News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • အိန္ဒိယပြည်နယ်တစ်ခုတွင် အရက်သမားခင်ပွန်းကို ဇနီးသည်က တရားဝင် ရိုက်ခွင့်ရမည်
    အိန္ဒိယပြည်နယ်တစ်ခုတွင် အရက်သမားခင်ပွန်းကို ဇနီးသည်က တရားဝင် ရိုက်ခွင့်ရမည်
    မေ ၁၊ ၂၀၁၇
    M-Media
    – အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒ်ယာ ပရာဒက်ရှ်ပြည်နယ်မှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အဖွဲ့လိုက် မင်္ဂလာဆောင်မှုအတွင်း ပြည်နယ်ဝန်ကြီးချုပ်က သတို့သမီးတွေကို အ၀တ်လျှော်တုတ် တစ်ချောင်းစီ ပေးခဲ့ပြီး ခင်ပွန်းဖြစ်သူက အရက်သောက်မယ်၊ ရိုက်နှက်မယ်ဆိုရင် ဒီတုတ်နဲ့ ပြန်ရိုက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    ဧပြီ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး သတို့သမီးပေါင်း ၇၀၀ နီးပါးလောက်ပါဝင်တဲ့ ဒီ စုပေါင်း မင်္ဂလာအခမ်းအနားကို အစိုးရက ဦးစီးပြုလုပ်ပေးတာ ဖြစ်ပါတယ်။
    တစ်ပေလောက်ရှည်တဲ့ ဒီတုတ်မှာ ‘ယစ်ထုပ်များကို ရိုက်ဖို့’ ‘ရဲက ၀င်မစွက်ရ’ ဆိုတဲ့ စာတမ်းကိုလည်း ရေးသားထားပါတယ်။
    ပြည်နယ်ဝန်ကြီးချုပ် ဘာရ်ဂါဗာကတော့ ခင်ပွန်းသည်တွေကို ပထမဆုံး နှုတ်နဲ့ တားမြစ်ရမှာဖြစ်ပြီး၊ နားမထောင်ဘူးဆိုရင်တော့ ဒီအ၀တ်လျှော်တုတ်နဲ့ ဆုံးမဖို့ သတို့သမီးတွေကို ပြောကြားခဲ့ပါတယ်။
    AFP သတင်းဌာနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဘာရ်ဂါဗာက အိန္ဒိယရဲ့ ကျေးလက်ဒေသမှာရှိတဲ့ အမျိုးသမီးတွေ အရက်သမားယောက်ျားတွေရဲ့ နှိပ်စက်ငြှင်းပမ်းခံနေရတဲ့ ဒုက္ခတွေကို လူတွေသိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုပြုလုပ်တာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
    “ယောက်ျားက အရက်မူးလာတိုင်း ရိုက်နှက်ခံရတယ်လို့ အမျိုးသမီးတွေက ပြောပါတယ်။ သူတို့စုထားတဲ့ ပိုက်ဆံတွေကို ယူသွားပြီး အရက်သောက်ပစ်ပါတယ်။ အမျိုးသမီးတွေကို လှုံ့ဆော်ဖို့၊ ဒါမှမဟုတ် အကြမ်းဖက်ဖို့ ဆွပေးတယ်ဆိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပမယ့် ဒီ တုတ်က သူတို့ အကြမ်းဖက်ခံရတာကို တားမြစ်ဖို့ပါ” လို့ ၀န်ကြီးချုပ်က ပြောပါတယ်။
    ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အိန္ဒိယနိုင်ငံက ပြည်နယ်တော်တော်များများဟာ အရက်ကြောင့်ဖြစ်တဲ့ အကြမ်းဖက်မှုတွေကို တားဆီးဖို့အတွက် အရက်ကို ပိတ်ပင်တာ၊ ကန့်သတ်တာမျိုးတွေ လုပ်ခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ်ကလည်း တမီလ်နာဒူးပြည်နယ် အစိုးရဟာ ရွေးကောက်ပွဲပြန်ဝင်တဲ့အချိန် မဲဆွယ်မှုမှာ အရက်ကို လုံးဝ တားမြစ်ပိတ်ပင်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
    ဒီလိုကတိဟာ အမျိုးသမီးတွေကြားထဲမှာ ရေပန်းစားခဲ့ပြီး သူတို့က ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ဆင်းရဲတဲ့မိသားစုတွေရဲ့ ၀င်ငွေလျော့ပါးမှုတွေဟာ အရက်ကြောင့်ဖြစ်တယ်လို့ မှတ်ယူထားကြပါတယ်။
    Ref: CNA
  • မက္ကာမြို့မှာ ခိုတွေ ဘယ်လို ခံစားခွင့် ရနေလဲ
    မက္ကာမြို့မှာ ခိုတွေ ဘယ်လို ခံစားခွင့် ရနေလဲ
    မေ ၁၊ ၂၀၁၇
    M-Media
    ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေ မြင့်မြတ်ရာမြို့အဖြစ် သတ်မှတ်ထားကြတဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ခိုတွေဟာ အခြားသော ငှက်တွေနဲ့မတူဘဲ အခွင့်ထူးကို ခံစားခွင့်ရနေကြပါတယ်။
    ဘယ်လိုအခွင့်ထူးမျိုးတွေလဲ။ ဘာ့ကြောင့်လဲ ဆိုတာကိုတော့ ဒီဗီဒီယိုအတိုလေးမှာ သိရှိရမှာ ဖြစ်ပါတယ်။
    Al Arabiya သတင်းဌာနက ဗီဒီယိုကို M-Media က ဘာသာပြန်တင်ဆက်တာ ဖြစ်ပါတယ်။
  • စစ်ရှောင်စခန်းမှ ရွှေမင်းသမီး အိပ်မက်
    စစ်ရှောင်စခန်းမှ ရွှေမင်းသမီး အိပ်မက်
    ဧပြီ ၃၀ ၊၂၀၁၇
    သာလွန်ဇောင်းထက် ရေးသည်။
    မြက်ရိုင်းတွေ တောထနေတဲ့ မြေကွက်လပ်ကြီးထဲမှာ အဖြူရောင်၊ အပြာရောင် မိုးကာတဲလေး တွေ အစီအရီ ရှိနေတယ်။ မိုးကာတဲတွေပေါ်မှာတော့ UNHCR ဆိုတဲ့ တံဆိပ်က ထင်ထင် ရှား ရှား ပေါ်လွင်နေပါတယ်။
    နေ့လယ်ချိန်ဖြစ်တာမို့ နေရောင်က စူးရှ ပူပြင်းနေပြီး မိုးကာတဲတွေထဲမှာ နေထိုင်နေကြတဲ့ ကလေး နဲ့ အမျိုးသမီးတွေရဲ့ မျက်နှာတွေမှာ ချွေးတွေ တဒီးဒီးကျနေတယ်။ ပူအိုက်နေတဲ့ တဲငယ်လေးတွေဆီက စူးစူးဝါးဝါး ငိုကြွေးနေတဲ့ ကလေး ငယ်တွေရဲ့ ငိုယိုသံတွေကို အတိုင်း သားကြားနေရတယ်။
    ဒီမိုးကာတဲလေးတွေနဲ့ နေထိုင်နေရတဲ့ သူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် ခေါင်နွယ်ဆိုတဲ့ ကချင် တိုင်းရင်းသူလေး ၁ ဦးလည်း အပါအ၀င် ဖြစ်ပါတယ်။ သူတို့တွေအားလုံးဟာ မြန်မာ တပ်မတော်နဲ့ ကေအိုင်အေ ကချင်လွတ်လွပ်ရေးတပ်မတော် တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေ အရှိန်မြှင့်လာတာကြောင့် သူတို့ နေရပ်တွေကို စွန့်ခွာ ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဖြစ်ပြီး ၀ိုင်းမော်မြို့နယ် ၊ ၀ိုင်းမော်စုံနယ် လော်ဝေါ်နှစ်ခြင်း အသင်းတော်က ဖွင့်လှစ် တဲ့ ဒုက္ခသည်စခန်းမှာ လာရောက် ခိုလှုံနေကြတာပါ။ အဲဒီစခန်းမှာ မိသားစု ၁၅ စုရှိပြီး လူဦးရေ အားဖြင့် ၆၆ ဦး ခိုလှုံနေကြပါတယ်။
    ခေါင်နွယ်အပါအ၀င် စစ်ဘေးရှောင် ဒုက္ခသည်စခန်း ၂၀၁၇ ခုနှစ် ဇန်န၀ါရီလအတွင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ ပူပုနွေးနွေးဒုက္ခသည်အသစ်တွေပါ။ မြစ်ကြီးနားမြို့နဲ့ ၀ိုင်းမော်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေ သောင်းချီရှိနေပြီး ဒုက္ခသည် စခန်းပေါင်း ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
    ၂၀၁၁ ခုနှစ်မှ စတင်ပြီး ပြန်လည် ဖြစ်ပွားတဲ့ KIA နဲ့ အစိုးရစစ်တပ်အကြားတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်အရေအတွက်တွေ တိုးပွားနေဆဲဖြစ်ပြီး စစ်ဘေးရှောင်ကလေးတွေရဲ့ အနာဂတ်ကလည်း မရေမရာဖြစ်နေပါတယ်။
