News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • Peace and Justice-Building Network မှ သမ္မတဦးသိန်းစိန် ထံသို့စာပေးပို

    ဧပြီ ၄ ရက်၊ ၂၀၁၃

    M-Media

    မြန်မာနိုင်ငံမြို့များ၊ ရွာများတွင် ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် သွေးထိုး လှုံဆော်၍ နောက်ကွယ်မှ ကြိုးကိုင်နေသူများကို စုံစမ်းစစ်ဆေး အရေးယူပေးရန်အတွက် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေး ကွန်ရက်မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့က စာပေးပို့ခဲ့ကြောင်းသိရပါသည်။ စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    သို့
    ဦးသိန်းစိန်
    နိုင်ငံတော်သမ္မတ
    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ
    နေပြည်တော်။

    ရက်စွဲ။ ။၂၀၁၃ခုနှစ်၊ ဧပြီလ (၁)ရက်။

    အကြောင်းအရာ။ ။မြန်မာနိုင်ငံမြို့များ၊ ရွာများတွင် ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်၍ နောက်ကွယ်မှ ကြိုးကိုင်နေသူများအား စုံစမ်းစစ်ဆေး အရေးယူပေးပါရန်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ကြလျက်ရှိရာ၊ နိုင်ငံသားများအတွက် တရားမျှတမှု၊ သာတူညီမျှမှု၊ တရားဥပဒေစိုးမိုးရေးတို့ကို ဦးတည်၍““ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေးကွန်ရက်”” (Peace and Justice-Building Network) အမည်ဖြင့်၊ (၂၇-၃-၂၀၁၃)ရက်နေ့က ဖွဲ့စည်းခဲ့ပါသည်။

    ရခိုင်ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်များတွင် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှု များရှိလာခဲ့ပြီး၊ ရန်ကုန်မြို့၊ လှိုင်သာယာနှင့် သာကေတမြို့နယ်များတွင် ဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၃ခုနှစ်၊ မတ်လ (၂၀)ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့ရှိဗလီများကို ဖျက်စီး၊ ဘာသာရေး စာသင်ကျောင်းများကို ဖျက်၊ နေအိမ်များကို မီးရှို့၊ ဈေးဆိုင်များကိုလုယက်၊ လူများကိုသတ်ဖြတ်သော အကြမ်းဖက်ဖြစ်ရပ်များ ၀မ်းနည်းကြေကွဲဖွယ်ရာဖြစ်ပွားခဲ့ပါသည်။ လူအသေအပျောက်များရှိခဲ့ပြီး၊ လူတစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ အတိဒုက္ခရောက်လျက်ရှိပါသည်။

    ထိုမှဆက်၍ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှ၊ နတ္တ လင်း၊ ဇီးကုန်းမြို့များရှိ ဗလီများကို ဖျက်စီး လူသတ်အကြမ်းဖက် လုယက်ခဲ့ကြပါသည်။ကြို့ပင်ကောက်မြို့တွင် ဗလီ(၁)လုံးကို ဘူဒိုဇာဖြင့် ဖျက်စီးခဲ့ကြပါသည်။
    ရန်ကုန်မြို့၌ပင် ကျီးလန့်စာစား အခြေအနေသို့ ရောက်ရှိလာပြီး လူအများ၏နေ့စဉ်လူမှု စီးပွားရေး ဘ၀များ ပျက်ယွင်းလာနေချိန်တွင် နိုင်ငံတော်သမ္မတကြီးမှ သွေးထိုးလှုံ့ဆော်၊ ပဋိပက္ခဖန်တီးသူများအား အရေးယူမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ရာ၊ သမ္မတကြီး၏မိန့်ခွန်းအား များစွာနှစ်ထောင်းအားရ ရှိခဲ့ကြပါသည်။

    ရိုးသားစွာတင်ပြရလျှင် ထိုသို့သော အကြမ်းဖက်၊ လုယက်၊ သတ်ဖြတ်မှုများကို ဆက်လက်မဖြစ်ပွား စေရန် ကြိုတင်ကာကွယ်ဟန့်တား၍ ထိရောက်စွာ အရေးယူရမည်ဖြစ်ပါသည်။ ပဋိပက္ခ္ခများကို အထိရောက်ဆုံး ကာကွယ်ရန် နည်းလမ်းမှာ သွေးထိုးလှုံဆော်မှုများကို ကန့်လန့်ကာနောက်ကွယ်မှ ကြိုးကိုင်ဖန်တီးနေသူများကို ဥပဒေနှင့်အညီအချိန်မှီ အရေးယူဖော်ထုတ်ရန် အရေးကြီးပါသည်။

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ရခိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်ရခိုင်ပြဿနာ များသည် မြန်မာပြည်(အခြားတိုင်းနှင့် ပြည်နယ်များ)သို့ ကူးစက်မည်ဖြစ်ကြောင်း လွန်ခဲ့သည့် ၅လခန့်က ကြိုတင်၍ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါသည်။“ ရခိုင်ကိစ္စသည် ရခိုင်များဖန်တီးခြင်း မဟုတ်ကြောင်း၊ ပြီးလာပြီးခါမှ ရခိုင်တွေအကုန်လုံးကို သွတ်သွင်းခဲ့ကြောင်း၊ ကန့်လန့်ကာနောက်ကွယ်တွင် အဖွဲ့အစည်း ရှိကြောင်း၊ ဘယ်သူလဲဆိုတာ လက်ညှိုးထိုးပြီးတော့ ပြောလို့မကောင်းကြောင်း၊” ၄င်း ရခိုင်ပြဿနာသည် မြန်မာပြည်ကို ကူးတော့မည်ဟု ယူဆလျှုင် မနက်ဖြန်ကူးမည်ဆိုလျှင် ဒီနေ့ရပ်လိမ့်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ကြီးမှာ ရခိုင်နှင့်မဟုတ်ဘဲ ဗမာတွေနှင့် ပြဿနာဖြစ်တော့မည်ဟု ယူဆသည့်နေ့တွင် ယခုဖြစ်နေသော ပြဿနာငြိမ်း သွားလိမ့်မည်ဖြစ်ကြောင်း၊”ဒေါက်တာအေးမောင်နှင့် မြန်မာပို့စ်သတင်းဂျာနယ် (အတွဲ-၄၊ အမှတ်-၄၂)တွေ့ဆုံမေးမြန်းခန်းတွင် ဖော်ပြခဲ့ပါသည်။ကြိုတင်၍ အကွက်ကျကျ စီမံခဲ့ခြင်းဖြစ်၍ မိတ္ထီလာမြို့တွင် ပြဿနာရှာရန် အကြောင်းပြချက် သက်သက်ဖန်တီးခြင်းသာ ဖြစ်ကြောင်း ထင်ရှားနေပါသည်။

    (၂၅-၁၀-၂၀၁၂)ရက်စွဲပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးသတင်းထုတ်ပြန်ချက် (၁/၂၀၁၂)အရလည်း “ရခိုင်ပြည်နယ် ပဋိပက္ခ နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့်၊ ၄င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည် ””ဟု (၂၆-၁၀-၂၀၁၂)ရက်စွဲပါ နေ့စဉ်သတင်းစာ များတွင် ဖော်ပြခဲ့ပါသည်။နိုင်ငံသားများ၏လူ့အခွင့်အရေးကို ကာကွယ်ရန် သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈-၁၁-၂၀၁၂)ရက်စွဲပါ သတင်းထုတ်ပြန်ချက်(၂/၂၀၁၂)အရလည်း ပဋိပက္ခများတစ်ကျော့ပြန် မဖြစ်ပွားစေရေးအတွက် လိုအပ်သည်များကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အကြမ်းဖက်ကျူးလွန်သူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

    ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေသည် (၂၆-၃-၂၀၁၃)ရက်နေ့က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် “နိုင်ငံရေးပါတီတစ်ချို့လည်း နောက်ကွယ်မှာ ရှိနေကြောင်း”ထည့်သွင်း ပြောကြားခဲ့ပါသည်။

    သို့ဖြစ်၍ နိုင်ငံတော်အကြီးအကဲများလည်း သိရှိထားပြီးသော ပဋိပက္ခများကို ဖန်တီးကြိုးကိုင်၍ ကန့်လန့်ကာနောက်ကွယ်မှ ပြစ်မှုကျူးလွန်သူများကိုဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူပေးပါရန် အလေးအနက် တိုက်တွန်းမေတ္တာရပ်ခံအပ်ပါသည်။

    တောင်းဆိုချက်များ

    ၁။ နိုင်ငံတော်
    ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများအပါအ၀င် အခြားတိုင်းနှင့် ပြည်နယ်များရှိမြို့များရှိ ဗလီဝတ်ကျောင်း များ၊ ဘာသာရေးစာသင်ကျောင်းများ အစ္စလာမ်ဘာသာဝင်နှင့် အခြားဘာသာဝင် မြန်မာနိုင်ငံသားများ၏ အသက်အိုးအိမ်၊ ပစ္စည်းများကို နိုင်ငံတော်မှ နောက်နောင်ထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်စောင့်ရှောက် ပေးပါရန်။

    ၂။ နိုင်ငံရေးပါတီများ
    ၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးပါတီများ ဘာသာရေးအဖွဲ့အစည်းများ၊ အားလုံးလက်တွဲ၍ တိုင်းပြည်အတွက် ကျရောက်လာမည့် အန္တရာယ်ကို ဆက်လက်မဖြစ်ပွားစေရေး ကြိုတင်စုပေါင်း ကာကွယ်ရန်၊ ရှုံ့ချသော ကြေညာချက်များ ထုတ်ပြန်ပေးရန်။

    ၃။ သံဃာတော်များ
    ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် အမျိုးသားစည်းလုံးညီညွှတ်ရေးကို ဦးတည်၍ သံဃာတော်များမှ ဗုဒ္ဓဘာသာတရားစစ်၊ တရားမှန်များကို ဟောကြားသင်ပြပေးပါရန်။

    ၄။ တရားရေး
    ပြစ်မှုကျူးလွန်မှုများကို တရားစွဲအဖွဲ့အစည်းများနှင့် တရားရုံးများမှ တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာ အရေးယူအပြစ်ပေးရန်။

