News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • လူမှုဘဝ တိုက်ပွဲခေါ်သံ (ကျော်နေမင်း-မြို့ပြ) EBook

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄
    M-Media

    မြန်မာမွတ်စလင်မ်တို့၏ လူထုအခြေပြု လူမှု စစ်တမ်းများနှင့် ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်များ ဆိုင်ရာ စာတမ်း (EBook)

    Cover

    ဤစာတမ်းသည် စာရေးသူ ကျော်နေမင်း(မြို့ပြ) ရေးသားပြုစု ထားသော ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော မြန်မာ မွတ်စလင်မ် လူ့အဖွဲ့အစည်း၏ လူမှုဘ၀ စစ်တမ်းများနှင့် ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက် ဆိုင်ရာ စာတမ်း ဖြစ်ပါတယ်။

    အဆိုပါ စာအုပ်ငယ်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာမှာ အမ်-မီဒီယာမှ မိတ်ဆက်ပေးခဲ့ပါတယ်။ http://goo.gl/qNz2WR

    ယခုအခါ အွန်လိုင်းတွင် စာအုပ်တအုပ်လုံးကို EBook အနေဖြင့် ဖတ်ရှု့နိုင်ရန် PDF ဖိုင်ကို တင်ပေးလိုက်ပါတယ်။

    File Size = 13.5 MB
    Download =>http://goo.gl/T3N3B2

    EBook အတွက် စာအုပ်အား ဓါတ်ပုံရိုက်ပြီး ကူညီပေးပို့ခဲ့တဲ့ ကိုဟန်းဒရစ် ကို M-Media မှ အထူးကျေးဇူးတင်ရှိပါသည်။

  • အခွန်ဖြစ်သွားတဲ့ ပြန်အမ်းငွေ (မျိုးမြင့်ချို)

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၄
    M-Media
    ရေးသားသူ- မျိုးမြင့်ချို

    1743640_10152004154506267_1366283086_n
    အခွန်ဖြစ်သွားတဲ့ပြန်အမ်းငွေ အမေရိကန်မှာ နှစ်တနှစ်ရဲ့ဆန်းစဦးလတွေဟာ ဝင်ငွေနည်းပြီးမိသားစုကြီးသူတွေ ပြုံးပြုံးကြည်ကြည် ရှိသလို လက်ထဲငွေယားလေးများလည်း ရွှင်တော့ ဝယ်ကြချမ်ြး့ စားကြသောက်ကြ ပြည်တွင်းပြည်ပခရီးတွေ ထွက်ကြနဲ့မို့ စည်စည်ကားကား ရှိလှတယ်။ ဆပ်စရာရှိတာအပြီး ထိုးဆပ် အကြွေးပြတ်ပြီမို့ လကုန်ရက်ဝေဒနာက လွတ်မြောက်ရတဲ့ ပီတိ တဝေဝေနဲ့ပါ။ ကြွေးပူ အရင်သတ် နောင်နှစ် ဒီအချိန်ဆို ကြွေးကင်းပြီဆိုကာ ကြိုပျော်နေနှင့် သူတွေလည်း ဒုနဲ့ဒေးနဲ့ပါ။ ဒီမှာ ကြွေးကင်းသူဆိုတာ ဘုရားချေးလို့ဆိုရမယ်ထင်တယ်။

    စနစ်ကိုက အကြွေးနဲ့ လှည့်နေရတာ မဟုတ်လား။ တကယ့် ငွေသားထက် ကဒ်ပြားပေါ်က နံပတ်တွေ ကိန်းဂဏန်းတွေနဲ့ လည်ပတ်နေရတာ မဟုတ်လား။ ကြွေးထူမပူ သန်းထူမယား ဘယ်လိုပဲအဆိုရှိရှိ ကြွေးထူမပူ သန်းထူမယား ဘယ်လိုပဲအဆိုရှိရှိ ကြွေးတင် ကျွန်ဖြစ်သဘောက လန့်စရာပဲ မဟုတ်လား။ ရှင်ဘုရင့်ကြွေးသာ ကိုယ်ဆပ်ရပေမယ့် ကိုယ့်ကြွေးကြ ရှင်ဘုရင်က ဆပ်ရိုးလည်း မရှိဘူးလည်း မဟုတ်လား။  အစိုးရကိုယ်၌က တိုင်းပြည်ကို အကြွေးနဲ့ အငှားချနေရတာ မဟုတ်လား။ တိုင်းပြည်ကို အခွန်ထမ်းပြည်သူတွေ ပခုံးနဲ့ ထမ်းပိုးထားရတာ မဟုတ်လား။ ဒါ့ကြောင့် အခွန်ဒဏ်ပိနေတဲ့ အခွန်ထမ်းပြည်သူတွေ အတွက် အသက်ရှူပေါက်အဖြစ် ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ အခွန်အမ်း စနစ်လည်းထားရတာ မဟုတ်လား။ အခွန်အမ်းစနစ်အပေါ် ဘဝနဲ့ ဝင်ငွေပေါ်တည်ပြီး အဆိုး/အကောင်းအမြင်တွေတော့ ကွဲကြမှာပါ။ အခွန်အမ်း ပုံစံအကြောင်းပြောကြမယ်ဆို အမေရိကန်စီးပွားလူမှု စနစ်ကြီးတခုလုံးအကြောင်း နှိုက်နှိုက်ချွတ်ချွတ်နဲ့ စနစ်တကျပြောမှရမှာမို့ ကျင်လည်သူတို့အရာလို ချန်ထားပါရစေ။ အခွန်အမ်းစနစ်ကြောင့် ဖြစ်တဲ့ ခံစားမှုနဲ့အတွေးတော့ ကွက်ပြောလို့ရမယ်ထင်လို့ ပြောပါတယ်။

    ဒီမှာ တရားဝင်ဆို ဘယ်လောက်ဖိုး ဘာဝယ်ဝယ် ဘာရောင်းရောင်း အခွန်ဆောင်ရပါတယ်။ ဆိုင်တွေမှာစားရင် စားခွန်က သာမန်ခွန် ထက်ပိုပါတယ်။ ဒေသ၊ ပြည်နယ်နဲ့ ဗဟိုအစိုးရဆိုပြီး (၃)ထပ် ကွမ်းခွန်ပေးနေရတာပါ။ အခွန်ထမ်း အခွန်ဆောင်စနစ်က လက်ပေါက် စိတ်သလောက် ရှောင်ဖို့ ခက်တယ်ဆိုပေမယ့် ဆီလို အပေါက်ရှာပြီး အခွန်ရှောင်နိုင်တဲ့ လူလတ်တန်းစားနဲ့အထက်လွှာ လူစွမ်းလူနပ်တွေလည်း အများသားပါ။ ဆင်းရဲသားက အခွန်ရှောင်ဖို့ထက် အခွန်ပြန်အမ်းငွေအပေါ် မက်မောစိတ်လေးနဲ့ တစ်ပြားပိုရလည်း တစ်ပြားဖိုး ပို ပြုံးရတဲ့ဘဝတွေပါ။ အခွန်ပြန်အမ်းတာကို အရပ်ပြောပြောရရင် တနှစ်လုံး ခင်ဗျားဆောင်ခဲ့တဲ့ အခွန်ငွေကို ခင်ဗျားကိုပြန်ပေးတာပါ။

    မိသားစုဝင်ငွေထွက်ငွေ သိပ်ကြီး တဘက်စောင်းနင်းဖြစ်လို့၊ အခွန်ဒဏ်က ခင်ဗျားဘဝကို သိပ်ပိလွန်းသွားတယ်လို့ အခွန်တွက်စနစ်ကပြပါမှ နည်းနည်းပါးပါး အပိုလေး ဆောင်းပေးတာပါ။ မြေ သိပ်နိမ့်လွန်းလို့ ချိုင့်ရုံလောက်ကျန်အောင် တနှစ်ခံစာလမ်းပြင်တဲ့ သဘောပါ။ မြေအပြီး ညှိတာ မဟုတ်သလို ဆင်းရဲချမ်းသာဇတုတ်တိုက်တာလည်း မဟုတ်ပါ။ တရားလွန်နိမ့်ရင် လှံအစိုက်ခံရသူတွေ ဘက်က ဘာဖြစ်လာမှာ အိမ်ဖြူတော် ဝေါလ်စထရိနဲ့ ကွန်ဂရက်စ်က သိပါတယ်။ နောက်တချက်က အမေရိကန်ဟာ စားသုံးသူဗဟိုပြုစီးပွားရေးပါ။ ပြည်တွင်းစားသုံးမှု အလွန်ကြီးတဲ့ပြည်ပါ။ မကြီးကြီးအောင်လည်း နည်းပညာ ငွေကြေး ဘဏ်စနစ်စတဲ့ဘက်ပေါင်းစုံနဲ့ လှည့်ချုပ်ထားတာပါ။ လူတွေ ပိုက်ဆံမသုံး သုံးအောင် လုပ်ပေးထားတဲ့စနစ်ပါ။ မသုံးမနေရ အမိန့် ထုတ်မထားပေမယ့် မသုံးရ မနေနိုင်အောင် ချူဆီသွင်းပေးထားတာပါ။ ဘဏ်မှာ တစ်ဦးချင်းငွေစုတာမျိုး၊ ရှိတာလေး ကျစ်ကျစ်ပါအောင် ဆုပ်တာထာမျိုးထက် သုံးရင်သုံး မသုံးရင် လက်နိုင်ခြေနိုင်ကနေ ကြီးနိုင်သမျှကြီးကြီးအထိ စီးပွားရေးလုပ်ငန်း လုပ်စေ့ချင်တာပါ။ လုပ်ဖို့လည်း သူ့အထွာနဲ့သူတွေ အတွက်ဖွင့်ပေးထားတာပါ။

    လူတွေကို ငွေစုစေချင်/ငွေချေးစေချင်တဲ့ အခါ ဘဏ်တိုးနှုန်း အတင်အချ လုပ်ပြီး ဗဟိုဘဏ်ငွေကြေး ပေါ်လစီ ထိန်းညှိမှုတွေနဲ့ ကြောင်းပေးတာ ရှိပါတယ်။ တခါတလေ လူတွေ ပိုက်ဆံ မသုံးလို့ (တနည်းပြောရရင် မဝယ်၊ မဝယ်တော့ ဈေးဆိုင်နဲ့ စက်ရုံတွေအလုပ်မဖြစ်၊ အလုပ်မဖြစ်တော့ ကုန်အသစ်တွေ မထုတ်ရ၊ မထုတ်ရတော့ ပိတ်တဲ့ စက်ရုံပိတ်၊ လူလျှော့တဲ့စက်ရုံလျှော့၊ လျှော့တော့ အလုပ်လက်မဲ့ပြဿနာနဲ့ အခြားအထွေထွေ (ရာဇဝတ်မှုတွေအပါအဝင်) ပြဿနာစုံကြီးထွား ပြောရရင် လူမှုစီးပွားနဲ့ ဆက်နွယ်တဲ့ အသံဗလံစုံ ခြိမ်းခြောက်မှုတွေဖြစ်ပါတယ်။ တခါ ဘဏ်နဲ့ အစိုးရငွေ တိုက်တွေမှာ ငွေဝင်ငွေထွက် ကသောင်းကနင်းတွေဖြစ်၊ အစိုးရဘတ်ဂျက်ပြဿနာတွေတက်နဲ့  ဂျာအေးသူ့ အမေရိုက် လုံးလည်ချာလည်လိုက်ပြီး တပြည်လုံး ကွိုင်တော့တာပါပဲ။ အမေရိကန်ကွိုင်ရင် တနွယ်ငင် တစင်ပါတွေပါ လိုက်ကွိုင်ပြီး ကမ္ဘာ့နိုင်ငံ တချို့ အရင်းခိုက်၊ တချို့ အဖျားခတ်ခံရတော့ပါ။ အဲ့ကိစ္စက ပြောရရင် အပြန့်ကျယ်ပါတယ်။

