News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • မမေးလည်းဖြေ(၁၄)- ဂျိဟာ့ဒ် ဆိုင်ရာ ကုရ်အာန့်ရှုထောင့်
    ဇန်နဝါရီ ၇ ၊၂၀၁၂
    ဂျူလိုင်ရဲရင့်
    (ဂျိဟာ့ဒ် ဆိုတဲ့စကားကို အစ္စလာမ့်အတွင်းအပြင် နှစ်ဖက်လုံး စတင်ပြောဆိုနေတာ ကြားလာရလို့တဲ့  ဒီဘာသာပြန် ဆောင်းပါးကို  M-Media ကို ပေးပို့လိုက်ခြင်းဖြစ်ပါသည်။ )
    ဂျိဟာ့ဒ် ဆိုင်ရာ ကုရ်အာန့်ရှုထောင့် ဂျိဟာ့ဒ် ( ဖန်ဆင်းရှင်၏နှစ်မြို့မှုအလို့ငှါ မကောင်းမှုအား ဆန့်ကျင်ရာ၌ ရုန်းကန်အားထုတ်ခြင်း )
                     QURAN-DUMMIES  လက်ဦးပထမဆုံးဆိုရမည်မှာ ဂျိဟာ့ဒ် ဟူသည် မြင့်မြတ်သောစစ်ပွဲ – Holy  War  မဟုတ်ပါ။ ဂျိဟာ့ဒ်၏ဆိုလိုရင်းအနှစ်သားမှာ – ဖန်ဆင်းရှင်၏နှစ်မြို့မှုအတွက် မကောင်းမှုအားဆန့်ကျင်ရာ၌ (ရေကုန် ရေခမ်း) ရုန်းကန်အားထုတ်ကြိုးပမ်းခြင်း ဖြစ်သည်။ ၄င်းသည် ကုရ်အာန့်သတင်းစကားများအနက် အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။
    ဂျိဟာ့ဒ်၌ မူဟန်သွင်ပြင် များစွာရှိ၏။ တမန်တော် မုဟမ္မဒ်(ဆွ)က မိမိ၏ဆွေသဟာများအား ဤသို့ မိန့်တော်မူခဲ့သည်။
    ” အကြီးမားဆုံးသော ဂျိဟာ့ဒ် ဟူသည် မတရားသည့်အုပ်ချုပ်သူရှေ့မှောက်၌ မှန်ရာကိုပြောဆိုခြင်း ဖြစ်၏  ”
    တစ်ဖန် သူပျိုတစ်ဦးသည် တမန်တော်မြတ်(ဆွ)ထံသို့ လာရောက်ပြီး မုစ်လင်မ်ထုအား ကာကွယ်ရေးအတွက် ကိုယ်တော်နှင့်အတူ စစ်မြေပြင်သို့လိုက်ပါလိုကြောင်း ခွင့်ပန်လျှောက်ထားခဲ့၏။ တမန်တော်မြတ်(ဆွ)က သူ့အား မိဘနှစ်ပါးရှိပါသေးသလောဟု မေးမြန်းတော်မူရာ ၄င်းက မိမိထံ၌ (အိုမင်းမစွမ်းသော) မိဘနှစ်ပါး သက်ရှိထင်ရှား ရှိသေးကြောင်း လျှောက်တင်၏။ ထိုအခါ ကိုယ်တော်မြတ်က ယင်းသူပျိုအား မိဘနှစ်ပါးကို ပြုစုစောင့်ရှောက်ခြင်းသည် ဂျိဟာ့ဒ်ပင်ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ အစ္စလာမ့်ဥပဒေ ကျမ်းဂန်များ၌ စစ်ရေးနှင့်မသက်ဆိုင်သည့် ကြိုပမ်းအားထုတ်မှုများကိုပါ ခြုံငုံဖော်ပြထား၏။ ဥပမာ – မိမိ သို့မဟုတ် တစ်ပါးသူ၏ပိုင်ဆိုင်မှုအပေါ်ကာကွယ်ပေးခြင်း၊ မိမိ သို့မဟုတ် တစ်ပါးသူ၏ မိသားစုအား အကာအကွယ်ပေးခြင်း စသည်များ ဖြစ်ကြသည်။
    ဤကဏ္ဍတွင် လက်နက်စွဲကိုင်ကြိုးပမ်းရသည့် ဂျိဟာ့ဒ်အမျိုးအစားတစ်ခုကို တင်ပြဆွေးနွေးသွားပါမည်။ ၄င်းကို ကိသာ့လ် ဟုခေါ်ဆိုသည်။ ပထမဦးစွာ ဂျိဟာ့ဒ်နှင့်စပ်လျဉ်းသော ကုရ်အာန်၏အဆိုများကိုလည်းကောင်း၊ ၄င်းနောက် အစ္စလာမ့်ဥပဒေရှိ လက်နက်စွဲကိုင်ကြိုးပမ်းမှု (ကိသာ့လ်) ၏ကျင့်ဝတ်စည်းမျဉ်းများကိုလည်းကောင်း၊ ၄င်းနောက် ဂျိဟာ့ဒ်နှင့်အစ္စလာမ့်ဥပဒေကြားရှိဆက်နွယ်မှုဖြစ်သော ဂျိဟာ့ဒ်၏ရည်ရွယ်ချက်သရုပ်မှန်ကိုလည်းကောင်း၊ ၄င်းနောက် အစ္စလာမ့်ထုံးဓလေ့မှပြဆိုထားသော သာသနာ့ အာဇာနည် အကြောင်းသာမက ဂျိဟာ့ဒ်နှင့်ခေတ်သစ် ကမ္ဘာအကြောင်းကို တစ်ဆင့်ချင်း တင်ပြသွားပါမည်။
     ဂျိဟာ့ဒ်၏ အဓိပ္ပါယ်အမှန် နှင့် သဘောတရားများ
                       အစ္စလာမ်သည် မတရားမှုကိုအားမပေးသည့် သာသနာဖြစ်သည်။ မုစ်လင်မ်တို့သည် ဂျိဟာ့ဒ် အားဖြင့် အသက်ဘဝ၊ လူ့အခွင့်အရေး နှင့် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်များကို တန်ဖိုးထား ကာကွယ်နိုင်ပါသည်။ ဂျိဟာ့ဒ်၏အကိုင်းအခက်တစ်ခုမျှသာဖြစ်သော လက်နက်စွဲကိုင်ကြိုးပမ်းမှု – ကိသာ့လ် နှင့်စပ်လျဉ်း၍ ကုရ်အာန်မှ မည်သို့ဆိုထားပုံကို လေ့လာကြည့်ပါလေ။
    အသက်ဘဝ နှင့် သာသနာအပေါ် ကာကွယ်ခြင်း
    ကုရ်အာန်၏ ပထမဆုံး ကိသာ့လ်ဆိုင်ရာ အာယသ်တော်မှာ အောက်ပါအတိုင်းဖြစ်၏။
    ထို့ပြင် အသင်တို့သည် အသင်တို့အား (စတင်)တိုက်ခိုက်သူတို့နှင့် အလ္လာဟ့်လမ်းတော်၌ ယှဉ်ပြိုင် တိုက်ခိုက်ကြကုန်။ သို့ရာတွင် စည်းကမ်းများကို ကျူးလွန်ချိုးဖောက်ခြင်း မပြုကြကုန်နှင့်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းချိုးဖောက်သူများကို နှစ်သက်တော်မူသည် မဟုတ်ချေ။  ( ကုန်အာန် ကျမ်း၂း ၁၉ဝ )
    ကိသာ့လ်နှင့်စပ်လျဉ်း၍ ကုရ်အာန်က စလျှင်စချင်း လက်နက်ကိုင်စွဲအားထုတ်မှုမှာ မိမိ ကိုယ်ကိုခုခံကာကွယ်ရေးအဖြစ်သာ ဖော်ပြလျက် အလွန်အကျူးလွန်ကဲမှုများကို ပွင့်လင်းပြတ်သားစွာ တားမြစ် ထားပါသည်။ ဆက်လက်၍ ဤသို့လည်း ဆိုထားပြန်၏။
    အထက်ပါအာယသ်တော်မှ ” ၄င်းတို့ ” ဟူသည်ကို ” မုစ်လင်မ် မဟုတ်သူများ ” ဟု အချို့က ဝေဖန်စောကြောမှုပြုကြ၏။ စင်စစ်၌မူ ဖော်ပြပြီးသောပါဒတော် (၂း၁၉ဝ)မှ လူတို့အား ဆိုလိုခြင်းဖြစ်ပြီး ” စတင် ညှင်းပန်းနှိပ်စက်တိုက်ခိုက်သူများ ” ကို ရည်ညွှန်းထားခြင်းဖြစ်ပေသည်။ တဖန် ” လက်ရဖမ်းဆီးမိရာအရပ်၌ သုတ်သင်လိုက်ကြကုန် ” ဟုဆိုထားခြင်းမှာ စစ်တလင်းဟူသည် ကစားကွင်း မဟုတ်ပေ။ အသက်လုပွဲသာဖြစ်ကြောင်း အသိပေးထားချက်ဖြစ်သည် (၄င်းမှာ စစ်မြေပြင်၏ဓမ္မတာသာဖြစ်၏)။ သို့သာမက ခုခံကာကွယ်စစ်ဖြစ်ပြီဆိုလျှင် ပျော့ညံ့မှု မရှိဘဲ စိတ်ခွန်အားအပြည့်ဖြင့်ရင်ဆိုင်မှသာ နှိပ်စက် ညှင်းပန်းမှုများရပ်တန့်မည်ဖြစ်ကြောင်း၊ ဝတ်ပြုကျောင်းတော်၌ပင်မရှောင် ရန်သူများဖက်မှ စတင်တိုက်ခိုက် ပါက ပြန်လည်တိုက်ခိုက်နိုင်ကြောင်း၊ ၄င်းတို့၏ရန်မူချက် မရှိပါက စတင်တိုက်ခိုက်ခွင့်မရှိကြောင်း ရှင်းလင်းစွာ တွေ့နိုင်ပေသည်။ ၄င်းနောက် ဤသို့ရှေ့ဆက်ဖော်ပြထားပါသည်။
    သို့သော် အကယ်၍ ၄င်းတို့မှရပ်စဲပါလျှင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသော – အလွန်တရာညှာတာထောက်ထားတော်မူသော အရှင်သခင် ဖြစ်သတည်း။                                                  (ကုန်အာန် ကျမ်း ၂း ၁၉၂ )
    အကယ်၍ ရန်သူများသည် ကျူးကျော်စစ်ကိုရပ်တန့်ပါလျှင် မုစ်လင်မ်တို့သည် ဖန်ဆင်းရှင်၏ ချမ်းသာခွင့် နှင့် ကရုဏာတော်အရ ရန်သူတို့အား ခွင့်လွှတ်ကြရမည့် အကြောင်း နောက်ထပ် ကျင့်ဝတ်တစ်ရပ်ကို ပြက်ပြက်ထင်ထင် ပြသထားပေသည်။ နောက်ထပ်လာသောပါဒတော်မှ ဆိုထား ပြန်သည်မှာ –
    ထို့ပြင် အသင်တို့သည် ဖိနှိပ်ညှင်းပန်းမှု ပပျောက်၍ သာသနာသည် အလ္လာဟ် အရှင်မြတ်တစ်ပါးတည်းအတွက် ဖြစ်သည့်တိုင်အောင် (လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် ရရှိလာ သည့်တိုင်အောင်) ၄င်းတို့အား ရင်ဆိုင်တိုက်ခိုက်ကြကုန်။ သို့ရာတွင် အကယ်၍ ၄င်းတို့မှ (စစ်မက်ကို) ရပ်တန့်လိုက်ကြပါမူ ကျူးကျော်စော်ကားတတ်သူတို့အပေါ်မှတစ်ပါး မည်သည့်ရန်လိုခြင်း မရှိစေရ။                    ( ကုန်အာန် ကျမ်း၂း ၁၉၃ )
    ဤပါဒတော်က ကိသာ့လ်၏ဦးတည်ချက်ကိုထုတ်ပြထားသည်။ ကျူးကျော်စစ်ဆင်နွှဲလာသူများကို ဆန့်ကျင်ရင်ဆိုင်ရန်၊ ဖိနှိပ်ညှင်းပန်းမှုများ အဆုံးသတ်၍ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ရရှိသည်အထိ ယှဉ်ပြိုင်တိုက်ခိုက်ရန်ဖြစ်သည်။ အာယသ်တော် (၂း၁၉၂)ရှိ ကျင့်ဝတ်စည်းမျဉ်းကဲ့သို့ ဤပါဒတော်၌ – ရန်သူဖက်မှရပ်စဲပါက မည်သည့်ရန်လိုမှုများ မပြုကြရန်အတွက် နှိုးဆော်ထားပေသည်။ သို့ရာတွင် ဆက်လက်ဖိနှိပ်နေသူများအပေါ် ဆက်လက် စစ်ဆင်ရမည်ဖြစ်သည်။
    ပါဒတော် (၂း၁၉၄)တွင် ကိသာ့လ်နှင့်ပတ်သက်သော အဆုံးသတ်စည်းမျဉ်းကို တင်ဆက်ထား၏။ အစ္စလာမ်မတိုင်မီ အာရေဗျ၏ထုံးတမ်းစဉ်လာ (နှင့်) ကုရ်အာန်ကလည်း ငြိမ်းချမ်းရေး အတွက် တိုက်တွန်းရာဖြစ်သည့် တားမြစ်ထားသောလများ (နှစ်တစ်နှစ်၏နောက်ဆုံးလေးလတာ) အတွင်း မည်သည့်တိုက်ခိုက်မှုမျှ မပြုကြရ ဟူသည်ကို တွေ့ရပေမည်။ သို့ဖြစ်ရာ မုစ်လင်မ်တို့အနေဖြင့် စတင်ကျူးကျော်စော်ကားခံရမှသာလျှင် (ထိုလများအတွင်း) ပြန်လည် တုန့်ပြန်ရင်ဆိုင်ခွင့်ရှိကြောင်း သိနိုင်ပါသည်။
    ဂျိဟာ့ဒ်၏ကျင့်ဝတ်စည်းမျဉ်းများက ငြိမ်းချမ်းရေးမှ ပဋိပက္ခအသွင်သို့ ကူးပြောင်းစေမည့် သို့မဟုတ် အပြန်အလှန်လက်စားချေစစ်ပွဲများသို့ဦးတည်စေမည့် အကြောင်းရပ် နှင့် ဓလေ့ထုံးတမ်းများကို လက်သင်မခံကြောင်း ဤဥပဒေမှ ပြသထားပါသည်။
    တိုက်ခိုက်ခြင်းဟုဆိုရာဝယ် …
    မတရားမှုကိုဆန့်ကျင်တိုက်ခိုက်ြခင်းအယူအဆအား အစ္စလာမ်၊ ခရစ်ယာန် နှင့် ဂျူးဝါဒ၌ မုချ တွေ့ကြရပေမည်။ ဥပမာ ဤဘာသာတရားသုံးရပ်စလုံးမှလက်ခံထားသည့် တမန်တော် ဒါဝူးဒ် David (အလိုင်)၏ ထေရုပ္ပတ္ထိတော်၌ အားနည်းသူများအပေါ်အနိုင်ကျင့်တတ်သည့် Goliath အား တမန်တော်မှ တိုက်ခိုက်အောင်နိုင်ခြင်းကို ဂုဏ်ပြုဖော်ပြထားပေသည်။ တမန်တော် အိဗ်ရာဟီမ် (အလိုင်)နှင့် မဆက်နွယ်သည့် အခြားဘာသာတရားများ၌လည်း ဂျိဟာ့ဒ်ကို တစ်နည်းမဟုတ်တစ်နည်းဖြင့် တွေ့နိုင်၏။ ဥပမာ အလင်းနှင့်အမှောင်အင်အားစုများအကြား၌သော်လည်းကောင်း၊ သုစရိုက်နှင့်ဒုစရိုက်ဘက်တော်သားတို့ အကြားသော်လည်းကောင်း စစ်ပွဲများသည် ထာဝစဉ် ရှိနေရသည်ဟု ဇိုရိုအက်စ်တာ ဘာသာဝင်များမှ ယုံကြည်ထားကြ၏။
    ဂျိဟာ့ဒ်ဟူသည် တမန်တော် မုဟမ္မဒ်(ဆွ) ပွင့်ပေါ်လာမှ ခါတော်မှီထွက်ရှိလာသော အယူအဆအသစ်တစ်ရပ် မဟုတ်ပါ။ ကမ္ဘာ့ဘာသာတရားအားလုံးနီးပါး၌ မကောင်းမှုကိုဆန့်ကျင်သည့် လုပ်ရပ်ကောင်းအဖြစ် ပါဝင်လျက် ရှိနေကြပါသတည်း။
    လူ့အခွင့်အရေးများ နှင့် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို ကာကွယ်ခြင်း
    ကုရ်အာန်၏ပါဒတော် (၂၂း၃၉)ကိုကြည့်လျှင် မုစ်လင်မ်တို့သည် မိမိတို့အပေါ် စစ်ဆင်လာသူများကိုသာ မိမိကိုယ်ကို ခုခံကာကွယ်ရေးအတွက် တိုက်ခိုက်ခွင့်ရှိသည်ဟု ပြသထား၏။           ပါဒတော် (၂၂း၎ဝ)က လက်နက်စွဲကိုင်ရသည့်အဆင့်အထိဖြစ်သွားစေသောအကြောင်းရင်းကို ပြတ်ပြတ်သားသား ဖော်ပြနေ၏။
    ထိုသူတို့မှာကား ‘ မိမိတို့၏ဖန်ဆင်းရှင်သည် အလ္လာဟ်အရှင်မြတ် ဖြစ်ပါသည် ‘ ဟု ပြောဆိုကြယုံမျှဖြင့် (အခြား) မည်သည့်အကြောင်းမျှမရှိဘဲ မိမိတို့နေအိမ်များမှ မတရားနှင်ထုတ်ခြင်း ခံခဲ့ကြရရှာသည်။                       ( ကုန်အာန် ကျမ်း၂၂း ၄ဝ )
    လူ့အခွင့်အရေး နှင့် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်အား ကာကွယ်ရေးရည်ရွယ်ချက် အတွက် ကိသာ့လ် ပြုခွင့်ရှိသည်ကို တွေ့ရပေမည်။ ဤပါဒတော်၏ထပ်မံဖော်ပြချက်များက မုစ်လင်မ်များ အတွက်သာမဟုတ်ဘဲ အခြားဘာသာတရားများအတွက်ပါ ပါဝင်လျက်ရှိသည်မှာ ထူးခြားလှ၏။ ရှုပါလေ။
    စင်စစ်သော်ကား အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူတို့အား တစ်ဦးကိုတစ်ဦး/ တစ်ဖွဲ့ကိုတစ်ဖွဲ့အားဖြင့်ကာကွယ်တော်မူခြင်း မရှိပါလျှင် ဘုန်းတော်ကြီးကျောင်းများသည်လည်းကောင်း၊ ခရစ်ယာန်ဝတ်ပြုကျောင်းများသည်လည်းကောင်း၊ ယဟူဒီတို့၏ဝတ်ကျောင်းများသည်လည်းကောင်း၊ အလ္လာဟ် အရှင်မြတ်၏နာမံတော်များကို များမြောင်စွာရွတ်ဆိုလျက်ရှိသော ဗလီဝတ်ကျောင်းတော်များသည် လည်းကောင်း ဖြိုဖျက်ခြင်းခံကြရမည်မှာ အမှန်ပင်။                                        ( ကုန်အာန် ကျမ်း- ၂၂း ၄၁ )
    တဖန် အကယ်၍များ မုစ်လင်မ်တို့သည် ဂျိဟာ့ဒ်၌ ရန်သူများအပေါ်အောင်နိုင်သွားခဲ့လျှင်ပင် ရန်သူဖြစ်ခဲ့ကြသူတို့အား နှိပ်စက်ကလူပြုခြင်း၊ မဆင်မခြင် မောက်မာခြင်းအမှုမျိုးမှ ကင်းစွာရှောင်ကြဉ်ကြ၍ ဘာသာရေးလွတ်လပ်ခွင့်ထူထောင်ကြရန်၊ သူဆင်းရဲနှင့်အကြပ်အတည်းကြုံရသူများ၏ စီးပွားရေး အခြေအနေကို မြှင့်တင်ပေးရန်၊ အန္တရာယ်များကို ပယ်လှန်အားထုတ်ပြီး လူထုကောင်းကျိုးကို ဆောင်ရွက် ကြရန် ပါဒတော် (၂၂း၄၁) နှင့်တစ်ကွ အခြား မုက္ခပါဌ်တော်အများအပြား၌ ညွှန်းဆိုထားပေသည်။
    ပါဒတော် (၉း၅) နောက်ကွယ်မှ ဒဏ္ဍာရီများကို ရှင်းလင်းခြင်း
    ကိသာ့လ်ဆိုင်ရာ ကျမ်းဂန်စာသားနှင့် သမိုင်းကြောင်းတို့အား မဆိုစလောက်မျှ လေ့လာခြင်းသည် အစ္စလာမ်သာသနာရှိ လက်နက်စွဲကိုင်အားထုတ်ရမှု၏ ဦးတည်ရည်ရွယ်ချက် နှင့် ကျင့်ဝတ်စည်းမျဉ်းများကို နားလည်မှုလွဲချော်သွားစေသည်ချည်း ဖြစ်၏။ အားလုံးကိုဖော်ပြလျှင် ကျမ်းလေးမည် ကို စိုးသည့်အတွက် ၄င်းတို့အနက် အစွန်းရောက် မုစ်လင်မ်များ နှင့် မုစ်လင်မ်မဟုတ်သူဝေဖန်ရေးသမားများ – နှစ်မျိုးလုံးမှ ခံတွင်းတွေ့လှစွာသည့် မုက္ခပါဌ်တော်အား အဓိကထားရှင်းလင်းပါအံ့။
    သို့ဖြစ်ပေရာ ထူးမြတ်သောလများကုန်လွန်သွားသောအခါ အသင်တို့သည် ဖန်ဆင်းရှင်နှင့်အခြားအရာများကို ယှဉ်တွဲ ကိုးကွယ်ကြသူတို့အား တွေ့ရာအရပ်၌ သတ်ဖြတ်ကြကုန်။ ၄င်းပြင် ထိုသူတို့အား ချုပ်နှောင်ထားကြကုန်။ ၄င်းပြင် ၄င်းတို့ ပုန်းအောင်း တတ်ရာနေရာတိုင်းတွင် စောင့်ဖမ်းကြကုန် . . .                                    ( ကုန်အာန် ကျမ်း၉း ၅ )
    မုစ်လင်မ်အစွန်းရောက်ဝါဒီများက ဤမုက္ခပါဌ်တော်ကို တလွဲအသုံးချ၍ – မုစ်လင်မ်တို့သည် သွေဖည်ငြင်းဆန်သူတို့အား (အပြစ်မဲ့ မုစ်လင်မ်မဟုတ်သူများပါမကျန်) အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ကြရ မည်ဟုဆိုကြ၏။ အစ္စလာမ့်ရေးရာဝေဖန်ရေးသမားတို့ကလည်း အစ္စလာမ်သာသနာသည် ကာဖိရ်တို့အား သတ်ဖြတ်ရန် တွန်းအားပေးထားသော ရုန်းရင်းကြမ်းတမ်းသည့် ဘာသာတရားအဖြစ် ဤပါဒတော်ကိုပင် ခုတုံးလုပ်ကာ ရုပ်လုံးဖော်ကြပြန်၏။
