News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • ဘာသာညီအစ်ကိုများ (ရေးသူ- မန္တလေးဘုန်းကြီး )
    ဘာသာညီအစ်ကိုများ (ရေးသူ- မန္တလေးဘုန်းကြီး )
    ရေးသူ – မန္တလေးဘုန်းကြီး
    ((သက်တော် ၉၆နှစ် ဝါတော် ၇၆နှစ်ရှိပြီဖြစ်သော ရွှေကျင်သာသနာပိုင် ဝါဆို ဆရာတော်ဘုရားကြီး၏ ကလောင်အမည် မန္တလေးဘုန်းကြီး အမည်ဖြင့် ပြည်တွင်းငြိမ်းချမ်းရေး နှိုးဆော်ချက်။ ဆရာတော်ထံမှ ဖြန့်ချိရန် ခွင့်ပြုချက်အရ ပြန်လည် ဝေမျှပါသည်))
    Shwe Kyin
    ခရစ်ယာန်ဘာသာ ၊ ဗုဒ္ဓဘာသာ ၊ ဟိန္ဒူဘာသာ ၊ အစ္စလာမ်ဘာသာ ဟူသော ဘာသာကြီးလေးရပ်အနက် ကမ္ဘာ့ လူဦးရေ သန်းပေါင်း ခြောက်ထောင်ရှိရာ ခရစ်ယာန်ဘာသာ သန်းပေါင်း နှစ်ထောင့်တစ်ရာ၊ အစ္စလာမ်ဘာသာ သန်းပေါင်းတစ်ထောင့်သုံးရာ ၊ ဟိန္ဒူဘာသာ သန်းပေါင်းတစ်ထောင် ၊ ဗုဒ္ဓဘာသာ သန်းပေါင်းသုံးရာ ခုနှစ်ဆယ့်ခြောက်သန်းစာရင်းကို တွေ့ ဖုး၏ ။
    ကျန်ဦးရေ တစ်ချို့ ဘာသာမဲ့ နေကြ၏။ တစ်ချို့ နတ်ကိုးကွယ်၏။ ဤသို့ ကြားဖူး၏။ ကမ္ဘာ့တိုက်ကြီးလေးတိုက် အာရှတိုက်၊ ဥရောပတိုက် စသည် ကမ္ဘာအရပ်ရပ် ဘာသာစုံပြန့် နှံ့ လျှက်ရှိ၏။ ဗုဒ္ဓဘာသာတို့ အတွက် ဗုဒ္ဓဘုရားက မေတ္တာကို အထူးဦးစားပေး ဟောခဲ့ သော်လည်း တစ်ချို့  ဗုဒ္ဓဘာသာတို့ သည် ဘာသာခြားတို့ အပေါ် မေတ္တာမထားနိုင်ကြဘဲ မုန်းတီးရေးဝါဒကို ဖန်တီးလိုကြ၏။
    ဘဝရှင်မင်းတုန်းမင်းတရားကြီးလက်ထက် ဘာသာခြားတို့ သည် မန္တလေးမြို့ ကစ၍ အလျှို အလျှို ဝင်ရောက်လာကြ၏။ တားမရ ဆီိးမနိုင်ဖြစ်၍ ဗုဒ္ဓဘာသာဝါဒ မေတ္တာ ကရုဏာကို လက်သုံးပြုလျက် သေနတ်ပစ်အတတ် ၊ အမြောက်ပစ်အတတ်ကို တတ်မြောက်ရန် သင်ကြားစေကာ တတ်မြောက်သည့် အခါ ကာကွယ်ရေးဌာန ဝန်ထမ်းလုပ်စေလျှက် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်လူမျိုးတို့ ကို သိမ်းသွင်း စည်းရုံးထားသည် ကြားဖူး၏။
    ရှေးအခါထိုစဉ်က ဈေးချိုအရှေ့ ဘက်ကိုပင် အမြောက်တန်းဟု ခေါ်တွင်စေလျက် မွတ်စလင်မ်လူမျိုးတို့  စုရုံးနေထိုင်ကြ၏။ ၁၂၄၇- ခုနှစ်၊ မြန်မာသက္ကရာဇ် အင်္ဂလိပ်မင်း အုပ်ချုပ်သည့် အခါ မွတ်စလင်မ်ခေါ် အစ္စလာမ်လူမျိုး ခရစ်ယာန်လူမျိုးတို့  ပိုမိုများပြားလာ၏။ မြန်မာအမျိုးသမီးတို့  ဘာသာခြားလူမျိုး၊ နိုင်ငံရပ်ခြားလူမျိုးတို့ နှင့် စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားကြ၏ ။ ဘာသာခြားလူမျိုးများပြားလာ၏ ။
    အလွန်ကြည့်ကောင်းသော ရူချင်ဖွယ် မြန်မာပြည်ကို သုံးသပ်ကြည့် ရူရာတွင် ၁၂၈၂ – ခုနှစ်ဆီလောက်က ပညာရေးတိုက်ပွဲများ အောင်မြင်စပေါ်လာသည်။ အင်္ဂလိပ်မင်း ဘုရင်ခံလက်အောက် နေရစေကာမူ အမျိုးရေး ၊ ဘာသာရေး ၊ သာသနာရေး တက်ကြွလှုပ်ရှားလာ၏။ မြန်မာသက္ကရာဇ် ၁၂၆၀ – ဖွား ၆၁ -ခု ဖွားတို့ ကအစ အင်္ဂလိပ်ကျောင်းထွက်တို့ သည် မျက်စိပွင့်လာကြ၏ ။ နှလုံးရည်တိုက်ပွဲပေါ်ထွန်းလာ၏ ။ နိုင်ငံရေးအဖွဲ့ အစည်းတွေ များပြားလာ၏ ။ အထူးအားဖြင့် မြန်မာသက္ကရာဇ် ၁၂၇၁-ခု၊ ၇၂-ခု၊ ၁၂၇၃-ခု ဝန်းကျင်နှစ်များတွင် မွေးဖွားလာသောပုဂ္ဂိုလ်တို့  ယောက်ျားအာဇာနည်ဖြစ်လာကြ၏။
    ထိုဖြစ်ရပ် အတောအတွင်း ထိုနှစ်များ အတောအတွင်း မြန်မာ့ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းတို့  သမိုင်းကို စိတ်ထဲတွင် ထင်းထင်းကြီးပေါ်နေ၏ ။ ဒီးဒုတ်ဦးဘချို၊ ဖေ-ပု-ရှိန် မန္တလေး ဦးဘဦး စသည် အလွန်အားကိုးရသော နိုင်ငံရေးခေါင်းဆောင်ကြီးတွေ အမြဲသတိရ ဂုဏ်ကျေးဇူးအောက်မေ့ပါ၏။
    အလွန်တက်ကြွ ကြီးကျယ်သော ရဟန်းရှင်လူပြည်သူအများ အလွန်ညီညွတ်သော နဝမကွန်ဖရင့်ကြီ်းဆိုတဲ့  အင်္ဂလိပ်တိုက်ပွဲ လွတ်လပ်ရေးတိုက်ပွဲ အစည်းအဝေးကြီး မန္တလေး တာရဲတန်းတွင် ခုနှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်ဆိုသည်မှာလည်း ထိုခေတ် ထိုနှစ်ဆီကပင်ဖြစ်၏ ။ ( နဝမ ကွန်ဖရင့်အကြောင်းကို မှတ်တမ်း မှတ်ရာပြုမယ်ဆိုလျှင် ဘုန်းကြီးများ မတတ်နိုင်ပါ။ မရေးနိုင်ပါ။ ထိုမှတ်တမ်းသမိုင်းများကို ရှာဖွေလှန်လှော ကြည့်ကြပါဟု တိုက်တွန်းလိုက်ပါ၏။
    ထိုလွတ်လပ်ရေးတိုက်ပွဲ နဝမကွန်ဖရင့်၏ အထူးခြားဆုံးဖြစ်ရပ်တစ်ခုကို အထူးပြောကြားလိုသေး၏။ ထိုပွဲကြီးကို မန္တလေး လေးပြင်လေးရပ် သံဃာပေါင်းစုံ၊ တိုက်ပေါင်းစုံ ပါဝင်ခဲ့ခြင်းဖြစ်ရပ်တစ်ခု၊
