News @ M-Media

Category: ဆောင်းပါး

  • ဥပဒေ အပေါ်တွင် ဘယ်သူ့မှ မရှိပါဘူး။ (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်)

    ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်  ဒုချီရာတန်းကျေးရွာအုပ်စုနှင့် အနီးတဝိုက်ကျေးရွာများတွင် ဖြစ်ပေါ်လျက်ရှိနေသော အခြေအနေများ အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦရွှေမောင်မှ ၄င်း၏ တရားဝင် Facebook စာမျက်နှာမှာ ရေးသားထားခြင်းဖြစ်ပါတယ်။

    U Shwe Maung

    ဥပဒေ အပေါ်တွင် ဘယ်သူ့မှ မရှိပါဘူး။
    Nobody is Above the Law.
    ======================
    ချစ်ခင်လေးစားအပ်ပါသော မောင်တောခရိုင်ရှိ မိဘပြည်သူ အပေါင်းတို့ခင်ဗျား-

    ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှစ၍ ရခိုင်ပြည်နယ၊် မောင်တောမြို့နယ်၊ ဒုချီရာတန်းကျေးရွာအုပ်စုနှင့် အနီးတဝိုက်ကျေးရွာများတွင် ဖြစ်ပေါ်လျက်ရှိနေသော အခြေအနေများအတွက် ကျွန်တော်တို့ မောင်တောခရိုင်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များမှ အထူးဝမ်းနည်းပြီး ဖြစ်စဉ်အားလုံးကိုလဲ အနီးကပ်စောင့်ကြည့် လေ့လာနေပါတယ်။ ပျေက်ဆုံးနေသော ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်းနှင့် အပြစ်မဲ့ ရွာသူရွာသားများ အတွက်လဲ အထူးစိုးရိမ်လျက် ရှိနေပါတယ်။

    ဒုချီရာတန်း (ခ) ကီလားတောင်ကျေးရွာအုပ်စုမှာ ဒေသခံ လူတစ်ဦးတစ်ယောက်မျှမရှိသောကြောင့် တစ်ရွာလုံး တိတ်ဆိတ်တည်ငြိမ်နေသော်လည်း ပတ်ဝန်းကျင်ရွာများတွင် တည်ငြိမ်မှု မရှိသေးကြောင်း ဒီကနေ့ မနက် ၁၁ နာရီ အချိန်တွင် ပြည်သူများ၏ တင်ပြချက်အရ သိရှိရပါတယ်။ အနီးပတ်ဝန်းကျင်ရှိ ဂေါ်ဒူဆော်ရား၊ နူရုလ်လာကျေးရွာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေ ဖမ်ဆီးမှုများ ပြုလုပ်နေသောကြောင့် ပြည်သူများ အထိန့်တလန့်ဖြစ်ကာ စိုးရိမ်လျက်ရှိနေကြကြောင်း လေ့လာသိရှိရပါတယ်။ မောင်တောဒေသတွင် လုံခြုံရေးတာဝန်ယူဆောင်ရွက်နေသော ရဲမှုးချုပ် တင်ကိုကို အား အထူးကျေးဇူးတင်ရှိပါတယ်။ ရဲမှုးချုပ်မှ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ညွှန်ကြားရင်လည်း အောက်ခြေ လုံခြုံရေး တပ်ဖွဲ့ဝင်များက အတိအကျ လိုက်နာမယ်လို့ ပြောလို့ မရပါဘူး။ ဒါကြောင်မလို့ ပြည်သူတွေရဲ့ပြောကြားချက်တွေကိုလဲ နားထောင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ကိုလည်း ပြည်သူတွေက အများကြီးတင်ပြထားတာ ရှိပါတယ်။ ပြည်သူ့တွေရဲ့ ခံစားချက်၊ တင်ပြချက်တွေကို အလေးအနက်ထားဖို့ လိုပါတယ်။ ပြည်သူတွေ ပြစ်မှု ကျူးလွန်နိုင်သလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေလဲ ပြစ်မှု ကျူးလွန်နိုင်ပါတယ်။ ပြည်သူတွေပြောတာ အားလုံး ကောလဟာလ၊ ရဲတပ်ဖွဲ့ဝင်တွေ ပြောတာ အားလုံးအမှန်လို့ ယူဆပြီး လုပ်ဆောင်နေသမျှ တရားဥပဒေစိုးမိုးမှု ဘယ်တော့မှ ရှိမှာမဟုတ် ပါဘူး။ တရားဥပဒေစိုးမိုးရေးဆိုတာ ရဲနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်နိုင်မှ ဖြစ်နိုင်မှာပါ။

    လူသတ်မှုတွေ၊ မုဒိန်းမှုတွေ မြန်မာနိုင်ငံ တဝှမ်း လုံးမှာ နေ့စဉ်နှင့်အမျှ ဖြစ်နေပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို ပြည်သူ့ရဲက ဘယ်လိုပုံစံနှင့် ဖေါ်ထုတ်ကြပါသလဲ၊ Police Procedures လို့ခေါ်တဲ့ ရဲလုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ ပြစ်မှု ကျူးလွန်သူ တစ်ယောက် နှစ်ယောက် အတွက် တရွာလုံးက လူတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေကို ခြိမ်းခြောက်ဖမ်းဆီးလို့ မရပါဘူး။ အဲသလို ဥပဒေလဲမရှိပါဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ ရာဇဝတ်မှုများကို စစ်ဆေးဖေါ်ထုတ်တဲ့အခါ ဥပဒေ၊ နည်းဥပဒေများအတိုင်း စံတစ်မျိုးတည်း ကိုသာ သုံးဖို့လိုအပ်ပါတယ်။

    ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က တောင်ကုတ် မြို့မှာ ခရီးသွားသူ ၁၀ ဦးကို အင်အား ၃ဝဝ ခန့်ရှိ လူအုပ်မှ သတ်ဖြတ်ခဲသည့် ရာဇဝတ်မှုများကို ဘယ်လိုကိုင်တွယ် ဖေါ်ထုတ်ခဲ့ပါသလဲ။ တစ်နှစ်ကြာအထိ တောင်ကုတ်နှင့် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက မဖေါ်ထုတ်နိုင်ခဲ့လို့ နေပြည်တော်မှ အထူး ရဲတပ်ဖွဲ့ဝင်များသွားပြီး ဖေါ်ထုတ်ဖမ်းဆီးခဲ့ရတယ်။ အဖမ်းခံရသူ ၆ ဦး သာ ရှိပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်နေကြောင်း လေ့လာသိရှိရပါတယ်။ ကျွန်တော် တင်ပြ လိုတာကတော့ ဒီတရားခံ ၆ ဦးကို ဖမ်းဆီးဖို့ လုံခြုံရေးတပ်ဖွဲ့ဝင် ဘယ်နှစ်ဦး အသုံးပြုခဲ့ပါသလဲ၊ ရွာဘယ်နှစ်ရွာကို ဝင်စီးခဲ့ပါသလဲ၊ အချိန်ဘယ်လောက်ယူခဲ့ပါသလဲ၊ ရပ်မိရပ်ဖ၊ အမျိုးသမီးနှင့် ကလေး ဘယ်နှစ်ဦးကို ဖမ်းဆီး ခဲ့ပါသလဲ၊ သေနတ် ဘယ်နှစ်ချက် ပစ်ခတ်ခဲ့ရပါသလဲ၊ အခု မောင်တောမှာ ဘယ်လိုပုံစံနဲ့ လုပ်နေကြပါသလဲ။ ဒါတွေကို ကျွန်တော်တို့ သိဖို့လိုပါတယ်။ စံတစ်မျိုးတည်းဖြစ်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ ခွဲခြားဆက်ဆံ ဆောင်ရွက်မှုလို့ဘဲ ပြောရပါလိမ့်မယ်။

    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက မည်သည့်ခွဲခြားဆက်ဆံမှုကိုမှ လက်မခံပါဘူး။ ဥပဒေ ချိုးဖောက်သူ မည်သူမဆို ပြစ်ဒဏ် ပေးခြင်းခံရပါမည်။ Nobody is Above the Law ဟု ဆိုတဲ့အတိုင်း ဥပဒေ အပေါ်တွင် ဘယ်သူ့မှ မရှိပါဘူး။

    ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အပါအဝင် ဒုချီရာတန်း မူဆလင်ရွာမှ ပျောက်ဆုံးနေသော အမျိုးသမီးများ၊ ကလေးများ၊ အမျိုးသားများ အားလုံးကို ရှာဖွေတဲ့နေရာမှာ ပြည်သူများ၏ တာဝန်သိမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အလွန် အရေးကြီးပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များကလည်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ရှိသူများ ဖြစ်ကြတဲ့အတွက် နိုင်ငံတော်နှင့် လူမျိုးစုံ၊ ဘာသာစုံ ပြည်သူများ၏ အကျိုးကို ရှေ့ရှု၍ လွှတ်တော်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဗဟိုအာဏာပိုင်များနှင့် ဆက်သွယ်၊ ညှိနှိုင်း၊ ပူးပေါင်းဆောင်ရွက် နေကြပါတယ်။

    ဥပဒေချိုးဖောက်သူ မည်သူ့ကိုမဆို ဥပဒေနှင့် အညီ အရေးယူနိုင်မှ နယ်မြေ တည်ငြိမ်အေးချမ်း မှုကို ဖေါ်ဆောင်နိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နစ်နာသူများ၏ တိုင်ကြားစာများ၊ လူအသေ အပျောက် စာရင်းများ၊ သတင်းအချက် အလက်များး၊ ဓါတ်ပုံ၊ အသံဖိုင်၊ ဗွီဒီယိုဖိုင် အထောက်အထားများကို အောက်ပါ Electronic လိပ်စာများသို့ အမြန်ဆုံး ပို့ပေးကြပါရန် တိုက်တွန်းအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

    မှတ်ချက်။ သတင်းအချက်အလက်ပေးပို့သူများ၏ ကိုယ်ရေးအချက်အလက်များကို အထူးလျှို့ဝှက် ထားရှိပါမည်။

    1. Viber ID: 09-500-2570
    2. WeChat ID: ShweMaung_MP
    3. Skype ID: ShweMaung.MP
    4. Facebook ID: ShweMaung.BTG
    5. Gmail ID: [email protected]

    [ Video file များကို YouTube တွင် Upload လုပ်ပြီး Link ကို အထက်ဖေါ်ပြပါ အဆင်ပြေရာ ID တစ်ခုခုသို့ Share လုပ်ပေးရင် လုံလောက်ပါတယ်။ YouTube ပေါ်တွင် Upload မလုပ်တတ်သူများ ဆက်သွယ်လာပါက ကူညီရှင်းပြပေးပါ့မယ်။ ]

    လေးစားစွာဖြင့်

    ဦးရွှေမောင်
    (မောင်တောခရိုင်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား)
    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
    မိုဘိုင်းဖုန်း – ဝ၉-၅ဝဝ-၂၅၇ဝ

    ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်
    ရန်ကုန်မြို့

    Link =>https://www.facebook.com/ShweMaung.BTG/posts/1402303183352043

  • မြန်မာပြည်က ယုတ်မာလှတဲ့ ခြောက်ခြားဖွယ် အကြမ်းဖက်မှုတွေကို အမေရိကန် အစိုးရ ဘယ်လောက်ထိ ဆန့်ကျင် ရပ်တည်ခဲ့သလဲ

    ဇန်နဝါရိ ၁၇၊ ၂၀၁၄
    M-Media
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်

    2012-06-11T015756Z_01_DSM04_RTRIDSP_3_MYANMAR-VIOLENCE
    ရခိုင်လူမျိုးတဦး မွတ်စလင်နေအိမ်များကို အကြမ်းဖက်မီးရှို့ပြီး ပြန်အလာကိုရိုက်ကူးထားပုံ
    ၂၀၁၂ ခုနှစ် ဇွန်လ ၁၀ (ဓါတ်ပုံ- ရိုက်တာ)

    မြန်မာပြည်က ကောက်ကျစ်ရက်စက်မှု နှင့် အိုဘားမားအစိုးရ၏မူဝါဒ

    (ရိုက်တာသတင်းဓာတ်ပုံ) ၂၀၁၂ ခုနှစ် ဇွန်လ ၁၀ရက် မြန်မာနိုင်ငံ စစ်တွေမြို့၌ ရိုဟင်ဂျာမွတ်စ်လင်မ်နှင့်ဗုဒ္ဓဘာသာဝင်ရခိုင်တို့အကြား တိုက်ခိုက်မှုဖြစ်စဉ်အတွင်း မီးရှို့ထားသောအိမ်ရာများအနီး ကိုယ်တိုင်လုပ်လက်နက်များစွဲကိုင်၍ လမ်းလျှောက်နေသော ရခိုင်အမျိုးသားတစ်ဦး

    “မြန်မာပြည်တွင်း  ဒီမိုကရေစီ၊ လူ့အခွင့်အရေးအတွက်နဲ့  ချောက်ချားဖွယ် အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရပ်တည်ခြင်းတွေမှာ အမေရိကန်ပြည်ထောင်စုဟာ ဒီကာလအတွင်း တကယ်ကို အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးခဲ့တယ်လို့ ကျွန်တော်မြင်မိပါတယ်။”
    ( အမေရိကန်နိုင်ငံ၏ ပင်တိုင်ကုလသမဂ္ဂကိုယ်စားလှယ် Samantha Power – ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက် )

    “ ဒီကနေ့ နိုင်ငံရေးအကျဉ်းသား တစ်ထောင်ကျော် လွတ်မြောက်လာခဲ့ပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ခိုင်မာတဲ့ အခြေခံ အဆောက်အဦးထံ ရှေ့ရှု တည်ဆောက်နိုင်ရေး အတွက် မြန်မာပြည်ကို ကျွန်တော်တို့ ကူညီသွားမှာပါ။ အခြေခံဥပဒေပြန်လည်ပြုပြင်ရေးနဲ့ ရင်ကြားစေ့သင့်မြတ်ရေး လုပ်ငန်းစဉ်ကိုလည်း ထောက်ခံ အားပေးလျက် ရှိပါတယ်။ မြန်မာပြည်အနေနဲ့ ပိုမိုပွင့်လင်းမြင်သာမှုနဲ့ပြောင်းလဲမှုဖက် ဦးတည်ခဲ့ရင် ပိတ်ပင်မှုများကို ကျွန်တော်တို့ ဖြေလျော့သွားပါမယ်။ တစ်ဆက်တည်းမှာပဲ တာဝန်ယူနိုင်သော ရင်းနှီးမြှုပ်နှံမှုဖြစ်စေရေး၊ အာဏာရှင်စံနစ်ရဲ့သံမဏိလက်သီးအောက်မှာ ကာလကြာရှည်ဒုက္ခခံစားခဲ့ရတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းလှုပ်ရှားသူများနဲ့ ပြည်သူတွေအတွက် ခိုင်မာအားကောင်းသော အထောက်အကူရရေးကို တိုက်တွန်းသွားပါမယ် ”။
    ( ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဂျော့ဂ်ျတောင်းတက္ကသိုလ်တွင် ပြောကြားခဲ့သော အမျိုးသားလုံခြုံရေးအတိုင်ပင်ခံ Susan Rice ၏မိန့်ခွန်းမှ ကောက်နှုတ်ချက် )

    အိုဘားမားအစိုးရက မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို  မိမိတို့ နိုင်ငံခြားရေးမူဝါဒအောင်မြင်မှုဖြစ်စဉ်များအနက် တစ်ခုအဖြစ် မကြာခဏ ညွှန်းဆိုလေ့ရှိသည်။ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ကာလရှည်မှလွတ်မြောက်ခဲ့၍  ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာရှင်အုပ်ချုပ်ရေးမှ စစ်တပ်တစ်ပိုင်းအရပ်သားတစ်ပိုင်းအုပ်ချုပ်ရေးအဖြစ်လမ်းဖော်ခဲ့စဉ် လွှတ်တော်အတွက် အမတ်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရသည်။ သို့သော်လည်း ယင်းအုပ်ချုပ်ရေးစနစ်မှာ စစ်အရာရှိဟောင်းများ မင်းမူကြီးစိုးလျက်ရှိရာ အာဏာရှင်အနံ့အသက်မကုန်သေးသည့် လုပ်ငန်းစဉ်ဖြစ်နေသည်။

    သမ္မတအိုဘားမားသည် လူထုနှင့် မီဒီယာ၏ အာရုံစိုက်ခြင်းခံရသော မိမိ၏ ၂၀၁၂ မြန်မာပြည်ခရီးစဉ်ဖြင့် သမ္မတဦးသိန်းစိန်အစိုးကို ချီးမြှောက်ခဲ့သည်။ ယင်းကာလအတွင်း ဦးသိန်းစိန်မှ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအခြေခိုင်ရေး အချက် ၁၁ ရပ်ကို ကတိပေးဖော်ပြခဲ့သည်။ ၂၀၁၃ ခုနှစ် အိမ်ဖြူတော်သို့ အလည်အပတ်ရောက်ရှိရာတွင် ထိုအချက်များကို ဦးသိန်းစိန်မှ ထပ်မံအတည်ပြုခဲ့သည်။

