News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • လောင်းကစား အကျင့်ဆိုးတစ်ခု

    လောင်းကစား အကျင့်ဆိုးတစ်ခု

    ဒီဇင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    နှင်းဆီခင် ရေးသည်။
    2011-08-29 22;21;58
    ငွေမျောလို့လိုက်ရာမှာ ငွေကလေးနောက်ကငွေကြီးပါ ဆုံးရှုံးတတ်ကြရတာအများစုပါ။ တစ်နည်းပြောရရင် စိတ်ရောလူပါ နစ်မျောပြီး ဇောကပ်ရတာဟာ လောင်းကစားဆိုတဲ့ အကျင့်ဆိုးတစ်ခုကြောင့်ပါပဲ။လူငယ်သဘာဝ တက်ကြွတယ်၊ သွက်လက်ဖျက်လတ်တယ်၊ စူးစမ်းလေ့လာချင်ကြတယ်၊ တိုးတက်တဲ့ ကမ္ဘာကြီးနှင့်အမှီနည်းပညာတွေကို ကျွမ်းကျွမ်းကျင်ကျင်အသုံးချနိုင်စွမ်းရှိကြတာဟာ လူငယ်တွေရဲ့ချီးကျူးလောက်စရာ အရည်အသွေးကောင်းတွေပါ။ ခေတ်မီတိုးတက်လာတာနှင့်အမျှ အဆိုးဘက်ကိုယိမ်းယိုင်သွားရင်း ဘဝပျက်သွားကြရသူတွေဟာ မနည်းမနောပေါ့။ ထက်မြတ်တက်ကြွတဲ့အရာတွေမှာ မူးယစ်ဆေးဝါး၊ အရက်နှင့်ဆေးလိပ်တို့အပြင် လောင်းကစားကလည်း ထိပ်တန်းမှာနေရာယူထားပြန်တယ်။

    ballအထူးသဖြင့်တော့ လူငယ်ယောင်္ကျားလေးတွေဟာ ဘောလုံးပွဲတွေ (ပြည်တွင်း ပြည်ပ) ကို သာသာငမ်းငမ်းကြည့်ရှုရုံတင်မက အလောင်းကစားကိုလည်း သဲကြီးမဲကြီး လုပ်လေ့ရှိကြတယ်။ ကျန်းမာကြံ့ခိုင်မှုကို အလေးထားပြီး ကိုယ်တိုင်လည်း အားကစားလုပ်သလို၊ အားကစားပွဲတွေကို နှစ်နှစ်ခြိုက်ခြိုက် အားပေးတာ လက်ခံနိုင်စရာရှိပေမယ့် မိုးလင်းက မိုးချုပ်ဆိုသလို လောင်းကစား နယ်ပယ်မှာ ကျင်လည်နစ်မွန်းသွားတာ မျိုးကတော့ ဝမ်းနည်းစရာကောင်းလှပါတယ်။ လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးတွေကို သုညအောက် အထိ အနုတ် လက္ခဏာအောက် ကျဆင်းစေတတ်တဲ့ လောင်းကစားမျိုး ကိုတော့ ရှောင်ရှားကြရမှာပါ။ လောင်းကစား ဆိုရာမှာ နည်းနည်းများများ လူ့စိတ်ဓာတ်ကို ယိုယွင်းပျက်စီးစေနိုင်တာကိုး။ အညွှန့်တလူလူနှင့် တိုးတက်မဲ့အနာဂတ် ကာလအတွက်  အဟန့်အတားဖြစ်တဲ့ အပြင်ဝယ်မရတဲ့ အဖိုးတန်အချိန်တွေ အတွက်နှမြောစရာ။

    ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲ ကာလတုန်းကပေါ့။ မိဘတော်တော်များများဟာ သူတို့ရဲ့သားသမီးတွေ ဘောလုံးပွဲလောင်းရင်း သုံးဖြုန်းပစ်ခဲ့တာတွေအတွက် စိတ်ပင်ပန်းဆင်းရဲဖြစ်ခဲ့ကြရတယ်။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာ သုတေသန စစ်တမ်းကောက်ပြီး လေ့လာကြည့်တဲ့ အခါ ကျောင်းသူကျောင်းသား တော်တော်များများဟာ ပွဲတော်ရက်တွေမှာနှင့် မိသားစုတွေစုံကြတဲ့အခါတွေမှာ လောင်းကစားကို အပျော်သဘောပြုလုပ်လေ့ ရှိကြတယ်။ ငွေကို လွယ်လွယ်ရတာဟာလည်း လောင်းကစားကိုစွဲလမ်းစေတဲ့ အကြောင်းရင်းတစ်ခုပဲပေါ့။ မလေးရှားနိုင်ငံမှာ ၂၀၁၃ ခုနှစ်တုန်းက နိုင်ငံတစ်ဝန်း ကွင်းဆင်းလေ့လာခဲ့ရာမှာ အလယ်တန်းကျောင်းသား ၈၀% ဟာ လောင်းကစားမှာ ပါဝင်ပတ်သက်နေတာကို တွေ့္ဂရှိခဲ့ရတယ်။ တချို့ကသူတို့ရဲ့ သက်တူရွယ်တူတွေဆီက အတုအမြင် အတတ်သင်ခဲ့သလို တချို့ကျပြန်တော့ သူတို့မိဘ အသိုင်းအဝိုင်းကနေ အကျင့်ရခဲ့ကြတယ်။

    2အားကစား ဝါသနာအိုးတွေက ဘောလုံးပွဲတွေကို အားပါးတရစိတ်လှုပ်ရှားစွာ အားပေးခဲ့ကြတဲ့အချိန်မှာ လောင်းကစားလုပ်သူတွေကလည်း သဲကြီးမဲကြီးဖြစ်ကြ ရတာပေါ့။ လောင်းကစား ဝါသနာကြီးသူတွေဟာ ဘောလုံးပွဲတွေကိုသာမက၊ ချဲထီကိုပါ အရူးအမူးစွဲလမ်းကြတယ်။ မူးယစ်ဆေးစွဲသလို ဖြတ်ရခက်တဲ့ အကျင့်ဆိုး တစ်ခုဖြစ်လာရော။ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ ပါဝင်နေတာမျိုး။

