News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • စာပေဟောပြောပွဲများတွင် ဘာသာရေး အကြောင်းပြပြီးခြိမ်းခြောက်၊ ဟောပြောခွင့် မပေးခြင်းကို Pen Myanmar ကန့်ကွက်

    ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၄
    M-Media

    စာပေဟောပြောပွဲများတွင် စာရေးဆရာ အချို့အား ဟောပြောခွင့် ပိတ်ပင်ခြင်း၊ ဘာသာရေးအကြောင်းပြပြီး ဘာသာခြား စာရေးဆရာများကို ဟောပြာ ခွင့်မပြုရဟု အာဏာရှင်ဆန်ဆန် အုပ်စုဖွဲ့ အကျပ်ကိုင်သည့် လုပ်ရပ်များ အပေါ် PEN Myanmar အသင်းမှ “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတင်ပြပိုင်ခွင့်အား ဟန့်တားမှုများကို ကန့်ကွက်ခြင်း” ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် ၁/၂၀၁၄ ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

    PEN Myanmar အသင်းသည် လွတ်လပ်စွာ ပြောဆိုရေးသားပိုင်ခွင့်ကို ကာကွယ်ပေးဖို့ ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော PEN International ရဲ့ အဖွဲ့ခွဲဖြစ်ပါသည်။ PEN International ကို ၁၉၂၁ ခုနှစ် လန်ဒန်မြို့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ စင်တာ ၁၄၀ ကျော်ရှိနေပြီဖြစ်ပါသည်။

    ကြေညာချက်အပြည့်အစုံကို ပူးတွဲပါ ပုံတွင် ဖတ်ရှုနိုင်ပါသည်။

    Pen Myanmar

  • ပူးတွဲ ကြေညာချက်နဲ့ ပြင်နည်း အရင်ပြင်ကိစ္စ (မျိုးမြင့်ချို)

    ပူးတွဲ ကြေညာချက်နဲ့ ပြင်နည်း အရင်ပြင်ကိစ္စ (မျိုးမြင့်ချို)

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
    M-Media
    ဆောင်းပါးရှင်- မျိုးမြင့်ချို

    88 and NLD Statement

    အခု ၈၈-ငြိမ်း/ပွင့်တွေနဲ့ အင်န်အယ်လ်ဒီ နိုင်ငံရေးအရ ဒုတိယအကြိမ်တွေ့ကြတယ်။ လိုလားအပ်တဲ့ ကိစ္စကောင်းလို့ မြင်တယ်။ တရားဝင် မျက်နှာချင်းဆိုင်ကြတာဖြစ်လို့ တရားမဝင်သဘော (အလွတ်သဘော) အပြင်မှာပြောတာတွေစဲ သွားရုံမက တရားဝင် ထုတ်ပြန်မှုတွေလည်း ထွက်လာလိမ့်မယ်။ နှစ်ဖက်ထုတ်ပြန်ချက်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးမှာ ခက်ခဲတင်းကျပ်နေတဲ့ အခန်း(၁၂)ပါ (ပုဒ်မ-၄၃၆)ကိုပြင်ဖို့ ပူးပေါင်းဆောင်ရွက်မယ်လို့ အတိအလင်းပြောတယ်။ ပထမအကြိမ်တွေ့တုန်းက ငြိမ်းချမ်းချောမွေ့စွာပြုပြင်ပြောင်းလဲရေး ပူးပေါင်းမယ် ဘာညာပြောပေမယ့် ဘယ်နည်းနဲ့ပြင်မလဲကို အရင်ကလည်း မပြော ခုလည်းမပြောဘူး။ ဆိုလိုတာက လွှတ်တော်တွင်း/ပ ဘယ်နည်းမှလို့ မပြောဘူး။ လွှတ်တော်တွင်း နည်းလို့ ပြောရအောင်ကြတော့လည်း ၈၈-ငြိမ်း/ပွင့်က လွှတ်တော်ထဲ တစ်ယောက်မှ မရှိသလို နိုင်ငံရေးပါတီလည်း မဟုတ်ပြန်ဘူး။ လွှတ်တော်ပြင်ပ နည်းလို့ ပြောရအောင်ကြလည်း လူထု တိုက်ပွဲလို့ တဘက်ကမြင်သွား မလားကြောင့်ကြနေဟန်ပဲ။

    သူတို့ပြောတဲ့ (အခန်း-၁၂) ပါ (ပုဒ်မ-၄၃၆)က… ((ပုဒ်မ ၄၃၆ ပုဒ်မ ၄၃၆ (က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆ဝ၊ အခန်း(၄) ပုဒ်မ ၇၄၊ ၁ဝ၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂ဝဝ၊ ၂ဝ၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃ဝ၅၊ ၃၁၄၊ ၃၂ဝ၊ အခန်း(၁၁) ပုဒ်မ ၄၁ဝ မှ ၄၃၂ ထိ))အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကိုပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ (၇၅)ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက်၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ (ခ) ပုဒ်မခွဲ(က) တွင် ဖော်ပြထားသည့်ပြဋ္ဌာန်းချက်များမှ အပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ (၇၅) ရာခိုင်နှုန်းကျော်ထောက်ခံ ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်)လို့ ဆိုတာဖြစ်ပါတယ်။

    “ကွင်း ၂ ခုခတ်ပြထားတဲ့ ပုဒ်မတွေပြင်ချင် အရင်ဆုံး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် (၇၅)ရာခို င်နှုန်းကျော်က လွှတ်တော်ထဲမှာ ထောက်ခံရုံနဲ့တင် မရသေးဘူး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ပြီး မဲလာပေးသူတွေရဲ့ ထက်ဝက်ကျော်ထောက်ခံမှု ပါရမှ ပြင်”လို့ ဆိုတာပါပဲ။ ချုပ်ပြီးမြင်လွယ်အောင်ပြောရရင် ဖွဲ့စည်းပုံပါ ဥပဒေတွေကို ပြင်ချင် သပ ဆိုရင် ပြင်နည်း(၂)နည်းရှိတယ်။ တနည်းက လွှတ်တော်ထဲတင် ပြီးတဲ့နည်း၊ နောက် တနည်းက လွှတ်တော်ထဲတင် မပြီးသေးဘူး ပြည်လုံးကျွတ် လူထုဆန္ဒ ခံယူပွဲလုပ် ထောက်ခံမဲ တဝက်ကျော် ရမှပြင် ဆိုတဲ့နည်းပဲ။ လွှတ်တော်ထဲတင် ပြင်လို့ရနိုင်မယ်ဆိုတဲ့ ပုဒ်မတွေကို “၇၅ ပလပ်စ် ဝမ်း” လို့ပြောပြီး၊ လွှတ်တော်ထဲနဲ့ တင် မပြီးသေးဘဲ လူထုဆန္ဒခံယူပွဲမဲ ထက်ဝက်ကျော်ရမှပြင်ပုဒ်မတွေကိုတော့ “၇၅ ပလပ်စ်ဝမ်းနှင့် ပြည်လုံးကျွတ် ထက်ဝက်ကျော်”လို့ အတိုချုပ်သုံးပါရစေ။
    88 and NLD
    ၈၈-ငြိမ်း/ပွင့်တွေနဲ့ အင်န်အယ်လ်ဒီက အဲ့ဒီပုဒ်မ(၄၃၆)ကိုပြင်ရေးမှာ ပူးပေါင်းမယ်လို့ဆိုတာက ပြင်သင့်သော ပုဒ်မများပြင်ရေး ကောက်သင်းကောက်ပြောနေတာကို လွှတ်ချလိုက်ပြီး “ကောက်ပင်ရိတ်လှီး အပြီးအပြတ်” လုပ်မယ်လို့  အဓိပ္ပါယ်ဖြစ်ပါတယ်။ တနည်းပြောရရင် တစ်ခုခြင်းပြော မနေတော့ဘူး တစ်ခုချင်းတွေအားလုံးကို တစ်ခုတည်းနဲ့ပြင်ပစ်မယ့် လမ်းပါ။ အဲ့ဒီလမ်းအတိုင်းလျှောက်ရင် ခုပြောပြောနေကြတဲ့ (ပြင်သင့်သော ပုဒ်မများပြင်ရေး အသံ) အပေါ်(ပြင်နည်းများအရင်ပြင်ရေး အသံ) လွှမ်းလာမှာသေချာပါပြီ။ အင်န်အယ်လ်ဒီကပြင်ချင်တဲ့ ပုဒ်မတွေ ထဲမှာ တချို့က ၇၅ ပလပ်စ် ဝမ်း တွေဖြစ်ပြီး တချို့ကတော့ ၇၅ ပလပ်စ် ဝမ်းနှင့် ပြည်လုံးကျွတ် ထက်ဝက်ကျော်တွေလည်း ပါနေတာတွေ့ရပါတယ်။ ကောက်သင်းကောက် ဟိုဟာပြင်မယ် ဒီဟာပြင်မယ်ပြောနေတာ ထက်စာရင် ခုလိုမျိုး ပြင်နည်း အရင်ပြင်မယ်လို့ပြောတာ နိုင်ငံရေးပိုဆန်ပြီး ကစားကွက်လည်း ပိုကျယ်သွားပါတယ်။ ကျယ်တယ်ဆိုပေမယ့် သူ့ကွင်းထဲမှာ ကစားရမှာဖြစ်ပြီး ကစားဘက်တွေက တပြိုင်တည်းမှာ ဒိုင်လည်းဖြစ် စည်းကြပ်လည်းဖြစ်တာ ထင်ရှားပါတယ်။ မိမိက ကီးပလေယာ ဟုတ်/မဟုတ်လည်း ရှိပါသေးတယ်။