    ၅။ မီဒီယာနှင် အင်တာနက်
    ဘာသာတရားတစ်ခုနှင့် တစ်ခု ပဋိပက္ခဖြစ်ပွားစေရန် သွေုးထိုးလှုံ့ဆော်သည့် အရေးအသားများကို ရှောင်ကျဉ်၍ ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးကို ဦးတည်၍ ရေးသားရန်နှင့် သွေးထိုးလှုံဆော်သော ဂျာနယ်များကို အရေးယူရန်။ အင်တာနက်တွင် ဘာသာရေး အမုန်းတရားရန်တိုက်သော Hate Speech များကို အရေးယူရန်၊ တားမြစ်သည့်အမိန့်မားထုတ်ပြန်ရန်၊ လိုအပ်လျှင်ဥပဒေပြဌာန်းပေးပါရန်။

    ၆။ ဒုက္ခသည်များ
    မန္တလေးတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးများ အတွင်းရှိ ဒုက္ခသည်များ(လူမျိုး/ဘာသာမခွဲခြားဘဲ)အား နိုင်ငံတော်မှ လုံခြုံရေး စီစဉ်ပေးရန်နှင့် မိမိတို့ မူလနေရပ်များတွင် နေအိမ်များပြန်လည်ဆောက် လုပ်ခွင့်ပြုရန်။

    ၇။ ဗလီများ၊ ဘာသာရေးစာသင်ကျောင်းများ
    ပျက်စီးသွားသော ဗလီများ၊ စာသင်ကျောင်းများကို အမြန်ဆုံးပြန်လည်ဆောက်လုပ်ခွင့်ပြုရန်။

    ၈။ CD , DVD အခွေများ
    တရားမ၀င်သွေးထိုးလှုံဆော်သော CD,DVD အခွေများ၊ အမှတ်အသားများကို သိမ်းဆည်း အရေးယူရန်။

    ၉။ မတရားသင်းကြေညာ၍ အရေးယူဖျက်သိမ်းပေးရန်
    တရားမ၀င်ကြိုးကိုင်လှုပ်ရှားသော အဖွဲ့အစည်းများကို မတရားသင်းကြေညာ၍ အရေးယူဖျက်သိမ်းရန်။

    ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ဘာသာပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးများ အားလုံးတို့သည် ငြိမ်းချမ်းစွာ၊ အေးအတူပူအမျှ၊ ချစ်ချစ်ခင်ခင်နေထိုင်လာခဲ့ကြသော သမိုင်းအစဉ်အလာကောင်းများ ရှိခဲ့ကြသည့် အလျှောက်၊ နိုင်ငံတော် သမ္မတကြီး ဦးဆောင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်လည်း ကျွန်တော်များ ကွန်ရက်အနေဖြင့် တက်တက်ကြွကြွပါဝင်ပူးပေါင်း ဆောင်ရွက်ရန်ဆန္ဒပြုအပ်ပါသည်။

    ရိုသေလေးစားစွာဖြင့်

    president1-page-001 president2-page-001 president3-page-001 president4-page-001

  • မမေးလည်းဖြေ(၁၅)- ဟလာလ် အစားအစာ ဆိုတာ ဘာလဲ ? သိပ္ပံရှုထောင့်မှ သုံးသပ်ရအောင်…

    ဧပြီ ၁ ၊ ၂၀၁၃

    Translated by Shaheen Ansari

     

    halal

    ဘိုဘို – သူငယ်ချင်း မင်းတို့မွတ်စလင်တွေပြောနေတဲ့ ဟလာလ် နဲ့ ဟရာမ်ဆိုတာ ဘာလဲ? ဘာကြောင့် ဒီလောက်အရေးတယူစဉ်းစားလိုက်နာတာလဲ?

    မောင်မောင် -အေး သူငယ်ချင်း ငါရှင်းပြမယ်။ “ဟလာလ်” ဆိုတာ “ခွင့်ပြုထားခြင်း” ၊ “ဟရာမ်” ဆိုတာ “တားမြစ်ထားခြင်း”လို ရိုးရှင်းတဲ့ အဓိပ္ပါယ်ရတယ်။ ခွင့်ပြုထား၊ တားမြစ်ထားတဲ့အရာတွေကိုတော့ ကျမ်းမြတ်ကုရ်အာန်** က နှစ်ပေါင်း ၁၄၀၀ ကျော်အရင်ကတည်းက ဖော်ပြထားတယ်။
    **ကျမ်းမြတ်ကုရ်အာန်= တစ်ပါးတည်းသော ဖန်ဆင်းရှင်မှချပေးသော လူသားတို့အတွက် လမ်းညွန်ကျမ်း။

    ဘိုဘို – ငါ့ကို ဥပမာ တစ်ခုလောက်ပြောပြမလား ?

    မောင်မောင် – ကောင်းပြီ သူငယ်ချင်း။ ဥပမာတစ်ခုပြောရရင် အစားအသောက်နဲ့ပတ်သက်လို့ ကျမ်းမြတ် ကုရ်အာန်မှာ ယုံကြည်သူတွေကို သွေးနှင့်သွေးခဲအမျိုးမျိုးကို စားသုံးခြင်းမှ တားမြစ်ထားတယ်။ ယခုအခါ သိပ္ပံနည်းကျစမ်းသပ် လေ့လာကြည့်တဲ့အခါ တိရိ စ္ဆာန်တွေရဲ့သွေးမှာ လူတွေရဲ့ကျန်းမာရေး ထိခိုက်စေတဲ့ ယူရစ်အက်ဆစ် အများအပြားပါဝင်ကြောင်းသိရတယ်။ ဒါကို သူငယ်ချင်းလည်း သိမှာပါ။

    ဘိုဘို – အေး မင်းပြောတာမှန်တယ်။ ဒီ ယူရစ်အက်ဆစ်ဟာ လူသားတွေအတွက် အဆိပ်အတောက်ဖြစ် စေလို့ ခန္ဓာကိုယ်မှာရှိတဲ့ အဲဒီ အက်ဆစ် ၉၈% ကို ကျောက်ကပ်ကစစ်ထုတ်ပြီး ကျင်ငယ်အဖြစ် ဖယ်ရှား ပေးတယ်ဆိုတာ ငါသိတယ်။

    မောင်မောင် – ဒါပေမဲ့ လူခန္ဓာကိုယ်မှာ အဲဒီ အက်ဆစ်တွေ အရမ်းများသွားရင် တော့ ကျောက်ကပ်ပါပျက်စီး နိုင်တယ်။ အခု အစ္စလာမ်က ခွင့်ပြုထားတဲ့ လူတွေရဲ့ကျန်းမာရေးအတွက်ကောင်းတဲ့ သားသတ်နည်းကို ဗဟုသုတအနေနဲ့ မျှဝေပေးမယ်နော်။

    မောင်မောင် – ပထမဆုံး သားသတ်ရာမှာ သုံးတဲ့ ဓါးဟာ အရမ်းထက်ရမယ်။ သားသတ်ရာမှာလည်ပင်းမှ Jugular vein သွေးကြောကို တစ်ပါးတည်းသော ဖန်ဆင်းရှင်ရဲ့ နာမတော်ဆိုပြီး မြန်ဆန်စွာ ဖြတ်ရမယ်။ နာမတော်ဆိုပြီး ဦးနှောက်မှ နှလုံးသို့သွားတဲ့ သွေးကြောကို မြန်ဆန်စွာ တချက်တည်းဖြတ်ခြင်းဖြင့် နာကျင်မှု အာရုံဟာ ဦးနှောက်သို့မရောက်တော့ဘူး။ တိရိ စ္ဆာန်မှာ နာကျင်မှုမခံစားရတော့ဘူး။ အဲဒီ သွေးကြောကနေ ကြွက်သားမှသွေးများ သွန်ထွက်လာတဲ့အတွက်ကြွက်သားများလျော့ပြီး ကြုံ့လာလို့ တိရ စ္ဆာန်ရဲ့ခန္ဓာကိုယ်ရုန်းကန်တုန်ခါနေတာ တွေ့ရမယ်။ အဲဒီ တိရ စ္ဆာန်မှာ နာကျင်မှုခံစားရ/မရကို ဂျာမန်သုတေသီအဖွဲ့က လေ့လာခဲ့ကြတယ်။

    ဘိုဘို- အဲဒါ ဘယ်လိုလေ့လာကြလဲ?

    မောင်မောင် – ဂျာမနီရဲ့ ဟန်နိုဗာ တက္ကသိုလ်မှ ပရိုဖက်ဆာ Wihelm Schulze နှင့် ဒေါက်တာ Hazim တို့က ဒီအကြောင်းအရာကို သုတေသနစစ်ဆေးခဲ့ကြတယ်။

    ဘိုဘို – ဟုတ်လား? အသေးစိတ်ပြောပြ မလား သူငယ်ချင်း ?

    မောင်မောင် – ရပါတယ်။ သူတို့က သားသတ်ရာမှာသမရိုးကျ ရိုက်နှက်သတ်ဖြတ်နည်းများ (Captive Bolt Pistol Stunning) နှင့် အစ္စလာမ်က ခွင့်ပြုထားတဲ့ သားသတ်နည်း ကို စစ်ဆေးသုတေသနပြုခဲ့တယ်။ သားသတ်ရာမှာ သမရိုးကျ ရိုက်နှက်သတ်ဖြတ်နည်းတွေဟာ တိရ စ္ဆာန်မှာ နာကျင်မှုကို ပြင်းပြင်း ထန်ထန်ခံစားရပြီး အစ္စလာမ်က ခွင့်ပြုထားတဲ့ သားသတ်နည်းက နာကျင်မှုကင်းမဲ့နေတာကို တွေ့ရှိခဲ့ရတယ်။ အစ္စလာမ်က ပြဠာန်း ခွင့်ပြုထားတဲ့ သားသတ်နည်း စမ်းသပ်သုတေသနပြုရာမှာ ဒီလိုအဆင့်ဆင့်လုပ်ခဲ့တယ်။

    ၁) သားသတ်ပြီး ပထမသုံးစက္ကန့်မှာရတဲ့ EEG Graph ဟာ မသတ်ခင်ကအတိုင်းဘဲ ပြောင်းလဲမှု မရှိတာတွေ့ရတယ်။ ဒါဟာ သားကောင်ရဲ့ လည်သွေးကြောဖြတ်စဉ်နှင့် ဖြတ်ပြီးစအချိန်မှာ နာကျင်မှု တစ်စုံတစ်ရာမရှိကြောင်း ဖော်ပြနေပါတယ်။

    ၂)နောက်သုံးစက္ကန့်ကြာမှာတော့ EEG ရဲ့ဖော်ပြချက်အရ သားကောင်ဟာ သတိလစ်မေမျောမှု အခြေအနေသို့ လုံးဝရောက်ရှိနေပါတယ်။ ဒါဟာ သားကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ဒလဟောထွက်နေတာကြောင့် ဖြစ်တယ်။

    ၃)အထက်ဖော်ပြတဲ့ ခြောက်စက္ကန့်အကြာမှာတော့ EEG မှ သုညအမှတ်သို့ပြနေတယ်။ဒါဟာနာကျင်မှု လုံးဝမရှိတာကို ပြနေတယ်။

    ၄)အဲဒီလို သားကောင်ရဲ့ ဦးနှောက်မှရရှိသော သတင်း (EEG) သုညအမှတ်သို့ရောက် ရှိသည့်တိုင်အောင် သားကောင်ရဲ့နှလုံးဟာတုန်နေဆဲဖြစ်နေပြီး ခန္ဓာကိုယ်၏ကြွက်သားများ ကျုံ့ပြီး ပိုမိုလှုပ်ရွလာတယ်။ (a reflex action of the spinal cord)
    အဲဒီအချိန်မှာ သားကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများအများဆုံးထွက်ချိန်ဖြစ်ပြီး သန့်ရှင်းလတ်ဆက် သော အသားကိုရရှိစေပါတယ်။

    ဘိုဘို- ဒါပေမယ့် ဒီလိုဘာကြောင့်ဖြစ်ရသလဲ?

