News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • အလဲဗင်း၊ ဦးသန်းထွဋ်အောင်နှင့် မြန်မာ့ မီဒီယာရှေ့ရေး (အပိုင်း ၁)
    ဇွန်- ၁၆၊၂၀၁၃
    M-Media
    ဆောင်းပါးရှင် -ဒန်ငြာရှိန်း
    Than Htut Aungမကြာသေးမီက WAN-IFRA မှ ရွှေကလောင်ဆုချီးမြှင့်ခံခဲ့ရသည့် ဦးသန်းထွတ်အောင်ဦးဆောင်သော အလဲဗင်းမီဒီယာဂရုသည် မြန်မာပြည်ရှိ နိုင်ငံသား မွတ်စလင်မ်များအား တဘက်သတ်အမြင်စောင်းမှု ကြီးထွားလာနိုင်စေသော သတင်းခေါင်းစဉ်များဖြင့် မလေးရောက်မြန်မာများသတင်းကို ပုံကြီးချဲ့ကား ခဲ့ပါသည်။ (အပိုင်း ၂ တွင် အသေးစိတ် ဖော်ပြပါမည်။)
    ဦးသန်းထွတ်အောင်၏ အဆိုပါ ရွှေကလောင်ဆုနှင့် ပတ်သက်၍ ဟောင်ကောင် အခြေဆိုက် asiasentinel.com မှ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ၄င်းအနေဖြင့် မွတ်စလင်မ်များ အရေးတွင် ကမ္ဘာ့သက်တမ်းရင့် မီဒီယာကြီးများကိုပင် စွပ်စွဲဝေဖန်ရေးသားခဲ့ကြောင်း၊ မျက်မြင်သက်သေ ဓာတ်ပုံများဖြင့် တင်ပြသည့် မွတ်စလင်ဆန့်ကျင်အကြမ်းဖက် သတင်းများကို ၄င်းက ငြင်းဆန်ခဲ့ကြောင်း စသဖြင့် ရေးသားဖော်ပြထားပါသည်။
    ထို asiasentinel.com ပါသတင်းကို မြန်မာတိုင်းမ်စ် အင်္ဂလိပ်ပိုင်းမှလည်း ထပ်မံတင်ဆက်ခဲ့ပါသည်။ ယင်းသို့သော အငြင်းပွားဖွယ်ရာကောင်းလှသည့် ဦးသန်းထွတ်အောင်၏ အလဲဗင်း ဂရုမှာ မကြာသေးမီကလည်း ပြည်တွင်း ငြိမ်းချမ်းရေး အခမ်းအနားတစ်ခုတွင် မတူကွဲပြားခြင်းအား လက်သင့်ခံနိုင်ခြင်းမရှိဘဲ အရည်အချင်းမပြည့်မီသည့် သတင်းထောက်တဦး ကို စေလွှတ်ကာ သတင်းရယူခဲ့ပါသည်။ ထို့နောက် မြန်မာပြည်ရှိ နိုင်ငံသား မွတ်စလင်များအား အထင်အမြင်လွဲမှားသွားစေနိုင်သော အရေးအသားများ၊ သတင်းခေါင်းစဉ်များဖြင့် သတင်းကို ကျင့်ဝတ်စည်းကမ်းဖောက်ဖျက်ကာ ၄င်းတို့၏ နေ့စဉ်ထုတ်သတင်း စာ၌ ဖော်ပြခဲ့ပါသည်။
    ဦးသန်းထွတ်အောင်အတွက် မီဒီယာသည် ငွေလော
    တောင်ကုတ်အရေးမှ စတင်၍ မြန်မာနိုင်ငံသား မွတ်စလင်များအား နိုင်ငံနှင့်အ၀ှမ်း ဆက်တိုက်အကြမ်းဖက်ခဲ့ကြရာ၌ အလဲဗင်းမီဒီယာက မည်သို့သော သတင်းအသေးစိတ်ကိုမှ တင်ပြခဲ့ခြင်းမရှိပါ။ ထို့ပြင် မိတ္ထီလာ၊ ဥက္ကံ၊ လားရှိုးစသည့်မြို့များ၌ အကြမ်းဖက်ခံခဲ့ရသော အပြစ်မဲ့ နိုင်ငံသားမွတ်စလင်များအရေးကိုလည်း အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ခြင်းမျိုး မရှိခဲ့သလို ထင်ယောင်ထင်မှားဖြစ်စေမည့် သတင်းရေးသားမှုများကိုသာ ပြုလုပ်ခဲ့ပါသည်။
    အလဲဗင်းဘောလုံးဂျာနယ်သည် ယခင်ကတည်းက မြန်မာဘောလုံး အသင်း၏ စာရိတ္တပိုင်းနှင့် စည်းကမ်းပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများကို အမှန်အတိုင်း မထောက်ပြဘဲ မြန်မာပရိသတ် အများစု၏ သဘောဆန္ဒနှင့် လိုက်လျောညီထွေဖြစ်စေရန် သတင်းကို ထိန်ချန်ဖုံးကွယ်၍ တင်ပြခဲ့ခြင်းမျိုး ရှိခဲ့ဖူးပါသည်။
    ၂၀၀၄ တိုက်ဂါးဖလားဘောလုံးပြိုင်ပွဲဝင်မြန်မာအသင်းမှာ အလွန်ဆိုးဝါးသည့် စည်းကမ်းဖောက်ဖျက်ခြင်းမျိုးရှိခဲ့သော်လည်း အလဲဗင်းဂရုက မိမိတို့ဂျာနယ် ရောင်းကောင်းရေးကိုသာ ရှေးရှုပြီး ၀ါရင့်ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) ကို အသုံးချကာ အခြားအားကစားဂျာနယ်များ၏ အမှန်ထောက်ပြ ရေးသားခဲ့မှုများကို အတိုက်အခံပြု ရေးသားခြင်းမျိုး ရှိခဲ့ဖူးပါသည်။
    ထို့ကြောင့် မြန်မာပြည်သူအများစု၏ စိတ်သဘောထားကိုလိုက်၍ တင်ပြလေ့ရှိသည့် အလဲဗင်းဂရုမှာ ယခုမြန်မာနိုင်ငံသားမွတ်စလင်များ အရေးတွင်လည်း “ဘူး” တလုံးဆောင်ကာ နိုင်ငံတကာ မီဒီယာများကို မျက်နှာပြောင်တိုက် ရှုံ့ချခဲ့ခြင်း၏ အဖြေမှာ ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာပါတော့သည်။
    နိုင်ငံတကာနှင့် ကိုယ်တွေ့ဆက်ဆံရသည့် အခြေအနေမှ ဦးသန်းထွတ်အောင်
    ရခိုင်အရေးမှ စတင်ကာ မြန်မာပြည်တွင်း နိုင်ငံသားမွတ်စလင်များအား အများအမြင်တွင် သို့လောသို့လောအခြေအနေသို့ အဓိကတွန်းပို့ခဲ့သည့် အလဲဗင်းဥသျှောင် ဦးသန်းထွတ်အောင်နှင့် ၄င်း၏မီဒီယာသည် WAN-IFRA မှ ရွှေကလောင်ဆု မရရှိသေးမီ ကာလများအထိ မွတ်စလင်ဆန့်ကျင်အကြမ်းဖက်မှုများအား မည်သို့သောသုံးသပ်ချက်တစုံတရာကိုမှ ပရိသတ်အား ချပြခဲ့ခြင်းမျိုးမရှိခဲ့ပါ။
    သို့သော် WAN-IFRA မှ ဆုချီးမြှင့်ခြင်းမခံရမီ တစ်လခန့်အလိုတွင်မူ မြန်မာနိုင်ငံသား မွတ်စလင်များအား အံ့အားသင့်စေမည့် “ခေတ်သစ်ငရဲခွေးကြီးလွတ်နေသည်” ဆိုသည့် သတင်းဆောင်းပါးမျိုးကို စတင်ရေးသားခဲ့ပါသည်။ ထိုသို့ ရေးသားမှုမှာ နိုင်ငံတကာတွင် လူတောတိုးဖို့ အရံသင့်ပြင်ဆင်သည့် သဘောမျိုး သက်ရောက်နေပါသည်။
    ဘန်ကောက်တွင် ကျင်းပသည့် WAN-IFRA ၏ ဆုပေးပွဲတွင်မူ ဦးသန်းထွတ်အောင်က ၄င်းတို့အနေဖြင့် အခက်အခဲများအကြား၌ မီဒီယာ လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေရကြောင်းဖြင့် “ဒီမိုကရေစီ” ဟူသော စကားလုံးကို သုံးကာ နိုင်ငံတကာဂျာနယ်လစ်များ၊ အယ်ဒီတာများကို ရင်ဆိုင်သွားခဲ့ပါသည်။
    သို့သော် မီဒီယာသမားအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေသော ဦးသန်းထွတ်အောင်မှာ WAN-IFRA ရွှေကလောင်ဆုရရှိကြောင်း အကြောင်းကြားခြင်းမခံရခင် အထိ မြန်မာနာမည်ကြီး ဂါးဒီးယန်းဦးစိန်ဝင်း ဆွတ်ခူးခဲ့ဖူးသည့် WAN-IFRA ဆုအား မိမိ မသိရှိခဲ့ကြောင်းကိုမူ နိုင်ငံတကာပရိသတ်အားဝန်ခံခဲ့ရပါသည်။
    ခေတ်သစ်ငရဲခွေးကြီးလွတ်နေသည်ဆောင်းပါးကြောင့် ၄င်းတို့မီဒီယာဝက်ဘ်ဆိုက် အတိုက်ခိုက်ခံခဲ့ရသည်ဟူသော အလဲဗင်း၏ သတင်းတွင်မူ ယခင်မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ၀က်ဘ်ဆိုက်များနှင့် အခြားအစ္စလာမ်ဘာသာဝင် အများဆုံးနေထိုင်သည့် နိုင်ငံများ၏ အစိုးရ၀က်ဘ်ဆိုက်များအား မင်းမဲ့စရိုက်ဆန်စွာ တိုက်ခိုက်ခဲ့ဖူးသည့် BHG ဟက်ကာ ဂရုအား ပြစ်တင်ဝေဖန်ခဲ့ပါသည်။
    ထို ဘလင့်ဟက်ကာဂရု (BHG) မှာ သက်တမ်းရင့် မင်းမဲ့စရိုက်ဆန်သော ဟက်ကာအဖွဲ့ အဖြစ် ရပ်တည်နေသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ဦးသန်းထွတ်အောင်၏ ၀က်ဘ်ဆိုက်ကို အတိုက်ခိုက်ခံရမှ ပြည်သူအတွက် သတင်းဖြစ်ခဲ့ရပါတော့သည်။
    ဘလင့်ဟက်ကာဂရု (BHG) က အလဲဗင်း အင်္ဂလိပ်ပိုင်းကို တိုက်ခိုက်ခဲ့သည့် သတင်းတွင် ဦးသန်းထွတ်အောင်က “ဘန်ကောက်မှာ ကျင်းပတဲ့ (၆၅)ကြိမ်မြောက် ကမ္ဘာ့သတင်းစာများ ညီလာခံမှာ နိုင်ငံတကာ မီဒီယာတွေကို မြန်မာနိုင်ငံက ပဋိပက္ခ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ အကြားက အမုန်းတရားကြောင့် မဟုတ်ဘဲ နောက်ကွယ်က ဖန်တီးလှုံ့ဆော် မှုတွေကြောင့်ဆိုတာ ရှင်းပြခဲ့ပါတယ်။ ” ဟု ထည့်သွင်းရေးသားထားပါသည်။
