News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • မြန်မာပြည်ထဲမှ မြန်မာ့အာဏာစက် မလွှမ်းမိုးရာဒေသ (သို့မဟုတ်) ၀တို့၏ပြည်
    မြန်မာပြည်ထဲမှ မြန်မာ့အာဏာစက် မလွှမ်းမိုးရာဒေသ (သို့မဟုတ်) ၀တို့၏ပြည်
    နိုဝင်ဘာ၁၉၊ ၂၀၁၆
    M-Media
    wa
    ဂျာနယ်လစ်များကို ဖြတ်သန်းသွားလာခွင့် မပြုလိုသည့် ၀နယ်စပ်ဒေသ
    -မြန်မာနိုင်ငံ အရှေ့ဖျားရှိ ၀ဒေသမှာ လူစိမ်းတို့အနေနှင့် ရောက်ခဲမြင်ခဲလှသော နယ်မြေတစ်ခုဖြစ်၏။ BBC မှ ဂျိုနာဖစ်ရှာ၏ တွေ့ရှိချက်အရ မြန်မာနိုင်ငံအတွင်း ယင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌နေထိုင်သူများကို ၀လူရိုင်းများဟု တစ်ချိန်က ခေါ်ဆိုခဲ့ကြပြီး ဆေးဝါး၊ ငွေကြေးနှင့် သားရိုင်းတိရစ္ဆာန်ကုန်သွယ်ရေးလုပ်ငန်းများ အလွန်ကြီးထွားနေကြောင်း သိရသည်။
    “လာရောက်လည်ပတ်ချင်သူတိုင်းက သူလျှိုတွေလို့ ကျွန်တော်တို့ ထင်မြင်တယ်” ဟု ၀အရာရှိတစ်ဦးက ဆိုခဲ့သည်။
    မည်သည့်အကြောင်းရင်းခံများရှိသည်ကို ရှင်းလင်းစွာ မသိရသော်လည်း BBC မှာ ပထမဆုံး ဧည့်လမ်းညွှန်နှင့်တစ်ကွ အလည်အပတ် ဖိတ်ကြားခံရသော နိုင်ငံတကာနှင့်ဒေသတွင်း ဂျာနယ်လစ်များအစုအဖွဲ့အနက် အပါအ၀င် ဖြစ်ခဲ့ပါသည်။
    မြန်မာနိုင်ငံအရှေ့မြောက်ခြမ်းရှိ တရုတ်နယ်စပ်တွင်ရှိသော နယ်စပ်ဖြတ်ကျော်ဋ္ဌာနတစ်ခုမှတဆင့် ကျွန်ုပ်တို့ ၀င်ရောက်ကြခြင်းဖြစ်သည်။
    မြန်မာစစ်သားများ၏ နှံ့စပ်စွာရှာဖွေစစ်ဆေးခြင်းကို ခံယူပြီးနောက် ကျွန်ုပ်တို့သည် နယ်ခြားဂိတ်အား ဖြတ်ကျော်ခဲ့သည်။ ဒေသခံ ၀ ရုပ်မြင်သံကြားဋ္ဌာနမှ တာဝန်ခံများက ကျွန်ုပ်တို့အား ဖော်ရွေစွာ ကြိုဆိုကြသည်။
    “၀နယ်မြေမှ ကြိုဆိုပါတယ်” ဟု ဆိုပြီး အသင့်စောင့်ဆိုင်းနေသော ပစ်ကပ်နောက်ဖွင့်ကားများထဲသို့ ကျွန်ုပ်တို့အား နေရာချပေးခဲ့သည်။ ဤသည်မှာ အတန်ကြာစောင့်ဆိုင်းနေခဲ့သော ပထမဆုံး ချိန်းချက်တွေ့ဆုံမှုကဲ့သို့ ဖြစ်နေပြီး ၀တို့၏သမိုင်းကြောင်းအရ ကျွန်ုပ်တို့မှာ အနည်းငယ် စိတ်လှုပ်ရှားရပေသည်။
    ဗြိတိသျှကိုလိုနီခေတ်ကာလများဝယ် သူတို့အား ၀လူရိုင်းများဟု လူသိများခဲ့ကြသည်။ ၎င်းတို့၏ ကြမ်းတမ်းစွာ တိုက်ခိုက်တတ်ခြင်းနှင့် ရန်သူများကို ခေါင်းဖြတ်ပြီး ခေါင်းပြတ်များကို တိုင်များပေါ် ချိတ်ဆွဲထားတတ်ခြင်းက ကျော်ကြားသည်။
    ဖမ်းဆီးခေါင်းဖြတ်ခြင်း အကြောင်းများကို ရောက်တတ်ရာရာ ပြောဆိုရင်း တောင်အရပ်ရှိ လမ်းကြောရှည်တစ်လျှောက်မှတဆင့် ယင်းပိုင်နက်ထဲသို့ ၀င်ရောက်လာလေသည်။
    အတိုက်အခိုက်ရပ်စဲခြင်း၏ အတုန့်အလှည့်အဖြစ် ယင်းနယ်မြေအား ၎င်းတို့ စိတ်တိုင်းကျ စီမံခွင့် ပေးခဲ့သည်။ သို့ဖြင့် ၀တို့သည် အလွန်ဝင်ငွေကောင်းသည့် ဘိန်းစိုက်ပျိုးရေးကို မိမိတို့ကိုယ်ပိုင်ဒေသ၌ ပြုလုပ်ခဲ့ကြသည်။
    နောက်ထပ်ဆယ်စုနှစ်လွန်သော် ၀ပြည်နယ်နှင့် ရွှေတြိဂံနယ်မြေမှာ ဘိန်းစိမ်းနှင့် ဘိန်းဖြူ အကြီးစားထုတ်လုပ်သည့်ဒေသတစ်ခုအဖြစ် ကျော်စောလာသည်။
    wa-3
    စဦးရက်ပိုင်းအချို့တွင် ကျွန်ုပ်တို့အား ဘိန်းအစားထိုး လက်ဖက်၊ ကော်ဖီနှင့် ရာဘာစိုက်ပျိုးပင်များထံသို့ ခေါ်ဆောင်ပြသခဲ့ကြသည်။
    အမှန်အားဖြင့်လည်း ၀ပြည်နယ်မှာ မြန်မာနိုင်ငံထက် တရုတ်နိုင်ငံနှင့် ပိုမိုဆင်တူလေသည်။ အသုံးပြုငွေကြေးမှာ တရုတ်ယွမ်ငွေ၊ အဓိကဘာသာစကားမှာ မန်ဒရင်း(နိုင်ငံတကာသုံးတရုတ်စာစကား)၊ လျှပ်စစ်မီးနှင့် မိုဘိုင်းဖုန်း စသော အခြေခံအဆောက်အဦဆိုင်ရာ ပစ္စည်းများသည်လည်း တရုတ်ကုမ္ပဏီတို့၏ နယ်စပ်ဖြတ်ကျော်သွင်းကုန်များ ဖြစ်ကြသည်။
    wa-2
    လက်ဖက်ထုတ်လုပ်ရေးအပါအ၀င် ၀ပြည်နယ်၏ စီးပွားရေးလုပ်ငန်းအများအပြားမှာ တရုတ်နိုင်ငံနှင့် ပြုလုပ်သည်
    “မြန်မာနိုင်ငံရဲ့အစိပ်အပိုင်းဖြစ်ရခြင်းအပေါ်မှာ ဘာတွေရမလဲဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့က ခွဲမထွက်ချင်ဘူး၊ မြန်မာနိုင်ငံထဲမှာပဲ ပါဝင်နေစေချင်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီး Yeng Gar က ကျွန်ုပ်တို့အား အားပါးတရ ရယ်မောလျက် ပြောသည်။
    ဤသည်ကား အလွန် အလုပ်ဖြစ်သည့် ဗျူဟာတစ်ရပ်ပင်။ ၀ တို့သည် ၎င်းတို့၏ အိမ်နီးချင်းနှစ်ခုအပေါ် လှေနံနှစ်ဖက်နင်းကာ ပါးနပ်လိမ္မာစွာ နှစ်ပေါင်း ၂၀ မျှအထိ ကစားကွက်ခင်းနိုင်ခဲ့သည်။
    တောင့်တင်းခိုင်မာသောစစ်တပ်တစ်ခုဖြင့် မြန်မာစစ်တပ်ကို မလျှော့မတင်း ဆက်ဆံထားသည်။ တစ်ဖက်တွင် တရုတ်ပြည်နှင့် စီးပွားရေး၌ အနီးကပ်ဆက်ဆံသည်။ သို့အားဖြင့် ၀ တို့သည် အခြေခံအဆောက်အဦများနှင့် ကြွယ်ဝမှုကို တည်ဆောက်ထားသည်။ ကျွန်ုပ်တို့အား မြန်မာဆန်သည့် ကျောင်းများ၊ လမ်းများအချို့ကိုလည်း ပြသခဲ့ကြသည်။
    သို့သော် မူးယစ်ဆေးဝါးကိစ္စမှာ အဓိကပြဿနာအဖြစ် ရှိနေဆဲ။ ကျွန်ုပ်တို့တွေ့ရသလောက်ဆိုရလျှင် ဘိန်းထုတ်လုပ်မှုမှာ ရပ်ဆိုင်းသွားသော်လည်း ဆေးဝါးရောင်းဝယ်သုံးစွဲခြင်းကမူ အတွင်းပိုင်းတွင် လှိုက်စားနေမည့်ပုံ ရှိနေသည်။
    wa-4
    ကျွန်ုပ်တို့၏ ခရီးလမ်းကြောင်းတွင် ယာဘ စက်ရုံများကို မတွေ့ရခြင်းမှာ စိတ်ပျက်စရာကောင်းလှပါဘိ။ သို့သော်လည်း ကျွန်ုပ်တို့က တရားရေးဝန် Li San Lu နှင့် စကားပြောခွင့်ရရန် ကျွန်ုပ်တို့၏ လိုက်ပါစောင့်ရှောက်သူများထံ အပူကပ်ခဲ့သည်။
    ထိုသူမှာ အံ့ဖွယ် တုတ်ထိုးအိုးပေါက် ပြောတတ်သူ ဖြစ်ကြောင်းတွေ့ရ၏။ ယာဘ ထုတ်လုပ်ခြင်းမှာ ဧရာမပြဿနာကြီးဖြစ်ကြောင်း၊ ဤတစ်နှစ်တည်းမှာပင် ဆေးပြားများ တန်ချိန် ၂ တန်အထိ ဖမ်းဆီးမိကြောင်း၊ ၎င်းမှာ ဒေသခံမဟုတ်သူများ၏လက်ချက်ဖြစ်ကြောင်း သူက ပြောပြသည်။
    “ကျွန်တော်တို့ဒေသခံတွေက ယာဘ မလုပ်တတ်ကြပါဘူး။ ဖော်စပ်ပစ္စည်းတွေကို တရုတ်ပြည်၊ အိန္ဒိယနဲ့ ထိုင်းကနေ ၀ယ်ယူလာပြီးတော့ ဒီမှာ ထုတ်လုပ်နေကြတာ။ ကျွန်တော်တို့က အချောင်နာမည်ပျက်ရတယ်”။
    သူ့အား ထပ်မံ စကားနှိုက်ရန် ကြိုးစားစဉ် လိုက်ပါစောင့်ရှောက်သူများက ကြားဝင်လာပြီး ကျွန်ုပ်တို့အတွက် ခရီးသွားလေ့လာချိန် ကုန်ဆုံးပြီဖြစ်ကြောင်း အကြောင်းကြားလာသည်။
    ထိန်းချုပ်မှုကို မခံယူလိုသဖြင့် ထိုညဥ့်တွင် ကျွန်ုပ်တို့သည် ကာရာအိုကေအစီအစဉ်ကို ချန်လှပ်ပြီး စောင့်ရှောက်လိုက်ပါသူများအား ရှောင်ထွက်ကာ ပြည်နယ့်မြို့တော် ပန်ဆန်းမြို့တွင်းအနှံ့ လမ်းပြမပါဘဲ ထွက်ခဲ့ကြသည်။
    wa-5
    များမကြာမီမှာတော့ ၀နယ်အတွင်း ဆေးဝါးများသာ တရားမ၀င် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း ရှင်းလင်းစွာ သိလိုက်ရပါ၏။
    လမ်းတိုင်းလိုလိုမှာပင် သားရိုင်းတိရစ္ဆာန်တို့၏အစိပ်အပိုင်းများကို ရောင်းချသည့်ဆိုင်တစ်ဆိုင်တော့ ရှိနေသည်။
    ကျား၏သွားနှင့် ဦးခေါင်းခွံများ၊ ဆင်စွယ်များ၊ သင်းခွေချပ်သားရေများကို ပြောင်ပြောင်တင်းတင်း ရောင်းချနေကြသည်။ ၀ယ်လက်ဖောက်သည်များမှာ တရုတ်လူမျိုးများဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ခြင်းမှာလည်း လွယ်ကူလှကြောင်း အရောင်းကောင်တာနောက်ဖက်မှ အမျိုးသမီးက ကျွန်ုပ်တို့အား ပြောပြသည်။
    wa-6
    ရောင်းချနေသော တောရိုင်းတိရစ္ဆာန်ပစ္စည်းများမှာ ၀နယ်မှမဟုတ်ကြောင်း၊ ၀နယ်၏ တောတောင်တို့မှာ အချိန်အတန်ကြာကပင် ခုတ်လှဲခံရပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးမှ ရှင်းပြခဲ့သည်
    မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး သားရိုင်းတိရစ္ဆာန်ဈေးကွက်ဖြစ်သော မိုင်းလားသည် ပန်ဆန်းနှင့် ၁၀၀ ကီလိုမီတာ(၆၂ မိုင်)မျှသာ ကွာဝေးသည်။ သို့သော် ပန်ဆန်းထက်ပင် ရှုပ်ထွေးပွေလီ၏။
    ဤဆိုင်များမှာ သာမန်ဈေးဆိုင်ခန်းများမဟုတ်၊ ကနဦးပိုင်း မှတ်တမ်းတင်ခွင့်မရခဲ့သော နယ်စပ်ဂိတ်မှတဆင့် တရုတ်ဈေးကွက်သို့ တင်ပို့နေသည့် သားရိုင်းတိရစ္ဆာန်အစိပ်အပိုင်း စူပါမားကက်များ ဖြစ်နေကြသည်။
    ရန်ကုန်ပြန်ရောက်လျှင် ကမ္ဘာ့သားရိုင်းတိရစ္ဆာန်ရံပုံငွေအဖွဲ့မှ Nick Cox ထံ သတင်းမှတ်တမ်းတို ပေးပို့နိုင်ရန်အတွက် ကျွန်ုပ်တို့သည် ထိုဆိုင်များကို မိုဘိုင်းဖုန်းများဖြင့် မသိမသာ ရိုက်ကူးခဲ့ကြသည်။
    “ယခင်က သိရှိထားတာထက်ကို ဈေးကွက်ကြီးမားနေတာ တွေ့ရပါတယ်။ သားရိုင်းတိရစ္ဆာန်မျိုးစိတ်ကုန်စည်အပြည့်အစုံကို ရောင်းချနေတဲ့ တကယ့်အထက်တန်းစားဈေးဆိုင်များနဲ့ ဈေးကွက်ကို တွေ့လိုက်ရခြင်းက ဒီပြဿနာ နေရာအနှ့ပျံ့နှံ့နေတယ်ဆိုတာ ပြသနေတာပါပဲ။ တအုံတကျင်းသော ၀ယ်လိုအား ရှိနေဆဲဖြစ်သည့်အပြင် ဒီကုန်စည်တွေအပေါ် လူတွေက ငွေအမြောက်အများ သုံးစွဲနေကြတယ်”။
