News @ M-Media

Category: ဆောင်းပါး

  • ရမဿွာန်လမြတ်နှင့် စပ်လျဉ်း၍ မွတ်စ်လင်မ် မဟုတ်သူတို့ လူသိနည်းသော အကြောင်း ၉ ရပ်

    ရမဿွာန်လမြတ်နှင့် စပ်လျဉ်း၍ မွတ်စ်လင်မ် မဟုတ်သူတို့ လူသိနည်းသော အကြောင်း ၉ ရပ်

    ဇွန် ၆ ၊ ၂၀၁၆
    M-Media

    ကမ္ဘာတစ်ဝှန်း ဇွန်လ ၆ ရက်နေ့မှာ စတင်တော့မယ့် ရမဿွာန်လမြတ်ကာလအတွင်း အသင်တို့ရဲ့ မွတ်စ်လင်မ်မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက အသင်တို့နဲ့ နေ့လည်စာအတူစားဖို့ ယဉ်ကျေးစွာ ငြင်းဆိုလေ့ရှိပြီး သူတို့ရဲ့ အသွင်တူအသိုင်း အ၀ိုင်းဖက် ပြန်လှည့်ကြတာမျိုးကို သတိထားမိကြပါလိမ့်မယ်။ ဒါဟာ မွတ်စ်လင်မ်များစွာအတွက် နာမ်ပိုင်းဆိုင်ရာ အရှိန်မြှင့်တင်တဲ့အချိန်အခါ ဖြစ်တာကြောင့်ပါ။ ဆာလောင်မွတ်သိပ်ခြင်းဝေဒနာ ခံစားရယုံသက်သက်ဆိုတာထက် များစွာ အဓိပ္ပာယ်ရှိနေပါတယ်။

    ၁။ ဥပုသ်သီလအားဖြင့် နာမ်ပိုင်းဆိုင်ရာ ပုံရိပ်ကောင်းကို ဖော်ဆောင်မှု
    ————————————————————————

    Ramadan
    (ဓာတ်ပုံ – Juanmonino via Getty Images )

    ရမဿွာန်လမြတ်ဟာ နာမ်ပိုင်းဆိုင်ရာပုံရိပ်ကောင်းကို ပုံဖော်ပေးရာ၊ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ပေးရာ အချိန်ကာလတစ်ခုဖြစ်ကြောင်း မွတ်စ်လင်မ်များစွာမှ ကြုံဆုံခံစားနိုင်ကြပါတယ်။ မွတ်စ်လင်မ်လူထုရေးရာကောင်စီအဖွဲ့ဝင် Marwa Abdelghani က ဒီလိုရေးသားဖော်ပြထားပါတယ်။

    “အကျင့်ဆိုးတွေကနေ ထိန်းသိမ်းရှောင်ကြဉ်ခြင်းက စိတ်အေးချမ်းမှုကို ဖြစ်ထွန်းစေပါတယ်။ ဒီစိတ်အေးချမ်းမှုက လွှမ်းမိုးဖုံးအုပ်ထားတဲ့ ခံစားချက်တွေကင်းရှင်းစွာနဲ့ ကြောင်းကျိုးကျကျ၊ ကြည်ကြည်လင်လင် စဉ်းစားတွေးတောနိုင်စွမ်းကို ပေးပါတယ်။ ဒီအချက်က ဒေါသ သို့မဟုတ် စိတ်ပျက်အားလျော့မှုကို ဖြစ်ပေါ်စေတဲ့ ဘ၀နစ်နာကြေကွဲမှုတွေအပေါ် အချိန်ကုန်လွန်နေခြင်းအစား အပြုသဘောဆောင်တဲ့ကောင်းကျိုးတရားများကို ရရှိလာစေပါတယ်။ ရမဿွာန်လမြတ်ဟာ ခွင့်လွှတ်ဖို့၊ ဥပေက္ခာတရားလက်ကိုင်ထားဖို့၊ အရေးအကြီးဆုံးအရာအပေါ် အာရုံစိုက်နိုင်ဖို့ အခွင့်အခါကောင်းတစ်ရပ်ပါ”။

    .
    ၂။ အတင်းအဖျင်း၊ မုသားနှင့် အကျင့်ဆိုးများကိုပါ ရှောင်ကြဉ်ရမှု
    ———————————————————————

    Woman whispering into man's ear, close up
    (ဓာတ်ပုံ – Pete Turner via Getty Images )

    ရမဿွာန်လမြတ်ချိန်ခါအတွင်း မွတ်စ်လင်မ်များအနေနဲ့ အစားအသောက်၊ မေထုန်မှီဝဲခြင်းများကိုသာ ရှောင်ကြဉ်ရတာမဟုတ်ပါဘူး။ လိမ်ညာပြောဆိုခြင်း၊ ကျိန်ဆဲခြင်း၊ အတင်းအဖျင်းဆိုခြင်း၊ အငြင်းပွားခြင်းနဲ့ အခြား အကျင့်ဆိုးမှန်သမျှမှလည်း ရှောင်ကြဉ်ကြရပါတယ်။ Saeed Saeed က The National မှာ ဒီလို ရေးသားဖော်ပြထားပါတယ်။

    “ဥပုသ်သီလက ခန္ဓာဓာတ်စာဖြစ်တဲ့ ရေနဲ့အစားအသောက်တွေကို စွန့်လွှတ်စေယုံမျှသာ မဟုတ်ပါဘူး။ မဖွယ်မရာပြောဆိုချက်၊ အငြင်းအခုံ၊ သတိလက်လွတ်ပြုမူတာ၊ ပျက်လိုဖျက်ဆီးအကျင့်အမူတွေကို ရှောင်ကြဉ်ခြင်းဆိုတဲ့ အတ္တတိုက်ပွဲကြီးလည်း မလွဲမသွေ ပါဝင်နေပါတယ်။ ဥပုသ်သီလရဲ့ အဓိကဦးတည်ချက်ကတော့ ဖန်ဆင်းရှင်အပေါ် အကြွင်းမဲ့နာခံမှုကို သက်သေပြဖို့ (နဲ့) နာမ်ပိုင်းအခင်းအကျင်းအပေါ်မှာ စိတ်အာရုံကို စူးစိုက်ထားရှိဖို့ ဖြစ်ပါတယ်”။

    ၃။ အစ္စလာမ့်မြစ်ဖျားများကို ထင်ရှားကျော်စောစေသည့် လမြတ်
    ——————————————————-

    Female Palestinian worshippers pray in front of the Dome of the Rock, in the Al Aqsa Mosque compound in Jerusalem during Ramadan July 13, 2015, on Lailat-Al-Qadr, or Night of Power, in which the Muslim holy book of Koran was revealed to Prophet Mohammad by Allah. The compound is also known as Temple Mount to the Jews. REUTERS/Ammar Awad
    (ဓာတ်ပုံ – Ammar Awad / Reuters)

    ရမဿွာန်လနှောင်းပိုင်းမှာ လိုင်းလသုလ်ကဒရ် လို့ခေါ်ဆိုတဲ့ ညဥ့်မြတ် ကျရောက်လေ့ရှိပါတယ်။ ဒီညဥ့်မြတ်ဟာ တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းသာယာမင်္ဂလာများ ခညောင်းပါစေ)ထံ ကျမ်းမြတ်ကုရ်အာန် စတင် ထုတ်ပြန်ပို့ချပေးခံရတဲ့ညဥ့်ကို ဂုဏ်ပြုထင်ရှားစေခြင်းဖြစ်ပါတယ်။ ဒီလိုနေ့ရက်ညဥ့်မြတ်မှာ ၀တ်ပြုဆုတောင်းခြင်းက လပေါင်းတစ်ထောင်ဝတ်ပြုဆုတောင်းခြင်းထက် သာမြတ်ကြောင်း မွတ်စ်လင်မ်တို့ ယုံကြည်ထားပါတယ်။

    ၄။ ကုရ်အာန်၏လ ဟု အမည်တွင်ခြင်း
    ————————————–

    Imam praying in mosque
    (ဓာတ်ပုံ – selimaksan via Getty Images )

    ရမဿွာန်လမြတ်ကို ကုရ်အာန်ရဲ့လ လို့ ရည်ညွှန်းပြောဆိုလေ့ရှိကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်ကာလအတွင်း မွတ်စ်လင်မ်များအနေနဲ့ ကျမ်းမြတ်ကုရ်အာန်ကို မိမိတို့ တတ်စွမ်းသလောက် ဖတ်ရွတ်သရဇ္ဈာယ်နိုင်အောင် ကြိုးပမ်းလေ့ရှိကြလို့ပဲ ဖြစ်ပါတယ်။ ဗလီဝတ်ကျောင်းတော်များမှာ ညစဉ်ညတိုင်း (၀တ်ပြုမှုများထဲ) ကုရ်အာန်ကျမ်းမြတ်ရဲ့ အပုံသုံးဆယ်ပုံတစ်ပုံကို ဖတ်ရွတ်လေ့ရှိကြပါတယ်။

    ၅။ ဥပုသ်သီလတာဝန်မှ ခြွင်းချက်ရှိသူများ
    ————————————————-

    Pregnant woman
    (ဓာတ်ပုံ – boggy22 via Getty Images )

