News @ M-Media

Category: သုတ၊ရသနှင့်အထွေထွေ

ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်

  • အရွက်တွေက သက်သက်လွတ်ရဲ့လား

    အရွက်တွေက သက်သက်လွတ်ရဲ့လား

    စက်တင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    plant

    – ‘ငါက သတ်သတ်လွတ်သမားဟေ့’ လို့ ပြောကြတာမျိုးကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပါ။

    သတ္တ၀ါတစ်ခုရဲ့ အသက်သေပေးမှ၊ စတေးပေးမှ အသားရတာကြောင့် သတ္တ၀ါကို မသေစေချင်တဲ့ ကြင်နာသနားတဲ့စိတ်ရှိတဲ့အတွက် သက်မဲ့အပင်တွေကို စားသုံးတယ်ဆိုတဲ့ သဘောထားကို ပြသချင်တဲ့အခါ ဒီလို ဂုဏ်ယူဝင့်ကြွားစွာ ပြောကြတာဖြစ်ပါတယ်။

    အပင်တွေဟာ သက်မဲ့တွေဆိုတာ သေချာရဲ့လား။

    အမေရိကန်ပြည်ထောင်စု မစ်ဇူရီတက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနတစ်ခုက အပင်တွေဟာ အသံတွေကို ကြားနိုင်တယ်၊ ခွဲခြားနိုင်တယ်၊ သူတို့ရဲ့ပတ်ဝန်းကျင်က ခြိမ်းခြောက်မှုတွေကို တုန့်ပြန်နိုင်တယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    “အရင်ကပြုလုပ်ခဲ့တဲ့ သုတေသနတွေမှာ အပင်တွေဟာ ဂီတအပါအ၀င် အသံဆိုင်ရာ စွမ်းအင်တွေကို တုန့်ပြန်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု သုတေသနကတော့ အပင်တွေဟာ ဂေဟဗေဒနဲ့ဆက်စပ်တဲ့ တုန်ခါမှုတွေကို ဘယ်လို တုန့်ပြန်လဲဆိုတာနဲ့ပတ်သက်ပြီး ပထမဆုံး စမ်းသပ်မှုပါ။ ‘စားသုံးမယ့် တုန်ခါမှုတွေ’ ဖြစ်တဲ့အခါမှာ အပင်ဆဲလ်တွေရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုဟာ ပြောင်းလဲသွားပြီး ဘောက်ဖတ်တွေရဲ့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်တဲ့ ကာကွယ်ရေးဆိုင်ရာ ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပေးပါတယ်” လို့ သုတေသနမှာ ပါဝင်ခဲ့တဲ့ ပညာရှင် ဟိုက်ဒီ အက်ပဲလ်က ပြောကြားခဲ့ပါတယ်။

    အက်ပဲလ်ဟာ ဇီဝသိပ္ပံဌာနက ပါမောက္ခ ရက်စ် ကိုခရော့ဖ်နဲ့ ပူးတွဲကာ သုတေသနကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

    Arabidopsis လို့ခေါ်တဲ့ အပင်ပေါ်ကို ဘောက်ဖတ်လေးတွေ တင်ခဲ့ပြီး လေဆာ၊ အလင်းပြန်နိုင်တဲ့ အရာဝတ္ထုသးသေးလေးတွေကို အသုံးပြုကာ ဘောက်ဖတ်လေးတွေရဲ့ စားသုံးမှုကို အရွက်တွေက ဘယ်လိုတုန့်ပြန်လဲဆိုတာ လေ့လာခဲ့တာ ဖြစ်ပါတယ်။

    ကိုခရော့ဖ်က ဘောက်ဖတ်လေးတွေက အပင်ကိုစားသုံးတဲ့အခါ ပေါ်ထွက်လာတဲ့ တုန်ခါမှုတွေကို အပင်တစ်ခုနားမှာ ဖွင့်ပြခဲ့ပြီး၊ နောက်တစ်ခုနားမှာတော့ ဖွင့်မပြခဲ့ပါဘူး။

    နောက်ပိုင်း ဘောက်ဖတ်တွေက အပင်ကို တစ်ကယ်စားသုံးတဲ့အခါမှာ တုန်ခါမှုကို ဖွင့်ပြပေးထားတဲ့ အပင်ဟာ ဘောက်ဖတ်တွေကို အစားသောက်ပျက်စေတဲ့ အ၀ါရောင်အဆီတွေကို ပိုမိုထုတ်လုပ်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

    “ထူးခြားတာက အင်ပင်တွေဟာ ဘောက်ဖတ်တွေ စားသုံးတဲ့အခါ ဖြစ်ပေါ်တဲ့ အသံဆိုင်ရာ တုန်ခါမှုတွေလို တုန်ခါမှုကို ထုတ်လွှတ်ပေးတဲ့ လေနုအေးတိုက်ခတ်တာ ဒါမှမဟုတ် အခြား အင်းဆက်တွေရဲ့အသံတွေအပါအ၀င် တုန်ခါမှုမျိုးတွေနဲ့ ထိတွေ့တဲ့အခါမှာတော့ အဲဒီလို ဓာတုဗေဒဆိုင်ရာ ကာကွယ်မှုတွေကို ထုတ်လွှတ်မပေးတာပဲ ဖြစ်ပါတယ်။ ဒါက အပင်တွေဟာ စားသုံးတဲ့အခါ ဖြစ်ပေါ်လာတဲ့ တုန်ခါမှုတွေကို သဘာဝပတ်ဝန်းကျင်က အခြားသော တုန်ခါမှုတွေနဲ့ ခွဲခြားနိုင်တယ်ဆိုတာကိုပြသနေပါတယ်” လို့ ကိုခရော့ဖ်က ပြောကြားခဲ့ပါတယ်။

    အက်ပဲလ်နဲ့ ကိုခရော့ဖ်တို့က သူတို့အနေနဲ့ အနာဂတ်မှာ အပင်တွေက တုန်ခါမှုတွေကို ဘယ်လို အာရုံခံ ခွဲခြားသလဲ၊ ဘယ်လိုလုပ် တုန့်ပြန်မှုတွေ ထုတ်လွှတ်ပေးသလဲဆိုတာကို လေ့လာသွားမယ်လို့ ဆိုပါတယ်။