    wa-7
    စိမ်းလန်းစိုပြေ၍ တောင်ကုန်းထူထပ်သော ၀ပြည်နယ်ည် ဝေလနယ်အကျယ်အ၀န်းခန့် ရှိသည်
    “ဒီလိုတိရစ္ဆာန်အမျိုးအစားတွေ ကျွန်တော်တို့ဆီမှာ မရှိကြဘူး။ တောအုပ်တွေအားလုံးကို ရာဘာစိုက်ပျိုးရေးအတွက် ခုတ်ထွင်ရှင်းလင်းခဲ့ပြီးပြီ။ ဒါဟာ လွတ်လပ်တဲ့ ကုန်သွယ်မှုတစ်ခုပါပဲ” ဟု နိုင်ငံခြားရေးဝန် Zhao Guo An ကဆိုသည်။
    ဖက်ဒရယ်ပြည်ထောင်စုသစ်အတွက် အစီအမံများအတွင်း သူတို့အား ဆွဲယူရန် အားထုတ်မှုများမှာ လုံးလုံးလျားလျား အရာမရောက်ခဲ့ပေ။ ဆွေးနွေးပွဲစကားဝိုင်းသို့ တက်ရောက်ရန် တရုတ်တို့မှတဆင့် တွန်းအားပေးသော်လည်း ၀ကိုယ်စားလှယ်အဖွဲ့သည် ပထမနေ့မှာပင် နေရာပေးမှားယွင်းမှုကြောင့် ဒေါသတကြီးဖြင့် အစည်းအဝေးခန်းမှ ထွက်ခွာခဲ့ကြကုန်၏။
    Ref : BBC News Story
    Translation : Min Htut Hkaung
  • အိုးလုပ်ငန်း-ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၂)
    အိုးလုပ်ငန်း-ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၂)
    နိုဝင်ဘာ ၁၈၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    pottery
    – လွန်ခဲ့တဲ့ နှစ်ထောင်ကျော်အရင်ကတည်းက မွတ်စလင်ဒေသတွေဟာ ကမ္ဘာ့အကောင်းဆုံး ကြွေထည်၊ မြေထည်တွေကို ထုတ်လုပ်ခဲ့ကြပါတယ်။ ဒီကြွေထည်မြေထည်တွေကို ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်ကြသလို၊ အိမ်တွင်း အလှဆင်ပစ္စည်းတွေလည်း ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ချက်ပြုတ်ဖို့၊ မီးထွန်းဖို့နဲ့ လျှော်ဖွတ်ဖို့ စတဲ့ အိမ်တွင်းလုပ်ငန်းတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။ ထောင်စုနှစ်တစ်ခု ကြာညောင်းခဲ့တဲ့ အခါမှာတော့ ဒီရှေးဟောင်းလက်ရာတွေကို ဥရောပရဲ့ ရှေးဟောင်း သမိုင်းဆိုင်ရာ နေရာတွေမှာ တူးဖော် တွေ့ရှိခဲ့ပါတယ်။
    အိုးလုပ်ငန်းဟာ ယခင်က ငွေဝင်လမ်းဖြောင့်တဲ့ စီးပွားရေး၊ ကုန်သွယ်ရေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၄ ရာစု သမိုင်းပညာရှင် အလ်-မက်ရီဇီ (Al-Maqrizi) က “နေ့စဉ်နဲ့အမျှ မသုံးတော့တဲ့ ကြွေထည်၊ မြေထည်တွေကို လွှင့်ပစ်ကြတာ ဒီနာ ထောင်ပေါင်းများစွာ တန်ဖိုးရှိပါတယ်။ အဲဒီစွန့်ပစ်တဲ့ အထဲမှာ နို့သည်က နို့ထည့်တဲ့ အိုးတွေ၊ ချီစ်ရောင်းတဲ့သူက ချီစ်ထည့်တဲ့အိုးတွေ၊ ထမင်းဆိုင်မှာ ဆင်းရဲသားတွေ ထမင်းထည့်စားတဲ့ ပန်းကန်တွေ ပါဝင်ပါတယ်” လို့ ကိုင်ရိုမှာ ပြောကြားခဲ့ပါတယ်။
    မွတ်စလင်အင်ပါယာရဲ့ အရှေ့ဘက်မှာတော့ အိုးလုပ်ငန်းအချက်အခြာနေရာဟာ အီရတ်နိုင်ငံက ဘဂ္ဂဒတ်နဲ့ ဆာမာရာမြို့ ဖြစ်ပါတယ်။ ဆာမာရာမှာ တူးဖော်တွေ့ရှိမှုတွေအရ သက္ကရာဇ် ၈၃၈ ကနေ ၈၈၃ ခုနှစ်အထိ ကြာညောင်းခဲ့တဲ့ ခလီဖာအုပ်စိုးမှုအောက်မှာ နေထိုင်သူတွေဟာ စဥ့်ကိုင်ထားတဲ့အိုးတွေ၊ စဥ့်မကိုတ်ထားတဲ့ မြေအိုးတွေ အသုံးပြုခဲ့တာကို တွေ့ရပြီး အဲဒီမြေအိုးတွေမှာ ဒီဇိုင်းထွေတွင်းထားတာ၊ ရိုက်နှိပ်ထားတွေလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီခေတ်က အဓိက အသုံးပြုခဲ့တဲ့ အိုးအမျိုးအစား ၃ မျိုးကို တွေ့ရပြီး တစ်မျိုးက အဖြူရောင်အိုးမှာ အစက်အပျောက်တွေ ဒါမှမဟုတ် ‘စာပန်းချီဆန်ဆန်ဒီဇိုင်း’ တွေကို အပြာရင့်ရောင်နဲ့ ချယ်သထားတဲ့အိုး ဖြစ်ပါတယ်။ ဒုတိယ တစ်မျိုးက ရုပ်ပုံတွေ၊ အရောင်နှစ်မျိုးပါ အစင်းနှစ်ခုနဲ့ ချယ်သထားတဲ့ အိုးတွေဖြစ်ပြီး ဒါဟာ ၇ ရာစုနဲ့ ၈ ရာစု တန်မင်းဆက် (Tang) လက်ထက်က တရုတ် ကျောက်ဆစ်လက်ရာတွေကို အတုယူထားတာ ဖြစ်ပါတယ်။ တတိယတစ်မျိုးကတော့ သတ္တုအရောင်လို ပြောင်လက်အောင်ဖန်တီးထားတဲ့ ကြွေရည်သုတ်အိုးတွေ ဖြစ်ပါတယ်။
    အဲဒီအိုးတွေကို ဒီနေ့ခေတ်အသုံးပြုနေတဲ့ အိုးထိန်းစက်တွေနဲ့ ဆင်တူတဲ့ နည်းလမ်းမျိုးနဲ့ တော်တော်လေး သေသေသပ်သပ် ဖန်တီးထားတာဖြစ်ပြီး အခြောက်ခံကာ မီးဖိုကြိးတစ်ခုထဲမှာ ထည့်ဖုတ်တာ ဖြစ်ပါတယ်။ အဲဒီအိုးတွေဟာ အမှတ်တရပစ္စည်းစုဆောင်းသူတွေရဲ့ သည်းခြေကြိုက်ဖြစ်ခဲ့ပြီး၊ အလှအပနဲ့ အနုပညာတို့ရဲ့ အမှတ်သညာလည်း ဖြစ်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မွတ်စလင်တွေ လုပ်ခဲ့တဲ့ အဲဒီအိုးတွေဟာ သူ့အရင်ကထွက်ခဲ့တဲ့ အိုးတွေထက် ပိုကောင်းခဲ့ပြီး စဥ့်ကိုင်တဲ့နေရာ၊ အရောင်ဆိုးတဲ့နေရာနဲ့ ဒီဇိုင်းဖန်တီးတဲ့နေရာတွေမှာ တစ်မူထူးခြားတာကြောင့် ဖြစ်ပါတယ်။
    ရောမတွေကတော့ အစိမ်းရောင်တောက်တောက် ဒါမှမဟုတ် နီညိုရောင် စဥ့်ကိုင်ထားတဲ့ မြေနီထည်တွေကို အီဂျစ်အပါအ၀င် မြေထဲပင်လယ်နိုင်ငံတွေမှာ ပြန့်နှံ့စေခဲ့ပါတယ်။ အစောပိုင်း မွတ်စလင်တွေက ဒီအိုးလုပ်နည်းမှာ ခဲအနည်းငယ်ထည့်ကာ ပိုချောမွတ်ပြီး၊ သေသပ်တဲ့ အိုးတွေကို ထုတ်လုပ်နိုင်ခဲ့ကာ ဒီအိုတွေက ရေမစိမ့်နိုင်တာကြောင့် အရည်တွေထည့်နိုင်ခဲ့ပြီး အသုံးပြုမှုနယ်ပယ်ကို ကျယ်ပြန့်စေခဲ့ပါတယ်။
    အဘ္ဘာစစ်မင်းဆက်လက်ထက်က အိုးလုပ်သူတွေဟာ ခဲရောင်စဥ့်ထဲကို သံဖြူအောက်ဆိုက် (tin oxide) တွေ ပေါင်းထည့်ကြပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ တရုတ်လက်ရာတွေလို အဖြူရောင်သန့်သန့် ပေါ်စီလင် လုပ်နည်းကို ရှာဖွေချင်တာကြောင့်ပါ။ တရုတ်နဲ့ အီရတ်ဟာ ကြွေထည်မြေထည်တွေလုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေက တော်တော်လေးကို ကွဲပြားပါတယ်။ ဒါ့ကြောင့် ရင်းမြစ် ကြွယ်ကြွ၀၀ ရှိနေတဲ့ မွတ်စလင်တွေဟာ သံဖြူအောက်ဆိုက် အနည်းငယ်ကို စမ်းသပ်အသုံးပြုခဲ့ပါတယ်။ ဒီပစ္စည်းဟာ ထင်ရှားမှု ပိုကောင်းစေပြီး သူတို့ရှာဖွေနေတာကို အတိအကျ ရသွားခံပါတယ်။
    ဒါပေမယ့် စိတ်ကျေနပ်မှုမရှိသေးတဲ့ မွတ်စလင် အိုးထိန်းသည်တွေဟာ ဒီဇိုင်းပိုင်းမှာလည်း နည်းသစ် လမ်းသစ်တွေကို ဖော်ထုတ်ခဲ့ပါတယ်။ ‘အဖြူအောက်ခံခေါ် အပြာဖောက်ခြင်’ နည်းလမ်းကလည်း ကြွေထည်မြေထည်လုပ်ငန်းမှာ မွတ်စလင်တွေ ပထမဆုံး ဖော်ထုတ်ခဲ့တဲ့ နည်းလမ်းဖြစ်ပြီး နောက်ပိုင်း တရုတ်ပြည် ရောက်တဲ့အခါမှာတော့ လူကြိုက်အလွန်များခဲ့ကာ ပေါ်စီလင်အသုံးပြုပြီး အဲဒီ ဒီဇိုင်းတွေကို သူတို့ကိုယ်တိုင် ဖန်တီးခဲ့ကြပါတယ်။ အောက်ခံအဖြူပေါ် အပြာဖောက်တဲ့ ကြွေထည်မြေထည်တွေဟာ အဘ္ဘာစစ်မင်းဆက်လက်ထက် အိုးထိန်းသည်တွေရဲ့ ဂုဏ်ယူစရာ လက်စွဲနည်းလမ်းဖြစ်ပြီး သူတို့ရဲ့ လက်ရာတွေမှာလည်း သူတို့ကို ကိုယ်စားပြုတဲ့ အမှတ်အသားတွေ ရေးထိုးခဲ့ကြပါတယ်။ အဲဒီအမှတ်အသားတွေထဲမှာ အဘာဝေး (Abawayh) ဆိုတဲ့ အိုးထိန်းသည်က ‘စာနီ အမီရ် အလ်-မုအ်မီနီးန်’ (sani amir al-muminin) လို့ ရေးထိုးပြီး သူဟာ ခလီဖာတစ်ယောက်ထံက လက်မှုပညာရှင်ဖြစ်တယ်လို့ အဓိပ္ပါယ်ရောက်စေကာ လက်မှုပညာနဲ့ အိုးလုပ်ငန်းမှာ အဲဒီ ခလီဖာရဲ့ အားပေးကူညီမှု၊ မြှောက်စားမှုကို ရရှိခဲ့တယ်ဆိုတာကို ရည်ညွှန်းလိုတာပါ။
    ၈ ရာစုမှာတာ့ အီရတ်နိုင်ငံက အိုးလုပ်သူတွေဟာ ကြွေရည်သုတ်ခြင်း(luster) လို့ခေါ်တဲ့ နက်နဲတဲ့ နည်းလမ်းတစ်ခုကို ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီနည်းလမ်းကို ‘တစ်မူထူးခြားသော သတ္ထုမျက်နှာပြင်’ လို့ ခေါ်ဆိုခဲ့ပြီး မြေထည်တွေကို ရွှေထည်လိုမျိုးပြောင်းပေးမယ့် ရွှေချမှု နည်းလမ်းတစ်ခုဖြစ်ကာ တစ်ကယ့်ရွှေနဲ့တောင် အရောင်အဆင်းချင်း နှိုင်းယှဉ်နိုင်တဲ့အဆင့် ရှိခဲ့ပါတယ်။
    အစ္စလာမ်က ရွှေအိုး၊ ငွေအိုးတွေကို အသုံးပြုခွင့် ပိတ်ပင်ထားတာကြောင့် ဈေးပေါပြီး၊ ဘာသာတရားကို ဆန့်ကျင်မှု မဖြစ်စေတဲ့ ပစ္စည်းမျိုး ထုတ်လုပ်နိုင်ဖို့ ဒီကြွေရည်သုတ်နည်းလမ်းက အသုံးဝင်ခဲ့ပါတယ်။
    ဒီနည်းလမ်းမှာ ငွေ၊ ဒါမှမဟုတ် ကော့ပါးအောက်ဆိုက်ကို  မြေနီမှုန့်လိုဟာမျိုးတစ်ခုနဲ့ ရောရပြီး ရှာလကာရည် ဒါမှမဟုတ် စပျစ်ရည်ကို ကြားခံအဖြစ် ထည့်ရတာမျိုးပါ။ ၈ ရာစုမှာတော့ အီရတ်က အိုးလုပ်သူတွေဟာ စဉ့်ကိုင်ထားတဲ့ မြေထည်ပေါ်မှာ ဒီနည်းလမ်းနဲ့ ဒီဇိုင်းတွေ ဆွဲမယ်၊ ပြီးရင် မခြောက်သေးတဲ့အိုးကို ကြပ်တိုက်ဖို့အတွက် အိုးဖုတ် မီးဖိုကြီးထဲကိုထည့်ပြီး ဒုတိယအကြိမ်မှာတော့ မီးကို လျှော့ချလိုက်မယ်ဆိုရင် အိုးပေါ်မှာ ရွှေရောင်အလွှာ ပါးပါးလေးသာ ကျန်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ပြာတွေ၊ အမှုန်တွေကို ဖယ်ရှားလိုက်တဲ့အခါမှာတော့ လှပတဲ့ အရောင်လက်လက် ဒီဇိုင်းလေးတွေ ပေါ်လာပါတော့တယ်။
