News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • နာဇီလက်သစ် ဗုဒ္ဓဘာသာဝင် အုပ်စုကို မြန်မာ အစိုးရမှ ဦးတည်လာခြင်း (ဘာသာပြန်)
    ဧပြီ ၈ -၂၀၁၃
    မူရင်း-The Straits Times မှဖော်ပြသည့် Myanmar govt targets ‘neo-Nazi’ Buddhist group 969 movement blamed for role in anti-Muslim violence ဆောင်းပါးကို M-Media မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
    မွတ်စ်လင်မ်ဆန့်ကျင်ရေးအခန်းကဏ္ဍနှင့်ပါဝင်ပတ်သက်သည်ဟု ပြစ်တင်ရှုံ့ချခံနေရသော နာဇီလက်သစ် ဗုဒ္ဓဘာသာဝင်အုပ်စုကို  မြန်မာအစိုးရမှ ဦးတည်လာခြင်း
    neo-nazi969
    ၉၆၉ ကို ဗုဒ္ဓ၀ါဒ၏အမှတ်သညာကဲ့သို့ ပြုလုပ်၍ မြန်မာနိုင်ငံ၏လက်သစ်နာဇီများ ဟု သတ်မှတ်ခံနေရသောအုပ်စု၏ မွတ်စ်လင်မ်ဆန့်ကျင်ရေး လှုပ်ရှားဆောင်ရွက်ချက်သည် နိုင်ငံတစ်ဝှန်းမှ စောင့်ကြည့်ခံနေရသည့်အနေအထားသို့ ရောက်လာပြီဖြစ်သည်။
    အကြမ်းဖက်မှုကိုလက်ပြောင်းပေးခြင်း မဟုတ်ကြောင်း သက်သေပြရန်အလို့ငှာ အစိုးရပိုင်းမှ ယင်းအုပ်စုအား စတင်ဆန့်ကျင်ဆောင်ရွက်လာသည်။ ရခိုင်လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရဲမင်းဦးသည် လွန်ခဲ့သည့်လအတွင်း လူ ၄၀ ဦးထက်မနည်း အသက်ဆုံးရှုံးစေခဲ့သော မိတ္ထီလာမြို့အကြမ်းဖက်မှုဖြစ်လာအောင် လှုံ့ဆော်သူများအနက် အပါအ၀င်ဖြစ်သည်။ အကြမ်းဖက်မှုစွဲချက်ဖြင့် မတ်လ ၂၅ ရက်တွင် ထိန်းသိမ်းခံရပြီး၊ ကြာသပတေးနေ့က ရန်ကုန်တရားရုံးတစ်ခု၌ စစ်ဆေးခဲ့သည်။
    မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုသည် ပဲခူးဒေသ၌ ထပ်မံဖြစ်ပွားခဲ့ရာ NLD ပါတီဝင် အောင်မြတ်သူ ကိုလည်း မတ်လ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း RFA မှ ပြောကြားသည်။ ရခိုင်လူငယ်အစည်းအရုံးအဖွဲ့ဝင် ဖိုးသား ကိုလည်း ရဲမင်းဦးနှင့် လည်းကောင်း၊ မွတ်စ်လင်မ်မုန်းတီးရေးတရားများဖြင့် ကျော်ကြားနေသူ မန္တလေးအခြေစိုက် ဗုဒ္ဓဘာသာဘုန်းကြီး ဦးဝီရသူနှင့်လည်းကောင်း ပတ်သက်ဆက်နွှယ်မှု ရှိမရှိဟူသည် အာဏာပိုင်များက မေးမြန်းခဲ့ကြောင်း RFA မှ ၄င်း၏စကားအား ကိုးကား ဖော်ပြခဲ့သည်။
    ၉၆၉ လှုပ်ရှားမှုသည် ရခိုင်ပြည်နယ်အတွင်းမှ ခါတော်မှီစတင်လာခဲ့ခြင်းဖြစ်သည်။ ရခိုင်မှ လူနည်းစုမွတ်စ်လင်မ်တို့အား ဦးတည်အကြမ်းဖက်လှိုင်းလုံးမှာ လွန်ခဲ့သည့်နှစ်က ပေါ်ထွက်ခဲ့သည်။ လူများစွာ သေကြေပျက်စီးခဲ့ပြီး ရိုဟင်ဂျာလူမျိုး တစ်သိန်းဝန်းကျင်မှာ ဒုက္ခသည်စခန်းများသို့ ရောက်နေကြရသည်။
    ၉၆၉ စတေကာများကို ဈေးဆိုင်များတွင် ရောင်းချနေပြီး၊ ဗုဒ္ဓဘာသာဝင်တို့၏ ခရီးသည်တင်ကားများ၊ လုပ်ငန်းများ နှင့် နေအိမ်များ၌ ကပ်ထားသည်ကို တွေ့နေရသည်။ ယင်းရောင်စုံစတေကာပုံက အိန္ဒိယမှ အာသောကမင်းကြီး၏ ခြင်္သေ့ခေါင်းလေးလုံးပါကျောက်တိုင်ကို ပုံဖော်ထားသည်။ ယင်းပြည့်ရှင်မင်းမှာ ယေရှုခရစ်တော်မပွင့်ပေါ်မှီ နှစ်ပေါင်း ၂၆၀ ခန့်က ဂေါတမဗုဒ္ဓ၏ဒေသနာတော်များကို အိန္ဒိယ နှင့် အရှေ့တောင်အာရှတခွင်သို့ ဖြန့်ချိခဲ့သူဖြစ်သည်။
    မိမိ၏ကားအတွင်း၌ စတေကာကပ်ထားသော ရန်ကုန်မြို့ရှိ တက္ကစီဒရိုင်ဗာတစ်ဦးက  “ ဒါက ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာအောင် ကျွန်တော်တို့ကို ပြုလုပ်ပေးတဲ့ ဘာသာရေးအုပ်စုပါ ” ဟူ၍ The Straits Times အား ပြောပြခဲ့သည်။ သို့ရာတွင် ၄င်းမှာ အစွန်းရောက်ဗုဒ္ဓဘာသာဝင်တို့၏ အမှတ်အသားသင်္ကေတတစ်ခု ဖြစ်နေကြောင်း၊ မွတ်စ်လင်မ်မုန်းတီးမှုကိုသာဦးတည်နေပြီး သြဇာကြီးမားသည့်အသိုင်းအ၀ိုင်းများမှ ထောက်ကူပံ့ပိုးနေကြောင်း၊ မတည်ငြိမ်မှုကိုအကြောင်းပြု၍ စစ်တပ်မှ အသာတကြည် အာဏာပြန်သိမ်းလိုမှုဟု ထင်မြင်ရကြောင်း ကိုယ်တွေ့ကြုံသူမှ ဆိုသည်။
    The Straits Times မှ ဖော်ပြသော အင်တာဗျူးများ၌ှ အကြမ်းဖက်မှုခံရသူ မြောက်များစွာတို့သည် ၉၆၉ အား အဓိကဇာတ်ကောင်အဖြစ် ညွှန်းပြထား၏။
    ပဲခူးဒေသမှ အမည်မဖော်လိုသူ လက်ဖက်ရည်ဆိုင်ပိုင်ရှင် NLD ပါတီဝင်တစ်ဦးက ယင်းဖြစ်စဉ်အား မျက်မြင်တွေ့ခဲ့ရပုံကို အောက်ပါအတိုင်း ပြောပြခဲ့သည်။
    မိတ္တီလာအကြမ်းဖက်မှု ၃ ရက်မြောက် မတ်လ ၂၃ ရက်တွင် ပဲခူးဒေသအတွင်း၌ အကြမ်းဖက်မှုဆက်ဝင်ဦးမည့် ကောလဟလများ စတင်ခဲ့သည်ဟု ဆိုသည် ။
    “ ဗုဒ္ဓဘာသာဝင်များ မိမိတို့ဘာသာကို ကာကွယ်ကြလို့ ဆိုပြီး ၉၆၉ စတေကာတွေ၊ စာစောင်တွေနဲ့အတူ အရှင်ဝီရသူဟောကြားတဲ့ DVD တစ်ချပ်ကို အကြီးအကျယ် အလုံးအရင်း ဖြန့်ချိခဲ့ကြပါတယ် ”။
    နောက်တစ်နေ့တွင် ဒေသခံ NLD ၊ မွတ်စလင်မ် နှင့် ဗုဒ္ဓဘာသာခေါင်းဆောင်များသည် အကြမ်းဖက်မှုမဖြစ်ပေါ်စေရေး နှင့် မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအား အကာအကွယ် ပေးရေး တို့ကို တွေ့ဆုံစီစဉ်ခဲ့ကြသည်။ သို့သော် နောက်တစ်နေ့ညဥ့်တွင် သံဃာ ၄၀ ခန့်နှင့်အရပ်သားအချို့ပါဝင်သောအကြမ်းဖက်အုပ်စုသည် မြို့တွင်းသို့ ပြင်ပမှဝင်ရောက်လာပြီး၊ မွတ်စ်လင်မ်တို့၏ နေအိမ်နှင့်ဆိုင်ခန်းများကို ရဲတင်းပုဆိန်များ၊ တုတ်များဖြင့် ပိရိကျနစွာ ဖျက်ဆီးသွားခဲ့သည်။ မြို့ပြင်ပရှိ ကျေးရွာသားများစွာကလည်း ထိုအုပ်စုနှင့် ပူးပေါင်းခဲ့ကြကြောင်း၊ ဗလီ၏မျက်နှာစာအား ဖျက်ဆီးရန်အတွက် ထရက်တာကားကြီးတစ်စီးကို အသုံးပြုခဲ့ကြောင်း၊ ၄င်းကိုမောင်းနှင်သူမှာ ပိတ်စမျက်နှာဖုံးစွပ်ထားကြောင်းကိုလည်း တွေ့ခဲ့ရပေသည်။ အဘယ်ကြောင့် ယင်းသို့ပြုရသည်ကိုမေးမြန်းရာ ၄င်းတို့က ဤမွတ်စ်လင်မ်များသည် မြန်မာနိုင်ငံမှ မဟုတ်ပါ ဟု ပြောဆိုကြောင်း ယင်း NLD ပါတီဝင်မှ ပြောပြခဲ့သည်။
    ဗြိတိန်အခြေစိုက် လူမှုလှုပ်ရှားဆောင်ရွက်သူ ဒေါက်တာ မောင်ဇာနည်မှ ၉၆၉ လှုပ်ရှားမှုအား ပထမဆုံးသတိပေးခဲ့သည်။
