ဇွန် ၂၂ ၊ ၂၀၁၆
ရေးသူ- ဘရန်ဆိုင်း
လူသားဖြစ်တည်မှုအစဟာ ဗြဟ္မာကြီး လေးဦးက စတယ်ပဲ ဆိုဆို … အာဒမ်နဲ့ ဧ၀က စတယ်ပဲ ဆိုဆို …
.
ဒါဝင်ရဲ့ evolution သီအိုရီအရ မျောက်ကဆင်းသက်လာတယ်ပဲ ဆိုဆို … စဦး လူသားကမ္ဘာဖြစ်တည်မှုအရ လူသားအားလုံးဟာ အစဉ်အဆက် မိဘဘိုးဘွားတွေကနေ အဆင့်ဆင့် သွေးနှောရင်း ဒီနေ့ ကမ္ဘာ့လူသားတွေ ဖြစ်လာခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ် …
.
အာရိယန် လူဖြူ ၊ ဘာဗေဒီယန် လူညို ၊ မွန်ဂိုလီယန် လူဝါ ၊ နီဂရိုတို လူမည်း ဆိုပြီး အသားအရောင် ပုံပန်းအရ လူသားမျိုးနွယ်စုကြီး လေးခု အဖြစ် ပညာရှင်တွေ ယေဘုယျ ခွဲခြားသတ်မှတ်ထားတာလည်း ရှိပါတယ် …။
.
ဒါက ကမ္ဘာတ၀ှမ်းလုံးနဲ့ ပတ်သက်လို့ပါ … အခု ပြောချင်တာက မြန်မာပြည်အတွက် ဖြစ်တယ် …
.
မြန်မာအစ တကောင်းကပဲ ဆိုဆို မြန်မာအစ မြန်မာကပဲ ဆိုဆို … နိုင်ငံတကာ အသိအမှတ်ပြုမှုအရ မြန်မာလူမျိုး ဗမာလူမျိုးဆိုတာ တိဘက်နွယ်တွေဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး … သမိုင်းပညာရှင်တွေ တညီတညွတ်တည်း လက်ခံထားကြပါတယ် … တိဘက်တိုဘားမင်း ၊ အင်ဒိုတိဘက်တင်း အစရှိသဖြင့် သွေးနှောတွေ ဖြစ်ကြောင်း သက်သေခံခဲ့ကြပြီး ဖြစ်တယ် …။
.
တိဘက်တောင်ပေါ်က ဆင်းလာသူတွေရယ် မွန်ခမာလူမျိုးတွေရယ် ပျူလူမျိုးတွေရယ် တိုင်းလိုင်ရှမ်းတွေရယ် အိန်ဒီးယန်း အနွယ်ဝင် ရခိုင်လူမျိုးတွေရယ် အကုန် သွေးနှောကုန်ကြပါတယ် … တရုတ် မွန်ဂိုလည်း သွေးနှောပါသေးတယ် … ဒီနေ့ ဗမာလူမျိုးလို့ ဖြစ်လာမယ့် လူမျိုးတခုအကြောင်းကို အကြမ်းအားဖြင့် သုံးသပ်ကြည့်တာပါ …။
.
ဆိုလိုချင်တာက မြန်မာ ဗမာ ကြိုက်သလို ခေါ်ပါ …
.
တကောင်း အဘိရာဇာက စတယ် ဆိုရင် တကောင်းမှာ မြို့ပြတည်ထောင်ခဲ့တဲ့ ကံရာဇာငယ် ရဲ့ မျိုးဆက်အဖြစ် အင်ဒီးယန်း သွေးနှောတွေ ဖြစ်ပါတယ် … တခါ ကလေးလွင်ပြင်ကနေ ရခိုင်ထိ ရောက်သွားတဲ့ ကံရာဇာကြီးရဲ့ မျိုးဆက်ဆိုရင်လည်း မရမာကြီး အပါအ၀င် ရခိုင် မျိုးနွယ်စုတွေဟာ အင်ဒီးယန်း သွေးနှောတယ် ဆိုတာ အထင်အရှားကြီးပါ … ခုနောက်ပိုင်း မြန်မာ့သမိုင်း လေ့လာသူတွေဟာ တကောင်း အဘိရာဇာက စတင်တဲ့ မြန်မာအစ တကောင်းက ဆိုတာကို မှေးမှိန်အောင် လုပ်ပြီး မြန်မာအစ ပုဂံက ဆိုတဲ့ အနေအထားရောက်အောင် ပြောဆို ရေးသားနေကြတာ တွေ့ရပါတယ် …
.
ပထမ မြန်မာနိုင်ငံတော်ကြီးကို အနော်ရထာက စတင် တည်ထောင်တယ် ဆိုတဲ့ စကားနဲ့ ဖြစ်တယ် …
.
လက်နက်လူသူအင်အားတောင့်တင်းလာတဲ့ အနော်ရထာဘုရင်ဟာ အင်ပါယာနိုင်ငံကို ထူထောင်ခဲ့ပါတယ် …
.
ပုဂံအနီးတ၀ိုက် မြေပြန့်လွင်ပြင်မှာ နေထိုင်ကြသူများ ဖြစ်လို့ အခြားတိုင်းရင်းသားတို့က ဂံသား ဆိုပြီး ခေါ်ဝေါ်သုံးစွဲခဲ့ကြတယ်လို့ လေ့လာသိရှိရပါတယ် … အနော်ရထာရဲ့ လက်နက်နိုင်ငံတော်ဟာ အရှေ့မြောက်ဘက် ကောင်းတုံ တရုတ်နယ်စပ် … အနောက်ဘက် စစ်တကောင်း တောင်ဘက် လင်းဇင်း ဇင်းမယ် အထိ ကျယ်ပြန့်ခဲ့ပါတယ် … မြန်မာနိုင်ငံတော်ကြီးလို့ အမည်တပ်ပေမယ့် တိုင်းရင်းသားပေါင်းစုံ နယ်ချဲ့ထားတဲ့ နယ်မြေဒေသမှာ ရှိတဲ့ သစ္စာခံ နိုင်ငံခြားသား အားလုံး ပါဝင်တယ် ဆိုတာ သဘောပေါက်ဖို့ လိုပါတယ် …။
.
နောက် ဘာသာရေးနဲ့ ပတ်သက်လို့ ဆိုရင် အနော်ရထာ မတိုင်ခင်က ဂံသားများဟာ နတ် နဂါး ကိုးကွယ်သူတွေ အရည်းကြီး သာသနာ ကိုးကွယ်သူတွေ ဖြစ်ပါတယ် … သထုံက ရှင်အရဟံ ကြွချီလာမှသာ ဗုဒ္ဓ ဒေသနာနဲ့ ရင်းနှီးခဲ့ရတာပါ … ဒီကနေမှ တဆင့် အနော်ရထာ ဘုရင်ရဲ့ ကောင်းမှုကြောင့် ပုဂံပြည်မှာ ဗုဒ္ဓသာသနာ ထွန်းကားခဲ့တယ်လို့ သမိုင်းက ဖော်ပြပါတယ် …။ ဒါက လူမျိုး ဗမာ မြန်မာ ဆိုတာဟာ ဘယ်ပုံဘယ်နည်း ဆင်းသက်သလဲ ဆိုတာကို အနည်းငယ် အကျဉ်းချုံး တင်ပြခြင်းသာ ဖြစ်ပါတယ်။
.
မြန်မာပြည်ဟာ လက်နက်နိုင်ငံ အင်ပါယာ နိုင်ငံအဖြစ် သုံးကြိမ် ကြီးကျယ်ခမ်းနားခဲ့ဖူးပါတယ် …
.
အနော်ရထာ ရဲ့ ပထမ နိုင်ငံတော် ၊ ဘုရင့်နောင်ရဲ့ ဒုတိယနိုင်ငံတော်၊ အလောင်းမင်းတရားရဲ့ တတိယ နိုင်ငံတော် အဖြစ်ပါ … ဆိုတော့ ဒီကာလအတွင်း နယ်ပယ်ချဲ့ထွင် သိမ်းပိုက်ခဲ့တဲ့ နယ်မြေဒေသတွေ အများကြီး ရှိခဲ့တာကို သတိပြုရပါမယ် …။ ရသမျှနယ်တွေက လူမျိုးစုတွေကို သစ္စာရေတိုက် နိုင်ငံသား ပြုခဲ့တာတွေကိုသတိပြုရပါမယ် …။ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေထဲက စစ်သားတွေ၊ အနုပညာရှင်တွေ၊ လက်မှုပညာရှင်တွေကိုသစ္စာရေတိုက်ပြီး ကံကျွေးချပေး နေရာပေး လုပ်စားခွင့်ပြုခဲ့တာတွေ အထင်အရှား ရှိပါတယ် …။
.
ဥပမာ အနေနဲ့ တင်ပြရရင် စစ်တကောင်းနယ်က ရလာတဲ့ ကမန်လေးသည်တော် တပ် ဆိုတာမျိုး … ကသည်းနဲ့ စစ်တကောင်းက ရလာတဲ့ သုံ့ပန်းတွေကို မြေထူး၊ ရမည်းသင်း၊ ယင်းတော် အစရှိတဲ့ နေရာတွေမှာ
နေရာချထားပေးပြီး မင်းမှုထမ်းစေခဲ့ပါတယ် … ၃၇၀၀ ဆက်တွေလို့ သုံးနှုံးကြပါတယ် … သုံ့ပန်း ၃၇၀၀ ကို နေရာချထားပေးခဲ့လို့ပါ … သူတို့ရဲ့ ကိုးကွယ်ရင်း ဖြစ်တဲ့ အစ္စလာမ်ဘာသာကိုလည်း ဘုရင်က အသိအမှတ်ပြု ဆက်လက် ကိုးကွယ်စေခဲ့ပါတယ် … စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မြေထူးနယ်တ၀ိုက်က … ဘုရင်ကိုယ်တိုင် ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဗလီကြီးလေးလုံး ဟာ ထင်ရှားပါတယ် … မင်္ဂလာဗလီ၊ ကျောက်ဗလီ၊ မိုးထိဗလီ၊ သင်္ဘောဗလီ ဆိုတာတွေကို လက်ရှိ မြေထူးနယ်မှာ လေ့လာနိုင်ပါတယ် …
.
ဆိုလိုချင်တာက မြန်မာဘုရင်တွေဟာ တိုင်းတပါးသား သုံ့ပန်းတွေကို သစ္စာရေတိုက် မြန်မာနိုင်ငံသားအဖြစ်ခံယူစေခဲ့ပြီး အမှုထမ်းစေခဲ့တယ် ဘာသာတရား လွတ်လပ်ခွင့် ပေးခဲ့တယ် ဆိုတာကို သက်သေပြလိုရင်း ဖြစ်ပါတယ်…။ ဆိုတော့ ဒီ သစ္စာရှိ မင်းမှုထမ်း အစ္စလာမ် ဘာသာဝင်တွေဟာ နေရင်း အရပ်က ဗမာလူမျိုး အပါအ၀င် တိုင်းရင်းသား အားလုံးနဲ့ သွေးနှောပြီး မျိုးဆက် အဆင့်ဆင့်ကျော်ဖြတ်ပြီးနောက် ကိုယ့်ကိုကိုယ် ဗမာလူမျိုး အဖြစ်သာ ယုံကြည်လက်ခံကြသူများ ဖြစ်နေကြပါပြီ …။ ဗမာစကားကလွဲပြီး မတတ်သလို ဗမာစာကိုသာ ရေးတတ်ပြောတတ်သူများ ဖြစ်ကြပါတယ် …။
.
နောက်တချက် လွတ်လပ်ရေး ရခါနီးခေတ်မှာ … ဗိုလ်ချုပ် အလုပ်ကြံမခံရခင်ကလေးမှာ လွတ်လပ်ရေး ရမှာတော့ သေချာပြီ … ဒီတော့ ဦးရာဇာတ် ခများတို့ အစ္စလာမ် ဘာသာဝင်တွေ အတွက် ဘာတောင်းဆို လိုပါသလဲ … တိုင်းရင်းသား လူမျိုးတခု အဖြစ် ယူမလား … ဗမာထဲပဲ ပေါင်းမလား ဆိုပြီး ဗိုလ်ချုပ်က လမ်းဖွင့်ပေးခဲ့ပါတယ် … ဒါပေမယ့် မြန်မာပြည် နဲ့ ဗမာလူမျိုး ဦးအောင်ဆန်းကို အင်မတန် ချစ်ခင်ယုံကြည်ခဲ့တဲ့ ဦးရာဇာတ်က ဗမာလူမျိုး လူနည်းစုကိုးကွယ်သည့်ဘာသာ ဆိုတဲ့ အသုံးအနှုံးနဲ့ … လူမျိုး – ဗမာ / ကိုးကွယ်သည့် ဘာသာ – အစ္စလာမ် လို့ ခံယူခဲ့ပါတယ် … ဗိုလ်ချုပ်ကလည်း သဘောတူ လက်ခံခဲ့ပါတယ် …။
.
နိုင်ငံတခု လွတ်လပ်ရေး ရယူတယ် ဆိုတာ နိုင်ငံတခု တည်ထောင်ခြင်း ဆိုတာနဲ့ သိပ်ပြီး မကွာခြားလှပါဘူး …
.
လူမျိုးပေါင်းစုံ ကိုးကွယ်သည့် ဘာသာပေါင်းစုံ ညီညွတ်ခဲ့လို့သာ ဒီတိုင်း ဒီနိုင်ငံကြီး တခုလုံး အပြည့်အ၀ လွတ်လပ်ရေးကို ရယူနိုင်ခဲ့တာ မဟုတ်ပါလား … ဒီနေ့ လွတ်လပ်သော နိုင်ငံတော် အတွင်း မှီတင်းနေထိုင်သူ အားလုံးကို နိုင်ငံသား အဖြစ် အသိအမှတ် ပြုခဲ့တာဟာ လျော်ကန်သင့်မြတ်တယ်လို့ ယူဆရမှာပဲ ဖြစ်ပါတယ်။
.