    ဒီအိုင်ဒီယာကို အရင်ဆုံး စပြောချပြတာ ကိုကိုကြီးလို့ ကျနော် မှတ်မိနေတယ်။ ဖွဲ့စည်းပုံပြင်ရေးထက် ယုံကြည်မှု တည်ဆောက်ရေးက ပိုအရေးကြီးတယ်ဆိုတဲ့ စကား မပြောခင်ကတည်းကလို့ မှတ်မိနေပါတယ်။ ဒီအိုင်ဒီယာကို ၈၈-ငြိမ်း/ပွင့်ထဲမှာ ကျအောင် အရင်လုပ်ပြီးမှ အပြင်ထုတ်ယူလာတာလို့ ဆိုနိုင်မှာပါ။ အပြင်မထုတ်ခင်မှာ အတွင်းကြိတ် ကြိတ်နေ ရတာတွေ အခြားဘက်တွေနဲ့ အပေးအယူလုပ်ခဲ့ရ တာတွေလည်း မုချရှိမှာပါ။ (မှတ်ချက်-ဒီနေရာမှာဆိုတဲ့အခြားဘက်တွေထဲမှာ စစ်အုပ်စု ထိပ်သီးတွေဖြစ်တဲ့ ဗိုလ်ရွှေမန်းတို့ ဗိုလ်သိန်းစိန်တို့ မပါဘူးလို့ တပ်အပ်သေချာတော့ မပြောနိုင်ပါ) ခု အပြင်ထုတ်လာတဲ့အခါ အင်န်အယ်လ်ဒီနဲ့ ဒီအခြေခံပေါ်ပေါင်း လုပ်ကြမယ်ဆိုတဲ့ အဆင့် အနေထိ သိမ်းယူ သယ် မသွားနိုင်ခဲ့တာဟာ ၈၈-ငြိမ်း/ပွင့်တွေရဲ့ နိုင်ငံရေး ကျင်လည်မှုလို့ဆိုရင် မှားမယ် မထင်ပါ။ ဒါနိုင်ငံရေးပါ။ မကြိုက်ရင် ဆန့်ကျင်ရုံရှိပါတယ်။

    အင်န်အယ်လ်ဒီ ဘက်ကကြည့်ပြန်တော့လည်း ဒီအပေးအယူဟာ သူ့အတွက် ကိုယ့်ရှူးကိုယ်ပတ် ချောင်ပိတ် မိနေရာကနေ အသက်ရှူချောင် စေခဲ့တာပါ။ အင်န်အယ်လ်ဒီက ဖွဲ့စည်းပုံပြင်မယ် သာပြောတာပါ ဘယ်နည်းနဲ့ပြင်မယ်လို့ တိတိကျကျ မပြောနိုင်တာမျိုး၊ ပြင်မပေးရင်ဘာလုပ် မလဲမေးလာတိုင်း ဝေ့လည်ကြောင်ပတ် အဖြေမျိုးနဲ့ ရှောင်ထွက်ပြီး အီလည်လည်လုပ်နေရတာကြာပါပြီ။ လူထုနည်း(လွှတ်တော်ပြင်ပနည်း)လည်း မသွား၊ လွှတ်တော်ထဲက စိတ်ကောင်းရှိတဲ့ စစ်သား တစ်ယောက်မျှော်တော်ပုံကလည်း အလုပ် မဖြစ်၊ ဗိုလ်သိန်းစိန်နဲ့ ဗိုလ်ရွှေမန်း အလှည့်ကျတွဲကတဲ့ ဇာတ်ကလည်း တခန်းရပ်လုလု၊ လေးဦးလေး ဖလှယ်မေတ္တာရပ်ခံချက်ကလည်း သဲထဲရေသွန်ဖြစ်၊ ဒီကြားထဲ လက်တောက်လောက်လေးတွေနဲ့ တန်းညှိ အတိုက်လည်းခံရ၊ သင်္ကန်းဝတ်တွေနဲ့ လှည့်တည်ပေး စတာတွေ အတောမသတ်နဲ့ လုံးလည် ချာလည်လိုက်နေတာပါ။ ရှေ့လည်းဆက် တိုးစရာမရှိ နောက်လည်းပြန် ဆုတ်ဖို့ ခက်နဲ့ လေထဲ တန်းလန်းကြီးဖြစ်နေတဲ့ အဖြစ်ကနေ လွတ်သွားပါတယ်။

    စစ်အုပ်စုဘက်ကလည်း ခုလို ပြင်နည်းအရင်ပြင် လိုင်းကျသွားတာ ကြိတ်ဝမ်းသာ လက်ခမောင်းခတ်နေမှာမလွဲပါပဲ။ လက်ရှိပြောနေတဲ့ ကောက်သင်းကောက်ပြင်ရေးတွေကို တစ်ခုချင်းလိုက်ပြော လိုက်လိုက်ရှင်းနေရတဲ့ဒုက္ခက လွတ်သွားပါတယ်။ သူတို့ နိုင်ငံတကာကို ထွက်ထွက် နိုင်ငံတကာကပဲအထဲလာလာ တွေ့လို့ မေးကြပြောကြပြီဆို ပုဒ်မ ၅၉/စ က မပါမပြီးပါ။ မီဒီယာတွေက တည်ပြီးမေးလည်း ဒီပုဒ်မက ရှေ့ဆုံးကပါ။ ခုလို “ပြင်နည်းအရင်ပြင်” လိုင်း ကျသွားတော့ စစ်ဗိုလ်တွေ တယောက်တပေါက် တယောက်တနေရာ အမျိုးမျိုးခွဲပြီး ကလိန်စေ့ ငြမ်းစင်နေရတာတွေ ကနေလည်း အသက်သာကြီး သက်သာသွားရပါပြီ။ လွှတ်တော်ပြင်ပပြင်ရေး(လူထုလှုပ်ရှားမှုနည်း) နည်းကို အင်န်အယ်လ်ဒီနဲ့ ၈၈-ငြိမ်း/ပွင့်ပေါင်းပြီး ဇက်သတ်ပေးတာလို့ ယူဆပြီး ဝမ်းအသာကြီးသာကာ ဒီလမ်းကြောင်းကို နှပ်ကြောင်းပေးဇောင်း တင်ပြီး ပြောကြတော့မှာ သေချာသလောက်ပါ။

    လူထုဘက်ကကြည့်ရင်တော့ ဇဝေဇဝါမရေမရာအတွေးတွေနဲ့ပဲ ချာချာလည်နေရဦးမယ့်ကိန်းပါ။ ၈၈ ငြိမ်း/ပွင့်တွေနဲ့ ဒေါ်စုတွေ့ကြတယ် ဆိုတော့ ဝမ်း အသာကြီးသာ မျှော်အလင့်ကြီးလင့်ခဲ့ကြတဲ့ ရာခိုင်နှုန်းအတော် များပါတယ်။ ဒေါ်စုအပေါ် မေတ္တာထား ချစ်ခင်မှုကြောင့် ဒေါ်စု တိမ်းခဲ့ခြေလှမ်းတွေ၊ ယိမ်းခဲ့တဲ့ကတိတွေ၊ ကျွံခဲ့တဲ့စကားကို ခွင့်လွှတ် နားလည်ရုံမက စာနာဂရုဏာ ပိုတောင်သက်ခဲ့ကြတာလည်း လက်တွေ့ပါ။ ဒီမေတ္တာ ဂရုဏာတွေကြောင့်ပဲ လူထုဟာ စကားလုံးတွေနဲ့ နှစ်သိမ့်မှုကို စိတ်အရှည်ကြီး ရှည်ခဲ့ကြတာပါ။ ခုလည်း စိတ်အရှည်ကြီး ရှည်နေ လိမ့်ဦးမယ်လို့ထင်ရပါသေးတယ်။ ဘက်ပေါင်းစုံမတရားမမျှတမှုတွေ မကျေနပ်ချက်တွေနဲ့ ပွင့်ထွက်အုံကြွလာမယ့် လူထုဘက်ကလည်း တခုခုများဖြစ်လာလေဦး မလားအတွေးနဲ့ စောင့်တော့ကြည့်ကြမှာပါ။

    ပြန်ချုပ်ရရင် ဒီလမ်းကြောင်း ဘယ့်လောက်အောင်မြင်/မမြင်က စစ်အုပ်စု (ကာ/လုံနဲ့ကြံ့ဖွံ့) လက်ထဲမှာပဲရှိနေတယ် ဆိုငြားလည်း လေးဦး လေးဖလှယ် (၈၈/အင်န်အယ်လ်ဒီ/စစ်အုပ်စု/လူထု) ယာယီဘဝင်ကျစရာမို့ ထီးလိုမင်းလို သဘောတော့ ပါပါတယ်။ နောက်မှ ငွေတမတ်နဲ့ ငါးကြင်းခေါင်းကိုင်တာတို့ ဆင့်ခေါင်းခွေးမချီနိုင်တို့ဆိုကာ ငြိုငြင်ခံရမယ့် အရေးလည်း မြင်ရမလားတွေးပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါနိုင်ငံရေးပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံဟာ စစ်အုပ်စုရဲ့ အသက်ဗူးပါ။ ၂ဝဝ၈ ဟာ အာဏာပြဿနာပါ။ ၂ဝဝ၈ ကိုမရှင်းရင် ဗမာ့နိုင်ငံရေးဟာ ရှင်းလင်းလွယ်ကူစရာ မမြင်ပါ။

    မျိုးမြင့်ချို(ဖေဖော်ဝါရီ ၁၆၊ ၂ဝ၁၄)
    ဓါတ်ပုံအညွှန်း-အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်များနှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်များ ရှေ့လုပ်ငန်းစဉ်များ ပူးတွဲဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံစည်းဝေးနေကြစဉ်
    Photo-The 88 Generation Peace and Open Society FB

  • မူစလင် မဂ္ဂဇင်း ခေတ်ကြေးမုံနှင့် စဉ်းစားစရာများ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
    M-Media
    ရေးသားသူ-ဟာဂျီဝင်းအောင်

    မကြုံစဖူးအေးလွန်း၍ အထပ်ထပ်ပိတ်ထားတဲ့ အိမ်တွင်းသို့ အမေရိကန်ဒေါ်လာတရာတန် တရွက်လွင့်ဝင်လာ စားပွဲပေါ်ကျလာရင်တော့ ချက်ချင်းနီးရာ တယ်လီဖုန်းကောက်ကိုင်ပြီး ဆရာတက္ကသိုလ်မြင့်ဝေထံ ဆက်သွယ်လို့ ရနိုင်မယ့် နံပါတ်တွေ ကျနော်ဆက်တိုက်ရှာနေမိပါလိမ့်မယ်။ ဒါမှမဟုတ် ဆရာ့ Gmail account သိရရင်လည်း စာရှည်ကြီးရေးပြီး internet ကနေပို့လိုက်မိမှာ။  ဆရာပြုစုတဲ့ ရန်ကုန် တက္ကသိုလ် မွတ်စလင်မဂ္ဂဇင်း သမိုင်း အတွက်ကျေးဇူးတင်လို့ပါ။
    HistoryofRangoonUniversitiesMuslimMagazines

