News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • မြန်မာ့မြေမှ တိုင်းရင်းသား ညီအကို မောင်နှမများ (၁၃၅)

    မြန်မာ့မြေမှ တိုင်းရင်းသား ညီအကို မောင်နှမများ (၁၃၅)

    စည်းလုံးချင်းရဲ့ အင်အား ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

    Link >>http://photayokeking.org/rule-of-law/rule-of-laws/125-about-all-myanmar-ethnic

    တိုင်းရင်းသား ညီအမများ

    စာဖတ်သူများခင်ဗျား

    ပင်တိုင် ဆောင်းပါးရှင် ဆရာဂါမဏိက မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး နအဖက ကြေညာထားချက် အပေါ်တွင် အချက်အလက် အထောက်အထားများဖြင့် မှားယွင်းနေကြောင်း ထောက်ပြ ရှင်းလင်းထားတဲ့ ဆောင်းပါးတစ်ပုဒ် ပေးပို့လာပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ဆရာဂါမဏိကို ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင် ရှိပါကြောင်းနဲ့ စာဖတ်ပရိသတ်များအတွက် ဗဟုသုတ ရရှိစေဖို့ ကျွန်တော် ကိုဖိုးတရုတ်က တင်ပြပေးလိုက်ရပါတယ် ခင်ဗျား။

    နအဖဟာ အရင်အစိုးရအဆက်ဆက်နဲ့ လမ်းခွဲထွက်လာတာဖြစ်တယ်၊ အရင်အစိုးရတွေထက်သာတယ်လို့ ဝါကြွားနေပေမဲ့ ဦးနုအစိုးရလုပ်ခဲ့တဲ့ ကမ္ဘာအေးလှိုဏ်ဂူ၊ နေဝင်းလုပ်ခဲ့တဲ့ မြန်မာစာ ရေးရာမှာ တစ် ခု-တစ် ယောက် စသဖြင့် သုံးစွဲရေး၊ စောမောင်ထွင်ခဲ့တဲ့ မြန်မာနိုင်ငံတိုင်းရင်းသား ၁၃၅ မျိုး၊ ခင်ညွန့်ထွင်ခဲ့တဲ့ မြန်မာအစ-လူသားအစ ပုံတောင်ပုံညာက ဆိုတဲ့အယူအဆတွေကို ဆက်ကျင့်သုံးနေပါတယ်။ အခုဆောင်းပါးမှာတော့ မြန်မာပြည်မှာ တိုင်းရင်း သား ၁၃၅ မျိုးတကယ်ရှိမရှိကို ဆန်းစစ်ဖော်ထုတ်သွားပါမယ်။

    ပထဆုံး ကချင် လူမျိုးတွေကိုကြည့်ရင် နဝတ-နအဖက ကချင် ၁၂ မျိုး လို့ဖော်ပြထားရာမှာ လူမျိုးတမျိုး ထဲက ဆွေမျိုးစုကွဲ၊ ဘာသာစကားလေယူလေသိမ်းကွဲတွေကို သီးခြားလူမျိုးအဖြစ် ဇွတ်အတင်းပြထားပါတယ်။ ဒါ့အပြင် ကချင်ဆိုတဲ့နာမယ်နဲ့ လူမျိုးတမျိုး သီးသန့်ပြထားသလို ဂျင်းဖောနာမယ်နဲ့လည်း ပြထားပြန်တယ်။ တကယ်တော့ ကချင်ဆိုတာ အားလုံးကိုခြုံခေါ်တဲ့နာမယ်ဖြစ်မှန်း လူတိုင်းသိပေမဲ့ နအဖဟာ လူမျိုးအရေအတွက် ဖောင်းပွစေ ချင်လွန်းအားကြီးလို့ သီးသန့်လူမျိုးမဟုတ်တာကို အဟုတ်ကြီးလုပ်ထည့်တာဖြစ်တယ်။ နအဖ စာရင်းထဲက ဂေါ်ရီ၊ ခခူ နဲ့ ဒူးလန်းတို့ဟာ ဂျင်းဖောအနွယ်ကွဲတွေသာဖြစ်ပြီး သီးခြားလူမျိုးစုတွေ မဟုတ်ပါဘူး။ ခခူနဲ့ဒူးလန်း ဆိုရင် မျိုးနွယ်ကွဲတခုတည်းကိုဘဲ နာမယ်နှစ်မျိုး ခေါ်ထားတာဖြစ်ပါတယ်။ ကချင် ၁၂ မျိုးထဲက တမျိုးအဖြစ်ပြထားတဲ့ တရုမ်းနဲ့ဒလောင် ဆိုတာလည်း ရဝမ် မျိုးကွဲဖြစ်ပါတယ်။ ဒါကြောင့် နအဖပြောတဲ့ ကချင် ၁၂ မျိုးဟာ လက်တွေ့မှာ ၆ မျိုးဘဲဖြစ်ပါတယ်။

     နအဖစာရင်း အမှန်စာရင်း
     ၁  ကချင်  ဂျိန်းဖော၊ မရူ၊ ရဝမ်၊ လရှီ၊ အဇီးနှင့် လီဆူးတို့ကို လွှမ်းခြုံခေါ်ဝေါ်သည့် အမည်
    တရုမ်း ရဝမ်မျိုးနွယ်စု
    ဒလောင် ရဝမ်မျိုးနွယ်စု
     ဂျိန်းဖော  ၁  ဂျိန်းဖော (ဂေါ်ရီ၊ ခခူ၊ ဒူးလန်းနှင့် အခြား မျိုးနွယ်စုများပါဝင်)
    ဂေါ်ရီ ဂျိန်းဖောမျိုးနွယ်စု
    ခခူ ဂျိန်းဖောမျိုးနွယ်စု
    ဒူးလန်း ဂျိန်းဖောမျိုးနွယ်စု
     မရူ (လော်ဝေါ်)  မရူ
    ရဝမ် ရဝမ် သို့မဟုတ် နုံး (ဒလောင်၊ တရုမ်းနှင့် အခြား မျိုးနွယ်စုများ ပါဝင်)
    ၁၀ လရှီ (လချိတ်) လရှီ
    ၁၁ အဇီး အဇီး သို့မဟုတ် ဇိုင်ဝါး
    ၁၂ လီဆူး လီဆူး သို့မဟုတ် ယောယင် သို့မဟုတ် လီရှော
    ၁၂ စုစုပေါင်း စုစုပေါင်း

    နအဖရဲ့ ကယား လူမျိုးစာရင်းထဲမှာ လူမျိုး ၉ မျိုးပြထားတယ်။ ဒီထဲမှာ ဇယိမ်း၊ ကယန်း၊ (ပဒေါင်)၊ ကဲ့ခို၊ ယင်းဘော် ဆိုတဲ့လေးမျိုးဟာ တကယ်တော့ ကယန်း (ပဒေါင်) လူမျိုးရဲ့ အမည်ကွဲတွေ သို့မဟုတ် မျိုးနွယ်ကွဲတွေ သာဖြစ်လို့ နအဖပြောတဲ့ ၉ မျိုးဟာ လက်တွေ့မှာ ၅ မျိုးဘဲဖြစ်သွားပါတယ်။ ဂေဘားလူမျိုး ကတော့ ဘွဲကရင် သို့မဟုတ် ကယားထဲမှာ ပါဝင်ပါတယ်။

     နအဖစာရင်း အမှန်စာရင်း
     ၁  ကယား  ၁ ကယား
    ဇယိမ်း ကယန်းမျိုးနွယ်စု
    ကယန်း (ပဒေါင်) ကယန်း (ပဒေါင်၊ ကဲ့ဒို၊ ယင်းဘော်၊ ဇယိမ်းတို့ ပါဝင်)
    ကဲ့ဒို ကယန်းမျိုးနွယ်စု
    ဂေဘား ဘွဲကရင်မျိုးနွယ်စု
    ဘရဲ့ (ကယော) ကယော
    မနုမနော မနုမနော
    ယင်းတလဲ ယင်းတလဲ
    ယင်းဘော် ကယန်းမျိုးနွယ်စု
    စုစုပေါင်း စုစုပေါင်း

    နအဖရဲ့ကရင် လူမျိုး ၁၁ မျိုးစာရင်းဟာလည်း လူမျိုးတမျိုးထဲရဲ့ နာမယ်ကွဲတွေ၊ မျိုးနွယ်စုကွဲတွေကို သီးခြား လူမျိုးတွေအဖြစ် ဖန်တီးထားတယ်။ အားလုံးကိုလွှမ်းခြုံခေါ်တဲ့ ကရင်လူမျိုး ကသတ်သတ်၊ စကော ပိုး ဘွဲ စတဲ့လူမျိုး ကသတ်သတ်လုပ်ထားတာ အင်မတန်ရယ်စရာကောင်းပါတယ်။ လူမျိုးတွေဖောင်းပွစေချင်လွန်းလို့ ကြံမိကြံရာ လုပ်လိုက်တာ တိုင်းပြည်အုပ်ချုပ်နေတဲ့အစိုးရ အရည်အချင်းမဲ့မှုကို ပြတာလည်းဖြစ်သွားတယ်။ ကိုယ့်တိုင်းပြည်က လူမျိုးနာမယ်တောင် အမှန်အတိုင်းမသိဘဲ အစိုးရလုပ်နေရသလား၊ ဒါလောက်လေးမှ မသိဘူးလားလို့ အများမေးငေါ့ စရာ ဖြစ်ကုန်ပါတယ်။ ကရင်လူမျိုးဟာ ၃ မျိုးဘဲရှိပါတယ်။ ပကူး၊ တလှေပွား၊ မောနေပွား ဆိုတာတွေဟာ စကော ကရင် မျိုးနွယ်ကွဲတွေဖြစ်သလို ကရင်ဖြူ၊ ပလေကီး ကတော့ ဘွဲကရင်ရဲ့ အမည်ကွဲနဲ့ မျိုးနွယ်ကွဲသာဖြစ်ပါတယ်။ မိုးပွား နဲ့ မွန်ကရင်ဆိုတာ ပိုးကရင်ဖြစ်ပြီး စာဖြူကရင်ဆိုတာကတော့ လူမျိုးကိုပြောတာမဟုတ်ဘဲ ခရစ်ယန်ဘာသာ ဝင်တွေကို ပြောတာဖြစ်တဲ့အတွက် နအဖရဲ့ ကလိမ်ကကျစ်လုပ်မှုကို ထင်ရှားနေစေပါတယ်။

    ကယား၊ ကယန်းလူမျိုးများဟာ ရင်းမြစ်အားဖြင့် ဘွဲကရင်လူမျိုးဖြစ်ပေမဲ့ မျက်မှောက်ကာလမှာတော့ သီးခြား လူမျိုးတွေအဖြစ် ရပ်တည်သွားကြပါပြီ။ ကယားလူမျိုးထဲထည့်ထားတဲ့ ဂေဘားလူမျိုးကလည်း ဘွဲကရင်ဘဲ ဖြစ်ပါတယ်၊ သီးခြားလူမျိုးအမှတ်အသားလက္ခဏာ ခံယူတဲ့အနေအထားမရှိသေးဘဲ ဘွဲကရင်မျိုးနွယ်ကွဲ အမှတ်အသားလက္ခဏာ ကိုသာ ခံယူနေဆဲဖြစ်ပါတယ်။ ပအိုဝ်းလူမျိုးကတော့ နဂိုမူလရင်းမြစ်အားဖြင့် ပိုးကရင် ဖြစ်ပေမဲ့ အခုတော့ သီးခြားလူမျိုး လက္ခဏာ ခံယူထားပြီဖြစ်တယ်။

     နအဖစာရင်း အမှန်စာရင်း
     ၁  ကရင် စကော၊ ပိုးနှင့် ဘွဲတို့ကို ခြုံ၍ ခေါ်သော အမည်
    ကရင်ဖြူ ဘွဲကရင်မျိုးနွယ်စု သို့မဟုတ် အမည်ကွဲ
    ပလေကီး ဘွဲကရင်မျိုးနွယ်စု
    မွန်ကရင် (စာဖြူ) ပိုးကရင်အမည်ကွဲ၊ စာဖြူဆိုသည်မှာ ခရစ်ယာန်ဘာသာဝင်ကို ဆိုလို
    စကော  ၁ စကော (ပကူး၊ တလှေပွား၊ မောနေပွားနှင့် အခြား မျိုးနွယ်စုများ ပါဝင်)
    တာလှေပွား စကောကရင်မျိုးနွယ်စု
    ပကူး စကောကရင်မျိုးနွယ်စု သို့မဟုတ် အမည်ကွဲ
    ဘွဲ ဘွဲ (ကရင်ဖြူ၊ ပလေကီး၊ ဂေဘားနှင့် အခြား မျိုးနွယ်စုများ ပါဝင်)
    မောနေပွား စကောကရင်မျိုးနွယ်စု
    ၁၀ မိုးပွား ပိုးကရင်မျိုးနွယ်စု
    ၁၁ ရှူး (ပိုး) ပိုး (မိုးပွား၊ မွန်ကရင်နှင့် အခြား မျိုးနွယ်စုများ ပါဝင်)
    ၁၁ စုစုပေါင်း စုစုပေါင်း