    ဤပါဒတော်အား တလွဲအသုံးချသူတို့ထံ မဟာအမှားအယွင်းကြီး ရှိနေပါသည်။ ဤအာယသ်တော်၌ ‘ သို့ဖြစ်ပေရာ ‘ ဟု စတင်ထား၏။ သဒ္ဒါရှုထောင့်မှကြည့်လျှင် အရေးပါသော ကနဦးစာသားများနှင့် အချိတ်အဆက်ရှိနေကြောင်း ထင်ရှားနေ၏။ ပါဒတော်(၉း၅)သို့ ပြန်လည်ခြေရာကောက်ကြည့်သော် ၄င်းနှင့်ဆက်စပ်နေသည့် ပါဒတော်လေးရပ် (၉း၁-၄)အား တွေ့ကြရ ပါမည်။ ယင်းအာယသ်တော်လေးရပ်အား လေ့လာကြည့်ပါက အသင်သည် အစ္စလာမ့် သမိုင်းကြောင်း စိုးစဉ်းမျှပင် မသိရှိစေကာမူ ၄င်းစူရဟ်/ကဏ္ဍတစ်ရပ်လုံး၏သဘောကို ရိပ်စားမိနိုင်ပေမည်။
    ပါဒတော်(၉း၁)သည် ဖန်ဆင်းရှင်နှင့်ထိုအရှင့်စေတမန်တော်တို့မှ ဘုရားအများ ကိုးကွယ်သူတို့နှင့်သက်ဆိုင်သော ပဋိညာဉ်ပျက်ပြယ်ကြောင်း ကြေငြာချက်ဖြစ်၏။ သမိုင်းကြောင်းအရ ယင်းပဋိညာဉ်ကို ဟုဒိုင်းဗီယဟ် စာချုပ်ဟုခေါ်ဆိုသည်။ ၄င်းစာချုပ်၌ ဆယ်နှစ်အထိ စစ်မဖြစ်ရေးငြိမ်းချမ်းရေး ရယူထားချက်ပါဝင်သည်။ ပါဒတော် (၉း၂-၃)သည် ယင်းမုရှ်ရစ်က်များကို တိုင်းပြည်အတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့်အတူ (ပဋိညာဉ်ချိုးဖောက်မှုအပေါ် နောင်တရရန်) အချိန်ပေးထားခဲ့သည်။ အာယသ် တော်(၉း၎)၌ စစ်မက်ကြေငြာမှု၏အကြောင်းရင်းကို ဤသို့ ဖော်ပြထားသည်။
    အကြင် (ပဋိညာဉ်ချိုးဖောက်သော) မုရှ်ရစ်က်တို့မှတစ်ပါး အသင်တို့နှင့် ပဋိညာဉ်ဖွဲ့ခဲ့ကြကုန်သည့် (အခြား) မုရှ်ရစ်က်တို့သည် အသင်တို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဝတ္တရားပျက်ကွက်ယုတ်လျော့စေကြသည်မဟုတ်။ အသင်တို့အပေါ်ဆန့်ကျင်သည့် မည်သူ့ကိုမျှ ကူညီခဲ့ကြသည်မဟုတ် . . ( ကုန်အာန် ကျမ်း ၉း ၄ )
    အထက်ပါ (၉း၎)အရ (၉း၅)၌ ယင်းပဋိညာဉ်ကိုချိုးဖောက်သည့်၊ ၄င်းပြင် မုစ်လင်မ်အသိုင်းအဝိုင်းအား အန္တရာယ်ပြုနေသော ရန်သူ့ဘက်တော်သား မုရှ်ရစ်က်များကို စစ်ဆင်ရန် ဖော်ပြချက်ဖြစ်သည်။
    သို့ဖြစ်သဖြင့် ပါဒတော်(၉း၅) တစ်ခုတည်းကိုသာ ကွက်၍ ဖြတ်ယူဖော်ပြလိုက်ခြင်းက မုစ်လင်မ် တို့သည် မုရှ်ရစ်က်ဆိုသည်နှင့် ရန်သူမိတ်ဆွေ မခွဲခြားဘဲ ထာဝရစစ်ဆင်နေရမည်ကဲ့သို့ ဆိုးဆိုးဝါးဝါး အဓိပ္ပါယ် ထွက်သွားပါသည်။
    ရှေ့ဆက်လာသည့်ပါဒတော် (၉း၆-၁၆)များ၌ မုစ်လင်မ်များသည် ပဋိညာဉ်အပေါ်မှန်ကန်စွာ ရပ်တည်ကြသည့် မုရှ်ရစ်က်များကို လေးစားကြရမည့်အကြောင်း၊ ပဋိညာဉ်ချိုးဖောက်ခဲ့ကြကုန်သည့် မုရှ်ရစ်က်များကိုပင်လျှင် မိမိတို့၏ကတိကဝတ်များပြန်လည်စောင့်ထိန်းရန် လိုအပ်သည်ထက် အချိန်ပိုပေးထား ကြောင်း ငြင်း၍ မရအောင် တွေ့ကြရမည်တည်း။
    ပါဒတော် (၉း၂၉)၏ ဆိုလိုရင်း
    ယင်းအာယသ်တော်၌ ရှေးကျမ်းရသူများအနက် နိစ္စသစ္စာအားလက်မခံသူ၊ အလ္လာဟ်အရှင်မြတ်- နောက်ဆုံးနေ့တော် နှင့် ကျင့်ဝတ်ဥပဒေအား ငြင်းပယ်သူတို့သည် ဂျိဇ်ယဟ် မည်သော ကင်းလွတ်ခွင့်အခွန်ကို မထမ်းဆောင်သမျှကာလပတ်လုံး တိုက်ခိုက်ရန်ဖော်ပြထား၏။ အချို့သူတို့က မုစ်လင်မ်နယ်မြေအတွင်းနေထိုင်ကြသော ဂျူး နှင့် ခရစ်ယာန်များအပေါ် ဂျိဇ်ယဟ်အခွန်မဆောင်လျှင် မုစ်လင်မ်တို့မှ တိုက်ခိုက်ရမည်ဟု အဓိပ္ပါယ်ကောက်မှားနေကြ၏။ အမှန်မှာ ဤအခွန်အားဖြင့် မုစ်လင်မ် မဟုတ်သူများကို အစ္စလာမ့်စစ်တပ်၌ စစ်မှုထမ်းခွင့်မှ ကင်းလွတ်စေလိုက်ခြင်းဟု ဟဒီးဆ်တော်များတွင် ၄င်း၏ရည်ရွယ်ချက်အား ရှင်းလင်းစွာဆိုထားပေသည် (မုစ်လင်မ်မဟုတ်သူတို့မှာ မိမိ မယုံကြည်သော ဘာသာတရားအတွက် စစ်မှုထမ်းရန် မလိုအပ်ချေ)။
    အစ္စလာမ့်နယ်ပယ်အတွင်း မှီတင်းနေထိုင်ကြကုန်သော မုစ်လင်မ်မဟုတ်သူ လူ့အဖွဲ့အစည်း အားလုံးကိုပါ ကာကွယ်ပေးနေသည့် အစ္စလာမ့်တပ်မတော်အားထောက်ပံ့ရေး၌ ယင်းအခွန်ငွေကို အသုံးပြု ပါသည်။ သို့ပင်သို့ငြား မိမိ၏မိသားစုကိုပင် လုံလောက်စွာ မထောက်ပံ့နိုင်သည့် မုစ်လင်မ်မဟုတ်သူများမှာမူ ဂျိဇ်ယဟ်အခွန်ပေးဆောင်ရန် မလိုပါချေ။
    ဤပါဒတော်သည် တမန်တော်မြတ်(ဆွ) သက်တော်ထင်ရှားရှိဆဲ (ဝဟီခေတ်ကာလ) အတွင်း မုစ်လင်မ်ဆန့်ကျင်ရေး၌ ဂျူး နှင့် ခရစ်ယာန်တို့မှကူညီနေကြသော မုရှ်ရစ်က်များအပေါ် စစ်ဆင်ခြင်း အကြောင်းကို ဆွေးနွေးတင်ပြထားခြင်းဖြစ်သည်။ သို့ရာတွင် ဘာသာတရားအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ဖိတ်ခေါ်ထားသော (၆ဝး၈)ကဲ့သို့ ပါဒတော်များအား ဤပါဒတော်က မထိခိုက်စေပါလေ။
    အစ္စလာမ့် စစ်စည်းကမ်းများ
    တမန်တော် မုဟမ္မဒ်(ဆွ)၏ အရင်းနှီးဆုံးဆွေသဟာတော်ကြီး နှင့် အစ္စလာမ်ကမ္ဘာ၏ပထမဆုံး ခလီဖဟ်ကြီး အဗူ ဗက်ရ် (ရဿွိ)သည် စစ်စည်းကမ်းနှင့် စပ်လျဉ်း၍ အောက်ပါကဲ့သို့ သွန်သင်ခဲ့သည်။
    ၁။  ဖြောင့်မတ်သောလမ်းမှသွေဖည်ခြင်း/သစ္စာဖောက်ခြင်း မပြုရ
    သက်ဝင်ယုံကြည်သူတို့သည် စစ်ရှိန်မြင့်စဉ်ကာလအတွင်း အစ္စလာမ့်တပ်မတော်မှ စွန့်လွှတ် ကျောခိုင်းထွက်ပြေးခြင်း မပြုကြရန်၊ စစ်မြေပြင်၌ သပ်က်ဝါတရားကိုလက်ကိုင်ပြု၍ တိုက်ခိုက်ကြရန်၊ မတရားမှုအား ရင်ဆိုင်တော်လှန်ရာတွင် မိမိကိုယ်တိုင်က မတရားညှင်းဆဲသူများ ပြန်လည်ဖြစ်မသွားကြစေရန် သွန်သင်ချက်ဖြစ်သည်။
    ၂။  ရုပ်အလောင်းများကို ပျက်လိုဖျက်ဆီး မပြုရ
    ဤသွန်သင်ချက်က ညှင်းပန်းနှိပ်စက်မှုကိုအဆုံးသတ်စေ၍ လွတ်လပ်မှုကို ဖော်ဆောင်ပေး သည်။ သေသူရော ရှင်သူများအပေါ် သိက္ခာချခြင်းလုပ်ရပ်မျိုး လုပ်ခွင့်မရှိပါ။
    ၃။  သက်ကြီးရွယ်အို၊ ကလေးသူငယ် နှင့် အမျိုးသမီးများကို မသတ်ဖြတ်ရ
    ဤအဆုံးအမ၌ ယှဉ်ပြိုင်နိုင်စွမ်း မရှိသည့်/မသန်စွမ်းသူ အမျိုးသားများလည်းပါဝင်နေသည်ဟု ပညာရှင်များကဆိုကြ၏။
    ၄။  စားပင်သောက်ပင်များအား မဖျက်ဆီးရ
    ဂျိဟာ့ဒ်သည် နှိပ်စက်ညှင်းပန်းခြင်းကို နိဌိတံစေခြင်းဖြစ်ရာ မုစ်လင်မ်တို့သည် သဘာဝ ပတ်ဝန်းကျင် နှင့်တစ်ကွ စားသောက်ကုန်ရိက္ခာများအား အကာအကွယ်ပေးကြရမည်။ သို့မှသာ နယ်ခံတို့သည် ရောဂါဘယ သို့ မဟုတ် ငတ်မွတ်ခေါင်းပါးမှုဒဏ်မှ ကင်းလွတ်မည်ဖြစ်၏။
    ၅။  ရန်သူတို့၏စားနပ်ရိက္ခာများကို မခိုးယူရ
    ခိုးဝှက်ခြင်းကို သိက္ခာမဲ့လုပ်ရပ်အဖြစ် သတ်မှတ်တားမြစ်ထားသည်။ စစ်မက်ဖြစ်ပွားခြင်းသည် ခိုးဝှက်မှုကို တရားဝင်ဖြစ်သွားစေသည် မဟုတ်ပါ။
    ၆။  ဘာသာပေါင်းစုံမှ သာသနာ့ခေါင်းဆောင်များကို ကာကွယ်ပေးရမည်
    ကိသာ့လ်၏ရည်ရွယ်ချက်၌ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ထူထောင်ရေးလည်း ပါဝင် သောကြောင့် မုစ်လင်မ်တို့သည်  ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ နှင့် သာသနာရေးဆိုင်ရာ အထွဋ်အမြတ် ထားရာများကို ကာကွယ်စောင့်ရှောက်ပေးရပါမည်။
    တမန်တော် မုဟမ္မဒ်(ဆွ) နှင့် လက်မွန်မဆွ ရှေးဦးပထမမုစ်လင်မ်မျိုးဆက်ခေါင်းဆောင်တို့၏ ကျင့်ကြံမှုများမှ အခြားစစ်စည်းကမ်းများကိုလည်း အစ္စလာမ့်ဥပဒေပညာရှင်တို့က အောက်ပါ အတိုင်းပြဌာန်းထားသည်။
    ၁။  လက်စားချေစစ်ပွဲ မဆင်နွှဲရ
    မုစ်လင်မ်တို့သည် မိမိကိုယ်ကိုခုခံကာကွယ်ရေး၊ ဖိနှိပ်ညှင်းပန်းမှု ပပျောက်ရေး နှင့် သာသနာ့ လွတ်လပ်ခွင့်ရရှိရေးအတွက် မဟုတ်ပါက စတင်စစ်ဆင်တိုက်ခိုက်ခွင့် မရှိပါ။
    ၂။  နိုင်ငံ/ဒေသ၏ခေါင်းဆောင်သာလျှင် စစ်ကြေငြာခွင့်ရှိသည်
    အစ္စလာမ်နိုင်ငံ/ဒေသ၏ခေါင်းဆောင်မှ တရားဝင်စစ်ကြေငြာမှု မရှိဘဲနှင့် ထိုးစစ်ဆင်ခွင့် မရှိကြောင်း အစ္စလာမ့်ပညာရှင်များမှ အဆိုညီကြ၏။ လျှပ်တစ်ပြက်တိုက်ခိုက်ခြင်း နှင့် မကြေငြာဘဲ စစ်ဆင်ခြင်းတို့ကို အကြွင်းမဲ့ တားမြစ်သည်။ သို့ရာတွင်လည်း နယ်မြေဒေသ၏ တရားဝင်ခေါင်းဆောင် မရှိခဲ့လျှင် ဖိနှိပ်ညှင်းပန်းခြင်းနှင့်မတရားစော်ကားခြင်းတို့အား တုန့်ပြန်ခုခံရန်အတွက် ယေဘူယျအားဖြင့် ခွင့်ပြုထားပါသည်။
    ၃။  ရန်သူများကို အစ္စလာမ်ဖက်သို့ ဖိတ်ခေါ်ခြင်း
    စစ်ပွဲမစတင်မီ အစ္စလာမ့်တပ်မတော်သည် ရန်သူများကို အစ္စလာမ်သို့ဖိတ်ခေါ်ရမည်။ ၄င်းတို့မှ လက်ခံလျှင် ရန်ငြိုးရန်စအပေါင်းကို သင်္ဂြိုလ်ပစ်ရပါမည်။ ယခင်က ရန်သူများဖြစ်လင့်ကစား ယုံကြည်ချက်၌ ညီအစ်ကိုများ ဖြစ်သွားကြပေမည်။ အစ္စလာမ့်ဥပဒေပါရဂုအများအပြား၏အဆိုအရ စစ်မက်အဆုံးသတ်နိုင်ရေးအတွက် စစ်ပွဲတစ်လျှောက်လုံး ယင်းသို့ ဖိတ်ခေါ်ရန် ကြိုးပမ်းကြရမည်ဖြစ်၏။
    ၄။  ကောင်းမြတ်သောရည်ရွယ်ချက်နှင့်တွဲလျက် အားထုတ်ပါ
    ကိသာ့လ်ကို လူထူကောင်းကျိုးအတွက်သာ ဆောင်ရွက်ရ၏။ မည်သည့်စစ်အမျိုးအစား၌မဆို သဘာဝသယံဇာတအရင်းအမြစ်များကို လက်ဝါးကြီးအုပ်ခေါင်းပုံဖြတ် ရယူခြင်းကိစ္စမျိုးအား ပြင်းထန်စွာ တားမြစ် ထားပါသည်။ ရောင်းသူရောဝယ်သူပါ နှစ်ဦးနှစ်ဖက်စလုံး အကျိုးအမြတ်ဖြစ်ထွန်းစေမည့် ကုန်သွယ်စီးပွား အားဖြင့်သာ အရင်းအမြစ်များကို ပိုင်ဆိုင်ရောင်းဝယ်ခွင့်ရှိသည်။ ၄င်းပြင် ယင်းအရင်းအမြစ်သည် ကာလတို အတွက်သာ အကျိုးဖြစ်ထွန်းနိုင်လင့်ကစား ဖျက်ဆီးခြင်း၊ အသုံးပြုမရအောင် ဖန်တီးခြင်းတို့ကို မပြုရပါ။ ၄င်းတို့မှာ သိက္ခာမဲ့လုပ်ရပ်များသာဖြစ်ကြ၏ (၄း ၂၉ – ၃ဝ )။
    ၅။  နယ်မြေချဲ့ထွင်ခြင်း နှင့် ကျူးကျော်သိမ်းပိုက်ခြင်းအလို့ငှါ စစ်မဆင်ရ
    မုစ်လင်မ်တို့သည် တရားမျှတမှုတည်းဟူသော အကြောင်းခံအတွက်သာ ကိသာ့လ်ကို ဆောင်ရွက်ရ၏။ ယင်းရည်ရွယ်ချက်အတွက်မဟုတ်ဘဲ နယ်မြေချဲ့ထွင်သိမ်းပိုက်ခြင်းအတွက်မူ အလျဉ်း ခွင့်ပြုမထားချေ။
    ၆။  ရေတွင်းရေကန် နှင့် စားသောက်ကုန်များ၌ အဆိပ်မခပ်ရ လက်ရှိခေတ်၏အစ္စလာမ့်ဥပဒေပညာရှင်များစွာတို့က ဤစည်းမျဉ်းသည် ခေတ်ပေါ်စစ်ပွဲများမှ ဓာတုနှင့်ဇီဝ (အဆိပ်သင့်စေသော) လက်နက်များ အသုံးပြုခြင်းကိုလည်း တားမြစ်ထားကြောင်း လက်ခံထားကြသည်။
    ကိသာ့လ် နှင့် အစ္စလာမ့်ဥပဒေ
    အစ္စလာမ်သာသနာမှပြဆိုထားသော ကိသာ့လ်၏ ကျင့်ဝတ်စည်းမျဉ်းများ နှင့် ရည်ရွယ်ချက် အား ဆွေးနွေးရာတွင် ကိသာ့လ်မှာ လွတ်လပ်စွာကျင့်သုံးခွင့် မရှိကြောင်း၊ အစ္စလာမ့်ဥပဒေလမ်းကြောင်း (ယှရီအဟ်)၏ ဦးတည်ချက်ဘောင်အတွင်း၌သာရှိကြောင်း နားလည်ထားရမည်ဖြစ်သည်။
    ဂျိဟာ့ဒ်အကြောင်းကို သုံးသပ်စဉ်းစားသောအခါ အောက်ဖော်ပြပါဥပဒေအချက်အလက် များအား နှလုံးသွင်းထားရပေမည်။
    ၁။  ကျိုးကြောင်းဆီလျော်မှု ရှိရမည်
    အစ္စလာမ့် အချို့ဥပဒေများ၏နောက်ကွယ်၌ ထင်ရှားပြတ်သားသည့် အကြောင်းရင်း အကြောင်းခံ ရှိရသည်။ ဝက်သားစားခြင်းကိုတားမြစ်မှုကဲ့သို့သော အချို့ဥပဒေများမှာမူ အကြောင်းရင်းခံ မလိုချေ။ ကိသာ့လ် ဆိုင်ရာဥပဒေ၌ တရားမျှတမှုကိုဖော်ဆောင်ရေးဟူသည့် အကြောင်းခံ ရှိနေလေသည်။ ထို့ကြောင့် ပြတ်သားသည့် ဦးတည်ချက်များ နှင့် ကောင်းမြတ်သင့်လျော်သော အကြောင်းရင်းခံ မရှိပါလျှင် ကိသာ့လ်အားဖော်ဆောင်ရန် အကြောင်းမရှိချေ။
    ၂။  လူထုကောင်းစားရေးမူဝါဒကို မြှင့်တင်ပေးရမည်
    အစ္စလာမ့်ဥပဒေများက လူထုကောင်းကျိုးကို မြေတောင်မြှောက်ထားသည်။ ဥပမာ – သာသနာ၊ အသက်၊ မိသားစု၊ ပိုင်ဆိုင်မှု၊ ဂုဏ်သိက္ခာ နှင့် အသိတရားတို့အား တန်ဖိုးထားကာကွယ်ခြင်း တို့ဖြစ်သည်။ သို့ဖြစ်၍ ကိသာ့လ်သည် ဤရည်ရွယ်ချက်များအား အထမြောက်စေရန်ဖြစ်ရမည်၊ ယင်းအချက်များအပေါ် ထိခိုက်နစ်နာစေမှု အလျဉ်း မဖြစ်ရပါ။
    ၃။  ကောင်းကျိုး နှင့် ဆိုးကျိုးကို ချင့်ချိန်ရမည်
    ကောင်းကျိုးဖြစ်ထွန်းစေရေးအတွက် မကောင်းမှုတစ်ခုခုအား ရွေးချယ်ဖို့ကြုံဆုံရလျှင်ပင် ယင်းမကောင်းမှုကို ရှောင်ကြဉ်လိုက်ဖို့ကိုသာ အစ္စလာမ့်ဥပဒေက ညွှန်းပြထား၏။ ကိသာ့လ်၏ စည်းမျဉ်းသည်လည်း ထိုနည်းလည်းကောင်းပင်။ အန္တရာယ်ကိုကာကွယ်ခြင်းက အကျိုးအမြတ်ရယူခြင်းထက် သာမြတ်ပါသည်။
    ၄။  လူထုလုံခြုံရေးကို အကာအကွယ်ပေးရမည်
    အစ္စလာမ့်ဥပဒေက လူ့အဖွဲ့အစည်းကို စိုးရိမ်ပူပန်မှု၊ အဓမ္မမှု နှင့် ကယ်ကူရာမဲ့ အခြေအနေများမှ  အကာအကွယ်ပေးထားသည်။ လူထုလုံခြုံရေးအား ချိုးဖောက်ခြင်းသည် ကြီးလေးသော ပြစ်ဒဏ်သင့်၏။ လူထု၏ဘေးကင်းလုံခြုံရေးနှင့်တည်ငြိမ်ရေးကိုပျက်ပြားစေသည့် ပြန်ပေးဆွဲခြင်း၊ ပရမ်းပတာ သတ်ဖြတ်ခြင်း စသောလုပ်ရပ်မျိုးမှာ ကိသာ့လ်၌ လုံးဝမပါဝင်ချေ။
    ၅။  ကာလံဒေသံ၏အရှိတရားကို နားလည်လက်ခံရမည်
    ခေတ်နှင့်အညီဖြစ်တည်နေသော အရှိတရားများကို ထည့်သွင်းစဉ်းစားရသည့် စည်းစံနစ် ကျကျနည်းစဉ်အပေါ် အစ္စလာမ့်ဥပဒေအား တည်ဆောက်ကျင့်သုံးရလေရာ  – ကိသာ့လ်၌လည်း ခေတ်သစ် ကမ္ဘာ၏ လူမှုရေး၊ စီးပွားရေး နှင့် နိုင်ငံရေးဆိုင်ရာ အဖြစ်မှန်များအား ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
    သာသနာ့အာဇာနည် (ယှဟီဒီ) ဟူသည်မှာ
                       ကိသာ့လ်၏ကျင့်ဝတ်စည်းမျဉ်းနှင့်အညီ တရားသောစစ်၌ တိုက်ခိုက်ယင်း ကျဆုံးသူများမှာ ယှဟီးဒ် ဟူသော ဂုဏ်ထူးဂုဏ်မြတ်ချီးမြှင့်ခံရ၏။ ၄င်းကို လျော့တိလျော့ရဲ ဘာသာပြန်ဆိုရပါလျှင် သာသနာ့ အာဇာနည် ဟူ၍ ဖြစ်၏။ အရဗီအသုံးအနှုန်းအရ ” သက်သေပြုထားပြီးသူ ” ဟူသည့် ၄င်း၏အဓိပ္ပါယ်မှာ ပိုမိုသင့်မြတ်နေပေသည်။ ယှဟီဒီ (အာဇာနည်)တစ်ဦးအဖို့ လူ့အဖွဲ့အစည်း၏အကောင်းဆုံးအကျိုးအလို့ငှါ သူ သို့မဟုတ် သူမ၏ ကိုယ်ပိုင်အသက်ဘဝအား စွန့်လွှတ်စတေးမှုဖြင့် သစ္စာတရားကို မျက်မှောက်ပြု ရပ်တည်လိုက်ရာရောက်သောကြောင့် ဖြစ်၏။
    ကိသာ့လ်၌သာမဟုတ်၊ စစ်မြေပြင်မှာသာမဟုတ်၊ အာဇာနည်ဘဝကို မည်သည့်နေရာမှာမဆို ရယူနိုင်၏။ မည်သည့်မုစ်လင်မ်ပင်ဖြစ်စေ လောကကောင်းကျိုးအတွက် ရိုးသားဖြောင့်မတ်စွာ အားထုတ် ဖော်ဆောင်ယင်း သေဆုံးကွယ်လွန်ပါက ယှဟီးဒ် အဆင့်သို့ရောက်၏။ အလားတူစွာ အသက်ဘဝ၊ ပိုင်ဆိုင်မှု၊ ဂုဏ်သိက္ခာကောင်း နှင့် အထွဋ်အမြတ်ထားရာများအား ကာကွယ်သောဖြစ်စဉ်အတွင်း ကွယ်လွန်ခဲ့သော် ယှဟီးဒုလ်အာခိရဟ် အဖြစ် ဂုဏ်ပြုခံရပေသည်။