    မောင်မောင် -ငါသူုငယ်ချင်းကိုပြောပြဖို့ တစ်ခုမေ့ကျန်ခဲ့တယ်။ အဲဒါက သားကောင်ရဲ့ လည်ပင်းက သွေးကြော Jujular Vein ကိုဖြတ်တောက်လိုက်ပေမဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေနဲ့သွေးကြောတွေကို မထိခိုက်ဘူး ဆိုတာပဲ။

    ဘိုဘို -ဒါဟာ အံ့သြစရာပဲ။

    မောင်မောင် – ဟုတ်တယ် သူငယ်ချင်း။ အခြားသမရိုးကျ ရိုက်နှက်သတ်ဖြတ်နည်းကတော့ အခြားအင်္ဂါအစိတ်အပိုင်း တွေဖြစ်တဲ့ နှလုံး၊ အသဲ ၊ ဦးနှောက် စသဖြင့်တို့ကို ပျက်စီးစေပြီး သားကောင်ဟာလည်း ချက်ချင်း နာကျင်မှုခံရပြီး သေဆုံးသွားတယ်။ သွေးတွေကလဲသွေးကြောတွေထဲမှာ ကျက်သွားတယ်။ပြီးတော့ အသားထဲအထိသွေးတွေပျံနှံစေတယ်။ ဒီလိုကြောင့် အသားထဲကို ယူရစ်အက်ဆစ်တွေရောက်ပြီး ညစ်ညမ်းစေတယ်။အဆိပ်အတောက်ဖြစ်နိုင်တယ်။ ယခုလို သိပ္ပံပညာတိုးတက်လာတော့မှ သုတေသီပညာရှင်တွေက ဒါကိုသိလာကြတာ။

    ဘိုဘို – အခုတော့ ငါသိပြီ။ အစ္စလာမ်က ပြဠာန်း ခွင့်ပြုထားတဲ့ သားသတ်နည်းဟာ တိရိ စ္ဆာန်တွေ ကိုယ်က သွေးကိုလုံးဝစီးထွက်စေပြီး အခြာအစိတ်အပိုင်းတွေကို မညစ်ညမ်းစေဘူး။ ဒါကြောင့်လူသားတွေအတွက် သင့်လျော်ဆုံးဖြစ်တယ်။ တိရိ စ္ဆာန်လည်း နာကျင်မှုမခံစားရဘူး။

    Reference

    Deutoche Tieraerztkucge Wocheschrift (German Veterinary Weekly), Volume 85 (1978), pages 62-66.
    English Translated by Dr. Sahib M. Bleher,Dip Trans MIL.

    Burmese Translated by Shaheen Ansari

  • ဧရာဝတီမှ ဦးဇင်း ဝီရသူ အင်တာဗျူးနှင့် ပတ်သက်ပြီး မေးချင်တာလေးများ

    မတ်လ-၃၀-၂၀၁၃

    ရေးသူ-Jue Jue Than

    wiratu and aung toung2
    ၂၀၁၂ မေလ ၃၀ ရက်နေ့တွင် ကြံခိုင်ရေးပါတီ ဗဟို အထွေထွေ အတွင်းရေးမှူး ဦးအောင်သောင်းမှ ဦးဝီရသူထံ လာရောက်တွေ့ဆုံစဉ် (ရခိုင်အရေးအခင်း မဖြစ်မှီ ၁ ပတ်ခန့်အလို)
    ဓါတ်ပုံ FaceBook မှ ကူးယူဖော်ပြပါသည်။

    ဦးဇင်း ၀ီရသူရဲ့ အင်တာဗျူး ဖတ်ပြီးတဲ့အချိန် စိတ်ထဲမှာ မေးချင်စိတ်ပေါက်လာတာလေးတွေရှိလို့ ရေးခြင်းဖြစ်ပါတယ်။ ကျွန်မ အစ္စလာမ် ဘာသာဝင်တစ်ယောက်ပါ။ ဗုဒ္ဓဘာသာကိုလဲ တော်တော်များများလေ့လာထားပါတယ်။ ကျွန်မရေးတဲ့စာနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ ကြိုက်တဲ့အချိန်လဲ ဆွေးနွေးနိုင်ပါတယ်။

    မေးခွန်း (၁)ရဲ့ အဖြေတွေထဲက စိတ်ထဲမှာ မတင်မကျဖြစ်နေတာလေးတွေက———-
    မိတ္ထီလာကိစ္စမှာ အသေအပျောက်များခြင်းဟာ မွတ်စလင်မ်တွေက “ နောက်တနေ့ မနက် ၄ နာရီ လုံခြုံရေးတွေ ရုပ်သွားတဲ့အခါကျတော့ ပုန်းအောင်းနေတဲ့ မွတ်စလင်တွေ သွေးကြွသွားပြီးတော့ ကြွေးကြော်သံတွေ ကြွေးအော်တယ်။ ကျန်တဲ့သူတွေက သံပြိုင်အော်ကြတယ်။ အဲဒီတော့မှ မြို့လူထုက မွတ်စလင်တွေ ဒီမှာရှိတယ်ဆိုပြီးတော့ သိသွားကြတယ်။ သိသွားတဲ့အချိန်မှာ လာဝိုင်းကြတယ်။” လို့ ဆိုထားပါတယ်။

    ကျွန်မရဲ့ သာမန် အတွေးလေးနဲ့ပဲ တွေးကြည့်မိတာပါ။ တကယ်တမ်းဆိုရင် လုံခြုံရေးရှိနေတုန်း အော်ရင် တစ်ခုခုဖြစ်ရင်တောင် လုံခြုံရေးတွေ အားကိုးနဲ့ ပိုမိုက်လို့ ရနိုင်တာကို လုံခြုံရေးတွေ ရုပ်သွားမှ အော်တယ်ဆိုတော့ အဲဒီ မွတ်စလင်မ်တွေက လာဝိုင်းတဲ့ ဗမာလူအုပ်ထက် ပိုသတ္တိကောင်းပုံရတယ်လို့ ခံစားမိတယ်။

    မေးခွန်း (၂) ရဲ့ အဖြေ ထဲမှာ မတင်မကျ ဖြစ်မိတာက——————
    “တကယ်တန်းကျတော့ သူတို့မှာ ဘာလက်နက်မှ မရှိဘူး။ ၁၀ ယောက်မှာ ၁ ယောက်ပဲ တုတ်ပါတယ်။ အဲဒီတုတ်ကလည်း အိမ်ဖျက်ဆီးထားတဲ့နေရာကနေ ပါလာတဲ့တုတ်။ အဲဒါပဲ။ ကိုယ်က တုတ်ပဲ ပါတယ်။ ဘာလက်နက်မှ မပါဘူး။ ဟိုကလူတွေက ဓားတွေနဲ့ ဆီးခုတ်တယ်ဆိုတော့ အတုန်းအရုန်း ကျတယ်ဗျ။ ဒုတိယနေ့ကလည်း ဘယ်သူမှ မစီစဉ်ဘူး။ အသံကြောင့် ဖားသေဖြစ်သွားတာ။” လို့ ဖြေထားပါတယ်

    အဲဒါနဲ့ ပတ်သက်ပြီးတော့လဲ ကျွန်မ တွေးမိတာက ရှိရှိသမျှသော ဓာတ်ပုံအများစု၊ ဗီဒီယိုဖိုင်တွေထဲမှာတောင် တွေ့နိုင်တာက လုံခြုံရေးတွေ ကြားထဲက တိုးထွက်လာတဲ့ လူတွေမှာတောင် နံပါတ်တုတ်လိုမျိုး အရာတွေ၊ နောက် တစ်ချို့ပုံတွေမှာဆို ဓားအိမ်နဲ့ ဓားလွယ်ထားတဲ့ လူတွေ ၊ အဲဒီလူတွေက ဘယ်က ရောက်လာပါသလဲ။ ပြီး ကြိုတင်မစီစဉ်ခဲ့ဘူးဆိုရင် အဲဒါတွေ ဘာလို့ အဆင်သင့်ပါနေရတာလဲ။

    မေးခွန်း (၃) အတွက် အဖြေထဲက————————-
    “ ဦးဇင်းတရားဟောတုန်းက အဲဒီမှာ စတေကာတွေ ၂၅ လောက် ဖြန့်ခဲ့တယ်။ အဲဒီစတေကာကလည်း Save Our Future အဲဒါလေးပါပဲ။”

    အဲဒါဆိုရင် “ရန်ကုန်လို မြို့ကြီးမှာတောင် အလကားလိုက်ဝေနေတဲ့ တရားခွေတွေ၊ စတစ်ကာတွေ — စတာတွေကို ဘယ်သူက အကုန်အကျခံပြီး ဝေပေးနေတာလဲ၊ ဖြန့်ဖြူးနေတာလဲ “

    မေးခွန်း (၄) ရဲ့ အဖြေ ထဲက——
    “ ဦးဇင်း အခု အမှုတွေ အများကြီးကိုင်တွယ်ထားတယ်ပေါ့။—————- ဒီအမှုတွေအားလုံးကို ဦးဇင်းဆီမှာ ၅၀ ကျော် လက်ခံထားပြီးတော့ တယ်လီဖုန်းနဲ့ ဖြေရှင်းပြီး—————–“

