News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • ဘာသာရေး သဘောထား သေးသိမ်ခဲ့သော ၂၀၁၃ ခုနှစ် မြန်မာပြည် (ဘာသာပြန်- ဆောင်းပါး)
    ဇန်နဝါရီ ၃၊ ၂၀၁၄
    M-Media
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်
    WirathuBurma1-621x321
    (Photo-AP) ပြဿနာသံဃာ ဦးဝီရသူ
    ယမန်နှစ်ကို မြန်မာပြည်ရှိ မွတ်စ်လင် ဆန့်ကျင်ရေးဆိုင်ရာ ဘာသာရေးတင်းမာသည့် နှစ်တစ်နှစ်အဖြစ် မြင်တွေ့ခဲ့ရလေပြီ။ယင်းသို့ဖြစ်အောင် အသံ အကျယ်လောင်ဆုံး မီးမွှေးမှိုင်းတိုက်ခဲ့သူမှာ အစွန်းရောက်သံဃာ ဦးဝီရသူ ဖြစ်လေ၏။
    ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်၌ ဗုဒ္ဓဘာသာဝင်များ နှင့် ရိုဟင်ဂျာ မွတ်စ်လင် လူနည်းစုအကြားရှိ တင်းမာမှုမှသည် အကြမ်းဖက်မှုသို့ ပေါက်ကွဲ ထွက်လာရာဝယ် ပြဿနာများ စတင်ပွင့်အံလာခဲ့သည်။ ၂၀၁၂ ခုနှစ် ဇွန်နှင့်အောက်တိုဘာလအတွင်း လူပေါင်း ၁၉၂ ဦးမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုဖြင့် အသတ်ခံရသည်။
    ၂၀၁၃ ခုနှစ်တွင် တိုက်ခိုက်မှုများ တိုးပွားလာသည့်အပြင် ရိုဟင်ဂျာမွတ်စ်လင်များသာမက၊ ကျောထောက်နောက်ခံ မတူညီသော အခြားမွတ်စ်လင်မ်များရှိရာ ဒေသများထံ ပျံ့နှံ့လာပြီး မွတ်စ်လင် အားလုံး ပစ်မှတ်များ ဖြစ်လာသည်။
    ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော မွတ်စ်လင် များအပေါ်အကြမ်းဖက်မှုအစီခံရင်ခံစာ၌ လူ့အခွင့်အရေးကျွမ်းကျင်ပညာရှင်နှင့် ကလောင်ရှင်များ အဖွဲ့ Physicians for Human Rights (PHR) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Bill Davis က  “ မြန်မာပြည်က ကြောက်စရာ အကြမ်းဖက်လှိုင်းကြီးဟာ ရိုဟင်ဂျာကို ကျော်လွန်ပြီး နိုင်ငံတစ်ဝှန်း မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတွေအထိ ပျံနှံ့ပြီး အကြီးအကျယ်ပျက်စီးနစ်နာစေခဲ့တယ် ” ဟု ဆိုထားသည်။
    အဆိုးဆုံးဖြစ်ရပ်ကို ကြုံဆုံခဲ့ရသည်မှာ မွတ်စ်လင် လူဦးရေ အတော်အတန်များပြားသည့် မြန်မာပြည်အလယ်ပိုင်းမှ မိတ္ထီလာမြို့ပင်။ ၂၀၁၃ ခုနှစ် မတ်လ ၂၆ မှ ၂၉ ရက်အတွင်းက ဖြစ်သည်။ မွတ်စ်လင်ပိုင်ရွှေဆိုင်တစ်ခု၌ ၀န်ထမ်းအမျိုးသမီးတစ်ဦးနှင့် အရောင်းအ၀ယ်လာလုပ်သော ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦး အချင်းများရာမှ စတင်ခဲ့သည်။ ဒေါသထွက်နေသည့် လူအုပ်ကြီး စုရုံးရောက်ရှိလာပြီး ရဲတပ်ဖွဲ့မှလည်း ဆိုင်ရှင်နှင့်ဝန်ထမ်းတို့အား ဖမ်းချုပ်လိုက်သည်။
    သို့ဖြင့် အခြေအနေတည်ငြိမ်သွား သယောင်ရှိသော်လည်း အရောင်းအ၀ယ်လာလုပ်သည့် အမျိုးသမီးသေဆုံးသွားသည်ဟု လုပ်ကြံ သတင်း ပြန့်သွားခဲ့၏။ ထိုအခါ သံဃာများ အပါအ၀င် လူအုပ်ကြီးတစ်ခုသည် ရွှေဆိုင်သို့ ကမူးရှုးထိုး ရောက်လာကြလေသည်။ ယင်းလူအုပ်သည် ရဲတပ်ဖွဲ့ဝင်များထက် ပမာဏ များပြားနေသည်။ ၄င်းတို့အနေဖြင့် ဆိုင်ကို ဖျက်ဆီးနိုင်၏၊ သို့သော် ထိုသို့ပြုမူပြီးနောက် လူစုခွဲရမည်ဟု ရဲတပ်ဖွဲ့ဝင်များက ထိုသူတို့အား တောင်းဆိုခဲ့သည်။ လူအုပ်ကြီးက ဆိုင်ကို ဖျက်ဆီး၍ ပစ္စည်းများဝင်ယူကြကာ အနီးအနားရှိ မွတ်စ်လင် ဈေးဆိုင်များစွာကိုလည်း သောင်းကျန်း ဖျက်ဆီးလိုက်လေသည်။
    ဤသတင်းပြန့်သွားသည့်အခါ လူတစ်ထောင်ထက် မနည်းသော လူရမ်းကားအုပ်စု ရောက်ရှိလာပြီး သောင်းကျန်းမှုဇာတ်လမ်း စတင်ခဲ့သည်။ အကြမ်းဖက်မှုမှာ နှစ်ရက် တိုင်တိုင်ဖြစ်ပွားလျက် မန္တလေးတိုင်းရှိဒေသများထံသို့လည်း ကူးစက်သွား၏။
    အဆုံးသတ်လေလျှင် မဒ်ရာဆာ ခေါ် အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ ဆရာ ၄ ဦး နှင့် ကျောင်းသား ၂၀ ကျော် အပါအ၀င် လူ ၄၀ ကျော် သတ်ဖြတ်ခံရသည်။ ဆက်လက်ပြီး မွတ်စ်လင်  အိမ်ခြေပေါင်း ၁၅၀၀ နှင့် မိတ္ထီလာရှိ ဗလီ ၁၃ လုံးအနက် ၁၂ လုံး ဖျက်ဆီးခံရသည်။ ထိုနေ့ရက်များ မတိုင်မီက မွတ်စ်လင် အိမ်များကို မှုတ်ဆေးများဖြင့် ၇၈၆ နံပါတ်အား ပုံဖော်ပက်ဖျန်းခဲ့ကြောင်း၊ ၄င်းမှာ တိုက်ခိုက်ရမည့်အိမ်ခြေများအဖြစ် ရည်ညွှန်းခြင်းဖြစ်ကြောင်း PHR အစီရင်ခံစာ သုတေသီများထံ ပြောပြခဲ့ကြသည်။
    အကြမ်းဖက်ဖြစ်စဉ်နောက်ဝယ် မွတ်စ်လင် ၁၆ ဦးကို ထောင်ဒဏ် ၂ နှစ်မှ တစ်သက်တစ်ကျွန်း အထိလည်းကောင်း၊ ဗုဒ္ဓဘာသာဝင် ၂၈ ဦးကို ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိလည်းကောင်း အသီးသီး ချမှတ်လိုက်သည်။
    ရခိုင်ပြည်နယ်ပြင်ပ၌ ဤသည်မှာ အကြီးမားဆုံးမွတ်စ်လင် ဆန့်ကျင်ရေးလုပ်ရပ်ဖြစ်၏။ သို့တစေ နိုင်ငံ့နေရာအနှံ့အပြားတွင် မွတ်စ်လင် ဆန့်ကျင်ရေး အကြမ်းဖက်မှု အခြားဖြစ်စဉ်များကိုလည်း ၂၀၁၃ ခုနှစ်တစ်လျှောက်လုံး တွေ့မြင်ရပေသည်။
    ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ မွတ်စ်လင် ကျောင်းတစ်ကျောင်းနှင့်ဈေးဆိုင်များအား ဖျက်ဆီးလိုက်ကြသည်။ ကျောင်း၏ခေါင်မိုးပြုပြင်ရန် ခွင့်ပြုချက် ရရှိပြီးနောက် ဆောင်ရွက်ရာတွင် ကျောင်းဆောင်ကို ဗလီဝတ်ကျောင်းအဖြစ် အသွင်ပြောင်းသည်ဟု လွဲမှားစွာယူဆကြသော လူတစ်စုမှ ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။
    ဧပြီလ ၃၀ ရက်တွင် ရန်ကုန်တိုင်း၊ ဥက္ကံ၌ မွတ်စ်လင် အမျိုးသမီးတစ်ဦးက ဆွမ်းခံကြွလာသော ကိုရင်ငယ်အား မတော်တဆတိုက်မိပြီး ၄င်း၏သပိတ်ကျကွဲသွားခဲ့၏။ သူမအား ထိန်းသိမ်းပြီးသည့်နောက် မွတ်စ်လင် တို့သည် လက်တုန့်ပြန်ရန် လူစုနေသည်ဟူသော ကောလဟလ ပျံ့နှံ့လေသည်။ ထိုအခါ လူဦးရေ ၂၀၀ မှ ၃၀၀ ရှိ ဗုဒ္ဓဘာသာဝင် လူအုပ်များသည် လက်ဦးမှုရယူရန် ဆုံးဖြတ်၍ အနီးဝန်းကျင်ဒေသများမှ မွတ်စ်လင် ရွာများကို တိုက်ခိုက်ခြင်း၊ နေအိမ်နှင့် ဗလီဝတ်ကျောင်းတို့ကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။ အနည်းဆုံး လူတစ်ဦး သတ်ဖြတ်ခံလိုက်ရသည်။
    မေလ ၄ ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်၌ ဗုဒ္ဓဘာသာဝင် ၃၀ ပါလူအုပ်က မွတ်စ်လင်မ်ပိုင် နေရာသုံးခုရှိ အိမ်ရာနှင့်ဆိုင်ခန်းများအား အကြောင်းမဲ့တိုက်ခိုက်ခဲ့ကြပြန်သည်။
    ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ မေလ ၂၈ နှင့် ၂၉ ရက်တွင်လည်း အကြမ်းဖက်မှု ဖြစ်ပေါ်လာရာ ဗလီဝတ်ကျောင်းတစ်လုံးအား မီးရှို့ခဲ့ကြသည်။ မွတ်စ်လင် အမျိုးသားတစ်ဦးသည် ဓာတ်ဆီရောင်းသောအမျိုးသမီးတစ်ဦးအား ဓာတ်ဆီဖြင့် ပက်လောင်းမီးရှို့လိုက်သည့်သတင်းနောက်ပိုင်း ယင်းသို့ ဖြစ်ပွားခဲ့ရသည်။ ဂျာနယ်လစ်များ နှင့် လူမှုကယ်ဆယ်ရေးလုပ်သားများသည်ပင် ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ခံရသည်ဟု ဆိုကြသည်။ ထိုကျူးလွန်သူအား ထောင်ဒဏ် ၂၆ နှစ် ချမှတ်စီရင်လိုက်ကြောင်း သိရသည်။
    မေလ ၂၉ ရက်တွင် ပဲခူးတိုင်းရှိမြို့ငယ်လေးတစ်မြို့တွင်လည်း သမီးယောက်ဖနှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့သည်။ တစ်ဦးမှာ မွတ်စ်လင် ဖြစ်ပြီး နောက်တစ်ဦးမှာ ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သူ ဒဏ်ရာ အနာတရဖြစ်ခဲ့ပြီး နှစ်ဦးစလုံးကို ရဲဌာနသို့ ပို့ဆောင်ခဲ့သည်။ သို့သော် လူရမ်းကားအုပ်စု တစ်စုရောက်ရှိစုရုံးလာပြီး မွတ်စ်လင် ဖြစ်သူအား အပြင်းထန်ဆုံး စီရင်ချက်ချရန် တောင်းဆိုပြီးနောက် ဗလီတစ်လုံးနှင့် ဘာသာရေး စာသင်ကျောင်း တစ်ဆောင်အား ဖျက်ဆီးလိုက်သည်။
    ဇွန်လ ၃၀ ရက်တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း အမျိုးသမီးတစ်ဦးကို မွတ်စ်လင်မ်ဟုယူဆရသူ အမျိုးသား တစ်ဦး သို့မဟုတ် နှစ်ဦးက ဗလက္ကာရပြုခဲ့သည်ဟု ဆိုသည်။ လူ ၅၀ ခန့်ရှိသော အုပ်စုသည် ရဲစခန်းပြင်ပ၌ စုရုံးသောင်းကျန်းခဲ့သည်။ ၄င်းနောက် ဆက်လက်၍ မွတ်စ်လင်အိမ်ခြေများစွာကိုဖျက်ဆီးကာ မွတ်စ်လင်မ်သုံးဦးကိုလည်း တိုက်ခိုက်ခဲ့ကြသည်။ နောက်တစ်နေ့တွင် နောက်ထပ်မွတ်စ်လင်မ်အိမ်တစ်လုံးကို မီးရှို့ခဲ့ပြန်၏။ စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၂ ရက်နေ့အထိ မွတ်စ်လင်မ်များကို ဗုဒ္ဓဘာသာဝင်လူရမ်းကားအုပ်စုများ ဆက်တိုက်သတ်ဖြတ်သော အကြမ်းဖက်မှုများသည် သံတွဲ၌ ဖြစ်ပွားခဲ့သည်။
    ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သရက်တောဘုန်းကြီးကျောင်းမှ သံဃာများသည် သြဂုတ်လ ၂၀ ရက် နှင့် ၂၃ ရက် တိုက်ခိုက်မှုတွင် ပါဝင်ကြောင်း သတင်းများရရှိခဲ့သည်။
    သြဂုတ်လ ၂၄ ရက်တွင် စစ်ကိုင်းတိုင်း၊ ထန်းကုန်းရွာ၌ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို မွတ်စ်လင် အမျိုးသား သုံးဦးမှ ဗလက္ကာရပြုကျင့်သည်ဟု ကောလဟလ သတင်း ပြန့်ကားလေသည်။ ရဲစခန်းအနီးတွင် လူအုပ်များစုရုံးလာကြပြီး ညနေပိုင်း၌ အနီးအနားရှိရွာသားများပူးပေါင်းပါဝင်လာကြသည့်နောက် မွတ်စ်လင်မ်တို့အား စတင် တိုက်ခိုက်ပါတော့သည်။ မွတ်စ်လင် တို့၏ အိမ်ရာ ၄၆ လုံး၊ ဆိုင် ၁၂ ဆိုင်နှင့် ဆန်စက်တစ်ခု မီးရှို့ခံရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်တို့မှာ ရပ်ကြည့်လျက်သာရှိခဲ့ကြောင်း သတင်းများက ဆိုသည်။
    “ မွတ်စ်လင်မ်ဆန့်ကျင်ရေးကိစ္စများအပါအ၀င် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှုများသည် ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ပြီး လူပေါင်း နှစ်သိန်းခွဲ ၀န်းကျင်ကို နေရပ်စွန့်ခွာခြင်းဖြစ်စေခဲ့သလို – မြောက်များစွာသော ဗလီများ၊ ဆယ်ဂဏန်းမျှသော ဘုန်းတော်ကြီးကျောင်းများ၊ အိမ်ခြေပေါင်း တစ်သောင်းကျော် ပျက်စီးမှုအကျိုးဆက် ဖြစ်စေခဲ့သည် ” ဟု PHR အစီရင်ခံစာ၌ ဖော်ပြသည်။
    ရဲတပ်ဖွဲ့ဝင်တို့၏ တုန့်ပြန်ဆောင်ရွက်မှုများမှာလည်း ဝေဖန်ရှုတ်ချခံထားရသည်။ မိတ္ထီလာအရေး၌ ရဲတပ်ဖွဲ့ဝင်တို့ကို မဆိုစလောက်သာတွေ့ရပြီး အခြေအနေအားထိန်းချုပ်ရန် လုံးလုံးလျားလျား လက်လွတ်စပယ် နေခဲ့ကြသည်။
    International Crisis Group ၏ အစီရင်ခံစာက ၂၀၁၂ ခုနှစ် လက်ပံတောင်းကြေးနီတူးဖော်ရေးစီမံကိန်း ဆန္ဒပြကန့်ကွက်မှုတွင် ရဟန်းတော်တစ်စုအပါအ၀င် ဆန္ဒပြသူများအား မီးလောင်ဗုံးဖြင့်  ဆိုးရွားစွာတုန့်ပြန်သည့် လုပ်ရပ်ဖြစ်ပွားပြီးသည့်နောက် ရဲတပ်ဖွဲ့ဝင်များအပေါ် ပြင်းပြင်း ထန်ထန်ဝေဖန် ရှုတ်ချမှုများ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့်လည်း ရဲတပ်ဖွဲ့ဝင်များအနေနှင့် ဖိဖိစီးစီးကိုင်တွယ်ရန် စိတ်လက် မပါသည့်နှယ် ဖြစ်ကောင်းဖြစ်နိုင်ပေမည် ဟု ဆိုထား၏။
    မိတ္ထီလာ နှင့် လားရှိုးတွင် အဖြစ်ဆိုးများကြုံတွေ့ပြီးချိန်မှ စ၍ ရဲတပ်ဖွဲ့ဝင်များမှ ပိုမိုမြန်ဆန်ထိရောက်စွာ တုန့်ပြန်ကိုင်တွယ်လာကြသဖြင့် အုပ်စုဖွဲ့ အကြမ်းဖက်မှုများသည် ရက်ပေါင်း များစွာ မဖြစ်တော့ပဲ နာရီပိုင်းမျှသာ ကြာညောင်းခဲ့သည့်အပြင် အသေ အပျောက်အပျက်အစီးလည်း နည်းပါးခဲ့သည်ဟု သတင်းများက ဖော်ပြသည်။
    အကြမ်းဖက်မှုနှင့်မီးရှို့မှုများ၌ လူအချို့ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ တရားစွဲဆိုထားသည်။ အစပိုင်းတွင် မွတ်စ်လင် များကိုသာ ဖမ်းဆီးလိမ့်မည်ဟု စိုးရိမ်မှုများ ရှိနေခဲ့သော်လည်း လက်တွေ့၌ ဖမ်းဆီးရုံးတင်ခဲ့သည့် ဗုဒ္ဓဘာသာဝင် အရေအတွက်မှာ မွတ်စ်လင်မ်တို့ထက် အရေအတွက် များပြားခဲ့ပေသည်။ ဇူလိုင်လ ၂၅ ရက်တွင် မိတ္ထီလာအရေးအတွင်း လူသတ်မှု၊ စော်ကားမှု၊ အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြောင်း သံဃာနှစ်ဦးအပါအ၀င် ဗုဒ္ဓဘာသာဝင် ၂၅ ဦးအား စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။
    မန္တလေးအခြေစိုက် ဦးဝီရသူ ဦးဆောင်သော ၉၆၉ ဗုဒ္ဓဘာသာလှုပ်ရှားမှု ရေပန်းစား အရှိန်မြင့်တက်လာခြင်းကလည်း မွတ်စ်လင် ဆန့်ကျင်ရေး အကြမ်းဖက်မှုဖြစ်အောင် တွန်းအားပေးခြင်းကြောင့်ဖြစ်ကြောင်း ပြစ်တင်ဝေဖန်မှုရှိနေသည်။
    မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုံ့ဆော်မှုကြောင့် ဦးဝီရသူမှာ ၂၀၀၃ မှ ၂၀၁၂ ခုနှစ်အထိ ထောင်နန်းစံခဲ့သည်။
    ဗုဒ္ဓဘုရားဂုဏ်တော် ၉ ပါး၊ ဓမ္မဂုဏ်တော် ၆ ပါး နှင့် သံဃာ့ဂုဏ်တော် ၉ ပါးတို့ကို ၉၆၉ နံပါတ်အဖြစ် သတ်မှတ်ခဲ့သည်။ ယင်းလှုပ်ရှားမှုမှာ ငြိမ်းချမ်းရေး တိုးမြှင့်ရန်ဖြစ်သည်ဟု အယုံသွင်းခဲ့ကြသည်။
    အဖြစ်မှန်၌မူ ၉၆၉ အဖွဲ့သည် အစွန်းရောက် လူမျိုးကြီးဝါဒဖော်ဆောင်ရေး လှုပ်ရှားမှုသာဖြစ်နေပြီး၊ မွတ်စ်လင်မ်တို့သည် တိုင်းပြည်ကို သိမ်းပိုက်ရန်ကြံစည်နေသည်ဟု ကြမ်းတမ်းသော စွပ်စွဲမှုများအား ဖန်တီးထားခဲ့သည်။
    နိုင်ငံ့လူဦးရေ ၅ ရာခိုင်နှုန်းမျှသာရှိသော မွတ်စ်လင်မ်တို့က နိုင်ငံ့လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်ရှိနေသော လူများစုဗုဒ္ဓဘာသာဝင်များကို အန္တရာယ်ပေးခြိမ်းခြောက်နေသည် ဟူသော ယိုးစွပ်မှုများလည်း အပါအ၀င်ဖြစ်၏။ သို့သာမကသေး ဂျိဟာ့ဒ်ကို တိတ်တိတ်ပုန်း ဖန်တီးမည့်သူများသည် လည်းကောင်း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ထိမ်းမြားခြင်းဖြင့် ဘာသာပြောင်းစေသူအား ငွေကြေးထောက်ပံ့ပေး ကမ်းသည့် အစီအစဉ်သည် လည်းကောင်း ရှိနေသည်ဟုလည်း ဆိုကြကုန်သည်။ ၂၀၁၃ ခုနှစ် ဇွန်လတွင် ဦးဝီရသူသည် ဘာသာကွဲများ ထိမ်းမြားရေးကို ပိတ်ပင်မည့် ဥပဒေ တစ်ရပ်ဖြစ်လာရန် နှိုးဆော်ခဲ့၏။
    ၉၆၉ အဖွဲ့သည် မွတ်စ်လင်မ်တို့၏ စီးပွားရေးကို သပိတ်မှောက်ရန်၊ မိမိတို့၏ ကျားကန်မှုကို အခြေပြုသည့် ၉၆၉ နံပါတ်ကပ်၍ မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင် အဖြစ်ဖော်ကျူးထားသော သူတို့၏ စီးပွားရေး လုပ်ငန်းများကိုသာ အားပေးကြရန် တွန်းအားပေးလျက်ရှိသည်။ မိမိတို့၏ပင်ကိုယ်အမြင် မည်သို့ပင်ရှိနေစေကာမူ ဗုဒ္ဓဘာသာဝင် စီးပွားရေး လုပ်ငန်းရှင် အများအပြားတို့သည် ၄င်းနံပါတ်ကို ထုတ်ဖော်ပြသထားကြ၏။ အချို့မှာ ၉၆၉ ဂိုဏ်းသားတို့၏ အငြိုးထားမှုအား ကြောက်ရွံခြင်းကြောင့်လည်းကောင်း၊ အချို့မှာ ယင်းသို မပြသပါက စီးပွားရေးထိခိုက်မည်ကို စိုးရွံ့ခြင်းကြောင့် လည်းကောင်း လိုက်လျောနေရပေသည်။
    မွတ်စ်လင်မ်တို့နှင့် ရောင်းဝယ်မှုပြုလုပ်မိသော ဗုဒ္ဓဘာသာဝင် အချို့ကို ၉၆၉ ဂိုဏ်းသားတို့၏ နှိပ်စက်မှုရှိကြောင်းပင်လျှင် သတင်းများ ထွက်ရှိလာခဲ့၏။
    ၉၆၉ အဖွဲ့သည် ၄င်းတို့၏ သဘောထားကို ထင်ဟပ်စေသော လက်ကမ်း စာစောင်များ၊ ဒီဗီဒီများကို ကျယ်ပြန့်စွာ ဖြန့်ချိထားကြသည်။ ထိုအဖွဲ့အားထောက်ခံသည့် ရဟန်း သံဃာတို့သည်လည်း (မ)တရားပွဲများ၊ ဟောပြောမှုများဖြင့် တိုင်းပြည်ကို အစိပ်စိပ်အမြွာမြွာ ဆွဲဖြဲလျက်ရှိကြသည်။
    လတ်လတ်ဆတ်ဆတ် သာဓက တစ်ရပ်မှာ ဒီဇင်ဘာလအတွင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ၉၆၉ ဂိုဏ်းဝင် ဘုန်းကြီး ၇ ဦးတို့သည် ၉၆၉ ဂိုဏ်း၏သဘောထားဖြန့်ချိရန် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း ဧရာဝတီသတင်းဌာနမှ ဖော်ပြခဲ့သည်။ ရခိုင်ပြည်နယ်သည် ရိုဟင်ဂျာ ဆန့်ကျင်ရေးအကြမ်းဖက်မှု စတင်ပေါက်ဖွားရာဒေသဖြစ်၏။
    ၉၆၉ ဂိုဏ်းသည် မွတ်စ်လင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှုဖြစ်ပွားရန် ကြံဆောင်ခဲ့သည် မဟုတ်ဟု ဦးဝီရသူမှ ငြင်းဆိုထားသော်လည်း၊ မိမိတို့သည် မွတ်စ်လင်မ်တို့၏ ဇာတိမှန်ကို ဖြန့်ချိခြင်းကြောင့် မွတ်စ်လင်မ်တို့အပေါ် များစွာသော ဗမာလူမျိုးတို့က မုန်းတီးစိတ်ဝင်ခဲ့ခြင်း ဖြစ်မည် ဟူ၍ သူ့စကားထဲမှ ယင်းသဘောထား တစ်စွန်းတစ်စကို တွေ့ရလေသည်။