    တခါတခါမှာ ဗဟိုအစိုးရက လူတွေ လက်ထဲရှိတာ မသုံးလို့ သုံးစမ်းဟဆိုကာ လူမှုဖူလုံကြေး ခံစားခွင့်တွေ(ယာယီ) တိုးပေးတာမျိုး လုပ်သလို အခွန်ပြန်အမ်းငွေ သာသာ ထိုးထိုးပေးချ လိုက်တာမျိုးတွေ လုပ်ပါတယ်။ ဒါ့အပြင် ၂ဝဝ၉ ခုနှစ်က လူမှုဖူလုံကြေး အထောက်ပံ့စားနေသူတွေကို ဘာမပြောညာမပြောနဲ့ လူတစ်ယောက် ဒေါ်လာ ၂၅ဝ အသားလွတ် တစ်ကြိမ်ပေးဖူးပါတယ်။ အဲ့သလို တိုးပေး အသားလွတ်ပေးတာတွေရဲ့ ရည်ရွယ်ချက်က လူတွေစိတ်ထဲ “အလကားရတဲ့ ပိုက်ဆံ သုံးလိုက်မဟဲ့” ဆိုကာ ဝယ်ကြခြမ်းကြဖို့ပါ။ ဝယ်မှခြမ်းမှ ဈေးဆိုင်တွေအလုပ်ဖြစ် စက်ရုံတွေမှန်မှန်ထုတ် အလုပ်သမားတွေ မဖြုတ်မလျှော့ အလုပ်လက်မဲ့ထောက်ပံ့ကြေးတွေ သိတ်မပေးရ နေ့ဖို့ညစာလေးရှိနေတော့ ရာဇဝတ်တွေကျဆင်း ခြေခင်းလက်ခင်းလေးသာရင် ခရီးတွေဘာတွေထွက် သုံးကြဖြုန်းကြ ဘဏ်တွေငွေဝင်ငွေထွက်မှန် ဘတ်ဂျက်ကိစ္စ အိမ်ဖြူတော်၊ ကွန်ဂရက်စ်၊ ဝေါလ်စထရိနဲ့ ပင်တဂွန်က အငြူအစူနည်းနည်း ကြည်ကြည်ဖြူဖြူ စခန်းသွားရတာပါ။ အိမ်ရှေ့မပူတော့ အိမ်နောက်က လူလည်း အေးအေးလူလူ ချက်ပြုတ် စားသောက်ရုံပေါ့။ အခွန်အမ်းစနစ် ဘာ့ကြောင့်ရှိရသလဲဆိုတော့ အမေရိကန် ရှိနေဖို့ပါ။ မရှိရင် အမေရိကန် မရှိတော့မှာကြာပါပြီ။

    အခွန်ဒဏ်မခံနိုင်တဲ့အဆုံး ဘဝတွေနဲ့ရင်းပြီးပြန်လှန်လို့ အုပ်စိုးသူတွေဘာ လူ့သမိုင်းမှာဖြစ်ခဲ့ကြသလဲဆိုတာ အမေရိကန် အာဏာ ကိုင်ထားသူတွေ ကောင်းကောင်း သိပါတယ်။ ဒါ့ကြောင့်လည်း အခွန်အမ်း စနစ် စနစ်တကျရှိရတာပါ။ ရှိလို့လည်း နင်းပြားတွေရဲ့ လူထုလက္ခဏာပါတဲ့ အုံကြွမှုတွေကနေ “ကွင်း” ထားနိုင်တာပါ။ နင်းပြားတွေကို တနှစ်တကြိမ်ကြွေးတဲ့ ဆင်းရဲဖြေဆေးပါ။ လူနာဘက်ကကြည့်တော့လည်း ဘာမှ မကုပဲထားတာ ထက်စာရင် ဖြေဆေးလေး အပေးခံရတာ ပိုကောင်းတာပဲ မဟုတ်လား။ အသက်ရှူလေးတော့ နည်းနည်းချောင်တာပဲ မဟုတ်လား။ တကိုယ်လုံး အဆိပ်မပြန့်တော့ အခံရသက်သာတာပဲ မဟုတ်လား။ တနှစ်တကြိမ် အဆိပ်ဖြေဆေး အခွန်ပြန်အမ်းငွေလေးမှီပြီး တက်လမ်းမရှာဘဲ ဘဝအနွမ်းနဲ့နေကြသူတွေလည်း မနည်းမနောရှိပါရဲ့။ အလုပ်လုပ် ငွေအရှာနဲ့ ဓနဥစ္စာ အပြိုင်အဆိုင် မသေးတဲ့ လူ့အဖွဲ့အစည်းမှာ ခြစ်ခြစ်ကုပ်ကုပ် နုံနုံဖျင်းဖျင်းနဲ့ သူများနောက်ကျန်နေရသူတွေ ခမျာ ဘဝလူလုံးတော့ မလှကြရှာဘူးပေါ့။ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့ဝအောင်စားဘဝဟာ တကယ်တော့ မနိုင်၍ သည်းခံရခြင်း သဘောနဲ့ခံမှ ဖြေဆည်ရာရှိကြမှာပါ။

    အဲ့ဒီဘဝအနေမျိုးမှ ကြိုက်တယ်ဆိုလည်း ရွေးကြရုံပဲရှိပါတယ်။ ကျနော်ကတော့ ဆင်းရဲသား မိသားစုတွေ ခနတာ အသက်ရှူချောင်တာလေးမြင်တော့ ရင်ထဲနွေးကနဲ ကြည်နူးမိတယ်။ ဘာပဲပြောပြော ဗမာပြည်မှာ ကျန်နေတဲ့ဆွေထဲမျိုးထဲကနွမ်းပါးသူတွေကိုလည်း ငွေလေးဘာလေးပို့မှ၊ လေယာဉ်ခ အကြွေးတွေလည်း တခါတည်း အကျေဆပ်မှ၊ ထိုင်းနဲ့ဗမာပြည်လည်း အလည် ခနပြန်ဦးမှ၊ အကြွေးမရှိလို့ ခရက်ဒစ်လေး တက်လာရင် အိမ်လေးတော့ဝယ်မှ၊ နွေပေါက်ရင် ကလေးတွေ ရှင်ပြုဦးမှ၊ စုံစီနဖာလေးတွေ ဝယ်ဦးခြမ်းဦးမှ၊ ကိုယ့်အပေါ် ကျေးဇူးရှိဖူးသူတွေလည်း လက်ဆောင်ပေးတန်ပေး ကန်တော့တန်ကတော့၊ ကလေးတွေအတွက် အဝတ်အစားနဲ့ ကွန်ပြူတာလေးလည်းဝယ်ပေးဦးမှ၊ ကားဟောင်းခြင်းအလဲ အထပ်လုပ်တန်လုပ် အသစ်လေးဝယ်စီး တန်စီးဦးမှ ဆိုတဲ့ မျှော်လင့်စိတ်ကူးတွေနဲ့ ရွှင်မြူးနေတဲ့ မိသားစုတွေရဲ့ မျက်နှာတွေမြင်ရတာ စိတ်လက်ကြည်သာဖြစ်စရာပါ။ တကယ်ကတော့ အခွန်ပြန်အမ်းငွေဆိုတာ ကိုယ့်ငွေကို အတိုးလေး မစို့မပို့နဲ့ အစိုးရက တနှစ်လုံးလုံး ချေးသုံးပြီး အခွန်ဆောင်သုံးဖို့ပြန်ထုတ်ပေးတဲ့ ကိုယ့်ချွေးနှဲစာပါ။ ချန်ဖို့မသင့်လို့ပြောပါ့မယ်။

    ကျနော်တို့ လင်မယားနှစ်ယောက်ကတော့ ဒီနှစ်အတွက် အခွန်ပြန်အမ်းငွေတွက်လိုက်တာ ပြည်နယ်အစိုးရဆီက ဒေါ်လာ ၃ဝဝ ရပြီး ဗဟိုအစိုးရကို ၆ဝဝ ပြန်လျော်ရပါမယ်။ ဒါ့ကြောင့် ဒီနှစ်တော့ ဒေါ်လာ ၃ဝဝ အိပ်စိုက်ဖြစ်ပါကြောင်းဗျား။

    မျိုးမြင့်ချို

    ဖေဖော်ဝါရီ ၂ဝ၁၃

  • Mizzima: သတင်းမှားများ၏ အန္တရာယ်

    Mizzima: သတင်းမှားများ၏ အန္တရာယ်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၄
    မဇ္ဈိမ (ဆောင်းပါး)
    ဦးထက်ရှိန်
    ရခိုင်ပြည်နယ်တွင် ပဋိပက္ခမီးများ ပြန်လည်တောက်လောင်ကတည်းက သတင်း အချက်အလက် စစ်ပွဲတစ်ခုကို အပြိုင်အဆိုင် နွှဲခဲ့ကြသည်။ သတင်းအချက်အလက်များ နှင့်ပတ်သက်၍ တော်တော်လေး မျှမျှတတ ကိုင်တွယ်ခဲ့သည်ဟု ဆိုနိုင်သော ကာလအပြီးတွင် အစိုးရသည် ပြီးခဲ့သည့်လက ဒူးချီးရာတန်းကျေး ရွာတွင် ဖြစ်ပွါးခဲ့သည့် သွေးထွက် သံယိုဖြစ်ရပ်ကို အရေးမကြီးဟန် ပြုမူခဲ့သည်။

    ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်၏ Facebook လူမှုကွန်ရက် စာမျက်နှာတွင် ခံရသူဒုက္ခသည်များအား အပြစ်တင်ခဲ့ သလို ဒူးချီးရာတန်း ဖြစ်စဉ်အပေါ် အစိုးရအရာရှိများက သံတမန်များနှင့် သတင်းသမားများအား ရှင်းပြခဲ့ သည့် ပွဲတွင်လည်း အပြစ်များကို ဒုက္ခသည်များထံသို့ လွှဲချခဲ့သည်။ မူစလင်တစ်ဦးမှ အသတ် မခံခဲ့ရ ကြောင်း ဦးရဲထွဋ်က ပြောခဲ့ သည်။ ထိုရှင်းလင်းပွဲသို့ မဇ်္ဈိမ၊ ဧရာဝတီနှင့် မြန်မာတိုင်း(မ်)တို့ ကဲ့သို့သော မီဒီယာ အဖွဲ့အစည်းများအားလည်း တက်ရောက်ခွင့် မပေးခဲ့ပေ။ တက်ရောက်ခွင့်ရခဲ့သည့် မီဒီယာ အဖွဲ့အစည်းများကိုလည်း မေးခွန်းထုတ်ခွင့်မပြုခဲ့ပေ။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (‪#‎UNHCR‬) က ဇန်န၀ါရီလ ၂၄ ရက်ကထုတ်ပြန်ခဲ့သည့် ကြေညာချက် တစ်စောင်ထဲတွင် ဒူးချီးရာတန်ဖြစ်စဉ်တွင် အနည်းဆုံးလူ ၄၀ ဦးခန့် အသတ်ခံခဲ့ရကြောင်း ယုံကြည်စိတ်ချရလောက်သည့် အထောက်အထား များရှိနေသည်ဟု ဖော်ပြထား ခဲ့သော်လည်း ပြည်တွင်း မီဒီယာ အဖွဲ့အစည်း အများစုကမူ အစိုးရက ခိုင်လုံလှသော တကယ့်အချက်အလက် အမှန်များကိုသာ တင်ပြခဲ့သလိုပုံစံမျိုးဖြင့် အစိုးရအရာရှိ များကရှင်းပြခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ အကြောင်းကို ရေးသား ဖော်ပြခဲ့ကြသည်။

    ပြည်ထဲရေးဝန်ကြီး ဦးကိုကို ကဲ့သို့သော နိုင်ငံရေးသမားများကလည်း ပြည်သူများသည် တရားဥပဒေ စိုး မိုးရေးကို ထိခိုက်စေနိုင်သည့် မှားယွင်းသော သတင်းတင်ဆက်မှုများကို ခွင့်လွှတ်လိမ့်မည် မဟုတ်ကြောင်း ပြောခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်ကလည်း ကုလသမဂ်္ဂ နှင့် နိုင်ငံတကာ အန်ဂျီအိုများက ဖြန့်ချိသော သတင်း အချက်အလက်မှားများကြောင့် ရခိုင်ဗုဒ္ဓဘာသာများနှင့် မူစလင်အသိုင်း အ၀ိုင်းများအကြား တင်းမာမှုများ မြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့သည်။

    ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်ရန် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များအား တာလီဘန် တိုက်ခိုက်ရေးသမားများက သင် တန်းများပေးနေသည်ဟူသော အထောက် အထားမခိုင်လုံသည့် ကောလာဟလကို သူရိယအလင်းဂျာနယ်က မကြာသေးမီက ဖော်ပြခဲ့ရာ တင်းမာမှုများကို မီးလောင်ရာ လေပင့် သကဲ့သို့ ဖြစ်စေခဲ့သည်။

    တာဝန်မဲ့စွာ သတင်းတင်ဆက်မှုသည် တင်းမာမှုများ ပြေလျော့သွားရန် အထောက်အကူ ပြုလိမ့်မည် မဟုတ်ပေ။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်ရန် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များအား တာလီဘန် တိုက်ခိုက်ရေးသမားများက သင် တန်းများပေးနေသည်ဟူသော အထောက် အထားမခိုင်လုံသည့် ကောလာဟလကို သူရိယအလင်းဂျာနယ်က မကြာသေးမီက ဖော်ပြခဲ့ရာ တင်းမာမှုများကို မီးလောင်ရာ လေပင့် သကဲ့သို့ ဖြစ်စေခဲ့သည်။ ထိုကဲ့သို့သော မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေတွင် အခြေအမြစ် မရှိ သော အစွဲအလမ်းများနှင့် သဘောထားကျဉ်းမြောင်းမှုများကို ပြင်းထန်စွာ ဆန့်ကျင်သော စကားမျိုးကို ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အသိအမြင် ကြွယ်ဝလှသော နိုင်ငံရေးသမားမျိုးပင် မပြောရဲကြပေ။
    ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့မပြောသည်မှာ ရွေးကောက်ပွဲတွင် သူ့ကိုထောက်ခံမည့် မဲဆန္ဒရှင် လျော့ကျသွားမည်ကို မလိုလား၍လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

    အမုန်းတရားဖြန့်ချိရေးသည် အမြဲတမ်း အန္တရာယ်ကြီးလှကာ အထူးသဖြင့် နိုင်ငံသားများက အွန်လိုင်း သတင်း အချက်အလက်များကို ဝေဖန်အကဲဖြတ်ကာ စစ်ထုတ်နိုင်စွမ်းမ ရှိသေးသည့် နိုင်ငံမျိုးတွင် ပို၍ အန္တ ရာယ်ကြီးကြောင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ (‪#‎USIP‬) ၏ “မြန်မာနိုင်ငံအတွင်း မီဒီယာ နှင့်ပဋိပက္ခများ” ဟူသော အစီရင်ခံစာထဲတွင် ရေးသားထားသည်။ “ယခင်က ကန့်သတ်ချုပ်ချယ်ထားမှုများ အောက်တွင် အမှန်အမှားများ ရောထွေးနေသည့် အစိုးရ ကျောထောက်နောက်ခံပြု သတင်းများကိုသာ ဆယ်စုနှစ်များစွာ မှီခိုခဲ့ရသည့် ပြည်သူများအနေဖြင့် ယေဘုယျအားဖြင့် မီဒီယာရေးရာ သိမြင်နားလည်မှု အကြီးအကျယ် နိမ့်ကျလျက်ရှိနေကာ ကောလဟလများအား တကယ့် အချက်အလက် မှန်များကဲ့သို့ ယုံ ကြည် အလေးထားကြဟန်ရှိနေသည်ဟု အစီရင်ခံစာထဲတွင် ရေးသားထားသည် ” ဟု အစီရင်ခံစာထဲ တွင် ပါရှိသည်။

    မြန်မာနိုင်ငံတွင် အလယ်အလတ် အသံများထက် အစွန်းရောက်သော အသံများသာ လွှမ်းမိုးနိုင်သည့် ပတ်ဝန်းကျင်တစ်ရပ် ဖြစ်လျက်ရှိကြောင်းနှင့် လူမှုမီဒီယာများသည် မနှစ်မြို့ဖွယ်ရာ သဘောထားများ ပေါ် ထွက်လာရေးတွင် အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်သလို ဖြစ်နေကြောင်းIPC ၏ အစီရင်ခံစာထဲတွင် ဆိုထားသည်။

    သို့ရာတွင် ဆင်းရဲမွဲတေလှ သာ ထိုသူများသည် ၎င်းတို့နေထိုင်ရာ အိမ်များနှင့် ပိုင်ဆိုင်မှုများကို အဘယ်ကြောင့် ကိုယ်တိုင် မီးရှို့ခဲ့ ကြသနည်း ဆိုခြင်းမှာမူ မရှင်းမလင်း ကျန်ရစ်လျက် ရှိသည်။ အလားတူစွာပင် သစ်ရွက်များကို ဓာတ်ဆီ ထဲတွင်နှစ်ကာ မူစလင်အိမ်များ၏ ခေါင်မိုးပေါ်တွင် မီးလောင်အောင် လုပ်ထားဟန်ရှိသည့် ဓာတ်ပုံများ ဇန်န၀ါရီလ ၂၉ ရက်က ‪#‎Facebook‬ လူမှုကွန်ရက် စာမျက်နှာ တစ်ခုပေါ်တွင် တက်လာခဲ့သည်

    ဇန်န၀ါရီလ ၂၈ ရက်တွင် ဒူးချီးရာတန်း၌ နေအိမ်အလုံး ၂၀ မီးရှို့ခံခဲ့ရရာ သမိုင်းတစ်ပတ် ပြန်လည်လာ သကဲ့သို့ပင် ဖြစ်သည်။ ထိုအိမ်များတွင် နေထိုင်ကြသူ မူစလင် အိမ်သူအိမ်သားများကိုယ်တိုင် ၎င်းတို့၏ နေအိမ်များကို မီးရှို့ခဲ့ကြခြင်းဖြစ်ကြောင်း အာဏာပိုင်များက ဆိုခဲ့ကြသည်။ သို့ရာတွင် ဆင်းရဲမွဲတေလှ သာ ထိုသူများသည် ၎င်းတို့နေထိုင်ရာ အိမ်များနှင့် ပိုင်ဆိုင်မှုများကို အဘယ်ကြောင့် ကိုယ်တိုင် မီးရှို့ခဲ့ ကြသနည်း ဆိုခြင်းမှာမူ မရှင်းမလင်း ကျန်ရစ်လျက် ရှိသည်။ အလားတူစွာပင် သစ်ရွက်များကို ဓာတ်ဆီ ထဲတွင်နှစ်ကာ မူစလင်အိမ်များ၏ ခေါင်မိုးပေါ်တွင် မီးလောင်အောင် လုပ်ထားဟန်ရှိသည့် ဓာတ်ပုံများ ဇန်န၀ါရီလ ၂၉ ရက်က ‪#‎Facebook‬ လူမှုကွန်ရက် စာမျက်နှာ တစ်ခုပေါ်တွင် တက်လာခဲ့သည်။ ထို ဓာတ် ပုံများမှာ နေ့ အလင်းရောင်အောက်တွင် ရိုက်ထားခဲ့ခြင်းဖြစ်ရာ မီးမလောင်မီ နာရီ အနည်းငယ်ကတည်းက ကြိုတင် ရိုက်ကူးထားသောပုံများ ဖြစ်ဟန်ရှိသည်။ မီးလောင်အောင် ရဲများက စီစဉ်အကွက်ချခဲ့ ခြင်းဟု ထိုဓာတ်ပုံများက သက်သေပြခဲ့ပါသလား သို့မဟုတ် နောက်ပိုင်းကျမှ ရွာသားများက ပြင်ဆင်အကွက်ဆင် ကာ ရိုက်ကူးခဲ့ခြင်းလား၊ သို့မဟုတ် တကယ့် အစစ်အမှန်ဓာတ်ပုံများ ဖြစ်ပါသလားဟူသည့် မေးခွန်းများ ကျန်ရှိနေပေသည်။

    ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် အမတ်ဦးရွှေ မောင်ကမူ အာဏာ ပိုင်များကို အပြစ်တင်သင့် ကြောင်း ရှင်းရှင်းလင်းလင်းတွေး ခဲ့သည်ဟုဆိုသည်။ ဒီမိုကရက်တစ် မြန်မာ့အသံ(‪#‎DVB‬) နှင့် အင်တာဗျူး တစ်ခုတွင် ဦးရွှေမောင် ပြောကြားခဲ့သည့် မှတ်ချက်များကြောင့် ရဲများက စုံစမ်းစစ် ဆေးမှု ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ် ဘူးသီးတောင် မဲဆန္ဒနယ်ကိုကိုယ်စားပြုသည့် မွတ်ဆလင်တစ်ဦးဖြစ်သူ လွှတ်တော်အမတ် ဦးရွှေမောင်က သူ၏ Facebook အင်တာနက် စာမျက်နှာတွင် ရေးသားခဲ့သည်မှာ သမ္မတ၏ တိုက်ရိုက်အမိန့်များအောက်တွင် စစ်ဆေး မေးမြန်းခြင်းခံခဲ့ရကြောင်း ဆိုခဲ့သည်။

