News @ M-Media

Category: ဆောင်းပါး

  • လူဆင်းရဲပေမယ့် စိတ်ဓာတ်မဆင်းရဲတဲ့ ဂျာမနီရောက် ဆီးရီးယားဒုက္ခသည် 

    လူဆင်းရဲပေမယ့် စိတ်ဓာတ်မဆင်းရဲတဲ့ ဂျာမနီရောက် ဆီးရီးယားဒုက္ခသည် 

    ဇူလိုင် ၂၊ ၂၀၁၆
    M-Media

    mohanad

    – ဆီးရီးယားနိုင်ငံက ပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ခွာကာ ဂျာမနီကို ရောက်ရှိလာတဲ့ ဒုက္ခသည်အမျိုးသားတစ်ဦးဟာ သူပြောင်းနေတဲ့ တိုက်ခန်းအတွင်းမှာ ပမာဏတော်တော်များတဲ့ ငွေထုပ်တစ်ထုပ်ကို တွေ့ခဲ့ရပြီးတဲ့နောက် ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ပြီး သူ့ရဲ့ ရိုးသားတဲ့ ဒီလုပ်ရပ်အတွက် ဂျာမန်ပြည်သူတွေက ချီးကျူးခဲ့ကြပါတယ်။

    အသက် ၂၅ နှစ်အရွယ်ရှိပြီး မိုဟန်နဒ် အမ် လို့ခေါ်တဲ့ အဲဒီ အမျိုးသားဟာ ဂျာမနီနိုင်ငံ မြောက်ရိုင်းဝက်စ်ဖာလီးယား ပြည်နယ် မန်ဒန်မြို့က တိုက်ခန်းကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် ပရဟိတအသင်းတွေရဲ့ ထောက်ပံ့မှုကြောင့် ပရိဘောဂပစ္စည်း တော်တော်များများကို ရရှိခဲ့ပါတယ်။

    အဲဒီအထဲမှာ ဘီရိုတစ်လုံးလည်း ပါဝင်ခဲ့ပြီး အဲဒီဗီရိုကို ရှင်းလင်းရာမှာတော့ အံဝှက်အတွင်းက စုဘူးထဲမှာ ငွေသား ယူရို ၁၅၀၀၀၀ ပါဝင်ထဲ့ အထုတ်တစ်ထုတ်ကို တွေ့ခဲ့တာပါ။

    “ယူရို ၅၀၀ တန် အသစ်လေးတွေဗျ။ ပထမတော့ ကျွန်တော်က ပိုက်ဆံအတုလို့ ထင်လိုက်မိသေးတယ်” လို့ မိုဟန်နဒ် ဂျာမနီသတင်းစာ Bild ကို ပြောကြားခဲ့ပါတယ်။

    အဲဒီနောက်မှာတော့ ပိုက်ဆံ အတု၊ အစစ်ခွဲတဲ့နည်းကို မိုဟန်နဒ်တစ်ယောက် အွန်လိုင်းမှာ ရှာဖွေခဲ့ပြီး ပိုက်ဆံအစစ်လို့ ကောက်ချက်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပိုက်ဆံအစ်မှန်း သိသိချင်းပဲ သူဟာ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ အာဏာပိုင်တွေကို အသိပေးခဲ့ပြီး ရဲတပ်ဖွဲ့ဆီမှာ အပ်နှံခဲ့ပါတယ်။

    သူ့ရဲ့ ဒီလိုရိုးသားမှုဟာ ဘာသာတရားက သွန်သင်မှုကြောင့်ဖြစ်တယ်လို့လည်း မိုဟန်နဒ်က ဆိုပါတယ်။

    “တစ်ခြားတစ်ယောက်ရှာဖွေထားတဲ့ ငွေကြေးဥစ္စာနဲ့ ဇိမ်ကျနေဖို့ ဘုရားသခင်က ခွင့်မပြုထားပါဘူး” လို့ သူက ပြောကြားခဲ့ပါတယ်။

    လက်ရှိအချိန်မှာ ရဲတပ်ဖွဲ့က ဒီပိုက်ဆံရဲ့ ပိုင်ရှင်ကို လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

    “ဒီလူငယ်လေးက အတုယူစရာကောင်းတဲ့ လုပ်ရပ်တစ်ခုကို လုပ်ပြခဲ့ပြီး တော်တော် လေးစားထိုက်တဲ့ သူတစ်ယောက်ပါ။ ပိုက်ဆံနည်းနည်းပါးပါး တွေ့လို့ လာအပ်တာမျိုးတွေ အရင်က ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလောက်များတဲ့ ပိုက်ဆံတွေကိုတော့ လာမအပ်ကြပါဘူး” လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    မိုဟန်နဒ်ဟာ ဂျာမနီကို ၂၀၁၅ ခုနှစ် အောက်တိုဘာလမှ ရောက်ရှိခဲ့ပေမယ့် သူ့ရဲ့ ကျန်ရှိတဲ့မိသားစုကတော့ ဆီးရီးယားမှာပဲ ရှိနေပါသေးတယ်။ အခုလို့ ငွေအပ်နှံခဲ့တဲ့အတွက် မိုဟန်နဒ်ဟာ ဂျာမနီဥပဒေအရ ငွေတန်ဖိုးရဲ့ ၃ ရာခိုင်နှုန်းကို ရရှိမှာဖြစ်ပါတယ်။

    Ref: Independent

  • လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ရင်ကြားစေ့ရန် လိုအပ်နေသည့် သူရဲသမိန်ကျေးရွာ

    လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ရင်ကြားစေ့ရန် လိုအပ်နေသည့် သူရဲသမိန်ကျေးရွာ

    ဇွန် ၃၀၊ ၂၀၁၆
    M-Media

    thuye
    တိုက်ခိုက်မှုဖြစ်ပြီးနောက် လုံခြုံရေးယူထားသည့် ရဲများ

    – ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ သူရဲသမိန်ကျေးရွာတွင် မွတ်စလင်ရွာသားတစ်ဦး၏ နေအိမ်တွင်းသို့ ၀င်ရောက်လုယက်ခြင်း၊ ဗလီဝတ်ကျောင်းတော်တစ်လုံးအား ဖျက်ဆီးခြင်း၊ အမျိုးသားတစ်ဦးအား လက်ရောက်ကျူးလွန်ခြင်းတို့ ဖြစ်ပွားပြီး တစ်ပတ်ကြာသည်အထိ ရဲတပ်ဖွဲ့က သံသယရှိသူများအား ရှာဖွေဖမ်းဆီးမှုများ မလုပ်သေး။

    ဝေါမြို့နယ်ရှိ အစိုးရတာဝန်ရှိသူများကလည်း မိမိတို့အနေဖြင့် စုံစမ်စစ်ဆေးမှုများ မပြုလုပ်ရသေးဟု Myanmar Times သို့ အတည်ပြုပြောကြားခဲ့သည်။ ထိုကဲ့သို့ အရေးယူဆောင်ရွက်မှု မရှိခြင်းက အထက်အာဏာပိုင်များမှ တိုက်ရိုက်ညွှန်ကြားချက် ဖြစ်ပုံရသည်။

    “တစ်ကယ်လို့ ကျွန်တော်တို့ အခုအချိန်မှာ အရေးယူလိုက်မယ်ဆိုရင် ပြဿနာကို ရပ်တန့်လို့ရမှာ မဟုတ်ဘဲ၊ အခြေအနေက ပိုဆိုးသွားနိုင်ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်းက ပြောကြားခဲ့သည်။

    မိမိတို့အား စော်ကားနှိမ့်ချသည်ဟု မွတ်စလင်များက မှတ်ယူသည့် ရန်လိုသော Facebook ပို့စ်တစ်ခုက ပြဿနာ၏ အစဖြစ်သည်ဆိုသည့်အချက်ကို သူရဲသမိန်ရွာရှိ လူတိုင်းက လက်ခံကြသည်။ သို့သော်လည်း တိုက်ခိုက်မှု၏ ကြီးကျယ်မှု၊ ရွာအပေါ် ရိုက်ခတ်မှုနှင့်ပတ်သက်၍တော့ အမြင်များ ကွဲပြားနေကြသည်။

    နောက်ထပ် ထိုကဲ့သို့ တိုက်ခိုက်မှုဖြစ်မည်ကို ကြောက်ရွံ့ခြင်း၊ အကြမ်းဖက်မှု ထပ်ဖြစ်မည်ဟု ကောလဟာလများ ထွက်ပေါ်နေခြင်းတို့ကြောင့် မွတ်စလင်ရွာသားများမှာ အခြားနေရာများတွင် သွားရောက်ခိုလှုံနေရလေသည်။

    လူဦးရေ ၁၅၀၀ ကျော်ရှိသည့် အဆိုပါ ရွာကြီးတွင် မွတ်စလင်အရေအတွက်က ၂၆၈ ဦးရှိသည်။ ၎င်းတို့ထဲမှ ၂၀၀ က တိုက်ခိုက်ခံရမည်ကို စိုးရိမ်သည့်အတွက် အခြားရွာများရှိ ဆွေမျိုးများထံတွင် သွားရောက်ခိုလှုံနေကြသည်။ ရွာခံ ရှေ့ဆောင်အီမာမ်တစ်ဦးက ရမ်ဇာန်ဥပုသ်လ၏ ကျန်ရှိသည့်ရက်များအတွက် ၎င်းတို့တွင် ၀တ်ပြုရာနေရာ မရှိတော့ဟု ဖွင့်ဟ ပြောကြားခဲ့သည်။

