News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • ဗိသုကာလက်ရာ- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၆)

    ဗိသုကာလက်ရာ- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၆)

    ဧပြီ ၂၈၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    သက္ကရာဇ် ၇၄၀ မှ ၇၅၀ အကြားတွင် ဂျော်ဒန်နိုင်ငံ၌ တည်ဆောက်ခဲ့သည့် ခီရ်ဘတ် အလ်-မက်ဖ်ဂျီရ် ဘုရင်၏ နန်းတော်မှ စက်ဝိုင်းပုံ ပြတင်းပေါက်တစ်ခု။ ယူကေရှိ ဒူရ်ဟမ် ကက်သလစ်ဘုရားကျောင်းမှ ရောင်စုံ မှန်နှင့် ပြုလုပ်ထားသည့် စက်ဝိုင်းပုံ ပြတင်းပေါက်မှာ ဤလက်ရာ၏ လွှမ်းမိုးမှုကို ခံရသည်ဟု မှတ်ယူထားကြသည်။
    – ခရစ်ယာန် ကက်သလစ် ဘုရာကျောင်းတွေက အမိုးခုံးတွေ၊ အလင်းဖောက် စက်ဝိုင်းပုံ မှန်ပြတင်းပေါက်တွေ၊ ဘူတာရုံကြီးတွေက လေးကိုင်း အမိုးလက်ရာတွေ၊ အခြား ခရစ်ယာန်ဘုရားကျောင်းတွေက အမိုးချွန်တွေလို ဥရောပက အဆောက်အဦး တော်တော်များများမှာ မတူညီတဲ့ ဗိသုကာလက်ရာတွေ၊ ပုံသဏ္ဍာန်တွေ ရှိကြပါတယ်။ ဒီလက်ရာတွေအများစုဟာ ဗိသုကာနယ်ပယ်မှာ မွတ်စလင်တွေက ဖွံ့ဖြိုး၊ ပြည့်စုံစေခဲ့တဲ့ လက်ရာတွေဖြစ်ပြီး စပိန်နိုင်ငံတောင်ပိုင်းနဲ့ စစ္စလီကျွန်းတို့ကနေတစ်ဆင့် ဥရောပကို စီးဆင်း ၀င်ရောက်လာတယ်ဆိုတာကို သိမယ်ဆိုရင် တော်တော်များများက အံ့အားသင့်ကြမှာပါ။ ဒီလို အဆောက်အဦးဆောက်လုပ်မှု ဒီဇိုင်းတွေနဲ့ အတွေးအခေါ်တွေကို ဌာနေပညာရှင်တွေ၊ ခရူးဆိတ် ခရစ်ယာန် သာသနာပြုစစ်သည်တွေနဲ့ ကော်ဒိုဘာ၊ ကိုင်ရို ဒမတ်စကတ်တို့လို မွတ်စလင်မြို့တော်တွေ၊ မွတ်စလင်နိုင်ငံတွေကိုဖြတ်ပြီး ဂျေရုစလင်ကို ဘုရားဖူးသွားရောက်ကြတဲ့ ခရစ်ယာန်ဘာသာဝင်တွေက ဥရောပကို သယ်ဆောင်လာကြတာ ဖြစ်ပါတယ်။ ဒီ ဒီဇိုင်းတွေဟာ ရောမတွေရဲ့ ဒီဇိုင်းအပေါ်မှာ ဆန်းသစ်ကာ အင်မတန်ကောင်းမွန်တဲ့ ပေါင်းစပ်ဖန်တီးမှုတွေကို ပြုလုပ်ထားတာ ဖြစ်ပါတယ်။

    မွတ်စလင်တွေအတွက် ဗိသုကာပညာဆိုတာ အလ္လာဟ်အရှင်မြတ်ရဲ့ အတိုင်းအဆမဲ့ စွမ်းအားတွေလို အယူအဆတော်တော်များများကို ဖော်ကျူးရတဲ့ နယ်ပယ်ဖြစ်တာကြောင့် ဂျီသြမေတြီ ဒီဇိုင်းတွေ၊ သစ်ပင်၊ သစ်ရွက်၊ အခက်၊ အလက် စတာတွေနဲ့ ပုံဖော်တဲ့ ‘အေရာဘက် ဒီဇိုင်း’ (arabesque design) တွေကို ထပ်ခါထပ်ခါ အသုံးပြုခြင်းအားဖြင့် ဗိသုကာလက်ရာကို ပုံဖော်ကြပါတယ်။ လူပုံနဲ့ တိရစ္ဆာန်ပုံတွေကိုတော့ ဒီလက်ရာတွေမှာ ထည့်သွင်းအသုံးပြုလေ့ မရှိပါဘူး။ အမိုးခုံးတွေ၊ မျှော်စင်တွေ၊ ကွက်လပ်ကျယ်ကြီးတွေနဲ့ အဆုံးအစမဲ့ခံစားမှု၊ အံ့ချီးဖွယ် စွမ်းအားတွေရဲ့ ခံစားမှုတွေကို ဖော်ကျူးပြီးတဲ့နောက် ဒီအဆောက်အဦးတွေမှာ ကုရ်အာန်ကျမ်းစာက ကျမ်းချက်တွေကို စာပန်းချီနဲ့ ချယ်မှုန်းပြီး ပြီးပြည့်စုံစေကြပါတယ်။

    မွတ်စလင်တွေဟာ အဆောက်အဦးတွေကို ဒီလိုချယ်သရာမှာ မျက်စိပသာဒကို အထူး အာရုံစိုက်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အစ္စလာမ်သာသနာဟာ မလိုအပ်ဘဲ အပိုဖြုန်းတီးမှုကို တားမြစ်ထားပေမယ့် ဘုရားသခင် ချမှတ်ထားတဲ့ ဘောင်အတွင်းမှာ နေထိုင်နေသမျှ ကာလပတ်လုံး သက်သောင့်သက်သာရှိတဲ့ ဘ၀မျိုးမှာ နေထိုင်စံစားဖို့ ခွင့်ပြုထားတာကြောင့် ဖြစ်ပါတယ်။ ဒါဟာ မွတ်စလင်တွေအနေနဲ့ လူအထင်အမြင်သေးတဲ့ အခြေအနေမျိုးမှာ မနေထိုင်ရဘူးလို့ ဆိုလိုတာပါ။ “သက်တမ်းကုန်တဲ့အထိ နေရာမှာမို့လို့ ကမ္ဘာမြေပေါ်က လူ့ဘ၀အတွက် ကြိုးပမ်းပါ။ ဘယ်အချိန်သေမယ်မှန်း မသိတဲ့အတွက် နောက်တမလွန်အတွက် အားထုတ်ပါ” ဆိုတဲ့ မွတ်စလင်တွေရဲ့ ဆိုရိုးစကားဟာ သူတို့ရဲ့ ဗိသုပညာအပေါ်မှာလည်း သွားရောက် ရိုက်ခတ်ပါတယ်။ ဒါ့ကြောင့် တစ်ခုခုလုပ်တော့မယ်ဆိုရင် ကျက်သရေရှိရှိ လှလှပပ လုပ်ကြတာဖြစ်ပါတယ်။

