲ၊ ဘာသာခြားတွေအကြားမှာ နာမည်ကြီးပါ။

     

    ဆိုတော့ လူဝင်မှုကြီးကြပ်ရေး နဲ့ အကျင့်ပျက်ခြစား မှုက တတိုင်းပြည်လုံး အတိုင်းအတာ နဲ့ နေရာတိုင်း၊ စနစ်အဖွဲ့အစည်းတိုင်းမှာ အမြစ်တွဲနေတဲ့ ပြဿနာ အဖြစ်သာ ရှုမြင်ပြီး အကျင့်ပျက်မှု တိုက်ဖျက်ရေး၊ လူဝင်မှုကြီးကြပ်ရေးမှာ လုပ်ထုံးလုပ်နည်းတွေ မှန်ကန် မြန်ဆန်ပြီး ဥပဒေ အတိုင်း စနစ်တကျ လုပ်ဆောင်ပေးရေးတို့ကို အစိုးရ၊ နိုင်ငံရေးပါတီ နဲ့ ပြည်သူ့ ကိုယ်စားလှတ် လွှတ်တော် အမတ်တွေကို တောင်းဆိုရမှာ ဖြစ်ပါတယ်။

     

    နောက်တခု ထောက်ပြလိုတာက ရိုဟင်ဂျာ ပြဿနာကို အဆုံးတိုင် မှန်ကန် ပြီးမြောက် မဖြေရှင်းနိုင်ရင် ခုလူအများယူဆနေကြတဲ့ လတ်တလော ဘင်္ဂါလီခိုးဝင်လာသူတွေ (Recnt Begali Illegal Immigrants) ပြဿနာကိုလည်း ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှာ မဟုတ်တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

     

    အမျိုးသား လုံခြုံရေး ရှုထောင့် (National Security Point of View)
    လူဦးရေ အဆမတန် ထူထပ်နေတဲ့ တိုင်းပြည်ကြီးတွေနဲ့ ပထဝီအနေအထားအရ နယ်နမိတ်ထိစပ်နေတဲ့ ဗမာနိုင်ငံအဖို့ ရိုဟင်ဂျာ ပြဿနာ ကို အမျိုးသား လုံခြုံရေး ပြဿနာ အမြင် လို့ မြင်နေကြသူတွေရဲ့ စိုးရိမ်မှု နဲ့ သဘောကို နားလည် လက်ခံပါတယ်။ လူဦးရေးတိုးပွားနှုန်းလည်း မြန်တဲ့ လူမျိုးကွဲ/ဘာသာခြား တွေဖြစ်တဲ့ ရိုဟင်ဂျာ ပြဿနာ ကို အမျိုးသားရေး / လူမျိုး / ဘာသာ သာသနာ စတဲ့ ရှုထောင့်က ကြည့်ချင်သူများလည်း ကြည့်လို့ရပါတယ်။ ကန့်ကွက်စရာ မရှိပါ။ ဒါပေမယ့် အားလုံး (အဲ့လိုမြင်သူ/မမြင်သူ) နားလည် လက်ခံထားရမှာက အဲဒီ ရှုထောင့် တခုထဲကနေ မြင်..၊ သုံးသပ်..၊ ကောက်ချက်ချ..၊ သဘောထုတ်ပြီး ဒီပြဿနာဟာ ဖြေရှင်းလို့ မရတာကိုပါ။ အလားတူ သဘောပဲ လူ့အခွင့်အရေး စံနှုန်း တခုထဲနဲ့လည်း မြင်လို့..၊ ရှင်းလို့ မရတာလည်း အားလုံး လက်ခံရပါ့မယ်။ ဆိုတော့ ဒီ နှစ်ခု ကြားချ ရမှာပါ။ ကြားချရင် ဘယ်ကိစ္စကို ရှေ့တန်းတင် စဉ်းစားရမလဲဆိုတော့ ချစ်လို့၊ မုန်းလို့၊ ကြောက်လို့၊ ဆန္ဒဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ ဘယာဂတိ စတဲ့ အဂတိ လေးပါး နဲ့ ကင်းလွတ်ပြီး ဖြောင့်မတ်မှန်ကန်တရားမျှတမှုတခုတည်းဘက်ကသာ ရပ်တည်တဲ့ တရားဥပဒေ အတိုင်း ဖြစ်ရမှာပေါ့ ဆိုတာကို အခြေခံ စဉ်းစားမှသာ ပြဿနာကို အလုံးစုံ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

     

    နိုင်ငံသား ဥပဒေ (Citizenship Law)
    တရားဥပဒေ အတိုင်းပဲ ဖြစ်ရမယ် ဆိုခဲ့တော့ လက်ရှိ တည်ဆဲဖြစ်နေတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေ ရဲ့ ဖြစ်ပေါ်လာပုံ နဲ့ သူရဲ့ ဖြောင့်မတ်မှန်ကန်မှုကို ပထမဦးဆုံး ဆန်းစစ်ဖို့ လိုလာပါတယ်။ ဒီသဘောဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ ပြည်တွင်း၊ ပြည်ပက မြန်မာ/နိုင်ငံခြားသား ဥပဒေ ပညာရှင်တွေလည်း ရိုဟင်ဂျာ ပြဿနာကို ပြောတိုင်း ထောက်ပြလေ့ရှိတဲ့ သဘောပါပဲ။

     

    ၁၉၇၈ မဆလ အစိုးရ ခေတ် မှာ ၁၉၈၂ နိုင်ငံသား ဥပဒေ ဖြစ်လာမယ့် ဥပဒေကြမ်း ကို အဓိက ကိုယ်တိုင် ပါဝင် ညှိနှိုင်းဆွေးနွေးရေးဆွဲခဲ့တယ်လို့ မဆုံးခင် ထုတ်ဖော်ပြောဆိုခဲ့ဖူးတဲ့ သမိုင်းပညာရှင် ဒေါက်တာအေးကျော် ရဲ့ ဧရာဝတီ (၂၀၀၉) တွေ့ဆုံးမေးမြန်းခန်းအရဆို နိုင်ငံသား ဥပဒေ အတွက် အလိုအလျာက် နိုင်ငံသားဖြစ်ခွင့် ကိစ္စ ကို သူ (ဒေါက်တာ အေးကျော်) ရယ်၊ ဒေါက်တာ မောင်မောင် ရယ်၊ ဦးစံသာအောင် ရယ် အဓိက ဆွေးနွေးပြီး ဥပဒေကြမ်း ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။

     

    ဌာနေတိုင်းရင်းသား သဘော အလိုအလျောက် နိုင်ငံသား အသိအမှတ်ပြုမှုကို ဒေါက်တာအေးကျော် က (၁၈) ရာစုခေတ် ဘိုးတော်ဘုရားလက်ထက်မှာ ထုတ်ပြန်ဖူးခဲ့တဲ့ သန်းခေါင်စာရင်း မှတ်တမ်းကို အခြေခံဖို့ ပထမ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို ဒေါက်တာ မောင်မောင်က တအားစောလွန်းတယ်လို့ မြင်လို့ (၁၉) ရာစု ဗြိတိသျှ စ အဝင် ကိုလိုနီ ဖြစ်ခဲ့တဲ့ အချိန်ကို အခြေခံပြီး ဌာနေတိုင်းရင်းသား အဖြစ် အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ကို သတ်မှတ်ပြဋ္ဌာန်း ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။

     

    ဆွဲခဲ့တဲ့ ဆိုတဲ့ ပညာရှင်ကြီးတွေရဲ့ ပညာ၊ ဥာဏ် ကို စာရေးသူအနေနဲ့ အငြင်းပွားစရာမရှိပါ။ သူတိုရဲ့ သမာဓိ ကို လည်း နောက်ခံ အခြေအနေ၊ အနေအထားတွေကြောင့် ထောက်ပြချင်ရင် ထောက်ပြလို့ရပေမယ့် ခုအချိန်မှာ မထောက်ပြလိုပါ။ ဒါပေမယ့် အခုလို ရှေးရာစုနှစ်ပေါင်း များစွာကတည်းက လူမျိုးပေါင်းစုံ မှီတင်းနေထိုင်နေလာခဲ့တဲ့ တိုင်းပြည် တပြည်ရဲ့ အရေးကြီးဆုံးကိစ္စကို နှစ်ယောက်တပိုင်းနဲ့ စီစဉ်ဆောင်ရွက်ခဲ့တဲ့ ပုံစံ၊ ဖြစ်စဉ်၊ သဘောကို မေးခွန်းထုတ်ဖို့ လိုတယ်..၊ ပြန်လည်စီစစ်ဖို့ လိုတယ်.. လို့ ယူဆပါတယ်။

     

    (၁၉၈၂) နိုင်ငံသားဥပဒေ နဲ့ ၂၀၀၈ အခြေခံဥပဒေ ပါ နိုင်ငံသားဖြစ်ခွင့် သဘောကို ဥပဒေ သဘော၊ ဥပဒေပညာ ရှုထောင့် က သုံးသပ်ရင်လည်း လွတ်လပ်ရေးခေတ်ဦးကတည်းက ပြဋ္ဌာန်း သုံးစွဲလာခဲ့တဲ့ ရှင်းလင်းတဲ့ အခြေခံဥပဒေ ပါ နိုင်ငံသား ဥပဒေတွေကို ဖျက်သိမ်းပြီး ဥပဒေ စည်းမျဉ်းအရ မဟုတ်ဘဲ အစိုးရ အာဏာပိုင် တသဘောတည်း အလိုကျ အမျိုးမျိုး လိုသလို ပုံဖော် ဆောင်ရွက်နိုင်နေမှု၊ နိုင်ငံသားပြုခံပြီး နိုင်ငံသားဖြစ်စေတဲ့ ဥပဒေ ရဲ့ အားနည်းပြီး လိုသလို စီမံ ဆုံးဖြတ်ခွင့် ရနေမှု၊ ဗမာနိုင်ငံက နိုင်ငံတကာမှာ တရားဝင် ပါဝင် လက်မှတ်ထိုး သဘောတူညီထားတဲ့ လူ့အခွင့်အရေး နဲ့ ကလေး အခွင့်အရေး ပြဋ္ဌာန်းချက်တွေနဲ့ လက်ရှိတည်ဆဲ နိုင်ငံသား ဥပဒေ နဲ့ အခြေခံဥပဒေ ပါ အချက်အလက်တွေဟာ သဟဇတ မဖြစ် (Conflict) ဖြစ်နေတာတွေလည်း ရှိနေပါတယ်။

     

    [စကားချပ် – ဥပဒေ ရှုထောင့် က သုံးသပ်မှု ကို ရည်ညွှန်းပါ ဥပဒေ ပညာရှင် ဦးအောင်ထူး ရဲ့ ဆောင်းပါး (ညွှန်း-၂) နဲ့ ဘီဘီစီ ဆွေးနွေးခန်း (ညွှန်း-၃) တွင် ဆက်လက်ရှုပါ။
    မွေးရာပါ လူ့အခွင့်အရေး အခြေခံ သဘောအရ နိုင်ငံသား ဖြစ်ခွင့် ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၅-၁) (ညွှန်း-၄) မှာ ဆက်လက် လေ့လာပါ။ မွေးရာပါ ကလေးသူငယ် အခွင့်အရေး နိုင်ငံသား ဖြစ်ခွင့်ကို အများပြည်သူ့ရေးရာ နှင့် နိုင်ငံ့ရေးရာ အခွင့်အရေး နိုင်ငံတကာ သဘောတူစာချုပ် ပုဒ်မ (၂၄-၃) (ညွှန်း-၅) မှာ ရှုပါ။ ကုလသမဂ္ဂ ကလေးအခွင့်အရေး နိုင်ငံတကာ ဥပဒေ ပုဒ်မ(၇-၁) (ညွှန်း-၆) မှာ ကြည့်ပါ။]

     

    စာရေးသူ တဦးတည်း အမြင်အရ အထက်မှာ ဆိုခဲ့တဲ့ ဥပဒေ ပိုင်းဆိုင်ရာ ရှုပ်ထွေးမှု၊ အားနည်းမှု၊ နိုင်ငံတကာ မှာ သဘောတူထားတဲ့ လူ့အခွင့်အရေး စံနှုန်း ကတိကဝတ်တွေနဲ့ လက်ရှိပြည်တွင်း ဥပဒေတွေ ကိုက်ညီမှု မရှိမှု ဖြစ်နေတာတွကို လက်ရှိ အစိုးရ နဲ့ ဥပဒေပြုလွှတ်တော်က အလေးအနက်ထား စဉ်းစားသင့်ပြီး လိုအပ်တဲ့ ပြုပြင်မှုတွေကို အချိန်အတိုင်းအတာ တခုအတွင်းမှာ လုပ်သင့်တယ်လို့ ယူဆပါတယ်။ ခုလောလောဆယ်အနေနဲ့ကတော့ လက်ရှိ အစိုးရ နဲ့ ရခိုင်/မြန်မာ သမိုင်း ပညာရှင်များ လည်း သဘောတူထားတဲ့ ကိုလိုနီစဖြစ်မှု (၁၈၂၄-၂၆ CE) နဲ့ အတူ ဘင်္ဂါလီ (ရိုဟင်ဂျာ) အများအပြား လာရောက် အခြေချနေထိုင်လာခဲ့တယ် ဆိုတဲ့ သဘော နဲ့ တည်ဆဲ (၁၉၈၂) နိုင်ငံသားဥပဒေ ရဲ့ နိုင်ငံသားပြုခွင့် အရ ရာစုနှစ်ပေါင်းများစွာ မေယု နယ်ခြား ဒေသမှာ အခြေချနေထိုင်လာခဲ့တဲ့၊ တနည်းအားဖြင့် ၁၉၄၈ မတိုင်မီ (ကိုလိုနီခေတ်အတွင်း) ဗမာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဝင်ရောက် အခြေချ လာခဲ့တဲ့ ရိုဟင်ဂျာတွေ ရဲ့ လက်ရှိ မျိုးဆက်တွေကို နိုင်ငံသားအခွင့်အရေး အပြည့်အဝ ပေးခြင်းဖြင့် ဒီရိုဟင်ဂျာ ပြဿနာကို အလျင်အမြန် ဖြေရှင်းသင့်တယ်လို့ အကြံပြုချင်ပါတယ်။