    မျှော်လင့်ချက်မဲ့ စစ်ရှောင်ကလေးများအနက်မှ ခေါင်နွယ်
    ==================================
    အသက် ၁၇နှစ်အရွယ်ဆိုတာ မိဘအုပ်ထိန်းသူအောက်မှာ ပျော်ရွှင်စွာ ပညာသင်ကြားရမယ့် အရွယ်ဖြစ်ပေမယ့် သမီးငယ်ခေါင်နွယ်ဟာ စစ်ဒဏ်ကြောင့် မိဘမဲ့ ဖြစ်ပြီး ၀ိုင်းမော်မြို့နယ်၊ လော်ဝေါ်စစ်ရှောင်စခန်းမှာ လာရောက်နေထိုင်ရပါတယ်။
    သမီးငယ်ခေါင်နွယ်ဟာ မွေးစကတည်းက မိခင်၊ဖခင်တို့ကို မမြင်ဖူးဘဲ အဘိုးအဘွားတွေနဲ့ အတူ နေထိုင်ခဲ့ရင်း စစ်ဘေးကို ၂ ကြိမ်တိုင်တိုင် တိမ်းရှောင်ခဲ့ရပါတယ်။
    “သမီးအမေက ဒီဘက်မှာ လုပ်ကိုင်မှာ စားလို့ တရုတ်ဘက်မှာ သမီးငယ်လေးကတည်းက အလုပ် သွားလုပ်တယ်။ သမီးအဖေကလည်း အဆက်အသွယ်မရဘူး။ ငယ်ငယ်လေး ကတည်း က အဘိုးအဘွားနဲ့နေတယ်။ သမီးက စစ်ဘေး ၂ ကြိမ်ရှောင်ခဲ့ဖူးပြီးပြီ ဇိုင်းအောင် မှာလည်း စစ်ဖြစ်တော့ တချို့တွေက မြစ်ကြီးနားကို ပြေးကြတယ်။ တချို့တွေက တရုတ် ဘက်ကို ပြေးတယ်။ သမီးအဒေါ်က ဒီမှာပြေးတယ်ဆိုတယ်။ သမီးက စတုန်းမှာတော့ ကြားဖြစ် နေတယ်။ ဟိုဘက်လည်း သွားမရ၊ ဒီဘက်လည်းသွားမရတော့ အဲဒါ သမီးအဒေါ်ရှိတဲ့ ဒီဘက်ကိုပြေးလာတာ” လို့ ခေါင်နွယ် က ပြောတယ်။
    အခု သူရောက်ရှိနေတဲ့ လော်ဝေါ်စစ်ဘေးရှောင်စခန်းကို သူ အလွယ်တကူ ရောက်ရှိလာတော့ မဟုတ်ပါဘူး။ အခက်အခဲပေါင်းများစွာ ဖြတ်ကျော်ပြီးမှ ရောက်ရှိလာခဲ့တာပါ။ မိဘမဲ့ တစ်ကောင်ကြွက်ဘ၀၊ ကယ်ကူသူမရှိဘဲ လမ်းမပေါ်မှာ ဆိုင်ကယ်တစ်စီးငှားလို့ စွန့်စွန့်စားစား လာခဲ့ရတာပါ။ စစ်ဘေး ၂ ကြိမ်ရှောင်ရတော့လည်း အကြိမ်ကြိမ် ကျောင်းပြောင်းပြီး ပညာရေးမှာလည်း အခက်အခဲ တွေ့ခဲ့ရပါတယ်။
    “သယ်ရတာက အများကြီးပဲ။ စောင်တွေ ပန်းကန်တွေ ကိုယ်စားရတာတွေ အကုန်သယ်ရတာပေါ့။ သမီးက စခုန်းမှာအထိက ၅ တန်းတက်ခဲ့ရတယ်။ နောက်ပိုင်း စစ်ဘေးဒုက္ခသည်ဖြစ်လာပြီးတော့ ဇိုင်းအောင်မှာ ပြန်တက်တယ်။ ဇိုင်းအောင်မှာ လိုင်ဇာ ပြန်ပြောင်းရမယ်ဆိုပြီး ၇ တန်း၊ ၈ တန်း လိုင်ဇာမှာ ကျောင်းတက်တယ်။ ပြီးတော့ ကျောင်းပြောင်းမယ် KIA ကျောင်းမှာ မတက်ချင်တော့ဘူးဆိုပြီး အဘိုးအဘွားကို မရမကပြောပြီးတော့ စတုန်းမှာ အစိုးရကျောင်းပြန်တက်ခဲ့တာ” လို့ ခေါင်နွယ်က ဆိုပါတယ်။
    စစ်ဒဏ်အောက်မှ မျှော်လင့်ချက်မဲ့ ကလေးငယ်များ
    ===============================
    ခေါင်နွယ်လိုပဲ စစ်ဘေးတိမ်းရှောင်ရင်း ပညာကို ကောင်းကောင်းမသင်ရ၊ မိဘမဲ့ဖြစ် ရတဲ့ ကလေးတွေ မြောက်မြားစွာ ရှိနေပါတယ်။ သူတို့တွေဟာ ဒုက္ခသည်စခန်းတွေမှာ အာဟာရ ချို့တဲ့စွာ ဆင်းဆင်းရဲရဲနေထိုင်ကြရင်း အချိန်တွေကို ဖြတ်သန်း ကုန်လွန်နေကြရပါတယ်။ ပြည့်စုံ လိုလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုလည်း မရကြပါဘူး။
    မြစ်ကြီးနားနဲ့ ၀ိုင်းမော်လိုမြို့ကြီးတွေမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ ကလေးငယ်တွေရဲ့ ဇတ်လမ်းတွေ ၀မ်းနည်းဖွယ်ကောင်းလှပေမယ့်လည်း မြို့ခံတွေ အတွက်တော့ မထူးဆန်းတော့သလိုတောင်ဖြစ်နေပါပြီ။
    “ဒုက္ခသည်တွေဆိုတာလေ ဟိုနေရာမှာလည်း ဒီနေရာမှာလည်းရှိ။ သူတို့ ဘ၀ဇတ်လမ်းတွေ နားထောင်ကြည့်ရင်လည်း သူ့ထက်သူ ပိုဆိုးတွေချည်းပဲ။ ကျနော်တို့က အမြဲကြားနေ မြင်နေရတော့ ကံတရားပဲဆိုပြီး သံဝေဂရတယ်။ ကျနော်တို့လည်း ဘာမှ မကူနိုင်ဘူး။ ကိုယ်တတ်နိုင်တာလည်း ငွေလှူတာလေ။ ရေရှည်ကျတော့ ကျနော်တို့ မလှူနိုင်တော့ဘူး။ အဓိက စစ်ကြီးပြီးသွားဖို့နဲ့ သူတို့အားလုံး အိမ်ပြန်နိုင်ရင် ဒီပြဿနာတွေ ပြီးပြီ” လို့ မြစ်ကြီးနားဒေသခံ ကိုမြင့်စိုးက ဆိုပါတယ်။
    စစ်ဘေးရှောင်ဒုက္ခသည် ကလေးငယ်တွေအများစုဟာ အရွယ်ရောက်ပြီဆိုတာနဲ့ လူကုန်ကူးခံရမယ့် အခြေအနေ၊ မူးယစ်ဆေးဝါး သားကောင်းအဖြစ် ကြုံလာရမယ့် အခြေအနေ၊ လက်နက်ကိုင်အဖြစ် တိုင်းရင်းသားတပ်ဖွဲ့တွေထဲ ရောက်ရှိမယ့် အခြေအနေ ကြုံကြရတယ်လို့ဆိုပါတယ်။
    “စစ်ရှောင်စခန်းမှာ နည်းနည်းအရွယ်ရောက်လာတဲ့ မိန်းကလေးတွေဆိုရင် လူကုန်ကူးတဲံသူတွေအကြိုက်ပဲ။ တရုတ်မှာ အလုပ်သွားလုပ်မလားဆိုပြီး တရုတ်မယားအဖြစ် အရောင်းစားခံရတယ်။ တချို့လည်း မြစ်ကြီးနားနဲ့ မြို့တွေပေါ်မှာ KTV ၊ မာဆပ်တွေ ရောက်ကုန်ကြတယ်။ တချို့လည်း ပြည့်တန်ဆာတွေ ဖြစ်ကုန်ကြတယ်။ အဓိက ဒုက္ခသည်စခန်းတွေမှာက စားရတာလည်း ချို့တဲ့၊ နေရတာလည်း ဆင်းရဲတော့ နောက်ဆုံး ထွက်ပေါက်ရှာကြတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
    အရွယ်ရောက်လာတဲ့ အမျိုးသားလေးတွေဆိုရင်လည်း မိန်းကလေးတွေနည်းတူပဲ မလုံခြုံမှုတွေရှိတယ်လို့ သိရပါတယ်။
    “ယောင်္ကျားလေးဆိုရင် အသက် ၁၅ နှစ်လောက်ဆိုရင် စစ်ရှောင်စခန်းမှာ မနေတော့ဘူး။ ဖားကန့်ကိုတက်တယ်။ မှော်တွေထဲမှာ ကျောက်သွားတူးတယ်။ အဲဒီမှာ မြေပြိုလို့ သေရင်သေ၊ မသေရင် မူးယစ်ဆေးဝါးဆွဲ၊ ငှက်ဖျားဖြစ်သေတာပဲ။ ဖားကန့် တက်သွားပြီး ကျောက်အောင်လို့ ချမ်းသာသွားတယ်ဆိုတာ ရုပ်ရှင်နဲ့ ၀တ္တုတွေထဲမှာပဲ ရှိတော့တယ်။ အပြင်မှာ မရှိတော့ဘူး။ ဖားကန့်ရောက်ရင် ဘယ်လူငယ်မဆို ကောင်းကောင်းမွန်မွန် အသက်ရှင်ရှင် ပြန်လာနိုင်ဖို့က ၇၅ ရာခိုင်နှုန်းမသေချာဘူး” လို့ ဒေသခံက ဆက်ပြောပါတယ်။
    တချို့လူငယ်တွေကတော့ KIA လို့ခေါ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ထဲကို ၀င်ရောက်သွားတာရှိသလို အတင်းအဓမ္မစစ်သားအဖြစ် ခေါ်ဆောင်ရတာမျိုးတွေလည်းရှိနေပါတယ်။
    “အခု ကချင် ကလေးငယ်တွေအားလုံးမှာ တကယ့်ကို အနာဂတ်မဲ့နေကြတယ်။ ကျနော် ခုနက ပြောသလိုပဲ မိန်းကလေးဆိုရင် အရွယ်ရလာတာနဲ့ ပြည့်တန်ဆာ ဖြစ်ဖို့ ပိုများတယ်။ ယောင်္ကျားလေးဆိုရင် အရွယ်ရလာတာနဲ့ လက်နက်ကိုင်ရင် ကိုင် မကိုင်ရင်တော့ မူးယစ်ဆေးဝါးရဲ့ သားကောင်အဖြစ်နဲ့ ဘ၀နိဂုံးချုပ်ရတာပဲ။ ဒါက ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ လက်တွေ့ အမှန်တရားပဲ” လို့ လော်ဝေါ်နှစ်ခြင်းခရစ်ယန် အသင်းတော်မှ ဒေသခံတစ်ဦးက ဆိုပါတယ်။
    စစ်ရှောင်စခန်းမှ ရွှေမင်းသမီးအိပ်မက်