    မည်သို့ပင်ဖြစ်စေကာမူ လောကီရေးရာအချီးမွမ်းခံရရေးအတွက် မဟုတ်ဘဲ အလ္လာဟ့်နှစ်မြို့မှုအတွက် သာ ဖြူစင်သန့်ရှင်းသောနှလုံးသားဖြင့် ယှဉ်ပြိုင်ရင်ဆိုင် အားထုတ်သူများသာလျှင် ယှဟီဒီအဖြစ် သတ်မှတ်ခံရသည်။ ဤအချက်ကို ဟဒီးဆ်တော်၌ ပြတ်သားစွာဖော်ပြထားပါသည်။
    အကောင်းဆုံးကိစ္စအပေါ် မိမိ၏အသက်အား စတေးခဲ့ကြသည့် အစစ်အမှန်အာဇာနည်တို့မှာ နောင်တမလွန်ဘဝဝယ် အမြင့်မားဆုံးအစားပေးဆုလာဘ်ကို ရရှိကြကုန်၏။ ဖန်ဆင်းရှင်သည် ယှဟီဒီတို့၏ အပြစ်များကို ခွင့်လွှတ်တော်မူ၏။ သုခဘုံ၏အမြင့်ဆုံးအဆင့်အား ချီးမြှင့်ပေးသနားတော်မူပြီး ကြားဝင် အသနားခံပေးနိုင်သည့် အခွင့်အရေးကိုလည်း ပေးသနားတော်မူမည်ဖြစ်သည်။
    တမန်တော် မုဟမ္မဒ်(ဆွ) နှင့် သာဝကတော်များသည် လက်နက်စွဲကိုင်အားထုတ်ရသည့် ဗဟိဒ္ဓ ဂျိဟာ့ဒ်ထက် အတ္တအားအနိုင်ယူရသည့် ဝိညာဉ်မြှင့်တင်ရေး အဇ္ဈတ္တဂျိဟာ့ဒ်ကို ပိုမို အလေးပေးခဲ့ကြကုန်သည်။ စစ်သည်တော်တစ်ဦးသည် ရဲရင့်ကြံ့ခိုင်ရမည့်အပြင် စည်းကမ်းလိုက်နာတတ်သည့်အကျင့်သီလလည်း ပိုင်ဆိုင်ရပေမည်။ သို့သာမက မိမိ၏ လုပ်ရပ်တိုင်းကို ဖန်ဆင်းရှင်က အခါမလပ်စောင့်ကြပ်ကြည့်ရှုနေတော်မူသည်ဟူသော အသိတရားလည်း အတူယှဉ်တွဲ ရှိနေရပေမည်။
    ကလဲ့စားကို တရားမျှတမှုဖြင့် အနိုင်ယူပါ
    တစ်ခါက ခလီဖဟ် အလီ (ရဿွိ)သည် စစ်ပွဲတစ်ခုတွင် မိမိ၏ရန်သူအား မြေပြင်ပေါ် ကိုင်ပေါက်လှဲသိပ်နိုင်ခဲ့၏။ ဓါးကိုမြှောက်၍ခုတ်သတ်မည်ပြုရာ ရန်သူက သူ၏မျက်နှာအား တံတွေးဖြင့် ထွေးလိုက်လေ၏။ အလီသည် ခေတ္တမျှတုန့်ဆိုင်းသွားပြီး ဓါးကိုပစ်ချကာ ၄င်းသူအား လွှတ်ပေးလိုက်လေ သည်။ အဘယ်ကြောင့်ဆိုသော် သူ၏နှလုံးသားမှာ တရားမျှတမှုမဟုတ်ဘဲ ဒေါသနှင့်ကလဲ့စား၏ အတုန့်အလှည့်ကြောင့် ညစ်ထေးသွားမည်ကို စိုးရိမ်၍ဖြစ်ပေသည်။ ဤသည်မှာ ကိသာ့လ်အတွင်းမှ မုစ်လင်မ် စစ်သည်တော်၏ အစစ်အမှန်အောင်မြင်မှုတည်း။
    ခေတ်သစ်ကမ္ဘာမှ ဂျိဟာ့ဒ်အမြင်များ
                       ခေတ်သစ်ကမ္ဘာ၌ ကြုံတွေ့နေရသော ပေါက်လွှတ်ပဲစား အပြင်းစားစစ်ပွဲအချို့နှင့်ပတ်သက်ပြီး မုစ်လင်မ်လောကနှင့်အနောက်တိုင်းအကြားရှိ ကွက်လပ်ကို တံတားခင်းနိုင်ရန် ပညာရှင်များနှင့် နိုင်ငံရေး သမားတို့မှ ကြိုးစားလျက်ရှိကြ၏။ ဤကိစ္စ၌ ဂျိဟာ့ဒ်သည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေပါသည်။
    ဤအကြောင်းအရာအား အပြည့်အဝနားလည်နိုင်ရန်မှာ အခြားကဏ္ဍများထက် ပိုမိုရှုပ်ထွေး နက်နဲပါသည်။ ဆက်လက်ဖော်ပြမည့် အခြေခံအယူအဆများက နားလည်မှုလမ်းကြောင်းထံ ဦးတည်ပေး ပါလိမ့်မည်။
    ကုရ်အာန်ကဖော်ပြထားသည့် ဂျိဟာ့ဒ်၏တရားမျှတမှုကို အစွန်းရောက်မျက်မှန် တပ်၍ဖတ်သောအခါ ကြောက်စရာအသွင်သို့ ပြောင်းလဲသွားပါသည်။ အချို့စစ်သွေးကြွအုပ်စုများသည် မိမိတို့၏တိုက်ပွဲများ အရှိန်မြင့်လာစေရန် ကုရ်အာန်မှပါဒတော်များကို လိုရာဆွဲ၍ (၄င်းတို့၏အယူအဆအား) အတည်ပြုနိုင်အောင် ကြိုးစားတတ်ကြ၏။ ယင်းသို့သောအုပ်စုများက ၄င်းတို့၏ယုံကြည်ချက်နှင့်လမ်းစဉ်ကို လူအများမှ အမှန်ဟု ထင်မြင်စေရန် ကုရ်အာန်ဋီကာဖွင့်အတတ်ပညာ အချက်အလက်အချို့အား အလွဲသုံးစားပြုလေ့ရှိကြ၏။ ၄င်းမှာ ရုပ်သိမ်းပယ်ဖျက်ပြီးသည့် အာယသ်တော်များဟု အသိများကြသော ပြန်လည်ပြင်ဆင်ခဲ့သည့် ကနဦးပြဌာန်းချက်ဆိုင်ရာအာယသ်တော်များကို အသုံးပြုခြင်း ဖြစ်ပေသည်။
    ကုရ်အာန်ရှိအစ္စလာမ့်ဥပဒေများမှာ အဆင့်လိုက်ပြဌာန်းချက်ဖြင့် သတ်မှတ်လာခြင်းဖြစ်သောကြောင့် မုစ်လင်မ်လူ့အဖွဲ့အစည်း အခိုင်အမာဖြစ်ပြီးနောက်ဝယ် နောက်ဆုံး အဆင့်ပြဌာန်းချက်သည် ကနဦး ပြဌာန်းချက်များအား လွှမ်းမိုးလေ့ရှိပေသည်။ နောက်ဆုံးပြဌာန်းချက်ကိုသာ အတည်ပြုဥပဒေအဖြစ် ကျင့်သုံးရ ပေသည်။ ဂန္ထဝင်ဋီကာရှင်များသည် မိမိတို့၏ကိုယ်ပိုင်ဆန္ဒနှင့်အမြင်ပေါ်မူတည်၍ ဖွင့်ဆိုခြင်း မရှိခဲ့ကြပါ။ အစွန်းရောက်ဋီကာရှင်များကမူ  (၉း၅)(၉း၂၉)ကဲ့သို့ ပါဒတော်များဖြင့် မုစ်လင်မ်တို့သည် မုစ်လင်မ် မဟုတ်သူတို့အား တိုက်ခိုက်ချေမှုန်းရမည်ဟု ဆိုလာသောအခါ  –  ၄င်းတို့နှင့် ဆက်စပ်နေသည့် အာယသ်တော်များ၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး နှင့် ကောင်းမွန်စွာဆက်ဆံမှုထူထောင်ရေး အခြားအာယသ်တော်အပေါင်းတို့ကို (၄င်းတို့သဘောဖြင့်) ပလပ်ပယ်ဖျက်ပစ်ရာရောက်နေပေသည်။ ထို့ကြောင့်လည်း ၄င်းတို့သည် ကိသာ့လ်ဆိုင်ရာကျင့်ဝတ်စည်းမျဉ်းများကို ကျောခိုင်းကြခြင်းဖြစ်သည်။ တဖန် ၄င်းတို့သည် ဂျိဟာ့ဒ်၏သမိုင်းဆိုင်ရာနောက်ခံအချို့ကို ခုတုံးလုပ်အမြတ်ထုတ်လိုက်ကြပြန်ရာ ယနေ့ခေတ် ကာလတွင် ဂျိဟာ့ဒ် အား နားလည်အောင်ရှင်းပြဖွင့်ဆိုရန် ခက်ခဲကုန်တော့သည်။
    တမန်တော်မြတ်(ဆွ)၏ခေတ်သမယ နှင့် နောက်ထပ်မျိုးဆက်တို့၏ခေတ်သမယအတွင်းရှိ မုစ်လင်မ်တို့သည် အန္တရာယ်ကြီးမားလှစွာသော အချိန်ကာလ နှင့် နေရာဒေသများ၌ နေထိုင်ခဲ့ကြရသည်။ ကမ္ဘာပေါ်တွင် ထိုစဉ်က သက်ဦးဆံပိုင်ပဒေသရာဇ်စံနစ်ကြီးစိုးနေပြီး နယ်မြေချဲ့ထွင်ရေးကိုသာ အဆက်မပြတ် ကြိုးပမ်းနေသောခေတ် ဖြစ်နေသည်။ မုစ်လင်မ်တို့သည်လည်း ” အနိုင်ရအောင်ယှဉ်ပြိုင်ရင်ဆိုင်မည်လော – ခေါင်းငုံ့သိမ်းပိုက်ခံမည်လော ” ဟူသည့် အနေအထား၌ ရောက်ရှိနေခဲ့ကြကုန်၏။ ယင်းသမိုင်းကြောင်း၏ အရှိတရားကို မုစ်လင်မ်တို့မှ ယဉ်ကျေးမှု ဖြန့်ဖြူးခြင်းဖြင့် တုန့်ပြန်ခဲ့ကြသည်။ ထိုသို့ပြုရာဝယ် မိမိကိုယ်ကိုကာကွယ်ရေး နှင့် အစ္စလာမ့်စည်းမျဉ်းရှိ ဘာသာရေးလွတ်လပ်ခွင့်အရ ထိရောက်စွာ ဆောင်ရွက်ခဲ့ ကြခြင်းသာဖြစ်လေသည်။
    ယင်းသို့သောအခြေအနေ၌ နေထိုင်ရှင်သန်ကြသော အစ္စလာမ့်ပညာရှင်အချို့ (အများစုမဟုတ်)သည် အစ္စလာမ့်ယဉ်ကျေးမှုထွန်းကားရာဒေသအားလုံးကို ဒါရုစ်စလာမ် (ငြိမ်းချမ်းရေးဘုံ)ဟု လည်းကောင်း၊ ထိုဒေသများမှအပ အခြားနယ်မြေတို့ကို ဒါရုလ်ဟရာမ် (စစ်မက်ဇုံ)ဟု လည်းကောင်း အယူအဆချဲ့ထွင်လိုက်ကြကုန်၏။ စင်စစ် ယင်းအယူအဆသည် တမန်တော်မြတ်(ဆွ)၏သွန်သင်မှု၌ မပါဝင်ပါ။ ခေတ်ပြိုင်အခြားပညာရှင်များကမူ ဤသတ်မှတ်ချက်ကို လက်သင့်မခံကြယုံမက အစ္စလာမ့်ယဉ်ကျေးမှု ထွန်းကားရာဒေသများကို ဒါရုလ်အိစ်သိဂျာဗဟ် (အစ္စလာမ့်ဖိတ်ခေါ်မှုကို လက်ခံထားသူတို့၏မှီတင်း နေထိုင်ရာ)ဟု လည်းကောင်း၊ ထိုဒေသများမှအပ အခြားနယ်မြေတို့ကို ဒါရုလ်ဒအ်ဝဟ် (အစ္စလာမ်ဖက်သို့ ဖိတ်ခေါ်သင့်သူတို့၏နယ်မြေဒေသ)ဟုလည်းကောင်း ဆိုခဲ့ကြကုန်၏။
    လက်ရှိခေတ်၏လူသားမျိုးနွယ်တို့သည် အပြည်ပြည်ဆိုင်ရာ လူမှုရေးနှင့်နိုင်ငံရေးစံနစ်သစ် တစ်ရပ်၌ နေထိုင်ရှင်သန်နေကြပြီဖြစ်ကြောင်း ယနေ့မုစ်လင်မ်အများစုက နားလည်ကြ၏။ သို့သော် အစွန်းရောက်အုပ်စုများက ဖော်ပြပြီးသော သီအိုရီအား ဖက်တွယ်ထားဆဲဖြစ်၏။ ၄င်းတို့သည် လောကတစ်ခွင် လုံးကို စစ်ဆင်ရာဌာနအဖြစ် ရှုမြင်နေကြကုန်၏။ အဘယ်ကြောင့်ဆိုသော် အစ္စလာမ်သာသနာအပေါ် ၄င်းတို့၏ကိုယ်ပိုင်ဖွင့်ဆိုချက်များနှင့်ကိုက်ညီသော တိုင်းနိုင်ငံဟူ၍ ကမ္ဘာပေါ်၌ ရှိမနေခြင်းကြောင့်တည်း။ အနောက်တိုင်းမှ နိုင်ငံရေးတရားဟောပြောသူအချို့၏  ”  အသင် (မုစ်လင်မ်)တို့သည် ကျွန်ုပ်တို့နှင့် အတူရှိနေသူများ(ကျွန်ုပ်တို့၏ဘက်တော်သားများ) သို့တည်းမဟုတ် အကြမ်းဖက်သမားတို့၏ ဘက်တော်သားများသာ ဖြစ်ကြကုန်၏ ” ဟူသောပြောဆိုချက်က မီးလောင်ရာလေပင့် ဖြစ်သွားပါတော့သည်။
    မုစ်လင်မ်လောကတွင်နေထိုင်သူများစွာတို့သည် လောကီကိုမိမိတို့၏ဘဝနှင့်ယှဉ်ထိုး၍ ကမ္ဘာ လောကကြီးကို စိတ်ပျက်ဖွယ်ရာအတိပြီးသော၊ အနှစ်မဲ့သော၊ သေးသိမ်ယုတ်ညံ့သော နေရာဌာနအဖြစ် ခံစားချက် ရှိနေကြ၏။ ဆင်းရဲမွဲတေမှုသည်လည်း (အဓိကမဟုတ်သော်လည်း) အကြောင်းတစ်ရပ် ဖြစ်နေပေသည်။
    ရှေ့ဆက်ဆိုရလျှင် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ မုစ်လင်မ်များမှာ မိမိတို့၏ကိုယ်ပိုင် စံနစ်ဆုံးရှုံး၍ လွှမ်းမိုးအုပ်ချုပ်အနိုင်ကျင့်ခံရမည့်အဖြစ်ကို အလျဉ်းမလိုလားကြချေ။ မိမိတို့၏အစိုးရသည် နိုင်ငံပိုင်သယံဇာတများအား ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ခေါင်းပုံဖြတ်ခြင်းကို ခွင့်ပြုလိုက်သည့်အတွက် မုစ်လင်မ်တို့မှာ အလုပ်လက်မဲ့ပြဿနာ နှင့် လူထုကောင်းကျိုးဆိုင်ရာ ဆုံးရှုံးမှုများ ကြုံဆုံနေရသည်ဟု (ယင်းသို့သောနိုင်ငံသားတို့မှ) အမြင်ရှိနေကြပေသည်။
    တဖန် ကမ္ဘာ့ခေါင်းဆောင်များက ဒီမိုကရေစီ နှင့် လွတ်လပ်မျှတမှုအကြောင်းကို ဟောပြောရာတွင် ရံဖန်ရံခါ၌ အစ္စလာမ့်လောကရှိ မှန်ကန်နေသည့်လှုပ်ရှားမှုများအား မှိုချိုးမျှစ်ချိုး ဝေဖန်လိုက်တတ်ကြ၏။ စင်စစ် မုစ်လင်မ် ကမ္ဘာရှိ (ဝေဖန်ခံရသည့် အချို့) လှုပ်ရှားမှုများမှာ ဒီမိုကရေစီ၊ လွတ်လပ်မှု နှင့် တရားမျှတခြင်း အပေါ်သာ အခြေခံထားသည်ဖြစ်သောကြောင့် များစွာသောမုစ်လင်မ်တို့အဖို့ အမျက်ထွက်စရာ ဖြစ်ခဲ့ကြကုန်၏။ ထို့ကြောင့်လည်း ကုရ်အာန်က အောက်ပါကဲ့သို့ သတိပေးထားပါသည်။
    အို – လူသားအပေါင်းတို့။ အသင်တို့၏စည်းဖောက်ကျူးလွန်မှုသည် အသင်တို့အပေါ်၌သာ ပြန်လည်သက်ရောက်မည် ဖြစ်ပါအံ့။  ( ကုန်အာန် ကျမ်း ၁ဝး ၂၃ )
    သို့ဖြစ်ရာ ဤအရေးအရာများကို (မုစ်လင်မ်ဟုတ်သော၊ မုစ်လင်မ်မဟုတ်သော) အစွန်းရောက်အုပ်စုများက တရားမျှတမှု မရှိသည့် – ကျင့်ဝတ်သိက္ခာမဲ့သည့် နည်းလမ်းတို့ဖြင့် မိမိတို့၏ နိုင်ငံရေးအစီအစဉ်များအတွက် တွင်တွင်ကြီး အသုံးချနေကြပေသည်။
    မည်သို့ပင်ဖြစ်စေ မုစ်လင်မ်တော်လှန်ရေးသမား နှင့် ပြုပြင်ပြောင်းလဲရေးသမားတို့ကို ဝါးလုံးရှည်ဖြင့် သိမ်းကျုံးရမ်းရိုက်နေခြင်းက မတရားလှပါလေ။ နိုင်ငံများစွာ၌ မုစ်လင်မ်တို့သည် တရားမျှတစွာအုပ်ချုပ်ခြင်းကို လိုလား၍ မိမိတို့၏ လွတ်လပ်မှု နှင့် အခွင့်အရေးအတွက် တိုက်ပွဲဝင် နေကြသည်။ မတရားမှုကိုတော်လှန်သည့် ကောင်းမြတ်သောအမှုကိစ္စများ၌ လူပေါင်းများစွာ ပါဝင်နေကြ၏။ ၄င်းမုစ်လင်မ်တို့ကိုလည်း အစွန်းရောက်သမားများ သို့မဟုတ် အကြမ်းဖက်ဝါဒီများဟု တလွဲတချော် ကင်ပွန်းတပ်လာကြ၏။ စင်စစ် ယင်းအခေါ်အဝေါ်တို့မှာ အတိုက်အခံများအား သိက္ခာချရန်၊ အတိုက်အခံတို့၏ ပြုပြင်ပြောင်းလဲရေး/မူဝါဒ နှင့် အယူအဆအတွေးအမြင်များအား ရှုတ်ချနိုင်ရန် ထွင်လုံးဆင်လိုက်သည့် နိုင်ငံရေးဝေါဟာရများသာ ဖြစ်ပါသည်။ သို့သော်လည်း သမ္မတ ကနေဒီမှ ဤသို့ပြောဖူး၏။
    ” ငြိမ်းချမ်းစွာတော်လှန်ပြောင်းလဲခွင့် မပြုစေခြင်းက သွေးချောင်းစီးတော်လှန်ရေး အဖြစ် သို့သာ မုချ  ဖြစ်ပေါ်သွားစေသည် ”
    ဂျိဟာ့ဒ် ဟု နိုင်ငံရေးသမားတို့မှ မှားယွင်းစွာ ဖွင့်ဆိုထားသော အစွန်းရောက်ဝါဒကို အမှန်တကယ် ပပျောက်စေလိုပါလျှင် – မုစ်လင်မ်တို့နှင့်လက်တွဲ၍ အစွန်းရောက်ဝါဒကို အားပေးနေသော နိုင်ငံရေး နှင့် လူမှုရေးဆိုင်ရာ အတွေးအခေါ်ဆိုးများအား ဖယ်ထုတ်ရှင်းလင်းရန် လိုအပ်ပါသည်။ ယင်းသို့ ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်နိုင်မှသာ အခြားလောကနှင့် မုစ်လင်မ်လောက နှစ်ရပ်လုံး၌ တရားမျှတခြင်း၏ ပုံရိပ်ပေါ်လွင်လာပါမည်။
    အဆုံးသတ်သော် ကိုယ်စီကိုယ်ငှ ပြုပြင်ပြောင်းလဲရန် လိုအပ်နေပါသည်။ ကျမ်းမြတ် ကုရ်အာန်က သက်ဝင်ယုံကြည်သူတို့အား နာမ်ပိုင်းသစ္စာတစ်ရပ်ကို ဤသို့ နှိုးဆော်ထားပေသည်။
    မုချဧကန် လူမျိုးတစ်မျိုးသည် ၄င်းတို့၏အခြေအနေကို ၄င်းတို့ကိုယ်တိုင် မပြောင်းလဲသမျှ ကာလပတ်လုံး အလ္လာဟ် အရှင်မြတ်က ပြောင်းလဲပေးတော်မူမည် မဟုတ်ချေ။                ( ကုန်အာန် ကျမ်း ၁၃း ၁၁ )
    ဂျူလိုင်ရဲရင့်
    (  USA  မှ  ၂၀၀၄ ခုနှစ်ထုတ်၊ မုစ်လင်မ်မဟုတ်သူများအကြား Best Selling ဖြစ်ခဲ့သော  Sohaib Nazeer Sultan ၏  The Koran (Quran) For Dummies စာအုပ်မှ ဂျိဟာ့ဒ်ဆိုင်ရာ ကဏ္ဍတစ်ခုလုံးကို ဘာသာပြန်ဆိုတင်ပြခြင်း ဖြစ်သည်  )
    ဆောင်းပါးတွင်ပါရှိသော ကုရ်အာန်ကျမ်းမြတ်ကို လေ့လာလိုလျင်
    • ကုရ်အာန်ဘာသာပြန် ၂ အုပ်တွဲ PDF Version
    • ကုရ်အာန်ကျမ်းတော်မြတ် အာရဗီနှင့် အင်္ဂလိပ်ဘာသာပြန် လေ့လာလို့လျှင် http://tanzil.net/
    • မြန်မာဘာသာပြန်လေ့လာလိုလျှင် http://quran.mmsy.info/
  • လွတ်လပ်ရေး ခေတ်ဦးကာလ မြန်မာ မွတ်စလင်မ်တို့၏ လွတ်လပ်ရေးနေ့ အပေါ်အမြင်
    လွတ်လပ်ရေး ခေတ်ဦးကာလ မြန်မာ မွတ်စလင်မ်တို့၏ လွတ်လပ်ရေးနေ့ အပေါ်အမြင်
    ဇန်နဝါရီလ -၁၉၅၇
    အီစာထွန်းအောင်
    ကမ္ဘာအလင်း စာစောင် (၉ ကြိမ်မြောက်လွတ်လပ်ရေး အထူးထုတ်)
    လွတ်လပ်ရေးနှင့် ကျွန်ုပ်အတွေး  (အီစာထွန်းအောင်)
    photo-freedomnewsgroup
    photo-freedomnewsgroup
    တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ
    ဒို့ပြေ … ဒို့မြေ
    များလူခပ်သိမ်း ငြိမ်းချမ်းစေဘို့
    အခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြေ
    ဒို့ပြေ … ဒို့မြေ
    ပြည်ထောင်စုအမွေ … အမြဲတည်တန့်ပေ
    ထိန်းသိမ်းစို့လေ … ။
    ကျွန်ုပ်မွတ်စလင်မ်သည် ဤသီချင်းကိုစိတ်ပါလက်ပါ သီကျုးခဲ့သည်။ ယခုလည်း သီဆိုလျက်ပင်။
