News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၇ (သင်္ချာပညာရပ်)

    ဇွန်လ ၂၃ ရက်၊ ၂၀၁၄
    M-Media
    Credit to -အောင်သန်းလွင် (UCSY)
    Math copy
    ခေတ်သစ်သိပ္ပံပညာရပ်ရဲ့ မြောက်မြားစွာသောအသုံးအနှုန်းတွေဟာ အာရဗီစကားလုံးအရင်းမြစ်တွေဖြစ်နေပါတယ်။ သိပ္ပံဝေါဟာရတစ်ချို့ Algebra (အယ်လ်ဂျီဘရာ-အက္ခရာသင်္ချာ)၊ Algorithm (အယ်လ်ဂိုရစ်သမ်) ၊ Alkaline (အယ်လ်ကာလိုင်း) စတဲ့စကားလုံးတွေကို အာရဗီဘာသာစကားနဲ့ရင်းနှီးသူ တစ်ယောက်ဟာ ချက်ချင်း အာရဗီ စကားလုံးတွေလို့သိနိုင်ပါတယ်။ ဒီစကားလုံးတွေဟာ သိပ္ပံပညာရပ်တွေ အခြေ တည်ပြန့်ပွားရာလည်းဖြစ်ပါတယ်။ Algebra (အက္ခရာသင်္ချာ) သာမရှိရင် ယနေ့ ခေတ်သစ် သင်္ချာပညာရပ် (Modern Mathematics)၊ ခေတ်သစ် ရူပဗေဒပညာရပ် (Modern Physics) တွေရှိလာမှာ မဟုတ်ပါဘူး။ Algorithm (အလ်ဂိုရစ်သမ်) တွေမရှိရင် ကွန်ပျူတာတွေ ဖြစ်လာမှာမဟုတ်သလို Alkaline (အယ်လ်ကာလိုင်း) ဆိုတာမရှိရင်လည်း ဓာတုဗေဒ (Chemistry) ဆိုတာ ဖြစ်လာမှာမဟုတ်ပါ။

    Al-Khwarizmi  ကမ္ဘာ့သမိုင်းတစ်လျှောက် အစ္စလာမ့် သိပ္ပံပညာရှင်တွေဟာ အံ့သြဖွယ်ကောင်းလောက်အောင် များပြားလှတဲ့ အထင်ကရ မှတ်တိုင်တွေ စိုက်ထူခဲ့ပါတယ်။ ( ၉ ) ရာစုက ဘဂ္ဂဒက် သင်္ချာပညာရှင် မိုဟမ္မဒ် အိဗ်နေ့ မူဆာ အယ်လ်ခဝါရစ်ဇ်မီ (Al-Khawarizmi) ဟာ အက္ခရာသင်္ချာပညာရပ် (Algebra) ကို တီထွင်ခဲ့ပါတယ်။ အစပိုင်းမှာတော့ ဒီပညာရပ်က ပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ဖြစ်ပါတယ်။ အယ်လ်ခဝါရစ်ဇ်မီ ဟာ ကိန်းစဉ်တန်းတွေနဲ့ နှစ်ထပ် ကိန်းတန်းတွေကို အဆင့်ဆင့် (သို့) ကြိမ်ဖန် တလဲလဲ ပြဿနာဖြေရှင်းနည်းစနစ် ( Algorithm ) တွေ အသုံးပြုပြီးဖြေရှင်းခဲ့ပါတယ်။ အယ်လ်ဂိုရစ်သမ်တွေဟာ ကွန်ပျူတာ ပရိုဂရမ်းမင်း (ကွန်ပျူတာ အလုပ်လုပ်ရန် ညွှန်ကြားချက်ပေးသည့် နည်းပညာရပ်) ရဲ့ အခြေခံလည်းဖြစ်ပါတယ်။ အယ်လ်ဂိုရစ်သမ် ဆိုတဲ့ စကားလုံးဟာလည်း အယ်လ်ခ ဝါရစ်ဇ်မီ ရဲ့ နာမည်ကနေ ဆင်းသက်လာတာဖြစ်ပြီး သင်္ချာပညာရပ်အတွက် အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လို့ပြောရမှာဖြစ်ပါတယ်။ သူ့ရဲ့ ” ပေါင်းဖြည့်ခြင်းနှင့် တန်ဖိုးညှိခြင်း အနှစ်ချုပ်ကျမ်း ” (The Compendious Book on Calculation by Completion and Balancing”) တွက်ချက်မှုဆိုင်ရာ ကျမ်းစာအုပ်ကို ခေတ်သစ် အက္ခရာသင်္ချာရဲ့ အခြေခံလို့ သတ်မှတ်ကြပါတယ်။ ဒီစာအုပ်ဟာ နှစ်ထပ်ကိန်းတန်းတွေကို ဒုတိယ ဒီဂရီထိ ဖြေရှင်းဖို့ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကိန်းတန်းတွေ တွက်ချက်ရာမှာသုံးတဲ့ နှုတ်ခြင်းနဲ့ ချေခြင်း နည်းစနစ် (Reduction and Balancing) တွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။

    he Compendious Book on Calculation by Completion and Balancing

    အယ်လ်ခဝါရစ်ဇ်မီ ရဲ့ အက္ခရာသင်္ချာပညာ(Algebra) တီထွင်မှုဟာ တကယ့်ကို အရေးပါ အရာရောက်ပါတယ်။ ဒါဟာ ဂရိတွေရဲ့ ဂျီသြမေတြီ ပညာရပ်အပေါ်မှာ ချည်းသက်သက် အခြေခံထားတဲ့ ဂရိသင်္ချာ ပညာရပ်ကို တော်လှန်ပြောင်းလဲလိုက်တဲ့ စွမ်းဆောင်ချက်လည်းဖြစ်ပါတယ်။ ဒ့ါအပြင် အတိတ်ကာလမှာ ဘယ်တုန်းကမှမရှိခဲ့တဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်အောင် အက္ခရာသင်္ချာပညာရပ်ကို ပိုမိုတိုးတက်အောင် လမ်းဖွင့်ပေးခြင်းလည်းဖြစ်ခဲ့ပါတယ်။ အက္ခရာသင်္ချာကို တိုးတက်အောင် နောက်ထပ်ဖြည့်စွက်သူကတော့ ယနေ့ ကျော်ကြားတဲ့ ကဗျာဆရာအဖြစ်သိကြတဲ့ အိုမာ ခယမ် (Omar Al-Khayyam) ပဲဖြစ်ပါတယ်။ သူ့ကို အေဒီ ( ၁၀၄၈ ) မှာ မွေးဖွားပါတယ်။ သူဟာ ထပ်တိုးပြီး သုံးထပ် ကိန်းတန်းတွေကို ဂျီသြမေတြီနည်းနဲ့ အပြည့်အစုံ ရှင်းပြခဲ့သူဖြစ်ပါတယ်။
    Omar Al-Khayyam
    ဂဏန်းသင်္ချာပညာရပ် ( Arithmetic ) အပေါ် အယ်လ်ခဝါရစ်ဇ်မီ ရဲ့ အရေးပါတဲ့ နောက်ထပ်အကျိုးပြုဖြည့်စွက်မှုကတော့ အိန္ဒိယ သင်္ချာပညာရပ်မှာ တီထွင်ခဲ့တဲ့ အိန္ဒိယ ကိန်းစနစ်ကို အခြေခံတဲ့ ဟိန္ဒူ-အာရဗီ ကိန်းဂဏန်း (Arabic Numerals) တွေကို မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အစ္စလာမ့်အင်ပါယာအောက်မှာ တိုးတက်ထွန်းကားနေတဲ့ မွတ်စလင်တိုင်းပြည်တွေအတွက် စီးပွားရေးလုပ်ငန်းတွေနဲ့ နေ့စဉ်အသုံးပြုရာမှာ လွယ်ကူတဲ့ သင်္ချာပညာရပ်က မရှိမဖြစ်အရေးပါပါတယ်။ အဲ့ဒီအချိန်မှာ သူတို့ဟာ စာနဲ့ရေးသားတဲ့ ကိန်းဂဏန်းစနစ် ( Finger-reckoning) ၊ အာရဗီစကားလုံးအသုံးပြုတဲ့ ဘေဘီလိုးနီးယန်းတွေသုံးခဲ့တဲ့ ကိန်းဂဏန်းစနစ်( Babylonian Sexagesimal System) နဲ့ အသုံးအများဆုံးဖြစ်တဲ့ အိန္ဒိယ-အာရဗီ ကိန်းဂဏန်းစနစ် (Arabic Numerals) သုံးမျိုးတို့ကိုအဓိက အသုံးပြုခဲ့ကြပါတယ်။

    အယ်လ်ခဝါရစ်ဇ်မီ ဟာ အိန္ဒိယသင်္ချာစနစ်က ယူသုံးတဲ့ ကိန်းဂဏန်း (၉) လုံးနဲ့ အာရဗ်မွတ်စလင်တွေတီထွင်တဲ့ ၀ (သုည) ကို အသုံးပြုပြီး တစ်ဆယ်ရဲ့ ဆပွားကိန်းတွေဖြစ်တဲ့ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း စသဖြင့် တွက်ချက်ရေးသားရာမှာ အသုံးပြုနိုင်ဖို့ ရှင်းပြပေးခဲ့ပါတယ်။ အာရဗီ ကိန်းဂဏန်း မတိုင်ခင် ရှေးဟောင်း ကိန်းဂဏန်း စနစ်တွေဟာ အသုံးပြုရာမှာ ရှုပ်ထွေး ခက်ခဲပြီး ( ၅ ) ရဲ့ ဆပွားကိန်း၊ (၁၂)ရဲ့ ဆပွားကိန်း၊ (၆၀) ရဲ့ ဆပွားကိန်းစသဖြင့် ဖြစ်ပါတယ်။ ရောမ ကိန်းဂဏန်းတွေ (ဥပမာ I,II,C,X ) ဟာလည်း ကျစ်လစ်မှုမရှိဘဲ တွက်ချက်ရာမှာ အလွန်ခက်ခဲပါတယ်။ အိန္ဒိယ-အာရဗီ ကိန်းဂဏန်း(Arabic Numerals) တွေဟာ ဂဏန်းသင်္ချာကို ပိုရှင်းလင်းပြီး လျှင်မြန်စွာ တွက်ချက်နိုင်ဖို့လွန်စွာမှပဲ အထောက်အကူပေးခဲ့ပါတယ်။ သင်္ချာပညာရပ်မှာ အရေးပါတဲ့ ဒဿမစနစ် (Decimal System) တွေကိုလည်း အာရဗ်မွတ်စလင်တွေပဲ စတင်တီထွင် အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ မွတ်စလင်တွေဟာ အလယ်ခေတ် သင်္ချာပညာရပ်ရဲ့ ဦးဆောင်သူတွေဖြစ်ကြပါတယ်။

    အာရဗီ ကိန်းဂဏန်းတွေကို ဥရောပနဲ့ မိတ်ဆက်ပေးသူတွေထဲမှာ ထင်ရှားသူတစ်ချို့ကတော့ ရောဘတ် ချက်စတာ (Robert of Chester) နဲ့ ဖီဘိုနာချီ (Fibonacci-Italay) တို့ပဲဖြစ်ပါတယ်။ ရောဘတ် ချက်စတာ ဟာ အယ်လ် ခဝါရစ်ဇ်မီ ရဲ့ အာရဗီ ကိန်းဂဏန်းတွေအကြောင်းဖော်ပြတဲ့ ဒုတိယစာအုပ်ကို (၁၂) ရာစုမှာ ဘာသာပြန်ဆိုခဲ့သူဖြစ်ပါတယ်။ လီယိုနာဒို ပီစာ (Leonardo from Pisa) လို့လည်းသိကြတဲ့ ဖီဘိုနာချီ ကတော့ အာရဗ်သင်္ချာပညာရပ်တွေကို ဥရောပလူထုအမြာက်အများဆီရောက်အောင် ပို့ဆောင်ခဲ့သူဖြစ်ပါတယ်။ ဖီဘိုနာချီ ဟာ မြို့တော်ဘဂ္ဂဒက်နဲ့ မိုဆိုးလ်တို့မှာ သင်္ချာပညာရပ်သင်ကြားတဲ့ ဆီဒီ အိုမာ (Sidi Omar) ထံကနေ သင်္ချာပညာရပ်ကိုသင်ကြားခဲ့ပါတယ်။သူဟာ အလက်ဇန်းဒရီးယား၊ ကိုင်ရို ၊ ဒမတ်စကပ်စ် စတဲ့ မြို့တွေကစာကြည့်တိုက်တွေကို သွားရောက်လေ့လာပြီးတဲ့အခါမှာ လက်တင်ဘာသာနဲ့ နာမည်ကျော် ” တွက်ချက်မှုဆိုင်ရာကျမ်း ” ( Liber Abaci) ကိုရေးသားခဲ့ပါတယ်။ ဒီစာအုပ်မှာ အာရဗီ ကိန်းဂဏန်းတွေအကြောင်းအထူးဖော်ပြထားပါတယ်။