    ခုတော့ ဆောင်းပါးရေးရပြီ။”  ဆရာ တက္ကသိုလ်မြင့်ဝေသို့ ကျေးဇူးစကား “ လို့ ခေါင်းစဉ်တပ်ဖို့ မူလက စိတ်ကူး ထားပေမယ့် တခြားလူတွေလည်း ဖတ်ကြမှာမို့၊ ပြီးတော့ ဖတ်သူများ စဉ်းစားစရာများလည်း ထည့်သွင်းချင်လို့ ခေါင်းစဉ် ပြောင်းလိုက်ရတယ်။ ရရချင်း ခပ်မြန်မြန်ဖတ်လိုက်တယ်။ ဒုတိယအကြိမ်ကျတော့ ခပ်မှန်မှန်နဲ့အသေးစိတ်၊ ခုတကြိမ်မှာ လိုအပ်တဲ့အချက်အလက်တွေ ရွေးထုတ်ရတာကတော့ ကလောင်ရှင်တွေ လုပ်နေကျဆိုတာ အယ်ဒီတာချုပ်လုပ်နေသူမို့ ဆရာပိုသိပါလိမ့်မယ်။

    သတိရ ကျေးဇူးတင်စရာတွေ

    ကျနော့အား ဘွားကနဲလူလားမြောက်စေတဲ့ နတ်ရေကန်လို့ တင်စားရမယ့် ရန်ကုန်တက္ကသိုလ်၊ မိသားစုမေတ္တာနဲ့ နွေးနွေးထွေးထွေးရှိတဲ့ မွတ်စလင်အသင်း၊ စာရေးဆရာ အဖြစ် သတင်းသမားအဖြစ် ရပ်တည်သွားဖို့ ကလောင်တချောင်း အပ်နှင်းပေးလိုက်တဲ့ မိခင် မူစလင်မဂ္ဂဇင်း၊ အကျိုးအမြတ် ရဖို့ဆို တာဝန်ယူရမယ်၊ Unwritten Law လို့တင်စားတဲ့ လိုက်နာ စောင့်ထိန်းစရာတွေ စသဖြင့်  လေ့ကျင့် တတ်မြောက်ခဲ့ရတာတွေ၊ တွဲခဲ့ပြီးနောက်ခွဲခဲ့ရသူတွေကိုလည်း သတိရမိပါရဲ့။

    ဥပမာ၊ ၁၉၅၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ရောက်လာတော့ ရန်ကင်းကောလိပ်တို့၊ ထီးတန်းကော်ကောလိပ်တို့ မရှိသေးလို့ တက္ကသိုလ်ရဲ့ သူငယ်တန်းကျောင်းသား အဖြစ် နောင်တော်ကြီးများအား အတုယူကာ လေ့လာရတယ်။ ဒီလိုပဲ ၁၉၅၄-၅၅ ခုနှစ်  ရန်ကုန်တက္ကသိုလ် မူစလင်ကျောင်းသူ ကျောင်းသားများ အသင်းမှာ အမှုဆောင်အဖြစ် အရွေးခံရတယ်။  လက်ထောက် စာကြည့်တိုက်မှူးဆိုတာ ပမွှားလေးပါ။ ဒါပေမယ်လို့ အိပ်ငိုက်နောက်လိုက် လုပ်မနေလို့ နောက်နှစ်ကျတော့ တွဲဘက်အတွင်းရေးမှူး၊ အဲဒီကအတွေ့အကြုံနဲ့ ၁၉၅၇-၅၈ ရန်ကုန်တက္ကသိုလ် ပဲခူးခရိုင်ကျောင်းသူ ကျောင်းသားအသင်း အထွေထွေ အတွင်းရေးမှူး၊ ရောက်လေရာမှာ နောက်ဆုံး VOA  ကမွတ်စလင်တွေစုပြီး ၀တ်ပြုနိုင်ရေးမှာတောင် ပါဝင်ဖို့ရာ အထိဖြစ်လာစေခဲ့ပါတယ်။

    ပဲခူးမဂ္ဂဇင်း

    ၁၉၅၇-၅၈ ရန်ကုန်တက္ကသိုလ် ပဲခူးခရိုင်ကျောင်းသူ ကျောင်းသားအသင်း ဥက္ကဌကလည်း တကျောင်းထဲနေခဲ့တဲ့ ငယ်သူငယ်ချင်း၊ စာရေးဆရာ သိပ်ဖြစ်နေတဲ့ ကိုကျော်စိန်ကလည်း စိတ်အားထက်သန်ဆိုတော့” ပဲခူးမဂ္ဂဇင်း” ထုတ်ဖြစ် သွားတယ်။ ပဲခူးဆောင် အဆောင်မှူး မြန်မာစာ ကထိက ဦးကျော်ရင်က ပဲခူးရွာစား ကလောင်နာမည်နဲ့ ဆောင်းပါးရေးသလို မြန်မာစာပါမောက္ခ ဦးအေးမောင်က Burma Research Journal မှာသူ အင်္ဂလိပ်လိုရေးတဲ့ Pegu ကိုပြန်ထည့်ခွင့်ပေးရာက ခင်မင်သွားလိုက်တာ ကျနော့အား တခန်းရပ်ပြဇာတ် ( One Act Plays) တွေရေးဖို့ တွေ့တိုင်း တိုက်တွန်းတယ်။

    ဆရာဦးသိန်းဖေမြင့်ထံ စာမူသွားတောင်းရာ၊ ကိုင်ရိုမှာကျင်းပတဲ့ အာရှအာဖရိက စာရေးဆရာများ ကွန်ဖရင့်သို့ တင်သွင်းတဲ့ အစီရင်ခံစာပေးလိုက်လို့ အင်္ဂလိပ်ကဏ္ဍအတွက် ရှားပါး အဖိုးတန်အဖြစ် ရခဲ့တယ်။ မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဌအနေနဲ့လည်း သ၀ဏ်လွှာပေး လိုက်သေးတယ်။ ရန်ကုန်တက္ကသိုလ် နယ်မြေထုတ် စာစောင်များကို အားပေး လေ့ရှိတဲ့ ပါမောက္ခချုပ် ဒေါက်တာထင်အောင်ထံ အမှာစာသွားတောင်းရင် ဆရာကရေးပေး ပါတယ်။ ပဲခူးမဂ္ဂဇင်း” အတွက် သ၀ဏ်လွှာထဲမှာ “ To my fellow Peguans” အင်္ဂလိပ်လိုရေးပေးရင်း ပဲခူးသားတယောက်အနေနဲ့ ဂုဏ်ယူအကြောင်း ပါမောက္ခချုပ် ဒေါက်တာထင်အောင်က ထည့်ရေးတယ်။ အတိုင်ပင်ခံ အင်္ဂလိပ်စာတည်းကလည်း ပဲခူးသူ ဒေါက်တာ ကေ မြရီ၊  ပဲခူးဆိုတဲ့အမှတ်အသား Identity  ပေါ်အောင်လို့ပါ။ အဲဒါ အရေးအကြီးဆုံးနဲ့အဓိက လိုအပ်ချက်မဟုတ်ပါလား?

    ရန်ကုန်တက္ကသိုလ် မွတ်စလင် မဂ္ဂဇင်းသမိုင်း

    ဆရာပြုစုတဲ့ ရန်ကုန်တက္ကသိုလ် မွတ်စလင်မဂ္ဂဇင်းသမိုင်းကို ဖတ်လိုက်ရတဲ့အတွက် အလွန်သိချင်တာတွေသိရ၊ မထင်မှတ်ပဲ သိသင့်တာတွေလည်း သိလိုက်ရပါတယ်။ မှတ်တမ်းမှတ်ရာတွေ ထိန်းသိမ်းမှု အားနည်းတာရယ်၊ လူတွေရဲ့ အသိဥာဏ်ကမောက်ကမ ဖြစ်အောင်၊ သတင်း အချက်လက်တွေ မမှန်မကန်ဖြစ်အောင် သမိုင်းဆိုပြီးဖြစ်စေချင် သလိုရေးဖို့ မှတ်တမ်းမှတ်ရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ဖျောက်ဖျက်ပစ်တဲ့ ခေတ်ကာလမှာ ဆရာ တက္ကသိုလ်မြင့်ဝေက ရှာဖွေစုစောင်း ပြုစုနိုင် စွမ်းရှိတာကိုတော့ ကျေးဇူးတင်ချီးကျူးလို့ ကုန်ဆုံး နိုင်မယ်မဟုတ်ပါ။

    တဆက်တည်း ရန်ကုန်တက္ကသိုလ် မွတ်စလင်အသင်းကိုလည်း ပြန်လည် တမ်းတမိပါတယ်။ ကျနော်တို့ခေတ်နဲ့ ဆယ်နှစ်နီးပါး ကွာခြားသွားပြီး ကာလ ဆောင်ရွက်ကြသူတွေ အနက် ဆုံမိသိလိုက်သူတွေလည်းရှိပါတယ်။ ကိုချစ်မောင်ကို သူ့အိမ်မှာ သွားတွေ့ဖူးတယ်၊ ကျနော်တို့ ညီအကို (၇)ယောက်ထဲက နံပါတ် (၆) မျိုးအောင်နဲ့ ရုပ်ချင်းတူတဲ့ ကိုအောင်ဇော်၊ ကိုဘငြိမ်းကိုလည်း မှတ်မိတယ်၊ အစ္စလာမ်သာသနာရေးရာကောင်စီ ဥက္ကဌဖြစ်လာသူ ကိုညွန့်မောင်သျှိန်ကိုလည်း နာမည် စလုံးပေါင်းပုံစိတ်ဝင်စား၊ တယ်လီဖုန်း Interview သာလုပ်ဖူးတယ်၊ ကိုမြင့်ဝေကိုတော့ မှန်းကြည့်လို့မရဘူး။ ခုတော့သိပြီ၊ ကလောင်မိတ်ဆွေဖြစ်ကြပြီ။ ကျနော်အင်မတန်လိုချင်နေတဲ့ပစ္စည်း လက်ဝယ်ရှိသူမို့လည်း ကျနော့ဘက်က ပိုပြီးရင်းနှီးပစ် လိုက်တယ်။ ဆရာ အယ်ဒီတာချုပ်လုပ်တဲ့ လပြည့်ဝန်း အစ္စလာမ်မဂ္ဂဇင်းလည်း လှမ်းမှာလိုက်ပြီ။ဘယ်လောက်ကြာတော့မှ ရောက်လာမယ် မသိ။