    နည်းပညာတိုးတက်မှုတွေကို တလွဲအသုံးချကြတာမို့ အင်တာနက်နှင့် ကွန်ပျူတာတွေဟာ လောင်းကစားလုပ်ဖို့ အသုံးချခံပစ္စည်းတွေဖြစ်သွားပြီပေါ့။ ဒါတင်မက Tablet နှင့်တယ်လီဖုန်းတွေက တစ်ဆင့်ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနေကြတယ်လေ။ ဒီတော့အချိန်မရွေး နေရာမရွေး လောင်းကစားလုပ်ဖို့ အခွင့်သာတာလည်း မဆန်းဘူးပေါ့။ တချို့မိဘတွေဟာ စီးပွားရေးအတွက် လုံးပန်းနေကြတာမို့ သားသမီးတွေကို အချိန်ဖဲ့မပေးနိုင်လောက်တဲ့အထိဖြစ်နေတယ်။ ဒီတော့လည်း လူငယ်တော်တော် များများဟာ အကျင့်ဆိုးတွေမှာ မျောပါမှန်းမသိ မျောပါနေကြတာပါပဲ။ တချို့လူငယ်တွေကျပြန်တော့ မိဘတွေရဲ့ ဆိုဆုံးမတာကို နားမဝင်လက်မခံဘဲ ထင်ရာစိုင်းနေကြတယ်။ အပေါင်းအသင်းတွေရဲ့ အကျင့်စရိုက်တွေ လွှမ်းမိုးနေတာမို့ တစ်စစပျက်စီးလာကြရော။ လောင်းကစားမှာ စိတ်အားထက်သန်လာတာနှင့် အမျှ မကောင်းမှုဒုစရိုက်တွေ (ခိုးတာ၊ လုယက်တာ) ကျူးလွန်လာဖို့ သိပ်ကိုနီးစပ်လာတယ်။ ဘဝပျက်တဲ့အထိဖြစ်သွားနိုင်တာမို့ လူငယ်တွေကို အမှောင်ထဲကနေ အလင်းကိုဆွဲခေါ်ယူဖို့ မိဘရော ဆရာသမားတွေမှာပါ တာဝန်ရှိပါတယ်။

    လောင်းကစားသမားတွေရဲ့ ဆိုးကျိုးတွေကို သူတို့လေးတွေနားဝင်အောင် ရှင်းပြဖို့လိုတယ်။ အော်ဟစ်ငေါက်ငမ်းတာထက် အလိမ္မာသုံးပြီး ဖျောင်းဖျတာက သိပ်ကိုထိရောက်တယ်ဆိုတာ မမေ့သင့်ပါဘူး။ လူငယ်တွေရဲ့ စူးစမ်းလိုစိတ်၊ စွန့်စားလိုစိတ်နှင့် လူမှုရေးစိတ်ဓာတ်တွေကို လူသားအကျိုးပြုလုပ်ငန်းတွေဖက်ကို ဦးတည်ပေးနိုင်မယ်ဆိုရင် မိသားစုအတွက်သာမက နိုင်ငံအတွက်ပါ အားထားရမဲ့ သူတွေပေါ်ထွက်လာမှာသေချာတယ်။

    လောင်းကစားကို အစွဲကြီးစွဲသွားရာက ရာဇဝတ်မှုတွေ ကျူးလွန်တဲ့အထိဖြစ်ကြတာ ဒုနှင့်ဒေးပါ။ ထက်မြတ်တဲ့လူငယ်လေးတွေဖြစ်လာဖို့က အကျင့်ကောင်းတွေမှာ မွေ့လျော်ဖို့အတွက် မိဘတွေအနေနှင့် နွေးထွေးမှု ကြင်နာယုယမှုပေးနိုင်အောင် ကြိုးစားကြရမှာပါ။ ရင်ကဖြစ်တဲ့သားသမီးပဲ မချစ်ဘယ်သူရှိပါ့မလဲလို့ ပြောတတ်ကြတယ်။ တကယ်တော့ ချစ်တာနှင့်နည်းပေးလမ်းပြ လုပ်ပေးနိုင်တာက တစ်လမ်းစီပဲလေ။ သားသမီးတေရဲ့ အတုယူစရာ စံပြမိဘတွေဖြစ်သင့်သလို၊ မိဘတွေအားထားရမဲ့ သားကောင်း သမီးကောင်းတွေဖြစ်လာဖို့လည်း သိပ်ကိုအရေးကြီးပါတယ်လို့။

    နှင်းဆီခင်

  • တိုက်စစ်မှူး ဒမ်ဘာဘား Bestikas မွတ်စလင်မ် ပရိတ်သတ် အတွက် ဝတ်တက် နှိုးဆော်သူပြုလုပ်မည်

    တိုက်စစ်မှူး ဒမ်ဘာဘား Bestikas မွတ်စလင်မ် ပရိတ်သတ် အတွက် ဝတ်တက် နှိုးဆော်သူပြုလုပ်မည်

    ဒီဇင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    demba-ba
    – တူရကီ ကလပ် Bestikas အသင်း၏ ဆီနီဂေါတိုက်စစ်မှူး ဒမ်ဘာဘားမှာ အရုဏ်တက် ၀တ်ပြုမှု (မွတ်စလင်များ တနေ့ ၅ ကြိမ် ဝတ်ပြုမှု၌ မနက်နေမထွက်ခင် ဝတ်ပြုမှု) အတွက် နိဗ္ဗာန်ဆော် လုပ်ပေးရန် ပရိတ်သတ်တစ်ဦး၏ တောင်းဆိုမှုအား လက်ခံခဲ့သည်ဟု သိရသည်။

    ပရီးမီးယားလိဂ် ကလပ်အသင်းများဖြစ်ကြသည့် ၀က်စ်ဟမ်း၊ နယူးကာဆယ်၊ ချယ်ဆီးအသင်းတို့တွင် ကစားခဲ့သည့် ဘားမှာ ပြီးခဲ့သည့်နှစ်က Bestikas အသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီး အချိန်တိုအတွင်း အသင်းနှင့်အထိုင်ကျကာ ဂိုးများကိုလည်း သွင်းယူနိုင်ခဲ့သည်။

    ဘား၏ စွမ်းဆောင်ရည်များကြောင့် Bestikas  ပရိတ်သတ်များကလည်း ၎င်းအား သတိထားမိလာကြပြီး ဆိုရှယ်မီဒီယာများတွင် ရင်းရင်းနှီးနှီး စကားပြောဆိုမှုများရှိလာသည်။

ုထိုသို့ပြောဆိုမှုအတွင်း ဘာသာရေးအကြောင်းများလည်း ပါဝင်ပြီး ထိုထဲတွင် ပရိတ်သတ်တစ်ဦးက အာရုံတက်ဝတ်ပြုမှုအတွက် မိမိအား နှိုးပေးရန်တောင်းဆိုခဲ့သည်။

    Lizzy ဟုအမည်ရသည့် Twitter သုံးစွဲသူတစ်ဦးက `ဟေး … ဒမ်ဘာ။ ခင်ဗျား ကျွန်တော့်ကို ကူညီနိုင်မလား? ခင်ဗျား အရုဏ်တက်ဝတ်ပြုဖို့ ထတဲ့အခါ ကျွန်တော့်ကို နှိုးပေးနိုင်မလား။ တကယ်လို့ ကျွန်တော့ကို နှိုးပေးရန် ကျွန်တော်လည်း ၀တ်ပြုပါမယ်´ ဟု ရေးသားခဲ့သည်။

    demba

    ဘားကလည်း မဆိုင်းမတွင်ပင် `ခင်ဗျားရဲ့ ဖုန်းနံပါတ် ကျွန်တော့်ကို ပေးပါ´ ဟု ပြန်လည် ရေးသားခဲ့သည်။

    အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သည့် ဘားမှာ ဘာသာရေး ကိုင်းရှိုင်းသူတစ်ဦးဖြစ်ပြီး ရမ်ဇာန် ဥပုသ်လတွင်လည်း ဥပုသ် သီလကို မပြတ်တမ်း ဆောက်တည်လေ့ရှိကာ ပြိုင်ပွဲအတွင်း ဂိုးသွင်းပြီးနောက် အလ္လာဟ် အရှင်မြတ်အား ကျေးဇူးတင်သည့် အနေဖြင့် ပျပ်ဝပ်ဦးချခြင်း (စဂ်ျဒါချခြင်း) ကိုလည်း ပြုလုပ်လေ့ရှိသည်။

    World Bulletin

  • ရိုဟင်ဂျာတို့နှင့် သံတူကြောင်းကွဲ ရခိုင်လူမျိုးတို့ အကြောင်းတစ်စ

    ရိုဟင်ဂျာတို့နှင့် သံတူကြောင်းကွဲ ရခိုင်လူမျိုးတို့ အကြောင်းတစ်စ

    နိုဝင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media

    Hla Tun Oo, a ethnic Rakhine, is pictured in Maw Ya Waddy village near Maungdaw town in northern Rakhine State
    မောရဝတီရွာက ကိုလှထွန်းဦး (ဓာတ်ပုံ – Reuters)

    ဝေးလံခေါင်သီသော မြန်မာနိုင်ငံအနောက်စွန်းဒေသအား ကျောခိုင်း၍ နီးရာနိုင်ငံများသို့ လှေငယ်လေးဖြင့် ထွက်ခွာကြသူ ရိုဟင်ဂျာမွတ်စ်လင်မ်တို့သည် နှစ်များစွာအတွင်း ထောင်ချီရှိနေကြပြီ။ သို့ရာတွင် ယင်းသို့တအုံတကျင်းစွန့်ခွာသည့် အုပ်စုတစ်စုအကြောင်းကိုမူ သတင်းများ၌ အရေးတယူဖော်ပြမှု နည်းပါးလှလေခြင်း။

    ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတို့သည်လည်း ၄င်းတို့ ရန်သူသဖွယ် သတ်မှတ်ထားသည့် ရိုဟင်ဂျာနည်းတူ မလေးရှားနှင့် ထိုင်းနိုင်ငံများတွင် အလုပ်အကိုင် ရှာဖွေရေးအတွက် ရခိုင်ပြည်နယ်မှ တဖွဲဖွဲ ထွက်ခွာနေလျက်ရှိသည်။ တရားမ၀င် လမ်းကြောင်းများဖြင့် ခရီးနှင်ကြသည့် ရိုဟင်ဂျာများ အတိုင်း ရခိုင်လူမျိုး အုပ်စုအချို့သည်ပင်လျှင် လူကုန်ကူးခြင်း၏ သားကောင်များအဖြစ် သက်ဆင်းနေကြရ၏။

    အစုလိုက်အပြုံလိုက် ထွက်ခွာမှုသည် စီးပွားရေး ယိုယွင်း အားနည်းမှုကို ထင်ဟပ်စေသည်။ မြန်မာနိုင်ငံ၏ အရပ်သားတစ်ပိုင်း အစိုးရသည် ၂၀၁၁ ခုနှစ် အာဏာရယူပြီးကတည်းက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများစွာကို ဆောင်ရွက်လာသော်လည်း အလုပ်အကိုင်များကိုမူ လုံလောက်အောင် မဖန်တီးပေးနိုင်ခဲ့ချေ။

    “ရခိုင်ကျေးရွာတွေကို သွားကြည့်လိုက်ပါ။ ကလေးနဲ့ သက်ကြီးရွယ်အိုတွေကိုသာ တွေ့မြင်ရပါလိမ့်မယ်။ လူငယ်တွေ ထွက်ခွာသွားကုန်ကြပါပြီ” ဟု ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ထင်ရှားသော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးထွန်းမောင်က ပြောပြပါသည်။

    ရခိုင်နှင့်ရိုဟင်ဂျာ လူမျိုးနှစ်စုလုံး တအုံတကျင်းထွက်ခွာနှုန်းမှာ ထိုလူ့အဖွဲ့အစည်းနှစ်ရပ်အကြား အကြမ်းဖက်မှုဖြစ်ပွားပြီးနောက်တစ်နှစ် ၂၀၁၂-၁၃ ခုနှစ်တွင် ပိုမို အရှိန်မြင့်ခဲ့သည်။ ယင်းအကြမ်းဖက်မှု၌ လူပေါင်း ရာချီသေဆုံးကာ တစ်သိန်းလေးသောင်းဝန်းကျင် အိုးအိမ်မဲ့ဘ၀ ရောက်သွားသည်။ အများစုက ရိုဟင်ဂျာများ ဖြစ်ကြသည်။

    နေရပ်စွန့်ရသူ ရိုဟင်ဂျာများစွာတို့သည် ယခုအခါ ရခိုင် ကမ်းရိုးတန်း တစ်လျှောက် နုံချာညစ်စုတ်သည့်စခန်းများတွင် နေထိုင်နေကြရသည်။ ထိုဒေသများ၌ ခနော်ခနဲ့ လက်လုပ် လူမှောင်ခို လှေငယ်လေးများကို အလွယ်တကူ ဆိုက်ကပ်နိုင်သည့် နေရာဖြစ်သည်။

    ၂၀၁၂ အကြမ်းဖက်မှုကာလမှစ၍ ရိုဟင်ဂျာ တစ်သိန်းခန့်မှာ ထိုလှေများဖြင့် ဇာတိစွန့်ထွက်ခွာသွားကြောင်း ရိုဟင်ဂျာအရေးဆောင်ရွက်နေသည့် Arakan Project မှဆိုသည်။

    ရခိုင်လူမျိုးတို့၏ တအုံတကျင်းထွက်ခွာမှုကို သတိထားမိသူနည်းပါးကြ၏။ အကြောင်းသော် သူတို့သည် နိုင်ငံမဲ့ ရိုဟင်ဂျာအများစု မရရှိနိုင်သော နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်၍ ကုန်းကြောင်း၊ လေကြောင်းဖြင့် သွားလာနေကြသောကြောင့်ဖြစ်သည်။

