News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • မြန်မာနိုင်ငံ၏ ဖယ်ကြဉ်ခြင်း နှင့် လူမျိုးသတ်ခြင်း
    ဘာသာပြန်- သာကီထက်ကောင်း
    မူရင်းဆိုဒ်-Asia Sentinel
    လူမျိုးစုဆိုင်ရာ နိုင်ငံရေးဆွေးနွေးမှုမှာ မြုံနေဆဲ။
    969-talk-at-yat-saut
    ကျောင်းသားလူငယ်များအား ဟောကြားနေသော ၉၆၉ တရားပွဲတခု
    ယမန်နှစ်က ကျွန်ုပ်သည် ရှမ်း-ဓနု မွတ်စ်လင်မ် ဆယ်ကျော်သက်တစ်ဦးနှင့်အတူ ရှမ်းပြည်နယ် လ၀ကရုံးသို့ ရောက်ရှိခဲ့၏။ အထက်တန်းကျောင်းမှတဆင့် လျှောက်ထားခဲ့သည့် သူမ၏နိုင်ငံသားကဒ် ကိစ္စအား မေးမြန်းစုံစမ်းရန် အတွက်ဖြစ်၏။ သူမ၏အတန်းဖော် သူငယ်ချင်းများမှာ မှတ်ပုံတင်ကဒ်တို့ကို လက်ဝယ်ရရှိပြီးဖြစ်သည့်တိုင် သူမအား လ၀ကရုံးသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သည်။
    သူမအား လာတွေ့ရန်ခေါ်ယူရသည့်အကြောင်းရင်းအား မေးမြန်းသော် အရာရှိက “ သွေးနှောလား” ဟု မေးမြန်းရာ မိန်းကလေးငယ်မှ ယင်းမေးခွန်းအား နားမလည်နိုင်ခဲ့။
    မိန်းကလေးမှာ တရုတ်လူမျိုးနှင့် ခပ်ဆင်ဆင်ဖြစ်နေသောကြောင့် အရာရှိက “တရုတ်လူမျိုးလား” ဟု ထပ်၍မေးမြန်းလေ၏။ သူမ၏ဖခင်သည် ဓနုတိုင်းရင်းသား၊ မိခင်မှာ ရှမ်းတိုင်းရင်းသူ၊ ၄င်းတို့နှစ်ဦးစလုံးက တိုင်းရင်းသားနိုင်ငံသားများ ဖြစ်ကြသည်။ သူမက “သမီး မွတ်စ်လင်မ်ပါ” ဟု ဖြေကြားလိုက်၏။
    ထိုအခါ အရာရှိဖြစ်သူက အလိုမကျသော လေသံဖြင့် “ အေးလေ၊ အဲ့ဒါသွေးနှောပေါ့ အဲ့ဒါကြောင့် ရုံးကိုလာခိုင်းတာ” ဟု စိတ်မရှည်သောလေသံဖြင့် ပြောလေသည်။
    “ သွေးနှော ” ဟူသော စကားလုံးကို သူမ သို့မဟုတ် သူမ မိဘများ၏ တိုင်းရင်းသားလူမျိုးစုအပေါ် ရည်ညွှန်းခြင်း မဟုတ်ဘဲ ကိုးကွယ်ရာဘာသာတရားအား ရည်ညွှန်းနေ၏။ တောင်အာရှသား အနွယ်ဖြစ်စေ၊ တရုတ်လူမျိုးဖြစ်စေ မွတ်စ်လင်မ်များအဖို့တော့ ပုံသေသတ်မှတ်ထားချက်အလား ဖြစ်လျက်ရှိသည်။ သွေးနှောဟူသော စကားလုံးသုံးရာတွင် သူမ၏ တိုင်းရင်းသားရောစပ်မှုအတွက်မဟုတ်ပဲ ကိုးကွယ်ရာဘာသာတရားအတွက် ရည်ညွန်းတော့သည်။
    သူမအား “သွေးနှော” ဟူသည့်သတ်မှတ်ချက်ဖြင့် အရာရှိက သူမ၏နိုင်ငံသားလျှောက်ထားမှုအပေါ် ကျပ်ငွေ ၇၀၀၀ (အမေရိကန်ဒေါ်လာ ၈ နီးပါး) တောင်းယူလိုက်သည်။ ထို အခကြေးငွေ ကျပ် ၇၀၀၀ အတွက် အရာရှိငယ်တဦးလုပ်ပေးလိုက်သည့် အလုပ်မှာ သူမ၏အထောက်အထားစာရွက်စာတမ်းများကို ဖိုင်အဟောင်း အပေါစားတခုထဲသို့ ထည့်ကာ ဖိုင်တွဲပေးလိုက်ခြင်းသာဖြစ်သည်။
    မြန်မာမွတ်စ်လင်မ်လောက၏အနေအထားအပေါ်လွှမ်းမိုးနေသော နိုင်ငံရေးအငြင်းပွားချက်ကြီးထွားလာသည်နှင့်အမျှ ယင်းမိန်းကလေးငယ်ကိစ္စမျိုးမှာ ဖြစ်ပေါ်လျက်ရှိသည်။ ဤကိစ္စသည် မူလသတ်မှတ်ချက်မှ အလွဲကြီးလွဲနေသည်သာမက မြန်မာလူမျိုး မဟုတ်သူများဟုယူဆခံရသူ မည်သူ့ကိုမဆို မမြင်သာသည့်နည်းလမ်းဖြင့် ခွဲခြားချိုးနှိမ်ရေးဝါဒတိုးပွားလာစေရန် ဆက်လက်အသုံးချနေကြပေသည်။ ၄င်းမှာ တရားဝင် ခွဲခြားခံရရန် စစ်အုပ်စု၏ဖန်တီးမှု ဟုဆိုက မှားမည်မဟုတ်ပါ။
    မြန်မာအစိုးရမှနောက်ဆုံးထုတ်ပြန်ထားသည့် သန်းခေါင်စာရင်းအရ စွန္နီအများစုဖြစ်သော မွတ်စ်လင်မ်တို့သည် နိုင်ငံ့လူဦးရေ၏ ၄ % မျှသာဟု ဖော်ပြထားသော်လည်း ဒေသတွင်း ဘာသာရေး ပညာရှင်များ၏ အဆိုအရ ၆ % မှ ၁၀ % အထိ သို့မဟုတ် ၄င်းထက် ပိုမိုနိုင်သည်ဟု သိရသည်။ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအဖြစ် မိမိကိုယ်ကိုဖော်ညွှန်းထားသော ၈၉ % ရှိ လူများစု၏ခေါင်းဆောင်တို့သည် လက်ရှိ လပိုင်း ကာလများအတွင်း မွတ်စ်လင်မ်တို့အား မကောင်းဆိုးဝါးများဟူ၍ ပုံဖော်လျက်ရှိကြသည်။ တိုင်းပြည် တာဝန်ထမ်းဆောင်နေသော အစိုးရအဖွဲ့အား မြင်ကွင်းနောက်ကွယ်မှ ချုပ်ကိုင်ထားသည့် စစ်တပ်က – ဘင်္ဂါလီများသည် အကြမ်းဖက်သမားနှင့်ပြဿနာရှာသူများဖြစ်ကြသည်၊ ၄င်းတို့သည် အကြမ်းဖက်မှုကို မွေးဖွားပေါ်ပေါက်စေသည်၊ ထို့ကြောင့် ၄င်းတို့နှင့်၎င်းတို့၏ဘာသာတရားကို နှိပ်ကွပ်ရမည် – ဟု နိုင်ငံ့လူများစုထံသို့ ထပ်ပြန်တလဲလဲ နားသွင်းခဲ့ကြသည်။ အကြမ်းဖက်လုပ်ရပ်များသည် ချက်ခြင်းရပ်ရမည့်ကိစ္စဖြစ်သည်ကို လူများစုမှ လက်ခံသေးပုံမရ။ နားလည်မှုလွဲမှားခြင်းနှင့်ပြဿနာများ ရှင်းလင်းသွားရန်အတွက် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရန်လိုအပ်သည်ဟူသောအချက်ကိုလည်း လက်မခံနိုင်ဖြစ်နေကြသည်။
    နေ့စဉ်နှင့်အမျှ လူမှုမီဒီယာဝက်ဘ်ဆိုဒ်များ၊ ပုံနှိပ်မီဒီယာများတွင် တို့ထောင်မီးမွှေးလျက်ရှိနေသော မွတ်စ်လင်မ် ဆန့်ကျင်ရေး အစွန်းရောက် ၀ါဒဖြန့်ချက်များအတိုင်း ၄င်းလူမျိုးကြီးဝါဒလမ်းကြောင်းကို တစ်နိုင်ငံလုံးအတိုင်းအတာရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနတိုင်းတွင် ဆိုင်းဘုတ်များဖြင့် ချိတ်ဆွဲဖော်ပြထားကြောင်းလည်း တွေ့နိုင်ပေသည်။ ယင်းဖော်ပြချက်ကား “ မြေမျို၍လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည် ” ဟူ၍ ဖြစ်၏။
    သိမ်ငယ်စိတ်ဝင်အောင်နှိမ့်ချချိုးနှိမ်စေသော နိုင်ငံရေးကစားကွက်မှာ အချိန်တိုအတွင်း မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို သွတ်သွင်းပေးလိုက်ခြင်းဖြစ်၏။ ၄င်းနောက် အကြမ်းဖက်မှုများကို အတိုင်းထက်အလွန် ထွက်ပေါ်ထင်ရှားလာစေခဲ့ပေသည်။
    မြန်မာနိုင်ငံတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားအက်ဥပဒေကို ကျင့်သုံးနေဆဲဖြစ်သည်။ ၄င်း၌ လွန်ခဲ့သော နှစ်ပေါင်း ၁၉၀ က အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မဖြစ်မီတစ်နှစ်အလို ၁၈၂၃ ခုနှစ် မတိုင်မီကတည်းက မြန်မာ့နယ်နမိတ်အတွင်း ဘိုးစဉ်ဘောင်ဆက်နေထိုင်ခဲ့ကြောင်း အထောက်အထား မပြသနိုင်သူများအား တိုင်းရင်းသား/တိုင်းရင်းနွယ်အဖြစ် အသိအမှတ်မပြုဟု ဖော်ပြထားသည်။
    ထူးခြားသည်မှာ ယနေ့ ကျွန်ုပ်တို့မှ ဗမာ/မြန်မာဟု သိရှိကြသည့် ပိုင်နက်မှာ ထိုစဉ်က မရှိခဲ့ချေ။ သို့သာမက ယနေ့ခေတ်တွင် တရားဝင်တိုင်းရင်းသားအဖြစ် အမျိုးအစားခွဲခြားသတ်မှတ်ထားသော လူမျိုး ၁၃၅ မျိုးသည် လည်း သု့ သမိုင်းကိုယ်တိုင်ကိုယ်က ရှေ့ နောက်မညီ ကြောင်တောင်တောင်ဆန်သည်။ ဖြစ်ချင်တိုင်းဖြစ်နေသည်။
    ပမာဆိုရလျှင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ၁၉၆၀ ခုနှစ် ထုတ် စာအုပ်တစ်အုပ်တွင် လူမျိုးစု ၅၀ ခန့်သာရှိသည်ဟုဆိုသော်လည်း၊ ၁၉၇၁ ခုနှစ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ၏ ထုတ်ပြန်ချက်တွင်မူ လူမျိုးစု ၁၄၄ မျိုးဟု အမည်တပ်ဖော်ပြခဲ့သည်။
    ယင်းသတ်မှတ်ထုတ်ပြန်ချက်၌ ရခိုင်-စစ်တကောင်း၊ မြန်မာမွတ်စ်လင်မ်၊ ရခိုင်-ကမန် နှင့် အခြား ဗမာ-အိန္ဒိယသွေးနှော စသည့် တောင်အာရှအနွယ်ဝင်နှင့်မွတ်စ်လင်မ်တို့ကို တိုင်းရင်းသားလူမျိုးစုစာရင်းထဲတွင် ထင်ထင်ရှားရှားထည့်သွင်း ဖော်ပြခဲ့သည်။ သို့သော် ၁၉၉၀ ခုနှစ်သတ်မှတ်ချက်တွင်မူ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးသာ ပါဝင်တော့သည့်အပြင် ၄င်းတို့ကို စာရင်းဇယားဖြင့် တရားဝင်ထုတ်ပြန်ခြင်းလည်း အလျဉ်းမရှိချေ။ ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးကိုနီ၏ ပြည်သူ့ခေတ်ဂျာနယ်တွင် သုံးသပ်မှုအရ  နိုင်ငံသားဥပဒေနှင့်  မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံစည်းမျဉ်းသုံးခုအကြား ကွာဟချက်များကြောင့်  တိုင်းရင်းသားမိဘနှစ်ပါးမှပေါက် ဖွားလာသည့် နိုင်ငံသားများ၊ နိုင်ငံသားပြုခွင့်ရသူများ၊ ဧည့်နိုင်ငံသားများ၊ သံသယရှိသူများ၊ ရွေးကောက်ပွဲဝင်ခွင့်ရနိုင်ငံသားများ နှင့် ရွေးကောက်ပွဲဝင်ခွင့်မရသည့်နိုင်ငံသားများ စသဖြင့် အမျိုးအစားများ ဖြစ်ကုန်ကြောင်း သိရသည်။