    ဤသို့သော စကားလုံးများမှာ WAN-IFRA ရွှေကလောင်ဆုအတွက် နိုင်ငံတကာအား ရင်ဆိုင်ဖို့ အရောင်ပြောင်းခဲ့သော အလဲဗင်းမီဒီယာဂရု၏ ကလောင် အကြမ်းဖက်မှု အရည်ခြုံ စကားလုံးများအဖြစ်သာ သုံးသပ်ကြရမည် ဖြစ်ပါသည်။
    အပိုင်း(၂) ဆက်လက်ဖော်ပြပါမည်။
  • သံသယများ၊ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ စာနယ်ဇင်း ရှင်းလင်းပွဲ၌ PCN ကြေညာချက်ထုတ်ပြန်
    ဇွန်- ၁၄၊ ၂၀၁၃
    M-Media
    ဆူးထက်
    သံသယများ၊ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲ တစ်ရပ်ကို ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက် Peace Cultivation Network (PCN) မှ ယနေ့ နေ့လည် ၃ နာရီမှ စတင်ပြီး ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ကြေညာချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
    letter head
    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက် Peace Cultivation Network (PCN)
    သံသယများ၊ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲ၌ ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက်၏ ထုတ်ပြန် ကြေညာချက်။
    ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမ။
    ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၄ ရက် သောကြာနေ့။
    မြန်မာနိုင်ငံတွင် အမျိုး၊ ဘာသာ၊ သာသနာဟုဆိုရာတွင် လူမျိုးပေါင်းစုံ၊ ဘာသာစကားနှင့် ယဉ်ကျေးမှု ပေါင်းစုံနှင့် သာသနာဟူသည့် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟန္ဒိုဘာသာနှင့် နတ်ကိုးကွယ်မှုတို့ ပါဝင်ပါသည်။ မြန်မာတို့၏ မေတ္တာတရားနှင့် ပျူငှာမှုတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ်တင့်လျှက်ရှိနေပါသည်။ မြန်မာ့သမိုင်းတစ်လျှောက်၌ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြပြီး လွတ်လပ်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများ၌ ပူးပေါင်း ဆောင်ရွက် လာခဲ့ကြပါသည်။ သို့သော် ပင်လုံ စာချုပ်ကို အကောင်အထည် မဖော်နိုင်ခဲ့ခြင်းနှင့် နိုင်ငံတော် ဘာသာကိစ္စတို့ကြောင့် ပြည်ထောင်စု သားများအတွင်း သံသယပွားကာ နှစ် ၆၀ ကြာ ပြည်တွင်းစစ် ကြုံတွေ့ခဲ့ရသည်။ နှစ် ၅၀ မျှ ဒီမိုကရေစီ အမှောင်ကျပြီး မြန်မာနိုင်ငံမှာ LDC ခေါ် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ စာရင်းဝင် ဖြစ်ခဲ့ရသည်။ ယခုအခါ မြန်မာလူငယ် ၇၀ ရာခိုင်နှုန်းခန့်မှာလည်း အလုပ်လက်မဲ့ဘဝ ဆိုက်ရောက်နေပြီး ပြည်သူတို့မှာလည်း လူ့အဖွဲ့အစည်း အခြေခံလိုအပ်ချက် ဖြစ်သော ရေ၊ လျှပ်စစ်မီး၊ လမ်းပန်း ဆက်သွယ်မှု၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု အားနည်းခြင်းဒဏ်ကို ခံစားနေကြရပါသည်။
    ထိုမျှသာမက တိုင်းပြည်အပေါ် သစ္စာရှိခဲ့သော မြန်မာ မွတ်စ်လင်မ် လူနည်းစုမှာလည်း အမုန်းတရား ဝါဒဖြန့်ချီမှု (Hate Campaign) နှင့် အကြမ်းဖက်မှုဒဏ်ကို အလူးအလှိမ့် ခံစားခဲ့ကြရပါသည်။ ယင်း၏ အကျိုးဆက်အဖြစ် တိုင်းပြည်နှင့် လူမျိုးဂုဏ်၊ ဗုဒ္ဓသာသနာတော်၏ ပုံရိပ်တို့မှာ ကမ္ဘာ့အလယ်၌ ထိပါးခဲ့ပြီး အကြမ်းဖက်မှု မခံရသေးသော လူနည်းစုများ၌လည်း မလုံခြုံမှုနှင့် သံသယများ ဖြစ်ပေါ်နေ ပါသည်။ ပြည်တွင်း မတည်ငြိမ်မှု များကြောင့် ပြည်ပရင်းနှီးမြုပ်နှံမှု များလည်း နှောင့်နှေးသဖြင့် ပြည်တွင်း အလုပ်လက်မဲ့များ၏ အနာဂတ် ပျောက်ဆုံးနေပါသည်။ ပြည်တွင်း၌ အကြမ်းဖက်မှုများကို မထိန်းသိမ်းနိုင်မှုကြောင့် အာရှဒေသ မတည်ငြိမ်မှုအဖြစ် ကူးစက်ကာ ပြည်ပရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမား တို့၏ဘဝနှင့် အနာဂတ်ကိုပါ ဖျက်ဆီးလျက် ရှိနေပြန်သည်။
    သို့ပါသောကြောင့် သံသယများပြေလျော့၍ ယုံကြည်မှု တည်ဆောက်နိုင်ကြရန်၊ အမှားများ အတွင်းမှ သင်ယူ၍ အဖြေရှာကြရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းမှု လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းမှု တည်ဆောက်ရေး သွန်ရက် (PCN) မှ အောက်ပါအတိုင်း ရှင်းလင်းချက် ထုတ်ပြန်လိုက်ပါသည်။
    ၁။ မြန်မာနိုင်ငံတွင် “၇၈၆” ဟူသောသင်္ကေတသည် သစ္စာတရားနှင့် တရားမျှတမှုကို စောင့်ထိန်းရန်၊ လူမျိုးမရွေး မေတ္တာကရုနာထားရန်၊ မှန်သောအယူ၊ မှန်သောအကျင့်ရှိသူများကိုသာ အထူးဂါရဝနှင့် ကရုဏာထားရန် ကိုသာ ရည်ညွှန်းပြီး ၂၁ ရာစတွင် မြန်မာနိုင်ငံကို သိမ်းရန်၊ ဘာသာတူ အချင်းချင်းကိုသာ အားပေး၍ ဘာသာခြားတို့ကို ခွဲခြားဆက်ဆံရန် လုံးဝ (လုံးဝ) မဟုတ်ကြောင်း ယခုတက်ရောက်လာသော မီဒီယာများနှင့် ရဟန်းရှင်လူ ပြည်သူလူထုရှေ့၌ မြန်မာမွတ်စ်လင်မ်များ ကိုယ်စား တရားဝင် ကြေညာလိုက်သည်။ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်း လုလင်) ရေးသားပြုစုပြီး ဤ ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ယက်က ဖြန့်ချီသော “အစ္စလာမ်နှင့် မြန်မာမွတ်စ်လင်မ်တို့အပေါ် အထင်အမြင်လွှဲမှားမှု များကို ရှင်းလင်းချက် စာတမ်းအကျဉ်း” ၌ အသေးစိတ် လေ့လာနိုင်ပါသည်။ သိုပါသောကြောင့် “၇၈၆” ဟူသော သင်္ကေတအပေါ် အထင်အမြင်လွဲမှားကာ မွတ်စ်လင်မ် ဆန့်ကျင်ရေး ပြုနေသူများအား မိမိတို့၏ သံသယများဖြေဖျောက်ပြီး ကျွန်ုပ်တို့နှင့် အတူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပူးပေါင်းဆောင် ရွက်ရန် ဖိတ်ခေါ်လိုက်ပါသည်။
    ၂။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း အမှန်တရားဝါဒဖြန့်မှု မှန်သမျှကို ထိရောက်စွာ ဟန့်တားအရေးယူပေးရန်၊ အကြမ်းဖက်မှု ဖြစ်လာပါကလည်း လုံခြုံရေးတာဝန်ရှိသူများက လိုအပ်သလို “ပစ်မိန့်” ပေးပြီး အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူများကို ကာကွယ်ပေးရန်၊ အကြမ်းဖက်မှု ဖြစ်ပြီးသွား ပါကလည်း၊ တရားခံများကို ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူပေးရန်၊ အကြမ်းဖက် ခံရသူတို့၏ ခုခံပိုင်ခွင့်ကိုလည်း ဥပဒေအရ အကျိုးခံစားခွင့်ပေးရန် တောင်းဆိုပါသည်။
    ၃။ လွှတ်တော်များအနေဖြင့်လည်း လူမျိုးတစ်မျိုး ဘာသာတစ်ခုတည်းအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းရှိ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့၏ ပိုင်ခွင့်များ၊ လုံခြုံရေးနှင့် အကျိုးစီးပွားကို အာမခံချက်ပေးရန်၊ အထူးသဖြင့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ (၂၀၀၈)၏ ပုဒ်မ ၃၆၄ အရ ဘာသာရေးကို နိုင်ငံရေးအတွက် အလွှဲသုံးစားပြုကာ လူမျိုးရေး၊ ဘာသာရေး ဖန်တီးမှုများ ပေါ်ပေါက်စေခြင်းကို အရေးယူနိုင်ရန် ဥပဒေတစ်ရပ်ကို နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အမြန်ဆုံ ရေးဆွဲပြဋ္ဌာန်းပေးရန် တောင်းဆိုပါသည်။
