News @ M-Media
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
  • နေတန်ယာဟု (သို့မဟုတ်) အစ္စရေး၏ ပြိုင်ဘက်ကင်း ကြောင်သူတော်
    နေတန်ယာဟု (သို့မဟုတ်) အစ္စရေး၏ ပြိုင်ဘက်ကင်း ကြောင်သူတော်
    သြဂုတ် ၁၃၊ ၂၀၁၆
    M-Media
    (ယဲလ်ဆင်ရေးသားသည်)
    naytanyahu
    – “အစ္စရေးဝန်ကြီးချုပ်ဖြစ်တဲ့ ကျွန်တော်ဟာ ပါလက်စတိုင်းတွေကို သူ့တို့ရဲ့ ခေါင်းဆောင်တွေ ဂရုစိုက်တာထက် ပိုပြီး ဂရုစိုက်ပါတယ်။ အစ္စရေးဟာ ပါလက်စတိုင်းတွေကို သူတို့ ခေါင်းဆောင်တွေ ဂရုစိုက်တာထက် ပိုပြီး ဂရုစိုက်ပါတယ်”
    အထက်ပါမှတ်ချက်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကြာသာပတေးနေ့မှာ ပြောကြားခဲ့တာဖြစ်ပြီး ဟားမက်စ်ကို ငွေကြေးထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂါဇာက အကူအညီပေးရေးဝန်ထမ်းတွေကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ နိုင်ငံတကာက ဝေဖန်မှုကို ပြန်လည် တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။
    အစ္စရေးက ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြှောင်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP မှာ ၂၀၀၃ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် ၀ါဟစ် ဘော့ရှ်ကို အခုတစ်ပတ်အစောပိုင်းမှာ အစ္စရေးက ဖမ်းဆီးတရားစွဲဆိုလိုက်ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်ကလည်း ဂါဇာက အမေရိကန်အခြေစိုက် ပရဟိတအဖွဲ့ World Vision အဖွဲ့က အကြီးတန်းမန်နေဂျာဖြစ်သူ မိုဟာမက် အလ်ဟာလာဘီကို ဟားမက်စ်အတွက် ဒေါ်လာသန်းပေါင်းများစွာပေးခဲ့တယ်လို့ စွပ်စွဲကာ အစ္စရေးက တရားစွဲဆိုခဲ့ပါသေးတယ်။
    Wolrd Vision ကတော့ သူတို့ဝန်ထမ်း ဒီလိုလုပ်တယ်ဆိုတာ ခိုင်မာတဲ့အထောက်အထားမပြနိုင်သေးဘဲ သူတို့ ဂါဇာမှာ သုံးစွဲခဲ့တဲ့ငွေကြေးနဲ့ အစ္စရေးက ဟားမက်စ်ဆီရောက်တယ်ဆိုတဲ့ ငွေကြေးပမာဏဟာ တော်တော်လေး ကွာခြားနေတယ်လို့ ပြောကြားခဲ့ပါတယ်။
    ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်ေးရးမှူး ရောဘတ် ပီပါကတော့ တကယ်လို့ ဒီစွပ်စွဲမှုတွေကို ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် သက်သေပြနိုင်ရင်တော့ ဒါဟာ မဖြစ်မနေ ရှုတ်ချရမယ့်ကိစ္စ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ကြောင်သူတော်
    ၂၀၀၉ ခုနှစ် ၀န်ကြီးချုပ်အာဏာ စရကည်းက နေတန်ယာဟုဟာ ပါလက်စတိုင်းပိုင်နက်တွေမှာ ကျူးကျော်အိမ်ယာတွေ ဆောက်လုပ်တာ၊ နိုင်ငံတကာက သတ်မှတ်ပေးထားတဲ့ ပါလက်စတိုင်းနယ်နမိတ်ကို ငြင်းပယ်တာ၊ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ခွင့်ပေးမှာမဟုတ်ဘူးလို့ ပြောကြားတာ စတဲ့လုပ်ရပ်တွေနဲ့ ပါလက်စတိုင်း ပိုင်နက်တွေကို တစ်စတစ်စ သိမ်းယူဖို့ ကြိုးစားလာခဲ့တာဟာ အရင်အစ္စရေးအစိုးရတွေရဲ့ လုပ်ရပ်ထက်ကို ပိုမိုပြင်းထန်လာခဲ့ပါတယ်။
    ပါလက်စတိုင်းပြည်သူတွေကိုလည်း သွားလာခွင့်၊ ပညာသင်ကြားခွင့်၊ ဆေးကုသခွင့် ကန့်သတ်ချုပ်ချယ်တာတင် မကသေးဘဲ ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးချုပ်နှောင်တာ၊ ဂျူးအစွန်းရောက်တွေရဲ့ ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုတွေကို လစ်လျူရှုတာတွေလည်း ပြုလုပ်ခဲ့တာကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အကြိမ်ကြိမ်သတိပေးမှုကို ခံခဲ့ရသူပါ။
    ဂါဇာကမ်းမြှောင်ဒေသကတော့ နေတန်ယာဟုဦးဆောင်တဲ့ အစ္စရေးအစိုးရရဲ့ ရမ်းကားမှုကို ခါးစည်းခံခဲ့ရတဲ့ဒေသ ဖြစ်ခဲ့ပါတယ်။
    ၂၀၀၇ ခုနှစ်က ဂါဇာကို အနောက်ဖက်ကမ်းနဲ့ ဆက်သွယ်မှု ပိတ်ဆို့ခဲ့ပြီး ဟားမက်စ်က ဒုံးကျည်လွှတ်တယ်ဆိုတာကို အကြောင်းပြကာ မထင်ရင်မထင်သလို ဂါဇာက အဆောက်အဦးတွေကို ဗုံးကြဲတိုက်ခိုက်လေ့ရှိပါတယ်။
    ဂါဇာမှာ အစ္စရေးရဲ့ ထင်တိုင်းကြဲမှုကို ထင်ရှားသွားစေခဲ့တာကတော့ ၂၀၁၄ ဇူလိုင် ၈ ရက်နေ့မှာ စတင်ခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှုပါပဲ။ ဟားမက်စ်က အစ္စရေးဘက်ကို ဒုံးကျည်ပစ်လွှတ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ အစ္စရေးရဲ့ အဲဒီတိုက်ခိုက်မှုဟာ ၇ ပတ်တိတိ ကြာမြင့်ခဲ့ပြီး ပါလက်စတိုင်းပြည်သူ ၂၂၅၁ ဦးသေဆုံးခဲ့ကာ အများစုက ကလေးတွေနဲ့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။
    စာသင်ကျောင်း၊ ဆေးရုံ၊ မသန်စွမ်းကုသရေးစင်တာ အားကစားရုံ စတာတွေအပါအ၀င် ဂါဇာက အခြေခံအဆောက်အအုံ အားလုံးနီးပါးဟာလည်း အစ္စရေးရဲ့လက်ချက်ကြောင့် ပြာပုံဖြစ်ခဲ့ရပါတယ်။
    ဘာအကွက်ရွှေ့လဲ
    ပါလက်စတိုင်းတွေကို သူတို့ရဲ့ခေါင်းဆောင်တွေထက် အစ္စရေးက ပိုပြီး ဂရုစိုက်တယ်ဆိုတဲ့ စကားဟာ တစ်ကယ်တော့ အထင်ကြီးစရာစကားပါ။ ပါလက်စတိုင်းတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ အမျိုးမျိုးပြုလုပ်ခဲ့ပြီး သူတို့ရဲ့ နိုင်ငံတည်ရှိခွင့်ကိုပါ လူသိရှင်ကြား ငြင်းပယ်ခဲ့တဲ့ နေတန်ယာဟုရဲ့ ပါးစပ်က ဒီစကားထွက်လာတာက ယုံရခက်ခက်ပါပဲ။
    အစ္စရေးဟာ ပါလက်စတိုင်းတွေကို အကူအညီပေးနေတဲ့အဖွဲ့တွေရဲ့ ငွေကြေးစီးဆင်းမှုတွေကို တင်ပြဖို့အတွက် ပြီးခဲ့တဲ့လမှာပဲ ဥပဒေ ပြဌာန်းခဲ့ပြီး၊ ဝေဖန်ဆန်းစစ်သူတွေကတော့ အခုလိုပြောကြားမှုဟာ အဖိနှိပ်ခံ ပါလက်စတိုင်းပြည်သူတွေကို ပိုမို ဒုက္ခရောက်စေဖို့ နေတန်ယာဟုရဲ့ ၀ါဒဖြန့်မှုနည်းလမ်းအသစ်လို့ ပြောခဲ့ကြပါတယ်။
    ၂၀၀၇ ခုနှစ်က စတင်ခဲ့တဲ့ အစ္စရေးရဲ့ ပိတ်ဆို့ထားမှုကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစစအရာရာ ကျပ်တည်းနေတဲ့ ဂါဇာကမ်းမြှောင်ဒေသဟာ ၂၀၁၄ ခုနှစ်က အစ္စရေးရဲ့ ရက် ၅၀ နီးပါးကြာ ကျူးကျော်တိုက်ခိုက်မှုကြောင့် လုံးဝ ခြွတ်ခြုံကျသွားခဲ့ပါတယ်။