    “ ဗုဒ္ဓအယူဝါဒ၊ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာတိုင်းပြည်ကို မြန်မာမွတ်စ်လင်မ်လက်ထဲက ကယ်တင်ဖို့လို့ကြွေးကြော်ချက်နဲ့ အစွန်းရောက်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ချို့ ဦးဆောင်ပြီး မြန်မာပြည်တွင်းက နာဇီလက်သစ်တွေနဲ့ ၉၆၉ ကို တည်ထောင်ခဲ့ကြတာပါ။ ၉ ဆိုတာ ဗုဒ္ဓဂုဏ်တော် ကိုးပါး၊ ၆ ဆိုတာ ဓမ္မဂုဏ်တော် ၆ ပါး၊ နောက် ၉ ကိုးဆိုတာ သံဃာ့ဂုဏ် ၉ ပါး (သို့) သံဃာ့အမိန့်ကို ရည်ညွှန်းထားတယ်။ အဲ့ဒီဂိုဏ်းကို အထင်ရှားဆုံးဦးဆောင်နေသူကတော့ သင်္ကန်းခြုံဘုန်းကြီးတု မစ္စတာ ၀ီရသူ ပါဘဲ။ သူဟာ  မွတ်စ်လင်မ်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ဗလီ ၀တ်ကျောင်းတော်ဖျက်ဆီးမှုနဲ့ ၂၀၀၃ ခုနှစ်တုန်းက ထောင်နန်းစံခဲ့ရသူ ဖြစ်တယ် ” ဟု မိတ္ထီလာအရေးဖြစ်ပွားသောအခါ သူမှ ရေးသားဖော်ပြခဲ့သည်။
    လွန်ခဲ့သည့်ရက်သတ္တပတ်က Myanmar Peace Centre တွင် အဖွဲ့ပေါင်းစုံမှ  ကျင်းပပြုလုပ်ခဲ့သော ငြိမ်းချမ်းမှုပြန်လည်ဖော်ဆောင်တည်ဆောက်ရေး သဘောတူညီချက်တွင် ဦးဝီရသူမှ လက်မှတ်ရေးထိုးခဲ့သော်လည်း၊ ရက်အနည်းငယ်လွန်ပြီးသည့်နောက် BBC အင်တာဗျူး၌ မွတ်စ်လင်မ်မုန်းတီးရေးစကားများကို ဆိုခဲ့ပြန်သည်။
    အမည်မဖော်လိုသူ ရန်ကုန်အခြေစိုက်သုတေသီတစ်ဦးမှ The Straits Times သို့ “ ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုတဲ့ စကားပုံရှိပါတယ်။ ဦးဝီရသူဟာ အကြီးစား ပြဿနာရှာသူဖြစ်လာတော့ အစိုးရဖက်ကလည်း လိုက်လျောလိုစိတ် ရှိတော့မှာ မဟုတ်ပါဘူး။ သူ နဲ့အတူ အကြမ်းဖက်မှု နောက်ကွယ်ကြိုးကိုင်vသူများကိုလည်း စောင့်ာကြည့်နေကြပါတယ် ” ဟု ပြောကြားခဲ့သည်။
    ပြီးခဲ့သော သောကြာနေ့က ဗုဒ္ဓဘာသာနှင့်မွတ်စ်လင်မ်အဖွဲ့များသည် ဘာသာလူမျိုးအဓိကရုဏ်း မဖြစ်ပွားစေရေး စာတန်းနှင့်စတေကာတို့ကို ရန်ကုန်မြို့တွင်း၌ ဖြန့်ချိဝေငှခဲ့ကြသည်။ “ ၉၆၉ ဂိုဏ်းသားတွေဟာ ကျွန်တော့်ဆိုင်ထဲရောက်လာပြီး ဆိုင်မျက်နှာစာမှာ သူတို့ စတေကာတွေကို ကပ်ခိုင်းကြတယ်။ ကျွန်တော်ကတော့ – မလုပ်နိုင်ပါဘူး၊ ကျွန်တော့် ဆိုင်နံရံပေါ်မှာရှိနေတဲ့ ဆွမ်းတင်ဘုရားစင်ကို ကြည့်ပါ ၊ ဒါဟာ ဗုဒ္ဓအယူဝါဒစစ်စစ်ပါဘဲ၊ ဒါနဲ့တင် လုံလောက်ပြည့်စုံနေပါပြီလို့  ဆိုင်လုပ်သားကနေတဆင့် အဲ့ဒီမျက်နှာစိမ်း လူတွေကို ပြောခိုင်းလိုက်ပါတယ် ” ဟု ပဲခူးရှိ လက်ဖက်ရည်ဆိုင်ရှင်တစ်ဦးက Straits Times သို့ ပြောပြခဲ့ပါသည်။
  • မမေးလည်းဖြေ (၃) – အစ္စလာမ်က ဘာသာမတူရင် သတ်ခိုင်းလား
    မေ ၂၅ ၊၂၀၁၂
    ဆောင်းပါးရှင်-နေမျိုး
    ကုရ်အာန်ကျမ်း အပိုဒ် ၂း ၁၉၁ မှာ ဒီလိုမိန့် ထားပါတယ်။
     ‪ထို့ပြင်တ၀ အသင်တို့သည် [သူ] တို့ အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့… (စာရေးသူမှတ်ချက် – [သူ] စကားလုံးသည် ဘာသာမတူသူများဟု ရည်ညွန်းဘာသာပြန်လေ့သည်။ သို့ သော် ရန်သူဟု ယေဘုယျ ရည်ညွန်းသင့်သည်ဟု ယူဆ သည်။)
    ဆက်ပြီး မတင်ပြခင် မေးခွန်းတစ်ခုမေးလိုပါတယ်။ အကြောင်းအရာတခုကို ဖတ်တဲ့အချိန်မှာ စာကြောင်းတစ် ကြောင်းတည်းကိုရွေးဖတ်ရုံ၊ အရှေ့ က စာကြောင်းနဲ့  သူ့ နောက်က စာကြောင်းကို မဖတ်ပဲ လိုချင်တဲ့ တစ် ကြောင်းတည်းကိုပဲ ရွေးဖတ်လို့ ရသလား။ စာကြောင်းတစ်ကြောင်းတည်းဖတ်ရုံနဲ့ အဲ့ဒီ အကြောင်းအရာရဲ့ ဆိုလိုရင်းကို သဘောပေါက်ပါ့မလား။
    အရင်က ကုရ်အာန်ကျမ်းမှာ ဘာရေးထားလည်းဆိုတာ တလုံးတပါဒမှမသိတဲ့ကျနော် အစ္စလာမ်ဘာသာအပေါ် အထင်မှားအောင်  စွပ်စွဲနေတဲ့ အင်တာ နက်စာမျက်နှာတွေက “အစ္စလာမ်ဘာသာက ဘာသာမတူရင် သတ်ခိုင်း တယ်” ဆိုတဲ့ ထိုးနှက်မှုတွေကြောင့် ကုရ်အာန်ကျမ်းစာကို ကိုယ်တိုင် လေ့လာ ဖြစ်တယ်။
    လေ့လာဖြစ်မှ အစ္စလာမ်ဘာသာကို ထိုးနှက်နေသူတွေဟာ အမှန်တရားကို အများပြည်သူနားလည်ဖို့ ရည်ရွယ်တာမဟုတ်ပဲ တမင်သက်သက် လူမုန်း လူကြောက်များအောင် ရည်ရွယ်ချက်ရှိရှိနဲ့  ကိုယ်စွပ်စွဲချင်တဲ့ အချက်မိတဲ့ စာကြောင်းတစ်ကြောင်းတည်းကိုသာ တမင် ရွေးပြီး ကျန်တဲ့ စာကြောင်းတွေ ကို လုံးဝ ဥသုန် ချန်လှပ်ခဲ့တယ်ဆိုတာတွေ့ ရတယ်။ ကျမ်းစာရဲ့  စာပုဒ် ၂း၁၉၁ တပုဒ်ထဲမှာတင် သူတို့  စွပ်စွဲချင်တိုင်း စွပ်စွဲလို့  (လုံးဝ လုံးဝ) မဖြစ် နိုင် လို့  စာကြောင်း ၆ ကြောင်းလုံးကိုတောင် မဖော်ပြနိုင်ပဲ ဆောင်းပါးစစချင်းမှာ ဖော်ပြထားတဲ့ အတိုဆုံးစာ ကြောင်းတစ်ကြောင်း တ၀က်တပျက်တည်းကိုပဲ ကွက်ပြီးယူသွားတာကို တွေ့ လိုက်ရတယ်။
    သူတို့ ချန်ထားတဲ့ စာပုဒ် ၂း ၁၉၁ အပြည့်အစုံကို ဖတ်ကြည့်ပါ။
    ‪ထို့ပြင်တ၀ အသင်တို့သည် [သူ] တို့ အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့။ ထို့ပြင် တ၀ [သူ] တို့ က အသင်တို့အား (မက္ကာမြို့တော်မှ) နှင်ထုတ်သကဲ့သို့ အသင်တို့သည်လည်း [သူ] တို့ အား (မက္ကာမြို့တော်မှ)နှင်ထုတ်ကြကုန်။ အမှန်သော်ကား (သာသနာရေး၌) ညှဉ်းဆဲနှိပ်စက် နှောင့်ယှက်ခြင်းသည် သတ်ဖြတ် ခြင်းထက်ပင် ပိုမို၍ဆိုးရွားလှ၏။ သို့ဖြစ်ငြားလည်း […] ရိုသေမြတ်နိုးအပ်သော (အလ္လာဟ်အရှင်မြတ် ၏) ကျောင်းတော်ပါး၌ [သူ] တို့က အသင်တို့အား စတင် မတိုက်ခိုက်သမျှ ကာလပတ်လုံးအသင်တို့သည် ၄င်းတို့အား မတိုက်ခိုက်ကြကုန်လင့်။အကယ်၍ ထို [သူ]တို့သည် အသင်တို့အား စတင်တိုက်ခိုက် ကြပါမူ အသင်တို့သည် ထိုသူတို့အား တုံ့ပြန် တိုက်ခိုက်ကြ လေကုန်။ ဤသည်ပင် [သူ] တို့အား အပြစ်ဒဏ်ပေးခြင်း ပင်ဖြစ်သည်။
    Highlight လုပ်ထားတဲ့ စာကြောင်းတွေကို တချက်စီ သေချာ စဉ်းစားကြည့်ပါ။ ကိုယ်က စပြီး တိုက်ခိုက်ဖို့  ပြောထားတာ လုံးဝ (လုံးဝ) မဟုတ်ပဲ ကိုယ့် ကို တိုက်ခိုက်ရင် ပြန်ခုခံဖို့ သာပြောထားတာဖြစ်တယ်။ စစ်ပွဲအခြေအနေမှာဆိုရင်တောင် ကျူးကျော်စစ်မဟုတ်ဘဲ ခုခံစစ်ပဲဖြစ်တယ်။ Torture လို့ ခေါ်တဲ့ ဖမ်းဆီးနှိပ်စက်ညှင်းပမ်းခြင်းကိုလည်း အတိအလင်း တားမြစ်ထားတယ်။
    ဒီတပုဒ်ရှေ့ က အပုဒ် ၂း ၁၉၀ မှာ ဘာပြောထားသေးလဲ?