    ၄။ ပြည်သူကို ပြည်သူက ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ ဖြစ်သော ပဋိပက္ခ တားဆီးရေးနှင့် ငြိမ်းချမ်းရေးကော်မတီများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားများကို နိုင်ငံတော်ပိုင် မီဒီယာများဖြစ်ကြသော စာနယ်ဇင်းနှင့် တွီဗွီအစီအစဉ်များ၌ အခါအားလျှော်စွာ ပြသပေးခြင်းဖြင့် ပြည်သူများအကြား သံသယများ ပြေလျော့လာစေရန် စီမံဆောင်ရွက်ပေးပါရန် တိုက်တွန်းပါသည်။
    ၅။ လူအများစုဖြစ်ကြသော ဗုဒ္ဓဘာသာဝင် မြန်မာညီနောင်များအားလည်း မိမိတို့၏ တိုင်းပြည်၊ လူမျိုး၊ သာသနာ ချစ်စိတ်ကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း ခံရမည့် ကိုယ်ကျိုးရှာ သမားများ၏ ထောင်ချောက်များကို သတိပြု ဆင်ခြင်ကြရန်နှင့် တိုင်ပြည်၊ လူမျိုး၊ သာသနာ့ဂုဏ်ကို ထိပါးစေသည့် အကြမ်းဖက်မှုများ၌ ပါဝင်ခြင်းမရှိဘဲ ယင်းတိုကို တားဆီးဟန့်တားသည့် အစီအစဉ်များ၌ တက်ကြွစွာ ပါဝင်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။
    ၆။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ အနေဖြင့်လည်း ဘက်လိုက်မှုမရှိဘဲ ပြည်ထောင်စု အကျိုးငှာ လူမျိုးဘာသာ အားလုံးအတွက် အမှန်တရားဘက်မှ ရဲဝံ့စွာ ရပ်တည်ရန် အချိန်တန်ပြီ ဖြစ်ကြောင်း လေးနက်စွာ တိုက်တွန်းပါသည်။
    ရ။ နိုင်ငံတော်အစိုးရအနေဖြင့် မွတ်စ်လင်မ်စားသောက်ကုန် ပစ္စည်းများနှင့် သက်ဆိုင်သော ခွင့်ပြုချက် (Halal Certificate) နှင့် စပ်လျှဉ်း ၍ တရားဝင် ကော်မတီတစ်ရပ် ဖွဲ့စည်း၍ အာဆီယံ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် ၇၈၆ နှင့် စပ်လျဉ်းသော အထင်လွှဲမှုများ ပိုမို ရှင်းလင်း သွားစေရေး ဆောင်ရွက်ပေးရန် တောင်းဆိုပါသည်။
    ၈။ ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်အနေဖြင့် ပြည်တွင်း အကြမ်းဖက်မှုများ အလေးရှားနိုင်ငံ၌ အကြမ်းဖက်မှုများ အပါအဝင် အကြမ်းဖက်မှုမှန်သမျှကို ရှုတ်ချကြောင်း ယင်းအကြမ်းဖက်မှုကြောင့် ဖြစ်ပွားခဲ့သော ဆုံးရှုံးနစနာမှု အားလုံးအတွက် ဝမ်းနည်းကြောင်း ကြေညာအပ်ပါသည်။
    အာရှဒေသအတွင်း မတည်ငြိမ်မှု ဖြစ်ပေါ်ခဲ့ရာ မလေးရှား အပါအဝင် ပြည်ပရောက် မြန်မာရွှေပြောင်း အလုပ်သမားများ၏ လုံခြုံရေးကို ထိပါးလာခဲ့ပြီး ပြည်တွင်း အကြမ်းဖက်မှုများ၏ အကုသိုလ် အကျိုးဆက်သည် ပြည်ပရောက် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများ၏ ဘဝနှင့် အနာဂတ်ကို ဖျက်ဆီးနေသော တရားခံများမှာ အမုန်းတရားဝါဒ ဖြန့်ချီနေသူများနှင့် အကြမ်းဖက်မှု၌ ပါဝင်ပက်သက်သူများသာ ဖြစ်ကြပါသည်။
    သို့ပါသောကြောင့် ပြည်တွင်း အမုန်းတရားဝါဒ ဖြန့်ချီမှုများနှင့် အကြမ်းဖက်မှုများသည် တိုင်းပြည်နှင့် လူမျိုးဂုဏ်၊ ဗုဒ္ဓသာသနာတော်၏ ပုံရိပ်တို့ကို ထိခိုက်စေသည့် အပြင် နိုင်ငံ၏ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘက်ပေါင်းစုံကို ဖျက်ဆီးရာ ရောက်သဖြင့် သံသယများ ပြေပျောက်ပြီး အနာဂတ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ယုံကြည်စိတ်ချစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက်အနေဖြင့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဤ စာနယ်ဇင်းရှင်းလင်းပွဲကို စီစဉ် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း။
    ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်
    (PCN)
  • အစွန်းရောက် အမျိုးသားရေးဝါဒရဲ့ အကျည်းတန်စက်ကွင်း (ဘာသာပြန် ဆောင်းပါး)
    M-Media
    မြန်မာပြန်ဆိုသူ – မြင့်မိုရ်မောင်မောင်
    မတ်လနှောင်းပိုင်းအထိ မြန်မာပြည်အလယ်ပိုင်းတစ်ကြော မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုလှိုင်းလုံးတွေ ရိုက်ခတ်ပြီးတဲ့နောက်မှာ ၈၈ မျိုးဆက်ခေါင်းဆောင်များဖက်က အရေးပါတဲ့စကားတစ်ရပ်ဆိုလာတယ်။ မတ်လ ၂၉ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ “ ဆူပူသောင်းကျန်းမှုတွေက ဗုဒ္ဓဘာသာဝင်နဲ့မွတ်စ်လင်မ်တွေအကြား အပြန်အလှန် ပဋိပက္ခကို ကိုယ်စားမပြုပါဘူး။ စံနစ်ကျကျလေ့ကျင့်ပြင်ဆင်ထားတဲ့ အကြမ်းဖက်သမားတွေက သွတ်သွင်းခဲ့ကြတယ် ဆိုတာ ထင်ရှားလွန်းပါတယ် ” လို့ မင်းကိုနိုင်က ပြောခဲ့တယ်။
    အလားတူ ခါးသည်းလှတဲ့ သင်ခန်းစာတစ်ရပ်ကို ၁၉၉၀ နှစ်များကာလတုန်းက ကျွန်တော်ကိုယ်တိုင် ဘော့စ်နီးယားမှာ ရရှိနားလည်ခဲ့ပါတယ်။ မျိုးနွယ်သန့်စင်ရေး (တစ်နည်း) မျိုးဖြုတ်သုတ်သင်မှုဆိုတာ လျှပ်တစ်ပြက်ထပေါက်ကွဲတတ်တဲ့ လူရမ်းကားတစ်စု သို့တည်းမဟုတ် အချင်းချင်းမုန်းတီးနေတဲ့ အခြေခံလူတန်းစားတွေက ဘယ်တော့မှ မလုပ်တတ်ကြပေဘူး။ စံနစ်တကျလေ့ကျင့်ပြင်ဆင်ပေးထားပြီး လက်နက်ပစ္စည်းတွေဆင်ယင်ပေးထားတဲ့ စစ်တပ်ဆန်ဆန်(ပြည်သူ့စစ်)အုပ်စုများရဲ့ လုပ်ဆောင်ချက်မျိုးသာ ဖြစ်လေ့ရှိပါတယ်။ သူတို့ရဲ့လုပ်ငန်းစဉ်က ဘာလဲ။ သူတို့နဲ့ တိုက်ရိုက်ချိတ်ဆက်နေတဲ့ အင်အားစုတွေ၊ အာဏာပိုင်တွေနဲ့ သူတို့ရဲ့တွဲဖက်နိုင်ငံရေး သမားတွေကို လှစ်ဟမပြဘဲ အောက်တန်းကျကျလုပ်ကိုင်ဆောင်ရွက်ဖို့ဘဲ ဖြစ်တယ်။
    မြန်မာပြည်ထဲဖြစ်ပျက်နေသမျှကို ယခင် ယူဂိုဆလားဗီးယားမှာဖြစ်ခဲ့တာမျိုးနဲ့ အခြေခံကျကျ ရှင်းပြနိုင်ဖို့မလွယ်ဘူး။ ဒါပေမယ့် ယူဂိုဆလားဗီးယားနိုင်ငံဟောင်းထဲက စစ်ရေးဆန်ဆန် အုပ်စု(စံနစ်တကျလေ့ကျင်ပြင်ဆင်ပေးထားတဲ့ အကြမ်းဖက်သမားတွေ)ရဲ့ အခန်းကဏ္ဍတွေ၊ သူတို့နဲ့စစ်တပ် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဖြစ်တဲ့ လမ်းကြောင်းတွေဟာ မြန်မာပြည်သူတွေ အားလုံး အဖို့ တုန်လှုပ်စရာ သတိပေးချက်တစ်ခုပါဘဲ။ သူတို့ဟာ အစိုးရထဲကဖြစ်ဖြစ်၊ လွှတ်တော်ထဲကဖြစ်ဖြစ်၊ အတိုက်အခံထဲကဖြစ်ဖြစ်၊ မီဒီယာထဲကဖြစ်ဖြစ်၊ လူမှုအဖွဲ့အစည်းထဲကဖြစ်ဖြစ် ဒီအခြေအနေ အတိုင်းဖြစ်နေတယ်။
    မျိုးနွယ်အုပ်စုသန့်စင်ဖယ်ရှားရေးဆိုတာ အလွန်ရှုပ်ထွေးသွားအောင် တွက်ချက်ပြင်ဆင်စီစဉ်ထားတဲ့ စစ်ဆင်ရေးတစ်မျိုးပါ။ အချို့အချို့သောနိုင်ငံတော် အဆင့်တွေကနေ ဗျူဟာနည်းကျကျ ပါဝင်ပတ်သက်မှု မရှိဘဲ ဒီလိုကိစ္စ ဖြစ်ပွားလာစရာအကြောင်း မရှိပါဘူး။ အမျိုးသားရေးဝါဒီ ပညာရှင်တွေ၊ ကိုယ့်ဖက်ကိုယ်ယက်အစွန်းရောက် ဘာသာရေးခေါင်းဆောင်တွေ၊ မျက်ကန်းမျိုးချစ်မီဒီယာတွေကလည်း ဒီအခန်းကဏ္ဍမှာ အလိုတူအလိုပါတွေ ဖြစ်ကြတယ်။ အာဏာရှင်ခေတ်လွန်နိုင်ငံတစ်ခုရဲ့ မြင်သာသော၊ မမြင်သာသော သြဇာကြီးလက်ကိုင်တုတ်တွေဖြစ်လို့ အလွယ်တကူ ထိန်းချုပ်မရတတ်ကြဘူး။