    ကျွန်မသိထားတဲ့ သံဃာဆိုတာ လူတွေကို တရားရေအေး တိုက်ကျွေးပြီး သူတို့ကိုယ်တိုင် လောကီဘောင်ကိစ္စအ၀၀ ကိုစွန့်ခွာထားသူတွေပါ။ ခု ဦးဇင်း ၀ီရသူအနေနဲ့ အမှုတွေ အများကြီးကိုင်တွယ်ထားတယ် ဆိုတာဟာ ၀ိနည်းနဲ့ ညီပါရဲ့လား။ သံဃာ အလုပ်မလုပ်ဘဲ လူ့ဘောင်ရေးရာတွေမှာ ၀င်ပါနေသလို ဖြစ်မနေဘူးလား။ နောက်ပြီး မြန်မာနိုင်ငံဟာ ပြည်သူ့ရဲ၊ စစ်တပ်နဲ့ တရားရေး ဆိုင်ရာ မဏ္ဍိုင်တွေအစား ဦးဇင်းကို အားကိုးရတယ်ဆိုတော့ တရားရေးဝန်ကြီးဌာနရဲ့ အထက်မှာ ဦးဇင်း ရှိနေတာလား “ လို့ တွေးမိပါတယ်။

    မေးခွန်း(၅)—————-
    “ သာသနာရေး ၀န်ကြီးဌာန ကတောင် ခွင့်မပြုထားတဲ့ တံဆိပ်တစ်ခုကို တတ်သလောက် မှတ်သလောက် လိုက်ဖြန့်ဖြူးတယ် “ လို့ ဆိုထားတဲ့ အတွက် — ဗုဒ္ဓဘာသာသည် ယခုကဲ့သို့ promote လုပ်မှသာလျှင် ခိုင်မြဲမည်ဟု ယုံကြည်ပါသလား။ ကျွန်မ နားလည်တာကတော့ ဘာသာတရား ယုံကြည်မှုဆိုတာ မိမိရဲ့ အတွင်းစိတ်သဏ္ဍာန်ထဲမှာ ကိန်းအောင်းတဲ့ အရာ ဖြစ်တဲ့အတွက် အပေါ်ယံ promote လုပ်ခြင်းဟာ အဓိက အနှစ်သာရ မဟုတ်ပါဘူး။

    နောက်ပြီး– ဦးဇင်းက ခုလို ပြောလိုက်ခြင်းအားဖြင့် ဗုဒ္ဓဘာသာဝင်များသည် ယုံကြည်မှုပိုင်းဆိုင်ရာမှာ အလွန်အမင်းအားနည်းလာသည် ဟု သွယ်ဝိုက်သော နည်းဖြင့် စော်ကားလိုက်သည်ဟု ခံစားမိပါသည်။

    မေးခွန်း (၆)————————
    “NLD က ခွပ်ဒေါင်းမဟုတ်ဘူး။ မွတ်စလင်တွေရဲ့ မွတ်ဒေါင်းလို့ ဆိုထားပါတယ်။”
    “ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဒီလိုနှုတ်ဆိတ်သွားသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည် နားရောက်နေတဲ့ သူတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတယ်။”
    “မြို့တွေတော်တော် များများရဲ့ NLD ရုံးတွေမှာ ရုံးထိုင်တာက မွတ်စလင်တွေများတယ်။ သူတို့တတွေကြောင့် ဗမာတွေက NLD ရုံးကို သွားပြီးတော့ လှည့်ပြန်လာရတယ်။”
    “ဓမ္မနဲ့ အဓမ္မမှာ အမြဲတမ်း ဓမ္မဘက်က ရပ်တည်နေပါတယ်ဆိုတဲ့ မင်းကိုနိုင်က ပထမ ရခိုင်အရေးအခင်းမှာ တကယ်တန်းကျတော့ ဓမ္မဘက်မှာ ရပ်တည်တာ မတွေ့ရတော့ဘူး။ အဲဒါကြောင့် အဲဒါကို ထည့်ဟောတာ။”

    အဲဒီအချက်တွေနဲ့ ပတ်သက်လို့———–
    ပထမ အချက်—— NLD သည် နိုင်ငံတော်တွင် တရားဝင် မှတ်ပုံတင်ထားသော ပါတီဖြစ်သောကြောင့် ဦးဇင်းအနေနဲ့ ယခုကဲ့သို့ ပြောဆိုခြင်းသည် အသရေဖျက်မှု မြောက်တာ သိပါသလား။
    ဒုတိယအချက်— ယူဆတယ်လို့ သုံးထားတဲ့အတွက် ဦးဇင်းကိုယ်တိုင် သေချာမသိဘဲ မိမိရဲ့ ကိုယ်ပိုင် အမြင်နဲ့ ဆုံးဖြတ်တာ ဖြစ်တယ်လို့ တွေးမိပါတယ။်
    တတိယအချက်— ကျွန်မ တို့ မြန်မာနိုင်ငံဟာ အခုအချိန်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံဆီသို့ အသွင်ကူးပြောင်းနေတဲ့ကာလ ဖြစ်တဲ့အတွက် အရည်အချင်းရှိတဲ့ မည်သူမဆို နေရာက မရှားပါဘူး။ မွတ်စလင်မ်တွေက ရုံးမှာရှိနေလို့ ဗမာတွေက ပြန်လာရတယ်ဆိုတာက အဓိပ္ပါယ်ရှိရဲ့လား လို့ တွေးမိပါတယ်။ တကယ်တမ်း အရည်အချင်းရှိမယ်ဆိုရင် အဲဒီလူအတွက် လုပ်စရာ အလုပ်တွေက ရှိနေတဲ့ အချိန်တောင် လောက်မှာ မဟုတ်ပါဘူး။
    စတုတ္ထအချက် ————- ဓမ္မ = တရားမှု ၊ အဓမ္မ = မတရားမှု လို့ သိထားပါတယ်။ မှားခဲ့ရင် ပြင်ပေးပါ။ အဲဒီတော့ ကိုမင်းကိုနိုင် အနေနဲ့ ရခိုင်အရေးအခင်းမှာ ဓမ္မ ဘက်မှာ မရပ်ဘူးလို့ ဆိုရင် အဲဒီ ဓမ္မ ဆိုတဲ့အရာက စစ်မှန်တဲ့ ဓမ္မ ဟုတ်မနေလို့ရော မဖြစ်နိုင်ဘူးလား။

    မေးခွန်း (၇)——— ။ဆရာတော်ရဲ့ ဟောပြောချက်တွေမှာ အစ္စလမ်ဘာသာဝင်တွေရဲ့ ၇၈၆ အမှတ်တံဆိပ်ရေးထားတဲ့ ဆိုင်တွေမှာ အားမပေးရဘူးလို့ ပါနေတော့ ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားမှုတွေဖြစ်ပြီး လူ့အဖွဲ့အစည်း ကြားမှာ မယုံကြည်မှုတွေ၊ မုန်းတီးမှုတွေ မဖြစ်စေနိုင်ဘူးလားဘုရား။ ဆိုတာကို ———————–
    “အဲဒါက ဗမာနည်းမဟုတ်ဘူး။ အဲဒါ မွတ်စလင်နည်းလေ။ မွတ်စလင်တွေ အဲဒီအတိုင်း ကျင့်သုံးတာ။”

    အဲဒီအချက်မှာ — ဦးဇင်းအနေနဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေး တို့၊ ငြိမ်းချမ်းရေးတို့ ဒီလောက်လုပ်နေတာတောင် ဒီ ၇၈၆ ကိစ္စကို မသိဘူးဆိုတော့ ဦးဇင်း လုပ်နေတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ၊ ငြိမ်းချမ်းရေးတွေက တကယ် ရင်ထဲက စစ်မှန်တဲ့စေတနာနဲ့ လုပ်နေတာ ဟုတ်ရဲ့လားလို့ သံသယ ၀င်မိပါတယ်။ တကယ်ကို စိတ်ထဲမှာ မကျေလည်ခဲ့ဘူး ဆိုရင် အဲဒီ အချိန်တွေမှာ မေးခဲ့ရမှာ မဟုတ်ဘူးလား။
    တလက်စတည်း အဲဒါလေးကိုလဲ နည်းနည်း ရှင်းပြချင်ပါတယ်။ ကျွန်မတို့ ဆိုင်တွေ အိမ်တွေမှာ ၇၈၆ တပ်ခြင်းသည် “ မဟာကရုဏာတော်ရှင် အလ္လာဟ် အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏” ကို အာရဗီ ဗျည်းအက္ခရာတွေရဲ့ နံပါတ်တွေ ပေါင်းခြင်းနဲ့ ရေးထားတာပါ။ ပြီး ကျွန်မတို့တွေဟာ အစားအသောက်ရဲ့ သန့်ရှင်းစင်ကြယ်မှုကို အထူးကြပ်မတ်ထားတာပါ။ ကုရ်အာန် ကျမ်းစာထဲမှာ သွေးစားဖို့ ခွင့်မပြုထားပါဘူး။ (ဗမာအခေါ် လည်လှီးသား ) လည်ပင်းသွေးကြောကို ဖြတ်ပြီး သွေးကို ကုန်စင်အောင် ထုတ်ထားတဲ့ အသားကိုပဲ စားခွင့်ရှိပါတယ်။ အဲလို လှီးဖြတ်တဲ့အခါမှာလည်း အလ္လာဟ့်ရဲ့ နာမတော်ကို တသ ပြီး မှ လှီးဖြတ်ရပါတယ်။ အဲဒါကြောင့် ၇၈၆ တပ်ထားခြင်းဖြင့် အစားအသောက်ကို လွယ်ကူစွာ ရှာဖွေစားသောက်နိုင်ခြင်းကြောင့် အဲဒီအမှတ်အသားကို တပ်ထားခြင်းဖြစ်ပါတယ်။ အစားအသောက်ဆိုင် ဆိုတာမှာတောင် တခြား အစားအစာ ၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက် စတာတွေကို ကြိုက်တဲ့နေရာက ၀ယ်လို့ ရပါတယ်။

