News @ M-Media

Category: ကမ္ဘာကျော် မွတ်စလင်များ

ကမ္ဘာတွင်ကျော်ကြားခဲ့သော မွတ်စလင်မ် သိပ္ပံ၊ ၀ိဇ္ဖာ ပညာရှင်ကြီးများ၊နိုဘယ်ဆုရှင်များ၊ ကမ္ဘာကျော်အားကစားသမားများ၊ အနုပညာရှင်များ

  • ရေကြောင်းသွားလာမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၂)

    ရေကြောင်းသွားလာမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၂)

    သြဂုတ် ၁၁၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    – တရုတ်လူမျိုးတွေဟာ ဖုန်းရွှေပညာရပ် (feng shui) မှာ အသုံးပြုဖို့အတွက် အရပ်မျက်နှာပြ အိမ်မြှောင်ကို တီထွင်ခဲ့တယ်လို့ တော်တော်များများက ယုံကြည်လက်ခံထားကြပါတယ်။ နောက်ပိုင်းမှာ ပင်လယ်ပျော်တွေဟာ ဒီအိမ်မြှောင်ကို မွမ်းမံပြီး ရေကြောင်းသွားလာမှုမှာ အသုံးပြုခဲ့ကြပါတယ်။ သံလိုက်အိမ်မြှောင်အသုံးပြုမှုရဲ့ အစောဆုံးအထောက်အထားကို Collection of Stories by Muhammad al-Awfi (မိုဟာမက် အလ်-အောင်ဖီ၏ အကြောင်းအရာများ စုစည်းမှု) ဆိုတဲ့ ပါရှန်စာအုပ်မှာ တွေ့ရပါတယ်။

    သက္ကရာဇ် ၁၂၃၃ ခုနှစ် ပင်လယ်နီနဲ့ ပါရှန်ပင်လယ်ကွေ့ခရီးစဉ်အကြောင်း ဒီစာအုပ်ရဲ့မှတ်တမ်းမှာ ‘သံနဲ့လုပ်ထားတဲ့ ငါးအရုပ်ကို သံလိုက်တုံးမှာ ပွတ်တိုက်ကာ ရေအပြည့်ထည့်ထားတဲ့ ပန်းကန်လုံးထဲ ထည့်လိုက်ရင် ငါးအရုပ်ဟာ လည်နေပြီး ရပ်သွားတဲ့အခါမှာ တောင်ဘက်ကို ညွှန်ပြနေပါတယ်’ လို့ သံလိုင်အိမ်မြှောင် အသုံးပြုမှုနဲ့ပတ်သက်ပြီး ရေးသားထားပါတယ်။ (အစောပိုင်းမွတ်စလင်တွေ ရေးဆွဲခဲ့တဲ့ မြေပုံမှာ အောက်ဖက်ကို မြောက်ဘက်လို့ သတ်မှတ်ပြီး၊ အပေါ်ကို တောင်ဘက်လို့ သတ်မှတ်ပါတယ်)

    အစ္စလာမ်ကမ္ဘာမှာ ရေကြောင်းခရီး သွားလာမှုအတွက် သံလိုက်အိမ်မြှောင်အသုံးပြုမှုနဲ့ ပတ်သက်ပြီး ပထမဆုံး အပြည့်အစုံဖော်ပြချက်ကိုတော့ ဘေလက် အလ်-ကစ်ဘ်ဂျာကီ (Baylak al-Qibjaqi) ဆိုသူက သက္ကရာဇ် ၁၂၈၂ ခုနှစ် အီဂျစ်မှာရေးသားခဲ့တဲ့ The Book of Treasure for Merchants Who Seek Knowledge of Stones (ကျောက်တုံးများအကြောင်းကို သိရှိလိုကြသည့် ကုန်သည်များအတွက် အနဂ္ဂကျမ်း) မှာ တွေ့ရပါတယ်။ ထရီပိုလီကနေ အလက်ဇန်းဒရီးယားကို သွားရောက်တဲ့ ရေကြောင်းခရီးစဉ်မှာ ရေပေါ်သံလိုက်အိမ်မြှောင်အသုံးပြုမှုကို အလ်-ကစ်ဘ်ဂျာဘီက အောက်ပါအတိုင်း ဖော်ပြခဲ့တာပါ။

    “အပ်တစ်ချောင်းကို ကျူရိုးတစ်ချောင်းနဲ့ ကြက်ခြေခတ် ပူးချည်ပြီး ရေဖြည့်ထားတဲ့ ပန်းကန်လုံးထဲမှာထည့် – အဲဒီနောက် သံလိုက်တုံးတစ်တုံး ယူလာပြီး ပန်းကန်အပေါ်မှာ နာရီလက်တံလည်တဲ့ လားရာအတိုင်း လှည်ပေးရင် အပ်နဲ့ ကျူရိုးကလည်း အဲဒီအတိုင်း လိုက်လည်ပါတယ်။ သံလိုက်တုန်းကို ရုတ်တရက် ဖယ်ရှားလိုက်တဲ့အခါမှတော့ အပ်ကလေးဟာ တောင်ဘက်ကို ညွှန်ပြနေပါတော့တယ်”

    သံလိုက်ဓာတ်ကူးအပ်ကို အသုံးပြုထားတဲ့ သစ်သား သံလိုက်အိမ်မြှောင်၊ ငါးအရုပ် သံလိုက်အိမ်မြှောင် အကြောင်းတွေကိုလည်း ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။ အဲဒီ သံလိုက်အိမ်မြှောင်တွေကို ရေပေါ်မှာ ပေါ်ဖို့အတွက်နဲ့ ရေစိမ်ခံဖို့အတွက် ကတ္တရာစေးတွေ၊ ဖယောင်းတွေနဲ့ အသေပိတ်ထားကြပါတယ်။ အလယ်ခေတ် အစ္စလာမ်ကမ္ဘာကလူတွေဟာ ရေအသုံးပြုတဲ့ သံလိုက်အိမ်မြှောင်၊ ရေမပါတဲ့ သံလိုက်အိမ်မြှောင်အကြောင်းတွေကို သိခဲ့ကြတယ်ဆိုတာ ဒီဖော်ပြချက်တွေက သက်သေပါပဲ။ စက္ကူအ၀ိုင်းပြားအပေါ်မှာ သံလိုက်ဓာတ်ကူးအပ်နှစ်ချောင်းရဲ့ ထိပ်တွေကို ဆန့်ကျင်ဖက်ထားပြီး အ၀ိုင်းပြားရဲ့အလယ်မှာ အပေါက်ဖောက်ကာ ၀င်ရိုးနဲ့လည်တဲ့ ဒိုင်ခွက်ပုံစံ သံလိုက်အိမ်မြှောင်ကိုလည်း သူတို့တွေက အသုံးပြုခဲ့ပါတယ်။ ဒီအိမ်မြှောင်တွေကို မှန်နဲ့အလုံကာထားတဲ့ သေတ္တာတွေထဲ ထည့်ပိတ်ပြီး အသုံးပြုကြတာ ဖြစ်ပါတယ်။

    ဒီလို သံလိုက်အိမ်မြှောင် ပုံစံအမျိုးမျိုးကို ပိုကောင်းအောင် မွတ်စလင်ကုန်သည်တွေက မွမ်းမံခဲ့ကြပြီး ဥရောပကို ယူဆောင်လာတာ ဖြစ်ပါတယ်။

    ရေကြောင်းဂုရုကြီးများ

    ၁၅ ရာစု အာရေဗျဒေသ နဂျဒ် (Najd) က မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ မဂျစ် (Ibn Majid)

    ရေကြောင်းလမ်းပြ ကိရိယာတွေကို တီထွင်ယုံသာမက မွတ်စလင်တွေဟာ ရေကြောင်း ဂုရုကြီးတွေလည်း ဖြစ်ခဲ့ပါတယ်။ ၁၅ ရာစု အာရေဗျဒေသ နဂျဒ် (Najd) က မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ မဂျစ် (Ibn Majid) ဟာ ကျော်ကြားတဲ့ ရေကြောင်းပညာရှင်ကြီးတစ်ဦးပါ။ သူ့ရဲ့ မျိုးဆက်တစ်ခုလုံးက ရေကြောင်းအတတ်ပညာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူတွေဖြစ်ပြီး အဖေနဲ့ အဖိုးဖြစ်သူတို့ဟာ ပင်လယ်နီအကြောင်း အသေးစိတ်သိကြတဲ့ ရေကြောင်းဂုရုကြီးတွေ ဖြစ်ပါတယ်။ မဂျစ်ကလည်း ပင်လယ်နီကနေ၊ အရှေ့အာဖရိကအထိ၊ အဲဒီကနေ တရုတ်အထိ ရေကြောင်းလမ်းတွေကို အားလုံးနီးပါးကို သိသူတစ်ယောက်ပါ။ မဂျစ်ဟာ ရေကြောင်းဆိုင်ရာကျမ်းပေါင်း အနည်းဆုံး ၃၈ ကျမ်းလောက် ရေးသားခဲ့ပြီး တစ်ချို့တွေက စကားပြေ၊ တစ်ချို့တွေကို ကဗျာပုံစံနဲ့ ရေးတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ သူ့ရဲ့ ဒီကျမ်းတွေထဲက ၂၅ အုပ်လောက် ရှိနေပါတယ်။ ဒီကျမ်းတွေမှာ မဂျစ်ဟာ လရဲ့ ရာသီခွင်တွေ၊ ပင်လယ်ရေကြောင်းလမ်းတွေ၊ ဆိပ်ကမ်းတွေရဲ့ လတ္တီကျုတွေအပါအ၀င် နက္ခတ္တဗေဒနဲ့ ရေကြောင်းဆိုင်ရာ အကြောင်းတွေကို ရေးသားခဲ့ပါတယ်။

    ဒါပေမယ့် အကျော်ကြားဆုံး ရေကြောင်း ဂုရုကြီးကတော့ ၁၆ ရာစုက တူရကီလူမျိုး ရေတပ်ဗိုလ်ချုပ် ပီရီ ရီအစ် (Piri Reis) ဖြစ်ပြီး နှစ်ပေါင်း ၅၀၀ ကျော်သက်တမ်းရှိတဲ့ သူ့ရဲ့ ရေကြောင်းပြကျမ်း ကီသဘ်-အီ-ဘဟ်ရီယီ (Kitab-i-bahriyye) ဟာ The Book of the Mariner၊ The Naval Handbook၊ The Book of Sea Lore ဆိုပြီး နာမည်သုံးမျိုးနဲ့ ကျော်ကြားပါတယ်။ တူရကီ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ၁၉၉၁ ခုနှစ်မှာ ဒီစာအုပ်ကို ထပ်ထုတ်ခဲ့ပြီး မူရင်းလက်ရေးမူရဲ့ ကာလာကော်ပီ၊ လက်တင်၊ ခေတ်သစ်တူရကီစာပေနဲ့ အင်္ဂလိပ်တို့ကို ဘာသာပြန်ဆိုခဲ့တဲ့ မူရင်း အော်တိုမန်စာသားတွေ ပါဝင်လာခဲ့ပါတယ်။

    ပီရီ ရီအစ်ရဲ့ The Book of Sea Lore စာအုပ်ဟာ မြေထဲပင်လယ်က ကမ်းရိုးတန်းတွေ၊ ကျွန်းတွေနဲ့ ပတ်သက်ပြီး ရေကြောင်းသွားလာသူတွေအတွက် လမ်းညွှန်ကျမ်းဖြစ်ကာ ခေတ်သစ် ရေကြောင်းသွားလာမှုကို လမ်းဖွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီစအုပ်ကို ရေကြောင်းပြမြေပုံလို့ တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရပြီး သင်္ဘောသားတွေအတွက် ရေကြောင်းဆိုင်ရာ ညွှန်ကြားချက်တွေ၊ ကမ်းရိုးတမ်း၊ ရေလမ်းကြောင်းတွေ၊ ဆိပ်ကမ်းတွေ၊ မြေထဲပင်လယ်က ဆိပ်ကမ်းတွေရဲ့ အကွာအဝေးတွေကို ဖော်ပြထားတဲ့ မြေပုံတွေလည်း ပါဝင်ပါတယ်။ ပင်လယ်ပြင်မှာ အရေးကြုံလာရင် ဘယ်ရေလက်ကြား၊ ပင်လယ်အော်၊ ဘယ်ကျွန်းတွေမှာ ခိုးနားမရလဲ၊ ဆိပ်ကမ်းတွေကို ဘယ်လို ချဉ်းကပ်ပြီး ဘယ်နေရာမှာ ကျောက်ချရမလဲဆိုတဲ့ အကြံပြုချက်၊ သတိပေးချက်တွေလည်း ပါဝင်ပြီး သင်္ဘောသားတွေအတွက် အဖိုးမဖြစ်နိုင်တဲ့ အသိပညာတွေဖြစ်ပါတယ်။

    မဂျစ်ရေးသားထားသည့် ကျမ်းတစ်ခုမှ လက်ရေးမူ

    ဒီစာအုပ်ဟာ သမိုင်းတစ်လျှောက် မြေထဲပင်လယ်နဲ့ အေဂျီယံပင်လယ်အကြောင်း ရေးသားဖော်ပြထားတဲ့အထဲမှာ အသေးစိတ်ဇယားပေါင်း ၂၁၉ ခုနဲ့ အပြည့်စုံဆုံး ကျမ်းတစ်စောင် ဖြစ်သလို၊ မြေထဲပင်လယ်က ရေကြောင်းဂုရုတွေ သင်္ဘောသားတွေရဲ့ နှစ်ပေါင်း ၂၀၀ ကျော်လောက် လေ့လာဖော်ထုတ်မှုတွေရဲ့ အဆီအနှစ်တွေလည်း ဖြစ်ပါတယ်။

