News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • လယ်ယာကဏ္ဍ တော်လှန်ပြောင်းလဲမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၄)
    လယ်ယာကဏ္ဍ တော်လှန်ပြောင်းလဲမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၄)
    သြဂုတ် ၁၉၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    – လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်ကနဲ့စာရင် ဒီနေ့ခေတ် လူသားတွေဟာ အစားအသောက်ရင်းမြစ်တွေကို ကိုယ်တိုင်ထုတ်ယူရတာမျိုး သိပ်မရှိတော့ပါဘူး။ လူဦးရေပမာဏတစ်ခုသာ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးတွေကို လုပ်ကြပါတော့တယ်။ ကျွန်တော်တို့ စူပါမားကတ်ကို သွားလိုက်ရုံနဲ့ပဲ အသား၊ ငါး၊ အသီးအနှံ စတာတွေကို ရာသီမရွေး ၀ယ်ယူစားသုံးလို့ ရနေပါပြီ။ သရက်သီးစားဖို့ မိုးရာသီကို စောင့်စရာ မလိုတော့သလို၊ နွေမှာစားဖို့ အချဉ်သိပ်စရာလည်း မလိုတော့ပါဘူး။ ကမ္ဘာတစ်ဝှမ်းက ရာသီပေါ် အစားအသောက်တွေကို အချိန်မရွေး၊ နေရာမရွေး ၀ယ်ယူ စားသောက်နိုင်တာဟာ အခုအချိန်မှာ အသစ်အဆန်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဒီလို နေရာမရွေး၊ အချိန်မရွေး စားသုံးနိုင်အောင် စိုက်ပျိုးရေး ကဏ္ဍ ပြုပြင်ပြောင်းလဲမှုရဲ့ အစကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
    ၉ ရာစုလောက်မှာ မွတ်စလင်လယ်သမားတွေဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ တီထွင်ဆန်းသစ်မှုတွေ လုပ်ခဲ့ကြပါတယ်။ ကမ္ဘာတစ်ဝှမ်းက ကောက်ပဲသီးနှံတွေကို ရယူစိုက်ပျိုးတာ၊ ရေသွင်းစိုက်ပျိုးမှု နည်းလမ်းတွေကို ဖော်ထုတ်အသုံးပြုတာ၊ တစ်ခြားဒေသတွေက စိုက်ပျိုးရေးနည်းလမ်းတွေကို သူတို့ဒေသနဲ့ အံဝင်အောင် သိပ္ပံနည်းကျ ပြောင်းလဲအသုံးပြုတာ၊ တစ်ဦးချင်း လယ်ယာပိုင်ဆိုင်မှု ရရှိရေးဆိုတဲ့ လက်တွေ့အကျိုးပြု လယ်ယာလုပ်ငန်းတွေ ဖော်ဆောင်တာတွေပဲ ဖြစ်ပါတယ်။ ဒီလို တီထွင်ကြံဆမှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေက အရင်က မရှိခဲ့ဖူးတဲ့ ကောက်ပဲသီးနှံမျိုးစုံ ရာသီမရွေး စိုက်ပျိုးနိုင်မှု နည်းစနစ်ဆီကို ဦးတည်ခဲ့ပါတယ်။
    ပညာအတွက် ကမ္ဘာအနှံ့ ခရီးဆန့်
    ခရီးသွားလာရတာကိုနှစ်သက်တဲ့ လူ့အဖွဲ့အစည်းကနေ ဖြစ်တည်လာတဲ့ မွတ်စလင်တွေဟာ အာရှတိုက်ရဲ့ မြက်ခင်းပြင်ကြီးတွေကနေ၊ ဥရောပတောင်တန်းကြီးတွေအထိ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်ကာ အသိပညာတွေ၊ သတင်းအချက်အလက်တွေကို ရှာဖွေစုဆောင်းဖို့အတွက် ကမ္ဘာအနှံ့ ခြေဆန့်ခဲ့ကြပါတယ်။ အဲဒီလို လှည့်ပတ်သွားလာမှုအတွင်းမှာ သူတို့တွေ့ရှိခဲ့တဲ့ အရာတိုင်းကို မှတ်တမ်းတင်ရင်းကနေပဲ လယ်ယာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ နည်းလမ်းတွေ တစ်ပုံတစ်ပင်ကိုလည်း ရရှိခဲ့ကြပါတယ်။ ၁၉၀၄ ခုနှစ်မှာ အမေရိကန်သမိုင်းပညာရှင်တစ်ဦးဖြစ်တဲ့  အက်စ် ပီ စကော့ (S.P.Scott) က “ဒီလိုစုဆောင်းမှုဟာ အရှေ့ပိုင်း၊ တူနီးရှားနဲ့ အန်ဒါလူစီယာတို့က ယခင်ရှိခဲ့တဲ့၊ ပစ္စုပ္ပန်မှာ ရှိနေတဲ့ လောကဓာတ်ပညာရပ် အမြောက်အများကို ပေါင်းစည်းစေတဲ့ လက်ဖျားခါလောက်တဲ့ အခြေအနေတစ်ခုကို ဖြစ်ထွန်းစေခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
    ကနေဒါနိုင်ငံ တိုရွန်တိုတက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်သူ အန်ဒရူး ၀ပ်ဆန် (Andrew Watson) က မွတ်စလင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အောက်ပါအတိုင်း မှတ်ချက်ပြုခဲ့ပါတယ်။
    “ရာစုနှစ် သုံးလေးခုလောက် စုစည်းညီညွတ်ခဲ့တဲ့ မွတ်စလင်ကမ္ဘာဟာ အသစ်အဆန်းမှန်သမျှကို လက်ခံ အသုံးပြုခဲ့ကြပါတယ်။ ပြီးတော့ ကိုယ်ကျင့်အပြုအမူ၊ လူမှုဘ၀တည်ဆောက်ပုံ၊ အသင်းအဖွဲ့ ဖွဲ့စည်းမှု၊ အခြေခံအဆောက်အဦး၊ သိပ္ပံဆိုင်ရာတိုးတက်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှု စတဲ့ နည်းသစ်လမ်းသစ်တွေကိုလည်း တစ်မူထူးခြားစွာ ပြန့်နှံစေခဲ့ပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တစ်ခုတည်းမဟုတ်ဘဲ စီးပွားရေးအပြင်ဘက်မှာရှိနေတဲ့ အသက်ရှင်ရပ်တည်မှုနယ်ပယ်တွေအပါအ၀င် အခြားသော စီးပွားရေး ကဏ္ဍတွေမှာလည်း ဒီဆန်းသစ်မှုတွေ ထိတွေ့ကာ စိမ့်ဝင်ပြန်နှံ့ခဲ့ပါတယ်”
    မတူကွဲပြားတဲ့ ဒေသတွေကနေ ဒီလို အသိပညာတစ်ပုံတစ်ပင် ပေါ်ထွက်လာမှုနဲ့အတူ မွတ်စလင်တွေဟာ အကောင်းဆုံး မြင်းတွေ၊ သိုးတွေကို မွေးမြူနိုင်သူတွေ၊ အကောင်းဆုံး သစ်သီးခြံတွေ၊ ဟင်းသီးဟင်းရွက်ခြံတွေကို စိုက်ပျိုးနိုင်သူတွေလည်း ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ အပင်ဖျက်ပိုးမွှားတွေကို ဘယ်လိုကာကွယ်တိုက်ဖျက်ရမလဲဆိုတာကို သိရှိခဲ့သလို၊ ဓာတ်မြေသြဇာကိုလည်း စတင် အသုံးပြုခဲ့ကြပါတယ်။ ပြီးတော့ ကိုင်းကူးကိုင်းဆက်စိုက်ပျိုးမှု၊ အပင်များကို မျိုးစပ်ကာ မျိုးစိတ်အသစ်တွေ ဖော်ထုတ်စိုက်ပျိုးမှု စတဲ့ နယ်ပယ်တွေမှာလည်း မွတ်စလင်တွေဟာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ခဲ့ကြပါတယ်။
    ကောက်ပဲသီးနှံအသစ်များ