     

    (1001 Inventions : Muslim Heritage in Our World)

    အင်္ဂလန်နိုင်ငံ သိပ္ပံ၊နည်းပညာ နှင့် ယဉ်ကျေးမှု ဖောင်ဒေးရှင်းမှ ပုံနှိပ်သည်။ (Foundation for Science, Technology and Civilisation (FSTC), UK)

    “ကျွန်ုပ်တို့ကမ္ဘာရှိ မွတ်စလင်များကပေးခဲ့သော အမွေအနှစ်များ” စာအုပ်မှ အကျဉ်းထုတ်နှုတ်ချက်
    ==========================
    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့၏ ဆန်းသစ် တီထွင်မှုများ – ၁ (စာသင်ကျောင်းများ) ဖတ်ရန်
    http://www.m-mediagroup.com/news/27979

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၂ (ဓာတုဗေဒပညာရပ်)
    http://www.m-mediagroup.com/news/28107

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၃ (ဆေးပညာ)
    http://www.m-mediagroup.com/news/28166

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၄ (အနုပညာ)

    http://www.m-mediagroup.com/news/28362

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၅ (ဗိသုကာပညာရပ်)

    http://www.m-mediagroup.com/news/28555

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၆ (အာကာသ နက္ခတ္တဗေဒ ပညာရပ်)
    http://www.m-mediagroup.com/news/28756

    (အစ္စလာမ့် တီထွင်ဆန်းသစ်မှုများကို ဖော်ပြရခြင်းအကြောင်း)

    ယနေ့ကာလမှာ ကမ္ဘာ့လူသားထုတိုးတက်ရေးအတွက် အစ္စလာမ်ကမ္ဘာကပြုလုပ်ခဲ့တဲ့ အရေးပါအရာ ရောက်လှတဲ့ ဖြည့်စွက်ချက်တွေကို အသိ နည်းနေကြ ပါသေးတယ်။ နှစ်ပေါင်း ( ၅ဝဝ ) ကျော်မျှ အစ္စလာမ်က သိပ္ပံပညာရပ်တွေမှာ ကမ္ဘာကို ဦးဆောင်ခဲ့ရုံမျှမက စည်းစနစ်ကျတဲ့ အသိပညာရှာဖွေမှုတွေမှာ တက်တက်ကြွကြွ ရှိနေခဲ့ကြတဲ့ တစ်ခုတည်းသော လူသားမျိုးနွယ် အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။

    ( ၈ ) ရာစုအလယ်က စလို့ သိပ္ပံနဲ့ ပညာရေးဟာ ဘဂ္ဂဒက်မြို့တော်ကိုအခြေပြုတဲ့ တန်ခိုးကြီး အစ္စလာမ့် အင်ပါယာအောက်မှာ မွတ်စလင်တွေရဲ့ လွှမ်းမိုးမှုအဖြစ်နဲ့ အကြီးအကျယ်ထွန်းကားနေခဲ့ပါတယ်။ ဒီတိုးတက်မှုအနေအထားဟာ နောင် နှစ်ပေါင်း (၅ဝဝ) ကြာပြီးတဲ့အခါ မွတ်စလင်တွေ နိုင်ငံရေးအရ ကျဆင်းလာတဲ့ အချိန်ကိုကျော်လွန်ပြီးတဲ့တိုင်အောင် ရှိနေခဲ့ပါတယ်။

    အစ္စလာမ့် တီထွင်ဆန်းသစ်မှုများ အဖြစ်နဲ့ ဖော်ပြသွားမယ့် ဆောင်းပါးတွေဟာ အစ္စလာမ့် ရွှေခေတ် ( The Golden Age of Islam) လို့ခေါ်တဲ့ ကာလတွေမှာ မွတ်စလင်တွေဟာ အသိပညာရှာဖွေရာမှာနဲ့ အရေးပါအရာရောက်လှတဲ့ လူ့သမိုင်းတိုးတက်ရေးတွေမှာ ဘယ်လောက်တောင် ထူးချွန်ပြောင်မြောက် စွာဖြည့်စွက်ခဲ့ကြသလဲ ဆိုတာကို ဖော်ပြသွားဖို့ရည်ရွယ်ပါတယ်။ သမိုင်းအရ အလယ်ခေတ် အရှေ့တိုင်းတွင် မွတ်စလင်များဘက်ပေါင်းစုံ တိုးတက်ထွန်းကားနေခိုက် အနောက်တိုင်း ခရစ်ယာန်နိုင်ငံများမှာ Dark Ages ဟုခေါ်သည့် အမှောင်ခေတ်များကို ဖြတ်သန်းနေရတာဖြစ်ပါတယ်။

    အောင်သန်းလွင် (UCSY)

  • “ရင့်” ကြဖို့ လိုပြီ (သူအမြင်)

    ဇွန်လ ၁၈ ရက်၊ ၂၀၁၄
    M-Media
    ဆောင်းပါးရှင်- ဦးဦးမှော်ဆရာ

    leader ship

    အချုပ်အခြာအာဏာ (Sovereignty) သဘော

    လူမှာ `အသက်´ရှိတယ်လို့ပြောရင် အချက်အလက်တစ်ခုအနေနဲ့ လူတိုင်းလက်ခံကြတယ်။ ဒါပေမဲ့ .. `အသက်´ဆိုတာ `ဒါကြီးကိုခေါ်တာကွ´..`ခန္ဓာကိုယ်ရဲ့ ဒီနေရာမှာရှိတယ်´လို့ ရုပ်သဏ္ဍာန်အားဖြင့် ပြလို့တော့မရဘူး။ နောက်ပြီး – ဒီလူကတော့ လူကောင်ထွားထွားကြီးဖြစ်လို့ `အသက်´က အကြီးကြီးရှိပြီး၊ ဒီလူကတော့ လူကောင်ပိစိလေးမို့လို့ သူ့ရဲ့ အသက်ကလည်း သေးသေးလေးပဲ ရှိတယ်လို့ ပြောလို့မရဘူး။ လူမှာ အသက်ရှိခြင်း ဆိုတာဟာ ၀ိဝါဒကွဲပြားစရာမလိုတဲ့ Fact ဖြစ်တယ်..။

    နိုင်ငံတစ်နိုင်ငံလို့ပြောဖို့ရာမှာ အကြမ်းဖျင်းအားဖြင့် (အများစု လက်ခံထားကြတဲ့) အချက်(၅)ချက်ရှိတယ်။ Territory  (နယ်နိမိတ်)၊ People (ပြည်သူ)၊ Government (အစိုးရ)၊ Sovereignty (အချုပ်အခြာအာဏာ) နဲ့ အခြားနိုင်ငံတွေနဲ့ နိုင်ငံတကာ ဆက်ဆံရေး ထူထောင်နိုင်သောစွမ်းရည် တို့ဖြစ်တယ်။ အဲဒီအချက်(၅)ချက်နဲ့ပြည့်စုံရင် နိုင်ငံတော်လို့ ယေဘုယျသတ်မှတ်လို့ရတယ်။ အဲဒီမှာ ပထမ(၃)ချက်က ရုပ်ဝတ္ထု သွင်ပြင်အားဖြင့် လက်တွေ့ပြလို့ရပေမဲ့၊ `အချုပ်အခြာအာဏာ´ ဆိုတာကတော့ ကျနော် အပေါ်မှာပြောခဲ့သလိုပဲ လူ့အသက်နဲ့တူတယ်။ `အချုပ်အခြာအာဏာ´ ဆိုတာ အဲဒါပဲကွယ့်..လို့ လက်ဆုပ်လက်ကိုင်ပြလို့မရဘူး။ အချုပ်အခြာအာဏာ ရှိခြင်းရဲ့ သရုပ်သကန်တွေကိုပဲ ပြောပြလို့ရတယ်။ အချုပ်အခြာအာဏာနဲ့ပက်သက်တဲ့ အယူအဆတွေက ခုချိန်ထိလည်း မေးခွန်း ထုတ်စရာတွေ၊ ၀ိဝါဒကွဲပြားမှုတွေ အများကြီးပဲ။ ဒါပေမဲ့ theoretically ပြောရရင် နိုင်ငံတစ်နိုင်ငံမှာ Sovereignty (အချုပ်အခြာအာဏာ) ဆိုတာ အကြွင်းမဲ့အာဏာ (Supreme Power / Supreme Authority) ပဲ။ နိုင်ငံတွင်းမှာ သူ့ထက်မြင့်တဲ့ အာဏာဆိုတာ မရှိဘူး။ နောက်ပြီး အစပိုင်းမှာ လူ့အသက်နဲ့ ဥပမာပေးခဲ့သလိုပဲ နိုင်ငံကြီးကြီး၊သေးသေး အချုပ်အခြာ အာဏာရှိခြင်းရဲ့ သဘောသဘာဝက အတူတူပဲဖြစ်တယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ အချုပ်အခြာအာဏာနဲ့ ဘူတန်ရဲ့အချုပ်အခြာ အာဏာ အတူတူပဲ။ နိုင်ငံကြီးလို့ အချုပ်အခြာအာဏာ အကြီးကြီးရှိပြီး၊ နိုင်ငံသေးရင် အချုပ်အခြာ အာဏာ သေးသေးလေးပဲ ရှိတယ်လို့ မှတ်ယူလို့မရဘူး။

    အချုပ်အခြာအာဏာကိုပဲ ပြည်တွင်းနဲ့ပြည်ပ အချုပ်အခြာ အာဏာဆိုပြီး နှစ်ပိုင်းခွဲခြားရှုမြင်ကြတယ်။ မြင်သာအောင် ဥပမာအနေနဲ့ပြောရရင် မြန်မာနိုင်ငံမှာ ဒီနှစ်မိုးတွင်းက စပြီး စပါးတစ်ပင်မှ မစိုက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ရင် ဒီဆုံးဖြတ်ချက်ကို ဘယ်နိုင်ငံကမှ “ဟ .. ဒါတော့ ဘယ်ဖြစ်မလဲကွ” လို့ ၀င်ဟန့်လို့မရပါဘူး။ အမေရိကန်နိုင်ငံက `ဟေ့ကောင်တွေ.. ပြန်စိုက်ကွာ..´ လို့ အမိန့်ပေးလို့မရဘူး။ ဒါက မြန်မာပြည်သူတွေနဲ့ မြန်မာ အစိုးရသာ ရွေးချယ် ဆုံးဖြတ်ရမဲ့ ကိစ္စ..။ အဲဒါ `ပြည်တွင်း အချုပ်အခြာ အာဏာ´(internal Sovereignty) ရဲ့ သဘောကို ဖေါ်ပြတယ်။ `ပြည်ပအချုပ်အခြာအာဏာ´(external Sovereignty) ရဲ့ ယေဘုယျ သဘောကတော့ ကိုယ့်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ကိုယ့်သဘော ဆန္ဒအလျောက် စီမံခန့်ခွဲနိုင်ခြင်းကို ဆိုလိုတယ်။ တနည်းအားဖြင့် ကိုယ့်ရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုကို တခြားသောနိုင်ငံတွေက အသိအမှတ်ပြုတဲ့ သဘောပေါ့။ ဒါကြောင့် ကိုယ့်နိုင်ငံကို ဘယ်သူ့ကိုမှ ၀င်ရောက် ခွင့်မပေးဘူးဆိုရင် (ဥပမာ-မြောက်ကိုရီးယား) ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကမှ ၀င်လာခွင့်မရှိဘူး။ ကိုလိုနီ လက်အောက်ခံနိုင်ငံတွေကို ပြန်ကြည့်ရင် ပြည်တွင်း ပြည်ပ အချုပ်အခြာ အာဏာနှစ်ရပ်လုံး ဆုံးရှုံးသွားတာကို ရှင်းရှင်းလင်းလင်း တွေ့ရလိမ့်မယ်။