    ======================
    လော်ဝေါ်စစ်ရှောင်စခန်းမှာနေတဲ့ မခေါင်နွယ်ကတော့ ဒုက္ခသည်စခန်းမှာနေထိုင်ရင်း ၁၀ တန်းအောင်ဖို့ စိတ်စောနေပါတယ်။ သူ့အနေနဲ့ ကျောင်းတက်ဖို့ စရိတ် အလုံအလောက်မရှိ၊ ကျောင်းထားပေးမယ့်သူမရှိတာကို အမြဲလိုလို ပူပန်နေတယ်။ တက္ကသိုလ်ပညာရေးပြီးဆုံးတဲ့အခါ သူသိပ်ဖြစ်ချင်တဲ့ ရုပ်ရှင်မင်းသမီး ဘ၀ ဖြစ်အောင် ကြိုးစားချင်နေပါတယ်။
    “သမီး ဒီနှစ် ၁၀ တန်းတက်မယ်။ ဒီနှစ် ၁ နှစ်တည်းနဲ့ အောင်အောင် ကြိုးစားမယ်။ ပြီးရင် တက္ကသိုလ်ဆက်တက်မယ်။ တက္ကသိုလ်တက်ပြီးရင် သမီးရည်မှန်းချက်ဖြစ်တဲ့ မင်းသမီးဖြစ်အောင် ကြိုးစားမယ်” လို့ သူက ဆိုတယ်။
    စစ်ရှောင်စခန်းကတဲလေးထဲနေရင်း ခေါင်နွယ် ၁ ယောက်တည်း စကားတွေလည်း ပြောနေပါတယ်။ သူ့မျက်နှာက တစ်ခါတစ်ခါ ခက်ထန်သွားပြီး တစ်ခါတစ်ခါ ပြုံးသွားတယ်။ တစ်ခါတစ်ခါ ပျော်ရွှင်တဲ့ဟန်ပန်တွေလည်း သူလုပ်နေတယ်။
    “အားရင် တစ်ယောက်တည်း အမူအရာတွေကျင့်တယ်။ ဒေါသထွက်၊ ရယ်၊ ပြုံးပေါ့။ ဗီဒီယိုတွေထဲမှာ ကြည့်ရသလို လိုက်လုပ်ကြည့်တာ။ သမီးက ငယ်ငယ်လေးကတည်း မင်းသမီးရူးတာ” လို့ သူက ဆိုတယ်။
    နေလုံးက တဖြည်းဖြည်းဝင်ပြီး အမှောင်ရိပ်သန်းလာပြီ။ လော်ဝေါ်စစ်ရှောင်စခန်းက တဲလေးရှေ့မှာ မီးလေးဖိုပြီး ထမင်းအိုးတည်ဖို့ ခေါင်နွယ်ပြင်ဆင်နေတယ်။ အိုးမည်းတွေနဲ့ ညစ်ပေနေတဲ့ ဒန်အိုးထဲကို ညစ်ထေးမွဲခြောက်နေတဲ့ ဆန်နို့ဆီဗူး ၁ ဗူး လောင်းထည့်လိုက်တယ်။ အဲဒီနောက် အ၀ါရောင်ပေါက်နေတဲ့ ရေတွေလောင်းထည့်ပြီး သူ ဆန်ဆေးလိုက်တယ်။ မီးဖိုလေးပေါ် ထမင်းအိုးတင်ဖို့ ပြင်နေတဲ့ ခေါင်နွယ်လက်မှာ အိုးမည်းတွေက ဟိုနေရာ တစ်ကွက်၊ ဒီနေရာ တစ်ကွက်။
    ဒီအိုးမည်းပေနေတဲ့ ခေါင်နွယ်ဆိုတဲ့ ကချင်တိုင်းရင်းသူလေးလက်ကလေးက တချိန်မှာ စင်မြင့်ထက်မှာ အကယ်ဒမီရွှေစင်ရုပ်တုပိုင်ဆိုင်လှမ်းကိုင်နိုင်တဲ့ လက်ဖြစ် မလာနိုင်ဘူး လို့ ဘယ်သူပြောနိုင်မလဲ။
    စုတ်ပြတ်နေတဲ့ ဒုက္ခသည်တဲလေးမှာ နေနေရတဲ့ ခေါင်နွယ်ဆိုတဲ့ မိန်းကလေးငယ် တစ်ဦးက တစ်ချိန်မှာ နိုင်ငံကျော် ရုပ်ရှင်မင်းသမီး တစ်ဦး ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူ ကြိုသိနိုင်မှာလဲ။
    (ခေါင်နွယ်သည် တစ်လ ၅၀၀၀ ကျပ် အလှူရှင်များအဖွဲ့၏ လက်အောက်ခံ ရင်သွေးငယ်ပညာရေးဖောင်ဒေးရှင်း၏ ပညာသင်ဆုကို လက်ခံရရှိသွားပြီး တက္ကသိုလ်ဝင်တန်းအတွက် မြစ်ကြီးနားမြို့တွင် ဘော်ဒါနေရမည်ဖြစ်သည်။ ၁၀ တန်းအောင်မြင်ပြီးနောက် တက္ကသိုလ်ပညာသင်ကြားရေးအတွက် အဖွဲ့က ထောက်ပံ့သွားမည်ဖြစ်သည်)
  • မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းနှင့် ဘာသာရေး အဖွဲ့အစည်းကြီးအား စွမ်းအားမြှင့်တင်ရေး
    မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းနှင့် ဘာသာရေး အဖွဲ့အစည်းကြီးအား စွမ်းအားမြှင့်တင်ရေး
    ဧပြီ ၃၀ ၊ ၂၀၁၇
    ဆောင်းပါးရှင်- မြင်သစ်
    မအားတာနဲ့ စာမရေးဖြစ်တာ ကြာနေပါပြီ။ မနေ့က သာကေတမှာ အစ္စလာမ့်အခြေခံဘာသာရေးစာသင်ကျောင်းနှစ်ခု ဘုရားရှိခိုးဝတ်ပြုမှု လုပ်ဆောင်တယ်ဆိုပြီး ပိတ်ခံရတာ မြင်ရကြားရတော့ မနေနိုင်လို့ ဒီစာလေး ရေးလိုက်ပါတယ်။
    ဘာသာရေးလွတ်လပ်ခွင့်၊ ဘာသာရေးကျောင်းပါဆိုမှ ဝတ်ပြုမှာပေါ့တို့၊ အစွန်းရောက်ဗုဒ္ဓဘာသာမျိုးချစ်နဲ့ သင်္ကန်းဝတ်တွေ၊ အုပ်ချုပ်ရေးအာဏာပိုင်တွေ အရေးမယူဘူးလားတို့၊ အန်တီစုရဲ့ NLD အစိုးရတာဝန်ရှိသူတွေ ဘာလုပ်နေလဲ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးမှာ မဟုတ်ပါဘူး။
    ကျွန်တော် ဆွေးနွေးရေးသားမှာက မြန်မာမွတ်စလင်မ် အဖွဲ့အစည်းများနဲ့ လူ့အသိုင်းအဝန်းကို စွမ်းအားမြှင့်တင်ရေး ရှုထောင့်ကပါ။ စာဖတ်သူတွေအနေနဲ့ ပိုမိုရှင်းလင်းစေဖို့ ကျွန်တော်ဆွဲထားတဲ့ ပုံတွေနဲ့ ချပြဆွေးနွေးသွားပါမယ်။
    ပုံ(၁)
    ဒီပုံ(၁)ကတော့ ဒီနေ့ ကျွန်တော်တို့ မြန်မာမွတ်စလင်မ်တွေ တောင့်တတဲ့ ဖြစ်စေချင်တဲ့ ဦးဆောင်မှုနဲ့ အဖွဲ့အစည်း ပုံစံပါပဲ။ ဒီပုံမှာ နှစ်ဖက်ခေါင်းပါ မြှားတွေရဲ့ သဘောတရားကတော့ အပြန်အလှန် ဆက်သွယ် ဆက်ဆံ ဆက်နွယ်မှုကို ရည်ညွှန်းတာပါ။
    အဆက်မြှားကတော့ အားပျော့ အားနည်းမှုကို ပြဆိုလိုပြီး၊ အပြည့်မြှားကတော့ (နှိုင်းယှဉ်လျှင်) အားကောင်းမှုကို ပြလိုပါတယ်။ အစိုးရအာဏာပိုင် (Government & Authorities)၊ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်း (Community)၊ Institution အဆင့်ကို ရောက်ရှိပြီး (နိုင်ငံလုံးဆိုင်ရာ)အစ္စလာမ့်ဘာသာရေးအဖွဲ့အစည်းကြီး (Institutionalized Islamic Faith-based Organization)၊ အခြား ဘာသာတရားတွေက ဘာသာရေးအဖွဲ့တွေ၊ အခြား အရပ်ဖက်လူ့အဖွဲ့အစည်းတွေ (Other CSOs)နဲ့ စတုတ္ထမဏ္ဍိုင်မီဒီယာ (Media)တို့ပေါ့။
    ပြည်သူနဲ့ အခြေခံလူ့အဖွဲ့အစည်းနဲ့ နိုင်ငံတော်အစိုးရနဲ့ အာဏာပိုင်တွေကြားက ဆက်ဆံမှုကတော့ နေ့စဉ်ထိတွေ့ဆက်ဆံနေခြင်း မဟုတ်တဲ့ အပေါ်မှာ အားနည်းတာ လက်တွေ့ကျပါတယ်။ ဒါပေမယ့် ပုံမှာ ရည်ညွှန်းထားသလို မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက လူမှုအဆောက်အအုံ အဆင့်ဖွံ့ဖြိုးပြီးဖြစ်နေကာ၊ နိုင်ငံတော်၊ မီဒီယာနဲ့ အခြား အရပ်ဖက် အဖွဲ့ ဘာသာရေးအဖွဲ့တွေကြား ဆက်ဆံမှုကတော့ ခိုင်မာနေရပါမယ်၊ အပြန်အလှန်ရှိနေရပါမယ်။ နောက်တစ်ခု အရေးကြီးတာက ပြည်သူတွေထဲက ပြည်သူတွေဖြစ်တဲ့ မြန်မာမွတ်စလင်မ်တွေနဲ့ အခြား အရပ်ဖက်အဖွဲ့တွေ၊ မီဒီယာတွေနဲ့ ဆက်ဆံရေးဟာ တိုက်ရိုက်ရော၊ အစ္စလာမ့်ဘာသာရေးအဖွဲ့ကြီးကနေတစ်ဆင့်ပါ ခိုင်မာကောင်းမွန်နေရပါမယ်။ ဒီပုံမှာ အသက်ကတော့ အစ္စလာမ့်ဘာသာရေးအဖွဲ့ကြီးနဲ့ မိမိတို့ ဦးဆောင်နေတဲ့ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်းတို့ အကြား အပြန်အလှန် ဆက်ဆံရေးဟာ အလွန်ကောင်းမွန်ခိုင်မာနေရပါမယ်။
    ပုံ(၁)မှာ ညွှန်းဆိုသလို ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို တည်ဆောက်ထားနိုင်ရင်…
    ပုံ(၂)