    သီချင်းတွင် သစ္စာတိုင်သောအဓိပ္ပါယ်တို့နှင့်လည်း ပြည့်ဝနေပေသည်။ ထိုသို့ သစ္စာတိုင်ခြင်းနှင့်အညီလည်း ကျွန်ုပ် မွတ်စလင်မ်သည် သစ္စာတည်တန့်ခဲ့သည်။ တကယ်တော့ ကျွန်ုပ်သည်ကား ဗမာသာလျှင်ဖြစ်သည်။ ကျွန်ုပ်သည် ဗမာတစ်ယောက်တွင် ရှိသင့်ရှိအပ်သော သစ္စာတရားတို့ကို ထိန်းသိမ်းခဲ့သည်။ ထိုနည်းတူစွာပင် ဗမာတစ်ယောက်၏ ရသင့်ရထိုက်သော တရားမျှတ “လွတ်လပ်ခြင်း အခွင့်တူညီမှု” စသော ပြည်သားတိုင်း၏ အခွင့်အရေးကိုလည်း ကျွန်ုပ် မွတ်စလင်မ်သည် လိုလားသည် တောင့်တသည်၊ ကျွန်ုပ်သည် ဗမာသာလျှင် ဖြစ်သည်။ ဗမာသည် ဗမာပြည်၏ အခွင့်အရေးများနှင့် ပေါင်းစပ်ကာ ပြည့်ဝသော အရည်အချင်းရှိသည့် ဗမာသာလျှင် ဖြစ်သင့်သလို ကျွန်ုပ် မွတ်စလင်မ် (၀ါ) ဗမာတစ်ယောက်အဖို့လည်း ယင်းသည် အခွင့်အရေးများနှင့် ပေါင်းစပ်ကာ ပြည့်ဝသော မွတ်စလင်မ် တစ်ယောက် ဖြစ်လိုပေသည်။
    ပြည့်သစ္စာကို ရိုသေစောင့်တည်ခဲ့သော ကျွန်ုပ်တို့ ဘိုးဘွားများကို ကျွန်ုပ်သည် မျှော်မှန်းမိသည်။
    ၁။ မင်းကြီးမဟာ မင်းလှကျော် (၀ါ) ဦးဒွန်းသည် နေပြည်တော်ရှိ အိန္ဒိယပြည်သား လူအမျိုးမျိုးနှင့် ဗမာပြည်ဖွား မွတ်စလင်မ်များအပေါ်တွင် ခန့်အပ်ထားသောဝန်ကြီးဖြစ်သည်။ ဘုရင့်သစ္စာတော်ကို မှန်ကန်စွာ ဆောင်ရွက်ခဲ့သဖြင့် ၀န်၏ အဆောင်အယောင် အစီးအနင်းများကို သနားတော်မူခြင်းခံရသည့်ပြင် ဆင်စီး၍ ရွှေထီး ၂-လက် ဆောင်းရသည်။
    ၂။ အကောက်တော်ဝန် ကျောက်ရဲမြို့စား မွလ္လာအစ်(စ်)မာအီလ်သည် ဘုရင်မင်းမြတ်၏ ချစ်မြတ်နိုးခြင်းခံရသလို၊ အလှူကောင်းမှုများစွာပြုသည်။ စူရတီဗလီကြီးကို ခမ်းနားတင့်တယ်စွာ ဆောက်တည်ခဲ့သူ ဗလီတကာလည်း ဖြစ်သည်။ ၀န်မင်းရာထူးနှင့် အထိုက်အလျောက် ချီးမြှင့်ခြင်းခံရသည်။ အင်္ဂလိပ်များ မြန်မာပြည်အထက်ပိုင်းကို သိမ်းယူသောအခါ ခါန်ဘဟာဒူရ်ဘွဲ့ကို ချီးမြှင့်ခြင်းခံရပြန်သည်။
    ၃။ ဦးဘိုးမြမှာ ဘုရင်စီးတော်မူသည့် သဘောင်္ာတော်၏ ကပ္ပီတန်ဖြစ်ပြီး မြန်မာမွတ်စလင်မ်ဖြစ်ခဲ့သည်။ ကပ္ပီတန်အလုပ်၌ ကျွမ်းကျင်သဖြင့် ဘုရင်၏ ချစ်မြတ်နိုခြင်း ခံရသည်။
    ၄။ (က) ဗိုလ်မင်းဦးနှစ် (ခ) စကြာအမြောက်တပ်ဗိုလ် ဦဟာရှင် (ဂ) မဂ်လာအမြောက် ဘုန်းအိုးဗိုလ် ဦးယောက် (ဃ) အမြောက်တပ်သွေးသောက်ကြီး ဦးဆိုးတို့မှာ မြန်မာမွတ်စလင်မ်များဖြစ်ကြသည်။
    အမြောက်တပ်ဗိုလ်မှူးကြီး သွေးသောက်ကြီးများဖြစ်ကြ၍ ဘုရင်မင်းမြတ် သဒ္ဓါယုံကြည်ခြင်းကို ခံရသည်။ ဗိုလ်မှူးများ၏  အစီးအနင်း အယောင်အဆောင်များ ရရှိသည်။ ရွှေထီးဆောင်းရသူများဖြစ်သည်။ ဘုရင်မင်းမြတ်၏ အမိန့်တော်ကို ဦးလည်မသုံ ထမ်းရွက်ခဲ့ပြီး မြန်မာပြည်အပေါ် သစ္စာစောင့်တည်ခဲ့သော ကျွန်ုပ်တို့၏ ဘိုးဘွားများပင် ဖြစ်ပေသည်။
    ဒီကနေ့ မျက်မှောက်မှာလည်း ကျွန်ုပ်တို့ မွတ်စလင်မ်ဗမာများသည် ကုန်းတပ်၊ ရေတပ်၊ လေတပ်များတွင် ၀င်ရောက်ကာ ပြည်သူ့သစ္စာကို စောင့်တည်နေကြသည်။
    ကိုကြီးနု ပြောသကဲ့သို့ ချောက်ထဲကျရန် လက်နှစ်လုံးလောက်သာ လိုတော့သော ဗမာပြည်အပေါ်တွင်လည်း ကျွန်ုပ်တို့ မွတ်စလင်မ်ဗမာများသည် သစ္စာ စောင့်ထိန်းခဲ့ပါ၏။ ဤကား ရာဇ၀င်က သက်သေခံပါလိမ့်မည်။
    “ပြည်ထောင်စုအမွေ အမြဲတည်တန့်ပေ ထိန်းသိမ်းစို့လေ” ယင်းသည့်အပိုဒ်ကို ကျွန်ုပ်မွတ်စလင်မ်ဗမာသည် လှိုက်လှဲစွာ သီဆိုသကဲ့သို့ပင် သစ္စာရှိစွာနှင့်လည်း လက်တွေ့ပြုမူဆောင်ရွက်ခဲ့လေပြီ။ ရာဇ၀င်သည် နောင်တခေတ်တွင် သက်သေခံမည်ကား မငြင်းကွယ်နိုင်ပေ။
    သို့သော် … သို့သော် “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ အခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြေ”
    ယင်းသည့် အပိုဒ်များကိုလည်း ကျွန်ုပ်ဗမာမွတ်စလင်သည် လှိုက်လှိုက်လှဲလှဲ သီဆိုခဲ့ပြီ သီဆိုနေပေလိမ့်ဦးမည်။ သို့ သီဆိုခဲ့သလိုပင် ယင်းသည့် အခွင့်အရေးများကိုလည်း လှိုက်လှိုက်လှဲလှဲ ခံစားရပေမည်။
    လွတ်လပ်ရေးသည် ရောက်လာလေပြီ။ ဘိုးစဉ်ဘောင်ဆက်မှ ပြည်သူနှင့်တိုင်းပြည်အပေါ်တွင် သစ္စာစောင့်သိလာခဲ့သော ကျွန်ုပ်တို့ ဗမာမွတ်စလင်မ်ကား လွတ်လပ်ရေး ကြံ့ခိုင်တည်မြဲမှုကို မျှော်မှန်းအားထားလျက် ရှိပေသည်။
    ကျွန်ုပ်မွတ်စလင်မ် ဗမာသည် သီဆိုလျက်ရှိနေသည်။
    ကမ္ဘာ … မကျေ … မဗာပြေ
    ဒါတိုပြေ … ဒါတို့မြေ … ဒို့ပိုင်တဲ့မြေ …
    ဒို့ပြေ … ဒို့မြေ …
    လွတ်လပ်ရေးသို့ ဦးတည်လျက်
    အီစာ-ထွန်းအောင်
    4
    photo- Ko Zaw Tun FB
  • လွတ်လပ်ရေး  (၁၉၅၇ ခုနှစ် ၉ ကြိမ်မြောက်လွတ်လပ်ရေးနေ့ ကမ္ဘာအလင်းရဲ့ အာဘော် )
    လွတ်လပ်ရေး (၁၉၅၇ ခုနှစ် ၉ ကြိမ်မြောက်လွတ်လပ်ရေးနေ့ ကမ္ဘာအလင်းရဲ့ အာဘော် )
    ဇန်နဝါရီလ -၁၉၅၇
    မြန်မာမွတ်စလင်မ် တို့ စာစောင် ကမ္ဘာအလင်း  (၉ ကြိမ်မြောက်လွတ်လပ်ရေး အထူးထုတ်)
    6
    Photo from Ko Zaw Tun FB
    လွတ်လပ်ရေးဟူသည် လူတိုင်း၏ သဘာဝ အခွင့်အရေးတစ်ရပ်ဖြစ်ပေသည်။ လူတိုင်းသည် သဘာဝအားဖြင့် လွတ်လပ်စွာနေထိုင်လိုကြသည်။ သူတစ်ပါး၏ လွှမ်းမိုးမှု ချုပ်ချယ်မှုကို ခံလိုသူဟူ၍ကား လောကတွင် ရှာမှရှားပေလိမ့်မည်။
    ကမ္ဘာပေါ်တွင် မည်သည့်တိုင်းပြည် မည်သည့်လူမျိုးမဆို အခြားသူများ၏ စိုးမိုးအုပ်ချုပ်မှု၊ ချုပ်ချယ်မှု၊ ချယ်လှယ်မှု၊ အာဏာပြမှုတို့ကို မခံလိုကြပေ။ ထို့ကြောင့်လည်း ကမ္ဘာအရပ်ရပ်ရှိ ချုပ်ချယ်ခြင်းခံခဲ့ရသော တိုင်းပြည်အသီးသီးတို့သည် မိမိတို့ လွတ်လပ်ရေးအတွက် အသက်ပေး၍ ကြိုးပမ်းအားထုတ်ခဲ့ကြကြောင်း၊ ရာဇ၀င်အထောက်အထားများ ရှိပေသည်။ ယနေ့လည်း မလွတ်လပ်သေးသော တိုင်းပြည်နိုင်ငံများသည် အသက်သွေးခဲကိုအရင်းပြု၍ မိမိတို့ လွတ်လပ်ရေးအတွက် တိုက်ပွဲများဆင်နေ ကြသည်ကို ကျွန်ုပ်တို့ တွေ့ရှိနေရပေသည်။ ကျွန်ုပ်တို့၏ နိုင်ငံသည်လည်း နယ်ချဲ့တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ နယ်ချဲ့တို့၏ စိုးမိုးအုပ်ချုပ်မှုကို နှစ်ပေါင်းများစွာတိုင်တိုင်ခံခဲ့ရသည်။ ယင်းကဲ့သို့ နယ်ချဲ့များ၏ လက်အောက်တွင် ခံနေရစဉ် အချိန်အခါများ၌ ကျွန်ုပ်တို့၏ အခွင့်အရေးများမှာ အဘက်ဘက်တွင် ဆုံးရှုံးနစ်နာခြင်း ဖြစ်ခဲ့ရလေသည်။
    ဖိနှိပ်ချုပ်ချယ်မှုများ၏ တန်ပြန်မှုကား သဘာဝအလျောက်ပေါ်ပေါက်ရချေမည်။ ယင်းချုပ်ချယ်မှုများကြောင့် လှုပ်ရှားသူများနှင့် လွတ်လပ်ရေးကြိုးပမ်းမှုများ ပေါ်ပေါက်လာခဲ့ရသည်။
    လွတ်လပ်ရေကြိုးပမ်းမှုများမှ အမျိုးသားခေါင်းဆောင် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းပါတို့အား မွေးထုတ်ပေးခဲ့ပြီး ထိုခေါင်းဆောင်တို့က ပြည်ထောင်စုကြီးအား နယ်ချဲ့တို့၏လက်တွင်းမှ ကယ်တင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ နောက်ဆုံးတွင် တိုင်းရင်းသားပေါင်းစုံတို့၏ ညီညွတ်ရေးလက်နက်ကို အသုံးပြုကာ ပြည်ထောင်စုကြီးအား ယင်းနယ်ချဲ့တို့၏ လက်တွင်းမှ ကယ်ထုတ်၍ လုံးဝလွတ်လပ်သော ပြည်ထောင်စုအဖြစ် ဖန်တီးနိုင်ခဲ့ကြသည်။ ဤအာဇာနည် ခေါင်းဆောင်များအား ကျွန်ုပ်တို့ ဂုဏ်ပြုချီးကျူးရပေမည်။
    ပြည်ထောင်စုကြီး လွတ်လပ်ခဲ့သည်မှာ ယခုဆိုသော် ၉-နှစ်တင်းတင်းပြည့်ခဲ့၍ ၁၉၅၇-ခု ဇန်န၀ါရီလ ၄-ရက်ကော့း ၉ ကြိမ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်နေ့ပင်ဖြစ်လေသည်။
    ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် သက်တမ်းအရကြည့်လျင် လွတ်လပ်ခါစ အနေတွင် ရှိနေသေးရာ လွတ်လပ်သော တိုင်းပြည်တို့တွင် ရရှိခံစားရသည့် လွတ်လပ်ရေးအရသာကို ကျပ်ပြည့်တင်းပြည့် မခံစားရသေးဘဲ လွတ်လပ်စတိုင်းပြည်တို့တွင် ရင်ဆိုင်ရမြဲ ဘေးရန်များ ဆူးငြောင့်ခလုတ်များ စီးပွားရေး အခက်အခဲများ ပြည်တွင်းသောင်းကျန်းမှုများနှင့်တကွ အခက်အခဲပေါင်းများစွာတို့ကို ရင်ဆိုင်နေရပေသေးသည်။ သို့တစေ ယနေ့ ပြည်ထောင်စုသည် လွတ်လပ်သော ကမ္ဘာ့နိုင်ငံများနှင့် ရင်ဘောင်တန်းရပ်နိုင်နေပြီဖြစ်ရုံသာမက ကမ္ဘာ့ဇာတ်ခုံပေါ်တွင် လေးစားခြင်းခံရသည့် နိုင်ငံတနိုင်ငံအဖြစ်သို့ ရောက်ရှိနေသဖြင့် ကျွန်ုပ်တို့ အထူးဂုဏ်ယူရပေမည်။
    ကျွန်ုပ်တို့သည် လွတ်လပ်သော ပြည်ထောင်စုသားများဖြစ်ကြသည့် လွတ်လပ်သူများပီပီ ကျွန်ုပ်တို့သည် မည်သည့်ကိစ္စကိုမဆို စည်းမရှိ ကမ်းမရှိ လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်ရှိသည်ဟု လွတ်လပ်ရေး၏ အဓိပ္ပါယ်ကို တွေးဆ ကောက်ယူကြမည်ဆိုပါက ဤယူဆချက်မှာ လုံးဝမှားပေလိမ့်မည်။ ဤကဲ့သို့ စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ပြုမူချက်မျိုးကို အစ္စလာမ်ကလည်း လုံးဝခွင့်မပြုချေ။ လွတ်လပ်ရေးဟူသည် အလွန်ကျယ်ပြန့်၍ လွတ်လပ်သော တိုင်းသူပြည်သားတို့တွင် ရှိအပ်သော အရည်အချင်းများကား ထူးကဲမြင့်မြတ်ရပေမည်။ လွတ်လပ်ရေးတွင် အခွင့်အရေးများရှိသကဲ့သို့ တာဝန်ဝတ္တရားများလည်း ရှိနေသည်ကို ကျွန်ုပ်တို့ သတိပြုရပေမည်။
    လွတ်လပ်သောတိုင်းသူပြည်သားတို့မည်သည် စည်းကမ်းသေ၀ပ်ရချေမည်။ မိမိတို့ တိုင်းပြည်၏ အခြေခံဥပဒေ၊ တရားဥပဒေ၊ စည်းကမ်းဥပဒေမှစ၍ မိမိတို့သက်ဝင်ယုံကြည်သော ဘာသာ သာသနာ၏ ညွှန်ကြားချက် စည်းမျဉ်းဥပဒေ ယဉ်ကျေးမှု စည်းကမ်းများကိုပါ အခြားသူများထက် ပိုမိုကျင့်သုံးလိုက်နာပြီး လုပ်ကိုင်ဆောင်ရွက်ရမည့် ကိစ္စအ၀၀နှင့် ပြဿနာအဖြာဖြာတို့လည်း ယင်းစည်းမျဉ်းဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ရပေမည်။
    ယင်းကဲ့သို့ စည်းကမ်းသေ၀ပ်၍ မြင့်မြတ်သောအရည်အချင်းနှင့် ပြည့်စုံသူများသည်သာလျှင် လွတ်လပ်သော ပြည်ကြီးသားများ ပီသနိုင်ကြပေမည်။
    လွတ်လပ်သောပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားများကို ကြည့်မည်ဆိုလျှင် လူမျိုးအားဖြင့် မြန်မာ၊ ရှမ်း၊ ကရင်၊ ကချင်၊ မွန်၊ တောင်သူ အစရှိသည့် လူမျိုးများရှိ၍ ကိုးကွယ်သည့် ဘာသာအားဖြင့်ကြည့်မူ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် နတ်ကိုးကွယ်သည့်ဘာသာ စသဖြင့် အသီးသီးရှိနေကြသည်ကို ကျွန်ုပ်တို့ တွေ့ရှိရပေသည်။
    ပြည်ထောင်စုသားများအနေနှင့် ပြည်ထောင်စု၏ ဥပဒများကို တိကျစွာလိုက်နာကျင့်သုံးကြ၇မည့်အပြင် ဘာသာအချင်းချင်း လူမျိုးအချင်းချင်းတွင် ရှိနေသော ဘာသာရေး စည်းမျဉ်းများ၊ လူမျိုးရေးထုံးတမ်းစဉ်လာများနှင့် ယဉ်ကျေးမှုအဖြာဖြာတို့ကိုလည်း ထောက်ထားလေးစားရပေဦးမည်။
    ပြည်ထောင်စုကြီး၏ လွတ်လပ်ရေးအဓွန့်ရှည်စွာတည်မြဲရေး၊ တိုင်းသူပြည်သားများ အဘက်ဘက်တွင် တိုးတက်ရေး၊ လွတ်လပ်ရေး၏ အရသာကို ပြည်ထောင်စုသားတိုင်း ကျပ်ပြည့် တင်းပြည့် ခံစားနိုင်ရေးအတွက် ကြိုးပမ်းရန်လည်း လူမျိုးတိုင်း ဘာသာဝင်တိုင်း၏ တာဝန်ပင်ဖြစ်ပေသည်။
    လွတ်လပ်ရေးကို ရယူစဉ်က တိုင်းရင်းသားတို့၏ ညီညွတ်ရေးလက်နက်ကို အသုံးပြုခဲ့သည့်အလား ပြည်ထောင်စုကြီး အဓွန့်ရှည်စွာ တည်တန့်ခိုင်မြဲရေးနှင့် တိုင်းပြည်စည်ပင် သာယာဝပြောရေးတို့တွင်လည်း ယင်းပြည်ထောင်စုသားတို့၏ ညီညွတ်ရေးကိုပင် ကျွန်ုပ်တို့အသုံးပြုရပေမည်။
    သို့ရှိရာ ပြည်ထောင်စုအတွင်းရှိ လူမျိုးအချင်းချင်း ဘာသာဝင်အချင်းချင်းတို့သည် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံနေထိုင်ကြလျက် မိမိတို့ တက်နိုင်သည့်ဘက်က ပြည်ထောင်စုကြီး၏ အကျိုးကို ညီညာဖြဖြ ထမ်းဆောင်ကြရန် နှိုးဆော်ရေးသားရပေသတည်း။
    လွတ်လပ်သော ပြည်ထောင်စုကြီး အဓွန့်ရှည်စွာ တည်တန့်ခိုင်မြဲပါစေ။
  • အမေ့ခံလို့ မရတဲ့ မြန်မာမွတ်ဆလင်တို့၏ ပုံရိပ်များ
    ဇန်နဝါရီ ၄၊၂၀၁၃
    M-Media
    မောင်သမာဓိ
    myanmar muslim
    ခေတ်အဆက်ဆက် မြန်မာမွတ်ဆလင်တို့၏ ပုံရိပ်သည် နိုင်ငံအတွက် အကောင်းများသာဖြစ်ခဲ့၏။ မြန်မာ့သမိုင်း စာမျက်နှာများမှ မြန်မာမွတ်ဆလင်တို့၏ ပုံရိပ်များကို မလိုတမာ လူတစ်စုက ရည်ရွယ်ချက်ရှိရှိ ဆွဲစုတ် ပြစ်ခဲ့ကြ၏။ သို့သော် စာရွက်များသာ ပြဲခဲ့ပြီး မြန်မာမွတ်ဆလင် သမိုင်းကတော့ ပျောက်မသွားခဲ့ပါ။
    ၁။ အနှစ် ၅၀ ကြာ သမိုင်းအမှောင်ချခဲ့သည့် ဆိုးကျိုး။
    ယနေ့တိုင်ဖြစ်ပွားနေသော ရခိုင် ရိုဟင်ဂျာ ပြဿနာ၏ အခြေခံအကျဆုံး အကြောင်းအရင်းမှာ နှစ်ဖက်လူမျိုးစုများနှင့် အာဏာပိုင် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များသည် မြန်မာ့သမိုင်း၊ ရခိုင်သမိုင်းနှင့် ရိုဟင်ဂျာ သမိုင်း ကို ပြည့်ပြည့်၀၀ မှန်မှန်ကန်ကန် မသိရှိ၍ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ခြင်း ပင်ဖြစ် ပါသည်။
    တနည်းအားဖြင့် စစ်အစိုးရ အဆက်ဆက် နှစ်ရှည်လများ သမိုင်းအမှောင်ချခဲ့သည့်၊ (ဝါ) သမိုင်းကို ဆင်ဆာ လုပ်ခဲ့သည့် အကျိုးဆက်အဖြစ် လူမျိုးရေး အကြမ်းဖက်မှုဟူသော ဆိုးကျိုးများ ပေါ်ပေါက် လာရပါသည်။
    အဘယ်ကြောင့်ဆိုသော် ယနေ့ အသက် ၆၀ ပတ်ဝန်းကျင်ရှိသူများနှင့် ထိုအသက်ထက် ငယ်သူတိုင်းသည် ၄င်းတို့၏ ငယ်ဘ၀ ကျောင်းသင်ခန်းစာများတွင် မပြည့်မစုံ ထိမ်ချန် ဖြတ်တောက် ပြုပြင်ထားသော မြန်မာ့သမိုင်းများကိုသာ လေ့လာခွင့်ရခဲ့သောကြောင့် ပြင်ပစာပေများ ဖြည့်စွက် မလေ့လာ ခဲ့လျှင် ဆရာကြီး ဦးသန်းထွန်းစကားဖြင့်ပြောပါက လူအ များဖြစ်မှန်းမသိ ဖြစ်နေပါသည်။