    ရှေးခေတ်ဥရောပမှာ ဆောင်းရာသီသီးနှံတွေကိုသာ အဓိကထားစိုက်ပျိုးကြပြီး ၂ နှစ်နေမှ တစ်ကြိမ် ရိတ်သိမ်းရလ့ရှိပါတယ်။ အလှည့်ကျစိုက်ပျိုးမှုနည်းစနစ်နဲ့ ကောက်ပဲသီးနှံ မျိုးစိတ်အသစ်တွေကို အန်ဒါလူစီယာ မွတ်စလင်တွေက ယူဆာင်လာခဲ့ပြီးတဲ့နောက်မှာတော့ ဒီအခြေအနေတွေက ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီနည်းစနစ်တွေနဲ့ မျိုးစိတ်အသစ်တွေအများစုဟာ အိန္ဒိယနိုင်ငံကဖြစ်ပြီး မိုးနည်း၊ နေ့တာရှည်ကာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီလိုရာသီမျိုးအတွက် အသုံးဝင်မယ့် နည်းလမ်းတွေ၊ မျိုးစိတ်တွေ ဖြစ်ပါတယ်။ မွတ်စလင်တွေ စတင်ဖော်ထုတ်ခဲ့တဲ့ ရေသွင်းစိုက်ပျိုးမှု နည်းလမ်းနဲ့အတူ နောက်ပိုင်းမှာတော့ ဥရောပမှာ တစ်နှစ်ကို လေးသီးစားစိုက်ပျိုးမှုစနစ် ထွန်းကားလာခဲ့ပြီး ကောက်ပဲသီးနှံမျိုးစုံကိုလည်း စိုက်ပျိုးလာနိုင်ခဲ့ပါတယ်။
    ငှက်ပျောသီးလို အပူပိုင်းထွက်သီးနှံတွေကို တိုင်းပြည်ရဲ့ ကမ်းရိုးတမ်းတွေမှာ စိုက်လာနိုင်ခဲ့ပြီး မွတ်စလင်တွေ ယူဆောင်လာခဲ့တဲ့ ကောက်ပဲသီးနှံအသစ်တွေထဲမှာ စပါး၊ အရည်ရွှမ်းတဲ့အသီးတွေ၊ မက်မွန်၊ အုန်း၊ ပိုး၊ ဇီးချို၊ ၀ါ၊ ဂေါ်ဖီ၊ ခရမ်းသီး၊ ကုံကုမံနဲ့ ကြံ စတာတွေ ပါဝင်ခဲ့ပါတယ်။ စပိန်နိုင်ငံမှာ မွတ်စလင်တွေက ကြံစိုက်ပျိုးမှုကို စတင်မိတ်ဆက်ပေးခဲ့ပြီးတဲ့နောက် ကြံဟာ စပိန်ရဲ့ စီးပွားရေးကို အကြီးအကျယ် ရိုက်ခတ်စေခဲ့ပါတယ်။ စပိန်ထွက်ကြံတွေကို မွတ်စလင်တွေကပဲ အီသီယိုးပီးယား၊ ဇန်ဇီဘာရ် စတဲ့ နိုင်ငံတွေဆီ ယူဆောင်သွားခဲ့ပြီး အရည်အသွေးမြင့်သကြားထွက်တဲ့ အဲဒီကြံတွေဟာ နာမည်ကြီးခဲ့ပါတယ်။
    ပိုးလုပ်ငန်းဟာ စပိန်မှာ အခြေတည်လာခဲ့ပြီး၊ ဂုန်လျှော်ပင်တွေကိုလည်း စိုက်ပျိုးလာနိုင်ခဲ့ကာ၊ စားပွဲခင်း၊ အိပ်ရာခင်းတွေကိုလည်း ပြည်ပကို တင်ပို့လာနိုင်ခဲ့ပါတယ်။ စပိန်နိုင်ငံရဲ့ ခြောက်သွေ့တဲ့ဒေသတွေမှာ အလေ့ကျပေါက်တဲ့ ‘အက်စပါတိုမြက်’ (Esparto grass) ကနေ ခြင်းတောင်းတွေ၊ ဖျာတွေ ရက်လုပ်လာနိုင်ခဲ့ပါတယ်။
    ၁၀ ရာစု မွတ်စလင်ခရီးသွားနဲ့ သမိုင်းပညာရှင် အလ်-မက်စ်အူဒီ (Al-Masudi) က လိမ္မော်သီးနဲ့ ရှောက်သီးစိုက်ပျိုးမှုအတွေအကြောင်းကို အခုလို ရေးသားခဲ့ပါတယ်။
    “လိမ္မော်ပင် (ရှာဂျာရ် အလ်-နာရန့်ဂ်ျ – Shajar al-naranj) နဲ့ ရှောက်ပင် (အလ်-အသ်ွရုဂ်ျ အလ်-မူဒေါင်ဝါရ် – al-utrujj al-mudawwar) တို့ကို ဟစ်ဂ်ျရီကသက္ကရာဇ် ၃၀၀ (ခရစ်သက္ကရာဇ် ၉၁၂) လောက်မှာ အိန္ဒိယကနေ ယူဆောင်လာခဲ့ပြီး အိုမန်မှာ ပထမဆုံး စိုက်ပျိုးခဲ့ပါတယ်။ အဲဒီကနေပဲ အလ်-ဘာဆရာ (al-Basra) ဆိုသူက အီရတ်နဲ့ ဆီးရီးယားတို့ကို ယူဆောင်သွားခဲ့ပါတယ်။ အချိန်တိုတိုအတွင်းမှာပဲ တာတက်စ် (Tartus) ဒေသအပါအ၀င် ဆီးရီးယားက အခြားသော ကုန်းမြင့်ဒေသနဲ့ ကမ်းရိုးတမ်းဒေသက အိမ်တွေတိုင်းမှာ စိုက်ပျိုးတဲ့ အပင်တွေ ဖြစ်လာပါတော့တယ်။ နောက်ပိုင်းမှာ ဒီအပင်တွေအကြောင်း မသိသေးတဲ့ တူရကီ၊ ပါလက်စတိုင်းနဲ့ အီဂျစ်တို့ကိုလည်း ဒီစိုက်ပျိုးမှုဟာ မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိသွားခဲ့ပါတယ် ”
    ဒီလိုကောက်ပဲသီးနှံတွေ ဥရောပဆီ ရောက်ရှိလာမှုဟာ တစ်ခါတစ်ရံမှာ အဘ်ဒ် အလ်-ရဟ်မန် ၁ (Abd al-Rahman) လို အိမ်လွမ်းတတ်တဲ့ မွတ်စလင်ဘုရင်တွေလို တစ်ဦးကောင်းတစ်ယောက်ကောင်းရဲ့ ဆောင်ရွက်မှုတွေကြောင့်လည်း ပါပါတယ်။ ဆီးရီးယားက သူ့ရဲ့ရိပ်မြုံလေးကို လွမ်းဆွတ်တဲ့ အလ်-ရဟ်မန်ဟာ စပိန်က အန်ဒါလူစီယာကို အုပ်စိုးတဲ့အခါမှာ ဆီးရီးယားက သူစံစားခဲ့တဲ့ နန်းတော်ပုံစံအတိုင်း ဖြစ်ဖို့အတွက် စွန်ပလွံအပါအ၀င် ကောက်ပဲသီးနှံမျိုးစိတ်တော်တော်များများကို ယူဆောင်ကာ စိုက်ပျိုးခဲ့ပါတယ်။ ကော်ဒိုဘာကို ရောက်လာခဲ့တဲ့ သလဲသီး မျိုးစိတ်တွေကိုတော့ ကော်ဒိုဘာ တရားသူကြီးချုပ် မူအာဝေယာ အစ်ဗနေ့ ဆာလေ့ဟ် (Muawiya ibn Salih) က ဒမတ်စကတ်ကနေ ယူဆောင်လာခဲ့တာဖြစ်ပြီး၊ ဆာဖာရ် (Safar) လို့ခေါ်တဲ့ ဂျော်ဒန်စစ်သား တစ်ဦးကလည်း သဖန်းပင်ကို မာလာဂါမြို့က သူ့ရဲ့ ခြံထဲမှာ စတင် စိုက်ပျိုးခဲ့ပါတယ်။ ဒီစစ်သားလေးရဲ့အမည်ကို အစွဲပြုပြီး ဆာဖရီ (Safri) လို့ခေါ်တဲ့ ဒီအပင်ဟာ နောက်ပိုင်းမှ စပိန်နိုင်ငံတစ်ဝှမ်း ပြန့်နှံ့သွားခဲ့ပါတယ်။
    ရေသွင်းစိုက်ပျိုးခြင်း
    2002_04-00-Naurra
    ဆီးရီးယားတွင် ရှေးခေတ်မွတ်စလင်များ တည်ဆောက်ခဲ့သည့် ရေပေးဝေမှုစနစ် အစိတ်အပိုင်းတစ်ခု
    အဲဒီကောက်ပဲသီးနှံတွေထဲမှာ တစ်ချို့တွေဟာ ပူပြင်းတဲ့နွေရာသီမှာ ပေါက်ရောက်ကြီးထွားကြတာဖြစ်ပြီး ၄ ရက်ကနေ ၈ ရက်အထိ ရေလောင်းပေးရတဲ့ ကြံတို့လို ကောက်ပဲသီးနှံအသစ်တွေကတော့ ရေကို ပိုလိုအပ်ပါတယ်။ စပါးပင်ဟာလည်း ရေကို အဆက်မပြတ်သွင်းပေးရတဲ့အပင် ဖြစ်ပါတယ်။ ဥရောပမှာ ၀ါကို ၁၁ ရာစု အဆုံးပိုင်းလောက်ကမှ စတင်စိုက်ပျိုးနိုင်ခဲ့ပြီး အလယ်ခေတ် သမိုင်းပညာရှင် အစ်ဗနေ့ ဘာဆာလ် (Ibn Bassal) ကတော့ သြဂုတ်လမှာ အညှောင့်ထွက်လာဖို့အတွက် ၀ါပင်ကို ၂ ပတ်တစ်ကြိမ် ရေသွင်းပေးရတယ်လို့ ရေးသားခဲ့ပါတယ်။ အန်ဒါလူစီယာဒေသဟာ ၀ါပင်ကို ပြည်တွင်းမှာအသုံးပြုဖို့ ဖူလုံယုံသာမက စီဂျီလ်မာဆာ (မော်ရိုကို) နဲ့ တောင်ဘက် အာဖရိကဒေသ အစ်ဖ်ရီကီယာ (Ifriqiya) တွေကိုပါ တင်ပို့နိုင်ခဲ့ပါတယ်။ လိမ္မော်သီးနဲ့ အခြား အရည်ရွှမ်းအပင်တွေဟာလည်း အခြားသော သီးပင်စားပင်တွေ၊ ခြောက်သွေ့တဲ့ဒေသမှာ စိုက်ပျိုးရတဲ့ အပင်တွေလို ရေသွင်းစိုက်ပျိုးဖို့ လိုပါတယ်။