ဒါကြောင့် ၁၉၄၇ နိုင်ငံသား ဥပဒေမှာ တိုင်းရင်းသား လူမျိုးစုပေါင်းများစွာ ရှိခဲ့တာ တွေ့နိုင်ပါတယ် …။
.
ဒီကနေ … ၁၉၇၃ ခုနှစ် နိုင်ငံသား ဥပဒေမှာ တခါ အနည်းငယ် ထပ်မံပြင်ဆင်ခဲ့တယ် …။ မြေထူးလူမျိုး၊ ရခိုင် မွတ်စလင် ၊ ရခိုင် စစ်တကောင်း လူမျိုး အစရှိသဖြင့် အစ္စလာမ် ဘာသာဝင် တိုင်းရင်းသား ၉ မျိုးလောက်အထိ ရှိခဲ့တာကို တွေ့ရပါတယ် …။
.
ဦးနေ၀င်းလက်ထက်မှာတော့ ကိုယ်တိုင် ပေါင်းတည် တရုတ်သွေးနှော ဖြစ်တဲ့ ရှုမောင်ခေါ် ဦးနေ၀င်းဟာ အစ္စလာမ် ဘာသာဝင်တွေ အပေါ် အပြင်းအထန် ကန့်သတ်တဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေကို သူတဦးတည်း သဘောနဲ့ အတည်ပြု ရေးဆွဲ ပြဌာန်းခဲ့ပါတယ် …။ ၁၉၈၂ နိုင်ငံသား ဥပဒေမှာ ၁၉၇၃ နိုင်မှာ ရှိနေပြီးသား ဖြစ်တဲ့ အစ္စလာမ် ဘာသာဝင် တိုင်းရင်းသား လူမျိုးစု ၈ ခု ကို သူ့သဘောနဲ့သူ ပယ်ဖျက်ခဲ့ပါတော့တယ်။ ကမန် လူမျိုးစု သာ ကျန်ခဲ့တာကို တွေ့ရပါတယ် …
.
အဲဒီလို အာဏာနဲ့ အတင်းအဓမ္မ ပယ်ဖျက်ခဲ့တာမို့ မြေထူးလူမျိုး၊ ဗမာမွတ်စလင် အစရှိတဲ့ ၁၉၇၃ နိုင် ပါ တိုင်းရင်းသား လူမျိုးစုတွေကို ဗမာ/ အစ္စလာမ် အဖြစ် မှတ်ပုံတင်ခွင့် ကြည်ကြည်ဖြူဖြူ ပေးခဲ့ပါတယ် … ရခိုင်စစ်တကောင်းတွေကိုလည်း ရခိုင်/အစ္စလာမ် အဖြစ် မှတ်ပုံတင်ခွင့် ပေးခဲ့ပါသေးတယ်။
.
၁၉၈၂ နိုင်ငံသား ဥပဒေ ဆိုတာ ဦးနေ၀င်း တဦးတည်း သဘောနဲ့ အာဏာသုံး ပြဌာန်းခဲ့တယ် ဆိုတာ တင်ပြခဲ့ပြီးပါပြီ … နိုင်ငံတကာကတော့ ၁၉၈၂ နိုင် ဥပဒေဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်ထားတဲ့ ဥပဒေလို့ သုံးသပ်ကြပါတယ် …။ တချက်လောက် ဥပမာ ပေးရရင် နိုင်ငံတော် ကောင်စီ ဆိုတာကြီးက ဘယ်သူ့ကိုတော့ နိုင်ငံသားပေး ဘယ်သူ့ကိုတော့ နိုင်ငံသား မပေးရလို့ ဆုံးဖြတ်နိုင်သလို တိုင်းရင်းသားပေးခွင့် ပယ်ဖျက်ခွင့်ပါ ပေးထားတာဟာ အင်မတန်မှ အရုပ်ဆိုးတယ်လို့ မြင်ပါတယ် …
.
ဒီနေရာမှာ ၁၉၈၂ နိုင် ဥပဒေကို ထောက်ပြနေရင် စာသိပ်ရှည်သွားမှာ စိုးတဲ့ အတွက် ဥပဒေသမားများ အတွက် ချန်လှပ် ခဲ့ပါ့မယ်…။
.
လက်ရှိ ဖြစ်ပျက်နေတဲ့ ပြဿနာကို ပြန်လည် ချည်းကပ်ပါရစေ … အခုဖြစ်နေတဲ့ ပြဿနာက ဘာသာရေးကို အခြေခံပြီး လူမျိုးကို ခွဲခြားသတ်မှတ်နေတဲ့ ကိစ္စပါပဲ …။
.
အလောင်းဘုရား၊ ဆင်ဖြူရှင်၊ မင်းတုန်း၊ သီပေါ အစရှိတဲ့ ကုန်းဘောင်ဆက်လောက်ကိုပဲ ပြောပါမယ် …
.
အထက်မှာ ဖော်ပြခဲ့သလို … မြန်မာဘုရင့် သစ္စာတော်ခံ အစ္စလာမ် ဘာသာဝင်တွေဟာ ရှေးအစဉ်အဆက် ကတည်းက ကိုယ့်ကိုကိုယ် ဗမာလူမျိုး အဖြစ် ခံယူခဲ့ကြသူများ ဖြစ်ပါတယ် … ကိုးကွယ်တဲ့ ဘာသာ တခုသာ မတူတာ ဖြစ်ပြီး အားလုံးဟာ ဗမာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ အသားကျနေသူတွေ ဖြစ်ကြပါတယ်။
.
နောက်တချက်က ဗိုလ်ချုပ်နဲ့ ဦးရာဇတ်တို့ရဲ့ သဘောတူညီချက်အရ ဗမာ/အစ္စလာမ် လို့ ခံယူထားကြသူများ ဖြစ်ပါတယ် …။
.
ဒီနေ့မှာတော့ ကိုးကွယ်ယုံကြည်တဲ့ ဘာသာအပေါ် အခြေခံပြီး လူမျိုးကို သတ်မှတ်နေတာ တွေ့ရပါတယ်။
.
ဥပမာ ဆိုရရင် … ဗုဒ္ဓဘာသာကို ကူးပြောင်းလက်ခံသွားသူက ဗမာ/ဗုဒ္ဓ ဖြစ်လာပြီး … အစ္စလာမ်ဘာသာကိုသာ ဆက်လက်ကိုးကွယ်သူက သွေးနှော/အစ္စလာမ် ဖြစ်လာတာမျိုးပါ …။ ညီအကို အရင်းတွေမှာတောင် ဖြစ်နေတာမျိုးပါ …။
.
လူမျိုးတမျိုးဟာ မိမိရဲ့ လူမျိုးကို မိမိဖာသာ သတ်မှတ်ပိုင်ခွင့် ဆိုတဲ့ လူ့အခွင့်အရေးကို အတိအကျ ချိုးဖောက်နေတာလည်း ဖြစ်ပါတယ် …။
.
ဘာသာတရား ကိုးကွယ်ယုံကြည်မှုအရ လူမျိုးကို သတ်မှတ်တယ် ဆိုတာဟာလည်း အင်မတန်မှ သေးသိမ် ဥာဏ်နည်းရာ ရောက်ပါတယ် …။
.
ကမ္ဘာမှာ ထင်ရှားတဲ့ ဘာသာကြီး လေးခု ရှိပါတယ်။ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓ နဲ့ ဟိန္ဒူ ဘာသာတို့ ပါပဲ …။
.
လူတယောက်ရဲ့ နှလုံးသား ဦးနှောက်နဲ့ ဆုံးဖြတ်တဲ့ ကိုးကွယ်ယုံကြည်မှု ဆိုတာ လူမျိုးနဲ့ လားလားမှ မဆိုင်ပါဘူး … အင်ဂလို ဆက်ဆုံ တယောက်က အစ္စလာမ် ဘာသာကို ယုံကြည် ကိုးကွယ်လိုက်တာနဲ့ အိန္ဒိယ သွေးနှော အာရဗ် သွေးနှော ဖြစ်မသွားနိုင်ပါဘူး …။ ဂျာမန်လူမျိုးတယောက်က ဟိန္ဒူဘာသာကို ယုံကြည် ကိုးကွယ်လိုက်တာနဲ့ အိန္ဒိယ လူမျိုး ဖြစ်မသွားပါဘူး … ဒီလိုပဲ ဘင်္ဂလားလူမျိုးတယောက်က ဗုဒ္ဓဘာသာကို ကိုးကွယ်လိုက်တာနဲ့ ဗမာ ဖြစ်မလာနိုင်ပါဘူး … ဘာသာက ကိုးကွယ်ယုံကြည်မှု ပါ … လူမျိုးဆိုတာက ခံယူမှုပါ။
.
ဒီကနေ့မှာတော့ အစ္စလာမ်ဘာသာကနေ ဗုဒ္ဓဘာသာကို ဒီနေ့ ကူးပြောင်းလိုက်တာနဲ့ နောက်နေ့ ဗမာလူမျိုး ဖြစ်လာပါတယ် …။ အင်မတန် အံ့သြဖို့ ကောင်းတဲ့ သတ်မှတ်မှုပါပဲ …။ ဗမာ ဆိုတဲ့ လူမျိုးနဲ့ ဗုဒ္ဓအယူဝါဒ ဘာသာ ဆိုတာကို ရောထွေး သတ်မှတ် နေပုံကတော့ဖြင့် ဥာဏ်နည်းလွန်းရာ ကျတယ် လို့ ဆိုချင်ပါတယ်။
.
အထက်ဖော်ပြခဲ့တဲ့အတိုင်း လက်ရှိ မြန်မာနိုင်ငံ မှာ ဖြစ်နေပါတယ် ။ လူဝင်မှုကြီးကြပ်ရေးကလည်း အကောင်အထည် ဖော်နေပါတယ်။
.
ရှေးအတီတေ အထက် ၇ ဆက်က ဗမာ/အစ္စလာမ် နိုင်ငံသားကဒ် ကိုင်ဆောင်သူ မိဘနှစ်ပါးက မွေးဖွားလာသူ အစ္စလာမ် မျိုးဆက် ကလေးငယ်တို့ဟာ အတင်းအဓမ္မ သွေးနှောရမယ်လို့ ခိုင်းစေခြင်း ခံနေရပါတယ်။
.
အစိုးရကျောင်းတွေမှာ နိုင်ငံသားစိစစ်ရေးကဒ် လာဆင်းလုပ်ပေးတဲ့အခါ … သွေးနှောများ ရိုက်မပေးပါ ဆိုတာမျိုး ဆိုင်းဘုတ်တင်ထားခြင်းဟာ အင်မတန် အရုပ်ဆိုးပါတယ် … သွေးနှောဆိုတာလည်း ကြိုတင်သတ်မှတ် လိုက်ခြင်း ဖြစ်ပါတယ်… ဘာမှ မစစ်ဆေးရခင် အစ္စလာမ်မှန်ရင် သွေးနှောရမယ် လို့ဆိုပါတယ် …။ ဥပဒေ ရှိပါသလား ဆိုတော့ ရှိပါသတဲ့ … လ၀က ဥပဒေ ၆၊ ၇ လို့သာ သိထားပေးပါလို့ ဆိုပါတယ် …။ အဲဒီ ဥပဒေရဲ့ ဆိုလိုရင်း အကြမ်းဖျဉ်းက ရုပ်ရည်သံသယ နဲ့ နာမည်သံသယ လို့ ဆိုပါတယ်။
လူတယောက်ရဲ့ မျိုးရိုး သို့မဟုတ် လူမျိုးကို ရုပ်ရည်ကြည့် ဆုံးဖြတ်ပါသတဲ့ … နာမည်ကို ကြည့် ဆုံးဖြတ်ပါသတဲ့ … ဒီလိုဆိုရင် ရှုမောင် နဲ့ ရှုမောင် မြေးတွေ ရုပ်ရည်အရ အကုန်သွေးနှော ဖြစ်ပါတယ်။
.
နာမည်အရ ဆိုရင် ဦးပလာတာ၊ ဦးဂျော်လီဆွေ ၊ ဦးအေဘယ်လ် ၊ ဦးဟင်နရီ ၊ ဒေါ်မာလာ၊ ဒေါ်သီရိ ၊ ဒေါ်ဂျိုက်စ်၊ အကုန် သွေးနှောတွေပဲ ခမျ …
.
အစဦးကတည်း ဗမာဆိုတာကိုက သွေးနှော ဗျ … သွေးနှောတွေရဲ့ ရုပ်ရည်တွေကို လေ့လာကြည့်ပါ … မျိုးစုံ ရုပ်ရည်တွေ ရှိပါလိမ့်မယ် … ( ပြောရရင် အဲဒီ မြို့နယ် လ၀က ဦးစီးမှူးနဲ့ ကျနော် ဆိုရင် ကျနော်ကတောင် ပိုပြီး ဗမာဆန်တဲ့ ရုပ်ရည် ရှိတယ်။ စကားချပ် )
.
ဆိုတော့ဗျာ … Albinos ရောင်ခြည်ပစ္စည်း မဲ့တဲ့ ရောဂါရှင်တွေကို အကုန် သွေးနှောလို့ သတ်မှတ်ရမလို ဖြစ်နေပါတယ် … ဥပမာ အဆိုတော်ဘိုဖြူကို ဥရောပသားနဲ့ နှောတယ် လုပ်ရမလို ဖြစ်နေပါတယ် …။
အင်မတန် ရယ်ရွှင်ဖွယ်ကောင်းတယ်လို့ ဆိုချင်ပါတယ်။
.