    “အပင်တွေဟာ အင်းဆက်တွေရဲ့တိုက်ခိုက်မှုတွေကို သိရှိနိုင်တဲ့ နည်းလမ်းတော်တော်များများ ရှိပါတယ်။ ဒါပေမယ့် အစာကျွေးတဲ့အချိန်တုန်ခါမှုဟာ အပင်ရဲ့ အခြားအစိတ်အပိုင်းတွေကပါ တိုက်ခိုက်မှုကို သိနိုင်တဲ့ အမြန်ဆုံးတုန်ခါမှုဖြစ်ပြီး သူတို့ရဲ့ ကာကွယ်မှုကို တိုးမြှင့်လုပ်ဆောင်ပါတော့မယ်” လို့ ကိုခရော့ဖ်က ထည့်သွင်းပြောကြားခဲ့သည်။

    ကိုကား – Bad news for vegetarians! Plants can ‘hear’ themselves being eaten – and become defensive when attacked by Dailymail

  • ရက်ရှ်ဖို့ဒ်မှာ ပြိုင်ဘက်များကို ဒုက္ခပေးနိုင်သည်ဟု အင်ဒီကိုးလ်ပြော

    ရက်ရှ်ဖို့ဒ်မှာ ပြိုင်ဘက်များကို ဒုက္ခပေးနိုင်သည်ဟု အင်ဒီကိုးလ်ပြော

    စက်တင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    rsh

    – မန်ချက်စတာယူနိုက်တက်အသင်း၏ တိုက်စစ်မှူး မားက်စ် ရက်ရှ်ဖို့ဒ်မှာ ၎င်း၏ ပြေးအား၊ လှုပ်ရှားမှုများနှင့် မည်သူ့ကိုမဆို ဒုက္ခပေးနိုင်သည်ဟု မန်ယူတိုက်စစ်မှူးဟောင်း အင်ဒီကိုးလ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် ဗန်ဂါးလ်လက်ထက်တွင် အသင်း၌ နေရာရလာသည့် လူငယ်ကစားသမား ရက်ရှ်ဖို့ဒ်မှာ ယခုနှစ်တွင်လည်း ပုံမှန်ကစားခွင့်ရပါက ခြေစွမ်းပြနိုင်မည့် အခြေအနေတွင် ရှိနေသည်။

    သြဂုတ်လက ဟားလ်စီးတီးအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် လူစားဝင်လာသည့် ရက်ရှ်ဖို့ဒ်က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး စက်တင်ဘာ ၆ ရက်နေ့က နော်ဝေအသင်းနှင့် ကစားခဲ့သည့် အင်္ဂလန် ယူ ၂၁ အသင်း၏ ပွဲတွင်လည်း ဟက်ထရစ် သွင်းယူခဲ့သည်။

    “ရက်ရှ်ဖို့ဒ်အတွက် အသင်းမှာ ပါဝင်နေရပြီး သူကလည်း ဒါကို တော်တော်လေး ကျေနပ်နေပုံရပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ သူ့မှာ ဖိအားမရှိတာကြောင့် သူ့ရဲ့ ဘောလုံးသမားဘ၀ကို ကောင်းကောင်း ကျေနပ်နိုင်ပါတယ်။ ပြီးတော့ အခုအချိန်မှာလည်း သူ ဒီလိုအနေခြေအနေမျိုး ရှိနေပါတယ်” ဟု အင်ဒီကိုးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် ပြီးခဲ့သည်ရာသီက ဒဏ်ရာများကြောင့် အသင်းတွင် ပုံမှန်မပါဝင်နိုင်သော်လည်း ယခုရာသီတွင် ပြသခဲ့သည့် ခြေစွမ်းကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • ဘင်္ဂလားဒေ့ရှ် အစိုးရ စီမံခန့်ခွဲမှု ညံ့ဖျင်း၍ အီးဒ်နေ့တွင် ဒါကာမြို့ အကျည်းတန် ခဲ့ရ

    ဘင်္ဂလားဒေ့ရှ် အစိုးရ စီမံခန့်ခွဲမှု ညံ့ဖျင်း၍ အီးဒ်နေ့တွင် ဒါကာမြို့ အကျည်းတန် ခဲ့ရ

    စက်တင်ဘာ ၁၆၊ ၂၀၁၆
    M-Media

    water-log

    – ရေဆိုးစွန့်ပစ်သည့်စနစ် မကောင်းသည့်အတွက်ကြောင့် ဘင်္ဂလာဒေ့ရှ်၏မြို့တော် ဒါကာတွင် မိုးရွာတိုင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားသည်မှာ အဆန်းတော့မဟုတ်။ သို့သော်လည်း မွတ်စလင်တို့၏ အီဒွလ်အသွဟာ စွန့်လှူဒါနပြုသည့်နေ့တွင် သည်းထန်စွာရွာသွန်းခဲ့သည့်မိုးနှင့် စွန့်လှူဒါနပြုသည့် သားကောင်များ၏ သွေးများ ရောထွေးသွားခဲ့ရာမှ ဒါကာ၏ ရေကြီးမှုမြင်ကွင်းမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့လေသည်။

    Shantinagar၊ Malibagh၊ Nayapaltan နှင့် Gandaria စသည့် ဒေသများ အပါအ၀င် မြို့တော်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်လေ့ရှိသော နေရာများမှ လမ်းများတွင် သွေးရောင်လွှမ်းသောရေများ ဖုံးလွှမ်းသွားခဲ့သည်။

    လမ်မများတွင် သားကောင်၏သွေးများ ထိုသို့ ပြန့်နှံ့သွားမှုက ပြည်သူလူထု၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားထိခိုက်စေသည်ဟု သဘာပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

