ဇွန် ၉ ၊ ၂၀၁၆
အေးထွန်း ရှာဖွေတင်ဆက်သည်။
.
အပင်အမြင့်တွေပေါ်မှာ နေထိုင်လေ့ရှိတဲ့ Jumping Spider ပင့်ကူတွေဟာ အခြားပင့်ကူတွေလို ပင့်ကူမျှင်အိမ် ဆောက်ပြီး လာရောက်ကပ်တွယ်တဲ့ သားကောင်ကို ဖမ်းစားတာ မဟုတ်ပါဘူး။
.
သူတို့က သားကောင်ကို ခုန်အုပ်ပြီးဖမ်းစားတာပါ။
.
ဒီပင့်ကူတွေရဲ့ ခုန်နိုင်စွမ်းအား ဘယ်လောက်ရှိလဲဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်အလျှားထက် အဆ ၄၀ ပိုဝေးတဲ့ နေရာထိရောက်အောင် တစ်ချက်တည်းနဲ့ ခုန်နိုင်တာပါ။ အမြင့်ကနေ လှမ်းခုန်ဖမ်းတာ ဖြစ်တဲ့အတွက် မြေပြင်ကို မတော်တဆကျသေသွားမှာ စိုးရိမ်စရာပါ။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ထင်ထားတာထက် ပိုလည်ပါတယ်။ မခုန်ခင်ကတည်းက အသက်ကယ် ပိုးကြိုးမျှင်ကို ခန္ဓာကိုယ်မှာ ပတ်ပြီးမှ ခုန်တာပါ။
(The Jumping Spider By Alice B. McGinty , Pg . 4)
.
သူတို့ရဲ့ Jumping Skill ကို မြင်သာအောင် လူတစ်ယောက် အနေနဲ့ နှိုင်းယှဉ်ပြောမယ်ဆို ဒါဟာ အရပ်၆ပေရှိတဲ့ လူက တစ်ချက်တည်းနဲ့ ပေ ၂၄၀ အဝေးကို ရောက်သွားအောင် ခုန်လိုက်တဲ့ သဘောပါပဲ။
.
တစ်ချို့ မျိုးစိတ်တွေဆို ခုန်နိုင်စွမ်းအားက သူတို့ ခန္ဓာကိုယ်အလျှားထက် အဆ ၁၀၀ ကျော်ရှိပါသတဲ့ ။
(101 Amazing Facts about Spiders and other arachnids By Jack Goldstein : Record Breakers , No. 5)
.
ဒါ့အပြင်သူတို့ရဲ့ မျက်စိဟာ ၃၆၀ ဒီဂရီကို ထောက်လှမ်းနိုင်ပါတယ်။ ဆိုလိုတာက တစ်ချိန်ထဲမှာ ရှေ့ကော၊ဘေးကော၊ နောက်ကော ထောက်လှမ်းနိုင်ပါတယ်။
(The Eye in History By Frank Joseph Goes , Pg. 65)
.
ပုံအောက်ဆုံးမှာ ပုရွက်ဆိတ်ဘယ်နှစ်ကောင် မြင်ပါသလဲ။
.
တကယ်တော့ သစ်ရွက်အောက်က အကောင်ဟာ ပုရွက်ဆိတ်မဟုတ်ပါဘူး။
.
Ant-Mimic Jumping Spider မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။
.
သူဟာ ပုရွက်ဆိတ်တွေကို စားဖို့ ပုရွက်ဆိတ်တွေ သူ့ကိုပင့်ကူလို့ သတိမထားမိအောင် ပုရွက်ဆိတ် ဟန်ဆောင်နေတာဖြစ်ပါတယ်။
.
ဒီ ပင့်ကူမှာ ခြေ ၈ချောင်းပါတယ်။ ဒါပေမဲ့ ပုရွက်ဆိတ်မှာကခြေ ၆ချောင်းပဲ ပါပါတယ်။ ဒီတော့ ပင့်ကူက သူ့ခြေ၂ချောင်းကို ဦးခေါင်းရှေ့ကို ဆန့်ထုတ်လိုက်ပြီး ပုရွက်ဆိတ်တွေရဲ့ ဦးမျှင်၂ခုဟန် ဟန်ဆောင် ဖန်တီးထားတာပါ။
(Jumping Spiders: Gold-Medal Stalkers By Sandra Markle , Pg. 16)
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
-
Jumping Spider ပင့်ကူတို့၏ စွမ်းရည် နှင့် ပရိယာယ်
-
လက်ဝှေ့ကျော် မိုဟာမက်အလီ၏ ဈာပနကို ၎င်း၏ ဇာတိမြို့တွင် ပြုလုပ်မည်
ဇွန် ၅၊ ၂၀၁၆
M-Media– သောကြာနေ့က ကွယ်လွန်သွားခဲ့တဲ့ ဟဲဗီးဝိတ်ချန်ပီယံဟောင်း လက်ဝှေ့ကျော် မိုဟာမက်အလီရဲ့ ဈာပနအခမ်အနားကို သူမွေးဖွားရာ ကန်တာကီပြည်နယ် လူးဝစ်ဗီလီမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးက သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေအားလုံးကို ဖိတ်ကြားတယ်လို့ ကျန်ရစ်သူ မိသားစုက ပြောကြားလိုက်ပါတယ်။
လှည့်လည်မှုတွေပါဝင်မယ့် အဲဒီအခမ်းအနားကို လာမယ့်တစ်ပတ် သောကြာနေ့မှာ ပြုလုပ်မှာဖြစ်ပြီး အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်က လက်ဝှေ့ကျော်ကြီးရဲ့ စွမ်းဆောင်မှုတွေနဲ့ပတ်သက်ပြီး ချီးကျူစကားပြောသွားမှာဖြစ်ပါတယ်။
အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဟာမက်အလီဟာ ဟဲဗီးဝိတ်ချန်ပီယံ ၃ ကြိမ် ဖြစ်ခဲ့ဖူးသူဖြစ်ပြီး နှစ်ပေါင်း ၃၀ ကြာ ခံစားခဲ့ရတဲ့ ပါကင်ဆန်ရောဂါရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို ခံစားရပြီးတဲ့နောက် အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့က ဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ရုပ်ကလပ်ကို လာမယ့် ၂ ရက်အတွင်း ကန်တာကီကို ယူဆောင်သွားမှာဖြစ်ပါတယ်။