    ဖတ်စရာမှတ်စရာ

    ရန်ကုန်တက္ကသိုလ် မွတ်စလင်ကျောင်းသူ ကျောင်းသားတွေဟာ (၁၇)နှစ်တာကာလအတွင်း မဂ္ဂဇင်း (၈)စောင် ထုတ်နိုင်ခဲ့ကြောင်း သိလိုက်ရတယ်။ အဲဒီထဲက ကောင်းနိုးရာရာတွေ ကောက်နှုတ်ပြလို့ ဆရာကြီး စီအေဦးဗလွင်တို့လည်း ၀င်ရေးပေးပါလားလို့ ၀မ်းသာအားတက်ရ၊ ဗိုလ်မှူးဘရှင် နာမည်တွေ့လိုက်ပြန်တော့လည်း စစ်ကြိုခေတ်က အသင်းဥက္ကဌ အဖြစ်ခေါင်းပေါင်းနဲ့ သူ့ဓာတ်ပုံကိုမြင်ယောင်လာကာ၊ သူငယ်ချင်း ကိုတင်ထွန်းရဲ့ အသင်းသမိုင်းကိုဖတ်မိ၊ ဂုဏ်ယူစရာ ပါဠိပါမောက္ခ ဦးအေကာဆင်ဟာ သူ့ဘကြီးအရင်း တအိမ်ထဲနေကြပုံလည်း ရေးချင်စိတ်ပေါ်လာတယ်။ ရန်ကုန်တက္ကသိုလ် မွတ်စလင်လူငယ်တွေကို စုစည်းဦးဆောင်ခဲ့သူ အောင်ခင် M.Sc ဆိုတာ နောက်ပိုင်း ဓာတုဗေဒ ပါမောက္ခဖြစ်လာ သူလား? ပြောပြနိုင်သူများအား ရှာဖွေကြပါစို့။

    “ ယနေ့မွတ်စလင်လောကတွင် ဘာသာရေးကို အကြောင်းပြုပြီး နိုင်ငံရေး အမြတ်ထုတ်နေကြခြင်းကြောင့် မွတ်စလင်တွေ တဦးမျက်နှာတဦး မကြည့်နိုင်ဖြစ် မုန်းတည်းနေကြပေသည်၊ တစားပွဲတည်း မျက်နှာချင်းမဆိုင်နိုင်သော ခေါင်းဆောင်ကြီးများ၊ မွတ်စလင်လောကသည် ဘာသာရေးနှင့် လုံးဝမသက်ဆိုင်သော နိုင်ငံရေး အကွဲအပြဲတွင် မဆီမဆိုင် ရစရာမရှိအောင် လိုက်ပြီးကွဲပြဲနေကြသည်”   ရာဇ၀င်ကွင်းဆက် မပြတ်စေနှင့်၊ တင်မောင် ။

    အဖိုးတန်လိုက်တာဗျာ။ တင်မောင်ဆိုတာ ဘယ်သူမှန်းမသိ လေးစားမိပါတယ်။ ဘာသာရေး အခြေခံလို့ဆိုကာ ဗ-မ-က ကို အတင်းဖျက်ခိုင်းတဲ့  ဦးနု၊ ဖဆပလ နှစ်ခြမ်းကွဲပြီးနောက် ရွေးကောက်ပွဲမှာ မွတ်စလင် မဲတွေရဖို့ BMO ဆိုတာ ဖွဲ့ခိုင်းတော့ လိုက်ပါဆောင်ရွက်သူ ဘာရလိုက်သလဲ? ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ပယ်ချထားတဲ့  နိုင်ငံတော် ဘာသာ ရလိုက်တယ် မဟုတ်လား?  အဲဒီနေ့က ပါလီမန်ထဲမှာ တာဝန်ကျလို့ အစအဆုံး မြင်တွေ့ခဲ့ရပုံတွေ ပြန်လည် သတိရစေလို့ တက္ကသိုလ်မြင့်ဝေကို ကျေးဇူးတင်ဖို့ဖြစ်လာပြန်ပြီ။

    မူစလင် မဂ္ဂဇင်းမှ ခေတ်ကြေးမုံသို့

    ရန်ကုန်တက္ကသိုလ် မွတ်စလင်အသင်းက ၁၉၅၇-၅၈ နှစ်မဂ္ဂဇင်းကို ခေတ်ကြေးမြင်လို့ နာမည်ပြောင်းလိုက်တယ်။ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းသမိုင်းမှာ မိမိတို့အသင်း၏ သင်္ကေတ အမှတ်အသားမပါတဲ့ အတွက်ကြောင့် အံ့သြစရာဖြစ်ရ၊ တနှစ်မှတကြိမ် အနိုင်နိုင်ထုတ်ရတဲ့ မဂ္ဂဇင်းကို ရှုမ၀၊ပဒေသာ၊သွေးသောက်တို့လို စီးပွါးရေး ဆန်ဆန်နာမည် ပေးရမလား၊ စသဖြင့် မကြိုက်သူ တချို့ရှိကြတယ်။ မူစလင်ဆိုတဲ့ နာမည်က ခေတ်နောက်ကျလို့ ကျဉ်းမြောင်းလို့ ခေတ် ဆန်ဆန်လေး ရွေးပေးဖို့ သွားတောင်းပန်တာနဲ့ ပါမောက္ခ ဦးအေးမောင်ကပေးတာ ဆိုတဲ့ သတင်းလည်းကြားလိုက်မိတယ်။

    မည်သို့ပင်ဆိုစေ၊ မွတ်စလင်ကျောင်းသားထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမှုဆောင်အဖွဲ့မှာ လုပ်ပိုင်ခွင့် ရှိတယ်၊ စိတ်ကူးရသလို လုပ်ကြမှာပဲလို့ နားလည်လိုက်ပါတယ်။ ကျနော်အဖို့တော့ မူစလင်မဂ္ဂဇင်းကိုသာလျှင် မွေးမိခင်လို့ စွဲလန်းနေသမို့ ခေတ်ကြေးမြင်ကို မကြည့်ဖြစ်။ ၅၅ နှစ်ကျော်ကြာတော့မှ ဆရာတက္ကသိုလ်မြင့်ဝေရဲ့စာအုပ်မှာ ပထမဆုံး မြင်ဖူးလိုက်ရတယ်။ ၁၉၅၅-၅၆ မူစလင်မဂ္ဂဇင်း မျက်နှာဖုံးကိုလ ည်း ပြန်မြင်လိုက်ရတယ်။

    မိခင်ပျောက်သားလို

    ကလေးဘ၀က မုန့်ဖိုး၂၅ ပြားရတာကို မုန့်ဝယ်မစားပဲ စုထားပြီးစာအုပ်ဝယ်လေ့ရှိသူမို့ ခုချိန်ထိ စာအုပ်ကောင်းဆို ပိုင်ချင်တယ်။ အိမ်မရှိပဲ ခွေးမွေးဆိုသလို စာအုပ်တွေပေါ် Win Aung Home Library  လို့ တံဆိပ်ရိုက်ကာ စုထားတာတွေ မီးလောင်လိုက်၊ ပြန်စုလိုက်၊ မီးထပ်လောင် ထပ်စုနဲ့ နောက်ဆုံး မိခင်မူစလင် မဂ္ဂဇင်း ကိုဘယ်မှာမှ ရှာမတွေ့နိုင်တော့ဘူး။  ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှာ ရှိနိုင်ကောင်းပါရဲ့။ သို့သော် ကျနော်ကအဝေးကို ရောက်နေပြီ။

    အတူပါဝင်ရေးခဲ့သူတွေလည်း သိပ်မကျန်တော့၊ အသက်ရှင်နေသူများအနက် ဆက်သွယ်လို့ရပြန်တော့လည်း လက်ဝယ်မရှိ။ တ-က-သ ရွေးကောက်ပွဲမှာ အသိဖြစ်ခဲ့ရာကနေ ရင်းနှီးသူ ဦးသန်းတင် အမေရိကန်သို့ လာစဉ်မှာ၊ ကျနော် ရန်ကုန်သို့ ပထမအကြိမ်ရောက်သွားစဉ်မှာ၊ အကြိမ်ပေါင်းများစွာ တယ်လီဖုန်းနဲ့ စကားပြောတိုင်း မိခင် မူစလင်မဂ္ဂဇင်းကို ရှာပေးဖို့  မိခင်ပျောက်သားလို တောင်းပန်ခဲ့တယ်။ ခုတော့ ဆရာတက္ကသိုလ်မြင့်ဝေ ကတော်ထံမှာ ရှိနေကြောင်းသိရပြီမို့ အသက် ၉၀ ကျော် ၀တ်လုံကြီးအား နားပူနားဆာ ဆက်လုပ်ဖို့ မလိုတော့။

    ခေတ်ကြေးမြင်ဆရာကြီး

    ခေတ်ကြေးမြင်ဆရာကြီး ဦးဘငြိမ်းရဲ့အမှာစာကို ဖတ်လိုက်ရတော့လည်း ငယ်စဉ်ကသိပ်သိချင်နေတာ သိရပြီ၊ စကားပြောတိုင်း ရယ်နေပြုံးနေ တတ်သူကြီး မျက်စေ့ထဲပေါ်လာတယ်။ အသက် ၈၀ နီးပါး ဟာဂျီတွေကိုယ်စီဖြစ်နေကြပြီ။ အချိန်ကုန် မြန်လိုက်တာ။ ၁၉၆၂ ခု၊ မေလ (၉)ရက်နေ့ ကျနော်မြန်မာ့အသံတွင်တွင် တာဝန်ကျစဉ်၊ ပုံ ဗိုလ်နေ၀င်း ဆိုတဲ့ တော်လှန်ရေးကောင်စီ ကြေညာချက်တိုလေးနဲ့ ရန်ကုန်တက္ကသိုလ် ဇီဝိန် ချုပ်သွားမှတော့ ဘာကျန်တော့မှာလဲ? မူစလင် မဂ္ဂဇင်းရော၊ ခေတ်ကြေးမြင်ကော ပါသွားပြီပေါ့။