    တရားဝင်ဥပဒေကြောင်းနှင့်သွေဖည်စွာ မလှိမ့်တစ်ပတ်သွတ်သွင်းချက်များ နှင့် နိုင်ငံရေး/ရွေးကောက်မှုဆိုင်ရာ ခွဲခြားဆက်ဆံမှုများက မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်တို့ကို နိုင်ငံသားဖြစ်ခြင်းလမ်းကြောင်းမှ ရှင်းထုတ်ကာ နိုင်ငံခြားသားများအဖြစ် ဖန်တီးလိုက်သည်။
    ပထမဦးဆုံးအနေနှင့် နိုင်ငံသားကဒ်ကို “နိုင်ငံသားစိစစ်ရေးကဒ်ပြား” ဟု အမည်ပေးခဲ့သည်။ စိစစ်ရေး ဟူသည့် အသုံးအနှုန်းမှာ စုံစမ်းစစ်ဆေးဆဲအခြေအနေကို ပြဆိုနေသကဲ့သို့  အစိုးရစနစ်ကလည်း ပြည်သူများကို သံသယနှင့် စောင့်ကြည့်နေသည့် ဖိနှပ်ချုပ်ချယ် အစိုးရ Survillance State ဖြစ်သည်ကိုလည်း ညွန်းနေသည်။ ၄င်းမှာ လူတစ်ဦးချင်းစီ နိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်းကို စိစစ်ယုံသာမက ဘာသာနှင့် လူမျိုးကာကွယ်ရေးအကြောင်းပြကာ အခြားလူမျိုးနွယ်နှင့်ဘာသာတရားကိုးကွယ်သူများကို ကန့်သတ်လိုက်ခြင်းပင်ဖြစ်သည်။
    ကျွန်ုပ်နှင့်အတူ လ၀ကရုံးသို့သွားရောက်ခဲ့သည့် မိန်းကလေးအားပြောဆိုခဲ့သော “သွေးနှော” ဆိုသည့်အသုံးအနှုန်းကို ကြိမ်ဖန်များစွာ အသုံးပြုနေကြ၏။ ဤ သွေးနှော ဟူသည်မှာ ၂၁ ရာစု လူမှု-နိုင်ငံရေးခေတ်တွင်ပင် မြန်မာ လ၀က အတွက် ရှက်ရွံ့ဖွယ်ကိစ္စတစ်ရပ် မဟုတ်သလိုဖြစ်နေသည်။ လ၀က၀န်ကြီး ဦးခင်ရီမမှ မြန်မာနိုင်ငံသားဖြစ်မဖြစ်ကို သွေးဖြင့် ဆုံးဖြတ်မည်ဟု မကြာသေးမီကပင် ပြောဆိုလိုက်သေးသည်။
    ဓနုအမျိုးသားဖခင်၊ အင်းသူအမျိုးသမီးမိခင်၏ ရင်သွေးဖြစ်သော တက္ကသိုလ်ကျောင်းသားတစ်ဦး၏ နိုင်ငံသားကဒ်ပြား၌ ရေးသွင်းထားသည်မှာ – “ အိန္ဒိယ ဗမာ ဓနု အင်းသား အစ္စလာမ် ” ဟူ၍ ဖြစ်၏။ လူမျိုး နှင့် ဘာသာကို ကွဲပြားခြားနားစွာ ရေးသွင်းပေးခြင်းမရှိသည်က မွတ်စ်လင်မ်များအားလုံး တူညီစွာကြုံတွေ့နေရသော ရိုက်ခတ်ချက်တစ်ခု ဖြစ်နေသည်။ ဤသို့ ဖြစ်ရခြင်းမှာ မွတ်စလင်မ်ဆိုလျှင် မှတ်ပုံတင်တွင် အိန္ဒိယ၊ ပါကစ္စတန် (သို့ ) ဘင်္ဂလီ တခုခု မထည့်မနေရထည့်ရခြင်းကြောင့်ဖြစ်သည်။
    အိန္ဒိယ သို့မဟုတ် ပါကစ္စတန် ဟူသည် နိုင်ငံများဖြစ်၏။ လူမျိုးမဟုတ်။
    ယင်းကျောင်းသားမိခင်၏အမှုတွဲ၌ ထည့်သွင်းရေးသားခဲ့သည်မှာ ထူးခြားဆန်းကြယ်လွန်းပေသည်။ မိခင်ဖြစ်သူသည် အင်းသူ စစ်စစ်ဖြစ်ပြီး ဘင်္ဂါလီလူမျိုးနှင့်မည်သို့မျှ ဆက်စပ်ပတ်သက်မှုမရှိလင့်ကစား သူ့ မှတ်ပုံတင်တွင် ဘင်္ဂလီဟု ထည့်ထားသည်။ ၁၉၈၉ ခုနှစ်တွင် လ၀ကအရာရှိများမှ လက်ရှိ နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပေးခဲ့ချိန် ယင်းမိခင်၏ဖခင်(ကျောင်းသား၏ အဖိုး)သည် အင်းလေးကန်ဒေသရှိရွာငယ်တစ်ခု၌ နေထိုင်လျက်ရှိသည်။ သူ့ကဒ်ပြားပေါ်တွင် ဘင်္ဂလီ ဟု မှတ်ပုံတင်သွင်း ရေးသားရမည်ဟု မှတ်ပုံတင်အရာရှိများက ပြောဆိုခဲ့သည်။ အဖိုးအိုမှာ ၄င်းအကောက်ကြံမှုများကို မသိရှာဘဲ “ ပြဿနာ မရှိပါဘူး။ ရေးချင်တယ်ဆိုယင် ရေးထည့်လိုက်ပေါ့ ” ဟု ဆိုလိုက်သည်။ သို့နှင့် အင်းသားအမျိုးသားစစ်စစ်ကြီးခမျာ ဘင်္ဂလီ လူမျိုးအဖြစ် ဘ၀ပြောင်းသွားခဲ့ရပေသည်။
    ဆက်လက်၍ သူ့သမီး၏ကဒ်ပြားပေါ်၌ ဘင်္ဂလီ အဖြစ်သတ်မှတ်ဖော်ပြချက်ဖြင့် ထုတ်ပေးခံရ၏။ ဘင်္ဂလီအဖြစ် သတ်မှတ်ဖော်ပြမှုက တမင်ဒုက္ခပေးလိုက်ကြောင်း နားလည်သော အမျိုးသမီးသည် မြို့နယ်တရားရုံးတွင် မိမိမှာ ဘင်္ဂလီ မဟုတ်၊ အင်းသူ တစ်ဦးသာဖြစ်ကြောင်း ကျမ်းကျိန်ထွက်ဆိုခဲ့သည်။ မြို့နယ်လ၀ကအရာရှိမှ သူမ၏ လူမျိုးအမည်မှန်ကို မပြောင်းလဲပေးခဲ့သော်လည်း၊ကျမ်းကျိန်ပြီးနောက် သူမ၏ထွက်ဆိုချက်ကြောင့် နောက်ဆုံးတွင် ဘင်္ဂလီစကားလုံးကို ပယ်ဖျက်ပေးခဲ့ရလေသည်။
    လူမျိုးဘာသာယဉ်ကျေးမှုစုံရှိသည့် ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့တွင် နောက်ထပ်မိသားစုတစ်ခုလည်း အလားတူကြုံခဲ့ရသည်။ တစ်မိသားစုတွင်းမှပေါက်ဖွားလာသူများဖြစ်လင့်ကစား ၄င်းတို့၏ကလေးငယ်တစ်ဦးကို
    “ အိန္ဒိယ+ဗမာ+အစ္စလာမ် ” ဟူ၍လည်းကောင်း၊ နောက်တစ်ဦးကိုမူ “ ပါကစ္စတန်+ရှမ်း+ဗမာ+အစ္စလာမ် ” ဟူ၍လည်းကောင်း သတ်မှတ်လိုက်ကြ၏။ ထိုသို့  လွဲနေသည့်ကိစ္စသည် အစိုးရအတွက် ပြသနာမဟုတ်သလို။
    တောင်ကြီးမြို့တွင် မျိုးဆက်လေးဆက်အထိ နေထိုင်လာကြသူဖြစ်သည့်တိုင် ဖယ်ကြဉ်ခံရသူကဲ့သို့ ဖန်တီးခဲ့ကြသည်။ ပြောင်းရွှေ့ဝင်ရောက်လာကြသူများ မဟုတ်ပါဘဲလျက် တောင်အာရှမှနိုင်ငံခြားသား (ခွဲခြားအခေါ်အဝေါ် – ကုလား)များ အဖြစ် သတ်မှတ်လိုက်ကြလေသည်။ အထက်ပါဖြစ်ရပ်နှစ်ခုတွင် ဆန်းသည်မှာ တစ်ချိန်တုန်းက မြို့မိမြို့ဖမျက်နှာဖုံး ပုဂ္ဂိုလ်များ၏အဆက်အနွယ်တို့ကို မကြာသေးမီကမှ ရှမ်းပြည်နယ်သို့အစိုးရတာဝန်ဖြင့်ရောက်ရှိလာသော ဗမာလူမျိုးတို့က နိုင်ငံခြားသားများ (၀ါ) အပြင်စည်းမှလူများအဖြစ် လာသတ်မှတ်ခြင်း ဖြစ်သည်။ ရှမ်းပြည်ပြင်ပမှ သူစိမ်းဗမာများက မနေ့ တနေ့ မှ ရှမ်းပြည်သို့ လာကာ ဒေသခံတိုင်းရင်းသားမိသားစုများကို အပြင်လူများ၊ ဧည့်သည်များအဖြစ် လာဆက်ဆံနေခြင်းဖြစ်သည်။
    ဆက်ဆိုရပါလျှင် နိုင်ငံတွင်းမှာမွေးဖွားလာကြသော မွတ်စ်လင်မ်တို့ကို နိုင်ငံခြားသားများအဖြစ် ပြောင်းလဲပုံဖော်ကြ၏။
    နောက်ထပ် သာဓကတစ်ရပ်မှာ ပသီ လူမျိုးဖြစ်သည်။ ၄င်းတို့သည် မြန်မာပြည်အလယ်ပိုင်းတွင် အများဆုံးရှိနေကြပြီး မြန်မာဘုရင်မင်းအဆက်ဆက်မှ အသိအမှတ်ပြုထားသော သမိုင်းခိုင်ခိုင် ရှိနေကြသည်။ သို့တစေ ဗမာမွတ်စ်လင်မ် ဟူသည့် ယေဘူယျအသုံးအနှုန်းဖြင့် ပသီလူမျိုးသည် ၁၉၅၀ နှစ်များကတည်းက စတင်မှေးမှိန်သွားခဲ့ရသည်။ ယင်းလူမျိုးစုဝင်များအနေနှင့် မိမိအမည်ရှေ့တွင် ပသီ ဟုဆက်လက်အသုံးပြုနေခြင်းသာ တတ်နိုင်တော့သည်။
    ၂၀၁၂ ခုနှစ်တွင် “ပသီ” အမည်ပါဝင်သော ပါတီတစ်ခုအား တရားဝင်မှတ်ပုံတင်ခွင့် မပြုခဲ့။ ထို့နည်းတူ ပသီလူမျိုးစုတို့၏ မှတ်ပုံတင်ကဒ်ပြားတွင်လည်း ပသီ ဟူသောစကားလုံးအား ထည့်သွင်းခွင့်မပြု။ နောက်ထပ်ဖြစ်ရပ်တစ်ခု ရှိသေးသည်။ မန္တလေးမှ ကျွန်ုပ်၏အသိမိတ်ဆွေ အမျိုးသမီးတစ်ဦး၏မှတ်ပုံတင်၌ “ အိန္ဒိယ ဗမာ + အိန္ဒိယ ဗမာ/အစ္စလာမ် ” ဟု စာရင်းသွင်းထားသည်ကို တွေ့ရပြန်၏။ အသက် ၁၀ နှစ်အရွယ်က ထုတ်ပေးခဲ့သည့် သူမ၏မှတ်ပုံတင်ကဒ်ပြားဟောင်း၌ လူမျိုးအမည်ကို ပသီ၊ ဘာသာအမည်ကို အစ္စလာမ် ဟု ဖော်ပြထားခဲ့သည်။ အသက် ၁၈ နှစ်ပြည့်၍ ကဒ်ပြားအသစ် လဲလှယ်ရသောအခါ လ၀ကဌာနမှ ပသီလူမျိုးအမည်ဖြင့်ကဒ်ပြားထုတ်ပေးရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ၁၂ နှစ်ကြာသည်အထိ ကဒ်အသစ် မလဲလှယ်ခဲ့။ မိမိဆန္ဒမပါသော၊ လက်ခံ၍မရသော အိန္ဒိယဗမာ ဟူသည့် လူမျိုးအသစ် ဖော်ပြချက်ပါ ကဒ်ပြားအား ကိုင်ဆောင်ရတော့မည် ဖြစ်သောကြောင့်ဟု ဆို၏။