    ပီရီ ရီအစ်ဟာ ဒီစာအုပ်ကို ၂ ကြိမ်ထုတ်ခဲ့ပြီး ၁၅၂၁ ခုနှစ် ပထမအကြိမ်ထုတ်ဝေခဲ့ရာမှာ သင်္ဘောသားတွေအတွက် အဓိကရည်ရွယ်ခဲ့ပါတယ်။ နောက်ထပ် ၅ နှစ်အကြာ ဒုတိယကြိမ်မှာတော့ စာပန်းချီပညာရှင်တွေ၊ ပန်းချီပညာရှင်တွေရဲ့ လက်စွမ်းနဲ့အတူ အနုစိတ်ရေးသားချယ်မှုန်းခဲ့ပြီး အော်တိုမန်ဘုရင်ကို လက်ဆောင်အဖြစ် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယစာအုပ်ဟာ ၁၆ ရာစုအတွင်းမှာပဲ အလှအပ တန်ဖိုးကြီးပစ္စည်း စုဆောင်းသူတွေ မျက်စိကျစရာ ဖြစ်ခဲ့ပြီး၊ မုန်တိုင်းတွေအကြောင်း၊ အရပ်မျက်နှာပြ အိမ်မြှောင်၊ ရေကြောင်းပြမြေပုံ၊ နက္ခတ္တဗေဒရေကြောင်းသွားလာမှု၊ ကမ္ဘာ့ သမုဒ္ဒရာကြီးတွေနဲ့ သူတို့ကို ၀န်းရံထားတဲ့ ကုန်းမြေအကြောင်းတွေ ပါဝင်တာကြောင့် မိတ္တူများစွာ ပေါ်ထွက်လာခဲ့ပြီး ရာစုနှစ်ပေါင်းများစွာ တန်ဖိုးကြီးကျမ်းတစ်စောင် ဖြစ်ခဲ့ပါတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ရီအစ်ရဲ့ဒီကျမ်းမှာ ပေါ်တူဂီတွေ အိန္ဒိယသမုဒ္ဒရာမှာ ရွက်လွှင့်တာ၊ ကိုလံဘတ်စ်က မြောက်အမေရိကတိုက်ကို ရှာဖွေတွေ့ရှိတာ စတဲ့ အကြောင်းတွေကို ညွှန်းဆိုထားတာ ဖြစ်ပါတယ်။

    The Book of Sea Lore ဆိုတဲ့ ဒီစာအုပ်ရဲ့ လက်ရေးမူပေါင်း ၃၀ လောက်ဟာ ဥရောပတစ်ဝှမ်းက စာကြည့်တိုက်တွေမှာ ပြန့်နှံ့နေပြီး အများစုဟာ ပထမဆုံးမူ ဖြစ်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • မြေပုံရေးဆွဲခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၁)

    သြဂုတ် ၄၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    ၁၆ ရာစု တူရကီ ရေတပ်ဗိုလ်ချုပ် ပီရီ ရီအစ် ရေးဆွဲခဲ့ပြီး ကမ္ဘာ့သက်တမ်းအရင့်ဆုံး ပြည့်စုံသည့် ကမ္ဘာ့မြေပုံ

    – လူတွေ သူတို့သွားချင်တဲ့နေရာတွေကို ရောက်ရှိနိုင်အောင်လို့ မြေပုံတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ အရင်လောက်ကတည်းက အသုံးတော်ခံခဲ့ကြပြီး အစောဆုံးမြေပုံတွေဟာ ရွံ့စေးသင်ပုန်းတွေပေါ်မှာ ထွင်းထားကြတာပါ။ စက္ကူပေါ်လာပြီးတဲ့နောက်ပိုင်း မြေပုံရေးဆွဲမှုနယ်ပယ်မှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး၊ သိပ်မကြာခင်ကမှ ပေါ်ပေါက်လာခဲ့တဲ့ ပထ၀ီဗေဒဆိုင်ရာ အချက်အလက်စနစ် (GIS) ဟာ ဒီနယ်ပယ်မှာ အထိရောက်ဆုံး တော်လှန်ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီစနစ်ကြောင့် ၁၉၇၃ ခုနှစ် ယူကေမှာ ပထမဆုံး ကွန်ပျူတာအခြေပြု ဒစ်ဂျစ်တယ် မြေပုံကြီးတွေ ပေါ်ထွက်လာခဲ့ပြီး ၁၉၉၅ နှစ်မှာတော့ စက်မှုနိုင်ငံတွေအားလုံးက မြေပုံရေးဆွဲရေးစနစ်တွေဟာ ဒစ်ဂျစ်တယ်စနစ်တွေ ဖြစ်လာခဲ့ကြပါတယ်။

    ဂြိုဟ်တုတွေ၊ မြေပြင်က အချက်အလက်ဖမ်းယူစက်တွေကို အသုံးပြုပြီး ကမ္ဘာကြီးရဲ့အနေအထားကို ဖော်ထုတ်တဲ့ ဒီ ခေတ်သစ်နည်းပညာ မပေါ်ပေါက်ခင်က မြေပုံတွေကို ခရီးသွားတွေ၊ ဘုရားဖူးတွေရဲ့ မှတ်တမ်းတွေကို အခြေခံပြီး ရေးဆွဲရတာ ဖြစ်ပါတယ်။

    ၇ ရာစုက မွတ်စလင်တွေဟာ ခရီးသွားခြင်းကို ခုံမင်ခဲ့ကြပြီး ကုန်သွယ်ရေးနဲ့ ဘာသာရေးဆိုင်ရာ ကိစ္စတွေအတွက် မိမိတို့ဇာတိကိုစွန့်ခွာကာ နေထိုင်ရာကမ္ဘာကြီးကို လေ့လာစူးစမ်းကြပါတယ်။ သူ့တို့ သွားရာလမ်းတစ်လျှောက်မှာ တွေ့ရတဲ့ နေရာသစ်တွေ၊ မြင်ရတဲ့မြင်ကွင်းတွေ၊ ဆက်ဆံရတဲ့ လူတွေရဲ့ အကြောင်းတွေကို လေ့လာခဲ့ပြီး ပြန်လာတဲ့အခါမှာတော့ ဒါတွေကို မှတ်တမ်းတင်ခဲ့ကြပါတယ်။ စောစောပိုင်းက နှုတ်နဲ့သာ လက်ဆင့်ကမ်းခဲ့ကြပေမယ့် ၈ ရာစု ဘဂ္ဂဒတ်မှာ စက္ကူစသုံးလာတဲ့ အချိန်မှာတော့ မြေပုံတွေ၊ ခရီးသွားလမ်းညွှန်တွေကို ရေးသား ထုတ်ဝေနိုင်ခဲ့ကြပါတယ်။

    သူ့တို့ရဲ့ အင်ပါယာအတွင်းက လိပ်စာတွေဆီ စာတွေပေးပို့ရမှာ စာတိုက်ဗိုလ်တွေ လွယ်ကူစေဖို့အတွက် အဘ္ဘာစစ်မင်းတွေက သံတော်ဦးတင်လွှာတွေဆက်ဖို့ အမိန့်ပေးခဲ့ပြီး ဒီလိုမှတ်တမ်းတွေကနေ Book of Routes (လမ်းကြောင်းပေါင်းချုပ်ကျမ်း) စာအုပ် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီစာအုပ်ဟာ ဝေးလံတဲ့နေရာတွေ၊ နိုင်ငံရပ်ခြားတိုင်းပြည်တွေရဲ့ ပထ၀ီအနေအထား၊ ထွက်ကုန်တွေ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လှုပ်ရှားမှု စတဲ့အချက်အလက်တွေကို ပိုပြီး အသေးစိတ်ကျကျ စုဆောင်းဖို့အတွက် တွန်းအားလည်း ဖြစ်စေခဲ့ပါတယ်။

    အလယ်ခေတ်မွတ်စလင်တွေက ကမ္ဘာအနှံ့ ခြေဆန့်ကာ စူးစမ်းရှာဖွေမှုတွေ လုပ်နေတဲ့အချိန် ဥရောပမှာ (၈ ရာစုကနေ-၁၁ရာစုအကြား) ဗိုက်ကင်းလူမျိုးတွေကလွဲလို့ ဒီလို ဝေးလံတဲ့ဒေသတွေကို သွားတဲ့လူတွေ မရှိဘဲ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဥရောပရဲ့အသိပညာကလည်း သူတို့ဒေသလောက်မှာသာ အကန့်အသတ်နဲ့ ရှိခဲ့ပါတယ်။ တကယ်လို့ အစ္စလာမ်ကမ္ဘာက ပထ၀ီပညာရှင်တွေ၊ မြေပုံရေးဆွဲသူတွေ ကြောင့်သာမဟုတ်ရင် ၁၅ ရာစုနဲ့ ၁၆ ရာစုက ဥရောပ စူးစမ်းရှာဖွေရေးသမားတွေဟာလည်း သူတို့ရဲ့ ခရီးစဉ်ကို သွားရောက်နိုင်ခြေ မရှိပါဘူး။

    ယနေ့ခေတ်အသုံးပြုနေတဲ့ မြေပုံတွေဟာ ဥရောပစတိုင် မြေပုံတွေဖြစ်ပြီး သက်တမ်းကတော့ ရာစုနှစ် အနည်းငယ်သာ ရှိပါသေးတယ်။ ဥရောပက ရေကြောင်းခရီးသွားလာသူတွေဟာ ဓူဝံကြယ်တွေ၊ သံလိုက်အိမ်မြှောင်တွေကို အသုံးပြုပြီး ခရီးသွားတာကြောင့် ဒီမြေပုံတွေမှာ မြောက်ဖက်ကို အပေါ်မှာ ထားတာဟာ ရိုးရာဖြစ်နေပါပြီ။ အဲဒီမတိုင်ခင်တုန်းက ဥရောပက မြေပုံတွေရဲ့ အပေါ်ဘက်ဟာ အရှေ့ဖက်ကိုညွှန်းပြီး ဒီဓလေ့ကနေပဲ ‘အရှေ့တိုင်း’ (orientation) ဆိုတဲ့စကားလုံး ပေါ်လာတာဖြစ်ပါတယ်။ အလယ်ခေတ်ဥရောပက မြေပုံတွေမှာ ဂျေရုစလင်ကို အပေါ်ဖက်မှာထားပြီး မြင့်မြတ်ရာနေရာလို့ သတ်မှတ်တာကြောင့် ဖြစ်ပါတယ်။

    အဲဒီတုန်းက ဥရောပနဲ့ အစ္စလာမ်ကမ္ဘာကြားက မြေပုံရေးဆွဲမှုမှာ ထင်ရှားတဲ့ ကွဲလွဲချက်ကတော့ မွတ်စလင်တွေဟာ တောင်ဘက်ကို အပေါ်မှာထားပြီး မြောက်ဘက်ကို အောက်မှာထားတာပါ။ နက္ခတ္တဗေဒနဲ့ သင်္ချာမှာ ပိုတိကျတဲ့ လေ့လာမှုတွေ မွတ်စလင်ကမ္ဘာမှာ ပေါ်ထွက်လာတာကြောင့် မြေပုံရေးဆွဲရေးကို သိပ္ပံပညာရပ်ရဲ့ အကိုင်းအခတ်တစ်ခုအဖြစ် မွတ်စလင်တွေက သတ်မှတ် ဖော်ထုတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အနောက်တိုင်းက မြေပုံရေးဆွဲရေးသမားတွေဟာ ဒီမြေပုံကို ပြောင်းပြန်လှန်ခဲ့ပြီး မြောက်ဖက်ကို အပေါ်တင်ကာ၊ တောင်ဘက်ကို အောက်မှာထားခဲ့ပါတယ်။

    တူရကီရေတပ်ဗိုလ်ချုပ် ပီရီ အစ်ဗနေ့ ဟာဂျီ မိုဟာမက် ရီအစ် (Piri ibn Hajji Mohammed Reis)

    ၁၉၂၉ ခုနှစ် တူရကီက တော့ပ်ကာပီနန်းတော်ပြတိုက် (Topkapi Palace Museum) က ပညာရှင်တွေဟာ ဟစ်ဂျရီ ၉၁၉ ခု၊ ခရစ်သက္ကရာဇ် ၁၅၁၃ ခု ရက်စွဲနဲ့  တူရကီရေတပ်ဗိုလ်ချုပ် ပီရီ အစ်ဗနေ့ ဟာဂျီ မိုဟာမက် ရီအစ် (Piri ibn Hajji Mohammed Reis)  လက်မှတ်ထိုးထားတဲ့ ၁၆ ရာစုအစောပိုင်းက မြေပုံအပိုင်းအစတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒီမြေပုံဟာ ‘အမေရိကမြေပုံ’ လို့ ကျော်ကြားပြီး ကိုလံဘတ်စ်က မြောက်အမေရိကတိုက်ကို တွေ့ရှိခဲ့ပြီးနောက် ၂၁ နှစ်လောက်အကြာမှာပဲ ရေးဆွဲခဲ့တာဖြစ်ပါတယ်။

    ပီရီ ရီအစ်ရဲ့ ဒီမြေပုံကို ရှာဖွေတွေ့ရှိတဲ့အခါ ကမ္ဘာတစ်ဝှမ်းက တော်တော်လေး အံ့သြမှင်သက်ခဲ့ပြီး ကိုလံဘတ်စ်က အမေရိကတိုက်ကို သွားရောက်တဲ့ တတိယခရီးစဉ်အတွင်း ၁၄၉၈ ခုနှစ်မှာ စပိန်ကို ပြန်ပို့လိုက်တဲ့ မြေပုံနဲ့ ဆက်စပ်မှုတွေ ရှိတာကြောင့် ဖြစ်ပါတယ်။ ကိုလံဘတ်စ်ရဲ့ ဒီမြေပုံဟာ အခုအချိန်မှာ ပျောက်ဆုံးနေပါတယ်။ မြေပုံရဲ့ ဘရာဇီးလ်နိုင်ငံအပိုင်းမှာ ပီရီ ရီအစ်က –