နောက်တချက် နာမည်ဆိုတာ သတ်မှတ်ချက်ပဲဗျ … တဦးနဲ့ တဦး ခွဲခြားလို့ ရအောင် ဆက်သွယ်လို့ ရအောင် သတ်မှတ်ထားတာပဲ ဖြစ်တယ် … နာမည်ဆိုတာကို ကြိုက်သလို ပေးလို့ရတာပါပဲ … ဒါဟာ ကိုယ်ပိုင် လွတ်လပ်ခွင့်သာ ဖြစ်တယ် …။ ပြီးတော့ ဘယ်လူမျိုး ဖြစ်ပါစေ အစ္စလာမ် ဘာသာကို သက်ဝင်ယုံကြည်လာတာနဲ့ အစ္စလာမ် နာမည် မပေးမနေရ ပေးရပါတယ် … ။ ဥပမာ … မိုဟာမက် အလီ ဆိုပါစို့ … ကပ်စီးရပ်ကလေးလို့ အမည်တွင်တဲ့ အမေရိကန် နိုင်ငံသားဟာ အစ္စလာမ်ကို ကူးပြောင်းခံယူ လာတာနဲ့ မိုဟာမက်အလီ လို့ ဖြစ်လာပါတယ် … ဒါဟာ ဘာ ပြဿနာ ရှိလို့ပါပဲ … မိုဟာမက်အလီ လို့ နာမည်ခံယူလိုက်တာနဲ့ သူဟာ အာရဗ်ကြီး ဖြစ်မသွားပါဘူး … အိန္ဒိယ၊ ပါကစ္စတန် ၊ ဘင်္ဂလီ ဖြစ်မသွား ပါဘူး … ခု မြန်မာနိုင်ငံမှာလည်း အစ္စလာမ် ဘာသာဝင်တွေဟာ ဘာလူမျိုးပဲ ခံယူထားပါစေ … ကြိုက်တဲ့ နာမည် ပေးပိုင်ခွင့် ရှိပါတယ် …။ ရှမ်း မွတ်စလင်လေးက စိုင်းဆမ်ထွန်း မဟုတ်ဘဲ … အိုစမာ ဘင်လာဒင် လို့ အမည်ပေးလို့ ရပါတယ် … ပြောင်းပိုင်ခွင့်လည်း ရှိရပါမယ် … ကချင် မွတ်စလင်လေးကလည်း နော်ဆိုင်း မဟုတ်ဘဲ … ဆက်ဒမ်ဟူစိန် လို့ ခံယူခွင့် ရှိပါတယ် …။ အမည် ဆိုတာ သတ်မှတ်ချက်တခု အပြင် လူတိုင်း မိမိ အမည်ကို လွတ်လပ်စွာ မှည့်ခေါ်ပိုင်ခွင့် ရှိကြောင်း ထောက်ပြလိုရင်း သက်သက်သာ ဖြစ်ပါတယ် ….။
.
မြို့နယ် လ၀က ကတော့ အစ္စလာမ် ဘာသာဝင် ဆိုတာနဲ့ မြို့နယ်ကနေ နိုင်ကဒ် ထုတ်ပေးခွင့် မရှိကြောင်း တရားဝင် ငြင်းပယ်လိုက်ပါပြီ …။ တိုင်းအဆင့်ကို တင်ပြပြီး ထုတ်ပေးခွင့် ပြုမှသာ ထုတ်ပေးနိုင်မယ် လို့ ပြောပါတယ် … ဒီနေရာမှာလည်း ဗမာ/အစ္စလာမ် နဲ့ တင်ရင် ထုတ်ပေးခွင့် မကျဘူး … သွေးနှောအဖြစ် တင်မှသာ ထုတ်ပေးခွင့် ကျလာလိမ့်မယ် ဆိုတာကို အမှုတွဲဟောင်းတွေ ပြသရင်း ထပ်မံ အတည်ပြု ပြောကြားခဲ့တာကို တွေ့မြင်သိရှိခဲ့ရပါတယ် …။
.
ဒီတော့ မေးချင်တာက ရှေးမြန်မာဘုရင် လက်ထက်ကတည်းက သစ္စာရှိ မင်းမှုထမ်းတွေ ကိုယ်ရံတော်တွေ အစရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေ … တခါ ဗိုလ်ချုပ်နဲ့ ဦးရာဇတ်ရဲ့ သဘောတူညီမှုအရ ဗမာလူမျိုး အဖြစ် ခံယူခဲ့ကြတဲ့ အစ္စလာမ် ဘာသာဝင်တွေကို အခု ဒီမိုကရေစီခေတ်ကျမှ မတရားသဖြင့် သွေးနှောကို နှောရမယ် ဆိုပြီး ဘယ်ကမှန်း မသိတဲ့ နိုင်ငံ အမည်တွေနဲ့ သွေးနှောနေခြင်းဟာ သင့်လျှော်ပါရဲ့လား … ပြန်လည် စဉ်းစား သုံးသပ်ကြစေလိုပါတယ် …။ ရုပ်ရည်အရ ၊ နာမည်အရ သွေးနှောရမယ် ဆိုတဲ့ လ၀က ဥပဒေကကော တရားသဖြင့် ဟုတ်ပါရဲ့လား ၊ သုံးသပ်ကြစေလိုပါတယ်။
.
အာဏာရှင် လက်အောက်မှာ တောင်မှ ဗမာ/အစ္စလာမ် အဖြစ် နိုင်ကဒ် ထုတ်ယူခွင့် ရခဲ့သူတွေဟာ ဒီကနေ့ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ထုတ်ယူခွင့် မရ … လူမျိုးကို အတင်းအကျပ် သတ်မှတ်ခံရမယ် ဆိုတော့ အရင်ကထက် ပိုပြီး ရင်နာရပါတယ် …။ ဒါဟာ ဒီမိုကရေစီ နည်းကျပါရဲ့လား ။။ လူ့အခွင့်အရေး နဲ့ ညီညွတ်ကြပါရဲ့လား … မေးခွန်း ထုတ်လိုက်ချင်ပါတယ်…။
.
မတရား သွေးနှော အဖြစ် တိုင်းရင်းသား အဖြစ်မှ လျှောချပြီး အဆင့်နိမ့် နိုင်ငံသား အဖြစ် သတ်မှတ်နေပုံတွေကို ဖော်ပြခဲ့ပြီးပါပြီ … ဆက်ပြီး သွေးနှောတာကနေ ဆက်ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို အနည်းငယ် သုံးသပ်ကြည့်ချင်ပါသေးတယ် …။
.
အခု သွေးနှော အဖြစ် မှတ်ပုံတင်လိုက်တယ် ဆိုပါစို့ … နောက်တချိန် သွေးနှော ချင်း သွေးနှောကနေ ဧည့်နိုင်ငံသား အဆင့်အထိ ပုံဖော်သွားလို့ ရနိုင်ပါတယ်။ ရခိုင်ပြည်နယ်က ကိစ္စတချို့ကို နမူနာ ယူပါ …။
.
ရခိုင်မွတ်စလင် တချို့ ကမန် မွတ်စလင် တချို့ဟာ သူတို့ရဲ့ ပန်းရောင် နိုင်ကဒ်တွေရယ် အိမ်ထောင်စု ဇယားတွေရယ်ကို အတင်း အဓမ္မ ပြန်သိမ်းခြင်း ခံခဲ့ရပါတယ် … ပြီးတော့ ၀ှိုက်ကဒ်ဆိုတာတွေ ထုတ်ပေးပြီး ဒီကနေ့ ခိုးဝင် အဖြစ် စွတ်စွဲခံနေရတာတွေ ရှိပါတယ် …။ ဒီလောက်ဆိုရင် သွေးနှောကနေ ဆက်ဖြစ်လာမယ့် ပြဿနာကို အနည်းငယ် မှန်းဆလို့ ရနိုင်လောက်ပါပြီ …။
.
ဘွဲ့လက်မှတ် ထုတ်မရလို့ အလုပ်အကိုင် အခွင့်အလမ်း လုပ်စားမရတာတွေ ရှိလာပါပြီ … နောက်တချိန်မှာ နိုင်ငံရေး ပါဝင်ခွင့် ပညာရေး နဲ့ လူမှုရေးတွေမှာ ပါဝင်ခွင့်တွေကို သွေးနှောအဖြစ် ထပ်မံ ကန့်သတ်ခံရဖို့ အလားအလာတွေ ရှိနေပါတယ် …။
.
ဒီတော့ ဒီလို မတရားဖိနှိပ် ဘာသာရေးအရ လူမျိုးခွဲခြား နိမ့်ချနေတာကို လက်ခံနေလို့ မရတော့ပါဘူး …။
.
ကျနော်တို့ တပြည်လုံးသိအောင် လုပ်မှ ဖြစ်ပါတော့မယ် …။ အထောက်အထားများနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၊ သမ္မတရုံး၊ လွှတ်တော်၊ ပြည်ထောင်စု လ၀က ၀န်ကြီး … အစရှိသဖြင့် စာတင်ပါ့မယ် … မီဒီယာကတဆင့် သတင်းစာ ရှင်းလင်းပွဲ လုပ်ပါမယ် … လိုအပ်ရင် ဆန္ဒဖော်ထုတ် တောင်းဆို သွားပါမယ် လို့ တင်ပြလိုက်ရပါတယ် …။
.
Category: သုတ၊ရသနှင့်အထွေထွေ
ဆောင်းပါများ၊ ကဗျာများ။ ဝထ္ထုများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာများ စသဖြင့်
-
သွေးနှော !
-
အန္တရာယ်စက်ကွင်းထဲမှ အမေ့ခံ အလုပ်သမား
ရွှေ့ ပြောင်းအလုပ်သမားများထဲတွင် အိမ်အကူတို့သည် အလုပ်ချိန် အများဆုံး၊ အနိုင်ကျင့် အမြတ်ထုတ် အခံရဆုံးဖြစ်နေသည်။
၂ဝ၁၅ နှစ်ကုန်ပိုင်းက ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ နေအိမ်တစ်ခုတွင် ၈ နှစ်အရွယ် မိန်းကလေး နှိပ်စက်ခံရပုံကို ရိုက်ကူးထားသည့် ဓာတ်ပုံသည် အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည် (ဓာတ်ပုံ – Facebook) အိချယ်ရီအောင်
ရန်ကုန် (Myanmar Now) – ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသမှ မခင်ထားကြူသည် သူ၏ ညီမ၊ သူငယ်ချင်း နှစ်ဦးတို့နှင့်အတူ ရန်ကုန်မြို့သို့ ရောက်လာပြီး လွယ်လင့်တကူ ရရှိသည့် အိမ်အကူအလုပ် လုပ်ကိုင်နေကြသည်မှာ ၄ နှစ်ရှိပြီဖြစ်သည်။
အလုပ်လုပ်သည့်အိမ်တွင် နေထိုင်သည့် မခင်ထားကြူသည် ညဥ့်နက်မှ အိပ်ရာဝင်၊ အိမ်ရှင်များထက် ဦးစွာ အိပ်ရာထကာ အလုပ်တစ်ခုပြီးတစ်ခု ဇယ်ဆက်သလို လုပ်ကိုင်ရသည်မှာ တစ်ပတ်လျှင် ခုနစ်ရက် ဖြစ်သည်။
“တစ်ရက်တလေတော့လည်း နားချင်တယ်” ဟု ၂၃ နှစ်အရွယ် မခင်ထားကြူက သက်ပြင်းရှည်တစ်ခု ချရင်း ပြောပြသည်။သူ့သူငယ်ချင်း အသက် ၂ဝ အရွယ် မမြင့်မြင့်မော်သည် အခြားအလုပ်ရှင်တစ်ဦးထံတွင် ပန်းကန်ဆေး၊ အဝတ်လျှော်၊ ကြမ်းတိုက် စသည့် ရေနှင့် ထိတွေ့ရသည့် အလုပ်များကို ခြေလက်များ ရေဝဲစားသည်အထိ အဆက်မပြတ်လုပ်ခဲ့ရသည်။ ရေဝဲပျောက်အောင် နှစ်လနီးပါးကုသမှုခံယူရပြီး နောက်တစ်အိမ်သို့ ပြောင်းရွှေ့ လုပ်ကိုင်ခဲ့သည်ဟု သိရသည်။
မခင်ထားကြူတို့၏ လုပ်ငန်းခွင်အခြေအနေမျိုးကို မြန်မာပြည်အနှံ့ အိမ်အကူလုပ်သားများ နေ့စဉ် တွေ့ကြုံနေကြရသည်။ အိမ်ဖော် ဟု လူသိများသည့် အိမ်အကူတို့သည် အလုပ်ရှင်နှင့်အတူ နေထိုင် လုပ်ကိုင်ရသောကြောင့် ၎င်းတို့၏ အလုပ်ချိန်မှာ တစ်ရက်လျှင် ၈ နာရီထက် ပိုနေတတ်သည်။
ပြင်ပလောက နှင့် အဆက်အသွယ်ဖြတ်ထားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဓမ္မစေခိုင်းခြင်း တို့နှင့် ရင်ဆိုင်နေကြရသော အိမ်အကူအလုပ်သမားများမှာ နိုင်ငံတွင်း ရွှေ့ ပြောင်းအလုပ်သမားများထဲတွင် အနိုင်ကျင့် အမြတ်ထုတ် အခံရဆုံးဖြစ်နေသည်။
အသက်မပြည့်သေးသော အိမ်အကူကလေးမွေးစားမည်ဟုပြောဆို ခေါ်ဆောင်သွားပြီးနောက် အိမ်အကူသဘောမျိုး ခိုင်းစေ ဆက်ဆံပြီး ညှင်းပန်းနှိပ်စက်သည့် ဖြစ်ရပ်များ ရှိနေကြောင်း လူ့အခွင့်အရေးပညာပေးအဖွဲ့အစည်း ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