    ဤဖယ်ကြဉ်ခြင်းစံနစ်တစ်ရပ်လုံး၏ အဓိကပစ်မှတ်ကား ဘာသာရေး ဖြစ်၏။ ဥပမာ – မန္တလေးရှိ အစ္စလာမ်ဘာသာဝင် တစ်ဦး၏ကဒ်ပြားတွင် အိန္ဒိယ ဟု ရေးထားသော်လည်း သူ၏ညီအစ်ကိုတစ်ဦးမှာ ဗုဒ္ဓဘာသာဖြစ်နေသဖြင့် ၄င်းကဒ်ပြား၌ ယင်းသို့ မရေးသွင်းထားသည်ကို တွေ့ရလေသည်။
    မွတ်စ်လင်မ်တို့အား မနှစ်မြို့ခြင်း နှင့် ချိုးနှိမ်ဆက်ဆံခြင်းသည် မြန်မာနိုင်ငံတွင် ယခုမှ အသစ်ဖြစ်လာသည်မဟုတ်၊ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည်။ သို့တစေ နောက်ဆုံးပေါ် ၉၆၉ လှုပ်ရှားမှုမှ ပုံဖော်လိုက်သော မွတ်စ်လင်မ်ဆန့်ကျင်ရေး အမုန်းသွတ်သွင်းမှုဝါဒဖြန့်ဂယက်များက ဗုဒ္ဓဘာသာဝင်နှင့်မွတ်စ်လင်မ်တို့အကြားရှိ ဆက်ဆံရေးအပေါ် ပြင်းထန်စွာ သြဇာသက်ရောက်လာခဲ့သည်။
    ရှမ်းပြည်နယ်တွင် ကျွန်ုပ်၏ လတ်တစ်လော သုတေသနပြုချက်၌ မူလတန်းဆရာဆရာမများသည် ကလေးသူငယ်တို့ကိုလည်း ချိုးနှိမ်ဆက်ဆံမှုများရှိလာကြောင်း တွေ့ရ၏။ ဤသည်မှာ မကြာလှသေး။ ကျောင်းဆရာ ဆရာမများက မိမိတို့၏ကလေးငယ်များကို “ကုလား၊ ကုလားမ ” ဟုခေါ်ဆိုနေခြင်းအပေါ် မိဘများအနေနှင့် စိတ်ထိခိုက်လျက်ရှိကြသည်။ တောင်ကြီးမြို့ပေါ်ရှိကျောင်းတစ်ကျောင်းတွင် တတိယတန်းကျောင်းသူ မွတ်စ်လင်မ် ကလေးငယ်မှာ ကုလားဆင်ဖြစ်နေသည့်အတွက် ကျောင်းတွင်းကျင်းပသည့်ပွဲတွင် ပါဝင်ခွင့်မပေးခဲ့ချေ။
    သဟဇာတဖြစ်ရေး၊ လေးစားနားလည်ရေးကိုလည်း ကျောင်းများတွင် သင်ကြားပေးပုံ မရ။ ကုလားဆင် ပထမတန်းကျောင်းသားလေးတစ်ဦးကို အခြားကလေးငယ်များမှ အပေါင်းအသင်းမလုပ်လိုကြ။
    မွတ်စ်လင်မ်ဆန့်ကျင်ရေး ၉၆၉ လှုံ့ဆော်မှုနှင့်အတူ အလုပ်အကိုင်ခန့်အပ်မှုကဏ္ဍများ၌လည်း မွတ်စ်လင်မ်များအား ခွဲခြားဆက်ဆံမှုတို့မှာ တစ်နေ့တစ်ခြား တိုးပွားလာသည်။ တစ်ချိန်က မွတ်စ်လင်မ်တို့ကို စစ်တပ် နှင့် အရာထမ်းများတွင် ခန့်အပ်တာဝန်ပေးမှု မရှိခဲ့။ ယခုသော် မိသားစုလုပ်ငန်းနှင့်ကုမ္ပဏီပိုင်ရှင်များသည်ပင် မွတ်စ်လင်မ်များအား မငှားရမ်းကြချင်တော့။ မကြာသေးမီက တောင်ကြီးမြို့၌ ဘွဲ့ရကာစလူငယ်တစ်ဦးသည် ဘဏ်တစ်ခုတွင် အလုပ်သွားလျှောက်ရာ သူမသည် မွတ်စ်လင်မ်ဖြစ်နေခြင်းကြောင့် လက်ခံခေါ်ယူမည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုခံခဲ့ရသည်။
    မည်သို့ပင်ဆိုစေကာမူ ဗမာလူမျိုး သို့မဟုတ် ဗုဒ္ဓဘာသာဝင်အားလုံးက မွတ်စ်လင်မ်တို့အား မုန်းတီးနေကြသည် မဟုတ်ပါ။ နိုင်ငံတစ်ခွင် အမုန်းဝါဒဖြန့်လှုံ့ဆော်နေမှုများအပေါ် စိတ်ပျက်နေကြသည့် ဘုန်းတော်ကြီးများ၊ ပညာတတ်များ၊ တက်ကြွလှုပ်ရှားသူများ၊ သာမန်ပြည်သူများ ရှိနေကြသည်။ သို့သော် သူတို့၏ စာနာနားလည်သော သဘောထားနှင့်အသံများမှာ တိမ်ဝင်လျက်ရှိနေ၏။ နိုင်ငံရေးအရ အာဏာပိုင်အစိုးရ၏စံနစ်တကျ ဖယ်ကြဉ်ခြင်းအသံ နှင့် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုံ့ဆော် အကြမ်းဖက်မှိုင်းမိနေကြသော ဗမာလူမျိုးနှင့် ဗုဒ္ဓဘာသာဝင် အများစု၏အသံတို့က ပိုမိုကျယ်လောင်ဖုံးလွှမ်းနေပေသည်။
    နိုင်ငံသားတင်းကြပ်မှုဥပဒေက မွတ်စ်လင်မ်တို့ကို ဒုတိယတန်းစားနိုင်ငံသားများ ဖြစ်အောင်ပြုလုပ်နေသော်လည်း မွတ်စလင်မ်များ ခံနေရခြင်းမှာ ဥပဒေရေးရာကြောင့်ချည်းမဟုတ်။ လူမျိုးကြီးဝါဒဖြင့် လျစ်လျူရှုကာ ငြင်းပယ်မှုလုပ်ရပ်များကိုလည်း ခံစားနေကြရသည်။ မွတ်စ်လင်မ်တို့အပေါ် ချိုးနှိမ်ခွဲခြားဆက်ဆံခြင်းသည် ဥပဒေကြောင်း အရထက် လူမှုနိုင်ငံရေးနှင့်ဆိုင်သော ဘာသာရေး လူမျိုးရေးကြောင့်ဖြစ်သည်။
    သို့ရှိရာ ၁၉၈၂ ခုနှစ်နိုင်ငံသားအက်ဥပဒေအား မဖြစ်မနေဦးတည်ကျင့်သုံးနေဦးမည်ဆိုလျှင် လူမှုရေးနှင့်နိုင်ငံရေးဆိုင်ရာ ဖယ်ကြဉ်ခြင်းအမြင်၊ လူမျိုးကြီးအမြင်၊ ချိုးနှိမ်ဆက်ဆံမှုအမြင်တို့ကို လျှော့ချနိုင်စရာ အကြောင်းမရှိ။ အရေးတကြီး ဖြစ်မနေ ဦးတည်ရမည့် အရေးအရာများမှာကား – အပြန်အလှန် လေးစားအသိအမှတ်ပြုလိုက် လျော ညီထွေနေထိုင်ခြင်း၊ (အထူးသဖြင့်) အာဏာပိုင်တို့၏မွတ်စ်လင်ဆန့်ကျင်ရေးဝါဒဖြန့်ချက်များကို ရပ်တန့်ခြင်း၊ လူအများစုထံ မှိုင်းသွင်းခံရသော လူမျိုးကြီး အတွေးအခေါ်နှင့် လုပ်ရပ်များ အဆုံးသတ်စေခြင်းသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။
    Asia Sentinel မှ Alienation and Ethnocide in Burma ဆောင်းပါးကို သာကီထက်ကောင်း ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
  • ရှင် ၀ီရသူ မှ မုဟမ္မဒ် ဝရစ်ဒီးန် သို့ (Facebook ပေါ်မှ ပြည်သူအသံ)
    ဇွန်-၂၆၊ ၂၀၁၃
    ရေးသူ- Nay Linn Aung
    voice of the pp
    ဦးဝီရသူ နဲ့ သူ့နောက်လိုက်တွေကို ဆဲဆိုနေကြတဲ့ မွတ်စလင်မ်ဆိုသူများခင်ဗျား။
    ဆဲဆိုတာဟာ အစ္စလာမ်သာသနာကတားမြတ်ထားတဲ့ အမူပါ။ ဆဲဆိုနေမယ့်အစား အောက်ကအချက်လေးတွေကို နည်းနည်းစဉ်းစားကြည့်ပါဦး။
    ၇၈၆ ကို တုပြီး ၉၆၉ ပေါ်လာတယ်။ ကုရ်အာန်ကျမ်းမြတ်ထဲက မွတ်စလင်မ် အချင်းချင်းသာ လက်ထပ်ထိမ်းမြန်းရမယ် ဆိုတာကို ကြည့်ပြီး မျိုးစောင့်ဥပဒေကို တီထွင်ရတယ်လို့ သူတို့ဆိုနေကြပါတယ်။
    အပေါ်ယံ ဇွာဟေရီအရ အစ္စလာမ်အရောင်ဆိုးလာပြီလို့ဆိုနိုင်ပါတယ်။ သူတို့အစ္စလာမ်နဲ့တစ်လှမ်းနီးလာပါပြီ။ ဒါပေမယ့် အတွင်းအနှစ်သာရက ခြားနားနေဆဲဖြစ်နေတာတော့မှန်ပါတယ်။
    ၇၈၆ ဟာ ကိုယ့်အချင်းချင်းအုပ်စုဖွဲ့ပြီး အခြားလူ့အစုအဝေးတစ်ခု ဒုက္ခရောက်အောင် ဆောင်ရွက်ဖို့မဟုတ်ပါဘူး။ အလွန်တရာ သနားကြင်နာတော်မူသော အရှင်မြတ်ရဲ့နာမတော်ကို ဦးထိပ်ပန်ဆင်ပြီး မိမိတို့ ဆိုင်၊ အလုပ်မှာ မင်္ဂလာရှိစေဖို့ သုံးစွဲကြခြင်းဖြစ်ပါတယ်။ ဒီထက်ပိုပြီး အတွင်းကျကျပြောရရင် ဘာပဲလုပ်လုပ် အစ္စလာမ်ဘဝလမ်းညွှန်မှုအတိုင်း မှန်မှန်ကန်ကန် နေထိုင်ကျင့်ကြံပြီး အခက်အခဲ တစ်စုံတစ်ရာကြုံလာသော် အရှင်ထံမှ ဆန်းသပ်မှုလို့ သဘောထား ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေဘဲ ကြံ့ကြံ့ခံရပ်တည်၊ အောင်မြင်မူရတဲ့အခါမှာလဲ ငါလုပ်လို့ရတယ်ဆိုပြီး မာန်မာန မထောင်လွားဘဲ အရှင်ဂရုဏာတော်အဖြစ် လက်ခံပြီး အဖန်ဆင်းခံများအကြား မျှဝေဖို့စတဲ့ အစ္စလာမ့်တရားတော်တွေကို အမြဲအမှတ်ရစေဖို့ ၇၈၆ (ခုနှစ်ရာ့ရှစ်ဆယ့်ခြောက်)ကို အသုံးပြုကြတာဖြစ်ပါတယ်။
    ကုရ်အာန်ကျမ်းမြတ်ထဲက မွတ်စလင်မ် အချင်းချင်းသာ လက်ထပ်ထိမ်းမြန်းရမယ် ဆိုတာဟာလဲ ကိုယ့်ဘာသာဝင် မိန်းကလေးတွေကိုတော့ ဘာသာခြားတွေနဲ့မယူစေနဲ့၊ အခြားဘာသာခြားမိန်းကလေးတွေကိုတော့ယူပြီး ကိုယ့်ဘာသာထဲသိမ်းသွင်း ဆိုတဲ့ပုံစံမျိုး လုံးဝ မဟုတ်ပါ။ ကုရ်အာန်ကျမ်းမြတ်က မွတ်ဆလင် အမျိုးသားရော အမျိုးသမီးရော ဘာသာမတူသူတွေနဲ့ လက်မထပ်ဖို့ ဆိုထားတာပါ။ အကြောင်းက အလွန်ရှင်းပါတယ်။ အစ္စလာမ်သာသနာမှာ အိမ်ထောင်ပြုမူဟာ သာသနာ့တာဝန်ပါ။ အစ္စလာမ့် အိမ်ထောင်ရေးရဲ့ အဓိကရည်ရွယ်ချက်ဟာ လူအစုအဝေးရဲ့ အခြေခံအကျဆုံး မိသားစုဘဝကို အရှင်မြတ်ရဲ့ အမိန့်တော်များနဲ့အညီ သာယာအေးချမ်းအောင်မြင်စွာ တည်ဆောက်ပြီး နှစ်ဘဝအောင်မြင်ရေး ကျင့်ကြံအားထုတ်ဖို့ဖြစ်ပါတယ်။ အဲဒီတော့ ဘာသာခြားနဲ့ယူရင် ဘာအဓိပ္ပါယ်မှမရှိ ဖြစ်သွားမှာပေါ့။ နောက်တချက်က အသွင်မတူရင် အိမ်သူမဖြစ်၊ မုဆိုးနားနီး မုဆိုး တံငါနားနီးတံငါ ဆိုတဲ့ ဆိုရိုးတွေအတိုင်း အသွင်တူဖို့ဟာ အိမ်ထောင်တစ်ခုတည်တံ့ဖို့ အရေးအကြီးဆုံးပါ။ ဥပမာ အနုပညာကို အလွန်တန်ဖိုးထားသူ တစ်ယောက်နဲ့ အနုပညာကို လုံးဝတန်ဖိုးမထားတတ်သူတစ်ယောက် လက်ထပ်ဖြစ်ကြတယ် ဆိုပါစို့။ အဲ့ဒီ အိမ်ထောင်တည်မြဲဖို့ဆိုရင် သူတို့ထဲက တစ်ယောက်ယောက်ဖြစ်စေ နှစ်ယောက်လုံးဖြစ်စေ အသွင်ပြောင်းရပါလိမ့်မယ်။ မပြောင်းလဲနိုင်ရင်တော့ ဒီအိမ်ထောင်သာယာဖို့ တည်မြဲဖို့ ဘယ်လိုမှမဖြစ်နိုင်ပါ။ လူတိုင်းရဲ့ အသွင် တနည်းအားဖြင့် ဘဝမှာအလေးအထားဆုံးအရာဟာ ဘာသာတရားဖြစ်ချင်မှဖြစ်မှာပါ။ ဒါပေမယ့် အစ္စလာမ့်အဆုံးအမ အရတော့ ဒီလောကမှာရော နောင်တမလွန်မှာရော နှစ်ဘဝစလုံးမှာ သာယာအောင်မြင်တဲ့ဘဝရချင်ရင် သူရဲ့ အသွင် တနည်းအားဖြင့် ဘဝမှာအလေးအထားဆုံးအရာဟာ အစ္စလာမ်ဖြစ်ဖို့လိုပြီး အသွင်တူတဲ့ မွတ်စလင်မ်နဲ့သာ အစ္စလာမ့်နည်းကျ အိမ်ထောင်မှုပြုဖို့ဆိုထားတာဖြစ်ပါတယ်။