    ရောင်စုံအလင်းဖောက်မှန်တွေနဲ့ အလှဆင်ထားတဲ့ ပြတင်းပေါက် အကြီးအကြီးတွေဟာ ဒီ ဆိုရိုးအတွက် ကောင်းမွန်တဲ့ ဥပမာတစ်ခုပါပဲ။ ဥရောပက ခရစ်ယာန်ဘုရားကျောင်းတွေရဲ့ မျက်နှာစာကို ကြည့်လိုက်မယ်ဆိုရင် အဓိက ၀င်ပေါက်ကြီးအပေါ်က နံရံရဲ့ လှပမှု၊ ချယ်သထားမှုတွေကို သတိမပြုဘဲ နေနိုင်မှာ မဟုတ်ပါဘူး။ သမိုင်းပညာရှင်တွေကတော့ ဒီ စက်ဝိုင်းပုံစံ ပြတင်းပေါက်ကြီးတွေကို အစ္စလာမ့်အနုပညာ၊ အူမိုင်ယာမင်းဆက် ခိုင်ရ်ဘတ် အလ်-မက်ဖ်ဂျာရ် (Khirbat al-Mafjar) ဘုရင်ရဲ့ နန်းတော် အပြင်ဘက်နံရံမှာ ကျောက်သား ဒါမှမဟုတ် သစ်သားကို ပွင့်ဖက် ၆ ရွက်ပါတဲ့ ပန်းပုံစံ ထွင်းထားတဲ့ ပြတင်းပေါက်တွေ။ ရှစ်ထောင့် ပြတင်းပေါက်တွေနဲ့ ချိတ်ဆက်ပြောဆိုကြပါတယ်။ အဲဒီ နန်းတော်ကြီးကို သက္ကရာဇ် ၇၄၀ နဲ့ ၇၅၀ အကြား ဂျော်ဒန်နိုင်ငံမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

    ခရူးဆိတ် ခရစ်ယာန်သာသနာပြုစစ်သည်တွေဟာ ဒီလက်ရာတွေကို မြင်ပြီး ဥရောပက ခရစ်ယာန်ဘုရားကျောင်းတွေမှာ စတင် ထည့်သွင်းခဲ့ကြတာပါ။ ပထမဆုံးအနေနဲ့ Romanesque လို့ခေါ်တဲ့ (၁၁ ရာစုနေ ၁၂ ရာစုအတွင်း ထွန်းကားခဲ့တဲ့) ဗိသုကာလက်ရာကို ဒူရ်ဟမ် ကက်သလစ်ဘုရားကျောင်း (Durham Cathedral) လိုနေရာမျိုးမှာ တွေ့မြင်ရပြီး နောက်ပိုင်းမှာတော့ ဂေါ့သစ် ဗိသုကာလက်ရာ (Gothic architecture)  တွေ ထွန်းကားခဲ့ပါတယ်။ ရောင်စုံမှန်တွေနဲ့ စီချယ်ထားတဲ့ ဒီလို ပြတင်းပေါက်ကြီးတွေဟာ ဘုရားသခင်ရဲ့ မျက်လုံးတော်လို့ တင်စားခြင်းခံရတဲ့ အလင်းတွေကို ဖောက်ကာ အဆောက်အဦးထဲ ၀င်ရောက်စေတဲ့ လုပ်ဆောင်ချက် ပါဝင်ပါတယ်။ တစ်ချို့တွေက ဒီအယူအဆဟာ ရောမက ပန်သီယွန် (Pantheon) ရှေးဟောင်း ဘုရားကျောင်းရဲ့ အမိုးခုံးမှာ ရှိနေတဲ့ စက်ဝိုင်းပုံ အလင်းဝင်ပေါက်ကနေ ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ဒီအလင်းဝင်ပေါက်ဟာ ပြတင်းပေါက်ဆိုတာထက် ခေါင်မိုးပေါ်က အပေါက်တစ်ခုမျှသာ ဖြစ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း မွတ်စလင်တွေရဲ့ ဗိသုကာလက်ရာ တစ်ခုချင်းနဲ့ ပတ်သက်လို့ ဖော်ပြမယ့် နောက်ပိုင်း အပိုင်းတွေကျရင် ဒီလက်ရာတွေက ရာစုနှစ်တွေအတွင်းမှာ ဥရောပအဆောက်အဦးတွေအပေါ် ဘယ်လို လွှမ်းမိုးမှုရှိလဲဆိုတာကို မြင်ရမှာ ဖြစ်ပါတယ်။

    အော်တိုမန်အင်ပါယာ၏ မွတ်စလင် ဗိသုကာပညာရှင် ဆီနန် ဒီဇိုင်းထုတ် တည်ဆောက်ထားသည့် အစ္စတန်ဘူလ်မှ ဆူလေမာနီယီ ဗလီဝတ်ကျောင်းတော်

    မွတ်စလင်တွေရဲ့ ဗိသုကာလက်ရာတွေထဲမှာ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ပုံသဏ္ဍာန်မျိုးတွေလည်း ပါဝင်ပါတယ်။ ထောင်ပေါင်းများစွာသော ဖယောင်းတိုင်တွေ၊ မီးတိုင်တွေကထွက်တဲ့ မီးခိုးတွေကို လျှော့ချဖို့ အတွက် မွတ်စလင် ဗိသုကာပညာရှင် ဆီနန် (Sinan) ဟာ အစ္စတန်ဘူလ်က ဆူလေမာနီယီဗလီ (Suleymaniye) ကို တည်ဆောက်တဲ့အခါမှာ အထပ်ခိုးတစ်ခုကို ထည့်သွင်းထားပြီး အခိုးငွေ့တွေဟာ လေရဲ့ လှည့်ပတ်မှုကြောင့် ဒီအထပ်ခိုးကနေတစ်ဆင့် အပြင်ကို ထွက်သွားပါတယ်။ တစ်ချို့သော ကျပ်ခိုးတွေကိုတော့ စုဆောင်းထားပြီး ဗလီဝတ်ကျောင်းတော်က ရေပန်းဆီကို ပို့ပေးကာ အဲဒီကရေနဲ့ ရောပြီး မင်ဖြစ်အောင်လုပ်ပါတယ်။ ဒီမင်ကို စာပန်းချီချယ်မှုန်းရာမှာ အသုံးပြုပါတယ်။ နောက်ပြီး ဒီမင်ရည်ဟာ ကြမ်ပိုးတွေ၊ ခြတွေကို မောင်းထုတ်ပေးတာကြောင့် စာအုပ်တွေရဲ့ သက်တမ်းကိုလည်း တာရှည်ခံစေပါတယ်။

