News @ M-Media
Category: ဆောင်းပါး
  • မိတ်ဆွေများနှင့် ချစ်ခွင့်ဟာ ရန်သူဆီကပဲ ရခဲ့တယ်
    မိတ်ဆွေများနှင့် ချစ်ခွင့်ဟာ ရန်သူဆီကပဲ ရခဲ့တယ်
    နိုဝင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    ညီသွေး ရေးသည်။
    Burma_8888_Ceremony_web_130907_672
    အမည်းတစ်စက်
    ကောင်းကင်နဲ့မြေကြီး လွဲသလို နည်းနည်းလေးပဲလွဲသွားတာပါ။ သမ္မတကြီး မိန့်ခွန်းတွေမှာ အမြဲတမ်းပါနေတဲ့ မြင်သာတဲ့ နိုင်ငံရေ အသွင်ကူးပြောင်းမှုဆိုတာ ဒါကိုခေါ်ပါသလား။ ဤပုံကိုကြည့် အဝေးကပင်မြင်နိုင်ပါ၏ ဆိုသလို လက်ခုပ် တစ်ဖောင်းမကမြင်တဲ့ ခြံစည်းရိုးကိုကျော်၊ သံဆူးကြိုးကိုခွ၊ ခနော်ခ နဲ့ ၀ါးလှေခါးနဲ့ အတက်အဆင်းလုပ်၊ ပဲခူးမြို့နယ်သာယာကုန်းကျေးရွာက ခလေးအရွယ်လူမမယ် မူလတန်းကျောင်းသားလေးတွေရဲ့ နေ့စဉ်ကျောင်းသွားကျောင်းပြန်ခရီးရဲ့ ခက်ခဲကြမ်းတမ်းလွန်းလှတဲ့ ပုံရိပ်တစ်ပိုင်းတစ်စ။ ဒီကလေးတွေ ကျောင်းသားနေရတာနဲ့ မတူတော့ဘူး။ DSA စစ်သင်တန်းကျောင်းသွားတက်နေရတာနဲ့ တူနေပြီ။ ဘယ်လိုအတွေးအခေါ်တွေနဲ့များ ဒီတံတိုင်းကို ခတ်ခဲ့သလဲဆိုတာတော့ မသိဘူး။ လုပ်ခိုင်းတဲ့သူ တာဝန်ခံတွေရဲ့ ဦးနှောက်ကိုတော့ သေရင်တောင် ဆေးစိမ်ပြီး ထိန်းသိမ်းထားရမဲ့ပုံပဲ။ ထမင်းချိုင့်တစ်ဖက်၊ ကျောပိုးအိတ်ကြီး တစ်ဖက်နဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့ဒုက္ခကိုကြည့်ပြီး အစိုးရလူကြီးမင်းများ ဘယ်လိုခံစားရသလဲတော့ မသိ။ အဖေ အမေ အဘိုး အဘွားတွေကတော့ ဒီပုံကိုကြည့်ပြီး ရင်နာလို့ ပြစ်ပြစ်နှစ်နှစ်မေတ္တာပို့ကြတာ အသံတွေလျှံနေပါပြီ။ နိုင်ငံတော်အစိုးရရဲ့ ပွင့်လင်းမြင်သာပြုပြင်ပြောင်းလဲရေး ခရီးလမ်းမှာ တင်ကျန်နေရစ်မယ့် အမည်းတစ်စက်အဖြစ်တော့ မှတ်တမ်းဝင် ပုံရိပ်ဖြစ်ခဲ့ပါပြီ။
    ကျေးဇူးဆပ်လိမ့်မယ်
    ပထမ ဦးနေဝင်းအစိုးရ (၂၆) နှစ်နောက် စစ်အစိုးရနဲ့ အသွင်ပြောင်းအရပ်သား အစိုးရ (၂၆) နှစ်ပေါင်း (၅၄) နှစ်အတွင်းမှာ အာဏပိုင်တွေရဲ့ နှိပ်ကွက်မှု၊ ခရိုနီတွေရဲ့ ဖိနှိပ်မှု၊ ကုန်ဈေးနှုန်းတွေရဲ့ထုထောင်းမှု၊ စားဝတ်နေရေးကျပ်တည်းမှုကြောင့် ပြည်သူဟာနလံမထူနိုင်သေးပါဘူး။
    အရင်ခေတ်က ကျောင်းသားနဲ့ ဆန္ဒပြ အရပ်သားတွေဟာ အချုပ်ခန်းနဲ့ ထောင်တို့ရဲ့ သည်းခြေကြိုက်လူတန်းစား။ နောက်ဒီမိုကရေစီလို့ခေါ်ဆိုနေတဲ့ အရပ်သားအစိုးရ ခေတ်ရောက်တော့မှပဲ တောင်သူဦးကြီးတွေ၊ လယ်သမားတွေ၊ စက်ရုံအလုပ်ရုံ ၀န်ထမ်းတွေကိုလည်း ထောင်တွေ အချုပ်ခန်းတွေက ကြိုက်ကြတယ်ဆိုတာ မြင်ခဲ့သိခဲ့ရပါပြီ။ တောင်သူလယ်သမားတွေကို ဖမ်းဆီးထောင်ချတယ်ဆိုတာ မြန်မာနိုင်ငံကို နှစ်(၁၀၀) ကျော်နည်းမျိုးစုံနဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်ကိုလိုနီခေတ်ကပဲ ရှိခဲ့ဖူးတယ်။ အခုခေတ် လူငယ်တွေဆို ဆရာစံ အရေးတော်ပုံ၊ ၁၃၀၀ ပြည့်အရေးတော်ပုံဆိုတာ ဖတ်စာအုပ်ထဲမှာပဲ ဖတ်ဖူးကြားဖူးကြမှာပါ။ အခု ကိုလိုနီခေတ်ကို ပြန်သတိရပြန်တမ်းတ လွမ်းရအောင် တောင်သူလယ်သမားအရေးအခင်းပြန်လုပ်ပေးနေတဲ့ အစိုးရကိုကြံဖန်ကျေးဇူးတင်ရမှာပါ။ မကြာခင်တောင်သူဦးကြီးများကလည်း ၂၀၁၅ ပြည့် အရေးတော်ပုံတို့၊ လက်ပံတောင်းတောင် အရေးတော်ပုံတို့နဲ့ ပြန်ပြီး တုံ့ပြန်ကျေးဇူးဆပ်ကြပါလိမ့်မယ်။
    အရာရာအားလုံးကို အဆုံးသတ်ပေးမယ့် အရာကတော့ အမှန်တရားဆိုတာပါပဲ။ အလွန်အင်အားကြီးမားပါတယ်ဆိုတဲ့ ဟစ်တလာကို အဆုံးသတ်ပေး ပါတယ်။ ပြည်သူတွေ အကြောက်ကြီးကြောက်ခဲ့ရတဲ့ ကဒါဖီတို့ ဆဒမ်ဟူစိန်ကို အဆုံးသတ်ပေးပါတယ်။
    ငါးဖယ်နှင့်တူသောပြည်သူများဖြစ်လာပုံ
    ကျွန်တော်တို့ပြည်သူတွေဟာလည်း တဖြည်းဖြည်းနဲ့ ခေတ်မီလာပါပြီ။ နှစ်ပေါင်း များစွာ၊ နည်းပြပေါင်းများစွာ၊ သင်္ခန်းစာပေါင်းများစွာ၊ ကန်ချက်ပေါင်းများစွာနဲ့ ပွဲပေါင်းများစွာတိုးလာရတဲ့ ပြည်သူလူထုဆိုတဲ့အသင်းဟာ ဘယ်အသင်းနှင့်မဆိုရင်ဆိုင်နိုင်လောက်တဲ့အထိ ခြေတက်လာခဲ့ပါပြီ။
    ဒီနေရာမှာ ဆိုက်ဘီးရီးယားကနေ ဂျပန်ကိုငါးအရှင်ရအောင် တင်ပို့တဲ့အကြောင်းလေး သတိရမိတယ်။ ငါးအစိမ်းကြိုက်တဲ့ဂျပန်တွေအတွက် လတ်လတ်ဆတ်ဆတ်ငါး အရှင်တွေကို ယေယာဉ်နဲ့တင်ပို့တဲ့ အခါ လေယာဉ်မူးတဲ့ ဒဏ်နဲ့ ငါး ၄၀% လောက်လမ်းမှာတင် သေဆုံးကုန်တယ်။ သေတဲ့ငါးတွေ အကြောင့်တွက်ခြေ မကိုက်ဘဲ နစ်နာဆုံးရူံးမှု များလာလို့ သုတေသနလုပ် အဖြေရှာတဲ့အခါ တစ်ယောက်က ငါးသေတ္တာထဲကို ဂဏန်း ထည့်ဖို့အကြံပြုတယ်။ ဂဏန်းဆိုတာ ငါးရဲ့ရန်သူငါးတွေ ပိုတောင်သေအုံးမယ် မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ နောင်ဆုံးစမ်းသပ် ထည့်ကြည့်လိုက်တဲ့အခါ ရလာဒ်က ဂဏန်းထည့်လို့သေတဲ့ ငါးသေတ္တာထဲကငါးတွေရဲ့သေနှုန်း ၅%လောက်ပဲရှိတော့တယ်။ ဂဏန်းရဲ့တိုက်ခိုက်မှုကိုခံရတဲ့ ငါးတွေဟာ သတ္တိရှိလာတယ်။ လေယာဉ်မူးတဲ့ ဒဏ်တွေဘာတွေ မမှုတော့ဘူး။ အသက် ရှင်သန်ဖို့အတွက် ရင်ဆိုင်ကာကွယ်နေရင်းနဲ့ပဲ သာမန်ထက် အင်အားတွေမြင့်လခဲ့တယ်။ ဂဏန်း ကိုက်မှုကြောင့် ငါးအချို့သေဆုံးခဲ့ပေမဲ့ ငါးအများစုကတော့ ခုန်လှုပ် ရုန်းကန်နေတဲ့အတွက် ပိုမိုကျစ်လစ် ပိုလတ်ဆတ်စေခဲ့ပြီး နဂိုထက်တောင် အရသာကောင်းမွန်စေခဲ့တယ်တဲ့။
    အခုလည်း ဂဏန်းတွေနဲ့တူတဲ့ စစ်အာဏာရှင်တွေ ခရိုနီတွေရဲ့ကိုက်ခဲ ၀ါးမြိုမှုကြောင့် ပြည်သူတွေပိုပြီး မာကျောကျစ်လစ်လာတာ၊ စည်းလုံးညီညွတ်လာတာ၊ လှုံ့ဆော်လှုပ်ရှားမှုတွေ၊ ဆန္ဒဖော်ထုတ်မှုတွေ ဖိနှိပ်နေတဲ့ကြားက ပိုများလာတာ ဒီသဘောပါပဲ။ ထုလေမာလေ ငါးဖယ်လို ပြည်သူတွေတဖြည်းဖြည်းဖြစ်မှန်း မသိဖြစ်လာတာ နောင်တစ်ချိန် ငါးဖယ်နှင့်တူသော ပြည်သူများဖြစ်လာပုံဆိုပြီး သမိုင်းသစ်တွင် အုံးမှာပါ။
    ညှီသောအစိုးရ
    အာဏာခြံလုံဖို့အတွက်ဆို ဖြူနှင်းထွေးလို (၂၄) နှစ်အရွယ်မပြောနဲ့ မိချောင်းကန် သပိတ်စခန်းက အသက် (၇၀) ကျော် အဖွားအို သေဆုံးသွားတာလည်း မဖြေရှင်းပေးပဲ ထိုင်ကြည့်နေနိုင်တဲ့ အစိုးရ။ ဘုရားနဲ့ တစ်ကိုင်းတည်းထားရမယ့် သံဃာတော်တွေလည်း မရှောင်။ စေတီပုထိုးကျောင်းကန်တွေလည်း မလွတ်။ ဒီလို နှလုံးရည်ပြည့်ဝတဲ့ အစိုရပါ။ လက်ရုံးရည်လည်းကြည့်ကြပါဦး။
    အပ်တို တစ်ချောင်းမျှမရှိရှာတဲ့ သံဃာတွေ၊ ပြည်သူတွေရဲ့သပိတ်စခန်းတွေ ကျောင်းသင်္ခန်းတွေကို ဝင်ရှင်းတဲ့နေရာမှာဆို မက္ကဆီကို ဘိန်းချက်စခန်းတို့၊ အစွန်းရောက် IS စခန်းတွေဝင်ရောက်စီးနင်းတဲ့ ကွန်မန်ဒိုတွေထက် ပိုသွက်တယ်။
    .ပြည်သူလူထု လုံခြုံရေး အတွက်တော့ ရဲစခန်းထဲ ဝင်ပြေးတော့မှ စခန်းမှုးစားပွဲရှေ့ အသက်ပေးလိုက်ရတဲ့ သူနဲ့၊ တရားရုံးထဲကျမှ သေပွဲဝင်ရရှာတဲ့သူနဲ့၊ အုပ်စုဖွဲ့လူသတ်မှု ကျူးလွန်နေတာတွေကို ရပ်ကြည့်နေတဲ့ရဲတပ်ဖွဲ့တွေနဲ့ တက်ညီလက်ညီ အဖွဲ့ဝင်တွေစုံညီပါတဲ့ ကျွန်တော်တို့ရဲ့ ညှီသော အစိုးရပါပဲ။
    စိတ်ကျန်းမာရေးဆေးရုံသို့
    ပွဲဆူဖို့အတွက် ပြည်သူတွေ လမ်းလွဲဖို့အတွက် ဆိုလျှင်တော့ ပြည်သူ သန်း (၅၀) ကျော်ကို ဗြောင်လိမ်ခဲ့တဲ့ ခေါင်းလောင်းဆယ်မယ်ဆိုတဲ့ မောင်စံရွီး အဲလေ မောင်စံလင်းတို့ အဖွဲ့ကို အရေးမယူတဲ့ အပြင် ယုံမိတဲ့ပြည်သူကိုတောင် အယုံလွယ်လို့ ခပ်ညံ့ညံ့ပြည်သူဆိုပြီး အပြစ်တင်လိုက်ပါသေးတယ်။
    တစ်ကယ်ဆို ခေတ်မီဖွံ့ဖြိုး တိုးတက်နေတဲ့ ခေတ်ကြီးမှာ ရွှေရောင်နဂါးကြီးတွေ ငဇင်ကာ ပင့်တယ်ဆိုတာတွေ ဘာညာနဲ့ ကြောင်တောင်တောင်ထလုပ်တဲ့ ကိစ္စတွေကို အရေးမယူတောင် စိတ် ကျန်းမာရေးဆေးရုံတို့ ဘာတို့ ကြတ်မတ်ပြီး ပို့ပေးသင့်တယ်မလား။ အခုတော့ ရှေ့ကလူကို အရေးမယူတော့ နောက်ကတစ်ဖွဲ့က ပွဲဆူမလားထပ်ပြီး သွေးတိုးစမ်းဦးမယ်ဆိုပဲ။ ခေါင်းလောင်းဖော်မယ့် အစား ကျောင်းကောင်းကောင်းတွေ ဖော်ဆောင်ကြလျှင်ဖြင့် မိဘပြည်သူ နတ်လူ သာဓုခေါ်ခံရပါလိမ့်ဦးမည်။
    အမှန်တရားက အဆုံးသတ်ပေးတယ်
    ၂၀၁၅ ပန်းတိုင်ကြီးက နီးလာပါပြီ။ ပန်းတိုင်နဲ့နီးလာသလောက် ဆန္ဒပြပွဲတွေ၊ ပဋိပက္ခတွေ၊ သပိတ်တိုက်ပွဲ ဆင်နွဲမှုတွေနဲ့ ပန်းတိုင်ပျောက်မယ့် လမ်းလွဲတွေကလည်း ဝေစည်လာပါတယ်။ ပြည်သူကဖြစ်ချင်နေတာတွေ ဘာတစ်ခုမှ မဖြစ်သေးဘူး။ ဖြစ်သင့်တဲ့အရာတွေလည်း ဖြစ်မလာသေးဘူး။ ဖြစ်သွားတဲ့ အရာတွေကလည်း တစ်ခုမှ ကောင်းကွက်မရှိ။ အဖြူတစ်စက် အနက်တစ်ရာဆိုတဲ့ စကားကို သရုပ်ဖော်နေတဲ့ ပြကွင်းပြကွက်တွေ ချည်းထိုင်ကြည့်နေရတဲ့ ပရိသတ်ပြည်သူသာ မျှော်ရင်းနဲ့သာ ပေါ်မလာလည်တိုင်တွေသာ ကျီးပေါင်းထခဲ့ရပြီ။ ဒါပေမယ့် ဘယ်လို ဇာတ်လမ်းတွဲပဲဖြစ်ဖြစ် ဇာတ်သိမ်းခန်းဆိုတာရှိပါတယ်။ အရာရာအားလုံးကို အဆုံးသတ်ပေးမယ့် အရာကတော့ အမှန်တရားဆိုတာပါပဲ။
    အလွန်အင်အားကြီးမားပါတယ်ဆိုတဲ့ ဟစ်တလာကို အဆုံးသတ်ပေး ပါတယ်။ ပြည်သူတွေ အကြောက်ကြီးကြောက်ခဲ့ရတဲ့ ကဒါဖီတို့ ဆဒမ်ဟူစိန်ကို အဆုံးသတ်ပေး ပါတယ်။ ဘဝမှာ ဘုရင်ခံဖြစ်ခဲ့ပေမယ့် အာဇာနည်တွေကို လုပ်ကြံခဲ့လို့ ကြိုးစင်တက်ခဲ့ရတဲ့ဂဠူန်ဦးစော၊ မတရားဖိနှိပ်ခံရတဲ့ တောင်သူလယ်သမားအရေး အတွက် အကျိုးစွန့် တော်လှန်ပုန်ကန်ခဲ့တဲ့ ဂဠူန်ဆရာစံ ကြိုးစင်တက်ရတာချင်း အတူတူ သူတို့ရရှိခဲ့တဲ့ သမိုင်း ရလာဒ်ချင်းကတော့ မိုးနဲ့မြေကွာခြားပါတယ်။ အာဏာရှင် ဦးနေ၀င်းရဲ့နောက်ဆုံးခရီးမှာ လိုက်ပါပို့ဆောင်သူ အယောက် (၂၀) မပြည့်ပါဘူး။
    အမှန်တရားက ဒီလိုပဲ သမိုင်းတွေကို အဆုံးသတ်ပေးပါတယ်။ ကျွန်တော်တို့ပြည်သူတွေဟာ သင်္ခန်းစာတွေ အတွေ့အကြုံတွေကို အရှိုးရာတွေ၊ သွေးတွေချွေးင်္တေ၊ အသက်ဇီဝတွေနဲ့ရင်းပြီး ရယူခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ဒီထက်ပို စည်းလုံညီညွတ်ရမယ်။ သွေးထိုးလှုံ့ဆော်မှုတွေ၊ ဘာသာရေး သပ်လျှိုမှုတွေ အမုန်းစကားတွေကို  လက်တွဲမဖြုတ်ကြံ့ကြံ့ ရင်ဆိုင်နိုင်စွမ်းရှိရမယ်။ ပန်းတိုင်ကို မျက်ခြေပြတ်ခံလို့ မဖြစ်ပါဘူး။ ကဗျာဆရာကြီး အာချီဘောမက္ကလေ့ရှ်ကပြောပါတယ်။ အတွေ့အကြုံက တစ်ဆင့်သင်ယူရထက်ပိုပြီး အဆင်းရဲခံရတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ အတွေ့အကြုံက တစ်ဆင့် မသင်တဲ့ ယူပဲတဲ့။ သင်ယူခဲ့ပြီးသား အတွေ့အကြုံကို မေ့ပစ်လိုက် လျှင်တော့ နောက်ထပ် အနှစ်(၅၀) (၆၀) လောက်အမှောင်ခေတ်ထဲမှာ ကျွန်တော်တို့တွေ ၀ဲလည်လိုက်ခံရပါလိမ့်မယ်။
  • မနေ့ကသည် သင် “ကျွန်” လော “သခင်” လော
    မနေ့ကသည် သင် “ကျွန်” လော “သခင်” လော
    အောက်တိုဘာ ၃၀၊ ၂၀၁၄
    M-Media
    သက်ဝေနှင်း ရေးသည်။
    foregin-exchange-greed
    လူတွင် ပြည့်ဝလုံလောက်သည့် အသိဥာဏ်- အသိပညာ ဆင်ခြင်တုံတရား အသိပညာမရှိလေ လေ တပ်မောမှု၏ ကျေးကျွန်ဖြစ်ရလေ လေဖြစ်သည်။
    လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ကျော် (၁၆၃၂ မှ ၁၆၇၇) ထိ ယင်းကာလအတွင်းတွင် ထင်ပေါ်ကြော်ကြားခဲ့သော တွေးခေါ်ပညာရှင် (စပင်နိုဇာ) ၏ အယူအဆ အတွေးအခေါ်တစ်ချို့ကို ပြန်လည်သုံးသပ်ကြည့်ချင်ပါသည်။ လူသည် သဘာဝလောကနှင့် သဘာဝလောကတွင် မိမိပါဝင်နေရသည့် ကဏ္ဍကို မသိနားမလည်သောကြောင့် တပ်မက်မောမှု၏ ကျေးကျွန်ဖြစ်ရသည် ဟူ၍ဆိုထားပါသည်။