    ၂၀၁၂ ခုနှစ် နောက်ပိုင်း ရခိုင်လူမျိုး အမြောက်အများ ထွက်ခွာသွားခဲကြသည်ဟု အာဏာပိုင်များ မှ ပြောကြသည်။ စစ်အာဏာရှင်အစိုးရ လက်ထက်အတွင်း ရာစုနှစ်ဝက်နီးပါးမျှ လျစ်လျူရှုခံရသော ဒေသတွင်း စီးပွားရေးမှာ ဆိုးဝါးဆုတ်ယုတ်လာခဲ့သည်။

    ပြည်ပတွင် အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသားများ သန်းချီရှိကြသည်။ အိမ်နီးချင်း ထိုင်နိုင်ငံတစ်ခုတည်းမှာပင် ၂ သန်းဝန်းကျင်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂက ဆိုသည်။ ၎င်းတို့အများစုသည် မြန်မာ့စီးပွားရေး တိုးတက်မှု မရှိမချင်း ပြန်လာမည့်အရိပ်အယောင် မတွေ့ရချေ။

    အယုံအကြည် မရှိ
    ——————–
    ရခိုင်တို့၏ တအုံတကျင်း ပြောင်းရွှေ့ထွက်ခွာခြင်းက ၎င်းတို့၏ စီးပွားရေးပြဿနာများနှင့် လူမျိုးရေးတင်းမာမှုများကို ပိုပြီးဆိုးဝါးသွားစေသည်။

    လူဦးရေ ၃.၂ သန်းရှိ ရခိုင်ပြည်နယ်၏နေရာအများအပြားတွင် လူနည်းစုဝင် ရိုဟင်ဂျာတို့မှာ ရခိုင်တို့၏ တဖက်စောင်းနင်းဆက်ဆံမှုကို ခံနေကြရပြီး လူဦးရေအချိုးအစားအရ ရခိုင် ၂ ဦးလျှင် ရိုဟင်ဂျာတစ်ဦးနှုန်းဖြစ်နေသည်။

    သို့သော် မြန်မာနိုင်ငံမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောဒေသတွင်မူ ကိန်းဂဏန်းများ ပြောင်းပြန်ဖြစ်နေပြန်သည်။ စုစုပေါင်းလူဦးရေ ၅ သိန်း ၁ သောင်းအနက် ရခိုင် သို့မဟုတ် မွတ်စ်လင်မ်မဟုတ်သူများသည် သုံးသောင်းမျှသာရှိနေကြောင်း မောင်တောဒေသသို့ နိုင်ငံခြားသတင်းထောက်တစ်ဦး ရှားရှားပါးပါးရောက်ရှိကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်စန်းနှင့်တွေ့ဆုံစဉ် ၎င်းက ပြောပြခဲ့သည်။

    ပြည်ပအလုပ်အကိုင်အတွက် လူငယ်များ ရွာစွန့်ထွက်ခွာကြသည်နှင့်အမျှ ကျန်ရစ်သူ ရခိုင်တို့မှာ ပိတ်ဆို့ထားခြင်းနှင့် လုံခြုံမှုကင်းမဲ့ခြင်းကို ခံစားလာရသည်။

    လှထွန်းဦး (၃၀ နှစ်)သည် မလေးရှားတွင် စက်ရုံလုပ်သားအဖြစ် ၇ နှစ်တာ သွားရောက်လုပ်ကိုင်ပြီးနောက် မောရ၀တီရွာသို့ မကြာသေးမီက ပြန်ရောက်လာသည်။ သူ ရွာ၌ ရှိမနေချိန် ၂၀၁၂ ခုနှစ်၌ ရိုဟင်ဂျာအုပ်စုတစ်စု၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ယင်းမောရ၀တီရွာအား မြန်မာအစိုးရနှင့် နိုင်ငံတကာထောက်ပံ့ရေးအေဂျင်စီများ၏ အကူအညီဖြင့် ပြန်လည်တည်ဆောက်ခဲ့သည်။ ၎င်းသည်လည်း စစ်တပ်ကြီးစိုးရာနယ်မြေ ဖြစ်သည်။

    စစ်သားများသည် တောင်ကုန်းထိပ်တစ်ခုမှ နယ်မြေကို စောင့်ကြပ်ထားသည်။ ကမ်းခြေတစ်လျှောက်ရှိ လူသိများသော ရိုဟင်ဂျာရွာများနှင့် မောရ၀တီရွာအကြားရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ခုတွင် စစ်သားတို့ကို တပ်စွဲထားစေသည်။

    ရခိုင်ကျေးရွာများအနီးတစ်ဝိုက်တွင် အမြဲတမ်းရဲတပ်ဖွဲ့များ ရှိကြပြီး ရွာများကို စစ်တပ်မှ တည်ဆောက်ထားသောလမ်းများဖြင့် ချိတ်ဆက်ပေးထားသည်။ ထိုလမ်းများဖြင့် ရိုဟင်ဂျာလူ့အဖွဲ့အစည်းကို ရခိုင်များမှ ရှောင်ဖယ်သွားလာစေသည်။

    မိမိပြန်လာရခြင်းအကြောင်းကို လှထွန်းဦးက “ကျွန်တော် ဒီနေရာမှာမွေးတယ်။ ကျွန်တော့်မြေကို ကျွန်တော်ချစ်တယ်။ ကာကွယ်ပေးချင်တယ်”ဟူ၍ ပြောပြသည်။

    မောရ၀တီမှ ထွက်ခွာသွားသော လှထွန်းဦး၏ညီ ၂ ဦးအပါအ၀င် ရွာပေါင်း ၁၀၀ ခန့်မှ လူငယ်များသည် မလေးရှား သို့မဟုတ် ပြည်ပတစ်နေရာရာသို့ အလုပ်အကိုင်နေပြီး ယောကျာ်း ၂၀ ခန့်သာ အလုပ်လုပ်နိုင်သည့် အရွယ်ရှိသူမျး ဖြစ်သာ ကျန်ရှိကြသည်။

    အနီးဝန်းကျင်ရှိ မွတ်စ်လင်မ်များနှင့် ဆက်ဆံရေးမှာ ဖိအားပေးခံနေရဆဲပင်။ ရခိုင်လယ်သမားတို့သည် ၂၀၁၂ ခုနှစ်မတိုင်ခင်ကကဲ့သို့ မွတ်စ်လင်မ်တို့အား သူရင်းငှားချပေးခြင်း အလျဉ်းမပြုကြတော့။
    “သူတို့ကို လုံးဝ အယုံအကြည် မရှိတော့ပါဘူး” ဟု ရွာလူကြီး ဦးမောင်မောင်သိန်းက ဆိုသည်။