    မွတ်စလင်ဗိသုကာပညာရှင် ဆီနန်

    တူရကီနိုင်ငံက ဆူလေမာနီယီ ဗလီဝတ်ကျောင်းတော်ဟာ နိုင်ငံတစ်ဝှမ်းမှာ အမြင့်ဆုံးနဲ့ ငလျင်ဒဏ်အခံနိုင်ဆုံး မင်နာရတ် မျှော်စင်တွေကို ပိုင်ဆိုင်ထားပါတယ်။ ဒီဗလီဝတ်ကျောင်းတော်ဟာ အော်တိုမန် ဗိသုကာပညာရှင် ဆီနန်ရဲ့ လက်ရာလည်းဖြစ်ပါတယ်။  ၁၆ ရာစုအတွင်း အော်တိုမန်ဘုရင် ၃ ဆက် လက်အောက်မှာ အမှုထမ်းခဲ့တဲ့ ဆီနန်ဟာ အဆောက်အဦးပေါင်း ၄၇၇ ခုကို ဒီဇိုင်းဆွဲ တည်ဆောက်ပေးခဲ့ပြီး ဥရောပမှာ ၁၆ ရာစုအထိ မထွန်းကားသေးတဲ့ ဗိသုကာနဲ့ ပထ၀ီအနေအထား သဟဇာတဖြစ်စွာ ပေါင်းစပ်မှုရဲ့ အရေးကြီးပုံကို မီးမောင်းထိုးပြခဲ့ပါတယ်။ ဆီနန်ရဲ့ တူရကီဒီဇိုင်းတွေဟာ အမိုးခုံးတွေကို ပြုပြင်ပြောင်းလဲခဲ့ပြီး အမြင့်နဲ့ အရွယ်အစား ပိုမိုကြီးမားအောင် ဆောင်ရွက်နိုင်ခဲ့ကာ အရပ်ဖက် အင်ဂျင်နီယာလောကမှာ တစ်မူထူးခြားတဲ့ တိုးတက်မှုတစ်ခုကို ဖြစ်စေခဲ့ပါတယ်။ ပြီးတော့ ဒါဟာ သူ့ရဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • သေသည်အထိ ချစ်ခင်သွားတဲ့ အမေရိကန်မှ ဇနီးမောင်နှံနှစ်ဦး

    သေသည်အထိ ချစ်ခင်သွားတဲ့ အမေရိကန်မှ ဇနီးမောင်နှံနှစ်ဦး

    ဧပြီ ၂၇၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု အီလီနွိုက်စ်ပြည်နယ်က အိမ်ထောင်သက် ၆၉ နှစ်ရှိတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ တစ်နာရီအတွင်းမှာပဲ လက်ချင်းချိတ်ကာ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြပါတယ်။

    အသက် ၉၁ နှစ်အရွယ် အိုက်ဇက် ဗက်ကင်းနဲ့ အသက် ၈၉ နှစ်အရွယ် ဇနီးဖြစ်သူ ထရီဇာတို့ ဖြစ်ပါတယ်။ ထရီဇာဟာ စနေနေ့က အလ်ဇိုင်းမားရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီး မိနစ် ၄၀ အကြာမှာပဲ ထရီဇာရဲ့လက်ကို ကိုင်ထားတဲ့ အိုက်ဇက်ဟာလည်း ကွယ်လွန်သွားခဲ့တာပါ။

    မိသားစုဝင်တွေကတော့ သူတို့နှစ်ဦးစလုံးဟာ အတူတကွ ဘ၀ကို အဆုံးသတ်မယ်ဆိုတာ သိနေကြတယ်လို့ ဆိုပါတယ်။

    “သူတို့ရဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်မှုဟာ သိပ်ပြီးတော့ ခိုင်မာပါတယ်။ တစ်ယောက်မရှိဘဲ တစ်ယောက်က အသက်မရှင်နိုင်င်ပါဘူး။ သူတို့နှစ်ယောက်ဟာ အမြဲတမ်း ချစ်နေကြပြီး နောက်ဆုံးစက္ကန့်အထိ ချစ်သွားကြတာပါ” လို့ သမီးဖြစ်သူ ကလာရာ ဂက်စ်လင်က မိဘနှစ်ဦးရဲ့ ဈာပနအခမ်းအနားမှာ ပြောကြားခဲ့
    ပါတယ်။

    အိုက်ဇက်တို့ ဇနီးမောင်နှံနှစ်ဦးစလုံးကို Highland Park ဆေးရုံမှာ တင်ကာ ဆေးကုသခဲ့တာဖြစ်ပြီး ထရီဇာအခြေအနေ မကောင်းတဲ့အချိန်မှာ ဆေးရုံဝန်ထမ်းတွေက ဇနီးမောင်နှံနှစ်ဦးရဲ့ ကုတင်ကို ဘေးချင်းကပ်ပေး ခဲ့ကာ မိသားစုဝင်တွေက သူတို့နှစ်ဦးရဲ့လက်ကို ထိစေခဲ့ပါတယ်။

    Ref: BBC

     

  • ပေးဆပ်ရင်းနဲ့ ပျော်ကာနေသူ (သို့မဟုတ်) နှစ်ပေါင်း ၆၀ နီးပါး လူနာအားလုံးအတွက် ရှင်သန်နေသူ ချိုတူး

    ပေးဆပ်ရင်းနဲ့ ပျော်ကာနေသူ (သို့မဟုတ်) နှစ်ပေါင်း ၆၀ နီးပါး လူနာအားလုံးအတွက် ရှင်သန်နေသူ ချိုတူး

    သာလွန်ဇောင်းထက် ရေးသည်။

    ချိုတူး(သို့မဟုတ်) MR.A.R.Y MANJRA နှင့် စာရေးသူ

    အဖြူရောင်ဆေးသုတ်ထားတဲ့ အခန်းလေးထဲက သစ်သားထိုင်ခုံလေးပေါ်မှာ အဘိုးအို ၁ ဦး ငြိမ်ငြိမ်သက်သက်ပဲ အပေါက်ဝကို ငေးကြည့်ရင်း ထိုင်နေတယ်။ အခန်းထဲကို ကျနော်တို့ ၀င်လာတော့ သူက နှစ်လိုဖွယ်အပြုံးနဲ့ တိုးလျတဲ့လေသံနဲ့ “ထိုင်ကြပါ” ဆိုပြီး နှုတ်ဆက်တယ်။