    ဥပုသ်သီလစောင့်ထိန်းခြင်းက အစ္စလာမ့်မဏ္ဍိုင်ကြီးငါးရပ်ထဲ ပါဝင်သော်ငြား ကလေးသူငယ်တွေ၊ နာမကျန်းသူဝေဒနာသည်တွေ၊ အိုမင်းမစွမ်းသူတွေ၊ ပဋိသန္ဓေလွယ်ပိုးထားရတဲ့ အမျိုးသမီးတွေ၊ နို့တိုက်ကျွေးနေရတဲ့ မီးနေသည်တွေ၊ ရာသီပန်းပွင့်တဲ့ အမျိုးသမီးတွေ၊ ခရီးသည်တွေအဖို့ ဥပုသ်သီလစောင့်ထိန်းဖို့ မလိုအပ်ပါဘူး။ ဥပုသ်စောင့်ထိန်းဖို့ တတ်စွမ်းနိုင်သော်လည်း (အကြောင်းအမျိုးမျိုးကြောင့်) လက်လွှတ်သွားရသူများက လက်လွှတ်သွားရတဲ့ရက်အရေအတွက်ကို ပြန်လည်ဖြည့်စွက်စောင့်ထိန်းခြင်းနဲ့ဖြစ်စေ၊ ဖစ်ဒယဟ် ပေးေ
    ဆာင်ခြင်းနဲ့ဖြစ်စေ ဆောင်ရွက်နိုင်ခွင့်ရှိပါတယ်။ ဖစ်ဒယဟ် ဆိုတာ လွှတ်သွားတဲ့ရက်အရေအတွက်နဲ့အညီ ဆင်းရဲချို့တဲ့ငတ်မွတ်သူတစ်ဦးကို ကျွေးမွေးပေးကမ်းခြင်း ဖြစ်ပါတယ်။

    ၆။ အလွန်အကျွံစားသောက်မှုကို အားမပေးခြင်း
    —————————————————–

    6
    (ဓာတ်ပုံ – Karam Miri via Getty Images )

    တစ်နေ့တာ ဥပုသ်သီလ မစောင့်ထိန်းမီ (နဲ့) ဥပုသ်လွှတ်ချိန်တွေမှာ အလွန်အကျွံ စားသောက်တတ်သူအချို့ ရှိကြပါတယ်။ ဒါပေမယ့် ရမဿွာန်လရဲ့အနှစ်သာရကို မထိခိုက်စေအောင် (အဲ့ဒီအချိန်တွေမှာ) ကျန်းမာစေတဲ့ အစာရေစာ အနည်းအကျဉ်းသာ စားသောက်ကြဖို့ မွတ်စ်လင်မ်များစွာက အားပေးလက်ခံကြပါတယ်။ Abdelghani က ဒီလို ရေးသားထားပါတယ်။

    “လောကီပစ္စည်းများနဲ့ ကျွန်တော်တို့ရဲ့အတ္တကို အများအပြား အစာကျွေးခြင်းက ကျွန်တော်တို့လိုအပ်တဲ့ အခွင့်အလမ်းများကို လက်လွှတ်ဆုံးရှုံးသွားစေမယ့်အပြင်၊ ဆန္ဒမှန်သမျှ ဖြည့်လိုတဲ့ အတွေးမျိုးကိုလည်း ရသွားစေပါတယ်”။

    ကျန်းမာရေးရှုထောင့်အရ သကြားဓာတ်များပြားတဲ့အစာ၊ အကြော်အလှော်စာတွေကို အကန့်အသတ်နဲ့သာ စားသုံးဖို့၊ အဲ့ဒီအစားအစာတွေအစား အစာချေဖျက်ခြင်းနှေးကွေးစေမယ့် ဘာလီ၊ ဂျုံ၊ ပြောင်းဆန်နဲ့ ပဲနီလေးတို့ကို ရွေးချယ်စားသုံးကြဖို့ အကြံပြုတိုက်တွန်းချက်များလည်း ရှိပါတယ်။

    ၇။ ဥပုသ်သီလစောင့်ထိန်းမှုကပေးသော ကျန်းမာရေးကောင်းကျိုး
    ———————————————————–

    Muslim Lady Is Practicing Yoga Outdoor in a Garden
    (ဓာတ်ပုံ – Mariemlulu via Getty Images )

    ရမဿွာန် တစ်လတာလုံး ဥပုသ်သီလစောင့်ထိန်းတဲ့ အချို့မွတ်စ်လင်မ်များထံမှာ ကျန်းမာရေးကောင်းကျိုးတွေ ဖြစ်ထွန်းလာမှုကို ခံစားကြရပါတယ်။ NHS ရဲ့အစီရင်ခံစာအရ ရမဿွာန်တစ်လတာ ဥပုသ်သီလစောင့်ထိန်းမှုဟာ ဦးနှောက်ထဲက endorphin ဓာတ်တွေကို လျှော့ချပေးပြီး စိတ်သက်သာမှုကို တိုးမြှင့်စေတယ်လို့ ဆိုထားပါတယ်။

    “အဆိပ်သင့်ဓာတ်ပြုပစ္စည်းဖယ်ရှားမှုဖြစ်စဉ် detoxification process တစ်ရပ်လည်း ဖြစ်ပေါ်လာတယ်။ ခန္ဓာကိုယ်ရဲ့အဆီထဲ ကိန်းအောင်းနေတဲ့ ဘက်တီးရီးယားထွက်အဆိပ်ပစ္စည်းမှန်သမျှ ပြိုကွဲပြီး ဖယ်ထုတ်ခံလိုက်ရလို့ဖြစ်ပါတယ်” ဆိုပြီး အော့စ်ဖို့ဒ်တက္ကသိုလ် မေ့ဆေးဆရာဝန် Dr. Razeen Mahroof က အဆိုပါအစီရင်ခံစာမှာ တင်ပြထားပါတယ်။

    ၈။ ပေးကမ်းလှူဒါန်းမှု အရှိန်အဟုန်မြင့်တက်လာခြင်း
    ———————————————-

    Volunteers working in soup kitchen
    (ဓာတ်ပုံ – Ariel Skelley via Getty Images )

    မိမိပိုင်ဆိုင်တဲ့ငွေကြေးဥစ္စာထဲက (အချိုးကျ) လှူဒါန်းရခြင်းဟာ အစ္စလာမ့်အခြေခံမဏ္ဍိုင်ကြီး တစ်ရပ်ဖြစ်ပါတယ်။ မွတ်စ်လင်မ်တွေဟာ တစ်နှစ်တာကာလအခြားလများထက် ရမဿွာန်လထဲမှာ ဒီအလှူဒါနကို ပိုမိုအလေးထား ပြုကျင့်လေ့ရှိကြပါတယ်။

     

    ၉။ တန်ဖိုးထားတတ်ခြင်း
    ————————–

    LOS ANGELES, CA - AUGUST 30:  Muslims women gather for a special Eid ul-Fitr morning prayer at the Los Angeles Convention Center on August 30, 2011 in Los Angeles, California. The three-day holiday, Eid ul-Fitr, marks the end of Ramadan, the Islamic month of fasting and begins after the sighting of a new crescent moon.  (Photo by Kevork Djansezian/Getty Images)
    (ဓာတ်ပုံ – Kevork Djansezian via Getty Images )

    Abdelghani က ဒီလိုရေးသားထားပါတယ်။

    “အဖိုးမတန်ဘူးလို့ မထင်လိုက်ပါနဲ့။ ဥပုသ်သီလဆောက်တည်ခြင်းက ကျွန်တော့်ကို အိပ်ငိုက်စေတယ်၊ နွမ်းလျပင်ပန်းစေပါတယ်။ ဒါပေမယ့် ဒီရင်းနှီးမှုရဲ့ အတုန့်အလှည့်ကတော့ တကယ့်ကို ပီတိအပြည့်အ၀နဲ့ ကြည်နှူးစရာကောင်းလှပါတယ်”။

    ××××××××××××××

    Ref : 9 Things You Probably Didn’t Know About Ramadan By Antonia Blumberg, Associate
    Religion Editor ; Huffington Post
    ဘာသာပြန် – မင်းထွဋ်ခေါင်

  • မဘသ ဆရာတော်များ ကိုယ်ပိုင် အထက်တန်းကျောင်း ဖွင့်

    မဘသ ဆရာတော်များ ကိုယ်ပိုင် အထက်တန်းကျောင်း ဖွင့်

    မဘသ ဆရာတော်များ၏ ရန်ကုန်မြို့အနီးရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အနယ်နယ်အရပ်ရပ်မှ လူငယ် တစ်ရာကျော် တက်ရောက်ပညာသင်ယူနေကြသည်
    13346800_1539332143041683_6242134261535823523_n
    ထက်ခေါင်လင်း

    ရန်ကုန် (Myanmar Now) – ကိုယ်ပိုင်အထက်တန်းကျောင်း လုပ်ငန်းကို စီးပွားရေးသမားများကသာ လုပ်ကိုင်နေကြသော်လည်း ရန်ကုန်တွင် ယခုနောက်ဆုံး ပေါ်ပေါက်လာသည့် ကိုယ်ပိုင် အထက်တန်းကျောင်းတစ်ခုကို တည်ထောင်သူတို့မှာ အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(မဘသ) မှ ဦးဆောင် ဆရာတော်များ ဖြစ်သည်။

    ရန်ကုန်မြို့လယ်မှ ကားဖြင့်သွားလျှင် ၃ နာရီကျော်မျှ ကြာမည့်  လှည်းကူးမြို့နယ်အတွင်း စိုက်ပျိုးရေးခြံများ ပတ်လည်ဝိုင်းနေသည့်  ၅ ဧကကျယ်မြေနေရာတွင်  တည်ဆောက်ထားသော ထိုကျောင်းတွင်  ၅ ထပ် အဆောက်အဦကြီးတစ်ခု ရှိပြီး မကြာမီ တိုးချဲ့အဆောက်အဦ ၂ လုံး ပေါ်လာဦးမည်ဟု သိရသည်။