    လက်ရှိမှာ ဂါဇာပြည်သူတွေရဲ့ ၄၃ ရာခိုင်နှုန်းဟာ အလုပ်မရှိကြဘဲ အဲဒီ အလုပ်လက်မဲ့တွေထဲက ၆၀ ရာခိုင်နှုန်းကျော်ဟာ လူငယ်တွေဖြစ်ကြပါတယ်။ ဂါဇာဟာ ကမ္ဘာပေါ်မှာ အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးဒေသတစ်ခု ဖြစ်ပါတယ်။
    အခြေခံစားသောက်ကုန်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်တဲ့ပစ္စည်းတွေ တင်သွင်းမှုကို အစ္စရေးက တင်းတင်းကျပ်ကျပ် ကန့်သတ်ထာပြီး ဆောက်လုပ်ရေးပစ္စည်းတွေ၊ လယ်ယာစိုက်ပျိုးရေးနဲ့ အခြားသော ကုန်ပစ္စည်းတွေ တင်သွင်းမှုကိုလည်း လုံးဝနီးပါး ပိတ်ပင်ထားပါတယ်။
    လူပေါင်း ၁ သိန်းလောက်ရဲ့ အိမ်တွေဟာ အစ္စရေးရဲ့ ဖျက်ဆီးခြင်း ခံထားရပြီး၊ လူပါင်း ၇၅၀၀၀ လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဂါဇာကမ်းမြှောင်အတွင်း ပေးဝေနေတဲ့ ရေရဲ့ ၉၆ ရာခိုင်နှုန်းဟာ ကျန်းမာရေးအတွက် စိတ်မချရဘဲ၊ လျှပ်စစ်ဟာလည်း တစ်နေ့ကို ၁၂ နာရီလောက်သာ ရရှိပါတယ်။
    တိုက်ခိုက်မှုတွေကြောင့် အလွန်အမင်းစိတ်ဒဏ်ရာရကာ ကုသဖို့လိုအပ်နေတဲ့ ကလေးငယ်တွေဟာ ၃ သိန်းကျော်လောက်ရှိပြီး၊ သူတို့ထဲက အများစုဟာ မိဘတွေ၊ ဆွေမျိုးတွေ ညီအစ်ကို မောင်နှမတွေ ဆုံးရှုံးထားရပါတယ်။
    ဒါ့ကြောင့် ဒီနေ့ ဂါဇာပြည်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ အသက်ရှင် ရပ်တည်နေရတာဖြစ်ပြီး၊ သူတို့ရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်တွေအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကို လုံးဝ မှိခိုအားထားနေရတာ ဖြစ်ပါတယ်။
    နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေဟာ ဟားမက်စ်ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာအပြီးမှာတော့ Wold Vision က ဂါဇာမှာ သူတို့ရဲ့ အကူအညီပေးမှုကို ယာယီ ရပ်တန့်လိုက်ပြီး ဂျာမနီနဲ့ သြစတေးလျတို့ကလည်း World Vision ကိုပေးနေတဲ့ အလှူငွေတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။
    ပါလက်စတိုင်းလူ့အခွင့်အရေးအဖွဲ့ Al-Haq က အထွေထွေဒါရိုက်တာဖြစ်သူ ရှာဝမ် ဂျာဘာရင်က အစ္စရေးဟာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို ကြောက်ရွံ့မှုတွေဖြစ်အောင်လုပ်ပြီး ပါလက်စတိုင်းတွေကို ထောက်ပံ့မှု လျှော့နည်းသွားအောင် ၀ါဒဖြန့်နေတာဖြစ်လို့ ပြောကြားခဲ့ပါတယ်။
    “နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေကို အခြေပျက်အောင် သူတို့ ကြိုးစားနေတာပါ” လို့ ဂျာဘာရင်ကဆိုပြီး နေတန်ယာဟုဟာ ပါလက်စတိုင်းအဖွဲ့အစည်းတွေကို အကူအညီပေးတာတွေ ရပ်တန့်ဖို့အတွက် ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေကို သွေးဆောင်နေတယ်လို့လည်း ထည်သွင်းပြောကြားခဲ့ပါတယ်။
    နိုင်ငံတကာ ကလေးငယ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ရဲ့ ပါလက်စတိုင်းအဖွဲ့ခွဲက တာဝန်ရှိသူ အယဒ် အဘူ တာအစ်ရှ်ကတော့ နေတန်ယာဟုရဲ့ ဒီဆောင်ရွက်မှုဟာ ကမ္ဘာ့ ထိခိုက်ခံစားရမှုအများဆုံး လူ့အဖွဲ့အစည်းပေါ် ပဋိပက္ခဖြစ်ပွားနေစဉ်မှာရော၊ မဖြစ်တဲ့အချိန်မှာပါ စနစ်တကျ ငြှင်းဆဲလိုတဲ့ ရည်ရွယ်ချက်ကို ဖော်ပြနေတယ်လို့လည်း ဆိုပါတယ်။
    “၂၀၀ ခုနှစ်က စတင်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် အုံကြွမှုဖြစ်ပေါ်ပြီးခဲ့ကတည်းက ပါလက်စတိုင်း ပိုင်နက်တွေမှာ အစ္စရေးတပ်တွေ တည်ရှိမှုရလဒ်ကြောင့် ကလေငယ် ၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီအရေအတွက်ကို ကြည့်ခြင်းအားဖြင့် အသက်ရှင်ရပ်တည်ခွင့်အပါအ၀င် ကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို အစ္စရေးက ဘယ်လောက်ချိုးဖောက်နေလဲဆိုတာ ပြသနေပါတယ်” လို့ တာအစ်ရှ်က ဆိုပါတယ်။
    ပါလက်စတိုင်းတွေအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေကို ပြုလုပ်တာဟာ သူတို့ရဲ့အသက်ရှင်ရပ်တည်မှုမှာ မျှော်လင့်ချက်ကင်းမဲ့မှုတွေဖြစ်ကာ ထင်ရာလုပ်တာတွေ ဖြစ်လာနိုင်တယ်လို့ ကုလအပါအ၀င် နိုင်ငံတကာအ၀ိုင်းအ၀ိုင်းက အစ္စရေးကို သတိပေးထားပါတယ်။
    ပါလက်စတိုင်းပိုင်နက်တွေမှာ မတည်ငြိမ်မှုတွေဖြစ်လာတိုင်း စစ်တပ်တွေ တိုးချတာ၊ နယ်မြေချဲ့ထွင်မှုတွေပြုလုပ်တာ၊ ကျူးကျော်အိမ်ယာတွေ တိုးချဲ့ဆောက်လုပ်တာတွေကို ပြုလုပ်လေ့ရှိတဲ့ အစ္စရေးအနေနဲ့ ပါလက်စတိုင်းတွေကို ကူညီနေတဲ့ ပရဟိအဖွဲ့တွေ လျော့နည်းအောင် ပြုလုပ်တဲ့ နောက်ကွယ်က ဘာရည်ရွယ်ချက်မရှိလဲဆိုတာကိုတော့ နေတန်ယာဟု ကိုယ်တိုင်မှတစ်ပါး ဘယ်သူမှ မသိနိုင်ကြောင်းပါ။
    Ref: Aljazeera, independent,wiki,oxfam.org
  • အီဂျစ်အလေးမ အားကစားမယ် နိုင်ငံတကာအဆင့် ဆုတံဆိပ်ရသည့် ပထမဆုံး အာရပ်အမျိုးသမီး ဖြစ်လာ
    အီဂျစ်အလေးမ အားကစားမယ် နိုင်ငံတကာအဆင့် ဆုတံဆိပ်ရသည့် ပထမဆုံး အာရပ်အမျိုးသမီး ဖြစ်လာ
    သြဂုတ် ၁၂၊ ၂၀၁၆
    M-Media
    – ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမြို့တွင် ကျင်းပပြုလုပ်နေသည့် အိုလံပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်တစ်ခု ရရှိခဲ့သည့် အီဂျစ်နိုင်ငံမှ အမျိုးသမီးအလေးမ အားကစားသမား ဆာရာ အဟ်မဒ်မှာ အလေးမပြိုင်ပွဲ၌ ဆုတံဆိပ်ရရှိသည့် ပထမဆုံး အာရပ်အမျိုးသမီး ဖြစ်လာခဲ့သည်။
    အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသည့် ဆာရာမှာ ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ခဲ့သည့် ၆၉ ကီလိုတန်းတွင် ကြေးတစ်ဆိပ် ရရှိခဲ့ခြင်းဖြစ်ပြီး အီဂျစ်အမျိုးသမီးများထဲတွင်လည် အလေးမအားကစားတွင် လွတ်လွတ်ကင်းကင်း ပထမဆုံး ဆုတံဆိပ်ရရှိခဲ့သူဖြစ်သည်။
    ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်တွင် အီဂျစ် အမျိုးသမီး အလေးမအားကစားသမား အဘီရ် အဘ်ဒဲလ်ရဟ်မန်မှာ ၇၅ ကီလိုတန်းတွင် ပဉ္စမနေရာ ရရှိခဲ့ပြီး ထိပ်ဆုံး ၃ ဦးမှာ ဆေးစစ်မှု ကျရှုံးခဲ့သောကြောင့် ၎င်းက ဒုတိယ ရရှိခဲ့ဖူးသည်။
    ဆာရာ အဟ်မဒ်မှာ တစ်ကိုယ်လုံး လုံခြုံသည့် အလေးမ၀တ်စုံ၊ အားကစားသုံး ဟီဂျဘ်တို့ကို ၀တ်ဆင်ကာ ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာ အလေးမအားကစားအဖွဲ့ချုပ်မှာ ၂၀၁၁ ခုနှစ်က မွတ်စလင်အမျိုးသမီးများ တစ်ကိုယ်လုံးလုံခြုံသည့် အလေးမ၀တ်စုံနှင့် အားကစားဟီဂျဘ်ဆောင်းကာ ၀င်ရောက်ယှဉ်ပြိုင်မှုကို ခွင့်ပြုခဲ့သည်။
    ဆာရာကမူ ထိုကဲ့သို့ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ခြင်းအတွက် ပျော်ရွှင်မိပြီး မိမိ၏ ယခုအောင်မြင်မှုက မွတ်စလင်အမျိုးသမီးများ အလေးမအားကစားတွင် ပိုမိုပါဝင်လာနိုင်ရေး တွန်းအားဖြစ်စေလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
    “အလေးမမျိုးဆက်သစ် မွေးဖွားလာနိုင်ပြီး ခေတ်သစ်တစ်ခုလည်း စတင်လာနိုင်ပါတယ်”
    Ref: huffingtonpost
  • ၈- ၈ -၈၈ အရေးတော်ပုံကြီးကပေးခဲ့သော ကောင်းသော သင်ခန်းစာ တစ်ရပ်
    ၈- ၈ -၈၈ အရေးတော်ပုံကြီးကပေးခဲ့သော ကောင်းသော သင်ခန်းစာ တစ်ရပ်
    သြဂုတ် ၇ ၊ ၂၀၁၆
    M-Media
    ဂျက်ဖရီတင်အုန်း ( R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်) ရေးသည်။
    8888
    မြန်မာပြည်အနှံ့ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူလူထုအပေါင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလတစ်ပါတီ) အာဏာရှင်စနစ်ကိုအံတု၊ ဆန့်ကျင်သောအားဖြင့် လမ်းများပေါ်ထွက်ကာ ဆန္ဒ ပြခဲ့သည့် ၈-၈-၈၈ (ရှစ်လေးလုံး) နှစ်ပတ်လည် အခမ်းအနားကြီးသည်လည်း မကြာခင် ၂၈ နှစ်  ပြည့်တော့မည်ဖြစ်သည်။
    စစ်အာဏာရှင်အငွေ့အသက်များကို ရှူရှိုက်လိုသည့် အခွင့်ထူးခံ၊ လက်တစ်ဆုတ်စာ လူတစ်စု အလိုတော်ရှိများ အလိုကျရေးနေ၊ ပြောနေသော၊ လူမှု့ရေးကွန်ယက် မီဒီယာများကလည်း ယနေ့ အချိန်ထိ ရှိနေပါသည်။ ထိုသူများက အာဏာရှင် ဘက်တော်သားများဖြစ်သည့် အလျောက် ၈-၈-၈၈ (ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် လူသတ်၊ ခေါင်းဖြတ်၊ မင်းမဲ့စရိုက်များ ရှိခဲ့ကြောင်း ဖော်ပြကြပြီး ထိုအရေးတော်ပုံကြီးအား သေးသိမ်အောင်၊ အကျဉ်းတန်အောင်၊ မသိမသာ ထိုးနှက်နေပြန်သည်။
    ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့ရခြင်း၏ အဓိကကြောင်းအရင်းများကို ဆန်းစစ် ကြည့်လျှင် ၁၉၆၂ ခု မတ်လ (၂) ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် မိမိလူတစ်စု၊ တစ်ဖွဲ့ကိုယ် ကျိုးအတွက် နိုင်ငံတော်အာဏာကို ၂၆ နှစ်ကြာ တစ်ပါတီ၊ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၆၂ ခု ဇူလိုင်လ (၇) ရက်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ဒိုင်းနမိုက် ဖြင့် ဖြိုခွဲ ဖျက်ဆီးခဲ့သည်။ လှုပ်ရှားတက်ကြွသော ကျောင်းသားလူငယ်များကို ဖမ်းဆီး၊ ထောင်ချ၊ အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ၁၉၇၄ ခု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် ဈာပနအခမ်းအနားတွင်လည်း စစ်တပ်ကို တက္ကသိုလ်ကျောင်းဝင်းအတွင်း ၀င်ရောက်စီးနင်းစေကာ တက္ကသိုလ်ကျောင်းသားကျောင်းသူများအား ရက်ရက်စက်စက် ဖြိုခွင်းခဲ့သည်။ ထို့နောက် မှိုင်းရာပြည့်အရေးအ
    ခင်း ဆန်ပြဿနာအကြောင်းခံကာ တရုတ်-ဗမာ အရေးအခင်း၊ ၁၉၈၇ ခုနှစ်တွင် ကုလား-ဗမာ ပြည်၊ တောင်ကြီး အရေးအခင်းများကို ဖန်တီးကာ၊ နိုင်ငံရေးအာရုံလှည့်ခဲ့သည်။
    ထို့ကြောင့်လည်း မြန်မာနိုင်ငံရေးလောကတွင်၊ လက်ညိုးထောင်ခေါင်းညိမ့်၊ အပေါ်ဖား၊ အောက်ဖိ၊ အရည်အချင်းမရှိ၊ အချောင်သမားလူတန်စားများ၊ အုပ်ချုပ်ရေး နယ်ပယ်တွင်၊ ဒုနဲ့ဒေး ဖြစ်လာခဲ့ တော့သည်။ တစ်ချိန်က အရှေ့တောင်အာရှတွင် စင်္ကာပူထက်သာလွန်ခဲ့သော မြန်မာနိုင်ငံကြီးသည်ကမ္ဘာ့အဆင်းရဲဆုံး ဖွံ့ဖြိုးမှု့အနှေးကွေးဆုံး စာရင်းဝင်နိုင်ငံတစ်ခု ဖြစ်သွားခဲ့သည်။
    ထို့အပြင် “မဆလ” တစ်ပါတီအာဏာရှင်စနစ်လက်ထက်တွင်ပင် ပြည်သူလူထု၏ ချွေးနည်းစာငွေ များ ၁၀၀ ကျပ်တန်၊ ၉၀ ကျပ်တန်၊ ၄၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ငွေစက္ကူများသုံးစွဲခြင်းကို တရားမ၀င်ငွေများဖြစ်ကြောင်း အမိန့်အာဏာဖြင့် ထုတ်ပြန်ခဲ့ခြင်း။ ရန်ကုန်စက်မှု့တက္ကသိုလ်ဝင်းအတွင်း၊ဆန္ဒပြကျောင်းသားနှစ်ဦးဖြစ်သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ကို လုံထိန်းအထူးရဲများ၏ ပစ်ခတ်ခြင်းကြောင့် သေဆုံးခဲ့ရသည်ကို အချွန်ဖြင့်ထိုးမိ၍ သေဆုံးခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင်
    လိမ်ညာထုတ်ပြန်ခဲ့ခြင်း။ လုံထိန်းရဲများကြောင့် ရန်ကုန်စက်မှု့တက္ကသိုလ်ကျောင်းသားနှစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ်သည် အခြား ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များသို့ပါ ကူးစက်ပြန့်နှံ့ခဲ့ပြီး ကျောင်းသားထုက ထိုဖြစ်ရပ်ကို အမြန်ဆုံးဖော်ထုတ်စုံစမ်းပြီး ကျူးလွန်သူများကို အမြန်ဆုံးအရေးယူပေးပါရန်ရန်ကုန်မြို့ အင်းယားကန်၊ တံတားဖြူအနီး စုရုံး၊ ဆန္ဒပြ၊ တောင်းဆိုခဲ့သည်။ သို့သော် “မဆလ” အစိုးရက လုံထိန်းရဲများဖြင့် အတင်းအဓမ္မဖြိုခွင်းမှုကြောင့်၊ ထိခိုက်ဒဏ်ရာရသူရ၊ ရေထဲပြုတ်ကျသူပြုတ်ကျ၊ လုံထိန်းကားများတွင် ကျောင်းသား/သူများအား ဇွတ်အတင်း၊ ငါးပိ၊ ငါးချဉ်ဖိသိပ်သည့်အလား၊ လူမဆံစွာထည့်ပြီး ဖိနှိပ်၊ ရက်စက်ခဲ့မှုကြောင့်၊ အသက်ရှုကြပ်ပြီး ကျောင်းသား/သူအချို့သေဆုံးခဲ့ရသည့် ဖြစ်ရပ်ဆိုးများသည် အမှန်တကယ် မဟာရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့ပါသည်။