    ဥပမာအနေနဲ့ ပြောရရင်——City Mart ဘယ်သူပိုင်လဲ လူတိုင်းသိပါတယ်။ ရွှေပုစွန် – မွတ်စလင်မ်ပိုင်လား၊ တခြားဘာသာဝင်ပိုင်လား ———– သွားကြည့်လိုက်ပါ။ အယူသည်း ပါတယ်လို့ ခုဝိုင်းပြီး လက်ညှိုးထိုးထားတဲ့ (ဘုရ်ခါ) အမည်းဝတ်တွေ၊ မုတ်ဆိတ်နဲ့ လူတွေ ၊ အဖြူရောင် အရှည်ကြီး ၀တ်ထားတဲ့ လူတွေ ရှောင်လို့တောင် မလွတ်ပါဘူး။ ဒါနဲ့တောင် ခုလိုမျိုး ပြောနေတာကို တကယ် အံ့သြမိပါတယ်။ ကျွန်မကိုယ်တိုင်လဲ အသားကလွဲလို့ ဘယ်ပစ္စည်းမဆို ပစ္စည်းမှန်ပြီး ဈေးမှန်တဲ့ ဆိုင်မှာပဲ ၀ယ်ယူသုံးစွဲပါတယ်။
    ပြီးတော့ သူတို့တပ်လို့ ငါတို့လဲ တပ်မယ်ဆိုတာက ကူးချတာပါပဲ။ ဂေါတမ မြတ်စွာဘုရား ဟောကြားထားတဲ့ ဗုဒ္ဓသာသနာသည် သူများကို ကူးချမှ အောင်မြင်ခြင်းကို ရောက်နိုင်တော့မယ်လို့ ယူဆထားတာပါလား ။ ဒါဆိုရင်တော့ မြတ်စွာဘုရားကိုပါ စော်ကားတဲ့အဆင့်ဖြစ်နေပါပြီ။ ဦးဇင်းအနေနဲ့ ကိုယ့်သာသနာကို ဖြန့်ဖြူးချင်စိတ်များပြီး သတိလက်လွတ်ဖြစ်သွားမှာ စိုးရိမ်မိပါတယ်။

    မေးခွန်း (၈)————————-
    ဖြေထားတာလေးတော့ ကောင်းပါတယ်။ ဒါပေမယ့် —————-

    ပထမအကြိမ် ဦးဇင်း ထောင်ကျခဲ့တာက ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှု ဖြစ်ပွားစေသော စာရွက်စာတမ်းများ ဝေခဲ့တာကြောင့် ဆိုတော့ ထောင်က ထွက်လာပြီးနောက်မှာရော ဦးဇင်းရဲ့ မုန်းတီးရေး အစွဲတွေ တကယ် ကျွတ်ခဲ့ရဲ့လား ဆိုတာကို သံသယဖြစ်မိပါတယ်။

    မေးခွန်း (၉)————
    “အဲဒါအရေးယူရမယ်။ ပေါ်ပေါ်တင်တင်လုပ်တဲ့သူကို အရေးယူတာထက်၊ နောက်ကွယ်ကနေ သွေးထိုးပြီးတော့ သပ်လျှိုနေတဲ့သူတွေကို အရေးယူတာက ပိုပြီးထိရောက်တယ်။ ဥပမာအားဖြင့်- မော်လ၀ီ ဆရာတွေပေါ့။ သူတို့တွေက ကလေးလေးတွေကို စာသင်ပေးတယ်။သူတို့တွေက သွေးခွဲ စကားတွေကို ပြောပြီးတော့ သွေးခွဲတာများတယ်။ ကလေးလေးတွေက ရဟန်းသံဃာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူလိုပဲ။ ဗမာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူကြီးတွေလို။ အဲဒီလိုဖြစ်နေတယ်။ အဲဒီတော့ သွေးခွဲတဲ့သူတွေ၊ အထူးသဖြင့် ကလေးတွေကို မှိုင်းတိုက်ပြီးတော့ သွေးခွဲနေတဲ့နေတဲ့သူတွေကို အရေးယူနိုင်အောင်ကြိုးစားရမယ်။”

    အဲဒါနဲ့ပတ်သက်လို့——————————
    မော်လ၀ီဆရာတွေက ကလေးတွေကို စာသင်ပေးပြီး သွေးခွဲတယ်ဆိုတဲ့ကိစ္စပါ— အပေါ်မှာ ပြောခဲ့သလိုပဲ ဦးဇင်း အနေနဲ့ စိတ်ထဲမှာ မကျေလည်ထားဘူးဆိုရင် ဘာသာပေါင်းစုံငြိမ်းချမ်းရေး လုပ်တဲ့အချိန်တွေမှာ တွေ့ခဲ့တဲ့ ဦးဇင်းရဲ့ မွတ်စလင်မ် မိတ်ဆွေတွေကို မေးကြည့်ခဲ့နိုင်ပါရက်နဲ့ မမေးဘဲ ခု အင်တာဗျူးမှာတောင် ခုလို ထပ်ဖြေထားတာတွေ့ရတော့ ဦးဇင်းရဲ့ ချစ်ကြည်ရေး ကိစ္စကြီးက သံသယဖြစ်စရာကောင်းလှပါတယ်။
    ကြုံတုန်းတလက်စတည်း– တကယ်လို့များ ဦးဇင်းအနေနဲ့ သွားလေ့လာချင်တယ်ဆိုရင် ဦးဇင်းကြိုက်တဲ့ ဘာသာရေး စာသင်ကျောင်းကို လက်ညှိုးထိုးပါ။ တပည့်တော် ခေါ်သွားပေးပါ့မယ်လို့ ဒီနေရာကနေ ပြောချင်ပါတယ်။

    နောက်တစ်ချက်— ကလေးတွေက ရဟန်း သံဃာကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူလိုပဲ လို့ ဖြေထားတော့ မေးစရာ မေးခွန်းလေး တစ်ခု ထပ်ထွက်လာပါတယ်။ ဂေါတမမြတ်စွာဘုရားရဲ့ တရားတော်သည် မေတ္တာတရားတော် ဖြစ်တယ်လို့ ကျွန်မ လေ့လာသိရှိထားပါတယ်။ ဒါဆိုရင် ဘုရားသားတော်ဖြစ်တဲ့ ၊ သံဃာဖြစ်တဲ့ ဦးဇင်းက ကိုယ့်ကို ရန်သူလို ဆက်ဆံတဲ့လူကို မေတ္တာမထားနိုင်ဘူးဆိုတော့ ဦးဇင်းကိုယ်တိုင် ဂေါတမမြတ်စွာဘုရားရဲ့ တရားတော်ကို တကယ်ကျင့်ကြံ အားထုတ်ပါရဲ့လား။

    ကျွန်မ တွေးမိတဲ့ အပိုင်းအစလေးတွေပါ။ ဂေါတမမြတ်စွာဘုရား နဲ့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဗုဒ္ဓသာသနာအား စော်ကားလိုသည့် စိတ် မြူတစ်မှုန်စာတောင် မရှိပါ။ သာသနာဟု အမည်တပ်ပြီး သာသနာဖျက်မှာကိုတော့ တကယ်စိုးရိမ်မိပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံဟာ ဘုရားပုထိုးတွေ အလွန်များပြားပြီး အလွန်သပ္ပါယ်စရာ ၊ နေရာတိုင်းမှာလဲ မြစ်ချောင်းအင်းအိုင် အလှတွေ၊ မတူညီကွဲပြားတဲ့ အလှတွေနဲ့ အလွန်လှပတဲ့ နိုင်ငံလေးပါ။ ကျွန်မ ကိုယ်တိုင် မြန်မာနိုင်ငံရဲ့ ဒုတိယ ဘုရားပုထိုး အများဆုံး မြို့မှာ မွေးဖွားခဲ့ပြီး ကျွန်မရဲ့ မွေးရပ်မြေကိုလဲ အလွန်ချစ်လို့ ကျွန်မ သူငယ်ချင်းတွေကိုယ်တိုင် ကျွန်မရဲ့ နာမည်ရင်းမခေါ်ဘဲ မြို့နာမည်နဲ့ တွဲခေါ်ခဲ့ကြတာပါ။

    ထေရ၀ါဒဗုဒ္ဓဘာသာဝင်အများစု ရှိတဲ့ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံလေးကို ကမ္ဘာမှာ အကြမ်းဖက်နိုင်ငံ၊ အစွန်းရောက်နိုင်ငံဆိုပြီး နာမည်ပျက်မှာကိုတော့ အရမ်းစိုးရိမ်မိပါတယ်။

    ကျွန်မ အစ္စလာမ် ဘာသာကိုသက်ဝင်ယုံကြည်တဲ့ မွတ်စလင်မ်တစ်ယောက်ပါ။ ဒါပေမယ့် အကြမ်းဖက် အစွန်းရောက် မဟုတ်ပါဘူး။

    Jue Jue Than FB စာမျက်နှာ မှ ကူးယူဖော်ပြပါသည်။
  • လွတ်လပ်စွာ ပြောဆိုခွင့်က မွတ်စလင်မ် ဆန့်ကျင်ရေး အဓိကရုဏ်းဆီသို့ ဦးတည်နေ