    နောက်တစ်ခုကို အထူးသိစေလိုသည်မှာ မန္တလေး မြန်မာ တရုတ် ကုလား မွတ်စလင် စသောလူမျိုးစုံ၏။ ဤလွတ်လပ်ရေးတိုက်ပွဲကြောင့် အင်္ဂလိပ်အစိုးရသည် မြန်မာပြည်လွတ်လပ်ရေးပေး စိတ်ဖြစ်ပေါ်လာသည်ဆိုသော သမိုင်းကြောင်းကို ဖွင့်ဆိုလိုက်ရပေ၏။
    ရန်ကုန်ယူနီဗာစီတီ တက္ကသိုလ်မှာ ကျောင်းတက်နေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆရာကြီးဦးရာဇာတ်တို့ မြန်မာပြည် လွတ်လပ်ရေးရဘို့ မကြာခဏ ဆွေးနွေးကြသည် ကြားဖူးရ၏။
    သူတို့နှစ်ယောက်စလုံး တူညီသော အယူအဆ ဆန္ဒကိုဖော်ပြရမည်ဆိုလျှင် –
    ၁။ ငါတို့ မြန်မာပြည်မှာ မွေးဖွားတယ်
    ၂။ ငါတို့ မြန်မာထမင်း အဟာရကို စားသုံးတယ်
    ၃။ ငါတို့ မြန်မာပြည်မှာ ကျောင်းနေတယ်
    ၄။ ငါတို့ မြန်မာပြည်မှာ နေထိုင်သူဖြစ်တယ်
    ၅။ ငါတို့ အလုပ်သည် မြန်မာပြည် လွတ်လပ်ရေးရဘို့ လုပ်ရမှာဖြစ်တယ်။ ဤသို့နှစ်ဦးလုံးစိတ်ထားခြင်း တူကြ၏။
    ဆရာကြီး ဦးရာဇတ်သည် ဗိုလ်ချုပ်အောင်ဆန်းအပေါ် အလွန်ယုံကြည် အားကိုသလို ဗိုလ်ချုပ်အောင်းဆန်း ကလည်း ဆရာကြီးအပေါ် အလွန်ယုံကြည်အားကိုးသည်။ ဆရာကြီး ဦးရာဇတ်သည် အထက (၂) ရှေးယခင် နေ ရှင်နယ်အမျိုးသားကျောင်းအုပ်ကြီးဖြစ်သည်။ လွတ်လပ်ရေးလမ်းစ ပျိုးခင်းထောင်ခဲ့ပုံမှာ နေရှင်နယ်ကျောင်းကြီး၌ “ရဲညွန့်တပ်ဖွဲ့” ဖွဲ့စည်းလျှက် လွတ်လပ်ရေးတိုက်ပွဲကို လျှို့ဝှက်ဖွဲ့စည်းတည်ခင်းကြသည် နောက် အင်္ဂလိပ်အစိုးရ ရဲညွန့်တပ်ဖွဲ့ ရုပ်သိမ်းစေ၍ တားမြစ်သည်ကို လက်ခံလိုက်ရသည်။
    ဆရာကြီး ဦးရာဇတ်သည် မိတ္ထီလာဇာတိသား ဗိုလ်ချုပ်အောင်ဆန်းသည် နတ်မောက်ဇာတိသားဖြစ်၍ တစ်မြေ တည်းနေ တစ်ရေတည်းသောက် တစ်ခရီးတည်းသွားကြသော အာဇာနည်ပုဂ္ဂိုလ်ကြီး နှစ်ယောက်ဖြစ်သည်။ (သူတို့နှစ်ယောက်လုံး တပြိုင်နက် အတူကျဆုံးခဲ့ရသည်ကို ယခုထက်တိုင် အံ့သြဝမ်းနည်းနေကြရပါသည်။)
    တစ်ယောက်က မွတ်စလင် အစ္စလာမ်၊ တစ်ယောက်က ဗုဒ္ဓဘာသာဖြစ်သော်လည်း မင်းက ဘယ်ဘာသာ ငါက ဘယ်ဘာသာဟူ၍ ဘာသာနှင့်စပ်၍ မပြောခဲ့စဖူးဟု သိရ၏။ မြန်မာပြည်သားပီပီ မြန်မာပြည် လွတ်လပ်ရေး ရရေးကိုသာ တစိုက်မတ်မတ်လုပ်ခဲ့ကြသော ခေါင်းဆောင်ကြီးများဖြစ်၍ ထိုခေါင်းဆောင်ကြီး နှစ်ဦးအပါအဝင် အာဇာနည်မြောက်များ စွာတို့ အသက်ပေး ချွေး သွေးဖြင့် ဆောင်ရွက်ခဲ့သော လွတ်လပ်ရေး ပန်းတိုင်အောက်မှာ ကျွန်ုပ်တို့ ရဟန်းရှင်လူပြည်သူများစွာ ပျော်ရွှင်စွာ နေထိုင်ကြသည် မဟုတ်ပါလော။ ထိုသို့ ပျော်ရွှင်စွာနေထိုင်စဉ် “သခွပ်ပင်က မီးတကျည်ကျည် မဖြစ်ကြပါနဲ့၊ မလုပ်ကြပါနဲ့” ဟူ၍ ဘုန်းကြီးတစ်ပါးအနေဖြင့် တောင်းပန်စကားပြောကြားရင်း လွတ်လပ်ရေးမဆုံးရှုံးစေရေး ကို သတိပေးလိုက်ရပါသည်။
  • မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများ အတွက် Asian Muslim Action Network မှကြေငြာချက်ထုတ်ပြန်
    မတ်လ ၂၈ ၊ ၂၀၁၃
    M-Media
    Asian Muslim Action Network
    မြန်မာနိုင်ငံမှ မွတ်စလင်များအား အကြမ်းဖက်မှုများအတွက် Asian Muslim Action Network မှကြေငြာချက်တစောင် ထုတ်ပြန်လိုက်ကြောင်း သိရှိပါသည်။ ၄င်းကြေငြာချက်တွင် ဖော်ပြပါရှိတာကတော့
    ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများအတွက် ကျွန်ုပ်တို့ AMAN မှ စိုးရိမ်ပူပန်မိပြီး၊ အလွန်ပင် စိတ်မကောင်းဖြစ်မိပါသည်။
    အထူးသဖြင့် မိတ္ထီလာမြို့တွင် အစ္စလာမ်ဘာသာဝင်များ၏ ၀တ်ပြုရာနေရာများ၊ နေအိမ်အဆောက်အဦးများ ဖျက်ဆီးခံရခြင်း၊ လူများ သေကြေပျက်စီးခြင်းများကို ကြားသိရပြီး ထိုလုပ်ရပ်များအားလုံးကို ကျွန်ုပ်တို့မှ လုံးလုံးလျားလျား ရှုတ်ချပါသည်။
    အဆိုပါ အကြမ်းဖက်မှုများအတွင်း မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရသူအားလုံးအတွက် အလွန်ပင်ဝမ်းနည်းမိကြောင်း၊ အကြမ်းဖက်မှုဒဏ် ခံစားခဲ့ရသော သူများနှင့် ကျွန်ုပ်တို့ အတူတကွ ရှိနေပါကြောင်း ပြောကြားလိုပါသည်။
    မြန်မာအစိုးရအနေနှင့် ထိုအကြမ်းဖက်မှုအတွက် တာဝန်ရှိသူများကို တရားဥပဒေအရ အရေးယူရန် ကျွန်ုပ်တို့မှ တောင်းဆိုလိုက်ပါသည်။ ဤကဲ့သို့ ကြမ်းကြုတ်သော အကြမ်းဖက်မှုကို ကြံစည်ဆောင်ရွက်သူများ၊ အထူးသဖြင့် လူနည်းစု အစ္စလာမ်ဘာသာဝင်များနှင့်ပက်သက်၍ အမုန်းတရားများကို ဖြန့်ဝေမှုတွင် ပါဝင်သူများအား အရေးယူပေးရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းပြောကြားလိုက်ပါသည်။