    ထိုဖြစ်ရပ်များနှင့်ပတ်သက်လို့ တာဝန်ရှိ အစိုးရအာဏာပိုင်များက ပြည်သူလူထုနှင့်ကျောင်းသားထုကြီးအား တောင်းပန်ခဲ့ခြင်းမပြုဘဲ၊ “မဆလ” တစ်ပါတီအာဏာရှင်ကြီး ဦးနေ၀င်းက ရန်ကုန်မြို့ကျိုက္ကဆံ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် “ပြည်နယ်၊ တိုင်း မဆလပါတီ အရေးပေါ်၊ပါတီညီလာခံကြီး” တွင် ကျောင်းသားပြည်သူလူထုတစ်ရပ်လုံးအား ရည်ညွှန်း၍ “စစ်တပ်ဆိုတာ၊ပစ်ရင် တည့်တည့် ပစ်တယ်။ မိုးပေါ်ထောင်မပစ်ဘူး” ဟု လူမိုက်ဆန်ဆန်၊ ခေါင်းဆောင်မပီသစွာတာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့စွာ၊ လက်လွတ်စပယ် ပြောဆိုခဲ့မှုကြောင့်၊ ၈-၈-၈၈ ခုနှစ်တွင်ရန်ကုန်မြို့၌ ကျောင်းသား/သူများ ဦးဆောင်ကာ မဆလတစ်ပါတီအာဏာရှင်စနစ် ဆန့်ကျင်ရေးဒီမိုကရေစီရရေး တောင်းဆို ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ရပါသည်။ နောက်ဆက်တွဲ ရလဒ်အနေဖြင့် ပါတီဥက္ကဌ ဦးနေ၀င်း နှုတ်ထွက်ခဲ့ပြီး၊ သတ်ရဲ၊ ဖြတ်ရဲတဲ့နေရာတွင် လူမိုက်ဆန်ဆန် လုပ်လေ့ရှိသောဦးစိန်လွင်အား သမ္မတ တင်မြှောက်ခဲ့သည်။ ဦးစိန်လွင်သည် တပ်မ ၂၂ စစ်တပ်အင်အားကို ရန်ကုန်မြို့သို့ခေါ်ခဲ့သည်။ ထို့နောက် အပ်တိုတစ်ချောင်းမျှ မရှိသော ဆန္ဒပြကျောင်းသား/သူများကိုဗကပယူဂျီ (ဗမာပြည်ကွန်မြူနစ်ပါတီ မြေအောက်အဖွဲ့အစည်းဝင်များ) ဟု တံဆိပ်မည်းတပ်ခဲ့သည်။ အထက်အမိန့်အဆင့်ဆင့် နာခံလေ့ရှိသော စစ်တပ်အား၊ အဆိပ်မှိုင်းများ သွတ်သွင်းကာ၊မတရားဝါဒဖြန့်ချီခဲ့သည်။
    ထို့ကြောင့်လည်း အထက်တန်း၊ အလယ်တန်း အဖြူ၊ အစိမ်းဝတ် ဆန္ဒပြကျောင်းသား/သူလေးများ၊ ရင်ဘတ်များ၊ ကျောများ ပွင့်ထွက်ကာ၊ မြင်မကောင်း၊ ရှု့မကောင်းအောင် ပိုးဆိုးပက်ဆက်သေပွဲဝင်ခဲ့ရသည်မှာ စာရေးသူမျက်မြင် ကိုယ်တွေ့ဖြစ်သည်။ ထိုသွေးစွန်းသော လုပ်ရပ်ဆိုးများကြောင့် ရဟန်းရှင်လူ၊ ပြည်သူလူထုကြီး မခံမရပ်နိုင်ဖြစ်ကာ မြန်ပြည်အနှံ့ တိုင်းနှင့်ပြည်နယ်ရှိ မြို့ကြီး၊ပြကြီးများသို့ ဆန္ဒပြလူပင်လယ်လှိုင်းလုံးကြီးများ ဖြစ်ပေါ်ခဲ့ရတော့သည်။
    ရှစ်လေးလုံးဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲတွင် တစ်ပါတီအာဏာရှင် မဆလအစိုးရ၏ ရက်ရက်စက်စက် မိုက်မိုက်ကန်းကန်း၊ ပစ်ခတ်ဖြိုခွင်းမှု့ကို အခံရဆုံးမှာ ရန်ကုန်တိုင်းအတွင်းရှိ ဆန္ဒပြကျောင်းသားထုပင် ဖြစ်သည်။
    ကန့်လန့်ကာနောက်ကွယ် ကြိုးကိုင်သူများက သမ္မတ ဦးစိန်လွင်အား (၁၇) ရက်ပွဲထုတ်ခဲ့ပြီး၊ ဥပဒေပညာရှင်ဒေါက်တာ မောင်မောင်အား သမ္မတ တင်မြှောက်ခဲ့ပြန်သည်။ သမ္မတဒေါက်တာမောင်မောင်သည် အပြောအဟောကောင်းသည့် စာရေးဆရာတစ်ဦးလည်းဖြစ်သည်။ ဦးနေ၀င်း၏ အလွန်စိတ်ချ၊ ယုံကြည်ရဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ အာဏာရှင်ကြီး ဦးနေ၀င်း အလိုကျ ဥပဒေများကိုရေးဆွဲပေးနေ ရသူလည်းဖြစ်ပါသည်။
    ဒေါက်တာမောင်မောင် သမ္မတဖြစ်လာသောအခါ စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းပေးခဲ့သည်။ ထိုအခါပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ စ-စ-စ (စသုံးလုံး) အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အပါအ၀င် အစိုးရဌာနဆိုင်ရာ အတော်များများ၊ ရှေ့နေများ၊ စာပေဂီတ၊ ရုပ်ရှင်လောက၊ အနုပညာရှင်များ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ စသည်တို့သည် ပြည်သူလူထုနှင့်အတူ လမ်းများပေါ်ထွက်ကာ မကျေနပ်ချက်အလုံးစုံအား ရင်ဖွင့်ကာ ဆန္ဒပြပွဲများတွင် ပါဝင်လာခဲ့ကြတော့သည်။
    တစ်ချိန်တည်းမှာပင် မဆလအစိုးရသည် မြန်မာပြည်တစ်ဝန်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အကျဉ်း ထောင်များတွင် “အကျဉ်းသားများ ထောင်ကို မီးရှို့ကြသည်။ ထောင်ဖောက်ပြေးကြသည်။  ထို့ကြောင့် ထောင်အာဏာပိုင်များက ပစ်ခတ်၊ နှိမ်နှင်းအရေးယူရပါသည်” ဟူသော ကြေညာချက် သတင်းများကို နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် ဝေေ၀ဆာဆာ တင်ပြခဲ့ကြသည်ကို သတိပြုမိသည်။
    အမှန်တကယ် နိုင်ငံအနှံ့ ထောင်ခါနေခြင်းဖြစ်သည်။ ထောင်ခါနေရခြင်း၏ အဓိကရည်ရွယ်ချက်မှာ (၁) ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားနေသူများအား ထောင်ထဲထည့်ရန် (၂) လူသတ်၊ ခိုးဆိုး လုယက်၊ ဒုစရိုက်မှု၊ ရာဇ၀တ်မှုပေါင်း၊ မြောက် များစွာဖြင့် ထောင်ကျနေသူများကို ထောင်ကလွှတ် ပေးလိုက်လျှင် ထိုထောင်ချစ်သူများ ရာဇ၀တ်မှုအမျိုးမျိုးကို ထပ်မံကျူးလွန်ကြမည်။ မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်ကြမည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်လာမည်။ ထိုအခါ စစ်တပ်က
    အာဏာသိမ်းမည် စသည်ဖြင့် ကြိုတင်ကြံစည်၊ မဟာဗျူဟာ၊ အကွက်ချထားခဲ့သောကြောင့် ထောင်ကျရာဇ၀င်လူဆိုးများကို တမင်ရည်ရွယ်ချက်ရှိရှိ ထောင်မှလွှတ်ပေးခဲ့ခြင်း ဖြစ်သည်ကို ဆန်းစစ်မိပါသည်။
    အမေကမွေး၊ ထောင်ကကျွေးနေသူ ရာဇ၀င်လူဆိုးများ ပုံစံအမျိုးမျိုး နည်းလမ်းအသွယ်သွယ်ဖြင့် ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြကြသည့် ပြည်သူလူထုကြား ရောက်ရှိသွားကြသောအခါ မိမိတို့ ၏ပင်ကိုယ်စရိုက်အဖုံဖုံဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို တရားဥပဒေစိုးမိုးမှုကင်းမဲ့နေသော အချိန်များတွင် လုပ်ဆောင်ခဲ့မှု့များကြောင့် မင်းမဲ့စရိုက်ဆန်ဆန်အမှု့အခင်းများ၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း ဖြစ်ပွားခဲ့ရပါသည်။ “ဆွမ်းဆန်ထဲ၊ ကြွက်ချေးရော” သွားသည့်အလား ငခုံးမတစ်ကောင်ကြောင့်၊ တစ်လှေလုံးပုပ်သည့်အလား ဖြစ်ပွားခဲ့ရသည်။
