News @ M-Media

Category: ဆောင်းပါး

  • မြန်မာ့အလှ (အလင်းတန်းဂျာနယ်ဆောင်းပါး)

    အေးလွင်

    မြန်မာနိုင်ငံ၏အလှမှာ ရုပ်ပိုင်းဆိုင်ရာမျှမဟုတ်ချေ။ မြန်မာပြည်သားတို့၏ နှလုံးသားတွင်လည်း ထင်ဟပ်လျက်ရှိပါသည်။ အမှန်တရားကို ခုံမင်တန်ဖိုး ထားကြသည့် မြန်မာတို့သည် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံအသီးသီးတို့ဖြင့် ထိုသစ္စာအမှန်ကို လွတ်လပ်စွာ ရှာဖွေခဲ့ကြ၏။ သက်သေအဖြစ်ပြပါဆိုလျှင် ကမ္ဘာ့အဓိက ဘာသာကြီးလေးခုတို့သည် မြန်မာနိုင်ငံ၌ ရောင်ဝါထွန်းလင်းလျက်ရှိ၏။

    မြန်မာတို့၏ ပင်ကိုဗီဇတွင် သနားကြင်နာတတ်သည့် ကရုဏာတရားသည် ကိန်းဝပ်လျက်ရှိပြီးဖြစ်၏။ မြန်မာပြည်သားလူများစုကိုးကွယ်သည့် ထေရဝါဒ ဗုဒ္ဓသာသနာသည် သတ္တဝါဟူသမျှ ကျောသားရင်သားမခွဲခြားဘဲ မေတ္တာထားရန် ညွှန်ပြထား၏။ ပုဂ္ဂိုလ်သတ္တဝါတို့မှာ ရုပ်နှင့်နာမ်ဖြင့်သာ စုဖွဲ့ထား၍ လူ မျိုးအားဖြင့်လည်းကောင်း၊ လူတန်းစားအားဖြင့်လည်းကောင်း ခွဲခြားမှုမရှိစေဘဲ ရှုမှတ်တတ်အောင် သွန်သင်ပြသခဲ့၏။ အိန္ဒိယနိုင်ငံတွင် စတင်ပေါ်ပေါက် ခဲ့သည့် မဟာယန၊ ထေဝါဒဗုဒ္ဓဘာသာနည်းတူ ဟိန္ဒူဓမ္မသည်လည်း ပျူခေတ်ကတည်းက မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သမိုင်းအထောက် အထားများ ရှိပါသည်။ အရှေ့အလည်ပိုင်းမှာ အစပျိုးခဲ့သည့် ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာတို့သည်လည်း သူ့အတိုင်းအတာနှင့်သူ မြန်မာ့သမိုင်းမှာ ထည်ဝါသော အခန်းကဏ္ဍဖြင့် အတည်တကျရှိနေပါသည်။

    လူသားတို့အား ကောင်းကျိုးပြု၍ အလင်းဆောင်ခဲ့သည့် ဘာသာသာသနာအသီးသီးတို့မှာ ကမ္ဘာအနှံ့၌ ပွင့်ထွန်းခဲ့ကြသော်လည်း မြန်မာပြည်မှာ စည်ပင် သာယာ၍ ပြန့်ပွားထွန်းကားနေခြင်းမှာ မြန်မာတိုင်းက ဂုဏ်ယူသင့်သောအချက်ဖြစ်၏။ အကယ်စင်စစ်တွင်မူ လူသားတိုင်း၌ မိမိယုံကြည့်ရာကို ရွေးချယ် ပိုင်ခွင့်မှာ လူသား၏ မွေးရာပါအခွင့်အရေးတစ်ရက်ပင်ဖြစ်ပါသည်။ လူမျိုးဟူသည်မှာ မိမိနေထိုင်ရာဒေသ၊ မိမိခန္ဓာကိုယ်၏ ဖွဲ့စည်းတည်ဆောက်မှု စသည့် ရုပ်ဝိသေသလက္ခဏာတို့နှင့် သက်ဆိုင်ပါသည်။ ယုံကြည်ကိုးကွယ်မှုမှာ နှလုံးသားနှင့် လုံးဝသက်ဆိုင်လျက်ရှိပါသည်။ မည်သည့်လူမျိုးမဆို မိမိယုံကြည် ရာကို လွတ်လပ်စွာ လက်ခံကျင့်သုံးခွင်ရှိပါသည်။ ယင်းသို့ယုံကြည်ခြင်းအားဖြင့် လူမျိုးတစ်မျိုးအဖြစ် ပေါ်ထွန်းမလာနိုင်ပါ။ ဘာသာတရားတစ်ခုအား လက်ခံခြင်းသည် သက်ဆိုင်ရာပုဂ္ဂိုလ်နေထိုင်သော တိုင်းပြည်ပေါ်ချစ်မြတ်နိုးခြင်း၊ သစ္စာစောင့်သိခြင်းနှင့်လည်း မဆိုင်ပါ။ လူမျိုးပေါင်းစုံဖြစ့် ဖွဲ့စည်း ထား သာ နိုင်ငံတွင် ဘာသာပေါင်းစုံရှိနေမည်မှာ သဘာဝနိယာမဖြစ်ပါသည်။ မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ၊ တိုင်းပြည်နှင့် ယင်းတိုင်းပြည် တွင်း၌ နေထိုင်ကြသည့် လူသားတို့၏အကျိုးကို သယ်ပိုးဆောင်ရွက်ရန်သာ အဓိကကျပါသည်။

    ဤနေရာတွင် နိုင်ငံသား၊ လူမျိုးနှင့် ဘာသာတို့အား ခွဲခြားစွာသိနိုင်ပါက တိုင်းပြည်တစ်ပြည်၏ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင် ရွက် နိုင်ပါလိမ့်မည်။ တိုင်းပြည်တစ်ပြည်တွင် ဘာသာတူ၊ လူမျိုးခြား များရှိနိုင်သလို လူမျိုးတူ ဘာသာခြားများလည်း ရှိနိုင်ပါသည်။ သို့သော ယင်းတို့ အားလုံးမှာ နိုင်ငံသားများသာဖြစ်ကြပါ၏။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမှုထမ်းဆောင်ခဲ့သူ ဟန်နရီ ကစ်စင်ဂျာ သည် ဂျာမန်ဂျူးလူမျိုး၊ ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပါသည်။ ဂျာမနီနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ကူးပြောင်းလာသူတစ်ဦး ဖြစ်ပါသည်။ လူမျိုးရေးနှင့်ပတ်သတ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ခံယူချက်အား ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်၊ ရွှေတိဂုံစေတီအလယ်ပစ္စယံ၊ ဖဆပ လညီလာခံသဘင်ကြီးတွင် မိန့်ကြားခဲ့သည့် မိန့်ခွန်းအား လေ့လာကြည့်လျှင် သိနိုင်ပါလိမ့်မည်။ အနည်းငယ်ကောက်နုတ်တင်ပြရပါလျှင်

    “လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ၊ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးခြင်းထပ်ပြီးလျှင် နှစ်ပရီစ္ဆေဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းဟု စိတ်ထားရှိသူတို့ ကို တစ်စုတည်းပေါင်း၍ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့်ဘာသာတရား၊ ပြောဆိုသောဘာသာစကားတို့ အရေးထားရမည်ဖြစ် သော်လည်း အေးအတူ၊ ပူအမျှ၊ ကောင်းတူဆိုးဖက် ပူးပေါင်းလျက်နေလိုသော အစဉ်အလာဆန္ဒပေါ်တွင် ဝံဿနုရက္ခိတတရားသည် တည်နေပေသည်။”

    မည်သည့်ဘုရားမျှ မပွင့်ခဲ့သည့် မြန်မာပြည်၌ မှီတင်းနေထိုင်ကြသည့် လူသားတို့ ဘာသာပေါင်းစုံကို လက်ခံကိုးကွယ်လျက်ရှိကြပါသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးမှသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထူထောင်ရမည်ဖြစ်ပါသည်။ လွဲမှားသော အချက်အလက်များပေါ် အခြေခံပြီး စိတ်ဝမ်း ကွဲ ပြားမှုမဖြစ်သည့်ပါ။ လူအများစု ကိုးကွယ်သည့်ဘာသာနှင့် လူနည်းစုကိုးကွယ်သည့်ဘာသာဝင်တို့သည် အပြန်အလှန် စာနာထောက်ထားပြီး လေးစား ချစ်ကြည်ရန် အလွန်အရေးကြီးပါသည်။ လူကို လူလိုမြင်ပြီး ရုပ်နာမ်နှင့် တည်ဆောက်ထားသော လူသားတို့မှာ အခြေခံအားဖြင့် တူညီမှုရှိပြီး ကောင်းရာ လုပ်သောလူနှင့် မကောင်းရာလုပ်သောလူဟူ၍သာ ခွဲခြားအပ်ပါသည်။ ဘာသာတရားအဆုံးအမတို့ မည်မျှကောင်းစေကာမူ ယင်းဘာသာဝင်ပါဟု ခံယူ ထားသူတိုင်း ထိုတရားကောင်းတို့အား မကျင့်ကြပါ။ ထိုအခါ ဝါဒနှင့် ဝါဒီခွဲမြင်ရပါတော့မည်။ လက်မ မကောင်း လက်မ၊ ခြေမ မကောင်း ခြေမ ဖြစ်သင့်ပါ သည်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး မပုပ်ရအောင် ကြိုးစားအားထုတ်ကြရန်သာရှိပါ၏။ ဘာသာဝင်တစ်ဦး အဓမ္မမှုကျူးလွန်လျှင် ထိုသူ၏လုပ် ရပ်အဖြစ်မှတ်ယူပြီး ဘာသာတရား၏ အဆုံးအမကြောင့် ထိုမကောင်းမှုပြုဖြင်းဖြစ်သည်ဟု မခံယူအပ်ပေ။