မိသားစုနဲ့ ဆွေမျိုးတွေပါဝင်မယ့် သီးသန့် ဈာပနအခမ်းအနားကိုတော့ ကြာသာပတေးနေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး သောကြာနေ့မှာလည်း မိုဟာမက်အလီရဲ့အိမ်မှာ မိသားစုတွေက စုပေါင်းကာ ၀တ်ပြု ဆုတောင်းမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ ရုပ်ကလပ်ကို မြို့ရဲ့ အဓိကလမ်းမတွေမှာ လှည့်လည်သွားဖို့ အစီအစဉ် ရှိနေပါတယ်။
နောက်ဆုံး ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းမှုကို လူ ၂၀၀၀၀ ကျော်ဆန့်မယ့် KFC Yum စင်တာမှာ ပြုလုပ်သွားမှာဖြစ်ပြီး အလီရဲ့ သက်ဝင်ယုံကြည်မှုအတိုင်း အဲဒီ ၀တ်ပြုဆုတောင်းမှုကို ရှေ့ဆောင်အီမာမ်တစ်ပါးက ဦးဆောင်သွားမှာဖြစ်တယ်လို့ ကျန်ရစ်သူ မိသားစုက ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ရုပ်ကလပ်ကို ၁၉၄၂ ခုနှစ်မှာ သူမွေးဖွားခဲ့တဲ့ လူးဝစ်ဗီလီမြို့က Cave Hill သုဿာန်မှာ အစ္စလာမ့်ဓလေ့ထုံးတမ်းနဲ့အညီ မြှုပ်နှံသွားမှာပါ။
လက်ဝှေ့သမိုင်းမှာ အကြီးအကျယ်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပြီး၊ နိုင်ငံရေးနယ်ပယ်မှာလည်း မှန်ရာကို မကြောက်မရွံ့ပြောဆိုတတ်မှုကြောင့် တစ်ကမ္ဘာလုံးက လေးစားရတဲ့ မိုဟာမက်အလီ ကွယ်လွန်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက်မှာ နိုင်ငံ့ခေါင်းဆောင်တွေ၊ ထင်ရှားကျော်ကြားသူတွေ အပါအ၀င် ကမ္ဘာတစ်ဝှမ်းလုံးက ၀မ်းနည်းကြောင်း ပြောကြားခဲ့ကြပြီး ချီးကျူးဂုဏ်ပြုမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
လူးဝစ်ဗီလီမြို့ မြို့တော်ခန်းမမှာတော့ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတိုင်တွေကို တစ်ဝက်စီ လွှင့်ထူထားခဲ့ကြပြီး အမေရိကန်နိုင်ငံတစ်ဝှမ်းက ထောင်သောင်းချီတဲ့ ပြည်သူတွေကလည်း မိုဟာမက်အလီစင်တာအဖြစ် ပြုလုပ်ထားတဲ့ သူ့ရဲ့ ငယ်ဘ၀အိမ်ကိုသွားရောက် ဂါရ၀ပြုခဲ့ကြပါတယ်။
Ref: BBC
-
ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုဟာမက်အလီ (၇၄)နှစ် ကွယ်လွန်
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ၃ ကြိမ် ဖြစ်ခဲ့တဲ့ အမေရိကန် လက်ဝှေ့ကျော် မိုဟာမက်အလီဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် အမေရိကန်နိုင်ငံ ဖီးနစ်မြို့ ဆေးရုံတွင် ကုသမှု ခံနေရမှ ဒီကနေ့မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရပါတယ်။
.
၂၀၁၄ ခုနှစ်မှာတော့ သူဟာ အဆုတ်ယောင်ရောဂါ ခံစားခဲ့ရကာ ၂၀၁၅ ခုနှစ်မှာတော့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှုတွေ ခံယူခဲ့ရပါတယ်။
.
အမည်ပြောင် The Greatest နဲ့ ကျော်ကြားတဲ့ မိုဟာမက်အလီဟာ ၎င်းရဲ့ လက်ဝှေ့သက်တမ်းမှာ ကမ္ဘာ့ချန်ပီယံ ၃ ကြိမ်ဖြစ်ခဲ့ပြီး ၅၆ ပွဲ အနိုင်ရကာ ၅ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာတော့ လက်ဝှေ့လောကကနေ အနားယူခဲ့ပါတယ်။ အလီဟာ ၎င်းရဲ့ လက်ဝှေ့စွမ်းရည်ကြောင့်သာမက နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုအတွက်လည်း ကျော်ကြားသူဖြစ်ပါတယ်။လက်ဝှေ့သမားများမှာ အဖြစ်များတဲ့ ပါကင်ဆန်ရောဂါကို အလီဟာ နှစ်ပေါင်း ၃၀ ကြာခံစားခဲ့ရပြီး အဲဒီရောဂါ ခံစားနေရသူတွေကို ကူညီထောက်ပံ့နိုင်ရေးအတွက် ပရဟိတအသင်းတစ်ခုဖြစ်တဲ့ Muhammad Ali Parkinson စင်တာကို ဖွင့်လှစ်ခဲ့ပါတယ်
ကိုယ်ရေးအကျဉ်း
—————–
ငယ်နာမည်မှာ ကက်စီးယက်စ်ကလေး ဖြစ်ပြီး ၁၉၄၂ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ကန်တာကီ ပြည်နယ်၊ လူဝီဗေးလ်မြို့တွင် မွေးဖွားခဲ့ပါသည်။
.
ကက်စီးယက်စ်ကလေး၏ အပျော်တမ်းလက်ဝှေ့သမားဘ၀တွင် ကန်တာကီ ရွှေလက်အိတ် ချန်ပီယံ (၆)ကြိမ်၊ အမေရိကန် ရွှေလက်အိတ် ချန်ပီယံ (၂) ကြိမ်၊ အပျော်တမ်းလက်ဝှေ့ချန်ပီယံ တစ်ကြိမ်၊ ၁၉၆၀ ခုနှစ် အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပပြုလုပ်သည့် နွေရာသီ အိုလံပစ်တွင် လိုက်ဟဲဗီးဝိတ်တန်း လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ကြိမ်၊ စသဖြင့် ဆုတံဆိပ်ပေါင်း မြောက်များစွာရရှိခဲ့သည်။
.