    သမ္မတဒေါက်တာမောင်မောင်က စစ်မိန့်များကို ရုတ်သိမ်းပေးခဲ့သည့်အခါ ဒီမိုကရေစီအရေး  တောင်းဆိုဆန္ဒပြကြသည့် လူပင်လယ်လှိုင်းများကလည်း တစ်နေ့ထက်တစ်နေ့ ဒီရေအလားအားကောင်းလာခဲ့သည်။
    စစ်တပ်က အစိုးရပိုင်၊ ကုန်လှောင်ရုံများမှ ပစ္စည်းများကို TE ကားများဖြင့်၊ အကြိမ်ကြိမ် သယ်ခဲ့ကြ သည်။ မသယ်ဘဲထားခဲ့သော၊ အကြွင်းအကျန်များကို ထိုအနီးတစ်ဝိုက်ရှိ ရပ်ကွက်များတွင် နေထိုင် ကြသော သေမထူး၊ နေမထူး ဆင်းရဲသားများ၊ ထောင်နန်းစံခဲ့ကြသူ ဆင်းရဲသားများက သွားယူခဲ့ကြ သည်။ ပစ္စည်းများယူနေစဉ်၊ စစ်တပ်၏ ရှောင်တခင်ပစ်ခတ်ဖြိုခွင်းခံခဲ့ရသူများလည်း ရှိပါသည်။ ထို အချိန် အာဏာရှင်ဒေါက်တိုင် စစ်ထောက်လှမ်းရေးများကလည်း ဒီမိုကရေစီအရေး ဆန္ဒပြပြည်သူ လူထုကြားထဲ ထိုးဖောက်ဝင်ရောက်ကာ ဥာဏ်နီ၊ ဥာဏ်နက်များသုံးကာ ဆန္ဒပြအဖွဲ့များအကြား၊ သပိတ်စခန်းများအကြား၊ ၀င်ရောက်ပူးကပ်သွေးခွဲ သပ်လျှိုကာ၊ စည်းရုံးလှုပ်ရှားမှုများသည် အတိုင်း အတာတစ်ခုအထိ ခရီးပေါက်ခဲ့သည်ကို လေ့လာမိသည်။
    ပမာပြရလျှင် ဒေါ်အောင်ဆန်းစုကြည်၏ရွှေတိဂုံဘုရားဝင်း လူထုအစည်းအဝေးဟောပြောမည့် မနက်ခင်းတွင် ရန်ကုန်မြို့လယ်ခေါင်၌ စစ်ထောက်လှမ်းရေး ဗိုလ်ကြီး ဦးဆောင်ကာ လူထုခေါင်း ဆောင်အား ပုဂ္ဂိုလ်ရေးထိခိုက်စေသည့် ၀ါဒဖြန့်လှုံ့ဆော်စာများကို ဖြန့်ဝေနေစဉ်၊ ပြည်သူလူထုက လက်ပူးလက်ကြပ် လက်ရဖမ်းဆီးခဲ့သည်။ ထို့ကြောင့် ထိုအခါက စစ်တပ်ထိပ်တန်းခေါင်းဆောင် များသည်ဒီမိုကရေစီကို မလိုလားကြောင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနယ်ပယ်တွင် နေရာမပေးလိုကြောင်း သမိုင်းဝင်သက်သေ ဖြစ်သွားခဲ့ပါသည်။
    သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် သမိုင်းဝင်ပြယုဂ်တစ်ခုအနေဖြင့် ရှစ်လေးလုံး(၈-၈-၈၈) ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကြီးကို MCC ခန်းမကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ(ယခင်) ဒေါ်အောင်ဆန်းစုကြည်၊ နာယကကြီး သူရဦးတင်ဦး ကွယ်လွန်သူသတင်းစာဆရာကြီး သံမဏိလူသားကြီး ဦးဝင်းတင် တို့တက်ရောက် အားပေးခဲ့သည်။ အံ့ဩစရာကောင်းသည့်အချက်မှာ န၀တ၊ နအဖ စစ်အစိုးရများလက်ထက်နှင့် ဦးသိန်းစိန်အစိုးရ လက်ထက်တွင်ပါ၊ တာဝန်ထမ်းဆောင်နေသူ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ချို့ပင်၊ ကိုယ်တိုင်တက်ရောက်တစ်ခဲနက် အားပေးခဲ့ကြသည်။ အလှူငွေများ လှူဒါန်းခဲ့ကြသည်။ ပို၍ ထူးဆန်းသည်မှာ ထိုရှစ်လေးလုံး ငွေရတုအခမ်းအနားကြီးတွင် “၁၉၈၈ခု ဒီမိုကရေစီရေး တောင်း
    ဆိုဆန္ဒပြရင်းသွေးမြေကျခဲ့သော၊ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူလူထုအပေါင်းအား မတ်တပ် ရပ်၊ အလေးပြု၊ ဂါဝရပြုသည့်အခမ်းအနားကြီးတွင် ထိုအစိုးရအဖွဲ့ဝင် ၀န်ကြီးများလည်း တက် ရောက်လာသူများနှင့်အတူ လက်ရည်တစ်ပြင်တည်း ပါဝင်ခဲ့ကြခြင်းဖြစ်သည်”
    အချုပ်ဖြင့်ဆိုရလျှင် ကမ္ဘာလောကကြီးသည် အမှန်တရားကိုလိုလားသူ၊ လောကကို အလှဆင်နေ သူများအတွက် မိတ်ဆွေဖြစ်သည်။ မဆလ၊ န၀တ၊ နအဖ စသည့် စစ်အစိုးရများသည် ကျောင်းသား ကျောင်းသူ၊ ပြည်သူလူထုနှင့်ပတ်သက်၍ မြန်မာ့သမိုင်းတွင် အမဲစက်များ စွန်းထင်းခဲ့ကြသည်။  ၈-၈-၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးသည် “အာဏာသည် သေနတ်ပြောင်းဝမှာရှိသည်” ဟူသော ခေတ်အဆက်ဆက် အာဏာရှင်များ၏လက်သုံးစကားဆောင်ပုဒ် မှားယွင်းကြောင်း သမိုင်းသင်ခန်း
    စာကို ပေးခဲ့သည်။ ပြည်သူလူထု၏ထောက်ခံမှု့မရှိသော အစိုးရတစ်ရပ်သည် ရေရှည်မရပ်တည်နိုင် ကြောင်း၊ အမှန်တရားကိုလိုလားသော ပြည်သူလူထုကြီးသည် တစ်နေ့ အောင်ပွဲခံရမည်မှာ ဧကန်မ လွှဲဖြစ်ကြောင်း သင်ခန်းစာ အမွေကောင်းများကို ပေးစွမ်းနိုင်ခဲ့၍ မြန်မာသမိုင်းတွင် မော်ကွန်းတင်ထိုက်ပေတော့သည်။
    ဂျက်ဖရီတင်အုန်း ( R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်)
  • ကမ္ဘာပေါ်က စစ်တပ်မရှိသော နိုင်ငံ ၂၂ နိုင်ငံ
    ကမ္ဘာပေါ်က စစ်တပ်မရှိသော နိုင်ငံ ၂၂ နိုင်ငံ
    သြဂုတ် ၇၊ ၂၀၁၆
    M-Media
    – ကမ္ဘာတစ်ဝှမ်းက နိုင်ငံတော်တော်များများမှာ စစ်တပ်ဆိုတာ မရှိမဖြစ်တဲ့ အသင်းအဖွဲ့တစ်ခု ဖြစ်နေပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အင်အားကို တစ်ခါတစ်ရံမှာ အဲဒီနိုင်ငံရဲ့ စစ်တပ်အင်အားနဲ့ တိုင်းတာလေ့ ရှိကြပါတယ်။ နိုင်ငံတိုင်းကလည်း ခေတ်မီအဆန်းပြားဆုံး လက်နက်တွေ ပိုင်ဆိုင်နိုင်အောင် သူ့ထက်ငါ အလုအယက် ဆောင်ရွက်နေကြပါတယ်။
    ခိုင်မာတောင့်တင်းတဲ့စစ်တပ်တွေဖြစ်ဖို့ ဒေါ်လာသန်းပေါင်း သန်းချီ အသုံးပြုဖို့လည်း သူတို့တွေက ၀န်မလေးကြပါဘူး။ အဲဒီလို နိုင်ငံတော်တော်များများက လက်နက်အားပြိုင်မှုတွေ ပြုလုပ်နေပေမယ့် စစ်တပ်လုံးဝမရှိတဲ့ တိုင်းပြည်တွေလည်း ကမ္ဘာပေါ်မှာ ရှိနေပါတယ်။
    M-Media ပရိတ်သတ်ကြီးအတွက် စစ်တပ်မရှိတဲ့ နိုင်ငံ ၂၂ နိုင်ငံအကြောင်း ကို ဖော်ပြလိုက် ပါတယ်။
    ၁။ အန်ဒိုရာ
    ar 1
    ဥရောပက ကုန်းတွင်းပိတ်နိုင်ငံငယ်လေးဖြစ်ပြီး စစ်တပ် လုံးဝ မရှိပါဘူး။ အန်ဒိုရာမှာ တရားဥပဒေစိုးမိုးရေးနဲ့ လွှတ်တောင်ဆိုင်ရာ တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် ရဲတပ်ဖွဲ့သာ ရှိပါတယ်။
    ဒါဆိုရင် စစ်ဖြစ်လာတဲ့အခါ၊ ဒါမှမဟုတ် တိုင်းတစ်ပါးက ခြိမ်းခြောက်မှုတွေရှိလာတဲ့အခါ ဘယ်လိုတုန့်ပြန်ကြမလဲ?