    နိုင်ငံတကာအခင်းအကျင်းကို သရုပ်မှန်ဝါဒက မင်းမဲ့သဘောတရား(Concept of Anarchy)အနေနဲ့ ရှုမြင်ကြတယ်။ ဒီသဘောတရားအရ အချုပ်အခြာအာဏာပိုင် နိုင်ငံတွေအကြား တန်းတူညီမျှမှု ရှိတဲ့အတွက် နိုင်ငံတစ်နိုင်ငံက နောက်တစ်နိုင်ငံကို အမိန့်ပေးစေခိုင်းလို့မရသလို၊ အမိန့်ပေးတာကိုလည်း နာခံစရာ မလိုအပ်ဘူး။ ခုပြောခဲ့တာတွေက အချုပ်အခြာ အာဏာအကြောင်း သဘောတရား ရှုထောင့်က အကျဉ်းမျှပြောခဲ့တာပါ။ ဒါပေမဲ့ တကယ့်လက်တွေ့ အနေအထားတွေကိုကြည့်ရင် နိုင်ငံတွေ၊ အစိုးရတွေ နဲ့ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေ အကြား ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်တဲ့ ဆက်ဆံရေးကို အခြေခံပြီး တစ်နိုင်ငံကို နောက် တစ်နိုင်ငံက လွမ်းမိုးခြယ်လှယ်တာမျိုး၊ လက်ဝင်လျှိုတာမျိုး တွေရှိတယ်။ `အချုပ်အခြာအာဏာ´အကြောင်း ပြည့်ပြည့်စုံစုံရေးမယ်ဆိုရင် အခန်းဆက်ဆောင်းပါးရှည်ကြီး ရေးမှ ပြည့်စုံနိုင်မယ်။ ကျနော် အခုရေးမှာက သာမာန်ဆောင်းပါး တစ်စောင်သာဖြစ်လို့ ဆောင်းပါးပါအကြောင်းအရာနဲ့ ဆက်စပ်လို့ ရလောက်အောင်ပဲ သဘောတရား အကျဉ်းချုပ်မျှ ဖေါ်ပြခဲ့တာဖြစ်ပါတယ်။

    စက္ကူကျား

    နိုင်ငံတကာပဋိပက္ခတွေကို ကြည့်လိုက်ရင် ကုလသမဂ္ဂ၊ အီးယူတို့က သူတို့ဝန်ထမ်းတွေကို ပြဿနာဖြစ်ပွားနေတဲ့ နေရာကို သွားရောက် တာဝန်ထမ်းဆောင် ခိုင်းတာတွေ လုပ်လို့ရတဲ့အတွက် တခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ကျော်လွန်ပြီး လုပ်နိုင်တယ်၊ အားကောင်းတယ်လို့ မြင်ရတယ်။ အမှန်တကယ်ကတော့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း တွေကို အခြေခံပြီး လက်ခံမယ့် အိမ်ရှင်နိုင်ငံက သဘောတူသလောက်ပဲ သူတို့ပရောဂျက်တွေကို လုပ်လို့ရတာပါ။ ဒါကိုတော့ ကျနော်တို့ လက်တွေ့ကျကျ  နားလည်လက်ခံကြဖို့ လိုပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ နိုင်ငံတစ်နိုင်ငံရဲ့ `အချုပ်အခြာအာဏာ´ဆိုတာကပဲ အရေးအကြီးဆုံးဖြစ်သလို၊ အိမ်ရှင်နိုင်ငံရဲ့ အဆုံးအဖြတ်ကပဲ ပိုပြီးအဓိကကျတယ်။ ပြင်ပကလာတဲ့ ဧည့်သည်တွေ၊ ကူညီကယ်ဆယ်ရေးတွေ၊ ပညာရှင်တွေ .. ဘယ်သူ့ကိုမှ လက်မခံဘူး၊ မနေနဲ့ဆိုရင် ချက်ချင်းထွက်ခွာပေးရတယ်၊ မသွားနဲ့ဆိုတဲ့နေရာကို သွားခွင့်မရှိဘူး။ မလာနဲ့ဆို လာလို့မရဘူး။ ပြန်ပါဆိုရင် ပြန်ရတယ်။ Sovereignty State ဖြစ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကပဲ အတည်ဖြစ်တဲ့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းဆိုတာက နှစ်ဖက် သဘောတူညီမှသာ လာကူညီနိုင်တဲ့ အနေအထားလို့ပြောရမယ်။ အိမ်ရှင်က သဘောမတူရင် ဘာမှလုပ်လို့မရဘူး။ ဒီနေရာမှာ အချုပ်အခြာ အာဏာရဲ့ သဘောကို နားမလည်ရင် ကျနော်ပြောတာကို လက်ခံနိုင်မှာ မဟုတ်ဘူး။ (ဒါကြောင့် အစပိုင်းမှာ အချုပ်အခြာ သဘောကို အကြမ်းဖျင်းမျှ ကြို ရှင်းပြခဲ့တာဖြစ်တယ်။)

    ကမ္ဘာအရပ်ရပ် ပဋိပက္ခဖြစ်ပွားရာဒေသတွေက ဖိနှိပ်ညှင်းဆဲခံနေရသူတွေကိုကြည့်ရင် ကုလသမဂ္ဂ၊ အီးယူ၊ အိုအိုင်စီ၊ အမေရိကန် စသဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပက်သက်ပြီး သူတို့ အပြည့်အ၀ နားမလည်ကြတာ တွေ့ရတယ်။ သူတို့ရဲ့အမြင်မှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက သူတို့အစိုးရကို ၀င်ဟန့်တားလိုက်ရင် အစိုးရ လက်တွန့်သွားလိမ့်မယ်၊ မလုပ်ရဲကြတော့ဘူးလို့ ထင်မှတ်နေခဲ့ကြတယ်။ နောက်ဆုံး ပြောမရတဲ့အစိုးရတွေကို အင်အားကြီးနိုင်ငံတွေက ၀ိုင်းလှော်ကြလိမ့်မယ်လို့ ခပ်လွယ်လွယ် မျှော်လင့်ခဲ့ကြတယ်။ အမှန်တကယ်မှာလည်း စစ်အင်အားသုံးဝင်ရောက်စွက်ဖက် ခဲ့တဲ့ သမိုင်းတွေကရှိနေတော့ ဒီအယူအဆကို ပိုမိုခိုင်မာစေတယ်။ ဒါပေမဲ့ အဲဒီလူတွေ မသိကြတာက ဘာကြောင့် ဒီလို စစ်အင်အား သုံးခဲ့တာလဲဆိုတဲ့ အချက်ကိုပါ .. တကယ်တမ်း သူတို့မျှော်လင့်သလို ဖြစ်မလာဘဲ၊ အကြမ်းဖက်သတ်ဖြတ်မှု တွေ အများကြီးဖြစ်ပွားပြီးတဲ့အခါမှပဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆိုတာ ဘာမှ အစွယ်မရှိဘူးဆိုတာ ဒီလူတွေ နားလည်သွားကြတယ်။ အမှန်တကယ်က အစွယ် မရှိဘူးဆိုတာထက်၊ ကိုယ်ကျိုးစီးပွားကို ဦးစားပေးတဲ့ ပေါ်လစီကြောင့်ပါ။ နိုင်ငံ တစ်နိုင်ငံချင်းစီရဲ့ ပေါ်လစီက သူတို့ရဲ့ (Value) နဲ့ (Interest) ပေါ်မူ အဓိကမူတည်ပါတယ်။  ဥပမာ- သမ္မတအိုဘားမား လက်ထက် အမေရိကန်ပေါ်လစီမှာ (Smart Power Diplomacy) ဖြစ်သည်။ ကိစ္စ တစ်ခုချင်းစီကို တွက်ချက်ကာ လိုအပ်သည်ဟု ယူဆရသော နည်းလမ်းများဖြင့် အမေရိကန်တို့၏ အကျိုးစီးပွားအောင်မြင်အောင် အကောင်ထည်ဖေါ်မည့် နည်းလမ်းဖြစ်ပါသည်။

    ကျနော်တို့ အသေအချာ နားလည်ထားရမှာက နိုင်ငံတကာအသိုင်းအ၀ိုင်းဆိုတာ စုစည်းညီညွှတ်တဲ့ အဖွဲ့အစည်း  မဟုတ်သလို၊ ခေါင်းဆောင် တစ်ဦးတည်းက ဦးဆောင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တစ်ရပ်မဟုတ်ပါဘူး။ နိုင်ငံတွေ အချင်းချင်း စုပေါင်း လုပ်ဆောင်နေကြတာ ဖြစ်သလို၊ အဲဒီနိုင်ငံအသီးသီးရဲ့ ခေါင်းဆောင်တွေ၊ အစိုးရတွေက ကိုယ့်အကျိုးစီးပွားတွေ အလျောက် သူတို့ သန်ရာ သန်ရာဘက်ကိုလိုက်ပြီး လုပ်ဆောင်နေကြတဲ့ နိုင်ငံ အချင်းချင်းကြားက ဆက်ဆံရေးပုံစံ တစ်ခုပဲ ဖြစ်တယ်။ အဲဒီလို အကျိုးစီးပွားတွေကို အရင်းခံထားတဲ့ ဆက်ဆံရေး တစ်ရပ် ဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်က သဘောမတူရင် နောက်လူတွေက ဘာမှလိုက်လုပ်ပေးလို့ မရဘူး။ အားလုံး သဘောတူတဲ့ ကိစ္စဆိုတာလဲ ပေါ်လာဖို့သိပ်ခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးဆိုတဲ့ (၅)နိုင်ငံကို ကြည့်လိုက်ရင် တဘက်မှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့ရှိနေပြီး၊ ကျန်တဘက်မှာ သူတို့နဲ့ ရပ်တည်ချက်မတူတဲ့ ရုရှား နဲ့ တရုတ်တို့ ရှိနေကြတယ်။ ဒါကြောင့် သူတို့ကြားက အချင်းချင်း အားပြိုင်မှု(Power Balance)တွေကြောင့် တဘက်က လုပ်ချင်ပေမယ့်လည်း နောက်တဘက်က သဘောမတူတဲ့အတွက် အကောင်အထည်ပေါ် မလာတာတွေ ရှိပါတယ်။ ဒါကြောင့်လည်း ဒီနေ့ခေတ် အခြေအနေမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆိုတာ တကယ်တမ်း အကြပ်အတည်း တွေ့လာပြီဆိုရင် ဘာမှ မလုပ်နိုင်တော့ဘဲ စက္ကူကျား သာသာပဲ ဖြစ်နေတယ်။

    လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ ဖြစ်ခဲ့တဲ့နေရာတွေကို ပြန်ကြည့်ရင် အဲဒီမှာအသတ်ခံနေရတဲ့ လူတွေထက်စာရင် ကုလသမဂ္ဂ၀န်ထမ်း လူဖြူတွေရဲ့ အသက်က ပိုပြီးတန်ဖိုးကြီးနေတဲ့ ပုံစံမျိုးတွေ့ရတယ်။ လူဖြူတစ်ယောက် အသက်အသေခံမလား၊ ဒီကလူတွေ ထောင်သောင်းချီသေတာကို လက်ခံမလားဆိုရင်တောင် သူတို့လူတစ်ယောက် အသေမခံဘဲ ကယ်ထုတ်သွားရမဲ့ အနေအထားကိုတွေ့ရတယ်။ အဲဒါ သူတို့ရဲ့ ပထမ ဦးစားပေးပေါ့.. ဒုက္ခသည်တွေရဲ့ အသက်က ဒုတိယနေရာမှာပဲရှိတယ်။ ဒီလိုအဖြစ်အပျက်တွေက ဘော့စနီးယား၊ ကိုဆိုဗို၊ ရ၀န်ဒါ၊ သီရိလင်္ကာ စတဲ့နေရာစုံမှာ ဒီလိုပဲတွေ့ရတယ်။ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေက ဒေသခံတွေရဲ့အသက်ကို ဘယ်လိုပဲ ကယ်တင်လိုစိတ် ရှိနေပါစေ .. သူတို့လူဖြူတွေရဲ့ အသက်ကို အာမခံချက်ရှိမှပဲ လုပ်ကြတာ။ အာမခံချက် မရှိတဲ့အခါ ဒေသခံတွေ ဘာချည်းပဲဖြစ်နေပါစေ .. သူတို့လူတွေကိုပဲ အရင်ဆုံး ကယ်ထုတ် သွားကြတာပါပဲ။