    မတ်လ ၂၉ ၊ ၂၀၁၃

    M-Media

    hate-speech-is-not-free-speech

    • မြန်မာနိုင်ငံတွင် ၆ လနီးပါး ဖြစ်ပွားခဲ့သော အကြမ်းဖက် အဓိကရုဏ်းများက နိုင်ငံ၏ အဓိကမြို့ကြီးများသို့ တဖြည်းဖြည်းချင်း ရွေးလျားလာ လျက်ရှိကာ နိုင်ငံရပ်ခြားမှ အထူးသဖြင့် မွတ်စလင်နိုင်ငံများမှ ပိုမို သတိပြုမိလာလေသည်။
    • အရေးပေါ်အခြေအနေ ကြေညာမှု၊ အဓိကရုဏ်းတိုင်းတွင် စစ်တပ်၏ အကူအညီကို ရယူမူ အပါအ၀င် ဆိုးရွားသော လုံခြုံရေးစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အစိုးရမှာ ပြည်တွင်းပြည်ပရှိ လူ့အခွင့်အရေး လှုပ်ရှားသူများ၏ မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရလေသည်။
    • အဓိကရုဏ်များတွင် သေဆုံးမှု၊ ဒဏ်ရာရရှိမှု၊ ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးမှုများက ဦးသိန်းစိန်အစိုးရအား လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေပြီး ၎င်းတို့၏ ထိလွယ်ရှလွယ်သောကြိုးပမ်းမူဖြစ်သော  မြန်မာနိုင်ငံကို အာဏာရှင်စနစ်မှ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ပြုပြင်ပြောင်းလဲရန် အန္တရာယ်နှင့် ရင်ဆိုင်လာခဲ့ရသည်။
    • ဒီမိုကရေစီတွင် လွတ်လပ်စွာ ပြောဆိုမှု လိုအပ်ပင်လိုအပ်သော်ငြား ယခုအချိန်တွင် ထိုလွတ်လပ်စွာ ပြောဆိုမှုက မြန်မာနိုင်ငံအား အန္တရာယ် သင့်နေစေသည်။ အထူးသဖြင့် အစွန်းရောက်များ၊ မွတ်စလင် ဆန့်ကျင်ရေးဆောင်ရွက်သူများက ထိုလွတ်လပ်စွာပြောဆိုမှုများ ချယ်လှယ်ထားပြီး နိုင်ငံသားများ၏ သတင်းစာပုံရိပ်ကို ထိန်းချုပ်ထားလေသည်။ ထိုအခြေအနေကို အစိုးရနှင့် လူမှုအဖွဲ့အစည်းများ အချိန်မီ တုံ့ပြန်ဟန့်တားမှု မပြုလျှင် နိုင်ငံမှာ အကျဘက်ကို ဦးတည်စေနိုင်ပြီး ခန့်မှန်းရခက်သည့် ရှုပ်ထွေးပွေလီသော အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အကျိုးဆက်များမှာလည်း ဆိုးရွားပေလိမ့်မည်။
    • ထိုကဲ့သို့ လွတ်လပ်စွာပြောဆိုမှုအားတလွဲသုံးမှုအတွက် သင့်လျော်သော အဖြေမှာ ပိုမို၍ လွတ်လပ်စွာပြောဆိုခွင့် (အမှန်အတိုင်းပြော ဆိုခွင့်) ဖြစ်လေသည်။ သို့ရာတွင် အဆိုပါ ကိစ္စမှာ အချို့သော အကြောင်းများကြောင့် အာဏာရှင်အလွန် မြန်မာနိုင်ငံတွင် အလုပ်ဖြစ်နိုင်မည်မဟုတ်ပေ။
    • အရေးအကြီးဆုံးပြဿနာမှာ အစိုးရအဖွဲ့၊ အတိုက်အခံအဖွဲ့နှင့် လူမှုအဖွဲ့အစည်းများက အစွန်းရောက်များနှင် စေ့စပ်ဆွေးနွေးရာတွင် မအောင်မြင်မှုပင်ဖြစ်သည်။
    • သမ္မတဦးသိန်းစိန်မှာ သူ၏ ပြုပြင်ပြောင်းလဲရေးကျွေးကြော်မှုကြောင့် ချီးကျူးခြင်းခံခဲ့ရလေသည်။ သို့ရာတွင် ဗုဒ္ဓဘာသာဝင်များ၏ လူနည်းစုများအပေါ် သတ်ဖြတ်မှုများ၊ သုတ်သင်ရှင်းလင်းမှုများကို လူသိရှင်ကြား ရှုတ်ချရန် သူက ငြင်းဆိုခဲ့သည်။
    • နိုဘယ်ဆုရှင် အောင်ဆန်းစုကြည်မှာလည်း လူနည်းစုများအား ကာကွယ်နိုင်မည်ဟု သူမမျှော်လင့်သည့် ဥပဒေသစ်ကို ပြဌာန်းရန် တိုက်တွန်းရုံမျှသာ ရှိခဲ့သည်။
    • တစ်ချိန်က အစွန်းရောက်များကို ထောင်သွင်းအကျဉ်းချ၍ လူမဆန်စွာ နှိပ်စက်၊ ညှင်းပန်း၊ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သော စစ်တပ်မှာလည်း ယခုအခါ ထိုလုပ်ရပ်များကို လုံးဝ စွန်းလွှတ်ခဲ့ပြီးဖြစ်လေသည်။ ယခုအချိန်တွင် စစ်တပ်မှာ ဥပဒေစိုးမိုးမှုကို ထိန်းသိမ်းရန် သမ္မတ၏ တိုက်ရိုက် အမိန့်ပေးလာသော အခါ ကြားဝင်ဆောင်ရွက်ပေးပြီး တရားဥပေဒကို အကောင်ထည်ဖော်သည့် အဖွဲ့အစည်းအဖြစ် ဆောက်ရွက်ခြင်း မရှိတော့ချေ။
    • ထို့ကြောင့်ပင် ဆူပူအကြမ်းဖက်သူများ အစွန်းရောက် အုပ်စုများမှာ သတင်းလောကကို ထိန်းချုပ်နိုင်ရုံသာမက လွတ်လပ်စွာပြောဆိုခွင့်ကို အသုံးချ၍ ၎င်းတို့ ပေးချင်သောသတင်းပုံစံကို အတားအဆီးမရှိ ဖြန့်ချီလျက်ရှိလေသည်။
    • မြန်မာနိုင်ငံတွင် လွတ်လပ်စွာပြောဆိုခွင့် ကျရှုံးမှု၏ အဓိကကျသောအချက်မှာ ယခုလက်ရှိ အင်တာနက်စာမျက်နှာနှင့် သတင်းလောကကို လွှမ်းမိုးထားသော  အစွန်းရောက်များအား ပြန်လည် တုံ့ပြန်ရန် မစွမ်းနိုင်ခြင်းပင်ဖြစ်သည်။
    • မြန်မာနိုင်ငံဆိုင်ရာ သတင်းပေးပို့သူဖြစ်သည့် James Hookway မှ ပြီးခဲ့သည့် အင်္ဂါနေ့က ဝေါစထရိ ဂျာနယ်သို့ပေးပို့သော သတင်းတစ်ခုတွင် မျှတစွာ ရေးသားဖော်ပြထားသော သတင်းများကို ကျော်လွန်၍  အခြားအယူဝါဒများကိုပုတ်ခတ်ကာ မြန်မာ အင်တာနက် လောကကို ခြယ်လှယ်နေသည့် ဗုဒ္ဓဘာသာ ၉၆၉ လှုပ်ရှားမှုကဲ့သို့ အကြမ်းဖက် လုပ်ငန်းများကို အစပျိုးနေသည့် အဖွဲ့များနှင့်ပက်သက်၍ ပုံဖေါ်ရေးသားထားလေသည်။
    • ၉၆၉ ကဲ့သို့ အဖွဲ့များက အလွှမ်းမိုးနေနေသော အင်တာနက် ပေါ်တွင် အမှန်တရားလွှမ်းမိုးစွမ်းမရှိပေ။
    • မြန်မာလူမျိုးများ၏ အမုန်းတရားများနှင့် လူမျိုးခြားကြောက်ရွံ့ခြင်းရောဂါတို့ကို အဆိုပါ အစွန်းရောက် အမျိုသားရေးဝါဒီများ၏ သတင်းများက ထိန်းချုပ်ခြင်းမရှိဘဲ ထိုရောဂါများကို ပျံ့နှံ့စေရန်သာ မီးထိုးပေးလျက်ရှိသည်။
    • မြန်မာ နိုင်ငံ ဆက်သွယ်ရေး နည်းလမ်းများကို  တိတိကျကျကောက်ယူထားသော စစ်တမ်းများအရ အမုန်းတရား ဖြန့်ဝေနေမှုများကို အမှန်တရားများဖြင့် ပြန်လည်တုန့်ပြန်ရန် နည်းလမ်းများအလွန်နည်းပါးသည်ဟု အံသြစွာတွေ့ရှိရသည်။
    • သတင်းစာများနှင့် မဂ္ဂဇင်းများမှာလည်း အားကိုးလောက်စရာမရှိဘဲ၊ တီဗွီနှင့် ရေဒီယိုများတွင် ဖော်ပြသည့် သတင်းများမှာလည်း ယုံကြည် စိတ်ချရခြင်းမရှိပေ။
    • သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(ICT) မှာလည်း ထိုနည်း လည်းကောင်းပင်ဖြစ်ရာ မျှတသည့် သတင်း ဌာနများမှာ မြန်မာနိုင်ငံတွင် အခွင့်အရေး မရရှိပေ။
    • နိုင်ငံလူဦးရေ သန်း၆၀ တွင်၊ သုံးသန်းမှာ မိုဘိုင်းဖုန်းများကို အသုံးပြုနေကြသည်။ လူ လေးသန်းမှာ အင်တာနက်အသုံးပြုမှု လုံးဝမရှိချေ။ နိုင်ငံလူဦးရေ၏ ၁ ရာခိုင်းနှုန်း မရှိတရှိ ပမာဏကပင် အင်တာနက်သုံးစွဲမှုရှိလေသည်။ နိုင်ငံရှိ မိုဘိုင်းဖုန်းအော်ပရေတာ သုံးခုစလုံးကို အစိုးရမှ ထိထိရောက်ရောက် ထိန်းချုပ်ထားလေသည်။
    • အကျဉ်းချုံးပြောရမည်ဆိုလျှင်  အစွန်းရောက်များ၏ လှုံ့ဆော်မှုများမှာ အသံထွက်နိုင်ကြပြိး  ၉၆၉ အဖွဲ့ဝင် ဆရာတော် ၀ီရသူကဲ့သို့ အစွန်းရောက် ဘုန်းကြီးများကို အင်တာနက်အပါအ၀င် မီဒီယာများ၊ လူမှုဖွဲ့အစည်းများနှင့် အစိုးရတို့က ထိထိရောက်ရောက် တုံ့ပြန်ခြင်းမရှိသေးပေ။
    • ဤအခြေအနေများမှာ မြန်မာနိုင်ငံရှိ လွတ်လပ်စွာပြောဆိုမှုအတွက် အချိုးအကွေ့ကာလပင်ဖြစ်သည်။ အစွန်းရောက်ဘုန်းကြီးများနှင့် အမျိုးသားရေးဝါဒီများ၏  လွတ်လပ်စွာပြောဆိုမှုက အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားမည်လားဆိုသည်ကို နိုင်ငံသားများနှင့် အစိုးရအဖွဲ့က ဆုံးဖြတ်ရပေမည်။
    • အစိုးရထိပ်တန်းအရာရှိများက ထိုအမုန်းတရားဖြန့်ဝေနေမှုများကို ထုတ်ဖော်လိုက်လျှင်၊ ထိရောက်သော အင်တာနက်အခြေပြု မီဒီယာမှ လူထူအမြင်ကို ပြောင်းလဲပေးနိုင်လျှင်၊ အစိုးရမှ ထိုအမုန်းတရားဖြန့်ချီမှုကို ထိန်းချုပ်ရန် စစ်တပ်မှ အသုံးပြုခဲ့သည့် နည်းလမ်းဟောင်းကို ပြန်လည် အသုံးပြုကောင်း ပြုပေလိမ့်မည်။ ထိုနည်းလမ်းဟောင်းကို အသုံးချမှုသည် ရွှေမှုံကြဲဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုကို ထိခိုက်မည်ဖြစ်သော်လည်း လူနည်းစုများ အထူးသဖြင့် မွတ်စလင်များအပေါ်သို့ ပစ်မှတ်ထားတိုက်ခိုက်မှုများ ရပ်တန့်သွားပေလိမ့်မည်။ ထိုအချင်းအရာမှာ မိမိကိုယ်ပိုင် ပုံစံဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်သူ တစ်ဦးအတွက် ခက်ခဲသည့် စိန်ခေါ်မှုမျိုးဖြစ်လေသည်။ သို့ရာတွင် လူမျိုးရေးအဓိကရုဏ်များ မဆိုးရွာမီ ဦးသိန်းစိန်မှာ ခက်ခဲသော ရွေးချယ်မှုတစ်ခုကို မကြာမီ ရင်ဆိုင်ရပေလိမ့်မည်။