    အဆိုပါသတင်းက နိုင်ငံတကာ မီဒီယာများတွင် လွှမ်းမိုးသွားခဲ့ပြီး AP၊ The Guardian၊ BBC၊ The Independent၊ The Washington Post၊ The Times of India နှင့် India Today တို့ကလည်း တခုတ်တရ ဖော်ပြကြလေသည်။

    ဘင်္ဂလားဒေ့ရှင်ပြည်သူများက အီဒွလ်အသွဟာနေ့တွင် လမ်းမများ၊ အိမ်ရှေ့မြေကွပ်လပ်များတွင် သားကောင်များကို လှီးဖြတ်ကြသည်။ သွေးများကို ဆေးချသည့်အခါတွင်တော့ ရေဆိုးစွန့်ပစ်သည့်မြောင်းထဲသို့ ရောက်ရှိလေသည်။ ယခုနှစ်တွင် မိုးသည်းထွန်စွာရွာသွန်းမှု၊ ကာလကြာရှည်မဖြေရှင်းနိုင်သော ရေမြောင်းပိတ်ဆို့မှုကြောင့် ထိုသွေးများမှာ ရေနှင့်အတူ လွှမ်းသွားခြင်းဖြစ်သည်။

    အစိုးရက သားကောင်များလှီးဖြတ်ရန်အတွက် နေရာပေါင်း ၁၂၀၀ ကို သတ်မှတ်ပေးထားသော်လည်း ရာသီဥတု ဆိုးရွားသည့်အတွက်ကြောင့် ပြည်သူများက ထိုနေရာများသို့ မသွားကြ။

    သို့သော် ထိုသတ်မှတ်ထားသည့်နေရာများတွင်လည်း သားကောင်းများမှ ထွက်လာမည့်သွေးများကို ကောင်းမွန်စွာ မစီမံနိုင်။ ထိုမျှမက ပြည်သူများအတွက် လိုအပ်သည့်အရာများကို ကောင်းမွန်စွာ၊ သင့်လျော်စွာ စီမံခန့်ခွဲထားမှုပင် မရှိ။

    အီဒွလ်အသွဟာနေ့၌ မြို့တော်ဒါကာတွင် ကျွဲနွားပေါင်း ၃၅၀၀၀ ခန့်ကို စွန့်လှူဒါနပြုခဲ့ကြသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်သော Bangladesh Poribesh Andolon အဖွဲ့၏ တွဲဖက်အတွင်းရေးမှူး အစ်က်ဘာလ် ဟာဘစ်က Shantinagar ရပ်ကွက်နှင့် ဘေးပတ်လည်နေရာများမှာ မြေနိမ့်ပိုင်းဖြစ်ပြီး ရေကြီးရေလျှံမှု ပြဿနာကို ဖြေရှင်းရန်အတွက် အစိုးရက ရေရှည်အစီအစဉ်များကို ချမှတ်ခဲ့ခြင်းမရှိဟု ဝေဖန်ခဲ့သည်။

    “သာမန်အချိန်တွေမှာလည်း မိုးရေက မိလ္လာတွေနဲ့ရောပြီး ရေကြီးရေလျှံတတ်ပါတယ်” ဟု ဟာဘစ်က ပြောကြားခဲ့သည်။

    သို့သော်လည်း ရေခြောက်သွားသည်နှင့် အဆိုပါ မိလ္လာများ ခြောက်သွေ့ကာ လမ်းပေါ်တွင် ကျန်ရှိနေမှုမှာ ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု သူက ထောက်ပြသည်။ ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများမှာ ချက်ခြင်း ဖြစ်ပေါ်လာမှု မရှိသောကြောင့် ပြည်သူများက ထိုအန္တရာယ်ကို နားမလည်ကြ။

    တိရစ္ဆာန်များ၏သွေးများ လွှမ်းနေသောရေများက ခြောက်သွေ့သွားပြီးနောက် လေထုနှင့် ရောနှောသွားသည့်အခါတွင် ကျန်းမာရေးအန္တရာယ်ကို ဖြစ်စေသည်။ ၂ ပတ်၊ ၃ ပတ်ကြာသည့်အခါ နောက်ဆက်တွဲအဖြစ် ပြည်သူများမှာ ယားယံခြင်း၊ အဖျားတက်ခြင်းနှင့် ချောင်းဆိုးခြင်းတို့ ဖြစ်လာမည်ဟု ဟာဘစ်က ထည့်သွင်းပြောကြားခဲ့သည်။

    မြို့တော်အတွင်း ရေကြီးရေလျှံမှုပြဿာနကို ဖြေရှင်းရန်အတွက် Manda၊ Segun Bagicha နှင့် Khilgaon-Basabo မြောင်းများကို ပြန်လည်ပြင်ဆင်ကာ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရမည်ဟုလည်း ၎င်းက အကြံပြုသည်။

    ဒါကာ၏ ရေဆိုးစီမံခန့်ခွဲရေးတာဝန်ရှိသူတစ်ဦးဖြစ်သော မီလတ်သူလ် အစ္စလာမ်က ပြည်သူများမှာ သတ်မှတ်ထားသည့် နေရာများကို မသွားခဲ့သောကြောင့် သားကောင်များ၏သွေးများမှာ မိုးရေနှင့် ရောနှောသွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရေလျှံသည့်လမ်းများကိုလည်း နောက်တစ်နေ့ ရေကျသွားသည့်အချိန်တွင် အစွန်းချွတ်ဆေးများဖြင့် ဆေးချခဲ့ကြောင်း၊ ရေကြီးမှုပြဿနာ ဖြေရှင်းရေးအတွက် စီမံကိန်းတစ်ခုကိုလည်း စတင်နေပြီး၊ မိုးရာသီပြီးပြီးချင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့လေသည်။

    Ref: thedailystar

  • “အလောင်းမင်းတရား တည်ခဲ့တဲ့ ရန်ကုန်မြို့ဟောင်းထဲက ဗလီ သုံးလုံး”

    “အလောင်းမင်းတရား တည်ခဲ့တဲ့ ရန်ကုန်မြို့ဟောင်းထဲက ဗလီ သုံးလုံး”