ဟဲဗီးဝိတ်ချန်ပီယံ ဆန်နီ လစ်စတန်(Sonny Liston)ကို ၁၉၆၄ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စိန်ခေါ်ထိုးသတ်အနိုင်ရပြီး ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာခဲ့သည်။ ထိုစဉ် ကက်စီးယက်စ်ကလေးမှာ အသက်(၂၂)နှစ်သာ ရှိသေးသည်။
.
ဟဲဗီးဝိတ်ချန်ပီယံဖြစ်ပြီးနောက် ကလေးသည် အစ္စလာမ်သာသနာသို့ ကူးပြောင်းခဲ့ပြိး သူ၏ အမည်ကိုလည်း မိုဟာမက်အလီ အဖြစ် ပြောင်းလဲခဲ့သည်။
.
၁၉၆၇ ခုနှစ်တွင် အမေရိကန်စစ်တပ်သို့ ၀င်ရောက်အမှုထမ်းရန် ငြင်းဆိုမှုကြောင့် ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ရုပ်သိမ်းခံခဲ့ရသည်။ လက်ဝှေ့ထိုးသတ်ခွင် လိုင်စင်ပိတ်သိမ်းခံရပြီး လက်ဝှေ့ထိုးသတ်ခွင့်ကို ၅နှစ် ရပ်နားခံခဲ့ရသည်။
.
လက်ဝှေ့ထိုးခွင့်လိုင်စင်ပြ၇ပြိး ၁၉၇၀ခုနှစ် တွင် လက်ဝှေ့ ထိုးသတ်ခွင့်လိုင်စင် ပြန်လည်ရရှိသည်။
.
၁၉၇၄ အောက်တိုဘာ ၃၀ ရက်နေ့တွင် ထိုစဉ်က ဟဲဗီးဝိတ်ချန်ပီယံ ဂျော့ဂ်ျ ဖိုမန်(George Foreman)ကို အလဲထိုး အနိုင်ယူနိုင်ခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ဒုတိယအကြိမ် ပြန်လည် ဆွတ်ခူးနိုင်ခဲ့သည်။
.
၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလတွင် လက်ဝှေ့ကျော် လီယွန် စပင့်(Leon Spinks) နှင့် ထိုးသတ်ရာတွင် ရှုံးနိမ့်ခဲ့ပြီး ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရသော်လည်း ထိုနှစ် စက်တင်ဘာလတွင် လီယွန်စပင့်နှင့် မကြေပွဲ ပြန်လည်ထိုးသတ်ခဲ့ရာ အလီမှ အနိုင်ရရှိခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို သုံးကြိမ်ဆွတ်ခူးနိုင်သည့် ပထမဦးဆုံး လက်ဝှေ့သမား ဖြစ်လာခဲ့သည်။
၁၉၇၉ ခုနှစ် ဇူလိုင်လတွင် အလီသည် လက်ဝှေ့လောကမှ အနားယူလိုက်ပြီဟု ကြေညာခဲ့သည်။ သို့သော်လည်း မကြာမီပင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကာ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင်မှ လက်ဝှေ့လောကမှ အပြီးတိုင် အနားယူခဲ့သည်။
.
မိုဟာမက်အလီ သည် ဟဲဗီးဝိတ်လက်ဝှေ့သမိုင်း၏ ရွှေခေတ်ဟု ခေါ်ဝေါ်သည့် သူ့ခေတ်သူ့အခါက ထိပ်တန်းဟဲဗီးဝိတ်ချန်ပီယံများကို အနိုင်ယူနိုင်ခဲ့သည်။ ရင်းမဂ္ဂဇင်း(Ring Magazine) ၏ “တစ်နှစ်တာအကောင်းဆုံးလက်ဝှေ့သမား” (Fighter of the Year) အဖြစ် အခြားလက်ဝှေ့သမားများထက် အကြိမ်များစွာ ရွေးချယ်ခံခဲ့ရသည်။ ထို မဂ္ဂဇင်းကပင် ရွေးချယ်သော “တစ်နှစ်တာ အကောင်းဆုံးလက်ဝှေ့ပွဲ” (Fight of the Year) တွင်လည်း အလီမှာ အခြားသူများထက် အကြိမ်များစွာ ဖော်ပြခံခဲ့ရသည်။ ၎င်းအပြင် အလီမှာ နိုင်ငံတကာလက်ဝှေ့အကျော်အမော်များ Hall of fame တွင် ပါဝင်ပြီး Sports Illustrated မဂ္ဂဇင်း၏ “တစ်နှစ်တာအကောင်းဆုံး အားကစားသမား” စာရင်းတွင်ပါဝင်သည့် လက်ဝှေ့သမားသုံးဦးအနက်မှ တစ်ဦးဖြစ်သည်။မုဟမ္မဒ် အလီ (ခ) ကက်စီးယက်စ် ကလေး အကြောင်း အသေးစိတ်ဖတ်ရန်
http://www.m-mediagroup.com/news/13732 -
ရမဿွာန်လမြတ်နှင့် စပ်လျဉ်း၍ မွတ်စ်လင်မ် မဟုတ်သူတို့ လူသိနည်းသော အကြောင်း ၉ ရပ်
ဇွန် ၆ ၊ ၂၀၁၆