    သာကေတဖြစ်ရပ်မျိုးဟာ ဖြစ်လာဖို့ မရှိသလို၊ ဖြစ်လာရင်တောင် ဒီထက်ပိုကောင်းတဲ့ တုန့်ပြန်မှုမျိုး နောက်ဆက်တွဲ ဆောင်ရွက်မှုမျိုးတွေ လုပ်ဆောင်နိုင်ပါ။
    သာကေတဖြစ်ရပ်ဟာ အခုမှ ထဖြစ်တာမျိုးမဟုတ်ဘဲ နှစ်ဆယ်ချီကြာနေပြီ ကိစ္စဖြစ်ပါတယ်။ ယခင်စစ်အာဏာရှင်အစိုးရလက်ထက်မှာ ဘာသာရေးဖိနှိပ်မှုတွေရှိခဲ့ပါတယ်။ မြို့သစ်တွေတည်ခဲ့ပေမယ့် မြို့သစ်နေ လူနည်းစုဘာသာဝင်တွေအတွက် တရားဝင် ဘာသာရေးအဆောက်အဦးတွေ ဆောက်လုပ်ခွင့်မရခဲ့ပါ။ အဲ့ဒီရဲ့ အကျိုးဆက်အနေနဲ့ အိမ်တွေမှာ စုပေါင်းဝတ်ပြုရတာ၊ ဘာသာရေးစာသင်ကျောင်းတွေမှာ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ နားလည်မှုကို အနည်းနည်းအဖုံဖုံနဲ့ ယူရပြီး စုပေါင်းဝတ်ပြုရတာတွေ လုပ်ခဲ့ကြရပါတယ်။
    နှစ်ကြာမြင့်ပြီးဖြစ်တဲ့ ဘာသာရေးအဆောက်အဦးတွေကို ပြန်လည်ပြင်ဆင်ရေး၊ တိုးပွားလာတဲ့ လူဦးရေနဲ့ အညီ အထပ်မြှင့်တင်တိုးချဲ့ဆောက်လုပ်ရေး၊ ခေတ်ကာလနဲ့အညီ တိုးတက်လာတဲ့ နည်းစနစ်များနဲ့အညီ ပြုပြင်ဆောက်လုပ်ရေးတွေမှာ တင်းကြပ်စွာ ကန့်သတ်ခံခဲ့ကြရပါတယ်။ သာကတေက ဘာသာရေးစာသင်ကျောင်းတွေဟာ အဲ့ဒီလိုဖြစ်ရပ်များစွာကတည်းက တစ်ခုပါ။
    ကျွန်တော်တို့မှာ Institution အဆင့်ရှိတဲ့ ဘာသာရေးအဖွဲ့အစည်းကြီးသာရှိမယ်ဆိုရင်…အဲ့ဒီ့မှာ အနယ်နယ်အရပ်ရပ်က မြန်မာမွတ်စလင်မ်တွေကို ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ထိရောက်စွာ ကူညီဖို့  Legal and Advocacy Consultancy and Action Unit (ဥပဒေရေးရာနဲ့ စေ့စပ်ညှိနှိုင်းရေး အဖွဲ့ခွဲ) ကောင်းကောင်းတစ်ခုရှိနေမှာဖြစ်ပါတယ်။ အဲ့ဒီ့အဖွဲ့ခွဲက ဒေသအလိုက် မြန်မာမွတ်စလင်မ်တွေအနေနဲ့ အာဏာပိုင်တွေကို အခြေခံဥပဒေအောက်နဲ့ တည်ဆဲဥပဒေများအောက်ကနေ ဒီအခက်အခဲတွေကို ဘယ်လို ထိရောက်စွာ ချဉ်းကပ်ဖြေရှင်းမလဲ၊  နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာကို ဘယ်လို တရားဝင်အရေးဆိုရမလဲ၊ ဆောင်ရွက်စဉ်မှာ တွေ့ကြုံလာရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ဘယ်လို ချဉ်းကပ်ရမလဲစသည်ဖြင့် ကူညီဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။
    ပုံ(၁)မှာပြခဲ့တဲ့ ပြည်သူနဲ့ အစိုးရကြား ဆက်ဆံရေး အဆက်မြှားဟာ စနစ်ကျနတဲ့ လူမှုအဆောင်အအုံအဆင့်ဖွံ့ဖြိုးတဲ့ ဘာသာရေးအဖွဲ့အစည်းကြီး အကူအညီနဲ့ ပုံ(၂)မှာ ပြထားသလို အားကောင်းသွားမှာ ပိုထိရောက်သွားမှာ ဖြစ်ပါတယ်။
    အလားတူ အဖွဲ့ကြီးရဲ့ ဆောင်မမှုနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ မြန်မာမွတ်စလင်မ်ပြည်သူတွေနဲ့ မီဒီယာ အခြားအရပ်ဖက်အဖွဲ့အစည်းတွေကြား ဆက်ဆံမှု ဆက်နွယ်မှု ပူးပေါင်းတွေဟာ အားကောင်းလာမှာဖြစ်ပြီး အဲ့ဒီရဲ့ ကောင်းကျိုးကတော့ မြန်မာမွတ်စလင်မ်တွေအနေနဲ့ နိုင်ငံတော်အစိုးရနဲ့ရော၊ အခြားလူ့အဖွဲ့အစည်းတွေနဲ့ပါ ဆက်ဆံရေးဟာ ပိုမိုအားကောင်းလာနိုင်ပြီး ယနေ့ကျွန်တော်တို့တွေ့ကြုံနေရတဲ့ ဖြစ်ရပ်ဆိုးနဲ့ စိန်ခေါ်မှုတွေဟာ တဖြည်းဖြည်းနည်းသွားရာကနေ အချိန်အတိုင်းအတာတစ်ခုမှ ပပျောက်သွားနိုင်ပါတယ်။
    ဒါပေမယ့်…ဒီနေ့ ကျွန်တော်တို့ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်း လက်တွေ့ ကြုံနေရတဲ့ အခြေအနေက ပုံ(၃)ပါ။
    ပုံ(၃)
    မြန်မာမွတ်စလင်မ်ဘာသာရေးအဖွဲ့အစည်းလောကကို ကြည့်လိုက်ရင် အိုလမာသာသာန့ပညာရှင်များအဖွဲ့၊ အစ္စလာမ့်ရေးရာကောင်စီ၊ မမလ၊ မဖအ၊ မော်လဝီအဖွဲ့ချုပ်တို့အပြင် အခြားအဖွဲ့အချို့ရှိပါသေးတယ်။ ရှေ့ငါးဖွဲ့က အစိုးရအဆက်ဆက်က အသိအမှတ်ပြုခြင်းခံထားရပြီး ငါးဖွဲ့ပေါင်းကာ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ဆိုပြီး ဖွဲ့ထားပါတယ်။
    ပုံ(၃)မှာ ညွှန်းထားတဲ့အတိုင်း နိုင်ငံလုံးဆိုင်ရာအဖွဲ့ကြီးဆိုပေမယ့်… ငါးဖွဲ့ချင်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ဆက်ဆံမှုဟာ event- and ad hoc-based (အခမ်းအနား၊ အစီအစဉ်နဲ့ ပြဿနာဖြစ်မှစတဲ့အခြေအနေပေါ်မှာပဲ အခြေပြုထားတဲ့) ဖြစ်ပါတယ်။ နည်းဗျူဟာချ နည်းဗျူဟာကျ ပုံမှန် ပူးပေါင်းဆောင်ရွက်ရေးမှာတော့ အားနည်းလွန်းလှပါတယ်လို့ မြင်မိပါတယ်။ အခြားအဖွဲ့များနဲ့ဆိုရင်တော့ သုံးသပ်စရာကို မလိုတော့ပါ။
    ထို့နည်းတူ နိုင်ငံတော်အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်ရေးမှာလည်း စာရေးသူအမြင်အရ ထိရောက်တဲ့ channel (ဆက်သွယ်ရေးလမ်းကြောင်း)ဖွင့်ထားနိုင်ခြင်း မရှိဟု မြင်ပါတယ်။  လက်ရှိဖြစ်ရပ်တွေနဲ့ ကိုင်တွယ်ဖြေရှင်းနေရပုံတွေဟာ သက်သေတွေပါပဲ။
    စတုတ္ထမဏ္ဍိုင်မီဒီယာနဲ့လည်း event- and ad hoc-based ပါပဲ။ ဒါတောင် များသောအားဖြင့် မီဒီယာဘက်က (mostly one-sided communication initiated by media) စဆက်သွယ်ရတဲ့ အနေအထားပါ။ ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ မီဒီယာပိုင်းမှာ ပုံမှန်ဆက်ဆံရေးလမ်းကြောင်းတစ်ခုရှိမနေပါဘူး။ ဘာသာရေးအဖွဲ့အစည်းတွေအနေနဲ့ မီဒီယာကို လူထုအမြင်လမ်းကြောင်းချပြခြင်း ရယူခြင်းနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် အသုံးပြုနိုင်လောက်အောင် မဖွံ့ဖြိုးသေးဘူး၊ အဲ့ဒီလို မီဒီယာနဲ့ဆက်သွယ်ရမယ့် စနစ်တစ်ခုရှိမနေပါဘူး။
    အခြားဘာသာရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးကတော့ ပိုတောင်အားနည်းပါသေးတယ်။ Event-based ပိုဆန်ပါတယ်။ WIN WIN အခြေအနေမျိုးနဲ့ လူမှုအဆောက်အအုံအဆင့်ဖွံ့ဖြိုးတိုးတက်အောင် အခြားအဖွဲ့အစည်းတွေကိုဆီက နည်းစနစ်နဲ့ သင်ခန်းစာတွေရယူ ကိုယ့်ဖက်ကလည်း ပြန်လည်မျှဝေ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဗျူဟာကျကျ နည်းစနစ်ကျကျ ပူးပေါင်းဆောင်ရွက်မှုမျိုးပိုင်းမှာတော့ တော်တော်လေးကို အားနည်းနေပါသေးတယ်။