    အသရေဖျက်မှုနှင့် စွဲချက်တစ်ခုနှင့် ရင်ဆိုင်ရနိုင်ကြောင်းလည်း လွှတ်တော်အမတ် ဦးရွှေမောင် ခြိမ်း ခြောက်ခံခဲ့ရသည်။ အနာဂတ်တွင် သူ၏အမြင်များကို သူ၏စိတ်ထဲတွင် သာထားရန်အတွက် အထက်ဖော် ပြပါနည်းလမ်းဖြင့် ဆက်ဆံကာ ဦးရွှေမောင်အား သတိပေးလိုက်ခြင်းလားဟု မေးစရာ ဖြစ်လာသည်။

    သတင်းအချက်အလက် စစ်ပွဲ၏ အခြားတစ်ဖက်တွင်မူ ရခိုင်ရှိ မွတ်စလင်လူနည်းစုများနှင့် ရခိုင်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကူညီဖြေရှင်းပေးနိုင်ရန် ကြိုးပမ်းနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများ ရှိနေကြသည်။

    ရိုဟင်ဂျာဘလော့ဂါကဲ့သို့သော ၀က်ဘ်ဆိုဒ်များသည် သတင်းများကို မွတ်စလင်ရှုထောင့်မှ ရေးသားခြင်း အားဖြင့် အစိုးရ တင်ပြသည့်လိုင်းကို တန်ပြန်လုပ်ဆောင်နေကြသည်။ ထိုဘလော့ဂ်သည် မကြာသေး ခင်က အဖြစ်အပျက်များကို သတင်းများ ရေးသားရာတွင် ဒုက္ခသည်များ၏ အတိဒုက္ခများကို အသားပေး၍ တင်ဆက်ခဲ့သည်။ Facebook နှင့် ‪#‎Twitter‬ အင်တာနက် စာမျက်နှာများကို အသုံးပြု၍ သတင်းဖြန့်ကြ ခြင်းများလည်း ရှိသည်။

    ကုလသမဂ္ဂအေဂျင်စီများနှင့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (‪#‎MSF‬) ကလည်း အစိုးရ၏အမြင်များကို တန်ပြန်ထိန်းညှိရန် ကြိုးစားကြသည်။ ကံမကောင်း အကြောင်းမလှစွာပင် ကုလသမဂ္ဂသည် ထိထိရောက် ရောက် ဆက်သွယ်ဆောင်ရွက်နိုင်စွမ်း ကင်းမဲ့နေပုံရသည်။ ကုလသမဂ္ဂ အေဂျင်စီများနှင့် MSF တို့မှာ သိမ်မွေ့သော အနေအထားများတွင် ရောက်ရှိနေရခြင်း ဖြစ်သည်။ ၎င်းတို့အနေဖြင့် အခင်းဖြစ်ပွားရာ နေရာများသို့ ၀င်ရောက်လိုသော်လည်း ထိုကဲ့သို့ ၀င်ရောက်ခွင့်ကို အစိုးရကသာလျှင် ပေးပိုင်ခွင့် ရှိပေ သည်။ ၎င်းတို့၏တည်ရှိမှုကို ဘက်လိုက်သည်ဟု ရခိုင်ဗုဒ္ဓဘာသာဝင် အသိုင်းအ၀ိုင်းများက ရှုမြင်နေကြရာ ရခိုင်ပြည်နယ်အတွင်းရှိ အထက်ဖော်ပြပါ နိုင်ငံတကာအဖွဲ့အစည်းများ ပိုမို အကျပ်ဆိုက် အောင်ပြုလုပ်ရန် မတုံ့ဆိုင်းခဲ့ကြပေ။ လွန်ခဲ့သော သုံးပတ်ခန့်က စစ်တွေနှင့် ဘူးသီးတောင်တို့တွင် MSF နှင့် ကုလသမဂ္ဂတို့ ဒေသအတွင်းမှ ခုနစ်ရက်အတွင်း ထွက်ခွာပေးကြရန် အရေအတွက် များလှစွာသော ရခိုင်များ ဆန္ဒပြခဲ့ ကြသည်။ ဆန္ဒပြမှုများ ရှိခဲ့သော်လည်း ထိုဆန္ဒပြမှုများမှာ နိုင်ငံတကာက စောင့်ကြည့်ခြင်းကို မကြိုဆို လက်မခံလိုကြောင်း အရိပ်လက္ခဏာပင် ဖြစ်သည်။

    တစ်ချိန်တည်းတွင်ပင် အစိုးရက ရခိုင်ပြည်နယ်တွင် အလုပ်လုပ်နေကြသည့် နိုင်ငံတကာအဖွဲ့အစည်း အနည်းဆုံး အဖွဲ့အစည်းနှစ်ခုနှင့် နားလည်မှုစာချွန်လွှာများကို ထပ်မံသက်တမ်းတိုးခြင်းမရှိရာ ထိုအဖွဲ့ အစည်းများအတွက် ဖိအားများ ပိုမိုလာကာ ဒေသတွင်းမှ ထွက်ခွာချင်ထွက်ခွာ သို့မဟုတ် ၎င်းတို့၏ နည်း လမ်းများကို ပြောင်းရတော့မလို ဖြစ်နေသည်။

    အာဏာပိုင်များမှာလည်း ခက်ခဲသော အနေအထားတွင် ကျရောက်နေပြန်ပါသည်။ မြန်မာနိုင်ငံသည် အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက်ရှိနေရာ ရခိုင်ပြည်နယ်အတွင်း နောက်ထပ်ဖြစ်ရပ်ဆိုးများ ထပ်မံ ပေါ်ပေါက်လာပါက နိုင်ငံတကာအလယ်တွင် အရှက်ရဖွယ် ရှိနေသည်။ အကယ်၍ ကုလသမဂ္ဂနှင့် MSF တို့သာ ဒေသတွင်းမှ လုံးလုံး ထွက်ခွာသွားခဲ့ပါက ပဋိပက္ခများသည် နိုင်ငံတကာ မမြင်ကွယ်ရာသို့ ရောက်ရှိသွားမည်ဖြစ်ရာ အစိုးရအတွက် အနေအထား ပိုမို ကောင်းမွန်သွားမည်ဖြစ်သော်လည်း ရခိုင်၌ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်အတွင်း အသက်ပေါင်းသောင်းနှင့် ချီကာ ကယ်ဆယ်ခဲ့သည့် MSF ကဲ့သို့ သော အဖွဲ့အစည်းမျိုးကို နှင်ထုတ်ခြင်းမျိုး ဖြစ်သွားပါက အရှက်ရစရာ ဖြစ်ပေလိမ့်မည်။

    အနှောင့်အယှက်ပေးသော နည်းလမ်းကမူ နိုင်ငံတကာ အဖွဲ့အစည်းများ အထုပ်အပိုးပြင်ကာ ထွက်ခွာ သွားကြနိုင်သည့် အခြေအနေမျိုးကို ဖြစ်လာစေနိုင်သော ပိုမိုနူးညံ့သိမ်မွေ့သည့် နည်းလမ်းတစ်ခု ဖြစ် လာနိုင်သည်။

    ဇန်န၀ါရီလ ၃၀ ရက်က ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယ၀န်ကြီး Hugo Swire က မိန့်ခွန်းပြောရန် မိနစ်ပိုင်းအလိုတွင် ပြုလုပ်မည့်နေရာပြောင်းပေးရန် ဖိအားပေးခြင်း ခံခဲ့ရစဉ်ကလည်း ထိုကဲ့သို့သော နည်းဗျူဟာမျိုး အလုပ်ဖြစ်ခဲ့ပုံရသည်။ မစ္စတာ Hugo ‪#‎Swire‬ က အတိမ်းအစောင်းမခံသော စကားမျိုး မိန့် ခွန်းထဲတွင် ထည့်သွင်း ပြောဆိုလိမ့်မည်ဟု အာဏာပိုင်များ သတင်းအနံ့ ကြိုတင်ရသွားခဲ့ခြင်း ဖြစ်ပါ သလား။

    နောက်ထပ် တစ်ပတ်ခန့်အကြာတွင် အိုဘားမားအစိုးရအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေး အရာရှိ Judith Cefkin သည် သူ၏ သတင်းစာ ရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့သည်။ သူက မည်သည့် အကြောင်းပြချက်မှ မပေးသော်လည်း ရခိုင် ပြည်နယ်အတွင်းရှိ အုပ်စုလိုက် ပဋိပက္ခများ နှင့်ပတ်သက်၍ အတိမ်းအစောင်းမခံသော မှတ်ချက်မျိုးပေးရန် အချိန်အခါမဟုတ်ကြောင်း အစိုးရက အချက်ပြလိုက်ပုံ ရသည်။

    သတင်းအချက်အလက် စစ်ပွဲကြောင့် တကယ့်အချက်အလက်မှန်များကို သိရှိနိုင်ရန်မှာ မဖြစ်နိုင်သလောက် ရှိနေပေသည်။ လူအများအကြား ပြင်းထန်လှသော ခံစားချက်များဖြင့် ဒေါသတကြီး ငြင်းခုန်နေခြင်း များ ကြောင့်လည်း အလယ်အလတ်ဝါဒီများကို နှုတ်ဆိတ်စေခဲ့သည်။

    ရခိုင်ပြည်နယ် အတွင်းတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်ဆိုးများနှင့်ပတ်သက်၍ သမာသမတ်ကျသော စုံစမ်း စစ်ဆေးမှု မပြုလုပ်ရသေးသရွေ့ အစိုးရ၏ ထုတ်ပြန်ချက်များကို တန်ပြန်နိုင်ရန်အတွက် ဖွင့်ချပြောဆိုမှု များကြောင့် ရဲများ၏ စစ်ဆေးမေးမြန်းခြင်းကို ခံရနိုင်သလို တာဝန်မဲ့သော သတင်း တင်ပြမှုများသည်လည်း အခြေအမြစ်မရှိ သော အစွဲအလမ်းများနှင့် သဘောထား ကျဉ်းမြောင်းမှုကို မီးလောင်ရာလေပင့်ပေးသကဲ့ သို့ ဖြစ်စေနိုင်ရာ ထိုကဲ့သို့ ပြုလုပ်နေ ကြဦးမည်ဆိုပါက မလိုအပ်သော ဒုက္ခအများအပြားကို ဖြစ်ပေါ်စေခဲ့သည့် အခြေအနေ တစ်ရပ်အား ပြေလည်အောင် ဖြေရှင်းပေးရာမရောက်ဘဲ ပိုမို အရှိန်မြင့်တက်လာ အောင် ပြုလုပ်လိုက်သကဲ့သို့ ဖြစ်သွားနိုင်ပါသည်။