    ဆရာတက္ကသိုလ်မြင့်ဝေ အစဖော်ပေးလိုက်လို့ ရန်ကုန်တက္ကသိုလ် မွတ်စလင်အသင်းကို ပြန်လည် တမ်းတမိသလို သူ့နှစ်နဲ့သူ လုပ်ဆောင်ခဲ့ကြတာတွေ သတိရမိတယ်။ ယနေ့ လူငယ် မွတ်စလင်လေးတွေ ဘယ်လိုနားလည်ကြမလဲ?  ကျနော့အဖို့တော့ စဉ်းစားစရာတွေ ရလိုက်တာကြောင့် ဆောင်းပါး စရေးလိုက်ပါပြီ။ ရှင်ကျန်နေသေးသူတွေ အနေနဲ့လည်း ရေးကြပါလို့ တိုက်တွန်းပါရစေ။ သူ့အမြင်ကိုယ့်အမြင် ဖလှယ်နိုင်ကြဖို့ အတွေ့အကြုံချင်း ဝေငှကြဖို့ ဆက်သွယကြပါစို့။

    ဟာဂျီ-၀င်းအောင်
    Alexandria, VA 22309
    [email protected]

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • ဗိုလ်ချုပ်နဲ့ နိုင်ငံသားအခြေပြု မျိုးချစ်စိတ်

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄
    M-Media
    ရေးသားသူ- Dr နေလင်းအောင်

    483996_519263994782742_89105766_n

    ဗိုလ်ချုပ်ကို စတုတ္ထမြန်မာနိုင်ငံတော် တည်ထောင်သူလို့ အချို့ကဆိုကြပါတယ်။ တချို့ပညာရှင်များကတော့ ဒီအဆိုကို လက်မခံပဲ ဗိုလ်ချုပ်ဟာ ပထမပြည်ထောင်စုမြန်မာနိုင်ငံကို ထူထောင်သူသာဖြစ်တယ် လို့ဆိုပါတယ်။ ဆိုလိုတာကတော့ အင်္ဂလိပ်ထံက လွတ်လပ်ရေးယူဖို့ ကြိုးပမ်းချိန်မှာ သက်မှတ်ခဲ့တဲ့ နိုင်ငံတော် နယ်နမိတ်အတွင်းမှာ ရှေးယခင် ကာလကထဲ ရှိခဲ့ကြတဲ့ ပြည်ထောင်တွေအားလုံး စုပေါင်းထားတဲ့ ပြည်ထောင်စုကို အတင်းအဓမ္မမဟုတ်ပဲ အားလုံး သဘောတူညီမူနဲ့ တည်ထောင်ရန် အစပျိုးနိုင်ခဲ့သူ လို့ဆိုတာပါ။

    ယနေ့ပြည်ထောင်စုနယ်နိမိတ်အတွင်းမှာ နေထိုင်ကြတဲ့လူမျိုးများဟာ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း နှင့် နေခဲ့ကြပါတယ်။ ပဒေသရာဇ်ခေတ် ထုံးစံအတိုင်း စစ်နိုင်သူက သိမ်းပိုက်၊ အင်ပါယာထူထောင်ခဲ့ကြရာမှာ ဗမာဘုရင့်နိုင်ငံတော်ဟာ တခါတရံ အခြား တိုင်းရင်းသားပြည်ထောင်များ ကိုကျော်လွန်ပြီး ယိုးဒယား နယ်ထိ သိမ်းပိုက်နိုင်ပြီး တခါတရံလည်း အခုလက်ရှိ နယ်နိမိတ်အချို့တောင် ဆုံးရှုံးခဲ့ရတာတွေရှိခဲ့ပါတယ်။  အင်္ဂလိပ်ထံက လွတ်လပ်ရေးရဖို့ ပြင်ဆင်ချိန်မှာတော့ သတ်မှတ်ထားတဲ့ မြန်မာ နယ်နိမိတ် အတွင်းက ပြည်ထောင်စု တိုင်းရင်းသား အားလုံး သာတူညီမျှရှိမဲ့ ပြည်ထောင်စုနိုင်ငံတော် ပေါ်ပေါက်ရေး ဗိုလ်ချုပ်ကြိုးပမ်း ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြိုးပမ်းခဲ့မှုဟာ တိုင်းရင်းသား လူမျိုးလို့ ယနေ့ခေါ်ဆိုခံရသူများ အတွက် သာမကပါဘူး၊ မြန်မာပြည်မှာမွေး၊ မြန်မာ့ရေသောက်သုံးကြသူ အားလုံးကို စုစည်းပေးခဲ့ပါတယ်။ Geo-Politically အရရော စီးပွားရေး လမ်းကြောင်းအရပါ အရေးပါတဲ့ နေရာမှာရှိတဲ့ မြန်မာပြည်မှာ လူမျိုးပေါင်းစုံ ရှေးယခင်တည်းက နေခဲ့ကြပါတယ်။ ဒပ်ခ်ျ၊ ပေါ်တူဂီ၊ အင်္ဂလိပ်၊ ပြင်သစ်၊ အာရပ်၊ ပါရှား အနွယ်တွေ၊ အိမ်နီးချင်း အိန္ဒိယ၊ တရုတ်နွယ်ဝင်တွေ ရာစုနှစ်နဲ့ချီ နေထိုင်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်ဟာ မြန်မာ နယ်နိမိတ်အတွင်း နေထိုင်သူ အားလုံးပိုင်တဲ့၊ ဆိုင်တဲ့၊ သစ္စာစောင့် သိရမယ့် ပြည်ထောင်စုနိုင်ငံတော်ကို ထူထောင်ဖို့ ခေတ်ရှေ့ပြေးတဲ့ အမျိုးသားရေး စိတ်ဓာတ်၊ မျိုးချစ် စိတ်ဓာတ်ကို ချမှတ်ပေးခဲ့ပါတယ်။

    လူ့အဖွဲ့အစည်းတရပ် တိုးတက်ဖို့ အမျိုးသားရေး စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နဲ့ ကြိုးပမ်းဖို့ အလွန်အရေးကြီးပါတယ်။ ဗိုလ်ချုပ်ဟာ စူးရှထက်မြက်တဲ့ အမျှော်အမြင်နဲ့ နိုင်ငံသားအခြေပြု မျိုးချစ် စိတ်ဓာတ်ကို မျိုးစေ့ချပေးခဲ့ပါတယ်။ Globalization ခေတ်မှာ လူမျိုးအခြေခံ၊ ဘာသာအခြေခံမျိုးချစ်စိတ်နဲ့ တိုင်းပြည် ထူထောင်လို့ မရတော့တဲ့ အတွက် ခေတ်မှီတိုးတက်တဲ့၊  ခေတ်မှီ တိုးတက်လိုတဲ့နိုင်ငံတိုင်းမှာ နိုင်ငံသား အခြေခံ မျိုးချစ်စိတ်ကိုသာ ရှင်သန်အောင် မွေးမြူပေးကြပါတယ်။ လူမျိုးတမျိုး၊ ဘာသာတစ်ခု၊ လူ့အဖွဲ့အစည်း တစ်ရပ် ကြီးပွားတိုးတက်ကောင်းစားရေး အတွက် တခြားလူမျိုး၊ ဘာသာ၊ လူ့အစုအဝေးကို မထိခိုက်ဘဲ ဆောင်ရွက်ခြင်းဟာ ကောင်းတဲ့အလုပ်ပါ။ သို့သော် လူမျိုးစုံ၊ ဘာသာစုံ၊ လူ့အသိုင်းအ၀ိုင်းစုံ ရှိကြတဲ့ ယနေ့ ကမ္ဘာ့နိုင်ငံတွေမှာ လူမျိုး၊ ဘာသာစွဲ မျိုးချစ်စိတ်နဲ့ တိုင်းပြည် ထူထောင်ဖို့ ကြိုးပမ်းခြင်းဟာ နိုင်ငံသား အချင်းချင်းသွေးကွဲပြီး ညီညွတ်မှု ပျက်ပြား၊ တိုးတက်မှုနှောင့်နှေးစေနိုင်ပါတယ်။

    ဒါကြောင့် ဗိုလ်ချုပ်ဟာ လွတ်လပ်ရေး တိုက်ပွဲဝင်စဉ် ကြွေးကျော်ခဲ့တဲ့ အမျိုး၊ ဘာသာ၊ သာသနာ ဆိုတာကို ခေတ်မှီစွာ အဓိပ္ပါယ် ဖွင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အတွက် နိုင်ငံတော် ဘာသာ သာသနာ တစ်ရပ် သတ်မှတ်ဖို့ကို လက်မခံပဲ ပြည်ထောင်စုနေ လူများကိုးကွယ်တဲ့ ဘာသာ သာသနာတိုင်းကို နိုင်ငံတော် အသိမှတ်ပြုတဲ့ ဘာသာ သာသနာ၊ ကာကွယ်စောင့်ရှောက်ပံ့ပိုး ရမယ့် ဘာသာ သာသနာတွေလို့ ဆိုခဲ့ပါတယ်။ ဘာသာစကားနဲ့ ပတ်သက်ပြီးတော့လဲ ပင်လုံ ညီလာခံမှာ လူမျိုး အမျိုးမျိုးရှိပေမယ့် အင်္ဂလိပ်စကားပဲပြောတဲ့ အမေရိကန် နဲ့ ဘာသာစကား အမျိုးမျိုးရှိပေမယ့် လူမျိုးတမျိုးထဲရှိတဲ့ ရုရှားတို့ကို ဥပမာပြပြီး ဘာသာစကား တခုထဲ စွဲလို့မရကြောင်းပြောခဲ့ပါသေးတယ်။ လူမျိုးကို အဓိပ္ပါယ်ဖွင့်ရာမှာလည်း “လူမျိုးဆိုသည်မှ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေ ရေရှည်လျားစွာ တမျိုးတစားတည်းပင်ဟု စိတ်ထားရှိသူများကို တခုတည်းပေါင်း၍ခေါ်ဝေါ်ခြင်းဖြစ်သည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့်ဘာသာ၊ ပြောဆိုသည့် စကားတို့ကို အရေးထား ရမည်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူ ပူအမျှ ကောင်းတူဆိုးဘက် ပူးပေါင်းနေလိုသောဆန္ဒအပေါ်တွင် ၀ံသာနုရက္ခိတ တရားသည် တည်နေပေသည်။” လို့ အလယ်ပစ္စယံ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ ဆိုလိုတာကတော့ မြန်မာ့ နယ်နိမိတ်တွင်းမှာ နေထိုင်တဲ့ လူမျိုးအားလုံး၊ ဘာသာဝင်အားလုံး၊ အယူဝါဒစုံရှိသူ အားလုံးဟာ နိုင်ငံသားဖြစ်မှုခေါင်းစဉ် တစ်ခုအောက်မှာ မျိုးချစ်စိတ် တည်ဆောက်ဖို့ ဖော်ဆောင်ပေးခဲ့ တာပဲဖြစ်ပါတယ်။