    တပ်မက်မောဟု ဆိုရာတွင် ကဏ္ဍ လူမျိုးစုံတွေ့ရှိရပေသည်။ ငွေကြေး တပ်မက်မောမှု၊ ရာထူးအာဏာ တပ်မက်မောမှု၊ နေရာဒေသ တပ်မက်မောမှု၊ တဏှာ တပ်မက်မောမှု စသည်ဖြင့် အသေးဆုံး အစိတ်အပိုင်းမှသည် အကြီးမားဆုံးသော အစိတ်အပိုင်း ကဏ္ဍများထိတိုင် တပ်မက်မောမှုမျိုးစုံကို တွေ့ရှိရပေမည်။ တပ်မက်မောမှုသည် လူမျိုးရေး၊ ဘာသာရေး၊ သာသနာရေးတို့ဖြင့် လုံးဝ မသက်ဆိုင်ပေ။
    မည်သည့် လူမျိုးမဆို မည်သည့်ဘာသာ၊ သာသနာတွင်မဆို၊ တပ်မက်မောခြင်းသည် ရှိနေပေသည်။ တပ်မက်မောမှုသည် လူနှင့်သာတိုက်ရိုက်သက်ဆိုင်သည့် ပုဂ္ဂလိက လောဘပင်ဖြစ်၏။
    တပ်မက်မောမှုဟူသည် လူမှန်လျှင် မွေးစထဲက ပါရှိလာပေ၏။ မွေးကင်းစမှသည် ကလေးအရွယ် လူမမယ်၊ အရွယ်အလတ်၊ အရွယ်အကြီး၊ သေခါနီးသည်ထိ တပ်မက်မောမှုသည် ကင်းလွတ်ခြင်းမရှိပါပေ။ သို့သော် တော်ရုံ တပ်မက်မောခြင်း၊ လောဘသည်သာ လူတို့တွင် ရှိသင့်ရှိအပ်ပေ၏။ မတော်မတရား တပ်မက်မောခြင်း ၀ိသမ လောဘရှိလာပြီဆိုသည်နှင့် လူသည်အစွန်းရောက် အတွေးအခေါ်များ၊ အစွန်းရောက်ဝါဒီများ ဖုံးလွှမ်းလာပြီး ဆင်ခြင် ဥာဏ်ကင်းမဲ့လေတော့သည်။
    ဒီနေ့ ကမ္ဘာတစ်ဝှမ်းအားကြည့်မည်ဆိုလျှင် လူသားများသည် အသိပညာများ ပိုမိုတက်လာပြီး တီထွင်မှု နည်းပညာများ ပိုမိုကောင်းမွန်လာပြီဟု မြင်ရပေလိမ့်မည်။ သို့သော် အသိပညာ မည်မျှပင် တိုးတက်လာစေ၊ တီထွင်မှု စွမ်းရည်များမည်မျှပင် ထွန်းကားလာစေ။ ယနေ့လူတို့၏ ဦးနှောက်ထဲတွင် ပြည့်ဝလုံလောက်သည့်အသိ၊ ဥာဏ်၊ ဆင်ခြင်တုံတရားကား မရှိသေးဟု ပင်ဆိုရမည်။ အဘယ်ကြောင့်နည်းဟုဆိုရလျှင် လူသားတစ်ဦး တစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခုသည် မိမိ တပ်မက်သောအရာ မိမိပိုင်ဆိုင်သော မည်သည့်အရာကိုမဆို တစ်ချိန်ချိန်တွင် ထားရစ်ခဲ့ပြီး မည်သည့် အရာဝတ္တုတစ်ခုကိုမျှ ဆုပ်ကိုင်ဆွဲယူထားခြင်း မရှိဘဲ လူ့လောကမှစွန့်ခွာ သေဆုံးကြရသည် မဟုတ်ပါလား။ လူ့လောက လူဌာနေသို့ ရောက်ရှိခိုက် လူအဖြစ်ရရှိခိုက်တွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဘာသာနှင့် တစ်ဘာသာ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တိုင်းနိုင်ငံတစ်ခုနှင့်တစ်ခု၊ တပ်မက်မောမှု ကင်းဝေးစွာနားလည် ဆက်ဆံကြမည်ဆိုလျှင် ယနေ့ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော နေသည့် ကြားသိနေရသည့် ပဋိပက္ခ အနိဋာရုံ သတင်းဆိုးများနှင့် ကင်းဝေးပေလိမ့်မည်။ ယနေ့ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော လူသားအချင်းချင်း ညှာတာမှုကင်းသည့် စစ်ပွဲများကြောင့် လူသားအရင်းအမြစ် ဆုံးရူံးမှုများသည် အတောမသက်သေးပေ။
    ကျွန်ုပ်တို့လူသားများ သိရှိထားရမည်မှာ တပ်မက်မောမှုမှန်သမျှသည် ပထမ ဦးစွာ စိတ်၌တည်မှီဖြစ်ပေါ်လာသော စိတ်၏ချဉ်ခြင်း၊ စိတ်၏ဆန္ဒများသာဖြစ်သည်။ ဤသို့စိတ်မှ စတင်လာသော တပ်မက်မောမှုများအား လူတို့မှဆင်ခြင် သုံးသပ်၍ ပယ်ဖျက်ခြင်း၊ ညှိယူခြင်း မပြုကြပဲ လိုက်လံ၍ စိတ်အတိုင်း လိုက်လျောကာ ပြုလုပ်ကြမည်ဆိုလျှင် ဘယ်သောအခါမျှ လူ့ကမ္ဘာ လူ့လောကကြီးသည် ပျော်ရွှင်ငြိမ်းချမ်းမှုများရရှိကြတော့မည်မဟုတ်ချေ။
    တပ်မက်မောမှု မှန်သမျှကို အမှားအမှန် ကန့်သတ်၍ ဦးနှောက် အသိပြည့်ဝစွာ စဉ်းစားဆင်ခြင် ခြင်းမရှိပါပဲ လိုက်လံပြုမူဆောင်ရွက်သော သူတို့သည် အစဉ်သဖြင့် “စိတ်၏ ကျေးကျွန်” ဘ၀မှ လွတ်မြောက်နိုင်ကြလိမ့်မည်မဟုတ်ပေ။
    လူသည် စိတ်၏ကျေးကျွန်မဖြစ်သင့် စိတ်အား ကြိုးကိုင်နိုင်သူသာ ဖြစ်သင့်ပေသည်။ သို့မှသာ လူသားဆိုသည်မှာ အခိုင်းစေခံ သတ္တ၀ါ ကျွန်ဘ၀မှ ကင်းလွတ်၍ ခိုင်းစေသူသခင်ဘ၀ အမှန်အား ရရှိမည်မှာ မလွဲဧကန်ပေတည်း။ ပညာတတ်တိုင်း ပညာရှိမဟုတ် အမှားအမှန် ဆင်ခြင်သုံးသပ်မှုမှန်သည့် ဥာဏ်အလင်းရှိခြင်းသည်သာ ပြည့်ဝမှန်ကန်သည့် ပညာရှိဖြစ်ပေမည်။
  • FDI ကြိတ်ဆုံထဲက မြန်မာ့လုပ်သားများ
    FDI ကြိတ်ဆုံထဲက မြန်မာ့လုပ်သားများ
    အောက်တိုဘာ ၂၉ ၊ ၂၀၁၄
    M-Media
    .မြင့်မိုရ်မောင်မောင် ဘာသာပြန်သည်။
    ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၉ ရက်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းရှိ အကြီးမားဆုံးစက်မှုဇုံ လှိုင်သာယာမှ စက်ရုံတစ်ခု၏ကုန်ပစ္စည်းများကို လေလံတင်ရောင်းချရန် လက်ဦးအဆိုပြုခံရသည်။
    ၎င်းသည် တောင်ကိုးရီးယားပြည်ပရင်းနှီးမြှုပ်နှံမှု နှင့် မြန်မာ့စက်မှုနယ်ပယ် အခင်းအကျင်းတို့၏ ကမောက်ကမနိုင်လှသော သဘာဝကို မီးမောင်းထိုးပြလိုက်သည့် အလုပ်သမားရေးရာအငြင်းပွားမှု အဆုံးသတ်ချက်ရုပ်လုံးပင်။
    Myanmar Labor Unrest
    ၂၀၁၄ ခုနှစ် ဇူလိုင် ၁၇ တွင် Master အားကစားဖိနပ် စက်ရုံကို ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများ (AP Photo/Gemunu Amarasinghe)
    ထိုအဆောက်အဦကို တစ်ချိန်က Master အားကစားဖိနပ် ထုတ်စက်ရုံ ဟု ခေါ်ဆိုသည်။ အပြေး/လမ်းလျှောက်ဖိနပ်များကို ထုတ်လုပ်သည့် ထိုစက်ရုံအား တောင်ကိုးရီးယား လုပ်ငန်းရှင် ဘန်အင်ဟိုက ကမကထပြုခဲ့ခြင်းဖြစ်သည်။ ၎င်း၏ လက်ဝေခံဖောက်သည်မှာ တောင်ကိုးရီးယား ချည်မျှင်နှင့်အထည်စက်ရုံကြီးဖြစ်သော Kolon စက်မှုလုပ်ငန်းစုဖြစ်၍ အမေရိကန်ဒေါ်လာ ၁.၃၁ ဘီလီယံ တန်ကြေးရှိသည်။
    ဘန်သည် စက်ရုံအား ဇွန်လ ၂၆ ရက်တွင် ရုတ်တရက် ပိတ်လိုက်ပြီး စက်ရုံလုပ်သား ၇၅၀ ကျော်၏ လုပ်ခကိုမပေးပဲ ဇူလိုင်လ၌ နိုင်ငံတွင်းမှ ထွက်ပြေးခဲ့သည်ဟု သတင်းများကဆိုသည်။
    သူ့ထံ၌ လုပ်သားများလခ တစ်လစာ စုစုပေါင်း ကျပ်ငွေ ၆၅ သန်း(အမေရိကန်ဒေါ်လာ ၆၅,၅၀၀)အပြင်၊ သတိပေး အကြောင်းကြားချက်မရှိပဲ ၀န်ထမ်းကန်ထရိုက် ရပ်တန့်ခြင်းအပေါ် လျော်ကြေးငွေ ကျပ်သန်း ၁၃၀ (အမေရိကန်ဒေါ်လာ ၁၃၁,၀၀၀) ကြွေးတင်ကျန်ရစ်နေသည်။
    သို့သာမက Master Sports စက်ရုံသည် လုပ်သားများကို လုပ်ငန်းရပ်စဲ လျော်ကြေးငွေအစား ဇွန်လ၏ လစာကိုသာ လက်ခံရန် အတင်းအကြပ် လက်မှတ်ထိုးဖို့ ဖိအားပေးခဲ့ကြောင်း စွပ်စွဲမှုလည်း ရှိသည်။
    စက်ရုံ၏ ရွှေ့ပြောင်းနိုင်သောပစ္စည်းများ လေလံတင်ရောင်းချမှုအောင်မြင်လျှင် ရရှိလာသည့် ကျပ်သန်း ၂၈၀(အမေရိကန်ဒေါ်လာ ၂၈၂,၀၀၀)ဖြင့် လုပ်သား ၀န်ထမ်းတို့အား ပြန်လည်ပေးဆပ်နိုင်မည်ဖြစ်သည်။
    Myanmar Labor Unrest
    ၂၀၁၄ ခုနှစ် ဇူလိုင် ၁၇ တွင် Master အားကစားဖိနပ် စက်ရုံကို ဆန္ဒပြခဲ့ကြသည့် အလုပ်သမားများ (AP Photo/Gemunu Amarasinghe)
    မြန်မာနိုင်ငံ ကုန်သွယ်ကူးသန်းရောင်းဝယ်ရေး အသင်းစု Federation of Trade Unions Myanmar (FTUM)၏ အတွင်းရေးမှူးချုပ် ဦးမောင်မောင်က ယင်းလုပ်ရပ်အား ကြိုဆိုလိုက်သည်။
    “ လုပ်သားပေါင်း ၇၅၇ ဦးကို ပေးဖို့က ကျပ်ငွေ ၂၁၀ သန်း(အမေရိကန်ဒေါ်လာ ၂၁၁,၇၀၀)ရှိနေတော့ အဲ့ဒီတန်ကြေးက သူတို့ရဲ့လစာတွေကို အပြည့်အ၀ပေးချေနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်”။
    သို့သော် Master လုပ်ငန်းစု၏ဖြစ်စဉ် ဇာတ်လမ်းရှည်ကြီးက မြန်မာနိုင်ငံတွင် အလုပ်သမား အခွင့်အရေးကိုကာကွယ်ပေးသော အခြေခံလိုအပ်ချက်များ မရှိသေးကြောင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံမှုမှ လုပ်သားများ အပေါ် အတိုင်းအတာ တစ်ရပ်အထိ ခေါင်းပုံဖြတ်နိုင်သေးကြောင်း ဖော်ကျူးလျက်ရှိနေပေသည်။
    ကျင့်ဝတ်မဲ့ရင်းနှီးမြုပ်နှံသူ၊ ကြေးနည်း လုပ်သားနှင့် ပြဿနာအလားအလာ
    —————————————————————————–
    မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် တစ်ပိုင်းတစ်စဒီမိုကရေစီအသွင် ကူးပြောင်းလာကတည်းက တောင်ကိုးရီးယား အပါအ၀င် မြန်မာရှိ ပြည်ပ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု Foreign Direct Investment (FDI) မှာ အဆမတန် မြင့်မားလာခဲ့သည်။ ၂၀၁၃ နှစ်နှောင်းပိုင်းဝယ် FDI စုစုပေါင်း၏ ၆.၉ ရာခိုင်နှုန်း(အမေရိကန်ဒေါ်လာ ၃.၀၄ ဘီလီယံ)မှာ တောင်ကိုးရီးယား တစ်နိုင်ငံတည်းမှ ဖြစ်နေသည်။ တရုတ်ပြည်က ၃၂.၁၇ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်နေပြီး၊ ထိုင်းနိုင်ငံသည် ၂၂.၆၇၊ ဟောင်ကောင်သည် ၁၄.၆၄၊ ယူကေသည် ၆.၉၃ ရာခိုင်နှုန်းအသီးသီး ရှိခဲ့ကြသည်။
    Coca Cola ၊ DuPont နှင့် Procter & Gamble စသော နိုင်ငံတကာစီးပွားရေးလုပ်ငန်းစုများမှာ မြန်မာနိုင်ငံတွင် လုပ်ကိုင် လည်ပတ်နေပြီဖြစ်သည်။ Colgate-Palmolive သည်လည်း မကြာတော့သည့် ကာလအတွင်း စက်ရုံသစ်တစ်ခု လာရောက်ဖွင့်မည်ဟု ယူဆရသည်။
    မြန်မာ့စက်မှုလုပ်ငန်းကော်မရှင်၏ ခန့်မှန်းချက်အရ အထည်လုပ်ငန်းသည် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံအထိပင် မြုပ်နှံထားပြီး FDI ၏ အကြီးမားဆုံးအကျိုးအမြတ်ကို ရရှိထားပြီးဖြစ်သည်။
    ဘန်သည် မြန်မာ့ကြေးနိမ့် လုပ်သားကြောင့် အကျိုးအမြတ်ကြီးစွာ ခံစားနေရသူ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအနက် တစ်ဦးအပါအ၀င် ဖြစ်သည်။
    Master Sports ၌ ပို့ကုန်သွင်းကုန်ဆိုင်ရာ စီမံမန်နေဂျာဟုဆိုသူ ဂျောင်ဟေအွန်း၏ အဆိုအရ ဘန်သည် တစ်ခါက တရုတ်ပြည်၊ ကျင်းဒေါင်တွင် ကုန်ထုတ်လုပ်ခဲ့သော်လည်း တရုတ်ပြည်လုပ်သားခကြီးမြင့်လာမှုနှင့်အစီအမံများကြောင့် တရုတ်ပြည်ရှိစက်ရုံကို ပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့ဖူးကြောင်း သိရသည်။ သို့ဖြင့် စက်ရုံပြောင်းရွှေ့ရန် မြန်မာနိုင်ငံကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
    သူသည် တောင်ကိုးရီးယား၊ ဂျောင်ဂီဒိုး၌ Master Sports အမည်ရှိ အထည်အလိပ် ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ပြီး တရုတ်ပြည်ထွက် တံဆိပ်မျိုးစုံ အားကစားဝတ်စုံ/ အတည်များကို ပြည်တွင်းဈေးကွက်ထဲတွင် ယမန်နှစ်အထိ ရောင်းချခဲ့သည်ဟု လူထုသတင်းများမှဆိုသည်။
    ၎င်းနောက် ကြီးမားသည့် ငွေကြေးပြဿနာတို့နှင့် ကြုံဆုံရပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂ ရက်မှစ၍ သူ့လုပ်ငန်းစုဆိုင်ရာ ငွေကြေးစီးကြောင်း ရပ်တန့်သွားသည်။ မကြာမီ ဒေ၀ါလီခံတော့မည့် လက္ခဏာထင်ရှားနေကြောင်း Korea Financial Telecommunications & Clearings Institute (KFTC) မှ မှတ်တမ်းတင်ခဲ့သည်။
    Equal Times မှ အင်တာဗျူးအတွက် အကြိမ်ကြိမ် ဖုန်းဆက်၍ စာပို့အကြောင်းကြားသော်လည်း ဘန်မှ လက်ခံဖြေကြားခြင်း မရှိကြောင်း ဆိုသည်။