    မဟော်သဓာ ဟု အမည်ပေးထားသော ထိုအထက်တန်းကျောင်းတွင် ယခုနှစ် ဝင်ခွင့်အောင်မြင်သူ ၈ တန်း ကျောင်းသား၊ ကျောင်းသူ ၁၄၆ ဦး ရှိကြောင်း၊ လာမည့်နှစ်များတွင် ၉ တန်း၊ ၁ဝ တန်းတို့ကို လက်ခံမည်ဖြစ်ကြောင်း သိရသည်။

    တခြားသော ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် နှစ်စဉ်ကြေး ၈ သိန်း ဝန်းကျင် ကုန်ကျမည် ဖြစ်သော်လည်း မဟော်သဓာတွင်မူ ပညာသင်ကြားရေး၊ နေရေး၊ စားရေး၊ ကျန်းမာရေးမှာ  အခမဲ့ဖြစ်သည်။

    “ပညာရေးမှာ တစ်ခုခုလုပ်မယ်ဆိုတာ အရင်ကတည်းက စိတ်ကူးပြီးသား၊ အခုမှ အကောင်အထည်ဖော်ရတာ” ဟု  ကျောင်းတည်ထောင်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည့် ဆရာတော် တစ်ပါးဖြစ်သူ အရှင်ပညာဝရက မိန့်ကြားသည်။

    “ဒီအထဲက ထူးချွန်တဲ့ကျောင်းသားတွေကို ဘွဲ့တစ်ခုခုရဖို့ အထိ ထောက်ပံ့ပေးဖို့လည်း စိတ်ကူးထားတယ်”

    ကျောင်းမြေနေရာကို မဟာမြိုင်စိုက်ပျိုးရေး ကုမ္ပဏီက လှူဒါန်းပြီး၊ ကျောင်းအဆောက်အဦကို မိုးထိမိုးမိ ဒေသ ရွှေတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်နေသော  အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက လှူဒါန်းကြောင်း သိရသည်။
    13321701_1539332129708351_367099475192576621_n
    မဟော်သဓာ
    ——————-
    တစ်နိုင်ငံလုံးမှ စာသင်ကျောင်းများ ယခုနှစ်စာသင်နှစ်အတွက် ပြန်လည် အသက်ဝင်လာသည့် ဇွန်လ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ မဟော်သဓာ အထက်တန်းကျောင်း၏ သင်ကြားရေးလုပ်ငန်းများလည်း  အစပြုလိုက်သည်။
    ကျောင်းသူကျောင်းသားများ နံနက် ၇ နာရီတွင် ဘုရားရှိခိုးပြီး ငါးပါးသီလ ခံယူဆောက်တည်ကြကာ နံနက် ၉ နာရီတွင်  နိုင်ငံတော်အလံ အလေးပြု၊ နိုင်ငံတော်သီချင်း သီဆိုကြကြောင်း ကျောင်း၏ လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။
    အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းအမည်မှာ     ဇာတ်နိပါတ်များတွင် ပါရှိသော ဘုရားလောင်း ပညာရှိသုခမိန်၏အမည်ကို ယူထားခြင်း  ဖြစ်သည်။

    မဟော်သဓာသို့ ရောက်လာသော ဒေသအသီးသီးမှ လူငယ်များသည်   နိုင်ငံကိုအကျိုးပြုမည့်သူ၊ အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ခေါင်းဆောင်နိုင်မည့်သူများ ဖြစ်လာမည်ဟု မျှော်မှန်းထားကြောင်း ကျောင်းတည်ထောင်သူ ဆရာတော် အရှင်ပညာဝရက မိန့်ကြားသည်။
    2)
    လူငယ်များကို အကျင့်စာရိတ္တကောင်းမွန်၊ ဘာသာတရား ရိုသေကိုင်းရှိုင်း၊ ယဉ်ကျေး လိမ္မာသူများ ဖြစ်လာကြစေရေး အတွက် လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်ထားသည်ဟု  ဆရာတော်က ဆက်ပြီး မိန့်ကြားသည်။

    အစိုးရအထက်တန်းကျောင်း ပြဋ္ဌာန်းချက်များအတိုင်း ပို့ချမည်ဖြစ်သော်လည်း ဘာသာရေးနှင့် စာပေဆိုင်ရာ အသိအမြင် မြင့်မားလာစေရေးအတွက် လုပ်ဆောင်ရန်လည်း စဉ်းစားထားကြောင်း ကျောင်းတည်ထောင်ရေးတွင် ပါဝင်ဆောင်ရွက်နေသော  မဘသအဖွဲ့ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သူ ဒေါက်တာ အရှင်သောပါက ထံမှ သိရသည်။

    “သူများဘာသာတွေနဲ့ ပတ်သက်လို့တော့ ပြောမှာမဟုတ်ဘူး။ ကိုယ့်ဘာသာအကြောင်းကိုပဲ အလျဉ်းသင့်သလို ပြောဆိုဟောကြားမှာ၊ လေ့ကျင့်ပေးမှာ” ဟု ဆရာတော်က မိန့်သည်။

    ကြီးကြပ်အုပ်ချုပ်ရေး၊ သင်ကြားရေးတို့အတွက်   ဆရာ၊ ဆရာမ ၈ ဦး တာဝန်ပေးထားကြောင်း၊   အားကစား၊  စိုက်ပျိုးရေး၊  ကွန်ပျူတာတို့ကိုလည်း အလျဉ်းသင့်သလို သင်ကြားပေးမည်ဖြစ်ကြောင်း ၆၅ နှစ်အရွယ်  ကျောင်းအုပ်ကြီး ဦးလှထွန်းက ပြောသည်။

    “ကျောင်းက မဘသ ဆရာတော်တွေ တည်ထောင်တယ်ဆိုပေမဲ့ သင်ကြားရေးနဲ့ စီမံခန့်ခွဲမှုက ကျွန်တော်တို့မူဝါဒအတိုင်းပဲ လုပ်မှာပါ။ ဓမ္မကျောင်းတွေလို ဘာသာရေးအတွက် သင်ကြားမှာလည်း မဟုတ်ဘူး” ဟု  ပညာရေးဌာန ဒုညွှန်ကြားရေးမှူးဟောင်း   ဦးလှထွန်းက ပြောသည်။

    “ကျွန်တော့်အနေနဲ့ နိုင်ငံရေးလည်းမသိဘူး။ အမျိုးသားရေးလည်း နားမလည်ဘူး။ ကျွန်တော်သိတာက ကျွန်တော့်ကျောင်းသားကျောင်းသူတွေ ထူးချွန်ထက်မြက်ရေးပဲ”

    အုပ်ထိန်းသူတို့၏အသံ
    ————————
    မဘသအဖွဲ့သည် မကြာသေးခင်က ပေါ်ပေါက်ခဲ့သော အငြင်းပွားဖွယ် မျိုးစောင့်ဥပဒေများ ပေါ်ပေါက်လာရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သူများဖြစ်သည်။ မဘသ ဆရာတော်တချို့က ပြည်သူအများအပြား ထောက်ခံသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း ဆန့်ကျင်သည့် အရိပ်အယောင် ပြခဲ့သော်လည်း ထိုပါတီ၏ ရွေးကောက်ပွဲအနိုင်ရရှိမှုကို သတိဖြင့် ကြိုဆိုခဲ့ကြသည်။

    မဟော်သဓာတွင် ကျောင်းတက်ခွင့်ရသူတချို့၏ မိဘများကမူ မဘသဆရာတော်များ  တည်ထောင်သည့် ထိုကျောင်းတွင် ကလေးများ   အကျင့်စာရိတ္တ ကောင်းမွန်ပြီး လိမ္မာယဉ်ကျေးသူများ ဖြစ်လာရေးအတွက်  စိတ်ချရမည်ဟု  ပြောကြသည်။

    “ကျွန်မကလေးကိုလည်း ဘဝရှေ့ရေးရော၊ အမျိုးဘာသာ သာသနာကိုရော အလေးထားစေချင်တယ်” ဟု  မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ စံပြသိန်ဂုံးရွာမှ ၄၆ နှစ်အရွယ် ဒေါ်ခင်ဌေးကြည်က ပြောသည်။

    သူ၏ ၁၃ နှစ်အရွယ် သားဖြစ်သူ မောင်သုထက်ဦးသည် “သာသနာကို မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်တတ်တဲ့သူ”  ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း သူက ဆက်ပြောသည်။

    မွန်ပြည်နယ်၊ သိပ်ဇရပ်မှ ၂၅ နှစ်အရွယ် မူလတန်းပြ ကျောင်းဆရာမ ဒေါ်ချိုသာခိုင်က မဟော်သဓာရောက် ကလေးများသည် ဘာသာရေးအသိ ပိုကြွယ်ဝလာလိမ့်မည်ဟု  မျှော်လင့်နေသည်။

    ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်သွားသော တူဖြစ်သူကို အိမ်တွင် ဘာသာရေးအပါအဝင် သွန်သင် ဆုံးမစရာရှိသည်များကို သင်ကြားပေးခဲ့သည်ဟု သူက ဆိုသည်။