    သို့သော်လည်း အချို့သော ဗုဒ္ဓဘာသာဝင်အိမ်နီးချင်းများကတော့ ထိုတိုက်ခိုက်မှုက အဘယ့်ကြောင့် ဆိုးဝါးသည့် ကိစ္စတစ်ခုအဖြစ် သတ်မှတ်ခံရပြီး၊ နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာနှင့် မွတ်စလင်လူ့အဖွဲအစည်းအကြား နောက်ထပ် ပေါက်ကွဲနိုင်သည့် စိတ်ဝမ်းကွဲမှုအဖြစ် နိုင်ငံတကာက မှတ်ယူနေကြသည်ကို နားမလည်နိုင်ဖြစ်နေကြသည်။

    “ကျွန်တော်တို့ (ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ) ဟာ ဒီမှာ နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာခဲ့ကြတာပါ။ ကျွန်တော်တို့ဟာ မိတ်ဆွေ၊ သူငယ်ချင်းတွေပါ။ ဒီပြဿနာဟာ ရရှစ်ကိုပဲ ထိခိုက်တာပါ။ အခြား မွတ်စလင်ရွာသားတွေကို မထိခိုက်ပါဘူး” ဟု သူရဲသမိန်ရွာသားတစ်ဦးဖြစ်သူ ဦးထွန်းလွင်က ပြောကြားခဲ့သည်။

    ထို့ပြင် အဘ်ဒူလ်ရရှစ်မှာ ၎င်းစိုက်ပျိုးခဲ့သည်များကို ရိပ်သိမ်းရခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

    အဆိုပါပြဿနာမှာ ဇွန်လ ၂၁ ရက်နေ့တွင်  ဆိုရှယ်မီဒီယာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ရွာသားတစ်ဦးက ရွာတွင်ဆောက်နေသော အဆောက်ဦးတစ်ခုကို ဆိုရှယ်မီဒီယာတွင်တင်ကာ ဗလီတစ်လုံးဟု စွပ်စွဲပြီး အာဏာပိုင်များအနေဖြင့် ထိုအဆောက်အဦးကို အဘယ့်ကြောင့် မတားဆီးရသလဲဆိုသည်ကို သိလိုသည်ဟု တောင်းဆိုခဲ့သည်။

    tha main
    ဖျက်ဆီးခံခဲ့ရသည့် နေရာတစ်ခု

    ထိုမေးခွန်းထုတ်ခံရသည့် အဆောက်အဦးကို ဆောက်လုပ်သူ အဘ်ဒူလ်ရရှစ်က ထိုကဲ့သို့ လွှင့်တင်မှုအတွက် အိမ်နီးချင်းများကို ကြိမ်းမောင်းပြောဆိုလေသည်။ ၂ ရက်တာကြာမြင့်ခဲ့ပြီးနောက် လူအုပ်ကြီး၏ တိုက်ခိုက်မှု ပေါ်ထွက်လာခဲ့ပြီး အဘ်ဒူလ် ရရှစ်၏ နေအိမ် ဖြိုဖျက်ခံခဲ့ရသလို၊ ရွာရှိ ဗလီမှာလည်း ဖျက်ဆီးခံခဲ့ရသည်။ ဂိုထောင်အဖြစ် အသုံးပြုမည်ဟုဆိုသည့် ဆောက်လုပ်ဆဲ အဆိုပါအဆောက်အဦးနှင့် မွတ်စလင်သင်္ချိုင်းမှာလည်း ထိုဖျက်ဆီးမှုတွင် အဆစ်ပါသွားခဲ့သည်။ အဘ်ဒူလ် ရရှစ်ကတော့ လက်ကောက်ဝတ်နှင့် ဦးခေါင်း ဘယ်ဖက်ဂျိုဇောင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ခဲ့ရလေသည်။

    “သူက လူတွေကို မတရား ကြိမ်းမောင်းဆဲဆိုတာကြောင့် ရွာသားတွေက မခံမရပ်နိုင်ဖြစ်တာပါ။ သူတို့တွေ ရရှစ်ရဲ့အိမ်၊ ဂိုထောင်နဲ့ ဗလီကိုပါ ဖျက်ဆီးလိုက်တယ်။ ကျွန်တော်ကတော့ ဒါ မှားတယ်လို့ မထင်ပါဘူး” ဟု ဦးထွန်းလွင်က ပြောကြားခဲ့သည်။

    ထိုအကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ရွာတွင် တည်ငြိမ်အေးချမ်းရေးအတွက် ရဲတပ်ဖွဲ့ ၅၀ ကျော်ကို ချထားသည်ဟု ဝေါမြို့နယ် ရဲတပ်ဖွဲ့အကြီးအကဲ ဦးအုန်းလွင်ကဆိုပြီး နောက်ထပ် ပဋိပက္ခဖြစ်ပွားပါက သူရဲသမိန်ရွာ၏ ဂုဏ်သိက္ခာကို ထိခိုက်ပျက်ဆီးနိုင်သည်ဟု ပြောကြားခဲ့သည်။

    ရရှစ်၏ အိမ်အပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ချထားပြီး ရရှစ်ကတော့ ၎င်း၏ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၏ ထိန်းသိမ်းမှုအောက်တွင် နေထိုင်နေရသည်ဟု ဒေသတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကျေးရွာရဲကင်းက လက်ရှိအချိန်တွင် သတင်းထောက်များအနေဖြင့် ရရှစ်နှင့် တွေ့နိုင်မည်မဟုတ်ဟု ဆိုသည်။ တိုက်ခိုက်မှုဖြစ်ပွားကတည်းက ရရှစ်ကို မတွေ့ရတော့ဟု ၎င်း၏ မိသားစုက ပြောကြားခဲ့သည်။

    “ရဲတပ်ဖွဲ့က လုံခြုံရေးအတွက် ရှိနေတာပါ။ ကျွန်မတို့ကို မေးတာမြန်းတာမျိုး မရှိပါဘူး။ ကျွန်မတို့ ဘာမှ အမှားမလုပ်ထားတဲ့အတွက် အရေးယူခံရမှာကိုလည်း မစိုးရိမ်ပါဘူး” ဟု ဗုဒ္ဓဘာသာဝင်ရွာသူတစ်ဦးဖြစ်သူ ဒေါ်ခင်မျိုးအေးက ပြောကြားခဲ့သည်။

    အကယ်၍ ထိုအဖြစ်အတွက် နောက်ဆက်တွဲရလဒ်ကို ရင်ဆိုင်ရမည်ဆိုပါက ထိုလူမှာ ရွာသားများကို ဆဲဆိုကြိမ်းမောင်း၍ ပြဿနာလုပ်ခဲ့သူပင် ဖြစ်ရမည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    “ဗလီဖြိုခံခဲ့ရတဲ့အတွက် ဘယ်သူ့ကို အပြစ်တင်ရမလဲ။ ရွာသားတွေက တအားဒေါသထွက်နေလို့ ဒီလိုလုပ်လိုက်ကြတာပါ”

    အဘ်ဒူလ်ရရှစ်၏ ဖခင်ဖြစ်သူ ဦးအီဘရာဟင်က အငြင်းပွားမှုကို သင့်တော်သည့်နည်းလမ်းများဖြင့် ဖြေရှင်းရမည့်အစား ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်များအကြား ထိုကဲ့သို့ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့်အတွက် အလွန်တုန်လှုပ်မိသည်ဟု ဆိုသည်။

    “ရရှစ်ကြိမ်းမောင်းလို့ သူတို့ မကျေနပ်ဘူးဆိုရင် ရဲတိုင်နိုင်တာပဲလေ။ ဥပဒေနည်းလမ်းတွေအရ သူတို့ အကူအညီ ရယူရမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့အိမ်ကို သူတို့ ဖျက်ဆီးတယ်။ ကျွန်တော်တို့ ပိုက်ဆံတွေနဲ့ လက်ဝက်လက်စားတွေကိုလည်း ယူသွားတယ်။ ကျွန်တော်ကတော့ ဒါဟာ သက်သက်အနိုင်ကျင့်တာလို့ ထင်ပါတယ်” ဟု ဦးအီဘရာဟင်က ပြောကြားခဲ့သည်။

    ထိုပြဿနာ၏ နောက်ဆက်တွဲရလဒ်များကို မိမိတို့မိသားစုမှ ကျော်လွန်ကာ တစ်ခြားသူများ ခံစားခဲ့ကြရပြီး ရွာရှိ မွတ်စလင်များမှာ ၎င်းတို့၏ အသက်အိုးအိမ်အတွက် စိုးရိမ်သောကြောင့်၊ နေအိမ်များကို စွန့်ခွာခဲ့ရသည်၏ ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ပြဿနာမှာ မှားယွင်းသည့်စွပ်စွဲမှုများကြောင့် စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးအီဘရာဟင်က ဆိုသည်။ ရရှစ်ဆောက်လုပ်နေသည့် အဆောက်ဦးက ၎င်း၏ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းအတွက် ပစ္စည်းများထားရှိရန် ရည်ရွယ်ခြင်းဖြစ်သည်။

    “ဗလီမှာ ဘုရားဝတ်ပြုဖို့ လာသူက ၁၀ ယောက်တောင်မပြည့်ပါဘူး။ ဘာ့ကြောင့် ကျွန်တော်တို့က နောက်ထပ် ဗလီတစ်လုံး ထပ်ဆောက်ရမှာလဲ” ဟု ဦးအီဘရာဟင်က ဆိုသည်။

