News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • ဂျမားတို့အဖိုး

    သူ့မှာ ဗမာနာမည် ရှိပေမဲ့ သူငယ်ချင်း အားလုံးက ငယ်ငယ်တည်းက “ဂျမား” ဆိုသော အိမ်နာမည်ကိုသာ ခေါ်ကြသော ကြောင့် ဗမာနာမည်ကို ဘယ်သူမှ မမှတ်မိတော့။ ဂျမား၊ နီတွတ်နှင့် ကံသိန်းတို့သည် နှစ်တန်းလောက် ကတည်းက လည်ပင်းဖက်၍ ကျောင်းနေခဲ့သူများလည်း ဖြစ်သည်။ ဂျမားမိဘတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းက ဘဲမွေးမြူခြင်း။ သူတို့မိသားစုက အစ္စလမ်ဘာသာ ကိုးကွယ်၍ အိန္ဒိယနွယ်ဖွား သွေးနှောထားသော ရုပ်ရေ သွင်ပြင်ကို ပိုင်ဆိုင်ကြသည်။ သူတို့ရွာက လူအများစု သည် မွတ်စလင်များ ဖြစ်သည်။ ထိုရွာသားတို့သည် ရှေးဗမာ ဘုရင်များ အဆက်ဆက် လက်အောက်တွင် အမှုထမ်းခဲ့ကြသော မြန်မာမွတ်စလင် စစ်သည်တော် အနွယ်များမှ ဆင်းဆက်လာ သူများလည်း ဖြစ်သည်။

    ရွာသားအများစုသည် ငါးဖမ်းခြင်း၊ ကိုင်းကျွန်းလုပ်ခြင်းဖြင့် အသက်မွေးကြသည်။ သို့သော် ဂျမား၏ မိဘများနှင့် ရွာသား အနည်းစုကတော့ တောင်သမန်အင်းကြီးကို အခြေပြု၍ ဘဲမွေးကြသည်။ အဲသည့် အချိန်တုံးက နီတွတ် မှတ်မိသလောက် ဂျမား မိဘတွေမှာ မွေးထားသော ဘဲများက အကောင်ရှစ်ရာ တထောင်လောက် ရှိမည်။

    မိုးတွင်းကုန်လို့ တောင်သမန်အင်းတွင် ရေကြသည့် အချိန်များမှစ၍ ဂျမား အဖေနှင့်အဖိုးတို့ လှေတစင်းစီဖြင့် ဘဲ ကျောင်းလေ့ ရှိသည်။ ရေကြသွား၍ ကုန်းပေါ်လာသော နေရာများတွင် ယာယီတဲများထိုး၍ အခြေပြုကာ တနွေလုံး၊ တဆောင်းလုံး ဘဲ ကျောင်းခြင်း အမှုကိုပြုကြသည်။ ဝါဆိုဝါခေါင် ရေပြန်တက်သည့် သုံးလကာလသို့ ရောက်မှ ရွာကို ပြန်နားကြသည်။

    ဂျမားပြောပြောနေသော သူ့အဖိုး၏ စွန်းစားခန်းများကား နီတွတ်တို့ သူငယ်ချင်း တအုပ်အတွက် ဘယ်အချိန် နားထောင် နားထောင် မရိုးနိုင်။ အဲတာ ဂျပန်ခေတ်တုံးက ဇာတ်လမ်းများ။ “ဂျမား ပြောစမ်းပါဦး။ မင်းအဖိုးက ဂျပန်စစ်သားတွေ ဘယ်လို ဆော်လိုက်တာလဲ” ဟု နီတွတ်က အစထောင်လေ့ရှိသည်။ ဂျမားကလည်း သူ့အဖိုးစွန့်စားခန်းကို ပွဲတောင်းသူ ရှိတိုင်း ဘယ်တော့မှ မငြင်း။ “ဒီလိုကွ… မူးလာတဲ့ ဂျပန်စစ်သား လေးယောက်က တောင်မြို့ (အမရပူရ) ဈေးကြီးနားမှာ မိန်းကလေး တယောက်ကို ဆွဲလားရမ်းလား လုပ်တာတွေ့လို့ ငါ့အဖိုးက ဈေးသည် တယောက်ဆီက ဆိုင်းထမ်းကိုယူပြီး တယောက်ပြီး တယောက် အလဲချထဲ့လိုက်တာ၊ နောက်တော့ ဂျပန်စစ်တပ်က လိုက်ဖမ်းလို့ တခြားရွာတွေမှာ သွားပုန်းနေရသေးတယ် ငါ့လူ”။ ဂျမား ကွယ်ရာကြမှ ကံသိန်းက “ငါထင်တာတော့ ဂျမားက ပိုပြောတာ နေမှာပါ။ သူ့အဖိုး ရိုက်ထည့်လိုက်တဲ့ ဂျပန်စစ်သားက ရှိလှမှ နှစ်ယောက်ပေါ့။ လေးယောက်နဲ့ တယောက် သတ်ရပုတ်ရတာ လွယ်တာ မှတ်လို့” ဟု အထွန့်တက်၏။ မည်သို့ပင်ဆိုစေ နီတွက်တို့ တအုပ်လုံးက တော့ ဗိုလ်ကျလာသည့် လူမျိုးခြား ဂျပန် စစ်သားတွေကို ဆော်ပလော် တီးထဲ့လိုက်သည့် ဂျမားတို့ အဖိုးကို အားရလှသည်။

    သည့်အပြင် နောက်ထပ် စွန့်စားခန်းတွေလည်း ရှိသေးသည်။ ဂျပန်ကို ပြန်၍တော်လှန်သည့် ကာလများတွင် ဂျမားတို့ အဖိုး သည် ဖက်ဆစ်တော်လှန်ရေး တပ်မတော်၏ ဒေသခံ ပျော်ကျားရဲဘော် တဦးလည်း ဖြစ်ခဲ့သည်။ “ငါ့အဖိုးက သေနတ် ပစ်တာ သိပ်လက်ဖြောင့်တယ်။ တခါတော့ ရွာနဲ့မလှမ်းကမ်း တောတန်းနားမှာ ဗြုံးဆို ဂျပန်စစ်သားတွေ နဲ့ မျက်နှာချင်းဆိုင် ပက်ပင်း တိုးရောတဲ့။ အဲတာ ငါ့အဖိုးက ခါးကြားထဲမှာ ဖွက်ယူလာတဲ့ ခြောက်လုံးပူးကို အမြန်ထုတ် ပြီး သုံးချက်ဆက်တိုက် ပစ်လိုက်တာ ရှေ့ဆုံးက ဂျပန်စစ်သား သုံးယောက် ခေါက်ကနဲကို လဲတာတဲ့။ အဲဒါ နောက်က ဂျပန်စစ်သားတွေ ရုတ်တရက် ကြောင်နေတုံး အမြန်ပြေးပြီး ပျောက်ကျားရဲဘော်တွေ စခန်းခြနေတဲ့နေရာကို သတင်း သွားပို့တယ်။ ပြီးတော့ ပြောက်ကျားရဲဘော်တွေက ငါ့အဖိုးနဲ့အတူ အဲသည့် ဂျပန်စစ်သားတွေ နောက်ကို လိုက်တိုက်တာ ဂျပန်တွေ တပ်လုံး ပြုတ်ပဲတဲ့မောင်”။ ကံသိန်းကား ထုံးစံအတိုင်းပင်။ စွန့်စားခန်းကို ကြိုက်သော်လည်း “ဂျမား ဆိုတဲ့ကောင်က နည်းနည်း တော့ ပိုလိုက်ရမှ” ဟု ကွယ်ရာတွင် ဝေဖန်လိုက်သေးသည်။

    သည်လိုနှင့် ရှစ်တန်းကျောင်းသားများဘဝ စာမေးပွဲအပြီးတွင် နီတွတ်တယောက် တောင်သမန်အင်းစောင်း တနေရာတွင် အခြေစိုက်ထားသော ဂျမားတို့ ဘဲခြံကို အလည်လိုက်သွားသည်။ သီချင်းထဲကလို ဘဲအုပ်က တရာနှစ်ရာ မက ဘဲပင်လယ်ကြီး ဖြစ်နေသည်။ သူတွေ့ဖူးခြင်နေသော ဂျမားတို့အဖိုး လူစွန့်စားကြီးကို တွေ့ရသည်။ ထောင်ထောင် မောင်းမောင်းနှင့် သန်သန် မာမာကြီး ရှိတုံး။ နီတွက်က သူသိလိုသည်များကို အဖိုးကြီးအား မေးလိုက်မည်ဟု အားခဲ ထားသည်။ အဖိုးကြီးက သဘော ကောင်းပုံ ရသော်လည်း တခွန်းမေးမှ တခွန်းဖြေသည်။ သူ့ကြည့်ရသည်မှာ ခပ်အေးအေး။ ပြီးတော့ လှေကလေး တစင်းနှင့် ဘဲကျောင်းထွက် သွားသည့်အတွက် နီတွတ်မေးလိုသည်များ ကုန်စင်အောင် မမေးလိုက်ရ။ သည်တော့ နီတွက်က ဂျပန် ခေတ်တုံးက ကလေးသာသာသာ အရွယ်သာ ရှိသေးသော ဂျမား အဖေကို သူသိလိုသည်များ လျောက်မေးတော့သည်။ ညနေအိမ်ပြန်တော့ ဂျမားတို့မိသားစုက သူ့ကို ဘဲဥများ လက်ဆောင် ပေးလိုက်သေးသည်။ ဝါးနှီးဖြင့် ရက်ထားသော ခြင်း ကလေးထဲတွင် အစိမ်းရောင် သန်းနေသော ဘဲဥများက အစီအရီ။