    Link =>https://www.facebook.com/permalink.php?story_fbid=724084050959836&id=216265185075061

  • လျှိုဝင်လက်နှစ်ချောင်း နှင့် မြန်မာနိုင်ငံ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ- မြင့်မိုရ်မောင်မောင်

    1392924232400
    “ အတိတ်ကာလတုန်းကလိုရော အနာဂတ်မှာပါ အိန္ဒိယပြည်သူတွေက မြန်မာပြည်သူတွေနဲ့ ယှဉ်တွဲရပ်တည်သွားမှာပါ။ ကောင်းကျိုးဖြစ်စေ ဆိုးကျိုးဖြစ်စေ ကြုံလာခဲ့ရင်လည်း ကျွန်တော်တို့ အတူတစ်ကွ ခံယူသွားပါမယ် ”

    ၁၉၄၈ ခုနှစ်၊ ဗြိတိသျှထံမှ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသောနေ့တွင် အိန္ဒိယ၀န်ကြီးချုပ် ဂျဝါဟာလလ် နေရူးက ဤစကားရပ်များကို ပြောကြားခဲ့သည်။ ထိုကာလနောက်ပိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ရင်းနှီးမှု၊ လျစ်လျူရှုခြင်း နှင့် သူစိမ်းဆန်ခြင်းတို့အကြား လူးလာခေါက်တုန့်ဖြစ်နေခဲ့၏။

    သို့သော် အိန္ဒိယ၏ ကမ္ဘာ့စင်မြင့်ပေါ် တက်ရောက်လာနိုင်ခဲ့မှု နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းတို့က ဒေသတွင်း ပထ၀ီနိုင်ငံရေးပေါ် မူတည်လျက် နှစ်နိုင်ငံအပြန်အလှန် ဆက်ဆံရေးကို နှစ်ဖက်အစိုးရအား ပြန်လည်သုံးသပ်စေလိုက်သည်။

    ထွန်းပေါ်လာသော မြန်မာ့နိုင်ငံရေး အသွင်ပြောင်းမှုအား နယူးဒေလီအတွက် တရုတ် လွှမ်းမိုးမှုလျှော့ချနိုင်သော အခွင့်အလမ်း ဖြစ်စေသလို အိန္ဒိယ၏ ဗျူဟာ လက်တံကိုလည်း ဆန့်ထုတ်နိုင်စေသည်ဟု အိန္ဒိယမှ အမြင်ရှိနေသည်။ မြန်မာနိုင်ငံအပေါ်ရှိသည့် တရုတ်သြဇာကို အနီးကပ် သို့မဟုတ်bအလယ်အလတ်အားဖြင့် ပြိုင်ဆိုင်ရန် မျှော်လင့်ချက်မရှိသော် ၎င်းဆက်ဆံရေးအတွက် ထိခိုက်စရာဖြစ်သွားနိုင်သည်။ မြန်မာနိုင်ငံဖက်ကလည်း အိန္ဒိယနှင့် ခိုင်မာသောဆက်ဆံရေး ထူထောင်နိုင်အောင် ဦးတည်နေသည်။ ထိုရောအခါ အိန္ဒိယ-မြန်မာဆက်ဆံရေး ခိုင်မာအားကောင်းလာသည်နှင့်အမျှ မဟာဗျူဟာခြိမ်းခြောက်မှုဖြစ်လာမည်ဟု တရုတ်တို့က မြင်ပြန်သည်။

    ၁၉၅၀ ခုနှစ်များတစ်လျှောက်လုံး ဆက်ဆံရေးနွေးထွေး ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် အာဏာ သိမ်းယူမှုက အေးစက် တင်းမာသွားစေခဲ့သည်။ ဗိုလ်ချုပ်နေ၀င်း၏ နှစ်ပေါင်း ၂၀ အုပ်ချုပ်မှု ကာလအတွင်း  အိန္ဒိယ မျိုးနွယ်တို့မှာ ပစ်မှတ်ထားခံရသည်၊ ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေး အတွင်းက အခွင့်ထူးခံ လူတန်းစားများဟု ကြည့်မြင်ခံရသည်။ ဆက်လက်ဖြစ်တည်လာသော အမျိုးသားရေး ၀ါဒလှိုင်းက နိုင်ငံတွင်းရှိ အိန္ဒိယသား များစွာကို ပြည်ပသို့ တွန်းထုတ်ခဲ့သည်။

    အိန္ဒိယသည် ဒီမိုကရေစီကို အကျယ်ပြန့်ဆုံး ကျင့်သုံးသော နိုင်ငံအဖြစ်လည်းကောင်း၊ ဘက်မလိုက် လှုပ်ရှားမှု၏ ဦးဆောင်နိုင်ငံ တစ်ခုအဖြစ် လည်းကောင်း ဂုဏ်ယူလာခဲ့သည့် အချိန်မှာ ကြာညောင်းနေပြီဖြစ်သည်။ ၎င်းတို့၏ ခေတ်သစ်သမိုင်းရှိ အစောပိုင်းကာလ၌ ထိုဂုဏ်ယူဖွယ် အချက်နှစ်ရပ်လုံးက အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို အကြီးအကျယ် အရောင်ဆိုးခဲ့သည်။ ၁၉၅၀ ခုနှစ်များ တစ်လျှောက်လုံး ဆက်ဆံရေးနွေးထွေး ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် အာဏာ သိမ်းယူမှုက အေးစက် တင်းမာသွားစေခဲ့သည်။ ဗိုလ်ချုပ်နေ၀င်း၏ နှစ်ပေါင်း ၂၀ အုပ်ချုပ်မှု ကာလအတွင်း  အိန္ဒိယ မျိုးနွယ်တို့မှာ ပစ်မှတ်ထားခံရသည်၊ ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေး အတွင်းက အခွင့်ထူးခံ လူတန်းစားများဟု ကြည့်မြင်ခံရသည်။ ဆက်လက်ဖြစ် တည်လာသော အမျိုးသားရေး ၀ါဒလှိုင်းက နိုင်ငံတွင်းရှိ အိန္ဒိယသားများစွာကို ပြည်ပသို့ တွန်းထုတ်ခဲ့သည်။

    စစ်အေးကာလ တစ်လျှောက်လုံးတွင်လည်း အိန္ဒိယသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ လုံးလုံးလျားလျား စိတ်မ၀င်စားသော ကြားနေ၀ါဒကို ကျင့်သုံးခဲ့၏။ ၁၉၈၀ ခုနှစ်များနှောင်းပိုင်းတွင်တော့ အာရှတိုက်၏ ဒီမိုကရေစီမီးရှူးတန်ဆောင်ဖြစ်လာရန် နယူးဒေလီမှ အတိုက်အခံ ဒီမိုကရေစီလှုပ်ရှားသူများ အခန်းကဏ္ဍကို ဖွင့်လှစ်အားပေးခဲ့သည်။

    သူစိမ်းဆန်သော မူဝါဒထံ ယင်းကဲ့သို့ အကောင်းမြင် ချဉ်းကပ်မှုမှာ ဗျူဟာမြောက် အကျိုးအမြတ်များကို မဖြစ်ထွန်းစေနိုင်ကြောင်း၊ မြန်မာနိုင်ငံရှိ ဒီမိုကရေစီကြိုးပမ်းမှုကို ကူညီရာ မရောက်ကြောင်း၊ အုပ်ချုပ်ရေးပိုင်းရှိ ဖိနှိပ်မှု ဗီဇကိုသာ ပို၍ဆိုးဝါးသွားစေကြောင်း နယူးဒေလီမှ များမကြာမီ သိနားလည်သွားခဲ့ပါသည်။ အိန္ဒိယအပေါ် မလိုမုန်းတီးမှုကြီးထွားလာရာတွင် တရုတ်သည် စစ်အာဏာရှင်တို့၏ အရင်းနှီးဆုံး မဟာမိတ် ဖြစ်လာပါတော့သည်။ သို့နှင့် အိန္ဒိယသည် ၁၉၉၅ ခုနှစ်တွင် ကျင့်သုံးနေသော သရုပ်မှန်ဝါဒကို ဖြည်းဖြည်းချင်း ရုပ်သိမ်းကာ မြန်မာအစိုးရအား ချဉ်းကပ်၏။

    အာဏာရှင်အုပ်ချုပ်ရေး သက်ဆိုးရှည်ဦးမည်ကို နယူးဒေလီမှ လက်ခံနားလည်သွား၍ဖြစ်သည်။ ထို့နောက်ဝယ် အိန္ဒိယသည် ရန်ကုန်သို့ လက်နက်ရောင်းချသည့် အစိုးရအဖွဲ့ ရှစ်ဖွဲ့အနက် အပါအ၀င် ဖြစ်လာသည်။ လွတ်လပ်ရေးရပြီးကတည်းက မတည်ငြိမ်ခဲ့သော အပြန်အလှန် ဆက်ဆံရေးကို အထူးအလေးပေးလာသည်။

    ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီအကူးအပြောင်း ပြုလုပ်မည်ဟုဆိုပြီးသည့်နောက် နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားပေးခဲ့သည်။ ဤတွင် အိန္ဒိယအစိုးရနှင့် ၄င်း၏အပေါင်းအပါတစ်ချို့က အိန္ဒိယတိုက်နယ် အစွန်အဖျားဖြစ်သော မြန်မာနိုင်ငံအား လွှမ်းမိုးနိုင်မည့် မဟာဗျူဟာ အခွင့်အလမ်းကို တွေ့မြင်လာကြသည်။

    ONGC Videsh ၊ Jubilant ရေနံနှင့်သဘာဝဓာတ်ငွေ့၊ Century Ply-Star ဘိလပ်မြေလုပ်ငန်း စသည့် အိန္ဒိယလုပ်ငန်းအုပ်စုတို့သည် မြန်မာသို့ ၀င်ရောက်လာကြသည်။ ယခုအခါ အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှု ဒေါ်လာ သန်း ၃၀၀ အထိ ရောက်ရှိနေပြီဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ အတွင်း နိုင်ငံတကာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု FDI မှာ ဒေါ်လာ သန်းပေါင်း ၄၃၀၀ အထိ ရောက်နေရကား ၎င်းမှာ မဆိုစလောက်သော ပမာဏမျှသာ ဖြစ်နေသေး၏။ ၎င်းအပြင် FDI အများစုသည် တရုတ်ပြည်မှဖြစ်နေသည်။ နေပြည်တော် အစိုးရသည် တရုတ်(နှင့် ရုရှ)အပေါ် စစ်ရေးအရမှီခိုမှုမှ ဖယ်ခွာရန်ကြိုးစားသော ၂၀၁၂ ခုနှစ်မှစတင်ကာ တရုတ်ပြည် ရင်းနှီးမြှုပ်နှံမှု ထိုးကျသွားခဲ့သည်။ ဤကဏ္ဍတွင် အိန္ဒိယသည် ပြိုင်ဖက် မဟုတ်သည့်အပြင် နှစ်ပေါင်းများစွာ လက်ဝင်မလျှိုခဲ့။