    မကြားသေးမီကလည်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် အဓိကရုဏ်းများ နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီး အသက်၊ အိုးအိမ်၊ စည်းစိမ်ပေါင်း မြောက်များစွာ ဆုံးရှုံးခဲ့ရပါသည်။ မြန်မာနိုင်ငံမှာ ကမ္ဘာ့ လူ့အခွင့်အရေးချိုးဖောက်မှုတွင် အဆိုးဝါးဆုံး မှတ်တမ်းရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ ရိုဟင်ဂျာများမှာလည်း ကမ္ဘာပေါ်တွင် ဖိနှိပ်ချုပ်ချယ်မှု၊ ညှင်းပန်းနှိပ်စက်မှု အခံရဆုံး လူ့အဖွဲ့စည်းများထဲမှ တစ်ခုဖြစ်လေသည်။
    အဆိုပါ အကြမ်းဖက်မှုများက တိုင်းပြည်၏ ရည်ရှည် ဒီမိုကရေစီဖော်ဆောင်ရေး၊ နိုင်ငံတကာ လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခွင့်အလမ်း ဖန်းတီးမှုများဆီသို့ ရှေ့ရှုရာတွင် – မတူညီသော တိုင်းရင်းသား လူ့အဖွဲ့အစည်းများအကြား မကျေလည်မှုများကို ကုစားခြင်း စသည်တို့နှင့် ဆက်စပ်နေသည်ဟု ယူဆမိပါသည်။
    မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် အစ္စလာမ်ဘာသာဝင် ၁၃၀ ဦးနှင့် ဗုဒ္ဓဘာသာဝင် ၃၀ ဦးနီးပါး အသက်ဆုံးရှုံးခဲ့ရကြောင်း မှတ်တမ်းများအရ သိရပါသည်။ ဗလီဝတ်ကျောင်းတော် ၁၅ လုံး၊ အစ္စလာမ့် ဓမ္မသင်တန်းကျောင်း ၅ ခု၊ အခြားအဆောက်အဦးများ ပျက်စီးခဲ့ပြီး အိမ်ထောင်စုပေါင်းများစွာကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပါသည်။
    မိထ္တီလာမြို့တွင် အခြေအနေများအား ထိန်းချုပ်နိုင်သော်လည်း အနီးအနားတစ်ဝိုက်ရှိ မြို့များ၊ ရွာများသို့ အကြမ်းဖက်မှုများ ပျံ့နှံ့သွားသည်ကိုလည်း ကျွန်ုပ်တို့ သိရှိရပါသည်။
    အခုလက်ရှိ ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများအား ရပ်တန့်စေရုံသာမက၊ ‘၉၆၉ ဂိုဏ်း’ ဟုခေါ်သည့် အဖွဲ့မှ အမုန်းတရားဖြန့်ဝေနေမှုများကို ရပ်တန့်စေခြင်းဖြင့် လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု အစ္စလာမ်ဘာသာဝင်များအကြား အနာဂတ်တွင် ဖြစ်ပေါ်လာမည့် တင်းမာမှုများကို တားဆီးပေးရန် မြန်မာအစိုးရအား ကျွန်ုပ်တို့မှ တောင်းဆိုလိုက်ပါသည်။
    မြန်မာအစိုးရအနေဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ပြည်သူတို့အား ပြည့်ဝသော လုံခြုံရေး အထောက်အပံ့များနှင့်အတူ ပြန်လည်နေချထားပေးရန် ခွင့်ပြုရမည်ဖြစ်သည်။
    ထိုကဲ့သို့ အကြမ်းဖက်မှုများကို ချက်ခြင်း တားဆီးပေးရန်အတွက် မြန်မာအစိုးရအပေါ် ဖိအားပေးရန် ကုလသမဂ္ဂအဖွဲ့ကြီး နှင့် OIC ကိုလည်း ကျွန်ုပ်တို့မှ တိုက်တွန်းလိုက်ပါသည်။
    အကြမ်းဖက်ခံရသောသူများအား ဘာသာလူမျိုးမခွဲခြားပဲ လျော်ကြေးပေးရန်၊ နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးရန် နှင့် အသက်မွေးနိုင်သော ပတ်ဝန်းကျင်တစ်ခုကို ထူထောင်ပေးရန် ကျွန်ုပ်တို့မှ မြန်မာအစိုးရအား တိုက်တွန်းလိုက်ပါသည်။
    နိဂုံးချုပ်အနေဖြင့် အနာဂတ်တွင် ထိုကဲ့သို့သော အကြမ်းဖက်မှုများ ရပ်တန့်တားဆီးရန်အလို့ငှာ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ၊ တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်ပေးရန် ပြည်တွင်းနှင့် ပြည်ပမှ လူမှု အဖွဲ့အစည်းများအား ကျွန်ုပ်တို့မှ မေတ္တာရပ်ခံအပ်ပါသည်။
    Source: http://www.arf-asia.org/aman
  • လှည့်ကွက်ထဲ မျောနေတဲ့ မြန်မာပြည်သူ
    မတ်လ ၂၇ ၂၀၁၃
    မင်းသိက္ခာ(ပြည်မြန်မာ)
    wolf-sheep2
    မြန်မာပြည်သူပြည်သား အထူးသဖြင့် ဗမာလူမျိုးရဲ့ ဓလေ့စရိုက်မှာ အားနာတတ်တယ်ဆိုတာရှိပါတယ်။ ဒါဟာ ဘယ်နိုင်ငံဘယ်လူမျိုးမှာမှ မရှိကြပါဘူး။ တကယ့်ကို ချစ်စရာကောင်းတဲ့ဓလေ့ပါ။ မြန်မာနိုင်ငံ နယ်ဖက် ကျေးလက်ဒေသမှာနေထိုင်တဲ့လူတွေဆိုရင် အားနာတတ်ရုံမျှမက ပွင့်လင်းစွာ စကားပြောဆိုတတ်ပြီး အင်မတန်ကိုရိုးသားကြတဲ့ တောသူတောင်သားတွေများပါတယ်။ ဘယ်လောက်ထိ ရိုးကြ အ ကြလဲဆိုရင် ဒီနေ့ခေတ်လို အချိန်ရောက်တဲ့အထိ လေမုန်တိုင်းတိုက်တာတောင် အိမ်ရှေ့ထွက်ပြီး ဓါးမနဲ့ခုတ်နေတဲ့ လူမျိုးတွေ အခုထက်ထိရှိနေတုန်းပါ။ ဒီလိုအားနာတတ်ပြီး ရိုးသားတဲ့တောသူတောင်သားတွေကို ယုတ်မာပက်စက်တဲ့ အုပ်စုတစ်စုနဲ့ ခရိုနီအချို့ဟာ သူတို့ရဲ့ လိုဘတွေအတွက် နည်းလမ်းပေါင်းစုံသုံးပြီး အရောင်ဆိုးခဲ့ပါတော့တယ်။