    ရွာရှိဗလီမှ ရှေ့ဆောင်အီမာမ်တစ်ဦးဖြစ်သူ ဦးဒူးက မွတ်စလင်များ အိုးအိမ်စွန့်ခွာထွက်ပြေးနေရမှုမှာ ယာယီသာဖြစ်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    “ရမ်ဇာန်ဥပုသ်လရဲ့ ကျန်တဲ့ရက်တွေမှာ သူတို့တွေဟာ ဆွေမျိုးတွေအိမ်မှာ သွားနေကြပါတယ်။ သူတို့က ကြောက်ရွံ့နေကြတယ်။ တိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်း သူတို့ဟာ ၂ ရက်လောက် ရဲစခန်းမှာ သွားအိပ်ခဲ့ရတယ်လေ”

    ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်းကတော့ မိမိတို့အစိုးရမှာ ဖျက်ဆီးခံရသည့်ဗလီ ပြုပြင်ရေး ကူညီသွားမည်ဖြစ်ပြီး ယခုလက်ရှိတွင် မွတ်စလင်များအနေဖြင့် အိမ်တစ်လုံးတွင် စုးပေါင်းဝတ်ပြုကြရန် အကြံပြုခဲ့သည်ဟု ဆိုသည်။

    သူရဲသမိန်ရွာမှ ရွာသားအများစု၏ နေ့စဉ်ဘ၀မှာ ပုံမှန်ပြန်ဖြစ်နေပုံရသော်လည်း တင်းမာမှုများကတော့ တမြုံ့မြုံ့ ဆက်လက်ရှိနေဆဲဖြစ်ကာ လူတော်တော်များများမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။ တိုင်းဒေသကြီးအစိုးရက ဇွန်လ ၂၇ ရက်နေ့တွင် ဗုဒ္ဓဘာသာဝင် ၆ ဦးနှင့် မွတ်စလင် ၄ ဦးပါဝင်သော ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါအဖွဲ့မှာ ရရှစ်အပါအ၀င် အိုးအိမ်စွန့်ခွာရသူများ ပြန်လာသည့်အခါ ငြိမ်းချမ်းစွာ ပြန်လည်အတူယှဉ်တွဲနေထိုင်နိုင်ရေး မျှော်လင့်ချက်ဖြင့် လူ့အဖွဲ့အစည်း ၂ ခုအကြား ယုံကြည်မှုတည်ဆောက်ရေးကို ဆောင်ရွက်ရမည် ဖြစ်ပေသည်။

    Ref: mmtimes

    (Myanmar Times တွင် ဖော်ပြထားသည့် Sectarian tensions linger in the wake of mob attack ဆောင်းပါးကို လေးမောင်မှ ဆီလျောအောင် ဘာသာပြန်ဆိုသည်။)

  • သွက်ချာပါဒလိုက်နေသော မြန်မာ့တရားစီရင်မှုစနစ်

    သွက်ချာပါဒလိုက်နေသော မြန်မာ့တရားစီရင်မှုစနစ်

    ဇွန် ၂၈၊ ၂၀၁၆

    M-Media
    daw

    – ပိန်လှီအိုမင်း၍ အားနည်းချည့်နဲ့စွာဖြင့် မိမိဖာသာ မတ်တတ်ရပ်ယုံမျှသာ စွမ်းနိုင်တော့သော အသက် ၇၂ နှစ်အရွယ် ဒေါ်တင်ညွန့်သည် အာမခံခွင့်ရရန် အကြိမ်ကြိမ် ငြင်းပယ်ခံနေရပါ၏။

    ဇွန်လ ၂၀ ရက်နေ့ ကြားနာမှုအပြီး ဗိုလ်တစ်ထောင်တရားရုံးမှ ထွက်လာသော ဒေါ်တင်ညွန့်အား တွေ့ရစဉ် (ဓာတ်ပုံ – အောင်မြင်ရဲဇော်၊ The Myanmar Times)

    မတ်လ ၁၆ ရက်တွင် ဖမ်းဆီးခံလိုက်ရပြီးနောက် မတ်တတ်မရပ်နိုင်တော့ဘဲ ဆေးရုံတင်ခဲ့ရသည့် ဒေါ်တင်ညွှန့်အား ရန်ကုန်မြို့၏ အမည်ပျက် အင်းစိန်ထောင်ထဲ၌ မေလ ၂ ရက်ကတည်းက ထိန်းသိမ်းထားခဲ့သည်။ ကိုယ်တစ်ခြမ်းလေသင်တုန်းဖြတ်ထားခြင်းအတွက် လိုအပ်နေသော ဆေးဝါးကုသမှုကို သူမ မရရှိကြောင်း သူမ၏ မိသားစု ဆိုပါသည်။

    ဇွန်လ ၁၇ ရက်က ဗိုလ်တစ်ထောင်မြို့နယ်တရားရုံးရှိ အမှုသည်များစောင့်ဆိုင်းရာအခန်းတွင် The Myanmar Times မှ သူမအား သွားရောက်တွေ့ဆုံခဲ့သည်။ ဝေဒနာခံစားနေရသည့် သူမ၏ လည်ပင်း၊ နောက်ကျောနှင့် ခြေထောက်များမှ နေရာအားလုံးကို လက်ညှိုးထိုးပြကာ စိုစွတ်ထိုင်းမှိုင်းသောရာသီတွင် သွားလာလှုပ်ရှားရန် ခက်ခဲနေကြောင်း၊ နာတာရှည်နှလုံးရောဂါနှင့် သွေးတိုးရောဂါလည်း ရှိနေကြောင်း ပြောပြပါသည်။ မျက်တွင်းများ ချောင်ကျနေသည်ကိုလည်း အတိုင်းသား မြင်နေရပါ၏။

    သူမအတွက် ကြားနာချိန်ရောက်သော် စောင့်ဆိုင်းရာအခန်းမှ နှစ်ထပ်ဆောင်တရားရုံးခန်းမပေါ်သို့ မိသားစုဝင်၏ အကူအညီဖြင့် တက်ရောက်ခဲ့ရကြောင်း တွေ့ရသည်။

    သူမ၏ကျန်းမာရေးအခြေအနေ ဆိုးဝါးနေသည့်တိုင်အောင် တရားသူကြီးက အာမခံရရှိရေးကို ပယ်ချနေဆဲဖြစ်ရာ ယင်းအသနာခံချက်ပယ်ချခံရမှု အကြိမ်တိုင်းက သူမ၏မိသားစုအပေါ် ဆင့်ကဲသောက ဖြစ်နေစေသည်။

    “ကျွန်မရဲ့ ယောက္ခမကို မတရားပြုမူဆက်ဆံနေကြတယ်” ဟု မသီတာမြင့်က ပြောပြသည်။

    သူမ၏အာမခံ မရရှိနိုင်မှုမှာ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်မှ အကျည်းတန်မှုတစ်ရပ်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

    သြစတေးလျ အမျိုးသားတက္ကသိုလ်မှ Nick Cheesman က “တရားလိုများအနေနှင့် တရားပြိုင်များအား လွတ်လပ်စွာသွားလာခွင့် မရှိအောင် ငွေကြေးအကုန်ကျခံ၍ တားဆီးခွင့်ရှိသည်” ဟု သူ၏ Opposing the Rule of Law တွင် ရေးသားထားသည်။

    သူသည် ၁၉၉၆ ခုနှစ်က အမှုတစ်ခုအားဖြင့် အဆိုတင်သွင်းခြင်းဖြစ်သည်။ ၎င်းအမှု၌ အမျိုးသမီးက တရားရုံးတွင် ငွေကြေးအကုန်ကျခံပြီး မိမိ၏သမီးနှင့် ခိုးရာလိုက်ပြေးခဲ့သော အမျိုးသားအား ရဲတပ်ဖွဲ့ဖြင့် ဖမ်းဆီးစေခဲ့သည်။

    ဒေါ်တင်ညွန့်၏ အကျဉ်းကျမှုနောက်ကွယ်တွင် အလားတူ အကြောင်းရင်းခံများရှိနေကြောင်း မိသားစုဝင်များက အခိုင်အမာပြောကြားသည်။

    “ကျွန်တော့်မိခင်နဲ့ပတ်သက်ပြီး ကျွန်တော် အလွန်ဝမ်းနည်းရတယ်။ ဒါမျိုး မဖြစ်သင့်ပါဘူး။ (ကျွန်တော့်ရဲ့ လက်ထပ်ထိမ်းမြားမှုအကြောင်းကို) သူမ မသိခဲ့ဘူး။ မိသားစုဝင် တစ်ဦးမှလည်း မသိခဲ့ကြပါဘူး” ဟု သားဖြစ်သူ ကိုသန်းနိုင်က ဆိုသည်။

    ဦးလှမြင့်က မိမိ၏တူဖြစ်သူ ကိုသန်းနိုင် (၃၅ နှစ်)သည် မိမိ၏သမီးဖြစ်သူ မသီတာမြင့် (၂၆)နှစ်အား သွေးဆောင်ခေါ်ယူသွားသည်၊ ထိုကိစ္စ၌ မိမိ၏ခယ်မဖြစ်သူ ဒေါ်တင်ညွန့်က အလိုတူအလိုပါဖြစ်သည် ဟူ၍ တိုင်ကြားရာမှ ဤအမှုဖြစ်ပွားခဲ့သည်။ ယင်းစုံတွဲမှာ မတ်လ ၁၃ ရက်နေ့တွင် အတူတစ်ကွပျောက်ဆုံးသွားသည့်နောက် ဦးလှမြင့်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

    သို့သော် မိသားစုဝင်တို့က ဦးလှမြင့်သည် လီဆယ်အမှုဖွင့်ခြင်းဖြစ်ကြောင်း၊ တရားစီရင်ရေးလမ်းကြောင်းကို ၀င်ရောက်စွက်ဖက်ကာ သူ၏သမီးဖြစ်သူအား အိမ်ပြန်လာစေရန် တွန်းအားပေးနေခြင်းဖြစ်ကြောင်း ဆိုသည်။