    ၉၆၉ ဂိုဏ်းသည် ဗုဒ္ဓဓမ္မ ရင်းမြစ်များစွာနှင့် ဆန့်ကျင်နေသည့်တိုင်အောင် ထိုအဖွဲ့အား ဆန့်ကျင်ပြောဆိုဝံ့သူဟူ၍ မဆိုစလောက်မျှသာ ရှိကြ၏။ ယင်းသို့ဖြစ်ရခြင်းမှာ ၄င်းဂိုဏ်းသားတို့သည် အစ္စလာမ်သာသနာ အပေါ်တိုက်ခိုက်ရေးထက် ဘာသာသာသနာတည်တံ့ရေးအလို့ငှာ ဗုဒ္ဓဘာသာဝင်များသွေးစည်းရေးကို ဖော်ဆောင်နေပါသည်ဟု ကြွေးကြော်ကာ မိမိတို့ကိုယ်ကို ဘာသာရေး ကိုင်းရှိုင်းလွန်းသောဗုဒ္ဓဘာသာဝင်များအဖြစ် အရောင်ခြယ်ပြကြသည်။ ထိုရောအခါ လူထုတို့သည် မိမိတို့၏ဗုဒ္ဓဘာသာကို မိမိတို့ ဖာသာဝေဖန် တိုက်ခိုက်သကဲ့သို့ဖြစ်သွားမည်ကိုစိုးကြောက်သဖြင့် ထိုဂိုဏ်းနှင့်ဆန့်ကျင်သောအသံ မထွက်ဝံ့ကြခြင်းပင်။
    ဦးဝီရသူ၏ထင်ပေါ်မှု နှင့် မြန်မာနိုင်ငံ အ၀ှန်းရှိ မွတ်စ်လင် မ်ဆန့်ကျင်ရေး ကမ်ပိန်း၏နောက်ကွယ်၌ နိုင်ငံတော် အဆင့် အာဏာပိုင်များ ရှိနေသည်ဟု ဗမာလူမျိုး ဒေါက်တာမောင်ဇာနည်က ဇွန်လတွင် ပြောဆိုခဲ့သည်။
    ဦးဝီရသူနှင့် ၉၆၉ဂိုဏ်းတို့၏ မှိုင်းတိုက် ထိုးဆွမှုများတွင် နိုင်ငံအာဏာပိုင်များမှ အားပေး ရပ်တည်ထားခြင်း မရှိကြောင်းကိုလည်း သေချာရေရာသော သက်သေသာဓကများလည်း မရှိပြန်ချေ။
    အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်ပင်လျှင် ထိုဂိုဏ်းအား ဆန့်ကျင်သည့်စကား ပြောမထွက်လာခဲ့ပါ။ ဤသည်မှာ သူမအား ရပ်တည်ထောက်ခံပေးနေသော ၉၆၉ ဂိုဏ်းသားများ (၀ါ) မွတ်စ်လင်မ် ဆန့်ကျင်ရေးသမားများနှင့် အချေအတင်ဖြစ်ခြင်းမှ ရှောင်လွှဲလိုသည့် သူမ၏နိုင်ငံရေးသဘောထားဖြစ်မည်ဟု များစွာသောသူတို့မှ ယုံကြည်ထားသည်။
    မြန်မာမွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများ၊ ယင်းလုပ်ရပ်ဆိုးများကို တာဝန်ယူဖြေရှင်းခြင်း ကင်းမဲ့နေမှုများနှင့် ပတ်သက်၍ စိုးရိမ်သောကရောက်နေကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မရှင်နာမင်းကြီး Navi Pillay က ဇွန်လအတွင်း ထုတ်ဖော်ပြောကြားခဲ့၏။
    ကျွန်ုပ်တို့၏အမြင်အရ ၂၀၁၄ ခုနှစ်၌ အပြောင်းအလဲမှာ ဆင့်ပါးစပ်နှမ်းပက် သလောက်မျှသာ ဖြစ်လျက် မြန်မာမွတ်စ်လင်တို့ အပေါ်ဖိနှိပ်ခြင်းမှာ ရှေ့ဆက်နေဦးမည်သာတည်း။
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
    Mark Inkey ၏ သုံးသပ်ချက်သတင်းဆောင်းပါး “2013: A year of religious intolerance in Burma” ကို  မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]
  • မြန်မာ့ အရှိတရားအပေါ် တရုတ်ပြည်၏ ဆက်ဆံရေး
    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media
    ဘာသာပြန်ဆိုသူ- သြရသရေချမ်း
    image
    မြန်မာပြည်သည် ဒီမိုကရေစီစံနစ်သစ်တစ်ရပ်ဖြင့် စမ်းသပ်ကာလသို့ ဖြတ်သန်းနေခြင်းနှင့်အညီ တစ်ချိန်က ကြီးစိုးမင်းမူခဲ့သည့် စစ်အစိုးရ၏ လမ်းကြောင်းအား ဖယ်ထုတ်သည့် နိုင်ငံရေး တွန်းအားသစ် များစွာလည်း ထွက်ပေါ်လာကြ၏။ များမြောင်ထွေပြားလွန်းသော လူနည်းစု တိုင်းရင်းသားအုပ်စုများ သာမက အဓိက အင်အားစုကြီး လေးမျိုးသည်လည်း တိုင်းပြည်၏ နိုင်ငံတကာ ဆက်ဆံရေးအပေါ် အဓိပ္ပာယ်သစ်ဖြင့် ဖွင့်ဆိုပေတော့မည်။ အထူးသဖြင့် အိမ်နီးချင်း တရုတ်ပြည်နှင့် ပတ်သက်နေ၏။
    ဖြစ်တည်လာသော နိုင်ငံရေး ဗဟိုချက်များ၌ သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ၊ လွှတ်တော်ကို ဦးစီးပဲ့ကိုင်နေသည့် ဦးရွှေမန်း၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အာဏာစက်အောက်မှ စစ်တပ် နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီ အတိုက်အခံအင်အားစုတို့ ပါဝင်နေကြသည်။
    အထက်ဖော်ပြပါ အုပ်စုလေးမျိုးကို တရုတ်ပြည်က သီးခြားကွဲပြားသော ဆက်ဆံရေး ထားရှိသည်။ အုပ်စုတစ်ခုချင်းစီအပေါ် ထားရှိသော တရုတ်ပြည်၏ မူဝါဒများကို ကြည့်၍ ဘေဂျင်း၏ ပြည်ပသဘောထား ဗျူဟာသော့ချက် နှင့် အတွင်းပိုင်း တွက်ချက်မှုအား နားလည်နိုင်မည် ဖြစ်သည်။
    အစိုးရအာဏာပိုင်အဆင့် ပုံမှန် ဆက်ဆံရေး အနေအထားတွင် တရုတ်နှင့်မြန်မာတို့သည် ၄င်းတို့၏ အတိတ်ပြဿနာ အများအပြားနှင့်ပတ်သက်လျှင် ပန်းခင်းလမ်း အသွင်ဆောင်နေ၏။ ထိုပြဿနာများမှာ ၂၀၁၁ ခုနှစ်တွင် အနောက်နိုင်ငံများနှင့် နွေးထွေးသော သံတမန် ဆက်ဆံရေးဖော်ဆောင်ရာမှ ရှေ့သို့ တိုးထွက် လာတော့သည်။ ၂၀၁၃ ခုနှစ်အစောပိုင်းကာလ ကချင်သူပုန်အရေး၌  ကြားဝင် စွက်ဖက်မှုပြီးသည့်နောက် ယခုအခါ နယ်စပ်တည်ငြိမ်ရေးကို အားလုံးနီးပါး ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။ တဆက်တည်းမှာပင် လက်ပံတောင်းကြေးနီသတ္ထု တူးဖော်ရေးအပေါ် ပြည်တွင်း ဆန့်ကျင်မှုနှင့်ပတ်သက်၍ ပြန်လည်စတင်ရန် ဦးသိန်းစိန်အစိုးရမှ သဘောတူလိုက်သည်။ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိပြီး ဆိုင်းငံ့ထားရသော မြစ်ဆုံဆည်စီမံကိန်းကိစ္စအဖြေထုတ်ရေးမှာမူ စေ့စပ်ညှိနှိုင်းနေဆဲဖြစ်၏။
    ဧပြီလတွင် နှစ်စဉ်ကျင်းပသော တရုတ်ပြည်၏ Boao Forum သို့ ဦးသိန်းစိန် သွားရောက်ကာ တရုတ်ခေါင်းဆောင်သစ် Xi Jinping နှင့် တွေ့ဆုံခဲ့သည်။ အောက်တိုဘာလ အရှေ့အာရှ ထိပ်သီးညီလာခံ ကာလအတွင်း တရုတ်ဝန်ကြီးချုပ် Li Keqiang နှင့်လည်း တွေ့ခဲ့သည်။ အများမြင်ကွင်းဝယ် နှစ်ဖက် ဆက်ဆံရေးမှာ မယိုင်လဲသည့်နှယ်ရှိနေ၏။ နှစ်ဦးနှစ်ဖက်မှ နိုင်ငံပိုင် နှင့် အခိုင်အမာ မီဒီယာများကလည်း သမိုင်းဝင်ရင်းနှီးမှု အပေါ် မပြတ်တမ်း အလွန်အကျွံ အမွှမ်းတင်နေမြဲဖြစ်၏။ (ယခုအခါ အထိန်းအချုပ်မဲ့ မြန်မာ ပုဂ္ဂလိကမီဒီယာတို့မှ နှစ်ဖက်ဆက်ဆံရေးအပေါ် ပိုမိုဝေဖန်နိုင်ခွင့် ရရှိနေပြီဖြစ်သည်)။
    သို့တစေ ယင်းရုပ်လုံးဖော်ချက်များ၌ အေးတိအေးစက်ဖြစ်နေသော အရှိတရားကို နှစ်ဖက်လုံးမှ ဖုံးကွယ်ထားကြ၏။ တရုတ်ခေါင်းဆောင်တို့သည် ၄င်းတို့၏ကိုယ်ပိုင်အနုစိပ် စီမံကိန်းများမှ မြန်မာပြည်အား ဖယ်ထုတ်လိုက်ပြီဖြစ်ကြောင်း အထူး ပေါ်လွင်လာပေသည်။ သာဓကတစ်ရပ်မှာ ၂၀၁၂ ခုနှစ် တရုတ်သမ္မတသစ်တက်လာပြီးနောက်ပိုင်း Politburo Standing Committee (PBSC)၏အဖွဲ့ဝင် မည်သူတစ်ဦးမျှ မြန်မာနိုင်ငံသို့ လာရောက်ခြင်း မရှိတော့ချေ။
    ဤကာလအတွင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနက် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း နှင့် ဗီယက်နမ် ငါးနိုင်ငံသို့ တရုတ် သမ္မတနှင့်ဝန်ကြီးချုပ်တို့မှ တသွင်သွင် သွားရောက်ခဲ့သည့်အပြင်၊ PBSC ကော်မတီဝင် Liu Yunshan နှင့် Zhang Gaoli တို့ကလည်း ကမ္ဘောဒီးယား နှင့် စင်္ကာပူသို့ အလည်အပတ်သွားရောက်ခဲ့သည်။ တရုတ်နိုင်ငံခြားရေး ၀န်ကြီး ၀မ်ရီလည်း ရာထူးလက်ခံခဲ့သော မတ်လကတည်းက မြန်မာနှင့်ဖိလစ်ပိုင်ကို ရှောင်ဖယ်၍  အခြားသောအာဆီယံအဖွဲ့ဝင် ရှစ်နိုင်ငံအသီးသီးသို့ ခရီးစဉ် ခြောက်ကြိမ် ထွက်ခဲ့သည်။
    စီးပွားရေး မျက်နှာစာတွင်လည်း ဆက်ဆံရေးမှာ အေးစက်စက်ဖြစ်လာသည်။ ၂၀၁၁ ဘဏ္ဍာရေးနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၁၂ ခုနှစ် ကာလတူအတွင်း တရုတ်၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် ၉၀ ရာခိုင်နှုန်းကျော်(အမေရိကန်ဒေါ်လာ ၄၀၇ သန်းနီးပါး) အထိ ထိုးကျသွားခဲ့သည်။ တရုတ်နိုင်ငံပိုင် လုပ်ငန်းစုကြီး အနေနှင့် မြန်မာနိုင်ငံအတွင်း အစဉ်တစိုက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ခဲ့သော်လည်း ထိုထိုသော တရုတ်စီမံကိန်းဆိုင်းငံ့ခံရမှု နှင့် မရေရာသည့် မူဝါဒများက ကနဦးပိုင်းရှိ စိတ်အား ထက်သန်မှုကို လျော့ပါးချည့်နဲ့သွားစေသည်။ မြန်မာပြည်၌ တရုတ် ရင်းနှီးမြှုပ်နှံမှုများမှာ နှေးကွေး လာပြီး အခြားအရှေ့တောင်အာရှနိုင်ငံများအတွင်း အရှိန်အဟုန်မြင့်မားလာသည်ကို တွေ့ရ၏။
