ဒီဇင်ဘာ ၂၃ ၊ ၂၀၁၆
M-Media
သီဟ
.
နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား Identity Card for National Verification (NV Card)များကို လ.ဝ.က မှ ထုတ်ပေးရန် ဆောင်ရွက်နေမှုနှင့် စပ်လျဉ်းပြီး မြန်မာမွတ်စလင်မ် အရပ်ဖက် အဖွဲ့အစည်းအချို့ စုပေါင်း၍ ဒီကနေ့ ရက်စွဲဖြင့် သဘောထားအကြံပြုချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
-
NVC ကိစ္စ မြန်မာမွတ်စလင်မ် အရပ်ဖက် အဖွဲ့အစည်းအချို့ သဘောထားထုတ်ပြန်
-
NVC ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များသို့ ပန်ကြားချက်
ဒီဇင်ဘာ ၁၀ ရက်နေ့က လ.၀.က အရာရှိများနှင့် အစ္စလာမ်ဘာသာရေး အဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံစဉ် (ဓါတ်ပုံ-Ma Toke) ၁။ (၁၀-၁၂-၂၀၁၆) ရက်နေ့တွင် NVC ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ အမြဲတန်းအတွင်းဝန်၊ အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့ကို ရန်ကုန်အနောက်ပိုင်း ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
.
၂။ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက (၁၉-၁၂-၂၀၁၆) ရက်စွဲပါ စာအမှတ်-မအဘ/စီမံ/၅၉/၂၀၁၆ (အစ-၅)ဖြင့် ၎င်း၏အဖွဲ့ခွဲအားလုံးသို့ “နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား (NV Card) ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့သည့် အခြေအနေရှင်းလင်းတင်ပြခြင်း” အကြောင်းအရာခေါင်းစဉ်ဖြင့် စာတစ်စောင်ထုတ်ပြန်ခဲ့ပါသည်။
.
၃။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး တာဝန်ရှိသူများက ဆွေးနွေးချက်များကို ဖော်ပြသော အဆိုပါ စာအပိုဒ်-၄ တွင် ဦးကျော်ငြိမ်း၏ ဆွေးနွေး တင်ပြချက် အကျဉ်းကို ဖော်ပြခဲ့ခြင်းမရှိပါ။ ၎င်းစာတွင် NVC ကို လက်မခံကြောင်း ဥပဒေ အချက်အလက်များလည်း မပါဝင်ခဲ့ပါ။
.
၎။ ထိုအစည်းအဝေးတွင် အမြဲတန်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က နိုင်ငံသားစိစစ်ခံရ မည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးခြင်းကိစ္စကို အဓိကရှင်းလင်းပြောကြားခြင်း ဖြစ်ပါသည်။ (၁၉-၁၂-၂၀၁၆) ရက်စွဲစာပါ အကြောင်းအရာတွင် ညှိနှိုင်းဆွေးနွေးကြောင်း ဖော်ပြထား သော်လည်း နောက်ပိုင်းတွင် NVC ကို လက်ခံရန် ဖိအားပေးခံရကြောင်း သိရှိရပါသည်။
.
၅။ ထို့အပြင် အဆိုပါ (၁၉-၁၂-၂၀၁၆)ရက်စွဲပါ စာသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အဖွဲ့ကြီး၏ အဖွဲ့ခွဲများသို့ ရှင်းလင်းတင်ပြသော စာမျှသာဖြစ်ရာ (၁၀-၁၂-၂၀၁၆)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သော ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များထံသို့ လိပ်မူ၍ မိမိတို့၏ သဘောထားများကို ပြတ်ပြတ်သားသား ဖော်ပြသော စာတစ်စောင်ကို လက်မှတ်ရေးထိုးပေးပို့သင့်ပါသည်။ မိတ္တူပေးပို့ခြင်း မပြုလုပ်သင့်ပါ။
.
၆။ (၁၉-၁၂-၂၀၁၆) ရက်နေ့စွဲပါစာအပိုဒ်-၄ (တတိယပိုင်း)တွင် “တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံသားဖြစ်သူများကို ကြန့်ကြာမှုမရှိစေဘဲ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရန် လိုအပ်ကြောင်း” ဖော်ပြထားရာ၊ တည်ဆဲဥပဒေများတွင် NVC ကို ထုတ်ပေးနိုင်သော ၁၉၅၁ ခုနှစ်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေသည် တည်ဆဲဥပဒေတစ်ရပ်အဖြစ် တည်ရှိနေသည်ကို သတိပြုသင့်ပါသည်။ ပြဌာန်းထားသော ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် ရှင်းရှင်းလင်းလင်းဖော်ပြသင့်ပါသည်။
.
၇။ (၂-၉-၂၀၁၆)ရက်စွဲပါ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ အစ္စလာမ် ဘာသာဝင်များသို့ အသိပေး အကြောင်းကြားစာတွင်လည်း “အဆိုပါ (NVC) အစိမ်းရောင်ကဒ် ထုတ်ပေးခြင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး အနေဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် ညှိနှိုင်း ဆွေးနွေးရန် ရှိပါသဖြင့် ဆွေးနွေးမှုရလဒ် ထွက်ပေါ်လာပြီးမှသာ ၎င်းကိစ္စနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်ကြပါရန်”ဟု ဖော်ပြထားရာ “ဆွေးနွေးမှုရလဒ် ထွက်ပေါ်လာပြီး မှသာ” စကားရပ်တွင် ဆွေးနွေးမှု ရလဒ်သည် အဖြေ(၂)မျိုး ထွက်နိုင်ပါသည်။ NVC ကို လက်ခံသည် သို့မဟုတ် လက်မခံပါ။ အဖြေ(၂)ရပ်အနက်၊ NVC ကို လက်ခံကြောင်း ဆွေးနွေးပွဲရလဒ် ပေါ်ထွက် လာလျှင်၊ အစ္စလာမ်ဘာသာဝင်အားလုံးက မလွဲမသွေ လက်ခံရသကဲ့သို့ သဘောဆောင်နေပါသည်။ ထို့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် အစ္စလာမ် ဘာသာဝင် အားလုံးကို ကိုယ်စား ပြု၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဆွေးနွေးသကဲ့သို့ သဘောဆောင်နေပါသည်။
.
သို့ပါ၍ NVC ကိစ္စနှင့်ပတ်သက်၍ အားလုံးကိုကိုယ်စားပြုသော (All inclusive) ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သင့် ပါကြောင်း လေးစားစွာ အကြံပြုတင်ပြအပ်ပါသည်။
.
(ဤရှင်းလင်းတင်ပြချက်သည် မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ရပ်ရပ်ကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်မရှိပါ။ အမျိုးသားရေးကိစ္စဖြစ်၍ အမုန်းခံတင်ပြခြင်းသာဖြစ်ပါသည်။)
.
ခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)
ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၃) ရက်** (ဦး)ခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ)မှM-Media ပေးစာကဏ္ဍသို့ ပေးပို့လာသောစာဖြစ်သည်။
ဆက်စပ်အကြောင်းအရာများ ဖတ်ဖို့
- NVC ထုတ်ပေးခြင်း ကိစ္စ လ.ဝ.က နှင့် ဆွေးနွေးခဲ့မှု အစ္စလာမ်အဖွဲ့ကြီးမှ သတင်းထုတ်ပြန်
http://www.m-mediagroup.com/news/63643 - NO NVC ! (သူ့အမြင်)
http://www.m-mediagroup.com/news/63359 - NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းသွားလိမ့်မယ်
http://www.m-mediagroup.com/news/59912
- NVC ထုတ်ပေးခြင်း ကိစ္စ လ.ဝ.က နှင့် ဆွေးနွေးခဲ့မှု အစ္စလာမ်အဖွဲ့ကြီးမှ သတင်းထုတ်ပြန်
-
ဆေးရုံများ – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၅)
ဒီဇင်ဘာ ၂၃၊ ၂၀၁၆
M-Mediaရာဇာ တင်ဆက်သည်– လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က မွတ်စလင်ဆေးရုံတွေဟာ ဆေးကုသမှုတင်မကဘဲ ပြန်လည်ထူထောင်ရေး၊ ခိုလှုံခွင့်ပေးရေးနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ ဖြစ်တည်လာတာ ဖြစ်ပါတယ်။ နေထိုင်မကောင်းသူတွေကို ပြုစုကုသပေးတာဟာ ကိုယ်ကျင့်တရားကောင်းမွန်တဲ့ လက္ခဏာဖြစ်တယ်လို့ မွတ်စလင်တွေက ယူဆတာကြောင့် အဲဒီဆေးရုံတွေဟာ ဆင်းရဲချမ်းသာမရွေး၊ အယုတ် အလတ် အမြတ်မရွေးရဲ့ မှီခိုအားထားရာ နေရာတွေ ဖြစ်ခဲ့ပါတယ်။
စောစောပိုင်းမှာ မွတ်စလင်တွေဟာ ဒီ ဆေးရုံတွေကို ‘၀ကားဖ်’ (waqaf) လို့ခေါ်တဲ့ အကျိုးကုသိုလ်မျှော်ကိုးတဲ့ ဘာသာရေးဆိုင်ရာ လှူဒါန်းမှုတွေကနေတစ်ဆင့် တည်ထောင်ကြပြီး ထိန်းသိမ်းစောင့်ရှောက်မှုကိုတော့ ပြည်သူ့ဘဏ္ဍာတိုက်ထဲက ကျခံသုံးစွဲတာ ဖြစ်ပါတယ်။ အစိုးရရဲ့ ဒီလို ထောက်ပံ့မှုကြောင့် အဲဒီဆေးရုံတွေဟာ ရာစုနှစ် ၂ ခုအတွင်း ဆေးသိပ္ပံဆိုင်ရာ အဓိကနေရာတွေ ဖြစ်လာခဲ့ပြီး လူထုအတွက် မရှိမဖြစ် ဖြစ်လာခဲ့ပါတော့တယ်။
မွတ်စလင်တွေမတိုင်ခင်က ဂရိတွေမှာ Healing temples လို့ခေါ်တဲ့ ဆေးကုသရာ နေရာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ သိပ္ပံနည်းကျလေ့လာမှု၊ လက်တွေ့ကုသမှုတွေထက် ဂမ္ဘီရဆန်ဆန်သာ ဖြစ်ပါတယ်။ ဂရိက ဘိုင်ဇန်တိုင်း ပရဟိတအဖွဲ့ဖြစ်ပြီး ‘ခရီးသွားသူများ၏ နားခိုရာ’ လို့ အဓိပ္ပါယ်ရတဲ့ ‘ဇီနိုဒိုချီယွန်’ (Xenodocheion) ကတော့ နူနာစွဲတဲ့သူတွေ၊ နာတာရှည်ရောဂါသည်တွေနဲ့ ဆင်းရဲချို့တဲ့သူတွေကို ပြုစုကုသမှုတွေ ပြုလုပ်ခဲ့ပြီး ဆေးရုံတစ်ခုရဲ့ အင်္ဂါရပ်နဲ့ နီးစပ်သလောက် ရှိခဲ့ပါတယ်။
မွတ်စလင်တွေရဲ့ ဆေးရုံတွေဟာ ၈ ရာစု ဘဂ္ဂဒတ်မှာ စတင် ပေါ်ပေါက်ခဲ့တာပါ။ အဲဒီဆေးရုံတွေဟာ ဘိုင်ဇန်တိုင်းတွေရဲ့ ဇီနိုဒိုချီယွန်နဲ့ဆင်ပြီး ဆင်းရဲချို့တဲ့သူတွေ၊ နာတာရှည်ရောဂါသည်တွေနဲ့ နူနာစွဲသူတွေကို ကုသပေးခဲ့ပါတယ်။ ဒါပေမယ့် ပထမဆုံး စနစ်ကျတဲ့ ဆေးရုံတွေက သက္ကရာဇ် ၈၇၂ နဲ့ ၈၇၄ ကြား ကိုင်ရိုမှာ ပေါ်ထွက်လာခဲ့ပါတယ်။ အဟ်မဒ် အစ်ဗနေ့ တူလန် ဆေးရုံ (Ahmad ibn Tulun Hospital) ကတော့ လူနာအားလုံးကို ဆေးကုသမှုနဲ့ ဆေးဝါးထောက်ပံ့မှုကို အခမဲ့ ပြုလုပ်ပေးပါတယ်။ ဒါတင်မကသေးဘဲ အမျိုးသမီးနဲ့ အမျိုးသားတွေအတွက် သီးသန့်ရေချိုးခန်း၊ စာအုပ်စုံတဲ့ စာကြည့်တိုက်တစ်ခုလည်း ပါဝင်ပြီး အဲဒီအချိန်တုန်းက ခေတ်ရှေ့ပြေးလို့ ပြောလို့ရတဲ့ စိတ်ရောဂါဆိုင်ရာ ဌာနတစ်ခုကိုလည်း ထည့်သွင်းထားပါတယ်။ ဆေးရုံတက်ပြီဆိုတာနဲ့ လူနာတွေဟာ သူတို့ရဲ့ မူလအ၀တ်အစားတွေ၊ တန်ဖိုးရှိပစ္စည်းတွေကို ဆေးရုံတာဝန်ရှိသူတွေထံ အပ်နှံရပြီး၊ ဆေးရုံကထုတ်ပေးတဲ့ တူညီဝတ်စုံကို ၀တ်ဆင်ရသလို၊ ကုတင်ကိုလည်း ဆေးရုံက သတ်မှတ်ပေးပါတယ်။
“ဆေးရုံရဲ့တာဝန်က နေထိုင်မကောင်းသူတွေ၊ ချို့တဲ့သူတွေ၊ အမျိုးသား၊ အမျိုးသမီးမခြား ပြုစုစောင့်ရှောက်မှု ပေးဖို့ပါပဲ။ အာဏာရှိသူ၊ အာဏာမဲ့သူမရွေး၊ ဆင်းရဲ ချမ်းသာမရွေး၊ အရှင်သခင် လက်အောက်ငယ်သားမရွေး၊ နိုင်ငံသား နိုင်ငံခြားသားမရွေး အခကြေးငွေမယူဘဲ ကုသပေးမယ့် ဘုရားသခင်ရဲ့ ကျေနပ်မှုကို မျှော်ကိုးတဲ့ ဆေးရုံဖြစ်ပါတယ်” (ကိုင်ရိုရှိ အလ်-မန်ဆူရီဆေးရုံ၏ ခံယူချက်)