     

    ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်များ ပြန်လာမှု (Return of Rohingyar Refugees from Bangladesh)
    အထက်မှာ ဆိုခဲ့သလို ဥပဒေ အရ နိုင်ငံသားဖြစ်ခွင့် ရှိသူတွေကို နိုင်ငံသား ပေးဖြေရှင်းသင့်တယ်လို့ အကြံပြုတော့ (အထက်မှာ ဆွေးနွေတင်ပြခဲ့သမျှ ခေါင်းစဉ်တွေကိုလည်း လက်မခံနိုင်တဲ့) လူတချို့က စာရေးသူအပေါ် အမြင်တမျိုး မြင်နိုင်ပါတယ်။ ဒါကြောင့် ဥပဒေ သဘော မဟုတ်ဘဲ အခြား မြင်လွယ်တဲ့ အကြောင်းပြချက် တခုပေးရရင် ရိုဟင်ဂျာတွေကို အစဉ်အဆက် ဖိနှိပ်ခဲ့တဲ့ ယခင် စစ်အစိုးရကိုယ်တိုင်က ရိုဟင်ဂျာတွေဟာ ဗမာနိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြုရတော့ တဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဒုက္ခသည် အနေနဲ့ ခိုလှုံ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေထဲက တချို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်း သဘောတူပြီး လှုဝင်မှုကြီးကြပ်ရေးက စီစစ်ပြီး ပြန်လည် လက်ခံခဲ့ရတာဟာ ယခင် စစ်အစိုးရခေတ်တလျှောက် အကြိမ်ပေါင်းများစွာ ပါ လို ဆိုပါရစေ။

     

    ဥပမာ ဆိုရရင် ၁၉၉၆ ခုနှစ် မေလ (၁၊ ၂၂၊ ၃၀) ရက် ထုတ် စစ်အစိုးရ အင်္ဂလိပ် သတင်းစာ “The New Light of Myanmar” များပါ တရားဝင် သတင်းထုတ်ပြန် ချက် များ အရ ၁၉၉၂ ခုနှစ် က နေ ၁၉၉၆ မေလ ၂၃ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း (၁၉၈,၄၃၅) ယောက်ကို ကရင်ချောင်း ပြန်လည်လက်ခံရေး စခန်းအပါအဝင် အခြား ဖွင့်လှစ်ထားတဲ့ ပြန်လည်လက်ခံရေးစခန်းပေါင်းစုံကနေ ပြန်လည် လက်ခံခဲ့ကြောင်း သိရှိနိုင်ပါတယ်။

     

    [စကားချပ် – ၁၉၉၈ ခုနှစ် နိုဝင်ဘာလ အတွင်းက ပြန်လည် လက်ခံခဲ့မှုကိုလည်း ဘီဘီစီ သတင်းတပုဒ် (ညွှန်း-၇) တွင် နမူနာ ဖတ်ရှုနိုင်ပါတယ်။]
    ပညာ၊ လူမှု၊ စီးပွား ဖွံ့ဖြိုးရေး အစီအစဉ်များ (Education, Social and Economics Development Programmes)
    အခု မေယုနယ်ခြားဒေသမှာ နေထိုင်နေတဲ့ နိုင်ငံသား ရိုဟင်ဂျာတွေနဲ့ အခြား ဌာနေတိုင်းရင်းသား ရခိုင် အပါအဝင် လူမျိုးစု တွေ အတူယှဉ်တွဲ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့၊ အနာဂတ်မှာ အတူနေ လူမျိုးကွဲ အုပ်စုချင်း ပဋိပက္ခ တွေ နည်းဖို့က ပညာရေး၊ လူမှုရေး နဲ့ စီးပွားရေး တပြေးညီ ဖွံ့ဖြိုးမှ ဖြစ်မှာဖြစ်တဲ့အတွက် ဒီလို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို နိုင်ငံတကာ အကူအညီ၊ မိတ်ဆွေ မွတ်ဆလင် နိုင်ငံတွေက ထောက်ပံ့မှုတွေနဲ့အတူ လူမျိုး/ဘာသာ မခွဲ အစိုးရ၊ လူမှုရေး အဖွဲ့အစည်းတွေ နဲ့ နိုင်ငံရေးပါတီတွေက သမာသမတ်ကျကျ ဝိုင်းဝန်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီသဘောကို ခု လက်ရှိ သမ္မတလည်း သဘောတူတယ်လို့ သူရဲ့ ဗွီအိုအေ အင်တာဗျူး အရ ယူဆရပါတယ်။

     

    အရင်ခေတ်စစ်အစိုးရ လက်ထက် ကျင့်သုံးခဲ့တဲ့ ရိုဟင်ဂျာတွေကို ပညာသင်ကြားခွင့်၊ ကျန်းမားရေး စောင့်ရှောက်ခံယူခွင့်၊ အိမ်ထောင်ပြုခွင့်၊ ကိုယ်ဝန်ဆောင်ခွင့်၊ ကလေးမီးဖွားခွင့်၊ ခရီးသွားလာခွင့် ကန့်သတ် စတဲ့ အမျိုးမျိုးဖိနှိပ်မှုတွေ၊ ပြည်မက ရာဇဝတ်သားဟောင်းတွေကို အဲ့ဒေသတွေမှာ စံပြကျေးရွာဆိုပြီး အတင်း တည်ထောင်၊ ထောက်ပံ့မှုမျိုးစုံ ပုံအောပေး၊ အစိုးရ အရာရှိ ဗိုလ်ချုပ်ကြီးတွေ ချောင်းပေါက်မတတ်သွားပြီး မညီမျှတဲ့ သဘောထားတွေနဲ့ ရပ်ရွာဒေသ တည်ငြိမ်မှု ပျက်ပြားအောင် လုပ်မှုတွေဟာ ဒီ ရိုဟင်ဂျာ ပြဿနာ ကို မီးဆက်တောက်စေတဲ့ သဘောတွေသာ ဖြစ်တယ်ဆိုတာ လက်ခံသဘောပေါက်ပြီး လူ့ကျင့်ဝတ်၊ သိက္ခာ ရှိရှိ၊ ဒီမိုကရေစီ သဘောအရ လူ့အခွင့်အရေး ပြည့်ပြည့်ဝနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လူမျိုး/ဘာသာ ထည့်မစဉ်းစားဘဲ နှစ်ဘက်စလုံး မျှမျှတတ တပြေးညီ ဆောင်ရွက်မှ ရေရှည် ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းတဲ့ ဒေသ နဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။

     

    မတူညီတဲ့ လူမျိုးအုပ်စုနှစ်ခု သံသယတွေနည်း၊ အမုန်းတွေ လျော့၊ ချစ်ကြည်ရင်းနှီးမှု တိုးပွားလာစေဖို့ကလည်း နှစ်ဘက် လူမှုရေး အသင်းတွေ (ဥပမာ – ရခိုင် အသင်း၊ ဗမာ-မွတ်ဆလင် အစည်းအရုံး) နဲ့ နိုင်ငံရေးပါတီ (ဥပမာ – RNDP) တွေက နှစ်ဘက်အုပ်စု ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲတွေ၊ လူမှုရေး လုပ်ငန်း ပူးပေါင်း လုပ်ဆောင်မှုတွေ၊ လူထုပညာပေး ဟောပြောပွဲတွေ စတဲ့ လုပ်ငန်းတွေကို စီစဉ်ဆောင်ရွက်ပေးဖို့ လိုပါတယ်လို့ စာရေးသူအနေနဲ့ အကြံပြုချင်ပါတယ်။

     

    အခြား ဆက်စပ်နေသော အကြောင်းအရာ အခြေအနေများ (Other Related Matters)
    လူမျိုး၊ မျိုးရိုးဗီဇ နဲ့ ရာဇဝတ်မှု (Race, Genetic and Crime)
    ဒီခေါင်းစဉ် ထည့် ရေး ရခြင်းဟာ လတ်တလော ရခိုင်ဒေသ မတည်ငြိမ်မှု ဖြစ်စဉ် အစဖြစ်တဲ့ ဒေသခံ အမျိုးသမီးငယ်တယောက်ကို သားမယားပြုကျင့်၊ လူသတ်၊ ပစ္စည်းယူ ခဲ့တဲ့ ရာဇဝတ်မှု ဖြစ်စဉ် ဖြစ်ပြီးစ အချိန်မှာ အဲဒီ ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ လူမျိုးကွဲ/ဘာသာခြား လူတစု နဲ့ ပတ်သက်ပြီး စာရေးသူ အွန်လိုင်း မှာ ဖတ်ရှုလိုက်ရဖူးတဲ့ “ကိုယ့်အိမ်လည်း လာနေသေးတယ်၊ အိမ်ရှင်ကိုလည်း စော်ကား တဲ့ လူမျိုး နဲ့ ဒီလို အကျင့် စရိုက်ဆိုးတွေ ရှိတဲ့ လူမျိုးအနွယ် တွေကို ဘာအတွက်မှ လက်သင့်ခံစရာ မလိုဘူး” ဆိုတဲ့ မှတ်ချက် စကားကြောင့်ပါ။

     

    မှတ်ချက်ပြုသူဟာ ဘယ်သူဆိုတာ အခု နာမည် မဖော်ဘဲနဲ့ သူရဲ့ ပင်ကိုယ်အရည်အသွေး၊ ဝါသနာ နဲ့ ဆက်စပ်တဲ့ အလုပ်အကိုင်ကို ဖော်ပြရင်ကို လူအများ ရိပ်မိနိုင်မှာ ဖြစ်တဲ့အတွက် မှတ်ချက်ပြုသူကို ပုဂ္ဂိုလ်ရေး ဝေဖန် ရှုံ့ချ အပြစ်တင်လိုစိတ်မရှိဘဲ သူထောက်ပြတဲ့ အချက်ကိုသာ ဒီမှာ ရှင်းလိုတဲ့ အတွက် ယေဘုယျ သဘောအနေနဲ့ သူဟာ ပင်ကိုယ်အရည်အချင်းကြောင့် လူအများအကြား တိုင်းသိပြည်သိ ထင်ရှားတဲ့ (အွန်လိုင်း ထင်ရှားတာ မဟုတ်ပါ) ခေတ်ပညာတတ် အမျိုးသမီးတဦး ဖြစ်ပါတယ်လို့ပဲ ဆိုပါရစေ။ အထက်ပါ မှတ်ချက်ပြုချိန်မှာ အဆိုပါ အမျိုးသမီးကြီးဟာ အမျိုးသမီးချင်းကိုယ်ချင်းစာ စိတ်နဲ့ ဒီလို မှတ်ချက်မျိုးပြုမိတယ်ဆိုတာ ယုံမှား သံသယလည်း မရှိပါ။ စာရေးသူကိုယ်တိုင်လည်း အထက်ပါ ရာဇဝတ်မှု သတင်းကို ကြားရတော့ ဝမ်းနည်းစိတ်ပျက် ယူကျုံးမရ ဖြစ်ခဲ့ရပါတယ်။

     