    ဒေါ်တင်ညွန့်မှာ အပြစ်ကင်းပါကြောင်း၊ သို့သော် မိမိ၏သမီး အိမ်ပြန်လာသည်အထိ သူမအား ချုပ်နှောင်ထိန်းသိမ်းထားရန် ဖိအားပေးသွားမည်ဖြစ်ကြောင်း မိမိ၏ဦးလေးက မိမိအား ဖုန်းဆက်ပြောကြားခဲ့သည်ဟု ကိုသန်းနိုင်က ထွက်ဆိုထားသည်။ ဤသည့်အပေါ် The Myanmar Times မှ ဆက်သွယ်မေးမြန်းရာတွင် ဦးလှမြင့်က မှတ်ချက်တစ်စုံတစ်ရာပေးရန် ငြင်းဆိုခဲ့သည်။

    တရားရုံးတစ်ဖက်ခြမ်းရှိ ရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းသူ ရဲအရာရှိများကို တရားရုံး၌ မတွေ့ကြရသည့်အပြင် တရားလို ဦးလှမြင့်ကလည်း တရားစွဲဆိုခြင်းကို အချိန်ဆွဲ၍ အာမခံမပေးရန်ကိုသာ တင်ပြလျက်ရှိသည်။
    Daw Tin Nyunt’s family says that her lawyer has requested bail on four separate occasions.
    ဒေါ်တင်ညွန့်၏ရှေ့နေသည် အာမခံပေးရန် မေတ္တာရပ်ခံလျှောက်လဲခဲ့သည်မှာ လေးကြိမ်တိုင်တိုင်ရှိနေပြီဟု မိသားစုဝင်များက ဆိုသည်။

    အမှုစလျှင်စချင်း တရားပြိုင်၏အသက်အရွယ် နှင့် ကျန်းမာရေးအခြေအနေဆိုင်ရာ အထောက်အထားတို့ဖြင့် အသနားခံစာ တင်ပြခဲ့သော်လည်း တရားသူကြီး ဦးအောင်နေမျိုးက ပယ်ချခဲ့သည်။

    ဒုတိယအကြိမ်တွင် နှစ်ဖက်စလုံးထံမှ ကြားနာမှု ပြုရဦးမည်ဟု ဆိုကာ အာမခံလျှောက်ထားမှုကို ၎င်းတရားသူကြီးက ထပ်မံ ငြင်းဆိုခဲ့သည်။

    လက်ရှိနောက်ဆုံးရုံးချိန်း ဇွန်လ ၂၀ ရက်နေ့တွင်တော့ နောက်တစ်ကြိမ်ရုံးချိန်းကြားနာမှု မပြီးမချင်း တရားပြိုင်၏ အာမခံလျှောက်ထားမှုကို လက်ခံစဉ်းစားပေးဦးမည်မဟုတ်ဟု တရားသူကြီးက ပြောဆိုလိုက်ကြောင်း သိရသည်။

    တစ်ကြိမ်တွင် သက်ကြီးရွယ်အိုတရားပြိုင်တစ်ဦးအနေနှင့် အာမခံချက်ပေးရန် ခိုင်မာနေသဖြင့် လျှောက်ထားချက်ကို လက်ခံခဲ့သော်လည်း အမှုကိုရပ်ဆိုင်းထားရန် လျှောက်တင်လာချက်ကြောင့် ဒေါ်တင်ညွန့်၏မိသားစုအဖို့ အလွန်ဒေါသဖြစ်မိကြောင်း ၎င်းတို့က ပြောပြ၏။ မတ်လ ၂၉ ရက်တွင် သင်္ကြန်အတွက် သူမကို ယာယီ ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးခဲ့သည်။

    အာမခံချက်နှင့်ပတ်သက်၍ မှောက်ချည်လှန်ချည်ပြုလုပ်နေခြင်းမှာ တရားရေးစနစ်ကို ကစားနေခြင်းဖြစ်သည်ဟု ကိုသန်းနိုင်က ဆိုသည်။

    “တရားရုံးနောက်ကွယ်မှာ တစ်ဦးဦး သို့မဟုတ် တစ်စုံတစ်ရာသောအကြောင်းရင်း ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီတရားသူကြီးတစ်ဦးတည်းကပဲ တစ်ကြိမ်မှာ ကျွန်တော့်မိခင်ဟာ အာမခံရသင့်တယ်ပြောလိုက်၊ နောက်တစ်ကြိမ်မှာ မရသင့်ဘူးပြောလိုက် ဖြစ်နေတယ်လေ”။

    နိုင်ငံတကာတရားသူကြီးများအဖွဲ့၏ ဥပဒေအကြံပေး ဒေါ်ဇာလီအေးက ဥပဒေကြောင်းအရ ဒေါ်တင်ညွှန့်အား အာမခံချက်ဖြင့် လွှတ်ပေးနိုင်သည့် အခွင့်အလမ်း အသီးသီး ရှိနေကြောင်း ပြောပြပါသည်။

    “ဒါဟာ တရားပြိုင်ရဲ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရက်ရွှေ့ဆိုင်းငံ့မှု သိပ်များလွန်းနေတယ်။ တရားပြိုင်အနေနဲ့ မျှမျှတတ အမှုရင်ဆိုင်ခွင့် ရရှိသင့်ပါတယ်။ အာမခံပေးခွင့်မရှိတဲ့ လူပင်လျှင် တရားသူကြီးရဲ့ အခွင့်အာဏာအရ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၁ အရ အာမခံအကျိုး ခံစားခွင့် ရှိနေပါတယ်”။

    ထို့ပြင် သူမက ပုဒ်မ ၄၉၇ ကိုလည်း ထောက်ပြခဲ့သည်။ ၎င်း၌ “အကယ်၍ အသက် ၁၆ နှစ်အောက်ဖြစ်နေလျှင် သို့မဟုတ် အမျိုးသမီးဖြစ်နေလျှင် သို့မဟုတ် ကျန်းမာကြံ့ခိုင်သူမဟုတ်လျှင် တရားရုံးမှ သက်ညှာသောအားဖြင့် လွတ်ငြိမ်းခွင့်ပေးနိုင်သည်” ဟုဆိုထားသည်။

    ဒေါ်တင်ညွန့်အား ဖမ်းဆီးစဉ် ဖြစ်ပျက်ခဲ့သည့် ကျန်းမာရေးအခြေအနေများက အာမခံပေးရန် လုံလောက်သော အထောက်အထားဖြစ်ကြောင်း သူမ၏မိသားစုမှ ပြောကြားသည်။

    ဒေါ်တင်ညွန့်၏ အခြားချွေးမဖြစ်သူ မပန်းအိ၏အဆိုအရ မတ်လ ၁၆ ရက် ရဲတပ်ဖွဲ့ဝင်များ အိမ်သို့လာရောက်ဖမ်းဆီးစဉ် ဒေါ်တင်ညွန့်သည် မူးမေ့လဲကျသွားခဲ့ပြီး ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ တက်ရောက်ခွင့် တောင်းခံခဲ့ရသည်။

    မတ်လ ၂၃ ရက် ဆေးရုံဆင်းသောအခါ အငှားယာဉ်တစ်စီးထဲ တွဲယူခေါ်ဆောင်စဉ် ရဲတပ်ဖွဲ့ဝင်များက သူမအား လမ်းမှဖြတ်တားပြန်သည်။ ဒေါ်တင်ညွန့်မှာ ထပ်မံမူးလဲပြန်သဖြင့် ဆေးရုံထပ်တင်ရပြီး အောက်စီဂျင်ခေါင်းစွပ် သုံးရသည်အထိ ကုသခဲ့ရသည်။

    မတ်လ ၂၉ ရက်တွင် ရဲတပ်ဖွဲ့ဝင်များ ပြန်ရောက်လာပြီး ဒေါ်တင်ညွန့်ကို ဆေးရုံကုတင်ပေါ်မှ ဗိုလ်တစ်ထောင်မြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားကြသည်။ ထိုနေရာတွင် သူမအား မေးမြန်းစစ်ဆေးခဲ့သည်။ သင်္ကြန်ရက်တွင်း ခေတ္တအာမခံမပေးမီ ညအိပ်ညနေ နေခဲ့ရသည်။

    သို့သော် ပွဲတော်ရက်အပြီး မေလ ၂ ရက်တွင် သူမအား ပြန်လည်ခေါ်ယူကာ မေးခွန်းများစွာမေးမြန်းသည်။ ထို့နောက် လမ်းတစ်ဖက်ခြမ်းရှိ တရားရုံးသို့ ခေါ်ဆောင်သွားပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၆ ဖြင့် ရုံးတင်၍ အင်းစိန်ထောင်သို့ လွှဲပြောင်းလိုက်ရာ သူမ၏ရှေ့နေပင်လျှင် မယုံနိုင်အောင် အံ့သြသွားရသည်။

    ဒေါ်တင်ညွန့်၏သားတစ်ဦးဖြစ်သူ ကိုမျိုးမြင့်ထွန်းက အကျဉ်းထောင်ထဲ သွားရောက်တွေ့ဆုံစဉ် မိမိ၏မိခင်မှာ အလွန်အမင်း နွမ်းလျအားနည်းနေကြောင်း The Myanmar Times သို့ ပြောကြားသည်။