    ခပ်လတ်လတ် အသားအရည်ရှိတဲ့ အဘိုးအိုက ပါးရည်နားရည်တွေ တွန့်နေပြီဖြစ်ပေမယ့် သူ့မျက်နှာ ကြည်လင်နေတယ်။ သူ့မျက်ဝန်းတွေမှာ လူတိုင်းကို အလေးထားတဲ့ အကြည့်တွေရှိနေတယ်။ လူတိုင်းကို ကြင်နာသနားတတ်တဲ့ မျက်ဝန်းတွေ သူပိုင်ဆိုင်ထားတယ်။

    သူဝတ်ထားတဲ့ အ၀တ်အစား ခပ်နွမ်းနွမ်းလေပေမယ့် အဝေးကလှမ်းကြည့်လိုက်တာနဲ့ သူဟာ သာမန် အဘိုးအို ၁ ဦးထက်ပိုနေတဲ့ လူသားတစ်ဦး ဆိုတာ သိသိသာသာ ခံစားလိုက်ရတယ်။ သူ့ပတ်ဝန်းကျင်မှာ သူ့ရဲ့ အကြည်ဓာတ်တွေ၊ မေတ္တာဓာတ်တွေ လွှမ်းမိုးနေသလို ခံစားလိုက်ရတယ်။

    ဒီဆေးရုံကို ညီလေးကံဇော်နဲ့ ညီမလေး မယမင်းစုလှိုင်တို့ရဲ့ ခေါက်ဆွဲ ခြောက်တွေ လာလှူတာပါလို့ အဘိုးအိုကို မိတ်ဆက်တော့ အဘိုးအိုက ရွှင်ပျစွာနဲ့ စကားဧည့်ခံတယ်။

    “ဒီဆေးရုံကြီးကလေ အလှူရှင်တွေကြောင့် ရပ်တည်နေတာ။ အလှူရှင်တွေ မရှိရင် ဒီဆေးရုံကြီး မရပ်တည်နိုင်ဘူး” လို့ သူက ဆိုတယ်။

    ချိုတူး(သို့မဟုတ်) MR.A.R.Y MANJRA
    =========================

    အဘိုးအိုက ရန်ကုန်မြို့ လယ်ခေါင် မဟာဗန္ဓုလ ပန်းခြံလမ်းမှာရှိတဲ့ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံကြီး အကျိုးဆောင်အတွင်းရေးမှူး MR.A.R.Y MANJRA ပါပဲ။

    “ကျနော့်မှာ မြန်မာနာမည်မရှိဘူး။ အဖေက အငယ်ဆုံးဆိုတော့ ချစ်လွန်းလို့ ချိုတူးလို့ ခေါ်တယ်။ မြန်မာနာမည် ချိုတူးပေါ့”ဟု သူက ဆိုတယ်။

    ၁၉ ၃၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ချိုတူး (ခေါ်) MR.A.R.Y MANJRAဟာ ဆွေစဉ်မျိုးဆက် ပရဟိတမျိုးရိုးဆိုရင်လည်း မမှားနိုင်ပါဘူး။

    “ကျနော့်အဖေက ဆိုင်ဖွင့်တယ်။ စီးပွားရေးလည်း လုပ်တယ်။ ဆိုင်တွေ အကုန်လုံး ဦးနေ၀င်းခေတ်မှာ ပြည်သူပိုင်သိမ်းသွားတယ်။ အဖေက ဒီမွတ်စလင် ဆေးရုံမှာ အတွင်းရေးမှူးပေါ့။ နောက်တော့ FRC(ဧည့်နိုင်ငံသား) ဖြစ်တော့ အဖေက နားလိုက်တယ်။ ပြီးတော့ သားဖြစ်တဲ့ ကျနော့်ကို ဒီကုသိုလ်ဖြစ်ဆေးရုံမှာ လုပ်ခိုင်းတယ်” လို့ ချိုတူးက ဆိုပါတယ်။

    ချိုတူးဟာ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံမှာ ၁၉ ၆၃ ခုနှစ်မှာ စတင်ပြီး ပါဝင် လုပ်အားပေးရပါတော့တယ်။

    “ကျနော်ကောလိပ်ပြီးစပေါ့။ အဖေက ကုသိုလ်ဖြစ်ဆေးရုံမှာ လုပ်ဆိုတော့ လည်းလုပ်ရတာပေါ့။ ဒီအလုပ်ကလေ အရမ်းမွန်မြတ်တယ်” လို့ သူက ဆိုတယ်။

    ကုသိုလ်ဖြစ်ဆေးရုံမှာ ချိုတူးဟာ ဆေးရုံကော်မတီ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရင်း ဓာတ်လှေကားမောင်း၊ တံမြက်စည်းလှည်း၊ အမှိုက်ကျူံး စတဲ့ အလုပ်ပေါင်းစုံကို လုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

    ရန်ကုန် ဘားလမ်းရှိ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ

    မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ
    ===================

    မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံလို့ နာမည်တပ်ထားပေမယ့် ဒီဆေးရုံဟာ မွတ်စလင်တွေအတွက်ပဲ ကုသပေးတဲ့ဆေးရုံမဟုတ်ဘဲ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ခွဲခြားခြင်းမရှိဘဲ ဆေးဝါးကုသပေးနေတဲ့ ဆေးရုံပါ။ ၁၉ ၃၇ ခုနှစ် မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

    “ဒီဆေးရုံကလေ ဂျပန်တွေ ဗုံးလာကြဲတဲ့အချိန်မှာတောင်မှ မပိတ်ခဲ့ဘူး။ စဖွင့်တုန်းက ဆေးခန်းလေးပေါ့။ တဖြည်းဖြည်းဆေးရုံဖြစ်လာတာ။ ဂျပန်တွေ ဗုံးလာကြဲချိန် ဆေးခန်းမှာရောက်နေတဲ့ ဗိုက်ကြီးသည် လူနာ ၁ ယောက် မမွေးနိုင်ဘူး။ အဲဒါ ဆေးရုံက ကော်မတီဝင်က သူ့ကားနဲ့ ဗုံးတွေရှောင်ရင်း အမျိုးသမီးဆေးရုံပို့ခဲ့ရတယ်” လို့ သူက ဆိုတယ်။

    ကျနော်ကိုယ်တိုင်လည်း ဆေးရုံတစ်ခုလုံးကို လိုက်လံ ကြည့်ရှုခဲ့ပြီး လာရောက်ဆေးကုသတွေထဲမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်နေတာ တွေ့ခဲ့ရတယ်။ အထူးသဖြင့်တော့ ကျောက်ကပ်ဆေးဌာနမှာ တက်နေသူ အများစုက ကျေးလက်တောရွာတွေက တက်လာတဲ့ ဆင်းရဲနွမ်းပါးသူတွေ ဆိုတာလည်း သတိထားမိတယ်။