    ဦးသိန်းစိန်အစိုးရနှင့် ၄င်းတို့၏အချို့ မူဝါဒများအပေါ် ဘေဂျင်းမှ ထင်ထင်ရှားရှား စိတ်ပျက်နေသည့်တိုင် အာဏာရကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ အပေါ်မှာတော့ အဆိုးမြ င်သဘောထား ထွက်မလာခဲ့ချေ။ အကြောင်းမှာ တရုတ်၏ တလုံးတခဲ ရင်းနှီးမြှုပ်နှံမှုကိုပြိုလဲစေသော မူဝါဒအပြောင်းအလဲနှင့်ပတ်သက်၍ USDP ထက် ဦးသိန်းစိန်က ပိုမို တာဝန်ရှိကြောင်း ဘေဂျင်းမှ ယုံကြည်၍ဖြစ်သည်။
    USDP သည် တရုတ်၏နွေးထွေးသော နိုင်ငံရေးလက်တွဲဖော်အဖြစ် ဆက်လက် တည်ရှိလိမ့်မည်ဟု မျှော်လင့်ထားပြီး၊ လက်ရှိ USDP ဥက္ကဌ နှင့် အောက် လွှတ်တော်ပြောဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရွှေမန်း၏ ရည်မှန်းချက်နှင့်နိုင်ငံရေးအင်အားအပေါ် မသိမသာ အမွှမ်းတင်နေပေသည်။ သူသည် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတရာထူး ရရှိနိုင်ခြေ အများဆုံးသူအဖြစ် တရုတ်လေ့လာသူများက ကိုယ်ပိုင်အမြင်ဖြင့် ယုံကြည်ထားကြ၏။ အချုပ်အားဖြင့် သူနှင့် အနီးကပ် ဆက်ဆံရေး ထူထောင်ရန် နှင့် USDP စွမ်းရည်တိုးမြှင့်မှု ကဏ္ဍ၌ ပါဝင်ကူညီရန် ဘေဂျင်းမှ စိတ်အား ထက်သန်လျက်ရှိနေသည်ဟု ဆိုရပေမည်။
    အတိုက်အခံတို့အပေါ် ကွင်းဆင်းမှု
    နိုင်ငံရေးခေါင်းစဉ်အောက်တွင် တရုတ်သည် မြန်မာနိုင်ငံ၏ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း အကောင်းဆုံး ဆက်ဆံရေး ထူထောင်နိုင်အောင် စီစဉ်နေကြသည်။ ယင်းအုပ်စုများ၏ နိုင်ငံရေးသြဇာမှာ ပြည်တွင်းပြည်ပ မူဝါဒများ အပေါ် သက်ရောက်မြင့်မားလာ၍ဖြစ်၏။
    ၂၀၁၁ ခုနှစ်နှောင်းပိုင်းမှစ၍ တရုတ်ပြည်မှ အတိုက်အခံ ဒီမိုကရေစီ အင်အားစုအပေါ် ငြိမ်းချမ်းရေး သပြေခက် ဆန့်တန်းပြီး ဖြစ်သည်။
    ဘန်ကောက်မှ သံအမတ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများကို မကြုံစဖူး ဆက်တိုက် ကျင်းပဆောင်ရွက်သကဲ့သို့ တရုတ်အာဏာပိုင်၊ ပညာရှင်နှင့် ကုမ္ပဏီတို့သည်လည်း နိုင်ငံရေး အတိုက်အခံများနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများအပေါ် ထိစပ်ချိတ်ဆက်မှုများ ရှိလာကြသည်။ သံတမန် ဆက်ဆံရေးကွင်းဆင်းမှု အစိတ်အပိုင်းတစ်ရပ်အနေဖြင့် NLD ကိုယ်စားလှယ်များအပါအ၀င် မြန်မာဂျာနယ်လစ်များ၊ အရပ်ဖက် လူ့အဖွဲ့အစည်းနှင့်နိုင်ငံရေး ပါတီခေါင်းဆောင်များကို ဒါဇင်နှင့်ချီ၍ တရုတ်ပြည်သို့ အလည်အပတ် ဖိတ်ကြားခဲ့ပေ၏။
    ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်သို့ တရားဝင် အလည်အပတ်ဖိတ်ကြားရန်မှာကား တရုတ်ပြည်မူဝါဒ ဖန်တီးရှင်များအဖို့ ဝေခွဲမရ စိတ်စနိုးစနောင့် ဖြစ်လျက် ရှိနေသေး၏။ ဒေါ်စုကြည်သည် ကမ္ဘာ့ဒီမိုအိုင်ကွန်တစ်ဦးဖြစ်သည်နှင့်အညီ တရုတ်ပြည်၏ သြဇာလွှမ်းမိုး ချုပ်ကိုင်နိုင်ရေး အပေါ် လက်မခံသူလည်း ဖြစ်နေသည်။  နိုဗယ်လ်ငြိမ်းချမ်းရေး ဆုရှင်များဖြစ်ကြသည့် သူမ၏ ဘ၀တူမိတ်ဆွေ ဒလိုင်းလားမား နှင့် Liu Xiaobo တို့ကိုလည်း တရုတ်ပြည်၌ နိုင်ငံ့ ရန်သူများ အဖြစ် သတ်မှတ်ထားကြ၏။ ဒေါ်စုကြည်၏အလည်အပတ်ခရီးစဉ်က တရုတ်ပြည်အတွင်း နိုင်ငံရေး မတည်ငြိမ်မှု နှင့် လူမှုအပြောင်းအလဲ ဖြစ်ပေါ်လာနိုင်သော အနေအထားပင်ရှိသည်ဟု မူဝါဒ ဖန်တီးရှင်အချို့မှ ယုံကြည်ထားကြသည်။
    ဒေါ်စုကြည်သည် ဒီမို အိုင်ကွန်အဖြစ်မှ ပင်တိုင်အမာခံနိုင်ငံရေးသမား အဖြစ် ရုပ်လုံးပေါ်လွင်လာသည်နှင့်အမျှ ထိုစိုးရိမ်သောကများ တရွေ့ရွေ့ ပြယ်လွင့်လျော့ပါး စပြုလာပြီဖြစ်သည်။ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော အငြင်းပွားဖွယ်ရာ လက်ပံတောင်းကြေးနီ တူးဖော်ရေးစီမံကိန်း ကိစ္စကို ထောက်ခံအားပေးရန် ဆုံးဖြတ်ချက်၊ ဗုဒ္ဓဘာသာဝင်တို့၏ လူမျိုးရေးတိုက်ခိုက်မှု ပစ်မှတ်ဖြစ်နေသော လူနည်းစုဝင် ရိုဟင်ဂျာ မွတ်စ်လင်မ် ကိစ္စဆိုင်ရာ ထိလွယ် ရှလွယ်နိုင်ငံရေးပြဿနာ အပေါ် ဝေဖန်ခြင်းမှ ရှောင်ကွင်းမှု အပါအ၀င် အရေးအရာများ၌ ဒေါ်စုကြည်သည် လက်တွေ့ စည်းမျဉ်းများထက် နိုင်ငံရေး လိုအပ်ချက်ကို အခြေတည် ဆုံးဖြတ်နိုင်သူဟု တရုတ်မှ ရှုမြင်လာကြသည်။
    ဒေါ်စုကြည်မှ တရုတ်နှင့်ခိုင်မာသော ဆက်ဆံရေး ဆက်လက်ထားရှိရန် ပွင့်လင်းမြင်သာစွာ ရည်ရွယ်လိုက်ခြင်းက သူမ၏ နိုင်ငံတကာ တန်းဝင်ပေါက်ရောက်မှုနှင့် စပ်လျဉ်း၍ ဘေဂျင်း၏စိုးရိမ်သောကကို လျှော့ချပေးရာရောက်ခဲ့သည်။ ယခုသော် ဒေါ်စုကြည်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာရရေး အတွက် တရုတ်၏ အားပေးထောက်ခံမှုရရန် ကြိုးပမ်းနေသည်ဟု တရုတ်သုတေသီများစွာမှ သုံးသပ်လျက် ရှိနေသည်။ အဘယ်ကြောင့်ဟူမူ လက်ရှိ အခြေခံဥပဒေအရ သူမအဖို့ ထိုအနေအထားသို့ရောက်ရန် ဟန့်တားမှုရှိနေ၍ဖြစ်ပေသည်။ ၂၀၁၄ ခုနှစ်တွင် တရားဝင်နိုင်ငံရေး အတိုက်အခံသမားအနေနှင့် သူမအား ဘေဂျင်းမှ တရားဝ င်ဖိတ်ခေါ်လာလိမ့်မည်ဟု အချို့ တရုတ်သုတေသီများက ခန့်မှန်း ယုံကြည်ထားကြပြန်သည်။
    မြန်မာနိုင်ငံ၏နိုင်ငံရေး အနေအထားသစ်အတွင်း နေရာရရေးအတွက် နိုင်ငံရေး အင်အားစုအားလုံးက အကြိတ်အနယ် တိုးဝှေ့နေကြသည်။ ၄င်းတို့အကြား တရုတ်ပြည်နှင့် ပလဲနံပ အသင့်ဆုံးမှာ စစ်တပ်ဖြစ်၏။ ဤသည်မှာ ယခင် စစ်အစိုးရဟောင်းနှင့်တရုတ်တို့၏ အထူးကျွမ်းဝင်ခြင်း၊ ၂၀၁၁ ခုနှစ်မတိုင်မီ လက်နက်ဖြင့်သြဇာ လွှမ်းမိုးခဲ့ကြသော နှစ်ဖက်ဗိုလ်ချုပ်များ၏ ပုဂ္ဂိုလ်ရေးနှောင်ကြိုးခိုင်မာခြင်းတို့၏ အမွေခံ အစိတ်အပိုင်း တစ်ရပ် ဖြစ်သည်။ ၄င်းအထူးနှောင်ကြိုးများက တူညီသောနိုင်ငံရေး ကစားကွက်များ၊ စီးပွားရေးဆိုင်ရာ ဘုံအကျိုးအမြတ်များကြောင့် ပိုမိုခိုင်မာ အားကောင်းရလေသည်။
    ဘေဂျင်း၏ရှုထောင့်တွင် စစ်တပ် အချင်းချင်းနှောင်ကြိုးများ၌ ပြဿနာအနည်းငယ် ရှိနေသည်။ အာဏာပိုင်များ အဆင့်၌ နိုင်ငံရေးနှင့်စီးပွားရေး ဆက်ဆံမှုများ အေးတိအေးစက်ဖြစ်နေသည့်တိုင် အဆင့်မြင့် စစ်တပ်အရာရှိများ၏ ဖလှယ်မှုနှင့်တွေ့ဆုံ အလည်အပတ်ခရီးစဉ်များမှာ အားကောင်းနေဆဲပင်။ သာဓကအားဖြင့် ဇန္န၀ါရီလက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ဒုတိယအကြီးအကဲ Qi Jianguo သည် မြန်မာနိုင်ငံမှ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့သည် တရုတ်-မြန်မာလုံခြုံရေးဆိုင်ရာ မဟာဗျူဟာနှီးနှောမှုအတွက် အတူစားပွဲ ၀ိုင်းထိုင်ခဲ့ကြသည်။
    တရုတ်စစ်တပ်၏ ထိပ်တန်းကဏ္ဍ တစ်ခုဖြစ်သော ဗဟို စစ်ရေးကော်မရှင်၏ ဒုဥက္ကဌ Fan Changlong သည် မြန်မာနိုင်ငံသို့ ဇူလိုင်လက လာရောက်ခဲ့သည်။ ဤတွေ့ဆုံမှုများမှသည် မြန်မာစစ်ဦးစီးချုပ် မင်းအောင်လှိုင် အနေနှင့် အောက်တိုဘာလ၌ တရုတ် ထိပ်ပိုင်းခေါင်းဆောင်များနှင့်တွေ့ဆုံမည့် ခရီးစဉ်အား သဘောတူမှုရရှိခဲ့၏။ မြန်မာနိုင်ငံမှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် တရုတ်နှင့်လက်နက် အရောင်းအ၀ယ်၊ စစ်ရေးလေ့ကျင်မှုနှင့် အကူအညီတို့အပေါ် အကျိုးသက်ရောက်မှု မရှိပါချေ။
    မြန်မာပြည်တွင်းရှိ အဓိကနိုင်ငံရေး အင်အားစုအသီးသီးထံ တရုတ်၏ တမူထူးခြား ချဉ်းကပ်မှုနှင့် မူဝါဒများက မြန်မာနိုင်ငံ၏ မဟာဗျူဟာနှင့် သံတူကြောင်းကွဲသံတမန်အနေအထားအပေါ် နောကြေနေခြင်းကို ညွှန်ပြနေပေသည်။ ရှုပ်ထွေးမှုနှင့် မရောရာမှုများအား ၂ နှစ်တာကျော်ဖြတ်ပြီးနောက်ဝယ် တရုတ်နိုင်ငံသည် မြန်မာ့နိုင်ငံရေး သရုပ်သကန်၏ အရှိတရားကို ပါးနပ်စွာ ဆုပ်ကိုင်မိသွားပြီ ဖြစ်ပါတော့သည်။
    xxxxxxxxxxxxxxxxxxxxx
    ကမ္ဘာတစ်ဝှန်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာအန္တရာယ်များကို အကျိုးအမြတ်ပဓာနမထား အစွဲကင်းစွာ လေ့လာနေသည့် Stimson Center မှ အရှေ့အာရှ ပရိုဂရမ်အဖွဲ့ဝင် Yun Sun ၏ “China adapts to new Myanmar reality” ဝေဖန်ရေးဆောင်းပါးကို “သြရသ ရေချမ်း” မှ ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။