    တောင်ကိုးရီးယားရှိ ဘန်၏ကုမ္ပဏီ၌ ယင်းသို့ဖြစ်ပျက်စဉ် ကာလအတွင်း တရုတ်ပြည်မှ စက်ရုံကို မြန်မာပြည်သို့ရွှေ့ပြောင်း ခဲ့ခြင်းဖြစ်သည်ဟု မြန်မာစက်ရုံမန်နေဂျာ ဂျောင်က ပြောကြားသည်။
    “ ကျွန်တော် သိရသလောက်တော့ လှိုင်သာယာစက်ရုံကို ၂၀၁၂ ဒီဇင်ဘာလထဲမှာ ငှားရမ်းတယ်။ စက်တွေဆင်ပြီး ရုံးခန်းထိုင်ပြီးတဲ့နောက် စက်ရုံစတင်လည်ပတ်တဲ့နေ့က ၂၀၁၃ ခုနှစ် မေလ ၂၃ ဆိုတာ ကျွန်တော် မှတ်မိနေပါတယ်”။
    ဘန်သည် တရုတ်ပြည်၌ လုပ်သားခကြီးမြင့်လာခြင်းနှင့် တောင်ကိုးရီးယား၌ ဒေ၀ါလီခံလုဆဲဆဲ ကြားကာလတွင် ရန်ကုန်၌ စက်ရုံ စတင်လည်ပတ်လိုက်ခြင်းဖြစ်သည်။
    သူ့အား ကူညီပေးခဲ့သူမှာ ဂျောင် ဖြစ်သည်။ ဂျောင်သည် ၂၀၀၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ပြီး အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် ညီမဖြစ်သူမှတဆင့် ရန်ကုန်ရှိ တောင်ကိုးရီးယား စီးပွားရေးအသိုက်အ၀န်းထဲ ၀င်ရောက်လာသူဖြစ်သည်။ သူမသည် တရုတ်အနွယ် မြန်မာနိုင်ငံသားနှင့် လက်ဆက်ထားသည်။
    သို့ရာတွင် ဘန်၏ လုပ်ငန်းသစ် ကျရှုံးခဲ့သည်၊ ရုံးထိုင်နှင့်စီမံဝန်ထမ်းတို့သာ လစာပေးပြီးနောက် တောင်ကိုးရီးယားသို့ ပြန်သွားသည်။
    စက်ရုံသည် ငွေကြေးလည်ပတ်မှု မမှန်ကန်သည့်ပြဿနာကြုံရပြီး လုပ်သားများက လုပ်ခနှင့်စပ်လျဉ်း၍ အကြိမ်ကြိမ် ဆန္ဒပြမှုကြောင့် ထုတ်ကုန်အရည်အသွေး နိမ့်ကျသွားသည်။ ထိုအခါ Kolon စက်မှုလုပ်ငန်းစုမှ ကုန်အမှာပမာဏ လျှော့ချခဲ့သည်ဟု ဂျောင်က ဆိုသည်။
    ဂျောင်ထံ၌လည်း တစ်စိပ်တစ်ပိုင်းအားဖြင့် တာဝန်ရှိကြောင်း Kolon Industries FnC ၏ ဖက်ရှင်ကော်ပိုရေးရှင်းဌာနခွဲမှ ပြောခွင့်ရှိသူ ကင်မ်ဟီးဂျင်မှ ပြောကြားသည်။
    Master Sports ထုတ်ကုန်များသည် Kolon ၏ သတ်မှတ်စံနှုန်းအတိုင်း မထုတ်လုပ်နိုင်ခဲ့၊ တောင်ကိုးရီးယား၌ မဖြန့်ဖြူးမီ အရည်အသွေးစစ်ဆေးမှုတစ်ရပ်ကို သူမ၏ကုမ္ပဏီက ထပ်မံ ပြုလုပ်နေခဲ့ရကြောင်း ကင်မ်မှ ဖုန်းအင်တာဗျူးတစ်ရပ်တွင် ပြောပြခဲ့သည်။ Master Sports နှင့် Kolon တို့၏ လက်ဦးသဘောတူချက်များကိုမူ ကုန်သွယ်ရေးလျှို့ဝှက်ချက်ဟုဆိုကာ ဖြေကြားရန် ရှောင်လွှဲသွားခဲ့၏။
    မုသာဝါဒီ အာဏာပိုင်များ
    ————————-
    ဘန်၏ ပျောက်ခြင်းမလှ ပျောက်ကွယ်မှု၏နောက် လုပ်သားတို့သည် ဇူလိုင်လတွင် စတင်ဆန္ဒပြခဲ့သည်။ သို့သော် သူတို့၏အမျက်ဒေါသမှာ Master Sports ကိုသာမက မြန်မာအစိုးရအပေါ်သို့လည်း ဦးတည်ခဲ့သည်။
    မဇ္ဈိမသတင်းဌာန၏ YouTube ဗီဒီယိုကလစ်တစ်ခုတွင် ၂၀၁၄ ဇူလိုင် ၁၇ ဆန္ဒပြပွဲ၌ Master Sports လုပ်သားများက အချက်များစွာ တောင်းဆိုသည်ကို တွေ့ရသည်။ Master Sports အား အရေးယူ၍ အမည်ပျက်စာရင်းသွင်းရန်၊ တောင်ကိုးရီးယားလုပ်ငန်းရှင်ထံမှ လာဘ်ယူထားသော အစိုးရအာဏာပိုင်များကိုလည်း ပြစ်ဒဏ်ချမှတ်ပေးရန်တို့ ပါဝင်သည်။
    “မြန်မာနိုင်ငံမှာတော့ ဒီပြဿနာတွေက ဖြစ်နေမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒါနဲ့ပတ်သက်ပြီး ပြည်တွင်းဥပဒေတွေ မရှိဘူး။ ပြီးတော့ အစိုးရနဲ့ ကုမ္ပဏီပိုင်ရှင်တွေက နားလည်မှုဆိုင်ရာ လာဘ်ပေးလာဘ်ယူကဏ္ဍတွေ ဖြစ်နေကြတယ်။ ဒါကြောင့် လာဘ်စားတဲ့ အာဏာပိုင်တွေကို ပြစ်ဒဏ်ပေးဖို့ တောင်းဆိုမှုတွေ ပါဝင်လာရတာပါပဲ” ဟု လုပ်သားများဖက်မှ ရှေ့နေအဖြစ်ဆောင်ရွက်သူ ဦးဌေးက ဆိုသည်။
    Master Sports စက်ရုံဖွင့်လှစ်ခြင်း၌ လာဘ်ပေးလာဘ်ယူကိစ္စ ပါဝင်ခြင်းရှိမရှိပင် တပ်အပ်မဆိုနိုင်ကြောင်း အချို့ကဆိုသည်။
    သို့သော် Transparency International မှ အကျင့်ပျက်ခြစားမှု အခြေပြနိုင်ငံစာရင်း ၁၇၇ နိုင်ငံ၌ မြန်မာနိုင်ငံအား အဆင့် ၁၅၇ တွင် ၂၀၁၃ ခုနှစ်က သတ်မှတ်ဖော်ပြခဲ့သလို၊ BBC ကလည်း မြန်မာပြည်နှင့်စပ်လျဉ်း၍ “အခရာကျသည့် စက်မှုလုပ်ငန်းများကို စစ်တပ်မှ ယခင်ကတည်းကပင် ထိန်းချုပ်ထားပြီး အကျင့်ပျက်ခြစားမှုမှာ ထမင်းစားရေသောက်သဖွယ် ဖြစ်နေသည်” ဟု ရှင်းပြတ်စွာ ဖော်ပြခဲ့သည်။
    ၂၀၁၄ ခုနှစ် ဇွန်လ ၅ ရက်တွင် နိုင်ငံခြား ၀င်ငွေ ဆွဲဆောင်ရေး ရည်မျှော်ချက်ဖြင့် ရင်းနှီးမြုပ်နှံမှုတိုးမြင့်ရေးနှင့်ကာကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို တောင်ကိုးရီးယားနိုင်ငံနှင့် သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီး ရက်အနည်းငယ်အတွင်း Master Sports ၏ ရုပ်ပျက်ဆင်းပျက်ဖြစ်စဉ် ပေါ်ပေါက်ခြင်းက အစိုးရပိုင်းအဖို့ ပို၍ လူသိရှင်ကြား ဆိုးဝါးသွားပါသည်။
    နှစ်နိုင်ငံအကြားစီးပွားရေး ဆက်ဆံမှုကို ယင်းပဋိညာဉ်အားဖြင့် ပိုမိုနွေးထွေးစေရန် မျှော်လင့်ထားကြ၍ ဖြစ်သည်။
    တောင်ကိုးရီးယားသံရုံးသည် ၎င်းတို့၏၀က်ဘ်ဆိုဒ်ပေါ်တွင် “ကျွန်ုပ်တို့ တောင်ကိုးရီးယား ကော်ပိုရေးရှင်းများ မြန်မာပြည်အတွင်း အောင်မြင်စွာ တိုးချဲ့သွားနိုင်ရန် မျှော်လင့်ကြောင်း” ဟူ၍ အထူးသတင်းကောင်းအဖြစ် ဖော်ပြခဲ့သည်။
    အမျက်သင့်ပေါက်ကွဲလာမှုအား ဖြေလျှော့ရန် အတွက် အလုပ်သမား၊ အလုပ်အကိုင်ရှာဖွေရေးနှင့် လူမှုဖုံလုံရေးဝန်ကြီးဌာနသည် Master Sports အနေဖြင့် လုပ်သားများ၏ လူမှုဖူလုံရေး အပေါ် အပြည့်အ၀ဆောင်ရွက်ပေးရန် တိုက်တွန်းချက်တစ်ရပ်ကို ဇူလိုင်လ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု DVB သတင်းဌာနမှ ဖော်ပြခဲ့သည်။
    အစိုးရဖက်ကလည်း ဂျောင် အပါအ၀င် ကုမ္ပဏီအရာရှိနှစ်ဦးကို အလုပ်သမားဥပဒေချိုးဖောက်မှုဖြင့် အရေးယူခဲ့သည်။
    ရှေ့ဆက်ပြီး ရှောင်တိမ်းနေသူ စက်ရုံ၏ CEO ဘန်အင်ဟိုအား မြန်မာပြည်သို့ပြန်လာ၍ အစစ်ဆေးခံရန် တောင်ကိုးရီးယားသံရုံးမှ ဆင့်ဆိုဖို့ မေတ္တာရပ်ခံသော်လည်း အရာမရောက်ခဲ့ချေ။
    “ဘန်အင်ဟိုကို ဆင့်ဆိုမယ့်ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မလုပ်ဆောင်နိုင်ပါဘူး။ မကူညီနိုင်ပါဘူး။ ဒါက ရာဇ၀တ်မှု မဟုတ်တဲ့အပြင် ဥပဒေကြောင်းအရ ကျွန်တော်တို့ ပါဝင်စွက်ဖက်ခွင့် မရှိလို့ဖြစ်ပါတယ်။ သို့သော် သံရုံးကနေ ဘန်ရဲ့ တောင်ကိုးရီးယားမိုဘိုင်းဖုန်းကို ကြိမ်ဖန်များစွာ ခေါ်ဆိုပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး” ဟု တောင်ကိုးရီးယားသံရုံးဝန်ထမ်းတစ်ဦးမှ Equal Times သို့ ပြောကြားသည်။
    စက်တင်ဘာလလယ်တွင် အနေအထားက ဆင့်ကဲဆိုးဝါးလာသည်။ စက်ရုံသို့ စစ်ဆေးရေး ၀င်ရောက်စဉ် လုပ်သားများနှင့် အာဏာပိုင်အရာရှိများ ထိပ်တိုက်တိုးရာမှ ရဲဝန်ထမ်း ၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး၊ စက်ရုံနှင့်လုပ်ငန်းစစ်ဆေးရေးဒါရိုက်တာ ဦးဝင်းရှိန်မှာ ဓားစာခံပြုလုပ်ခံရကြောင်း သတင်းထွက်ရှိလာသည်။ သို့သော် အလုပ်သမားများက ယင်းသို့မဟုတ်ကြောင်း ငြင်းဆိုထားသည်။
    စက်ရုံမှ လုပ်သားတို့၏လစာများ၊ ရုတ်တရက်ရပ်တန့်မှုအတွက် နစ်နာကြေးများပေးရန် ပျက်ကွက်ပြီးနောက် နောက်ဆုံးတွင် စက်တင်ဘာ ၁၉ ရက်၌ အလုပ်သမားဝန်ကြီးဌာနမှ စက်ရုံအား ငွေကြေးအဖြစ်ပြန်ဖော်ရန် ကြေငြာခဲ့သည်။
    စက်ရုံပိုင်ပစ္စည်းများ လေလံတင်ရောင်းချမှုကို အောက်တိုဘာ ၉ ရက်တွင် သတ်မှတ်လိုက်သည်။ လုပ်သားများအားလုံးကို လုံလောက်စွာ နစ်နာကြေးပေးနိုင်လောက်သည့်အထိ ပမာဏတစ်ရပ်ဖြင့် စက်ရုံနှင့်ပစ္စည်းအပေါင်းကို ၀ယ်လက်တစ်ဦးတည်းမှ ရယူခဲ့သည်။ ထို့နောက် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်။
    အနာဂတ်စော်ကားချက် ကာကွယ်တားဆီးရေး
    ———————————————-
    Master Sports လုပ်သားများအဖို့ ၎င်းမှာ သတင်းကောင်းဖြစ်ပေသည်။
    သို့သော် မြန်မာနိုင်ငံသည် ပြည်တွင်း၌ ရင်းနှီးမြုပ်နှံလိုသူ ပြည်ပ လုပ်ငန်းရှင်များအား လောက်လောက်လားလား စိစစ်မှု မပြုသေးသကဲ့သို့ အလုပ်သမားအခွင့်အရေးကို အပြည့်အ၀ကာကွယ်ပေးသော လုပ်သားဥပဒေများလည်း မရှိသေးချေ။
    လုပ်သားငှားရမ်းမှု သဘောတူညီချက်အား လုပ်ငန်းရှင်ဖက်မှ အဆုံးသတ် ရပ်တန့်ခဲ့သော် အလုပ်သမားကို တစ်လကြိုတင် အကြောင်းကြားပြီး၊ ချုပ်ဆိုထားသော သက်တမ်းကာလ အပြည့်အထိ လစာကို တွက်ပေးရန် အလုပ်သမားရေးရာ အာဏာပိုင်များက တိုက်တွန်းကျင့်သုံးသည့် လုပ်ထုံးရှိသည်ဟု အလုပ်သမားရေးရာ တက်ကြွလှုပ်ရှားသူနှင့်သုတေသီ တောင်ကိုးရီးယားသား ဂျင်ယောင်ပတ်က ရေးသားထားသည်။
    အမေရိကန် သမ္မတ ဘားရက် အိုဘားမား ကလည်း ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်နှောင့်နှေးနေသည်ကို တွေ့မြင်ရသည့် အတွက် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအချို့ကို နောက်ထပ် တစ်နှစ် တိုးမြှင့်လိုက်ကြောင်း မေလက ဆုံးဖြတ်လိုက်သည်။ သူသည် လာမည့်နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် အလည်အပတ်လာရောက်ရန်ရှိနေသည်။
    မြန်မာနိုင်ငံ၏ အလုပ်သမားဆိုင်ရာ ကိစ္စများ တိုးတက်မြှင့်တင်ရေးအတွက် အမေရိကန် ဦးဆောင်သော ပံ့ပိုးကူညီမှုများ ရှိနေသည့်တိုင် အခြေခံအလုပ်သမား လူတန်းစားတို့၏ဘ၀များအပေါ် မည်သို့ သက်ရောက်စေမည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
    ပို၍အရေးကြီးသည်မှာ မြန်မာနိုင်ငံအတွင်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံသူ အဓိကဇာတ်ကောင်များ၏ သဘောထားပင်။
    တောင်ကိုးရီးယားကတော့ ၎င်းတို့၏ ကုမ္ပဏီတို့အပေါ် ပြည်ပဥပဒေစည်းမျဉ်းများအတိုင်း မဆောင်ရွက်စေရန် ရင်းနှီးမြှုပ်နှံမှုကို အကန့်အသတ်နှင့် ပြုခိုင်းထား၏။
    မြန်မာနိုင်ငံရှိ ကိုးရီးယားကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုတိုးမြင့်ရေးအေဂျင်စီရုံး၏ တာဝန်ရှိသူတစ်ဦးက Master Sports နှင့်ပတ်သက်၍ ကိုးရီးယားသံရုံးသို့မေးမြန်းသည့် မေးခွန်းအားလုံးအပေါ် “ကျွန်တော်တို့ကတော့ အဲ့ဒီကိစ္စထဲ ပါဝင်ပတ်သက်မှု မရှိခဲ့ဘူး၊ အဲ့ဒီ ကုမ္ပဏီကိုလည်း အားပေးကူညီခဲ့တာလည်း မရှိဘူး” ဟု ဖော်ပြခဲ့သည်။
    တောင်ကိုးရီးယားသံရုံးကလည်း အလားတူစွာပင် ယင်းပြဿနာကိုကိုင်တွယ်ရန် တာဝန် မယူခဲ့ချေ။
    လက်ကိုင်ပြုရန်ဥပဒေ မရှိခြင်း၊ အကျင့်ပျက်ခြစားမှုရောဂါ ပျံ့နှံ့နေခြင်း၊ ဖိနှိပ်နိုင်ငံရေးစနစ် အစရှိသောအချက်များက မြန်မာလုပ်သားတို့၏အခြေအနေကို တိုးတက်စေလိမ့်မည် မဟုတ်တော့၊ အခြေခံစနစ်တစ်ရပ်လုံးအား ဒီမိုကရေစီပုံသွင်းနိုင်မှ သိသာထင်ရှားစွာ ပြောင်းလဲနိုင်ပေလိမ့်မည်။
    နိုင်ငံတကာ စီးပွားရေးလုပ်ငန်းစုများကို စောင့်ကြည့်လေ့လာနေသော NGO အဖွဲ့ Korean House for International Solidarity (KHIS) ၏ အလုပ်အမှုဆောင်ဒါရိုက်တာ မီကျွမ်းချိုးမှလည်း အလားတူအမြင်ရှိနေကြောင်း ပြောဆိုလိုက်သည်။