    “ဒီအပိုင်းဟာ လက်ရှိမြေပုံကို ဘယ်လိုဖွဲ့စည်းထားလဲဆိုတာကို ရှင်းပြနေပါတယ်။ ဘယ်သူဆီမှာမှ ဒီလိုမြေပုံ မရှိပါဘူး။ ဒီလူကြီးဟာ (သူ့ကိုယ်သူ ရည်ညွှန်းခြင်းဖြစ်) ဒေသတွင်း မြေပုံ ၂၀ နဲ့ ကမ္ဘာတစ်ဝှမ်းက မြေပုံအချို့ကို အသုံးပြုပြီး သူ့ရဲ့လက်နဲ့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက မြေပုံတွေထဲမှာ အာရပ်တွေရေးဆွဲထားတဲ့ အိန္ဒိယမြေပုံတစ်ခု၊ ပေါ်တူဂီတွေ သိပ်မကြာခင်က သင်္ချာနည်းနဲ့ ရေးဆွဲထားပြီး ပါကစ္စတန်၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို ဖော်ပြထားတဲ့ မြေပုံ ၄ ခု၊ ကိုလံဘတ်စ် ရေးဆွဲခဲ့တဲ့ အနောက်တိုင်းမြေပုံတစ်ခုတို့ ပါဝင်ပါတယ်။ ဒီမြေပုံ (ကမ္ဘာသစ်ရဲ့) ကမ်းရိုးတမ်းတွေ၊ ကျွန်းတွေဟာ ကိုလံဘတ်စ်ရဲ့ မြေပုံကနေ ရယူထားတာပါ” လို့ မှတ်ချက်ရေးထားပါတယ်။

    သိပ်မကြာသေးခင်ကပဲ တရုတ်နိုင်ငံက မွတ်စလင်ရေတပ်ဗိုလ်ချုပ် ဇန်ဟီ (Zehng He) ရဲ့ မြေပုံတစ်ခုကို ရှာတွေ့ခဲ့ပြီး အဲဒီမြေပုံဟာ ၁၄၁၈ ခုနှစ်က ဖြစ်ပါတယ်။ ပီရီ ရီအစ်ဟာ ဒီမြေပုံကို ရရှိခဲ့လားဆိုတာ မသိရှိရပါဘူး။

    ၁၉၆၆ ခုနှစ်မှာ ပညာရှင် ချားလ်စ် ဟက်ပ်ဂွဒ် (Chrales Hapgood) က ပီရီ ရီအစ်ရဲ့ ဒီမြေပုံမှာ (အနောက်တိုင်းက ရှာမတွေ့ခင် ၃၀၇ နှစ် အရင်ကတည်းက) အန်တာတိကတိုက် (Antarctica) ကို ဖော်ပြခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ လူတွေက ဒီအချက်ကို အလေးမထားဘဲ မြေပုံရေးထားတဲ့ သားရေချပ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကိုင်းညွှတ် ရေးဆွဲထားတဲ့အတွက် အန်တာတိကတိုက်ကို တောင်အမေရိက ကမ်းရိုးတန်းအဖြစ် ထင်နေပုံရတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ ဒီမြေပုံမှာ တောင်အမေရိကရဲ့ အန်ဒီးစ်တောင်တန်း (Andes) တောင်တန်းတွေကိုလည်း ထည့်သွင်းရေးဆွဲထားပြီး ဒီတောင်တန်းတွေကို စပိန်တွေ ၁၅၂၇ မှာ တွေ့ရှိတယ်လို့ ယနေ့ခေတ်မှတ်သားမှုနဲ့ ၁၄ နှစ်စောပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။ ၁၅၃၁ ခုနှစ်က ဒရယ်သားရေမှာ ရေးဆွဲခဲ့တဲ့ ပီရီ ရီအစ်ရဲ့ ကမ္ဘာ့မြေပုံမှာ စပိန်နဲ့ကပ်နေတဲ့ ကမ်းရိုးတမ်းတွေ၊ ကမ္ဘာသစ်နဲ့အတူ အာဖရိကအနောက်ခြမ်းတွေလည်း ပါဝင်ပါတယ်။

    ပီရီ ရီအစ်ဟာ ဒီလောက်နဲ့ မရပ်ခဲ့ဘဲ ၁၅၂၈ ခုနှစ်မှာ ဒုတိယမြောက် ကမ္ဘာ့မြေပုံတစ်ခုကို ရေးဆွဲခဲ့ပါတယ်။ ဒီမြေပုံမှာတော့ အတ္တလန်တိတ်ရဲ့ အနောက်မြောက်ခြမ်း ပါဝင်ပြီး၊ ကမ္ဘာသစ်မှာ ဗင်နီဇွဲလားကနေ နယူးဖောင်းလန်း (Newfoundland) အထိ ဖော်ပြထားကာ ဂရင်းလန်း (Greenland) ရဲ့ တောင်ဘက် အစွန်းပိုင်းလည်း ပါဝင်ပါတယ်။ ဒါပမေယ့် လက်ရှိမှာတော့ မြေပုံရဲ့ ၆ ပုံ ၁ ပုံသာ ကျန်ရစ်ပါတော့တယ်။ သမိုင်းပညာရှင်တွေက ဒီမြေပုံရဲ့ပြည့်စုံမှုကိုကြည့်ပြီး အံ့သြခဲ့ကြရသလို၊ သက်တမ်းအရင့်ဆုံး ပြည့်စုံတဲ့ကမ္ဘာ့မြေပုံရဲ့ အစိတ်အပိုင်းတစ်ခုကိုသာ တွေ့ခဲ့ရတာကြောင့် ၀မ်းနည်းမှုလည်း ဖြစ်ပါတယ်။ မြေပုံရဲ့ ကျန်ရှိနေတဲ့အပိုင်းတွေကို ရှာဖွေခဲ့ပေမယ့် မတွေ့ပါဘူး။

    ပီရီ ရီအစ်ဆိုတာ ဘယ်သူလဲ။ မြေပုံရေးဆွဲမှုမှာ သူ့ရဲ့အားထုတ်မှုတွေကိ သမိုင်းစာအုပ် တော်တော်များများမှာ ဘာ့ကြောင့် ဖော်ပြထားခြင်း မရှိတာလဲ။

    ပီရီ ရီအစ်ကို ၁၄၆၅ ခုနှစ်က ဂါလီပိုလီဒေသ (Gallipoli) မှာ မွေးဖွားခဲ့ပြီး ၁၅ ရာစုနှောင်ပိုင်းကစလို့ လေးစားရတဲ့ ဦးလေး ကမာလ် ရီအစ် (Kemal Reis) ရဲ့ ကြီးကြပ်မှုအောက်မှာ ရေတပ်သားဘ၀ကို စတင်ခဲ့ပါတယ်။ ဦးလေးနဲ့အတူ ရေကြောင်းတိုင်းပွဲများစွာမှာ ပါဝင်ခဲ့ပြီး ပင်လယ်နီနဲ့ အိန္ဒိယသမုဒ္ဒရာတို့မှာ ပေါ်တူဂီတွေကို တိုက်ထုတ်မှုအတွင်း အော်တိုမန်ရေတပ်ကို ဦးဆောင်ခဲ့ပါတယ်။

    လက်ဖျားခါလောက်တဲ့ ကမ္ဘာမြေပုံတစ်ခုက အလီ မာဆာရ် ရီအစ် (Ali Macar Reis) ရဲ့ ၁၅၆၇ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ မြေပုံဖြစ်ပြီး အသေးစိတ်တဲ့ ဒီမြေပုံဟာ ဒီနေ့ခေတ် မြေပုံတွေနဲ့ ဆင်တူကာ အလီ မာဆာရ် ရီအစ်တစ်ယောက် လပေါ်ကနေ ကမ္ဘာကိုကြည့်ပြီး ရေးဆွဲထားလားလို့တောင် ထင်မှတ်မှားရပါတယ်။

    တိုက်ပွဲတွေ တိုက်နေရင်းကြားထဲကနေမှ ပီရီ ရီအစ်ဟာ ဂါလီပိုလီမှာ အနားယူခဲ့ပြီး ပထမဆုံး ကမ္ဘာ့မြေပုံ၊ (ရွက်လွှင့်ရမယ့် လမ်းကြောင်းတွေကို ဖော်ပြထားတဲ့) The Book of Sea Lore လက်စွဲစာအုပ်၊ ၁၅၂၈ ခုနှစ် သူ့ရဲ့ ဒုတိယမြောက် ကမ္ဘာ့မြေပုံတွေကို ရေးသားခဲ့ပါတယ်။ ဒုတိယမြောက် ကမ္ဘာ့မြေပုံကို ရေးဆွဲပြီးတဲ့အချိန် ၁၆ ရာစု အလယ်ပိုင်းလာက်မှာ ပီရီ ရီအစ်ဟာာ ပင်လယ်နီနဲ့ အိန္ဒိယသမုဒ္ဒရာတွေမှာ အော်တိုမန်ရေတပ်ဗိုလ်အဖြစ်နဲ့ ပြန်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဘ၀နိဂုံးဟာ ၀မ်းနည်းစရာကောင်းပြီး အရေးပါတဲ့ ရေကြောင်းတိုက်ပွဲတစ်ခုမှာ ရှုံးနိမ့်သွားတာကြောင့် အော်တိုမန် ဆူလ်တန်ရဲ့ ကွပ်မျက်ခြင်းကို ခံလိုက်ရပါတယ်။

    ဥရောပဟာ သူတို့ရဲ့ သမိုင်းတွေကိုပဲ အာရုံစိုက်ပြီး၊ သူတို့သွားခဲ့တဲ့ သမုဒ္ဒရာခရီးတွေ၊ ရှာဖွေတွေ့ရှိမှုတွေ၊ စီးပွားရေးနဲ့ ကိုလိုနီအင်ပါယာအကြောင်းတွေကိုပဲ အဓိကထား ရေးသားဖော်ပြခဲ့တာကြောင့် မြေပုံရေးဆွဲမှု အကြောင်း အပါအ၀င် မွတ်စလင်တွေရဲ့ စူးစမ်းဖော်ထုတ်မှု တော်တော်များများဟာ ကမ္ဘာ့လူထုရှေ့မှောက် ရောက်မလာပါဘူး။  တူရကီတွေရေးဆွဲခဲ့တဲ့ မြေပုံတွေအကြောင်းကို သိပ်ဂရုမထားဘဲ တစ်ခါတစ်ရံမှာ အီတလီမြေပုံလို့တောင် မှားယွင်းဖော်ပြကြပါတယ်။

    တကယ့်လက်တွေ့မှာ တူရကီတွေရဲ့ ရေကြောင်းသိပ္ပံဟာ အဲဒီခေတ်တုန်းက အရှေ့ရောက်ခဲ့ပါတယ်။ ၁၅၁၇ ခုနှစ်မှာ ပီရီ ရီအစ်က ကမ္ဘာ့မြေပုံသစ်ကို အော်တိုမန်ဆူလ်တန်ဆီ ဆက်သခဲ့သလို ဥရောပ ပင်လယ်ပျော်တွေ မတိုင်ခင်ကတည်းက တူရကီတွေဟာ အမေရိကတိုက်အကြောင်း၊ အာဖရိက ရေကြောင်းသွားလာရေးအကြောင်းကို တိကျတဲ့မှတ်တမ်းတွေ ရေးသားခဲ့ပါတယ်။

    အလီ မာဆာရ် ရီအစ် (Ali Macar Reis)

    လက်ဖျားခါလောက်တဲ့ ကမ္ဘာမြေပုံတစ်ခုက အလီ မာဆာရ် ရီအစ် (Ali Macar Reis) ရဲ့ ၁၅၆၇ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ မြေပုံဖြစ်ပြီး အသေးစိတ်တဲ့ ဒီမြေပုံဟာ ဒီနေ့ခေတ် မြေပုံတွေနဲ့ ဆင်တူကာ အလီ မာဆာရ် ရီအစ်တစ်ယောက် လပေါ်ကနေ ကမ္ဘာကိုကြည့်ပြီး ရေးဆွဲထားလားလို့တောင် ထင်မှတ်မှားရပါတယ်။

    နောက်ထပ် အရေးပါတဲ့မြေပုံတွေထဲမှာ မွတ်စလင်ပညာရှင်ကြီး အလ်-အစ်ဒရီစီတစ်ယောက် စစ္စလီကျွန်းက နော်မန်ဘုရင် ရော်ဂျာ ၂ (Roger II) အတွက် ရေးဆွဲပေးခဲ့တဲ့ ဒေသတွင်း မြေပုံ ၇၀ နဲ့ အဲဒီတုန်းက သိရှိခဲ့တဲ့ ကမ္ဘာကြီးရဲ့ မြေပုံတစ်ခုလည်း ပါဝင်ပါတယ်။ အလ်-အစ်ဒရီစီဟာ ထောင်နဲ့ချီတဲ့ ခရီးသွားတွေကို တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး၊ အရင်တုန်းက မှတ်တမ်းတင်ထားခြင်းမရှိတဲ့ ဒေသတွေကိုပါ ထည့်သွင်းကာ တိကျတဲ့ မြေပုံတွေကို ရေးဆွဲခဲ့ပါတယ်။ သူ့ရဲ့ ဒီမြေပုံတွေကို ရာစုနှစ် ၃ စုလောက် ပထ၀ီပညာရှင်တွေက ပြောင်းလဲခြင်းမရှိဘဲ ကူးယူသုံးစွဲခဲ့ကြပါတယ်။

    သက်တမ်းအရင့်ဆုံး ကမ္ဘာ့မြေပုံ

    ပီရီ ရီအစ် ရေးဆွဲထားသည့် ကမ္ဘာ့မြေပုံမှ တောင်အမေရိကတိုက်ကို ယခုသိရှိထားသည့် မြေပုံနှင့် နှိုင်းယှဉ်ဖော်ပြမှု