    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]
  • ရခိုင်တိုင်းရင်းသားတချို့ စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေကို အားကျနေသလား
    ဆောင်းပါးရှင် – စည်သူအောင်မြင့်
    မြန်မာတိုင်းမ်
    1514963_228207057360569_432758386_n
    လူတစ်ယောက်၊ လူ့အဖွဲ့အစည်းတစ်ခုဟာ အခြားလူတစ်ယောက်၊ လူ့အဖွဲ့အစည်းတစ်ခုရဲ့လုပ်ရပ်တွေကို လက်မခံနိုင်ဘူး၊ မုန်းတီးတယ်၊ စက်ဆုတ်ရွံရှာတယ်ဆိုရင် သူတို့လို လိုက်မလုပ်ဖို့ပါပဲ။ ဒါဟာ အလွန်ရိုးရှင်းတဲ့ ဥပဒေသပါ။ တချို့ကျတော့ လူတစ်ယောက်၊ လူ့အဖွဲ့အစည်းတစ်ခုရဲ့လုပ်ရပ်ကို မကြိုက်ပေမယ့်၊ လက်မခံပေမယ့်၊ ရွံရှာမုန်းတီးပေမယ့် အသိစိတ်နဲ့ဖြစ်စေ၊ မသိစိတ်နဲ့ဖြစ်စေ အဲ့ဒီလုပ်ရပ်တွေအတိုင်း ထပ်တူလိုက်လုပ်မိတတ်ပါတယ်။ အဲလိုဖြစ်ခဲ့ရင်တော့ ပြုပြင်ဖို့ လိုပါလိမ့်မယ်။
    ကမ္ဘာပေါ်မှာ တာလီဘန်လို့ဆိုလိုက်ရင် အစ္စလာမ်အစွန်းရောက်တွေလို့ အားလုံးက နားလည်ကြပါတယ်။ တစ်ကြိမ်တစ်ခါက အာဖဂန်နစ္စတန်မှာ တိုင်းပြည်အာဏာရဖူးပြီး ဒီနေ့အချိန်ထိ အာဖဂန်နဲ့ပါကစ္စတန်နိုင်ငံ နယ်မြေအချို့မှာ လှုပ်ရှားနေဆဲရှိပါတယ်။ သူတို့ဟာ ခေတ်သစ်မှာ အစွန်းရောက်တဲ့ ရှေးရိုးရှားရီးယားဥပဒေကို ပြန်အသက်သွင်းလိုသူတွေဖြစ်ပြီး အမျိုးသမီးတွေ၊ ကလေးသူငယ်တွေရဲ့ အခွင့်အရေး ရပိုင်ခွင့်ကို တားဆီးပိတ်ပင်လိုသူတွေ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေ ဖြစ်ကြပါတယ်။ ဒီနေ့အချိန်ထိ သူတို့တွေ ကျင့်သုံးနေဆဲဓလေ့တွေကတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေအပါအ၀င် မယားလေးယောက်ယူနိုင်တာ၊ မိန်းမကို ဖောက်ပြားတယ်လို့ထင်ရင် ဖမ်းဆီး၊ လူမြင်ကွင်းမှာ ဦးခေါင်းပေါ်ရုံလောက် မြေမြှုပ်ပြီး ကျောက်ခဲနဲ့ မသေမချင်းပစ် အရေးယူတာမျိုးဖြစ်ပါတယ်။
    ခေတ်သစ်မှာ သူတို့အဓိကလုပ်တဲ့အလုပ်တွေကတော့ သူတို့လူမျိုး၊ ဘာသာဝင်တွေ အပါအ၀င် ပြည်သူတွေကို ကူညီဖို့လာတဲ့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းအမျိုးမျိုး၊ အင်န်ဂျီအိုအမျိုးမျိုးကို တားဆီးတာ၊ ပိတ်ပင်တာ၊ ရန်ရှာတာ၊ အလုပ်လုပ်လို့မရအောင် နှောင့်ယှက်ခြိမ်းခြောက်တာ၊ နောက်ဆုံး တိုက်ခိုက်တာအထိ လုပ်လေ့ရှိပါတယ်။ လက်ရှိမြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက ရခိုင်တိုင်းရင်းသားအုပ်စု တချို့ရဲ့ လုပ်ရပ်တွေနဲ့ သွားဆင်တူနေတာ တွေ့ရပါတယ်။ ဘယ်အချက်မှာလည်းဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
    ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့က မြို့မိမြို့ဖ ဒေသခံတွေလို့ဆိုတဲ့ ကော်မတီတစ်ခုက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ၊ အင်န်ဂျီအိုအဖွဲ့တွေ လိုက်နာရမယ့်အချက်တွေဆိုပြီး ကြေညာချက်တစ်ခု ထုတ်ပါတယ်။ အဲဒီအချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိရင် ဒီဇင်ဘာ ၂၀ ရက်နောက်ဆုံးထားပြီး မြို့နယ်ထဲက ထွက်သွားကြဖို့ တောင်းဆိုပါတယ်။ တောင်းဆိုချက်တွေထဲပါတဲ့ အချက်ကတော့ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုအဖွဲ့တွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာမှာ ဒေသခံတွေပါဝင်တဲ့ ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ဘက်လိုက်မှု မရှိဘဲ အချိုးညီမျှစွာနဲ့ ဆောင်ရွက်ပေးဖို့၊ ရခိုင်လူမျိုးတွေကို အကူအညီပေးတဲ့ပစ္စည်းနဲ့ အခြားအထောက် အပံ့တွေနဲ့ပတ်သက်ပြီး ဒီကော်မတီကို စီမံခန့်ခွဲခွင့်ပေးဖို့၊ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုအဖွဲ့တွေက ကျေးရွာတွေမှာ သွားပြီး ကူညီတဲ့အခါ ကော်မတီက အနည်းဆုံး ငါးယောက်ကို အတူလိုက်ပါခွင့်ပြုဖို့၊ အကူအညီပေးမယ့် ပစ္စည်းတွေနဲ့ သိုလှောင်ထားရှိမှု အခြေအနေကို ကော်မတီကို အချိန်မရွေး ၀င်ရောက်စစ်ဆေးခွင့်ပေးဖို့၊ စီမံကိန်ကာလနဲ့အကူအညီပေးမယ့် အဖွဲ့အစည်းရဲ့နာမည် ကော်မတီကို အသိပေးဖို့၊ မြို့နယ်ကျော် အကူအညီပေးတာမျိုး လုံးဝမလုပ်ဖို့၊ အကူအညီပေးတာကို နံနက် ၆ နာရီကနေ ည ၆ နာရီအတွင်းပဲလုပ်ဖို့၊ အရေးပေါ်အကူအညီလိုရင်တောင် ကော်မတီနဲ့ ချိတ်ဆက်ပြီးမှလုပ်ဖို့ စတဲ့ အချက်တွေပါပါတယ်။
    ဒီတောင်းဆိုချက်တွေကိုကြည့်ရင် အရင် စစ်အာဏာရှင်တွေကို သတိရစေပါတယ်။ အာဖဂန်က တာလီဘန်တွေကို သတိရစေပါတယ်။ အရင် စစ်အာဏာရှင်တွေခေတ်တုန်းကလည်း နိုင်ငံတကာ အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေအနေနဲ့ ဒုက္ခရောက်နေသူတွေ၊ ဖျားနာသူတွေ၊ စစ်ဘေးဒဏ်ခံရသူတွေ၊ အကူအညီလိုအပ်နေသူတွေဆီ အကူအညီမပေးနိုင်အောင် ၊ မရောက်နိုင်အောင် စည်းကမ်းအမျိုးမျိုး ချမှတ်ပြီး တားဆီးပိတ်ပင်လေ့ရှိပါတယ်။ ထင်ရှားတဲ့သာဓကကြီး တစ်ခုကတော့ ဂလိုဘယ်လ်ဖန်းလို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ အလွန်ကြီးမားတဲ့ အကူအညီပေးရေးအဖွဲ့အစည်းကြီး မြန်မာနိုင်ငံထဲက ထွက်ခွာသွားရတဲ့အထိပါပဲ။ နောက်ထပ် ခါးသီးတဲ့ဥပမာ တစ်ခုကတော့ နာဂစ်လေမုန်တိုင်းဘေးဖြစ်ချိန် နိုင်ငံတကာကရော၊ ပြည်တွင်းက ပြည်သူတွေရော အကူအညီမပေးနိုင်အောင် တားမြစ်ပိုတ်ပင်ထားတဲ့ စည်းကမ်းချက်တွေကလည်း စောစောက မြောက်ဦးက ကော်မတီရဲ့ တောင်းဆိုချက်တွေနဲ့ သိပ်မတိမ်းမယိမ်းပါပဲ။ တာလီဘန်တွေကတော့ အဲဒီထက် ပိုဆိုးပါတယ်။ မိန်းကလေးငယ်တွေကို ပညာလာသင်ပေးတဲ့ အင်န်ဂျီအိုအဖွဲ့တွေ၊ ဆေးလာကုပေးတဲ့သူတွေကို ရန်ပြုတိုက်ခိုက်တာမျိုးအထိ လုပ်ကြပါတယ်။
    အဲ့ဒီ ကော်မတီ ဆိုတာရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး မြောက်ဦးက အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေက လက်မခံကြပါဘူး။ ဒါဟာ အစိုးရအာဏာပိုင်တွေနဲ့ပဲ သက်ဆိုင်တဲ့အတွက် အစိုးရဖက်ကိုပဲ တင်ပြသင့်တယ်လို့ အကြောင်းပြန်ကြပါတယ်။ ဒီလို အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေဖက်က လက်မခံတဲ့အခါ ကော်မတီဘက်က နောက်တစ်ဆင့် တက်လာပြန်ပါတယ်။ ဒီတောင်းဆိုချက်တွေကကို လက်မခံတဲ့ အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေကို ဟိုတယ်တွေကနေ လက်မခံဖို့ ထပ်ပြီး ရာဇသံပေး တောင်းဆိုလိုက်ပြန်ပါတယ်။ ကော်မတီဘက်က ဒါဟာ သတိပေးမှု၊ မလိုက်နာရင် ဆန္ဒပြမယ်လို့ ပြောထားပေမယ့် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်နိုင်ပါတယ်။
    တကယ်တော့ ဒီလိုဖြစ်ရပ်မျိုး၊ အလားတူဖြစ်ရပ်မျိုး ရခိုင်ပြည်နယ်မြို့နယ်အချို့မှာ လူပုဂ္ဂိုလ်တချို့ကလည်း လုပ်ခဲ့ဖူးပါတယ်။ ရခိုင်တိုင်းရင်းသားတချို့ဟာ ဘာကြောင့် လူသားချင်းဆိုင်ရာ အကူအညီပေးမှုတွေကို ရန်လိုနေရတာပါလဲ။ လူသားချင်းဆိုင်ရာ အကူအညီတွေဟာ ဒုက္ခသုက္ခရောက်နေတဲ့၊ စုတ်ပြတ်သတ်နေတဲ့၊ ပညာမဲ့နေတဲ့ ဘင်္ဂါလီ လူအုပ်စုကြီးဆီကို ရောက်မသွားရင် ရခိုင်ပြည်နယ်ကြီး ပိုပြီးဖွံ့ဖြိုါ်တိုးတက်လာမယ်လို့ ယူဆနေကြလို့လား၊ ရခိုင်တိုင်းရင်းသားတွေ ဘ၀ ပိုပြီးလုံခြုံအေးချမ်းစွာနေရမယ်လို့ မျှော်လင့်ကြလို့လား စသဖြင့် မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။ ဒါတင်မက ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေတင်မက ရခိုင်တိုင်းရင်းသားတချို့လည်း ဒုက္ခရောက်၊ အကူအညီလိုအပ်နေကြပါတယ်။
    ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံ ပြည်နယ်၊ တိုင်းဒေသကြီးတွေထဲမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်နေပါတယ်။ အဲဒါ ဘင်္ဂါလီတွေ ဖန်တီးထားတာ မဟုတ်ပါဘူး။ ဖန်တီးနိုင်လောက်အောင်လည်း သူတို့လက်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့၊ အုပ်ချုပ်ရေး ယန္တရား၊ တရားစီရင်ရေးယန္တယား၊ စီးပွားရေးစွမ်းပကား ဘာတစ်ခုမှ ရှိကြတာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် ဆင်းရဲမွဲတေမှုတရားခံဟာ အရင် စစ်အာဏာရှင်အစိုးရပါ။ ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီပြဿနာဟာလည်း တိုင်းပြည်ကို ရာစုနှစ်တစ်ဝက်ကျော် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် အဆက်ဆက်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကနေ ထွက်ပေါ်လာတဲ့အကျိုးဆက်ပါ။
    ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ရခိုင်ပြည်နယ် မြောက်ဦးက ကော်မတီ ဆိုတာနဲ့ အချို့ရခိုင်တိုင်းရင်းသားတွေရဲ့ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေကို ပြုမူဆက်ဆံပုံဟာ အရင် စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေက အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေကို ဆက်ဆံပြုမူပုံနဲ့ သွားဆင်တူနေပါတယ်။ စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေရဲ့ လုပ်ရပ်တွေကို အားကျအတုယူလို့ကတော့ဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်သလို ပြဿနာတွေလည်း ပြေလည်ငြိမ်းအေးသွားမှာ မဟုတ်ပါဘူး။ ဒါတင်မက ရခိုင်တွေကိုယ်တိုင် ဘ၀လုံခြုံစိတ်ချအေးချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုကိုလည်း တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။
  • ပထမကမ္ဘာစစ်ကို မကြုံခဲ့ရသော်လည်း သတိရစေသည့်ဖြစ်ရပ်
    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၃
    M-Media
    ဘာသာပြန်- မောင်ထွေးဝင်း(ဓနုဖြူ)
    ကျွန်ုပ်တို့သည် ကြီးထွားလာမည့်ကမ္ဘာ့စီးပွားရေးကို ထိန်းသိမ်းရန်အတွက် အာဏာရှင်အစိုးရနှင့် ဒီမိုကရေစီအစိုးရများအကြား တင်းမာမှုကို ဖန်တီးရင်း စီးပွားရေးကျဆင်းရန် လုပ်ကြမည်လောဟူသော မေးခွန်းကို (၁၉)ရာစုနောက်ပိုင်းတွင် ဘုရင်စနစ်ဖြင့် အုပ်ချုပ်နေသောဂျာမဏီနိုင်ငံသည် စီးပွားရေးနှင့် စစ်ရေးအသာစီးရနေစဉ် မေးမြန်းခဲ့ဖူးပါသည်။
    အဆိုပါမေးခွန်းကို တိုးတက်ဖွံ့ဖြိုးလာသောကွန်မြူနစ်တရုတ်ပြည်က ယနေ့မေးမြန်းနေပါသည်။ ယခင်တုံးကလိုပင်ယခုအခါ အရှိန်အဟုန်မြင့် တက်လာနေသည်နှင့် စစ်မက်ဖြစ်ရန် စိုးရိမ်စရာများဖြစ်ပေါ် လာပါသည်။ ကျွန်ုပ်တို့အားလုံးသိသည့်အတိုင်းပင် ပထမကမ္ဘာစစ်၏ ဖြစ်စဉ်သည် (၁၉၁၄)ခုနှစ်တွင် အဆုံး သတ်ခဲ့ပါသည်။ ယခုဖြစ်စဉ်သစ်က မည်သို့အဆုံးသတ် မည်နည်း။ နှစ်တစ်ရာကြာမြင့်ပြီးမှလောစသည်ဖြင့် မေးခွန်း ထုတ်ရပါမည်။
    131127152340-disputed-air-defense-map-story-top
    တရုတ်နိုင်ငံ၏ အရှေ့တရုတ်ပင်လယ်လေကြောင်းကာကွယ်ရေးဇုံ(East China Sea Air Defense Dentification Zone)သည် ဂျပန်နိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် လက်ရှိ တည်ရှိနေသည့် လူသူမနေသော ကျွန်းငယ်လေးများကိုပါ ထည့်သွင်းထား၍ ရန်စလိုသော သဘောကို ဆောင်နေပါသည်။ တရုတ်နှင့် ဂျပန် နှစ်နိုင်ငံ၏ လေကြောင်း ကာကွယ်ရေးဇုံ သတ်မှတ်နေရာများသည် တစ်ခုနှင့် တစ်ခုရောထွေးယှက်တင် ဖြစ်နေပါသည်။
    တရုတ်နိုင်ငံက မိမိကြေငြာခဲ့သော ကာကွယ်ရေးဇုံကို ကာကွယ်ရန်ပြင်ဆင်ထားခဲ့ပြီးဖြစ်သော်လည်း ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က အသိအမှတ်မပြုခဲ့ကြပါ။
    အမေရိကန်နိုင်ငံကလည်း အသိအမှတ်မပြုခဲ့ပါ။ ထို့အပြင်ဂျပန်နိုင်ငံနှင့် နှစ်ဦးသဘောတူချုပ်ဆို ထားသောစာချုပ်အရ စစ်မက်ဖြစ်ပွားခဲ့လျှင် ဂျပန်နိုင်ငံကို ကာကွယ်ပေးရပါမည်။ အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်း၏ ခရီးသည်တင်လေယာဉ်များကိုမူ တရုတ်နိုင်ငံ၏ တောင်းဆိုချက်ဖြစ် သောကြိုတင် အသိပေးပြီးမှ ၀င်ရောက်ရန်ကိုမူ အပြစ်မဲ့ခရီးသည်များ၏ အသက်အန္တရာယ် မကျရောက်စေ ရန်အတွက် လိုက်နာစေရန် ညွှန်ကြားခဲ့ပါသည်။
    U.S. Navy FA-18 Hornets park on the flight deck of the USS George Washington during the Annual Exercise 2013, at sea
    ဤကဲ့သို့ရှုပ်ထွေးနေသောအခြေအနေများတွင် ပြုမူဆောင်ရွက်ချက်များသည် ရောထွေးနေတတ် ပါသည်။ သို့သော်အမေရိကန် ပစ္စဖိတ်ရေတပ် ဋ္ဌာနချုပ်၏ အကြီးအကဲဟောင်း ၀ီလီယံဖော်လွန်ကမူ တရုတ် နိုင်ငံ၏ ဆောင်ရွက်ချက်သည် မတော်တဆတိုက်ခိုက်ခြင်းများဖြစ်စေရန် အလားအလာရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဥပမာအားဖြင့် တရုတ်နှင့် ဂျပန်တိုက်လေယာဉ်များ တစ်စီးနှင့်တစ်စီး ပစ်ခတ်မိလျှင် လည်းကောင်း၊ တရုတ်တိုက်လေယာဉ်က ခရီးသည်တင်လေယာဉ်ကို ပစ်ခတ်ခြင်း (သို့မဟုတ်)အတင်းအကျပ် ဆင်းသက်ခိုင်းခြင်းပြုလုပ်ခဲ့ ပါလျှင် မည်သို့သောအကျိုးဆက်ကို ရရှိနိုင်ပါ မည်နည်း။
    အမေရိကန်နိုင်ငံ၏ ရောထွေးနေသည့် အချက်အလက်များ ထုတ်ဖော်နေခြင်းသည် စစ်မက်ဖြစ်ပွား ရန် အလားအလာကို ပိုမိုဖော်ဆောင်ပါသည်။
    ကျွန်ုပ်တို့အားလုံးသိခဲ့သည့်အတိုင်း ပထမကမ္ဘာစစ် မည်ကဲ့သို့ဖြစ်ပွားခဲ့သနည်း။ သေးငယ်သော ဖြစ်စဉ်လေးများအဖြစ် ထင်မှတ်ခဲ့သော်လည်း ကြီးမားပြင်းထန်သော အဆင့်သို့ လျှင်မြန်စွာတိုးတက် ဖြစ်ပေါ်ခဲ့ပါသည်။ ဥရောပတိုက်သည် ပထမကမ္ဘာစစ်ကြောင့် နလံမထူနိုင်ခဲ့သလို နောက်(၂၅)နှစ်အကြာ တွင် ထပ်မံဖြစ်ပွားခဲ့သည့်ပိုမိုကြီးကျယ်သော စစ်ကြောင့် ပိုမိုခံစားခဲ့ရပါသည်။
    မစ္စတာစီကျင်းပင်သည် အခွင့်အရေးကို အရယူတတ်သောခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး မစ္စတာအိုဘေးသည် အခွင့်အရေးကို ထိုမျှလောက်အရ မယူတတ်သော်လည်း အမျိုးသား စိတ်ပြင်းထန်သူ ခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။ အမေရိကန်နိုင်ငံကမူ ဂျပန်နိုင်ငံနှင့် ချုပ်ဆိုထားသောစာချုပ်အရ ကာကွယ် ပေးရမည့် ကတိက၀တ်ရှိသူဖြစ်၍ ပျက်စီးဆုံးရှုံးစေမည့် စစ်ပွဲအလားအလာက ထပ်မံပေါ်ပေါက်နေပါသည်။
    ထိုကဲ့သို့ဖြစ်စဉ်ဖြစ်ရပ်သည် ရှောင်လွဲ၍ မရပါ။ လွန်ခဲ့သောတစ်လခန့်က ဖြစ်နိုင်ချေမရှိပါ။ မဖြစ်နိုင်ပါဟု ဆိုနိုင်မည်ဖြစ်သော်လည်း ယခုတော့ဒီလို မဟုတ်တော့ပါ။
    ထိုစဉ်က ဂျာမဏီနိုင်ငံ၏ တိုးတက်လာသောဖြစ်စဉ်နှင့်တူညီသောအချက်ကလည်း ရှိနေပါသည်။ (၂၀)ရာစု၏ အစောပိုင်းကာလက အင်္ဂလန်နိုင်ငံနှင့် ရေတပ် အင်အားပြိုင်ဆိုင်ရန် အတွက် ဆောင်ရွက်ခဲ့ ပါသည်။ (၁၉၁၁)ခုနှစ်တွင် ဂျာမဏီသည် မော်ရိုကိုနိုင်ငံကို စစ်သင်္ဘောစေ လွှတ်ခဲ့ပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုစဉ်က ပြင်သစ်နိုင်ငံက မော်ရိုကိုနိုင်ငံ၏ ပြည်တွင်းရေုးကို ၀င်ရောက် စွက်ဖက်သော၍ ပြင်သစ် နိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့၏ ဆက်ဆံရေးကို သွေးတိုးစမ်းရန် ဖြစ်ပါသည်။
    ဂျာမဏီနိုင်ငံ၏ ဆောင်ရွက်ချက်(သွေးတိုးစမ်းမှု)သည် ပြင်သစ်နှင့်အင်္ဂလန်နိုင်ငံတို့ကို ပိုမို သွေးစည်းသွားစေသလို ယခု တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်သည် ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံတို့ကို သွေးစည်းသွားစေသလို တစ်ဖက်က အမေရိကန်နိုင်ငံနှင့်ပါ သွေးစည်းသွားစေနိုင်ပါသည်။
    တစ်ချိန်က အင်္ဂလန်နိုင်ငံ ကဲ့သို့ပင် ယခုအခါအမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ ဒေသတွင်း အာဏာအရှိန်အ၀ါကြီးထွားလာမှုနှင့် အခွင့်အရေးရယူမှုဆိုင်ရာစိန်ခေါ်မှုတို့ကြောင့် စိတ်ရှုပ်ထွေး နေရပါသည်။
    တရုတ်နိုင်ငံ၏ သမ္မတသည် ယခုကဲ့သို့ရန်လိုသောဆောင်ရွက်ချက်များကို အဘယ်ကြောင့် လုပ်ဆောင်နေရသနည်း။ သူသည် တရုတ်နိုင်ငံတွင် အာဏာရှိသောနေရာတွင် ရောက်ရှိနေပြီး ယခု ဆုံးဖြတ်ချက်ကို သတိထား၍ ဆောင်ရွက်ခဲ့သည်ဟု မှန်းဆနိုင်ပါသည်။