    မြန်မာပြည်ကတုန်လှုပ်ဖွယ်ဖြစ်ရပ်များအတွက် ဘယ်သူတွေမှာတာဝန်ရှိသလဲဆိုတာ ကျွန်တော် မသိဘူး။ ယခင်က ယူဂိုဆလားဗီးယားနိုင်ငံအဖြစ်ကိုအခြေခံပြီး နှိုင်းယှဉ်ထောက်ပြဖို့ ကျွန်တော် မစွမ်းသာဘူး။ သို့ပင်သို့ငြားလည်း ယူတတ်မယ်ဆိုယင် တူညီတဲ့သင်ခန်းစာတွေ၊ သတိပေးချက်တွေတော့ ရှိနေပါတယ်။
    အမျိုးသားရေးဝါဒီဆိုတာ အာဏာရှင်စံနစ်ရဲ့ နောက်ဆုံးခံစစ်ကြောင်းတစ်ခု
    ဒီမိုကရေစီလောကတစ်ခုလုံးရဲ့ ပထမဆုံးပင်မကျောရိုးက လူ့အုပ်စုအသီးသီးရဲ့ ပတ်သက်ဆက်ဆံမှုတွေ ဖြစ်တယ်။ နိုင်ငံရေးပွင့်လင်းလာခြင်းနဲ့အတူ အဖိနှိပ်ခံ၊ ခွဲခြားနှိမ့်ချ ဆက်ဆံခံရတဲ့ အုပ်စုများရဲ့ ပရိဒေ၀တွေ၊ တောင်းဆိုမှုတွေက လူ့မြင်ကွင်းမှာ ပေါ်လွင်လာလေ့ရှိတယ်။ ပါတီစုံစံနစ်၊ မီဒီယာလွတ်လပ်မှု၊ လွတ်လပ်စွာအသင်းအဖွဲ့ ထူထောင်နိုင်ခြင်း တို့ကြောင့်ဖြစ်တယ်။ ဒီတောင်းဆိုချက်၊ နစ်နာချက်များစွာက ခံစားချက်ပြင်းတဲ့အမျိုးသားရေးဝါဒကို မီးမွှေးပေးတယ်။ မီးမွှေးခံရတဲ့အမျိုးသားရေးဝါဒက ဒီမိုကရေစီနည်းကျ အသိတရားထွက်ပေါ်လာရေးအတွက် ဧရာမ ဖိအားကြီးတစ်ရပ် ဖြစ်သွားစေတယ်။
    miketae lar case3
    မိတ္ထီလာ အကြမ်းဖက်မှုဖြစ်ချိန် အမျိုးသားရေး အမည်ခံ လှုံဆော်မှုများ –
    Screen Shot Credit Lu Cifer FB
    ဒီမိုကရေစီဖြစ်ထွန်းမှုအပေါ် အန္တရာယ်ဖြစ်သွားစေမယ့် နောက်ထပ်အမျိုးသားရေးဝါဒတစ်မျိုး ရှိနေတယ်။ နေရာအတော်များများမှာရှိတဲ့ အစွန်းရောက် အမျိုးသားရေး ၀ါဒကိုကြည့်လိုက်ယင် တစ်ချိန်ကအာဏာရှင် အသိုင်းအ၀ိုင်းရဲ့ နောက်ဆုံးခံစစ်ကြောင်းဖြစ်နေတာကို တွေ့ရလေ့ရှိတယ်။ ယူဂိုဆလားဗီးယားနိုင်ငံဟောင်းက ကွန်မြူနစ်ပါတီ အုပ်ချုပ်ရေး သက်ဆိုးရှည်အောင် စလိုဘိုဒန် မီလိုစီဗစ်က အမျိုးသားရေးဝါဒနဲ့ ဘယ်လိုဆွဲဆန့်ခဲ့တယ် – ပြည်သူတွေရဲ့ဒဏ်ခတ်မှု ဘာဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်း ကျွန်တော် ပြောပါရစေ။
    ယူဂိုဆလားဗီးယားဟာ ဆိုဗီယက်လက်အောက် ခံစစ်စစ် မဟုတ်ပေမယ့် ကွန်မြူနစ်နိုင်ငံတစ်ခုပါ။ ၁၉၈၉ ခုနှစ်အတွင်း ဗဟိုဥရောပနဲ့အရှေ့ဥရောပမှာ ကွန်မြူနစ်ဝါဒပြိုလဲခြင်းနဲ့အတူ ယူဂိုဆလားဗီးယားထဲက မလောက်မလား ကွန်မြူနစ်အုပ်ချုပ်မှုဟာလည်း ဆက်လက်ဆုပ်ကိုင်ထားလို့ မဖြစ်တော့တဲ့အခြေအနေရောက်သွားပါတယ်။
    ကွန်မြူနစ်အုပ်စုတွေက ယေဘူယျအားဖြင့် အကြောင်းနှစ်ရပ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ အလွန်သွေးကြောင်လေ့ရှိတယ်။ ပထမတစ်ချက်ကတော့ ဒီလိုပါ။ မိမိတို့ရဲ့ဦးဆောင်မှု အခန်းကဏ္ဍကို စွန့်လွှတ်ခြင်း နဲ့ မိမိကိုယ်ကို ဆိုရှယ်လစ် (လူထုနဲ့တစ်သားတည်းဖြစ်တဲ့)အုပ်စုအဖြစ် အသွင်ပြောင်းယူခြင်း ဖြစ်တယ်။ သူတို့တစ်တွေဟာ ဒီမိုကရေစီနည်းကျ ယှဉ်ပြိုင်အရွေးခံမှုကို လက်ခံကောင်းလက်ခံမယ်။ ပထမဆုံးရွေးကောက်မှုတွေမှာ အကြီးအကျယ် ရှုံးနိမ့်နိုင်ချေကိုလည်း ရင်ဆိုင်ကောင်းရင်ဆိုင်နိုင်မယ်။ ယှဉ်ပြိုင်မှုအနေနဲ့ အဓမ္မ၀ါဒီဟောင်းတွေဟာ မိမိရဲ့ကိုယ်ပိုင်ရာထူးရာခံတွေကို ဖယ်ရှားလို့ ပြိုင်ဖက်ဗျူဟာရှင်တွေအဖြစ် ရပ်တည်ကောင်းရပ်တည်လာပါမယ်။ တစ်ချိန်တည်းမှာဘဲ ပထမဆုံး လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမှာ အုပ်စုသစ်ပါတီသစ်တွေကို ဆန္ဒမဲထည့်ဝင်သူတွေအပေါ် များမကြာမီ ငြိုးတေးစိတ်ကွက်လာကြတယ်။ အဲ့ဒီနောက် ဆိုရှယ်လစ် အသွင်ပြောင်း (အာဏာရှင်)ကွန်မြူနစ်ဟောင်းတွေက လက်ခွဲအရံအုပ်စုတွေဖန်တီးပြီး ဒီမိုကရေစီအပြောင်းအလဲအလွန် ဒုတိယ သို့မဟုတ် တတိယရွေးကောက် ပွဲတွေမှာ ပြန်လည်အောင်မြင်ရေးအတွက် အခွင့်အလမ်းကောင်းတစ်ခုကို ဖော်ဆောင်ကြတယ်။
    ဥရောပကွန်မြူနစ်တိုင်းပြည်များစွာမှာ ဖြစ်ပေါ်ခဲ့တဲ့ စပ်ကူးမတ်ကူးအပြောင်းအလဲကာလကို ကြည့်ရှုလေ့လာကြည့်ယင် ဒီပုံအတိုင်းဖြစ်ခဲ့တာချည်းပါဘဲ။
    နောက်ထပ်အချက်တစ်ခုကတော့ ဒီလိုပါ။ (အာဏာရှင်)ကွန်မြူနစ်အုပ်စုတွေဟာ ရတဲ့နည်းလမ်းနဲ့ အာဏာသြဇာကို အာသာငမ်းငမ်းဖက်တွယ်ထားလေ့ရှိကြတယ်။ စလိုဘိုဒန် မီလိုစီဗစ်နဲ့ သူ့ရဲ့ ဆာဗီးယားကွန်မြူနစ်ပါတီက ဒီလမ်းကြောင်းကိုလျှောက်ခဲ့ကြတယ်။ ကွန်မြူနစ်ဝါဒဆိုတာကတော့ အငွေ့ပျံပျောက်ကွယ်သွားပေမယ့် စံနစ်တကျ ဖွဲ့စည်းပြင်ဆင်ထားတဲ့ သူတို့ရဲ့ ယန္တရားကတော့ တည်ရှိနေဆဲပါ။ စီးပွားရေး၊ မီဒီယာ၊ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး စတဲ့ ကဏ္ဍများအပေါ်မှာလည်း ချုပ်ကိုင်ထားမြဲဖြစ်တယ်။
    အတိုက်အခံတွေအပေါ် ဆယ်စုနှစ်များစွာ ဖိနှိပ်ခဲ့ကြတဲ့ – စက်ရုံမှူးတွေ၊ လယ်ယာနဲ့စိုက်ပျိုးရေးစီမံသူတွေ၊ ဘဏ်အုပ်ချုပ်သူတွေ၊ ကုန်သွယ်ရေး အကြီးအကဲတွေ၊ ပြည်တွင်းရေဒီယိုနဲ့ရုပ်မြင်သံကြားကို ကိုင်တွယ်ညွန်ကြားသူတွေ၊ စစ်တပ်ကဗိုလ်ချုပ်တွေ၊ ရဲမှူးရဲချုပ်တွေ၊ ထောက်လှမ်းရေးအေးဂျင့်တွေက မိမိတို့အပေါ်ဖြစ်ပေါ်လာမယ့် အပြောင်းအလဲတွေကို သေလုမတတ်ကြောက်ရွံ့ကြတယ်။ မီလိုစီဗစ်ကလည်း သူတို့တစ်တွေ ဆက်လက်ရှင်သန်ဖို့၊ သြဇာအာဏာတည်မြဲနေဖို့ သီးသန့်လမ်းကြောင်းတစ်စ ဖော်ထားပေးခဲ့တယ်။ အဲ့ဒီလူတွေအားလုံးကလည်း တစ်နွယ်ငင် တစ်စင်ပါ ကောက်ကောက်ပါအောင် လိုက်ခဲ့ကြတယ်။
    တစ်ချိန်က အခွင့်ထူးခံ အထက်တန်းနဲ့အလယ်အလတ်တန်းရာထူးပိုင်ရှင်တွေ၊ ဗျူဟာရှင်တွေရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်မှုများက ပါတီစုံရွေးကောက်ပွဲမှာ လုံလောက်တဲ့မဲများကို မရစေတော့ဘူး။ နိုင်ငံတော်အာဏာကဏ္ဍတိုင်းမှာ သူတို့ရဲ့ထိန်းချုပ်မှုစံနစ်ကလည်ပတ်နေဆဲဖြစ်သော်လည်း ပြည်သူတွေကို မဲဆွယ်နိုင်ဖို့ ပုံရိပ်ကောင်းတွေ၊ အမြင်ကောင်းတွေ တစ်စုံတစ်ရာမှ မရှိကြတော့ဘူး။ ဒီတော့ အလွယ်ကူဆုံး နဲ့ အထိရောက်ဆုံး နည်းလမ်းသစ်ကတော့ အကြံကုန်ဂဠုန်ဆားချက်မယ့် အမျိုးသားရေးဝါဒကို အသုံးပြုကြပါတော့တယ်။
    rakhine case 2012
    ၂၀၁၂ ဇွန်လအတွင်း ရခိုင် အကြမ်းဖက်မှု စတင်ဖြစ်ပွားချိန် နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှုး၏ FB စာမျက်နှာမှ မဟုတ်မမှန် လှုံဆော်ခဲ့မှုများ
    မှတ်ချက်- အဆိုပါအချက်အလက်များ အားလုံး ပြန်ဖျက်သွားပြီဖြစ်သည်။
    Screen Shot Credit -Maung Khin FB
    အမျိုးသားရေးဝါဒီပညာရှင်များ နဲ့ မျိုးချစ်မီဒီယာ အခန်းကဏ္ဍ