    ၁၉၂၉ ခုနှစ်မှာ တူရကီ တော့ပ်ကာပီနန်းတော်ပြတိုက် (Topkapi Palace Museum) က ပညာရှင်တွေဟာ ဟစ်ဂျရီ ၉၁၉ ခု၊ ခရစ်သက္ကရာဇစ် ၁၅၁၃ ခု ရက်စွဲနဲ့  တူရကီရေတပ်ဗိုလ်ချုပ် ပီရီ အစ်ဗနေ့ ဟာဂျီ မိုဟာမက် ရီအစ် (Piri ibn Hajji Mohammed Reis)  လက်မှတ်ထိုးထားတဲ့ ၁၆ ရာစုအစောပိုင်းက မြေပုံအပိုင်းအစတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒီမြေပုံဟာ ‘အမေရိကန်မြေပုံ’ လို့ ကျော်ကြားပြီး ကိုလံဘတ်စ်က မြောက်အမေရိကတိုက်ကို တွေ့ရှိခဲ့ပြီးနောက် ၂၁ နှစ်လောက်အကြာမှာပဲ ရေးဆွဲခဲ့တာဖြစ်ပါတယ်။

    ပီရီ ရီအစ်ကို ၁၄၆၅ ခုနှစ်က ဂါလီပိုလီဒေသ (Gallipoli) မှာ မွေးဖွားခဲ့ပြီး ၁၅ ရာစုနှောင်ပိုင်းကစလို့ သူလေးစားရတဲ့ ဦးလေး ကမာလ် ရီအစ် (Kemal Reis) ရဲ့ ကြီးကြပ်မှုအောက်မှာ ရေတပ်သားဘ၀ကို စတင်ခဲ့ပါတယ်။ ဦးလေးနဲ့အတူ ရေကြောင်းတိုင်းပွဲများစွာမှာ ပါဝင်ခဲ့ပြီး ပင်လယ်နီနဲ့ အိန္ဒိယသမုဒ္ဒရာတို့မှာ ပေါ်တူဂီတွေကို တိုက်ထုတ်မှုအတွင်း အော်တိုမန်ရေတပ်ကို ဦးဆောင်ခဲ့ပါတယ်။ နန်းတော်ပြတိုက်မှာ တွေ့ရတဲ့ မြေပုံကို ရေးဆွဲဖို့အတွက် ပီရီ ရီအစ်ဟာ သူရဲ့ ခရီးသွားလာမှု၊ ရေကြောင်းသွားလာမှု အတွေ့အကြုံတွေကိုသာ အားကိုးခဲ့တာ မဟုတ်ပါဘူး။ အာရပ်တွေရေးဆွဲခဲ့တဲ့ အိန္ဒိယမြေပုံ၊ အိန္ဒိယပြည်၊ တရုတ်ပြည်တို့ကို ဖော်ပြထားတဲ့ ပေါ်တူဂီတွေရဲ့ မြေပုံ ၄ ခု၊  ကိုလံဘတ်စ်ရေးဆွဲခဲ့တဲ့ အနောက်တိုင်းမြေပုံတွေကို ကိုးကား ရေးဆွဲခဲ့တယ်လို့ ပီရီ ရီအစ်က မှတ်တမ်းတင်ထားပါတယ်။

    ကိုလံဘတ်စ်ရဲ့မြေပုံတွေကို အခြေခံထားတယ်ဆိုတဲ့အချက်က ကမ္ဘာ့သမိုင်းပညာရှင်တွေကို အံ့သြစေခဲ့ပါတယ်။ ပီရီ ရီအစ် ညွှန်းတဲ့ ကိုလံဘတ်ရဲ့ နောက်ဆုံးမြေပုံဟာ အမေရိကတိုက်ကိုသွားတဲ့ သူ့ရဲ့ တတိယခရီးစဉ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး ၁၄၉၈ ခုနှစ်မှာ စပိန်ကို ဒီမြေပုံ ပို့လိုက်ပေမယ့် နှစ်ပေါင်း တော်တော်ကြာကြာ ပျောက်ဆုံးနေခဲ့တာပါ။ ပီရီ ရီအစ်ရဲ့ ဒီမြေပုံကို ရှာတွေ့ခဲ့ပြီးနောက်ပိုင်းမှာ ကိုလံဘတ်စ်အနေနဲ့ ဘာတွေကို မှတ်တမ်းတင်ခဲ့သလဲဆိုတာ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

    ပီရီ ရီအစ်ရဲ့အကြောင်းကို သိပ်ပြီး မသိရပါဘူး။ ရေကြောင်းတိုက်ပွဲတွေ တိုက်ခိုက်နေရင်းနဲ့ပဲ သူဟာ ဂါလီပိုလီမှာ အငြိမ်းစားယူခဲ့ပြီး ၁၅၁၃ ခုနှစ်မှာ ကမ္ဘာ့မြေပုံကို ရေးဆွဲခဲ့ကာ ရွက်လွှင့်ရမယ့် ဦးတည်ရာတွေကို ဖော်ပြထားတဲ့ The Book of Sea Lore လက်စွဲကျမ်းကိုလည်း ရေးသားခဲ့ပါတယ်။ ၁၅၂၈ ခုနှစ်မှာ ဒုတိယမြောက်ကမ္ဘာ့မြေပုံကို ရေးဆွဲခဲ့ပြီး အဲဒီအထဲက ၆ ပုံ ၁ ပုံလောက်သာ ယနေ့ခေတ်မှာ ကျန်ရှိပါတော့တယ်။ ဒီမြေပုံမှာတော့ အတ္တလန်တိတ်ရဲ့ အနောက်မြောက်ခြမ်း ပါဝင်ပြီး၊ ကမ္ဘာသစ်မှာ ဗင်နီဇွဲလားကနေ နယူးဖောင်းလန်း (Newfoundland) အထိ ဖော်ပြထားကာ ဂရင်းလန်း (Greenland) ရဲ့ တောင်ဘက်အစွန်ပိုင်းလည်း ပါဝင်ပါတယ်။ သမိုင်းပညာရှင်တွေက ဒီမြေပုံရဲ့ ပြည့်စုံမှုကိုကြည့်ပြီး အံ့သြခဲ့ကြရသလို၊ သက်တမ်းအရင့်ဆုံး ပြည့်စုံတဲ့ကမ္ဘာ့မြေပုံရဲ့ အစိတ်အပိုင်းတစ်ခုကိုသာ တွေ့ခဲ့ရတာကြောင့် ၀မ်းနည်းမှုလည်း ဖြစ်ခဲ့ပါတယ်။ မြေပုံရဲ့ ကျန်ရှိနေတဲ့အပိုင်းတွေကို ရှာဖွေခဲ့ပေမယ် မတွေ့ပါဘူး။ ဒုတိယမြောက်ကမ္ဘာ့မြေပုံကို ရေးဆွဲပြီးတဲ့အချိန် ၁၆ ရာစု အလယ်ပိုင်းလောက်မှာ ပီရီ ရီအစ်ဟာ ပင်လယ်နီနဲ့ အိန္ဒိယသမုဒ္ဒရာတွေမှာ အော်တိုမန်ရေတပ်ဗိုလ်အဖြစ်နဲ့ ပြန်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဘ၀နိဂုံးဟာ ၀မ်းနည်းစရာကောင်းပြီး အရေးပါတဲ့ ရေကြောင်းတိုက်ပွဲတစ်ခုမှာ ရှုံးနိမ့်သွားတာကြောင့် အော်တိုမန် ဆူလ်တန်ရဲ့ ကွပ်မျက်ခြင်းကို ခံလိုက်ရပါတယ်။

    ပီရီ ရီအစ်ရဲ့ ဒီမြေပုံဟာ အမေရိကတိုက်ကို ဖော်ခဲ့တဲ့ မြေပုံတွေထဲမှာ သက်တမ်းအရင့်ဆုံးဖြစ်ပြီး ၁၆ ရာစုက တူရကီရဲ့ ရေကြောင်းသိပ္ပံပညာရပ်ဟာ အားလုံးထက် ရှေ့ရောက်နေတယ်ဆိုတာကို ဖော်ပြနေတာလည်း ဖြစ်ပါတယ်။ ၁၅၁၇ ခုနှစ်မှာ ပီရီ ရီအစ်က ကမ္ဘာ့မြေပုံသစ်ကို အော်တိုမန်ဆူလ်တန်ဆီ ဆက်သခဲ့သလို ဥရောပပင်လယ်ပျော်တွေ မတိုင်ခင်ကတည်းက တူရကီတွေဟာ အမေရိကတိုက်အကြောင်း၊ အာဖရိက ရေကြောင်းသွားလာရေးအကြောင်းကို တိကျတဲ့ မှတ်တမ်းတွေ ရေးသားခဲ့ကြတာပါ။

    ပီရီ ရီအစ်မြေပုံမှ ဆိုက်ပရက်စ်ကျွန်း

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • ပထ၀ီဝင် –  ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၀)

    ပထ၀ီဝင် –  ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၀)

    ဇူလိုင် ၂၉၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    စစ္စလီကျွန်းရှိ ဘုရင်ရော်ဂျာရှေ့မှောက်တွင် မွတ်စလင်ပညာရှင်ကြီး အလ်-အစ်ဒ်ရီစီက ပထမဆုံး ကမ္ဘာ့မြေပုံ ပြသနေမှုကို စိတ်ကူးပုံဖော်ထားသည့် ပန်းချီ

    – အလယ်ခေတ် အစ္စလာမ်ကမ္ဘာမှာ နေထိုင်ခဲ့သူတွေဟာ ရပ်နီး၊ ရပ်ဝေးက သူတို့ရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာတွေကို ရှာဖွေစူးစမ်းမှု၊ မှတ်တမ်းတင်မှုတွေမှာ မွေ့လျော်တဲ့ ခရီးသွားတွေ၊ ရှာဖွေစူးစမ်းသူတွေ၊ ကုန်သည်တွေ ဖြစ်ခဲ့ပါတယ်။ သိုးအုပ်တွေ၊ ဆိတ်အုတ်နဲ့အတူ သန့်ရှင်းလတ်ဆတ်တဲ့ စားကျက်သစ် ရှာဖွေကြတဲ့ လူနေမှုပုံစံဟာ ပထ၀ီဝင်ကို သူတို့ စိတ်ဝင်စားလာမှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဒီလို လှည့်လည်သွားလာနေရတာကြောင့် သစ်ပင်တွေ၊ သားရဲတိရစ္ဆာန်တွေအကြောင်း သိရှိဖို့ဟာ သူတို့အတွက် မရှိမဖြစ် လိုအပ်ပြီး ဒီအခြေအနေတွေကြောင့်ပဲ လက်တွေ့အသုံးချနိုင်တဲ့ ပထ၀ီဝင်ဘာသာရပ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    ဟဂ်ျလို့ခေါ်တဲ့ မက္ကာကို ဘုရားဖူးလာရောက်ရတဲ့ ခရီးစဉ်ကလည်း မွတ်စလင်တွေ ပထ၀ီဝင်နယ်ပယ်ကို ချဉ်းနင်းဝင်ရောက်ခဲ့တဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ဖြစ်ပါတယ်။ ဝေးကွာတဲ့ ဒေသတွေကနေ လာရောက်ကြရတဲ့သူတွေဟာ မက္ကာနဲ့မဒီနာကို သွားရမယ့် လမ်းကြောင်းတွေအကြောင်း ပါးစပ်စကားနဲ့ နားထောင် အသုံးပြုခဲ့ရပါတယ်။ နောက်ပိုင်း ဒါတွေကို ပေထက်အက္ခရာ တင်နိုင်ခဲ့ပြီး မွတ်စလင်ကမ္ဘာရဲ့ အစွန်အဖျားကနေ မက္ကာကို လာရောက်ကြမယ့်သူတွေကို ခရီးသွားလမ်းညွှန်တွေက ဒီစာအုပ်တွေဖတ်ပြီး အကူအညီပေးခဲ့ကြပါတယ်။

    နေ့စဉ်ဝတ်ပြုတဲ့အခါမှာ မက္ကာမြို့က ‘ကအ်ဘာ’ ၀တ်ကျောင်းတော်ကို မျက်နှာမူရတာကြောင့် ဗလီဝတ်ကျောင်းတော်တွေ ဆောက်လုပ်ရာမှာ မက္ကာဘက်ကို ဦးတိုက်စေရေး ဆောင်ရွက်ရတာကလည်း မွတ်စလင်တွေ ပထ၀ီဗေဒကို လေ့လာဖို့အတွက် တွန်းအားတစ်ခု ဖြစ်ခဲ့ပါတယ်။ စစ်ပွဲတွေ၊ နယ်မြေချဲ့ထွင်မှုတွေနဲ့အတူ ကျယ်ပြန့်လာတဲ့ မွတ်စလင်ကမ္ဘာအတွက် နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်တွေကလည်း ပထ၀ီအသိပညာတွေ ရှာဖွေရာမှာ တွန်းအားဖြစ်စေခဲ့တဲ့ နောက်ထပ်အကြောင်းအရင်း ဖြစ်ပါတယ်။

    မွတ်စလင်ကမ္ဘာမှာ နက္ခတ္တဗေဒပညာရပ်နဲ့ သင်္ချာပညာရပ်တွေ ပိုပြီး တိတိကျကျ ဖြစ်လာမှုနဲ့အတူ ပထ၀ီဝင်ဘာသာရပ် လေ့လာမှုမှာလည်း တစ်ဟုန်ထိုးတိုးတက်လာခဲ့ပြီး မြေပုံရေးဆွဲခြင်းဟာ မွတ်စလင်တွေ ဖွံ့ဖြိုးစေခဲ့တဲ့ ပ၀ထီပညာရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ၉ ရာစုက ပါရှန်ပညာရှင် အလ်-ခွာရစ်ဇ်မီ (Al-Khwarizmi) ဟာ သိပ္ပံနည်းကျ အသေးစိတ်လေ့လာဆန်းစစ်မှုပြုလုပ်ခဲ့တဲ့ အစောဆုံး ပထ၀ီပညာရှင်တွေထဲက တစ်ဦးဖြစ်ပြီး သင်္ချာပညာမှာ ပါရမီရင့်သန်သူပါ။ သူ့ရဲ့ ကျော်ကြားတဲ့စာအုပ် The Form of the Earth (ကမ္ဘာဂြိုဟ်၏ ပုံသဏ္ဍာန) မှာ ပထ၀ီဆိုင်ရာ အချက်အလက်တွေကို လေ့လာဖော်ထုတ် ဆန်းစစ်မှတ်တမ်းတင်ခဲ့ပြီး သူ့နောက်ပိုင်း ဘဂ္ဂဒတ်နဲ့ မွတ်စလင်အုပ်စိုးတဲ့ စပိန်တို့က ပညာရှင် မျိုးဆက်တော်တော်များများဟာ ဒီစာအုပ်ကို လက်စွဲအဖြစ် အသုံးပြုခဲ့ရပါတယ်။