    ပြောချင်တာကတော့ ဦးဝီရသူနဲ့ သူ့နောက်လိုက်တွေကို (သူပြောတဲ့စကားငှားသုံးရရင်) ဝေဒနာနဲ့ ဆဲဆိုနေမယ့်အစား ဒေတာနဲ့ သူမှားနေတာကိုထောက်ပြ အစ္စလာမ်ရဲ့အမှန်တရားကိုပြောပြသင့်ပါတယ်။ ဆဲဆိုတာဟာ အစ္စလာမ်သာသနာကတားမြစ်ထားတဲ့ အမှုပါ။ အမှန်တရားဘက်ကို အသိပညာ ဉာဏ်အလိမ္မာနဲ့ ချိုသာအေးမြတဲ့စကား အားဖြင့်ဖိတ်ခေါ်ရမယ်လို့ အစ္စလာမ်ကလမ်းညွှန်ထားပါတယ်။ အပြင်ပိုင်းအရောင်ဆိုးထားပြီမို့ သူတို့တွေဟာ တစ်ဆင့်နီးလာပြီလို့လဲ ယူဆနိုင်ပါတယ်။
    အစ္စလာမ်ကို သေမလောက်မုန်းပါတယ်ဆိုသူတွေ အစ္စလာမ်ကို အသက်ပေးချစ်သွားကြတာတွေ၊ မွတ်စလင်မ်တွေကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် ရှင်းမယ်ဆိုရာက မိမိအသက်အိုးအိမ်စည်းစိမ်ကိုစတေးပြီး အစ္စလာမ်ကိုကာကွယ်သူဖြစ်လာတွေစတဲ့ ဖြစ်ရပ်တွေဟာ အစ္စလာမ့်သမိုင်းမှာ ဒုနဲ့ဒေးပါ။
    ဒီတော့ အခု ၉၆၉ ခေါင်းဆောင် အရှင် ဝီရသူဟာ နောင်တချိန်မှာ ၇၈၆ ခေါင်းဆောင် မုဟမ္မဒ် ဝရစ်ဒီးန် မဖြစ်လာနိုင်ဘူးလို့ ဘယ်သူ တထစ်ချပြောနိုင်ပါသလဲ။
    (မှတ်ချက် ။    ။    ဝရစ်ဒီးန် မုဟမ္မဒ် ဟူသောအမည်ဖြင့် အမေရိကန်သမိုင်းတွင် အကြီးဆုံး အစ္စလာမ်သာသနာ လက်ခံပွဲကို ကြီးကြပ်ခဲ့သော အာဖရိကန် အမေရိကန် မွတ်ဆလင်ခေါင်းဆောင်တစ်ဦး ရှိခဲ့ပါသည်။) http://en.wikipedia.org/wiki/Warith_Deen_Mohammed )
  • သမိုင်းဝင် ပုဂ္ဂိုလ် တို့၏ သမိုင်းဝင်မယ့် စကားများ (ဒေါ်အောင်ဆန်းစုကြည်)
    ဇွန်- ၂၆ ၊ ၂၀၁၃
    M-Media
    Daw Su1
    “ဘာသာတရားကို ကာကွယ်တာ အဓိက ယုံကြည်မှုဖြစ်ပြီး ယုံကြည်မှု ခိုင်မာရင် ဘာနဲ့မှ လုပ်လို့မရဘူး”
    ဒေါ်အောင်ဆန်းစုကြည်
    ၂၅၊၆၊ ၂၀၁၃
    နေပြည်တော်
  • ” ပျဉ်ဖိုး ”
    ဇွန်- ၂၅၊ ၂၀၁၃
    M-Media
    ရေးသူ- သန့်စင်ဖြိုး
    kp19
    (၁) English နဲ့ ဗမာစာ ဖလှယ်ရာမှာ Terror ကိုဘယ်လိုဖလှယ်ကြလဲဗျ။ တစ်ယောက်တစ်မျိုးရေးနေတာတွေ တွေ့ရပေမယ့် အကြမ်းဖက်သမားလို့ ဘာသာပြန်လို့ မရတာတော့ သေချာတယ်။ လူကလည်း ကဂျီကဂျောင်ရယ်။ တတ်တဲ့လူတွေက ဘာသာပြန်ပြထားတာ ဖတ်ရပေမယ့် သူ့တို့ဘာသာပြန်တဲ့ အထဲမှာ Terror ကို ထိမိတယ်လို့မခံစားရဘူး။ သိုးဆောင် စကားများနဲ့ ဗမာစကားများကို ဖလှယ်ရာမှာ အတော်တော့ ခက်သားလားဗျ။ အကြိုက်ဆုံး ဘာသာပြန်ချက်ကတော့ အကြောက်ကြီးသူလို့ ဘာသာပြန်ထားတယ်။ ဒါပေမယ့် Time ရဲ့ဆောင်းပါးနဲ့တွဲဖတ်ကြည့်တော့ သူပြောချင်တဲ့ Terror ဆိုတာ အကြောက်အလန့်ကြီးတာ တစ်ခုတည်းထက် အစိုးရိမ်ကြီးပြီး ကြောက်လန့်ပြီးနေတဲ့ လူမျိုးကို ပြောချင်တဲ့ပုံစံ ပိုပေါက်နေတယ်။ gone with the wind ကိုလေရူးသုန်သုန်လို့ လှလှလေးဘာသာပြန်သလိုမျိုး ကျစ်ကျစ်လစ်လစ်ပြောကြမယ်ဟေ့ဆိုရင်တော့ Terror ဆိုတာ မိုးပြိုမှာစိုးကြောက်သူပေါ့ဗျာ…
    (၂) တစ်နေ့ကပဲ ဝါဒနဲ့ ဝါဒီကိုကျနော့အမြင်ရေးခဲ့ပါတယ်။ ဝန်ခံစရာရှိတာက ဝါဒနဲ့ဝါဒီအမြင်မှာ ကျနော့အပေါ်ကို ရွှေဥဒေါင်းကြီးလွှမ်းမိုးခဲ့ပါတယ်။ Buddhist ဆိုတာ ဗုဒ္ဓဝါဒီပါ Buddhism ဆိုရင်တော့ ဗုဒ္ဓဘာသာပါ။ Time အကြောင်းလူတွေရေးနေတာဖတ်ကတည်းက အသံကြောင့် ဖားသေကိန်းလို့ ခံစားမိခဲ့ပြီးသားပါ။ ကျနော်တို့ ဗမာ/မြန်မာတွေထဲမှာ English စာကို ဂျောင်းဂျောင်းပြေးတတ်သူတွေ တစ်ပုံကြီးပါ။ Buddhist terror ဆိုတာမြင်လိုက်တာနဲ့ သင်္ဃန်းခြုံသူတစ်ဦးရဲ့ မျက်နှာကို face of Buddhist terror လို့တင်ဆက်ပုံမြင်လိုက်တာနဲ့ အသံတွေ တစီစီညံကိန်းဆိုတာ သိပြီးသားပါ။ ကိုယ်တိုင်လည်း ဆောင်းပါးထဲကစာနဲ့ အပြင်ကခေါင်းစဉ်မျက်နှာဖုံးနဲ့အပေါ်မှာ မချင့်မရဲစိတ်တော့ ဝင်မိပါသေးတယ်။ ဒါပေမဲ့ လူတစ်ချို့ပြောသလို Yellow journalism တစ်ခုမဟုတ်တာတော့ အထဲကစာကို အနုလုံပဋိလုံ ဆန်းစစ်ရင်ပေါ်ပါတယ်။ ဝါဒီတစ်ယောက်ကို terror လို့ခေါင်းစဉ်တပ်တာဟာ ဝါဒတစ်ခုလုံးကို ဂျွမ်းပြန်သွားအောင်စွပ်စွဲတာမဟုတ်ဘူးဆိုတာ သတိချပ်ကြပါဗျာ။ အထဲကစာမှာဆိုရင် ဗုဒ္ဓဝါဒရဲ့အနှစ်သာရ/သင်ကြားမှုနဲ့ သူ့ခေါင်းစဉ်(title)/မျက်နှာဖုံး(cover)မှာဖော်ပြထားသူဗုဒ္ဓဝါဒီကြားမှာ အကြီးကြီးကွဲလွဲနေတာကို ထောက်ပြထားတာတွေအများကြီးတွေ့နေရပါတယ်။
    (၃) တစ်ချိန်က ဝါနာဘရားသားရဲ့ ဗုဒ္ဓဝါဒီရဟန်းနဲ့ ဗုဒ္ဓဆင်းတုအပေါ်မှာ မလျှော်ကန်တဲ့ပုံစံနဲ့ တင်ပြတဲ့အနုပညာပြကွက်အတွက် အသံထွက်ကြတုန်းက ကျနော်ကိုယ်တိုင် နိုင်ငံတကာ အထိပေါက်အောင် ဘယ်လိုပြောသင့်တယ်ဆိုတာ မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်များကို အကြံပေးဖူးပါတယ်။ ဒီတစ်ခါ တိုင်းမ်ရဲ့အနေအထားမှာ အကြီးအကျယ်ကန့်ကွက်နေတာ တစ်ဆိတ်သတိထားပါ။ တကယ်တော့ ဘားမားဘင်လာဒင်လို့ ကိုယ့်ကိုယ်ကို တံဆိပ်ကပ်ပြီး နိုင်ငံခြားကသတင်းထောက်တွေနဲ့ အင်တာဗျူးတွေဖြေနေကတည်းက ကျန်တဲ့ ဗုဒ္ဓဝါဒီများဖြစ်တဲ့ ရဟန်းများနှင့် လူထုက ဗုဒ္ဓဝါဒရဲ့အရေးပါတဲ့ သံဃာဆိုတဲ့ အနေအထားနဲ့ အဲ့ဒီလိုပြောရင် ဗုဒ္ဓဝါဒီတွေကို တစ်ဖက်က အမြင်တစ်မျိုးမြင်သွားနိုင်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံကဗုဒ္ဓဝါဒီတွေအပေါ်အမြင်စောင်းနိုင်တာကြောင့် အဲ့ဒီလိုတွေပြောနေဆိုနေ အင်တာဗျူးနေမယ်ဆိုရင် သင်္ဃန်းတော့ချွတ်လိုက်ပါလို့ ဘယ်ဗုဒ္ဓဝါဒီများက ထိထိရောက်ရောက်ဖြစ်အောင် တောင်းဆိုခဲ့သလဲ?? ဆိုတာမိမိကိုယ်မိမိပြန်မေးကြပါ။ ကိုယ်ကောင်းရင် ကိုယ့်ခေါင်းမရွေ့ဘူးဆိုတာဟာ တစ်ယောက်တည်း သီးသန့်အနေအထားမှာပဲမှန်ပါတယ်။ အဖွဲ့အစည်း အများဆိုင်နာမ်များနဲ့ကိစ္စမှာတော့ သူများမကောင်းလို့ ကိုယ့်ခေါင်းပါအရွဲ့အစောင်းအမြင်ခံရနိုင်ပါတယ်။ ဒါကို အခုအထိအနည်းစုက သတိထားမိပေမဲ့ အများစုနဲ့ အများစုအပေါ်ဩဇာရှိတဲ့ သံဃာ့အသိုင်းအဝိုင်းက သတိမပြု/ဂရုမစိုက်/လွှတ်ထားတာဟာ အခုလိုမျိုး ပြောကြားခံရမှုတွေ ရပ်တန့်သွားဖို့လမ်းစပျောက်ဆုံးစေပါတယ်။
    (၄) We’re really request please reevaluate about your magazine cover story title for July issue, “The Face of Buddhist Terror” by Hannah Beech / Meikhtila, Burma, And Pattani, Thailand. I know this process was happened. I am not a supporter of u wirathu. Every media wrote this violent case. But the combination of these two words “Buddhist and Terror” are very sad feeling for every Buddhists. Our religious is more weaker year by year. Please don’t do like that.