    “ကိုးရီးယားကုမ္ပဏီတွေက ဒီမိုကရေစီအဆင့် အင်မတန်နိမ့်ကျလွန်းတဲ့ နိုင်ငံတွေကိုသွားပြီး  ရသမျှ အမြတ်ထုတ်လေ့ရှိကြပါတယ်။ ပထမဆုံး ထိပ်တန်းဦးစားပေးဆွေးနွေးဖို့ လိုအပ်နေတာကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်မှု အတိုင်းအတာပါပဲ။ သို့မှသာ ဒေသခံပြည်သူတွေအနေနဲ့ ကိုယ်ပိုင်ရပ်တည်မှုကို ဖော်ဆောင်နိုင်ပြီး ဖိနှိပ်စော်ကားမှုကို တွန်းလှန်ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်”။
    xxxxxxxxxxxxxxxxxxxxxx
    Equal Times မှဖော်ပြသော  Se-Woong Koo ၏ “Myanmar: where workers pay the price for FDI” ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
  • ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးမြို့ ၁၀ မြို့
    ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးမြို့ ၁၀ မြို့
    အောက်တိုဘာ ၂၈ ၊ ၂၀၁၄
    M-Media
    140903110745-healthiest-cities-map-story-top
    – ကျန်းမာရေးဆိုတာ လူတိုင်းအတွက် အရေးကြီးတဲ့ အရာတစ်ခုပါ။ အသက်ရှည် ကျန်းမာဖို့ဆိုတာ ကျွန်တော်တို့ရဲ့ သွားလာနေထိုင်မှုတစ်ခုတည်းပေါ်မှာသာ မှီခိုနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ နေထိုင်တဲ့နေရာဒေသဟာလည်း ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိနေပါတယ်။
    ကျန်းမာရေးနဲ့ တစ်ကယ်ညီညွတ်တဲ့ မြို့တစ်မြို့ဟာ ပြည်သူတွေအတွက် ကျန်းမာတဲ့ လူနေမှုဘ၀ကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရှိမယ်၊ ရောဂါဘယ ကာကွယ်တားဆီးမှု ဒါမှမဟုတ် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ လေထုညစ်ညမ်းမှုကို လျော့ချပေးတာမျိုးလည်း အဲဒီမြို့မှာ ရှိရပါမယ်။
    ဒါ့ကြောင့် ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးမြို့ ၁၀ မြို့ကို M-Media ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
    နံပါတ် ၁။ ပျော်ရွှင်မှုကို အမှန်တရားလို တန်ဖိုးထားတဲ့ ကိုပင်ဟေဂင်
    copenhagen
    ကိုပင်ဟေဂင်မြို့ဟာ ရည်မှန်းချက်မြင့်မားသူတွေ၊ ငယ်ရွယ်တဲ့မိသားစုတွေနဲ့ ပျားပန်းခတ်မျှ စည်းကားလှတဲ့မြို့တစ်မြို့ပါ။ ဒါပေမယ့် ဒီလိုမြို့ကြီးမှာ အချိန်ကြာမြင့်စွာ အလုပ်လုပ်တာကိုတော့ တားမြစ်ထားပါတယ်။
    ကိုပင်ဟေဂင်က အလုပ်သမားတွေရဲ့ ၂ ရာခိုင်နှုန်းလောက်သာ တစ်ပတ်မှာ နာရီ ၄၀ ဒါမှမဟုတ် ဒီထက်ပိုပြီး အလုပ်လုပ်ကြပြီး အများစုကတော့ မိသားစုနဲ့ ၀ိုင်းဖွဲ့တာ ဒါမှမဟုတ် အားကစားအဖွဲ့တွေနဲ့ ဆက်သွယ်တာ၊ လူမှုအဖွဲ့အစည်းတွေရဲ့ အစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက်တာ စသဖြင့် သူတို့ရဲ့ အချိန်တွေကို သုံးစွဲ ကုန်းဆုံးကြပါတယ်။
    ပန်းခြံထဲမှာ ယောဂလေ့ကျင့်မလား၊ ခြင်းတောင်းယက်တဲ့နေရာမှာ ပါဝင်အုံးမလား။ ဒါတွေအားလုံးဟာ အခမဲ့လှုပ်ရှားမှုတွေ ဖြစ်တာကြောင့် ကိုပင်ဟေဂင်က ပြည်သူတွေဟာ ဒီလိုအစီအစဉ်တွေမှာ အားတက်သရော ပါဝင်လှုပ်ရှားကြပါတယ်။
    မိသားစုတွေ၊ သူငယ်ချင်းမိတ်ဆွေနဲ့အတူ တန်ဖိုးရှိတဲ့အချိန်တွေကို ချိန်ညှိသုံးစွဲကြတဲ့ သူတို့ရဲ့စွမ်းရည်ဟာ သူတို့ရဲ့ စိတ်ဖိစီးမှုတွေကို လျော့ကြစေရုံသာမက၊ ပျော်ရွှင်မှုတွေကိုလည်း တိုးမြှင့်ရရှိစေပါတယ်။ လေ့လာမှုတွေအရတော့ အတွေ့အကြုံတွေပေါ်မှာ စိတ်ကို အာရုံစိုက်တဲ့သူတွေဟာ ဒီအချိန်ခဏ ပြီးတဲ့နောက်ပိုင်းမှာ ပိုမိုမြင့်မားတဲ့ စိတ်ကျေနပ်မှုကို အချိန်ကြာရှည်စွာ ခံစားရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအရင်းကြောင့် ကုလသမဂ္ဂက နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာ့ပျော်ရွင်စရာအကောင်းဆုံး နိုင်ငံများစာရင်းမှာ ဒိန်းမတ်နိုင်ငံဟာ ထိပ်ဆုံးနားမှာ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
    ကိုပင်ဟေဂင်ကို စိတ်ချမ်းသာစရာကောင်းတဲ့ ဒေသတစ်ခု ဖြစ်လာစေတဲ့အခြားအကြောင်းအရာတွေလည်း ရှိပါသေးတယ်။ ကိုပင်ဟေဂင်က ပြည်သူတွေဟာ စားသောက်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေကို လမ်းလျှောက်သွားကြပါတယ်။ မြို့တွင်းနဲ့ သိပ်မဝေးတဲ့နေရာမှာပဲ သန့်ရှင်းလက်ဆတ်တဲ့ စားသောက်ကုန် အသီးအနှံတွေကို ရောင်းတဲ့ လဟာပြင်ဈေးတွေ ရှိပါတယ်။
    အမျိုးသားတွေဟာ ကိုယ်ကျပ်အင်္ကျီတွေဝတ်ပြီး စက်ဘီးစီးကာ အလုပ်သွားကြပါတယ်။ အမျိုးသမီးတွေကလည်း လက်တိုလက်ပြတ်တွေဝတ်၊ ဒေါက်တစ်ချောင်တည်းပါတဲ့ ဒေါက်မြင့်ဖိနပ်တွေကိုစီး စက်ဘီးစီးဦးထုတ်ဆောင်းပြီး စက်ဘီးစီးသွားလာရတာကိုမရှက်ကြပါဘူး။ ကိုပင်ဟေဂင်မြို့တစ်မြို့လုံးမှာ လွယ်ကူဘေကင်းစွာ စီးလို့ရတဲ့ စက်ဘီးစီးလမ်းပေါင်း ၂၄၉ မိုင်တောင် ရှိပါတယ်။ လူတွေကလည်း ဒါကို အသုံးပြုကြပါတယ်။ ကိုပင်ဟေဂင်က ပြည်သူတစ်ဝက်လောက်က ကျောင်းတွေ၊ အလုပ်တွေကိုသွားဖို့ နေ့စဉ် စက်ဘီးစီးကြပါတယ်။
    ကိုပင်ဟေဂင်မှာ အပန်းဖြေဖို့ ပန်းခြံတွေ၊ စက်ဘီးစီးလမ်းတွေ များပြားပေမယ့် အစိုးရက ဒါတွေကို ဆက်လက်တိုးမြှင့်ဖို့ ဆောင်ရွက်နေပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ကိုပင်ဟေဂင်က လူတိုင်းဟာ ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်တာနဲ့ ကမ်းခြေ ဒါမှမဟုတ် ပန်းခြံကိုရောက်ရှိနိုင်မယ့် ပေါ်လစီတစ်ခုကိုလည်း ကိုပင်ဟေဂင်မြို့ရဲ့ မြူနီစီပယ်က ရေးဆွဲထားပါတယ်။ အသစ်ဆောက်လုပ်တဲ့ ပန်းခြံတော်တော်များများဟာ ပြည်သူတွေအတွက် စိမ်းလန်းတဲ့ နေရာငယ်လေးတွေ ဖြစ်လာပါလိမ့်မယ်။ ဒါတွေ လုပ်ဆောင်နေရခြင်းရဲ့ မျှော်လင့်ချက်ကတော့ ပြည်သူတွေအနေနဲ့ ကျန်းမာကြံ့ခိုင်စေဖို့၊ ကားလမ်းပိတ်ဆို့မှုနဲ့ လေထုညစ်ညမ်းမှုကို ပိတ်ဆို့ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ကူညီဖို့ ဆိုတာပဲ ဖြစ်ပါတယ်။
    အထုတ်အပိုးတွေပြင်ဆင်ပြီး ဒိန်းမတ်ကို လာလည်စေချင်လောက်တဲ့ အခြားအရာတစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ အကူအညီလိုအပ်နေသူတွေအနေနဲ့  သူတို့ကို အားကိုးထားပြုနိုင်တယ်လို့ ကိုပေဟင်ဂင်က ၉၆ ရာခိုင်နှုန်းသော ပြည်သူတွေက ဖွင့်ဟခဲ့တာပါပဲ။
    ဒီလို ကူညီတတ်တဲ့ လူ့အဖွဲ့အစည်းမျိုး ရှိနေတာဟာ ကိုပင်ဟေဂင်ကို ကမ္ဘာ့ကျန်းမာရေးနဲ့ အညီညွတ်ဆုံး၊ ပျော်ရွှင်မှုအရှိဆုံး မြို့တွေထဲမှာ တစ်မြို့အပါအ၀င်ဖြစ်လာစေတဲ့ အကြောင်းအရင်း တစ်ခုပါပဲ။
    ………………………………..
    နံပါတ် ၂။ ဇရာအိုများရဲ့ နိဗ္ဗာန် သို့မဟုတ် အိုကီနာဝါ
    okinawa-
    ၁၆ ရာစုလောက်မှာ ကမ္ဘာပတ်ပြီး “နတ်ရေကန်” ကို ရှာဖွေခဲ့တဲ့ စပိန်လူမျိုး စူးစမ်းလေ့လာသူ ပွန်စီ ဒီလီယွန်ဟာ သူရဲ့ရေကြောင်းခရီးစဉ်ကို ဖလော်ရီဒါမှာ အဆုံးသတ်မယ့်အစား ဂျပန်ပြည်မှာ ရပ်ခဲ့ရမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ဂျပန်က အိုကီနာဝါပြည်နယ်ဟာ ကမ္ဘာ့အသက်အရှည်ဆုံး လူ့အဖွဲ့အစည်းရှိတဲ့ ဒေသတစ်ခု ဖြစ်လို့ပါပဲ။
    အိုကီနာဝါက အမျိုးသမီးတွေရဲ့ သက်တမ်းဟာ ၈၆ နှစ်ရှိပြီး အမျိုးသားတွေရဲ့ သမ်းတမ်းကတော့ ၇၈ နှစ် ရှိပါတယ်။ ဒီပမာဏဟာ ကမ္ဘာတစ်ဝှမ်း အမျိုးသားတွေရဲ့ ပျမ်းမျှသက်တမ်းထက် ၁၀ နှစ် ပိုနေပြီး၊ အမျိုးသမီးတွေရဲ့ ပျမ်းမျှသက်တမ်းထက် ၁၃ နှစ်တောင် ပိုနေပါတယ်။
    အိုကီနာဝါဟာ ကမ္ဘာပေါ်က အသက်ရာကျော် လူ့အစုအဝေး အများစုရှိတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဒေသက လူအများစုဟာ အိုမင်းရင့်ရော်သွားသည့်တိုင် ကျန်းမာရွှင်လန်း နေကြဆဲပါ။
    ဘာ့ကြောင့်ပါလဲ? ကျန်းမာရေးဆိုင်ရာ မူဘောင်တစ်ခု သတ်မှတ်ပြီး သက်ကြီးရွယ်အို ၉၀၀ ကျော်ရဲ့ စားသောက်နေထိုင်မှုတွေကို လေ့လာခဲ့တဲ့ အိုကီနာဝါ ဇရာအိုဆန်းစစ်ရေးအဖွဲ့ကတော့ အချက်အချို့ကို ထုတ်ပြခဲ့ပါတယ်။
    အိုကီနာဝါပြည်သူတွေဟာ မျိုးရိုးဗီဇမှာ ကံထူးကြသူတွေပါ။ သူတို့ရဲ့ မျိုးရိုးဗီဇအရ ကမ္ဘာပေါ်မှာ သေဆုံးမှုအများဆုံး အဓိကရောဂါတွေဖြစ်တဲ့ ကင်ဆာ၊ နှလုံးရောဂါနဲ့ အဆင့် ၂ ဆီးချိုရောဂါတွေဖြစ်ပွားမှု အန္တရာယ်ဟာ နည်းနည်းပဲရှိပါသတဲ့။
    သာမန်ဂျပန်ပြည်သူတွေထက် အိုကီနာဝါ ပြည်သူတွေဟာ ငွေရေးကြေးရေးအရ နိမ့်ပါးပေမယ့် လူမှုဘ၀ အရည်အသွေးကတော့ ကောင်းမွန်ပါတယ်။
    အိုကီနာဝါက ပြည်သူတွေဟာ ကျန်းမာရေးလေ့ကျင်ခန်းတွေကို ပုံမှန်လိုလုပ်ကြပြီး နေ့စဉ်စားတဲ့ အစားသောက်တွေဟာလည်း အဆီကင်းပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ ကိုယ်ခန္ဓာထပ်ညွှန်းကိန်း body mass index ကလည်း နည်းပါးပြီး ၁၈ ကနေ ၂၂ အထိသာ ရှိပါတယ်။ သူတို့ရဲ့ နေ့စဉ်စားတဲ့ အစားအသောက်တွေကတော့ အစိမ်းရောင်နဲ့ အ၀ါရောင် အသီးအနှံတွေ၊ ချိုတဲ့အာလူးတွေ၊ ပဲနဲ့ ငါးတွေဖြစ်ပါတယ်။
    အိုကီနာဝါသားတွေဟာ ပုံမှန်အားဖြင့် အနီရောင်အသားတွေကို အစားနည်းပါတယ်။ အရက်သောက်သုံးမှုနဲ့ ဆေးလိပ်သောက်သုံးမှုကတော့ နည်းနည်းသာရှိပါတယ်။
    လူမှုရေးပိုင်းဆိုင်ရာမှာလည်း သူတို့တွေဟာ စုစုစည်းစည်း ရှိကြပါတယ်။မိသားစုတွေတိုးလာပေမယ့် တစ်အိမ်တည်းသာနေကြပြီး အိုကီနာဝါမှာ အသက်ကြီးသူတွေကို အလေးထားတဲ့ ယဉ်ကျေးမှုလည်း ထွန်းကားပါတယ်။ သက်ကြီးရွယ်အိုတွေဟာ အကောင်းမြင်စိတ်ရှိတယ်၊ ခေတ်နဲ့ ဆီလျော်အောင်နေနိုင်တယ်၊ လွတ်လပ်တယ်၊ တီထွင်ဖန်တီးလိုစိတ်ရှိတယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သက်တောင့်သက်သာနေကြပါတယ်။
    ဒီလက္ခဏာတွေဟာ အသက်ရှည်မှုနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေပါပဲ။ စိတ်ဓာတ်ကျခြင်းနဲ့ အထီးကျန်ခြင်းကတော့ အိုကီနာဝါနာ ပြည်သူတွေမှာ အနည်းငယ်ပဲရှိပါတယ်။
    ကျန်းမာပျော်ရွင်တဲ့ ဇရာအိုဘ၀နဲ့ပတ်သက်လို့ သူတို့ဆီကနေ  ကျွန်တော်တို့ သင်ယူနိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
    “စိတ်ဖိစီးမှုနည်းခြင်း၊ မိသားစု စုစည်းမှုအားကောင်းခြင်း၊ အကောင်းမြင်ခြင်း စတာတွေဟာ အသက်ရှည်ဖို့အတွက် အရေးကြီးတယ်လို့ လေ့လာမှုတွေကနေ သိရပါတယ်။ ဒီအရာတွေဟာ ကျွန်တော့်ရဲ့လူနာတွေကို ကုသရမှာလည်း အလွန် အထောက်အကူဖြစ်ပါတယ်” လို့ အမေရိကန်ပြည်ထောင်စု တက္ကဆက်တက္ကသိုလ် ကျန်းမာရေးသိပ္ပံစင်တာမှ ဒါရိုက်တာ ဒေါက်တာ ကာမဲလ် ဒိုင်ယာက ဆိုပါတယ်။
    အိုကီနာဝါပြည်သူတွေဟာ အလုပ်ကိုလည်း အသက်အရွယ်ကြီးရင်တဲ့အထိ လုပ်ကြပါသတဲ့။
    “တကယ်လို့ လူတစ်ယောက်ဟာ လူ့အဖွဲ့အစည်းမှာ ဂရုစိုက်ခံရတဲ့အခါ၊ မိမိရဲ့ အသက်ရွယ်ကို ကျော်လွန်ပြီး တွေးတောတဲ့အခါ၊ ဦးနှောက်ကို သေသွားအောင်မထားတာ ဒါတွေဟာ အသက်ရှည်ဖို့အတွက် အရမ်းကို အကူအညီဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်” လို့ ဒိုင်ယာက ဖွင့်ဟခဲ့ပါတယ်။
    ………………………………
    နံပါတ် ၃။ ကလေးများအတွက် တောက်ပသော အနာဂတ် သို့မဟုတ် မွန်တီကာလို
    monte-carlo
    ကာစီနို၊ ပြိုင်ကားတွေ၊ ဇိမ်ခံရွက်လှေတွေ ပြီးတော့ ကျန်းမာသန်စွမ်းတဲ့ ကလေးတွေ….