    ဒီနေ့ဖြစ်ပျက်နေတဲ့ မြန်မာပြည်ရဲ့ဖြစ်စဉ်တွေကို  လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် စီးပွားရေးမှာ အုပ်စိုးခြယ်လှယ်နေခဲ့တဲ့ ခရိုနီတွေနဲ့ အာဏာရူးတချို့ဟာ သူတို့ရဲ့ အကျိုးစီးပွား အတွက် ဘာမဆို လုပ်ဆောင်နေတာကို ဝမ်းနည်းစွာတွေ့မြင်နေရပါတယ်။ ဒီလိုလုပ်နေခြင်းဆိုတာကို မသိဘဲ ရိုးသားတဲ့တောသူတောင်သားတွေဟာ သူတို့ရဲ့ လှည့်ကွက်ထဲမျောပါသွားပါတော့တယ်။
    သူတို့တွေဟာ ဘယ်လောက်ထိရက်စက် ယုတ်မာကောက်ကျစ်လဲဆိုရင် သူတို့ရဲ့ လိုဘတွေကို အနှောက်အယှက်ဖြစ်လာမယ့် အချိန်တိုင်းမှာ ဘာသာရေး လူမျိုးရေး ပဋိပက္ခဖြစ်အောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြံဆောင်ခဲ့ကြပါတယ်။ လက်ရှိ 969 ဆိုတာဟာ အဲဒီလုပ်ရပ်တွေထဲက တစ်ခုပါပဲ။ 969 လှိုင်းရိုက်ခတ်မှုကြောင့် ဧရာဝတီမြစ်ဆုံ စီမံကိန်း၊ လက်ပံတောင်းတောင်ကိစ္စ၊ မလက်တို လယ်ယာမြေသိမ်းဆည်းရေး အရေးတော်ပုံတွေဟာ အလိုလိုမှေးမှိန် သွားတာကိုတွေ့ရပါလိမ့်မယ်။ ဆက်လက်ပြီးလည်း လုပ်ဆောင်နေတဲ့ အနေအထားတွေတွေ့နေရပါတယ်။ တချို့က နောက်ပြန်လှည့်မယ်တို့ အာဏာပြန်သိမ်းမယ်လို့  မှတ်ချက်တွေပြုကြတာ ကြားသိရပါတယ်။ ဒါလည်း ဖြစ်နိုင်ချေရှိတဲ့ မှတ်ချက်တစ်ခုပါ။ သို့ပေမဲ့ သေချာတာကတော့ အားလုံးနီးပါး သူတို့တွေရဲ့ လှည့်ကွက်တွေထဲမှာ နစ်မျောနေကြပြီဆိုတာပါပဲ။
    လက်ရှိအစိုးရဟာ တစ်ချိန်က စီးပွားရေးအင်အားကြီးတဲ့ အာဏာရှိခဲ့တဲ့ လူတွေနဲ့ ခရိုနီတစ်စုကို လှန်နိုင်တဲ့အနေအထားမရှိပါဘူး။ ခရိုနီတွေပါတာ ဘယ်လောက်ထိ သိသာလဲဆိုရင် ဒီရက်ပိုင်း ဆက်လက်ဖြစ်ပွားခဲ့တဲ့ ကြို့ပင်ကောက်မြို့ရှိ မွတ်စလင်မ်တွေရဲ့ ဗလီ၊ စာသင်ကျောင်းနဲ့ အိုးအိမ်တွေကို ဖျက်ဆီးတဲ့နေရာမှာ ဘူဒိုဇာပါ အသုံးပြုလာတယ်လို့ သိရပါတယ်။ မြန်မာပြည်က သာမန်လုပ်ငန်းရှင် ဘယ်သူ့ဆီမှာမှ ဒီလို ဘူဒိုဇာမျိုး မရှိပါဘူး။ ဒါမျိုးတွေဟာ လုပ်ငန်းစီမံကိန်းတွေ အကြီးကြီးတွေလုပ်တဲ့ ခရိုနီတွေရဲ့လက်ထဲမှာပဲရှိပါတယ်။ အဖျက်ဆီးခံရတဲ့ မြို့တွေမှာရှိတဲ့ မြို့ခံသိက္ခာတော်ရ ဆရာတော်တွေနဲ့ အာဏာပိုင်တွေဟာ မီးမရှို့ဖို့နဲ့ လူမသတ်ဖို့လောက်ပဲ တားဆီးနိုင်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်တွေကို မတားဆီးနိုင်တာကိုကြည့်ရင် နောက်ကွယ်က အမိန့်ပေးခိုင်းစေနေတဲ့ အင်အားစုဟာ အစိုးရကိုပါ အာဏာသက်ရောက်တယ်လို့ မှတ်ချက်ပြုလို့ရပါတယ်။ ဒီယုတ်မာ ရိုင်းစိုင်းတဲ့ အကြမ်းဖက်တွေရဲ့နောက်ကွယ်က အုပ်စုတွေဟာ ဘာကိုမှ ဂရုမစိုက်ပါဘူး။
    လက်ပံတောင်းတောင်ကိစ္စမှာ အကြမ်းဖက်မှုမပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ သံဃာတော်တွေကို အချိန်မဆိုင်းဘဲ မီးလောင်ဗုံးပစ်သွင်းခဲ့တဲ့ လုံခြုံရေးဝန်ထမ်းတွေဟာ အခုမိတ္ထီလာကိစ္စမှာ ဘာမှထိထိရောက်ရောက်အရေးယူမှုမရှိဘဲ တစ်မြို့ပြီးတစ်မြို့အကြမ်းဖက်ခံနေတာကိုကြည့်ရင် သူတို့အကျိုးစီးပွားအတွက်သက်သက် လုပ်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဘာသာရေးပဋိပက္ခလို့ဆိုရလောက်အောင်လည်း ဘယ်မြို့ခံအချင်းချင်းမှ ဒုက္ခမပေးကြသလို ဒုက္ခရောက်နေတဲ့ မွတ်စလင်မ်တွေကို ကယ်ယူစောင့်ရှောက်နေတာကိုလည်း ကြားသိနေရပါတယ်။ ဒါဟာ အင်မတန်မွန်မြတ်ပြီး သဒ္ဓါတရားပြည့်ဝတဲ့ ငြိမ်းချမ်းရေးဝါဒီ ဗုဒ္ဓဘာသာဝင်အစစ်တွေရဲ့ လုပ်ရပ်တွေလို့လည်းဆိုချင်ပါတယ်။ ဒီအကြမ်းဖက်တွေရဲ့ ဘာသာရေးပဋိပက္ခအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေဟာ
    (၁) မြစ်ဆုံကို မေ့လျော့သွားစေပါတယ်။
    (၂) လက်ပံတောင်းတောင်ကိစ္စရဲ့ တင်းအားတွေ လျော့ပါးသွားစေပါတယ်။
    (၃)ဒီမိုကရေစီရေးလမ်းကြောင်းဆိုတာ ပြောစမှတ်ပြုရမလိုလိုဖြစ်နေပြီး
    (၄) မလက်တိုအရေးအခင်းပါ ကွယ်ပျောက်သလိုဖြစ်နေပြီ ဆိုတာကို သတိပေးပါရစေဗျာ။
    အထက်ကသုံးသပ်ပြခဲ့တဲ့အချက်အလက်တွေကို သေချာလေ့လာပြီး စဉ်းစားသုံးသပ်နိုင်ကြဖို့လည်းတိုက်တွန်းလိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ လှည့်ကွက်ထဲမှာ နစ်မျောပြီး ပြည်သူက ၉၆၉ ထိုင်လုပ်နေ၊ အစိုးရက အကြမ်းဖက်လုပ်ရပ်တွေကို မသိချင်ယောင်ဆောင် ခွင့်ပြုနေဆိုရင်တော့ မကြာခင် ချောက်ကမ်းပါးထဲ လက်တစ်လုံးအလိုကို ကျတော့မယ့် မြန်မာနိုင်ငံကို ကယ်တင်မယ့်သူတွေ အသင့်စောင့်နေပြီလို့ ကိုမင်းကိုနိုင်(၈၈) ရဲ့စကားလေးနဲ့ သတိပေးလိုက်ရကြောင်းပါခင်ဗျာ။
    ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။
  • Rule Of Law (တရားဥပဒေ စိုးမိုးရေး)
    မတ်လ၊ ၂၇ ၊ ၂၀၁၃
    M-Media
    ရေးသူ- ဥပဒေပညာရှင်တစ်ဥိး
    law-and-justice-image1
    ကမ္ဘာပေါ်တွင်မည်သည့်တိုင်းပြည်၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာမဆို  အေးချမ်းစွာနေထိုင်  ပြီး ကောင်းမွန်သော စီးပွားရေးကို ရှာဖွေ စားသောက်ကာ နေထိုင်သော  လူကောင်းများရှိသကဲ့သို့  ပြစ်မှုများကို ကျူးလွန်သော လူဆိုးသူခိုးများလည်း ရှိပါသည်။ထိုလူဆိုး  သူခိုး ပြစ်မှုကျူးလွန်သူ  များကို သက်ဆိုင်ရာပြစ်မှုဆိုင်ရာဥပဒေများနှင့်အညီ  ပြစ်ဒဏ်ပေးခြင်းပြုလုပ်ရပါသည်။ ထိုပြစ်ဒဏ်  များထဲတွင် သေဒဏ်၊ ထောင်ဒဏ်၊ ငွေဒဏ် စသဖြင့် ကျူးလွန်သော   ပစ်မှုကိုလိုက်ပြီး အပြစ်ပေး  အရေးယူရပါသည်။ သို့မှသာ တရားဥပဒေစိုးမိုးမှု(Rule of Law) ကို ဖြစ်စေပါသည်။ မည်သည့်ဘာသာဝင် တစ်ဦးတစ်ယောက်(သို့)လူတစ်စုက  ပြစ်မှုများ (မုဒိန်းမှု၊ ခိုးမှု၊ ရိုက်နှက်မှု) စသည့်  တို့ကျူးလွန်သဖြင့် ထိုသူတို့နှင့်ဘာသာတူသည့် သူများ၏  အသက်၊အိုးအိမ်၊စည်းစိမ်၊ဘာသာသာသနာ အဆောက်အဦးတို့ကို ဖျက်ဆီးခြင်းမပြု  လုပ်ရပါ။ ထို သို့ ပြုလုပ်သူများသည်ပင်လျှင် ပြစ်မှုများကျူးလွန်သူများဖြစ်ပြီး  ဥပဒေပါအတိုင်း အရေယူဆောင်ရွက်မှသာ တိုင်းပြည်၏ တရားဥပဒေစိုးမိုးမှု (Rule  of Law) ဖြစ်ပေါ်လာမည်သာဖြစ်ပါသည်။
    မိမိတို့ နိုင်ငံသည်ဒီမိုကရေစီ ခေတ်သို့ ဦးတည်လျှောက်လှမ်းနေသော  နိုင်ငံဖြစ်ပါသည်။(ဒီမိုကရေစီဆိုသည်မှာ အခွင့်အရေးရှိသလို  တာဝန်များလည်းရှိသည်။)  မည်သည့် ဥပဒေတွင်ဖြစ်စေ အခွင့်အရေးနှင့်တာဝန် ၂ ရပ် ပူးတွဲ  တည်ရှိနေပါသည်။ နိုင်ငံသားတိုင်း    အခွင့်အရေးရှိသလို  လိုက်နာရမည့် တာဝန်ဝတ္တရားများလည်းရှိသည်။  ၂၀၀၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ  ၆ (င) တွင် “နိုင်ငံတော်သည် …. နိုင်ငံတော်၌ တရားမျှတခြင်း၊  လွတ်လပ်ခြင်း နှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ  ပိုမိုထွန်းကားရေး…..တို့ ကို အစဉ်တစိုက်ဦးတည်သည် ” ဟု ပြဌာန်း  ထားပါသည်။
    ပုဒ်မ ၃၆ဝ (က) တွင် “ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဆောက်တည်မှု သည်စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ အခြားလောကီရေးရာ ဆောင်ရွကမှုတစ်ခုခုနှင့်ဆက်စပ်နေပါက ပုဒ်မ ၃၄ ပါ ဘာသာ သာသနာရေးဆိုင်ရာ  လွတ်လပ်ခွင့်များတွင် မပါဝင်စေရ၊”
    ပုဒ်မ ၃၆ဝ (ခ)တွင် “ ထို့ သို့ ဘာသာသာသနာရေးနှင့် စပ်လျဉ်း၍ လွတ်လပ်သော  အခွင့်အရေးများကို ပေးထားသော်လည်း အများပြည်သူအကျိုးကိစ္စနှင့်  ပြုပြင်ရေးကိစ္စတို့ အတွက် နိုင်ငံတော်၏ ဥပဒေပြု ခြင်း ကို မတားမြစ်ရ။”
    ပုဒ်မ ၃၆၁ တွင် “ နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏  ဂုဏ်ထူးဝိသေသနနှင့်ပြည့်စုံသည့်ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က  အသိအမှတ်ပြုသည်။”
    ပုဒ်မ ၃၆၃ တွင် “နိုင်ငံတော်သည် အသိအမှတ်ပြု ထားသော ဘာသာသာသနာများကို  တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။”
    ရာဇသတ်ကြီး ပုဒ်မ ၂၉၅ အရ ။  ။- လူတစားကိုးကွယ်သည့်ဘာသာသာသနာကို  စော်ကားရန် အကြံဖြင့်ဖြစ်စေ၊ကိုးကွယ်ဝတ်ပြုသော နေရာကိုသော်၎င်း၊  အထွဋ်အမြတ်ထားသော အရာဝတ္ထုကိုသော်၎င်း၊ ဖျက်ဆီးခြင်းသည်၊ သို့ တည်းမဟုတ်  ပျက်စီးနစ်နာစေခြင်းသည်၊သို့ တည်းမဟုတ် ယုတ်ညံ့စေခြင်းသည်၊ ထို  ဘာသာသာသနာကို စော်ကားသည်ဟု လူတစားက ယူဆတန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ  မည်သူမဆို၊ ထိုလူတစားက ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဝတ်ပြု သော  နေရာကိုသော်၎င်း၊ အထွဋ်အမြတ်ထားသောအရာဝတ္ထု ကို သော်၎င်း၊ ဖျက်ဆီးလျှင်၊  သို့ တည်းမဟုတ် ပျက်စီးနစ်နာစေ လျှင်၊သို့ တည်းမဟုတ် ယုတ်ညံ့စေလျှင်၊   ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