    သူ၏ဇနီး မပန်းအိကလည်း (ထောင်)ဆရာဝန်များမှ လုံလောက်သော စောင့်ရှောက်မှု မပေးကြကြောင်း၊ အားဆေးသွင်းခြင်း၊ လက်ဝဲဖက်ကိုယ်တစ်ခြမ်းလေဖြတ်ခြင်းအတွက် ကုသမှုပေးခြင်း အစရှိသည့် ဆေးဝါးအကူအညီ မရရှိကြောင်း ဆိုသည်။

    စစ်အစိုးရလက်ထက် အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတို့၏အခြေအနေများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းများ မနှစ်မြို့ကြ။ ၂၀၁၄ ခုနှစ် The Myanmar Times မှ ထောင်တွင်းအခြေအနေများအား လေ့လာစုံစမ်းကြည့်ရာတွင် ညှင်းပန်းနှိပ်စက်ခြင်းနှင့် အဆုံးစီရင်ခြင်းကာလ လွန်မြောက်လာသော်လည်း အကျင့်ပျက်ခြစားမှုများက ကြီးစိုးလွှမ်းမိုးနေသည့်အပြင် ပို၍ပင် အရှိန်မြင့် ဆိုးဝါးနေခဲ့သည်ကို တွေ့ခဲ့ရ၏။

    လူ့အခွင့်အရေးသမားအချို့၏ အပြင်းအထန်ဝေဖန်ခဲ့သော ပြစ်မှုဖြင့် အကျဉ်းကျခဲ့သူ နယူးဇီလန်နိုင်ငံသား Philip Blackwood မှာ ထောင်ထဲရှိစဉ်ကာလ ၂၀၁၅ ခုနှစ်တွင် အာဟာရပြတ်လပ်ပြီး ခန္ဓာကိုယ်အလေးချိန် ၂၀ ကီလိုဂရမ်(၄၄ ပေါင်)အထိ ကျဆင်းသွားခဲ့ကြောင်း ဆိုကြသည်။

    ဒေါ်တင်ညွှန့်အပေါ် ပြုမူဆက်ဆံပုံက မြန်မာနိုင်ငံ၏ တရားစီရင်ခြင်းစနစ်နှင့်ပတ်သက်၍ မေးခွန်းများစွာ ဆင့်ကဲ ပေါ်ထွက်လာစေပြန်သည်။ နှုတ်တိုက်အလွတ်ကျက်မှတ်ခြင်း၊ နိုင်ငံရေးစွက်ဖက်မှုရှိခြင်း၊ အကျင့်ပျက်ခြစားမှု အမြစ်တွယ်နေခြင်းတို့က ယင်းစနစ်အား ဖုံးလွှမ်းလျက်ရှိနေ၏။

    “ဥပဒေပညာရေးချို့တဲ့နေမှုကြောင့် ရှေ့နေတော်တော်များများသာမက အောက်ခြေအဆင့် တရားသူကြီးများပင်လျှင် ပြစ်မှုဆိုင်ရာဥပဒေကြောင်းနဲ့ ကျွမ်းဝင်မှု မရှိကြပါဘူး။ ဆယ်စုနှစ်များစွာကြာအောင် ဥပဒေပညာရေးချို့တဲ့မှုနဲ့ ရေပေါ်ဆီတရားသူကြီးအဖွဲ့တွေ ဒွန်တွဲမိတဲ့အခါ မတရားအမှုစစ်ခြင်းနဲ့ အခွင့်အရေးချိုးဖောက်ခြင်းတွေ အလွန်အကျွံ ဖြစ်လာတော့တာပါပဲ” ဟု ICJ ၏ နိုင်ငံတကာဥပဒေအကြံပေး Vani Sathisan က The Myanmar Times သို့ ပြောကြားလိုက်သည်။

    မကြာသေးမီက နိုင်ငံပေါင်း ၁၀၂ နိုင်ငံအား ကမ္ဘာ့တရားမျှတမှု စီမံကိန်း World Justice Project စစ်တမ်းတစ်ရပ်ကောက်ယူခဲ့ရာ မြန်မာနိုင်ငံသည် တရားဥပဒေစိုးမိုးမှုနှင့်စပ်လျဉ်း၍ အဆင့် ၉၁ ၌လည်းကောင်း၊ ပြစ်မှုဆိုင်ရာတရားစီရင်ရေးစနစ်နှင့်စပ်လျဉ်း၍ အဆင့် ၉၆ ၌လည်းကောင်း၊ အခြေခံလူ့အခွင့်အရေးနှင့်ပတ်သက်၍ အဆင့် ၁၀၀ ၌လည်းကောင်း ရပ်တည်လျက်ရှိကြောင်း တွေ့ရ၏။ ၎င်းအပြင် မြန်မာနိုင်ငံသည် ရုံးမတင်မီ ဖမ်းဆီးထိန်းသိမ်းမှု လွန်ကဲခြင်း၊ အမှုစီရင်ခြင်း၌ နှောင့်နှေးကြန့်ကြာခြင်း၊ စီရင်ဆုံးဖြတ်မှု ညံ့ဖျင်းခြင်း စသော ပြဿနာများဖြင့် ကျော်စောနေပါသည်။

    သို့တိုင် ဒေါ်တင်ညွန့်၏မိသားစုကမူ သေချာရေရာမှု တစ်စုံတစ်ရာ မရှိသော်လည်း နောက်ဆုံးတွင် အာမခံရရှိလိမ့်မည်ဟု အကောင်းမြင်စိတ် လက်ကိုင်ပြုထားဆဲဖြစ်ပါသည်။

    ကိုမျိုးမြင့်ထွန်းက ဤသို့ ပြောကြားခဲ့ပါသည်။
    “တရားမျှတမှု ရရှိလာမယ်လို့ ကျွန်တော် အမှန်တကယ် မျှော်လင့်ထားပါတယ်။ ဒီဖြစ်စဉ်ကို တရားသူကြီးရဲ့ တရားသဖြင့် ဆုံးဖြတ်ချက်နဲ့ အဆုံးသတ်လိုက်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ”။

    Ref : The Myanmar Times
    (Ashok Manandhar ရေးသားသော Law and disorder: 72-year-old denied bail amid broken system သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင်ပြန်ဆိုသည်။)

  • ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၂)

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၂)

    ဇွန် ၂၇၊ ၂၀၁၆
    M-Media

    khatun 2
    ဒိုင်ဖာ ခါတွန်ဆိုသည့် မွတ်စလင်အမျိုးသမီးကြီးက ဆောက်လုပ်လှူဒါန်းသွားခဲ့သည့် ဆီးရီးယားနိုင်ငံ အဲလစ်ပိုမြို့မှ Firdaws ဗလီဝတ်ကျောင်းတော်နှင့် မဒ်ရာဆာ စာသင်ကျောင်း

    ၃။ လက်ရှိပညာရေးကဏ္ဍ
    —————————–
    မည်သို့ပင်ဆိုစေ ဤရှေးရိုးစွဲအစဉ်အလာမှာ လက်ရှိပညာရေးကဏ္ဍတွင် ပြောင်းလဲလာပြီဖြစ်သည်။ အစ္စလာမ့်သမိုင်းကြောင်းရှိ အမျိုးသမီးတို့၏အခန်းကဏ္ဍကို ပြန်လည်နေရာပေးရန် အားထုတ်လာသည့် လုပ်ရပ်အချို့ ရှိလာပြီး ၎င်းတို့အနက် ဥပမာနှစ်ရပ်အား အောက်ပါကဲ့သို့ တင်ပြပါမည်။

    ၃(က)။ မုဟဒ္ဒိဆဟ်များ ဖော်ထုတ်ခြင်း စီမံချက်
    ———————————————-
    ဒေါက်တာ မုဟမ္မဒ် အကရမ် နဒ်ဝီသည် အစ္စလာမ့်သမိုင်းကြောင်းတစ်လျှောက် ဟဒီးဆ်(တမန်တော့်သြ၀ါဒတော်နှင့် ဓလေ့များ)ဆင့်ပြန်ခြင်း၌ ပါဝင်ခဲ့သူ အမျိုးသမီးထောင်ပေါင်းများစွာ၏ အတ္ထုပ္ပတ္ထိများကို ပြန်လည် ဖော်ထုတ်ရေး အတွက် ရေရှည်လုပ်ငန်းစဉ်ကြီးတစ်ရပ်အဖြစ် နှစ်အတန်ကြာအောင် ဦးစီးလုံးပန်းခဲ့သည်။ (Foot Note 1)