    ‪ထို့ပြင်တ၀ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသင်တို့ကို (စတင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ကြကုန်လော့။ သို့ရာတွင် […]  အသင်တို့သည် (မည်သည့်နည်းနှင့်မျှ) မကျူး လွန်ကြကုန်လင့်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ် သည် ကျူးလွန်သူတို့ကို နှစ်သက်တော်မူသည် မဟုတ်ချေ။
    စာပုဒ် ၂း ၁၉၂ ကိုဆက်ဖတ်ပါ။
    ‪သို့သော် အကယ်၍သာ […သူတို့သည် …] ရပ်စဲခဲ့ကြပါလျှင် မုချဧကန် အလ္လာဟ် အရှင်မြတ်သည် […] အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ (သတ္တ၀ါအပေါင်းတို့အား) မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အရှင်ဖြစ်တော် မူလေသတည်း။
    ဒါဆိုရင် အပုဒ် ၁၉၀၊ ၁၉၁၊ ၁၉၂ ကို ခြုံပြီးဖတ်ကြည့်ပါ။ ဒီအချက်တွေကို ကွက် ကွက်ကွင်းကွင်း တွေ့ ရမယ်။
    (၁) ကိုယ်က စတင် တိုက်ခိုက်တာကို အတိအလင်း တားမြစ်ထားတယ်။
    (၂) ကိုယ့်ကို တိုက်ခိုက်ပြီဆိုရင် ပြန်ခုခံရမယ်။
    (၃) ကိုယ်က ကျူးလွန် စော်ကားမှု မလုပ်ရဘူး။ တဖက်က ရပ်စဲပြီဆိုရင် ကိုယ့်ဖက်ကလဲ ရပ်စဲရမယ်။ သူတို့ ကို ကျူးလွန်ခွင့် နှိပ်စက်ညှင်းပမ်းခွင့်၊ ဆက်လက်တိုက်ခိုက်ခွင့်မရှိဘူး။
    ထို့ပြင်တ၀ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသင်တို့ကို (စတင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့နှင့် ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်လော့။ သို့ရာတွင် […]  အသင်တို့သည် (မည်သည့်နည်းနှင့်မျှ) မကျူး လွန်ကြကုန်လင့်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ် သည် ကျူးလွန်သူတို့ကို နှစ်သက်တော်မူသည် မဟုတ်ချေ။ (2:190)
    ထို့ပြင်တ၀ အသင်တို့သည် [သူ] တို့ အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့။ ထို့ပြင် တ၀ [သူ] တို့ က အသင်တို့အား (မက္ကာမြို့တော်မှ) နှင်ထုတ်သကဲ့သို အသင်တို့သည်လည်း [သူ] တို့ အား (မက္ကာမြို့တော်မှ)နှင်ထုတ်ကြကုန်။ အမှန်သော်ကား (သာသနာရေး၌) ညှဉ်းဆဲနှိပ်စက် နှောင့်ယှက်ခြင်းသည် သတ်ဖြတ် ခြင်းထက်ပင် ပိုမို၍ဆိုးရွားလှ၏။ သို့ဖြစ်ငြားလည်း […] ရိုသေမြတ်နိုးအပ်သော (အလ္လာဟ်အရှင်မြတ် ၏) ကျောင်းတော်ပါး၌ [သူ] တို့က အသင်တို့အား စတင် မတိုက်ခိုက်သမျှ ကာလပတ်လုံးအသင်တို့သည် ၄င်းတို့အား မတိုက်ခိုက်ကြကုန်လင့်။ အကယ်၍ ထို [သူ]တို့သည် အသင်တို့အား စတင်တိုက်ခိုက် ကြပါမူ အသင်တို့သည် ထိုသူတို့အား တုံ့ပြန် တိုက်ခိုက်ကြ လေကုန်။ ဤသည်ပင် [သူ] တို့အား အပြစ်ဒဏ်ပေးခြင်း ပင်ဖြစ်သည်။ (2:191)
    ‪သို့သော် အကယ်၍သာ […သူတို့သည် …] ရပ်စဲခဲ့ကြပါလျှင် မုချဧကန် အလ္လာဟ် အရှင်မြတ်သည် […] အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာ ခွင့် ပေးသနားတော်မူသောအရှင်၊ (သတ္တ၀ါအပေါင်းတို့အား) မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အရှင်ဖြစ်တော် မူလေသ တည်း။ (2:192)
    စစ်ပွဲကာလအတွင်းမှာဆိုရင် တဖက်က ရပ်သွားရင် (သို့ ) လက်နက်ချရင် (သို့ ) ဖမ်းမိရင် သူတို့ ကို ဆက်တိုက် ခွင့်၊ နှိပ်စက်ခွင့် ကျူးလွန်ခွင့် မရှိဖို့  တားဆီး ပိတ်ပင်ထားတယ်။ ဒါကြောင့် သူငယ်ချင်းတစ်ယောက်က စစ်သုံ့ ပမ်းကို မနှိပ်စက်ဖို့  ဂျီနီဗာကွန်ဗင်းရှင်းပြဌာန်းတာ ၁၉၄၈ မှသာဖြစ်ပြီး ကုရ်အာန်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော် ကတည်းက ပြဌာန်းထားပြီးဖြစ် တယ်လို့ မှတ်ချက်ပေးတယ်။
    အရေးကြီးတဲ့ အချက်ကို ထောက်ပြချင်ပါတယ်။ တိုက်ခိုက်ဖို့  ရည်ညွန်းတာ ဘာသာမတူတဲ့ လူတွေကို ရည်ညွန်းသလို ဖြစ်နေပေမဲ့ အမှန်မှာက ကိုယ့်ကို စတင်တိုက်ခိုက်တဲ့ ရန်သူသာဖြစ်တယ်။ ဘာသာမတူတဲ့လူကို တမင်ရည်ညွန်းထားတာမဟုတ်ပါ။ တနည်းပြော ရရင် “ရန်သူ” ကို ခုခံခိုင်းတာ၊ “ဘာသာခြား” ကို ဘာသာမတူလို့ ဆိုပြီး တိုက်ခိုင်းတာမဟုတ်ပါ။
    ဒီအချက်တွေက အစ္စလာမ်ဘာသာကို တမင် အပုတ်ချတဲ့ လူတွေ စွပ်စွဲသလို ဘာသာမတူရင် သတ် ဆိုပြီး ပြော ထားတာ မဟုတ်ပါဘူး။ ကိုယ်က ကောင်းအောင်နေပြီး ကိုယ့်ကိုလာရောက်ကျူးကျော် တိုက်ခိုက်ရင် ပြန်ခုခံဖို့ ၊ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့  မိန့် ကြားထားတာဖြစ်တယ်။ အစ္စလာမ်ဘာသာ ဟာ ရန်မလိုတဲ့ဘာသာ၊ ကိုယ့်ကို မတိုက်ရင် ကိုယ်က မတိုက်တဲ့ ဘာသာဖြစ်တယ်ဆိုတာ ရှင်းလင်းစွာ တွေ့ ရပါမယ်။
    ဒီလိုဆိုရင် မေးချင်တဲ့လူကမေးမယ်။ သီးခံရမဲ့အစား ပြန်တိုက်ခိုက်ခိုင်းတာ ဘယ်လို ဘာသာရေးမျိုးလဲပေါ့။ အစ္စလာမ်မှာ သီးခံခြင်းတရား၊ ခွင့်လွှတ်ခြင်း တရားကို လက်ကိုင်ထားဖို့  မိန့် ထားတာတွေရှိတယ် (နောက်ပိုင်းတွေမှာ ဆွေးနွေးပါမယ်)။ အဲ့ဒီလိုပဲ အကန့် တွေခွဲပြီး သူ့ အခြေအနေ သူ့ အနေရာဒေသ အလိုက် လက်တွေ့ ဖြစ်စဉ် တွေ အပေါ် ခုခံတန် ခုခံဖို့  မိန့် ထားတယ် (စတင်ကျူးကျော် တိုက်ခိုက်ခွင့် ဘယ်နေရာမှာမှမရှိ)။ လက်တွေ့ ကျကျ စဉ်းစား ကြည့်မယ်။
    (၁) မြန်မာပြည်ကို ထိုင်းနိုင်ငံက စစ်လာတိုက်မယ်ဆိုရင် ပုတီးထိုင်စိတ်ပြီး အရုံးပေးလိုက်မလား။ စစ်ဒဏ်သင့်မဲ့ သင့်မိသားစု၊ ဆွေမျိုး၊ အပေါင်းအ သင်းတွေကို သင်မကာကွယ်သင့်ဘူးလား။ ဗိုလ်ချုပ်အောင်ဆန်းလည်း ပုတီး ထိုင်စိတ်ပြီး အင်္ဂလိပ်တွေ ဂျပန်တွေကို မေတ္ထာမျှမနေခဲ့သလို ခုလက်ရှိ လည်း တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူတွေက မတရားမှုကို တုံ့ ပြန်နေတုန်းပဲ မဟုတ်ပါလား။
    (၂) အစ္စလာမ်ဘာသာက ဘာသာမတူရင် သတ်ခိုင်းတယ်ဆိုရင် သင့်အသိ အစ္စလာမ်ဘာသာဝင်တယောက် ယောက်က သင့်ကို သတ်ဖို့  ကြံစည်တာ ခံရဖူးသလား။
    တချို့ ပြောကြပါတယ်။ ဒါဆိုရင် အာဖဂ္ဂန်တို့  ပါလက်စတိုင်းတို့ မှာ ဘာကြောင့်သတ်တာလဲ။ ကုရ်အာန်တဖက် သေနတ် တဖက်နဲ့  ဘယ်လိုဖြစ်တာလဲဆို တာ မေးချင်တဲ့လူရှိပါမယ်။ နောက်ဆောင်းပါးတွေမှာ တင်ပြပါမယ်။ အကျဉ်းချုန်းအနေနဲ့  လတ်တလော ပြောရရင် ပထ၀ီနိုင်ငံရေး၊ ဘာသာရေးနဲ့  သမိုင်းကို မရောထွေးလိုက် ပါနဲ့ ။ ဘာသာမတူလို့ ဆိုပြီး သတ်တာ မဟုတ်ပါဘူး။ ဒုတိယ ကမ္ဘာစစ်အ ချိန်ကတည်းက ဖြစ်လာတဲ့ခဲ့ ကမ္ဘာ့ပထ၀ီနိုင်ငံရေးပြသ နာ ကြားက အစ္စရေးနဲ့  ပါလက်စတိုင်း နယ်မြေလုမှု ကြောင့်၊ သွေးအေး စစ်ပွဲအတွင်း အာဖဂန်မှာ အမေရိကန်နဲ့  ရုရှတို့  အင်အားပြိုင်ပြီး သူ့ လူကိုယ့် လူမွေးရာမှာ ဘာသာရေးတွေ အယူဝါဒတွေ အမျိုးသားရေး စတဲ့ ၀ါဒပေါင်းစုံကို လိုသလို အသုံးချခဲ့လို့  နိုင်ငံရေးအရ အပြန်အလှန် သတ်နေ ကြ ခြင်းဖြစ်တယ်။ သူတို့ က နိုင်ငံရေးနဲ့  လူမျိုးရေး ဘာသာရေး ရောပြွန်းခဲ့လို့  သူတို့ စီမှာ သွေးချောင်းစီးနေတယ်။
    နယ်မြေကြောင့်၊ နိုင်ငံရေးကြောင့် သတ်နေကြတာကို ကျမ်းစာ ကြောင့် သတ် တယ်လို့  ဘာသာပြန်ရင် သူတို့ မှားတဲ့  မဟာအမှားနဲ့  ပြသနာကို ကျနော်တို့  မြန်မာပြည်ကို တင်သွင်းတာသာမက တမြေတည်းနေ တရေတည်းသောက် မြန်မာအချင်း ချင်း အမုန်းပွားပြီး ကမ္ဘာနဲ့ ချီ ရင်ဆိုင် ယှဉ်ပြိုင်ရမဲ့ ဖွံ့ ဖြိုးရေး ကိစ္စတွေကို စုပေါင်းလုပ်ဆောင်ရမဲ့ စည်းလုံးရေးကို ထိပါးစေတာသာ ဖြစ်ပါတယ်။
    အမုန်းတရားကင်းပါစေ။ လိမ်ညာလှည့်ဖျားပြီး အမုန်းတရားပွားစေလိုသူများ ရန်လိုသူများ ဘေးမှ ကင်းပါစေ။
    ရည်ညွန်း – ကျမ်းမြတ်ကုရ်အာန် မြန်မာဘာသာပြန်။ [http://www.quraninburmese.com/Books/Holy%20Quran.pdf]
    မှတ်ချက် –
    (1)    အတိုးချုံးဖို့ အတွက် အချို့ စာကြောင်းများကို […] ခံ၍ ချန်ထားသည်။ စာသားအပြောင်းအလဲ ကို [ ] ခံ၍ မြန်မာ စာဖတ်များအတွက် ပြောင်းလဲ (သို့  )  ထပ်ဖြည့်ထားသည်။ ဘာသာပြန်မူရင်းကို အထက်ပါ ရည်ညွန်းတွင်ဖတ်ရန်။
    (2)    ဤဆောင်းပါးသည် စာရေးသူ၏ အမြင်နှင့် အာဘော်သာဖြစ်သည်။
  • အစ္စလာမ် ဘာသာရေး အဆောက်အအုံများနှင့် ပတ်သက်ပြီး အကြံပြုခြင်း
    ဧပြီ ၆ -၂၀၁၃
    အကြံပြုချက်ပေးပို့သူ- မောင်စိုးဦး
    မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အစ္စလာမ် သာသနာဝင်များအနေနှင့် ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများတွင် စိတ်အေးချမ်းသာစွာ ၀တ်ပြုဆုတောင်း စာသင်ကြားနိုင်ရန် လုံခြုံမှု(Security)မှာ လွန်စွာ အရေးကြီးသော အချိန်ကာလဖြစ်ပါသည်။
    သို့ပါ၍ လုံခြုံမှု(Security)အတွက် အစ္စလာမ် သာသနာဝင်များအနေနှင့် ဆောင်ရွက်သင့်သည်များကို အကြံပြုတိုက်တွန်းလိုပါသည်။