    သူတို့တသိုက်လုံး ရှစ်တန်းအောင်ကြသော်လည်း ဂျမားကားကျောင်း ထွက်သွားသည်။ သူအိမ်ရဲ့ အဓိကလုပ်ငန်း ဖြစ်သော ဘဲကျောင်းခြင်း၊ ဘဲဥကောက်ခြင်းများ အတွက် မိသားစုအတွက် ကူဖို့ဖြစ်သည်။

    တနေ့တော့ နီတွတ်တယောက် သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင် ထိုင်နေတုံး ဘေးဝိုင်းက အဖိုးကြီးများ ဂျပန် ခေတ်က အကြောင်းများ ပြောနေသည်ကို ကြားနေရသဖြင့် စပ်စုလေ့ရှိသော သူ့ဝသီအတိုင်း “အဘတို့ကို မေးရဦးမယ်။ ဂျပန်ခေတ် တုံးက ဦးဗကို (ဂျမား၏အဖိုး) ဆိုတာ ဂျပန်ကိုတိုက်တဲ့ နေရာမှာ တော်တော် လက်သံပြောင်တယ် ဆိုတာ ဟုတ်သလား” ဟုမေးလိုက်သည်။ အဖိုးကြီးအားလုံးက “ဟုတ်တယ်ကွ” ဟု တညီတညာတည်း ပြန်ဖြေကြသည်။ ထိုအထဲမှ အဖိုးကြီးတဦးက “မင်းတို့ကျောင်းက ဘော်လုံးကန် ကောင်းတဲ့ ဟိုကောင်လေးဟာ ဘယ်သူတဲ့ သူ့နာမည်က” ဟု နီတွတ်ကို မေးလိုက်၍ ဂျမားပါ အဘဟု ပြန်ဖြေလိုက်သည်။ “အေး… ဂျမားက ကိုဗကိုရဲ့ မြေးလေး မို့လား။ ဂျပန် ခေတ်တုံးက ကိုဗကိုကို ဂျပန်တွေက သိပ် ဖမ်းချင်တာ။ အသေရရ အရှင်ရရပဲ။ သူက လစ်ရင် လစ်သလို ဂျပန်တွေကို ဆော်တာဟေ့။ ဂျပန်တွေဆိုတာ သူ့ကိုမိအောင် မဖမ်းနိုင်ဖူး။ သေနတ်ပစ်ကလည်း ကောင်းတယ်မောင်။ အဲသည့် ခေတ်တုံးက လူတွေက သူ့ကို “ခြောက်လုံးပူးဗကို” ဆိုပြီး ခေါ်ကြတယ်။ အဲသလို သတ္တိဗျတ္တိ ကောင်းကောင်းနဲ့ တာဝန် ထမ်းခဲ့လို့ မော်ကွန်းဝင် ဒုတိယဆင့်တောင် ရထားတာ။”

    အခုမှ နီတွတ် အတော်လေး ဘဝင်ကြသွားသည်။ ဂျမားတို့အဖိုးက သူတို့ငယ်ငယ်ကတည်းက ပုံပြင်လာ သူရဲကောင်း တယောက်ပေကိုး။ ကံသိန်းကို ဘယ့်နှယ့်လဲ မင်းအခုယုံပြီလား ဆိုသောသဘောဖြင့် မေးငေါ့၍ အသံတိတ် မေးလိုက် သည်။ လူကြီးများက ဟုတ်သည်ဟု ထောက်ခံချက် ပေးထားသောကြောင့် ကံသိန်းလည်း ခါတိုင်းလို အထွန့်မတက်သာ။

    သည်လိုနှင့် နီတွတ် တယောက် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့သည်။ ဂျမားနှင့် ဟိုအရင် ငယ်ငယ်တုံးကလို မဆုံ ဖြစ် တော့။ သို့သော် မြင်းလှည်း အမိုးပက်လက် တစင်းဖြင့် ဈေးသို့ဘဲဥပို့လေ့ရှိသည့် ဂျမားနှင့် တခါတရံ လမ်းတွင်ဆုံ ပါက နီးရာ လက်ဖက်ရည်ဆိုင်တွင် နှစ်ယောက်သား အတူထိုင်ဖြစ်သေးသည်။

    “နီတွတ်ရေ ဂျမားတယောက် မတွေ့တာ အတော်ကြာပြီ။ မင်းနဲ့ကော ဆုံဖြစ်သေးလား” လဖက်ရည်ဆိုင်ထဲ ဝင်ဝင်ခြင်း ကံသိန်းက လှမ်းမေးလိုက်သည်။ စားပွဲတွင် ဝင်ထိုင်လိုက်ရင်း”အေးကွ မင်းပြောမှပဲ။ ဒီကောင့်ကို မတွေ့တာ လေးငါး ခြောက် လ လောက်တောင် ရှိပလား မှတ်တယ်” ဟု နီတွက်က ပြန်ဖြေလိုက်သည်။ သည်လိုနှင့် ရောက်တတ် ရာရာများကို ပြောနေရင်း အချိန်လည်း အတော်ကြာသွားပြီးမို့ လူစုခွဲမလို့ လုပ်နေတုန်း ဂျမားတယောက် လဖက် ရည်ဆိုင်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်ခြလာသည်။ ဂျမားနှင့်မတွေ့တာ ကြာပြီဆိုတော့ သူတို့လည်း လူစုမခွဲဖြစ် သေးဘဲ ဂျမားနှင့်အတူ ဆက်၍ထိုင်ရင်း ခါတိုင်း လို လေကန်ဖို့ တာစူလိုက်သည်။

    ဂျမားမျက်နှာကား လန်းလန်းဆန်းဆန်း မရှိ။ တခုခုနှင့် ပတ်သက်၍ စိတ်မကောင်း ဖြစ်နေဟန်ရှိသည်။ လဖက်ရည်ခွက်ကို ဖြည်းဖြည်းမ၍ တကျိုက်သောက်လိုက်ပြီးမှ ဂျမားကဤသို့ ရင်ဖွင့်လေသည်။ “တလောကကွာ ငါ့အဖိုး မျက်လုံးခွဲဖို့ ရန်ကုန်ကို ဆင်းကြတယ်။ အဖိုးက အဲသည့်အချိန်အထိ မှတ်ပုံတင် မရှိသေးတော့ ရန်ကုန်မသွားခင် မြို့နယ် လဝက ရုံးမှာ မှတ်ပုံတင် သွားလုပ်ရတယ်။ မှတ်ပုံတင်တော့ ချက်ခြင်းလုပ်လို့မရဖူး။ ဒါပေမဲ့ မှတ်ပုံတင် လုပ်ထားဆဲ ဖြစ်ကြောင်းနဲ့ နိုင်ငံသား ဖြစ်ကြောင်း ထောက်ခံစာတော့ ရေးပေးလိုက်တယ်။ အဲတာ ရန်ကုန်အသွား ရထားပေါ်မှာ ကွာ ပြဿနာ အကြီးအကျယ် တက်ခဲ့လို့။ အဖိုးလည်း တော်တော် စိတ်မကောင်း ဖြစ်သွားတာ အခုအထိပဲ။” နီတွတ်က “ဘယ်လို ဖြစ်တာတုံး” ဟု ဂျမားကို မေးလိုက်သည်။

    “ဒီလိုကွာ တော်တော်လည်း စိတ်ပျက်ဖို့ကောင်းပါတယ်။ မန္တလေးက ရထားထွက်လို့ ကျောက်ဆည်ဘူတာ ရောက်တော့ ရဲတွေ တက်လာပြီး မှတ်ပုံတင်စစ်တယ်။ ငါကရှစ်တန်းဖြေတုံးက မှတ်ပုံတင် လုပ်ထားတာဆိုတော့ သူတို့စစ်တော့ ထုတ်ပြ လိုက် တယ်။ ဒါပေမဲ့ ငါ့အဖိုးကြတော့ ဒီလိုထောက်ခံစာနဲ့ ခရီးသွားခွင့် မရှိဖူးဆိုပြီး လုပ်လာတယ်။ နောက် ဗမာစကား ကောင်း ကောင်း ပြောတတ်ကဲ့လား ဘာလားနဲ့လည်း စစ်ကြောသေးတယ်။ မင်းတို့လည်း သိသားပဲ ငါတို့တရွာလုံး ဗမာ စကားတမျိုးပဲ ပြောတာ နှစ်ပေါင်းသုံးရာတောင် ကျော်ပလားမှတ်တယ်။ ကုလားလို လည်း ငါ့အဖိုးလို အရွယ်မျိုးတွေက အစ ရွာမှာဘယ်သူမှ မတတ်တော့တာ။ အဲတာကွာ ရဲတွေက ဆက်ဆံတာကလည်း ရိုင်းချက်ကတော့။ မင်းတို့ ကုလားတွေက လယ်ကိုလယ်တယ် ဘာဖြစ်တယ်ညာဖြစ်တယ်။ နိုင်ငံသား မဟုတ်ဖူးမို့လား မှန်မှန်ပြော၊ ဒီထောက်ခံစာ ကကော စစ်ကဲ့လားဆိုပြီး ညစ်ကျယ်ကျယ် လုပ် နေတာပေါ့ကွာ။ ငါ့အဖိုးက သေသေချာချာ ရှင်းပြပါတယ်။ ငါတို့က မြန်မာ မွတ်စလင်တွေပါ။ အခုမှ ခိုးဝင်လာတဲ့သူတွေ မဟုတ်ပါဖူးပေါ့။ အသိသာကြီးပဲ သူငယ်ချင်းရာ မင်းတို့ စဉ်းစားသာကြည့် ငါတို့ပြောတဲ့ ဗမာစကားက မင်းတို့လိုပဲ ဥစ္စာ။ မနေ့တနေ့ ကမှ ဒီတိုင်းပြည်ကို ခိုးဝင်လာတဲ့သူက ဘယ်လိုလုပ်ပြီး ဗမာလို ပီအောင် ပြောနိုင်မလဲ။ ဗမာလို ပြောတတ်ရင် တောင် လေသံက ကုလားလေဝဲဦးမယ်။ ”