    နအဖစာရင်းထဲမှာ အဆိုးဆုံးကတော့ ချင်း လူမျိုး ၅၃ မျိုးပြထားတာပါဘဲ။ ထုံးစံအတိုင်း ချင်း ဆိုတဲ့နာမယ် နဲ့ လူမျိုးတမျိုးလည်းပြထားပါသေးတယ်။ ၅၃ မျိုးထဲမှာ ချင်းလူမျိုးအဖြစ် အမှတ်အသားလက္ခဏာ identity မသတ် မှတ်နိုင်တဲ့ နာဂ၊ မဏိပူရနွယ်ဘွားကသည်း နဲ့ နီပေါနွယ်ဘွားလင်းဘု ကိုလည်းထည့်ထားတယ်။ ဒီကနေ့ ချင်းနိုင်ငံရေး ပါတီတွေနဲ့ပညာရှင်များ လက်ခံအတည်ပြုထားတာ ချင်းလူမျိုး ၈ မျိုးဘဲဖြစ်ပါတယ်။ လူမျိုး Race/Tribe မဟုတ်တဲ့ မျိုးနွယ်စု/ဆွေမျိုးစု Clan ၊ စကားဝဲအစု Dialect တွေကို ရောနှောပြထားတဲ့ ၅၃ မျိုးကို သရုပ်ခွဲလိုက်ရင် အခုလို တွေ့ရပါတယ်။

     နအဖစာရင်း အမှန်စာရင်း
     ချင်း ဇိုမီး၊ ကူကီး၊ လိုင်မီး၊ မရာ၊ ချိုမီး၊ ခမီး၊ ရှိုမီးနှင့် မီဇိုတို့ကို လွှမ်းခြုံခေါ်သောအမည်
    ၁၀ ခေါနိုး၊ ဂန်တဲ့၊ ဂွေးတဲ၊ ငန်း၊ ဆီစာန်၊ ဆိုင်းဇန်၊ ဇို၊ တီးတိန်၊ တေဇန်၊ ဒင်မ် ဇိုမီးချင်း
    ခေါင်ဆိုင်၊ တာ့ဒိုး ကူးကီးချင်း
     ၁၅ ခွာဆင်းမ်၊ ခွန်လီ၊ ဆင်တန်၊ ဇာဟောင်၊ ဇိုဖေ၊ ဇန်ညှပ်၊ တပေါင်၊ တိုင်ချွန်း၊ တောရ်၊ မိအဲ၊ လင်တဲ၊ လောက်တူ၊ လိုင်၊ လိုင်ဇို၊ ဇိုတု့း လိုင်မီးချင်း
    မရာ၊ မတူ မရာ
    ဒိုင် (ယင်ဒူး)၊ မကန်း၊ မွင်း၊ အုပု၊ ရောင်တူ ချိုမီးချင်း
    ခမီ၊ အဝခမီ၊ ခေါင်စို၊ ပနန်း၊ လေးမြို၊ ဝါကင်းမ်၊ အနူး ခမီးချင်း(မြို)
    ဆလိုင်း၊ အရှို ရှိုမီးချင်း
    ကလင်ကော (လူရှိုင်း)၊ လူရှိုင်း (လူရှေ)၊ ဟွာလ်ငို မီဇိုချင်း (လူရှိုင်း)
    နာဂ၊ တန်ခူး၊ မာရင်၊ အနန် နာဂ
    မေ့ထေး (ကသည်း) မဏိပူရ်
    လင်းဘု နီပေါ
    ၅၃ စုစုပေါင်း  ၈+၃ စုစုပေါင်း

    ကူကီး (သာဒိုး) ဟာ ရင်းမြစ်အားဖြင့် ဇိုမီးလူမျိုးဖြစ်ပေမဲ့ အခုတော့ သီးခြားလူမျိုးအဖြစ် ရပ်တည်ပါပြီ။ လိုင်မီး ရင်းမြစ်ဖြစ်တဲ့ မရာ ဟာလည်း အခု သီးခြားလူမျိုးအဖြစ် ရပ်တည်နေပါပြီ။ နအဖဟာ ခမွီးနဲ့မြို ကို ရခိုင်လူမျိုး ထဲထည့်မထားရင် ချင်း ၅၅မျိုး ဖြစ်သွားနိုင်တယ်။ ချင်းပုန်း၊ ချင်းဘုတ် စတဲ့နာမယ်ကွဲတွေ ထပ်ထည့်လိုက်ရင် နအဖရဲ့ ချင်းစာရင်းဟာ ၁ဝဝ နားကပ်သွားနိုင်ပါတယ်။ နာဂလူမျိုးကိုတော့ ချင်းလူမျိုးထဲ သတ်မှတ်ထည့်သွင်းလို့ မရဘဲ သီးခြားမြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးတမျိုးအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ နအဖရဲ့ချင်းတွေလိုဘဲ နာဂထဲက ဆွေမျိုးစု၊ စကားဝဲအစုတွေက အနည်းဆုံး ၆၄ မျိုးရှိလို့ ချင်းထက်များပါတယ်။ နာဂလူမျိုးမှာ ပြည်နယ် မရှိလို့ ချင်းလို လူမျိုးအများကြီး ခွဲမပြတာဖြစ်ပါလိမ့်မယ်။ နို့မဟုတ်ရင် နအဖရဲ့ မြန်မာပြည် “တိုင်းရင်းသားအရေအတွက်” ၃ဝဝ ကျော်သွားနိုင်ပါတယ်။

    နအဖစာရင်း အမှန်စာရင်း
    ဗမာ ဗမာ (ယော)
    ထားဝယ် ထားဝယ်
    ဘိတ် ထားဝယ်စကားဝဲအစု
    ယော ဗမာစကားဝဲအစု
    ကဗိန်း ယဗိန်း
    ကဒူး ကဒူးကနန်း
    ကနန်း ကဒူးကနန်းမျိုးနွယ်စု
    ဆလုံ ဆလုံ
    ဖွန်း ဖွန်း
    စုစုပေါင်း ၄+၂ စုစုပေါင်း

    နအဖက ဗမာ (ခေါ်) မြန်မာလူမျိုးစုအရေအတွက်ကို နဝင်းကျေအောင် ၉ ခုပြထားပါတယ်။ ယော၊ ထားဝယ်နဲ့ ဘိတ် တို့ကို သီးခြားလူမျိုးတွေအဖြစ် ပြထားတယ်။ စကားဝဲ dialect အစုကွဲသာဖြစ်တယ်လို့ မနုဿဗေဒပညာရှင်များနဲ့ ဘာသာဗေဒပညာရှင်များ သတ်မှတ်ထားတာ အားလုံးအသိပါဘဲ။ အခုအချိန်ထိတော့ ဒီအစုတွေဟာ သီးခြားလူမျိုး သရုပ်လက္ခဏာနဲ့ ရပ်တည်ချင်စိတ်ပြင်းပြတာ ကျယ်ကျယ်ပြန့်ပြန့်မရှိသေးပါဘူး။ နောင်မှာတော့ ဘိတ်နဲ့ထားဝယ်ဟာ သီးခြား သရုပ်လက္ခဏာနဲ့ ရပ်တည်ချင် ရပ်တည်လာနိုင် ပါတယ်။ နအဖဟာ ရှမ်းပြည်က သီးခြားဗမာလူမျိုးစုအနွယ်ဝင် ဓနု၊ တောင်ရိုးနဲ့ အင်းသား ကိုတော့ ရှမ်းလူမျိုးထဲ ထည့်ထားပါတယ်။ ကဒူးနဲ့ကနန်းကိုလည်း ခွဲပြထားသလို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ထဲက ဖွန်းလူမျိုးနဲ့ တိဘက်-ဗမာ အနွယ်မဟုတ်တဲ့ ဆလုံတွေကို ဗမာလူမျိုးထဲ ထည့်ထားတာတွေဟာ မနုဿဗေဒအသိ နုံ့နဲ့ရာကျပါတယ်။ စစ်ကိုင်းတိုင်းထဲက နာဂတွေကျတော့ ချင်းလူမျိုးထဲ ထည့်ထားပေမဲ့ ကချင်ပြည်နယ်ထဲက ကဒူး ကနန်းတွေကိုတော့ ဗမာလူမျိုးထဲ ထည့်ထားတယ်။

    နအဖဟာ မွန် ကိုတော့ တမျိုးထဲပဲပြထားပြီး တခြားမွန်ခမာမျိုးနွယ်တွေဖြစ်တဲ့ ဝ၊ ပလောင်၊ ယင်းနက် ယင်းကျား စတာတွေကို ရှမ်းလူမျိုးတွေထဲထည့်ပြထားပါတယ်။

     နအဖစာရင်း အမှန်စာရင်း
     မွန် မွန်
    စုစုပေါင်း စုစုပေါင်း

     

     နအဖစာရင်း အမှန်စာရင်း
     ရခိုင် ရခိုင်
    ကမန် ကမန်
    ခမွီး ခမီးချင်း
    ဒိုင်းနက် ဒိုင်းနက်
    မရာမာကြီး မရမာကြီး
    မြို ခမီးချင်းမျိုးနွယ်စု
    သက် သက်
    စုစုပေါင်း စုစုပေါင်း

    ရခိုင် လူမျိုးကို ၇ မျိုးစာရင်းပြထားရာမှာ တကယ်တော့ ခမွီး နဲ့မြို (မရို) ဟာ ရခိုင်ပြည်မှာနေတဲ့ ခမီးချင်းတွေ ဖြစ်ပြီး နအဖရဲ့ ချင်း ၅၃ မျိုးဆိုတဲ့အထဲပါပြီးဖြစ်ပါတယ်။ ဒါ့အပြင် ခမွီးနဲ့မြို ဟာ သီးခြားလူမျိုးနှစ်မျိုးမဟုတ်ဘဲ တမျိုး တည်းအောက်က မျိုးနွယ်ကွဲတွေသာ ဖြစ်ပါတယ်။

    နအဖစာရင်းပါ ရှမ်း ၃၃ မျိုးကတော့ ရှမ်းတင်မကဘဲ ဗမာမျိုးနွယ်တွေ၊ ပအိုဝ်း လို တခြားတိဘက်ဗမာမျိုးနွယ်တွေ၊ မွန်ခမာမျိုးနွယ်တွေစသဖြင့် ရောထွေးနေပါတယ်။ ရှမ်းကြီးနဲ့ တိုင်းလုံ ဆိုတာ တခုတည်းဖြစ်ပြီး ရှမ်းကလေးနဲ့ တိုင်းလေ့ ဟာလည်း တမျိုးတည်းဖြစ်တယ်။ ခန္တီးရှမ်း နဲ့ တိုင်းလျမ် ကိုပြထားပေမဲ့ တိုင်းနူ (ရှမ်းတရုတ်)၊ တိုင်းလီ၊ တိုင်းလျန် (ရှမ်းနီ) နဲ့ ဒရယ် ကိုချန်ထားတယ်။ တိုင်း (ရှမ်း) လူမျိုးတွေဟာ သီးခြားလူမျိုးတွေအဖြစ် သရုပ်လက္ခဏာခံယူမလား၊ တိုင်းလူမျိုးကြီးထဲက မျိုးနွယ်ကွဲ၊ စကားဝဲ အစုကွဲတွေအဖြစ်သာ ခံယူမလား ဆိုတာတော့ ဆက်လက်ဖော်ထုတ်ရအုံးမှာ ဖြစ်ပါတယ်။

    အင်၊ စုံ၊ ဝ နဲ့ တိုင်းလွယ် တို့ဟာ တမျိုးတည်း ဖြစ်ပါတယ်။ (တိုင်းလွယ် ကိုတော့ သီးခြားမွန်ခမာလူမျိုးတခု အဖြစ် ယူလို့ရနိုင်တယ်။) ကွီ နဲ့ လားဟူ မကွာသလို ဖျင်နဲ့ အခါလည်း အတူတူပါဘဲ။ ပလေးနဲ့ပလောင် တမျိုးတည်း ဖြစ်သလို မြောင်ဇီး၊ ယအို (ယောင်) နဲ့ အိုက်ဆွယ် တမျိုးတည်းဖြစ်ကြပါတယ်။ နယ်ချင်းထိစပ်နေလို့ ယူနန်တရုတ် လူမျိုးကို (ယူနန်တရုတ် မဟုတ်ဘဲ မင်မင်းဆက် နောက်ဆုံးဘုရင်နဲ့အတူပြေးလာတဲ့ မြောက်ပိုင်းသား မန်ဒါရင်တရုတ် လို့လဲ တချို့သမိုင်းတွေမှာ ဆိုပါတယ်) ဗမာပြည်ရဲ့ တိုင်းရင်းသား ကိုးကန့်လူမျိုးအဖြစ် သတ်မှတ်ထားတာတွေ့ရသလို ယွန်း (မြောက်ပိုင်းထိုင်း) လူမျိုး၊ ခမူ (လော) လူမျိုး၊ ရှမ်းကလေး (ဝါ) တိုင်းလေ့ (ထိုင်း)၊ တိုင်းလျမ် (ယူနန်) လူမျိုးတို့ကိုလည်း မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးအဖြစ် သတ်မှတ်ထားတာတွေ့ရတယ်။ ချင်းပြည်ဘက်မှာလည်း ကသည်း (မဏိပူရ) လူမျိုး၊ လင်းဘု (နီပေါ) လူမျိုးတို့ကို တိုင်းရင်းသားသတ်မှတ်ထားပေမဲ့ အလားတူ ဗမာပြည်နယ်နိမိတ်ထဲ နေထိုင်နေတဲ့ တိုင်းလိ (ယူနန်)၊ ပသျှူး (မလေး)၊ တိဘက်၊ ဂေါ်ရခါး (နီပေါ)၊ စစ်တကောင်းဘင်္ဂါလီ (ဘင်္ဂလားဒေ့ရှ်) တို့ကိုတော့ တိုင်းရင်းသားအဖြစ် ဖော်ပြထားတာမတွေ့ရပါဘူး။