    ဤအကြံပြု တိုက်တွန်းချက်သည် အစ္စလာမ်ထုတစ်ရပ်လုံးအတွက် လုပ်ဆောင်ရန် ခက်ခဲမှုမရှိပဲ လွယ်ကူ ရိုးရှင်းသည့်အတွက် ဆောင်ရွက်ရန် လွယ်ကူပြီး လုံခြုံရေးအတွက် တဘက်တလမ်းမှ များစွာ အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါသည်။
    Security camera for mosque
    *  နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအား အစ္စလာမ်ဘာသာရေးအဆောက်အအုံများနှင့် ပတ်သက်ပြီး အကြံပြုခြင်း
    ဘာသာရေးအဖွဲ့ကြီးအနေနှင့် …
    • –  မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော ဗလီဝတ်ကျောင်းတော်များ၏ စာရင်းပြုစုရန်။
    • –  ဗလီများ၊ ကျောင်းများ၏ သမိုင်းအထောက်အထားစုစည်းရန်။
    • –  ပြည်သူများကြားတွင် ဖြစ်ပေါ်နေသည့် ဗလီဝတ်ကျောင်းများသည် တရားမဝင် ဆောက်ထားသည် ဆိုသည်မှာ မဟုတ်ကြောင်းကို မီဒီယာများနှင့် တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရန်။
    • –  အဖွဲ့ကြီးတွင် ပြန်ကြားရေးကဏ္ဍကို သေချာစွာဖွဲ့စည်းပြီး စနစ်တကျလုပ်ဆောင်သွားရန်။
    • –  အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်သော အရေးကိစ္စရပ်များ၊ ကောလဟာလများ ဖြစ်ပေါ်လာပါက ချက်ခြင်းအချိန်မဆွဲပဲ အဖြစ်မှန်ကို မီဒီယာများကို ဖြေရှင်းရန်။
    • –  ဗလီဝတ်ကျောင်းတော်များကို လေ့လာလိုသူများအားလုံးကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့် လေ့လာနိုင်စေဖို့ စီစဉ်ဆောင်ရွက်ပေးရန်။
    • –  မွတ်စလင်မ်တို့၏ ဗလီ၊ ၀တ်ပြုပုံ၊ ၀တ်ပြုရေးဆိုင်ရာ လုပ်ဆောင်ချက်တို့နှင့် ပတ်သက်သော Documentary ရိုက်ကူး၍ နိုင်ငံပိုင်ရုပ်သံတွင် တင်ဆက်ခွင့်ရအောင်ကြိုးစားဆောင်ရွက်ရန်၊
    *  အစ္စလာမ်ဘာသာရေးစာသင်ကျောင်း/ဗလီများတွင် ရှိသင့်သောအချက်များနှင့် လုပ်ဆောင်ရန်အတွက် အဖွဲ့ကြီးအနေနှင့် တိုက်တွန်းသင့်သည် အကြံပြုချက်များ
    အစ္စလာမ်ဘာသာရေးစာသင်ကျောင်း/ဗလီများတွင် …
    • –  CCTV ကင်မရာများ တပ်ဆင်ထားရန်။
    • –  အစ္စလာမ်ဘာသာရေးစာသင်ကျောင်းများရှိဆရာများ၊ ကျောင်းသားများအား မီးဘေးအန္တရာယ်နှင့် ပတ်သက်သည့် သင်တန်းများပို့ချပေးရန်။
    • –  မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ် မီးငြိမ်းသတ်နိုင်သည့် မီးသတ်ဆေးဗူးများထားရှိရန်။
    • –  အရေးပေါ်အခြေအနေအတွက် အရေးပေါ်ထွက်ပေါက်မရှိထားသေးလျှင် အရေးပေါ်ထွက်ပေါက် ပြုလုပ်ထားရန်။
    • –  ဗလီတလုံး/ကျောင်းတစ်ကျောင်းတွင် အနည်းဆုံး တယ်လီဖုန်းတလုံးထားရှိရန်။
    • –  ကျောင်းများ/ဗလီများအနေဖြင့် အခြားသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ရေးကွန်ရက်ထားရှိရန်။
    • –  ဗလီတိုင်းတွင် ဘာသာရေးအဖွဲ့ကြီးများ၏ (မြို့နယ်၊ တိုင်း၊ ဗဟို) ဖုန်းနံပါတ်များ၊ ရဲစခန်းဖုန်းနံပါတ်၊ မီးသတ်ဌာနဖုန်းနံပါတ်၊ ဆေးရုံဖုံးနံပါတ်များအား အခြားသူများ ထင်သာမြင်သာရှိသောနေရာတွင် ထားရန်။
    • –    သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် အာဏာပိုင် အဖွဲ့များအနေနှင့်လည်း ကျောင်း/ဗလီ တာဝန်ရှိ သူများအနေဖြင့် အမြဲထိတွေ့အဆက်သွယ်ရှိနေရန်။
    • –  မဒ်ရာဆာကျောင်းများ၊ ဟာဖိဇ်ကျောင်းများ၊ မော်လ၀ီကျောင်းများအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်ရိုးညွှန်းတန်းများ ရေးဆွဲပြီး သာသနာရေးဝန်ကြီးဌာန၊ မွတ်စလင်လူထုနှင့် မြန်မာလူထုအား ချပြရန်။
    ** M-Media စာဖတ်ပရိတ်သတ်တစ်ဦးပေးပို့လာ သော အကြံပြုလွှာဖြစ်ပါသည်။
    M-Media ကို ဆက်သွယ်လျှင် [email protected] သို့ အီးမေးလ်ပို့ ဆက်သွယ်နိုင်ပါသည်။
  • Hate Speech အကြောင်း တစေ့တစောင်း
    ဧပြီ ၅ ၊ ၂၀၁၃
    M-Media
    ရေးသူ- သုတေသီ
    Hate Speech
    Hate speech ၏အဓိပ္ပါယ်မှာ လူတဦးတယောက် (သို့) အစု အဝေးတခုကို ခွဲခြားနှိမ်ချလိုသော သဘောဖြင့် ထိုသူ (သို့) အစုအဝေးတခုအား ဥပဒေဘောင် ပြင်ပမှ သွားပုတ်လေလွင့် ထုတ်ဖေါ်ပြောဆိုခြင်းဖြစ်သည်။
    ဥပဒေ အရမူ Hate speech ဆိုသည်မှာ နှုတ်မှပြောဆိုသောစကားအမျိုးမျိုး၊ လက်ဟန်ခြေဟန်ပြ (သို့) အမူအယာ၊ အရေးအသား အမျိုးမျိုး (သို့) တဦးချင်း (သို့) အဖွဲ့ အစည်းတခုကို အကြမ်းဖက်မှု ဖြစ်ပေါ်စေသည့် (သို့) မလိုမုန်းထား ဘက်လိုက်စိတ်များဖြင့် လူတဦးတယောက်၏ (သို့) အဖွဲ့ အစည်းတခု၏ လုံခြုံမှုကို ဆန့်ကျင်သည့် အပြုအမှုကို တားမြစ်ထားသည့် သရုပ်ဖေါ်တင်ပြချက်များ ဖြစ်သည်။
    ထို Hate speech နှင့် စပ်လျဉ်း၍ ၁၉၆၆ ခုနှစ်တွင် International Covenant on Civil and Political Rights (ICCPR) ပြည်သူများ၏ ရပိုင်ခွင့်နှင့် နိုင်ငံရေး ဆိုင်ရာ အခွင့်အရေး အပြည်ပြည်ဆိုင်ရာညီလာခံ ကြီးပေါ်ပေါက်လာခဲ့ပါသည်။
    The International Covenant on Civil and Political Rights (ICCPR) သည် ၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၁၆ရက်နေ့တွင် ကမ္ဘာ့ကုလသမ္ဂဂ၏ အထွေထွေညီလာခံမှ ပေါက်ဖွားလာသော ရှုထောင့်စုံပါဝင်သည့် အပြည်ပြည်ဆိုင်ရာ သဘောတူ ကြေငြာစာတမ်းကြီး ဖြစ်ပါသည်။ ထိုဥပဒေသည် ၁၉၇၆ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် အာဏာသက်ဝင်သည်။
    ထိုညီလာခံမှ ချမှတ်ခဲ့သော သဘောတူကြေငြာစာတမ်း Article 20 တွင် “နိုင်ငံသား၊ လူမျိုးရေး (သို့) ဘာသာရေးနှင့် ဆက်နွယ်သည့် ခွဲခြား နှိမ်ချလိုသော၊ ရန်လိုသော၊ အကြမ်းဖက်လိုသော အမုန်းတရား တို့ကို လှုံ့ဆော်သည့် မည်သည့် ထောက်ခံမှု အားပေးမှုမဆို ဥပဒေအရတားမြစ်ရမည်။” ဟု ပြဌာန်းထားပါသည်။
    ထိုဥပဒေတွင် လူတဦးချင်းစီ၏ ရပိုင်ခွင့် နှင့် နိုင်ငံရေးဆိုင်ရာ အကျိုးခံစားခွင့်များ၊ အသက်ရှင်ရပ်တည်ခွင့် အခွင့်အရေး၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုရုံးခွင့် အစရှိသည်တို့ပါဝင်သည်။ ၂၀၁၂ ခုနှစ် မတ်လအထိ အဖွဲ့ဝင်ပါတီပေါင်း ၁၇၆ ခုနှင့် အတည်ပြုလက်မှတ်ထိုးထားသော နိုင်ငံပေါင်း ၇၄ ခု ရှိပါသည်။
    သဘောတူ လက်မှတ်ရေးထိုးထားသော အချို့နိုင်ငံများတွင် Hate speech အသုံးစွဲခံရသူသည် တရားမကြောင်း အရဖြစ်စေ၊ ပြစ်မှု ကြောင်း အရ ဖြစ်စေ၊ ၂ခုစလုံးနှင့်ဖြစ်စေ ကုစားနိုင်ခွင့် ရှိသည်။
  • ပရိဒေ၀ မီးလျှံများကြားမှ ကယ်ကူရာမဲ့ ဘ၀များ
    ပရိဒေ၀ မီးလျှံများကြားမှ ကယ်ကူရာမဲ့ ဘ၀များ
    ဧပြီလ ၄ ရက်၊ ၂၀၁၃
    M-Media
    သန့်စင်အေး
    1897008_635993229806710_1013184166_n
    Genocide တဲ့။ Ethnic Cleansing တဲ့။ အခုတလော မီဒီယာ စာမျက်နှာတွေမှာ မြန်မာပြည်က မွတ်စလင်မ်တွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ အကြောင်းရေးရင်ပါနေကြ စကားလုံး။ ခဏခဏ မြင်တွေ့နေရ ပြန်တော့လည်း အလွတ်တောင်ရနေပြီ။ ဟုတ်ပါတယ်။ အခုတလော စာရေးသူတို့မြန်မာပြည်မှာ အစ္စလာမ် ဘာသာဝင်တွေ ရက်ရက်စက်စက် အသတ်ခံရ၊ အစ္စလာမ်သာသနိက အဆောက်အအုံတွေ ဖျက်ဆီးခံရ၊ ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့ရတာတွေ မကြာခဏဆိုသလို မီဒီယာတွေမှာ မြင်တွေ့ကြားသိနေပါတယ်။ သေဆုံးသွား သူတွေရှိသလို၊ ဒုက္ခသည် စခန်းမှာလည်း ဒုနဲ့ဒေးပါ။ မသေသေးဘဲ ကျန်နေတဲ့သူတွေ၊ ဒုက္ခသည် စခန်းမရောက်သေးဘဲ ကိုယ့်အိမ်မှာကိုယ်နေတဲ့ လူတွေမှာလည်း သေဆုံးသွားသူတွေ အတွက် ပူဆွေးသောက ရောက်ရတာကတစ်မျိုး၊ စီးပွားရေးတွေ ကျဆင်းလို့ စိတ်ညစ်ရတာက တစ်ဖုံ၊ ပြီးတော့ ကြိုးတိုက်ထဲက ကြိုးမိန့်ကျခံနေရတဲ့ အကျဉ်းသားတွေလို “ကိုယ့်အလှည့်ဘယ်နေ့လဲ”ဆိုပြီး တွေးပူ နေရတာတွေနဲ့ “စိတ်ထောင်းတော့ ကိုယ်ကြေ” ဆိုတာလိုမျိုးနဲ့ ကျီးလန့်စာစားဖြစ်နေရပါတယ်။ အို…အလ္လာဟ်၊ ကျွန်တော်မျိုးတို့မှာ ဒုက္ခဆင်းရဲမျိုးစုံ ခံစားနေကြရတဲ့အပြင် ကိုယ်ခံစားနေရတဲ့ ဒုက္ခတွေကိုတောင် ပွင့်ပွင့် လင်းလင်းဖွင့်ပြောခွင့် မရှိတဲ့ဘ၀၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မျက်လုံးတွေမှ တဆင့် ပြောနေကြတဲ့စကား၊ ကျွန်တော်တို့ရဲ့ မျက်နှာတွေက တဆင့် ဖွင့်ဟပြောဆိုနေကြတဲ့ ကျွန်တော်တို့ရဲ့ပူဆွေးဗျာ ပါဒတွေကို အလ္လာဟ် အသိဆုံး၊ အမြင်ဆုံးပါ။ ကျွန်တော်တို့အေးချမ်းချင်လှပါပြီ။ ကျွန်တော်မျိုးတို့အား “အနိဌာရုံတွင်းနက်ကြီးထဲမှ အမြန်ဆုံးကယ်တင်ဆွဲထုတ်တော်မူပါ”။
    “ဆင်ဝှေ့ရန်ရှောင်”နည်းနဲ့ ဘယ်လောက်ကြာကြာတင်းခံနိုင်ကြမလဲ?