    အမှိုက်မရှိ၊ ကွမ်းတံတွေး မရှိ၊ အနံ့အသက်ဆိုးမရှိ

    ကုသိုလ်ဖြစ်ဆေးရုံ ဘယ်လို ရပ်တည်နေလဲ
    ===========================
    မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံမှာ ၀န်ထမ်းပေါင်း ၁ ရာကျော်ရှိနေပြီး ဆရာဝန်တွေ၊ သူနာပြုတွေအားလုံးကလည်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပါဝင်ပါတယ်။ ဆရာဝန်ကြီးတွေ အများစုကတော့ ကုသိုလ်ဖြစ် ဒါန လာရောက် ဆေးကုသပေးကြတာပါ။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းက ကုသိုလ်ဖြစ်ဆေးရုံရဲ့ အဖွဲ့ဝင် ခေါင်းဆောင် ဆရာဝန်တဦးလည်းဖြစ်ပါတယ်။ ဒီဆေးရုံဟာ နှစ်စဉ် လူနာများစွာ တိုးချဲ့ အခမဲ့ ကုသပေးနေရပြီး နှစ်စဉ်လည်း စရိတ်တွေ တိုးလို့လာနေပါတယ်။ စရိတ်တွေအများစုကလည်း ဘာသာပေါင်းစုံက လှူဒါန်းကြတာပါ။

    “အလှူငွေတွေက ဘာသာပေါင်းစုံက လှူကြတာ။ ကျနော်တို့ အစ္စလမ်တွေလည်း လှူကြတယ်။ ၁ နှစ်လုံး အမြတ်ရဲ့ ဘယ်လောက်ဆိုပြီး ပြန်လှူကြတာလည်းရှိတယ်။ အခု နိုင်ငံခြားကနေ လှူကြတာလည်းရှိတယ်။ အဓိကကတော့ ဘာသာပေါင်းစုံက လှူကြတာ” လို့သူကဆိုတယ်။

    သန့်ရှင်းေ်နတဲ့ ကုသိုလ်ဖြစ်ဆေးရုံ

    လတ်တလော ကုသိုလ်ဖြစ်ဆေးရုံမှာ သားဖွားခန်း၊ ခွဲစိတ်ဆောင်၊ အထူးလူနာခန်း၊ ပြင်လူနာဌာန ၊ ကျောက်ကပ်ဆေးဌာန အပါအ၀င် အဆောင်များစွာရှိပါတယ်။ ကျောက်ကပ်ဆေးဌာနမှာ ကျောက်ကပ်ဆေးစက်တွေ ထပ်မံ တပ်ဆင်နေပြီး စက် ၉ လုံး အလှူခံရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

    “ကျောက်ကပ်ဆေးစက်တွေ တပ်ထားပြီးသား။ အခုလည်း ၉ လုံး ထပ်ရထားတယ်။ စက်တွေအတွက် ဆေးရည်တွေလည်း လိုမယ်။ ဒီဆေးရုံကြီး တစ်ခုလုံးက တစ်နှစ်ကို အခု ၈၇ ကုဋေ ( သိန်း ၈၇၀၀ ) ကုန်တယ်။ ကျနော်လေ အမြဲပဲ စိုးရိမ်နေရတာက အလှူငွေ ရပါ့မလားပေါ့။ အလှူငွေ မရရင်တော့ ကျနော်တို့ ဆက်ပြီး ရပ်တည်နိုင်မှာမဟုတ်ဘူး” ချိုတူးက ပြောတယ်။

    ဒီဆေးရုံကြီး တစ်ခုကို လျှောက်သွားကြည့်တော့ အမှိုက်မတွေ့ ၊ အနံ့အသက် ဆိုးဝါးတာမရ၊ အကုန်လုံး သန့်သန့်ရှင်းရှင်း ဖြစ်နေတာကို သတိထား မိတယ်။ လူနာရှင်မပါတဲ့ ကျောက်ကပ်ဆေးရမယ့် အဘိုးအို ၁ ဦးကို သူနာပြု ၃ ယောက်လောက် ဖေးဖေးမမနဲ့ ဆေးရုံတက်ဖို့ ပြင်ဆင်ပေးနေတာလည်း တွေ့ခဲ့ရတယ်။ဆေးရုံတက် လူနာအများစုက နွမ်းပါးဆင်းရဲကြသူတွေချည်းပါပဲ။

    မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံဆိုပေမယ့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ လူနာတွေကို ကုသပေးနေတယ်

    အညတရ ချိုတူး
    ==========
    ၁၉ ၆၃ ခုနှစ်ကတည်းက ကုသိုလ်ဖြစ် ဆေးရုံမှာ လုပ်အားပေးရင် ကုန်လွန်ခဲ့တာ အခုဆိုရင်တော့ ချိုတူးရဲ့ လုပ်အားပေးသက်တမ်းက ၅၄ နှစ်ရှိလာပြီ ဖြစ်သလို ချိုတူးအသက်ကလည်း ၈၂ နှစ်ရှိလာပြီဖြစ်ပါတယ်။

    “ကျနော်က ပုံမှန်ဆိုရင် ဗုဒ္စဟူးနဲ့ သောကြာ နားလေ့မရှိဘူး။ ဒါပေမယ့်လည်း အလုပ်ရှိရင် ရှိသလို တက်နေရတာပဲ။ မနက်ဆိုရင် ကျနော်ဒီမှာ ထိုင်ပြီး စီမံရတာပဲ။ ဆေးရုံဆိုပေမယ့် လမ်းဘေးမှာ နေမကောင်းဖြစ်လဲနေတဲ့ မျက်မမြင်လူနာကိုလည်း စောင့်ရှောက်ပေးရတာမျိုး။ စားစရာမရှိတဲ့ လူနာကို ထမင်းချက်ကျွေးရတာမျိုးတွေလည်းရှိတယ်။ ဆေးကုပေးရတာ တစ်ခု တည်းမဟုတ်ဘူး။ ဘာမဆို ကျနော်တို့က အခမဲ့ လုပ်ပေးနေရတာ။ ရှေ့ဆက်ပြီး ရပ်တည်နိုင်ပါ့မလားဆိုတာလည်း အမြဲ စိုးရိမ်တယ်” လို့ သူက ဆိုပါတယ်။

    ချိုတူးမှာ သား ၁ ဦးနဲ့ သမီး ၁ ဦးရှိပြီး သူ့သားဟာလည်း ဒီဆေးရုံမှာလည်း ပြန်ပြီး အလုပ်လုပ်နေပါတယ်။

    “ကျနော့်သားလေ။ ဟိုမှာ ဆေးရုံကိစ္စတွေ အကုန်လိုက်လုပ်နေတာ အဲဒါ ကျနော့်သား” လို့ ဂုဏ်ယူတဲ့လေသံနဲ့ ပြောတယ်။