    ဥရောပရဲ့ နိုင်ငံငယ်လေးဖြစ်တဲ့ မိုနာကိုက မွန်တီကာလိုမြို့ဟာ မွေးကင်းစကလေး သေဆုံးမှုမှာ ကမ္ဘာ့အနိမ့်ဆုံးနိုင်ငံဖြစ်ပြီး ကလေးငယ် ၁၀၀၀ မှာ သေနှုန်းဟာ ၁.၈၁ သာရှိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မိုနာကို ပြည်သူ့ရေးရာနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ရောဂါဘယ ကာကွယ်တားဆီးရေး၊ ပညာပေးရေးနဲ့ စောင့်ကြည့်ရေး စတဲ့ကျယ်ပြန့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တွေကို လုပ်ပေးထားတာကြောင့်ပဲ ဖြစ်ပါတယ်။
    ကိုယ်ဝန်ဆောင်နေချိန် အရည်အသွေးမြင့်တဲ့ စောင်ရှောက်မှု၊ ကျွမ်းကျင်မှုရှိတဲ့ ဆရာဝန်တွေရဲ့ မီးဖွားပေးမှု၊ ကလေးမွေးဖွားပြီးနောက်ပိုင်း စောင့်ရှောက်မှုတွေက မွေးကင်းစကလေး သေဆုံးမှုကို တားဆီးရာမှာ ထင်ရှားတဲ့ အကြောင်းအရာတွေပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆိုပါတယ်။
    “မိုနာကိုလိုတိုင်းပြည်မျိုးမှာ အလုပ်ဖြစ်တဲ့ အဆင့်မြင့် ပစ္စည်းကိရိယာတွေရှိပြီး အဲဒီကိရိယာတွေကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်နိုင်တဲ့ အထူးလေ့ကျင့်ထားတဲ့ ၀န်ထမ်းတွေလည်းရှိပါတယ်။ အရည်အသွေးမြင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခြေခံလိုအပ်ချက်တွေ ပြည့်စုံနေပြီဆိုရင်တော့ မွေးကင်းစကလေး သေဆုံးမှုကို ကာကွယ်ခြင်းဟာ သိပ်ကို လွယ်ကူပါတယ်” လို့ WHO ဥရောပရုံးမှ မွေးကင်းစကလေးများနဲ့ အရွယ်မရောက်သေးသောကလေးများ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှ မန်နေဂျာ ဗီဗီယံ ဘာနီကောက ဆိုပါတယ်။
    မိုနာကိုအတွင်းမှာရှိတဲ့ ချမ်းသာကြွယ်ဝမှုကလည်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းအတွက် အကူအညီဖြစ်စေပါတယ်။ မိုနာကိုဟာ တစ်မြို့ချင်းအလိုက် ပြည်တွင်းထုတ်ကုန် ထုတ်လုပ်မှုမှာ ကမ္ဘာ့ပဉ္စမအများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။
    WHO ရဲ့ အဆိုအရ ကမ္ဘာ့လူဦးရေရဲ့ အဆင်းရဲဆုံး ၂၀ ရာခိုင်းနှုန်းက ကလေးတွေဟာ မီးဖွားပြီး ပထမတစ်နှစ်မတိုင်ခင် သေဆုံးမှုဟာ ကမ္ဘာ့လူဦးရေရဲ့ အချမ်းသာဆုံး ၂၀ ရာခိုင်နှုန်းက ကလေးတွေထက် ၂ ဆလောက်များပါသတဲ့။
    “အကြီးဆုံးအကြောင်းအရာတစ်ခုက မိုနာကိုဟာ အရမ်းကြွယ်ဝတဲ့ တိုင်းပြည်တစ်ခုပါ။ (မွေးကင်းစကလေးသေဆုံးမှုကို ဖြစ်စေတဲ့) လမစေ့ဘဲမွေးခြင်းဟာ ဆင်းရဲမွဲတေမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀မရလို့ဆိုတာ ကျွန်တော်တို့ သိပါတယ်” လို့  March of Dimes ကျန်းမာရေးအဖွဲ့က အကြီးတန်းဒုတိယဥက္က ကျန်းမာရေးအရာရှိ ဒေါက်တာ အက်ဒ၀ပ် မက်ကာဘီက ဆိုပါတယ်။
    ပြီးတော့ မိုနာကိုမှာ အမေရိကန်လိုမျိုး မြို့တစ်မြို့မှာ ရှိရမယ့်ဆရာဝန်တွေဟာ သုံးဆလောက်များပြီး သူတို့တတွေထံမှာ အလွယ်တကူ ကုသမှုခံယူနိုင်တယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။
    “သင်ဟာဘယ်လိုလူမျိုးပဲ ဖြစ်နေပါစေ။ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ ယူမယ်ဆိုရင်တော့ သင့်ရဲ့ ကလေးဟာ ကျန်းမာစွာနဲ့ မွေးဖွးနိုင်ပါလိမ့်မယ်”
    ကံကောင်းထောက်မစွာနဲ့ပဲ မွေးကင်းစကလေးငယ်သေဆုံးမှုအန္တရာယ်ကို လျှော့ချဖို့အတွက် ပြင်သစ်က Riveira ကို သွားဖို့ မလိုတော့ပါဘူး။ အမေရိကန် ရောဂါဘယ ကာကွယ် တားဆီးရေးနဲ့ ထိန်းချုပ်မှုစင်တာ CDC ကတော့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဖောလစ်အက်စစ်ပါတဲ့ ဆေးတွေသောက်ဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားသောက်တွေ စားဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့နဲ့ သင့်လျော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူဖို့ တိုက်တွန်းထားပါတယ်။
    ……………………………….
    နံပါတ် ၄။ ဗန်ကူးဗားမှာ အသက်ပြင်းပြင်းရှူလိုက်ပါ။
    cities-vancouver
    လော့အိန်ဂျလီစ်၊ ဆာခရာမန်တို၊ ပေါ့လန်းနဲ့ ဆီယဲလ်တဲလ်တို့ကိုဖြတ်ပြီး အမေရိကန်ပြည်ထောင်စု အနောက်ဘက် ကမ်းရိုးတန်း မက္ကဆီကိုနယ်စပ်နားမှာရှိတဲ့ အဝေးပြေးလမ်း Interstate 5 (I-5) ကနေသွားပြီဆိုရင် ပထမဆုံး ရပ်နားရမယ့်နေရာက ကနေဒါနိုင်ငံထဲက ဗန်ကူးဗားမြို့ပဲ ဖြစ်ပါတယ်။
    လူရှုပ်တဲ့ ဗန်ကူးဗားမြို့မှာ ကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ် ရှိပါတယ်။ စက်ဘီးစီးဖို့ လမ်းတွေဟာ မိုင်းပေါင်းများစွာရှိပြီး ကနေဒါမှာ လမ်းအလျှောက်နိုင်ဆုံးမြို့လို့လည်း ဗန်ကူးဗားကို တင်စားကြပါတယ်။
    ဗန်ကူးဗားမှာ ကားတွေပြည့်ကျပ်နေတဲ့ ယဉ်ကျေးမှုမျိုး မရှိတာကလည်း ကမ္ဘာ့အသန့်ရှင်းဆုံးနဲ့ လေကောင်းလေသန့်အရဆုံး နေရာအဖြစ် မှတ်တမ်းဝင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။
    အခြားအကြောင်းအရင်းတွေကတော့ အဆောက်အဦးဆောက်တဲ့နေရာနဲ့ စီးပွားရေးလုပ်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင် စံချိန်စံညွှန်းတွေနဲ့ ကန့်သတ်ထားတာမျိုးတွေဖြစ်ပြီး၊ အမြဲတမ်းစိမ်းနေတဲ့ သစ်တောတွေ၊ ပင်လင်ပြင်ကလာတဲ့ လေနုအေးလေးတွေကလည်း ဗန်ကူးဗားလေထုကို သန့်စင်စေပါတယ်။
    ဘယ်မြို့မှာမဆို လေထုသန့်ရှင်းမှုဟာ ကျန်းမာရေးညွှန်းကိန်း ဖြစ်တယ်လို့ အမေရိကန်အဆုတ်အသင်းက ပေါ်လစီရေးရာဥက္ကဌ ဂျာနိုက်စ် နိုလန်က ဆိုပါတယ်။
    “(လေထုညစ်ငြမ်းမှုဟာ) လူကိုသေစေနိုင်ပါတယ်။ လူ့အသက်ကို ရက်တွေကနေ လတွေအထိ တိုစေနိုင်ပါတယ်” လို့ သန်းရှင်းတဲ့လေရရှိရေးနဲ့ ပတ်သက်ပြီး သူမက ပြောကြားခဲ့ပါတယ်။
    လေထုညစ်ငြမ်းမှုဟာ နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကလေးတွေမှာဆိုရင် ပန်းနာရင်ကြပ်ရောဂါကို ဖြစ်စေပါတယ်။ လေထုညစ်ညမ်းမှုကြောင့်ပဲ မွေးကင်းစ ကလေးတွေ အလေးချိန်ကျတတ်ပြီး၊ အဆုတ်ကင်ဆာကိုလည်း ဖြစ်စေနိုင်ပါတယ်။
    ကားတွေက ထုတ်လွှတ်တဲ့ မီးခိုးတွေဟာ လေထုညစ်ငြမ်းမှုရဲ့ အဓိကအကြောင်းအရင်း ဖြစ်ပြီး၊ လေ့လာမှုတွေအရ ကားအသွားအလာများတဲ့ လမ်းနားမှာ နေသူတွေဟာ အဲဒီလို နေရာမှာ မနေသူတွေထက် အမှုန်တွေ၊ အန္တရာယ်ရှိတဲ့ ဓာတုဗေဒပစ္စည်းတွေကို ပိုမိုရှူရှိုက်မိကြတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။
    ၂၀၁၁ ခုနှစ်မှာ ဗန်ကူးဗားဟာ “စိမ်းလမ်းသောမြို့” တည်ဆောက်ဖို့အတွက် အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့ပါတယ်။ ကနေဒါရဲ့ မြို့တော်က မြို့ပြဧရိယာကို ကမ္ဘာပေါ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတအဖြစ်ဆုံး မြို့ဖြစ်ဖို့ ရည်ရွယ်တာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ အပြီးတည်ဆောက်သွားမယ်လို့ ရည်မှန်းထားပါတယ်။
    ဗန်ကူးဗားအုပ်ချုပ်သူတွေဟာ သူတို့မြို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် အများကြီး ဆောင်ရွက်ကြပါတယ်။ ဒေသခံတွေဟာ စိမ်းလန်းတဲ့ ကွင်းပြင်တွေကို အလွယ်တကူသွားလို့ရတယ်။ သန်ရှင်းတဲ့ရေရပြီး၊ ပင်လယ်ပြင်တွေ၊ တောင်တန်းတွေဆီကိုလည်း သွားလို့ရပါသေးတယ်။
    တစ်ချိန်တည်းမှာပဲ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရဟာ ပူးပေါင်းပြီး မြို့လည်ခေါင်ကို တဖြည်းဖြည်းနဲ့ တိုးတက်အောင် ဆောင်ရွက်ကြပါတယ်။ ဒီလိုဆောင်ရွက်ပေးထားတာကြောင့် လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ဗန်ကူးဗားကို လာရောက် နေထိုင် အလုပ်လုပ်ကြတဲ့ သူတွေဟာ ၇၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ ဒါ့ကြောင့် မြို့တွင်းကို ကားမောင်းပြီး နေ့စဉ် ထွက်တာဝင်တာတွေလည်း နည်းသွားခဲ့ပါတယ်။
    အားလုံးခြုံပြီးပြောရမယ်ဆိုရင်တော့ ဗန်ကူးဗားမှာ ၁၉၉၀ ကတည်းကစပြီး အခုအချိန်အထိ လူဦးရေ ၃၀ ရာခိုင်နှုန်း အလုပ်အကိုင် ၁၆ ရာခိုင်နှုန်း တိုးလာပေမယ့် ကာဗွန် ထုတ်လွှတ်မှုကို ၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တာကို တွေ့ခဲ့ရပါတယ်။
    ဗန်ကူးဗားမြို့တော်ကောင်စီရဲ့ လက်ထောက်မန်နေဂျာ ဆဒ်ဟူ ဂျွန်စတန်ကတော့ ဗန်ကူးဗားဟာ ပြည်သူတွေရဲ့ လူနေမှုဘ၀တွေ၊ စီးပွားရေးတွေကို မထိခိုက်စေဘဲ သန့်ရှင်းစိမ်းလန်းပြီး ဘဘာဝပတ်ဝန်းကျင်နဲ့ လျော်ညီတဲ့ မြို့တစ်ခု ဖန်တီးလို့ရတယ်ဆိုတာကို ပြသနေတာ ဖြစ်တယ်လို့ အမွှန်းတင် ပြောဆိုခဲ့ပါတယ်။
    ………………………………
    နံပါတ် ၅။ မဲလ်ဘုန်း သို့မဟုတ် နေပျော်စရာမြို့
    cities-melbourne
    – အရပ်ဒေသတစ်ခုမှာ နေပျော်ခြင်းဆိုတာက လူအမျိုးမျိုးကိုလိုက်ပြီး ကွဲပြားခြားနားနိုင်ပါတယ်။ ဒါပေမယ့် မဲလ်ဘုန်းက လူမှုဘ၀ အရည်အသွေးတွေကိုတော့ လူအများက သဘောတူနိုင်ပါလိမ့်မယ်။
    ခေါင်းစဉ်တွေခွဲပြီး ကမ္ဘာပေါ်က မြို့တွေကို သုတေသနလုပ်ကာ အဆင့်သတ်မှတ်တဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Economist Intelligence Unit (EIU) က ကမ္ဘာ့အနေပျော်ဆုံး မြို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလက ရွေးချယ်ခဲ့ရမှာတော့ သြစတေးလျ ကမ်းရိုးတမ်းမြို့တစ်ခုဖြစ်တဲ့ မဲလ်ဘုန်းဟာ နံပါတ် ၁ အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ဒါဟာ ဒီစာရင်းမှာ လေးနှစ်ဆက်တိုက် ထိပ်ဆုံးမှာ ရှိနေတာလည်း ဖြစ်ပါတယ်။
    ဒီလိုသတ်မှတ်ဖို့အတွက် ရာဇ၀တ်မှုနည်းပါးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးစနစ်ကောင်းမွန်မှု၊ လူမျိုးဘာသာ မတူညီမှုအပေါ်မှာ သည်းခံနိုင်စွမ်းရှိမှု၊ ယဉ်ကျေးမှုဆိုင်ရာနဲ့ သြစတေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲလို အားကစားလှုပ်ရှားမှု စတဲ့ မှတ်ကျောက်တွေနဲ့ တိုင်းတာခဲ့တာဖြစ်ပြီး မြို့ပေါင်း ၁၄၀ မှာ မဲလ်ဘုန်းဟာ ထိပ်ဆုံး ချိတ်ခဲ့တာပါ။
    ကောက်ကွေ့စွာ စီးဆင်းနေတဲ့ မြစ်ဘေးကနေ တလက်လက်တောက်ပနေတဲ့ ရေပြင်ကို ကြည့်ရတာ၊ ခမ်းနားထည်ဝါတဲ့ ဗိသုကာလက်ရာတွေ၊ စိမ်းလန်းတဲ့ ကွင်းပြင်ကျယ်ကြီးတွေ၊ မျှတတဲ့ ရာသီဥတု စတာတွေကြောင့်လည်း မဲလ်ဘုန်းဟာ ဒီလိုရွေးချယ်ခံခဲ့ရတာပါ။
    “ကျွန်တော်တို့ရဲ့ စစ်တမ်းကောက်ယူမှုမှာ မဲလ်ဘုန်းက တော်တော်လေးကောင်းတဲ့ အကြောင်းအရင်းကတော့ မဲလ်ဘုန်းဟာ လူတစ်ဦးတစ်ယောက်ရဲ့ နေ့စဉ်ဘ၀ကို စိန်ခေါ်မှု နည်းစေတာပါပဲ” လို့  EIU က လေ့လာဆန်းစစ်သူတစ်ယောက်ဖြစ်ပြီး နေပျော်စရာမြို့ရွေးချယ်ရေးအဖွဲ့ရဲ့ အယ်ဒီတာဖြစ်သူ ဂျွန် ကော့စတိတ်က ဆိုပါတယ်။
    အခြားတစ်ဖက်မှာ မြို့ဟာ သန့်ရှင်းတယ်၊ လုံခြုံတယ်၊ ဖော်ရွေမှုရှိတယ်၊ ရာသီဥတုကောင်းသလို ၀န်ပိစေတဲ့ အခြေခံအဆောက်အဦး ဒါမှမဟုတ် မြို့ပြအများစုမှာ ရှိကြတဲ့ လူမှုရေးဆိုင်ရာ မငြိမ်မသက်မှုတွေလည်း မရှိပါဘူး။
    ပြီးတော့ မဲလ်ဘုန်းမှာ ကျယ်ပြန့်တဲ့ ရထားလိုင်းကွန်ယက်တွေ ရှိသလို ဓာတ်ရထားတွေ၊ ကားမောင်းစရာမလိုဘဲ စက်ဘီးနဲ့ နေရာအနှံ့ သွားလို့ရတဲ့ စက်ဘီးလမ်းကြောင်းတွေလည်း ရှိပါတယ်။ သြစတေးလျရဲ့ ယဉ်ကျေးမှုမြို့တော်လို့ လူအများထင်ထားသလိုပဲ မဲလ်ဘုန်းမှာ ရှင်သန်နေတဲ့ အနုပညာ ပြခန်း၊ ပြကွက်တွေလည်း ရှိပါတယ်။
    ဒါပေမယ့် ဒီမြို့ဟာ လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို တကယ် တိုးတက်စေနိုင်ပါလား?