    ဟုတ်ပါတယ်။ ကျွန်တော်တို့တွေဟာ အခုအချိန်မှာ ဆင်ဝှေ့ရန်ရှောင် ဆိုတာလို ဖြစ်နေပါတယ်။ လွန်ကဲတဲ့အတ္တစိတ်တွေနဲ့ ဘီလူးစီးနေတဲ့ ဆင်ရိုင်းကြီးတွေက ကျွန်တော်တို့ကို အစွယ်နဲ့ထိုး၊ ခြေထောက်နဲ့နင်း၊ နှာမောင်းနဲ့ရစ်ပတ်ပြီးမြေကြီးကိုဆောင့်ချ လုပ်နေတဲ့အချိန်မှာ အဲဒီဆင်ရိုင်းကြီးတွေကို ပြန်လည်တွန်းလှန်ဖို့နေနေသာသာ ကိုယ့်ကိုယ် မထိအောင် မနည်းရှောင်တိမ်းနေရပါတယ်။ အဲဒီ ဆင်ရိုင်းကြီးတွေရဲ့တိုက်ခိုက်မှုဒဏ်ကြောင့် ကျွန်တော်တို့ရဲ့အချို့သော မိသားစုဝင်များကတော့ အေးငြိမ်းသော “အမတသုခဘုံ”မှာ ခိုလှုံသွားခဲ့ကြပြီ၊ အချို့က ဒုက္ခသည်စခန်းတွေမှာ၊ အချို့က ဆေးရုံမှာ၊ အချို့ကတော့ ဘယ်ဆီရောက်နေမှန်းမသိ၊ အကောင်းအတိုင်းကျန်ရစ်နေတဲ့သူတွေကလည်း ဒုက္ခရောက်နေသူတွေကိုမြင်ရ၊ ကြားရတော့ “ရှားမီးခဲတွင်၊ ရဲရဲငယ်ကင်၊ အကျွန်မမြင်ဝံ့ပါပြီတကား”ဆိုတဲ့ ချိုးမောင်နှံကဗျာလေးထဲကလို မိမိချစ်ခင်ရသောသူတွေ ရှားမီးခဲတွင် ကင်ခံနေရတာကို မကြည့်ဝံ့၊ မမြင်ဝံ့ ဖြစ်နေရတဲ့အပြင် “မိမိလည်းတစ်နေ့ သူတို့လိုပဲ ခံစားရမှာလား“ဆိုတဲ့  အသိနဲ့ “ဆုပ်လည်းစူး၊ စားလည်းရူး”ဖြစ်နေရပါတယ်။
    စိုတဲ့လက်တွေ မခြောက်ဖို့အတွက် အဓိကရုဏ်းကို အမည်တပ်မမှားစေလို
    ဒီနေရာမှာ စာရေးသူတို့အနေနဲ့က မိမိတို့ရဲ့ခံစားချက်တွေကို အများက ကိုယ်ချင်းစာစိတ်ဝင်လာ အောင် ခံစားချက်ဓာတ်ကူးပေးဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေကို အဓိကပစ်မှတ်ထားပြီး ဦးတည်တိုက်ခိုက်နေတယ်ဆိုပေမယ့် ဒါဟာ ဘာသာရေးပဋိပက္ခမဟုတ်ပါဘူး။ နိုင်ငံရေးအလှည့်အပြောင်းမှာ မွတ်စလင်မ်တွေဟာ မြေဇာပင်ဖြစ်နေတယ်ဆိုတာ အများကို တင်ပြတတ်ဖို့အရေးကြီးပါတယ်လို့ အကြံပြုလို ပါတယ်။ ဒါကို သေသေချာချာ ဂဃနဏ မသိဘဲ ခံစားချက်ကိုရှေ့တန်းတင်ရင် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခ တွေကို ဘာသာရေးပဋိပက္ခအသွင်ပြောင်းသွားအောင်ဖန်တီးဖို့ မသမာသူတွေကို အခွင့်အရေးပေး သလို ဖြစ်သွားပါလိမ့်မယ်။ အဲဒါကြောင့် ဆူဆူပူပူဖြစ်နေတဲ့အချိန်မှာ အတတ်နိုင်ဆုံး ရွှေဝါရောင်သံဃာတော်များအဖွဲ့၊ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်အဖွဲ့တွေအစရှိတဲ့ သမာသမတ်ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ အတတ်နိုင်ဆုံး ဆက်သွယ်ဆောင်ရွက်ပါ။ မီဒီယာတွေနဲ့လည်း ဆက်ဆံရေးယူထားပါ။ အမှန်တရားကို အရှိအတိုင်း လူထုကို ချပြဖို့အခွင့်အရေး မရရင်တောင် အမှန်တရားနဲ့ အနီးစပ်ဆုံးဖြစ်အောင် ရေးဖို့တောင်းဆိုပေးပါ။ မိမိ နေထိုင်ရာ ဒေသအတွင်းမှာရှိတဲ့ ဘာသာခြားတွေနဲ့လည်း ရပ်ရွာလုံခြုံရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင် ရွက်ကြစေလိုပါတယ်။ အဲဒီလို အဆင့်ဆင့်ဆောင်ရွက်ပြီးတာတောင်မှ အခြေအနေကို မထိန်းသိမ်းနိုင် တော့ဘူးဆိုရင်လည်း “ကိုယ့်အိမ်၊ ကိုယ့်ရပ်ရွာနဲ့ ကိုယ့်ကိုယ်ကို စောင့်ရှောက်ခွင့်ဆိုတာရှိပါတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ပိုင်ခွင့်လည်းရှိပါတယ်။ တရားဥပဒေအရ ခွင့်ပြုထားတာပါ။ အဲဒီတော့ ကျွန်တော်တို့နေရာ ဒေသကိုလာဖျက်လို့၊ ကျွန်တော်တို့ အိမ်ကိုလာဖျက်လို့၊ ကျွန်တော်တို့ကို အန္တရာယ်လာပြုလို့ ခုခံကာကွယ်တာမျိုးပဲဖြစ်ရပါမယ်။ ဘာသာရေးအသွင်ဆောင်တဲ့ လှုပ်ရှားမှုမျိုးတွေလုပ်ရင် စောစောကတင်ပြထားတဲ့အတိုင်း မသမာသူတွေကိုအခွင့်အရေးပေးသလို ဖြစ်သွားမယ်ဆိုတာကို သတိရပါ။ အခုလိုမျိုး အကြံပြုနေရတာကတော့ “တရားလိုကနေ တရားခံဖြစ် မသွားစေချင်လို့”ပါ။ ပြီးတော့ ဘာသာမတူသူ အများစုကလည်း အခုလို မွတ်စလင်မ်တွေအပေါ် ကိုယ်ချင်းစာ စိတ်ဖြစ်ပေါ်နေတုန်းမှာ ကိုယ့်ဖက်ကစပြီး “စိုတဲ့လက် တွေကို ခြောက်သွားအောင်”မလုပ်မိဖို့လိုပါတယ်။
    အဆိုးထဲကအကောင်း
    ဒါပေမယ့် ဒီနေရာမှာအဆိုးထဲကအကောင်းဆိုသလိုပေါ့လေ။ ကျွန်တော်တို့ကို ကိုယ်ချင်းစာနား လည်ပေးနိုင်မယ့်သူတွေ၊ ကျွန်တော်တို့ဘက်က ရပ်တည်ပေးတဲ့သူတွေ၊ ကျွန်တော်တို့ကိုကာကွယ်ပေးတဲ့ သူတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဆရာတော်အရှင် ၀ိသုဒ္ဒ (မိတ္ထီလာမြို့၊ ရတနာကျောင်းတိုက်) ကတော့ ဆရာတော်ရဲ့ ဘုန်းကြီးကျောင်းထဲ ၀င်ပြေးသွားတဲ့ မွတ်စလင်မ်ဒုက္ခသည်တွေကိုထုတ်ပေးဖို့ အကြမ်းဖက် သမားတွေက တောင်းဆိုရာမှာ ထိုဘုန်းတော်ကြီးက ထုတ်မပေးဘဲ ကာကွယ်ပေးခဲ့တာတွေ၊ အလားတူပဲ ရွှေဝါရောင် သံဃာတော်များ အဖွဲ့ကလည်း ဒုက္ခရောက်နေတဲ့မွတ်စလင်မ်တွေကို လိုက်ပြီး ကူညီပေးခဲ့တာ၊ လိုက်ပြီး စောင့်ရှောက်ပေးခဲ့တာတွေ၊ ၎င်းပြင် ကိုမင်းကိုနိုင်တို့လို ၊ ဆရာမ သန်းမြင့်အောင်တို့လို အမှန်တရားဘက်က မားမားရပ်တည်ပေးတဲ့ခေါင်းဆောင်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ အလားတူပဲ နောက်ထပ်လည်း လူအများစုကြီးထဲမှ အချို့သူများက ဒီကိစ္စမှာ မွတ်စလင်မ်တွေအပေါ် စာနာမှုတွေပြခဲ့ကြပါတယ်။ အကူအညီတွေလည်းပေးခဲ့ကြပါတယ်။ ထိုသူများကိုတော့ စာရေးသူတို့ နှလုံးသားထဲမှာ ကျေးဇူး တင်လျက်ရှိပြီး ၎င်းတို့အပေါ်သို့လည်း မေတ္တာများ ပို့သပေးလျက်ရှိပါတယ်။ နောက်ပြီးတော့ မေတ္တာကမ်းပိန်းမှ ဆရာတော်များလို မြန်မာနိုင်ငံမှာ “ဘာသာပေါင်းစုံချစ်ကြည်ရေး” ကိုဦးဆောင်ပြီး လုပ်နေကြတဲ့ ဘာသာပေါင်းစုံ မှ သံဃာတော်၊ ဆရာတော်များကိုလည်း အထူးကျေးဇူး တင်လျက်ရှိနေကြပါတယ်။ မေတ္တာကမ်းပိန်း အပြင် နောက်ထပ်လည်း မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို ဖော်ဆောင်နေတဲ့ သံဃာတော်များနဲ့ သက်ဆိုင်ရာဘာသာရေး အကြီးအကဲများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ပါတယ်။  အကြမ်းဖက်မှုပေါ် ပေါက်လာတိုင်းမှာ လူထုကို ငြိမ်းချမ်းရေးတရားတွေဟောပြီး ငြိမ်းချမ်းစေဖို့ သံဃာတော်များ၊ ကြေငြာစာတွေ ထုတ်ပြန်ပြီး လူထုကို ငြိမ်းချမ်းဖို့အသိတွေပေးတဲ့ အဖွဲ့အစည်းအားလုံးကိုလည်း ကျေးဇူး အထူးတင်လျက်ပါ။ နောက်ထပ်သတိထားမိတာကတော့ တစ်သက်လုံးက မွတ်စလင်မ်ကိုဆိုရင် “မင်းတို့ ကုလားတွေပါ”ဆိုပြီး ဝေဖန်ခဲ့သူ အချို့ကတောင် မွတ်စလင်မ်ကလေးတွေ အသတ်ခံရတာကိုကြားရတော့ “ဒီကောင်တွေလုပ်တာ သိပ်လွန်သွားပြီ”လို့ ပြောတာ ကြားခဲ့ရပါတယ်။ အဆိုးထဲက အကောင်းကို ဆွဲထုတ်ယူပြီး အမှန်တကယ်ကျေးဇူးတင် ထိုက်သူတွေကို ကျေးဇူးတင်ခြင်းပါ။
    မွတ်စလင်မ်ကို အနုနည်းနဲ့ ဆန့်ကျင်ကြရာဝယ်…