    အဲဒီဖြစ်စဉ်မှာ မီးဖုတ်စဉ်အတွင်း ကော့ပါးနဲ့ ဆေးလ်ဗားအောက်ဆိုက်တို့ သီးခြားစီ ဖြစ်သွားတာဖြစ်ပြီး သံဖြူစဥ့်လိုမျိုး အလွှာပါးလေးအဖြစ် မျက်နှာပြင်ပေါ်မှာ ကျန်စေတာ ဖြစ်ပါတယ်။ ငွေဟာ ၀ါရွှေရောင်နဲ့ ငွေရောင် အလက်အလက်တွေ ဖြစ်ခဲ့ပြီး ကော့ပါးကတော့ အနီရင့်ရောင်၊ မြစိမ်းရောင် ဖြစ်သွားတာမျိုးပါ။ ဒီအရောင်လက်လက်လေးတွေဟာ အလင်းကျရောက်မှုပေါ်မှာ မူတည်ကြီး ဒီဇိုင်းလေးတွေ ပြောင်းသွားတတ်ပါတယ်။ ရွှေရောင်၊ အညိုရောင်၊ အ၀ါရောင်နဲ့ အနီရောင်တွေ၊ အရောင်ဖျော့ဖျော့လေးတွေမှာ မိုနိုခရုမ်း (nonochrome) နဲ့ ပိုလီခရုမ်း (plychrome) လို့ခေါ်တဲ့ လှပန်ဆန်းကျယ်တဲ့ အရောင်ပြေးလေးတွေကို ဖြစ်ပေါ်စေတာမျိုးပါ။
    အုပ်ကြွတွေကိုလည်း ဒီလို ဒီဇိုင်ဖော်ထားတာပါ။ အရောင်အသွင်းစုံလင်လှတဲ့ ဒီ လေးထောင့် အုပ်ကြွပ်အချပ်လေးတွေနဲ့ သူတို့ကို ဟန်ချက်ညီ ပေါင်းစပ်မှုတွေဟာ ဗလီတွေ၊ နန်းတော်တွေကို မင်းဟန်စိုးဟန်ပေါက်ကာ ခမ်းနား ထည်ဝါစေခဲ့ပါတယ်။
    ဘဂ္ဂဒတ်က ကြွေရည်သုတ်နည်းလမ်းဟာ မွတ်စလင်ကမ္ဘာကို ပြန့်နှံ့သွားခဲ့ပြီး ၉ ရာစုမှာ တူနီးရှားက ကွေရာဝမ်မြို့ (Qayrawan) မြို့ဟာ ကြွေရည်သုတ်အုတ်ကြွပ်တွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ နောက်ထပ် ရာစုနှစ်တစ်ခု နောက်ပိုင်းမှာတော့ ဒီနည်းလမ်းဟာ စပိန်ကို ရောက်ရှိခဲ့ပါတယ်။ ကော်ဒိုဘာမြို့နားက ခလီဖာအုပ်စိုးရာ မဒီနတ် အလ်-ဇဟ်ရာမြို့ (Madinat al-Zahra) မြို့ရဲ့ ရှေးဟောင်းသမိုင်းဝင်နေရာတွေကို တူးဖော်မှုတွေအရ သက်တမ်းရင့် မြေထည်တွေကို တော်တော်များများ တွေ့ရှိခဲ့ရပြီး အောက်ခံအရောင်အတွက် စိမ်းနုရောင် (copper green) ကို အသုံးပြုကာ အဲဒီအပေါ်မှာ ညိုပုပ်ရောင် (manganese brown) နဲ့ ဒီဇိုင်းဖော်ထားတာ ဖြစ်ပါတယ်။ နောက်ထပ်ရာစုနှစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ အလ်-အန်ဒါလုစ် (စပိန်) က မာလာဂါလိုဒေသမျိုးမှာ ကြွေထည်မြေထည်လုပ်ငန်းတွေ ပေါ်ထွက်လာပြီး ရွှေရည်စိမ် (Gold luster) ပန်းကန်ပြားတွေနဲ့ ‘အလ်ဟမ်ဘရာ ပန်းအိုး’ (Alhambra Jar) လို့ခေါ်တဲ့ ဧရာမ ပန်းအိုးကြီးတွေ ထုတ်လုပ်ခဲ့ပါတယ်။
    ဘီဘီစီရဲ့ What the Ancients Did for Us အစီအစဉ်မှာ တင်ဆက်သူ အေမာနီ ဇာအင် (Amani Zain) က “ဒီ ပန်းအိုးကြီးတွေ (Alhambra Jar) ကို အစတုံးက ဆီတွေ၊ ကောက်ပဲသီနှံးအစေ့တွေ သိုလှောင်သိမ်းဆည်းဖို့ အသုံးပြုကြပါတယ်။ ဒါပေမယ့် ခလီဖာတွေရဲ့ နန်းတော်တွေမှာတော့ ဒီပန်းအိုးကြီးတွေဟာ တစ်မူထူးခြားတဲ့ အလှအပပုံစံနဲ့ ရှိနေကြပါတယ်။ အဲဒီပန်းအိုးကြီးကို မြင်လိုက်သူတိုင်းက ဒါတွေဟာ ရွှေနဲ့လုပ်ထားတာတွေပဲ ဖြစ်ရမယ်လို့ အထင်ရောက်လောက်အောင် လှပပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
    သာမန်ပြည်သူတွေကတော့ လက်တွေ့ဘ၀မှာ အသုံးချဖို့ အိုးတွေ လိုအပ်ပြီး စပိန်မှာ ပြည်သူတွေကြား လူကြိုက်အများဆုံး အိုးကတော့ ကွာဒက်စ် (qadus) ဖြစ်ကာ နိုရီယာလို့ခေါ်တဲ့ ရေတင်စက်တွေက ရေတွေကို သယ်ယူရာမှာ အသုံးပြုကြပါတယ်။ အဲဒီ သာမန်မြေအိုးတွေကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသုံးပြုကြပြီး ကျေးလက်ဒေသတွေမှာ မကြာသေးခင် ကာလအထိ ဒီအိုးတွေ အသုံးပြုမှုကို တွေ့ခဲ့ရပါသေးတယ်။
    ရေသယ်ဖို့အတွက် အိုးတွေအပြင် စပိန်မွတ်စလင်တွေဟာ ၁၂ ရာစု အစပိုင်းမှာ ဘိုင်ဇန်တိုင်းတွေရဲ့ မှတ်စီရွှေချ လက်ရာတွေကို အုတ်ကြွပ်တွေ အဇူလေဟို (azulejos) လို့ခေါ်တဲ့ ကြွေပြားတွေနဲ့ အစားထိုးခဲ့ကြပါတယ်။ အဖြူနဲ့အပြာကိုသုံးပြီး အင်မတန်လှတဲ့ အဲဒီကြွေပြားတွေမှာ ဂျီသြမေတြီ ဒီဇိုင်းတွေ၊ ပန်းဒီဇိုင်းတွေ၊ စာပန်းချီတွေနဲ့ ချယ်သအအလှဆင်ထားကြပါတယ်။ မာလာဂါက ထုတ်လုပ်တဲ့ ဒီ ပြောင်လက်ပြီး ကြွေရည်သုတ်အုတ်ကြွပ်တွေဟာ အခုအချိန်အထိ ကျော်ကြားနေုတုန်းပါပဲ။ အဇူလေဟို အုတ်ကြွပ်တွေမှာ ချယ်သထားတဲ့ အပြာရင့်ရောင် ကိုဗော့အောက်ဆိုက် (cobalt oxide) ဟာ မာလာဂါအရှေ့ပိုင်းကလာပြီး မူရ်စီယာ (Murcia)၊ အဲဒီကမှတစ်ဆင့် ခရစ်ယာန်အုပ်စိုးတဲ့ စပိန်အခြားဒေသနဲ့ ဗလင်စီယာတွေကို ၁၄ ရာစုအစပိုင်းမှာ ရောက်သွားခဲ့ကာ နောက်ပိုင်းမှာတော့ ဘာစီလိုနာအထိ ခြေဆန့်ခဲ့ပါတယ်။
    မွန်ဂိုတွေရဲ့ရန်ကနေ ထွက်ပြေးလာတဲ့ လက်မှုပညာသည်တွေ ကွန်ယာ (Konya) ဒေသမှာ စုရုံးကြတာကြောင့် တူရကီကလည်း အိုးထုတ်လုပ်မှုမှာ အချက်အခြာကျတဲ့နေရာ ဖြစ်ခဲ့ပါတယ်။ ၁၄ ရာစု အစပိုင်း ကွန်ယာဆူလ်တန်အုပ်ချုပ်မှု ပျက်သုဉ်းသွားတဲ့အခါမှာ အနာတိုလီယာရဲ့ ကြွေထည်ထုတ်လုပ်မှုဟာ တန့်သွားခဲ့ပါတယ်။ ဒါပေမယ့် ၁၃၂၆ အော်တိုမန်တာ့က်တွေက ဘူရ်ဆာ (Bursa) ကို သူတို့ရဲ့ မြို့တော်အဖြစ် သတ်မှတ်ခဲ့ပြီးတဲ့ အချိန်မှာတော့ ကြွေထည်မြေထည် လုပ်ငန်းဟာ ပြန်လည်ရှင်သန်လာခဲ့ပြီး ကြွေပြားတွေနဲ အလှဆင်ထားတဲ့ အဆောက်ဦးတွေလည်း အလျှိုအလျှို ပေါ်ထွက်လာခဲ့ပါတော့တယ်။
    ကြွေထည်မြေထည်ထုတ်လုပ်မှုမှာ ဘူရ်ဆာထက် ပိုပြီး သွက်တာက အစ်ဇ်နစ်က် (Iznik) မြို့ဖြစ်ပြီး ဒီလုပ်ငန်းရဲ့ အချက်အခြာနေရာကြီး ဖြစ်ခဲ့ကာ ၁၄ ရာစုအကုန်အထိ ရာစုနှစ် ၂ ခုလောက် တည်တံ့ခဲ့ပါတယ်။ အစ်ဇ်နစ်က ဒီဇိုင်းတွေဟာ အပြာရင့်ရောင်၊ စိမ်းပြာရောင်၊ အစိမ်းရောင်တွေ ချယ်သပြီး အနားသတ်မျဉ်းကတော့ အနက်ရောင်ဖြစ်ကာ အောက်ပိုင်း ဖောင်းကြွလေးတွေက အနီရဲရဲလေးတွေ ဖြစ်ပါတယ်။ စတုဂံကြွေပြားတွေနဲ့ ပုံဖော်တဲ့ အဲဒီပုံစံတွေဟာ ပန်းနွယ်ယှက်ဖြာတဲ့ ဒီဇိုင်းတွေ ဖြစ်ကာ ဘယ်တော့မှမရိုးတဲ့ ပန်း ၄ မျိုးကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ နှင်းဆီ စံပယ်၊ ဇော်မွှားပန်းနဲ့ ကျူလစ်ပန်းတို့ ဖြစ်ပါတယ်။
    မွတ်စလင်အိုးလုပ်သူတွေဟဟာ စဥ့်နဲ့  ကြွေရည်သုတ် ဒီဇိုင်းဖော်နည်းလမ်းတွေ ဖန်တီးရာမှာ ရာစုနှစ် ၁၀ ခုလောက် အုပ်စီးထားနိုင်ခဲ့ပြီး ဒီနေ့ခတ်ရဲ့ အိုးလုပ်ငန်းတွေအပေါ်မှာလည်း သူတို့ရဲ့ကျေးဇူးတွေ အများကြီး ရှိနေပါတယ်။ စပိန်နဲ့ စစ္စလီက အိုးလုပ်သူတွေကနေတစ်ဆင့် မြေအိုးထုတ်လုပ်မှု ပုံစံအသစ်တွေ၊ နည်းလမ်းအသစ်တွေ၊ ကုန်ကြမ်း၊ အရောင်ခြသမှု စတာတွေဟာ ဥရောပကို ၀င်ရောက်လာတာ ဖြစ်ပါတယ်။ မွတ်စလင်တွေက ၉ ရာစုမှာ စပိန်ကို  စဥ့်ကိုင်တဲ့ နည်းပညာ မဆောင်ကျဉ်းလာခင်အချိန်အထိ ဥရောပမှာ ဒီနည်းပညာကို မသိခဲ့ပါဘူး။
    မွတ်စလင်တွေလုပ်တဲ့ အိုးတွေက စပိန်အပြင်ဘက်ကို ရောက်ရှိတယ်ဆိုတဲ့ အထောက်အထားတွေလည်း အများကြီး ရှိနေပါတယ်။ မာလာဂါက အိုးတွေကို အင်္ဂလန်မှာ တွေ့ရပြီး မော်ရိုကိုက ၁၃ နဲ့ ၁၄ ရာစုတွေက ထုတ်လုပ်ခဲ့တဲ့ ကြွေရည်သုတ်လက်ရာ အစိတ်အပိုင်း ၄၄ ခု၊ ၁၅ ရာစုမှာ ထုတ်လုပ်ခဲ့တဲ့ လက်ရာ ၂၂ ခုကိုလည်း တွေ့ရှိခဲ့ရပါသေးတယ်။ ၁၉၉၀ ပြည့်နှစ်က ကန်တာဘူရီ (Cantabury) အလယ်ပိုင်းက လောင်းမားကတ် (Longmarket) မှာ တူးဖော်မှုအရ အစ္စလာမ်မစ်လက်ရာ ကြွေရည်သုတ်နဲ့ စိမ်းပြာရောင် အိုးတွေ တော်တော်များများကို တွေ့ခဲ့ရပါတယ်။
    ကန်တာဘူရီမှာ အလုပ်လုပ်တဲ့ ဂျွန် ကော့တာ (John Cotter) က မွတ်စလင်တွေထုတ်လုပ်တဲ့ အိုးတွေ အင်္ဂလန်ရောက်လာတာနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။
    “မြင့်မြတ်သောနယ်မြေ (ဂျေရုစလင်) က ပြန်လာတဲ့ ခရူးဆိတ် ခရစ်ယာန်သာသနာပြုစစ်သည်တွေရဲ့ ၀န်စည်စလယ်တွေနဲ့အတူ အချို့အိုးတွေက အင်္ဂလန်ကို ရောက်လာတယ်။ နောက်ထပ် ရောက်လာနိုင်ခြေရှိတဲ့ လမ်းကြောင်းတစ်ခုက မြင့်မြတ်သောနယ်မြေကို အလယ်ခေတ်မှာ ဘုရားဖူး သွားသူတွေ ဒါမှမဟုတ် စပိန်က သူတော်စဉ် ဂျိမ်းစ် (St James) ရဲ့ အုတ်ဂူဆီ သွားရောက်ကြသူတွေက မွတ်စလင်တွေထုတ်လုပ်တဲ့ အိုးတွေကို လက်ဆောင်အဖြစ် ယူလာကြတာမျိုး ဖြစ်ပါတယ်”
    မွတ်စလင်ဒေသကနေ ဥရောပကို အိုးတွေ တိုက်ရိုက်ရောက်လာမှုမျိုးဟာ သိပ်မရှိပါဘူး။ ဥပမာအားဖြင့် ၁၂၈၉ မှာ အင်္ဂလန်က ဘုရင် အဒ်ဝပ် ၁ (Edward I) ရဲ့ စပိန်မိဖုရား အလီယာနူရ် အော့ဖ် ကက်စ်တီးလ် (Eleanor of Castile) ဟာ နန်းတွင်းမှာ အသုံးပြုဖို့အတွက် မာလစ် (Malik) ကနေ အိုးပေါင်း ၄၀၀၀ မှာဖို့ အမိန့်ပေးခဲ့တယ်ဆိုတဲ့ အဖြစ်အပျက်တစ်ခု ရှိပါတယ်။ ဒီနေရာမှာ မာလစ်ဆိုတာ အန်ဒါလူစီယာက ကြွေရည်သုတ်မြေထည်တွေကို အဓိကထုတ်လုပ်တဲ့ မာလာဂါ (Malaga) ကို ရည်ညွှန်းတယ်ဆိုတာ သေချာပါတယ်။ (မာလီကာ (Malika) ဆိုတာ မာလာဂါကို အာရဘီလိုခေါ်တဲ့ အမည်ပါပဲ)