    သို့သော် ရခိုင်များသည် ရိုဟင်ဂျာတို့၏ အခြေအနေများနှင့် များစွာ ဆင်တူကြသည်။

    နိုင်ငံကူးလက်မှတ်မရှိသော ရခိုင်လူမျိုး ဖြူတုတ် (၃၀ နှစ်)သည် ပွဲစားကို ဒေါ်လာ ၆၀၀ ပေးပြီး မလေးရှားနိုင်ငံထဲသို့ တရားမ၀င်ပို့ဆောင်စေခဲ့သည်။ ခရီးသွားလာရေးစာရွက်စာတမ်းများ ရရှိရန် ခဲယဉ်းလှသော ရိုဟင်ဂျာတို့သည်လည်း ပွဲစားများကိုသာ အားကိုးမှီခိုနေကြရသည်။

    ဖြူတုတ်ကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ပို့လွှတ်ခဲ့သည်။ သူသည် ထိုင်းနိုင်ငံသို့ လှေဖြင့် ဖြတ်ကူးသည်။ ထို့နောက် ခြေလျင်ခရီးဖြင့် တောနက်တောင်ကုန်းများကို ဖြတ်သန်းကာ မလေးရှားသို့ ၀င်ရောက်သည်။ ထိုလမ်းကြောင်းသည် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတို့ အသုံးပြုသည့်လမ်းကြောင်းတစ်ခုဖြစ်သည်။

    မိမိနှင့်အတူ ခြေလျင်ခရီးဆန့်ခဲ့သူများ အယောက် ၃၀ ရှိပြီး အားလုံးနီးပါးမှာ ရခိုင်လူမျိုးများ ဖြစ်ကြောင်း မလေးရှားစက်ရုံတစ်ခုတွင် တစ်နှစ်ကြာ လုပ်ကိုင်ခဲ့သူ ဖြူတုတ်က ပြောပြသည်။

    ရိုဟင်ဂျာများကဲ့သို့ပင် ရခိုင်တို့သည်လည်း အသုံးချခံသားကောင်ဘ၀ ရောက်နေသည်။ သြဂုတ်လက ယခုနှစ်အစောပိုင်း အင်ဒိုနီးရှားရေပိုင်နက်အတွင်း ထိုင်းငါးဖမ်းသင်္ဘောများသို့ လူကုန်ကူးခံရသူ ရခိုင်အမျိုးသား ၁၄ ဦးအား ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ International Organization for Migration မှ ပြန်ပို့ပေးရေးကို စီစဉ်ပေးခဲ့သည်။ ထိုသူများမှာ ထိုင်းနိုင်ငံတွင် လစာကောင်းအလုပ်များရရှိမည်ဟု မြူဆွယ်ခံရခြင်း ဖြစ်၏။

    လုပ်သားပျောက်နေသည့်တစ္ဆေ
    ———————————
    ရခိုင်မိသားစုအမြောက်အများတို့သည် ပြည်ပလွှဲငွေများအပေါ် မှီခိုနေရသည်။ လှထွန်းဦးသည် နေအိမ်သို့ လစဉ် ဒေါ်လာ ၂၀၀ ပေးပို့ခဲ့ပြီး မလေးရှား၌ ၇ နှစ်နေပြီးနောက် ဒေါ်လာ ၂၀၀၀၀ စုဆောင်းမိခဲ့သည်။

    သို့သော် ရခိုင်လူငယ်များစွာ ထွက်ခွာနေခြင်းက ၂၀၁၂ သွေးချောင်းစီးမှုမှ ကွင်းဆက်ဖြစ်လာသော ဒေသတွင်းစီးပွားရေးကို အထောက်အကူ မရရှိစေခဲ့။

    ရခိုင်ပြည်နယ်မှာ ကာလရှည်ဆင်းရဲမွဲတေမှုဒဏ် ခံစားထားရသည်။ အာဟာရချို့တဲ့မှုများကို စိတ်ပျက်စွာတွေ့ရသလို ပြည်နယ်၏ကျောထောက်နောက်ခံ အခြေခံအဆောက်အဦမှာလည်း လောက်လောက်လားလား မခိုင်မာ၊ စက်ရုံအလုပ်ရုံများမှာ မဆိုစလောက်မျှသာ ရှိသည်။

    ၂၀၁၂ ခုနှစ်နောက်ပိုင်း ရိုဟင်ဂျာတို့၏ကျားကန်မှုဖြင့် ပေါကြွယ်ခဲ့သော ဟင်းသီးဟင်းရွက်များနှင့် ပင်လယ်စာများမှာ တဟုန်ထိုး ဈေးနှုန်းကြီးမြင့်ခုန်တက်သွားခဲ့သည်။ လုပ်အားခများမှာလည်း ထိုနည်းလည်းကောင်း။ စစ်တွေမြို့စီးပွားရေးလုပ်ငန်းများတွင်လည်း ရိုဟင်ဂျာများကို ငှားရမ်းလုပ်ကိုင်ခွင့် မပေးထား။ ရိုဟင်ဂျာတို့မှာ မြို့ပြင်သို့မောင်းထုတ်ခံရပြီး ရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်များဖြင့် ၀န်းရံထားသော ဝေးလံခေါင်သီလှသည့်စခန်းများ၌ ပိတ်လှောင်ခံထားရသည်။

    “အကြမ်းဖက်မှုနဲ့ ခွဲခြားချိုးနှိမ်ဖယ်ကြဉ်ခြင်းက စီးပွားရေးကို ပိုပြီး ကြပ်တည်းသွားစေခဲ့ပါတယ်။ မွတ်စ်လင်မ်များဟာ (ဒုက္ခသည်)စခန်းတွေထဲကနေ ခွာမရဘူး၊ အလုပ်လုပ်ကိုင်ခွင့် မရကြဘူးလေ။ မငြိမ်သက်မတည်ငြိမ်မှုတွေကြောင့် တရားဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ဖို့ ပိုပြီးမလွယ်တော့ပါဘူး” ဟု မြန်မာ့အရေး အလွတ်တန်းသုတေသီ Richard Horsey မှ ဆိုသည်။

    စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသာလျှင် အလုပ်ရှာဖွေနေသူရခိုင်လူမျိုးတို့ကို ပြင်ပမထွက်အောင် ထိန်းထားနိုင်ပေမည်။ စစ်တွေမြို့တွင် စားသောက်ဆိုင် ၂ ခုနှင့် ဟော်တယ်တစ်လုံး ဖွင့်လှစ်လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမောင်က မိမိသည် ၆ လတိုင်အောင် လုပ်သားများခေါ်ယူကြေငြာခဲ့ပြီး မျှော်လင့်နေသော်လည်း အလုပ်လာလျှောက်သူ တစ်ဦးတစ်ယောက်မျှ မရှိသေးပါဟု ပြောပြပါလေသည်။

    xxxxxxxxxxxxxxxxxx

    ရိုက်တာ၏ဖော်ပြချက်ဆောင်းပါး  Exclusive: Poor and besieged, Myanmar’s Rakhine join Rohingya exodus ကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။