    ဒါဆိုရင် ဒီရေလိုအပ်ချက်ကို ဘယ်လိုဖြည့်ဆည်းပါသလဲ။ မွတ်စလင်တွေဟာ ရေပေးဝေရေးစနစ်ကို တီထွင်ဖော်ထုတ်ရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူတွေဖြစ်ကြပြီး အဆက်မပြတ်စီးဆင်းနေတဲ့ ရေပေးဝေရေးကို ရေအားသုံး ရေစုပ်စက်တွေ၊ နိုရီယက်စ် (Norias) လို့ခေါ်တဲ့ ရေဘီးတွေကိုအသုံးပြုပြီး စီမံဆောင်ရွက်ခဲ့ပါတယ်။ စပိန်ကို မွတ်စလင်တွေ အုပ်စိုးစဉ်က စပါးစိုက်ခင်းတွေကို ရေပေးဖို့အတွက် ဗလင်စီယာမြို့တစ်ခုတည်းမှာပဲ နိုရီယက်စ် ၈၀၀၀ လောက် တည်ဆောက်ခဲ့ပါတယ်။
    မွတ်စလင်တွေဟာ စက်ကိရိယာတွေကို တိရစ္ဆာန်အားသုံးပြီး လည်ပတ်တဲ့စနစ်ကိုလည်း သုံးစွဲခဲ့ပြီး ခေတ်မီတဲ့ ဂီယာနည်းစနစ်တွေကိုလည်း ဒီထွင်ခဲ့ကြပါတယ်။ ဆဟာရဒေသလို ကြမ်းတမ်းပြီး၊ ဘာမှ စိုက်လို့မရတဲ့ ဒေသတွေမှာလည်း မြေအောက်မြောင်းအသုံးပြု ရေပေးဝေရေးစနစ်ကို သုံးကာ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို တစ်ခေတ်ဆန်းစေခဲ့ပါတယ်။
    အဲဒီရေတွေ စိုက်ခင်းထဲကိုရောက်ဖို့အတွက် ရေပေးဝေရေးစနစ်နဲ့ အနိမ့်အမြင့်ကို မှန်ကန်စွာ တွက်ချက်တတ်ဖို့လည်း လိုအပ်ပါတယ်။ သင်္ချာပညာမှာ ထူးချွန်တဲ့ မွတ်စလင်တွေဟာ ဒီအတွက်လည်း အခက်ခဲမရှိခဲ့ပါဘူး။ Triangulation နည်းစနစ်ကိုသုံးပြီး အနိမ့်အမြင့်စနစ်တွေကို မှန်ကန်စွာ တိုင်းတာ တွက်ချက်နိုင်ခဲ့ကြပါတယ်။
    စိုက်ပျိုးရေးမှာ အကူအညီဖြစ်စေခဲ့တာက သင်္ချာပညာရပ်တစ်ခုတည်းသာ မဟုတ်ပါဘူး။ ၁၁ ရာစု စပိန်နိုင်ငံ တော်လေဒိုမြို့မှာ ထွန်းကားခဲ့တဲ့ ခေတ်မီ နက္ခတဗေဒပညာရပ်တွေကလည်း လယ်ယာကဏ္ဍကို အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ သတင်းထောက် ရာဂျီဟ် အိုမာရ် (Rageh Omar) ရဲ့ An Islamic History of Europe (ဥရောပအစ္စလာမ့်သမိုင်း) ဆိုတဲ့ ဆောင်ပါးမှာ “နက္ခတ္တဗေဒဆိုင်ရာ တွက်ချက်မှုဇယားကို စိုက်ပျိုးရေးကဏ္ဍမှာ အသုံးပြုခဲ့ကြပြီး အဲဒီဇယားမှာ စိုက်ရပျိုးရမယ့် ကာလရာသီကို ဖော်ပြထားပါတယ်” လို့ ရေးသားခဲ့ပါတယ်။
    မြေယာခွဲဝေပိုင်ဆိုင်မှု နည်းလမ်းသစ်
    မွတ်စလင်တွေရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ တိုးတက်အောင်မြင်မှုအတွက် အဓိက အရေးပါတဲ့ အကြောင်းအရင်းတစ်ရပ်ကတော့ စနစ်ကျတဲ့ လယ်မြေပိုင်ဆိုင်မှုစနစ် ထွန်းကားလာတာကြောင့် ဖြစ်ပါတယ်။ အဲဒါကတော့ မြေပိုင်ရှင်ကြီးတွေ၊ လယ်ပိုင်ရှင်ကြီးတွေဆီကနေ လယ်မြေ ငှားရမ်းလုပ်ကိုင်ရပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရတဲ့ စနစ်ကနေ လယ်သမားတွေဟာ သူတို့အတွက်နဲ့ လူ့အဖွဲ့အစည်းအတွက် ပိုမိုအလုပ်လုပ်နိုင်မယ့် လယ်ယာခွဲဝေပိုင်ဆိုင်မှုစနစ်ကို မွတ်စလင်တွေက ပြောင်းလဲလိုက်တာပါပဲ။ ဒါဟာ လယ်ယာပိုင်ဆိုင်မှုကဏ္ဍနဲ့ပတ်သက်လို့ လူမှုတော်လှန်ရေးတစ်ခု ဖြစ်ခဲ့ပြီး အလုပ်သမားအခွင့်အရေးတွေပါ တစ်ပါတည်း တွဲပါလာခဲ့ပါတယ်။ မွတ်စလင်တွေရဲ့ ဒီစနစ်သစ်ကြောင့် လူတိုင်းဟာ လယ်ယာမြေတွေကို ရောင်းနိုင်၊ ၀ယ်နိုင်၊ ပေါင်နှံနိုင်၊ အမွေဆက်ခံလာနိုင်ခဲ့သလို လယ်သမားတွေဟာ ကြိုက်ရာ သီးနှံတွေကိုလည်း စိုက်ပျိုး လာနိုင်ခဲ့ပါတယ်။
    ဒီစနစ်မှာ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ကုန်သွယ်မှု၊ ၀န်ထမ်း အလုပ်ခန့်အပ်မှု စတာတွေနဲ့ပတ်သက်တဲ့ အရေးပါတဲ့ အကြောင်းအရာအားလုံးကို စာချုပ်နဲ့ဆောင်ရွက်ရပြီး စာချုပ်ကိုတော့ သက်ဆိုင်သူ ၂ ဦးစလုံးစီမှာ အသီးသီး သိမ်းဆည်းထားရပါတယ်။ လယ်ယာကဏ္ဍမှာ အင်အားသုံး အလုပ်လုပ်ရတဲ့ သူတွေကတော့ ထွက်ရှိတဲ့ ကောက်ပဲသီးနှံတွေထဲက သင့်လျော်တဲ့ဝေစုကို လုပ်ခအဖြစ် ရရှိပါတယ်။ မြေရှင်နဲ့ တောင်သူဦးကြီးတွေအကြားမှာလည်း စာချုပ်ကို အသေးစိတ်ချုပ်ဆိုရပြီး ထွက်ရှိလာတဲ့ ကောက်ပဲသီးနှံကို မြေပိုင်ရှင်က အများဆုံး တစ်ဝက်သာ ရယူပိုင်ဆိုင်ခွင့် ရှိပါတယ်။
    လယ်ယာကဏ္ဍမှာ မွတ်စလင်တွေရဲ့ ဒီလို တီထွင်ဖန်တီးမှုတွေနဲ့အတူ အဲဒီ ခေတ်ကာလက လူနေမှုအဆင့်အတန်းဟာလည်း မယုံနိုင်လောက်အောင် မြင့်တက်လာခဲ့ပြီး တစ်နှစ်ပတ်လုံးမှာ လတ်ဆတ်တဲ့ အသီးအနှံတွေ၊ အရွက်တွေ ရရှိတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုဓလေ့ ထွန်းကားလာခဲ့ပါတော့တယ်။ ဒီအချိန်မှာတော့ ဥရောပဟာ ဆောင်းတွင်းကိုစောင့်ပြီး စိုက်ပျိုးစရာ မလိုတော့ပါဘူး။
    အရည်ရွှမ်းအသီးတွေနဲ့ သံလွင်ပင်တွေ စိုက်ပျိုးမှုဟာ ဥရောပမှာ ပုံမှန်လို ဖြစ်လာခဲ့ပြီး ဟင်းသီးဟင်းရွက် စိုက်ခင်းတွေ၊ သစ်သီးခြံကြီးတွေဟာလည်း ဥရောပရဲ့ မြို့ကြီးတိုင်းမှာ အလျှိုလျှို ပေါ်ထွက်လာပါတော့တယ်။ ဒီလို ကောက်ပဲသီးနှံတွေကို အဆက်မပြတ်စိုက်ပျိုးတာက မြေဆီသြဇာဓာတ် ကျဆင်းမှုဆီ ဦးတည်ခဲ့ပေမယ့် ကောင်းမွန်တဲ့ရေပေးဝေမှုစနစ်နဲ့ ခိုရဲ့မစင်ကို အဓိကအသုံးပြုပြီး ထုတ်လုပ်တဲ့ ဓာတ်မြေသြဇာ နည်းစနစ်တွေကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ မြေဆီသြဇာအားနည်းမှု ပြဿနာလည်း ပြေလည်သွားပါတော့တယ်။