    သမ္မတနဲ့အာဏာရပါတီနောက်ကွယ်ကလူတွေကို စုစည်းနိုင်ဖို့အတွက် အကြောက်တရားနဲ့အာဃာတတရားဝန်းကျင် တစ်ခုကို ဖန်တီးဖို့လိုအပ်တယ်လေ။ ပထမဆုံး လှုပ်ရှားမှုခြေလှမ်းကတော့ အမာခံ အရံ တပ်သားတွေပါဘဲ။ သူတို့ဟာ ဆယ်စုနှစ်များစွာ လက်သပ်မွေးခြင်းခံထားရသလို ၊ မီဒီယာနဲ့လူ့ဝန်းကျင်အတွင်း ထိန်းချုပ် စိုးမိုးထားဆဲဖြစ်ကြတဲ့ အမျိုးသားရေးဝါဒီပညာတတ်/ပညာရှင်တွေ နဲ့ ဘာသာရေးခေါင်းဆောင်တွေဖြစ်ကြတယ်သူတို့ကို ဇက်လွှတ်ပေးလိုက်ကြတဲ့အခါ တစ်ချိန်က ဖိနှိပ်ညှင်းဆဲခံထားရတဲ့ပြည်သူများက မထင်မှတ်ဘဲ အာရုံပြောင်းသိမ်းသွင်းခံကြရတော့တယ်။ သူတို့ရဲ့ အမျိုးသားရေးနဲ့ဘာသာရေးဆိုင်ရာယုံကြည်ချက်တွေဟာ ရုပ်မြင်သံကြားမှာ ရုတ်တရက်ပေါ်ပေါက်လာကြတယ်။ လူထုတရားပွဲတွေ လုပ်စေတယ်။ အငြင်းပွားစရာဖြစ်မယ့် အကြောင်းတွေ၊ စာတွေကို ပုံနှိပ်မီဒီယာကနေတစ်ဆင့် ရေးသားဖော်ပြစေတယ်။ သူတို့တစ်တွေဟာ အဓိကအားဖြင့် အတိတ်သမိုင်းဟောင်းက မကြေလည်မှုတွေ၊ ခံစားချက်တွေ၊ “ ငါတို့ခံရတဲ့မတရားမှုနဲ့ကျူးလွန်မှုမှန်သမျှဟာ တခြားသူ(လူမျိုးခြား)တွေကြောင့် ”ဆိုတဲ့စကားမျိုးတွေကိုသာ မရိုးအီနိုင်အောင် တသွင်သွင်ပြောဆိုကြတယ်။
    သူတို့လိုချင်နေတဲ့ ၀န်းကျင်တစ်ခုက လူ့ဘောင်အဖွဲ့အစည်းထဲမှာ ခေါင်းထောင်လာပါတော့တယ်။ မျက်ကန်းမျိုးချစ်ဝါဒဆိုတာ အခြားသူတွေအပေါ် မိမိတို့ရဲ့ကိုယ်ပိုင် အမျိုးသားရေးအမြင်ကို တစ်ဖက်သတ် လက်ခံအောင် လုပ်နေခြင်းသာဖြစ်တယ်။ အခြားသူများဆီမှာလည်း သမိုင်းကြောင်းတွေ၊ နာကြည်းမှုတွေ၊ စာပေပညာရှင်တွေ၊ ကိုယ်ပိုင်အမှတ်သညာ/ဖြစ်တည်မှုကိုထိန်းသိမ်းသူတွေ ကိုယ်စီကိုယ်ငှ ရှိနေတာချည်းဘဲဖြစ်တယ်။ ထို့နည်းတူ အာဏာရှင်ခေတ်လွန် ဒီမိုကရေစီရွေးကောက်ပွဲအတွက် ကိုယ်ပိုင်အတွေးအမြင်နဲ့ နိုင်ငံရေးသမားတွေလည်း ရှိနေကြတာပါဘဲ။
    အတိတ်သမိုင်းဟောင်းက မကြေလည်မှုတွေ၊ ခံစားချက်တွေ၊ ဂုဏ်ထယ်မှုတွေ၊ “ ငါတို့ခံခဲ့ရတဲ့ မတရားမှုနဲ့ကျူးလွန်မှုမှန်သမျှဟာ တခြားသူ(လူမျိုးခြား)တွေကြောင့် ”ဆိုတဲ့စကားမျိုးတွေဟာ လူထုကြားထဲ အတိုင်းထက်အလွန် အောင်မြင်တွင်ကျယ်သွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာကနေ အသစ်အဆန်းပုံစံနဲ့ အရှိန်အဟုန်ပြင်းပြင်း ပမာဏကြီးကြီး တင်ပြဖော်ဆောင်လိုက်လို့ဖြစ်တယ်။ ဒီလိုလုပ်ကြံတိုက်ခိုက်မှုတွေကို လူထုတွေအနေနဲ့ ကြိုတင်ပြင်ဆင်မထားနိုင်ခဲ့ကြဘူး။ သူတို့ဟာ ရှေးရိုးစွဲမှိုင်းသွင်းမှုထဲမှာ အသားကျနေရာကနေ ခေတ်သစ်မီဒီယာမျိုးစုံရဲ့ဆွဲဆောင်မှုတွေကြောင့် တမဟုတ်ချင်း နိုင်ငံရေးဆင်လုံးဖြစ်တဲ့ မျက်ကန်းမျိုးချစ်လှောင်အိမ်ထဲ ရောက်မှန်းမသိ သက်ဆင်းရောက်ရှိသွားပါတော့တယ်။
    အစွန်းရောက်အမျိုးသားရေးဝါဒီအုပ်စုများကို ပိုမိုအင်အားကြီးလာအောင် လွှတ်ထားကြတယ်။ သူတို့ထဲက အချို့ကို ထောက်လှမ်းရေးအေးဂျင့်ဟောင်းတွေနဲ့ ဦးဆောင်စေခဲ့တယ်။ သူတို့ရဲ့မှိုင်းသွင်းမှုကို မပြောသာတော့တဲ့အဆင့်အထိ တိုးမြှင့်ကြီးထွားစေတယ်။ ခွေးပေါက်လေးတွေကို ဟောင်လာအောင်လုပ်ပြီး အသံကျယ်သထက်ကျယ်အောင် လွှတ်ပေးထားတာက အာဏာရှင်စံနစ်ဖက်ပြန်လှည့်လိုတဲ့ အမျိုးသားရေးဝါဒီတွေရဲ့ လုပ်ထုံးလုပ်နည်းပါဘဲ။ ဒါမှ လူမျိုးစုအမျိုးမျိုးကြားမှာ မယုံကြည်မှုတွေ၊ သံသယတွေ ဖွံ့ထွားအမြစ်တွယ်လာမှာကိုးဗျ။
    miketae lar case
    မိတ္ထီလာ အကြမ်းဖက်မှုဖြစ်ချိန် လှုံဆော်ရေး သတင်းဆိုဒ်များ လူထုကို သွေးထိုးလှုံဆော်ခဲ့ပုံ
    Screen Shot Credit Lu Cifer FB
    ညစ်စုတ်တဲ့ မုဒိမ်းမှုကို မောင်းခလုတ်အဖြစ် အသုံးချမယ်
    ဒါတွေအားလုံးသုံးရုံနဲ့ ရွေးကောက်ပွဲမှာနိုင်ဖို့ မလုံလောက်သေးဘူး။ တမြည့်မြည့်နဲ့မမေ့နိုင်တဲ့ဒဏ်ရာ ပေးတဲ့နည်းကို ထပ်သုံးဖို့လိုအပ်နေတယ်။ ဒီတော့ ညစ်စုတ်လွန်းတဲ့ အကျည်းတန်လွန်းတဲ့ ရွံစရာကောင်းတဲ့ ဖြစ်ရပ်တွေကို အသုံးချမှာပေါ့။ အဲ့ဒီလိုအရာတွေကို မီဒီယာကနေတစ်ဆင့် အပြန်တလဲလဲ ထုတ်လွှင့်ဖော်ပြပါမှ ပိုဆိုးတဲ့ကိစ္စတွေ ဖြစ်လာမယ် မဟုတ်လား။ ဒီလိုနဲ့ ပုံမှန်အသိရှိသူတွေ၊ ဆင်ခြင်ဥာဏ်ထားသူတွေ၊ သမမျှတတဲ့လူတွေပင်လျှင် အမှန်တရားကို မျက်ကွယ်ပြုလာပြီး ကာကွယ်ရေးဆိုပြီး အုပ်စုဖွဲ့လာကြတော့တယ်။ အဲ့ဒီအခါမှာ ကိုယ်နဲ့မတူ ကိုယ့်ရန်သူအဖြစ်သဘောထားပြီး တစ်ပါးသူတွေကို သတ်ဖြတ်ဖို့၊ အိုးအိမ်တွေကို မီးလောင်တိုက်သွင်းဖို့ ၀န်မလေးကြတော့ဘူးလေ။
    ဆာဗီးယားရွာသား Djordje Martinovic ကို မုဒိမ်းကျင့်တယ်ဆိုတဲ့ ကိစ္စဟာ မီလိုစီဗစ်ရဲ့ကျော်ကြားမှုကို ပိုမိုအားဖြည့်ပေးလိုက်ယုံသာမက သူ့နောက်ကွယ်ရှိ ဆာဗီးယားလူမျိုး အားလုံးနီးပါးကိုလည်း စည်းရုံးပြီးသား ဖြစ်သွားခဲ့တယ်။ စွပ်စွဲသတင်း လွှင့်ခဲ့ပုံက ကိုဆိုဗို အယ်လ်ဘေးနီးယန်း အစွန်းရောက်များက အဲ့ဒီဆာဗီးယားရွာသားကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘီယာပုလင်းတစ်လုံးနဲ့ သူ့ကို မဖွယ်မရာ မုဒိမ်းကျင့်ခဲ့တယ် လို့ဆိုတယ်။ ထုတ်ပြလိုက်တဲ့ဇာတ်လမ်းတစ်ခုလုံးမှာ ညစ်စုတ်ရွံရှာမှုများနဲ့ပြည့်နှက်နေခဲ့ပြီး အဖြစ်မှန်ကိုတော့ ယနေ့ထက်ထိ ဘယ်သူမှ မသိခဲ့ကြဘူး။ ဒါပေမယ့် ဆာဗီးယားမျိုးချစ်တွေ၊ အမျိုးသားရေးဝါဒီတွေရဲ့ မီဒီယာတွေမှာတော့ အယ်လ်ဘေးနီးယန်းလူမျိုးတွေဟာ ဆာ့ဘ်တွေကို အန္တရာယ်ပေးနေတဲ့ အကြွင်းမဲ့ဒုစရိုက်သားတွေ အဖြစ် ရုပ်လုံးဖော်ခဲ့ကြတယ်။
    ကိုဆိုဗိုက မီလိုစီဗစ်ရဲ့ ခွဲခြားနှိမ့်ချ ဆက်ဆံရေးမူဝါဒတွေကို အပြည်ပြည်ဆိုင်ရာဝေဖန်ချက်က ပြည်တွင်းရောပြည်ပပါ အန္တရာယ်ဝိုင်းရံနေပါပေါ့လား ဆိုပြီး ဆာ့ဘ်အများစုရဲ့ ရင်ထဲကိုစူးဝင်သွားခဲ့တယ်။ နိုင်ငံရေးလောကထဲမှာ မီလိုစီဗစ်ရဲ့ပေါ်လစီကို ဝေဖန်ရဲတဲ့သူ မည်သူ့ကိုမဆို အမျိုးသားသစ္စာဖောက်/နိုင်ငံ့သစ္စာဖောက် လို့ တံဆိပ်တပ်ခဲ့ကြတယ်။ ဒီမိုကရေစီယှဉ်ပြိုင်မှု သို့မဟုတ် ဒီမိုကရေစီဆွေးနွေးဝိုင်းတွေဟာ ဒီအမြင်တွေအကြား ခေါင်းမပြူဝံ့တော့ဘူး။ “သူတို့ ” နဲ့ “ငါတို့” ဆိုတာဘဲ ကျန်ရစ်တော့တယ်။ “ငါတို့”ဆိုတာက အဲ့ဒီနိုင်ငံခေါင်းဆောင်များနောက်ကွယ်က မဝေဖန်မသုံးသပ်ကြတဲ့ (အထက်ပါ အချက်တွေကို မျက်စေ့မှိတ်ယုံလိုက်ကြတဲ့) လူတွေအားလုံးကို ဆိုလိုခြင်းဖြစ်တယ်။
    စစ်တပ်နဲ့ပြည်သူ့စစ် အခန်းကဏ္ဍ မရှိမဖြစ်လိုတယ်လို့ ထင်မြင်စေတယ်