    ဟုတ်ကဲ့။ တိုးတက်စေနိုင်ပါတယ်လို့ အများပြည်သူ အပန်းဖြေအနားယူနိုင်ဖို့ နေရာတွေကို ဒီဇိုင်းဆွဲ တည်ဆောက်ပေးနေတဲ့ Gehl Architects ဗိသုကာကုမ္ပဏီမှ ဂျက်ဖ် ရီဆမ်က ဆိုပါတယ်။ နောက်ပြီး ပန်းခြံအသစ်တွေ၊ ရင်ပြင်တွေ၊ ရထားတွေ၊ ယဉ်ကျေးမှုဆိုင်ရာ ပြပွဲတွေက ပြည်သူတွေကိုပျော်ရွှင်စေမည့် အခွင့်အရေးတွေကို ပေးနိုင်လိမ့်မယ်လို့ ရီဆမ်က ယုံကြည်နေပါတယ်။
    ဒါတွေဟာ Conde Nast Traveler မဂ္ဂဇင်းက စာဖတ်သူတွေ ရွေးချယ်ခဲ့တဲ့ ကမ္ဘာ့အဖော်ရွေဆုံး မြို့စာရင်းမှာ မဲလ်ဘုန်းဟာ နယူးဇီလန်က အော့ကလန်မြို့နဲ့အတူ ရွေးချယ်ခံခဲ့ရတဲ့ အကြောင်းအရင်းတွေလည်း ဖြစ်ပါတယ်။
    ယခင်ရွှေထွက်ရာဒီမြို့ရဲ့ ရေရှည်အနာဂတ်ကတော့ရှင်းပါတယ်။ မဲလ်ဘုန်းရဲ့ လိုက်မမီလောက်တဲ့ တိုးတက်နှုန်းက လူတွေကြိတ်ကြိတ်တိုးတာ၊ ရာဇ၀တ်မှုတွေပေါလာတာနဲ့ မြို့ပြမှာရှိတဲ့ အခြားသော မကောင်းမှုတွေ ၀င်ရောက်လာနိုင်စရာ အကြောင်းတွေ ရှိနေပါတယ်။
    ဒါပေမယ့် အခုအချိန်မှာတော့ လှပပြီး၊ ကျန်မာရေးနဲ့ညီညွတ်တဲ့ နေချင်စရာ နေရာတစ်ခုပါပဲ။
    …………………………………………..
    နံပါတ် ၆။ ဆေးလိပ်ကင်းစင်မြို့ သို့မဟုတ် နယူးယောက်
    new-york
    လူအများစုရဲ့ အမြင်မှာ နယူးယောက်မြို့ဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့မြို့မဟုတ်ဘူးလို့ ထင်ကြပါတယ်။ ဆူညံတယ်၊ လူရှုပ်တယ်၊ အငှားကားထဲက ထွက်လိုက်ပြီဆိုတာနဲ့ လမ်းသွားလမ်းလာတွေနဲ့ ဒုက္ခရောက်တယ်။ မြို့သူမြို့သားတွေဟာ လူသွားလမ်းကို ၈ သန်းသော လူတွေနဲ့ မျှဝေသုံးစွဲရတာဟာလည်း တိုက်ပွဲတစ်ပွဲလိုပါပဲ။
    ဒါပေမယ့် သင်ဟာ ဆေးလိပ်အနံ့ မခံနိုင်သူတစ်ဦး ဖြစ်မယ်ဆိုရင်တော့ နယူးယောက်ဟာ သင့်အတွက် နိဗ္ဗာန်ပါပဲ။ မြို့ကြီးတွေထဲမှာ နယူးယောက်ဟာ ဆေးလိပ်သောက်တာကို နှိပ်ကွပ်တဲ့နေရာမှာ ရှေ့ဆောင်လမ်းပြ မြို့တစ်မြို့ပါပဲ။
    ဆေးလိပ်ငွေ့ရှူရှိုက်မိသူတွေရဲ့ အန္တရာယ်ကို စတင်သတိပြုမိပြီး၊ အလုပ်ခွင်တွေမှာ ဆေးလိပ်သောက်သုံးခြင်းကို ပိတ်ပင်တဲ့ ဥပေဒကို နယူးယောက်မှာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက ထုတ်ပြန်ခဲ့တာပါ။ ၂၀၀၂ ခုနှစ်မှာတော့ မြို့တော်ဝန် မိုက်ကယ် ဘလွမ်းဘာ့ဂ်ဟာ အရက်ဘားနဲ့ စားသောက်ဆိုင် အားလုံးနီးပါးမှာပါ ဆေးလိပ်သောက်သုံးမှုကို တိုးချဲ့ ပိတ်ပင်လိုက်ပါတယ်။ ဒီလိုပိတ်ပင်ခဲ့မှုကြောင့် ကန့်ကွက်သံတွေ ညံခဲ့ပေမယ့် နောက်ပိုင်းမှာ တစ်ဖြည်းဖြည်းနဲ့ လျော့ပါးလာခဲ့ပြီး စားသောက်သူတွေကလည်း ဥပဒေအသစ်နဲ့ နေသားကျသွားခဲ့ပါတယ်။
    ဒီလိုပိတ်ပင်မှုဟာ နယူးယောက်က သူတွေရဲ့ ဆေလိပ်သောက်ချင်တဲ့ ဆန္ဒကိုလည်း လျော့ကျစေခဲ့ပါတယ်။ မြို့ရဲ့ ကျန်းမာရေးဌာနက စစ်တမ်းကောက်ယူမှုအရ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း အရွယ်ရောက်သူဦးရေရဲ့ ၂၈ ရာခိုင်နှုန်းဟာ ဆေးလိပ် သောက်သုံးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ နယူးယောက် အထက်တန်းကျောင်းသားတွေရဲ့ ဆေးလိပ်သောက်သုံးမှုဟာလည်း ၅၀ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ပါတယ်။
    ကျန်မာရေး တာဝန်ရှိသူတွေက ဆေးလိပ်အငွေ့ ရှူရှိုက်ရသူတွေဟာ ဆေးလိပ်သောက်သုံး သူတွေမှာတွေ့ရတဲ့ အဆုတ်ကင်ဆာလို တူညီတဲ့ ရောဂါမျိုး ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ၂၀၁၁ ခုနှစ်မှာ ဘလွမ်းဘတ်ဟာ ဥပဒေတစ်ခုနဲ့ ဆေးလိပ်သောက်သုံးမှု တိုက်ဖျက်ရေးကို ဆောင်ရွက်ခဲ့ပြီး ထိုဥပဒေအရ ပန်းခြံတွေမှာ၊ ကမ်းခြေတွေနဲ့ မြို့တွင်းလျှောက်လမ်းတွေမှာ ဆေးလိပ်သောက်သုံးတာကို တရားမ၀င်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
    “ဆေးလိပ်သောက်လို့ရတဲ့ နေရာဟာ နည်းနည်းလေးပဲ ကျန်ပါတော့တယ်။ ဆေးလိပ်ဖြတ်ဖို့ လူတွေကို လွယ်ကူအောင် ကျွန်တော်တို့ ဆောင်ရွက်ပေးချင်တာပါ” လို့ နာတာရှည်ရောဂါ တားဆီးကာကွယ်ရေးနဲ့ ဆေးရွက်ကြီး ထိန်းချုပ်ရေးဗျူရိုက လက်ထောက်ကော်မရှင်နာ ခရစ္စတင်း ဂျွန်ဆင်က ပြောခဲ့ပါတယ်။
    နယူးယောက်ခေါင်းဆောင်တွေဟာ ဆေးလိပ်ဝယ်ယူရ ခက်အောင်လို့လည်း ဆောင်ရွက်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့မေလက စတင်သက်ရောက်ခဲ့တဲ့ ဥပဒေမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထုတ်ကုန်တွေ ၀ယ်နိုင်တဲ့ အသက်အရွယ်ကို ၁၈ နှစ်ကနေ ၂၁ နှစ်ကို တိုးလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဆေးရွက်ကြီးနဲ့ ပတ်သက်တာတွေ ရောင်းချတဲ့ အခွန်ကိုလည်း မြှင့်တင်လိုက်ပြီး အဲဒီဥပဒေအရ ဆေးလိပ်တစ်ဘူးကို ကန်ဒေါ်လာ ၁၀.၅၀ နှုန်းနဲ့ ရောင်းရမှာဖြစ်တာကြောင့် တစ်နိုင်ငံလုံးမှာ ဒုတိယအမြင့်ဆုံး ဈေးနှုန်းလည်း ဖြစ်ပါတယ်။
    နယူးယောက်မြို့ ပြည်သူ့ကျန်းမာရေးအတွက် နောက်ထပ်ဆောင်ရွက်မှုဟာ FDA က ထိန်းညှိမပေးတဲ့ အီးစီးရက်တွကို ပိတ်ပင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
    “ဆေးလိပ်ကို ထိန်းချုပ်ရာမှာတော့ နယူးယောက်ဟာ အမြဲတမ်း ခေါင်းဆောင်ပါပဲ။ ကျွန်တော်တို့ပြောချင်တာ ကတော့ ဆေးလိပ် ကင်းစင်ရေး ပေါ်လစီဟာ ဆေးလိပ်သောက် သုံးသူတွေ အပေါ် ယုတ်မာတာမျိုး မဟုတ်ဘဲ၊ နယူးယောက်က ပြည်သူတွေအားလုံး သန့်ရှင်းပြီး ဆေးလိပ်ငွေ့ ကင်းတဲ့ လေကောင်းလေသန့်ကို ရှူရှိုက်ဖို့ အခွင့်အရေးကို အသိအမှတ်ပြုတာပဲဖြစ်ပါတယ်” လို့ ပြည်သူ့ကျန်းမာရေး  အဖြေရှာရေး အစီအစဉ်အောက်က ဆေးလိပ်ကင်းစင်မြို့ဖြစ်ရေး မဟာမိတ်အဖွဲ့မှ လက်ထောက်ဒါရိုက်တာ ဒဲဒရီ ဆူလီက ပြောကြားခဲ့ပါတယ်။
    ………………………………………
    နံပါတ် ၇။ ဂျွန်ကိုပင်းက အက်စတာ ပရောဂျက်
    jonkoping
    နောက်ထပ် ဆယ်စုနှစ် ၂ ခုကျော်အတွင်း အနောက်နိုင်ငံတွေမှာ အသက် ၆၅ နှစ်အထိ နေရသူအရေအတွက်ဟာ တိုးလားဖို့ အလားအလာ ရှိနေပါတယ်။ အစိုးရတွေကလည်းသက်ကြီးရွယ်အိုတွေအတွက် အရည်အသွေးပြည့်ဝတဲ့ စောင့်ရှောက်မှုစနစ်တွေသာမက ရေရှည်ခံမယ့် စနစ်မျိုးကိုလည်း အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။
    အဲဒီအတွက် နိုင်ငံခေါင်းဆောင်တွေဟာ ဆွီဒင်က ဂျွန်ကိုပင်းမြို့ကိုသွားပြီး အများကြီး လေ့လာနိုင်ပါတယ်။
    အက်စတာဟာ အတော်အသင့်ပြည့်စုံတဲ့ ပင်စင်စား အဘွားအိုတစ်ယောက်ဖြစ်ပြီး နာတာရှည် ကျန်းမာရေးပြဿနာနဲ့ ရင်ဆိုင်နေရတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ မြို့ထဲမှာ အက်စတာရဲ့ မိတ်ဆွေတွေရှိပြီး သမီးဖြစ်သူကတော့ ဂျွန်ကိုပင်းရဲ့အခြားတစ်ဖက်မှာ ရှိတဲ့ မြို့မှာ နေထိုင်ပါတယ်။ ဒါပမေယ့် အက်စတာဟာ တစ်နေ့ထက်တစ်နေ့ သူရဲ့တိုက်ခန်းငယ်လေးထဲမှာပဲ အချိန်တွေကို ကုန်ဆုံးပါတယ်။
    အသက် ၈၈နှစ်ရှိပြီဖြစ်တဲ့ အက်စတာဟာ ဒီလိုပဲနေခဲ့တာဖြစ်ပြီး နောက်လည်း ဒီလိုပဲ နေသွားအုံးမှာပါ။
    နောက်ပြီး အက်စတာဟာ သက်ကြီးရွယ်အိုတွေရဲ့ ဘ၀ပြဿနာတွေကို ဖြေရှင်းပေးဖို့ အစိုးရက ကူညီပေးလိမ့်မယ်ဆိုတဲ့ အိပ်မက်ကို မက်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အက်စတာရဲ့ ဒီအိပ်မက်ကပဲ “အက်စတာပရောဂျက်” လို့ခေါ်တဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်တဲ့စနစ် ဆွီဒင်မှာ ပေါ်ပေါက်လာရခြင်းပဲ ဖြစ်ပါတယ်။
    သက်ကြီးရွယ်အိုတွေ အရည်အသွေးပြည့်ဝတဲ့ ဘ၀တွေကို ပိုင်ဆိုင်ရဖို့အတွက် ၀င်ငွေတည်ငြိမ်မှု၊ ဘ၀မျှော်လင့်ချက်၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေကောင်းမွန်မှု၊ အလုပ်အကိုင်နဲ့ ပညာရေး တွေပါအ၀င် အခြားသော ဆောင်ရွက်မှု အများအပြားကို လုပ်ဆောင်ပေးရာမှာ ဆွီဒင်ဟာ ကမ္ဘာ့ထိပ်ဆုံးအဆင့် နားလောက်မှာရှိတယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ် ပြည်သူ့ဖူလုံရေးဘာသာရပ်မှ ပါမောက္ခ အန်ဒရူး ရှာလက်ခ်ျက ဆိုပါတယ်။
    ဒါဟာကောင်းမွန်တဲ့ စနစ်ပါလို့ ဂျွန်ကိုပင်းမြို့ရေးရာ သင်ယူရေးနှင့် ပြင်ဆင်မွမ်းမံရေး အမှုဆောင်အကြီးအကဲက ဂိုရန် ဟန်းနရစ်ကလည်း ပြောခဲ့ပြီး၊ တိုးတက်မှုအတွက် လုပ်ဆောင်ရမှာတွေ အမြဲတမ်းရှိနေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
    အက်စတာအနေနဲ့ ရင်ဘတ်အောင်တဲ့ရောဂါကြောင့် သမီးဖြစ်သူကို လှမ်းခေါ်တဲ့အခါ ဘာဖြစ်မလဲလို့ ဟင်းနရစ်နဲ့အဖွဲ့က ဆန်းစစ်ကြည့်ရာမှာတော့ အက်စတာဟာ တစ်နေရာကနေ အခြားတစ်နေရာကို ၁၂ နာရီလောက် တစ်ရွေ့ရွေ့သွားရမယ်။ စမ်းသပ်မှုတွေ အများကြီး လုပ်ခံရမယ်၊ လူ ၃၀ လောက်ရဲ့ မေးမြန်းမှုကို ဖြေကြားရပြီး အချိန်အကြာကြီး စောင့်ရမယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။
    ဒါ့ကြောင့် “အက်စတာအတွက် ဘာလုပ်ပေးရင် ကောင်းမလဲ” ဆိုတာက သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ဖို့အတွက် ပေါ်လစီအသစ်ကို ဦးတည်စေခဲ့တယ်လို့လည်း ဟင်းနရစ်က ဆိုပါတယ်။
    အဲဒီပေါ်လစီသစ်ရ အက်စတာဟာ သူနာပြုတစ်ယောက် ရရှိမှာဖြစ်ပြီး အိမ်မှာ ရက်အနည်းငယ် အနားယူနိုင်ကာ နောက်ပိုင်းမှာ ဆေးရုံကို ပြင်ပလူနာအဖြစ် တက်ရောက် ကုသနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် အက်စတာအပေါ်မှာရော၊ စနစ်အပေါ်မှာပါ အခွန်ကလည်း နည်းနည်းသာ ကုန်ကျမှာပါ။
    ရေရှည်ကိုကြည့်လိုက်ရင် အက်စတာ ပရောဂျက်ဟာ အံ့သြလောက်ဖွယ် အောင်မြင်ခဲ့ပြီး ဂျွန်ကိုပင်းက သက်ကြီးရွယ်အိုတွေအတွက် ထိရောက်ပြီး၊ တစ်သားတည်းဖြစ်တဲ့ စောင့်ရှောက်မှု စနစ်မျိုး ဖြစ်လာခဲ့တယ်လို့ ဟင်းနရစ်က ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။ ဒီစနစ်ကနေ မျှော်လင့်မထားတဲ့ အခြားရလဒ်တစ်ခုကတော့ ဒေသတွင်း ကုန်ကျစားရိတ်ကြီးမားတဲ့ ဆေးရုံအိပ်ရာတွေ အများအပြား လျှော့ချနိုင်တာပဲ ဖြစ်ပါတယ်။
    …………………………..