    စက်တင်ဘာ ၁၁၊ ၂၀၁၆
    M-Media
    ကိုဗခင် (စင်ကာပူ) ရေးသည်။

    .
    ၂၀၀၆ ခုနစ်မှာ ကျွန်တော် စင်ကာပူရောက်တော့ အိမ်အနီးအနားက ဗလီဝတ်ကျောင်းတွေကို အင်တာနက်မှာ ရှာရင်းနဲ့ မြစ်ကြောင်း တလျောက်မှာ ဗလီဝတ်ကျောင်းတွေကို ဟိုတစု ဒီတစု ပိုပြီး တွေ့ရတာကို သတိထားမိတယ်။စင်ကာပူ တနိုင်ငံလုံး ဗလီဝတ်ကျောင်းတော်ပေါင်း အလုံးရေ ၇၀ ရှိပါသည်။ သတိထားမိသလောက် ရိုချာ (Rocher River) မြစ်ဝမှာ ၁၈၄၆ ကဆောက်တဲ့ ဟာဂျီမကြီး ဖာတီမာ ဗလီဝတ်ကျောင်း (Masjid Hajjah Fatimah) ၊မြစ်အပေါ်ကို ဆက်တက်သွားရင် ၁၉၀၇ ခုနစ်က အဗ္ဗဒူလ် ဂဖါးရ် ဗလီဝတ်ကျောင်း (Abdul Gaffoor Mosque၊ ထိုဗလီ နှစ်လုံးကြားမှာ ၁၉၆၂ ခုနစ်ကဆောက်တဲ့   မာလဘာ ဗလီဝတ်ကျောင်း (Masjid Malabar) ပေါ့လေ။စင်ကာပူက နံမည်ကျော် စူလ်တန်ဗလီဝတ်ကျောင်း Masjid Sultan ကိုလည်း ရိုချာမြစ် (Rocher River) နဲ့ ခပ်လှမ်းလှမ်းမှာတွေ့ရပါသည်။
    .
    စင်ကာပူ (Singapore River)  မြစ်ဝမှာ  ၆၂ နှစ်သက်တမ်းရှိ မော်လာနာ မိုဟာမက်အလီ ဗလီဝတ်ကျောင်း (Moulana Mohamed Ali Mosque), မြစ်ညာကိုဆက်တက်ရင် ၁၈၂၀ ခုနစ်က ဆောက်တဲ့ အိုမာ ကန်ပုန်း မလာကာ ဗလီဝတ်ကျောင်း (Masjid Omar Kampong Melaka) ၊ ထို ဗလီ နှစ်လုံးကြား နောက်ဖက်ခပ်လှမ်းလှမ်းမှာ ၁၈၂၆ ကဆောက်တဲ ကျူလီယာ ဗလီဝတ်ကျောင်း (Chulia Mosque) စသည်ဖြင့် မြစ်အောက် ၊မြစ်ဝ၊ မြစ်ညာ ရဲ့  မနီးမဝေးမှာ တွေ့ရပါသည်။
    .
    ကျွ့န်တော်တို့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် တလျောက်က မြို့တွေမှာလည်း အခုလိုပဲ ဗလီဝတ်ကျောင်း တွေ တွေ့ရပါသည်။ ရန်ကုန်ရောက်ရင်လည်း ဗလီတွေ အတော်များများတွေ့လေ့ ရှိသော်လည်း ဒီဗလီတွေကို ဘယ်တုန်းကဆောက်လည်း ဘယ်သူတွေဆောက်ခဲ့လည်း ထူးထူးထွေထွေ အထူးတလည် မစဉ်းစားခဲ့မိရိုး အမှန်ပါ။ ကိုလိုနီခေတ်ဦးမှာ မြန်မာပြည်ကို အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တခုအဖြစ် သတ်မှတ်လိုက်တော့ ကိုလိုနီနိုင်ငံသားတွေ လွတ်လပ်စွာ ကူးသန်းသွားလာရာကနေ ကိုလိုနီခေတ်ရန်ကုန်မှာ ဗလီဝတ်ကျောာင်း အများစုဆောက်ခွင့် ရခဲ့ကြပါတယ်။အုပ်ချုပ်သူအစိုးရက အုပ်ချုပ်ခံ ပြည်သူတွေကို လိုအပ်ချက်အရ တရားဝင် ခွင့်ပြုပေးရတာလည်း ထူးဆန်းလှသည် မဟုတ်ပါ။ မြန်မာပညာတတ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ စင်ကာပူမှာလည်း ၁၀စုနှစ် ၂ စုအတွင်း ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊တရားရိပ်သာတွေ ဟာ လွန်ခဲ့တဲ့ ၁၀စုနစ်ကထက် အဆပေါင်းများစွာ တိုးပွားလာပါတယ်။
    .
    ဒါပေမယ့် ဒီနှစ်ပိုင်းတွေထဲ စေ့စေ့ဆော်ဆော် စွပ်စွပ်စွဲစွဲ အကြောင်းတရားတွေဖြစ်လာတော့ လက်လှမ်းမှီသလောက် မူရင်း မှတ်တမ်းမှတ်ရာတွေကို ရှာရှာဖွေဖွေ ဖတ်ကြည့်မိပါတယ်။ ဗလီဲ ဝတ်ကျောင်းတွေနဲ့ ပတ်သက်ပြီး မြို့စွဲ ဒေသစွဲ သန်တဲ့  မန္တလေးသား များကတော့ သူတို့မန်းမြို့က ဗလီ ဝတ်ကျောင်းများကတော့  မန်းလေးမြို့တည် မြန်မာဘုရင် မင်းတုန်းမင်ကြီး လက်ထက်ကတည်းက ရှိခဲ့တာဆိုပြီး ဂုဏ်ယူဝင့်ကြွား ပြောလေ့ရှိတော့၊ ကိုယ့်စိတ်ထဲမှာ ရန်ကုန်မှာရော ဗလီတွေများ အင်္ဂလိပ်လက်ထက် မရောက်ခင်က မရှိခဲ့ဘူးလား။  အင်္ဂလိပ်တွေထက် မြန်မာပြည်စောရောက်တဲ့ အီတလီ၊ပြင်သစ်၊ပေါ်တူဂီ မူရင်းမှတ်တမ်းတွေကို ကိုယ်ကဖတ်နိုင်စွမ်း မရှိတော့  ရန်ကုန်နဲ့ ပတ်သက်တဲ့ အင်္ဂလိပ် မှတ်တမ်းတွေကိုရှာဖွေဖတ်ပါတယ်။ အခုချိန်အထိ ကျွန်တော် လက်လှမ်းမှီသလောက်  ရန်ကုန်မှာ ဗလီဝတ်ကျောင်းတွေကို နေရာအတိအကျနဲ့ ပထမဆုံး မြေပုံမှတ်တမ်းတင်သွားသူက ၁၈၄၆ ခုနစ် ၊ သြဂုတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်ဆိပ်ကမ်းကိုရောက်လာတဲ့ မစ္စတာဂရန့်ပါ။ ဆရာတင်နိုင်တိုး စာအုပ် အရဆို မစ္စတာဂရန့် အလည်လာချိန်မှာ ၁၈၄၅ မှ ၁၈၄၆ အထိတာဝန်ယူခဲ့တဲ့ မြန်မာ မြို့ဝန် မင်းကြီးမင်းလှ မဟာမင်းခေါင်ကျော်ထင် (ဦးညို) သို့မဟုတ် ၁၈၄၆ မှ ၁၈၅၀ အထိ အုပ်ချုပ်ခဲ့တဲ့ မြို့ဝန်မင်းကြီးမဟာမင်းခေါင်ရာဇသူ (ဦးထိုက်) လက်ထက် အချိန် ဖြစ်မယ်လို့ယူဆပါသည်။