    BangkokPost မှ Free speech runs riot as anti-Muslim radicals fill vacuum   ဆောင်းပါးကို M-Media မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

  • လတ်တလော ဖြစ်ပွားခဲ့သည့် အကြမ်းဖက် အဓိကရုဏ်းများ နှင့် M-Media အယ်ဒီတာအဖွဲ့ သဘောထား

    လတ်တလော ဖြစ်ပွားခဲ့သည့် အကြမ်းဖက် အဓိကရုဏ်းများ နှင့် M-Media အယ်ဒီတာအဖွဲ့ သဘောထား

    M-Media
    မတ်လ ၃၀ ရက်၊ ၂၀၁၃
    [Editorial]

    လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ မွတ်စလင်မ်ဆန့်ကျင်ရေး အဓိကရုဏ်းကြောင့် နိုင်ငံတကာ မီဒီယာတွေ မှာတော့ မြန်မာ သတင်းတွေ ခေါင်းကြီးပိုင်းက ဦးဆောင်ခဲ့ပါတယ်။ တချို့ကလည်း တုန်လှုပ်ဖွယ်ကောင်း တဲ့ ခေါင်းစဉ်မျိုးတွေနဲ့ အဖြစ်မှန်ကို ဒဲ့ရေးကြသလို တချို့ကလည်း သွယ်ဝိုက်စွာနဲ့ အကြံပြုကြတာမျိုး ရှိပါတယ်။

    သို့သော် မြန်မာပြည်တွင်း အခြေဆိုက် မီဒီယာကြီးတွေကတော့ ဒီလိုမျိုး ကြောက်မက်ဖွယ်ရာ အဓိကရုဏ်းကြီးကို ဖြစ်ရပ်မှန် အတိုင်း ခေါင်းစဉ်တပ်ဖို့ ရာ တော်တော်လေး ရွံ့နေပုံရပါတယ်။ ထိုနည်းတူ ပြန်ကြားရေး ဒုဝန်ကြီး  ဦးရဲထွဋ်ကလည်း အမေရိကန် သံအမတ်ကြီး  ဒီရက်မစ်ချဲလ်ရဲ့ “violence against Muslim communities” ၊ “မွတ်စလင်မ် ဆန့်ကျင်ရေး အဓိကရုဏ်း” ဆိုတဲ့ အသုံးအနှုံးကို နားလည်မှု လွဲမှားခြင်း သာဖြစ်တယ်လို့ ဆိုပါတယ်။

    အိမ်ရှင်/ဧည့်သည်ဆိုတဲ့ မှတ်ချက်အချို့ကြောင့်လည်း ပြည်တွင်းက native မြန်မာမွတ်စလင်မ်တွေ သာမက ချင်း၊ ကရင်၊ လီဆူး၊ ကချင်နဲ့ လားဟူ စတဲ့ တိုင်းရင်းသားတွေအတွက်ပါ အနည်းနဲ့ အများစိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ခဲ့ရသလို အချို့သော ရဟန်းသံဃာတော်တွေရဲ့ အပြု သဘောဆောင် မှတ်ချက်တွေ၊ လူသားချင်းစာနာစွာ ကူညီပံ့ပိုးမှုတွေကြောင့်လည်း ကျေနပ်ပီတိဖြစ်စရာတွေ ရှိခဲ့ပါတယ်။

    ပြည်ပ မီဒီယာ ပယောဂ

    ပြည်ပမီဒီယာတွေအနေနဲ့ လက်တံခြေတံရှည်တဲ့ အဖွဲ့ကြီးတွေဆီကနေ ရတဲ့ အချက်အလက် တွေအပေါ်အခြေခံပြီး၊ အဖြစ်အပျက် အပေါ်မှာ ဂဃနဏနားမလည်ဘဲ ရေးသားတာတွေ၊ သတင်းထုတ်ပြန်တာတွေ ရှိနေတယ်လို့ မှတ်ချက်ပေးမှုမျိုး ရှိခဲ့ပါတယ်။ ဒီမှတ်ချက်ကတော့ အဓိကရုဏ်းဆီ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့တဲ့ ကိုမင်းကိုနိုင်ရဲ့ မှတ်ချက်နဲ့ ကွဲပြားနေပါတယ်။ အဓိကရုဏ်းတားဆီးရေးနဲ့ ဓားစာခံပြစ်မှတ်တွေကို ဘယ်သို့ဘယ်ပုံ ကာကွယ်မလဲ၊ ကူညီမလဲဆိုတာတွေက သာပြီး အဓိကကျနေတဲ့ အချိန်မှာ ဒါမျိုးမှတ်ချက်က စိတ်ပျက်ဖွယ်ပါပဲ။

    ဘာကြောင့် လဲဆိုတော့ အဲဒီလို ပြည်ပအခြေဆိုက်မီဒီယာတွေထဲမှာ မြန်မာပြည် ဒီမိုကရေစီကြိုးပမ်းမှု တလျောက် ကူညီပံ့ပိုးခဲ့ကြတဲ့ မီဒီယာတွေ ပါနေသလို လက်ရှိမှာလည်း မြန်မာပြည်အရေး ကျွမ်းကျင်တဲ့ expert တွေကို ဖိတ်ခေါ်ဆွေးနွေး တင်ပြနေကြတဲ့ မီဒီယာတွေလည်း ပါဝင်နေလို့ပါပဲ။

    မြန်မာ့အရေး ကျွမ်းကျင်သူတွေနဲ့ မျက်မြင်သက်သေ နိုင်ငံခြားသားများ

    နိုင်ငံတကာက မြန်မာ့အရေးကျွမ်းကျင်သူတွေနဲ့ မြန်မာပြည်ရောက်ဖူးတဲ့ နိုင်ငံခြားသားတွေရဲ့ မှတ်ချက်က သေချာပြီး စိတ်ခံစားချက် မပါတဲ့ မှတ်ချက်တွေ ဖြစ်ပါတယ်။ မွတ်စလင်မ်တွေနဲ့ပတ်သတ်ရင် ခက်ထန်တင်းမာတဲ့ ရဟန်းအချို့ရဲ့ ဟောပြောချက်တွေကို ဗုဒ္ဓဘာသာဝင်အချို့က မျက်စိမှိတ်ယုံလေ့ရှိတယ်၊ အဲဒီသူတွေထဲမှာ ထူးဆန်းစွာနဲ့ပဲ ပညာတတ် အသိုင်းအ၀န်းကလူတွေပါ ပါဝင်နေတယ်ဆိုတာကို သူတို့တွေရဲ့ မှတ်ချက်တွေမှာ တွေ့ရှိရပါတယ်။

    က) ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ အမုန်းတရားများစေမယ့် Hate Speech တွေကို နားရည်ဝနေတာကြောင့်၊ မိတ္ထီလာမြို့ဖြစ်စဉ်မှာ မွတ်စလင်မ် လူတန်းကြီးကို ခေါ်ထုတ်လာတုန်း ဘေးကနေ ရိုက်ရိုက်၊ သတ်ပြစ်လို့ အော်နေကြတဲ့ ဗွီဒီယိုဖိုင် ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

    ခ) အစ္စလာမ်ဘာသာဝင် ကိုတင်ဝင်း အကြောင်းနဲ့ အဆုံးသတ်ပြီး အတွေးများစွာ မွေးထုတ်ပေးတဲ့ ဆောင်းပါးတစ်ပုဒ် ကို မြန်မာ့အရေး ကျွမ်းကျင်သူ ANU ပရော ဖက်ဆာနှစ်ဦးဖြစ်တဲ့ Dr Andrew Walker နဲ့ Dr Nicholas Farrelly တို့ ဦးစီးတဲ့ New Mandala မှာ ဖတ်ရှုရပြန်ပါတယ်။

    ဂ) ဧရာဝတီမှာ မိတ္ထီလာက ကိုယ်တွေ့ဖြစ်ရပ်ကလေးကို တင်ပြပေးခဲ့တဲ့ Geoffrey-hiller ရဲ့ ဆောင်းပါး ကလည်း ငြိမ်းချမ်းနေတဲ့ မြို့ကလေးကို သာမာန်စကားအခြေအတင်များရာကနေ ပြာကျသွားတဲ့ ဖြစ်ရပ်က ဘာကြောင့်များပါလဲ ဆိုတာ လှလှပပ ပုံဖော်ပြထားပြန်ပါတယ်။

    နိုင်ငံခြားသား မြန်မာ့အရေး ကျွမ်းကျင်သူတွေ ကိုယ်တိုင် ဖော်ပြပါဆောင်းပါးတွေမှာ ဗုဒ္ဓဘာသာ ရဟန်းအချို့ရဲ့ မုန်းတီးရေးအခြေခံ အစ္စလာမ်ဆန့်ကျင်ရေး တရားတွေကို မီးမောင်းထိုး ထောက်ပြနေကြပါတယ်။

    အရင်းအမြစ်ကို မထိုးဆွရဲတာ ဘာကြောင့်လဲ

    နိုင်ငံတကာက မြန်မာ့အရေးကျွမ်းကျင်သူများရဲ့ မှတ်ချက်တွေပေါ်အခြေခံတဲ့ နိုင်ငံခြားမီဒီယာတွေကို မဝေဖန်ခင်၊ မြန်မာပြည်မှာ သူတို့ထောက်ပြတဲ့ ရဟန်းဟော hate speech တွေ ရှိနေသလားဆိုတာကို တိုက်ရိုက် ထောက်ပြ ပြောဆိုကြရပါမယ်။