    ဒါပေမယ့် ဒီလို အဖြစ်အပျက်ဟာ စိတ်ခံစားမှု တခုတည်းအရ လူသိရှင်ကြား ပြန်လည် မှတ်ချက်ပြုလို့ ရတဲ့ ကိစ္စမျိုးမဟုတ်ပါ။ ဦးနှောက်မှာ ရှိတဲ့ အသိဥာဏ်နဲ့ ဆင်ခြင်ပြီးမှ ဆုံးဖြတ် ဝေဖန် မှတ်ချက်ပြုမှ ဖြစ်မှာမို့ပါ။ အကြောင်းက ကမ္ဘာ မှာ နိုင်ငံတကာက လူမျိုးစု တွေ နဲ့ ရာဇဝတ်မှု ဆက်နွယ်မှုကို သိပ္ပံနည်းကျ သုတေသနလုပ် စာရင်း တွေ ထုတ်ပြန်လေ့လာကြပေမယ့် လူမျိုး နဲ့ ရာဇဝတ်မှု ရဲ့ ခိုင်မာတဲ့ ဆက်နွယ်မှုကို သက်သေ သာဓက ကောင်းကောင်းပြစရာ မရှိတဲ့ အတွက်ဖြစ်ပါတယ်။ ဘယ်လူမျိုး တမျိုးကတော့ဖြင့် ရာဇဝတ်မှု ကျူးလွန်နိုင်ခြေ ပိုရှိတယ်လို့ တသမတ်တည်း ဧကံ ကောက်ချက်စွဲလို့မရလို့ပါ။ ရာဇဝတ်မှု ကျူးလွန်သူ လူတဦးချင်း ကို လေ့လာရာမှာလည်း ဒီလူဟာ မျိုးရိုးဗီဇ ကြောင့် ဒီလိုရာဇဝတ်မှု ကျူးလွန်ခဲ့တာပါလို့ မုချ ပြောလို့ မရဘဲ သူ့ရဲ့ ပညာ အခြေခံ၊ ဘဝဖြတ်သန်းခဲ့မှု မိသားစု နောက်ခံ အခြေအနေ နဲ့ နေထိုင် ကြီးပြင်း ခဲ့ရာ ပတ်ဝန်းကျင် စတာတွေက ပို အဓိက ကျ တာ တွေ့ရလို့ဖြစ်ပါတယ်။ လူမျိုးစုတွေ လိုက်မှာလည်း ဒီလို တသဘောတည်းဖြစ်တဲ့ အဲဒီ လူမျိုးစု နေထိုင်တဲ့ လူ့အဖွဲ့အစည်းရဲ့ တရားဥပဒေ စိုးမိုးမှု၊ ပညာရည် မြင့်မားမှု၊ လူမှု စီးပွား အခြေအနေတွေကသာ ရာဇဝတ်ဖြစ်နှုန်းနဲ့ ပိုဆက်စပ် နှီးနွယ် အကျိုး၊ အကြောင်းရှာ လို့ ရလို့ဖြစ်ပါတယ်။

     

    ဆိုတော့ကာ အထက်ပါ ရာဇဝတ်မှု ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ သူတွေဟာ ရိုဟင်ဂျာ ဖြစ်စေအုံးတော့ ဒါဟာ သူတို့ လူမျိုးအလိုက် သဘောလို့ ယူဆလို့ မရဘဲ လူတဦးချင်းသဘောနဲ့ လူ့အဖွဲ့အစည်းရဲ့ တရားဥပဒေ စိုးမိုးမှု အပါအဝင် အစစ အရာရာ အားနည်းချက်တွေကြောင်လို့သာ ဆိုနိုင်ပါတယ်။ အရင် တနှစ်က ကျောက်ပန်းတောင်း မှာ ဂျပန် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးငယ် ကို မုဒိမ်းကျင့် လူသတ်ခဲ့တဲ့ (ကို) မင်းသိုက် ဟာ မြန်မာ လူမျိုး နဲ့ ဗမာနိုင်ငံ တခုလုံးကို ကိုယ်စားမပြုတဲ့ သဘောပါပဲ။ စာရေးသူ တဦးတည်း အမြင် နဲ့ သက်သေ အထောက်အထား ထပ်ပြရရင်လည်း ဗမာပြည် က နှစ်စဉ် ရာဇဝတ်ဖြစ်ပွားတဲ့ နှုန်းနဲ့ ရိုဟင်ဂျာ တွေ နဲ့ မျိုးနွယ် တူ (သို့) ဘာသာတူ အခြား အိမ်နီးချင်း နဲ့ ကမ္ဘာ့ အနှံ့အပြား နိုင်ငံတွေက ရာဇဝတ် ဖြစ်ပွား နှုန်းတွေကိုသာ နှိုင်းယှဉ်ကြည့်ကြပါလို့ ဆိုချင်ပါတယ်။ အဲဒီလို လေ့လာကြည့်ရင် နိုင်ငံတွေရဲ့ တရားဥပဒေ စိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှု၊ ပညာအရည်အချင်း မြင့်မားမှု၊ လူမှု၊ စီးပွား အချက်တွေ ကြောင့်သာ ရာဇဝတ်ဖြစ်နှုန်း အနည်း/အများ က သက်ဆိုင်တယ်ဆိုတာ ထင်ထင်ရှားရှား တွေ့နိုင်မယ် ဖြစ်ပါတယ်။

     

    နောက်ဆုံးတချက် ထောက်ပြ လိုတာကတော့ ရာဇဝတ်မှု သဘောတွေမှာ လူမျိုး၊ မျိုးရိုး၊ ဗီဇ နဲ့ တိုက်ရိုက် ပတ်သက်တဲ့ အမျိုးအစား သတ်သတ်မှတ်မှတ်ခွဲခြားလို့ မရပေမယ့် လူမျိုး၊ ဘာသာ၊ အသားအရောင် ကွဲပြားမှုကို အခြေခံ တဲ့ အစွဲတွေ၊ မုန်းတီးမူတွေကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ အမုန်းကြောင့်ဖြစ်တဲ့ ရာဇဝတ်မှု (Hate Crime) ကတော့ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အကြောင်း၊ သိပ္ပံနည်းကျ ရှာဖွေ ဖော်ထုတ် သတ်မှတ်ထားနိုင်ကြောင်းပဲ ဖြစ်ပါတယ်။

     

    ရခိုင် ဒေသ မွတ်ဆလင် အခြေချမှု(Muslim Settlement in Arakan State)
    ဒီခေါင်းစဉ် ထည့်ရေးရခြင်းက (၈၈) မျိုးဆက် ကျောင်းသား တယောက် သူရဲ့ လူမှုကွန်ရက် စာမျက်နှာ မှာ သူတို့ အဖွဲ့ရဲ့ ရခိုင်ဒေသ လေ့လာရေးခရီးစဉ် မှတ်တမ်းဓာတ်ပုံတွေ တင်ထားတဲ့ အထဲက တွေ့မိတယ် ဓာတ်ပုံ တပုံကြောင့်ပါ။ အဲဓာတ်ပုံမှာ စစ်တွေ ဒေသအတွင်း စားသောက်ဆိုင်တွေမှာ အရင် ကုလား မုန့် မျိုးစုံ လုပ်ပေးနေတဲ့ မွတ်ဆလင် တွေ ခု ဖြစ်ခဲ့တဲ့ အရေးအခင်းကြောင့် ထွက်ပြေးခဲ့ရလို့ မုန့်လုပ်မယ့်သူ မရှိတော့အတွက် ဒေသခံ ရခိုင် လူမှုရေးလုပ်ငန်း အဖွဲ့အစည်းတွေက ဒေသခံ ရခိုင်လူမျိုးတွေကို မုန့်မျိုးစုံ လုပ်နည်း သင်တန်း ပေးမယ် လို့ ကြော်ငြာထားတဲ့ ဆိုင်းဘုတ် ဓာတ်ပုံ ပါ။

     

    ဒေသခံ ရခိုင် လူမျိုးတွေထဲက အခြေခံလူတန်းစားတွေ အလုပ်အကိုင် အခွင့်အရေးတွေ ရဖို့၊ အသက်မွေးဝမ်းကြောင်း ပညာတွေ တတ်ကျွမ်းဖို့ လိုပါတယ်။ နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းတွေ နဲ့ ဒေသခံ အစိုးရက ကြိုးစားဖော်ဆောင် ပေးရမှာ ဖြစ်ပါတယ်။ အလားတူပဲ အဲ့ဒေသတွေမှာ ရာစုနှစ်တွေချီ အခြေချနေထိုင်နေတဲ့ ဗမာနိုင်ငံသား မွတ်ဆလင် တွေမှာလည်း ဒီအခွင့်အရေးမျိုး ခံစား ရရှိရပါမယ်။ တဘက်ကို ထမင်းအိုးတည်ပေးဖို့ကြိုးစားချင်လို့ အခြားတဘက်ကို ထမင်းအိုးခွဲတာမျိုး မဖြစ်ရအောင် သတိပြု ရှောင်ကြဉ်ရပါမယ်။

     

    ဆိုခဲ့တဲ့ ဓာတ်ပုံ က စာရေးသူ ကို အတွေးတွေ အများကြီး ဖြစ်ပေါ်စေခဲ့တဲ့အတွက် မွတ်ဆလင် တွေ ရခိုင် ဒေသ မှာ လာရောက် အခြေချဖြစ်ပုံ သမိုင်းအချက်အလက်တွေထဲက အားလုံးလက်ခံနိုင်မယ့် အငြင်းပွားဖွယ်ရာနည်း အချက်တချို့ကို ချပြပါမယ်။

     

    ရခိုင်/မြန်မာ သမိုင်း ပညာရှင် များလည်း လက်ခံနိုင်တဲ့ သဘောအရဆိုရရင် ရခိုင်ဒေသမှ မွတ်ဆလင် တွေကို လေးမျိုး ခွဲနိုင်ပါတယ်။
    (၁) အခု အငြင်းပွားဖွယ်ဖြစ်နေတဲ့ စစ်တကောင်း ဘင်္ဂါလီ အဆက် မေယူနယ်ခြားဒေသအခြေစိုက် ရိုဟင်ဂျာက မွတ်ဆလင် အုပ်စုတစု ဖြစ်ပါတယ်။
    (စကားချပ် – စာရေးသူ လက်လှမ်းမီ နားလည် သလောက် အခု ရခိုင်/မြန်မာ သမိုင်း ပညာရှင် များ ရိုဟင်ဂျာ ကိစ္စ အငြင်းပွားနေတာဟာ လူမျိုးနာမည် နဲ့ ဌာနေတိုင်းရင်းသား မဟုတ်ဘူးဆိုတာသာ ဖြစ်ပါတယ်။ ဥပေဒ အရ တရားဝင် နိုင်ငံသားဖြစ်ခွင့် ရှိသူတွေ နိုင်ငံသား ဖြစ်ခြင်း၊ ပေးခြင်း၊ နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရခြင်းကို ငြင်းနေကြတာ၊ ကန့်ကွက်နေကြ မဟုတ်ဘူးလို့ နားလည်ထားပါတယ်။)

     

    (၂) ရခိုင် ဘုရင် မင်းစောမွန် (King Narameikhla) (၁၄၀၄-၁၄၃၄ CE) က မြန်မာ (ဗမာ) ဘုရင်လက်အောင်ကျရောက်နေတဲ့ ရခိုင်နိုင်ငံကို ဘင်ဂေါလ် နယ် ဘင်္ဂါလီ ဆူလတန် ဘုရင် (Sultanate of Bengal) အကူအညီ နဲ့ (၁၄၃၀ CE) မှာ ပြန်လည် သိမ်းပိုက်ပြီး ရခိုင်ဘုရင့်နိုင်ငံတော် မြောက်ဦး မင်းဆက် (၁၄၃၀-၁၇၈၄ CE) ကို စတင် တည်ထောင်ခဲ့ပါတယ်။ အဲ့လို ပြန်လည် မထူထောင်နိုင်သေးခင် (၂၄) နှစ်ကြာ ဘင်ဂေါလ် နယ် ဆူလတန် ဘုရင် ဆီမှာ အဝေးရောက် ခိုလှုံ (Exile) နေခဲ့ရပါတယ်။ ဆူလတန် အကူအညီ နဲ့ ရခိုင်နန်းဆက် ပြန်ထူထောင်ပြီးတဲ့ အချိန်မှာ ရခိုင်နိုင်ငံဟာ ဘင်ဂေါလ် နယ် ဆူလတန် ဘုရင် လက်အောင်ခံ မိတ်ဆွေ ပဏ္ဍာ နိုင်ငံ အဖြစ်ဆက်တည်ရှိနေခဲ့ရတဲ့အတွက် ရခိုင်ဘုရင်တွေဟာ ဗုဒ္ဓ ဘာသာကိုးကွယ်ပေမယ့် အစ္စလာမ်မစ် ဘွဲ့ တွေခံယူကြပြီး ဘင်ဂေါလ် နယ်သုံး အစ္စလာမ်မစ် ဒင်္ဂါးတွေကိုလည်း ငွေကြေးအနေနဲ့ တရားဝင် သုံးစွဲခဲ့ကြပါတယ်။ ဒီလို အနေအထားဟာ ဘင်ဂေါလ် နယ် ဆူလတန် သြဇာခံ လက်အောင်က လုံးဝလွတ်မြောက်တဲ့ (၁၅၃၁ CE) အထိလို့ ဆိုနိုင်ပါတယ်။ အဲ့နောက်ပိုင်းလည်း အစဉ်အလာအရ ဗုဒ္ဓ ဘာသာဝင် ရခိုင်ဘုရင်တွေဟာ အစ္စလာမ်မစ် ဘွဲ့ နာမည် ခံယူတာတွေ ဆက်ရှိနေပါသေးတယ်။ မြောက်ဦးခေတ်မှာ မင်းစောမွန် ရခိုင်ကို ပြန်သိမ်းပိုက်နိုင်ခဲ့တဲ့ အချိန်ကစလို့ အတူပါလာခဲ့တဲ့ မွတ်ဆလင်တွေဟာ ဘုရင့်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာ အစဉ်အဆက် နေရာကောင်း အများအပြား ရလာခဲ့ကြပါတယ်။

     