    111
    .
    သူရဲ့ ရန်ကုန်သို့ ခရီးတခေါက်စာအုပ် စာမျက်နှာ ၂၁မှာ(A little further in-land appears the plain wooden spire of the Armenian Church, not very far from which, on the same road is the Roman Catholic Church, whilst in three different parts of the town there are Mohummudan mosques, indicating that intolerance in religious matters, at least, is not amongst the faults of the Boodhists.) ရန်ကုန်ဆိပ်ကမ်းနဲ့ မနီးမဝေးမှာ အာမေးနီးယန်းချပ်စ် တခု၊ရိုမန်ကက်သလစ်ချပ်စ်တခုနဲ ဗလီဝတ်ကျောင်းသုံးခုတွေ့ရကြောင်း ရေးသွားခဲ့ပါတယ်။ထို့အပြင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက သူ့စာအုပ်ရဲ့ နောက်ဆုံးက မြေပုံမှာ ဗလီဝတ်ကျောင်း သုံးခုရဲ့ နေရာအတိအကျ ကို ထည့်ဆွဲပေးခဲ့တာပါ။ ၎င်းမြေပုံထဲမှာပဲ တရုတ်သင်းချိုင်း၊ အင်္ဂလိပ်သင်းချိုင်းကြား ထဲမှာ မွတ်စ်လင်တွေအတွက် ကဘရ်စတန် တစ်ခုကိုပါ မြို့အပြင်မှာတွေ့ရနိုင်ပါတယ်။
    .14330834_10208277601912355_381737537_n
    ၎င်းရန်ကုန်မြို့ဟောင်းမြေပုံနဲ့ ပတ်သက်ပြီး သတိထားမိတာ တခုက ၁၉၉၈ ခုနစ်ထုတ် ဦးအေးချို (မဟာဝိဇ္ဇာ) ရေးတဲ့ ဆူးလေစေတီသမိုင်း စာအုပ် စာမျက်နှာ ၃၂မှာ အလောင်းမင်းတရားလက်ထက်ရန်ကုန်မြို့ဆိုတဲ့ မြေပုံမှာ ဗလီတလုံးပဲ နေရာပြထားတော့ ၊ နောက်ထပ် ၂လုံးက အလောင်းမင်းတရားတည်ခဲ့တဲ့ ရန်ကုန်မြို့ထဲမှာ နောက်ပိုင်းမှ ထပ်ဆောက်တယ်လို့ တွေးထင်မိပါ၏။
    .
    ဆရာကြီး ဦးမောင်ကိုဂဖါရီက ၁၉၆၀ အောက်တိုဘာလထုတ် ဂါးဒီးယန်းမဂ္ဂဇင်းမှာ ရန်ကုန်မှာ ဗလီသုံးလုံးရှိခဲ့ဖူးကြောင်း၊ တခြမ်းပဲ့ဗလီ၊ လမ်း၁၃၀ ပိန္နဲကုန်းဗလီနဲ့ ဘင်ဂါလီကဘရ်စတန်ထဲက ဗလီတွေဖြစ်ကြောင်း၊ သူရဲ့ရန်ကုန်ရောက် ရှေးဦး မွတ်စ်လင် အသိုင်းအဝိုင်းဆောင်းပါးထဲမှာ ရေးထားတာလည်းဖတ်ရသည်။
    .
    ရန်ကုန်မြို့ဟောင်းတည်ဆောက်ပုံအရ ဆရာကြီးရေးတဲ့ ဗလီသုံးလုံးဟာ ဂရန့်စာအုပ်ထဲက ဗလီတွေထက် ပိုပြီးနောက်ကျနိုင်ဖွယ် ရှိပါသည်။
    .
    ထိုကြောင့် ဂရန့်ရဲ့ စာအုပ်ထဲက ဗလီဝတ်ကျောင်းတော်သုံးလုံးဟာ အောက်မြန်မာပြည် ရန်ကုန်မြို့မှာ ဗမာဘုရင် လက်ထက်တော်က မြေပုံနဲ့တကွ အခိုင်အမာတွေ့ရတဲ့ဗလီဝတ်ကျောင်းသုံးလုံးဖြစ်ကြောင်း ဆင်ခြင်မိပါတယ်။ စိတ်ဝင်စားသူများ အတွက်ကတော့ အလောင်းမင်းတရားတည်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့ အကျယ်အဝန်း၊  ခန့်မှန်းခြေ လူဦးရေ နဲ့ လက်ရှိ မြို့အနေအထားအရဆို ဘယ်နေရာ လောက်မှာ တည်ရှိမည်နိုင်ဆိုတာ ဆက်လက်စူးစမ်းသင့်ပေသည်။
    .
    မည်သို့ပင်ဆိုစေကာမူ အရှေ့တောင်အာရှ အနှံ့ မြစ်ကမ်း၊ မြစ်ဆိပ်၊မြစ်ဝတွေနဲ့ မနီးမဝေးအရပ်တွေမှာ မွတ်စ်လင်ကုန်သည်လူတန်းစားများ အေးချမ်းစွာနေထိုင်ခဲ့ကြောင်း သက်သေတည်လျက်ရှိပါ၏။