    တိရစ္ဆာန်မွေးမြူရေး၊ ဒေသအသီးသီးက တိရစ္ဆာန်တွေကို အသုံးပြုပြီး သားဖောက်တဲ့လုပ်ငန်းတွေက သယ်ယူပို့ဆောင်ရေးမှာ အရေးပါတဲ့ မြင်းကောင်ရေနဲ့ ဆဟာရ ကုန်သည်တွေရဲ့ ကုန်ပစ္စည်းတွေကို သယ်ဆောင်ပေးမယ့် တောင့်တင်းတဲ့ ကုလားအုတ်ကောင်ရေတွေကို တိုးတက်စေခဲ့ပါတယ်။
    အသား၊ သိုးမွှေးတို့လို တိရစ္ဆာန်ထွက် ပစ္စည်းတွေကလည်း အလျှံပယ်ဖြစ်လာခဲ့ပြီး၊ တိရစ္ဆာန် စွန့်ပစ်ပစ္စည်းကထွက်တဲ့ ဓာတ်မြေသြဇာဟာလည်း အသုံးတည့်ပစ္စည်းတစ်ခု ဖြစ်ခဲ့ပါတယ်။ တူနီးရှားက မဟ်ရဘ်ဒေသ၊ အလ်ဂျီးရီးယား၊ မော်ရိုကိုက အရည်အသွေးကောင်းတဲ့ ဒီ တိရစ္ဆာန်ထွက် ပစ္စည်းတွေဟာ ကမ္ဘာကျော်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။
    သိုးမွှေးတင်မကဘဲ ပိုးနဲ့ ၀ါဂွမ်းတို့ကိုလည်း မွတ်စလင်တွေက ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အိန္ဒိယမှာ အစပြုတဲ့ သိုးမွှေးဟာ မွတ်စလင်တွေရဲ့ ကျေးဇူးကြောင့် ဥရောပက စစ္စလီနဲ့ အလ်-အန်ဒါလုစ်တို့မှာ အဓိက သီးနှံတွေ ဖြစ်လာခဲ့ပြီး အရင်က ရှားပါးခဲ့တဲ့ ဒီထွက်ကုန်တွေကို ဖောဖောသီသီ သုံးစွဲလာခဲ့ရပါတယ်။ နောက်ပိုင်း သိပ်မကြာခင်ကာလမှာပဲ လူတွေဟာ အ၀တ်အထည်တွက် ချည်မျှင်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ပြီး အရောင်အသွေးစုံစွာ ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။
    ဥရောပကို ကြံ ဘယ်သူယူလာလဲ
    sugar cane
    ကြံစိုက်ပျိုးမှုဟာ ပါရှားပြည် ခူရ်ဇစ္စတန်ဒေသ (Khurzistan) ဒေသကနေ အနောက်နိုင်ငံတွေဆီ ပြန့်နှံ့ခဲ့တာ ဖြစ်ပါတယ်။ အလယ်ခေတ်တစ်လျှောက်လုံးမှာ ပါရှားပြည်က ‘ရှက်စတာဒေသ’ (Shuster)  (ရှေးဟောင်း ဆူဆာ (Susa)) ဟာ ကြံအကြီးအကျယ်စိုက်ပျိုးမှုကြောင့် ထင်ရှားပါတယ်။ ကြံကနေ သကြားထုတ်လုပ်မှု နည်းလမ်းကို အာရပ်တွေက ဖော်ထုတ်ကာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချခဲ့ကြပါတယ်။ မွတ်စလင်တွေရဲ့ အုပ်ချုပ်မှုအောင်မှာ ကြံစိုက်ပျိုးမှုဟာ အိန္ဒိယကနေ၊ မော်ရိုကိုအထိ ပြန့်နှံ့သွားခဲ့ပါတယ်။ စပိန်နဲ့ စစ္စလီ ကျွန်းတို့ကို မွတ်စလင်တွေ လွှမ်းမိုးတဲ့အချိန်မှာလည်း ဒီကြံစိုက်ပျိုးမှုဟာ ဥရောပတောင်ပိုင်းအထိ ရောက်ရှိခဲ့ပါတယ်
    (၂၀ ရာစု အရှေ့တိုင်းပညာရှင် ဂိုင်း လီ စထရိန်းဂ်ျ (Guy Lee Strange))
    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)
  • ပုတ်ခတ်မှုများကို ချေဖျက်ပြလိုက်သည့် မွတ်စလင် အိုလံပစ်အားကစားသမား ၃ ဦး
    ပုတ်ခတ်မှုများကို ချေဖျက်ပြလိုက်သည့် မွတ်စလင် အိုလံပစ်အားကစားသမား ၃ ဦး
    သြဂုတ် ၁၈၊ ၂၀၁၆
    M-Media
    မိုဖာရာ
    – ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမှာ ပြုလုပ်နေတဲ့ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ မကျင်းပခင်မှာ အကြမ်းဖက်ဝါဒ၊ လုံခြုံရေး စတာတွေနဲ့ ပတ်သက်ပြီးသာ အစ္စလာမ်သာသနာရဲ့အမည်ကို ကြားခဲ့ကြရပါတယ်။ ဒါပေမယ့် ပြိုင်ပွဲပြီးဆုံးဖို့နီးလာတဲ့ ဒီလိုအချိန်မှာတော့ မွတ်စလင် အားကစားသမားတွေရဲ့ အောင်မြင်မှုတွေကြောင့် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ကြောက်ရွံ့မှုကလည်း မှေးမှိန်သွားသလို၊ ယူဆချက်အမှားတွေလည်း လွင့်ပျောက်သွားခဲ့ပါတယ်။
    ဗြိတိန်က မိုဖာရာ၊ အီဂျစ်က ဆာရာ အဟ်မဒ်၊ အမေရိကန်က အစ်ဘ်သီဟဂ်ျမိုဟာမက် စတဲ့ ကစားသမားတွေဟာ သံသယ၊ လူမျိုးရေးခွဲခြားမှုနဲ့ အစ္စလာမ်ကြောက်ရောဂါတွေအကြား ရီယိုရဲ့ အိုလံပစ်စင်မြင့်မှာ ၀င့်ဝင့်ထည်ထည့် ရပ်တည်နိုင်ခဲ့ကြပါတယ်။
    ဆုတောင်းမှုစွမ်းအား
    သြဂုတ်လ ၁၃ ရက်နေ့မှာ ဆိုမာလီနွယ်ဖွား ဗြိတိန်နိုင်ငံသား အပြေးအားကစားသမား မိုဖာရာဟာ မီတာ ၁ သောင်း အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့ပြီး အိုလံပစ် နှစ်ကြိမ်ဆက်တိုက် ရွှေရခဲ့တာလည်း ဖြစ်ပါတယ်။ ပြေးလမ်းတစ်ဝက်လောက်မှာ မိုဖာရာဟာ ပြိုင်ဘက်ကစားသမားတစ်ဦးရဲ့ ခြေထောက်နဲ့ တိုက်မိခဲ့တာကြောင့် လဲကျသွားခဲ့ပါသေးတယ်။ ဒါပမယ့် သူ့ရဲ့မလျှော့သောဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ရွှေတံဆိပ်ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
    ပန်းဝင်ပြီးတဲ့အခါမှာတော့ ဖာရာဟာ နောက်တစ်ခေါက် ပြေးလမ်းပေါ်ကို လဲကျခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ဒီလဲကျမှုဟာ သူ့ရဲ့ အောင်မြင်မှုအတွက် သူယုံကြည်တဲ့ဘုရားသခင်ကို ပျပ်ဝပ်ဦးချခြင်းပဲ ဖြစ်ပါတယ်။ ဒီရွှေတံဆိပ်ဟာ ရီယိုအိုလံပစ်မှာ သူ့ရဲ့ တတိယမြောက် ရွှေတံဆိပ်လည်းဖြစ်ပြီး ပရိတ်သတ်တွေကတော့ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ပါတယ်။
    ဖာရာရဲ့ ဒီ ပျပ်ဝပ်ဦးချဆုတောင်းမှုဟာ ကမ္ဘာတစ်ဝှမ်းမှာ မွတ်စလင်တွေနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက် အမှားတွေကို တန်ပြန်တိုက်ဖျက်နိုင်ခဲ့ပါတယ်။ ဖာရာနဲ့ မွတ်စလက်ကစားသမားတွေအတွက်တော့ သူတို့ရဲ့ ယုံကြည်ချက်ဟာ အသေးအဖွဲမဟုတ်ဘဲ အဓိကကျတဲ့ အရာတစ်ခု ဖြစ်လို့နေပါတော့တယ်။