    ဆိုခဲ့တဲ့ မြောက်ဦးမင်းဆက် စတင်တည်ထောင်သူ မင်းစောမွန် ရခိုင် ကို ပြန်လည် သိမ်းပိုက်ရာမှာ ပါဝင် အမှုတော် ထမ်းခဲ့တဲ့ မွတ်ဆလင်စစ်သည်တွေရဲ့ အဆက် မွတ်ဆလင် အုပ်စု က ခု ရခိုင်ပြည်နယ်မှာ နေထိုင်နေတဲ့ ဒုတိယ အမျိုးအစား တမျိုးဖြစ်ပါတယ်။ သူတို့က လက်ရှိ ရမ်းဗြဲ ကျွန်း(Ramree Island) မှာ အဓိက နေထိုင်ကြပါတယ်။ သူတို့ဟာ ရခိုင် မျိုးနွယ် အုပ်စု ထဲမှာလည်း ထည့်သွင်းဖော်ပြခံရ ပြီး ဌာနေ တိုင်းရင်းသားလည်း အသိအမှတ်ပြုခံရပြီးဖြစ်တဲ့ ကမန်လူမျိုးတွေပါ။

     

    [ စကားချပ် – အစ္စလာမ် ဘာသာဝင် ကမန်လူမျိုးတွေရဲ့ သမိုင်းကို (ညွှန်း-၈) တွင် ဆက်လေ့လာနိုင်ပါတယ်။]
    (၃) ရခိုင်ဘုရင့်နိုင်ငံတော် မြောက်ဦး မင်းဆက် (၁၄၃၀-၁၇၈၄ CE) အတွင်းမှာပါ လာရောက် အခြေချနေထိုင်လာခဲ့တဲ့ မွတ်ဆလင် အုပ်စု — သူတို့က လက်ရှိ မြောက်ဦး နဲ့ ကျောက်တော် မှာ အများစု နေထိုင်နေကြပါတယ်။
    (၄) မြန်မာ (ဗမာ) ဘုရင် ရခိုင်နိုင်ငံကို နောက်ထပ် နယ်ချဲ့သိမ်းပိုက်ခဲ့တဲ့ (၁၇၈၅ CE) မှာ အတူပါလာတဲ့ ဗမာဘုရင် သစ္စာတော်ခံ စစ်သည်တွေ ဖြစ်တဲ့ အဲ့ခေတ် မြန်မာ (ဗမာ) နိုင်ငံအလယ်ပိုင်း မြေဒူး နယ်က မွတ်ဆလင် အုပ်စုတစု — သူတို့က အခု စစ်တွေ ခရိုင် (Sandoway District) မှာ အခြေချနေထိုင်ကြပါတယ်။

     

    တလင်တမယား စနစ် (Monogamy)

     

    ရိုဟင်ဂျာ ပြဿနာကို အခု လူအများ ပြောကြရင် မယား အများကြီး ယူတဲ့ ကိစ္စ ပါလာတတ်တဲ့ အတွက် ဒီခေါင်းစဉ်ကို ထည့်ရေးခြင်းဖြစ်ပါတယ်။ Monogamy နဲ့ သူနဲ့ ဆက်စပ်တဲ့ Polygamy သဘောမှာ ဆွေးနွေးစရာ အချက်တွေ အများကြီး ဖြစ်တဲ့ အတွက် သီးသန့်ဆောင်းပါး အနေနဲ့ ရေးမှသာ ပြည့်စုံ နိုင်မှာပါ။ အောက်မှာ တင်ပြ ထားတာက အကျဉ်းချုံးပါ။

     

    တလင်တမယားစနစ် မဟုတ်ကြတဲ့ (Polygamy) သဘောဟာ ရိုဟင်ဂျာတွေ၊ မွတ်စလင်တွေ ချည်းပဲ အစဉ်အဆက် ကျင့်သုံးခဲ့တာ မဟုတ်ပါ။ ကမ္ဘာ့ အဝှမ်းက ရှေးဟောင်း လူ့အဖွဲ့အစည်း (လူမျိုး/ဘာသာစုံ) အတော်တော်များများမှာ Polygamy ရဲ့ ပုံစံနှစ်မျိုး ဖြစ်တဲ့ Polygyny (မယားပြိုင်) နဲ့ Polyandry (လင်ပြိုင်) သဘော ရှိခဲ့ကြပါတယ်။ မွတ်ဆလင် ကမ္ဘာက လက်ရှိ ခေတ်သစ်မှာပါ ရှေးရိုးစွဲတဲ့ အလေ့အထတွေကို ကျင့်သုံးဆဲဖြစ်နေတော့ Polygamy ထဲက Polygyny (မယားပြိုင်) ကို လူမှု ထုံးတမ်း အရ နဲ့ တရားဥပဒေ အရ အများစု လက်ခံထားကြပါတယ်။ လက်ခံခြင်းသာ ဖြစ်ပါတယ်။ အိမ်ထောင်တိုင်း လိုက်ကျင့်သုံးတာ မဟုတ်ပါ။ ယေဘုယျ သဘောအနေနဲ့ မွတ်ဆလင် ကမ္ဘာမှာ အိမ်ထောင်ပြုမှုတွေရဲ့ (၁-၃ %) ရာခိုင်နှုန်း မျှကသာ မယားပြိုင်ယူထားတဲ့ အိမ်ထောင်ရေး (Polygamous Marriages) တွေ ဖြစ်ပါတယ်။ မွတ်ဆလင် အများစု ရှိတဲ့ တူရကီ၊ တူနီးရှား၊ အဇာဘိုင်ဂျန်၊ ဘော့စနီးယား-ဟာဇီဂိုးဗီးနား နိုင်ငံတွေမှာ ဆို တရားဥပဒေ အရ တလင်တမယား စနစ် သာ ကျင့်သုံးပြီး Polygamy ကို တားမြစ်ထားပါတယ်။ ဘာသာရေး ထုံးတမ်းစဉ်လာတွေ လွှမ်းမိုးမှုကင်းတဲ့ ဆီကူလာ အာရပ် တိုင်းပြည် တခု ဖြစ်တဲ့ လယ်ဘနွန် ဆိုလည်း အလားတူပါပဲ။

     

    တလင်တမယား စနစ် (Monogamy) တရားဥပဒေ သဘော အရ မဖြစ်တာ၊ တနည်းအားဖြင့် Polygamy ကို ဥပဒေ အရ ခွင့်ပြုထားတာကလည်း မွတ်ဆလင် နိုင်ငံတွေ ချည်းပဲလည်း မဟုတ်ပါ။ ဥပမာ ဆို စာရေးသူ တို့ ဗမာပြည်မှာလည်း Polyandry (လင်ပြိုင်) ထားမှုကိုသာ တရားဥပဒေ အရ ကန့်သတ်ထားပြီး Polygyny (မယားပြိုင်) ထားမှုကို ဥပဒေ အရ ခွင့်ပြုထားပါတယ်။ (စကားချပ် – ဗမာ့ လူအဖွဲ့အစည်းမှာ လူမှုထုံးတမ်း အရတော့ Polygamy (မယားပြိုင်/လင်ပြိုင်) ကို ရှုံ့ချပါတယ်။)

     

    ဒါကြောင့် ရိုဟင်ဂျာ နဲ့ Polygamy ကို တွဲစဉ်းစားဖို့ထက် တိုင်းပြည်မှာ အားလုံးတပြေးညီ ဖြစ်အောင်၊ အမျိုးသမီး အခွင့်အရေး အပြည့်အဝရအောင် Polygyny (မယားပြိုင်) တရားဥပဒေ အရ ယူထားနိုင်မှု ကို ပြင်ဖို့ ဥပဒေပြု လွှတ်တော် အမတ်တွေကို ထောက်ပြပြီး ဥပဒေပြဋ္ဌာန်းပေးဖို့ တောင်းဆိုရမှာ ဖြစ်ပါတယ်။ ဒီလို လုပ်နိုင်ရင် တပါတည်း နိုင်ငံအတွင်းရှိ ဘယ်ဘာသာဝင်မဆို နိုင်ငံမှာရှိတဲ့ တရား ဥပဒေ အတိုင်း လိုက်နာ ကျင့်ကြံ ရမှာ ဖြစ်တဲ့ အတွက် Polygyny (မယားပြိုင်) ယူထားနိုင်မှုက ပပျောက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဒီမိုကရက်တစ် နိုင်ငံတွေမှာလည်း ဒီလို ဥပဒေ သဘောနဲ့ တားမြစ်ထားတာပါပဲ။ တပါတည်း မိမိ လူ့အဖွဲ့အစည်းမှာ၊ အထူးသဖြင့် မွတ်ဆလင် အသိုင်းအဝန်းမှာ တလင်တမယား စနစ် (Monogamy) ရဲ့ ကောင်းကျိုး တွေ ကို ပညာပေး ရမှာ ဖြစ်ပါတယ်။

     

    ဆက်စပ်တဲ့ ကိစ္စတခုဖြစ်တဲ့ အသက်အရွယ်မပြည့်သေးတဲ့ ကလေးသူငယ် လက်ထက်မှု (Child Marriage) ဟာလည်း Polygamy လိုပဲ ရှေးဟောင်းခေတ် လူ့အဖွဲ့အစည်းအားလုံး နဲ့ လက်ရှိခေတ် ရှေးရိုးစွဲ လူ့အသိုင်းအဝန်းတွေမှာ ရှင်သန်နေတဲ့ ဓလေ့ တခုပဲ ဖြစ်ပါတယ်။ ဒါဟာလည်း ကမ္ဘာနဲ့ အဝှမ်း မှာ လက်ထပ်နိုင်တဲ့ အသက် ကန့်သတ်ချက် တရားဥပဒေ ထုတ်ပြန်ပြီး ကန့်သတ် ထားပါတယ်။ ဒီလို တရားဝင် အိမ်ထောင်ပြုနိုင်တဲ့ အသက် (Legal Marriage Age) နဲ့ လိင် ဆက်ဆံ နိုင်တဲ့ အသက် (Legal Sex Age) ကို ဗမာပြည်မှာလည်း သတ်မှတ် ပြဋ္ဌာန်းပြီးဖြစ်တဲ့ အတွက် စိုးရိမ်စရာ မလိုတဲ့ အခြေအနေ ဖြစ်ပါတယ်။

     

    ကလေးမွေးဖွားမှုနှုန်း (Birth Rate)
    ရိုဟင်ဂျာ တွေ အကြား ကလေးမွေးဖွားနှုန်းမြင့်မားနေမှုကိုလည်း လူတွေပြောလေ့ရှိလို့ ဒီခေါင်းစဉ်ကို ထည့်ရေးခြင်းဖြစ်ပါတယ်။

     

    မှန်ပါတယ်..။ ရိုဟင်ဂျာတွေဟာ ဘာသာရေး နဲ့ ဆက်နွယ်တဲ့ ရှေးရိုးစွဲ အယူအဆအရ ခေတ်မီ ပဋိသန္ဓေ တားဆီးရေး မှာ အားနည်းကြပါတယ်။ တကယ်တော့ အစ္စလာမ်ဘာသာဝင်တွေ ယုံကြည်တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော် အရ စီရင် ရေးသားခဲ့တယ်လို့ဆိုတဲ့ ကုရ်အာန်ကျမ်းမှာ ပဋိသန္ဓေတားခြင်း (Contraception) ဟာ အပြစ် (Sin) ဖြစ်တယ်လို့ တိတိကျကျ ဆိုထားတာမရှိပါ။ အခြားဘာသာ အယူဝါဒတွေမှာလည်း ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ဘာသာတရား အဆုံးအမ ကို အဓိပ္ပာယ် ကောက်ယူ ကျင့်သုံးပုံတွေမှာ ရှေးရိုးစွဲ နဲ့ ခေတ်မီ သူတွေအကြား ဝိဝါဒကွဲနေတဲ့ သဘောသာဖြစ်ပါတယ်။

     

    ယေဘုယျ သဘော အနေနဲ့ ကမ္ဘာ အနှံ့က မွတ်ဆလင် နိုင်ငံတွေဟာ သူတို့ အများစု အသိအမှတ်ပြု လက်ခံတဲ့ အစ္စလာမ် အယူအဆ ပညာရှင်ကြီးတွေ ဆွေးနွေးညှိနှိုင်း သဘောထားထုတ်ဖော် လမ်းညွှန်ချက်အရ ခေတ်မီ ပဋိသန္ဓေတားခြင်း နည်းလမ်းများကို အချက် (၃) ချက် ကန့်သတ်ပြီး ခွင့်ပြုထားပါတယ်။ ကန့်သတ်ချက်တွေဟာလည်း ဖြစ်သင့်တဲ့သဘောတွေဖြစ်တဲ့ (၁) ပဋိသန္ဓေတားခြင်းဟာ လင်မယား နှစ်ယောက်စလုံးရဲ့ သဘော ဆန္ဒ ဖြစ်ရမယ်။ (၂) ပဋိသန္ဓေတားတဲ့ နည်းလမ်းကြောင့် တသက်လုံး မျိုးမပွားနိုင် မြုံသွာတာမျိုး မဖြစ်စေရဘူး။ (၃) ပဋိသန္ဓေ တားဆီးခြင်းကြောင့် လူ့ ခန္ဓာကိုယ်ကို အသက် အန္တရာယ် ထိ ခိုက်မှု မရှိစေရဘူး၊.. ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

     