    “အမျိုးချစ်စိတ်က ဘုန်းဘုန်းတွေ သင်ပေးတာက ပိုကောင်းတယ်လေ၊ ငယ်စဉ်ကတည်းက သင်ပေးဖို့လိုတယ်” ဟု ဒေါ်ချိုသာခိုင်က ပြောသည်။ ။

  • အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံကူး အဝေးပြေးလမ်းမကြီး တည်ဆောက်တော့မည်

    အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံကူး အဝေးပြေးလမ်းမကြီး တည်ဆောက်တော့မည်

    မေ ၂၉၊ ၂၀၁၆

    M-Media
    highway

     

    – အိန္ဒိယ၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ၁၄၀၀ ကီလိုမီတာရှိ အဝေးပြေးလမ်းမကြီးတစ်ခုအတွက် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ညှိနှိုင်းလျက်ရှိသည်။ ၎င်းလမ်းမကြီးသည် အိန္ဒိယကို အရှေ့တောင်အာရှဒေသများနှင့် ကုန်းလမ်းကြောင်းဖြင့် ဆက်သွယ်စေမည်ဖြစ်၏။

    အဝေးပြေးလမ်းမတွင် ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ၌ ဆောက်လုပ်ထားခဲ့သည့် တံတား ၇၃ စင်းအား အိန္ဒိယအစိုးရ၏ငွေကြေးထောက်ပံ့မှုဖြင့် ပြန်လည်မွမ်းမံသွားမည်ဟု အိန္ဒိယသံအမတ် ဘဂ၀မ့်ဆင်း ဘစ်ရှ်နွိုင်းက The Nation သို့ပြောကြားသည်။

    ၁၈ လတာကြာမြင့်မည့် ပြင်ဆင်မွမ်းမံမှု ပြီးစီးသွားလျှင် နိုင်ငံသုံးခုစလုံးအတွက် ကူးလူးယှက်သွယ်သွားလာနိုင်မည့် အဝေးပြေးလမ်းမတစ်ခု ဖြစ်လာပေမည်။

    အိန္ဒိယနိုင်ငံအရှေ့ပိုင်း မိုရေးဒေသမှ မြန်မာနိုင်ငံ တမူးမြို့အထိ စတင်လိုက်သော အဆိုပါ အဝေးပြေးလမ်းမ စီမံချက်ကို ရွေးကောက်ပွဲအနိုင်ရ မြန်မာအစိုးရသစ်က အပြုသဘောဆောင် ကြိုဆိုခဲ့သည်။

    ထိုင်းနိုင်ငံ တာမဲဆောက်ခရိုင်အထိ ရောက်မည့် အဆိုပါ ၁၄၀၀ ကီလိုမီတာ အဝေးပြေးလမ်းမကြီးအဆုံးသတ်နိုင်ရန်အတွက် သုံးနိုင်ငံယာဉ်သွားလာရေးဆိုင်ရာ သဘောတူညီချက်ချုပ်ဆိုရမည်ဖြစ်ပြီး၊ ၎င်းကို စတင် ညှိနှိုင်းနေပြီဖြစ်သည်။

    ၎င်းသည် အရှေ့တောင်အာရှနှင့် တောင်အာရှအကြား ကုန်းလမ်းကူးသန်းဆက်သွယ်မှုလမ်းကြောင်းတစ်ခု ဖြစ်ပေါ်၍ ကုန်စည်ပို့ဆောင်ရေး အဓိကအားပြုနေသော မိတ်ဖက်နိုင်ငံများအကြားရှိ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးတက်စေမည်ဖြစ်သည်။

    သို့သော် မြန်မာနိုင်ငံဖက်ခြမ်းတွင် လုံခြုံရေးပြဿနာအချို့ ရှိနေဆဲဖြစ်သဖြင့် အာဏာပိုင်များမှ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသည်။

    သုံးနိုင်ငံကူးအဝေးပြေးလမ်းမကြီးသည် အာရှဘီလူးအိန္ဒိယ၏စီးပွားရေးနှင့် အရှေ့တိုင်းအိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေးကို တိုးမြှင့်ဖော်ဆောင်မည့် အိန္ဒိယနိုင်ငံ၏ အရှေ့တိုင်းဆိုင်ရာမူဝါဒကို ထင်ဟပ်စေသည်။

    ထိုင်းနိုင်ငံနယ်စပ်အနီးရှိ မြန်မာနိုင်ငံ၏ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်းသည်လည်း အိန္ဒိယအရှေ့ပိုင်းနှင့် အာဆီယံနိုင်ငံများအတွက် အထောက်အကူပြုဦးမည်ဟု မျှော်လင့်ရသည်။

    စီမံလျာထားသော ယင်းဆိပ်ကမ်းသည် အိန္ဒိယ၏ Chennai ဆိပ်ကမ်းနှင့်လည်းကောင်း၊ သမုဒ္ဒရာတစ်ဖက်ခြမ်းရှိ ထိုင်းနိုင်ငံ၏ Laem Chabang ဆိပ်ကမ်းနှင့်လည်းကောင်း ဆက်သွယ်ပေးနိုင်သည်။

    ၎င်း “အရှေ့မျှော် မူဝါဒ” ၏အောက်မှ အာဆီယံ ၁၀ နိုင်ငံပါဝင်သည့် လက်ရှိ အိန္ဒိယ-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် FTA အရ စီးပွားရေးဆိုင်ရာ ဒေသတွင်း စုပေါင်းလက်တွဲဖော်အုပ်စု Regional Comprehensive Economic Partnership (RCEP) ကို ဖွဲ့စည်းနိုင်ရန်လည်း အိန္ဒိယမှ ညှိနှိုင်းလျက်ရှိသည်။

    ဗီယက်နမ်၊ စင်္ကာပူ၊ မလေးရှား စသော အာဆီယံနိုင်ငံအချို့မှာ အမေရိကန်ဦးဆောင်သည့် ပစိတ်ဖိတ်ဒေသဖြတ်ကျော်လက်တွဲဖော် (TPP) FTA အဖွဲ့ဝင်များ ဖြစ်လာကြသောကြောင့်၊ အာဆီယံသည် ၎င်း၏ ပင်မကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြသော အိန္ဒိယ၊ တရုတ်တို့နှင့် RCEP သဘောတူညီချက်များကို အကောင်အထည်ဖော်ပုံစံချနိုင်ရန် ၎င်း၏ FTA များကို မြှင့်တင်ရတော့မည်ဖြစ်၏။

    အိန္ဒိယသည် အာဆီယံကို မိမိ၏ အရှေ့မျှော်မူဝါဒ၏ အူတိုင်အစိပ်အပိုင်းတစ်ရပ်အဖြစ် အမြင်ထားရှိသည်။ မြန်မာနိုင်ငံသည် အိန္ဒိယ၏ ကပ်လျက်အိမ်နီးချင်းဖြစ်သလို ထိုင်းနိုင်ငံနှင့်လည်း ယဉ်ကျေးမှုအပါအ၀င် အခြားဆက်နွှယ်ချက်များနှင့်တူ ကာလရှည် ရေကြောင်းကုန်သွယ်မှုအိမ်နီးချင်းနိုင်ငံလည်း ဖြစ်နေသည်။ သို့ဖြစ်၍ နှစ်နိုင်ငံစလုံးသည် အိန္ဒိယအတွက် အာဆီယံ၏တံခါးဝများ ဖြစ်နေသည်။

    ယမန်နှစ်က ထိုင်း-အိန္ဒိယကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ(ထိုင်း ဘတ်ငွေ ၂၈၅.၅ သန်း) ရှိခဲ့ပြီး ထိုင်းနိုင်ငံသို့ အိန္ဒိယဧည့်သည်ပေါင်း တစ်သန်းထိ သွားရောက်လည်ပတ်ခဲ့ကြသည်။ ၎င်းအပြင် အိန္ဒိယရိုးရာမင်္ဂလာပွဲပေါင်း ၃၀၀ ခန့်ကိုလည်း ထိုင်းနိုင်ငံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

    အိန္ဒိယနိုင်ငံ၌ ထိုင်းမှ အဓိကရင်းနှီးမြှုပ်နှံသူများမှာ CP Group, Delta Electronics, Ital-Thai and Pruksa Real Estate တို့ဖြစ်၍၊ ထိုင်းနိုင်ငံ၌ လည်ပတ်လုပ်ကိုင်နေသည့် အဓိကစီးပွားရေးအုပ်စုများမှာ Tata Group, Aditya Birla and Indorama တို့ ဖြစ်ကြသည်။

    ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှုကြားမှ အိန္ဒိယသည် နှစ်စဉ် ၇ ရာခိုင်နှုန်း တိုးတက်နေကြောင်း အိန္ဒိယသံအမတ်က ဆိုသည်။