    ကိုဗခင် (စင်ကာပူ)

    ကူးချထားသောစာအုပ်များ
    ၁) ဆူးလေစေတီသမိုင်း, ဦးအေးချို (မဟာဝိဇ္ဇာ), ၁၉၉၈ ခုနစ်ထုတ်။
    ၂) စာမျက်နှာ ၃၁၊ မဟာရန်ကုန်ကောက်ကြောင်း၊ တင်နိုင်တိုး။
    ၃) The First Muslim Community of Rangoon by Mg Ko Gaffari, The Guardian Magazine, 1960 October
    ၄) A Rough Pencillings of a Rough Trip to Rangoon in 1846, Colesworthy Grant

  • ဆည်တမံများ- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၆)

    ဆည်တမံများ- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၆)

    စက်တင်ဘာ ၉၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    khaju-bridge-14
    အီရန်နိုင်ငံ အစ္စဖာဟန်မြို့ရှိ ဇေအန်ဒါဟ်မြစ် (Zayandeh) ပေါ်တွင် တည်ရှိပြီး တံတားနှင့် ရေလှောင်တမံအဖြစ် နှစ်မျိုးစလုံး အသုံးပြု၍ရသသည့် ခါဂျူ တံတား (Khaju Bridge)

    – ဆည်တွေ၊ တာတမံတွေဆိုတာ လူသားတွေ တည်ဆောက်ခဲ့တဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ အဆောက်အဦးတွေထဲမှာ အကြီးမားဆုံး အဆောက်အဦးတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဆည်တွေ၊ တာတမံတွေ မရှိဘူးဆိုရင်တော့၊ ရေကြီးမှုတွေကြောင့် လယ်ယာမြေတွေ ပျက်ဆီးတာမျိုးတွေ ဖြစ်နိုင်ပြီး လယ်ယာယာမြေတွေအတွက် ရေပေးဝေမှုကိုလည်း ယနေ့လောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ အဲဒီ ဆည်တွေကို အသုံးပြုပြီး ရေးအားလျှပ်စစ်ထုတ်ဖို့ဆိုတာလည်း စဉ်းစားလို့ တောင် ရမှာမဟုတ်ပါဘူး။

    မွတ်စလင်တွေဟာ ဆည်တမံ အမျိုးစားပေါင်းစုံကို ဒီဇိုင်းပေါင်းစုံနဲ့ လွန်ခဲ့တဲ့ ရာစုနှစ်တွေကတည်းက တည်ဆောက်ခဲ့ကြတာပါ။ အဲဒီလို မွတ်စလင်တွေက တည်ဆောက်ခဲ့တဲ့ ဆည်တွေထဲမှာ ဒီဇိုင်းအရရော၊ လက်ရာအရရော အထူးခြားဆုံး ဆည်တွေကတော့ ၉ ရာစု တူနီးရှားမင်းဆက် အဂ်လာဘစ်ဒ် (Aghlabids) လက်ထက် မြို့တော် အလ်-ကွေရာဝမ် (Al-Qayrawan) မှာ တည်ဆောက်ခဲ့တဲ့ ဆည်တွေပဲ ဖြစ်ပါတယ်။ ၁၁ ရာစုမှာ စပိန်တာင်ပိုင်းက သမိုင်းနဲ့ ဘူမိဗေဒပညာရှင် အလ်-ဘာကရီ (Al-Bakri) က အဲဒီ ဆည်တမံတွေထဲက တစ်ခုရဲ့ တည်ဆောက်ပုံအကြောင်းကို အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။

    “(ဆည်တမံများမှာ) စက်ဝိုင်းသဏ္ဍာန်ရှိပြီး အရွယ်အစားကြီးမားသည်။ အလယ်တွင် ဆဌဂံပုံ မျှော်စင်တစ်ခုရှိပြီး တံခါးလေးခုပါသည့် အခန်းတစ်ခုလည်း ရှိသည်။ အမိုးခုံးနှင့် အခန်းငယ်များက ရေလှောင်ကန်၏ မြောက်ဘက်မှ တောင်ဘက်အခြမ်းအထိ အစီအရီ ဆက်စပ်၍ သွားလေသည်”