    မျိုးဖြုတ်သုတ်သင်ရှင်းလင်းရေးမှာ တရားဝင်စစ်တပ် နဲ့ တရားမ၀င်စစ်တပ်တို့ရဲ့ အပြန်အလှန်ဆက်နွှယ်ပတ်သက်မှုက အဓိကဇာတ်ကောင်ပါဘဲ။ ၂၀ ရာစုနှောင်းပိုင်း ဥရောပ ရာဇ၀င်ထဲက တုန်လှုပ်ဖွယ် ဒီ အဖြစ်သနစ်ဟာ ထာဝစဉ် တိုက်ခိုက် သတ်ဖြတ်နေခဲ့ကြတဲ့ ရှေးဟောင်း ဗော်လကန်မျိုးနွယ်အုပ်စုအချင်းချင်းအကြားက ရန်ငြိုးကြောင့်ထွက်ပေါ်လာခြင်းဖြစ်တယ်လို့  နိုင်ငံခြားသုတေသီများက အလွယ်တကူ ကောက်ချက်ချခဲ့ကြတယ်။ သို့သော် ခရိုအေးရှားမှာဖြစ်တဲ့ မျိုးဖြုတ်သုတ်သင်ရေးမှာတော့ ဒီအချက်နဲ့ ကြောင်းကျိုးညီညွတ်မှု မရှိတာတွေ့ရတယ်။ နောက်တော့ ကိုဆိုဗို နဲ့ ဘော့စ်နီးယားမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်။ ဒီအကြောင်းရင်းနဲ့ဆန့်ကျင်လို့ မျိုးဖြုတ်သုတ်သင်ရှင်းလင်းရေးဆိုတာ အလွန်အင်မတန် ကျိုးကြောင်းကျနအောင် စီစဉ်ထားတဲ့- အကွက်ချစီမံထားတဲ့- သေသေချာချာပြင်ဆင်ထားတဲ့ အားထုတ်ဆောင်ရွက်ချက်တစ်ခု ဖြစ်ပါတယ်။ ထင်ရှားပေါက်ရောက်လာတဲ့ အခြားအခြားသော လူ့အဖွဲ့အစည်းဝင်ကို ပစ်မှတ်ထားပြီး ဗြောင်ကျကျ ရက်စက်မှုတွေ ကျူးလွန်ကြမယ်၊ ပိုင်ဆိုင်မှုရယ်လို့ မကျန်ရစ်အောင် နေအိမ်တွေကို မီးလောင်တိုက်သွင်းမယ် ဒါမှမဟုတ် ဖြိုလဲဖျက်ဆီးကြမယ်။ “သူတို့”ရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု နဲ့ သမိုင်းဝင်အထောက်အထားတွေ တစ်စမကျန်ဖို့ မြေမြုပ်ပစ်မယ်၊ အဲ့ဒီမြေပေါ်မှာ “ငါတို့”ရဲ့ဟာတွေပဲ ကျန်ရှိနေရမယ်၊ “ငါတို့”ရဲ့ ပိုင်နက်သာဖြစ်ရမယ်။ ဒါဟာ မျိုးဖြုတ်သုတ်သင်ခြင်းပါဘဲ။
    တရားဝင်စစ်တပ်က ကျားကန်ပေးထားတဲ့ တရားမ၀င်စစ်တပ်တွေကို စံနစ်တကျ လက်နက်တပ်ဆင်ပေးထားတယ်။ ထောက်လှမ်းရေးအရာရှိဟောင်းတွေ၊ ကြေးစားစစ်သားတွေ၊ အကျဉ်းထောင်ကနေတမင်လွှတ်ပေးထားတဲ့ ဒုစရိုက်ကောင်တွေ၊ အတွေးတိမ်တဲ့လူငယ်တွေနဲ့ ရောစပ်ဖွဲ့စည်းပေးထားကြတယ်။
    ဒီလိုစစ်တပ်မျိုးကို သတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းမှာ မပါဝင်ရလို့ လမ်းကြောင်းချပေးထားတယ်။ ဒါကလည်း အစပိုင်းမှာပါဘဲ။ လုံခြုံရေးနဲ့ကာကွယ်ရေးအတွက်၊ တည်ငြိမ်အောင်ထိန်းသိမ်းရေးအတွက် ဖွဲ့စည်းပေးတာလို့ ပြောဆိုလေ့ရှိတတ်ကြတယ်။ အမှန်တကယ်တမ်းကျတော့ စစ်တပ်ရဲ့အခန်းကဏ္ဍဟာ စစ်ရေးအရ မဟာဗျူဟာကျတဲ့ နေရာတွေကိုထိန်းချုပ်ရတယ်၊ လမ်းကြောင်းတွေနဲ့အခြားအရေးကြီးအရင်းအမြစ်တွေရဲ့လုံခြုံရေးကို တာဝန်ယူရတယ်။ ကျူးကျော်နယ်ချဲ့လာသူတွေကို တားဆီးပိတ်ဆို့ရမယ် စသဖြင့် အကန့်အသတ်ရှိနေတယ်။ တရားမ၀င်စစ်တပ်တွေကျတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရနေတယ်လေ။ သူတို့ဟာ သူတို့ဦးတည်ထားတဲ့ လူနည်းစုတွေအပေါ် လက်နက်ကိုင်တွယ်ခွင့်၊ စုရုံးခွင့် ပိတ်ပင်လို့ရတယ်။ လူပေါင်းများစွာကို စီမံကိုင်တွယ်ခွင့်ရှိနေတယ်။ နောက်ဆုံးအဆင့်အနေနဲ့ ပိုင်နက်လုံခြုံရေးအကြောင်းပြချက်နဲ့ “သူတို့”ဆိုတာကို လက်စတုန်းရှင်းထုတ်တဲ့အထိ လုပ်ခွင့်ရကြတယ်။
    အဲ့ဒီတရားမ၀င်စစ်တပ်အုပ်စုတွေက အောက်တန်းကျစွာလုပ်ဆောင်ကြလေတိုင်း စစ်တပ်၊ အစိုးရ နဲ့ သမ္မတ မီလိုစီဗစ်တို့က မိမိတို့မှာ တာဝန်မရှိကြောင်း၊ မိမိတို့အနေနှင့် အခြေအနေကိုထိန်းသိမ်းပေးရန်သာ တတ်စွမ်းနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းနဲ့ပြည်တွင်း“ပရိသတ်”ကို အခါခပ်သိမ်း ပြောဆိုနေလေ့သာရှိခဲ့တယ်။ သူတို့အဆိုအရ နှိပ်စက်ခံရသူတွေက မိမိကိုယ်ကို ခုခံကာကွယ်တဲ့အတွက် တိုက်ခိုက်မှုပိုမိုအရှိန်မြှင့်တက်လာရတယ်တဲ့လေ။
    အချိန်တန်တဲ့အခါ မုဒိမ်းမှု၊ သတ်ဖြတ်မှုတွေနဲ့ထွင်လုံးဆင်ထားတဲ့ ဇာတ်လမ်းတွေ မလိုအပ်တော့ဘူး။ သူတို့လိုချင်တဲ့ ဖြစ်စဉ်ဟာ အမှန်တကယ်အကောင်အထည်ပေါ်လာပြီး ထိန်းမနိုင်သိမ်းမရပွင့်အံလာတယ်။ “ငါတို့”အင်အားစုက “သူတို့”အပေါ် သွေးပျက်ဖွယ်ကျူးလွန်မှုတွေ လုပ်ဆောင်ကြတယ်။ “သူတို့” နဲ့“တခြားသူတွေ”ကလည်း ရေရှည်မှာ ငုံ့ခံလို့ မဖြစ်နိုင်တော့တဲ့အခါ မိမိကိုယ်ကိုကာကွယ်ရေးအတွက် “ငါတို့”အပေါ် အလားတူ တန်ပြန်လုပ်ဆောင်လာကြတော့တယ်။ ပြည်တွင်းက မျိုးချစ်၊ အမျိုးသားရေးမီဒီယာတွေက “ငါတို့အုပ်စု”တွေရဲ့ တစ်ဖက်သတ်အကြမ်းဖက်မှုတွေအကြောင်း ဘယ်တော့မှ မဖော်ပြခဲ့ကြဘူး။ “တခြားသူတွေ”ရဲ့ အပြစ်တွေကိုတော့ မတုန့်မဆိုင်းအလွန်မြန်ဆန်စွာ တင်ပြလေ့သာရှိခဲ့ကြတယ်။ ဒီအခြေအနေက စိုးရိမ်သောကနဲ့အမျက်ဒေါသကို ပိုမို ကြီးထွားလာစေပြီး၊  (“ငါတို့” လို့ မှိုင်းမိသွားတဲ့ ပြည်သူတွေကို)  “ကာကွယ်ခြင်း”ခေါင်းစဉ်နဲ့ “တခြားသူတွေ”ကို မောင်းထုတ်ကြအောင်၊ သွေးချောင်းစီးသတ်ဖြတ်စေအောင် တွန်းပို့လိုက်ခြင်းသာဖြစ်တယ်။
    ဒါဟာ ဆယ်စုနှစ်တစ်ခုအတွက် ယခင်ယူဂိုဆလားဗီးယားနိုင်ငံတစ်ဝှန်း အစွန်းရောက်အမျိုးသားရေးဝါဒကို လှိမ့်သွင်းခဲ့တဲ့နည်းလမ်းပါဘဲ။ အဲ့ဒီခေတ်မှာ မီလိုစီဗစ်နဲ့အပေါင်းအပါတစ်စုဟာ ၁၉၉၀၊ ၁၉၉၂ နဲ့ ၁၉၉၇ ရွေးကောက်ပွဲ တွေမှာ အတားအဆီးမရှိ အောင်မြင်ခဲ့ပြီး သမ္မတနေရာအတွက် ပြဿနာမပေါ်ခဲ့ဘူး။ ဆယ်နှစ်ကျော် အာဏာဆုပ်ကိုင်မှု အတွက် ပေးဆပ်လိုက်ရတာကတော့ နိုင်ငံပြိုကွဲခြင်း နဲ့ ရန်ငြိုးစစ်ပွဲကြီး ၄ ခုဘဲ ဖြစ်ပါတယ်။ လူ့အသက် နှစ်သိန်းကျော် ဆုံးရှုံးခဲ့တယ်။ ထောင်နဲ့ချီတဲ့ရွာတွေ ပြာပုံဘ၀ရောက်ခဲ့တယ်။ မြို့ပြကြီးတွေမှာ ကျည်ခွံတွေဖုံးလွှမ်းခဲ့တယ်။ သန်းနဲ့ချီတဲ့သူတွေ နယ်မြေစွန့်ရတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်။ စီးပွားရေး အဖတ်ဆည်မရအောင် ပျက်စီးသွားခဲ့တယ်။
    အဆုံးသတ်မှာတော့ ၂၀၀၀ ခုနှစ်ရွေးကောက်ပွဲမှာ သူခိုးကြီးထပ်လုပ်ဖို့ကြိုးစားခဲ့တဲ့ မီလိုစီဗစ်ကို ဆာဗီးယားလူငယ်တန်ပြန်လှုပ်ရှားမှုအဖွဲ့( Serbian youth movement Otpor ) နဲ့ စုပေါင်းအတိုက်အခံအင်အားစုက ပြင်းပြင်းထန်ထန် ဖြုတ်ချနိုင်ခဲ့တယ်။ လူမဆန်အောင်ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်ကောင်အဖြစ် နိုင်ငံတကာခုံရုံးတင်ခဲ့ကြတယ်။ စီရင်ချက်မချခင်မှာဘဲ သူ့အခန်းကျဉ်းလေးထဲမှာ သူ့အကုသိုလ်နဲ့သူ နှလုံးရပ်ပြီး နိဂုံးချုပ်သွားခဲ့တယ်။
    ဗော်လကန်ရဲ့သားသတ်သမားကြီး မီလိုစီဗစ် နဲ့ သမ္မတဦးသိန်းစိန်ကို နှိုင်းယှဉ်ချိန်ထိုးတာမဟုတ်ကြောင်း နားလည်မှု မလွဲမှားဖို့ ကျွန်တော်ပြောလိုပါတယ်။ ကျွန်တော် ဝေမျှပေးချင်တဲ့ အချက်က လူမျိုးစုရှင်းလင်းသန့်စင်ရေးတို့၊ မျိုးဖြုတ်သုတ်သင်မှုတို့ဆိုတာ အပြန်အလှန်အကြမ်းဖက်မှုအဆက်မပြတ်ဖြစ်ပွားရာကနေ ပွင့်ထွက်လာတတ်တဲ့ အရာမျိုး မဟုတ်ကြောင်း သိစေချင်တာဖြစ်တယ်။ မြန်မာနိုင်ငံရှိ မွတ်စ်လင်မ်အားလုံးအထိ ခြုံလွှမ်းဦးတည်လာနေတဲ့ မျိုးဖြုတ်သုတ်သင်မှုဆိုတာမျိုးဟာ “စိတ်ဓာတ်စစ်ဆင်ရေး”အားဖြင့် အဆင့်မြင့်မြင့် ကြိုတင်ကြံစည်ခဲ့တာဖြစ်ပြီး၊ နိုင်ငံတော်ရဲ့ထိပ်သီးယန္တရားတစ်ချို့ ပါဝင်ပတ်သက်မှုမရှိဘဲနဲ့ ဘယ်လိုမှဖြစ်ပေါ်လာစရာအကြောင်းမရှိဘူး ဆိုတာပါဘဲ။
    အချိန်မလွန်ခင် အစွန်းရောက်အမျိုးသားရေးဝါဒရဲ့အကျည်းတန်စက်ကွင်းကို ချိုးဖျက်ဖို့ဆိုတာ မင်းကိုနိုင်နဲ့၈၈မျိုးဆက် တို့လို့ သတ္တိကောင်းတဲ့၊ တာဝန်ယူရဲတဲ့ လူထုခေါင်းဆောင်များနဲ့တင် မလုံလောက်ပါဘူး။ လူမှုအဖွဲ့အစည်းတွေ၊ လေးစားလက်ခံအပ်တဲ့ပုဂ္ဂိုလ်တွေ၊ သမျှတအမြင်ရှိတဲ့ဘာသာရေးခေါင်းဆောင်တွေ၊ ယုံကြည်စိတ်ချရတဲ့မီဒီယာတွေ၊ အတိုက်အခံတွေအားလုံး လက်တွဲညီညီနဲ့ အကြမ်းဖက်မှုကို တန်ပြန်ဆန့်ကျင်သွားရမှာဖြစ်တယ်။ ကာကွယ်တားဆီးရမှာဖြစ်တယ်။ အဆုံးသတ်အားဖြင့် မိမိနိုင်ငံနယ်နမိတ်အတွင်း အလားတူအဖြစ်မျိုး ထပ်မံမဖြစ်ပွားတော့အောင် အစိုးရပိုင်းနဲ့နိုင်ငံတော်အာဏာပိုင်တွေသာလျှင် အဓိကတာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လှုံ့ဆော်နေကြတဲ့ တရားဝင်၊ တရားမ၀င် အင်အားစုအားလုံးအပေါ် ထိရောက်ပြတ်သားတဲ့ အရေးယူမှုကို အမြန်ဆုံးပြုလုပ်ဆောင်ရွက်ပြီး အဆုံးသတ်ရတော့မှာ ဖြစ်ပါတယ်။