    နံပါတ် ၈။ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းကို အပြည့်အ၀ အကောင်အထည်ဖော်တဲ့ ဟာဗားနား
    havana
    ကျူးဘားနိုင်ငံက ဟာဗားနားမြို့ ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးမြို့တွေထဲက တစ်မြို့ဖြစ်မယ်လို့ ထင်တောင်ထင်ကြမှာ မဟုတ်ပါဘူး။
    ဟုတ်ပါတယ်။ တိုင်းပြည်က လူများစုဟာ ကမ်းကုန်အောင် ဆင်းရဲကြတယ်။ နောက်ပြီး အမေရိကန်ရဲ့ ကုန်သွယ်မှု ပိတ်ပင်ထားခြင်းက ကျန်းမာရေးဆိုင်ရာ အကောင်းဆုံး နည်းပညာတွေ ကျန်းမာရေးဝန်ထမ်းများရဲ့လက်ကို မရောက်တာမျိုးလည်း ဖြစ်စေပါတယ်။ ဒါပေမယ့် ကြိုတင်ကာကွယ်တားဆီးမှုကို အာရုံစိုက်လုပ်ဆောင်ထားတာကြောင့် ပြည်သူတွေဟာ ရောဂါကြီးကြီးမားမားတွေဖြစ်ပြီး ဆေးရုံတက်ရတဲ့ အန္တရာယ်ကနေ လျော့ကျစေပါတယ်။
    လူဦးရေ ၁၁ သန်းရှိတဲ့ ကျူးဘားနိုင်ငံဟာ တစ်ဦးချင်း ပျမ်းမျှသက်တမ်း ၇၉ နှစ်ရှိပြီး အမေရိကန်ပြည်ထောင်စုက ပျမ်းမျှသက်တမ်းနဲ့ အတူတူပါပဲ။ မွေးကင်းစ ကလေးငယ် သေဆုံးမှုနှုန်း လျော့နည်းမှုကတော့ အမေရိကန်ထက်တောင် သာပါသေးတယ်။ ကျူးဘားအစိုးရဟာ ကျန်းမာရေးစောင့်ရှောက်မှုမှာ ပြည်သူတစ်ဦးချင်းစီအတွက် ကန်ဒေါ်လာ ၄၀၀ သာ သုံးစွဲပြီး အမေရိကန်ကတော့ ၉၀၀၀ နီးပါး သုံးစွဲပါတယ်။ ဘယ်လိုလဲ?
    အကြောင်းအရင်းကတော့ ကာကွယ်တားဆီးခြင်းပါပဲ။
    “အခြေခံကျကျပြောရရင် ကာကွယ်တားဆီခြင်းဟာ ဒီလောက်ကို ငွေကုန်ကျေးကြ သက်သာစေပါတယ်။ တကယ်လို့ သင်တို့နိုင်ငံဟာ ကျူးဘားလို့ အရင်းအမြစ်တွေ ကန့်သတ်မှုရှိနေတဲ့ တိုင်းပြည်ဆိုရင် သင့်ရဲ့ ရင်းမြစ်တွေကို အထိရောက်ဆုံးနည်းလမ်း၊ ငွေကြေးအကုန်အကျ သက်သာတဲ့နည်းလမ်းနဲ့တွေနဲ့ အသုံးချမှာပါပဲ” လို့ အမေရိကန် ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံအကြား ကျန်းမာရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို အကျိုးအမြတ်မယူဘဲ ပူးပေါင်းဆောင်ရွက်နေတဲ့ MEDICC အဖွဲ့က အမှုဆောင်ဒါရိုက်တာ ပီယာရီ လာရမ်မီက ဆိုပါတယ်။
    ရာနှုန်းပြည့် ကာကွယ်ဆေးထိုးပေးတာနဲ့ ပုံမှန်ကျန်းမာရေး စောင့်ကြည့်တာမျိုးလို ရိုးရိုးဆောင်ရွက်မှုတွေက ဟာဗားနားရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ရပ်ကွက်တိုင်းမှာ ဆရာဝန်ထိုင်တဲ့ အိမ်ငယ်လေးတွေရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုကို အခမဲ့ရယူနိုင်ပါတယ်။
    ပိုကြီးတဲ့ တတိယအဆင့် ဆေးရုံတွေကတော့ ရှုပ်ထွေးတဲ့ ရောဂါဝေဒနာတွေကို ကုသပေးပါတယ်။ ရပ်ကွပ်အတွင်းမှာ စောစောစီးစီး တားဆီးနိုင်တဲ့ ရောဂါတွေကိုတော့ ဒေသခံတွေက ဆရာဝန်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့ကြပါတယ်။
    မိမိကျန်းမာရေးကို ဂရုစိုက်ဖို့နဲ့ အိမ်နီးချင်းတွေကို စောင့်ရှောက်ဖို့ဆိုတာ ဟာဗားနားက ပြည်သူတွေ ငယ်ငယ်ကလေးကတည်း သင်ကြားခံခဲ့ရတဲ့ လက်တွေ့လုပ်ဆောင်မှု တစ်ခုပါလို့ လာရမ်မီက ဆိုပါတယ်။ ကလေးငယ်တွေကို ရှေးဦးသူနာပြုနည်းတွေနဲ့ CPR တွေ သင်ပေးကြတယ်။ ဒါတွေဟာ မုန်းတိုင်း ခဏခဏတိုက်တဲ့နေရာ၊ အရေးပေါ် ကျန်းမာရေးဝန်ဆောင်မှုတွေ ရှားပါးတဲ့နေရာတွေမှာ အရေးပါတဲ့လုပ်ဆောင်မှုတွေပါပဲ။
    “တကယ်လို့ ပြည်သူတွေကို ကျန်းမာရေးနဲ့ ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးမယ်ဆိုရင် သင့်အလျော်တဲ့ အဟာရရဖို့ လိုအပ်ချက်နဲ့၊ လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်ချက်တွေဟာ ကျန်းမာရေးရဲ့ နိစ္စဓူဝ ယဉ်ကျေးမှုတစ်ခု ဖြစ်လာမှာပါ” လို့ လာရမ်မီက ပြောကြားခဲ့ပါတယ်။
    ကာကွယ်တားဆီးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ အာရုံစိုက် လုပ်ဆောင်မှုရဲ့ နောက်ထပ် အကျိုးသက်ရောက်မှုတစ်ခုကတော့ ဆေးကျောင်းတွေကို အခမဲ့ တက်ခွင့် ပေးထားတာပါပဲ။ ကျူးဘားနိုင်ငံဟာ အခြားသော လက်တင်အမေရိက နိုင်ငံတွေထက် ဆရာဝန်တွေကို ပိုမိုမွေးထုတ်ပေးပါတယ်။
    အချို့သော ဝေဖန်သူတွေကတော့ ကျူးဘားက ဆရာဝန်တွေဟာ တစ်လကို ကန်ဒေါ်လာ ၂၀ ကနေ ၃၀ လောက်ပဲရကြပြီး၊ အပိုဝင်ငွေရဖို့အတွက် ဆရာဝန်တိုင်းနီးပါး အငှားကား မောင်းတာမျိုးတွေ လုပ်ရတယ်လို့ ထောက်ပြကြပါတယ်။ ရှုပ်ထွေးတဲ့ ရောဂါတွေ၊ ဖြစ်ခဲတဲ့ ရောဂါတွေကို ကုသတာမျိုးတွေ မရှိဘဲ အမျိုးသား ဦးရေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ဆေးလိပ်တွေ သောက်တုန်းပဲလို့ ပြောကြပါတယ်။
    ဒါပေမယ့် အပေါ်ကဖော်ပြထားတားအားလုံးကို ကြည့်မယ်ဆိုရင် “ရောဂါဖြစ်မှ ကုသတာထက် မဖြစ်ခင် ပထမအဆင့်ထဲက ကာကွယ်တာဆီးခြင်းဟာ ပိုမိုကောင်းမွန်တယ်” ဆိုတာနဲ့ ပတ်သက်ပြီး ဟာဗားနားက အကောင်းဆုံး ဥပမာပဲ ဖြစ်ပါတော့တယ်။
    ……………………………………
    နံပါတ် ၉။ စာရိတ်နည်းနည်းနဲ့ စင်ကာပူမှာဆေးကုပါ
    singapore
    တကယ်လို့များ သင်ဟာ ကျန်းမာရေးမကောင်းဖြစ်မယ်ဆိုရင်တော့ စင်ကာပူဟာ ဆေးကုသရမယ့် နေရာပါပဲ။
    ကမ္ဘာပေါ်မှာ အကောင်းမွန်ဆုံး ကျန်မာရေးစနစ်ရှိတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ စင်ကာပူမှာ အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို ပြည်သူ ၈၀ ရာခိုင်နှုန်းက အသုံးပြုကြပါတယ်။
    ပိုပြီးအရေးကြီးတာက ကမ္ဘာပေါ်က ချမ်းသာတဲ့နိုင်ငံတွေထက် စင်ကာပူမှာ ကျန်းမာရေး အသုံးစားရိတ် လျော့နည်းတာပဲ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပြည်တွင်း ထုတ်ကုန်ရဲ့ ၄.၇ ရာခိုင်နှုန်းဟာ ကျန်းမာရေးကဏ္ဍအတွက်ဖြစ်ပြီး အမေရိကန်ကတော့ ၁၇.၉ ရာခိုင်နှုန်း ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
    ဒါ့ကြောင့် လျှို့ဝှက်ချက်ကဘာလဲ? Medisave လို့ခေါ်တဲ့ ကျန်းမာရေးဖူလှုံမှု အစီအစဉ်မှာ နိုင်ငံသားအားလုံးပါဝင်ဖို့အတွက် စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။ အဲဒီအစီအစဉ်ဟာ ပြည်သူတွေအတွက် နာဂတ်မှာ ကျန်းမာရေးအသုံးစားရိတ်ကာမိဖို့ ဆောင်ရွက်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ပြည်သူတွေဟာ ရရှိတဲ့ဝင်ငွေပေါ် မူတည်ပြီး ကျန်းမာရေးဆိုင်ရာ အမတော်ငွေကိုလည်း ရရှိကြပါတယ်။ ကျန်းမာရေး ကုန်ကျစားရိတ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြရပြီး အာမခံ ကုမ္ပဏီတွေကိုလည်း အစိုးရက ထိန်းချုပ်ထားပါတယ်။
    “ဈေးနှုန်းနဲ့ ထွက်ငွေအတွက် ထင်သာမြင်သာရှိမှုဟာ အရည်အသွေးမြင့်များဖို့အတွက် အရမ်း အရေးကြီးပါတယ်။ ဒါတွေမရှိဘူးဆိုရင်တော့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို စီမံဖို့ အရမ်းခက်ခဲမှာပါ” လို့ နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ဖြစ်တဲ့ ACCESS Health International Inc က ဥက္ကဌ ၀ီလီယံ ဟက်စဲလ်တိုင်းက ဆိုပါတယ်။
    စင်ကာပူကျန်းမာရေးနဲ့ ပတ်သက်ပြီး သူရေးသားထုတ်ဝေခဲ့တဲ့  Affordable Excellence: The Singapore Healthcare Story ဆိုတဲ့ စာအုပ်မှာ ဟက်စဲလ်တိုင်းက မြို့ပြ စီမံကိန်းတိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ထည့်သွင်းဖို့ လိုအပ်တယ်ဆိုတာ စင်ကာပူက စောစောစီးစီး နားလည်ခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ရာတွေ၊ သောက်သုံးရေ၊ အစားသောက်၊ လေထု အရည်အသွေး၊ ကားလမ်းကြပ်တာတွေ၊ ပန်းခြံ ဆောက်လုပ်တာတွေနဲ့ အခြားသော ကိစ္စတော်တော်များများကို ပြည်စုံတဲ့ ကျန်းမာရေးစနစ်ရဲ့ အစိတ်အပိုင်းတွေလို့ စင်ကာပူက ထည့်သွင်း စဉ်းစားခဲ့ပါတယ်။
    ပြည်သူလူထုနဲ့ သဘာဝပတ်ဝန်းကျင်ကို စောင့်ကြည့်လေ့လာတာမျိုးတွေဟာလည်း အောင်မြင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေရဲ့ လက္ခဏာဖြစ်တယ်လို့လည်း ကျန်းမာရေးနဲ့ပတ်သက်ပြီး မတူညီမှုတွေကို အထူးပြုလေ့လာနေတဲ့ ပရော်ဖက်ဆာ ကီရှာ ဘီ ဟိုလ်ဒန်က ဆိုပါတယ်။
    အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ဟာ ဆေးကုသမှုခံယူနေသူတွေရဲ့ လိုအပ်ချက်တွေကို ဂရုတစိုက် စောင့်ကြည့်နေရတယ်လို့ ဟိုလ်ဒန်က ဆိုပါတယ်။ ဒီစနစ်မှာ ဆွဲဆောင်နိုင်စရာ ဘဏ္ဍာရေး စနစ်တွေ ရှိရမယ်။ လူ့အဖွဲ့အစည်းကို ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပညာပေးတာမျိုးတွေ ရှိရမယ်။ ကြိုတင် ကာကွယ်ရေး လုပ်ငန်းတွေမှာ အာရုံစိုက် လုပ်ဆောင်တာလည်း ရှိရမှာပါ။ စင်ကာပူမှာတော ဒါတွေအားလုံး ရှိနေပါတယ်။
    စင်ကာပူမှာ စက်ဘီးငှားစီးလို့ရတာ၊ အခမဲ့အဆီချလို့ရတာနဲ့ ဆေးလိပ်သောက်သုံးမှု လျှော့ချရေး အစီအစဉ်တွေရှိပြီး ဒီအစီအစဉ်တွေဟာ စင်ကာပူ နိုင်ငံသားတွေအတွက် အောင်မြင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေထဲက အစီအစဉ်တွေလည်း ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားသောက်၊ လေ့ကျင်ခန်း၊ ကျန်းမာရေး အသိပညာပေးရေးနဲ့ ပုံမှန်စောင့်ကြည့်မှုတွေကို အဓိကကြီးကြပ်ပေးတဲ့  the Health Promotion Board ဘုတ်အဖွဲ့ရှိပြီး အဲဒီဘုတ်အဖွဲ့ကို အစိုးရက တိုက်ရိုက် အုပ်ချုပ်တာပါ။
    “အရည်အသွေး အရမ်းမြင့်မားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို စင်ကာပူက ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီစနစ်ကြောင့် ၀င်ငွေဘယ်လောက်ပဲရှိရှိ ပြည်သူတွေဟာ တန်းတူ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ပါတယ်” လို့ ဟက်စဲလ်တိုင်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    စင်ကာပူမှာ အလုပ်ဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်က နည်းစနစ်တွေကို အခြားနိုင်ငံတွေမှာလည်း ကောင်းကောင်းကျင့်သုံးလို့ ရတယ်လို့ ဟက်စဲလ်တိုင်းက ယုံကြည်နေပါတယ်။
    “ဘာတွေလုပ်နိုင်ခဲ့သလဲဆိုတာ ပြန်ကြည့်ဖို့ အရေးကြီးပါတယ်။ အရည်အသွေး မြင့်မားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ကုန်ကျစားရိတ်နည်းနည်းနဲ့လည်း ဖော်ဆောင်နိုင်ပါတယ်”
    ………………………………………..