     နအဖစာရင်း အမှန်စာရင်း
    ရှမ်း၊ ရှမ်းကြီး၊ တိုင်းလုံ တိုင်းလုံ (တိုင်းယိုင်)
    ဂုံ တိုင်းခွန် (ဂုံ)
    မောရှမ်း တိုင်းမော
    တိုင်းလျမ် တိုင်းလျမ် (ယူနန်)
    ခန္တီးရှမ်း တိုင်းခမ်းတီး (ကချင်)
    ရှမ်းကလေး၊ တိုင်းလေ့ တိုင်းနွဲ့ (ထိုင်း)
    ယွန်း တိုင်းယွန်း (ဇင်းမယ်ထိုင်း)
    ပလေး၊ ပလောင် ပလောင်
    ဝ၊ အင်၊ စုံ
    တိုင်းလွယ် ၁၀ တိုင်းလွယ် (ဝ)
    ဓနု ၁၁ ဓန
    တောင်ရိုး ၁၂ တောင်ရိုး
    ဓနော ၁၃ ဓနော
    လားဟူ၊ ကြီ ၁၄ လားဟူ
    ကော်၊ ဖျင် ၁၅ အခါ
    ခမူ ၁၆ ခမူ (လော)
    မြောင်ဇီး၊ ယောင်၊ အိုက်ဆွယ် ၁၇ မြောင်
    ကိုးကန့် ၁၈ ကိုးကန့် (တရုတ်)
    အင်းသား ၁၉ အင်းသား
    ပအိုဝ်း ၂၀ ပအိုဝ်း
    ယင်းကျား၊ ယင်းနက် ၂၁ ယင်း
    မိုင်းသာ ၂၂ မိုင်းသာ
    ၃၃ စုစုပေါင်း ၂၂ စုစုပေါင်း

    ဒါကိုချုပ်ကြည့်လိုက်ရင် နအဖပြောတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဆိုတာမှာ ၇၆ မျိုးဟာ စာရင်းထပ်နေတာ၊ လုပ်ကြံတည်ထွင်ထားတာဖြစ်နေပြီး (၅၉) မျိုးသာ တကယ်အမှန်အကန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဗမာပြည်မှာ လူမျိုး ၅၉ မျိုးသာရှိတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ထမန်၊ တိုင်းလျန်(ရှမ်းနီ)၊ ဒရယ်၊ ဗမာမူဆလင် (မြေဒူး၊ ဇေဒဘာရီ)၊ တို့နဲ့ နယ်စပ် ဟိုဘက် ဒီဘက်ခွနေလေ့ရှိတဲ့ တိဘက်၊ ဂေါ်ရခါး၊ တိုင်းလိ၊ တိုင်းနူ(ရှမ်းတရုတ်)၊ မလေး-ပသျှူး၊ စစ်တကောင်း သားဘင်္ဂါလီ တို့လို ဒီစာရင်းထဲမပါဘဲ ကျန်နေတဲ့လူမျိုးတွေ ရှိပါတယ်။ ဒီထဲမှာ ယဗိန်း၊ ဓနော၊ ဒရယ်၊ ထမန်၊ ဖွန်း၊ ခမူတို့ဟာ မျိုးတုံးလုဆဲဆဲ၊ သို့မဟုတ် လူဦးရေရာဂဏန်းလေးသာရှိတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ဒါ့အပြင် သီးခြားလူမျိုးအဖြစ် အမှတ်လက္ခဏာသစ်ခံယူလိုတဲ့ သို့မဟုတ် မခံယူလိုတဲ့ မျိုးနွယ်ကွဲတွေ ရှိနိုင်ပါသေးတယ်။ ရှမ်းလူမျိုးကွဲတွေထဲက သီးခြားလက္ခဏာအမှတ်အသား မခံယူလိုတာရှိရင် ၅၉ မျိုးထက် လျော့နိုင်ပါတယ်။

    ဘယ်လိုဘဲဖြစ်ဖြစ် ဗမာပြည်ရဲ့ တိုင်းရင်းသားလူမျိုးအရေအတွက်ဟာ ၇ဝ မကျော်ပါဘူး။ ဒါပေမဲ့ နအဖဟာ တိုင်းရင်းသား လူမျိုးအရေအတွက် ဆယ်ဂဏန်းမပြည့်လည်း အကြောင်းအမျိုးမျိုးပြပြီး စစ်အာဏာရှင်စနစ် ထူထောင်မှာပါဘဲ။ နအဖ စကား၊ နအဖစာရင်းတွေဟာ ဘယ်လိုမှ စိတ်ချယုံကြည်စရာမရှိဘူး ဆိုတာရယ်၊ ကိုယ်အုပ်ချုပ်နေတဲ့နိုင်ငံထဲက လူမျိုး တွေကိုတောင် မှန်မှန်ကန်ကန် စာရင်းကောက်နိုင်တဲ့ အရည်အချင်း မရှိဘူးဆိုတာကိုတော့ ၁၃၅ မျိုးစာရင်းက သက်သေ ခံနေပါတယ်။

  • တိုင်းရင်းသားတွေကို ဖုတ်စား၊ ပြုတ်စား၊ သုတ်စားကြသူများ

    စက်တင်ဘာ၊ ၂၁
    ဆောင်းပါးရှင်- အောင်တင်

    ခုတလော တိုင်းရင်းသားလူမျိုး (၁၃၅)မျိုးဆိုပြီး ဝန်ကြီးဦးခင်ရီခမျာ ထပ်တလဲလဲ ပြောနေလိုက်ရတာ တတွေး(တံတွေး)တောင် သီးလောက်ပေပြီ။ မကြာသေးခင်က တိုင်းရင်းသားလူမျိုး (၁၀၁)မျိုးဆိုပြီး သူဘဲ အခုလို ထပ်တလဲလဲ မြည်ခဲ့တာကို မေ့သွားရှာပြီနဲ့ တူပါတယ်။ မှတ်ညာဏ်က တိုသကိုး။

    ဒီတော့ တိုင်းရင်းသား (၁၃၅)မျိုး ဘယ်ကရသလဲ ဆိုတာကို ဆန်းစစ်ဖို့လိုပါတယ်။ တစ်ကယ်တော့ စစ်အစိုးရတွေက တိုင်းရင်းသားတွေ ဘယ်လို ပြန့်နှံ့နေထိုင် ဝတ်စားကြတယ်၊ အသက်မွေးကြတယ်။ ဘယ်လို ယဉ်ကျေးမှုတွေ၊ ဓလေ့တွေ ရှိကြတယ်။ ဘာကြောင့် တိုင်းရင်းသား (၁၃၅)မျိုးဆိုတဲ့ အရေအတွက်ကို ရခဲ့တယ်ဆိုပြီး တိုင်းရင်းသား ပြည်သူလူထုကို တင်ပြတာမျိုး၊ ညှိနှိုင်းတိုင်ပင်တာမျိုး၊ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဒါ့အပြင် ဘာကြောင့် ၁၃၅ဆိုတဲ့ ဂဏန်းကိုမှ ရွေးခဲ့တာလဲ ဆိုတာက မေးခွန်းထုတ်စရာ ဖြစ်တယ်။

    ဒေါ်စုက မြန်မာပြည်မှာ တိုင်းရင်းသားဆိုပြီး တိတိကျကျ သတ်မှတ်ထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိတဲ့အတွက် ရှုပ်ထွေးမှုတွေဖြစ်နေတယ်။ တိကျရှင်းလင်းစွာ သတ်မှတ်မှုတွေ လိုအပ်နေပြီလို့ ဆိုခဲ့တာ ကြာပါပြီ။

    တိုင်းရင်းသားပါတီ ခုနစ်ပါတီဖြင့် စုဖွဲ့ထားတဲ့ “ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း”ကလည်း မြန်မာနိုင်ငံမှာ အဓိက လူမျိုးကြီး ရှစ်မျိုးရှိပြီး မျိုးနွယ်စုပေါင်း (၁၃၅)မျိုးရှိတယ်လို့ အစိုးရက ပြောဆိုနေမှုကို ကန့်ကွက်ကြောင်း၊ ၂၀၁၃ခု မတ်လ(၂-၃)ရက်နေ့က ပြုလုပ်သော နှစ်လတကြိမ် လွှတ်တော် အစည်းအဝေးအပြီးမှာ ကြေညာချက် ထုတ်ပြန်ခဲ့တယ်။

    “လွှတ်တော်မှာ လဝကဒုတိယဝန်ကြီး ဦးဝင်းမြင့်က တိုင်းရင်းသား ၁၃၅မျိုး နာမည်တွေ ချပြတယ်၊ နာမည်ထပ်နေတာ တွေ့ရတယ်။ ရှမ်းမှာဆိုလျှင် ရှမ်း၊ရှမ်းကြီး၊ တိုင်းလျမ်တို့ဆို တမျိုးတည်းပဲ၊ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးရှိသည်ဟု သုံးနှုန်းခြင်းသည် မျိုးနွယ်စုများလွန်း၍ တစ်မျိုးစီ၏ အခွင့်အရေးအား သီးခြား ဆောင်ရွက်ပေးရန် ခက်ခဲသည်ဟု နိုင်ငံရေးအရ အကြောင်းပြရန် ဖြစ်နိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမိုးအောင်ကလည်း ကန့်ကွက် ထောက်ပြခဲ့ပြီးဖြစ်တယ်။

    တိုင်းရင်းသား(၁၃၅)မျိုးကို လက်မခံနိုင်ဘူးဆိုရင် အဲဒီ(၁၃၅)မျိုးကို ရယူခဲ့တဲ့ မူလအခြေခံ တိုင်းရင်းသား (၁၄၄)မျိုးကိုကော ဘယ်လိုသတ်မှတ်ထားခဲ့သလဲ။ ဘာကြောင့် (၁၄၄)ဆိုတဲ့ ဂဏန်းကို ရခဲ့ပြန်တာလဲ။ ဒါကလည်း စိတ်ဝင်စားစရာပါ။

    တလောတုန်းက ဝန်ကြီးဦးခင်ရီနှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးတို့ ထပ်တလဲလဲ ရွတ်ခဲ့တဲ့ တိုင်းရင်းသားလူမျိုး (၁၀၁)မျိုးကိုကော အခု ဘယ်နေရာမှာ ချောင်ထိုးလိုက်ပြန်ပလဲလို့ မေးလိုပါတယ်။ ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီက ပါတီမှတ်ပုံတင်တော့ ဇိုမီးလူမျိုးဆိုတာ တိုင်းရင်းသားလူမျိုး (၁၀၁)မျိုးထဲမှာ မပါဘူးဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာမှ ကြားဖူးရတဲ့ တိုင်းရင်းသားလူမျိုး(၁၀၁)မျိုးကို ဘယ်သူက ဘယ်တုန်းက ပြည်ထောင်စုလွှတ်တော်ကို ဘေးချိတ်ပြီး တိတ်တိတ်ကြိတ် သတ်မှတ်ခဲ့တာလဲ။ ပြည်သူကို တာဝန်ခံမဲ့ ပွင့်လင်းမြင်သာသော ပြည်သူ့အစိုးရဖြစ်တယ်လို့ ဦးသိန်းစိန် အကြိမ်ကြိမ်ဆိုခဲ့တာနဲ့ မဆန့်ကျင်နေဘူးလား။ ဒါဆို တိုင်းရင်းသားလူမျိုး (၁၃၅)မျိုးထဲက (၁၀၁)မျိုးဘဲကျန်အောင် တိုင်းရင်းသား(၃၄)မျိုးကို ဘယ်ချောင်မှာ ဘယ်သူ့အမိန့်နဲ့ လူမသိ သူမသိ သွားသတ်(GENOCIDE)လိုက်ပြီလဲလို့ မေးရပါမယ်။

    ဇိုမီးတွေက တင်းခံတော့ ဇိုမီးကို တိုင်းရင်းသားအဖြစ် လကံ္ခလိုက်ရတယ်။ ဒါဆို တိုင်းရင်းသား (၁၀၂)မျိုးဖြစ်ရမှာပေါ့။ မဟုတ်ရပါဗျာ။ ဇိုမီးကို တိုင်းရင်းသားအဖြစ် လက္ခံပြီးနောက်ပိုင်းလည်း တိုင်းရင်းသားလူမျိုးက (၁၀၁)မျိုးပါဘဲ။ တိုင်းရင်းသား(၁၀၁)မျိုးထဲက ကံဆိုးသူမောင်ရှင် ဘယ်တိုင်းရင်းသားကို ဖြုတ်ထုတ်သတ် လုပ်လိုက်လဲ မသိပြန်ဘူး။

    တော်တော် လက်ယဉ်ကြတယ်နော်။ မူလတိုင်းရင်းသား (၁၄၄)က ထင်ရာမြင်ရာ ခုတ်ဖြတ်ပြီး (၁၃၅) လုပ်တယ်။ နောက် (၁၃၅)ကနေ ဖြုတ်ချင်ရာ ဖြုတ်ပြီး (၁၀၁)မျိုး လုပ်ချလိုက်ပြန်တယ်။ နောက်တစ်ခါ မဖြစ်ချေဘူး ပြန်ထဲ့ပြန်ထဲ့ဆိုပြီး (၁၃၅)ပြန်တိုး လိုက်ပြန်တယ်။ တိုင်းရင်းသားတွေ ရှိစေ၊ ပျောက်စေ၊ ရှင်စေ၊ သေစေ၊ ပြန်ရှင်စေဆိုတဲ့ အခွင့်အာဏာ သူတို့ကို ဘယ်တိုင်းရင်းသား ပြည်သူက အပ်နှင်းထားသလဲ။