    Ref : The Nation

  • ရက်ပေါင်း ၁၀၀ စီမံကိန်း ဘာကြောင့်လုပ်သင့်တာလဲ

    ရက်ပေါင်း ၁၀၀ စီမံကိန်း ဘာကြောင့်လုပ်သင့်တာလဲ

    မေ ၂၉ ၊ ၂၀၁၆
    M-Media
    ဆောင်းပါးရှင်-ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်)
    President-100-Days-(block)
    နိုင်ငံရေးပါးဝသည့် မြန်မာပြည်သူလူထုကြီးသည် ၂၀၁၅ခုနှစ် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအား လူထုအာဏာအပ်နှင်းပေးခဲ့သည်။ ထိုကဲ့သို့ အပ်နှင်းရခြင်း၏ နောက်ခံအကြောင်းရင်းများကလည်း ရှင်းလင်းပြတ်သားလှပါဘိ။ ထိုပါတီအားဦးဆောင်သူ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်ကြီးကို ကယ်တင်မည့်သူ နိုင်ငံအတွက်မိမိရဲ့ခင်ပွန်းနှင့် သားသမီးများ ဥစ္စာ၊ ပစ္စည်းများ၊ အရာခပ်သိမ်းကို စွန့်လွှတ်အနစ်နာခံခဲ့သူ ကမ္ဘာ့ခေါင်းဆောင်များက  အလေးစားရဆုံးသူ၊ ကမ္ဘာ့ထိပ်တန်းအရည်အချင်းရှိသူ (၁၀) ဦးတွင် နံပါတ် ၆ အဆင့်ရှိသူ၊ ကမ္ဘာ့ဩဇာ တိကမ၊ အကြီးမားဆုံး (၁၀၀) စာရင်းတွင်ပါဝင်သူ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဖြစ်သူ၊ ကမ္ဘာ့တစ်ဝန်း
    ခေါင်းဆောင်များက ချီးမြှင့်သည့် ဆုတံဆိပ်၊ ဂုဏ်ဒြပ်ပေါင်း ၂၀၀ နီးပါးရရှိထားသူ၊ စသည့်အချက်များကြောင့်လည်း ပါတီ၏ခေါင်းဆောင်နှင့် ပါတီ၏အမည်ကိုကြည့်၍ မြန်မာနိုင်ငံ၏ အနာဂတ်ကိုလူထုက၅ နှစ်ထိုးအပ်ခဲ့ခြင်းဖြစ်သည်။

    ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက် အာဏာလွဲပြောင်းရယူပြီး၊ ပထမဦးစွာ နိုင်ငံတော်အတိုင်ပင်ခံဆိုတဲ့ရာထူး ကို ဖန်တီးရယူသည်။ အနီးကပ်ဆုံး ယုံကြည်စိတ်ချရသူကို၊ သမ္မတ တင်မြှောက်ခဲ့သည်။ ၀န်ကြီးဌာနမျာုးကို စုစည်းပစ်လိုက်သည်။ နိုင်ငံခြားရေးဝန်ကြီးရာထူး ရယူထားပြီး နိုင်ငံခြားအစိုးရများ၊ အဖွဲ့အစည်းများနှင့် ထယ်ထယ်ဝင့်ဝင့် ဆွေးနွေးနိုင်အောင် တရားဝင်နေရာယူနိုင်ခဲ့သည်။ သမ္မတရုံးဝန်ကြီးရာထူးရယူခဲ့ သဖြင့် ၀န်ကြီးဌာနအားလုံးကို တရားဝင် ညှိနှိုင်းဆောင်ရွက်ခွင့်ကို ဖန်တီးရယူနိုင်ခဲ့သည်။ လူထုအတွက်
    အကျိုးမရှိသော ဥပဒေများကို ပြင်ဆင်နေပြီ။

    မိမိအစိုးရအဖွဲ့ကို ယခင်ဦးသိန်းစိန်အစိုးရခေတ်ကလူများနှင့် မတူအောင်၊ လက်ဆောင်ပဏ္ဏာများလက်ခံ ခြင်းက အစ၊ တင်းကျပ်တဲ့စည်းမျဉ်းတွေကို ချမှတ်ထားခဲ့သည်။ ဤနည်းဖြင့် ပြည်သူလူထု၏ ယုံကြည်မှုကို ရအောင်ယူခဲ့ပြန်သည်။ နိုင်ငံရေး အကျဉ်းသားများ၊ ဖမ်းဆီးခံ ဆန္ဒပြကျောင်းသားများအား ၂၀၀၈ ဖွဲ့စည်းပုံပါ သမ္မတ၏လုပ်ပိုင်ခွင့်ဘောင်အတွင်းမှပင် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများ၊ ကျောင်းသားကျောင်းသူများအား လွှတ်ပေးနိုင်ခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်ဦးဦးဖျားဖျားတွေ့ဆုံခဲ့ပြီး တရုတ်ပြည်အနေနဲ့ မိမိတို့အကျိုးစီးပွားအတွက် စစ်တပ်ဆီချဉ်းကပ်စရာမလိုတော့ကြောင်း အချက်ပြနိုင်ခဲ့သည်။

    NLD အရပ်သားအစိုးရ ယခုလက်ရှိဖော်ဆောင်နေသည့် ရက် ၁၀၀ စီမံချက် (First 100 days plan) ကို ကမ္ဘာ့စံပြ ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အမေရိကန်နိုင်ငံ၊ သမ္မတဟောင်းကြီး၊ ဘင်ဂျမင်ဖရန့်ကလင်လည်း ချမှတ်လုပ်ဆောင်ခဲ့ဖူးသည်။ အမေရိကန်သမ္မတကြီး ရူစဗဲ့လည်း လုပ်ဆောင်ခဲ့ဖူးသည်။ ဥပမာ သမ္မတရူစဗဲ့က ပထမရက် ၁၀၀ အတွင်း၊ ကွန်ကရက်အား သတင်းစကား ၁၅ ခု ပါးခဲ့သည်။ အရေးပါတဲ့ ဥပဒေကြီး ၁၅ ခုကို ရေးဆွဲဖို့ လမ်းညွှန်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲများ ကက်ဘိနက် အစည်းအဝေးများကို
    နိုင်ငံတကာခေါင်းဆောင်များနှင့် ဆွေးနွေးပွဲများပြုလုပ်ခဲ့သည်။

    သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် NLD အရပ်သားအစိုးရကဲ့သို့ “ရက်ပေါင်း ၁၀၀ စီမံချက်မျိုး” ကိုချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာမျိုး မရှိကြောင်း တွေ့ရသည်။ ထို့ကြောင့်လည်း သိသာထင်ရှားသည့် အပြောင်းအလဲများ မဖြစ်ခဲ့ပေ။ ပြည်သူလူထုအား အမှန်တကယ်လေးစားသော၊ ပြည်သူလူထု၏တစ်ခဲနက် ထောက်ခံမှုကို ရယူချင်သော၊ အစိုးရတစ်ရပ်သည် “ရက် ၁၀၀ စီမံချက်” ကို ထိထိရောက်ရောက် ကြိုးစား အကောင်အထည် ဖော်လျက်ရှိသည်။ ပြည်သူလူထု အနေနဲ့လည်း အစိုးရသစ်တစ်ရပ်ဟာအပြောင်းအလဲတစ်ခုကို ပီပီပြင်ပြင် လုပ်ဆောင်နေတယ်ဆိုတာ သိနေရုံ၊ မြင်နေရုံနှင့် မပြီးသေး မိမိစွမ်းဆောင်နိုင်ရာ ကဏ္ဍတွေမှာလည်း ပူးပေါင်းကူညီဖို့ လိုပေလိမ့်မည်။

    ရက်ပေါင်း ၁၀၀ စီမံချက်သည်၊ ပြည်ထောင်စုအစိုးရ၏သက်ဆိုင်ရာ ၀န်ကြီးဌာနများသာမက ပြည်နယ်အဆင့် အစိုးရများ၊ ၀န်ကြီးဌာနများအားလုံးက တိတိကျကျရေးဆွဲ အကောင်အထည်ဖော်ဆောင်ရမည့် စီမံချက်ဖြစ်သည်။ အစိုးရသစ်၏ရက်ပေါင်း ၁၀၀ စီမံချက်သည် ရှေ့ပြေး၊ ကနဦးအနေဖြင့် လူထုအတွက် အလုပ်လုပ်ပြခြင်းဖြစ်သည်။ ရက် ၁၀၀ အတွင်း အကောင်အထည်ဖော်ခဲ့သည့် လုပ်ငန်းဆောင်တာမျိုးကို ဆန်းစစ်၍ ၅ နှစ်တာ တာဝန်ယူမည့် အစိုးရသစ်တစ်ရပ်ကို အကဲခတ်နိုင်မည်ဖြစ်သည်။ ဝေဖန်နိုင်မည်
    ဖြစ်သည်။ မှတ်ကျောက်တင်နိုင်မည်ဖြစ်သည်။

    အမှန်တကယ်တော့ အစိုးရဟူသည် ပြည်သူလူထု ဒူးတုန်အောင်ကြောက်ရမည့် အဖွဲ့အစည်းတစ်ရပ် လည်း မဟုတ်ချေ။ အခွင့်ထူးခံ၊ လူ့မလိုင်အုပ်စုတစ်စုလည်း မဟုတ်ချေ။ ပြည်သူလူထုထဲက ဆင်းသက် ပေါက်ဖွားပြီး ပြည်သူ့အတွက် အလုပ်အကျွေးပြုမည့်၊ ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသောလူ့အဖွဲ့အစည်း တစ်ရပ်သာဖြစ်သည်။

    ထို့ကြောင့်လည်း နိုင်ငံတော်အတိုင်ပင်ခံ၊ ဒေါ်အောင်ဆန်းစုကြည်က “အစိုးရဆိုတာ၊ ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီမယ့်၊ တိုင်းပြည်အကျိုးကို၊ ဆောင်ရွက်ဖို့၊ အချိန်အကန့်အသတ်တစ်ခုဖြင့် စေခိုင်းထားတဲ့ သစ္စာအရှိဆုံး၊ ပြည်သူ့ဝန်ထမ်းတွေသာ ဖြစ်ပါတယ်” ဟူ၍ လူထုအားရှင်းပြခဲ့ဖူးပါသည်။