    Our Buddhist way is a peace way and not for terrorist. You’re the first user of those word so that I really appreciate. But those word will make more tension between buddhists and Islamists in Myanmar. I believe you’re never create violent case. Let’s create mindfulness society. I think this is not a article. It’s hate speech around the world. I honestly request time magazine for these two words combination. Thanks you very much!
    အပေါ်ကစာကတော့ >>http://www.avaaz.org/en/petition/Buddhist_is_not_Terror_Please_Reevaluate_July_Issue_Time_Cover_Story_Title/?fSXGxeb&pv=52<< ဒီလင့်မှာရေးထားတဲ့ Time အနေနဲ့ သူတို့ရဲ့ တင်ဆက်ဖော်ပြချက်ကို reevaluate လုပ်ဖို့ရေးထားတဲ့စာပါပဲ။ ဒီစာရေးသူဟာ သာမျင်ညောင်ည တစ်ယောက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်အပေါ်မှာထောက်ပြထားတဲ့ Buddhist နဲ့ Terror အပါအဝင် ဝါဒနဲ့ ဝါဒီတို့ကြားက ကွာခြားချက်၊ တစ်ဖက်ကပေးချင်တဲ့ Message နဲ့ ကိုယ့်ဘက်ကပျက်ကွက်ခဲ့တာတွေကို မျက်ကွယ်ပြုထားပါတယ်။ ဒီအထိ ကျနော့အတွက်တော့ OK ပါတယ်။ ဘယ်သူမဆို ဒီအသုံးအနှုံးအပေါ်မှာ Sensitive ဖြစ်ပြီး ဒီလောက်ရေးတာကတော့ No Problem ပါ။ ဒါဟာ လူသာမန်တွေဖြစ်လေ့ဖြစ်ထရှိတာမို့လို့ အတိုင်းအတာတစ်ရပ်အထိလက်ခံနိုင်ပါတယ်။
    ဒါပေမဲ့ ဒုတိယစာပိုဒ်မှာပါတဲ့ ” those word will make more tension between buddhists and Islamists in Myanmar.” ဆိုတာကတော့ ထိုင်ရင်းနေရင်း အစ္စလာမ္မစ်တွေကလည်း တန်းရှင်းတွေ ဖြစ်ချင်နေသယောင်ဖြစ်သွားပါတယ်။ တကယ်တော့ အဲ့ဒီစာတစ်ပိုဒ်ထဲကို ကျနော်ဖတ်ပြီး စဉ်းစားနေတာ ၁-နာရီခွဲကြာပါတယ်။ ဆောင်းပါးအရရော ခေါင်းစဉ်အရရော မျက်နှာဖုံးပုံအရရော ဒါဟာ ပြည်တွင်းကမုစ်လင်မ်တွေနဲ့ အဝေးကြီးမှာပါ။ ဒီအနေအထားကြောင့် တစ်ဖက်က ကျားနာခဲ ခဲပြီး ပြည်တွင်းက မုစ်လင်မ်တွေကို ထပ်မံအကြမ်းဖက်မှာတောင် စိုးရိမ်နေရတဲ့အနေအထားပါ။
    ဒီအနေအထားမှာ ” those word will make more tension between buddhists and Islamists in Myanmar.” အဲ့ဒီလိုရေးရဲတဲ့ စိတ်ဓာတ်နဲ့ သတ္တိကိုတော့ အံ့လည်းအံ့ဩမိပါတယ်။ အဲ့ဒီအရေးအသားအစား ဟုတ်သော်ရှိ မဟုတ်သော်ရှိ စစ်မှန်တဲ့ငါတို့ဗုဒ္ဓဘာသာဝင်များကလည်း အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ငါတို့ရဲ့ပြည်ထောင်စုသားချင်း အစ္စလာမ်ဘာသာဝင်တွေနဲ့ ထပ်တူထပ်မျှခံစားနေပါတယ်လို့ ရေးရင်တောင် ကိုယ်ပါရောပြီး Sign ထိုးပေးချင်စိတ် ပေါက်သွားဦးမယ်။ အခုတော့ မင်းတို့ဒီလိုရေးလို့ မင်းတို့တိုင်းမ်မဂ္ဂဇင်းက ဒီလိုမျက်နှာဖုံးပုံနဲ့ ဒီလိုခေါင်းစဉ်ပေးလို့ ပြည်တွင်းမှာ မုစ်လင်မ်တွေထပ်ပြီး အကြမ်းဖက်ခံရရင် မင်းတို့ပဲတရားခံဖြစ်မှာနော်လို့ ရေးလိုက်သလိုပဲ။
    မေးချင်တယ်ဗျာ ခင်ဗျားတို့မှာ
    အဲ့ဒီ သင်္ဃန်းခြုံပြီး သူတပါး ဘာသာကို အမနာပစွတ်စွဲဟောကြားပြောဆိုနေတဲ့ အမည်ခံ ဗုဒ္ဓဝါဒီတွေကို လူသားဆန်တဲ့စိတ်ဓာတ်နဲ့များ ထိရောက်စွာ ရှုံ့ချဖူးရဲ့လား။
    ဒီလိုပဲ လူစိတ်ကင်းမဲ့စွာနဲ့ သူတပါးရဲ့အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးတိုက်ခိုက်ခဲ့တဲ့ ဗုဒ္ဓဝါဒီပါဆိုတဲ့ အကြမ်းဖက်သများများကိုရော ထိရောက်စွာဖော်ထုတ်အရေးယူဖို့ သက်ဆိုင်ရာအာဏာပိုင်ကို ဒီလိုမျိုးဖိအားပေဖူးသလား။
    ဒီလိုပဲ အကြမ်းဖက်တိုက်ခိုက်ခံလိုက်ရသူတွေအပေါ်မှာ မတော်မတရားလုပ်ဆောင်နေတဲ့အပေါ်မှာ တာဝန်ယူဖြေရှင်းပေးမှုမရှိတဲ့အပေါ်မှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ထိထိရောက်ရောက်ဖိအားပေးတောင်းဆိုဖူးသလား။
    ကျနော်တော့ ” those word will make more tension between buddhists and Islamists in Myanmar.” ဆိုတဲ့အရေးအသားကို ပေါ့ပေါ့လေးဖတ်သွားရဲတဲ့ sign ထိုးခဲ့ကြတဲ့ ခင်ဗျားတို့ရဲ့ စိတ်ဓာတ်ကို လေးစားလို့မဆုံးဘူးဗျာ။
  • နောက်ကွယ်မှ အသိများ (ဆောင်းပါး)
    နောက်ကွယ်မှ အသိများ (ဆောင်းပါး)
    ဇွန်-၂၆၊ ၂၀၁၃
    M-Media
    ဆောင်းပါးရှင်-သန့်စင်အေး
    စာရေးသူတို့ မြန်မာမှုနယ်ပယ်တွင် မေးမြန်းလေ့ရှိသော မေးခွန်းတစ်ခုမှာ “ငါတို့ ဘယ်နေ့ စားရမှာလဲ”ဟူ၍ဖြစ်သည်။ ထိုမေးခွန်းကို စာရေးသူတို့၏ မိတ်ဆွေ ချစ်သူမောင်နှံများ နှင့်တွေ့သော အခါတွင် လည်းကောင်း၊ လူပျိုကြီး/အပျိုကြီးနှင့်တွေ့သောအခါတွင်လည်းကောင်း မေးလေ့ရှိသည်။ အလိုသဘောမှာ“သူငယ်ချင်းတို့-ဘယ်နေ့လက်ထပ်ကြမှာလဲ”ဟုဖြစ်သည်။ အကယ်၍ ထိုမေးခွန်းကို တိုက်ရိုက်ပြန်ဆိုပါက “ငါတို့ဘယ်နေ့စားရမှာလဲ”ဟူသောစကားတွင် လက်ထပ်မည့်အကြောင်း မပါ ပါ။ ထို့ကြောင့် တိုက်ရိုက်ပြန်ဆိုရာတွင်အခက်အခဲရှိမည်ဖြစ်သည်။ ထိုအခါ “အသိ”ဖြင့်သာ ပြန်ဆိုရ မည်ဖြစ်သည်။ ထို့ကြောင့် Language တစ်ခုကိုလေ့လာရာတွင် သက်ဆိုင်ရာ Language သာမက Linguistics (ဘာသာဗေဒ)ကိုပါ မဖြစ်မနေလေ့လာရတော့သည်။ တိုက်ရိုက်အဓိပ္ပာယ် ဖေါ် ရခက်သော စကားလုံးများကို ပြန်ဆိုရာတွင် သက်ဆိုင်ရာလူမျိုး၊ ဘာသာတို့၏ ဓလေ့ထုံးစံကိုသိမှ ဘာဆိုလိုသည်ကို နားလည်မည်ဖြစ်သည်။ ၎င်းပြင် ရန်ကုန်ကဲ့သို့သော အောက်မြန်မာနိုင်ငံတွင် အမိ၊ အဖ၊ ဆရာသမား၊ လူကြီးသူမတို့နှင့် သားသမီးများ စကားပြောရာတွင် သား၊သမီးများက ကိုယ့်ကိုယ်ကို “သားကလေ၊ သမီးကလေ၊ ကျွန်တော်/ကျွန်မကလေ”အစရှိသည်ဖြင့် သုံးနှုံးပြောဆိုကြ သော်လည်း အထက်မြန်မာနိုင်ငံရှိ အချို့ဒေသများတွင်မူ “ကျုပ်ကလေ”ဟူ၍သုံးနှုံးပြောဆို တတ်သည်။ သူ့ဓလေ့နှင့်သူမို့ ရိုင်းသည်ဟု ဝေဖန်၍မရပါ။ မိဘများကလည်း သဘောပေါက်ကြပါ သည်။ ထို့ကြောင့် ဘာသာစကားတစ်ခုပြောဆိုရာတွင် ပြောလိုက်သော စကားထက် ထိုစကား၏ နောက်ကွယ်တွင်ရှိသော “အသိ”ကို ပိုသတိထားရမည်ဖြစ်ကြောင်း ဘာသာဗေဒဆရာများက ဆိုကြခြင်း ဖြစ်တန်ရာ၏။ ဤသည်မှာ စကားများနောက်ကွယ်တွင်ရှိသောအသိများအနက် အချို့ကို မျှဝေတင်ပြခြင်းဖြစ်သည်။
    အလားတူပင် အမူအရာများ၏နောက်ကွယ်တွင်လည်း “အသိ”များရှိသည်။ ဥပမာ-မြန်မာမှု နယ်ပယ်တွင်တော့ လူငယ်များက လူကြီး၊သူမများရှေ့က ဖြတ်သန်းသွားလာရာတွင် ခါးကိုအတန်ငယ် ကိုင်း၍၊ ကိုယ်ကိုအတန်ငယ်ညွတ်၍ သွားလာကြသည်။ လေးစားရိုသေမှုသဘောသာဖြစ်ပါသည်။ သို့သော် ကမ္ဘာပေါ်ရှိအချို့သောနိုင်ငံများတွင်တော့ လူကြီးနှင့်လူငယ်၊ မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့် စကားပြောဆိုရာတွင် လူငယ်များက ထိုင်ချင်သလိုထိုင်မည်။ ခြေပေါ်ခြေချိတ်လည်းထိုင်ချင် ထိုင်မည်။ သို့သော် ထိုအမူအယာကို ထိုနိုင်ငံများရှိလူကြီးများက “ဗွေ”ယူစရာ၊ အပြစ်ပြောစရာဟု မသတ်မှတ်ကြပါသည်။ အဘယ့်ကြောင့်သနည်းဆိုသော် စာရေးသူသိသလောက် မျှဝေရလျှင် လူ အချို့က ခြေထောက်အပါအ၀င် ခန္ဓာကိုယ်အောက်ပိုင်းကို မစင်ကြယ်သော(သို့မဟုတ်)ညစ်နွမ်းသော (သို့မဟုတ်)ဂုဏ်အသရေမဲ့စေသော အစိတ်အပိုင်းအဖြစ် သတ်မှတ်ကြသည်။ နိုင်ငံခြားသားများ ကတော့ ထိုသို့သတ်မှတ်ချင်မှသတ်မှတ်ကြပါလိမ့်မည်။ ခန္ဓာကိုယ်၏အရေးအကြီးသော အင်္ဂါအစိတ် အပိုင်းတစ်ရပ်အနေဖြင့်သာ ယူဆကြသည်ထင်ပါသည်။ ထိုခြေထောက်ကိစ္စကြီးကို ယဉ်ကျေးမှုနှင့် တွဲ၍ မစဉ်းစားကြလို့ပါ ဟုသာ ပြောရပေလိမ့်မည်။ ဤသည်မှာ အမူအယာများ၏နောက်ကွယ်များ၌ ရှိနေသော“အသိ”များပင်ဖြစ်ပါသည်။