စောစောပိုင်း မွတ်စလင်ကမ္ဘာက အရေးပါတဲ့ ဆေးရုံတွေထဲမှာ သက္ကရာဇ် ၉၈၂ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ ဘဂ္ဂဒါဒီဆေးရုံ (Baghdadi Hospital) လည်း ပါဝင်ပြီး သမားတော် ၂၄ ဦးနဲ့ လည်ပတ်တာ ဖြစ်ပါတယ်။ ၁၂ ရာစု ဒမတ်စကတ်မှာ နူရီဆေးရုံ (Nuri Hospital) လို့ခေါ်တဲ့ ပိုပြီး ကြီးမားတဲ့ ဆေးရုံတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီဆေးရုံမှာ ဆေးဝါးဆိုင်ရာ ညွှန်ကြားမှုတွေပေးသလို ဆေးဝါးပညာရှင်တွေ၊ ဆံသသမားတွေ၊ အရိုးအကြောပညာရှင်တွေ၊ မျက်စိအထူးကုနဲ့ သမားတော်တွေလည်း ရှိခဲ့တယ်လို့ ၁၃ ရာစုက ရေးသားခဲ့တဲ့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ကိုင်ရိုမှာ အင်မတန်ကောင်းမွန်တဲ့ ဆေးရုံကြီး ၃ ခု ရှိခဲ့ပြီး အဲဒီအထဲက အကျော်ကြားဆုံးကတော့ အလ်-မန်ဆူရီဆေးရုံ (Al-Mansuri) ဖြစ်ပါတယ်။ ၁၃ ရာစု အီဂျစ်ရဲ့ မမ်လွက်ဘုရင် (Mamluk) လက်ထက်မှာ အလ်-မန်ဆူရ် ကွာလာဝမ် (Al-Mansur Qalawun) ဟာ အိမ်ရှေ့မင်းသားအရာမှာပဲ ရှိပါသေးတယ်။ ဆီးရီးယားကို စစ်ချီတဲ့အခါမှာ ကျောက်ကပ်ရောဂါကို ခံစားခဲ့ရတဲ့ အလ်-မန်ဆူရ်ဟာ ဒမတ်စကတ်က နူရီဆေးရုံမှာ ကုသမှုခံယူခဲ့ပြီး ဒီဆေးရုံကို အားကျခဲ့ပါတယ်။ ထီးနန်းအရိုက်အရာကို ဆက်ခံပြီးပြီးချင်း ဒီလို ဆေးရုံမျိုး တည်ဆောက်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပြီး အဲဒီ သန္ဓိဌာန် အတိုင် အလ်-မန်ဆူရ်ဟာ ကိုင်ရိုမှာ အလ်-မန်ဆူရီ ဆေးရုံကို တည်ဆောက်ခဲ့ကာ အောက်ပါအတိုင်း ရည်စူးခဲ့ပါတယ်။
“အဆင့်တန်းတူသူ သာလွန်သူမရွေး၊ စစ်သား၊ မင်းဆွေမင်းမျိုးမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ လွတ်လပ်သူ၊ ကျွန်ဖြစ်သူမရွေး၊ အမျိုးသား၊ အမျိုးသမီးမရွေး လူတိုင်းရဲ့ အကျိုးအတွက် ၀ကားဖ်လှူဒါန်းခြင်းဖြစ်ကြောင်း နီယသ်အဓိဌာန်ပြုပါသည်”
သက္ကရာဇ် ၁၂၈၄ ခုနှစ်မှ အလ်-မန်ဆူရီဆေးရုံကြီးကို ၀င်ပေါက် ၄ ခုနဲ့ တည်ဆောက်ခဲ့ပြီး ၀င်ပေါက် တစ်ခုချင်းဆီရဲ့အလယ်မှာ ရေပန်းတစ်ခုစီ ထားရှိပါတယ်။ ဆေးရုံမှာ သမားတော်တွေအစုံနဲ့ လူနာတွေအတွက် ဆေးပစ္စည်းအစုံရှိအောင်လည်း ဘုရင် အလ်-မန်ဆူရ်က စီစဉ်ပေးထားပါတယ်။ အမျိုးသားလူနာတွေကို ကုသပေးဖို့အတွက် အမျိုးသားဝန်ထမ်း၊ အမျိုးသမီးလူနာအတွက် အမျိုးသမီး ၀န်ထမ်းတွေကိုလည်း သီးသန့်ထားပေးထားပြီး အမျိုးသားဆောင်၊ အမျိုသမီးဆောင်ဆိုပြီး ခွဲခြားပေးထားပါတယ်။ အိပ်ယာတွေမှာလည်း မွေ့ယာတွေ ထားပေးထားပြီး သီးသန့်ဧရိယာတွေကိုလည်း လုပ်ထားပေးပါတယ်။ ဆေးရုံရဲ့နေရာတိုင်းမှာ ရေကို လိုသလိုဖွင့်သုံးလို့ရအောင် ဖန်တီးပေးထားကာ ဆေးရုံအုပ်ကြီးစာပြဖို့ သီးသန့်အခန်းတစ်ခုကိုလည်း ထားရှိပါတယ်။ ဆေးရုံတက်ဖို့အတွက် ဘယ်လိုကန့်သတ်ချက်မျိုးမှ မရှိဘဲ၊ ဆေးရုံထဲမှာရှိတဲ့ ဆေးဌာနကတော့ အိမ်မှာ ဆေးသောက်ရမယ့် လူနာတွေအတွက် ဆေးတွေကို တာဝန်ယူ ဖြန့်ဝေပေးပါတယ်။
အဲဒီလို အစောပိုင်းဆေးရုံကြီးတွေကို အတုယူပြီးတဲ့နောက် မွတ်စလင်ကမ္ဘာမှာ စနစ်ကျတဲ့ ဆေးရုံတွေ အလျှိုအလျှို ပေါ်ထွက်လာခဲ့ပြီး စပိန်က အန်ဒါလူစီယာ၊ စစ္စလီနဲ့ မြောက်အာဖရိကတို့အထိ ရောက်ရှိခဲ့ပါတော့တယ်။ မွတ်စလင်ကမ္ဘာက ဒီဆေးရုံတွေကို ဥရောပသားတွေက အားကျခဲ့ပြီး ‘သူရဲကောင်းများ၏ ဆေးရုံ’ လို့ အဓိပ္ပါယ်ရတဲ့ ဟော်စပီတာလီယာ (Hospitaliers) လို ပုံတူဆေးရုံတွေကို တည်ဆောက်ခဲ့ကြပါတယ်။ အဲဒီ ဟော်စပီတာလီယာဟာ ပြင်သစ်ကဆေးရုံပါ။ အီတလီတောင်ပိုင်းက နာမည်ကျော် ဆာလာနိုဆေးရုံ (Salerno) တို့လို ဥရောပတောင်ပိုင်းက ဆေးရုံတော်တော်များများကို တည်ထောင်ရာမှာ မွတ်စလင်သမားတော်တွေ ပါဝင်ခဲ့ပါတယ်။
မွတ်စလင်ကမ္ဘာက ဆေးရုံတွေဟာ တော်တော်လေး ကောင်းကောင်းမွန်မွန်နဲ့ လည်ပတ်ခဲ့တာပါ။ ဥပမာပြောရရင် ၁၂ ရာစုက ခရီးသွားတစ်ယောက်ဖြစ်တဲ့ အစ်ဗနေ့ ဂျူဘိုင်းရ် (Ibn Jubayr) က (အဲဒီအချိန်တုန်းက ဆေးရုံးနဲ့တူတဲ့ ပထမဆုံး ဆေးရုံဖြစ်နိုင်တဲ့) အလ်-နူရီဆေးရုံက လူနာတွေအပေါ် ကုသမှုနဲ့ ပြုစုစောင့်ရှောက်မှုကို အခုလို ချီးကျူးခဲ့ပါတယ်။
“ဆေးရုံသစ် (အလ်-နူရီ) ဟာ (ဒမတ်စကတ်က ဆေးရုံ) နှစ်ခုထဲမှာ လူနာအများဆုံးနဲ့ အကြီးဆုံးပါ။ ဒီဆေးရုံရဲ့ တစ်နေ့တာ ကုန်ကျငွေဟာ ဒီနာရ်ရွှေဒင်္ဂါး ၁၅ ပြားဖြစ်ပါတယ်။ ဆေးရုံကို ကြီးကြပ်သူတစ်ဦး ရှိနေပြီး သူက လူနာရဲ့အမည်၊ ဆေးဝါး၊ အစားအသောက်နဲ့ အခြားပစ္စည်းပစ္စယာတွေအတွက် ကုန်ကျမှုတွေကို ရေးမှတ်ထားတဲ့ စာရင်းတွေကို ကိုင်ရပါတယ်။ သမားတော်တွေက မနက်တိုင်းလာပြီး လူနာတွေကို စစ်ဆေးတယ်၊ လိုအပ်တဲ့ဆေးတွေ၊ လူနာတစ်ဦးချင်းစီနဲ့ သင့်တော်မယ့် အဟာရတွေကို စီစဉ်ပေးပါတယ်”
အရှေ့အလယ်ပိုင်းတစ်ခွင်ကို ခရီးသွားခဲ့စဉ် သူဖြတ်သွားတဲ့ ဒေသအများစုက မြို့ကြီးတိုင်းမှာ ဆေးရုံတစ်ခုမက တွေ့ရတယ်လို့ အစ်ဗနေ့ ဂျူဘိုင်းရ်ဟာ မှတ်တမ်းတင်ခဲ့ပြီး၊ ဒီဆေးရုံတွေဟာ ‘အစ္စလာမ့် ဂုဏ်သိက္ခာရဲ့ အကြီးကျယ်ဆုံး သက်သေများထဲမှတစ်ခု’ လို့တောင် ကင်ပွန်းတပ်ခဲ့ပါတယ်။
မွတ်စလင်ကမ္ဘာက ဒီဆေးရုံတွေရဲ့ အတွေးအခေါ်တွေကလည်း အရှေ့ရောက်ပြီး ကိုယ်ခန္ဓာမှာ ခံစားရတဲ့ ဝေဒနာတွကိုသာ ကုသတာတင် မဟုတ်ပါဘူး။ ၉ ရာစု ဘဂ္ဂဒတ်ကဆေးရုံမှာ အလ်-ရာဇီဆိုတဲ့ မွတ်စလင် စွယ်စုံရပညာရှင်ကြီးဟာ စိတ်ကျန်းမာရေး ချို့တဲ့သူတွေကို ကုပေးဖို့အတွက် သီးသန့် အဆောင်တစ်ခုကို ထားရှိခဲ့ပါတယ်။