    အရင် ခေတ် စစ်အစိုးရ အဆက်ဆက် တရားမဝင် ကျင့်သုံးခဲ့တဲ့ ရိုဟင်ဂျာ တွေကို တရားဝင် အိမ်ထောင်ပြုခွင့် မပေးဘဲ ထိန်းချုပ်တဲ့ နည်းဟာ လူသားရဲ့ မွေးရာပါ အခွင့်အရေးကို ပြင်းပြင်းထန်ထန် ဖိနှိပ်ချုပ်ခြယ်ရာ ရောက်ပြီ်လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု သာ ဖြစ်ပါတယ်။ ဒီလို ရာဇဝတ်မှုပုဒ်မ အကြီးကြီးနဲ့ နာမည်ဆိုးတာသာ အဖတ်တင်ခဲ့ပြီး တကယ် သူတို့ရဲ့ ကလေးမွေးဖွားနှုန်းကို ထိန်းချုပ်နိုင်သလားဆိုတာလည်း ထိရောက်အောင် မထိန်းချုပ်နိုင်ခဲ့ပါ။ သူတို့ နေနေတဲ့ ဒေသ ဗမာပြည်ထဲမှာ အိမ်ထောင်ပြုခွင့်၊ မီးဖွားခွင့် မရတော့ ခိုးပြီး လက်ထပ်ပေါင်းသင်း၊ ကိုယ်ဝန်ရတဲ့အချိန် အာဏာပိုင်တွေသိတော့ ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေး၊ ဟိုက ဒုက္ခသည်စခန်းတွေ ဆက်နေထိုင်၊ ကလေးမွေးရင်းနဲ့ လူဦးရေ က များလာတာပဲ ဖြစ်ပါတယ်။ ဒီလူတွေဟာ မိမိနိုင်ငံသားတွေဖြစ်တဲ့ အတွက် တချိန်မဟုတ် တချိန် ပြန်လက်ခံရမှာသာ ဖြစ်တဲ့အတွက် နောက်ဆုံး မိမိ နိုင်ငံမှာပဲ လူဦးရေးမတန်တဆ တိုးပွားလာတာသာ အဖတ်တင်ကျန်ရစ်မှာ ဖြစ်ပါတယ်။

     

    ဒါကြောင့် ရိုဟင်ဂျာတွေရဲ့ လူ့အဖွဲ့အစည်းမှာ အခြား ကမ္ဘာ့အနှံ့အပြားက ဆင်းရဲတဲ့ မွတ်ဆလင် တိုင်းပြည်တွေမှာ ကျင့်သုံးတဲ့ လူ့သိက္ခာ လူ့ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်တဲ့ ကလေးမွေးဖွားနှုန်း လျှော့ချရေး အစီအစဉ်တွေဖြစ်တဲ့ ခေတ်မီတဲ့ သားဆက်ခြား ပညာပေးရေး၊ လိင် ပညာပေးရေး တွေကို ဖော်ဆာင်၊ ပဋိသန္ဓေတားဆီးရေး နည်းနာ တွေကို သင်ကြားပြသ ပညာပေးရင်းနဲ့ ဘာသာရေးအရလည်း တရားဝင် ခွင့်ပြုထားတဲ့ အကြောင်း ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲ တွေ လုပ်ပေးခြင်းဖြင့် ကလေးမွေးဖွားနှုန်းကို ထိန်းနိုင်ပါတယ်။

     

    ဗမာနိုင်ငံသား မွတ်ဆလင် များ (Burmese-Muslim)
    ယခု ဗမာ့လူ့အဖွဲ့အစည်းမှာ ဖြစ်ပေါ်နေတဲ့ လူမျိုး/ဘာသာ မတူသူ အုပ်စုတွေ အကြား တိုးပွားနေတဲ့ သံသယ တွေ အမုန်းတွေကို ပပျောက်ဖို့က လက်ရှိ ဗမာပြည်မှာနေထိုင်နေတဲ့ ဗမာနိုင်ငံသား မွတ်ဆလင် များရဲ့ တုန့်ပြန်ဆောင်ရွက်ပုံ နဲ့ ခံယူချက် မှန်ဖို့လည်း လိုပါတယ်။ ရှေးဘိုးဘွားအဆက်က ဘယ်လူမျိုးက ဆင်းသက်လာခဲ့ပစေ လက်ရှိ ဗမာနိုင်ငံသား အနေနဲ့ နေထိုင်နေတဲ့ မွတ်ဆလင်များ (ရိုဟင်ဂျာ၊ အခြား ရိုဟင်ဂျာ မဟုတ်တဲ့ အိန္ဒိယ၊ အာဖဂန်၊ အာရပ်၊ ပါရှန် အနွယ်အားလုံး) ဟာ နိုင်ငံရဲ့ အမျိုးသားရေး စိတ်ဓာတ် ကို မိမိကိုယ်၊ စိတ်၊ နှလုံး မှာ တိုးပွားရှင်သန်အောင် ကျင့်ကြံအားထုတ်ဖို့ လိုပါတယ်။ ဒီ အမျိုးသားရေးဟာ အမျိုး/ဘာသာ/သာသနာ ဆိုတဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးစွဲ၊ ဘာသာစွဲ အပေါ်မှာ အခြေမခံဘဲ ကျယ်ပြန့်တဲ့ နိုင်ငံသား အားလုံး၊ လူမျိုး/ဘာသာ အားလုံး၊ တိုင်းရင်းသား အားလုံး သဘောဆောင်တဲ့ နိုင်ငံချစ်စိတ်၊ တိုင်းပြည် ချစ်စိတ် အပေါ် အခြေခံ မြင်နိုင်ဖို့ လိုပါတယ်။ ဒီလို မြင်နိုင်ဖို့၊ ဒီလို အားလုံးကို ကိုယ်စားပြုတဲ့ အမျိုးသားရေး၊ တနည်းအားဖြင့် နိုင်ငံ/တိုင်းပြည် ချစ်စိတ် ရေးသဘောကို မြန်မာ အပါအဝင် အခြား တိုင်းရင်းသားအားလုံးနဲ့ ဗမာနိုင်ငံသား၊ ဗမာနိုင်ငံဖွား တရုတ်တွမှာလည်း မြင်နိုင်၊ ခံယူကျင့်ကြံနိုင်ဖို့ လိုပါတယ်။

     

    နောက်တခုက ဗမာ-မွတ်ဆလင် အသိုင်းအဝန်းအနေနဲ့ အခြား မွတ်ဆလင် မဟုတ်သူတွေကြားမှာ ပေါ်ပေါက်နေတဲ့ အထင်မြင်လွဲမှား သံသယ ရှိနေမှုတွေ၊ မသိနားမလည်လို့ အကြမ်းဖက်ဝါဒ နဲ့ ငြိမ်းချမ်းတဲ့ အစ္စလာမ် ဝါဒ ကို ရောထွေး အထင်မှား၊ အမြင်မှားဖြစ်ကာ အစ္စလာမ် အကြောက် ရောဂါ (Islamophobia) ဝင်နေသူများကို အပြစ်လို့ တထစ်ချ မသတ်မှတ်၊ မမြင်ဘဲ အစ္စလာမ် ဘာသာ နဲ့ အကြမ်းဖက်မှု မပတ်သက်တဲ့ အကြောင်းကို ရှင်းပြတဲ့ ဟောပြောပွဲတွေ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု အခြေခံ ဗဟုသုတ၊ အမြင် ဖလှယ်ပွဲတွေ၊ ကို အင်တိုက်အားတိုက် လုပ်ကိုင်ခွင့်ရဖို့ လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။

    နောက်တချက်က အစ္စလာမ် ဘာသာရေး သင်တန်းကျောင်းတွေမှာ ရှေးရိုးစွဲ လူတစုနဲ့ဘာသာရေးခေါင်းဆောင် တချို့က ပြင်းထန်တဲ့ ရှေးရိုးစွဲ အယူဝါဒ တွေ မသင်ကြားနိုင်စေဖို့၊ အကြမ်းဖက်ဝါဒ တိုးပွားစေတဲ့သဘောတွေ မဟောပြောနိုင်စေဖို့ကိုလည်း ဗမာ-မွတ်ဆလင် အဖွဲ့အစည်းတွေနဲ့ ခေါင်းဆောင်တွေက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အစိုးရ ကိုယ်စားလှယ် အပါအဝင် ဘာသာပေါင်းစုံ ပါဝင်တဲ့ လူမှုရေး အဖွဲ့အစည်းတွေကို ဘာသာရေး သင်တန်းကျောင်းတွေကို လေ့လာဖို့ ဖိတ်ခေါ်ပြီး ခေတ်မီ လွတ်လပ်၊ မျှတ၊ ဒီမိုကရေစီ စံနှုန်းတွေနဲ့ အညီ စစ်မှန်တဲ့ ဘာသာရေး စာပေ သက်သက် သင်ကြားနေတာသာဖြစ်ကြောင်း၊ အစ္စလာမ် သာသနာ ကို အဓမ္မ သဘောနဲ့ ဖြန့်ဖြူးဖို့ (Islamisation) သင်ကြားပေနေတာ မဟုတ်ကြောင်း၊ ရှေးရိုးစွဲ ပြင်းထန်တဲ့ သဘောတွေ၊ အကြမ်းဖက်ဝါဒတရားတွေ လှုံ့ဆော်နေတာ မဟုတ်ကြောင်း သက်သေပြုနိုင်ဖို့လိုပါတယ်။ နိုင်ငံတကာက ဒီမိုကရေစီ နိုင်ငံကြီးတွေမှာလည်း စာရေးသူ ထောက်ပြသလို သက်ဆိုင်ရာ မွတ်ဆလင် အသိုင်းအဝန်း (Muslim Community) နဲ့ အစိုးရ၊ လူမှု အဖွဲ့အစည်းတွေ ပူပေါင်းဆောင်ရွက်ရင်းနဲ့ လူ့အဖွဲ့အစည်းမှာ ဘာသာစွဲပြင်းထန်မှုတွေနည်းအောင်၊ ဘာသာရေး အမည်ခံ အစွန်းရောက်၊ အကြမ်းဖက်သမားတွေ ဝင်ရောက် စိမ့်ဝင် လှုပ်ရှားခွင့်မရအောင် ကာကွယ်တာဆီး နေတာပဲ ဖြစ်ပါတယ်။

    အထက်မှာ တင်ပြခဲ့တာတွေဟာ စာရေးသူ လေ့လာ သုံးသပ်မိတဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ရခိုင်ဒေသ မတည်မငြိမ်ဖြစ်မှုတွေရဲ့ အဓိက အကြောင်းရင်းတခုဖြစ်တဲ့ ရိုဟင်ဂျာ ပြဿနာ နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေအပေါ် စာရေးသူ တဦးတည်းရဲ့ အမြင်၊ သဘောထား နဲ့ အကြံပြုချက်တွေ ဖြစ်ပါတယ်။


    နိဂုံ (Conclusion)

    နိဂုံးချုပ်ရရင် စာရေးသူတို့ရဲ့ ဗမာ့လူ့အဖွဲ့အစည်းဟာ ဆယ်စုနှစ်ပေါင်းများစွာ အမှောင်ထုဖုံးလွှမ်းနေတဲ့ အနေအထား အချိန်ကနေ အလင်းကို ခုမှ စ ဝင်လာတာနဲ့ သဘောတရားချင်း တူနေပါတယ်။ အလင်းကို ဝင်ခါစ အချိန်မှာ မျက်စိတွေ ကျိန်းနိုင်ပါတယ်။ အလင်းဒဏ်က လူအများစုရဲ့ အမြင်တွေကို စူးရှ ထိခိုက် စိတ်ကသိကအောင့် ဖြစ်စေနိုင်ပါတယ်။ အရာရာဟာ အရိုးစွဲ နေသားတကျ ဖြစ်နေတဲ့ သမာရိုးကျ စိတ်၊ စဉ်းစားပုံ၊ အတွေးအခေါ် တွေ နဲ့ အံမဝင်ခွင် မကျ ဖြစ်နေနိုင်ပါတယ်။ ဒီလို အခြေအနေကို မလိုလားအပ်တဲ့ သဘော အနေနဲ့ မရှုမြင်ဘဲ အကျိုးသင့်၊ အကြောင်းသင့် စဉ်းစားဆင်ခြင်တွေးခေါ်မျှော်မြင်ပြီး လက်ခံသင့်တဲ့ အရာတွေကို လိုက်လျောညီထွေ ပြုပြင် ပြောင်းလဲချင်တဲ့ စိတ်နဲ့အတူ လက်ခံနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ “အမျိုးပျောက်မှာစိုးကြောက်လှ ပါတယ်” ဆိုတဲ့ ပုဂ္ဂိုလ်များရဲ့ ခံစားချက်ကိုလည်း နားလည်လက်ခံနိုင်ပေမယ့် ခေတ်သစ် ကမ္ဘာရဲ့ စဉ်ဆက်မပြတ် ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုနေတွေနဲ့ အလိုက်သင့် ပြုပြင်ပြောင်းလဲ နိုင်စွမ်း မရှိဘဲ ကြိုတင် ကောက်ချက်၊ အစွဲ၊ မယုံကြည်မှု၊ သံသယ၊ ရန်ငြိုး၊ အမုန်း၊ စစ်ပွဲ တွေ နဲ့သာ ဒီလို အခြေအနေသစ်နဲ့ သဘောတွေကို တုန့်ပြန်ခဲ့ကြရင် ဖြစ်လာနိုင်တဲ့ လူသားမျိုးနွယ်ပျောက်ဆုံးမှုက ပိုလို့ အရေးကြီးပါတယ် လို့ပဲ ဆိုပါရစေ ခင်ဗျာ။