    ဟဒီးဆ်များကို လေ့လာပြီး ပြန်လည်ပို့ချခဲ့ကြသော မွတ်စ်လင်မ်အမျိုးသမီးတို့၏ ဘ၀မှတ်တမ်းအဘိဓာန်ကို သူရေးသားခဲ့သည်။ ၎င်းသည် အရဗီဘာသာဖြင့် အတွဲ ၄၀ အထိရှိကာ ၎င်းကို အနှစ်ချုပ်၍ သူကပင် ပြန်လည်ရေးသားတင်ပြခဲ့သည်။ ကျမ်းမြတ်ကုရ်အာန်ကို ဘ၀နေနည်းစနစ်အဖြစ် နားလည်လာအောင် မဟာလမ်းညွှန်ချက်ဖြစ်သော တမန်တော်မြတ်၏သွန်သင်ချက်များအား ထိန်းသိမ်းမှု၌ အမျိုးသမီးတို့မှာ အဓိကအခန်းကဏ္ဍတွင် ပါဝင်နေကြောင်း သူက ဤအကျဉ်းချုပ်တင်ပြချက်ထဲမှာပင် သာဓကပြထား၏။ ၀တ်စားဆင်ယင်မှုနှင့် ပြုမူဆောင်ရွက်မှု အကန့်အသတ်များကြားမှ အမျိုးသမီးတို့သည် အထင်ကရ ဗလီဝတ်ကျောင်းတော်များ၊ မဒ်ရဆာများသို့သွား၍ တက်ရောက်သင်ယူခြင်းနှင့် သင်ကြားခြင်းများကိုလည်းကောင်း၊ အသိပညာအလို့ငှာ ခရီးပြင်းထွက်ခြင်းကိုလည်းကောင်း၊ ဟဒီးဆ်ဆင့်ပြန်ခြင်းနှင့် ဆန်းစစ်ခြင်းကိုလည်းကောင်း၊ ဓမ္မသတ်များပေးခြင်းကိုလည်းကောင်း အစရှိသဖြင့် မပြတ်ဆောင်ရွက်ခဲ့ကြသည်။ အထူးကျော်စောထင်ရှားလှသည့် အမျိုးသားပညာရှင်အချို့က သူတို့၏ ပညာပေးသူဆရာမများ၏ပညာရေးအပေါ် မှီခိုအားထားခြင်းနှင့် ချီးမွှမ်းခြင်းတို့အား တွေ့ရပေသည်။ လူ့အဖွဲ့အစည်းများတွင် အတိုင်းအတာတစ်ရပ်အထိ အမျိုးသမီးပညာရှင်များ၏ ပေါက်ရောက်မှုမှာ ခြွင်းချက်များ မဟုတ်ဘဲ စံပြုချက်ပင် ဖြစ်နေခဲ့သည်။

    အဆိုပါ အလ်မုဟဒ္ဒိဆဟ်ကျမ်းပါ အချက်အလက်များအပေါ် အကျယ်တ၀င့်လေ့လာဆင်ခြင်ခြင်းဖြင့် အစ္စလာမ့်လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးတို့၏အရေးပါမှုကိုလည်းကောင်း၊ ၎င်းတို့၏ အတိတ်အောင်မြင်မှုနှင့် အနာဂတ်အလားအလာများကိုလည်းကောင်း သိနားလည်စေမည်ဖြစ်၏။ ဒေါက်တာ နဒ်ဝီ ၏ စုဆောင်းကျမ်းက ထပ်တိုးလေ့လာရန်၊ ဆန်းစစ်သုံးသပ်ရန်၊ သုတေသနပြုရန်အတွက် အလွန်ပင် အထောက်အကူပြုလျက် ရှိပါသည်။ (Foot Note 2 )

    ၃(ခ)။ မွတ်စ်လင်မ် အမျိုးသမီး ဒီပနီစွယ်စုံကျမ်း
    ——————————————–
    အာအိရှဟ် အဗ်ဒုရ်ရဟ်မာန်း ဗျူလေးသည် သူမ၏ Islam: The Empowering of Women စာအုပ်ကို နောက်ဆက်တွဲတိုးချဲ့မှုအဖြစ် Muslim Women: A Biographical Dictionary မွတ်စ်လင်မ် အမျိုးသမီး ဒီပနီစွယ်စုံကျမ်းကို ရိုက်နှိပ်ထုတ်ဝေလိုက်၏။ ၎င်း၌ ဟိဂ်ျရီ ပထမရာစုနှစ်မှ ဟိဂ်ျရီ ၁၃ ရာစုအလယ်ပိုင်းလောက်အထိ အစ္စလာမ့်သမိုင်းတစ်လျှောက် မွတ်စ်လင်မ်အမျိုးသမီးများဆိုင်ရာတို့ကို အဘိဓာန်အသွင်ဖြင့် စုစည်းဖော်ပြထားသဖြင့် အချိန်အခါနှင့်အညီ အလွန်အားထားစရာကျမ်းကောင်းတစ်အုပ်ဖြစ်ပေသည်။ ၎င်း၌ ရာစုနှစ်
    ၁၄ ခုအတွင်းရှိ မွတ်စ်လင်မ်အမျိုးသမီးတို့သည် ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အစရှိသည့် ကဏ္ဍများတွင် အောင်မြင်ထွန်းပေါက်ခဲ့သလို မယားဝတ်နှင့် မိခင်ဝတ်များလည်း မလစ်ဟင်းခဲ့သည့်အကြောင်းတို့အား အနုစိပ်ထည့်သွင်းတင်ပြထား၏။ (Foot Note 3)

    အမျိုးသမီးပညာရှင်များဆိုင်ရာ အထောက်အထားအချို့အတွက် မကြာခဏ မေတ္တာရပ်ခံချက်များကြောင့် ထိုစာအုပ်ကို စတင်ရေးသားဖြစ်ကြောင်း စာရေးသူက ဆိုသည်။

    “အတ္ထုပ္ပတ္ထိ ကျမ်းကိုးကျမ်းကားအတွက် မွှေနှောက်လေ့လာလိုက်ချိန်မှာ – ပညာရှင်တွေကနေ အုပ်ချုပ်သူများအထိ ဘ၀နယ်ပယ်အားလုံးထဲ ဦးဆောင်ကိုယ်စားပြုနေတဲ့ အမျိုးသမီး ပမာဏကို အံ့သြခြင်းကြီးစွာ တွေ့ခဲ့ရပါတယ်။ ဒီအချက်က မွတ်စ်လင်မ်အမျိုးသမီးများနဲ့ပတ်သက်ပြီး ပိုမိုကျယ်ပြန်တဲ့ ကိုးကားကျမ်းတစ်စောင် ပြုစုဖို့ ဆုံးဖြတ်စေခဲ့တာပါပဲ။ အစ္စလာမ်ထဲက အမျိုးသမီးတွေရဲ့ ခေတ်မီအမြင်တွေကို ချပြထားတဲ့အပြင်၊ အစ္စလာမ့်သမိုင်းဦးကနေ လက်ရှိခေတ်အထိ အမျိုးသမီးတွေရဲ့ ထူးခြားထိရောက်တဲ့ စွမ်းဆောင်မှုပုံရိပ်တစ်ရပ်ကို ရရှိစေပါလိမ့်မယ်”။

    “ဒီအဘိဓာန်က တမန်တော်ခေတ်ကနေ အကြမ်းအားဖြင့် (အစ္စလာမ် ၁၃ ရာစု) ခရစ် ၁၉ရာစုအလယ်ခေတ်အထိ ကာလအပိုင်းအခြားကို ခြုံလွှမ်းထားပါတယ်။ အကြောင်းအရာဖော်ပြချက်များအပေါ် စေ့စပ်သေချာစွာ ဆင်ခြင်ထောက်ရှုမယ်ဆိုရင် မွတ်စ်လင်မ်အမျိုးသမီးတွေကို အိမ်တွင်းပုန်း

    women
    အာဖဂန်နစ္စတန်၊ ဘာလ်ခါတွင် ရှိုင်းခ် ဗဟာအုဒ္ဒီးန် ဗီလာ၏တရားပွဲသို့ ကပ်လျက်အခန်းတစ်ခုမှ နာယူနေကြသည့် အမျိုးသမီးများ။

    ခိုင်းထားခြင်း အလျဉ်း မရှိခဲ့ကြောင်း တွေ့ကြရမှာပါ။ သူတို့ဟာ ကဏ္ဍအများအပြားမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်။ သီးသန့်ကိစ္စတစ်ခုခု ဆိုရုံမျှသာ မဟုတ်ပါဘူး။ ရှုပ်ထွေးပွေလီဆက်စပ်နေသမျှတွေထဲ ပါဝင်နေခဲ့ကြတာပါ။ သိကြတဲ့အတိုင်း အမျိုးသမီးတွေကတော့ အရာရာကို သိချင်လုပ်ချင်ပါဝင်ချင်ကြတာကိုး။ ဒါပေမယ့်လည်း ဒီအချက်က အကောင်းဆုံး စွမ်းဆောင်မှု ဖြစ်သွားစေတတ်တာကို ဒီဖော်ပြချက်အကြောင်းရပ်တွေထဲမှာ တွေ့ကြရပါလိမ့်မယ်”။

    အဆိုပါဖော်ကျူးချက်များမှာ ကိုးကားမှီငြမ်းမှုများစွာဖြင့် ပြုစုထားခြင်းဖြစ်သည်။ အတ္ထုပ္ပတ္ထိစုစည်းချက် အများအပြားကို အိဗ်နု စအဒ်၏ Tabaqat ကျမ်းအတွဲ ၈ နှင့် အလ်စခါဝီ၏ ကိသာ့ဗွန် နိစာ့အ် ကဲ့သို့ ကျမ်းများရှိ အမျိုးသမီးများဆိုင်ရာ သီးသန့်ဖော်ပြမှုကဏ္ဍမှ ထုတ်နှုတ်မှီငြမ်းထားသည်။ ရံဖန်ရံခါ အခြားရင်းမြစ်များမှလည်း ကိုးကားသည်။ လေးစားဖွယ် ကျော်ကြားထင်ရှားသည့် ပညာရှင်စွာတို့က သူတို့၏ ဆရာအာစိရိယများကို ဖော်ပြရာဝယ် ၎င်းတို့အနက် အမျိုးသမီးအများအပြား ပါဝင်နေပါသည်။ အိဗ်နု ဟဂျားရ်သည် အမျိုးသမီး ၅၃ ဦးထံမှ လေ့လာသည် ။ စခါစီသည် အမျိုးသမီး ၆၈ ဦးထံမှ အိဂျာဇဟ် (ပြန်လည်ဖြန့်ချိရေးခွင့်ပြုချက်) ရရှိသည်။ ဆူယူသွီ၏လမ်းပြဆရာများ အနက် လေးပုံတစ်ပုံ (၃၃ ဦး)မှာ အမျိုးသမီးများဖြစ်ကြသည်။ လက်ရှိကာလတွင် မှီငြမ်းကိုးကားနိုင်သည့် အကောင်းဆုံးကျမ်းမှာ ‘Umar Rida Kahhala ၏ A’lam an-Nisa’ ဖြစ်၍ ထူးခြားထင်ရှားသည့် အမျိုးသမီးများနှင့်စပ်လျဉ်း၍ အတွဲ ငါးတွဲအထိပါရှိကာ အထူးပင် စုံလင်လှချေသည်။ (Foot Note 4)

    (ဆက်လက်ဖော်ပြပါမည်)

    1 – (ကြည့် – Oxford: Interface Publications, 2007 – hardcover and paperback)

    2 – (ကြည့် – Over the last few years Dr. Nadwi has, on several occasions and in different cities, given an introductory talk on the public authority and achievements of the women scholars of hadîth. One of those talks was given in New York. Carla Power, a London-based journalist attended that occasion, and has since reflected upon Akram Nadwi’s work in a magazine article published by the New York Times (25 February 2007): see A Secret History. A follow-up article, done after an interview with the author in Oxford, was published in the London Times, 14 April 2007. For another article, also after an interview with Akram Nadwi, this one in Arabic. Read also a PDF file (17 pp.) of Akram Nadwi’s introductory talk on the
    women scholars in Islam)

    3 – (ကြည့် – Aisha Abdurrahman Bewley, Muslim Women: A Biographical Dictionary, Ta-Ha Publishers, 2004.)