    ထို့ကြောင့်စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ဘက်စုံနိမ့်ကျနေသည့် မြန်မာ့နိုင်ငံကြီးကို ကယ် တင်ဖို့၊ တိကျရေရာသော၊ စနစ်ဇယားများ ရက် ၁၀၀ လို စီမံကိန်းများရေးဆွဲကာ၊ အဓိက လူထုလိုအပ်ချက်များကို အကောင်အထည်ဖော်ခြင်းသည် အလားအလာကောင်းတစ်ခုဖြစ်ပေသည်။ သို့မှသာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ အီသီယိုးပီးယားနိုင်ငံအောက် ရောက်နေခြင်း WHO ကမ္ဘာ့ကျန်းမာရေးအဆင့် ၁၉၅ နိုင်ငံ၌ ၁၉၃ နိုင်ငံအဆင့်၌ ကျန်ရစ်ဖြစ်နေခြင်း၊ အကျင့်ပျက်ခြစားမှုအဆိုးဆုံးနိုင်ငံ (၂၀) စာရင်း၌ပါဝင်
    နေခြင်း၊ ကမ္ဘာ့ကြွေးမြီးအထူပြောဆုံးနိုင်ငံများစာရင်း၌ မြန်မာနိုင်ငံပါဝင်နေခြင်းစသည့် အခြေအနေဆိုး များမှ ရုန်းထွက်နိုင်ဖို့ရန် ကာလတို ရက် ၁၀၀ စီမံကိန်းများဖြင့် လက်တွေ့ အလုပ်လုပ်ပြရင်း လူထုရဲ့ယုံကြည်ကိုးစားမှုကို တည်ဆောက်ရယူကြပါစို့ ဟူ၍ အစိုးရသစ်အား အကြံပြု တင်ပြလိုက်ပါသည်။

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်)

  • လောင်းရိပ်အောက်ကထွက်လာသူများ (သို့မဟုတ်) နီပေါနိုင်ငံမွတ်စ်လင်မ်များ

    လောင်းရိပ်အောက်ကထွက်လာသူများ (သို့မဟုတ်) နီပေါနိုင်ငံမွတ်စ်လင်မ်များ

    မေ ၂၇၊ ၂၀၁၆
    M-Media

    np 1
    နီပေါနိုင်ငံ၊ နီပါဂွန့်ရှိ အာအိရှဟ် ဘာ့နသ် စာသင်ကျောင်းမှ ကလေးငယ်များ

    – ရာစုနှစ်ချီပြီး ခွဲခြားခြင်းနှင့် လျစ်လျူရှုခြင်းခံခဲ့ရသည့် နီပေါနိုင်ငံမွတ်စ်လင်မ်တို့မှာ လင်းဝင်းတောက်ပသည့် အနာဂတ်အတွက် မျှော်လင့်ချက် ရှိလာလေပြီ။

    ခတ္တမန္ဒုမြို့၊ ယခင်နန်းတော်ဟောင်း ယခု ပြတိုက်နှင့် ခဲတစ်ပစ်အကွာတွင် ဂျာမေ့ဗလီတစ်လုံးရှိ၏။ ၎င်း၏ ထောင့်တစ်ထောင့်တွင် Begum Hazrat Mahal ၏ ဂူဗိမာန်က လဲလျောင်းနားစက်နေသည်။ ၎င်း၏ တစ်ချိန်က ခမ်းနားထယ်ဝါခြင်းအပိုင်းအစများမှာ တိမ်ကောပြယ်လွင့်စပြုနေသည်။

    Mahal မဟာလ်သည် အိန္ဒိယရှိ Awadh မည်သော ပြည်နယ်ကလေး၏ ဘုရင်မဖြစ်၏။ ၁၈၅၇ ဗြိတိသျှတော်လှန်ရေးနှင့် ကြုံဆုံရာတွင် ပုန်ကန်ခြင်းပြိုလဲပြီးနောက် သူမသည် လခ်နောင်မြို့သို့ တိမ်းရှောင်သည်။ ဗြိတိသျှတို့၏ တော်လှန်ရေးကိုဖြိုခွင်းမှု၌ နီပေါဘုရင် Jung Bahadur Thapa က ၀င်ရောက်ကူညီသည်။ မြို့ကိုသိမ်းပြီးသည့်နောက် သူက မဟာလ်အား ခိုလှုံခွင့်ပေးခဲ့သည်။ မဟာလ်၏ ဘက်တော်သားအများအပြားကလည်း သူမနှင့်အတူ နီပေါသို့ လိုက်လာခဲ့ကြကြောင်း ဂျာမေ့ဗလီအတွင်းရေးမှူး M Hussain က ဆိုသည်။

    သို့သော် အစ္စလာမ်သာသနာသည် နီပေါနိုင်ငံသို့ ၎င်းမတိုင်မီကပင် ရောက်နှင့်ပြီးဖြစ်သည်။

    ၁၅ ရာစုနှစ်က ကရှ်မီးယားကုန်သည်များသည် တိဗက်မြို့တော် လာဆားသို့ သွားရာတွင် ခတ္တမန္ဒုကို ပထမဆုံးဖြတ်သန်းရောက်ရှိကြသည်။ ၎င်းတို့အနက် များစွာသောသူတို့က Ratna Malla ဘုရင်အုပ်စိုးချိန်ကာလအတွင်း ခတ္တမန္ဒု(ယခင်အခေါ် – ကန်တီပူးရ်)၊ ဘာ့ခ်တာပူးရ်နှင့် လာလစ်ပူးရ်၌ အခြေချနေထိုင်ခဲ့ကြသည်။

    ခတ္တမန္ဒုနန်းတော်မှ ကိုက်တစ်ရာနှစ်ရာအကွာအဝေးတွင် နှစ်ပေါင်း ၅၀၀ သက်တမ်းရှိ ကရှ်မီရီတကီယာ ဗလီဝတ်ကျောင်းက ဤသမိုင်းကို သက်သေပြုနေပါသည်။

    “မွတ်စ်လင်မ်တွေဟာ အသံတိတ်လူနည်းစုအဖြစ် ရာစုနှစ်များစွာ နီပေါနိုင်ငံထဲ အေးအေးချမ်းချမ်းသင့်သင့်မြတ်မြတ် နေထိုင်လာခဲ့ကြတယ်။ မော်ဝါဒီတော်လှန်ရေးက သူတို့(မွတ်စ်လင်မ်)တွေရဲ့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေအတွက် လမ်းခင်းပေးလိုက်ပါတယ်” ဟု Hussain က ဗလီဝတ်ကျောင်းပရ၀ုဏ်ထဲရှိ သူ၏ရုံးခန်းငယ်လေးတွင် ပြောပြသည်။

    သို့သော် မော်ဝါဒီတော်လှန်ရေး(၁၉၉၆-၂၀၀၆) ကြောင့် လက်ရှိနှစ်များအတွင်း သူတို့သည် လူ့မြင်ကွင်းသို့ရောက်ရှိကာ နှုတ်ကိုဖွင့်ဟလာစေခဲ့သည်။

    မော်ဝါဒီတို့ဦးဆောင်သော ဒီမိုကရေစီနည်းကျ ရွေးချယ်ခံအစိုးရ အာဏာရလာသည့် ၂၀၀၈ ခုနှစ်တွင် သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းလိုက်သည်။ ထိုနှစ်မှာပင် မွတ်စ်လင်မ်တို့၏ပွဲတော်ရက်များကို အများပြည်သူအားလပ်ရပ်များအဖြစ် ပထမဆုံး ကြေငြာပေးခဲ့သည်။

    np 2
    အိန္ဒိယနိုင်ငံ၊ အ၀ါ့ဇ်ပြည်နယ်လေး၏ဘုရင်မ Begam Hazrat Mahal ၏ ဂူဗိမာန်

    သေတွင်းမှ လွတ်မြောက်ခြင်း

    ခတ္တမန္ဒုမြို့မှ ၅၀၀ ကီလိုမီတာဝေးကွာပြီး အိန္ဒိယနယ်စပ်အနီး Banke ခရိုင်ရှိ မွတ်စ်လင်မ်တို့၏အိမ်များတွင် ကုရ်အာန်စာသားများပါဝင်သော အလံစိမ်းများ လွှင့်ထူထားသည်ကို တွေ့ရ၏။ ၎င်းမှာ တောင်အာရှသား မွတ်စ်လင်မ်အများစုကကျင်းပလေ့ရှိသည့် တမန်တော်မုဟမ္မဒ်ဖွားမြင်တော်မူခြင်း အထိမ်းအမှတ်ပွဲတော် ကျင်းပနေခြင်းဖြစ်သည်။

    ယင်းသို့ လူထုအခင်းအကျင်းတို့မှာ နီပေါနိုင်ငံ၏ လူနည်းစုဝင်များ၊ တိုင်းရင်းအုပ်စုများ၏ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများအပေါ် အစိုးရသစ်၏ အသိအမှတ်ပြုခြင်းကို ပေါ်လွင်နေစေသည်။