    ၁၄ ရာစုက ကြွေရည်သုတ်ပန်းကန်ကို လန်ဒန်က Blossom’s Inn လို့ခေါ်တဲ့နေရာမှာ တူးဖော်တွေ့ရှိခဲ့ပြီး အာရဘီ စာပန်းချီရေးနည်းတစ်ခုဖြစ်တဲ့ ကူဖစ် (Kufic) လက်ရာနဲ့ ဘ၀ဖြတ်သန်းမှု အဆင့်ဆင့်ကို အဲဒီပန်းကန်မှာ ပုံဖော်ထားပါတယ်။ အဲဒီထမင်းစား ပန်ကန်ပြားတွေဟာ ၁၄ ရာစုလောက်တုန်းက အန်ဒါလူစီယာနဲ့ မြောက်အာဖရိကတို့မှာ တော်တော်လေး ခေတ်စားခဲ့တဲ့ အသုံးအဆောင်တစ်ခုဖြစ်ပြီး နောက်ပိုင်း ဥရောပက ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီပန်းကန်တွေ အင်္ဂလန်ထဲ ၀င်ရောက်မှုဟာ ၁၃၀၃ မှာ စခဲ့တယ်လို့ သိရပြီး ကန့်မြို့ (Kent)၊ ဆန်းဒွစ်ခ်ျဆိပ်ကမ်း (Sandwich) က ပို့ကုန်သွင်းကုန် အကောက်ခွန်မှတ်တမ်းမှာ ဖော်ပြထားတာကို အံ့သြဖွယ်ရာ တွေ့ခဲ့ရပါတယ်။ အဲဒီ ပန်ကန်ပြားကို လက်ရှိမှာတော့ လန်ဒန်ပြတိုက်ရဲ့ Guild Hall မှာ ပြသထားပါတယ်။
    မွတ်စလင် ကြွေထည်မြေထည်ပညာရှင်တွေ ချန်ထားခဲ့တဲ့ နောက်ထပ် အမွေအနှစ်တစ်ခုကတော့ မိုင်အိုလီကာ (Maiolica) လို့ခေါ်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ အဲဒီ ပစ္စည်းရဲ့ ဇာတ်လမ်းက မာယော့ကာ (Majorca)နဲ့ အခြား ဘယ်လာရစ်ကျွန်းစု (Balearic) မှာ စတင်ခဲ့တာဖြစ်ပြီး အဲဒီဒေသကို ၁၂၃၀ အထိ မွတ်စလင်တွေ အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ ဂျီနိုစီ (Genoese) နဲ့ ဗီနီတီယန် (Venetian) တို့က အများဆုံးပါဝင်တဲ့ အီတလီသင်္ဘောတွေဟာ အဲဒီဒေသတွေကို မကြာခဏ သွားရောက်ပြီး  စဥ့်ထည်တွေ၊ မူးရစ်ရှ် အိုးလုပ်သူတွေကို ခေါ်ဆောင်လေ့ရှိပါတယ်။ အဲဒီ မူးရစ်ရှ် အိုးလုပ်သူတွေကဟာ မာယော့ကာစတိုင် အိုးတွေကို စစ္စလီကို မိတ်ဆက်ပေးခဲ့သူတွေပါ။ ဒီစတိုင်တွေဟာ နောက်ပိုင်း အီတလီမှာ ထင်ရှားတဲ့ဒီဇိုင်းတွေ ဖြစ်လာခဲ့ပြီး မာယော့လီကာ (Majolica) ဒါမှမဟုတ် မိုင်အိုလီကာ (Maiolica) လို့ အမည်တွင်ခဲ့ပါတယ်။
    ၁၅ ရာစုလောက်ကတည်းက မိုင်အိုလီကာအိုးတွေဟာ အိုးတစ်လုံးမှာရှိရမယ့် အရည်အသွေးတွေနဲ့ ပြည့်စုံတဲ့ အိုးအမျိုးအစား ဖြစ်ခဲ့ပြီး အန်ဒါလူစီယာနဲ့ အီဂျစ်တို့က နည်းလမ်းတွေကို အသုံးပြုတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အီတလီ အနုပညာရှင်တွေဟာ နောက်ထပ် အိုးသစ်အများအပြားကို တီထွင်ထုတ်လုပ်ခဲ့ကြပြီး ၀ါစိမ်းရောင်၊ စတော့ဘယ်ရီသန်းတဲ့ ပန်းရောင်၊ ပတ္တမြားသွေးရောင် စသဖြင့် ပါဝင်တဲ့ ဂူဘီအို (Gubbo) ကြွေရည်သုတ်ပစ္စည်းတွေလည်း အဲဒီအထဲမှာ ပါဝင်ပါတယ်။ ဒီ မိုင်အိုလီကာ ဒီဇိုင်းတွေဟာ လက်ရှိအချိန်အထိ အီတလီရဲ့ ကြွေထည်မြေထည်လုပ်ငန်းမှာ လွှမ်းမိုးနေတုန်းပါပဲ။
    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)
  • တစ်နှစ်အလွန် အရောင်မှိန်လာသော ဒီမိုကရေစီနတ်သမီး
    တစ်နှစ်အလွန် အရောင်မှိန်လာသော ဒီမိုကရေစီနတ်သမီး
    နိုဝင်ဘာ ၁၆၊ ၂၀၁၆
    M-Media
    daw-su
    လွန်ခဲ့သောတစ်နှစ်က မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သောင်ပြိုကမ်းပြိုအနိုင်ရသည့် ရွေးကောက်ပွဲနှင့်အတူ နိုင်ငံတော်ကို ဦးဆောင်နိုင်ခဲ့သည်။ တစ်နှစ်တာအလွန်တွင်တော့ ခါးသည်းသည့်ပကတိတရားက ရှေ့ဆက်နေဆဲ
    – ယမန်နှစ် NLD ပါတီ၏ အပြတ်အသတ်အနိုင်ရရှိလိုက်ချိန် မဲဆန္ဒရှင်များက ရန်ကုန်မြို့ လမ်းများပေါ်ထွက်၍ ကခုန်မြူးတူးခဲ့ကြသည်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ၏မဲများကို ရေတွက်ပြီးစီးချိန်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အပြတ်အသတ် မဲအသာနှင့် အထင်အရှား အနိုင်ရရှိသွားသည်။ ၁၉၉၀ ခုနှစ်က NLD မှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့သော်လည်း အာဏာရစစ်တပ်က ယင်းရလဒ်ကို မသိကျိုးကျွန်ပြုခဲ့သည်။ ထိုကာလများက အပြောင်းအလဲဖြစ်သွားခဲ့ပေပြီ။ ယခုတစ်ခါတော့ ရွေးကောက်ပွဲဆိုင်ရာ ပြည်ပလေ့လာသူများ ရှိနေကြပြီး၊ တိုင်းပြည်လည်း ကမ္ဘာ့အသိအမှတ်ပြုမှုစည်းဘောင် အပြင်ဖက်သို့ ရောက်ရှိနေသဖြင့် ယခင်ကကဲ့သို့ မလှိမ့်တပတ်လုပ်၍ မရနိုင်ခဲ့ပေ။
    ၂၀၀၈ ခုနှစ်တွင် ကလိန်ကကျစ် ပြည်သူ့ဆန္ဒခံယူပွဲပြီးသည့်နောက် စစ်တပ်၏ ရေးဆွဲကြီးကြပ်စီမံမှုအောက်မှ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ထွက်လာခဲ့သည်။ ၎င်း၌ နိုင်ငံခြားသားတစ်ဦးနှင့် ထိမ်းမြားထားသူသော်လည်းကောင်း၊ သားသမီးများက မြန်မာနိုင်ငံသား မဟုတ်လျှင်သော်လည်းကောင်း တိုင်းပြည်၏ဦးသျှောင် ဖြစ်ခွင့်မရှိဟူ၍ တားမြစ်ထား၏။ ဒေါ်စုကြည်၏အမျိုးသားမှာ အင်္ဂလိပ်လူမျိုး မိုက်ကယ်အဲရစ္စ ဖြစ်ပြီး၊ သူမ၏သားနှစ်ဦးက ဗြိတိန်နှင့် အမေရိကန်နိုင်ငံသားများ ဖြစ်နေကြ၏။ သို့ဖြစ်၍ NLD ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဤဖွဲ့စည်းပုံဥပဒေအရ မြန်မာနိုင်ငံ၏သမ္မတ ဖြစ်မလာနိုင်ကြောင်း လူတိုင်း သိထားခဲ့ကြသည်။
    သို့သော် ယခုနှစ် ဧပြီလ၌ အပြီးသတ်အာဏာလွှဲယူမည့်အစိုးရသစ်၏ တွဲဖက်ဦးသျှောင်ဖြစ်လာအောင် သူမအတွက် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဟူသော ရာထူးကို ဖန်တီးပေးလိုက်ကြသည်။
    ယနေ့မှာတော့ စိတ်ပျက်စရာများ ရှေ့ဆက်ဖြစ်တည်လာရပြီ။ အထူးသဖြင့် မြန်မာ့လူဦးရေ ၃၀-၄၀ ရာခိုင်နှုန်းအထက်၌ ရှိနေနိုင်သော လူနည်းစု တိုင်းရင်းသားများအကြားတွင် ဖြစ်၏။ ၎င်းတို့လည်း မဖြစ်မနေလိုအပ်ချက်အရ မဟုတ်သည့်တိုင် ပါတီကို ထောက်ခံခြင်း သို့မဟုတ် ဒေါ်စုကြည်ကိုထောက်ခံအားပေးခြင်းကြောင့် NLD အား မဲထည့်ခဲ့ကြသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဗမာလူမျိုးလူများစု၏ မဲဆန္ဒနောက်ကို လိုက်ခြင်းက ပိုသဘာဝကျသည်ဟု ၎င်းတို့မှ လက်ခံထားခဲ့ကြသည်။
    NLD ပါတီက လမ်းကြောင်းသစ်ပေါ် ရပ်တည်၏။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP မှာမူ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို သဘောထားပြောင်း ကျယ်ဝန်းစေပြီး အခြားသောပြုပြင်ပြောင်းလဲရေးကို မိတ်ဆက်ထိတွေ့စေခဲ့သော်လည်း အစိုးရဟောင်းကိုသာ ကိုယ်စားပြုခဲ့၏။ ထို့ကြောင့် မဲပေးခြင်း၌ အပြောင်းအလဲ ဖြစ်သွားသည်။ အစိုးရသစ်ထံမှ အပြောင်းအလဲကို အမျှော်ကြီး မျှော်လင့်ခဲ့ကြ၍ ဖြစ်ပေသည်။
    သို့ပင်သို့ငြား အရေးကိစ္စအများအပြားက အရင်အတိုင်း ထူးမခြားနားဖြစ်နေခြင်းကိုသာ တွေ့မြင်နေကြရသည်။ ကချင်၊ ရှမ်းနှင့် အခြားလက်နက်ကိုင်တိုင်းရင်းသားများအပေါ် ဆင်နွှဲသော မြောက်ပိုင်းစစ်ပွဲများမှာ လျော့ပါးမသွားဘဲ ရှေ့ဆက်နေ၏။ အစိုးရ၏ စစ်အင်အားသာလွန်မှု၊ ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်ခြင်းအထောက်အကူ၊ အကြီးစားအမြောက်တပ်နှင့် ဂျက်လေယာဉ်များ အသုံးပြုခြင်းကြောင့် လူပေါင်း တစ်သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးကြရသည်။ သြဂုတ်လအတွင်း နေပြည်တော်၌ ဒေါ်အောင်ဆန်းစုကြည် ကမကထပြု ကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးဝိုင်းတွေက အစိုးရ၏အလိုကို လိုက်လျောမှုထက် ပို၍ မထူးခြားခဲ့ပါ။ ၎င်းတွေ့ဆုံဆွေးနွေးမှု၌ လက်နက်ကိုင် တိုင်းရင်းသားများက အပစ်အခတ်ရပ်စဲရေးကို သဘောတူလက်မှတ်ထိုးမှရမည်ဟု ဆိုသည်။ ၎င်းတို့အများစုကတော့ လက်နက်ချအညံ့ခံခိုင်းသည်ဟု အမြင်ရှိကြ၏။ ထို့ပြင် အာဏာပိုင်များ ဆိုထားသလို တိုင်းပြည်အနာဂတ်ဆိုင်ရာ နိုင်ငံရေးစားပွဲဝိုင်းထိုင်ခြင်း အစပြုမှုမျိုးလည်း မဟုတ်ခဲ့ပြန်။ ရခိုင်ပြည်နယ်မှ တင်းမာမှုသည်လည်း မြင့်တက်လာပြီး (ယခုအခါ) အစိုးရတပ်ဖွဲ့များနှင့် အစ္စလာမ်စစ်သွေးကြွဆိုသူများအကြား သွေးချောင်းစီးတိုက်ခိုက်မှုတွေ ဖြစ်ပွားနေပေသည်။
    အမျှော်ကြီး မျှော်မှန်းထားသော စီးပွားရေးတိုးတက်မှုတွင်လည်း မည်သည့်အကောင်အထည်မျှ ထပ်တိုးထင်ရှားမှု ဖြစ်မလာသေးပေ။ စက်တင်ဘာလ ဒေါ်စုကြည်၏ ၀ါရှင်တန်ခရီးစဉ်အတွင်း အမေရိကန်က ၎င်း၏ကန့်သတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးခဲ့သည်။ ၎င်းအပြင် ယခုလအတွင်း တိုကျိုသို့ သူမ သွားရောက်သည့်အခါ ဂျပန်အစိုးရက ငါးနှစ်တာကာလအတွက် အမေရိကန်ဒေါ်လာ ၇.၇၃ ဘီလီယံအထိ အကူအညီပေးရန် အခိုင်အမာအာမခံခဲ့သည်။ ဂျပန်သည် မြန်မာနိုင်ငံတွင်း၌ အလျင်စလို ရင်းနှီးမြှုပ်နှံမှု မပြုသေးသော်လည်း ယင်းရည်ရွယ်ချက်အကြောင်းခံ ဟူသည်မှာ ရှင်းလင်းထင်ရှားပါသည်။