“တစ်ခါတစ်ခါ အိမ်အကူအလုပ်သမားလို့တောင် ပြောလို့မရပါဘူး။ ထမင်းစားကျွန်ခံသဘောမျိုး ဖြစ်နေတယ်” ဟု သူက မှတ်ချက်ချသည်။အလုပ်ရှင်တချို့၏ လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါးပြုခြင်း၊ အနိုင်ကျင့်ခြင်းနှင့် ရင်ဆိုင်ရသည့် အိမ်အကူများလည်း ရှိနေပြီး အနည်းငယ်သော ဖြစ်ရပ်တချို့သာ မီဒီယာတွင် ဖော်ပြခံရသည်ဟု သူက ထောက်ပြသည်။
၂ဝ၁၅ ခုနှစ် သြဂုတ်လက ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက် အိမ်တစ်အိမ်ရှိ ၁၄ နှစ်အရွယ် အိမ်အကူကို အိမ်ရှင်၏ မောင်ဖြစ်သူ ဦးထွန်းဇော်မြင့်က အဓမ္မပြုကျင့်ခဲ့သည်ဟူသော စွပ်စွဲ တိုင်ကြားချက်ကို မြို့နယ်တရားရုံးက အရေးယူ စစ်ဆေးနေကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ် (၁၉/၄၇)ရပ်ကွက်၊ ချယ်ရီလမ်းမှ ထင်ရှားသည့် ရဲဘက်ပြေး ဦးကျော်ဝင်းစိန်သည် မကြာသေးမီက ၁၄ နှစ်အရွယ် အိမ်အကူ အမျိုးသမီးနှစ်ဦးကို အကြိမ်ကြိမ် သားမယား ပြုကျင့်သူအဖြစ် စွပ်စွဲခံထားရပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေရသည်။
ဒဂုံမြို့နယ်၊ ပြည်ထောင်စုရိပ်သာလမ်းနေအိမ်တစ်အိမ်တွင် အိမ်ရှင်၏ သားနှစ်ဦး အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် အိမ်အကူမိန်းကလေးမှာ ၁၂ နှစ်အရွယ်သာ ရှိသေးသည်။
အဓမ္မကျင့်ခံရပြီးနောက်ပိုင်း အိမ်အကူနှင့်အလုပ်ရှင်ကြား ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဖြေရှင်းမှုလည်း အများ အပြားရှိနိုင်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။
စာနယ်ဇင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည့် ရန်ကုန်၊ ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမှုနှစ်ခု ရှိသည်။ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်ရှိ ကိုကြည်လှမြင့်၊ မော်ဒယ်လ် သီရိကိုကိုနိုင်တို့က ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေး၏လက်ကို ဆီပူအိုးထဲနှစ်ခြင်း၊ ရိုက်နှက်ခြင်း၊ အစာမကျွေးဘဲ အခန်းတွင်း ပိတ်လှောင်ထားခြင်း တို့ကို ကျူးလွန်ခဲ့သည်ဆိုသည့်အမှု မြို့နယ်တရားရုံးသို့ ရောက်လာသည်။ တိမ်းရှောင်နေသော မော်ဒယ်လ်အမျိုးသမီးကို ဖမ်းဝရမ်း ထုတ်ခဲ့ပြီး သူ၏ခင်ပွန်းသည်ကို ၂ဝ၁၄ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။
တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ အိမ်တစ်လုံးတွင် လုပ်ကိုင်နေသူ ၈ နှစ်အရွယ် မစုဝေထွန်း ကြိုးတုပ်ခံရပြီး နေပူထဲ ဒူးထောက်ထိုင်ရသည့်နည်းဖြင့် နှိပ်စက်ခံရပုံသည် Facebook တွင် ပျံ့နှံ့ခဲ့ရာမှာ ထင်ရှားသည့်အမှု ဖြစ်လာသည်။ အမှုဖြစ်ပွားစဉ် ခရီးလွန်နေသည့် အိမ်ရှင်အမျိုးသားသည် တပ်မတော်အရာရှိတစ်ဦး ဖြစ်နေသည် ဆိုသော အချက်ကြောင့်လည်း ထိုအမှုကို အများက အာရုံစိုက်ခဲ့ကြသည်။ မြို့နယ်တရားရုံးက အိမ်ရှင်အမျိုးသမီးနှင့် အခြားအိမ်အကူများကို စစ်ဆေးလျက်ရှိသည်။
ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၁ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လုပ်ကိုင်နေသော ၁၄ နှစ်အရွယ် မသန်းသန်းအိ၏ ဦးခေါင်း၊ ကျော၊ လက်၊ ရင်ဘတ်တို့ကို တုတ်၊ စတီးယောက်မဖြင့် ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အိမ်ရှင်အမျိုးသမီး၊ သမီးနှင့် သားမက်ဖြစ်သူတို့၏ အမှုကို မြို့နယ်တရားရုံးတွင် စစ်ဆေးနေသည်။
မသန်းသန်းအိသည် အိမ်အကူအဖြစ် ဆက်လက်လုပ်ကိုင်လိုခြင်း မရှိတော့သဖြင့် အရောင်းဈေးသည်အဖြစ် လုပ်ကိုင်နေကြောင်း သူ၏ ဦးလေးဖြစ်သူ ဦးမျိုးဦးက ပြောသည်။
အိမ်အကူဥပဒေပြဋ္ဌာန်းရေး
—————————
အိမ်အကူကို အိပ်စက် အနားယူချိန် အနည်းငယ်သာ ပေးခြင်း၊ ကြမ်းပြင်ပေါ်တွင် အိပ်ခိုင်းခြင်း၊ အဆက်မပြတ် စေခိုင်းခြင်း စသည့် အလုပ်ရှင်တချို့၏ အပြုအမူများမှာ တရားရုံးတွင် သက်သေပြရန် ခက်ခဲလှသည်။ညှင်းပန်းနှိပ်စက်ခံရပါကလည်း ရဲစခန်းသို့သွားရောက်တိုင်ကြားသူ နည်းပါးကြောင်း၊ ဒဏ်ရာ၊ မျက်မြင် သက်သေတို့ မရှိလျှင် တရားရုံးတွင်လည်း အခက် တွေ့နိုင်ကြောင်း ရန်ကုန်မှ ရှေ့နေတစ်ဦးဖြစ်သည့် ဦးမောင်မောင်စိုးက ပြောသည်။
“အိမ်အကူက ပစ္စည်းခိုးပြီးထွက်ပြေးရင် ခိုးမှုနဲ့ တရားစွဲလို့ရတယ်။ အိမ်အကူက အိမ်ရှင်နဲ့ ပြဿနာဖြစ်ရင် အိမ်အကူကို ကာကွယ်ပေးဥပဒေမရှိတဲ့ အခါကျတော့ သူတို့အနေနဲ့ နစ်နာတာပေါ့ဟု” ဦးမောင်မောင်စိုးက ပြောသည်။
ရဲတပ်ဖွဲ့ မှတ်တမ်းများတွင်မူ အိမ်အကူ နှိပ်စက်ခံရမှုနှင့် ပတ်သက်ပြီး ၅ နှစ်အတွင်း လာရောက်တိုင်ကြားသည့် အမှုအရေ အတွက်မှာ ၈ မှုသာ ရှိကြောင်း တွေ့ရသည်။
ညီမျှခြင်းမြန်မာမှ ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံတွင် အိမ်အကူလုပ်သားဆိုင်ရာဥပဒေ မရှိသေးသော်လည်း ပြဋ္ဌာန်းထားသော ဥပဒေများထဲမှာ ရပိုင်ခွင့်များအကြောင်း အများသိရှိစေရေးအတွက် ပညာပေးအစီအစဉ် အများအပြား လိုအပ်သည်ဟု ဆိုသည်။
“အိမ်အကူများအနေနဲ့ ဘာဖြစ်ရင် ဘယ်ကိုတိုင်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားဖို့လိုတယ်” ဟု သူက ပြောသည်။
အမျိုးသမီးများကို နိုင်ငံရေးတွင် ပိုမိုပါဝင်လာစေရန် သင်တန်းပေးနေသည့် အဖွဲ့ဖြစ်သည့် မေ့စွမ်းရည်မှ အစီအစဉ်မန်နေဂျာ နော်အေးအေးလှိုင်က အိမ်အကူအများစုသည် ၎င်းတို့ကိုယ်တိုင် အခွင့်အရေး တောင်းဆိုရကောင်းမှန်း မသိကြကြောင်း ပြောသည်။
အိမ်အကူများကို သီးသန့် အကူအညီပေးနေသည့် အဖွဲ့အစည်း မရှိသေးကြောင်း၊ အိမ်အကူများအရေး အလေးထားရန် အားနည်းနေကြကြောင်း၊ အလုပ်ရှင်များကလည်း အိမ်အကူ အလုပ်သမားကို လူသားဆန်ဆန် ဆက်ဆံသင့်ကြောင်း နော်အေးအေးလှိုင်က ရှင်းပြသည်။“စိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ အိမ်ရှင်တွေမှာ တာဝန်ရှိပါတယ်” ဟု နော်အေးအေးလှိုင်က ပြောသည်။
အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးညွှန့်ဝင်းက အိမ်အကူနှင့် ပတ်သက်သည့် ဥပဒေ ရေးဆွဲရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးနေကြောင်း၊ အိမ်အကူသည်လည်း လူသားဖြစ်သည့်အတွက် လူ့ဂုဏ်သိက္ခာကို
မထိခိုက်စေသည့် အခြေခံအကြောင်းအရာများ ထည့်သွင်း ရေးဆွဲရမည် ဖြစ်ကြောင်း ပြောသည်။“ငြင်းခုန်ရတာတွေကတော့ အများကြီးပဲ။ ခွင့်ရက်၊ အလုပ်ချိန်တွေက သတ်မှတ်ရ ခက်ခဲပါတယ်။ တစ်နေ့ ၈ နာရီပဲ အလုပ်ချိန်ပေးမယ် ဆိုရင်လည်း အလုပ်ရှင်ပြန်လာတဲ့အချိန် ထမင်းမချက် အဝတ်မလျှော်ဘူး ဆိုတာမျိုးကျတော့လည်း အဆင်မပြေဘူးပေါ့” ဟု ဦးညွန့်ဝင်းက ဆိုသည်။
အိမ်အကူများ နစ်နာမှုရှိပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ တိုင်ကြားရမည် ဖြစ်ပြီး၊ ညှဉ်းပန်းနှိပ်စက်ခံရပါက ရဲစခန်းကို တိုင်ကြားရမည် ဟု သူက ဆက်ပြောသည်။
အိမ်အကူ ဆိုင်ရာ ဥပဒေ ရေးဆွဲရာတွင် အခြေခံလုပ်ခလစာ၊ အလုပ်ချိန်၊ ခွင့်ရက်၊ အနိမ့်ဆုံး အသက် ကန့်သတ်ချက်၊ လုပ်ငန်းအမျိုးအစား၊ ခံစားခွင့်တို့ကို ရှင်းရှင်းလင်းလင်း ထည့်သွင်းရန် လိုအပ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောကြသည်။
ပွဲစား
——-
အိမ်အကူများက အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သကဲ့သို့ အိမ်ရှင်အများစုကလည်း အိမ်အကူ ပစ္စည်းခိုးပြီး ထွက်ပြေးမည်ကို စိုးရိမ်ကြသည်။ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ဒေါ်ခင်ဆွေဝင်းက ၎င်းတို့မိသားစု လိုအပ်သည့် အိမ်အကူ ရရှိရန် ပွဲစားများနှင့် ချိတ်ဆက်ခြင်း မပြုကြောင်း၊ အုပ်ထိန်းသူ တစ်ဦးဦးက လာရောက် ပို့ဆောင်မှသာ အလုပ်ခန့်ထားကြောင်း ပြောသည်။
“ပွဲစားအများစုက ပြဿနာတစ်ခုခုဖြစ်ရင် ခေါင်းရှောင်ကြတာများတယ်။ မိဘနဲ့ ဆက်သွယ်ထားတဲ့ အခါကျတော့ တစ်ခုခုဖြစ်ရင် တိုက်ရိုက်ဆက်သွယ်လို့ရတယ်” ဟု ဒေါ်ခင်ဆွေဝင်းက ပြောသည်။ရန်ကုန်တွင် လုပ်ကိုင်နေသော အိမ်အကူ အများအပြားမှာ တရားဝင် မှတ်ပုံတင်မထားသည့် ပွဲစား၊ အကျိုးဆောင်များမှတစ်ဆင့် အလုပ်ရသွားကြခြင်းဖြစ်သည်။ Myanmar Now ၏ ဆက်သွယ်မေးမြန်းချက်ကို ပွဲစား၊ အကျိုးဆောင် အများစုက လက်ခံ ဖြေကြားခြင်း မရှိကြပေ။