    နံပါတ် ၁၀။ ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များရှိသည့်မြို့ သို့မဟုတ် နာပါ
    napa
    – CNN က ကျန်းမာရေးနဲ့ ပတ်သက်တဲ့ iReport စာဖတ်ပရိတ်သတ်တွေကို ကျွန်တော်တို့ မေးမြန်းတဲ့အခါမှာ သူတို့ရဲ့မြို့တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေ ဘယ်လောက်ရှိတယ်ဆိုတာကိုပြောကြပြီး၊ ရာပေါင်းများစွာဟာလည်း လက်တွေ့ဆောင်ရွက်မှုတွေကို ပြကြပါတယ်။
    ဆန်ဒီယေဂိုနဲ့ မွန်ထရီယဲလ်မှာ ကလို့ရတယ်။ ဘာမင်ဂမ်နဲ့ အလာဘားမားမှာ ရေလွှာလျှောစီးရှိတယ်။ ဂျာမနီက မြူးနစ်မှာလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လှုပ်ရှားမှုတွေ ရှိပါတယ်။
    ဒါပေမယ့် ကယ်လီဖိုးနီးယားပြည်နယ် နာပါမြို့က ဒေသခံတွေကတောာ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လှုပ်ရှားမှုအသစ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
    “နာပါမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရာတွေ ပေါများပါတယ်” လို့ နာပါမြို့က အကအဖွဲ့ World Beat Dance Collective ခေါင်းဆောင် ရီမီ ကိုဟန်က ဆိုပါတယ်။ မြို့တွင်းမှာပဲ လုပ်တဲ့ အစားအသောက်တွေ ရှိတဲ့အပြင် နာပါမှာ ခရီးဝေးလမ်းလျှောက်ဖို့၊ စက်ဘီးစီးဖို့ လမ်းကြောင်းတွေလည်း ရှိပါတယ်။ ပြီးတော့ ယဉ်ကျေးမှုအနုပညာ ပြပွဲတွေကိုလည်း နာပါမှာ ကျင်းပကြပါသေးတယ်။
    “ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ဒီလိုလှုပ်ရှားမှုတွေမှာ ပါဝင်ခြင်းအားဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရွေးချယ်စရာတွေပို အလွယ်တကူ ရွေးချယ်နိုင်ဖို့ပါပဲ” လို့ ကယ်လီဖိုးနီးယား ပြည်သူ့ကျန်းမာရေးဌာန နာပါဒေသ ကျန်းမာရေးနဲ့ လူထူဝန်ဆောင်မှုအေဂျင်စီမှ ကျန်းမာရေးနဲ့ ပညာရေးအထူးပြု ကာရာ မာအိဝုဒ်လက်ဂ်ျက ဆိုပါတယ်။ iReport စိန်ခေါ်ပွဲမှာ နာပါဒေသခံတွေအနေနဲ့ ဗီဒီယို ၅၀ ရိုက်ကူး တင်ဆက်ပေးဖို့ကိုလည်း ၀ုဒ်လက်ဂ်ျက တိုက်တွန်းခဲ့ပါသေးတယ်။
    ပွင့်ပွင့်လင်းလင်းဆိုရမယ်ဆိုရင်တော့ နာပါဟာ ၀ိုင်ရက်ကြောင့်လည်း နာမည်ကျော်ပါတယ်။ နာပါမြို့ တောင်ကြားမှာရှိတဲ့ စပျစ်စိုက်ခင်းတွေကို လှည့်ပြီး ၀ိုင်အရက်မြည်းလို့ရတဲ့ နေရာတွေရှိနေတာက ခရီးသွားတွေ လာရောက်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် တစ်ခုပါပဲ။
    လေ့လာမ်းစစ်မှုအရတော့ ၀ိုင်အနီမှာပါတဲ့ ဓာတ်တိုးပစ္စည်းဆန့်ကျင်တဲ့ အရာဟာ အသက်ပိုရှည်ဖို့ မကူညီတော့ဘူးလို့ တွေ့ရပါတယ်။ ဒါပေမယ့် တစ်ခွက် နှစ်ခွက်လောက် သောက်တာကတော့ ထိခိုက်မှု မရှိပါဘူး။ ပြီးတော့ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။ ဒီဝိုင်နီအပြင် နာပါမှာနေထိုင်ရတာဟာ အခြားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
    နာပါက အ၀လွန်ရောဂါတားဆီးရေး မဟာမိတ်အဖွဲ့ဟာ သူတို့ရဲ့ အစည်းအဝေးမှာ စက်ဘီးစီးကြတယ်။ ကျန်းမာရေးစင်တာမှာလည်း အဟာရပြည့်ဝတဲ့ ဟင်းလျာ ချက်ပြုတ်နည်းတွေကို အင်္ဂလိပ်၊ စပိန်ဘာသာစကားတွေနဲ့ သင်ပေးတယ်။ မိခင်နို့တိုက်ကျွေးရေး မဟာမိတ်အဖွဲ့ကလည်း ကလေးတွေကို မိခင်နို့တိုက်ကျွေးဖို့ တိုက်တွန်းကြပါတယ်။ နောက်ပြီး ခန္ဓာကိုယ်မှာ ပလက်စတစ် ကွင်းလှည့်ကစားတဲ့အဖွဲ့ Napa Hoopers တောင်ရှိပါသေးတယ်။ ဒီအဖွဲ့ကို နာမည်ကြီး ကွင်းလှည့် ကစားသူ လီလ်ယာ ဒူရန်က ဦးဆောင်ပါတယ်။
    ဒူရန်ကတော့ နာပါမြို့ဟာ မြို့ငယ်လေးအဖြစ် ခံစားမှုရှိတဲ့မြို့လို့ ဆိုပါတယ်။ အားလပ်ရက်တွေမှာ ပြုလုပ်တဲ့ လူမှုရေးဆိုင်ရာပွဲတွေမှာ လူ့အဖွဲ့အစည်းတစ်ခုလုံး အတူပါဝင်ကြပြီး ပတ်ဝန်းကျင်က လူတွေကလည်း လာရောက်ကြကာ သူတို့ရဲ့ ခြံက ထွက်တဲ့ အသီးအနှံတွေကို ဝေငှကြပါတယ်။
    “နာပါကောင်တီဟာ ပျော်ရွှင်စရာတွေကို မကြောက်တဲ့ဒေသပါပဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့ အစားအသောက်တွေဟာ ဒီဒေသက လယ်သမားတွေ စိုက်ပျိုးတဲ့ လတ်ဆတ်မှုရှိတဲ့ အစားအသောက်တွေပါပဲ” လို့ ဒူရန်က ဆိုပါတယ်။
    ref_ CNN
    .လေးမောင် တင်ဆက်သည်။
  • အစ္စလာမ်အပေါ် တစ်ဖက်သတ်ရွံ ကြောက်ရောဂါအား အောင်မြင် ကျော်လွှားရန် ဂျပန်မှပေးသော သင်ခန်းစာ
    အစ္စလာမ်အပေါ် တစ်ဖက်သတ်ရွံ ကြောက်ရောဂါအား အောင်မြင် ကျော်လွှားရန် ဂျပန်မှပေးသော သင်ခန်းစာ
    အောက်တိုဘာ ၂၈ ၊ ၂၀၁၄
    M-Media
    Fantastic island
    ကျွန်တော် Aseel Zaher ပါ။ အစ္စလာမ်အပေါ် တစ်ဖက်သတ်ရွံကြောက်ရောဂါ ၀င်ရောက်နေသူတစ်ဦးအပေါ် ဘယ်လိုပြန်လည်ဆက်ဆံရမလဲဆိုတဲ့ သင်ခန်းစာတစ်ရပ်ကို တိုကျို စာသင်ခန်းတစ်ခုမှာ ကျွန်တော် ကြုံဆုံလိုက်ရပါတယ်။
    ဒီနေ့ဟာ ကျွန်တော် ဂျပန်နိုင်ငံကို ယာယီနေထိုင်ခွင့်နဲ့ ရောက်ရှိလာတဲ့ ၉ နှစ်မြောက်နေ့ပေါ့။ ဂျပန်တွေရဲ့ ဘ၀နေနည်းစနစ်၊ အပြုအမူ၊ ယဉ်ကျေးမှု စတာတွေအပေါ် အသားကျနေပြီဖြစ်ပေမယ့် ထူးခြားတဲ့ အတွေ့အကြုံတွေကို ရနေဆဲပါ။ ကျွန်တော့်ရဲ့ ဘာသာဗေဒစာသင်ခန်းတစ်ခုမှာ စာသင်ကြားနေချိန် ကျွန်တော်တို့ရဲ့ဆရာက ဂျပန့်ယဉ်ကျေးမှုနဲ့ ကမ္ဘာကိုဂျပန်တွေကောင်းကျိုးဆောင်ခြင်းဖက် စကားလမ်းကြောင်း ပြောင်းသွားပါတယ်။ အဲ့ဒီမှာ တစ်ဦးသောသူက (ဂဏန်းနံပါတ်တွေကို ဂျပန့်ယဉ်ကျေးမှုက စတင်မိတ်ဆက်ပေးတဲ့အကြောင်း) မှားယွင်းစွာ ပြောဆိုညွှန်ပြတဲ့အပေါ် ဆရာဖြစ်သူက ချက်ခြင်းပဲ “ မဟုတ်ဘူး၊ အဲ့ဒါတွေကို စတင်မိတ်ဆက်ပေးလိုက်တဲ့ဘာသာစကားဟာ အာရပ်စာပေ ဖြစ်တယ်” လို့ ဖြေကြားလိုက်ပါတယ်။
    တိုကျိုမှာနေထိုင်တဲ့ အာရပ်မွတ်စ်လင်မ်တစ်ဦးအဖို့ ဂျပန်လူမျိုးတွေနဲ့ နေ့တဓူဝ ထိတွေ့ဆက်ဆံမှု ပြုလုပ်လာနိုင်သော်လည်း အသိအမှတ်ပြုလက်ခံမှု နည်းပါးနေသေးတယ်လို့ ခံစားရပါတယ်။
    ခင်ဗျားတို့ သိကြတဲ့အတိုင်း ဂျပန်တွေဟာ သူတို့ရဲ့သက်ဆိုင်ရာ မျိုးနွယ်စုအသီးသီးရဲ့အကြောင်းကို သိသော်လည်း မွတ်စ်လင်မ်လောကအကြောင်း မဆိုစလောက်မျှသာ သိရှိကြပါတယ် (ကမ္ဘာပေါ်ကလူများစုလည်း အလားတူပဲ ဖြစ်လိမ့်မယ်လို့ တပ်အပ်ပြောရဲပါတယ်)။ ဂျပန်နိုင်ငံဟာ မိမိတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုထဲကနေ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးကဏ္ဍများအကြား လှေကားထောင် တက်လှမ်းလာနိုင်တဲ့ ယနေ့ခေတ်နည်းပညာရှေ့ဆောင်နိုင်ငံတစ်ခုပါ။
    ဒါကြောင့် ဂဏန်းနံပါတ်သတ်မှတ်နည်းစနစ်ကို ရာစုနှစ်များစွာအလျင် မွတ်စ်လင်မ်တွေက စတင်မိတ်ဆက်ပေးခဲ့တဲ့အကြောင်း ဖော်ပြနိုင်သူ ဂျပန်ဆရာ အတန်အသင့် ရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော့်ရင်ထဲ ဆို့နင့်နေရပါတယ်။ ကျွန်တော့်ခံစားချက် ပွင့်ထွက်မှုအပေါ် နားလည်ပေးကြပါ။ မည်သို့ပင်ဆိုစေ ဂျပန်နိုင်ငံရဲ့သမိုင်းကြောင်းကို ထဲထဲဝင်ဝင် လေ့လာသုံးသပ်ပြီး တစ်ပြိုင်နက်တည်းမှာပဲ ယနေ့လက်တွေ့ရလဒ်တွေကို စူးစမ်းကြည့်မယ်ဆိုရင် (အတိတ်ခေတ်မွတ်စ်လင်မ်တွေရဲ့ အခြေအနေနဲ့ ) သိပ်ကွာဟမှု မရှိလှတာကို တွေ့ရပါမယ်။
    ဂျပန်နိုင်ငံက ဒုတိယကမ္ဘာစစ်ပြီးကာလမှာ အတော်အတန်ဆိုးတဲ့ ငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို ခံစားရတယ်။ နိုင်ငံ့အခြေခံအဆောက်အဦတွေ ပျက်စီးကုန်တယ်။ လူ့အဖွဲ့အစည်းဖရိုဖရဲဖြစ်ခဲ့တဲ့အပြင် လက်ဆုပ်လက်ကိုင်စီးပွားရေးဆိုတာ မရှိတော့ဘူး။ ဒီကနေ့မှာတော့ အာရှနိုင်ငံအားလုံးနီးပါးစုစုပေါင်းထက်များတဲ့ ပျမ်းမျှဝင်ငွေ၊ မြင့်မားတဲ့ လူနေမှုစနစ်နဲ့ ပညာရေးစနစ်၊ နိုင်ငံသားတွေအတွက် ကောင်းမွန်ပြေပြစ်နည်းလမ်းကျနသော အခွင့်အလမ်းတွေ ၀န်ဆောင်မှုတွေနဲ့တစ်ကွ ဦးဆောင်နေပြီဖြစ်တယ်။ (ကျွန်တော် မဖော်ပြလိုတဲ့ အချို့ အာရပ်တိုင်းပြည်များလို) တခမ်းတနားဇိမ်ခံနေထိုင်တဲ့ တိုင်းပြည်ရယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့ဟာ သူတို့လူ့အဖွဲ့အစည်း၊ တိုင်းပြည့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဆောင်ပေးဆပ်နိုင်သော နည်းလမ်းများနဲ့အညီ (အခြားသူတွေ၊ ဒေသတွေ အပေါ်မှာလည်း) နေထိုင်ရှင်သန်ကြတယ်။ ဂျပန်နည်း ပညာကနေ အကျိုးမခံစား ရတဲ့နေရာဒေသ၊ သံတမန်ရေးရာဖြစ်စေ စီးပွားရေး ကဏ္ဍမှာဖြစ်စေ ဂျပန်နဲ့ ဆက်သွယ်ထူထောင်မှု မပြုလိုတဲ့ တိုင်းပြည်ဆိုတာ ကမ္ဘာမြေပေါ်မှာ မရှိသလောက်ပါပဲ။
    ဂျပန်စာနဲ့ ဂျပန်ယဉ်ကျေးမှုကို လေ့လာသင်ယူဖို့ ဥရောပ၊ အာရှ၊ အာဖရိက၊ အမေရိကန်က လာရောက်ကြတဲ့ နိုင်ငံခြားသားတွေကို နေ့စဉ်နဲ့အမျှ တွေ့ဆုံရတယ်။ ဘာသာစကား သို့မဟုတ် ယဉ်ကျေးမှု စနစ်နှစ်ရပ် စလုံးမှာ အလုပ်အကိုင် အခွင့်အလမ်းရဖို့ မျှော်လင့်တာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်(ရည်ရွယ်ချက်အမျိုးမျိုးနဲ့ပေါ့)။ သူတို့ရဲ့ ပေးဆပ်ကောင်း ကျိုးပြုချက်တွေအားဖြင့် ဂျပန်လူမျိုးများဟာ နိုင်ငံ အများအပြားဆီက လေးစားမှုနဲ့ အသာပေးမှုကို ရရှိထားကြတယ်။
    ဒီနေရာမှာ မေးခွန်းတစ်ခု မေးခွင့်ပြုပါ။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့မွတ်စ်လင်မ်တွေ ကမ္ဘာကို ဘာတွေကောင်းကျိုးပြုပေးဆပ်နေတာ ရှိပါသလဲ ? အလယ်ခေတ်က ရှာဖွေတွေ့ရှိမှုတွေ၊ သုတေသနပြုမှုတွေဆီ ကျွန်တော်တို့ လမ်းဆက်လျှောက်နေကြပါသလား သို့တည်းမဟုတ် ကျွန်တော်တို့ရဲ့ ခေတ်သစ်မတိုင်မီက ကွယ်လွန်ခဲ့ပြီးသူတွေရဲ့ အောင်မြင်မှုတွေအပေါ်မှာပဲ ရင်ကော့ ခေါင်းမော့မာန်တက်နေဆဲလား ?
    လက်ရှိအနေအထားဟာ ကျွန်တော်တို့ အပေါ် မလုံခြုံမှု၊ မလိုမုန်းထားမှု၊ ခွဲခြားဖယ်ကြဉ်မှုတွေ ဖြစ်အောင် ဖန်တီးထားကြောင်း ကျွန်တော် နားလည်ပါတယ်။  လတ်တလော သြစတေးလျက အကြောက်တရား သွတ်သွင်းမှုဟာ ထင်ထင်ရှားရှား ပေါ်လွင်လာပါတယ်။ ဒီအထိန်းအကွပ်မဲ့ဖြစ်စဉ်က မွတ်စ်လင်မ်ဟုတ်ဟုတ် မဟုတ်ဟုတ် ဘယ်သူ့အပေါ်မှာမှ ကောင်းကျိုး မဖြစ်စေပါဘူး။ တိုက်ခိုက်မှုတွေ၊ စော်ကားမှုတွေ ခံနေရတဲ့အခြေအနေအကြား ကျွန်တော်တို့အဖို့ အခုလုပ်နိုင်တာကတော့ ကျွန်တော်တို့ ကျင်လည်နေထိုင်တဲ့ဝန်းကျင်/နယ်ပယ်များမှာ မိမိစွမ်းသလောက် အကောင်းဆုံး ဆောင်ရွက်နေထိုင်ကြဖို့ပါပဲ။
    သီးခြားဆန်ဆန် မနေထိုင်ကြပါနဲ့။ လမ်းပေါ်က မျက်နှာပေးတွေ၊ ၀စီကံမြောက် သွားပုပ်လေလွင့်ပြောဆိုချက်စတဲ့ အပေါ်ယံသွင်ပြင်တွေကို မေ့ဖျောက်လိုက်ပါ။ ခင်ဗျားအနေနဲ့ မိမိအပေါ်မှာသာ ကိုယ်တိုင်တာဝန်ရှိပါတယ်။ ခင်ဗျားဟာ မိခင်၊ ဖခင်၊ သမီး၊ သား၊ အိမ်နီးချင်း၊ လုပ်ငန်းကျွမ်းကျင်သူ၊ အနုပညာရှင်၊ ဆရာ၊ သိပ္ပံပညာရှင်၊ ကျောင်းသား၊ ဈေးဆိုင်ပိုင်ရှင် ….. ဘယ်လိုလူစားဖြစ်နေပါစေ အကောင်းဆုံးစံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်အောင် တတ်နိုင်သမျှ ကျင့်ကြံနေထိုင်ပေးဆပ်သွား ဖို့သာလျှင် လိုအပ်ပါတယ်။
    “အသင်တို့သည် လူသားထုတစ်ရပ်လုံးအတွက် (စံနမူနာအဖြစ်) ထုတ်ဖော်ခြင်းခံရသော အကောင်းဆုံး လူစုဖြစ်သည်။ အသင်တို့သည် ကောင်းရာညွှန်၍ မကောင်းရာကိုတားမြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အပေါ် သက်ဝင်ယုံကြည်ကြသည်။ ထို့ပြင် အကယ်၍ ကျမ်းရသူများမှ သက်ဝင်ယုံကြည်မှု ရှိလာလျှင် ထိုသူတို့အဖို့ အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ၎င်းတို့အနက် သက်ဝင်ယုံကြည်သူများ ရှိသော်လည်း အများစုမှာကား မောက်မာပလွှားမှုဖြင့် ဖီဆန်တတ်သူများဖြစ်ကြ၏။ ထိုသူတို့သည် အသင်တို့အား မခံချိမခံသာ နားခါးသည့်ဒဏ်ကို ပေးနိုင်သည်မှအပ အသင်တို့အား ဆုံးရှုံးနစ်နာအောင် မည်သည့်အခါမျှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ …………………”    စူရဟ် အားလိအင်မ်ရာန်(၃း၁၁၀-၁၁၁)
    xxxxxxxxxxxxxxxxxxx
    What Japan taught me about overcoming the ills of Islamophobia ဆောင်းပါးကို သြရသ ရေချမ်းမှ ဆီလျော်အောင် မြန်မာပြန်ဆိုသည်။