    လူများစုက လူနည်းစုကို သက်ညှာရသလို လူနည်းစုကလည်း လူအများစု၏ မတူကွဲပြားမှုကို အသိအမှတ်ပြု၍ မှန်ကန်စွာ ဆက်ဆံမှသာလျှင် လူ့အစုဝေး တစ်ရပ်တွင် (Unity in Diversity) မတူကွဲပြားမှုမှ ညီညွတ်မှုတည်ဆောင်နိုင်ပေမည်။ ငါနှင့်မတူ ငါ့ရန်သူဟု မသတ်မှတ်ဘဲ မတူညီခြင်းမှာ ဉာဏ်ကူ ခြင်းဟုခံယူပါက ဗဟုဝါဒ (Pluralism) ၏ အကောင်းနှင့် အပြုသဘောသက်ရောက်မှု (Positive Impact) ကို ရရှိပေမည်။ မတူသူတို့နှင့်အတူ ငြိမ်းချမ်း စွာယှဉ်တွဲ၍ နေထိုင်နိုင်ရန် မတူညီမှုကို နားလည်သဘောပေါက်လက်ခံသည့် စိတ်ထား (Tolerance) ရှိရန်လိုအပ်ပါသည်။

    ~~~~~~~~~~
    နေ့စဉ်သတင်းစာအဖြစ် ထုတ်ဝေခွင့် မကြာမီက ရရှိထားသည့်သတင်းစာ (မေလ ၁ဝ ရက်နေ့ထုတ်) တွင် အစ္စလာမ်နှင့်ပတ်သတ်၍ လွဲမှားသော အချက် အလက်များဖော်ပြထားပါသည်။

    “ကိုလိုနီနယ်ချဲ့ခေတ်က မြန်မာပြည်တွင်းသို့ အိန္ဒိယမှလူများ တံခါးမရှိ ဓားမရှိ ဝင်ခွင့်ရ၍ ဘင်္ဂါလီလူမျိုးများဝင်လာကြောင်း၊ ယင်းတို့သည် သိမ်များကို ဖျက်၍ ဗလီများဆောက်ခဲ့ကြောင်း၊ အဆိုပါ ဘင်္ဂါလီ မွတ်ဆလင်၊ ချစ်တီးများ (ဆောင်းပါးရှင်၏ဖော်ပြချက်) သည် မြန်မာပြည်မှ တောင်သူလယ်သမားတို့ အား ငွေတိုးချေးပြီး ခေါင်းပုံဖြတ်ခဲ့ကြောင်း” စသဖြင့် ရေးသားထားပါသည်။

    မြန်မာပြည်သို့ အစ္စလာမ်သာသနာ ၇ ရာစုနှစ် အေဒီ၊ ပိတ်သုံမင်းလက်ထက် (အေဒီ ၆၅၂ – ၆၆၁) အတွင် အာရပ်လူမျိုးကုန်သည်တို့သည် သထုံ၊ မုတ္တမ အစရှိသော ဆိပ်ကမ်းမြို့သို့ ရောက်ရှိရာမှာ စခဲ့ပါသည်။ (ဦးကြည် ဘီအေ၊ ရာဇဝင်ဂုဏ်ထူး၊ မြန်မာရာဇဝင်သိအပ်ဖွယ်အဖြာဖြာ၊ စာမျက်နှာ (၈၁ – ၈၃)၊ သာသနာရောင်ဝါထွန်းပြောင်စေဖို့၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ၁၉၉၇ ခု မတ်လထုတ်)။

    ယင်းတို့တွင် ဆူဖီသူတောင်စင်တို့ပါဝင်ကာ မြန်မာပြည်သူတို့က ထိုသူတော်စင်တို့၏ သီလ၊ သမာဓိ၊ ပညာကို လေးစားကြည်ညိုခဲ့ကြပါ၏။ ထိုသူတော်စင် တို့ မြန်မာပြည်သူတို့၏နှလုံးသား (ပရမတ်တရား) နှင့် ဦးနှောက် (ဆင်ခြင်တုံတရား) တို့အပေါ် အောင်မြင်ခဲ့ကြ၏။ (Won the Hearts and Minds of the People) ပုဂံခေတ်ကျောက်စာတို့တွင် တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်ဘာသာဝင်တို့အား ရည်ညွှန်းသည့် “ပန်းသိဃ်”၊ “ပသည်” ဟုရေးသား ချက်များ ပါရှိသည်။ (ဒေါ်တင်စိန်၊ ကုန်းဘောင်ခေတ်ယဉ်ကျေးမှု နိဒါန်း၊ အတွဲ ၃၊ အပိုင်း ၄၊ စာ – ၇၅။ ၁၉၇၃ ခုနှစ် ဇူလိုင်လထုတ်)

    ပုဂံခေတ်ရှေးဦးပိုင်းမှစ၍ တိုင်းပြည်နှင့်လူမျိုးအတွက် ဦးဆွေးဆံမြည့်အမှုထမ်းခဲ့သည့် တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်တို့သည် ယနေ့ ထက်တိုင်ရှိနေပါသည်။ မြန်မာမင်းများက နိုင်ငံခြားသားကျွမ်းကျင်သူ အသိပညာရှင်၊ အတတ်ပညာရှင်တို့အား ငွေကြေးပေး၍ ငှားရမ်းထားသည့် ကြေးစားများအဖြစ်မဟုတ်ဘဲ တိုင်းပြည်၏ ရင်နှစ်သည်းချာ သားသမီးကောင်းရတနာများအဖြစ် အမှုထမ်းသူများတွင် ဝန်ကြီး မဟာဗန္ဓုလ၏တပ်မှူး နေမျိုးဂုဏ္ဍရတ် (အစ္စလာမ်ဘွဲ့အမည် အဗ္ဗဒုလ်လာရင်မ်) (ကုန်ဘောင်ဆက် မဟာရာဇဝင် ဒု – တွဲ၊ စာ ၃၇၉ – ၃၉၂) တောင်တွင်းကြီးစစ်ကြောင်း၏ ဗိုလ်ချုပ်အဖြစ်ခန့်ထားခံရသော အစ္စလာမ်ဘာသာဝင် အက္ကပတ်မြင်းဝန်၊ ပင်လယ်မြို့စားကြီး၊ မင်းကြီးမဟာမင်းထင်ရာဇာဦးခြုံ (ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (တ) တွဲ၊ စာ ၈ဝ၉ – ၇၁ဝ၂) တို့အပါအဝင် ဆရာကြီးဦးရာဇတ်ကဲ့သို့ အာဇာနည်သူရဲကောင်း မျိုးချစ်မြန်မာမွတ်ဆလင်ကြီးများ ရှိခဲ့ပါသည်။

    ဆောင်းပါးရှင်သည် ဘင်္ဂါလီလူမျိုးနှင့် ချစ်တီးလူမျိုးကိုပင် ခွဲခြားမသိပေ။ ချစ်တီးတို့မှာ အိန္ဒိယတောင်ပိုင်းမှ ဟိန္ဒူဘာသာဝင်တို့ဖြစ်၏။ ဘင်္ဂါလီလူမျိုးတို့ မှာ ဘင်္ဂလားနယ်မှ ပုဂ္ဂိုလ်များဖြစ်ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာဝင်များအဖြစ် ရှိနေကြပါသည်။ အစ္စလာမ်သာသနာသည် အတိုး စားခြင်းကို လုံးဝတားမြစ်ထားပါသည်။ ဝက်သားစားခြင်းထက်ပင် ပြစ်မှုထိုက်ပါသည်။ ဤကဲ့သို့ အခြေခံအချက်များကိုပင် မသိဘဲနှင့် မတူကွဲပြားမှု များနှင့် တည်ဆောက်ထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် သွေးဝမ်းကွဲ၍ စည်းရုံးမှုပျက်ပြားစေသည့် အခြေအမြစ်မရှိသော (Misinformation Disinformation) များကို သတင်းစာတစ်စောင်အနေဖြင့် မဖော်ပြသင့်ပါ။ နိုင်ငံ၏စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့သည် အဆိပ်သင့်စာပေများ ဖြန့်ဖြူးရာဌာနဖြစ်လာပါက နိုင်ငံ၏ကံကြမ္မာမှာ အလွန်ရင်လေးဖွယ်ရာဖြစ်ပါမည်။ မြန်မာ့အလှကို အကျည်းတန်အရုပ်ဆိုးအောင် အမုန်းတရားတို့ဖြင့် မချယ်မှုန်းသင့်ပါကြောင်း တင်ပြအပ်ပါသည်။

    အလင်းတန်းဂျာနယ် အမှတ် (၇၀၅)၊ မေ၂၁၊ တနင်္လာ၊ ၂၁၀၂၊ စာမျက်နှာ ၂၈နှင့် ၂၉ ကိုပြန်လည်ဖော်ပြပါသည်။

  • ကိုယ့်သာသနာကို ကိုယ်တိုင်တကယ်ချစ်ပါသလား ?