    ယင်းသို့ နိုင်ငံရေးအရအသွင်ကူးပြောင်းမှုများသည် ခက်ခဲရစမြဲဖြစ်လေရာ အိုဘားမားအစိုးရအဖွဲ့က ထိန်းညှိတုန့်ပြန်မှုကိုသာ ပြုလုပ်ထား၏။ အမေရိကန်ပြည်ထောင်စုသည် စစ်အုပ်ချုပ်ရေးအပေါ် ပိတ်ဆို့မှုပြုရန်တွန်းအားပေးရာ၌ ဦးဆောင်ခဲ့သော်လည်း ပိုမိုပွင့်လင်းမြင်သာမှုဖြစ်အောင် အားပေးသည့်အနေနှင့် ပိတ်ဆို့မှုများစွာကို ဖယ်ရှားပေးလိုက်ပြီး ယခုအခါ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများမှာ  မြန်မာနိုင်ငံအတွင်း မပြတ်ဝင်ရောက်လျက်ရှိ နေသည်။ စစ်တပ်မှရေးဆွဲခဲ့သည့် အခြေခံဥပဒေအရ လွှတ်တော်အမတ်နေရာ၏အနည်းဆုံး ၂၅ ရာခိုင်နှုန်းသည် စစ်တပ်အတွက် လျာထားပေးရသည်။ သို့ဖြစ်၍ ဒေါ်စုကြည်၏နိုင်ငံရေးပါတီအနေဖြင့် ယှဉ်ပြိုင်အရွေးခံအမတ်နေရာများမှာ ကြီးမားစွာကန့်သတ်ခံထားရပေသည်။ လက်ရှိအခြေခံဥပဒေ၏စည်းမျဉ်းများက သူမအား သမ္မတဖြစ်ရေးကို ပိတ်ဆို့နေ၏။

    ပိတ်ဆို့မှုများကို အလျင်အမြန် ရုပ်သိမ်းပေးခြင်းက မွတ်စ်လင်မ်တို့အပေါ် ရက်စက်ကြမ်းကြုတ်စွာတိုက်ခိုက်မှုများ နှင့် တိုင်းရင်းသား ပဋိပက္ခရှေ့ဆက်နေမှုများကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်ချက်တို့ကို ပိုမိုဖွင့်ချပြရန် အစိုးရအား တွန်းအားပေးဖို့တွင် အမေရိကန်၏ ပါဝါကို အားနည်းသွားစေသလားဆိုသည်မှာ အဓိကမေးမြန်းစရာ ဖြစ်လာပေသည်။

    ဤအရေးနှင့်စပ်လျဉ်းသည့်ရည်ရွယ်ချက်များကို ဆန်းစစ်ရန်အလို့ငှာ Samantha Power နှင့် Susan Rice တို့၏အဆိုအရ အိုဘားမားအစိုးရသည် စက်ဆုပ်ဖွယ်အကြမ်းဖက်မှု များအပေါ် မည်သို့ ဆန့်ကျင်ရပ်တည်မည်နည်း၊ အရပ်သားအဖွဲ့အစည်းလှုပ်ရှားသူများနှင့်ပြည်သူတို့အား သန်စွမ်း အားကောင်းသည့်ထောက်ခံချက်ဖြစ်လာအောင် မည်သည့် အပေးအယူပြုမည်နည်း၊ မြန်မာနိုင်ငံနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အမေရိကန်မှ မည်သို့ရည်ရွယ်ထား သနည်း ဟူသောအကြောင်းတို့ကို ကျွန်ုပ်တို့မှ သုံးသပ်ရပေလိမ့်မည်။

    အိမ်ဖြူတော်အရာရှိတစ်ဦးဖြစ်ခဲ့သော Power သည် ၂၀၁၂ ခုနှစ်၌ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဘလော့ဂ်ပို့စ်တစ်ခု၌ “ မွတ်စ်လင်မ် ဆန့်ကျင်ရေးအကြမ်းဖက်မှုတွင် တာဝန်ရှိသူများအား မဆိုင်းမတွဖော်ထုတ်စီရင်ရန် အထူးလိုအပ်နေကြောင်း ” အပါအ၀င် အချို့အရေးပါသည့် အချက်များကို ချပြခဲ့သည်။

    လက်ရှိ ဘာသာရေး လူမျိုးရေးခွဲခြားအကြမ်းဖက်မှုအန္တရာယ်မှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်အပါအ၀င် ဒေသတွင်းအဖို့ နက်နက်ရှိုင်းရှိုင်း စိုးရိမ်စရာ အဖြစ်ရှိနေသေး၏။ အရေးယူဖြေရှင်းမှုပျက်ကွက်ခဲ့သော် အမျိုးသားပြန်လည်ညီညွတ်ရေး၊ တည်ငြိမ်ရေး၊ ရေရှည်ငြိမ်းချမ်းရေးများ သို့ရှေ့ရှုသည့် တိုးတက်မှုမှာ ယိုင်နဲ့ ပြိုလဲသွားပေလိမ့်မည်။ ဒေသအများအပြားတွင် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် ပြည်သူလူထုအပေါ် ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများက ရှိနေဆဲ၊ ထောင်သောင်းချီသည့် နေရပ်စွန့် ဒုက္ခသည်များအား လူသားချင်း စာနာကူညီပေးရေးမှာလည်း ပြဿနာကြီး တစ်ရပ်အဖြစ် အသွင်ဆောင်နေဆဲ။ အစိုးရအဖွဲ့နှင့် တိုင်းရင်းသား လူမျိုးစုတို့သည် ငြိမ်းချမ်းရေးကို ရေရှည်တည်တံ့စေမည့် လမ်းကြောင်းတစ်ခုအား အတူတကွ ဖော်ဆောင်ရန် အရေးပေါ်လိုအပ်နေပေသည်။ ၄င်း၌ လူနည်းစုအခွင့်အရေးများ၊ ကွဲပြားခြားနားမှုအပေါ် အကြမ်းဖက်ခြင်းမပြုဘဲ အပြန်အလှန်ဆွေးနွေးမှုဖြင့်ဖြေရှင်းရေး၊ အတိတ်ဒဏ်ရာများကို ကုစားရေး၊ ပြန်လည်ပြုပြင်မှုလမ်းကြောင်းသို့ ခေါ်ဆောင်ရေး စသည်များ ပါဝင်ရပါမည်။ ရခိုင်ပြည်နယ်၏အခြေအနေ၊ မကြာသေးမီကဖြစ်ပွားခဲ့သော ရိုဟင်ဂျာနှင့် အခြားမွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများက နိုင်ငံတွင်းရှိ လူတစ်ဦးချင်း၏ လုံခြုံဘေးကင်းရေး ခိုင်မာအောင်လုပ်ဆောင်ဖို့ အရေးတကြီး အလျင်အမြန် လိုအပ်နေကြောင်း အဖြေထုတ်ပြနေပေသည်။ အကြမ်းဖက်ခြင်းဆိုင်ရာသတင်းများအားလုံး စုံစမ်းစစ်ဆေးကာ တာဝန်ရှိသူများကို ရုံးတင်အရေးယူရန်၊ ရိုဟင်ဂျာများကို နိုင်ငံသားအခွင့်အရေး တင်းပြည့်ကျပ်ပြည့်ပေးရန်၊ ပြည်တွင်းနေလူထုအားလုံးအတွက် စီးပွားရေးဆိုင်ရာအခွင့်အလမ်းကိုဖော်ဆောင်ပေးရန် အရေးကြီးပါသည်။

    သတိပြုစရာအချက်များ

    နိုင်ငံရေးအကျဉ်းသားတစ်ထောင်အား လွှတ်ပေးလိုက်ခြင်းကို Rice က မိန့်ခွန်းပြောစဉ် ထည့်သွင်းချီးမွှမ်းခဲ့သည်။ သို့သော် အစိုးရသည် တက်ကြွ လှုပ်ရှားသူများကို မဆိုစလောက်သော အကြောင်းပြချက်များဖြင့် အကျဉ်းထောင်သို့ တဖန်ပြန်သွင်းနိုင်သည့် နားလှည့်ပါးရိုက် အချည်အနှောင် လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်ကြောင်းကိုမူ သူမမှ ဖော်ပြရန် သတိလက်လွတ်ဖြစ်သွားခဲ့သည်။

    ဤတွင် လေ့လာသူတစ်ဦးက မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးပေါ်ရပ်တည်ပေးသော အထောက်အထားပြသရန် Power အား တောင်းဆိုခဲ့သည်။ သံတမန်ထံမှပေါက်ကြားသောသတင်းအရ လူ့အခွင့်အရေးကို ၂ နှစ်တိုင်တိုင် ထဲထဲဝင်ဝင် လှုပ်ရှားခဲ့သူအကျဉ်းသားမှာ လွှတ်မြောက်လာခဲ့သည်။ သို့သော် အကြောင်းမလှစွာဖြင့် ထိုသူသည် ရက်သတ္တပတ်အနည်းငယ်အကြာတွင်၂၀၀၇ ခုနှစ်မှကိစ္စတစ်ခုဖြင့် စွဲချက်တင်၍ ပြန်လည် ဖမ်းဆီးထောင်ချခံလိုက်ရသည်။ Power မှာ လတ်တစ်လော (ပြန်လည်)ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး တစ်စွန်းတစ်စပင် မသိထားချေ။ ၂၀၁၄ နှစ်သစ် လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့သော်လည်း ရိုဟင်ဂျာအကျဉ်းသား တစ်ထောင်ကျော် ကျန်ရစ်နေသေးသည်ဟု သတင်းများထွက်ပေါ်နေလေရာ နားလှည့်ပါးရိုက်လွတ်ငြိမ်းချမ်းသာခွင့်သာဖြစ်ကြောင်း ထင်ရှားပေါ်လွင်လာပေသည်။

    သံတမန်ရေးထိရှမခံရသည့်အခြေအနေအောက်မှ မေးမြန်းလာသော မေးခွန်းအပေါ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှအထက်တန်းအရာရှိ တစ်ဦးက ကိုယ်စားဖြေကြားခဲ့ရသည်။ ယင်းသို့ နားလှည့်ပါးရိုက်လွတ်ငြိမ်းချမ်းသာခွင့်များနှင့်စပ်လျဉ်း၍ အမေရိကန်ပြည်ထောင်စုမှ စိုးရိမ်မကင်းရှိဆဲဖြစ်ကြောင်း၊ ၄င်းသည် စုရုံးခွင့်နှင့်ဆိုင်သည့် ဥပဒေကဲ့သို့သော  ပြုပြင်တည့်မတ်ရန်လိုအပ်သည့် ဥပဒေဆိုးများကို ပြန်လည် ဆန်းသစ်ရန် အစိုးရအား တွန်းအားပေးနေကြောင်း၊ ထိုအချက်မှာ ပြန်လည်ဖမ်းဆီးထိန်းသိမ်းခံရမှုများစွာအတွက် အခြေခံအချက်ဖြစ်ကြောင်း – “ အစိုးရကို တွန်းအားပေးဖို့ ကျွန်တော်တို့ မရှက်မကြောက် ဆောင်ရွက်သွားမှာပါ ” ဟု ဆိုခဲ့သည်။

    ၂၀၁၃ ခုနှစ်အစောပိုင်း၌ ဥပဒေကြမ်းတစ်ရပ်နှင့်ပတ်သက်ပြီး အရပ်ဖက်လူ့အဖွဲ့အစည်းအုပ်စုများမှ စိုးရိမ်ပူပန်ခဲ့ကြသည်။ ၄င်းက သူတို့၏လှုပ်ရှားမှုများကို ကြီးစွာကန့်သတ်ထိန်းချုပ်နိုင်မည်ဟု ယုံကြည်သောကြောင့်ဖြစ်၏။ လွှတ်တော်အမတ်များနှင့် အရပ်သား ကျွမ်းကျင်သူများမှ ပြန်လည်ရေးသား သတ်မှတ်ရန် အမေရိကန်ပြည်ထောင်စုက လမ်းကြောင်းဖော်ပေးခဲ့သည်။ “အခုထွက်လာတဲ့ ဥပဒေမူကြမ်းက တော်တော်လေးကိုကောင်းပါတယ် ” ဟု ထိုအရာရှိက ဆိုသည်။

    သို့သော် ထိုမူကြမ်းမှာ ဥပဒေအဖြစ် အတည်မပြုသေး၊ အခြားဥပဒေများလည်း  မြှင့်တင်ပြဋ္ဌာန်းမှု မရှိသေး။ အရပ်ဖက်လူ့အဖွဲ့အစည်းတို့သည် မငြိမ်မသက်ဖြစ်လာပြီး ဖိနှိပ်ရေးဥပဒေများကို ကန့်ကွက်ဆန္ဒပြရန် ပြင်ဆင်လာကြသည်။

    အစိုးရအာဏာပိုင်များမှ လူသိရှင်ကြားဆိုထားသောလုပ်ငန်းစဉ်များမှာလည်း လမ်းကြောင်းပေါ်တက်မလာသေးပေ။ ဇူလိုင် ၁၅ ရက်၊ ဗြိတိန်တွင်ပေးသော မိန့်ခွန်း၌ ဦးသိန်းစိန်က “ ရက်သတ္တပတ်အနည်းငယ်ကျော်လွန်ပြီးတဲ့အခါ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဖြစ်တော့မှာပါ။ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာပြည်ထဲ သေနတ်သံတွေ တိတ်ဆိတ်သွားတော့မှာဖြစ်ပါတယ် ” ဟူ၍ ကြေငြာခဲ့သည်။ သို့ရာတွင် သေနတ်များမှာ အသံမတိတ်ခဲ့။ တစ်လောကလည်း ညှိနှိုင်းရေးခေါင်းဆောင် ဦးအောင်မင်းက “ ၂၀၁၄ ခုနှစ် အာဆီယံအစည်းအဝေးအတွက် ဒေသတွင်းခေါင်းဆောင်တွေ မြန်မာပြည်ကိုရောက်လာတဲ့အခါ ငြိမ်းချမ်းရေးဖော်ဆောင်မှုအောင်မြင်ကြောင်း သတင်းကောင်းကို တင်ပြနိုင်ဖို့ ကျွန်တော် မျှော်လင့်နေပါတယ် ” ဟု ဆိုခဲ့သေးသည်။

    အိုဘားမားသို့ပြောကြားခဲ့သော ဦးသိန်းစိန်၏ကတိပေးအတည်ပြုချက်များစွာတို့သည် အပြည့်အ၀ ဆောင်ရွက်ခြင်း မရှိခဲ့။ သို့တည်းမဟုတ် လျစ်လျူရှုလိုက်ခြင်းပင် ဖြစ်နိုင်သည်။ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂအထူးကော်မရှင်နာရုံးတစ်ရုံး ဖွင့်လှစ်ရေးကတိက၀တ်အပေါ် မည်သည့်ဆောင်ရွက်ချက်မှမရှိသေးကြောင်းကို ထိုအရာရှိက “ ကုလသမဂ္ဂရုံးတစ်ရုံး ဖွင့်လှစ်ဖို့ကို ကျွန်တော်တို့ အပြင်းအထန်ဖိအားပေးနေပါတယ် ” ဟူသောစကားဖြင့် ၀န်ခံပြောကြားခဲ့၏။

    လူ့အခွင့်အရေးနှင့်ပတ်သက်၍ ထင်သလောက် ခရီးမပေါက်ကြောင်းကိုလည်း အများပြည်သူတို့ထံ ထုတ်ကြားပြောဆိုချက်များ၌ ထင်ထင်ရှားရှားတွေ့ရ၏။ ကုလသမဂ္ဂ အထွေထွေညီလာခံရှိ အာရှအုပ်စုသို့ တင်ပြရှင်းလင်းသော responsible investment in Burma အစီအစဉ်တွင် State Department Burma coordinator ဖြစ်သူ Judith Cefkin သည် တိုင်းရင်းသားပဋိပက္ခများ၊ မွတ်စ်လင်မ်တို့ အပေါ်တိုက်ခိုက်မှုများနှင့် အောင်ဆန်းစုကြည် အကြောင်းကိုပင်လျှင် တစ်လုံးတစ်ပါဒမျှ မဟခဲ့ဘဲ အမေရိကန်နိုင်ငံအဖို့ အဓိကဦးစားပေးမှာ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်ဖြစ်သည်ဟူသည်ကိုသာ ထုတ်ဖော်ပြောကြားခဲ့သည်။