    သို့သော် သာမန်လေ့လာ ဆန်းစစ်သူအတွက်မူ တရုတ်က လူသူမနေသည့်ကျောက်ဆောင်များကို ရရှိရေးဆောင်ရွက်မှုသည် မိမိ၏ နိုင်ငံအတွက် စိုးရိမ်စရာများကို ပိုမိုဖြစ်ပေါ်စေပါသည်။ မိမိနိုင်ငံသည် များပြားသောစီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် ကမ္ဘာ့စီးပွားရေးတွင် ထဲထဲဝင်ဝင် ၀င်ရောက် နေပါသည်။ သို့သော်ဝင်ငွေကောင်းမွန်သည့်နိုင်ငံအဖြစ်သို့ ရောက်ရှိရန်အတွက်မူ အချိန်ကာလကြာမြင့်စွာ ကြိုးစားရပါဦးမည်ဖြစ်သည်။
    ဤမေးခွန်းကို (၁၉၉၀)ပြည့်နှစ်က ထုတ်ဝေခဲ့သည့်“The Great Illution”(ကြီးမားသော ထင်ယောင်မြင်မှားမှု) စာအုပ်ကို ရေးသားခဲ့သူအင်္ဂလိပ် လစ်ဘရယ်စာရေးဆရာ“Norman Angell”ကို မေးမြန်းခဲ့ပါသည်။ လူအများက ထင်မြင့်ခဲ့သလို သူက အငြင်းအခုံလုပ်ခဲ့သူမဟုတ်သော်လည်း ဥရောပ အင်အားကြီးများ၏ စစ်ပွဲများသည် မျှော်မှန်း မရနိုင်သောဖြစ်ရပ်ဟု ဆိုလောက်အောင် သူက ညံ့ဖျင်းသူ တစ်ဦးမဟုတ်ခဲ့ပါ။
    သူတင်ပြခဲ့သောအချက်မှာ စစ်ပွဲများသည် စစ်အောင်နိုင်သူများအတွက်ပင် အကျိုးမဲ့စေပါသည် ဆိုသည့်အချက်ဖြစ်ပါသည်။ မိမိအောင်နိုင်ခဲ့သော နယ်မြေသည် မိမိနိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်း စေမည့် အကြောင်းမရှိပါ။ ခေါင်းဆောင်များနှင့် ပြည်သူ အများကို ခေတ္တ ရရှိသောအောင်မြင်မှုတွင် ကခုန် မြူတူးစေရန်သာဖြစ်စေပါမည်။
    အဆိုပါခန့်မှန်းချက်သည် အစဉ်အမြဲပင်ပို၍ မှန်ကန်လာပါသည်။ စစ်ပွဲဖြစ်လာပြီဆိုသည်နှင့် စစ်ပွဲ ကို စတင်ခဲ့သည့်အဓိကနိုင်ငံများကို ကြီးကျယ်သော ပျက်စီးမှုကို ဖြစ်စေပါသည်။
    ယနေ့အချိန်အခါတွင် တရုတ်နိုင်ငံအနေဖြင့် ကျောက်ဆောင်အနည်းငယ်ပိုင်ဆိုင်မှုအတွက် အားထုတ်ကြိုးပမ်းခြင်းသည် ဖြစ်လာမည့်အန္တရာယ်များထက် ပို၍ တန်ရာတန်ဖိုးရှိလာနိုင်မည်လော၊ မှန်ပါသည်၊ ရှိလာနိုင်ပါသည်။ ဤတစ်ကြိမ်၊ နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ်စသည်ဖြင့် ရှိလာနိုင်ပါသည်။ ထိုနည်းတူစွာဖြစ်လာမည့်ဆုံးရှုံးမှုများအတွက် မည်သို့မှန်ကန်သည်ဟု ပြောဆိုနိုင်ပါမည်နည်း။
    စစ်ရေးကျွမ်းကျင်သူများ၏ ယူဆချက်မှာ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပါက တရုတ်နိုင်ငံသည် ဆုံးရှုံး ပါလိမ့်မည်။ တရုတ်နိုင်ငံ၏ စီးပွားရေးသည် မယုံနိုင်စရာ တိုးတက်လာနေသော်လည်း အမေရိကန်နိုင်ငံ ထက် သေးငယ်သည့်အပြင် အမေရိကန်နှင့် ဂျပန်နှစ်နိုင်ငံပေါင်းပမာဏနှင့် နှိုင်းယှဉ်လျှင် ပိုမိုသေးငယ် နေပါသည်။ အမေရိကန်နိုင်ငံသည် ယနေ့တိုင်အောင် ကမ္ဘာ့ရေပြင်ကို စိုးမိုးထားဆဲဖြစ်ပါသည်။
    အကယ်၍ရင်ဆိုင်တိုက်ပွဲရောက်ပြီဆိုသည်နှင့် အမေရိကန်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးကို တရုတ် နိုင်ငံနှင့်အဆက်ဖြတ်နိုင်ပါသည်။ ထို့အပြင်တရုတ်နိုင်ငံ၏ နိုင်ငံခြားတွင် ရင်းနှီးမြှပ်နှံထားသော(Liquid Asset)များ၏ အစိတ်အပိုင်းများစွာကို သိမ်းယူနိုင်ပါသည်။ ကမ္ဘာ့စီးပွားရေးကို ကောင်းစွာ ထိခိုက်နိုင်သလို အမေရိကန်နိုင်ငံနှင့် မိတ်ဆွေနိုင်ငံများထက် တရုတ်နိုင်ငံကို ပိုမိုထိခိုက်စေနိုင်ပါသည်။
    တရုတ်နိုင်ငံသည် ဖွင့်ထားရသောစီးပွားရေးဖြစ်ပြီး ပြင်ပနှင့်ဆက်ဆံရသောစီးပွားရေးသည် ပြည်တွင်းစားသုံးမှုကြောင့် ရရှိသောငွေ ပမာဏထက်များစွာ များပြားနေပါသည်။ သယံဇာတချို့တဲ့သောနိုင်ငံ ဖြစ်သည်။ ပြည်ပမှ များစွာဝယ်ယူတင်သွင်းရသောနိုင်ငံဖြစ်ပါသည်။
    စက်မှုနည်းပညာပိုင်းတွင် လျှင်မြန်စွာတိုးတက်နေသည်မှာ မှန်ကန်သော်လည်း ပြင်ပမှ အတတ် ပညာနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် များစွာ မှီခိုနေရဆဲဖြစ်ပါသည်။ စစ်ပွဲတစ်ရပ်ဖြစ်လာပါက အနောက် နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့က မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုလုံခြုံ စိတ်ချရသောနေရာသို့ ရွှေ့ပြောင်းသွားနိုင် ပါသည်။ ထို့အပြင်မိမိ၏ ဂျီဒီပီ၏ (၄)ရာခိုင်နှုန်းရှိသောနိုင်ငံခြားအရံငွေကြေးများကိုလည်း (အများစုယူဆ ထားသလို) ပြည်ပတွင် အပ်နှံထားခြင်းသည်လည်း အန္တာရာယ်ကျရောက်နိုင်ပါသည်။
    Angellပြောခဲ့လိမ့်မည်ဖြစ်သောထင်ရှားသည့်အချက်မှာ စစ်ပွဲဖြစ်ရန် စွန့်စားမှုသည် တရုတ်နိုင်ငံ အတွက် မှန်ကန်သောဖြစ်ရပ်မဖြစ်နိုင်ပါ။ တိုးတက်လာသောကုန်သွယ်မှုနှင့် တစ်ဦးကို တစ်ဦးမှီခို ဆောင်ရွက်သောစီးပွားရေးသည်သာ ပိုမိုအကျိုးရရှိစေပြီး ဖြစ်နိုင်ချေအကောင်းဆုံးဖြစ်ပါသည်။ သို့ဖြစ်၍ နယ်မြေအစွန်အဖျားရှိ အကျိုးနည်းနည်းရရှိစေမည့်စွန့်စားမှုထက် ညှိနှိုင်းဆွေးနွေးပြီး ပိုမိုကြီးမားသော အကျိုးအမြတ်များ ရရှိအောင် ဆောင်ရွက်သင့်ပါသည်။ မည်သည့်အကျိုးအမြတ်ကမဆို ပထမကမ္ဘာစစ်၏ ဘေးဒုက္ခများမှန်ကန်ကြောင်း မပြသနိုင်ပါ။
    သမိုင်းက ကျွန်ုပ်တို့ကို သင်ပြနေသောအချက်မှာ မူလရှိသင့်သည့်အတိုင်းထားရှိခြင်းထက် ပြန်လည်ပြင်ဆင်ထားရှိခြင်းသည် စစ်ပွဲအတွက် ပဋိပက္ခကို ဦးတည်နိုင်သလို ပျက်စီးဆုံးရှုံးမှု၏ နောက်ဆက်တွဲကို ရရှိစေနိုင်ပါသည်။
    အမျိုးသားရေးဆိုင်ရာရည်မှန်းချက်များနှင့် ယခင်ခံစားခဲ့ရသောနာကျည်းချက်များအပေါ် မှားယွင်းမှု သည် လူသားတိုင်း၏ သဘာဝ ကျသောဖြစ်ရပ်များဖြစ်ပါသည်။ သို့သော်ယခုပြုလုပ်သောကစားကွက်သည် အလွန်အန္တရာယ်များပါသည်။ တရုတ်လူမျိုးတို့၏ ရေရှည် အကျိုးစီးပွားအတွက် ခေါင်းဆောင်များက ပြန်လည်စဉ်းစားသင့်ပါသည်။ ရပ်တန့်သင့်ပါသည်။
    (၅-၁၂-၂၀၁၃)နေ့၊ စင်္ကာပူနိုင်ငံထုတ် တူဒေးသတင်းစာ၏ စာမျက်နှာ(၁၄မှ ၁၆)ပါ ဖိုင်နယ်ရှင်တိုင်း သတင်းစာ၏ စီးပွားရေးသုံးသပ်ပညာရှင်၏ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
  • မြန်မာမွတ်စလင် ဒုက္ခသည် အမျိုးသမီးတွေရဲ့ မျှော်လင့်ချက်တွေ ခန်းခြောက်ကုန်ပြီ
    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media
    ဘာသာပြန်ဆိုသူ- O’Laie Manzu
    Refugee-in-Myanmar
    ရန်ကုန်မြို့မှာကျင်းပပြုလုပ်တဲ့ ညီလာခံတစ်ရပ်ကို မြန်မာနိုင်ငံအနှံ့က အမျိုးသမီးတွေ တက်ရောက်ကြပြီး မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရာမှာ ပါဝင်ကြတဲ့ သူတို့ရဲ့အခန်းကဏ္ဍတွေ၊ ပိုမိုကောင်းမွန်တဲ့အနာဂါတ်ဆီကို သူတို့တွေးမြင် ပုံဖော်ကြတာတွေကို စိတ်ဓါတ် ခိုင်မာစွာနဲ့ပြောဆိုခဲ့ကြပါတယ်။
    အဲဒီညီလာခံကျင်းပတဲ့နေရာနဲ့ မိုင်းအနည်းငယ်ဝေးတဲ့ ရခိုင်ပြည်မှာ လူမျိုးရေးဘာသာရေး အကြမ်းဖက်မှုတွေကြောင့် ကျေးရွာတွေကို စွန့်ပြီး ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ အမျိုးသမီးတွေ အဖို့ကတော့ သေခြာရေရာမှုမရှိတဲ့ အနာဂါတ်အတွက်၊ သူတို့ရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်နေကြရပါတယ်။ သူတို့ရဲ့အခြေအနေဟာ အလွန်အမင်း ခက်ထန်လွန်းလို့ ယူအန် အရာရှိတွေကတော့ကတောင် “လိုဏ်ဂူကြီးရဲ့အဆုံးမှာ အလင်းရောင်လေး မတွေ့ရ ရုံတင်မကဘူး၊ လိုဏ်ဂူတောင်မှမရှိတော့ဘူး။” လို့ ပြောဆိုနေပါတယ်။
    အမျိုးသမီး ခြောက်ဦးနဲ့ အမျိုးသားတစ်ဦးပါတဲ့ ကျမတို့ လူတစ်စုကတော့ ကမ္ဘောဒီးယား တက္ကသိုလ်နဲ့ USAID က စီစဉ်ပေးတဲ့ နှစ်ရက်တာ ညီလာခံတစ်ရပ်ကို တက်ဖို့နဲ့ ရခိုင်ပြည်နယ်က အမျိုးသမီးတွေဆီကို သွားရောက်လည်ပတ်ဖို့ သွားရောက်ခဲ့ကြတာပါ။ ကျမတို့တွေကတော့ ဒီမိုကရေစီအသွင် ကူးပြောင်းမှုအတွင်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်ပါတ်သက်မှုကို စမ်းစစ်လေ့လာဖို့အတွက် ရောက်ရှိခဲ့တဲ့ Women’s Refugee Commission က ကိုယ်စားလှယ်တွေဖြစ်ပါတယ်။ ဒီခရီးစဉ်လေးဟာ ကွဲပြားခြားနားနေမှုတွေကို အထင်းသားကြီးတွေ့စေနိုင်တဲ့ ခရီးစဉ်လေးတစ်ခုပါဘဲ။