    “အပြေးမပြိုင်ခင်မှာ ကျွန်တော် ပုံမှန် ၀တ်ပြုတယ်။ ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုကို ရည်စူးပြီး အောင်မြင်မှုရဖို့ ဆုမွန်ဒိုအာ တောင်းပါတယ်။ ပြီးတော့မှ ကျွန်တော် ယှဉ်ပြိုင်တာပါ”
    ဗြိတိန်အပြေးအားကစားသမား မိုဖာရာရဲ့ ရင်ကို ထိမှန်စေသော ဖွင့်ဟချက် ဖြစ်ပါတယ်။
    ဆာရာ မိုဟာမက်
    ပုဝါဆောင်းထားတဲ့ မွတ်စလင်အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရင် များသောအားဖြင့် နုံချာသူ၊ အသိပညာမဲ့သူအဖြစ် ထင်မြင်ယူဆတတ်ကြပါတယ်။ ဒါပေမယ့် အီဂျစ်အမျိုးသမီး ဆာရာ အဟ်မဒ်ကတော့ ဒီယူဆချက်အမှားကို ချေဖျက်လိုက်ပြီး ကမ္ဘာ့အမျိုးသမီးတွေထဲက တစ်ချို့သာလုပ်နိုင်တဲ့ အလုပ်တစ်ခု၊ တစ်ချို့မှာသာရှိတဲ့ စွမ်းအားတစ်ခုကို လုပ်ပြနိုင်၊ ထုတ်ပြန်နိုင်ခဲ့ပါတယ်။
    တစ်ကိုယ်လုံးလုံတဲ့ အားကစားဝတ်စုံဝင်ဆင်ထားပြီး နိုင်ငံကိုယ်စားပြု အနီရောင် ခေါင်းဆောင်ပုဝါ ဆင်မြန်းထားတဲ့ ဆာရာတစ်ယောက် ၂၅၅ ကီလိုဂရမ် (၅၆၂ ပေါင်) ရှိတဲ့ ၀ိတ်ပြားကို မ,ကာ ၆၉ ကီလိုတန်းမှာ ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုဟာ သူ့နိုင်ငံ၊ သူ့လူမျိုးနဲ့ အီဂျစ်က အမျိုးသမီးထုအတွက် တစ်မူထူးခြားတဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။ နိုင်ငံရဲ့ ၁၀၄ နှစ်ကြာ အိုလံပစ်ပြိုင်ပွဲဝင်သမိုင်းမှာ ဆုတံဆိပ်ရ ပထမဆုံး အားကစားမယ်ဖြစ်တဲ့ ဆာရာဟာ အခုတော့ အီဂျစ်အမျိုးသမီးတွေရဲ့ လေးစားအတုယူဖွယ် အမျိုးသမီးတစ်ဦး ဖြစ်လို့နေပါပြီ။ နောက်ပြီး ဆာရာဟာ ၀ိတ်မအားကစားမှာ ဆုတံဆိပ်ရတဲ့ ပထမဆုံး အာရပ်အမျိုးသမီးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
    ဆာရာတစ်ယောက် ဆုယူစင်မြင်မှာ ရပ်ခဲ့ရတဲ့ တစ်ခဏဟာ မွတ်စလင်အမျိုးသမီးတစ်ဦးရဲ့ စွမ်းအား၊ ကြံ့ခိုင်မှု၊ ညီအမစိတ်ဓာတ်တွေကို ကိုယ်စားပြုရုံသာမကဘဲ၊ ပြင်သစ်က မွတ်စလင်အမျိုးသမီးတွေရဲ့ ခေါင်းဆောင်းပုဝါ ပိတ်ပင်မှု၊ အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းမှာ မွတ်စလင်အမျိုးသမီးတွေရဲ့ လုံလုံခြုံခြုံဝတ်စားဆင်ယင်မှုကို ဖိနှိပ်မှုအဖြစ် အက်ကြောင်းထပ်အောင် ပြောကြားမှုတွေဟာ မှာယွင်းတယ်လို့ ချေဖျက်ပစ်လိုက်တာလည်း ဖြစ်ပါတယ်။
    လူမျိုးရေးခွဲခြားမှုနဲ့ အစ္စလာမ်ကြောက်ရောဂါအား ချေဖျက်လိုက်တဲ့ ဓားတစ်လက်
    ibtihaj
    အစ်ဘ်သီဟဂ်ျ မိုဟာမက်
    အစ်ဘ်သီဟဂ်ျ မိုဟာမက်ဆိုတဲ့ အမေရိကန်မွတ်စလင် ဓားသိုင်းမယ်ဟာ နိုင်ငံတကာအဆင့်ကို တိုးမ၀င်ခင် အချိန်ကတည်းက အမေရိကန်မွတ်စလင်အသိုင်းဝိုင်းမှာ နာမည်တစ်လုံး ရထားခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဇာတ်ကြောင်းဟာ “ဟီဂျဘ်ခေါင်းဆောင်ပုပါဝတ်ပြီး အိုလံပစ်မှာယှဉ်ပြိုင်မယ့် ပထမဆုံး အမေရိကန် မွတ်စလင်အားကစားမယ်” ဆိုတာထက်ကို ပိုပါတယ်။ သူမဟာ မွတ်စလင်တွေနဲ့ မွတ်စလင်မဟုတ်သူတွေကပါ အချိန်အတော်ကြာ လစ်လျူရှုထားတဲ့ ပြဿနာတစ်ရပ်ကို ရင်ဆိုင်တွန်းလှန်သူ ဖြစ်ပါတယ်။
    ဒါကတော့ အာဖရိကန်-အမေရိကန် မွတ်စလင်တွေ တွေ့ကြုံရတဲ့ ပြဿနာတွေနဲ့ လူမျိုးရေးခွဲခြားမှု၊ အစ္စလာမ်ကြောက်ရောဂါဆိုတဲ့ ပြဿနာနှစ်ရပ်ကြောင့် ပေါ်ပေါက်လာတဲ့ ဒုက္ခဆင်းရဲတွေပဲ ဖြစ်ပါတယ်။
    ရီပက်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်က မွတ်စလင်ပြောင်းရွှေ့အခြေချသူတွေကို ပိတ်ပင်ရမယ်ဆိုတဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး အစ်ဘ်သီဟဂ်ျက အခုလို တုန့်ပြန်ခဲ့ပါတယ်။
    “ကျွန်မ အာဖရိကန်-အမေရိကန် မွတ်စလင်ပါ။ ကျွန်မ ဒီမှာမွေး၊ ဒီမှာကြီးတာဖြစ်ပြီး တစ်ခြား ဘယ်မှသွားစရာမရှိပါဘူး။ ကျွန်မမိဘတွေကလည်း ဒီမှာမွေးတယ်။ ကျွန်မကိုယ်တိုင်လည်း နယူးဂျာဆီမှာ ကြီးပြင်းတယ်။ ကျွန်မရဲ့ မိသားစုအားလုံးဟာလည်း နယူးဂျာဆီက ဖြစ်ပါတယ်။ ကျွန်မတို့ ဘယ်သွားရမှတုန်း”
    ဒီရဲရဲတောက် ဓားသမားလေးဟာ အိုလံပစ်မှာ အမေရိကန်နိုင်ငံအတွက် ကြေးတံဆိပ်တစ်ခု ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့သမိုင်းကြောင်း၊ ဝေဖန်လေကန်မှုတွေကို အန်တုပြီး အိုလံပစ်မှာအောင်မြင်အောင်ကြိုးစားခဲ့တဲ့ သူမရဲ့အားထုတ်မှုတွေကတော့ ရွှေတံဆိပ်လောက်ကို အဖိုးတန်ပါတယ်။
    Ref: Time.com
    (Time.com မှာ ဆောင်းပါးအား လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
  • ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ထိန်းသိမ်းရေး ကြိုးပမ်းလာကြသည့် မြန်မာနိုင်ငံမှ တိုင်းရင်းသားလူနည်းစုများ
    ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ထိန်းသိမ်းရေး ကြိုးပမ်းလာကြသည့် မြန်မာနိုင်ငံမှ တိုင်းရင်းသားလူနည်းစုများ
    သြဂုတ် ၁၇၊ ၂၀၁၆
    M-Media
ျ့ညေ