    လူရဲ့ အပေါ်ယံ အရေပြား အရောင် အသွေးနဲ့ သွင်ပြင် ကွဲပြား ခြားနားမှုတွေ နဲ့ နောက်ခံ အမျိုး၊ ဘာသာ၊ လူမှု့ အလွှာ ကို မကြည့်ဘဲ လူတဦးချင်းရဲ့ အကျင့်စာရိတ္တ နဲ့ အရည်အချင်းရှိမှုကိုသာ အဓိက စဉ်းစားပြီး ရှုမြင်ဆင်ခြင်သုံးသပ် နေရာပေးတတ်တဲ့ လွတ်လပ်၊ မျှတ၊ ဝါဒဖြူစင်တဲ့ အနာဂတ် ဗမာပြည်ရဲ့ ရခိုင် ရိုးမ၊ ပဲခူး ရိုးမ၊ ရှမ်းရိုးမ တောင်တန်းကြီးတွေရဲ့ကြား ဧရာဝတီ မြစ်ကမ်းပါးမှာ လူအများစု မြန်မာများ၊ တိုင်းရင်းသား ရခိုင် အပါအဝင် အခြား လူနည်းစု တိုင်းရင်းသားများ နဲ့ လူမျိုးကွဲ နိုင်ငံသား တရုတ်၊ အိန္ဒိယ အနွယ်တွေရဲ့ သားသမီးတွေဟာ လူမျိုး/ဘာသာ မခွဲ သွေးစည်းချစ်ခင်ရင်းနှီးမှု ညီအကို၊ မောင်နှမ အရင်း စိတ်ဓာတ် ကောက်ပဲသီးနှံကို အရင်းတည်တဲ့ ငြိမ်းချမ်းရေးညစာကို အတူတကွ ချိုမြိန်စွာ သုံးဆောင်နိုင်ခွင့် အမြန်ဆုံး ရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

    ငြိမ်းချမ်းအေး
    ၁၈ ၊ သြဂုတ် ၊ ၂၀၁၂

    ရည်ညွှန်း။ ။
    ငြိမ်းချမ်းအေး၊ “ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်စရာ”http://moemaka.com/?p=24166
    အောင်ထူး (ရှေ့နေ)၊ “ရိုဟင်ဂျာ ပြဿနာ၊ လူ့အခွင့်အရေး နှင့် အမျိုးသား ဂုဏ်သိက္ခာ”၊ ခေတ်မောင်း စာစောင်၊ အတွဲ (၁)၊ အမှတ် (၃)၊ ဇူလိုင်လ ၁၇ရက် ၂၀၁၂ ခုနှစ်။

့ဘီဘီစီ မြန်မာ့အရေး ကမ္ဘာ့အရေးဆွေးနွေးခန်း၊ ဇူလိုင်လ ၂၀ ရက် ၂၀၁၂ ခုနှစ်။

    The Universal Declaration of Human Rights: http://www.un.org/en/documents/udhr/

    International Covenant on Civil and Political Rights: http://www2.ohchr.org/english/law/ccpr.htm

    International Covenant on the Rights of the Child: http://www2.ohchr.org/english/law/crc.htm

    Rohingya refugees return to Burma: http://news.bbc.co.uk/2/hi/south_asia/221775.stm
    မောင်ဆန္ဒ(လယ်ဝေး)၊ ကမန်မျိုးနွယ်စု သမိုင်း၊ နိုင်ငံဂုဏ်ရည်စာပေတိုက်၊ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ။

    ကိုးကား။ ။

    Dr. Francis Buchanan-Hamilton, M.D., “A Comparative Vocabulary of Some of the Languages Spoken in the Burma Empire”, Asiatic Researches 5 (1799), Page 219-240. Republished: University of London (UL), School of Oriental and African Studies (SOAS) Bulletin of Burma Research, Vol. 1, No., 1, Spring 2003.

    Leider, Jacques P: “Interview: History Behind Arakan State Conflict”, by The Irrawaddy, July 9, 2012.

    Dr. Aye Kyaw: “An Historian Looks at Rohingya”, by The Irrawaddy, October 7, 2009.
    Yegar, Moshe, “Between integration and secession: The Muslim communities of the Southern Philippines, Southern Thailand, and Western Burma / Myanmar”, Lanham, MD: Lexington Books, p. 23-24, 2002, ISBN: 0739103563.

    Dr. Aye Chan, The Development of a Muslim Enclave in Arakan (Rakhine) State of Burma (Myanmar), University of London (UL), School of Oriental and African Studies (SOAS) Bulletin of Burma Research, Vol. 3, No., 2, Autumn 2005.

    The New Encyclopedia of Islam (2002), AltaMira Press, ISBN 0-7591-0189-2

    Burma Press Summary, 1996, May, From the Rangoon “The New Light of Myanmar”, Compiled for the Burma Studies Group by Hugh C. MacDougall, Published by the Center for East Asian and Pacific Studdies, University of Illinois.

    Burma’ Citizenship Law, 1982: http://www.unhcr.org/refworld/docid/3ae6b4f71b.html
    မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၉)၊ အပိုင်း (က)၊ စာပေဗိမာန်၊ ၁၉၆၄၊ ပဌမအကြိမ်၊ စာမျက်နှာ (၈၉)။

    ဆောင်းပါးရှင် ငြိမ်းချမ်းအေး၏ Facebook စာမျက်နှာမှ ကူးယူမျှဝေပါသည်။
  • အပြစ်ရှိတဲ့ လူဆယ်ယောက် လွတ်သွားပါစေ အပြစ်မဲ့တဲ့ သူတစ်ယောက်ကို ထောင်မချမိ ပါစေနဲ့

    အပြစ်ရှိတဲ့ လူဆယ်ယောက် လွတ်သွားပါစေ အပြစ်မဲ့တဲ့ သူတစ်ယောက်ကို ထောင်မချမိ ပါစေနဲ့

    သြဂုတ်၊ ၁၇ ၊ ၂၀၁၂

    မအေးဆေး

    Source: The Hot News

    ၈-၈-၂၀၁၂ နေ့ထုတ်Weekly Eleven ဂျာနယ်ထဲမှာX2O ရေကစား မဏ္ဍာပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သေဒဏ်နဲ့ ထောင်ဒဏ် တစ်သတ်တစ် ကျွန်းဆိုတဲ့ ဆောင်းပါးကို ကျွန်မ ဖတ် လိုက်မိပါတယ်။ ကိုဖြိုးဝေအောင်ကို ၂၀၁၀ ပြည့်ဧပြီလ (၂၃)ရက်နေ့မှာ သူ နေထိုင်ရာ ပုဇွန်တောင်မြို့နယ် ၅၅လမ်း ရှိ နေအိမ်ကနေ ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

    ကင်ဆာရောဂါနောက်ဆုံးအဆင့်နဲ့ ခန္ဒာကိုယ်အောက်ပိုင်း လှုပ်လို့မရတော့တဲ့ ဆေးရုံပေါ်က ကိုဖြိုးဝေအောင်

    ကိုဖြိုးဝေအောင်ကို အင်းစိန် အကျဉ်းထောင် သီးသန့်တရားရုံးမှာစစ် တယ်။ အမှန်က တရားစစ်တယ်ဆိုတာ အများပြည်သူ ရှေ့မှောက်မှာ စစ်ရမှာ ဖြစ်တယ်။ အခုတော့ သူ့ကို အများပြည် သူမျက်ကွယ်မှာ စစ်ပြီး စီရင်ချက် ချမှတ် လိုက်တယ်။ တရားစစ်တယ်ဆိုတာOpen Count ဖြစ်ရမယ်။ အပြစ်ကျူးလွန် တယ်လို့ သတ်မှတ်ထားတဲ့ လူတစ်ယောက် ဟာ ရှေ့နေ ရှေ့ရပ်နဲ့ ခုခံပိုင်ခွင့်ရှိရမယ်။

    ကိုဖြိုးဝေအောင်မှာဒီလိုအခွင့်အရေး တွေ အားလုံးဆုံးရှုံးခဲ့ရတယ်။ ပြီးတော့ စစ်ကြောရေးမှာလည်း ဒီဗုံးခွဲမှုနဲ့ သူ မပတ်သက်ပါဖူးလို့ အကြိမ်ကြိမ်ငြင်း သော်လည်း မခံမရပ်နိုင်အောင် စစ်ဆေး တယ်လို့ဆိုပါတယ်။ သူတို့ စစ်ဆေးတဲ့ ဒဏ်တွေကို မခံနိုင်တဲ့အဆုံး သူတို့လိုချင် တဲ့အဖြေကို ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ကို ပုဒ်မအများကြီးနဲ့ တပ်ပြီး သေဒဏ် နှင့် တစ်သက်တစ်ကျွန်းချလိုက်ပါတယ်။ ဒါပေမဲ့ သူ့ထောင်သက်ဟာ (၂)နှစ် ကျော်ကျော်လေးပဲရှိတယ်။ သို့သော် လည်း သူဟာ အနှစ်(၂၀)ထောင်ကျ ထားတဲ့ပုံပေါက်နေပါတယ်။ စစ်အစိုးရ လက်ထက်မှာ အခုလို မှားမှားယွင်း ယွင်းဖမ်းဆီးထောင်ချတာတွေတော်တော် များများရှိခဲ့တယ်လို့ သိရပါတယ်။ သူဟာ ဗုံးဖောက်ခွဲသူ မဟုတ်တဲ့အတွက် တစ်နေ့ နေ့မှာ ပြန်လွတ်လိမ့်မယ်လို့ သူယုံကြည် ထားတယ်။ လောလောဆယ်မှာတော့ ကိုဖြိုးဝေအောင်ဟာ စစ်ကြောရေးက ဒဏ်တွေကြောင့် အသည်းရောဂါနဲ့ အောက်ပိုင်းသေရောဂါ ခံစားနေရပြီး ဆေးရုံတက်နေရပါတယ်။

    ထောက်လှမ်းရေးတွေနဲ့ ရဲတွေဟာ တရားခံအစစ်ကို ရှာရမှာ သူတို့တာဝန် ဖြစ်တယ်။ အပင်ပန်းခံပြီးရှာမနေဘဲ ထင်ရောင်ထင်မှား လူတစ်ဖက်သားကို တရား ခံလုပ်လိုက်တာကတော့ လူသားချင်း ကိုယ်ချင်းမစာနာရာ ရောက်ပါတယ်။ လူ တစ်ဖက်သားကိုခုလို မှားမှားယွင်းယွင်း ထောင်ချလိုက်တော့ သူက အဓိကခံရ ပြီး သူ့နောက်က သားသမီးဇနီးတွေပါ တစ်သီ တတန်းကြီး ဒုက်္ခရောက်ရတဲ့ အဖြစ်ပါ။

    ဒီလိုပဲဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ တောင် မှားယွင်းစွာ ဖမ်းဆီးတာမျိုးတွေ  ရှိပါတယ်။ ရီးဒါးဒိုင်ဂျက်မဂ္ဂဇင်းမှာ ကျွန်မ  ဖတ်လိုက်မိတဲ့ လူမည်းလူငယ် ကလေး တစ်ယောက်အကြောင်းပါ။ သူဟာ မှား ယွင်းစွာ ဖမ်းဆီးခံရပြီး ထောင်ထဲမှာ ၁၂ နှစ်ကြာသွားခဲ့ပါတယ်။ သူ့အမည်က ဒေး ဗစ်ရှက်ဖယ်ဖြစ်ပါတယ်။ သူဟာ အချိန် တွေကုန်ဆုံးသွားတာကို ဘယ်လိုမှ မတတ်နိုင်သော်လည်း အမှန်တရားပြန်ရ ဖို့အတွက် ကြိုးစားဖို့ ဆုံးဖြတ်လိုက်ပါ တယ်။ သူဟာ မှားမှားယွင်းယွင်းနဲ့ မုဒိန်း ကျင့်မှုနဲ့ ထောင်ကျခဲ့ရပါတယ်။ အသက် ၁၉ နှစ်ရှိ နယူးဂျာစီက မိန်းကလေးတစ် ဦးကို မုဒိန်းကျင့်မှုနဲ့ ထောင် ၁၂ နှစ်ကျ သွားခဲ့ရပါတယ်။ အမှန်တော့ သူ့ကို ထောင်ချလိုက်တာ အနှစ်(၃၀)ပါ။DNAစီစစ်တွေ့ရှိချက်ကြောင့်သာ သူ့မှာ အပြစ်မရှိကြောင်း သက်သေပြေနိုင်ခဲ့လို့ ပါ။

    သူကတော့ ကိုဖြိုးဝေအောင်လို စစ်ကြောရေးမှာ နှိပ်စက်ခံရတာမျိုး မရှိပါ ဘူး။ ဒါပေမယ့် အမေရိကန် အကျဉ်း ထောင်တွေမှာရှိတဲ့ အသိုင်းအ၀ိုင်းတွေ ဟာ မုဒိန်းမှုနဲ့ ရောက်လာတဲ့ထောင် သားဟာ အဆင့်အနိမ့်ဆုံးဖြစ်လို့ အုပ်စု ဖွဲ့ပြီး သူ့ကို တိုက်ခိုက်ကြပါတယ်။တကယ် တော့ အကျဉ်းထောင်ဆိုတာ ကျန်းမာ သန်စွမ်းတဲ့ လူတစ်ယောက်ကို အရူး အနှမ်းဖြစ်သွားစေတယ်လို့ ထင်မိတယ်။ ဒေးဗစ်ဟာ ထူးဆန်းတဲ့အထောက်အ ထားမရှိတဲ့ စွတ်စွဲချက်တွေနဲ့ ရင်ဆိုင်နေ ရပါတယ်။