M-Mediaကမ္ဘာတစ်ဝှန်း ဇွန်လ ၆ ရက်နေ့မှာ စတင်တော့မယ့် ရမဿွာန်လမြတ်ကာလအတွင်း အသင်တို့ရဲ့ မွတ်စ်လင်မ်မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက အသင်တို့နဲ့ နေ့လည်စာအတူစားဖို့ ယဉ်ကျေးစွာ ငြင်းဆိုလေ့ရှိပြီး သူတို့ရဲ့ အသွင်တူအသိုင်း အ၀ိုင်းဖက် ပြန်လှည့်ကြတာမျိုးကို သတိထားမိကြပါလိမ့်မယ်။ ဒါဟာ မွတ်စ်လင်မ်များစွာအတွက် နာမ်ပိုင်းဆိုင်ရာ အရှိန်မြှင့်တင်တဲ့အချိန်အခါ ဖြစ်တာကြောင့်ပါ။ ဆာလောင်မွတ်သိပ်ခြင်းဝေဒနာ ခံစားရယုံသက်သက်ဆိုတာထက် များစွာ အဓိပ္ပာယ်ရှိနေပါတယ်။
၁။ ဥပုသ်သီလအားဖြင့် နာမ်ပိုင်းဆိုင်ရာ ပုံရိပ်ကောင်းကို ဖော်ဆောင်မှု
————————————————————————(ဓာတ်ပုံ – Juanmonino via Getty Images ) ရမဿွာန်လမြတ်ဟာ နာမ်ပိုင်းဆိုင်ရာပုံရိပ်ကောင်းကို ပုံဖော်ပေးရာ၊ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ပေးရာ အချိန်ကာလတစ်ခုဖြစ်ကြောင်း မွတ်စ်လင်မ်များစွာမှ ကြုံဆုံခံစားနိုင်ကြပါတယ်။ မွတ်စ်လင်မ်လူထုရေးရာကောင်စီအဖွဲ့ဝင် Marwa Abdelghani က ဒီလိုရေးသားဖော်ပြထားပါတယ်။
“အကျင့်ဆိုးတွေကနေ ထိန်းသိမ်းရှောင်ကြဉ်ခြင်းက စိတ်အေးချမ်းမှုကို ဖြစ်ထွန်းစေပါတယ်။ ဒီစိတ်အေးချမ်းမှုက လွှမ်းမိုးဖုံးအုပ်ထားတဲ့ ခံစားချက်တွေကင်းရှင်းစွာနဲ့ ကြောင်းကျိုးကျကျ၊ ကြည်ကြည်လင်လင် စဉ်းစားတွေးတောနိုင်စွမ်းကို ပေးပါတယ်။ ဒီအချက်က ဒေါသ သို့မဟုတ် စိတ်ပျက်အားလျော့မှုကို ဖြစ်ပေါ်စေတဲ့ ဘ၀နစ်နာကြေကွဲမှုတွေအပေါ် အချိန်ကုန်လွန်နေခြင်းအစား အပြုသဘောဆောင်တဲ့ကောင်းကျိုးတရားများကို ရရှိလာစေပါတယ်။ ရမဿွာန်လမြတ်ဟာ ခွင့်လွှတ်ဖို့၊ ဥပေက္ခာတရားလက်ကိုင်ထားဖို့၊ အရေးအကြီးဆုံးအရာအပေါ် အာရုံစိုက်နိုင်ဖို့ အခွင့်အခါကောင်းတစ်ရပ်ပါ”။
.
၂။ အတင်းအဖျင်း၊ မုသားနှင့် အကျင့်ဆိုးများကိုပါ ရှောင်ကြဉ်ရမှု
———————————————————————(ဓာတ်ပုံ – Pete Turner via Getty Images ) ရမဿွာန်လမြတ်ချိန်ခါအတွင်း မွတ်စ်လင်မ်များအနေနဲ့ အစားအသောက်၊ မေထုန်မှီဝဲခြင်းများကိုသာ ရှောင်ကြဉ်ရတာမဟုတ်ပါဘူး။ လိမ်ညာပြောဆိုခြင်း၊ ကျိန်ဆဲခြင်း၊ အတင်းအဖျင်းဆိုခြင်း၊ အငြင်းပွားခြင်းနဲ့ အခြား အကျင့်ဆိုးမှန်သမျှမှလည်း ရှောင်ကြဉ်ကြရပါတယ်။ Saeed Saeed က The National မှာ ဒီလို ရေးသားဖော်ပြထားပါတယ်။
“ဥပုသ်သီလက ခန္ဓာဓာတ်စာဖြစ်တဲ့ ရေနဲ့အစားအသောက်တွေကို စွန့်လွှတ်စေယုံမျှသာ မဟုတ်ပါဘူး။ မဖွယ်မရာပြောဆိုချက်၊ အငြင်းအခုံ၊ သတိလက်လွတ်ပြုမူတာ၊ ပျက်လိုဖျက်ဆီးအကျင့်အမူတွေကို ရှောင်ကြဉ်ခြင်းဆိုတဲ့ အတ္တတိုက်ပွဲကြီးလည်း မလွဲမသွေ ပါဝင်နေပါတယ်။ ဥပုသ်သီလရဲ့ အဓိကဦးတည်ချက်ကတော့ ဖန်ဆင်းရှင်အပေါ် အကြွင်းမဲ့နာခံမှုကို သက်သေပြဖို့ (နဲ့) နာမ်ပိုင်းအခင်းအကျင်းအပေါ်မှာ စိတ်အာရုံကို စူးစိုက်ထားရှိဖို့ ဖြစ်ပါတယ်”။
၃။ အစ္စလာမ့်မြစ်ဖျားများကို ထင်ရှားကျော်စောစေသည့် လမြတ်
——————————————————-(ဓာတ်ပုံ – Ammar Awad / Reuters) ရမဿွာန်လနှောင်းပိုင်းမှာ လိုင်းလသုလ်ကဒရ် လို့ခေါ်ဆိုတဲ့ ညဥ့်မြတ် ကျရောက်လေ့ရှိပါတယ်။ ဒီညဥ့်မြတ်ဟာ တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းသာယာမင်္ဂလာများ ခညောင်းပါစေ)ထံ ကျမ်းမြတ်ကုရ်အာန် စတင် ထုတ်ပြန်ပို့ချပေးခံရတဲ့ညဥ့်ကို ဂုဏ်ပြုထင်ရှားစေခြင်းဖြစ်ပါတယ်။ ဒီလိုနေ့ရက်ညဥ့်မြတ်မှာ ၀တ်ပြုဆုတောင်းခြင်းက လပေါင်းတစ်ထောင်ဝတ်ပြုဆုတောင်းခြင်းထက် သာမြတ်ကြောင်း မွတ်စ်လင်မ်တို့ ယုံကြည်ထားပါတယ်။
၎။ ကုရ်အာန်၏လ ဟု အမည်တွင်ခြင်း