    ဂျူလိုင်ရဲရင့်

    အခုတစ်လော Online ပေါ်မှာရော၊ ပတ်ဝန်းကျင်မှာပါ ဘာသာရေးပုတ်ခတ်မှုတွေ၊ ဖြေရှင်းမှုတွေ တအုံတကျင်းဖြစ်လာတာတွေ့ရကြားရပါတယ်။ ပုတ်ခတ်လှုံ့ဆော်နေကြတဲ့သူတွေကို ဒီနေရာကနေ ကျွန်တော် မေးခွန်း တစ်ခုမေးကြည့်ချင်ပါတယ်။ ဘာသာရေး အဓိကရုဏ်းတွေဖြစ်ပေါ်လာတာကိုမြင်ချင်နေ ကြလို့လားခင်ဗျာ ? Online ပေါ်မှာ လူလုံးမပြဘဲ ဟစ်မေးမေးနေတာ မဟုတ်ဘူးနော်။ အပြင်လောကမှာ အဲ့ဒီလို အစွန်းရောက်နေတဲ့ ( ခပ်ကြမ်းကြမ်းဆိုရယင် သွေးဆူနေတဲ့) သူတွေကို တွေ့ကြုံတိုင်း ကျွန်တော် ဒီလိုဘဲ မေးမြန်းကြည့်တယ်။ ဟုတ်တိပတ်တိ အဖြေမပေးနိုင်ကြဘူးဗျ။ တစ်ချို့ကျတော့ပြောတယ် – ၀ံသာနု ရက္ခိတတရား ဆိုတဲ့ စကားလုံး  သုံးလာကြပါတယ်။ မေးတာတစ်ခြားဖြေတာ တစ်လွဲဖြစ်နေပေမယ့် ကျွန်တော် စဉ်းစားကြည့်မိပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ သြ၀ါဒဖြစ်တဲ့ မဇ္ဈိမပဋိပဋာလမ်းကြောင်းကနေ စဉ်းစားကြည့်တာပါ။

    ကမ္ဘာပေါ်မှာရောက်ရှိလာကြတဲ့ လူသားတိုင်းဟာ (ကျွန်တော်အပါအ၀င်ပေါ့) မိမိဟာ ဘာလူမျိုးဖြစ်ရမယ်လို့ ကိုယ့်ဟာကိုယ် သတ်မှတ်ပြီး လူဖြစ်လာရတာမှ မဟုတ်လေဘဲ။ မိဘက မြန်မာဆို သားသမီးက အလိုလိုနေယင်း မြန်မာဖြစ်ရတာ – လူမျိုးမတူယင် ကပြားဖြစ်လာရတာ။ပြီးတော့ရွေးချယ်ပိုင်ခွင့်မရှိတဲ့ ကံတရားအတိုင်း လူဖြစ်လာကြတဲ့နောက် ဘာလူမျိုးပါလို့ဆိုပြီး သတ်မှတ်ခံရတယ် မဟုတ်ပါလား ? ဆိုပါစို့။ အင်္ဂလန်ပြည်က အင်္ဂလိပ်စစ်စစ် တစ်ဦးဟာမြန်မာပြည်မှာ လာနေပြီး မိမိကိုယ်ကို မြန်မာလူမျိုးပါလို့ သတ်မှတ် ကြွေးကြော်နေရင် ရယ်စရာကြီးဖြစ်နေမှာပေါ့။ ပြီးတော့ ဒီလူဟာ ခရစ်ယာန်ဘာသာကို စွန့်လွှတ်ပြီး ဗုဒ္ဓဘာသာကို လက်ခံလိုက်တာနဲ့ မြန်မာလူမျိုးဖြစ်မလာသလို၊ ဗမာလူမျိုးတစ်ဦးက ခရစ်ယာန် ဘာသာဖက် ပြောင်းသွားတာနဲ့ အင်္ဂလိပ်လူမျိုးလဲ ဖြစ်မသွားပါဘူး။ ဘာပဲဖြစ်ဖြစ် လူမျိုးက လူမျိုးပါဘဲ။ ဘာသာတရားက ဘာသာတရားပါဘဲ။ ကျွန်တော်တို့ကိုယ်၌က မကွဲမပြား ဖြစ်နေပါတယ်။ ပြီးတော့ ဘယ်လူမျိုးကိုဘဲကြည့်ကြည့်၊ ကိုယ့်အမျိုးကို ချစ်မြတ်နိုးသူရှိသလို လူမျိုးခြားကိုမှ အထင်ကြီး တာတွေလည်း ရှိနေတာဘဲ။ သူ့အကြောင်းနဲ့သူပါ။ ချစ်ခြင်းဖြစ်စေ၊ မုန်းခြင်းဖြစ်စေ စိတ်မှာသာ တည်တာပါ။ မိမိရဲ့စိတ်ကိုတောင် အစိုးမရနိုင်တာ တခြားသူတွေကလည်း သူ့စိတ်နဲ့သူ သူ့သဘော သူဆောင်နေပါလိမ့်မယ်။ ဘယ်လိုလူမျိုးဟာ ဘယ်ဘာသာတရားအောက်မှာဘဲရှိရမယ် ဆိုတဲ့ သတ်မှတ်ချက် လောကမှာ မရှိပါဘူး။ လူမျိုးတူပေမယ့် ဘာသာကွဲတာ၊ ဘာသာတူပေမယ့် လူမျိုးကွဲတာ မမြင်ချင်အဆုံးဘဲ မဟုတ်လား။ ဒီသဘာဝတရားအပေါ် ကျွန်တော်တို့ ဘာကြောင့် အလိုမကျဖြစ်နေဦးမှာလဲ?

    မိမိလူမျိုးကို တကယ်ချစ်ယင် လူမျိုးကိုဘဲကြည့်သင့်တယ်။ ဘာသာတရားလို့ဆိုလာယင် ဘာသာတရားရဲ့မျက်နှာတစ်ခုထဲ ကြည့်သင့်ပါတယ်။ လူမျိုးနဲ့ဘာသာ ရောထွေးပြီဆိုယင် မိမိကိုယ်တိုင် ရောထွေးမှုပြသနာထဲ ခုန်ဆင်းနေတာပါဘဲ။ အဲ့လိုလူစားတွေကို ကြည့်လိုက်ပါဦး။ ကိုယ့်ဘာသာသာသနာရဲ့ ကောင်းကျိုးကိုရော ကိုယ့်လူမျိုးရဲ့ကောင်းကျိုးကိုပါ ထိထိရောက်ရောက် မစွမ်းဆောင်နိုင်တော့ဘဲ မျောက်သစ်ကိုင်းလွတ် ဖြစ်ကုန်တာ လက်တွေ့မြင်ရမှာပါ။ ဒီတော့ သူတို့ရဲ့ ကြွေးကြော်မှု၊ ပုတ်ခတ်မှု။ လှုံ့ဆော်မှုတွေရဲ့နောက်ကွယ်မှာ ဘာတွေကို အကြောင်းခံထားသလဲ၊ တကယ့်ရည်ရွယ်ချက် အမှန်က ဘာလဲလို့ ကျွန်တော်တို့မြင်အောင်ကြည့်ဖို့ လိုအပ်လာပါပြီ။ အဲ့ဒီအခြေအနေကနေ ရှေ့ဆက်ဖြစ်ပေါ်လာမယ့် အကျိုးတရားက ဘာလဲ …. မုန်းတီးရွံရှာမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ အငြိုးအာဃာတတွေ၊ပြသနာတွေ၊ မတည်ငြိမ်မှုတွေ အဆုံးသတ်မှာတော့ ရန်ပွဲတွေ၊ စစ်ပွဲတွေဖက် ဦးတည်သွားတာဘဲ မဟုတ်လားဗျာ။ မလိုလားအပ်တဲ့ အဓိပ္ပါယ်မဲ့ အဓိကရုဏ်းတွေဖြစ်လာတဲ့ အခါ မိမိချစ်ပါတယ်ဆိုတဲ့ မိမိလူမျိုးတွ၊ မိမိဘာသာဝင်တွေ အနည်းနဲ့အများ ထိခိုက်နစ်နာစေတာ – သွေးချောင်းစီးစေတာကလွဲလို့ တခြားဘာ အကျိုးအမြတ်ရှိပါသေးသလဲ။ ရှိပါတယ်လို့ ဇွတ်ပေငြင်းနေသူတွေကို အဲ့ဒီအကျိုးအမြတ်တွေကို ဖော်ပြခိုင်းကြည့်ပါ။ ဒီလောက်ဆိုယင် ဆင်ခြင်တုံတရား ရှိသူတိုင်း ရိပ်စားသိမြင်နိုင်ပါပြီနော်။ မိမိအမျိုးသား/ လူမျိုးအပေါ်ကောင်းကျိုးဆောင်ရွက်နိုင်စွမ်း မရှိရင်တောင်မှ လူထုကြားထဲ ပူလောင်မှုကို သွတ်သွင်းဖြန့်ချိတာမျိုး ရှောင်ကြဉ်ဖို့၊ တားဆီးဖို့ လိုအပ်ပါတယ်။ ၀ံသာနုရက္ခိတရဲ့ အနိမ့်ဆုံးအခြေခံသဘောက မတိုးတက်ယင်နေ – ငြိမ်းချမ်းတည်ငြိမ်နေရမယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။