    ဒါကို ယနေ့ထိ မြန်မာပြည်က တာဝန်ရှိသူတွေရော၊ တခြားအဖွဲ့အစည်းတွေပါ မပြုလုပ်ကြသေးပါ။ ဒီလိုမျိုး လမ်းဘေး က အမုန်းတရားဖြန့်ချိရေး တရားပွဲတွေ၊ စာတမ်းဖြန့်ဝေမှု၊ စီဒီဖြန့်ဝေမှုတွေ၊ စာအုပ်စာတမ်းဖြန့်ဝေမှုတွေ ဟာ မိတ္ထီလာအဓိကရုဏ်းကြီးမစတင်မီ အမှန်တကယ်ရှိခဲ့လို့လည်း ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင်က သူ့အနေနဲ့ ဒီလိုမျိုး အဓိ ကရုဏ်းကြီးဖြစ်လာမယ်ဆိုတာ ကြိုတင် ခံစားမိနေတဲ့အကြောင်း ပြောပြခဲ့တာဖြစ်ပါတယ်။

    ဒါ့ပြင် နိုင်ငံတကာ မီဒီယာကို အရှိန်မြင့်ပေးလိုက်တဲ့ အဖြစ်အပျက်က သတင်းထောက်တွေကို အကြမ်းဖက်သမားတွေက ရန်မူကြခြင်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး အလဲဗင်း မီဒီယာကလည်း ဘာသာရေး အဆောက်အဦကို ဖျက်ဆီးနေချိန် မှာ ဓာတ်ပုံရိုက်ခွင့်မပေးဘူးလို့ သတင်းဖော်ပြခဲ့ပါတယ်။

    အဲဒီလိုမျိုး အမုန်းတရားပြန့်ပွားဖို့ လုပ်ဆောင်နေတဲ့ လူတစ်စုကို တားဆီးဖို့၊ တိုက်ရိုက်ပြစ်တင်ပြောဆိုဖို့ ဘာကြောင့် ပျက်ကွက်နေကြတာပါလဲ။

    ကုလ ကိုယ်စားလှယ် မစ္စတာကင်တားနားကတော့ မွတ်စလင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေမှာ ရဲ၊ စစ်တပ်နဲ့ တခြားသော အစိုးရတာဝန်ရှိသူတွေ ကိုယ်တိုင် ရပ်ကြည့်နေတာကြောင့် အကြမ်းဖက်မှုနောက်ကွယ်မှာ အစိုးရ အဖွဲ့အစည်း အချို့ပါဝင်ပတ်သတ်နေတယ်ဆိုတဲ့ သတင်းတွေ ရရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

    ဒီအချက်ကို မြန်မာအစိုးရက ငြင်းဆိုပေမယ့် ကျိုးကြောင်းပြရာမှာတော့ အားနည်းချက်တွေ၊ သံသယ ပွားစရာတွေ ရှိနေသလို နိုင်ငံတကာကလည်း ဒီအဓိကရုဏ်းကြီးက ဘာကြောင့်ဖြစ်လာသလဲဆိုတဲ့အပေါ်မှာ အာရုံခံနေကြတဲ့ အချိန် အရင်းအမြစ်ကို ချပြထားတာမျိုး မရှိသေးပါ။ မြေပြင်အခြေ အနေကို တိုက်ရိုက်မြင်တွေ့ခဲ့တဲ့ ကိုမင်းကိုနိုင်နဲ့ NLD အမတ် ဦးဝင်းထိန်တို့ရဲ့ မှတ်ချက်ကလည်း ကင်းတားနားအဆိုကို ထောက်ခံနေတယ်ဆိုတာ သတိချပ်ရမှာပါ။

    မြန်မာပြည်ရဲ့အလားအလာ

    တစ်နှစ်အတွင်းမှာတင် အဓိကရုဏ်းတွေ စဉ်ဆက်မပြတ်ဖြစ်နေတဲ့ မြန်မာပြည်ထဲ ဘယ်သူတွေက ရင်းနှီးမြှပ်နှံဖို့ စွန့်စားရဲပါ့မလဲ။ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုတွေနဲ့အတူ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ၀င်လာမယ့်အပေါ်မှာ ၉၆၉ ဆိုတဲ့ အဟန့်အတားကို ဘယ်သူက တာဝန်ယူပေးမလဲ။ စတဲ့မေးခွန်းတွေ စီရရီထွက်ပေါ်လာပါပြီ။ အလားအလာမကောင်းတဲ့ လက္ခဏာလို့ သုံးသပ်ကြမှာဖြစ်သလို နိုင်ငံခြားရောက် မြန်မာပြည်သား အသိပညာရှင် အတတ်ပညာရှင်တွေအနေနဲ့လည်း နိုင်ငံတွင်း ပြန်လာဖို့ စဉ်းစားစရာ ဖြစ်နေပါပြီ။

    နောက်ဆုံးအဖြေ

    အမ်-မီဒီယာအနေနဲ့ မြန်မာပြည်တွင်းက ဗုဒ္ဓဘာသာဘုန်းတော်ကြီးများသာမက အချို့သော ဗုဒ္ဓဘာသာဝင်များရဲ့ လူသားချင်း စာနာမှု၊ မေတ္တာ ကရုဏာရှေ့ထားပြီး ဆောင်ရွက်ကြတဲ့ စေတနာ့ဝန်ထမ်း အမှုများကို ၀မ်းမြောက်ဂုဏ် ယူစွာဖြင့် အသိအမှတ်ပြု မှတ်တမ်းတင်ပါတယ်။

    ထို့အတူ ဒီလိုအရေးအခင်းကြီးမျိုး နောက်ထပ် မဖြစ်စေဖို့ အမ်-မီဒီယာက ရှုထောင့်ကဏ္ဍ တစ်ခုကနေ တင်ပြချင်တဲ့ အဖြေများ သို့မဟုတ် တောင်းဆိုမှုများကတော့ –

    ၁) အကြမ်းဖက်မှုမှာ ဘာသာသာသနာမရှိပါ။ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတွေ သဘောထားထုတ်ပြန်ခဲ့ သလိုပါပဲ၊ အရေခြုံသံဃာ အချို့ကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုကို အခြေတည်ပြီး ဘာသာသာသနာတစ်ခုကို ယိုးမယ်ဖွဲ့ဖို့ မဖြစ်နိုင်ပါ။ သို့သော် လူမျိုးဘာ သာပေါင်းစုံ ပါဝင်နေတဲ့ မြန်မာပြည်သူလူထုကြီးထဲက အုပ်စုတစ်စုကိုတော့ဖြင့် ငါးပိတုန်းကျီးချီသလို တတိတတိနဲ့ မျိုးမတုန်းသွားဖို့ရာ သဘောထား တင်းမာသူတွေ၊ သင်္ကန်းခြုံပြီး မူတစ်မျိုးထွင် နေကြတဲ့အုပ်စုတွေ၊ စတာတွေသာမက အချိန်ကိုက် ၀ါဒဖြန့်မှိုင်းတိုက် သူတွေကိုပါ ဖော်ထုတ် အရေးယူရပါမယ်။

    ၂) ဘာသာသာသနာအချင်းအချင်း သဘောပေါက်နားလည်မှုမြင့် တက်စေဖို့ ၉၆၉ တရားပွဲတွေနေရာမှာ အမေရိကန် သံအမတ်ကြီး အဆိုပြုတဲ့ interfaith dialogue တွေ၊ ဖိုရမ်တွေ၊ ဒါ့အပြင် အခြေခံပညာကျောင်းများမှာပါ ကလေးများ အကြား အမြင်မကြည်လင်မှုတွေကိုကုစားပေးမယ့် အစီအစဉ်တွေနဲ့ အစားထိုးရပါမယ်။

    ၃) ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့၊ လုံခြုံမှုပေးဖို့ဆိုတာ မိန့်ခွန်းပြောကြားယုံနဲ့ မဖြစ်နိုင်ပါ။ ဒါကြောင့် လက်တွေ့အကောင် အထည်ဖော်မှုတွေသာမက နောက်ကွယ်ကြိုးကိုင်လှုပ်ရှားသူတွေကိုပါ ပြည်သူ့ရှေ့ ချပြဖို့ လိုအပ်ပါတယ်။

    ၄) ဒါ့ကြောင့် မိတ္ထီလာ အဓိကရုဏ်းစုံစမ်းစစ်ဆေးရေးကော်မတီရဲ့ အစီရင်ခံစာက အဓိကအချက်အလက်များကို တိုက်ရိုက်ပြောဆို တင်ပြတာမျိုး ဖြစ်နေပြီး နိုင်ငံတကာရဲ့ သို့လောသို့လောအခြေအနေများသာမက ပြည်သူလူထုရဲ့ ကျီးလန့်စာ စားနေရတဲ့အဖြစ်များကိုပါ ပပျောက်သွားစေမယ်လို့ မျှော်လင့်ပါတယ်။

    ၅) အခြေခံဥပဒေမှာ အတိအလင်းပါရှိတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို ချိုးဖောက်တဲ့ ဘယ်လို လုပ်ဆောင်ပြောဆိုချက်ကို မဆို ကျောသားရင်သား မခွဲခြားဘဲ တရားဥပဒေနှင့် အညီ အရေးယူဆောင် ရွက်နိုင်မယ့် တရားရေးမဏ္ဍိုင် အားကောင်းမှန်ကန်ဖို့ ဆောင် ရွက်ပေးစေ လိုပါတယ်။

    ၆) ယခင် အာဏာရှင် လက်ထက်မှာ “အမျိုးပျောက်မှာ စိုးကြောက်စရာ” လိုမျိုး အပုတ်ချအမြတ်ထုတ် ၀ါဒဖြန့်တဲ့ စာအုပ်စာတမ်းတွေ လက်သိပ် ထိုးဖြန့်ချိခဲ့ပါတယ်။ ယနေ့မှာတော့ အဲဒီစာအုပ်ပါ အကြောင်းအရာမျိုးတွေကို ပေါ်ပေါ်ထင်ထင် ဟောပြော တင်ပြနေတာတွေ၊ အခွေများ၊ စာအုပ် များဖြန့်ချိနေတာတွေ ပြုလုပ်နေကြပါတယ်။ ဒါကြောင့် အုပ်စုနှစ်ခုအကြား အမုန်းတရား ပွားများခြင်းမျိုးမရှိဖို့အတွက် ပြစ်မှုဆိုင်ရာဥပဒေ (ယခင် ရာဇသတ်ကြီး) အခန်း ၁၅ ဘာသာသာသနာ ဆိုင်ရာပြစ်မှုများ ပုဒ်မ ၂၉၅(က) အား လက်တွေ့ အသက်ဝင်လာစေ ဖို့ ဆောင်ရွက်ပေးစေ လိုပါတယ်။

    အေးချမ်းသာယာသော လူမျိုးသာသနာပေါင်းစုံ စုစည်းရာ ဒီမိုကရေစီပြည်ထောင်စုကြီးကို လိုလားလျက် –