    – စစ်အာဏာရှင်များ၏ ဆယ်စုနှစ်များစွာ အုပ်စိုးမှုအောက်တွင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု နယ်ပယ်ပေါင်းစုံတွင် ဖိနှိပ်ချုပ်ချယ်မှုမျိုးစုံ ခံခဲ့ရသည့် တိုင်းရင်းသား လူနည်းစုများအနေဖြင့် လက်ရှိ ဒီမိုကရက်တစ် အစိုးရလက်ထက်တွင် ဂီတ၊ ရေဒီယိုတို့ဖြင့် ၎င်းတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ထိန်းသိမ်းရန် ကြိုးစားလာခဲ့ကြသည်။
    ရှမ်းအဆိုတော်တစ်ယောက်ဖြစ်သည့် Hsai Leng အတွက်တော့ သီချင်းသီဆိုမှုမှာ ၀ါသနာတစ်ခုသာ မဟုတ်ဘဲ၊ တိုက်တွန်းဆော်သြမှုတစ်ခု ဖြစ်လေသည်။
    စစ်သားဟောင်းဖြစ်ခဲ့ဖူးသည့် Leng မှာ ၎င်း၏ မြန်မာနိုင်ငံရှိ ၎င်းတို့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ရေး ရှမ်းတိုင်းရင်းသား လူနည်းစုများအား အားပေးရန်အတွက် ၎င်း၏ သေနတ်ကိုင်သောလက်အား မိုခရိုဖုန်း ပြောင်းကိုင်ခဲ့သည်။
    နောက်ဆုံး ယခု ဒီမိုကရက်တစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် ၎င်းတို့၏ မျှော်လင့်ချက်အလင်းရောင်ကို မြင်လာကြသည်။
    “ကျွန်တော်တို့က မျိုးဆက်သစ်တွေပါ။ ကျွန်တ်ာတို့တိုင်းပြည်အရေး သတိပြုဖို့အတွက် ဂီတကို အသုံးပြုပြီး ပြည်သူတွေကို တိုက်တွန်းဆော်သြချင်ပါတယ်” ဟု Leng က ပြောကြားခဲ့သည်။
    နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများမှာ ၎င်းတို့၏ ဘာသာစကားဖြင့် အသံလွှင့်နိုင်ရေး ဥပဒေသစ်ကို ပြီးခဲ့သည့်နှစ်က အတည်ပြုခဲ့ပြီး တိုင်းပြည်တွင် ပထမဆုံး ဆောင်ရွက်ခြင်းလည်းဖြစ်သည်။
    “ကျွန်မတို့ရဲ့ ရေဒီယိုက ကျွန်မတို့ ပရိတ်သတ်တွေအတွက် တော်တော်လေး အရေးကြီးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလိုမျိုး တစ်ချို့လူတွေဆိုရင် သူတို့ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရမလဲဆိုတာ မသိပါဘူး” ဟု Wn Hai ရေဒီယိုအသံလွှင့်ဌာနမှ Nang Seng Reun က ပြောကြားခဲ့သည်။
    “ဒါ့ကြောင့် ကျွန်မတို့ဟာ ဒီရေဒီယိုကနေတစ်ဆင့် သတင်းအချက်အလက်တွေ ပေးနိုင်တယ်။ သူတို့ရဲ့ ကလေးတွေနဲ့ သူတို့ရဲ့ ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ကျွန်မတို့ ပြောပြပါတယ်”
    အစိုးရမှာ ဆင်ဆာဖြတ်မှုကို မြန်မြန်ဆန်ဆန်ပင် ပယ်ဖျက်ခဲ့သော်လည်း လူနည်းစုခေါင်းဆောင်များက ၎င်းတို့၏ ယဉ်ကျေးမှုများကို ထိန်းသိမ်းနိုင်ရေးနှင့် ၎င်းတို့၏ တိုင်းရင်းသားဘာသာစကားများကို အစိုးရကျောင်းများတွင် သင်ကြားနိုင်ရေး ပိုမိုဆောင်ရွက်ရန် လိုအပ်နေသည်ဟု ခံစားနေရသည်။
    “ရှမ်းဘာသာစကားဆိုတာလည်း ကျွန်မတို့တိုင်းပြည်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျွန်မတို့ ဒါကို လစ်လျူရှုလို့ မရပါဘူး။ ကျွန်မတိုရဲ့ ရှမ်းဘာသာစကားကို ထိန်းသိမ်းထားဖို့ဆိုတာ ကျွန်မတို့အတွက် အရေးကြီးပါတယ်” ဟု ‘မျိုးဆက်သစ်’ စာသင်ကျောင်းမှ Nang Jam Kham က ပြောကြားခဲ့သည်။
    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းရင်းသားများ၏ စိုးရိမ်မှုများကို ဖြေရှင်းရန်အတွက် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကို ဖွဲ့စည်းခဲ့သည်။
    ဆယ်စုနှစ်များစွာ ကြာညောင်းခဲ့သည့် စစ်အာဏာအာဏာရှင်လက်အောက်မှ လွတ်မြောက်လာခဲ့ကြသည့် တိုင်းရင်းသား လူနည်းစုများကတော့ ၎င်းတို့ ကြိုးပမ်းအားထုတ်မှုများ၏ အသီးအပွင့်ကို နောက်ဆုံးတွင် ခံစားရလိမ့်မည်ဟု မျှော်လင့်နေကြပေသည်။
    Ref : Aljazeera
  • ကမ္ဘာ့သက်တမ်းအရင့်ဆုံး နိုင်ငံတော်အလံများ
    ကမ္ဘာ့သက်တမ်းအရင့်ဆုံး နိုင်ငံတော်အလံများ
    သြဂုတ် ၁၆၊ ၂၀၁၆
    M-Media
    – နိုင်ငံတော်တော်များများအတွက် သူတို့ရဲ့ နိုင်ငံတော်အလံကို သတ်မှတ်တဲ့အချိန်ဟာ အရေးပါပြီး၊ တစ်ချို့တွေအတွက်တော့ အငြင်းပွားဖွယ် ဖြစ်တတ်ပါတယ်။ ဒီဇိုင်းတွေ အမျိုးမျိုးပြောင်းလဲတာကြောင့် နိုင်ငံတစ်ခုချင်းစီရဲ့ နိုင်ငံတော်အလံ စတင်သတ်မှတ်ခဲ့တဲ့ နေ့ရက်အတိ အကျ၊ ခုနှစ်အတိအကျကို မသိရှိနိုင်ပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ဒီဇိုင်းမပြောင်းလဲဘဲ ယနေ့အထိ သက်တမ်းအရှည်ကြာဆုံး ဆက်တိုက် အသုံးပြုခဲ့တဲ့ နိုင်ငံတော်အလံ ၅ ခုကို ဖော်ပြလိုက်ပါတယ်။
    ၁။ စကော့တလန်အလံ (၈၃၂)
    f 1
    စကော့တလန်အလံဟာ အမှောင်ခေတ်ကာလ တိုက်ပွဲတွေဖြစ်နေတဲ့ အေဒီ ၈၃၂ မှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဥရောပရဲ့ သက်တမ်းအရင့်ဆုံးအလံဖြစ်ပြီး တစ်ခါတစ်ရံမှာ ဒီအလံကို The Scotland Saltire၊ Saltire၊ ဒါမှမဟုတ် St Andrew’s Cross လို့လည်း ခေါ်ပါတယ်။ စကော့တလန်အလံရဲ့ နောက်ခံအရောင်ကို မိုးပြာရောင်သုံးထားပြီး သာမန်အပြာရောင်နဲ့ အရောင်ထပ်တင်ကာ အဖြူရောင် ထောင့်ဖြတ် ကြက်ခြေခတ်ကို ထည့်သွင်းထားပါတယ်။
    ဒီအလံဟာ အင်္ဂလိပ်အက္ခရာ X ပုံသဏ္ဍာန် လက်ဝါးကပ်တိုင်မှာ အသတ်ခံခဲ့ရတဲ့ ခရစ်ယာန်သူတော်စဉ် စိန့်အန်ဒရူးကို ကိုယ်စားပြုတာဖြစ်တယ်လို့ သိရပါတယ်။ စကော့တလန်နိုင်ငံမှာ စိန့်အန်ဒရူးနေ့ရောက်ပြီဆိုရင် လူတွေဟာ အဲဒီလက်ဝါးကပ်တိုင် တံဆိပ်တွေကို ဦးထုပ်တွေမှာ တပ်ဆင်လေ့ရှိကြပါတယ်။
    ၂။ သြစတြီးယားအလံ (၁၂၃၀)
    f 2