    4- (ကြည့် – Aisha Abdurrahman Bewley, Muslim Women: A Biographical Dictionary, Ta-Ha Publishers, 2004; introduction.)

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၁ ) ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၂)  ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၃) ဖတ်ရန်

    ဂန္ထ၀င် အစ္စလာမ့်ယဉ်ကျေးမှုများရှိ အမျိုးသမီးတို့၏စွမ်းဆောင်ချက် (၄) ဖတ်ရန်

  • ချက်ခြင်းဖြေရှင်းရန် လိုအပ်သည့် နိုင်ငံအတွင်းမှ မေ့လျော့ခံ အိမ်တွင်းကလေးလုပ်သား ပြဿနာ

    ချက်ခြင်းဖြေရှင်းရန် လိုအပ်သည့် နိုင်ငံအတွင်းမှ မေ့လျော့ခံ အိမ်တွင်းကလေးလုပ်သား ပြဿနာ

    ဇွန် ၂၇၊ ၂၀၁၆
    M-Media

    child labour

    – လုပ်ငန်းခွင်များတွင် ကလေးအလုပ်သမားများအသုံးပြုမှုအပေါ် ချက်ခြင်းအရေးယူမည်ဟု အစိုးရက ပြီးခဲ့သည့်တစ်ပတ်တွင် ကတိပြုခဲ့သည့် သတင်းမှာ သတင်းကောင်းတစ်ခုဖြစ်သည်။

    အသက် ၁၄ နှစ်အောက်ကလေးငယ်များအား စီးပွားရေးလုပ်ငန်းများတွင် အမြတ်ထုတ်အသုံးချနေမှုအပေါ် ထိုကဲ့သို့ အာရုံစိုက်လာခြင်းက ကြိုဆိုစရာကိစ္စတစ်ခုဖြစ်သော်လည်း နေအိမ်များတွင် ကလေးအလုပ်သမားများအား အသုံးပြုနေမှုမှာ ထင်ထင်ပေါ်ပေါ်မရှိဘဲ လှိုက်စားနေသည့် ပြဿနာတစ်ခု ဖြစ်လေသည်။

    မြန်မာနိုင်ငံတွင် အိမ်ပြင်ထွက်အလုပ်လုပ်ရသည့် အမျိုးသားများနှင့် အိမ်တွင်နေရသည့် အမျိုးသမီးများအကြား လှုမှုရေးဆိုင်ရာ စည်းခြားမှုကို နိစ္စဓူဝ မြင်နေကြရသကဲ့သို့ ကလေးအလုပ်သမားများအကြားတွင်လည်း ထိုစည်းခြားမှုမှာ သိသိသာသာ ရှိနေလေသည်။

    လက်ဖက်ရည်ဆိုင်များ၊ ဘီယာဆိုင်များနှင့် နိုင်ငံတစ်ဝှမ်း အခြားသော အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် အလုပ်လုပ်ကိုင်နေကြရသော ယောင်္ကျာလေးများကို အလွယ်တကူ တွေ့နိုင်၊ မြင်နိုင်ကြသည်။

    သို့ရာတွင် နေအိမ်များ၌ အိမ်အကူအဖြစ် အလုပ်လုပ်နေကြရသည့် မိန်းကလေးငယ်များစွာမှာ အိမ်တွင်း၌ လုပ်ကိုင်ရသော ၎င်းတို့၏ အလုပ်သဘာဝကြောင့် ခေါင်းပုံဖြတ်ခံရမှု၊ အနိုင်ကျင့်ခံရမှု အခွင့်အလမ်း ပိုများနေသည်ဆိုသည့် ပြဿနာကိုမူ သိသင့်သလောက် မသိကြ။

    မြန်မာနိုင်ငံတွင် လူကုန်ကူးမှုအပေါ် အာရုံစိုက်မှုမှာ အတော်လေးမြင့်တက်လာခဲ့သည်။ မကြာသေးမီကပင် နိုင်ငံခြား အထူးသဖြင့် စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်နေသော မြန်မာအမျိုးသမီးများ အနိုင်ကျင့်ခံရမှုများကို တားဆီးရေး ကြိုးပမ်းမှုအဖြစ် ဥပေဒေကြောင်းအရ လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပြီး ရလဒ်မှာ အကောင်းအဆိုး ၂ မျိုးစလုံး ရှိခဲ့သည်။

    သို့သော်လည်း အရေးတယူဆောင်ရွက်ခြင်းမခံရဘဲ၊ ယခုအချိန်အထိ ဆက်လက်ဖြစ်ပွားနေသော နိုင်ငံအတွင်းရှိ အိမ်အကူအမျိုးသမီးငယ်များ အနိုင်ကျင့်ခံရခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်းပြဿနာအပေါ် ပိုမိုအာရုံစိုက်ဆောင်ရွက်ရန်၊ ဆွေးနွေးအဖြေရှာမှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်သည်။

    မြန်မာနိုင်အတွင်းရှိနေသည့် ကလေးအိမ်အကူလုပ်သားအရေအတွက်နှင့် ပတ်သက်သည့် တိကျသော ကိန်းဂဏန်း မှတ်တမ်းများမရှိ။ သို့သော်လည်း အသက် ၁၀ နှစ်မှ ၁၇ နှစ်အကြား ကလေး ၅ ဦးတွင် ၁ ဦးမှာ ကျောင်းမတက်ရဘဲ အလုပ်လုပ်နေရသည်ဟု သန်ခေါင်စာရင်းကောက်ယူမှုမှ အလုပ်အကိုင်နှင့် ပတ်သက်၍ မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရလေသည်။

    မိန်းကလေးငယ်များအား အိမ်အကူအဖြစ် အသုံးပြုမှုကို နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရယုံသာမက၊ အများစုကလည်း ထိုအခြေအနေကို လက်ခံထားကြသည်။ အချို့သောအခြေအနေများတွင် ဆင်းရဲနွမ်းပါးသည့် အသိုင်းအ၀ိုင်းမှ ဆင်းသက်လာသော ကလေးများကို နေရာထိုင်ခင်းနှင့် အလုပ်အကိုင်ပေးသည့် ထိုအခြေအနေမျိုးကို လူမှုဖူလုံရေး ပုံစံတစ်ခုအဖြစ်ပင် မှတ်ယူကြသည်။

    ထိုကဲ့သို အိမ်အကူအဖြစ် ခိုင်းစေကြသူ အိမ်ရှင်အချို့မှာ ရည်ရွယ်ချက်ကောင်းများ ရှိသည်ဆိုသော်လည်း အနိုင်ကျင့်ခံရနိုင်ခြေ ရှိသည်ဆိုသည့် အခြေအနေကိုတော့ ငြင်း၍ မရ။ အိမ်အကူ မိန်းကလေးငယ်များအား အလွန်အမင်း ခိုင်းစေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ပြဿနာများကိုလည်း မကြာခဏ တွေ့မြင်နေရသည်။ ထိုကဲ့သို့ အနိုင်ကျင့်မှု တော်တော်များများမှာ တိုင်ကြားမှုမရှိ၊ အရေးမှုမရှိ ဆိုသည်ကိုလည်း သိရှိရသည်။

    အစိုးရကတော့ အသက် ၁၄ နှစ်အောက် ကလေးငယ်များအား အလုပ်မခိုင်းရန်နှင့် မလိုက်နာပါက ဒဏ်ငွေ သိန်း ၅၀ မှ၊ သိန်း ၁၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဟု စီးပွားရေးလုပ်ငန်းရှင်များအား ပြီးခဲ့သည့်တစ်ပတ်တွင် သတိပေးခဲ့သည်။ ဟော်တယ်လုပ်ငန်း လုပ်ကိုင်သူများ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ အလတ်စားနှင့် အငယ်စား စက်ရုံပိုင်ရှင်များ၊ ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူများနှင့် တွေ့ဆုံစဉ် တာဝန်ရှိသူများက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    ထိုအကြောင်းအရာများကို မြန်မာနိုင်ငံရှိ အလယ်အလတ်အဆင့် အိမ်ရှင်မများအား ရှင်းပြပြောဆိုရန်နှင့် အိမ်အကူများအပေါ် ခေါင်းပုံဖြတ်၊ အမြတ်ထုတ်ခြင်းများကို ရှောင်ရှားရေး သတိပေးရန်မှာလည်း အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်သည်။