“စာအုပ်တွေမရှိဘဲနဲ့ ဆေးပညာလေ့လာသူတစ်ဦးဟာ အပြောကျယ်တဲ့ သမုဒ္ဒရာထဲမှာ လမ်းပျောက်နေသူတစ်ဦးနဲ့တူပြီး၊ လူနာမရှိဘဲ ဆေးပညာလေ့လာသူကတော့ သမုဒ္ဒရာပျောက်နေတဲ့သူနဲ့ တူပါတယ်” (ကနေဒါ သမားတော် ဆာ ၀ီလီယံ အော့စလာ (၁၈၄၉-၁၉၁၉))
ဆေးတက္ကသိုလ်
တက္ကသိုလ်ပါတွဲထားတဲ့ အဲဒီဆေးရုံတွေဟာ ဒီနေ့ခေတ်လိုမျိုးပဲ ဆေးကျောင်းသားအသစ်တွေ အခြေခံ ခိုင်မာစေဖို့ လေ့ကျင့်ပေးရာနေရာလည်း ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ လောက်က ဒီဆေးရုံတွေဟာ ဆေးကျောင်းသားတွေအတွက် စာတွေ့၊ လက်တွေ့ သင်ခန်းစာတွေကို ပထမဆုံး သင်ကြားပေးရာနေရာလည်း ဖြစ်ခဲ့ပါတယ်။
တစ်တစ်ယောက်ချင်းစီ သင်ကြားတဲ့စနစ်၊ အသင်းအဖွဲ့လိုက် သင်ကြားတဲ့စနစ်တွေ ရှိခဲ့ပါတယ်။ သင်ကြားပို့ချမှုကို ဆေးရုံက ဟောခန်းကြီးတစ်ခုမှာ ပြုလုပ်တာဖြစ်ပြီး၊ ပို့ချမယ့်အကြောင်းအရာကို သမားတော်ကြီးတစ်ဦးက ဆေးဘက်ဆိုင်ရာ စာအုပ်ထဲကနေ ဖတ်ပြကာ၊ ဆေးရုံအုပ်၊ ဒါမှမဟုတ် သမားတော်ချုပ်က ကျောင်းသားတွေနဲ့ အပြန်အလှန် ဆွေးနွေးကြတာ ဖြစ်ပါတယ်။
ဆေးကျောင်းသားအများစုဟာ ဆေးဘက်ဆိုင်ရာ အကြောင်းအရာတွေကို နာမည်ကျော် သမားတော်တွေနဲ့ ဆွေးနွေးလေ့ရှိနေပြီး အဲဒီအချိန် မွတ်စလင်ကမ္ဘာမှာ စက္ကူကို လိုသလောက် ထုတ်လုပ်နိုင်ပြီဖြစ်တာကြောင့် ဆေးကျောင်းသားတွေဟာ သူတို့တစ်ယောက်ချင်းစီ မှတ်သားထားတဲ့ မှတ်စုတွေကိုလည်း ကိုယ်တိုင် ထိန်းသိမ်းထားနိုင်ပါတယ်။ ဥရောပမှာတော့ ဒီလိုမှတ်စုတွေကို ကျောင်းသားတွေက ပိုင်ဆိုင်တယ်ဆိုတာ ရှားပါးပါတယ်။
သမားတော်ချုပ် ဒါမှမဟုတ် ဆေးရုံအုပ်ဆီက သင်ကြားမှုပြီးတဲ့အခါ တစ်ဆက်တည်းပြုလုပ်တဲ့ အုပ်စုလိုက် သင်ကြားမှုက ပိုပြီးအရေးပါပါတယ်။ ကျောင်းသားတွေဟာ သမားတော်တွေနဲ့ ပြင်ပလူနာဌာနကို လိုက်သွားရကာ ဆေးမှတ်တမ်းကြည့်ရှုပြီး လူနာတွေကို စမ်းသပ်စစ်ဆေးတာ၊ ညွှန်ကြားချက်ပေးတာတွေကို လေ့လာမှတ်သားရပါတယ်။
ခေတ်သစ်ဆေးရုံများ၏ ရှေ့ပြေးဖြစ်သော ၁၂ ရာစု ဒမတ်စကတ်မှ အလ်-နူရီဆေးရုံး အဲဒီလို ဆေးရုံနဲ့တွဲထားတဲ့ ဆေးကျောင်းတွေထဲကတစ်ခုတော့ ဒမတ်စကတ်က အလ်-နူရီဆေးရုံ ဖြစ်ပါတယ်။ သမားတော် အဘူ အလ်-မဂျစ် အလ်-ဘာဟီလီ (Abu al-Majid al-Bahili) နဲ့ ၁၂ ရာစုက အုပ်ချုပ်သူ နူရ် အလ်-ဒင် အစ်ဗနေ့ ဇန်ဂီ (Nur al-Din ibn Zangi) တို့ရဲ့ တိုက်ရိုက်ကြီးကြပ်မှုနဲ့အတူ ပေါ်ပေါက်လာတဲ့ ဒီဆေးရုံကို အုပ်ချုပ်သူရဲ့နာမည်တင်စားပြီး မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အစ်ဗနေ့ ဇန်ဂီဟာ ဆေးရုံးအတွက် လိုအပ်တဲ့ ဆေးဝါးကိရိယာတွေ၊ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးသလို ဆေးဘက်ဆိုင်ရာ စာအုပ်စာတမ်း တော်တော်များများကိုလည်း လှူဒါန်းခဲ့ပါတယ်။ အဲဒီစာအုပ်တွေကိုတော့ ဆေးရုံမှာ အထူးအဆောင်တစ်ခုလုပ်ကာ ထိန်းသိမ်းထားရှိပါတယ်။
နှလုံးနဲ့ အဆုတ်အကြား သွေးလှည့်ပတ်မှုစနစ် (leser circulation) ကို ရှာဖွေတွေ့ရှိခဲ့သူ အစ်ဗနေ့ အလ်-နာဖစ် အလ်-နူရီဆေးရုံဟာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို တစ်ခေတ်ဆန်းစေခဲ့ပါတယ်။ ၁၃ ရာစု အစောပိုင်းတုန်းက အလ်-ဒါခွါ (Al-Dakhwar) ဆိုတဲ့ သမားတော်တစ်ယောက်ဟာ အလ်-နူရီဆေးရုံမှာ လခနည်းနည်းနဲ့ အလုပ်ဝင်လုပ်ခဲ့ပေမယ့် ဆေးကုသရာမှာ နာမည်ကျော်ကြားလှတာကြောင့် အပြင်ပန်းဝင်ငွေ တော်တော်များများရရှိကာ ကြွယ်ဝခဲ့ပါတယ်။ အဲဒီငွေတွေနဲ့ အလ်-ဒါခွါဟာ ဒမတ်စကတ်မြို့ထဲမှာ ဆေးကျောင်းတစ်ခု ထူထောင်ခဲ့ပြီး ဒီနေ့ခေတ် ပုဂ္ဂလိကဆေးရုံနဲ့ ဆေးကျောင်းတို့ရဲ့ ရှေ့ပြေးလည်း ဖြစ်ပါတယ်။
အလ်နူရီဆေးရုံက ဆေးကျောင်းမှာ နာမည်ကြီးသမားတော်တွေ တော်တော်များများ သင်ကြားပို့ချကြပါတယ်။ တစ်ခါတစ်ရံမှာ သမားတော်တွေ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေဟာ ဘုရင် နူရ် အလ်-ဒင်ရဲ့ရှေ့မှောက် စုရုံးကာ ဆေးပညာရပ်အကြောင်း ဆွေးနွေးတာမျိုးတွေလည်း ရှိပါတယ်။ အလ်-နူရီဆေးရုံရဲ့ ဒါရိုက်တာ အဘူ အလ်-မဂျစ်ဟာ ဆေးကျောင်းသားတွေကို တစ်ခါသင်ကြားရင် ၃ နာရီလောက် ကြာမြင့်တတ်ပြီး ဆေးရုံက သမားတော်တွေလည်း လာရောက်နားထောင်လေ့ ရှိပါတယ်။ ၁၃ ရာစုက ဆေးဘက်ဆိုင်ရာ သမိုင်းပညာရှင် အစ်ဗနေ့ အဘီ အူဆေဘီယာ (Ibn Abi Usaybiah)၊ နှလုံးနဲ့ အဆုတ်အကြား သွေးလှည့်ပတ်မှုစနစ် (leser circulation) ကို ရှာဖွေတွေ့ရှိခဲ့တဲ့ အစ်ဗနေ့ အလ်-နာဖစ် (Ibn al-Hafis) တို့ဟာ အလ်-နူရီဆေးကျောင်းက ဘွဲ့ရရှိခဲ့တဲ့ နာမည်ကြီး မွတ်စလင်သမားတော်တွေထဲမှာ ပါဝင်ပါတယ်။ အလ်-နာဖစ်ရဲ့ ဒီ သွေးလှည့်ပတ်မှုစနစ်ကို တွေ့ရှိခြင်းဟာ လူသားရဲ့ ဇီဝကမ္မဗေဒကို ပိုမိုနားလည်ဖို့ ခြေလှမ်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