    နိုင်ငံတကာဖွံ့ဖြိုးရေးလုပ်ငန်း အထူးပြုလေ့လာနေသော Deutsche Gesellschaft für Internationale Zusammenarbeit ဂျာမန်ကုမ္ပဏီက ၂၀၁၅ ဖေဖော်ဝါရီရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာပါ တိုးတက်ဖြစ်ထွန်းမှုအချို့အား အသိအမှတ်ပြုခဲ့သည်။ သို့သော် “လတ်တလောတွင် ပြုပြင်ပြောင်းလဲရေးများ ရှိနေလင့်ကစား အောက်ခြေဥပဒေလောက သာမက ဘဏ်လုပ်ငန်းဆိုင်ရာ ငွေကြေးလည်ပတ်မှုစနစ်သည် နိုင်ငံတကာစံနှုန်းများနှင့် အလှမ်းကွာဝေး နောက်ကျလွန်းနေသည်။ ၎င်းပြင် ထိုစနစ်က အရှေ့တောင်အာရှ နိုင်ငံအားလုံးအနက် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးအဆင့်သို့ ရောက်သွားစေသည်။ သို့ဖြစ်ရာ ရှိအပ်သည့် အလယ်အလတ်ဆင့် ဘဏ္ဍာရေးအဆင့်အတန်းကိုပင် လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်ပါ” ဟု ဆိုလိုက်သည်။
    အစဉ်သဖြင့် လျှပ်စစ်မီးပြတ်တောက်ခြင်း၊ ညံ့ဖျင်းသော သယ်ယူပို့ဆောင်ရေးနှင့် အိမ်ခြံမြေဈေး အဆမတန် မြင့်မားမှုတို့က အလွန်တရာလိုအပ်လျက်ရှိသော ဖွံ့ဖြိုးရေးကို ခက်ခဲအောင် ဟန့်တားလျက်ရှိ၏။
    NLD ၏ ၂၀၁၄ ရွေးကောက်ပွဲအောင်မြင်မှုနောက်ပိုင်း ဖြစ်နိုင်ချေမျှော်လင့်ချက်များမှာ လက်မခံချင်စရာကောင်းလောက်အောင် မြင့်မားလာသည်ဟု ခြုံငုံသုံးသပ်ရပေမည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ဒီမိုကရေစီစနစ်သစ်တစ်ရပ်ကို ထိတွေ့စေမည့်အစား စနစ်ဟောင်းတည်မြဲရှင်သန်နေရေးအတွက် ရေးဆွဲခဲ့ခြင်းဖြစ်လေရာ စစ်တပ်က အမျိုးသားနိုင်ငံရေး၏ ဦးဆောင်ကဏ္ဍ၌ ထိန်းသိမ်းရယူထားဆဲပင်။ ၎င်းက ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဟူသော အဓိကအရေးပါသော ၀န်ကြီးနေရာသုံးခုကို ခန့်အပ်ခွင့်ရှိသည့်အပြင် လွှတ်တော်များမှ ကိုယ်စားလှယ်များဦးရေ၏ လေးပုံတစ်ပုံခန့်ကိုလည်း ထည့်သွင်းခွင့်ရှိနေသည်။
    မြန်မာနိုင်ငံသည် ရာစုနှစ်ဝက်ကျော် စစ်အုပ်ချုပ်ရေးကာလအလွန်တွင် ဒီမိုကရေစီစနစ်အား တည်ထောင်နိုင်ရန် ရုန်းကန်နေရဆဲဖြစ်ကြောင်း ဒေါ်စုကြည်ကလည်း ၀န်ခံပြောကြားနေသည်။
    ဖွဲ့စည်းပုံအခြေခံဥပဒေရှိ အရေးပါသည့်အချက်များကို ပြင်ဆင်ပြောင်းလဲရန်မှာ လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံကျော် မဲဆန္ဒ လိုအပ်သဖြင့် လက်ရှိလမ်းကြောင်းအား ဒီမိုကရေစီနည်းကျဖြစ်အောင် ကြိုးပမ်းချက်မှန်သမျှအပေါ် ဆန့်ကျင်ရန် လုံလောက်သည့် အရေအတွက်ကို ပေးအပ်လျက်ရှိသည်။ အရေးအကြီးဆုံးအချက်သည်ကား စစ်တပ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိနေပြီး အာဏာပိုင်အစိုးရ သို့မဟုတ် ရွေးချယ်ခံအစုအဖွဲ့၏အမိန့်ထက် ၎င်း၏ စစ်ဦးစီးချုပ်အမိန့်များကိုသာ နာခံနေခြင်းဖြစ်သည်။
    ဒေါ်စုကြည်အနေနှင့် သူမအားရွေးချယ်ခဲ့သော ပြည်သူလူထုနှင့် စစ်တပ်အကြားတွင် အလွန်တရာ သိမ်မွေ့စွာ ကိုင်တွယ်ရပေတော့မည်။ ဖခင်ဖြစ်သူ၏ တပ်မတော်ဖြစ်ခြင်းကြောင့် သူမသည် ချစ်မြတ်နိုးပါကြောင်းကိုလည်း ဗိုလ်ချုပ်များ အကြိုက် ပြောဆိုလျက် လမ်းကြောင်းချော်ထွက်နေပါသည်။
    သူမ၏ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံအတွက် ပထမဆုံးလက်နက်ကိုင်အင်အားစု(တပ်မတော်)ကို ဖွဲ့စည်းခဲ့သည်ကား မှန်၏။ သို့သော် ၎င်းသည် ယနေ့ခေတ် မြန်မာစစ်တပ်နှင့် မတူကွဲပြားလွန်းသော အနေအထားကြားမှ ရှင်သန်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယနေ့စစ်တပ်သည် ၁၉၄၀ ခုနှစ်များအတွင်း ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရန် ၀ါယမပြုရာမှ ထွက်ပေါ်ခဲ့ခြင်းမဟုတ်၊ ပြည်တွင်းစစ်ကို အကြောင်းပြု၍ ကြီးထွားလာခြင်းသာဖြစ်၏။
    သူမသည် စစ်တပ်အကြိုက်လိုက်လွန်းနေသည့်အပေါ် တိုင်းရင်းသားအုပ်စုများအကြား ခံစားချက်ကြီးတစ်ရပ် ဖြစ်လာစေသည်။ “သူမကို ဝေဖန်ရလွန်းလို့ ကျွန်မ မောပန်းလှပါပြီ” ဟူ၍ ဗုဒ္ဓဘာသာဝင်လူများစုကြီးစိုးရာ မြန်မာနိုင်ငံရှိ လူနည်းစု ခရစ်ယာန်လည်းဖြစ်၊ ကချင်အရေးလှုပ်ရှားသူလူငယ်လည်းဖြစ်သော နော်စတယ်လာက ဆိုသည်။
    “သူမကို စစ်တပ်က ထိန်းချုပ်ထားတယ်။ တစ်ချိန်က လူနည်းစုဝင်တိုင်းရင်းသားတွေဆီကရော တိုးတက်ပြောင်းလဲလိုတဲ့ ဗမာလူမျိုးတွေဆီကရော ရရှိထားခဲ့တဲ့ ထောက်ခံအားပေးမှုကို သူမဟာ လက်လွှတ်ဆုံးရှုံးဖို့ များနေပါပြီ”။
    ၎င်းတိုးတက်ပြောင်းလဲလိုကြသည့် ဗမာလူမျိုးအချို့က သူမအား နာမည်ကျော် ဗိုလ်အောင်ဒင်ဇာတ်လမ်းမှ မမြ၀င်းနှင့်ပင် ခိုင်းနှိုင်းတင်စားကြသည်။ ထိုမမြ၀င်းမှာ တောပုန်းခေါင်းဆောင် ဗိုလ်အောင်ဒင်၏ ပြန်ပေးဆွဲခေါ်ဆောင်သွားခံရသော်လည်း သူမအား ကယ်ဆယ်ရန်ကြိုးစားသော ရဲဝန်ထမ်းကို ဆန့်ကျင်၍ ဗိုလ်အောင်ဒင်ဖက်မှ ရပ်တည်ခဲ့လေသည်။ ၎င်းမှာ Stockholm syndrome (ဘက်ပြောင်းစိတ္တ)အား မြန်မာမှုပြုထားသော ဇာတ်လမ်းဖြစ်သည်။
    သူမသည် စစ်အုပ်ချုပ်ရေးကိုအဆုံးသတ်စေလိုသည့် တိုင်းသူပြည်သားများထက် သူမအား ၁၅ နှစ်ထိ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သော စစ်တပ်နှင့် ပိုမို ဖက်လှဲတကင်းဖြစ်နေပုံရ၏။
    ဤသုံးသပ်ချက်မှာ ကြမ်းတမ်းကောင်း ကြမ်းတမ်းပေမည်။ သို့သော် ဒေါ်စုကြည်၏ အရှိန်အ၀ါ မှေးမှိန်လာနေပြီဖြစ်၏။ “ဒေါ်စုကြည် လွတ်မြောက်ရေးအတွက် ကျွန်မတို့ တစ်စုံတစ်ရာကို ထပ်မံစတင်ရတော့မှာဖြစ်တယ်” ဟု နော်စတယ်လာက ဆိုသည်။
    လွန်ခဲ့သောတစ်နှစ်က မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သောင်ပြိုကမ်းပြိုအနိုင်ရသည့် ရွေးကောက်ပွဲနှင့်အတူ နိုင်ငံတော်ကို ဦးဆောင်နိုင်ခဲ့သည်။ ရန်ကုန်မြို့လမ်းများနှင့် နေရာတိုင်းတွင် ခြိမ့်ခြိမ့်သဲ ပျော်ရွှင်ခဲ့ကြသော်လည်း တစ်နှစ်တာအလွန်တွင်တော့ ခါးသည်းသည့်ပကတိတရားက ရှေ့ဆက်နေဆဲ။ လူမျိုးရေး၊ နိုင်ငံရေးပဋိပက္ခနှင့် ပြည်တွင်းစစ်ကြောင့် ဆယ်စုနှစ်များစွာ ပြိုကွဲပျက်စီးနေသော တိုင်းပြည်တစ်ခုကို နိုင်နင်းအောင်အုပ်ချုပ်ခြင်းထက် ဒီမိုကရေစီသူရဲကောင်းဖြစ်ဖို့က ပို၍ လွယ်ကူသက်သာနေပေသည်။ ၁၉၆၀ ခုနှစ်များကတည်းက ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသည် အရပ်သားအစိုးရတစ်ရပ်ကို ရရှိထားပြီးဖြစ်ပါသော်လည်း စစ်တပ်သည် ပဲ့ထိန်းနေရာတွင် ရှိနေဆဲပါတကား။
    (Bertil Lintner ၏ One year on in Myanmar, is Suu Kyi’s halo slipping? နိုင်ငံရေးအမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။)
  • အထည်လိပ်လုပ်ငန်း- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၁)
    အထည်လိပ်လုပ်ငန်း- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၁)
    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    textile
    အထည်လိပ်တွေဟာ အလယ်ခေတ်ကုန်သွယ်မှုကို တော်တော်လေး အားကောင်းစေခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ကုန်သွယ်မှုမှာ မရှိမဖြစ်ကုန်စည်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က အထည်လိပ် ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုဆိုတာ ကာယ၊ ဉာဏလုပ်သားတွေ အဓိကထားလုပ်ကြတဲ့ လုပ်ငန်းလည်း ဖြစ်ခဲ့ပါတယ်။
    ၉ ရာစုအလယ်ပိုင်းလောက်မှာ မွတ်စလင်တွေအုပ်စိုးတဲ့ စပိန်ကထွက်တဲ့ အထည်လိပ်တွေဟာ နိုင်ငံတကာရဲ့ လေးစားမှုကို ရခဲ့ပါတယ်။ ရာစုနှစ် ၃ ခု ကြာပြီးနောက်ပိုင်းမှာတောင်မှ စပိန်နိုင်ငံကထွက်ပြီး ရွှေချည်ကွပ်ကာ အလှအပတွေ ဆင်မြန်းထားတဲ့ ပိုးထည်တွေကို ပေါ်တူဂီဘုရင်မ ဘီယာထရစ် (Beatrice) ရဲ့ လက်ထပ်မင်္ဂလာမှာ အသုံးပြုခဲ့ပါတယ်။
    စပိန်မွတ်စလင်တွေ ရက်လုပ်တဲ့ ချည်ထည်တွေဟာ အဲဒီခေတ်အခါက ကျော်ကြားတဲ့ တရုတ်လက်မှု ပညာရှင်တွေရဲ့ လက်ရာလောက်ကို သေသပ်ပြီး၊ ကောင်းမွန်ပါတယ်။ ကော်ဒိုဘာမြို့တစ်ခုတည်းမှာပဲ ကောဇောတွေ၊ ကူရှင်တွေ၊ ပိုးလိုက်ကာတွေ၊ ရှော်စောင်တွေနဲ့ မှီအုံးတွေလုပ်တဲ့ ရက်ကန်းစက်ရုံပေါင်း ၃၀၀၀ လောက်ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်း လူကြိုက်များခဲ့တဲ့ ဥရောပထုတ် ဖိနပ်တွေအတွက်လည်း ကော်ဒိုဘာက လယ်သာတွေ ထောက်ပံ့ပေးတာပါ။ စပိန်က ကူအန်ကာ (Cuenca) မြို့ဟာ ထိပ်တန်း သိုးမွှေးအထည်ပေါင်းစုံ အထူးသဖြင့် ဖျာတွေ၊ နှစ်ဖက်လှအထည်တွေ ထွက်ရှိရာဒေသ ဖြစ်ပါတယ်။ ဒီသိုးမွှေးထည်တွေကို ဘုရားဝတ်ပြုအခင်းတွေအဖြစ်၊ အိမ်တွေက ကြမ်းပြင်တွေ၊ စားပွဲခုံတွေမှာ လှပတဲ့ အခင်းတွေအဖြစ် အသုံးပြုကြပါတယ်။