    အိန္ဒိယအနေဖြင့် ကုန်သွယ်ရေးနှင့်မြှုပ်နှံမှု၌ သြဇာညောင်းအောင် မစွမ်းဆောင်နိုင်ခဲ့သော အကြောင်းအချက်များစွာ ရှိ၏။ အိန္ဒိယ၏ ဖွံ့ဖြိုးမှုနိမ့်ကျသည့် စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အဦလည်း အပါအ၀င်ဖြစ်သည်။ ထိုအချက်က မြန်မာ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို အိန္ဒိယသို့ သယ်ယူဖြန့်ချိနိုင်ရေး၌ နယူးဒေလီ အဖို့ အဟန့်အတားဖြစ်ရသည်။ တရုတ်-မြန်မာနယ်စပ်နှင့် နှိုင်းယှဉ်ပါက နှစ်နိုင်ငံကြား နယ်စပ်ဒေသမှာ ဖွံ့ဖြိုးမှုနိမ့်ကျနေသည်မှာလည်း မငြင်းနိုင်။ ဗဟိုဦးစီးချုပ်ကိုင်မှု နှင့် ကြိုးနီစနစ်ကလည်း နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များကို နှောင့်နှေးသွားစေခဲ့သည်။

    ယခုအခါ အိန္ဒိယသည် မြန်မာနိုင်ငံအား နွေးထွေးကြိုဆိုလိုသည့် သဘောထားရှိနေပါသည်။ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မျက်နှာစာတွင် တတ်နိုင်သမျှ ပါဝင်ဖော်ဆောင်ချင်နေသည်။ အိန္ဒိယအရှေ့မြောက်ပိုင်းသည် အခြားဒေသများနှင့်နှိုင်းစာပါက ထီးတည်းတည်ရှိနေရာ နယူးဒေလီမှ ၎င်းအားမြှင့်တင်လိုသောကြောင့် မြန်မာနှင့် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ ခိုင်မာနက်ရှိုင်းသော ဆက်ဆံရေးဖြစ်ရန်အတွက် အိန္ဒိယ အာဏာပိုင်တို့အား စေ့ဆော်လျက် ရှိနေပေသည်။ သို့သော် နှစ်ဖက် နယ်စပ်လုံခြုံရေး အခြေအနေများ လိပ်ခဲတည်းလည်းဖြစ်နေခြင်းက အိန္ဒိယအာဏာပိုင်များ အတွက် အဓိကခေါင်းခဲစရာ ဖြစ်စေသည်။ ဥပမာ – မြန်မာမွတ်စ်လင်မ်တို့ အပေါ် ဗုဒ္ဓဘာသာဝင်တို့၏ အကြမ်းဖက်ဖြစ်စဉ်များက ဒေသတွင်းရှိ မွတ်စ်လင်မ် အချို့ကို အစွန်းရောက်အောင် တွန်းပို့သလိုဖြစ်နေသည်။ ထိုအချက်သည် အိန္ဒိယအတွင်း၌ သာမက တောင်အာရှ၊ အရှေ့တောင်အာရှအစွန်အဖျားရှိ အချို့ဒေသများအထိ ဗုဒ္ဓဘာသာဝင်နှင့် သက်ဆိုင်ရာ သာသနိကအ ဆောက်အဦးများကို လက်စားချေ တုန့်ပြန်သော တိုက်ခိုက်မှုများ ဖြစ်လာမည့် အန္တရာယ်ရှိနေသည်။ နှစ်ဖက် နယ်စပ်တွင် ခွနေနေကြသော နာဂ လူ့အစုအဝေးအပေါ် အစိုးရနှစ်ဖက်လုံးမှ အာရုံစိုက်နေရဆဲ။ အကြောင်းမှာ နာဂပြည်ဟူသော အကြောင်းတရားက နှစ်နိုင်ငံလုံး၏ ပိုင်နက်အတွင်း၌ ရောက်နေသောကြောင့် အန္တရာယ်ဖြစ်လာနိုင်ပေသည်။

    အိန္ဒိယနှင့် နက်ရှိုင်းသည့် ဆက်ဆံရေးထူထောင်ပါက မိမိ နယ်စပ်ဖက်ရှိ အခြေမကျသေးသောဖွံ့ဖြိုးမှုကိုလည်းကောင်း၊ ဒေသတွင်း အရေးပါသူများနှင့် တကွ တရုတ်ပြည်၏ မိတ်ဖက် ချိန်ခွင်လျှာကိုလည်းကောင်း ထိခိုက် နစ်နာစေနိုင်သည်ဟု နေပြည်တော်မှ ရှုမြင်ထားသည်။ ဘေဂျင်း အပေါ်  မြန်မာ၏ စီးပွားရေးနှင့် နိုင်ငံရေး မှီခိုနေမှု အရ နေပြည်တော်အစိုးရမှာ သတိပြု၍ ရှေ့ဆက်တိုးဖွယ် ရှိနေသည်။ အကယ်၌ မြန်မာ-တရုတ်ဆက်ဆံရေး၌ အတွင်းကျကျပြောင်းလဲမှု မရှိလျှင်ပင် အိန္ဒိယနှင့် အမေရိကန်၊ ဂျပန် စသည့် အခြားနိုင်ငံများက မြန်မာနိုင်ငံအဖို့ ရွေးချယ်စရာ များစွာရှိကြောင်း သိမြင်စေပြီး ဘေဂျင်းကို ဆန့်ကျင်ရန် အရှိန်မြှင့် တွန်းအားပေးကြမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးဆက်ဆံမှု တဖြည်းဖြည်း တိုးတက်လာခြင်းသည် ဘေဂျင်း-မြန်မာ အထူးဆက်ဆံရေးအပေါ် ခြိမ်းခြောက်ချက်ဟူ၍ တရုတ်အာဏာပိုင်များ၌ အမြင်ရှိနေသည်။

    မြန်မာအစိုးရသည် အိန္ဒိယ နှင့် တရုတ် နှစ်နိုင်ငံစလုံး၏ တန်ဖိုးကို နားလည်ထား၏။ အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအနေအထား (နှင့်) ရေနံ/သဘာဝ ဓာတ်ငွေ့အရင်းအမြစ်အသစ်များအပေါ် စိတ်ဝင်စားမှုသည် မြင်သာလှသော အနာဂတ်အတွက် မြန်မာနိုင်ငံအတွက်ပါ အကျိုးတူ ရည်မှန်းချက်များကို  ပေါက်မြောက်စေနိုင်သည်။ တစ်ချိန်တည်းမှာပင် မြန်မာကို အသုံးချပြီး ဘင်္ဂလားပင်လယ်အော်အထိ တရုတ်၏ခြေလှမ်း ကျဲလာမှု၊ မြန်မာနိုင်ငံတောင်ဖက် ကုန်းတွင်းပိုင်းရှိ စွမ်းအင် ရရှိမှုအပေါ် လုံခြုံရေးစသည်တို့က ဘေဂျင်းအတွက် မြန်မာကို မဟာဗျူဟာမြောက် အဓိကလက်တွဲဖော်အဖြစ် ဖန်တီးနေဦး မည်ဖြစ်သည်။

    မြန်မာနိုင်ငံသည် ဒီမိုကရေစီအကူးအပြောင်းကို အောင်မြင်အောင်ဖော်ဆောင်နိုင်သည်ဖြစ်စေ၊ အတိတ်တစ်ချိန်က ဖယ်ကြဉ်ခံ ဘ၀သို့ နောက်ပြန်လှည့် သည်ဖြစ်စေ မဟာဗျူဟာကျသည့်အနေအထားတွင် ရှိနေကြောင်း ထင်ရှားပေသည်။ ထို့ပြင် သဘာဝ သယံဇာတများကလည်း တရုတ်နှင့်အိန္ဒိယ၏ အကျိုးစီးပွား ရောယှက်နေသောဒေသတွင်းရှိ ပါဝါအားပြိုင်မှု ချိန်ခွင်လျှာအား ဆက်လက် အရိပ်မိုးနေပေဦးမည်။ တရုတ်နှင့်အိန္ဒိယတို့၏ လက်များက မြန်မာနိုင်ငံထဲတွင် အမှန်တကယ် ယှဉ်တွဲတည်ရှိသွားနိုင်ပါသည်။ သို့စေကာမူ တရုတ်နိုင်ငံသည် ၎င်း၏ လက်ရှိ သမိုင်းမျက်နှာစာ၊ စစ်ရေး အထောက်အပံ့၊ နေပြည်တော်အကျိုးကို ရေရှည်လိုက်လျောမှုတို့အားဖြင့် ထင်ထင်ရှားရှား ခြေလှမ်းသာလွန် အမြတ်ထုတ်နေဦးမည်သာတည်း။

    Ref : International Policy Digest & Huffington Post
    Original Post : Can China and India Coexist in Myanmar ? (By Daniel Wagner and Giorgio Cafiero )
    Translation : Myint Mo Maung Maung

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • ပြည်လုံးကျွတ် သန်းခေါင်စာရင်းက ပြည်တွင်းပဋိပက္ခတွေ ဖိတ်ခေါ်နေလေသလား

    ဆောင်းပါးရှင် – အိုလှိုင် မာန်ဇူး
    ဘက်မလိုက်ဂျာနယ် အတွဲ ၁ အမှတ် ၂ မှ ဆောင်းပါးကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

    census
    မတ်လ ၃၀ ရက်နေ့ ကနေ ဧပြီလ ၁၀ ရက်နေ့ အကြားမှာ ကောက်ခံမယ့် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းဟာ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ အခြေခံအချက်အလက်တွေကို ဖော်ပြပေးမှာဖြစ်သလို လူမျိုးရေး၊ ဘာသာရေးနဲ့ နိုင်ငံသားဖြစ်တည်ရေးတို့အပေါ် နားလည်မှုကွဲလွဲစေမယ့် စာရင်းဇယားလည်းဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဒီသန်းခေါင်းစာရင်းကောက်ခံမယ့် လုပ်ငန်းစဉ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုနေကြတာတွေရှိသလို သန်းခေါင်စာရင်းမေးခွန်းတွေကို ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုနေတာတွေလည်းရှိပါတယ်။ နှစ်ပေါင်း ၃၀ ကျော်အတွင်း သန်းခေါင်စာရင်းကောက်ခံထားတာ မရှိဘဲ ခန့်မှန်းခြေတွေနဲ့ လည်ပတ်လာခဲ့တာဖြစ်တဲ့အတွက် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းဟာ မဖြစ်မနေကောက်ခံဖို့ လိုနေတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