    မြန်မာပြည်တွင်းမှာ အချို့သောသူများက မွတ်စလင်မ်ကို အကြမ်းနည်းနဲ့ နှိပ်ကွပ်နေသလို အနုနည်းနဲ့ ဆန့်ကျင်လာကြတာကိုလည်း တွေ့ရပါတယ်။ “မွတ်စလင်မ်ဆိုင်မှာမ၀ယ်နဲ့၊ မွတ်စလင်မ်ဆိုရင်မရောင်းနဲ့” တိုင်းပြည်ထဲမှာ မွတ်စလင်မ်အပေါ် ပိတ်ဆို့မှုတွေ လုပ်လာတာကိုတွေ့ရပါတယ်။ သြော်… သမ္မတကြီးကတော့ နိုင်ငံ တကာလှည့်ပြီး နိုင်ငံတကာခေါင်းဆောင်တွေကို မြန်မာပြည်အပေါ်မှာ ပိတ်ဆို့ အရေးယူထားတွေကို လျှော့ချ ပေးဖို့ ၊ Sanction တွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုနေတဲ့ အချိန်မှာ သူတို့ကတော့ ပြည်တွင်းမှာပြန်ပြီး Sanction တွေလုပ် သမ္မတမျက်နှာကိုတောင် မထောက်တော့တာလား။ ဒါမှမဟုတ်… နိုင်ငံတကာက ပိတ်ဆို့ အရေးယူမှုတွေကို ခံစားနေရတာ မြန်မာပြည်သူပြည်သားအားလုံးပါ။ ဘာသာ/လူမျိုး မရွေးပါဘူး။ အခုလို နိုင်ငံတကာက ပိတ်ဆို့ခံထားရသူ အချင်းချင်းကြားထဲမှာ ပြန်ပြီးအသေးစား Sanction တွေပြန်လုပ်တယ်ဆိုတာ ကမ္ဘာက မသိဘဲနေမလား၊ ဒီလိုသိသွားရင် မြန်မာပြန်ရဲ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲ။ နိုင်ငံတကာက ပိတ်ဆို့တာတွေကို အထပ်ထပ်ခံနေရတဲ့ LDC (ဖွံဖြိုးတိုးတက်မှုနိမ့် ကျဆုံးသောတိုင်းပြည်)က ပြည်သူ/ပြည်သား အချင်းချင်း စုပေါင်းတိုင်ပင်ကြပြီး ကိုယ့်တိုင်းပြည်ကို ဘယ်လို တိုးတက်အောင် လုပ်မလဲဆိုတာ ဆွေးနွေးရမယ့် အချိန်မှာ ဇာတ်တူသား စားဖို့ ကြံနေရင်တော့ ဟင်္သာတမျိုးလုံး ပျက်သလိုဖြစ်သွားပါလိမ့်မယ်ဆိုတာ စေတနာနဲ့ အကြံပြုပါရစေ။
    ဘုံရန်သူကိုရှာဖို့လို
    ဒီနေရာမှာတော့ စာရေးသူက အိန္ဒိယသမ္မတဟောင်း သမ္မတကြီး အဗ္ဗဒူလ်ကလာမ် ရေးတဲ့ စာအုပ်တစ်အုပ်ထဲက အကြောင်းအရာလေး တစ်ခုကို ပြန်သွားပြီး သတိရမိပါတယ်။ သမ္မတကြီး အဗ္ဗဒူလ်ကလာမ်က အိန္ဒိယမှာ သမ္မတတာဝန် ထမ်းဆောင်နေတဲ့အချိန်မှာ သမ္မတကြီးက အိန္ဒိယနိုင်ငံမှာ ရှိတဲ့ စာသင်ကျောင်းတွေကို သွားရောက် လှည့်လည်ပြီး ကျောင်းသားလေးတွေကို မေးခွန်းတစ်ခုမေးပါတယ်။ “မင်းတို့ရန်သူက ဘယ်သူလဲ”ဆိုတဲ့မေးခွန်းပါ။ ကျောင်းအားလုံးက ကျောင်းသားလေးတွေ အားလုံးနီးပါးက ပြန်ဖြေပါတယ်။ “ကျွန်တော်တို့ရန်သူက ပါကစ္စတန်”ပါတဲ့။ အားလုံးသိကြတဲ့အတိုင်းပဲ… အိန္ဒိယနဲ့ပါကစ္စတန်ဆိုတာ ရန်သူလိုဆက်ဆံနေကြတာ၊ နှစ်နိုင်ငံ စလုံးကလည်း သူတို့နိုင်ငံရဲ့ မျိုးဆက်သစ်လေးတွေကို အမျိုးသားရေးစိတ်ဓာတ်အမည်ခံ စိတ်သွေးကြွစိတ်ဓာတ်တွေ ရိုက်ထည့်ပေးထား ကြတာဆိုတော့ ကျောင်းသားလေးတွေက အဲဒီလိုပဲဖြေတာပေါ့။ ဒါပေမယ့် ကျောင်းသားလေး တစ်ယောက် ဖြေတဲ့အဖြေကတော့ ထူးခြားစွာပဲ အများနဲ့ကွဲလွဲနေပြီး အင်မတန်မှ ချီးကျူးစရာကောင်းပါတယ်။
    သူဖြေလိုက်တဲ့အဖြေကတော့ “ကျွန်တော့်ရဲ့ရန်သူက ဆင်းရဲမွဲတေမှုပါ တဲ့။ ကျွန်တော်က ကျွန်တော့်မိသားစုမှာ အငယ်ဆုံးပါ။ ကျွန်တော့်မိဘတွေက ကျွန်တော့်ကိုအငယ်ဆုံးမို့လို့ ပညာတတ်ဖြစ်စေ ချင်လို့ ကျောင်းပို့ရာမှာ ပိုက်ဆံ မလုံလောက်တဲ့အတွက် ကျောင်းတက်နေတဲ့ ကျွန်တော့်အစ်ကို ၊ အစ်မတွေကို ကျောင်းထုတ်၊ အပြင်ထွက်အလုပ်လုပ်ခိုင်းပြီးမှ ကျွန်တော့်ကိုကျောင်းပို့ရတာပါတဲ့။ အဲဒါ ကျွန်တော်သိထားတဲ့ ကျွန်တော့်ရဲ့ရန်သူပါပဲတဲ့”။ ဟုတ်ပါတယ်။ စာရေးသူတို့တိုင်းပြည်မှာလည်း စာရေးသူတို့ ပြည်သူပြည်သား အားလုံးရဲ့ ဘုံရန်သူ ဟာဘယ်သူပါလဲ၊ စာရေးသူတို့ ရှာကြသင့်ပါပြီ။ စာရေးသူလည်း ဒီအဖြေပဲထပ်ဖြေပါ့မယ်။ “ဆင်းရဲမွဲတေမှု”ပါ။ စာရေးသူတို့တိုင်းပြည်မှာရှိတဲ့ ပြည်သူ/ပြည်သားတွေ၊ လူမျိုး/ဘာသာမခွဲပါဘူး။ အဲဒီ ပြည်သူပြည်သားတွေရဲ့ တစ်လပျမ်းမျှဝင်ငွေဘယ်လောက်ရှိပါသလဲ၊ ပြီးတော့ Human Development Index “လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှု ညွှန်းကိန်း”ရဲ့ စံချိန်စံနှုန်းတွေနဲ့ ပြန်တိုင်းကြည့်ပါ။ စာရေးသူတို့ ပြည်သူပြည် သားတွေဘယ်လောက်နည်းပညာတွေဖွံ့ဖြိုး တိုးတက်ပြီလဲ၊ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ပြီလား စသည်ဖြင့် မေးခွန်းတွေ အများကြီးပါ။ မြန်မာပြည်မှာလူတိုင်း ဖုန်းကိုင်နိုင်ပြီလား၊ လူတိုင်းအင်တာနက်သုံးနိုင်ပြီလား၊ နိုင်ငံ တကာသုံးဘာသာစကား အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကားကို လူတိုင်းနီးပါးရေးတတ်/ပြောတတ်ပြီလား။ မြန်မာပြည်ကလူတိုင်းလိုလို အင်္ဂလိပ်စာ ညံ့တယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် နိုင်ငံခြားမှာ အင်္ဂလိပ်စကား မတတ်လို့ အထင်သေးတဲ့အကြည့်နဲ့အကြည့်ခဲ့ရတဲ့သူတွေထဲမှာ အများဆုံးက ဘယ်နိုင်ငံသားတွေပါလဲ။ ဒါကအပိုင်းတစ်ပိုင်းပေါ့လေ။
    စီးပွားရေးနဲ့ပတ်သက်လို့ ပြန်ပြောရရင်တော့ အနီးစပ်ဆုံး သာဓကတစ်ခုပြပါ့မယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်က Weekly Eleven ဂျာနယ်မှာဖတ်လိုက်ရပါတယ်။ “ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကြောင့် ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်း၊ စီပွားရေးအခွင့်အလမ်း တွေ ရှားပါးပြီးတော့ ရခိုင်ပြည်နယ် ဒေသခံ (၃) ပုံ (၁) ပုံခန့်သည် ၎င်းတို့ရဲ့မွေးရပ်မြေကို စွန့်ခွာပြီး အခြားတိုင်းဒေကြီးများမှာ သွားရောက်အလုပ် လုပ်ကိုင်နေကြရသည်”တဲ့။ အဲဒါ အဖြေပါပဲ။ စာရေးသူတို့ ရန်ကုန်မှာရော ရုတ်ရုတ်သဲသဲဖြစ်လို့ ဆိုင်တွေပိတ်ရင် နစ်နာတာ မွတ်စလင်မ်တွေပဲလား၊ မွတ်စလင်မ်တွေ နဲ့အရောင်းအ၀ယ်မလုပ်ရင် နစ်နာမှာ မွတ်စလင်မ်တွေပဲလား။ နှစ်ဖက်စလုံးနစ်နာပါတယ်။ နည်းနည်း နစ်နာတာနဲ့ များများနစ်နာတာပဲကွာချင်ကွာမယ်။ အဓိကပြောချင်တာကတော့ မွတ်စလင်မ်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်မဆို အကုန်လုံးက အေးအေးချမ်းချမ်း၊ အဆင့်အတန်းမြင့်မြင့်နဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်ကြတယ် ဆိုတဲ့အချက်တစ်ခုကတော့ တူညီနေတာ အသေအချာပါပဲ။
    “ဆင်းရဲမွဲတွေမှုကို ပြတိုက်ထဲပို့ချင်လား”၊ ရတယ်။  ဒါမှမဟုတ် အခုလိုပဲ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ဆင်းရဲသံသရာ လည်ချင်လား၊ ရတယ်။ အခြေအနေအရပ်ရပ်ကိုအစွဲကင်းကင်းနဲ့ ဓမ္မဓိဌာန်ကျကျ သုံးသပ်ကြည့်ရင် မြန်မာပြည်သူပြည်သားအားလုံးရဲ့ ဘုံရန်သူက ဘာလဲဆိုတာ ပေါ်လာပါလိမ့်။ အဲဒါကို တိုက်ရမယ်။ အဲဒီလိုဆင်းရဲမွဲတေမှုကို သက်ဆိုးရှည်စေမယ့် လုပ်ရပ်တွေကိုရှောင်ရမယ်။ အဲဒီလုပ်ရပ်လုပ်နေတဲ့သူတွေ ကိုလည်း သက်ဆိုင်ရာပုဂ္ဂိုလ်များက တားဆီးရမယ်။ အမျိုးသားရေးစိတ်ဓာတ်အရောင်ပြပြီး မွတ်စလင်မ် မုန်းတီးရေးတွေဖန်တီး၊ Face book တွေကနေ၊ အင်တာနက် စာမျက်နှာတွေကနေ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် ၀ါဒတွေဖြန့်၊ ပြဿနာဖြစ်တော့ မဲပြာပုဆိုးဇာတ်လမ်းတွေနဲ့ ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့် ဒီလိုမျိုးပြဇာတ်တွေ လိုက်ကာချပြီး တစ်ခန်းရပ်သင့်ပြီ။ Weekly Eleven ဂျာနယ်ရဲ့ CEO ကလည်း ၎င်းရဲ့မီဒီယာမှာ ဒီအတိုင်းပဲသုံးသပ် ထားတာကိုတွေ့ရမှာပါ။