    အီရန်နိုင်ငံက နာမည်ကြီး ဆည်တမံတစ်ခုကတော့ ကီဘာရ်ဆည် (Kebar) ဖြစ်ပြီး သက်တမ်း နှစ် ၇၀၀ ရှိတဲ့ သက်တမ်းအရင့်ဆုံး လေးကိုင်းသဏ္ဍာန် ဆည်ကြီးဖြစ်ပါတယ်။ အဲဒီခေတ်အခါတုန်းက တည်ဆောက်ခဲ့တဲ့ ဆည်တွေလိုပဲ ဒီဆည်ကိုလည်း အုတ်ကျိုးအုတ်ပဲ့တွေကို မဆလာနဲ့ ရောသမမွှေကာ ကွန်ကရစ်အဖြစ် ပုံဖော်ပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ အသုံးပြုခဲ့တဲ့ မဆလာကိုတော့ ထုံး၊ သဲကန္တာရမှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးရဲ့ ပြာတွေနဲ့ ပေါင်းစပ်ကာ ဖန်တီးတာဖြစ်ပြီး ရေမစိမ့်နိုင်လောက်အောင်၊ မအက်ကွဲနိုင်လောက်အောင် ခိုင်မာ တောင့်တင်းခဲ့ပါတယ်။ လေးကိုင်းသဏ္ဍာန် ဆောက်လုပ်ထားတဲ့ ဆည်တွေထဲမှာ နောက်ထပ် အထူးခြားဆုံး ဆည်တစ်ခုကတော့ ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမြို့နားမှာ တည်ဆောက်ထားတဲ့ ကူဆေဘာဟ်ဆည် (Qusaybah) ပဲ ဖြစ်ပါတယ်။ အဲဒီဆည်ကြီးဟာ မီတာ ၃၀ (၉၈.၄ ပေ) မြင့်ပြီး၊ ၂၀၅ မီတာ (၆၇၃ ပေ) ရှည်လျားပါတယ်။

    ဒီနေ့ခေတ် အာဖဂန်နစ္စတန်မှာ ၁၁ ရာစုက ဘုရင် ဆူလ်တန် မဟ်မူးဒ် (Sultan Mahmud) က ဆည်ကြီး ၃ ခုကို ဆောက်လုပ်ခဲ့ပြီး သူ့အမည် မှည့်ခေါ်ထားတဲ့ ဆည်တစ်ခုဟာ ကဘူးလ်မြို့ အနောက်တောင်ပိုင်း ကီလိုမီတာ ၁၀၀ (၆၂ မိုင်) အကွာမှာ တည်ရှိပါတယ်။ ဒီဆည်ရဲ့အမြင့်က ၃၂ မီတာ (၁၀၅ ပေ) ရှိပြီး အကျယ်ကတော့ ၂၂၀ မီတာ (၇၂၂ ပေ) ရှိပါတယ်။

    စပိန်ကို မွတ်စလင်တွေအုပ်ချုပ်စဉ်လက်ထက်မှာ ဆောက်ခဲ့တဲ့ ဆည်ပေါင်းဟာ မရေမတွက်နိုင်ပါဘူး။ သူတို့သုံးတဲ့ မဆလာတွေဟာ ဘိလပ်မြေတွေလိုဖြစ်ပြီး ကျောက်တုံးတွေထက်အောင် ပိုပြီး မာကျောပါတယ်။ တူရီယာမြစ် (Turia) ပေါ်မှာ တည်ဆောက်ထားတဲ့ ဆည်တမံ ၈ ခုဟာ မြစ်ရဲ့အောက်ဖက် ၁၅ ပေအထိ ဖောင်ဒေးရှင်းယူထားပြီး အဲဒီဖောင်ဒေးရှင်းကိုလည်း သစ်သားပိုင်တွေ ရိုက်ထည့်ကာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ မြစ်ရဲ့ ရေလမ်းကြောင်း ပြောင်းလဲတတ်မှုကြောင့် ဒီလို ခိုင်ခံ့တဲ့ ဖောင်ဒေးရှင်းမျိုး လိုအပ်တာဖြစ်ပါတယ်။ ရေကြီးတဲ့ အချိန်မျိုးမှာဆိုရင် ဒီမြစ်ရဲ့ ရေစီးအားက သာမန်ထက် အဆပေါင်းရာနဲ့ချီ ပြင်းထန်ပါတယ်။ ရာစုနှစ် ၁၀ ခုလောက် ကြာပြီးတဲ့ နောက်ပိုင်းမှာတောင်မှ ဒီဆည်တွေဟာ ဗလင်စီယာဒေသက လယ်ယာမြေတွေ ရေသွင်းစိုက်ပျိုးမှုလုပ်ငန်းအတွက် အသုံးဝင်နေဆဲဖြစ်ပြီး နောက်ထပ် ဆည်အသစ် ထပ်ဆောက်စရာ မလိုအပ်ခဲ့ပါဘူး။

    ဂွာဒါလ်ကွီဗီရ်မြစ် (Guadalquivir) ပေါ်မှာ တည်ရှိတဲ့ ကော်ဒိုဘာမြို့ကတော့ စပိန်နိုင်ငံအတွင်း မွတ်စလင်တွေ တည်ဆောက်ခဲ့တဲ့ ဆည်တွေထဲမှာ အသုံးဝင်မှု သက်တမ်းအရှည်ဆုံး ဆည်တမံ တည်ရှိတဲ့ မြို့တစ်ခု ဖြစ်ပါတယ်။ ၁၂ ရာစု ပထ၀ီဝင်ပညာရှင် အလ်-အစ်ဒရီစီ (Al-Idrisi) က အဲဒီ ကော်ဒိုဘာမှာ တည်ဆောက်ထားတဲ့ဆည်ဟာ ကွစ်ဘ်တီယာ (Qibtiyy) လို့ခေါ်တဲ့ ကျောက်တုံးကြီးတွေနဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး အသုံးပြုခဲ့တဲ့ တိုင်တွေကတော့ စကျင်ကျောက်တိုင်တွေ ဖြစ်ပါတယ်။ အဲဒီ ဆည်ရဲ့ အဆောက်အဦး အကြွင်းအကျန်တွေကိုတော့ ယနေ့အချိန်အထိ မြစ်ကြမ်းပြင်မှာ တွေ့မြင်နိုင်ပါတယ်။