    ထိုကြောင့် ပြည်သူအများ “မအ” ရလေအောင် ပြည့်စုံမှန်ကန်သော မူရင်းသမိုင်းဆိုင်ရာ အချက်အလက်များနှင့် လက်ပွန်းတတီးရှိစေရန်နှင့် လက်ငင်းကမ္ဘာ့ အခြေအနေများကို အချိန်နှင့် တပြေးညီ သိရှိနိုင်စေရန် အတွက် (ဆဌမ သင်္ဂါံရတနာတင်ခြင်းနှင့် ဗန်ဒေါင်းစာချုပ်အ ကြောင်းပြောလျှင် ဦးနု၏အမည် ကို တမင်တကာ ချန်ထားလေ့ရှိသော၊ မြန်မာ့တပ်မတော် သမိုင်းပြောလျှင် ဗိုလ်ချုပ်ကြီး စောမောင် အကြောင်းကို ချန်ထားလေ့ရှိသော၊ အာရဗ်နွေဦးကို မထုတ်လွှင့်သော်လည်း နိုင်ငံအ၀ှမ်း ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် အထိကရုံး ဖြစ်ရန်အတွက်ကိုတော့ လှုံ့ဆော်သော၊ ယနေ့ ဆီးရီးယားနိုင်ငံ အကြောင်း အပြည့်အဝမရေးသား မပြောဆိုသော၊ ဘင်္ဂံလားဒေ့ရှ် နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနား၏ လတ်တလော အကြမ်းဖက်ခံရသော ဘင်္ဂံလားဒေရှ် နိုင်ငံသား ဗုဒ္ဓဘာသာဝင်များကိုပြောသော မိန့်ခွန်းနှင့် နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းပုံများကို လုံးဝ မဖေါ်ပြသော) မြန်မာ့အသံ ရေဒီယိုနှင့် ရုပ်မြင်သံကြား ဆင်ဆာ အဖွဲ့အပြင် နေ့စဉ်ထုတ် သတင်းစာများ၏ ဆင်ဆာအဖွဲ့များကိုလည်း အမြန်ဆုံးဖျက်သိမ်း ပေးသင့်ပါသည်။
    ၂။ အရေးကြုံတိုင်း တနိုင်ငံလုံးကို ခြုံငုံဖိတ်ခေါ်။
    သမ္မတကြီး ဦးသိန်းစိန်၏ ရေဒီယိုမှပြောကြားသော ၂၀၁၃ နှစ်သစ်ကူးမိန့်ခွန်းတွင် မြန်မာ့ လူ့အဖွဲ့အစည်း အနေဖြင့် လွတ်လပ်ရေးရယူနိုင်ခဲ့စဉ်က စုစည်းနိုင်ခဲ့တဲ့ ညီညွတ်မှုအင်အားများအတိုင်း နိုင်ငံသား တစ်ဦးချင်း၊ တယောက်ချင်းစီက လက်တွဲ လုပ်ဆောင်နိုင်မည်ဆိုပါလျှင် ယခုကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေနဲ့ စိန်ခေါ်မှုတွေကို မလွဲမသွေ ကျော်လွှားနိုင်မယ် လို့ဆိုတယ်ခင်ဗျာ့။
    အထွေအထူးဖိတ်ခေါ်စရာမလိုဘဲ မြန်မာမူဆလင် တွေဟာ လွတ်လပ်ရေးကြိုးပမ်းမှုမှာ တာဝန်သိသိ ပါဝင်ခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒီးဒုတ်ဦးဘချိုက မြန်မာမူဆလင် များကို တိုင်းရင်းသားအဖြစ်သတ်မှတ်ရုံမက ပြည်နယ်ပေးဖို့အဆင့်အထိ ကမ်းလှမ်းခဲ့ပေမဲ့ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာမွတ်ဆလင်များဟာ အမေ့ခံပုံရိပ်များဖြစ်ခဲ့ကြရလို့ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုမှာ မြန်မာမွတ်ဆလင် ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေ ပါခဲ့တယ်ဆိုတဲ့ သမိုင်းကို တိတိကျကျ ပြည့်ပြည့်စုံစုံ ဖေါ်ထုတ်ဖို့ အထူးလိုပြီပေါ့။
    ကြုံသည့်အခိုက် ကြော်ငြာဝင်ချင်ပါသည်။ မြန်မာမွတ်ဆလင် သမိုင်းနှင့်ပတ်သက်၍ စာပေ သမားများ အတွက် ကိုးကားလို့ရလောက်အောင် အထောက်အထားများနှင့် တကွ ပြည့်ပြည့်စုံစုံ မှတ်တမ်း တင်ထားတဲ့ နေရာတစ်ခုကတော့ M-Media Web Site (http://www.m-mediagroup.com) ဘဲဖြစ်တယ်ခင်ဗျာ့။ သက်ဆိုင်သူအားလုံးကို သမိုင်းတာဝန်ကျေသူများဟု ဂုဏ်ပြုခေါ်ဝေါချင်ပါသည်။
           မြန်မာမွတ်ဆလင်များဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန်တိုင်းမှာ ဘယ်သူမှ ဖိတ်ခေါ်နေစရာ မလိုဘဲ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် တာဝန်သိခဲ့ကြတာကိုက ဂုဏ်ယူစရာဖြစ်ပါတယ်။
    ၃။ ပြည့်စုံမှန်ကန်သော သမိုင်းကို ပြည်သူများထံ ဖေါ်ထုတ်တင်ပြဖို့ တာဝန်ရှိပြီ။
    ယခုအခါ စာပေစိစစ်ရေး အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ်လို့ မြန်မာနိုင်ငံအနေဖြင့် ကဏ္ဏအသီးသီးတွင် တိုးတက်ရန် လမ်းစများ ပွင့်သွားပြီဟုဆိုနိုင်သည့် အပြင် တရုတ်ထက် ခြေတစ်လှမ်း သာသွားပြီ ဟုလည်း ဆိုနိုင်ပါသည်။ စာပေကင်ပေတိုင် ဖျက်သိမ်းသည်ကို အခွင့်ကောင်းယူပြီး ကိုအောင်ထွန်း၏ ကျောင်းသား သမိုင်း စာအုပ်ကဲ့သို့ မြန်မာမွတ်ဆလင် သမိုင်းစာအုပ်ကိုလည်း အကိုးအကား ခိုင်ခိုင်မာမာနှင့် ပြုစုထုတ်ဝေဖို့ အချိန်တန်ပြီဖြစ်၏။
    ထို့အပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသုံးမြန်မာ့သမိုင်းဖတ် စာအုပ်များပါ အထူးသဖြင့် ရခိုင်အင်ပါယာသမိုင်း၊ ရိုဟင်ဂျာသမိုင်း နှင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း ကို ပြည့်ပြည့်စုံစုံ ပြန်လည်ရေးသားပြီး သမ္မတကြီး အသစ်ဖွင့်လှစ်ပေးမည့် ရခိုင်နှင့် ရိုဟင်ဂျာဒေသရှိ ကျောင်းများတွင် သင်ကြားပေးသင့်ပါသည်။
    သမိုင်းဘွဲ့လွန်ကျောင်းသားများအတွက် (Thesis/Dissertation) ကျမ်းပြုရာတွင် မြန်မာမွတ်ဆလင် တို့၏ လွတ်လပ်ကြိုးပမ်းမှုသမိုင်း၊ ပုဂံခေတ်နှင့် မြန်မာမွတ်ဆလင်၊ ကုန်းဘောင်ခေတ်နှင့် မြန်မာမွတ်ဆလင် စသည်ဖြင့် ခေါင်းစဉ်များ  ချပေးခြင်းဖြင့် နိုင်ငံသားအချင်းချင်း ချစ်ကြည်ရင်းနှီးစေမည်ဟု ထင်ပါသည်။
    မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးနု၏ အကြောင်းသာမက သခင်စိုး၊ သခင်သန်းထွန်း၊ သိန်းဖေမြင့်၊ သမ္မတ မန်းဝင်းမောင်၊ ဦးဥတ္တမ၊ ကျောင်းသား ခေါင်းဆောင် များဖြစ်ကြသော ဦးထွန်းစိန်(သံတွဲ)နှင့် ဦးရာရှစ်၊ ပင်လုံစာချုပ် အတွင်းရေးမှူး ဦးဖေခင်တို့အပြင် အမျိုးသား ကျောင်းဆရာကြီး ဦးရာဇတ် စသည့်လူပုဂ္ဂိုလ်တို့၏ အကြောင်းများနှင့် ဖ.ဆ.ပ.လ အဖွဲ့ကြီးနှင့် လက်တွဲလုပ်ဆောင်ခဲ့တဲ့ မြန်မာမွတ်ဆလင် ကွန်ဂရက် (ဗ.မ.က) ၊ YMBA၊ GCBA အသင်းများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြည့်စွက် ရေးသားသင့်ပါသည်။
           ထိုအချိန်က လွတ်လပ်ရေး မယူလိုဘဲ ဗြိတိသျှတို့နှင့် ဓနသဟာရနိုင်ငံအဖြစ် ဆက်၍ တွဲနေလိုသော အုပ်စု၏ အမြှော်အမြင်ကြီးမှုကိုလည်း အသိအမှတ်ပြုကာ သမိုင်းတွင် မှန်မှန်ကန်ကန် သုံးသပ်ပြ ရပါလိမ့်မည်။
    နောက်ဆုံးအနေဖြင့် အကြံပြုလိုသည်မှာ သမိုင်းအမှောင်ချခေတ်မှ အလင်းခေတ်သို့ ပြောင်းစေရန် မြန်မာ့သမိုင်း ကျောင်းသင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့၏ လုပ်ထုံး လုပ်နည်းများကို ပြန်လည်ပြင်ဆင် သတ်မှတ်ပေးပြီး၊ သမိုင်းနှင့် သတင်းအမှောင်ချ ပြန်ကြားရေး ၀န်ကြီးဌာန ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းစာ ဆင်ဆာအ ဖွဲ့ကိုလည်း အမြန်ဆုံးဖျက်သိမ်းခြင်းဖြင့် မြန်မာနိုင်ငံမှာ နောက်ထပ် လူမျိုးရေး အဓိကရုန်းများ မဖြစ်အောင် ကာကွယ်နိုင်ပါသည် ခင်ဗျား။
    ၄။ ဂုဏ်ယူစရာ မြန်မာမွတ်ဆလင်များသည် အမေ့ခံ ပုံရိပ် မဖြစ်သင့်။
                      ဆိုလိုချင်တာက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလ (Transitional Period) အတွင်း လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ ကဲ့သို့ ဒုက္ခခံဖို့ ပြည်သူအားလုံး (Whole Community) ကို သမ္မတကြီးက ဖိတ်ခေါ်ခဲ့သော်လည်း အခွင့်အရေး (Privilege) ပေးဖို့၊ (ဝါ) အကာအကွယ် (Safeguard) ပေးဖို့ အချိန် ရောက်ရင် မြန်မာမွတ်ဆလင်များဟာ အမေ့ခံပုံရိပ်ဖြစ်မှာ စိုးရိမ်ပါတယ်။ မြန်မာမွတ်ဆလင်တို့ရဲ့ သမိုင်းပုံရိပ် ဘယ်လိုဘဲ ကောင်းကောင်း နိုင်ငံအရေး ဆုံးဖြတ်ပိုင်ခွင့် ရှိသူတွေရဲ့ အသိအမှတ်ပြုခံရဖို့ကလည်း အရေးကြီး ပါတယ်။
    လွှတ်တော်သို့ တင်သွင်းသော သမ္မတကြီး၏ ရခိုင်ပဋိပက္ခဆိုင်ရာ ပထမ သဝဏ်လွှာနှင့်အတူ ပူးတွဲ ပေးပို့လာသော သတင်းဖြစ်စဉ် မှတ်တမ်းကို တာဝန်မယူသော သမ္မတနှင့် သူ့ရုံးအဖွဲ့ဝင်များ၏ နိုင်ငံကို ဦးဆောင်နိုင်မှု၊ တာဝန်ယူနိုင်မှု နှင့် နိုင်ငံအရေး ဆုံးဖြတ်နိုင်မှုပေါ် သံသယဝင်မိပါသည်။ တစ်ခါတစ်ရံ ခေါင်းဆောင်ဆိုသူများသည် ကွန်မြူနစ်ဝေါဟာရကို ငှားသုံးလျှင် ဖေါက်ပြန်တတ်သော သဘောရှိ၏။
    စစ်အစိုးရလက်ထက်တွင် အစ္စလာမ်ဘာသာဝင် ဝန်ထမ်းများကို ရာထူးတိုးပေးရန်အတွက် ခွဲခြား ဆက်ဆံခြင်း ခံကြရ၏။ လွတ်လပ်ရေးကြိုးပမ်းမှုမှာ တာဝန်သိ သိပါခဲ့တဲ့ မြန်မာမွတ်ဆလင်တွေကို ပြည်တွင်းနေ အစ္စလာမ် ဘာသာဝင် လို့ သုံးနှုံးပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဦးသိန်းစိန်အစိုးရက ကျေးဇူးဆပ်ဖူးတယ်။
    နိုင်ငံတော်အာဏာ မရမီက ရိုဟင်ဂျာတွေကို မဲဆွယ်စည်းရုံးခဲ့တဲ့ ဦးသိန်းစိန်နှင့် RNDP ဒေါက်တာ အေးမောင်တို့သည် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ရိုဟင်ဂျာတွေကို ခြံခတ်ပြီး တတိယ နိုင်ငံကို တင်ပို့မယ်လို့ ပြောခဲ့ကြတယ်။
    (၈) လေးလုံးဒီမိုကရေစီ တိုက်ပွဲတွင် တက်ကြွစွာပါဝင်ခဲ့သော မြန်မာမွတ်ဆလင်များကို မင်းတို့ ကုလားတွေနဲ့ ဒီမိုကရေစီ ဘာဆိုင်လို့လဲဟု စစ်ထောက်လှမ်းရေးက မေးမေးပြီးရိုက်၏။ မွတ်ဆလင် အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်ကို ရည်ညွှန်းကိုးကား ဂုဏ်ယူပြောကြားသူများကို ပိုမိုနှိပ်စက်ခဲ့ကြ၏။ ယ္ခုအခါ ပြည်သူများဆန္ဒအရ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည်ဟု ကမ္ဘာကိုကြေငြာ၏။
    ၈ လေးလုံးအရေးတော်ပုံကာလ ရွှေတိဂုံစေတီတော် အနောက်ဖက်မုဒ်တွင် ဗိုလ်မှူးဘသော် (မောင်သော်က)  ခြံရံလျှက် ပြည်သူအားလုံးပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ခေါ်မှုကြောင့် ထိုအချိန်က စစ်တွေမြို့ ဆန္ဒပြမှုများတွင် တက်ကြွစွာပါဝင်ခဲ့ဘူးသော ရိုဟင်ဂျာများကို ၂၄ နှစ်ကြာသောအခါ မေ့သွား၏။ အင်္ဂံလန် မြေပေါ်တွင် I don’t know rohingya ဟုပြောခဲ့ဘူး၏။
    ဒီမိုကရေစီ ဘယ်တော့လောက်ရမလဲလို့ မေးတိုင်း အမေစုဖြေတာက တစ်မျိုးသားလုံးပါဝင်မှု (National Commitment) ကအရေးကြီတယ်၊ လူတိုင်းလူတိုင်း ဒီမိုကရေစီရဖို့ ဘယ်လောက်လုပ်ပြီးပြီလဲ လို့ပြန်မေးလေ့ရှိတယ်။ NLD ကိုထောက်ခံပြီး အမေစုကို ဝိုင်းရံထားသူတွေ၊ ဒီမိုကရေစီအရေး ကြိုးပမ်းသူတွေ   အထဲမှာ မွတ်ဆလင်တွေ အများကြီးပါလို့ အမေစုအတွက် မြန်မာမွတ်ဆလင်တွေဟာ အမေ့ခံပုံရိပ် မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။
    လူထုခေါင်းဆောင်၊ နိုင်ငံခေါင်းဆောင် ဆိုသူများသည် အသုံးချလိုသောအခါ ချွင်းချက်မရှိ ဖိတ်ခေါ်လေ့ ရှိကြပြီးလျှင် အခွင့်အရေးပေးရန်၊ ရပိုင်ခွင့်များကို ခံစားစေရန်အတွက်မူ ဘက်လိုက်တတ်သည့် သဘောကို ကျွန်ုပ်တို့ကိုယ်တိုင် တွေ့ကြုံခဲ့ကြဘူးပါသည်။  (Political leader’s Invitation to whole community unconditionally in case of shortage but right and privilege to specific small group and bias afterward.) ဤသဘာဝကို Min Ba Din blog post တစ်ခုတွင်လည်း ဖတ်ခဲ့ ဘူးပါသည်။ ထို့ကြောင့် ထိုအဖြစ်မျိုး နောက်ထပ်မဖြစ်ရလေအောင် ကျွန်ုပ်တို့ ပခုံးပေါ်တွင် တာဝန်ရှိလာပါသည်။
    ၅။ လိုလျှင်တစ်မျိုး၊ မလိုလျှင်တစ်မျိုးပြော၏။                                              
            လဝက ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရခိုင်လူမျိုးများနှင့် ဘင်္ဂါံလီ ရိုဟင်ဂျာ များသည် ပြည်တွင်းမှာ အစဉ်အဆက် တစ်အိမ်တည်းနေ ညီအစ်ကိုတွေဖြစ်လို့ ကုလသမဂ္ဂမှ ဝင်ရောက် စစ်ဆေးရန် မလိုပါဟု သုံးနှုံးပြောဆိုဘူးပါသည်။
    ထို့ကြောင့် လ.ဝ.က ဝန်ကြီး ဦးခင်ရီပြောသည့် သွေးနှင့်ဆုံးဖြတ်ပါသည်ဆိုသော မြန်မာနိုင်ငံ၏ နိုင်ငံသားပြုမှု ဥပဒေအရ ရခိုင်နှင့် ညီအစ်ကိုတော်သော ရိုဟင်ဂျာများသည် အလိုအလျှောက် မွေးရာပါ နိုင်ငံသားများဖြစ်ကြ၏။ လ.ဝ.က ဝန်ကြီး တစ်ဦး၏ နုတ်ထွက်စကားသည် လူဝင်မှုဥပဒေနှင့် လိုက်လျှော် ညီထွေရှိသင့်သည်။
    ၆။ မြန်မာမွတ်ဆလင် သတင်းစာတိုက်နှင့် Islamic Bank တည်ထောင်သင့်သည်။
    နိုင်ငံရေးခေါင်းဆောင်များက ပြည်သူတစ်ရပ်လုံးကို ပါဝင်ရန်ဖိတ်ခေါ်တိုင်း ထိုအထဲတွင် အစ္စလာမ် ဘာသာဝင် မွတ်ဆလင်များ ပါ၊ မပါ မေးရန် စတုတ္ထမဏ္ဍိုင် မြန်မာမွတ်ဆလင် သတင်းစာခေါင်းကြီးလို၏။ တနည်းအားဖြင့် ဖေါက်ပြန်တတ်သော ခေါင်းဆောင်များနှင့် အိပ်ချင်ယောင်ဆောင်နေသူများကို သတိပေးရန် သတင်းစာ အာဘော်သည် ကလောင် ထက်၏။ အိပ်ချင်ယောင်ဆောင်နေသူများကို ရေလောင်းပြီး ပြောရန်လိုတယ်လို့ ၈ လေးလုံး မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဆို၏။
    ဘာသာရေး။ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် အားကစား ကဏ္ဍအသီးသီး ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ပုဂ္ဂလိက သတင်းစာတိုက်များ တည်ထောင်ခွင့်ပြုနေချိန်တွင် မြန်မာမွတ်ဆလင် သတင်းစာ တိုက်ကို တည်ထောင်ရန် ကျွန်ုပ်တို့တွင် တာဝန်ရှိ၏။ ရိုဟင်ဂျာများကလည်း သတင်းစာထုတ်ဝေဘူးပါသည်။ ရည်ရွယ်သည်မှာ မြန်မာမွတ်ဆလင်များ အမေ့ခံပုံရိပ် မဖြစ်စေရန်ဖြစ်၏။
    သတင်းစာအထိ မလှမ်းနိုင်မီ မြန်မာမွတ်ဆလင် မဂ္ဂဇင်းနှင့် ဂျာနယ်တို့ ထုတ်ဝေနိုင်ရန် မျှော်မှန်း လုပ်ဆောင်သင့်သည်ဟု မြင်ပါသည်။
    ရန်ကုန်နှင့် မန္တလေးတွင် အခွင့်အရေးပေးလျှင် အစ္စလာမ်တရားတော်နှင့် ညီသော ဘဏ်တစ်ခုစီ ဖွင့်သင့်သည်။ ထိုဘဏ်များမှရမည့် တရားတော်နှင့်အညီပေးသော အမြတ်ငွေများကို သုံးနိုင်၊ လှူနိုင်၊ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ထိရောက်စွာ သုံးစွဲနိုင်မည်ဖြစ်၍ မြန်မာမွတ်ဆလင်တို့၏ ပုံရိပ်ကို ကောင်းစေမည့် ကိစ္စတစ်ခု ဟုမြင်ပါသည်။ ယ္ခုအခါ မလွဲသာမရှောင်သာ ဘဏ်နှင့်ဆက်ဆံ၍ ရလာသော အတိုးငွေများသည် စားမရ၊ လှူမရနှင့် မြန်မာမွတ်ဆလင်တို့အတွက် အဟောသိကံ ဖြစ်ရ၏။