    နောက်ထပ် ကျော်ကြားတဲ့ မွတ်စလင်ပထ၀ီပညာရှင်က ၁၀ ရာစုအစပိုင်းက ဆူဟ်ရဘ် (Suhrab) ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ပင်လယ်တွေ၊ ကျွန်းတွေ၊ ရေကန်တွေ၊ တောင်တန်းတွေ၊ မြစ်ချောင်းတွေအကြောင်း စာအုပ်တစ်အုပ် ရေးသားပြုစုခဲ့ပါတယ်။ ယူဖရေးတီး၊ တီဂရစ်၊ နိုင်းမြစ်တို့နဲ့ ပတ်သက်ပြီး သူ့ရဲ့ ရေးသားမှတ်တမ်းတင်ထားမှုဟာ တော်တော်လေးကို အဖိုးတန်ခဲ့ပြီး အလယ်ခေတ်ဘဂ္ဂဒတ်မြို့ကို ပြန်လည်တည်ဆောက်ရေး စီမံကိန်းမှာ မြို့ရဲ့ တူးမြောင်းတွေအကြောင်း သူ့ရဲ့ရေးသားချက်တွေဟာ အဓိက အားကိုးအားထားပြုစရာ ဖြစ်ခဲ့ပါတယ်။ ဂိုင်း လီ စထရိန်းဂ်ျ (Guy Le Strange) ဆိုသူဦးစီးတဲ့ ဘဂ္ဂဒတ်မြို့ ပြန်လည်ဆောက်လုပ်မှုဟာ ၁၈၉၅ ခုနှစ်မှာ ပြီးစီးခဲ့ပြီး  လီ စထရိန်းဂ်ျဟာ ဆူဟ်ရဘ်ရဲ့အမည်ကို ထင်ရှားတဲ့ မွတ်စလင်သမားတော် အစ်ဗနေ့ ဆာရာဘီယွန် (Ibn Sarabiyun) နဲ့ မှားယွင်းပြီး မှတ်သားခဲ့ပါတယ်။ ၉ ရာစု ပညာရှင် အလ်-ယာကူဘီ (Al-Ya’qubi) ရဲ့ ဖော်ထုတ်မှုတွေကိုလည်း လီစထရိန်းဂ်ျက သူ့ရဲ့ ပြန်လည်တည်ဆောက်မှုမှာ အသုံးချခဲ့ပါတယ်။ ဘဂ္ဂဒတ်မြို့က ရေပေးဝေရေးကွန်ယက်အကြောင်း ဆူဟ်ရဘ်ရဲ့ ရေးသားမှု၊ အလ်-ယာကူဘီက ရေးသားခဲ့တဲ့ ဘဂ္ဂတ်ဒတ်အတွက် အဝေးပြေးလမ်းအကြောင်းတွေဟာ တစ်ခုနဲ့တစ်ခု တော်တော်လေးကို ပြည့်စုံပြီး လိုက်လျောညီတွေ ရှိပါတယ်။

    မွတ်စလင်ပထ၀ီပညာရှင် နောက်တစ်ဦးကတော့ ၁၀ ရာစုက အလ်-မုကဒ်ဒါစီ (Al-Muqaddasi) ဆိုသူဖြစ်ပြီး မွတ်စလင်ကမ္ဘာတစ်ဝှမ်း ခြေဆန့်ခဲ့တဲ့သူဟာ ရှာဖွေစူးစမ်းမှု၊ ရှိပြီးသား အထောက်အထားတွေကို အတည်ပြုမှု၊ မှန်၊ မမှန် ချိန်ဆစစ်ထုတ်မှုတွေကို လုပ်ခဲ့သလို သူကိုယ်တိုင် တွေ့ရှိခဲ့ရတာတွေကိုလည်း ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ခရီးသွားပြီးတဲ့နောက် ပေါ်ထွက်လာခဲ့တဲ့ သူ့ရဲ့လက်ရာက Best Divisions for Knowledge of the Regions (ဒေသများအကြောင်း ခွဲခြမ်းစိတ်ဖြာမှုကျမ်း) ဆိုတဲ့ စာအုပ်ဖြစ်ပြီး သက္ကရာဇ် ၉၈၅ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ ဒီစာအုပ်ကို လူတော်တော်များများကလည်း အကြိုက်တွေ့ခဲ့ကြပါတယ်။ သူ့အရင်နဲ့ သူ့နောက်ပိုင်းက လူတွေလိုပဲ အလ်-မုကဒ်ဒါစီရဲ့ ဒီလို ပညာရပ်ဆိုင်ရာ သုတေသနပြုမှုတွေရဲ့ အဓိကတွန်းအားက ဘုရားသခင်အပေါ် ယုံကြည်ခြင်းဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့စာအုပ်တွေဟာ ဘုရားသခင်ကို ပိုမို နားလည်သဘောပေါက်ဖို့ နည်းလမ်းတစ်ခုအဖြစ် ရည်ရွယ်တာဖြစ်ပါတယ်။ သူ့ရဲ့ ဒီစာအုပ်ကြီးဟာ ပထ၀ီဝင်အတွက် စနစ်ကျတဲ့ အခြေခံအုတ်မြစ် ဖြစ်ခဲ့ပြီး၊  ပထ၀ီအသုံးနှုန်းတွေ၊ ကမ္ဘာမြေကြီးကို ပိုင်းခြားမှု၊ လက်တွေ့အခြေခံတဲ့ စူးစမ်းဖော်ထုတ်မှု စတာတွေကို မိတ်ဆက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

    အစောဆုံး တူရကီပထ၀ီပညာရှင်တွေထဲက တစ်ဦးက မဟ်မူးဒ် အလ်-ကက်ရှ်ဂါရီ (Mahmud al-Kashghari) ဖြစ်ပြီး သူဟာ ကျော်ကြားတဲ့ အဘိဓာန်ပြုစုသူ ပညာရှင်ကြီးဖြစ်ပါတယ်။ ဘာသာဗေဒကို အခြေခံကာ ထူးခြားပြီး စက်ဝိုင်းပုံစံရှိတဲ့ ကမ္ဘာ့မြေပုံတစ်ခုကို သူက ရေးဆွဲခဲ့ပါတယ်။ ၁၀၇၃ ခုနှစ်မှာ ရေးသားပြီးစီးခဲ့ပြီး သူရဲ့ ထိပ်တန်းလက်ရာတစ်ခုဖြစ်တဲ့ သဒ္ဒါကျမ်း Compendium of Turkish Dialects (တူရကီ ဒေသသုံး ဘာသာစကားများဆိုင်ရာ သုတပေါင်းချုပ်ကျမ်း) မှာ ဒီမြေပုံကို ဖော်ပြခဲ့ပါတယ်။  အဲဒီမြေပုံမှာ ဗဟိုဘာရှဒေသကို ကြီးကြီးမားမားဖော်ပြထားပြီး တရုတ်နဲ့ မြောက်အာဖရိက ဒေသတွေလည်း ပါဝင်ပါတယ်။ အနောက်ဖက်မှာတော့ ဥရေပရဲ့အရှည်ဆုံး ဗိုလ်ဂါမြစ် (Volga) စွန်းစွန်းလေးပဲ ဖော်ပြထားပြီး ဒါဟာ တူရကီတွေ အနောက်ဖက်ကို မရောက်ခင်မှာ ရေးဆွဲထားတာကြောင့် ဖြစ်နိုင်ပါတယ်။

    ၁၁ နဲ့ ၁၂ ရာစုတွေမှာ မွတ်စလင် စာရေးဆရာနှစ်ဦးဖြစ်တဲ့ အလ်-ဘက္ကရီ (Al-Bakri) နဲ့ အစ်ဗနေ့ ဂျူဘိုင်းရ် (Ibn Jubayr) တို့ဟာ သူ့အရင်က ပညာရှင်ကြီးတွေရဲ့ ဖော်ထုတ်မှုတွေကို စုဆောင်းကာ၊ ရှာဖွေဖတ်ရှုဖို့ လွယ်ကူတဲ့ ပုံစံမျိုးနဲ့ အစီအစဉ်တကျ စုစည်းခဲ့ပါတယ်။ အလ်-ဘက္ကရီဟာ စပိန်က ဟူလ်ဗာ (Huelva) နဲ့ ဆာလ်တက်စ် (Saltes) ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်ပြီး၊ ဆီးဗီးလ်နန်းတော်မှာ သံတမန်ရေး ကိစ္စတွေကို ကိုင်တွယ်ရတဲ့ အရေးပါသူ ၀န်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်တွေ မအားပေမယ့် အလ်-ဘက္ကရီဟာ ဉာဏ်ပညာပြည့်စုံတဲ့ ပညာရှင်တစ်ယောက်၊ စာရေးသွက်သူတစ်ယောက်ဖြစ်ပြီး နေရာဒေသနာမည်တွေ အပါအ၀င် အာရေဗျကျွန်းဆွယ်အကြောင်း အဓိကဖော်ပြထားတဲ့ ပထ၀ီဆိုင်ရာ အရေးပါတဲ့ကျမ်တစ်စောင်ကို ရေးသားခဲ့ပါတယ်။ Route and Kingdoms (လမ်းကြောင်းနှင့် ဘုရင့်နိုင်ငံများ) ဆိုတဲ့ အဲဒီ ကျမ်းမှာ ရွာတွေ၊ မြို့တွေ၊ တောင်ကြားတွေ၊ အထိမ်းအမှတ် အဆောက်အအုံ စတာတွေရဲ့ အမည်နာမတွေကို အက္ခရာစဉ်အလိုက်စီကာ ဖော်ပြထားပါတယ်။ အလ်-ဘက္ကရီရဲ့ နောက်ထပ် အဓိကအားထုတ်မှုတစ်ခုက အဲဒီခေတ်မှာ သိရှိထားတဲ့ ကမ္ဘာတစ်ခုလုံးအကြောင်းကို ဘက်စုံ ထောင့်စုံကနေ လေ့လာဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

    ဗလင်စီယာက မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ ဂျူဘိုင်းရ် (Ibn Jubayr) ဟာ မက္ကာမြို့ကို သွားရတဲ့ ဟဂ်ျခရီးသွားမှတ်တမ်းကို မှတ်တမ်းတင်ထားသူတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လောက်က သူ့ရဲ့ နေ့စဉ်မှတ်တမ်းတွေမှာ မြေထဲပင်လယ် အရှေ့ဘက်တစ်ခြမ်းလုံးအကြောင်းကို အသေးစိတ် မှတ်တမ်းတင်ထားပါတယ်။ ဂျူဘိုင်းရဲ့ ဒီခရီးသွားမှတမ်းဟာ ပထ၀ီသိပ္ပံထက်ကို ပိုပြီး ရုက္ခဗေ၊ ဟင်းလျာမျိုးစုံချက်ပြုတ်နည်းတွေ၊ ခရီးသွားအကြံပြုချက် စတဲ့ အချက်အလက်တွေလည်း ပါဝင်ပါတယ်။

    မွတ်စလင်အုပ်စိုးတဲ့ စပိန်မှာ ခရီးသွားကျမ်းတွေ ရေးသားပြုစုမှုဓလေ့ ကြီးထွားလားခဲ့ပြီး ဒီ စာအုပ်၊ စာတမ်းတွေက အချက်အလက်တွေကို ပေါင်းစည်းကာ နာမည်ကျော် မွတ်စလင်ပညာရှင် အလ်-အစ်ဒ်ရီစီ (Al-Idrisi) က အဲဒီအချိန်က အပြည့်စုံဆုံး ကမ္ဘာ့မြေပုံတစ်ခုကို ဖန်တီးရေးဆွဲခဲ့ပါတယ်။ စစ္စလီကျွန်းက နော်မန်ဘုရင် ရော်ဂျာ ၂ (Roger II) ဟာ သက္ကရာဇ် ၁၁၃၉ ခုနှစ်မှာ အလ်-အစ်ဒ်ရီစီကို ကော်ဒိုဘာကနေ စစ္စလီကိုခေါ်ယူပြီး သူ့အတွက် မြေပုံတစ်ခု ရေးဆွဲပေးဖို့ တာဝန်ပေးခဲ့ပါတယ်။ ဘုရင်ရဲ့ ပါလာမိုနန်းတော်မှာ အလ်-အစ်ဒ်ရီစီတစ်ယောက် ချီးမြှင့်မြှောက်စားခံခဲ့ရပြီး ၁၅ နှစ်တာကာလအတွင်းမှာ ထောင်နဲ့ချီတဲ့ ခရီးသွားတွေကို မေးမြန်းကာ အရင်က မပါဝင်ခဲ့တဲ့ နေရာတွေအပါအ၀င် အဲဒီအချိန်က အတိကျဆုံးဖြစ်တဲ့ ကမ္ဘာ့မြေပုံ ၇၀ ကို ရေးဆွဲပေးနိုင်ခဲ့ပါတယ်။

    သူ့ရဲ့ဒီအားထုတ်မှုမှာ သူ့အရင်ကရှိခဲ့တဲ့ ပညာရှင်တွေရဲ့ ရေးသားမှုတွေကို အခြေခံသလို၊ စစ္စလီမှာနေစဉ် သူရရှိခဲ့တဲ့ အချက်အလက်တွေလည်း ပါဝင်ခဲ့ပါတယ်။ ကမ္ဘာကြီးဟာ အလုံးကြီးဖြစ်တယ်ဆိုတဲ့ အချက်ကို အလ်-အစ်ဒ်ရီစီက တစ်စိုက်မတ်မတ် ဖော်ပြခဲ့ပြီး “ကြက်ဥထဲမှာ အနှစ်က တည်ငြိမ်နေသလိုပဲ ကမ္ဘာကြီးဟာ အာကာသထဲမှာ တည်ငြိမ်နေတယ်” လို့ ရေးသားခဲ့ပါတယ်။ သူ့ရဲ့ စာအုပ်တွေထဲမှာ ကမ္ဘာ့ တောင်ခြမ်း၊ မြောက်ခြမ်းအကြောင်း၊ ရာသီဥတုတွေအကြောင်း၊ ပင်လယ်တွေ၊ ပင်လယ်ကွေ့တွေအကြောင်း ဖော်ပြထားသလို၊ အာရှနဲ့ အာဖရိကရဲ့ ဝေးလံခေါင်ဖျားဒေသတွေနဲ့ ပတ်သက်ပြီး တော်တော်လေး အဖိုးမဖြတ်နိုင်တဲ့ အချက်အလက်တွေကိုလည်း မှတ်တမ်းတင်ထားခဲ့ပါတယ်။