    ဂျမားက စကားကို ခဏဖြတ်လိုက်ရင်း ဒူးယားတလိပ် ကောက်၍မီးညှိလိုက်သည်။ ပြီးမှ “အဲတော့ ရဲတွေက ဘယ်လို ပြန်ပြော သလဲဆိုတော့ မြန်မာမွတ်စလင်ဆိုတာ ဒီတိုင်းပြည်မှာ မရှိဖူးတဲ့။ မြန်မာမှန်ရင် ဗုဒ္ဓဘာသာပဲ ရှိတယ်တဲ့။ ကုလားဟာ ကုလား ပဲတဲ့။ မြန်မာမွတ်စလင်ဆိုတာ မင်းတို့ စောက်ကုလားတွေ လူလည်လုပ်ပြီး ထွင်ထားတာ ဆိုပြီး ကွာ မအေနှမနဲ့တိုင်းပြီး ဆဲ သေးတယ်။ ဒီတိုင်းပြည်မှာနေရင် ကောင်းကောင်းနေကြ ဘာညာဆိုပြီးလည်း သဟောက် သဟမ်း လုပ်သေးတယ်။ နောက်ဆုံး တော့ ငါ့ကိုတွဲထောင့်ခေါ်ပြီး ပိုက်ဆံတောင်းတယ်။ ထောင့်ငါးရာတောင် ပေးလိုက်ရတယ် သူငယ်ချင်းရေ။ အဲတာပဲဟေ့ ဇတ်လမ်းကတော့”။ ထိုအချိန်က ရွှေတကျပ်သားမှ သုံးထောင်သာ ရှိသောခေတ်။ ရွှေငါးမူး သားဖိုး ရဲတွေက ဓါးပြတိုက် သွားခြင်းပင်။

    နီတွက်ကော ကံသိန်းပါ ဂျမားတို့ မြေးအဖိုးနှင့်ထပ်တူ စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရသည်။ ကာယကံရှင်များ ကတော့ ပို၍ စိတ်နှလုံးညှိုးခြုံး ပေလိမ့်မည်။ မြန်မာပြည်ဟာ ဘာသာရေး လူမျိုးရေး မခွဲခြားတဲ့ တိုင်းပြည်ဆိုတာ တကယ်တမ်း တော့ မဟုတ်။ အထူးသဖြင့် အာဏာပိုင်များတွင် ခွဲခြားရေးစိတ် ပိုရှိသည်။ တောင်ပေါ် မြေပြန့် လူမျိုးရေးလည်း ခွဲခြားသည်။ မွတ်စလင်၊ ဟိန္ဒူ၊ ခရစ်ယာန် တွေက မြန်မာနိုင်ငံအပေါ် သစ္စာမရှိသလိုလို၊ ရာနှုန်းပြည့် မြန်မာနိုင်ငံသား မဟုတ်သလိုလိုလည်း လုပ်တတ်သေးသည်။

    ဂျပန်ကိုတော်လှန်ခဲ့တဲ့ ပျောက်ကျားရဲဘော်ကြီး၊ သေနတ်ပစ်ကောင်း၍ ခြောက်လုံးပူးဗကိုဟု သူတို့နယ်တွင် နာမည် တွင်ခဲ့ သူကြီး၊ နီတွတ်တို့ ကံသိန်းတို့ အားကျခဲ့သော မော်ကွန်းဝင်ဒုတိယဆင့် သူရဲကောင်းကြီးကား ရုပ်ရေ လက္ခဏာ ကုလားဖြစ်ရ သောကြောင့်၊ ကိုးကွယ်သည့် ဘာသာက မွတ်စလင် ဖြစ်ရသောကြောင့် မြန်မာနိုင်ငံသား စစ်စစ် မဟုတ်ဟု ခွဲခြားခံရသည်။ ဖိနှိပ်ခံရသည်။ နှစ်ပေါင်းရာချီ၍ ခေတ်အဆက်ဆက် အုပ်ချုပ်သူအဆက်ဆက် တိုင်းပြည်တာဝန်များကို ထမ်းဆောင်ခဲ့ရသော် လည်း သူတို့ကား အသိအမှတ် ပြုမခံရ။

    “အဲတော့ အဖိုးက နောက်ဆိုရင် ဘာကိစ္စပဲရှိရှိ ခရီးမသွားတော့ဖူးလို့ ဆိုတယ်ကွ။ ပြီးတော့ ကိုယ့်ကိုလူတွေ ကောင်းကောင်း သိတဲ့ အရပ်မှာပဲနေရင်း သေမယ်လို့လည်းပြောတယ်” ဟု ဂျမားက သူ့စကားကို အဆုံးသတ်လိုက်တော့ သည်။

    သည်မြေသည်ရေမှာ အတူမှီတင်း နေထိုင်ကြသည့် လူအချင်းချင်း လူမျိုးရေး၊ ဘာသာရေးအရ မခွဲခြားသည့် သူတို့လို လူမျိုး တွေလည်း ရှိသေးကြောင်း ဂျမားအဖိုးကို ပြောပြလိုသည့် ဆန္ဒက နီတွတ်ရင်ထဲမှာ တဖွားဖွား။ သို့သော် သူ၏ သူရဲကောင်းကြီး ကား နှလုံးသားတွင် ဒဏ်ရာရသွားခဲ့ခြေပြီ။

    ဇော်မင်း (လူ့ဘောင်သစ်)
    ၂၃ ရက် အောက်တိုဘာလ ၂ဝဝ၈ ခုနှစ်

     

    Source

  • မြန်မာဘုရင်လှူတဲ့ ဇရပ် နိုင်ငံခြားမှာ ဘာဖြစ်နေတုန်း

    မြန်မာဘုရင်လှူတဲ့ ဇရပ် နိုင်ငံခြားမှာ ဘာဖြစ်နေတုန်း

    ခရီးသွားတွေနားခိုဖို့အတွက် ဇရပ်ဆောက်ပေးတာ ဒို့မြန်မာ၊ ခရီးသွားတွေသောက်ဖို့ ရေအိုးစင်တည်ပေးတာ ဒို့မြန်မာ။ ဇရပ်နဲ့ ရေ ချမ်းစင်တွေ  ကုက္ကိုပင် ညောင်ပင်ရိပ်က ရေချမ်းအိုးတွေမြင်ရလျှင် ရင်ထဲကြည်နူးရ၏။

    ဇရပ်ဒကာများကို မမြင်ဘူးသော်လည်း သူတို့ရင်ထဲက အဇုတ္တဖြည့် ဖွဲ့စည်းသိုမှီသော စိတ်ရင်းဖြူတဲ့ သဒ္ဒါတရားပြယုဂ် များကာ ထင်းထင်းလင်းလင်းကြီးမြင်လိုက်ရသလိုပင်။ မန္တလေးနန်းမြို့ရိုးကျုံးတော်နှင့် ရွှေမန်းတောင်ခြေရှိ ကောင်းမှုတော်ဇရပ်များကိုမြင် လိုက်ရတုန်းက ဘယ်လိုကျက်သရေရှိမှန်းမသိဘူးဟုတွေးရင်တွေးရင် ပီတီတွေတဖွားဖွား။ ကိုယ်ချင်းစားတရား သိပ်ကြီးမားတဲ့လူ မျိုးပါတကား။ မြန်မာတို့သည်ကိုတိုင်းပြည် ကိုယ်နိုင်ငံသာမက အခြားသောနိုင်ငံတို့တွင်လည်း လူအများအတွက် ဇရပ်များသွား ရောက် ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရပြန်သောအခါ တကယ်ကိုကြည်နူးဝမ်းမြောက်မိလေ၏။သို့နှင်ဤသို့ စနည်းနာမိ၏။ ပ ထမဦးစွာ လေဗျောက်အိုး လေ့လာမိသောဇရပ်မှာ ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့ရှိ “ဒေါင်းဇရပ်” ဖြစ်ပါ၏။ ထိုဇရပ်၏ အခြေအ နေလေးသိချင်လှသဖြင့် အောက်ပါအတိုင်း စပ်စုမိ၏။ ကသာမြို့မှ ဟာဂျီ ဦးမိုးတီးကလည်း သိသလောက် ဒီလိုဖြေကြားခဲ့သည်။

    မက္ကဟ်မြို့၌ မင်းတုန်းမင်းကြီးလှူဒါန်းခဲ့သော ဒေါင်းဇရပ် ပုံနှင့် မှတ်ပုံတင်စာချူပ်ပုံ
    ပါမောက္ခဒေါက်တာအောင်ဇော် ရေးသားပြုစုတဲ့ တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ၂ မှ ကူးယူပါသည်။