အိမ်အကူက ပစ္စည်းခိုးခြင်း၊ အိမ်ရှင်က အနိုင်ကျင့်ခြင်း စသည့် ပြဿနာမျိုး ပေါ်ပေါက်မလာစေရန် လူရွေးချယ်ပြီး လုပ်ကိုင်ရကြောင်း၊ အကျိုးဆောင်ပေးခဲ့သည့် ဦးရေမှာ ဆယ်ဂဏန်းများစွာရှိကြောင်း အိမ်အကူပွဲစားလုပ်သက် ၄ နှစ် ပြည့်တော့မည့် ဒေါ်မိုးမိုးက ဆိုသည်။
“တစ်ခုခုဆို ကိုယ်ခေါင်းပေါ်ရောက်လာမှာလေ။ နှစ်ဘက်လုံးက ကိုယ်နဲ့သိတဲ့ အကြောင်းသိတွေဆိုတော့ ပြဿနာမရှိဘူးပေါ့” ဟု ဒေါ်မိုးမိုးက ပြောသည်။
ရန်ကုန် ကရင်နှစ်ခြင်းခရစ်ယာန် အမျိုးသမီးအသင်း လက်အောက်ရှိ အိမ်တွင်းဝန်ဆောင်မှု အမျိုးသမီးများအား ကူညီစောင့်ရှောက်ရေးဌာန ဒါရိုက်တာ ဒေါ်နော်ဖေါဝါးက အသင်းဝင်များ အိမ်အကူလုပ်ငန်း လုပ်ဆောင်လိုပါက အလုပ်ရှင်များနှင့် ချိတ်ဆက်ပေးပြီး လုပ်ငန်းခွင်များသို့ အခါအားလျော်စွာ သွားရောက်စစ်ဆေးသည်ဟု ပြောသည်။
“လူသားတစ်ဦးလို ထားရှိ ဆက်ဆံတာမျိုး မရှိဘူးဆိုရင်တော့ (အလုပ်ရှင်ကို) ပထမအကြိမ် သတိပေးတယ်၊ ဒါကိုမှ မလိုက်နာရင် အိမ်အကူကို အဲဒီလို အိမ်မျိုးမှာ ဆက်မထားတော့ပါဘူး” ဟု သူက ရှင်းပြာသည်။
၎င်းတို့အဖွဲ့က အမျိုးသမီး ၁ဝဝ နီးပါးကို ချိတ်ဆက် အကူအညီ ပေးနေကြောင်း၊ အိမ်ရှင်တချို့ ကျူးလွန်သည့် မတရားမှုများထဲတွင် အိမ်အကူကို လတ်ဆတ်မှုမရှိသည့် အစားအစာကျွေးခြင်း၊ အိမ်သာရှေ့၊ ဝရန်တာ၊ ကွန်ကရစ်ကြမ်းခင်း စသည့် နေရာများတွင် အိပ်စက်စေခြင်း၊ နားရက် မပေးခြင်း၊ လုံလောက်စွာ အနားယူ အိပ်စက်ခွင့် မပေးခြင်းတို့ ပါဝင်နေသည်ကို တွေ့ရကြောင်း သူက ရှင်းပြသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ မခင်ထားကြူ ရန်ကုန်တွင် အိမ်အကူ ဖြစ်လာရခြင်းမှာ အလုပ်ချိန် သတ်မှတ်ချက်ရှိသည့် အထည်ချုပ်စက်ရုံအလုပ်ကို ရုတ်တရက် ရှာဖွေရ ခက်ခဲခြင်းကြောင့် ဖြစ်သည်။ ရန်ကုန်တွင် ၄ နှစ်ကြာပြီ ဖြစ်သော်လည်း တခြားအလုပ်ရှာဖွေရန် အခြေအနေ မပေးသည့် မခင်ထားကြူက မွေးရပ်မြေတွင် ပေါင်နှံထားသည့် မိသားစုပိုင်လယ်မြေ ပြန်ရွေးနိုင်ရေးအတွက် ငွေစုလိုသောကြောင့် အနိုင်ကျင့်မှုနှင့် အချိန်မရွေး ရင်ဆိုင်ရနိုင်သော အိမ်အကူအဖြစ် ဆက်လက်လုပ်ကိုင်လျက်ရှိသည်။
ကျေးလက် လယ်ယာလုပ်ငန်းခွင် ပြန်ဝင်လိုသည့် မခင်ထားကြူက အိမ်အကူအဖြစ် လုပ်ကိုင်နေရသည်မှာ “ဘဝ လုံခြုံမှုမရှိ” ဟု ခံစားရသည်ဟု ပြောသည်။ ။Myanmar Now သတင်းဌာနမှ ကူုးယူဖော်ပြခြင်းဖြစ်ပါသည်။
-
မငြင်းပါနဲ့၊ အလုပ်နဲ့ သက်သေပြပါ။
ဇွန် ၂၂ ၊ ၂၀၁၆
M-Media
လူမင်းဟန်ရေးသည်။
ဘီစီ ၁၃၁ မှာ ရောမဗိုလ်ချုပ် ပျူးဗလီးရက်စ် (Publius) ဟာ ပါဂမတ် (Pergemus) မြို့တိုက်ပွဲမှာ မြို့တံခါးများကို ဖျက်ဖို့ တိုင်လုံးတွေလိုအပ်လာပါတယ်။ တိုက်ပွဲမစခင်ရက်အနည်းငယ်က အေသင် သဘောင်္ဆိပ်မှာ သဘောင်္ရွက်တိုင်ကြီးတွေ ကို တွေ့ထားပြီးသားဆိုတော့ အဲ့ဒီ ရွက်တိုင်တွေထဲက အကြီးဆုံးရွက်တိုင်ကို ပို့ပေးဖို့ အမိန့်ပေးလိုက်ပါတယ်။ဒီအမိန့်ကို လက်ခံရရှိတဲ့ အေသင် ကစစ်တပ်အင်ဂျင်နီယာ က ဗိုလ်ချုပ်ရဲ့အမိန့်ဟာလွဲနေတယ်ဆိုတာ ကောင်းကောင်းသိလိုက်ပါတယ်။ တကယ်တမ်း တိုက်ပွဲမှာလိုတာက အကြီးဆုံးရွက်တိုင်မဟုတ်ပါဘူး။ ပိုပြီးသေးတဲ့ အနေတော် တိုင်လုံးပဲလိုတာပါ။ အင်ဂျင်နီယာဟာ အဲဒီအမိန့်ကိုယူဆောင်လာတဲ့ စစ်သားတွေနဲ့ အပြင်းအထန်ငြင်းခုန်ပါတော့တယ်။ ပိုပြီးသေးတဲ့ တိုင်လုံးတွေဟာ တိုက်ပွဲအတွက် ပိုပြီးသင့်လျော်ကြောင်း၊ သယ်ရပိုးရတာလည်း လွယ်ကူမည်ဖြစ်ကြောင်း ၊ ပိုပြီး သေးတဲ့တိုင်လုံးတွေဟာ မြို့တံခါးကို ဖျက်တဲ့အခါမှာ ပိုပြီး သက်ရောက်မှု့ရှိကြောင်း အခိုင်အမာရှင်းပြပါတယ်။ စစ်သားတွေကတော့ သူတို့ရဲ့ဗိုလ်ချုပ်ဟာ ငြင်းလို့ခုန်လို့ရတဲ့ သူမျိုးမဟုတ်ကြောင်းပြန်ပြောပါတယ်။ ဒါပေမယ့် အင်ဂျင်နီယာက ပြောမရပါဘူး။ ပိုပြီးသေးတဲ့တိုင်လုံးကသာ အသင့်လျော်ဆုံးဖြစ်ကြောင်းကို ပုံတွေဆွဲပြီး အကြောက်အကန် ငြင်းခုန်ပါတော့တယ်။ နောက်ပြီး ဒီလိုနေရာမျိုးမှာ သူက ပိုပြီးကျွမ်းကျင်ကြောင်း၊ ဒါကြောင့်မို့ သူ့အကြံဥာဏ်ကိုသာ လက်ခံသင့်ကြောင်းပြောပြန်ပါတယ်။ စစ်သားတွေက သူတို့ဗိုလ်ချုပ် အကြောင်းသူတို့ အသိဆုံးဖြစ်ကြောင်း ပြန်ရှင်းပြပြီး နောက်ဆုံးမှာ အင်ဂျင်နီယာကို အကြီးဆုံးတိုင်လုံး ကိုသာ ပို့ဖို့အကြောင်း၊ ကိုယ့်ရဲ့ ပညာမာန ကို ခဏ သိမ်းထားဖို့အကြောင်း အသေအချာပြောပြီးပြန်ခဲ့ကြပါတယ်။သူတို့ပြန်သွားပြီးနောက်မှ အင်ဂျင်နီယာဟာ သေချာပြန်စဉ်းစားပါတယ်။ အလုပ်မဖြစ်မယ့်အမိန့်ကြီးကိုနာခံနေလို့ဘာလုပ်မှာတုန်း။ ဒါကြောင့် နောက်ဆုံးမှာ ပိုပြီးသင့်လျော်မယ်လို့သူယုံကြည်တဲ့ သေးတဲ့တိုင်လုံးတွေကိုသာပို့လိုက်ပါတော့တယ်။ သူပို့လိုက်တဲ့တိုင်လုံးတွေဟာ စစ်ပွဲမှာ ပိုပြီးအသုံးဝင်လိမ့်မယ်၊ ဗိုလ်ချုပ်ဟာလည်း သူ့ရဲ့လုပ်ဆောင်မှု့ကို သဘောကျလိမ့်မယ်၊ သူ့ကိုလည်း ဆုလဘ်တွေပေးလိမ့်မယ်လို့ ယုံကြည်နေတာပေါ့။ တိုင်လုံးတွေ စစ်မြေပြင်ကိုရောက်သွားတဲ့အခါမှာ ဗိုလ်ချုပ်ဟာ ဘယ်နှယ့်ကြောင့် သူမှာတဲ့ တိုင်လုံးအကြီးတွေရောက်မလာပဲ တိုင်လုံးအသေးတွေသာရောက်လာကြောင်း သူ့စစ်သားတွေကို အကြောင်းစုံမေးမြန်းပါတော့တယ်။ စစ်သားတွေကလည်း အင်ဂျင်နီယာက တိုင်လုံးအသေးတွေကသာ ပိုပြီး သင့်လျော်ကြောင်းငြင်းခုန်ပုံ နောက်ဆုံးမှာ တိုင်လုံးအကြီးတွေကိုသာပို့ဖို့ အသေအချာမှာခဲ့ ပုံတွေကို ရှင်းပြကြပါတယ်။ စစ်သူကြီးဟာ အလွန်အမင်းဒေါသထွက်ပြီးတော့ တိုက်ပွဲကို မစဉ်းစားနိုင်တော့ပါဘူး။ မြို့တံခါးကို ဖျက်ဖို့ကိစ္စလည်း မစဉ်းစားနိုင်တော့ပဲ အင်ဂျင်နီယာ ကို ချက်ချင်းဆင့်ခေါ်လိုက်ပါတယ်။
အင်ဂျင်နီယာကလည်း ဗိုလ်ချုပ်ရှေ့ရောက်တဲ့အခါကျ အကြောင်းစုံကို တစ်ခါထပ်ပြီး ရှင်းပြပြန်ပါတယ်။ ဒီလိုကိစ္စမျိုးမှာ ကျွမ်းကျင်သူတွေရဲ့အကြံဥာဏ်ကိုသာ လက်ခံဖို့အကြောင်း၊ သူပို့လိုက်တဲ့တိုင်လုံးတွေကိုသာ အသုံးပြုခဲ့ပါက စစ်သူကြီးအနေနှင့် နောင်တရဖို့ မရှိ ကြောင်းရှင်းပြပါတယ်။ စစ်သူကြီးဟာ သူ့စကားကို အစအဆုံးနားထောင်ပါတယ်။ ပြီးတာနဲ့ အင်ဂျင်နီယာကို ကိုယ်တုံးလုံးချွတ်ပြီး မသေမချင်း တုတ်နဲ့ရိုက်သက်လိုက်ပါတော့တယ်။
************************************************အီတလီနိုင်ငံ၊ ဖလော်ရင့်စ် မြို့က ဘုရားကျောင်းမှာ အလွန်ကြီးမားသော စကျင်ကျောက်တုံးကြီးတစ်တုံးရှိပါတယ်။ ဒီကျောက်တုံးကြီးဟာ တချိန်တုန်းက ပန်းပုထုဖို့ အလွန်ကောင်းတဲ့ ကျောက်တုံးကြီးပါ။ ဒါပေမယ့် မကျွမ်းကျင်တဲ့ ပန်းပု ဆရာတစ်ယောက်က ထုမဲ့ ပန်းပုရုပ်ရဲ့ခြေထောက်နေရာလောက်မှာ အပေါက်ကြီး တစ်ပေါက်မှားပြီး ဖောက်လိုက်မိပါတယ်။ ဒီအပေါက်ကြီးကြောင့် ပန်းပုထုလို့ အလွန်ကောင်းမဲ့ကျောက်တုံးကြီးဟာ ဘာမှလုပ်လို့မရတော့ပဲ ပျက်စီးသွားပါရော ။ ဖလော်ရင့်စ်မြို့တော်ဝန်ဟာ ဒီကျောက်တုံးကြီးကို အသုံးဝင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ အကြိမ်ကြိမ်စဉ်းစားပါတယ်။ ပန်းပုအကျော်ဒါ ဗင်ချီကိုတောင်ခေါ်ပြီး အကြံဥာဏ်တောင်းပါသေးတယ်။ ဒါပေမယ့် အားလုံးက ဘာမှလုပ်လို့မရ တော့တဲ့အကြောင်းတညီတညွတ်တည်း ပြောကြပါတယ်။
နောက်ဆုံးမှာ ဖလော်ရင့်စ်မြို့က လူတွေဟာ ရောမမှာနေတဲ့ မိုက်ကယ်အိန်ဂျလို (Michelangelo) ကိုကျောက်တုံးကြီးအား လာကြည့်ဖို့အကြောင်း လှမ်းပြီး စာရေးလိုက်ပါတယ်။ မိုက်ကယ်အိန်ဂျလိုဟာ ကျောက်တုံးကြီးကို အသေအချာလေ့လာပြီး နောက်ဆုံးမှာ ပန်းပုရုပ်တစ်ခုထုနိုင်ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ မြို့တော်ဝန် က တော့ အယုံအကြည်မရှိပါဘူး။ သက်သက် အချိန်ဖြုန်းတာလို့ပဲထင်ပါတယ်။ ဒါပေမယ့် ပန်းပုထု ဖို့ကိုတော့ သဘောတူလိုက်ပါတယ်။ မိုက်ကယ်အိန်ဂျလိုဟာ ကျောက်တုံးကြီးကို လောက်လွဲကိုင်ထားတဲ့ ဒေးဗစ် ပုံထုဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပန်းပုရုပ်ကြီးပြီးခါနီးမှာ မြို့တော်ဝန်ဟာ တစ်ခေါက်လာကြည့်ပါတယ်။ ပြီးတော့ ပန်းပုရုပ်ကြီးဟာ အလွန်လက်ရာမြောက်ကြောင်း ဒါပေမယ့် နှာခေါင်းမှာ ကြီးလွန်းနေကြောင်း ဝေဖန်ပါတယ်။ တကယ်တော့ မြို့တော်ဝန်ဟာ ပန်းပုရုပ်ကြီးရဲ့ အောက်တည့်တည့်မှာ ရပ်နေတာဖြစ်တဲ့အတွက် ပန်းပုရုပ်ဟာ နှာခေါင်းကြီးနေတာလို့ ထင်တာဖြစ်ပါတယ်။ ဒါပေမယ့် မိုက်ကယ်အိန်ဂျလို က ဘာမှ မပြောပဲ တူနဲ့ဆောက်ကို ယူပြီးတော့ ငြမ်းပေါ်တက်သွားပါတယ်။ ပြီးတော့ အရုပ်နှာခေါင်းကို ပြင်ဟန်ဆောင်ပါတယ်။ ကျောက်မှုန်တွေကိုလည်း နည်းနည်းချင်း အောက်ကိုချပြလိုက်ပါတယ်။ တကယ်က သူ အရုပ်နှာခေါင်းကို ဘာမှမလုပ်ပါဘူး။ ပြီးတော့ မြို့တော်ဝန်ရဲ့ အမြင်ကို ထပ်မေးပါတယ်။ ဒီတစ်ခါတော့ မြို့တော်ဝန်က ဘာမှ ပြောစရာမလိုလောက်အောင် အသက်ဝင်ကြောင်း ပြောပြီး ကျေနပ် သွားပါတော့တယ်။