    ၁၃ ရာစုမှာတော့ ယာကွတ် အလ်-ဟာမာဝီ (Yaqut al-Hamawi) ဆိုတဲ့ မွတ်စလင်ပညာရှင်ကြီးဟာ အီရတ်နိုင်ငံ မူဆိုးလ်မြို့ကနေ ဆီးရီးယားနိုင်ငံ အလက်ပို၊ ပါလက်စတိုင်း၊ အီဂျစ်နဲ့ ပါရှား (ယခုအီရန်) တို့ကို သွားရောက်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ သူ့ရဲ့ ဒီခရီးသွားမှတ်တမ်းတွေထဲက ၄ ခုသာ ကျန်ရှိတော့ပြီး လူသိအများဆုံးကတော့ Dictionary of Contries (နိုင်ငံများအဘိဓာန်) ဖြစ်ပါတယ်။ ဒီစာအုပ်ကြီးဟာ ပထ၀ီဝင်ဆိုင်ရာ စွယ်စုံကျမ်းကြီးဖြစ်ပြီး ရှေးဟောင်းအမွေအနှစ်၊ လူမျိုးဗေဒ၊ သမိုင်း၊ မနုဿဗေဒ၊ သဘာဝသိပ္ပံနဲ့ ပထ၀ီဆိုင်ရာအပါအ၀င် အလယ်ခေတ်က သိထားသမျှ ကမ္ဘာကြီးရဲ့ အကြောင်းအရာအားလုံးနီးပါးကို မှတ်တမ်းတင်ထားကာ၊ နေရာဒေသတိုင်းရဲ့ ကိုသြဒိနိတ်တွေကိုလည်း  ဖော်ပြထားပါတယ်။ မြို့တွေ၊ မြို့ကြီးတွေရဲ့ အမည်နာမ အများစုနဲ့ အဲဒီနေရာက စီးပွားရေးအခြေအနေ၊ သမိုင်းကြောင်း၊ လူဦးရေ၊ ထင်ရှားကျော်ကြားသူတွေနဲ့ အထိမ်အမှတ်အဆောက်အဦးတွေအကြောင်းလည်း ဒီကျမ်းကြီးမှာ အသေးစိတ် ရေးသား မှတ်တမ်းတင်ခဲ့ပါတယ်။

    သိပ္ပံ၊ နည်းပညာနဲ့ အနုပညာတွေလိုပဲ ပထ၀ီဝင်ပညာရပ်မှာ နှစ်မြှုပ်အားထုတ်ခဲ့ကြတဲ့ မွတ်စလင် သိပ္ပံညာရှင်ကြီးတွေဟာ မနည်းမနော ရှိခဲ့ပါတယ်။ သူတို့ထဲက တော်တော်များများဟာ သူများတွေ မသိတဲ့ သတင်းအချက်အလက်တွေကို ရယူစုဆောင်းဖို့အတွက် ကမ္ဘာအနှံ့ခြေဆန့်ခဲ့ကြပြီး အသိပညာကို ဆာလောင်မှု၊ စူးစမ်းလိုစိတ်ရင့်သန်မှု၊ တစ်ခြားလူတွေအတွက် အသုံးဝင်မယ့် သတင်းအချက်အလက်တွေကို အမွေအဖြစ်ထားလိုမှု စတဲ့စိတ်ဓာတ်တွေကို ပြသခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာ ကမ္ဘာကြီးကို လေ့လာဖို့အတွက် ကျွန်တော်တို့မှာ မဂ္ဂဇင်းတွေ၊ ဂြိုဟ်တု ရုပ်သံလိုင်းတွေ ရှိနေပါပြီ။ တစ်ချို့တွေဟာ စိတ်အပန်းဖြေရေးအတွက် ခရီးတွေ သွားနေကြပြီး၊ ထိုင်ခုံမှာထိုင်ကာ ကျွမ်းကျင်သူတွေရဲ့ ဖော်ထုတ်မှုတွေကို ကျွန်တော်တို့ ကြည့်ရှုနားလည်နိုင်ကြပေမယ့် လွန်ခဲ့တဲ့ ထောင်စုနှစ်တစ်ခုက လူတွေကတော့ သူတို့ရဲ့ ပတ်ဝန်းကျင်ကို သိရှိနားလည်ဖို့အတွက် ယုံကြည်ချက်ကို ဦးထိပ်ပန်ဆင်ကာ စူးစမ်းလိုစိတ်ကို အဖော်ပြုခဲ့ရတာ ဖြစ်ပါတယ်။

    ကမ္ဘာ့ပထမဆုံး မြေပုံ

    ၁၁ ရာစု မွတ်စလင်ပညာရှင်ကြီး အလ်-အစ်ဒ်ရီစီ ရေဆွဲခဲ့သည့် ပထမဆုံး ကမ္ဘာ့မြေပုံ

    လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထာင်ကျော်က နိုင်ငံတွေ၊ တိုက်ကြီးတွေ၊ ပင်လယ်ရေကြောင်းသွားလာမှုတွေ အကြောင်းကို တိတိကျကျ မသိရှိခဲ့ကြပါဘူး။ ဒါပေမယ့် ကုန်သွယ်မှု၊ နယ်ပယ်သစ်ချဲ့ထွင်မှု၊ ဘာသာရေး ခရီးသွားမှုတွေအတွက် ခရီသွားတဲ့လူတွေ ပိုပိုများလာတာကြောင့် မြေပုံကောင်းကောင်းတွေကို လိုအပ်မှုကလည်း မြင့်တက်လာခဲ့ပါတယ်။

    ကမ္ဘာ့အဖိုးအတန်ဆုံး မြေပုံတွေထဲကအချို့ကို ရေးဆွဲခဲ့သူတွေဟာ အလယ်ခေတ် မွတ်စလင်ကမ္ဘာက ပညာရှင်ကြီးတွေဖြစ်ပြီး သူတို့ခေတ်အခါက သိရှိနိုင်သမျှသော ပထ၀ီဆိုင်ရာ အသိပညာတွေအားလုံးကို နားလည်တတ်ကျွမ်းခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ သိရှိသမျှ၊ သွားရောက်ခဲ့သမျှကို နေ့စဉ် မှတ်တမ်းတင်ထားကြတဲ့ အလယ်ခေတ် မွတ်စလင် ပထ၀ီဝင်ပညာရှင်တွေ၊ မွတ်စလင်ခရီးသွားတွေရဲ့ မျက်မြင်တွေ့ရှိမှုကို ဒီပညာရှင်ကြီးတွေက အသုံးပြုခဲ့ကြပါတယ်။

    ၁၂ ရာစုရောက်တဲ့အခါမှာတော့ မွတ်စလင်ပညာရှင်ကြီး အလ်-အစ်ဒ်ရီစီဟာ ဥရောပ၊ အာရှနဲ့ မြောက်အာဖရိကက ဒေသတော်တော်များများ ပါဝင်တဲ့ မြေပုံတစ်ခုကို ပထမဆုံး ရေးဆွဲနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၅၀ ကျော်လောက်က အဲဒီမြေပုံဟာ မာကိုပိုလိုနဲ့ ကိုလံဘတ်စ်တို့ ကမ္ဘာအနှံ့ ခြေမဆန့်ခင် ရာစုနှစ်များစွာအရင်ကတည်းက ဖန်တီးနိုင်ခဲ့တာပါ။ သူ့အရင်က ပညာရှင်တွေရဲ့ အသိပညာတွေ၊ ထောင်ပေါင်းများစွာသော ခရီးသွားတွေကို မေးမြန်းမှုကနေ ရရှိတဲ့ အချက်အလက်တွေနဲ့ အလ်-အစ်ဒ်ရီစီဟာ သူ့ခေတ်အခါက အတိကျဆုံး ကမ္ဘာ့မြေပုံတစ်ခုကို ရေးဆွဲနိုင်ခဲ့ပါတယ်။ အာရဘီ စာတမ်းတွေအရ အလ်-အစ်ဒ်ရီစီဟာ သူ့မြေပုံမှာ အဲဒီကာလက ဓလေ့တစ်ခုဖြစ်တဲ့ ကမ္ဘာ့တောင်ဘက်ကို အပေါ်မှာ၊ မြောက်ဖက်ကို အောက်မှာထားပြီး ရေးဆွဲခဲ့ပါတယ်။

    ဒီမြေပုံရေးဆွဲဖို့အတွက် မွတ်စလင်ဘုရင်တွေကို ဖြုတ်ချခဲ့တဲ့ စစ္စလီကျွန်းက နော်မန်ဘုရင် ရော်ဂျာ ၂ (Roger II) ဟာ စပိန်မှာနေထိုင်တဲ့ အလ်-အစ်ဒ်ရီစီကို ဖိတ်ခေါ် တာဝန်ပေးခဲ့တာဖြစ်ပြီး မြေပုံပေါ်ထွက်လာဖို့အတွက် ၁၅ နှစ်တာ ကြာမြင့်ခဲ့ပါတယ်။ ၁၂ ရာစုက စစ္စလီကျွန်းဟာ ကမ္ဘာ့ ယဉ်ကျေးမှု၊ အတွေးအခေါ်တွေရဲ့ ဆုံမှတ်ဖြစ်ခဲ့ပြီး မော်ရိုကိုက သူ့ရဲ့အိမ်ကို မပြန်မီ အလ်-အစ်ဒ်ရီစီဟာ ဘုရင်ရော်ဂျာရဲ့ နန်းတော်မှာ အလေးစားခံရဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါတယ်။

    စပိန်နိုင်ငံ Ceuta မြို့ရှိ အလ်-အစ်ဒ်ရီစီ၏ ရုပ်တု

    စက်ဝိုင်းပုံစံ သူ့ရဲ့မြေပုံမှာ အလ်-အစ်ဒ်ရီစီဟာ အိန္ဒိယ၊ အာရေဗျ၊ အာရှ၊ မြေထဲပင်လယ်၊ ဥရောပနဲ့ မြောက် အာဖရိကဒေသတွေကို ထည့်သွင်းခဲ့ပြီး ဘုရင်ရော်ဂျာအတွက် ငွေစက်ဝိုင်းပြားမှာထွင်းထားတဲ့ မြေပုံကို ဖန်တီးပေးခဲ့ပါတယ်။ ကမ္ဘာကြီးဟာ အလုံးကြီးဖြစ်တယ်ဆိုတာ ရှေးဟောင်း ဂရိတွေရဲ့ ခေတ်ထဲကနေ လူတွေက ယုံကြည်ခဲ့ကြပေမယ့် ကမ္ဘာလုံးကြီးရဲ့ အတိုင်းအတာအသေးစိတ်ကို ပထမဆုံး ဖော်ထုတ်ခဲ့သူတွေကတော့ မွတ်စလင်ပညာရှင်တွေ ဖြစ်ပါတယ်။ အလ်-အစ်ဒ်ရီစီရဲ့ ရေးသားမှုတွေထဲမှာ အီကွေတာကနေ ကမ္ဘာကြီးရဲ့စက်ဝန်းမျဉ်းဟာ မိုင်ပေါင်း ၂၂၉၀၀ ရှိတယ်လို့ တွက်ချက်ခဲ့ပြီး လက်ရှိ သိရှိထားတဲ့ အတိုင်းအတာနဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ လျော့နည်းပါတယ်။ သူဟာ ကမ္ဘာ့ တောင်ဖက်ခြမ်း၊ မြောက်ဖက်ခြမ်း၊ ဥတုဇုန်တွေ၊ ပင်လယ်တွေ၊ ပင်လယ်ကွေ့တွေအကြောင်းလည်း ရေးသားခဲ့ပါတယ်။

    အစောပိုင်း မွတ်စလင်လူ့အဖွဲ့အစည်းမှာ ကမ္ဘာကြီးရဲ့အနေအထားကို တိုင်းတာတာ၊ ဖော်ထုတ်တာတွေဟာ သင်္ချာနည်းကျပထ၀ီဗေဒရဲ့ အဓိကရည်ရွယ်ချက်ဖြစ်ခဲ့ပြီး အမြင့်တွေ၊ အကွာအဝေးတွေကို တိုင်းတာဆုံးဖြတ်ဖို့အတွက် အဲဒီကာလက ခေတ်အမီဆုံး နက္ခတ္တဗေဒေ စမ်းသပ်ခန်းတွေကို အသုံးပြုခဲ့ပါတယ်။ ၉ ရာစုမှာ မွတ်စလင်ဘုရင် အလ်-မာမွန်ဟာ ကမ္ဘာကြီးရဲ့ စက်ဝန်းမျဉ်းကို တိုင်းတာဖို့အတွက် သူ့ရဲ့ နက္ခတ္တဗေဒပညာရှင်တွေကို တာဝန်ပေးခဲ့ပြီး သူတို့ရဲ့ တွေ့ရှိမှုဟာ ဒီနေ့ခေတ် ကျွန်တော်တို့သိရှိထားတဲ့ အတိုင်းအတာထက် ၁၂၅ မိုင်လောက်သာ ကွာခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • သဘာဝအဖြစ်အပျက်များကို စူးစမ်းခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၉)

    သဘာဝအဖြစ်အပျက်များကို စူးစမ်းခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၉)

    ဇူလိုင် ၁၄၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    ကောင်းကင်ပြာမှုကို ရှင်းပြသည့် ကားချပ်