    Banke သည် တောင်ပိုင်းလွင်ပြင်၌ တည်ရှိပြီး Tarai (၀ါ) Madhes ဒေသအဖြစ် လူသိများသည်။ မွတ်စ်လင်မ်လူဦးရေပမာဏအားလုံး၏ ၉၅ ရာခိုင်နှုန်းက ထိုဒေသတွင် မှီတင်းနေထိုင်လျက်ရှိကြသည်။ အများစုမှာ ဆင်းရဲနွမ်းပါး၍ အိမ်ပိုင်မြေပိုင် မရှိကြချေ။ သူတို့သည် Madhesi နယ်သားများပင်ဖြစ်သော်လည်း နိုင်ငံရေးကိုယ်စားပြုခွင့်မရှိကြ၊ အလုပ်အကိုင်လောကတွင်လည်း Madhesi နယ်သားတို့၏ ကျယ်ပြန့်စွာ ခွဲခြားဆက်ဆံမှုကို ခံနေကြရသည်။ စီးပွားရေးနယ်ပယ်ထဲ တံတားခင်းနိုင်သူ လက်တစ်ဆုပ်စာမျှသာရှိ၏။ ၎င်းတို့အနက်အပါအ၀င်တစ်ဦးဖြစ်သော အလမ်းခန်း(၂၈ နှစ်)သည် Banke ရှိ Nepalgunj နယ်သားဖြစ်ပြီး၊ Madhes ဒေသအတွင်း တရားလက်လွှတ်သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ မတရားဖမ်းဆီးမှုများအပေါ် ဆန့်ကျင်လှုပ်ရှားမှုများကို ဆောင်ရွက်နေသော THRD Alliance – NGO ၌ တာဝန်ထမ်းဆောင်နေသည်။

    ၂၀၀၇ ခုနှစ် Madhesis နယ်သားတို့မှ ခွဲခြားဆက်ဆံမှုအပေါ် ဆန္ဒပြမှုစတင်ချိန်တွင် ၁၇ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ခန်းက Rani Talau ဒေသရှိ

    np 5
    နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒုမှ ဂျာမေ့ဗလီဝတ်ကျောင်းတော်

    သူ၏ရုံးခန်းငယ်လေးတွင် “ဂုဏ်သိက္ခနဲ့ရှင်သန်ခွင့် နဲ့ လူ့အခွင့်အရေးကို လူတိုင်း ရရှိဖို့ လိုပါတယ်” ဟု ပြောကြားသည်။

    Madhesis တို့သည် နယ်စပ်တစ်ဖက်မှ အိမ်နီးချင်းအိန္ဒိယသားတို့နှင့် ယဉ်ကျေးမှုအရ နီးစပ်မှုရှိကြသည်။ တောင်တန်းဒေသများရှိ အထက်တန်းလွှာ နီပေါလူမျိုးတို့သည် တိုင်းပြည်၏စီးပွားရေးနှင့် နိုင်ငံရေးကို လက်ဝါးကြီးအုပ်နေခဲ့ကြောင်း ၎င်းတို့က ဆိုကြသည်။

    THRD Alliance ၌ အလုပ်မ၀င်မီ ခန်းသည် စာနယ်ဇင်းသမားတစ်ဦးဖြစ်ခဲ့သည်။
    “မြေအောက်လှုပ်ရှားသူ Madhesi ခေါင်းဆောင်တစ်ဦးနဲ့ အင်တာဗျူးခဲ့တဲ့အတွက် ကျွန်တော့်ကို လူသတ်မှုနဲ့ ဆူပူထကြွအောင်လှုံ့ဆော်မှုနဲ့ ဖမ်းဆီးခဲ့တယ်။ ဒါပေမယ့် သူတို့ ဘာမှ သက်သေမပြနိုင်ခဲ့ဘူး။ ဒါဟာ ကျွန်တော့်အနေနဲ့ သေတွင်းကလွတ်မြောက်သွားခြင်းပါပဲ”။

    ယခုအခါ သူသည် တရားလက်လွတ်သတ်ဖြတ်ခြင်း၊ ဥပဒေမဲ့ထိန်းသိမ်းခြင်းတို့ကို မှတ်တမ်းပြုစုရန် နီပေါတခွင် ခရီးနှင်လျက်ရှိသည်။ သူ့မိသားစုနှင့်မတူကွဲပြားစွာ မွတ်စ်လင်မ်မဟုတ်သော မာဂါတိုင်းရင်းသူတစ်ဦးကို ထိမ်းမြားထားသည်။

    “ကျွန်တော် ရဲစခန်းမှာ ထိန်းသိမ်းခံရစဉ်က ကျွန်တော့်ကို သူမ ရပ်တည်ပေးခဲ့တယ်။ အဲ့ဒီမှာ သူမကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ”။

    မိမိ၏မိသားစုလည်း ထိုစဉ်ကတည်းက မိမိ၏ဇနီးအဖြစ် လက်ခံလိုက်ကြောင်း၊ သူမသည် ယခုအခါ သူနာပြုတစ်ဦးဖြစ်ရန် သင်ယူလေ့လာနေကြောင်း ခန်းက ပြောပြသည်။

     

    np 3
    ခတ္တမန္ဒု ရှိ ကက်ရှ်မီရီ တာကီယာ ဗလီဝတ်ကျောင်းတော်တွင် မွတ်စလင်များ ၀တ်ပြုနေပုံ

    ၂၀၀၈ ခုနှစ်တွင် မွတ်စ်လင်မ်ပွဲတော်များကို အများပြည်သူအားလပ်ရပ်များအဖြစ် ကြေငြာခဲ့သည် (ဓာတ်ပုံ – Prabhat R Jha/Al Jazeera)

    ပညာရေးအခွင့်အလမ်း ဆုံးရှုံးနေဆဲ

    ဘာသာကွဲထိမ်းမြားမှုများ မရှိသလောက်ရှားပါးလှသည့် နိုင်ငံအတွင်း ခန်းသည် လူ့အသိုင်းအ၀ိုင်းစံနှုန်းများကို ချိုးဖျက်လိုက်ပြီး ရှေ့ဆက်ရင်ဆိုင်ရန် အားမွေးထားသည်။

    နိပေါနိုင်ငံ၏ အကြောင်းမလှဆုံးအုပ်စုများတွင် မွတ်စ်လင်မ်အမျိုးသားအမျိုးသမီးများ ပါဝင်နေကြသည်။

    မွတ်စ်လင်မ်အမျိုးသမီးများအနက် ၂၆ ရာခိုင်နှုန်းသာ စာပေတတ်မြောက်ကြသည်။ နိုင်ငံ့အမျိုးသမီးများ၏ ပျမ်းမျှဦးရေ ၅၅ ရာခိုင်နှုန်းမှာ စာပေတတ်မြောက်ကြသော်လည်း အလယ်တန်းကျောင်းအဆင့်အထိ တက်ရောက်ဖူးသူ မွတ်စ်လင်မ်မိန်းကလေး ၁၂ ရာခိုင်နှုန်းမျှသာ ရှိနေ၏။

    Nepalgunj ဂျာမေ့ဗလီဥက္ကဋ္ဌဟောင်း အဗ်ဒုရ်ရဟ်မာန်း (၅၂ နှစ်)က လူထုစာသင်ကျောင်းစနစ်နှင့် အစ္စလာမ့်တန်ဖိုးတရားအချို့အကြား ရင်ဘောင်တန်းမရနိုင်သည့်အမြင်တစ်ရပ်ကို သိမ့်မွေ့ချိုသာစွာ ပြောပြပါသည်။

    “ပူရ်ဒဟ်(ဟိဂျာ့ဗ် သို့မဟုတ် နိကာ့ဗ်) ဆင်ယင်ထားတဲ့ မွတ်စ်လင်မ်မိန်းကလေးတွေအပေါ် စူးစမ်းမှုတွေ ရှိကြတယ်။ သူတို့ကို လူမျိုးခြားတွေလို ကြည့်ရှုဆက်ဆံခံရတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာနှိပ်စက်ခြင်းတစ်မျိုးပါပဲ။ အစိုးရအနေနဲ့ မွတ်စ်လင်မ်တွေရဲ့ပညာရေးနဲ့ပတ်သက်ပြီး (ပညာသင်ဆု ဒါမှမဟုတ် ငွေကြေးအကူအညီ) အထူးအစီအစဉ်တစ်ရပ်ဖြစ်စေ၊ အစ္စလာမ့်တန်ဖိုးတရားနဲ့အညီ ကျွန်တော်တို့ရဲ့ကလေးတွေကို လွတ်လပ်စွာ ပညာသင်ကြားခွင့်ဖြစ်စေ ဆောင်ရွက်ပေးသင့်တယ်”။

    ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ ဘွဲ့ရနှင့် ဘွဲ့လွန် မွတ်စ်လင်မ်ဦးရေမှာ ၅၀၀၀ ပင် မပြည့်ခဲ့။

    np 4
    ၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ ဘွဲ့ရနှင့် ဘွဲ့လွန် မွတ်စ်လင်မ်ဦးရေမှာ ၅၀၀၀ ပင် မပြည့်ခဲ့။

    တော်လှန်ရေးအလွန် ဒီမိုကရက်တစ်အာဏာပိုင်များက လူ့အဖွဲ့အစည်းအရေးအရာများကို အသိအမှတ်ပြုခဲ့သည်။ မဒ်ရဆာ ဘာသာရေးစာသင်ကျောင်းငယ်များကို မွတ်စ်လင်မ်များအကြား ပညာရေးတိုးတက်မြင့်မားလာနိုင်ရေးကဏ္ဍတစ်ရပ်အဖြစ် သတ်မှတ်ပေးခဲ့သည်။