ပထမအဖြစ်အပျက်ထဲက အင်ဂျင်နီယာဟာ သူ့ခေတ်သူ့အခါက အင်မတန်တော်တဲ့ ပညာရှင်တစ်ယောက်ဖြစ်မှာပါ။ တကယ်တမ်းလည်း သူရှင်းပြတာက မှန်ပါတယ်။ သေးတဲ့ တိုင်လုံးဟာ သယ်ရပိုးရတာလွယ်သလို မြို့တံခါးကိုဖျက်တဲ့ အခါမှာလည်း အား ပိုပြီးပါပါတယ်။ ဒီလိုနေရာမျိုးမှာ ကြီးတိုင်းကောင်းတာ မဟုတ်ပါဘူး။ ဒါပေမယ့် အင်ဂျင်နီယာဟာ လောက မှာ အများဆုံးတွေ့ရတဲ့ ငြင်းခုန်သူ အမျိုးအစားထဲမှာပါ ပါတယ်။ စကားလုံးတွေနဲ့ငြင်းခုန်နေတာဟာ တကယ်တမ်းတော့ အလုပ်မဖြစ်ပါဘူး။ ဒီလိုငြင်းခုန်နေတာဟာ ကိုယ့်အထက်လူကြီးရဲ့ အသိပညာကို စိန်ခေါ်ရာလည်း ရောက်သွားတတ်ပါတယ်။
ဒုတိယအဖြစ်အပျက်ထဲက မိုက်ကယ်အိန်ဂျလိုက တော့ လုံးဝမငြင်းခုန်ပါဘူး။ သူထုထားတဲ့ ပန်းပုရုပ်ရဲ့နှာခေါင်းဟာ ကြီးနေတာ မဟုတ်ဘူး၊ မြို့တော်ဝန်ရပ် ကြည့်တဲ့နေရာကသာ မှားနေတာဖြစ်ကြောင်းသူကောင်းကောင်းသိပါတယ်။ ဒါပေမယ့် သူက “ခင်ဗျားရပ်ကြည့်တဲ့နေရာ မှားနေလို့” လို့မပြောပါဘူး။ မြို့တော်ဝန်လည်း စိတ်ကျေနပ်သွားအောင်၊ သူ့ပန်းပုရုပ်လည်း မပျက်စီးရအောင် သူလုပ်နိုင်ခဲ့ပါတယ်။
ဘ၀မှာ ကျတော်တို့လုပ်တဲ့ အလုပ်တွေဟာ ကျတော်တို့ ပတ်ဝန်းကျင်က လူတွေကို ဘယ်အတိုင်းအတာအထိ သက်ရောက်သွားတယ် ဆိုတာ ကြည့်ဖို့လိုပါတယ်။ ငြင်းခုန်ခြင်းဟာ တခြားသူတွေအပေါ်မှာ ဘယ်လိုသက်ရောက်မယ်ဆိုတာ ကျတော်တို့ မသေချာပါဘူး။ အပြင်ပန်းမှာ ကျတော်တို့ ပြောတာကို လက်ခံပြီး ခေါင်းငြိမ့်ပေမယ့်သူတို့စိတ်ထဲမှာ ဘယ်လောက်နာကျည်းသွားမယ်၊ မုန်းသွားမယ်ဆိုတာ ခန့်မှန်းဖို့မလွယ်ပါဘူး။ နောက်ပြီး စကားလုံးတွေဆိုတာ နားထောင်သူရဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး အမျိုးမျိုး အဓိပ္ပာယ်ဖွင့်လို့ရပါသေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ငြင်းကြပြီဆိုရင် ကိုယ့်စကားမှန်ဖို့အတွက် ဘယ်သူမဆို မပြောသင့်တဲ့စကားလား ပြောသင့်တဲ့စကားလားဆိုတာ မဝေခွဲနိုင်တော့ပဲ စိတ်ထဲပေါ်တာတွေ အကုန်လျှောက်ပြော တတ်ကြပါတယ်။ ငြင်းခုန်လို့ ကိုယ့်အယူအဆကိုလက်ခံလာတဲ့လူရယ်လို့ လည်းအင်မတန်ရှားပါတယ်။
ကမ္ဘာ့ အထင်ကရ ဘာသာရေးခေါင်းဆောင်တွေဟာလည်း အယူဝါဒတွေကို ငြင်းခုန်ရန်ဖြစ်ပြီး သူတို့ကို ယုံကြည်လာအောင်လုပ်ခဲ့ကြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကောင်းမွန်တဲ့ကိုယ်ကျင့်တရားတွေ၊ မှန်ကန်တဲ့စကားလုံးတွေကို သူတို့ကိုယ်တိုင် လက်တွေ့လုပ်ပြ ပြီးစည်းရုံးခဲ့ကြတာပါ။ ဒါကြောင့်လည်း သူတို့ရဲ့သြဇာအာဏာ ဟာ သူတို့မရှိတော့ တဲ့နောက် နှစ်ပေါင်းထောင်ချီတဲ့ အထိတောင် သက်ရောက်နေတုန်းပါပဲ။
ကျတော်တို့ ဒီလိုငြင်းခုန်နေမယ့်အစား ကိုယ့်ရဲ့အယူအဆမှန်တယ်ဆိုတာကို သွယ်ဝိုက်ပြီးသက်သေပြလိုက်တာဟာ ပိုပြီးထိရောက်ပါတယ်။ “အမှန်တရားဆိုတာ အကြားနဲ့ ဆုံးဖြတ်ကြတာမဟုတ်ဘူး၊ များသောအားဖြင့် အမြင်နဲ့သာ ဆုံးဖြတ်ကြတာ” ဆိုတဲ့ စကားလည်းရှိပါတယ်။
၁၆၈၈ မှာ အင်္ဂလိပ်ဗိသုကာပညာရှင် ဆာခရစ်တိုဖာဝရမ်း ဟာ ၀က်မင်နစ်တာ မြို့တော်ခန်းမအတွက် ဒီဇိုင်း ထုတ်ပေးပါတယ်။ ဒါပေမယ့် မြို့တော်ဝန်က သဘောမကျပါဘူး။ ၀ရမ်းရဲ့ ဒီဇိုင်း ထဲက ဒုတိယထပ်ကြမ်းခင်းဟာ မခိုင်ဘူး။ ပြိုကျလိမ့်မယ်လို့ မြို့တော်ဝန်ကထင်ပါတယ်။ ဒါကြောင့် တိုင်လုံးနှစ်လုံး ထပ်ထောက် ဖို့ပြောပါတယ်။ တကယ်တမ်းတော့ မြို့တော်ဝန်ဟာ သက်သက် ကြောက်နေခြင်းသာဖြစ်ပါ တယ်။ တိုင်အပိုတွေ ထပ်ထည့်စရာမလိုပါဘူး။ ဒါပေမယ့် ၀ရမ်း ဟာ မြို့တော်ဝန်နဲ့ မငြင်းခုန်ပါဘူး။ သူပြောတဲ့အတိုင်း တိုင်အပိုနှစ်လုံးထပ်ထည့်ပေးလိုက်ပါတယ်။ နောင်နှစ်ပေါင်းအတော်ကြာမှ သူထည့်ထားတဲ့ တိုင်နှစ်လုံးဟာ အမိုး ကိုထိတောင်မထိပဲ လွတ်နေတယ်ဆိုတာ တွေ့ကြရပါတယ်။ ၀ရမ်း ဟာ သူ့ရဲ့မူလဒီဇိုင်းဟာ ခိုင်မာတယ် အပိုတိုင်နှစ်လုံး မလိုဘူးဆိုတာကို နောက်လာနောက်သားတွေသိအောင် ပြလိုက်တာပါပဲ။
ဘုရားသခင်ဟာ တမန်တော် အေဗရာဟင်ကို သူကိုယ်တိုင် မတောင်းမဆိုမချင်း အသက်ကို မနုတ်သိမ်းဘူးလို့ ကတိ ပေးထားပါတယ်။ အီဗရာဟင်သခင် ရဲ့သတ်မှတ် သက်တမ်းကုန်ဆုံးခါနီးမှာ ဘုရားသခင်ဟာ ကောင်ကင်တမန်တစ်ပါးကို အဖိုးကြီးဟန်ဆောင်စေပြီး အီဗရာဟင်သခင့်ဆီ လွှတ်လိုက်ပါတယ်။ အဖိုးကြီးဟာ အီဗရာဟင်ရဲ့အိမ်ရှေ့မှာရပ်ပြီး “အို… အီဗရာဟင် ငါ့ကို အစားအစာ နည်းနည်းကျွေးပါ” လို့ တောင်းတယ်။ အီဗရာဟင်သခင်ဟာ ဧည့်သည်တွေအတွက် အမြဲတမ်း အစားအသောက်တွေ ဆောင်ထားလေ့ ရှိပါတယ်။ အဖိုးကြီးကို အစားအသောက်တွေချကျွေးပါတယ်။ အဖိုးကြီးဟာ အစားအသောက်တွေကို ယူလိုက်တိုင်း လက်က တုန်တုန်ချိချိဖြစ်နေတာကြောင့် ကြမ်းပေါ်ကို အကုန်ကျကုန်ပါတယ်။ ဒီတော့ အဖိုးကြီးက ထပ်ပြီး “အို… အီဗရာဟင် ငါ့ကို ခွံကျွေးပါဦး “လို့ဆိုပြန်ပါတယ်။ အဖိုးကြီးကို ခွံကျွေးပြန်တော့လည်း ခေါင်းက တုန်နေတဲ့အတွက် ပါးစပ်ထဲမ၀င်ပဲ အစားအသောက်တွေက ရင်ဘတ်ပေါ်ကျတဲ့ဟာကျ မုတ်ဆိတ်ပေါ်ကျတဲ့ဟာကျ နဲ့အကုန်ပွ ကုန်ပြန်ပါတယ်။ ပြီးတဲ့နောက်မှာ အီဗရာဟင်သခင်က အဖိုးကြီး “အသင့်ရဲ့အသက်ဘယ်လောက်ရှိပြီလဲ” လို့မေးလိုက်ပါတယ်။ ဒီအခါမှာ အဖိုးကြီးက အီဗရာဟင်သခင့် အသက်ထက် နည်းနည်းကြီးပြီးပြောလိုက်ပါတယ်။ ဒီအခါမှာ အီဗရာဟင်သခင်က ဘုရားသခင်ဆီ ဆုတောင်းလိုက်ပါတယ်။ “အို… ဘုရားသခင် ကျတော်မျိုးကို ဒီအဖိုးကြီးအရွယ်မရောက်ခင် အရှင့်ဆီခေါ်တော်မူပါ”။ ဒီလိုဆုတောင်းလိုက်တာ နဲ့တပြိုင်နက် ဘုရားသခင်ဟာ အီဗရာဟင်သခင့် အသက်ကို နုတ်သိမ်းတော်မူလိုက်တယ်။
တကယ်ဆို ဘုရားသခင်ဆိုတာ ဘုန်းတော်အစုံ၊ ဂုဏ်တော်အနန္တ နှင့် ပြည့်စုံတော်မူပြီး အာဏာတန်ခိုးအမျိုးမျိုးကိုပိုင်စိုးတော်မူပါတယ်။ ဘုရားသခင်သာ အလိုရှိရင် မိမိ အဏာ၊ မိမိတန်ခိုးနဲ့ အီဗရာဟင်သခင်ကို သူကိုယ်တိုင်တောင်းဆိုလာအောင်လုပ်လို့ရတာပဲ။ ဒါပေမယ့် ဘုရားသခင်ဟာ ငါအာဏာရှိတယ်ဆိုပြီး လုပ်တော်မမူပါဘူး။ ကာယကံရှင်ကိုယ်တိုင် နားလည် သဘောပေါက်လာအောင် ဆောင်ရွက်တော်မူပါတယ်။ ကျတော်တို့လည်း ကိုယ်အာဏာရှိတယ်၊ ငါ အထက်လူကြီး ဆိုပြီး ကိုယ့်လက်အောက် ငယ်သားတွေကို ငြင်းခုန်မယ်၊ ငါ့စကားနွားရ ပြောမယ်ဆိုရင် နောက်ဆုံးမှာ ကိုယ်သာ ကျဆုံးရမယ်ဆိုတာ သင်ခန်းစာယူသင့်ပါတယ်။
**Robert Greene ရဲ့48 Laws of Power စာအုပ်မှ Win through your actions, never through arguments ကို မှီငြမ်းပါသည်။
-
ဂျိုးကော့စ် (သို့မဟုတ်) လူပီသမှုကြောင့် လက်ယာအစွန်းရောက်တို့၏ သားကောင်ဖြစ်ခဲ့ရသူ
ဇွန် ၁၉၊ ၂၀၁၆
M-Media– ၎င်းတို့၏ လူ့အခွင့်အရေးများအတွက် အမြဲလိုလို ကာကွယ်ပြောကြားကာ မားမားမတ်မတ် ရပ်တည်ပေးနေသော ဗြိတိန် လွှတ်တော်အမတ် ဂျိုးကော့စ် အသတ်ခံရမှုက ဗြိတိန်ရှိ လူနည်းစုများကို တုန်လှုပ်ခြောက်ခြားစေကာ ပူဆွေးသောက ရောက်စေခဲ့သည်။