    အကျီ င်္ ရင်ဘတ်ဟပြဲဝတ်ခြင်းကို လူကြီးများက သိပ်မနှစ်မြို့ကြသော်လည်း လူငယ်များကြား တွင် ဖက်ရှင်တစ်ရပ်ဖြစ်နေကောင်းဖြစ်နေနိုင်သည်။  စာရေးသူတို့ငယ်စဉ်က ခန္ဓာကိုယ်တွင် ဆေးမင်ကြောင်ထိုးထားသူများကို လူအများစုက သိပ်မနှစ်မြို့ကြပါ။ အဘယ့်ကြောင့်ဆိုသော ၎င်းတို့သည် လူမိုက်များဖြစ်သည်ဟု ယူဆကြသည်။ သို့သော် ယုံကြည်မှုအရသော်လည်းကောင်း (ဥပမာ-အင်း၊အိုင်၊ခလှဲ့၊လက်ဖွဲ့)အစရှိသည်များစီရင်ခြင်းအတွက် ဆေးမင်ကြောင်းထိုးခြင်းမျိုး ကိုတော့ သိပ်အပြစ်မတင်ကြပါ။ ဟိုးယခင် ရှေးမြန်မာမင်းများလက်ထက်ကတော့ ဆေးမင်ကြောင် ထိုးမှ ယောက်ျားပီသသည်ဟု အယူစွဲရှိခဲ့သည်။ သို့သော် လွတ်လပ်ပြီးခေတ် တွင် ထိုအယူအစွဲများ မရှိတော့ဘဲ ဆေးမင်ကြောင်ထိုးကွင်းထိုးသည်ကို အပြုသဘောဖြင့် လက်မခံနိုင်သည်များကို တွေ့လာရသော်လည်း ယခုပွင့်လင်းသောခေတ်တွင်တော့ ဆေးမင်ကြောင်ထိုးခြင်းကို ဖက်ရှင်တစ်ရပ် အဖြစ်ယူဆလာကြပြီး အချို့အမျိုးသမီးငယ်များပင် ထိုးစပြုလာကြသည်ကိုတွေ့ရပါသည်။  ဤသည်မှာ ၀တ်စားဆင်ယင်နေထိုင်မှုများ၏နောက်ကွယ်၌ရှိသော “အသိ”များပင်ဖြစ်ပါသည်။
    သို့သော် အထက်က ဆေးမင်ကြောင်ဥပမာဖြင့် ဖော်ပြခဲ့သလိုပင် “အသိ”များသည် အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ ပြောင်းလဲတတ်သည့်သဘောလည်းရှိသည်။ “အကြော်သည် မကြီးက အကြော်ရောင်း၍ သူ့သမီးအား ငြိုငြင်စွာလုပ်ကျွေးခဲ့ရသည်”ဆိုသည့်စာကြောင်းကို ယခုခေတ်အမြင်နှင့်ပြန်ဆိုရလျှင် အကြော်သည်မကြီးက သူ့သမီးအား သိပ်မကြည်သည့် သဘော ဖြစ်သည်။ သို့သော် အမျိုးသားပညာဝန်ဦးဖိုးကျားရေးသော မင်းကတော် စကားပြေ၏ ခက်ဆစ်အဖွင့် တွင်တော့ ငြိုငြင်စွာ ကို ဆင်းရဲပင်ပန်းစွာ ဟု ဖွင့်ဆိုထားသည်ကိုကြည့်ခြင်းအားဖြင့် ထို ငြိုငြင်စွာ ဟူသောစကား၏ နောက်ကွယ်တွင်ရှိသောအသိသည် ဦးဖိုးကျားတို့၏ ကိုလိုနီခေတ်နှောင်းပိုင်းနှင့် ယနေ့ခေတ် မတူတော့သည်ကို တွေ့ရပြန်သည်။ ဤသည်မှာ “အသိ”များပြောင်းလဲတတ်သော သဘောကို ပြောလိုခြင်းဖြစ်သည်။
    ဤသို့အားဖြင့် စာရေးသူတို့သည် မိမိတို့နေထိုင်ရာ ခေတ်ကာလ၊ ပတ်ဝန်းကျင် အနေအထားနှင့် လူကြီးသူမတို့၏ဆုံးမစကားများ၊ စာအုပ်စာပေများ၊ မီဒီယာများမှ ဖေါ်ပြချက်များကို ဖတ်ရှုသိရှိကြပြီး စာရေးသူတို့၏ စိတ်ထဲတွင် မသိမသာရော၊ သိသိသာသာပါ အသိများ စွဲလာခဲ့ကြသည်။
    ဒိန်းမတ်နိုင်ငံမှ ကာတွန်းဆရာတစ်ဦးက တမန်တော်နှင့်ပတ်သက်ပြီးအပြုသဘောမဆောင် သည့်ပုံတစ်ပုံဆွဲခဲ့ခြင်းကြောင့် မွတ်စလင်မ်ကမ္ဘာတွင် ပေါက်ကွဲကုန်ကြသည်။ ကမ္ဘာပေါ်တွင်လည်း ဟိုးလေးတကြော်ဖြစ်သွားသည်။ အီဂျစ်နိုင်ငံ၊ အလ်အဇ်ဟရ်တက္ကသိုလ်မှ အစ္စလာမ့်ပညာရှင်များက ထို အရေးအခင်းကာလတွင် ဒိန်းမတ်နိုင်ငံသို့သွား၍ မီဒီယာများ၊ ပြည်သူများနှင့်တွေ့ဆုံ၍ အစ္စလာမ် အကြောင်းရှင်းပြခဲ့ကြရာ ပွဲမစခင် Projector ဖြင့် ပုံအချို့ကို ပြသခဲ့သည်ဟု ကြားသိရသည်။ ပထမ ပြသောပုံမှာ မာသာထရီဇာ၏ပုံဖြစ်သည်။ မာသာထရီဇာပုံကိုကြည့်၍ လူအများက လက်ခံကြသည်။ မာသာထရီဇာက ပုဝါခြုံလေးနှင့်ဖြစ်သည်။ ၎င်းနောက် အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦး ပုဝါ ခြုံ ထားသည့်ပုံကိုပြပြန်သည်။ လူအများက သိပ်မကြိုက်ကြကြောင်း တုံ့ပြန်ကြသည်။ ပုဝါခြုံထားတာခြင်း တူတာတောင် ဘာကြောင့် လူအများက တစ်ဦးကိုလက်ခံပြီး တစ်ဦးကို လက်မခံကြပါသနည်း။ ထို ပုဝါခြုံခြင်းများ၏နောက်ကွယ်တွင်ရှိသော အသိ များကြောင့်လား။ ဤသည်ကို ပမာထား၍ အစ္စလာမ့် ပညာရှင်များက မီဒီယာကိုရော၊ လူထုကိုပါ အစ္စလာမ်အကြောင်းရှင်းပြပြီး ပွဲအပြီးတွင် ထိုပွဲသို့ တက်ရောက်လာသူများ၏ စစ်တမ်းကောက်ယူကြည့်ရာ လူအများစုသည် ရှင်းလင်းပွဲမစခင်တွင် ရှိနေ သော အစ္စလာမ်အပေါ်ထားသည့် ၎င်းတို့၏သဘောထား အသိ များနှင့် ထိုရှင်းလင်းပွဲအပြီးတွင် ရှိလာ သည့် အစ္စလာမ်အပေါ်ထားသည့် သဘောထား အသိ များ ပြောင်းလဲသွားသည်။ အပြုသဘော ဆောင်လာကြသည်ဟု စာရေးသူတို့ ကြားသိခဲ့ရသည်။ သို့ဆိုလျှင် စာရေးသူတို့သည် စာရေးသူတို့ မှီ တင်းနေထိုင်ရာလောက၊ ပတ်ဝန်းကျင်တွင်ရှိသော လူများ၏ စာရေးသူတို့အပေါ်ထားသည့် သဘော ထား အမြင်များနှင့် အသိ များကို စောကြောကြည့်ရန်လိုအပ်လှပြီး မည်ကဲ့သို့သော အပြုသဘော ဆောင်သည့်ချဉ်းကပ်မှုမျိုးဖြင့် ချဉ်းကပ်သင့်သနည်း၊ “Conflict Solution ဟုခေါ်သည့် ပဋိပက္ခများ၊ အမြင်ကွဲလဲမှုများကို မည်သည့်နည်းလမ်းမျိုးဖြင့် ငြိမ်းချမ်းစွာဖြေရှင်းသင့်သနည်း”ဆိုတာကိုတော့ ၀ိုင်း စဉ်းစားဖို့လိုပြီဟုထင်သည်။ စာရေးသူသိရှိမှတ်သားမိသည့် “အသိများအကြောင်း”ကို ဆက်လက်၍ မျှဝေပါရစေဦး။
    အသိများ၏မြစ်ဖျားခံရာ (သို့) အသိများရိုက်သွင်းခံရခြင်း
    စာရေးသူတို့တွင် mind-set ဟုခေါ်သည့် ပုံစံကျနေသည့်အမြင်များ၊ တရားသေအတွေး အခေါ်များရှိသည်။ ဥပမာ-မြန်မာရုပ်ရှင်ကားတစ်ကားကြည့်ရာတွင် သရုပ်ဆောင်၏လက်မှ ပန်းကန် ကျကွဲခြင်းမျိုးကိုတွေ့ပြီဆိုလျှင် ပရိသတ်ကသိသည်။ သိပ်မကြာခင် ဆုံးရှုံးမှုတစ်ခုခု(သို့)ပြဿနာ တစ်ခုခုဖြစ်တော့မည်ဟု တွေးလို့ရသည်။ ဒါရိုက်တာကလည်း ထိုအတိုင်းပင်ရိုက်ပြသည်။ ဤသည်မှာ mind-set ၏ အခြေခံသဘောပင်ဖြစ်သည်။ ထိုနည်းအတိုင်းပင် အချို့သောမြန်မာရုပ်ရှင်ကားများတွင် ဗီလိန်(လူဆိုး)အခန်းများတွင် (သူတို့အခေါ်-ကုလားပုံပေါက်နေသူများ)ကို ထည့်ရိုက်ပြသည်။ ထိုသို့ မြင်ရဖန်များသောအခါ ကြည့်ရှုသူပရိသတ်၏ mind-set တွင် ထိုပုံများကိုမြင်သည်နှင့် ကောင်းမွန်သောခံစားချက်တစ်စုံတစ်ရာ မပေါ်ပေါက်နိုင်တော့ပါ။ အလားတူစွာ အချို့သောစာရေးဆရာများက ၎င်းတို့၏၀တ္ထုများတွင်လည်း (သူတို့အခေါ် ကုလားများ)နှင့်ပတ်သက်၍ ရေးလျှင် ထိုမကောင်းသော(ဗီလိန်) အခန်းများက များပါသည်။ ဤနည်းအားဖြင့် ထိုပုံပေါက်နေသော၊ ထိုရုပ်ပေါက်နေသောသူများကိုတွေ့ပြီဆိုလျှင် လူအများစု၏ mind-set သည် ကောင်းမွန်နိုင်ပါဦးမည်လော။ အသိမကြွယ်သေးသည့် ကလေးသူငယ်များဆိုလျှင် ပိုဆိုးနိုင်ပါသည်။ ထိုကလေးငယ်များ ကြီးပြင်းလာ၍ လူကြီးဖြစ် လာလျှင်ရော ၎င်းတို့၏ mind-set များကို ပြောင်းလဲနိုင်ပါမည်လော…။