    ဘာသာရေးကိစ္စမှာလဲ အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံး ဥပမာတစ်ခုပေးလိုပါတယ်။ ကျွန်တော်က (မှန်မှန်မှားမှား အကြောင်း တစ်ခုခုကြောင့်) လူတစ်ဦးကို မအေနှမကိုင်တုပ်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုလိုက်တယ်ဆိုပါစို့။ နံပါတ်တစ် – ကျွန်တော်သည် မငြိမ်းချမ်းသူ၊ ပူလောင်သူလို့ ပေါ်လွင်သွားပါတယ်။ နံပါတ်နှစ် – ကျွန်တော်သည် မိုက်ရိုင်းသူ၊ စော်ကားတတ်သူအဖြစ် ထင်ရှားသွားပါတယ်။ နံပါတ်သုံး – အဆဲခံရသူဟာ မိမိလိုလူစားဖြစ်နေတယ်ဆိုယင် သူက ကျွန်တော့်ကို မအေနှမ ကိုင်တုပ်ပြီးပြန်ဆဲမှာ မုချပါဘဲ။ ဒီတော့တွေးကြည့်နိုင်ပါတယ်။ သူတစ်ပါးရဲ့ မအေနှမကို သွားထိခိုက်တာဟာ မိမိရဲ့မအေနှမကိုပြန်ဆဲခိုင်းလိုက်တာနဲ့ မတူပေဘူးလား ? ကိုယ့်မိခင်အပေါ် တကယ်ချစ်တဲ့သူဟာ ကိုယ့်မိခင်ကို တစ်ပါးသူက ဆဲဆိုလာအောင် ဘယ်တော့မှ မဖန်တီးပါဘူး။ အလားတူဘဲ တစ်ပါးသူရဲ့ ဘာသာတရားနဲ့လူမျိုးရေးကို သွားပြီး ထိခိုက်စော်ကားယင် မိမိရဲ့သာသနာ၊ မိမိရဲ့လူမျိုးအပေါ် ထိခိုက်စော်ကား ပုတ်ခတ်ခံရမှုတွေ အနည်းနဲ့ အများဆိုသလို ပြန်သက်ရောက် တတ်ပါတယ်။ မိမိရဲ့ စကားတစ်ခွန်း၊ လုပ်ရပ်တစ်ခု၊ စာတစ်ပုဒ်ဟာ မိမိရဲ့ သာသနာ၊ မိမိရဲ့လူမျိုးဆီကိုပြန်ပြီး မကောင်းကျိုး သက်ရောက်စေတာနဲ့ မတူပေဘူးလား ? လက်သီးလက်မောင်းတန်းပြနေယုံမျှနဲ့ ၀ံသာနုစိတ်၊ သာသနာချစ် စိတ်ရှိတယ်လို့ အမည်မတပ်နိုင်ပါဘူး။ လူတွေ ချီးမွှမ်းလာအောင်၊မြှောက်စားလာအောင်ဆွေ့ဆွေ့ခုန်  သည်းသည်းလှုပ်ပြနေတာထက် လက်တွေ့ကျတဲ့အဖြေ တစ်ခုထုတ်နိုင်ဖို့ ပိုပြီးအလေးထားသင့်ပါတယ်။ ကျွန်တော် မေးပါရစေ – ကိုယ့်သာသနာကို ကိုယ်တိုင်က တကယ်ချစ်ပါသလား ?

    ဘာသာတရားနဲ့ပတ်သက်လို့ နောက်ထပ်အတွေးလေးတစ်ခု တင်ပြချင်ပါတယ်။ ကျွန်တော်တို့တစ်တွေ (အများစု)က လူတွေရဲ့ရုပ်လုံး – Figure of People နဲ့ ဘာသာတရားတွေရဲ့ အနှစ်သာရ – Essence of Religions ကို ခွဲခွဲခြားခြား မမြင်တတ်ကြဘူး။ ပြသနာအများစု အဲ့ဒီက စတာပါ။ လူတစ်ဦးဟာ ဘယ်သာသာဝင်ဆိုလိုက်တာနဲ့ အဲ့ဒီ ဘာသာတရားရဲ့ကိုယ်စားပြုသူဖြစ်မသွားပါဘူး။ များသောအားဖြင့် လူကသပ်သပ် မူကသပ်သပ် ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ လူနဲ့မူ တစ်ထပ်တည်းကျတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေ အလွန်နည်းပါးပါတယ်။ သက်ဆိုင်ရာဘာသာတရားရဲ့ ပရိယတ္တိတွေ၊ သာသနာ့ အဆုံးအမတွေကို ထဲထဲဝင်ဝင်လေ့လာလိုက်စားပြီး ကျင့်သုံးနေကြသူဆိုလို့ မဆိုစလောက်ပါဘဲ။

    ဒါကြောင့် ဘာသာတရားတစ်ခုခုကို ခံယူထားတဲ့ လူတစ်ဦး/တစ်စုတစ်ဖွဲ့ လုပ်ဆောင်တာကိုကြည့်ပြီး အဲ့ဒီဘာသာတရားက အဲ့ဒီလို သွန်သင်ထားတာဘဲလို့ ကောက်ချက်ချလို့ရနိုင်ပါ့မလား။ လူကိုကြည့်ပြီး ဘာသာတရားကို မုန်းတီးတာဟာ သဘာဝ မကျဘူးဖြစ်နေပါတယ်။ ဒါ့ပြင် လူတစ်ဦး/တစ်စုတစ်ဖွဲ့ရဲ့ ဆိုးသွမ်း မိုက်ရိုင်းတဲ့အပေါ် သူတို့ရဲ့ လူမျိုး၊ သူတို့ရဲ့ ဘာသာဝင်အားလုံး ဒီအတိုင်းပါဘဲဆိုပြီး သိမ်းကျုံးယူဆလိုက်လို့ မရစကောင်းပါ။ မကောင်းမှုကို ညွှန်ပြတဲ့ဘာသာတရားဆိုလို့ တစ်ခုမှ မ၇ှိကြပါဘူး။ ထို့နည်းတူ ဘာသာတရားတိုင်းရဲ့ ကျမ်းဂန်ထဲမှာ အခြားဘာသာသာသနာတွေအပေါ် မကောင်းမြင်တယ် – ရှုတ်ချထားတယ်လို့ထင်မြင်ရတဲ့ ဖော်ပြမှုတွေ ဧကန်ဆတ်ဆတ် တွေ့နိုင်ကြပါလိမ့်မယ်။ အမှန်ကတော့ ကိုယ့်သဘော ကိုယ်ဆောင်နေကြခြင်းဘဲ ဖြစ်ပါတယ်။

    ခေတ်ကာလတိုင်း၊ လူမျိုးတိုင်း၊ နိုင်ငံဒေသတိုင်း၊ ဘာသာတရားတိုင်းမှာ ကောင်းသူ ဆိုးသူ ရှိနေကြတာချည်းပါဘဲ။ မတူညီတဲ့ ကမ္ဘာ့ဘာသာတရားအသီးသီးကိုလေ့လာကြည့်ယင် တူညီတဲ့ အခြေခံ ပန်းတိုင်တစ်ခုထဲဆီ ရှေ့ရှုနေတာ တွေ့ရပါလိမ့်မယ်။ အဲ့ဒီ အနှစ်သာရကတော့ ငြိမ်းချမ်းရေးတဲ့။ အပြန်အလှန် နားလည်မှု မရှိရင် ဘယ်သောအခါမှ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါဘူး။ ငြိမ်းချမ်းမှုနဲ့ ပူလောင်မှုကလည်း တစ်ချိန်တည်း တစ်နေရာတည်းမှာ တစ်ပြိုင်နက်တည်း ယှဉ်တွဲမရှိနိုင်ပါဘူး။ တစ်ခုကို ဆုပ်ကိုင်ယင် နောက်တစ်ခုကို လက်လွှတ်ရမှာ သေချာပါတယ်။ ကျွန်တော်တို့ ဘာရွေးကြမလဲ ?