    အဆိုးဆုံးကတော့ အောက်ခြေ မြန်မာမွတ်စလင်မ်လူထုနဲ့ ထိတွေ့မှုပိုင်းမှာကို အားနည်းနေသေးတာပါ။ ကျွန်တော်တို့ အဖွဲ့အစည်းအားလုံးလိုလိုကို ကြည့်လိုက်ရင် ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ သွားနေပြီ ဗဟိုအဆင့်မှာသာ သက်ဝင်လှုပ်ရှားပါတယ်။ လူထုထဲ အောက်ခြေအဆင့် လှုပ်ရှားမှုမျိုးက ရှားရှားပါးပါးတွေ့ရပါတယ်။ ယခင်က ကွန်ရက်ဖြန့်ကျက်မှုအားကောင်းခဲ့ကောင်း ကောင်းခဲ့ပေမယ့် အခုအခါမှတော့ တော်တော်ကို အားနည်းနေပါပြီ။ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကိုလည်း အောက်ခြေလူထုက သိနိုင်တဲ့ လမ်းကြောင်းမျိုး ရှိမနေသလို၊ အဖွဲ့အစည်းခေါင်းဆောင်တွေအနေနဲ့ အောက်ခြေလူထုနဲ့ ပုံမှန်ထိတွေ့ခြင်းမျိုးလည်း မတွေ့ရသေလာက်ပါပဲ၊ အောက်ခြေလူထုက အဖွဲ့အစည်းတွေဆီကို မိမိတို့အသံကို တရားဝင်ကြားစေတဲ့အပိုင်းမျိုးမှာလည်း အားရစရာမရှိပါ။ အဲ့တော့ လူထုကိုယ်တိုင်ကလည်း အဖွဲ့အစည်းတွေကို ကျန်တဲ့ အချိန်မှာ မေ့မေ့ပျောက်ပျောက်ဖြစ်နေပြီး ခလုတ်ထိမှာ အမိတဆိုသလို ပြဿနာပေါ်မှ ဝေဖန်တာ ညည်းညူတာ ဒီလောက်နဲ့ပဲပြီးနေပါတယ်။
    အကျိုးဆက်အနေနဲ့ လူထုက အဖွဲ့အစည်းတွေပေါ်မှာ ယုံကြည်ချက်ပျောက်ဆုံးလာနေပြီး၊ ownership ခေါ်တဲ့ ငါတို့နဲ့သက်ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်လည်း အားလျော့လာနေပါပြီ။ ဒီနေရာမှာ ကျွန်တော်တို့ မြန်မာမွတ်စလင်မ်(လူထု)ကိုယ်တိုင်က နောက်လိုက်ကောင်းမဆန်မှုကိုလည်း တွေ့ရနိုင်ပါတယ်။ ပြဿနာဖြစ်မှ အဖွဲ့တွေကို တပြီး ထဆဲပြီး ကျန်တဲ့ အချိန်ကျတော့ ကိုယ်နဲ့ မဆိုင်သလို နေကြတဲ့ အကျင့်ဆိုးပါ။ ဒီအဖွဲ့တွေ အခုထက်ပို အားကောင်းလာဖို့ ကိုယ်တွေကြုံတွေ့နေတဲ့ စိန်ခေါ်မှုတွေမှာ ထိရောက်စွာ ဦးဆောင်လာနိုင်ဖို့ ကိုယ်တွေဖက်က ဘာတွေ ပံ့ပိုးပေးရမယ်ဆိုတာကိုတော့ မေ့ထားကြ မေ့နေကြတာပါပဲ။
    မြန်မာစကားပုံတစ်ခုယူပြောရရင်..စစ်ရောက်မှ မြှားချွန်ရလားဆိုပြီး စစ်သူကြီးကို အပြစ်တင်မယ်ဆိုရင် နောက်တန်းမှာတုန်းက စစ်သူကြီး မြှားချွန်လို့ရအောင် ငါတို့က ဘာလုပ်ပေးခဲ့ကြသလဲဆိုတာကိုလည်း တွေးမိကြဖို့ အချိန်မီ သင်ခန်းစာယူကြဖို့ လိုပါမယ်။ နို့မို့ဆို မိုးလွန်မှ ထွန်ချရတဲ့ ပြဿနာဖြစ်မှ လိုက်ရှင်းရတဲ့ အဖြစ်ဆိုးမျိုးက လွတ်ဖို့မရှိပါ။ ကောက်ရိုးမီးတွေ မဖြစ်ဖို့လိုပါမယ်။
    ကိုယ်တွေဖြစ်နေတာက ကြုံနေတာက ပုံ(၃) ဖြစ်ချင်တာက ပုံ(၁) ပုံ(၂)။ အဲ့တော့ ကိုယ်တွေဖြစ်ချင်တဲ့ အခြေအနေကို ဘယ်လို တည်ဆောက်ယူကြမလဲပေါ့။ ဘာသာရေးအဖွဲ့အစည်းတွေဖက်ကရော၊ communityလူထုကပါ ပြင်ဆင်ပြောင်းလဲကြရမှာပါ။
    ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ခေါင်းဆောင်တွေဖက်က သမိုင်းကြောင်းကောင်းခဲ့တဲ့ ကိုယ့်အဖွဲ့အစည်းတွေ ရှေးယခင်ကလို Institution အဆင့်ပြန်ရယူဖို့ Organizational Development မိမိတို့ အဖွဲ့အစည်းတွင်း ပြုပြင်ပြောင်းလဲမှု ဖွံ့ဖြိုးမှုကို သတ္တိရှိရှိလုပ်ဖို့ တော်လှန်ယူဖို့လိုပါမယ်။ ပရဟိတအခြေပြုကနေ  half volunteer half professional အဆင့်ကို သွားသင့်နေပါပြီ။ ဥပမာ- အပေါ်မှာ ဥပမာပေးခဲ့တဲ့ Unit နဲ့ပတ်သက်ပြီးပြောရရင်…ဥပဒေနဲ့ဆိုင်တဲ့ ကိစ္စတွေ စေ့စပ်ညှိနှိုင်းရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို ဆောင်ရွက်ဖို့ တတ်သိပညာရှင်တွေရဲ့ အကူအညီလိုပါပြီ၊ အဲ့ဒီ့မှာ လုံးဝ volunteer-based လုပ်မယ်ဆိုရင် ထိရောက်မှုက နှေးကွေးမှာဖြစ်ပါတယ်။ ယေဘူယျဆိုရရင် အဖွဲ့အစည်းရဲ့ ဥပဒေအကြံပေးဆိုသူက သူရဲ့ မိသားစုရေး ဝမ်းရေးကိစ္စပြီးမှ အဖွဲ့အစည်းရဲ့ ပရဟိတအရေးကို လုပ်နိုင်မှာပါ၊ အတ္တဟိတအရေးမှာ အားစိုက်မှုလောက် အချိန်အား လူအား မပေးနိုင်တာ ၁၀၀% ပါ။ ဖြစ်သင့်တာက Law ဥပဒေ နဲ့ Public Policy ပြည်သူ့ရေးရာမူဝါဒပိုင်း တတ်ကျွမ်းတဲ့ mid-career ပညာရှင်တစ်ဦး အချိန်ပြည့်ထားသင့်ပြီး သူ့ကိုမှ ဘေးကနေ Volunteer-based Legal and Advocacy Consultant Team တစ်ခုက အကူအညီပေး လမ်းညွှန်ပေးရမှာပါ။ တကယ်တမ်းသာ တစ်နိုင်ငံလုံးက မြန်မာမွတ်စလင်မ်တွေ ကြုံတွေနေရတဲ့ စိန်ခေါ်မှုနဲ့ ကိစ္စတွေကို ထိထိရောက်ရောက်သာ ဆောင်ရွက်မယ်ဆို အဲ့ဒီ့ လူငယ်လူရွယ်ပညာရှင် ယားလို့တောင် ကုတ်အားမည်မဟုတ်ပါ။ ဒါက Unit တစ်ခုအတွက် ဥပမာပါ။
    လက်ရှိ စာရေးစာချီအချို့သာထားရှိ ဦးဆောင်ပိုင်းသူတွေက ကိုယ့်စီးပွားပြီးမှ၊ ကိုယ့်အတ္တဟိတပြီးမှ၊ ကြုံမ၊ှ အရေးတကြီးကိစ္စရှိမှ လာရောက်တာမျိုး၊ ကိစ္စရပ်တိုင်းကို ဦးဆောင်သူတစ်စုကသာ အရေးပေါ်ခေါင်းဆိုင်ဖြေရှင်းနေတာမျိုးတွေရှိနေသရွေ့ Institution တစ်ခုအဆင့်ရောက်လာဖို့ရာမရှိပါ။
    ပညာလို အိုသည်မရှိဆိုသည့်အတိုင်း ကြုံတွေ့လာတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုအသစ်တွေကို ကိုင်တွယ်ရင်ဆိုင်နိုင်ဖို့ အဖွဲ့အစည်းပိုင်း ခေါင်းဆောင်ပိုင်းတွေအနေနဲ့ Leadership ပိုင်းအရည်အသွေးမြှင့်တင်ဖို့လိုပါမယ်။ အခြားနိုင်ငံတကာမှ အဖွဲ့အစည်းတွေ၊ ပြည်တွင်း အခြားအောင်မြင်နေတဲ့ non-profit sector မှ အဖွဲ့အစည်းတွေဆီကနေ သင်ယူဖို့ အဆင့်မြှင့် တင်ဖို့လိုပါမယ်။
    နိုင်ငံလုံးဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းကြီး နာမည်အောက်ဝင် အဖွဲ့ငါးဖွဲ့အနေနဲ့ အဖွဲ့အချင်းချင်း ပိုမိုပွင့်လင်းတဲ့ ပိုမိုနီးကပ်တဲ့ ပုံမှန်ဖြစ်မယ့် လက်တွဲဆောင်ရွက်မှုမျိုးလုပ်ရပါမယ်။  အဲ့ဒီလိုလုပ်နိုင်ဖို့ သဘောတူချမှတ်ထားတဲ့ မူဝါဒနဲ့ နည်းဗျူဟာကောင်းတစ်ခု ပြင်ဆင်အကောင်အထည်ဖော်သင့်ပါမယ်။ ဗဟိုမှသည် အောက်ခြေအထိ ပုံမှန်ပူးပေါင်းဆောင်ရွက်မှုတွေ အသက်ဝင်အောင် လုပ်ရပါမယ်။ အဲ့ဒီ ပူးပေါင်းဆောင်ရွက်မှုတွေက event-based ချည်းသက်သက်မဟုတ်နေသင့်ဘဲ လူမှုပြောင်းလဲမှုအတွက် အကျိုးသက်ရောက်စေမယ့် ရေတို ရေလတ် ပရောဂျက်တွေ ပရိုဂရမ်တွေဖြစ်သင့်ပါတယ်။