    သမိုင်းတလျှောက်ကစစ်တမ်း
    ————————–——–
    မြန်မာ့သမိုင်းကြောင်းတစ်လျှောက်ကိုပြန်ကြည့်ရင်လည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းဆိုပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ခံခဲ့တာ မရှိဘူးလို့ဆိုရပါလိမ့်မယ်။ ရှေ့မြန်မာပြည်ရှင့်မင်းတွေ လက်ထက်က အခွန်ကောက်တွေကို ကောက်ခံရရှိနိုင်ဖို့အတွက် တနိုင်တပိုင် စစ်တမ်းတွေကောက်ခံခဲ့ပါတယ်။ ပထမဆုံး ခေတ်သစ် မော်ဒါန် သန်းခေါင်စာရင်းကိုတော့ ၁၈၇၂ ခုနှစ်မှာ ကောက်ခံခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၁၈၈၁ ခုနှစ်မှကောက်ခံခဲ့ပါတယ်။ ၁၈၇၂ နဲ့ ၁၈၈၁ ခုနှစ်တွေမှာကောက်ခံခဲ့တဲ့ သန်းခေါင် စာရင်းတွေကိုတော့ ဗြိတိသျှ လက်အောက်ကျရောက်နေခဲ့တဲ့ အောက်မြန်မာပြည်မှာ သာ ကောက်ခံခဲ့တာပါ။ ဗြိတိသျှခေတ်တလျှောက်မှာ ၁၈၉၁ ခုနှစ်ကနေ ၁၉၄၁ ခုနှစ်အထိ ဆယ်နှစ်တစ်ကြိမ်ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ပုံမှန်ကောက်ခံခဲ့ပါတယ်။ ပြည်လုံးကျွတ်လို့ အမည်ခံထားပေမယ့် လက်တွေ့မှာတော့ နိုင်ငံတော်ရဲ့ ငါးပုံ လေးပုံ လောက်ကိုဘဲ ကောက်ခံနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းရေး မတည်ငြိမ်မှုတွေကြောင့် ဆယ်နှစ်တစ်ကြိမ်ကောက်ခံရမယ့် သန်းခေါင်စာရင်း အတွက် အတားအဆီးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံမှာ ၁၉၇၃ ခုနှစ် နဲ့ ၁၉၈၃ ခုနှစ်တွေမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း နှစ်ကြိမ်သာကောက်ခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သွားလာရခက်တဲ့ နယ်စပ်ဒေသတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေထိန်းချုပ်တဲ့ အရပ်ဒေသတွေမှာ ကောက်ခံနိုင်ခဲ့ခြင်းမရှိဘဲ ခန့်မှန်းစာရင်းတွေကိုသာ ပေါင်းထည့်ခဲ့ပါတယ်။ ယခင်ကောက်ခံခဲ့တဲ့သန်းခေါင်စာရင်းတွေက တိကျမှုမရှိတာက တစ်ကြောင်း၊ ကောက်ခံခဲ့တဲ့ နေရာဒေသတွေ မတူညီတာကတစ်ကြောင်း ဖြစ်တဲ့အတွက် ယခုကောက်ခံဖို့ပြင်ဆင်နေတဲ့ သန်းခေါင်စာရင်း လောက်တော့ အားထားရတဲ့ စာရင်းဇယားတွေ မဟုတ်ခဲ့ပါဘူးလို့ မှန်းဆနိုင်ပါတယ်။

    စာရင်းဇယားရှိဖို့ လိုအပ်ချက်
    ————————–——–
    လက်ရှိမြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုတွေကို ထောက်ပံ့ကူညီတဲ့အနေနဲ့ အချိန်တိုအတွင်း ခေတ်မှီဖွံ့ဖြိုးတိုးတက်စေဖို့ ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေက ငွေကြေးတွေနဲ့တစ်မျိုး၊ နည်းပညာတွေနဲ့ တဖုံ ဝိုင်းဝန်းကူညီပေးနေပါပြီ။ ပြည်လုံးကျွတ် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ လူတိုင်း ဆေးကုသမှုခံယူနိုင်ရေး၊ ကလေးသူငယ်တိုင်းပညာသင်နိုင်ရေး တွေအပြင် စိုက်ပျိုးမြေတိုးချဲ့ရေး၊ လမ်းပန်း ဆက်သွယ်ရေးတိုးချဲ့နိုင်ရေး၊ ကြေနန်းဆက်သွယ်ရေး အဆင့်မြင့်မားရေး၊ ဘဏ်စနစ်ထွန်းကားရေးနဲ့ စီးပွားရေး လုပ်ငန်းငယ်များ အောင်မြင် ထွန်းပေါက်ရေး အစရှိတဲ့ ပြည်လုံးကျွတ် တိုးတက်စေရေးတွေ အတွက် ဒေါ်လာသန်း ပေါင်းများစွာ မြန်မာပြည်ထဲကို စီးဝင်လာနေတဲ့ သတင်းကောင်းတွေလည်း အဆက်မပျက် ကြားသိနေရပါတယ်။ ဥပမာအားဖြင့်ဆိုရင်တော့ ကမ္ဘာ့ဘဏ်က ပြည်လုံးကျွတ် လျှပ်စစ်မီးရရှိရေးနဲ့ လူတိုင်းဆေးကုသ ခွင့်ရှိနိုင်ရေးအတွက် ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင် ကူညီမယ်လို့ ပြီးခဲ့တဲ့ လက ကြေညာခဲ့ပါတယ်။ လျှပ်စစ်စွမ်းအင်အတွက် အာရှဖွံ့ဖြိုးရေး ဘဏ်ကလည်း ဒေါ်လာ သန်း ၆၀ ချေးငွေအဖြစ် ကူညီပေးဖို့ စီမံထားပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေး အတွက် ဒေါ်လာ သန်း ၃၁.၅၊ ဘဏ္ဍာရေးစနစ် ခေတ်မှီဖို့အတွက် ဒေါ်လာ သန်း ၃၀၊ ပညာတော်သင်နဲ့ ဆင်းရဲ့တဲ့ကလေးတွေကို ပညာရေးအထောက်ကူပြုဖို့ အတွက် ဒေါ်လာသန်း ၆၀ လည်း ထောက်ပံ့ကူညီပေးဖို့ အရန်သင့်ရှိနေပါတယ်။ ဒါတင်မကသေးပါဘူး။ နောက်ထပ် ကမ်းလှမ်းထားတဲ့ စီမံကိန်းတွေလည်း များစွာရှိပါသေးတယ်။

    တိုင်းတပါးက ကူညီတဲ့အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေကနေ ထုတ်ယူ သုံးစွဲမယ့် ငွေကြေးတွေ ကလည်း နှစ်စဉ် ဒေါ်လာသန်း ပေါင်း များစွာရှိမှာပါ။ အရင်ကလို နိုင်ငံတော် ဘဏ္ဍာငွေတွေကို စစ်တပ် အတွက် အများစုသုံးစွဲမှာ မဟုတ်ဘဲ ပြည်သူ့တွေနဲ့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် သုံးစွဲကြမှာဖြစ်လို့ ဘယ်စီမံကိန်းအတွက် ငွေကြေးဘယ်လောက်သုံးစွဲမလဲ။ဘယ်အရပ် ဘယ်ဒေသမှာ ဘယ်လိုစီမံကိန်းတွေချမှတ်မလဲ။ ဘယ်အစု ဘယ်အဖွဲ့တွေက ကိုင်တွယ်လုပ်ဆောင်မလဲ ဆိုတာတွေကိုပါ စနစ်တကျ စီမံခန့်ခွဲဖို့လိုအပ်လာပါတယ်။ ဒီလို စီမံကိန်းတွေချမှတ်ရာမှာ ဘယ်အရပ်ဘယ်ဒေသမှာ လူဦးရေဘယ်လောက်ရှိသလဲ၊ လူဦးရေပျံ့နှံမှု၊ သိပ်သည်းမှု ဘယ်လိုရှိသလဲ ဆိုတာတွေ သိဖို့လိုပါတယ်။ ဘယ်အရပ်ဒေ သက လူတွေက ပိုပြီးလိုအပ်သလဲ ဆိုတာလည်း သိဖို့လိုတယ်။ လိုအပ်တဲ့နေရာတွေမှာ သုံးစွဲဖို့ရာအတွက်လည်း လိုအပ်ချက်တွေကိုသိရှိဖို့လိုသလို၊ လိုအပ်လို့ သုံးစွဲရခြင်းဖြစ်တယ်ဆိုတာကိုလည်း ပွင့်လင်းမြင်သာစွာ ပြသဖို့လည်း အရေးကြီးပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်လှမ်းနေပြီ ဖြစ်တဲ့အလျှောက် ဒီစီမံကိန်းတွေကို အကောင်အထည်ဖေါ်ရာမှာ လူထု ကိုယ်စားလှယ်တွေကတဆင့် လူထုပါဝင်ပတ်သက်မှုရှိဖို့လို အပ်ပါတယ်။ သို့မှသာ ဒီစီမံကိန်းတွေဟာ လူထုဆန္ဒသဘောထားကို ထင်ဟပ်စေမှာဖြစ်တယ်။ လူထုကိုယ်စားလှယ်တွေ ရွေးချယ်ရေးကိစ္စက လူဦးရေ အနည်းအများနဲ့ ဆက်စပ်နေပါတယ်။ လူမျိုးစုတွေကိုကိုယ်စားပြုမယ့်ကိုယ်စားလှယ်တွေအတွက် လူမျိုးစုသတ်မှတ်မှုနဲ့ လူမျိုးစုဝင် ဦးရေကိုလည်း သိဖို့လိုပါတယ်။ ဒါကြောင့် အားလုံးဟာ စပ်ဆက်မှုရှိနေတဲ့အတွက် သန်းခေါင်စာရင်းကလည်း မဖြစ်မနေကောက်ခံဖို့ အရေးကြီးပါတယ်။

    လူမျိုးစု အရှုပ်အထွေး
    ————————-
    သန်းခေါင်စာရင်းကောက်ခံဖို့ အရေးတကြီးလိုအပ်နေပြီဆိုပေမယ့် မလိုလာအပ်တဲ့ ပဋိပက္ခတွေကိုပါ သန်းခေါင်စာရင်းရဲ့ ရလဒ်နဲ့ အတူ ပူးတွဲရောက်ရှိလာမှာကိုတော့ စိုးရိမ်စရာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လူမျိုးစုပေါင်းမြောက်စွာ မှီတင်းနေထိုင် တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူမျိုးစုတွေကို အသိအမှတ်ပြုပုံ၊ ခွဲခြား သတ်မှတ်ပုံတွေကလည်း ရှုပ်ထွေးလှပါတယ်။ လက်ရှိ သန်းခေါင်စာရင်းဟာလည်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အခြေခံတယ်လို့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီသန်းခေါင်စာရင်းမှာ တိုင်းရင်းသား မဟုတ်သူတွေရဲ့ စာရင်းလည်းပါမှာဖြစ်သလို သန်းခေါင် စာရင်း ကောက်ခံပြီးရင်လည်း လူမျိုးစုတွေကို အတိုးအလျော့ ပြန်လည်ပြင်ဆင်မယ်လို့ ဦးခင်ရီ အကြိမ်ကြိမ်ပြောဆိုခဲ့တာ တွေလည်းရှိပါတယ်။