————————————–(ဓာတ်ပုံ – selimaksan via Getty Images ) ရမဿွာန်လမြတ်ကို ကုရ်အာန်ရဲ့လ လို့ ရည်ညွှန်းပြောဆိုလေ့ရှိကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်ကာလအတွင်း မွတ်စ်လင်မ်များအနေနဲ့ ကျမ်းမြတ်ကုရ်အာန်ကို မိမိတို့ တတ်စွမ်းသလောက် ဖတ်ရွတ်သရဇ္ဈာယ်နိုင်အောင် ကြိုးပမ်းလေ့ရှိကြလို့ပဲ ဖြစ်ပါတယ်။ ဗလီဝတ်ကျောင်းတော်များမှာ ညစဉ်ညတိုင်း (၀တ်ပြုမှုများထဲ) ကုရ်အာန်ကျမ်းမြတ်ရဲ့ အပုံသုံးဆယ်ပုံတစ်ပုံကို ဖတ်ရွတ်လေ့ရှိကြပါတယ်။
၅။ ဥပုသ်သီလတာဝန်မှ ခြွင်းချက်ရှိသူများ
————————————————-(ဓာတ်ပုံ – boggy22 via Getty Images ) ဥပုသ်သီလစောင့်ထိန်းခြင်းက အစ္စလာမ့်မဏ္ဍိုင်ကြီးငါးရပ်ထဲ ပါဝင်သော်ငြား ကလေးသူငယ်တွေ၊ နာမကျန်းသူဝေဒနာသည်တွေ၊ အိုမင်းမစွမ်းသူတွေ၊ ပဋိသန္ဓေလွယ်ပိုးထားရတဲ့ အမျိုးသမီးတွေ၊ နို့တိုက်ကျွေးနေရတဲ့ မီးနေသည်တွေ၊ ရာသီပန်းပွင့်တဲ့ အမျိုးသမီးတွေ၊ ခရီးသည်တွေအဖို့ ဥပုသ်သီလစောင့်ထိန်းဖို့ မလိုအပ်ပါဘူး။ ဥပုသ်စောင့်ထိန်းဖို့ တတ်စွမ်းနိုင်သော်လည်း (အကြောင်းအမျိုးမျိုးကြောင့်) လက်လွှတ်သွားရသူများက လက်လွှတ်သွားရတဲ့ရက်အရေအတွက်ကို ပြန်လည်ဖြည့်စွက်စောင့်ထိန်းခြင်းနဲ့ဖြစ်စေ၊ ဖစ်ဒယဟ် ပေးေ
ဆာင်ခြင်းနဲ့ဖြစ်စေ ဆောင်ရွက်နိုင်ခွင့်ရှိပါတယ်။ ဖစ်ဒယဟ် ဆိုတာ လွှတ်သွားတဲ့ရက်အရေအတွက်နဲ့အညီ ဆင်းရဲချို့တဲ့ငတ်မွတ်သူတစ်ဦးကို ကျွေးမွေးပေးကမ်းခြင်း ဖြစ်ပါတယ်။၆။ အလွန်အကျွံစားသောက်မှုကို အားမပေးခြင်း
—————————————————–(ဓာတ်ပုံ – Karam Miri via Getty Images ) တစ်နေ့တာ ဥပုသ်သီလ မစောင့်ထိန်းမီ (နဲ့) ဥပုသ်လွှတ်ချိန်တွေမှာ အလွန်အကျွံ စားသောက်တတ်သူအချို့ ရှိကြပါတယ်။ ဒါပေမယ့် ရမဿွာန်လရဲ့အနှစ်သာရကို မထိခိုက်စေအောင် (အဲ့ဒီအချိန်တွေမှာ) ကျန်းမာစေတဲ့ အစာရေစာ အနည်းအကျဉ်းသာ စားသောက်ကြဖို့ မွတ်စ်လင်မ်များစွာက အားပေးလက်ခံကြပါတယ်။ Abdelghani က ဒီလို ရေးသားထားပါတယ်။
“လောကီပစ္စည်းများနဲ့ ကျွန်တော်တို့ရဲ့အတ္တကို အများအပြား အစာကျွေးခြင်းက ကျွန်တော်တို့လိုအပ်တဲ့ အခွင့်အလမ်းများကို လက်လွှတ်ဆုံးရှုံးသွားစေမယ့်အပြင်၊ ဆန္ဒမှန်သမျှ ဖြည့်လိုတဲ့ အတွေးမျိုးကိုလည်း ရသွားစေပါတယ်”။
ကျန်းမာရေးရှုထောင့်အရ သကြားဓာတ်များပြားတဲ့အစာ၊ အကြော်အလှော်စာတွေကို အကန့်အသတ်နဲ့သာ စားသုံးဖို့၊ အဲ့ဒီအစားအစာတွေအစား အစာချေဖျက်ခြင်းနှေးကွေးစေမယ့် ဘာလီ၊ ဂျုံ၊ ပြောင်းဆန်နဲ့ ပဲနီလေးတို့ကို ရွေးချယ်စားသုံးကြဖို့ အကြံပြုတိုက်တွန်းချက်များလည်း ရှိပါတယ်။
၇။ ဥပုသ်သီလစောင့်ထိန်းမှုကပေးသော ကျန်းမာရေးကောင်းကျိုး
———————————————————–(ဓာတ်ပုံ – Mariemlulu via Getty Images ) ရမဿွာန် တစ်လတာလုံး ဥပုသ်သီလစောင့်ထိန်းတဲ့ အချို့မွတ်စ်လင်မ်များထံမှာ ကျန်းမာရေးကောင်းကျိုးတွေ ဖြစ်ထွန်းလာမှုကို ခံစားကြရပါတယ်။ NHS ရဲ့အစီရင်ခံစာအရ ရမဿွာန်တစ်လတာ ဥပုသ်သီလစောင့်ထိန်းမှုဟာ ဦးနှောက်ထဲက endorphin ဓာတ်တွေကို လျှော့ချပေးပြီး စိတ်သက်သာမှုကို တိုးမြှင့်စေတယ်လို့ ဆိုထားပါတယ်။
“အဆိပ်သင့်ဓာတ်ပြုပစ္စည်းဖယ်ရှားမှုဖြစ်စဉ် detoxification process တစ်ရပ်လည်း ဖြစ်ပေါ်လာတယ်။ ခန္ဓာကိုယ်ရဲ့အဆီထဲ ကိန်းအောင်းနေတဲ့ ဘက်တီးရီးယားထွက်အဆိပ်ပစ္စည်းမှန်သမျှ ပြိုကွဲပြီး ဖယ်ထုတ်ခံလိုက်ရလို့ဖြစ်ပါတယ်” ဆိုပြီး အော့စ်ဖို့ဒ်တက္ကသိုလ် မေ့ဆေးဆရာဝန် Dr. Razeen Mahroof က အဆိုပါအစီရင်ခံစာမှာ တင်ပြထားပါတယ်။