    အဖွဲ့အစည်းတွေအနေနဲ့ ခေါင်းဆောင်တွေအနေနဲ့ လူထုနဲ့ပိုမိုထိတွေ့မှု Community Engagement လုပ်ကိုလုပ်ရပါမယ်။ ပုံစံအမျိုးမျိုးနဲ့ လုပ်လို့တဲ့အပေါ် ဥပမာ အချို့ပေးလိုက်ပါတယ်။ လူထုကို ပိုမိုပါဝင်လာနိုင်မယ့် လမ်းကြောင်းမျိုးတွေ အဖွဲ့အစည်းတွေဖက်က များများ လုပ်သင့်ပါတယ်။ အဖွဲ့အစည်းခေါင်းဆောင်တွေအနေနဲ့ အရေးပေါ်ကိစ္စရှိမှ မဟုတ်ဘဲ အောက်ခြေလူထုရဲ့ နေ့စဉ်ဘဝဆီကို အရောက်သွားသင့်၊ သူတို့ရဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေ အထူးသဖြင့် ဘာသာရေးနဲ့ လူမှုရေး အခြေအနေတွေကို သူတို့ဆီကနေ တိုက်ရိုက်နားထောင်အပ်ပါတယ်၊ အဖွဲ့အစည်းအနေနဲ့ ခေါင်းဆောင်တွေ အနေနဲ့ ဘာတွေလုပ်ဆောင်နေတယ်ဆိုတာကို ပိုမိုပွင့်လင်းမြင်သာတဲ့ ပုံစံ လမ်းကြောင်းတွေနဲ့ လူထုကို ပုံမှန် အသိပေးအပ်ပါတယ်၊ လူထုရဲ့ တကယ့်အခြေအနေကို သိဖို့ Social Research သုတေသနပြုမှုတွေကို လုပ်သင့်ပါတယ်၊ လူထုရဲ့ အမြင်နဲ့ တောင်းဆိုမှုတွေကို အသိအမှတ်ပြုဖို့နဲ့ ကိုယ့် ကန့်သတ်မှုဘောင်တွေကထဲကနေပဲ အကောင်းဆုံး ပြန်တုန့်ပြန်ပေးဖို့လည်း လိုပါတယ်။ အရေးကြီးဆုံးအချက်က အဖွဲ့အစည်းတွေအနေနဲ့ အောက်ခြေအဖွဲ့တွေကို ပိုမိုလုပ်ကိုင်ခွင့်တွေပေး ပိုမိုအသက်ဝင်စေဖို့လိုပါမယ်။ Decentralization ပေါ့ ဗဟိုချုပ်ကိုင်မှုကို ဖြေလျော့ဖို့ လိုပါတယ်။ အဲ့ဒါမှ လူထုနဲ့ ပိုထိတွေ့နိုင်မှာပါ။
    အပေါ်မှာ ထောက်ပြဆွေးနွေးထားသလို အဖွဲ့အစည်းတွေအနေနဲ့ လူထုနဲ့ ပိုမိုထိတွေ့နိုင်ဖို့ လူထုအမြင်လမ်းကြောင်းကို ယူဖို့ မီဒီယာတွေအနေနဲ့ အမြဲထိတွေ့သင့်ပါတယ်။ မီဒီယာကဆက်သွယ်မှမဟုတ်ဘဲ မီဒီယာကို ဆက်သွယ်ဖို့လိုပါမယ်။ အဲ့ဒီအတွက်လည်း ကိုယ့်အဖွဲ့အစည်းတွင်း SOP ဆောင်ရွက်ပုံလမ်းညွန်ရှိသင့်ပါတယ်။
    နောက်တစ်ခုကတော့ အခြားဘာသာတရားအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ဆက်ဆံမှုပါ။ အခြားဘာသာရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ရေးမှာ Interfaith ဘာသာပေါင်းစုံချစ်ကြည်ရေးဘောင်တစ်ခုသာ ခတ်ပြီး ချဉ်းကပ်နေတာမျိုးထက် ကိုယ်တွေထက် ပိုစနစ်ကျတဲ့ Institution အဖြစ်ကို ရပ်တည်နေနိုင်ပြီဖြစ်တဲ့ အဖွဲ့အစည်းတွေဆီကနေ အဖွဲ့အစည်းတိုးတက်ရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ နည်းဗျူဟာနဲ့ မူဝါဒချမှတ်အကောင်အထည်ဖော်ခြင်းစတာတွေကို အတွေ့အကြုံယူ သင်ယူခြင်းလမ်းကြောင်းတွေနဲ့လည်း ချဉ်းကပ်သင့်နေပါပြီ။
    နောက်တစ်ခုက ငါးဖွဲ့အနေနဲ့ အခြားရပ်တည်နေတဲ့ အစ္စလာမ့်ဘာသာရေးအခြေပြုအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးလည်း တိကျတဲ့ အပေါင်းဆန်တဲ့ မူဝါဒမျိုးရှိနေသင့်ပါပြီ။ ဘာသာရေးငါးဖွဲ့ရှိပြီးသား တစ်ဖွဲ့ထပ်ထောင်တယ်ဆိုတဲ့ အနုတ်ဆောင်အမြင်မျိုးကနေ တရားဝင်အစိုးရအသိအမှတ်ပြုထားတဲ့ ငါးဖွဲ့အနေနဲ့ ကျန်အဖွဲ့တွေရဲ့ အားကို ယူပြီး ပူးပေါင်းပြီး ဘယ်လို လူထုအတွက် ပိုကောင်းအောင် လုပ်ကြမလဲဆိုတဲ့ နည်းဗျူဟာကောင်းတွေ ရှိနေသင့်ပါပြီ။
    အရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံတော်အဆင့် တိုင်းဒေသကြီးပြည်နယ်အဆင့်မှသည် အောက်ခြေ ခရိုင်မြို့နယ်အဆင့် အာဏာပိုင်တွေနဲ့ တရားဥပေဒလမ်းကြောင်းကို မဆန့်ကျင်တဲ့ ဆက်သွယ်ရေး channels တွေ ဖွံ့ထားဖို့လိုပါမယ်။
    Community ဖက်ကရောပေါ့…။ ဘာသာရေးအဖွဲ့အစည်းကြီးတွေနဲ့ ဆက်ဆံရေးအားနည်းခြင်းမှာ လူထုဘက်က အားနည်းမှုလည်းပါပါတယ်။ အပေါ်မှာ ဆွေးနွေးခဲ့သလိုပဲ ခလုတ်ထိမှ အမိတတဲ့ ပုံစံမျိုးမဟုတ်ဘဲ လူထုအနေနဲ့ ဒီအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေမှာ ပိုမိုပါဝင်နိုင်ဖို့ အားထုတ်ရပါမယ်၊ Community Participation ပေါ့။ ဒီအဖွဲ့တွေဟာ ငါတို့နဲ့ဆိုင်တယ်၊ လက်ရှိစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ဒီအဖွဲ့အစည်းတွေကို ဖွံ့ဖြိုးစေရေး တည်ဆောက်ရေးမှာ ငါတို့ပါရမယ် ငါတို့တတ်နိုင်တဲ့ ဖက်က ပံ့ပိုးကူညီရမယ်ဆိုတဲ့ Community Ownership အရေးကြီးပါတယ်။ ပြဿနာမရှိတဲ့ အခြေအနေမျိုးမှာလည်း သူတို့ဘာတွေလုပ်နေကြလဲ၊ ငါတို့ဆီက ဘာလိုအပ်သလဲ ဒီလို အာရုံစိုက်နေရပါမယ်။
    Institution အဆင့်ကို မြှင့်တင်မယ်ဆိုရင် အရင်းအမြစ်တွေက လိုအပ်မှာသေချာပါတယ်။ လိုအပ်တဲ့ အရင်းအမြစ်တွေ မဖြည့်တင်းရင်တော့ စိတ်ကူးသက်သက် plan သက်သက်ဖြစ်နေပြီး လက်တွေ့ အကောင်အထည်ဖော်ဖြစ်မှာ မဟုတ်ပါ။ အဲ့တော့ လူထုဖက်က လူ့အရင်းအမြစ်၊ အချိန်၊ ငွေကြေးအင်အားစတာတွေ ကိုယ်တွေတတ်နိုင်တဲ့ဖက်က ကူညီပေးဖို့လိုပါမယ်။
    အရေးကြီးဆုံးက ငါနဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ရှိပြီးနောက် အဖွဲ့အစည်းတွေကိုယ်တိုင်က ဦးဆောင်သူပိုင်းကိုယ်တိုင်က ကိုယ်မှန်းထားသလောက် မရွေ့ရင်တောင် လူထုဖက်ကနေ စိတ်ဝင်တစားနဲ့ တွန်းပေးဖို့ လိုအပ်ပါတယ်။
    ကိုယ်တွေဖက်က နောက်လိုက်ကောင်းပီသစွာနေမယ်ဆိုရင် ဦးဆောင်သူတွေကို နောက်လိုက်တွေရဲ့ ရသင့်တဲ့ အခွင့်အရေးနဲ့ ဦးဆောင်သူတွေဆောင်ရွက်ရမှာတွေကို နည်းလမ်းမှန်ကန်စွာ တောင်းဆိုကြရပါမယ်။ ဒီနေရာမှာ မကျေနပ်လို ဝေဖန်တာ ဆဲဆိုတာမျိုးထက် ဖြစ်စေချင်တဲ့ စိတ် ownership ရှိတဲ့စိတ်နဲ့ ကိုယ့်ဖက်က ကမ်းလှမ်းမှုတွေနဲ့ ဦးဆောင်သူတွေကို ဖြစ်စေချင်တာ ဖြစ်သင့်တယ် ထင်တာကို တောင်းဆိုရပါမယ်။ ဒါဟာ ကျွန်တော်တို့ သွားချင်နေတဲ့ စံနှုန်းမှီ ဒီမိုကရေစီရဲ့ စံတွေပါပဲ။
    ဥပမာ-အဖွဲ့အစည်းတွေ သို့မဟုတ် အဖွဲ့အစည်းကြီးအနေနဲ့ ဘာတွေလှုပ်ရှားမှုလုပ်နေလဲ လူထုကို အသိမပေးရင်၊ လူထု မသိရရင် အသိပေးဖို့ တောင်းဆိုကြရပါမယ်။ ဦးဆောင်သူတွေက လူထုကို လာမထိတွေ့ရင် လာထိတွေ့ဖို့ တောင်းဆိုကြရပါမယ်။ လူထုအနေနဲ့ အဖွဲ့နဲ့ ဦးဆောင်သူပိုင်းတွေကို အကြံပြုတာ၊ ထိတွေ့ဖို့ လမ်းကြောင်းတွေ ဖွင့်ပေးထားဖို့ တောင်းဆိုကြရပါမယ်။
    အဖွဲ့တစ်ခုချင်းဆီအနေနဲ့ မြန်မာမွတ်စလင်မ်ထုကြီးတစ်ရပ်လုံးနဲ့ မဆိုင်ဘူး၊ အဖွဲ့တွေရဲ့ အဖွဲ့ဝင်တွေနဲ့ပဲ သက်ဆိုင်တာ တာဝန်ယူမယ်ဆိုတဲ့ မူဟာ နိုင်ငံတော်အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ့်ဘာသာရေးအဖွဲ့ကြီးအနေနဲ့ ဘောင်မဝင်ပါ။ နာမည်မှာကိုယ်က မြန်မာမွတ်စလင်မ်ထုကို ကိုယ်စားပြုနေပါပြီ။