    ဘယ်အသိုင်းအ၀ိုင်းမှာမဆို မြင့်မြတ်တဲ့သူတွေရှိကြတယ်၊ ယုတ်ညံ့တဲ့သူတွေလဲ ရှိတယ်။ သမမျှတအောင် နေထိုင်ဆက်ဆံသူတွေ ရှိကြသလို အစွန်းရောက်နေသူများလည်း ရှိနေတာပါဘဲ။ မျက်စေ့ တစ်ဖက်လပ်နေသူဟာ မြင်ကွင်းတစ်ဖက်ဘဲ ရှိတတ်ပါတယ်။ မျက်မှန်စိမ်းတပ်ပြီး လိုက်ကြည့်နေသမျှ တစ်လောကလုံးကို အစိမ်းရောင်ဘဲ မြင်နေရမှာပါ။ အစွဲကို ချွတ်နိုင်ပါမှ အတွေးအမြင်ကြည်လင်ပါမယ်။ အမြင်ကြည်လင်ပါမှ ပကတိတရားကို တွေ့ရပါမယ်။ ရွှေနဲ့မစင်ဟာ ရံဖန်ရံခါမှာတော့ အရောင်အသွေး ခပ်ဆင်ဆင်ဖြစ်တတ်ပါတယ်။ အရောင်တူတိုင်း အမျိုးအစား၊ အရည်အသွေး၊ အဆင့်အတန်း မတူညီနိုင်ပါဘူး။ ကွဲကွဲပြားပြား မခွဲခြားတတ်ယင် မခွဲခြားတတ်သူရဲ့ အပြစ်သာလျှင် ဖြစ်ပါလိမ့်မယ်။

    သူတစ်ပါးအိမ်က မီးသီးမီးချောင်းတွေကို ခဲနဲ့လိုက်ပစ်နေလို့ ကိုယ့်အိမ်ကမီး ပိုမလင်းသွားပါဘူး။ ကိုယ့်အိမ်ထဲမှာ အလင်းရောင် ပိုပြီးထိန်ထိန်သာချင်ယင်တော့ မီးအားမြှင့်စက်တပ်ဆင်အသုံးပြုတာက အကောင်းဆုံးနည်းလမ်းပါဘဲ။ ကိုယ့်လူမျိုး၊ ကိုယ့်သာသနာကို ကိုယ်တိုင်က တကယ်ချစ်တယ်ဆိုယင် တစ်ပါးသောလူမျိုး၊ တစ်ပါးသောသာသနာကို ထိခိုက်အောင်လုပ်ပြီး အင်အား မဖြုန်းတီးပစ်ပါနဲ့လို့ မီးမောင်းထိုးပြ လိုက်ရပါတယ်။သွေးဆာနေတဲ့ လူတွေအကြား ရွှေပြည်အေး တရားဟောပြတာ မဟုတ်ပါဘူး ခင်ဗျ။ ပူလောင်တဲ့ သွေး အစား အေးချမ်းတဲ့ ရေကြည် ကို သောက်သုံးဖို့ တိုက်တွန်းလိုက်ခြင်းသာ ဖြစ်ပါကြောင်း။

  • တိုင်းပြည် တစ်ခု ကောင်းစားစေဘို့

    တိုင်းပြည် တစ်ခု ကောင်းစားစေဘို့

    တိုင်းပြည်တစ်ခု ကောင်းစားစေဘို့ရာ- တိုင်းသူပြည်သားတိုင်းမှာ တာဝန်ရှိတယ်။ တိုင်းသူပြည်သားများ အနေနဲ့ မိမိက ဦးဆောင်ဦးရွက် အဖြစ် သတ်မှတ်မယ့်သူကို ခေတ်ကာလအလိုက် သတ်မှတ်တတ်ဘို့ လိုအပ်ပါတယ်။ တိုင်းပြည် တစ်ခုဆိုတာ လူတစ်မျိုးတည်း၊ ဘာသာတစ်ခုတည်း၊ သက်ဆိုင်ရာ ဂိုဏ်းတစ်ခုတည်း၊ အယူအဆတူ သူချည်း နေထိုင်ရာ ဒေသမဟုတ်ပါ။

    လူမျိုးနွယ်ပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အယူအဆပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံ၊ ဗဟုသုတ ပေါင်းစုံ စုဖွဲ့တည်ဆောက်တဲ့ ဒေသရပ်ဝန်းတစ်ခုမှာ- အတူနေထိုင်ရတဲ့ လူတွေဟာ အချင်းချင်း ညီညွတ်မှု ရှိဘို့လိုပါတယ်။ နားလည်ပေးမှု ရှိဘို့ လိုပါတယ်။ သဘောထား မတူညီဘူး ဆိုတဲ့ အချက်မှာ မမုန်းမိဘို့လိုပါတယ်။

    ဒီအတွက် လူသားတွေရဲ့ အသိပညာဆိုင်ရာ ဖွံ့ဖြိုးမှုများကို အရင်အဦး ပြင်ဆင်ရပါမယ်။ လူမျိုးပေါင်းစုံက သားသမီးများ ပညာသင်ကြားနေတဲ့ စာသင်ကျောင်းများမှာ ဘာသာတစ်ခုခုကို ဇောင်းပေး ပြုမူသင်ကြားတာ မျိုး၊ မျိုးနွယ်စုဆိုင်ရာ အမုန်းပွားစေမယ့် သမိုင်းများကို ထည့်သွင်းသင်ကြားတာမျိုးများကို ပါယ်ဖျက်ပစ်ရပါမယ်။ ဘာသာဆိုင်ရာ အယူအဆများကို အငြင်းပွားနေခြင်းမျိုးကို သေးသိန်စေအောင် ပြုလုပ်ပစ်ရပါမယ်။ ငါသာ မှန်ရမယ်လို့ ပြောဆိုတတ်သူများကို အထင်သေးစရာ လူသားအဖြစ် မြင်မှတ်လာအောင် ပြုလုပ်ပစ်ရပါမယ်။ ဒီလိုမျိုး ဆယ်နှစ်လောက် လေ့ကျင့်လိုက်ရင် “ငါတွေးတာလည်း ဖြစ်နိုင်တယ် (မှန်ရမယ်လို့ မဆိုလို) သူ့ဘက် က သူ့အမြင်နဲ့တွေးတောတာလည်း ဖြစ်နိုင်တယ်-၊ ဒီလို အယူအဆ နှစ်ခုမှာ၊ ဘယ်အရာက ငါတို့ပတ်ဝန်းကျင် လူထုအတွက် အကျိုးဖြစ်ထွန်းစေမလဲ၊ ဖြစ်ထွန်းလာမယ့် အကျိုးတရားက ရေတိုလား- နှစ်ရှည်လများလား၊” စသည်ဖြင့် စတင် စဉ်းစားတဲ့ မျိုးဆက်တွေ ပေါ်ထွန်းလာနိုင်ပါတယ်။

    စာသင်ကျောင်းရဲ့ အပြင်ဘက်လောကမှာလည်း လူသားတွေကို စိတ်ဓါတ်ပိုင်း ဆိုင်ရာ သွန်သင်ပေးနေတဲ့ ဘာသာရေး လူတန်းစားလောကကို ပြန်လည်ပြုပြင်ရပါမယ်။

    ငါက အရိုအသေပေး တလေးတစား ဆည်းကပ်နေတဲ့ ဘာသာရေးဝန်ဆောင် ပုဂ္ဂိုလ်ဟာ “ဆဲဆို ကြိမ်းမောင်း တတ်သူလား၊ သူတစ်ပါးဘာသာ၊ သူတစ်ပါး အကြောင်း၊ သူတစ်ပါး ဂိုဏ်းတွေကို မလိုမုန်းထား အတင်းပြော တတ်သူလား၊ ကမ္ဘာ့ဗဟုသုတမရှိ ကြားဘူးနားဝများကို လျှောက်ပြောပြီး မျက်လုံးစုံမှိတ် အယူသည်းနေသူလား၊ သူကရော တပည့်တကာများရဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဘ၀ဖွံ့ဖြိုးတိုးတက်ရေးများ အတွက် ဘယ်လို ကူညီပေးသလဲ၊ နှုတ်အားဖြင့် ဖြစ်စေ၊ ကိုယ်အားဖြင့် ဖြစ်စေ၊ သြဇာအားဖြင့် ဖြစ်စေ ဘယ်လို ဆောင် ရွက်ပေးသလဲ၊” ဆိုတာများကို လူတစ်ဦးချင်းစီက စဉ်းစားဆင်ခြင်ရပါမယ်။ လေးစားယုံကြည်ထိုက်သူ ကို လေးစားယုံကြည်ခြင်းဟာ မင်္ဂလာ ဖြစ်သလို၊ မလေးစားထိုက်သူကို မလေးစားဘဲလျှက် ပစ်ပါယ်စွန့်ခွာခြင်း ဟာလည်း မင်္ဂလာတစ်ပါး ဖြစ်ပါတယ်။ တစ်ကယ့်လက်တွေ့ လူမှု အကျိုးပြုတွေကို မပြုလုပ်ဘဲ- ဘုရားစာ တစ်ပိုဒ်ရွတ်ပြယုံ၊ ဘာသာရေးကိုယ်စားပြု ၀တ်ရုံ ခြုံပြယုံနဲ့ ဆည်းကပ်ရိုကျိုးစရာမလိုဘူး၊ ဒီပုဂ္ဂိုလ်ဟာ ဘာသာရေး အရောင်ပြ လုပ်စားနေသူလို့- ပြတ်ပြတ်သားသား ဆုံးဖြတ်ရဲရပါမယ်။ ဒါမှ ဘာသာရေးလောကဟာလည်း သန့်ရှင်းလာမယ်- သန့်ရှင်းမှုများက လူထုကို အရောင်ဟပ်လာမယ်။ ဘာသာမတူလို့ ဆိုတဲ့ အကြောင်းပြချက် နဲ့ မုန်းတီးမှုတွေ ကင်းရှင်းလာမယ်။