    ဒီအတွက် နယ်မြေချင်း ထိစပ်နေတဲ့ စပိန်၊ ပြင်သစ်တို့နဲ့ အန်ဒိုရာက သီးခြား စစ်ရေးသဘောတူညီချက်တွေ ရရှိထားပြီး အဲဒီနိုင်ငံတွေက အရေးအကြောင်းရှိလာရင် အန်ဒိုရာကို ကာကွယ်ပေးမှာဖြစ်ပါတယ်။ အန်ဒိုရာမှာ စစ်တပ်လုံးဝမရှိတာမဟုတ်ဘဲ အခမ်းအနားတွေမှာ စစ်ရေးပြဖို့အတွက်တော့ စေတနာ့ဝန်ထမ်း စစ်တပ်အငယ်စားလေးတစ်ခု ရှိနေပါတယ်။
    ၂။ ကော်စတာရီကာ
    ar 2
    ၁၉၄၈ ခုနှစ်ကတည်းက စစ်တပ်ကို လုံးဝမထားတော့တဲ့ လက်တင်အမေရိက နိုင်ငံတစ်ခုပါ။
    ပြည်တွင်းစစ်ဖြစ်ပွားခဲ့တဲ့ ကော်စတာရီကာဟာ ၁၉၄၈ ခုနှစ် ပြည်တွင်းစစ်အပြီးမှာ စစ်တပ်ကို ဖျက်သိမ်းခဲ့ပြီး ကမ္ဘာပေါ်မှာ စစ်တပ်မရှိတဲ့ အကြီးဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ပြည်တွင်း လုံခြုံရေးကိုတော့ ရဲတပ်ဖွဲ့က စီမံခန့်ခွဲပါတယ်။
    အိမ်နီးချင်း နီဂါရာကွာနဲ့ နယ်စပ်ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်နေတဲ့ ကော်စတာရီကာအနေနဲ့ စစ်တပ်မထားဘူးဆိုတာကတော့ တော်တော်လေး အံ့သြဖို့ကောင်းနေပါတယ်။
    ၃။ ဒိုမီနီကာ
    ar 3
    ကာရစ်ဘီယံနိုင်ငံတစ်ခုဖြစ်ပြီး စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားတာကြောင့် ၁၉၈၁ ခုနှစ်ကတည်းက စစ်တပ်ကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းလုံခြုံရေးကိုတော့ ရဲတပ်ဖွဲ့က တာဝန်ယူထားပါတယ်။
    ဒါပေမယ့် ကာရစ်ဘီယံနိုင်ငံတော်တော်များများ ပါဝင်တဲ့ ဒေသတွင်း လုံခြုံရေးစနစ် တစ်ခုရှိပြီး အဲဒီအထဲမှာ ဒိုမီနီကာ နိုင်ငံကလည်း အဖွဲ့ဝင် ဖြစ်နေပါတယ်။
    ၄။ ဂရီနာဒါ
    ar 4
    ကာရစ်ဘီယံဒေသက ကျွန်းပေါင်း ၇ ကျွန်းလောက်နဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းနိုင်ငံသေးသေးလေးဖြစ်ပါတယ်။ အမေရိကန်က ကျူးကျော်သိမ်းပိုက်ပြီးနောက်ပိုင်း ၁၉၈၃ ခုနှစ်ကတည်းက စစ်တပ်မရှိတော့တာပါ။ ပြည်တွင်လုံခြုံရေးကို ရဲတပ်ဖွဲ့က တာဝန်ယူပြီး ဂရီနာဒါဟာ ကာရစ်ဘီယံဒေသ လုံခြုံရေးစနစ်မှာ ပါဝင်တဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။
    ၅။ ဟေတီ
    ar 5
    စစ်တပ်က အာဏာသိမ်းမှုဒဏ်ကို မကြာခဏ ခံရတာကြောင့် ၁၉၉၅ ခုနှစ်မှာတော့ ဟေတီက စစ်တပ်ကို ဖျက်သိမ်းခဲ့ပါတယ်။ မြောက်အမေရိက နိုင်ငံတစ်ခုဖြစ်တဲ့ ဟေတီမှာ ပြည်တွင်းပဋိပက္ခနဲ့ စစ်တပ်က အာဏာသိမ်းမှုဟာ နိုင်ငံသမိုင်းမှာ ၁၂ ကြိမ်လောက် ဖြစ်ပွားခဲ့တာပါ။ လက်ရှိအချိန်မှာ စစ်တပ်မရှိပေမယ့် အတိုက်အခံတွေကတော့ ပြန်လည်ဖွဲ့စည်းဖို့ တောင်းဆိုနေကြပါတယ်။
    ၆။ အိုက်စလန်
    ar 6
    ဥရောပနိုင်ငံငယ်လေးဖြစ်တဲ့ အိုက်စလန်မှာ ၁၈၆၉ ခုနှစ်ကတည်းက စစ်တပ်မရှိဘူးဆိုတာကိုသိရင် တော်တော်များများက အံ့သြမှာပါ။ လက်ရှိမှာတော့ အိုက်စလန်ဟာ နေတိုးအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး၊ အမေရိကန်နဲ့လည်း ကာကွယ်ရေးသဘောတူညီချက်တွေ ရရှိထားပါတယ်။
    ၇။ ကီရစ်ဘာတီ
    ar 7
    ပစိဖိတ်သမုဒ္ဒရာအလယ်က ဂီလ်ဘာ့တ်ကျွန်းစုလို့ခေါ်တဲ့ ကျွန်း ၃ ကျွန်းပေါင်းကာ တည်ထောင်ထားတဲ့ ကျွန်းစုနိုင်ငံငယ် လေးဖြစ်ပြီး ၁၉၇၈ ခုနှစ်ကတည်းက စစ်တပ်မရှိတော့တာဖြစ်ပါတယ်။ ကီရစ်ဘာတီရဲ့ ကာကွယ်ရေးအတွက် သြစတေးလျနဲ့ နယူးဇီလန်တို့က တာဝန်ယူပေးထားပါတယ်။
    ၈။ လက်ချင်စတိန်း
    ar 8
    ဥရောပနိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ လက်ချင်စတိန်းဟာ စားရိတ်မတတ်နိုင်တာကြောင့် စစ်တပ်ကို ၁၈၆၈ ခုနှစ်ကတည်းက ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ပွဲဖြစ်လာတဲ့အခါ စစ်တပ်ဖွဲ့ဖို့ ခွင့်ပြုချက်တော့ ရှိပြီး၊ ဒီအခြေအနေမျိုး အခုအချိန်အထိ မဖြစ်သေးပါဘူး
    ၉။ မာရှယ်ကျွန်းစု
    ar 9
    မာရှယ်ကျွန်းစုကလည်း ပစိဖိတ်သမုဒ္ဒရာလယ်က ကျွန်းနိုင်ငံလေး ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ် တိုင်းပြည်တည်ထောင်စဉ် ကာလကတည်းက စစ်တပ်မရှိတာပါ။ ရဲတပ်ဖွဲ့ဟာ ရေကြောင်းလုံခြုံရေးနဲ့ ပြည်တွင်း လုံခြုံရေး ၂ ခုစလုံးးကို ကိုင်တွယ်ပြီး၊ အမေရိကန်နဲ့ ကာကွယ်ရေး သဘောတူညီချက်တွေ ရရှိထားပါတယ်။
    ၁၀။ မော်ရေးရှက်စ်
    ar 10
    အိန္ဒိသမုဒ္ဒရာထဲက ဒီကျွန်းနိုင်ငံလေးကို မော်ရေးရှက်စ် ပြည်သူ့သမ္မတနိုင်ငံလို့ ခေါ်ဆိုပြီး ၁၉၆၈ ခုနှစ်ကတည်းက စစ်တပ် မရှိတာဖြစ်ပါတယ်။ ဒါပေမယ့် အင်အား ၁၀၀၀၀ လောက်ပါဝင်တဲ့ ရဲတပ်ဖွဲ့ကိုတော့ ဖွဲ့စည်းထားပြီး စစ်ရေး၊ ရဲဘက်ဆိုင်ရာနဲ့ လုံခြုံရေးဆိုင်ရာ တာဝန်တွေကို ရယူထားပါတယ်။
    ၁၁။ မိုက်ခရိုနီးရှား
    ar 11
    ပစိဖိတ်သမုဒ္ဒရာအနောက်ခြမ်းက ကျွန်းထောင်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ မိုခရိုနီးရှားမှာ စစ်တပ်လုံးဝမရှိဘဲ နိုင်ငံရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးတွေကို အမေရိကန်က တာဝန်ယူထားပါတယ်။
    ၁၂။ မိုနာကို
    ar 12
    မိုနာကိုဟာ ပြင်သစ်ရဲ့ မြေထဲပင်လယ်ကမ်းရိုးတမ်းက နိုင်ငံအသေးလေးတစ်ခုဖြစ်ပြီး ၁၇ ရာစုလောက်ကတည်းက စစ်တပ်မရှိတော့တာပါ။ ဒါပေမယ့် စစ်တပ်အသေးစားလေး ၂ ခုတော့ရှိပြီး တစ်ခုက အိမ်ရှေ့မင်းသားကို ကာကွယ်ပေးရတာဖြစ်ကာ တစ်ခုကတော့ ပြည်သူကို ကာကွယ်ပေးရတာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ကာကွယ်ရေးအတွက် ပြင်သစ်က တာဝန်ယူထားပါတယ်။
    ၁၃။ နာရူအူ
    ar .13