    မက္ကဟ်မြို့၌ မင်းတုန်းမင်းကြီးလှူဒါန်းခဲ့သော ဒေါင်းဇရပ် အတွက် မှတ်ပုံတင်စာချူပ်ပုံ မှ ဖတ်ရှု၍ ရနိုင်သေးသော တစ်စိတ်တစ်ပိုင်း

    လေဗျောက်အိုး– မက္ကာကို ဟာဂ်ျ လုပ်တာ ဘယ်နှစ်ခေါက်ရှိပြီးလဲ။ ဘယ်လောက်ကုန်ခဲ့လဲ။
    ဦးမိုးတီး -နှစ်ခေါက်ရှိပြီး။ လင်မယားနှစ်ယောက်စရိတ်ဆိုတော့ (၁) ခေါက်သွားရင် သိန်း (၅၀)ကုန်တယ်။

    လေဗျောက်အိုး-မက္ကာမှာ မင်းတုန်းမင်းလှူထားတဲ့ ဒေါင်းဇရပ်ကော် ရှိသေးလားဗျ။
    ဦးမိုးတီး-ဒေါင်းဇရပ်က ဖျက်တဲ့စာရင်းထဲပါသွားပြီးလေဗျာ။ ဇရပ်က နှစ်ထပ်တိုက်ပါ။ သူတို့ဆီမှာ နိုင်ငံတော်တော်များများက ၀တ်ပြုလာကြတဲ့ အစ္စလာမ်တွေအရမ်းများတယ်။ မြို့ထဲမှာဆိုရင် ဟိုတယ်တွေမလောက်ဘူး။ အခုဆိုရင် (၁၀)ထပ်တိုက်အောက်ရှိ သမျှ အဆောက်အဦးတွေ မှန်သမျှ အကုန်ဖျက်ချရတယ်။ ၁၀ ထပ်တိုက် အထက်ကိုပဲ ဆောက်လုပ်ခွင့်ပေးတယ်။ မြို့ထဲမှာဆို အ ထပ် ၁၀၅ ထပ် ဟိုတယ်တောင်ရှိတယ်။ ဒီတော့ (၂) ထပ်တိုက်ဖြစ်တဲ့ ဒေါင်းဇရပ်လည်း အဖျက်ခံရတဲ့ စာရင်းထဲမှာပါသွားတယ်။

    လေဗျောက်အိုး– ဒါဆိုရင်မြန်မာနိုင်ငံက အစ္စလာမ်တွေ ဘယ်မှာတည်းခိုကြတာလဲ။
    ဦးမိုးတီး– ကျွန်တော်တို့ ၀တ်ပြုအဖွဲ့က ခရီးစဉ်ကို တာဝန်ယူတဲ့ အေဂျင်စီတွေကပဲ ဟိုတယ်မှာနေရာချထားပေးတာပါ။

    လေဗျောက်အိုး– ဒေါင်းဇရပ်သာရှိနေဦးမယ်ဆိုရင်တော့ အဲဒီမှာတည်းခိုခွင့်ရမှာပေါ့နော့်။
    ဦးမိုးတီး– ခုနောက်ပိုင်းကျွန်တော်တို့ကြားတာက နိုင်ငံတော်က တာဝန်နဲ့ စေလွတ်တဲ့ သူတွေလောက်သာအတည်းခံတော့ သတဲ့ ဗျ။ ဒါပေမယ့် ဒေါင်းဇရပ်တည်းဖူးတဲ့ ဟာဂျီတွေ ဟာဂျီမတွေ ရှိခဲ့ဘူးပါတယ်။

    လေဗျောက်အိုး-မင်းတုန်းမင်းကြီးလှူဒါန်းခဲ့တဲ့ ဒေါင်းဇရပ်မှာခင်ဗျားတည်းခိုခွင့် ရခဲ့မယ်ဆိုရင်ကော်။
    ဦးမိုးတီး– ကိုယ်နိုင်ငံက ကိုယ်ဘုရင်က ချီးမြောက် ပံ့ပိုးထားတဲ့ ဇရပ်ပဲဗျာ။ တည်းခိုခွင့်ရခဲ့ရင်တော့ အတိုင်းမသိ ၀မ်းသာမှာပေါ့။ ဗုဒ္ဓ ဘာသာဝင်ရှင်ဘုရင်တစ်ပါးက လေယာဉ်ပျံတွေ မပေါ်ခင်ကတည်းက ဒီလောက်ဝေးလံတဲ့ နိုင်ငံ မှာလာပြီး လှုဒါန်းထားတာ တဲ့ စေတနာ နည်းနည်းနောနော လားဗျ။

     

    လေဗျောက်အိုး သည် အထက်ဖေါ်ပြပါအကြောင်းအရာမှာကို မှတ်ဥာဏ်ထဲ သိုးမှီးထားခဲ့၏။ ထို့နောက် အန္ဒိယ နီပေါ ဗုဒဂယာ မှ မြန်မာနိုင်ငံသို့ပြန်ရောက်ရှိလာသော ကသာမြို့နယ် ကျောက်ထုံးကြီးရွာနေ နိဗာန်ဆိပ်ဦးဓမ္မာရုံ အလှူရှင် ဂေါပက ဥက္ကဌ ဦးဝင်း သောင်းအား သိလိုသည်များအား မေးမြန်းခဲ့သည်။

    လေဗျောက်အိုး– ခုလို ချမ်းအေးတဲ့ ဆောင်းအခါမှာ ဗုဒဂယာ သွားခဲ့တာဆိုတော့ ဟိုမှာ မအေးဘူးလား
    ဦးဝင်းသောင်– ကျွှန်တော်တို့ က အအေးပိုင်းက လူတွေအတွက်တော့ ဟိုမှာ အနေတော်ပဲ။ရန်ကုန်က လူတွေ အတွက် ကတော့ ချမ်းမှာပေါ့ဗျာ။ဒါပေမယ့် မြတ်စွာဘုရားရဲ့ တန်ခိုးတော်ကြောင့် ဘယ်သူမှ မဖျားကြဘူး။တရက်တော့ မုန်တိုင်းမိုးရွာသေးတယ်ဗျ။

    လေဗျောက်အိုး– ဘုရားဖူး ခရီးစဉ် ဘယ်လောက်ကုန်ခဲ့သလဲ။
    ဦးဝင်းသောင်– မေသူမောင် ဗုဒဂယာ ဘုရားဖူးပို့ဆောင်ရေး ကိုသွင်းရတာတော့  တစ်ယောက်ကို ၁၀ သိန်းပေါ့ဗျာ။လင်မယားနှစ် ယောက်ဆိုတော့ သိန်း ၂၀ ကျတယ်။ ငွေကုန်ရကျိုးနပ်ပါတယ်။ဝန်ဆောင်မှုတွေ အားလုံးကောင်းတယ်။ လှူတာတန်းတာရော မြန် မာပြည်ပြန်ရောက်တော့ ကျိုက်ထီရိုးအပါအ၀င်အတော်များများ ဖူးသေးတာဆိုတော့ သိန်း ၃၀ လောက်ကုန်ခဲ့တယ်။

    လေဗျောက်အိုး– ဟိုရောက်တော့ ဘယ်မှာတည်းခိုကြတာလဲ။
    ဦးဝင်းသောင်-ဟိုမှာ မြန်မာဘုန်းကြီးကျောင်းတွေ မှာ တည်းခိုဖို့ လုပ်ပေးထားတယ်။တည်းလည်း တည်းခို လှူဒါန်းခွင့်လည်းရ တာပေါ့။ ကိုယ်နိုင်ငံက ဆရာတော်တွေ သံဃာတော် တွေ ဖူးခွင့်ရလို့ ကြည်နူးရတယ်။

    လေဗျောက်အိုး– မြန်မာ ဘုရားဖူးတွေ အတွက် မင်းတုန်းမင်းကြီးက ဇ၇ပ်တွေ ဘာတွေ ဆောက်လုပ်လှူဒါန်းပေးထားမျိုးမရှိဘူး လား။
    ဦးဝင်းသောင်-ရှိတာပေါ့ဗျ-ဗုဒဂယာ အနီးမှာ မတန့်နန်းတော်ဆိုတာရှိတယ်ဗျ။ဟိုလိုပြောရရင် ဟိန္ဒူဘုန်းကြီးကျောင်းပေါ့ဗျာ။ အဲဒီကျောင်းရဲ့တောင်ဘက် ပေ ၆၀၀ အကွာမှာ မင်းတုန်းမင်းကြီးဇရပ်တော်ရှိခဲ့သဗျ။၁၈၇၄ ခုနှစ်က ဆောက်ထားတဲ့ နှစ်ထပ် တိုက်ကြီးပေါ့ဗျာ။ ခုတော့ မတန့်က ဖြိုဖျက်ထားလို့ မရှိတော့ဘူး။အဲဒီဇရပ်ရဲ့ အုတ်ခုံပေါ်မှာတော့ ၁ ထပ်တိုက် ပြန်ဆောက်ပေး ထားတယ်။