    လူထုအနေနဲ့ မိမိရဲ့ ရပ်ကွက်ဒေသ အတွက် ဦးဆောင် ဦးရွက်ပြုမယ့် လူကို ရွေးချယ်တဲ့အခါမှာ ဘယ်လူမျိုး ကြောင့် ဘယ်ပါတီကြောင့် ဘယ်ဘာသာကြောင့် ဆိုတဲ့ အကြောင်းပြချက်များနဲ့ အမုန်းစိတ်၊ မလိုစိတ်များကို မထားသင့်ဘူး။ ဘယ်သူဖြစ်ဖြစ်- အဲ့ဒီ လူဟာ ငါတို့ ရပ်ကွက်၊ ငါတို့ ဒေသ၊ ငါတို့ မြို့ရွာကို ဘယ်လို အကျိုးပြုနိုင် မလဲ၊ သူသာ လူကြီးဖြစ်ရင် ဘာတွေ လုပ်ဆောင်ပေးနိုင်မလဲ။ အလုပ်လက်မဲ့ လူဦးရေ ဘယ်လောက် အတွက် အလုပ်များဘယ်လို ဖန်တီးပေးနိုင်မလဲ၊ ပညာရေးဝန်ဆောင်မှုများ ဘယ်လောက် ဆောင်ရွက်ပေးနိုင်မလဲ၊ ကျမ္မာရေး ၀န်ဆောင်မှုများ ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲ၊ လူထုကြား မသင့်မြတ်မှုများကို ဘယ်လို ဖြေဖျောက်ပေးနိုင် မလဲ-၊ ဆိုတဲ့ စံချိန်မျိုးနဲ့ တိုင်းတာပြီး- ခေါင်းဆောင်ရွေးချယ်ရပါမယ်။ ပါတီတစ်ခုခုကို အမုန်းထား နောက်ပါတီ တစ်ခုခုကို အထင်ကြီးပြီး အဲ့ဒီ ပါတီက ကိုယ်စားပြုလိုက်တာနဲ့ ရွေးချယ်လိုက်တာမျိုး၊ ဘာသာတစ်ခုခုကို အထင်သေးပြီး လူများစုကိုးကွယ်ရာ ဘာသာဝင်ထဲက ကိုယ်စားပြုသူကို ရွေးချယ်လိုက်တာမျိုး- ကို အထူး ရှောင်ရမှာ ဖြစ်သလို၊ တစ်တိုင်းပြည်လုံး ကိုယ်စားပြု တည်ဆောက်မယ့် လွှတ်တော်ထဲမှာလည်း ပါတီတစ်ခု တည်းက အကြီးအကျယ် လွှမ်းမိုးသွားစေတာမျိုး မဖြစ်အောင် ပြည်သူဘက်က အကင်းပါးဘို့ လိုအပ်ပါတယ်။ အထူးသဖြင့် အစိုးရဖွဲ့နိုင်တဲ့ အင်အားစုနဲ့ အတိုက်အခံဘက်မှာ ရှိသူဟာ အင်အား မတိမ်းမယိမ်း ရှိနေစေဘို့ လိုအပ်ပါတယ်။ ဒါမှ အစိုးရက သူတို့ ဆုံးဖြတ်လိုရာကို ဘက်ဆွဲ ဆုံးဖြတ်လို့ မရဘဲ မျှမျှတတ စဉ်းစားပေးနိုင်ပါ တယ်။

    လူတစ်ဦးတည်းက ငါ့ အယူအဆ မှန်ရမယ်၊ ငါ ဆုံးဖြတ်တာကို သဘောတူပေးရမယ်- ဆိုတဲ့ လူတစ်ဦးဟာ ဒသနပညာရှင် တစ်ဦး အဖြစ် ရပ်တည်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် အများပြည်သူဆိုင်ရာ လုပ်ဆောင်မှုများမှာ ၀င်ရောက်စွက်ဖက်လိုစိတ်ကို ဘေးဖယ်ထားရပါမယ်။ အများအကျိုးကို ဆောင်ရွက်ချင်သူဟာ ငါ့တင်ပြချက်ကို လက်မခံရင်လည်း အများသဘောတူ ဆုံးဖြတ်ချက်ကို ပြည့်ပြည့်၀၀ သဘောတူပေးနိုင်တဲ့ အရည်အချင်းများ လိုအပ်ပါတယ်။

    ဒီလို စိတ်နေစိတ်ထားမျိုးတွေ လေ့ကျင့်ယူနေတဲ့ တိုင်းပြည်တစ်ခုအနေဟာ ကမ္ဘာနဲ့ ဆက်ဆံတဲ့အခါ အဆင် ပြေနိုင်မယ်။ ကမ္ဘာ့တိုးတက်ပြောင်းလဲမှုနဲ့ သဟဇာတတည့်မယ်၊ ကမ္ဘာနဲ့ မျက်ခြေပြတ်မှုများ လျှော့လာမယ်၊ ဒီလိုတိုင်းပြည်မျိုးက- ဘယ်လိုမှ အောက်ကျနောက်ကျ ဖြစ်စရာ အကြောင်းမရှိတော့ပါ။

    ဌေးလွင်ဦး

  • မမေးလည်းဖြေ (၂) – အာဖဂန်မှာ ရုပ်ပွားတော် ဖျက်တာ မြန်မာမွတ်စလင်မ်တွေလား

    မမေးလည်းဖြေ (၂) – အာဖဂန်မှာ ရုပ်ပွားတော် ဖျက်တာ မြန်မာမွတ်စလင်မ်တွေလား

    နေမျိုး

    အာဖဂန်က တာလီဘန်တွေ ဗုဒ္ဓရုပ်ပွားတော်ကို လောင်ချာနဲ့  ထုဖျက်ဆီး လိုက်တာနဲ့ပတ်သက်ပြီး မြန်မာပြည်က မွတ်စလင်မ်တွေကို တဖက်သက် စွပ် စွဲဆဲဆိုနေတာ အများအသိပါပဲ။ တာလီဘန်တွေ စစ်သွေးကြွပြီး ထင်ရာစိုင်း တာ မြန်မာပြည်က မွတ်စလင်မ်တွေရဲ့ အပြစ်လား။ သူတို့ ကို ကျနော်တို့  က လုပ်ခိုင်းတာလား။ ကျနော်တို့ ကိုယ် စား သူတို့ လုပ်ပေးခဲ့တာလား။

    တာလီဘန်နဲ့ မြန်မာမွတ်စလင်မ် ဘာမှမဆိုင်ဘူး။ လူမျိုးမတူဘူး ဘာသာစ ကားလည်းမတူဘူး။ ဆွေ မျိုးတွေ လည်းမဟုတ်ဘူး။ နိုင်ငံရေးခံယူ ချက် လည်းမတူဘူး။ ယဉ်ကျေးမှုခြင်းလည်းမတူဘူး။ တာလီဘန်တွေ သွေးအေး စစ်ပွဲဒဏ်ကြောင့် ပါဝါလုကြရင်း ဘာသာရေး အစွန်းရောက်တွေဖြစ် ပြီး ထင်ရာစိုင်းတာ မိုင်ရာပေါင်းများစွာက ကျနော်တို့  အပြစ်လား။ တာလီဘန်တွေ ကိုမွေးပေးခဲ့တဲ့ CIA ကို သာ အပြစ်မတင်သင့်ဘူးလား။ မဆီမဆိုင် မြန်မာမွတ်စလင်မ်တွေကို ထိုင်ဆဲနေမဲ့အစား တာလီ ဘန်ကိုသာ သွားမတိုက်သင့်ဘူးလား။

    တာလီဘန်တွေ အဲ့ဒီရုပ်ပွားတော်ဖျက်ဆီးတုန်းက ကျနော်တို့ တွေကန့် ကွက်ခဲ့ တယ်။ ကမ္ဘာအနှံ့ က မွတ်စလင်မ် တွေလည်း ဆန္ဓပြခဲ့တယ်။ အခုလည်း ဗုဒ္ဓ ဘာသာကိုစော်ကားတဲ့ ကိစ္စတွေရှိလာရင် မွတ်စလင်မ်တွေ ကန့် ကွက် တယ်။ Rude Buddha ဆိုတဲ့ ဗုဒ္ဓကို တဏာသမားအနေနဲ့ ရိုက်ထားတဲ့ ဇာတ်လမ်း (ဒီမှာ) ကို မွတ်စလင်မ်တွေ ကန့် ကွက်ခဲ့တယ် (ဒီမှာဖတ်ပါ)။ ရွေဝါရောင်တုန်း ကလည်း သံဃာတော်တွေကို မွတ်စလင်မ်တွေ ၀ိုင်းရံခဲ့တယ်။

    ကဲ ဒါနဲ့ သူတို့ လည်း အစ္စလာမ်ဘာသာဝင်တွေပဲဆိုတာနဲ့  သူတို့ လုပ်သမျှ ကျနော်တို့ တာဝန်၊ ကျနော်တို့ အ ပြစ်ဖြစ်သွား ရောလား?