     

  • အချိန်မစီးကြသူများ

    အချိန်မစီးကြသူများ

    နိုဝင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media
    ZY ရေးသည်။

    “နင်တို့လူငယ်တွေ တော်တော်ရိုင်းပါလား။ လူကြီး လူကြီးမှန်းမသိ၊ ဆရာ ဆရာမမှန်းမသိ၊ မိဘကို မိဘမှန်းမသိနဲ့ ငါတို့ခေတ်ကလူတွေနဲ့များကွာပါ့”…

    အသက်ကြီးနေပြီဖြစ်သော အဘိုးကြီး၊ အဘွားကြီး တော်တော်များများက ကျွန်တော်တို့လို အသက် (၂၀) ကျော် လူငယ်များကို အမြဲလိုလိုပြောလေ့ရှိသော စကားပင်။

    သူတို့ပြောပုံအတိုင်းသာဆိုရင် သူတို့ခေတ်က လူငယ်များဟု ထင်ထားကြသောသူများသည် ယခုအချိန်တွင် အသက် (၅၀) ကျော်အရွယ်များ ရှိနေကြပေလိမ့်မည်။ လက်မခံဘူးဟု မငြင်းလိုသော်လည်း ခဏခဏ အပြောခံရပြန်တော့လည်း စိတ်ထဲအောင့်သက်သက် ဖြစ်မိသည်။ စဉ်းစားကြည့်လေ သူတို့ပြောပုံအရဆိုလျှင် ယခုခေတ်လူငယ်များ အားလုံးလိုလိုက အသက်ကြီးသူများအပေါ် လေးစားအားနာမှု မရှိတော့ကြောင်း မှတ်သားထားရမလို။

    သို့ပေမယ့် အခုချိန်မှာတော့ ကျနော့်ထံတွင် ပြန်လည်ချေပစရာ စကားလုံးများအတွက် အကောင်းဆုံး သက်သေများကိုကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီဖြစ်သည်။

    မှတ်မှတ်ရရဆိုလျှင် မြို့ထဲသို့သွားသောနေ့ တစ်နေ့ကဖြစ်သည်။ အသွားကားပေါ်တွင် ကြုံရသည်က သက်ကြီးရွယ်အိုများနှင့် သံဃာတော်များ တက်လာလျှင် ထိုင်နေကြသော လူငယ်အများစုကနေရာ ဖယ်ပေးကြသည်ကို တွေ့ရသည်။ အသက်ကြီးသူများပြောသလို ယနေ့ ခေတ်လူငယ်များ ရိုင်းသည်ဆိုသည်မှာ နေရာတကာမှာ မဟုတ်ပါလားဟု တွေးမိသည်။

    တခုတော့ရှိသည်ပေါ့။ ယနေ့ခေတ်လူငယ်အများစုသုံးကြသော ဘမ်းစကားများကတော့ လူကြီးများ၏ နားတွင် အတော်လေးကိုရိုင်းလိမ့်မည်ဟု ထင်ပါသည်။ ကောင်မလေးများကို စော်လေးများ၊ လူကြီးများကို ဘဲကြီးတွေ၊ ထမင်းစားသည်ဟုမပြော ဆွဲပြီးပလား ဘာညာ စသောစကားများကတော့ ရိုင်းသည်ဟု သတ်မှတ်၍ ရသလို မရိုင်းဟုလည်းသတ်မှတ်လျှင်လည်း ရပါသည်။ စကားအပြောအဆိုများကို သာရိုင်းသည်ဟု ပြောလျှင် လက်မခံနိုင်ပါသော်လည်း ယဉ်ကျေးမှုမရှိလောက်အောင် ကိုယ်၊ နှုတ်၊ အမူအယာ အားလုံးရိုင်းပျသည်ဟု စွပ်စွဲခြင်းကိုတော့ ခံစားရခက်ပါသည်ဟု ဆိုချင်ပါသည်။

    မြို့ထဲတွင်လုပ်စရာရှိသော ကိစ္စများကိုလုပ်ပြီး၍ အိမ်ပြန်ရန် ဘတ်စ်ကားစီးသောအခါတွင်တော့ ယဉ်ကျေးလှပါသည်ဟုဆိုသော လူကြီးများ၏စကားမှာ ရယ်စရာဖြစ်ကြောင်း၊ အကောင်းဆုံး သက်သေကို ကျွန်တော်ကိုယ်တိုင်ကြုံတွေ့လိုက်ရပါသည်။

    ကျွန်တော်စီးသောကားမှာ မီနီဘတ်စ် အမျိုးအစား ဖြစ်ပါသည်။ ထို့ကြောင့် ကားအမြန်မောင်းသောအခါ အပေါ်တန်းကိုကိုင်ထားသော်လည်း ဘရိတ်အုပ်သောအခါမျိုးတွင်တော့ ကိုယ့်ကိုကိုယ်ထိန်းလို့မရအောင်ပါသွားတတ်သော အခြေအနေရှိပါသည်။ ကားပေါ်တွင် ထိုင်ခုံနေရာ လွတ်မရှိဘဲ မတ်တပ်ရပ်စီးခရီးသည် အနည်းငယ်လည်း ပါရှိပါသည်။

    ကျွန်တော်မတ်တပ် ရပ်စီးသောနေရာ၏ဘေးခုံတွင် အသက်(၅၀) ကျော်ခန့် လင်မယားနှစ်ဦးထိုင်နေကြသည်။ မြို့ထဲမှ ပစ္စည်းများဝယ်လာကြပုံရသည်။ အမျိုးသမီးကြီးက ပြတင်းပေါက်ဘက်တွင်ထိုင်ပြီး အမျိုးသားက ကျွန်တော် မတ်တပ်ရပ်နေရသော ဘေးခုံတွင်ထိုင်ပါသည်။ ဝယ်လာသော ပစ္စည်းထုတ်ကို ကျွန်တော်တို့မတ်တပ်ရပ်စီးရသော အလယ်လမ်းပေါ်တွင်ချထားသည်။ အထုပ်မှာကြီးသောကြောင့် ကျွန်တော်တို့မတ်တပ်ရပ်သူများနှင့် မလွတ်ပါ။ ကားဘရိတ်အုပ်ချိန်တွင် ထိုအထုပ်ကို ကျွန်တော်၏ခြေထောက်နှင့် မတော်တဆ သွားထိမိလျှင် ထိုပုဂ္ဂိုလ်ကြီးက ကျွန်တော့်ကို မကြာခဏ မော့ကြည့်တတ်သည်။ ကိုယ်ပိုင် ကားမဟုတ်သော ဘတ်စ်ကားပေါ်တွင် အခြေအနေအရ မတော်တဆထိမိခြင်းကို လူကြီးနားလည်ပေးနိုင်ဟန် မတူပါ။