    လေဗျောက်အိုး-ဒါဆိုရင် ကျွှန်တော်တို့ ဘုရင်က နိုင်ငံခြားမှာ ဇရပ်တွေ ဆောက်ပေးခဲ့တာကိုး။
    ဦးဝင်းသောင်-ဇရပ် တင် ဘယ်က မလဲ ဗျာ။ မဟာဗောဓိစေတီတော်ကြီးကလည်း မင်းတုန်းမင်းတရားကြီး ကုသိုလ်ပါတယ်ဗျ။အဲဒီစေတီတော်ကို ပြန်လည်ပြုပြင်ဖို့ စိန် မြ ကျောက်နီ ပုလဲလုံးပေါင်း ၅၄၅၁။အဲဒီ တုန်းက အန္ဒိယ ရူပီး  ၆ သန်းဖိုး လောက်လှူခဲ့တယ်။ဗိသုကာလက်ရာကတော့ အန္ဒိယကျောက်စာဝန်တို့ လက်ရာလို့ The light of Asia စာအုပ်မှာ Sir Edwin Arnol က မှတ်တမ်းတင်ခဲ့တယ်ဗျ။

    လေဗျောက်အိုး– ထူးခြားတာရှိရင် ပြောပြပေးပါအုံး အကိုကြီး။
    ဦးဝင်းသောင်-ကျွှန်တော်တို့ ကုသိနာရုံရောက်တော့ ဘုရားပရိနိဗာန်စံဝင်တဲ့နေရာ က လျောင်းတော်မူရုပ်ပွားတော်ရောက် ရော ဘုရားဖူးတဲ့ သူတွေ အားလုံးလိုလို ငိုကြတယ်။ဘုရားဖူးတဲ့နေရာ တွေအားလုံး ဟာ ဖြစ်ပျက်တဲ့ သဘောနဲ့ ကြည့်ရင် သံဝေဂ ယူစ ရာတွေကြီးပဲ။ခရီးစဉ်တလျှောက်လုံး သတိထားမိတာကတော့  အန္ဒိယမှာ ဘယ်အမျိုးသမီးမှ ဆိုင်ကယ်မစီးဘူး။ သြော်……. ကိုယ်နိုင်ငံ ကသာမြို့မှာဆိုရင် ယောက်ကျားတွေနဲ့ ရင်ဘောင်တန်း ပြီး အစီးကြမ်းတဲ့ မန်းကလေးတွေကို သွားမြင်ယောင်မိပါရဲ့ အချို့များဆို ဆိုင်ကယ်စီးရင်း ဘေးကိုငေးကြည့် နေတယ်။မြင်တဲ့သူ က ကိုယ်အသိနဲ့ ကိုယ်ရှောင်ရတယ် ဒါ ကွာခြားချက်ပဲ။

    လေဗျောက်အိုး– ကျေးဇူးတင်ပါတယ်အကိုကြီး။

    လေဗျောက်အိုးသည် မြန်မာဘုရင်လှူတဲ့ ဇရပ် နိုင်ငံခြားမှာ ဘာဖြစ်နေတုန်း ဆိုပြီး သိလိုသမျှ စုံစမ်းကြည့်ရာ ဧ၀ံမေသုတံ (ဤသို့ကြားသိရပါ၏)ဟိုတယ်တွေ မိုတယ်တွေ မရှိခင်ကတည်းက တည်းခိုရန် စီစဉ်ဆောက်လုပ်ပေးပါသော ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာ မြို့က  ဒေါင်းဇရပ်ကို စိတ်ကူးဖြင့်ပုံဖော်ငေးကြည့်မိ၏။အန္ဒိယနိုင်ငံ ဂယာမြို့ နှင့် ၇ မိုင် ကွာဝေးသော ဗုဒဂယာသည် ပွင့်တော်မူပြီးသောဘုရားများအဖြစ်အောင်မြင်မှုရရှိရာ အရပ်ဖြစ်၍ ထူးခြားသောထိုနေရာ တွင် မင်းတုန်းမင်းကြီးသည် ဇရပ်တစ်ခု လှူဒါန်းထားပြန်သည်။ဗုဒဘာသာဝင် ဖြစ်စေ အခြားဘာသာဝင်ဖြစ်စေ မိမိတို့ယုံကြည်ရာ ကိုးကွယ်ခွင့်ပြုသည့်ပြင် ကောင်းမွန်စွာ သွားေ၇ာက်သာသနာပြုစေခြင်း အကျိုးဌာ ချီးမြှောက် ထောက်ပံ့ဆောင်ရွက်ပေးပုံမှာလည်း အံချီးမကုန်နိုင်ဖွယ်ဖြစ်မိ၏။

    ဗုဒ္ဓသာသနာအတွက် အထွဋ်မြတ်ဆုံးဖြစ်သော ပဥမသင်္ဃယနာ ကိုတင်နိုင်ခဲ့သော သာသနာဒါယကာ မင်းမြတ်မင်းတုန်းမင်းသည် အခြားသော ဘာသာချီးမြှောက်မှုကို အားပေးခဲ့ကြောင်းသိရသောအခါ ကြည်ညို သဒ္ဒါပွားခြင်းနှင့် အတူသာဓုအလီလီ ခေါ်ဆိုမိချေ ၏။အဆိုပါ ဇရပ်များနှင့် ပတ်သတ်၍ လေဗျောက်အိုးရင်ထဲတွင် ကြည်နူးခြင်းနှင့်အတူ ကြည်ညိုခြင်းဖြစ်ပိသကဲ့သို့(အခြေအနေအ ရ) ကြေကွဲခြင်း နှင့်အတူ သံဝေဂများလည်းရလိုက်မိပါ၏။

    အင်း……သို့သော်ပါလေ…သာဓု သာဓု ပါ။ ဗျာတို့……………

    ရည်ညွန်း – Hotnews (Vol2 . No 80)

  • Myanmar Newsweek ပါ ဦးဖေခင်အကြောင်း

    ၂၃-၂-၂၀၁၂က ထုတ်ဝေခဲ့တဲ့ Myanmar News Week ဂျာနယ် ၊ အတွဲ(၂)၊ အမှတ်(၁၉)မှာဖော်ပြခဲ့သော အငြိမ်းစားသံအမတ်ကြီး ဦးဖေခင် အကြောင်း

    အငြိမ်းစားသံအမတ်ကြီးဟောင်း ဥိးဖေခင်(ပင်လုံစာချုပ်ဖြစ်မြောက်ရေး အထူးဆောင်ရွက်ခဲ့သူ)
    နောက်တန်းတွင် ယာဘက် ဒုတိယမြောက်ရပ်နေသူသည် ဦးဖေခင်ဖြစ်သည်။

  • မြအေး(သို့မဟုတ်) နိုင်ငံရေးကို သီချင်းရေး၍ ဘောလုံးကန်သည်

    နှင်းတွေတဖွဲဖွဲကျနေသည်။ မြူနှင်းတွေလား၊ မီးခိုးလား မသဲကွဲခင် အချိန်ပိုင်းလေးတွင် တောင်ကြီးသို့ သူရောက်လာသည်။ တကယ်တော့ သူ့ကိုအင်းစိန်ကနေ လွိုင်ကော်ထောင်သို့ ရွှေ့ပြောင်းပေးခဲ့သည်။ သူနှင့် အဆက်ပြတ်သွားခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီ။ နောက်တော့ သူ့ရဲ့ကျန်းမာရေးမကောင်းလှဟု ကြားသိရသည်။

    လွိုင်ကော်အပြင်ဆေးရုံကြီးသို့ တက်ရောက်ကုသရသည်။ ကျွန်တော်တို့အားလုံးလည်း သူ့အတွက် စိုးရိမ်နေကြပါသည်။ ခုတော့ စ၀်စံထွန်းဆေးရုံကြီးနှင့် နီးနီးနားနားနေနိုင်အောင် သက်ဆိုင်ရာက စီစဉ်ပေးလိုက်ခြင်း ဖြစ်မည်ထင်သည်။ ကျွန်တော်တို့နှင့်သူ၏ ရေစက်က တော်တော်ပတ်သက်ယှက်နွယ်နေပုံရသည်။ တောင်ကြီးရောက်တော့ သူက တိုက် ၂ မှာ။ ကျွန်တော်တို့တိုက်ကို အလည်မလာပေမယ့် သူ့တိုက်ကို ကျွန်တော် မကြာခဏ သွားလေ့ရှိပါသည်။ ဘာကြောင့်လဲဆိုတော့ သူတို့တိုက်က ဘောလုံးကစားတဲ့ကွင်း ရှိနေတာကိုး။ ဘောလုံးကွင်းက သိပ်အကျယ်ကြီးတော့မဟုတ်။ ဒါပေမယ့် တစ်ဖက်ငါးယောက် ဖူဆယ် ကောင်းကောင်း ကစားလို့ရသည်။ ပြီးတော့ သူတို့တိုက်မှာ သေဒဏ်၊ ကြိုးလွတ် အကျဉ်းသားသုံးဆယ်ကျော်ရှိသည်။ ဒီတော့ အသင်းနှစ်သင်းအတွက် လူအင်အားက ပူစရာမလို။ ကိုမြအေးဆီမှာ ဖူဆယ်ဘောလုံးသုံး၊ လေးလုံးကအမြဲ ရှိနေတတ်သည်။သူ့ကျန်းမာရေးအတွက် ထောင်မှ ဘောလုံးကစားခွင့်ပြုထားသည်။ သူ့အိမ်ကလည်း လိုအပ်တာအားလုံး ပို့ပေးသည်။ ရသည့် Space မှာပျော်အောင် နေတတ်သူ။