    ဒီနေရာမှာ ဘာကြောင့် (၁၃၅)ဆိုတဲ့ ဂဏန်းက (၁၀၁)ဆိုတဲ့ ဂဏန်းကို ဗိုလ်ချုပ်တွေ တန်းတန်းစွဲ ကြိုက်သွားပြန်ရတာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ဒါကလည်း တစ်မျိုး စိတ်ဝင်စားစရာပါ။

    တစ်ကယ်တော့ သူတို့တွေဟာ တိုင်းရင်းသားတွေ တစ်ကယ်ရှိတာ၊ မရှိတာ၊ တိုင်းရင်းသားဘဝ တိုးတက်တာ မတိုးတက်တာ၊ တရားတာ၊ မတရားတာတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ကြဘူး။ သူတို့နားလည်တဲ့ တိုင်းရင်းသားဆိုတာ တစ်နှစ်တစ်ခါ ပြည်ထောင်စုနေ့တွေမှာ တိုင်းရင်းသူချောချောလေးတွေက သူတို့ကို ကပြဖျော်ဖြေတာရယ်၊ ခေါ်ရင်လာ၊ ခိုင်းတာလုပ်၊ ပေးတာယူ၊ ပြန်မပြောနဲ့ရယ်နဲ့၊ သူတို့ရဲ့ တန်းတူညီမျှမှုဆိုတာက ကရင်တစ်ကျပ် ဗမာတစ်ကျပ်၊ ချင်းတစ်ကျပ် ဗမာတစ်ကျပ်၊ မွန်တစ်ကျပ် ဗမာတစ်ကျပ်နဲ့ နောက်ဆုံး တိုင်းရင်းသား အသီးသီးက တစ်ကျပ်စီ ရသွားတဲ့အခါမှာ သူတို့က ခုနှစ်ကျပ်တိတိကို သပိတ်ဝင် အိတ်ဝင် ရသွားတာဘဲဖြစ်တယ်။ ဒါ့ထက် ဘယ်တုန်းကမှ ပို မသိဘူး။

    မြန်မာ့သမိုင်းမှာ တိုင်းရင်းသားလူမျိုးစာရင်း မှတ်တမ်းမှတ်ရာ ဘယ်လိုရှိခဲ့သလဲဆိုတာကို လေ့လာကြရအောင်။

    ကုန်းဘောင်ခေတ်က ပုဂံခေတ်အထိ အဓိကကျတဲ့ လူမျိုးအုပ်စုကြီးတွေဖြစ်တဲ့ မြန်မာ၊ ကရင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ မွန်၊ ကချင်စတဲ့ အမည်တွေသာ မှတ်တမ်းတင်ခံရတာ များပါတယ်။ ဂျွန်း၊ တောင်သူ၊ ပျူ၊ ကဒူး၊ သက်၊ တရုတ်(စိန့်)၊ တရက်(မွန်ဂို)၊ ကုလား၊ ပသီ၊ ပန်းသေး(ပန်းသီ)တို့ကိုလည်း ရံဖန်ရံခါ ဖေါ်ပြခဲ့တယ်။ ဒါလောက်ဘဲ။ ဘယ်တုန်းကမှ တိုင်းရင်းသား (၁၃၅)မျိုးဆိုတာ မရှိခဲ့ဘူး။

    အင်္ဂလိပ်ခေတ်မှာ လူမျိုးအမည်အချို့ကို ဖေါ်ပြခဲ့သော်လည်း တိုင်းရင်းသား (၁၃၅)မျိုး ရှိကြောင်းမှတ်တမ်း မရှိဖူးဘူး။ ဒေသိယဘာသာစကားအပါအဝင် ဘာသာစကားပေါင်း (၆၅)မျိုးရှိကြောင်းကို ၁၉၁၁သန်းခေါင်စာရင်းနှင့် တရုပ်နှင့် အိန္ဒိယစကားအပါအဝင် ဘာသာစကား (၁၃၅)မျိုးရှိကြောင်းကို ၁၉၃၁သန်းခေါင်စာရင်းမှာ ဖေါ်ပြခဲ့ဘူးတယ်။

    လွတ်လပ်ရေးရပြီး ဖဆပလ၊ ပထစ၊ အိမ်စောင့်အစိုးရ ဘယ်ကာလမှာမှ တိုင်းရင်းသား (၁၃၅)မျိုးဆိုတာ နတ္ထိ မရှိ။ မဆလခေတ်ဦးမှာလည်း ကြားတောင် မကြားဖူးဘူး။

    ပထမဆုံး တိုင်းရင်းသားစာရင်းကို မှတ်တမ်းမှတ်ရာနဲ့ တွေ့မိတာက ၁၉၇၂ခု ဒီဇင်္ဘာ(၉)ရက်နေ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ပြည်ထဲရေးနှင့် သာသနာရေး ဦးစီးဌာနက ထုတ်ပြန်တဲ့ တိုင်းရင်းသား (၁၄၄)မျိုး စာရင်းဖြစ်တယ်။ (၁၄၄)ထဲမှာ မြန်မာမွတ်စလင်(ပသီ)၊ ရိုဟင်ဂျာ၊ မြေဒူး၊ ပသျှူး(မလေး)၊ ပန်းသေးတို့ ပါဝင်တယ်။ စဉ်းစားစရာ ကောင်းတာက လူမျိုး(၁၄၄)ကို ၁+၄+၄လုပ်ကြည့်ရင် ၉ ဂဏန်းကို ရခြင်းဘဲ။ လူမျိုး (၁၄၄)မျိုးရှိလို့ ၁၄၄လို့ သတ်မှတ်တာလား။ ကိုးဂဏန်းရအောင် (၁၄၄)မျိုးလို့ သတ်မှတ်ခဲ့တာလား။

    နောက်တိုင်းရင်းသား (၁၃၅)မျိုးဆိုတာကို မူလ(၁၄၄)မျိုးထဲမှာ ပါဝင်တဲ့ အစ္စလာမ်သာသနာဝင် တိုင်းရင်းသား အများအပြားကို ဖြုတ်၊ ဖဆပလ၊ မဆလ ခေတ်အဆက်ဆက်က တရုပ်တွေဖြစ်တယ်ဆိုပြီး ဖယ်ထားခဲ့တဲ့ ကိုးကန့်ကို တိုင်းရင်းသားလုပ် အသစ်ဖြည့်ထဲ့ပြီး ဗိုလ်ချုပ်မှူးကြီးစောမောင်က ၁၉၈၉ ဇူလိုင် (၅) သုံးနာရီကြာ မိန့်ခွန်းမှာ မာရှယ်လောနဲ့ ကြေငြာသွားခဲ့တာဖြစ်တယ်။ တိုင်းရင်းသားလူမျိုး (၁၃၅)မျိုးထက် မာရှယ်လောလူမျိုး(၁၃၅)မျိုးလို့သာ ခေါ်သင့်တယ်။ စဉ်းစားစရာ ဖြစ်ရပြန်တာက လူမျိုး(၁၃၅)ကို ၁+၃+၅ ဆိုရင် ၉ ဂဏန်းကို ရနေပြန်ခြင်းဘဲ။

    နောက်တခါ တိုင်းရင်းသား (၁၀၁)မျိုးဆိုတာက ဘယ်လိုဂဏန်းမျိုးဖြစ်လို့ တန်းတန်းစွဲ နေကြပြန်သလဲ။

    ကမ္ဘာ့နိုင်ငံတွေမှာ ကိုယ့်ပြည်သူတွေ ရေတွက်ရလွယ်အောင် ၁၀တန်၊ ၂၀တန်၊ ၁၀၀တန် ငွေစက္ကူတွေ ထုတ်နေကြပေမဲ့ လူထုဒုက္ခရောက်တာကို ဂရုမစိုက်တဲ့ မြန်မာစစ်အစိုးရ ဗေဒင်ရူး၊ ယတြာရူးတွေက ထူးထူးဆန်းဆန်း ၁၅ကျပ်တန်၊ ၄၅ကျပ်တန်၊ ၉၀ကျပ်တန် ငွေစက္ကူတွေ ထုတ်ခဲ့ကြတယ်။ အခုလည်း တိုင်းရင်းသား တစ်ကယ်ရှိတာ၊ မရှိတာထက် သူတို့ အာဏာသက်ရှည်ရေးအတွက် ကိန်းဂဏန်းကောင်းကောင်းရပြီး ယတြာချေဖို့လောက်သာ အာရုံရှိတဲ့ လူတစ်စုပါ။

    ဇိုမီးတွေကို တိုင်းရင်းသား လူမျိုး(၁၀၁)မျိုးထဲမှာ မပါဘူးလို့ လူသိရှင်ကြား ငြင်းခဲ့တယ်။ ဇိုမီးတွေကို တိုင်းရင်းသားအဖြစ် ပြန်လက်ခံပြီးတော့လည်း (၁၀၁)မျိုးဘဲဆိုခဲ့တာကို ကြည့်ခြင်းဖြင့် လူမျိုး (၁၀၁)ပါး ခစားရတဲ့ ထီးဖြူဆောင်း မြန်မာစကြာဝတေးမင်းရူး ရူးနေကြပြန်ပြီ တူပါရဲ့ဗျာ။ တခြား ဘာရောဂါ ရှိအုံးမှာလဲ။

    ဦးခင်ရီတို့ အခု ပြောနေတဲ့ ဒီတိုင်းရင်းသား (၁၃၅)မျိုးကိုဘဲ ဘယ်လောက် မှန်သလဲဆိုတာ ဆန်းစစ် ကြည့်ရအောင်။

    လူမျိုးအုပ်စုကြီး ရှစ်စု(ဗမာ၊ ကရင်၊ ကချင်၊ ချင်း၊ ရှမ်း၊ ကယား၊ မွန်၊ ရခိုင်)ဆိုတဲ့ အုပ်စုကြီး ရှစ်အုပ်စုလုံး တစ်အုပ်စုမကျန် အကုန်လွဲပါ။ မဆီမဆိုင်တဲ့ လူမျိုးငယ်တွေကို ဗရမ်းဗတာ ပေါင်းထဲ့ ချဲ့ကားထားတာက မြင်မကောင်း ရှုမကောင်းပါဘဲ။

    ကချင်အုပ်စုမှာ ကချင်နဲ့ ဂျိန်းဖော အတူတူဘဲကို နှစ်မျိုးခွဲလိုက်တယ်။ ဂေါ်ရီ၊ ခခူ၊ ဒူးလန်းတို့ဟာ ဂျိန်းဖော(ကချင်)ဖြစ်လျှက်နဲ့ ထပ်ခွဲထုတ်ပြန်တယ်။ တစ်ကယ်ဖြစ်သင့်တာက (၆)မျိုးကို (၁၂)မျိုးလုပ်ထားတယ်။

    ကယားလူမျိုး (၉)မျိုးမှာ ဇယိမ်း၊ ကယန်း၊ ပဒေါင်၊ ကဲ့ခို၊ ယင်းဘော်ဆိုတာ မျိုးတူ အမည်ကွဲတွေဖြစ်တယ်။ ကယားလူမျိုး (၅)မျိုးရှိမဲ့နေရာမှာ (၉)မျိုးလုပ်ပစ်တယ်။

    ကရင်ကိုလည်း ကရင်၊ စကော၊ ပိုး၊ ဘွဲဆိုပြီး ကရင်ကို ကရင်အဖြစ်က ခွဲထုတ်ပြီး (၃)မျိုးဖြစ်ရမှာကို (၁၁)မျိုး လုပ်ပြန်တယ်။

    ချင်းလူမျိုးကွဲတွေ သတ်မှတ်ပုံက တာဝန်အမဲ့ဆုံးနှင့်၊ အကျည်းတန်ဆုံးဖြစ်တယ်။ ချင်းလူမျိုး(၅၃၀) မလုပ်ဘဲ (၅၃)မျိုးဘဲလုပ်ခဲ့လို့ သူတို့ကို ကျေးဇူးပြန်တင်ရမလိုပါဘဲ။ ကာယကံရှင် ချင်းတိုင်းရင်းသားတွေကို အချင်းချင်း ပွင့်လင်းစွာ တိုင်ပင်ခွင့်ပြုမယ်ဆိုရင် ချင်းလူမျိုး (၈)မျိုးမှ (၁၀)မျိုးကျော်ကျော်လောက် ဖြစ်သွားနိုင်ပါတယ်။

    ဗမာအုပ်စုကို ဗမာဖြစ်တဲ့ ယော၊ ထားဝယ်၊ ဘိတ်ကို အတင်းခွဲထုတ်ပြီး ကိုးနဝင်းကြေတဲ့လူမျိုး ကိုးမျိုး လုပ်ချလိုက်ပြန်ရော။ ငါရှင်ဘုရင် ဘယ်နှစ်ပတ် လှည့် လှည့်ပေါ့။

    မွန်ကျတော့ မွန်ခမာအနွယ်ဝင် ဝ၊ ပလောင်တွေကို ရှမ်းအုပ်စုမှာ ထဲ့လိုက်ပြီး မွန်ကို တစ်မျိုးတည်းဖြစ်အောင် လုပ်တယ်။ ကျန်တဲ့လူမျိုးတွေကို မတရားဖောင်းပွခိုင်းပြီး မွန်ကျမှ အထီးကျန်ဖြစ်အောင် ထားချင်ဟန်တူပါရဲ့။

    ရခိုင်အုပ်စုထဲမှာ ချင်းတွေဖြစ်တဲ့ ခမွီးနဲ့ မြိုကို နှစ်မျိုးခွဲပြီး ထဲ့ထားတယ်။ ခမွီးနဲ့ မြိုက လူမျိုးတစ်မျိုးတည်းက မျိုးနွယ်ကွဲတွေဖြစ်တယ်။ ရခိုင်အုပ်စုနဲ့ မဆိုင်ပါ။