အလ်-ကွေရာဝမ်ဆေးရုံ
၉ ရာစု တူနီးရှားမှ အလ်-ကွေရာဝမ်ဆေးရုံ တူနီးရှားမှာ ၉ ရာစုက ပေါ်ထွန်းခဲ့တဲ့ ဒီဆေးရုံကြီးဟာ အဲဒီခေတ်အခါမှာတော့ အဆင့်အမြင့်ဆုံး ဆေးရုံကြီး ဖြစ်ပါတယ်။ ဧည့်သည်တွေအတွက် နားနေခန်း၊ ဆူဒန်က အမျိုးသမီးသူနာပြု၊ လူနာတွေ ၀တ်ပြုဖို့နဲ့ စာပေလေ့လာဖို့ ဗလီ၊ ပုံမှန်ဂျူတီဝင်တဲ့ သမားတော်တွေအပါအ၀င် အားလုံးကို စနစ်တကျ သတ်မှတ်ပေးထားသလို အရိုးအကျောပြင်ခြင်း၊ သွေးပုပ်ထုတ်ခြင်းနဲ့ ဖြတ်ထုတ်ကုသခြင်းတွေလို ကုသမှုတွေပေးတဲ့ ဖူကာဟာ အလ်-ဘာဒန် (Fuqaha al-Badan) အဖွဲ့ကိုလည်း ထားရှိပါတယ်။ နောက်ပြီး နူနာစွဲတဲ့သူတွေကို ကုသပေးတဲ့ အထူးဆောင်တစ်ခုကို အလ်-ကွေရာဝမ်ဆေးရုံဘေးမှာ တည်ဆောက်ထားပြီး အဲဒီအဆောင်ကို ဒါရ် အလ်-ဂျုဒ်ဟာမာ (Dar al-judhama) လို့ ခေါ်ပါတယ်။ အဲဒီအချိန်တုန်းက နူနာစွဲသူတွေကို ကုသမပေးဘဲ မကောင်းဆိုးဝါးတွေလို ပစ်ပယ်ထားတဲ့ ကာလမျိုးပါ။ ဒီ အလ်-ကွေရာဝမ်ဆေးရုံကို နိုင်ငံတော်ဘဏ္ဍာကနေ ထောက်ပံ့ပေးတာဖြစ်ပြီး၊ စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေကိုလည်း လက်ခံတာကြောင့် ဘဏ္ဍာရေးတောင့်တင်းကာ အကောင်းဆုံး ကျန်မာရေးစောင့်ရှောက်မှုကို ပေးနိုင်ခဲ့ပါတယ်။
(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။
-
အစ္စလာမ့်ယဉ်ကျေးမှုကို အရောင်တင်ပေးခဲ့သူများ (နိုင်ငံတကာစာအုပ်မိတ်ဆက်ကဏ္ဍ)
ဒီဇင်ဘာ ၁၈၊ ၂၀၁၆
M-Media– ရှေးဦးမွတ်စ်လင်မ်တို့၏ ဖြစ်ထွန်းအောင်မြင်မှုများအကြောင်း စာအုပ်သစ်တစ်အုပ် ထွက်ရှိလာပါသည်။
အစ္စလာမ်သာသနာကို အကြမ်းဖက်မျက်နှာစာနှင့်တွဲ၍ မကြာခဏ ဖော်ပြခံရလေ့ရှိ၏။ သို့ဖြစ်ရာ အစ္စလာမ်သည် ကမ္ဘာ့ယဉ်ကျေးမှုထက်စာလျှင် တိတ္ထိအယူ မပါဝင်သလောက်သာရှိကြောင်း သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှုအရ၊ သတိဥာဏ်သမ္ပဇဉ်အရ သတိပေးရန်အလို့ငှာ ဖြေလျော့ရာရုပ်လုံးတစ်ရပ် ထွက်ပေါ်လာပေသည်။ ၎င်းမှာ Chase Robinson က Islamic Civilisation in Thirty Lives အမည်ငြ့် ရေးသားသောစာအုပ်တစ်အုပ်ဖြစ်ပြီး အစ္စလာမ့်သမိုင်းမှ ထင်ရှားကြီးမြတ်သူ ပုဂ္ဂိုလ် ၃၀ ဦးကို ကလောင်စွမ်းဖြင့် ခြယ်မှုန်းတင်ပြထားသည်။
ယင်းစာအုပ်၌ အေဒီ ၇ ရာစု အာရေဗျကျွန်းဆွယ်ကာလအတွင်း ကန္တာရ၏အိုအေစစ်ဖြစ်ခဲ့သော တမန်တော်မုဟမ္မဒ်(ငြိမ်းချမ်းပါစေ)မှ စတင်၍ နောက်နှစ်ပေါင်း ၉၀၀ အလွန် ရှားဟ်အစ္စမာအီလ်အထိ စစ်သည်တော်များနှင့် အာဏာစက်ကျယ်ပြန့်လှသော မင်းဘုရင်များလည်း ပါဝင်ကြသည်။ သို့သော် ရော်ဘင်ဆင်က ၎င်းတို့၏ အနုသုခုမ ဒဿနကျက်စားမှုနှင့် နှိုင်းစာလျှင် ၎င်းတို့၏ ကာကွယ်ရေးကိုယ်လုံစွမ်းရည်များမှာ ဒုတိယအဆင့်သာရှိကြောင်း တင်ပြထားသည်။ တမန်တော်မုဟမ္မဒ်သည် သူ၏ စစ်မြေပြင်ရေးရာအတွက်သာမဟုတ်၊ သူ၏ လင်္ကာဖွဲ့စွမ်းရည်ကြောင့်လည်း ထင်ရှားကျော်ကြားသူဖြစ်၏။ ဆိုက်ပရပ်စ်ကို အရယူနိုင်ခဲ့သော အဗ်ဒုလ် မာလစ်က်သည် ဂျေရုဆလင်ရှိ ကျောက်ပေါင်းမိုးခုံးဝတ်ကျောင်းတော် တည်ဆောက်ခြင်းအတွက် မော်ကွန်းတင်ခံရသူဖြစ်သည်၊ သို့သော် သူသည် ယင်ကောင်တစ်ကောင်အား သတ်ရန်ကိုပင်လျှင် ကြဉ်ရှောင်လိုသူအထိ မွန်မြတ်သူဖြစ်ကြောင်းကိုမူ လူသိနည်းပါးလှ၏။ အိန္ဒိယအနောက်တောင်ပိုင်းရှိ ဟိန္ဒူဘုရင့်နယ်မြေများကို အောင်နိုင်ခဲ့သော ဂျိဟာ့ဒ်ဝါဒီ ဂဇ်နီနယ်မှ မဟ်မူးဒ်မှာ အစ္စလာမ်၏အရှေဖျားဒေသတို့ကို ပန်းဥယျာဉ်များဖြင့် တန်ဆာဆင်ခဲ့ခြင်းကြောင့် ကြည်ညိုအားကျခံရသူဖြစ်သည်။ မွန်ဂိုသိုးကျောင်းသားနှင့် ကမ္ဘာကို ခါးစောင်းတင်နိုင်ခဲ့သော တိမူးရ်သည် ဦးခေါင်းခွံမျှော်စင်များကိုသာမက စမာရ်ကန်ဒေသ၏ ထူးခြားကြီးကျယ်လှပသည့် ဗလီဝတ်ကျောင်းများကိုလည်း တည်ဆောက်ခဲ့၏။ ကွန်စတန်တီနိုပယ်၏ အော်တိုမန်ဧကရာဇ် ဒုတိယမြောက် စုလ်တာန် မုဟမ္မဒ်မှာ စာပေနှင့်အသိအတတ်ပညာများကို ပြန်လည်နှိုးဆွထွန်းတောက်စေခဲ့သူဖြစ်သည်။
တိုက်ခိုက်ရေးသမားများကဲ့သို့ ညှို့အားကောင်းသည့် အခြားဂုဏ်အင်္ဂါများဖြင့်လည်း ခေတ်ကို ဦးဆောင်ခဲ့ကြပါသေးသည်။ ရော်ဘင်ဆင်၏ မီးမောင်းထိုးပြမှု၌ သီးခြားတွေးခေါ်ရှင်ပါရဂူများ၊ ဇီဝဗေဒပညာရှင်များ၊ လက်ရေးလှသရုပ်ဖော်ပညာရှင်များ၊ မုဟမ္မဒ် အလ်အီဒရိစ် အပါအ၀င် မြေပုံဆွဲအတတ်ပညာရှင်များ၊ ရာဇ၀င်ပညာရှင်များနှင့် စာဆိုကြီးများလည်း ပါဝင်နေ၏။ အဆိုပါ မုဟမ္မဒ် အလ်အီဒရိစ် သည် မိမိကိုယ်၌က စာပေတတ်မြောက်ခြင်းမရှိသော်လည်း သူ၏ဆင့်ဆိုတင်ပြချက်မှာမူ စာပေဖြင့် မှတ်တမ်းတင်ခံရပေသည်။