    “ ကျွန်မတို့မူဝါဒထဲမှာ လုပ်ငန်းနယ်ပယ်ရဲ့အဓိကသော့ချက်တစ်ခု နဲ့ အမေရိကန်အစိုးရအတွက် အဓိက ဦးစားပေးချက်ကတော့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဖြစ်တယ်။ ဒါပေမယ့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက မြန်မာပြည်သူတို့ ကောင်းစားရေးကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းစေမယ့် လမ်းကြောင်းအတိုင်း ဖြစ်လာမှာပါ” ဟူ၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးပါဝင်သော ပရိသတ်သို့ ၄င်းက ပြောဆိုခဲ့သည်။

    တွေ့ဆုံမေးမြန်းခန်းတွင် အမေရိကန်ပြည်ထောင်စုသည် အခြားအနောက်နိုင်ငံများအတိုင်းမဟုတ်ပဲ ပိတ်ဆို့မှုအချို့ကို ဆက်လက် ထိန်းသိမ်းထားကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံအတွက် ကန့်သတ်ပုဂ္ဂိုလ်စာရင်းမှာလည်း သက်ဝင်လှုပ်ရှားမှု ရှိနေသေးကြောင်း အမေရိကန်နိုင်ငံခြားရေးမှ အထက်တန်းအရာရှိ တစ်ဦးက ထောက်ပြခဲ့သည်။ ထိုစာရင်းကို များမကြာသေးမီက ထပ်မံတိုးမြှင့်ပေါင်းထည့်လိုက်သော်လည်း မြောက်ကိုးရီးယားနှင့်ဆက်ဆံရေးမကင်းသည့်အချက်များနှင့်ဆက်နွှယ်နေပြီး လူ့အခွင့်အရေးကဏ္ဍ မဟုတ်ချေ။
    “မြောက်ကိုးရီးယားနှင့်စစ်ရေး ဆက်ဆံမှုကို အပြုသဘောဆောင်တိုးမြှင့်ထားသော မြန်မာအစိုးရအပေါ် ယင်းသို့သော ကန့်သတ်ချက်က ထိရောက်မှုမရှိကြောင်း” သတင်းများက အသားပေးဖော်ပြခဲ့သည်။

    မြန်မာနိုင်ငံ၌ နိုင်ငံရေးနယ်ပယ် ပိုမိုပွင့်ဟလာသည့်တိုင် တစ်ချိန်တည်းမှာပင် မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက် လှိုင်းသည်လည်း ပေါ်ပေါက်လာခဲ့သည်။ အထူးသဖြင့် မွတ်စ်လင်မ် လူနည်းစုဝင်တစ်ခုဖြစ်သော ရိုဟင်ဂျာတို့အား အစွန်းရောက် ဗုဒ္ဓဘာသာဝင်များမှ ပစ်မှတ်ထား တိုက်ခိုက်မှုများမှာ နိုင်ငံအာဏာပိုင်၏ကျောထောက်နောက်ခံ အားပေးမှုဖြစ်နေကြောင်း ပေါ်လွင်လာ၏။ မြန်မာ့ ပိုင်နက် အတွက် ဆယ်စုနှစ်များစွာ နေထိုင်လာကြလင့်ကစား နိုင်ငံသားပေးရန်ငြင်းပယ်မှုအပါအ၀င် အစိုးရ အာဏာပိုင်များက ခွဲခြားချိုးနှိမ်ထားကြသည်။ အမေရိကန်သံအမတ် ဒဲရက် မစ်ရှဲလ် (Derek Mitchell) သည် ထိုဒေသသို့ လေးကြိမ်တိုင်တိုင် ရောက်ခဲ့ပြီးဖြစ်သည်။

    “ ရန်ကုန်က ကျွန်တော်တို့သံရုံးကနေဦးဆောင်ပြီး မြန်မာအစိုးရကို ဒီပြဿနာအရေးမှာ တင်းတင်းကြပ်ကြပ်နဲ့ မှန်မှန်ကန်ကန် ရပ်တည်ဖို့ ၊ မလုပ်မဖြစ်လို့ အချိန်ကိုက် ထင်ကြေးမျိုးနဲ့ မဟုတ်ဘဲ အကြမ်းဖက်မှု ဖြစ်ပေါ်လာအောင် သွေးထိုးမှိုင်းတိုက်နေသူအားလုံးကို အမြစ်ပြတ်နှိမ်နှင်းဖို့ ဖိအားပေးခဲ့ကြပါတယ်။ ဘာသာရေးအစွန်းရောက်မှုနဲ့လူမျိုးခွဲခြားအကြမ်းဖက်မှုအပေါ် ပိုမိုပြင်းထန်တိကျစွာ အရေးယူဖို့၊ ဒါ့အပြင် ရခိုင်ပြည်နယ်ထဲကဖြစ်စဉ်တွေအပါအ၀င် မရပ်မနားဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်ချက်တွေကို ကြပ်မတ်လမ်းညွှန်ဖို့ ကျွန်တော်တို့ တိုက်တွန်းခဲ့ကြပါတယ် ” ဟု ထိုအရာရှိမှပင် ပြောဆိုပါသည်။

    မြန်မာနိုင်ငံမှရိုဟင်ဂျာများအား ဆက်ဆံနေပုံနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း အိုဘားမှအစိုးရက ကုလသမဂ္ဂအထွေထွေညီလာခံနှင့်ပူးတွဲ ထုတ်ပြန်ပြောဆို ခဲ့သည်။ သို့ရာတွင် မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုများအတွင်း လွတ်လပ်သောကွင်းဆင်းလေ့လာမှုပြုလုပ်ရန် လူ့အခွင့်အရေးဗေဒပညာရှင်များ(PHR)၊ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ၁၂ ဦး နှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မရှင်နာမင်းကြီးတို့၏ ကမ်းလှမ်းချက်ကိုတော့ မထောက်ခံခဲ့ချေ။ အကြမ်းဖက်ဖြစ်စဉ်များကြောင့် လူပေါင်း တစ်သိန်းလေးသောင်းအထိ ဒုက္ခသည်စခန်း၌့ ရောက်နေကြရသည်။

    လွတ်လပ်သောစုံစမ်းမှုကို အမေရိကန်ပြည်ထောင်စုမှ အဘယ်ကြောင့် မထောက်ခံကြောင်း ရှင်းလင်းရာ၌ “ အနာဂတ်အကြမ်းဖက်မှုကို အကောင်းဆုံးကာကွယ်နိုင်တာကတော့ တာဝန်ယူ(တတ်)မှုပါပဲ။ မြန်မာအစိုးရအနေနဲ့ ဒီမျက်နှာစာအပေါ်မှာ ပိုမိုဆောင်ရွက်ဖို့ ကျွန်တော်တို့ အလေးအနက်ထားဖိအားပေးသွားမယ်။ အကြမ်းဖက်မှုအတွက် တာဝန်ရှိသူတစ်ဦးချင်းကို စုံစမ်းစစ်ဆေးအရေးယူမှု စတင်နေပါပြီလို့ဆိုပေမယ့်လည်း အစိုးရအနေနဲ့ ဒီ့ထက် ပိုလုပ်နိုင်ပါတယ်။ ဒီ့ထက် ပိုလုပ်သင့်တယ် ” ဟူ၍ ထည့်သွင်းပြောဆိုခဲ့၏။
    “ဒီအချိန်မှာ ကျွန်တော်တို့ ရဲ့ စမ်းစစ်မှုတွေအရ ဒီလို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုကို ထောက်ခံခြင်းက ဒီပန်းတိုင်ကို ရောက်အောင် တွန်းအားမပေးနိုင်ပါဘူး။ ကျွန်တော်တို့ အခြေအနေကို စောင့်ကြည့်သုံးသပ်နေပြီး အဲ့ဒီအတိုင်း ကျွန်တော်တို့ရဲ့ မူဝါဒတွေကို ထိန်းညှိအကောင်အထည်ဖော်သွားမှာပါ” ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

    ရိုဟင်ဂျာတို့အား တိုက်ခိုက်မှုများတွင် ဦးဆောင်နေသည်ဟု သတင်းကြီးနေသော နစက အမည်ရှိ နယ်ခြားစောင့်တပ်ကို ဖျက်သိမ်းရန်ကိုလည်း မိမိတို့မှ တွန်းအားပေးနိုင်ခဲ့ကြောင်း၊ ယင်းတပ်ဖွဲ့ကို ဒေသခံရခိုင်ရဲများဖြင့် အစားထိုးလိုက်ကြောင်း၊ သို့သော် လူနည်းစုမွတ်စ်လင်မ်များ အပေါ် ဆက်ဆံရေး ကောင်းမွန် တိုးတက်လာနိုင်ချေ မရှိသလောက်ပါဟု သတင်းအချို့ကဆိုကြောင်း၊ အစားထိုးမှုကို မိမိတို့မှ ဆက်လက်လေ့လာစောင့်ကြည့်နေကြောင်း ထိုအရာရှိမှ ပြောကြားခဲ့သည်။

    ဘဏ္ဍာရေးဝန်ကြီးဌာနမှ နစကအား ထောက်ပံ့နေမှုကို ရပ်ဆိုင်းလိုက်ခြင်းက ဦးသိန်းစိန်အနေနှင့် နစကကို ဖျက်သိမ်းစေလိုက်ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည်သူတစ်ဦးက မှတ်ချက်ပြုပြောကြားခဲ့သည်။

    နစကအဖွဲ့ခေါင်းဆောင်တစ်ဦးချင်းစီကို အဘယ်ကြောင့် ဦးတည်မပိတ်ဆို့သနည်း ဟူသောမေးခွန်းနှင့်ပတ်သက်၍ “ လက်တွေ့အားဖြင့် နစကအဖွဲ့ဝင်တစ်ဦးချင်းစီကို စာရင်းပြုစုတာဟာ မြန်မာအစိုးရကိုယ်တိုင်က တာဝန်ယူဖြေရှင်းခဲ့တာထက်ပိုတဲ့ သရုပ်ပြလို့ရလောက်တဲ့ အကျိုးသက်ရောက်မှုရှိလာဖို့ မရှိသလောက်ပါဘဲ ။ အထောက်အထားခိုင်ခိုင်လုံလုံရလာတဲ့အခါ အုပ်စုလိုက်ရော တစ်ဦးချင်းစီကိုပါ  ပြန်လည်စိစစ်လို့ ပိတ်ဆို့ စာရင်းသစ်ထဲ ထည့်သွင်းရပါလိမ့်မယ် ” ဟု ၄င်းကပင် ဖြေကြားသည်။ ဆက်လက်၍လည်း အိုဘားမားအစိုးရသည် ရိုဟင်ဂျာများ အတွက် နိုင်ငံသား လမ်းကြောင်းကို ဖန်တီးပေးရန် အာဏာပိုင်တို့အား အမှန်ပင် တိုက်တွန်းခဲ့ကြောင်း၊ အာဏာပိုင်များက ထိုကိစ္စအတွက် မိမိတို့ထံ အစီအစဉ်များရှိသည်ဟု ဆိုခဲ့ကြောင်း၊ ၄င်းမှာ နှုတ်ပြော သက်သက်မဟုတ်ဟု မိမိတို့မှထင်မြင်ကြောင်း၊ အစိုးရအတွင်း ပြင်ဆင်မှု လက္ခဏာအချို့ကို မြင်တွေ့နေရကြောင်း၊ သို့သော် ၄င်းတို့သည် ပြည်တွင်းတုန့်ပြန်မှုနှင့်စပ်လျဉ်း၍ စိုးရိမ်မှုရှိနေကြောင်း ပြောပြခဲ့သည်။

    ဗုဒ္ဓဘာသာဝင် ပြဿနာဘုန်းကြီး အရှင်ဝီရသူအား တိုင်းမ်မဂ္ဂဇင်းမှ “the face of Buddhist terror” ဟု တံဆိပ်ကပ်လိုက်ပြီးနောက် ဦးသိန်းစိန်က ထိုသူ့ကို အကာအကွယ်ပေးခဲ့ခြင်းမှာ ထူးခြားလှသည်။

    မြန်မာနိုင်ငံနှင့် စစ်ရေးဆက်ဆံမှုတိုးမြှင့်ရန် အိုဘားမားအစိုးရ၏ခြေလှမ်းဆန့်ထုတ်ခြင်းက မြန်မာနိုင်ငံလူဦးရေ ၄၀ ရာခိုင်နှုန်းထိရှိသော တိုင်းရင်းသားအုပ်စုများကို အလန့်တကြား ဖြစ်သွားစေသည်။

    “ အသင်တို့၏ စစ်ရေးဆက်ဆံမှု လက်ရှိချဉ်းကပ်ချက်က ကျွန်ုပ်တို့အား အထူးပူပင်စိုးရိမ်မှုဖြစ်စေပါသည်။ ၄င်းသည် ကျွန်ုပ်တို့အပေါ် ဗမာစစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်စော်ကားမှုများအဆုံးသတ်စေရေးဟူသော ပန်းတိုင်ကို အကျိုးဖြစ်ထွန်းစေမည်မဟုတ်သလို၊ ကျွန်ုပ်တို့အား အမျိုးသားပြန်လည်သင့်မြတ်ရေးသို့ နီးကပ်သွားစေလိမ့်မည် မဟုတ်ပါ။ လူ့အခွင့်အရေးဆိုင်ရာ သင်တန်းနှင့်စစ်တပ်၏စီးပွားရေး လက်ဝါးကြီးအုပ်မှုရပ်တန့်ရေး ကဲ့သို့သော တင်ကြို သဘောတူညီချက် အပါအ၀င် ကျွန်ုပ်တို့အရေးကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ စစ်ရေးပူးပေါင်းဆက်ဆံမှုသို့ တက်လှမ်းမှု မပြုပါရန် မေတ္တာရပ်ပါသည် ” ဟု တိုင်းရင်းသားပေါင်းစုံအဖွဲ့များမှ အိုဘားမားထံသို့လည်းကောင်း၊ ဗြိတိန်နှင့်သြစတေးလျ၏ ၀န်ကြီးချုပ်များထံသို့ လည်းကောင်း ရေးသားပေးပို့ခဲ့သည်။

    အိုဘားမားအစိုးရ၏ စစ်ရေးဆက်ဆံမှုဆန့်ထုတ်ရန် ဆုံးဖြတ်ချက်အပေါ် ကွန်ကရက်လွှတ်တော်အမတ်အချို့က သံသယရှိကြသည်။ “ ဗမာစစ်တပ်ဟာ ကိုယ့်နိုင်ငံထဲက လူတွေကိုသတ်ဖြတ်တာ၊ မုဒိန်းကျင့်တာ၊ မြေယာသိမ်းယူတာ အဆုံးသတ် ရပ်တန့်ရေးအတွက် သင်တန်းပေးစရာမလိုအပ်ဘူးလို့ ကျွန်တော် ထင်မြင်တယ် ” ဟူ၍ မကြာသေးမီက လွှတ်တော်ကြားနာမှုတစ်ရပ်၌ လွှတ်တော်ကိုယ်စားလှယ် Joseph Crowley (D-N.Y.) မှ ပြောကြားလိုက်သည်။

    Power သည် အိုဘားမားအစိုးရအဖွဲ့၏ အပြည်ပြည်ဆိုင်ရာအေဂျင်စီတစ်ခုဖြစ်သော ရက်စက်မှုကာကွယ်ရေးဘုတ်အဖွဲ့ဖြစ်ပေါ်အောင် တာဝန်ယူဆောင်ရွက်ပေးခဲ့သူ တစ်ဦးဖြစ်သည်။ ယင်းဘုတ်အဖွဲ့က
    “ အမေရိကန်အစိုးရသည် အကြမ်းဖက်မှု ထိန်းချုပ်ရေး နှင့် အဖိနှိပ်ခံများအားကာကွယ်ရေး အခန်းကဏ္ဍ၌ အဓိက ရှေ့ဆက်ပါဝင်နေသည် ” ဟု ဆိုသော်လည်း ၄င်း၏ပထမတစ်နှစ်တာကာလအတွင်းဆောင်ရွက်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအကြောင်းကိုသာ ဖော်ပြနေခဲ့၏။ မတ်လတွင်သက်တမ်းကုန်မည်ဖြစ်သော အထူးကိုယ်စားလှယ်တစ်ဦးကို မြန်မာနိုင်ငံတွင်း လေ့လာစုံစမ်းရန်စေလွှတ်ရာ၌ ကူညီနိုင်ခြင်းသာ ၄င်း၏တစ်ခုတည်းသော စွမ်းဆောင်မှုသာဓက ဖြစ်နေပေသည်။

    Central African Republic နိုင်ငံတွင်း စစ်ရပ်စဲရေးကြိုးပမ်းသည့်အခန်းကဏ္ဍ၌ ထိုဘုတ်အဖွဲ့က တက်ကြွစွာ ပါဝင်ခဲ့ကြောင်းကိုလည်း သတင်းများက ဆိုထားပါသည်။