    ဗိုလ်ချုပ်ဘ၀မှာလည်း ဒီအတွေးအခေါ် အယူအဆကို လက်တွေ့ပုံဖေါ်သွားခဲ့ပါတယ်။ ဘာသာ၊ လူမျိုး အစွဲ မထားဘဲ အရည်အချင်းရှိတဲ့၊ တိုင်းပြည်ချစ်စိတ်ရှိသူ မှန်သမျှနဲ့ လက်တွဲလုပ်ဆောင်ခဲ့ပါတယ်။ နောက်ဆုံး လုပ်ကြံခံ ရချိန်မြင်ကွင်းက သူယုံကြည်ရာ နိုင်ငံသား အခြေပြု မျိုးချစ်စိတ်ရဲ့အကြီးဆုံး သက်သေပါ။ ဗိုလ်ချုပ်ရဲ့ သွေးဟာ နိုင်ငံတော်ဘာသာ အဆိုတင်သွင်းခဲ့သူ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် ဒီးဒုတ် ဦးဘချိုသွေးနဲ့နှောခဲ့တယ်။ ရှမ်းစော်ဘွားကြီး စ၀်စံထွန်းနဲ့ ကရင်ခေါင်းဆောင် မန်းဘခိုင်တို့ရဲ့ သွေးနဲ့လည်း နှောခဲ့တယ်။ အိန္ဒိယ-ဗမာ နွယ်ဖွား အစ္စလာမ် ဘာသာဝင် ဦးရာဇတ်သွေးနဲ့လည်း နှောခဲ့တယ်။ နောက်ဆုံး ဗိုလ်ချုပ် တိုက်ခဲ့တဲ့ အင်္ဂလိပ် လူမျိုးတွေထဲက အိပ်ခ်ျဒဗလျူထရပ်ဝိန်းရဲ့သား ဦးအုန်းမောင်သွေးနဲ့လည်းနှောပြီး စီးဆင်းခဲ့ပါတယ်။

    အမေရိကန် လို ခေတ်မှီတဲ့ နိုင်ငံကြီးတွေမှာ ကမ္ဘာအနှံ့က လူတော်တွေကိုခေါ်၊ ကိုယ့်နိုင်ငံရဲ့ မျိုးချစ်စိတ်သွင်း Americanization လုပ်ပြီး နိုင်ငံကောင်းစားရေးဆောင်ရွက်နေတဲ့ ခေတ်ကာလမှာ ကျနော်တို့နိုင်ငံတွင်းက ရှိနှင့်ပြီးသား နိုင်ငံသားတွေကို Demyanmarization လုပ်ပြီး ကန်ထုတ်နေတဲ့ လုပ်ရပ်တွေကို ဆင်ခြင်ပြီး ဗိုလ်ချုပ် ချမှတ်ပေးခဲ့တဲ့ နိုင်ငံသား အခြေပြု မျိုးချစ်စိတ်ကို ရှင်သန်ထွန်းကား ပြန့်ပွားအောင်ကြိုးပမ်းရင်း လက်တွဲညီညီနဲ့ တိုင်းပြည် ထူထောင်ကြပါမှ တိုင်းပြည် ငြိမ်းချမ်း တိုးတက်နိုင်မယ်လို့ ဗိုလ်ချုပ်မွေးနေ့မှာ တွေးတောဆင်ခြင်မိကြောင်းပါ။

  • “ပင်လုံ စာချုပ်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ မြန်မာမွတ်စလင်တို့ရဲ့ အခန်းကဏ္ဍ’’

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၄
    ဆောင်းပါးရှင်-  ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)

    PL

    မြန်မာ့လွတ်လပ်ရေးသမိုင်းမှာပါဝင်ခဲ့တဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ပြည်ထောင်စု စိတ်ဓါတ်ကိုဖေါ်ညွှန်းနိုင် ခဲ့တဲ့ ပင်လုံ စာချုပ်ချုပ်ဆိုတဲ့ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့ဆိုပြီး မြန်မာနိုင်ငံမှာ ဂုဏ်ယူကျင်းပ ခဲ့ကြပါတယ်။

    ဒီနေ့  ပြည်ထောင်စုနေ့ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ “ပင်လုံ စာချုပ်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ မြန်မာမွတ်စလင် တို့ရဲ့အခန်းကဏ္ဍ’’ဆိုတဲ့ ခေါင်းစဉ်ကို တင်ပြလိုပါတယ်။

    ရည်ရွယ်ချက်ကတော့ အတိတ်သမိုင်းမှာ မြန်မာမွတ်စလင်မ်တွေရဲ့ တိုင်းပြည်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့မှုကို ဂုဏ်ပြုရင်း ဒီနေ့ မြန်မာမွတ်စလင်မ် မျိုးဆက်တွေအနေနဲ့ ပြည်ထောင်စုစိတ် ဓါတ်ဆိုတဲ့ သဘောတရားကို မှန်ကန်စွာမွေးမြူပြီး လူသားအကျိုးပြုနိုင်ရေး အတွက်ဖြစ်ပါတယ်။

    တမန်တော်မြတ်(ဆွ)က မွတ်စလင် တစ်ဦးရဲ့ ယုံကြည်ချက်ရဲ့ အနိမ့်ဆုံးအရည်အသွေးဆိုတာ လမ်းပေါ်မှာရှိနေတဲ့ သူတစ်ပါးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေကို ဖယ်ရှားပေးခြင်းလို့သွန်သင်ထားပါတယ်။ ကုရ်အာန်ကျမ်းမြတ်အရတော့—- မွတ်စလင် တစ်ဦးရဲ့ မြင့်မားတဲ့အရည်အသွေးမှာ အိဟ်စါန်လို့ခေါ်တဲ့ “ကောင်းကျိုးပြုအလှဆင်ခြင်း’’ ပဲဖြစ်ပါတယ်။ မိမိကိုယ်မိမိ အလှဆင်ဖို့ လိုအပ်သလို ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်၊ ဒေသ၊ လူအဖွဲ့အစည်း၊ တိုင်းပြည်၊ ကမ္ဘာဂြိုဟ်နဲ့ စကြ၀ဠာကြီးကို အကျည်းတန်စေတဲ့ အရာတွေ ဖယ်ရှားပြီး ကောင်းကျိုးပြုအလှဆင်ဖို့ပဲဖြစ်ပါတယ်။

    ဖ.ဆ.ပ.လ ခေါ် အမျိုးသားတပ်ဦး

    ၁၉၄၁ခုနှစ်၊ သြဂုတ်လဆန်းမှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားတဲ့အခါ အမျိုးသားခေါင်းဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း က ဖ.ဆ.ပ.လ လို့ခေါ်တဲ့ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည့်သူ့လွတ်လပ်ရေးအဖွဲ့ ချုပ် – တစ်နည်းပြောရရင် အမျိုးသား တပ်ဦးတစ်ရပ်ကိုဖွဲ့စည်းပြီး အပြီးတိုင်လွတ်လပ်ရေးနဲ့အမျိုးသားညီညွတ် ရေး ကြိုးပမ်းတည်ဆောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးအရာရှိဖြစ်တဲ့ ဗိုလ်ထွန်းလှ(တက္ကသိုလ် နေ၀င်း)က ဒီကိစ္စနဲ့ပတ်သက်ပြီး ၁၂-၂-၁၈၈၆နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာ “ပထမ ပင်လုံကွန် ဖရင့်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ရာမှာ – ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ရဲ့အမျိုးသားတပ်ဦးကြီးမှာ မန်းဘခိုင် (ကရင်)၊ ဦးအောင်ဇံဝေ(ရခိုင်)၊ ဆမားဒူးဝါးဆင်ဝါးနောင်(ကချင်)၊ ဦးဝမ္မသူးမောင်(ချင်း)၊ ရှမ်းပြည်နယ်လူထု ခေါင်းဆောင်ဦးတင်အေး၊ လင်းခေးဦးထွန်းမြင့် တို့အပြင် ဗမက လို့ခေါ်တဲ့ ဗမာမွတ်စလင် ကွန်ဂရက်က ဆရာကြီးဦးရာဇတ်၊ ဦးဖေခင်၊ ဦးခင်မောင်လတ်စတဲ့ ခေါင်းဆောင်များကို စည်းရုံးနိုင်ခဲ့တယ်လို့ ဖေါ်ပြပါတယ်။

    ဗမက ခေါ် ဗမာမွတ်စလင်ကွန်ဂရက်

    မြန်မာနိုင်ငံဟာ သူ့ကျွန်ဘ၀ရောက်ခဲ့ပြီးနောက် YMBA လို့ခေါ်တဲ့ ဗုဒ္ဓကလျာဏယုဝ အသင်း ပေါ်ပေါက် ခဲ့စဉ်က မြန်မာမွတ်စလင် တွေက BMS လို့ခေါ်တဲ့ ဘားမားမွတ်စလင် စိုစိုင်ယီတီ အသင်းထောင်နိုင် ခဲ့ကြပါတယ်။ GCBA ခေါ် မြန်မာအသင်းချုပ်ကြီး ပေါ်လာတော့ GCBMA လို့ခေါ်တဲ့ မြန်မာမွတ်စလင် အသင်း ချုပ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလိုနဲ့ သခင်တွေ ဦးစီးတဲ့ ဒို့ဗမာအစည်းအရုံးပေါ်လာပြီး သူ့ကျွန်ဘ၀လွတ်မြောက် ရေးတိုက်ပွဲဝင်လာတော့မြန်မာမွတ်စလင် အချို့က ဒို့ဗမာအစည်းအရုံးကိုဝင်ခဲ့ကြပြီး အချို့ကတော့ဗမာ မွတ်စလင် နိုးကြားရေးအဖွဲ့ကို ထူထောင်ပြီး တိုင်းပြည်ရေး တစ်တပ် တစ်အား ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဆရာကြီး ဦးရာဇတ်က ဥက္ကဌ၊ ဦးသန်းရွှေက အတွင်းရေးမှူးဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာ စစ်ကြီးဖြစ်လာပြီး စစ်ကြီးပြီး တော့ မန္တလေးကိုရောက်ရှိလာတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဆရာကြီးဦးရာဇတ်နဲ့ ဗမာမွတ်စလင် နိုးကြားရေး ခေါင်းဆောင်ဟောင်းတွေကိုခေါ်ယူပြီး တစ်တိုင်းပြည်လုံးသွေးစည်းညီညွတ်ရေးလိုအပ်နေကြောင်း၊ ဗမာမွတ်စလင် တွေအနေနဲ့လည်း ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးမှာ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းပြော ဆိုခဲ့ပါတယ်။