    ကျွန်တော်လည်း ဘာမှမပြောလို၊ မဖြစ်လိုသောကြောင့် အတတ်နိုင်ဆုံးကြိုးစား၍ မထိအောင်ရှောင်ပေးနေလိုက်သည်။ သိပ်မကြာခင် လူတတ်များသော မှတ်တိုင်တစ်ခုမှ ခရီးသည်များ တက်လာကြပြန်သည်။ တက်လာသော ခရီးသည်များထဲတွင် သားသည် မိခင်တစ်ဦး သူမ၏ လသားအရွယ်ကလေးကို ချီ၍တက်လာပါသည်။

    မီနီဘတ်စ်ကားဖြစ်သောကြောင့် ထိုင်ခုံအရေအတွက် နည်းနည်းသာပါသော ထိုကားပေါ်တွင် မိန်းကလေး အများစုသာ ထိုင်ခုံနေရာတွင် ထိုင်နေကြပြီး ကျွန်တော့်ဘေးကပုဂ္ဂိုလ်ကြီးနှင့် နောက်ဆုံးတန်းမှ သက်လတ်ပိုင်း လူရွယ်တစ်ယောက်သာ ထိုင်ခုံရကာထိုင်နေကြသည်။ ထိုသားသည် မိခင်တက်လာသည်ကိုမြင်သော ထိုပုဂ္ဂိုလ်ကြီးကတော့ ကျွန်တော့ခြေထောက်နှင့် ထိမိမှာစိုးရိမ်နေသော အထုပ်ကို ကျွန်တော့်ခြေထောက်နှင့် ထိမိအောင်ပင်ဆွဲယူလိုက်သည်။ သဘောကတော့ သားသည် မိခင်သူ့ဘေးတွင် လာရပ်လျှင် အားနာပါးနာ စာပေးရမည်ကိုစိုးသောကြောင့် ဖြစ်ဟန်တူသည်။

    စိတ်ထဲမှ နည်းနည်းအချဉ်ဖောက်သွားသော်လည်း ဘာမှမဆိုင်သောကြောင့် ဝင်မပြောတော့ပါ။ နောက်ဆုံးတတန်းတွင် ထိုင်နေသော အကိုကြီးက ထိုသားသည် မိခင်ကိုလှမ်းခေါ်ကာသူ့နေရာတွင် ထိုင်စေလိုက်ခြင်းဖြင့် ကျွန်တော့်ဘေးမှ ပုဂ္ဂိုလ်ကြီး၏စိုးရိမ်သောကကို ဖယ်ရှားပေးလိုက်ပါသည်။

    နောက်ထပ်နှစ်မှတ်တိုင်လောက်မောင်းပြီးချိန်တွင်တော့ အလွန်ဆိုးဝါးသော ကိစ္စတစ်ခုကို ထပ်မံကြုံတွေ့လိုက်ရတော့သည်။ ကားပေါ်သို့ သံဃာတော် တစ်ပါးတက်လာချိန်တွင် ဖြစ်သည်။ ကားပေါ်တွင် ထိုင်ခုံနေရာလွတ်မရှိတော့ ထိုင်ခုံများတွင်လည်း အမျိုးသမီးများသာထိုင်နေချိန် ကျွန်တော့်နံဘေးက ပုဂ္ဂိုလ်ကြီးက ကားတစ်စီးလုံးကို ခါးမတ်၍ဝေ့ဝဲကြည့်လိုက်သည်။ အခြေအနေကို သဘောပေါက်သွားသောအခါ သူထပေးရန်သာရှိတော့မှန်း သဘောပေါက် လိုက်သွားသောအခါတွင်တော့ ချက်ချင်းမျက်နှာကို တစ်ဖက်သို့လွှဲကာ မျက်စိများမှိတ်၍ အိပ်ချင် ဟန်ဆောင်နေလိုက်ပါတော့သည်။

    ယခုခေတ်လူငယ်များ ရိုင်းပါသည်ဟုဆိုသော လူကြီးများထဲတွင်လည်း ထိုကဲ့သို့ ရိုင်းပုံတင်မက ယုတ်မာကောက်ကျစ်သော လူကြီးများလည်းရှိသေးသည်ဟု သက်သေပြချင်ပါသည်။ အမှန်တော့ ခေတ်နှင့်မဆိုင်။ လူတစ်ဦးတစ်ယောက်ချင်း စိတ်၏စိတ်ဓာတ်နှင့်သာ ဆိုင်ပါသည်။ လူငယ်များအားလုံးလည်း မရိုင်းသလို လူကြီးများအားလုံးလည်း လိမ္မာယဉ်ကျေးမှုမရှိကြပါ။ လူအမျိုးမျိုးစိတ်အထွေထွေသာဖြစ်ပါလိမ့်။

    Z.Y

  • ကလေးတွေကိုတော့ ချမ်းသာပေးကြပါဗျာ

    ကလေးတွေကိုတော့ ချမ်းသာပေးကြပါဗျာ

    မောင်ယဿ ရေးသည်။

    47
    သရုပ်ဖော်ပုံ- လဂွန်းအိမ်

    ပြီးခဲ့တဲ့သီတင်းပတ် တနင်္ဂနွေက တပည့်တစ်ယောက် မင်္ဂလာဆောင်ကိုသွားခဲ့တယ်။ စာရေးသူရဲ့ထုံးစံအတိုင်း တတိယတန်း တက်နေတဲ့ သမီးရင်နွေငြိမ်းရယ်၊ သူငယ်တန်း တက်နေတဲ့ သား ဆောင်းအေးချမ်းရယ် ၃ ယောက်သား ဆိုင်ကယ်စီးပြီး မင်္ဂလာဆောင်ကို သွားခဲ့တယ်။ ဟိုရောက်တော့ မနက် (၁၁:၀၀ )နာရီဆိုတော့ ရန်ကုန် မင်္ဂလာဆောင်ထုံးစံ အတိုင်း ဒန်ပေါက်နှင့်ရေခဲမုန့် ကျွေးပါတယ်။ ဗိုက်ဆာနေလို့ စာရေးသူက ဒန်ပေါက်ကို အားရပါးရစားနေချိန်မှာ သားနှင့်သမီးက ဒန်ပေါက်ကိုထိတောင်မထိပဲ ရေခဲမုန့်ချည်းပဲ စားနေကြတယ်။ စာရေးသူက ပန်းကန် တစ်ဝက်လောက်ကျိုးတော့ ခေါင်းမော့ကြည့်လိုက်တဲ့အခါ သားနှင့်သမီးဒန်ပေါက် မစားတာကို တွေ့သွားတယ်။ အံ့အားသင့်သွားတယ်။ သူတို့နှစ်ယောက်လုံး ဒန်ပေါက်ကြိုက်တာကိုသိတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် စာမူခ ကောင်းကောင်းရလို့ သူတို့နဲ့ဆိုင်မှာ တစ်ခါဝယ်စားဖူးတယ်။ အငယ်ကောင်ကပြင်ပွဲတင် မဝလို့ လိုက်ပွဲ ၂ ပွဲမှာစားခဲ့တယ်။ အခုတော့ လက်နဲ့တောင် မတို့လို့ စားရေးသူမေးရပြီပေါ့။