    လက်တည့်စမ်းနေခြင်းလော ?
    —————————–
    မြန်မာပြည်အပေါ်ထားရှိသော အမေရိကန်မူဝါဒမှာ ဆတူတန်ပြန်ဖိအားများစွာဖြင့် ရင်ဆိုင်နေရသည်။ အစိုးရအဖွဲ့သည် ဟန်ပြဒီမိုကရေစီ ဆင်ယင်ပေးမှုမှလွှဲ၍ ဘာမျှမလုပ်နိုင် ဟူသောအချက်မှသည် ကာလကြာရှည်တံခါးပိတ်နိုင်ငံအတွင်း အမေရိကန်ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်သောအချက်အထိ ဖြစ်သည်။ သို့သော် အမေရိကန်အရာရှိများက မိမိကိုယ်ကိုအမွှမ်းတင်နေသော်လည်း ၄င်းတို့သည် ကိုယ့်အတတ်နှင့် ကိုယ်စူးနေကြရသည်ဟု ရရှိလာသည့် အထောက်အထားများက ညွှန်းပြနေသည်။ ဘဏ္ဍာရေးပိတ်ဆို့မှု သို့မဟုတ် ရက်စက်မှုကာကွယ်ရေးဘုတ်အဖွဲ့ ကဲ့သို့သော ဖန်တီးချက်များက မွတ်စ်လင်မ်ဆန့်ကျင်ရေးနှင့် တိုင်းရင်းသားများအပေါ် အကြမ်းဖက်ခြင်းကျူးလွန်သူများကို ဒဏ်ခတ်ရေး၌ အခက်အခဲများ ပိုမိုမြင့်မားလာကြောင်း ၄င်းတို့မှတွေ့ကြုံရသည်ဟု ဆိုသည်။

    အာဏာရှင်စံနစ်မှ ဒီမိုကရေစီစံနစ်အကူးအပြောင်းဖြစ်စဉ်တွင် တော်ရုံတန်ရုံ မချောမွေ့တတ်ချေ။ အတားအဆီးအနှောင့်အယှက်နှောင့်နှေးမှုများ ရှိနေတတ်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနေရာမရအောင် တားဆီးထားသည့် အခြေခံဥပဒေစည်းမျဉ်းအား အပြောင်းအလဲမလုပ်လျှင် ၂၀၁၅ ရွေးကောက်ပွဲကို သူမ၏ပါတီက သပိတ်မှောက်မည့်အခြေအနေတွင် ရှိနေသည်။ မည်သို့ရှေ့ဆက်မည်မှာ မသေချာသေးသော်လည်း အမေရိကန်ပြည်ထောင်စုလို အနောက်နိုင်ငံအစိုးရများကမူ သက်ဝင်လှုပ်ရှားသည့်ရွေးကောက်ပွဲဖြစ်လာအောင် အားသွန်ခွန်စိုက် ရင်းနှီးပေးထားကြ၏။

    ရက်စက်မှုများကို ဆန့်ကျင်ရပ်တည်နေပါသည်ဟု အမေရိကန်အာဏာပိုင်များက တစိုက်မတ်မတ်ဆိုနေသော်လည်း လူသတ်ကောင်တရားခံများမှာ လုံးလုံးလျားလျားလွတ်မြောက်နေသေးသည် သို့တည်းမဟုတ် မဆိုစလောက်မျှသာ အရေးယူခံရသေးသည်။ (၂၀၁၂ ခုနှစ်နှောင်းပိုင်းရေးသားခဲ့သည့် Power ၏ တင်ပြချက်စာသားကို တစ်လုံးတစ်လေမျှ အပြောင်းအလဲမရှိတွေ့မြင်နိုင်ပါသည်။ ထိုဖော်ပြချက်အတိုင်း ဧကန်ပင် အပြောင်းအလဲဟူ၍ စိုးစဉ်းမျှ မရှိသေးပါ)။ ရှေ့ဆက်ဆိုရပါလျှင် အမေရိကန်အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသားတို့အား လွှတ်ပေးခြင်းအပေါ် ချီးမွှမ်းခန်းဖွင့်နေသည်ထက် ၄င်းမှာ နားလှည့်ပါးရိုက်လွတ်ငြိမ်းခွင့်သာဖြစ်ပြီး ယင်းသို့သောဥပဒေများကိုစွန့်လွှတ်ရန် မပြတ်တမ်း ဇောင်းပေးဖော်ပြ သင့်ပေသည်။

    မြန်မာနိုင်ငံအနေနှင့် တစ်ချိန်တွင် နိုင်ငံခြားရေးမူဝါဒအရ အောင်မြင်မှုရသောနိုင်ငံ ဖြစ်လာနိုင်ပါသည်။ သို့သော် အမေရိကန်ပြည်ထောင်စုမှ အပြောနှင့်အလုပ် နှစ်မျိုးစလုံးဖြင့် မပြတ်တမ်း နိုးနိုးကြားကြား တွန်းတိုက်မှုမပြုပါသော် သဲထဲရေသွန်သာ ဖြစ်လိမ့်မည်တည်း။

    xxxxxxxxxxxxxxxxxxxxxxxxxx

    Glenn Kessler ၏ The Washington Postမှ မူဝါဒရေးရာဝေဖန်ချက်ဆောင်းပါး How much has the United States been ‘standing up against’ atrocities in Burma? ကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
    ဆောင်းပါးရှင် Glenn Kessler သည် ပြည်တွင်းနှင့်ပြည်ပရေးရာ မူဝါဒများအကြောင်းကို နှစ်ပေါင်း ၃၀ ကျော် ရေးသားတင်ပြနေသူဖြစ်၏။ သူသည် လူထုရေးရာသက်သက်လေ့လာသူဖြစ်သည်နှင့်အညီ မိတ်ဆွေတို့၏ ကူညီမှုအား လက်ခံကြိုဆိုလျက်ရှိပါသည်။ Facebook , Twitter , E-mail များမှတဆင့် သူ့ထံသို့ အချက်အလက်များ ပေးပို့နိုင်ပါသည်။

  • နိုင်ငံသစ်တည် မြန်မာပြည်၏ လက်တွဲဖော်များ (သို့မဟုတ်) ရိုဟင်ဂျာ [ဘာသာပြန် ဆောင်းပါး]

    ဇန်နဝါရီ ၁၄၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ- မြင့်မိုရ်မောင်မောင်

    မြန်မာနိုင်ငံသည် ယဉ်ကျေးမှု၊ အစဉ်အလာထုံးတမ်း နှင့် ဘာသာစကားစွမ်းရည်များ၌ ထူးထူးခြားခြား ကြွယ်ဝစည်ပင်လှသည့် တိုင်းပြည်ဖြစ်၏။ ဤနိုင်ငံ၏ မတူကွဲပြားမှုများက တိုင်းပြည်၏အင်အားတစ်ရပ် ဖြစ်နိုင်သလို သဘောထားကွဲလွဲမှု၏ မျိုးစေ့ကိုလည်း ကြဲပက်ထားသည်မှာ အချိန်ကြာမြင့် လှချေပြီ။ ထိုအရာက မြန်မာနိုင်ငံကို အာရှ၌ ခေါင်းဆောင်နိုင်ငံတစ်ခု ဖြစ်လာစေမည့်အစား တိုင်းပြည်ကို နောက်ပြန်ဆုတ်အောင်၊ တိုးတက်ဖွံ့ဖြိုးရေးကို မွန်းကြပ်သွားအောင်၊ တိုင်းသူပြည်သားများအတွက် မလုံခြုံမှုဘေးဆိုးများဖြစ်လာအောင် တွန်းပို့လျက်ရှိနေ၏။
    unnamed
    (ဓာတ်ပုံ – ကောင်းထက်) ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ဗုဒ္ဓဘာသာဝင်လူရမ်းကားတစ်စု၏ ဖျက်ဆီးမှု၏မရှေးမနှောင်းတွင်  စစ်တွေမြို့နယ်မှ ပျက်စီးသွားရသောဗလီဝတ်ကျောင်းတစ်ခုအနီး ထိုင်နေသည့် ရိုဟင်ဂျာအမျိုးသားတစ်ဦး

    မြန်မာနိုင်ငံရှိ လူနည်းစု တိုင်းရင်းမျိုးနွယ်များအပေါ် အစဉ်တစိုက် တိကျစွာ သတ်မှတ်ခြင်း နှင့် ပုံဖော်တင်ဆက်ခြင်း မရှိလေပဲ များသောအားဖြင့် တစ်ဖက်စောင်းနင်း ဖြစ်နေပါသည်။ အစိုးရအာဏာပိုင်တို့က လူနည်းစုတိုင်းရင်းမျိုးနွယ်အုပ်စုကို ၁၃၅ မျိုးဟု တရားဝင်ထုတ်ပြန်ထားသော်လည်း ဤကိန်းဂဏန်းနှင့် အမျိုးအမည်စာရင်းကို ကြေလည်မှုရှိ မနေကြချေ။ ထိုစာရင်းဇယား၌ မိမိတို့မှာ ဖြုတ်ပယ်ခံထားရသည်ဟု အချို့ကဆိုကြသလို အခြား တစ်ဖက်ကလည်း အမျိုးအစားခွဲမှု များပြားလွန်းနေသည်ဟု ပြောသူများ ရှိကြ၏။

    အလားတူ တိုင်းရင်းနွယ်အုပ်စုတစ်ခုဖြစ်သော ရိုဟင်ဂျာတို့၏ နိုင်ငံသားဖြစ်ရေးနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ နိုင်ငံအတွင်း နက်နက်ရှိုင်းရှိုင်း ၀ိဝါဒကွဲပြားလျက်ရှိနေပါ၏။ ကျွန်ုပ်သည်လည်း ရိုဟင်ဂျာလူမျိုးတစ်ဦး ဖြစ်ပါသည်။ ရိုဟင်ဂျာတို့ကို ၁၉၅၀ ခုနှစ်များအတွင်းက တရားဝင် အသိအမှတ်ပြုခဲ့ကြသည်။ သို့သော်လည်း ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးနောက် ကျွန်ုပ်တို့၏နိုင်ငံသားဖြစ်မှုကို ၎င်း၏ စစ်အုပ်ချုပ်ရေး အစိုးရမှ တရားမ၀င်ကြောင်း ဆိုလာခဲ့သည်မှာ အချိန်ကြာမြင့်နေပေပြီ။ ရိုဟင်ဂျာများမှာ ရခိုင်ပြည်နယ်၌ ဘိုးဘွားစဉ်ဆက် ရာစုနှစ်များစွာ နေထိုင် လာကြသော်လည်း ဤတိုင်းရင်းမျိုးနွယ်စုအား တရားဝင်နိုင်ငံသားဖြစ်မှုမှ အဘယ်ကြောင့် ရုပ်သိမ်းလိုက်ကြောင်း ပညာရှင်များ၊ သုတေသီများ၊ လူ့အခွင့်အရေးဖော်ဆောင်လှုပ်ရှားသူများ၊ မီဒီယာများ စသည်တို့မှ အခါအားလျော်စွာ မေးခွန်းထုတ်ခဲ့ပါသည်။

    ဤမေးခွန်း၏အဖြေမှာကား ကန့်လန့်ကာနောက်ကွယ်မှ အချို့အကြောင်းခြင်းရာများနှင့် သက်ဆိုင်နေပါသည်။ ထိုအချက်များ၌ နိုင်ငံအတွင်း လူမျိုးရေးနှင့်ဘာသာရေး၊ ယဉ်ကျေးမှုနှင့်လူမှုဆက်ဆံရေး၊ နိုင်ငံရေးအရ သြဇာလွှမ်းမိုးစွက်ဖက်တင်စီးမှု များလည်း အပါအ၀င်ဖြစ်သည်။ ထိုအခြေခံအချက်များက နှစ်ပေါင်း ငါးဆယ်ကာလအတွင်း ရခိုင်ပြည်နယ်ကို သီးခြားဖြစ်စဉ် လမ်းကြောင်းထဲ ဆိုက်ရောက်သွားစေပါသည်။ ရခိုင်ဒေသ အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူတို့၏ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မှု နှင့် တိုးတက်မှုအပေါ် ဆိုးကျိုးသက်ရောက်စေသော ခွဲခြားမှုများ ဖြစ်ပေါ်စေခဲ့၏။

    အချို့ရခိုင်လူမျိုးတို့အကြားတွင် မတင်းတိမ်မနှစ်မြို့မှု ရှိနေလင့်ကစား ရိုဟင်ဂျာနှင့် ရခိုင်လူထုတို့ အပါအ၀င် ပြည်သူအပေါင်းတို့ အနေဖြင့် လုံခြုံမှု ကင်းမဲ့သော အကြမ်းဖက်ခံ ဘ၀ထက် တည်ငြိမ်အေးချမ်းသော ဘ၀ကို ပိုမိုနှစ်သက်ကြလိမ့်မည်ဟု ကြောင်းကျိုးကျကျ တွေးခေါ်ဖို့လိုအပ်ပါသည်။ ယင်းပြည်နယ် အတွင်းနေထိုင်နေကြသော လူထုအကြား မရေရာသော အက်ကြောင်းကို ဖြစ်ပေါ်စေခဲ့သည့်အရာမှာ မည်သည်နည်းဟု ပထမဆုံး မေးမြန်း လိုပေလိမ့်မည်။  ရှင်းလင်းစွာတွေ့နိုင်သည့် ပထမဆုံး ပင်မပြဿနာမှာ တရား ဥပဒေစိုးမိုးမှု ကင်းမဲ့နေခြင်းပင်။ ထိုအချက်က တရားမျှမျှတတ တန်းတူညီမျှ တာဝန် ထမ်းဆောင်မည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို အလုံအလောက် ချပေးရန် ပျက်ကွက်သွားစေခဲ့သည်။

    အုပ်စုနှစ်ဖက်စလုံးမှ အပြန်အလှန် အကြမ်းဖက်မှု ကျူးလွန်ထားခဲ့ကြသည်။ မည်သူက စတင်ကျူးလွန်သည်၊ မည်သူက စဦး ဓားစာခံဖြစ်ရသည် ဟူသည်မှာ အကြောင်းမဟုတ်။ အကြမ်းဖက်မှုဟူသမျှ လက်ခံနိုင်စရာ မရှိချေ။ အမှုတစ်ခုဖြစ်လာလျှင် ကျူးလွန်သူအား ဖမ်းဆီးရမည်၊ အရေးယူရမည်၊ ပြစ်မှုနှင့် ထိုက်တန်သော ပြစ်ဒဏ်ချမှတ်ရပေမည်။ အာဏာပိုင်များသည် မည်သို့သော အကြမ်းဖက်မှု သို့မဟုတ် ဥပဒေ ချိုးဖောက်သော အခြား လုပ်ရပ်များကို အားပေး အားမြှောက် မပြုသင့်၊ သို့သာမက လူတိုင်းအပေါ်ကို တရားမျှတစွာ တန်းတူထားရန် တာဝန်ရှိနေသည်။ ဤအချက် ပျက်ကွက်လေလျှင် မင်းမဲ့စရိုက် နှင့် အကြမ်းဖက်မှုများကို ပိုမိုတွန်းအားပေးရာ ရောက်စေ၏။

    အစ္စလာမ့်စီမံကိန်းဟု ယိုးစွပ်ချက်တစ်ခု
    —————————————-
    ရိုဟင်ဂျာလူဦးရေပမာဏ ပေါက်ကွဲများပြားလာသည်ကို စိုးရိမ်ကြောင်း၊ ၎င်းတို့သည် ရခိုင်ပြည်နယ်ကို အစ္စလာမ်ပုံသွင်းမှုပြုရန် ရည်မှန်းထားကြောင်း ရခိုင်လူ့အဖွဲ့အစည်းက စွပ်စွဲဖော်ပြထားကြသည်။ ရိုဟင်ဂျာတို့သည် ရခိုင်ပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရန် ကြိုးစားနေကြသည်ဟု ထိုသူတို့မှ အကြောင်းပြကြသည်။ အရောင်ဆိုးမှိုင်းတိုက်တတ်သည့် အုပ်စုငယ်များအချို့၏ မခိုင်မာသောအဆိုများ နှင့် ယုံတမ်းစကား ထုတ်ပြန်ချက်များကို ထောက်ပြကာ ယင်းသို့သံသယများကြီးထွား လာစေကြောင်း အထောက်အထားများက ဆိုနေပါသည်။