    ရှမ်းတွေကိုလည်း အစိပ်စိပ်အမွှာမွှာ ခွဲခြားဖြစ်တဲ့အပြင် တိဗက်မြန်မာ၊ မွန် ခမာတွေကို ထဲ့ထားတယ်။ ရှမ်းလူမျိုး (၃၃)က (၂၁)မျိုးလောက်ဘဲ တစ်ကယ်ရှိနေနိုင်တယ်။

    အသေအချာစိစစ်ရင် တိုင်းရင်းသား (၁၃၅)က လူမျိုး (၆၀)လောက်ဘဲရှိမယ်။ ပါသင့်လျှက် ချန်ထားတဲ့ ဂေါ်ရခါး၊ ပန်းသေး၊ ပသီ(မြန်မာမွတ်စလင်)၊ ရိုဟင်ဂျာ၊ ပသျှူး(မလေး)၊ မြေဒူး စသည်တို့ကို ပေါင်းထဲ့ရင် (၇၀)တောင် ပြည့်မယ် မထင်ပါ။

    တိုင်းရင်းသားအဖြစ် သတ်မှတ်ခြင်းနှင့် ရပိုင်ခွင့်ပြသနာတွေကို ဖြေရှင်းဖို့ ပထမခြေလှမ်းအဖြစ် ဦးသိန်းစိန်အစိုးရ အခုကိုင်စွဲကျင့်သုံးနေတဲ့ တိုင်းရင်းသားအဖြစ် သတ်မှတ်ခြင်းနှင့် ပယ်ဖျက်ခြင်း အာဏာကို ပြည်ထောင်စု လွှတ်တော်ကို ချက်ချင်းလွှဲအပ်သင့်ပါတယ်။ ဒီအာဏာမျိုးကို အစိုးရထက် လွှတ်တော်ကသာ ကိုင်တွယ်ကျင့်သုံးသင့်တယ်။

    နောက်တဆင့်အနေနဲ့ ဦးသိန်းစိန်အစိုးရက ပါတီစွဲ မရှိဘဲ၊ သမိုင်းအချက်အလက်နှင့် တိုင်းပြည်တည်ငြိမ်၊ တိုးတက်ရေးကို အာရုံထားပြီး ဒီမိုကရေစီနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်တွေ့ကျကျ ပေါင်းစပ်နိုင်တဲ့ တိုင်းရင်းသားရေးရာ ညီလာခံတစ်ရပ်ကို စနစ်တကျ အလျှင်အမြန် ကျင်းပပေးခြင်းဖြင့် လမ်းကြောင်းမှန်ပေါ် တက်သင့်တယ်။

    ဒီလိုညီလာခံမျိုးကို အဆင့်နှစ်ဆင့်ခွဲပြီး ဖြတ်သန်းဖို့ ပြင်ဆင်ထားသင့်တယ်။ ကာလရှည်ကြာ အဖိနှိပ်ခံနေရတဲ့ တိုင်းရင်းသားတွေရဲ့ မိမိကိုယ်ကို တန်ဖိုးပြန်မြှင့်လိုမှုတွေ (Identity Protection or Reassertion)နှင့် မိမိကိုယ်ကို လုံခြုံမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ (Security and Self-determination)ကို အဆင့်တစ်ခုထားရှိ ဖြတ်သန်းရေးက ပထမအဆင့်ဖြစ်တယ်။ အဲဒီ ပထမအဆင့်ကို တပ်မတော်နှင့် ဦးသိန်းစိန်အစိုးရက အမျှော်အမြင်ကြီးမှု၊ သဘောထားကြီးမှု၊ သတ္တိရှိမှုဖြင့်သာ ဖြတ်သန်းနိုင်မယ်။ နို့မဟုတ်ရင် တိုင်းပြည်က ဒုံရင်းပြန်ဖြစ်သွားမယ်။ ဘယ်အဆင့်တွေနှင့် ဘယ်လိုဖြတ်ကျော်ရမယ်ဆိုတဲ့ အသေးစိပ်ကို တစ်ဖွဲ့ကောင်း၊ တစ်ဦးတစ်ကောင်း မည်သူမျှ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။ တိုင်းရင်းသားများ၊ နိုင်ငံရေးအင်အားစုများ၊ တပ်မတော်အားလုံး တန်းတူရည်တူ ပါဝင်ဆွေးနွေး ဆုံးဖြတ်ကြရမှာဖြစ်တယ်။

    ပထမအဆင့်ကို ကာလတစ်ခုဖြတ်ကျော်နေစဉ် လုံခြုံမှုတွေ၊ စိတ်ချမှုတွေ၊ ယုံကြည်မှုတွေ ရရှိလာအောင် အားလုံးဝိုင်း ကြိုးစားကြရမယ်။ တရားဥပဒေကလည်း စိုးမိုးလာမယ်ဆိုရင် တိုင်းရင်းသားအခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးနှစ်ခု တူညီတဲ့ ကာလတစ်ခုကို ရောက်လာမှသာ ခြံစည်းရိုး ခတ်ထားတာတွေ၊ တံခါးတပ်ထားတာတွေ၊ သံသယကြောင့် ဖန်တီးထားတဲ့ အတားအဆီးတွေကို အားလုံးသဘောတူ ဖယ်ထုတ်နိုင်မှာ ဖြစ်တယ်။

    တစ်ကယ်တော့ တိုင်းပြည်တပြည်မှာ တိုင်းရင်းသား (၁၄၄)မျိုးဖြစ်ဖြစ်၊ (၁၃၅)မျိုးဖြစ်ဖြစ်၊ (၁၀၁)မျိုးဖြစ်ဖြစ်က အရေးမကြီးပါဘူး။ အရေးကြီးတာက တိုင်းရင်းသား၊ နိုင်ငံသားအချင်းချင်း ခွဲခြားဆက်ဆံမှုတွေ မရှိကြဖို့ဖြစ်တယ်။

    တိုင်းပြည်တပြည်မှာ အဆင့်နှိမ့်ခံထားရတဲ့ ကြီးမားသော လူအုပ်စုကြီးတစ်စု တည်ရှိနေခြင်းကို ခွင့်ပြုထားခြင်းကိုက တရားမျှတမှု၊ လွတ်လပ်မှုအတွက် စိန်ခေါ်မှုကြီးဖြစ်နေပါပြီ။ အဖိနှိပ်ခံရသူတွေက ဖိနှိပ်မှုမှ လွတ်မြောက်အောင် ကြိုးစားကြမယ်။ ဖိနှိပ်သူတွေက ဖိနှိပ်ရေးယန္တရား ရှင်သန်နေအောင် မောင်းနှင်နေကြမယ် ဆိုကတည်းက တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ၊ အချိန်တွေကို ဖြုံးတီးရာလည်း ကျနေတယ်။ တိုင်းပြည် မတည်ငြိမ်အောင် တမင်ဖန်တီးထားသလိုလည်း ဖြစ်တယ်။ တဖန် အနှိမ်ခံထားရသူတွေက သဘာဝအရ ပိုကြိုးစားဖို့လိုလို့ ပိုကြိုးစားကြတော့ ပိုတော်လာကြတယ်။ အလိုအလျှောက် အပေါ်စီးရနေသူတွေက အခွင့်ထူးခံဖြစ်လာပြီး ကြိုးစားမှု လျှော့လျှဲလာမယ်ဆိုရင် ပိုညံ့လာကြမယ်။ ကျနော်တို့လို ဖူးသစ်စ နိုင်ငံတစ်ခုရဲ့ နိုင်ငံသားတွေအတွက် ဘယ်လိုမှ မကောင်းနိုင်တဲ့ ရေခံမြေခံတွေလည်းဖြစ်တယ်။

    လူဦးရေ ထူထပ်တဲ့ နိုင်ငံကြီးတွေကြား ညှပ်နေတဲ့ မြန်မာပြည်ရဲ့ လုံခြုံရေးက အရေးကြီးတယ်ဆိုတာနဲ့ နိုင်ငံခြားသားတွေကို အလွယ်တကူ နိုင်ငံသား မပေးသင့်ဘူး ဆိုတာကို ထောက်ခံပါတယ်။ နယ်စပ်လုံခြုံရေးကို တင်းကြပ်ထားရပါမယ်။ သို့သော် ဒါကြောင့် တရားဝင်ရှိနေတဲ့ နိုင်ငံသားတွေကို မတရား ဖိနှိပ်တာက ဘာမှ မဆိုင်ပါဘူး။

    ရိုဟင်ဂျာတွေ မြန်မာပြည်က အခွင့်သင့်တိုင်း ခိုးထွက်နေလို့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်(Boat People) ပြသနာက ဒေသဆိုင်ရာ ပြသနာ(Regional Issue)မက သြစတေလျအထိတောင် ရိုက်ခတ်နေလို့ ကမ္ဘာ့ပြသနာ ဖြစ်နေတာလည်း ကြာပါပြီ။ သမ္မတဦးသိန်းစိန်နှင့် လူဝင်မှုဝန်ကြီး ဦးခင်ရီတို့က ခိုးဝင်လာသူဆိုတာ မရှိသလောက် ဖြစ်ပါတယ်လို့ လူသိရှင်ကြား ပြောကြားခဲ့သော်လည်း ခိုးဝင် ဘင်္ဂါလီဆိုပြီး ကျားကျား မီးယပ် မလုပ်ကောင်းပါဘူး။ ဆင်ခြင်သင့်ပြီ။

    Muzaw
    Ref: Link 1 Click Here

    Ref: Link 2 Click Here

    သမ္မတရုံးညွန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေးက ဘင်္ဂါလီ အကြမ်းဖက် လက်နက်ကိုင်တွေ ကျူးကျော်လာလို့ ကာကွယ်ရမယ် ဆိုပါတယ်။ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးသိန်းဌေးက ဘင်္ဂလားဒေ့ရှ်က ဘယ်လက်နက်ကိုင်မှ မဝင်လာဘူးဆိုခဲ့တဲ့ သာဓကကိုလည်း သင်္ခန်းစာ ယူဖို့လိုပါတယ်။

    ၂၁ရာစုလို ခေတ်မျိုးမှာ ရခိုင်ပြည်နယ်ရဲ့ ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ ရိုဟင်ဂျာတွေကို အဆင့်နိမ့်ထားပြီး ရခိုင်ပြည်နယ် လုံခြုံရေး၊ တိုးတက်အေး၊ အေးချမ်းရေးကို လုံးဝ မဖေါ်ဆောင်နိုင်ဘူးဆိုတာလောက်ကို ရခိုင်အမျိုးသားတွေ မြင်သင့်ပြီ။ တိုင်းရင်းသားပြသနာကို နောက်မှာခဏထားပြီး နိုင်ငံသားချင်း တန်းတူထား မဆက်ဆံနိုင်ရင် အဖြေ မရှိပါဘူး။

    နိဂုံးချုပ်အနေနှင့် ဘာသာရေးကို အခြေခံပြီး လူမျိုးရေးတရား လုပ်နေတာမျိုးကို ချက်ချင်း ရပ်ပစ်ဖို့ တောင်းဆိုပါတယ်။

    ဒီနေရာမှာ ဝန်မင်းဦးခင်ရီ ကိုယ်တိုင်က အင်မတန်လိုက်ဖက်တဲ့ ပုံစံ(Perfect Candidate) ဖြစ်နေလို့ ဥပမာဆောင်ချင်ပါတယ်။ နားနဲ့ မနာ၊ ဖဝါးနဲ့ နာပါ ဝန်မင်း။

    နာမည်ကိုက ဦးစန်းယု၊ ဦးရှုမောင်ကဲ့သို့ အမည်မျိုးရှိသော ဦးခင်ရီမှာ ကုလားကဲ့သို့သော မဲမှောင်သော အသားအရေနှင့် တရုပ်ကဲ့သို့သော ဗန်ဒါစေ့ မျက်လုံးရှိပါတယ်။ တစ်ကယ်လို့ ဦးခင်ရီသာ အစ္စလာမ်ဘာသာ ကိုးကွယ်ရင် ဦးခင်ရီရဲ့ ဘိုးဘေးတွေက မြန်မာပြည်မှာ ၁၈၂၃ခုနှစ် မတိုင်မီကတည်းက နေထိုင်ခဲ့ကြောင်း အထောက်အထား ပြရမှာဖြစ်တယ်။ သန်း(၆၀)သော မြန်မာပြည်သူတွေ ဘယ်သူမှ သက်သေမထူနိုင်တာကို မြန်မာမွတ်စလင်တွေကိုမှ ကွက်ပြီး မရှက်မကြောက် သက်သေထူခိုင်းတာဖြစ်တဲ့အတွက် ဦးခင်ရီလည်း သက်သေထူနိုင်မယ် မဟုတ်ပါဘူး။ ဒါဆို ဦးခင်ရီဟာ ဘင်္ဂါလီ+တရုပ်+မြန်မာလူမျိုး ဖြစ်သွားပြီး ဝန်ကြီးရာထူးလည်း ပြုတ်၊ ဗိုလ်ချုပ်လည်း ဘယ်တော့မှ မဖြစ်တော့ဘဲ၊ နေရာတကာမှာ လူတကာ အထင်သေးခံ၊ အစော်ကားခံနေရမှာကို မြင်ယောင်မိပါရဲ့။ မြန်မာပြည်က အစ္စလာမ်ဘာသာဝင်တွေ ခံစားနေရတဲ့ နေ့တဓူဝ ဒုက္ခတွေကို ကိုယ်ချင်းစာနိုင်ဖို့ ခဏလောက်ဖြစ်ဖြစ်၊ စိတ်ကူးထဲမှာဘဲဖြစ်ဖြစ် မွတ်စလင်ဖြစ်ကြည့်ပါလား ဝန်မင်းရယ်။