    လူဦးရေ နဲ့ မြို့နယ် အပေါ်အခြေခံပြီး ပြည်သူလွတ်တော် ကိုယ်စားလှယ်တွေ ခန့်အပ်တာဖြစ်တဲ့အတွက် ပြည်သူ့လွတ်တော် အတွက်တော့ သိပ်ပြီး အငြင်းပွားနိုင်ဖွယ်ရာမရှိပါဘူး။ လက်ရှိ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ၃၃၀ ဦးကိုသာ ပြည်သူတွေက တိုက်ရိုက်မဲ ပေးရွေးချယ်ရမှာဖြစ်တဲ့အတွက် လူဦးရေ အနည်းအများအပေါ် အခြေခံပြီး မဲဆန္ဒနယ်မြေ သတ်မှတ်မှုတွေပြင်ဆင်ဖို့ အထောက် အကူပြုပါလိမ့်မယ်။

    အမျိုးသားလွတ်တော်မှာတော့ ပြည်နယ်နဲ့တိုင်း တစ်ခုစီက ကိုယ်စားလှယ် ၁၂ ဦးစီ ရွေးကောက်တင်မြောက်ရမှာဖြစ်ပြီး ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသတွေရဲ့ ကိုယ်စားလှယ်တွေလည်း ပါဝင်နိုင်ဖို့ လမ်းကြောင်း ဖွင့်ထားပေးပါတယ်။ လက်ရှိ ပြည်နယ် ၇ ခုက လူမျိုးစုတွေကို အခြေခံထားတဲ့ အပြင် ပြည်နယ်တိုင်းမှာ လူမျိုးစု တစ်စု မကရှိတယ်လို့ အကြမ်းဖျင်း နားလည်လို့ရပါတယ်။ လူမျိုးတစ်မျိုးတည်း ရှိတယ်ဆိုတဲ့ မွန် လူမျိုးတွေနေထိုင်ရာ မွန်ပြည်နယ်မှာ တောင်မှ ဗမာလူမျိုးနဲ့ ကရင် လူမျိုးမြောက်များစွာ နေထိုင်ကြပါတယ်။ ချင်းပြည်နယ်မှာဆိုရင်တော့ ချင်းလူမျိုးပေါင်း ၅၃ မျိုးရှိတယ်လို့ သက်မှတ်ထားပါတယ်။ အမျိုးသားလွတ်တော်ဟာ လူမျိုးစုတွေကို အခြေခံတဲ့ လူမျိုးစုလွတ်တော် မဟုတ်ပေမယ့် လူမျိုးစုအရေး ရှေ့တန်းတင်တဲ့ မြန်မာနိုင်ငံရေးမှာ ကိုယ်စားလှယ်တွေရဲ့ လူမျိုးဟာလည်း အရေးပါလှပါတယ်။ တိုင်း ၇ ခု က ကိုယ်စားလှယ် အများစုဟာ ဗမာ လူမျိုးတွေဖြစ်နိုင်ချေပိုများပေမယ့် လူမျိုးစုကွဲပေါင်း မြောက်များစွာနေထိုင်တဲ့ ပြည်နယ်တွေမှာတော့ အမျိုးသား လွှတ်တော် ရွေးချယ်ရာမှာ အဝေ မတည့်တာ ဖြစ်နိုင်ပါတယ်။ ပြည်နယ်တစ်ခု အတွက် ရပိုင်ခွင့်ရှိတဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၂ နေရာကို လူမျိုးစုပေါင်းများစွာက အပြိုင်အဆိုင် ဝိုင်းလုကြတဲ့ပြဿနာမျိုး မကြုံတွေ့ရအောင်နဲ့ ဟိုလူမျိုးကို ကိုယ်စားမပြုဘူး…ဒီလူမျိုးကို ကိုယ်စားမပြုဘူးဆိုတဲ့ အမြင်တွေကို ကျော်လွားဖို့အတွက် လူမျိုးစုတွေဖောင်းပွနေတာ တစ်စုတစ်စည်းတည်း ရပ်တည်ကြဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ ကြိုးပမ်းနေကြပါတယ်။ တစ်ဖက်မှာတော့ လူမျိုးစုရဲ့ လူဦးရေးများတယ်ဆိုရင်တော့ အမျိုးသားလွတ်တော်မှာ ကိုယ်စားလှယ်တောင်းရာမှာ တပန်းသာတယ်ဆိုတဲ့ ခံယူချက်တွေနဲ့ လူဦးရေကြီးထွားဖို့အရေး စည်းရုံးလှုံ့ဆော်နေကြတာတွေလည်းရှိပါတယ်။

    လူဦးရေဆိုင်ရာ လူမျိုးစုအရှုပ်အထွေးကတော့ တိုင်းဒေသကြီး လွှတ်တော် နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ရွေးရာမှာ ပိုမိုမြင်သာပါတယ်။ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်အရ ဒေသတစ်ခုမှာ စုဝေးနေထိုင်တဲ့ လူမျိုးစုဦးရေဟာ မြန်မာနိုင်ငံ လူဦးရေစုစုပေါင်းရဲ့ အနည်းဆုံး (၀.၁) ရာခိုင်နှုန်းရှိတယ်ဆိုရင် ၎င်းတို့နေထိုင်ရာ အရပ်က သက်ဆိုင်ရာ လူမျိုးစုကိုကိုယ်စားပြုတဲ့ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ရပိုင်ခွင့်ရှိပါတယ်။ လူမျိုးစု သေးသေးလေးတွေအဖြစ် ကွဲပြားနေကြလို့ လူဦးရေ နည်းပါးတဲ့ လူမျိုးစုငယ်တွေကတော့ ပြည်နယ်နဲ့ တိုင်းအဆင့်မှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ရပိုင်ခွင့်ရှိမှာမဟုတ်ပါဘူး။ တချိန်တည်းမှာလည်း သုတေသနပြုပြီး သတ်မှတ်ထားတာ မဟုတ်ဘဲ အာဏာရှင်တွေ သတ်မှတ်ပေးခဲ့တဲ့ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းထဲမှာ မပါတဲ့ လူမျိုးတွေကလည်း ပြည်နယ်နဲ့ တိုင်း လွှတ်တော်တွေမှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် သန်းခေါင်းစာရင်းမှာ ထွက်ရှိလာမယ့် လူမျိုးစု လူဦးရေတွေအပေါ်အခြေခံပြီး နိုင်ငံရေး အရှုပ်အထွေးတွေဖြစ်လာနိုင်ဖွယ်ရာရှိပါတယ်။

    ဘာသာရေးတင်းမာမှု
    ————————-
    သန်းခေါင်းစာရင်း ရလဒ်အပေါ်အခြေခံပြီး ဖြစ်ပေါ်နိုင်တဲ့ အကြီးမားဆုံးတင်းမာမှုကတော့ ဘာသာရေးဖြစ်ပါတယ်။ လက်ရှိ ခန့်မှန်းခြေ အရ မြန်မာနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ၈၉%၊ အစ္စလာမ်ဘာသာဝင် ၄% နဲ့ ခရစ်ယာန် ဘာသာဝင် ၄% စီရှိတယ်လို့ အမှန်လို့ယူဆလို့ မရတဲ့ စာရင်းများကို အားထားဖေါ်ပြကြပါတယ်။ အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာ လူမျိုးတွေနဲ့ နယ်စပ်ဒေသ တစ်လျောက်က ခရစ်ယာန် ဘာသာဝင်တွေကိုပါ ပေါင်းထည့်လိုက်ရင် အစ္စလာမ် ဘာသာဝင်နဲ့ ခရစ်ယာန် ဘာသာဝင် ၁၀% ခန့်စီရှိနိုင်တယ်လို့ ခန့်မှန်း ကြတယ်။ ယခု သန်းခေါင်စာရင်း ဟာ တိကျမှန်ကန်မှုများမှာဖြစ်တဲ့ အတွက် အစ္စလာမ်ဘာသာဝင်နဲ့ ခရစ်ယာန်ဘာသာဝင် ဦးရေဟာ ယခင်တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းထက် များနေပါလိမ့်မယ်။ ဒီတော့ ဒီဘာသာဝင်တွေရဲ့ လူဦးရေတိုးနှုန်း မြင့်မားတယ်လို့ လွဲမှားစွာ ကောက်ချက်ချမိကြပါလိမ့်မယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင် ဦးရေတွေ လျော့ကျလာနေပြီဆိုတဲ့ စွပ်စွဲပြောဆိုနေတာကို ထောက်ပံ့ပေးသလိုဖြစ်သွားပါမယ်။ ယခင်က စာရင်းမှားနေတာကို သတိမူကြမှာ မဟုတ်ဘဲ ၄% နှုန်းကနေ ၁၀% ပတ်ဝန်းကျင်ခန့် တိုးလာပါလားလို့ ထင်ကြရင်ဖြင့် ဘာသာရေး ကိုအခြေခံတဲ့ တင်းမာမူတွေ ပိုမို ကြီးထွားလာနိုင်ပါတယ်။

    ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းဟာ အနှစ် ၃၀ ကျော် လှစ်ဟာနေတဲ့ လူဦးရေ စာရင်းဇယားတွေကို ဖွင့်ဟပေးမှာကတော့ သေချာပါတယ်။ အရေးကြီးတဲ့အတွက် ကမ္ဘာ့နိုင်ငံတွေကလည်း ငွေရေးကြေးရေး အရရော၊ နည်းပညာအရပါ ဝိုင်းပြီးကူညီကြတယ်။ အသင်းအဖွဲ့တွေကလည်း ပညာပေးတွေလုပ်ကြ၊ စည်းရုံးမှုတွေလုပ်ကြနဲ့။ အစိုးရကလည်း အပွင့်လင်းဆုံးဖြစ်ရမယ်၊ အမှန်ကန်ဆုံးဖြစ်ရမယ်၊ လူတွေရဲ့ဆန္ဒ အရဖြစ်ရမယ်၊ နောက်ပိုင်းပြင်စရာရှိရင်ပြင်ပေးပါ့မယ်နဲ့ ခိုင်ခိုင်မာမာ ကြွေးကျော်နေတာတွေလည်း အားရစရာဘဲ။ ဒါပေမယ့်နောက်ပိုင်းမှာ ပြင်စရာရှိတာပြင်မှာက တစ်ကဏ္ဍ၊ အမှားမှား အယွင်းယွင်းတွေနဲ့တလွဲတချော်တွေဖြစ်ပြီး မလိုလားအပ်တဲ့ အခက်အခဲ အရှုပ်အထွေးတွေနဲ့ မကြုံတွေ့ရအောင် လောလောဆယ် ပြင်ဆင်ဖို့ တိုက်တွန်းနေတာတွေ၊ တောင်းဆိုနေတာတွေ၊ ဝေဖန်နေတာတွေကို လစ်လျူရှု့နေ တာကတော့ စဉ်းစားစရာပါပဲ။