    တောင်းဆိုတယ်၊ အကြံပြုတယ်ဆိုတဲ့နေရာမှာ Social Media က ကိုယ့်စာမျက်နှာမှာ ဝေဖန်နေရုံ ဆဲဆိုနေရုံ၊ သူငယ်ချင်းတွေစု လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဝေဖန်နေတာမျိုး၊ ပစ်စာလောက်လုပ်တာမျိုးနဲ့ ဘောင်မဝင်ပါ။ ဘောင်ဝင်အောင် လုပ်ကြရပါမယ်။ သက်ဆိုင်သူများကို တိုက်ရိုက်ဆက်သွယ်ခြင်း၊ Social Media ကန်ပိမ်းလုပ်ခြင်း၊ မီဒီယာများမှတစ်ဆင့်သွားခြင်း၊ အိတ်ပိတ်ပေးစာ တရားဝင်ပို့ခြင်း၊ အိတ်ဖွင့်ပေးစာ တရားဝင်ပို့ခြင်း၊ ဆွေးနွေးပွဲ အစည်းအဝေးပွဲများတွင် တိုက်ရိုက်ပြောဆို မေးမြန်း အကြံပြုခြင်းမျိုးတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။
    တစ်ဆက်တည်းမှာပဲ လူထုအနေနဲ့ အဖွဲ့တွေရဲ့ လုပ်ဆောင်ပေးမှုနဲ့ နေမှုတွေကို အသိအမှတ်ပြုရမှာဖြစ်ပြီး သူတို့ရဲ့ ကန့်သတ်ချက်များကိုလည်း နားလည်ပေးက အပေါင်းဆောင် ချဉ်းကပ်မှုမျိုးနဲ့ ဆောင်ရွက်သင့်ပါတယ်။
    ဒါဆိုရင် ကျွန်တော်တို့ မဖြစ်စေချင်တဲ့ ပုံစံ (၃)ကနေ ဖြစ်စေချင်တဲ့ ပုံစံ(၁နဲ့၂)ကို တိုးတက်ပြောင်းလဲလာမှာဖြစ်ပါတယ်။
    အကယ်    ၍ လက်ရှိဦးဆောင်မှုပေးနေတဲ့ ဘာသာရေးအဖွဲ့အစည်းတွေကို လူမှုအဆောက်အအုံ Institution အဆင့်မြှင့်တင်ရေးမှာ အကြောင်းအမျိုးမျိုးကြောင့် ကျန့်ကြာနေမယ်၊ သို့မဟုတ် သူတို့ကို မြှင့်တင်ရင်း အခြားလမ်းကြောင်းတစ်ခု ဖောက်မယ်ဆိုရင်တော့ ပုံ(၄) ဟာ အဖြေကောင်းတစ်ခုဖြစ်လာနိုင်ချေများပါတယ်။
    ပုံ(၄)
    ဒီပုံစံမှာ ကျွန်တော်တို့ အနေနဲ့ အစ္စလာမ့်ဘာသာရေးအဖွဲ့ကြီးအပါအဝင် အဖွဲ့တွေအားလုံးကို ဘာသာရေးအခြေပြု Faith-based organizations အဖွဲ့တွေ (တခြားဘာသာတရားတွေရဲ့ အဖွဲ့အစည်းတွေအပါအဝင်)ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ပဲ စဉ်းစားပါတယ်။ ဒီပုံစံကတော့ ဘာသာရေးအဖွဲ့အစည်းကြီးကို အခြေပြုတဲ့ ပုံစံမဟုတ်တော့လို့ပါ။
    ဒီပုံစံမှာ Community မြန်မာမွတ်စလင်မ်လူ့အသိုင်းအဝန်းကို ပိုမြင်အောင် ထပ်မံပြီး သရုပ်ခွဲလိုက်ပါတယ်။ အဲ့ဒီမှာ လူထုရယ်၊ လူထုအခြေပြုအဖွဲ့အစည်းငယ်တွေရယ်၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရယ်၊ တဦးချင်းတက်ကြွလှုပ်ရှားသူတွေရယ်ပေါ့။
    အဲ့ဒီ့လူထုကြီး စွမ်းအားအဖက်ဖက်က မြှင့်တက်လာစေဖို့ကို ပံ့ပိုးပေးမယ် အရှိန်မြှင့်တင်ပေးမယ့် အရပ်ဖက်လူ့အဖွဲ့အစည်းကို အခြေပြုတဲ့ coordination body သို့မဟုတ် platform တစ်ခုရှိပါမယ်။
    အဲ့ဒီ့ bodyကို professional လူငယ်လူရွယ်တစ်စုက အတွေ့အကြုံရှိ multidisciplinary consultant team တစ်ခုက ထောက်ကူခြင်းနဲ့ တည်ဆောက် organize လုပ်မှာဖြစ်ပါတယ်။
    အဲ့ဒီ့ bodyက အဖွဲ့တစ်ခုပုံစံရပ်တည်မျိုးခြင်းထက် မြန်မာမွတ်စလင်မ် community ကြီးတစ်ခုလုံးနဲ့ အခြားလူ့အသိုင်းအဝိုင်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေကြား၊ မီဒီယာအကြား၊ အခြားရော အစ္စလာမ်ပါ ဘာသာရေးအဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်ရေးကို အရှိန်မြှင့်တင်ပေးမှာဖြစ်ပါတယ်။
    အဲ့ဒီ့ body ရဲ့ အားထုတ်မှုဟာ မြန်မာမွတ်စလင်မ်တွေနဲ့ အခြား Institutionsတွေအကြား WIN WIN အခြေအနေနဲ့ ဆောင်ရွက်ကြမယ့် အရပ်ဖက်လူ့အဖွဲ့အစည်း ပလက်ဖောင်းကြီးတစ်ခုဖြစ်လာပါမယ်။
    ဒီပလက်ဖောင်းမှာ အပြန်အလှန်မျှဝေမှု၊ ပံ့ပိုးမှု၊ သင်ယူမှုတွေ၊ ပူးပေါင်းမှုတွေ၊ ဘုံတူညီချက် ဘုံရည်မှန်းချက်တွေဆီ လျှောက်လှမ်းမှုတွေ၊ dialogue တွေ ၇ှိနေမှာဖြစ်ပြီး အကျိုးဆက်အနေနဲ့ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်းဟာ စွမ်းအားမြင့်တက်လာမှာဖြစ်ပါတယ်။ WIN WIN အခြေအနေတည်ဆောက်ယူမယ့်အပေါ် အခြားလူ့အဖွဲ့အစည်းတွေအနေနဲ့လည်း ကိုယ်တွေဖက်က မျှဝေမှု တူညီမှုတွေမှာ ကိုယ်တွေဖက်က အားဖြည့်ပေးမှု၊ အဆုံးအနေနဲ့ကတော့ အားလုံးရည်ရွယ်တဲ့ အေးချမ်းတဲ့ နိုင်ငံ ဒီမိုကရေစီပြည့်ဝစွာ ထွန်းကားတဲ့ နိုင်ငံ Civilized ဖြစ်တဲ့ နိုင်ငံနဲ့ အသိုက်အဝန်း ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပါမယ်။
    စွမ်းအားပြည့်လာတဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ လက်ရှိဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်အောင်မြင်နိုင်ဖို့ ရှိပြီး၊ နောက် အလားတူ ပြဿနာမျိုးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်စွမ်းလည်းရှိလာမှာဖြစ်ပါတယ်၊ အကောင်းဆုံးရလဒ်ကတော့ မြန်မာနိုင်ငံသားအားလုံးရည်မှန်းတဲ့ ငြိမ်းချမ်းပြီး ဒီမိုကရေစီပြည့်ဝတဲ့ နိုင်ငံတော်တစ်ခုပုံဖော်ရမှာ အကောင်းဆုံးပါဝင်မှု လုပ်နိုင်ခြင်းပါပဲ။
    ဒီနေရာမှာ အရေးအကြီးဆုံးက Who ဘယ်သူတွေက ဒါကို အကောင်အထည်ဖော်မှာလဲဆိုတဲ့ မေးခွန်းပါ။ အဖြေကတော့ရှင်းပါတယ်။ လက်ရှိ အခြေအနေကို ခါးစည်းခံနေရတဲ့ လက်ရှိအခြေအနေကို အားမရတဲ့ မြန်မာမွတ်စလင်မ်တွေ အကောင်အထည်ဖော်ရပါမယ်။ အားလုံးပါဝင်ရပါမယ်။ ဒီပုံစံကို ဦးတည်ဦးဆောင်သူတွေက အားလုံးပါဝင်လာအောင် ဆော်သြဖို့လိုပါတယ်။ ဒီပုံစံကို လွယ်လွယ်ကူကူ အကောင်အထည်ဖော်လို့ရမယ် စိန်ခေါ်မှု လုံးဝမရှိဘူးလို့တော့ ကျွန်တော်ကိုယ်တိုင် မယုံကြည်ပါ။ ဒါပေမယ့်…ယခင်က Unity for Peace၊ Peace Alliance နဲ့ Myanmar Muslim Conference ကြိုးပမ်းမှုတွေဟာ ဒီပုံစံနဲ့ ဆက်စပ်မှုရှိပြီး ထိုကြိုးပမ်းမှုတွေ အတိုင်းအတာတစ်ခုမှာ ရပ်တန့်ခဲ့ရတာတွေကို သင်ခန်းစာကောင်းယူကာ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး အကောင်အထည်ဖော်သင့်အပ်ပါတယ်။