    ရာဇသတ်ကြီးပုဒ်မ ၂၉၅ (က) ။  ။ ပြည်ထောင်စု နိုင်ငံတော်တွင် နေထိုင်သော  လူတစား၏ဘာသာရေးစိတ် ကို နာကြည်းစေရန် တမင်မသမာသော အကြံဖြင့် မည်သူမဆို၊  စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ထို  လူတစားကိုးကွယ်သည့် ဘာသာသာသနာကို သော်၎င်း၊ ဘာသာသာသနာရေးယုံကြညမှုကိုသော်၎င်း၊ စော်ကားလျှင်၊သို့ တည်းမဟုတ် စော်ကားရန်အားထုတ်လျှင်၊  ထိုသုကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
    ရာဇသတ်ကြီး ပုဒ်မ ၂၉၆။  ။ ဥပဒေနှင့်အညီ ဘာသာသာသနာရေးဆိုင်၇ာ  ကိုးကွယ်ဝတ်ပြုခြင်းပြုနေသော၊ သို့ တည်းမဟုတ် ဘာသာသာသနာရေးဆိုင်ရာ  အခမ်းအနားကို ကျင်းပနေသော အစုအဝေး တခုခုအား မည်သူမဆို၊ မိမိအလိုအလျောက်  အနှောင့်အယှက်ဖြစ်စေလျှင်၊ ထိုသူကို တနှစ်ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊  ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
    အခြေခံဥပဒေ ၂၁ (က)   ။နိုင်ငံသားတိုင်းသည် ဤဖွဲ့ စည်းပုံ  အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည့် တန်းတူညီမျှ အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှုအခွင့်အရေး တို့ ခံစားခွင့်ရှိသည်။
    ၂၁(ဂ) ။  ပြည်သူတို့ ၏အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ သည်  နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်သည်။
    ဘာသာသာသနာတစ် ရပ်ရပ်အား ထိခိုက်ပုတ်ခတ်စော်ကားသော ဟောပြောမှု  ထိုဟောပြောသော တရားခွေ VCD / DVD ခွေများကို တရားမဝင် လွတ်လပ်စွာ  ရောင်းချဖြန့် ဖြူး နေမှု များသည် နိုင်ငံတော်အားဆူ ပူအုံကြွမှုဖြစ်ပေါ်စေရန် အဓိကလှုံ ဆော်ဆောင်ရွက်မှု အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။  ထို ဆောင်ရွက်ဖြန့် ဖြူး ချက် များကို နိုင်ငံတော်အစိုးရ ( ပြည်ထဲရေး  နှင့် ဘာသာရေးဝန်ကြီး ဌာန ရဲ အရာရှိများ၊ တရားစီရင်ရေးဆိုင်ရာ  တရားရုံးများ)နှင့် တကွ တာဝန်သိ ပြည်သူတစ်ရပ်လုံးမှ ဝိုင်းဝန်းဖော်ထုတ်ဟန့် တား အရေးယူ  ဆောင်ရွက်ပေးမှသာလျှင်  နိုင်ငံသားတို့ ၏ အသက် အိုးအိမ်စည်းစိမ်၊  ဘာသာသာသနာ အ ဆောက်အဦးတို့ အား ကာကွယ်စောင့် ရှောက်နိုင်မည်ဖြစ်ကြောင်း  နှင့် ကမ္ဘာအလယ်တွင် လူ့ အခွင့်အရေး ကို လေးစားလိုက်နာသော  နိုင်ငံတစ်ခုအဖြစ် သိက္ခာရှိစွာ ရပ်တည်နိုင်မည်ဖြစ်ပါသည်။
  • ကမ္ဘာ့မီဒီယာမှန်ချပ်ပေါ်က ၉၆၉ ပုံလွှာ (ပရိတ်သတ်တစ်ဦး၏ ရင်ကွဲသံ)
    မတ်လ-၂၆ ၊ ၂၀၁၃
    ရေးသားသူ  –  သာကီ ထက်ကောင်း
    ကျွန်တော် မြန်မာသတင်းဆိုဒ်တွေ သိပ်မဖတ်ဖြစ်တော့ပါဘူး။ ဖွတာတွေ အရိုးအရွက်ဖုံးတာတွေ မုန့်ကြိုးလိမ် သတင်းဖော်ပြချက်တွေ ကျင့်ဝတ်မညီတဲ့အရေးအသားတွေက သတင်းအမှန်ငတ်မွတ်နေသူတွေအတွက် အလွန်အင်မတန် စိတ်ပျက်သွားစေပါတယ်။ နှလုံးသား နဲ့ အတွေးအခေါ်တွေကို တမင် အရောင်လိုက်ဆိုးနေသလားလို့ ထင်ရတယ်။ နိုင်ငံခြားကိုမှအထင်ကြီးတာမျိုး မဟုတ်ပေမယ့် နိုင်ငံတကာ သတင်းဆိုဒ်တွေကို မြှားဦးလှည့်ဖြစ်တာ ကြာသွားပါပြီ။ သူတို့ဆီမှာက မီဒီယာကျင့်ဝတ်ကို အလေးထားကြတော့ အချက်အလက်အကြောင်းအရာပိုင်းမှာ (အားလုံးမဟုတ်ပေမယ့် အများစုက) ခိုင်မာမှု ရှိကြတယ်။ ကျွန်တော်တို့ဆီမှာလည်း ခိုင်မာမှန်ကန်တဲ့သတင်းများကို အချိန်နဲ့တစ်ပြေးညီ တင်ဆက်ပေးတဲ့ဆိုဒ်တွေလည်း လက်တစ်ဆုပ်စာ ရှိနေပါရဲ့။ ဒါပေမယ့် ညစ်ပတ်ရိုင်းစိုင်းလွန်းစွာ ၀င်ပေးနေကြတဲ့ ကွန့်မန့်တွေမြင်ရတာ စိတ်မချမ်းသာစရာကောင်းချက်ကတော့ ကမ်းကုန်ဘဲဗျာ။ လက်ရှိပြင်ပမှာ ဖြစ်ပျက်နေတာတွေက စိတ်ချမ်းသာစရာ တစ်ကွက်မှ မရှိသေးတာလည်း အားလုံးက သိကြမှာပါ။
    ဒီနေ့ ၂၆.၃.၂၀၁၃ အင်္ဂါနေ့၊ The Straits Times ရဲ့ Asia reports မှာ ဖတ်ကြည့်တော့ ထုံးစံအတိုင်း မြန်မာသတင်းက ဦးစားပေးဖော်ပြချက်မှာပါနေတယ်။ 18,000 displaced’ in Myanmar riots ခေါင်းစဉ်နဲ့ပါ။ NLD က လွှတ်တော်အမတ် ဦးဝင်းထိန်ရဲ့ မျက်မြင် ကိုယ်တွေ့ ပြောကြားချက်၊ ဒေသခံတို့ရဲ့ပြောကြားချက်နဲ့တစ်ကွ မိတ္ထီလာပြဿနာ အကြောင်း၊ ပြီးခဲ့တဲ့နှစ် ရခိုင်က ရိုဟင်ဂျာတွေကို ဘင်္ဂလားကခိုးဝင်လာသူလို့စွပ်စွဲပြီး အစွန်းရောက်ဗုဒ္ဓ၀ါဒီတွေရဲ့ တစ်ဖက်သတ်နှိပ်စက်တဲ့အကြောင်း၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က လာရောက်ကြည့်ရှုသုံးသပ်မှုအကြောင်း – ဒီသတင်းတွေက သိရှိထားပြီးသားမို့ သိပ်မထူးလှပါဘူး။ အဲ့ – နောက်ဆက်တွဲ ရေးသားဖော်ပြမှုတွေမှာတော့ ၉၆၉ အကြောင်းပါလာတာတွေ့ရတယ်။