    စီးပွားရေးလုပ်ငန်းဆိုင်ရာနှင့်ပတ်သက်၍ ရည်ရွယ်ပြဌာန်းထားသော ဥပေဒများတွင် မီးဖိုဆောင်အပါအ၀င် အန္တရာယ်ရှိသော နေရာများတွင် ကလေးငယ်များအား အလုပ်လုပ်ကိုင်စေခြင်းမှ တားဆီးရေး သတ်မှတ်ချက်လည်း ပါဝင်သည်။ သို့သော်လည်း ချက်ခြင်းပြုတ်ခြင်းက အိမ်အကူများ၏ အလုပ်တာဝန်များတွင် ပုံမှန်ပါဝင်နေသည့် အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။

    လက်တွေ့လိုက်နာကျင့်သုံးမှု နည်းပါးသော်လည်း ထိုဥပဒေတွင် အသက် ၁၄ နှစ်မှ ၁၆ နှစ်ရှိ ကလေးငယ်များအား တစ်နေ့လျှင် ၄ နာရီထက်ပို၍ အလုပ်ခိုင်းစေခြင်းကို တားမြစ်ထားသည်။ သို့ဆိုလျှင် အိမ်အကူ အမျိုးသမီးငယ်အများအပေါ် ထိုကဲ့သို့ အချိန်ပိုင်းအလုပ် စီစဉ်ပေးသူ၊ သို့မဟုတ် ခွင့်ပြုသူ အိမ်ရှင်မည်မျှ ရှိသနည်းဆိုသည်မှာလည်း မေးခွန်းထုတ်စရာပင်။

    လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအရ အသက် ၁၆ နှစ် သို့မဟုတ် ၁၈ နှစ်အောက် ကလေးများအား အလုပ်ခိုင်းစေမှုကို ချက်ခြင်းလက်ငင်း အရေးယူခြင်းမှာ လက်တွေ့မကျဆိုသည်က အမှန်တရားတစ်ခုဖြစ်ပြီး လူငယ်တော်တော်များများနှင့် ၎င်းတို့၏မိသာစုများ ၀င်ငွေပြတ်လပ်မှုအထိ ဦးတည်သွားနိုင်လေသည်။

    သို့သော်လည်း ထိုအချက်က ကလေးငယ်များအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများကို ဖာထေးရန် ဆင်ခြေတစ်ခု ဖြစ်၍မရ။ ကလေးငယ်များ အလုပ်လုပ်နေရမှုအခြေအနေကို အဆုံးသတ်ရန် လိုအပ်သည့် ကြိုးပမ်းအားထုတ်မှုတိုင်းကို တတ်နိုင်သမျှမြန်မြန် ဆောင်ရွက်ရမည်ဖြစ်သည်။

    ကလေးများ အလုပ်ခန့်ထားမှုနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များအား ရှင်းလင်းပြောကြားရာတွင် အလုပ်သမား၊ လူဝင်မှုနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စက်ရုံနှင့် အထွေထွေအလုပ်သမားရေးရာ ဥပဒေများ လေ့လာဆန်းစစ်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဦးအောင်နိုင်က ဥပဒေရေးရာ တာဝန်ဝတ္တရာများကို အဓိကထား ပြောကြားခဲ့သည်။

    “နိုင်ငံတကာသဘောတူညီချက်တွေအရ၊ အသက် ၁၈ နှစ်အောက်ဆိုရင် ကလေးလို့ပဲ သတ်မှတ်ပါတယ်။ ဒါပေမယ့် ဒီသတ်မှတ်ချက်က ကျွန်တော်တို့နိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံနဲ့ အဆင်မပြေဘူးလေ။ တကယ်လို့ ကျွန်တော်တို့အနေနဲ့ ကလေးတွေကို အလုပ်မခိုင်းဘူးဆိုရင် သူတို့ဟာ အလုပ်အကိုင်အခွင့်အလမ်းတွေဆုံးရှုံးပြီး သူတို့နဲ့ သူတို့ရဲ့ မိသားစုတွေကလည်း ၀င်ငွေရဖို့ ခက်ခဲမှာပါ” ဟု ညွှန်ကြားရေးမှူးကဆိုသည်။

    သို့သော်လည်း ကလေးများအား ကျောင်းမထားဘဲ ကျွမ်းကျင်မှုမရှိသည့် အလုပ်များတွင် ခိုင်းစေခြင်းက ရေရှည်တွင် မိသားစု၏ ဆင်းရဲတွင်းကို ပို၍ နက်သထက် နက်လာစေမည်ဖြစ်သည်။ မိန်းကလေးငယ်များကို အိမ်အကူလုပ်ငန်းတွင်သာ ဘ၀တစ်သက်တာလုံး ထည့်သွင်းနှစ်မြှုပ်ထားခြင်းက နိုင်ငံအတွင်း ရှင်သန်ကြီးထွားရန် လိုအပ်နေသည့် ကျား၊ မ တန်းတူညီမျှရေးအတွက် တိုင်းပြည်ရှိ အခွင့်အလမ်းများကို ဓားမြတိုက်ယူလိုက်ခြင်းဖြစ်သည်။

    တိုင်းရင်းသားရေးရာ တန်းတူညီမျှမှုကို ဆောင်ရွက်သည့်အခါမျိုးတွင် အိမ်တွင်း ကလေးလုပ်သားပြဿနာကိုလည်း အရေးပါသည့် ကိစ္စတစ်ခုအဖြစ် မှတ်ယူသင့်သည်။ မည်သည့်တိုင်းရင်းသားလူမျိုး အသိုင်းအ၀ိုင်းတွင်မဆို ကလေးငယ်များအနေဖြင့် ၎င်းတို့အတွက် ကုန်ကျစားရိတ်ကို ပြန်လည်ရှာဖွေပေးရမည်ဆိုသည့် သဘောထားမျိုး အချို့မိသားစုများတွင် ရှိနေသည်မှာ ၀မ်းနည်းစရာကောင်းသည့် ကိစ္စဖြစ်သည်။

    သို့သော်လည်း အချို့သော အသိုင်းအ၀ိုင်းများတွင် ပိုကောင်းသည့်ဘ၀တစ်ခုကို အလိုအလျောက်ရရှိနိုင်လိမ့်မည်ဆိုသည့် ယုံကြည်ချက်များဖြင့် ကလေးများအား မြို့ကြီးများတွင် အလုပ်လုပ်ရန် စေလွှတ်မှုများမှာလည်း တွင်ကျယ်သည့်ကိစ္စ ဖြစ်နေပြီး ထိုပြဿနာမှာလည်း ဖြေရှင်းရမည့်ပြဿနာ ဖြစ်သည်။

    ကျေးလက်ဒေသများတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် အလွန်အမင်း ဆင်းရဲမွဲတေမှုကို ခံစားရခြင်းကြောင့် မြို့သို့လွှတ်၍ အလုပ်ခိုင်းခြင်းကို နားလည်ပေး၍ရသည်။ အချို့သော မိသားစုများက ၎င်းတို့ထံတွင် အလုပ်လုပ်နေသည့် ကလေးများအား ကျောင်းတက်ရန် ခွင့်ပြုသည်။

    သို့သော်လည်း ကလေးငယ်များအား ၎င်းကျင်လည်ရာအသိုင်းအ၀ိုင်း၊ တတ်ကျွမ်းရာဘာသာစကားနှင့် ဝေးရာသို့ပို့ခြင်း၊ ကျောင်းမထားခြင်း၊ အမြတ်ထုတ်ခံရနိုင်ဖွယ်ရှိသည့် အခြေအနေများသို့ ပို့ဆောင်ခြင်း စသည်တို့ကြောင့် ရေရှည်တွင်ဖြစ်လာမည့် လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နောက်ဆက်တွဲပြဿနာများကိုမူ တိုင်းပြည်ရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် အနာဂတ်တို့အား ကာကွယ်ရေးနှင့်ပတ်သက်၍ လုပ်ဆောင်ရန် အမှန်တစ်ကယ် စိတ်ဆန္ဒရှိသူများအနေဖြင့် ချက်ခြင်းဆောင်ရွက်ရမည့် အရေးကြီးကိစ္စတစ်ခုအဖြစ် မှတ်ယူသင့်သည်။

    အချုပ်ဆိုရလျှင် မည်သည့်တိုင်းရင်းသားမျိုးနွယ်မဆို၊ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကလေးငယ်တိုင်းမှာ အထက်တွင်ဖော်ပြထားသည့် အခြေအအနေမျိုးတွင် ထိခိုက်ခံစားနေရသည်ကို မိမိတို့က သတိတရ ရှိရမည်ဖြစ်သည်။

    စီးပွားရေးလုပ်ငန်းများတွင် ကလေးငယ်များ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရမှုများကို ဖြေရှင်းရန် အစိုးရက ဆောင်ရွက်နေသည်ကို မြင်ရခြင်းမှာ အပြုသဘောဆောင်သည့် အခြေအနေဖြစ်သည်။ သို့ရာတွင် နေအိမ်များအတွင်း ဖြစ်နေသည့် ကလေးငယ်များအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများမှာလည်း မေ့လျော့ထား၍မရသည့် ကိစ္စပင် ဖြစ်ပေတော့သည်။

    Ref: mmtimes

    (Myanmar Times တွင် ဖော်ပြထားသည့် The fight against child labour begin at home ဆောင်းပါးအား လေးမောင်မှ
    ဆီလျော်အောင် ဘာသာပြန်ဆိုသည်)