၈။ ပေးကမ်းလှူဒါန်းမှု အရှိန်အဟုန်မြင့်တက်လာခြင်း
———————————————-(ဓာတ်ပုံ – Ariel Skelley via Getty Images ) မိမိပိုင်ဆိုင်တဲ့ငွေကြေးဥစ္စာထဲက (အချိုးကျ) လှူဒါန်းရခြင်းဟာ အစ္စလာမ့်အခြေခံမဏ္ဍိုင်ကြီး တစ်ရပ်ဖြစ်ပါတယ်။ မွတ်စ်လင်မ်တွေဟာ တစ်နှစ်တာကာလအခြားလများထက် ရမဿွာန်လထဲမှာ ဒီအလှူဒါနကို ပိုမိုအလေးထား ပြုကျင့်လေ့ရှိကြပါတယ်။
၉။ တန်ဖိုးထားတတ်ခြင်း
————————–(ဓာတ်ပုံ – Kevork Djansezian via Getty Images ) Abdelghani က ဒီလိုရေးသားထားပါတယ်။
“အဖိုးမတန်ဘူးလို့ မထင်လိုက်ပါနဲ့။ ဥပုသ်သီလဆောက်တည်ခြင်းက ကျွန်တော့်ကို အိပ်ငိုက်စေတယ်၊ နွမ်းလျပင်ပန်းစေပါတယ်။ ဒါပေမယ့် ဒီရင်းနှီးမှုရဲ့ အတုန့်အလှည့်ကတော့ တကယ့်ကို ပီတိအပြည့်အ၀နဲ့ ကြည်နှူးစရာကောင်းလှပါတယ်”။
××××××××××××××
Ref : 9 Things You Probably Didn’t Know About Ramadan By Antonia Blumberg, Associate
Religion Editor ; Huffington Post
ဘာသာပြန် – မင်းထွဋ်ခေါင် -
လုပ်ငန်းခွင်သုံး ဓာတုဗေဒ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၉)
ဇွန် ၃၊ ၂၀၁၆
– လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀၀ ကျော်က မွတ်စလင်ပညာရှင်ကြီးတွေရဲ့ ဓာတုဗေဒဘာသာရပ်နဲ့ ပတ်သက်ပြီး စနစ်တကျ ရှာဖွေဖော်ထုတ်မှုတွေကနေ ဒီနေ့ခေတ် ကမ္ဘာပေါ်က လူတိုင်း၊ နိုင်ငံတိုင်းအတွက် အကျိုးရှိစေတဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီထုတ်လုပ်မှုက ထွက်ရှိတဲ့အရာဟာ ရေပြီးရင် လူ့ဘ၀အတွက် အလိုအပ်ဆုံး အရာတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ အာရဘီလို နက်ဖ်တ် (naft) လို့ခေါ်တဲ့ မြေအောက်က ရေနံစိမ်းအနှစ်တွေဟာ လူသားတွေအသုံးပြုနိုင်တဲ့ ပစ္စည်းပေါင်း ၄၀၀၀ ကျော် ထုတ်ပေးနိုင်မယ်လို့ ဘယ်သူမှ မတွေးခဲ့ကြပါဘူး။ မွတ်စလင်ပညာရှင်ကြီးတွေ ဖော်ထုတ်ခဲ့တဲ့ ပေါင်းခံမှုလုပ်ငန်းစဉ် (distillation) မရှိဘဲနဲ့ ရေနံစိမ်းကနေ ကျွန်တော်တို့ ယနေ့ သုံးနေတဲ့ ဓာတ်ဆီ၊ ရေနံဆီ၊ နိုင်လွန်ကတ္တရာ၊ ဒါမှမဟုတ် ပလက်စတစ်တွေကို ထုတ်လုပ်နိုင်မှာ မဟုတ်ပါဘူး။
ပေါင်းခံခြင်း (distillation) ဆိုတာ အရည်တွေကို အပူချိန်အမှတ်အမျိုးမျိုးနဲ့ ပါဝင်ပစ္စည်းတွေ ခွဲထုတ်တာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို မွတ်စလင်ဓာတုဗေဒပညာရှင်တွေက ၈ ရာစုမှာ ပထမဆုံး ဖော်ထုတ်နိုင်ခဲ့တာပါ။ ဒီပေါင်းခံမှုကို အသုံးပြုပြီး မွတ်စလင်ပညာရှင်တွေ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ ပစ္စည်းကတော့ အစားအစာတွေ၊ ဖျော်ရည်တွေမှာ အနံ့၊ အရသာ ထည့်လို့ရတဲ့ နှင်းဆီရည် (rose water) နဲ့ လက်တွေ့အသုံးပြုလို့ရတဲ့ ဆီအမျိုးမျိုး ဖြစ်ပါတယ်။ ၀ိုင်တွေကို ပေါင်းခံခြင်းအားဖြင့်လည်း အလ်ကိုဟောစစ်စစ်ကို ရရှိစေပြီး မွတ်စလင်အုပ်ချုပ်မှုလက်အောက်မှာ နေထိုင်တဲ့ ခရစ်ယာန်တွေလို အစ္စလာမ်ဘာသာဝင်မဟုတ်သူတွေက ဒီ အလ်ကိုဟောကို ထုတ်လုပ်သုံးစွဲခဲ့ကြပါတယ်။ ဂျာဘီရ် အစ်ဗနေ့ ဟေယန် (Jabir ibn Hayyan) ဆိုတဲ့ မွတ်စလင်ပညာရှင်ကြီးဟာ ပေါင်းခံမှုလုပ်ငန်းစဉ်မှာ ထည့်သွင်းအသုံးပြုလို့ရတဲ့ အအေးခံမှုနည်းလမ်းသစ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနည်းလမ်းအသစ်ကြောင့် ပေါင်းခံပြီးသား အလ်ကိုဟောနဲ့ လျော်တွေကို အက်ဆစ်၊ ဆေးဝါး၊ ရေမွှေး၊ မင်၊ အလ်ကိုဟောနဲ့ အခြားသော ဓာတုပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုနိုင်ခဲ့ပါတယ်။ အစ္စလာမ်က မူးယစ်စေတတ်တဲ့အရာတွေ မှီဝဲခြင်းကို တားမြစ်ထားတာကြောင့် အလ်ကိုဟောနဲ့ မူးယစ်စေတဲ့ ပစ္စည်းတွေကို မွတ်စလင်ပညာရှင်ကြီးတွေက သောက်သုံးခြင်းတော့ မရှိခဲ့ပါဘူး။