    ကျနော်ပြောချင်တာကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆိုတိုင်း၊ ကုလသမဂ္ဂဆိုတိုင်း ကျနော်တို့အနေနဲ့ လက်တွေ့ မကျဘဲ သဘောထားနုနယ်တဲ့ အတွေးတွေ မရှိသင့်တော့ဘူး။ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆိုတိုင်း ပြည်တွင်းရေးမှာ ၀င်ရောက် စွက်ဖက်နိုင်တာပဲ .. အာဏာရှင်တွေကို တားဆီးနိုင်တာပဲ .. သူတို့ ဒါမျိုးတွေ မလုပ်ရဲအောင် ၀င်ပြောနိုင်တာပဲ .. နိုင်ငံတကာက ၀င်ပြောလိုက်ရင် ဒီအစိုးရ လုပ်ရဲတော့မှာမဟုတ်ဘူး .. စသဖြင့် ကျနော်တို့ ဒါမျိုး နုနယ်တဲ့ သဘောထားတွေ၊ မရင့်ကျက်တဲ့ အမြင်တွေ မရှိသင့်တော့ဘူး။ လက်တွေ့ကျကျ စဉ်းစားကြဖို့ လိုပါပြီ။

    `ရင့်´ဖို့လိုပြီ

    ကျနော့်ဆောင်းပါးက ပြည်ပအကူအညီတွေ အပေါ် မျှော်လင့်ချက်ထားနေသူတွေ စိတ်ပျက် အားလျော့သွားအောင် ရေးထားတာ မဟုတ်ဘူး။ ဒီဆောင်းပါးကို ဖတ်နေတဲ့ ခင်ဗျားတို့မှာ အသိဥာဏ်ကိုယ်စီရှိပါတယ်။ ကျနော်ပြောနေတာ ဖြစ်နိုင်၊မဖြစ်နိုင် ဆိုတာလောက်တော့ ခင်ဗျားတို့ စဉ်းစားနိုင်ကြလိမ့်မယ်။ လက်တွေ့ဖြစ်နေတာတွေကို ထောက်ပြပြီး သတိပေးနေတာပါ။ ကျနော်ရေးတာ ကျိုးကြောင်းဆီလျော်မှု ရှိ၊မရှိဆိုတာ ရိုဟင်ဂျာ ကိစ္စကိုကြည့်ရင်ပဲ သိသာပါတယ်။ ရိုဟင်ဂျာပြဿနာက ခုချိန်မှ ဒါမျိုးကြုံရတာ မဟုတ်ပါဘူး။ စစ်အစိုးရ အဆက်ဆက် ရိုဟင်ဂျာတွေကို ခုတိုင်းပဲ နှိပ်စက်ခဲ့ကြတာပါ။ ဒီဘက်ခေတ်မှာဆို သန်းရွှေလက်ထက် ၁၉၉၆ ၀န်းကျင်ခန့်ကလည်း ရိုဟင်ဂျာတွေကို ခုထက်ပိုပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ဖူးပါတယ်။ ဒီအကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေ မသိတာမဟုတ်ပါဘူး။ မသိယောင်ဆောင် နေကြတာပါ။ ကချင်တွေကိုလည်း စစ်ရာဇ၀တ်မှု ကျူးလွန်နေတာ ကမ္ဘာသိပါ။ နေရာတိုင်းမှာ မုဒိန်းကျင့်ခြင်းကို လက်နက်သဖွယ် လုပ်ဆောင်နေတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေလည်း အများအပြား ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး “စိုးရိမ်မိပါတယ်..” “အနီးကပ်စောင့်ကြည့်နေပါတယ်..” “၀မ်းနည်းပါတယ်..” ဆိုတဲ့ ကြေငြာချက်တွေကလွဲရင် ဘယ်နိုင်ငံတွေက ဘယ် အတိုင်းအတာထိ ပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့ပါသလဲ..။ ခုချိန်မှာ ကုလသမဂ္ဂကိုဖြစ်စေ၊ အမေရိကန်ကိုဖြစ်စေ ငိုပြရင်လည်း ခင်ဗျားတို့ချင်း စားပွဲပေါ်မှာ ပြေလည်အောင်ညှိကြလို့ပဲ ပြောမှာပါ။ ဒီကိစ္စတွေအတွက် ဘယ်သူကမှ စွန့်စွန့်စားစား မလုပ်လိုဘူးဆိုတဲ့ ဆန္ဒကိုဖေါ်ပြနေပါတယ်။ မြင်အောင် ကြည့်ကြပါ။

    ကျနော် ဆောင်းပါးနဲ့ပတ်သက်ပြီး သဘောပေါက်လွဲမှာစိုးလို့ အသေအချာ ထပ်ပြောချင်တာ တစ်ခုက- ဘယ်နိုင်ငံမှာ ဘာဖြစ်ဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက လက်ပိုက်ကြည့်နေရမယ်လို့ မဆိုလိုပါဘူး။ ဘာမှဝင်စွက်ဖက်လို့ မရတာမျိုးလည်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့လပိုင်းက Responsibility to Protect(R2P)  Link ဆိုတဲ့အကြောင်း ကျနော် အကျဉ်းချုပ်ရေးဖြစ်ခဲ့တယ်။ အဲဒီလိုမျိုး ၀င်ရောက်စွက်ဖက်နိုင်တဲ့ ဥပဒေတွေရှိပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေတွေ အသက်ဝင်လာအောင်၊ အရေးယူမှုတွေ ရှိလာအောင် ကိုယ့်ဘက်က လမ်းကြောင်းပေးနိုင်မှာပဲ ရမှာပါ။

    ကျနော်တို့အမြင်မှာ သိန်းစိန်က အရည်အချင်း မရှိတဲ့ လူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့၊ သူ့နားမှာရှိတဲ့ master mind တွေကတော့ အချဉ်တွေမဟုတ်ပါဘူး။ အစိုးရတစ်ရပ်ကို လျော့ မတွက်ကြပါနဲ့။ ဒီလို စဉ်းလဲယုတ်ညံ့တဲ့အစိုးရမျိုးကို ကလေးကွက်တွေနဲ့ ရင်ဆိုင်ဖို့ ကြိုးစားနေမဲ့အစား လိမ္မာပါးနပ်စွာ ဆက်ဆံကြဖို့လိုအပ်နေပါပြီ။

    Comparative Politics ကို လေ့လာဖူးသလောက် ပြောရရင် ပြည်ပအင်အားသုံး စွက်ဖက်မှုတွေကို လမ်းခင်းပေးနိုင်တဲ့ အကြောင်းရင်းတွေက ယေဘုယျ အားဖြင့် နှစ်ချက် ရှိတာတွေ့ရတယ်။ တချက်က ပြည်တွင်း အင်အားစုတွေရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှု၊ နောက် တချက်ကတော့ သယံဇာတမက်လုံး..။ အထူးသဖြင့် လက်ရှိ သိန်းစိန် အစိုးရလိုမျိုး ဒိုင်ယာလော့ခ်ကို မဟာဗျူဟာမြောက် ကျင့်သုံးနေတဲ့ နိုင်ငံတွေကို ပြင်ပမှ အင်အားသုံး စွက်ဖက်တာမျိုး လုပ်လေ့မရှိဘူး။ နောက်ပြီး Rome Statue ကိုလည်း လက်မှတ် ထိုးထားခြင်း မရှိတဲ့အတွက် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ တရားစွဲဖို့ ပိုမို ခက်ခဲပါတယ်။ အထူးသဖြင့် High Intensity Violence အဖြစ် သတ်မှတ်လို့ရတဲ့ စစ် အာဏာရှင်နိုင်ငံများကိုသာ ပြည်ပမှ စစ်အင်အားသုံး ၀င်စွက်လေ့ရှိတာတွေ့ ရတယ်။ မြန်မာပြည်ရဲ့အနေအထားကို ပြန်ကြည့်ရင် high intensity လို့ ပြောရမှာထက် တရိရိ တိုက်စားနေတာမျိုးပဲ ဖြစ်တယ်။ ဒါ့အပြင် တဘက်ကိုပြန်ကြည့်ရင် ဖိနှိပ်ညှင်းပမ်းနေသူတွေကို ပြန်လှန် တွန်းလှန်တာမျိုး ပြည်တွင်းမှာ လုံးဝမရှိဘူး။ ပြောရရင် သိန်းစိန်အစိုးရက ဒိုင်ယာလော့ခ်ပေါ်လစီကို အောင်အောင်မြင်မြင် ဗန်းပြ အသုံးချနိုင်နေသလို၊ တဘက် အင်အားစုတွေကလည်း ငြိမ်းချမ်းစွာ အဖြေရှာရေးကို ဦးတည်နေတဲ့ အနေအထားမျိုးမှာ ဘယ်ပြည်ပနိုင်ငံကမှ အင်အားသုံး ၀င်စွက်ဖက်မှာ မဟုတ်ဘူး။ ဒီလို ပြည်တွင်း အင်အားစုတွေရဲ့ တိုက်ပွဲပုံစံမရှိဘဲ ပါးစပ်က ထိုင်အော်နေယုံနဲ့တော့ ဘယ်နိုင်ငံခြား စစ်တပ်ကမှ ၀င်တိုက်ပေးမှာလည်း မဟုတ်ပါဘူး။

    နိုင်ငံရေးဆိုတာ `နု´ရာကနေ `ရင့်´လာကြရတာပါ။ ကိုယ့်ရဲ့ တကယ့်အခြေအနေမှန်ကို လက်ခံနိုင်စွမ်း မရှိရင် ရှေ့ဆက်လုပ်ဆောင်ရမဲ့ အစီစဉ်တွေမှာ တလွှဲတချော်တွေပဲ ဆက်တွေးနေလိမ့်မယ်။ ဒီလိုအတွေးမှားတွေက ခင်ဗျားတို့ရဲ့ လက်တွေ့ အခြေအနေ(reality)ကိုေ၀၀ါးသွားစေပါတယ်။ ခုကြုံတွေ့နေရတာတွေက ရက်ပိုင်း၊ လပိုင်းအတွင်း ဖြစ်လာတဲ့ ကိစ္စမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ အစီစဉ်ချပြီး လုပ်ဆောင်ခဲ့တာပါ။ ကျနော်တို့အမြင်မှာ သိန်းစိန်က အရည်အချင်း မရှိတဲ့ လူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့၊ သူ့နားမှာရှိတဲ့ master mind တွေကတော့ အချဉ်တွေမဟုတ်ပါဘူး။ အစိုးရတစ်ရပ်ကို လျော့ မတွက်ကြပါနဲ့။ ဒီလို စဉ်းလဲယုတ်ညံ့တဲ့အစိုးရမျိုးကို ကလေးကွက်တွေနဲ့ ရင်ဆိုင်ဖို့ ကြိုးစားနေမဲ့အစား လိမ္မာပါးနပ်စွာ ဆက်ဆံကြဖို့လိုအပ်နေပါပြီ။ စိတ်ကူးယဉ်(Utopia) အိပ်မက်တွေထဲက ထွက်လာပြီး ပြတ်သားတဲ့၊ လက်တွေ့ကျတဲ့၊ စနစ်ကျတဲ့၊ ရည်မှန်းချက်ရှိတဲ့ နိုင်ငံရေး (deliberated politics)ကို ထိထိရောက်ရောက် လုပ်ဆောင်ကြဖို့ လိုအပ်နေပါပြီ။ Strategy ကောင်းကောင်းတစ်ခု ရှိရပါမယ်။ မှန်ကန်တဲ့ Vision (မျှော်မှန်းချက်) ရှိရပါမယ်။ ဒါပေမဲ့ ကိုယ့် Vision ကိုချည်း အော်နေလို့မရပါဘူး။ ဒီ Vision ကိုရောက်အောင် သွားနိုင်ဖို့ လက်တွေ့အကျဆုံးက ခင်ဗျားတို့ကိုယ်တိုင် ရွေးချယ်ရမယ့် Mission ပါ။ လုပ်သင့်တယ်ထင်တဲ့ လမ်းကြောင်းတွေ အားလုံးကို ထည့်စဉ်းစားကြဖို့ သင့်ပါတယ်။

    စိတ်ဓါတ် မြှင့်တင်တာလား .. စိတ်ဓါတ်ဖျက်ဆီးတာလား

    ကျနော် မှတ်မှိပါသေးတယ်။ မူကြိုကလေးဘ၀တုန်းက ရွယ်တူကလေးတွေ ကျနော့်ကို ကြောက်အောင် `င့ါအဖေက ဟောဒီ အိမ်ကြီးလောက် ကြီးတာ.. မင်းတို့ကို ဘယ်လို ကိုင်ပေါက် ပစ်လိုက်လိမ့်မယ်..´ဆိုပြီး ဖြဲခြောက်လေ့ရှိတယ်။ ကိုယ့်လိုပဲ ဘာမှ မသိနားမလည်သေးတဲ့ ကလေးချင်းကတော့ ကျနော့်လေလုံးတွေကို အဟုတ်မှတ်ပြီး ကြောက်တာပေါ့။ ဒီတော့ ကျနော့်ကိုလည်း လာဖားကြတယ်.. မုန့်တ၀က် ခွဲကျွေးတာတွေ လုပ်ကြတယ်။ ဒီအကြောင်း လူကြီးတွေသိသွားတဲ့ အခါကျတော့ ၀ိုင်းရယ်ကြတာပေါ့ဗျာ..။