    ၎င်းစိုးရိမ်မှုနှင့်ယိုးစွပ်မှုများမှာ အစစ်အမှန် မဟုတ်ချေ။ ရိုဟင်ဂျာတို့၏ မျှော်မှန်းချက်များနှင့်ပတ်သက်၍ ရခိုင်လူမျိုးတို့ အကြား နက်ရှိုင်းစွာ နားလည်မှု လွဲမှားခြင်းမှ ခွဲဖြာ ထွက်ရှိလာသော ကျောရိုး အချက်များ ဖြစ်ပေသည်။ ရိုဟင်ဂျာလူမျိုး တစ်ခုတည်းအတွက်သာ ကွက်၍ ကျွန်ုပ်မှ ၎င်းတို့ကိုယ်စား အခိုင်အမာ ပြောဆိုပါမည်။ ရိုဟင်ဂျာအများစုသည် ရခိုင်ပြည်နယ်မှသော် လည်းကောင်း၊ မြန်မာပြည်ရှိ အခြားပြည်နယ် တစ်ခုခုမှသော်လည်းကောင်း ခွဲထွက်၍ သီးခြားပြည်နယ် ထူထောင်ရန် ဆန္ဒမရှိကြ၊ ကြိုးပမ်း အားထုတ်မှုမျိုးလည်း မပြုကြပါ။ ၁၉၅၀ ခုနှစ်များ ကာလတွင် မေယုနယ်ခြား ခရိုင်ဟု အမည်ရသော သီးခြားအုပ်ချုပ်ခွင့်ရ ခရိုင်တစ်ခု တည်ထောင်ရန် ကြိုးစားခဲ့သည့် လက်နက်ကိုင် အုပ်စုငယ်တစ်ခုမှာ လူနည်းစုရိုဟင်ဂျာများ အနက် အမှန်တကယ် ရှိခဲ့ပါသည်။ ယင်းလှုပ်ရှားမှုမှာလည်း တစိုက်မတ်မတ် မဟုတ်ခဲ့။ အမြဲတမ်း စစ်တပ်လည်း မဟုတ်ခဲ့ချေ။ ရခိုင်လူမျိုးတို့အတွင်းမှာသာလျှင် အတိတ်ကာလကတည်းက လွတ်လပ်ရေးလှုပ်ရှားမှုဟုဆိုကာ တောက်လျှောက်လုပ်လာခဲ့ပါသည်။ ကျွန်ုပ်လူမျိုးတို့၏ သဘောထား၌ ပြောင်းလဲ လာသောခေတ် ကာလတွင် ယင်းလှုပ်ရှားမှုမှာ အခြေအမြစ်မဲ့သော အတိတ်ပုံရိပ်တစ်ခုအဖြစ်သာ သဘောထားလျက်ရှိပေသည်။

    ရိုဟင်ဂျာဟူသော အမည်နာမသည် ကျွန်ုပ်၏လူ့အဖွဲ့အစည်းကို ခေါ်ဆိုသော ယေဘူယျအသုံးအနှုန်းဖြစ်၏။ ထိုဝေါဟာရမှာ ကျွန်ုပ်တို့၏သမိုင်းတွင် အမြစ်ခိုင်ခိုင်ရှိနေသည့်အပြင် ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်လူဦးရေပမာဏကိုလည်း ဖော်ညွှန်းနေပါသည်။ သမိုင်းမှတ်တမ်းများအရ ထိုဝေါဟာရမှာ ၁၇၉၉ ခုနှစ်မတိုင်မှီကပင် ရှိနှင့်ပြီးဖြစ်ရာ ကျွန်ုပ်တို့၏သမိုင်းနှင့်အမွေအနှစ်အဖို့ ယခုအချိန်တွင် အလွန်အရေးပါသော တန်ဖိုးထားအပ်သည့်အရာဟု ကျွန်ုပ်တို့ ခံယူထားပါသည်။ ဤ၀ိသေသကို ချိုးနှိမ်သော – မြန်မာနိုင်ငံအတွင်း အခြေခိုင်ပြီးဖြစ်သည့် သိက္ခာရှိလူမျိုးအစဉ်အလာကို မခန့်လေးစားပြုသော  “ဘင်္ဂါလီ” အသုံးအနှုန်းအား ကျွန်ုပ်တို့မှ လက်မခံဆန့်ကျင်ပါသည်။

    မနုဿဗေဒရှုထောင့်မှကြည့်လေလျှင် ရိုဟင်ဂျာလူမျိုးစုသည် အာရိယန်/ကော့ကေးရှပ် ရင်းမြစ်အနွယ်များမှ ဆင်းသက်လာသည့် ဘာသာစကား၊ ဘာသာရေးနှင့် ယဉ်ကျေးမှု ရောယှက် ဆက်နွှယ်မှုများကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ တောင်အာရှ နှင့် အရှေ့အလယ်ပိုင်း အဆက်အနွယ်များမှ မြစ်ဖျားခံ ဆင်းသက်လာပြီး ယခင်က အာရကန်ပြည်ဟု လူသိများသောဒေသ၌ ကိုလိုနီခေတ်ကာလအတွင်း ပိုမိုစည်ပင် များပြားလာခဲ့သည်။ ယနေ့ မြန်မာပြည် အနောက်ပိုင်းဒေသကို မျိုးဆက် အလီလီမှ မိမိတို့၏ ဇာတိမြေအဖြစ်ခံယူနေထိုင်လျက် ရှိကြသော ရိုဟင်ဂျာတို့အား တကယ့်တို င်းရင်း မျိုးနွယ်များထဲ ထည့်သွင်းမှသာ သဘာဝကျမည်ဖြစ်သည်။ ရိုဟင်ဂျာများသည် ရခိုင်ရှိ အခြားလူမျိုးစုများနှင့် ရာစုနှစ်များစွာ ငြိမ်းငြိမ်းချမ်းချမ်း အတူ ယှဉ်တွဲနေထိုင်ခဲ့သော သမိုင်းအထောက်အထားမှာလည်း လိုသည်ထက်ပင် ပိုလျှံနေပါသည်။

    ဘာဆက်ဖြစ်မည်ကို ကျွန်ုပ်တို့ မသိ

    လက်ရှိနှစ်များအတွင်း ရိုဟင်ဂျာလူဦးရေ အဆမတန်ပေါက်ကွဲများပြားလာသည်ဟု တစ်ဖက်သတ်ဆိုနေကြသော်လည်း လူဦးရေစာရင်း အချက်အလက်ကိုမူ ခြေမြစ်ခိုင်မာစွာ မပြသနိုင်ကြချေ။ နေရာအသီးသီးမှတင်ပြသည့် စာရင်းဇယားအမျိုးမျိုးတို့မှာလည်း ခန့်မှန်း ယူဆချက် များသာ ဖြစ်နေ၏။ ခန့်မှန်း ယူဆချက်များမှာ အချို့ကာလ အတွက် အချေအတင် အငြင်းအခုံဖြစ်ပွားစေပါသည်။ အာဏာပိုင်များဖက်မှ တရားဝင် စာရင်းကောက်ယူမှု မရှိသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။ ပွင့်လင်းမြင်သာ၍ တိကျသော စာရင်းကောက်ယူရန် လိုအပ်နေပါသည်။ ရိုဟင်ဂျာ လူဦးရေပမာဏသည် အခြားလူမျိုးအုပ်စုများထက် တိုးပွားမှုမြန်ဆန်သည်ဟု ထင်မြင်သွားနိုင်စေမည့် အကြောင်းအချက်များ ရှိပါ၏။ သူတို့သည် နိုင်ငံ၏ အခြားဒေသများသို့ သွားလာ ခွင့်မရဘဲ ပြည်နယ်တစ်ခု၏သီးခြားဒေသ တစ်ခုအတွင်း ဦးတည် ပိတ်လှောင်ခံထားရသည်။ အခြားတစ်ဖက်တွင်မူ ရခိုင်နှင့် အခြားလူမျိုးတို့သည် နှစ်သက်ရာဒေသ အသီးသီးထံ သွားလာခွင့်ရရှိခဲ့ကြသည်။ သို့အားဖြင့် ၁၉၆၂ ခုနှစ်ကတည်းက ရခိုင်ဒေသတွင် ရိုဟင်ဂျာများ ၁.၅ သန်းဝန်းကျင်အထိ စုပြုံနေရခြင်းဟူသည့် အချက်ကို သတိပြုအပ်ပေသည်။ ယခုသော် ရိုဟင်ဂျာအချို့မှာ ကမ္ဘာ့ဒေသ အသီးသီးတွင် ရှိနေကြ၏။

    ရခိုင်တို့၏ ပင်တိုင် စွပ်စွဲချက်ကိုကြည့်လျှင် ရိုဟင်ဂျာဦးရေ မြင့်တက် များပြားလာခြင်းမှာ တရားမ၀င်ပြောင်းရွှေ့ ၀င်ရောက်လာမှု(ခိုးဝင်လာခြင်း) ဟူ၍ တွေ့ရသည်။ ထိုအဆိုကို ထောက်ခံ အတည်ပြုနိုင်သော မည်သည့်စာရင်းအင်း အချက်အလက်များလည်း ရှိမနေကြ။

    ရခိုင်ပြည်နယ်က လက်ရှိရိုဟင်ဂျာလူဦးရေအား အတည်ပြုမည်၊ တရားမ၀င်ခိုးဝင်လာသူမှန်သမျှ စုံစမ်းထုတ်ဖော်သွားမည် ဆိုသော မြန်မာအစိုးရ၏ ကတိက၀တ်အတိုင်း ပွင့်လင်းမြင်သာသောလုပ်ငန်းစဉ်ကို ကျွန်ုပ်တို့မှ မြင်တွေ့ချင်ပါသည်။ ထိုဒေသအတွင်း တရားမ၀င်ခိုးဝင်လာမှုများ၊ တရားမ၀င် ခိုးသွင်းမှုများ ထပ်မံ မဖြစ်ပွားစေမည့် – နှစ်နိုင်ငံနယ်နမိတ်အပေါ် ခိုင်မာတောင့်တင်းသော နယ်စပ်လုံခြုံရေး တည်ဆောက်ခြင်းကို ကျွန်ုပ်တို့မှလည်း အားပေးထောက်ခံပါသည်။

    နောက်ထပ်စွပ်စွဲချက်တစ်ခုမှာ ရိုဟင်ဂျာတို့၏ ဘာသာရေး နှင့် ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာကြောင့် လူဦးရေ ပမာဏ မြင့်တက်လာသည် ဟူ၍ ဖြစ်သည်။ အကယ်၍ ရိုဟင်ဂျာများအား ပညာသင်ကြားခွင့် နှင့် စွမ်းရည်မြှင့်တင်ခွင့် ပေးအပ်မည်ဆိုပါက လတ်တစ်လော၌ မည်သို့ပင်ရှိစေကာမူ နောင်တစ်ချိန်တွင် ကမ္ဘာ့အခြားဒေသများနည်းတူ အကြွင်းမဲ့ အချိုးညီသွားနိုင်ပါလိမ့်မည်။

    တေ့ဆိုင်ဆွေးနွေးအဖြေရှာရန် အရေးကြီးသည်

    ရိုဟင်ဂျာတို့အား မြန်မာလူ့အဖွဲ့အစည်း၏ကျောရိုးထဲ အဘယ်ကြောင့် ပါဝင်ခွင့်မပေးသည်ကို အကြောင်းပြချက် မရှိချေ။ မြန်မာဘာသာစကားနှင့် ယဉ်ကျေးမှုအစဉ်အလာများကို နားလည်ထားကြသော ရိုဟင်ဂျာအုပ်စုကြီးမှာ မြန်မာ့လူ့အဖွဲ့အစည်း၏ကျောရိုး၌ ပါဝင်ခဲ့ပြီးဖြစ်ပါသည်။ လူတစ်ဦးသည် ကချင်ခရစ်ယာန် ဖြစ်ချင်ဖြစ်မည်၊ ရခိုင်ဗုဒ္ဓဘာသာ  ဖြစ်ချင်ဖြစ်မည်၊ ရိုဟင်ဂျာမွတ်စ်လင်မ် ဖြစ်ချင်ဖြစ်မည် – သို့သော် သူ၏ယုံကြည် ကိုးကွယ်ရာ အယူဝါဒသည် ခေတ်သစ်မြန်မာပြည် အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အတားအဆီး မဖြစ်အပ်ပါချေ။

    ကမ္ဘာတစ်ဝှန်းရှိ ဘာသာပေါင်းစုံ၌ အစွန်းရောက်အုပ်စုများ ရှိကြပါသည်။ ၄င်းတို့သည် သက်ဆိုင်ရာလူ့အသိုင်းအ၀ိုင်းရှိ အပြစ်မဲ့လူတစ်စုကို ဘာသာရေးဗန်းပြကာ အသုံးချ အမြတ်ထုတ်လေ့ရှိသည်။ ထိုအစွန်းရောက်အုပ်စုများ အသံတိတ်သွားစေရန် သို့တည်းမဟုတ် စိစစ်ချိုးနှိမ်လိုက်ရန် ထိရောက်သောနည်းလမ်းများ ရှိပါသည်။ ၎င်းသော့ချက်မှာ တွေ့ဆိုင်ဆွေးနွေးအဖြေရှာခြင်းပင် ဖြစ်သည်။ လူ့အသိုင်းအ၀ိုင်းအသီးသီးမှ ဘာသာတရားကို အမှန်တကယ် နားလည် ကိုင်းရှိုင်းသူများအကြား တေ့ဆိုင်ဆွေးနွေးအဖြေရှာခြင်းက ပေါ်ထွက်နေသော ယုံတမ်းစကားအဆိုများအား ဖယ်ရှားနိုင်လိမ့်မည်ဟု ကျွန်ုပ် ယုံကြည်မိပါသည်။ ထို့အပြင် မြန်မာနိုင်ငံ နှင့် ရခိုင်ပြည်နယ်ညီညွတ်မှုအရေးအတွက် ရိုဟင်ဂျာလူမျိုးစုတို့၏ သစ္စာရှိမှုနှင့် စွမ်းဆောင်ချက်များ အကြောင်းကိုလည်း သံသယဖြစ်နေသော ရခိုင်လူမျိုးများထံ အသိပေးနိုင်ပါလိမ့်မည်။

    အဆုံးသတ်ဆိုရလျှင် ရိုဟင်ဂျာတို့သည် ရခိုင်လူမျိုးများအတိုင်း အခြေခံလူ့အခွင့်အရေးရရှိအောင် ဆယ်စုနှစ်များစွာ ရုန်းကန်ခဲ့ကြသူများဖြစ်ပါသည်။ သို့ဖြစ်ရာ ၎င်းတို့သည် မိမိတို့၏ တမူထူးကဲသော ယဉ်ကျေးမှုအမှတ်သညာများကို ထိန်းသိမ်းထားလျက် တန်းတူနိုင်ငံသားများ အဖြစ် အေးချမ်းစွာ နေထိုင်နိုင် စွမ်းရှိပါသည်။ မြန်မာနိုင်ငံတော်သစ် ဖြစ်ထွန်းရေး အတွက် ရိုဟင်ဂျာ လူမျိုးများကလည်း အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ရန် အသင့်ရှိကြပါသည်။ ရခိုင်ဒေသ အတွင်းအပြင်များ၌ ပညာရေး၊ စီးပွားရေး နှင့် လူမှုရေးဆိုင်ရာ အသိပညာများကို မြှင့်တင်ပေးခြင်းဖြင့် တိုင်းပြည် တိုးတက်ရေးအား လမ်းဖော်ပေးနိုင်သည်သာမက သည်းခံခြင်း၊ အပြန်အလှန်လေးစားမှု၊ ပြန်လည် ရင်ကြားစေ့ သင့်မြတ်ရေး နှင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး၏ အုတ်မြစ်ချပေးရာလည်း ရောက်စေမည်ဖြစ်၏။