နှစ်ပေါင်း ၂၀ အတွင်း လွှတ်တော်အမတ်တစ်ယောက် ပထမဆုံး လုပ်ကြံခံရခဲ့သည့် ထိုအဖြစ်အပျက်တွက် ဗြိတိန်တစ်နိုင်ငံလုံးကလည်း ယူကြုံးမရ ဖြစ်ကြရသည်။ အသက် ၄၁ နှစ်အရွယ်ရှိ ဂျိုးကော့စ်မှာ ကလေးနှစ်ယောက်မိခင်ဖြစ်ပြီး ဆီးရီးယား ဒုက္ခသည်များမှသည် ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူများအထိ သူမနှင့်အတူ အလုပ်တွဲလုပ်ခဲ့သော အသင်းအဖွဲ့များက သူမ၏ အနစ်နာခံ ဆောက်ရွက်ခဲ့မှုများအတွက် ချီးကျူးဂုဏ်ပြုခဲ့ကြလေသည်။
ဘတ်တလေနှင့် စပန်ဒေသ၏ လေဘာပါတီ လွှတ်တော်အမတ်ဖြစ်သူ ကော့စ်မှာ ကြာသာပတေးနေ့က သူမ၏ မဲဆန္ဒနယ်ဖြစ်သော ၀က်စ်ရှိုင်းယားရွာရှိ ဘီရ်စတောလ်ရပ်ကွက်တွင် ဓား၊ သေနတ်တို့ဖြင့် လုပ်ကြံခံခဲ့ရသည်။ ထိုနေရာက သူမမွေးဖွားရာဒေသနှင့် ၅ မိုင်ပျော့ပျော့သာ ဝေးလေသည်။
နိုင်ငံရေးသမားဘ၀တွင် ကော့စ်က မတူကွဲပြားစွာညီညွတ်ရေး၊ ဆီးရီးယားပဋိပက္ခဒဏ် ခံစားရသူများအရေး၊ ကလေးဒုက္ခသည်များအရေး၊ ဂါဇာကမ်းမြှောင်အား အစ္စရေးက ပိတ်ဆို့ထားမှုကြောင့် အတိဒုက္ခရောက်နေကြသော ပါလက်စတိုင်းပြည်သူများအရေးနှင့် အစ္စလာမ်ကြောက်ရောဂါဒဏ် ခံစားနေရသည့် မွတ်စလင်များအရေး စသည်တို့အတွက် လှုပ်ရှားဆောင်ရွက်ခဲ့လေသည်။
“သူမဟာ နာမည်မကြီးပေမယ့် သြဇာကြီးသူတစ်ယောက်ပါ။ သူရဲ့အသက်ရှင်သန်မှုက ညီညွတ်ရေး ဖြစ်စေခဲ့သလို၊ သူ့ရဲ့ သေဆုံးမှုကလည်း ညီညွတ်ရေးကို ဖြစ်စေတာပါပဲ” ဟု ကော့စ်၏ မဲဆန္ဒနယ်အတွင်းရှိ အိန္ဒိယ ဂူဂျာရတ်နယ်ဖွားများ လူ့အဖွဲ့အစည်းနှင့် နှီးနွယ်ပတ်သက်နေသူ ရှေ့နေ ရာဇီယာ ဂျိုဂီက ပြောကြားခဲ့သည်။
သောကြာနေ့ညနေပိုင်းက အင်္ဂလန်မြောက်ပိုင်းရှိ မြို့ငယ်လေးတစ်မြို့တွင် ပြုလုပ်ခဲ့သည့် ဂျိုးကော့စ်အတွက် အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်သူများတွင် ဂျိုဂီလည်း ပါဝင်ခဲ့သည်။
“သူဟာ လူကြိုက်မများတဲ့ ကိစ္စတွေ၊ လူတွေက လက်မထည့်ချင်ကြတဲ့ ကိစ္စတွေကို ခေါင်းခံဖြေရှင်း ဆောင်ရွက်ပေးသူလည်းဖြစ်ပါတယ်”
လူ့အဖွဲ့အစည်းများအား ပေါင်းကူးပေးသူ
အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားကို အိန္ဒိယမွတ်စလင်လူမှုဖူလှုံရေးအသင်းတွင် ပြုလုပ်ခဲ့ပြီး ဘာသာပေါင်းစုံ၊ လူ့အဖွဲ့အစည်းပေါင်းစံမှာ လူပေါင်းရာချီ၍ တက်ရောက်ခဲ့ကြသည်။
ကွန်ဆာဗေးတစ်နိုင်ငံရေးသမားဖြစ်သူ ဆိုက်ယီဒါ ၀ါဆီက ကော့စ်မှာ “နှုတ်ဆိတ်နေရသူများ၏ အသံ” “အမုန်းခံရသူများ၏ မျှော်လင့်ချက်” ဖြစ်ပြီး သူမဦးဆောင်လှုပ်ရှားခဲ့သည့် ကိစ္စများအတွက် ပါတီ၏ ကန့်သတ်မှုဘောင်ကို ကျော်လွန်၍ပင် ဆောင်ရွက်ပေးလေ့ရှိခဲ့သည်ဟု ၎င်း၏ အောက်မေ့ဖွယ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ဒေသတွင်းနဲ့ ဒေသပြင်ပက အစီအစဉ်တွေ၊ စီမံကိန်းတွေမှာ ကျွန်တော်ဟာ ဂျိုးနဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ဖူးပါတယ်။ သူဟာ လူ့အဖွဲ့အစည်းမှာ ထင်ရှားသူတစ်ယောက်ပါ။ လှုပ်ရှားမှုတွေကို တတ်နိုင်သလောက် သွားရောက်ပါဝင်ဖို့ကို သူ့ရဲ့ အဓိကလုပ်ရမယ့်ကိစ္စအနေနဲ့ သတ်မှတ်ထားပါတယ်” ဟု ဘတ်လေတွင် လူငယ်အဖွဲ့များနှင့် အောက်ခြေလုပ်ငန်းအဖွဲ့များစွာကို ဦးစီးလုပ်ဆောင်နေသူ အဘ်ဒူလ် ၀ါဂျစ်ဒ်က ပြောကြားခဲ့သည်။
ဝါဂျစ်ဒ်မှာ ဒေသတွင်း ထင်ရှားသည့် စိတ်ပညာရှင်တစ်ယောက်လည်းဖြစ်သည်။
“သူမဟာ ပေါင်းလို့သင်းလို့ကောင်းတယ်။ ပွင့်လင်းတယ်။ ပြီးတော့ နားလည်ခံစားပေးနိုင်သူလည်း ဖြစ်ပါတယ်။ သူနဲ့ သဘောထားချင်း မတိုင်ဆိုင်ရင်တောင်မှ စိတ်ရှည်လက်ရှည်နားထောင်ပေးပါတယ်”
ကော့စ်မှာ လူ့အဖွဲ့အစည်းများကြား ပေါင်းကူးပေးမှုကို အဓိကအာရုံစိုက်လုပ်ဆောင်ကာ၊ ဘတ်တလေဒေသတွင်း အကြမ်းဖက်သံသယဖြင့် ဖမ်းဆီးမှုတစ်ချို့ ပြုလုပ်ခဲ့ပြီးနောက် ဒေသအား အကြမ်းဖက်ဝါဒဖောက်ဖွားရာဖြစ်သည်ဆိုသော ထင်မြင်ယူဆချက်များကို ချေဖျက်ရန် နှစ်မြှုပ်လုပ်ဆောင်နေသူတစ်ဦး ဖြစ်သည်ဟုလည်း ၀ါဂျစ်ဒ်က ပြောကြားခဲ့သည်။
နိုင်ငံသားကောင်းတစ်ယောက် ဆုံးရှုံးမှုအတွက် နိုင်ငံသားတိုင်းက ပူဆွေးဝမ်းနည်းနေကြချိန် ကော့စ်အား သတ်ဖြတ်ခဲ့သူ အသက် ၅၂ နှစ်အရွယ် သောမက်စ် မာအီရ်ကို တရားရုံးတွင် နာမည်မေးသည့်အခါ “ငါ့နာမည်က သစ္စာဖောက်တွေရဲ့ သေမင်းကွ။ ဗြိတိန် လွတ်မြောက်ပါစေ” ဟု ဖြေကြားခဲ့သည်။
ကော့စ်အား သတ်ဖြတ်သည့်အချိန်တွင် ၎င်းက Britain First ဟု ဟစ်ကြွေးခဲ့ကြောင်း သတင်းများက ဖော်ပြကြသည်။ Britain First ဆိုသည်မှာ အင်္ဂလန်ရှိ လက်ယာစွန်းရောက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး “စည်းရိုးထိုးအဖွဲ့” ဟု ၎င်းတို့ကိုယ်ကို သမုတ်ထားသည်။
ကော့စ်၏ နောက်ဆုံး စည်းရုံးလှုပ်ရှားမှုများထဲမှ တစ်ခုမှာ ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂမှ မထွက်ရေးဖြစ်သည်။ သူမကတော့ ဇွန်လ ၂၃ ရက်နေ့တွင် ပြုလုပ်မည့် ဥရောပသမဂ္ဂမှ ထွက်ရေး၊ မထွက်ရေး လူထုဆန္ဒခံယူပွဲမတိုင်မီ တစ်ပတ်အလိုတွင် အသတ်ခံခဲ့ရသည်။
“သူက လက်ယာစွန်းရောက် အကြမ်းဖက်ဝါဒကို ဆန့်ကျင်သူပါ။ နောက်ပြီး အစိုးရရဲ့ အကြမ်းဖက် တန်ပြန်တန်ဖျက်ရေး မဟာဗျူဟာဖြစ်တဲ့ Prevent ဟာ အစ္စလာမ့်မစ်အကြမ်းဖက်ဝါဒလို့ သမုတ်ခံထားရတဲ့ ကိစ္စကိုသာ အာရုံစိုက်လုပ်ဆောင်တာဖြစ်ပြီး လူ့အဖွဲ့အစည်းမှာ သင်းကွဲစေတယ်လို့ ထင်မြင်ယူဆထားသူလည်း ဖြစ်ပါတယ်” ဟု ၀ါဂျစ်ဒ်က ထပ်လောင်းပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ပြဿနာ
သူမ မကွယ်လွန်ခင် ၂ လအရင် ဧပြီလက ကော့စ်မှာ ဗြိတိန်လွှတ်တော်တွင် ဆီးရီးယားအရေးနှင့်ပတ်သက်၍ ဂရုဏာသက်ဖွယ်ကောင်းသည့် မိန့်ခွန်းတစ်ခုကို ပြောကြားခဲ့ပြီး ဗြိတိန်အစိုးရနေဖြင့် ကလေးဒုက္ခသည်များကို လက်ခံရန် တိုက်တွန်းခဲ့သည်။
“ဘယ်ကလေးမျိုးမှ မကြုံတွေခဲ့ရဘူးတဲ့ အခြေအနေမျိုးတွေကို အဲဒီကလေးတွေက တွေ့ကြုံခံစားနေရပါတယ်။ ပြီးတော့ ကျွန်မရဲ့ သားသမီးရတနာလေး ၂ ယောက်သာ ဒီလိုကြုံတွေ့ရမယ်ဆိုရင် အဲဒီငရဲတွင်းထဲကနေ သူတို့လေးတွေကို ဆွဲထုတ်ဖို့ ကျွန်မ အသက်စွန့်ရလည်း မမှုပါဘူး” ဟု ကော့စ်က ပြောကြားခဲ့သည်။
‘ယော့ခ်ရှိုင်းယား ဆီးရီးယားအသင်း’ က ကော့စ်မှာ ဆီးရီးယားပြည်သူများ၏ ဒုက္ခသုက္ခများကို မီးမောင်းထိုးပြသော လွှတ်တော်အမတ် အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။
“သူမဟာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ ဆော်သြခဲ့သူဖြစ်ပြီး၊ ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆဒ်ကို ဆန့်ကျင်တဲ့ဘက်မှာ ခိုင်မာစွာရပ်တည်ဖို့ ဗြိတိန်အစိုးရကိုလည်း တိုက်တွန်းခဲ့သူပါ။ ပြီးတော့ ခိုကိုးရာမဲ့ ကလေးဒုက္ခသည်တွေကို ထောက်ပံ့အားပေးဖို့၊ ဆီးရီးယားက အ၀ိုင်းခံထားရတဲ့ဒေသတွေမှာ လေကြောင်းကနေ အကူအညီတွေ ချပေးဖို့ ပါလီမန်မှာ စည်းရုံးလှုံ့ဆော်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်” ဟု အသင်း၏ ပြောရေးဆိုခွင့်ရှိသူ ဇာကီ ကဖ် အလ်-ဂါဇာလ်က ပြောကြားခဲ့သည်။
“သူဟာ မျက်နှာမြင်ချင်ခင်ပါစေဆိုတဲ့ ဆုတောင်းနဲ့ ပြည့်သူတစ်ယောက်ပါ။ သူမရဲ့ ပြောင်မြောက်တဲ့ လူသားဆန်မှုကိုလည်း တစ်သက်လုံး အမှတ်ရနေကြမှာပါ။ ဂျိုးဟာ ကြီးကျယ်တဲ့ သမိုင်းကောင်းတစ်ခုကို ထားသွားခဲ့ပြီး၊ ဘယ်တော့မှ အမေ့ခံရမယ့် လူမျိုးလည်း မဟုတ်ပါဘူး”
ကော့စ်မှာ ဗြိတိန်ပါလီမန်ရှိ ပါလက်စတိုင်းအရေး ဆောင်ရွက်နေသော အဖွဲ့များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူဖြစ်သည်ဟု သူမ၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားမှုအရ သိရသည်။
“အခမ်းအနားတော်တော်များများမှာ ကျွန်တော်ဟာ ဒီကိစ္စအတွက် သူနဲ့ မျှဝေပြောကြားခွင့် ရခဲ့ပါတယ်။ သူမဟာ ပါလက်စတိုင်းအတွက် ဂရုဏာအပြည့်နဲ့ ဆောင်ရွက်နေသူတစ်ယာက်ပါ။ ပါလက်စတိုင်း ကလေးငယ်တွေ ဖမ်းဆီးခံရတာ၊ ဂါဇာကမ်းမြှောင် ပိတ်ဆို့ခံရတာ၊ အစ္စရေးကို သပိတ်မှောက်ခွင့်၊ အခြားကိစ္စတော်တော်များများနဲ့ ပတ်သက်ပြီးလည်း ထောက်ပြဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု ပါလက်စတိုင်း သွေးစည်းညီညွတ်ရေးလှုပ်ရှားမှုအဖွဲ့၏ ဥက္ကဌဖြစ်သူ ဟုဂ်ျ လန်နင်းက ပြောကြားခဲ့လေသည်။