အမျိုးသမီးများသည်လည်း ပညာရှင်များအဖြစ် ထွန်းပေါက်ခဲ့ကြသည်။ မက္ကဟ်ဝတ်ကျောင်းတော်၏ခေါင်မိုးများအောက်ဝယ် ကရီမာ အလ်မရ်ဝီဇီယဟ်သည် အမျိုးသားနှင့် အမျိုးသမီး နှစ်မျိုးစလုံးအတွက် ကုရ်အာန်လေ့လာရေးအသိုင်းအ၀ိုင်းကို ဦးဆောင်ခဲ့သည်။ အစ္စလာမ့်ထုံးတမ်းဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်သူများနှင့် တမန်တော်၏နောက်လိုက်အများအပြားမှာ အမျိုးသမီးများပင် ဖြစ်ကြသည်။
မြို့သစ်တည်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်နှင့် အသိပညာပေးလုပ်ငန်းတို့မှာ ထင်ရှားထူးခြားသောခေတ်သစ်ဖြစ်စဉ်တစ်ရပ်ဟူ၍ ဆိုကြသည်၊ သို့သော် ၎င်းမှာ မှားယွင်းနေသည်ဟု ရော်ဘင်ဆင်က ဆိုသည်။ စင်စစ်၌ အစ္စလာမ်လောကသည် ရှေးယခင်ကတည်းက ကမ္ဘာ့ရွာစနစ်၊ မတူကွဲပြားသည့် ယဉ်ကျေးမှုအသီးသီးစုစည်းချက်၊ ၀တ်မှုန်ကူးစိုက်ပျိုးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအမြင်တို့ကို စံနမူနာပြကျင့်သုံးခဲ့ပေသည်။ ကုန်သွယ်မှုမှ ကြွယ်ဝလာသဖြင့် ၎င်း၏မြို့ကြီပြကြီးများမှာ ကမ္ဘာ့အကောင်းဆုံးအဆင့် ၀င်ခဲ့သည်။ လွန်ခဲ့သော နှစ်တစ်ထောင်အလျင် အေဒီ ၉ ရာစုက ဘဂ္ဂဒက်မြို့သည် မန်ဟက်တန်ကဲ့သို့ တမဟုတ်ချင်း ဖွံ့ဖြိုးတိုးတက်နေခဲ့သည်။ အစ္စလာမ့်နေပြည်တော်တစ်ခုဖြစ်သော ကော်ဒိုဗာသည်လည်း ဥရောပတွင် အကြီးကျယ်ဆုံးမြို့ပြဖြစ်ပြီး မဟာဥာဏ်ပညာရှင်အချို့ကို မွေးထုတ်ပေးနိုင်ခဲ့သည်။
ကိုလံဘတ်အရင် နှစ် ၃၀၀ အရင်က မွတ်စလင်ပညာရှင် အလ်-အစ်ဒရီဆီ၏ ကမ္ဘာ့မြေပုံ ၁၄ ရာစုအရောက်တွင် အစ္စလာမ်၏ဗဟိုဌာနသည် အစ္စတန်ဘူလ်သို့ ရွှေ့ပြောင်းသွားခဲ့သော်လည်း ကမ္ဘာ့ရှေ့ဆောင်သိပ္ပံပညာရှင်များနှင့် အနုပညာရှင်များကို ဆွဲဆောင်ညှို့ယူနိုင်ဆဲ။ ထို့ပြင် ဆေးဝါးဆိုင်ရာအထွဋ်အထိပ်တိုးတက်မှုနှင့် စစ်ပညာကို ထိန်းသိမ်းထားနိုင်ဆဲသာ။ မွန်ဂိုအုပ်ချုပ်ရေးကလည်း သိပ္ပံပညာ၌ မြှုပ်နှံမှုအသစ်ကို သွေးသစ်လောင်းရန် တွန်းအားပေးခဲ့သလို Maragheh မှ ၁၃ ရာစု စူးစမ်းရှာဖွေချက်သည်လည်း ကော့ပါးနီးကပ်စ်၏ စကြာဝဠာအနေအထားများအပေါ် အထောက်အကူပြုစေသည့် တွေ့ရှိချက်များ ရရှိခဲ့၏။ မတူငြိမ်းချမ်းယှဉ်တွဲနေထိုင်ခြင်း ဗဟုဝါဒ အပြင် အပြန်အလှန်အရှိတရားကိုလက်ခံခြင်းက အစ္စလာမ့်အုပ်ချု့ပ်ရေးစနစ်အတွင်း ရင်းနှီးကျွမ်းဝင်နေသည့် ပြယုဂ်တစ်ရပ်ဖြစ်ခဲ့ပေသည်။ စွန္နီနှင့် ရှီအိုက်တို့၏ အယူများ တစ်လှည့်စီ နေရာယူနေသည့်ကြားမှ မွန်ဂိုတို့၏သက်ဝင်ယုံကြည်မှုသည် ချောမွေ့စွာ ရပ်တည်သွားနိုင်ခဲ့သည်။ အစ္စလာမ်သို့ကူးပြောင်းသက်ဝင်ခဲ့သော အီရန်ဖွားဂျူးလူမျိုး Uljeitu’s vizier သည် ရာရှစ်အုဒ္ဒီးန် ဖြစ်လာပြီးနောက် ၁၄ ရာစုနှစ် တာဘရစ်စ်အနီး ကမ္ဘာ့သုတေသီများဆုံစည်းရာဌာနတစ်ခုကို ဖန်တီး၍ ကမ္ဘာ့သုတဘဏ်အဖြစ် ကမ္ဘာ့သမိုင်းတွင် မော်ကွန်းတင်နိုင်အောင် ပျိုးထောင်ပေးခဲ့သည်။ သူကိုယ်တိုင်က ဟီးဘရူးပညာရှင်ဖြစ်ပြီး ၎င်းပညာရှင်များ၊ ကက်ရှ်မီးဘုန်းတော်ကြီးများ၊ တရုတ်သံတမန်များနှင့် ဗုဒ္ဓတရားတော်များမှတဆင့် စွယ်စုံကျမ်းကြီးတစ်စောင်ကိုလည်း ရေးသားနိုင်ခဲ့သည်။ ၎င်းမှ မိုင် ၂၀၀၀ ကျော်ကွာဝေးသော တူးနစ်တွင် အိဘ်နု ခလ်ဒူးန်သည် လူမှုသိပ္ပံသမိုင်းကျမ်းတစ်စောင်ကို ပြုစုရေးသားခဲ့ကာ သမိုင်းနောက်ခံထား၍ အကြောင်းရင်းများကို စူးစမ်းသုံးသပ်အဖြေရှာနိုင်စေမည့် ပထမဆုံးလမ်းစကို ချပြပေးခဲ့သည်။
အထက်ပါအရာများအပြင် လူအများ သတိပြုစရာအကြောင်းများကိုပါ ထည့်သွင်းရေးသားထားကြောင်း တွေ့ရ၏။
(The Economist ၏ အရှေ့အလယ်ပိုင်းသတင်းထောက်၊ “Holy Lands, A New Muslim Order” စာအုပ်၏ကလောင်ရှင်၊ “A History of the Middle East” ကို တွဲဖက်ရေးသားပြုစုသူ Nicolas Pelham ၏ The people who shaped Islamic civilisation မှ ကောက်နှုတ်ပြန်ဆိုသည်။)
-
“အခက်တွေ အချက်တွေ”
ဒီဇင်ဘာ ၁၇ ၊ ၂၀၁၆
ဆောင်းပါးရှင်- ကောင်းလွန်း
၂၀၁၆ ရဲ့ 4th quarter မှာ မြန်မာ လုပ်ငန်းရှင်တွေ အခက်ကြုံကြရတယ်..။ ထိပ်တန်းချမ်းသာတဲ့ လက်တစ်ဆုပ်စာ လူချမ်းသာတစ်စုကလွဲရင် အားလုံးလိုလိုပါပဲ..။ တချိန်တုန်းကတော့ “စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါ” ဆိုပြီး သီချင်းတောင် နေ့တိုင်းကြားရသေး..။ အဲဒီတုန်းကတော့ မြန်မာနိုင်ငံနဲ့ ကူးသန်းရောင်းဝယ်တာ မလုပ်ကြနဲ့.. ဆိုတဲ့ ပိတ်ဆို့ အရေးယူမှု ရှိခဲ့တာကိုး.. အခုတော့ ဘယ်သူကမှလဲ စီးပွားရေးမပိတ်ဆို့တော့ပါပဲနဲ့ ကြပ် သွားကြတယ်လေ..။ အကြောင်းရင်းတော့ ရှိရမှာပေါ့..။ ရှိပါတယ်..။ နေ့စဉ်နဲ့ အမျှ ဆိုရှယ်မီဒီယာမှာ ကြပ် သွားရခြင်း အကြောင်းရင်း အမျိုးမျိုး ဖတ်ရပါတယ်..။ Issue တွေပေါ့..။ တစ်နေ့ထက် တစ်နေ့ Issue တွေသာ များလာတယ်.. Solution မတွေ့ဘူး..။ မတွေ့လေ ဈေးတက်လေနဲ့ တက်ရင်းတက်ရင်း တော်တော်တောင် ရောက်လာပြီ..။