     

    **ဆောင်းပါးရှင် ၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။

  • တရုတ် ရင်းနှီးမြှုပ်နှံမှု ထိုးကျခြင်း နှင့် မြန်မာ့စီးပွားရေး အခင်းအကျင်း

    စက်တင်ဘာ၊၁၉
    M-Media
    မြင့်မိုရ်မောင်မောင် ဘာသာပြန်ဆိုသည်။

    6.-CPI1

    စစ်အုပ်ချုပ်ရေးခေတ်မှ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်၏ပြုပြင်ပြောင်းလဲရေးအစိုးရခေတ်သို့ရောက်လာသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ သိသိသာသာ ထိုးကျစိုက်ဆင်းသွားသည်ကိုတွေ့ရသည်ဟု အမေရိကန်ပြည်ထောင်စုအခြေစိုက် တွေးခေါ်ပညာရှင်အဖွဲ့တစ်ခုမှ ဆိုလိုက်သည်။ ဤသို့ကျဆင်းမှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု နှင့် သွေးနုသားနုဒီမိုကရေစီအပြောင်းအလဲအား ထိခိုက်နိုင်သည်ဟုလည်း သတိပေးကြသည်။

    တရုတ်နိုင်ငံမှ လာရောက်ပြုလုပ်သည့် မြစ်ဆုံဆည် နှင့် လက်ပံတောင်းကြေးနီစီမံကိန်းများကို မြန်မာပြည်သူများမှ ဆန့်ကျင်ကြခြင်း၊ မြန်မာအာဏာပိုင်တို့ကလည်း စီမံကိန်းများကို ဆိုင်းငံ့ခြင်းသည် နှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုအပေါ် ဆိုးရွားစွာ ထိခိုက်နစ်နာစေခဲ့ပြီဟု ၀ါရှင်တန်နိုင်ငံခြားရေးမူဝါဒတက္ကသိုလ်၊ Stimson Centre ၏ သုတေသီတစ်ဦးဖြစ်သူ ယွန်ဆန် က ရေးသားတင်ပြသည်။

    “ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို တရုတ်စီမံကိန်းများဖြင့် အခိုင်အမာအခြေတည်ခဲ့ကြသည်။ ယခုသော် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရုတ်ခြည်းထိုးချသွားသည်။ မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအတွက် အန္တရာယ်များသော၊ မသင့်တော်သောနေရာဒေသအဖြစ် တရုတ်မှ ယူဆနေလေပြီ။ ၄င်းအပြင် မြန်မာအစိုးရမှ တရုတ်၏ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုကာကွယ်ရေးမပြုလုပ်ခြင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်နေသည် ” ဟု ရေးသားလိုက်၏။

    မြန်မာနိုင်ငံအတွင်း တရုတ်၏ရင်းနှီးမြှုပ်နှံမှုသည် ၂၀၀၈-၂၀၁၁ တွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ တွင် ဒေါ်လာ ၄၀၇ သန်းမျှသာ ရှိတော့သည်။ တရုတ်ပြည်မှအပ အခြားပြည်ပရင်းနှီးမြှုပ်နှံမှုသည်လည်း မဆိုစလောက် ကျဆင်းလာသည်ကိုတွေ့ရ၏။ ၂၀၁၀-၂၀၁၁ တွင် ပြည်ပမှတိုက်ရိုက် ၀င်ရောက် ရင်းနှီးမြှုပ်နှံမှု Foreign Direct Investment(FDI) စုစုပေါင်းမှာ ဒေါ်လာ ၄.၆ ဘီလီယံ မှသည် ၂၀၁၁-၂၀၁၂ နှစ်ကုန်စာရင်းတွင် ဒေါ်လာ ၁.၄ ဘီလီယံသာ ရှိတော့သည်။

    ဤလမ်းကြောင်းမှာ မြန်မာ့စီးပွားရေးဦးမော့မှုကိုသာမက ဒီမိုကရေစီအပြောင်းအလဲအား ခြိမ်းခြောက်လျက်ရှိ၏။ နိုင်ငံ့ အခြေခံလိုအပ်ချက်များ၌ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတွက်ရေးအတွက် အဓိက နှင့် အခြေခံအကျဆုံးဖြစ်သည်ဟု ယင်းရေးသားချက်၌ အောက်ပါကဲ့သို့ ဖော်ပြသည်။

    “ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းသစ်၏ စီးပွားရေးအောင်မြင်မှုသည် တိုင်းပြည်၏နိုင်ငံရေးအပြောင်းအလဲ ရေရှည်တည်တံ့မှုအပေါ် အထူးမူတည်လျက် ရှိသည်။ မြန်မာ နှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ နှစ်ဖက်စလုံးမှ သံသယ နှင့် အာဃာတလျှော့ချရေးတို့ကို ပြန်လည်သုံးသပ်ရမည့် အနေအထားတစ်ရပ် လိုအပ်နေပါသည်။ နှစ်ဖက်စလုံး အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို စဉ်းစားဆောင်ရွက်ရန် အရေးကြီးပါသည် ” ဟု အစီရင်ခံစာ၌ သတိပေး ဖော်ပြထားသည်။

    တရုတ်သံရုံးပြောဆိုခွင့်ရပုဂ္ဂိုလ် ကောင်းဝ်မင်းဘိုက တရုတ်၏ FDI သည် ၂၀၁၁ ခုနှစ်မှစ၍ သိသိသာသာ ထိုးကျခဲ့ကြောင်းကို အတည်ပြုကာ “ ယမန်နှစ်က FDI အနေအထား တော်တော်ဆိုးတယ်။ ဒီနှစ်မှာတော့ မဆိုစလောက်လေး ပြန်တက်နိုင်ကောင်းပါမယ် ” ဟု ပြောကြားသည်။

    ဆိုင်းငံ့ထားသည့်စီမံကိန်းများ ပြန်လည်စတင်နိုင်ရန် တရုတ် မြန်မာ နှစ်နိုင်ငံစလုံးအနေနှင့် တရုတ်၏ရင်းနှီးမြှုပ်နှံမှုများ ဆိုင်ရာပြဿနာတို့ကို အဖြေရှာဖို့ အရေးတကြီးလိုအပ်နေသည်ဟု ရိပ်ဖမ်းသံဖမ်းပြောကြားသွား၏။

    “ နှစ်ဖက်စလုံးက ကြိုးစားမှုကို မြှင့်တင်လိုက်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ တော်တော်ကြီးကြိုးစားနေတာကိုလည်း ထင်ထင်ရှားရှားတွေ့ကြရမှာပါ။ စီမံကိန်း လုပ်ငန်းဆောင်ရွက်တဲ့ တရုတ်လူမျိုးတွေအကြား အန္တရာယ်ကိုလက်ယပ်ခေါ်တာမျိုး မဖြစ်ရအောင် တိုးမြှင့် သတိပေးဖို့ လုပ်ရပါမယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှု စီမံချက်များနဲ့ပတ်သက်ပြီး ဒေသခံတွေ နဲ့ မီဒီယာတွေဆီ ပိုမိုကွင်းဆင်းလေ့လာထိတွေ့သွားဖို့လည်း လိုအပ်ပါတယ် ”။

    လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကာလအတွင်း မြန်မာစစ်အာဏာရှင်တို့က နိုင်ငံရေးနှင့်စီးပွားရေးတွင် တရုတ်ပြည်အပေါ် အလွန်အကျွံ အားထားခဲ့ကြသည်။

    ၂၀၀၈ ခုနှစ်ဝန်းကျင်က မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရင်းနှီးမြှုပ်နှံသွားဖို့ ပီကင်း(ဘေဂျင်း) မှ စတင် ခြေလှမ်းခဲ့သည်။ ဧရာမစီမံကိန်းကြီး သုံးခုဖြစ်သော  ရေအားလျှပ်စစ် အတွက် ဒေါ်လာ ၃.၆ ဘီလီယံရင်းနှီးမြှုပ်နှံမည့် မြစ်ဆုံဆည်တမံတည်ဆောက်ရေး၊ ဒေါ်လာ ၁ ဘီလီယံမြှုပ်နှံမည့် လက်ပတောင်းကြေးနီ သတ္ထုတွင်း၊ ဒေါ်လာ ၂.၅ ဘီလီယံမြှုပ်နှံမည့် ရွှေ ရေနံနှင့်သဘာဓာတ်ငွေ့ပို့လွှတ်ပိုက်လိုင်း တို့အား အကောင်အထည်ဖော်ရန် နေပြည်တော်တွင် ဗိုလ်ချုပ်များနှင့် သဘောတူလက်မှတ်ရေးထိုးသည့်အဆင့်ထိ ရောက်ခဲ့သည်။

    ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက တရုတ်နိုင်ငံသည် ဤသို့သောပတ်သက်ထိတွေ့မှုအားဖြင့် မြန်မာ့သယံဇာတအရင်းအနှီးများကို ကျယ်ပြန့်စွာ ချုပ်ကိုင်နိုင်ရန် ရည်မျှော်၍ လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည် ဟု ဆွန်က ရေးသားထား၏။

    သို့သော်လည်း ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်၏အရပ်သားတစ်ပိုင်းအစိုးရတက်လာပြီးသည့်နောက် မြစ်ဆုံဆည်စီမံကိန်းကို ၂၀၁၅ ခုနှစ်အထိ ဆိုင်းငံ့လိုက်သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် လက်ပံတောင်းသတ္ထုတွင်း စီမံကိန်းကိုလည်း ဆိုင်းငံ့ခဲ့သည်။

    ဆိုင်းငံ့လိုက်သည့်ဆုံးဖြတ်ချက်နှစ်ရပ်လုံးမှာ ထိုစီမံကိန်းတို့သည် တရုတ်ပြည်နှင့် မြန်မာစစ်တပ်ကျောထောက်နောက်ခံကုမ္ပဏီများကိုသာ အကျိုးအမြတ်ထွက်စေပြီး သက်ဆိုင်ရာဒေသတွင်းရှိ လူ့အဖွဲ့အစည်းတို့၏ လူမှုရေးရာ နှင့် သဘာ၀၀န်းကျင်အပေါ် ဆိုးကျိုးဖြစ်ပေါ်မည်ကိုစိုးရိမ်လာသဖြင့် မြန်မာလူထုတို့မှ ထင်ထင်ရှားရှား ဆန့်ကျင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

    မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ တရုတ်ပြည်တောင်ပိုင်း ယူနန်ပြည်နယ်မြို့တော် ခွန်းမင်အထိ သွယ်တန်းသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွင်လည်း ပြဿနာ အချို့ရှိလာပြန်သည်။ အဘယ်ကြောင့်ဟူမူ ယင်းဖက်စပ်စီမံကိန်းတွင် တရုတ်၊ မြန်မာ၊ အိန္ဒိယ၊ တောင်ကိုးရီးယား လေးနိုင်ငံမှ ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်၏။

    လွန်ခဲ့သောလအနည်းငယ်၌ လွှတ်တော်မှ လက်ပံတောင်းကိစ္စစုံစမ်းရေးကော်မရှင်တစ်ရပ်ဖွဲ့ကာ စေလွှတ်ခဲ့သည်။ ယင်းစီမံကိန်းသည် မြန်မာအစိုးရအတွက် အကျိုးအမြတ်များပြားလျှင်၊ ၄င်းအပြင် ဒေသတွင်းဆိုင်ရာပြဿနာများကို ဦးတည်ဖြေရှင်းပေးနိုင်လျှင် ၄င်းကို ပြန်လည်ဖော်ဆောင်သင့်ကြောင်း သုံးသပ်ခဲ့ကြသည်။

    သို့ဖြင့် တရုတ်စီမံကိန်းအရာရှိများ နှင့် မြန်မာစစ်တပ်ကျောထောက်နောက်ခံ ဦးပိုင်အုပ်စုတို့၏ အကျိုးအမြတ်ကို အကြီးအကျယ်ဖြတ်တောက် လိုက်ပြီး မြန်မာအစိုးရအတွက် ၀င်ငွေ အကျိုးဖြစ်ထွန်းစေသော စီမံကိန်းဆိုင်ရာစာချုပ်သစ် တစ်ရပ် ချုပ်ဆိုရန်ဖြစ်လာတော့သည်။

    ဤသဘောတူညီမှုအသစ်သည် ပြည်တွင်းရေး၊ နိုင်ငံရေး နှင့် နှစ်နိုင်ငံဆက်ဆံရေး တို့ကို အကျိုးအမြတ်မျှဝေ ခံစားမှုအားဖြင့် ပြန်လည်ညှိနှိုင်းရန်၊ သို့သာမက တရုတ်ရင်းနှီးမြှုပ်နှံသူများအဖို့ မြန်မာနိုင်ငံရှိ မိမိတို့၏စီမံကိန်းအားနည်းလိုအပ်ချက်များအပေါ် သတိပြုဖြည့်ဆည်းစေရန် အရေးပါသောတိုးတက်မှုတစ်ရပ်ဖြစ်သည် ဟု Stimson Cetre ၏အစီခံစာမှ တင်ပြလိုက်ပါသည်။

    Irrawaddy အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော “Drop in Chinese Investment Could Hurt Burma Economy, Reform: US Report” ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင်မြန်မာပြန် ဆိုပါသည်။

  • ၂၀၀၉ ခုနစ်မှ ၂၀၁၃ ခုနစ်အတွင်း တကမ္ဘာလုံး အမဲသားနှင့် ဝက်သား ထုတ်လုပ်မူ့ အများဆုံး နိုင်ငံများစာရင်း

    စက်တင်ဘာ-၁၈
    စုစည်းတင်ဆက်သူ -Maung Khin

    pork

    ၂၀၁၃ (ဧပြီလအထိ) အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာန (United States Department of Agriculture) ကထုတ်တဲ့ ကမ္ဘာ့ သားငါးထုတ်လုပ်မူ့ မှတ်တမ်းတွင်………..