“သူမ အသတ်ခံရမှုဟာ သူမရဲ့ မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေအတွက်သာမက သူမ တက်ကြွလှုပ်ရှားစွာ ဆောင်ရွက်နေတဲ့ ကိစ္စတွေအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုပါပဲ။ သူဟာ လူတိုင်း လွမ်းဆွတ်သတိရနေမယ့် ကြယ်တစ်ပွင့်ပါ”
ဗြိတိန်မွတ်စလင်ကောင်စီအကြီးအကဲ ရှူဂျာ ရှာဖီကတော့ ကော့စ်၏ လှုပ်ရှားဆောင်ရွက်မှုများက “ပြည်တွင်းနှင့် ပြည်ပရှိ ပြည်သူမြောက်များစွာအတွက် အပြုသဘောဆောင်သည့် သက်ရောက်မှုများ ရှိခဲ့သည်” ဟု မှတ်ချက်ပြုခဲ့လေသည်။
Ref: Aljazeera
(Aljazeera တွင် ဖော်ထြားသည့် Jo Cox: Minority communities pay tribute to slain UK MP ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
-
အစ်ဘ်သီဟဂ်ျ မိုဟာမက် (သို့မဟုတ်) ယုံကြည်ချက်ခိုင်မာသူများ၏ ပြယုဂ်
ဇွန် ၁၇၊ ၂၀၁၆
M-Media– အမေရိကန်မွတ်စလင် ဓားသိုင်း အားကစားမယ်တစ်ဦးဖြစ်သူ အစ်ဘ်သီဟဂ်ျ မိုဟာမက်က သူမအနေဖြင့် တစ်နေ့လျှင် ၇ နာရီအထိ လေ့ကျင့်မှုပြုလုပ်သည်ဟု ဖွင့်ဟခဲ့သည်။ ယခုကဲ့သို့ ရမ်ဇာန်ဥပုသ်လတွင်တော့ နေထွက်ချိန်မှ နေဝင်ချိန်အထိ အစာမစား၊ ရေမသောက်ဘဲ ပြုလုပ်သည့် ထို ၇ နာရီက ခက်ခဲပင်ပန်းသည့် လေ့ကျင့်မှုမျိုး ဖြစ်လေသည်။
“ကျွန်မအတွက်တော့ ကျွန်မရဲ့ ဘာသာတရားက ပထမဆုံးနဲ့ အဓိကဦးစားပေးဆုံး အရာပါပဲ။ ဒါကြောင့် ကျွန်မ ဥပုသ်စောင့်ပြီး လေ့ကျင့်ပါ့မလားဆိုတာ မေးစရာကို မလိုပါဘူး။ ကျွန်မ ဒီအဆင့်ကို ရောက်လာတဲ့ တစ်လျှောက်လုံး ဥပုသ်လမှာ ဥပုသ်စောင့်ပြီးလေ့ကျင့်ခဲ့တာပါပဲ။ ဒီနှစ်အတွက် တစ်ခုတည်းသော ထူးခြားမှုကတော့ ကျွန်မဟာ အိုလံပစ်ပြိုင်ပွဲအတွက် လေ့ကျင့်နေရတာပါ” ဟု အစ်ဘ်သီဟဂ်ျက ပြောကြားခဲ့သည်။
နယူးဂျာစီ ဇာတိဖြစ်သော သူမမှာ ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးတွင် မကြာမီကျင်းပတော့မည့် အိုလံပစ်ပြိုင်ပွဲသို့ အမေရိကန်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုပြိုင်ပွဲတွင် ဟိဂျဘ်ပုဝါနှင့် ၀င်ရောက်ယှဉ်ပြိုင်မည့် ပထမဆုံး အမေရိကန် အားကစားသမားဆိုသည့် သမိုင်းသစ်တစ်ခုကိုလည်း ရေးထိုးနိုင်မည်ဖြစ်သည်။
ပုံမှန်နေ့များတွင် သူမ၏ လေ့ကျင့်မှုကို ၂ ချိန်ခွဲထားပြီး မနက် ၈ နာရီ ခွဲမှ ၁၀ နာရီခွဲအထိ တစ်ကြိမ်၊ ညနေ ၄ နာရီမှ ည ၉ နာရီထိ တစ်ကြိမ်ဖြစ်သည်။ ရမ်ဇာန်ဥပုသ်လတွင်တော့ ထိုလေ့ကျင်ချိန်မှာ အနည်းငယ်အပြောင်းအလဲရှိသည်ဟု သူမက ပြောကြားခဲ့သည်။
အစ်ဘ်သီဟဂ်ျမှာ မနက် အာရုဏ်တက်ဝတ်ပြုမှုနှင့် စဲဟ်ရီဥပုသ်ထမင်း စားသောက်ရန်အတွက် အာရုံမတက်ခင်အချိန်တွင် ထလေ့ရှိပြီး မနက်ပိုင်း ၆ နာရီ ၄၅ မှ ၈ နာရီအထိ လေ့ကျင့်ချိန်တွင် အားအင်အပြည့်ဆုံးဟု သူမက ပြောကြားခဲ့သည်။ နေ့လည်ခင်း ကိုယ်လက်လေ့ကျင်ခန်းကိုတော့ ၁ နာရီ သို့မဟုတ် ၂ နာရီခန့်တွင် စတင်လေ့ရှိပြီး ဥပုသ်ဖြေချိန်အထိ ဆက်သွားလေသည်။
ယခုကဲ့သို့ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဖြစ်လာသည်အထိ အားကစားသမားဘ၀ တစ်လျှောက်လုံးတွင် ဥပုသ်သီလဆောက်တည်ခြင်းနှင့် လေ့ကျင့်ခြင်းတို့တွင် မည်သည့်အခက်မခဲမှမရှိဘဲ ပုံမှန်အတိုင်းပင်ဖြစ်သည်ဟု သူမကဆိုသည်။ ခန္ဓာကိုယ်၏ တောင့်ခံနိုင်စွမ်းကို သူမက သိရှိထားပြီး ထိုကန့်သတ်ချက် မကျော်လွန်အောင်လည်း ဂရုစိုက်လေသည်။
“ဥပုသ်စောင့်နေတဲ့အချိန်မှာ ကျွန်မကိုယ်ကျွန်မ ဘယ်လောက် ကိုင်တွယ်ထိန်းကျောင်းနိုင်မလဲဆိုတာကို သိရှိနေတယ်လို့ ကျွန်မ ခံစားရပါတယ်” ဟု အစ်ဘ်သီဟဂ်ျက ပြောကြားခဲ့သည်။
မည်သည့်အချိန်တွင် အင်အားသုံးရပြီး မည်သည့်အချိန်တွင် လျှော့ရမည်ဆိုသည်ကို သိရှိနေခြင်းမှာ ခန္ဓာကိုယ် ဟန်ချက်ညီစေသည့် အပြုအမူမျိုးဖြစ်ပြီး၊ တစ်နေ့တာလုံး အားအင်ပြည့်ဝစေရန် မည်သည့်အစားအသောက်ကို စားရမည်ဆိုသည်ကိုလည်း သူမ ချိန်ညှိဆောင်ရွက်လေသည်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် အစ်ဘ်သီဟဂ်ျက သူမမှာ ပုံမှန်အားဖြင့် အစားနည်းသော်လည်း ရမ်ဇာန်ဥပုသ်လတွင် ခန္ဓာကိုယ်၌ လိုအပ်သည့် စွမ်းအင် အလုံအလောက်ရရှိရန်နှင့် ကြွက်သားများသန်မာစေရန်အတွက် အသားများများစားလေ့ရှိသည်ဟု ဆိုသည်။
ပုံမှန်မနက်ပိုင်းမျာတွင် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ super food ဟုခေါ်သည့် chia နှင့် flaxseed တို့ကဲ့သို့ အစေ့များကို သူမက ဖျော်ရည်လုပ်သောက်ပြီး တစ်နေ့တာ လေ့ကျင့်မှုအတွက် လိုအပ်သော အာဟာရများကို ရယူလေ့ရှိသည်။
အားကစားသမားအများစုမှာ မောပမ်းမှုနှင့် ကြွက်တက်ခြင်းပြဿနာများကို ကာကွယ်ရန် ရေများများသောက်ရသောကြောင့် ရမ်ဇာန်ဥပုသ်လတွင် အစ်ဘ်သီဟဂ်ျတစ်ယောက် ရေဓာတ်ခန်းခြောက်မှုနှင့် ရင်ဆိုင်ရလေသည်။ သူမကတော့ မနက် ဥပုသ်ထမင်းစားချိန်တွင် ရေများများသောက်မည့်အစား ဖရဲသီးကဲ့သို့ ရေဓာတ်များများပါဝင်သည့် အစားအစာများကို စားခြင်းခြင့် ထိုပြသနာကို ဖြေရှင်းလေသည်။
“အရင်က ရမ်ဇာန်ဥပုသ်လအတွင်းမှာ ကျွန်မဟာ ကြွက်သားဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ အဲဒါက ရမ်ဇာန်လ ကျွန်မ လေ့ကျင်တဲ့အချိန်တိုင်းမှာ အကြီးဆုံးပြဿနာအဖြစ် စိုးရိမ်မိခဲ့တဲ့ ကိစ္စပါပဲ”
အစားအသောက် စားသောက်မှုကို ရှောင်ကျဉ်ခြင်းအပြင် ရမ်ဇာန်ဥပုသ်လတွင် ၀တ်ပြုဆုတောင်းခြင်း၊ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်ခြင်း၊ လူစုလူဝေးဖြင့် အထူးဝတ်ပြုမှုနှင့် ဥပုသ်ထွက်စားသောက်မှုတို့တွင် ပါဝင်ရခြင်း စသည့် ကိစ္စရပ်များကိုလည်း ပြုလုပ်ရသည်။
ဗလီဝတ်ကျောင်းတော်တွင် ဉဥ့်ဦးပိုင်းအထူးဝတ်ပြုမှုက ည ၁၁ နာရီခွဲ သို့မဟုတ် ၁၂ နာရီအထိ ကြာတတ်သည်။ အစ်ဘ်သီဟဂ်ျကတော့ တစ်နေ့တာလုံး လှုပ်ရှားထားမှုကြောင့် နွမ်းနယ်နေပြီး နောက်နေ့မနက်အစောတွင် ပြန်ထရမည်ကို သိသော်လည်း ထိုဝတ်ပြုမှုကို ဆုံးခန်းတိုင်အောင် ပါဝင်ခြင်းမှာ သူမအတွက် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။
“ရမ်ဇာန်ဥပုသ်လရောက်မှသာ ဒီဝတ်ပြုမှုကို ဆောက်တည်ဖို့ အခွင့်အရေးရတာပါ။ တစ်ချို့နေ့တွေမှာ ကျွန်မဟာ ရေကုန်ရေခန်း လေ့ကျင်ထားတာကြောင့် ခက်တော့ ခက်ခဲတာပေါ့လေ။ ဒါပေမယ့်လည်း ဒီတိုတောင်းလှတဲ့ ရက် ၃၀ အတွင်းမှာ ကျွန်မကတော့ နေ့တိုင်း ဒီဝတ်ပြုမှုကို တစ်ရက်မှ မလွတ်ချင်ပါဘူး”
မွတ်စလင်မဟုတ်သည့် အိုလံပစ်အားကစားသမားများ စဉ်းပင်မစဉ်းစားလောက်သည့် စိန်ခေါ်မှုများကို ရမ်ဇာန်ဥပုသ်လတွင် မွတ်စလင်ကစားသမားများက ကြုံတွေ့ရလေ့ရှိသည်။ သို့သော်လည်း အစ်ဘ်သီဟဂ်ျကတော့ သူမ လုပ်ဆောင်ရမည့်ကိစ္စများကို အစီအစဉ်ချထားပြီး၊ သာမန်အချိန်ထက်ပို၍ ကွဲပြားခြားနားမှုမရှိအောင် ပြုလုပ်ထားလေသည်။
“ဥပုသ်စောင့်တယ်ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ပြီးတော့ ဒါဟာ လွယ်ကူဖို့ ရည်ရွယ်ထားတဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ ကျွန်မကတော့ ကျွန်မရဲ့ရုန်းကန်ရမှုကို အခြားလူတွေနဲ့ ခြားနားတယ်လို့ မတွေးထားပါဘူး။ နေ့စဉ် စားစရာသောက်စရာမရသူတွေ ဒုနဲ့ဒေး ရှိနေပါတယ်။ ဒါပေမယ့် ကျွန်မက နေ၀င်သွားရင် စားလို့သောက်လို့ ရနိုင်သေးတယ်လေ။ ဒီအခြေအနေအတွက် အများကြီး ရောင့်ရဲကျေနပ်မိပါတယ်” ဟု အစ်ဘ်သီဟဂ်ျ မိုဟာမက်က နိဂုံးချုပ် ပြောကြားခဲ့လေသည်။
Ref: Huffingtonpost
(Huffingtonpost မှ What It’s Like To Train For The Olympics While Fasting For Ramadan ဆောင်းပါးကို လေး
မောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)