    ပစိဖိတ်သမုဒ္ဒရာအလယ်က လူဦးရေ တစ်သောင်းကျော်သာရှိတဲ့ နိုင်ငံငယ်လေးပါ။ စစ်တပ်မရှိဘဲ သြစတေးလျက ကာကွယ်ရေးအတွက် တာဝန်ယူထားပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့တစ်ခုတော့ရှိပြီး ပြည်တွင်းလုံခြုံရေးကို တာဝန်ယူပါတယ်။ နာရူအူဟာ အကျယ်အ၀န်းအရရော လူဦးရေအရပါ ကမ္ဘာပေါ်မှာ အသေးဆုံး တိုင်းပြည်တွေထဲက တစ်ခု ဖြစ်ပါတယ်။
    ၁၄။ ပါလာအူ
    ar 14
    ၁၉၇၉ တိုင်းပြည်လွတ်လပ်ရေးရကတည်းက စစ်တပ်မရှိတာပါ။ ပစိဖိတ်သမုဒ္ဒရာ အနောက်ဖက်ခြမ်းက ဒီနိုင်ငံလေးမှာ လူဦးရေကလည်း ၁၈၀၀၀ နီးပါးသာ ရှိပါတယ်။ ရဲတပ်ဖွဲ့တစ်ခုတော့ ထားရှိပြီး ရေကြောင်းစောင့်ကြည့်ရေးတွေ ပြုလုပ်ဖို့အတွက် လူ ၃၀ ပါတဲ့ အဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းထားပါတယ်။ ဒီနှစ်ဖွဲ့ပေါင်းကာ ပြည်ထွင်းလုံခြုံရေးကို တာဝန်ယူပြီး ကာကွယ်ရေးကိုတော့ အမေရိကန်က တာဝန်ယူထားပါတယ်။
    ၁၅။ ပနားမား
    ar 15
    ပါနားမားဟာ မြောက်အမေရိကနဲ့ တောင်အမေရိက တိုက်ကြီးနှစ်ခုကို ဆက်ပေးထားတဲ့ နိုင်ငံပါ။ ၁၉၉၀ ခုနှစ်ကတည်းက စစ်တပ်ကို ဖျက်သိမ်းခဲ့ပြီး ပနားမားပြည်သူ့တပ်ဖွဲ့လို့ခေါ်တဲ့ အဖွဲ့က ပြည်တွင်လုံခြုံရေးနဲ့ နယ်စပ်ပြဿနာတွေကို တာဝန်ယူကိုင်တွယ်ပါတယ်။
    ၁၆။ စိန့်လူစီယာ
    ar 16
    ကာရစ်ဘီယံပင်လယ် အရှေ့ပိုင်းက နိုင်ငံတစ်ခုဖြစ်တဲ့ စိန့်လူစီယာမှာ စစ်တပ် လုံးဝမရှိဘဲ ကာရစ်ဘီယံနိုင်ငံတော်တော်များများရဲ့ လုံခြုံရေးကို တာဝန်ယူထားတဲ့ ဒေသတွင်လုံခြုံရေးနစ်ကပဲ စိန့်လူစီယာရဲ့ ကာကွယ်ရေးကို ဆောင်ရွက်ပေးပါတယ်။ တော်ဝင်ရဲတပ်ဖွဲ့လို့ခေါ်တဲ့ တစ်ဖွဲ့တစ်ခုတော့ရှိပြီး ပြည်တွင်းလုံခြုံရေးကို ဆောင်ရွက်ပါတယ်။
    ၁၇။ စိန့်ဗင်းဆင့်နှင့် ဂရီနာဒီနက်စ်
    ar. 17
    စစ်တပ်မရှိတဲ့ နောက်ထပ် ကာရစ်ဘီယံနိုင်ငံကျွန်းနိုင်ငံ တစ်ခုပါ။ လူဦးရေ ၁ သိန်းကျော်သာရှိတဲ့ သူလည်းပဲ ဒေသတွင်းလုံခြုံရေးစနစ်ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။
    ၁၈။ ဆာမိုအာ
    ar 18
    ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံလေးဖြစ်တဲ့ ဆာမိုအာဟာ နယူးဇီလန်လက်ထဲက လွတ်လပ်ရေးရခဲ့တဲ့ ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်မရှိတာ ဖြစ်ပါတယ်။ ပြည်တွင်းလုံခြုံရေးအတွက်တော့ ရဲတပ်ဖွဲ့ ရှိနေပြီး ကာကွယ်ရေးအတွက် နယူးဇီလန်က တာန်ယူပေးထားရပါတယ်။
    ၁၉။ ဆော်လမွန်ကျွန်းစု
    ar 19
    တောင်ပစိဖိတ်က ကျွန်း ရာပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံလးတစ်ခုဖြစ်ပြီး ကနဦးက စစ်တပ်တစ်ခု ရှိပေမယ့် လူမျိုးရေးပဋိပက္ခတွေဖြစ်ပွားခဲ့တာကြောင့် သြစတေးလျနဲ့ နယူးဇီလန်တို့က ၀င်ရောက်ဖြန်ဖြေပေးခဲ့ရပြီး အဲဒီနောက်ပိုင်းမှာ စ စ်တပ်ကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့အင်အားကတော့ တော်တော်လေး ကြီးမားပါတယ်။
    ၂၀။ တူဗာလူ
    ar 20
    ပစိဖိတ်သမုဒ္ဒရာထဲက ဗြိတိန်အစောင့်ရှောက်ခံနိုင်ငံတစ်ခုပါ။ လူဦးရေ တစ်သောင်းစွန်းစွန်းပဲရှိတဲ့ ဒီတိုင်းပြည်မှာ ရဲတပ်ဖွဲ့က ပြည်တွင်းလုခြုံရေးကို တာဝန်ယူထားပါတယ်။
    ၂၁။ ဗနူအာတူ
    ar 21
    လူဦးရေ ၂ သိန်းကျော်ရှိတဲ့ ဗနူအာတူဟာ ကျွန်းနိုင်ငံလေးတစ်ခုဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ ရှိပါတယ်။ စစ်တပ်မရှိပေမယ့် ဗနူအာတူ ရဲတပ်ဖွဲ့တော့ရှိပြီး လက်နက်အငယ်စားလေးတွေ တပ်ဆင်ထားပါတယ်။
    ၂၂။ ဗာတီကန်စီးတီး
    ar 22
    ခရစ်ယာန်ကက်သလစ်အသင်းတော်ရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီးအုပ်ချုပ်တဲ့ နိုင်ငံငယ်လေးပါပဲ။ ကမ္ဘာ့အသေးဆုံးဖြစ်တဲ့ ဒီနိုင်ငံလေးမှာ ပြည်တွင်း လုံခြုံရေးအတွက် Gendarmerie Corps အဖွဲ့က တာဝန်ယူထားပြီး ဆွစ်ဇာလန် အစောင့်တပ်ဖွဲ့ကလည်း ကာကွယ်မှုတွေ ပေးပါတယ်။ တိုင်းပြည်ကာကွယ်ရေးအတွက်တော့ အီတလီက တာဝန်ယူထားပါတယ်။ အရင်က Palatine Guard နဲ့ Noble Guard လို့ခေါ်တဲ့ တပ်ဖွဲ့တစ်ချို့ ရှိခဲ့ပေမယ့် ၁၉၇၀ မှာ ဖျက်သိမ်းခဲ့ပါတယ်။
    Ref: wiki, Storypick.com
  • အိုလံပစ်ပြိုင်ပွဲဝင် ဆီးရီးယားဒုက္ခသည် သူရဲကောင်းမလေး သို့မဟုတ် ယူဆရာ မာဒီနီ
    အိုလံပစ်ပြိုင်ပွဲဝင် ဆီးရီးယားဒုက္ခသည် သူရဲကောင်းမလေး သို့မဟုတ် ယူဆရာ မာဒီနီ
    သြဂုတ် ၆၊ ၂၀၁၆
    M-Media
    yusra
    – လက်ရှိ ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ကျင်းပနေတဲ့ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကစားနေကြတဲ့ အားကစားသမားတွေမှာ စိတ်ဝင်စားဖွယ် နောက်ခံအကြောင်းအရင်းတွေ ရှိကြပါတယ်။
    အဲဒီအထဲမှာမှ အသက် ၁၈နှစ်အရွယ် ဆီးရီးယားဒုက္ခသည် အမျိုးသမီးငယ်လေး ယူဆရာ မာဒီနီရဲ့ အဖြစ်အပျက်ကတော့ တစ်မူထူးခြားပါတယ်။
    ဂျာမနီနိုင်ငံကို ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်မယ့် ရေးကူးမယ် မာဒီနဟာ အိုလံပစ်ပြိုင်ပွဲဝင် ဒုက္ခသည် ၁၀ ဦးပါဝင်တဲ့ ဒုက္ခသည်အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
    အခြားသော အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ ကြီးမားဆုံးအောင်မြင်မှုဟာ အထက်တန်းကျောင်းကို A အဆင့်နဲ့ ပြီးမြောက်အောင်မြင်တာမျိုး ဖြစ်ပေမယ့် မာဒီနီရဲ့ အောင်မြင်မှုကတော့ ဒီ့ထက်ကို ပိုပါတယ်။