    ဒီလို ကြီးမားခိုင်ခန့်တဲ့ အဆောက်အဦးတွေ တည်ဆောက်ဖို့အတွက် မွတ်စလင်အင်ဂျင်နီယာတွေဟာ astrolabe လို့ခေါ်တဲ့ နက္ခတာရာ တိုင်းတာရေး ကိရိယာတွေလို အဲဒီခေတ်ကာလမှာ အဆန်းပြားဆုံး မြေတိုင်းတာရေး နည်းလမ်းတွေ၊ ပစ္စည်းကိရိယာတွေ၊ ထရီဂိုနော်မေတြီ နည်းလမ်းတွေကို အသုံးပြုခဲ့ ကြပါတယ်။ ဆည်တွေကို ဆောက်လုပ်တဲ့အခါမှာလည်း ကျောက်တုံးကြီးတွေကို ဖြတ်တောက်ကာ အသုံးပြုခဲ့ကြပြီး အဲဒီကျောက်တုံးတစ်ခုနဲ့တစ်ခုကိုတော့ သံချောင်း (iron dowel) တွေနဲ့ ဆက်ကာ အဲဒီ သံချောင်းထည့်တဲ့ အပေါက်ကို ခဲအရည်နဲ့ ပိတ်တာပါ။ အဲဒီအင်ဂျင်နီယာတွေရဲ့ အရည်အသွေး မြင့်မားမှုနဲ့ ဒီဇိုင်းဆန်းပြားမှုရဲ့ ရလဒ်ကတော့ ၇ ရာစုနဲ့ ၈ ရာစုက အဲဒီ ဆည်တမံရဲ့ ၃ ပုံတစ်ပုံဟာ ဒီနေ့အချိန်အထိ အကောင်းအတိုင်း ရှိနေတာ ဖြစ်ပါတယ်။ ကျန်တဲ့ ၂ ပုံကတော့ ဂျင်ဂျစ်ခန် (Genghis Khan) နဲ့ မွန်ဂိုတွေရဲ့ စစ်သားတွေ၊ စစ်ဘုရင် တာမာလိန်း (Timur the Lame) ရဲ့ နောက်လိုက်တွေက ဖျက်ဆီးတာတွေကို ခံခဲ့ရပါတယ်။

    beande-kaisar
    ဘန်ဒ်-အီ ကိုင်ဇာ ဆည်၏ အကြွင်းအကျန်များ

    မွတ်စလင်တွေဟာ ကြိတ်စက်တွေလည်ပတ်ဖို့အတွက် ဆည်တွေမှာ သိုလှောင်ထားတဲ့ရေတွေကို အသုံးချကာ ‘အစိမ်းရောင်စွမ်းအင်’ (green power) ကို စတင်အသုံးပြုခဲ့သူတွေလည်း ဖြစ်ပါတယ်။ အီရန်နိုင်ငံက ခူဇစ္စတန် (Khuzistan) ပြည်နယ်မှာ ဆောက်လုပ်ထားတဲ့ ပူလ်-အီ-ဘီလိုင်တီ (Pul-i-Bulaiti) ဆည်ကြီးမှာဆိုရင် ရေလွှတ်မြောင်းတွေပေါ်မှာ ကြိတ်စက်တွေကို တည်ဆောက်ထားပြီး ရေအားလျှစ်စစ်ထုတ်လုပ်နိုင်တဲ့ ဆည်တွေရဲ့ ရှေးအကျဆုံး ဥပမာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုဆည်မျိုးဟာ မွတ်စလင်ကမ္ဘာ ဒီတစ်ခုတည်း ရှိခဲ့တာတော့ မဟုတ်ပါဘူး။ နောက်ထပ်ထူးခြားတဲ့ ဥပမာတစ်ခုကတော့ ဒစ်ဇ်ဖူလ် (Dizful) မြို့က ဘန်ဒ်-အီ ကိုင်ဇာ (Band-e Kaisar) လို့ခေါ်တဲ့ ဆည်ကြီးဖြစ်ပြီး အဲဒီဆည်ကို တံတားအဖြစ်ပါ အသုံးပြုလို့ရပါတယ်။ အဲဒီဆည်ကြီးဟာ အချင်း အတောင် ၅၀ ရှိတဲ့ ရေဘီးပါဝင်တဲ့ နိုရီယာ (ရေတင်စက်) ကိုလည်း လည်ပတ်စေပြီး အဲဒီ နိုရီယာကြီးကတော့ ဒစ်ဇ်ဖူလ်မြို့က နေအိမ်အားလုံးကို ရေပေးဝေနိုင်တဲ့ ရေအားသုံး ရေတင်စက်ကြီးဖြစ်ပါတယ်။ အဲဒီလို ရေအားသုံး စက်ကြီးတွေကို ယနေ့အချိန်အထိ တွေ့မြင်နိုင်ပါသေးတယ်။

    မွတ်စလင်အင်ဂျင်နီယာတွေရဲ့ ဒီလို စွမ်းဆောင်နိုင်မှုတွေကို သမိုင်းဆရာတွေက ချန်လှပ်ထားမှုနဲ့ ပတ်သက်ပြီး သမိုင်း ပညာရှင် နော်မန် စမစ် (Norman Smith) က အောက်ပါအတိုင်း ထောက်ပြခဲ့ပါတယ်။

    “အင်ဂျင်နီယာနဲ့ဆိုင်တဲ့ သမိုင်းပညာရှင်တွေဟာ မွတ်စလင်တွေရဲ့ ခေတ်ကာလကို လုံးဝ မေ့ထားခဲ့ကြပါတယ်။ အထူးသဖြင့် ဆည်တမံဆိုင်ရာ သမိုင်းပညာရှင်တွေဟာ မွတ်စလင်တွေ တည်ဆောက်ခဲ့တဲ့ ဆည်တွေအကြောင်းကို မဖော်ပြကြဘဲ အဆိုးဆုံးက အူမိုင်ယာမင်းဆက်၊ အဘ္ဘာစစ်မင်းဆက်တွေ လက်ထက်မှာ ဆည်တမံဆောက်လုပ်ရေး၊ လယ်ယာမြေ ရေပေးဝေးရေးနဲ့ အခြားသော အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းတွေဟာ သိသိသာသာ ကျဆင်းခဲ့ပြီး၊ ပျောက်ကွယ်လု ဖြစ်ခဲ့တယ်လို့ မှတ်ချက်ပြုကြခြင်းပါပဲ။ ဒါဟာ မတရားတဲ့၊ မမှန်ကန်တဲ့ ကောက်ချက် ချမှုပါ”

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)