    အခုလည်း ဒီအသက်အရွယ်ရောက်မှ ငယ်ငယ်က အကြောင်းတွေကို ပြန်သတိရဖို့ အကြောင်းဖန်လာတယ်။ တခါတလေ အွန်လိုင်းပေါ်ကမိတ်ဆွေတချို့ share လုပ်ထားကြတဲ့ တချို့သော စာတွေဟာ မူကြိုအရွယ် ကလေးငယ်တစ်ယောက်ကပဲ စိတ်ကူးယဉ်ပြီး ချရေးထားသလားလို့ ထင်မိတယ်။ အဲဒီလောက် အနှစ်သာရကင်းမဲ့ပြီး ပေါချာချာနိုင်တဲ့စာတွေကို တွေ့ရတော့ ပထမ ကျနော် အံသြမိပါတယ်။ နောက်တော့ စဉ်းစားစရာဖြစ်လာတယ်။ ဘာရည်ရွယ်ချက်နဲ့ ဒီလောက် ပေါချာချာစကားတွေ လျောက်ပြောနေတာလဲလို့..။

    မြန်မာပြည်က မွတ်ဆလင်တွေကို အကြောင်းခံပြီး ဘယ်နိုင်ငံ၊ ဘယ် အဖွဲ့အစည်းကမှ သိန်းစိန်အစိုးရကို လာဖြုတ်ချမှာ မဟုတ်သလို၊ သိန်းစိန်ကို ကြိုးစင်ပို့မယ်ဆိုတာလည်း လက်ရှိအချိန်ထိ လုံးဝမဖြစ်နိုင်ပါဘူး။  ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဖျက်လိုက်ပါလို့ ကုလသမဂ္ဂကလည်း အမိန့်ပေးလို့မရသလို၊ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးလိုက်ပါလို့ ဘယ်သူကမှ အမိန့်ပေးစေခိုင်းလို့လည်း မရပါဘူး။ ဒါဟာ မကြိုက်ရင်လည်း လက်ခံရမဲ့ အရှိတရားပါ။

    ကျနော်(ဦးဦး မှော်ဆရာ) ဘာတစ်ခုမှ မသိဘူးလို့ပဲ ထားပါတော့။ ဒီလို ရေးသားနေသူတွေနဲ့ပက်သက်လို့ ပုဂ္ဂိုလ်ရေးတွေ၊ အတွင်းရေးကိစ္စတွေ လုံးဝ မပါစေဘဲ အပေါ်ယံရှပ်တွေးကြည့်ရင်တောင် အဲဒီလို လုပ်ရပ်တွေမှာ အဓိကဆိုးကျိုး(၃)ခု တွေ့ရတယ်။

    (၁) ပြင်ပဗဟုသုတလည်းချို့တဲ့ပြီး တကယ့်လက်တွေ့ခံစားနေရတဲ့ ပြည်တွင်းကလူတချို့စိတ်ထဲမှာ ဒီလို လေလုံးတွေ နားယောင်သွားတဲ့အခါ မိမိတို့ရဲ့အခြေအနေ ဘယ်လောက်တောင် ဆိုးရွားနေတယ်ဆိုတာကို လက်တွေ့ကျကျ သုံးသပ်နိုင်တော့မှာ မဟုတ်ဘူး။ မနက်ဖန်ပဲ နိုင်ငံသား ဖြစ်တော့မလိုလို၊ နောက်တစ်လကြာရင်ပဲ တိုင်းရင်းသား ဖြစ်လာတော့ မလိုလို …၊ ဟိုလူတွေ လာလုပ်နိုးနိုး၊ ဒီလူတွေ ၀င်လာကူနိုးနိုး စိတ်ကူး ယဉ်မှုတွေကြောင့် ကိုယ်ကိုယ်တိုင် နည်းလမ်းတကျကြိုးစားမှပဲ ရလိမ့်မယ်ဆိုတဲ့ အသိ စိတ်ဓါတ်ကိုေ၀၀ါးပျောက်ဆုံးသွားစေတယ်။ တနည်းအားဖြင့် apolitical trend ကို ဦးတည်တယ်။

    (၂) ပြဿနာအပေါ် သူတို့ရဲ့ရှုမြင်ပုံက လမ်းလွှဲသွားတဲ့ အတွက် ဖြေရှင်းမှုနဲ့ပက်သက်လို့လည်း မှန်ကန်တဲ့၊ ဖြစ်သင့် ဖြစ်ထိုက်တဲ့ လမ်းကြောင်းကို ရွေးချယ်နိုင်တော့မှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ (capacity building) အရည်အသွေးကို မြှင့်တင်ရကောင်းမှန်း  မသိကြတော့ဘူး။ စိတ်ဓါတ်ပိုင်းဆိုင်ရာကို ဖျက်ဆီးရာရောက်ပါတယ်။

    (၃) အဲဒီလိုအခြေအမြစ်မရှိတဲ့ ကပေါက်တိ ကပေါက်ချာလေလုံးတွေကို ယုံကြည်မိတဲ့လူတွေ စိတ်ထဲမှာ တကယ့် လက်တွေ့ကျကျ ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတဲ့ ပုဂ္ဂိုလ်တွေ အပေါ် ရေရှည်မှာ အမြင်ကောင်းနိုင်တော့မှာ မဟုတ်တော့ဘူး။ ဥပမာ- ပြည်ပက ဘယ်သူတွေက ဘယ်လိုကျိန်းဝါးထားတာ။ ဘယ်နှစ်လ အတွင်း ဘာတွေ လုပ်ပေးစေရမယ်လို့ စိတ်ချလက်ချ ယုံမှတ်နေသူတွေရဲ့ စိတ်ထဲမယ် အဲဒီလုပ်ရပ်တွေကပဲ ဒီပြဿနာရဲ့ ဖြေရှင်းနည်းလို့ တထစ်ချ သတ်မှတ်ပြီးသား ဖြစ်နေ လိမ့်မယ်။ ဒါကြောင့် ပြည်တွင်းမှာ အခက်အခဲတွေကြားက လက်တွေ့ ရင်ဆိုင်ဖြေရှင်းနေသူတွေရဲ့ လုပ်ဆောင်နေမှု အပေါ် နားလည်လက်ခံပေးနိုင်ဖို့ သိပ်မလွယ်တော့ဘူး။ အဲဒီလူတွေ “သေမှာကြောက်လို့၊ စည်းစိမ်ဥစ္စာ ထိခိုက်မှာကြောက်လို့ အစိုးရ နောက်မြီးဆွဲနေတယ်..” ဆိုတဲ့ အမြင်ထက် ထူးပြီး အကောင်းမြင်နိုင်တော့မှာ မဟုတ်ဘူး။ (သေမှာကြောက်တာ အပြစ်မဟုတ်ဘူး) အမှန်တကယ် အစိုးရအလိုတော်ရိတွေ၊ ကိုယ်ကျိုးရှာသူတွေ၊ နောက်မြီးဆွဲ သစ္စာဖေါက်သူတွေ မရှိမဟုတ်… ရှိပါတယ်။ ဒါပေမဲ့ ကျနော် ရည်ညွှန်းချင်တာက လုပ်ဆောင်ချက်ကိုပါ။ လုပ်ရပ်တစ်ခုကိုပဲ အဖြေလို့ တထစ်ချမှတ်ယူလိုက်တဲ့အခါ ကျန်တာတွေအားလုံးကို အကောင်း မမြင်နိုင်တော့တဲ့ သဘောပါ။

    စာလည်း သိပ်ရှည်သွားပြီ။ နိဂုံးချုပ်ပါမယ်။ မိတ်ဆွေတို့ကို အထူး သိစေချင်တာက မြန်မာပြည်က မွတ်ဆလင်တွေကို အကြောင်းခံပြီး ဘယ်နိုင်ငံ၊ ဘယ် အဖွဲ့အစည်းကမှ သိန်းစိန်အစိုးရကို လာဖြုတ်ချမှာ မဟုတ်သလို၊ သိန်းစိန်ကို ကြိုးစင်ပို့မယ်ဆိုတာလည်း လက်ရှိအချိန်ထိ လုံးဝမဖြစ်နိုင်ပါဘူး။  ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဖျက်လိုက်ပါလို့ ကုလသမဂ္ဂကလည်း အမိန့်ပေးလို့မရသလို၊ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးလိုက်ပါလို့ ဘယ်သူကမှ အမိန့်ပေးစေခိုင်းလို့လည်း မရပါဘူး။ ဒါဟာ မကြိုက်ရင်လည်း လက်ခံရမဲ့ အရှိတရားပါ။ ခုချိန်ထိ လက်တွေ့ ကြုံနေရတာတွေကို တချက်ပြန် စဉ်းစားကြည့်ပါ။ နောက်ပြီး ဘယ်နှစ်လအတွင်း ဘာဖြစ်စေရမယ် ဆိုတာမျိုးကလည်း ကျနော့်အတွေ့အကြုံအရ လုံးဝမဖြစ်နိုင်သေးပါ။ ခင်ဗျားတို့ကိုယ်တိုင် လေ့လာဆန်းစစ်ပြီး ချင့်ချိန်ယုံကြပါ။ မြန်မာမွတ်ဆလင်တွေရဲ့ အခွင့်အရေး နစ်နာဆုံးရှုံးနေတဲ့ ကိစ္စက လွယ်လွယ်လေးနဲ့ အဖြေမရပါနိုင်ဘူး။ ခင်ဗျားတို့ကိစ္စကို ခင်ဗျားတို့ ကိုယ်တိုင် လုပ်မှရလိမ့်မယ်။ ခင်ဗျားတို့ ဘယ်နည်းလမ်းသုံးပြီး အရွေ့တစ်ခုကို ဖန်တီးမလဲဆိုတာကိုတော့ ခံစားချက်ရှိတဲ့လူတွေကိုယ်တိုင် လက်တွေ့ကျကျ  စဉ်းစားချိန်တန်ပါပြီ။ Strategy ကောင်းကောင်းနဲ့ ပါးပါးနပ်နပ် လုပ်ဆောင်မယ်ဆိုရင် ပြည်ပ ဖိအားတွေ၊ နိုင်ငံတကာအရေးယူမှုတွေ ရှိလာမှာဖြစ်သလို၊ ထိုက်သင့်တဲ့အောင်မြင်မှုလည်း ရလာမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် ..