    ၇။ မြန်မာမွတ်ဆလင်များ၏ ပုံရိပ်ကို အမေ့မခံရလေအောင် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပါ။
            သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် ဘင်္ဂါံလီ ရိုဟင်ဂျာများသည် ဒေသခံ တိုင်းရင်းသား (သို့မဟုတ်) မြန်မာနိုင်ငံသားများ ဟုတ်၊ မဟုတ်၊ ယတိဖြတ် မဆုံးဖြတ်နိုင်လျှင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းကာ လွှတ်တော် ကိုယ်စားလှယ်ကြီးများကလည်း မြန်မာ့သမိုင်း၊ ရခိုင်အင်ပါယာ သမိုင်းနှင့် ရိုဟင်ဂျာသမိုင်းကို ယှဉ်တွဲလေ့လာရန်နှင့် ကမ္ဘာ့ သမိုင်း ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးရန်    လုံလောက်သော အချိန်ကာလတစ်ခုကို တောင်းဆို ပြီးနောက် မဲခွဲဆုံးဖြတ် လိုက်လျှင် အမှန်အကန်ဆုံးနှင့် အထိရောက်ဆုံး အဖြေကို ကျိန်းသေတွေ့မည်ဟု ယုံကြည်မိပါသည် ခင်ဗျား။
     လေးစားစွာဖြင့်
    မောင်သမာဓိ
  • နိုင်ငံမဲ့ဖြစ်ရန် လွယ်ကူသော်လည်း နိုင်ငံသားဖြစ်ရန် ခက်ခဲလှသည့် ၁၉၈၂ နိုင်ငံသား ဥပဒေ
    နေမင်း (Eastern Star)
    နိုင်ငံမဲ့ဖြစ်ရန် လွယ်ကူသော်လည်း နိုင်ငံသားဖြစ်ရန် ခက်ခဲလှသည့် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေ
    justice3
    ၂၀၁၂-ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ဆက်စပ်၍ လွန်ခဲ့သော နှစ် ၃၀ က ပြဌာန်းခဲ့သော ၁၉၈၂ နိုင်ငံသားဥပဒေကို ဝေဖန်သံများကြားနေရပါသည်။ ဘင်္ဂါလီဟုခေါ်ခံရသူများ၊ ရိုဟင်ဂျာဟု မိမိကိုယ်မိမိ သတ်မှတ်သူများဘက်မှ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ပြောင်းလဲပြင်ဆင်လိုကြသကဲ့သို့ အမျိုးသားရေးစိတ်ဓါတ်အခံဖြင့် တိုင်းရင်းသားလူမျိုးသစ်တစ်မျိုး ဖန်တီးမှုကို လက်မခံနိုင်သောအုပ်စုများကလည်း ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေကို ပြောင်းလဲ ပြင်ဆင်စရာမလို။ အစစပြီးပြည့်စုံသော ဥပဒေဖြစ်သည်ဟု ပြောဆိုဝေဖန်သံများ၊ ထောက်ခံ ဆန္ဒပြုမှုများကိုလည်း မြင်တွေ့ရပါသည်။ ပြည်တွင်းပြဿနာကို နိုင်ငံတကာပြဿနာဖြစ်အောင် လုပ်နေကြသည်ဟု စွပ်စွဲသံများကိုလည်း ကြားရပါ၏။ ၂၁-ရာစု ကမ္ဘာ့ရွာကြီးတွင် ယခင်က ပြည်တွင်းပြဿနာဟု သတ်မှတ်ထားသော အရာများသည် ယနေ့  နိုင်ငံတကာဆိုင်ရာ ပြဿနာဖြစ်လာနိုင်သည်ကို ကျွန်တော်တို့ မြန်မာနိုင်ငံသားများ သတိရှိရှိ ဝေဖန်သိမြင်ဖို့ လိုအပ်လာကြောင်း အသိပေးလိုသဖြင့် ဤစာတမ်းကို ရေးသားရခြင်းဖြစ်ပါသည်။
    1982 Lawလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအား ပယ်ဖျက်သင့်ကြောင်း အဆိုတင်သွင်းဆွေးနွေးသူ အမျိုးသားလွှတ်တော်အမတ်များအား ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ မည်သည့်အခန်း မည်သည့်ပုဒ်မသည် အားနည်းနေကြောင်း၊ ပြင်ဆင်ရန်လိုကြောင်း၊ တိကျစွာ အတည်ပြုထောက်ပြပေးသင့်ပါသည်ဟု ၆.၁၁.၂၀၁၂ လွှတ်တော်အစည်းဝေးတွင် အကြံပြုသွားသည်ဟု သိရပါသည်။ အလားတူ နိုင်ငံရေးခေါင်းဆောင်တစ်ဦး အနောက်ဥရောပခရီးစဉ်တစ်ခုတွင် ရခိုင်ပြည်နယ်မှ လူမှုပဋိပက္ခများအကြောင်း သတင်းထောက်တစ်ဦးက စူးစမ်းမေးမြန်းသောမေးခွန်းတစ်ခုကို နိုင်ငံသားဥပဒေ၏ အားနည်းချက်ကြောင့်ဖြစ်ရသည်ဟု တစ်နေရာတွင် ထင်မြင်ချက်ပေးခဲ့၏။ အခြားတစ်နေရာတွင် နိုင်ငံသားဥပဒေ၏ အားနည်းချက်ဆိုသည်မှာ ဘယ်အချက်ကို ဆိုလိုပါသလဲဟု အမေးခံရသောအခါ မိမိအဆိုပါနိုင်ငံသား ဥပဒေကို ကောင်းစွာ မလေ့လာရသေးဟု ၀န်ခံစကားပြောလိုက်ရသည်ဟု သတင်း ဂျာနယ်ဖတ်သူများက ကျွန်တော့်အား လာရောက်ပြောကြားရင်း နိုင်ငံခေါင်းဆောင်လုပ်မည့်သူများ အကဲဆတ်လှသည့် ကိစ္စများကို လွယ်လွယ်မပြောသင့်ကြောင်း၊ ယခုလည်း ဥပဒေသမားတွေ၊ နိုင်ငံရေးသမားတွေ၊ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေအကြောင်းကို ပြည်တွင်းမှာ အပြောများ၍ ပြည်ပက မေးလာပါလျှင် ဘယ်လိုဖြေကြ၊ ပြောကြမည်မသိပါ။ ခင်ဗျားလည်း ရှေ့နေ တစ်ယောက်ဖြစ်ခဲ့သဖြင့် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေအကြောင်းကို ဘယ်လိုမြင်ပါသလဲဟု မေးမြန်းတာ မကြာခဏ ကြုံနေရပါသည်။
    အဆိုပါပုဂ္ဂိုလ်များအတွက် ဤစာတမ်းသည် ကျွန်တော်၏ ကိုယ်တွေ့အမြင်နှင့် သုံးသပ်ချက် အဖြေဖြစ်ပါသည်။
    ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းတွင် နေထိုင်ခဲ့သော ရန်ကုန်မွေးဇာတိ တိုင်းရင်းသား ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင် ဦးအောင်မြင့် (ခ) Mr. L.Ambrosejustice4 အသက် ၆၂-နှစ်ရှိသူအပေါ် ၁၉၄၇-ခုနှစ်၊ လ၀က အက်ဥပဒေ ပုဒ်မ ၁၃(၁)အရ အရေးယူ ခံရမှုနှင့်ပတ်သက်၍ ကျွန်တော်၏ တပည့် ရှေ့နေ ဦးကျော်ညွန့်က ဗဟိုတရားရုံးတွင် လိုက်ပါဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံသဖြင့် ၁၉၈၆-ခုနှစ် ဖေဖော်ဝါရီလတွင် ကျွန်တော် လက်ခံဆောင်ရွက်ခဲ့ပါသည်။
    အမှုဖြစ်စဉ်အကျဉ်းချုပ်မှာ ဦးအောင်မြင့်၏သမီး Mrs. P. Ambrose, 121, Mills Street, Queens Park, W.A.6107 နေသူက တစ်ကွဲတစ်ပြားစီနေထိုင်ရသည့်အဖြစ်ကို လွမ်းဆွတ်လှသဖြင့် မိဘများကို တွေ့လိုကြောင်း ၁၉၈၂-ခုနှစ်ခန့်ကစ၍ အကြိမ်ကြိမ် မှာကြားဖိတ်ခေါ်သည်ကို သွားရောက်ရန်အတွက် မိဘများကလည်း သမီးထံ သွားရောက်နိုင်ရေး အကြိမ်ကြိမ် မဆလအစိုးရလက်အောက်ခံ ပြည်ထဲရေးဌာနတွင် Passport နှင့် Visa များရရှိအောင် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပါ။ ပွဲစားများ၏ အကြံပေးချက်အရ Passport မယူပဲ Certificate of Identity (C of I) ကို ယူ၍ နိုင်ငံခြားထွက်လို့ရကြောင်း (C of I) မှာ အလွယ်တကူ ရယူနိုင်ကြောင်းပြောသည်ကို ယုံကြည်ပြီး ဦးအောင်မြင့်သည် ပြည်ထဲရေးဌာနမှ (C of I) ကို လျှောက်ထားရယူခဲ့ပါသည်။
    ပြည်ထဲရေးဌာနမှ ၃.၆.၁၉၈၅ ရက်နေ့တွင် (C of I) လက်မှတ်အမှတ် ၁၁၇၄ ကို ဦးအောင်မြင့်အား ထုတ်ပေးခဲ့ပြီး အဆိုပါလက်မှတ်သည် မြန်မာနိုင်ငံအတွင်း ၂.၆.၈၆ နေ့အထိ အတည်ဖြစ်သည်ဟု လည်းကောင်း၊ ဦးအောင်မြင့်သည် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာသွားပြီး ၃-လအကြာတွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံသား အဖြစ်မှ ရပ်စဲပြီးဖြစ်ပါသည်ဟုလည်းကောင်း အဆိုပါလက်မှတ်တွင် ဖော်ပြထားပါသည်။ (အဆိုပါ C of I ကို ပူးတွဲ-၁ အဖြစ် ဖော်ပြထားပါသည်။)
    justice 1ဦးအောင်မြင့်သည် ၂၉.၆.၈၅ နေ့တွင် BAC လေကြောင်းခရီးစဉ် UB 221 နှင့် ဘန်ကောက်မှတဆင့် သြစတြေးလျသို့ သွားရောက်ခဲ့ပြီး ၁-လခန့်အကြာတွင် မြန်မာနိုင်ငံတွင်ကျန်ရှိသော ဇနီးဖြစ်သူက နှလုံးရောဂါ အသည်းအသန်ဖြစ်၍ မသေမီ တွေ့လိုပါသည်ဟု အကြောင်းကြားခြင်းခံရပါသည်။ ဦးအောင်မြင့်အနေဖြင့် ဇနီးနှင့်သမီးကြား  ဗျာများခဲ့ရပြီး နောက်ဆုံးအခြေအနေ ကြုံနေရသော ဇနီးထံပြန်ရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် မိမိလက်ဝယ်ရှိ (C of I)သည် မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် ပြန်လို့ ရမရ ဒွိဟဖြစ်စရာရှိသဖြင့် Camberra ရှိ မြန်မာသံရုံးသို့ ၇.၈.၈၅ နေ့စွဲဖြင့် တရားဝင် စာရေသားမေးမြန်းမှု ပြုခဲ့ပါသည်။ ၉.၈.၈၅ နေ့ နေ့လည် ၂-နာရီခန့်တွင် သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ် မစ္စက်လင့် ဆိုသူထံမှ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားအဖြစ် ရှိနေသေးသဖြင့် (C of I) သက်တမ်း ၃-လအတွင်း မြန်မာနိုင်ငံသို့ အချိန်မီပြန်နိုင်ကြောင်း ပထမဦးစွာ ဖုန်းဖြင့်ပြန်ကြားခဲ့သည်။ ထို့နောက် သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာ နိုင်ငံတော် သံရုံးမှ စာဖြင့် အောက်ပါအတိုင်း သဘောထားမှတ်ချက် ထပ်မံပေးပို့ခဲ့ပါသည်။ အဆိုပါစာကို ဦးအောင်မြင့်မှ တရားရုံးတွင် သက်သေခံ ၃ အဖြစ် တင်ပြထားပါသည်။ အဆိုပါစာကို ပူးတွဲ-၂ အဖြစ် ဖော်ပြထားပါသည်။
    ဦးအောင်မြင့်သည် သံရုံးမှ တယ်လီဖုန်းဖြင့် အကြောင်းပြန်ကြားချက် ရလျှင်ရချင်း မြန်မာနိုင်ငံရှိ နှလုံးရောဂါသည် ဇနီးသည်ထံ အမြန်ပြန်နိုင်ရေး ကြိုးစား ဆောင်ရွက်ခဲ့ရာ ၂၄.၄.၈၅ ရက်နေ့တွင် မင်္ဂလာဒုံလေဆိပ်သို့ ထိုင်းလေကြောင်းဖြင့် ခရီးစဉ်အမှတ် TG-305  နှင့် ညနေ ၄-နာရီအချိန် ဘန်ကောက်မြို့မှတဆင့် ပြန်လည်ဝင်ရောက်ခဲ့ပါသည်။ လေဆိပ်တွင် လ၀ကဌာနမှ လူဝင်မှုကြီးကြပ်ရေး လတ်တလောဥပဒေပုဒ်မ ၃(၁) ၁၃(၁)အရ ဦးအောင်မြင့်အား ဖမ်းဆီးတရားစွဲဆိုမှု ပြုခဲ့ပါသည်။ လ၀ကဌာနမှ ဦးအောင်မြင့်သည် နိုင်ငံသားဥပဒေပုဒ်မ-၁၆ နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇တို့အရ မြန်မာနိုင်ငံသား အဖြစ်မှ ရပ်စဲခဲ့ပြီဖြစ်၍ မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာအာဏာပိုင်၏ ခွင့်ပြုချက်မပါရှိပဲ ၀င်ရောက်ခွင့်မရှိသဖြင့် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း လ၀က ဦးစီးမှူးက တရားရုံးတွင် ထွက်ဆိုသွားပါသည်။
    အဆိုပါအမှုတွင် ဦးအောင်မြင့်၏ မူလ မင်္ဂလာဒုံမြို့နယ် ပြစ်မှုကြီးအမှုအမှတ် (၁၇၃၂/၈၅) တရားရုံးရှေ့နေ ဦးကျော်ညွန့်က လိုက်ပါ ဆောင်ရွက်ခဲ့ပြီး ဦးအောင်မြင့်လက်ဝယ်ရှိ (C of I) justice2သက်တမ်းမှာ ကုန်ဆုံးခြင်းမရှိသေး၍ မြန်မာနိုင်ငံသားအဖြစ် တရားဝင် တည်ရှိဆဲဖြစ်ကြောင်း သြစတြေးလျရှိ မြန်မာနိုင်ငံ သံရုံးမှ ဦးအောင်မြင့်ထံ တရားဝင် ပြန်ကြားကြရန်လည်း ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားဖြစ် ပြန်ခွင့်ရှိကြောင်း ဖော်ပြပါရှိသဖြင့် ဦးအောင်မြင့် မြန်မာနိုင်ငံသို့ပြန်လာခြင်းသည် ဥပဒေနှင့်အညီဖြစ်၍ အပြစ်မရှိကြောင်း၊ ခုခံချေပ ဖြေရှင်းခဲ့ပါသည်။
    မင်္ဂလာဒုံတရားရုံးမှ ဦးအောင်မြင့်အပေါ် လ၀က (အရေးပေါ်ပြဌာန်းချက်) အက်ဥပဒေပုဒ်မ-၁၃(၁)အရ ငွေဒဏ် ၂၀၀ ထမ်းဆောင်စေ၊ မဆောင်က ထောင်ဒဏ် ၆-လ ကျစေဟု အမိန့်ချခဲ့ပါသည်။ တိုင်းတရားရုံးကလည်း အောက်ရုံးအမိန့်ကိုပင် ထပ်ဆင့်အတည်ပြုပါသည်။ ယင်းအမှု ဗဟိုတရားရုံးတက်ရောက်ရန် အောက်ရုံးရှေ့နေ ဦးကျော်ညွန့် လွှဲအပ်သဖြင့် ကျွန်တော်သည် ဦးအောင်မြင့်အမှုကို ဗဟိုတရားရုံးအတွက် လိုက်ပါဆောင်ရွက်ခွင့်ရခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်က အမှုသည် ဦးအောင်မြင့် ယခုဘယ်မှာလဲဟုမေးမြန်းရာ ဦးအောင်မြင့်၏ မိတ်ဆွေများက မြို့နယ်တရားရုံးက စွဲဆိုသောအမှု၏ ဒဏ်ငွေ ၂၀၀ ကို ဦးအောင်မြင့်က ချက်ချင်းပေးဆောင်ခဲ့သော်လည်း လ၀ကမှ ဦးအောင်မြင့်သည် ယခု မြန်မာနိုင်ငံသားမဟုတ်တော့ကြောင်း မည်သည့်နိုင်ငံသားဟုလည်း သတ်မှတ်ရန်မဖြစ်နိုင်ပဲ နိုင်ငံမဲ့ဖြစ်သွားပြီဖြစ်၍ အင်းစိန်ထောင်အတွင်း ထည့်ထားရမည်ဖြစ်ကြောင်း ပြောဆိုပြီး အင်းစိန်ထောင်သို့ခေါ်သွားပြီဖြစ်ကြောင်း ပြောပါသည်။
    ၁-လနှင့် ၂၅-ရက်အတွင်း မွေးရာပါ မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသား၊ ရန်ကုန်ဇာတိဖွား ပုဂ္ဂိုလ်တစ်ယောက် နိုင်ငံမဲ့ဖြစ်သွားစေသည့် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေ နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေ၏ အစွမ်းကို အထူးပင် တုန်လှုပ်သွားပါသည်။ ထို့ကြောင့် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကိုလည်း အပြန်ပြန်အလှန်လှန် လေ့လာဖြစ်ခဲ့ပါသည်။ နိုင်ငံသားလုပ်ထုံးလုပ်နည်းဥပဒေကို လေ့လာလိုသဖြင့် ရှာဖွေရာ ၁၉၈၆-ခုနှစ်ဝန်းကျင်က ရန်ကုန်တိုင်းအတွင်း လ၀ကမြို့နယ် ဦးစီးမှုအဆင့်ပင်တွင် စုံစမ်းမရခဲ့ပါ။ ရန်ကုန်မြို့ ကမ်းနားလမ်း ၆-ထပ်လုံးရှိ လ၀က တိုင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးထံတွင် ရှားရှားပါးပါး လုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇ ကို ကူးယူမှတ်သားခွင့်ရခဲ့ပါသည်။ စာအုပ်တစ်အုပ်လုံး ဖတ်ရှုခွင့်မရပါ။ ထို့ကြောင့် အဆိုပါရှားပါးလှသော လုပ်ထုံးလုပ်နည်းစာအုပ်ကို ဖတ်ရှုလိုသဖြင့် ကြိုးစားလုပ်ဆောင်ရင်း ကံအားလျော်စွာ ထိုစဉ်က ၀န်ကြီးချုပ်ရုံးနှင့်သက်ဆိုင်သော ဌာနတစ်ခုမှ ညွှန်မှူးတစ်ယောက် ကူညီသောကြောင့် ထိုစာအုပ်တစ်အုပ်ကို ရရှိခဲ့ပါသည်။ နိုင်ငံသား လုပ်ထုံးလုပ်နည်းစာအုပ်ကို ဖတ်ရသဖြင့် ထိုစဉ်က ကျွန်တော်တို့ မြန်မာနိုင်ငံသားများကိုင်ဆောင်ထားသော အမျိုးသား မှတ်ပုံတင်များသည် အနာဂတ်တွင် နိုင်ငံသားစိစစ်ရေးကတ်များကို ပြောင်းလဲ ကိုင်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကာလ လွန်မြောက်ပြီးမှ နိုင်ငံသားစာအုပ်ကို ပြောင်းလဲကိုင်ဆောင်ရမည်ဖြစ်ကြောင်း နမူနာကတ်နှင့် စာအုပ်ကိုပါ လုပ်ထုံးလုပ်နည်းစာအုပ်တွင် ပူးတွဲပါရှိသည်ကို တွေ့မြင်ဖတ်ရှု သိရှိခဲ့ရပါသည်။