    ***  ဆောင်းပါးရှင် Igor Blazevic သည် ဘော့စနီးယားနိုင်ငံသားတစ်ဦး၊ ချက်နိုင်ငံအခြေစိုက်လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦး၊ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့လူ့အခွင့်အရေးနှင့် ပညာရေးဦးဆောင်မှုအဖွဲ့ဒါရိုက်တာတစ်ဦးဖြစ်သည်။  ***
    ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်းဆိုဒ်တွင် ဆောင်းပါးရှင်Igor Blazevic ဖော်ပြခဲ့သည့်  The Vicious Cycle of Extreme Nationalism ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။
  • “ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်” မှ အကြမ်းဖက်မှုများကို ဆန့်ကျင်ရှုတ်ချ
    ဇွန် ၁၁ ၊ ၂၀၁၃
    M-Media
    မောင်ပုည
    အကြမ်းဖက်မှုများကို ဆန့်ကျင်ရှုတ်ချသည့် ကြေညာချက် တစ်စောင်ကို ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက် Peace Cultivation Network (PCN) က ဇွန်လ (၅) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်းသိရှိရပါသည်။
    အဆိုပါကြေညာချက်တွင်
    – မလေးရှားနိုင်ငံအပါအဝင် ပြည်တွင်ရောက်ရှိသည့် အပြစ်မဲ့ မြန်မာနိုင်ငံသား မည့်သည့် လူမျိုး၊ မည်သည့်ဘာသာဝင်ကိုမဆို အကြမ်းဖက်တိုက်ခိုက်မှုများကို ပြင်းထန်စွာရှုတ်ချကြောင်း၊
    – သက်ဆိုင်ရာ အစိုးရများမှ လူမျိုး/ဘာသာမခွဲခြားဘဲ မြန်မာနိုင်ငံသားအားလုံး ဘေးကင်းအောင် ကာကွယ်စောင့်ရှောက်ပေးရန်၊ အကြမ်းဖက်မှုများကို ထိရောက်စွာရေးယူဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း၊
    – မလေးရှားတွင် မြန်မာနိုင်ငံသားအချို့ အကြမ်းဖက်တိုက်ခိုက်ခံရမှုများကြောင့် ထိခိုက်နစ်နာမှုများနှင့် မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးတွင် အကြမ်းဖက်တိုက်ခိုက်ခံရပြီး သေဆုံး၊ ဒဏ်ရာ ရခြင်းများ၊ အိုးအိမ် ဘာသာရေးအဆောက်အအုံများ ဖျက်ဆီးခံရသဖြင့် ပျက်ဆီး ဆုံးရှုံးမှုများအတွက် PCN မှ ဝမ်းနည်းကြောင်း၊
    – လူမျိုးရေး ၊ ဘာသာရေး ပဋိပက္ခများ ဖြစ်စေရန် ရည်ရွယ်ဦးတည်သည့် လှုံ့ဆော်မှုများ၊ဝါဒဖြန့်မှုများ၊ မမှန်မကန် အကြောင်းအရာများဖြင့် သွေးထိုးပေးမှုများ၊ ကောလဟလ ထုတ်လွှင့်မှုများ၊ မီဒီယာကျင့်ဝတ်နှင့် မညီသော အချို့သတင်းဖော်ပြမှုများ နှင့် ပြည်သူ(လူမျိုး၊ဘာသာအားလုံး) တို့၏ အသက်အိုးအိမ်နှင့် သာသနိက အဆောက်အအုံများကို မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်တိုက်ခိုက်၊ သတ်ဖြတ်မီးရှို့၊ ဖျက်ဆီး၊ လုယက် အနိုင်အထက် ပြုမှုမှန်သမျှ အမြန်ဆုံးရပ်တံ့သွားရန် နှင့် ထပ်မံ့မဖြစ်ပွားစေရန် ငြိမ်းချမ်းရေးမြတ်နိုးသူ ပြည်သူ( လူမျိုးဘာသအားလုံး) အမျိုးသားရေးအသွင်ဖြင့် ကူညီတားဆီးပေးရန် မေတ္တာရပ်ခံကြောင်း၊
    -အကြမ်းဖက် တိုက်ခိုက်မှုများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ဆန့်ကျင်နေပါသဖြင့် အေးချမ်းစွာနေ ထိုင်လိုသည့် နိုင်ငံသားအားလုံးအား လူမျိုး၊ဘာသာ မခွဲခြားဘဲ နိုင်ငံတော်မှ ကာကွယ်စောင့်ရှောက်ပေးပြီး အကြမ်းဖက်တိုကခိုက်မှုများကို ဖော်ထုတ်၍ တရားဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအစီအစဉ်များကို မြန်မာမီဒီယာများမှ အမျိုးသားရေး အသွင်ဆောင်၍ ဖော်ပြပေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ပေးပါရန် တိုက်တွန်းတောင်းဆိုကြောင်း ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါသည်။
    ရန်ကုန်အခြေစိုက် ငြိမ်းချမ်းမူ တည်ဆောက်ရေးကွန်ရက်(Peace Cultivation Network (P.C.N) )သည်
    (၁) ပြည်ထောင်စု မြန်မာနိုင်ငံသားများ၏ စွမ်းရည်တည်ဆောက်မှု (Capacity Building)၊ ပညာရေး နှင့် ဘဝနေထိုင်မှု အဆင့်အတန်းမြှင့်တင်ပေးရန်
    (၂) ပြည်ထောင်စုဖွားအချင်းချင်းချစ်ကြည်ရင်းနှီးသောဆက်ဆံမှုများတည်ဆောက်ရန်
    (၃) တရားဥပဒေ စိုးမိုးရေး။ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်
    (၄) ရည်ရွယ်ချက်တူ အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်
    ရည်ရွယ်ချက်များဖြင့် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ဖြင့် ဖွဲ့စည်းထားသော ကွန်ရက်အဖွဲ့အစည်းတခုဖြစ်သည်။
    about malay
  • ရွာဆော်ကြီးစပ်သမျှ PR သင်ပုန်းကြီးဖတ်စာ
    ရွာဆော်ကြီးစပ်သမျှ PR သင်ပုန်းကြီးဖတ်စာ
    ဇွန် ၁၀၊ ၂၀၁၃
    M-Media
    ရေးသူ- ရွာဆော်ကြီး
    ရွာဆော်ကြီးစပ်သမျှ PR သင်ပုန်းကြီးဖတ်စာ
    ငယ်ငယ်တုန်းကတည်းက ကြားဖူးကြသည့်မြန်မာစကားရှိသည်။
    “ပွဲဆူအောင်လုပ်တယ်” “ပွဲစည်အောင်လုပ်တယ်’’ ‘’ပွဲလန့်တုန်းဖျာခင်းတယ်’’ ဆိုပဲ။
    ပွဲနဲ့ပတ်သက်သောစကားများဖြစ်သည်။
    “ပွဲကြိုက်ခင်’’ ‘’ပွဲကြိုက်မောင်’’များလည်း ရှိသည်။
    ‘’ပွဲပျက်အောင်’’တော့ မလုပ်ကြပါစေနှင့်။
    မြန်မာပြည်ကြီးမှာ မိုးတွေရွာနေသည်။
    မိုးတွင်းမို့ မိုးရွာတာမဆန်းပါ။
    မိုးတွင်းမိုးသာမက ‘’အနမ်းမိုး’’ များပါ ရွာနေကြသည်။
    အမေရိကန် သမ္မတကြီးက စ သည်။
    မင်းသား/မင်းသမီးများ စတန့်ထွင်လာပြီ။
    PR မိုးတွေလည်းရွာနေသည်။
    PR သုံးပြီး ပွဲဆူအောင် ဖွကြသည်။
    facebook မှာ နမ်းတဲ့ပုံတွေတင်ကြသည်။
    ကလော်တဲ့သူက ကလော်၊ ပျော်တဲ့သူက ပျော်
    ကလော်သူနဲ့ ပျော်သူတို့ ‘’ဆော်’’ ကြသည်။
    ပွဲဆူသွားသည်။
    ကလော်တာပဲဖြစ်ဖြစ်၊ ပျော်တာပဲဖြစ်ဖြစ်
    ဆော်တာပဲဖြစ်ဖြစ်
    ပို့စ်တင်သူတို့ကြိုက်ကြသည်။
    ကလော်ရာ၊ ဆော်ရာမှ
    တော်တော်အလုပ်ဖြစ်သွားသည်။
    Comment များ သတိထားရေးကြစေလိုသည်။
    PR ထောင်ချောက်ကြီးထဲဝင်သွားမှာ စိုး၍ဖြစ်သည်။
    မျိုးဆက်သစ်များအတွက် ရင်လေးစရာဖြစ်လာသည်။
    အချို့အချို့သောလူကြီးများက
    ဘယာနကရသမြောက်အောင် ဟောနေကြသည်။
    ရေကူးဝတ်စုံနဲ့ မယ်ပြိုင်တဲ့မိန်းကလေး
    မင်္ဂလာအနမ်းနဲ့ ပွဲကြမ်းတဲ့ အဆိုတော်လေး
    မွေးနေ့အမှတ်တရနဲ့  မင်းသမီးကိုချီ,မ ပြတဲ့
    ရှမ်းပြည်နယ်က စိုင်းလူငယ်လေးတို့ကို
    မည်သို့သဘောထားကြမည်လဲ?