    တရားလို အမျိုးသမီးက သူ့ကိုတိုက် ခိုက်တဲ့နှစ်ယောက်ကထဲကတစ်ယောက် ဟာ ဒေးဗစ်လို့ ခေါ်သံကြားတဲ့ စွတ်စွဲ ချက်နဲ့သူကို ဖမ်းသွားတာ။ သူဟာ ကြိုးစားရုန်းကန်ပြီး အယူခံကို အဆက်မပြတ် တင်တယ်။ အကျဉ်းထောင်ထဲရောက်ပြီး မှ အပြစ်မရှိပါဘူးလို့ ပြောနေလို့ကတော့ နာဖို့ပဲရှိတယ်။ ဒီစံပြ ထောင်မှာ သူတည် ရှိနေခြင်းအရှိတရားကို လက္ခံပြီး တစ်ခုခု အောင်မြင်ပြီးမြောက်အောင် ကြိုးစား လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ ဟာ ထောင်ထဲမှာပဲ အလယ်တန်းကျောင်း ဒီဂရီပြီးမြောက်တယ်။

    သူဟာ စံပြထောင်ရဲ့ စာကြည့် တိုက်မှာ အလုပ်ရတယ်။ အလုပ်လုပ်နေ စဉ်တစ်နေ့မှာတော့ သူဟာ ဂါရီဒေါ့ဆန် ရဲ့ အမှုကို သွားတွေ့ပါတယ်။ အီလိနွိုက် မှာ မုဒိန်းမှုဖြစ်တာပါ။ ၁၉၈၉ ခုနှစ်မှာ ဒေါ့ဆန်ဟာ ပထမဦးဆုံးသော အမေရိ ကန်ထောင်သားDNA သက်သေထူခွင့် ရှိပါတယ်။ ဒေးဗစ်ဟာ ဒေါ့ဆန်ရဲ့ အမှုမှ နည်းပညာနဲ့ တရားဝင် အချက်အလက် တွေကို အချိန်ကြာကြာယူပြီးလေ့လာ သုံး သပ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ နယူးဂျာစီ ရုံးကDNA သက်သေခံချက်အယူခံကို လက္ခံပါတယ်။ သူ့အမှုရဲ့ ဇီဝဗေဒဆိုင် ရာ သက်သေခံချက်DNAကို အမှုဖြစ်နေ ရာကနေယူပြီး ပြန်လည် စစ်ဆေးပေးဖို့ အသနားခံတယ်။

    ကိုဖြိုးဝေအောင်ရဲ့ အမှုမှာတော့  ဗုံးပေါက်ကွဲတဲ့အချိန်မှာ သူဟာ ရန်ကုန် စင်တာမှာရှိတဲ့City Mart မှာ အသေး စားပြင်ဆင်မှု အလုပ်တွေကို လုပ်နေပါ တယ်လို့ ပြောသော်လည်း မရပါဘူး။ သူ တို့အလိုကျပဲ ကိုဖြိုးဝေအောင်ဟာ ထွက် ဆိုပြီး စာအိတ်ထဲက အမိန့်များနဲ့ စီရင် ချက်ချမှတ်ခြင်းပဲဖြစ်ပါတယ်။

    ကိုဖြိုးဝေအောင်ကလည်း မကြာ ခင်မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ဆိုပါတယ်။ သူ မကျူးလွန်တာကို တရား လို ပြသက်သေတွေနဲ့ ဖြေရှင်းမယ်လို့ ဆို ပါတယ်။ စာတမ်းလည်း ပြုစုသွားမယ်လို့ ဆိုပါတယ်။ မှားယွင်းစွာ ထောင်ချခံရတဲ့ အဖြစ်ကို အများသိအောင် ဖော်ထုတ် တာဟာ ကောင်းပါတယ်။

    ဒေးဗစ်ကတော့ သူရဲ့အဖြစ်ကို ထောင်ထဲက ရှာကြံရတာဖြစ်ပါတယ်။ အမေရိကန်မှာကတော့ လူ့အခွင့်အရေး က အရမ်းမြင့်တယ်ဆိုတော့ အကျဉ်း သာတစ်ယောက်ရဲ့ တောင်းဆိုတာကို လိုက်လျောပေးတယ်။ ဒေးဗစ်ရဲ့ DNAဟာ  ၁၀၀ရာနှုန်း မပါဝင်တာတွေ့ရပါ တယ်။ ၁၉၉၅ ခုနှစ်မှာ အစိုးရရှေ့နေက နေ ဒေးဗစ်ရဲ့ အမှားအားလုံး လက်လွှတ် လိုက်ပါတယ်။ နယူးဂျာစီမှာ သူ့ကို မှားယွင်းစွာ အပြစ်ပေးလိုက်တဲ့အတွက် လျှော်ကြေးပေးဖို့ လွှတ်တော်ဥပဒေ ပြုဌာနက လက်မှတ်ထိုးပေးလိုက်ပါတယ်။ ဒေါ်လာ ၂၄၀,၀၀၀ ဖြစ်ပါတယ်။
    လူတစ်ယောက်ဟာ လွဲမှားစွာ အ ကျဉ်းကျခံရတယ်ဆိုရင် စိတ်တွေခြောက်ချားရသလို၊ အပြစ်မရှိပဲ နှစ်ပေါင်းများစွာ ထောင်ကျသွားရတဲ့လူတစ်ယောက်အဖို့ အရာရာတွေ ဆုံးရှုံးရပါတယ်။ နုပျိုတဲ့ အရွယ်၊ ငွေကြေး၊ အလုပ်အကိုင်စသည် တို့ပေါ့။

  • အဖြေမရှိတဲ့ “ဗမာ” ဆိုတာ

    သောင်းထိုက်
    သြဂုတ် ၁၇၊ ၂၀၁၂

    ဓာတ်ပုံ – realhistoryofmyanmar.blogspot.com

    “သခင်မျိုးဟေ ဒို့ ဗမာ၊ ” “သာကီမျိုးဟေ့ ဒို့ ဗမာ၊” “ယဉ်ကျေးတဲ့ ဗမာ” ဆိုပြီး ဆောင်ပုဒ်တွေ တသီသီနဲ့ ဆိုလေတော့ မြန်မာလူငယ်တွေ မျိုးချစ်စိတ်ဆိုပြီးတမျိုး၊ ရွှေမြန်မာဆိုပြီးတဖုန် မာန်တက်နေလေရဲ့ ။ တနေ့ က ကျနော်သင်တန်းပေးဖူးတဲ့ လူငယ် ၆ ယောက်နဲ့  လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်တယ်။ စကားပြောနေရင်း ထုံးစံအတိုင်း ခုခေတ်စားနေတဲ့ ရိုဟင်ဂျာကိစ္စဆီရောက်သွားတယ်။

    အစပိုင်းမှာ သူတို့ ပြောတာ နားထောင် ရုံနားထောင်နေပေမဲ့ မနေနိုင်တာနဲ့  ၀င်မေးမိပါတယ်။ “ဗမာဆိုတာကို တိတိကျကျ ဘယ်လို အဓိပ္ဗါယ်ဖွင့်ဆိုလဲ”လို့ ။ ခုနက ဇာတိမာန်တက်ကြွနေတဲ့ တိုင်းချစ်ပြည်ချစ်များ တယောက်တပေါက် သူ့ ထက်ငါအပြိုင်ဂုဏ်ဖွဲ့ ပြောလိုက်တာ ဗမာဆိုတာ ဘာမှန်းမသိသလိုဖြစ်သွားရော။ မော်လမြိုင်က မွန်တိုင်းရင်းသား သတင်းသမားငယ်တစ်ယောက်က “မျိုးမစစ်လို့  ဗမာလို့ ခေါ် တာမဟုတ်ဘူးလား” ဆိုပြီး ရယ်ရယ်မောမောနောက်ပြီး ငွေရှင်းတော့မှ  တယောက်တပေါက်ဇာတ်လမ်း အဆုံးသတ်သွားတယ်။

    ပြောမိသမျှ ပြန်ပြောရရင် ကျနော် မေးခွန်းမေးလိုက်ချင်း တယောက်က ချက်ချင်း ကောက်ကာငင်ကာနဲ့  “ဗမာမိဘနှစ်ပါးက မွေးတဲ့လူ” လို့ ဖြေတယ်။ အဖြေထဲမှာ ဗမာဘာလဲဆိုတဲ့ အချက်ကို အဓိပ္ဗါယ်ဖွင့်တာ တခုမှမပါလာဘူး။ နောက်တယောက်က ဗမာဆိုတာ ပျူနဲ့ သက် အပါအ၀င် ရှေးလူမျိုး ၄ ခု ပေါင်းမှ ဗမာဖြစ်တာလို့  ပြောတယ်။ သူကိုယ်တိုင်လည်း တခြား ၂ ခုဘာလဲမသိ။ ပထမတယောက်က ထပ်ပြောပါတယ်။

    ဗမာမိဘကမွေး၊

    မြန်မာပြည်မှာမွေး၊

    မြန်မာပြည်မှာနေ၊

    ဗမာ စကားပြောတဲ့လူတဲ့လေ။

    သူကထပ်ပြီး ကွန့် ပါတယ်။ “ဗုဒ္ဓဘာသာမြန်မာလူမျိုး” ဆိုတဲ့ ဆောင်ပုဒ်လည်းရှိလေတော့

    ဗုဒ္ဓဘာသာလည်း ဖြစ်ရအုံးမယ်တဲ့။ သူကပြောပါတယ်။ အတိအကျဘယ်လို အဓိပ္ဗါယ်ဖွင့်မလဲဆိုလို့  အသေးစိပ် တခုချင်းစီပြောတာပါတဲ့။ အတိအကျပြောတော့မှ ရှုပ်ပြီးရင်း ထပ်ရှုပ်လေခြင်း။

    တယောက်က ၀င်နောက်ပါတယ်။ ယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဆိုတဲ့ စကားလည်းရှိလေတော့ ယဉ်ကျေးရမယ်ဆိုတာထည့်အုံးတဲ့။ တယောက်ကလည်း ထပ်နောက်ပါတယ်။ မျက်နှာစာအုပ် (ဖေ့စ်ဘွခ်) မှာ ဗမာတွေ ဒီလောက်လန်းနေတာ ဒီဆောင်ပုဒ်ကြီးနဲ့ သွားလုပ်ရင် အဖြဲခံရမယ်တဲ့လေ။ သေချာတာပေါ့ဗျာ။

    ပထမတယောက်ပြောတာ သုံးသပ်လိုက်ရင်

    ပထမအချက် – အဖြေမဟုတ်ပါဘူးဆိုတဲ့ ဗမာမိဘကမွေးရင်ဆိုတာက ထပ်ပါလာသေးတယ်။

    ဒုတိယအချက် –  မြန်မာပြည်မှာနေရအုံးမယ်။ ကျနော်ကမေးပါတယ်၊ ဒါဆိုရင် နိုင်ငံခြားသွားရင် ဗမာမဟုတ်တော့ဘူးလားလို့ ။ မြန်မာပြည်မှာ မွေးရမယ်ဆိုတော့ နိုင်ငံခြားမှာ ဗမာဆိုသူ မိဘနှစ်ပါးက မွေးတဲ့လူတွေ ဗမာမဟုတ်တော့ဘူးလားလို့ ။ နောက်တခုက ဗမာစကားလည်းပြောရအုံးမယ်ဆိုတော့ ဗမာမိဘကမွေး တယ်ပဲထား၊ နိုင်ငံခြားရောက်နေလို့  ဗမာစကားမပြောတတ်တော့ကလေးတွေကို ဗမာလို့ မသတ်မှတ်တော့ဘူးလားလို့ ။ ကျနော်ကထပ်မေးတယ်၊ မြန်မာပြည်မှာနေ၊ မြန်မာပြည်မှာမွေး၊ ဗမာစကားပြောတတ်ရင် ဗမာဖြစ်တယ်ဆိုရင် မြန်မာပြည်မှာမွေး၊ ဗမာ စကားပြောတတ်တဲ့ ရိုဟင်ဂျာတွေ ဗမာဖြစ်သလားလို့  ။

    တယောက်တပေါက်ပြောနေကြတာ လိုရင်းမရောက်ပါဘူး။ မန်းလေးက တယောက်က ၀င်ပြောပါတယ်။ သူက အသားဖြုဖြူ ပိန်ပိန်ရှည်ရှည် တရုတ်လိုလို ကိုးရီးယားမင်းသားလိုလို ခပ်ဖြောင့်ဖြောင့် ခပ်နွဲ့ နွဲ့ ဆိုတော့ တရုတ်နဲ့ မှားမှာစိုးလို့  နောက်ကြောမလုံလို့ ထင်တယ် “ကျနော်က ဗမာ။ အမေကတော့ရှမ်း၊ အဖေက ဗမာပါ” တဲ့။ ဗမာကြားမှာကြီးလို့  ဗမာလို့ ပဲ ခံယူထားပုံရပါတယ်။ ကျနော့်စိတ်ထဲမယ်တော့ အမေရှမ်းဆိုမှတော့ ဘယ့်နှယ် ဗမာဖြစ်သွားရတာလဲပေါ့။ ရှမ်းတယောက်ယောက်ကြားရင် ရှမ်းဖက်ကို မဲဆွယ်လိုက်မဲ့ဖြစ်ချင်း။