    ဤကဲ့သို့သော mind-set များရိုက်သွင်းခံလိုက်ရပြီဆိုလျှင် mind-set များကို ပြင်ဖို့ လိုလာပြီ။ စာရေးသူ၏ ဘာသာရေးဆရာတစ်ယောက်က ပြောဖူးသည်။ အစ္စလာမ်အကြောင်းကိုမသိလို့၊ အမှန် တကယ်အစ္စလာမ်အပေါ်အထင်လွဲနေလို့ သဘောရိုးဖြင့် အစ္စလာမ်ကို ဝေဖန်သူများရှိသည်။ ထိုသူ များက အသိ မှန်ရသွားလျှင် အစ္စလာမ်ကိုမဝေဖန်တော့ပါ။ သို့သော် လူတစ်ဦးတစ်ယောက်သည် ငယ်စဉ်ကတည်းက အစ္စလာမ်နှင့် ပတ်သက်သည့် မှားယွင်းသောအချက်အလက်များအား ၎င်း၏ mind-set အတွင်းသို့ သိသိသာသာဖြစ်စေ၊ မသိမသာနှင့်ဖြစ်စေ ရိုက်ထည့်ခံထားရပြီဆိုလျှင်တော့ ထိုသူအားမည်မျှပင်ရှင်းပြရှင်းပြ လက်ခံဖို့သိပ်မလွယ်ပါ။ ထိုသူ၏ mind-set ကို လုံးဝ ပြောင်းပစ်နိုင် လျှင်တော့ ရမည်။ မြန်မာတွင် “လူကိုခင်လျှင် မူကိုပြင်သည်၊ လူကိုမုန်းတော့ မူကိုသုံးသည်”ဟူသည့် ဆိုရိုးစကားတစ်ခုရှိသည်။ မိမိကြည်ညိုသော၊ ပုဂ္ဂိုလ်ရေးအရ လက်ခံသော၊ အမြင်ကြည်သော လူမျိုး ဆိုလျှင် ထိုသူပြောဆိုသည့် အကြောင်းအရာနဲ့ပတ်သက်ပြီး အငြင်းပွားစရာရှိလျှင်တောင်မှ လူမှုရေးအရ ငဲ့ညှာတတ်သည့်သဘောလည်းရှိသလို ထိုသူဘာပြောပြော လွယ်လွယ်ကူကူနှင့် လက်ခံ တတ်သည့်သဘောလည်းရှိသည်။ ထိုကဲ့သို့သော နေရာမျိုးတွင် စာရေးသူတို့သည် စာရေးသူတို့ အပေါ် စွပ်စွဲလာသည့်စွပ်စွဲချက်များကို သက်ဆိုင်ရာပညာရှင်များက အေးချမ်းစွာဖြင့် ပြန်လည် ရှင်းလင်း တင်ပြရုံသာမက စာရေးသူတို့လူများ၌လည်း လူအများစုက စာရေးသူတို့ကို ပုဂ္ဂိုလ်ရေးအရ လက်ခံလာနိုင်အောင် နေထိုင်တတ်ဖို့လိုသည်။ လူအများစု၏ mind-set ထဲတွင် စာရေးသူတို့ကို မည်သို့မည်ပုံထင်မြင်ကြသည်ကို အရှည်ရေးပြစရာလိုမည်မထင်ပါ။ စာရေးသူတို့က လူအများစု၏ mind-set ကို ပြုပြင်ပြောင်းလဲဖို့၊ စာရေးသူတို့အပေါ်အထင်လွဲမှုများကို ဖြေရှင်းကြဖို့ဆိုလျှင် သက်ဆိုင်ရာပညာရှင်များက ရှင်းပြလိုက်ရုံနှင့်မပြီး၊ နှစ်ပေါင်းများစွာအရိုးစွဲနေသော mind-set များကိုပြင်ဖို့ စာရေးသူတို့တစ်ဦးချင်းစီတွင်လည်း တာဝန်ရှိသည်ဟု ခံယူမိပါသည်။ ထိုသို့ အရိုးစွဲနေသော စာရေးသူတို့အပေါ်ထားရှိသည့် တရားသေသဘောထားများကို မည်သို့ပြင်ကြ မည်နည်း၊ အထက်ဖော်ပြသလို တစ်ဖက်မှလည်း ငြိမ်းအေးစွာရှင်းပြဖို့လိုသလို တစ်ဖက်မှလည်း မိမိတို့ကို ပုဂ္ဂိုလ်ရေးအရလက်ခံလာအောင် ကြိုးစားကြရမည်ဖြစ်ပါသည်။
    ကောင်းမွန်သော Atmosphere ကို ဖန်တီး၍ စကားပြောကြည့်ခြင်း
    Atmosphre ဆိုသည်ကို WHIZZO အဘိဓာန်က အောက်ပါအတိုင်းဖွင့်ဆိုထားသည်။
    Atmosphere (n) လေထု။ ပတ်ဝန်းကျင်။
    atmospheric (pl) လေထုနှောင့်ယှက်မှုများ။
    (adj) atmospheric လေထုနှင့် သက်ဆိုင်သော။ ပတ်ဝန်းကျင် အရှိန်အဝါနှင့်ဆိုင်သော။
    ယခုဆောင်းပါးတွင် စာရေးသူမျှဝေလိုသော Atmosphere ဆိုသည်မှာ “ပတ်ဝန်းကျင်(သို့) ပတ်ဝန်းကျင်အခြေအနေနှင့်သက်ဆိုင်သော”ဟုဆိုရပါလိမ့်မည်။ စကားဝိုင်းများတွင် Atmosphere များ ရှိပါသည်။ ဥပမာ.. စကားဝိုင်းသည်အခြေအတင်ဖြစ်နေသည်၊ စကားဝိုင်းတွင်ပါဝင်သောသူများ သည် ဒေါသသံများပါလာပြီဆိုလျှင် ထိုစကားဝိုင်း၏ Atmosphere မှာ ပြင်းထန်လာပြီဟုဆိုရပါလိမ့် မည်။ စာရေးသူတို့သည် မိမိတို့ပြောဆိုလိုသော သတင်းစကားကို အများကလက်ခံလာစေလိုလျှင် မိမိပြော ဆိုလိုသည့်အကြောင်းအရာကို နိုင်နင်းကျွမ်းကျင်မှုရှိရန်လိုအပ်လှသလို မိမိစကားတတ်တိုင်း တစ်ဖက်သက်ပြောဆိုခြင်းမျိုးမဟုတ်ဘဲ အခြေအနေပေါ်မူတည်၍ အလျှော့ အတင်းပြုလုပ်ရန် လိုအပ်လှပေသည် ဟု လူမှုဆက်ဆံရေးသင်တန်းများတွင် မှတ်သားခဲ့ဖူးပါသည်။ မိမိမှ စကား အသာစီးရသော်လည်း တစ်ဖက်သားအား နင်းကန်ဖိပြောခြင်းမျိုး မပြုလုပ်ပဲ “ဟာ..အစ်ကိုအခုန ဆွေးနွေးသွားတာလေး တော်တော်ကောင်းပါတယ်၊ ကျွန်တော် အဲဒါကိုမသိသေးဘူး၊ အစ်ကို ဘယ်စာအုပ်ထဲက ဖတ်ထားတာလည်း၊ ကျွန်တော့်ကိုလည်း share ပါဦး”အစရှိသည်ဖြင့် တစ်ဖက် သားကို ထွက်ပေါက်ပေးရပါလိမ့်မည်ဟု အကြံပေးလိုပါသည်။ Sandwich (အသားညှပ်ပေါင်မုန့်) ကဲ့သို့ပင် အပေါ်တွင် ပေါင်မုန့် အလယ်တွင် မိမိစားလိုသောအစာအားကြားညှပ်ပြီး အောက်တွင် ပါမုန့်တစ်ချပ် ထပ်ထည့်သကဲ့သို့ပင် မိမိပြောလိုသည့်အကြောင်းအရာအားမပြောမီ တစ်ဖက်သားအား အပြုသဘော အမြင်ဖြင့်ချီးကျူးရန်၊ ပြီးလျှင် မိမိပြောဆိုလိုသည့်အချက်အလက်ကို ချိုသာပျူငှာစွာဖြင့် ပြောဆိုရန်၊ နောက်ဆုံးတွင် တစ်ဖက်သားအား ထွက်ပေါက်ပေး၍ မိမိစကားကို အဆုံးသတ် ရန်အစရှိသည့် Sandwich Method ဟုခေါ်သည့် စကားပြောနည်းကိုအသုံးပြုကြရန်လည်း လူမှုဆက်ဆံရေးပညာရှင်များကအကြံပြုထားကြပါသည်။ ဤသည်ကို Journalist များက ဟမ်ဘာဂါ ရေးနည်းဟုလည်း ခေါ်ကြပါသေးသည်။
    မိမိပြောဆိုလိုသည့်အချက်အလက်များကို တစ်ဖက်သားမှ ကြည်ဖြူစွာလက်ခံလာနိုင်စေရန် ပထမဦးစွာ တစ်ဖက်သား ကြိုက်နှစ်သက်သည့်စာရေးဆရာများထဲမှာ မိမိကြိုက်နှစ်သက်သော စာရေး ဆရာများရှိပါက မိမိလည်း ၎င်းနှင့်အကြိုက်ခြင်းတူကြောင်း၊ အစရှိသည်ဖြင့် မိမိနှင့် တူညီသော အချက်များကိုဆွဲထုတ်၍ ရင်းနှီးမှုတစ်ခုကို တည်ဆောက်ကြည့်ကြစေလိုသည်။ ဤနည်းအားဖြင့် မိမိနှင့် တစ်ဖက်သား ရင်းနှီးမှုရအောင်လုပ်ယူပြီးမှ မိမိပြောလိုသည့်အကြောင်းအရာကို တစ်ဖက်သားလက်ခံ လာနိုင်သော ပုံစံမျိုးဖြင့် presentation လုပ်ကြရန် လူမှုဆက်ဆံရေးပညာရှင်များက ထပ်ဆင့် အကြံပြု တိုက်တွန်းထားကြပါသည်။
    လူတစ်ယောက်၏ ဦးနှောက်အာရုံကြောမှ Brain Wave (၄)မျိုးထုတ်ပေးသည်ဟု မှတ်သား ဖူးပါသည်။ Delta, Theta, Alpha နှင့် Beta လှိုင်းတို့ဖြစ်ပါသည်။ ထိုလှိုင်း(၄)မျိုးထဲတွင် Alpha လှိုင်း သည် စိတ်ကြည်လင်တည်ငြိမ်မွေ့လျော်သည့်အချိန်တွင်ထွက်ပါသည်။ ထို Alpha လှိုင်းထွက်သည့် အချိန်တွင် လူအများသည် သတင်း အချက်အလက်များ၊ အကြောင်းအရာများကို လျင်မြန်စွာ မှတ်သားနိုင်ပါသည်။ ထို့ကြောင့် မိမိက လူတစ်ဦးတစ်ယောက်ကို message တစ်ခုပေးလိုလျှင် ထို သူ၏စိတ်ကို တည်ငြိမ်ကြည်လင်အောင် မိမိက စကား ပရိယာယ်ကြွယ်ဝစွာဖြင့်ပျော်ရွှင်ကြည်နူးစရာ ကောင်းသည့်အကြောင်းများ၊ စိတ်ကြည်လင်စေမည့်ကိစ္စရပ်များကို ပြော၍ ကိုယ်ပြောလိုသော message ကို သွယ်ဝိုက်ပြီး presentation လုပ်ရမည်ဖြစ်ကြောင်း မှတ်သားဖူးပါသည်။ ဥပမာ- စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးသည်  TV ရုပ်သံအစီအစဉ်တစ်ခုတွင် မိမိလုပ်ငန်းကို ကြော်ငြာထည့်သွင်း လိုသည်ဆိုပါက ရုပ်/သံကြော်ငြာခများသည် အချိန်အပိုင်းအခြားအလိုက် ဈေးနှုန်းကွဲပြားမှုရှိပါသည်။ လူအများလုပ်ငန်းခွင်ဝင်နေချိန် တွင် ကြော်ငြာခနှုန်းထားများကတစ်မျိုး၊ တစ်နေ့တာလုပ်ငန်းကိစ္စများ ကုန်ဆုံးပြီး မိသားစုအလိုက် အေးချမ်းစွာဖြင့် ရုပ်/သံထိုင်ကြည့်ကြသော ညစာစားပြီးအချိန်ကဲ့သို့သော အချိန်များတွင် ကြော်ငြာခက ပိုမြင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လူအများစုသည် တစ်နေ့တာလုပ်ငန်းကိစ္စများ ကုန်ဆုံးချိန်ဖြစ်သဖြင့် စိတ်အေးချမ်းသာစွာဖြင့် ရုပ်/သံထိုင်ကြည့်သော အခါ ၎င်းအချိန်တွင် ခန္ဓာကိုယ်မှ  စိတ်ငြိမ်လှိုင်း(ခ)သမာဓိလှိုင်းဟုခေါ်သော Alpha Wave (ခ) အယ်လ်ဖာလှိုင်းများထွက်သည်။ ထိုအချိန်တွင် TVတွင် မိမိကုန်ပစ္စည်းကြော်ငြာ ထည့်ပါက ကြော်ငြာ ထိုင်ကြည့်သောစားသုံးသူ၏ စိတ်ထဲတွင်စွဲသွားပြီး နောက်တစ်နေ့ဈေးထဲတွင် ထိုကုန်ပစ္စည်းအား လိုက်ရှာပါတော့သည်။ ဤသို့ဖြင့် စာရေးသူတို့သည် မိမိပြောဆိုလိုသည့် သတင်းစကားကို လူတစ်ဦး တစ်ယောက်အား လက်ခံရရှိစေလိုလျှင် တည်ငြိမ်အေးချမ်းသော Atmosphere တစ်ခုကို တည်ဆောက်ပြီးမှ ပြောဆိုလျှင် ပို၍ အဆင်ပြေချောမွေ့သည်ဟု လူမှုရေးစိတ်ပညာရှင်များမှ အကြံပြု တင်ပြထားကြပါသည်။။ ဤသည်မှာ စာရေးသူလေ့လာမိသော လူမှုဆက်ဆံရေးနှင့် စိတ်ဓာတ်ရေး ရာမြှင့်တင်ရေးသင်တန်းမှ သင်ကြားပို့ချချက်များကို ပြန်လည်မျှဝေခြင်း၊ အကြံပြုခြင်းသာဖြစ်ပါသည်။