    သြစတြီးယားအလံရဲ့ ဒီဇိုင်းကတော့ အကွာအဝေးတူညီတဲ့ အနီ-အဖြူ-အနီ ကန့်လတ်ဖြတ် အစင်း ၃ စင်းဖြစ်ပြီး သမိုင်းကြောင်းအရတော့ ဘာဘန်ဘာ့ဂ်မင်းဆက် (Babenberg) က အသုံးပြုခဲ့တဲ့ အမှတ်အသားဖြစ်တယ်လို့ သိရပါတယ်။ အစပိုင်းကတော့ လိမ္မော်-အဖြူ-အပြာစင်းဖြစ်ပြီး နောက်ပိုင်းမှာတော့ လိမ္မော်နဲ့ အပြာရောင်တွေကို အနီရောင် ပြောင်းခဲ့ကြပါတယ်။
    ဒဏ္ဍာရီပြောစကားတွေအရ ဒီအလံကို သြစတြီးယားမြို့စား လီယိုပို ၅ (Leopold V) က တီထွင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ‘အေခရီ စီးနင်းတိုက်ခိုက်မှု’ (၁၁၈၉-၁၁၉၁) နောက်ပိုင်း ပေါ်ထွက်လာတာလို့ ဆိုပါတယ်။ အင်မတန်ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပြီးနောက်ပိုင်းမှာ လီယိုပိုလ်ရဲ့ အပေါ်ရုံဝတ်စုံဟာ သွေးတွေနဲ့ နီရဲသွားခဲ့ပါတယ်။ သူ့ရဲ့ခါးပတ်ကို ချွတ်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ အောက်ခံအ၀တ်အစားဟာ အဖြူရောင်ဖြစ်နေပြီး အနီ-အဖြူ-အနီ အစင်းကြားပုံစံမျိုး ဖြစ်နေပါတော့တယ်။ အဲဒီ မြင်ကွင်းကို ကြည့်ပြီးနောက်ပိုင်းမှာ လီယိုပိုလ်ဟာ သြစတြီးယားအလံကို ဒီအရောင်တွေနဲ့ ဒီဇိုင်းထွင်ခဲ့တာပါ။
    ဒီအလံကို ၁၁၀၅ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ပေမယ့် ၁၂၃၀ ခုနှစ်ရောက်မှသာ နိုင်ငံတော်အလံအဖြစ် တရားဝင် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
    ၃။ လတ်ဗီးယားအလံ (၁၂၈၀)
    f 3
    ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး အလံတွေထဲမှာ လတ်ဗီးယားအလံလည်း ပါဝင်ပါတယ်။အလယ်ခေတ် ရာဇ၀င်တစ်ခုဖြစ်တဲ့ Rhymed Chronicle of Livonia မှာတော့ ဒီအလံကို ၁၂၈၀ လောက်မှာ အသုံးပြုတယ်လို့ ဖော်ပြထားပြီး လတ်ဗီယားမျိုးနွယ်တွေဟာ အနီကို မူလအရောင်ထားကာ အဖြူအစင်းကြားတစ်ခုနဲ့ တွဲဖက်သုံးစွဲခဲ့တယ်လို့လည်း ဆိုပါတယ်။
    LatvianHistory.com မှာတော့ ‘လတ်ဗီးယား ဆာမီဂါလီယန်မျိုးနွယ်’ (Latvian Semigallian) ခေါင်းဆောင်ဟာ ကျူတိုးနစ် ခရစ်ယာန်သာသနာပြု စစ်တပ် (ခရူးဆိတ်စစ်တပ်) က ထိန်းချုပ်ထားတဲ့ ရီဂါ၊ လတ်ဂါလီယန်တို့ကို တိုက်ခိုက်တဲ့အခါမှာ စီဇစ် (Cesis) ဒေသက စစ်သားတွေဟာ ခရစ်ယာန် သာသနာပြုစစ်သားတွေဖက်က ကူညီကြပြီး၊ လတ်ဂါလီယန်မြို့သားတွေကတော့ အနီ-အဖြူ-အနီ ကန့်လတ်ဖြတ်အစင်းပါတဲ့ အလံတွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ ရာဇ၀င်ဆရာတွေကတော့ ဒီအလံကို ‘လတ်လူမျိုးများ၏ အလံ’ လို့ သတ်မှတ်ခဲ့ကြပြီး လတ်ဗီးယားအလံ စတင်ပေါ်ပေါက်လာတယ်လို့ မှတ်ယူခဲ့ကြပါတယ်။
    အခြား ဒဏ္ဍာရီတစ်ခုမှာတော့ လတ်ဗီးယားမျိုးနွယ်က အကြီးအကဲဟာ စစ်ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ပိတ်အဖြူနဲ့ ထုတ်ထားခဲ့ရပြီး သူလဲလျောင်းနေတဲ့နေရာက အဖြူရောင် ကျန်ရစ်ခဲ့ပေမယ့် အစွန်းနှစ်ဖက်ကတော့ သွေးတွေစွန်းကာ အနီရောင် ပြောင်းသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ နောက်ထပ်စစ်ပွဲတစ်ခုမှာတော့ ဒီသွေးပေနေတဲ့ ပိတ်စကို အလံအဖြစ် လတ်ဗီးယားမျိုးနွယ်တွေက အသုံးပြုခဲ့တာပါ။ အဲဒီဒဏ္ဍာရီအရ ဒီအလံကို အသုံးပြုခဲ့တဲ့ စစ်ပွဲမှာ လတ်ဗီးယားတွေက အနိုင်ရပြီး ရန်သူတွေကို မောင်းထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
    ၄။ ဒိန်းမတ်အလံ (၁၃၀၇ သို့မဟုတ် ထိုထက်အစောပိုင်း)
    f 4
    ဒိန်းမတ်နိုင်ငံမှာတော့ သူတို့ရဲ့ နိုင်ငံတော်အလံကို ‘Dannebrog’ ဒါမှမဟုတ် ‘Danish cloth’ လို့ ခေါ်တွင်ပါတယ်။ အနီရောင်နောက်ခံမှာ အဖြူရောင် စကင်ဒီနေဗီယံလက်ဝါးကပ်တိုင်နဲ့ လက်ရှိဒီဇိုင်းကိုတော့ ၁၃၀၇ ဒါမှမဟုတ် အဲဒီအချိန်ကာလထက် အရင် တရားဝင် နိုင်ငံတော်အလံအဖြစ် အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်အလံဟာ ‘တစ်ဆက်တည်း မပြောင်းမလဲအသုံးပြုခဲ့တဲ့ သက်တမ်းအရင့်ဆုံး နိုင်ငံတော်အလံ’ အဖြစ် ကမ္ဘာ့အံ့ဖွယ်မှတ်တမ်း (Guinness World Record) မှာ မှတ်တမ်းတင်ခြင်း ခံထားရပါတယ်။
    ဒဏ္ဍာရီအရတော့ ဒီအလံဟာ ၁၂၁၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ‘လင်ဒါနစ်စီတိုက်ပွဲ’ (Battle of Lyndnisse) မှာ ရရှိခဲ့တာလို့ ဆိုပါတယ်။ ဒိန်းမတ်လူမျိုးတွေဟာ အက်စတိုးနီးယား သာသနာပြုစစ်ပွဲမှာ ရှုံးနိမ့်ခဲ့ရပြီး နောက်ပိုင်း ဘုရားသခင်ထံမှာ ဆုတောင်းပြီးတဲ့အခါ ဒီအလံဟာ ကောင်းကင်ပေါ်ကနေ ကျလာတယ်လို့ ဒဏ္ဍာရီက ဆိုပါတယ်။ ဒီအဖြစ်အပျက်အပြီးမှာဒိန်းမတ်ဘုရင် ဗာလ်ဒီမာရ် ၂ (Valdemar II) ဟာ အက်စတိုးနီးယားတွေကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီအလံအသုံးပြုမှုကို ဒီစစ်ပွဲအပြီး နောက်ထပ် နှစ်ပေါင်း ၁၀၀ လောက်ကြာပြီးမှ တွေ့ခဲ့ရတာပါ။ ဒီ ဒဏ္ဍာရီဟာ သမိုင်းမှတ်တမ်း၊ ခိုင်လုံတဲ့မှတ်တမ်းမျိုး မဟုတ်ပေမယ့် အများစုကတော့ ဒီအဖြစ်အပျက်ကို အမှန်လို့ ယုံကြည်လက်ခံထားကြပါတယ်။