    တယောက်တပေါက်ထပ်ပြောရင်း ဘာသာရေးဖက် ခရီးနှင်ပါတယ်။ ဗမာ ဗုဒ္ဓဘာသာတယောက် အစ္စလာမ်ဘာသာဖက်ပြောင်းသွားရင် ဗမာလို့ သတ် မှတ်သေးသလားဆိုတော့ လူမျိုးနဲ့  ဘာသာနဲ့  ကွဲကွဲပြားပြားရှိဖို့ လိုတယ်တဲ့။ တော်ပါသေးရဲ့ ။ ဒါပေမဲ့ ဆက်ပြောပါတယ်။ အစ္စလာမ်ထဲပြောင်းသွားရင် ကုလား၊ ကုလားမဆိုပြီးမှတော့ အပြောခံရမယ်ဆိုတာ။

    ဆက်မေးပါတယ်။ မြန်မာမွတ်စလင်(မ်) ဆိုတဲ့နေရာမှာ မြန်မာနဲ့  မွတ်စလင်(မ်) တွဲလို့ မရဘူးဆိုတာ ပြောပြောနေတော့ ဘယ်လိုမြင်လဲ ဆိုတော့ မယ်မယ်ရရ အဖြေမရှိပါ။ ကောင်မလေးတယောက်က ၀င်ပြောပါတယ်။ မြန်မာနဲ့  မွတ်စလင်(မ်) တွဲနေတာ သဘာဝမကျဘူးတဲ့။ ဘာဖြစ်လို့ လဲလို့ မေးတော့ နားထောင်ရတာ မမှန်မှန်းစိတ်ထဲကတော့သိနေတယ်။ ဒါပေမဲ့ အတိအကျတော့ ပြောမတတ်ဘူးတဲ့လေ။ ကျနော် မှတ်ချက်ချမိပါတယ်။ တိတိကျကျ အဓိပ္ဗါယ်ရှိရှိ သဘာဝကျကျ လက်မခံတာမဟုတ်ပဲ စိတ်ထဲက မကြိုက်ဘူးကွာဆိုတာနဲ့ တင် ငြင်းဆန်နေကြတာဆိုတာ။

    ရခိုင်ကိစ္စလဲပြောဖြစ်ပါတယ်။ တကယ်ဆိုရင် ရခိုင်နဲ့ ဗမာဆိုတာ စကားလည်းဆင်တယ်၊ ကိုးကွယ်တဲ့ဘာသာလည်းတူတယ်။ ဘာကြောင့် ရခိုင်နဲ့  ဗမာဟာ လူမျိုးခြားတွေလို့ သတ်မှတ်သလဲလို့ ။ ကျနော်က နှိုင်းယှဉ်ပြတယ်။ ထားဝယ်လည်း ဗုဒ္ဓဘာသာ၊ ပြောတဲ့စကားလည်းဆင်တူတာပဲ။ ဘာကြောင့် လူမျိုးခြားလို့ မ သတ်မှတ်ပဲ ဗမာအောက်မှာပဲ ဗမာလို့ သတ်မှတ်သလဲ။ ရခိုင်ကို လူမျိုးခြားလို့ သတ်မှတ်သလို ထားဝယ်ကိုလည်း လူမျိုးခြားလို့ သတ်မှတ်ပေါ့လို့ ။ တယောက် တပေါက် ဆက်ပြောကြတယ်။

    တယောက်က မေးတယ်။ ၂၀၀၉ လောက်က ဟောင်ကောင်ရောက် မြန်မာကောင်စစ်ဝန်က ရိုဟင်ဂျာတွေဟာ ဗမာနဲ့ မတူဘူး။ ရိုဟင်ဂျာတွေက အသားမည်းတယ် ဘီလူးတွေနဲ့ တူတယ်။ ဗမာဆိုတာ သူ့ လို အသားလတ်တယ်လို့ ပြောတာကိုဘယ်လို ထင်သလဲတဲ့။ အသားအရောင်နဲ့  လူမျိုး ဘာမှမဆိုင်တဲ့အကြောင်းပြောကြပါ တယ်။ ဟုတ်ပါတယ်။ မကွေးက အဖေဗမာ အမေဗမာဆိုသူ ကောင်မလေးတယောက်နဲ့ ဒညင်းကုန်းက ဗမာကောင်လေးတယောက်က ကျနော်တို့  ၇ ယောက် ထဲမှာ အသားအညိုဆုံးမဟုတ်လား။ မော်လမြိုင်က မွန်လေးလည်း အသားညိုပါတယ်။ ရှေးခေတ်တုန်းက ဗမာဆိုသူတွေရဲ့ ဓာတ်ပုံတွေကို အင်တာနက်မှာတွေ့ မိ တဲ့အကြောင်း၊ သူတို့ အသားမည်းတာရော ရုပ်ရည်ရော ကုလားနဲ့ တူတဲ့အကြောင်းပြောဖြစ်ကြပါတယ်။ အသားမည်းရင် ဗမာမဟုတ်ဘူးဆိုတာ ဘယ်ကပေါ်လာလည်း ကျနော်မသိ။ ဓာတ်ပုံတွေထဲမယ်တော့ မည်းတာသေချာတယ်။ (အဖြူအမည်း ဓာတ်ပုံကြောင့်မဟုတ်၊ အသားမည်းကြောင်း တခြား သက်သေသာဓကတွေ ရှိတယ်)။ ဟောင်ကောင်ရောက် ကောင်စစ်ဝန် ဗမာစစ်မစစ်တော့ သူ့ အမေပဲသိမယ်လို့  ကျနော်တို့  နောက်ပြောင်ဖြစ်ကြတယ်။

    ဒါနဲ့ ဗမာဆိုတာ ဘာလဲ၊ မြန်မာဆိုတာ ဘာလဲ ဆိုတာလည်း ပြောဖြစ်တယ်။ အကြိတ်အနယ်ပါပဲ။ ဘာမှ ရေရေရာရာ မဖြေမထွက်ပါ။ သေချာတာတခုကတော့ လူမျိုး၊ ဘာသာရေး၊ နိုင်ငံသား စတာတွေကို ကွဲကွဲပြားပြားမစဉ်းစားပဲ မြန်မာနိုင်ငံသားဖြစ်ဖို့  ဗုဒ္ဓဘာသာဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်က ပြင်းထန်ပြီး ဗမာဆိုတာဘာလဲ၊ ဗမာရဲ့  လူမျိုး ၀ိသေသတွေကဘာလဲ၊ ဗမာနဲ့ မြန်မာဆိုတာ ဘာကွာလဲဆိုတာတွေ သေသေချာချာ စဉ်းစားနားလည်တာမျိုးမရှိဘူး။ နိုင်ငံသားနဲ့  လူမျိုး ဆိုတာလည်း မကွဲကြဘူး။

    တယောက်က နောက်ပါတယ်။ ဘင်္ဂလီ (ရိုဟင်ဂျာ) မဟုတ်ရင် ကုလားမဟုတ်ရင် အဲ့ဒါဗမာပဲတဲ့။ ကျနော် မေးပါတယ်။ ကရင်၊ မွန်၊ တရုတ်၊ ကိုးရီးယား၊ ထိုင်း၊ အနောက်တိုင်းသားစတာတွေကို ဗမာလို့ သတ်မှတ်လားလို့ ။ ကျနော် စကားကပ်တာမဟုတ်ပါ။ သူတို့ ပြောတဲ့အချက်တွေကို တခုချင်းစီ မေးခွန်းပြန်ထုတ် တာပဲဖြစ်တယ်။

    ခုနက ရှမ်း-ဗမာကောင်လေး (ကျနော့်သတ်မှတ်ချက်) က၀င်ပြောတယ်။ အဲ့ဒါကတော့ သူ့ အပေါ်မှာမူတည်တယ်တဲ့။ ဥပမာ ကရင်တယောက်က ကရင်နဲ့ နီးစပ်ပြီး ကရင်လို့ ခံယူရင် ကရင်ပဲ။ ဗမာနဲ့ နီးလို့ ဗမာလို့ ခံယူရင် ဗမာပဲ။ ဒါမှမဟုတ် ကရင်-ဗမာလို့  ခံယူရင် ကရင်-ဗမာပဲ။ မြန်မာလို့ ခံယူရင်မြန်မာပဲ။ ဘာမှ မခံယူရင် ဘာမှမဟုတ်ဘူးပေါ့တဲ့။ ခေါင်းတငြိမ့်ငြိမ့်လုပ်နေကြလို့  ကျနော်ထပ်မေးတယ်၊ ရိုဟင်ဂျာတယောက်က သူ့ ကိုယ်သူ ဗမာလို့ သတ်မှတ်တယ်ဆိုရင် သူ့ ကို ဗမာလို့  သတ်မှတ်သလားဆိုတော့ တယောက်က ကျနော့်ကို စကားကပ်တယ်လို့  ထပြောပါတယ်။

    စကားပြောရင်း ထပေါက်လို့  ဘုကန့် လန့် ပြောလားတော့ ကျနော်လည်းမသိပါ။ အဖြေမရှိတဲ့ ကျနော်တို့ စကားဝိုင်းက မော်လမြိုင်ကသတင်းထောက်ပြောတဲ့ “မျိုးမစစ်လို့  ဗမာလို့  ခေါ် တာမဟုတ်ဘူးလား” ဆိုတာနဲ့  သိမ်းသွားပါတယ်။

    ဒီဆောင်းပါးကို အပေါစားဆောင်းပါးလို့  မြင်သူရှိပါမယ်။ ကျနော်က ကလေးတွေနဲ့ လမ်းဘေးလက်ဖက်ရည်ဆိုင်ထိုင်ပြီး ပြောချင်ရာတွေ ပေါက်တက်ကရ တွေပြော၊ ပြီးရင် ဒီအကြောင်းကို ရေးကြီးခွင်ကျယ်လုပ်ပြီး ဆောင်းပါးရေးတယ်လို့ ထင်ချင်တဲ့လူ ရှိပါလိမ့်မယ်။ ဒီကလေးတွေက တကယ်တော့ ကလေး တွေမဟုတ်ပါဘူး။ အန်ဂျီအိုတွေမှာလုပ်နေတဲ့ မျိုးဆက်သစ်လူငယ်တွေ။ ဘွဲ့ ရပညာတတ်ဆိုသူတွေ။ သူတို့ တွေရဲ့  အမြင်၊ နားလည်မှု၊ ခံယူချက်တွေက လက်ရှိ မြန်မာပြည်ရဲ့  အခြေအနေပါပဲ။ ဒါကြောင့် ကျနော်တို့ စကားဝိုင်းကို ပေါက်တတ်ကရ စကားဝိုင်းလို့ မယူဆပါ။ ကျနော်တို့  စကားဝိုင်းကို ပေါက်တတ်ကရ စကားဝိုင်းလို့ ယူဆရင် ခုနက ပညာတတ်၊ အန်ဂျီအိုမှာထိုးဖောက်ဖို့  ကြိုးစားနေတဲ့ နောင်မျိုးဆက် ၆ ယောက်ရဲ့  အတွေးအမြင်ကို ပေါက်တတ်ကရလို့  ယူဆတာနဲ့  အတူတူပါပဲ။ ဒီလူငယ် ၆ ယောက် အတွေးအမြင်မှာ မြန်မာပြည်က လူကြီးလူငယ် အများစု အတွေးအမြင်နဲ့ မကွာပါ။ မယုံရင် ဒီအကြောင်းပြောကြည့်ပါ။

    ဗမာဆိုပြီး ဇာတိသွေး ဇာတိမာန် တက်နေတဲ့ ဗမာများ၊ ဗမာဆိုတာ ဘာလဲဆိုတာ ရှင်းနိုင်ရင် ရှင်းကြပါ။ ဗမာဆိုတာ ဘာမှန်းညာမှန်း မသိပဲ၊ ကိုယ်စီးတဲ့ မြင်း အထီးမှန်းမသိ အမမှန်းမသိတဲ့လူတွေ၊ မျိုးချစ်စိတ်ရှိပါဆိုပြီး ဘာကိုချစ်ရမှန်းမသိတဲ့လူတွေ၊ ငါချစ်ရမဲ့ ငါ့လူမျိုးဆိုတာ ဘာလဲဆိုတာ အရင် သိအောင် အဓိပ္ဗါယ်ဖွင့်ကြပါလို့ စိမ်ခေါ်ပါတယ်။

    ဇာတိသွေး ဇာတိမာန်တက်မယ်ဆိုရင် ကိုယ်ကိုတိုင်က ဘာလဲဆိုတာ အရင်သိအောင်လုပ်ပါ။ မွန်သတင်းထောက်လေးပြောသလို ဘာအမျိုးကိုချစ်ရမယ်ဆိုတာ မယ်မယ်ရရ မသိတာမျိုး မဖြစ်အောင်အရင်လုပ်ဖို့ ၊ လုပ်နိုင်ရင် လုပ်ဖို့  ဖိတ်ခေါ်ပါတယ်။ စိမ်ခေါ်တယ်လို့ ပြောရင်လည်းရပါတယ်။ စာဖတ်သူတို့  အဓိပ္ဗါယ်ဖွင့်လာမှာကို စောင့်ပြီးနားစွင့်နေပါမယ်။