    စိတ်ကူးယဉ်မနေကြပါနဲ့။
    အင်မတန်ခက်ခဲတဲ့ အခြေအနေဆိုတာ သတိပြုကြပါ။
    လမ်းစပျောက်ပြီး လုံးပါး ပါးသွားပါလိမ့်မယ်..။

    ဦးဦး မှော်ဆရာ
    (၁၇ – ၆ – ၂၀၁၄)

    ** ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။

  • ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၆ (အာကာသ နက္ခတ္တဗေဒ ပညာရပ်)

    ဇွန် ၁၅ ၊ ၂၀၁၄
    M-Media
    Credit to -အောင်သန်းလွင် (UCSY)
    10347542_758275590873979_3509816138145707536_n
    ” လ ” ကို စောင့်ကြည့်လေ့လာရတဲ့ အလုပ်ဟာ အတိတ်ကာလမှာကော မျက်မှောက် ကာလမှာပါ မွတ်စလင်တွေ အတွက် အလွန်ပဲအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တာပါ။ ဘာသာရေးအရပြောရမယ်ဆိုရင် မွတ်စလင်တွေဟာ လအပေါ်အခြေခံတဲ့ ပြက္ခဒိန်ကို သုံးစွဲကြပြီး လဆန်းခြင်း (ဆန်းဦးစ လကိုစောင့်ကြည့်ခြင်း) က ရမဒါန် ဥပုသ်လရဲ့ အစဦးနဲ့ ပြီးဆုံးတဲ့ကာလကို အမှတ်အသားပြုဆုံးဖြတ်ပေးပါတယ်။ ဒါ့အပြင် ဆော်ဒီအာရေဗီးယားနိုင်ငံရှိ ကာ့အ်ဗာ (Kabbah) ကျောင်းတော် တည်ရှိရာ မက္ကာမြို့ကို ဟဂ်ျ ခရီးထွက်ရတဲ့ကာလကိုလည်း အဆုံးအဖြတ်ပေးပြန်ပါတယ်။ ဥပုသ်စောင့်ခြင်း နှင့် ဟဂ်ျ ပြုခြင်း တို့ဟာ မွတ်စလင်တွေအပေါ် တာဝန်တင်ရှိတဲ့ ကြီးလေးတဲ့ တာဝန် ( ၅ ) ရပ်အနက်က ( ၂ ) ခုဖြစ်ပါတယ်။

    Muslims Astronomers using Astrolabesကမ္ဘာကို တိကျတဲ့ နေရာအရပ်နဲ့ဖော်ပြခြင်း (မြေပုံဆွဲခြင်း) အတတ်ပညာဟာ ဘာသာရေး လိုအပ်ချက်အရ တမဟုတ်ချင်း ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒါကတော့ ကစ်ဗ်လာ (Qibla) လို့ခေါ်တဲ့ ကာဘာကျောင်းတော်တည်ရှိရာ မက္ကာမြို့ရဲ့ တည်နေရာကို မှန်ကန်တဲ့ ကိုသြဒိနိတ် ပုံအမှတ်အသား တွေက တစ်ဆင့်သတ်မှတ် တိုင်းတာဖို့ လိုအပ်လာတာပါ။ အကြောင်းအရင်းက မွတ်စလင်တွေ တစ်နေ့ ( ၅ ) ကြိမ် ဦးချဝတ်ပြုရာမှာ မက္ကာမြို့တော်ရဲ့ဦးတည်ရာဘက်ကို သိရှိဖို့ပဲဖြစ်ပါတယ်။ အဆုံးမှာ မွတ်စလင်တွေကြိုးစားရှာဖွေ သိရှိလာတဲ့ တြီဂိုနိုမေတြီ (တြိဂံထောင့်များနှင့်ဆက်စပ်ဆိုင်သော သင်္ချာပညာရပ်) အဖြေဟာ လွန်စွာပဲ အသိဉာဏ် အဆင့်မြင့်မားလှပါတယ်။ တကယ်တော့ တြီဂိုနိုမေတြီ ပညာရပ်ကိုက မွတ်စလင်တွေရဲ့ တီထွင်တိုးတက်မှုလို့တောင် ပြောနိုင်ပါတယ်။ သူတို့ဟာ ကမ္ဘာ့မြေပုံကိုရေးဆွဲခဲ့တဲ့အပြင် ကမ္ဘာကိုယ်တိုင်(မိမိဝင်ရိုးပေါ်)လည်ပတ်မှုရဲ့ တွက်ချက်မှုအခြေခံကိုပါ တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ရလာဒ်အားဖြင့် ကမ္ဘာအနှံ့ကနေ ကစ်ဗ်လာ (ဝတ်ပြုချိန်ဦးတည်ရာဘက်) ကိုတိကျစွာသတ်မှတ်နိုင်ခဲ့ပါတယ်။
    Armiliary Sphere
    အစ္စလာမ့် အင်ပါယာအောက်မှာရှိစဉ်က ဆမာကန် (Samarkand – ဥဇဘတ်ကစ္စတန်ရှိ ဒုတိယအကြီးဆုံးမြို့) နှင့် အစ္စတန်ဘူ (Istanbul – တူရကီ၏ အကြီးဆုံးမြို့တော်) တို့မှာတွေ့ရတဲ့ အာကာသ နက္ခတ္တဗေဒဆိုင်ရာ ရှာဖွေတွေ့ရှိမှုတွေဟာ အလွန်ပဲ အဆင့်အတန်းမြင့်မားပါတယ်။ အဲ့ဒီမှာ နေ၊ ကြယ်တာရာ စသည်တို့၏ အမြင့်တိုင်းကိရိယာ (Astrolabes)၊ နေနာရီ ၊ ဂြိုဟ် နက္ခတ် တာရာတို့၏ လှုပ်ရှားသွားလာမှုတိုင်း ကိရိယာ(Armiliary Sphere – စက်လုံးပုံစံကိရိယာ) တို့ကို စွဲမက်ဖွယ်ကောင်းလောက်အောင် တပ်ဆင်အသုံးပြုနေခဲ့ကြပါတယ်။ယင်းမြို့များမှာ အင်ပါယာအောက်မှ အာကာသနက္ခတ်ဗေဒပညာရှင်များဟာ စုပေါင်းစူးစမ်းရှာဖွေမှုတွေလုပ်ဆောင်နေခဲ့ကြပါတယ်။ (ယခုခေတ်သစ် နိုင်ငံတကာ စုပေါင်းလေ့လာမှုများ (Interantional Research Agencies) နှင့်အလားတူ) ( ၉ ) ရာစုမှာ အရှေ့တိုင်းရဲ့ အကျော်ကြားဆုံး အာကာသနက္ခတ်တဗေဒ ပညာရှင်ဖြစ်သူ အယ်လ် ဘက်တနီ (Al-Battani) ဟာ သိပ္ပံပညာရပ်နဲ့ဆိုင်တဲ့ စာတမ်းပေါင်းမြောက်များစွာရေးသားခဲ့ပါတယ်။ သူဟာ နှစ်စဉ် နေကြတ်ခြင်းဖြစ်နိုင်ကြောင်းကို ရှင်းလင်းပြသခဲ့တယ်။

    10367557_758275744207297_1169121875729928312_n နေကြတ်ခြင်းဖြစ်စဉ် အတွင်း အလင်းအဝန်းအဝိုင်းဟာ နေကြတ်ရာအစိတ်အပိုင်း(လ)ကို ဝန်းရံထားမိကြောင်း နှင့် နေ၏ အချင်းအတိုင်းအတာတို့မှာ တသမတ်မဟုတ်ဘဲ ပြောင်းလဲမှုရှိကြောင်းတို့ကိုလည်း ဖော်ပြခဲ့ပါတယ်။ သူဟာ တော်လမီ ပြဆိုတဲ့ လနဲ့ အခြားဂြိုဟ်များရဲ့ သွားရာ လမ်းကြောင်းအမှားတွေကို ပြင်ဆင်ပေးခဲ့ပါတယ်။ ဒီထက်မက လဆန်းကို မြင်နိုင်တဲ့ အချက်အလက်ဆိုင်ရာ တွက်ထုတ်ပုံ သီအိုရီသစ်ကိုလည်း တီထွင်ခဲ့ပါတယ်။ သူ (အယ်လ် ဘက်တနီ) နဲ့ အခြား အာရဗ် နက္ခတ္တပညာရှင်တွေဟာ တော်လမီရဲ့ ကမ္ဘာဗဟိုပြုစနစ်ကို သဘောမတွေ့ခဲ့ကြပါ။ သူတို့ဟာ ပြင်ဆင်မှုပေါင်း များစွာ လုပ်ဆောင်ခဲ့ကြပြီး နောင် နှစ်ပေါင်း ( ၇၀၀ ) အကြာမှာထွက်ပေါ်လာမယ့် ပိုလန်လူမျိုး နက္ခတ္တဗေဒ ပညာရှင် ကောပါးနီးကပ်စ်ရဲ့ နေဗဟိုပြုစနစ်ကို လမ်းခင်းပေးခဲ့ကြပါတယ်။ ကောပါးနီးကပ်စ် ရဲ့ နေဗဟိုပြုစနစ် အကြောင်းဖော်ပြတဲ့ စာအုပ်မှာ အယ်လ် ဘက်တနီ ကို နာမည်နှင့်ဖော်ပြထားပြီး အခြားနာမည်မဖော်ပြတဲ့ အာရဗ်မွတ်စလင် နက္ခတ္တဗေဒ ပညာရှင်တွေ (ဥပမာ – အယ်လ် တူစီ) ထံမှ အမြောက်အများ ကိုးကားထားပါတယ်။

    အယ်လ် တူစီ အကြောင်း အပြည့်အစုံဖတ်ရန် =>http://www.m-mediagroup.com/news/23466

    နက္ခတ္တဗေဒဆိုင်ရာ ကိရိယာများ

    အာရဗ်မွတ်စလင်တွေဟာ နက္ခတ္တဗေဒဆိုင်ရာ ကိရိယာတွေ တီထွင်တဲ့နေရာမှာလည်း ထူးချွန်ခဲ့ကြပါတယ်။ အလယ်ခေတ် Al-Idrisi World Mapမွတ်စလင်တွေတီထွင်တဲ့ နက္ခတ်ကြယ်တာရာများနှင့် ဂြိုဟ်များ၏ လမ်းကြောင်းပြကိရိယာ (Armillary Sphere) ဟာ အာကာသကို သုံးဘက်မြင် ရုပ်ပုံ (3D) နဲ့ ပုံဖော်ထား သလိုဖြစ်ပြီး ကမ္ဘာဂြိုဟ်ကို ဗဟိုပြုပြီး အခြားကြယ်တာရာများက (ဂရိနက္ခတ္တဗေဒ ပညာကျော် တော်လမီ၏ သဘောအတိုင်း) လှည့်ပတ်နေကြပါတယ်။ အဲ့ဒီမှာ ကမ္ဘာကို စက်လုံးပုံနဲ့ ကိုယ်စားပြုပါတယ်။ နောက် တစ်ခုကတော့ ကြယ်တွေရဲ့ တည်နေရာကို ရှာဖွေဖို့နဲ့ လမ်းညွှန်ရာမှာ အသုံးပြုတဲ့ ကြယ်တာရာ အမြင့်တိုင်း ကိရိယာ (Astrolabes) ပဲဖြစ်ပါတယ်။ အစ္စလာမ့် အင်ပါယာ လက်အောက်က စပိန် မာရာဂါမြို့နဲ့ ဥဇဘက်ကစ္စတန် ဆမာကန်တို့မှာ သုံးတဲ့ Astrolabes တွေဟာ ဥရောပမှာ တယ်လီစကုပ် မှန်ပြောင်းတွေ မပေါ်ခင်အထိသုံးကြတဲ့ နက္ခတ္တဗေဒဆိုင်ရာ ကိရိယာတွေနဲ့ အနှစ်သာရအားဖြင့် အတူတူသာဖြစ်ပါတယ်။ ( ၁ဝ ) ရာစုက အစောဆုံး သရုပ်ပြ နက္ခတ္တဗေဒဆိုင်ရာကျမ်း လက်ရေးမူဟာ မွတ်စလင် အာကာသ နက္ခတ္တဗေဒပညာရှင် အဗ်ဒူလ် အယ်လ် ရာဟ်မာန် အယ်လ် ဆူဖီ ရဲ့ ” တည်ငြိမ်ကြယ်များအကြောင်းပြဆိုရာကျမ်း ” (Book of the fixed Stars) အမည်ရတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ များစွာသော ကြယ်တာရာများ၏ အမည်များဟာလည်း တိုက်ရိုက် (သို့) ပြောင်းလဲရွေ့လျောလာတဲ့ အာရဗ် အမည်များသာဖြစ်ပါတယ်။
    Al Idrisi's presenting silver globe to King Roger II
    ကမ္ဘာလုံးဝန်းတဲ့သဘောတရားကို မွတ်စလင်တွေကပဲစဦးပြောပြခဲ့ကြတဲ့ နောက်အချက်တစ်ခုဖြစ်ပါတယ်။ အဲ့ဒါက ( ၁၁ ) ရာစုမှာ စစ်စလီကျွန်းရဲ့ နော်မန် ဘုရင် (King Roger II) က မွတ်စလင် ပထဝီပညာရှင် အယ်လ် အစ်ဒ်ရစ်စီ (Al-Idrisi) ကို ကမ္ဘာမြေပုံပြုလုပ်ဖို့ ကြီးကြပ်စေခဲ့ပါတယ်။ သူဟာ Book of Roger လို့ခေါ်တဲ့ မြေပုံ ( ၇ဝ ) ခန့်ပါတဲ့ မြေပုံစာအုပ်ကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီမြေပုံမှာ ကမ္ဘာမြေကြီးဟာ စက်လုံးပုံ လုံးဝန်းကြောင်းဖော်ပြထားပါတယ်။ ဒီအချက်ကို ပိုခိုင်မာစေဖို့အတွက် သူဟာ ငွေသတ္တုနဲ့စက်လုံးပုံစံ ကမ္ဘာလုံးပုံ နမူနာကိုလည်း ပြုလုပ်ခဲ့ပါတယ်။

    (1001 Inventions : Muslim Heritage in Our World)