    အလ်-အန်ဒါလုစ်မှာတော့ အရှေ့တိုင်းစတိုင် အ၀တ်အထည်တွေကို မာလာဂါနဲ့ အလ်မာရီယာမြို့တွေမှာ အဓိကထား ထုတ်လုပ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီမြို့တွေဟာ ဆိပ်ကမ်းမြို့တွေဖြစ်ပြီး စတိုင်အသစ်တွ၊ နည်းစနစ်အသစ်တွေကို ပထမဆုံး လက်ခံရရှိရာနေရာတွေ ဖြစ်လို့ပါပဲ။ မွတ်စလင်တွေအုပ်စိုးတဲ့ စပိန်ကနေ ဖွံ့ဖြိုးလာတဲ့ ချည်ထည်ရက်လုပ်မှုလုပ်ငန်းဟာ နောက်ပိုင်းမှာ ဥရောပတစ်ခွင့် ပြန့်နှံ့သွားခဲ့ပါတယ်။
    စပိန်ရဲ့ အရှေ့ဘက်ဒေသနဲ့ မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ အထည်လိပ်တွေကနေ အ၀တ်အထည်၊ အိမ်သုံးပရိဘောဂပေါင်းစုံကို ထုတ်လုပ်ခဲ့ကြပါတယ်။ နော်မဒ်အမျိုးသမီးတွေ (Normad) ဟာ အတဲအမိုးတွေ၊ မြင်းကုန်းနှီးတွေ၊ ပုခက်တွေနဲ့ သူတို့ရဲ့နေ့စဉ်ဘ၀မှာ လိုအပ်တဲ့အရာတွေကို ရက်လုပ်ခဲ့ကြပါတယ်။ မြို့ပြတွေ၊ နန်းတော်တွေရဲ့ ပရိဘောဂတွေဟာ အဲဒီအချိန်တုန်းက ကောဇောတွေ၊ လိုက်ကာတွေ၊ အခင်းတွေ ဖြစ်ပါတယ်။ ကုလားထိုင်တွေအစား လူတွေဟာ ကူရှင်တွေမှာ ထိုင်ကြပြီး အ၀တ်တွေနဲ့ ချုပ်လုပ်ထားတဲ့ မှီအုံးတွေကို မှီကြပါတယ်။ အဲဒီ မှီအုံးရဲ့ အရည်အသွေးကောင်းမွန်မှုက ပိုင်ရှင်ရဲ့ ကြွယ်ဝချမ်းသာမှုကို ထင်ဟပ်စေပါတယ်။
    ၁၉ ရာစုက ရေးသားခဲ့သည့် Album of Kashmiri Trades (ကက်ရှ်မီရ်းဒေသမှ ကုန်သွယ်လုပ်ငန်း မှတ်တမ်း) စာအုပ်မှ ဆေးဆိုးလုပ်သားတစ်ဦးက အ၀တ်အထည်များကို ဆေးဆိုးနေမှုအား သရုပ်ဖော်ထားပုံ)
    အထည်လိပ်တွေဟာ နိုင်ငံရေးမှာ အရေးပါတဲ့ပစ္စည်းတွေလည်း ဖြစ်ပါတယ်။ သံတမန်ရေးရာအရ တာသွားတဲ့ လက်ဆောင်တွေအဖြစ် အသုံးပြုကြသလို၊ ပုံမှန် ပွဲလမ်းသဘင်တွေ၊ အထူး အခမ်းအနားတွေမှာ အဆင့်မြင့်အရာရှိတွေနဲ့ အခြား အောင်မြင်ကျော်ကြားသူတွေကို ချီးမြှင့်တဲ့ ဆုလာဘ်အဖြစ်လည်း အသုံးတော်ခံခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ချီးမြှင့်တဲ့ ခြုံထည်တွေ၊ ခေါင်းပေါင်းတွေနဲ့ အခြားသော ချည်ထည်တွေကိုတော့ အုပ်ချုပ်သူတွေရဲ့ နန်းတော်တွေမှာပဲ ရက်လုပ်တာ ဖြစ်ပါတယ်။  ၁၂၅၀ နောက်ပိုင်း မမ်လွက်ဆူတန်တွေရဲ့ ခေတ်မှာ မက္ကာမြို့က ကာဘာဟ်ကျောင်းတော်မှာ ဖုံးအုပ်တဲ့ ကစ္စ၀ါ (kiswa) သစ်ကို ကို နှစ်စဉ်ပေးပို့ခြင်းဟာလည်း မွတ်စလင်အင်ပါယာကို ကြီးစိုးတဲ့ ဘုရင်တွေရဲ့ သီးခြားအခွင့်အရေး ဖြစ်လာပါတယ်။ ကစ္စ၀ါကို အထူးခြားဆုံးရက်လုပ်ပြီး အလှပဆုံး ဆင်ယင်ချယ်သကြပါတယ်။
    အဲဒီတုန်းက အစ္စလာမ်ကမ္ဘာမှာ အရည်အသွေး၊ အရောင်အသွေးမျိုးစုံတဲ့ အထည်လိပ်တွေကို ရရှိနိုင်ပါတယ်။ သိုးမွှေးနဲ့ လီနင် (linen) အထည်တွေကို အီရန်ကနေ စပိန်အထိ အစ္စလာမ့်အင်ပါယာတစ်ဝှမ်း အမြောက်အများထုတ်လုပ်ခဲ့ကြပြီး၊ လီနင်အထည်က အရမ်းလူကြိုက်များတာကြောင့် ကုန်ကြမ်းတွေကို ပြည်ပကနေတောင် မှာယူတင်သွင်းရပါတယ်။ အိန္ဒိယထွက်ကုန်ဖြစ်တဲ့ ၀ါဂွမ်းကို မွတ်စလင်တွေ မြေထဲပင်လယ်ဒေသကို ရောက်ရှိလာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အကြီးအကျယ် ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ ဆီးရီးယားနဲ့ ပါလက်စတိုင်းမှာ ဒီ ၀ါဂွမ်းစိုက်ပျိုးမှုဟာ ဖွံ့ဖြိုးခဲ့ပြီး ဥရောပကိုတော့ စပိန်တောင်ပိုင်း မွတ်စလင်အုပ်စိုးရာ ဒေသကနေတစ်ဆင့် ၀င်ရောက်လာတာ ဖြစ်ပါတယ်။ လယ်သာအထည်ထုတ်လုပ်မှုကလည်း အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၂ ရာစု အလ်မိုဟဒ်မင်းဆက် (Amohad) ရဲ့ ဘုရင် အလ်-မန်ဆူရ်  (Al-Mansur)လက်ထက်မှာ ဖက်ဇ်မြို့ (Fez) (ယခုမော်ရိုကိုတွင် ရှိသည်) အတွင်း သာရေနယ်စက်ရုံ ၈၆ ခုနဲ့ ဆေးဆိုးပန်းရိုက်လုပ်ငန်း ၁၁၆ ခု ရှိနေပါပြီ။
    မွတ်စလင်ကမ္ဘာမှာ တစ်ချို့သောမြို့တွေကထွက်တဲ့ ပစ္စည်းတွေကလည်း နိုင်ငံတကာရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။ ရှီရက်ဇ် (Shiraz) မြို့က သိုးမွှေးအထည်၊ ဘဂ္ဂဒတ်က bldachin နဲ့ ပိုးဖဲ၊ ခူဇစ်စတန် (Khuzistan) က ထွက်ပြီး ကုလားအုတ် အမွှေး၊ ဆိတ်အမွှေးတွေနဲ့ ရက်လုပ်တဲ့ ပစ္စည်း၊ ခူရာဆန် (Khurasan) က ဆိုဖာ၊ တိုင်ရီ (Tyre) က ကောဇော၊ ဘူခါရာ (Bukhara) က ၀တ်ပြုအခင်း၊ ဟေရတ် (Herat) က ရွှေချည်ငွေချည်အထည်တွေဟာ ထင်ရှားကျော်ကြားပါတယ်။ အခြားသော ခေတ်ကာလက ချည်ထည်အပိုင်းအစတွေကို အနောက်တိုင်း ပြတိုက်တွေနဲ့ အရှေ့တိုင်းဆိုင်ရာ အနုပညာလက်ရာ စုစည်းမှုတွေမှာ တွေ့မြင်နိုင်ပေမယ့် ၁၂ ရာစုက ဒီနာမည်ကြီးပစ္စည်းတွေရဲ့  အပိုင်းအစ တစ်ခုတောင်မှ ကျန်ရစ်ခဲ့ခြင်း မရှိပါဘူး။ ကျန်ရစ်ခဲ့တဲ့ ချည်ထည်အမွေအနှစ်တွေထဲမှာ အဖိုးတန်ဆုံး အပိုင်းအစတစ်ခုကတော့ အီဂျစ် မမ်လွက်ဆူလ်တန်ရဲ့ ပိုးဝတ်ရုံ အပိုင်းအစတစ်ခုဖြစ်ပြီး ၁၄ ရာစု လောက်က ထုတ်လုပ်ခဲ့တဲ့ အဲဒီအပိုင်းအစမှာ ‘အသိပညာနှင့်ပြည့်စုံသော ဆူလ်တန်မင်းမြတ်’ ဆိုပြီး ကဗျည်းရေးထိုးထားပါတယ်။ အဲဒီအပိုင်းအစကို ဒန်ဇစ်မြို့ (Danzig) က စိန့်မေရီ ဘုရားကျောင်းမှာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
    ဥရောပမှာ မွတ်စလင်တွေရဲ့ ချည်ထည်တွေ လူကြိုက်များလာမှုရဲ့အစကို သိချင်ရင် အလယ်ခေတ်ကို ပြန်သွားရမှာဖြစ်ပြီး အဲဒီအချိန်မှာ ခရူးဆိတ် ခရစ်ယာန်သာသနာပြုစစ်သည်တွေ၊ ကုန်သည်တွေကနေ တစ်ဆင့် ဒီချည်ထည်တွေက ဥရောပကို ရောက်ရှိလာတာဖြစ်ပါတယ်။ အဲဒီချည်ထည်တွေဟာ ဥရောပမှာ တော်တော်လေး အဖိုးတန်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဆီလ်ဗက်စတား ၂ (Pope Sylvester II) ကွယ်လွန်စဉ်က တန်ဖိုးကြီးပါရှန်ပိုးထည်နဲ့လွှမ်းပြီး မြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။ ကက်စ်တီလာ (စပိန်ရှိဒေသတစ်ခု) ပြည့်ရှင် ဘုရင် အဒ်ဝပ် ၁ (Edward I) ရဲ့ ကြင်ယာတော် ဘုရင်မ အဲလီယာနူရ် (Eleanor) ဟာ ၁၂၅၅ ခုနှစ် အင်္ဂလန်ကိုသွားတဲ့အခါ အန်ဒါလူစီယာက ကောဇောတွေကို အဖိုးတန်လက်ဆောင်အဖြစ် ယူဆောင်သွားခဲ့ပါတယ်။
    mq
    အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ရှိ အမျိုးသမီးတစ်ဦး ယက်ကန်း ရက်လုပ်နေမှုကို Maqamat al-Hariri စာအုပ်တွင် သရုပ်ဖော်ထားပုံ
    ၁၇ ရာစုမှာတော့ အင်္ဂလန်နိုင်ငံရဲ့ ကုန်သွယ်မှုအခြေခံတဲ့ ဆက်ဆံရေးဟာ အကြီးအကျယ် ဖွံ့ဖြိုးလာခဲ့ပြီး အဲဒီအချိန်ဟာ ပါရှန်တွေရဲ့ ချည်ထည်လုပ်ငန်းဟာ အထွပ်အထိပ်ကို ရောက်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ ၁၆၁၆ ခုနှစ်မှာ ပါရှန်က ရှားဘုရင်ဟာ ကုန်သွယ်ရေးတိုးမြှင့်ဖို့အတွက် ကုန်ထုတ်ပေါင်း ၃၀၀၀ ကို အင်္ဂလန်ကို အကြွေးချပေးခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ပါရှန်တွေရဲ့ ပိုးထည်တွေဟာ အင်္ဂလန်ရဲ့ သွင်းကုန်တွေထဲ ထိပ်တန်းမှာ ပါဝင်ခဲ့ပါတယ်။ နောက်ထပ် ၃ နှစ်အကြာမှာတော့ Royal Anne သင်္ဘောဟာ ပါရှန်ပိုးထည်ထုတ် ၁၁ ထုပ်ကို တင်ဆောင်ကာ ဆူရသ် (Surat) (အိန္ဒိယ) ကနေတစ်ဆင့် အင်္ဂလန်ကို ရောက်လာခဲ့ပါတယ်။ အဒီအချိန်က အင်္ဂလန်ပြည့်ရှင် ဂျိမ်းစ် ၁ (James I) ဟာ ပါရှန်ပိုးထည်တွေကို အလွန်နှစ်ခြိုက်ခဲ့ပြီး အင်္ဂလန်မှာ ပိုးထည်လုပ်ငန်းတစ်ခု တည်ထောင်ဖို့ စဉ်းစားခဲ့ပါတယ်။ ဘုရင်ကြီးဟာ ပိုးမျှင်ထွက်တဲ့ ပိုးကောင်တွေကို စုဆောင်းခဲ့ပြီး နန်းတော်နဲ့ ၀ိုက်တ်ဟောလ် ဥယျာဉ် (Whitehall gardens) တွေမှာ မွေးမြူနိုင်ရေး အထူးအစီအစဉ်တွေကို ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပြီး တော်ဝင်ပိုးထည်လုပ်ငန်းကို ကြီးကြပ်တဲ့ ပြင်သစ်လူမျိုး ဂျွန် ဘိုနိုအီလ် (Bonoeil) ကို ပိုးထည်ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ကျမ်းတစ်စောင်ပြုဖို့ အမိန့်ပေးခဲ့ကာ ၁၆၂၂ ခုနှစ်မှာ ထုတ်ဝေနိုင်ခဲ့ပါတယ်။
    အဲဒီအချိန်လောက်မှာပဲ အရှေ့အိန္ဒိယကုမ္ပဏီက အင်္ဂလန်ကို ချင့်ဇ် (chintz) လို့ခေါ်ပြီး အရောင်သွေး ဒီဇိုင်းစုံတဲ့ ချည်ထည်တွေကို အဓိကထားတင်သွင်းမှုကြောင့် အင်္ဂလန်ရဲ့ အိန္ဒိယနဲ့ကုန်သွယ်မှုဟာ တိုးတက်လာခဲ့ပါတယ်။ မွတ်စလင်တွေရဲ့ ဆေးဆိုးပန်းရိုက်နည်းလမ်းနဲ့ အလှဆင်ထားတဲ့ အဲဒီချည်ထည်တွေဟာ ဥရောပရဲ့ ချည်ထည်လုပ်ငန်းနဲ့ နံရံအလှဆင် ချည်ထည်ထုတ်လုပ်မှုရဲ့ စံတစ်ခု ဖြစ်ခဲ့ပါတယ်။