ဒီ “အကြပ်” ကို “အခွင့်အလမ်း” တစ်ခုဖြစ်အောင် ဦးမလှည့်နိုင် မဖန်တီးနိုင်သရွေ့ တက်နေဦးမှာပါပဲ..။ ပြည်တွင်းမှာ ဒေါ်လာ ဝယ်လိုအား မြင့်တက်ရခြင်း အကြောင်းရင်းတွေကို မှန်မှန်ကန်ကန် သုံးသပ်ဖို့ လိုပါတယ်..။တကယ်တော့ အလုအယက်ဝယ်နေကြတဲ့ ဒေါ်လာတွေဟာ ပြည်တွင်းသုံးဖို့ တစ်ဒေါ်လာမှ မပါပါဘူး..။ ပြည်ပ ကနေ ပစ္စည်း တင်သွင်းဖို့ ဝယ်နေကြတာပါ..။ ပြည်ပကနေ တင်သွင်းထားတဲ့ ကုန်စည်ဖိုးတွေ ပေးချေဖို့ ဝယ်နေကြတာပါ..။
ပြည်တွင်းမှာ လာပြီး ရင်းနှီးမြှုပ်နှံထားကြတဲ့ ကုမ္ပဏီကြီး ငယ် တွေကလဲ သူတို့ အကျိုးအမြတ်အတွက် လာတယ် ဆိုတာ စွဲစွဲမြဲမြဲ သိထားရမှာဖြစ်ပါတယ်..။ ဘယ်သူကမှ အလှူလာပေးတာ မဟုတ်သလို သူတို့ ရဲ့ ပစ္စည်းတွေ ဝန်ဆောင်မှုတွေကို အခမဲ့ မပေးကြပါဘူး..။ သူတို့က ပြည်တွင်းမှာ သူတို့ရဲ့ ထုတ်ကုန်တွေကို ကျပ်ငွေနဲ့ ရောင်းပေမယ့် အဲဒီ ကျပ်ငွေတွေဟာ မြန်မာပြည် အပြင်ဖက် ခြေတစ်လှမ်း ထွက်လိုက်တာနဲ့ တန်ဖိုးမဲ့ သွားပြီ ဆိုတာ အားလုံးသိကြပါတယ်…။ ဒီတော့ သူတို့ နိုင်ငံကို သူတို့ ပြန်သယ် သွားကြမယ့် အကျိုးအမြတ်တွေဟာ ဒေါ်လာပဲ ဖြစ်ရမှာလေ..။ ဒါကြောင့် ဒေါ်လာ ဝယ်လိုအား မြင့်လာတာပါ..။
ဆက်သွယ်ရေးကွန်ယက်တွေ သိပ်ကောင်းလာပြီ.. လူတကိုယ် ဖုံး နှစ်လုံး သုံးလုံး ကိုင်နိုင်လာပြီ..။ Package တွေ အမျိုးမျိုးဖန်တီးပြီး နဂိုကမှ စကားများများ ပြောတတ်ကြတဲ့ လူမျိုး တွေကို ပြောသထက်ပြောအောင် ဖန်တီးပေးပြီး ဈေးရောင်းကြတယ်..။ ဝယ်သူတွေက
ကျပ်ငွေနဲ့ ပေးချေကြတယ်..။ သူတို့က အဲဒီ ကျပ်ငွေတွေကို ပြည်ပကို ပြန်သယ်တဲ့ အခါ ဒေါ်လာနဲ့ လဲလှယ်ပြီးမှ သယ်သွားကြတယ်..။ ဒါဟာ Issue ပါပဲ..။ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ များလာလေလေ..။ ဒီကိစ္စဟာ မလွဲမသွေ ကြုံရလေလေ ဖြစ်မှာပါပဲ..။
ဒါဆိုရင် Solution က ဘာဖြစ်မလဲ..။
လုပ်ရမှာကတော့ “ကြပ် နေတဲ့ ငွေ” ချောင်သွားအောင် “ကျပ်ငွေ” ကို ခိုင်မာအောင် လုပ်ဖို့ပါပဲ..။ ငွေကြေးတစ်ရပ် ရဲ့ ဂုဏ်သိက္ခာဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ နိုင်ငံရေး တည်ငြိမ်မှုအပေါ်မှာ အများကြီး တည်မှီပါတယ်..။ နိုင်ငံရေး ဂုဏ်သိက္ခာ ခိုင်မာလာရင် ဒေသတွင်းနိုင်ငံတွေက ကြည်ညို လာပါလိမ့်မယ်..။ သူတို့ နဲ့ တန်းတူ ဆက်ဆံလာပါလိမ့်မယ်..။ အခုအချိန်ထိကတော့ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ဆက်ဆံနေတုန်းပါပဲ..။ တစုံတယောက် ရဲ့ အရှိန်အဝါကို လေးစားတာ မှန်ပေမယ့်.. အဲဒါဟာ ပုဂ္ဂိုလ်ကြည်ညိုမှု သာ ဖြစ်နေပါသေးတယ်..။ နိုင်ငံကြည်ညိုမှု အဆင့်ကို မရောက်သေးပါဘူး..။
နိုင်ငံကြည်ညိုမှု အဆင့်ကိုရောက်ချင်ရင် တစ်နိုင်ငံလုံး အမှန်တကယ် အလုပ်လုပ်မှ ဖြစ်ပါလိမ့်မယ်..။ အခုအချိန်ထိ ကတော့ လှော်နေတဲ့ တက်တွေလဲ ကြီးတာကြီး သေးတာသေး နဲ့ အရွယ်မညီသေးသလို လှော်နေတဲ့ လက်တွေလဲ အားကြိုးမာန်တက် လှော်သူလှော်သလို ရေသာခို အချောင်လိုက်နေတဲ့ လှော်သား တွေလဲ များနေသေးတဲ့ အတွက် “တက်ညီလက်ညီ” ဆိုတာ ဖြစ်မလာသေးတာပါ..။
တိုင်းပြည်ကို တာဝန်ယူထားပြီး “သြဇာ” ဆိုတဲ့ Influence တစ်ခု ထဲနဲ့ မောင်းနှင်နေတာကို အားလုံး သိကြပါတယ်..။ “ သြဇာ” ရဲ့ တွဲဖက်စကားလုံး ဖြစ်တဲ့ “အာဏာ” ဆိုတဲ့ Power ကတော့ လုံလုံလောက်လောက် မရှိသေးပါဘူး..။ တနည်းပြောရရင် Power Balance မဖြစ်တာပါ..။ အဲဒီအတွက် နေ့စဉ်နဲ့ အမျှ ညှိနှိုင်းမှုတွေ အပေးအယူတွေ လုပ်နေရတယ် ဆိုတာသေချာပါတယ်..။
စနစ်တစ်ခုထဲကို နှစ်ပေါင်းကြာရှည်ကျင်လည် ကျင့်သုံး ခဲ့တဲ့ နိုင်ငံတစ်ခုဟာ ပွင့်ပွင့်လင်းလင်း ဖြစ်ပြီ ဆိုတာနဲ့ “မျက်စိသူငယ် နားသူငယ်” ဖြစ်တတ်ပါတယ်..။ အမိဝမ်းထဲမှာ ၉လလောက်နေထိုင်ခဲ့ရတဲ့ မွေးကင်းစကလေးငယ်ဟာ အလင်းရောင်ကို ကောင်းကောင်း မကြည့်နိုင်.. ပြင်ပလောက က အသံတွေကို ကောင်းကောင်းမယဉ်ပါးသေးတော့ ကြောက်လန့်.. အဲဒါကို “မျက်စိသူငယ် ..နားသူငယ်” လို့ ပြောတာပါ..။ ကလေးငယ်တွေဟာ အိပ်နေတုန်း ထိတ်ကနဲ လန့်တတ်တာဟာ လဲ “မျက်စိသူငယ် နားသူငယ်” ရဲ့ အကြောင်းခံကြောင့်ပါပဲ..။
နိုင်ငံရဲ့စနစ်သစ်တစ်ခု ကူးပြောင်းရာမှာလဲ (ပြောင်းတော့မယ်ဆိုတာသိပေမယ့်) သေသေချာချာ ကြိုတင် ပြင်ဆင်ထားခြင်းမရှိပဲ အစိုးရအဖွဲ့ကို နေ့ချင်းညချင်း ဖွဲ့.. တိုင်းပြည်တာဝန်ကို ချက်ချင်း လွှဲပြောင်းထမ်းဆောင် ဆိုတဲ့ အခါမျိုးမှာ ချွတ်ချော်တိမ်းစောင်းမှုတွေ အများကြီး ကြုံရတော့တာပါပဲ..။ ပြောင်း…. ပြောင်း… ဆိုလို့သာ ပြောင်းလိုက်ရတယ်..။ ပြောင်းလဲ တာဝန်ယူသူအများစုက နိုင်ငံတကာ နဲ့ ဘယ်လိုဆက်ဆံ ရမယ် ဆိုတာထက် လက်ရှိအစိုးရကို ဘယ်လိုတော်လှန်ရမယ် ဆိုတာ ကို တစိုက်မတ်မတ် အာရုံစိုက်လာသူတွေ ဖြစ်နေကြတာကို တွေ့ရပါတယ်..။ ကဲ.. အခုတော့ ကိုယ်အစိုးရဖြစ်ပြီလေ..။ နိုင်ငံတကာ နဲ့ ဆက်ဆံရပြီ..။ မူဝါဒတွေ ပြောင်းလဲ ကြရပြီ..။ သံခင်းတမန်ခင်းတွေ သုံးကြရပြီ..။ အကူအညီတွေ လိုလာကြပြီ..။