    '18,000 displaced' in Myanmar riots
    မူဆလင်တွေရဲ့ ၇၈၆ ကိုဆန့်ကျင်ဖို့ ဗုဒ္ဓဘာသာတရားသဘောတွေထည့်သွင်းထားတဲ့ ၉၆၉ နံပါတ်ကိုအသုံးပြု၊ သြဇာကြီးမားတဲ့ အင်အားစုများကို ကျောထောက်နောက်ခံပြုထားပုံရတဲ့ ဗုဒ္ဓဘာသာဝင်အုပ်စု တစ်စုဟာ မကြာသေးခင် လများအတွင်း ပေါ်ထွန်းလာပါတယ်တဲ့။ သဘောထားပြင်းထန်တဲ့ မန္တလေးမြို့က ဦးဝီရသူဟာ မွတ်စ်လင်မ်ဆန့်ကျင်မှု မုန်းတီးရေးတရားတွေကို ဟောပြောနေတုန်းပါဘဲတဲ့။ အင်္ဂလိပ်လို တိုက်ရိုက်ဖတ်ချင်ယင်တော့ ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။
    Burmese Bin Laden
    တစ်ခါ International Bussiness Time ကို ၀င်ကြည့်ပြန်တော့ ဒီစာမျက်နှာ မှာ မြန်မာပြည်က အကြမ်းဖက်မှု နောက်ကွယ်က ကြိုးကိုင်သူဟာ ဦးဝီရသူလား လို့ခေါင်းစဉ်တပ် သတင်းဆောင်းပါးကို တွေ့ရပြန်ရော။ အဲ့ဒီမှာ ဦးဝီရသူကို ကြံကြံဖန်ဖန် “ မြန်မာဘင်လာဒင် ” ဆိုတဲ့ tittle တပ်ထားတာ ကျွန်တော့်မှာ ရယ်ရအခက် ငိုရအခက် ဖြစ်သွားတယ်။ ဘင်လာဒင်ကို အကောင်းမြင်တဲ့ မူဆလင်အုပ်စု တစ်ချို့ကတော့ နှိုင်းရကောင်းလားဆိုပြီး ထအော်ဦးမှာ သေချာသဗျို့။ ဓါးတရမ်းရမ်းနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ဂျာနယ်လစ်တွေရဲ့ကင်မရာမင်မိုရီကဒ်တွေကို ခြိမ်းချောက်တောင်းယူတာ၊ Burma Campaign UK’s director Mark Farmaner က “ ရိုဟင်ဂျာဆန့်ကျင်ရေး ဖြစ်မလာခင်ကတည်းက မူဆလင်ဆန့်ကျင်ရေးအုပ်စုဖွဲ့ခဲ့တဲ့ အဖွဲ့အစည်းတွေရှိနေခဲ့ကြတယ် ” လို့ IBTimes UK ကို ပြောတာ၊ ဦးဝီရသူဦးဆာင်တဲ့ မြန်မာပြည်တစ်ခွင် မူဆလင်ဆန့်ကျင်ရေးတရားပွဲတွေ လုပ်ပြီးသွားတဲ့ ဒေသတိုင်း ဒီလိုအဓိကရုဏ်းတွေ မီးခိုးကြွက်လျှောက် ဆက်တိုက်ဖြစ်ပေါ်လာတာ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေကလည်း မူဆလင်တွေအပေါ် ရမယ်မျိုးစုံရှာပြီး ဝေဖန်ရှုတ်ချတဲ့ စာရွက်စာတမ်း လက်ကမ်းစာစောင်တွေကို လပေါင်းများစွာ ဒိုင်ခံဖြန့်ချိနေတာ စသဖြင့် လိုတိုရှင်းဖော်ပြထားတာ တွေ့လိုက်ရတယ်။ ဒါက နာမည်ကြီးမီဒီယာ အချို့သာရှိပါသေးတယ်။ အတိုချုပ်ဆိုရယင် ကမ္ဘာ့မီဒီယာမှန်ချပ်ထဲက ဘယ်နေရာကြည့်ကြည့် 969 group/gang တို့၊ Extremist Buddhist Nationalism တို့၊ Neo-NarzI Buddhism တို့၊ Burmese Buddhist monks တို့ စတင် ပလူပျံနေပါပြီ။ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုအပေါ် တစ်ကမ္ဘာလုံးစောင့်ကြည့်နေချိန်ကျမှ နိုင်ငံတကာမီဒီယာနံရံထဲ ဒီသံတစ်ချောင်း ရိုက်သွင်းလိုက်သလိုဖြစ်ကုန်ပါပြီ။  ဒီပုံရိပ်တွေ ဒီအက်ကြောင်းတွေကို ဘယ်လိုပယ်ဖျက်လို့ရနိုင်တော့မလဲ။ The Golden Land လို့ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံဟာ မကြာခင် The Bloody Land & Hands အဖြစ် အမည်တွင်တော့မှာလား။ ဘာသာရေး၊ လူမျိုးရေး ဆိုတာတွေကို ဘေးဖယ်ချထားပြီး မြန်မာပြည်သားတစ်ယောက် လူသားတစ်ယောက် အနေနဲ့ကြည့်မြင်ရင်တောင်မှ ရှက်စရာကောင်းလွန်းနေပါပြီ။
    ခုတစ်လော နိုင်ငံရပ်ခြားမှာရှိနေတဲ့ဗုဒ္ဓဘာသာဝင်အချို့ကို Are you traditional Buddhist or 969 Myanmar Buddhist ? လို့ မေးတဲ့အဆင့်ထိရောက်နေပြီလို့ သိရတယ်။ ပြည်တွင်းနေသူများအဖို့ သိပ်မသိသာသေးပေမယ့် နိုင်ငံရပ်ခြားက မြန်မာအလုပ်သမားတွေ တဖြည်းဖြည်းခေါင်း မဖော်နိုင်တဲ့ဘ၀ကို ရောက်ဖို့အလွန်နီးစပ်နေပါပြီ။ တကယ့်လက်တွေ့အခြေအနေကို ကြည့်ယင်လည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း/စာသင်ကျောင်းတွေကို မူဆလင်တွေ လိုက်ဖျက်ဆီးတာ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့အိုးအိမ်လုပ်ငန်းတွေကို မူဆလင်တွေက အုပ်စုဖွဲ့ ရန်စမီးရှို့လုယက်တာ ဘာတစ်ခုမှ မတွေ့ရသေးပါဘူး။ မူဆလင်တွေက ၇၈၆ ဂိုဏ်းအမည်နဲ့ သောင်းကျန်းတာ အစုလိုက်အပြုံလိုက် ရမ်းကားသတ်ဖြတ်တာလည်း မကြားဖူးပါဘူး။ မူဆလင်တွေက ဗုဒ္ဓဘာသာဝင်တွေကိုစော်ကားနေတယ်ဆိုတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုလည်း မမြင်ဖူးပါဘူး။ အဲ့ဒါနဲ့ဆန့်ကျင်ဖက်တွေကိုဘဲ တွေ့မြင်ကြားသိနေရတယ်။