    justice5ထို့ကြောင့် ယနေ့ ပန်းရောင်နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ခွင့် ရသည့်သူများ ငါတို့တော့ မြန်မာနိုင်ငံသား ဖြစ်ပြီဟု ၀မ်းမြောက်မှု မစောကြစေချင်ပါ။ ယခု မြန်မာနိုင်ငံ ပြည်သူအားလုံး နိုင်ငံသားဖြစ်ထိုက်မဖြစ်ထိုက် စိစစ်ခံနေရသည်မှာ မြန်မာနိုင်ငံသားဥပဒေ စတင်ပြဋ္ဌာန်းသည့် ၁၉၈၂-ခုနှစ်မှရေတွက်လျှင် နှစ်ပေါင်း ၃၀-ကျော်တော့မည်ဖြစ်ပါသည်။ နိုင်ငံတော် သမ္မတကြီးမှစ၍ လွှတ်တော်အမတ်များအပါအ၀င် ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ပြောင်းလဲပြင်ဆင်စရာမလို အစစပြည့်စုံသော ဥပဒေဖြစ်သည်ဟု ထောက်ခံပြောဆိုသူများထဲတွင် မြန်မာနိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေတွေပါရှိသော နိုင်ငံသားစာအုပ်ကိုင်ဆောင်ခွင့်ရသူ မည်သူပါရှိပါသနည်းဟု အလျဉ်းသင့်၍ ကျွန်တော် မေးလိုပါသည်။
    ကျွန်တော်သည် ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေနှင့် အထက်ပါဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ခန့်အကြာ ၂၀.၉.၈၃ နေ့စွဲပါ ၀န်ကြီးအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၁၃/၈၃)ဖြင့် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေများကို လေ့လာခဲ့ပြီးနောက် ဗဟို တရားရုံးသို့ ဦးအောင်မြင့်ကိုယ်စား ပြစ်မှုပြင်ဆင်မှုအတွက် (၁၀၄(ခ)/၁၉၈၆)ကို ၂၄.၂.၈၆ နေ့တွင် တင်သွင်းမှုပြုခဲ့ပါသည်။ အမှုတင်သွင်းသည့်အခါ အမှုတွဲစိစစ်လက်ခံသူ တရားရေးအရာရှိနှင့် ပြဿနာပေါ်ပါသည်။ ကျွန်တော်က လျှောက်ထားသူအမှုသည် ဦးအောင်မြင့်၏အမည်အောက်တွင် (နိုင်ငံမဲ့အကျဉ်းသား အင်းစိန်ထောင်)ဟု ဖော်ပြထားချက်ကို တရားရေးအရာရှိက အထူးအဆန်းဖြစ်နေသဖြင့် အမှုတွဲတွင် ခပ်ကြောင်ကြောင် အရေးအသားများရေးသည်ကို တရားသူကြီးများက မကြိုက်ကြောင်း (နိုင်ငံမဲ့အကျဉ်းသား)ဟူသောအသုံးအနှုန်းကို ပြင်ဆင်ရေးသားရန် တောင်းဆိုပါသည်။ ကျွန်တော်က မိမိအမှုသည် ဦးအောင်မြင့် အကျဉ်းထောင်ထဲ ရောက်နေခြင်းမှာ ယခုပြင်ဆင်မှုတင်သွင်းသော အမှုကြောင့် ရောက်နေခြင်းမဟုတ်ကြောင်း ယခုပြင်ဆင်မှုနှင့်ပတ်သက်၍ ပြစ်ဒဏ်ချမှတ်သော ဒဏ်ငွေ ၂၀၀ ကို ပေးဆောင်ပြီးဖြစ်ကြောင်း၊ အဆိုပါ ဒဏ်ငွေပေးဆောင်ရသော အမှု၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့် နိုင်ငံမဲ့သူဖြစ်၍ အင်းစိန်ထောင်အတွင်း ရောက်ရှိနေထိုင် ရသူဖြစ်သဖြင့် နိုင်ငံမဲ့အကျဉ်းသား အသုံးအနှုန်းကို မပြင်နိုင်ကြောင်း ဤအသုံးအနှုန်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို မိမိလက်ခံမည်ဖြစ်ကြောင်း ကျွန်တော်က ပြန်လည်ရှင်းလင်းခဲ့ရပါသည်။
    အထက်ပါအတိုင်း ပြဿနာရှိသော အမှုဖြစ်သဖြင့် ဤအမှုနှင့်ပတ်သက်၍ ကျွန်တော့်ဘက်က လစ်ဟင်းမှုမရှိအောင် အထူးဂရုစိုက်ပြီး လက်ခံသင့် မခံသင့် လျှောက်လဲချက်ကိုလည်း ပြင်ဆင်ထားခဲ့ပါသည်။ ပြင်ဆင်မှုလျှောက်လွှာတွင် “(၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေနှင့်ပတ်သက်သော အဓိကအားနည်းချက်အဖြစ် ဤဥပဒေကို ၁၉၈၂-ခုနှစ်တွင် ပြည်သူ့ လွှတ်တော်မှ ပြဌာန်းခဲ့စဉ်ကပင် အာဏာတည်ရမယ့်နေ့ရက် ဖော်ပြပါရှိခြင်းမရှိသောကြောင့် ယင်းဥပဒေသည် ယနေ့တိုင် တရားဝင် အကျိုးသက်ရောက်အာဏာတည်ခြင်း ရှိ/မရှိ ဒွိဟဖြစ်စရာအခြေအနေ ပေါ်ပေါက်နေပါကြောင်း) မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာလည်း ၀န်ကြီးအဖွဲ့က လွှတ်တော်မှ ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ခန့်အကြာ (၂၀.၉.၈၃-နေ့တွင်) အမိန့်ကြော်ငြာစာအမှတ် (၁၃/၈၃)ဖြင့် နောက်ကျထုတ်ပြန်ခဲ့ခြင်း ဖြစ်သဖြင့် ဥပဒေကိုလိုက်နာမည့် ပြည်သူများသာမက ယင်းဥပဒေကို အကောင်အထည်ဖော်ရသည့် ဌာနများတွင်ပင် အခက်အခဲများစွာ ရှိနေပါကြောင်း” နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေအရ တာဝန်လွှဲခြင်းခံရသော သြစတြေးလျနိုင်ငံရှိ မြန်မာနိုင်ငံ ကိုယ်စားပြု မြန်မာသံရုံးတာဝန်ရှိ သံအရာရှိများက ဦးအောင်မြင့်၏ရည်မှန်းချက်အရ မြန်မာနိုင်ငံသားအဖြစ် ရှိနေဆဲဖြစ်ပါကြောင်း မြန်မာနိုင်ငံသို့ တရားဝင် ပြန်နိုင်ကြောင်း အဆုံးအဖြတ်ပေးခဲ့သော်လည်း မြန်မာနိုင်ငံ မင်္ဂလာဒုံမြို့နယ်မှ လ၀က အရာရှိများကမူ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားမဟုတ်တော့သဖြင့် မြန်မာနိုင်ငံသို့ ခွင့်ပြုချက်မရှိပဲ ပြန်လာခွင့်မရှိကြောင်း ယခုအခါ ကမ္ဘာပေါ်တွင် နိုင်ငံမရှိသော လူသားတစ်ဦးသာဖြစ်ကြောင်း ထို့ကြောင့် အင်းစိန်ထောင်ထဲတွင်သာ ထည့်ထားရမည့် လူသားတစ်ဦးဖြစ်ကြောင်း ဆန့်ကျင်ကွဲလွဲစွာ အဆုံးအဖြတ်ပေးခဲ့ကြခြင်းက ထင်ရှားသော သာဓကတစ်ရပ်ဖြစ်နေပါကြောင်း၊ ထို့အပြင် ဦးအောင်မြင့်အား ထုတ်ပေးခဲ့သော (C of I) သက်သေခံမှုလက်မှတ်တွင် ပြဋ္ဌာန်းပါရှိသော စည်းကမ်းချက်များသည် လ၀က လတ်တလော အက်ဥပဒေပုဒ်မ-၄(၂)အရ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ၀င်ခွင့်ပြုထားသော သို့မဟုတ် နေထိုင်ခွင့်ပြုထားသော စည်းကမ်းချက်များအဖြစ် မှတ်ယူရမည်ဟူသော ပြဌာန်းချက်ကြောင့် သတ်မှတ်ကာလ ၃-လအတွင်း မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသားတစ်ဦးအဖြစ် တရားဝင် ပြန်လာခြင်းဖြစ်ပါကြောင်း တင်ပြလျှောက်ထားခဲ့ပါသည်။ ကျွန်တော့်အနေဖြင့် အထက်ဖော်ပြပါ ပြင်ဆင်မှုလျှောက်လွှာပါ ဥပဒေအချက်အလက်များနှင့် ဆက်စပ်၍ လျှောက်လဲချက်ပေးရန် ထပ်ဆင့်ပြင်ဆင်ခဲ့ရာတွင်
    (၁) မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂-ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေ အမှတ်-၄)တွင် ဥပဒေအာဏာတည်သည့်နေ့ သတ်မှတ်ပြဌာန်းထားခြင်းမရှိသော်လည်း ယင်းဥပဒေ ပုဒ်မ-၆၊ ၃၈၊ ၃၄၊ ၄၅၊ ၅၂၊ ၆၁၊ ၇၂ တို့တွင် ဤဥပဒေအာဏာတည်သည့်နေ့အပေါ် တည်မှီ၍ လုပ်ဆောင်ခွင့်ရှိသည့် အချက်များကို ကန့်သတ်မှုတွေ့ရသဖြင့် ဤဥပဒေ အာဏာတည်သည့်နေ့သည် အလွန်အရေးကြီး အဓိကကျနေပါကြောင်း၊
    (၂) မြန်မာနိုင်ငံသားဥပဒေပုဒ်မ (၇၅)တွင် ၀န်ကြီးအဖွဲ့သည် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်ဟု လွှတ်တော်က လုပ်ကိုင်အပ်နှင်းထားသော်လည်း မူလ “မြန်မာနိုင်ငံသားဥပဒေ အာဏာမတည်သရွေ့ ကာလပတ်လုံး ၁၉၇၃-ခုနှစ် စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုရေး (တော်လှန်ရေးကောင်စီဥပဒေ အမှတ် -၂၂) အခန်း-၅ “အာဏာမတည်သေးသော ဥပဒေနှင့်စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်များ”ကဏ္ဍ ပုဒ်မ-၁၇(ဂ)တွင် “ယင်းသို့ ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ သို့မဟုတ် အမိန့်သည် ယင်းဥပဒေ စတင် အာဏာမတည်သေးသမျှ ကာလပတ်လုံး အကျိုးသက်ရောက်မှု မရှိစေရ”ဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်အရ မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၁၆၊ လုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇အရ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲခဲ့ပြီဟု မင်္ဂလာဒုံမြို့နယ် လ.၀.က မှဆုံးဖြတ်၍ အင်းစိန် အကျဉ်းထောင်အတွင်း ထည့်သွင်းထားခြင်းသည် မြန်မာနိုင်ငံအတွင်း အာဏာမတည်သေးသော ဥပဒေလုပ်ထုံးလုပ်နည်း လုပ်ပိုင်ခွင့်ကို အလွဲသုံးရာရောက်ပါကြောင်း၊
    (၃) ယခုအမှုတွင် အရေးကြီးသော ပြဿနာအဖြစ် တင်ပြလိုသောအချက်မှာ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေတွင် ဥပဒေအာဏာတည်သည့်နေ့ကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးခြင်းမရှိဘဲ ချန်လှပ်ထားမှုပင်ဖြစ်ပါသည်။ မ.ဆ.လအစိုးရလွှတ်တော်က ပြဋ္ဌာန်းထားသော မူလဥပဒေများစွာတွင် အာဏာတည်သည့်နေ့ရက်များပါရှိပါလျက် ယခုကဲ့သို့အရေးကြီးလှသော နိုင်ငံသားဥပဒေတွင် ပြဋ္ဌာန်းဖော်ပြရန် ပျက်ကွက် နေပါကြောင်း၊ ယင်းဥပဒေပုဒ်မ-၇၅ တွင် နိုင်ငံသားဥပဒေပြဌာန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ၀န်ကြီးအဖွဲ့အား လုပ်ထုံး လုပ်နည်းများရေးဆွဲ၍ နိုင်ငံတော်ကောင်စီ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်ဟု ဖော်ပြထားပါကြောင်း၊ “၀န်ကြီးအဖွဲ့က ရေးဆွဲသော လုပ်ထုံးလုပ်နည်းဥပဒေ၏ ပုဒ်မ-၇ နှင့် ၈ တွင် မြန်မာနိုင်ငံသားဥပဒေတည်သည့်နေ့သည် ၁၉၈၂-ခုနှစ် အောက်တိုဘာလ(၁၅)ရက်ဟု ဖော်ပြပါရှိသည်ကို တွေ့ရပါကြောင်း၊ ၀န်ကြီးအဖွဲ့သည် လွှတ်တော်က ဥပဒေပြဌာန်းသည့်ရက်ကိုပင် ဥပဒေအာဏာတည်သည့်ရက်ဟု မိမိသဘောဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနေသည်ဟု ယူဆပါကြောင်း၊ အမှန်မှာ ဥပဒေပြဋ္ဌာန်းလိုက်ယုံဖြင့် ယင်းဥပဒေသည် အာဏာသက်ဝင်ခြင်း မရှိကြောင်း၊ အာဏာတည်သည့်နေ့ရက် (၀ါ) ဥပဒေ၏ အကျိုးသက်ရောက်စေ၇မည့် နေ့ရက်ကို ဥပဒေရေးဆွဲသူ လွှတ်တော်ကသာ ပြဋ္ဌာန်းပေးမှ တရားဝင်ပါကြောင်း၊
    စကားရပ်များ အဓိပ္ပါယ်ဖွင့်ဆိုသည့် ဥပဒေ အခန်း (၅) ပုဒ်မ-၁၇ပါ ပြဌာန်းချက်များအရ ဥပဒေတစ်ရပ် ပြဌာန်းချက်များအရ ဥပဒေတစ်ရပ် ပြဌာန်းထုတ်ပြန်ပြီး ဖြစ်သော်လည်း ယင်းဥပဒေသည် ချက်ချင်းအာဏာတည်သော ဥပဒေ၊ ချက်ချင်း အာဏာမတည်သော ဥပဒေများဟု ရှိပါကြောင်း။ ယခု နိုင်ငံသား ဥပဒေတွင် “ချက်ချင်း အာဏာတည်စေရမည်” ဟူသော စကားရပ်မပါရှိသလို မည်သည့်အချိန်တွင် အာဏာတည်ရမည်ဟု သတ်မှတ်ဖော်ပြချက်လည်း မပါရှိပါကြောင်း၊ ယင်းအခြေအနေတွင် ၀န်ကြီးအဖွဲ့က (၁၅.၁၀.၈၂)နေ့မှစ၍ နိုင်ငံသား ဥပဒေသည် အာဏာသက်ဝင်သည်ဟု (၂၀.၉.၈၃) ရက်စွဲပါ စာအမှတ် ၃/၆၂(အထူး)၀ဖ ၈၃(၂)ဖြင့် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စာအုပ်တွင် ၀န်ကြီးအဖွဲ့ အတွင်းရေးမှူး ဦးကျော်တင့်က လက်မှတ်ရေးထိုး ဖော်ပြထားခြင်းမှာ ဥပဒေပြု လွှတ်တော်၏ လုပ်ပိုင်ခွင့် အာဏာကို ၀န်ကြီးအဖွဲ့ကျူးကျော် လုပ်ဆောင်ရာ ရောက်နေပါကြောင်း။
    ၁၉၇၄-ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၄)အရ ဥပဒေပြုမှု အာဏာသည် ပြည်သူ့လွှတ်တော်မှာသာရှိပြီး ၀န်ကြီးအဖွဲ့မှာ အခြေခံ ဥပဒေပုဒ်မ-၈၃၊ ၈၄အရ လွှတ်တော်ကိုjustice6 တာဝန်ခံရသည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး အဖွဲ့သာ ဖြစ်ပါကြောင်း၊ (၁၉၇၃-ခုနှစ် စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေသည် မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမရှိဘဲ တော်လှန်ရေး ကောင်စီ ဥက္ကဌတစ်ဦးတည်းက အချုပ်အချာအာဏာ (၃)ရပ်ကို ကိုင်စွဲအုပ်ချုပ်သော ကာလအတွက် အဓိက ရည်စူးရေးဆွဲထားခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၉၇၄-ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာချိန်တွင် ဥပဒေပြုမှုအာဏာ၊ ဥပဒေအာဏာ သက်ဝင်ရမည့် ကာလကို ပြည်သူ့လွှတ်တော်ကသာ သတ်မှတ်ခွင့် ရှိပါသဖြင့် အခြားပုဂ္ဂိုလ် အဖွဲ့အစည်းများတွင် မရှိနိုင်သည်ကို သတိပြုသင့်ပါကြောင်း။)
    စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုသည့် ဥပဒေပုဒ်မ-၁၇(ဂ)အရ မူလရေးဆွဲ ပြန်ဌာန်းထားသော ဥပဒေအာဏာ မတည်သေးသမျှ ကာလပတ်လုံး ကြိုတင် ထုတ်ပြန်ထားသော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ (သို့မဟုတ်) အမိန့်သည် အကျိုးသက်ရောက်မှု မရှိစေရဟု ပြဌာန်းထားမှုအရ ၀န်ကြီးအဖွဲ့၏ နိုင်ငံသား လုပ်ထုံး လုပ်နည်းအမိန့် ကြော်ငြာစာအမှတ် (၁၃/၈၃)သည် မျက်မှောက်ကာလ၌ အကျိုးသက်ရောက်သော၊ ယနေ့တရားဝင် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရှိသော အမိန့်ဟုတ်မဟုတ် ဗဟိုတရားရုံးတော်မှ အလေးထား ဆုံးဖြတ်ပေးပါရန် အရေးကြီးလှပါကြောင်း။
    အလားတူပင် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ရုတ်သိမ်းသော ဥပဒေမှာ ၁၉၄၈-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ(၂)ရပ်သာ ဖြစ်ပါသည်။ ဦးအောင်မြင့်အား (C of I) တရားဝင် ထုတ်ပေးခဲ့သော ၁၉၄၇-လ၀က (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေ အပါအ၀င် အခြားဥပဒေ ပြဌာန်းချက်များမှာ တရားဝင် တည်ဆဲ ဥပဒေများအဖြစ် တည်ရှိဆဲ ဖြစ်ပါသည်။
    မိမိအသစ် ပြဌာန်းထားသော ဥပဒေနှင့် ဆန့်ကျင်သော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်များကို ဥပဒေပြုစဉ်ကပင် ပြင်ရန်လိုပါသည်။ ယခု အသစ်ပြဌာန်းထားသာ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၁၆သည် လ၀က လတ်တလော ဥပဒေပုဒ်မ(၂)ဆနှင့် ပုဒ်မ(၃)နှင့်လည်းကောင်း ဆက်စပ် ထုတ်ပေးသော (C of I) ပေါ်ရှိ စည်းကမ်းများ အပါအ၀င် အခြား လူဝင်မှု စည်းကမ်းများကို မပြင်ဆင်ဘဲ အုပ်ချုပ်ရေး အာဏာပိုင် ကိုယ်လိုရာဆွဲ အရေးယူမှု ပြုနေလျှင် မြန်မာနိုင်ငံအတွင်း မလိုလားအပ်သော နိုင်ငံသား ပြဿနာများ ပေါ်ပေါက်လာနိုင်ပါကြောင်း။ ဦးအောင်မြင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသားမဟုတ်ဟု သတ်မှတ်လိုသော ဆန္ဒပြင်းပြနေကြသည်ဆိုလျှင်လည်း လ၀က (လတ်တလော) ပုဒ်မ-၄(၂) အရ မြန်မာနိုင်ငံတော် သမ္မတ (နိုင်ငံတော်ကောင်စီဥက္ကဌ)က မြန်မာနိုင်ငံမှ နှင်ထုတ်နိုင်ပါကြောင်း၊ ယခုမူ ဦးအောင်မြင့်အား နိုင်ငံမဲ့ဖြစ်၍ အင်းစိန်အကျဉ်းထောင်ထဲမှာ နေရမည်ဟု အုပ်ချုပ်ရေးအာဏာကိုင်စွဲသူတို့၏လုပ်ရပ်မှာ မည်သည့်ဥပဒေ စံနှုန်းနှင့်မျှ ထိန်းညှိ၍ မရနိင်သောအခြေအနေဖြစ်၍ ဗဟိုတရားရုံးတော်မှ တည့်မတ်ပေးရန် အထူးလိုအပ်နေပါကြောင်း၊