    ၂၀၁၃ ခုနစ် ဧပြီလအထိ တကမ္ဘာလုံး အမဲသားထုတ်လုပ်မူ့ ၅၇.၅၂၇ မီလီယံ မက်ထရစ်တန် ရှိ၍

    (၁) ပထမ – အမေရိကန်နိုင်ငံ ၁၁.၃၈၆ မီလီယံ မက်ထရစ်တန်
    (၂) ဒုတိယ – ဘရာဇီးနိုင်ငံ ၉.၅ မီလီယံ မက်ထရစ်တန်
    (၃) တတိယ – ဥရောပယူနီယံ ၇.၇၃၅ မီလီယံ မက်ထရစ်တန်
    (၄) စတုတ္ထ – တရုတ်နိုင်ငံ ၅.၅၉ မီလီယံ မက်ထရစ်တန်
    (၅) ပဉ္စမ – အိန္ဒိယနိုင်ငံ ၃.၈ မီလီယံ မက်ထရစ်တန်

    ၂၀၁၃ ခုနစ် ဧပြီလအထိ တကမ္ဘာလုံး ဝက်သားထုတ်လုပ်မူ့ ၁၀၇.၄၁၂ မီလီယံ မက်ထရစ်တန် ရှိ၍

    (၁) ပထမ – တရုတ်နိုင်ငံ ၅၃.၈ မီလီယံ မက်ထရစ်တန်
    (၂) ဒုတိယ – ဥရောပယူနီယံ ၂၂.၅၅ မီလီယံ မက်ထရစ်တန်
    (၃) တတိယ – အမေရိကန်နိုင်ငံ ၁၀.၆၆၉ မီလီယံ မက်ထရစ်တန်
    (၄) စတုတ္ထ – ဘရာဇီးနိုင်ငံ ၃.၃၇ မီလီယံ မက်ထရစ်တန်
    (၅) ပဉ္စမ – ရုရှားနိုင်ငံ ၂.၁၅ မီလီယံ မက်ထရစ်တန်

    (အလေးချိန်ကို CWE ဟုခေါ်သော တိရိစ္ဆာန်ကို သတ်ပြီးလျှင် ခေါင်း၊ကလီစာ၊အရေပြား များကိုဖယ်ပြီး metric tonနှင့် ချိန်စက်သည်)

    ၂၀၀၉ ခုနစ်မှ ၂၀၁၃ ခုနစ်အတွင်း တကမ္ဘာလုံး အမဲသားထုတ်လုပ်မူ့ အများဆုံး နိုင်ငံများစာရင်းတွင် မွတ်စ်လင်နိုင်ငံဆို၍ ပါကစ္စတန် တစ်နိုင်ငံသာလျှင် အဆင့် ၉ ချိတ်ပါသည်။

    ၂၀၁၃ ခုနစ်အတွက် တစ်ကမ္ဘာလုံးတွင် မွတ်စ်လင် မဟုတ်သော နိုင်ငံများမှ သတ်သော နွားအကောင် အရေအတွက်နဲ့ မွတ်စ်လင်နိုင်ငံများက သတ်သော နွားအကောင်အရေအတွက်ကို [ cattle weight at slaughtering – round about 0.5 ton or 500 kg] သတ်ခါနီး နွားတစ်ကောင်ရဲ့ အသားထွက်ရှိမူ့ ၀.၅ မက်ထရစ်တန် နဲ့တွက်ပြီး နှိုင်းယှဉ် တွက်ကြည့်နိုင်ပါသည်။

    တစ်နှစ်ကို ဝက်ကောင်အရေအတွက် ဘယ်လောက်သတ်သလဲသိချင်ရင် သတ်ခါနီး ဝက်တစ်ကောင်ရဲ့ အလေးချိန်ကို ပျမ်းမျှခြင်း ၀.၁ မက်ထရစ်တန် နဲ့တွက်ကြည့်နိုင်ပါသည်။

    ၂၀၀၉ ခုနစ်မှ၂၀၁၃ (ဧပြီလအထိ) အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာန (United States Department of Agriculture) ကထုတ်တဲ့ ကမ္ဘာ့ သားငါးထုတ်လုပ်မူ့ မှတ်တမ်းတွင် http://www.fas.usda.gov/psdonline/circulars/livestock_poultry.pdf

  • မြန်မာမွတ်စလင်မ်တိုင်း သိထားသင့်သည့် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ

    စက်တင်ဘာ ၁၈၊ ၂၀၁၃
    ရေးသူ – Robert Elhose

    1208985_158313511034256_1545417434_n

    ဒီနေ့ မြန်မာပြည်က မွတ်စ်လင်မ် အားလုံးအတွက် သေရေး ရှင်ရေးတမျှ အရေးကြီးနေတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေ ဆိုတာကို ပညာရပ် ဆိုင်ရာ စကားလုံးများ မပါပဲ လူတိုင်း နားလည် နိုင်အောင် တတ်နိုင်သလောက် ပြောကြည့်ပါမယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် တကယ့် နိုင်ငံရေး လုပ်ကြံမှုကြီးပါ။

    ပထမဦးစွာ ဒီညစ်ပတ်တဲ့ ဥပဒေကြီး ဘယ်လိုကဖြစ်လာသလဲ ဆိုတာပါ။ ဒီဥပဒေရဲ့ အဓိက ဗိသုကာကတော့ အာဏာရှင်ဟောင်းကြီး ဦးနေ၀င်း၊ သူ့ရဲ့ နောက်ဆုံး ဇနီး ဒေါ်နီနီမြင့်၊ ပြီးခဲ့တဲ့ နှစ် အနည်းငယ်ကမှ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကွယ်လွန် သွားခဲ့တဲ့ အစွန်းရောက် မွတ်စ်လင်မ် မုန်းတီးရေးဝါဒီ၊ ရခိုင်လူမျိုး သမိုင်း ပါမောက္ခဟောင်း ဒေါက်တာအေးကျော်နဲ့ အဲ့ဒီအချိန်က သူ့လက်ရင်း တပည့် ဖြစ်ခဲ့တဲ့ ယခု ဂျပန်နိုင်ငံ ကန်တတက္ကသိုလ်မှာ အရှေ့တောင်အာရှရေးရာ သမိုင်းပါမောက္ခ လုပ်နေသူ ဒေါက်တာအေးချမ်း ဆိုသူတွေဟာ အဓိက လက်သည်တွေပါပဲ။ အဲ့ဒီ အချိန်က တိုင်းပြည်ရဲ့ အလုံးစုံအာဏာ ကို ဆုပ်ကိုင်ထားတဲ့ အာဏာရှင်ကြီး ဦးနေ၀င်းကို သူ့ဇနီး ဒေါ်နီနီမြင့်မှ တဆင့် မွတ်စ်လင်မ် မုန်းတီးရေးဝါဒီ ရခိုင်လူမျိုးများရဲ့ ထိုးဖောက် အကွက်ဆင်မှုများထဲက တစ်ခုဆိုတာ မှန်းဆ နိုင်ကြမှာပါ။

    သုံးလေးနှစ်လောက် အချိန်ယူပြီး မွတ်စ်လင်မ်များကို အဓိက ပစ်မှတ်ထားရေးဆွဲထားတဲ့ ဒီဥပဒေဟာ ရေပက်မ၀င်လောက်အောင်ကို ကျွန်တော်တို့ အားလုံးကို ဘယ်လို လည်မြိုညှစ်ထားတယ် ဆိုတာကို နားလည်သလောက် တင်ပြနိုင်အောင် အားထုတ်ကြည့်ပါမယ်။

    ဒီဥပဒေ အရ ဆိုရင် –

    ၁။ နိုင်ငံသားဆိုရာမှာ တိုင်းရင်းသားနဲ့ ပြုနိုင်ငံသား (ဟိုတုန်းကတော့ ဧည့်နိုင်ငံသားလို့ သုံးပါတယ်) ဆိုပြီး နှစ်မျိုးခွဲ လိုက်ပါတယ်။ တိုင်းရင်းသား ဆိုရာမှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ (၁၈၂၃) မတိုင်မီ မြန်မာ နိုင်ငံထဲမှာ နေထိုင် လာခဲ့သူတွေလို့ သတ်မှတ်ထားပြီး ဒီ့နောက်ပိုင်းမှ ရောက်လာတယ်လို့ သူတို့က သက်သေ ပြမယ့် သူတွေအတွက်တော့ တိုင်းရင်းသား အဆက်အနွယ်မဟုတ်ဘူးလို့ ဆိုလိုတာ ရှင်းပါတယ်။

    ၂။ နောက်တစ်ခုက လွပ်လပ်ရေးမရခင် အရင် ၈-နှစ် (၁၉၄၀ ခုနှစ်၊ ဇန္န၀ါရီလ ၄ ရက်နေ့) နောက်ပိုင်း တိုင်းပြည်တွင်း တစ်ဆက်စပ်တည်း နေထိုင်လာသူ ဘိုးဘွားများက ပေါက်ဖွားလာသူများက သူတို့ပြောတဲ့ ပြုနိုင်ငံသား(ဧည့်နိုင်ငံသား)အဖြစ် လျှောက်ထားနိုင်တယ် လို့ဆိုထားပါတယ်။ သူတို့က စဉ်းစားပြီး ခွင့်ပြု ရင်တောင် အဲ့ဒီပုဂ္ဂိုလ်က ဧည့်နိုင်ငံသားပဲ ဖြစ်မှာနော်။ နိုင်ငံသားမဖြစ်သေးဘူး။ အဲ … အဲ့ဒီ ဧည့်နိုင်ငံသားက မွေးတဲ့ တတိယမျိုးဆက်၊ မြေးအဆင့်ကမှ အထောက်အထား အပြည့်အစုံနဲ့ လျှောက်ထားပါမှ နိုင်ငံသား အဖြစ် စဉ်းစားပေးမယ်တဲ့။

    ၃။ အဲ့ဒီလိုနဲ့မှ တင်းပြည့် နိုင်ငံသား ဖြစ်လာရင်တောင် တိုင်းရင်းသား မိဘက ပေါက်ဖွားလာတဲ့ ပထမတန်းစား နိုင်ငံသား မဟုတ်ခြင်းကြောင့် ဤသူများအား နိုင်ငံတော်က လိုအပ်သည်ဟု ယူဆချိန်တွင် နိုင်ငံသား အခွင့်အရေး အချိန်မရွေး ပြန်လည် ရုပ်သိမ်းနိုင်သည်လို့ ပါရှိပါတယ်။

    ဒီသုံးချက်ကို အခြေခံ ပြီး လူတိုင်း နားလည်အောင် အကျယ် ထပ်ရှင်းပါမယ်။

    ရှင်းလင်းချက် နံပါတ်(၁)

    ခရစ်နှစ် ၁၈၂၃-ခု အရင် မြန်မာနိုင်ငံတွင်းမှာ မှီတင်း နေထိုင်ခဲ့ကြသူ မွတ်စ်လင်မ်တွေ အကြောင်း ပြန်ပြောင်းပြောရမယ် ဆိုရင် အခုအငြင်းပွားနေတဲ့ ရိုဟင်ဂျာကစပြီး ရခိုင်ပြည်တွင်းမှာဆို ကမန်၊ မဟာမေဒင် တွေနဲ့ ရခိုင်မဟုတ်တဲ့ လက်ရှိမြန်မာပြည် အရပ်ရပ်မှာဆို ပသီ၊ မြေဒူး၊ ပန်းသေး၊ ပသျှူး စတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေ ဆိုတာ အမှန်တကယ် ရှိခဲ့ကြောင်း ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း ကျမ်းအစောင်စောင်မှာ မွှေနှောက် ရှာဖွေ ကြည့်နိုင်ပါတယ်။ ဒီအကြာင်း အကျယ်မရှင်းလိုပါ။

    ရိုဟင်ဂျာ ဆိုတဲ့ ရခိုင်ပြည်နယ်တွင်း နေထိုင်ခဲ့တဲ့ မွတ်စ်လင်မ် လူမျိုးစုတွေဟာ သူတို့ပြောနေသလို ၁၈၂၃ ဟိုမှာဖက် ကတည်းက ဒီနယ်မြေထဲမှာ နေထိုင်ခဲ့ကြောင်း ကျိုးကြောင်းခိုင်လုံတဲ့ အထောက်အထားနဲ့ တကွ တင်ပြနိုင်ရင် ဒါ တိုင်းရင်းသားပဲပေါ့။ ၈၂-ဥပဒေ အရကို နိုင်ငံသားသာမဟုတ် ၊ တိုင်းရင်းသားပါ ဖြစ်နေပါပြီဆိုတာ ရှင်းပါတယ်။

    ခရစ်နှစ် ၁၇၉၉-ခုနှစ် က ရိုက်နှိပ် ထုတ်ဝေ ခဲ့တဲ့ ဒေါက်တာဖရန်စစ် ဘူခါနန် ရဲ့ ခရီးသွားမှတ်တမ်းမှာ မဟာမေဒင်ဘာသာ ကိုးကွယ်သော ရိုဟန်းဂျာ လူမျိုးဆိုတာ ရခိုင်ဒေသမှာ အုံလိုက်ကျင်းလိုက် နေထိုင်ခဲ့ဘူးကြောင်း သမိုင်းအထောက်အထားဟာ ပထမတန်း စား Primary Source အထောက်အထား ဖြစ်ကြောင်း သမိုင်းပညာရှင်အားလုံးက လက်ခံထားပါတယ်။ ဒီကိစ္စ မကြာခင်ကပဲ ကိုဌေးလွင်ဦးနဲ့ ရခိုင်သမိုင်း ပညာရှင် ဒေါက်တာအေးချမ်းတို့ အကြား ငြင်းအခုံ ဖြစ်ခဲ့ကြတာ အားလုံးအသိပါ။