    ဒီနေရာမှာ အလွန်ထူးခြားတဲ့အချက် ၂ ချက် သတိထားမိတယ်။ (အစစ်လား အတုလား မသိတဲ့) သံဃာတော်အချို့နဲ့အတူ အကြမ်းဖက်သမားများဟာ မိမိကိုယ်ကို ၉၆၉ အဖွဲ့သားလို့ တရားဝင်ကြွေးကြော်နေသော်လည်း – (ဦးဝီရသူ အပါအ၀င်) ၉၆၉ ဦးသျှောင်သံဃာတော်များက လက်ရှိအကြမ်းဖက်မှုများဟာ မိမိတို့နဲ့မပတ်သက်ကြောင်း ငြင်းဆိုမှုလုံးဝမရှိယုံမက မုန်းတီးရေးတရားပွဲတွေ ပိုလို့အရှိန်မြှင့်လာတာက တစ်ချက်။ နောက်တစ်ချက်က ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တိုင်း၊ ဘုန်းတော်ကြီးတိုင်းက ဒီအယူအဆနဲ့ဂိုဏ်းဂဏကို လိုလားမှုရှိမနေတာက တစ်ချက်။
    ဆိုတော့ကာ ……  ၉၆၉ ဆိုတာ မူလဗုဒ္ဓဘာသာ လမ်းကြောင်းကနေ ထပ်မံ လမ်းခွဲထွက်ပေါ်လာသော ၂၁ရာစုရဲ့ဗုဒ္ဓဂိုဏ်းကွဲတစ်ခုအဖြစ် သတ်မှတ်ရမလို ဖြစ်လာပါပြီ။
    ဘာကြောင့်လဲဆိုယင် တခြားဗုဒ္ဓဂိုဏ်းကွဲတွေ အားလုံးက မေတ္တာ၊ ခွင့်လွှတ်မှု၊ ငြိမ်းချမ်းရေး စတဲ့ တန်ဖိုးများနဲ့တည်ဆောက်ထားပေမယ့် ၉၆၉ မှာ အာဃာတ၊ နိုင့်ထက်စီးနင်းအမူအကျင့်၊ ပျက်လိုဖျက်ဆီး စတဲ့ ပူလောင်ခြင်းအချက်တွေပေါ် အခြေခံထားလို့ပါဘဲ။
    ပေါ်ထွန်းလာသမျှသော ဘာသာတရားအသစ်၊ ဂိုဏ်းဂဏအသစ်တွေဟာ မိမိတို့ရဲ့ ကျင့်ရပ်၊လမ်းစဉ်တွေ မတူကွဲပြားကြောင်း ချပြနိုင်ကြတယ်။ ဒါပေမယ့် လက်ရှိ ၉၆၉ ကျတော့ ဘုရားရှင်လက်ထက် ဒေ၀ဒတ္တဂိုဏ်းသားတွေလို ရောထွေးရပ်တည်နေတော့ ခက်တယ်။ ကျွန်တော်အဖြေရှာကြည့်မိတယ်။ ဘယ်လိုခွဲခြားသတ်မှတ်ရမလဲပေါ့။ အဲ့ဒီအဖြေကလည်း ဘုရားရှင်လက်ထက်ကအဖြစ်အပျက်တွေထဲမှာဘဲ ပြန်တွေ့လိုက်ရတယ်။ မာရ်နတ်ရဲ့ဘက်တော်သား ဒေ၀ဒတ္တဂိုဏ်းသားတွေဟာ သူတို့ရဲ့လုပ်ရပ်၊ အပြုအမူတွေကြောင့်သာ အလဇ္ဖီရဟန်းတုများဖြစ်ကြောင်း ကွဲပြားသွားခဲ့ရတယ်။ ရဟန်းတု ရဟန်းယောင်တွေရဲ့ ဦးဆောင်မှုက ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာ ရာဇ၀င်မှာ အထင်အရှားပါ။ ကွဲကွဲပြားပြားဖြစ်အောင် အလျဉ်မီ မရှင်းနိုင်ယင်တော့ သမိုင်းနဲ့ချီပြီး ကောင်းရနံ့သင်းပျံ့ခဲ့တဲ့ ကျွန်တော်တို့မြန်မာပြည်က ဗုဒ္ဓသာသနာ့ဂုဏ်ရောင်ကြီး ရေစုန်မျောရတော့မှာလားလို့ ကျွန်တော် ၀မ်းနည်းသွားရပါတယ်။ ကမ္ဘာ့ဗုဒ္ဓသမိုင်းစဉ်တစ်လျှောက်မှာလည်း ဤမျှလောက်ရက်စက်ကြမ်းကြုတ်တဲ့ အယူအဆနဲ့လုပ်ရပ်တွေ မဖြစ်ပေါ်ခဲ့ဖူးဘူး။ အစွန်းရောက်အကြမ်းဖက်ဗုဒ္ဓဘာသာဝင်တွေလို့လည်း တစ်ကြိမ်တစ်ခါမျှ ခေါင်းစဉ်အတပ်မခံခဲ့ဖူးပါဘူး။ ဘာသာတရားတစ်ခုထဲ – မသိနားမလည်တဲ့လူကြားထဲ နိုင်ငံရေးလှည့်ကွက်တွေ မုသားမှိုင်းလုံးတွေ အတင်းအဓမ္မအင်အားသုံးသွတ်သွင်းလို့ အကြမ်းဖက် အကောင်အထည်ဖော်နေမှုတွေကို ကျွန်တော်တို့ ကန့်ကွက်တားဆီးရမယ့်အချိန်တန်ပြီဖြစ်ပါတယ်။ မူဆလင်တွေ ခရစ်ယျာန်တွေဖက်ကို အမြဲမပြတ် မျက်စေ့ဒေါက်ထောက်ကြည့်ပြီး အ၀ိဇ္ဖာပွားနေမယ့် အစား မိမိရဲ့အမျိုးဘာသာသာသနာကို နည်းမှန်လမ်းမှန်ထိန်းသိမ်းစောင့်ရှောက်မှသာ ဗုဒ္ဓတရားတော်နဲ့ ညီညွတ်တင့်တယ်မှာမို့လို့ သံဃာ့အကြီးအကဲများ၊ သာသနာ့ဒါယကာနိုင်ငံခေါင်းဆောင်များ အထူးသတိထားရတော့မယ့်ကာလရောက်သွားပြီလို့ ကျွန်တော် မြင်မိပါတယ်။ ဒီပြဿနာကို အမြစ်လှန်ပြီး အမှန်တကယ် ထိထိရောက်ရောက် ဖော်ထုတ်အရေးယူခြင်း ရှိရပါတော့မယ်။ အကြမ်းဖက်မှု/မတရားမှုကို မတားဆီးသူဟာ မတရားမှုကို အသံတိတ် အကာအကွယ်ပေးမြှောက်စားသူ ဖြစ်တယ်လို့ ပညာရှိစကားတွေမှာ ကြားဖူးပါတယ်။ အာဏာရူးမျက်ကန်းတစ်စုရဲ့ပုံဖော်မှုကြောင့် မတော်တဆ နိုင်ငံတော်ရဲ့ဦးတည်လမ်းကြောင်း နောက်ပြန်လှည့်သွားယင်တော့ မြန်မာ့သမိုင်းမှာ ရုပ်အဆိုးဆုံးကိစ္စအဖြစ် တကယ်ကို အစိပ်စိပ်အမြွာမြွာ ကွဲထွက်ကုန်မယ့်အနေအထားအထိ ရောက်သွားနိုင်ပါတယ်။
    ဘာသာရေး၊ လူမျိုးရေးကိုခုတုံးလုပ်မိတဲ့ နိုင်ငံတိုင်း၊ ပုဂ္ဂိုလ်ကျော်တိုင်း ကမ္ဘာ့ပုံရိပ်မှာ ဦးကျိုးအမြီးပြတ်လို့ အမည်းစက်စွန်းထင်း ပေကျံခဲ့ရစမြဲ ………
    တစ်လွဲအသုံးချမီဒီယာတိုင်းကလည်း ကမ္ဘာ့မီဒီယာစင်မြင့်ထက်က ကြိုးစင်ကိုတက်သွားရစမြဲ ……………..
    အမှန်တရားဆိုတဲ့မှတ်ကျောက်ရှေ့မှာ အတုအယောင်များ ပြယ်လွင့်ပျောက်ကွယ်ရစမြဲပါ။
    ကျွန်တော်တို့အမိမြန်မာပြည်ကြီး ဒီသံသရာစက်ဝိုင်းထဲက မလွတ်ကျွတ်နိုင်တော့ဘူးလား လို့ အားပျော့ပျော့တွေးမိယင်း …
    အချိန်ရှိပါသေးတယ် – အချိန်မှီဖို့ဘဲ လိုအပ်ပါတယ် လို့ ငြီးတွားယင်း …
    ရင်ဖွင့်ခံစားရေးသားမိပါတယ်ခင်ဗျား။
    (စာရေးသူရဲ့ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။)