    အင်္ဂလန်နိုင်ငံ သိပ္ပံ၊နည်းပညာ နှင့် ယဉ်ကျေးမှု ဖောင်ဒေးရှင်းမှ ပုံနှိပ်သည်။ (Foundation for Science, Technology and Civilisation (FSTC), UK)

    “ကျွန်ုပ်တို့ကမ္ဘာရှိ မွတ်စလင်များကပေးခဲ့သော အမွေအနှစ်များ” စာအုပ်မှ အကျဉ်းထုတ်နှုတ်ချက်
    ==========================
    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့၏ ဆန်းသစ် တီထွင်မှုများ – ၁ (စာသင်ကျောင်းများ) ဖတ်ရန်
    http://www.m-mediagroup.com/news/27979

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၂ (ဓာတုဗေဒပညာရပ်)
    http://www.m-mediagroup.com/news/28107

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၃ (ဆေးပညာ)
    http://www.m-mediagroup.com/news/28166

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၄ (အနုပညာ)

    http://www.m-mediagroup.com/news/28362

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၅ (ဗိသုကာပညာရပ်)

    http://www.m-mediagroup.com/news/28555

    (အစ္စလာမ့် တီထွင်ဆန်းသစ်မှုများကို ဖော်ပြရခြင်းအကြောင်း)

    ယနေ့ကာလမှာ ကမ္ဘာ့လူသားထုတိုးတက်ရေးအတွက် အစ္စလာမ်ကမ္ဘာကပြုလုပ်ခဲ့တဲ့ အရေးပါအရာ ရောက်လှတဲ့ ဖြည့်စွက်ချက်တွေကို အသိ နည်းနေကြ ပါသေးတယ်။ နှစ်ပေါင်း ( ၅ဝဝ ) ကျော်မျှ အစ္စလာမ်က သိပ္ပံပညာရပ်တွေမှာ ကမ္ဘာကို ဦးဆောင်ခဲ့ရုံမျှမက စည်းစနစ်ကျတဲ့ အသိပညာရှာဖွေမှုတွေမှာ တက်တက်ကြွကြွ ရှိနေခဲ့ကြတဲ့ တစ်ခုတည်းသော လူသားမျိုးနွယ် အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။

    ( ၈ ) ရာစုအလယ်က စလို့ သိပ္ပံနဲ့ ပညာရေးဟာ ဘဂ္ဂဒက်မြို့တော်ကိုအခြေပြုတဲ့ တန်ခိုးကြီး အစ္စလာမ့် အင်ပါယာအောက်မှာ မွတ်စလင်တွေရဲ့ လွှမ်းမိုးမှုအဖြစ်နဲ့ အကြီးအကျယ်ထွန်းကားနေခဲ့ပါတယ်။ ဒီတိုးတက်မှုအနေအထားဟာ နောင် နှစ်ပေါင်း (၅ဝဝ) ကြာပြီးတဲ့အခါ မွတ်စလင်တွေ နိုင်ငံရေးအရ ကျဆင်းလာတဲ့ အချိန်ကိုကျော်လွန်ပြီးတဲ့တိုင်အောင် ရှိနေခဲ့ပါတယ်။

    အစ္စလာမ့် တီထွင်ဆန်းသစ်မှုများ အဖြစ်နဲ့ ဖော်ပြသွားမယ့် ဆောင်းပါးတွေဟာ အစ္စလာမ့် ရွှေခေတ် ( The Golden Age of Islam) လို့ခေါ်တဲ့ ကာလတွေမှာ မွတ်စလင်တွေဟာ အသိပညာရှာဖွေရာမှာနဲ့ အရေးပါအရာရောက်လှတဲ့ လူ့သမိုင်းတိုးတက်ရေးတွေမှာ ဘယ်လောက်တောင် ထူးချွန်ပြောင်မြောက် စွာဖြည့်စွက်ခဲ့ကြသလဲ ဆိုတာကို ဖော်ပြသွားဖို့ရည်ရွယ်ပါတယ်။ သမိုင်းအရ အလယ်ခေတ် အရှေ့တိုင်းတွင် မွတ်စလင်များဘက်ပေါင်းစုံ တိုးတက်ထွန်းကားနေခိုက် အနောက်တိုင်း ခရစ်ယာန်နိုင်ငံများမှာ Dark Ages ဟုခေါ်သည့် အမှောင်ခေတ်များကို ဖြတ်သန်းနေရတာဖြစ်ပါတယ်။

    အောင်သန်းလွင် (UCSY)

  • “မဖြစ်နိုင်တာ မရှိ” ဟု ဆိုလိုက်သော လက်နှစ်ဖက်မဲ့ စံပြ စားပွဲတင် တင်းနစ်ချန်ပီယံ

    ဇွန်လ ၁၁ ရက်၊ ၂၀၁၄
    M-Media

    140523171324-ibrahim-table-tennis-3-horizontal-gallery
    အီဂျစ် Para-table tennis ချန်ပီယံ အီဗရာဟင်မ် ဟာမဒ်တို Ibrahim Hamadto ၏ အစွမ်းပြရိုက်ချက် စတင်လေပြီ။ ဘက်တံကို ပါးစပ်နှင့်ကိုက်ခဲထားလျက် သူ့ညာဖက်ခြေဖြင့် ဘောလုံးကို ဆတ်ကနဲခတ်၍ ခပ်မြင့်မြင့်မြှောက်တင်လိုက်သည်။ လေထုတွင်း ၀ဲပျံလာသည့်ဘောလုံးဖြူဖြူလေးက ဘက်တံနှင့် ထိတွေ့သွား၏။ အားကောင်းပြင်းထန်စွာ ပြန်ကန်ပြီး လည်ထွက်လာသော ဘောလုံးမှာ ပြောင်းဝပြင်ပရောက် ကျည်ဆံတစ်တောင့်အလား …………။

    140523170948-ibrahim-table-tennis-1-horizontal-galleryအသက် ၄၁ နှစ်ရှိ ဟာမဒ်တိုထံ၌ လက်နှစ်ဖက်လုံး မရှိပါ။ အသက် ၁၀ နှစ်အရွယ်၌ ရထား မတော်တဆမှုကြောင့် လက်နှစ်ဖက်လုံး လက်မောင်းရင်းမှ ပြတ်တောက် သွားခဲ့ရသည်။ သို့သော် ယင်းကြမ္မာဆိုးက သူ့အိပ်မက်အား ရှေ့မဆက်နိုင်အောင် ရပ်တန့်သွားစေခြင်း မပြုစွမ်းနိုင်ခဲ့ချေ။

    “ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ရွာမှာ ကစားနိုင်တာဆိုလို့ စားပွဲတင်တင်းနစ်နဲ့ ဘောလုံးပဲရှိခဲ့တယ်။ ဒါကြောင့် ကျွန်တော်က နှစ်မျိုးစလုံး ကစားခဲ့တာပါ။ ကျွန်တော့်အနေအထားအရ ပထမတုန်းက ဘောလုံး ကစားတာက နည်းလမ်းကျပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ စားပွဲတင်တင်းနစ်ကို စိန်ခေါ်မှုတစ်ခုအဖြစ် ကစားခဲ့ခြင်းဖြစ်ပါတယ် ” ဟူ၍ အီဂျစ်အရှေ့မြောက်ပိုင်း Kafr Saad တွင် ကြီးပြင်းလာခဲ့သူ ဟာမဒ်တိုက CNN သို့ ပြောကြားခဲ့သည်။

    “ မတော်တဆမှုဖြစ်ပြီးနောက်မှာ စားပွဲတင်းနစ်ကစားဖို့ တော်တော်ပဲ ခက်ခဲရပါတယ်။ ကျွန်တော် နေ့စဉ်နဲ့အမျှ အချိန်တစ်ခုယူလို့ သုံးနှစ်ဆက်တိုက် လေ့ကျင့်ယူခဲ့ရပါတယ်။ အစပိုင်းမှာ ကျွန်တော်ကစားနေတာကိုတွေ့ပြီး လူတွေက တအံ့တသြဖြစ်နေခဲ့ကြတာပေါ့။ သူတို့က ကျွန်တော့်ကို အမြောက်အများ အားပေး ကူညီခဲ့ကြယုံမက ကျွန်တော့်ရဲ့ ဆန္ဒ၊ ဇွဲနဲ့ ဆုံးဖြတ်ချက်အပေါ် အထူးဘဲ ဂုဏ်ယူခဲ့တယ်လေ ” ဟုဆိုကာ ဟာမဒ်တိုမှ ပြန်ပြောင်းပြောပြခဲ့သည်။

    သူ၏ အားကစားအောင်မြင်မှုများနှင့်ပတ်သက်၍ လူတို့မှလည်း အထူးပင် ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြ၏။ ဟာမဒ်တိုသည် ကလေးသုံးဦးဖခင် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး အောင်မြင်မှုများစွာ ရရှိထားသူဖြစ်သည်။ ယမန်နှစ် African Para-Table Tennis Championships ပြိုင်ပွဲ၌ ရရှိသော ငွေတံဆိပ်ဆုလည်း အပါအ၀င်တစ်ခုဖြစ်၏။
    140523171635-ibrahim-table-tennis-7-horizontal-gallery
    ယခုလအစောပိုင်း တိုကျိုနှင့်ဂျပန်တွင် ကျင်းပသော ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံလုပွဲ၌ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ်ဖိတ်ကြားခံရပြီး နာမည်ကျော်အချို့နှင့်ယှဉ်ကစားကာ သူ၏ကျွမ်းကျင်မှု စွမ်းရည်ကို ပြသခဲ့၏။

    “ အစ်ဗရာဟီမ်ဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ သူမွန်တစ်ယောက်ဖြစ်တယ်။ အလွန်ပဲ ရိုးသားသိမ်မွေ့သူ တစ်ဦးပါ။ သူ့အနေအထားက ရုပ်ပိုင်းဆိုင်ရာ ငွေကြေးဆိုင်ရာ နှစ်မျိုးလုံး အဆင်မပြေလှသော်လည်း တစ်စုံတစ်ရာတောင်းဆိုမှု အလျဉ်း မပြုခဲ့ပေဘူး။ အသေးအဖွဲကိစ္စများမှာပင်လျှင် ဆင်ခြေပေးနေလေ့ရှိတတ်တဲ့ ကိုယ်အင်္ဂါသန်စွမ်းကောင်းမွန်သူတွေဟာ သူ့ဆီက သင်ခန်းစာ များများယူသင့်တယ်။ ရည်မှန်းချက်ပန်းတိုင်ဆီ တစိုက်မတ်မတ်သွားရင် အောင်မြင်ထွန်းပေါက်နိုင်ကြောင်း သူ့ရဲ့သက်သေပြချကအပြင်၊ သူ့ပရိဒေ၀ကို သူဘယ်လို အနိုင်ယူခဲ့ကြောင်းအပေါ် သူတို့တစ်တွေ သိနားလည်ဖို့ လိုအပ်တယ် ” ဟု အီဂျစ်နိုင်ငံ၊ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဌ Alaa Meshref က ဟာမဒ်တိုအကြောင်းအား ပြောကြားရင်း လူငယ်တိုင်းအဖို့ စံပြုရမည့်သူအဖြစ် ပြောကြားလိုက်သည်။

    ကစားပွဲ၌ ဟာမဒ်တို၏ကစားပုံကိုကြည့်ရာတွင် သူ၏ပိရိသေသပ်သောခံစစ်နှင့် ထက်သန်အားကောင်းသောတိုက်စစ်အား မြင်ရသည်မှာ အမှန်ပင် ရင်သပ်ရှုမောဖြစ်ရပေသည်။

    “ ပြင်းထန်စွာကြိုးစားနေဦးသမျှတော့ မဖြစ်နိုင်တာ ဘာမှမရှိဘူးလို့ ကျွန်တော် ယုံကြည်တယ်။ လူတွေဆီ ကျွန်တော် ပို့ဆောင်ချင်တဲ့ သတင်းစကားက ဒီအချက်ပါပဲခင်ဗျာ ” ဟု ဟာမဒ်တိုက ဆိုပါသည်။

    Ref: CNN

    မင်းထွဋ်ခေါင် (M-Media) ဘာသာပြန်သည်။

  • စည်သူအောင်မြင့် -“ အမျိုးဘာသာ စောင့်ရှောက်တာလား၊ အမုန်းတရား ဖြန့်ဖြူးတာလား ”