    သူကကော်ဖီနှင့် ဆေးလိပ်တော့ အတော်ကြိုက်သည်။ တစ်နေ့လုံးမိုးလင်းမှ မိုးချုပ်ကော်ဖီကို တစွတ်စွတ်သောက် နေတတ်သည်။ တစ်နေ့လုံး သူသောက်သည့်အရေအတွက်က ၁၀ ခွက်နှင့် ၁၅ ခွက်ကြား ရှိသည်။ ဘောလုံးမကစားသည့်အချိန်တွေဆိုလျှင် ကော်ဖီလေးသောက်လိုက်၊ သီချင်းလေး ရေးလိုက်။ သူကသီချင်းနှင့် ပတ်သက်ပြီးတော့လည်း အစဉ်အလာရှိသူဖြစ်သည်။ ၁၉၈၈ ခုနှစ်ကသူရေးခဲ့သော ‘ကမ္ဘာမကြေဘူးဟေ့’ သီချင်းသံကကို ကျွန်တ်ာတို့ နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့သော်လည်း မမေ့နိုင်ကြသေး။ ခုလည်းသူ့ဆီမှာ သီချင်းပုဒ်ရေ ၅၀ လောက် စုဆောင်းမိနေပြီ။


    ဗိုလ်လုပွဲမကစာခင် တစ်ရက်အလိုမှာ လွတ်ငြိမ်းချမ်းသာ အမိန့် တစ်ခုလာသည်။ ကိုမြအေးက ၆၅ နှစ်မှ နှစ် ၃၀ သို့ လျော့ကျသွားသည်။ သို့သော် သူက အရေးမထား။ စိတ်ထဲမှာ ဘာမှမရှိတဲ့ပုံ။ သူ၏ ရုပ်ရော စိတ်ရော ဘောလုံးပွဲထဲမှာ မြှုပ်နှံထားသည်။ အိပ်လည်း ဒီစိတ်၊ စားလည်း ဒီစိတ် . . .


    ဘောလုံးကစားခြင်းကတော့ သူ့အတွက် အတော်ကောင်းပါသည်။ သူပျော်ရွှင်နေ၍လား။ အားကစား လုပ်နေ၍လား မပြောတတ်။ တောင်ကြီးကိုရောက်လာကတည်းက ထူမတ်လာသည်။ လန်းဆန်းလာသည်။ သူက ဘယ်အလုပ်မဆို စိတ်ရော ကိုယ်ပါနှစ်ပြီးလုပ်တတ်သူ။ ဒီတော့ ဘယ်အရာမဆို ပိုအားကုန် ပိုအား စိုက်ထုတ်ရသည်။ ကျွန်တော်တို့က နေပူ၍သာယာသောနေ့တစ်နေ့တွင် ဘောလုံးကစားမည်ဟု တစ်ခွန်းတည်း ပြောသွားသည်။ သူစီစဉ်ရသည့် အလုပ်တွေကအဆင့်ဆင့်။ တစ်ထောင်လုံးမှ ဖူဆယ်ဘောလုံး ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်သည့် လူတွေကိုစုရသည်။ ပြီးတော့ အဆောင်ပေါင်းစုံမှ ထိုလူတွေဘောလုံး ကစားခွင့်ရအောင် Main Jail နှင့် သွားရောက်ညှိနှိုင်းရသည်။ နှစ်ကြီးဆောင်၊ ထောင်ကျဆောင်၊ ဆေးရုံ၊ မီးဖိုနှင့် အလုပ်ကြီးမှဘောလုံးသမားများကို အကြောင်းကြားရသည်။

    ထိုဘောလုံးသမားတွေ ဘောလုံးကစားပြီး သောက်ဖို့ အချိုရည်၊ စားစရာနှင့်လို အပ်လျှင် နံနက်စာပါ ကြက်သားချက်ပြီးကျွေးသည်။ ကုန်ကုန်ပြောရလျှင် ဘောလုံးကန်ဖိနပ်မှအစ ဘောလုံးကန်အင်္ကျီအထိ သူ့ဆီမှာ အားလုံးရသည်။

    ဒါပေမယ့် ဘောလုံးကစားနေချိန်မှာတော့ သူ့ဆီမှာ Diplomacy မရှိ။ အနိုင်အရှုံး ရလဒ်အတွက် ကျားကုတ်ကျားခဲ ကစားသည်။ သူက နောက်သို့တစ်လက်မမှ မဆုတ်။ ပြိုင်ဘက်အပေါ် ကြင်နာသနားစိတ် လုံးဝမရှိ။  ဘောလုံးပွဲပြီးရင်တော့ အားလုံးဟေးလားဝါးလား။ ဤသို့ ဘောလုံး အပေါ် ရူးသွပ်သူ ကိုမြအေးအတွက် ၂၀၁၂ ခုနှစ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲက ရောက်ရှိလာခဲ့ပါသည်။ တကယ်တော့ ထောင်တွင်းဘောလုံးပြိုင်ပွဲဆိုတာ ကျွန်တော်တို့တွေနှင့် သိပ်မသက်ဆိုင်လှပါ။ ဒီပွဲက အဆောင်နေအကျဉ်းသားများအတွက် ရည်ရွယ် ကျင်းပပေးခြင်းဖြစ်သည်။ သီးသန့်အကျဉ်းသားတွေနေထိုင်သည့် တိုက်မှလွဲ၍ ကျန်အဆောင်တွေအား လုံးဘောလုံးအသင်း ဖွဲ့စည်းခွင့်ရှိသည်။ ပြိုင်ပွဲဝင်ခွင့်ရှိသည်။ သို့သော် ထောင်ပိုင်ကြီး၏ လူသားချင်းစာနာမှုအရ တိုက်မှဘောလုံးအသင်းတစ်သင်း ပြိုင်ပွဲဝင်ခွင့်ပေးသည်။ သို့သော် ကျွန်တော်တို့ အုပ်စုကိုတော့ ကစားခွင့်မပေး။ ထိခိုက်ဒဏ်ရာရမှာစိုး၍ ဖြစ်သည်။ ဒီတော့လည်း ဖြစ်ပါသည်။ ကျွန်တော်နှင့်ဂျင်မီက ဒိုင်လူကြီးလုပ်သည်။ ကိုမြအေးက တိုက် ၂ အသင်းကို မန်နေဂျာနည်းပြလုပ်သည်။ သူက တိုက်တွင်နေထိုင်ရသည့် အကျဉ်းသားအစိတ်၊ သုံးဆယ်ထဲမှ ဖူဆယ်ကစားတတ်သူ ငါးယောက်အား အတော်အားစိုက်ရွေးရသည်။ တခြားအသင်းတွေက လူ ၁၅၀၊ ၂၀၀လောက်အစုတွေထဲက တစ်သင်းဖွဲ့ရတာ သိပ်လွယ်သည်။ ပြီးတော့အသင်းတွေက တောင့်တင်းအားကောင်းသည်။ ကိုမြအေး၏အသင်းက အားနည်းချိနဲ့သည်။

    ဒီမှာ ကိုမြအေး၏အစွမ်းကို မြင်တွေ့ခွင့်ရသည်။ သူက သူ့အသင်းသားငါးယောက်ကို နီးနီးကပ်ကပ် ရင်းနှီးခင်မင်အောင် အတူတူစားခိုင်းသည်။ အတူတူနေခိုင်းသည်။ အားဆေးတွေတိုက်သည်။ တိုက်ရှေ့ကွက်လပ်တွင် ပယ်နယ်တီကန်လေ့ ကျင့်စေသည်။ သူက သူ့လူတွေကို အသင်းအပင်းစိတ်ဓာတ်သွင်းပေးသည်။ Discussion ဆွေးနွေးညှိနှိုင်း၍ နည်းဗျူဟာ၊ မဟာဗျူဟာတွေ ချမှတ်သည်။ ကျွန်တော်တို့အမြင်ကတော့ လူသုံးဆယ် ထဲက ရွေးထားသောအသင်းက လူနှစ်ရာထဲကရွေးထားသော အသင်းလောက်မကောင်းဟု။ တကယ်ကစားတော့လည်း တိုက်အသင်းကို မည်သူကမှ အထင်မကြီးပါ။ ဗိုလ်စွဲဖို့ ရေပန်းစားနေတာက BMI ဆေးရုံအသင်း။

    ထိုအသင်းမှာ တောင်ကြီးလက်ရွေးစင်တွေဖြစ်သည့် ချီးလူးတို့၊ တီးတီးတို့ ပါသည်။ တိုက်အသင်းကအုပ်စုမှာ ကစားတော့ နှစ်ပွဲနိုင် တစ်ပွဲသရေ။ အားလုံးစိုးရိမ်နေသည့်ကြားမှ ဆီမီးဖိုင်နယ်မှာ တိုက်က BMI နှင့်တွေ့သည်။ ကိုမြအေးက သူ့လူတွေဖြစ်သည့် ဇော်မိုးဌေး၊ တေဇာ၊ အပုလေး တို့ကို စိတ်ဓာတ်မြှင့်တင်ပေးသည်။ ကွင်းဘေးကနေ နည်းဗျူဟာကိုအနီး ကပ်ညွှန်ကြားနေသည်။ ရလဒ်က အားလုံးမထင်ထားသည့် ရလဒ်လေးဂိုး တစ်ဂိုးဖြင့် လက်ရှိချန်ပီယံအသင်းကို နိုင်သွားသည်။