    ၁၇ ရာစုလောက်မှာတော့ မွတ်စလင်ကမ္ဘာက အထည်လိပ်တင်ပို့မှုဟာ ဥရောပလူ့အဖွဲ့အစည်းက ဘူဇွာတွေပေါ်ထွက်လာမှုနဲ့အတူ တော်တော်လေး ထိခိုက်ခဲ့ပြီး ပြည်တွင်းအထည်လိပ်လုပ်ငန်းကလည်း ခြိမ်းခြောက်ခံခဲ့ရပါတယ်။ နိုင်ငံရပ်ခြားက အထည်လိပ်တွေရဲ့ ဈေးကွက်ယှဉ်ပြိုင်မှုကို အလိုမရှိတာကြောင့် အရှေ့အိန္ဒိယကုမ္ပဏီရဲ့ တင်သွင်းမှုကို ပိတ်ပင်ဖို့ ပိုးထည်နဲ့ သိုးမွှေးကုန်သည်တွေက ဆောင်ရွက်ခဲ့တာကြောင့် ပြည်တွင်း ပိုးထည်ရက်လုပ်သူတွေဟာ စောဒကတက်ခဲ့ကြပါတယ်။
    ဗြိတိန်အစိုးရက ၁၇၀၀ ခုနှစ်မှာ မွတ်စလင်ကမ္ဘာက ပိုးထည်တင်သွင်းမှုတွေ ကန့်သတ်တဲ့ ဥပဒေတစ်ခုကို ပြဌာန်းလိုက်ပြီး အိန္ဒိယ အထည်လိပ်တွေ၊ ပါရှန်နဲ့ တရုတ်ချည်ထည်တွေ တင်သွင်းမှုကိုလည်း တားမြစ်လိုက်ပါတယ်။
    အရည်အသွေးကောင်းမွန်တဲ့ ပိုးထည်တွေဟာ ပါရှန်တစ်ခုထဲကနေ ၀င်ရောက်တာမဟုတ်ပါဘူး။ တူရကီ အထည်လိပ်လုပ်ငန်းကလည်း တိုးတက်ခဲ့ပါတယ်။ ဘူရ်ဆာ (Bursa) က ထွက်တဲ့ အထည်လိပ်တွေဟာ အရည်အသွေး အလွန်ကိုကောင်းမွန်ပြီး အဲဒီက အထည်ရက်သူတွေဟာ အစ်ဇ်နစ် (Iznik) ပန်းလက်ရာ အပြောက်အမွှမ်းတွေနဲ့ အလှဆင်ထားတဲ့ ထိပ်တန်းအထည်လိပ်တွေကို  ထုတ်လုပ်ခဲ့ကြပါတယ်။ ဘူရ်ဆာမြို့ကထွက်တဲ့ ပိုးထည်တွေ၊ ကတ္တီပါထည်တွေကို ဆူလ်တန်ဘုရင်တွေရဲ့ နန်းတော်တွေမှာတောင် အသုံးပြုကြပြီး အော်တိုမန်အင်ပါယာက အိမ်တိုင်းမှာ မရှိမဖြစ် အိမ်တွင်းအလှဆင်ပစ္စည်းတွေဖြစ်တဲ့ ဆိုဖာ၊ သလွန်၊ လိုက်ကာတွေကလည်း ဒီမြို့နေပဲ ထွက်ရှိတာဖြစ်ပါတယ်။ အင်္ဂလိပ် မင်းမျိုးမင်းနွယ်ဖြစ်ပြီး ကဗျာပညာရှင်တစ်ဦးလည်းဖြစ်တဲ့ လေဒီ မွန်တာဂူ (Lady Montagu) က တူရကီအထည်လိပ်တွေရဲ့ ကျော်ကြားမှုကို တစ်ခုတ်တရ မှတ်တမ်းတင်ခဲ့ပြီး သူမအနေနဲ့ တူရကီစတိုင် ၀တ်စုံတွေ ၀တ်ဆင်ရတာကို နှစ်သက်သဘောကျတယ်လို့လည်း ဆိုပါတယ်။
    ၁၈ ရာစုမှာ တူရကီအရဲ့ အထည်လိပ်လုပ်ငန်းနဲ့ အ၀တ်အထည်တွေကို ကြိုက်နှစ်သက်သူတစ်ဦးကတော့ နာမည်ကြီး ဆွစ်ဇာလန် အနုပညာရှင် ဂျန် အီတိုင်နီ လီယိုတာ့ဒ် (Jean Etienne Liotard) ဖြစ်ပါတယ်။ အစ္စတန်ဘူလ်မှာ ၅ နှစ်လောက်နေခဲ့ဖူးပြီး တူရကီတစ်ယောက်လို ၀တ်စားဆင်ယင်တတ်သူလည်း ဖြစ်ပါတယ်။ ‘en Sultane’ လို့ခေါ်ဆိုတဲ့ သူ့ရဲ့လက်ရာ အမျိုးသမီးပုံတူပန်းချီဟာ ဥရောပတစ်ဝှမ်း တူရကီ အ၀တ်အစားဖက်ရှင်တွေ ပြန့်နှံ့ဖို့အတွက် တော်တော်လေး အကူအညီ ဖြစ်စေခဲ့ပါတယ်။
    d3866768r
    တူရကီအမျိုးသမီးတစ်ဦးကို ပုံဖော်ထားသည့် ဂျန် အီတိုင်နီ လီယိုတာ့ဒ်၏ en Sultane ပန်းချီကား
    အခုအချိန်အထိ မွတ်စလင်အမည်နဲ့ ခေါ်နေတဲ့အ၀တ်အထည်တွေ ရှိနေပါတယ်။ ဥပမာအားဖြင့် မူဆိုးလ်မြို့က ပထမဆုံး ဖန်တီးထုတ်လုပ်မှုကို အစွဲပြုခေါ်ဝေါ်တဲ့ မူစ်လင် (muslin)၊ ဒမတ်စကတ်ကို အစွဲပြုတဲ့ ဒမက်စ်က် (damask)၊ ဘဂ္ဂဒတ်ကို အစွဲပြုတဲ့ ဘာလ်ဒါချင် (baldachin)၊ ဂါဇာကိုအစွဲပြုတဲ့ ဂေါ်ဇီ (gauze) တို့ဖြစ်ပါတယ်။ ချည်ခင်ကုန်ကြမ်းလို့ အမည်ရပြီး ၀ါဂွမ်းကိုခေါ်တဲ့ အာရဘီစကားလုံး ကူတ်န် (qutn) ကို မွေးစားကာ အင်္ဂလိပ်မှာ cotton ဖြစ်လာသလို၊ ဖဲသားအထည်တွေကို တင်သွင်းတဲ့ တရုတ် ဆိပ်ကမ်း teseutung ကို အစွဲပြုပြီး ဇေတူနီ (zaytuni) အမည်ကနေ satin (ဖဲသား) ဖြစ်လာခဲ့ပါတယ်။
    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)
  • “အိုဘယ့်​… ကျူရှင်​ “
    “အိုဘယ့်​… ကျူရှင်​ “
    နိုဝင်ဘာ ၁၁ ၊ ၂၀၁၆
    M-Media
    မောင်သာ.K ရေးသည်။
    27-5-16-fri
    Illustration Credit- SirThawDoe
    ၂၀၁၆ ခုနှစ် ဇွန်လ၊ ၂၇ ရက်နေ့က အင်မတန်ဝမ်းမြောက်စရာ သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ `အမြစ်တွယ်နေသည့် ကျူရှင်စနစ်ကို အစိုးရသစ် ပြောင်းလဲမည်ဟုဆို´ ဟူသည့်သတင်း။ 7days daily ပါ သတင်းဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရောက် မြန်မာဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် တွေ့ဆုံစဉ် ကျူရှင်ကိစ္စနှင့်ပတ်သက်၍ ပြောကြားလိုက်မှုများကို ဖော်ပြထားသည်။
    ‘‘အခုခေတ်က ကျူရှင်ဆိုတာကြီးကို ထမင်းစားရေသောက်လိုဖြစ်နေပြီ။ တော်တော်ကို ပြောင်းယူရမယ်။ နံပါတ်တစ်ကတော့ ကျူရှင်ပေးရတဲ့အကြောင်းရင်းကတော့ ဆရာ၊ ဆရာမတွေ လစာပြည့်ပြည့်ဝဝမရလို့၊ ဒီကိစ္စကို ပြောင်းရမယ်’’
    မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသည့် ကျူရှင် စနစ်ကို အစိုးရသစ်က ပြောင်းလဲမည်ဖြစ်ပြီး ရေးဆွဲထားသောဥပဒေများ အကျိုးသက်ရောက်မှု မရှိပါက တရားစွဲဆိုနိုင်ကြောင်း၊ တစ်ချိန်က မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် ကျူရှင်ပေးခြင်းများမရှိခဲ့ဘဲ ကျူရှင်ယူသူများသည် အင်မတန်မှ ညံ့ဖျင်းသူများဖြစ်ပြီး ရှက်စရာအလွန်ကောင်းကြောင်း၊ ကျူရှင်စနစ် ပပျောက်ရန် ရည်ရွယ်ချက်ဖြင့် ဆရာ၊ ဆရာမများအား လစာတိုးမြှင့်မှုများပြုလုပ်ခဲ့သော်လည်း ကြားမှဖြတ်တောက်မှုများရှိနေ၍ အစိုးရသစ်လက်ထက်၌ ဆရာ၊ ဆရာမများ လစာပြည့်ပြည့်ဝဝ ရရှိစေရန် ပထမအဆင့်အနေဖြင့် ဘဏ်အကောင့်မှတစ်ဆင့် လွှဲထည့်ပေးသည့်စနစ်ကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်း…စသည်တို့
    အိမ်၊ ကျောင်း၊ ကျူရှင်..အိမ်၊ ကျောင်း..စသည်ဖြင့် လုံးချာလည်နေသော မြန်မာ့ အခြေခံပညာကျောင်းသူကျောင်းသားတို့၏ ဘဝမှာ အားကစား..မရှိ၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင် သန့်ရှင်းမှု..ချို့တဲ့၊ စာကြည့်တိုက်..ရှေ့ကပင် ဖြတ်မလျှောက်၊ အထွေထွေ ဗဟုသုတ နတ္ထိဖြင့် တစ်နှစ် တစ်တန်းအောင်နေကြရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျူရှင်ယူသူများကို အင်မတန် ညံ့ဖျင်းသူတဲ့၊ မှန်လိုက်လေ..ယနေ့ကျောင်းတွင် သင်ကြားလိုက်သည့် စာများကို နေ့ပင်မကူး ကျူရှင်တွင်တစ်ခါ ပြန်လည် သင်ကြားခြင်း ဖြစ်နေသည်ကိုး။ ရှင်မဟာရဋ္ဌသာရ၏ `ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက..´ ဟူသော ဆုံးမစာကို `သင်ပြန်သော်ကား၊ သင်ဖန်များက..´ ဟူ၍ ပြောင်းလိုက်ပုံရပါသည်။ ကျောင်းတွင် စေတနာ၊ ဝါသနာ၊ အနစ်နာ ဟူသည့် နာသုံးနာဖြင့် စနစ်တကျ ဘက်လိုက်မှုမရှိဘဲ သင်ကြားခဲ့ခြင်းမှန်လျှင် ကျူရှင်တွင်တစ်ခါ ပြန်၍အဘယ်ကြောင့် သင်ရသနည်း။
    လစာ မလုံလောက်၍ဆိုတိုင်း ကျောင်းသူကျောင်းသားများ၏ ကိုယ်ပိုင်အချိန်ကို သင်ပြီးစာများ ထပ်သင်၍ ဖဲ့ယူပိုင်ခွင့်ရှိပါသလား။ ဆရာ၊ ဆရာမများလည်း အိမ်ပြန် နားချင်ပါမည်။ ကျောင်းသူ ကျောင်းသားများလည်း နားချင်၊ ကစားချင်ပါမည်။ ဤသို့ဆိုလျှင် ကျူရှင်များ၏ ဆွဲဆောင်မှုကား အဘယ်နည်း။ လျှို့ဝှက်ချက်တော့ ရှိမည်။ ဟုတ်သည်။ မဟာလျှို့ဝှက်ချက်ကြီးကား အခြားမဟုတ်.. စာမေးပွဲ။ ကျူရှင်တက်သူများ စာမေးပွဲမေးခွန်းများကို ကြိုတင်၍ အတိအကျပင် သင်ကြားပေးခြင်းခံကြရသည်။ သြော်…`အလွန်တရာ၊ သစ်ရိပ်မှာလျှင်၊ ချမ်းသာသည်ထက်၊ စုံမက်မြတ်နိုး၊ ဆွေမျိုးမိဘ၊ အရိပ်ရသော်၊ အေးမြသည်ပင်၊ ထိုထက်လျှင်လည်း၊ ပဲ့ပြင်ဆရာ´၏ စေတနာကား အံ့သြလောက်ပါဘိ။ ကိုရွှေစာမေးပွဲကြီးတွင် ပုံမှန်အောင်မြင်ရေး၊ အမှတ်ကောင်းရေးတို့ အတွက် မိဘများကလည်း သားသမီးများကို ကျူရှင်ထားကြသည်။ ဆရာ၊ ဆရာမများကလည်း ကျူရှင်သို့တက်ရန် ထိုသို့သင်ကြားပေးမှုဖြင့် အကြီးမားဆုံး မဲဆွယ်စည်းရုံးကြသည်။
    ကျွန်တော်တို့ နေထိုင်ရာမြို့နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင်ဆိုလျှင် ကျောင်းချိန်ပြီးသည်နှင့် တစ်ဆက်တည်း အတန်းပိုင်ဆရာမက အတန်းထဲမှာပင် ကျူရှင်ကို ဆက်ပြပြန်လေတော့သည်။ ကျောင်းအုပ်ဆရာမကြီး၊ သက်ဆိုင်ရာ ဆရာ၊ ဆရာမများနှင့် မိဘအချို့တို့၏ `စုပေါင်းညီညာ အောင်ကြောင်းဖြာ´မှု တစ်ခုပင်။ ကျူရှင်လခများမှာလည်း တစ်နှစ်ထက်တစ်နှစ် မြင့်မားလာသည်။ အဘယ်ကြောင့်ဆိုသော် တိုင်တန်းမှုများ၊ ဌာနဆိုင်ရာများ၏ ညွှန်ကြားမှုများကြားမှ အရဲစွန့်သင်ကြားနေရခြင်းကြောင့်ဟု ဆိုသည်။
    ကျူရှင်မတက်နိုင်သူ ကျောင်းသူကျောင်းသားတစ်စုမှာတော့ ကျန်ကျောင်းသားအားလုံး မေးခွန်းရကြသည်။ သူတို့ခမျာမှာလည်း စာအားလုံး ဘယ်လုပ်ချင်တော့မည်နည်း။ ကျူရှင်တက်သူ သူငယ်ချင်းများထံ ကပ်ကြရသည်။ မေးခွန်းရရေး အောက်ကျို့ကြရသည်။ ကျူရှင်တက်သူကျောင်းသားအချို့မှာလည်း မည်သူ့ကိုမျှ ပြန်မပြောပြရေး ကတိအထပ်ထပ်တောင်းကာ ပြောပြရသည်။ သူကိုယ်တိုင်ကတော့ ဆရာမထံ ပေးထားသည့်ကတိကို ဖျက်လိုက်ရပြီ။