    ဗိုလ်ချုပ်ရဲ့ အကြံပြုချက်အရ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ဗမာမွတ်စလင် ခေါင်းဆောင်တွေပါဝင်တဲ့ ဗမာမွတ်စလင် ညီလာခံကြီးတစ်ရပ်ကို ၁၉၄၅ခုနှစ်၊ ဒီဇင်ဘာလ(၂၄ ၊ ၂၅ ၊ ၂၆)ရက်များမှာ ပျဉ်းမနားမြို့ မှာ ကျင်းပခဲ့ပြီး ဆရာကြီးဦးရာဇတ် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ ဗမက ခေါ်ဗမာမွတ်စလင်မ်ကွန်ဂရက် (Burman Muslim Congress)ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပါတယ်။

    ဗမာမွတ်စလင် ကွန်ဂရက်(ဗမက)မှ ပင်လုံစာချုပ်မျိုးစေ့စိုက်ခြင်း

    ဗမက ဖွဲ့စည်းပြီး ရက်(၂၀)ကျော်အကြာဖြစ်တဲ့ ၁၉၄၆ခုနှစ်၊ ဇန္န၀ါရီလ (၁၇)ရက်နေ့ကနေ (၂၃)ရက်နေ့ အထိ ရန်ကုန်မြို့ ၊ ရွှေတိဂုံအလယ်ပစ္စယံမှာ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးရဲ့ ပြည်လုံးကျွတ် ညီလာခံကြီးကို ကျင်းပခဲ့ကြပါတယ်။ အဲဒီညီလာခံကြီးမှာ “ဖဆပလ” က “ဗမက” ကို ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့ချုပ်နဲ့အတူ လူမျိုးရေးအဖွဲ့စာရင်းမှာ တပ်တစ်တပ်အနေနဲ့ ပါဝင်ခွင့်ပြုခဲ့ပါတယ်။ ၄-၂-၁၉၄၆နေ့ထုတ် ဒီးဒုတ်ဂျာနယ် စာမျက် နှာ(၂၂)မှာ “မြန်မာပြည်၏ကံကြမ္မာကို ဖန်တီးမည့်ပုဂ္ဂိုလ်များ၊ ဖဆပလညီလာခံမှ တင်မြှောက်လိုက်သော ဗဟိုဦးစီးအဖွဲ့ဝင်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖေါ်ပြခဲ့ရာ

    (၁)ဗိုလ်ချုပ်အောင်ဆန်းကဥက္ကဌ

    (၂)တစ်သီးပုဂ္ဂလခေါင်း ဆောင်(၁၀)ဦးထဲမှာ ဆရာကြီးဦးရာဇတ်ပါဝင်ခဲ့တယ်။

    (၃)ပြီးတော့ နိုင်ငံရေးပါတီများဖြစ်ကြတဲ့ ကွန်မြူနစ်၊ ဆို ရှယ်လစ်နဲ့ မျိုးချစ်တို့က ကိုယ်စားလှယ်သုံးဦးစီပါဝင်ပါတယ်။

    (၄)လူမျိုးရေးအဖွဲ့ (၃)ဖွဲ့ထဲမှာ ရခိုင်၊ ကရင်နဲ့ ဗမာ မွတ်စလင် တို့ပါဝင်ပြီး ဗမာမွတ်စလင် ကွန်ဂရက်က ကိုယ်စားလှယ် ဦးမောင်စိန်၊ ဦးဖေခင်(နောင်-၀န်ကြီးနဲ့ သံ အမတ်ကြီး)နဲ့ မစ္စတာ လတစ်ဖ်(နောင်-၀န်ကြီး)တို့ ပါဝင်ခဲ့ကြပါတယ်။ ဆရာကြီးဦးရာဇတ်ဟာ ဗမကရဲ့ ဥက္ကဌ ဖြစ်ပေမယ့် တစ်ဦးပုဂ္ဂလခေါင်းဆောင် အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

    အဲဒီညီလာခံကြီးမှာ လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ အဆိုပေါင်း(၁၈)ခု တင်သွင်းဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီအဆိုတွေအနက် ညီညွတ်ရေးအဆိုကို ဗိုလ်ချုပ်ကိုယ်တိုင်တင်သွင်းခဲ့ပြီး အဆိုအမှတ်(၆)ဖြစ်တဲ့ တိုင်းရင်း သား လူနည်းစုအရေးကို ဒီးဒုတ်ဦးဘချိုက တင်သွင်းခဲ့ပါတယ်။ ဗမာမွတ်စလင်မ်နဲ့ပတ်သက်တဲ့သဘောထားကို တင်ပြဆွေးနွေးပြီး ထောက်ခံရာမှာ—

    • ဗမာမွတ်စလင်တွေဟာ ဗမာနဲ့ခွဲလို့မရတဲ့ မြန်မာတွေဖြစ်ကြောင်း

    • ပျဉ်းမနားမှာကျင်းပခဲ့တဲ့ ဗမက ညီလာခံကြီးမှာ ဗမာမွတ်စလင်မ်တွေဟာ ဗမာဖြစ်ကြောင်း ကြွေးကြော် ဆုံးဖြတ်ခြင်းကို ဒီ ဖ.ဆ.ပ.လ ညီလာခံကြီးက အထူးချီးကျူးဝမ်းမြောက်ကြောင်း

    • ဗမာမွတ်စလင် တို့ကို တိုင်းရင်းသားလူနည်းစုတို့ရထိုက်တဲ့အခွင့်အရေးတွေ ပေးမယ်ဖြစ်ကြောင်း

    • ဗမာမွတ်စလင် တွေကို မြန်မာလူမျိုးတို့ အခွင့်အရေးကိုပေးမှာဖြစ်ကြောင်း ဖ.ဆ.ပ.လညီလာခံကြီး က ကြွေးကြော်ကြောင်း ဖေါ်ပြပါ ရှိခဲ့ပါတယ်။အကြောင်းအသေးစိတ်ကို ဒီးဒုတ်ဂျာနယ် (၄-၂-၁၉၄၆)၊ စာမျက်နှာ(၃၁-၃၃)မှာ “ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးက တိုင်းရင်းသားလူနည်းစုပြဿနာကို ရှင်းလိုက်ပြီ’’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

    ဗမာမွတ်စလင် တွေ ဂုဏ်ယူဖို့ကောင်းတာက “ဗမက”က အဆိုအမှတ်(၇) တင်သွင်းခဲ့ရာမှာ လွတ်လပ်ရေး ယူတဲ့အခါ ရှမ်းပြည်နယ် အပါအ၀င်တောင်တန်းဒေသ အားလုံးကို တစ်ပေါင်းတည်းပေါင်းစည်းရေးအဆိုပဲ ဖြစ်ခဲ့ပါတယ်။

    တစ်နည်းပြောရရင် ဗမာမွတ်စလင် တွေဟာ ပြည်ထောင်စုစိတ်ဓါတ်(၀ါ)ပင်လုံမျိုးစေ့ကိုသမိုင်းဝင်စိုက်ခဲ့ခြင်းပဲဖြစ်ပါတယ်။

    ဒီဂုဏ်ယူဖွယ်ဖြစ်ရပ်ကို ဒီအဆိုကို တင်သွင်းခဲ့တဲ့ ဦးဖေခင်ကိုယ်တိုင် ရေး သားပြုစုပြီး နိုင်ငံတော်က ထုတ်ဝေခဲ့တဲ့ “ကိုယ်တွေ့ပင်လုံ’’ ဆိုတဲ့စာအုပ် (၁၉၉၀)မှာလည်း အသေးစိတ် လေ့လာနိုင်ကြပါတယ်။

    မြန်မာမွတ်စလင် တို့သည် မိမိတို့အရေးထက် တိုင်းပြည်လွတ်လပ်ရေးကို ဦးစားပေးခဲ့ကြခြင်း

    အခုလို ဗမာမွတ်စလင် ကွန်ဂရက်ကို ဖ.ဆ.ပ.လညီလာခံကြီးက လူမျိုးရေးအဖွဲ့စာရင်းမှာထည့်သွင်း လက်ခံပြီး တိုင်းရင်းသား လူနည်းစု အခွင့်အရေးပေးမယ်၊ မြန်မာတွေရဲ့ လူများစုအခွင့်အရေးကိုလည်း ရမယ် ဆိုတဲ့ သဘောထားဆုံးဖြတ်ချက်ဟာ ဗမာမွတ်စလင်မ်တွေ အတွက် ထူးခြားချက်ဖြစ်ခဲ့ပါတယ်။ ဗမာမွတ်စလင် တွေဟာ ကရင်လို တိုင်းရင်းသား လူနည်းစု အခွင့်အရေး ယူမလား။ ဗမာနဲ့ရောပြီး ဗမာအဖြစ် လူများစုအခွင့်အရေး လူနည်းစုယူမလားဆိုတဲ့ ကိစ္စ ဆုံးဖြတ်ဖို့ ဗမကရဲ့ ပြည်လုံးကျွတ် ညီလာခံကြီး ၁၉၄၆ခုနှစ်၊ ဒီဇင်ဘာလမှာ ရန်ကုန်မြို့မှာ ကျင်းပဖို့ဖြစ်လာခဲ့ပါတယ်။

    အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့လွတ်လပ်ရေးကြိုးပမ်းမှုအပေါ် အချို့သော လူမျိုးစုခေါင်းဆောင် တွေက ဗိုလ်ချုပ်ဟာ ငါတို့ကိုယ်စားလှယ် မဟုတ်ဘူးဆိုပြီး ကန့်ကွက်မှုတွေ ပေါ်ပေါက်လာနေခဲ့ပါတယ်။ဒါကြောင့် ဗမာမွတ်စလင်တွေဟာ ကိုယ့်လူမျိုးစု အရေးထက် တိုင်းပြည်လွတ်လပ်ရေးကို ဦးစားပေးပြီး ဗမာမွတ်စလင်တွေဟာ ဗမာဖြစ်တယ်ဆိုပြီး ဗိုလ်ချုပ်ကို အပြည့်အဝေ ထောက်ခံ အားပေးခဲ့ကြပါတယ်။

    ဒါကြောင့်လည်း ၁၉၄၇ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမှာရော၊ ၁၉၄၈ခုနှစ်ခုနှစ် လွတ်လပ် ရေးရတဲ့ အခါမှာပါ မွတ်စလင်တွေဟာ ဂုဏ်ပြုခံရပြီး ထိုက်တန်တဲ့ အခွင့်အရေးအတွေ အပြည့်အ၀ရခဲ့ကြပါ တယ်။ ၀န်ကြီးတွေ၊ အမတ်တွေ ဖြစ်ခဲ့ကြပြပါတယ်။ ဒါပေမယ့် ကာလကြာပြီး ခေတ်စနစ်တွေ တစ်စစပြောင်း လဲလာမှုနဲ့အတူ သမိုင်းတွေမေ့ပြီး ပြည်ထောင်စု စိတ်ဓါတ်ဆိုတာ ဗမာမွတ်စလင် တွေနဲ့ မသက်ဆိုင်သလို ထင်ခံလာရခြင်းပဲဖြစ်ပါတယ်။

    254785_270685116278536_100000111498246_1168218_7646605_n

    ပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စုစိတ်ဓါတ်သင်္ကေတ

    ပထမပင်လုံညီလာခံကို ၁၉၄၇ခုနှစ်၊ မတ်လ(၁)ရက်နေ့ကနေ (၁၂)ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ဗိုလ် ချုပ်အောင်ဆန်း မတက်ရောက်နိုင်ခဲ့တဲ့ အတွက် ဖ.ဆ.ပ.လက ဒု-ဥက္ကဌဦးနု ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည် တောင်ကြီးက ဦးဖေခင် (ဗမာမွတ်စလင်) ကို တက်ရောက်စေခဲ့ပါတယ်။ ဦးဖေခင်ဟာ ဖ.ဆ.ပ.လရဲ့တောင်တန်းဒေသ ဌာနခွဲ အတွင်းရေးမှူးဖြစ်နေပါပြီ။

    ဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လန်ဒန်မြို့မှာ ၀န်ကြီးချုပ် အက်တလီနဲ့ မြန်မာ့ လွတ်လပ်ရေး ယူတဲ့အခါ ရှမ်းပြည်အပါအ၀င် တောင်တန်းဒေသတွေနဲ့ ပြည်မ ပူးပေါင်း ရေးအစီအစဉ်ဆွေးနွေးချိန်မှာ ရှမ်းစော်ဘွား နှစ်ဦးအမည်နဲ့ “အောင်ဆန်းဟာ ရှမ်းပြည်ကိုယ်စား မပြု၊ ပြည်မမှ မြန်မာခေါင်းဆောင် တစ်ဦးသာဖြစ်သည်”

    ဆိုတဲ့ ကြေးနန်းစာတစ်စောင် ဗြိတိသျှအစိုးရဆီကို ရောက်လာခဲ့တဲ့အတွက် အနှောင့်အယှက် တစ်ရပ်ဖြစ်လာခဲ့ ပါတယ်။ အဲဒီအခါ ဖ.ဆ.ပ.လ အဖွဲ့ချုပ်က ဦးနုက တောင်တန်းဒေသ အတွင်းရေးမှူး ဦးဖေခင်ကို ရှမ်းပြည်ကို အမြန်သွားပြီး ရှမ်းစော်ဘွားတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်စေခဲ့ပါတယ်။ ဦးဖေခင်ကလည်း ဦးတင်အေး၊ ဦးထွန်းမြင့်အစရှိတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ တိုင်ပင်ပြီး တောင်ကြီးမြို့မှာ လူထုအစည်းအဝေးကြီးတစ်ရပ် ကျင်းပခဲ့ပါတယ်။

    အဲဒီလူထုအစည်းအဝေးကြီး ကနေ ရှမ်းပြည်နယ်လွတ်မြောက်ရေး အဖွဲ့ချုပ်က ဗမာပြည်မနဲ့ အတူ ရှမ်းပြည်နယ်ကို လွတ်လပ်ရေး ချက်ခြင်းပေးဖို့နဲ့ လန်ဒန်ရောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဖွဲ့ကိုထောက်ခံကြောင်းအဆိုကို တစ်ခဲနက်ထောက်ခံ အတည်ပြု ခဲ့ကြပါတယ်။ မြို့တွင်းမှာလည်း ကြွေးကြော်ပြီးစီတန်း လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ ဗမာမွတ်စလင် ဦးဖေခင် အနေနဲ့ ဒီလိုရှမ်းပြည် သူလူထုက ဗိုလ်ချုပ်အောင်ဆန်းကို အပြည့်အ၀ထောက်ခံကြောင်းကို ဖ.ဆ.ပ.လအဖွဲ့ချုပ်ကို ကြေးနန်းတစ်စောင်၊ လန်ဒန်ကိုကြေးနန်း တစ်စောင်ပို့နိုင်ခဲ့တဲ့ အတွက် မြန်မာလွတ်လပ်ရေးကို အာမခံချက်ပေးတဲ့ အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

    ဒီလိုနဲ့ ဗိုလ်ချုပ်ဟာ လန်ဒန်ကပြန်ရောက်လာပြီး ရက်အနည်းငယ်အတွင်းမှာ တိုင်းရင်းသားလူမျိုးစု တွေရဲ့ တရားဝင်ဆန္ဒရယူဖို့ ပင်လုံညီလာခံခရီးဆက်ခဲ့ရပါတယ်။ ဒါပေမယ့် ၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၁) ရက်နေ့ညအထိ ကိုယ်စားလှယ်အားလုံး လက်မှတ်ရေးထိုးဖို့မသေချာဘဲ လိပ်ခဲတည်းလည်းဖြစ်နေခဲ့ပြန်ပါ တယ်။ ဗိုလ်ချုပ်လည်းစိတ်ပျက်ပြီးအပါးတော်မြဲ ဗိုလ်ထွန်းလှကို ရန်ကုန်ပြန်ဖို့လေယာဉ်လက်မှတ်မှာခိုင်းတဲ့ အခြေအနေဆိုက်ရောက်လာပါတော့တယ်။ ဒါပေမယ့် ဦးဖေခင်နဲ့ ဗိုလ်ထွန်းလှ တို့တိုင်ပင်ပြီး လူမျိုးစုခေါင်း ဆောင်တွေကို တစ်ဖက်က စည်းရုံးရင်း ကျန်တစ်ဖက်ကလည်း ဗိုလ်ချုပ်ကို ရန်ကုန်မပြန်ဖို့ ဖြောင်းဖျ ခဲ့ကြပါ တယ်။ ဒါကြောင့် ဗိုလ်ထွန်းလှက ဦးဖေခင်ရဲ့ ကိုယ်တွေ့ ပင်လုံစာအုပ် အမှာစာမှာ ဦးဖေခင်နဲ့ သူတို့နှစ်ဦး ဒီလို မဆောင်ရွက်နိုင် ခဲ့ရင် မြန်မာပြည်ရဲ့ ကံကြမ္မာတစ်မျိုးဖြစ်ပြီး နယ်ချဲ့ အကြိုက်ဖြစ်သွားမယ်လို့ ရေးခဲ့ပါ တယ်။

    General-Aung-San-and-U-Phay-Khin

    အလားတူ ဦးတင်ဧ(ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သူနဲ့ အငြိမ်းစားနိုင်ငံတော်ကောင်စီဝင်)က လည်း သူ့ရဲ့အမှာစာမှာ – ပင်လုံစာချုပ်ကြီး အောင်မြင်စွာ ချုပ်ဆိုနိုင်ဖို့ ဦးဖေခင်ဟာ ဖ.ဆ.ပ.လ အဖွဲ့ချုပ်နဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ ချုပ်ကြားမှာ အောင်သွယ်တော်ကြီး သဖွယ်ဖြစ်ခဲ့တယ်လို့ ဂုဏ်ပြုရေးသားခဲ့ပါ တယ်။ ဒီလိုနဲ့၁၉၄၇ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့မှာ သမိုင်းဝင် ပင်လုံ စာချုပ်ကြီးအောင်မြင်စွာ ချုပ်ဆို နိုင်ခဲ့ပြီး ဧပြီလမှာ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကြီးကို လည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ကြ ပါတယ်။

    ပြည်ထောင်စု စိတ်ဓါတ်မရှိရင် နိုင်ငံရေရှည် တည်တံ့ခြင်း၊စစ်မှန်တဲ့တိုးတက်ဖွံ့ဖြိုးခြင်းဆိုတာလည်း မရှိ နိုင်ပါဘူး။ ပြည်ထောင်စု စိတ်ဓါတ်ကို ဖျက်ဆီးနိုင်တာဟာ မျက်ကန်းမျိုးချစ် စိတ်ဓါတ်(၀ါ)အစွန်းရောက်တဲ့ လူမျိုးရေး ၀ါဒပဲဖြစ်ပါတယ်။

    မြန်မာမွတ်စလင်များ အနေနဲ့ သမိုင်းကိုသင်ခန်းစာယူပြီး စစ်မှန်တဲ့ပြည်ထောင်စု စိတ်ဓါတ်နဲ့ လောကကြီးကို အလှဆင်ကြဖို့ တိုက်တွန်း အပ်ပါတယ်။

    အလ်ဟာဂ်ျ မုဖ်သီ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)

    Image: taileng.net

    မှတ်ချက်-  (၆၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် အလ်ဟာဂ်ျ မုဖ်သီ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) ၂၀၁၀ ခုနှစ်က ရေးသားထားသော ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။