    တစ်ဖက်အုပ်စုက ရှုံးပွဲမရှိ ပေးဂိုးမရှိ ကစားထားသော အဆောင် ၃ က ဗိုလ်လုပွဲ တက်လာသည်။ အဆောင် ၃ က ပအို့ဝ်တိုင်းရင်းသားတွေ။ လူကောင် ထွားသည်။ ခံစစ် ကျစ်လစ်သည်။ ဗိုလ်လုပွဲ မကစားခင် တစ်ရက်အလိုမှာ လွတ်ငြိမ်းချမ်းသာ အမိန့်တစ်ခုလာသည်။ ကိုမြအေးက ၆၅ နှစ်မှ နှစ် ၃၀ သို့ လျော့ကျသွားသည်။ သို့သော် သူကအရေးမထား။ စိတ်ထဲမှာ ဘာမှမရှိတဲ့ပုံ။ သူ၏ရုပ်ရော စိတ်ရော ဘောလုံးပွဲထဲမှာ မြှုပ်နှံထားသည်။ အိပ်လည်း ဒီစိတ်၊ စားလည်း ဒီစိတ်။ သူ့အနားသွားပြီး နိုင်ငံရေးအခြေအနေတွေ ပြောတော့လည်း သူကစကားဖြတ်ပြီး သူ့အသင်းအကြောင်းပဲ ထုံမွှမ်းနေသည်။ သူ့လူတွေအကြောင်းပဲ ပြောသည်။
    ဗိုလ်လုပွဲတွင် အသင်းသစ်ဖြစ်သည့် တိုက်အသင်းက အားငယ်စရာ။ အဆောင် ၃ က အားပေးသူတွေ ပြည့်နှက်နေသည်။ ဒါပေမယ့် ကိုမြအေးက သူ့လူတွေကို ကွင်းဘေးကနေ အနီးကပ် ညွှန်ကြားကြီးကြပ်သည့်ပွဲ။ ချိန်ခွင်လျာက တဖြည်းဖြည်း ပြောင်းလာသည်။ ပွဲပြီးရန် ငါးမိနစ်အလိုတွင် တိုက်အသင်းရှေ့တန်းမှ တေဇာက အနိုင်ဂိုးသွင်းယူပြီး ဗိုလ်စွဲသွားသည်။ ဒီဘောလုံးပွဲကို အကြောင်းပြု၍ ဘ၀အတွက် နည်းဗျူဟာများ ကျွန်တော်တို့ ရရှိခဲ့ပါသည်။ သူက လူထူးလူဆန်းတစ်ယောက်။ နိုင်ငံရေးကို သီချင်းရေး၍ ဘောလုံးကန်သူ။ လွန်ခဲ့သောနှစ်ပေါင်း ၂၃ နှစ်ကျော်က သူ့လက်ရာ သီချင်းသံလေးကို ကျွန်တော်ကြားယောင်နေမိသည်။ သီချင်းအမည်က ‘ကမ္ဘာမကြေဘူး ဟေ့’

    ”လာပါလေ XXX ညီအစ်ကိုတွေ XXX ခရောင်းတောလမ်း ကိုနင်းဖြတ်မယ် XXX မြန်မာပြည်ကယ်တင်မယ် XXX တို့ရဲ့ လက်တွေမြဲကြစေ XXX ရာဇ၀င်မှာ XXX အစဉ်အလာပါ XXX သမဂ္ဂဟာကြီးမြတ်ပေ XXX တော်လှန်စဉ် XXX အချိန်အခါမှာ XXX တပ်ဦးကနေ XXX ဦးဆောင်ခဲ့တယ်လေ XXX ဒါ XXX တို့တိုင်းပြည် XXX။

     

    Credit to Eleven

  • ကြွေလွင့်သွားရှာတဲ့ အသက် ၁၆ နှစ်အရွယ် ကွန်ပျူတာ ပညာရှင် Arfa Karim

        သူမ အကြောင်းကို ဖတ်လိုက်မိတော့ စိတ်ဝင်စားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမဟာ အသက် ၉ နှစ်အရွယ်မှာ Microsoft ၏ အသိအမှတ်ပြု အောင်လက်မှတ်ရ ပရိုဖက်ရှင်နယ် ကွန်ပြူတာပညာရှင်လေး (Microsoft Certified Professional, MCP) တစ်ဦးဖြစ်နေလို့ပါပဲ။ အသက်အငယ်ဆုံး ပညာရှင်လို့လည်း သိရပါတယ်။
        Software ကုမ္ပဏီတစ်ခုဖြစ်တဲ့ Microsoft ကိုစတင်တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် Bill Gates ကိုယ်တိုင် အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ (Washington, America) ရှိ Microsoft ၏ ပင်မရုံး တည်ရှိရာသို့ လာရောက်ရန် သူမကို ဖိတ်ခေါ်ခဲ့သည်။ အဲ့ဒီအချိန်မှာ သူမအသက်က ၁၀ နှစ်၊ ဒါပေမယ့် ကွန်ပြူတာ programming ပညာရပ်တွေမှာ အသက်အရွယ်နှင့် မလိုက်အောင် ထူးချွန်ထက်မြတ်သည့်  အရည်အချင်းတွေ ပြသခဲ့လို့ လူအများ အံ့သြကြရတယ်။  ပြည်တွင်းမှာလည်း ပါကစ္စတန် ၀န်ကြီးချုပ်ကိုယ်တိုင် သူမကို ဆုများ ချီးမြှင့်ခဲ့တယ်။
         ဒူဘိုင်း (Dubai) မှာ ကျင်းပခဲ့တဲ့ IT (Information Technology) Professionals များ၏ အခမ်းအနား တွေကိုလည်း သူမတက်ရောက်ခဲ့တယ်။ Microsoft ၏ ဖိတ်ကြားခြင်းခံရလို့ သူမ တက်ရောက်ခဲ့တဲ့ Barcelona မှာကျင်းပသည့် Teh-Ed Developers conference  တွေ့ဆုံစည်းဝေးပွဲမှာ သူမဟာ ကွန်ပြူတာ အတတ်ပညာရှင်ပေါင်း ၅၀၀၀ အထဲမှ တစ်ဦးတည်းသော ပါကစ္စတန်တစ်ယောက် ဖြစ်တယ်။

     