    ကျွန်းသားထိုင်ခုံလေးနဲ့ စားပွဲလေးမှာ သူဟာ နှစ်ပေါင်းများစွာ ဆေးရုံနဲ့ လူနာတွေ အတွက် သူ စီမံခန့်ခွဲခဲ့ပေမယ့် အခုတော့ သူကိုယ်တိုင်လည်း အိုမင်းနေပါပြီ။ ဒါပေမယ့်လည်း သူ့အသွင်အပြင် ဟန်ပန်တွေက တက်ကြွစွာနဲ့ ဆေးရုံ ကိစ္စတွေကို စီမံနေဆဲပါပဲ။

    “ဒီဆေးရုံဘေးနားက မြေကွက်က လှူထားတာ။ အဲဒါကို ရအောင် လုပ်ရမယ်။ အဲဒါဆိုရင် လူနာတွေအတွက် ပိုပြီး အဆင်ပြေမယ်။ အခု နေရာထိုင်ခင်း အခက်အခဲရှိတယ်။ လူကများ။ ဆေးရုံကသေးတော့။ လှူထားတဲ့ မြေကွက်မှာ ဆေးရုံ ထပ်ဆောက်နိုင်ရင်တော့ ကောင်းမယ်။ အခု ကျပ်နေတယ်” လို့ ချိုတူးက လေသံအေးအေးနဲ့ ရှင်းပြတယ်။

    ချိုတူးရဲ့ ရာထူးက ဂုဏ်ထူးဆောင် အထွေထွေအတွင်းရေးမှူးပါ

    ကျနော်တို့ သူ့ကို နှုတ်ဆက်ပြီး ဆေးရုံပြန်ထွက်တော့ သူက ဆေးရုံ အ၀ အထိလိုက်လာပြီး နှုတ်ဆက်ပါတယ်။

    “ကျနော့်နာမည်က မာန်ဂျရာ (MANJRA)။ တကယ်လို့ မှတ်ဖို့ခက်တယ်ဆိုရင် တောင်အာဖရိက သမ္မတ မာန်ဒဲလားနဲ့ ဆင်တူ နာမည် မာန်ဂျရာ ဆိုပြီး မှတ်ထားပါ” လို့ သူက အပြုံးတွေနဲ့ လိုက်နှုတ်ဆက်တယ်။

    ကျနော်တို့ ဆေးရုံအ၀ လှေကားကနေ ဆင်းသွားတဲ့အထိ သူက လှေကားပေါ်ကနေ ပြုံးပြရင်း လက်ပြ နှုတ်ဆက်နေဆဲပဲ။ သူရဲ့ ကျန်ရှိတဲ့ ဘ၀ သက်တမ်းမှာ သူဟာ ဆေးရုံ ထိုင်ခုံလေးပေါ်မှာ ဆက်ထိုင်ရင်း လူနာတွေ ဆက်အလုပ်လုပ်သွားမယ်ဆိုတာ သူ့မျက်ဝန်းတွေက သက်သေပြနေတယ်။

    နှစ်ပေါင်း ၆၀ နီးပါး တိတိကျကျဆိုရင် နှစ်ပေါင်း ၅၄ နှစ်တိုင်အောင် သူ အလုပ်လုပ်ခဲ့တဲ့ ဒီဆေးရုံမှာ နောက်ဆုံးထွက်သက်အထိ သူ အလုပ်လုပ်နေမယ်ဆိုတာ ယုံမှား သံသယရှိစရာမလိုတာကတော့ အသေအချာပါပဲ။

    စာရေးသူ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • အွန်လိုင်းချစ်သူကို လက်ထပ်ဖို့ ၂ နှစ်တာငွေစုပြီး အင်ဒိုကို လိုက်သွားတဲ့ အီတလီသူလေး

    အွန်လိုင်းချစ်သူကို လက်ထပ်ဖို့ ၂ နှစ်တာငွေစုပြီး အင်ဒိုကို လိုက်သွားတဲ့ အီတလီသူလေး

    ဧပြီ ၂၅၊ ၂၀၁၇
    M-Media

    အင်ဒိုနီးရှားက ချစ်သူနဲ့ လက်ထပ်ဖို့ လိုက်လာတဲ့ အီလာရီယာ

    – အီတလီနိုင်ငံက အမျိုးသမီးငယ်တစ်ဦးဟာ အွန်လိုင်းက ကြိုက်နှစ်သက်သွားတဲ့ အမျိုးသားတစ်ဦးကို လက်ထပ်ဖို့အတွက် သူ့ရဲ့ လုပ်ခလစာကို ၂ နှစ်တာ စုဆောင်းပြီး အင်ဒိုနီးရှားကို သွားရောက်ခဲ့ပါတယ်။

    အီလာရီယာလို့ခေါ်တဲ့ အမျိုးသမီးဖြစ်ပြီး ဂျာဗားကျွန်းမကြီးမှာနေထိုင်တဲ့ ဇွလ်ဖီကာရ်နဲ့ Facebook ကနေတစ်ဆင့် ချစ်ကြိုက်ခဲ့တာ ဖြစ်ပါတယ်။ ချစ်ကြိုး နှောင်ဖွဲ့ ရစ်ပတ်လွန်းခဲ့ပြီး နောက်ပိုင်းမှာတော့ သူတို့နှစ်ဦးဟာ ပေါင်းစည်းဖို့ သဘောတူခဲ့ကြပါတယ်။

    ကမ္ဘာ့တစ်ဖက်ခြမ်းက အမျိုးသားတစ်ဦးနဲ့ လက်ထပ်ဖို့ အစီအစဉ်ကို အီလာရီယာက မိဘတွေကို ပြောကြားခဲ့ပြီး မိဘတွေကလည်း သမီးဖြစ်သူရဲ့ ဆန္ဒကို သဘောတူခဲ့ပါတယ်။

    “အင်ဒိုနီးရှားကိုလာဖို့ စားသောက်ဆိုင်မှာ အလုပ်လုပ်ရင်း ရလာတဲ့ပိုက်ဆံကို ၂ နှစ်လောက် စုခဲ့ရပါတယ်” လို့ အီလာရီယာက Jakarta Post ကို ဖွင့်ဟခဲ့ပါတယ်။

    ဧပြီလ ၁၈ ရက်နေ့မှာ အီလာရီယာဟာ ဘာတန်းမြို့ကို ရောက်ရှိလာခဲ့ပြီး သူမရဲ့ ခင်ပွန်းလောင်းရှိရာ ကန်ဒီမန် ခရိုင် တရာဂန် ကျေးရွာလေးကို ချက်ခြင်း သွားရောက်ခဲ့ပါတယ်။