ဂျာဘီရ်ဟာ ပေါင်းချောင် (alembic) ကို ၈ ရာစုမှာ ပထမဆုံးတီထွင်ခဲ့သူဖြစ်ပြီး ဒီနေ့အထိ ဓာတုဗေဒဓာတ်ခွဲခန်းတွေမှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ဒီပေါင်းချောင်ဟာ အအေးခံလို့ရပြီး ပေါင်းခံမှုလုပ်ငန်းစဉ်မှာ လိုအပ်တဲ့ အရည်တွေကို စုဆောင်းပေးရမှာ အသုံးဝင်ခဲ့ပါတယ်။
‘alembic’ (ပေါင်းချောင်) ဆိုတဲ့စကားလုံးဟာ ဓာတုဗေဒအသုံးအနှုန်းဖြစ်ပြီး အာရဘီစကားလုံး ‘အလ်-အန်ဘစ်” (al-anbiq) က ဆင်းသက်လာတာဖြစ်ပါတယ်။ ‘အလ်-အန်ဘစ်’ ဆိုတာဟာ “ပေါင်းဖို၏ ထိပ်ပိုင်း” လို့ အဓိပ္ပါယ်ရပါတယ်။ ပေါင်းချောင်ဆိုတာ ဖန်အိုး နှစ်လုံးပါဝင်ပြီး ဖန်ပြွန်တစ်ခုနဲ့ ဆက်သွယ်ထားတဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။ ၀ိုင်နဲ့ဆားကို ဆူပွက်စေရာကနေ မီးလောင်လွယ်တဲ့ ရေငွေ့ကို မွတ်စလင်ပညာရှင်ကြီး ဂျာဘီရ်က ဒီပေါင်းချောင်ကိုအသုံးပြုပြီး ဖော်ထုတ်တွေ့ရှိခဲ့တာပါ။ သူ့ရဲ့ ဓာတုဗေဒကျမ်းကြီးထဲမှာ ဂျာဘီရ်က “ဆူပွက်နေတဲ့ ၀ိုင်းနဲ့ ဆားတို့ကြောင့် ပေါင်းချောင်ရဲ့ အ၀မှာဖြစ်ပေါ်လာတဲ့ မီးတောက်၊ အဲဒါနဲ့ဆင်တူတဲ့အရာတွေဟာ ထူးခြားတဲ့ ဂုဏ်သတ္တိတွေရှိပြီး အသုံးဝယ်မယ်လို့လည်းထင်ရပါတယ်။ ဒါဟာ ဒီသိပ္ပံနယ်ပယ်တွေမှာတော့ တော်တော်လေး အရေးပါပါတယ်” လို့ ရေးသားခဲ့ပါတယ်။
အလ်ကိုဟောရဲ့ မီးလောင်နိုင်တဲ့ဂုဏ်သတ္တိကို ဂျာဘီရ်ရဲ့လက်ထက်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချခဲ့ပါတယ်။ ၁၄ ရာစုက စစ်ရေးဆိုင်ရာ ကျမ်းတွေမှာဆိုရင် စစ်တပ်သုံး မီးတုတ်တွေ ဖန်တီးရာမှာ ပေါင်းခံထားတဲ့ နှစ်ချို့စပျစ်ဝိုင်ကို အရေးပါတဲ့ ပါဝင်ပစ္စည်းအဖြစ် ဖော်ပြထားပါတယ်။ ပြီးတော့ အဲဒီ ပေါင်းခံရည်တွေဟာ မီးလောင်လွယ်တာကြောင့် သဲထဲမှာမြှုပ်ထားတဲ့ အိုးတွေထဲမှာ သိမ်းထားရမယ်ဆိုတဲ့ သတိပေးချက်တွေကိုလည်း အဲဒီ လက်ရေးမူတွေမှာ တွေ့ရပါတယ်။
အလ်-ကင်ဒီကတော့ ပေါင်းခံတဲ့နည်းနဲ့ ရေမွှေးထုတ်လုပ်ရာမှာ ကျော်ကြားပြီး အဲဒီနည်းလမ်းတွေကို Book of the Chemistry of Perfume and Distillations (ရေမွှေးနှင့် ပေါင်းခံမှုဆိုင်ရာ ဓာတုဗေဒကျမ်း) ဆိုတဲ့ အမည်နဲ့ ကျမ်းကြီးတစ်အုပ်ကို ရေးသားခဲ့ပါတယ်။ အဲဒီကျမ်းကြီးမှာ အလ်-ကင်ဒီဟာ ပေါင်းခံမှုလုပ်ငန်းစဉ်အမျိုးမျိုးကို ဖော်ပြထားပါတယ်။ လူတစ်ယောက်ဟာ ရေဇလုံကို အသုံးပြုကာ ၀ိုင်တွေကနေ အရောင်ပါတဲ့ rose water (နှင်းဆီရည်) ကို ထုတ်လုပ်နိုင်တဲ့နည်း ပါဝင်သလို ရှာလကာရည်ကို ပေါင်းခံပြီး အရောင်ပါတဲ့ နှင်းဆီရည်ကို ထုတ်လုပ်နိုင်တဲ့ နည်းလမ်းလည်း အဲဒီကျမ်းကြီးထဲမှာ ပါဝင်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၉၀၀ အရင် တူနီးရှားက အစ်ဗနေ့ ဘာဒစ် (Ibn Badis) ဆိုတဲ့ မွတ်စလင်ပညာရှင်ကြီးဟာ ငွေသတ္တုပြားတွေကို ပေါင်းခံထားတဲ့ဝိုင်နဲ့ မှုန့်မှုန်ညက်ညက်ကျေအောင် ပြုလုပ်ပြီး ငွေမှင်နဲ့ စာရေးသားလို့ရတဲ့ နည်းလမ်းတစ်ခုကို ရှာဖွေဖော်ထုတ်ခဲ့ပါတယ်။