         Arfa Karim Randhawa (အာဖါ ကရင်မ်) အမည်ရှိ သူမကို ပါကစ္စတန်နိုင်ငံ Faisalabad မြို့နယ်အတွင်းရှိ ရွာလေးတစ်ရွာတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ ၁၉၉၅ ခုနှစ်တွင် မွေးဖွားခဲ့သည်။ မိသားစုတွင် သမီးကြီးဖြစ်၍ မောင်ငယ်နှစ်ယောက်ရှိကာ သူမသည် အစ္စလာမ်ဘာသာ ကိုးကွယ်သည်။ အသက် ၁၆ နှစ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သူမ နေထိုင်မကောင်းသည့် အချိန် ဆေးရုံတက်နေစဉ် Bill Gates    မှ ဆေးရုံကုန်ကျစရိတ်ကို ကျခံရန် သူမ၏ မိဘများကို ကမ်းလှမ်းခဲ့ပြီး ဒီ့ထက်ကောင်းမွန်တဲ့ နည်းလမ်းများဖြင့် ကုသနိုင်ရန် အမေရိကားသို့ ခေါ်ဆောင်ရန် ဆွေးနွေးခဲ့သည်။ သို့သော် အသက်ရှုစက် တပ်ဆင်ထားရသောကြောင့် အပြောင်းအရွှေ့ မပြုလုပ်လိုသောကြောင့် ထိုအကောင်အထည် အထမမြောက်ခဲ့ပေ။
       ဇန်န၀ါရီလ ၁၄ ရက်နေ့ ၂၀၁၂ ခုနှစ်တွင် Arfa သေဆုံးခဲ့ရာ အစ္စလာမ်ဘာသာဝင်များ၏ ထုံးစံအရ သေဆုံးသူအတွက် ၀တ်ပြုဆုတောင်းပွဲ (Namaz-e-Janaza, ဂျာနာဇာ နမာဇ်) ကို ပြုလုပ်ခဲ့ပြီး သူမ၏ မွေးဖွားရာဇာတိ ရွာလေးတွင် မြှုပ်နှံခဲ့သည်။ သူမ ဘ၀တွင် လူတော်တော်များများ မရရှိနိုင်သော အောင်မြင်မှု၊ ထင်ရှား လူသိများမှု၊ အသက်ငယ်ရွယ်ပေမယ့် ပညာတစ်ရပ်မှာ ထူးချွန်ပေါက်မြောက်မှုတွေ ရရှိခဲ့သည်။ Arfa အကြွေစောခဲ့ခြင်းဟာ ပါကစ္စတန်နိုင်ငံ အတွက် ဆုံးရှုံးမှုတစ်ရပ် ဖြစ်တယ်။ Arfa ဆုံးသွားတဲ့ သတင်းကြားပြီး Bill Gates ပြောခဲ့သည်မှာ  “Today is the black day of my life and same for Pakistan because I lost my princess colleague and Pakistan loss her Pakistani”
         သူမ ရရှိခဲ့သည့် ဆုများမှာ –
    – Fatimah Jinnah Gold Medal in the field of Science and Technology in August 2005, presented by the Prime Minister of Pakistan
    – Salam Pakistan Youth Award in August 2005, presented by President of Pakistan
    – Award for Pride of Performance
    – Ambassador for Pakistan Telecommunication Company
    – After her death, Lahore Technology Park would be changed to Arfa Software Technology Park
    Arfa and Bill Gates (left)
    Praying at Arfa Karim’s funeral
       *      *        *
       Arfa Karim ၏ အင်တာဗျုးလေးကို ဆက်လက် ဖတ်ရှုနိုင်ပါတယ်။
    မေး။ ။ ကမ္ဘာပေါ်မှာ အသက်ငယ်ဆုံး ကွန်ပြူတာပညာရှင် genius တစ်ယောက်အနေနဲ့ ဘယ်လိုခံစားရပါသလဲ?
    ဖြေ။ ။  သမီး အရမ်းပျော်ပါတယ်။ ဒီလိုမျိုး လူသိများလာမယ်၊ ကြီးမားတဲ့ကိစ္စ တစ်ခု ဖြစ်လာမယ်လို့ သမီး မထင်ထားခဲ့ဘူး။ ဒါပေမယ့် ကိစ္စတစ်ခုကို အောင်မြင် အထမြောက်အောင် ပြုလုပ်နိုင်လို့ အရမ်းပျော်ပါတယ်။
    မေး။  ။  အခုလိုမျိုး ဖြစ်လာတဲ့ ဇာတ်လမ်းကို ပြောပြပေးပါဦး?
    ဖြေ။   ။ သမီး မူကြိုအရွယ်တည်းက ကွန်ပြူတာအခန်းတွေ အရှေ့က ဖြတ်သွားရရင် ကျောင်းသားကြီးတွေ အသုံးပြုနေတဲ့ သေတ္တာပုံလေးထောင့်အရာနဲ့ ကလစ်နှိပ်နေတဲ့ ဘဲဥပုံသဏ္ဍန်အရာကို စိတ်ဝင်စားခဲ့တယ်။ ပြီးတော့ သူတို့တွေ ဘာတွေ လုပ်နေလဲဆိုတာကို သိပ်သိချင်ခဲ့တယ်။ အဲ့ဒီကနေ သမီးရဲ့ စိတ်ဝင်စားမှု စတင်ခဲ့ပါတယ်။ သမီးအသက် ၇ နှစ်အရွယ်မှာ အဖေက ကွန်ပြူတာတစ်လုံး ၀ယ်ပေးခဲ့ပြီး သုံးရတာကို သမီးနှစ်သက်ခဲ့ပါတယ်။ Microsoft Word၊ PowerPoint တွေကို ကိုယ့်ဘာသာ လေ့လာမှတ်ယူခဲ့ပါတယ်။ ဒါနဲ့ သမီးအဖေက ကွန်ပြူတာကျောင်း (Computer Institute) ကို ခေါ်သွားပြီး ကျောင်းမှာ စစ်ဆေးမှု လုပ်ခဲ့ပါတယ်။ အဲ့ဒီအခါမှာ သမီးက တော်တော်များများ သိထားတော့ software နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို တန်းပြီး လေ့ကျင့်ပေးပါတယ်။
    မေး။  ။ ဘယ်လို လေ့လာပြင်ဆင်ခဲ့ပါသလဲ?
    ဖြေ။   ။ ကျောင်းပိတ်ရက်တွေမှာ ကွန်ပြူတာကျောင်းမှာ သမီး မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ လေ့လာသင်ယူပါတယ်။ အစပိုင်းမှာ ပျင်းစရာကောင်းတယ် ထင်ပေမယ့် Windows-based application တွေက သုံးရတာလည်း လွယ်ကူပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲ့ဒါနဲ့ Assignments တွေလုပ်၊ ဂိမ်းတွေကစားနဲ့ ကျောင်းမှာ ပျော်ရွှင်ခဲ့ပါတယ်။
    မေး။  ။ စာမေးပွဲ ဖြေတဲ့အခါ ဘယ်လိုပုံစံ မေးခွန်းမျိုးလဲ?
    ဖြေ။   ။  ၃ နာရီကြာ Multiple choice  (အဖြေများထဲမှ မှန်ရာကို ရွေးရခြင်း) မေးခွန်းတွေကို ၄၅ မိနစ်နဲ့ အပြီးဖြေခဲ့ပြီး အောင်ခဲ့ပါတယ်။
    မေး။   ။ အောင်မြင်မှုတွေရဖို့ ဘ၀မှာ ဘယ်လို ပြောင်းလဲခဲ့လဲ?
    ဖြေ။   ။   Microsoft Pakistan  က သမီးအကြောင်း ကြားတဲ့အခါ ၄ နာရီကြာ စာစစ်မှုမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာ စည်းဝေးပွဲ conferences တွေ၊ အခမ်းအနားတွေကို ဖိတ်ခေါ်ခဲ့တယ်။ ဆုတံဆိပ်တွေလည်း အများကြီး ရခဲ့ပါတယ်၊ ဈေးဝယ်ထွက်တဲ့အခါ၊ လေယာဉ်ကွင်းမှာက အစ လူတွေက သမီးကို မှတ်မိပြီး လာနှုတ်ဆက်ကြတယ်၊ လက်မှတ်ထိုးခိုင်းတယ်။ အရမ်းပျော်ပါတယ်။ တချို့က မေးကြတယ် လွတ်လပ်တဲ့ ကလေးဘ၀ကို မရနိုင်တော့ဘူးပေါ့တဲ့။ ဒါပေမယ့် သမီးက MacDonald  မှာသွားစားတယ်၊ သူငယ်ချင်းတွေနဲ့ ဆော့တယ်။ သမီးလို အရွယ် ကလေးတွေ လုပ်တာ သမီး လွတ်လွတ်လပ်လပ် လုပ်နိုင်ပါတယ်လို့ ပြန်ဖြေခဲ့တယ်။
    မေး။   ။ သမီးလို လူသိများတဲ့ သူတစ်ယောက်ကို ကျောင်းနေဖက်တွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ ဆက်ဆံရေးက အများနဲ့မတူဘဲ ခြားနားလား?
    ဖြေ။   ။  မရှိပါဘူး။ အိမ်မှာ သမီးက MCP တစ်ယောက် မဟုတ်ဘူးလေ။ Arfa ပဲ။ ကျောင်းမှာလည်း အပြိုင်အဆိုင် စာကြိုးစားရတာပဲ။ သမီးက ကိုယ့်ကိုယ်ကိုယ် extraordinary သာမာန်မဟုတ်ဘဲ ထူးထူးခြားခြား တော်နေတယ်လို့ မထင်ပါဘူး။  သမီးရဲ့ စိတ်ဝင်စားစရာ အသက်မွေးဝမ်းကျောင်းမှု ပညာရပ် professional field မှလွဲရင် ကျန်တဲ့နေရာတွေမှာ သာမာန်လူတစ်ယောက်ပါပဲ။ သမီးမှာ ပရောဖက်ရှင်နယ်တစ်ယောက်နဲ့ ကလေးတစ်ယောက် ဘ၀ကို အပြောင်းအလွှဲ လုပ်လို့ရမယ် ခလုတ်တစ်ခု ပါတယ်လေး)
    မေး။   ။  ဟုတ်ပါပြီ။ ဒါဆို သာမာန်  Arfa လေးက အားလပ်ချိန်မှာ ဘာတွေလုပ်တတ်လဲ?
    ဖြေ။   ။ သမီး ကဗျာရေးတယ်၊ ကွန်ပြူတာဂိမ်း ကစားတယ်၊ ကာတွန်းကား ကြည့်တယ်၊ စာဖတ်တယ်၊ ကျမ်းမြတ်ကုရ်အာန်လည်း ဖတ်တယ်၊ cricket ကစားရတာလည်း နှစ်သက်တယ်။
    မေး။   ။ ကြီးလာရင် ဘာလုပ်မယ်လို့ ရည်ရွယ်ချက် ရှိလား?
    ဖြေ။  ။ ကမ္ဘာကြီးက ကြိုးမဲ့ wireless တစ်ခု ဖြစ်လာတော့ သမီး satellite engineer တစ်ယောက် ဖြစ်ချင်ပါတယ်။ Software တွေကို အသုံးပြုပြီး တစ်ခုခု လုပ်မယ်။
    မေး။   ။   Bill Gates နဲ့ တွေ့ခဲ့ရတဲ့ အကြောင်း ပြောပြပါဦး?
    ဖြေ။   ။ သူက နူးညံ့ကြင်နာပြီး စကားကို ညင်သာစွာ ပြောတတ်တယ်၊ မာန မရှိဘူး။ သူ့ဆီက သမီး နားလည် သင်ယူလိုက်တာက အမြင့်ကို ရောက်လေ၊ ပိုပြီး ကျိုးနွံယဉ်ကျေးလေ ဆိုတာပါပဲ။
    Ref: Wikipedia, Gulf News, Daily Mail, BBC
    (ကျွန်မတို့ လူငယ်တွေ အတုယူ အားကျနိုင်စေရန် ငယ်ရွယ် ထူးချွန်သည့် ပါကစ္စတန် မိန်းကလေး Arfa Karim အကြောင်း ဘာသာပြန် ရေးလိုက်ရပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆုံးပါးသွားတော့ အင်မတန်မှ နှမြောမိသလို သနားမိပါတယ်။ အစ္စလာမ်ဘာသာဝင် မွတ်စလမ် မိန်းကလေးငယ်များ၊ အမျိုးသမီးများ လောကီပညာရေးနှင့်၊ လောကုတ္ထရာ ဘာသာရေး ဗဟုသုတများကို လေ့လာသင်ယူပြီး ထူးချွန်ထက်မြတ်တဲ့ မွတ်စလမ်အမျိုးကောင်းသမီးများ ဖြစ်ကြပါစေရှင်…။ စာလာဖတ်သူများ အားလုံး ကျေးဇူးပါ။ )
    Rose
    မူရင်း http://redroseofburma.blogspot.com/2012/01/arfa-karim.html မှကူးယူဖော်ပြပါသည်။