    နိဂုံးချုပ်ရရင် ကျွန်တော်တို့မှာ ရွေးချယ်စရာသုံးလမ်းရှိနေပါတယ်။ တစ်လမ်းက ပုံစံ(၁)နဲ့ ပုံစံ(၂)အခြေအနေရောက်လာအောင် လက်ရှိ de facto နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်အဖွဲ့ကြီး နဲ့ အဖွဲ့ခွဲတွေ Institutionalized ဖြစ်လာအောင် ဝိုင်းတွန်းကြမယ် ( ဒီနေရာမှာ de facto ဆိုတဲ့ စာအသုံးက သင့်တော် ထိမိလို့ သုံးပါရစေ၊ ဆိုလိုတာက မြန်မာမွတ်စလင်မ်ထုတစ်ခုလုံးက ကိုယ်စားပြုရွေးချယ်ထားတာ မဟုတ်ပေမယ့် သမိုင်းကြောင်းနဲ့ ဖြစ်တည်မှုအရ မြန်မာမွတ်စလင်မ်ထုတစ်ရပ်လုံးကို ကိုယ်စားပြုနေတယ်ဆိုတာကို ပေါ်လွင်စေချင်လို့ပါ)။ ဒုတိယလမ်းက တော်ပါပြီ၊ ဒီအဖွဲ့တွေ တွန်းရတာ မောလှပြီ မဖြစ်ပါဘူးကွာဆိုပြီး ပုံစံ (၄) သို့မဟုတ် အလားတူ အရပ်ဖက်လူ့အဖွဲ့အစည်းအခြေပြု စွမ်းအားမြှင့်တင်ရေးကိုပဲ ပုံအောပြီးလုပ်ကြမလား။ တတိယပုံစံကတော့ ဘာသာရေးအဖွဲ့ကြီးနဲ့ အဖွဲ့ခွဲတွေကိုလည်း Institution ဖြစ်အောင်တွန်းရင်း ပုံစံ(၄)နဲ့ community တစ်ခုလုံး Institution ဖြစ်လာအောင် လုပ်ကြမလား။ ကျွန်တော်ကတော့ တတိယလမ်းကို ပိုကြိုက်ပါတယ်၊ နောက်တစ်လမ်းရွေးဆို ဒုတိယလမ်းကို ရွေးပါမယ်။ ဒုတိယလမ်းကို တကယ်ဖောက်နိုင်ရင်လည်း community ထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဘာသာရေးအဖွဲ့တွေလည်း စွမ်းအားမြှင့်လာမှာမို့လို့ပါပဲ။
    မှတ်ချက်။  ။ ကျွန်တော့်တစ်ဦးတည်းရဲ့ အမြင်ဆောင်းပါးဖြစ်တဲ့ အပေါ် ပို့စ်တင်ပေးတဲ့ မီဒီယာနဲ့ မသက်ဆိုင်သလို၊ ကျွန်တော့်အမြင်နဲ့ ဆွေးနွေးချက်မှာ အားနည်းချက်၊ လိုအပ်ချက်နဲ့ မပြည့်စုံမှုတွေ ရှိနေနိုင်ပါတယ်။ သို့သော် စေတနာကောင်းဖြစ်ကြောင်းကိုတော့ အာမခံအပ်ပါတယ်။
  • အာရဗီစာနှင့် အခြေခံ ဘာသာရေး စာသင်ကျောင်းဆိုသည်မှာ
    အာရဗီစာနှင့် အခြေခံ ဘာသာရေး စာသင်ကျောင်းဆိုသည်မှာ
    ဧပြီ ၂၉ ၊ ၂၀၁၇
    မောင်မောင်ကို ရေးသည်။
    Photograph: David Sillitoe
    အစ္စလမ်ဘာသာဝင် ကလေးငယ်များ..(၅နှစ်မှ ၁၂နှစ် အရွယ်)များကို ဘုရားဝတ်ပြုတတ်အောင် သင်ကြားပေးသော နေရာဖြစ်ပါသည်။
    အင်္ဂလိပ်၊တရုတ်၊ အာဖရိကန်၊ အင်ဒိုနီးရှား၊ တကမ္ဘာလုံးရှိ မွတ်စလင်မ်များ ဘုရားဝတ်ပြုသော အခါ.. အားလုံး အာရဗီဘာသာဖြင့် ရွတ်ဆို ဝတ်ပြုကြပါသည်။ ဥပမာ အခြားဘာသာဝင်များ လက်တင်ဘာသာ၊ ပါဠိဘာသာ၊ သက္ကရိုက်ဘာသာများဖြင့် ရွတ်ဆိုရှိခိုး ကန်တော့သလိုမျိုးဖြစ်ပါသည်။ လူအများစုက မိမိရွတ်ဆိုသည်ကို အပြည့်အဝ နားမလည်ကြပါ။
    အချို့က အနည်းငယ် နားလည်ကြပါသည်။။ အချို့က လုံးဝ နားမလည်ကြပါ။
    သို့သော်…ဘာစာရွတ်လျှင်.. ဦးညွတ်ရမည်… ဘာစာသားရွတ်ဆိုလျှင် မတ်တတ်ပြန်ရပ်ရမည်၊ ဘာစာသားရွတ်ဆိုလျှင်.. ဦးချ..ရမည်..စသဖြင့်… လူမျိုးမရွေး… အားလုံးတညီတညာတည်း… လုပ်ဆောင်နိုင်ကြရအောင်… ခလေးငယ်များကို သင်ကြားပြသရပါသည်။
    ရွတ်ဆိုကြသည်မှာ.. ကျမ်းစာ၏ နောက်ဆုံးကဏ္ဍ(ကဏ္ဍ၃၀)မှ… စာများကို အများဆုံး ဖတ်ရွတ်ကြရပါသည်။ တပိုဒ်ခြင်းအားဖြင့် တိုတောင်းသောကြောင့်ဖြစ်ပါသည်။ မွတ်စလင်မ်တိုင်း ကျား/မ..မဟူ… ထိုနောက်ဆုံးကဏ္ဍ၏ စာပိုဒ်၁၀ပုဒ်ခန့်မျှ.. အလွတ်ကျက်မှတ်ရပါသည်။ ထိုမှသာ..ဝတ်ပြုနိုင်ကြမှာဖြစ်ပါသည်။
    ကျမ်းစာကိုဖတ်တတ်ရန်..ကကြီး၊ ခခွေး..သဘော.. ဗျည်းများမှ စသင်ကြားလျှင်.. လူကြီးများအတွက်.. အမြန်စံနစ်ဖြင့်သင်လျှင်နာရီ၄၀ သင်ရိုးဖြင့်သင်ပေးကြပါသည်။ ကလေးများကိုတော့.. အချိန်များစွာပိုကြာအောင်သင်ရပါသည်။ ဦးစွာပဌမ.. ကျမ်းစားမဖတ်ခင်.. ခြေလက်မျက်နှာဆေးကြောခြင်း သင်ပေးရပါသည်။ ဘုရားဝတ်ပြုခါနီး ခြေလက်ဆေးကြော သန့်စင်ခြင်းနှင့်အတူတူပါ။ ရေသုံးအနည်းဆုံးနှင့် ဆေးကြော သန့်စင်သည့်ပုံစံ အဆင့်ဆင့်ဖြစ်ပါသည်။
    တကမ္ဘာလုံးရှိ မွတ်စလင်မ် မှန်သမျှတပုံစံတည်း… ဆေးကြောသန့်စင် ပုံစံတူကြပါသည်။
    ဥပမာ..ညာဖက်လက်ချောင်းလေးများနှင့် လက်ဖဝါးကိုစတင်ဆေး.. ထို့နောက်ဘယ်ဖက် လက်ချောင်းလေးများနှင့် လက်ဖဝါး…မှ အစချီ၍နောက်ဆုံး.. ဘယ်ဖက်ခြေဖျားနှင့် ခြေချောင်းလေးများကို ဆေးကြောအဆုံးသတ်ပါသည်။ Youtube တွင် ရှာဖွေကြည့်ရှုနိုင်ပါသည်..။
    အာရဗီကျောင်း အခြေခံဘာသာရေး စာသင်ကျောင်းများက.. ယင်းသို့ခြေလက် မျက်နှာဆေးကြောသည်မှ အစပြု၍ ဘုရားဝတ်ပြုနိုင်အောင် ကျမ်းစာပါ အာရဗီစာများ ဖတ်နိုင်အောင် သင်ကြားပေးပါသည်။
    ကျမ်းစာတွင် ဘုရားဝတ်ပြုကြဟု ပါရှိသောလည်း… နေမထွက်ခင် အာရုံဦး၊ နေမွန်းလွဲချိန်၊ နေညိုချိန်၊ နေဝင်ပြီးစအချိန်၊ ညဉ်ဦးချိန် အစရှိသဖြင့် အချိန်များတွင်.. ဦးချဝတ်ပြုကြိမ်ရေ သတ်မှတ်ချက်များ အသေးစိတ်မပါရှိပါ။ .တမန်တော်၏ သမားစဉ်.. ထုံးတမ်းစဉ်လာများမှ လေ့လာလိုက်နာ၍ ကျင့်သုံးကြရပါသည်။ ထို့ကြောင့်ဝတ်ပြုချိန်ကို အတိအကျသိအောင်.. (ဥပမာ..နေထွက်ဆဲ… နေမွန်းတည့်ဆဲ.. နေဝင်ဆဲ.. အချိန်များတွင် ဝတ်ပြု၍လုံးဝ မရပါ).. ဝတ်ပြုစဉ်အတွင်း အကြိမ်ရေမည်မျှ ပျတ်ဝတ်ဦးချ..ရမည်..အစရှိသဖြင့်…ကလေးများကို သင်ကြားပေးရပါသည်။
    ဝတ်ပြုရန် မတ်တပ်ရပ်စဉ်.. ခြေဖဝါး၂ဘက်မည်မျှ ကွာဝေးရမည်၊ လက်ပိုက်ထားလျှင် ဘယ်ဖက် လက်ကောက်ဝတ်အား ညာဖက်၏ လက်သန်းနှင့် လက်မတို့ဖြင့် ဆုပ်ပတ်ကိုင်ပြီး ကျန်လက်ချောင်း၃ချောင်းကို ဘယ်ဖက် လက်ဖျံရိုးပေါ် ဆန့်တန်းထားရမည်. အထိ..အတိအကျ… သေချာသင်ကြားပေးကြရပါသည်။
    ဘုရားဝတ်ပြုတတ်ပြီးလျင်… လူသေကိုရေချိုးပေးခြင်း နည်းနာ၊ သဂြိုလ်ခြင်းနည်းနာ. အစရှိသဖြင့်.. မွေးကင်းစ ကလေးငယ် မွေးဖွားသည့်အခါ ဝတ်ပြုဖိတ်ခေါ်သံဖြင့်.. ဖိတ်ခေါ်သည်မှအစ… သေဆုံးသဂြိုလ်ပြီး.. သေသူအတွက် ဆုတောင်းသည်များအထိ… သင်ကြားပြသပေးကြရာပါသည်။
    အသက်ရှင်နေစဉ်.. ဥပုသ်လအကြောင်း.. ဥပုသ်သီလ စောင့်ထိန်ပုံ… ဥပုသ်ဖြေပုံ.. အလှုအတန်းပြုလုပ်ပုံ… ဆင်းရဲသားများအတွက်. .. မလှုမနေရ… အလှူငွ..ပေးရခြင်း.. မည်မျှပေးရခြင်း.. မည်သူက အလှူခံပိုင်ခွင့် ရှိ/မရှိ… များမြောင်လှသော… ထုံးတမ်းစဉ်လာများကို.. သင်ကြားပေးရပါသည်။
    များသောအားဖြင့်.. မနက် (သို့မဟုတ်) ညနေ.. ညပိုင်း.. ၂ နာရီခန့် နေ့စဉ် သင်ကြားပေးလေ့ရှိပါသည်။
    စနေ၊ တနင်္ဂနွေရက်များ တွင်… ပိုမို အချိန်ယူ သင်ကြားပေးကြပါသည်။
    အကျဉ်းအားဖြင့်… မွတ်စလငိမ်တို့အတွက်… အာရဗီစာသင်ကျောင်းများ.. ဘာအတွက်လိုအပ်သည်ကို.. အကြမ်းအားဖြင့် ရေးသားတင်ပြခြင်းဖြစ်ပါသည်။