ရောက်လာပါတယ်.. ကူညီမယ့်သူတွေ ..။ ဒါပေမယ့် ကူညီသူတချို့ရဲ့ လက်ထဲမှာ ထိုးဝါးတွေနဲ့..။ တချို့ကတော့ တကယ် ကူညီကြမှာ..။ ဒါပေမယ့် ကိုယ့်ဖက်က ခံယူချက်တွေက မပြောင်းနိုင် မပြင်နိုင်သေးဘူး..။ သူများပြောတာ နားထောင်ဖို့ သင်ယူဖို့ လက်ခံဖို့ အသင့်မဖြစ်သေးဘူး..။ ခေါင်းမာတဲ့ အကျင့်ကစွဲနေတာ ကြာပြီလေ..။ ဒါကလဲ အပြစ်တော့ မဆိုသာပေဘူး.. အာဆီယံ အဖွဲ့ဝင်ဖြစ်တာပဲ နှစ်ပေါင်း နှစ်ဆယ်ပြည့်တော့မယ်.. One vision, One identity, One community အစား “ပြည်ပအားကိုး ပုဆိန်ရိုး” က စွဲနေတုန်း.. ။
အကူအညီတော့ တောင်းတတ်ခဲ့ပါတယ်..။ တောင်းတာမှ တော်တော်ကို တောင်းတတ်တာ..။ “ဘာရမလဲ”.. ဆိုတာပဲ တောင်းတတ်ခဲ့ပြီး “ဘာပြန်ပေးရမလဲ” ဆိုတာကို မေးဖို့ မေ့ထားခဲ့ကြတယ်.. အဲဒီလိုနဲ့ပဲ အချိန်တွေ ကြာလာခဲ့ပြီး ဖွံ့ဖြိုးတဲ့ ဆီ တိုးတက်တဲ့ ဆီ မရောက်တော့ပဲ.. တစ်ကိုယ်ချင်းသာ ချမ်းသာလာခဲ့ကြတာ အများအမြင်ပါပဲ..။
ကောင်းပါပြီ Solution ကို စဉ်းစားကြည့်ရအောင်..။ ဒီနေ့ “ကြပ်” နေပါတယ်လို့ အသံမြည်နေသူတွေ ဟာ “ချမ်းသာ” သူတွေ ချည်းပဲဖြစ်တယ် ဆိုတာ တွေ့ရပါမယ်..။ ဒါကလဲ အမှန်ပါပဲ..။ သူတို့ရဲ့ ချမ်းသာကြွယ်ဝခြင်းတွေကို ထပ်တိုးမလာချင်နေ မလျော့စေချင်တာက လူ့သဘာဝပါ..။ အခုအချိန်မှာ ကိုယ့်လက်ထဲ ရှိပြီးသားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားဖို့ပဲ စဉ်းစားမိကြမှာပါ..။ “ဆုပ်မိ..မလွှတ်နဲ့” လို့ ဆုံးမစကားက ရှိထားနှင့်သကိုး..။ ဒီထက်ပိုကြာလာရင် လှောင်ကန်ထဲက ရေလို မစီးဆင်းနိုင်တော့ပဲ အခက်တွေ့နိုင်ပါတယ်..။ ရေဆိုတာ စီးနေမှ သန့်တာပါ..။ လှောင်ကန်ထဲက ရေကို ရေသန့်စက်နဲ့ သန့်အောင် လုပ်လို့ရနိုင်ပါတယ်..။ ဒါပေမယ့် လွတ်လွတ်လပ်လပ် စီးမျောရတဲ့ အထိ အသိ ကို မရနိုင်ပါဘူး..။
အာဖရိက က ဇင်ဘာဘွေ နိုင်ငံဟာ စိန်အကောင်းစားတွေ အများကြီးထွက် တဲ့ နိုင်ငံပါ.. ဒါပေမယ့် သူ့မှာ ငွေကြေး အမြဲတန်း “ကြပ်” နေပါတယ်..။ “ကြပ်” လေလေ ငွေစက္ကူတွေ ရိုက်ထုတ်လေလေ လုပ်ရင်းနဲ့ သူ့ငွေ တန်ဖိုးက နိမ့်သထက်နိမ့်လာပြီး နောက်ဆုံးမှာ ထရီလီယံဒေါ်လာ (သန်းပေါင်းသောင်းချီ) ပိုက်ဆံတွေအထိ ရိုက်ထုတ် လာရပါတယ်..။ အခြေခံစားကုန်တွေကို မီလီယံဒေါ်လာကနေ ဘီလီယံဒေါ်လာအထိ ပေးပြီး ဝယ်ရပါတယ်..။ သူ့ရဲ့ ဒေါ်လာတစ်သန်းဟာ အမေရိကန် တစ်ဒေါ်လာနဲ့ ညီပါတော့တယ်..။
ဒါဟာ နိုင်ငံတကာနဲ့ မဆက်ဆံ.. ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံတဲ့ Stereotype ဖြစ်စဉ်ကြောင့်ပါ..။ ကိုယ်ကလွဲပြီး သူများကို မယုံတာ အထိအောင်က ကိစ္စမရှိသေးပါဘူး..။ ကိုယ်သာအသိဆုံး ကိုယ်သာ အတတ်ဆုံး ဆိုပြီး တလွဲဆံပင် ကောင်းနေတာကျတော့ ကိစ္စ ရှိလာပါပြီ..။ နောက်ဆုံးတော့ ကိုယ်ပဲ ထီးထီးကျန်ခဲ့တာပါ…။
ဒါကြောင့် ဒီနေ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးကို မြန်မြန်ထက်ထက် တိုးမြှင့်ဖို့ လိုပါတယ်..။ တကမ္ဘာလုံးရဲ့ စီးပွားရေး အခြေအနေဟာ အနုတ်လက္ခဏာ အသွင်ဆောင်နေပါတယ်..။ ဘယ်သူကမှ ကိုယ့်တစ်ယောက်ထဲကို ကူညီနိုင်မှာ မဟုတ်ပါဘူး..။ ဒါကြောင့် ကိုယ့်ကို ကူညီနိုင်မယ့် လူ..ပညာ..ပစ္စည်း .. အရင်းအနှီး.. နည်းပညာ.. စိတ်ဓါတ် စတာတွေ အားလုံးကို ရှာဖွေချဉ်းကပ် လက်ခံရမှာပါ..။ ကမ္ဘာပေါ်မှာ ကိုယ့်တစ်နိုင်ငံတည်း.. ကိုယ့်လူမျိုးတစ်မျိုးတည်း ရှိနေတာမဟုတ်ပါဘူး..။ အိမ်နီးချင်း ဘယ်သူမှ မရှိတဲ့ လွင်တီးခေါင် ကန္တာရမှာ နေသူများလဲ မဟုတ်ကြပါဘူး..။ အာဆီယံ ဆိုတဲ့ အသိုင်းအဝိုင်း ကြီး တစ်ခုထဲမှာ အများနဲ့ အတူနေထိုင်ကြတာပါ..။ အာဆီယံနဲ့ တနည်းတဖုံဆက်စပ်နေတဲ့ နိုင်ငံပေါင်း သုံးဆယ်ကျော် ရှိပါသေးတယ်..။ အဲဒါတွေကလဲ မိတ်ဆွေတွေပါပဲ..။ အဲဒီ မိတ်ဆွေ တွေကို ပိုပြီးရင်းနှီးလာအောင် ဆက်ဆံ ရမှာပါ..။ သူတို့နဲ့ ရင်းနှီးတဲ့ အတွက် ကိုယ့်အတွက် ခွန်အားဖြစ်စေမှာပါ..။
“ဘယ်သူ့အခက်.. ဘယ်သူ့အချက်” ဆိုပြီး လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်နေရမယ့် အချိန်မဟုတ်တော့ပါဘူး..။ တစ်ဦးချင်း တစ်ယောက်ချင်းလဲ လုပ်လို့ ရနိုင်တာမျိုး မဟုတ်ပါဘူး.။ အစိုးရနဲ့ လူချမ်းသာတွေ ပူးပေါင်းရမယ်.. အားလုံးနဲ့ ရင်းရင်းနှီးနှီး ဖေါ်ဖေါ်ရွေရွေ ဆက်ဆံပြီး ကိုယ့်အခက်အခဲကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောပြ အကူအညီတောင်းတာဟာ solution ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်..။
ချစ်ခင်စွာဖြင့်
ကောင်းလွန်း (၁၇.၁၂.၂၀၁၆)** စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။