    ယင်းအိပ်မက်မျိုး အမှန်တကယ် အကောင်အထည်မပေါ်လာစရာ အကြောင်း မရှိပါ။ အလားတူ အခြေအနေအနေ အထားမျိုးမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ၁၉၅၀ ခုနှစ်များနှင့် ၁၉၆၀ ခုနှစ်များအစောပိုင်းကာလတွင် ရှိခဲ့ပါသည်။ ဆယ်စုနှစ်ချီသော အထင်လွဲမှားမှုနှင့် သံသယများကို ချေဖျက်နိုင်ရန် အချိန်ယူ ရမည်ကို ကျွန်ုပ် နားလည်လက်ခံပါ၏။ ကျွန်ုပ်တို့သည် ခွဲထွက်ရေး သို့မဟုတ် သီးခြားကိုယ်ပိုင်ပြည်နယ် ထူထောင်ရေးကို ဆန္ဒမရှိ၊ သို့မဟုတ် ထိုအစွန်းရောက်အဖွဲ့အစည်းတို့၏အဆိုသည် ကျွန်ုပ်တို့၏ ပန်းတိုင်နှင့်အကျိုးစီးပွားကို ကိုယ်စားမပြု ဟူသော စကားရပ်အား ရိုဟင်ဂျာများနှင့် ပတ်သက်၍ သံသယစွဲမြဲနေသူများအဖို့ လက်ခံချင်မှလက်ခံပါလိမ့်မည်။ သို့သော် အကြမ်းဖက်မှုအားဖြင့် အဖြေထုတ်နိုင်မည်လည်း မဟုတ်ပါ။ ရခိုင်ပြည်နယ် နှင့် မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးအကျိုးငှာ ကျွန်ုပ်တို့၏ ကွဲပြားခြားနားမှုများ အပေါ် တေ့ဆိုင်ဆွေးနွေးအမြင်ဖလှယ်ခြင်းနည်းလမ်းဖြင့်သာလျှင် အဖြေရရှိနိုင်မည်ဖြစ်သည်။ များမကြာမီ ဖြစ်လာ လတ္တံ့သော ထိုကဲ့သို့ တေ့ဆိုင်ဆွေးနွေး အဖြေရှာခြင်းတွင် လက်တွဲပါဝင်ရန် ကျွန်ုပ်တို့၏လူ့အဖွဲ့အစည်းမှ အဆင်သင့်ရှိနေပါသည်။

    xxxxxxxxxxxxxxxxxxxxxxx
    မူရင်းဆောင်းပါးလင်=> Click Here
    Myanmar Times တွင် ဖော်ပြသော ဒေါက်တာ ၀ါကာအွဒ္ဒီးန် ၏ The Rohingya: partners in building a new Myanmar အတွေးအမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင်ပြန်ဆိုရေးသားပါသည်။

    ဒေါက်တာ ၀ါကာအွဒ္ဒီးန် Dr Wakar Uddin သည် အမေရိကန်ပြည်ထောင်စု၊ ပဲန်ဆီဗေးနီးယားပြည်နယ် တက္ကသိုလ်မှ ပါမောက္ခတစ်ဦး၊ အာရကန် ရိုဟင်ဂျာသမဂ္ဂ၏ ဦးစီးဒါရိုက်တာ၊ ၎င်းအပြင် မြန်မာရိုဟင်ဂျာအသင်း အဖွဲ့(မြောက်အမေရိက) တည်ထောင်သူနှင့် ဥက္ကဌလည်း ဖြစ်ပါသည်။ သူ့အား [email protected] ဖြင့် ဆက်သွယ်နိုင်ပါသည်။

  • တို့နေရာ (ဆောင်းပါး)

    ဇန်နဝါရီ ၁၁၊ ၂၀၁၄
    M-Media
    ဆောင်းပါးရှင်-ခင်ခင်ရီ (အန်ဆွာရီ)

    forpage21fq

    ၂၀၁၃-ခုနှစ်၊ နိုဝင်ဘာ (၁၆)ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်ထဲမှ လာကပေါ်နှင့် အောင်ကျော် ဆွေးနွေးခန်းကို အိမ်ရှေ့သစ်ပင်ရိပ်မှာ ဖတ်နေစဉ် ငယ်ပေါင်းကြီးဖော် ရွယ်တူ သူငယ်ချင်းတစ်ယောက် ရောက်လာပါသည်။
    သူမက ဘာသာခြားပေမယ့် ကျွန်မတို့ နှစ်အိမ့်တစ်အိမ်ဆိုတာလို နေထိုင်ခဲ့သူပါ။ ကျွန်မဘေးနားမှာ မြန်မာနိုင်ငံတွင်း အိုအိုင်စီ အခြေစိုက် ရုံးလာဖွင့်မှာကို တစ်ခဲနက် တားမြစ်နေကြတဲ့ မျက်နှာဖုံးပါ ဂျာနယ်တွေကလည်း ရှိနေတော့ ကျွန်မဖတ်ပြီး မြင်ပြီးဆိုတာ သူသိပါသည်။ ကျွန်မတို့နှစ်ယောက် ၂၀၁၂-ခုနှစ် နောက်ပိုင်းမှာ အဆက်အဆံကျဲသွားခဲ့ပြီး ကျွန်မဘက်က အစစ ပါးစပ်တင်းတင်းစေ့ထားတာကို ရိပ်မိသိရှိ ကသိကအောက်နှင့် စိတ်မကောင်းဖြစ်နေပုံရပါသည်။
    အရင်ကလို ပွင့်ပွင့်လင်းလင်း အကောင်းမြင် စကားတွေ ပြောခဲ့ကြတဲ့နေ့ရက်တွေဆီ ပြန်သွားချင်သည့် ဆန္ဒမျိုးနှင့် ကျွန်မကို စကားစလာခဲ့သည်။

    ‘မေးရမှာတော့ မျက်နှာပူပါတယ်ဟယ်။ မင်းဒါတွေဖတ်ပြီးပြီမဟုတ်လား။’
    ‘ကိုယ်သိပ်နား မလည်ဘူး၊ နားလည်အောင်လည်း မကြိုးစားချင်ဘူး၊ ဘာမှလည်း မျှော်လင့်မထားတော့ ကိုယ့်ထမင်းကိုယ်စားပြီး အေးဆေးပဲနေချင်တယ်။’

    ‘လုပ်မနေနဲ့၊ မင်းဒီကိစ္စ ကိုယ်နဲ့စကားမပြောချင်လို့ လက်ရှောင်နေတာ ကိုယ်သိတယ်၊ ရင်ထဲမှာ ကြိတ်သိမ်းမထားဘဲ အရင်တုန်းကလို ဖွင့်ပြောစမ်းပါ၊ ကိုယ်သိပ်သိချင်တာပဲ။’
    ‘ဪ စိတ်မဝင်စားပါဘူးဆို၊ ကိုယ့်ရင်ထဲက စကားပြောတော့ မင်းနာသာခံခက် ဖြစ်နေမှာပေါ့၊’ အကြောင်းထူးမှာလည်းမဟုတ်။ သူမက ဂျာနယ်မျက်နှာဖုံး ပုံတွေကြည့်ရင်း ကျွန်မနဲ့ စကားဆက်ပြောနိုင်အောင် ကြိုးစားနေပုံရပါတယ်။ တကယ်တော့ ကျွန်မကလည်း လည်ချောင်းဝက တစ်လိပ်လိပ်တက်လာသည့် စကားတွေ ချပြောဖို့ ပါးစပ်ဖျားမှာ အဆင်သင့်ဖြစ်နေပါပြီ။

    ‘မိတ်ဆွေစစ်ယောင်ဆောင်ပြီး ဝင်လာမယ့်မိတ်ဆွေတု’ ‘ဒို့နိုင်ငံအတွင်းရေး ဝင်စွက်ဖက်တာကို အလိုမရှိ’ ‘အစ္စလာမ်မစ်တွေကို ကိုယ့်နိုင်ငံ ကိုယ်ခေါ်သွားကြ’ ဆိုသည့် ခေါင်းစဉ်တွေ မျက်နှာပျက်ပျက်နဲ့ ဖတ်နေတာ မမြင်ယောင်ဆောင်နေလိုက်သည်။

    ‘တစ်ဘက်သက် ရန်ဖြစ်နေသလိုပဲ။’
    ‘အဲ့ဒါမင်းပြောတာနော်။’
    သူက ကျွန်မပခုံးကို လှမ်းပုတ်ပြီး ရယ်ပါသည်။

    ‘ဒီပုံတွေနဲ့ ဒီစာတမ်းတွေအပေါ်မှာ မင်းဘယ်လိုမြင်သလဲဟင်။’
    ‘လှည့်လည် ဆန္ဒပြနေကြတယ်ဆိုတာက လွဲလို့ ကိုယ်ဘာမှ နားမလည်ဘူး၊ ကိုယ်ဘာမှ ပြောစရာမရှိဘူး။’

    ‘မင်းမှာ ဘာမှပြောစရာ မရှိဘူးဆိုတာနဲ့ ကိုယ်က ယုံမယ်တဲ့လား၊ မင်းရဲ့သဘောထားတွေကို ကိုယ်သိချင်လို့ပါ၊ ပြောစမ်းပါ’
    ‘ရော်- ခက်ပါပြီ။ ကိုယ့်ရင်ထဲက စကားကို မင်းကရော အရင်လိုစိတ်နဲ့ နားထောင်မှာမို့လား၊ အခု ကိုယ်ဖတ်နေတဲ့ စည်သူအောင်မြင့်ရဲ့ ဆောင်းပါးထဲက ဆွေးနွေးခန်းလို သမာသမတ်ကျကျ စကားတွေ အမြင်တွေကို ကိုယ်သဘောကျတယ်၊ ဒါကိုပဲ မင်းဖတ်ကြည့်။’

    ‘မင်းပါးစပ်ကပြော’
    ‘ကောင်းပြီလေ။ ကိုယ်ပြောမယ်၊ အချုပ်အခြာအာဏာပိုင်ဖြစ်တဲ့ နိုင်ငံအတွင်းမှာ အခြေစိုက်ရုံး လာဖွင့်ပြီး ဘာတွေဆောင်ရွက်မယ်ဆိုတာတော့ ကိုယ်မသိဘူး။ ခွင့်တောင်းသူနဲ့ ခွင့်ပြုသူ နှစ်ဦးနှစ်ဖက် သဘောတူဖို့တော့ လိုတယ် မဟုတ်လား။ ဒီနိုင်ငံအာဏာပိုင်တွေကလည်း ပညာတက် လည်လည်ပတ်ပတ်တွေပဲဟာ၊ သူ့အကျိုး ကိုယ့်အကျိုး မျှော်ကိုးပြီး ဆုံးဖြတ်ကြမှာပေါ့။ လာလေ့လာတယ်ဆိုတော့လည်း ကိုယ့်နိုင်ငံပိုင်နက်ထဲမှာ သူတို့ကြားသလို၊ မြင်သလို၊ ထင်သလို မတရားပြုမူထားတာ မရှိဘူးသေချာရင် မိုးပေါ်က သိကြားမင်းကြီး အဖွဲ့လိုက်ဆင်းလာကြည့်တောင် ရင်ကော့ရပ်ပြလိုက်ပေါ့။’

    ‘အေးလေ၊ ဟိုး တစ်နိုင်ငံတစ်ရပ်ခြားက လာမေးမြန်းကြ စနည်းနာကြတယ်ဆိုတော့ ဒီမှာရှိတဲ့ သူတွေက ကိုယ့်နိုင်ငံရေး ဝင်စွက်ဖက်တယ်လို့ မြင်ကြထင်ကြတာပေါ့။’
    ‘လာတဲ့လူတွေက ဒီနိုင်ငံပထဝီ မြေပြင်ပေါ်က ကျွန်းသစ်၊ ကျွဲ၊ နွား မရအရ ဒဿကချိုင်ပြီး အမြတ်ထုတ်ဖို့ လာတာတဲ့လား၊ ဒီနိုင်ငံပိုင် သယံဇာတ အရင်းအမြစ်တွေကို အထုပ်ကြီးတွေ ထုတ်ပြီး ကျောပိုးပြီး ပြန်ကြမှာတဲ့လား။’

    ‘ဟေ့ – မရွတ်နဲ့ကွာ ကိုယ်အတည်ပြောနေတာ။’
    ‘သြော် … ကိုယ်ကလည်း နားမလည်လို့ မေးတာပေါ့၊ မင်းက ကိုယ် မစားဝါးမိတဲ့ကိစ္စ အကြီးကြီးကို ကျယ်သထက် ကျယ်အောင်ချဲ့ပြီး စကားတောက်နေတာကိုး။’

    ‘ကိုယ်တို့ တစ်သက်လုံး တစ်အူတုံဆင်း ညီအစ်မအရင်းတွေလို နေခဲ့ကြတာပါကွာ၊ ဘာလဲ၊ မင်းက လေစိမ်းတိုက်နေတာလား။’
    ‘မင်းပြောတဲ့ စကားက နားထောင်လို့ကောင်းလိုက်တာ၊ မနေ့ကပြောရင်တော့ ကိုယ်ယုံပါတယ်။’

    ‘ဟေ့ကောင်၊ မန္တလေးသူပီပီ စကားတန်ဆာဆင်ပြီး ကိုယ့်စိတ်မကောင်းအောင် လုပ်မနေနဲ့၊ မင်းပြောချင် တာတွေပြော၊ ကိုယ်အမြင်ရှင်းရှင်းနဲ့ နားထောင်ပေးမှာ။’
    ‘တကယ်ပြောတာပါ၊ အဲ့ဒီမျက်နှာဖုံးစာတမ်းတွေကြည့်ပြီး ကိုယ်နားမလည်ဘူးဖြစ်နေတယ်၊ အဲ့ဒီလာတဲ့ အဖွဲ့ဆိုတာ တစ်မတ်ပေးပြီး တစ်ကျပ်ပြန်ယူမယ့် အဖွဲ့တဲ့လား၊ တို့တွေဘယ်လောက် ကြွယ်ကြွယ်၀၀ ဖြစ်နေသလဲလို့ လာလေ့လာတာတဲ့လား၊ တစ်ခြားအိမ်နီးချင်း ဆွေမျိုးပေါက်ဖော်တွေက ချောင်းသွယ်၊ မြောင်းသွယ်ပြီး မြေပေါ်မြေအောက် ပစ္စည်းတွေ ကဲ့ထုတ်လို့ ကုန်သလောက်ဖြစ်နေတာ သူတို့က ဘာရဦးမှာတဲ့တုန်း။’

    ‘သူတို့က ယူဖို့လာတာ မဟုတ်ပါဘူး’
    ‘သိဘူးလေ၊ အုံးအုံးကျွတ်ကျွတ်နဲ့ ဆွေ့ဆွေ့ခုန်နေလို့ မေးကြည့်တာ၊ တို့မြန်မာပြည်ဖွား မွတ်စလင်မ်တွေ ကတော့ ဟိုးပဝေသဏီကတည်းက မင်းတို့နဲ့အတူတူ နင်းပြားဘဝမှာ ဆိုးတူခံဖက် နေလာခဲ့ကြတာ။ အခုတော့လည်း ဒို့ချည်းပဲ ပြားမတတ်နင်းနေကြတော့တာပဲ၊ ဆရာစံသူပုန်ထတုန်းက သတင်းမပို့လို့ မီးရှို့၊ လှံထိုး၊ မျိုးလုံးကျွတ်၊ ရွာလုံးကျွတ် မွတ်စလင်မ်တွေ အသက်ပေးခဲ့ရတာ။ ဘယ်သမိုင်းမှာမှ မှတ်တမ်းမှာ မတွေ့ရဘူး။ ရေနံမြေသပိတ်မှာလည်း ကိုယ့်အသက်ကိုယ် ဘုရားသခင်ထံ အပ်နှံပြီး ကိုလိုနီတွေရဲ့ မြင်းခွာ ဖနောင့်အောက် တောက်လျှောက် တိုးဝင်ခဲ့ကြတဲ့ မွတ်စလင်မ်နာမည်တွေ ပျောက်နေပါရောလား။

    လွတ်လပ်ရေးအတွက် အတူတူတိုက်ပွဲဝင် အသက် စွန့်ခဲ့ကြတာဟာလည်း သမိုင်းဝင်ဖြစ်ရပ်တိုင်းမှာ အမည်တွေသီးခြား မပေါ်တော့ရင်သာရှိမယ်၊ မွတ်စလင်မ် ကဏ္ဍကတော့ တန်းတူပါခဲ့တာချည်းပဲ။ အဲဒီခေတ်ကာလတုန်းက အိုအိုင်စီ မပြောနဲ့ ဘယ်နိုင်ငံ ဘယ်အမျိုးကမှ ဟဲ့ – ရေသာခိုနေကြ၊ လည်သလိုကြည့်ရှောင်ကြ၊ အနာမခံကြနဲ့၊ နောက်မှ ကုလားထိုင်ဝင်လုကြလို့ မြှောက်မပေးခဲ့ကြပါဘူး။

    (မိမိမွေးရာဇာတိအပေါ်မှာ ချင်ခင်မြတ်နိုးကြ၊ သစ္စာရှိကြ)ဆိုတဲ့ တရားတော်ကို မမှိတ်မသုန် လိုက်နာ လက်ခံခဲ့ကြတာပါ။ ဘယ်မွတ်စလင်မ်ကမှလည်း ကုလားထိုင်လုဖို့ စိတ်ကူးမယဉ်ခဲ့ကြပါဘူး။ ဝန်ကြီးချုပ်ဦးနု အုပ်စိုးစဉ်က ဦးနုက အမဲသား (နွားသား)မစားလို့ တစ်နိုင်ငံလုံးကို အမဲသား ရောင်းဝယ်ခွင့် ပိတ်ထားတော့ တိတ်တိတ် နွားသတ်ပြီးလည်ရောင်းတဲ့ (တိုးတိုးသား)ကို ဒို့အဘိုးအဘွားများက ဝယ်မစားခဲ့ဘူး။ အထက်အုပ်ချုပ်သူမင်းရဲ့ အမိန့်နဲ့ တားမြစ်ထားတာမို့ မစားကောင်းသောအသား (ဟရာမ်)လို့ သတ်မှတ်ခဲ့တယ်။ ခိုးဝှက်စားရတာမျိုးကိုတောင် ရှောင်ခဲ့ပြီး အထက်အမိန့်ကို ပြားပြားဝပ် နာခံခဲ့ကြပါတယ်။