    မြန်မာနိုင်ငံအတွင်းမှာ လက်ရှိ တိုက်ပွဲဖြစ်နေတာတွေရှိ သလို နှစ်ပေါင်း ခြောက်ဆယ်လောက် ပြည်တွင်း စစ်ဖြစ်နေတဲ့ နိုင်ငံလည်းဖြစ်တဲ့ အတွက် မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေးနဲ့ ပဋိပက္ခ တားမြစ်ရေး စတဲ့ခေါင်းစဉ်တွေကိုဆွေးနွေးကြဖို့ အတွက် ရန်ကုန်မြို့မှာ အမျိုးသမီး ၃၀၀ လောက် စုဝေးခဲ့ကြပါတယ်။ အမေရိကန်သံအမတ် Derek Mitchell က မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသမီးတွေအတူတကွ စုပေါင်းလုပ်ကိုင်ကြဖို့ လိုကြောင်း၊ ဘာသာရေး-လူမျိုးရေး နယ်စည်းခြားနေတာတွေကို ထိုးခွင်းဖို့အတွက် ကျယ်ပြန့်တဲ့ ကွန်ရက်ကြီး တည်ဆောက်ကြဖို့ လိုကြောင်း အကျယ်တဝင့်ပြောဆိုခဲ့ပါတယ်။
    ရွှေရောင်တဝန်းဝန်း ထွန်းလင်းတောက်ပနေတဲ့ ရွှေတိဂုံစေတီကြီးနဲ့ ဗုဒ္ဓဘာသာရဲ့ အရောင်တလင်းလင်းထင်ဟပ်နဲ့ ရန်ကုန်မြို့ကို ကျောခိုင်းပြီး ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှာရှိတဲ့ ဒုက္ခသည်စခန်းတွေဆီရောက်တော့မှဘဲ ဒီနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မျက်ဝါး ထင်ထင်တွေ့မြင်ရပါတော့တယ်။
    မတူခြားနားတဲ့ လက်တွေ့ပုံရိပ်
    အရင်နှစ်တုန်းက အိမ်နီးချင်း ဗုဒ္ဓဘာသာဝင်တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြရတဲ့ မွတ်စလင် တစ်သိန်းလေးသောင်း အတွက် ယိုယိုယဲ့ယဲ့ ဝါးခြမ်း တဲကုပ်လေးတွေကို ဧပြီလလောက် ကမှ လေဟာပြင်ကြီးပေါ်မှာ ဆောက်ထားပေးပါတယ်။ အဲဒီမှာ ရိုဟင်ဂျာ အမျိုးသမီး ကိုးယောက်နဲ့တွေ့ခဲ့တယ်။ သူတို့ရဲ့ဓလေ့ထုံးစံ အတိုင်း ဖိနပ်တွေကို တံခါးဝမှာချွတ်ပြီး ကြမ်းပြင်ပေါ်မှာ အတူတကွထိုင်ခဲ့ကြတယ်။ သူတို့အိမ်ကနေ ထွက်ပြေးလာခဲ့တဲ့အကြောင်း၊ အိမ်တွေ မီးလောင်သွားတဲ့အကြောင်း၊ လူတွေ ထွက်ပြေးကြရင်း ရေနှစ်သေဆုံးကြရတဲ့ အကြောင်းတွေ ပြောပြကြပါတယ်။ အမျိုးသမီးတစ်ယောက်ဆိုရင် လူတစ်ရာလောက်ရှိတဲ့ အုပ်စုထဲက သူမအပါအဝင် သုံးယောက်တည်းသာ အသက်ရှင်ကျန်ခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီအမျိုးသမီးကတော့ ကျမတို့ လည်ပတ်ခဲ့တဲ့ အချိန်တလျှောက်လုံးမှာ နှုတ်ဆိတ်နေပြီး ခပ်လှမ်းလှမ်းကိုဘဲ ငေးကြည့်နေတယ်။
    မြန်မာနိုင်ငံဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အစဉ်တစိုက်အသွင်ကူးပြောင်းလာပေမယ့် ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ အကြားက တင်းမာမူကတော့ ရှိနေပါတယ်။ မွတ်စလင်တွေကို ခွဲခြားဆက်ဆံနေတာတွေ၊ အကြမ်းဖက်နေတာတွေကို ခိုင်ခိုင်မာမာ မပြောရကောင်းလား ဆိုပြီး ငြိမ်းချမ်းရေး နိုဘလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ဒုက္ခသည် စခန်းတွေမှ ကူညီစောင့်ရှောက်ရေး လုပ်သားတွေက စိတ်ပျက်နေကြပါပြီ။ ဒေါ်စုဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတဖြစ်ဖို့ မျော်မှန်းထားပြီး ဒီကိစ္စကြောင့် ဗုဒ္ဓဘာသာဝင် လူများစုငြိုငြင်သွားကြမှာကို မလိုလားဘူးလို့ အများက ထင်ကြေးထုတ်နေကြပါတယ်။
    ရိုဟင်ဂျာ အများသမီးတွေကတော့ သူတို့ ဘဝခက်ထန်မှုတွေအကြောင်း ပြောပြပါတယ်။ တစ်အိမ်တည်းမှာ မိသားစု အများကြီး စုပေါင်းနေကြရတာတွေ၊ တခါတရံ အခန်း တစ်ခုတည်းမှာ လူ ရှစ်ယောက်လောက် စုနေကြရတာတွေ လည်း ရှိတယ်လို့ပြောပြပါတယ်။ ညအမှောင် အတွင်းမှာ အပေါ့အလေး သွားဖို့တောင် အန္တရာယ်မကင်းသလို ခံစားရတယ်လို့ ပြောကြတယ်။ ဒုက္ခသည် စခန်းထဲက ကောင်စီအဖွဲ့မှာတောင် အမျိုးသမီးတွေ မပါတဲ့အတွက် စခန်းထဲက အရေးကိစ္စမှာလည်း အမျိုးသမီးတွေပြောရေးဆိုခွင့် မရှိဘူးလို့လည်း ပြောပါတယ်။ ကလေး အများစု အတွက်လည်း ကျောင်းတွေ မရှိပါဘူး။ ကလေး တချို့ကတော့ နေပူကျဲထဲမှာ ကိုယ်လုံးတီးတွေနဲ့ ပြေးလွှား ကစားနေကြတယ်။
    သြဂုတ်လလောက်မှာတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းက ဆေးခန်းတစ်ခုဖွင့်ပေးပါတယ်။ ဒီဆေးခန်းလေးကြောင့် အဲဒီက လူတွေ တစ်နှစ် အတွင်းမှာ ပထမဆုံးအကြိမ် ဆေးကုသမှုခံယူခွင့်ရကြတာပါ။ အဲဒီက တစ်ဦးတည်းသော ဆရာဝန်ကတော့ တစ်နေ့တစ်နေ့ လူနာ ၂၃၀ လောက်အထိကြည့်နေ ရတယ်လို့ ပြောပါတယ်။ အသက်ရှုလမ်းကြောင်းနဲ့ အရေပြား ပိုးထိတဲ့ ဖျားနာမှုတွေက ကလေးတွေဖြစ်လေ့ ရှိတာတွေ့ရတယ်။ အစားအသောက်တွေကလည်း လျှော့နည်းလာတယ်။ ရေတုန်ကင် တစ်ဝက်လောက်ကလည်း ပျက်နေတယ်။
    အချိန်များများ ငွေရှားရှား
    အမျိုးသမီးအများစုကတော့ လုပ်စရာလည်းမရှိ၊ ပိုက်ဆံရှာစရာ နည်းလမ်းလည်းမရှိတော့ တော်တော်လေးကို စိတ်ပျက်နေကြပါတယ်။ သူတို့ဟာ ဒုက္ခသည် စခန်းထဲကနေ ထွက်လို့လည်းမရ။ ရွာမှာဆိုရင် သူတို့ယောင်္ကျားတွေနဲ့ အတူ ငါးဖမ်းထွက်လိုက်၊ လယ်ဝိုင်းလုပ်လိုက်နဲ့ မောင်တထမ်း မယ်တရွက် ကူလုပ်ပေးကြတယ်။ အခုတော့ ယောင်္ကျားတွေကို ကူလုပ်ပေးဖို့ အနေသာ သူတို့ယောင်္ကျားတွေမှာ ငါးဖမ်းပိုက်တွေလည်း မရှိ၊ လှေတွေနဲ့လည်းဝေး၊ မြေတွေလည်း ဆုံးလို့။ မောင်ရော မယ်ပါ ငုတ်တုတ်တုတ်လေးတွေ ထိုင်နေကြရရှာတယ်။ ဒီကြားထဲ လင်မယားပြဿနာတွေလည်း ပိုများလာတယ်။
    ဒီအမျိုးသမီးတွေက အပ်ချုပ်စက်လေးတွေနဲ့ အဝတ်အထည်တွေ လုပ်ချင်တယ်ဆိုတော့လည်း သူတို့ အတွက် ဈေးကွက်က မရှိ။ ဆိတ်တွေကို ချက်ပြုတ်စားသောက်ဖို့နဲ့ ရောင်းဝယ်ဖို့အတွက် မွေးမြူရေးလေး လုပ်ပါရစေဆိုတော့လည်း အဲဒီမြေနေရာမှာ ဒါတွေလုပ်ခွင့် မရှိဘူးလို့ တားမြစ်ထားတဲ့အတွက် ယူအန်ကလည်း မကူပေးနိုင်ဘူး။
    “ဒီလူတွေ အသက်ရှင်ရပ်တည်ဖို့အတွက် ကြံစရာဖန်စရာ နည်းလမ်းတွေ မရှိတော့ဘူးဖြစ်နေပြီ” လို့ ယူအန် အရာရှိတစ်ယောက် ကပြောတယ်။ “တော်တော်လေးကို စိတ်ဓါတ်ကျကုန်ပြီ” ကောက်ချက်ချပါတယ်။ တချို့ အမျိုးသမီးတွေ ဆိုရင် မိသားစု အသက်ဆက်ကြဖို့အရေး ခန္ဓာကိုယ်ရောင်းရတဲ့ ဘဝမျိုးတောင်ဖြစ်လာနေပြီ။
    အမျိုးသမီးအများစုကတော့ သူတို့ရဲ့ နေအိမ်လေးတွေဆီကိုဘဲ ပြန်ချင်ကြတယ်။ ဒါပေမယ့် အစိုးရကတော့ အခုအချိန်မှာ ဒီလူတွေအတွက် ဘာအစီအစဉ်မှ မရှိဘူး။ အိမ်ပြန်ခွင့်လည်းမပေး၊ အခြေချနေထိုင်ခွင့်လည်း မပေးဘူး။ မြန်မာနိုင်ငံမှာ မျိုးရိုးစဉ်ဆက် အလိုက်နေထိုင်လာခဲ့ကြတာတောင် ဘင်္ဂလားဒေ့ရှ်က တရားမဝင်ခိုးဝင်လာသူတွေလို့ဘဲ သက်မှတ်နေကြတယ်။
    ကျမတို့လည်း လည်ပတ်ပြီးတော့အပြန်မှာ သူတို့တွေရဲ့ဘဝအေ ကြာင်းပြောပြတာကို ကျေးဇူးတင်တယ် လို့ပြောခဲ့ပါတယ်။ ဒါပေမယ့် သူတို့က “လည်ပတ်တဲ့ သူတွေလာကြတယ်။ ကျမတို့ကပြော၊ သူတို့ကနားထောင်။ ပြီးတော့ ပြန်သွားကြတယ်။ ကျမတို့အတွက် ဘာမှမပြောင်းသွားဘူး” လို့ပြန်ဖြေကြတယ်။ ကျမတို့က ဘာကတိကဝတ်မှမပြုနိုင်ပေမယ့် Women’s Refugee Commission ကတော့ သူတို့ရဲ့ဘဝနေထိုင်နိုင်မှုကို ပညာရှင်တွေစေလွှတ်ပြီး စမ်းစစ်ဖို့ စဉ်းစားနေပါတယ်။
    Women’s Refugee Commission ရဲ့ ဦးဆောင်ညွန်ကြားရေးမှူး Sarah Costa က “သူတို့ရဲ့ ကြောက်ရွံ့မှုတွေ၊ အထီးကျန်မှုတွေ အစရှိတဲ့ စိတ်ဝေဒနာတွေကို ကုစားပေးနိုင်မယ့် နည်းလမ်းတွေရှာနိုင်အောင်၊ ဘဝရပ်တည်မှုအတွက် အခြေခံလိုအပ်ချက်တွေပြည့်ဝရအောင်၊ လက်တလော စခန်းတွင်း စီးပွားရေး လည်ပတ်နိုင်အောင် သူတို့ရဲ့ ဘဝခရီး ဆက်နိုင်ရေးအတွက် နည်းလမ်းရှာရာမှာ ကျမတို့တတွေလည်း ဝိုင်းကူကြဖို့လိုတယ်။” လို့ပြောပါတယ်။
    မှတ်ချက်။ Jurate Kazickas ရေးသားပြီး Women’s eNews မှာဖော်ပြထားတဲ့ “Myanmar Female Muslim Refugee Run Out of Hope” ဆောင်းပါးကို O’Laie Manzu မှာ ဆီလျှော်အောင် ဘာသာပြန်ထားပါတယ်။
    O’Laie Manzu ဘာသာပြန်ပြီး M-Media ကိုပေးပို့ထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။