    (၄) U Aung Myint (a) Mr. LAmbrose. “Cases to be citizen of the Socialist Republic of the Union of Burma after three months from the date of depature” and since you departed from buma on 29th June 1985, and as such as you are still a citizen of Burma, we are of the opinion that you can still return to Burma within the period of three months.” ဟု သဘောထား မှတ်ချက်ပေး၍ မြန်မာနိုင်ငံသို့ပြန်နိုင်ကြောင်း လမ်းညွှန်ခဲ့သူပုဂ္ဂိုလ်သည် မြန်မာနိုင်ငံ ကိုယ်စားပြု ပထမအတွင်းဝန်အဆင့် သံတမန်တစ်ဦးဖြစ်ပါသည်။ ၁၉၆၁-ခုနှစ် ဗီယာနာ သံတမန်စာချုပ် (1961 Vienna Convention on Diplomatic relations) ယင်းစာချုပ်အပိုဒ်(၃)အရ ၎င်းသံတမန်သည် မြန်မာနိုင်ငံကိုယ်စားပြု ပြောဆိုဆောင်ရွက်ရသူဖြစ်ပါသည်။ မိမိနိုင်ငံနှင့် နိုင်ငံသားတို့အကျိုးအတွက် အကာအကွယ်ပေးရန် မိမိတာဝန်ထမ်းဆောင်ရာ သြစတြေးလျနိုင်ငံတွင် တာဝန်ရှိသူပုဂ္ဂိုလ်ဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ်၏လမ်းညွှန်ချက်ကိုပင် ယုံကြည်စိတ်ချနိုင်သော အခြေအနေမရှိလျှင် နိုင်ငံခြားရောက် မြန်မာလူမျိုးများအတွက် မိမိသံရုံးကိုပင် အားကိုးရာမရှိဖြစ်သွားနိုင်ပါကြောင်း။
    (၅) ကုလသမဂ္ဂလူ့အခွင့်အရေး ကြော်ငြာစာတမ်း အပိုဒ်-၁၅ တွင် လူသားတိုင်းသည် မိမိနှင့်သက်ဆိုင်ရာနိုင်ငံ၌ နိုင်ငံသားဖြစ်ခွင့်ကို အသိအမှတ်ပြုထားပါသည်။ အကယ်၍ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများက မွေးရာပါနိုင်ငံသား တိုင်းရင်းသား ကရင်လူမျိုး ဦးအောင်မြင့်ကို မြန်မာနိုင်ငံသားအဖြစ် လက်မခံလိုပါက (C of I) ပါ သက်တမ်းတရားဝင်ကျန်ရှိနေသောကြောင့် မြန်မာနိုင်ငံမှ ပြန်ထွက်သွားရန်၊ ယင်းသို့မထွက်ပဲ ငြင်းဆန်လျှင် နိုင်ငံမဲ့ဖြစ်သွားသော ဦးအောင်မြင့်အား ထောင်ထဲသို့ ထည့်ထားမည်ဖြစ်ကြောင်း ရှင်းပြခဲ့လျှင် ဦးအောင်မြင့်သည် မြန်မာနိုင်ငံမှ (C of I) ကိုင်ဆောင်၍ ထွက်သွားချိန်ရပါလျက် ထွက်သွားခွင့်မပေးဘဲ ချက်ချင်း ထောင်ထဲသို့ ဆွဲသွင်းခဲ့သည့်လုပ်ရပ် သည် လူသား၏ နိုင်ငံသားဖြစ်ခွင့်ကို တန်ဖိုးမထားပဲ လူသားချင်းမစာနာ အလွန်ရက်စက်ရာရောက်နေပါကြောင်း၊
    (၆) မကြင်မွှေးနှင့်နိုင်ငံတော် (ပြစ်မှုပြင်ဆင်မှု ၂၅၀(ခ)၁၉၆၈) စီရင်ထုံးကိုထောက်ထား၍ ပြည်သူတို့၏ အန္တရာယ်ကို တရားရုံးမှ စောင့်ရှောက်ကာကွယ်ရန် တာဝန်ဝတ္တရားရှိပုံကို ထောက်ထား၍ ဦးအောင်မြင့်၏ နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေးများကို နစ်နာမှုမရှိအောင် ကုစားပေးပါရန်အလို့ငှာ ယခုအမှုကို လက်ခံစဉ်းစားပေးတော်မူပါဟု လျှောက်လဲချက်ကို ပြင်ဆင်ထားခဲ့ပါသည်။ ဗဟိုတရားရုံး၌ ဦးအောင်မြင့်အမှု လက်ခံသင့်မသင့် လျှောက်လဲချက်ပေးရန် ချိန်းဆိုသောနေ့တွင် အထက်ပါအတိုင်း မိမိဘက်က လျှောက်လဲချက်ပေးရန် အသင့်သွားရောက်ခဲ့သော်လည်း တရားရုံး၌ လျှောက်လဲချက်ပေးခွင့်မရခဲ့ပါ။ သက်ဆိုင်ရာတရားရုံးအရာရှိမှ ကျွန်တော် တင်သွင်းခဲ့သော ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ လက်ခံသင့်မသင့် လျှောက်လဲချက်ပေးရန် ချိန်းဆိုသောနေ့တွင် အထက်ပါအတိုင်း မိမိဘက်က လျှောက်လဲချက်ပေးရန် အသင့်သွားရောက်ခဲ့သော်လည်း တရားရုံး၌ လျှောက်လဲချက်ပေးခွင့်မရခဲ့ပါ။ သက်ဆိုင်ရာတရားရုံးအရာရှိမှ ကျွန်တော်တင်သွင်းခဲ့သော ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ ဗဟိုတရားရုံးမှ လက်ခံကြားနာ ဆုံးဖြတ်နိုင်သော အခြေအနေမရှိဟု ယူဆပါသောကြောင့် ယင်းအမှုကို အဆုံးအဖြတ်ပေးရန် နိုင်ငံတော်ကောင်စီသို့ လွှဲအပ်လိုက်ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်ကောင်စီ၏ အဆုံးအဖြတ်ကိုသာ စောင့်ဆိုင်းနာယူပါဟု ကျွန်တော်နှင့် အမှုသည် မိသားစုအား ရှင်းပြပါသည်။
    ဦးအောင်မြင့်၏ မိသားစုဝင်များဘက်မှ နိုင်ငံတော်ကောင်စီတွင် ဒေါက်တာမောင်မောင်နှင့် အဆက်အသွယ် ရှိသောကြောင့် နိုင်ငံတော်ကောင်စီနှင့် သက်ဆိုင်သော အမှုကို ၄င်းတို့ကိုယ်တိုင် ဆောင်ရွက်မည်ပြောသဖြင့် ကျွန်တော်နှင့် အမှုသည် ဦးအောင်မြင့် ဆွေမျိုးများအကြား ထိုအချိန်မှစ၍ အမှုကိစ္စလုပ်ငန်း တာဝန်ရပ်စဲသွားခဲ့ပါသည်။
    (၂)နှစ်ခန့် ကြာသည့်တိုင်အောင် နိုင်ငံတော်ကောင်စီသည် ဦးအောင်မြင့်အမှုကို အဆုံးအဖြတ် မပေးခဲ့သဖြင် ၁၉၈၈-ခုနှစ်တွင် မဆလ နိုင်ငံတော် ပြိုကွဲသွားသည့်တိုင် ဗဟိုတရားရုံးမှ စစ်ဆေးစီရင်နိုင်ခြင်း မရှိ၍ နိုင်ငံတော်ကောင်စီသို့ လွှဲပြောင်းတင်ပြထားသော အမှုလက်ကျန် (၂၀)ကျော်တွင် ဦးအောင်မြင့်အမှုလည်း တစ်မှုအဖြစ် ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံသား၊ ကရင်တိုင်းရင်းသား ဦးအောင်မြင့်တစ်ယောက် နိုင်ငံမဲ့ဘ၀ဖြင့် အင်းစိန်ထောင်အတွင်း (၁၃)နှစ်ကျော် ရောက်ရှိပြီးနောက် ၁၉၉၇-ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် ၄င်းအမှုကို လက်ခံသင့် မခံသင့် လျှောက်လဲချက်ပေးရန် အမှုခေါ်စာရင်း စစ်အစိုးရခေတ် တရားရုံးချုပ်၌ ပေါ်ပေါက်ခဲ့သည်။
    ကျွန်တော်အနေဖြင့် နိုင်ငံရေးအရ ၁၉၈၈-ခုနှစ်တွင် ပထမတစ်နှစ် ထိန်းသိမ်းခံရစဉ်ကပင် ရှေ့နေလိုင်စင် ရုတ်သိမ်းခံထားရပြီးဖြစ်ကြောင်း၊ ဗဟိုတရားရုံးမှ နိုင်ငံတော်ကောင်စီသို့ အမှုလွှဲအပ်စဉ်ကပင် အမှုလိုက်ပါခွင့်တာဝန် ပြီးဆုံသွားပါကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေငြာချက် (၄/၈၉)အရ ဦးအောင်မြင့်တစ်ယောက် လွတ်မြောက်ခဲ့ပြီဟု ယူဆခဲ့ပါကြောင်း ယခုအခါတွင် ၄င်းအတွက် လိုက်ပါဆောင်ရွက်မည့် ရှေ့နေမရှိသောကြောင့် ၄င်း၏ အခွင့်အရေးများ မဆုံးရှုံးသင့်ပါကြောင်း ဖြေရှင်းလွှာတစ်စောင်ကို တရားရုံးချုပ်သို့ ကျွန်တော်တင်ပြခဲ့ပါသည်။
    ဤစာရေးချိန်အထိ ဦးအောင်မြင့် မိသားစုနှင့် အဆက်အသွယ်မရှိသဖြင့် ဦးအောင်မြင့် အခြေအနေ မည်သို့ရှိသည်ကို ကျွန်တော်မသိပါ။ တရားရုံးချုပ်က မည်သို့ ဆုံးဖြတ်သည်ကိုလည်း ယနေ့တိုင် မသိသေးပါ။ ကျွန်တော်ကိုယ်တိုင် အလွန်သိချင်ပါသည်။ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေသည် လွှတ်တော်မှ မူလ ရေးဆွဲစဉ်ကပင် ဥပဒေအာဏာသက်ဝင်စေသည့် ကာလသတ်မှတ်ချက် မပါရှိဘဲ ၀န်ကြီးအဖွဲ့မှ မိမိသဘောဖြင့် ကာလသတ်မှတ်၍ အကောင်အထည် အဖော်မှုသည် ဥပဒေနှင့် ညီမညီ ကျွန်တော်တင်ပြခဲ့သည်ကို မဆလခေတ် ဗဟိုတရားရုံး တရားသူကြီးများကလည်း အလေးထား ဆုံးဖြတ်ရမည့် ပြဿနာဟု ယူဆသောကြောင့်သာ ဦးအောင်မြင့်အမှုကို နိုင်ငံတော်ကောင်စီသို့ လွှဲအပ်ခဲ့ခြင်းဖြစ်သည်ဟု ကျွန်တော်ယူဆပါသည်။
    ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ ကျွန်တော်၏တင်ပြချက်များသည် မဆလခေတ် ဗဟိုတရားရုံးအဆင့်အထိ လက်ခံ စဉ်းစားပေးခဲ့သော်လည်း ၀န်ကြီးအဖွဲ့နှင့် နိုင်ငံတော်ကောင်စီသည် မိမိတို့အမှားကို တာဝန်မယူပဲ လူညီလျှင် ဤကိုကျွဲဖတ်လိုက်ကြစို့ဟူသည့် သဘောဖြင့် နိုင်ငံသားတစ်ဦး နိုင်ငံမဲ့ ဘ၀ရောက်သွားရသည့် နိုင်ငံသားဥပဒေ လုပ်ထုံးလုပ်နည်းပါ မှားယွင်း အကောင် အထည်ဖော်မှုကို အနည်းငယ်မျှ ပြင်ဆင်ပေးခြင်း မရှိဘဲ မျက်စိမှိတ်၍ ဇွတ်တိုးခဲ့သည်မှာ နှစ်(၃၀) ရှိတော့မည်ဖြစ်ပါသည်။
    နိုင်ငံသားလုပ်ထုံးလုပ်နည်း ကျွဲခတ်၍ နိုင်ငံသားမည်မျှ နိုင်ငံသားဘ၀ ဆုံးရှုံးခဲ့ပြီကို ကျွန်တော် မမှန်းဆနိုင်တော့ပါ။
    ကျွန်တော် လက်လှမ်းမီသမျှ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဆိုင်ရာ အက်ဥပဒေ၊ နည်းဥပဒေများနှင့် ၎င်းဥပဒေပါ အာဏာတည်မှုဆိုင်ရာ ပြဋ္ဌာန်းချက်အချို့ကို ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ယှဉ်တွဲလေ့လာနိုင်ရန် ရှာဖွေတင်ပြ ပေးလိုက်ပါသည်။
    (၁)    The Registration of Forigners Act (နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ) ပုဒ်မ-၁(၂)
    This act shall come into force on the 28th March 1940.
    ဤအက်ဥပဒေသည် ၁၉၄၀-ခုနှစ် မတ်လ(၂၈)မှစ၍ အာဏာတည်စေရမည်။
    (၂)    The Registration of Forigeners Rules, 1949 (၁၉၄၈-ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်းဥပဒေ)
    They shall come into force on 4th January 1949.
    ဤနည်းဥပဒေသည် ၁၉၄၉-ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့မှစ၍ အာဏာတည်ရမည်။ ပုဒ်မ-၁(၂)
    (၃)    The Burma Immigation (Emergency Provisions) Act, 1947
    (၁၉၄၇-ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များမှာ) It shall come into force at once.
    ဤအက်ဥပဒေသည် ချက်ချင်းအာဏာတည်စေရမည်။
    (၄)    ၁၉၄၉-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ၊ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ-၁(၂) ဤအက်ဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြေငြာစာထုတ်ပြန်ကြော်ငြာ၍ သတ်မှတ်သည့်နေ့ရက်၌ အာဏာတည်ရမည့်အပြင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းပါဝင်သော အရပ်ဒေသများကို ပိုင်းခြားပြီး နေ့ရက်များကို ခွဲခြား၍ သတ်မှတ်နိုင်သည်။
    (၅)    ၁၉၇၂-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ သန်းခေါင်စာရင်းဥပဒေပုဒ်မ-၁(၂)
    ဤဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ချက်ချင်းအာဏာတည်ရမည်။
    (၆)    UNION CITIZENSHIP (ELECTION) ACT, 1948
    ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး)အက်ဥပဒေ
    (၁၉၄၈-ခုနှစ် အက်ဥပဒေအမှတ်-၂၆) (၈၂ နိုင်ငံသားဥပဒေအရ ပယ်ဖျက်ပြီး)
    Wheres it is necessary to make provision ——- under section 11 (iv) of the constitutions.
    အထက်ပါ ဥပဒေနိဒါန်းတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံပုဒ်မ-၁၁(ဃ) အရ ———— အောက်ပါအတိုင်း အက်ဥပဒေ ပြဋ္ဌာန်းလိုက်သည်ဟု ဖော်ပြထားပါသည်။
    (၇)    The Union Citizenship Act, 1948
    ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ (၈၂ နိုင်ငံသားဥပဒေအရ ပယ်ဖျက်ပြီး) ပုဒ်မ-၁(၂)
    It shall extend to the whole of the Burma and shall be deemed to have come info force on the 4th day of January, 1948.
    ဤအက်ဥပဒေသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ဝှမ်းလုံးနှင့်သက်ဆိုင်သည်။ ၁၉၄၈-ခုနှစ် ဇန်န၀ါရီလ(၄)၇က်နေ့ ၁၃၀၉-ခု ပြာသိုလပြည့်ကျော် (၉)ရက်နေ့မှစ၍ အာဏာတည်သည်ဟု မှတ်ယူရမည်။
    (၈)    မြန်မာနိုင်ငံသားဥပဒေ ၁၉၈၂-ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၄)
    ဤဥပဒေတွင် မြန်မာ နိုင်ငံ၏ မည်သည့်ဒေသတွင် မည်သည့်အချိန်ကစ၍ အာဏာတည်ရမည်ဟု ဖော်ပြပါရှိခြင်း အလျင်းမရှိပါ။ သို့သော်လည်း –
    ဤဥပဒေ၏
    ပုဒ်မ-၆ တွင် ဤဥပဒေ အာဏာတည်သည့်နေ့တွင် —–
    ပုဒ်မ-၃၈ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
    ပုဒ်မ-၄၃ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
    ပုဒ်မ-၄၅ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
    ပုဒ်မ-၅၂ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ —–
    ပုဒ်မ-၆၁ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
    ပုဒ်မ – ၇၂ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —– ဟု ဥပဒေအာဏာတည်မှုပြဿနာကို ပုဒ်မ-၇ တွင် (၇)ကြိမ် ဖော်ပြထားပါသည်။ ဥပဒေအာဏာတည်မှုပြဿနာသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေတွင် မည်ရွေ့မည်မျှ အရေးပါခြင်း ရှိ-မရှိ စဉ်းစားကြပါ။
    မူရင်းဥပဒေအာဏာ မတည်သေးသမျှ ယင်းဥပဒေအပေါ် တည်မှီထုတ်ပြန်ရသော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ သို့မဟုတ် အမိန့်သည် အကျိုးသက်ရောက်မှု မရှိစေရဟု ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁၇ ပါ ပြဋ္ဌာန်းချက်များကို အလေးထားသုံးသပ်ကြပါ။
    နိုင်ငံသားလုပ်ထုံးလုပ်နည်းများကို လမ်းညွှန်မည့် နိုင်ငံသား ဥပဒေပုဒ်မ-၇၅ ရှိ နိုင်ငံတော်ကောင်စီစကားရပ်၏နေရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သူက တာဝန်ယူရမည်ကိုလည်း စဉ်းစားဆုံးဖြတ်ကြပါ။ အထက်ပါ ဥပဒေအကြောင်းအချက်များကို ထည့်သွင်းစဉ်းစားလျှင် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ပြုသင့်၊ မသင့် တစ်စုံတစ်ရာ အဖြေထုတ်နိုင်မည်ဟု ကျွန်တော်ယူဆပါသည်။
    ကျွန်တော်သည် ဥပဒေပညာရှင် မဟုတ်ပါ။ မြေလတ်ကျေးလက်မှ တောသားရှေ့နေ ဘ၀ ခေတ္တမျှ ကျင်လည်ခဲ့ဖူးသူသာ ဖြစ်ပါသည်။ နှစ် ၃၀-ခန့်ကြာသည့်တိုင် ကျွန်တော် အပါအ၀င် မြန်မာနိုင်ငံသားများ စိစစ်ခံနေရဆဲ ဘ၀မှ မလွတ်မြောက်သေးသည့် အတွက် နိုင်ငံသားဥပဒေ အကောင်အထည်ဖော်သည့် လုပ်ထုံးလုပ်နည်းတစ်နေရာတွင် မှားနေသည်က သေချာပါသည်။ မမှားသင့်သည်များ မမှားရအောင် ကျွန်တော်သိသမျှ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
    ပညာ+သတိ ကြီးသူများ ဖြစ်ကြပါစေ။
    ဖြစ်ရပါလို၏။
    (နေမင်း)
    မဏ္ဍိုင်ဥပဒေ မဂဇင်းတွင် ဖော်ပြခဲ့သည့် စာတမ်းဖြစ်ပါသည်။