    အချက်အလက်နဲ့ ငြင်းခုံဖို့ရာ မစွမ်းသာတော့တဲ့ အခါ ဒေါက်တာ အေးချမ်းက ဒီ ရိုဟန်းဂျာ ဆိုတာ သူတို့ ရခိုင် ဗုဒ္ဓဘာသာ ၀င်တွေကို ပြောတာဖြစ်ကြောင်း မခိုင်မလုံ ရယ်မောဖွယ်ရာငြင်းခုံ သွားတာကိုလည်း မှတ်သား လိုက်ရပါတယ်။ ပြီးတော့ ကိုဌေးလွင်ဦးကိုလည်း သူနဲ့ တန်းမတူသူမို့ Debate မလုပ်နိုင်သလိုလို အပြောအဆိုမျိုးကိုလည်း တွေ့ရပါတယ်။ ကိုဌေးလွင်ဦးက သူနဲ့တန်းမညီလို့ မဆွေးနွေး နိုင်ဘူးလို့ ဆိုရင် သူနဲ့ တန်းညီရုံမက ကမ္ဘာ့အဆင့်မှာ သူ့ထက် တန်း ပိုမြင့် နေသူ Dr. Abib Bahar က သူ့ကို ဒီ Issue ကိုပဲ တီဗီချယ်နယ်လ်တွေရှေ့ ဆွေးနွေးကြရအောင်လို့ ကမ်းလှမ်းထားတာကို ၂-နှစ် နီးပါး သူ နှာစေး နေတာကလည်း ကလေးဆန်လှပါတယ်။ ရိုဟင်ဂျာ ကိစ္စမှာ ဒီလို ခိုင်လုံတဲ့ စာအုပ်စာတမ်း အထောက်အထား တွေအပြင် ရှေးဟောင်း ကျောက်စာတွေ၊ ဒင်္ဂါးတွေ၊ ရှေးဟောင်း မှတ်တမ်း မှတ်ရာတွေ အမြောက်အများ ရှိနေပေမယ့်လည်း ဒီနေရမှာ အကျယ်မချဲ့လိုတော့ပါ။

    ဘယ်နိုင်ငံမှာမှ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ရေးဆွဲခဲ့တဲ့ နေ့စွဲ အရင် နှစ်ပေါင်း တစ်ရာ့ငါးဆယ်၊ တစ်ရာ့ခြောက်ဆယ် လောက် အပြင်ဖက်မှာ နေထိုင်လာသူတွေကိုပဲ နိုင်ငံသားစစ်စစ် ပေးပါတယ် ဆိုတာမျိုး မတွေ့ဘူးပါဘူး။ ရှိခဲ့ရင် လည်း ကျွန်တော့် ကိုထောက်ပြပေးပါ။ ဒါဟာ ရယ်ဖွယ်သက်သက်ပါ။

    ပြီးရင်ရော ခင်ဗျား၊ ကျွန်တော်၊ သူတို့ ၊ ဘယ်သူမဆို အဲ့ဒီ နှစ်၂၀၀ နီးပါးက ဘိုးဘွားများ ဒီမှာ နေထိုင်လာခဲ့တဲ့ အထောက်အထား ကို တကယ်တမ်း ပြသနိုင်မယ့်သူ ရှိပါသလား။ ရှိမယ်ဆိုရင် လက်ရှိသမ္မတကြီး အပါအ၀င် မည်သူမဆို ပြသနိုင်ပါသလား။

    ဒါကျွန်တော့် မေးခွန်းပါ။ နောက်တစ်ခါ သူတို့က မွတ်စ်လင်မ် ဆိုရင် တိုင်းရင်းသား မဟုတ်ဘူး၊ တိုင်းရင်းသား ဆိုရင် မွတ်စ်လင်မ် မဖြစ်ရဘူးဆိုတဲ့ အတင်းရော အဓမ္မရော လုပ်ထားတဲ့ မူကလည်း ရှိထားတာ အားလုံးအသိပါ။

    ရှင်းလင်းချက် နံပါတ် (၂)

    ကျွန်တော်အထက်က တင်ပြထားတဲ့ နံပါတ်နှစ်အချက်မှာ ပါသလို လွတ်လပ်ရေးမရခင် အနည်းဆုံး ရှစ်နှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း တစ်ဆက်တစ်စပ်တည်း နေထိုင်လာခဲ့ကြောင်း အထောက်အထား ပြသနိုင်သူ ဘိုးဘွားများရဲ့ မြေးအဆင့်ကို (ပြု) နိုင်ငံသား လျှောက်ထား နိုင်ကြောင်း ဆိုထားတယ်၊ လျှောက်ထားနိုင်တာနော်။ သူတို့က ပေးမှ ခင်ဗျားရမှာ။ ရရင်တောင် ခင်ဗျားက နိုင်ငံသားစစ်စစ် မဖြစ်ပြန်သေးဘူးတဲ့။ ခင်ဗျားရဲ့ မြေးလက်ထက်ကျမှ ဒီအထောက်အထားတွေ အားလုံး နှစ်ဖက် မိဘများရဲ့ ဘိုးဘေး အစဉ်အဆက် အထောက်အထားတွေ ခင်ဗျား စုံစုံလင်လင် ထုတ်ပြ နိုင်မှ ခင်ဗျားမြေးကို နိုင်ငံသား ဖြစ်ကြောင်း သူတို့က စဉ်းစားပေးမယ်။ စဉ်းစားပေးမှာ။ ဒါတွေဟာ ကျွန်တော် အထောက်အထားမဲ့ ပြောနေတာ မဟုတ်ရပါ။ သိပ်မကြာသေးခင်ကပဲ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီ အမေရိကန် အခြေစိုက် သတင်းဌာနတွေ ဖြစ်တဲ့ ဗွီအိုအေတို့ အာရ်အက်ဖ်အေ တို့နဲ့ အင်တာဗျူးများမှာ ပြောဆိုသွားခဲ့တာတွေပါ။

    ကဲ အဲ့ဒီ (ပြု) နိုင်ငံသားနဲ့ နိုင်ငံသား ဖြစ်ဖို့ရာကြား အဆင့်ဆင့်တွေ အတွက် ခင်ဗျား ဘယ်လောက်စောင့် ရမလဲ။ ပြန်တွက်ကြည့်နိုင် ပါတယ်။ အနည်းဆုံး မျိုးးဆက် ခြောက်ဆက်။ ဒါနေရာတိုင်းမှာ ခင်ဗျား သိပ်ကံကောင်းလွန်းပြီး အဆင်ပြေပြေ ဖြစ်ခဲ့မှသာ။ ကံမကောင်းရင် မျိုးဆက် ခုနစ်ဆက် ရှစ်ဆက်လောက်တောင် ဖြစ်သွားနိုင်ပါတယ်။ ဒါနော် ခင်ဗျားတို့ ဆွေမျိုးခုနစ်ဆက်တွေ သိပ် အမှတ်အသားကောင်းပြီး မှတ်ပုံတင် အထောက်အထား အားလုံး အဆင့်ဆင့်ကို ပြသနိုင်မှ ဖြစ်လာမယ့် အရာတွေ။ အဲ့လို ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် အထောက်အထား တွေပြသနိုင်မယ့် သူ မြန်မာနိုင်ငံမှာ ရှိပါသလား။ ရှိရင် နိုင်ငံတော် သမ္မတကြီးတို့ လူဝင်မှုဝန်ကြီးဦးခင်ရီ တို့ပဲ အရင်ပြပါ။ လုံးဝ မဖြစ်နိုင်တာတွေနဲ့ လူတွေကို ချောက်တွန်းနေတာပါ။

    ကျွန်တော့် ကိုယ်ပိုင် ဥပမာ လေး တစ်ခုပဲ ပြောပြပါရစေ။ ကျွန်တော် ငယ်ငယ်တုန်းက အသက် ၁၂-နှစ်ပြည့် မှတ်ပုံတင် လုပ်ရတဲ့အခါ သုံးခေါက်ချိုး၊ ယောက်ျားလေးဖြစ်လို့ အစိမ်းရောင် နိုင်ငံသား မှတ်ပုံတင် ကဒ် ရပါတယ်။ အဲ့ဒီတုန်းက လူမျိုးနဲ့ နိုင်ငံသား နေရာတွေမှာ မြန်မာလို့ ရေးသားထားပြီး၊ ဘာသာနေရာမှာ အစ္စလာမ်လို့ ရေးထားပါတယ်။ နောက် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ကမှ စခဲ့တဲ့ အခု ပန်းရောင် (နိုင်) နိုင်ငံသားကဒ်တွေလည်း ပေါ်လာရော ကျွန်တော်ရော၊ ကျွန်တော့်မိဘများ သဘောရောမပါပဲ အစ္စလာမ် ဘာသာဝင် ဖြစ်လို့ဆိုပြီး လူမျိုးနေရာမှာ အိန္ဒိယ/ဗမာ လို့ရေးပြီး ဘာသာနေရာမှာ အစ္စလာမ် ဆိုပြီး အတင်းရော အဓမ္မရော ရေးသဗျ။ ကျွန်တော့်မိဘများက အကြောက်အကန် ကန့်ကွက်ခဲ့ကြ ရှာပါသော်လည်း အလိုမတူပဲ အတင်းရော အဓမ္မရော ပြုကျင့်ခြင်းခံလိုက် ရသလို ဒီလိုမှ မရေးရင် နိုင်ကဒ် ဘယ်တော့မှ မထုတ်ပေးနိုင်ဘူး။ ဒါ နိုင်ငံတော်ရဲ့မူ စတဲ့ ရှင်းလင်းချက်တွေနဲ့ နိုင်ငံသားကဒ် ရသွားခဲ့တာပါ။ အစစ် အနေနဲ့ မွေးရာပါ ဗမာ၊ ဗုဒ္ဓဘာသာ စင်စစ် ဖြစ်တဲ့ ကျွန်တော့် မိခင်တောင် အခု အစ္စလာမ် ကိုးကွယ်နေတယ် ဆိုတဲ့ ပုဒ်မ နဲ့ လူမျိုးနေရာမှာ အိန္ဒိယ/ဗမာ ဆိုပြီး အရေးခံလိုက်ရတာ ခုထိ မှတ်မိနေသေးတယ်။ ကျွန်တော့် အမေကတော့ ခွက်ထိုးခွက်လှန် ရယ်လို့ပေါ့လေ။ ထားပါတော့။

    ရှင်းလင်းချက် နံပါတ် (၃)

    ကဲထားပါဦး။ အဲ့ဒီထောင်ချောက်အားလုံးကို ကျော်ဖြတ်ပြီး ပန်းရောင် (နိုင်)ကဒ်ကို ခင်ဗျား အခု ကိုင်ထား နိုင်တယ် ဆိုရင်တောင် ခင်ဗျားက ပင်ရင်းနိုင်ငံသားဖြစ်ပိုင်ခွင့်  ရှိသူ တိုင်းရင်းသားထဲက မဟုတ်လို့ဆိုပြီး ဒီလို Naturalized နိုင်ငံသား တွေကို နိုင်ငံတော်က လိုအပ်သည်ဟု ယူဆပါက အချိန် မရွေး နိုင်ငံသား ဖြစ်ခြင်းမှ နုတ်သိမ်း ပယ်ဖျက် နိုင်သည် လို့ဆိုထားပြန်တော့။ ခင်ဗျား သားမြေးတွေ အတွက် တော့ ပန်းရောင် ကိုင်ကိုင်၊ ဘာကိုင်ကိုင် ဘာအာမခံချက်မှ မရှိတော့ဘူး ကိုယ့်ဆရာရေ။

    ဒါအဆင့်အမြင့်ဆုံး ပန်းရောင်ကဒ် ကိုင်ထားသူတွေကို ပြောတာနော်။ အခုနောက်ပိုင်း သွေးနှော သံသယ၊ နိုင်ငံသား သံသယ ဆိုပြီး ထုတ်ပေးထားတဲ့ သုံးခေါက်ချိုးကဒ် တို့ အဖြူရောင်ကဒ်တို့ ဆိုတာကတော့ ဆောရီးပဲ ကိုယ့်ဆရာ။ မသိနားမလည်ရှာလို့ ဟိုးတုန်းက ဘိုးဘေးများရဲ့ အထောက်အထား စာရွက် စာတမ်းတွေ သိမ်းမထားနိုင်ကြရှာတဲ့ ၊ မပြသနိုင်ကြတဲ့ မွတ်စ်လင်မ် အများစုကတော့ ဆရာကြီး ဦးရာဇတ်က တိုက်ရိုက်ဆင်းသက် လာသူဖြစ်ပေ့စေ၊ ကုန်းဘောင်မင်းဆက် နန်းတွင်း မြန်မာ စာဆိုတော်ကြီး ဦးနု ကနေ တိုက်ရိုက်ပဲ ဆင်းသက်လာလာ သူတို့ဥပဒေ အရဆိုရင်တော့ နိုင်ငံသား ဖြစ်ဖို့အရေး ဝေရာမဏိ၊ ဝေးဝေး ကသာ ဖြစ်ကြောင်း အကျိုးမျှော် နှိုးဆော်လိုက်ရပါကြောင်း။