    “သားနှင့်သမီး ဒန်ပေါက်စားလေ၊ ပြီးမှ ရေခဲမုန့်စားရတယ်”

    “ဟင့်အင်း” ဆိုပြီး ၂ ယောက်စလုံး ခေါင်းခါငြင်းတယ်။

    ဘာဖြစ်လို့လဲစာရေးသူအမေးကို စကားသွက်တဲ့ အငယ်ကောင် သူငယ်တန်းကျောင်းသားကဖြေတယ်။ “ဒံပေါက်က ကုလားခြေဆေးရေနဲ့ ချက်ထားတယ် ဖေဖေရဲ့။ သားတို့ကရွံလို့မစားတာ” ဟု ပြောသည်။

    “သားကိုဘယ်သူပြောတာတုန်း”

    “မမ”

    “ဟုတ်လား သမီး”

    “အင်း”

    “သမီးကိုရော ဘယ်သူကပြောတာလဲ”

    “ကျောင်းကသူငယ်ချင်းတွေပြောတာ”

    “သွားပြီ” ဆိုတာကို စာရေးသူ ဘာသာသိလိုက်သည်။ စာသင်ကျောင်းက ဒီစကားတွေ ကလေးတွေကြားထဲကို ပျံ့နှံ့လာပြီး ဒီအတိုင်းဆိုရင် မဟုတ်တော့ချေ။ မိဘပြည်သူတွေ သိအောင် ချပြဖို့လိုလာပြီလို့ သုံးသပ်လို့ ဒီစာကိုရေးလိုက်ရတာပါ။

    တိုင်းပြည်မှာ နိုင်ငံရေးလက်နက်ကို မူလတန်းအထိ သွေးထိုးနေတဲ့ ပုံစံဖြစ်လာပြီ။ သမီးနဲ့သားကတော့ ကလေးတွေမို့ ထားလိုက်ပါတော့။ သမီးနဲ့သားရဲ့ သူငယ်ချင်းတွေကလည်း ကလေးတွေပါပဲ။ ဒီလိုဝါဒဖြန့်မှုတွေက ဥပမယ်လူသားမမြောက်သေးတဲ့ ကလေးတွေရဲ့အတွေးထဲကို ဝင်ရောက်စေတာ နိုင်ငံရဲ့အနာဂတ်ကို စိုးရိမ်စရာအခြေအနေဖြစ်နေပါတယ်။ ကုလားတွေခြေဆေးတဲ့ရေနဲ့ ချက်ထားတဲ့ ဒံပေါက်ဆိုတဲ့ စကားလုံးက တော်တော်ကို လူသား မဆန်တဲ့ ဝါဒဖြန့်မှုအသွင်တစ်ခုပဲ။ ဒီစကားလုံးတွေနဲ့ကြီးပြင်းလာမဲ့ကလေးတွေက လာမယ့် ၁၀ နှစ်ဆိုရင် လူမျိုးရေးအထိကရုဏ်းကိုဖန်တီးမယ့် သူတွေ ဖြစ်လာနိုင်ပါတော့မယ်။ တိုင်းပြည် မငြိမ်းချမ်းအောင်လို့ စကားလုံးတွေနဲ့ ဆေး မထိုးကြပါနဲ့။ အထူးသဖြင့် ကလေးတွေရဲ့ဖြူစင်တဲ့နှလုံးသားထဲကို မဟားတရား အယူအဆတွေ မသွတ်သွင်းမိပါစေနဲ့။ မျိုးချစ်တာကိုကောင်းကောင်း နားလည်ပါတယ်။

    သူများလိုပါးစပ်ကနေ အမျိုးစောင့်တာ မဟုတ်ပါဘူး။ အခွင့်အရေးရပေမယ့် အဆင်းရဲခံပြီး မြန်မာအမျိုးသမီး စစ်စစ်နှင့် အိမ်ထောင်ပြုခဲ့တာပါ။ အခုတော့ မျိုးချစ်စိတ်ကို ဟန်ပြပြီး အကြမ်းဖက်ဝါဒဆီကို ဦးတည်စေတတ်တဲ့ အသိအမြင်တွေ ကလေးတွေကြားထဲ အထိ ဖြန့်ဖြူးနေတာကိုတွေ့ရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ ကျန်တဲ့နည်းနဲ့ တားလို့ရပါတယ်။ ဝံသာနုရက္ခိ စိတ်ဓာတ်မွေးမြူတတ်အောင် သင်ရမှာပါ။ အမျိုးကိုစောင့်တတ်ဖို့ အမျိုးကို ချစ်တတ်အောင်သင်ကြားပေးတာ ကောင်းပေမယ့် တစ်ဖက်ကို ဘယ်လို အကြောင်းပြချက်နဲ့မှ မနှိမ်သင့်ပါဘူး။

    အခုစာရေးသူသိလိုက်ရတဲ့ ပုံစံမျိုးလိုပေါ့။ လူမျိုးခြားကို မုန်းတတ်အောင်သင်တဲ့ အယူအဆကရေရှည်မှာကြည့်ရင် တကယ်မကောင်းတာပါ။
    စာရေးသူတို့ရဲ့အသက်အရွယ်က မကြာခင် ကုန်လွန်သွားတော့မှာပါ။ စာရေးသူတို့ရဲ့ သားတွေ သမီးတွေ မြေးတွေကို လူမျိုးရေး ပဋိပက္ခတွေမထားခဲ့ချင်ရင် သူ့ကိုကိုယ်သတ်၊ ကိုယ့်ကိုသူသတ်နဲ့ တကယ့်ကြမ်းတမ်းတဲ့ လူ့အသိုက်အဝန်းမှာ ရင်သွေးငယ်တွေကို မထားခဲ့ချင်ရင် ကိုယ့်ရင်သွေးတွေကိုကိုယ်ချစ်တယ်ဆိုရင် ဒီအယူအဆတွေကို ကလေးတွေရဲ့ စိတ်သဏ္ဍန်ပုံမဖော်ခဲ့ကြပါနဲ့လို့ ဆိုလိုက်ပါရစေခင်ဗျား။

    The Hot News
    Vol.5No.217 ပါဆောင်းပါးကို ကူးယူဖော်ပြပါသည်။