    သမိုင်းရင်းမြစ်တစ်ချို့အရတော့ ရောမအင်ပါယာဟာ သူ့လက်အောက်မှာရှိတဲ့ ဒေသတွေကို ကိုယ်စားပြုဖို့အတွက် ဒီအလံဒီဇိုင်းမျိုးကို အသုံးပြုခဲ့တယ်လို့ သိရပေမယ့် ဒိန်းမတ်ကတော့ ရောမလက်အောက် မရောက်ခဲ့ပါဘူး။ အလံက အဖြူရောင် လက်ဝါးကပ်တိုင်ကတော့ ခရစ်ယာန်သာသနာကို ကိုယ်စားပြုတာဖြစ်ပါတယ်။ ဒီလက်ဝါးကပ်တိုင်ဒီဇိုင်းကို အခြား နော်ဒစ်တိုင်းပြည်တွေဖြစ်တဲ့ ဆွီဒင်၊ နော်ဝေ၊ ဖင်လန်နဲ့ အိုက်စလန်တို့က မွေးစား အသုံးပြုခဲ့ကြပါတယ်။
    ၅။ အလ်ဘေးနီးယား (၁၄၄၃)
    f 5
    အလ်ဘေးနီးယားအလံဒီဇိုင်းက အနီရောင်နောက်ခံမှာ ခေါင်းနှစ်လုံးပါဝင်တဲ့ သိမ်းငှက်ပုံကို အလယ်တည့်တည့်မှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ တိုင်းပြည်ကို အုပ်စိုးနေတဲ့ အော်တိုမန်အင်ပါယာကို ဆန့်ကျင်တဲ့အနေနဲ့ အလ်ဘေးနီးယားရဲ့ အမျိုးသားခေါင်းဆောင်ကြီး စကန်ဒါဘာ့ဂ် (ဂျော့ဂ်ျ ကက်စ်ထရီယိုတီ) ဟာ ‘ကရူဂျီခံတပ်’ ကနေ ၁၄၄၃ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာ စတင် လွှင့်တင်ခဲ့တာဖြစ်ပါတယ်။ ခေါင်းနှစ်လုံးပါတဲ့ သိမ်းငှက်ပုံစံက ဘိုင်ဇန်တိုင်းအင်ပါယာက အမှတ်အသားကို ဆွဲယူအသုံးပြုထားတာပါ။
    အဲဒီ သိမ်းငှက်ပုံကို ၁၉ ရာစုနဲ့ ၂၀ ရာစု အစောပိုင်းမှာ အလ်ဘေးနီးယား အမျိုးသားရေးဝါဒီတွေက အော်တိုမန်လက်အောက်က လွတ်လပ်ရေးရဖို့ လှုပ်ရှားရာမှာ သူတို့ရဲ့ အမှတ်အသားအဖြစ် ပြန်လည် အသုံးပြုခဲ့ကြပါတယ်။ ၁၉၁၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ အလ်ဘေးနီးယားဟာ လွတ်လပ်ရေးရခဲ့ပြီး ဒီအလံကိုပဲ နိုင်ငံတော်အလံအဖြစ် တရားဝင်သတ်မှတ်ခဲ့ပါတယ်။
    Ref : patriotwood.com
  • ကန္တာရ ပုရွက်ဆိတ်မဲ တစ်ကောင်၏ အိမ်ပြန်လမ်း
    ကန္တာရ ပုရွက်ဆိတ်မဲ တစ်ကောင်၏ အိမ်ပြန်လမ်း
    သြဂုတ် ၁၄၊ ၂၀၁၆
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    Untitled-1
    တကယ်လို့ ကိုယ့်ဆရာအနေနဲ့ မှတ်သားရာရှုခင်းကင်းမဲ့တဲ့ လွင်တီးခေါင်ပြင် သဲကန္တာရအလယ်မှာ ကိုယ့်ဆရာ နေထိုင်ရာအိမ်ကနေ ထွက်လာပြီး ဟိုသွားဒီသွားနဲ့ နောက်ဆုံး ၂၁မိုင် အဝေးကို ရောက်လာပြီဆိုရင် ကိုယ့်ဆရာ နေအိမ်ကို ကိုယ့်ဆရာ ပြန်တတ်ပါ့မလား၊
    ထားလိုက်ပါ၊ ကိုယ့်ဆရာ ပြန်တတ်ပါတယ်လို့ ကျွန်တော်ယုံကြည်ပေးလိုက်ပါမယ်၊
    .
    ဒါပေမဲ့ နောက်မေးခွန်းတစ်ခုဖြစ်တဲ့ ကိုယ့်ဆရာနေအိမ်ကို ၂၁မိုင် အကွာအဝေးကနေ မျဉ်းဖြောင့်ပုံစံအတိုင်း တစ်ချက်မှမတိမ်းစောင်းပဲ တန်းပြီးပြန်တတ်ပါ့မလား၊
    .
    ဟင့်အင်း၊ ကိုယ့်ဆရာမပြန်တတ်ပါဘူး။ ကျွန်တော်လဲ မပြန်တတ်ပါဘူး၊ သူ၊ သူမ တို့တွေလဲ ပြန်တတ်မှာမဟုတ်ပါဘူး။
    .
    ဒါပေမဲ့ ကိုယ့်ဆရာသိလား၊ တူနီးရှား သဲကန္တာရက ပုရွက်ဆိတ်မဲတွေကတော့ ပြန်တတ်တယ်ဗျာ။
    .
    သဲမြေအပူချိန် ၁၅၈ဒီဂရီဖာရင်ဟိုက်ထိ မြင့်တက်နေတဲ့အချိန်မှာ ဒီပုရွက်ဆိတ်တွေဟာ အသိုက်ကထွက်လာပြီး အစာရှာတယ်ခင်ဗျ၊ သူ့အသိုက်ကနေ ဟိုသွားလိုက်၊ ဒီသွားလိုက် ( Zig-Zag ) ပုံစံ နဲ့ ပေ၆၅၀ အကွာထိရောက်တယ်။
    .
    သွားလိုက်၊ တစ်ချက်ရပ်ပြီး နောက်တစ်ချက်ကြည့်လိုက်၊ သွားလိုက်နဲ့။
    .
    ကိုယ့်ဆရာရဲ့ လက်မအရွက်အစားလောက်တောင် မရှိတဲ့ ဒီပုရွက်ဆိတ်ရဲ့ ခရီးဟာ ကိုယ့်ဆရာရဲ့အရွယ်အစားနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒါဟာ ၂၁မိုင်ကနေ ၂၄မိုင်ထိရှိတယ်ခင်ဗျ။
    .
    ဒါပေမဲ့ ဒီပုရွက်ဆိတ်ဟာ အစာရရှိပြီးလို့ သူအိမ်ပြန်တော့မယ်ဆိုရင် သူဘယ်လို Zig-Zag ပုံစံနဲ့ အိမ်ကနေထွက်လာလာ အိမ်ပြန်တဲ့အခါမှာတော့ မျဉ်းဖြောင့်အတိုင်း မတိမ်းမစောင်းပြန်သွားတာခင်ဗျ။
    ( Secrets of Animal Navigation, by Michael E. Long , National Geographic)
    .
    ဒါဆိုရင် သူဘာကြောင့် ဒီလို အိမ်ကိုမျဉ်းဖြောင့်သဏ္ဍာန် ပြန်သွားနိုင်ရတာလဲ။ ဒီလိုမပြန်နိုင်လို့ မဖြစ်ဘူး ကိုယ့်ဆရာ၊ သူဒီလိုသာ အတိုဆုံးလမ်းကြောင်းဖြစ်တဲ့ မျဉ်းဖြောင့်ပုံစံ မပြန်နိုင်ဘူး ဆိုရင် ပြင်းထန်တဲ့ သဲအပူချိန်ဟာ သူ့ကိုသင်္ဂြိုလ်လိုက်ပြီးသား ဖြစ်သွားမှာပေါ့။
    ဘာကြောင့်လဲ၊ ဘာကြောင့်လဲ၊ ဘာကြောင့်လဲ၊ ????
    .
    ကျွန်တော်တို့အတွက် ဒီအဖြေကို စမ်းသပ်စစ်ဆေးခဲ့သူ၊ တွေ့ရှိခဲ့သူ က University of Zurich က ဇီဝဗေဒပညာရှင် Rudiger Wehner ပါ။
    .
    ဒီကောင်တွေဟာ နေရှိရာနေရာနဲ့ သူတို့အသိုက်ကြား သင်္ချာဆိုင်ရာ ထောင့်တွက်ချက် မူကို ပြုလုပ်နိုင်တယ်။
    .
    သူတို့ဟာ နေရဲ့ တည်နေရာကို ကောင်းစွာပြသတဲ့ (နေကိုထောင့်မှန်ကျနေတဲ့ ) သန့်အလင်းတန်း (Polarized light) ကို မြင်နေရတယ်။
    ကျွန်တော်တို့ လူသားတွေ မမြင်နိုင်တဲ့ အလင်းတန်းပေါ့။
    ဇီဝဗေဒပညာရှင် Rudiger Wehner က ပြောတယ်။ ဒီပုရွက်ဆိတ်ရဲ့ မျက်လုံးမှာ သန့်အလင်းတန်းကို မြင်နိုင်စေဖို့ မှန်ဘီလူးပေါင်း ၈၀ ပါဝင်သတဲ့။
    ဒီအလင်းတန်းတွေဟာ သူ့အတွက်တော့ သံလိုက်အိမ်မြှောင်တစ်ခုပါပဲ၊
    ကျွန်တော့် ဖာသာ မေးမေးမိနေတာကတော့ ပြင်းထန်လှတဲ့အပူချိန်မှာ အိမ်အမြန်ပြန်ရောက်နိုင်မဲ့ လမ်းကြောင်းကို မတွက်ထုတ်နိုင်ရင် သေသွားမဲ့ ၀.၁ မီလီဂရမ်အလေးချိန် ဦးနှောက်လေးနဲ့ ဒီပုရွက်ဆိတ်အတွက် ဒီလိုစွမ်းရည်နဲ့ ဒီဇိုင်းဟာ ဘာကြောင့်ပါဝင်တည်ရှိနေရတာလဲလို့။