    မဒ်ရဆာ ဘုတ်အဖွဲ့ကို ၂၀၀၇ ခုနှစ်တွင် ပထမဆုံးအကြိမ်ဖွဲ့စည်းပြီး နိုင်ငံတွင်းမွတ်စ်လင်မ်အများအပြား အသုံးပြုနေသော အူရဒူဘာသာစကားဖြင့် သင်ကြားနိုင်အောင် သင်ရိုးများကို စီစဉ်ပေးသည်။

    အခြားတိုင်းရင်းအုပ်စုများအသုံးပြုနေကြသည့် မာဂါ နှင့် တမန်း ဘာသာစကားများကိုလည်း အသိအမှတ်ပြုခဲ့သည်။ ၎င်းမှာ ပဒေသရာဇ်ခေတ်ကာလအတွင်း နီပါလီဘာသာစကားကိုသာ ဦးစားပေးခဲ့ခြင်းနှင့် ပြတ်ပြန်သားသား ကွဲပြားခြားနားချက်ပင်ဖြစ်သည်။

    မဒ်ရဆာကျောင်းများသည် တရားဝင်မှတ်ပုံတင်ပြီး သိပ္ပံ၊ သင်္ချာ၊ အင်္ဂလိပ်နှင့် နီပါလီ(နီပေါဘာသာစကား)ဘာသာရပ်များကိုပါ သင်ကြားပေးမည်ဆိုပါက ဘဏ္ဍာရေးထောက်ပံ့မှုပေးမည်ဟု အစိုးရက ကတိက၀တ်ပြုခဲ့သည်။

    သို့သော် ယင်းမူဝါဒကြေငြာပြီး ၁၀ နှစ်ခန့်အကြာတွင် မဒ်ရဆာကျောင်း ၂၀၀၀ အနက်တစ်ဝက်ကျော်မှာတရားဝင်မှတ်ပုံတင်ပြီးသော်လည်း လုံလောက်သည့်အကူအညီမရကြောင်း စောဒတက်ဝင်လာကြသည်။

    အင်္ဂလိပ်စာပေနှင့်တွဲ၍သင်ကြားပေးနေသော အာအိရှဟ်ဘာ့နသ် မိန်းကလေးကျောင်း၏ဦးစီး Badre Alam Khan က အစိုးရအထောက်အပံ့ လုံလောက်စွာ မရရှိကြောင်း ဆိုသည်။ ယင်းမဒ်ရဆာသည် ၂၀၀၆ ခုနှစ်တွင် ကျောင်းသူ ၆ ဦးနှင့် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ မိန်းကလေးပေါင်း ၄၀၆ ဥိးကို သင်ကြားပေးနေသည်။ အခြေခံလိုအပ်ချက်များ၊ စာသင်ဆရာများ ပြည့်စုံလုံလောက်မှု မရှိတော့သဖြင့် ကျောင်းသူများကို ထပ်မံလက်ခံသင်ကြားပေး၍ မရနိုင်တော့ကြောင်း ရှင်းပြသည်။

    “ဒီမဒ်ရဆာကျောင်းကို စဖွင့်ကတည်းက မိန်းကလေးတွေက ပူရ်ဒဟ် ဆင်ယင်ခွင့်ပြုခဲ့ပါတယ်။ ခေတ်ပညာရေးနဲ့ အစ္စလာမ့်ပညာရေးကို မျှတအောင် ကျွန်တော်တို့ သင်ကြားပေးနေပါတယ်” ဟု ကျောင်းအုပ်ဖြစ်သူ Talat Parveen က ဆိုသည်။ Talat Parveen (၂၈ နှစ်)သည် အိန္ဒိယနိုင်ငံ ဂိုရာ့ပူးရ်မြို့သူဖြစ်ပြီး သူမ၏ခင်ပွန်းမှာ နီပေါမှဖြစ်သည်။ အဆင့်မြင့်ပညာရေးကိုရရှိလာပါက နိုင်ငံတွင်း မွတ်စ်လင်မ်အများအပြားမှာ ဆင်းရဲတွင်းမှ လွတ်မြောက်လာနိုင်ကြောင်း သူမ ယုံကြည်ထားသည်။

    “အဆင့်မီပညာရေးကိုသင်ကြားပေးနိုင်တဲ့ ကောလိပ်နဲ့ စာသင်ကျောင်းတွေ ပိုမိုများပြားလာဖို့ လိုအပ်နေပါတယ်။ ပူရ်ဒဟ်က ရှင်တို့(အခြားသူများ)ကို ဘာမှမထိခိုက်စေပါဘူး။ ကျွန်မ အင်္ဂလိပ်စာမဟာဘွဲ့ ရရှိထားသူပါ။ ဒီနိကာ့ဗ်က ဒီဘွဲ့အတွက် ဘာအတားအဆီးမှ မဖြစ်ခဲ့ပါဘူး”။

    ပညာရေး၊ ကျောင်းဆောင် အခမဲ့စနစ်နှင့် ပညာသင်ဆုများကဲ့သို့ အထူးအစီအမံများ ဆောင်ရွက်ပေးမည်ဆိုလျှင် မွတ်စ်လင်မ်တို့အား ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်လိမ့်မည်ဟု အသက် ၃၆ နှစ်အရွယ် လူမှုဝန်ထမ်းဖြစ်သူ အဗ်ဒုလ်ကာရီက ယုံကြည်ထား၏။ သို့သော် “ဒါတွေကို ဘာမှလုပ်မထားပေးဘူးဗျ” ဟု သူက ဆိုပါသည်။

    np 6
    Nepalgunj ရှိ မဒ်ရဆာကျောင်း စာသင်ခန်းတစ်ခု

    တောက်ပလာမည့် အနာဂတ်

    နိုင်ငံလူဦးရေ သန်း ၃၀ အနက် ၅ ရာခိုင်နှုန်းခန့်ရှိသော မွတ်စ်လင်မ်တို့သည် သီးခြားဆန်သည့်အုပ်စုအဖြစ် လူ့အဖွဲ့အစည်းခေါင်းဆောင်များက အမြင်ရှိနေကြသည်။

    “Madhes နယ်မှာ နေထိုင်နေကြပေမယ့် မွတ်စ်လင်မ်တွေဟာ အခြားအုပ်စုတွေနဲ့ မတူကွဲပြားမှု ရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဝိသေသအနေနဲ့ကလည်း ယဉ်ကျေးမှု၊ ဘာသာစကား၊ စီးပွားရေးဆောင်ရွက်ပုံတွေအပေါ် မူတည်ပြီး ကွဲပြားစရာတွေ ဖြစ်နေပါတယ်” ဟု Unified Communist Party of Nepal မှ ဒေသခံမော်ဝါဒီခေါင်းဆောင် Hussain Faruqi က ဆိုသည်။

    ၂၀၁၅ ခုနှစ်တွင် သက်ဝင်လှုပ်ရှားလာသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်၌ ပထမဆုံးအနေဖြင့် မွတ်စ်လင်မ်တို့အား ဒုတိယတန်းစားအုပ်စုဝင်များစာရင်းအတွင်း ထည့်သွင်းပေးထား၏။ ၎င်းအပြင် ပြည်သူ့ဝန်ထမ်းအရေအတွက် ၁ ရာခိုင်နှုန်းမျှသာရှိနေသော မွတ်စ်လင်မ်တို့အတွက် အလုပ်အကိုင်ဝေစုတစ်ရပ်ပေးရန် လျာထားခဲ့၏။

    အနာဂတ်နှင့်ပတ်သက်ပြီး အကောင်းမြင်ကြသူ မွတ်စ်လင်မ် အမြောက်အများ ရှိနေကြပါသည်။ နီပေါနိုင်ငံရှိ အခြားမြို့များထက် မွတ်စ်လင်မ်ဦးရေများပြားသည့် Nepalgunj ၌ မွတ်စ်လင်မ်လူနည်းစုသီးသန့်ပိုင် ရေဒီယိုအသံလွှင့်ဋ္ဌာန၊ စာသင်ကျောင်းများ၊ စေတနာ့ဒါနအဖွဲ့အစည်းများကို ဂုဏ်ယူစဖွယ် တွေ့ကြရသည်။

    နီပေါမွတ်စ်လင်မ်တို့၏အလားအလာနှင့်ပတ်သက်၍ လက်ရှိအစိုးရ၏ညွှန့်ပေါင်းအဖွဲ့နိုင်ငံရေးပါတီဝင်ဖြစ်သော Faruqi မှ အကောင်းဆုံးကို မျှော်လင့်ထားပေသည်။

    “အီးဒ်နေ့တွေကို အားလပ်ရက်အဖြစ် ကြေငြာထားပြီးပြီ၊ မွတ်စ်လင်မ်ကော်မရှင်နဲ့ မဒ်ရဆာဘုတ်အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီ။ နီပေါက မွတ်စ်လင်မ်တွေအတွက် အခွင့်အရေးပိုမိုရရှိအောင် ကျွန်တော်တို့ပါတီက ဆက်လက် တိုက်ပွဲဝင်သွားဦးမှာပါ”။

    np 7
    နီပေါနိုင်ငံတောင်ပိုင်း Nepalgunj မြို့တွင် စက်ဘီးစီးနင်းနေကြသော မွတ်စ်လင်မ်စုံတွဲအား တွေ့ရစဉ်

     

    (Ref : The Muslims of Nepal: Coming out of the shadows By Saif Khalid; Al Jazeera)
    (ဘာသာပြန် – မင်းထွဋ်ခေါင်)