    စည်သူအောင်မြင့်
    မဇ္ဈိမ သတင်းစာ၊ ၉-၆-၁၄။

    10313174_803466676338709_3594063970024309641_n

    ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ရန်ကုန်တိုင်း ဒဂုံအရှေ့မြို့နယ် အနော်ရထာလမ်းက “မကွေးပရိယတ္တိ စာသင်တိုက်” မှာ ooredoo Sim card & Handset (အော်ရီဒူး ဖုန်းနဲ့ ပါတ်သက်သည့် ပစ္စည်းများ) မသုံးစွဲရေး ရှင်းလင်း အသိပညာပေး ဟောပြောပွဲ တစ်ခု ကျင်းပပါတယ်။ ပွဲမှာ ဟောပြောသူတွေကတော့ မကွေးကျောင်းတိုက်က ဆရာတော် ဦးပါမောက္ခ၊ မဘသ အဖွဲ့ရဲ့ မျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေးအတွက် လိုက်လံ ဟောပြောနေတဲ့ ဓမ္မစက္က ဦးမောင်မောင်နဲ့ ရှေ့နေကြီး ဦးအေးပိုင် တို့ပဲ ဖြစ်ပါတယ်။ သူတို့ ဘာတွေ ဟောပြောခဲ့ကြသလဲ၊ အဲဒီ ပြောကြားချက်တွေဟာ ဘာအဓိပ္ပါယ်လဲ၊ ပြည်သူနဲ့ တိုင်းပြည်အတွက် ဘယ်လို ရိုက်ခတ်မှု ရှိလာနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

    ဟောပြောပွဲ ခေါင်းစဉ်မှာ ဆိုထားတဲ့အတိုင်းပါပဲ။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံခွင့်ရထားပြီး လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ စတင်နေတဲ့ ကာတာ အခြေစိုက် အော်ရီဒူး ကုမ္ပဏီ ဆန့်ကျင်ရေး ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီက ထုတ်တဲ့ ဆင်းကဒ်ကို မသုံးစွဲဖို့၊ အခြား ပစ္စည်းတွေကို မသုံးစွဲဖို့၊ ကုန်ကုန်ပြောမယ်ဆိုရင် အော်ရီဒူး နံပါတ်နဲ့ ကိုယ့်ဆီ ၀င်လာတဲ့ ဖုန်းကောလ်တွေကိုတောင် မကိုင်ဖို့ ဟောပြော လှုံ့ဆော်တာပဲ ဖြစ်ပါတယ်။ ဒီလို အလားတူ ကြေငြာချက် ထုတ်ခဲ့တာ လားရှိုးအခြေစိုက် ရှမ်းမြောက် မဘသ ပါ။ နောက်တော့ မန္တလေး ဘက်ကလည်း အလားတူ လှုံ့ဆော်မှု လုပ်မယ်လို့ ကြေငြာပါတယ်။ အခုတော့ ရန်ကုန်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းမှာ လုပ်တာပါ။

    10426661_670200459715066_2202039980414068083_n

    ဘာတွေ ဟောပြောကြသလဲ၊ လေ့လာကြည့်ကြပါဦး။ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက အော်ရီဒူး ကုမ္ပဏီဟာ မူဆလင်ဖြစ်တယ်၊ အစ္စလာမ် ဘာသာဝင်ဖြစ်တယ်၊ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်လောက်ကတည်းက ဘာသာရေး လူမျိုးရေး ၀ါးမြိုမှုကြုံခဲ့ရတယ်၊ ဒီတိုင်းပြည်မှာ ဘာသာရေး အဓမ္မ သိမ်းသွင်းမှုကြောင့် သေနတ်တစ်ချက်မှ မဖေါက်ရပဲ အစ္စလာမ်မစ် နိုင်ငံ ဖြစ်သွားမယ် လို့ မိန့်ပါတယ်။ “သူတို့စီးပွားရေးကောင်း၊ အင်အားကောင်း လာရင် နိုင်ငံကြီးဟာ အစ္စလာမ်မစ်နိုင်ငံ ဖြစ်သွားမှာ။ အဲဒီပုဂ္ဂိုလ်တွေ ရောင်းတဲ့ အိုရီဒူးဆင်းမ်ကတ်ဝယ်တဲ့ လူတွေဟာ မျိုးချစ်စိတ်မရှိတဲ့ ကိုယ့်လူမျိုးကိုပြန်ဖျက်တဲ့ သူတွေဖြစ်တယ်။ အဲဒီဖုန်းကဒ် ဝယ်ယူသုံးစွဲခြင်း အဲဒီဖုန်းလာရင်လည်း မကိုင်ကြဖို့၊ အဲဒီမှာလည်း လစာယူပြီး အလုပ်သမားဝန်ထမ်း အဖြစ်နဲ့ ဝင်ရောက်ပြီး မလုပ်ဖို့တိုက်တွန်းပါတယ်။” လို့ မိန့်ပါတယ်။ ထပ်ပြီး ရှင်းပြဖို့တောင် မလိုတဲ့ မမှန်မကန် အချက်အလက်တွေနဲ့ အကြောင်းပြထားတဲ့ အမုန်းတရား ဖြန့်ဖြူးမှုပါ။

    အလားတူ အမျိုးဘာသာ သာသနာ စောင့်ရှောက်ပါမယ်လို့ ဆိုတဲ့ မဘသ အဖွဲ့ကြီးရဲ့ မျိုးစောင့်ဥပဒေတွေအကြောင်း လိုက်လံဟောပြောနေတဲ့ ရှေ့နေ ကြီး ဦးအေးပိုင်ကလည်း စစချင်းမှာကိုပဲ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို ထိမ်းသိမ်းကာကွယ်တာ မလုပ်ရင် မင်္ဂလာပါ ဆိုပြီးတောင် နှုတ်ဆက်နိုင်တော့မှာ မဟုတ်ပဲ “ ဆလမ်မာလေးကွန်း” လို့ နှုတ်ဆက်ရတဲ့ အခြေအနေ ရောက်သွားလိမ့်မယ် ဆိုပြီး အမုန်းတရားကို ပြောင်ပြောင်ပဲ ပြောပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်သုံးသပ်ချက်အရ အခု မိုဘိုင်း ဆင်းကဒ် ရောင်းချမယ့် Ooredoo ဖုန်းကုမ္ပဏီဟာ သူနဲ့ ဘာသာမတူဘူး၊ ဒါကြောင့် သူတို့ရဲ့ ပစ္စည်းကို မသုံးသင့်ဘူးလို့ ဆိုပါတယ်။ တကယ်တော့ ပွဲမှာ အဲဒီ ဆရာတော်နဲ့ လူပုဂ္ဂိုလ်တွေ ပြောခဲ့ဆိုခဲ့တာ ဒီလောက် မကပါဘူး။ အမုန်းတရားကို ပြောင်ပြောင်တင်းတင်းပဲ ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

    ဇတ်လမ်းကို ပြန်ကောက်ရရင် မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်၊ စုပေါင်းပိုင်ဆိုင်ကြတဲ့ ပြည်ထောင်စု တစ်ခု ဖြစ်ပါတယ်။ ဗမာအပါအ၀င် တိုင်းရင်းသားတွေဟာ ဗုဒ္ဓဘာသာတင်မက ဘာသာအမျိုးမျိုး ကိုးကွယ်ကြပါတယ်။ ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တိုင်းမှာလည်း မြန်မာနိုင်ငံမှာ မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိသည် ဆိုပြီး ပြဌာန်းထားတာဖြစ်ပါတယ်။ အခုလက်ရှိ မကွေးကျောင်းတိုက်မှာ ဟောပြောခဲ့ သူတွေဟာ မြန်မာပြည်ထဲမှာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်၊ စုပေါင်းပိုင်ဆိုင် ကြတာကိုရော၊ ဘာသာပေါင်းစုံကို လွတ်လပ်စွာ ယုံကြည် ကိုးကွယ်နေတဲ့ တည်ရှိမှုကိုပါ ထိပါးစော်ကားရာ ရောက်စေပါတယ်။ ဒါက တစ်ချက်ပါ။

    OOREDOO-Flyer-2

    နောက်တစ်ချက်က မိုဘိုင်းဖုန်း ဇာတ်လမ်းပါ။ အရင် စစ်အစိုးရဟာ တိုင်းပြည်ထဲမှာ ပြည်သူတွေကို မိုဘိုင်းဖုန်း မသုံးနိုင်လောက်အောင် နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့တယ် ဆိုတာ လူတိုင်းသိကြပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ မိုဘိုင်းဖုန်း ဆင်းကဒ် တစ်ခု ကျပ် ၅၀၀၀ လောက်ပေးပြီး ၀ယ်သုံးလို့ရနိုင်ချိန် မြန်မာနိုင်ငံထဲမှာ ဆင်းကဒ်တစ်ခု ကျပ်ငွေ သိန်း ၄၀၊ ၅၀ အထိ ဈေးပေါက်ခဲ့ပါဘူးတယ်။ ဒီလို ခက်ခဲအောင်လုပ်၊ ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်ပြီးမှ အာဏာပိုင်တွေဟာ အဲဒီ အပေါ်ကနေ ကိုယ်ကျိုးရှာကြပါတယ်။ မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို နိုင်ငံရေးမှာ လာဘ်ထိုးဖို့ အသုံးပြုကြပါတယ်။ ပြည်သူတွေ အဲလို ဒုက္ခရောက်နေတုန်းက မကွေးကျောင်းတိုက် ဆရာတော်၊ ဓမ္မစက္ကဦးမောင်မောင်နဲ့ ရှေ့နေကြီး ဦးအေးပိုင်တို့ ပြည်သူတွေအတွက် ဘာတွေများ တောင်းဆိုခဲ့ဖူးသလဲ မေးစရာ ဖြစ်လာပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ ဦးသိန်းစိန် အစိုးရဟာ ပြည်သူတွေအတွက် ဆက်သွယ်ရေးဆိုင်ရာ အဲဒီလောက် အောက်ကျနောက်ကျ ဖြစ်နေမှုကို ဖြေရှင်းမယ့် အစီအစဉ် လုပ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဖုန်းမသုံးနိုင်တဲ့ အခြေအနေကနေ ပြည်သူတိုင်း ဖုန်းကိုင်နိုင်အောင် လုပ်ရမယ်၊ အဲဒီကတဆင့် ပြည်သူ တစ်ဦးချင်းစီနဲ့ တိုင်းပြည် စီးပွားရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ် ဆိုပြီး စနစ်တကျ အကောင်အထည် ဖော်ခဲ့ပါတယ်။ နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီတွေ ၀င်ရောက်ရင်းနှီးမြှုပ်နှံနိုင်အောင် လမ်းဖွင့်ပေးခဲ့ပါတယ်။ ကမ္ဘာ့ တိုက်ကြီး ၆ တိုက်လုံးက ဒိတ်ဒိတ်ကြဲ ဆက်သွယ်ရေး ကုမ္ပဏီ ၉၀ ကျော် တင်ဒါဝင်ပြိုင်တဲ့ပွဲမှာ နော်ဝေ အခြေစိုက် တယ်လီနော်နဲ့ ကာတာ အခြေစိုက် အော်ရီဒူး တို့ တင်ဒါအောင်ပြီး စာချုပ်ချုပ် လုပ်ငန်း စတင်နေကြတာ ဖြစ်ပါတယ်။ အခု မဘသ အဖွဲ့ တစ်ချို့၊ သံဃာနဲ့ လူပုဂ္ဂိုလ်တစ်ချို့ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွား၊ တိုင်းပြည် အကျိုးစီးပွား တစ်စက်ကလေးမှ လှည့်မကြည့်ပဲ အမုန်းတရားတွေ ဟောပြောနေကြတာ ဖြစ်ပါတယ်။

    ဒီထက် ပိုအရေးကြီးတာ မြန်မာနိုင်ငံထဲ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပါတ်သက်လို့ပါ။ ပြသနာ အားလုံးရဲ့ အဓိက လက်သည် တရားခံဟာ အမုန်းတရားဖြစ်ပါတယ်။ အမုန်းတရား ဖြန့်ဖြူးသူတွေ ဖြစ်ပါတယ်။ ကိုယ်ထိလက်ရောက် ကျူးလွန်ကြသူတွေဟာ ဒုတိယ တရားခံတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် တိုင်းပြည်မှာ နောက်ထပ် မတည်မငြိမ်တွေဖြစ်လာရင်၊ ပြည်သူ့အကျိုးစီးပွား၊ တိုင်းပြည်အကျိုးစီးပွား ထိခိုက်နစ်နာမှုတွေ ဖြစ်လာရင် အမုန်းတရားဖြန့်ဖြူးနေကြသူတွေမှာသာ လုံးဝ တာဝန်ရှိမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

    စည်သူအောင်မြင့်။

    Link =>https://www.facebook.com/sithu.aungmyint/posts/290218511160956