    -ကောင်းကင်ကြီး ဘာ့ကြောင့် ပြာနေလဲ။ သက်တံ့ရောင်က ဘယ်မှာဆုံးသလဲ။ ပင်လယ်ကြီးက ဘာ့ကြောင့် သဲကိုဖုံးနေတာလဲ… စသဖြင့် ကလေးတွေရဲ့ မေးမြန်းမှုဟာ ကျွန်တော်တို့အတွက် အခက်အခဲ ဖြစ်စေပါတယ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ပတ်ဝန်းကျင်က ဒီလို သဘာဝအဖြစ်အပျက် တော်တော်များများကို နားလည်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် မွတ်စလင်ပညာရှင်ကြီးတွေဟာ ၉ ရာစုလောက်မှာကတည်းက သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး နားလည်ဖို့အတွက် စပ်စုချင်စိတ်ထက်ကိုကျော်ကာ နက်နက်နဲနဲ စဉ်းစားတွေးတောခဲ့ကြပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ ဖန်ဆင်းမှုဟာ သူတို့ရဲ့စိတ်ကို လှုံ့ဆော်ပေးခဲ့ပါတယ်။

    ကော်ဒိုဘာက ၁၀ ရာစု မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ ဟာဇမ် (Ibn Hazm) ခေတ် မတိုင်ခင်နဲ့ သူ့ခေတ်ကာလအတွင်းမှာ နက္ခတ္တဗေဒပညာရှင်တွေက ကြယ်တွေ၊ ဂြိုတွေမှာ ၀ိဉာဏ်တွေ၊ စိတ်မနောတွေရှိပြီး လူတွေအပေါ် လွှမ်းမိုးတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ အစ်ဗနေ့ဟာဇမ်ကတော့ ပိုပြီး ယုတ္တိရှိတဲ့အမြင်နဲ့ ကြည့်ခဲ့ပြီး အောက်ပါအတိုင်း မှတ်ချက်ပြုခဲ့ပါတယ်။

    “ဒီကြယ်တွေဆိုတာ ၀ိဉာဏ်တွေ၊ စိတ်မနောတွေမရှိတဲ့ အာကာသ ရုပ်ဝတ္ထုပစ္စည်းတွေ ဖြစ်တယ်။ သူတို့ဟာ အနာဂတ်ကို ကြိုမသိသလို လူသားတွေအပေါ်မှာလည်း သက်ရောက်မှုမရှိဘူး။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ၀ိသေသလက္ခဏာတွေကသာ လူတွေအပေါ် ရိုက်ခတ်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် နေရဲ့အပူရှိန်နဲ့ ရောင်ခြည်တွေဟာ ဂြိုဟ်တွေအပေါ် ရိုက်ခတ်သလိုမျိုး၊ လကြောင့် ဒီရေအတက်အကျ ဖြစ်သလိုမျိုးပါ”

    ၁၁ ရာစုက မွတ်စလင်ပညာရှင် အလ်-ဘီရူနီ (Al-Biruni) ကလည်း လရဲ့ လှုပ်ရှားမှုသံသရာကို အခြေခံပြီး ဒီရေ အတက်အကျ ဖြစ်ပေါ်မှုကို ရှင်းပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ဆွမ်နသ် (Somnath) ဆိုတဲ့ မြို့မှာ အလ်-ဘီရူနီဟာ ဒီရေအကြောင်း တော်တော် ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီး၊ လရဲ့ လှုပ်ရှားမှုနဲ့ ဆက်စပ်ပေးခဲ့ပါတယ်။

    အလ်-ကင်ဒီ (Al-Kindi)

     

    အာကာသအရာဝတ္ထုတွေကို လေ့လာဆန်းစစ်ကြတဲ့ မွတ်စလင်ပညာရှင်တွေထဲမှာ အလ်-ကင်ဒီ (Al-Kindi) လို တစ်ချို့ပညာရှင်တွေက ကောင်းကင်ကြီး ပြာနေတဲ့အကြောင်းအရင်းကို ချပြခဲ့ကြပါတယ်။ Treatise on the azure color which is seen in the air in the direction of havens and is thought to be the color of the heaven (အာကာသလမ်းကြောင်းမှာ မြင်နေရပြီး အာကာသအရောင်လို့ ထင်နေသည့် ကောင်းကင်ကြီး၏ အရောင်ဆိုင်ရာကျမ်း) လို့ အမည်ရှည်ရှည် ကျမ်းတိုတစ်ခုနဲ့ အလ်-ကင်ဒီက ဒီအကြောင်းကို ရှင်းပြခဲ့ပါတယ်။ ပိုပြီး ရှင်းရှင်းလင်းလင်းပြောရရင် ကောင်းကင်ကြီးက ဘာ့ကြောင့် ပြာနေလဲဆိုတာ လူတွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ အလ်-ကင်ဒီက ကောင်ကင်ကြီး ပြာနေတာဟာ ‘လေထဲက အမှုန်လေးတွေနဲ့ ရေခိုးရေငွေ့ပေါင်းထားတဲ့ ကောင်းကင်ရဲ့ အမှောင်တိုက်ကို နေရဲ့အလင်းရောင် ထိတွေ့မှုကြောင့်ဖြစ်တယ်’ လို့ ဆိုပါတယ်။

    “ကမ္ဘာကြီးရဲ့အလင်းနဲ့ ကြယ်တွေရဲ့အလင်း ရောပြီးတော့ အပြာရောင်ဆိုတဲ့ အမှောင်နဲ့ အလင်းကြားက အရောင်မျိုးနဲ့ ကျွန်တော်တို့ခေါင်းပေါ်က အမှောင်တိုက်ကို မြင်နိုင်တယ်။ ဒါဟာ ကောင်းကင်ရဲ့ အရောင်မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ် အလင်းနဲ့အမှောင်တို့ဟာ ဒီလေထုကို လာရိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ အမြင်အာရုံမှာ မှောက်မှားသွားတာ ဖြစ်ပါတယ်။ နေထွက်တဲ့အချိန်မှာလို အရောင်မရှိတဲ့ အရာတစ်ခုအနောက်ကနေ တောက်ပတဲ့ အခြားအရာတွေကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ ပုံမှန်အရောင်တွေကို မြင်ရမှာဖြစ်ပြီး မှန်တစ်ခုရဲ့ အနောက်ကနေ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ မှန်ရဲ့အရောင်နဲ့ အရာဝတ္ထုရဲ့အရောင် ကြားက ကာလာတစ်ခုကို မြင်ရမှာဖြစ်ပါတယ်။ ”

    သူ့ခေတ်သူ့အခါက ထိပ်တန်းပညာရှင်အသိုင်းအ၀ိုင်းမှာ ဒီအချက်ဟာ ဗဟုသုတနေအဖြစ်နဲ့တောင် ရှုပ်ထွေးပြီး နားမလည်နိုင်စရာလို့ ထင်ရပေမယ့် အလ်-ကင်ဒီရဲ့ ဒီယူဆချက်ဟာ မှန်ကန်ခဲ့ပြီး ကောင်းကင်ဟာ အမှန်တကယ်တော့ ပြာနေတာမဟုတ်ပါဘူး။ ၉ ရာစု ဘဂ္ဂဒတ်မှာ သိပ္ပံ၊ သင်္ချာ၊ ဂီတနဲ ဆေးပညာမှာ ထူးချွန်တဲ့ က၀ိအကျော်အမော်ဖြစ်တာကြောင့် အလ်-ကင်ဒီရဲ့ ဒီအမြင်တွေဟာ လွှမ်းမိုးမှု ရှိခဲ့ပါတယ်။

    မွတ်စလင်ပညာရှင်ကြီတစ်ဦးဖြစ်တဲ့  အစ်ဗနေ့ အလ်-ဟေသမ် (Ibn al-Haytham) ဟာ သူ့ခေတ်သူ့အခါက သမရိုးကျအမြင်တွေကို ဖောက်ထွက်သူတစ်ဦးပါ။ နိုင်းမြစ်ရေကြီးတာကို ထိန်းချုပ်ဖို့အတွက် အီဂျစ်ပြည့်ရှင်ရဲ့ ခိုင်းစေမှုကို မလုပ်နိုင်တာကြောင့် အလ်-ဟေသမ်ဟာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပါတယ်။ ရှေးဟောင်းအီဂျစ်တွေက ဒါကို မလုပ်နိုင်ခဲ့တာကြောင့် သူလည်း လုပ်နိုင်မှာ မဟုတ်ဘူးလို့ အလ်-ဟေသမ်က သိခဲ့ပါတယ်။ သူ့အပေါ် ကျရောက်လာမယ့် အန္တရာယ်ကို ရှောင်ရှားဖို့နဲ့ စူးစမ်းလေ့လာမှုတွေ ဆက်လက်ပြုလုပ်နိုင်ဖို့ အလ်-ဟေသမ်တစ်ယောက် ရူးချင်ယောင် ဆောင်ခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ်ချထားတာဟာ သူ့အတွက် သင့်လျော်ခဲ့ပြီး အဲဒီအချိန်အတွင်း ပြင်တင်းပေါက်ကနေ ၀င်လာနဲ့ နေရောင်ခြည်အကြောင်းကို အာရုံစိုက် လေ့လာခဲ့ပါတယ်။

    သူ့ရဲ့ ဒီ စူးစမ်းလေ့လာမှုတွေကြောင့် သက်တန့်ဖြစ်ပေါ်လာမှု၊ ရောင်ခြည်ဖျာမှုတွေ၊ နေနဲ့ လတွေဟာ မိုးကုပ်စက်ဝိုင်းနဲ့ နီးလာတဲ့အချိန် အရွယ်အစားကြီးလာတာကို မြင်ရမှု စတာတွေကို ရှင်းပြနိုင်ခဲ့ပါတယ်။ ဒီလို အရွယ်အစားကြီးလာမှုဟာ လေထုကြောင့်ဖြစ်ပြီး ဦးနှောက်က ဖြစ်ပေါ်တဲ့ အမြင်လှည့်ဖျားမှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ နေဟာ မိုးကုပ်စက်ဝိုင်းရဲ့အောက် ၁၉ ဒီဂရီမှာ ရှိနေချိန် နေအလင်းရောင်ဟာ လေထုကိုဖြတ်တဲ့အခါ အလင်းယိုင်ပြီး မိမိတို့ဆီကို ရောက်လာတာဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပြီး ဒါကို အခြေခံကာ လေထုရဲ့အမြင့်ဟာ ၁၀ မိုင်လောက်ရှိတယ်လို့လည်း တွက်ချက်ခဲ့ပါတယ်။

    စပိန်နိုင်ငံ အန်ဒါလူစီယာရှိ အစ်ဗနေ့ဟေသမ်၏ ဂုဏ်ပြုရုပ်ထု

    လုံးနေတဲ့ မှန်သားအတွင်းပိုင်းက အလင်းရဲ့လမ်းကြောင်းအကြောင်း အစ်ဗနေ့ အလ်-ဟေသမ်ရဲ့ ဖော်ထုတ်မှုကို သက္ကရာဇ် ၁၃၁၉ လောက်မှာ ကွယ်လွန်ခဲ့တဲ့ မွတ်စလင်ပညာရှင်ကြီး ကမာလ် အလ်-ဒင် အလ်-ဖာရစ်စီ (Kamal al-Din al-Farisi) က ပိုမိုပြည့်စုံအောင် လုပ်နိုင်ခဲ့ပါတယ်။ ရေစက်ရေပေါက်လေးတွေကို နေအလင်းရောင်ဖြတ်သွားတဲ့အခါ အလင်းယိုင်မှုနဲ့ပတ်သက်ပြီး အလ်-ဖာရီစီက ဖော်ထုတ်ရာကနေ  ၃မြှောင့်ဖန်တုံးကို အလင်းက ဖြတ်သွားတဲ့အခါ ရောင်စဉ်တွေ ကွဲထွက်လာမှုကို တွေ့ရှိခဲ့ပြီး သက်တံ့ရောင်ဖြစ်ပေါ်လာမှုကို ရှင်းပြနိုင်ခဲ့ပါတယ်။

    ဒါ့ကြောင့် နောက်တစ်ခါမှာ ကလေးငယ်တွေက ‘ဘာ့ကြောင့်’ ဆိုတဲ့အမေးမျိုး မေးလာရင်တော့ အလယ်ခေတ် ဒီ မွတ်စလင်ပညာရှင်ကြီးတွေရဲ့ လေ့လာဖော်ထုတ်မှုအကြောင်းကို ပြောပြပြီး တစ်ဦးချင်း စူးစမ်းလေ့လာမှုကို ကောင်းကောင်းကြီး မီးမောင်းထိုးပြနိုင်မှာ ဖြစ်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • ဘူမိသိပ္ပံ –  ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၈)

    ဘူမိသိပ္ပံ –  ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၈)

    ဇူလိုင် ၇၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    – ရှေးခေတ် မွတ်စလင်လူ့အဖွဲ့အစည်းဟာ စကြာဝဠာ၊ လူသားထုနဲ့ သက်ရှိတွေအပေါ် သဘာဝကျကျ စူးစမ်းလေ့လာမှုမှာ တော်တော်လေး ပြောင်မြောက်ခဲ့ကြပါတယ်။ သတ္တုတွေ၊ ကျောက်သားတွေ၊ တောင်တန်းတွေ၊ ရေပြင်တွေ၊ ငလျင်လှုပ်ခတ်မှုတွေနဲ့ ပတ်သက်လို့ မွတ်စလင် သိပ္ပံပညာရှင်တွေဟာ တွေးခေါ်စဉ်းစား အဖြေထုတ်ခဲ့ကြပါတယ်။