    ရှေးခေတ်အခါတုံးက ပညာရှင်ကြီးတစ်ပါးက ရှင်ဘုရင်ကို ဆုံးမခဲ့တဲ့အကြောင်းအရာလေးလိုပါပဲ။ သူတော်စင်ကြီးက ဘုရင်ကြီးရဲ့ နန်းတော်ထဲကို မောကြီးပန်းကြီးနဲ့ ၀င်ရောက်သွားတော့ ဘုရင်ကြီးက မေးပါတယ်။ ဘယ်ခရီးက ပြန်လာတာလဲ၊ ပညာရှိကြီးက ဖြေပါတယ်။ “ငရဲပြည်ခဏသွားတာ။ ဘာသွားလုပ် တာလဲဆိုတော့ ငရဲပြည်က ငရဲမီးနည်းနည်း သွားယူတာ။ ရခဲ့လားဆိုတော့ မရခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငရဲပြည်မှာ ငရဲမီးမရှိလို့။ ဟာ…အဲဒါဆိုရင် ငရဲပြည်မှာ ငရဲခံရမယ့် ငရဲသားတွေကို ဘာမီးနဲ့ရှို့မှာလဲလို့မေးတော့ ငရဲပြည်စောင့် နတ်မင်းကြီးက ပြန်ဖြေတယ်။ ငရဲသားတွေကို ရှို့မယ့်မီးက ငရဲပြည်မှာမရှိဘူး။ အဲဒီ ငရဲခံမယ့် ငရဲ သားတွေကို သူတို့ကို ရှို့မယ့်မီးကို သူတို့ဘာသာ ယူလာကြတာ”တဲ့။ မြန်မာစကားလည်း ရှိပါတယ်။ “ကိုယ့် ဆင်းရဲတွင်း ကိုယ့်ဖာသာတူးတာ”တဲ့။ အဲဒီလိုမျိုးမဖြစ်ဖို့တော့ အရေးကြီးပါတယ်။
    အမျိုး၊ ဘာသာ ကာကွယ်စောင့်ရှောက်သည်ဆိုရာဝယ်…
    ပါးနပ်သောပျားရည်သုတ်သူများရဲ့ ကလိမ်စေ့ငြမ်းဆင်အကြံ
    ဒီနေရာမှာ စာရေးသူအဓိကမျှဝေချင်တာကတော့ စနစ်တကျ ကြိုတင်အကွက်ချစီမံပြီး လုပ်ကြံဖန်တီး ထားတဲ့ ထောင်ချောက်ထဲကို မ၀င်မိဖို့ပါပဲ။ အဖြစ်အပျက်တစ်ခုကို အခြေခံပြီး ဖန်တီးထားတဲ့ပုံပြင်လေးတစ်ပုဒ် မျှဝေပါရစေ။ မာရ်နတ်က နံရံပေါ်မှာ ပျားရည်လေးတစ်စက်သုတ်လိုက်ပါတယ်။ အဲဒီပျားရည်ကို ပုရွက်ဆိတ် လေးတွေက လာစုပ်ယူတယ်။ အဲဒီပုရွက်ဆိတ်ကို နှံကောင်လိုသတ္တ၀ါတွေကလာစားတယ်။ အဲဒီနှံကောင်လိုမျိုး သတ္တ၀ါငယ်လေးတွေကို ကြောက်က ခုတ်တယ်။ ကြောင်ကို ခွေးက ကိုက်တယ်။ အဲဒီတော့ ကြောင်ပိုင်ရှင်က ခွေးကိုရိုက်တယ်။ အဲဒီတော့ခွေး ပိုင်ရှင်က ကြောင်ပိုင်ရှင်ကိုပြန်ရိုက်တယ်။ ပြီးတော့ ခွေးပိုင်ရှင်၊ ကြောင်ပိုင်ရှင် နှစ်ဖက်စလုံးက ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမတွေပါ ထသတ်ကုန်ကြတယ်။ အားလုံးပျက်စီးကုန်ကြ တယ်။
    အခုလိုမျိုး လေးစားဖွယ်ကောင်းတဲ့ ရဟန်းသံဃာတော်တွေ၊ နိုင်ငံရေးပါတီအချို့နဲ့ လူမှုရေးအဖွဲ့ အစည်းတွေကပါ ပြဿနာတွေမဖြစ်ပေါ်အောင် လိုက်လံတားဆီးနေပြီး ပြည်သူအများစုကလည်း အေးချမ်းစွာနေထိုင်နေကြတဲ့အခါကျတော့ အကြမ်းဖက်သမားတွေက လူအုပ်စုနဲ့ဝင်လာပြီး ဖျက်ဆီးလို့ လည်းမရ၊ တစ်ဘာသာနဲ့ တစ်ဘာသာကြား ပဋိပက္ခဖြစ်ပွားအောင် သွေးထိုး လှုံ့ဆော်လို့လည်းမရတော့ရင် နောက်ထပ်ဗျူဟာတစ်ခုပြောင်းပြီး မထင်မှတ်တဲ့အချိန်မှာ အလစ်အငိုက်ဖမ်းပြီး တိုက်ခိုက်တာမျိုးတွေ လုပ်လာတတ်ပါတယ်။ ဒါကိုလည်း လက်ရှိ ကမ္ဘာမှာဖြစ်ပျက်နေတာတွေရော၊ စာရေးသူတို့ရဲ့အတွေ့အကြုံ အရရော ချိန်ဆကြည့်ပြီး သိနိုင်ပါတယ်။
    I.Q နဲ့ E.Q
    စင်္ကာပူနိုင်ငံကို ပြန်လည်ထူထောင်နေတဲ့အချိန်မှာ စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယု ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ “သူ I.Q သမားတွေပဲ လိုချင်တယ်၊ E.Q သမားတွေမလိုချင်ဘူး”တဲ့။  “ဦးနှောက်နဲ့အလုပ်လုပ်တဲ့ ပညာရည်ပြည့်ဝသူတွေပဲလိုချင်တဲ့၊ စိတ်ခံစားမှုရေးရာတွေကို ဇာချဲ့တာမျိုး မလိုချင်ဘူး”ပေါ့။ စာရေးသူလည်း ဒီစကားကို ကြား ကြားချင်းတော့ စိတ်ထဲတစ်မျိုးဖြစ်သွားပါတယ်။ ဒီလူကြီးမင်းက လူတွေရဲ့ ခံစားချက်ကို ဂရုမစိုက်ဘူးလို့ ပြောချင်တာလားပေါ့။ လူတစ်ဦးတစ်ယောက် ချင်းစီမှာရှိကြတဲ့ ကွဲပြားခြားနားတဲ့အရည်အချင်းတွေကို အသိအမှတ်မပြုတာလားပေါ့။ ဒါပေမယ့် လက်ရှိ စာရေးသူတို့တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ချိန်ဆပြီး သူပြောတာကို အပြည့်အ၀ လက်ခံတာ မဟုတ်သည့်တိုင်အောင် အတိုင်းအတာတစ်ခုအထိ ခံစားလို့ရသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ပြန်လည်ထူထောင်နေတဲ့အချိန်၊ တိုင်းပြည်ကို တိုးတက်အောင် လုပ်နေတဲ့အချိန်မှာ စိတ်ခံစားချက်ကို ဦးစားပေးလိုက်ရင် ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ “အမှိုက်ကစ ပြသာဒ်မီးလောင်”သလိုဖြစ်မှာစိုးလို့ ပြောခဲ့ဟန် တူပါတယ်လို့ နားလည်ပေးလိုက်ပါတယ်။ ဟုတ်ပါတယ်။ အခုစာရေးသူတို့တိုင်းပြည်မှာပဲကြည့်လေ။ လူဆိုတာ ကိုယ့်ကို လူတစ်ယောက်က ပုဂ္ဂိုလ်ရေးအရ ဝေဖန်တာမျိုးကို သည်းခံချင်သည်းခံမယ်၊ ကိုယ့်ယုံကြည်ချက် ဘာသာတရားကို ထိလာရင်တော့ သည်းခံဖို့မဖြစ်နိုင်ပါဘူး။ ဘယ်ဘာသာမဆို အားလုံးအတူတူပါပဲ။ အဲဒါ ကြောင့်မို့လို့လည်း ဒီဘာသာရေးဟာ တစ်သက်လုံးက ပါးနပ်ပြီး ကောက်ကျစ်သူတွေရဲ့ အရောင်ဆိုးခြင်းကို ခံနေရတာပါ။
    စာရေးသူတို့လည်း စာရေးသူတို့ပတ်ဝန်းကျင်မှာ ပြောနေ၊ ဟောနေ၊ ရေးနေကြတဲ့ အစ္စလာမ်အပေါ် အပြုသဘောမဆောင်တဲ့ အရာတွေကို နေ့စဉ်နှင့် အမျှ တွေ့မြင်ကြား သိနေရပါတယ်။ ဒါပေမယ့် စောစောက တင်ပြခဲ့သလို ပေါ့လေ။ ဒီလိုကိစ္စမျိုးတွေကို ရှင်းလင်းတဲ့နေရာမှာ အခြေအနေပေးရင် “မီဒီယာရှင်းလင်းပွဲ”လိုမျိုး ပွဲတစ်ခုစီစဉ်ပြီး ဒါတွေကို အေးချမ်းစွာနဲ့ပြန်လည်ရှင်းလင်းတင်ပြဖို့ရှိပါတယ်။ အင်ရှာအလ္လာဟ်… ဒါပေမယ့် အဲဒီလိုပွဲလုပ်ဖို့ အခြေအနေနဲ့အချိန်အခါတစ်ခုကို အရင်ဖန်တီးကြရမှာပါ။ ပြီးခဲ့တဲ့ လတုန်းက မန္တလေးမှာလုပ်တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးပွဲမှာဟာ အောင်မြင်စွာပြီးဆုံးခဲ့ပေမယ့် အဲဒီပွဲမှာ ဘယ်လိုအခက်အခဲတွေကြုံခဲ့ရသလဲ၊ ဘယ်လိုစိတ် အနှောင့်အယှက်ဖြစ်စရာ တွေကြုံခဲ့ ရသလဲဆိုတာ ပွဲတာဝန်ရှိ သူတွေကို မေးကြည့်ကြပါ။ ဒါပေမယ့် တွေ့ကြုံလာတဲ့အခက်အခဲတွေကို ရင်ဆိုင်ရာမှာ စိတ်ကို တည်တည် ငြိမ်ငြိမ်ထားပြီး သဘောထားကြီးကြီးနဲ့ စဉ်းစားဆင်ခြင် ဥာဏ်အမြော်အမြင်ကိုသုံးပြီး ဖြေရှင်းပြသွားတဲ့ ထိုပွဲစီစဉ် သူတွေ၊ တာဝန်ရှိသူတွေကိုလည်း စာရေးသူ ဤနေရာကပဲ ချီးကျူးလိုက်ပါတယ်။ အဲဒီတော့ စာရေးသူ တင်ပြ ချင်တာက E.Q ဟာ မရှိမဖြစ် လိုအပ်ပေမယ့် နေရာတကာတော့ ရှေ့တန်း တင်လို့မရပါဘူး။ “အမှိုက်ကစ ပြသာဒ် မီးမလောင်”ဖို့ ကိုယ်က သည်းခံသင့်တာ သည်းခံရပါတယ်။ အမြဲတမ်းကြီး သည်းခံပါလို့မဆိုလိုပါဘူး။ သည်းမခံနိုင်လို့ပြန်ရှင်းမယ်ဆိုလည်း လူအများလက်ခံနိုင်အောင် ဥပဒေဘောင်အတွင်းကနေ အကျိုးသင့် အကြောင်းသင့် ရှင်းလင်းတင်ပြဖို့ လိုပါတယ်။ မြန်မာပြည်သူ/ပြည်သား အများစုက အေးဆေးသိမ်မွေ့သူတွေပါ။ ဒါပေမယ့် စာရေးသူစောစောကတင်ပြခဲ့သလို သူတို့အထဲမှာလည်း “ပါးနပ်တဲ့ ပျားရည်သုတ်သူတွေ”ထောင် ထားတဲ့ထောင်ချောက် မိနေသူတွေရှိပါတယ်။ သူတို့ကို သူတို့ရဲ့ မူရင်းဖြူစင်တဲ့ စိတ်ဓာတ်ကောင်းလေးတွေ ပြန် ပေါ်လာဖို့ စာရေးသူတို့က ကိုယ်တွေရဲ့ခံစားချက်၊ နစ်နာချက်တွေကို presentation လုပ်ရာမှာ သိမ်မွေ့ငြင်သာပြီး အမြော်အမြင်ရှိဖို့လိုပါတယ်။
    သမိုင်းမှတ်ကျောက်တင်ခံမယ့်ပွဲ