    ဒီလိုဆို မေးမယ်။ ၂၀၀၇ ရွေဝါရောင်တော်လှန်ရေးအခင်းတုန်းက ဘုန်းကြီးတွေအကြမ်းဖက်ခံရတဲ့ကိစ္စ အတွက်   မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိလား။ အဲ့ဒါ လူမျိုးတူ ဘာသာတူ စကားတူ ဒေသတူချင်းတွေပဲ။

    နောက်တခု — စစ်အစိုးရခေတ်တုန်းက တိုင်းရင်းသားဒေသတွေမှာ ရွာမီးရှို့ ၊ လူသတ်၊ မုဒိန်းကျင့်၊ ရွာသားတွေ မောင်းထုတ် အကုန်လုပ်တယ်။ အခုလဲ ကချင်ဒေသမှာဖြစ်နေတုန်းပါပဲ။

    ဒီကိစ္စ ၂ ခုလုံးအတွက် မြန်မာပြည်က ဗမာတွေနဲ့  ဗုဒ္ဓဘာသာဝင်တွေအားလုံး အပြစ်ရှိလား။ အပြစ်ပေးမယ်ဆို ရင် ဗမာဗုဒ္ဓဘာသာတိုင်း အပြစ်ခံကြရမှာ လား။ စဉ်းစားကြပါ။ မြန်မာတွေ ခေါင်းဒီလောက်မတုံးပါဘူး။

    အစ္စလာမ်က ဘာသာမတူရင်သတ်ဆိုတဲ့ အမိန့် ရှိတယ်လို့  တလွဲစပင် မပြောပါနဲ့ ။ မမေးလည်းဖြေ ပါမယ်။ အစ္စလာမ်မှာ ကျူးကျော်စစ်၊ ကိုယ်ကစ မတရားလုပ်တာကို လုံးဝ (လုံးဝ) ခွင့်မလွတ်ဘူးဆိုတာ အတိအလင်း မိန့် ထားပါတယ်။ နံပတ် (၃) မှာ ဆက်ဖတ်ပါ။

    [မှတ်ချက် – စာရေးသူ၏ အမြင်နှင့် အာဘော်သာဖြစ်သည်]

  • မမေးလည်းဖြေ (၁) – ချစ်တီးကုလားလို မြန်မာပြည်ကိုငွေနဲ့  သိမ်းမှာကြောက်ရင်

    မမေးလည်းဖြေ (၁) – ချစ်တီးကုလားလို မြန်မာပြည်ကိုငွေနဲ့  သိမ်းမှာကြောက်ရင်

    နေမျိုး

    မွတ်စလင်မ် မုန်းတီးရေးသမားတွေ လူသိရှင်ကြား နှိမ်ချရေးသားနေတာတွေကို သေချာ လိုက်ဖတ် ကြည့်တော့ နားလည်မှုလွဲနေတာတွေ အများကြီးတွေ့ ရတယ်။ တချို့ က နားမလည်လို့  ကြားဖူးနားဝ နဲ့ အမြင်မှားနေပေမဲ့ တချို့ ကျတော့ လူမျိုးရေး ဘာသာရေးမုန်းတီးအောင် သက်သက်မဲ့ သတင်းမှား တွေနဲ့  မှိုင်းတိုက်နေကြတယ်။ ဒါကြောင့် မမေးလည်းဖြေ ဆိုတဲ့ ခေါင်းစဉ်နဲ့  တခုချင်းစီ ဖြေသွားပါ မယ်။

    ပထမဦးဆုံးအနေနဲ့  ခုနကတင် ဖေ့စ်ဘွတ်ခ်မှာ ဖတ်မိတဲ့ ကော်မန့် နဲ့  စချင်ပါတယ်။

    ညီမငယ်လေးတစ်ယောက် က “ဟ ချစ်တီးကုလားတွေသွား ကြည့်ပါလား။ ငွေနဲ့ ပေါက်ပြီးသိမ်း သွား မယ်” လို့ ပြောပါတယ်။ မမေးပေမဲ့ဖြေပါမယ်။ ချစ်တီးနဲ့  မွတ်စလင်မ်ရောချတာ လုံးဝ လုံးဝ အဓိပ္ဗါယ် မရှိပါ။ မွတ်စလင်မ်နဲ့  ငွေချေးချစ်တီးဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။ ဘာဖြစ်လို့ လဲ?

    (၁) မြန်မာတွေကို ကိုလိုနီခေတ်တုန်းက ငွေတိုးချပေးတဲ့ ချစ်တီးတွေက မွတ်စလင်မ်မဟုတ်ပါ။ အိန္ဒိယ တောင်ပိုင်း တမီနာဒူးကလာတဲ့ ဟိန္ဒူ ဇတ်အနွယ်ဝင်တခုကဖြစ်ပါတယ်။ Sean Turnell ရဲ့ Fiery Dragons: Banks, Moneylenders and Microfinance in Burma စာအုပ် အခန်း ၂ မှာဖတ်ပါ။

    (၂) အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တွေကို ငွေတိုးမစားဖို့  ကျမ်းစာမှာ အတိအလင်း ပိတ်ပင်ထား တယ်။ ကုရ်အာန်ကျမ်းစာ အပိုဒ် ၂း ၂၇၅ မှာ

    အတိုးအညွန့်စားသူတို့သည် (ရှင်ပြန်ထမည့်နေ့တွင် သင်းချိုင်းတွင်းမှ ထကြသောအ ခါ) ကောင်းမွန် စွာမရပ်နိုင်ကြ ဘဲ ရှိုင်တွာန် [မိစ္ဆာ] ဖမ်းစား၍ အသိဥာဏ်မှောက်မှား ရူးသွပ်တွေဝေေ နသူများကဲ့သို့ သာလျှင် ရပ်ကြကုန်အံ့။ [… ] အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကုန်စည်ကူး သန်း ရောင်းဝယ်ခြင်းကို ခွင့်ပြုထားတော်မူ၍ အတိုး အညွန့်စားခြင်းကိုမူကား တားမြစ်တော်မူခဲ့လေသည်။ […] သို့ရာတွင် အကြင် သူတို့သည် […] (အတိုးအညွန့် စား ခြင်းကို) ပြုကြပါမူ ထိုသူတို့သည် ငရဲသားများ ပင် ဖြစ်ကြကုန်၏။ ထိုသူတို့ သည် ငရဲမီးတွင် ထာဝစဉ် (ဒုက္ခကြီးစွာ) ခံစား နေထိုင် ကြရမည့်သူများ ဖြစ်ကြကုန်သတည်း။”

    ဒီတပိုဒ်နဲ့ တင် မွတ်စလင်မ်နဲ့  ချစ်တီးတွေနဲ့  ဘာမှမဆိုဘူးဆိုတာ ထင်ရှားလောက် ပါပြီ။ ဒါကြောင့် ချစ်တီးအ ကြောင်းတွေးပြီး လက်ရှိ မြန်မာမွတ်စလင်မ်တွေကို မုန်းတီးနေခြင်းက အခြေအမြစ်မရှိ၊ ယုတ္တိမဲ့နေပါတယ်။ (အတိုးနဲ့  ပတ်သက်ပြီး ကုရ်အာန်ကျမ်းစာက ဘာတွေထပ်ပြောထားလဲဆိုတာ သိချင်သမားများအတွက် အဆုံးမှာ ဆက်ဖတ်ပါ)။

    ဘာသာတရားတိုင်းမှာ လူဆိုးနဲ့လူကောင်းတွဲပြီး ရှိပါတယ်။ ပြီးတော့ ဘာသာတရားတိုင်းကလည်း ကောင်းတာကို ပဲ သင်ပါတယ်။ လူကောင်းတွေက ကောင်းတာပြော၊ အကောင်းမြင်လို့ ကောင်းတာပဲ လုပ်ကြသလို လူဆိုးတွေက လဲ အဆိုးမြင်စိတ်နဲ့ အခြားဘာသာဝင်တွေကို အဆိုးမြင်လို့ အဆိုးပြော ရင်း အချိန်ကုန်နေလေ့ရှိကြပါတယ်။ တ ကယ်တော့ ကိုယ့်ဘာသာတရားက ယဉ်ကျေး သိမ်မွေ့ အောင်သင်ထားတဲ့ အတိုင်း ဘာသာတရားတိုင်း၊ လူမျိုး တိုင်း၊ တစ်ဦးချင်းစီတိုင်းက ကျင့်ကြံရင် ကမ္ဘာကြီး တကယ်ကို အေးချမ်းနေမှာပါ။