    (သနားရင် အစ္စလာမ်တွေကို ကိုယ့်တိုင်းပြည်ကိုယ်ပြန်ခေါ်သွားကြ)တဲ့ ဟုတ်လား၊ ရင်မြေကတုတ်၊ မဆုတ်မနစ် အသက်စွန့် အနစ်နာခံခဲ့ကြတုန်းကတော့ နှင်ထုတ်ဖို့ သတိမရကြပဲကိုး။
    (မင်းတို့ ဧည့်သည်တွေ သက်သက် သာသာနေကြပါ၊ ဒို့နိုင်ငံမို့ ဒို့ပဲအသက်စွန့်မယ်)လို့ မပြောခဲ့ကြပါ ကလား။ တို့အမြဲ ကြားနာခဲ့ရတဲ့ တရားစကားတွေကတော့ မေတ္တာကိုရှေ့တန်းတင်တဲ့ အဆုံးအမ၊ အေးငြိမ်းတဲ့ အဆုံးအမ၊ အေးငြိမ်းတဲ့ နှလုံးသားကို စွမ်းအားဖြည့်တဲ့ ကိုယ်ကျင့်တရား၊ အပြုအမူတွေ ချည်းပါပဲ။ မင်းတို့ရင်ထဲကို အမုန်းတွေ လွယ်လွယ်ဝင်နိုင်ပေမယ့် ဒို့ကတော့ ခုထိမလွယ်ဘူး။ ဒါဟာ  မြန်မာဗုဒ္ဓဘာသာစစ်စစ်ရဲ့ စရိုက်လက္ခဏာ မဟုတ်ဘူးလို့ အခုထိ ယုံကြည်ကြတုန်းပဲ။ အမုန်းကို အမုန်းနဲ့ တုန့်ပြန်ဖို့ တို့တရားက မညွှန်ဘူး၊ အဲဒါကြောင့် အမုန်းကြိုးစမရှည်အောင် ဒို့များပါးစပ်တွေ တင်းတင်းစေ့ပြီး ခံစားနေခဲ့ကြပါတယ်။

    ပဋိပက္ခဖြစ်စဉ်တွေဟာ မင်းတို့ တစ်မျိုးသားလုံးကို ကိုယ်စားမပြုဘူးလို့ တို့လက်ခံခဲ့တယ်။ အခုများ ကျတော့လည်း နှစ်ဦးနှစ်ဖက် အပြန်ပြန်အလှန်လှန် ရန်စနေသလိုမျိုး ပုံဖော်နေကြတယ်။ လင်းကွင်းနှစ်ဖက်တီးလို့ မြည်တာဆို။ နှစ်ဖက်စလုံးသည်းခံကြ၊ ထိန်းချုပ်ကြတဲ့၊ အမုန်းတွေကို ရုတ်သိမ်းကြတဲ့။ မင်းတို့ရဲ့ တစ်ဖက်သက်အမုန်းကို တို့ခါးခါးသီးသီး ခံနေရတာပါ။ တို့ဘက်က ရုပ်သိမ်းပေးရရင် အချစ်ပဲရှိတယ်။

    အခုနက မင်းပြောချင်နေတဲ့၊ သိချင်နေတဲ့စကားကို ဆက်ရရင် ကိုယ်ဥပမာတစ်ခုနဲ့ ဖြေချင်တယ်။ အိမ်တစ်အိမ် အတွင်းမှာ ပူညံပူညံကြားလို့ အိမ်နီးချင်းတွေက (ရေနွေးပူလောင်တာလား၊ ကလေးလိမ့်ကျတာလား၊ ဓားပြအတိုက်ခံရတာလား) မေးလာကြရင် အိမ်ရှင်ဖြစ်သူက အမှန်တရားကို ရှင်းပြရမှာပါ။ ဝင်ဝင်လာသမျှ အိမ်နီးချင်းတွေကို အပေါက်ဝကဆီးကြိုပြီး ရန်တွေ့လွှတ်တဲ့ အိမ်ရှင်မျိုးကတော့ တကယ်တမ်း ကျားဝင်ဆွဲတော့ ဘယ်လိုလုပ်မှာလဲ။

    ဆိုင်းဘုတ်ထောင်ပြီး ပွင့်ပွင့်လင်းလင်း ဝင်လာသူတွေကို ကိုယ့်ဘက်ကလည်း ဆိုင်းဘုတ်ထောင်ပြီး ကန့်ကွက်ကြတာ လူ့အခွင့်အရေးပါ။ တစ်ခုတော့ရှိတယ်။ ဆိုင်းဘုတ်မထောင်ဘဲ ဝင်လာခဲ့သူတွေ ကတော့ ဒီပိုင်နက်ထဲမှာ အမြစ်တွယ်နေခဲ့ပြီ မဟုတ်လား။

    နာဂစ်မုန်တိုင်းဝင်လာတုန်းက လူမျိုးဘာသာမရွေးဆွဲချသွားတာပါ။ လူတွေလုပ်တော့မှပဲ အမျိုးဘာသာခွဲပြီး အနစ်နာခံက တစ်အုပ်စု၊ အခွင့်ထူးခံက တစ်အုပ်စုခွဲလိုက်တာပါ။ ရွှေဝါရောင်အရေးခင်းတုန်းက ဆူးလေဘုရားအနီးက ဆိုင်ရှင်၊ ဆိုင်ငှားမွတ်စလင်မ်တွေက သံဃာတော်တွေကို ရေသန့်ဗူးတွေလှူတာ ဓာတ်ပုံရိုက်သွားပြီး နောက်ရက် အဖမ်းခံခဲ့ရတာတွေ ရှိပါတယ်။ ဘယ်မွတ်စလင်မ်ကမှ ယနေ့ – ကျွန်တော်တို့ ရောနှောနစ်နာခဲ့ပါတယ်လို့ လူလုံးထွက် မပြပါဘူး၊ အမှတ်မယူပါဘူး။

    (၃.၁၁.၂၀ဝ၉) ပဲခူးတိုင်း၊ အင်းတကော်ကျေးရွာမှာ (၇)နှစ်အရွယ် မွတ်စလင်မ်မိန်းကလေး မုဒိန်းကျင့်ခံရတာ သေသွားခဲ့ပါတယ်။ ဘယ်ဂျာနယ်၊ ဘယ်သတင်းစာကမှ ဖြစ်မှဖြစ်ရလေခြင်းလို့ ပြူးပြူးပြဲပြဲ မဖော်ပြခဲ့ပါဘူး။ ဒီဘက်ကလည်း မိုက်ရိုင်းယုတ်မာသူရဲ့ အမူအကျင့်၊ သူ့ဘာသာ ကိုးကွယ်ရာကို သတ္တုချမပြခဲ့ပါဘူး။ သူကိုးကွယ်တဲ့ဘုရား၊ သူနာယူတဲ့တရား၊ သူ့လုပ်ရပ်အပေါ်မှာ သူရှက်ရပါလိမ့်မယ်။

    အခွင့်အရေးရရင် အနိုင်ကျင့်လိုက်မယ်ဆိုတဲ့ လူတွေကသာ ရှက်တက်ရင် ရှက်ဖို့ပါပဲ။ (၂၇.၁၀.၂၀၁၀) စောင့်ကြည့်ဂျာနယ်မှာ မဟတ္တမဂန္ဒီကို လုပ်ကြံတာ အစွန်းရောက် မွတ်စလင်မ် တစ်ဦးကလို့ ဖော်ပြထားတဲ့ ဆောင်းပါး ထည့်သွင်းပေးခဲ့ပါတယ် ရေးသူက အမျိုးသမီး ဒေါက်တာတစ်ယောက်ပါ။ (၁၀.၃.၂၀ဝ၃) နိုင်ငံပိုင် မန္တလေးသတင်းစာမှာလည်း ဂန္ဒီရဲ့ဖိနပ်လေလံတင်တဲ့သတင်းမှာ ဘာမှမဆိုင်ပဲ အစွန်းရောက် မွတ်စလင်မ် (နာသူရမ်ဂေါဒ်ဆေး) ဆိုသူက ၁၉၄၈-ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။အမှန်တရားကို သိနိုင်ပြီးတော့ မျက်နှာပြောင်တိုက်နိုင်တဲ့ အခွင့်အရေးရ လူတန်းစားတွေက ဒီတာဝန်အမှားကို ရဲရဲကြီးလုပ်နိုင်ခဲ့တယ်၊ ကိုယ့်ဂုဏ်သရေကို အမည်းရောင်ဆိုးခဲ့နိုင်တာ ဝမ်းသာပျော်ရွှင်မိပါတယ်၊ ဆိုရင် ကတ္တရာပုံးအလောင်းခံရတဲ့ မွတ်စလင်မ်တွေကတော့ဘာမှ ပြောစရာမရှိပါဘူး။

    မွတ်စလင်မ်တွေရဲ့ ယုံကြည်ချက် မဏ္ဏိုင်ကိုက ဘုရားသခင်ထံမှာ အကောင်းအဆိုး ဟူသမျှကို အပ်နှံကြရပါတယ်။ ဒါကြောင့် မတရားပြုမှုသူ၊ ပြစ်မှုကျူးလွန်သူကို ဘုရားသခင်ရိုက်လိမ့်မယ်လို့ ယုံကြည်ကြတယ်၊ ကျူးလွန်စော်ကားသူနဲ့ ဘုရားသခင် ရှင်းရမယ့် ကိစ္စပါ ဘုရားရိုက်ရင် လူလူခြင်း ရိုက်တာထက် နာပါလိမ့်မယ်။

    သူငယ်ချင်း – မင်းက အိုအိုင်စီနဲ့ပတ်သက်ပြီး ရင်းနှီးပွင်းလင်းစွာ သိချင်တယ်လို့ပြောခဲ့တယ်။ ကိုယ်ကလည်း သိပ်နားမလည်ဘူးနော်လို့ စကားခံခဲ့ပါတယ်။ အဲဒီရုံး အခြေစိုက်လာရင် တို့အတွက် ဘာတွေထူးခြားလာမှာလည်း။ ဘာအကျိုးကျေးဇူးတွေ ခံစားရမှာလည်။ မိတ္ထီလာမှာ မီးပုံတွင်း အရှင်လတ်လတ် ပစ်သွင်းခံခဲ့ရတဲ့ လူမမယ်ကလေးတွေ အသက်ရှင်လာမှာလား။ တို့ကတော့ ဖွတ်ဖွတ်ညက်ညက်ကျေပြီးသားပါ။ ဘာမှမမျှော်လင့်ရဲသေးပါဘူး။ ဒါပေမယ့် တားမြစ်တယ် ကန့်ကွက် တယ်ဆိုတဲ့ လူတွေကတော့ မွတ်စလင်မ်တွေ အကျိုးထူးတွေ ခံစားရတော့မှာပဲ။ တို့အလွယ်တကူ အနိုင်ကျင့်ပြီး အမှန်တရား ဖျောက်ဖျက်လို့မရဘူးလို့ ယုံကြည်လို့ တားကြတာပေါ့။

    အဲဒီအဖွဲ့က သူတို့အကျိုးစီးပွားအတွတ် မြန်မာပြည်တွင်းမှာ ဘာများမက်စရာ ကျန်သေးလို့လဲ။မင်းတို့ ခဝပ်ကိုးကွယ်တဲ့ ဘုရားနဲ့ တစ်တန်းစား တည်းထားပြီး လက်အုပ်ချီခဲ့တဲ့ လူတွေရောင်းစားလို့ အခွံချည်းနီးပါး ကျန်ပါရောလား။

    တချို့ဂျာနယ်တွေမှာတော့ တာလီဘန် အစွန်းရောက် မွတ်စလင်မ်တွေ ဝင်လာဖို့ လမ်းကြောင်းလာဖွင့် တာတဲ့။ အဲဒီ အစွန်းရောက် အတွေးအခေါ်တွေ၊ အကြင်နာမဲ့ သတ်ဖြတ်နေကြတာတွေကို တို့မြန်မာ တိုင်းရင်းသား မွတ်စလင်မ်တွေ ကိုယ်တိုင်က လက်မခံနိုင်လို့ ဘာသာရေး အတွင်း လွန်ဆွဲပဲ ဖြစ်နေတာလည်းကြာပါပြီ။ တို့မြန်မာ မွတ်စလင်မ် စစ်စစ်တွေကို ဟိုဘက်က ဗမာတွေလို့ စွပ်စွဲတယ်။ ဒီဘက်က ကုလားတွေလို့ သမုတ်တယ်၊ တို့လည်း (ဘာလိုလို) လူမျိုးအဖြစ် ရပ်တည်ခဲ့ရတာ စိတ်ထိခိုက်လှပါပြီ။ ဒါကြောင့် ရှေးဘုရင်တွေ အသိအမှတ်ပြုခဲ့တဲ့ ပသီ ဆိုတဲ့ အမည်ပိုင်နဲ့ ရင်တော့ ခေါင်းမော့နေချင် ကြပါတယ်။

    သွေး၊ ချွေး၊ မြေကျ အနစ်နာခံခဲ့တုန်းက တားမဲ့လူမရှိဘဲ တစ်မြေတည်းဖွား တစ်ရေတည်းသောက်ဆိုတဲ့ ယုံကြည်ချက်ကြီးစွာ တို့လျှောက်ခဲ့တာပါ။ တို့အဘိုးအဘွားများကလည်း လွတ်လပ်ရေး အသီးအပွင့်ကို ချိုမြိန်စွာ စားသုံးရစ်ကြရလိမ့်မယ်လို့ ယုံကြည်ပြီး သူတို့အသက်တွေ ချွေးသွေးတွေနဲ့ လဲပေးထားခဲ့ကြပါတယ်။

    အခုတော့ လောကအလယ် အရှက်ရတာမပူပဲ လူနည်းစု/လူများစုပြဿနာတွေ ရှာနေလိုက်ကြတာ။ဟိုဂျာနယ် တစ်စောင်မှာ ပြောခဲ့သလို (အိမ်ရှေ့အာရုံစိုက်နေလိုက်ကြတာ၊ အိမ်နောက်ကျောက သယံဇာတတွေ အခိုးခံလိုက်ရလို့ ကုန်ပါရောလား)ဆိုတာမျိုး ဖြစ်နေပါပြီ။

    ပြည်တွင်းနေ မွတ်စလင်မ်တွေ ကောင်းစားတော့မှာပဲလို့ တွေးမိကြရင်တော့ အချိန်ကုန်မခံနဲ့ သူငယ်ချင်းရေ။ တို့က ဘာတစ်ခုမှ အခွင့်ထူးမခံခဲ့ဘူးတော့။ ကျောက်စိမ်းတွင်းကြီးလည်း မျက်စိထဲ မမြင်ဘူး။ သူတစ်ပါးပိုင်လယ်ယာမြေတွေ တစ်ဖက်လှည့်နဲ့ ရိုက်စားဖို့လည်း စိတ်မကူးဘူး။ သိန်း၁၀ဝ၊ ၂၀ဝ ရလိမ့်မယ်လို့ မျှော်ကိုးပြီး ဘယ် ဗိုလ်မှူးသမီးကိုမှလည်း ကိုယ်တို့သားတွေ မျက်စပစ်မခိုင်းဘူး။ ဒီနေ့ခေတ်စားနေတဲ့ လူကုန်ကူးလုပ်ငန်းမှာလည်း တို့လူတွေမရှိဘူး။ (အယောင်ဆောင် မွတ်စလင်မ်က လူကုန်ကူးလို့ ဂျာနယ်မျက်နှာဖုံးမှာ ပါလာရင်တော့ မတတ်နိုင်ဘူး။)

    ကြုံတုန်းပြောရဦးမယ်၊ (၇၈၆)နဲ့ ပတ်သက်လို့ ထင်ရာမြင်ရာ ဆွဲစေ့နေကြတာ စုံလို့ပဲ။ အဲဒီသုံးလုံး ပေါင်းတော့ (၂၁)ရသတဲ့။ အဲ့ဒါကို ထပ်ပေါင်းကြည့်ပါလား (၃)ရတယ်လေ။ ဘုရား၊ တရား၊ သံဃာ သုံးပါးကို ညွှန်းတယ်ဆိုတော့ မဖြစ်ဘူးလား။ တို့ကတော့ ဖြစ်ပါတယ်။ မကန့်ကွက်ပါဘူး။ (၇၈၆)ဆိုတာ ဘုရားဟောတရားမှ မဟုတ်ပဲကိုး။ မရူးသွပ်ကြပါဘူး။