    ဒါကတော့ တစ်ခြားမဟုတ်ပါဘူး။ သူနဲ့ သူ့ရဲ့အမဟာ ဆီးရီးယားနိုင်ငံကနေ ထွက်ပြေးလာတဲ့အချိန် အေဂျီယန်ပင်လယ်အတွင်း သူတို့ရဲ့ ရေစိမ့်နေတဲ့ လှေငယ်လေးကို ကမ်းရောက်အောင် ရေကူးပြီးဆွဲပေးခဲ့တာဖြစ်ပါတယ်။ သူတို့ ညီအစ်မနှစ်ဦးရဲ့ သူမတူတဲ့ စွမ်းဆောင်မှုကြောင့် သူတို့ရဲ့ အသက်တွေအပါအ၀င် စုစုပေါင်း လူ ၂၀ လောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။
    လက်ရှိ ဘာလင်မှာ နေထိုင်နေတဲ့ မာဒီနီဟာ စနေနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ အမျိုးသမီး မီတာ ၁၀၀ လိပ်ပြာကူးနဲ့ အလွတ်ကူး ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲမှာ မျှော်လင့်ချက်အရှိဆုံး စောင့်ကြည့်ရမယ့်သူတွေထဲက တစ်ယောက်အဖြစ် မှတ်ယူခံထားရပါတယ်။
    ဆီးရီးယားမှ ဘဝ
    မာဒီနီဟာ စစ်ပွဲဒဏ်ကို အလူးအလဲခံစားနေရတဲ့ ဒမတ်စကတ်မြို့က ပါရမီရှိ ရေကူးမယ်တစ်ဦး ဖြစ်ပြီး ဆီးရီးယား အိုလံပစ်ကော်မတီရဲ့ ထောက်ခံချက်ရရှိထားသူပါ။ နိုင်ငံအတွင်းမှာ မတည်ငြိမ်မှုတွေ မြင့်တက်လာချိန်မှာ မာဒီနီတစ်ယောက် ဗုံးဒဏ်ကြောင့် အမိုးမရှိတော့တဲ့ ရေကူးကန်တွေထဲမှာ လေ့ကျင့်ခဲ့ရပါတယ်။
    “တစ်ခါတစ်ရံမှာ တိုက်ခိုက်မှုတွေကြောင့် ကျွန်မတို့ မလေ့ကျင့်နိုင်ပါဘူး။ တစ်ခါတစ်ရံမှာ အမိုးပွင့်ထွက်နေတဲ့ ရေကူးကန်တွေမှာ လေ့ကျင့်ရပါတယ်” လို့ မာဒီနီက ပြောကြးခဲ့ပါတယ်။
    ဒမတ်စကတ်ရဲ့ မတည်ငြိမ်မှုဟာ တော်တော်လေးဆိုဝါးတာကြောင့် မာဒီနီနဲ့ သူမရဲ့ အစ်မဖြစ်သူ ဆာရာတို့ဟာ နောက်ဆုံးမှာတော့ ဆီးရီးယားကို စွန့်ခွာခဲ့ရပြီး လက်ဘနွန်နဲ့ တူရကီတို့ကိုဖြတ်ကာ ဂရိကို ရောက်ရှိခဲ့ပါတယ်။
    အသက်စွန့်ကယ်တင်မှု
    တူရကီကနေ သူတို့ဟာ ၆ ယောက်သာ စီးဖို့ လုပ်ထားတဲ့ ရာဘာလှေငယ်လေးနဲ့ အယောက် ၂၀ တင်ပြီး အေဂျီယန်ပင်လယ်ကို ဖြတ်ရတာဖြစ်ပါတယ်။ ထွက်လာပြီး မိနစ် ၃၀ အကြာမှာပဲ လှေပေါ်က အင်ဂျင်ဟာ အလုပ်မလုပ်တော့ပါဘူး။ လှေပေါ်မှာပါလာတဲ့ လူအများစုကလည်း ရေမကူးတတ်ကြဘဲ ရွေးစရာမရှိတာကြောင့် လှေနစ်မှုကနေ ကာကွယ်ဖို့အတွက် မာဒီနီတို့ ညီအမ ၂ ဦးဟာ ပင်လယ်ထဲကိုဆင်းပြီး အကာကွယ်မဲ့တဲ့ရေထဲမှာ ၃ နာရီးကြာ လှေကို ကမ်းရောက်အောင် ဆွဲခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဂရိပိုင် ကျွန်းတစ်ကျွန်းဖြစ်တဲ့ လက်စ်ဘော့စ်ကို ရောက်ခဲ့ပါတော့တယ်။
    “ရေကူးတတ်တဲ့သူက လှေပေါ်မှာ ၄ ဦးပဲ ပါပါတယ်။ လက်တစ်ဖက်က လှေကိုချည်ထားတဲ့ကြိုးကို ကိုင်ထားပြီး ကျန်တဲ့လက်တစ်ဖက်၊ ခြေထောက် နှစ်ဖက်နဲ့ ကူးခတ်ခဲ့ရတာပါ။ အေးနေတဲ့ဒီရေထဲမှာ ကျွန်မတို့ ၃ နာရီခွဲကြာ ကူးခတ်ခဲ့ရတာဖြစ်ပါတယ်။ ခန္ဓာကိုယ်က လုံးဝ မခံနိုင်တော့ပါဘူး။ အဲဒီခံစားမှုကို ကျွန်မ ပြောမပြတတ်ပါဘူး” လို့ မာဒီနီက သူ့ရဲ့ အတွေ့အကြုံကို ဖွင့်ဟခဲ့ပါတယ်။
    အခုအချိန်မှာ မာဒီနီတစ်ယောက် ပင်လယ်ပြင်ကို မုန်းနေပေမယ့် ဒီအဖြစ်အပျက်ဟာ သူ့အတွက် အိပ်မက်ဆိုးတော့ မဟုတ်ပါဘူး။
    “ဒီအဖြစ်အပျက်ကြောင့် ကျွန်မဟာ ရေမကူးဘဲနဲ့ အသက်ရှင်မှာမဟုတ်ဘူးဆိုတာ စဉ်စားမိခဲ့ပါတယ်။ ဒါဟာ ကျွန်မအတွက်တော့ အပြုသဘောဆောင်တဲ့ အတွေ့အကြုံ ဖြစ်နေမှာပါ”
    ဂရိကိုရောက်ပြီးတဲ့နောက်ပိုင်းမှာ မာဒီနီနဲ့ ဆာရာတို့ဟာ မက်ဆီဒိုးနီးယား၊ ဆားဘီးယား၊ ဟန်ဂေရီနဲ့ သြစတြီးယားတို့ကို ဖြတ်ကျော်ခဲ့ရပြီး နောက်ဆုံးမှာ ဂျာမနီကို ရောက်ခဲ့ပါတော့တယ်။
    ဘာလင်ဘဝ
    ဘာလင်ရောက်လာခဲ့တဲ့ မာဒီနီဟာ Wasserfreunde Spandau 04 ရေကူးအသင်းနဲ့ ဆက်သွယ်ခဲ့ပြီး အဖွဲ့ဝင်အဖြစ် ၀င်ရောက်ခဲ့ပါတယ်။ သူမရဲ့ အလားအလာကို သိရှိခဲ့တဲ့ နည်းပြ ဆဗင် စပန်နက်ကရဘ်စ်က မာဒီနီကို ၂၀၂၀ တိုကျိုအိုလံပစ်မှာ ၀င်ပြိုင်စေဖို့ လျာထားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အိုလံပစ်ခရီးဟာ ဒီထက်ပိုမြန်ဆန်ခဲ့ပြီး ဘရာဇီးလ်အိုလံပစ်မှာ ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။
    မာဒီနီဟ မနက်ပိုင်းမှာ ၃ နာရီလောက် လေ့ကျင့်ပြီးတဲ့နောက် ကျောင်းတက်ရပြီး ကျောင်းကအပြန် ညနေပိုင်းမှာလည်း ဆက်လက် လေ့ကျင့်ခဲ့ရပါတယ်။
    Gurdian သတင်းစာကတော့ ဆီးရီးယားကလည်း သူမရဲ့လေ့ကျင်မှုကို စောင့်ကြည့်နေခဲ့ပြီး သူမနဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းအချက်အလက်တွေကိုလည်း စုဆောင်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
    ဒုက္ခသည်များအား နှိမ့်ချမှုကို တွန်းလှန်ပြီ
    “ဒုက္ခသည်တွေဟာ သူတို့ရဲ့ ဇာတိမြေမှာမနေချင်တော့ဘဲ ဒုက္ခသည်ဖြစ်ချင်လွန်းလို့ ဒုက္ခသည်ဖြစ်လာရတာ မဟုတ်ဘူးဆိုတာကို ကျွန်မ လူတိုင်းကို သိစေချင်ပါတယ်။ သူတို့ ဒုက္ခသည်ဖြစ်လာရတာဟာ ဇာတိမြေမှာ ဆက်နေလို့ မရတော့လို့၊ သူတို့ရဲ့ ဘ၀အိပ်မက်တွေကို အကောင်အထည်ဖော်လို့ မရလို့သာ ဖြစ်ပါတယ်”
    “သူတို့ လုပ်ဆောင်သမျှအားလုံးဟာ ပိုကောင်းတဲ့ ဘ၀သစ်ကိုရဖို့ ကြိုးစားကြတာပါ။ အားကစားရုံထဲကို ကျွန်မတို့ ၀င်ရောက် ခြင်းဟာ လူတိုင်း သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တယ်ဆိုတဲ့ အသိမျိုး ရှိလာအောင် တွန်းအားပေးဖို့ပါပဲ” လို့ အိုလံပစ်ပြိုင်ပွဲနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    ဆီးရီးယားမှာ ငြိမ်းချမ်းရေးအသီးအပွင့်တွေ သီးပွင့်တဲ့အချိန်ကျရင် သူမရဲ့ ဒီဇာတ်လမ်းကို ဇာတိမြေကသူတွေ သိအောင် ပြောပြသွားဖို့လည်း မာဒီနီက မျှော်လင့်နေပါတယ်။
    “ဂျာမနီမှာ ကျွန်မရဲ့ ဘ၀သစ်ကို တည်ဆောက်ကောင်း တည်ဆောက်နိုင်ပါတယ်။ ကျွန်မ အသက်ကြီးသွားတဲ့အခါမှာတော့ ဆီးရီးယားကိုသွားပြီး ကျွန်မရဲ့ အတွေ့အကြုံတွေကို မျှဝေသွားမှာပါ”
    Ref: Independent