    ဂလိုဘယ်လိုက်ဇေးရှင်းပင်လယ်ကြီးထဲက
    ယဉ်ကျေးမှုလှိုင်းတံပိုးအောက်မှာ
    ယဉ်ကျေးမှုတွေ သင်္ဂြိုဟ်ခံနေကြရသည်။
    အချို့ယဉ်ကျေးမှုများ လှိုင်းပေါ်တွင် လူးလွန့်နေသည်။
    အချို့ယဉ်ကျေးမှုများကတော့ လှိုင်းပေါ်မှာ မားမားရပ်တည်နိုင်ကြသည်။
    ‘’လှိုင်းကြီးလှေအောက်”ဟုဆိုသည်မဟုတ်ပါလား
    မြန်မာ့ယဉ်ကျေးမှုလှေကြီး လှိုင်းအောက်မရောက်စေလိုပါ။
    မျိုးဆက်သစ်ပန်းကလေးများကို
    ကောင်းမြတ်သော ယဉ်ကျေးမှု၊ သီလတရားရေစင်များဖြင့်
    ဥာဏ်သစ်လောင်းပေးသင့်သည်။
    PR တွေ တော်တော် ပေါနေသည်။
    မင်းသား/ မင်းသမီး မွေးနေ့လည်း PR
    မင်းသမီး ကလေးမွေးလည်း PR
    အူဝဲ က အူဝဲလေးမွေးတာ
    ကလေးရဲ့  Stem Cell သိမ်းထားသည်ဆိုပါလား
    ရွာဆော်ကြီးတို့ရွာမှာတော့ ထူးခြားဖြစ်စဉ်ဖြစ်သည်။
    မတော်လို့များ ကလေးကြီးလာလို့ နေမကောင်းဖြစ်လျှင်
    ထို Cell ဖြင့် အစားထိုးကုသလို့ရသည်ဆိုပါလား။
    PR သုံးပြီး ဖွ လိုက်ကြသည်။
    အဆင်ပြေသွားကြသည်။
    ဘာပဲဖြစ်ဖြစ် ဒီလို PR မျိုးကတော့ အများအကျိုးဖြစ်စေသဖြင့် ကြိုဆိုပါသည်။
    Facebook မှာ ကွန်ပျူတာနည်းပညာ အခမဲ့သင်တန်းပေးသည့် Fun Page များပေါ်လာသည်။
    ကွန်ပျူတာ၊ တယ်လီဖုန်း Software များ
    Free download ရသည်။
    Open Source System (O/S) ဖြင့်ရေးထားသော
    Software အများစုဖြစ်သည်။
    Share ပေးသော ကွန်ပျူတာပညာရှင်ကြီးများကို လေးစားပါ၏။
    Like လုပ်သူတွေများလာပြီ။
    ကွန်ပျူတာပညာရှင်ကြီးများအရောင်နည်းနည်း စ ပြောင်းပြီ
    နိုင်ငံရေး/ဘာသာရေး/လူမျိုးရေး/ ဟိုအရေး/ဒီအရေးတွေကို
    ‘’ဆွ”လာ ‘’ဖွ”လာကြသည်။
    သြော်….”သူတို့လည်းလေ PR သမားပေမို့”
    သဘောပေါက်လိုက်ပါပြီ
    Fun Page များ အားလုံးကို မပြောရဲပါ။
    လူ့အကျိုးပြု Fun Page များစွာရှိသည်။
    ရွာဆော်ကြီးသဘောပေါက်ပါသည်။
    အားကစားလောက၊ အနုပညာလောက၊ စီးပွားရေးလောက
    အစရှိသည့် လောကပေါင်းများစွာမှ ကျော်ကြားသူအချို့
    နိုက်ကလပ်တွင် မူးပြီးရန်ဖြစ်ကြ
    နောက်ဆုံးပေါ်ကားတွေကို မူးပြီး မောင်းပြီး တိုက်ကြ
    ပြဿနာတွေတက်ကြ၊ ရှင်းကြ။
    မိဘမဲ့ကလေးများဂေဟာ
    ဘိုးဘွားရိပ်သာ၊ ဆေးရုံ၊ ဆေးခန်းများမှာ
    သာရေး/နာရေးအသင်းများမှာ
    ငွေတွေသွားလှူကြ၊ မီဒီယာတွေမှာ ဓါတ်ပုံရိုက်ဖေါ်ပြကြ
    လူထုက သာဓုခေါ်ကြ
    ကဲ…ပြီးသွားပြီ၊ အတိတ်ကဇာတ်လမ်းတွေ
    PR ကန့်လန့်ကာချ။
    ရုပ်ရှင်မင်းသားတစ်ယောက် ဒူးထောက်နေသည်။
    ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး(အဲလေ…ယောင်လို့)
    ရှုတည်တည်ကြီးနှင့်ဖြစ်သည်။
    မီဒီယာသမားများ ၀ိုင်းရံလာကြပြီ
    ဘုရားကျောင်းလူကြီးများရှင်းပြကြသည်။
    ထိုလူကြီးများ တော်တော်, တော် ပါသည်။
    လူအများနားလည်အောင် ရှင်းပြနိုင်ကြသည်။
    ဘုရားကျောင်းထဲကို ဘာသာမရွေးဝင်ခွင့်ရှိကြောင်းကို ဦးစွာပထမထားပြီး ပြောသည်။
    ဓါတ်တော်၊ မွေတော်များထားသည့် နေရာများကဲ့သို့သော
    ဘာသာဝင်များ အမြတ်တနိုးထားသည့်နေရာများအကြောင်းကို
    လူအများနားလည်အောင် ဥပမာပေး၍ ရှင်းပြကြသည်။
    ဒူးထောက်သူမင်းသား၏
    မြန်မာ့ယဉ်ကျေးမှုနှင့်မလျော်ညီကြောင်း ရှင်းပြသည်။
    ၎င်းတို့ဘာသာအကြောင်းတောင် သိပ်မပြောကြပါ။
    လိုအပ်သလောက်သာပြောသွားကြသည်။
    အများနားလည်အောင်ရှင်းပြသောအခါ
    အားလုံးလက်ခံသွားကြသည်။
    ထိုပုဂ္ဂိုလ်များ၏ PR ကြွယ်ပုံကို လေးစားပါသည်။
    တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံး၊ တစ်ရွာလုံး
    PR ခေတ်ပြောင်းရေစီးကြောင်းကြီးထဲ ပါဝင်လာကြပြီ။
    ရွာဆော်ကြီးတို့လူစုတွေ ဘာလုပ်ကြမည်လဲ?
    PR ကို လေ့လာသင့်ပြီ၊ Social Psychology တွေကို နားလည်သင့်ပြီဟုတော့
    မရဲတရဲဖြင့် အကြံပေးပါရစေ။
    တစ်ဖက်မှာလည်း တုတ်နဲ့ဓါးနဲ့
    တစ်ဖက်မှာလည်း PR နဲ့ ၊ Media နဲ့
    ကြားညှပ်သွားလျှင် “မိအေးအခါတစ်ရာမကနာပါလိမ့်မည်”။
    ရွာဆော်ကြီးလည်း PR အကြောင်း လေ့လာပါဦးမည်။
    အခုတော့ သွားလေရာထီးဆောင်နေရသည်။
    စောစောကပြောသလို မြန်မာပြည်ကြီးမှာ မိုးတွေရွာနေသည်မဟုတ်ပါလား
    ကိုယ့်ကိုကိုယ်တော့ လုံအောင် “ကာ” မှဖြစ်မည်။
    ကာရင်းနဲ့ “ကား” မသွားဖို့တော့ လိုမည်ထင်သည်။
    ဒီတစ်ခေါက်တော့ ဒီမျှနှင့်တော်ဦးမည်။
    တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံး၊ တစ်ရွာလုံး
    ကျန်းမာချမ်းသာကြပါစေ။
    ပြောချင်တာပြောပြီးမှ
    Comment များတွင် အကြိမ်းခံရမှာစိုး၍
    PR သုံးတာ မဟုတ်ပါ။
    ရိုးသားဖြူစင်စွာမေတ္တာပို့ခြင်းဖြစ်ကြောင်းဝန်ခံရင်း….
    အမှားပါရင်ခွင့်လွှတ်ကြပါရန် ပန်ကြားရင်း….။   ။
    • PR – Public Relation – လူမှုပေါင်းသင်းဆက်ဆံရေးနည်းဗျူဟာ / လူမှုပေါင်းသင်းဆက်ဆံရေးအတတ်ပညာ
    • ဘယာနကရသ – ကြောက်ရွံ့ထိတ်လန့်မှုဖြစ်စေသည့် ရသခံစားမှု။
    • ၀ံသာနုတရား – မျိုးစောင့်တရား/မျိုးချစ်တရား