    လက်စားချေမှုတွေနဲ့ပတ်သက်လို့
    စာရေးသူ၏ ညီလေးက စာရေးသူကို အဖြစ်အပျက်တစ်ခုပြောပြ၍ မေးခွန်းတစ်ခု မေးဖူး ပါသည်။ ပြန်လည်မျှဝေတင်ပြရသော် “လူဆိုး၊ ဓါးပြတစ်ဦးရှိကြောင်း၊ လူသတ်၊ ပစ္စည်းလု၊ မိန်း ကလေး တွေကိုအနိုင်ကျင့်…စသည်ဖြင့် လူဆိုးဖြစ်ကြောင်း၊ လူငယ်လေးတစ်ယောက်မှာ သူ၏မိဘ နှစ်ပါးကိုသတ်သွားသော ထိုဓါးပြကို လက်စားချေဖို့ကြိုးစား ခဲ့ကြောင်း၊ ထိုဓါးပြမှာလည်း တောပုန်း ဓါးပြ ဖြစ်၍ တော်တော်နှင့်ရှာမတွေ့ကြောင်း၊ ရှာတွေ့သောအချိန်တွင် ထိုလူငယ်လေးမှာ သန်မာ ဖျတ်လတ်နေသော်လည်း တောပုန်းဓါးပြမှာ အသက်အရွယ်ကြီးပြီး တပည့်တပန်းများလည်းမရှိ၊ အိုမင်း မစွမ်းသောအရွယ်ဖြစ်နေကြောင်း၊ ထိုအခါ ထိုလူငယ်လေးအနေဖြင့် ထိုဓါးပြအား လက်စား ချေသင့်သလော” ဟုမေးဖူးပါသည်။ စာရေးသူက အခြေအနေ (၂)ရပ်ဖြင့် စာရေးသူ၏ညီလေးအား ပြန်လည်ရှင်းပြခဲ့ပါသည်။ ပထမဦးစွာ အပြစ်ကျူးလွန်သူတရားခံအား တရားဥပဒေအရ စွဲချက်တင်ပြီး ပြစ်ဒဏ်ချမှတ်ခြင်းနှင့် လက်စားချေခြင်းမတူသည်ကို ရှင်းပြသည်။ တရားဥပဒေ စိုးမိုးခြင်းကို စာရေးသူအားပေးပါသည်။ သို့သော် လက်စားချေရာတွင် ထိုတောပုန်းဓါးပြကြီးသည် လူများစွာကို သတ်ခဲ့သည်။ သို့သော် သူ့ကိုပြန်သတ်လျှင် တစ်ခါသာ သတ်၍ရမည်။ လူအယောက်တစ်ရာ ကိုသတ်ခဲ့သူကို အခါတစ်ရာသတ်၍မရ၊ တစ်သက်သာ ပြန်သတ်၍ ရမည်။ အလျဉ်းသင့်၍ ဖော်ပြ ရသော်.. ဆော်ဒီအာရေဗျနိုင်ငံ၊ ရာဘီတွဟ်မှ ပညာရှင်များနှင့် သိပ္ပံပညာရှင်များဆွေးနွေးခန်းတွင် ထိုင်းနိုင်ငံမှ ခန္ဓာဗေဒပညာရှင် ဒေါက်တာ တာကာဇုန်နှင့်ဆွေးနွေးခန်းကို ပြန်လည်မျှဝေလိုသည်။ ဒေါက်တာ တာကာဇုန်တို့၏ ခန္ဓာကိုယ်အရေပြားပညာအရ မီးလောင်ခံရသော အရေပြားများနေရာတွင် အရေပြားသစ်များက အလိုအလျောက်အစားထိုးသည်ဟူသည့် သိပ္ပံတွေ့ရှိချက်ကို ရာဘီတွဟ်မှ ပညာရှင်များကလည်း ကျမ်းတော်မြတ်ကုရ်အာန်မှ ကျမ်းချက်ကိုဖော်ပြ၍ ငရဲတွင် ငရဲသားများအား အပြစ်ပေးသောအခါ ထိုငရဲသားများ၏အရေပြားများလောင်ကျွမ်းသွားလျှင် ထိုလောင်ကျွမ်းသွားသော အရေပြာများအစား အခြားအသစ်ဖြစ်သော အရေပြားများကို လဲပစ်မည်ဖြစ်ကြောင်း ဖော်ပြချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ထိုဆွေးနွေးခန်းထဲတွင်ပင် ဒေါက်တာ တာကာဇုန်မှ အစ္စလာမ်သို့ ကူး ပြောင်းဝင်ရောက်လာခဲ့သည်။ (အကျယ်ကို ဆရာဦးအေးလွင်နောက်ခံစကားပြော၍ ဘာသာပြန်ပေး သည့် အစ္စလာမ့်ဓမ္မဗိမာန်ထုတ် (ဤကားသစ္စာဓမ္မတည်း)ဟူသည့် ဗွီစီဒီ (၅)ချပ်တွဲနှင့် စာအုပ်တွင် ရှု ပါရန်။) မူရင်းအင်္ဂလိပ်ကတော့ This is the Truth ဖြစ်ပါသည်။ ဆော်ဒီအာရေဗျနိုင်ငံ၊ ရာဘီတွဟ်အဖွဲ့မှ ထုတ်ဝေပါသည်။ ထို့ကြောင့် ထို လူ အယောက် ၁၀၀ သတ်ခဲ့သူသည် ငရဲတွင် ထိုလူအယောက်တစ်ရာကို သတ်ခဲ့သည်နှင့်အမျှ အဖန်တလဲလဲ ပြန်လည် ခံစားရမည်ကို သတိချပ်စေလိုကြောင်းဖြင့် စာရေးသူ၏ ညီအား လက်စားချေလျှင် ဆိုသည့်ဘက်မှ စဉ်းစားပေးခဲ့ဖူးသလို အခြားတစ်ဖက်တွင်လည်း ကျမ်း တော်မြတ်ကုရ်အာန်ထဲတွင် အလ္လာဟ်က ပြစ်မှုကျူးလွန်သူအား ထိုသူကျူးလွန်ထားသည့်ပြစ်မှုနှင့် အညီ ထိုက်သင့်သောအရေးယူမှု ပြုပိုင်ခွင့်ရှိသော်လည်း အလ္လာဟ်နှင့် လှပသောချေးငှားမှု မပြုချင် ဘူးလားဟု မေးမြန်းဆုံးမတော်မူထားသော ကျမ်းတော်မြတ်ကုရ်အာန်၏ ကျမ်းချက်များကိုထောက်ရှု ၍ လက်စားချေလိုလျှင် ဖြစ်နိုင်ချေ(၂)မျိုးအရ စဉ်းစားနိုင်ကြောင်း၊ လက်စားချေလို၍ချေလိုက်လျှင် လည်း အယောက် တစ်ရာသတ်ခဲ့သူအား အခါတစ်ရာ ပြန်သတ်၍မရကြောင်း၊ ခွင့်လွှတ်လိုက်လျှင် တော့ ထိုခွင့်လွှတ်လိုက်သူ၏ နစ်နာမှုအတွက် အစားပေးရန်မှာ အလ္လာဟ့်တာဝန်ဖြစ်သွားကြောင်း အစရှိသည်ဖြင့် ရှင်းပြခဲ့သည်။ ဤနေရာတွင် စာရေးသူက ရွှေပြည်အေးတရားဟောနေခြင်းမဟုတ်ပါ။ သို့သော် အခြေအနေနှင့် အချိန်အခါကိုထောက်ရှု၍ မိမိလုပ်လိုက်သောအလုပ်တစ်ခု၏ နောက်ဆက်တွဲအကျိုးဆက်များကို မိမိသာမက အခြားသူများပါ ခံစားရမည်ကိုအရှည်တွက် သင့်ကြောင်း တင်ပြခြင်းသာဖြစ်ပါသည်။ အမှန်တကယ် ပြစ်မှုကျူးလွန်သူမဟုတ်သူကို အပြစ်ပေးခြင်း သည်လည်း တရားနည်းလမ်းမကျပါ။ ရန်သူများနှင့် ငြိမ်းချမ်းရေးအတွက်ဆိုလျှင် “အလ္လာဟ့် တမန်တော်”ဟူသည့် ဂုဏ်ပုဒ်ကိုပင် ဖျက်ပစ်ရန်ဝန်မလေးခဲ့သော တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ)၏ ဟုဒိုင်ဗီယာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရာတွင် ငြိမ်းချမ်းရေးအတွက် အနစ်နာခံ ဆောင်ရွက်ချက်များကို ပြန်လည် အမှတ်ရကြစေလိုပါသည်။
    တာဝန်ကိုယ်စီ ရှိကြသည်
    စာရေးသူတို့အနေဖြင့် မတူညီကွဲပြားမှုများကြားတွင် ငြိမ်းချမ်းရေးရဖို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ အစရှိသော ကောင်းမြတ်သည့်ရည်ရွယ်ချက်များကို အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များဖြင့် လက်တွေ့အကောင်အထည်ဖော်ရန်လိုပါကြောင်း အကြံပြုချင်ပါသည်။ နှစ်ပေါင်းများစွာ အရိုးစွဲနေသော “အသိ”များကို အမှန်တကယ်ပင် change လုပ်ပေးဖို့သည် စာရေးသူတို့တစ်ဦးတစ်ယောက်ချင်းတွင် ကိုယ်စီတာဝန်ရှိကြပါသည်။ ထိုသို့ပြုပြင်ကြဖို့ဆိုလျှင် စာရေးသူတို့ အစ္စလာမ်ဘာသာဝင် တစ်ဦးချင်းစီအတွက် အသေးငယ်အပေါ့ပါးဆုံး တာဝန်မှာ “လမ်းပေါ်မှာရှိတဲ့ဆူးတစ်ချောင်းကို အခြားလမ်းသွားသူများ နင်းမိမည်စိုးသဖြင့် ဖယ်ရှားပေးခြင်း”ဟု မှတ်သားသင်ကြားဖူးပါသည်။ ထိုအတိုင်းပင် စာရေးသူတို့သည် ငြိမ်းချမ်းရေးအတွက် ကျမ်းတော်မြတ်ကုရ်အာန်၏ လမ်းညွှန်ချက်များကို လိုက်နာကျင့်သုံး၍ ငြိမ်းချမ်းရေးအတွက် အနစ်နာခံဆောင်ရွက်တော် မူခဲ့သော တမန်တော်ချုပ် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ)ကိုယ်တော်၏ စံနမူနာများအတိုင်း လိုက်နာကျင့်သုံးဆောက်တည်ခြင်းဖြင့် ဝေနေယျ ခပ်သိမ်းပေါ် မေတ္တာတရားကြီးမားစွာထားရှိသော၊ သဘောထားကြီးသော၊ ကိုယ်ကျိုးစွန့်အနစ်ခံသော၊ ကိုယ်ကျင့် သီလ သမာဓိနှင့်ပြည့်စုံပြီး လူအများ၏ ကြည်ဖြူမှုကို လက်ခံ ရယူနိုင်ကြသောသူများဖြစ်ကြပါစေ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ အတူယှဉ်တွဲ လျှောက်လှမ်းနိုင်ကြပါစေ ဟု အကြံပြုဆုတောင်းရင်း…။
    မှီငြမ်း
    ၁။    ကျမ်းတော်မြတ်ကုရ်အာန်၊ မြန်မာဘာသာပြန်။
    ၂။    “ဤကားသစ္စာဓမ္မတည်း”။ အစ္စလာမ့်ဓမ္မဗိမာန်။ ဆရာဦးအေးလွင်ဘာသာပြန်။
    ၃။    ဒေါက်တာမြင့်သိန်း၏ “Al-Azhar Business & Education Centre ၊ ရန်ကုန်”မှ သင်ကြား ပို့ချ ချက်များ
    ၄။    “မသိစိတ်စွမ်းအင်အကြောင်းနှင့် NAC စိတ်ရောကိုယ်ပါ ပြုပြင်ပြောင်းလဲခြင်းစိတ်ပညာ”၊  ဂျော်နီကျော်မိုး
    ၅။    ဆရာဦးသန်းမြင့်(စီးပွားရေး)၏ ”ရောင်းဝယ်ရေး၊ အောင်မြင်ရေးနှင့် လူမှုဆက်ဆံရေး”သင်တန်းမှ ပို့ချချက်များ
    ၆။    “နိုင်ငံတော်ကြီး အေးချမ်းဖို့ Diplomacy လုပ်ကြစို့” ။ Dr. Aung Maw