    ဒါပေမယ့် ဒေသခံတွေကတော့ နိုင်ငံခြားသားတစ်ယောက် လာရောက်တဲ့အတွက် အထူးအဆန်း ဖြစ်ခဲ့ရပြီး ရဲတပ်ဖွဲ့ ကိုအကြောင်းကြားခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ဝင်တွေကလည်း ချက်ခြင်းပဲ ရောက်ရှိလာပြီး ဘာတန်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ အဂက်စ် ၀င်ဒါတိုလည်း ပါလာခဲ့ပါတယ်။

    “အင်ဒိုနီးရှားကို သူမလာရောက်ရဲ့ ရည်ရွယ်ချက်ကို သိရှိဖို့အတွက် ကျွန်တော်တို့ သူမကို မေးမြန်းခဲ့ပါတယ်” လို့ ၀င်ဒါတိုက ပြောပါတယ်။

    ဇွလ်ဖီကာရ်ကတော့ ဝေးကွာလွန်းတဲ့ ချစ်ခြင်းမေတ္တာဟာ ဆိုရှယ်မီဒီယာကြောင့် အမှန်ကတယ်ဖြစ်လာခဲ့ပြီး၊ လက်ထပ်မှုနဲ့ အဆုံးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Straitimes

  • ပါကစ္စတန်မှသည် ဟောလီးဝုဒ်ဆီသို့ (အင်တာဗျူး)

    ပါကစ္စတန်မှသည် ဟောလီးဝုဒ်ဆီသို့ (အင်တာဗျူး)

    ဧပြီ ၂၃၊ ၂၀၁၇
    M-Media

    ဟောလီးဝုဒ်ရောက် ပါကစ္စတန်သရုပ်ဆောင် ဖာရန် တာဟီရ်

    – ပါကစ္စတန်နိုင်ငံဟာ ကျန်းမာရေး၊ ပရဟိတ၊ သိပ္ပံနဲ့နည်းပညာ စတဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုကြောင့် ကမ္ဘာ့မီဒီယာတွေထက်မှာ မကြာမကြာ ဖော်ပြခြင်းခံရတဲ့ နိုင်ငံ ဖြစ်ပါတယ်။

    လူမှုဘ၀နေထိုင်မှု၊ ဖျော်ဖြေရေးမှာလည်း ပါကစ္စတန်ကို ဘေးဖယ်ထားလို့ မရဘဲ ဘောလီးဝုဒ်နဲ့ ဟောလီးဝုဒ်အထိတောင် တိုးပေါက်နေနိုင်ပြီဖြစ်ပါတယ်။

    ပါကစ္စတန်နိုင်ငံသား ဖာရန် တာဟီရ်ဟာ ဟောလီးဝုဒ်မှာ ထင်ရှားတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပြီး သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကနေ ပါကစ္စတန်ရဲ့ အပြုသဘောဆောင်ပြီး၊ ငြိမ်းချမ်းတဲ့ ပုံရိပ်တွေကို ထင်ဟပ်စေပါတယ်။

    ပါစ္စတန် ရုပ်ရှင်းသားဟောင်း နအင်းမ် တာဟီရ်ရဲ့ သားဖြစ်ပြီး American Crime ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ရေးစ် ဘရှီးရ် ဇာတ်ရုပ်နဲ့ ထင်ရှားလာသူဖြစ်ပါတယ်။ ဖာရန်ဟာ ကယ်လီဖိုးနီးယားဘာကလေ တက္ကသိုလ်နဲ့ ဟားဗတ်တက္ကသိုလ် ကျောင်းဆင်းဖြစ်ပြီး ရုဒ်ယာ့ဒ်ရဲ့ စာအုပ်ကို ဒစ္စနေက ရိုက်ကူးကာ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Jungle Book ရုပ်ရှင်မှာ ပထမဆုံး သရုပ်ဆောင်ခဲ့ပါတယ်။ နောက်ထပ် သူ့ကို လူသိများစေတဲ့ ဇာတ်ကားတွေထဲမှာ Star Trek၊ Pitch Perfect ဇာတ်ကားတွေ၊ Grey’s Anatomy၊ Once Upon a Time တီဗီ ဇာတ်လမ်းတွဲတွေ ပါဝင်ပါတယ်။

    The Nation က ဖာရန်နဲ့ ပြုလုပ်ထားတဲ့ အင်တာဗျူးကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

    မေး။ ။ ခင်ဗျား ပါကစ္စတန်ကနေ ဟောလီးဝုဒ်ကို ရောက်ခဲ့တဲ့ ခရီးလေးကို ပြောပြအုံး။

    ဖြေ။ ။ သိပ်ပြီးထူးခြားတယ်ဗျ။ အမြဲတမ်း အဆင်ချောနေတာတော့ မဟုတ်ပါဘူ။ ဒါပေမယ့် ပျော်စရာတွေလည်း ပါတာပေါ့ဗျာ။ ကျွန်တော်တို့အားလုံးက ကိုယ့်လမ်းကို ရွေးလျှောက်ခဲ့ကြသူတွေပါပဲ။ ဒါက ကျွန်တော် လုပ်ချင်တဲ့အလုပ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် ကျွန်တော်ဟာ လိုအပ်တဲ့ သင်ယူမှုတွေ၊ လိုအပ်တဲ့အရာတွေအားလုံးကို ရှာဖွေပြီး ကျွမ်းကျင်လာဖို့အတွက် ဆောင်ရွက်ခဲ့ပါတယ်။ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ ကျွန်တော့ရဲ့နယ်ပယ်က အကောင်းဆုံးဆိုတဲ့သူတွေနဲ့ အလုပ်တွဲလုပ်ခွင့် ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။

    မေး။ ။ ကျွန်တော်တို့အားလုံးဟာ တိုင်းပြည်ရဲ့ အမှတ်သညာကို ကိုယ်စားပြုသူတွေဖြစ်တယ်။ ခင်ဗျားရဲ့ အလုပ်နဲ့ ပါကစ္စတန်ကို ကိုယ်စားပြုခွင့်ရတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။

    ဖြေ။ ။ သိပ်ကို ဂုဏ်ယူပါတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်တဲ့အခါ ကျွန်တော့်ရဲ့တိုင်းပြည်ကို ကိုယ်စားပြုတယ်ဆိုတဲ့ အချက်ကို ကျွန်တော် မမေ့ပါဘူး။ ဒါ့ကြောင့်ပဲ မျှတတဲ့ အခန်းကဏ္ဍတွေကို ရွေးချယ်နိုင်ဖို့အတွက် ဆုံးဖြတ်ချက်တစ်ခုကို သတိထားပြီး ချခဲ့တာပါ။ ရှေးရိုးစွဲအမြင်တွေကို ကျွန်တော်မယုံကြည်ဘူး။ ဒါ့ကြောင့် ဇာတ်ရုပ်ရဲ့ လှုပ်ရှားမှုပေါ်မှာ အမျိုးမျိုး ထင်မြင်ယူဆနိုင်တဲ့ နေရာတွေကို ကျွန်တော် ရွေးချယ်တာပါ။