    နောက်တစ်ခုက (၇၈၆)ဆိုင်းဘုတ်တွေနဲ့ ပတ်သက်ပြီး မင်းတို့တလွဲအဓိပ္ပါယ်ဖွင့်ပြီး လန့်ဖြန့်နေတာ ကိုလည်း တို့များက ရယ်ချင်တယ်။ တို့ဖွင့်ဆိုချက်ထဲမှာ အဲဒီဆိုင်းဘုတ်ကို မြင်ခြင်းအားဖြင့် (ဘာသာရေးနဲ့ ပတ်သက်တဲ့ အလှူခံပုဂ္ဂိုလ်တွေ တစ်ခြား ဘာသာဝင်တွေထံသွားပြီး လက်မဖြန့်ကြပါနဲ့။ အလှူမခံ ကြပါနဲ့။ မကြည်ဖြူဘဲ လှူလိုက်တဲ့ငွေကိုလည်း တရားတော်အရ သုံးစွဲခွင့်၊ ပြန်လည်လှူဒါန်းခွင့်မရှိလို့ လိုအပ်ရင် ဒီဆိုင်၊ ဒီအိမ်၊ ဒီနေရာကိုပဲ လာရောက်ကောက်ခံပါ)လို့ ဆိုထားတာလည်းဖြစ်တယ်။ သူများ မသဒ္ဓါတဲ့ငွေကို ပြန်လှူတာ တို့ဘာသာမှာ မပိုင်ဘူး၊ သူဌေးဆီက ဓားမြတိုက်ပြီး ဆင်းရဲသားဆီ သွားပြီး ကြဲတာလည်း ကုသိုလ်မရဘူး။

    ပြီးတော့ မွတ်စလင်မ်အစွန်းရောက်တို့ အကြမ်းဖက်ဝါဒီ ဆိုတာတွေက တို့ရဲ့ ကိုယ်ပိုင်ဘွဲ့ မဟုတ်ပါဘူး။ သတ်ကြ၊ ဖြတ်ကြ၊ သေကြ၊ ကျေကြ၊ ပြဿနာတွေ ဖန်တီးသူတွေကိုသာ ခေါ်ကြတာပါ။ တို့မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်မ်တွေကလည်း အစွန်းရောက် အတွေးအခေါ်ရှိတဲ့သူတွေကို မုန်းပါတယ်။ တိုက်ဖျက်ပါတယ်။ ဒို့ကအမြဲရန်လိုနေတဲ့အုပ်စု၊ သွေးဆာနေတဲ့အုပ်စု မဟုတ်ပါဘူး။ နားအေးပါးအေး နေချင်ကြတာ တစ်ခြားဘာသာဝင်တွေနဲ့ အတူတူပါပဲ။’

    ကျွန်မ မနားတမ်းပြောနေသော စကားတွင် မောသံပါလာ၍ ရပ်လိုက်သည်ကို သူငယ်ချင်းမက ရေတစ်ခွက် ထခပ်ပေးရင်း ပြုံးနေ၏။

    ‘ရင်ပေါ့သွားပြီလား၊ ဒါကြောင့် ကျိတ်ခံစားမနေဘဲ ဖွင့်ပြောပါလို့ ပြောတာ။’

    ကျွန်မကလည်း သူ့ကို မျက်စောင်းတစ်ချက်ထိုးရင်း ရယ်မိ၏။

    ‘လုပ်ပါ ရယ်စမ်းပါ။ ရယ်သောသူသည် အသက်ရှည်၏တဲ့။’
    တို့တရားမှာလည်း ပြုံးရယ်ပြခြင်းဟာ အလှူဒါနတစ်ရပ်ပဲလို့ ဆိုပါတယ်၊ ဒီအလှူမျိုးကို ကိုယ်တို့ အမြဲလုပ်ချင်ပါတယ်။’

    ‘ကဲ ကဲ ပြောလက်စနဲ့ ရင်ရှင်းသွားအောင် နိဂုံးချုပ်ကလေးပဲဖြစ်ဖြစ် ထည့်ပြောပါဦး။’
    ‘ကိုယ်သတိထားမိတာ တစ်ခုက တို့မန္တလေးမှာ ဘုန်းတော်ကြီးတွေက အဓိကကျတယ်လို့ မြင်တယ်။ ဘုရားဟောအဆုံးအမကို လက်ကိုင်ပြုတယ်။ အေးငြိမ်းတဲ့ တရားကိုဟောတယ်။ လူမျိုး ဘာသာမရွေး တစ်တန်းစားတည်းလို့မြင်တယ်။ ဒို့အရင်နေခဲ့တဲ့ မဟာမြိုင်ရပ်ကွက် မီးလောင်တော့ မဟာမြိုင် ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေ ကိုရင်တွေ အကုန်ထွက်လာပြီး ပစ္စည်းတွေ ကူထုတ်ပေးတယ်လေ။ ကိုယ်တို့ မိသားစုကိုမြင်တော့ ဒကာမလေးတို့ မစိုးရိမ်ကြနဲ့၊ ဘုန်းကြီးတို့ဝိုင်းထဲမှာ စုပုံပေးထားမယ်၊ မပျောက်စေရဘူးလို့ အထူးတလည်ပြောခဲ့တဲ့အပြင် မီးဘေးဒုက္ခသည်တွေ ပစ္စည်းဝေငှရာ၊ ထမင်းထုပ် ဝေငှရာမှာ ဟဲ့ ဒီမိသားစု ရကြရဲ့လားလို့ ဂရုတစိုက် လာလာမေးတတ်တယ်။ ဘာသာခြားသော်လည်း ဘုန်းကြီးကျောင်းထဲမှာတော့ မသိမ်ငယ်ခဲ့ရပါဘူး။

    အခုတစ်လော ဂျာနယ်တွေထဲမှာ ရွှေဝါရောင် အရေးအခင်းမှာ အပြစ်သားဆိုတဲ့အမြင်နဲ့ အဖမ်းခံရ၊ အနှိပ်စက်ခံရတာတွေ၊ ကြေးနီတောင်စီမံကိန်းမှာ မီးလောင်ဗုံးထိခဲ့တာတွေ အမြဲတွေ့ရ၊ ဖတ်ရပါတယ်။ အခု အိုအိုင်စီမလာရလို့ တားမြစ်ရာမှာလည်း ဘုန်းကြီးတွေ ရှေ့တန်းက ပါပါတယ်။

    တို့သိတာကတော့ သံဃာတွေဟာ ဘယ်ကိစ္စကိုမှ မသိကျိုးကျွံမနေခဲ့ဘူးဆိုတာပါပဲ။ ဒို့ဘိုးဘွားများ ခေတ်က မိန်းမတွေ မှန်နိုင်လွန်အင်္ကျီပါးဝတ်လို့ ကြိမ်နဲ့ရိုက် ဆုံးမခဲ့တာလည်းရှိတယ်။ ဖ.ဆ.ပ.လ အဖွဲ့ကြီး စဖွဲ့တာ့ ဥက္ကဌနာမည်ခံရဲတဲ့သူမရှိလို့ ရဟန်းပျိုအဖွဲ့ကပဲ လက်မှတ်ထိုးစာတင်ပြီး ဦးရာဇတ်ကို ဥက္ကဌ ရွေးပေးခဲ့ကြတာ သမိုင်းမှန်ရှိပါတယ်။ လူမှန်နေရာမှန်ကို ရွေးတတ်ကြတယ်လို့ ဒို့သိခဲ့ရတယ်။

    အခုလို တားမြစ်တဲ့ကိစ္စမှာလည်း သင့်တင့်လျှောက်ပတ်တယ် ယုံကြည်လို့ ဝင်ပါကြတာပေါ့။ မလာရဘူးဆိုတော့လည်း တို့လက်သီးလက်မောင်း တန်းခွင့်မရှိပါဘူး။ (အော်၊ ဟုတ်လား၊ အင်း၊ အင်း)ဆိုပြီး နေကြရုံပေါ့လေ ။ ကိုယ့်ထက်ချမ်းသာတဲ့နိုင်ငံက လူတွေလာပြီး လေ့လာကြ၊ ပေးကြ၊ ကမ်းကြမယ်ဆိုရင်လည်း အများအကျိုးရှိတယ်၊ မရှိဘူး အပြည့်အစုံ နားလည်ကြားနာပြီး ဆုံးဖြတ်ကြပေါ့။

    သေချာတာကတော့ အင်မတန် အရှာအဖွေကြမ်း၊ အဖမ်းအဆီးကြမ်းတဲ့ခေတ်ကာလမှာတောင် မွတ်စလင်မ်တွေရဲ့ ဝတ်ပြုဆောင်ဗလီထဲမှာ ဝှက်ထားတဲ့လက်နက်ဆိုတာ တစ်မှုန်တစ်မွှားမှ ရှာမတွေ့ခဲ့ဖူးသလို အရပ်ကူပါ၊ လူဝိုင်းကြမယ့် နိုင်ငံတွေကလည်း လက်နက်တွေ သယ်လာမပေးဘူးဆိုတာပါပဲ။

    မကောင်းသော (လေ) ဝင်မလာအောင် တံခါးပိတ်ထားတော့ ကောင်းသော (လေ) လည်း အဝင်ရ ခက်မှာပေါ့။ လာခြင်းကောင်းတာ မကောင်းတာကတော့ အချိန်က (အင်း … အထုပ်ကြီးတွေက) ပြောပေးပါလိမ့်မယ်။ အခုတော့ တို့တစ်တွေ ပါးစပ်တွေ ပိတ်ထားကြတုန်းပဲ။’

    ခင်ခင်ရီ (အန်ဆွာရီ)
    မန္တလေး

     

  • ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တ.က.သ) ဖွဲ့စည်းခြင်း ၈၃-နှစ်မြောက် နှစ်ပတ်လည်နေ့

    ဇန်နဝါရီလ ၉၊ ၂၀၁၄
    ရေးသူ- စည်သူမောင်
    rusu
    ၉.၁.၂၀၁၄ ရက်နေ့သည် တ.က.သ ဟုခေါ်သော ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ (တ.က.သ) စတင်ဖွဲ့စည်းခဲ့သည့် ၈၃-နှစ်မြောက်နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေး မရခင်ကိုလိုနီခေတ်က အင်္ဂလိပ်အစိုးရသည် ရန်ကုန်တက္ကသိုလ် တည်ထောင်စကပင် ကျောင်းသားများနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့တစ်ခုရှိ သင့်ကြောင်း ရည်ရွယ်ခဲ့ကြပြီး တ.က.သ အဆောက်အအုံဆောက်လုပ်ရန် အတွက် မြန်မာပြည်ဘုရင်ခံ ဆာဟာကုတ်ဘတ္တလာမှ ၁၉၂၆-ခုနှစ်တွင် သူဌေးဦးညိုဆီမှ ငွေသား ၁၇၀၀၀၀ (တစ်သိန်းခုနှစ်သောင်းကျပ်) အလှူခံပြီး ၁၉၂၇-ခုနှစ်တွင် ဘုရင်ခံကိုယ်တိုင် အုတ်မြစ်ချ၍ စတင်ဆောက်လုပ်ခဲ့ပါတယ်။

    ၁၉၃၀-ခုနှစ်မှာ တ.က.သ အဆောက်အအုံကြီးဟာ ပြီးစီးသွားပေမယ့် ကျောင်းသား သမဂ္ဂ မဖွဲ့ရသေးတဲ့အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုကျော်ခင်၊ ကိုတင့်ဆွေ နဲ့ ကိုဘဂျမ်း စတဲ့ ကျောင်းသားများဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းနိုင်ရေးအတွက် တက္ကသိုလ် ဒုတိယ အဓိပတိ တရားသူကြီး ဦးဘနဲ့တွေ့ဆုံပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ စည်းမျည်းရေးဆွဲရေးကော်မတီ တစ်ရပ်ဖွဲ့စည်းနိုင်ရေးကိစ္စ ညှိနှိုင်းကာ သဘောတူညီမှု ရယူခဲ့ပါတယ်။
    URashid2
    ထိုကော်မတီကပင် ၁၉၃၀ စက်တင်ဘာလ ၂၀-ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်အားကစားရုံ အတွင်းမှာ ပြုလုပ်တဲ့ ကျောင်းသားထု အစည်းအဝေး တစ်ရပ်ကို ကျောင်းဆောင်နေ ကျောင်းသားကျောင်းသူများ နဲ့ ပြင်ပကျောင်းသားများ အားလုံးပါဝင်တဲ့ (ကျောင်းသားထု အစည်းအဝေးကြီး) တစ်ရပ် ပြုလုပ်ပြီး တ.က.သ စည်းမျဉ်းရေးဆွဲရေးကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် ၁၂-ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး တ.က.သ စည်းမျဉ်းရေးဆွဲရေး လမ်းညွန်အဖြစ် အခြေခံရမယ့် ရည်ရွယ်ချက် (၃) ရပ်ကို ကျောင်းသားထုမှ ဆုံးဖြတ်အတည်ပြု ပေးခဲ့ရာမှာ (၁) ကျောင်းသားများ အကြား တက်ကြွညီညွတ်သော ပူးပေါင်းဆောင်ရွက်မှု ရှိလာစေရေး၊ (၂) ပေါင်းသင်းဆက်ဆံရေးဘ၀ အခြေအနေများဖန်တီးရေး၊ (၃) လွတ်လပ်ရေးစိတ်ဓာတ်နှင့် တာဝန်သိစိတ်များ ဖန်တီးပေးရေး ဟူ၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။

    တ.က.သ စည်းမျဉ်းရေးဆွဲရေး ကော်မတီမှာ ပါဝင်ခဲ့ကြသူတွေ ကတော့ ကော်မတီဥက္ကဌ အဖြစ် ကိုကျော်ခင်၊ အတွင်းရေးမှုးအဖြစ် ကိုဘဂျမ်း၊ ကိုကျော်သိန်း၊ ကိုရာရှစ်၊ ကိုစံဖော်အောင် အပါအ၀င် စူစူပေါင်း ၁၂-ဦးနဲ့ ရေးဆွဲခဲ့ကြပါတယ် ။ တ.က.သ စည်းမျဉ်းရေးဆွဲရေး ကော်မတီဟာ ရေးဆွဲချိန်မှ စတင်ပြီး ကျောင်းသားထုဆီမှ အကြံပြုချက်များ သဘောထားများ တောင်းခံပြီး ဥပဒေပညာရှင်များနှင့် တိုင်ပင်ကာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းကို အင်္ဂလန်ပြည်ရှိ အောက်စဖို့ဒ် တက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ကင်းဗရစ်ခ်ျ တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ဖွဲ့စည်းပုံ စည်းမျဉ်းများကို မှီငြမ်းပြီး ၁၉၃၁-ခုနှစ် ဇန်န၀ါရီလ (၉) ရက်နေ့ (စတင်ဖွဲစည်းသည့်နေ့) တွင် ကျောင်းသားထု အစည်းအဝေးကြီး ကျင်းပပြီး စည်းမျဉ်းကို အတည်ပြုခဲ့ပါတယ်။

    U Tun Sein with label

    ၁၉၃၀-၃၁ တ.က.သ ရဲ့ယာယီ အလုပ်အမှုဆောင်အဖြစ် ဥက္ကဌ ကိုကျော်ခင် နဲ့ အတွင်းရေးမှုး ကိုရာရှစ်တို့က ဦးဆောင်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆက်လက်ပြင်ဆင်ခဲ့ပြီး ၁၉၃၁-၃၂ သက်တမ်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တ.က.သ) ရဲ့ပထမဆုံး ကျောင်းသား သမဂ္ဂ ရွေးကောက်ပွဲနဲ့ ရွေးချယ် တင်မြောက်ခံရသူအဖြစ် ဥက္ကဌ ကိုထွန်းစိန် ဖြစ်လာခဲ့ပါတယ်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ စတင်ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းပုံ စည်းမျဉ်းကို ကျောင်းသားထုက လက်ခံအတည်ပြုပေးခဲ့တဲ့ ဇန်န၀ါရီလ (၉)ရက်နေ့ဟာ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေး လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ ထင်ရှားခဲ့တဲ့ တ.က.သ ရဲ့ ၈၃-နှစ်မြောက် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်ဖတ်မှတ်ခဲ့ဖူးတဲ့ တ.က.သ သမိုင်းစာအုပ်များအား ကိုးကားပြီး ဂုဏ်ပြုရေးသားလိုက်ပါတယ်။

    ကျောင်းသားရှိလျှင် ကျောင်းသားသမဂ္ဂ များရှိရမည်…..။

    ကျောင်းသားသမဂ္ဂ ရှိလျှင် ကျောင်းသားသမဂ္ဂ အဆောက်အဦးများ ရှိရမည်။

    ၉.၁.၂၀၁၄
    စည်သူမောင် (ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ-တ.က.သ)