    စာရေးသူတို့မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကြီးမားတဲ့နိုင်ငံရေးပြောင်းလဲမှုကြီး ဖြစ်ပေါ်လာခဲ့တာ လူတိုင်းအသိပါ။ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က နိုင်ငံတော် အုပ်ချုပ်ရေး အာဏာလွှဲပြောင်းရယူခဲ့ပြီး နိုင်ငံအတွင်းမှာ ကြီးမားလှစွာသော အပြုသဘောဆောင်တဲ့ပြောင်းလဲ မှုတွေကို အစဉ်တစိုက် လုပ်ဆောင်လာခဲ့တာကြောင့်လည်း ရဟန်းရှင်လူများက သာဓုခေါ်ဆိုခဲ့ကြရပါတယ်။ “သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သမ္မတကြီးဟာ ၎င်းတို့ အစိုးရအဖွဲ့ ကိုယ်တိုင်အပြင် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များနဲ့ပါ တွေ့ဆုံညှိနှိုင်းပြီး နိုင်ငံတော်တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် နေ့မအား၊ ညမနား လုပ်ဆောင်နေတာတွေကို တွေ့မြင်နေရပါတယ်။ အကျဉ်း သားတွေကို အသုတ်လိုက်ခွဲပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တုံးကဆိုရင် သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီး ရှေ့မှာ လူထုကြီးက “သမ္မတကြီး ချမ်းသာပါစေ ၊ ကျန်းမာပါစေ”ဆိုပြီး အာခေါင်တွေကွဲမတတ် အော်ဟစ်ပြီး သမ္မတကြီးကို ကောင်းချီးပေးခဲ့ကြတာ၊ မေတ္တာပေးခဲ့ကြတာပါ။ ဒီလိုမျိုး စာရေးသူတို့နိုင်ငံမှာ နိုင်ငံတော် သမ္မတကို၊ နိုင်ငံတော်ရဲ့အကြီးအကဲကို လူအုပ်စု လိုက်ဖွဲ့ပြီး မေတ္တာပို့တဲ့ လုပ်ရပ်ကို စာရေးသူ အသက် ၃၀ ကျော် သက်တမ်းအတွင်းမှာ ပထမဆုံးအကြိမ်မြင်ဖူးတာပါ။ နောက်ပြီး မြစ်ဆုံကိစ္စမှာလည်း အများပြည်သူရဲ့ သဘောဆန္ဒအတိုင်း သက်ဆိုင်ရာ ပညာရှင်များနဲ့ ညှိနှိုင်းတိုင်ပင်ပြီး မြစ်ဆုံရေကာတာ စီမံကိန်းကို သမ္မကြီးရဲ့ သက်တမ်းအတွင်းမှာ ရပ်ဆိုင်းခဲ့တာတွေဟာ အင်မတန်မှကို လေးစားစရာကောင်းပါတယ်။  မြန်မာ့နိုင်ငံရေး လေ့လာ အကဲဖြတ်သုံးသပ်သူတွေကလည်း သမ္မတကြီးကို ၀ိုင်းဝန်းချီးကျူးကြပြီး နောက်ကြောင်းပြန်မလှည့်ဖို့ ကိုလည်း အကြိမ်ကြိမ် စိုးရိမ်တကြီးနဲ့ ပြောဆိုခဲ့တာတွေကိုလည်းကြားမိကြပါတယ်။ သမ္မတကြီးကလည်း အများပြည်သူရဲ့သဘောဆန္ဒကို အဓိကထားပါတယ်။ OIC လာမယ်ဆိုတော့လည်း သမ္မတကြီးကပဲ အများ ပြည်သူရဲ့ဆန္ဒအတိုင်း OIC ကိုအ၀င်မခံခဲ့တာကိုလည်း တွေ့ကြရမှာပါ။ အဲဒီလိုအများပြည်သူရဲ့ ဆန္ဒတွေကို အသိအမှတ်ပြုတဲ့နိုင်ငံတော် သမ္မတကြီးကို ပြည်သူများက ချစ်ခင် လေးစားကြပါတယ်။
    ဒါပေမယ့် ရခိုင်အရေးကိစ္စပေါ်လာတော့ သမ္မတကြီးက လွှတ်တော်သို့တင်ပြတဲ့ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကိုတော့ လွှတ်တော်က တိုင်းရင်းသားရခိုင်ပါတီဝင်များနဲ့ ကန့်ကွက်မှုကိုအကြောင်း ပြုပြီး“ ပလပ်“ ခဲ့ပါတယ်။  ပြီးတော့ လက်ပံတောင်း ကြေးနီတောင်ကိစ္စမှာ ဆန္ဒပြတဲ့ သံဃာတော်တွေနဲ့ အများပြည်သူကို အင်အားသုံးဖြိုခွဲတဲ့ကိစ္စ ပေါ်လာတဲ့ အခါကျပြန်တော့လည်း စာရေးသူစောစောက တင်ပြခဲ့တဲ့ အတိုင်း နိုင်ငံရေးလေ့လာသူတွေနဲ့ အများပြည်သူက နောက်ကြောင်းပြန်လှည့်တော့မှာလားဆိုတဲ့ စိုးရိမ်စိတ် တွေဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေကိုလည်း သမ္မတကြီးက စုံစမ်းရေး ကော်မရှင်တွေဖွဲ့ပြီး ဥာဏ်အမြော် အမြင်ကြီးစွာကိုင်တွယ်ခဲ့သလို သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များကလည်း သံဃာတော်များကို တောင်းပန်တဲ့ပွဲတွေ ပြုလုပ်ခဲ့တာကိုလည်း တွေ့ကြရမှာပါ။
    အခုလတ်တလော ဖြစ်ပျက်နေတဲ့ ကိစ္စတွေကိုလည်း လေးစားဖွယ်ကောင်းတဲ့ ရဟန်းသံဃာတော်တွေ၊ နိုင်ငံရေးပါတီအချို့နဲ့ လူမှုရေးအဖွဲ့ အစည်းတွေကပါ ပြဿနာတွေ မဖြစ်ပေါ်အောင် လိုက်လံတားဆီးနေပါ လျက်နှင့်၊ သံဃာ့အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဘာသာရေး၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ ပြည်သူ အများစုကလည်း အေးချမ်းစွာနေထိုင်နေကြပါလျက်နှင့် “ဟိုနေရာမှာတော့ ဖြစ်နေပြီ၊ ဒီနေရာမှာတော့ ခံလိုက်ရပြန်ပြီ”စတဲ့ သတင်းတွေကြားနေရခြင်း၊ လူပေါင်းရာထောင်ချီပါဝင်တဲ့ အဖျက်သမား အုပ်စုကြီးက တစ်မြို့ဝင်တစ်မြို့ထွက် နဲ့ လွတ်လပ်စွာသွားလာလှုပ်ရှားနိုင်ခြင်း၊ အခင်းဖြစ်ပွားရာနေရာများကို အခြေအနေကို အချိန်မီထိန်းသိမ်းနိုင်မှု မရှိခြင်း… စသည် စသည်တို့ဖြစ်ပေါ် ခဲ့မှုများကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစစ်ဆေးရေး အရာရှိ သော်မတ်စ်အိုဂျီယာ ကင်တားနားက ဒီ ပြဿနာရပ်များမှာ နိုင်ငံတော် အစိုးရပိုင်းမှ ပါဝင်ပတ်သက်မှု များရှိနေတယ်လို့ ပြောဆိုခဲ့တာကိုလည်း ဖတ်လိုက်ရပါတယ်။
    ဒါကိုလည်း နိုင်ငံတော်ပိုင်းမှ ဖြေရှင်းဆောင်ရွက်မှုများပြုလုပ်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ နိုင်ငံတော်သမ္မတကြီးအနေနဲ့လည်း ရုပ်/သံမှတဆင့် မိန့်ခွန်းပြောကြားခြင်းနဲ့ ကင်တားနားရဲ့ပြောဆိုချက် ထွက်ပေါ်လာအပြီးမှ အဓိကရုဏ်းများ ဖြစ်ပေါ်လာသည်နှင့်တပြိုင်နက် ချက်ခြင်း အရေးယူဆောင်ရွက်မယ့် ကော်မတီ တစ်ရပ်ဖွဲ့စည်းခြင်းနဲ့ နိုင်ငံတော် သမ္မတကြီးရဲ့မိန့်ခွန်းမှာလည်း “မိမိအနေနဲ့ အင်အားသုံးဖြိုခွင်းတာကို မနှစ်မြို့ကြောင်း၊ ဒါပေမယ့် အများပြည်သူရဲ့အသက် အိုးအိမ် စည်းစိမ် လုံခြုံမှုကိုထိပါးလာမယ့် ကိစ္စမျိုးများကိုတော့ မြို့ပြ အင်အားသုံးပြီး နှိမ်နင်းမှာဖြစ်ကြောင်း၊ အဓိကရုဏ်းနှိမ်နင်းရာမှာ တိုင်းပြည်လုံခြုံရေးအတွက် အဓိကတာဝန်ရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ မိမိတို့တာဝန်ရှိသည့်အတိုင်း ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြစေလိုကြောင်း…” အစရှိတဲ့ သမ္မတကြီးရဲ့မိန့်ခွန်းပြောကြားမှုတွေ ဆက်တိုက် ထွက်ပေါ်လာအပြီးမှာ တိုင်းပြည်အတွင်းမှာ အတိုင်းအတာ တစ်ခုအထိ ပြန်လည်ငြိမ်သက်တာကိုလည်း တွေ့ရပြန်ပါတယ်။ သို့သော်လည်း စာရေးသူအထက်က တင်ပြခဲ့သလိုပဲ “ပါးနပ်သောပျားရည်သုတ် လိမ်းသူများက မည်သို့သော ဗျူဟာ အခင်းအကျင်းမျိုးနဲ့ ထပ်မံထွက် ပေါ်လာမလဲ”ဆိုတာကိုတော့ အခုအချိန်ထိ အများပြည်သူက စိုးရိမ်နေကြတုန်းပါပဲ။
    “မင်းအကြောင်းပြောတော့ရာဇ၀င်”ဆိုသည့်စကားအတိုင်း သမ္မတကြီးအနေနှင့် ၎င်း၏ လက်ထက်တွင် မြန်မာ့သမိုင်းကို ရာဇ၀င်အရိုင်းခံလိမ့်မည်မဟုတ်ဟု ယုံကြည်မျှော်လင့် မိသလို သမ္မတကြီးသည် ၎င်း၏ ပကတိဖြူစင် ရိုးဖြောင့်ပြီး သမာသမတ်ရှိသော၊ ဥာဏ်အမြော်အမြင်ဖြင့် ပြည့်စုံသော၊ ကျောသား ရင်သားမခွဲခြားသော ညွှန်ကြားချက်များ၊ လုပ်ဆောင်ချက်များဖြင့် “ပရိဒေ၀ မီးလျှံများကြားမှ ကယ်ကူရာ မဲ့ဘ၀ကို ခံစားနေရသူများ”ကိုလည်း သမ္မတကောင်းပီသစွာ၊ ခေါင်းဆောင်ကောင်းပီသစွာဖြင့် ကယ်တင်ပေး ပေလိမ့်မည်၊ ပြန်လည်ထူထောင်ပေးပေလိမ့်မည်ဟု မျှော်လင့်ရင်း၊ ဆုတောင်းဆန္ဒပြုရင်းဖြင့် နိဂုံးချုပ်အပ် ပါသည်။ ။