    မေး။ ။ ခင်ဗျားက ပါကစ္စတန်နိုင်ငံသားတစ်ယောက် ဖြစ်တယ်ဆိုတာကို နိုင်ငံခြားမှာ လူတွေသိတဲ့အခါ ဘယ်လိုတုန့်ပြန်မှုမျိုး ကြုံရလဲ။

    ဖြေ။ ။ အံ့သြတာတွေ ပျော်ရွှင်တာတွေ ရှိပါတယ်။ များသောအားဖြင့်တော့ အစားသောက်၊ ဓလေ့ထုံးတမ်းနဲ့ သမိုင်းကြောင်းတွေကို မေးကြပါတယ်။

    မေး။ ။၂၀၁၅ ခုနှစ် ဇွန်လမှာ အစ်ဖ်သာရ် ၀ါဖြေပွဲအတွက် သမ္မတအိုဘားမားရဲ့ ဖိတ်ကြားမှုကို ခင်ဗျား ရရှိခဲ့တယ်။ အဲဒီရဲ့ အတွေ့အကြုံလေးကို ပြောပါအုံး။

    ဖြေ။ ။ ဒီလို အစ်ဖ်သာရ် ၀ါဖြေပွဲအတွက် အိမ်ဖြူတော်က ဖိတ်ကြားခံရတာဟာ တကယ့်ကို ဂုဏ်ယူစရာကောင်းပါတယ်။ အင်မတန်ထူးခြားတဲ့ အတွေ့အကြုံကိုလည်း ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ကို ကြိုဆိုတဲ့အချိန်မှာ သောမတ်စ် ဂျက်ဖာဆန်က အိမ်ဖြူတော်မှာ သိမ်းထားခဲ့တဲ့ ကုန်အာန်ကျမ်းတော်မြတ်ကို မြင်ရပြီး ဒီဟာက အရမ်းကို အမှတ်ရစရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ အိမ်ဖြူတော်နဲ့ပတ်သက်ပြီး ကျွန်တော့်စိတ်ကို အရိုက်ခတ်ဆုံးကတော့ နေရာတိုင်းမှာ သမိုင်းဆိုင်ရာတွေနဲ့ ပြည့်နှက်နေတာပါပဲ။

    မေး။ ။ အနုပညာခရီးတစ်လျှောက်မှာ ခင်ဗျားရဲ့ ဖြစ်တည်မှုကြောင့် စိန်ခေါ်မှုတွေကိုရော ကြုံခဲ့ရဖူးလား။

    ဖြေ။ ။ ဖျော်ဖြေရေးဆိုတာက ခက်ခဲတဲ့စီးပွားရေးပါ။ အထူးသဖြင့် အနောက်တိုင်းမှာပါ။ လူတိုင်းမှာ သူတို့ ဖြတ်ကျော်ရတဲ့ အတားအဆီးလေးတွေ ရှိပါတယ်။ ကျွန်တော့်မှာလည်း ဒီလို ရုန်းကန်ရမှုလေးတွေ ရှိခဲ့တာပေါ့ဗျာ။ ဒါပေမယ့် တစ်ခြားလူတွေရဲ့ ဒုက္ခသုက္ခတွေ၊ စိန်ခေါ်မှုတွေကို ကျွန်တော် ကြုံတွေ့ရတာလောက် အရေးမပါဘူးလို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး။

    မေး။ ။ ကမ္ဘာ့ရုပ်ရှင်ကြည့်ပရိတ်သတ်ကို ပါကစ္စတန်ရဲ့ ဘယ်လိုအရာတွေကို ချပြနိုင်မလဲ။

    ဖြေ။ ။ ကမ္ဘာ့ရုပ်ရှင်လောကကို ပါကစ္စတန်က ကူညီနိုင်တာတွေ အများကြီးပါ။ ကျွန်တော်တို့ဟာ ဇာတ်လမ်းကို ချပြတဲ့နေရာမှာ ထူးခြားတဲ့နည်းလမ်းရှိပြီး​​​ ရုပ်သံတွေ၊ ပြဇာတ်တွေမှာ ဒါတွေကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ စက်တင်က အရှေ့တိုင်းဆန်နေပေမယ့် လူတွေရဲ့ စိတ်ခံစားမှုကို ညှို့ယူဖမ်းစားတဲ့နေရာမှာတော့ ရိုးရှင်းပြီး အဆက်အစပ် ရှိပါတယ်။ လူမှုဘ၀နဲ့ သက်ဆိုင်နေတဲ့ အကြောင်းအရာ အမျိုးမျိုးကို ထိတွေ့ဖို့လည်း ကျွန်တော်တို့ နောက်တွန့်မနေဘူး။ ပြီးခဲ့တဲ့ ၂ နှစ်လောက်မှာ ပါကစ္စတန်က တော်တော်ကောင်းတဲ့ ရုပ်ရှင်တွေ ထွက်လာတယ်ဆိုတာကို ကျွန်တော်တို့တွေ့ခဲ့ရပါတယ်။ လာမယ့်နှစ်တွေမှာ အခြေအနေက ပိုကောင်းမယ်လို့ ကျွန်တော် အသေအချာ ပြောရပါတယ်။

    မေး။ ။ ပါကစ္စတန်နိုင်ငံသား တစ်ယောက်အနေနဲ့ ခင်ဗျား ဂုဏ်အယူဆုံးက ဘာပါလဲ။

    ဖြေ။ ။ ကျွန်တော်တို့ရဲ့ ဖော်ရွေမှုဟာ သိပ်ပြီးတော့ ဂုဏ်ယူစရာကောင်းတဲ့အရာလို့ ကျွန်တော် ထင်ပါတယ်။ နိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတိုင်းက ဒါကို မချီးကျူးဘဲ မနေနိုင်ပါဘူး။

    မေး။ ။ လူငယ်တွေကို ဘယ်လို မက်ဆေ့ခ်ျမျိုး ပေးချင်လဲ။

    ဖြေ။ ။ အခြေခိုင်အောင်လုပ်ပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မကန့်သတ်ထားပါနဲ့။ အတားအဆီးတွေကို ကျော်ဖြတ်ဖို့ သမရိုးကျအမြစ်တွေကနေ ဖေါက်ထွက်ဖို့ ရည်ရွယ်ထားပါ။ ကမ္ဘာကြီးဟာ မင်းတို့အတွက် ဖြစ်ပါတယ်။

    Ref : The Nation