“ငွေသတ္တုပြားကိုယူပြီး ပေါင်းခံထားတဲ့ဝိုင်နဲ့ ၃ ရက်လောက် ကြေသွားအောင် ကြိတ်ချေပါ။ ပြီးရင် အခြောက်ခံပြီး မြေမှုန့်လို အမှုန့်ဖြစ်သွားအောင် ၀ိုင်နဲ့ပဲ ထပ်မံကြိတ်ချေပါ။ ပြီးရင်တော့ ရေစင်အောင်ဆေးပါ” လို့ ဘာဒစ်က သူ့ရဲ့ တွေ့ရှိမှုကို မှတ်တမ်းတင်ခဲ့ပါတယ်။
အစ္စလာမ်မှာ အရက် (အလ်ကိုဟော) သောက်သုံးခြင်းကို ‘ဟာရမ်’ (တားမြစ်ပိတ်ပင်ထားသည့်အရာ) လို့ သတ်မှတ်ထားပြီး မွတ်စလင်ပညာရှင်ကြီးတွေရဲ့ ပေါင်းခံမှုနည်းပညာနဲ့ ရှာဖွေဖော်ထုတ်မှုဟာ အလ်ကိုဟောရဲ့ အကျိုးရှိပြီး အန္တရာယ်မဖြစ်စေတဲ့ ဒြပ်ပစ္စည်းတွေကို အသုံးချဖို့ ဖြစ်ပါတယ်။ အဲဒီလို ဖော်ထုတ်မှုကြောင့် ဆေးဘက်ဆိုင်ရာနယ်ပယ်ကနေ အလှကုန်နယ်ပယ်အထိ မြောက်များစွာသော ထုတ်ကုန်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်က မွတ်စလင်ပညာရှင်ကြီးတွေရဲ့ ဒီအားထုတ်မှုအများစုဟာ လက်တွေ့အသုံးဝင်ခဲ့ပါတယ်။ သူတို့ရဲ့ သုတေသနတွေ၊ အခြားသော ယဉ်ကျေးမှုတွေကနေ သူတို့ ရှာမှီး ရယူခဲ့တဲ့ အသိပညာတွေနဲ့လည်း မင်၊ အရောင်တင်ဆီ၊ ဆိုဒါ၊ ဘိလပ်မြေနဲ့ ပုလဲတု (imitation pearl) တွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။
အလ်-ရာဇီရဲ့ On Alums and Salts ဆိုတဲ့ ကျမ်းကြီးမှာ corrosive sublimate လို့ခေါ်တဲ့ မာကျူးရစ် ကလိုရိုက် (mercuric chloride) ဘယ်လိုရယူနိုင်တယ်ဆိုတဲ့ နည်းလမ်းကို ဖော်ပြထားပြီး ဒါဟာ Synthetic Chemistry ရဲ့ အစလို့ သတ်မှတ်လို့ရနိုင်တဲ့ အရေးပါတဲ့ စမ်းသပ်ဖော်ထုတ်မှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ မာကျူရီ (mercury) ကနေ ကလိုရိုက် ထုတ်လုပ်နိုင်တဲ့ နည်းလမ်းနဲ့အတူ ဒီ ဖော်ထုတ်တွေ့ရှိချက်တွေကို ဒီနေ့ခေတ်မှာတော့ ပိုးသတ်ဆေးတွေမှာ အသုံးပြုနေကြပြီး အခြားသော synthetic ပစ္စည်းတွေ ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက်လည်း တွန်းအားဖြစ်စေခဲ့ပါတယ်။ corrosive sublimate ကို ရှာဖွေတွေ့ရှိတာနဲ့ အခြားအရာတွေကို ကလိုရင်းထည့်ပြီး သန့်စင်နိုင်တာတွေဟာ မြေအောက်ထဲမှာရှိနေတဲ့ သတ္တုအက်စစ်တွေ တူးဖော်ရေးကို အစပျိုးနိုင်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ corrosive sublimate တွေကို ဆေးဝါးတွေမှာ သွေးတိတ်စေတဲ့အရာ၊ လန်းဆန်းစေတဲ့အရာ၊ တိုက်စားတဲ့အရာနဲ့ ပိုးသတ်ပေးတဲ့အရာတွေအဖြစ် အရေးပါတဲ့ ပုံစံမျိုးစုံနဲ့ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
ကုန်ထုတ်ဓာတုနယ်ပယ်နဲ့ ဓာတုဗေဒပစ္စည်း အမြောက်အများထုတ်လုပ်နိုင်တဲ့ နယ်ပယ်တွေမှာ အလယ်ခေတ်ရဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုတွေထဲက တစ်ခုကတော့ alunite (အလူမီနီယံ ပိုတက်စီယံ ဆာလ်ဖိတ်-KAl3(SO4)2(OH)6) ကို လူလုပ်လွင့်ပြယ်စေတဲ့ နည်းလမ်းနဲ့ aluminous ကျောက်တုံးတွေက ကျောက်ချဉ် (alum) ကို သီးသန့်ခွဲထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျောက်ချဉ်ကို စာရွက်ထုတ်လုပ်မှု၊ အိမ်သုတ်ဆေးထုတ်လုပ်မှုနဲ့ ဆာလ်ဖျူရစ်အက်ဆစ် ထုတ်လုပ်မှုတွေမှာ အသုံးပြုခဲ့ကြပါတယ်။ ဆာလ်ဖျူရစ်နဲ့ ဟိုက်ဒရိုကလိုရစ်တို့လို အက်စစ်တွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သူကတော့ မွတ်စလင် သိပ္ပံပညာရှင်ကြီး ဂျာဘီရ် ဖြစ်ပါတယ်။
(ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
(ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)