    တစ်ခါ…အတိုး ကို ခါးခါးသီးသီး တားမြစ်ပိတ်ပင်ထားတဲ့ သာသနာက အစ္စလာမ်သာသနာပါ။ ကုရ်အာန်ကျမ်းစာ က မနေ့ တနေ့ ကမှ ပေါ်လာတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၄၀၀ကျော်က တည်းကပါ။ အဲ့ဒီအချိန်တည်း က အတိုးစားခြင်းကို တားမြစ် ပိတ်ပင်ထားပါတယ်။  အတိုး စားတယ် ဆိုပြီး ပြောလို့ ထပ်ပြောရ ရင် အစ္စလာမ်မှာ အတိုးကိုတင် ပြင်းပြင်းထန်ထန် ပိတ်ပင်ထားတာ မဟုတ် ပါဘူး။ ကိုယ့်ဝေစုထဲက အချို့ကိုတောင် မပေးမနေရ ကြည်ကြည်ဖြူဖြူ ပေးလှူဖို့ သင်ထားတဲ့ တစ်ခု တည်းသော သာသနာပါ။ ကိုယ့်ဝေစုထဲကနေ မရှိဆင်းရဲသားတွေ၊ မုဆိုးမတွေ၊ မိဘမဲ့ကလေး သူ ငယ်တွေ၊ သက်ကြီးရွယ်အိုတွေကို မျှဝေ လှူဒါန်းရမတဲ့ဗျာ။ လှူချင်တဲ့ခါလှူ မလှူချင်တဲ့ခါ မလှူပဲနေ လို့ မရပဲ ဇကာတ်လို့ ခေါ်တဲ့ ဒါနကြေးကို ကိုယ့်ပိုင်ဆိုင်မှုရဲ့ အချိုးအစားအတိ အကျ အလိုက် မပေး မနေရ ပေးဖို့ သတ်မှတ်ထားပါတယ်။

    ကုရ်အာာန် အပိုဒ် ၉း ၆၀ မှာ ဒီလို မိန့် ထားပါတယ်

    “မုချဧကန် ဇကာတ် [တရားဝင်ဒါနကြေး] သည် ဆင်းရဲနွမ်းပါးသူတို့အဖို့ လည်း ကောင်း၊ ပစ္စည်းမဲ့ များအဖို့လည်း ကောင်း၊ ဇကာတ်နှင့်စပ်လျဉ်းသော ကိစ္စအ၀၀ ကို ဆောင်ရွက်သည့် အမှုထမ်းများအ ဖို့လည်းကောင်း၊ အစ္စလာမ် သာသနာတော်၏ တ ရား များကိုနှစ်သက်၍ သာသနာဘောင်တွင် ၀င်လို သူများ၏ စိတ်ကို နှစ်သိမ့်စေ ရန် အလို့ငှာ လည်းကောင်း၊ ကျေးကျွန်များကို ကျွန်ဘ၀မှ လွတ် မြောက်စေရန် လည်း ကောင်း၊ မြီစားများအဖို့ လည်းကောင်း အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ လည်းကောင်း၊(ဒုက္ခရောက်နေသော)ခရီးသည်များအဖို့လည်းကောင်းဖြစ်သည်။ ‪ဤသည် ကား အလ္လာဟ်အရှင်မြတ်အထံတော်မှ ပြဋ္ဌာန်းထားတော်မူသော ပညတ်တော်ဖြစ် သည်။”

    အတိုးပေးငွေချေးတဲ့ စနစ်ကြောင့် လူဆင်းရဲတွေ ဒုက္ခရောက်ကြလို့  နိုင်ငံတကာ အသီးသီး ဥပ ဒေတွေထုတ်၊ စည်းကမ်းတွေချ၊ ဒီလိုပဲ ၀င်ငွေပြန်ဖြန့် ဝေဖို့  နိုင်ငံတော်အခွန်ငွေဥပဒေတွေပြဌာန်၊ အခွန်တွေ ကောက်ကြပါ တယ်။ အတိုးမစားဖို့ လိုအပ်တဲ့လူကို ဒါနကြေးမပေးမနေပေးဖို့  လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက အစ္စလာမ်က ပြဌာန်းထားပြီးသားပါ။ ဘယ်လောက် လူသားဆန် တဲ့၊ မေတ္တာတရားနဲ့ ဖေးမကူတတ်ဖို့ သင်ထားတဲ့ သာသနာလဲဆိုတာ တွေးဆဆင်ခြင် ကြည့်နိုင်ကြ ပါစေ။

    —————————————————————————————————

     

    ကုရ်အာန်ပါ အတိုးကိစ္စ

    အလ္လာဟ်အရှင်မြတ်သည် အတိုးအညွန့်ကို ဆုတ်ယုတ်ပျက်စီးစေတော်မူ၍ (ပေး ကမ်း စွန့်ကြဲသုံးစွဲ ကြကုန်သော) အလှူ ဝတ္တုများကိုမူ (ဆထက် ထမ်းပိုး) တိုးပွား စေတော်မူ၏။ ‪မှန်သော်ကား အလ္လာဟအရှင်မြတ်သည် ယုံကြည်ခြင်း သဒ္ဓါတရား ကင်းမဲ့သော ပြစ်မှုဒုစရိုက်များ ကျူးလွန်သော မည်သူတစ်ဦးတစ်ယောက်ကိုမျှ နှစ်သက်တော်မူ သည် မဟုတ်ချေ။ (၂း၂၇၆)

    အို-ယုံကြည်သူ အပေါင်းတို့၊ အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြပါမူ၊ အလ္လာဟ်အ ရှင်မြတ်ကိုကြောက်ရွံ့လေးစား ရိုသေ ခန့်ညားကြကုန်၊ ၄င်းပြင် ကြွင်း ကျန်လျက်ရှိသော အတိုး အညွန့်များကိုလည်း စွန့်လွှတ်ကြကုန်။ (၂း ၁၇၈)

    ‪တဖန် အကယ်၍သာ အသင်တို့သည် [အတိုးအညွန့် မစားရန်အမိန့် ကို မလိုက်နာ] ခဲ့ ကြပါမူ အလ္လာဟ်ရှင်မြတ်နှင့်လည်း ကောင်း၊ ထို အရှင်မြတ်၏ [တမန်တော် မိုဟာ မတ် – Peace Be Upon Him] နှင့်လည်းကောင်း၊ စစ်မက် ပြိုင်ဆိုင်တိုက်ခိုက် ကြ ရန် အဆင်သင့်ရှိကြကုန်။ သို့ရာတွင် အကယ်၍သာ၊ အသင်တို့သည် နောင်တ တရား ရရှိကာ(အတိုးအညွန့် စားသုံးခြင်းကို စွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်ဘက်သို့) ပြန် လှည့်ကြပါလျှင် အသင်တို့ သည် မိမိတို့(ချေးငှားထားသော) ငွေရင်းများကို ပိုင်ဆိုင် ခွင့်ရှိကြကုန်၏။(မတည်ငွေရင်းများထက် ပိုမို၍ အတိုးအညွန့် မယူခြင်း အားဖြင့်) အ သင်တို့သည် (သူတစ်ပါးကို) မတရား ဆုံးရှုံးနစ်နာစေကြမည်လည်းမဟုတ်၊ (မိမိတို့ ၏ မတည်ငွေရင်းများကို ပြန်လည်ရရှိခြင်း အားဖြင့် သူတစ်ပါးတို့၏) မတရားဆုံးရှုံး နစ်နာစေခြင်းကို လည်း ခံကြရမည်မဟုတ်ပေ။ (၂း ၂၇၉)

    ‪အို- […] ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသူအပေါင်းတို့။ အသင်တို့သည် ဆထက် တိုးပြီးဖြစ်သော၊ ဆပေါင်းများစွာသော အတိုးအညွန့်ကို မစားကြကုန်လင့်။ (၃း ၁၃၀)

    ထို့ပြင်တ၀ ထိုသူတို့၏ အတိုးအညွန့်ကိုယူငင်(စားသုံး)မှုကြောင့်၎င်း၊ အမှန်မှာ ထိုသူ တို့သည် ထို(သို့ အတိုးအညွန့်စား သုံးခြင်း)မှ မြစ်တားခြင်းခံခဲ့ကြရပေပြီ။ သူတစ်ပါး တို့၏ဥစ္စာပစ္စည်းများကို မတ ရားသောနည်းဖြင့် စားသုံးမှုကြောင့်၎င်း၊ (ငါအရှင်မြတ် သည်ထိုသူတို့အဘို့ ကောင်းမွန်သော အရာ များကို မြစ်တားတော်မူ ခဲ့လေသည်၊) ထိုမှတစ်ပါးတုံ ငါအရှင်မြတ်သည် ထိုသူတို့အနက်မှသွေဖည် ငြင်း ပယ်သော သူတို့ အဖို့ အလွန်ပြင်းပြ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကိုလည်း အဆင်သင့်ပြုလုပ် ထား ရှိတော်မူပြီး ဖြစ်ပေသတည်း။ (၄း ၁၆၁)

    ရည်ညွန်း – ကျမ်းမြတ်ကုရ်အာန် မြန်မာဘာသာပြန်။ [http://www.quraninburmese.com/Books/Holy%20Quran.pdf]

     

    မှတ်ချက် –

    (1)    အတိုးချုံးဖို့ အတွက် အချို့ စာကြောင်းများကို […] ခံ၍ ချန်ထားသည်။ စာသားအပြောင်းအလဲ ကို [ ] ခံ၍ မြန်မာ စာဖတ်များအတွက် ပြောင်းလဲ (သို့ ) ထပ်ဖြည့်ထားသည်။ ဘာသာပြန်မူရင်းကို အထက်ပါ ရည်ညွန်းတွင်ဖတ်ရန်။

    (2)    ကုရ်အာန်စာပိုဒ်များရှာပေးသော နိုဗယ်ကို ကျေးဇူးတင်သည်။

    (3)    ဤဆောင်းပါးသည် စာရေးသူ၏ အမြင်နှင့် အာဘော်သာဖြစ်သည်။