    ရှေးဟောင်း အီဂျစ်တွေ၊ မက်ဆိုပိုတေးမီးယားတွေ၊ အိန္ဒိယသားတွေ၊ ဂရိတွေ၊ ရောမတွေဟာ သတ္တုပစ္စည်း၊ ကျောက်သံပတ္တမြား တစ်ချို့အကြောင်းကို သိရှိကြပါတယ်။ ဒီလူမျိုးတွေရဲ့ ဒေသတွေဟာ နောက်ပိုင်းမှာ အစ္စလာမ့်ခလီဖာရဲ့ အုပ်ချုပ်မှုအောက်ရောက်ခဲ့ပြီး ပထမ နှစ် ၃၀၀ အတွင်း သူတို့ရဲ့ လေ့လာတွေ့ရှိမှုတွေကို အာရဘီဘာသာ ပြန်ဆိုခဲ့ကြပါတယ်။ အဲဒီနောက် မွတ်စလင် သိပ္ပံပညာရှင်တွေ၊ စူးစမ်းလေ့လာသူတွေဟာ သုတေသနပြု ဖော်ထုတ်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

    အစ္စလာမ်ကမ္ဘာ ကျယ်ပြန့်လာတာကြောင့် မွတ်စလင်တွေရဲ့ ဘူမိဗေဒ လေ့လာဆန်းစစ်မှုတွေဟာ ဂရိတွေလို မြေထဲပင်လယ်ဒေသမှာတင် မဟုတ်တော့ဘဲ၊ ဥရောပ၊ အာရှနဲ့ အာဖရိကဒေသတွေအထိ ဖြန့်ကျက်နိုင်ခဲ့ပါတယ်။ ၁၁ ရာစု မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ဆီနာ (Ibn Sina)  ရေးသားတဲ့ The Book of Cure (ကုသမှုဆိုင်ရာကျမ်း) မှာ မလေးကျွန်းဆွယ်လောက်အထိ ဝေးလွန်းတဲ့ နေရာက တွင်းထွက်သတ္တု၊ ကျောက်သံပတ္တမြား၊ အပင်တွေနဲ့ သက်ရှိတိရစ္ဆာန်တွေအကြောင်း အသိပညာတွေကိုပါ ထည့်သွင်းဖော်ပြထားတာကို တွေ့ရပါတယ်။

    ၁၀ ရာစု မွတ်စလင်ပညာရှင်များဖြစ်သော အစ်ခ်ဝမ် အလ်-ဆာဖာ (ဖြူစင်သော ညီအစ်ကိုများ) အဖွဲ့ကို အာရဘီကျမ်းတစ်ခုတွင် ဖော်ကျူးထားပုံ

     

    အနောက်တိုင်းမှာ အဗီဆီနာ (Avicenna) လို့သိတဲ့ အစ်ဗနေ့ဆီနာဟာ မွတ်စလင်လူ့အဖွဲ့အစည်း အထွတ်အထိပ် ရောက်နေတဲ့ကာလရဲ့ ထွက်ကုန်စစ်စစ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ သူ့ကို ဘူမိဗေဒထက်စာရင် ဆေးပညာနဲ့ ဒဿနနယ်ပယ်လောက်မှာသာ လူတွေက ပိုသိကြပါတယ်။ သူ့ရဲ့ The Book of Cure စာအုပ်မှာ တွင်းထွက်ဗေဒ၊ မိုးလေ၀သဗေနဲ့ ပတ်သက်တဲ့ အရေးပါတဲ့ အခန်းတွေ ပါဝင်ပါတယ်။ အဲဒီအခန်းမှာ အစ်ဗနေ့ဆီနာဟာ သူ့ခေတ်သူ့အခါက ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြခဲ့ပါတယ်။ ဒီစာအုပ် လက်တင်ဘာသာပြန်ဟာ ဉာဏ်သစ်လောင်းဥရောပမှာ ကျော်ကြားခဲ့ပြီး ၁၅ ရာစုက လီယိုနာဒိုဒါဗင်ချီ (Leonardo da Vinci)၊ ၁၇ ရာစုက နီကိုလက်စ် ဆတီနို (Nicolas Steno)၊ ၁၈ ရာစုက ဂျိမ်းစ် ဟတ်တန် (James Hutton) တို့လို ဥရောပ ဘူမိဗေဒတွေးအခေါ်ကို အုတ်မြစ်ချပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေကို တွန်းအားဖြစ်စေခဲ့တဲ့ ရင်းမြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။

    အသိပညာနယ်ပယ်ကို ချဲ့ထွင်ပေးခဲ့တဲ့ မွတ်စလင်ပညာရှင်ဟာ အစ်ဗနေ့ဆီနာတစ်ယောက်တည်း မဟုတ်ပါဘူး။ ဘူဗိဗေဒနယ်ပယ်က ကျော်ကြားတဲ့ မွတ်စလင်ပညာရှင်တွေထဲမှာ အလ်-ဘီရူနီ (Al-Biruni) လည်းပါဝင်ပြီး အစ်ဗနေ့ဆီနာနဲ့ ခေတ်ပြိုင်ဖြစ်ပါတယ်။

    သက္ကရာဇ် ၉၇၃ ခုနှစ် ခွါရီဇမ်မှာ မွေးဖွားခဲ့တဲ့ အလ်-ဘီရူနီကို နယ်ပယ်တစ်ခုတည်းမှာ ကန့်သတ်လို့မရဘဲ သူဟာ သင်္ချာ၊ နက္ခတ္တဗေဒ၊ ဆေးပညာ၊ ဒဿနိက၊ သမိုင်း၊ ဆေးဝါး၊ တွင်းထွက်သတ္တုဗေဒနဲ့ ဘူမိဗေဒ စတဲ့ နယ်ပယ်တွေမှာပါ စာအုပ်စာပေတွေ မြောက်များစွာ ရေးသားခဲ့သူဖြစ်ပါတယ်။

    ၉ ရာစု မွတ်စလင် ဘူမိဗေဒ ပညာရှင်ကြီး အစ်ဗနေ့ မာဆာဝေ

    သိပ္ပံ၊ ၀ိဇ္ဇာနယ်ပယ်မှာ သူ့ရဲ့ အကြီးအကျယ်ဆုံး အောင်မြင်မှုရတဲ့အချိန်က အိန္ဒိယကို ရောက်သွားတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီမှာ အလ်-ဘီရူနီဟာ လူမျိုးနွယ်၊ ဘာသာတရား၊ ဘာသာစကားနဲ့ ဒေသတွေအကြောင်းကို လေ့လာခဲ့ပြီး Chronicles of India (အိန္ဒိယရာဇ၀င်ကျမ်း) လို့ခေါ်တဲ့ ကျမ်းကြီးတစ်စောင်ကို ရေးသားခဲ့ပါတယ်။ ဟင်ဒီဘာသာစကားကို ပြောဆိုတတ်သလို အလ်-ဘီရူနီဟာ ဂရိ၊ သက္ကတနဲ့ ဆီရီအက် ဘာသာစကားတွေကိုလည်း တတ်ကျွမ်းပါတယ်။ စာအုပ်စာပေတွေ ရေးသားတဲ့အခါမှာတော့ ပါရှန်နဲ့ အာရဘီကို သူက အသုံးပြုပါတယ်။ အိန္ဒိယမှာ ရှိနေတဲ့အချိန် သူဟာ သဘာဝသမိုင်းနဲ့ ဘူမိဗေဒတွေကို အာရုံစိုက် လေ့လာခဲ့ပါတယ်။ အလ်-ဘီရူနီဟာ ဂင်္ဂါမြစ်ဝှမ်းရဲ့ နုန်းပို့ချမှုသဘာဝကို မှန်ကန်စွာ ဖော်ပြနိုင်ခဲ့ပါတယ်။ တွင်းထွက်သတ္တုဗေဒနဲ့ပတ်သက်ပြီး သူ့ရဲ့ ကြီးကျယ်တဲ့ ကျမ်းကြီးက Treatises on How to Recognize Gems (ကျောက်မြတ်များ မှတ်ကျောက်တင်မှုဆိုင်ရာကျမ်း) ဖြစ်ပြီး၊ ဒီကျမ်းကြောင့်ပဲ တွင်းထွက်သတ္တုဗေဒမှာ အလ်-ဘီရူနီဟာ ထိပ်တန်းပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

    ဒီနေ့ ဘူမိဗေဒလို့သိကြတဲ့ နယ်ပယ်မှာ အားထုတ်ကြိုးပမ်းခဲ့တဲ့ အခြား မွတ်စလင် သိပ္ပံပညာရှင်ကြီးတွေလည်း ရှိနေပါသေးတယ်။

    (၈၅၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့) ယဟ်ယာ အစ်ဗနေ့ မာဆာဝေဟ် (Ibn Masawayh) ဟာ Gems and Their Properties (ကျောက်မြတ်နှင့် ၎င်း၏တို့၏ ဂုဏ်သတ္တိများကျမ်း) ကို ရေးသားခဲ့ပြီး၊ (၈၇၃ ခုနှစ်မှာ ကွယ်လွန်တဲ့) အလ်-ကင်ဒီ (Al-Kindi) ကလည်း တွင်းထွက်ဗေဒနဲ့ပတ်သက်လို့ စာအုပ် ၃ အုပ်ရေးသားခဲ့ကာ Gems and the Likes (ကျောက်မြတ်နှင့် ထိုကဲ့သို့သောအရများကျမ်း) က အကျော်ကြားဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ဒီစာအုပ်ဟာ ပျောက်ဆုံးနေပါတယ်။

    ၁၀ ရာစု မွတ်စလင်သိပ္ပံပညာရှင်ကြီး အလ်-ဟမ်ဒါနီ (Al-Hamdani) က ရွှေ၊ ငွေနဲ့ အခြားသော တွင်းထွက်သတ္တုတွေ၊ ကျောက်သံပတ္တမြား တည်ရှိရာဒေသနဲ့ ရှာဖွေတူးဖော်မှု၊ သူတို့ရဲ့ ဂုဏ်သတ္တိတွေအကြောင်း အာရေဗျဒေသမှာ စာအုပ် ၃ အုပ် ရေးသားခဲ့ပါတယ်။ အစ်ခ်ဝမ် အလ်-ဆာဖာ (ဖြူစင်သော ညီအစ်ကိုများအဖွဲ့) လို့ အမည်ရတဲ့ ၁၀ ရာစု ပညာရှင်အုပ်စုတစ်ခုက တွင်းထွက်သတ္တုဗေဒအကြောင်း အထူးသဖြင့် သတ္တုတွေကို အမျိုးအစားခွဲမှုအကြောင်း ပါဝင်တဲ့ စွမ်စုံကျမ်းတစ်စောင်ကို ရေးသားခဲ့ပါတယ်။

    မွတ်စလင်ပညာရှင်တွေဟာ တွင်းထွက်ဗေဒ၊ ကျောက်သံပတ္တမြားတွေအကြောင်း စာအုပ်စာတမ်းတွေ တော်တော်များများ ရေးသားခဲ့ပေမယ့် အများစုကတော့ ပျောက်ဆုံးနေကာ အခုအချိန်မှာ နည်းနည်းလောက်သာ ကျန်ရှိပါတော့တယ်။

    ပတ္တမြားဖြစ်ကြောင်း စမ်းသပ်ခြင်း

    “အိန္ဒိယကထွက်တဲ့ ကျောက်ရိုင်းတုံးတစ်ချို့ကို ကျွန်တော်ဝယ်ခဲ့ပါတယ်။ အဲဒီထဲကတစ်ချို့ကို အပူပေးတဲ့အခါ အဲဒီကျောက်တုံးတွေက အနီရောင်ပိုသန်းလာပါတယ်။ အနက်ဖက် တော်တော်သန်းတဲ့ ကျောက်တုံးနှစ်တုံးကို တွေ့ရပြီး တစ်တုံးက နီညိုရောင်ဖြစ်ကာ၊ နောက်တစ်ခုက အနီဖျော့ရောင်ဖြစ်ပါတယ်။ ဒီကျောက်တုံးနှစ်ခုစလုံးကို ဖားဖိုပေါ်တင်ပြီး ရွှေ ၅၀ မစ်ကဲလ် (mithqal – အာရပ်များ ရွှေကိုတိုင်းသာသည့် ယူနစ်ဖြစ်ပြီး 1 mithqal လျင် ၄.၂၅ ဂရမ် အလေးချိန်ရှိသည်) ကို ပျော်လောက်တဲ့ မီးအရှိန်နဲ့ တိုက်ရိုက်အပူပေးပါတယ်။ အအေးခံပြီး ပြန်ကြည့်တဲ့အခါ အနီဖျော့ရောင်က ကြည်လင်ပြီး နှင်းဆီနီရောင် သန်းလာတာကို သတိပြုမိခဲ့ပါတယ်။ အခြားတစ်တုံးဖြစ်တဲ့ နီညိုရောင်ကတော့ အရောင်ပျောက်သွားပြီး ဆာရာဒစ်ဘ် (သီရိလင်္ကာ) က နှမ်းဖက်ကျောက်လို ဖြစ်သွားပါတယ်။ ဒုတိယကျောက်တုံးကို နောက်ပိုင်း ဆန်းစစ်ကြည့်တဲ့အခါ ယာကွတ် (yaqut – ပတ္တမြား) ထက် ပျော့ပြောင်းတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် အပူပေးလို့ အနီရောက်ပျောက်သွားရင် ဒါဟာ ပတ္တမြားမဟုတ်ဘူးဆိုတာကို ကျွန်တော် ကောက်ချက်ချခဲ့ပါတယ်။ ဒါပေမယ့် ဒီကောက်ချက်က ပြောင်းပြန်တော့ အဓိပ္ပါယ်မသက်ရောက်ပါဘူး – ဆိုလိုတာက အပူပေးလို့ အနီရောင်မှာ ဆက်ရှိနေမယ်ဆိုရင် ဒါဟာ ပတ္တမြားပဲလို့ ကောက်ချက်ချလို့ မရနိုင်တာပါ။ ဘာ့ကြောင့်လည်းဆိုတော့ သံကလည်း အပူပေးပြီးသွားရင် အနီရောင်ဖြစ်နေတတ်လို့ပါ” (၁၁ ရာစု မွတ်စလင်ပညာရှင် အလ်-ဘီရူနီရေးသားသည့် Treatises on How to Recognize Gems ကျမ်းမှ ပတ္တမြားဖြစ်ကြောင်း စမ်းသပ်မှု)

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်