    အထက်တန်း ( ၉၊ ၁၀တန်း)တွင်တော့ တရားဝင်ကျူရှင်များကို ကျောင်းသူကျောင်းသား၊ မိဘနှင့် ဆရာ၊ ဆရာမများကပါ အားကိုးလာကြပေသည်။ အထူးသဖြင့် ၁၀တန်းကျောင်းသားဘဝတွင် ကျောင်းဆရာ၊ ဆရာမအချို့သည် အခွင့်အရေးရသဖြင့် ကျောင်းတွင် စာသိပ်မသင်တော့သည်ကို ကျွန်တော့်ကိုယ်တွေ့မို့ မမေ့နိုင်။ သင်ပြန်တော့လည်း တတ်အောင်မသင်၊ သင်ရိုးညွှန်းတမ်းပြီးစီးရေးသာ အဓိကထားကာ မာရသွန်အပြေးပြိုင်ပွဲ ဝင်နေသလားပင်၊ အမြန်နှုန်းဖြင့် စိတ်မပါလက်မပါ သင်ကြားခဲ့သည်ကိုလည်း ကြုံခဲ့ရပါသည်။
    လုံးဝမသင်သော ဆရာ၊ ဆရာမအချို့ပင် ရှိကြပါသေးသည်။ ထို့အတွက်ကြောင့် တက္ကသိုလ်ဝင်တန်းအတွက် ရည်မှန်းချက်ကြီးကြီးထားသော ကျောင်းသူကျောင်းသားများမှာ ကျောင်းတက်ရသည်ကို အချိန်သာ ကုန်သည်၊ ဘာစာမှ ကောင်းကောင်းနားမလည်၊ သဘောမပေါက်ဟူ၍ အတွေးဝင်ပြီး ကျောင်းပျက်လာကြတော့သည်။ သို့ပေမယ့် ” ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း မပြည့်ခဲ့ရင် တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်လျှောက်လွှာမပေးဘူးနော် ” ဟူ၍ ခြိမ်းခြောက်မှုများလည်း ရှိနေပြန်ပါသည်။ ထို့ကြောင့် ယခုနောက်ပိုင်းတွင် ငွေကြေးတတ်နိုင်သူမိဘများမှာ သားသမီးများကို အစိုးရကျောင်းတက်ရန်မလိုသည့် ကိုယ်ပိုင်အထက်တန်းကျောင်းများထားလာကြသည်ကို တွေ့ရပါသည်။ အစိုးရအထက်တန်းကျောင်းဆရာ၊ ဆရာမအချို့စုပေါင်း၍ ကျူရှင်ဖွင့်လာကြသည်ကိုလည်း တွေ့လာရသည်။
    ၎င်းတို့ ကျူရှင်မတက်သည့် ကျောင်းသူကျောင်းသားများကို ” ငါတို့က အမှတ်ပေးစည်းမျဉ်းနဲ့အညီပဲ သင်တာနော်.. ငါတို့က အမှတ်ခြစ်လာတာ ဘယ်နှနှစ်ရှိနေပြီနော်.. နင်တို့ကျူရှင်တွေက သင်တဲ့အတိုင်းဖြေရင် အဖြေဘယ်လောက်မှန်မှန် အမှတ်တွေကလျော့မှာ.. စေတနာနဲ့ပြောတာနော် ” စသဖြင့် ခြိမ်းခြောက်မဲဆွယ်ကြသည်။ သည်ဘက်ကျူရှင်များမှာလည်း ” ငါတို့မှာ ခြောက်ဘာသာဂုဏ်ထူးရှင်က ဘယ်နှယောက်.. ဘယ်နှဘာသာဂုဏ်ထူးရှင်က ဘယ်နှစ်ယောက် နှစ်တိုင်း မွေးထုတ်ပေးနေတာနော်..” စသဖြင့် ကြော်ငြာကြသည်။ အစိုးရအထက်တန်းကျောင်းဆရာ၊ ဆရာမအချို့၏ ကျူရှင်များနှင့်အပြင်ကျူရှင်များ၏ တိုက်ပွဲများ၊ အပြင်ကျူရှင်အချင်းချင်း၏ အားပြိုင်မှုများမှာလည်း တရုတ်ဇာတ်ကားများမှ သိုင်းလောကတိုက်ပွဲများထက်ပင် ပို၍ရှုပ်ထွေးလှကြောင်း ညီငယ်၊ ညီမငယ်များ၏ ပြောပြချက်များအရ တွေးဆဆင်ခြင်မိသည်။
    ထိုတိုက်ပွဲများကြားမှ မြေစာပင်ကလေးများဖြစ်သည့် ကျောင်းသူကျောင်းသားများတွင်လည်း တွေ့ဆုံကြမည်၊ စုဝေးကြမည်၊ ဝေလေလေလုပ်ကြမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကျောင်းသွားနေကြသော တက္ကသိုလ် ဝင်တန်းကျောင်းသူကျောင်းသားများ အတော်များလာသည်ကို ရင့်နင့်ဖွယ်ရာ တွေ့ရပါသည်။ ထို့ကြောင့် ယခုနှစ် ၂၀၁၆ တက္ကသိုလ်ဝင်တန်း၌ တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်း ၂၉.၉၂ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ကို အထင်အရှားတွေ့မြင်နိုင် ပါသည်။ ယခုခေတ်ကျောင်းသူကျောင်းသားများသည် ကျောင်းမှစာသင်လျှင်လည်း သင်တဲ့စာကို ကိုယ်တိုင်တတ်သိနားလည်အောင် အားမထုတ်၊ ကျူရှင်က တတ်အောင်သင်လိမ့်မယ်ဆိုတဲ့ မှီခိုတတ်သည့်အကျင့်၊ တစ်ပုဒ်တလေသင်ပြီး အိမ်စာများသာ အသေအလဲ ပေးတတ်သော ကျောင်းသားဗဟိုပြုစနစ်နှင့် စဉ်ဆက်မပြတ်အကဲခတ်၊ အခန်းတစ်ခုပြီးတိုင်း လစဉ်လေ့ကျင့်ခန်းတွေကိုသာ မေးခဲ့ဖြေခဲ့ကြသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် အခက်အခဲများရင်ဆိုင်လာကြရပါတော့သည်။
    အပြောမဟုတ်၊ သက်သေထုတ်ရမည်ဆိုပါက ဆွေးနွေးပွဲတစ်ခုတွင် ကျောင်းအုပ်ဆရာကြီးက ” ဒီနှစ်အောင်ချက်မြင့်မားအောင် ဘာလုပ်ကြရမလဲ ” ဟု မေးခွန်းထုတ်သည့်အခါ ကျောင်းသားတစ်ဦးထံမှ ” ကျောင်းများများ ပျက်ခွင့်ပေးရပါမယ် ” ဟု ပွင့်ပွင့်လင်းလင်းထဖြေသံ ကြားရပါသည်။
    အဆင့်မြင့်ပညာ ကဏ္ဍတွင်တော့ အဆင့်မြင့်ဆိုသည့်အတိုင်း အဆင့်မြင့်လာကြသည်။ Tutorial၊ Practical၊ Lab ရှိသည့်နေ့၊ Assignment တင်ရမည့်နေ့များတွင်သာ ကျောင်းသူကျောင်းသားအစုံအလင် ရောက်ရှိလာကြသည်။ ကျန်ရက်များ.. အိမ်တွင်လား.. မဟုတ်ပါ။ ကျောင်းသွားသည်ဟုဆိုကာ မိဘများထံမှ မုန့်ဖိုးတောင်း၍ အလေလိုက်နေကြသည်။ အရွယ်ရောက်၊ မြီးကောင်ပေါက်အရွယ်ဖြစ်သဖြင့် စိတ်အလိုလိုက်ကာ မကောင်းမှုဟူသရွေ့ကို မကောင်းသည့်နေရာ အစုံအလင်သွားကာ တပျော်တပါး ကျူးလွန်နေကြသည်။ ထို့ပြင် တက္ကသိုလ်ဝင်းအတွင်း စာသင်ခန်းလွတ်များ၊ ကန်တင်းများ၊ တက္ကသိုလ်အနီးဝန်းကျင်ရှိ အဆောင်များတွင်ပါ ဖဲဝိုင်းများထောင်လာကြသည်။ ကျားမတန်းတူ ဖဲရိုက်နေကြသည်။ ဆယ်တန်းတွင် နင်းကန်ဖိထားသည့် ဖိအားများသည် မြို့ပြင်ထုတ်တက္ကသိုလ်ကျောင်းသားဘဝတွင် လွတ်ထွက်ကုန်ကြသည်။ ဖဲရိုက်၊ လောင်းကစား၊ မူးယစ်ဆေး၊ အရက်၊ ကွမ်း၊ ဆေးလိပ်၊ ဆေးမှင်ကြောင်၊ ကာမ…အစုံစုံ။ ကျောင်းခေါ်ကြိမ်… စိတ်ပူစရာမလို၊ ဆရာမဆီမှာ ကျူရှင်တက်တယ်တဲ့၊ ဆရာမက မပေးရင်တောင် နည်းနည်းငိုပြချွဲပြလိုက်ရင် အိုကေတယ်တဲ့။ ” ကျူရှင်.. ဘာသာစုံတတ်မှ အောင်မှာနော်..” ဟူ၍ အိမ်ကိုပြောကာ ကျူရှင်လခယူသည်။
    တကယ်တမ်း ဘာသာစုံတက်ခြင်းမဟုတ်၊ တစ်ဘာသာ နှစ်ဘာသာသာ၊ ကျန်ငွေများ ခေတ်အခေါ်အဝေါ် `ဗုန်း´လိုက်ကြသည်။ ထိုငွေများဖြင့် လုပ်ချင်ရာလုပ်၊ သုံးချင်ရာသုံး၊ ဖြုန်းချင်ရာဖြုန်းနေကြသည်။ နတ်ပြည်ရောက် တက္ကသိုလ်ကျောင်းသူကျောင်းသားများပင်။ မိဘများကုန်းရုန်းရှာဖွေထားကြရသည့် ငွေများကို ” မင်း/နင်ဘယ်နှဘာသာ ဗုန်းထားလဲ.. ငါကတော့ ဘယ်နှဘာသာ… ” ဆို၍ ဂုဏ်ယူဝင့်ကြွားစွာ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း သုံးဖြုန်းနေကြသည်။ အဇာတသတ်ပင် အဖေ/အမေ ခေါ်ရလောက်သည်။ ကျူရှင်/ဝိုင်းသင်သည့် ဆရာ၊ ဆရာမအချို့မှာလည်း ကျူရှင်တက်သည့် ကျောင်းသားနှင့် မတက်သည့်ကျောင်းသားများအပေါ် ဆက်ဆံပုံ၊ စာသင်ပုံ ကွဲပြားသည်။
    စာမေးပွဲနီးလျှင် မေးခွန်းဘယ်နှစ်စုံဟူ၍ ကျူရှင်တက်ကျောင်းသူကျောင်းသားများ ရကြသည်။ ထိုအစုံများကို ကြိုတင်လေ့လာ ကျက်မှတ်သည်ဟူ၍တော့ မထင်နှင့်၊ မည်သို့မည်ပုံ ခိုးချရမည်၊ မသမာသောနည်းဖြင့် ဖြေကြရမည်ကို စနစ်တကျ ကြိုတင်ပြင်ဆင်ကြသည်။ အဆင့်မြင့်ပညာကျောင်းသားများဖြစ်၍ နည်းမျိုးစုံဖြင့် အဆင့်မြင့်မြင့် ခိုးချကြသည်။ တစ်နှစ်တစ်တန်းပုံမှန်အောင်နေကြသည်။ တစ်နှစ်ထက်တစ်နှစ်ဈေးတက်လာသော ကျူရှင်လခများကို မတတ်နိုင်သူကျောင်းသူကျောင်းသားများနှင့် ဖြောင့်မတ် ရိုးသားသော ကျောင်းသူကျောင်းသားတစ်စု နစ်နာနေကြရသည်။ ၎င်းတို့ခမျာ အနည်းငယ်လွဲချော်၊ ကံအကြောင်းမလှ၍ အောင်စာရင်းတွင် မပါလာသောအခါ မခံနိုင်မရပ်နိုင်ဖြစ်ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သည်အထိ ဖြစ်လာကြကြောင်း သတင်းများတွင် တွေ့ဖူးကြလိမ့်မည်။ စပေါ့ရသူ၊ ခိုးချသူများမှာတော့ ပန်းပန်လျက်ပင်…။ ဤတွင် အောင်မြင်သူတိုင်း မသမာသောနည်းဖြင့် ဖြစ်သည်ဟု မဆိုလို။ ခိုးချသူတိုင်း အောင်မြင်နေသည်ဟုလည်း မရည်ညွှန်း။
    ကုန်ကုန်ပြောရမည်ဆိုလျှင် မြန်မာ့ပညာရေးနှင့် အကျင့်စာရိတ္တပါ ပျက်စီးနေမှုများတွင် ကျူရှင်စနစ်သည်လည်း အဓိကလက်သည်တစ်ခုအဖြစ် ပါဝင်နေကြောင်း တွေ့ရှိကြရပေမည်။ ၎င်းကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း ရိပ်စားမိသဖြင့် ပြောင်းလဲမည်ဟု ဆိုခြင်းဖြစ်မည်။ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ကျွန်တော့်တွင် အကြီးမားဆုံး ဆန္ဒတစ်ခုရှိသည်။ တစ်ချိန်က အာရှတွင်ပင် ဂုဏ်ပြောင်ခဲ့သည့် မြန်မာ့ ပညာရေးကြီး ယခု အရှေ့တောင်အာရှ အဆင့်တွင်တော့ လက်မ ထောင်နိုင်ရေးဖြစ်သည်။ ကျွန်တော် မသေမီ ဤဆန္ဒကြီးပြည့်မည်ဟုလည်း တထစ်ချ ယုံကြည်ပါသည်။
    ကျွန်တော်အပါအဝင် ကျောင်းသူကျောင်းသားအားလုံး ကျောင်းနေပျော်၍ စာတော်နိုင်ကြပါစေ.. စိတ်ဓာတ်မှန်၊ စည်းကမ်းကောင်း၊  ပညာထက်၍ ဘဝလှနိုင်ကြပါစေ…
    လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖတို့ ကျူရှင်ရန်ကင်းနိုင်ကြပါစေ…
    တစ်ပြားမရှိ၊ တပည့်မရှား၊ ပီတိကိုစား၊ အားရှိပါ၏ ဆရာ၊ ဆရာမများ အနာဂတ်အရေး တွေးပူဆင်ခြင်နိုင်ကြပါစေ…။   ။